← Chapters

အခန်း (၂၁၃-၂၁၄)

Vol. 22 Ch. 213-214

အခန်း (၂၁၃-၂၁၄)

Vol. 22 Ch. 213-214

အပိုင်း (၂၁၃) ဖိအား

ပြည်နယ်ကျောင်းဝင်ခွင့် စာမေးပွဲဖြေဖို့ရန် ရက်၅၀ကျော်လောက် ကျန်သေးသဖြင့် ရှန်းလီသည် သူ့အပေါ်တွင် ကျရောက်လာသည့်တာဝန်များကို ယူ ထားရပြီး သူ့မိသားစုတစ်ခုလုံးကို ထောက်ပံ့ပေးမည့် ဝန်ထုတ်ဝန်ပိုးကိုလဲ ထိထိရောက်ရောက် တာဝန်ယူထားလေသည်။ လျှိုမြောင်အပြင်ဘက်သို့ သယ်ယူပို့ဆောင်ဖို့ရန် ပစ္စည်းများလဲရှိသေးသည်။ ဒီလိုနှင့် သူသည် သူ့အချိန်အားလုံးကို စာမေးပွဲအတွက် စာလေ့လာဖို့ရန် နှစ်မြှုပ်ထားဖို့ မတတ်နိုင်ချေ။

အိမ်မှုကိစ္စများကို ကိုင်တွယ်ဖြေရှင်းပြီး အိမ်ယာဝန်းတံခါးကို ဘာပြဿနာမှမရှိအောင် သေချာပြန်လည်ပြင်ဆင်ပေးလိုက်ကာ ပတ်ဝန်းကျင်က တံတိုင်းများကိုလည်း သေချာ စစ်ပေးလိုက်ပြီးနောက်တွင် သူက ရွာထဲရှိ မိသားစုအားလုံးကို သူတို့၏လက်နက်များကို သေသေချာချာ ဖုံးကွယ်ထားဖို့ရန် မှာကြားလိုက်သည်။ နောက်တစ်နေ့တွင် သူသည် ချန်းသရှန်နှင့် လူငါးယောက်တို့နှင့်အတူ စန်းလော့က သူ့အတွက် ကူးရေးပေးထားသည့် ဝါးစာလိတ်များကိုသယ်ကာ တောင်အတွင်းပိုင်းသို့ ပြန်သွားလေသည်။

ဝမ်ယွင်ကျန့်က သူ့မိသားစုနှင့်အတူ တစ်ရက်သာ အချိန်ကုန်ဆုံးခဲ့ပြီးနောက်တွင် နောက်တစ်နေ့တွင် သူ့ဦးလေးနှင့် အဒေါ်များနှင့်အတူ အမေဘက်က အဘိုးအဘွားများကို သွားရောက်ကန်တော့ခဲ့သည်။ ထိုနောက်တွင်တော့ သူက သရှင်းအိမ်ယာဝန်းထဲသို့ ပြန်လာခဲ့သည်။

ရှန်းလီသည် သူ့မိသားစုအတွက် ထောက်ပံ့ပေးနေရခြင်းဖြင့် အလုပ်များနေသဖြင့် သူ၏စာလေ့လာခြင်းကို အပြည့်အဝ အာရုံမစိုက်နိုင်သော်ငြားလည်း ရွာထဲတွင် ကျန်ခဲ့ကြသည့် လူများအတွက်ကလဲ ထိုနည်းတူစွာ ဖြစ်လေသည်။

သည်လိုအခြေအနေမျိုးတွင် စာလေ့လာခြင်းကို အပြည့်အဝ အာရုံစိုက်ထားဖို့က မဖြစ်နိုင်ချေ။ လယ်သမားမိသားစုတွင် လယ်ယာများထက် မည်သည့်အရာကိုမှ ဦးစားမပေးနိုင်ချေ။ လွတ်မြောက်ဖို့ရန် နည်းလမ်းတစ်ခုအပြင် ပညာရေးကို လိုက်စားခြင်းက ချီးကျူးထိုက်သော်ငြားလည်း မြက်ပင်များ ထူထပ်ပေါများစွာ ပေါက်ရောက်နေသည့် အသစ်ရရှိထားသည့် နယ်မြေများကိုလဲ ချက်ချင်းဆောင်ရွက်ဖို့ လိုလေသည်။ သို့မဟုတ်လျှင် သူတို့သည် လာမည့်နွေဦးတွင် စိုက်ပျိုးဖို့ရန် အသင့်ဖြစ်လိမ့်မည် မဟုတ်ချေ။ အစိုးရက အခွန်ကင်းလွတ်ခွင့် ပေးထားသည့်တိုင် မိသားစုတစ်ခုလုံးသည် ငတ်မွတ်ခြင်းနှင့် ရင်ဆိုင်နေရလိမ့်မည်။

ဒီနားလည်မှုက အားလုံးအသိဖြစ်သည်။ ဝမ်မိသားစုအိမ်ထဲတွင် ကြီးပြင်းလာခဲ့ကြသည့် ဝမ်ယွင်ကျန့်နှင့်ဝေ့ချင်းဟယ်တို့ကလဲ တောင်ထဲတွင် နှစ်အနည်းငယ်လောက် နေလာပြီးနောက်တွင် ထိုနည်းတူစွာ နားလည်လာကြသည်။ ရှားပါးသည့် အချိန်ကာလအတွင်းတွင် သူတို့သည် သူတို့၏ အစားအသောက်ရိက္ခာကို ချဲ့ထွင်ဖို့ရန် စပါးနှင့်ပဲများကို မြက်သီးများနှင့်ရောနှောခဲ့ရသည်။ ဆာလောင်မှုကို တွေ့ကြုံခဲ့ဖူးသူသာလျှင် စပါး၏တန်ဖိုးကို အမှန်တကယ် သိပေလိမ့်မည်။

၁၀လပိုင်း၏ နောက်ပိုင်းနေ့ရက် တစ်လျှောက်လုံးတွင် အသက်၅နှစ်သာရှိသေးသည့် ကျိုးချွမ်ကျန့်၏မြေးနှင့် ကိုယ်ဝန်ရှိနေသဖြင့် ပေါ့ပေါ့ပါးပါး အလုပ်ကိုသာလုပ်နိုင်သည့် ဖန်းလျိုညန်ကလွဲလျှင် ရွာထဲတွင် ကျန်သည့်လူ အယောက်၄၀သည် လယ်ယာလုပ်ငန်းကို လုပ်ကိုင်ရလေသည်။ မကြာခဏဆိုသလို အိမ်ထောင်စုများမှ လူငယ်များကလဲ အနီးအနားကတောင်ထဲသို့ စွန့်စားသွားလာကြကာ တစ်ခြားသူများ၏ လယ်ယာများဆီသို့သွားခြင်းမဟုတ်ဘဲ သူတို့၏ ကိုယ်ပိုင်ရာသက်ပန်မြေများဆီသို့ သွားခြင်းဖြစ်လေသည်။ သူတို့သည် သစ်ပင်များကိုခုတ်ချပြီး လမ်းကိုရှင်းလင်းကြကာ အစပိုင်းကတော့ ရစ်ငှက်များလို အမဲကောင်လေးများ ဖမ်းမိဖို့ရန်မျှော်လင့်ထားသည်။ သို့သော်ငြားလည်း ရက်အနည်းငယ်ကြာပြီးနောက်တွင် ဘာတစ်ခုမှ ရှာတွေ့စရာမရှိသည်ကို သဘောပေါက်သွားကြသည်။ မြို့နေလူထုများကလဲ ဒီလိုအစားအသောက်အတွက် ရှာဖွေခဲ့ကြဟန်တူသည်။

လတစ်ဝက်ကြာပြီးနောက်တွင် ရှန်းလီနှင့်သူ၏ ၆ယောက်ပါရှိသည့် အဖွဲ့သည် ပထမဦးဆုံးလူတစ်သုတ်ကို တောင်အပြင်ဘက်သို့ အောင်အောင်မြင်မြင် ခေါ်ဆောင်လာနိုင်ခဲ့သည်။ သူတို့သည် လျှိုမြောင်အပြင်ဘက်က ရွာနှင့် မူလက ကျိုးမိသားစုနေထိုင်ရာ နေရာကြားတွင်ရှိသည့် နေထိုင်သူများ ဖြစ်ကြသည်။ ရှန်းလီ၊ စန်းလော့နှင့် လျှိုမြောင်အပြင်ဘက်က တစ်ရွာလုံးကို တောင်ထဲတွင် နေထိုင်သူများက ယုံကြည်မှုအပြည့်အဝ ရှိလေသည်။ လျှိုမြောင်အပြင်ဘက်ကရွာနှင့် အနီးဆုံးနေကြသူများက ရှန်းလီနှင့်သူ့အဖွဲ့ ဆီသို့ ပြောင်းရွှေ့နေထိုင်ဖို့ရန် ပထမဦးဆုံး လိုက်လာသူများဖြစ်သည်။

ဟုတ်ပါသည်။ သူတို့ကလဲ သူတို့ကိုစောင့်ရှောက်ပေးရန် အပ်နှံထားခဲ့သည့် ကြက်၊ ယုန်နှင့် ဆိတ်များကို ခေါ်ပြန်လာကြခဲ့သည်။

ရစ်ငှက်နှင့် ယုန်များကိုတော့ အလွယ်တကူ ရွေးချယ်လို့ရနိုင်သည်။ သို့သော်ငြားလည်း ဆိတ်များကတော့ ဒုက္ခအများဆုံးပင်။ သို့သော်ငြားလည်း ရွာထဲတွင် ကျန်ခဲ့သည့်လူက အများအပြားရှိသဖြင့် လမ်းများကိုလဲ ဖောက်လုပ်ထားခဲ့ပြီဖြစ်ရာ ဒီဆိတ်များသည် ယဥ်ပါးလာပြီး သူတို့၏သခင်များကို မှတ်မိလေသည်။ ထို့ကြောင့် သူတို့သည် ဘာပြဿနာမှမရှိဘဲ ကြိုးများနှင့် အောင်အောင်မြင်မြင် ခေါ်ထုတ်လာနိုင်ကြသည်။

အိမ်ထောင်စုတိုင်းနီးပါးက သိုးများပိုင်ဆိုင်ထားပြီး ရှန်းကျင့်နှင့် သူ၏ညီအစ်ကိုနှစ်ယောက်ကပင် နှစ်ကောင်လောက် မွေးထားသည်။ တစ်ရွာလုံးတွင် စုစုပေါင်းဆိတ်အကောင်ရေ ၂၀ ကျော်ရှိပြီး မနှစ်က အိမ်နီးချင်းရွာသားများက လျှိုမြောင်အပြင်ဘက်မှ အလဲအလှယ် လုပ်ထားသည့် သိုးငယ်လေးတစ်ချို့ကပင် ဆိတ်အကောင် ၄၀နီးပါးကို လူအယောက်၇၀ ၈၀ရှိသည့် လူအုပ်ကြီးက ခေါ်ဆောင်လာကြသည်။ ဒါက တော်တော်လေး ကြီးကျယ်ခမ်းနားသည့် မြင်ကွင်းတစ်ခုဖြစ်နေလေသည်။

ကံအားလျော်စွာ သူတို့အားလုံးက မြို့တံခါးဆီသို့ သွားရန်မလိုချေ။ ဆိတ်အကောင်၂၀ ကျော်ကို သရှင်းရွာသို့ တစ်ခါတည်း ခေါ်ဆောင်သွားလိုက်သည်။

အပြင်ဘက်တွင် စောင့်ကြောင့်ထိုင်ကာ ရွှံ့များဖြင့် ကစားနေသည့် ကျိုးချွမ်ကျန့်၏မြေးသည် ရုတ်တရက်ဆိုသလို ဆိတ်အော်သံကို ကြားလိုက်ရ၏။ သူက လှည့်အကြည့်တွင် ရွာကိုပြန်လာကြသည့် ရှန်းလီနှင့်တစ်ခြားသူများက ဆိတ်အမြောက်အမြားကို ခေါ်ဆောင်လာသည်ကို တွေ့လိုက်ရလေသည်။ ကျိုးချန်ကျန်းကလဲ ကြိုးတစ်ချောင်းကို ကိုင်လာသည်ကို သတိထားမိလိုက်သည်တွင် သူက ဝမ်းသာအားရဖြင့် အထဲသို့ပြေးဝင်သွားကာ အော်ဟစ်လိုက်လေသည်။

"အဘိုး အဘိုးရေ တတိယဦးလေး ပြန်လာပြီ၊ သူ သားတို့ရဲ့ဆိတ်တွေကိုလဲ အိမ်ပြန်ခေါ်လာတယ်"

လယ်ကွင်းထဲတွင် အလုပ်လုပ်နေကြသူများသည် ဆူညံသံကို ကြားလိုက်ကြသဖြင့် အလောတကြီး ပြေးထွက်လာကြသည်။ စန်းလော့နှင့် ရှန်းနဥ်တို့ကလဲ မြန်မြန်ဆန်ဆန် ပေါ်ထွက်လာသည်။ သူတို့၏ ဆိတ်၅ကောင်ကို မြင်လိုက်ရသည်တွင် သူတို့သည် ဝမ်းသာအားရဖြင့် ရှန်းလီအနားသို့ အလောတကြီး ချဥ်းကပ်လာကြ၏။

ဆိတ်များက လူများကို မှတ်မိလေသည်။ လေးလသားအရွယ် ဆိတ်ကောင်ပေါက်လေးက ထူးထူးခြားခြား ချစ်စဖွယ်ကောင်းနေသည်။ သူက စန်းလော့၏ ခြေထောက်နားသို့ ချဥ်းကပ်သွားကာ သူမကိုတိုးဝှေ့နေပြီး သူမကိုမော့ကြည့်ရင်း မရပ်မနားအော်ဟစ်နေလေသည်။

စန်းလော့က သူ့ခေါင်းကို ပွတ်သပ်ပေးလိုက်ပြီး သူမ၏မျက်လုံးများက ဝမ်းသာစိတ်ဖြင့် လင်းလက် သွား၏။

"အားလုံးခေါ်လာတာလား တကယ်လား"

သူမက ထိုဆိတ်များကို ယခုအချိန်တွင် အသားခြောက်များ ဖြစ်လာပြီဟု ထင်ထားခဲ့သည်။

ရှန်းလီက သူမ၏မျက်လုံးထဲက ထုတ်မပြောသည့်စိုးရိမ်စိတ်ကို ခံစားမိလိုက်သည်တွင် ပေါ့ပေါ့ပါးပါး ပြုံးပြလိုက်လေသည်။

"သူတို့တွေက အရမ်းကိုလိမ်မာကြတယ်လေ၊ နောက်ကနေ လိမ်လိမ်မာမာနဲ့ လိုက်လာကြတာ၊ ဒီ့အပြင် အကောင်ကြီးတွေက အနီးအနားမှာ တောရိုင်းတိရိစ္ဆာန်တွေ ရှိလာတဲ့အချိန်ကြရင် လူတွေထက်တောင် ပိုပြီးတော့ သတိရှိသေးတယ်"

ချန်းအဘွားနှင့် တစ်ခြားသူများကလဲ တစ်ယောက်ပြီး တစ်ယောက် ပေါ်ထွက်လာကြကာ သူတို့၏ ကိုယ်ပိုင်ဆိတ်များကို မြင်လိုက်သည်တွင် အလွန်ဝမ်းသာ သွားကြတော့သည်။ ရွာထဲတွင် ယခုအချိန် ၌ အရာအားလုံးက လိုအပ်နေသည်။ ဒါက အားလုံးအတွက် သိသာထင်ရှားသည့် ဖြည့်စွက်ချက်တစ်ခု ဖြစ်လေသည်။

လူအုပ်ကြီးက ပေါ်ထွက်လာသည်တွင် သူတို့၏ အာရုံများက ဆိတ်များအပေါ်တွင်သာ ရှိနေသေးသည်။ ရွာအပြင်ဘက်တွင် ရပ်နေကြသည့်အိမ်နီးချင်းများက သရှင်းရွာထဲသို့ သိလိုစိတ်ဖြင့် ချောင်းကြည့်နေကြပြီး ဝမ်းသာအားရဖြစ်သွားသည့် အမျိုးသမီးတစ်ယောက်က လှမ်းပြီးအော်ခေါ်လိုက်၏။

"စန်းရှီ"

ထိုအခါမှ စန်းလော့သည် အပြင်ဘက်တွင်ရပ်နေကြသည့် လူများကို သတိထားမိလိုက်သည်။ သူမက ဆိတ်များကို ရှန်းအန်းနှင့် ရှန်းနဥ်၏လက်ထဲသို့ မြန်မြန်ဆန်ဆန် လွှဲပေးလိုက်ပြီး သူတို့ကို နှုတ်ဆက်ဖို့ရန် ရှေ့သို့ လှမ်းထွက်သွားတော့သည်။

"ရှင်တို့အားလုံး ထွက်လာကြပြီလား"

အမျိုးသမီးက ခေါင်းတွင်တွင်ခါပြလိုက်ပြီး သူမ၏ အကြည့်ကလဲ အထဲဘက်သို့ကြည့်နေရင်း အားကျစိတ်များ အပြည့်ဖြစ်နေသည်။

"အစိုးရက ဒီလောက်များတဲ့မြေကြီးကို တကယ်ပေးခဲ့တာလား၊ ဒါတွေအားလုံးက ရှင်တို့အတွက်လား"

ထိုအကြောင်းကို အကြိမ်ကြိမ် ကြားလာပြီးသည်တွင် ထိုမြင်ကွင်းက သူတို့အတွက် အံ့အားသင့်စရာ ဖြစ်နေစေလေသည်။

စန်းလော့က ပြုံးပြကာ ခေါင်းငြိမ့်ပြလိုက်၏။

"ဟုတ်တယ်၊ မိသားစုမှာ လုပ်နိုင်ကိုင်နိုင်တဲ့ ယောက်ကျားလေး ပိုရှိလေလေ ရရှိမဲ့မြေအရေအတွက်ကလဲ ပိုများလေလေပဲ၊ နောက်ပြီးတော့ ရှင်တို့တွေ ပိုပြီးတော့ စောစောထွက်လာမယ်ဆိုရင် ရွေးချယ်စရာတွေကလဲ ပိုများတယ်၊ အချိန်ဆွဲမနေနဲ့၊ ရှန်းလီကိုခေါ်ပြီးတော့ မြို့တံခါးနားမှာ စာရင်းသွားသွင်းလိုက်ကြ"

အဖွဲ့က တစ်ပြိုင်တည်း ပြန်ဖြေလိုက်ကြပြီး ဒီနှစ်များတွင် စန်းလော့နှင့်အနည်းငယ် သိကျွမ်းလာခဲ့သည့် အမျိုးသမီးတစ်ချို့က ပြောလိုက်လေသည်။

"ရှင်တို့နဲ့ ပိုပြီးတော့ နီးနီးကပ်ကပ်နေရရင် ကောင်းမှာပဲ၊ ကျွန်မတို့တွေက ဒီနှစ်တွေမှာ ရှင့်အကူအညီကိုပဲ အားကိုးခဲ့ရတာ၊ အခု ကျွန်မတို့တွေက တရားဝင်အိမ်နီးချင်း ဖြစ်သွားပြီပေါ့နော်၊ ကျွန်မတို့တွေ အခြေချပြီးတာနဲ့ သေချာပေါက် ရှင့်ဆီကို အလည်လာပါအုံးမယ်"

ထို့နောက်တွင် သူတို့သည် ချန်းအဘွားနှင့် တစ်ခြားသူများကို အဝေးမှနေ၍ လှမ်းနှုတ်ဆက်လိုက်ကြသည်။

ရှန်းလီက အချိန်ဆွဲမနေတော့ချေ။ သူက သူတို့ပိုင်ဆိုင်သည့် ယုန်နှင့်ရစ်ငှက်များကို စန်းလော့အား ပြောပြလိုက်သည်။

"ဆိတ်တွေကိုတော့ အခုလောလောဆယ် တောင်ဘေးနားက သစ်ပင်တွေမှာပဲ ချိတ်ထားလိုက်ပါ၊ ကျွန်တော် ခဏနေပြန်လာတဲ့အခါကြမှ သူတို့အတွက် ယာယီခြံလေးတစ်ခု ဆောက်ပေးလိုက်မယ်"

စန်းလော့က သူ့ကိုကြည့်လိုက်ပြီး သူက တက်ကြွနေသည်ကို မြင်လိုက်သဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။

"နားလည်ပါပြီ၊ မြန်မြန်ပြန်လာနော်၊ သူတို့အတွက် နေရာကောင်းလေးတစ်ခုမှာ အခြေချပေးဖို့လဲ အရာရှိရှင်းကို ကြိုးစားပြီး ပြောပြပေးလိုက်အုံး"

"ကျွန်တော် နားလည်ပါပြီ"

စည်ကားလှသည့် ဆူညံသံတစ်ချို့က ရှီးကျိုးမြို့ဝင်ပေါက်နားတွင် ဖြစ်ပေါ်လာသည်။ လူအယောက် ၆၀...၇၀ ကျော်ဝန်းကျင်သည် ခြင်းများကိုသယ်ထားပြီး ပုခုံးပေါ်တွင်လဲ ထမ်းပိုးများကို သယ်ထားကြသည်။ သို့သော်ငြားလည်း သူတို့ကို အာရုံအစိုက်ရစေဆုံးအရာကတော့ သူတို့နှင့်အတူခေါ်လာသည့် ထိုဆိတ်များဖြစ်လေသည်။

ဆိတ်တွေတဲ့။

ရှီးကျိုးမြို့တွင် ဒီလိုနေ့ရက်မျိုးကို မြင်တွေ့ရလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။

ချမ်းသာသည့် အိမ်ယာဝန်းများအားလုံးသည် မြို့အပြင်ဘက်တွင် တည်ရှိပြီး အစောကြီးကတည်းက တိုက်ခိုက်လုယက်ခံခဲ့ရသည်။ အခုတော့ ကျယ်ဝန်းလှသည့် အိမ်များပိုင်ဆိုင်ထားသည့် သူများကသာလျှင် အရေးပေါ်အတွက် ဆိတ်များနှင့် ကြက်များကို အနည်းငယ်လောက် အသက်ရှင်လျှက် ဝှက်ထားနိုင်ခဲ့ကြပြီး သူတို့ကို ကျွေးမွေးဖို့ရန် စပါးအလုံအလောက်ပေးနိုင်သည်။ မည်သို့ဆိုစေ သူတို့သည် ဆိတ်များကို လမ်းမပေါ်တွင် လုံးဝမတွေ့ရချေ။

မြို့တံခါးနားတွင် စာရင်းသွင်းပေးနေသည့် အရာရှိများက သူတို့၏တံတွးများကို မြိုချလိုက်ကြသည့်အပြင် ကူညီစာရင်းသွင်းပေးနေကြသည့် လူများကလဲ မနေနိုင်ဘဲ တံတွေးမြိုချလိုက်ကြသည်။

အနီးကပ် စုံစမ်းကြည့်လိုက်သည်တွင် သရှင်းရွာကို အစောပိုင်းက အလည်သွားခဲ့ပြီးဖြစ်သည့် အရာရှိရှင်းသည် လူအုပ်ကြီးကို ဦးဆောင်လာသူမှာ ရှန်းလီနှင့်သူ့အဖွဲ့ ဖြစ်နေသည်ကို မှတ်မိသွားတော့သည်။ သူတို့သည် ဆိတ်များအပြင် ရစ်ငှက်နှင့်ယုန်များကိုလဲ သယ်လာသည်ကို သတိထားမိလိုက်သည်။

ကဲ အခုတော့ ကောင်းလေစွ။

သူတို့တွေက တောင်အတွင်းပိုင်းထဲမှာ တော်တော်လေးကို အဆင်ပြေပြေနဲ့ နေလာခဲ့ကြတဲ့ပုံပဲ။

"အစ်ကိုရှန်း” သူက သူတို့ကို အလောတကြီး သွားရောက်နှုတ်ဆက်လိုက်သည်။

"အရာရှိရှင်း"

ရှန်းလီက ကိုယ်ကိုဦးညွှတ်ကာ ပြောလိုက်လေသည်။

"ဒါကတော့ ကျွန်တော် ခေါ်ထုတ်လာခဲ့တဲ့ ပထမတစ်သုတ်ပါ၊ အရာရှိရှင်းက သူတို့တွေကို မျက်နှာသာလေး အနည်းငယ်ပေးပြီး သူတို့နေရာချဖို့အတွက် ကောင်းမွန်တဲ့နေရာလေးတစ်ခုကို ကူညီပြီးရှာဖွေပေးပါအုံး"

"ပြဿနာလုံးဝမရှိပါဘူး လူဘယ်နှစ်ယောက်လဲ "

"၇၃ယောက်ပါ"

အရာရှိရှင်း၏မျက်လုံးများသည် လင်းလက်သွားပြီး သူက ရှန်းလီ၏ပုခုံးကို ပုတ်ပေးလိုက်လေသည်။

"မင်း ကောင်းကောင်းလုပ်ခဲ့တာပဲ၊ လက်ထောက်အုပ်ချုပ်ရေးမှူးချွေ့ကတော့ ဒီအကြောင်းကိုကြား လိုက်ရင် သေချာပေါက် သဘောကျသွားမှာ"

ထို့နောက်တွင် သူက ကိုယ်ကိုလှည့်ကာ ကျေးရွာသူ ကျေးရွာသားများ စာရင်းသွင်းဖို့ရန် လူတစ်ယောက်ကို လှမ်းခေါ်လိုက်လေသည်။

ရှန်းလီကလဲ သူနှင့်အဖော်လိုက်ကာ တစ်ချက်လောက် လိုက်သွားကြည့်လိုက်၏။ တောင်ပေါ်မှ ထွက်လာသည့်သူများသည် တန်းစီနေနှင့်ပြီးဖြစ်သည်။ လူတန်း၏ရှေ့ဆုံးကတစ်ယောက်က မေးခွန်းများကို မေးမြန်းနေသည် ... တကယ်ပဲမြေယာတွေကို ပေးနေတာလား။ ဘယ်နားမှာရှိတာလဲ။ အစသဖြင့်....

အရာရှိရှင်းက တာဝန်ကျအရာရှိ၏ စားပွဲပေါ်က ထပ်ထားသည့် စာအုပ်များထဲက တစ်ခုကိုရွေးထုတ်လိုက်သည်။ ထို့နောက် အရာရှိအသုံးပြုထားသည့် စာအုပ်တစ်အုပ်ပေါ်တွင် ထပ်ပြီးတင်လိုက်သည်။

"အစ်ကိုရှန်း ဒီဟာကို တောင်ထဲကို ယူပြန်သွားလိုက်ပါ၊ ဒီထဲကတစ်ခုကို ရွေးလို့ရတယ် ဒါတွေက မြို့နဲ့ပိုပြီးတော့ နီးတယ်"

အစပိုင်းတွင် ရှန်းလီသည် တောင်အတွင်းပိုင်းတွင် နေထိုင်ခဲ့ကြသည့် လူတစ်ယောက်ကိုမှ မသိဟု ပြောထားခဲ့သည်။ သို့သော်ငြားလည်း တောင်အတွင်းပိုင်းတွင် နေထိုင်ကြသည့်သူများက သူ့အပေါ်ယုံကြည်ချက်ရှိသည်ကို မြင်လိုက်သည်တွင် သူကလဲ သူတို့ကိုယ်စားပြောပေးနေသည်ကို စဥ်းစားမိသဖြင့် ဧကန္တ ရှန်းလီက သူတို့ကို မမှတ်မိလေသလားဟု ထင်မိသွားသည်။

"ကောင်းပါပြီ” ရုံးတော်စာရေးက ဘာမှဂရုမစိုက်ချေ။ မည်သို့ဆိုစေ ထိုအရာအားလုံးက ပေးလိုက်ရမည့်အရာများ ဖြစ်လေသည်။ ထို့ကြောင့် ဘယ်သူလက်ခံရသည်က ဘာကွာခြားချက် ရှိပါမည်နည်း"

စာရင်းသွင်းဖို့ရန်အတွက် တန်းစီရင်းစောင့်ဆိုင်းနေကြသည့် တောင်ပေါ်နေလူစုကြီးသည် အလွန်မှဝမ်း သာသွားကြပြီး အရာရှိကို အကြိမ်ကြိမ်ကျေးဇူးတင်စကား ပြောနေတော့သည်။

"ကျေးဇူးအများကြီးတင်ပါတယ် ဆရာ၊ ကျေးဇူးအများကြီးတင်ပါတယ်"

ထို့နောက်တွင်တော့ သူသည် ရှန်းလီ၊ ချန်းသရှန်နှင့် တစ်ခြားသူများဘက်သို့လှည့်ကာ ဦးညွှတ်လိုက်လေသည်။

ရှန်းလီက ပြုံးပြလိုက်ပြီး အရာရှိရှင်းကို ကျေးဇူးတင်စကား ပြောလိုက်၏။ စိုးရိမ်စရာအကြောင်းကိစ္စ မရှိတော့သည်ကို မြင်လိုက်သည်တွင် သူက နှုတ်ဆက်လိုက်လေသည်။

"ခင်များတို့လူငယ်လေးတွေ ဒီမှာ ပင်ပန်းခဲ့ရပါပြီ၊ ကျွန်တော်တို့တွေ မနက်ဖြန် ထွက်ခွာစရာရှိသေးတယ်၊ ဒီတော့ ကျွန်တော်တို့အိမ်ကို အရင်ပြန်လိုက်ပါ့မယ်၊ အိမ်မှာလဲပဲ လုပ်စရာကိစ္စလေးတွေ အများကြီးရှိသေးလို့ပါ"

အရာရှိရှင်းက ပြန်ဖြေလိုက်သည်။

"ဒါက လုံးဝကိစ္စမရှိပါဘူး၊ ဒါက ကျွန်တော်တို့ရဲ့တာဝန်ပါ၊ ခင်များတို့အလုပ်ကို ဆက်လုပ်လိုက်ကြပါ"

သူတို့က ပြန်သွားဖို့ရန် အစီအစဥ်ရှိသေးသည်ဟု ကြားလိုက်သည်တွင် သူသည် ဝမ်းသာမိသွားလေသည်။ ရှီကျိုးသည် ချမ်းသာကြွယ်ဝလာသည်နှင့်အမျှ လူနေမှုဘဝကလဲ အစိုးရကို တာဝန်ယူပေးနေသည့် ထိုသူများအတွက် တိုးတက်လာပေလိမ့်မည်။ သူက အပြုံးတစ်ခုဖြင့် သူတို့ကို လိုက်ပို့ပေးလိုက်သည်။

ရှန်းလီနှင့်သူအဖွဲ့တို့ ပြန်ထွက်လာသည်နှင့်ချက် ချင်း လူတန်းထဲက လူငယ်လေးများက သူတို့ကို စတင်နှုတ်ဆက်စကားပြောကြသည်။

"နှုတ်ဆက်ပါတယ် ဆရာရှန်း၊ ဆရာရှန်း နှုတ်ဆက်ပါတယ်"

အရာရှိရှင်းသည် ရှန်းလီက သူတို့ကို အသိအမှတ်ပြု လက်ခံသည်ကို ပိုပြီးသေချာသိလာတော့သည်။

သို့သော်ငြားလည်း သူက သူတို့ကို ပိုပြီးမှတ်မိလေလေ ပိုကောင်းလေလေပင်။

...

ရှန်းလီသည် အိမ်သို့ပြန်လာချိန်တွင် ရှန်းအန်းနှင့်ရှန်းကျင့်တို့က မြေများကိုပြင်ဆင်ရမည့်အစား တောင်ပေါ်တွင် သစ်ခုတ်ရန် သွားလိုက်ကြလေသည်။ စန်းလော့နှင့်ရှန်းနဥ်တို့က ကြက်၊ ယုန်နှင့် ဆိတ်များအတွက် ယာယီနေရာတစ်ခုကို ပြင်ဆင်ပေးလိုက်ကြပြီး အစားအသောက်နှင့်ရေများကို ပြင်ဆင်ပေးနေကြသည်။

ရှန်းလီက ထွန်ယက်ပြီးသား သူတို့၏ဧက ၇၀-၈၀ ရှိသည့်နေရာများကို ဆက်ပြီးတော့ အကဲခတ်လိုက်သည်။ အိမ်နောက်ကဥယျဥ်ထဲတွင် ဘောင်အများအပြားကို ဆောင်းတွင်းအသီးအရွက်အတွက် ပြင် ဆင်ထားခဲ့ပြီးဖြစ်ရာ အခုတော့ အညွှန့်အတက်များထွက်နေလေသည်။

ညနေခင်းတစ်ပိုင်းလုံးတွင် ဆိတ်ခြံများတည် ဆောက်ပေးခြင်းဖြင့် အချိန်ကုန်သွားသည်။ လုံးဝ အမှောင်ကျသွားသည့်အချိန်မှ သူတို့သည် ရိုးရှင်းလှသည့် ဆိတ်တဲလေးတစ်ခုကို တည်ဆောက်ပြီးစီးသွားတော့သည်။ ရှန်းကျင့်၏ ဆိတ်နှစ်ကောင်ကိုလဲ ပင်မအိမ်ယာထဲတွင် ယာယီနေရာပေးထားလိုက်သည်။

"ယုန်အတွက်ခြံကိုတော့ အချိန်မှီ မဆောက်နိုင်တော့ဘူး၊ ရှောင်အန်းနဲ့ရှောင်ကျင့်တို့က မနက်ဖြန်ကြရင် ဒါတွေကို ဆောက်ပေးဖို့ ဝါးတစ်ချို့သွားပြီးတော့ စုဆောင်းလာလို့ရတယ်"

ဒီသတ္တဝါများက တွင်းတူးတတ်သည်။ ထို့ကြောင့် ရိုးရိုးရှင်းရှင်း တည်ဆောက်ပေးခြင်းက အလုပ်မဖြစ်ချေ။ မြေကြီးကို ဝါးခင်းများဖြင့် ကာကွယ်ထားဖို့လိုအပ်သည်။

ရှန်းအန်းနှင့်ရှန်းကျင့်တို့က ချက်ချင်းသဘောတူလိုက်ကြ၏။

ညီအစ်ကိုများသည် ညနေစာအတွက် အိမ်ပြန်သွားကြလေသည်။ ရှန်းလီက အပြင်ဘက်တွင် ပင်ပင်ပန်းပန်း အလုပ်လုပ်လာခဲ့သည်ကို သိလိုက်သဖြင့် စန်းလော့က သူသည် တောင်အတွင်းပိုင်းတွင် နေ့စဥ် အသားကင်များကိုသာ စားလာခဲ့ရမည်ဟု မှတ်ယူလိုက်သည်။ ထို့ကြောင့် သူမက ထမင်းချက်လိုက်ပြီး ကျပ်တိုက်ထားသည့် အသားတစ်ပန်းကန်ကို ပေါင်းပေးလိုက်ကာ ဆောင်းတွင်းမျှစ်ကို နှပ်ပြီးချက်ပေးလိုက်သည်။

သို့သော်ငြားလည်း လတ်တလောတွင် သူတို့သည် ပဲနှင့်ဆန် အရောအနှောကိုသာ စားနိုင်လေသည်။ လွန်ခဲ့သည့် နှစ်အနည်းငယ်က တောင်အတွင်းပိုင်းသို့ ယူသွားခဲ့ကြသည့် ချန်ထားသည့်အစားအသောက်များက အစောကြီးကတည်းက ကုန်သွားပြီဖြစ်သည်။ သူတို့သည် ဒီရက်ပိုင်းတွင် လျှိုမြောင်အတွင်း၌ စပါးတစ်ချို့ကို စိုက်ပျိုးနိုင်ခဲ့ပြီး သူတို့၏ ဘဝက တစ်ခြားတောင်ထဲတွင် နေထိုင်ကြသူများထက် အနည်းငယ် ပိုပြီးကောင်းမွန်သည်ဆိုသော် ငြားလည်း စပါးရရှိသည့်ပမာဏကတော့ အကန့်အသတ်ဖြစ်လေသည်။ အချိန်အများစုတွင် ပဲကသာ သူတို့၏ အဓိကအစားအသောက်အဖြစ် ရှိလေသည်။

"တစ်ညလောက် အနားယူပြီးရင် မနက်ဖြန် တောင်ထဲကို ပြန်ဝင်ကြမှာလား"

စန်းလော့က ထိုင်ချလိုက်ပြီး ရှန်းလီက သူမအတွက် ပန်းကန်လုံးကို ဖြည့်ပေးလိုက်သည်။ သူမက ပန်းကန်ကို လှမ်းယူလိုက်ပြီး မေးလိုက်၏။

ရှန်းလီက ခေါင်းငြိမ့်ပြလိုက်၏။ "တောင်ထဲမှာ နေထိုင်ကြတဲ့လူတွေကလဲ ပစ္စည်းတွေထုပ်ပိုးဖို့ အချိန်လိုတယ်လေ၊ ကျွန်တော့်အထင်တော့ နောက်ထပ် ခရီးနှစ်ခေါက်ဆိုရင် အဆင်ပြေမယ်ထင်တယ်၊ ဒါဆိုရင်တော့ ၁၁လပိုင်းလကုန်လောက်အထိ ရောက်သွားလိမ့်မယ်၊ အဲဒီ့အချိန်ကြရင်တော့ ကျွန်တော်တို့တွေ ခဏလောက် အနားယူလိုက်ကြမယ်၊ မဟုတ်ရင်လဲ ကျွန်တော်တို့တွေ ပြည်နယ်ကျောင်းဝင်ခွင့်စာမေးပွဲအတွက် အချိန်မှီ ပြန်ရောက်နိုင်မှာ မဟုတ်ဘူး။ လုမိသားစုမှာတော့ ရွှမ်းကျူးနဲ့ တစ်ခြားသူတွေက တောင်ထဲမှာ ရှိနေသေးတယ်လေ၊ ဦးလေးလုက ဒါကို ထုတ်ပြောမှာ မဟုတ်ဘူး ဆိုပေမဲ့လည်း သူက သေချာပေါက် စိုးရိမ်နေမှာပဲ၊ ဝမ်ချင်းနဲ့ကျွန်တော် မသွားနိုင်ဘူးဆိုတော့ သူတို့တွေက ရွှမ်းကျူးတို့ကိုသွားခေါ်ဖို့ အလျင်စလို ဖြစ်နေလိမ့်မယ်လို့ထင်တယ်”

စန်းလော့က ခေါင်းငြိမ့်ပြလိုက်သည်။

"မဆိုးပါဘူး၊ ဒီခရီးနဲ့ဆိုရင် ကျွန်မတို့တွေက ကျွန်မတို့မိသားစုကြားထဲမှာ တောင်ပေါ်ကမြေ ၁၀ဧကကိုခွဲဝေဖို့ လူတွေ လုံလုံလောက်လောက် ရှိလာလိမ့်မယ် ဟုတ်တယ်မလား၊ ဒါပြီးရင် နောက်ထပ်ခရီး နှစ်ခုထွက်လိုက်ရင် ကျွန်မတို့တွေမှာ ပိုပြီးတော့ ပိုင်ဆိုင်လာလိမ့်မယ်၊ အဲဒီ့အချိန်ကြရင် ပြည်နယ်ကျောင်းဝင်ခွင့်စာမေးပွဲ ပြင်ဆင်ဖို့ ၈ရက်၉ရက်လောက်ပဲ အချိန်ကျန်လိမ့်မယ်"

စန်းလော့က ပြည်နယ်ကျောင်းဝင်ခွင့်စာမေးပွဲအတွက် ပြင်ဆင်ရမည်ဟု ထုတ်ပြောလိုက်သည်ကို ကြားလိုက်သည်တွင် ရှန်းလီ၏ တူကိုကိုင်ထားသည့်လက်များက တင်းကြပ်သွားတော့သည်။ သို့သော်ငြားလည်း ရှန်းအန်းနှင့် ရှန်းနဥ်တို့ရှိနေသဖြင့် သူက ဘာမှမပြောဘဲ ခေါင်းငြိမ့်ပြလိုက်သည်။

ကိုယ်လက်ဆေးကြောလိုက်ပြီး ညဘက် အနားယူမည့်အချိန် ရောက်လာသည်တွင် သူတို့နှစ်ယောက်သာရှိတော့သည့်အချိန်၌ သူက စန်းလော့ကို ညင်ညင်သာသာ မေးလေသည်။

"ကျွန်တော်က ပြည်နယ်ကျောင်းတော် ဝင်ခွင့်စာမေးပွဲကို အောင်နိုင်တဲ့အခွင့်အရေးရှိတယ်လို့ မင်းက တကယ် ထင်နေလား"

ပုံမှန်ပညာရေးသည် သူ့ဘဝတွင် သုံးနှစ်သာရှိခဲ့လေသည်။ သို့သော်ငြားလည်း ပထမနှစ်က အင်မတန်မှအလုပ်များခဲ့သည်။ ထိုတစ်ချိန်လုံးတွင် သူသည် စာလုံးပေါင်းတစ်ထောင်ကျမ်းကိုသာ ပြီးစီးအောင် လေ့လာနိုင်ခဲ့သည်။ နောက်ပိုင်း၂နှစ်တွင် သူ့ဘဝသည် အခြေကျလာသည်နှင့် သိုင်းပညာအပေါ်တွင် ပိုပြီးစိတ်နှစ်ထားကြသည့် တစ်ခြားသူများထက် သူ့တွင် အချိန်များပိုရလာသည်။ အထူးသဖြင့် စန်းလော့ကလဲ အမြဲတမ်းရှိနေကာ သူ့ကို သင်ကြားပေးပြီး အဖော်လုပ်ပေးသည်။ သို့သော်ငြားလည်း ငယ်ငယ်ရွယ်ရွယ်ကတည်းက ပညာများသင်ယူခဲ့ကြသည့် ဝမ်ယွင်ကျန့် သို့မဟုတ် ဝေ့ချင်းဟယ်တို့လို လူနှင့်ယှဥ်လိုက်လျှင် ရှန်းလီသည် နောက်ကျကျန်ရစ်နေကြောင်း သိလေသည်။

ရှီးကျိုးမြို့ထဲက ချမ်းသာသည့်လူငယ် မည်မျှလောက်က ဝမ်ယွင်ကျန့်လို စာအုပ်များကိုပိုင်ဆိုင်ပြီး ကြီးပြင်းလာကြပါသနည်း။

စန်းလော့က သူ့ရင်ခွင်ထဲတွင် မှီခိုလိုက်ကာ

"ဖိအားဖြစ်သလို ခံစားနေရလို့လား"

ရှန်းလီက သူမကိုကြည့်လိုက်ပြီး

"ကျွန်တော်က မင်းကို စိတ်မပျက်စေချင်တာပါ"

"ကျွန်မက ကျွန်မတို့တွေ ဒီအတိုင်းပဲ စမ်းကြည့်ကြမယ်လို့ ပြောတာလေ၊ အဲလောက်ကြီး စိုးရိမ်နေစရာ မလိုပါဘူး၊ တကယ်လို့ ဒါက အလုပ်မဖြစ်ဘူးဆိုရင်လဲ တော်သင့်ရုံလေးနဲ့ တင်းတိမ်ရောင့်ရဲပြီး နေနိုင်တာကလဲ ကောင်းနေပါတယ်၊ ဒါပေမဲ့ တကယ်လို့ အလုပ်ဖြစ်သွားတယ်ဆိုရင်တော့ ... "

သူမက ရှန်းလီ၏လက်ကို သူမ၏ဝမ်းဗိုက်ပေါ်တွင် တင်ထားခိုင်းလိုက်ပြီး

"ကျွန်မတို့ရဲ့ အနာဂတ်နေ့ရက်တွေက ပိုပြီးတော့ လွတ်လပ်ပေါ့ပါးလာပြီး နည်းနည်းလေး ပိုပြီးတော့ လုံခြုံစိတ်ချရမယ်လေ"

သူ့လက်ဖဝါးမှတစ်ဆင့် သူမ၏ဝမ်းဗိုက်ကို ခံစားမိသည်တွင် ရှန်းလီ၏နှလုံးသားမှာ ပျော့ပျောင်းသွားတော့သည်။ သူတို့၏ သတိထားပြီးနေရသည့်ဘဝကို နောက်တွင်ချန်ရစ်ခဲ့ဖို့ ဆုံးဖြတ်ထားပြီးဖြစ်ရာ သူတို့သည် သူတို့၏ ချစ်ခင်မြတ်နိုးမှုကို ဆက်ပြီး ဖုံးကွယ်မထားကြတော့ချေ။ သူက တံတွေးကို မြိုချလိုက်ပြီး သူ့နှုတ်ခမ်းကို သူမ၏နှုတ်ခမ်းပေါ်တွင် ဖိထားလိုက်ပြီးနောက်တွင် သူမကို နောက်တစ်ကြိမ် ဆွဲလှန်လိုက်တော့သည်။

...

အပိုင်း (၁၂၄) တောင်ပေါ်မြေ ၄၆ ဧက

ဝူတင်း တတိယနှစ်၊ ဆောင်းရာသီတွင် ၁၀လပိုင်းနှင့် ၁၁လပိုင်းတစ်ချိန်လုံး ရှန်းလီနှင့် သူ့အဖော်များသည် တောတောင်များကို ဖြတ်သန်းကြရ၏။ သူတို့၏ကြိုးစားအားထုတ်မှုများမှာ ကျေနပ်စရာကောင်းသော ရလဒ်များဖြင့် ဆုချခံရလေသည်။ သူတို့ရွာနှစ်ရွာရှိ လူများအပြင် နောက်ထပ်ခရီးသုံးကြိမ်ထွက်ပြီးနောက် စုစုပေါင်း ၁၈၃ယောက်ကို ခေါ်လာလေ၏။

ဤလူများသည် မူဝါဒအကြောင်းသိပြီးနောက် လာရောက်ချင်ကြသော အနီးနားရှိ ပြန့်ကျဲနေသော အခြေချနေထိုင်သူရွာသားများ ဖြစ်ကြလေသည်။

ယခုတော့ ချွေ့ချီချန်းသည် ရှန်းလီနှင့် သူ့အဖော်များကို မြင်သောအခါ အားရပါးရ မရယ်ဘဲမနေနိုင်ပေ။ စီရင်စုရုံးရှိ စာရေးများသည်လည်း ဤအမျိုးသား၆ယောက်နှင့် ရင်းနှီးနေပြီဖြစ်သည်။

လူများကို မြို့တံခါးစောင့်များထံ လွှဲပေးပြီးနောက် ရှန်းလီသည် ချွေ့ချီချန်းကို ယခုလောက်သာ လုပ်ဆောင်နိုင်ကြောင်းကို အရင်ဆုံးပြော‌လိုက်လေ၏။

ယခင်က နွေးထွေးပြီး ရွှင်ပြနေသော ချွေ့ချီချန်း၏နှလုံးသားသည် ရုတ်တရက် အားလျော့သွားလေသည်။

"ဘာလို့လဲ။ နှင်း ကြောက်လို့လား။ နှင်းက စပြီး မကျသေးဘူးမလား။ ကျေးဇူးပြုပြီး ငါတို့ကို ထပ်ရှာပေးပါဦးကွာ။ လာမယ့် နွေဦးမတိုင်ခင် လူများများ ပြန်ရဖို့ကို ငါတို့ အားထားနေရတာ"

သူသည် ရှန်းလီကို စကားပြောနေချိန်တွင် အရာရှိတစ်ယောက်၏ ပြောဆိုဟန်မျိုးမရှိချေ။ ဤအမျိုးသားသည် အလွန်လက်တွေ့ဆန်လွန်းပြီး သူ့ဆန္ဒများနှင့်ညှိယူလေသည်။ လူလေးရာနီးပါးမျှလောက်ကို ရှီကျိုးပြည်နယ်၏ အစွန်အဖျားအထိ ပို့ပေးခဲ့ပြီး သက်ဝင်လှုပ်ရှားမှုကို ထပ်လောင်းပေးခဲ့၏။

သူတို့သည် အနီးနားရှိတောင်များတွင် ရှာဖွေရေးအဖွဲ့များကို စီစဉ်ထားသော်လည်း တောနက်ထဲထိ မစွန့်စားနိုင်ပေ။ သူတို့သည် မည်သူ့ကိုမျှမတွေ့ခဲ့ရဘဲ ထပ်တိုးသွားသောအခါတွင် ဝံပုလွေအုပ်စု၏ သားကောင်ဖြစ်လုနီးပါး ဖြစ်ခဲ့ကြလေသည်။ ကံကောင်းစွာဖြင့် ဒေသအရာရှိများအပြင် အခြားစစ်သည်တော်များလဲပါပြီး ဤဖြစ်ရပ်သည် စာရေးများကို တုန်လှုပ်နေစေသေး၏။

ချွေ့ချီချန်းက ရှန်းလီတို့အုပ်စုသည် ဤအရာကိုအောင်မြင်အောင် မည်သို့စီမံခဲ့သည်ကို မစဉ်းစားတတ်တော့ပေ။ သူတို့၏အပေါ်ထပ် အင်္ကျီအနားများတွင် သားမွေးဖြင့် ကွပ်ထားသည်ကို စဉ်းစားကြည့်လျှင် အရာရှိများ၌ မရှိသောအရည်အချင်းများကို သူတို့ပိုင်ဆိုင်ထားကြောင်းမှာ ထင်ရှားလေသည်။

ရှန်းလီသည်လည်း ဤအလုပ်ကိုမြတ်နိုး၏။ သူတို့ခြောက်ယောက်လုံးသည် ပထမဆုံးလအတွက် တစ်ယောက်လျှင် ငွေ ၅လျန်ရထားပြီးဖြစ်သည်။ တရားသူကြီးချွေ့နှင့် အကြိမ်များစွာ အပြန်အလှန် ဆက်ဆံပြီးနောက် ကျန်လတစ်ဝက်၏လစာ မတရားလုပ်လိမ့်မည် မဟုတ်ကြောင်းကို သိလေ၏။

ထို့နောက် တောင်ပေါ်ဒေသ ၁၈၃ ဧကသို့ ရောက်လာလေသည်။ မိသားစု၆စုပါဝင်ပြီး တစ်စုလျှင် ဧက၃၀ဆီ ရရှိကြ၏။ နောက်ထပ်အနှစ်နှစ်ဆယ်အတွက် ဧကသုံးဆယ်မျှ ထပ်တိုးမည်ဟူသည့်အတွေးက သူတို့၏စိတ်နှလုံးကို ရွှင်လန်းစေလေသည်။

သို့သော် လကုန်ရက်ဖြစ်နေပြီဖြစ်ပြီး စာမေးပွဲသည် ကိုးရက်သာလိုတော့၏။ ကြိုတင်မပြင်ဆင်ဘဲ မနေနိုင်ပေ။ ထို့ကြောင့် သူသည် ချွေ့ချီချန်းကို ပြောလိုက်လေ၏။

"လူကြီးမင်းချွေ့ နားလည်ပေးမယ်လို့ မျှော်လင့်ပါတယ်။ ဒီထက်ပိုပြီး ခရီးစဉ်တွေမှာကူညီချင်ပေမယ့် ပွင့်ပွင့်လင်းလင်း တော့ပြောရမယ်။ နောက်လအစောပိုင်းမှာ ကျွန်တော်တို့ထဲက နှစ်ယောက်က အစိုးရကျောင်းမှာ စာမေးပွဲဖြေဖို့ စာရင်းသွင်းဖို့ စီစဉ်ထားပါတယ်။ ကျွန်တော်တို့ရဲ့ခရီးစဉ်တွေမှာ မီးဘေးမှာ လေ့လာကြရတယ်။ အခု အဲ့စာမေးပွဲက နီးလာပြီ။ ကျွန်တော်တို့ ပြင်ဆင်ဖို့ ရက်အနည်းငယ် လိုအပ်တယ်။ တောင်တွေက မလုံခြုံဘူးလေ။ သူတို့လေးယောက်ထဲနဲ့ အသွားအပြန်ခရီးက မလုံခြုံဘူး။ တစ်ခြားသူတွေကို အတူတူခေါ်သွားတာက ပိုပြီး စိန်ခေါ်ရာကျတယ်"

သူတို့စာသင်နေသေးသည်ကိုကြားတော့ ချွေ့ချီချန်းတစ်ယောက် အံ့အားသင့်သွားလေသည်။

"မင်းတို့တွေက စာအုပ်တွေဖတ်နေကြတုန်းလား"

သူတို့၆ယောက်ကို အနီးကပ် လေ့လာကြည့်လိုက်လေသည်။ ရှီသလန်သည် လက်မောင်းတစ်ဖက် ဆုံးရှုံးထားရပြီး လုအာ့လန်သည် အသက်ကြီးလွန်းနေ၏။ ဖြစ်နိုင်ခြေရှိပုံမပေါ်ပေ။ သူသည် ကျန်လေးယောက်ကိုကြည့်လိုက်ပြီး ရှန်းလီကို မေးလိုက်လေသည်။

"မင်းတို့ထဲက ဘယ်သူက စာမေးပွဲဖြေဖို့စီစဉ်ထားတာလဲ"

ရှန်းလီသည် ရှက်ရွံသွား၏။

"ကြိုးစားကြည့်ချင်ရုံသက်သက်ပါ။ အောင်မယ်လို့တော့ အာမမခံပါဘူး"

ချွေ့ချီချန်းက နားလည်လေသည်။ သူတို့ထဲက တစ်ယောက်သည် ရှန်းလီဖြစ်ရမည်။ သူသည် ပြုံးရင်းဖြင့် ရှန်းလီ၏ပုခုံးကို ပုတ်လိုက်လေ၏။

"တစ်ကယ် အရည်အချင်းရှိတဲ့ လူငယ်ကောင်းတစ်ယောက်ပဲ"

သူ့ကိုချီးကျူးပြီးနောက် ဆုံးဖြတ်ချက်မချခင်တွင် စိုးရိမ်စိတ်များ ဝင်လာလေသည်။

"ဒါက မင်းရဲ့အနာဂတ်နဲ့ပတ်သက်နေလို့ မင်းကို မတားနိုင်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ်ပါ အချိန်အများကြီး မကျန်တော့ဘူး။ စာမေးပွဲအတွက် ပြင်ဆင်ဖို့ကို အရင်အာရုံစိုက်ပါ။ နောက် အချိန်ရတယ်ဆိုမှ ခရီးတွေထွက်ပြီး ငါ့ကို ကူညီပါဦး။ အစိုးရကျောင်း တက်ခွင့်ရရင်တော့ ဝမ်းသာစရာပဲပေါ့။ အဲ့အချိန်ကျရင် တောခရီးတွေအတွက် ကူညီပေးနိုင်တဲ့ သူတစ်ယောက်ယောက်ကို မင်း ရှာတွေ့နိုင်လောက်တယ်"

ရှန်းလီသည် ချန်းသရှန်ကို အလိုလိုကြည့်မိသွားသော်လည်း သူနှင့်မဆွေးနွေးခဲ့ရသဖြင့် ထုတ်မပြောဖြစ်ပေ။ ထို့အစား သူသည် ပြုံးပြကာ သဘောတူလိုက်၏။

ချွေ့ချီချန်းသည် ယခင်က သရှင်းရွာသို့ အလည်လာခဲ့ဖူးသော ရှင်းမျိုးရိုးအရာရှိအား လက်ပြနှုတ်ဆက်လိုက်လေသည်။ ထိုလူအား ညွှန်ကြားချက်တစ်ချို့ကို တီးတိုးပြောလိုက်လေ၏။

အရာရှိက ရွှင်မြူးစွာဖြင့် ခေါင်းငြိမ့်ပြကာ ရှန်းလီနှင့်အခြားသူများကို စောင့်ရန်ပြောလိုက်လေသည်။ ထို့နောက် သူသည် မြို့ထဲသို့ ပြန်ဝင်သွားလိုက်ပြီး ၁၅မိနစ်ကြာပြီးနောက်တွင် သရှင်းရွာသို့ ခရီးတိုလေးတစ်ယောက် သွားခဲ့ကြသည့် အဖော်တစ်ယောက်နှင့် ပြန်ပေါ်လာသည်။ ယခုအချိန်တွင် အမျိုးသားနှစ်ယောက်လုံးသည် သူတို့လက်ထဲတွင် မြေတိုင်းကိရိယာများကို ကိုင်ဆောင်ထားလေသည်။

ချွေ့ချီချန်းတွင် အခြားကိစ္စတစ်ခုရှိသောကြောင့် အရာရှိရှင်းက အပြုံးဖြင့် ပြောလိုက်၏။

"အစ်ကိုရှန်း၊ သွားကြရအောင်"

သူတို့သည် တောင်ကုန်းမြေကို တိုင်းတာရန် ထိုနေရာသို့ လိုက်လာကြမှန်း ရှန်းလီအပါအဝင် ၆ယောက်အုပ်စုက ခန့်မှန်းမိလိုက်သည်။ သူတို့သည် ပြုံးနေကြပြီး အရာရှိနှစ်ဦးကို လမ်းပြရန်ဖိတ်ခေါ်ကာ တောင်ပေါ်မှ ယူလာသောပစ္စည်းများကို သယ်ရင်း အနောက်မှ လိုက်သွားကြလေသည်။

ရွာသားများ မမြင်ရတော့သည့် ခပ်ဝေးဝေး‌နေရာအထိ လျှောက်ပြီးနောက် အရာရှိရှင်းသည် သူ့အင်္ကျီလက်ထဲရှိ ပိုက်ဆံအိတ်ကိုထုတ်ကာ ရှန်းလီကို ပြုံးရင်းပေးလိုက်လေ၏။

"ငါတို့ရဲ့ အောက်ရုံးတရားသူကြီး (လက်ထောက်အုပ်ချုပ်ရေးမှူး) က မင်းကို လဝက်စာ ငွေ ၁၅လျန်ပေးဖို့ ပြောလိုက်တယ်။ ပြည့်ရဲ့လား စစ်ကြည့်ပါဦး"

ရှန်းလီသည် စစ်ဆေးရန်မလိုပေ။ သူ့လက်ထဲရှိအလေးချိန်ကို ပြောနိုင်လေသည်။ အရာရှိရှင်းကို အပြုံးဖြင့် ကျေးဇူးတင်စကား ဆိုလိုက်လေ၏။

အရာရှိရှင်းသည် ပြုံးရင်း စိတ်ထဲတွင်အားကျနေမိ၏။ စီရင်စုရုံးသည် ရန်ပုံငွေမလုံလောက်ပေ။ သိုလှောင်ခန်းကို သစ်သားဘောင်များနှင့် သေတ္တာအလွတ်များ သိမ်းဆည်းခြင်းအတွက် ထားခြင်းဖြစ်၏။ သူတို့၏လစာများကို ပိုက်ဆံဖြင့်မဟုတ်ဘဲ စပါးဖြင့် ပေးခြင်းဖြစ်လေသည်။ တစ်နည်းအားဖြင့် သူသည် ပိုက်ဆံလိုချင်သော်လည်း ဤကာလတွင် စပါးရရှိခြင်းကသာ အမှန်တစ်ကယ် စိတ်ချရသည်ကိုနားလည်လေ၏။ သူကတော့ ကျေနပ်ပါသည်။

...

သရှင်း ကျေးရွာရှိ လယ်ယာများကို လုံး၀မထွန်ယက်မီတွင် မိသားစုခြောက်စုမှ တစ်စုစီသည် တောင်ပေါ်မြေဧက သုံးဆယ်ကို ထပ်မံရရှိလေ၏။ အရာရှိများ ပြန်သွားပြီးချိန်အထိ ရှန်းနဉ်တစ်ယောက် မယုံကြည်နိုင်သေးပေ။ တောင်ပေါ်မြေတွင် မတ်တပ်ရပ်နေရင်း သူသည် အိပ်မက်တစ်ခုကဲ့သို့‌ ဖြစ်နေကြောင်းကို ပြောပြလိုက်၏။

"မကြီး၊ ဒီတောင်ပေါ်မြေက ညီမတို့အပိုင်လား"

စန်းလော့သည် သူမတို့မိသားစုကို ခွဲဝေပေးထားသည့်မြေယာကို ကြည့်လိုက်မိ၏။ မူလစိုက်ပျိုးမြေ ၁၀ဧကနှင့်အတူ ယခုအချိန်တွင် သူတို့ထံ၌ တောင်တန်းနှစ်ခုလုံးပါဝင်သော တောင်ပေါ်မြေ ၄၆ဧက ရှ်ိနေပြီဖြစ်သည်။ ထပ်တိုး၆ဧကသည် မြေနေရာအလိုက် အရွယ်အစားကို ညှိယူရန် အောက်တရားသူကြီးချွေ့ထံမှ ညွှန်ကြားချက်ရထားသော အရာရှိရှင်းက ပေးထားခြင်းဖြစ်၏။ သူတို့၏ မူလလယ်ယာမြေနှင့်ဆက်စပ်၍ သေသပ်သည့် တောင်ကုန်းနှစ်ခုကို ရရှိထားလေသည်။

"အခု အစ်မတို့မြေ ဖြစ်သွားပြီ"

ရှန်းအန်းတစ်ယောက် အံ့အားသင့်သွားပုံပေါ်၏။

"မကြီး၊ ဒီမြေအားလုံးမှာ ကျွန်တော်တို့ စိုက်ပျိုးလို့ရပြီလား"

အထူးသဖြင့် သူနှင့်သူ့အစ်ကိုသာ စီရင်စုစာမေးပွဲကို အောင်မြင်ပြီး ကူညီနိုင်ပါက လယ်မြေတွင် တစ်နေ့လုံး အလုပ်လုပ်နိုင်သည့် ငယ်ရွယ်ပြီး သန်မာသည့်သူများလောက်တော့ စွမ်းဆောင်နိုင်မည်မဟုတ်ပေ။

စီရင်စုပညာတော်သင် စာမေးပွဲနီးကပ်လာသည်နှင့်အမျှ ရှန်းအန်းတစ်ယောက် စိတ်လေးလံလာလေသည်။ ဆောင်ရွက်မှုမှာ မည်မျှပင် သေးငယ်စေကာမူ ဝန်ထုပ်ဝန်ပိုးတစ်ချို့ကို လျော့သွားစေရန် ရည်ရွယ်ရင်း နေ့တိုင်း ပင်ပင်ပန်းပန်း အလုပ်လုပ်နေလေ၏။

ရှန်းကျင့်တို့ ညီအစ်ကိုသုံးယောက်သည်လည်း မြေခွဲရာတွင် သက်သေခံရန် စိတ်လှုပ်ရှားစွာဖြင့် ရောက်လာကြလေသည်။ ရှန်းလီ၏စကားများကို ကြားတော့ ရှန်းကျင့်မပြောခင်တွင် ရှန်းထျယ်က ရှေ့သို့တိုးလာကာပြောလိုက်၏။

"အစ်ကို၂၊ လယ်စိုက်တဲ့နေရာမှာ မရီးကို သားတို့ ကူညီပေးမယ်"

ငယ်ရွယ်သည့်ရှစ်နှစ်သားအရွယ် သေးငယ်သော လူငယ်‌လေးသည် မြေဆီလွှာဆွရန် ပေါက်ပြားချွန်လေးတစ်ခုကို ကျွမ်းကျင်စွာဖြင့် ကိုင်ထားလေသည်။ သူ့လှုပ်ရှားမှုများမှာ နှေးသော်လည်း အတော်လေး အထင်ကြီးစရာ ကောင်းလောက်အောင်ပင် မှန်ကန်သော နည်းစနစ်ကို သင်ယူနိုင်ခဲ့၏။

စန်းလော့က ရယ်မောနေပြီး ရှန်းနဉ်သည် ရှန်းထျယ်ပါးလေးကို ဆွဲညှစ်လိုက်လေသည်။

"နင်ကလေ ငယ်ငယ်ထဲက အပြောချိုတဲ့ကောင်လေးပဲ။ ငါတို့ကို ကူညီပေးတာကို မပြောနဲ့၊ မင်းအသက်အရွယ်နဲ့ ကိုယ့်မြေကိုယ် စီစဉ်နိုင်တယ်ဆိုထဲက အထင်ကြီးစရာကောင်းနေပါပြီ"

အားမလိုအားမရဖြင့် ရှန်းထျယ်က သူ့အစ်ကိုကို ချက်ခြင်းထုတ်ပြောလိုက်၏။

"သား မလိမ်ပါဘူး။ သား အစ်ကိုကြီးက ကတိပေးထားတယ်။ မိသားစုလယ်ယာတွေကို ထွန်ယက်ပြီးတာနဲ့ မရီးနဲ့ အစ်မကြီးတို့ရဲ့ တောင်ပေါ်မြေရှင်းတဲ့နေရာမှာ ကူညီပေးမယ်လို့ ပြောထားတယ်"

ရှက်ရွံ့နေသောရှန်းကျင့်က ရှင်းပြလိုက်၏။

"မရီးကြီး၊ မကြီး၊ ရှန်းထျယ်က လိမ်နေတာ မဟုတ်ဘူး။ လွန်ခဲ့တဲ့ရက်အနည်းငယ်ထဲက ဒါကို ဆွေးနွေးထားကြတာ။ လဝက်လောက်နဲ့ ကျွန်တော်တို့ရဲ့ မြေဧက၃၀က စိုက်ပျိုးဖို့ အဆင်သင့်ဖြစ်တယ်။ အိမ်အနောက်ဘက်က ဟင်းရွက်စိုက်ခင်းကလဲ စိုက်ပျိုးပြီးပြီ။ ဒီကြားထဲမှာ တောင်ပေါ်မြေကို ထင်းအဖြစ်သုံးလို့ရတယ်။ ဒါဆို နောက်ကျ ကျွန်တော်တို့ ကူညီပေးလို့ရပြီလေ"

ရှန်းယင်သည်လဲ စိတ်အားထက်သန်စွာ ခေါင်းညိတ်ပြလိုက်၏။

"ဟုတ်တယ်၊ အစ်ကိုကြီးနဲ့ ဒုတိယအစ်ကိုတို့ စာသွားသင်ရင် သားတို့က မရီးနဲ့ ဒုတိယအစ်မကို ကူညီပေးမယ်"

သူတို့၏ရည်ရွယ်ချက်အရင်းမြစ်ကို သဘောပေါက်တော့ စန်းလော့၏နှလုံးသားလေးမှာ နွေးထွေးသွားလေသည်။ သူမက ရှန်းထျယ်ရဲ့ခေါင်းကို ပုတ်ကာပြောလိုက်၏။

"သားရဲ့ကူညီပေးချင်တဲ့စိတ်ကို အသိအမှတ်ပြုပါတယ်။ ဒါပေမယ့် သားလဲ တောင်ပေါ်မြေကို အသုံးချဖို့ လိုသေးတယ်လေ။ အဲ့တာကို လျှော့မတွက်နဲ့နော်။ သင့်တင့်အောင် အသုံးချနိုင်ရင် သားတို့ရဲ့ မြေ၁၀ဧကက အစ်မတို့ရဲ့ မြေဆီလွှာကောင်းတဲ့ ဧက၃၀လောက်ရနိုင်တယ်။ အစ်မတို့ကို ကူညီဖို့ကတော့ မလိုအပ်ပါဘူး။ မင်းတို့အစ်ကိုကြီးနဲ့ ဒုတိယအစ်ကိုသာ စီရင်စုကျောင်း တက်ခွင့်ရသွားရင်လည်း ဒီမှာ အလုပ်လုပ်ဖို့ လူနှစ်ယောက်ငှားမလို့ စီစဉ်ထားတယ်"

ဤသည်ကိုကြားတော့ ရှန်းကျင့်တစ်ယောက် တုံ့ဆိုင်းသွား၏။

"ဘယ်သူ့ကို ငှားမှာလဲ"

ရှန်းအန်းနှင့် ရှန်းနဉ်တို့နှစ်ယောက်လည်း စန်းလော့ကို ကြည့်လိုက်မိကြ၏။ စန်းလော့က ပြန်ပြောလိုက်လေသည်။

"လူငှားတာက မခက်ပါဘူး။ မိသားစုတိုင်းက အစ်မတို့လို မဟုတ်ဘူး၊ အလုပ်သမားရှိတယ်။ မိသားစုတွေထဲမှာ အရွယ်ရောက်ဖို့ နှစ်အနည်းငယ်လိုသေးတဲ့ ကျန်းမာသန်စွမ်းတဲ့လူတွေရှိတယ်။ အဲ့လိုအိမ်ထောင်စုတွေက များသောအားဖြင့် လုပ်အားအပိုရှိတယ်။ အဲ့တာကြောင့် သူတို့မိသားစုထဲက တစ်ယောက်ယောက်က အပြင်မှာ အလုပ်ထွက်လုပ်လို့ ရတယ်လေ"

အနီးနားရှိရွာငယ်များနှင့် ထိုရွာငယ်များတွင်နေထိုင်သူများသည် တောင်ပေါ်မှ ယခင်အိမ်နီးချင်းများဖြစ်ကြပြီး တစ်ယောက်နှင့် တစ်ယောက် ကောင်းစွာသိသောကြောင့် သင့်တော်သည့်သူကို ရှာရသည်မှာ မခက်ခဲပေ။

ရှန်းကျင့်တစ်ယောက် အလိုအလျောက် မေးလိုက်မိ၏။

"လုပ်အားအတွက် အတော်လေးကုန်ကျမှာ မဟုတ်ဘူးလား"

ယခင်က အိမ်ထောင်စုတစ်စုကို စီစဉ်သည့်သူများသည် ပိုက်ဆံသုံးစွဲရသည့်အခါတွင် အင်တင်တင်ဖြစ်နေကြလေသည်။

ရှန်းအန်း၏အမူအရာမှာ ပြေလျော့သွားပြီး ပြောလိုက်လေ၏။

"လူတွေငှားရတာက တန်ပါတယ်၊ အထူးသဖြင့် နောက်ခံကောင်းနဲ့လူတွေ အတွက်ပေါ့။ ပတ်ဝန်းကျင်မှာ ချိုးမိသားစုဝင် နဲနဲရှိနေတာကို သတိထားမိတယ်။ အနီးနားကရွာတွေကို မေးကြည့်ကြတာပေါ့။ ကိုယ်တိုင် အလုပ်ပိုလုပ်ရတာထက် ပိုက်ဆံနည်းနည်းသုံးတာက ပိုကောင်းတယ်လေ"

သူသည် သူ့မရီးကို ကောင်းကောင်းသိ၏။ သူမက လူများကို ငှားရမ်းရဲခြင်းသည် ငှားထားသည့်သူများက သူမကို အပိုဝင်ငွေများ ပြန်ပေးနိုင်သည်ဟု ဆိုလိုခြင်းဖြစ်သည်။

စန်းလော့က ပြုံးပြလိုက်၏။

"ရှောင်အန်းက အတော်လေးယုံကြည်ချက်ရှိရဲ့လား"

မေးခွန်းကြောင့် အနည်းငယ် ရှက်ရွံ့သွားသည့်ရှန်းအန်းက ခေါင်းခါပြလိုက်၏။

"မဖြစ်သေးပါဘူး။ ဒါပေမယ့် အဲ့တာကို အခုနောက်ပိုင်း ပိုပြီးတွေးမိနေတယ်။ အခွင့်အရေးရှိ သေးတယ်မလား။ ယွင်ကျန့်ဆီကနေ ကူးထားတဲ့စာတွေကို အခက်အခဲမရှိဘဲ ရွတ်ဆိုနိုင်ပေမယ့် အခြေခံသဘောတရားနားလည်မှုတော့ လိုအပ်နိုင်တယ်"

နောက်ဆုံးတော့ သူတို့ထံတွင် သင့်တော်သောဆရာ မရှိပေ။ သူနှင့်သူ့အစ်ကိုသည် ဤစာများကို ဝေ့ချင်းဟယ်နှင့် ဝမ်ယွင်ကျန့်ဆီမှ သင်ယူထားခြင်းဖြစ်ပြီး တစ်ခါတစ်ရံတွင် သူ့မရီးဆီမှ ဖြစ်သည်။ သို့သော် ဝေ့ချင်းဟယ်နှင့် ဝမ်ယွင်ကျန့်တို့သည် ကိုယ်တိုင်လေ့လာနေဆဲဖြစ်ပြီး သူတို့၏လေ့လာမှုအပေါ် အခြေခံ၍မေးခွန်းများကို ဖြေဆိုနိုင်ကြ၏။

စန်းလော့အနေဖြင့် ယခင်က ရှေးစာများကို မည်သည့်နေရာတွင် အထူးပြုသင်ကြားခဲ့သနည်း။ သူမသည် အဖြေတစ်ချို့ကို ဖြေနိုင်သော်လည်း အချို့မေးခွန်းများမှာ တတ်သိမှုကို ကျော်လွန်နေလေသည်။

ရှန်းအန်းသည် စာမေးပွဲအတွက် သိပ်ပြီးမစိုးရိမ်သော်လည်း သူ့မရီးနှင့်ညီမငယ်တို့ ငွေကြေးဝန်ထုပ်ဝန်ပိုးကို ခံနိုင်ရည်ရှိပါ့မလားဟု စိုးရိမ်နေမိ၏။ သူက ပြောလိုက်လေသည်။

"နောက်ပိုင်း သားကောင်လိုက်ဖို့အချိန်ရရင် အစ်ကိုနဲ့ကျွန်တော်တို့ တောနက်ထဲထိသွားပါ့မယ်။ လူတွေငှားရမ်းဖို့တော့ စိတ်မပူပါနဲ့။ ကုန်ကျစရိတ်တွေကို ပြန်ကာမိအောင်တော့ ရမှာပါ"

ရှီကျိုးပြည်နယ်တွင် လူအများစုမှာ ချမ်းသာကြသော်လည်း အနည်းငယ်သာ အသားစားရန်တတ်နိုင်လေသည်။ ရှန်းကျင့်နှင့် ရှန်းယင်တို့၏မျက်လုံးများ အရောင်လက်သွားတော့၏။

"ကျွန်တော်တို့ကိုလဲ ခေါ်သွားပါ။ ဒီမှာက ရစ်ငှက်တစ်ကောင်လောက်ရှာဖို့တောင် ခက်ခဲတယ်"

သူမ၏မောင်ငယ်လေးများက တောင်ပေါ်တွင် အမဲလိုက်ခြင်းနှင့်ပတ်သက်ပြီး ရုတ်တရက် ဆွေးနွေးနေသည်ကို မြင်တော့ စန်းလော့က ခေါင်းခါပြလိုက်၏။

"ကောင်းပြီ၊ မင်းတို့အစ်ကိုကြီးရဲ့ဝင်ငွေကြောင့် ဘယ်သူမှ အဝေးကြီးထိသွားဖို့ မစဉ်းစားနဲ့။ ရက်နဲနဲပဲ လိုတော့တာ။ ဒီရက်ပိုင်း စာကျက်တဲ့အပေါ်မှာပဲ အာရုံစိုက်ထားပါ။ စာမေးပွဲအောင်ရင်တော့ အကောင်းဆုံးပဲပေါ့"

လွန်ခဲ့သည့်ရက်၅၀အတွင်း ရှန်းလီသည် ငွေ၇လျန်နှင့် ၅ဝမ်ကို ရရှိခဲ့၏။ တောင်ပေါ်သို့မပြေးမီ ယခင်က စုဆောင်းထားခဲ့သောငွေများနှင့်အတူ စန်းလော့၏လက်ထဲတွင် ငွေ၂၅လျန်ပါလာလေသည်။ သူတို့လို ဆင်းရဲသောမိသားစုများအတွက်တော့ သချန် ဖြစ်စေ လက်ရှိသချီ မင်းဆက်တွင်ဖြစ်စေ ကုံလုံသောပစ္စည်းဥစ္စာများ ဖြစ်လေ၏။

ထို့အပြင် သူမသည် တောင်ပေါ်မြေဧက၄၀မှ ငွေရှာခြင်းအတွက် စိုးရိမ်မှုမရှိပေ။ စန်းလော့သည် ထိုအရာနှင့်ပတ်သက်၍ စိုးရိမ်စိတ်မရှိ‌ချေ။

ထို့နောက် သူမက ညီအစ်ကိုသုံးယောက်ကို ပြောလိုက်လေ၏။

"အားတဲ့အချိန်ကျရင် စာဖတ်နော်။ မင်းတို့က တောင်ပေါ်မှာ မနက်ခင်းသင်ခန်းစာနဲ့ အတန်းတွေကိုလည်း သင်နေတုန်းပဲလေ။ အခုဆို စားဝတ်နေရေးကိစ္စတွေနဲ့ အလုပ်ရှုပ်နေလို့ မင်းတို့အတွက် ကူးပေးထားတဲ့ ဝါးစာလိပ်တွေကို မထိရသေးဘူးမလား"

ရှန်းကျင့်တစ်ယောက် နေရခက်သွား၏။ ခဏလောက် တုံ့ဆိုင်းသွားပြီးနောက် သူက ပြောလိုက်လေသည်။

"မရီး၊ ကျွန်တော်က ဒါအတွက် အရည်အချင်းမမှီသေးဘူး။ စာတွေဖတ်နိုင်နေပေမယ့်လဲ မှတ်မိဖို့ခက်နေတယ်။ အဲ့တာတွေက အရမ်းခက်လို့ ခေါင်းမူးလောက်အောင်ကို ရှုပ်နေတယ်။ ဘယ်လောက်ပဲဖတ်ဖတ် အမြဲတမ်းရောနေတယ်"

"ရှန်းယင်နဲ့ရှန်းကျင့်ကရော"

ရှန်းကျင့်နှင့်ရှန်းယင်တို့သည် အကြည့်ချင်း ဖလှယ်လိုက်ကြသော်လည်း စန်းလော့ကို မကြည့်ရဲကြချေ။

"ဒါဆိုလဲ စာလုံးရေကို ပိုပြီးလေ့လာချင်တဲ့ရည်ရွယ်ချက်နဲ့ပဲ ဖတ်လိုက်။ အရွယ်ရောက်လာတဲ့အခါ ဘာပဲလုပ်လုပ်၊ စာမတတ်ဘူးဆိုတာက အားနည်းချက်တစ်ခုပဲ။ တစ်ခြားကိစ္စတွေကို ဘေးဖယ်ထားရအောင်။ မင်းက လယ်တွေထဲမှာပဲ လယ်စိုက်တယ်ဆိုရင်တောင် လယ်ယာရောင်းဝယ်ဖို့အတွက် စာချုပ်ကို ရေးဖို့၊ ဖတ်ဖို့လိုတဲ့အချိန် ရောက်လာနိုင်တယ်။ ဆိုင်ရှင်ရွှီလို စီးပွားရေးလုပ်မယ်ဆိုရင် စာ‌မရေးတတ်၊ စာမဖတ်တတ်တာက ပိုတောင်ဆိုးသေးတယ်"

ရှန်းကျင့်က ထပ်ခါထပ်ခါ ခေါင်းညိတ်ပြလိုက်၏။

"စာဖတ်တာတော့ တော်တော်လေးရပါတယ်။ ရှုပ်ထွေးပြီး အတွန့်အကောက်နဲ့စာတွေကို မှတ်စရာမလိုတဲ့အချိန်အထိပေါ့"

ရှန်းယင်နှင့်ရှန်းထျယ်တို့သည်လည်း သက်ပြင်းချလိုက်ကြ၏။ ရှန်းထျယ် ပြုံးလိုက်ခြင်းက မကြာသေးမီက ကျိုးထားပြီး ပြန်မပေါက်သေးသော ရှေ့သွားနှစ်ချောင်းကို ပြသလိုက်သလိုပင် ဖြစ်လေသည်။ ဤအရာက သူ့ခေါင်းကို ပုတ်လိုက်သည့်စန်းလော့ကို ရယ်မောသွားစေတော့၏။

"ကောင်းပြီ၊ အရင်ဆုံး အကုန်လုံးပြန်ကြမယ်"

...

တစ်ဖက်တွင် အရာရှိနှစ်ဦးကို ပို့ဆောင်ရာတွင် ရှန်းလီနှင့်အတူလိုက်ပါ‌လာသော ရွှီဝမ်ချင်းက ယခုတော့ သူ့အဖေကို တောင်းပန်နေ၏။

"ဝမ်ဟုန်နှင့် ဝမ်ဟောက်တို့ကိုပဲ ပြည်နယ်ကျောင်းအတွက် ဝင်ခွင့်စာမေးပွဲ ဖြေခိုင်းလိုက်ပါတော့လား။ ကျွန်တော်က စာသင်ဖို့အတွက် တကယ် ပါရမီ မပါတာပါ၊ နေရာလေးဆယ်ပဲ ရနိုင်တော့တာ။ ကျွန်တော့်အလှည့်က ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ အရှက်မကွဲအောင် ရှောင်ကြတာပေါ့"

ဒီလိုဖြစ်ခဲ့တာ ဘယ်နှစ်ခါရှိပြီလဲ။ သူပြန်ရောက်လာသည့် အချိန်တိုင်း တူညီသောခေါင်းစဉ်တစ်ခုကို ယူလာလေသည်။ ဆိုင်ရှင်ရွှီသည် သူ့ကို အမှန်တကယ်ပင် ကန်ထုတ်ချင်နေ၏။

"ရည်မှန်းချက်ကြီးလိုက်တာ။ မင်းမှာ စာမေးပွဲဖြေဖို့ အခွင့်အရေးက အမြဲတမ်းရှိနေမယ် ထင်လို့လား။ မင်းကအခုပဲ ၁၇နှစ်ရှိနေပြီ၊ နောက်နှစ်ဆိုရင် ၁၈နှစ်။ နောက်မှသွားမယ်ဆိုရင် ပြည်နယ်ကျောင်းက တံခါးကိုဖြတ်ခွင့်ရမှာ မဟုတ်ဘူး။ ဒီနှစ်တော့ ကောင်းကောင်းအသုံးချပြီး ကြိုးစားကြည့်လိုက်။ ဒီနှစ်မှာ ကံမကောင်းရင် နောက်နှစ် ထပ်ကြိုးစားစရာ မလိုတော့ဘူး"

သူသည် ယခုနောက်ပိုင်းတွင် လယ်အလုပ်ဖြင့် အလုပ်များနေသော်လည်း ရှီကျိုးပြည်နယ်သို့ မကြာခဏ သွားလည်ဖြစ်လေသည်။ သူသည် ယခင်ကသူဌေးဖြစ်သည့် ဝမ်မောက်လင် နှင့် အနည်းဆုံးနှစ်ကြိမ်တွေ့ဆုံခဲ့၏။ အထူးသဖြင့် မကြာသေးမီက တွေ့ဆုံမှုအတွင်း သူတို့၏စကားဝိုင်းသည် အရေးကြီးသောသတင်းတစ်ချို့ကို ထုတ်ပြောကြလေသည်။

ရွှီဝမ်ချင်းထံတွင်သာ စီရင်စုကျောင်းတက်နိုင်ရန် အခွင့်အရေးရှိပါက ယခုနှစ်ဖြစ်နိုင်လေသည်။ ယခုနှစ် မအောင်မြင်နိုင်လျှင် ထိုအရာကို တွေးစရာအကြောင်း မရှိတော့ချေ။ သူ့အတွက်တော့ တခြားအစီအစဉ်များကို စောစောစတင်ခြင်းက ပိုကောင်းပါလိမ့်မည်။

...

All Chapters