← Chapters

အခန်း (၂၂၁-၂၂၂)

Vol. 23 Ch. 221-222

အခန်း (၂၂၁-၂၂၂)

Vol. 23 Ch. 221-222

အပိုင်း (၂၂၁) ပြည်နယ်ကျောင်းကို ဝင်ခွင့်ရခြင်း

စန်းလော့သည် ပင်ပန်းသွားခဲ့ပြီး ရှန်းလီကလည်း ရက်ဆက် နောက်ကျသည်အထိ စာလေ့လာခဲ့ရသည်။ နောက်တစ်နေ့ မနက်ခင်းတွင် လင်မယားနှစ်ယောက်မှာ အအိပ်လွန်သွားတော့သည်။

မိုးသောက်အလင်းရောင် ဝင်လာပြီး နှစ်နာရီလောက်ကြာမှ ရှန်းလီသည် အိပ်ယာထနိုင်တော့သည်။ သို့သော်လည်း စန်းလော့ကတော့ သူမ၏အိပ်မက်ထဲတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်နေဆဲ။ ဆောင်းရာသီ ဇိမ်ခံလို့ကောင်းသည့် ရာသီတစ်ခုပင်။ ရှန်းလီ၏ နွေးထွေးသည့် ရင်ခွင်ထဲတွင် သူမသည် သူ့ကို တွယ်ဖက်ထားလေသည်။

အပြင်ဘက်က ခပ်သဲ့သဲ့ ဆူညံသံကို ကြားလိုက်ရသဖြင့် ရှန်းနဉ်က အိပ်ယာထနေပြီဖြစ်ကြောင်း ရှန်းလီ ခန့်မှန်းမိလိုက်၏။ သူ့ရင်ခွင်ထဲတွင် အေးအေးချမ်းချမ်း အိပ်နေသည့် စန်းလော့ကို ငေးကြည့်ရင်း သူသည် သူမကို နှောက်ယှက်ရမည်ကို တွန့်ဆုတ်နေမိလေသည်။ ထို့အစား သူမကို အနီးသို့ ပိုကပ်ကာ ဆွဲဖက်လိုက်ပြီး သူ့မျက်လုံးများကို ပြန်မှိတ်ရင်း သူမနှင့်အတူ မှိန်းနေလိုက်၏။ မိုးလင်းတော့မည်ဟု ခန့်မှန်းမိလိုက်ချိန်မှ သူက သူမကို ညှင်ညှင်သာသာ နိုးလိုက်တော့သည်။

စန်းလော့သည် အပြည့်အဝ အနားအပန်းပြေဖို့က လိုသေးပုံရသည်။ သူမ၏မျက်လုံးများကို မဖွင့်ဘဲ အလိုလို ပြန်ဖြေလိုက်ပြီး ချက်ချင်း ပြန်အိပ်ပျော်သွားတော့သည်။ ရှန်းလီက တခစ်ခစ် ရယ်မောရင်း သူမ၏နားနှင့် လည်ပင်းကို စနောက် ကျီစယ်လိုက်၏။ သည်လို နိုးထခံရခြင်းကို မည်က ခုခံနိုင်ပါမည်နည်း။ စန်းလော့၏ ငိုက်မြည်းနေသေးသည့် ခံစားချက်က သတိပြန်ဝင်လာပြီးနောက်တွင် တဖန် ပြန်အိပ်ပျော်သွားမလို ဖြစ်သွားလေသည်။ ရှန်းလီကို ခက်ခက်ခဲခဲ တွန်းထုတ်လိုက်ပြီး သူမက စိတ်ရှုပ်ရှုပ်နှင့် သူ့ပခုံးကို ကိုက်ပစ်လိုက်တော့သည်။

ရှန်းလီက တဟားဟား ရယ်မောလေသည်။ “ဒီမနက်ခင်း အောင်စာရင်း သွားကြည့်ရင် အဖော်လိုက်ခဲ့မယ်လို့ ကတိပေးထားတယ်လေ၊ ကတိတည်ဦးမှာလား”

စန်းလော့သည် ရုတ်ချည်းဆိုသလို အသိစိတ် ရှင်းလင်းသွားတော့သည်။ “ဒါပေါ့၊ သွားမယ်”

ပြုံးလိုက်ပြီး ရှန်းလီသည် မနေ့ညက အိပ်ယာထောင့်နားသို့ ပစ်ထုတ်ထားသည့် အဝတ်အစားများအား သူမကို လှမ်းပေးလိုက်လေသည်။

...

ရှီကျိုးမြို့ထဲတွင် ပြည်နယ် ကျောင်းဆရာများက ပြန်လည် စစ်ဆေးထားပြီး အဆင့်ခွဲသည့် စာမေးပွဲ အဖြေလွှာများကို တစ်ရက်မတိုင်ခင် ရုံးပိတ်ချိန် မရောက်ခင်လေးတွင် စီရင်စုအုပ်ချုပ်ရေးမှူး၏ စားပွဲသို့ပို့ပေးခဲ့ပြီးဖြစ်သည်။

ရှီကျိုးစီရင်စုအုပ်ချုပ်ရေးမှူးက မီးအိမ်အလင်းရောင်အောက်တွင် စာလိပ်များကို သေသေချာချာ စေ့စေ့စပ်စပ် စစ်ဆေးလိုက်ပြီး စာလိပ်များကို နေရာချရင်း ပြန်စီစဉ်ရင်း တစ်စောင်ချင်းကို စဉ်းစားချင့်ချိန်ခဲ့ရသည်မှာ ညနက်သည်အထိပင်။ သူသည် မနက်ခင်းတွင်လည်း အိပ်ချိန်ထက် ပိုအိပ်ရဲချေ။ မိုးသောက်ယံတွင် အိပ်ရာထပြီး ပြည်နယ်ရုံးတော်သို့ အလျင်အမြန်လာရသည်။ ဝင်ပေါက်သို့ ရောက်လာသည်တွင် လူ၁၂ယောက်ကျော်လောက်က မြင်းစီးပြီး လာနေသည်ကို တွေ့လိုက်ရ၏။ ပိုရှင်းလင်းအောင် မျက်လုံးများကို ကျုံ့ပြီးကြည့်လိုက်ပြီးနောက် သူသည် စိတ်အေးသွားကာ လေပူတစ်ချက် မှုတ်ထုတ်လိုက်ပြီး တံခါးနားတွင် စောင့်နေဖို့ ဆုံးဖြတ်လိုက်တော့သည်။

ပြည်နယ်အုပ်ချုပ်ရေးမှူးက မြင်းပေါ်လာဆင်းလာသည်နှင့် သူ့နှင်တံကို သူ့အချွေအရံဆီ ထည့်ပေးလိုက်ပြီး စီရင်စုအုပ်ချုပ်ရေးမှူးက အနားသို့ ချဉ်းကပ်လာကာ ပြောလိုက်၏။ “လူကြီးမင်း အချိန်မီ ပြန်ရောက်ပါ့မလားလို့ ကျွန်တော် တကယ် စိတ်ပူနေတာ”

မြန်ဆန်သည့်ခြေလှမ်းများဖြင့် ပြည်နယ်အုပ်ချုပ်ရေးမှူးသည် မေးမြန်းရင်း ဝင်လာလေသည်။ “အဆင့်တွေကို စီစဉ်ထားပြီးပြီလား”

“အဆင့်တွေက အဆင်သင့်ပါပဲ၊ ဒါပေမဲ့ စာ‌မေးပွဲတွေကို ခက်ခက်ခဲခဲနဲ့ ရွေးချယ်ထားခဲ့တယ်၊ တော်တော်လေး ခက်ခဲပါတယ်၊ ဒါတွေက လူကြီးမင်းရဲ့ နောက်ဆုံးအကဲဖြတ်တာကို လိုသေးတယ်လို့ ကျွန်တော် ယုံတယ်”

သူ့ရုံးခန်းထဲသို့ ရောက်လာသည်တွင် ညစောင့်က အလောတကြီး ရောက်လာပြီး တံခါးဖွင့်ပေးကာ ပြတင်းပေါက်များကို တန်းစီဖွင့်ပေးလိုက်သဖြင့် အခန်းက ချက်ချင်း လင်းရှင်းသွားတော့သည်။ အဖြေလွှာစာလိပ် တစ်ထပ်ကို စားပွဲပေါ်တွင် စာရွက်ဖိသည့်အလေးတုံးများဖြင့် ဖိချထားကာ ဝင်လာသည့် လေပြေထဲတွင် အနည်းငယ် တဖျတ်ဖျတ် လွှင့်နေလေသည်။ စီရင်စုအုပ်ချုပ်ရေးမှူးက အပေါ်ဆုံးက စာလိပ်ကို ယူလိုက်ပြီး ပြည်နယ်အုပ်ချုပ်ရေးမှူးကို တင်ပြလိုက်သည်။ “လူကြီးမင်း ဒါက အကြိုအဆင့်ခွဲထားတဲ့ဟာပါ၊ ကျေးဇူးပြုပြီး တစ်ချက် ကြည့်ပါအုံး”

စာရင်းကို ဖြေဆိုသူတစ်ယောက်စီ၏ အမည်၊ မွေးဖွားသည့်နေရာ၊ အသက်နှင့် စာမေးပွဲတငါ သူတို့ဖြေဆိုခဲ့သည့် စာအုပ်များ အသေးစိတ် ဂရုတစိုက်သေသေချာချာ စုစည်းထားသည်။ စာလုံံးပေါင်း အမှားပြင်ဆင်ထားသည့် အမှတ်အသားများပင် ပါနေသဖြင့် ဒါသည် နောက်ဆုံးထုတ်ပြန်မည့် အဆင့်မဟုတ်သည်မှာ သိသာသည်။ သို့သော်လည်း သူ့အတွက် နောက်တစ်ခါ ထပ်စစ်ဆေးရန် အဆင်ပြေသည့် ကိုးကားတစ်ခု ဖြစ်နေသေးသည်။

တစ်ချက်အကြည့်တွင် နာမည်တန်းတော်တော်များကို အပေါ်ဆုံးမှ အောက်ဆုံးအထိ အကြမ်းဖျဉ်း စစ်ဆေးကြည့်လိုက်ပြီး သူသည် ရှေ့ကဦးဆောင်နေသည့် အဆင့်များထဲက လင်မိသားစုဝင် တော်တော်များများကို သေသေချာချာ စစ်ဆေးကြည့်လိုက်၏။ ပထမဆုံး အယောက် ၂၀ထဲတွင် ကိုးယောက်မှာ လင်မိသားစု မျိုးဆက်များဖြစ်ကြပြီး ထို့နောက်တွင် ဝမ်မိသားစုလာသည်။ ကျန်သူများကတော့ တခြားမျိုးနွယ်များဖြစ်ပြီး သိပ်သဘောကျစရာမရှိချေ။ အဆုံးတွင် စာရင်းလုပ်ထားသည့် အသက်အရွယ်များကို ကြည့်လိုက်သည်တွင် သူတို့ထဲက သုံးယောက်မှာ အသက်၃၀ ရောက်နေပြီဖြစ်သည်။

ထပ်စစ်ဆေးကြည့်လိုက်သည်တွင် သူ့အာရုံကို ဖမ်းစားထားသည့်အရာမှာ နာမည်မဟုတ်ဘဲ အောက်တွင် စာရင်းလုပ်ထားသည့် နေထိုင်ရာ နေရာဖြစ်လေသည်။ တခြားနာမည်နှင့် မြို့ပေါင်းများစွာထဲ့က ‘သရှင်းရွာ’ ဟူသည့် စာလုံးသုံးလုံးသည် ဆင်ထူးသည့် ဝင်ခွင့်များစွာ အကြိမ်ကြိမ်လုပ်ခဲ့ခြင်းကြောင့် ပေါ်လွင်ထင်ရှားနေ၏။

“သရှင်းရွာ ဟုတ်လား”

ထိုနေ့က ပြတင်းပေါက်မှတဆင့် သူမြင်ခဲ့သည့် ချည်ကြမ်းအဝတ်အစားများ ဝတ်ဆင်ထားသည့် လူအုပ်ကြီးကို သတိရသွားသည်။

ဖြေဆိုသူ ၉ယောက်တဲ့လား။

မဟုတ်ဘူး။ သူတို့ထဲကတစ်ယောက်က ဝမ်မိသားစုကပဲ။

ဒီတော့ ၈ယောက်ပေါ့။

ပြည်နယ်အုပ်ချုပ်ရေးမှူး၏ အာရုံစိုက်နေသည့် မျက်လုံးများက နာမည်စာရင်းဆီသို့ ရောက်သွားပြီး သူ့ကို အံ့ဩရစေသည်က သူတို့ထဲက ၅ယောက်မှာ အောင်မြင်လေသည်။

ရှီကျိုး ဝမ်မိသားစုကတော့ သူတို့၏အဆင့် ပိုမြင့်သည်ကလွဲလျှင် သရှင်းရွာနှင့် အများကြီးမကွာခြားချေ။ သရှင်းရွာက ငါးယောက်က နောက်ဆုံး ၁၀ယောက်စာရင်းထဲတွင် ပါပြီး အနိမ့်ဆုံးအဆင့်မှာ အဆင့်၄၀ဖြစ်သည်။

ပြည်နယ်အုပ်ချုပ်ရေးမှူးက သရှင်းရွာကို အမှန်ပင် စိတ်ဝင်စားသွားသည်ကို တွေ့လိုက်ရသဖြင့် လက်ထောက်က ပြုံးလိုက်ပြီး “လူကြီးမင်း သူတို့ကို မှတ်မိတယ်မလား၊ သူတို့အားလုံးက ဖျဉ်ကြမ်းအဝတ်အစားနဲ့ အညိုရောင်ဝတ်စုံတွေ ဝတ်ထားကြတာလေ၊ ကိုးယောက်မှာ ခြောက်ယောက် အောင်လိမ့်မယ် မထင်ထားခဲ့ဘူး၊ ‘ဓလေ့ထုံးတမ်း’နဲ့ ‘ကျိုးကျွမ်း’ကို ရွေးခဲ့တဲ့ ဝမ်မိသားစုသခင်လေးနဲ့ ဝေ့ချင်းဟယ်တို့ကလွဲရင် ကျန်တဲ့ ၇ယောက်လုံးက ‘ကျိုးကျွမ်း’နဲ့ ‘ကုန်းယန်’ကို ရွေးခဲ့ကြတယ်၊ ဒါကတော်တော်လေး တသမတ်ထဲ ဖြစ်တာပဲ”

သူသည် ထိုနေ့က သူတို့နှင့်အတူ သူ့ရုံးသို့ လာခဲ့သည့် ဝမ်ယွင်ကျန့်ကိုပါ ထည့်သွင်းပြောလိုက်သည်။

သူတို့၏ရွေးချယ်မှု တစ်သမတ်တည်း ဖြစ်နေပုံက သူတို့ကို ဆရာတစ်ယောက်တည်းက သင်ပေးခဲ့တာဖြစ်ရမည်ဟု ထောက်ပြနေသည်။

“ကျွန်တော် တစ်ချက်လောက် ကြည့်ရအောင် သူတို့ရဲ့ စာမေးပွဲအဖြေလွှာတွေကို ယူလာပေးပါဦး”

လက်ထောက်က ဘေးသို့နေရာရွှေ့လိုက်ပြီး စာရွက်ပုံထဲတွင် ရှာဖွေလိုက်၏။ အဆင့်များကို နှိုင်းယှဉ်ရသဖြင့် ညတစ်ဝက်လောက် အချိန်ပေးခဲ့ရသည်တွင် သူသည် သည်စာမေးပွဲအဖြေလွှာများကို ကောင်းကောင်းသိနေပြီဖြစ်သည်။ “လူကြီးမင်း တစ်ချက်လောက် ကြည့်လိုက်ပါ၊ သရှင်းရွာက အဖြေလွှာတွေမှာ ထူးခြားတဲ့ လက္ခဏာတစ်ရပ်ရှိတယ်၊ သူတို့ ရေးထားတဲ့စာတွေမှာ အမှားက မရှိသလောက်ဆိုပေမဲ့ စာကို နားလည်နိုင်စွမ်းမှာတော့ ပိုပြီး အားနည်းတယ်၊ ဒီနေ့ ဝင်ဖြေတဲ့ အရေအတွက်သာ မနည်းဘူးဆိုရင် သူတို့တွေ အောင်မြင်ဖို့ နောက်ထပ် ၂နှစ် ၃နှစ်လောက် လေ့လာဖို့ လိုလောက်တယ်”

အမှန်တွင်တော့ ယခုအချိန်တွင် နှစ်နှစ်၊ သုံးနှစ် အခြေအနေကို ကြိုတင်မှန်းဆရန်က လွယ်ကူလိမ့်မည်မဟုတ်ချေ။ သဟွေ့ စီရင်စု တည်ငြိမ်သွားသည်နှင့် သည်ပြည်နယ်ကျောင်းဝင်ခွင့်များအတွက် ပြိုင်ဆိုင်မှုကို ရှီကျိုးတစ်ခုထဲတွင်သာ ကန့်သတ်ထားမည်မဟုတ်ချေ။ သူသည် စည်းမျဉ်းအတိအကျ မသိသော်လည်း ရှီကျိုးလက်အောက်က စီရင်စုမြို့ငယ်လေးများက ကျောင်းသားများကလည်း လာရောက် ဖြေဆိုကြလိမ့်မည်တော့ သေချာသည်။

ပြည်နယ်အုပ်ချုပ်ရေးမှူးက သူ့မျက်လုံးများတွင် သဘောကျသွားသည့် အရိပ်အယောင်တစ်ခု ဆောင်ရင်း စာရွက်များကို မြန်မြန်ဆန်ဆန် လှန်လှောကြည့်လိုက်၏။ “အခွင့်အရေးကို ဘယ်လို ဖမ်းဆုပ်ရမယ်ဆို သိတာကပဲ ဉာဏ်ရည်ထက်မြက်တဲ့ လက္ခဏာတစ်ခု ဖြစ်နေပြီ”

ဖြေဆိုသူ အယောက်၄၀ထဲတွင် တစ်ဝက်လောက်က သာမန်ပြည်သူများဖြစ်ပြီး ကျန်တစ်ဝက်ကတော့ အဆင့်သင့် ချမ်းသာသည့်မိသားစုများနှင့် လယ်သမားအိမ်ထောင်စုများက ဖြစ်သည်။ ဒါသည် မင်းကြီး မြင်ရလျှင် သေချာပေါက် ဝမ်းသာမည့် မြင်ကွင်းတစ်ခုဖြစ်သည်က သံသယဖြစ်ရန်ပင် မလိုချေ။ သူက အဖြေလွှာများက စာပွဲပေါ် ပြန်တင်ထားလိုက်ပြီး လက်ထောက်ကို ပြောလိုက်၏။ “ဒါတွေကို အဆင့်အတိုင်း ပြန်စီပြီး အပြီးသတ်လိုက်ကြတာပေါ့၊ ထပ်ကြည့်ဖို့ မလိုတော့ပါဘူး”

လက်ထောက်က ပြုံးကာ ထောက်ခံလိုက်၏။ “ဒါဆိုရင် ကျွန်တော် ကြေညာချက်ထုတ်ဖို့ ပြင်ဆင်ပြီး စာရင်းအတိုင်း ကပ်လိုက်ပါ့မယ်”

...

မိုးလင်းသွားသည်နှင့် ပြည်နယ်ကျောင်းတော် အပြင်ဘက်က လူအုပ်ကြီးသည် ပိုပြီးသိပ်သည်းများပြာလာပြီး အရေအတွက်က ၁၅၀ကျော် ရှိလာသည်။ လတ်တလောနှစ်များက ရှီကျိူး၏ ဖရိုဖရဲဖြစ်များကြားတွင် သည်လို စည်ကားသည့် မြင်ကွင်းတစ်ခုကို ရှားရှားပါးပါး မြင်ရခြင်းပင်။ မြင်ကွင်းကို ကြည့်ရှုရန် ထွက်လာကြသည့် မြို့နေလူထုကို ဆွဲဆောင်ထားပြီး ပုံမှန် တိတ်ဆိတ်နေသည့် ပြည်နယ်မြို့တော်ကို အသက်ဝင်လာအောင် လုပ်ပေးလိုက်လေသည်။

သည်နေ့တွင် သရှင်းရွာကလည်း အုပ်စုလိုက်ရောက်လာကြသည်။ စာ‌မေးပွဲဖြေကြသည့် ကလေးများ၏ မိသားစုများကလွဲလျှင် ချန်းအဘွား၊ ချင်းဖန်းညန်၊ ကျိုးကဲ၊ ကန်းရှီနှင့် ရှီအာ့လန်မိန်းမတို့ကလည်းက စိတ်လှုပ်ရှားမှုကို ကြည့်ရှုဖို့ ရောက်လာကြသည်။

ဝမ်ယွင်ကျန့်နှင့် ရွှီဝမ်ပေါ်တို့လို ဖြေဆိုသူများကလည်း အတူတူ အဖွဲ့ဖွဲ့လာကြပြီး ရှန်းနဉ်၊ ရွှီဝမ်ယင်း၊ နှင့် ရှန်းညီအစ်ကိုများကလည်း အောင်စာရင်း ကြည့်ရန် ရောက်လာကြသည်။ စောစောစီးစီး ရောက်လာကြသဖြင့် သူတို့သည် လူအုပ်များနေသော်လည်း ရှေ့နားက အနီးနားတွင် နေရာများကို ရယူထားနိုင်ကြသည်။

ရှန်းလီနှင့် စန်းလော့တို့က အတူတူရပ်နေကြကာ တိတ်တိတ်လေး စောင့်ဆိုင်းနေလိုက်ကြသည်။

သူတို့ဘေးတွင် အဘွားရွှီ၊ ဝေ့လင်းကျန်းနှင့်အတူ ကျိုးချန်ဟယ်ကို ခေါ်လာကြသည့် ရွာသူကြီးကျိုးနှင့် သူ့မိန်းမလည်းပါသည်။ အဘိုးလုနှင့် အဘွားလုတို့က အားရှုနှင့် အဖော်လိုက်လာပြီး အားလုံးက စိတ်လှုပ်ရှားခြင်းနှင့် စိုးရိမ်ပူပန်စိတ်တို့ ရောနှောနေသည်ကို ပြသနေကြသည်။ ဆန့်ကျင်ဘက်အနေဖြင့် ဝေ့ချင်းဟယ်၏အမူအရာကတော့ ပိုပြီးချိုးနှိမ်ထားရသည်။ အမှန်တကယ် စိတ်အေးလက်အေး ရှိနေသူဟု ထင်ရသည်မှာ ရွှီဝမ်ချင်းသာ ဖြစ်လိမ့်မည်။

မိုးလင်းသွားသည်နှင့် ပြည်နယ်ကျောင်းတံခါးကို အထဲမှ ဖွင့်လိုက်၏။ ကျောင်းတာဝန်ခံက လိပ်ထားသည့် ပိတ်စနီတစ်ခုကို ဆုပ်ကိုင်ပြီး ပေါ်ထွက်လာသည်။ နောက်ထပ်နှစ်ယောက်က လင်ပန်းများနှင့် ကြေးမောင်းတစ်ခု သယ်ကာ သူ့နောက်မှလိုက်လာ၏။

မောင်းသံသုံးချက် တီးလိုက်ပြီးနောက်တွင် ကျောင်းတာဝန်ခံက လည်ချောင်းရှင်းလိုက်ပြီး စတင် မိန့်ခွန်းပြောတော့သည်။ သချီမင်းဆက်သည် ပြည်နယ်ကျောင်းများ တည်ထောင်ရန် အမိန့်ချမှတ်ထားပြီး ရှီကျိုးပြည်နယ်ကျောင်းအတွက် ပထမဆုံးဝင်ခွင့်စာမေးပွဲ ရလာဒ်ကို ယခုပင် ထုတ်ဖော်တော့မည်ဟု ကြေညာသည်။

ဖြေဆိုသူ ၇၃ယောက်တွင် ပထမဆုံး အယောက်၄၀သာ ဝင်ခွင့်ရမည်။ သူသည် အခုတော့ အဆင့်အလိုက် အောင်မြင်ကြသည့် ကျောင်းသားများ၏ နာမည်နှင့် မြို့များကို ဖတ်ပြတော့မည်။

ပထမနေရာမှ စပြီး သူက နာမည်နှင့် နေရပ်များကို စတင် ဖတ်ပြလိုက်၏။

ရှီကျိုးမှ လင်းမိသားစုနှင့် ဝမ်မိသားစုဝင် တတွဲလုံးနာမည်ကို သူတို့ဘေးက အားပေးသံနှင့် ဂုဏ်ပြုသံများကြားတွင် ကြားနေရသည်။ သို့သော် ၁၅ယောက်မြောက် နာမည်ကို ခေါ်လိုက်ချိန်အထိ စန်းလော့သည် ရင်းနှီးသည့်နာမည်တစ်ခုကိုမှ မကြားခဲ့ရချေ။

“အဆင့်၁၆ ရှီကျိုးမှ ဝမ်ယွင်ကျန့်”

လူအုပ်ကြီးက အားပေးသံများဖြင့် ပေါ်ထွက်လာသည်။ ကျန်သည့်နာမည်များကို ကြားရရန် စောင့်ဆိုင်းနေရသည်မဟုတ်လျှင် ကလေးများက ဝမ်းသာပီဖြစ်ကြလိမ့်မည်။

တခြားဖက်တွင်တော့ ဝမ်မိသားစုဝင်များက လှမ်းကြည့်လာကြသည်။ တစ်ချို့က မသဲမကွဲ မျက်နှာအမူအရာများဖြစ်နေကြပြီး တချို့ကတော့ အထင်မြင်သေးနေကြသယောင်။ သူတို့ထဲက တစ်ယောက်က ဝမ်ယွင်ကျန့်နားသို့ ကပ်လာပြီး သူ့ကို တစ်ခုခု တီးတိုးပြောလိုက်၏။ “ဝမ်ယွင်ကျန့်က အပြုံးတစ်ခုဖြင့် တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်သည်။ “ကျေးဇူးတင်ပါတယ် ဦးလေး(၆)”

၁၇ယောက်မြောက်၊ ၂၂ယောက်မြောက်၊ အယောက် (၃၀)မြောက် - နာမည်တော်တော်များကို ထပ်ခေါ်လိုက်သည်။ သရှင်းရွာမှ တစ်ယောက်မှ မပါသေးချေ။ စန်းလော့က ရှန်းလီ၏လက်ကို တိတ်တိတ်လေး ဆုပ်ကိုင်ထားလိုက်ပြီး ရှန်းလီက သူမဘက်သို့ လှည့်ကာ လက်ချင်းယှက်ကာ တွဲထားလိုက်၏။

ဝေ့ချင်းဟယ်၏မျက်နှာက ဖြူဆုတ်နေပြီဖြစ်သည်။ “အဆင့်(၃၁) ရှီကျိုး၊ သရှင်းရွာ ဝေ့ချင်းဟယ်”ဟူသည့် ကျောင်းတာဝန်ခံ ကြေညာချက်ကို ကြားလိုက်ရတော့မှာ ပိုဆိုးသွားတော့သည်။

ရွာသားများက နောက်တစ်ကြိမ် ထပ်ပြီး ချီးကျူးကြသော်လည်း ခဏမျှသာဖြစ်ပြီး နာမည်ဖတ်ပေးနေသည့် မနှောင့်ယှက်မိရန် သတိထားလိုက်ကြသည်။ မည်သို့ဆိုစေ ဆူညံသံက သိလိုစိတ်များဖြစ်နေသည့်ကြသည့် အကြည့်များကို ဆွဲဆောင်ထားလေသည်။

“အဲဒါ ရှီကျိုးက သရှင်းရွာမလား၊ ဖြေဆိုသူအများကြီးရှိတဲ့ လင်းမိသားစုနဲ့ ဝမ်မိသားစုလိုမဟုတ်ဘူး ဒီရွာငယ်လေးမှာ အဆင့်ကို ကြည့်ဖို့ လာကြတဲ့သူတွေ ဘယ်လိုဖြစ်ပြီး အဲလောက်များနေတာလဲ၊ တစ်ရွာလုံးရဲ့ ကံကြမ္မာက လူတစ်ယောက်ရဲ့ စာမေးပွဲနဲ့ ပတ်သက်နေလို့လား”

ထို့နောက် မကြာခင်မှာပင် ကြေညာချက်များကို ဆက်ဖတ်လေသည်။

“အဆင့် ၃၃ ရှီကျိုး၊ သရှင်းရွာ၊ ရွှီဝမ်ပေါ်”

“အဆင့် (၃၄) ရှီကျိုး၊ သရှင်းရွာ ရှန်းအန်း”

“အဆင့် (၃၇) ရှီကျိုး၊ သရှင်းရွာ ရှန်းလီ”

“အဆင့်(၄၀) ရှီကျိူး၊ သရှင်းရွာ၊ ရွှီဝမ်ဟုန်”

သည်တစ်ကြိမ်တွင်တော့ ရှီကျိုးမှ မြို့ခံများက မှင်သက်အံ့သွားသည့်အပြင် လင်းမိသားစုနှင့် ဝမ်မိသားစုတို့မှာ စာဖြေသူများကလည်း တအံ့တဩဖြစ်သွားလေသည်။

ဒီလူအုပ်ကြီးက ဘယ်က လာခဲ့တာ။

လင်းမိသားစုမှ စာဖြေသူများသည် အကြီးအကျယ် အားပေးနေကြသည့် ကလေးတစ်အုပ်နှင့် ရယ်မောနေကြသဖြင့် အရေးအကြောင်း ပေါ်နေသည့်မျက်နှာ ပိုင်ရှင် လူကြီးတစ်ချို့ကို ကြည့်လိုက်ကြ၏။ သူတို့က လယ်သားမိသားစုတစ်ခုကပဲ ဖြစ်ရမယ်။ ဟုတ်တယ်မလား။

ဝမ်မိသားစု၏ကလေးများသည် ခံစားချက်များ ရောနှောနေကြတော့သည်။ သရှင်းရွာသည် တစ်ချိန်က သူတို့၏ပိုင်ဆိုင်မှုဖြစ်ခဲ့သည်။ သို့သော်လည်း အခုတော့ ဒါကို ရုံးတော်သို့ ပေးခဲ့ရသည်။ ပိုအရေးကြီးသည်က ထိုအဖွဲ့သည် နံပါတ်(၇)ညီနှင့် အလွန်ရင်းနှီးပုံရသည်။ ပြီးခဲ့သည့်နှစ်များအတွင်းတွင် သူတို့သည် တောင်အတွင်းပိုင်းသို့ အတူတူ ခိုလုံခဲ့ကြသည်ဟု ပြောလို့ရသည်။

သူတို့တွေက တောင်ပေါ်မှာနေကြတဲ့ တောသားတွေပဲ မဟုတ်ဘူးလား။ သူတို့ထဲမှာ ဘယ်လိုလုပ်ပြီး စာသင်သားတွေ အများကြီး ရှိနေတာလဲ။

စာမေးပွဲ မအောင်ခဲ့ကြသည့် မိသားစုဝင်တစ်ချို့မှာ ပိုလို့ပင် ခါးသီးသည့်ခံစားချက်များဖြစ်သွားတော့သည်။ အထူးသဖြင့် သူတို့ထဲက နှစ်ယောက်မှာ တတိယသခင်မ၏ တရားဝင်သားများ ဖြစ်နေခြင်းကြောင့်ပင်။

သူတို့သည် မျှော်လင့်မထားဘဲ တရားမဝင်သားနှင့် အစေခံအပါအဝင် တောင်ပေါ်က ရွာသားတစ်ဖွဲ့၏ အကြောခံလိုက်ရသည်။

တစ်ချို့က သူတို့အထင်မြင်သေးခဲ့သည့် တရားမဝင်းသား၊ အစေခံနှင့် တောသားများသည် အခုတော့ သူတို့၏ကိုယ်ပိုင် ချမ်းသာမှုများကို သိမ်းယူထားကြရာ တခြားသူများ၏ သဘောထားများကို ထည့်သွင်းစဉ်းစားဖို့ရန် အလွန်မှ ပီတိဖြာနေကြသည်။

ဝေ့ချင်းဟယ်က သူ့ဆရာဟောင်း နံပတ်(၆)သခင်ကြီးကို ဂုဏ်ပြုပေးနေချိန်တွင် ဝမ်ယွင်ကျန့်ကိုတော့ သူ့အဒေါ်ဖြစ်သူ ဝေ့လင်းကျန့်က ဘေးတွင် ဆွဲထားသည်။ သူမသည် အလွန်မှ ဝမ်းသာမိသဖြင့် မျက်ရည်များကို သုတ်လိုက်ပြီး သူမ၏ညီမလေးအတွက် ဝမ်းမြောက်ပျော်ရွှင်နေလေသည်။

စန်းလော့သည် ရှန်းအန်း၏ အောင်မြင်မှုကိုကြားခဲ့ရပြီး ရှန်းလီ၏နာမည်ကို ကြားလိုက်ချိန်၌ ပျော်ရွှင်မှုထဲတွင် ခိုလှုံနေလိုက်သည်။ သူမက သူ့ကို ဂုဏ်ပြုစကား မပြောရသေးခင်မှာပင် ရှန်းလီက အပြုံးတစ်ခုနှင့် သူမကို ပွေ့ဖက်ထားကာ သူမကို တင်းနေအောင် ဖက်ထားပြီး သူ၏စိုးရိမ်စိတ်နှင့် လက်ရှိဝမ်းသာမှုတို့ကို ဖော်ပြနေသည်။

သို့သော် သည်လိုအခိုက်တန့်မျိုးတွင် ဘယ်သူက ကြည့်ရှုနေသူများကို ဂရုစိုက်နေနိုင်ပါမည်နည်း။ စန်းလော့ကလည်း အပြုံးတစ်ခုဖြင့် သူ့ကို ပြန်ဖက်ထားလိုက်ပြီး ခဏလောက်နေပြီးမှ လွှတ်ပေးလိုက်ကာ နောက်ပြန်ဆုတ်လိုက်ကြပြီး အချင်းချင်း ကြည့်ပြီး ရယ်မောလိုက်ကြလေသည်။

ရှန်းကျင့်နှင့်တခြားသူများကလည်း ဘေးမှကြည့်ရင်း တိတ်တိတ်လေး တခိခိ ရယ်နေကြသည်။

ကျောင်းတာဝန်ခံက ထိုစာကိုကပ်ရန် သူ့နောက်က တစ်ယောက်ကို လှမ်ပေးလိုက်ပြီး အနားတွင်ရှိသည့် လူတစ်ယောက်ကို မောင်းထုဖို့ လက်ဟန်ပြလိုက်လေသည်။ မောင်းသံသုံးချက် မြည်သွားပြီးနောက်တွင် လူအုပ်ကြီးသည် ငြိမ်သက်သွားပြီး သူက ကြေညာလိုက်၏။ “စာမေးပွဲ အောင်ကြတဲ့ ကျောင်းသားများက နောက်နှစ် ကျောင်းမှာ ဝင်ခွင့်ရပါမယ်၊ အစိုးရကလည်း အကျိုးပြုအမိန့်တစ်ခု ထုတ်ပြန်ထားပြီး ပြည်နယ်ကျောင်းကို ဝင်ခွင့်ရခဲ့တဲ့ ကျောင်းများက ကျောင်းလခ ပေးဖို့မလိုဘူးလို့ ဖော်ပြထားတယ်၊ သူတို့တွေက နေစဉ်သင်ယူဖို့အတွက် သူတို့ရဲ့ကိုယ်ပိုင် စာအုပ်တွေနဲ့ စာရေးကိရိယာတွေကိုပဲ ပြင်ဆင်ထားဖို့လိုတယ်၊ နောက်ပြီးတော့ ဒီတစ်ကြိမ် စာမေးပွဲဖြေခဲ့တဲ့ ဖြေဆိုသူဦးရေ ၇၃ယောက်ရှိပါတယ်၊ သူတို့အားလုံးရဲ့ အဆင့်ကို ဒီစာရင်းမှာ ထည့်ပေးထားပါတယ်၊ မအောင်တဲ့သူတွေလည်း သူတို့ရဲ့အဆင့်ကို စစ်ဆေးနိုင်ပြီး လုံ့လရှိရှိနဲ့ ဆက်ကြိုးစားကြပါ၊ တကယ်လို့ နောက်နှစ် နောက်တစ်ခေါက် ဝင်ခွင့်ခေါ်တဲ့အခါ တခြားသူတွေထက် ပိုကောင်းတဲ့အခွင့်အရေးတစ်ခု ရှိပါလိမ့်မယ်”

သူသည် စကားပြောပြီးသွားသည်နှင့်တပြိုင်နက် စာရင်းကို နံရံပေါ်တွင် ကပ်ထားပြီးဖြစ်လေသည်။ စာမေးပွဲမအောင် ကြသူများနှင့် သူတို့မိသားစုများက စစ်ဆေးကြည့်ရန် အပြေးအလွှားရောက်လာကြသည်။

ကျိုးချန်ဟယ်နှင့်အတူ ရွာသူကြီးကျိုး၊ အားရှုနှင့်ပါလာသည့် အဘိုးလုနှင့် အဘွားလုတို့အပြင် ရွှီမောင်နှမများကလည်း သူတို့၏အကြီးဆုံးအစ်ကို၏ အဆင့်ကို ကြည့်ရန် ရောက်လာကြသည်။ ဟုတ်ပါသည်။ ရှန်းအန်းနှင့် ရှန်းနှဉ်တို့က အတူတူ လိုက်လာကြပြီး ရှန်းလီနှင့် စန်းလော့တိုကလည်း နောက်က လိုက်လာကြသည်။

လူအုပ်ကြီးကို တိုးဝေ့ပြီးနောက်တွင်သူတို့သည် အောက်ဆုံးမှစပြီး နာမည်စာရင်းကို စတင် ကြည့်ရှုလိုက်ကြသည်။ ရွှီဝမ်ချင်းသည် အဆင့်၆၃ဖြစ်လေသည်။

အဘိုးလုနှင့် အဘွားလုတို့က စာဖတ်တတ်ချေ။ ထို့ကြောင့် သူတို့က အားရှုကို မချီလိုက်ပြီး “အားရှု သား အဆင့်ဘယ်လောက်လဲ ရှာလိုက်ပါလား”

အားရှုသည် သူ့အဘိုးအဘွားများ၏ သတိပေးစရာမလိုချေ။ သူသည် ရှာဖွေနေပြီဖြစ်သည်။ နောက်တစ်စက္ကန့်တွင် သူက တအံ့တဩပြောလိုက်သည်။

“အဘွား သားက အဆင့်(၅၇) အစ်ကို ချန်ဟယ်က အဆင့်(၅၅)”

သူတို့၏မြေးလေးက အဆင့်(၅၇)ရသည်ကို သိလိုက်ကြသဖြင့် အဘိုးလုနှင့်အဘွားလုတို့သည် ဝမ်းသာသွားကြ၏။ သူတို့မြေးလေး၏ နာမည်သည် ပထမဆုံး အယောက်(၄၀) စာရင်းထဲ မပါလျှင်ပင် တရားဝင်စာရင်းထဲတွင် ရှိနေသည်။ သို့သော်ငြား အားရှုမှာ ၈နှစ်သာရှိသေးသည်။

လူကြီးလင်မယားသည် သူတို့မြေးလေးက ကြီးမားသည့် အလားအလာရှိသည်ဟု ခံစားလိုက်ရ၏။

ရွာသူကြီးကျိုးနှင့် သူ့မိန်းမကလည်း ထိုသို့ပင် ခံစားရလေသည်။ သူတို့ဘေးမှ လျှောက်လာသည့် ရှန်းလီဘက်သို့ လှည့်လိုက်ကာ သူတို့က မေးလိုက်ကြသည်။ “အားလီ အဲဒီကျောင်းအရာရှိက နောက်နှစ်မှာ နောက်ထပ်စာ‌မေးပွဲ ရှိလိမ့်မယ်လို့ ပြောခဲ့သလား”

ရှန်းလီက ပြုံးကာ ခေါင်းညိတ်ပြသည်။ “သူ အဲလို ပြောလိုက်ပါတယ်”

ကျိူးချွမ်ကျန့်က ပြုံးလိုက်ပြီး ကျိုးချန်ဟယ်ကို ပခုံးပုတ်ပေးလိုက်ကာ “ကြားလိုက်တယ်မလား၊ ငါတို့တွေ ပြင်ဆင်ဖို့ တစ်နှစ်လုံး အချိန်ရတယ်၊ နောက်နှစ်ကျမှ နောက်တစ်ခါ ထပ်ကြိုးစားကြတာပေါ့”

အခုမှ ၁၀နှစ်သာရှိသေးသည့် ကျိုးချန်ဟယ်မှာ ပြည်နယ်ကျောင်းအတွက် မျှော်လင့်ချက် အပြည့်ဖြစ်နေသည်။ သူက တောက်ပနေသည့်မျက်လုံးများဖြင့် စိတ်အားထက်သန်စွာ ခေါင်းညိတ်ပြလိုက်လေသည်။

တဖက်တွင်တော့ ရွှီဝမ်ချင်းက လုံးဝကို စိတ်အေးလက်အေးဖြစ်နေပြီး ဝေ့လင်းကျန့်ကို ရယ်စရာပင် ပြောလိုက်သေးသည်။ “အမေ ကြားလိုက်တယ်မလား၊ ကျွန်တော့်ကို တစ်ခါပဲ လာခွင့်ပေးမယ်လို့ အဖေ ပြောခဲ့တယ်လေ”

ဝေ့လင်းကျန့်က တဟားဟားရယ်မောလိုက်ပြီး “ဒါဆိုရင်လည်း နင့်အဖေဆီက စီးပွားရေးကိုသာ သွားသင်ချည်တော့”

သည်စကားကို ကြားလိုက်ချိန်တွင် ရွှီဝမ်ချင်း၏မျက်နှာက စူပုတ်သွားတော့သည်။ “သားတို့တွေ အဲကြောင်း နောက်မှ ပြောရအောင်ပါ”

ဝေ့လင်းကျန့်က သူ့ကျောကို အသာလေး ပုတ်ပေးလိုက်သည်။

ရလာဒ်များကို သိပြီးနောက်တွင် အဖွဲ့သည် ပြန်လာခဲ့ကြတော့သည်။ ဝမ်ယွင်ကျန့က သူ့ဦးလေးနှင့်အဒေါ်နောက်သို့ လိုက်လာခဲ့သည်။ ဝမ်မိသားစုဝင်များက စောင့်ကြည့်နေကြရင်း သူတို့သည် သရှင်းရွာမှ ကျောင်းသား-လယ်သမားများ ရုတ်တရက် ပေါ်ထွက်လာသည့်အကြောင်း ပြောနေကြသည့် သူတို့ပတ်ဝန်းကျင်က တီးတိုးစကားများကို ကြားလိုက်ရ၏။ သည်တစ်ကြိမ်တွင် တတိယမိသားစုက တရားဝင်သားလို စာ‌‌မေးပွဲကျခဲ့သည့် ဝမ်မိသားစု၏ မထင်မရှား မိသားစုဝင်တစ်ယောက်က သူ့ကို တိုးတိုးလေး ပြောလိုက်သည်။ “ထောင်လွှားနေလိုက်ပုံများ ကြည့်ပါအုံး”

အသံက တိုးညင်းသော်လည်း သခင်ကြီး(၆)က နားပါးသည်။ သူသည် ထိုလူငယ်လေးကို လှည့်ကြည့်လိုက်ရာ ထိုလူငယ်လေးမှာ ချက်ချင်း ဇက်ပုသွားပြီး ငုံးကောင်လေးလို ရို့ရို့လေး ဖြစ်သွားတော့သည်။

...

အပိုင်း (၂၂၂) ဂုဏ်ပြုပါတယ်

ရှန်းလီနှင့် အစောပိုင်းက မြို့အတွင်းသို့ဝင်ရောက်ကာ အိမ်ထောင်စုစာရင်း ပေးသွင်းခဲ့ကြသည့်သူများ၊ မြို့ထဲတွင် ဆွေမျိုးမိတ်ဆွေများရှိသည့် ရွှီမိသားစုတို့လို လူများကလွဲလျှင် နှစ်လနီးပါး မြို့အပြင်ဘက်တွင် နေလာခဲ့ကြသည့် စန်းလော့၊ ကျိုးကဲ၊ ကန်းရှီနှင့် ချန်းအဘွားတို့လိုလူများသည် စိုက်ပျိုးရေးကာလ အလုပ်များနေသည့်အတွက် မြို့ထဲသို့ တခါမှမသွားခဲ့ရချေ။ အခုတော့ သူတို့တွင် အားလပ်ချိန်လေးတစ်ချို့ ရှိလာသဖြင့် သူတို့သည် စူးစမ်းသွားလာဖို့ စိတ်အားထက်သန်နေကြသည်။

သူတို့သည် စောစောစီးစီး ရောက်လာကြပြီး ရှုခင်းများကို ပတ်မကြည့်နေတော့ဘဲ ပြည်နယ်ကျောင်းတော်ဆီ အလောတကြီး တန်းတန်းမတ်မတ် သွားခဲ့ကြသည်။ အခုတော့ သူတို့သည် လှည့်ပတ်သွားလာဖို့ရန် စိတ်အားထက်သန်မှုကို မလွန်ဆန်နိုင်တော့ချေ။

သို့သော်ငြားလည်း ရှီကျိူး၏လမ်းများတစ်လျှောက် လှည့်ပတ်သွားလာပြီးနောက်တွင် သူတို့အစောပိုင်းက တွေ့ခဲ့ရသည့် လစ်ဟာနေသည့်မြင်ကွင်းမှာ သူတို့သည် အစောကြီး ရောက်လာခဲ့ခြင်းကြောင့် မဟုတ်ဘဲ ဆိုင်အများစုက ဒီအတိုင်းပိတ်ထားကြခြင်းဖြစ်ကာ အရင်ဆိုင်ပိုင်ရှင်များကပင် အသက်ရှင်နေသေးသည်မှာ မသေချာသောကြောင့်ဖြစ်လေသည်။

စျေးဝယ်ထွက်ဖို့ရန်အတွက် သူတို့၏ရွေးချယ်မှုများက အကန့်အသတ် ဖြစ်လေသည်။ သို့သော်ငြားလည်း ကံကောင်းချင်တော့ ဆန်နှင့် ဆားဆိုင်များလို ဆေးဝါးဆိုင်သည် ရုံးတော်၏ စီမံခန့်ခွဲမှုအောက်တွင် ရှိနေပြီး လည်ပတ်နေသေးသည်။ စန်းလော့က ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုနိုင်သည့် ဆေးပင်တစ်ချို့ကို ဝယ်ယူရန် ဝင်သွားခဲ့သော်ငြားလည်း ပစ္စည်းအမျိုးအစားတိုင်းကိုတော့ မရခဲ့ချေ။ သူမသည် နာနတ်ပွင့်နှင့် သစ်ဂျပိုးခေါက်များကိုတော့ ရရှိခဲ့သေးသည်။ ဒါကပင် ကောင်းမွန်သည့် ရှာဖွေတွေ့ရှိမှုတစ်ခု ဖြစ်ခဲ့သည်။

ထို့နောက်တွင် သူတို့အဖွဲ့သည် အရှေ့စျေးတွင် လှည့်ပတ်ခဲ့ကြပြီး ထိုနေရာက လမ်းများထက်ပင် ပိုပြီးတိတ်ဆိတ်နေလေသည်။ ခေါင်းရွက်ဗျက်ထိုးသည်များ တစ်ချို့ရှိသော်ငြားလည်း တစ်ဆိုင်နှင့်တစ်ဆိုင် အလွန်မှ ဝေးကွာကြပြီး လက်ချိုးရေလို့ရသည်။ သူတို့သည် ငွေများဖြင့် အရောင်းအဝယ်မလုပ်ဘဲ ပစ္စည်းများဖြင့်သာ အလဲအလှယ် လုပ်လေသည်။ လူများက တောကြက်ဥများလို ပစ္စည်းများကိုယူလာပြီး တန်ဖိုးမေးကြသည်။ ငွေကိုမတောင်းခံဘဲ အစားအသောက်ဖြင့် လဲလှယ်ဖို့သာ ဦးစားပေးသည်။ စားသောက်လို့ရသည့် မည်သည့်အစားအသောက်မဆို အဆင်ပြေလေသည်။

အမှန်တွင်တော့ ဒီလိုအချိန်အခါမျိုးတွင် အစားအသောက်ကို သေချာမထိန်းသိမ်းထားသည့်သူ မည်သူရှိပါမည်နည်း။ ငွေကို အသုံးချလျှင်ရော ဘာအသုံးဝင်ပါမည်နည်း။

ဟုတ်ပါသည်။ ဆက်ပြီးလှည့်ပတ်နေလို့လဲ အဓိပ္ပါယ် မရှိတော့ချေ။ သူတို့သည် မြို့ထဲမှထွက်လာကာ ရွာသို့ပြန်လာဖို့သာ တတ်နိုင်တော့သည်။

ချန်းအဘွားက မြို့တံခါးနားမှ ထွက်လာသည်နှင့် ချက်ချင်း တီးတိုးပြောလိုက်၏။

"အခုလောလောဆယ် မြို့ထဲမှာ အစေခံတွေရှိတဲ့ ချမ်းသာတဲ့အိမ်ထောင်စုကတော့ တော်တော်လေး အဆင်ပြေနေတဲ့ပုံပဲ၊ ငါတို့တွေ စောစောက ဒါကို သတိထားမိခဲ့တယ်၊ ဒါပေမဲ့ သာမန်လူချမ်းသာတွေနဲ့ ဆင်းရဲတဲ့မိသားစုတွေကတော့ ငါတို့ထက်တောင် ပိုပြီးခက်ခဲနေသေးတယ်၊ အစားအသောက်မဟုတ်တဲ့ပစ္စည်းတွေက ပိုပြီးတော့ စီမံရတာ လွယ်ချင်လွယ်ကူလိမ့်မယ်၊ ဒါပေမဲ့ စားဖို့သောက်ဖို့ လိုအပ်တဲ့ပစ္စည်းတွေအတွက်ကျတော့ ငွေရှိနေရင်တောင် ဒါတွေကိုဝယ်ဖို့နေရာက သေချာတယ်လို့ မရှိနိုင်ဘူး၊ ငါတို့လိုမဟုတ်ဘဲ ဘယ်သူက ငါတို့လို ကိုယ်ပိုင်ရိက္ခာတွေအတွက် မွေးမြူပြီးတော့ စိုက်ပျိုးနိုင်မှာလဲ”

သူတို့သည် မြို့အပြင်ဘက်တွင် အခုမှအခြေချခဲ့သည် ဖြစ်သော်ငြားလည်း နှစ်တော်တော်များများတွင် တောင်အတွင်းပိုင်းတွင် လုံလုံလောက်လောက် ရှိခဲ့ကြပြီး ကြက်နှင့်ဆိတ်များကိုမွေးမြူကာ တောထွက်ပစ္စည်းများကိုလဲ စုဆောင်းထားကြသည်။ သူတို့၏ ဘဝသည် စပါးဆိုင်က စျေးကြီးဟောင်းနွမ်းပြီး ပိုးတက်နေသည့် ဆန်နှင့်ပဲများကိုသာ မှီခိုအားထားနေရသည့် ရှီကျိူးစီရင်စုမြို့ထဲတွင် နေထိုင်ကြသူများထက် အများကြီးပိုပြီးကောင်းမွန်လေသည်။

ဆန်ဟောင်း ပဲပိုးတက်ဟူသည့် စကားလုံးသည် သူတို့ဆန်ဆိုင်သို့သွားခဲ့စဥ်က ထွက်ပေါ်လာသည့် စကားလုံးဖြစ်လေသည်။ ထိုနေရာတွင် သူတို့သည် ရောင်းချနေသည့် နှစ်ပေါက်နေသည့်ဆန်များနှင့် ပိုးတက်နေသည့်ပဲများကိုသာ တွေ့ရလေသည်။ သို့တိုင် ထိုအရာများသည် အဆမတန်စျေးနှုန်းမြင့်မားပြီး ရိက္ခာများကလည်း လစဥ်အလိုက်သာရကြသည်။ ဝယ်ယူဖို့ရန်အတွက် မိသားစုအိမ်ထောင်စုစာရင်းကို ပြသဖို့လိုအပ်သည်။

...

သရှင်းရွာသို့ ပြန်ရောက်လာသည်။ ပြည်နယ်ကျောင်းတော်သို့ ဝင်ခွင့်ရခြင်းက ခမ်းနားကြီးကျယ်သည့် အောင်မြင်မှု မဟုတ်ခဲ့ချေ။ သို့သော်ငြားလည်း မိသားစုအတွင်း သေးငယ်သည့် ဂုဏ်ပြုပွဲတစ်ခုကိုတော့ လိုအပ်ပေသည်။ စန်းလော့က ထိုနေ့ညတွင် ညစာစားဖို့အတွက် ရှန်းကျင့်နှင့် သူ့ညီအစ်ကိုများကို ဖိတ်ခေါ်ထားပြီး သင့်တင့်မျှတသည့် စားသောက်ပွဲတစ်ခု လုပ်ပေးလိုက်သည်။

ရှန်းကျင့်က မည်သို့ ငြင်းပယ်နိုင်ပါမည်နည်း။ ညီအစ်ကိုသုံးယောက်သားသည် သူတို့မရီး၏ ဟင်းချက်လက်ရာကို အစောကြီးကတည်းက တမ်းတနေခဲ့ပြီးဖြစ်ရာ အားတက်သရော ခေါင်းငြိမ့်ပြလိုက်၏။

ထိုနေ့ညတွင် နောက်ထပ်ဧည့်သည်နှစ်ယောက်လဲ ရှိသေးသည်။ ချန်းသရှန်နှင့် ကျိုးကဲတို့ပင်။ ရှန်းလီက ချန်းမိသားစု၏ လယ်ကွင်းသို့သွားကာ သူတို့ကို ကိုယ်တိုင် သွားရောက်ဖိတ်ခဲ့ခြင်းဖြစ်သည်။ ငယ်ငယ်လေးကတည်းက နက်ရှိုင်းသည့်သံယောဇဥ်ရှိကြပြီး သူတို့မျှဝေလာခဲ့သည့် သေရေးရှင်ရေးခင်မင်မှုကို ထောက်ချင့်လျှင် သူတို့၏တည်ရှိမှုသည် တစ်ခြားလူများအထက် အရေးပေးရသည့် ဒီလိုအခိုက်အတန့်မျိုးတွင် အရေးပါလေသည်။

ချန်းသရှန်သည် သူ့မိသားစုက အစောပိုင်းတွင် မြို့ထဲသို့သွားခဲ့ကြကာ အဆင့်သတ်မှတ်ချက် ထုတ်ပြန်ချက်သွားကြည့်မှန်း သိခဲ့သည်။ သူက သူ့မိန်းမဆီမှ ဘာသတင်းမှ မရသေးခင်မှာပင် ရှန်းလီက ရောက်နှင့်နေပြီဖြစ်သည်။ ရှန်းလီသည် စာမေးပွဲကို အမှန်အောင်မြင်ခဲ့ပြီး ပြည်နယ်ကျောင်းတော်တွင် ဝင်ခွင့်ရခဲ့သည်ဟု ကြားလိုက်သည်တွင် ချန်းသရှန်သည် ဝမ်းသာအားရဖြင့် သူ့ပုခုံးကို ပုတ်လိုက်တော့၏။

"တော်တယ် ငါ့ကောင်"

ရှန်းလီ၏ညစာဖိတ်ကြားမှုတွင် သူ့အဖေနှင့်အဘွားပါ ပါဝင်သည်ဟုကြားလိုက်သဖြင့် ချန်းသရှန်သည် ငြင်းပယ်စရာ အကြောင်းမရှိတော့ချေ။ သူက တဟားဟား ရယ်မောကာပြောလိုက်၏။

"ဒါပေါ့ ငါက အစားအသောက်အတွက် မင်းတို့ဆီလာရလိမ့်မယ်၊ မင်းတို့မှာ မင်းတို့ရဲ့ဝိုင်အရက်လေးရော ရှိသေးလား၊ ဂုဏ်ပြုပွဲတစ်ခုဆိုတာ ဒီလိုကြီးမားကောင်းမွန်တဲ့ သတင်းအတွက်ပဲ၊ ဒီနေ့ည ဂုဏ်ပြုပွဲကို အပြည့်အဝ ပျော်ပါးရအောင် ငါ့ကို ခွက်တစ်ဝက်လောက်တော့ တိုက်ပါကွာ"

ရှန်းလီသည် မနေနိုင်တော့ဘဲ ရယ်မောလေသည်။ တောင်အတွင်းပိုင်းတွင် ပြီးခဲ့သည့်နှစ်အနည်းငယ်အတွင်းက စန်းလော့သည် နှစ်တိုင်း အိုးအနည်းငယ်ကို တိတ်တိတ်လေး နှပ်ထားခဲ့သည်။ အထူးသဖြင့် သူတို့တွင် ဆားနှင့်ဆေးပင်များ ကုန်ဆုံးသွားသည့်အချိန်တွင် လွတ်နေသည့်အိုးများက အဆင်သင့် အသုံးပြုဖို့ရန် ဖြစ်လာသည်။ သို့သော်ငြားလည်း ချန်းသရှန်နှင့်သူ့မိန်းမတို့ကသာ ဒီလျှိုဝှက်ချက်အကြောင်းကို သိလေသည်။

"အများကြီးရှိပါတယ်၊ စိတ်မပူပါနဲ့ တစ်ခွက်အပြည့် သောက်ရင်တောင် ပြဿနာမရှိပါဘူး"

ထို့နောက်တွင်တော့ ရှန်းလီက သူတို့ထံ လာရောက်စားသောက်ရန် အဘိုးချန်းနှင့် ချန်းယိုထျန်းတို့ကိုလဲ ဖိတ်ကြားလိုက်သည်။ သားအဖနှစ်ယောက်က ဖိတ်ကြားချက်ကို ငြင်းပယ်လိုက်ကြ၏။

"ရပါတယ်၊ သရှန် လာရင်ရပါပြီ၊ ငါတို့တွေက ဒီအတိုင်းစုဝေးပွဲကို ကျော်သွားလိုက်ပါ့မယ်"

အကယ်၍ သူတို့အားလုံး တက်ရောက်ခဲ့လျှင် ရှန်းလီ၏သူ့မိန်းမက တစ်ခြားအသိမိတ်ဆွေများကိုလဲ ဖိတ်ရပေအုံးမည်။ တောင်အတွင်းပိုင်းတွင် စိုက်ပျိုးထားခဲ့သည့် သေးငယ်သည့် ဆန်နှင့်ပဲပမာဏက ဆောင်းဦးကောက်ရိတ်ချိန်အထိသာ ကြာရှည်ခံလိမ့်မည်။ သူတို့အတွက် သွားရောက်ဖို့ရန် သင့်တော်လိမ့်မည်မဟုတ်ချေ။

ရှန်းလီက ပြုံးကာ ချန်းသရှန်ကို ပြောလိုက်၏။

"ဒါဆိုရင်တော့ ဒီနေ့ည မင်းရဲ့မိန်းမနဲ့ လာခဲ့ရမယ်နော်"

ကျိုးကဲနှင့်စန်းလော့တို့က သက်တူရွယ်တူများဖြစ်ကြပြီး တောင်အတွင်းပိုင်းတွင် ရင်းနှီးသည့်မိတ်ဆွေသူငယ်ချင်းများ အမြဲတမ်း ဖြစ်လာခဲ့သည်။ ထို့ကြောင့် သူတို့ကို လင်မယားအဖြစ် ဖိတ်ကြားရမည်။ ချန်းသရှန်က ရှန်းလီနှင့်ပတ်သတ်ပြီး ဘယ်တော့မှ အားနာနေခြင်းမရှိချေ။ ဝမ်းသာအားရ သဘောတူလိုက်တော့သည်။

...

ဧည့်သည်များ လာရောက်မည်ဖြစ်ရာ မိသားစုက ကောင်းမွန်သည့် အစားအသောက်တစ်ချို့ကို ပြင်ဆင်ဖို့ရန်လိုအပ်သည်က သဘာဝကျလေသည်။ စန်းလော့က အိမ်တွင်ရှိသည့် ပဲဝါတစ်ချို့ကိုထုတ်လာခဲ့ပြီး ထိုပဲများကို ရေစိမ်ထားလိုက်ကာ ရှန်းနဥ်နှင့်အတူ ထိုနေ့ညအတွက် တို့ဟူးနှင့် ပဲနှစ်များကို လုပ်လိုက်တော့သည်။ ပြင်ဆင်မှုအားလုံး ပြီးစီးသွားသည်တွင် သူမက ဝဥအမှုန့်များကို ထုတ်လာခဲ့ပြီး ရှန်းနဥ်ကို သတ်သတ်လွတ်အူကြမ်းတစ်ချို့ လုပ်ခိုင်းလိုက်သည်။

ရှန်းလီကလဲ အလကား မနေချေ။ သူက သစ်သားပုံးတစ်ပုံးနှင့် တုတ်ရှည်တစ်ချောင်းကိုယူကာ တစ်နာရီကျော်ကြာသည်အထိ အပြင်ထွက်သွားလေသည်။ သူ ဘယ်သွားသည်ကိုတော့ ဘယ်သူမှမသိခဲ့ချေ။ တစ်ခြားသူများက အပြင်ဘက်နေရာတွင် ရစ်ငှက်နှင့်ယုန်များကို အမဲလိုက်ဖို့ရန် ခက်ခဲသည်ကို တွေ့ခဲ့ရသည်။ သို့သော်ငြားလည်း သူကတော့ တောင်အတွင်းပိုင်းသို့ အနည်းငယ် ပိုဝင်သွားခဲ့ဟန်တူသည်။ ငါးနှစ်ကောင်နှင့် ယုန်သုံးကောင်နှင့်အတူ ပြန်လာခဲ့သည်။

ချန်းမိသားစုအိမ်သို့ ဖြတ်ပြန်လာသည်တွင် သူက ချန်းရှောင်ယာကို ယုန်တစ်ကောင်နှင့် ငါးတစ်ကောင် ဒီအတိုင်းပေးလိုက်ပြီး ဒါက သူတို့၏ အစားအသောက် ဖြည့်စွက်ဖို့ရန်အတွက်ဟု ဆိုလေသည်။ ချန်းရှောင်ယာကလဲ အလွန်မှ ဝမ်းသာသွားပြီး သူ့ကို ကျေးဇူးတင်စကား ပြောလိုက်ကာ ရုတ်တရက် ရောက်လာသည့် လက်ဆောင်အကြောင်းပြောပြရန် သူမ၏အဘိုးနှင့် မိဘများရှိသည့် မိသားစု၏တောင်ပေါ်က လယ်ယာဆီသို့ အပြေးတက်သွားတော့သည်။

ရှန်းလီက ကျန့်သည့်ငါးနှင့် ယုန်နှစ်ကောင်ကို အိမ်သို့ ယူပြန်လာခဲ့သည်။ စန်းလော့က ယုန်ကို ချိန်ဆကြည့်လိုက်ပြီး ပြောလိုက်၏။

"ဒီနေ့ ကျွန်မတို့ ကံကောင်းတာပဲ၊ ရှင် ဒါတွေကို ဘယ်လိုချက်စားချင်လဲ၊ ယုန်သားပေါင်း၊ ယုန်သားအစပ်၊ ယုန်သားကြော် ဒါမှမဟုတ် ယုန်သား အအေးချက်"

ရှန်းလီက ပြန်မဖြေရသေးခင်မှာပင် ဆူညံသံကိုကြားလိုက်သည့် ရှန်းနဥ်က သူမ၏ မပြီးစီးသေးသည့် သတ်သတ်လွတ်အူကြမ်းကို ထားခဲ့ကာ ခေါင်းလေးကို မီးဖိုချောင်ပြတင်းပေါက်မှ ထုတ်လာလေသည်။ သူမ၏ ယောင်းမလက်ထဲက ဆယ်ပေါင်နီးရှိသည့် ဝတုတ်တုတ် ယုန်နှစ်ကောင်ကို တွေ့လိုက်သည်။ ရှန်းနဥ်၏ မျက်လုံးများက လင်းလက်သွား၏။

"မကြီး ယုန်အအေးသားချက်၊ ယုန်အအေးသား၊ ကိုကြီးက ဒါကို အကြိုက်ဆုံးပဲ"

တောင်အတွင်းပိုင်းထဲတွင်နေခဲ့သည့် ဒီနှစ်ပိုင်းများတွင် ဆန်က မပေါများခဲ့ချေ။ အထူးသဖြင့် ပြီးခဲ့သည့်နှစ်အတွင်းတွင် သူတို့သည် ဆန်ကို တခါတလေမှသာ စားနိုင်ပြီး ပုံမှန်ဆိုလျှင် တစ်ခြားမိသားစုများလိုပင် ပဲများနှင့်ရောနှောပြီး စားခဲ့ရသည်။ သို့သော်ငြားလည်း အသားကတော့ ပေါများကြွယ်ဝလေသည်။ တစ်ကြိမ်တွင် သူတို့သည် ယုန်အကောင် ၆၀ လောက်ရရှိခဲ့သည်။ ထို့ကြောင့် သူတို့တွင် ဘယ်တုန်းကမှ အသားဓာတ်မချို့တဲ့ခဲ့ချေ။ သူမ၏မကြီးကလဲ အချက်အပြုတ်တွင် ကျွမ်းကျင်သည်။ ဟင်းလျာများကို အပြောင်းအလဲ လုပ်ပေးတတ်သည်။ သို့သော်ငြားလည်း ယုန်အအေးသား၏ အရသာကိုတော့ ဘယ်ဟာမှ မကျော်လွှားနိုင်ခဲ့ချေ။

ရှန်းလီသည် ပြီးခဲ့သည့်နှစ်လအတွင်းတွင် အလွန်မှ အလုပ်များနေခဲ့သဖြင့် အိမ်မှုကိစ္စများကို သိပ်ပြီး ဂရုမစိုက်နိုင်ခဲ့ချေ။ ရလဒ်အနေဖြင့် ရှန်းနဥ်သည် ဒီနှစ်လတာကာလအတွင်း ဒီဟင်းကို မစားခဲ့ရချေ။ ထို့အပြင် သူမသည် သူမ၏ယောင်းမက ဒီနေ့တွင် ဆေးဆိုင်သို့သွားကာ ဟင်းခတ်အမွှေးအကြိုင်များကို ဝယ်ယူခဲ့သည်ကိုလဲ တွေ့ခဲ့သည်။ သူတို့၏ မိသားစုထဲက ဟင်းခတ်အမွှေးအကြိုင် ရိက္ခာမှာ သူတို့တောင်အတွင်းပိုင်းသို့ ဝင်ခဲ့စဉ်က ယူလာခဲ့သည့်အရာသာဖြစ်ပြီး ပြီးခဲ့သည့်နှစ်အတွင်းက ကုန်သွားပြီဖြစ်သည်။ သို့သော်ငြားလည်း တစ်ချို့အရာကိုတော့ တောထဲတွင် ရှာဖွေနိုင်သေးသည်။ သူတို့ပတ်ဝန်းကျင်နားက တောင်အတွင်းပိုင်းတွင် ဒီအတိုင်းမရရှိနိုင်သည့် တစ်ချို့ပစ္စည်းများလဲ ရှိသေးသည်။ သူမယောင်းမ၏ ယုန်အအေးသားဟင်းလျာက အဓိကပါဝင်ပစ္စည်း မပါသည့်တိုင် အရသာရှိလေသည်။ သို့သော်ငြားလည်း ဒါက တကယ့်အရသာ အစစ်အမှန်ကိုတော့ ကင်းမဲ့စေသည်။

အခုတော့ ဟင်းခတ်အမွှေးအကြိုင်များ ရလာပြီဖြစ်သည်။ ရှန်းနဥ်၏မျက်လုံးများက လင်းလက်သွား၏။

"ဒါဆိုလည်း ဟုတ်ပြီလေ"

စန်းလော့က သူမ၏ လင်းဖြာနေသည့်မျက်လုံးများကို မြင်လိုက်သည်တွင် ဒီအတိုင်းသဘောတူလိုက်ပြီး သူမ၏ စိတ်လှုပ်ရှားမှုကို ဖော်ပြလိုက်သည်။

ယုန်အအေးသားအစပ်၏ဆွဲဆောင်မှုကို ဒီအိမ်ရှိ အားလုံးက မလွန်ဆန်နိုင်ကြပေ။ အစပ်အရသာ အစားအသောက်ကို ကြိုက်လေ့မရှိသည့် ရှန်းထျယ်ကပင် ဒါကို မလွန်ဆန်နိုင်ချေ။ သူသည် ရှူးရှဲလိုက်ကာ သက်ပြင်းများချရင်း စားရသည်နှင့်သာ အမြဲတမ်းဇာတ်သိမ်းရလေသည်။

ဟုတ်ပါသည်။ သူမက ဒီစိတ်ကူးရှိသလို ရှန်းလီကလဲ ထပ်ဖြည့်ပြောလိုက်သည်။

"ချယ်ရီသီးတွေကိုလဲ ထပ်ထည့်ကြမယ်၊ ဒီထဲက နှစ်ကောင်ကို လုပ်ကြတာပေါ့၊ နောက်ပိုင်းကြရင် ကျွန်တော်တို့တွေ တောင်ပေါ်မှာ ယုန်ခြံလေးတစ်ခုဆောက်ပြီး ယုန်တွေကိုလဲ မွေးကြမယ်လေ"

ဒါက ဘယ်လိုတောင် စားချင်စိတ် ဖြစ်နေတာမျိုးလဲ။

စန်းလော့၏မျက်လုံးများသည် ရယ်မောလိုက်ခြင်းကြောင့် တွန့်ချိုးသွားတော့သည်။

"ဟုတ်ပြီလေ၊ ရှောင်အန်းနဲ့ ရှောင်ကျင့်တို့ တောင်ပေါ်မှာ အလုပ်များနေကြတယ်၊ ရှင်လဲ သွားကြည့်လိုက်ပါအုံး၊ ဝဥတွေကို တတ်နိုင်သမျှ မြန်မြန်စိုက်ဖို့အတွက် အဲဒီ့တောင်ကုန်းကို ရှင်းလင်းနေကြတယ်၊ နောက်နှစ်ရက်နေရင် ကျွန်မ အချိန်ရတဲ့အခါ တစ်ခြားတောင်ကုန်းတွေကိုလဲ စဥ်းစားကြည့်ပြီး မြေအနေအထားကို လေ့လာကြည့်လိုက်မယ်၊ အခုလောလောဆယ်တော့ ကျန်တဲ့ကိစ္စတွေကို မေ့ထားလိုက်ပါ၊ ကျွန်မတို့တွေ ကြက်ခြံဆောက်ရမယ်၊ ဘဲခြံ၊ ယုန်တဲ၊ နှစ်သစ်ကူးမတိုင်ခင် ဆိတ်ခြံတွေကိုလဲ ဆောက်ဖို့လိုသေးတယ်၊ ဒါမှ သူတို့တွေက နွေဦးကျရင် အဆင်သင့်ဖြစ်မှာ"

ရှန်းလီနှင့် ရှန်းအန်းတို့သည် နောက်တစ်နှစ် လပြက္ခဒိန်၏ပထမလ ၁၅ရက်နေ့တွင် စတင်ကျောင်းသွားရတော့မည် ဖြစ်သည်။ ထို့ကြောင့် စန်လော့က သူတို့ကို အလုပ်ထဲပို့ဖို့ရန် မတွန့်ဆုတ်နေချေ။

နွေဦးက ယုန်များမျိုးပွားဖို့ရန် အမြန်ဆန်ဆုံးအချိန် ဖြစ်သည်။ အကယ်၍ သူမက ရှန်းလီ၊ ရှန်းအန်းနှင့် ရှန်းကျင့်တို့ကို ရက်အနည်းငယ်လောက် တောင်အတွင်းပိုင်း ပိုနက်သည့်အထဲသို့ သွားခိုင်းလိုက်လျှင် သူတို့သည် တစ်ရက်ကို ၇ကောင်၈ကောင်လောက်တော့ ယူပြန်လာနိုင်မည်။ သူတို့သည် စားဖို့ရန်အတွက် လုံလောက်သည့်အပြင် မြို့ထဲတွင် ရောင်းချဖို့ရန် သူတို့ကို မွေးမြူထားလို့လဲ ရနိုင်သည်။ ဆိတ်ခြံအတွက်ကတော့ တောင်ခြေတွင် ဆောက်ထားသည့်တစ်ခုက ယာယီသာဖြစ်လေသည်။ တောင်အတွင်းပိုင်းထဲက လျှိုမြောင်ထဲတွင် ကျက်စားနေကြသေးသည့် ဆိတ်တစ်အုပ်လဲ ရှိသေးသည်။ အကြီးကောင်များကိုတော့ ထိုနေရာတွင် မွေးမြူနိုင်သည်။ သို့သော်ငြားလည်း အငယ်ကောင်များကတော့ လက်ရှိဆိတ်ခြံနှင့် အဆင်ပြေလိမ့်မည်မဟုတ်ရာ ခေါ်ပြန်လာဖို့ရန် လိုအပ်လေသည်။

...

ယုန်သားအအေး ဟင်းလျာ။ ဒါသည် အေးစိမ့်စိမ့်လေး တည်ခင်းချိန်တွင် အမှန်ပင် ထူးခြားလှလေသည်။

စန်းလော့က ညနေခင်းရောက်သည်အထိ စောင့်မနေတော့ချေ။ သူမက ချက်ချင်း စတင်ပြီး သန့်ရှင်းရေးလုပ်လိုက်သည်။ အလုပ်များ ပြီးစီးသွားသည့် ရှန်းနဥ်ကလဲ သူ့ယောင်းမကို ကူညီပေးဖို့ရန် ထွက်လာခဲ့သည်။ စန်လော့သည် အလုပ်လုပ်နေချိန်တွင် ရှန်းနဥ်ကို ဘယ်တော့မှ မရှောင်ကျဥ်ခဲ့ချေ။ သူမနှင့်အတူ လုပ်နည်းအသေးစိတ်ကို ရှန်းနဥ်အား အမြဲတမ်းပြောပြတတ်သည်။ ထို့ကြောင့် ရှန်းနဥ်သည် ယုန်အအေးသား ပြုလုပ်ရာတွင် တော်တော်လေး ကျွမ်းကျင်လာသည်။

မနက်ခင်း တစ်ပိုင်းသာရှိသေးသည် စွဲမက်ဖွယ်ကောင်းသည့် အသားနံ့က ရှန်းမိသားစု၏အိမ်ယာထဲမှ လှိုက်တက်လာပြီး လေလှိုင်းများနှင့်အတူ ပြန့်နှံ့သွားတော့သည်"

ဝေးကွာသည့်နေရာတွင် ရှိသူများက ခပ်သင်းသင်းအနံ့လေးကို ရနိုင်သည်။ သို့သော်ငြားလည်း သူတို့၏ တောင်ကုန်းပေါ်တွင် အလုပ်လုပ်နေကြသည့် ရှန်းညီအစ်ကိုများအပြင် ကျောက်ညီအစ်ကိုများဖြစ်သည့် ကျောက်သလန်နှင့် ကျောက်စစ်လန်တို့မှာ သွားရေကျနိုင်သည့်ရနံ့ကြောင့် တံတွေးများကို မထိန်းနိုင်ဘဲ ဖြစ်ကြရသည်။

ချန်းမိသားစု၏ တောင်ကုန်းကလဲ ရှန်းမိသားစု၏ တောင်ကုန်းနှင့် မဝေးချေ။ တောင်ကုန်းပေါ်တွင် ဇွဲလုံ့လရှိရှိဖြင့် အလုပ်လုပ်နေသည့် ချန်းသရှန်မှာ ဆွဲဆောင်မှုကို မလွန်ဆန်နိုင်တော့ဘဲ ရှန်းမိသားစု၏ တောင်ကုန်းဆီသို့ တိုးတိုးတိတ်တိတ် ရောက်လာတော့သည်။ သူက ရှန်းလီ၏ပုခုံးကို သိုင်းဖက်လိုက်ပြီး

"မင်း ငါ့ကို ကျွေးမွေးမယ်လို့ ပြောထားတယ်နော်၊ ဟုတ်တယ်မလား"

အရမ်းမွှေးလိုက်တာ။ အရမ်းကိုမွှေးနေတာပဲ။

ဒါက နေ့လည်စာစားချိန်ပဲ ဖြစ်ရမယ်။

"ဒီနေ့ညလေ"

ရှန်းလီက သူ၏ရယ်ချင်စိတ်ကို ဖိနှိပ်ထားရသည်။ "အားလော့က ယုန်သားအအေးဟင်း လုပ်ပေးနေတာလေ၊ ဒါက ဒီနေ့ညညစာအတွက် ကွက်တိပဲ"

"ဟား"

ချန်းသရှန်မှာ စိတ်ပျက်သွားတော့သည်။ ရှန်းလီကိုကြည့်ပြီး သူက တောင်းပန်တိုးလျှိုးနေ၏။ - မင်းရဲ့စိတ်ကို ပြောင်းလိုက်လို့မရဘူးလား ငါတို့တွေ အဲဒီ့အစား နေ့လည်စာစားချိန်မှာပဲ ဂုဏ်ပြုလိုက်ကြမလား။

သူသည် ထိုစကားကို ထုတ်မပြောရဲခဲ့ချေ။ သို့သော်ငြားလည်း စန်းလော့၏ ယုန်အအေးသားဟင်းလျာက အေးစိမ့်စိမ့် တည့်ခင်းစားသောက်ချိန်မှသာ ပိုပြီးအရသာရှိမည်ကတော့ အမှန်ပင်ဖြစ်လေသည်။

စိတ်အားထက်သန်သည့် မျှော်လင့်ချက်များဖြင့် ရှန်းလီက တဟားဟား ရယ်မောကာ ပြောလိုက်လေသည်။

"ဟုတ်ပြီလေ ငါ မင်းအတွက် နေ့လည်စာတစ်ပန်းကန် ယူလာပေးပါ့မယ်"

ချန်းသရှန်က ချက်ချင်းတက်ကြွသွား၏။

"လိမ်မာလိုက်တဲ့ညီလေး၊ ငါ အလကား မစားပါဘူး။ ငါ ဒီနေ့ တစ်နေ့လုံး မင်းတို့မိသားစုရဲ့ သစ်ပင်တွေကို ကူခုတ်ပေးမယ်"

ရှန်းကျင့်၊ ရှန်းယင်နှင့် ရှန်းထယ်တို့အားလုံးက ရယ်လိုက်ကြပြီး အစားအသောက်ကြောင့် စိတ်အားတက်ကြွသွားသည့် နောက်ထပ်အလုပ်သမားတစ်ယောက်ကို ရလိုက်ရသဖြင့် ဝမ်းသာသွားကြတော့သည်။ ဒါက မကြီးရဲ့ ယုန်အအေးသားဟင်း လျာပဲ။

ညီအစ်ကိုသုံးယောက်က တပြိုင်တည်း တံတွေးမြိုချလိုက်တော့သည်။

ယုန်တစ်ကောင်ထဲတွင်ပင် သူတို့မကြီးနှင့် အစ်မချက်ပြုတ်ထားသည့် တစ်ကောင်က လုံးဝကို မတူညီသည့်အရသာ ဖြစ်လေသည်။

အရသာရှိပြီး ကြွပ်စပ်စပ်ယုန်သားလေးကို စဥ်းစားမိသည်တွင် ရှန်းယင်နှင့် ရှန်းထယ်တို့သည် စိတ်အားများတက်ကြွသွားပြီး သူတို့၏ ပေါက်ပြားငယ်လေးများဖြင့် အားတက်သရော တူးဆွလိုက်ကြတော့ သည်။

...

ချန်းမိသားစုဘက်တွင်တော့ ကျိုးကဲသည် ချန်းသရှန်က ပြန်မလာဘဲ နာရီဝက်လောက် ပျောက်နေသည်ကို သတိထားမိလိုက်သည်။ သူမက ရှန်းမိသားစု၏ တောင်ကုန်းပေါ်ကို လှမ်းကြည့်လိုက်၏။

ဒါကို မြင်လိုက်သည်တွင် ချန်းအဘွားက တဟားဟား ရယ်မောတော့သည်။

"အားလော့ကတော့ အရသာရှိတဲ့ဟာတွေ ချက်ပြုတ်နေတာပဲ ဖြစ်ရမယ်၊ ကြည့်စရာ မလိုတော့ပါဘူး၊ ငါတို့တွေ သူ့ကို သွားဆွဲခေါ်ရင်တောင် သူ ပြန်လာမှာ မဟုတ်ဘူး။ သူက ရှန်းလီတို့အိမ်မှာ တစ်ကိုက်လောက် သေချာပေါက် စားပြီးမှပဲ ပြန်လာချင်စိတ်ရှိမှာ၊ သူ့ကို အလုပ်ကြိုးစား ထားခိုင်းလိုက်စမ်းပါ"

အဘွားကြီးက သူမ၏ မြေးအကြီးဆုံး၏ အရှက်အကြောက်တရားအပေါ် သူ့အကျင့်က လွှမ်းမိုးသွားသည်ကို အသားကျနေပြီးဖြစ်လေသည်။

ကျိုးကဲကလဲ မရယ်ဘဲ မနေနိုင်အောင် ဖြစ်သွား၏။ အမှန်ပင် ဒီလိုလုပ်ရပ်မျိုးက သူ့ယောက်ျားလုပ်လိမ့်မည့်အရာ ဖြစ်လေသည်။ သူမသည် ထိုဘက်သို့ နောက်တခေါက် ထပ်ကြည့်မနေတော့ချေ။

နေ့လည်ခင်းတွင် စန်းလော့က နေ့လည်စာကို ပြင် ဆင်ခဲ့သည်။ သူမက ရှန်းနဥ်ကို တောင်ပေါ်သို့တက်ပြီး ရှန်းလီနှင့် တခြားသူများကို နေ့လည်စာဆင်းစားဖို့ သွားခေါ်ခိုင်းသည်။

"နောက်ပြီးတော့ ဦးလေးကျောက်သလန်နဲ့ ဦးလေးကျောက်စစ်လန်တို့ကိုလဲ ဖိတ်ခဲ့နော်"

ကျောက်မိသားစုသည် တစ်နေ့လျှင် နှစ်နှပ်သာ စားနေကြဖြစ်သည်။ သို့သော်ငြားလည်း စန်းလော့၏ ရက်ရောလှသည်ံ့ လုပ်ခလစာကြောင့် ဦးလေးကျောက်သလန်နှင့် ကျောက်စစ်လန်တို့သည် သုံးနပ်စားရလေသည်။ နေ့လည်ခင်းစာက သေးငယ်သည့် တစ်နပ်စာ ဖြစ်သော်ငြားလည်းပဲ သူတို့သည် မနက်ခင်းတွင် အိမ်တွင်စားခဲ့ကြပြီး နေ့လည်ခင်းတွင်တော့ သူတို့၏ဗိုက်ကိုဖြည့်ရန် လက်ဖဝါးတစ်ခုစာ အရွယ်အစားရှိသည့် ပန်ကိတ်တစ်ခုကို စားကြသည်။ ထို့နောက်တွင်တော့ မိသားစု၏ ကလေးငယ်များက သူတို့အတွက် ညနေစာကို လာပို့ပေးလိမ့်မည်။

သူတို့သည် အတူတူ အလုပ်မလုပ်ချိန်တွင် ဒါက ကြီးမားသည့်ကိစ္စတစ်ခု မဟုတ်ချေ။ လူအများစုက နှစ်နပ်သာစားကြသည်။ ထို့ကြောင့် စိုက်ပျိုးရေးရာသီ အလုပ်များသည့်အချိန်နှင့် ပင်ပင်ပန်းပန်း လုပ်ရသည့်အချိန်တွင် သုံးနပ်စားကြသည့် သရှင်းရွာက လူများကတော့ ချွင်းချက်ဖြစ်လေသည်။ သို့သော်ငြားလည်း ရှန်းလီ၊ ရှန်းအန်းနှင့် တစ်ခြားသူများကလဲ ဒီနေ့ တောင်ပေါ်တွင် အလုပ်လုပ်နေကြသည်။ အရသာရှိသည့် အစားအသောက်များနှင့် ပျော်ရွှင်ဖွယ်ရာ အခါသမယဖြစ်နေ၏။ စန်းလော့က ကျောက်ညီအစ်ကိုများအတွက်လဲ တစ်ချို့ကို ယူသွားပေးဖို့ ဆုံးဖြတ်ထားသည်။

ရှန်းနဥ်က တောင်ပေါ်တက်သွားပြီး အလုပ်သမားကို သွားခေါ်ချိန်တွင် ထိုနေရာတွင်ရှိနေသည့် ချန်းသရှန်ကိုလဲ တွေ့လိုက်ရသည်။ သူမသည် အသက်၉နှစ်အရွယ်ကတည်းက စန်းလော့၏ စောင့်ရှောက်မှုအောက်တွင် နေလာခဲ့သည်ဖြစ်ရာ ကောင်မလေးက မည်သို့ ကိုင်တွယ်ဖြေရှင်းရမည်ကို သိလေသည်။ သူမကလဲ သူမ၏ယောင်းမလို အလွန်မှ ရက်ရောလှလေသည်။ တွေဝေနေခြင်းမရှိဘဲ သူမက ချန်းသရှန်ကိုလဲ ထည့်သွင်းဖိတ်ခေါ်လိုက်သည်။

ချန်းသရှန်က သွားများပြုံးဖြီးကာ ပြုံးပြလိုက်ပြီး သူ၏ တောက်ပဖြူဖွေးနေသည့်သွားများကို လှစ်ပြလိုက်သည်။

"ငါ မစားပါဘူး၊ ငါ အိမ်မှာပြင်ဆင်ထားတဲ့ အစားအသောက်တွေရှိပါတယ်၊ ဒါပေမဲ့ နင့်အစ်ကိုက ငါ့ကို ယုန်သားပန်းကန်ငယ်လေး တစ်ပန်းကန်လောက် ယူပြန်လာပေးမယ်လို့ ကတိပေးထားတယ်လေ၊ အားနဥ် အချိန်တန်ရင် ငါ့ကို တစ်ပွဲစာလောက်ယူ လာပေးလို့ ရမလား”

ရှန်းနဥ်သည် ချန်းသရှန်ကလဲ ယုန်အအေးသားကို ကြိုက်နှစ်သက်မှန်းသိသဖြင့် ရယ်မောလိုက်လေသည်။ မဟုတ်ပါဘူး။ သူက ရှန်းမိသားစုအိမ်က ပစ္စည်းအားလုံးမှန်သမျှကို ကြိုက်တာပါ။ သူ့ကိုမဆွဲဆောင်နိုင်တဲ့အရာ ဘာမှမရှိဘူး။ သူမက ပြုံးပြလိုက်ပြီး ခေါင်းငြိမ့်သဘောတူလိုက်၏။

"ရတာပေါ့၊ သမီး အစ်ကို့အတွက် အပို ယူလာပေးပါ့မယ်၊ အဘွား၊ အဘိုးနဲ့ ရှောင်ယာတို့လဲ နည်းနည်းလောက် မြည်းကြည့်လို့ရတာပေါ့"

ချန်းသရှန်က အဆင်သင့် သဘောတူပြီးသားပင်။ ကျောက်သလန်နှင့် ကျောက်စစ်လန်တို့သည် ရှန်းမိသားစုက အသားကို စားကြလိမ့်မည်ဟု သိသွားသည်တွင် သူတို့က ငြင်းဆန်တော့သည်။ ရှန်းနဥ်က မည်သို့ပင် ပြောဆိုပါစေ ရှန်းလီနှင့် ရှန်းအန်းတို့ကလဲ သူတို့ကို မည်သို့နားချဖို့ ကြိုးစားနေပါစေ သူတို့ သည် သူတို့၏ ကိုယ်ပိုင်ရိက္ခာများကိုသာ ယူလာပြီး မလှုပ်မယှက်နှင့် အလုပ်ကိုသာ ဆက်လုပ်နေလိုက်ကြသည်။

ရှန်းလီမှာ ဘာမှမတတ်နိုင်အောင် ဖြစ်သွား၏။ သူက ဘာမှထပ်မပြောတော့ချေ။ အလုပ်ပြီးသွားသည့်နောက်တွင် ရှန်းနဥ်က ချန်းသရှန်အတွက် ယုန်သားများကို ထုတ်ပေးလိုက်ပြီး သူမက စန်းလော့ကို အခြေအနေပြောပြလိုက်၏။ သူမက ပန်းကန်တစ်ချပ်ကို ဒီအတိုင်းထုတ်ယူလိုက်ပြီး ယုန်အသားတစ်ဝက်ကို ဖြည့်ပေးလိုက်ကာ ပန်းကန်လုံးတစ်ခုထဲတွင် အသီးအရွက်တစ်ချို့ကိုလဲ ထပ်ထည့်ပေးလိုက်ပြီး ရှန်းလီကို လှမ်းပေးလိုက်လေသည်။

"ဦးလေးကျောက်သလန်နဲ့ ဦးလေးကျောက်စစ်လန်တို့ကို ဒီအတိုင်းပြောလိုက်ပါ၊ ကျွန်မတို့အိမ်မှာ ပျော်ရွှင်စရာပွဲတစ်ခု ရှိတာမလို့ သူတို့အတွက် ငြင်းဆန်နေဖို့ မလိုပါဘူးလို့။ သူတို့တွေကိုလဲ ပျော်ရွှင်စရာမျှဝေပေးတာလို့ ပြောလိုက်ပါ"

...

နေ့လည်စာအတွက် အလျှံပယ်ပေါများကြွယ်ဝသည့် စားပွဲတစ်ခုကို ပြင်ဆင်ပေးထားပြီး အစောပိုင်းကတည်းက တည့်ခင်းထားလေသည်။ ကျောက်ညီအစ်ကိုများသည် ယုန်သားကို အရသာခံကြည့်လိုက်ပြီးနောက်တွင် တစ်ယောက်ချင်းစီက သုံးတုံးလောက် စိတ်အလိုလိုက်ကာ စားလိုက်ကြပြီး အားလုံးကို အကုန်စားလိုက်ဖို့ ထိန်းချုပ်ထားလိုက်ကာ သူတို့မိသားစုက ပဲထမင်းလုံး ထုပ်ပိုးဖို့ရန် သုံးလာသည့် သစ်ရွက်များထဲတွင် ကျန်သည့်အသားများကို ထည့်သိမ်းထားလိုက်ပြီး အိမ်ပြန်ရောက်သွားသည့်အခါမှ သူတို့မိဘများနှင့် ဇနီးများနှင့်အတူ အရသာခံဖို့ စဥ်းစားထားလိုက်ကြသည်။

ဟုတ်ပါသည်။ စန်းလော့ကတော့ ဒါကို သိလိမ့်မည် မဟုတ်ချေ။

နေ့လည်စာစားပြီးနောက်တွင် ရှန်းလီနှင့် ရှန်းအန်းတို့က စာဆက်ဖတ်လိုက်ကြပြီး ရှန်းကျင့်နှင့်သူ့ညီအစ်ကိုများကတော့ နေ့လည်ခင်း တစ်ရေးအိပ်ဖို့ ပြန်သွားကြသည်။ တောင်အတွင်းပိုင်းတွင် သူတို့၏ အစ်ကိုကြီး၊ မရီးနှင့် အတူတူ နေလာခဲ့သည့် ဒီနှစ်အတွင်းတွင် ရရှိလာခဲ့သည့် အကျင့်တစ်ခုဖြစ်လေသည်။

စန်းလော့နှင့် ရှန်းနဥ်တို့ကလဲ နာရီဝက်လောက် အိပ်လိုက်ကြသည်။ ဆောင်းတွင်းဖြစ်နေသည့်အပြင် သူတို့၏ မနားရသည့်ညများက နှစ်ညဆက်တိုက်ရှိလေရာ စန်းလော့သည် နောက်ထပ် ၁၅မိနစ်လောက် အိပ်လိုက်ပြီးမှ ပြန်ထလာခဲ့သည်။ ထိုအချိန်တွင်တော့ ရှန်းလီနှင့် ရှန်းအန်းတို့က တောင်ကုန်းပေါ်တွင် အလုပ်သွားလုပ်နေပြီဖြစ်သည်။

ညနေခင်းတွင် သူမက ဆန်မှုန့်များကို ကြိတ်ထားလိုက်ပြီး ထို့နောက်တွင်တော့ ကြက်နှင့် ငါးများကိုသတ်ပြီး သစ်ကြားသီးများကို အခွံခွာဖို့ စတင်ပြင် ဆင်လိုက်ကြသည်။ ကျိုးကဲကလဲ လာရောက်ကူညီသည်။ သို့သော်ငြားလည်း ကြက်၊ ငါးများကိုသတ်ခြင်း၊ သန့်ရှင်းရေးလုပ်ခြင်းနှင့် ပါဝင်ပစ္စည်းများကို ဆေးကြောပေးခြင်းသာ ကူညီပေးခဲ့သည်။ သူမ၏ တာဝန်ပြီးဆုံးသွားသည်နှင့် သူမက အိမ်အတွက် ညနေစာပြင်ဆင်ပေးဖို့ရန် လိုအပ်သည်ဟုပြောကာ ပြန်သွားလေသည်။

အမှန်တွင်တော့ သူမ၏အဘွားက စန်းလော့ ကျွမ်းကျွမ်းကျင်ကျင် လုပ်နိုင်သည့်တာဝန်များကို ကူညီပေးဖို့ ရှောင်ရှားရန် သူမကို အစောပိုင်းက မှာကြားခဲ့ခြင်း ဖြစ်သည်။ ထိုအရာများသည် တရားဝင် စားဝတ်နေရေးအဖြစ် ပြောင်းလဲသွားနိုင်သောကြောင့်ပင်။ စန်းလော့ကလဲ ဒီအပြုအမူကို အသားကျနေပြီးသားဖြစ်ရာ ဒီအတိုင်းပြုံးပြလိုက်ပြီး ညနေခင်း မှောင်ရီပျိုးနေချိန်မှ ချန်းသရှန်နှင့်အတူ ညစာလာရောက်စားသောက်ဖို့ သူမကို ဖိတ်ကြားလိုက်သည်။

စန်းလော့နှင့် ရှန်းနဥ်တို့နှစ်ယောက်စလုံးက အချက်အပြုတ်တွင် ဝါသနာပါကြပြီး ပါဝင်ပစ္စည်းများလဲ အဆင်သင့်ဖြစ်နေသဖြင့် သူတို့က ကျွမ်းကျွမ်းကျင်ကျင် အလုပ်လုပ်လိုက်ကြကာ မီးဖိုနှစ်ခုကို တပြိုင်တည်း မီးမွှေးလိုက်ကြသည်။ မီးဖိုထဲက ခြေ၈ချောင်းစားပွဲပေါ်တွင် ဟင်းလျာများကို တစ်ခုပြီးတစ်ခု တည့်ခင်းလိုက်သည်။

ယုန်အအေးသား၊ နှမ်းတို့ဟူးသုတ်၊ သစ်ကြားသီးကြက်သားကင်၊ ကြက်သွန်မြိတ်နှင့် ဝက်သားခြောက်မွှေကြော်၊ ပဲပြားအခြောက်ကြော်၊ အသီးအရွက်ချဥ်နှင့် ကြက်ကလီစာမွှေကြော်၊ ဝဥဆာတေးနှင့် စပျစ်သီးဆန်မုန့်တို့ ဖြစ်လေသည်။

မီးဖိုပေါ်က နောက်ဆုံး ငါးနှစ်တို့ဟူးဟင်းအိုးက တပွက်ပွက် ဆူလာသည်တွင် ရှန်းလီနှင့် သူ့မိတ်ဆွေများက အချိန်မီ ပြန်ရောက်လာကြသည်။ ချန်းသရှန်အတွက်ကတော့ သူသည် တစ်ညနေခင်းလုံး တောင်ပေါ်တွင် ကြိုးစားပြီး အလုပ်လုပ်လာခဲ့ရသည်။ အခုတော့ သူ့ရှေ့တွင် တည့်ခင်းထားသည့် ပေါများကြွယ်ဝလှသည့် စားသောက်ပွဲထဲတွင် လုံးဝကို နစ်မြောနေတော့သည်။

"ရှန်းလီ နောက်တခေါက်ကျရင် မင်း ဒီ့ထက်ပိုကောင်းအောင် လုပ်မှဖြစ်မယ်၊ ဒါမှ ငါရဲ့ခယ်မလေးကလဲ နောက်ထပ်တစ်ခါ ချက်ပြုတ်ပေးနိုင်မှာ"

နေရာတွင် မခွာနိုင်ဖြစ်နေသည့် ရှန်းထျယ်ကလဲ ဝမ်းသာအားရ ခေါင်းငြိမ့်ထောက်ခံလေသည်။

"ဟုတ်တယ်၊ ဟုတ်တယ်၊ အစ်ကိုကြီးနဲ့ အစ်ကိုငယ်တို့နှစ်ယောက်စလုံး သေချာပေါက် ကြိုးစားမှဖြစ်မယ်"

မကြီးက သူကြိုက်တဲ့ ယုန်သားဟင်းလျာတွေကို ပြင်ဆင်ပေးထားတဲ့အပြင် သူ့အကြိုက်ဆုံး စပျစ်သီးဆန်မုန့်ကိုလဲ လုပ်ထားပေးတယ်လေ။

ရှန်းနဥ်သည် ရှန်းထျယ်၏အကြည့်က အစားအသောက်မှ မခွာနိုင်ဖြစ်နေသည့်တိုင် ခေါင်းငြိမ့်သဘောတူနိုင်ပြီး ဟုတ်တယ်ဟု အတွင်တွင်ပြောနေသည်ကို စောင့်ကြည့်နေလေသည်။ ကျွဲမြီးတိုစရာကောင်းသော်လဲ သဘောကျမိသဖြင့် ရှန်းနဥ်က ရှန်းထျယ်၏နဖူးလေးကို ကျီစယ်သလို တောက်လိုက်၏။

"နင့်လက်တွေ သွားဆေးတော့"

ထိုအခါမှ ရှန်းထျယ်သည် သူ့မျက်လုံးများကို စားသောက်ပွဲမှ ခွာလိုက်ကာ အလောတကြီး လက်သွားဆေးလိုက်ပြီး ရှန်းကျင့်နှင့်ရှန်းယင်နောက်သို့ လိုက်သွားတော့သည်။

ရှန်းနဥ်က ကျိုးကဲကို သွားခေါ်ချိန်တွင် ရှန်းလီက အရက်ကို ပြင်ဆင်ထားပြီးသားဖြစ်သည်။ နှစ်ပေါင်လောက်ရှိသည့် အရက်အိုးကြီးတစ်ခုဖြစ်ပြီး စန်းလော့နှင့် ကျိုးကဲတို့လဲ သောက်ဖို့ရန် လုံလောက်သည်။

လူ၉ယောက်က စားပွဲတွင် နေရာယူလိုက်ကြ၏။ ကျေးလက်ဒေသတွင် ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား မရှိချေ။ ကလေးများကလဲ ထောင့်များတွင် တိုးဝှေ့နိုင်သည်။ လူကြီးများက သူတို့၏ ဝိုင်အရက်ကို လောင်းထည့်နေကြစဥ် ကလေးများက စန်းလော့သူတို့အတွက် အထူးပြင်ဆင်ပေးထားသည့် တောဆီးသီးဖျော်ရည် ချိုချိုလေးကို သောက်နေကြသည်။ အသက်ဝင် စည်ကားလှသည့် စကားဝိုင်းထဲတွင် သူတို့သည် သူတို့၏ခွက်ကို ကိုင်မြှောက်လိုက်ကြပြီး စားသောက်ပွဲကို ဂုဏ်ပြုလိုက်ကြသည်။ သူတို့က စတင်စားသောက်မည့်ဆဲဆဲတွင် ရွှီဝမ်ချင်းက လူတစ်ယောက်နှင့်အတူ အလောတကြီး ရောက်လာတော့သည်။

"ဆရာ"

လူက ရောက်မလာခင်မှာပင် အသံကအရင်ရောက်နှင့်သည်။

ရွှီဝမ်ချင်း၏အသံကို ကြားလိုက်ရသဖြင့် ရှန်းလီက သူ့ကို အတူတူစားသောက်ဖို့ရန် ထခေါ်လိုက်သည်။ ရှန်းမိသားစု မီးဖိုချောင်၏ တံခါးဝတွင်ရပ်နေပြီး ရွှီဝမ်ချင်းက အထဲက မြင်ကွင်းကို လှမ်းကြည့်လိုက်ကာ ရှန်းလီကို မသိမသာ မျက်ရိပ်ပြလိုက်ပြီးမှ အ ထဲသို့အနည်းငယ် လှမ်းဝင်လာသည်။

"ဆရာ အရာရှိချူ ရောက်နေပါတယ်"

သူ၏လှုပ်ရှားမှုနှင့်အတူ ချွေ့ချီချန်း၏ပြုံးနေသည့်မျက်နှာက သူ့နောက်မှ ပေါ်လာလေသည်။

"ညီလေးရှန်း ကျွန်တော် ခင်များကို ဂုဏ်ပြုဖို့ ဒီကိုရောက်လာတာပါ"

ရှန်းလီနှင့် ချန်းသရှန်တို့ နှစ်ယောက်စလုံးက တအံ့တသြ ဖြစ်သွားတော့သည်။ ရှန်းလီက ဇဝေဇဝါဖြစ်သွား၏။ သူသည် ပြည်နယ်ကျောင်းဝင်ခွင့်စာမေးပွဲကို အောင်ရုံလေးသာ အောင်ခဲ့ပြီး အဆင့်ကလဲ အောက်ခြေနားတွင်ရှိလေသည်။ ချွေ့ချီချန်းလို အရာရှိတစ်ယောက်က အဘယ်ကြောင့် သူ့ကို လာရောက်ဂုဏ်ပြုရပါသနည်း။

ထို့အပြင် "ညီလေးရှန်းတဲ့လား"

စန်းလော့သည် ရှန်းလီနှင့်ချန်းသရှန်တို့၏ ပန်းကန်လုံးထဲသို့ လောင်းထည့်ပြီးသားဖြစ်နေသည့် ဝိုင်အရက်ကို အလိုလို လှမ်းကြည့်လိုက်မိတော့သည်။ သူမသည် ခေါင်းကိုက်ချင်လာတော့သည်။ ဒါကို အခုမှတော့ ဖုံးကွယ်ချင်ထားလို့ မရတော့ဘူးပေါ့နော်။

လေထဲတွင် ရှူရှိုက်ကြည့်လိုက်ပြီး သူမက အလွန်နောက်ကျသွားပြီဖြစ်မှန်း သဘောပေါက်လိုက်သည်...

သေချာပါသည်။ ချွေ့ချီချန်း၏နှခေါင်းကလဲ တရှုံ့ရှုံ့လှုပ်သွားပြီး သူက ရှန်းလီနှင့် ချန်းသရှန်တို့၏ နောက်က စားပွဲပေါ်တွင် ရှိနေသည့်ပစ္စည်းကို အနည်းငယ်လှမ်းပြီး ချောင်းကြည့်လိုက်လေတော့သည်။

...

All Chapters