← Chapters

အခန်း (၂၁၉-၂၂၀)

Vol. 22 Ch. 219-220

အခန်း (၂၁၉-၂၂၀)

Vol. 22 Ch. 219-220

အပိုင်း (၂၁၉)ဝင်ခွင့်စာမေးပွဲ

စက္ကူကိစ္စပြီးစီးသွားသဖြင့် ရှန်းလီသည် သူ၏ စိုးရိမ်စိတ်များကို ဘေးဖယ်ထားနိုင်ဟန်တူသည်။ စာမေးပွဲက နီးကပ်လာသောကြောင့် ဖြစ်ဟန်တူသည်။ ညပိုင်းတွင် သူက ပုံမှန်စာဖတ်သည့် အလေ့အကျင့်ကို ပြန်လုပ်ပြီး သူမကို ညခင်းပိုင်းတွင် ထပ်ပြီးမနှောက်ယှက်တော့ချေ။

အနည်းဆုံးတော့ စန်းလော့က ဒါကို ဒီလိုသိနေလေသည်။

စန်းလော့ကလဲ သူ့ကို မနှောက်ယှက်ချေ။ သူမက သူ စာဖတ်နေသည်ကို ခဏလောက် အဖော်လုပ်ပေးလိုက်သည်။ ရာသီဥတုက အေးလာသဖြင့် သူမက အိပ်ယာထဲသို့ စောစောဝင်ကာ အနားယူသည်။ နောက်ဆုံးတော့ ရှန်းလီက မီးအိမ်ကို မီးငြှိမ်းလိုက်ကာ အိပ်ယာဝင်သွားသည်ကိုပင် မသိဘဲ အိပ်ပျော်သွားတော့သည်။

၁၂လပိုင်း၏ တတိယနေ့တွင် ကျောက်မိသားစု၏ အကြီးဆုံးသားနှင့် နံပါတ်လေးသားတို့သည် သူတို့၏ အလုပ်များကို တရားဝင်စတင်လိုက်ကြသည်။

သူတို့ကို ရွေးချယ်ပေးခဲ့သူက စန်းလော့ မဟုတ်ချေ။ ပြီးခဲ့သည့်နှစ်ရက်တွင် ရှန်းကျင့်သည် ကျောက်မိသားစုဝင်များနှင့်ပတ်သတ်ပြီး အကြောင်းအရာများကို မကြာခဏ ဝေမျှပေးတတ်ကာ သူတို့အားလုံးက လုပ်ရည်ကိုင်ရည်ရှိကြသည်။ ထို့ကြောင့် စန်းလော့က ရွေးချယ်ဖို့မဆုံးဖြတ်တော့ဘဲ လူနှစ်ယောက်ကို ဒီအတိုင်း ငှားရမ်းလိုက်ကာ ကျောက်မိသားစုကိုသာ သူတို့ပို့စေချင်သည့် လူနှစ်ယောက်ကို ဆုံးဖြတ်ပေးဖို့ ပြောလိုက်သည်။

ကျောက်မိသားစုကလဲ ရှန်းကျင့်အကောင်းဆုံး ချီးမွှမ်းထားခဲ့သည့် လူနှစ်ယောက်ကို ရွေးချယ်ပေးခဲ့သည်။

ထိုနေ့မနက် အစောပိုင်းတွင် ကျောက်သလန်နှင့် ကျောက်စစ်လန်တို့သည် သူတို့၏အလုပ်တာဝန်ကို လာရောက်လက်ခံသည်။ သို့သော်ငြားလည်း အိမ်ထဲသို့ မဝင်ခဲ့ချေ။ ရှန်းလီနှင့်သာ အပြင်ဘက်တွင် စကားပြောလိုက်ကြသည်။

စန်းလော့က သူမ၏အလုပ်ကို ချထားလိုက်ကာ အပြုံးတစ်ခုဖြင့် သူတို့ကို ထွက်လာပြီး လာရောက်နှုတ်ဆက်ပြီး စကားပြောလိုက်သည်။ ထို့နောက်တွင်တော့ သူမက သူတို့နှစ်ယောက်ကို မေးလိုက်၏။

"ဦးလေးကျောက်သလန်နဲ့ ဦးလေးကျောက်စစ်လန် အခုအချိန်ကစပြီး ဦးလေးတို့က ကျွန်မနဲ့အတူတူ စားသောက်ကြမှာလား၊ ဒါမှမဟုတ်ဘူးဆိုရင် ဦးလေးတို့ကိုယ်တိုင် အစားအသောက် ပြင်ဆင်ဖို့အတွက် ဦးလေးတို့အတွက် လစဥ်ကုန်ကြမ်းကို ထောက်ပံ့ပေးရမလား"

ကျောက်သလန်က ပြန်ဖြေလိုက်သည်။

"ကျွန်တော်တို့တွေ အိမ်မှာပဲ စားပါ့မယ်၊ ဒီအိမ်ယာဝန်းနဲ့ ကျွန်တော်တို့ရွာနဲ့ကလဲ သိပ်ဝေးလှတာ မဟုတ်ဘူးလေ ကျွန်တော်တို့တွေ ဒီကိစ္စကို မိသားစုနဲ့ တိုင်ပင်ပြီးပါပြီ ပြီးတော့ ကျွန်တော်တို့ကလေးတွေက ထမင်းစားချိန်ရောက်ရင် ကျွန်တော်တို့ကို ထမင်းလာပို့ပေးမှာပါ"

"ကောင်းပါပြီ၊ ဒါဆိုရင်တော့ ဒီနေ့အပြန်ကြရင် အိမ်ကို ဝင်ခဲ့အုံးနော်၊ ကျွန်မ အိမ်ကို ယူပြန်သွားဖို့ လစဥ်ကုန်ကြမ်းရိက္ခာကို ထည့်ပေးလိုက်မယ်"

စန်းလော့သည် သူတို့အတွက် အစားအသောက်ကို မပြင်ဆင်ပေးရသော်လည်း သေသေချာချာလေး စီမံပေးကာ သူတို့ကို သူတို့၏ ကိုယ်ပိုင်အစားအသောက်အား ဂရုစိုက်စေရန် ရည်ရွယ်သည်။ သူမက အချက်အပြုတ်ကို ဝါသနာပါသော်ငြားလည်း နေ့စဥ်နေ့တိုင်း ကြီးမားသည့် လူအုပ်ကြီးတစ်ခုအတွက် ချက်ပြုတ်ပြင်ဆင်ပေးရသည်ကိုတော့ မကြိုက်ပေ။ အချိန်အများစုတွင် မီးဖိုချောင်ထဲတွင် သူမနှင့် အဖော်လုပ်ပေးသူက ရှန်းနဥ်သာဖြစ်သည်။ သမီးယောင်းမနှစ်ယောက်က စကားပြောရင်း အလုပ်တာဝန်များကို ခွဲဝေယူကြသည်။ အချက်အပြုတ်ကို အိမ်မှုကိစ္စတစ်ခုလို လုပ်နေရသည့်က အမြဲတမ်း ပြေလည်လိမ့်မည်မဟုတ်သည်က သံသယဖြစ်ရန်မလိုချေ။

ကျောက်သလန်က လက်ကို မြန်မြန်ခါယမ်းပြလိုက်၏။

"မလိုပါဘူး မလိုပါဘူး၊ ကျွန်တော်တို့မိသားစုတွေမှာ ရိက္ခာတွေ လုံလုံလောက်လောက် ရှိပါသေးတယ်၊ ကျွန်တော်တို့တွေ တစ်လစာလုပ်အားခပြီးမှပဲ လာယူပါ့မယ်"

စန်းလော့က စိတ်မပူချေ။ သူမက ပြုံးပြကာ ပြောလိုက်၏။

"ဒါဆိုရင်လဲ အဆင်ပြေပါတယ်၊ ဦးလေးတို့ အဆင်ပြေဖို့ပဲလိုတယ်"

မြေယာများကို ထွန်ယက်ပြီးသည့်အတွက် သူတို့၏ပထမဦးဆုံး တာဝန်ကို သတ်မှတ်ပေးလိုက်သည်။ သစ်ပင်များကို ခုတ်လှဲဖို့ရန်ပင်။

ရှန်းမိသားစုပိုင်ဆိုင်သည့် တောင်ကုန်းနှစ်ခုရှိလေသည်။ သူတို့သည် တောင်တစ်ခုလုံးကို ရွေးချယ်ကာ အသုံးပြုဖို့ရန်အတွက် သက်တမ်းရင့် သစ်ပင်များကို ခုတ်လှဲရမည်။ ပထမအချက်မှာ မြေကိုရှင်းလင်းရခြင်းက ဝဥများကို စိုက်ပျိုးဖို့ရန်ဖြစ်သည်။ ဒုတိယအချက်မှာ အိမ်ယာခြံဝန်းများနှင့် ပရိဘောဂများကို ပြုလုပ်ဖို့ရန်အတွက် သစ်များကို လိုအပ်သည်။ ယခုအချိန်တွင် ပြင်ဆင်ထားလျှင် အချိန်ကိုက်ဖြစ်သည်။

စန်းလော့က ကျောက်သလန်နှင့် ကျောက်စစ်လန်တို့ကို သူတို့၏ မိသားစုတောင်ကုန်းနှင့် ရင်းနှီးသွားစေရန် လမ်းပြပေးဖို့ ရည်ရွယ်ထားသည်။ သို့သော်ငြားလည်း ရှန်းလီက သူမကို တားလိုက်၏။

"ဦးလေးကျောက်နဲ့ ဦးလေးကျောက်စစ်လန်တို့ကို ကျွန်တော် လိုက်ပြလိုက်ပါ့မယ်၊ ဘယ်တောင်ကုန်းပေါ်မှာ ဝဥစိုက်မယ်ဆိုတာကို ဆုံးဖြတ်ပြီးပြီလား"

ကြက်များနှင့်ဆိတ်များကို မွေးမြူဖို့ရန် သူမ၏ အစီအစဥ်ကို စဥ်းစားမိသည်တွင် စန်းလော့သည် သူတို့ကို အလွန်အကျွံ မလုပ်စေလိုပေ။ သူမက ပြန်ဖြေလိုက်၏။

"အိမ်နဲ့ပိုဝေးတဲ့တစ်ခုကို ရွေးကြတာပေါ့"

ထို့နောက်တွင်တော့ သူမက အကွာအဝေးကို ဖော်ပြလိုက်ပြီး အမှန်တွင်တော့ ထိုနေရာက အမှန်တကယ် မဝေးလှချေ။ တောင်ကုန်းနှစ်ခုသည် ချိတ်ဆက်နေလေသည်။

ရှန်းလီက ခေါင်းငြိမ့်ပြလိုက်ပြီး စန်းလော့ကို အိမ်ထဲ ပြန်ဝင်ဖို့ပြောလိုက်ကာ သူကတော့ ကျောက်သလန် နှင့်ကျောက်စစ်လန်တို့အတွက် ပုဆိန်တစ်ခုနှင့် လက်ကိုင်ရိုးအရှည် ဓားကောက်တစ်ခုကို သွားယူလိုက်သည်။ သူက သူတို့နှစ်ယောက်ကို မြေယာများနှင့်ရင်းနှီးရန် ခေါ်ဆောင်သွားလိုက်သည်။

စန်းလော့ကလဲ ဒီအတိုင်းမနေချေ။ သူမသည် မီးဖိုချောင်ထဲသို့ ပြန်ဝင်လာပြီး ရှန်းလီက ကျောက်ဆုံကို အသုံးပြုပြီး အမျှင်များဖြစ်အောင် သေချာထုထောင်းပေးထားသည့် စက္ကူပျော့ဖတ်များကို ဆက်ပြီးတော့ ထောင်းနေလိုက်သည်။ ခဏလောက် ထုထောင်းပြီးနောက်တွင် သူမက အမျှင်များကို လက်ဖြင့် ခွဲခြားလိုက်ပြီး ထုထောင်းသည့်လုပ်ငန်းစဥ်ကို ပြန်လုပ်လေသည်။ ဒါကို တစ်လှည့်စီလုပ်ရသည်။

နာရီဝက် မပြည့်သေးခင်မှာပင် ရှန်းလီက ပြန်လာခဲ့သည်။ သူက စန်းလော့နှင့် အနောက်ဘက်ခြံဝန်း၏ တောင်အတွက်အသုံးချမည့် အရွယ်အစား နေရာအတိအကျနှင့် ပတ်သတ်ပြီး တိုင်ပင်လိုက်သည်။

စန်းလော့ကတော့ ရှန်းလီလို စိုးရိမ်မနေချေ။

"နွေဦးရောက်တဲ့အထိ စောင့်ကြတာပေါ့၊ အခုက အရမ်းအေးနေသေးတယ်၊ သိပ်မကြာခင် နှင်းကျတော့မယ်ထင်တယ်၊ ပြီးတော့ ကျွန်မတို့တွေ ခြံဝန်းကို တံတိုင်းမခတ်ခင် ရှေ့မျက်နှာစာခြံဝန်းနဲ့ အိမ်ရဲ့ဖွဲ့စည်းပုံကိုလဲ နားလည်အောင် လုပ်ဖို့လိုသေးတယ်၊ အလျင်လိုစရာ မလိုပါဘူး အားနဥ်နဲ့ ကျွန်မကလဲ အခုထက်ထိပစ္စည်းတွေကို လေ့လာနေတုန်းပဲ၊ ဒီတော့ ကျွန်မတို့တွေက ပမာဏအနည်းငယ်ကိုပဲ ထုတ်လုပ်နိုင်သေးတယ်လေ၊ ကျွန်မတို့အသုံးမလိုတဲ့ အချိန်ကြရင် မီးဖိုချောင်တံခါးကို ဒီအတိုင်းပိတ်ထားလိုက်ရင် လုံလောက်ပါပြီ"

သူတို့သည် တော်တော်လေး ဝေးကွာသည့်နေရာတွင် နေကြသည်။ ပိုမိုကောင်းမွန်သည့် လူနေမှုပုံစံပိုင်ဆိုင်ထားသည့် ရွှီမိသားစုကလွဲလျှင် အားလုံးသည် နေရာအများကြီးကို အလွတ်မထားဘဲ တော်တော်လေးကို တင်းတိမ်ရောင့်ရဲစွာ နေလာကြသည်။ ထို့ကြောင့် အိမ်ထောင်စုများအကြားတွင် အလည်အပတ်သွားသည်က ရှားပါးသည်။ စိုက်ပျိုးရေးကာလ အရေးကြီးသည့်ရာသီတွင် ရှန်းကျင့်နှင့် သူ့ညီအစ်ကိုများကပင် သူတို့၏ အစားအသောက်ကို လယ်ကွင်းထဲသို့ ယူသွားကြသည်။ စိုက်ပျိုးရေးရာသီ မရောက်ခင်တွင်တော့ ညီအစ်ကိုသုံးယောက်က ကိုယ့်ဟာကိုယ် ချက်စားကြသည်။

သူမ၏စကားကို ကြားလိုက်သည်တွင် ရှန်းလီသည် အများကြီး စိတ်အေးသွားတော့သည်။

"ဒါလဲ ကောင်းပါတယ်၊ အခုလောလောဆယ်တော့ ပမာဏအနည်းငယ်ကိုပဲ စမ်းသပ်ကြည့်အုံးပေါ့၊ ပမာဏအများကြီးကို မထုတ်သေးပါနဲ့၊ စက္ကူတွေက အခုလောလောဆယ် ကုန်ကြမ်းတွေ ပြတ်လပ်နေတာ၊ မင်းရဲ့စက္ကူက အပြင်ဘက်မှာရောင်းတဲ့ စက္ကူတွေနဲ့ မတူဘူး၊ ဒါက အာရုံစူးစိုက်စရာ အများကြီးဖြစ်လာစေလိမ့်မယ်၊ အခုလောလောဆယ်တော့ ဒီအကြောင်းကို ထုတ်မပြောသေးတာ ကောင်းတယ်"

ဟုတ်ပါသည်။ သူမ၏စက္ကူသည် တစ်မူထူးခြားနေပြီး ပုံမှန်အမျိုးအစားလို ကြမ်းတမ်းမနေချေ။

ရှန်းလီ စိတ်ပူနေသည့်အကြောင်းကို နောက်ဆုံးတော့ သဘောပေါက်သွားသဖြင့် အပြုံးတစ်ခုက စန်းလော့၏မျက်လုံးထဲတွင် ပေါ် ပေါက်လာတော့ သည်။

"ရှင်စိတ်ပူနေတာက ဒီကိစ္စလား၊ စိတ်မပူပါနဲ့၊ ကျွန်မ ဘယ်လို သိမ်းထားရမယ်ဆိုတာ သိပါတယ်၊ ဒီစက္ကူထုတ်နိုင်တယ်ဆိုတာကလဲ ဒီအတိုင်း ကံကောင်းသွားတာပါ၊ ဒါကို ပိုကောင်းအောင်လုပ်ဖို့ဆိုရင် နောက်ထပ်စမ်းသပ်ဖို့ လိုအပ်သေးတယ်၊ ကျွန်မတို့တွေ ဒါကို ကျွန်မတို့ကိုယ်တိုင်အတွက်ပဲ သုံးရမယ်၊ ကျွန်မတို့မှာ လုပ်နည်းကို ကာကွယ်ပေးနိုင်တဲ့ နည်းလမ်းရှိလာတဲ့အထိပေါ့"

ရှန်းအန်းကလဲ သူတို့သည် ဇီးသီးမုန့်ကို မုန့်ရေကြည်အဖြစ် နာမည်ပြောင်းလဲပေးခဲ့ပြီး စွန်ပလွန်သီးမုန့်ကို ရောင်းချရာတွင်လည်း ဆိုင်များကို သေသေချာချာ ရွေးချယ်ခဲ့သည့်အကြောင်းကို ပြန်စဥ်းစားမိသည်။ သူက ထောက်ခံလိုက်၏။

"ကျွန်တော်တို့တွေ တကယ် သတိထားမှဖြစ်မယ်၊ ပြည်နယ်ကျောင်းကလဲ ဖွင့်တော့မှာဆိုတော့ သူတို့တွေက နောက်ဆုံး စက္ကူပြဿနာကို ဖြေရှင်းပေးကြမှာပါ၊ ကျွန်တော်တို့တွေ စက္ကူကို ဝယ်နိုင်တယ်ဆိုရင်တော့ အကောင်းဆုံးပေါ့၊ ဒါပေမဲ့ တကယ်လို့များ မဝယ်နိုင်ဘူးဆိုရင် ကျွန်တော်တို့တွေ ဝါးစာလိပ်ကိုပဲ အမြဲတမ်းအသုံးပြုရမှာ ဟုတ်တယ်မလား"

ဝါးများသည် တောင်ပေါ်တွင် ပေါများကြွယ်ဝစွာ ပေါက်ရောက်လေသည်။ သူတို့သည် အိမ်တွင် ဝါးစာလိပ်များကို ပြုလုပ်နိုင်သည်။ ကျောင်းတော်က သာမန်ပြည်သူများကိုလဲ ခွင့်ပြုထားသဖြင့် လူတိုင်းကတော့ စက္ကူကို တတ်နိုင်ကြမည် မဟုတ်သည်က သေချာသည်။

နောက်ထပ် ပျော့ဖတ်နှစ်သုတ်ကို ပြင်ဆင်ပြီးသည့်နောက်တွင် သူတို့သည် မီးဘေးနားတွင် တိုက်ရိုက်အခြောက်ခံထားလိုက်၏။ ရရှိလာသည့်ပစ္စည်းများကို ထိုနေ့တွင်ပင် မြင်လိုက်ရသည်။ သို့တိုင် စန်းလော့သည် သက်ပြင်းမချဘဲ မနေနိုင်ချေ။ စက္ကူများက စျေးကြီးသည်မှာလဲ မထူးဆန်းတော့ပေ။ သူတို့ သည်စက္ကူကို ကိုယ်တိုင်လုပ်နိုင်သည့်တိုင် ကုန်ကြမ်းပစ္စည်းများအတွက် အများအပြား မပေးရသည့်တိုင် လိုအပ်သည့် လုပ်အားကတော့ တော်တော်လေးများပြားသည်။ ဒါသည် အချိန်အများကြီးပေးရကာ လုပ်အားကလဲ ပင်ပန်းလှသည်။ နေရာကလဲ ကျဥ်းမြောင်းနေသည်တွင် ရလာသည့်ရလဒ်က အနည်းငယ်သာဖြစ်လေသည်။

ရှေးခေတ်ကလူများက ဒီလိုပမာဏအနည်းငယ်ကို အသုတ်ငယ်လေးစီ ခွဲပြီးထုတ်သလား သို့မဟုတ် သူတို့တွင် အခြောက်လှန်းဖို့ရန် နေရာအကျယ်ကြီး ရှိနေသလားဟု စဥ်းစားမိလေသည်။ စက္ကူထုတ်လုပ်သည့် အသိပညာများကို ကိုင်စွဲထားသည့် ချမ်းသာသည့်မိသားစုများကတော့ ဒီစာရွက်ကိုလုပ်ဖို့ရန် ရည်ရွယ်ထားသည့် မြေများကိုတော့ လိုအပ်နေလိမ့်မည် မဟုတ်ချေ။

သူမ၏ ကိုယ်ပိုင်ခေတ်ကာလက စုန့်မင်းဆက်ကို စဥ်းစားကြည့်လျှင် စက္ကူအသုံးပြုမှုက တော်တော်လေးကို ကျယ်ပြန့်နေပြီဖြစ်သည်။ စက္ကူလုပ်သည့်နည်းပညာကလဲ အများကြီး တိုးတက်နေလိမ့်မည်ဟု သူမက စဥ်းစားမိသည်။ စာရွက်အများအပြားကို ထုတ်လုပ်သည့်လုပ်ငန်းစဥ် တစ်ခုသည် အခြောက်လှန်းဖို့ရန်အတွက် အသုံးချသည့် သစ်သားပြားများ၏ အရေအတွက်ဖြင့်သာ ဆုံးဖြတ်သည်တော့ မဟုတ်လောက်ချေ။

သို့တိုင် သူမသည် ဒီလိုနည်းလမ်းမျိုးကို တခါမှမသင်ယူခဲ့ဖူးချေ။ အရေးကြီး အချက်အလက်များအပေါ် သူမ၏နားလည်မှုနှင့် စိတ်အားထက်သန်မှုကို အားကိုး၍သာ သူမသည် အဝတ်အစား ရက်လုပ်ခြင်းနှင့် တို့ဟူးပြုလုပ်ခြင်းစသည့် နေ့စဥ်သုံးပစ္စည်းများမှ ဆွဲယူအသုံးပြုထားခြင်းဖြစ်သည်။ သူမက ဒီလိုပစ္စည်းမျိုးကို အမှန်တကယ် ဖန်တီးနိုင်သည်က ကံကောင်းနေပြီဖြစ်သည်။ သို့သော်ငြားလည်း ထပ်ပြီးတစ်ခုခုကို စဥ်းစားဖို့ရန်အတွက်တော့ ဒီအခိုက်အတန့်တွင် သူမ လက်လှမ်းမမှီနိုင်သည့်အရာ ဖြစ်လေသည်။

စက္ကူ၏ပုံစံကို အစဥ်အတိုင်း မှတ်တမ်းပြုထားပြီးနောက်တွင် သူမသည် သူမ၏လုပ်ငန်းစဥ်ကို ခဏလောက်ရပ်ဆိုင်းထားဖို့ ဆုံးဖြတ်လိုက်သည်။

သူမ၏ အားလပ်သည့်အချိန်လေးတွင် သူမသည် ပေါ့ပေါ့ပါးပါးအလုပ်များကို ရှာဖွေလုပ်ဖို့ရန် တောင်ပေါ်သို့ တက်သွားလိုက်ပြီး တောင်တစ်ခုလုံးကို ဝဥစိုက်ပျိုးခြင်းအတွက် အသုံးပြုမည်ဖြစ်သဖြင့် သစ်ပင်များကို ခုတ်လှဲခြင်းကလွဲလျှင် ကျောက်သလန်နှင့် ကျောက်စစ်လန်တို့သည် ခြုံပုတ်များနှင့် သစ်ကိုင်းများကို ခုတ်လှဲကြကာ အကိုင်းအခက်များကို စည်းနှောင်လိုက်ကြပြီး ရှန်မိသားစု၏ တဲအပြင်ဘက်တွင် လာရောက်ပို့ဆောင်ထားသည်။ စန်းလော့က ဒီသစ်ကိုင်းများကို အမျိုးအစားခွဲလိုက်ပြီး သူမ၏စမ်းသပ်မှုအတွက် သင့်တော်မည်ထင်ရသည့် သစ်ခေါက်များကို ခွာလိုက်သည်။ ထိုသစ်ကိုင်းများကို အမည်တပ်ပြီး မှတ်တမ်းရေးပြီးနောက်တွင် သူမက ထိုသစ်ကိုင်းများကို ပြန်လည်စည်းနှောင်ထားလိုက်ပြီး တောင်ကျစမ်းရေထဲတွင် ရေစိမ်ထားလိုက်သည်။

သူတို့ကိုယ်တိုင် ဖြေရှင်းနိုင်သည့် နောက်ထပ်အလုပ်တစ်ခုမှာ မြေသြဇာပြုလုပ်ခြင်းပင်။

မစင်မြေသြဇာပြုလုပ်ခြင်းသည် လျှိုမြောင်ထဲတွင် အခြေချနေထိုင်ကတည်းက လက်တွေ့လုပ်ငန်းတစ်ခု ဖြစ်ခဲ့သည်။ သရှင်းရွာကို တည်ထောင်ပြီးသည့်နောက်ပိုင်းတွင် မိသားစုတစ်ခုချင်းစီက ထိုတာဝန်ကို သဘာဝအလျောက် ဆက်လုပ်ကြသည်။ ဟုတ်ပါသည်။ နှစ်အနည်းငယ် ကြာပြီးနောက်တွင် ဒီအလုပ်က အမြဲတမ်း ရှန်းလီထံသို့ ကျရောက်လာသည်။ သူ မရှိသည်တွင် တာဝန်လွှဲပြောင်းရသူမှာ ရှန်းအန်းဖြစ်ပြီး စန်းလော့နှင့်ရှန်းနဥ်တို့က ဒီလုပ်ငန်းစဥ်တွင် ဘယ်တော့မှမပါဝင်ခဲ့ချေ။

ယခုတော့ စန်းလော့လုပ်ရန် လိုအပ်သည့်အရာမှာ မြေသြဇာအမျိုးအစားကို ခွဲခြားပြင်ဆင်ဖို့ရန် ဖြစ်လေသည်။

ခုတ်လှဲထားသည့် သစ်ပင်များမှ ကြွေကျလာသည့်သစ်ရွက်များကို မြေဆွေးဖြစ်အောင် လုပ်ထားသည်။ ဆားဓာတ်ဖယ်ရှားထားသည့် တိရိစ္ဆာန်အရိုးများကို အရိုးမှုန့်များဖြစ်သွားအောင် လုပ်ရသည်။ ကြက်ဥအခွံများကို ရရှိနိုင်သည့်အချိန်တွင် ကြက်ဥ အခွံအမှုန့်များဖြစ်အောင် စုဆောင်းထားသည်။ ဒီနေရာတွင် သီးသန့်စုဆောင်းထားသည့် မြက်ပြာများကိုပင် အဖိုးတန်သည့် အရင်းအမြစ်တစ်ခုဟု မှတ်ယူနိုင်သည်။

အမျိုးမျိုးသော ပြင်ဆင်ပြုလုပ်ခြင်း နည်းလမ်းများကို အသုံးပြုထားသည့် ဒီပစ္စည်းတစ်ခုချင်းစီသည် ကိုယ်ပိုင်ထူးခြားသည့် မြေသြဇာအရည်အသွေးကို သိမ်းဆည်းထားသည်။ လယ်သမားတစ်ယောက်အတွက် အများဆုံး ဂရုစိုက်ရမည့်အရာထက် ပိုပြီးနည်းပါးသည့် အရာဟူသည်မှာ မရှိချေ။ သူတို့၏ အိမ်ထောင်စုများတွင် မစင်မှထွက်လာသည့်အရာများကပင် ရှားပါးသည့် အရင်းအမြစ်များ ဖြစ်လေသည်။

ကျင်လည်နေသည့်လက်များဖြင့် သူမက ရှန်းလီနှင့်ရှန်းအန်းတို့ ခွဲခြမ်းထားပေးသည့် ဝါးနှီးများကိုသုံးကာ သေးငယ်သည့် ခြင်းတောင်းတစ်ခုကို ရက်လုပ်လိုက်သည်။ ဒါကို အခြေခံလိုအပ်သည့်ပစ္စည်းများ သိမ်းဆည်းဖို့ရန်အတွက် အလွတ်ထားထားသည်။ စာရေးစုတ်တံ၊ မှင်ချောင်း၊ မှင်တုံး၊ စက္ကူဖိသစ်ချောင်း၊ မှင်သွေးဖို့ရန်အတွက် ရေဖြည့်ထားသည့် ဝါးကျည် တောက်ငယ်လေး တစ်ခုတို့အတွက်ဖြစ်သည်။

ပျားပန်းခတ်မျှ လှုပ်ရှားနေသည့်ကြားက အချိန်သည် ကုန်လွန်သွားခဲ့သည်။ သူတို့မသိလိုက်ခင်မှာပင် ၁၂လပိုင်း၊ ၉ရက်နေ့သို့ ရောက်လာခဲ့သည်။ အနောက်ဘက်ခြံဝန်းထဲတွင် သစ်ပုံကြီးများဖြင့် ပြည့်နှက်နေသည်။ ဒါသည် ရှန်းလီနှင့်ရှန်းအန်းတို့၏ ဝင်ခွင့်စာမေးပွဲ ဖြေဆိုရမည့်နေ့လဲ ဖြစ်လေသည်။

စန်းလော့သည် တစ်ခြားသူများ၏ ပြင်ဆင်မှုကိုတော့ မသိချေ။ သို့သော်ငြားလည်း ရှန်းလီနှင့်ရှန်းအန်းတို့ကတော့ အမှန်ပင် မဆုတ်မနစ် စာကြိုးစားကြလေသည်။ ပိုပြီးငယ်ရွယ်သေးသည့် ရှန်းအန်းကတော့ အခွင့်အရေးပိုများသည်။ ထို့ကြောင့် သူ့အခြေအနေက အနည်းငယ်လေး ပိုကောင်းသည်။ သို့သော်ငြားလည်း ရှန်းလီသည် တစ်ညတစ်ညတွင် နှစ်နာရီခွဲထက်ပိုပြီး မအိပ်နိုင်ချေ။ စာမေးပွဲအကြို ရှေ့တစ်ရက်တွင် စန်းလော့က အနားယူခြင်း၏ အရေးကြီးပုံကိုလဲ အလေးပေးပြောဆိုရာမှ သူသည် နောက်ဆုံးတော့ အနည်းငယ် စိတ်လျှော့လိုက်တော့သည်။

နောက်ပိုင်းခေတ်များက တော်ဝင်စာမေးပွဲများနှင့် မတူဘဲ သချီမင်းဆက်၏ ကနဦးဝင်ခွင့်စာမေးပွဲသည် အင်မတန်မှ ရိုးရှင်းလှသည်။ စန်းလော့က အစားအသောက်နှင့်ရေများကို ယူဆောင်သွားပေးဖို့ တစ်ခုခုပြင်ဆင်ပေးချင်သည့်တိုင် ထိုသို့မလိုအပ်ချေ။ ရှန်းလီစာရင်းသွင်းခဲ့ချိန်တွင် စာမေးပွဲက တစ်ခုထဲသာရှိသည်ဟု သိခဲ့ရသည်။ သူလုပ်ဖို့ရန် လိုအပ်သည့်အရာမှာ စုတ်တံ၊ မှင်နှင့် မှင်တုံးတို့ကဲ့သို့ စာရေးပစ္စည်းများကိုသာ ယူခဲ့ရန်ဖြစ်ပြီး စက္ကူကိုပင် ယူစရာမလိုချေ။ သူတို့သည် အစားအသောက်နှင့်ရေကိုလဲ မလိုအပ်ချေ။ သူတို့သည် မနက်ခင်းတွင် စာမေးပွဲကို ပြီးစီးအောင်ဖြေနိုင်ပြီး နေ့လည်ခင်းပိုင်းတွင် ပြန်လာနိုင်သည်။

စန်းလော့နှင့် ရှန်းနဥ်တို့က မနက်စာပြင်ဆင်ပေးဖို့ စောစောနိုးလာကြသည်။ ဟုတ်ပါသည်။ တောင်အတွင်းပိုင်းတွင် အခြေခံပါဝင်ပစ္စည်းများ မရှိသည့်အတွက် သူတို့သည် ဘာမှထူးထူးခြားခြား မလုပ်ပေးနိုင်ချေ။ သူတို့သည် ဟင်းရည်မပါဘဲ ဗိုက်ပြည့်စေမည့် အစားအသောက်ကိုသာ ပြင်ဆင်ပေးနိုင်သည်။ မိသားစုက စားသောက်ပြီးနောက်တွင် ရှန်းလီနှင့် ရှန်းအန်းတို့က သူတို့၏ပြင်ဆင်မှုများကို ပြီးဆုံးသွားပြီး သူတို့၏ စာရင်းသွင်းထားသည့်စာအုပ်ကို ယူနေသည်ကို စောင့်ကြည့်ပေးလိုက်သည်။ ထို့ နောက်တွင်တော့ သူတို့သည် သူတို့နှစ်ယောက်ကို လိုက်ပို့ပေးလိုက်ကြ၏။

စန်းလော့သည် လတ်တလောတွင် ရှန်းလီ၏ကိုယ်ပေါ်တွင် ကျရောက်နေသည့်ဖိအားကို သတိထားမိခဲ့သည်။ သူမက သူမ၏ခြေလှမ်းများကို တမင်နှေးကွေးထားလိုက်ပြီး စကားပြောနေကြသည့် ရှန်းအန်းနှင့်ရှန်းနဥ်၏နောက်တွင် နေခဲ့လိုက်သည်။ သူမက သူမဘေးတွင် လျှောက်နေသည့် ရှန်းလီနားသို့ ပိုပြီးတိုးကပ်သွားကာ သူ့လက်လေးကို ကိုင်ထားလိုက်၏။ သိမ်မွေ့သည့်အသံတစ်ခုဖြင့် သူမက ပြောလိုက်သည်။

"ကိုယ့်ဟာကိုယ် ဖိအားတွေအရမ်းမပေးပါနဲ့၊ ဒီအတိုင်း ပုံမှန်စိတ်အခြေအနေနဲ့ပဲ သွားပြီးတော့ ဖြေကြည့်လိုက်ပါ၊ တကယ်တမ်းကြတော့ ဘဝဆိုတာက ဘာပဲဖြစ်လာလာ ရှင်သန်နေနိုင်ပါတယ်၊ အဲဒီ့စမ်းသပ်မှုတွေကတော့ ကျွန်မရဲ့ နဂိုစိတ်ကူးကလဲ ကျွန်မတို့မိသားစု ပိုပြီးလွယ်လွယ်ကူကူ အဆင်ပြေလာအောင် လုပ်ဖို့ပဲလေ၊ အဲဒီ့ပစ္စည်းတွေ အပြင်ဘက်က ကုန်ပစ္စည်းတွေနဲ့ ယှဥ်ပြိုင်လာနိုင်ပြီဆိုရင် ကျွန်မတို့တွေက နောက်ဆိုရင် စက္ကူတွေကို ဝယ်စရာမလိုတော့ဘူးပေါ့၊ ဒါက ကျွန်မတို့အတွက် အဆင်ပြေလိမ့်မယ်၊ အခုလောလောဆယ်တော့ အဝေးကြီးကို မတွေးသေးပါနဲ့"

ရှန်းလီက စန်းလော့၏လက်လေးကို တင်းနေအောင် ဆုပ်ထားလိုက်ပြီး သူ့မျက်လုံးထဲတွင် နွေးထွေးမှု အရိပ်အယောင်တစ်ခု ဖြစ်သွားလေသည်။

"ကျွန်တော် နားလည်ပါပြီ"

ခဏလောက် ဆက်လျှောက်လာပြီးသည့်နောက်တွင် ရှန်းကျင့်နှင့် သူ့ညီအစ်ကိုနှစ်ယောက်ကလဲ သူတို့ကို လိုက်ပို့ပေးရန် အပြေးအလွှား ထွက်လာကြသည်။ အဝေးမှနေ၍ သူတို့သည် အဘိုးလု၊ အဘွားလု၊ ကိုယ်ဝန်၈လ ရှိပြီဖြစ်သဖြင့် ကြီးမားသည့်ဝမ်းဗိုက်ဖြင့် ဖန်းလျိုညန်တို့က အားရှုကို လာပို့ပေးသည်ကို တွေ့လိုက်ရသည်။ ထိုအခါကျမှသာ သူတို့၏ တွဲထားသည့်လက်ကို ဖြုတ်လိုက်တော့သည်။

ရွာအဝင်သို့ ရောက်လာသည်တွင် ရှန်းလီက ဖိအားခံစားရမည်ကို စိုးရိမ်သဖြင့် စန်းလော့က ရပ်လိုက်သည်။

"ကျွန်မ ရှင်နဲ့ရှောင်အန်းတို့ကို ဒီအထိပဲ လိုက်ပို့တော့မယ်နော်၊ ရှင်တို့တွေ စာမေးပွဲ ချောချောမွေ့မွေ့ ဖြေနိုင်ပါစေ"

ရှန်းလီသည် သူမကို သူ့ရင်ခွင်ထဲသို့ ဆွဲပွေ့ထားချင်စိတ် ဖြစ်ပေသည်။ သို့မဟုတ်လည်း အနည်းဆုံးတော့ စန်းလော့၏လက်လေးကို ကိုင်ထားချင်သည်။ သို့သော်ငြားလည်း ပတ်ဝန်းကျင်တွင် လူအများကြီးရှိနေသဖြင့် သူက သူမ၏ဆံပင်များကို နားအနောက်သို့ အသာအယာ ပို့ပေးရင်းဖြင့်သာ ကျေနပ်လိုက်ရကာ ခေါင်းငြိမ့်ပြီး ပြောလိုက်၏။

"အင်း၊ ရာသီဥတုက အေးတယ်၊ မင်းနဲ့အားနဥ်ရယ် တစ်ခြားသူတွေအပြင်မှာ အချိန်အကြာကြီး ရပ်နေလို့ မသင့်တော်ဘူး အိမ်ကို မြန်မြန်ပြန်တော့နော်"

စန်းလော့ကလဲ နာနာခံခံဖြင့် သဘောတူသည်။ သူမသည် ရှန်းလီနှင့် ကျန်သည့်၈ယောက် ထွက်ခွာသွားသည်ကို စောင့်ကြည့်နေလိုက်ပြီး သူတို့ကို လာရောက်ပို့ဆောင်ပေးသည့် လုမိသားစု၊ ကျိုးမိသားစု၊ ရွှီမိသားစုနှင့် စကားနည်းနည်းပါးပါး ပြောလိုက်သည်။ သူမက သူမ၏မိသားစုက အငယ်လေးများကို အိမ်သို့ခေါ်ပြန်လာခဲ့၏။

ရှန်းကျင့်တို့ ညီအစ်ကိုသုံးယောက်က လယ်ထဲတွင် လုပ်စရာအလုပ်တစ်ချို့ ရှိနေသေးသည်။ စန်းလော့က ရှန်းနဥ်ကို အဖော်လုပ်ပြီး စန်းလော့က ဆိတ်နှင့်ကြက်များကို အစာကျွေးနေသည့်ရှန်းနဥ်ကို အဖော်လုပ်ပြီး ဟင်းသီးဟင်းရွက်ခြံကို စစ်ဆေးကြည့်လိုက်သည်။ သူမသည် အလုပ်များနေသော်ငြားလည်းပဲ သူမ၏စိတ်ကတော့ ပြည်နယ်ကျောင်းတော်သို့ ဝင်ခွင့်ရရန် စာမေးပွဲဖြေဖို့ မြို့ထဲသို့ဝင်သွားကြသည့် ညီအစ်ကိုနှစ်ယောက်နှင့်ပတ်သတ်ပြီး သူမ၏စိုးရိမ်စိတ်ကိုတော့ ထိန်ချန်မထားဘဲ မနေနိုင်ခဲ့ချေ။

-

ရှီးကျိုးမြို့တွင် ပြည်နယ်ကျောင်းတော် တံခါးအပြင်ဘက်၌ စာမေးပွဲဖြေဆိုသူများနဲ့ သူတို့ကို လာရောက်အားပေးသူ တော်တော်များများက မိုးမလင်းခင်ကတည်းက စုဝေးနေကြသည်။

အစပိုင်းတွင်တော့ ရှန်းလီနှင့် ဝေ့ချင်းဟယ်တို့သည် စာမေးပွဲဖြေဆိုသူများက ဘယ်သူမှန်းမသိသလို သူတို့ကို လာပို့ပေးကြသူကလဲ ဘယ်သူမှန်း မသိကြချေ။ စာမေးပွဲကြီးကြပ်သူတစ်ယောက်က လုပ်ငန်းစဥ်များကို လာရောက်ကြည့်ရှုရန် ပေါ်ထွက်လာသည့်အချိန်မှသာ စာမေးပွဲဖြေဆိုသူအယောက် ၇၀ ကျော်ရှိသည်ကို သိလိုက်ရသည်။ သူတို့ထဲက တစ်ချို့မှာ မုတ်ဆိတ်မွှေးငုတ်တိုများနှင့် သက်လတ်ပိုင်း ယောက်ျားများဖြစ်သည်။ ရှန်းလီ၏လက်ဖဝါးသည် ချွေးများပြန်လာတော့သည်။

စာမေးပွဲမဖြေခင်တွင် စာမေးပွဲကြီးကြပ်ရေးမှူးက စာမေးပွဲနှင့်ပတ်သတ်ပြီး စည်းမျဥ်းစည်းကမ်းနှင့် လုပ်ဆောင်ချက်များကို ပြောပြသည်။ ပြည်နယ်ကျောင်းတော်မှာ ဆရာတစ်ယောက်ကိုလဲ မိန့်ခွန်းပြောဖို့ရန် ဖိတ်ကြားထားသည်။ ရှန်းလီ၊ တစ်ခြားစာမေးပွဲဖြေဆိုသူများနှင့် သူတို့ကို အားပေးသူများအပြင် ကျောင်းသားခေါ်ယူသည့် ဖြစ်စဥ်ကိုလာရောက် လေ့လာကြသည့် သိလိုစိတ်ရှိသည့် မြို့သားများကလဲ အဝေးတွင်ရှိနေကြသည်။

အဝေးက တံစက်မြိတ်တစ်ခုအောက်တွင် ပုန်းကွယ်နေကြသည့် သခင်နှင့်အစေခံ နှစ်ယောက်က ဆရာကြီး၏ မိန့်ခွန်းတိုလေးကို နားထောင်ပြီးနောက်တွင် ထွက်လာခဲ့ကြသည်။

-

ကျန့်မိသားစုအိမ်တော်။

သခင်ကြီးကျန့်နေထိုင်ရာ နွေးထွေးသည့် အခန်းလေးထဲတွင် ပုလွေတစ်ခုနှင့် ဂီတတစ်ခု၏ သာယာနာပျော်ဖွယ်အသံများက လေထဲတွင် ပြန့်လွင့်လို့နေသည်။ ဂီတသံနှင့်အဖော်လုပ်ကာ အမျိုးသမီးတစ်ယောက်၏ သိမ်မွေ့ညင်သာသည့်အသံက သံစဥ်များကို သီဆိုနေသည်။ လူကြီးမင်းကျန့်က အပျော်ရွှင်ဆုံးဖြစ်နေသည်။

ကျန့်မိသားစု၏သခင်ကြီးက အခန်းထဲသို့ဝင်လာသည်နှင့် သူသည် သူ့အဖေက သူ့ထိုင်ခုံပေါ်တွင် မှီချလိုက်ကာ မျက်လုံးကိုမှိတ်ပြီး သီချင်းကို နားထောင်နေသည်ကို တွေ့လိုက်ရ၏။ အပျိုရံနှစ်ယောက်က တစ်ဖက်တစ်ချက်စီမှ သူ့လက်နှင့်ခြေထောက်များကို နှိပ်နယ်ပေးနေသည်။ သူက တလေးတစား ဦးညွှတ်လိုက်ပြီး မျက်လွှာကိုချထားကာ အနားသို့ချဥ်းကပ်လာပြီး ခေါ်လိုက်၏။

"အဖေ"

သခင်ကြီးကျန့်က သူ့ညာဘက်လက်ဖြင့် ကုလားထိုင်၏လက်ရမ်းကို တတောက်တောက် ခေါက်နေလိုက်ပြီး ခဏလောက် စည်းချက်အတိုင်း လိုက်ထိန်းပြီး လှုပ်ရှားလိုက်ပြီးနောက် မေးမြန်းလိုက်သည်။

"ဒါက ဘာလဲ"

ကျန့်မိသားစုသခင်ကြီးသည် သူ့အဖေကို လှမ်းကြည့်လိုက်ပြီး သူ့မျက်လုံးများကို မှိတ်ထားသေးသည်ကို သတိထားမိလိုက်သည်။ သူက ဦးညွှတ်ထားလိုက်ပြီး သတိဖြင့်ပြောလိုက်၏။

"ပြည်နယ်ကျောင်းတော်က ကျောင်းအုပ်ကြီးနေရာအတွက် ရွေးချယ်လို့ ပြီးသွားပြီ"

လူကြီးမင်းကျန့်က ဘာအမူအယာမှ မပြသချေ။ သို့သော်ငြားလည်း သူ့လက်ချောင်းများက သူ့စိတ်ဝင်စားမှုကို သစ္စာဖောက်ကာ အနည်းငယ် ရပ်တန့်သွားသည်။ နောက်ဆုံးတော့ သူ့မျက်လုံးများကို ဖွင့်လိုက်ပြီး သူက မေးလိုက်၏။

"ဘယ်သူ့ကို ရွေးခဲ့တာလဲ"

ခဏလောက် တိတ်ဆိတ်သွားပြီးနောက်တွင် ကျန့်မိသားစု၏ သခင်ကြီးက သူ့အဖေ၏ မျက်နှာအမူအယာကို အကဲခတ်လိုက်ပြီးနောက် ပြန်ဖြေလိုက်သည်။

"လူကြီးမင်း မင်ပါ"

လူကြီးမင်းကျန့်၏ တတောက်တောက် ခေါက်နေသည့် လက်များက တစ်ပြိုင်တည်း ရပ်တန့်သွားသည်။ ခဏလောက် ရပ်တန့်သွားပြီးနောက်တွင် သူက ခပ်တိုးတိုးရယ်မောလိုက်ပြီး စကားလုံးကို ထုတ်ပြောလိုက်၏။

"အမြင်ကျဥ်းမြောင်းလိုက်တဲ့အယူပဲ"

ကျန့်မိသားစု၏သခင်ကြီးက ချက်ချင်းပြန်မပြောရဲခဲ့ချေ။ ထိုအစား ဖျော်ဖြေတင်ဆက်နေသူများနှင့် အပျိုရံများကို ထွက်သွားဖို့ရန် လက်ဟန်ပြလိုက်သည်။ သူတို့ ထွက်သွားပြီးသည်နှင့်တပြိုင်နက် သူက သူ့အဖေဘက်သို့လှည့်ကာ မေးလိုက်၏။

"အဖေ၊ အခု ကျွန်တော်တို့ ဘာလုပ်ကြမလဲ၊ ကျွန်တော်တို့တွေက တကယ်ပဲ ဒီအတိုင်း လစ်လျူရှူခံထားရတော့မှာလား"

"တကယ်လို့ ငါတို့တွေက လစ်လျူရှူခံထားရတယ်ဆိုရင်တောင် ဘာအရေးလဲ"

လူကြီးမင်းကျန့်က သူ့ကိုလှမ်းကြည့်လိုက်ပြီး သူ့အသံကတော့ တည်ငြိမ်နေဆဲပင်။

"မင်းရဲ့ဘိုးဘိုးကြီးက သူ့ရဲ့ပညာရေးကို လိုက်စားဖို့ အကြီးအကျယ် ကြိုးစားရုန်းကန်ခဲ့ရတာ၊ သူက အသက်၁၀နှစ်အရွယ်မှာ စပြီးတော့ စာဖတ်နေပြီ၊ အသက်၂၃နှစ်အရွယ်မှာ ကျမ်းကြီးတွေနဲ့ ပြောင်းလဲခြင်းစာအုပ်ကို သင်ယူတတ်မြောက်ပြီးပြီ၊ ၁၂နှစ်လောက် သင်ယူလေ့လာပြီးမှသာ အကုန်လုံး တတ်မြောက်သွားတယ်၊ အသက်၄၀အရွယ်မှ အားလုံးကို နားလည်နိုင်စွမ်းရှိတဲ့ အခြေအနေရခဲ့တယ်၊ မင်းတို့မျိုးဆက်ကို မရောက်ခင် မျိုးဆက်၇ဆက်က ပင်ပင်ပန်းပန်း ကြိုးစားခဲ့ကြပြီးမှ ငါတို့ရဲ့ ကျန့်မိသားစုက ဒီနေ့ ငါတို့ရရှိထားတဲ့ အုတ်မြစ်ကို တည်ဆောက်နိုင်ခဲ့တာ"

သူက အနည်းငယ် နှာခေါင်းရှုံ့ကာ ဆက်ပြော သည်။

"အရာရှိတာဝန်ခံရာထူးကို အလွယ်တကူ ကမ်းလှမ်းသတဲ့လား၊ ပညာကို သင်ကြားပေးရတာက အသေးအဖွဲကိစ္စမှတ်လို့၊ တကယ်လို့ ငါတို့ဘိုးဘေးတွေရဲ့ အားထုတ်မှုက အလကား ဖြစ်သွားတယ်ဆိုရင် ငါတို့ မျိုးရိုးမြင့်မိသားစုတွေရဲ့ အကျိုးကျေးဇူးကို ဘယ်သူက လာကာကွယ်ပေးမှာလဲ၊ ဒီဘုရင်မရှိတုန်းကလဲ ဘုရင်နှစ်ပါးက ပြည်နယ်ကျောင်းတွေကို တည်ထောင်ခဲ့တာပဲ သူတို့တွေ အောင်မြင်ခဲ့တာ မင်းတွေ့ ခဲ့ရလို့လား"

"ဒါပေမဲ့ ကျွန်တော်တို့တွေက မင်မိသားစုကို အရေးပေးနေတာကို ဒီအတိုင်း ခွင့်ပြုထားရတော့မှာလား ကျွန်တော် ဒီနေ့သွားပြီးတော့ လေ့လာခဲ့တာ၊ သူတို့ထဲက လူတော်တော်များများနဲ့ ဝမ်မိသားစုရဲ့ သားတစ်ယောက်ကလဲ ပြည်နယ်ကျောင်းတော်မှာ စာရင်းသွင်းခဲ့ကြတယ်"

သခင်မကျန့်သည် ရှီကျိုးမြို့ကို အမြဲတမ်း ထိန်းချုပ်လာသူဖြစ်သည်။ နိမ့်ကျသည့်ဇစ်မြစ်မှလာသည့် မင်မိသားစုမျိုးနွယ်နှင့် ဝမ်မျိုးနွယ်တို့က သူတို့ထက် သာလွန်သွားမည်ကို သူမက မည်သို့ သည်းခံနိုင်ပါမည်နည်း။ အမြဲတမ်းလိုလို အောင်မြင်မှုရရှိခဲ့သည်ကို စဥ်းစားမိလျှင် သူမသည် မလိုလားသည့်ခံစားချက်နှင့် စိတ်ကသိကအောက် ဖြစ်ရသည့်ခံစားချက်တို့ကို ခံစားရလေသည်။ ကျန့်မိသားစု၏သခင်ကြီးက အဖေဖြစ်သူ၏ အမူအယာကို အကဲခတ်လိုက်ပြီးနောက် သတိဖြင့်မေးမြန်းလိုက်သည်။

"မြို့တော်မှာရှိနေတဲ့တစ်ယောက်က ကျွန်တော်တို့ရဲ့ သချီနဲ့ပြိုင်ဘက်ကို တကယ်တမ်း ခံနိုင်ရည်ရှိလိမ့်မယ်လို့ အဖေထင်လား၊ တကယ်လို့ သူကျရှုံး..."

"ဒဏ်ခတ်ခံရမှာ ကြောက်တာလား၊ မင်မိသားစုက ငါတို့ကျန့်မိသားစုကို ဖိနှိပ်သွားမှာကို ကြောက်တာလား"

လူကြီးမင်းကျန့်က အဟက်ခနဲ အသံတစ်ချက် ပြုလုပ်လိုက်သည်။

"မင်းစိုးရိမ်နေတာ စောလွန်းပါသေးတယ်၊ ရုံးတော်မှတ်တမ်း အချက်အလက်တွေအတွက် စာရွက်အတိုအစလေးကို သုံးနေရတဲ့ရုံးတော်တစ်ခုက... ဒါက ဘယ်လောက်ခံမယ်လို့ မင်းက ထင်လို့လဲ၊ မြေယာ ပြန်ခွဲပေးတဲ့ပုံစံကို ကြည့်လိုက်စမ်း၊ အရင်ဆုံး လူဘယ်နှစ်ယောက်ရဲ့ စိတ်ဝင်စားမှုကို ရအောင်လုပ်နိုင်လဲဆိုတာ စဥ်းစားကြည့်လိုက်အုံး"

ကျန့်မိသားစု၏ ချမ်းသာကြွယ်ဝမှုက သူ၏စောင့်ကြည့်မှုအောက်တွင် မည်မျှ ဆုတ်ယုတ် လျော့ပါးသွားရသည်ကို စဥ်းစားမိလိုက်လျှင် အေးစိမ့်သည့် ခံစားချက်တစ်ခုက အဘိုးကြီး၏မျက်လုံးထဲသို့ ဝင်ရောက်လာလေသည်။ သူက အနီးတွင်ချထားသည့် လက်ဖက်ရည်တခွက်ကို ကောက်ကိုင်လိုက်ပြီး အကြိမ်အနည်းငယ် လှုပ်ရှားလိုက်ပြီးနောက် တစ်ငုံလောက် သောက်လိုက်ပြီးနောက်တွင် မဲ့ရွဲ့သွားသည့် အမူအယာတစ်ခုဖြင့် အကြည့်ကို အောက်ချထားလိုက်သည်။

"သူက ချန်နိုင်ငံကို သုတ်သင်နိုင်တယ်ဆိုရင်တောင် ဘာဖြစ်သေးလဲ၊ အခွန်ခကိုသုံးနှစ် ကင်းလွတ်ထားတယ် ဒါတောင် သူတို့တွေက ဒီလောက်ကြီးမားတဲ့ စစ်တပ်တစ်ခုကို ထိန်းသိမ်းဖို့ လိုအပ်သေးတာပဲ၊ သချီက ဒီသုံးနှစ်အတွင်းမှာ အဲဒီ့ကိစ္စတွေကို စီမံတာကို စောင့်ကြည့်ပြီးမှပဲ မင်းစပြီးစိတ်ပူလဲ နောက်မကျပါဘူး"

"တကယ်လို့ သူတို့တွေက ဒါကို မဖြေရှင်းနိုင်ဘူးဆိုရင် ချူနိုင်ငံ၊ ဟန်နိုင်ငံ၊ ချင်နိုင်ငံ...နိုင်ငံတွေမှ အများကြီးဖြစ်လာအုံးမှာပဲ"

အထင်ကရမိသားစုများစွာ၏ အကျိုးစီးပွားကို ထိပါးထားသဖြင့် နာကျည်းမှုကတော့ သေချာပေါက်ရှိနေလိမ့်မည်။ သချီနိုင်ငံသည် သယန်နိုင်ငံ၏ နယ်မြေ ၉၀ ရာခိုင်နှုန်းနီးပါးကို သိမ်းပိုက်ထားခဲ့ပြီးဖြစ်သည်။ စက္ကူထုတ်လုပ်သည့်စက်ရုံကို အဘယ်ကြောင့် ပြန်ပြီးမလည်ပတ်နိုင်သေးပါသနည်း။ ဒါက လက်မှုပညာရှင် မရှိသည့်အတွက်ကြောင့်လား။ လက်ထဲတွင် ပြုလုပ်ပုံပြုလုပ်နည်းနဲ့ ဖော်စပ်ပုံများရှိနေလျှင် ပညာရှင်များက မည်သို့ ရှားပါးနိုင်ပါမည်နည်း။ အားလုံးက သူတို့၏စိတ်ထဲတွင် အာဃာတတရားတစ်ခု ကိန်းအောင်းနေခြင်းကြောင့် မဟုတ်ပါလား။ လက်ရှိတွင် သူတို့သည် စစ်တပ်၏အာဏာကို ဆန့်ကျင်ဖို့ရန် အင်အားမရှိသေးသောကြောင့်သာ ဖြစ်လေသည်။

ရေရှည်တွင် မည်သူက မည်သူထက် သက်ဆိုးရှည်နိုင်မည်ကို စောင့်ကြည့်ရုံသာပင်။

...

အပိုင်း (၂၂၀) စာသင်သား၏ဇနီး

ကျန့်မိသားစု၏ ထောင်လွှားခြင်းကို စားမေးပွဲခန်းမထဲသို့ ဝင်လာခဲ့ပြီး သူတို့စာရွက်များကို လက်ခံခဲ့ကြသည့် ရှန်းလီနှင့်တခြားသူ ဖြေဆိုသူများက မသိကြချေ။ ချီယန်စီရင်စု လီရှီရွာက သာမန်ရွာသားတစ်ယောက်အနေဖြင့် ရှန်းလီသည် ကျန့်မိသားစုကို သိဖို့မဆိုထားနှင့် ရှီကျိုးပြည်နယ်ကိုပင် အရင်က တခါမှ ခြေမချခဲ့ဖူးချေ။

သည်အချိန်တွင် သူ၏တစ်ခုတည်းသော စိုးရိမ်စိတ်မှာ သူ လက်ခံရရှိထားသည့် စာရွက်နှစ်ခုကို ဖြေဆိုနိုင်ရန် ဖြစ်လေသည်။ ဖြေဆိုသူ အယောက် ၇၀တွင် အယောက် ၄၀ကိုသာ ရွေးချယ်လိမ့်မည်။ သူသည် ထိုအရေအတွက်ထဲတွင် မကျန်ရစ်ခဲ့ရန် မျှော်လင့်ရလေသည်။

အမှန်တွင်တော့ အခြေအနေကို စဉ်းစားကြည့်လျှင် သာမန် ဖျဉ်ကြမ်းအဝတ်အစား ဝတ်ဆင်ထားကြသည့် သရှင်းရွာက တစ်ချို့ကလွဲလျှင် ဖြေဆိုအများစုက တော်တော်လေး သားသားနားနား ဝတ်ဆင်ထားကြလေသည်။ ရှန်းလီတင် မဟုတ်ချေ။ ဝေ့ချင်းဟယ်ပင်လျှင် စိုးရိမ်စိတ်ကြောင့် သူ့လက်ဖဝါးများတွင် ချွေးများထွက်လေသည်။

သည်နှစ်စာမေးပွဲတွင် ထူးခြားသည့်ပုံစံတစ်ခု ရှိသည်။ ဖြေဆိုသူများသည် စာရင်းသွင်းချိန်က သူတို့သည် ဘယ်စာအုပ်ကို စစ်ဆေးစေချင်သည်ဟု အထူးတလည် သတ်မှတ်ထားရသည်။ စာရွက် အရေအတွက်ကိုလည်း ရွေးချယ်ထားသည့် ဘာသာရပ်အလိုက် ပြင်ဆင်ပေးထားသည်။ အကြောင်းအရင်းတစ်ချက်မှ ဖြေဆိုများ၏ အရည်အချင်း ကွာဟချက်ကြောင့်ဖြစ်ပြီး ဒါက အုပ်ချုပ်ရေးမှူးနှင့် လက်ထောက်ကို သတ်မှတ်ချက် နိမ့်ထားပေးရသည်အထိ ဖြစ်သွားစေသည်။ နောက်အကြောင်းပြချက်တစ်ခုမှာ စက္ကူပြတ်လပ်နေခြင်းကြောင့်ပင်။ သူတို့ ရွေးချယ်ဖို့ရန်အတွင် စက္ကူအများအပြားကို ကြိုတင်ပြီး ပြင်ဆင်ပေးဖို့ရန် နည်းလမ်းမရှိချေ။

ရှေ့ညက စန်းလော့၏ အကြံပြုချက်အတိုင်း ရှန်းလီသည် တည်ငြိမ်အောင် အကောင်းဆုံး ကြိုးစားလိုက်၏။ သူက စာရွက်နှစ်ခုလုံးကို သေသေချာချာ မြန်မြန်ဖတ်လိုက်ပြီး အကြောင်းအရာအများစုကို သူ သိနေသည်ကို တွေ့လိုက်ရလေသည်။ သူ့နှလုံးသားသည် တည်ငြိမ်သွားပြီး သူသည် စာရွက်ကို ဘေးချထားလိုက်ကာ ခြင်းထဲက သူ့စာရေးကိရိယာများကို ထုတ်လိုက်ပြီး စတင်ပြင်ဆင်လိုက်လေသည်။ ပြီးခဲ့သည့် ရက်များက သည်ပစ္စည်းများနှင့် ရင်းနှီးနေသဖြင့် သူသည် မှင်ခွက်ကို ဖြည့်လိုက်ပြီး စိတ်အေးအေးဖြင့် မှင်သွေးလိုက်သည်။ အားလုံး အဆင်သင့်ဖြစ်သွားသည်နှင့် သူက ပထမစာရွက်ကို ဖွင့်လိုက်ပြီး စာရေးရန် သူ့စုတ်တံကို မှင်ထဲတွင် နှစ်ချလိုက်တော့သည်။

...

အိမ်ပြန်ရောက်လာပြီးနောက် ရှန်းနဉ်သည် သူမ၏ဝေယျာဝေစ္စများကို ပြီးစီးအောင်လုပ်ခဲ့သော်လည်း စိတ်ဂနာမငြိမ်သလို ခံစားနေရပြီး စိုးရိမ်စိတ်ဖြင့် ဟိုလျှောက်သည်လျှောက် လုပ်နေမိလေသည်။

စန်းလော့မှာ သူမကိုကြည့်ရင်း မူးနောက်လာတော့သည်။ သူမက ပဲတစ်ချို့ကို ရေစိမ်လိုက်ပြီး ရေပုံးတစ်လုံးနှင့် သူမကိုယ်တိုင်အတွက် တစ်လက်၊ ရှန်းနဉ်အတွက်တစ်လက် ပေါက်ပြားနှစ်လက်ကို လှမ်းယူလိုက်၏။ “လာခဲ့၊ အခြောက်လှန်းဖို့ ဆောင်းမျှစ်နည်းနည်းပါးပါး သွားတူးရအောင်၊ စာမေးပွဲက ပြီးသွားပါပြီ၊ ဒါပေမဲ့ အောင်စာရင်းက ထွက်မလာသေးဘူး၊ နင် ဘယ်အချိန်ထိ ဒီလိုလျှောက်နေတာမှာလဲ”

ရှန်းနဉ်က ပေါက်ပြားကို လှမ်းယူလိုက်ပြီး စန်းလော့နောက်မှ လိုက်လာကာ လမ်းလျှောက်ရင်း မေးလိုက်လေသည်။ “ယောက်မ ယောက်မ စိတ်မပူဘူးလား”

“စိတ်ပူတာပေါ့၊ ဒါပေမဲ့ အခု သူတို့ စာမေးပွဲ့ရလာဒ်က သူတို့ရဲ့နေ့စဉ် အားထုတ်မှုနဲ့ဆောင်ရွက်ချက်အပေါ်ပဲ မူတည်တော့တာလေ၊ ငါတို့ စိတ်ပူနေလည်း ဘာမှ ပြောင်းလဲသွားမှာမဟုတ်ဘူး” သူမက ကျိုးကြောင်းသင့်အောင် ပြောပြလိုက်ပြီး စိတ်ပူနေရမည်ကို ငြင်းဆန်းနေလေသည်။

မျှစ်များကို တူးရန် သူတို့သည် သူတို့၏ကိုယ်ပိုင်တောင် နှစ်လုံးကို အရင်ဆုံး ကျော်ရမည်ဖြစ်ကာ ထို့နောက် ဝါးတောသို့ မရောက်ခင် နည်းနည်းဆက်သွားရသေးသည်။ ထို့ကြောင့် သမီးယောက်မ နှစ်ယောက်သည် သူတို့မိသားစု မြေဆီသို့ တန်းတန်းမတ်မတ် သွားလိုက်ကြ၏။

နောက်ပိုင်းတွင် ကျောက်သလန်နှင့် ကျောက်စစ်လန်တို့သည် တောင်ပေါ်က သက်တမ်းရင့်သစ်ပင်များကို ခုတ်လှဲထားခဲ့ပြီးဖြစ်ကာ အပြီးသတ်ရန်အတွက် နောက်ထပ် ၇-၈ရက်လောက် အချိန်ပေးရလိမ့်မည်ဟု ခန့်မှန်းထားသည်။ စန်းလော့ကို ရှန်းနဉ်နှင့်အတူ တွေ့လိုက်ရသဖြင့် သူတို့သည် အလောတကြီး လာရောက်နှုတ်ဆက်ကြပြီး စန်းလော့ကို မေးလေသည်။

“စန်းရှီ တောင်ပေါ်က အဲဒီပိုငယ်ပြီး သက်တန့်မရင့်သေးတဲ့ သစ်ပင်တွေနဲ့ ဘာပင် စိုက်မှာလဲ”

အမှန်တွင်တော့ ဝဥစိုက်ပျိုးခြင်းက သစ်ပင်များကို ခုတ်လဲရန်မလိုချေ။ သူတို့သည် ပြီးခဲ့သည့်နှစ်နှစ်တွင် ထိုသို့ မလုပ်ခဲ့ကြချေ။ ဝဥများကို သစ်ပင်များကြားတွင် ကြားညပ်စိုက်ခဲ့ကြသည်။

စန်းလော့က ကျောက်စစ်လန်ပြောသည့် သက်တမ်းမရင့်သေးသည့် သစ်ပင်များကို လှမ်းကြည့်လိုက်၏။ တော်တော်များများက သူမ၏လက်‌မောင်းလောက် ကြီးသည်။ သူမက ပြန်ဖြေလိုက်သည်။ “ကျွန်မ အဲဒါတွေကိုလဲ ခုတ်လဲမှာပါ၊ ကျွန်မ အဲဒါတွေကို သုံးစရာရှိတယ်၊ မြေကို ရှင်းလင်းပြီးသွားရင် ကျွန်မတို့တွေ နောက်ပိုင်းကျရင် ဝဥထပ်စိုက်လို့ရတယ်”

“ဒါဆိုရင် ကောင်းပါပြီ” သူမတွင် ထိုအရာများအတွက် စိတ်ကူးရှိသည်ကို ကြားလိုက်ရသဖြင့် ကျောက်စစ်လန်က တွန့်ဆုတ်မနေတော့ချေ။ ပတ်ဝန်းကျင်တွင် များကြားလှသည့် တောင်များရှိရာ သူတို့သည် အလွန်အကျွံမလုပ်သရွေ့ အကုန်ခုတ်လိုက်လျှင်ပင် သစ်ပင်များကို ခုတ်လဲစရာ ထပ်ရှိသေးသည်။

သိလိုစိတ်က မြင့်တက်လာပြီး သူက မေးလိုက်၏။ “စန်းရှီ မြေဧက၂၀လုံးကို ဝဥစိုက်မလို့ စဉ်းစားထားတာလား၊ နောက်နှစ်ကျရင် အိမ်ထောင်စုတွေက စပါးပိုစိုက်ကြလိမ့်မယ်၊ ဒီလိုဆိုရင် ဝဥကို အခြေခံ အစားအသောက်အဖြစ် ထပ်သုံးတော့မှာ မဟုတ်ဘူး၊ ကျွန်တော်တို့ တောင်ပေါ်ဒေသက လူအများကြီးက ဒါတွေကို စိုက်ကြတယ်၊ ကုန်ကြမ်းပိုလျှံလာတာနဲ့ ဒါတွေကို ရောင်းရင် အမြတ်ကောင်းကောင်း ရချင်မှ ရတော့မှာလေ ဟုတ်တယ်မလား”

အမှန်တွင်တော့ သူတို့ညီအစ်ကိုနှစ်ယောက်သည် ပြီးခဲ့သည့်ရက်အနည်းငယ်က ထိုကိစ္စကို သူတို့မိသားစုများနှင့် တိုင်ပင်ခဲ့ကြပြီးဖြစ်ကာ စန်းလော့က အရှုံးပေါ်မှာကို အမှန်ပင် စိုးရိမ်ကြလေသည်။ ထုတ်ကုန်က မည်သို့ဖြစ်နေပါစေ စိုက်ပျိုးမှု မြင့်တက်လာသည်တွင် သူ့တန်ဖိုးကတော့ ကျသွားလိမ့်မည်။ သူတို့မိဘများက ထိုအကြောင်းကို သူမအား သတိပေးဖို့ အကြံပေးခဲ့ကြသည်။

စန်းလော့က အပြုံးဖြင့် ပြန်ဖြေလိုက်၏။ “စိတ်မပူပါနဲ့၊ နောက်နှစ်အနည်းငယ်အတွင်းမှာ အစားအသောက် ပြတ်လပ်တာဖြစ်လာအုံးမှာ၊ ရှင်တို့မှာ တောင်ပေါ် မြေဧက၅၀ ရှိတယ် မလား၊ ဉာဏ်ရှိရှိနဲ့ သုံးမယ်ဆိုရင် မြို့နဲ့ ကျွန်မတို့နေရာက ကျွန်မတို့ ဘာပဲစိုက်စိုက်၊ ဘာပဲ မွေးမွေး အလွယ်တကူရောင်းလို့ရလိမ့်မယ်၊ ၊ ဝယ်လိုအားအတွက် စိုးရိမ်ဖို့ မလိုပါဘူး၊ ကျွန်မတို့ သချီက တစ်ယောက်ယောက်က ဒါတွေကို လုပ်အားနဲ့ စိုက်ပျိုးမယ်လို့တော့ ကျွန်မ မထင်ဘူးဦ သူတို့အများစုက တောဆေးပင်တွေလို့ပဲ သတ်မှတ်ကြမှာ၊ နောက်နှစ် ရိတ်သိမ်းတဲ့အချိန် ရောက်လာတာနဲ့ လူတွေက ဝဥအကြောင်းကို ပိုသိလာကြလိမ့်မယ်၊ ဒါကို ဥအတိုင်းရောင်းမယ်ဆိုရင်တောင် ဈေးကောင်းတစ်ခု ရပါလိမ့်မယ်၊ ပထမ နှစ်နှစ်လောက်ကတော့ အမြတ်အစွန်းရမဲ့ စွန့်စားရမဲ့ စီးပွားရေးလုပ်ငန်းတစ်ခုပဲ”

အမှန်တွင်တော့ ဝဥခေါက်ဆွဲ ပြုလုပ်ခြင်းလို တခြားအသုံးချသည့်နေရာများ ရှိသေးသည်။ သို့သော်လည်း ဒါက သူမမိသားစု၏ စားဝတ်နေရေးအတွက်ဖြစ်သဖြင့် စန်းလော့က ထိုအကြောင်းကို မျှဝေပေးဖို့အထိတော့ သဘောမကောင်းချေ။ ထို့ကြောင့် သူမကို သည်ကိစ္စကို ကိုယ့်ဟာကိုယ် သိမ်းထားလိုက်တော့သည်။

ထိုရာသီသီးနှံကို စိုက်ပျိုးခြင်းက နောက်နှစ်တွက် အမြတ်အစွန်းရလိမ့်မည့် စန်းလော့၏ အကြံပြုချက်ကို ကြားလိုက်ရသည်တွင် ကျောက်သလန်နှင့် ကျောက်စစ်လန်တို့၏ မျက်လုံးများမှာ လင်းလက်သွားတော့သည်။ သူတို့သည် တောင်ပေါ်မြေဧက ၅၀ကို ပိုင်ဆိုင်ထားသော်လည်း ပဲအပြင် တခြားစိုက်ပျိုးရမည့်အရာကို မဆုံးဖြတ်ရသေးချေ။

ပိုရဲတင်းပြီး အစ်ကိုဖြစ်သူထပ် စကားပြောကောင်းသည့် ကျောက်စစ်လန်က မေးလိုက်၏။ “စန်းရှီက တခြားကျန်တဲ့ မြေဧက၂၀အတွက် ဘာအစီအစဉ်များ ရှိလဲမသိဘူးနော်၊ ကျွန်တော်တို့မိသားစုကလည်း တောင်ပေါ်မြေ အများကြီး ရှိနေတယ်၊ တကယ်လို့ ပြောပြဖို့ အဆင်မပြေတာမျိုး မရှိရင် ကျွန်တော်တို့က မင်းဆီက သင်ယူချင်ပါတယ်၊ မဟုတ်ဘူးဆိုရင်တော့ ကျွန်တော် မမေးခဲ့ဘူးလို့ဘဲ သဘောထားလိုက်ပါ့မယ်”

စန်းလော့သည် ဒါကို လျှို့ဝှက်ထားရမည့် အကြောင်းပြချက်ကို ရှာမတွေ့ချေ။ ကျောက်မိသားစုက ရိုးသားပြီး အလုပ်ကြိုးစားသည်။ သူမက လုပ်အားအတွက် သူတို့ကို ဆက်ပြီး ငှားရမ်းဖို့ စဉ်းစားထားသည်။ သူတို့၏အလုပ်ကို သည်ညီအစ်ကိုနှစ်ယောက်၏ လက်ထဲသို့ မလွဲမသွေ အပ်နှံထားရလိမ့်မည်။

သူမက ပြန်ဖြေလိုက်၏။ “တခြားတောင်ပေါ်မှာ သီးပင်တစ်ချို့၊ ပဲနဲ့ဟင်းသီးဟင်းရွက်အပြင် တောထဲမှာ ကြက်တွေမွေးဖို့ စဉ်းစားထားတယ်၊ သီးပင်တွေအပြင် ဒီရာသီသီးနှံတွေက မြန်မြန် ရင့်မှည့်လွယ်တယ်လေ၊ ကျွန်မတို့ ကိုယ်ပိုင် စားသုံးဖို့အတွက် ရိက္ခာရတဲ့အပြင် ပိုလျှံတာတွေကို မြို့ထဲမှာ ရောင်းလို့ရတယ်၊ အလုပ်တာဝန်အမျိုးမျိုး ရှိလာလိမ့်မယ်၊ မြေရှင်းတာ၊ ကြက်ခြံဆောက်တာ စတာတွေပေါ့၊ ဒါက တော်တော်လေး လုပ်အားလိုတယ်၊ ဒီတော့ ကျွန်မက ဦးလေးတို့နှစ်ယောက်လုံးကို ဒုက္ခပေးရပါအုံးမယ်”

ကျောက်သလန်နှင့် ကျောက်စစ်လန်တို့သည် အတိုင်းအတာတစ်ခုအထိ နားလည်မနိုင်အောင် ဖြစ်သွားကြတော့သည်။ ကြက်နဲ့ဘဲတွေကို သူတို့ရဲ့အိမ်နောက်မှာဘဲ ဒီအတိုင်း ဘာလို့ မမွေးတာလဲ။ သူတို့နောက်ဖေးခြံက နေရာလုံလောက်တာပဲ၊ အဲဒီနေရာမှာ ဟင်းသီးဟင်းရွက်တွေကိုလည်း စိုက်လို့ရတယ်လေ။ ဒါပေမဲ့ ရည်ရွယ်ချက်က မြို့ထဲမှာ ရောင်းဖို့ဆိုရင်တော့ တောင်ပေါ်မှာ စိုက်ပျိုးတာက တကယ်ပဲ ပိုကျယ်ပြန့်တဲ့ အမျိုးအစားတွေကို စိုက်ပျိုးနိုင်လိမ့်မယ်။

စန်းလော့၏ ကျယ်ပြောသည့်အသိပညာကို ရွာသားများနှင့် တောင်ပေါ်တွင် နေထိုင်ကြသူများကြားတွင် ကောင်းစွာသိကြသည်။ သူတို့၏ နားလည်နိုင်စွမ်းက ချို့တဲ့သော်လည်း ညီအစ်ကိုနှစ်ယောက်သည် ဘယ်သီးပင်နှင့်အတူ ဘယ်ဟင်းသီးဟင်းရွက်များကို တွဲစိုက်နိုင်သနည်းဟု မလိုလို စတင်စဉ်းစားနေမိတော့သည်။ စကားပိုနည်းသည့် ကျောက်သလန်က မေးမြန်းဖို့ရန် ချုပ်တည်းထားသည့်တိုင် ပိုပြီး ပွင့်လင်းသည့် ကျောက်စစ်လန်ကတော့ မေးလေသည်။

“စန်းရှီ ဘယ်လို သီးပင်မျိုးကို စိုက်ဖို့ စဉ်းစားထားလဲ”

စန်းလော့က သေသေချာချာ စဉ်းစားလိုက်ပြီး ပြန်ဖြေလိုက်၏။ “ထူးထူးခြားခြား တန်ဖိုးကြီးတာမျိုးတော့ မဟုတ်ပါဘူး၊ တောစပျစ်၊ သစ်ကြားသီးပင်၊ စွန်ပလွန်ပင်၊ တောထဲက ကျွန်မတို့ရနိုင်တဲ့ မျိုးစေ့မှန်သမျှ ကျွန်မတို့ စိုက်ကြမယ်၊ ရှင်တို့တွေ ကျွန်မအတိုင်း လိုက်လုပ်စရာမလိုပါဘူး၊ ရှင်တို့ကိုယ်ပိုင် လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ဟာကို ရွေးပါ၊ ကျွန်မကတော့ အခုမှ လေ့လာကြည့်နေတုန်းပဲ”

သူမက ကိုယ်တိုင်စားသုံးရန်အတွက် သစ်ကြားနှင့် စွံပလွန်သီးကို စိုက်ခြင်းဖြစ်ကာ ကြက်မွေးမြူရေးကလည်း ကြက်ခြံတစ်ခု ဆောက်ရန် လိုအပ်သဖြင့် ထိုအတွက် သင့်တော်သည့်နေရာတစ်ခု လိုလာသည်။ စပျစ်သီးကတော့ သူမသည် စပျစ်သီးခြောက်နှင့် ဝိုင်လုပ်ရန် စိတ်ကူးထားသည်။ ကျောက်မိသားစု ဝိုင်လုပ်ခြင်းကို မသိသဖြင့် ဒါက သူတို့အတွက် မှန်ကန်သည့် ရွေးချယ်မှုမဖြစ်နိုင်ပေ။

အမှန်ပင်။ ကျောက်သလန်နှင့် ကျောက်စစ်လန်တို့ကလည်းက ရည်ရွယ်ချက်ကို မှန်းဆကြည့်ရန် ခက်ခဲသည်ကို တွေ့လိုက်ရသည်။ သူတို့သည် သည်အရာကို စားချင်ချှင် တောင်များထဲတွင် သည်အတိုင်း သွားရှာလိုက်ရုံပင်။ သို့သော်လည်း သူတို့သည် စန်းလော့နှင့် သူမ၏ဆင်ခြင်ဉာဏ်များကို ယုံကြည်ကြသည်။ ညီအစ်ကိုနှစ်ယောက်လုံးက သူမကို အာမခံလိုက်ကြ၏။ “စန်းရှီ ကျေးဇူးပြုပြီးတော့ စိတ်မပူပါနဲ့၊ ကျွန်တော်တို့တွေ လုံ့လဝီရိယရှိရှိနဲ့လုပ်ပြီး မြေတွေကို တတ်နိုင်သလောက် ရှင်းလင်းနေအောင် ကြိုးစားပေးပါ့မယ်၊ မင်း ခုနက ပြောခဲ့အတိုင်းပဲ သစ်ပင်ခုတ်လဲတာ၊ မြေရှင်းလင်းတာနဲ့ ကြက်ခြံတစ်ခု ဆောက်တာတွေအတွက် ကျွန်တော်တို့တွေ မင်းအတွက် ဘေးကတောင်ကိုလည်း ပြင်ဆင်ပေးပါ့မယ်”

အနီးနားကတောင်ပေါ်တွင် ထိုတာဝန်များကို လုပ်ဆောင်ပေးရမည်ဟု ပြောလိုက်သည်တွင် ကျောက်ညီအစ်ကိုများသည် ဝမ်းသာသွားကြတော့သည်။

စန်းလော့က ပြုံးပြလိုက်ပြီးနောက် ရှန်းနဉ်ကိုခေါ်ကာ တောင်အတွင်းပိုင်း ပိုနက်သည့်နေရာကို ဆက်လျှောက်လာခဲ့လိုက်သည်။

ဆောင်းမျှစ်များကို ရှာဖွေရာတွင် ပညာတစ်ချို့ လိုအပ်လေသည်။ ရှန်းနဉ်သည် သူမ၏ယောက်မထံမှ အများအပြား သင်ယူတတ်မြောက်ခဲ့သည်။ မျှစ်စို့နှစ်အုပ်ကို သေသေချာချာ ရှာဖွေလိုက်ပြီးနောက် သူတို့သည် အစောပိုင်းက ရှာဖွေခဲ့ကြပြီးဖြစ်သည့်တိုက် မျှစ်အခု၂၀လောက် တူးနိုင်ခဲ့ကြသေးသည်။

အချိန်ကို ကြည့်လိုက်တော့ မနက်ခင်း တတိယနာရီ ကျော်သွားပြီးဖြစ်သည်။ ရှန်းလီနှင့် ရှန်းအန်းတို့ ဘယ်အချိန် ပြန်လာကြမည်ကို သေချာမသိသဖြင့် သူတို့သည် အချိန်ဖြုန်းမနေတော့ချေ။ မြန်မြန် ပြန်လာကြပြီး မျှစ်များကို အခွံခွားကာ ဆေးကျောလိုက်ပြီးနောက် ဆားရေဖြင့်ပြုတ်လိုက်ပြီး ပါးပါးလှီးလိုက်ပြီးနောက် နေပူထဲတွင် အခြောက်လှန်းရန် ဖျာပေါ်တွင် ဖြန့်ခင်းထားလိုက်ကြသည်။

အလုပ်များ အားလုံး ပြီးသွားသည့်အချိန်တွင် နေမင်းကလည်း မွန်းတည့်ချိန်ရောက်တော့မည်ဖြစ်သည်။ သူတို့သည် အပြင်ထွက်ပြီး စောင့်ရလေမလားဟု စဉ်းစားနေတုန်းမှာပင် လယ်ကွင်းထဲမှလာသည့် ဆူညံသံတစ်ချို့ကို ကြားလိုက်ရ၏။ လှည့်အကြည့်တွင် သူတို့သည် အဝေးက သူတို့၏မြင်ကွင်းထဲတွင် သွက်သွက်လက်လက် ခြေလှမ်းများဖြင့် လျှောက်လာနေသည့် ရှန်းလီနှင့် ရှန်းအန်းတို့ကို တွေ့လိုက်ရလေသည်။

စန်းလော့နှင့် ရှန်းနဉ်တို့က သူတို့ကို ချက်ချင်း သွားရောက် ကြိုဆိုလိုက်ကြ၏။ ရှန်းလီ၏ခြေလှမ်းက လျင်မြန်လှပြီး စန်းလော့နှင့် ရှန်းနဉ်တို့က သူ့ထံသို့ မရောက်ခင်မှာပင် သူက အနီးနားသို့ ရောက်နှင့်နေပြီဖြစ်သည်။

“စာမေးပွဲ ဖြေနိုင်ခဲ့လား”

ညီအစ်ကိုနှစ်ယောက်လုံးက ခေါင်းညိတ်ပြသည်။

ရှန်းနဉ်က မေးသည်။ “ချောချောမွေ့မွေ့ ရှိရဲ့လား။ မေးခွန်းတွေက ခက်လား”

စန်းလော့ကလည်း ရှန်းလီနှင့် ရှန်းအန်းတို့ကို ကြည့်လိုက်၏။

ရှန်းအန်းက ခေါင်းကုပ်လိုက်ပြီး ပြောလိုက်လေသည်။ “ကျမ်းတွေကတော့ မခက်ပါဘူး၊ အားလုံးကို ဖြေတတ်တယ်၊ ဒါပေမဲ့ အရေးနားလည်မှုမေးခွန်းမှဦတော့ မေးခွန်း ၆-၇ခုလောက်ကို မသိဘူး၊ ဒါနဲ့ နောက်ဆုံးတော့ အလွတ်အတိုင်းပဲ ထားခဲ့ရတယ်”

သူတို့သည် ဆရာများမပါဘဲ တောင်ထဲတွင် စာလေ့လာခဲ့ရသည်။ ကျမ်းများကို အလွတ်ကျက်မှတ်ရခြင်းက အားထုတ်မှု မလိုသော်လည်း ထိုကျမ်းများကို အနက်ပြန်ရခြင်းကတော့ ခက်ခဲလှသည်။ ဝမ်ယွင်ကျန့်နှင့် ဝေ့ချင်းဟယ်တို့ နားမလည်သည့် မေးခွန်းတစ်ချို့ပင် ပါသေးသည်။ ကံအကြောင်းက ဖန်လာတော့ သည်လိုမေးခွန်းများက စာမေးပွဲတွင် ပါလာခဲ့သည်။

ရှန်းလီကို ကြည့်လိုက်ပြီး စန်းလော့က ပြောလိုက်သည်။ “ကျွန်မလည်း ရှောင်အန်းလိုပါပဲ၊ စာရဲ့ဆက်စပ်ပုံကို နားလည်အောင် လုပ်တဲ့နေရာမှာ ခက်တယ်၊ ဒါပေမဲ့ ရှင်တို့တစ်ခါက အနက်ပြန်တာနဲ့ ပတ်သက်ပြီး သေချာမသိတဲ့ မေးခွန်းတစ်ချို့က ရှိတယ်လေ၊ ကျွန်မ အကောင်းခန့်မှန်းပြီးတော့ ချရေးထားခဲ့တာ၊ ဒီတော့ မနက်ဖြန် ရလာဒ်ကြေညာတာကို စောင့်ကြည့်ကြတာပေါ့”

စန်းလော့ကိုယ်တိုင်ကပင် စာအုပ်လေးအုပ်နှင့် ကျမ်း၅ခုကို ကောင်းကောင်းမတတ်ကျွမ်းချေ။ တစ်ချို့ စာလုံးများကိုသာ ယှဉ်တွဲနိုင်လေသည်။ ဒါကလည်း ဝေ့ချင်းဟယ်နှင့် တခြားသူများ စာကို အသံထွက်ဖတ်ခဲ့သည်ကို မကြာခဏ ကြားခဲ့ရခြင်းကြောင့်ပင်။ ထို့ကြောင့် ရှန်းလီ သေချာမသိသည့် အရာအများစုကို သူမက လမ်းညွှန်ပြသပေးနိုင်သည်။ သူမကိုယ်တိုင် သေချာမသိသည့် မေးခွန်းများလည်း ရှိလေသည်။

ရှန်းလီက ထိုအကြောင်းများကို မေးလာလျှင် သူမက ဒါဖြစ်နိုင်သည်၊ ဟိုဟာဖြစ်နိုင်သည်လောက်သာ ပြောပြတတ်သည်။ သူမသည် သေချာမသိပါဘဲ တခြားသူများကို မသင်ကြားရဲချေ။ ရှန်းလီက သူမ၏အကြံပြုချက်အတိုင်းလုပ်ခဲ့လိုက်သည်။ ဒါကလည်း အဖြေလွှာကို အလွတ်ထားခဲ့သည်ထက်တော့ ပိုကောင်းသည်။

“ပြောရမယ်ဆိုရင်တော့ ရှင်တို့တွေ အကောင်းဆုံးလုပ်ခဲ့ပြီးပါပြီ၊ စာရေးကိရိယာခြင်းတွေ ချပြီး အနားယူလိုက်ကြအုံး၊ ကျွန်မ နေ့လည်စာ လုပ်ပေးမယ်”

ရှန်းလီသည် အနားမယူခဲ့ချေ။ နေ့လည်စာက ချက်ချင်း အဆင်သင့်မဖြစ်သေးသည်ကို တွေ့လိုက်ရသဖြင့် တောင်ပေါ်တွင် အလုပ် သွားလုပ်ဦးမည်ဟု စန်းလော့ကို ပြောလိုက်ပြီး သူ့ပေါက်ပြားနှင့် ထွက်သွားလေသည်။

စန်းလော့က မီးဖိုဆောင်ပြတင်းပေါက်မှ အပြင်သို့လှမ်းကြည့်လိုက်ပြီး သူ့အစ်ကိုနောက် လိုက်သွားရန် ပြင်ဆင်နေသည့် ရှန်းအန်းကို မေးလိုက်၏။ “ဒီနေ့ စာမေးပွဲဖြေတဲ့သူတွေ များလား”

ရှန်းအန်းက ခေါင်းညိတ်ပြသည်။ “၇၃ယောက်”

စန်းလော့သည် အခြေအနေကို သဘောပေါက်သွားပြီး ရှန်းအန်းကို လွတ်ပေးလိုက်၏။

ရှန်းလီသည် ထိုနေ့တွင် ထူးထူးခြားခြား အလုပ်များနေတော့သည်။ အိပ်ယာဝင်ချိန်တွင် သူ့နှလုံးက လုံးဝ မငြိမ်းချမ်းနိုင်ပေ။

စန်းလော့က သူ့ရင်ခွင်ထဲတွင် တိုးဝေ့နေပြီး သူက သူမကို အလိုလို ဖက်ထားလိုက်သည်။

“စာမေးပွဲ ကောင်းကောင်း မဖြေနိုင်လို့ စိတ်ပူနေတာလား” သူမက သူ့ကို မှီထားလိုက်ပြီး မှိန်ပျပျလရောင်အောက်တွက် သူ့ကို ငေးကြည့်လိုက်လေသည်။

ရှန်းလီ၏ ညဘက် အမြင်အာရုံက စန်းလော့ထက် ပိုကောင်းကာ သူမ၏မျက်နှာ‌ပေါ်က အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။ သူက သူ့ရင်ဘတ်ပေါ်တွင် တင်ထားသည့် သူမ၏လက်ကို ကိုင်လိုက်ပြီး ပြန်ဖြေလိုက်၏။ “နည်းနည်းလေးပါ”

စန်းလော့က တိုးတိုးလေး တခစ်ခစ်ရယ်မောလိုက်၏။ “မနက်ဖြန် မနက်ကျရင် အောင်စာရင်း သွားကြည့်ဖို့ ကျွန်မ ရှင်နဲ့အဖော်လိုက်ခဲ့မယ်လေ၊ ရှင် အောင်ခဲ့ရင် ကျွန်မတော့ စာသင်သား တစ်ယောက်ရဲ့ဇနီး ဖြစ်လာတော့မှာပဲ၊ အဲလိုမှမဟုတ်ဘူးဆိုရင်လည်း ကျွန်မတို့တွေ နောက်နှစ်၊ ဒါမှမဟုတ် နောက်တစ်နှစ်ရဲ့နောက်တစ်နှစ်မှာ ထပ်ကြိုးစားလို့ရတယ်... ဒါမှမဟုတ် ရှင်က လယ်သမားတစ်ယောက် လုပ်ဖို့ ရွေးချယ်မယ်ဆိုရင်လည်း ကျွန်မက ရှင့်ရဲ့လယ်သမား မိန်းမဖြစ်ရလို့ ဝမ်းသာမှာပါ”

အစောပိုင်း တင်းကြပ်နေသည့် ရှန်းလီ၏နှလုံးသားက သူမ၏စကားကြောင့် အမည်မသိ အခြေအနေတစ်ခုအထိ အရည်ပျော်သွားကာ ဆိုးရွားရွား ပူပြင်းလာတော့သည်။ သူက သူ့လက်ကို သူမ၏ခေါင်းအနောက်ဖက်သို့ ရွှေ့လိုက်ပြီး သိမ်မွေ့သည့်ဖိအားတစ်ခု သုံးလိုက်ရင်း သူတို့၏အသက်ရှူသံများက တစ်ထပ်တည်းကျသွားတော့သည်။

သူက သူမကို လယ်သမားမိန်းမ မည်သို့ဖြစ်ခွင့်ပေးရက်နိုင်ပါမည်နည်း။

သူတို့သည် အတူတူအချိန်ကုန်ဆုံးလာလေလေ သူသည် သူမအပေါ် ချစ်မြတ်နိုးပြီး ကာကွယ်ပေးချင်စိတ် ပိုနက်ရှိုင်းလာလေလေကာ သူမအတွက် အရာအားလုံးကို အကောင်းဆုံး လုပ်ပေးချင်လေသည်။

သူသည် သူမနှင့် မထိတွေ့ရသည်မှာ ရက်တော်တော် ကြာနေပြီဖြစ်ကာ အခုတော့ သူ့စိတ်ဆန္ဒများကို ထိန်းချုပ်မထားနိုင်တော့ချေ။ သူတို့၏ကိုယ်အနေအထားကို ပြောင်းလဲလိုက်သည်။ သူ့ပူပင်မှုအားလုံးကလည်း တဒင်္ဂအတွင်း မေ့ပျောက်သွားတော့သည်။ အိုဟောင်းနေသည့် သစ်သားကုတင်က သူတို့၏လှုပ်ရှားမှုများအောက်တွင် တကျွီကျွီမြည်နေသည်။ စန်းလော့သည် အလွန်ရှက်မိသွားပြီး သူမ၏ပါးပြင်ပေါ်တွင် သွေးများထွက်လာသယောင် ခံစားလိုက်ရ၏။ ရှန်းနဉ်၏အခန်းက အတော်လေး ဝေးနေသည်ကိုပင် ကျေးဇူးတင်ရမည်။ အစပိုင်းတွင် သူမကသည် ရှက်ရွံ့နေသေးသော်လည်း မကြာမီတွင် သူမ၏ကိုယ်ပိုင် စိတ်ဆန္ဒ၏ လွှမ်းမိုးခံလိုက်ရတော့သည်။

ရှန်းလီသည် သူမကို ပြောစရာစကား ဆွံ့သွားအောင် လုပ်နိုင်သည့် သည်ကဏ္ဍကလွဲလျှင် အားလုံး ပြီးပြည့်စုံသည်။ အစကတော့ သူ့ကို နှစ်သိမ့်ပေးဖို့ရန် ရည်ရွယ်ထားသော်လည်း နောက်ဆုံးတော့ သူမ၏မျက်ရည်များဖြင့်သာ အဆုံးသတ်သွားတော့သည်။ သို့တိုင် ချီးကျူးလောက်သည့် အကျိုးတစ်ခုတော့ ရရှိခဲ့သေးသည်။ _ ထိုနေ့က စုပြုံနေခဲ့သည့် ရှန်းလီ၏ စိတ်ဖိစီးမှုတို့သည် သူတို့၏ပြင်းပြသည့် ချစ်စိတ်ကို ဖော်ပြပြီးနောက် လုံးဝ ပျောက်ကွယ်သွားတော့သည်။ သန့်ရှင်းအောင် လုပ်လိုက်ပြီးနောက် သူသည် စန်းလော့၏ အိပ်ပျော်နေသည့် မျက်နှာကို ငေးကြည့်ရင်းက သူမ အစောပိုင်းက ပြောခဲ့သည့် စကားများကို ပြန်စဉ်းစားမိလိုက်၏။ အပြုံးတစ်ခုက သူ့နှုတ်ခမ်းများပေါ်တွင် တွဲခိုလာတော့သည်။

လယ်သမားနဲ့ လယ်သမား မိန်းမတဲ့လား”

သူ့အပြုံးက ပိုပြီးထင်ရှားလာပြီး စန်းလော့၏ပါးပြင်ကို အသာလေး အနမ်းပေးလိုက်ပြီး သူ့နှလုံးသားကို သိမ်းပိုက်ထားသည့် တစ်ယောက်သောသူကို နီးနီးကပ်ကပ် ပွေ့ဖက်လိုက်ရင်း သူတို့နှစ်ယောက်လုံးသည် အေးချမ်းသည့် အိပ်စက်မှုတစ်ခုထဲ ကျရောက်သွားတော့သည်။

...

All Chapters