အခန်း (၂၀၅-၂၀၆)
Vol. 21 Ch. 205-206
အပိုင်း (၂၀၅) လက်စားချေခြင်း
ချောင်ပိတ်နေသည့်ခွေးများကပင် တံတိုင်းကို ခုန်ကျော်သွားပေလိမ့်မည်။ သူတို့၏သရုပ်မှန်ကို ပေါ်ပေါက်သွားပြီမှန်း သိလိုက်သည်တွင် သည်လူများက သူတို့ကို သေချာပေါက်ချမ်းသာပေးလိမ့်မည် မဟုတ်ချေ။ အနီးကပ်တိုက်ပွဲက ရှောင်လွှဲလို့မရနိုင်ပေ။
ဓားကို ဝေ့ယမ်းနေကြသည့်လူများသည် သူတို့၏ အသက်ရှင်သန်ဖို့အတွက် တိုက်ခိုက်ရပေသည်။ မြှားတစ်ချောင်း၏အန္တရာယ်ကို စွန့်စားပြီး သူတို့သည် ပြေးထွက်လာကြကာ အမျိုးသမီးနှင့် ကလေးများရှိရာဘက်သို့ ပြေးတက်လာကြသည်။
၁၂ယောက်မကသည့် ဓားများကို ဝေ့ယမ်းကြသည့်လူများသည် ပြန့်ကျဲသွား၏။ သို့သော်ငြားလည်း ပုံမှန်ဆိုလျှင် သူတို့ကိုမြင်လိုက်လျှင် ကြောက်လန့်တကြား အော်ဟစ်ငိုယိုပြီး ထွက်ပြေးကြသည့် အမျိုးသမီးများနှင့်ကလေးများသည် သည်နေ့တော့ သရဲတစ္ဆေများ ဖြစ်လာတော့မည်။ ဘယ်သူကမှ ထွက်မပြေးကြသလို ဘယ်သူကမှ ကြောက်ရွံ့မနေကြချေ။ သူက အလွယ်ဆုံးပစ်မှတ်ဟု ထင်ရသည့် နှစ်ယောက်ကို ရွေးချယ်လိုက်၏။ ၁၀နှစ်ပင် မပြည့်သေးသည့် မိန်းကလေးများပင်။
သို့တိုင် ဒီမိန်းမငယ်လေးများသည် မျက်လုံးထဲတွင်ပင် တောက်ပသည့် အရိပ်အယောင်များဖြင့် သူ့ကို စိုက်ကြည့်နေကြသည်။
ဓားပြတပ်ဖွဲ့များနှင့် ပူးပေါင်းပြီးမှရလာသည့် လက်နက်များဖြစ်သည့် အရင်က သူတို့ကို ဘယ်တော့မှ စိတ်ပျက်အောင် မလုပ်ဖူးသည့် ထိုတောက်ပသည့် ဟိတ်ဟန်ရှိသည့်ဓားများက သည်နေရာတွင်တော့ အသုံးမဝင်တော့ကြောင်း သက်သေပြနေသည်။ သူက သူ့ဓားကို ဝေ့ယမ်းပြီး ရှေ့သို့မတက်ရသေးခင်မှာပင် အနီးအနားက ကလေးနှစ်ယောက်နှင့် နောက်ထပ် ဆယ်ကျော်သက်လေး တစ်ယောက်က တုတ်ရှည်များကို ဖမ်းဆုပ်ထားပြီးဖြစ်ကာ သူ့ဆီသို့ ပြေးထွက်လာကြသည်။
တုတ်ချောင်းအရှည်တွေ သစ်သားနဲ့လုပ်ထားတာပဲ ... ဒါတွေက ဘာအသုံးဝင်မှာလဲ။
အတိတ်ကတော့ သူတို့သည် ထိုတုတ်ချောင်းများကို အလွယ်တကူ လုယူနိုင်ပေမည်။ သို့သော်ငြားလည်း ဒီနေ့တွင်တော့ ကလေးများက ဝေ့ယမ်းနေသည့် တုတ်ချောင်းသုံးချောင်း၏နောက်က အင်အားသည် ကြီးမားနေပြီး သူတို့ကို ဖမ်းဆုပ်လို့မတတ်နိုင်အောင် ဖြစ်နေစေတော့သည်။ တုတ်ချောင်းများသည် လျင်မြန်ဖြတ်လတ်သည့်မြွေများလို သူ့ကို အထက်၊ အောက်၊ အလယ် ရှုထောင့်အမျိုးမျိုးမှ တိုက်ခိုက်နေကြပြီး သူ့ခေါင်းကိုအုပ်ကာ ခုန်ဆွခုန်ဆွဖြင့် အော်ဟစ်နေရအောင် လုပ်နေတော့သည်။ အချီအနည်းငယ် ပြီးသွားသည့်နောက်တွင် သူသည် သူ့ဓားလက်ကိုင်ကို လွတ်သွားပြီး ဓားက မြေကြီးပေါ်သို့ ကျသွားတော့သည်။ သူ့ပုခုံး၊ ကျောနှင့် ခြေထောက်များကလဲ ပြင်းပြင်းထန်ထန် ရိုက်ခံထားရသည်။ သူ့ဒူးထဲက စူးရှသည့်နာကျင်မှုက သူ့ကို ကွေးကောက်သွားအောင် လုပ်လိုက်ပြီး ဒူးထောက်ကျသွားတော့သည်။ တုတ်ချောင်းကြီးမှ နောက်ထပ်တိုက်ခိုက်မှုတစ်ခုက သူ့ကို ထပ်ပြီး ပြန်မထလာနိုင်အောင် လုပ်လိုက်တော့သည်။
ပုန်ကန်နေတာ။ ပုန်ကန်နေတာ။ ဒါတွေအားလုံးက ပုန်ကန်နေတာပဲ။
သူသည် ဓားကို ကောက်ကိုင်လိုက်သော်လည်း နောက်တစ်ချက် အရိုက်ခံခြင်းဖြင့်သာ အဆုံးသတ်သွားတော့သည်။
ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။
...
စုစုပေါင်း လူ၄၇ယောက်
၁၉ယောက်တွင် မြှားဒဏ်ရာများရသွားပြီး နောက်ထပ် ၁၂ ယောက်သို့မဟုတ် ထို့ထပ်များပြီး ထွက်ပြေးဖို့ရန်နှင့် ခုခံဖို့ရန်ကြိုးစားခဲ့သူများသည် တင်းပုတ်ကြီးများဖြင့် ဖိနှိပ်ခြင်းခံထားခဲ့ရသည်။ အမျိုးသမီးများနှင့် ကြောက်ရွံတတ်ကြသည့် ကျန်သည့်အနည်းငယ် အားလုံးကိုတော့ ချွင်းချက်မထားဘဲ ချည်နှောင်ထားလိုက်ကြသည်။
ကျန့်မိသားစု၏စိတ်အခြေအနေက သိသိသာသာကို တစ်မူထူးခြားနေသည်။ ကျန့်သနွီက စီရင်စုထဲတွင် ဒုက္ခခံခဲ့ရသည့်အကြောင်းကို ပြန်စဥ်းစားမိလျှင် ရှန်းလီ၏ဘက်တွင်လဲ ရှန်းကျင့်က နစ်နာသူဖြစ်ခဲ့သည်ကို ထပ်ပေါင်းစဥ်းစားကြည့်လျှင် ရွာနှစ်ခုစလုံးက ရွာသူရွာသားများသည် ရှန်းလီနှင့်ကျန့်သားအဖတို့ဖက်သို့ လှည့်ကြည့်လိုက်ကြလေသည်။
ရှန်းလီကတော့ အလွယ်တကူ ဖြေရှင်းလိုက်၏။ သူက ရှန်းကျင့်ကို မေးလိုက်သည်။
"မင်း ဒါကို ကိုယ်ဟာ့ကိုယ်လုပ်ချင်လား၊ ဒါမှမဟုတ် အစ်ကိုကြီးက ကူညီပေးရမလား"
ရှန်းကျင့်သည် အရင်က ဒီလိုအခြေအနေမျိုးကို တခါမှ မတွေ့ကြုံခဲ့ဖူးချေ။ သို့သော်ငြားလည်း သူ့လက်များက တုန်ယင်နေသည့်တိုင် ရှန်းလီထံမှဓားကို လှမ်းယူဖို့ရန် ပြတ်ပြတ်သားသား လက်လှမ်းလိုက်လေသည်။
"ကျွန်တော် ဒါကို ကိုယ့်ဟာကိုယ်လုပ်ပါ့မယ်"
ရှန်းကျင့်က အလွန်မှ တောင့်တင်းနေသည်ကို တွေ့လိုက်ရသဖြင့် ရှန်းလီက သူ့ခေါင်းလေးကို ပုတ်ပေးလိုက်သည်။
"ကိစ္စမရှိပါဘူး၊ ဒါကို ဒီနေရာမှာ လုပ်စရာမလိုဘူး၊ အစ်ကိုကြီးက နောက်ကျမှ မင်းကို သင်ပေးမယ်"
သူ့အကြည့်များသည် ချည်နှောင်ခံထားရသည့် ညီအစ်ကို၄ယောက်ဆီသို့ ကျရောက်သွားပြီး သူတို့ကို လူသေများလို သဘောထားလိုက်လေသည်။
သားသတ်သမားကျန့်ဘက်တွင်တော့ ကျန့်ထု၏ မျက်လုံးများသည် သွေးများနီရဲနေပြီး သူ့လက်ထဲတွင် သွေးများစွန်းထင်နေသည့် ဝက်သတ်ဓားကို ကိုင်ဆွဲထားလေသည်။ သူ့အဖေကို ကြည့်လိုက်ပြီး ကျန့်သလန်က ပြောလိုက်၏။
"အဖေ ဒုတိယညီမလေးကိုခေါ်လိုက်၊ သူက သူ့ရန်သူကို ခွဲထုတ်ဖို့လိုတယ်၊ လက်စားချေတာကို မျက်မြင်တွေ့ဖို့လိုတယ်"
သို့မဟုတ်လျှင် သူမသည် ဘယ်တော့မှ ပြန်ကောင်းလာလိမ့်မည် မဟုတ်သလို သာမန်ဘဝတစ်ခုကိုလဲ ဦးတည်နိုင်လိမ့်မည် မဟုတ်ချေ။
ဒါက သမီးဖြစ်သူ၏ အိမ်မက်ဆိုးကို ကျော်လွှားဖို့ရန် တစ်ခုတည်းသော နည်းလမ်းဖြစ်မှန်း ကျန့်ထုကလဲ သေသေချာချာ သဘောပေါက်လိုက်သည်။ သူက ခေါင်းငြိမ့်ကာ ကျန့်အာ့လန်ကို ပြောလိုက်၏။
"သူ့ကို သွားခေါ်လိုက်၊ သူနဲ့အဖော်လိုက်လာခဲ့ဖို့ မင်းအမေနဲ့ အကြီးဆုံးမရီးကိုလဲ ပြောလိုက်"
...
ဒါသည် စန်းလော့အတွက် ဆေးသွားပို့ပြီးကတည်းက ကျန့်သနွီကိုမြင်ရမည့် ပထမဦးဆုံးအကြိမ် ဖြစ်လေသည်။ စန်းလော့ကလဲ အလည်အပတ် သိပ်ပြီး မသွားလိုချေ။ ကျန့်သနွီ၏ ဆိုးရွားသည့်အခြေအနေကြောင့် သူမကလဲ အခန်းထဲက မထွက်လိုချေ။ တစ်ချို့သော အခြေအနေများတွင် သူမသည် အမှန်ပင် အပြင်သို့ထွက်လာသော်လည်း ဘယ်တော့မှ လမ်းကိုကျော်မလာခဲ့ချေ။ သူမ သိထားသည့် အကြောင်းအရာက ကျန့်သနွီ၏အဖျားသည် ပျောက်သွားပြီဆိုတာကိုပင်။
ယခုတော့ သူမက ကျန့်သနွီကို လေ့လာကြည့်လိုက်၏။ သူမသည် မိန်းမောတွေဝေနေသည့် အခြေအနေတစ်ခုထဲတွင် ရောက်နေလေသည်။ မြက်ခေါင်းအုံးတစ်ခုကို တင်းနေအောင်ဖက်ထားပြီး ဘေးတစ်ဖက်တစ်ချက်မှာ သူမ၏အမေနှင့်ယောင်းမတို့က သူမကို တွဲထားလေသည်။ အပြင်ဘက်က ချည်နှောင်ခံထားရသည့် လူအုပ်ကြီးကို မြင်လိုက်သည်တွင် ကျန်းသနွီသည် ဘာတုံ့ပြန်မှုမှမပြချေ။ သူမ၏အာရုံက သူမ၏လက်မောင်းထဲက မြက်ခေါင်းအုံးတွင်သာ ရှိလေသည်။
ကျန့်ထုက အလောတကြီးပြေးသွားလိုက်ပြီး သူ့သမီးဖြစ်သူကို နှစ်သိမ့်ဖို့ကြိုးစားလိုက်၏။ သို့သော်ငြားလည်း သူ့လက်ထဲက သွေးစွန်းနေသည့်ဓားကြောင့် သူက ပြန်ပြီး ထိန်းချုပ်ထားလိုက်ကာ ပြောလိုက်လေသည်။
"သနွီ တစ်ချက်လောက်ကြည့်စမ်း၊ ဒါတွေက ဘယ်သူလဲ ကြည့်လိုက်"
ထို့နောက်တွင် သူက ခြေထောက်တစ်ခြမ်းလုံး ပြင်းပြင်းထန်ထန် ဒဏ်ရာရထားပြီး ချည်နှောင်ခံထားရသည့်မိန်းမဆီသို့ အနည်းငယ် ကပ်သွားလိုက်၏။ နာကျင်မှုက အလွန်မှဝေဒနာပြင်းထန်လေရာ သူမသည် မေ့မျော့ချင်စိတ် ဖြစ်သွားလေသည်။ သို့သော်ငြားလည်း အကြောင်းကြောင်းကြောင့် သူမမှာ သတိရှိနေသေးသည်။ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးက ချွေးအေးများဖြင့် ရွှဲနစ်နေ၏။ သူမသည် ရေထဲတွင် နှစ်မြှုပ်ခံထားရသည့်နှယ်။
ကျန့်ထုက သူမ၏ဆံပင်ကို နောက်ပြန်လှန်ဆွဲလိုက်ပြီး ထိုမိန်းမ၏မျက်နှာတစ်ခုလုံးကို သူ့သမီးအား ပြသလိုက်လေသည်။
ကျန့်သနွီက သူမ၏လက်မောင်းထဲက မြက်ခေါင်းအုံးလေးကို ချော့မော့နေဆဲဖြစ်ချိန်တွင် ကျန့်အမေကတော့ အမျိုးသမီးကို မှတ်မိသွားသည်။ ကျန့်သနွီကိုတွဲထားပြီး သူမ၏လက်သည် ရုတ်တရက်ဆိုသလို တင်းကြပ်သွားတော့သည်။ အမေဖြစ်သူ၏ ဆုပ်ထားသည့်လက်ကို ခံစားလိုက်မိသည်တွင် ကျန့်သနွီက အမေဖြစ်သူကို အလိုလို မော့ကြည့်မိလိုက်ပြီးနောက် သူမ၏အကြည့်နောက်သို့ လိုက်ပါသွားလေသည်။
အစပိုင်းတွင် သူမ၏မျက်လုံးက အသက်မဲ့လေသည်။ သို့သော်ငြားလည်း သူမက ထိုလူကို မှတ်မိသွားခဲ့ပြီး သူမ၏မျက်လုံးအိမ်များက လည်ထွက်သွားကာ သူမသည် အထိတ်တလန့် တောင့်တင်းသွားတော့သည်။ သူမ၏မျက်နှာက ဖြူဆုတ်သွားပြီး မြက်ခေါင်းအုံးကိုကိုင်ရင်း နောက်သို့ တဖြည်းဖြည်းဆုပ်သွားကာ ငိုယိုနေပြီး သူမ၏မိဘနှင့် သူမ၏အစ်ကိုကို အော်ခေါ်နေလေသည်။
သူမ၏နောက်တွင် ကျန့်အာ့လန်၏မျက်လုံးများက နီရဲသွားပြီး သူက ကျန့်သနွီကို တွဲထားပေးလိုက်၏။
"မကြောက်နဲ့ သနွီ၊ ငါတို့အားလုံး ဒီမှာရှိတယ်၊ ယွမ်အာကို ဘယ်သူ ဒုက္ခပေးခဲ့တာလဲ၊ အစ်ကို(၂)ကိုပြော၊ နင့်ရဲ့အသားစိုင်ကိုရော ဘယ်သူဖြတ်ခဲ့တာလဲ"
"ယွမ်အာ ယွမ်အာ"
ငိုယိုရင်းဖြင့် ကျန့်သနွီသည် မြက်ခေါင်းအုံးကို ပွေ့ဖက်ထားပြီး ကျန့်အာလန်၏နောက်တွင် ပုန်းနေကာ သူမ၏ခေါင်းကို တွင်တွင်ခါယမ်းနေလေသည်။
"ကျွန်မရဲ့ယွမ်အာကို မထိနဲ့၊ သူ့ကိုမထိနဲ့"
သူမသည် အစ်ကိုဖြစ်သူ၏အာမခံသည့် စကားကို လုံးဝမကြားချေ။
ကျန့်အာ့လန်က ကိုယ်ကိုလှည့်ကာ သူမကို ဆွဲလိုက်၏။
"ဘယ်သူမှ နင့်ကို မထိနိုင်ဘူး၊ အဖေနဲ့အမေတို့က ဒီမှာရှိတယ်၊ ငါလဲ ဒီမှာရှိတယ်၊ ငါ့ကိုပြောစမ်း၊ အရင်က နင့်ကို ထိပါးခဲ့တာ ဘယ်သူတွေလဲ"
ကျန့်သနွီသည် သူမ၏မျက်နှာကို ကျန့်အာ့လန်၏ ရင်ဘတ်ထဲတွင် နှစ်မြှုပ်ထားလိုက်ပြီး အစ်ကို(၂) ဟုခေါ်ရင်းက ထိန်းမနိုင်သိမ်းမရ ငိုယိုနေလေသည်။
သူမက အရင်ကလောက် ကြောက်ရွံ့မနေတော့သည်ကို မြင်လိုက်သည်တွင် ကျန့်အာ့လန်က သတိနှင့် သူမကို ထိုအမျိုးသမီးဆီသို့ ခေါ်သွားလိုက်လေသည်။
"မကြောက်နဲ့၊ အစ်ကိုက မင်းနဲ့ယွမ်အာအတွက် လက်စားချေပေးရလိမ့်မယ်၊ သူတို့တွေက ဘယ်သူလဲ ဆိုတာကိုပဲ ငါ့ကိုပြော"
ကျန့်အာ့လန်က ကျန့်သနွီကိုခေါ်လာပြီး ပိုနီးလာသည်နှင့်အမျှ အမျိုးသမီးကလဲ ပိုပြီးတော့ကြောက် ရွံ့လာလေသည်။ သူမသည် ကျန့်သနွီက အသက်ရှင်နေသေးသည်ကို လုံးဝမသိခဲ့ချေ။
သူ ဘယ်လိုလုပ်ပြီး အသက်ရှင်နေတာလဲ။ သူက အရှေ့စျေးထဲမှာ သေသွားခဲ့ပြီ မဟုတ်လား။
အမျိုးသမီး၏အသက်ရှူသံသည် မြန်ဆန်လာပြီး ကျန့်သနွီ၏ စူးရှသည့်အကြည့်နှင့် ဆုံသွားလေသည်။ ကျန့်သနွီက သူမ၏ တုန်ရင်နေသည့်မေးကို ပင့်ထားလိုက်ပြီး သူမကို လက်ညှိုးထိုးပြနေသည်ကိုစောင့်ကြည့်နေမိသည်။
"သူ၊ သူ ယွမ်အာကို ခေါ်သွားတာ၊ သူတို့တွေက ကျွန်မကို ဓားသုံးခဲ့တာ ... ကျွန်မရဲ့ ယွမ်အာ၊ ကျွန်မရဲ့ ယွမ်အာ"
ကျန့်သနွီသည် သူမ၏မြက်ခေါင်းအုံးကို တင်းနေအောင် ဖမ်းဆုပ်ထားပြီး သူမကိုယ်သူမ ပြန်ဖက်ထားလေသည်။
"အစ်ကို ကျွန်မရဲ့လက်မောင်းတွေ နာတယ်၊ ကျွန်မရဲ့လက်မောင်း နာတယ်၊ ကျွန်မရဲ့ခြေထောက်ရောပဲ"
အမျိုးသမီးသည် သူမ၏ခေါင်းကို တရကြမ်းခါယမ်းနေပြီး သားသတ်သမားကျန့်အပြင် သူ့ကိုဝိုင်းရံထားသည့် မရေမတွက်နိုင်သည့် ရွာသားများနှင့် ကျန့်မိသားစု၏ ကျန်သည့်မိသားစုဝင်များကို သူမက လုံးဝမသိကြောင်း ပြောနေလေသည်။
"ကျန့်သနွီက စိတ်ရူးပေါက်သွားတာ၊ ရှင်တို့တွေက ဘယ်လိုဖြစ်ပြီးတော့ အရူးမတစ်ယောက်ရဲ့စကားကို ယုံကြည်နိုင်ရတာလဲ၊ ရူးသွပ်မှုဆိုတာ ချိန်ဆလို့မရနိုင်ဘူး မဟုတ်လား"
အမျက်ခြောင်းခြောင်း ထွက်နေပြီးသားဖြစ်သည့် သားသတ်သမားကျန့်က ရေပုံးကြီးကို ကန်ထုတ်လိုက်လေသည်။ သွေးများနီရဲနေသည့် မျက်လုံးများဖြင့် သူက သမီးဖြစ်သူကို မေးလိုက်၏။
"သမီး နောက်တစ်ချက်လောက် ကြည့်လိုက်စမ်းပါ၊ အထဲမှာ ကျန်နေသေးတဲ့သူများ ရှိနေသေးလား"
ကျန့်သလန်နှင့်အတူ သားအဖနှစ်ယောက်က ချည်နှောင်ခံထားရသည့် တစ်ယောက်ချင်းစီကို ဆံပင်မှဆွဲကာ ကျန့်သနွီ မြင်အောင်ပြသလေသည်။ သူတို့အများစုကတော့ ဘာမှမဖြစ်သည့်အမူအယာမျိုး ဆောင်ထားကြသည်။ သို့သော်ငြားလည်း ဒုတိယတန်းသို့ ရောက်လာချိန်တွင် ယောက်ျား၃ယောက်က ခေါင်းမာမာဖြင့် သူတို့၏ခေါင်းကို မော့ဖို့ငြင်း ဆန်နေကြသည်။ သားသတ်သမားကျန့်ထံမှ ပြင်းထန်သည့်ကန်ကြောက်မှုများကို လက်ခံရရှိပြီးနောက်မှ သူတို့သည် နောက်ဆုံးတော့ အားအင်ကုန်ဆုံးသွားကြကာ အသက်မဲ့နေသည့် ငါးတစ်ကောင်လို ဆွဲထုတ်ခံလိုက်ရတော့သည်။
သူတို့မသိလိုက်သည်က ကျန့်သနွီသည် ထိုလူ၃ ယောက်၏မျက်နှာကို မှတ်မိသွားချိန်တွင် သူမသည် ပြင်းပြင်းထန်ထန် တုန်လှုပ်သွားပြီး သူမ၏အဝတ်အစားကို တင်းနေအောင် ဆုပ်ထားပြီးနောက် နောက်သို့ပြန်ဆုတ်သွားလေသည်။ သူတို့သည် ချည်နှောင်ခံထားရပြီး ဒူးထောက်နေရကာ သူမထက်ပိုပြီးတော့ နိမ့်နေသည်ကို သတိရလိုက်သဖြင့် သူမ၏ ကြောက်ရွံ့မှုများသည် လျော့ပါးသွားပြီး သူမ၏အမုန်းတရားက သူမကို ရဲတင်းလာစေတော့သည်။ အမည်မသိ ခွန်အားတစ်ခုက ဆင့်ခေါ်ခံလိုက်ရပြီး သူမသည် ရှေ့သို့ တဟုန်ထိုး ပြေးတက်သွားကာ သူမအဖေ၏လက်ထဲက သားသတ်ဓားကို လုယူလိုက်လေသည်။
စန်းလော့အပါအဝင် ကြည့်ရှူနေသူများက သတိမထားမိခင်မှာပင် သူမသည် လူအုပ်ကြီးထဲသို့ ခုန်ဝင်သွားပြီဖြစ်လေသည်။
သူမ၏ကြောက်ရွံ့မှု၊ နာကျင်မှု၊ ပြိုလဲမှုနှင့် စိတ်ပျက်အားငယ်မှု အားလုံးက လွှဲယမ်းလိုက်သည့် ဓားချက်တစ်ခုချင်းစီတွင် ထွက်ပေါက်တစ်ခု ရှာတွေ့သွားသယောင်။ စိတ်ပျက်အားငယ်စွာ ငိုရှိုက်နေသံက တဖြတ်ဖြတ်လက်နေသည့်အလင်းထဲတွင် ဖောက်ထွက်လာပြီး သူမ၏ မသဲမကွဲ ကြိမ်ဆဲသံများက အဓိပ္ပါယ် ဖော်မရအောင်ရှိနေကာ ‘ယွမ်လန်’နှင့် ‘တိရိစ္ဆာန်ကောင်’ဟူသည့် စကားလုံးကိုသာ ကြားရလေသည်။
ရှန်းနဥ်၊ ရွှီဝမ်ယင်းနှင့် တစ်ခြားသူများသည် အလန့်တကြား ဖြစ်သွားပြီး လူတံတိုင်းကြီး၏နောက်သို့ မြန်မြန်ပြန်ဆုတ်သွားကြကာ ထိုမြင်ကွင်းကို ကြည့်ရှူဖို့ရန် အလွန်မှ ကြောက်ရွံသွားကြလေသည်။ ရှန်းအန်း၊ ရွှီဝမ်ပေါ် အာ့ညိုနှင့် ကျိုးစစ်လန်တို့ကလဲ ငယ်ရွယ်သေးလေရာ အလန့်တကြား နောက်သို့ တစ်လှမ်းဆုတ်လိုက်ကြသည်။
စန်းလော့သည် အခြေအနေကို ခပ်ရေးရေးလေး သဘောပေါက်လိုက်ပြီး သူမ၏ရင်ထဲတွင် လေးလံသည့် ခံစားချက်တစ်ခု ဝင်ရောက်လာလေသည်။ သူမက အကြည့်ကို လွှဲထားလိုက်ပြီး နားလဲမထောင်နိုင်သလို ဆက်ပြီးလဲ မကြည့်နိုင်တော့ချေ။
ဘယ်သူကမှ ကျန့်သနွီကို တားမြစ်ဖို့ရန် မကြိုးစားခဲ့ကြချေ။ သူတို့အများစုက ဖြစ်ပျက်သွားသည့်အရာများကို ခန့်မှန်းမိနိုင်လေသည်။ သည်လောကထဲတွင် ဒီတောင်အတွင်းပိုင်းသို့ ကံကောင်းစွာခိုလှုံခွင့်ရသည့် ဒီလိုသနားစရာကောင်းသည့် ကံတရားမျိုးမှ လွတ်မြောက်လာသည့် ကျန့်သနွီနှင့် သူမ၏ကလေးများ မြောက်မြားစွာရှိလေသည်။
ကျန့်မိသားစုကလဲ သူမကို မတားခဲ့ချေ။ သားသတ်သမားကျန့်က သမီးဖြစ်သူက နောက်ဆုံးတော့ မောပန်းနွမ်းနယ်ကာ ဓားကို ပစ်ချလိုက်ချိန်တွင် ရှေ့သို့ချဥ်းကပ်လာပြီး သူ့လက်တစ်ဖက်ဖြင့် သူမကို အသာအယာ ပွေ့ဖက်ထားလိုက်လေသည်။
ဖမ်းခံထားရသည့် လူလေးဆယ်ကျော်တွင် သူတို့ခေါ်လာခဲ့သည့် သူတို့၏ အဖော်၃ယောက်နှင့် အမျိုးသမီး၃ယောက်၏ ရက်ရက်စက်စက် သေဆုံးမှုကို မျက်မြင်တွေ့လိုက်ရချိန်တွင် ပိုပြီးကြောက်ရွံ့တတ်ကြသည့် သူများထဲက နှစ်ယောက်သည် ကြောက်လန့်တကြား ကိုယ့်ဟာကိုယ် အပေါ့သွားမိကြတော့ သည်။ မကောင်းမှုများ အပြည့်လုပ်ထားသည့် သတ္တိအရှိဆုံးသောသူကပင် ယခုတော့ တုန်ယင်ကာ နေရာတွင်ပင် ပြိုလဲသွားလေသည်။ ရွာရိုးကိုကျော်လွန်ပြီး ကျယ်ပြောသည့် ဝန်းကျင်အတွင်းတွင် တစ်ခုတည်းသောအသံမှာ ကျန့်သနွီ၏ ငိုကြွေးသံ ဖြစ်တော့သည်။ သူမသည် အဖေဖြစ်သူကို ပွေ့ဖက်ထားပြီး သူမ၏ငိုသံမှာ ကြမ်းတမ်းသည့် ဝမ်းနည်းသံနှင့်အတူ ပဲ့တင်ထပ်နေတော့သည်။
လျှံထွက်လာသည့်ခံစားချက်က ကျန့်အမေနှင့် ကျန့်သလန်၏ မိန်းမ၊ နှစ်ယောက်စလုံး၏စိတ်ထဲတွင် မျှော်လင့်ချက် ရေးရေးလေးတစ်ခု လိုက်တက်လာလေသည်။ သူတို့သည် သူတို့၏သမီးဖြစ်သူမှာ ကယ်တင်ခံလာရပြီးကတည်းက ဒီလိုငိုကြွေးနေသည်ကို တခါမှ မမြင်ခဲ့ဘူးချေ။ သူမသည် အိပ်ယာလေး၏ထောင့်လေးတွင် သူမ၏မြက်ခေါင်းအုံးလေးကို ပွေ့ဖက်နေတတ်ပြီး သူမ၏ သီးခြားကမ္ဘာငယ်လေးထဲတွင် သီးသန့်နေတတ်ခဲ့လေသည်။
ကျန့်အမေက အနားသို့ ချဥ်းကပ်လာပြီး မဝံမရဲဖြင့် စမ်းပြီးခေါ်ကြည့်လိုက်လေသည်။
"သနွီ"
ကျန့်သနွီသည် သူ့အမေဘက်သို့ ပြန်လှည့်ကြည့်လိုက်ပြီး သူမ၏ယောင်းမ၊ အစ်ကိုအကြီးဆုံး၊ အစ်ကိုငယ်တို့ကို တစ်ယောက်ချင်းစီ လှည့်ကြည့်လိုက်လေသည်။ ထိုအကြည့်မှာ သူတို့ကို ပထမဦးဆုံးအကြိမ် မြင်လိုက်ရသည့်နှယ်ပင်။ သူမ၏အကြည့်သည် နောက်ဆုံးတော့ လက်တစ်ဖက်မရှိတော့သည့် အဖေဖြစ်သူထံတွင် ကျရောက်သွားလေသည်။ သူမ၏ အပိုင်းပိုင်းအစစ ကွဲထွက်နေသည့် မှတ်ဉာဏ်များသည် စတင် ချိတ်ဆက်မိသွားတော့သည်။ သူမက လွတ်နေသည့် အင်္ကျီလက်ကိုကိုင်းရင်း ငိုကြွေးလေသည်။
ဖန်းမိသားစုက အကြီးအကဲများသည် ကျန်းသနွီက အခုတော့ အခြေအနေ ပြန်ကောင်းသွားပြီကို အကဲ ခတ်လိုက်မိပြီး သူတို့က အတူတူ ပွေ့ဖက်ငိုကြွေးပြီးလိုက်ကြသည့်နောက်တွင် ရှေ့သို့လှမ်းထွက်လာကာ ရှန်းလီကို မေးလိုက်လေသည်။
"ဒီတစ်ယောက်ချင်းစီတိုင်းကို ဘယ်လိုလုပ်ကြမလဲ"
ထိုလူများဆိုသည်မှာ ထျန်းယာကို နစ်နာအောင်လုပ်ခဲ့ကြသည့် ညီအစ်ကို၄ယောက်ကို ရည်ရွယ်မှန်းသိသာလေသည်။
ကျန်းသနွီနှင့် သွေးအိုင်ကြီးကို အချိန်တစ်ခုအထိ ကြောင်အမ်းအမ်းနှင့် ငေးကြည့်နေပြီးသည့်နောက်တွင် ရှန်းကျင့်၏ခန္ဓာကိုယ်သည် တုန်ယင်လာပြီး ဓားကိုင်ထားသည့် သူ့လက်များကလဲ တုန်လှုပ်လာလေသည်။ စိတ်အတွင်းက ရုန်းကန်မှုတစ်ခုက ထိုးထွက်လာခဲ့သည်။
သူသည် ကျန့်သနွီ၏ ပြတ်သားသည့် လက်စားချေသည့် အပြုအမူကို အထိတ်တလန့်ဖြစ်မိသလို လေးစားမှုလဲ ဖြစ်မိလေသည်။ သို့သော်ငြားလည်း သူ့တွင်တော့ သူမလို တူညီသည့်သတ္တိများ မပိုင်ဆိုင်နေချေ။
ဒါကို အကဲခတ်ကြည့်မိလိုက်ပြီး ရှန်းလီက ဖန်းမိသားစုထဲက အကြီးအကဲတစ်ချို့ကို ဖိတ်ခေါ်လိုက် ၏။
"သူတို့တစ်ယောက်ချင်းစီမှာ သူတို့ရဲ့လက်ထဲမှာ မရေမတွက်နိုင်တဲ့ အသက်ပေါင်းများစွာရဲ့ သွေးတွေ သယ်ဆောင်ကြတယ်၊ သူတို့ထဲက တစ်ယောက်ကိုမှ ချမ်းသာမပေးနိုင်ဘူး။ သူတို့အားလုံးကို သေချာပေါက် စာရင်းရှင်းရမယ်"
ဖန်းမိသားစု၏အကြီးအကဲများက ခေါင်းငြိမ့်ပြလိုက်၏။ သို့သော်ငြားလည်း မည်သို့ ဆက်လုပ်ရမည့်ကိစ္စကိုတော့ တဒင်္ဂအတွင်း လမ်းပျောက်မိလေသည်။
နောက်ဆုံး သူတို့သည် သာမန်ကျေးလက်နေသူများ ဖြစ်ကြလေသည်။ အရင်က ကြက်များကို သတ်ခဲ့သော်ငြားလည်း သူတို့သည် သူတို့မသိသည့် တစ်စုံတစ်ယောက်ကို အန္တရာယ်ပေးရမည့်အတွေးက တုန်ယင်လာစေလေသည်။
သူတို့၏တုံပြန်မှုကို သတိထားမိလိုက်သည်တွင် ရှန်းလီကလဲ သူတို့၏အကြပ်အတည်းကို သဘောပေါက်လိုက်ပြီး သူက ပြောလိုက်၏။
"အကြီးအကဲတို့အားလုံး ဒုက္ခခံစရာမလိုပါဘူး၊ ကျွန်တော်တို့တွေက ဒီလိုလူမျိုးတွေအတွက် ကျွန်တော်တို့လက်ကို ညစ်ပတ်အောင် လုပ်စရာမလိုပါဘူး၊ ဒီကိစ္စကို ကျွန်တော့်တာဝန်ပဲ ထားလိုက်ပါ၊ သူတို့တွေကို လိုက်ပါပို့ဆောင်ပေးဖို့ ကျွန်တော့်ကို ကူညီပေးမဲ့ သန်မာတဲ့ယောက်ျားသားတစ်ချို့ကိုပဲ ထည့်ပေးလိုက်ပါ"
အကြီးအကဲများက ထုတ်ပြောစရာပင်မလိုဘဲ ဖန်းမိသားစု၊ ကျိုးမိသားစု၊ ကန်းမိသားစု၊ ကျန့်မိသားစုထဲက လူငယ်လေးများအပြင် တုန်းကဲတို့ညီအစ်ကိုကလဲ ရှေ့သို့ထွက်လာပြီး လူ၁၂ယောက်ကျော်ရှိလာလေသည်။
ကျန့်ညီအစ်ကိုသည် နွယ်ကြိုးနှင့် သစ်သားဝါးလုံးများဖြင့် ပြုလုပ်ထားသည့် လက်ဖြင့်ဆွဲရသည့်ပစ္စည်းများစွာကို ယူပြန်လာခဲ့ကြပြီး ဖျာနှစ်ခုပါ ယူလာခဲ့ကြသည်။ သူတို့သည် သေဆုံးသွားပြီဖြစ်သည့် လူ၄ယောက်ကို ရှင်းလင်းထားလိုက်ပြီးဖြစ်ကာ ရွှီဝမ်ချင်း၏အဖွဲ့က သူတို့၏လက်နက်များကို ထိန်းသိမ်းထားလိုက်ပြီး ကျန်သည့်အသက်ရှင်သူများကိုတော့ ကြိုးများဖြင့် အတူတူ သေချာချည်နှောင်ထားလိုက်ပြီး ရှန်းလီ၏ ညွှန်ကြားချက်ကို စောင့်ဆိုင်းနေလိုက်သည်။
ရှန်းလီက ချန်းသရှန်ကို ကြည့်လိုက်သည်။
"မင်းအရင်ဆုံး အားလုံးကို ခေါ်ပြန်သွားလိုက်၊ ငါ ရှောင်ကျင့်နဲ့ ဝမ်ချင်းတို့ကို အပြင်ဘက်ကို ခေါ်သွားလိုက်မယ်"
ချန်းသရှန်က ခေါင်းငြိမ့်ပြသည်။
"ကောင်းပြီလေ၊ ငါအဖွဲ့ကို အရင်ဆုံးခေါ်ပြန်သွားလိုက်မယ်"
ဆယ်ကျော်သက်လေးများကို တစ်ချို့ကြမ်းတမ်းသည့် ကိစ္စများကို မျက်မြင်တွေ့စေဖို့ရန် မသင့်တော်ချေ။ သို့သော်ငြားလည်း ဒီအခြေအနေထိက လုံလောက်နေပြီဖြစ်သည်။ နောက်ပိုင်းအတွက်တော့ ရှန်းကျင့်က ကိုယ်တိုင် လက်စားချေရမည့်ကိစ္စကို ဆောင်ရွက်ရလိမ့်မည်။ သို့သော် ရွှီဝမ်ချင်းအတွက်တော့ ရှန်းလီက သူ့ကို ပိုပြီးမာကျောလာစေဖို့ရန် ရည်ရွယ်မှန်း သိသာလေသည်။
ရှန်းလီသည် သူ၏ရည်ရွယ်ချက်ကို ခန့်မှန်းမိပြီးသားဖြစ်သည့် စန်းလော့ကို လှမ်းကြည့်လိုက်၏။ သူမက သတိပေးလိုက်သည်။
"သွေးနံ့တွေက ပြင်းတယ်နော်၊ သတိထား"
"စိတ်ချပါ၊ ပြန်သွားပြီးတော့ အနားယူလိုက်အုံးနော်၊ ကျွန်တော် ခဏနေပြန်လာခဲ့ပါ့မယ်"
...
ကွေ့ကောက်နေသည့်လမ်းများက အနည်းငယ် ရှည်လျားလေသည်။ ထို့ကြောင့် ဒီဖက်အခြမ်းက ရွာသားများက သူတို့ကို လိုက်ပို့ပေးကြသည်။ ထို့ကြောင့် လူအုပ်စုကြီးတစ်ခုက ပြန်လှည့်သွားပြီး ဝင့်ကြွားသည့် အပြုအမူတစ်ခုဖြင့် ကျိုးမိသားစု၏ ရွာပတ်ဝန်းကျင်မှ ထွက်လာလေသည်။ သို့သော်ငြားလည်း ခြေလှမ်းအနည်းငယ် လှမ်းလိုက်ပြီးနောက်တွင် ရှေ့တွင်လျှောက်နေသည့် ရှန်းလီသည် သူ၏ခြေလှမ်းများကို ရုတ်တရက် ရပ်ထားလိုက်မိသည်။
အဝေးမှနေ၍ သူသည် သူ၏ညာဘက်အရှေ့ရှိ စုရုံးကာပေါက်နေသည့်သစ်ပင်ဆီသို့ ကြည့်လိုက်လေသည်။
သစ်ပင်နောက်တွင် ပုန်အောင်းနေသည့်လူများမှာ သူတို့သည် သူတို့ကို သတိထားမိလိုက်မှန်း သိလိုက်ကြလေသည်။ အသက် ၁၇နှစ်၊ ၁၈နှစ်ဝန်းကျင် လူငယ်များနှင့် ဆယ်ကျော်သက်လေးများသည် ပုဆိန်နှင့်တုတ်ရှည်များကို ကိုင်ဆောင်ထားကြပြီး တစ်ယောက်ပြီးတစ်ယောက် ပေါ်ထွက်လာကြသည်။
ရှန်းလီက သူတို့ကိုကြည့်လိုက်ပြီး သူတို့အများစုကို မှတ်မိလိုက်၏။ သူတို့ထဲက အများစုသည် မနက်ပိုင်း အပြေးလေ့ကျင့်ချိန်တွင် အဝေးတစ်နေရာမှ သူတို့နောက်သို့ လိုက်လာတတ်ပြီး ရွာအပြင်ဘက် အဝေးမှနေ၍ လေ့ကျင့်ရေးများကို တိတ်တိတ်ကလေး စောင့်ကြည့်လာကြသူများ ဖြစ်လေသည်။
သည်နေရာတွင် သူတို့၏လှုပ်ရှားမှုများက တော်တော်လေး သွေးသံရဲရဲ ဖြစ်နေသည်။ ရှန်းလီက ရှင်းပြလိုက်၏။
"သူတို့ထဲက တစ်ယောက်မှ အပြစ်မကင်းကြဘူး၊ ကျွန်တော်တို့ အားလုံးမှာ အတွင်းပိုင်းကို မဝင်လာခင် တစ်ခြားသူတွေရဲ့အသက်ကို လက်ထဲမှာ သွေးစွန်းခဲ့ကြတာချည်းပဲ"
တစ်နည်းအားဖြင့်ပြောရလျှင် သူတို့၏လုပ်ရပ်များမှာ အကြောင်းမဲ့ မဟုတ်ချေ။
သူ၏ရှင်းပြချက်က အဖွဲ့ကြားတွင် ခေါင်းဆောင်လာသည့်လူက စိုးရိမ်တကြီး အထစ်ထစ်အငေါ့ငေါ့ ရှင်းပြစေလေသည်။
"မ ... မဟုတ်ပါဘူး အဲလိုမဟုတ်ပါဘူး၊ ကျွန်တော်တို့တွေက အကူအညီများ ပေးနိုင်မလားလို့ လာကြည့်တာပါ"
ရှန်းလီက ပြုံးပြကာ ပြန်ဖြေလိုက်၏။
"မလိုအပ်ပါဘူး၊ အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ"
ထိုလူက ရိုးသားသည့်ရယ်သံတစ်ခုကို ထုတ်လိုက်လေသည်။
"ကျွန်တော်က ဘာမှလုပ်ထားတာ မရှိပါဘူး၊ ဒါကြောင့်မလို့ ကျေးဇူးတင်စရာ မလိုပါဘူး"
ဝမ်းသာစိတ်များက နောက်မှလိုက်လာကြသည့် လူငယ်နှင့် ကောင်လေးအုပ်စု၏ မျက်လုံးထဲတွင် တဖြတ်ဖြတ် လင်းလက်သွားလေသည်။ သို့သော်ငြားလည်း ရှန်းလီနှင့်သူ့အဖွဲ့က လုပ်စရာ လေးနက်သည့်ကိစ္စများ ရှိနေသည်ကို သိလိုက်ကြသည်။ ရဲတင်းသည့်လူနှစ်ယောက်က ရှေ့သို့ထွက်လာပြီး
"သူတို့ကို လိုက်ပါပို့ဆောင်ပေးဖို့ ကျွန်တော်တို့တွေ ကူညီပေးလို့ရမလား"
သူတို့ထဲတွင် လူ၄၀ ကျော်ပါလေသည်။
ရှန်းလီက လူငယ်လေး၂ယောက်ကို လှမ်းကြည့်လိုက်ပြီး အတွေးတစ်ချို့ကို စဥ်းစားမိလိုက်ပြီးနောက် ခေါင်းငြိမ့်ပြလိုက်လေသည်။
"ကောင်းပါပြီ၊ ဒါဆိုရင်တော့ ကျွန်တော်က မင်းတို့နှစ်ယောက်ကို ဒုက္ခပေးရပါအုံးမယ်"
ဒါက လူငယ်လေးနှစ်ယောက်ကို ဝမ်းသာအားရ ဖြစ်သွားစေပြီး ရွယ်တူတစ်ခြားသူများကလဲ ရှေ့သို့လှမ်းတက်လာကြလေသည်။
"ကျွန်တော်တို့လဲ ကူညီပေးပါ့မယ်"
ကူညီပေးမဲ့သူ အများအပြားရှိထားခြင်းက သေချာပေါက် အကျိုးရှိလေသည်။ ဒီနေရာက လမ်းဆုံဖြစ်နေသည်။ စန်းလော့က ရှန်းလီကို အသိပေးလိုက်ကာ ရှန်းနဥ်နှင့် တစ်ခြားသူများက ချန်းသရှန်၏အဖွဲ့ဆီသို့ ပူပေါင်းလိုက်ကြသည်။
ထူးထူးဆန်းဆန်း သူတို့တွေက သူမကို သိနေသယောင် ထင်ရသည်။ စန်းလော့က သူတို့ကို ဖြတ်လျှောက်သွားချိန်တွင် အကြီးဆုံးမှအစ အငယ်ဆုံးအထိ သူတို့အားလုံးက တစ်ပြိုင်နက်ခေါ်လိုက်ကြ၏။
"စန်းရှီ"
သူတို့တစ်ယောက်ချင်းစီက မသိမသာ ဦးညွှတ်လိုက်ကြလေသည်။
စန်းလော့ ...
သူမကတော့ သူတို့ကို ခေါင်းငြိမ့်ပြရုံသာတတ်နိုင်သည်။ သူတို့၏အားထုတ်မှုကို အသိအမှတ်ပြုလိုက်၏။
"ရှင်တို့အားလုံး ကြိုးစားခဲ့ကြပါတယ်"
...
လူအယောက်၄၀ ကျော်သည် လူသူကင်းမဲ့သည့် သစ်တောထဲသို့ အတင်းဆွဲခေါ်သွားခံရသည်။ သူတို့အများစုက မြှားဒဏ်ရာများကို ခံထားရသည်။ ဖြူဖွေးနေသည့် နှင်းများပေါ်တွင် ကြက်သွေးရောင် အစွန်းအထင်း လမ်းကြောင်းတစ်ခုသည် အဖြူရောင်နှင်းများနှင့် ဆန့်ကျင်စွာ ကြယ်များလို ပြန့်ကျဲနေလေသည်။
ပြင်းထန်သည့် ဆောင်းရာသီအတွင်းတွင် နှင်းများက ရက်ဆက်ကျခဲ့ပြီးနောက် နေမင်းသည် နောက်ဆုံးတော့ နေ့တစ်ဝက်မတိုင်ခင်မှာပင် ပေါ်ထွက်လာလေသည်။ သို့သော်ငြားလည်း သူ၏နွေးထွေးမှုကတော့ မပါရှိနေပေ။ ကောင်းကင်ပေါ်တွင် သူ၏ပုံသဏ္ဍန်သာ ရှိလေသည်။ အိုမင်းနေသည့်တောနက်ထဲသို့ ဝင်ရောက်လာသည်တွင် နေရောင်ခြည် တစ်စက်ကလေးမှပင် ထိုးဖောက်မလာနိုင်ချေ။ ပတ်ဝန်းကျင်က အရိုးထိအောင် အေးစိမ့်သည့်အထိ ထိုးကျသွားလေသည်။ ရှန်းလီက ထိုနေရာကို လေ့လာကြည့်ရှူလိုက်ပြီး သင့်တော်သည့်နေရာတစ်ခုကို ရွေးချယ်လိုက်ပြီးနောက် အစောပိုင်းက ဖိအားကို တောင့်ခံနေကြသည့် ထိုလူများသည် ယခုတော့ ကြောက်လန့်တကြား အမြီးကုတ်နေကြပြီး ကိုယ်တိုင် ဝမ်းလျားမှောက်ကြကာ အသနားခံ တောင်းပန်နေကြလေသည်။ သူတို့ထဲက အမျိုးသမီးများကတော့ သူတို့၏ စကားလုံးများကို အထူးတလည် ထုတ်ပြောရဲကြသည်။
သူတို့၏ ဖရိုဖရဲအခြေအနေကို ဂရုစိုက်မနေဘဲ ရှန်းလီက သူ၏ ရန်သူ၄ယောက်ထဲက အကြီးဆုံးတစ်ယောက်ကို အရင်ဆုံး ဆွဲထုတ်လိုက်သည်။ သူက ရှန်းလီကို လက်ယပ်ခေါ်လိုက်၏။ နောက်တစ်ယောက်က ဘာဖြစ်နေသည်ကို သေချာမမြင်ရသေးခင်မှာပင် ထိုလူ၏လက်နှင့် ခြေထောက်ပေါ်က အရွတ်များကို သွက်သွက်လက်လက် ဖြတ်ချပစ်လိုက်သည်။
ထိုလူက နာကျင်မှုကြောင့် စူးရှအောင် အော်ဟစ်လိုက်ပြီး ချွေးအေးများ ထွက်လာလေသည်။ သို့သော်ငြားလည်း ရှန်းလီကတော့ သူ့ကို တစ်ချက်ကလေးမှပင် မကြည့်ချေ။ ထိုအစား သူက ရှန်းကျင့်ကိုမေးလိုက်၏။
"မင်း ဒီနေရာကို မှတ်ထားလိုက်"
"ကျန့်ရှီလို မင်းကိုယ်တိုင် လက်စားချေဖို့ ရွေးချယ်ချင်လဲရတယ်၊ ဒါပေမဲ့ ဒီနည်းလမ်းက မင်းနဲ့ မသင့်တော်ဘူးဆိုရင် ဒါကို စဥ်းစားလို့ရတယ်၊ ဒီလိုဆောင်းတွင်းကာလ တောနက်ကြီးထဲမှာ တောရိုင်းတိရိစ္ဆာန်တွေက ဆာလောင်ငတ်မွတ်နေကြတယ်လေ"
ရှန်းကျင့်၏အသက်ရှူသံသည် ပိုမိုပြင်းထန်လာပြီး စီရင်စုအပြင်ဘက်တွင် ထျန်းယာ၏ အသက်မဲ့နေပုံကို သူ၏စိတ်ထဲတွင် ပြန်ပြီး စဥ်းစားမိလိုက်လေသည်။ သူ၏ပါးပြင်များက ထုံကျဥ်သွားပြီး ခဏအကြာတွင် စိတ်က ပြေလျော့သွားလေသည်။
"ကျွန်တော် နားလည်ပါပြီ၊ ကျန်တဲ့၃ယောက်ကို ကျွန်တော်ကိုယ်တိုင် ကိုင်တွယ်လိုက်ပါ့မယ်"
ရှန်းလီက သူ့ခြေထောက်ကို မလိုက်၏။ ရွှီဝမ်ချင်းက အခြေအနေကို သဘောပေါက်လိုက်ပြီး ရှန်းကျင့်ကိုကူညီကာ ကျန်နေသည့် ဖမ်းထားသည့် လူတစ်ယောက်ချင်းစီကို ချုပ်ထားပေးလိုက်လေသည်။ ရှန်းကျင့်က တစ်ယောက်ကို ရှင်းပြီးသွားသည်နှင့် ရွှီဝမ်ချင်းက နောက်တစ်ယောက်ကို သူ့အားတွန်းပို့ပေးလိုက်သည်။
သစ်တောအလယ်တွင် အော်သံများက မရပ်မနား ပဲ့တင်ထွက်လာသည်။ နောက်တွင် တသီတတန်း ကြီးပါလာသည့် လူအယောက်၃၀နီးပါးသည် သူတို့ရှေ့က မြင်ကွင်းကြောင့် စိတ်ခြောက်ခြားသွားကြတော့သည်။ လိုက်ပါပို့ဆောင်ပေးကြသည့် သူများထဲကလဲ တစ်ယောက်မှ သတ္တိကြောင်သည့်သူများ မပါကြချေ။
သူတို့သည် လက်နက်တော်တော်များများကို သိမ်းဆည်းရမိထားခဲ့သည်။ ဓားများ၊ ပုဆိန်များ ဓားကောက်များနှင့် ပေါက်ပြားများစွာ ပါလေသည်။ သည်အခိုက်အတန့်တွင် သူတို့သည် သူတို့ရည်ရွယ်ချက်ကို ဆောင်ရွက်ပေးနိုင်သည်နှင့်အမျှ ဘာဖြစ်ဖြစ် အရေးမကြီးတော့ချေ။
လိုက်ပါပို့ဆောင်ပေးရန် လိုလိုလားလား လိုက်လာခဲ့သည့် လူငယ်လေးများသည် ကြောက်ရွံ့စိတ်ကြောင့် တုန်ယင်သွားကြလေသည်။ သို့သော်ငြားလည်း ထိုနေ့မနက်ခင်းက သစ်ပင်နောက်တွင် နားထောင်ခဲ့ကြသည့် အကြောင်းအရာကို စဥ်းစားမိလျှင် သူတို့သည် သည်တိုက်ခိုက်သူများက မည်သူများဖြစ်ကြောင်း နားလည်လေသည်။ သူတို့သည် ဒီလိုမကောင်းသည့် ရည်ရွယ်ချက်ရှိကြသည့် လူတစ်အုပ်က သစ်တောအစွန်ဖက်တွင် ကွေ့ပတ်သွားလာနေသည်ကို အမြဲတမ်း ကြောက်ရွံ့နေခဲ့ရလေသည်။ ဆုံးဖြတ်ချက်ကို အားတင်းထားပြီး အကြီးများက အံကြိတ်ထားလိုက်ကြကာ သတ္တိကိုစုစည်းပြီး ရှေ့သို့တက်လာကြသည်။
...
သစ်တောထဲတွင် မချိတင်ကဲငိုယိုသံများကို ပဲ့တင်ထပ်နေအောင် ကြားရလေသည်။ အပြင်ဘက်တွင် သည်လူများသည် လပေါင်းများစွာ ကြီးစိုးလာခဲ့ပြီး လုယက်ခြင်း၊ တိုက်ခိုက်ခြင်း၊ လူသတ်ခြင်းကို မရပ်မနားလုပ်လာခဲ့ကြသည်။ ပစ်မှတ်အသစ်များကို ရှာဖွေနေကြပြီး သူတို့သည် အတွင်းပိုင်းနေရာသို့ ဝင်လာပြီးနောက်တွင် သူတို့၏ပထမဦးဆုံး ရင်ဆိုင်တွေ့ကြုံလိုက်ရသည့်သူမှာ သူတို့ကို အချိန်မတိုင်ခင် သေတမ်းစာရေးရမည့်ကိစ္စသို့ ဦးတည်သွားလိမ့်မည်ဟု ဘယ်တုန်းကမှ စိတ်ကူးယဥ်မထားခဲ့ဘူးချေ။
ဒီလိုကြောက်စရာကောင်းသည့် ဇာတ်သိမ်းမျိုးတွင် ရေခဲတစ်မျှအေးခဲနေသည့် နှင်းပြင်ပေါ်၌ အသက်မဲ့နေသလို လဲလျောင်းနေရပြီး လေထုကလဲ သွေးနံ့များဖြင့် ပြည့်နှက်နေသည်။ သို့တိုင် သူတို့သည် အသက်ရှင်နေရသေးသည်။
အသက်ရှင်လျက်နှင့် သားရိုင်းတိရိစ္ဆာန်များ၏ ဟိန်းဟောက်သံများ ချဥ်းကပ်လာသည်ကို ကြားနေရပြီး ကုန်ဆုံးသွားသည့် အခိုက်အတန့်တိုင်းတွင် အသံက ပိုပြီး ကျယ်လောင်လာလေသည်။ သူတို့သည် သွေးထွက်ပြီး သေလိုသေ၊ အေးခဲပြီး သေလိုသေ၊ ကြောက်လန့်ပြီး သေလိုသေ၊ မည်သည့်စိတ်ဆန္ဒမဆို သတိရှိလျက်နှင့် အပိုင်းပိုင်းအစစ ကုတ်ဖဲ့ခြင်း ခံနေရသည်ထက်တော့ ပိုကောင်းလေသည်။
သို့သော်ငြားလည်း ကံတရားက သူတို့၏ရွေးချယ်မှုထဲတွင် မရှိချေ။ သွေးနံများနှင့်အတူ အစုလိုက်အပြုံလိုက် သေကြခြင်း၏ သိသာထင်ရှားသည့် နောက်ထပ်အနံ့တစ်ခုက လေထုထဲတွင် လွင့်ပျံ့လာလေသည်။
သူတို့၏ နောက်ဆုံးအခိုက်အတန့်လေးတွင် သူတို့၏မျက်လုံးရှေ့၌ တစ်ချိန်က သူတို့ အကြမ်းဖက်ခဲ့ကြကာ မျှော်လင့်ချက်ပျက်သုန်းနေသည့် အနေအထားတွင် ချန်ထားခံခဲ့ရသည့် ထိုလူများ၏မျက်နှာက တဖြတ်ဖြတ် ပြန်ပေါ်လာလေသည်။
နောက်ဆုံးတွင် ထိုပုံရိပ်များက သူတို့ကိုယ်တိုင်ကို ဝါးမြိုသွားတော့သည်။
...
နှင်းများက ကောင်းကင်ပေါ်တွင် တစ်ဖန်ပြန်ကျလာလေသည်။ ကောင်းမွန်သည့်နှင်းပွင့်များ ကျလာသည်နှင့် ငြိမ်းချမ်းခြင်းနှင့် သန့်စင်ခြင်းတို့က လောကကြီးတွင် တစ်ဖန်ပြန်လည် ဝင်ရောက်လာတော့သည်။
...
အပိုင်း (၂၀၆) လက်ထပ်ခွင့်တောင်းခြင်း
ရှန်းလီနှင့် ရှန်းကျင့်တို့သည် ရွာသို့ ညနေစောင်းမှ ပြန်ရောက်လာသောအခါ ဝင်ပေါက်နားတွင် နေထိုင်သော ရွှီနှင့်လုမိသားစုတို့သည် သူတို့ကို တွေ့လေသည်။ သူတို့သည် ဂူထဲမှ အလျင်အမြန်ထွက်လာကာ နှစ်ယောက်လုံး အထိအခိုက်မရှိသည်ကို တွေ့လိုက်ရ၏။ အစောပိုင်းက ဝရုန်းသုန်းကား အခြေအနေကိုညွှန်ပြနေသည့် ရှန်းကျင့်၏ အနည်းငယ်နီနေသောမျက်လုံးများကြောင့် ဆိုင်ရှင်ရွှီနှင့် ဦးလေးရွှီတို့က စိတ်အေးသွားကာ သက်ပြင်းချလိုက်မိတော့၏။
ဖြစ်ခဲ့သည့်အကြောင်းအရာကို မည်သူကမှ အခြားသူများအား မမေးကြပေ။ နှင်းများစိုနေသော ရှန်းလီနှင့် ရှန်းကျင့်ကို ကြည့်ရင်း လုအာ့လန်က ပြောလိုက်၏။
"မနက်ဖြန်မှ ပြောရအောင်။ တောင်ေပါ်မှာ တစ်နေ့လုံးလေရော နှင်းရော အဆက်မပြတ် ကျနေတာ။ မီးလှုံဖို့ မြန်မြန်ပြန်လိုက်ကြ"
ရှန်းလီသည် သူ့မိသားကို အမှန်ပင် စိုးရိမ်မိ၏။ တစ်ခြားသူများကို ခေါင်းညိတ်ပြရင်း ရှန်းကျင့်ကို ခေါ်ကာ သူတို့ဂူဆီသို့ ခြေလှမ်းကျဲများဖြင့် သွားလိုက်၏။
လူတိုင်းက သူတို့ကို စောင့်နေကြ၏။ အဝေးမှ သူတို့ကို လှမ်းမြင်လိုက်သော စန်းလော့၊ ရှန်းအန်းနှင့် ရှန်းနဉ်တို့က ထသွားပြီး နှုတ်ဆက်ကြလေသည်။ ဝင်ပေါက်နားသို့ ရောက်သောအခါ ရှန်းလီတစ်ယောက် ခေါင်းနှင့် ကိုယ်ပေါ်ရှိနှင်းများကို ခါချနေလေသည်။ ထို့နောက် အထဲသို့ ဝင်သွား၏။
အစားအစာကို ပြင်ဆင်ပြီးပြီ ဖြစ်သည်။ ရှန်းနဉ် စတင်ချက်နေချိန်တွင် ရှန်းလီနှင့် ရှန်းကျင့်တို့သည် သူတို့၏လက်နက်များကို ချလိုက်ကြ၏။ တောင်ကျစမ်းပေါက်တွင် လက်များကို ဆေးကြောပြီးနောက် သူတို့၏ဂူထဲသို့ ပြန်ဝင်သွားကြလေသည်။
ရှန်းအန်းတစ်ယောက် မီးမွှေးနေသည်ကို မြင်တော့ ရှန်းနဉ်နှင့်စန်းလော့တို့သည် ညစာကို မြန်မြန်ပြင်ဆင်ကြ၏။ ရှန်းလီက အနားကပ်လာပြီး သူတို့သုံးယောက်ကို မေးလိုက်လေသည်။
"ဒီမနက်တုန်းက ကြောက်နေကြေသးလား"
သူတို့သည် ကိုယ်ခံပညာကို လပေါင်းများစွာ လေ့ကျင့်ထားကြပြီး အမဲလိုက်သည့်အခွင့်အရေးများကို အလွတ်မခံကြသော်လည်း အထူးသဖြင့် ဤကဲ့သို့ ဖရိုဖရဲအခြေေနမျိုးတွင် လူတို့ကို ပထမဆုံး တိုက်ခိုက်ရခြင်းဖြစ်သည်။
အမှန်တိုင်းပြောရလျှင် သူတို့သည် မြှားနှင့် တုတ်သိုင်းများကို အချိန်အကြာကြီး လေ့ကျင့်ထားကြ၏။ တကယ် တိုက်ခိုက်ရသောအခါ ကြောက်ရွံမည့်အချိန်ပင် မရှိချေ။ ထို့အစား သူတို့၏လေ့ကျင့်မှုကို လက်တွေ့ ဆောင်ရွက်ရသောအခါတွင်သာ စိတ်လှုပ်ရှားကြ၏။ သို့သော် ကျန့်သနွီ၏ထိုးနက်ချက်သည် သူတို့ကို ဖိတ်ဖိတ်တုန်နေစေဆဲဖြစ်သည်။ အမြစ်တွယ်နေသော အမုန်းတရားကြောင့်သာမဟုတ်လျှင် သူမ ဤမျှလောက် အဘယ်မှာ လှုပ်ရှားသွားပါမည်နည်း။ ဤသည်ကို တွေးမိတော့ ရှန်းအန်းတစ်ယောက် ခေါင်းခါမိလေသည်။
ရှန်းနဉ်နှင့် သူမ၏ဒုတိယအစ်ကိုတို့သည် ဤကိစ္စနှင့်ပတ်သက်ပြီး အတူတူပင်ဖြစ်၏။ အစပိုင်းတွင် အမှန်တကယ် ကောက်ကျစ်သူများဟု တွေးမိသောကြောင့် တဒင်္ဂ တုန်လှုပ်ခြောက်ခြား သွားခဲ့သည်။ သို့သော် သူတို့ညီမလေး ထျန်းယာကို ပြန်စဉ်းစားကြည့်တော့ စိတ်မသက်မသာ ဖြစ်နေသည့်အရာက ပျောက်သွားလေ၏။ အမှန်တော့ သူတို့သည် ထိုကဲ့သို့သော လူဆိုးများနှင့် ပထမဆုံးအကြိမ် ရင်ဆိုင်ရမည့်အလားအလာအတွက် စိတ်လှုပ်ရှားနေခြင်းသာ ဖြစ်သည်။
"အစ်ကိုကြီး"
သူမက အသေးစိတ် ပြန်ပြောပြလိုက်၏။
"ဓားကိုင်ထားတဲ့ လူတစ်ယောက်က ညီမလေးနဲ့ အစ်မဝမ်ယင်းဆီကို တည့်တည့်ကြီး တစ်ဟုန်ထိုးလာတာ။ အစ်ကိုဝမ်ဟုန်နဲ့အတူ ညီမလေးတို့သုံးယောက်လုံး သူ့ကို ပြားပြားဝပ်သွားအောင် လုပ်ပစ်ခဲ့တယ်"
သူမက သိပ်ပြီးလန့်သွားပုံမပေါ်သည်ကို သတိထားမိတော့ ရှန်းလီသည် အနည်းငယ် ပြုံးလိုက်မိ၏။
"ဒါဆို ပိုပြီးအားထည့်ပြီး ကောင်းကောင်းလေ့ကျင့်ကြမယ်"
ဤလောကတွင် မကောင်းသော ရည်ရွယ်ချက်များဖြင့် အမျိုးသမီးများနှင့် ကလေးများကို ပစ်မှတ်ထားလေ့ရှိပြီး သူတို့သည် ကိုယ့်ကိုယ်ကိုယ် ခုခံနိုင်စွမ်း အနည်းဆုံး ဖြစ်သောကြောင့်ဖြစ်သည်။
စန်းလော့သည် စကားနည်းသည့်အမျိုးသမီးဖြစ်၏။ ညစာစားပြီး ကိုယ်လက်သန့်စင်ပြီးသောအခါ ကလေးများသည် ကပ်လျက်နေရာရှိ သစ်သားတဲများသို့ ပြန်သွားကြပြီး တံခါးပိတ်လိုက်ကြလေသည်။ ထို့နောက်မှသာ သူမက ရှန်းလီကို မေးလိုက်၏။
"ရှင် ပြန်ရောက်လာပြီးမှ အဲ့ရွာကို သွားခဲ့သေးလား"
အပြန်ခရီးတွင် သူတို့သည် ကျိုးနှင့် ဖန်းမိသားစုတို့ နေထိုင်သောရွာများကို ဖြတ်သန်းလာကြ၏။
ရှန်းလီက ခေါင်းညိတ်ပြပြီးနောက် စန်းလော့ကို ကြည့်လိုက်လေသည်။
"ကျန့်မိသားစုအကြောင်း မေးချင်လို့လား"
စန်းလော့က အမျိုးသားသုံးယောက်နှင့် အမျိုးသမီးတစ်ယောက်ကို မြင်တုန်းက သားသတ်သမားကျန့်၏ အမူအရာကို ပြန်အမှတ်ရသွားလေသည်။ ထိုခဏတွင် သူမသည် ဘာကိုမှ ထပ်မကြားချင်တော့ဘဲ နားလည်း နားမထောင်ရဲပေ။
သူမက ခေါင်းခါလိုက်ပြီး ရှန်းလီခါးကိုဖက်ကာ သူ့ပုခုံးထက်တွင် မျက်နှာကို ကွယ်ထားလိုက်လေသည်။
ရှန်းလီသည် သူမကို ဖက်ထားရင်း သားသတ်သမားကျန့်ပြောခဲ့သည့် တစ်စိတ်တစ်ဒေသ ဖုံးကွယ်ထားသောကိစ္စများကို သတိရသွားသော်လည်း ထိုနေ့လည်ခင်းတွင် အကုန်လုံး ထုတ်မပြောခဲ့ပေ။ သူသည် စန်းလော့ကို နီးနီးကပ်ကပ် ပွေ့ဖက်ထားပြီး ခဏမျှငြိမ်သက်နေလေ၏။ ထို့နောက် သူ့ခေါင်းကိုငုံ့ကာ မေးလိုက်လေသည်။
"အဲ့ဒီ့စာလိပ်မှာ ဖတ်ဖို့အတွက် စာလုံးရေတစ်ရာ၊ တစ်ရာကျော်လောက်ပဲ ကျန်တော့တယ်။ ကျွန်တော့်ကို သင်ပေးမလား အားလော့"
တုံ့ပြန်မှုအနေဖြင့် လက်နှစ်ဖက်က သူ့လည်ပင်းကို သိုင်းဖက်ရန် ဆန့်တန်းရောက်ရှိလာလေသည်။
စန်းလော့သည် တစ်ညလုံး ရှန်းလီ၏ပွေ့ဖက်မှုတွင် ခွေနေလေ၏။ အစပိုင်းတွင် သူသည် အမှန်တစ်ကယ်ပင် ကာကွယ်ပြီး ဂရုစိုက်လေသည်။ သို့သော် စန်းလော့သည် သူ့အားခါတိုင်းထက်ပိုပြီး ဖက်တွယ်ကာ အနမ်းတစ်ခုကိုပင် အစပြုလာသည်တွင် အရာအားလုံး ပြောင်းလဲသွားကာ ဖရိုဖရဲဖြစ်လာလေ၏။
ဂူအပြင်ဘက်တွင် အရိုးခိုက်အောင် အေးနေသော်လည်း ဂူထဲတွင် ချစ်ချစ်တောက် ပူနေလေသည်။ စန်းလော့၏ မျက်လုံးများထဲတွင် မျက်ရည်များ ပြည့်နေလေ၏။ နောက်ဆုံး စည်းကိုမကျော်ဖြတ်ခြင်းမှလွဲ၍ တတ်နိုင်သမျှနီးစပ်ခဲ့လေသည်။
အဆုံးသတ်တွင် ရှန်းလီသည် လုံးဝဖျော့တော့စွာဖြင့် စန်းလော့ကို ကိုင်လိုက်ကာ တိမ်ဝင်နေသည့် ရှတတအသံဖြင့် သူမ ကြားရအောင် ငြင်သာစွာပြောလိုက်လေ၏။
"အားလော့၊ ကိုယ့်ကို လက်ထပ်နိုင်မလား။ ကိုတို့ ဘာပွဲမှတော့ မလုပ်ဘူး။ ဒါပေမယ့် မင်းနဲ့အတူတူ ကောင်းကင်နဲ့မြေကြီးကို အရိုအသေပေးပြီး ကိုတို့က လင်မယားဆိုတာကို အသိပေးရမယ်။ လက်ထပ်နိုင်မလား"
ရှန်းလီသည် တရားဝင်အခမ်းအနား မလုပ်ဖူးသောအတွေးမှ ရုန်းမထွက်နိုင်ပေ။ သူတို့၏အကြီးအကဲများ မရှိလျှင်တောင်မှ ကောင်းကင်နှင့် မြေကြီးကို သက်သေထားချင်မိ၏။
စန်းလော့သည် ခွန်အားနှင့် အသိကင်းမဲ့နေပြီး လက်ချောင်းတစ်ချောင်းလောက် မ ရန်ပင် အင်အား မရှိတော့ချေ။ ခဏကြာပြီးနောက် သူမက အနားသို့မှီလိုက်ကာ နှာခေါင်းချင်း ထိထားလိုက်တော့သည်။ သဲသဲကွဲကွဲ မကြားရသော "လက်ခံတယ်"ဟူသည့် အသံသည် နှုတ်ခမ်းများကြားတွင် ပျောက်ဆုံးသွားလေ၏။
စန်းလော့က သူတို့၏ဆက်ဆံရေးကို အထမြောက်စေခြင်းသည် အများကြီး မပြောင်းလဲနိုင်သည်ကို သိလေသည်။ ရှန်းလီ အပေါ်ထားသည့် သူမ၏ဆန္ဒသည် ငြင်းလို့မရနိုင်ဘဲ စိတ်ခံစားချက်များနှင့် တောင့်တမှုတို့ ရောယှက်ကာ တစ်နေ့ထက်တစ်နေ့ ဖိနှိပ်ရန်ခက်ခဲလာ၏။ ချုပ်တည်းထားခြင်းက သူမကို ဝါးမျိုနေပုံပေါ်လေသည်။
...
မနေ့က ဖြစ်ရပ်ပြီးသွားတော့ ရွာသားများ၊ ကျိုးမိသားစုနှင့် ပျံ့ကြဲနေသော တောင်ပေါ်ရှိ နေထိုင်သူများသည် လေ့ကျင့်ရေးတွင်ပို၍ပင် အရေးပါလာလေသည်။ အကွာအဝေးကို ထိန်းသိမ်းထားသော်လည်း သူတို့၏သံယောဇဉ်သည် ခိုင်မာကြောင်းကို လူတိုင်းက နားလည်ကြ၏။ တစ်ကယ့်ပဋိပက္ခကြားတွင် သူတို့သည် တစ်ယောက်ကိုတစ်ယောက် ကူညီဖို့ရှိနေကြလေသည်။
ရွာအပြင်ဘက်တွင် ယခုအခါ ဓားကြီး၇ချောင်းရှိနေပြီဖြစ်ပြီး ရှန်းလီနှင့် သူ့အဖော်တို့သည် စီရင်စုတွင် အစောပိုင်းက ကယ်ဆယ်ရေးလုပ်နေစဉ်အတွင်း ထိုအရာများကို ပြန်သိမ်းယူနိုင်ခဲ့၏။ ယခုအချိန်တွင် စစ်လက်နက်ဓား တစ်ဒါဇင် ကျော်ရှိနေပြီဖြစ်သည်။
ကလေးများက တုတ်သိုင်းများကို ဆက်လက်သင်ယူနေကြစဉ်တွင် ရှန်းလီနှင့် ချန်းသရှန်ကဲ့သို့ စွမ်းရည်ရှိသည့်လူငယ်များက သူတို့ဘေးမှ စစ်သုံးဓားရှည်သုံးနည်းများကို စတင်ညွှန်ကြားကြ၏။
ထိုမမျှော်လင့်သည့် အခြေအတင်ကိစ္စကို ကျေးဇူးတင်ရမည်။ တာဝန်ခံရွှီ၊ ရွှီဦးလေး၊ ချန်းယိုထျန်း၊ ကျိုးသလန်နှင့် ကန်းမိသားစုတို့သည် သိုင်းလေ့ကျင့်ရသည်ထက် စုဝေးရာတွင် အမြဲတမ်း စိတ်အားထက်သန်ကြခဲ့ကြပြီး အခုတော့ လေ့ကျင့်ရေးတွင်လည်း ပါဝင်ခဲ့ကြသည်။ မည်သို့ပင်ဖြစ်စေ ဆောင်းရာသီသည် အလုပ်နှေးစေသောရာသီဖြစ်ပြီး မကြာမီတွင် သူတို့သည် နေ့စဉ်လေ့ကျင့်ရေးတွင် စွဲမြဲနေကြ၏။
စိတ်ထဲက စိုးရိမ်မှုအသစ်တစ်ခုကြောင့် ရှန်းလီသည် နှင်းများအရည်ပျော်မည့်နေ့အထိ စိတ်ရှည်စွာစောင့်ဆိုင်းနေပြီး ညအခါတွင် လျှိုမြောင်သို့ အဝင်အထွက်လုပ်ရာတွင် ခြေရာများ မကျန်ခဲ့စေရန် သေချာလုပ်ရသည်။ ထိုနေ့ ညနေခင်းတွင် သူသည် ဝင်ပေါက်သို့ ချောင်းကြည့်လိုက်၏။
အဘိုးချန်းနှင့် အဘိုးလုသည် ထိုကဲ့သို့ကြိုးပမ်းမှုများအတွက် အသက်ကြီးလွန်းနေပြီဖြစ်သဖြင့် အချိန်အများစုမှာ လျှိုမြောင်ကို စောင့်ကြည့်ပေးသူမှာ ကျိုးရွာသူကြီးဖြစ်သည်။ သူသည် ဝင်ပေါက်နားက ကြီးမားသည့် ဂူထဲတွင်နေကာ ထိုနေရာတွင် ယာယီတဲတစ်လုံးလုပ်ပြီး ကုတင်၊အိပ်ယာနှင့် တခြားလိုအပ်သည့် ပစ္စည်းအားလုံး ထည့်သွင်းထားသည်ဟု ဆိုလျှင် ချဲ့ကားပြောဆိုခြင်း မဟုတ်ပေ။
ရှန်းလီသည် ညဘက်၌ဝင်လာသော်လည်း မည်သည့်အရာကိုမျှ သယ်မလာခဲ့ချေ။ ထို့အစား သူသည် ကူးယူထားသည့် သချန်မင်းဆက် ပြက္ခဒိန်ကို ငှားရန် ကျိုးရွာသူကြီးကို လာရှာခြင်းပင်။
ကျိုးရွာသူကြီးသည် အံ့အားသင့်သွားပြီး ခဏလောက်အထိ အခြေအနေကို နားမလည်ခဲ့ပေ။ ရည်ရွယ်ချက်ကို အလိုလို မေးမိသွားသော်လည်း တောင်ပေါ်တွင် ခမ်းနားသောပွဲများကို မကျင်းပနိုင်သဖြင့် စန်းလော့သည် အရာရာကို သာမန်ဖြစ်စေချင်သောကြောင့် ရှန်းလီက အသေးစိတ်ကို မပြောပြတော့ချေ။
ရှန်းလီ မလိုလားသည်ကိုမြင်တော့ ကျိုးရွာသူကြီးသည် ဖိအားမပေးတော့ပေ။ ထို့အစား သူသည် ကြိုးသေချာချည်ပြီးနောက် ပြက္ခဒိန်ကိုယူကာ မကြာမီတွင် စာအုပ်တစ်အုပ်ဖြင့် ပြန်ရောက်လာလေသည်။ သူသည် ရုတ်တရက် မပြောမီ ရှန်းလီကို အချိန်အကြာကြီး စိုက်ကြည့်နေလေ၏။
"မင်းတို့ရဲ့အဒေါ်က ငါ့ကို သတိပေးလိုက်တယ်။ မင်းနဲ့ အားလော့တို့က အခုထိ မင်္ဂလာပွဲ မလုပ်ရသေးဘူးမလား"
အမျိုးသမီးများသည် ထိုသို့သောကိစ္စများတွင် ပိုမြင်တတ်ပြီး စေ့စပ်လေသည်။ မူလက ရှန်းမိသားစု၏ ကောက်ရိုးတဲတွင် အခန်းတစ်ခန်းသာရှိပြီး လူလေးယောက်အတွက်တော့ အတော်လေး ကြပ်သိပ်နိုင်၏။ တောင်များပေါ်တွင် ခိုလှုံစရာနေရာ ရှာပြီးသည့်နောက်တွင် သူတို့အားလုံးသည် ဂူတစ်လုံးကို မျှဝေခဲ့ကြပြီး စန်းလော့သည် အိမ်ထောင်ရှင် အမျိုးသမီးတစ်ဦး၏ ဆံပင်ပုံစံကို ဘယ်တော့မှ စည်းခဲ့ပုံ မပေါ်ပေ။
ရုတ်တရက် ပြက္ခဒိန်ငှားရမ်းခြင်းက ဘာအတွက်ဖြစ်နိုင်လဲ။ သူတို့လို သာမာန်လူများအတွက်တော့ အများအားဖြင့် မင်္ဂလာရက်များကို ရွေးချယ်ရန် သို့မဟုတ် စိုက်ပျိုးရာသီများကို စစ်ဆေးရန်သာ အသုံးပြုကြသည်။ မကြာသေးမီက ချန်းမိသားစုမင်္ဂလာပွဲကြောင့် ယခုအခါတွင် ရှန်းလီ၏ ရည်ရွယ်ချက်ကို မှန်းဆရန် မခက်ခဲတော့ပေ။
ခန့်မှန်းချက် မှန်ကန်သွားသဖြင့် ရှန်းလီ၏မျက်လုံးများမှာ ရွှင်မြူးကာ တောက်ပနေလေ၏။
"ဟုတ်ပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့မှာ မိဘနဲ့ အကြီးအကဲတွေ မရှိတော့ဘူး။ တောင်ပေါ်မှာ ခမ်းနားတဲ့ မင်္ဂလာပွဲကျင်းပဖို့က မသင့်တော်ပါဘူး။ အားလော့က အရာရာကို ရိုးရိုးရှင်းရှင်းပဲ လုပ်ချင်တာ။ ကျွန်တော်တို့နှစ်ယောက်က ကောင်းကင်နဲ့မြေကြီးကို အရိုအသေပေးရုံပါပဲ"
ကျိုးချွမ်ကျန့်၏မျက်လုံးများထဲတွင် ပြုံးရိပ်သမ်းနေပြီး နှစ်ချုပ်ပြက္ခဒိန်ကို ရှန်းလီထံသို့ ကမ်းပေးလိုက်၏။ သူ့ကို စွံပလွန်သီးတစ်အိတ်နှင့် ကြိုးနီလေးတစ်ချောင်းကိုပါပေးရင်း ပြောလိုက်လေသည်။
"နှစ်ချုပ်ပြက္ခဒိန်နဲ့ပတ်သက်ပြီး လွတ်လွတ်လပ်လပ်တိုင်ပင်ပါ။ ကြိုးနီလေးကိုတော့ လက်ဆောင်အဖြစ် ယူဆလိုက်ပေါ့ကွာ။ အဲ့တာကို ငါ့ရဲ့ ဒုတိယချွေးမ ဝယ်ထားတာ။ တစ်ခါမှတော့ မသုံးရသေးပါဘူး။ မင်းတို့ရဲ့အဒေါ်က အဲ့တာကို ပေးခိုင်းလိုက်တာ။ တောင်ပေါ်လူနေထိုင်မှုဘဝက ခက်ခဲပေမယ့် ဆံပင်စည်းတဲ့ အခမ်းအနားကိုလည်း လျစ်လျူရှုလို့မရဘူး"
ကြိုးနီလေးကြောင့် ရှန်းလီ၏မျက်လုံးများမှာ ဝမ်းသာမှုဖြင့် အရောင်လက်လာလေသည်။
"ကျေးဇူးတင်ပါတယ်၊ ကျိုးဦးလေး"
ကျိုးချွမ်ကျန့်က ပြုံးရင်းဖြင့် သူ့ပုခုံးကို ပုတ်လိုက်၏။
"အားလော့နဲ့ ပျော်ရွှင်စွာနေထိုင်ပြီး အတူတူ အိုမင်းသွားကြပါ"
တောက်ပသောအပြုံးဖြင့် ရှန်းလီသည် ဂူထဲမှမထွက်ခွာမီတွင် ကြိုးနီလေးကိုသေချာစွာ သိမ်းလိုက်လေသည်။ စန်းလော့ကို ရက်ရွေးဖို့ စိတ်အားထက်သန်စွာ တောင်းဆိုရင်း သူ့မျက်လုံးများ လင်းလက်လာလေ၏။
ကျိုးမိသားစုထံမှ နှစ်ချုပ်ပြက္ခဒိန်ငှားရန် နှင်းများ အရည်ပျော်သည်အထိ စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေပုံကိုမြင်တော့ စန်းလော့တစ်ယောက် မရယ်ဘဲ မနေနိုင်ပေ။ သူမက ရှန်းလီ၏လည်ပင်းကို သိုင်းဖက်ကာ မှီလိုက်ရင်း သူ့လည်ပင်းကို နမ်းလိုက်လေသည်။ ထုံးစံအတိုင်း သူမကို ရင်ခွင်ထဲသို့ ဆွဲသွင်းကာ နှစ်ချုပ်ပြက္ခဒိန်ကိုဖွင့်ပြီး ရက်ရွေးရန် စိတ်အားထက်သန်စွာဖြင့် ပြောလိုက်၏။
မျက်နှာချင်း ထိထားကြပြီး သူတို့၏ တီးတိုးပြောဆိုသံများမှာ ရင်းနှီးပြီး ချိုမြနေလေသည်။
ရွေးချယ်ထားသောနေ့သည် သုံးရက်သာလိုတော့၏။
အစက အခြားသူများကို အသိပေးရန် မည်သူကမျှ စီစဉ်ထားခြင်းမရှိပေ။ သူတို့သည် ပွဲမတိုင်မီညတွင် ရှန်းယင်နှင့် ရှန်းထျယ်ကိုခေါ်လာပြီး မင်္ဂလာပွဲကို မိုးနတ်မင်းအား တိုင်တည်ရန် သူတို့မိသားစုကိုသာ သက်သေခံခိုင်းမည်ဟု ရည်ရွယ်ထားလေသည်။
သို့သော် ကျိုးမိသားစုက ဤလျို့ဝှက်ချက်ကို ထိန်းထားနိုင်ပါ့မလား။ ရှန်းလီတစ်ယောက် နှစ်ချုပ်ပြက္ခဒိန်ကိုငှားသည့် ညထဲက လျှိုမြောင်တစ်ခုလုံး သတင်းများ ပျံ့နှံ့သွားပြီဖြစ်သည်။ လက်ဆောင်ပြင်ဆင်မှုများကို အလျင်အမြန် ပြုလုပ်ခဲ့ပြီး ကျိုးချွမ်ကျန့်သည် ရှန်းလီနှင့် စန်းလော့ကို အသိမပေးဘဲ ထိုအရာများကို အမှောင်ထုထဲတွင် သယ်ယူစေ၏။ လျှိုမြောင်အပြင်တွင် နေထိုင်သူများကို လက်ဆောင်များ ပေးခဲ့ပြီး သတ်မှတ်ထားသည့် နေ့ရောက်မှ ပို့ပေးရန် ပြောခဲ့လေသည်။
ချန်းမိသားစုတွင် ယခင်က ရှန်းလီပေးခဲ့သော စေတနာလက်ဆောင်ကို မှတ်မိနေသေး၏။ သတင်းကြားတော့ ချန်းယိုထျန်း၏ ပထမဆုံးအတွေးသည် သူ့သားကိုရှာပြီး နေ့ကို အတည်ပြုရန်ဖြစ်သည်။ သူသည် ချန်းသရှန်ကို ပွဲအတွက် ကောင်းသည့်အရာတစ်ခုခုရှာရန် တိုက်တွန်းလေ၏။
ရှန်းလီ မင်္ဂလာဆောင်တော့မည်ဟု ကြားသောအခါ ချန်းသရှန်တစ်ယောက် လုံးဝအံ့အားသင့်သွားလေသည်။
သူသည် ကျင့်ဝတ်ကိစ္စကို ခဏဘေးဖယ်ထားပြီး ရှန်းလီကို မြန်မြန်ရှာကာ တိတ်ဆိတ်သောနေရာသို့ ဆွဲခေါ်သွားလိုက်၏။
"မင်းက မင်္ဂလာဆောင်ပြီးပြီ မဟုတ်ဘူးလား။ နေဦး၊ အခုထိ မဆောင်ရသေးတာလား။ မဟုတ်ဘူးမလား"
သူသည် ရှန်းလီတစ်ယောက် ယခင်ကတည်းက မင်္ဂလာမဆောင်ခဲ့ရဘူးလားဟု မေးရန်ရည်ရွယ်ထား၏။
ထို့နောက် ရှန်းလီသည် မိန်းမတစ်ယောက်ကို ခေါ်လာခြင်းသာဖြစ်ပြီး စန်းလော့နှင့် တရားဝင်မင်္ဂလာပွဲကို မတက်ခဲ့ရကြောင်းကို တဖြည်းဖြည်း သဘောပေါက်လာလေသည်။
သူ့နဖူးကိုရိုက်ရင်း ရယ်မောလေ၏။
"ဟော ကြည့်ရတာ နောက်ဆုံးတော့လဲ ငါ မင်းကို အနိုင်ရသွားခဲ့တာပဲကွ"
သူသည် ခါးထောက်ရင်း အော်ရယ်လုမတတ်ဖြစ်သွားလေသည်။
ရှန်းလီသည် စိတ်ကောင်းဝင်နေသည့်အပြင် သူ၏အားလော့သည်လည်း ကြင်နာတတ်သောကြောင့် ရိုးအသော ချန်းသရှန်နှင့် ငြင်းခုန်မှုမပြုလုပ်လိုပေ။ သူသည် ရိုးရှင်းစွာပင် မေးလိုက်၏။
"ကျိုးဦးလေးက ပြောပြပြီးပြီလား"
မနေ့ညက သူသည် နှစ်ချုပ်ပြက္ခဒိန်ကို ငှားခဲ့ပြီး သည်မနက်တွင် ချန်းသရှန်တစ်ယောက် အစောကြီး လာပြခြင်းကြောင့် ကျိုးရွာသူကြီးသည် လူတိုင်းကို အကြောင်းကြားထားပြီးသည်မှာ ထင်ရှားလေသည်။
တိတ်တဆိတ်နှင့် သာမန်အခမ်းအနားတစ်ခုအတွက် စန်းလော့၏မျှော်လင့်ချက် ပျက်သွားပုံပေါ်သော်လည်း ရှန်းလီသည် စိတ်ကြည်နူးနေဆဲဖြစ်၏။ သူတို့ကို အနည်းငယ် စိတ်မသက်မသာဖြစ်စေမည့် တစ်ခုတည်းသောအရာမှာ ချန်းသရှန်နှင့် ဆင်တူသည့် အခြားသူများ၏ အလိုအလျောက် တုံ့ပြန်မှုတုံ့ပြန်မှု ဖြစ်နိုင်သည်။ သူတို့၏အိမ်ထောင်ရေးကို အထမမြောက်ရသေးဘူးလား ဟူ၍။
တောင်ပေါ်ရှိအခြေအနေများကြောင့် စန်းလော့သည် သူတို့၏လက်ထပ်ခြင်းကို လူသိရှင်ကြား ကြေညာရန် ချီတုံချတုံ ဖြစ်နေရသည်ဟု ရှန်းလီတစ်ယောက် သံသယဖြစ်မိလေ၏။
သို့သော် ယခုတော့ အရာအားလုံး အဆင်ပြေနေပုံပေါ်ပြီး ထိုအရာသည်သာ အရေးကြီးလေ၏။
ရှန်းလီတစ်ယောက် စိတ်အားထက်သန်နေသောကြောင့် ချန်းသရှန်သည်လည်း ထပ်တူထပ်မျှ ဝမ်းသာမိလေသည်။
"ဘယ်နေ့ကို ရွေးထားတာလဲ။ ငါလဲ မင်းနဲ့ မင်းမိန်းမအတွက် ပစ္စည်းကောင်းလေးတစ်ချို့ ယူလာခဲ့မယ်"
ပြုံးရင်း ရှန်းလီသည် နေ့စွဲကို ပြောပြလိုက်၏။ ချန်းသရှန်က စောင့်ပေးမည်ဟု ကတိပေးလိုက်ပြီး ရှန်းလီ၏မင်္ဂလာဆောင် အစီအစဉ်နှင့်ပတ်သက်ပြီး ချန်းယိုထျန်းကို အကြောင်းကြားရန် အိမ်ပြန်သွားတော့သည်။ ထို့နောက် သူက ကျိုးကဲကို ခဏလောက် အပြင်သွားမည့်အကြောင်းပြောကာ ဓားနှင့်လေးကို ဆွဲယူပြီး အလျင်စလို မထွက်သွားမီ ရွှီဝမ်ချင်းကို ပါခေါ်လိုက်လေ၏။
မင်္ဂလာမဆောင်ခင်ညတွင် ရှန်းလီသည် ရှန်းယင်နှင့် ရှန်းထျယ်ကို ခေါ်လာလိုက်၏။ ထိုအချိန်မှသာ သူတို့၏အစ်ကိုကြီးနှင့် မရီးတို့သည် မင်္ဂလာပွဲကျင်းပရန် စီစဉ်နေကြောင်းကို ရှန်းမောင်နှမများက သိလိုက်ရသည်။
ရှန်းအန်းနှင့် ရှန်းနဉ်တို့နှစ်ယောက်လုံး တက်ကြွနေပြီး သူတို့ကူညီပေးနိုင်မည့်အရာကို ကန်းရှီအား မေးမြန်းရန် ပြာယာခတ်နေ၏။ သူတို့သည် လတ်တလောတွင် ရှားပါးသောအရင်းမြစ်များရှိသည့် တောင်များပေါ်တွင် ပုန်းအောင်းနေရခြင်းကြောင့် ဤအရာက ကန်းရှီကို အံ့အားသင့်သွားစေလေသည်။ ခဏလောက် တွေးပြီးနောက် ရှန်းနဉ်ကို စန်းလော့၏ အိပ်ယာပေါ်တွင် အနီရောင်စွန်ပလွန်သီးများကို ဖြန့်ကျဲထားရန် ညွှန်ကြားလိုက်ပြီး မောင်နှမများအား ကံကောင်းစေရန်အတွက် မင်္ဂလာရှိသောစကားများကို ပြောတတ်စေရန် သင်ကြားပေးလေ၏။
ထို့ကြောင့် တစ်ကယ့်မင်္ဂလာဆောင်ရက်ကို ရောက်ရှိလာသောအခါတွင် လူတိုင်းက လက်ဆောင်ပစ္စည်းများကို ကိုင်ဆောင်လာကြပြီး သူတို့သည် ပွဲကို သိနေကြကြောင်း ပြသနေသဖြင့် စန်းလော့မှာ အံ့အားသင့်သွားတော့လေသည်။ ဝမ်းသာစွာဖြင့် လက်ဆောင်များကို လက်ခံကာ ကျေးဇူးတင်စကားပြောလေ၏။
ညနေစောင်းတွင် ချန်းသရှန်နှင့် ရွှီဝမ်ချင်းတို့သည် သမင်တစ်ကောင်ကို သယ်ဆောင်ရင်း အပြုံးဖြင့် ပြန်ရောက်လာကြ၏။ ရွှီဝမ်ချင်းသည် သတိမထားမိသော်လည်း ချန်းသရှန်က ရှန်းလီကို ဘေးသို့ဆွဲခေါ်ကာ ရယ်မောနေလေသည်။
"မင်း အစ်ကိုကို ဆိုးတယ်လို့တော့ မတွေးဘူးမလား။ ဒါကို စစ်ထဲမှာတုန်းက ကြားဖူးမှာပါ။ သမင်သားက ကောင်းတဲ့အရာပဲ။ ဒီညတော့ အများကြီးစားကွာ"
ရှန်းလီသည် အသက်ရှူ ကြပ်လုနီးပါးပင်။ ဤရက်များတွင် နေ့တိုင်း နှာခေါင်းသွေးလျှံနေပြီး သမင်သားစားသည့်အတွေးက စိတ်မကျေနပ်စေဘဲ ရှိနေ၏။
ချန်းသရှန်ကို အကြံတစ်ချို့ပေးချင်သော်လည်း ယောက်ျားတစ်ယောက်အနေဖြင့် တခြားစုံတွဲများနှင့် ပတ်သက်ပြီး ဤကိစ္စများကို ဆွေးနွေးခြင်းက မသင့်တော်ကြောင်းကို နားလည်လေသည်။ ထို့အစား သူသည် တစ်ရက်ရက်တွင် စန်းလော့ကို ကျိုးကဲအား တိတ်တဆိတ် ပြောပြပေးစေရန် စီစဉ်ထား၏။
သူ့ကို သတိမထားမိဘဲ ချန်းသရှန်၏စိတ်ထဲတွင် အကြံတူနေလေသည်။ အိမ်ပြန်ရောက်တော့ သူ့မိန်းမနားသို့ကပ်ကာ သူမ အမေသင်ပေးခဲ့သည့် သန္ဓေတားနည်းကို စန်းလော့အား တိတ်တဆိတ် သင်ကြားပေးရန်ပြောလေ၏။
ကျိုးကဲ: "…ကောင်းပါပြီ"
ချန်းသရှန်၏ မဆုတ်မနစ် တိုက်တွန်းမှုအောက်တွင် ရွေးချယ်စရာမရှိတော့ဘဲ ရှန်းမိသားစု၏ဂူသို့ သွားရလေသည်။
ကျိုးကဲသည် 'သူမအမေ' ထံမှ လက်ဆင့်ကမ်းခဲ့သော သန္ဓေတားနည်းကို သင်ကြားရန် ချန်းသရှန်ထံမှ အတင်းအကြပ် တွန်းအားပေးခြင်းကို ခံခဲ့ရကြောင်း သိလိုက်ရသောအခါတွင် စန်းလော့သည် မရယ်ဘဲ မနေနိုင်ပေ။ ဂူထဲတွင် သူတို့နှစ်ဦးသာရှိနေပြီး ပုခုံးများသိမ့်သိမ့်တုန်သည်အထိ ရယ်မောနေကြလေတော့သည်။
...