← Chapters

အခန်း (၂၂၅-၂၂၆)

Vol. 23 Ch. 225-226

အခန်း (၂၂၅-၂၂၆)

Vol. 23 Ch. 225-226

အပိုင်း (၂၂၅) တုန်းစီရင်စုက စန်းမိသားစုတဲ့လား

ချွေ့ချီချန်းက ရှန်းမိသားစုအိမ်သို့ အလည်အပတ် သွားသည့်ကိစ္စသည် ရွာထဲတွင် လျှိုဝှက်ချက် မဟုတ်ချေ။ သူ၏အရာရှိဝတ်စုံက အလွန်မှ ထင်ရှားလွန်းနေသည်။ ရှန်းမိသားစုသည် ရွာ၏အတွင်းဆုံးအပိုင်းတွင် နေထိုင်ကြသဖြင့် သူက လမ်းတစ်လျှောက်ဝင်လာရာတွင် လူပေါင်းများစွာ၏အကြည့်က သူ့အပေါ်တွင် ကျရောက်နေခဲ့ပြီး ဘယ်သူကမှ ရှန်းမိသားစုအိမ်သို့ မချဥ်းကပ်ရဲကြချေ။

ထိုသို့နှင့် ရှန်းလီနှင့်ကျန်သည့်နှစ်ယောက်က ချွေ့ချီချန်းကို သရှင်းရွာမှ လိုက်ပို့ပေးပြီးနောက် သူတို့ ပြန်ရောက်လာသည့်အခါ သတင်းအသစ်ကို မေးမြန်းစုံစမ်းဖို့ရန်အတွက် ရွှီမိသားစု၏အိမ်အပြင်ဘက်တွင် စုဝေးနေကြသည့် လူအုပ်ကြီး၏ တားမြစ်ခြင်းခံလိုက်ရ၏။ တောင်အတွင်းပိုင်း ပိုနက်သည့်နေရာသို့ ရှာဖွေခြင်းတာဝန်ကို သိရှိလေရာ ချမ်းသာခြင်းနှင့် မြေယာပိုင်ဆိုင်ခြင်း နှစ်ခုလုံးရရှိမည့် အလားအလာကို မည်သူက ဆွဲဆောင်မခံရဘဲ ရှိပါမည်နည်း။ တော်တော်လေး သက်တောင့်သက်သာရှိလှသည့် နောက်ခံတစ်ခုနှင့် အဘွားရွှီလိုလူကပင် သူမမိသားစု၏ ပိုင်ဆိုင်မှုနေရာများ တိုးပွားလာမည့် အလားအလာတွင် ဝမ်းသာမိလေသည်။ ရွာသားများကလဲ ပိုလို့ပင် စိတ်အားထက်သန်လှပြီး သူတို့ ၏ လုပ်ကိုင်လိုသည့်ဆန္ဒမှာ လိုအပ်သည်ထက်ပင် ပိုလေသည်။

အဘိုးလုနှင့် အဘွားလုတို့ကသာ နှမြောတသ ဖြစ်ရလေသည်။ သူတို့သည် သူတို့၏အခွင့်အရေးနှင့် လွဲချော်ခဲ့ရသည်။ အခုတော့ တစ်ခြားသူများက သူတို့၏နေရာကို ယူသွားခဲ့သည်။ အကယ်၍များ သူတို့က ပြန်လာလိုစိတ်ရှိလျှင်ပင် ဒါက ဖြစ်နိုင်လိမ့်မည် မဟုတ်တော့ချေ။ ဒီကိစ္စနှင့်ပတ်သတ်ပြီး သူတို့တွင် တတ်နိုင်သည်ကလဲ ဘာမှမရှိချေ။ သို့သော်ငြားလည်း နောက်ထပ်ရောက်လာသည့် မြေဧက၃၀ ကျော်နှင့် ငွေ၇ယွမ်ခွဲကို ပေါင်းလိုက်သည်တွင် အဘိုးကြီးလင်မယားက တော်တော်လေး ကျေနပ်နေပြီဖြစ်သည်။

ထိုနည်းတူစွာ ရှန်းလီကလဲ နောက်ထပ်ပါဝင်မည့်ကိစ္စကို ချုပ်တည်းထားလိုက်ပြီး ကိစ္စရပ်အားလုံးကို ချန်းသရှန်အား အပ်နှံထားလိုက်သည်။ သူသည် အိမ်ပြန်လာသည်တွင် စန်းလော့က ရေနွေးတစ်ဇလုံကို ပြင်ဆင်ထားနှင့်ပြီးဖြစ်သည်။ တစ်ချိန်ထဲတွင် ရှန်းအန်းနှင့် ရှန်းကျင့်တို့ကလဲ ပန်းကန်များကို ဆေးကြောပြီး စားပွဲသုတ်ရင်းဖြင့် အလုပ်များနေကြသည်။

စန်းလော့သည် တစ်နေ့တာ လုပ်ငန်းဆောင်တာများကြောင့် ပင်ပန်းနေပြီဖြစ်ရာ အပေါ်ယံသန့်ရှင်းရေးကိုသာ ပြုလုပ်ပေးလိုက်ပြီး ဘာမှထပ်ဝင်မလုပ်ပေးတော့ချေ။

လင်မယားနှစ်ယောက်က ချွေ့ချီချန်းအကြောင်းကို စတင်ဆွေးနွေးလိုက်ကြ၏။

ရှန်းလီက ပြောလိုက်သည်။

"သူ့ပုံက ရိုးသားတဲ့ပုံဆိုပေမဲ့လဲ တကယ်တမ်းကြတော့ ပါးနပ်ပြီး စဥ်းစားချင့်ချိန်တတ်တယ်၊ အခုအချိန်လောက်ဆိုရင် သူတော့ ကျွန်တော်တို့မိသားစုရဲ့ နောက်ကြောင်းနဲ့ပတ်သတ်ပြီး စဥ်းစားနေလောက်ပြီ ချီယမ်စီရင်စုက ပြာဖြစ်အောင် မီးရှို့ခံရပြီး အဲဒီ့က နေထိုင်သူတွေရဲ့မှတ်တမ်းလဲ ဘာမှကျန်ခဲ့မှာမဟုတ်ဘူး၊ ဒါက သူ့စိတ်ထဲမှာ ပိုပြီးတော့ တွေးတောစရာ ဖြစ်လာစေနိုင်တယ်"

ရှန်းလီက ဒီအကြောင်းကို ပြောလိုက်ချိန်တွင် သူသည် စန်းလော့ကို ကြည့်လိုက်၏။ အမှန်တွင်တော့ သူသည်လဲ ဒီနေ့အနည်းငယ် အံ့အားသင့်ရသေးသည်။ စန်းလော့သည် သူမ၏ ပုံမှန်အနေအထားဖြင့် လုံးဝကွာခြားမှု ရှိနေသည့်အခြမ်းကို ပထမဦးဆုံးအကြိမ် တွေ့လိုက်ရခြင်းပင်။ သူမ၏ အပြုအမူ၊ အရောင်အဝါ၊ စကားလုံးရွေးချယ်မှု အပြောင်းအလဲက အလွန်မှ သိသာထင်ရှားလေသည်။

"ပိုပြီးစဥ်းစားလေလေ ပိုကောင်းလေပဲ၊ အနီရောင်ယမကာက အရမ်းဆွဲဆောင်မှုရှိနေတယ်လေ၊ ဒီနေ့ စားပွဲပေါ်မှာ တစ်ခြားရှားပါးဟင်းလျာတွေလဲ ရှိနေသေးတာကို ကျေးဇူးတင်ရမယ်၊ ကျွန်မတို့ရဲ့ပိုင်ဆိုင်မှုတွေကို အတောမသတ်နိုင်အောင် မက်မောနေတာထက် ကျွန်မတို့ရဲ့ ရည်ရွယ်ချက်နဲ့ပတ်သတ်ပြီး မသေမချာဖြစ်နေတာက သူတို့အတွက် ပိုကောင်းတယ်လေ"

ခမ်းနားကြီးကျယ်လှသည့် ရှေးဟောင်းအိမ်တော်တစ်ခုထဲတွင် ခြံဝန်းပေါင်းများစွာရှိခြင်း၏ အကျိုးကျေးဇူးကို နောက်ဆုံးတော့ သဘောပေါက်သွားတော့သည်။ သူတို့၏အိမ်တွင် ခြံဝန်းပေါင်းများစွာရှိဖို့ မပြောနှင့် ဝင်ပေါက်တစ်ခုထဲရှိလျှင်ပင် ထမင်းစားခန်းနှင့် ဧည့်ခန်းကိုခွဲခြားထားခြင်းက ရုတ်တရက် ဧည့်သည်ရောက်လာခဲ့လျှင် သူတို့၏လျှို့ဝှက်ချက်များကို ခင်းကျင်းထားသည့် ကိုးရိုးကားယားနိုင်သည့် အခြေအနေများမှ ကာကွယ်နိုင်လိမ့်မည်။

စားသောက်ပွဲက အကြောင်းအရာများကို ပြန်သတိ ရလိုက်ပြီး ရှန်းလီက ပြောလိုက်၏။

"ယမကာနဲ့ပတ်သတ်ပြီးတော့ သူ ထပ်ပြီးပြောလိမ့်မယ်လို့ ကျွန်တော် မထင်ဘူး၊ ဒါပေမဲ့ ဝမ်ချင်းက ဝဥစိုက်ပျိုးတဲ့ ဖြစ်နိုင်ချေအကြောင်းကို ထုတ်ပြောခဲ့တယ်၊ သူက အစားစားနေတုန်း ဒီအကြောင်းကို တော်တော်လေး မေးမြန်းခဲ့တယ်၊ ဒေသခံရုံးတော်က မကြာခင်မှာ အသေးစိတ်အကြောင်းအရာကို လာမေးမယ်ထင်တယ်၊ ရှီကျိူးမှာ တောင်တွေထူထပ်တဲ့နယ်မြေတွေ အများကြီးရှိတာဆိုတော့ သူတို့က ဒီအခွင့်အရေးကို လွဲချော်ခွင့်ပေးမှာ မဟုတ်ဘူးလေ"

စန်းလော့က မငြင်းပယ်ချေ။ စိုက်ပျိုးရေးနည်းလမ်းကို အသေးစိတ် သင်ကြားပေးရခြင်းဖြစ်စေ၊ ဝဥစိုက်ပျိုးခြင်းကို အဆင့်မြှင့်တင်ပေးရခြင်းဖြစ်စေ ဒီနည်းပညာများက နှစ်ပေါင်းများစွာ ဝေငှခဲ့ပြီးသည်ကို စဥ်းစားသည်တွင် သူမက ဒါကို လိုလားလေသည်။ ထို့အပြင် ရှီကျိူး၏ စီးပွားရေးတိုးတက်လာမှုကိုလဲ သူမက ကြိုဆိုသည်။ ထို့ကြောင့် သူမက ပြောလိုက်၏။

"တကယ်လို့ သူတို့တွေ ကျွန်မတို့ဆီမှာ တကယ်လာမေးတယ်ဆိုရင် ရှင်သင်ပေးနိုင်တဲ့အရာမှန်သမျှကို သင်ပေးလိုက်ပါ၊ တကယ်လို့ သူတို့တွေက ဥတွေကို ဝယ်ချင်တယ်ဆိုရင်လဲ ကျွန်မတို့တွေက ညှိနှိုင်းလို့ရပါတယ်၊ ဒါပေမဲ့ ဒါတွေကို စပါး၊ ပဲနဲ့ အလဲအလှယ်လုပ်ဖို့ ကြိုးစားကြည့်ပါ၊ မြို့ထဲကစျေးနှုန်းတွေက အရမ်းမြင့်တက်နေတာလေ၊ စျေးတွေက နောက်ထပ် တစ်နှစ်၊နှစ်နှစ်လောက်တော့ ဆက်ပြီးတော့ မြင့်နေအုံးမှာ၊ တကယ်လို့ သူတို့မှာ ငွေရှိတယ်ဆိုရင်တောင် ဒါကို အလွယ်တကူ ဝယ်လို့ရချင်မှရမယ်၊ ဒီနှစ်ရဲ့ ဆောင်းဦးကောက်ရိတ်သိမ်းချိန် မတိုင်ခင်အထိတော့ ငွေထက် စပါးကို သိုလှောင်တာကိုပဲ ဦးစားပေးကြရအောင်"

စိုက်ပျိုးရေးသည် ရာသီဥတုပေါ် မှီခိုရလေသည်။ သူမ၏မိသားစုတွင် လတ်တလော၌ စားစရာ အစားအသောက်များ ရှိသေးသည်။ နောက်တစ်နှစ်ရာသီဥတုက မည်သို့ဖြစ်လိမ့်မည်ကို ဘယ်သူက သိပါမည်နည်း။

ရုံးတော်က အခကြေးငွေမပေးဘဲ ဝဥများကို လိုအပ်ချက်အရ ဒီအတိုင်းယူသွားမည့်ကိစ္စကိုတော့ စန်းလော့က ဖြစ်လာလိမ့်မည်ဟု မထင်ထားချေ။ သူတို့တောင်ပေါ်မှ ထွက်လာကတည်းက ရှီကျိူးအရာရှိများ၏ အမူအကျင့်ကို အခြေခံကြည့်လျှင် သူတို့သည် ဒီလိုအပြုအမူမျိုး လုပ်လိမ့်မည်ဟု သူမက မယုံကြည်ချေ။

သူမ၏ရည်ရွယ်ချက်ကို နားလည်လိုက်သည်တွင် ရှန်းလီကလဲ စကားပြောဖို့ ပြင်ဆင်လိုက်၏။ သို့သော် ငြားလည်း သေချာပြန်စဥ်းစားပြီးနောက်တွင် ရုံးတော်က မည်သူ့ကိုလွှတ်လာမည်ကို သေချာမသိလေရာ သူတို့သည် ဘယ်လိုလူများဖြစ်မည်ကိုလဲ မသိချေ။ ထိုအစား သူက ခေါင်းငြိမ့်ကာ သဘောတူလိုက်လေသည်။

"ကောင်းပါပြီ"

...

ရုံးတော်အရာရှိများသည် ရှန်းလီ၏ မျှော်လင့်ထားသည်ထက် မြန်မြန်ဆန်ဆန် ရောက်လာလေသည်။ ရှန်းလီနှင့် ရှန်းအန်းတို့က မနက်ခင်းစာဖတ်နေပြီး မနက်ခင်းအလယ်တစ်ပိုင်းတွင် တောင်ပေါ်သို့သွားကာ အလုပ်သွားလုပ်လိုက်ကြသည်။ သိပ်မကြာခင်မှာပင် ရွှီဝမ်ဟုန်က တောင်ပေါ်သို့ အလောတကြီး တက်လာပြီး မောဟိုက်ကာဖြင့်ပြောလိုက်၏။

"ဆရာ၊ ဆရာ၊ အုပ်ချုပ်ရေးမှူး ရောက်နေတယ်၊ ကျွန်တော့်အဖေက သူ့ကို ဒီဘက်ကိုခေါ်လာခဲ့ပါပြီ"

ဒါက သစ်ပင်ကိုခုတ်လှဲနေသည့် ကျောက်သလန်နှင့် ကျောက်စစ်လန်တို့ကို တအံ့တသြ ဖြစ်သွားစေတော့သည်။ သူတို့သည် သူတို့၏ပုဆိန်ကို ပစ်မှတ်နှင့် လွဲချော်ကာ ဝှေ့ယမ်းမိတော့မလို ဖြစ်သွားပြီး သူတို့က နားကြားမှားလိုက်သည်ဟု ယုံကြည်ထားလိုက်သည်။ သူတို့က မယုံမကြည်ဖြင့် ရွှီဝမ်ဟုန်ကို ကြည့်လိုက်၏။

တောင်ထိပ်ပေါ်တွင် ရှန်းလီသည် အနီးအနား ပတ်ဝန်းကျင်က သစ်ပင်အများစုကို ခုတ်လှဲနှင့်ပြီးသား ဖြစ်နေသည်ကို သတိထားမိလိုက်သည်။ ရွှီဝမ်ဟုန်၏စကားကို ကြားလိုက်ရသည်တွင် သူက ထရပ်လိုက်ပြီး တောင်ပေါ်မှ လှမ်းငုံ့ကြည့်လိုက်၏။ အဝေးတစ်နေရာတွင် အရာရှိဝတ်စုံ ဝတ်ထားသည့် လူသုံးယောက်ကို ဆိုင်တာဝန်ခံရွှီက ဦးဆောင်လာပြီး သူတို့ဘက်သို့ လျှောက်လာလေသည်။ သူတို့နောက်တွင်တော့ ရုံးစာရေးနှင့် လက်ထောက်များ လိုက်ပါလာလေသည်။

သာမန်ကျေးလက်ပြည်သူများက လက်နက်ကိုင်ဆောင်ထားသည့် စာရေးများကို အမြဲတမ်း ကြောက်ရွံ့ရသည်။ ကျောက်သလန်နှင့် ကျောက်စစ်လန်တို့သည် အနည်းငယ် စိုးရိမ်စိတ်ဖြစ်သွားပြီး သူတို့က မေးလိုက်လေသည်။

"ဆရာရှန်း ဘာတွေဖြစ်နေတာလဲ"

လူအုပ်ကြီးက ခြေလှမ်းကြဲများဖြင့် ချဥ်းကပ်လာပြီး သူတို့အိမ်နှင့် တော်တော်လေး နီးကပ်လာသည်ကို မြင်လိုက်ရသည်တွင် ရှန်းလီက အချိန်ဆွဲမနေရဲတော့ချေ။ သူက ပြန်ဖြေလိုက်၏။

"ဘာမှမဟုတ်ပါဘူး၊ သူတို့တွေက ဝဥအကြောင်း လာပြီးစုံစမ်းတာနေမှာပါ၊ ဆက်အလုပ်လုပ်လိုက်အုံးနော်၊ ကျွန်တော် သူတို့ကို သွားနှုတ်ဆက်လိုက်အုံးမယ်"

ထို့နောက်တွင် သူသည် ရှန်းအန်းကို မှာကြားလိုက်၏။

"မင်းရဲ့မရီးကို သွားပြောလိုက်အုံး"

ထိုသို့ပြောလိုက်ပြီးနောက် သူက တောင်ပေါ်မှ အလျင်အမြန် ဆင်းသွားတော့သည်။

...

အလည်ရောက်လာသူမှာ ပြည်နယ်အုပ်ချုပ်ရေးမှူးတစ်ယောက်ထဲ မဟုတ်ချေ။ သူနှင့်အဖော်လိုက်လာသည့် လက်ထောက်အုပ်ချုပ်ရေးမှူးနှင့် ရှေ့တစ်ညက အလည်ရောက်လာခဲ့သည့် မှတ်တမ်းအရာရှိ ချွေ့ချီချန်းလဲ ပါလေသည်။

ရှန်းလီသည် ရှီကျိူးအုပ်ချုပ်ရေးမှူးက ထိုမျှလောက် ငယ်ရွယ်လိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ချေ။ အသက်၂၅၊ ၂၆ဝန်းကျင်သာ ရှိသေးသည်။

ချွေ့ချီချန်းက သူတို့နှစ်ယောက်ကို မိတ်ဆက်ပေးလိုက်ပြီးနောက် ရှန်းလီက တရားဝင်နှုတ်ဆက်ကြောင်း ပြင်ဆင်လိုက်သည်တွင် သူက ဒူးမထောက်ရသေးခင်မှာပင် အုပ်ချုပ်ရေးမှူးက သူ့လက်ကို တွဲထားလိုက်သည်။

"အပြင်ဘက်မှာ ဒီလို ယဥ်ကျေးနေစရာ မလိုပါဘူး၊ မင်းတို့တွေ ဝဥဘယ်မှာ စိုက်ထားတယ်ဆိုတာကိုပဲ ကျွန်တော့်ကို လိုက်ပြပေးပါ"

ရှန်းလီသည် အုပ်ချုပ်ရေးမှူးက ဖြောင့်မတ်မှန်ကန်သည့်အကြည့်နှင့် မှူးမတ်မျိုးနွယ် အငွေ့အသက်တစ်ခုရှိသည့်ကို လေ့လာကြည့်လိုက်၏။ ခမ်းခမ်းနားနားလုပ်မနေဘဲ လက်တွေ့ကျကျ ကိစ္စရပ်များကိုသာ ဦးစားပေးတတ်သည့် သူ့အတွက်က ရှားပါးလေသည်။ သူ့စကားလုံးနှင့် လုပ်ပုံကိုင်ပုံများက တပ်မှူးတစ်ယောက်၏ သိသာထင်ရှားသည့် ဆုံးဖြတ်ချက် ပြတ်သားမှုများကို သယ်ဆောင်ထားကာ ရှန်းလီသည် ဒါကို တော်တော်လေး ရင်းနှီးလေသည်။

"ကြွပါ လူကြီးမင်း"

ရှန်းလီက ဖိတ်ခေါ်လိုက်ပြီး ရှေ့မှဦးဆောင်သွားလိုက်သည်။ ရှီကျိူးအုပ်ချုပ်ရေးမှူးက တစ်ချိန်တည်းတွင် သူ့ကို တိုးတိုးတိတ်တိတ် အကဲခတ်ကြည့်လိုက်ပြီး အနီးအနားက ရှန်းမိသားစု၏အိမ်နှင့် အခုလေးတင်မှ ရှန်းလီဆင်းလာခဲ့သည့် တောင်ကတုံး ဖြစ်လုနီးပါးတောင်ထိပ်ကို လှမ်းကြည့်လိုက်ကာ တောင်ကုန်းတစ်လျှောက်တွင် တဲအိမ်လေးတစ်ချို့ရှိနေသည်ကို သတိထားမိလိုက်သည်။

ရွာက လူဦးရေ အလွန်အကျွံ များမနေချေ။ သူတို့ လမ်းတွင်ဖြတ်လာသည့် အိမ်ထောင်စုတိုင်းတွင် ဆိတ်ခြံနှင့် ကြက်ခြံများရှိပြီး တစ်ခုစီတိုင်းတွင် အရေအတွက် တော်တော်များပြားသည့် မွေးမြူရေးတိရိစ္ဆာန် ပြည့်နေလေသည်။ ရှီကျိူးတွင် ချမ်းသာသည့် အထက်တန်းစား မိသားစုကလွဲလျှင် အဆင်ပြေအောင် ကြိုးစားရုန်းကန်နေရသည့် သာမန်ပြည်သူအများစုက ဒီလို ပေါများကြွယ်ဝမှုကို ထူးထူးခြားခြား အသိအမှတ်ပြုနိုင်ပေသည်။

အမှန်ပင် ပေါများကြွယ်ဝလှသည့် သရှင်းရွာပင်။

မနက်ပိုင်းတွင် စန်းလော့သည် သူမမိသားစု၏ ခြံမြေကွက်ကို တိုင်းတာနေလိုက်၏။ အသစ်စက်စက် ချွန်ထက်နေအောင် လုပ်ထားသည့် မီးသွေးခဲတံတစ်ချောင်းနှင့် သူမ၏အခန်းထဲတွင် တစ်ယောက်တည်းရှိနေပြီး သူမကိုယ်တိုင် လုပ်ထားသည့် ကြီးမားသည့် စက္ကူချပ်များပေါ်တွင် သူတို့၏ အနာဂတ်ခြံဝန်းနှင့် အိမ်လေး၏ အခန်းဖွဲ့စည်းပုံကို ပုံဆွဲရင်းအလုပ်များနေကာ နွေဦးဆောက်လုပ်ရေးအတွက် အိမ်ပုံစံတစ်ခုကို ပြင်ဆင်နေလေသည်။ သူမက ရှန်းနဥ်နှင့် အများကြီး မပြင်ဆင်ရသေးခင်မှာပင် ရှန်းအန်းက ပြန်လာပြီး အုပ်ချုပ်ရေးမှူး ရောက်နေသည့် အကြောင်းကို ပြောပြလေသည်။

သူမက သူမ၏အလုပ်ကို အလောတကြီး ဖုံးကွယ်ထားလိုက်ပြီး အိမ်အပြင်ဘက်သို့ အမြန်ထွက်လာတော့သည်။ ရှန်းလီသည် အဖွဲ့ကိုဦးဆောင်လာပြီး ဝင်ပေါက်နားကို ရောက်နှင့်နေပြီဖြစ်သည်။

သူတို့နှင့်အတူ အဖော်လိုက်လာသည့် ချွေ့ချီချန်းကို မြင်လိုက်ရသည်တွင် စန်းလော့သည် မအံ့သြတော့ချေ။ မနေ့က သူမကိုယ်သူမ ကောင်းကောင်းမွန်မွန် မိတ်ဆက်ခဲ့ပြီးနောက်တွင် သူမသည် ဒီနေ့ ချွေ့ချီချန်း၏ရှေ့တွင် သာမန်လယ်သမား အမျိုးသမီးတစ်ယောက်လို ပေါ်ထွက်လာဖို့ရန် မတတ်နိုင်တော့ချေ။ ထို့ကြောင့် သူမက လိုအပ်သည့် ကျင့်ဝတ်ထုံးတမ်းများကို ပြင်ဆင်လိုက်ပြီး ရှန်းနဥ်ကို အဖော်ပြုကာ သူတို့ကို လာနှုတ်ဆက်လိုက်သည်။

ငယ်ငယ်လေးကတည်းက ဒီလိုကျင့်ဝတ်များနှင့် ထိတွေ့မှုမရှိခဲ့သည့် ရှန်းနဥ်က တိတ်တိတ်ကလေး ရပ်နေလိုက်သည်။ သို့သော်ငြားလည်း စန်းလော့၏ လှုပ်ရှားမှုများက အုပ်ချုပ်ရေးမှူးနှင့် သူ၏ လက်ထောက်၏မျက်ခုံးများကို မသိမသာ မြင့်တက်သွားစေလေသည်။ ဒါသည် အထက်တန်းစား မိသားစုများနှင့် ချမ်းသာသည့်မိသားစုများ၏ သားသမီးများကြားက အလိုလို အသိအမှတ်ပြုသည့် အပြုအမူဖြစ်သည်။

ဒါသည် ရှန်းလီ၏ အစောပိုင်းနှုတ်ဆက်မှုနှင့်စာလျှင် ကွဲပြားနေသည်။ တစ်ယောက်က ဗဟုသုတကြွယ်ဝသည်။ ကျန်တစ်ယောက်က စိတ်အားတက်ကြွမှုရှိသည်။ ထိုအရာနှင့်ပတ်သတ်ပြီး တည်ငြိမ်အေးဆေးမှုရှိသည့် အငွေ့အသက်တစ်ခုလဲ ရှိလေသည်။

သူရှေ့ကအမျိုးသမီးသည် ရိုးရှင်းသည့်အဝတ်အစားနှင့် ရိုးရှင်းသည့်ဆံထိုးတစ်ခုကို ထုံးဖွဲ့ထားသော်လည်း သူမသည် ပညာမတတ်သည့် ကျေးလက်က လယ်သမားတစ်ယောက် လုံးဝမဟုတ်ချေ။ သူမသည် အထက်တန်းစားမိသားစုက လာသည်မဟုတ်ခဲ့လျှင်ပင် သူမသည် နာမည်ဂုဏ်သတင်းကြီးသည့် မျိုးနွယ်မှ မွေးဖွားလာသူ ဖြစ်ရမည်။

"အဲလောက်အထိ ယဥ်ကျေးနေစရာ မလိုပါဘူး"

သူက ခေါင်းငြိမ့်ကာ ပြန်ဖြေလိုက်ပြီးနောက်တွင် သူ့အာရုံကို ရှန်းလီဘက်သို့ပြန်ပို့ကာ ပြောလိုက်၏။ "အဲဒီ့ဝဥတွေကို တစ်ချက်လောက်ကြည့်ရအောင်"

ရှန်းလီသည် လူကြီးလူကောင်းပီသသည့် အပြုအမူကြောင့် စိတ်အေးသွားပြီး လေပူတစ်ချက် မှုတ်ထုတ်လိုက်တော့သည်။ သူက ကိုယ်ကိုလှည့်ကာ တဲတစ်ခုဆီသို့ ဦးတည်သွားလိုက်ပြီး လူအရပ်တစ်ဝက်လောက်ရှိသည့် ဝဥတစ်လုံးနှင့်ချက်ချင်း ပြန်ရောက်လာသည်။

အုပ်ချုပ်ရေးမှူးနှင့် သူ၏လက်ထောက်သည် ဝဥကို သေချာပေါက် ရင်းနှီးလေသည်။ သို့သော်ငြားလည်း နာမည်ကြီးမိသားစုတစ်ခုက မြင့်မြတ်သည့် သခင်လေးတစ်ယောက်သည် ဒီလိုအစားအသောက်က ထမင်းစားစားပွဲသို့ ရောက်မလာမချင်း မည်သို့ ရင်းနှီးနိုင်ပါမည်နည်း။ ချွေ့ချီချန်းလိုပင် သူတို့သည် ဆေးဘက်ဝင်ဟင်းလျာတွင်သုံးသည့် ချက်ပြုတ်နိုင်သည့်ပုံစံကိုသာ မြင်ဖူးခဲ့ကြသည်။ ဒါသည် ဝဥအစိမ်းကို မချက်ပြုတ်ခင် ပထမဦးဆုံးမြင်ရခြင်းဖြစ်သည်။

ဝဥ၏ ညစ်ပတ်နေသည့် အနေအထားကို စိတ်ထဲမထည့်ဘဲ အုပ်ချုပ်ရေးမှူးက ဝဥကိုလှမ်းယူလိုက်ပြီး သေသေချာချာ စစ်ဆေးကြည့်လိုက်၏။ ဝဥပေါ်တွင် သဲများကပ်နေသည်ကို သတိထားမိလိုက်ပြီး သူက ဒီအကြောင်းအရာနှင့်ပတ်သတ်ပြီး မေးမြန်းလိုက်သည်။ ဒါက ပမဏအများကြီးအတွက် အသုံးပြုရန် သိုလှောင်သည့် နည်းလမ်းတစ်ခုကြောင့်ဖြစ်ကြောင်း သိလိုက်သည်တွင် သူသည် ဒါကို တော်တော်လေး မျက်စိပွင့်နားပွင့်ဖြစ်သည်ဟု သဘောကျမိသည်။ ဒီဝဥများကို တောင်စောင်းများတွင် စိုက်ပျိုးထားခြင်းဖြစ်သည်ဟု ချွေ့ချီချန်းပြောခဲ့သည့် အကြောင်းကို ပြန်စဥ်းစားမိလိုက်ပြီး သူက သစ်ပင်များ ရှင်းလင်းသလောက် ဖြစ်နေသည့် အနီးအနားက တောင်ကုန်းတစ်ခုကို လှမ်းကြည့်လိုက်ကာ မေးလိုက်လေသည်။

"အဲဒီ့တောင်ကို ဝဥစိုက်ဖို့အတွက် ပြင်ဆင်နေတာလား"

ရှန်းလီက ခေါင်းငြိမ့်ထောက်ခံလိုက်၏။

"ဟုတ်ပါတယ်"

အုပ်ချုပ်ရေးမှူးက မျက်ခုံးတစ်ဖက်ကို ပင့်ထားလိုက်သည်။

"သစ်ပင်တွေ အားလုံးကို ခုတ်လှဲစရာလိုလို့လား၊ နောက်ပြီး တောင်စောင်းပေါ်မှာဆိုရင် မြေဆီလွှာ ဆုံးရှုံးသွားမယ် မဟုတ်လား"

ဒါသည် အလွန်များပြားသည့် လုပ်အားပမာဏတစ်ခုကို လိုအပ်ခဲ့သည်ဆိုလျှင် ကျန့်မိသားစုကလွဲလျှင် ရှီကျိူးမြို့ထဲတွင် ထွန်ယက်ဖို့ရန် နွားတစ်ကောင်ရနိုင်ဖို့ရာက မဖြစ်နိုင်ချေ။ ဒါက ခက်ခဲသည့် စိန်ခေါ်မှုအလုပ်တစ်ခု ဖြစ်သည်ဟု သက်သေပြနေလေသည်။

ရှန်းလီက ခေါင်းခါပြလိုက်၏။

""ဒါကို ဒီအတိုင်း တိုက်ရိုက်စိုက်ပျိုးလို့ရပါတယ်၊ ဒါပေမဲ့ အကြမ်းထည် စိုက်ပျိုးရေး နည်းလမ်းတစ်ခုက ပိုပြီးတော့ ရိုးရှင်းတယ်၊ အထွက်နှုန်းက နည်းနည်းလေး ပိုကျသွားမယ်ဆိုပေမဲ့လဲ သေသေချာချာ စေ့စေ့စပ်စပ်နဲ့ ချဥ်းကပ်ထားတဲ့ နည်းလမ်းတစ်ခုနဲ့ ယှဥ်နိုင်ပါတယ်"

မှတ်တမ်းအရာရှိရာထူးသည် အမည်ခံသက်သက်သာ ဖြစ်လေသည်။ သို့သော်ငြားလည်း ပညာရေးနှင့် စိုက်ပျိုးရေးကိစ္စများတွင် စီစစ်အကဲဖြတ်ရာတွင်လည်း အကူအညီပေးဖို့ရန် လိုသေးသည်။ ထို့ကြောင့် သူက ထပ်ပြီးမေးမြန်းလိုက်၏။

"ဝဥကို တကယ်ပဲ ဘယ်လိုစိုက်ပျိုးကြတာလဲ"

အိမ်တွင်ဧည့်ခံဖို့ရန် သင့်တော်သည့် နေရာမရှိသဖြင့် ရှန်းလီက သူ့တို့ကို တောင်ပေါ်သို့ ခေါ်သွားဖို့ ဆုံးဖြတ်လိုက်သည်။ ဆိုင်တာဝန်ခံရွှီကို အဖော်လုပ်လာပြီး သူက ဝဥစိုက်ပျိုးခြင်းနည်းလမ်းများကို အကျယ်ချဲ့ရှင်းပြလိုက်သည်။

ဝဥသည် အရိပ်ရသည်ကို ကြိုက်သလား၊ နေရောင်ခြည်ကိုကြိုက်သလား၊ မြေစံနှုန်းအမျိုးအစား၊ မျိုးစေ့ရွေးချယ်ခြင်း၊ စိုက်ပျိုးရန် အသင့်တော်ဆုံးရာသီ၊ မြေသြဇာထုတ်လုပ်သည့်နည်းလမ်း၊ ရိတ်သိမ်းဖို့ရန် မှန်ကန်သည့်အချိန်၊ စသည့်အကြောင်းအရာ အားလုံးကို ခြုံပြောလိုက်ကြပြီး သူတို့၏စကားဝိုင်းသည် တစ်နာရီကျော်ကြာသွားခဲ့သည်။

မှတ်တမ်းအရာရှိက မေးခွန်းများစွာကို မေးမြန်းခဲ့ပြီး ရှန်းလီက အသေးစိတ် ပြန်ဖြေလေသည်။

စစ်ဆေးရေးအရာရှိက စကားဝိုင်းတစ်လျှောက်လုံးတွင် စိတ်ပါဝင်စားစွာ နားထောင်လာခဲ့ပြီးနောက် ရှန်းလီဘက်သို့ လှည့်ကာ မေးလိုက်၏။

"ကျွန်တော်တို့တွေက အစောပိုင်းတုန်းက ဝဥကို ဆေးဘက်ဝင်ပင်လို့ပဲ သိထားကြပြီး တောင်ပေါ်မှာ စုဆောင်းသူတွေ ခူးဆွတ်တာကိုပဲ သိခဲ့ကြတာ၊ မင်းက စိုက်ပျိုးရေးပညာကို ဘယ်လိုလုပ်ပြီးတော့ လေ့လာတတ်မြောက်ခဲ့တာလဲ"

ဆိုင်တာဝန်ခံရွှီ၏ မျက်လုံးများသည် မသိမသာ မြင့်တက်သွားလေသည်။

ခဏလောက် သေသေချာချာ စဥ်းစားပြီးနောက်တွင် ရှန်းလီက ပြန်ဖြေလိုက်၏။

"ကျွန်တော့်မိန်းမက သူတို့မိသားစုရဲ့ စုဆောင်းထားတဲ့ စာအုပ်ထဲမှာ မှတ်တမ်းကနေတစ်ဆင့် သိခဲ့တာပါ၊ ကျွန်တော်တို့တွေ ဖရိုဖရဲကာလကို ရှောင်ကြဥ်ဖို့ တောင်အတွင်းပိုင်းမှာ ပုန်းအောင်းနေခဲ့ကြတဲ့အချိန်တုန်းက အစားအသောက် ရှားပါးခဲ့တယ်လေ၊ ကျွန်တော်တို့တွေ့က ဒီဝဥကို မမျှော်လင့်ဘဲ ရှာတွေ့ခဲ့ပြီး အစားအသောက် လုံလောက်ဖို့အတွက် ဒါတွေကို တူးခဲ့ရတယ်၊ ကျွန်တော်တို့က စိုက်ပျိုးဖို့အတွက်လဲ အမြစ်တစ်ချို့ကို သိမ်းဆည်းထားခဲ့ကြတယ်လေ"

ချွေ့ချီချန်းသည် တအံ့တသြဖြင့် သူ့မျက်ခုံးများကို ပင့်မိသွားသော်ငြားလည်း မြန်မြန်ဆန်ဆန် ပြန်ချထားလိုက်တော့သည်။

ဘာမှမသိသလို သူတို့နှင့်အဖော်လိုက်လာခဲ့သည့် စန်းလော့သည်လဲပဲ အနည်းငယ် အံ့အားသင့်သွားတော့သည်။ သူမက လှည့်ကြည့်ကာ အနည်းငယ်ပြုံးပြနေသည့် ရှန်းလီကို မော့ကြည့်မိ၏။

ရှီကျိူးအုပ်ချုပ်ရေးမှူး၏ နှုတ်ခမ်းများသည် မသိမသာ ကွေးတက်သွားလေသည်။ ထို့နောက်တွင် သူက ကိုယ်ကိုလှည့်ကာ နှုတ်ဆက်နေသည့် စန်းလော့ဘက်ကို ကြည့်လိုက်ပြီး အပြုံးတစ်ခုဖြင့် မေးလိုက်၏။

"သခင်မလေးက ဘယ်ဒေသက လာတာလဲဆိုတာကို ကျွန်တော် မေးလို့ရလား"

စန်းလော့သည် သူမ၏သရုပ်မှန်ကို ထုတ်ဖော်ပြသရတော့မည်ဟု သိလိုက်ရပြီး ဒါသည် မူလခန္ဓာကိုယ်ပိုင်ရှင်၏ သရုပ်မှန်သာဖြစ်လေသည်။

"ကျွန်မက အရှေ့ပိုင်းပြည်နယ်ဘက်က လာတာပါ” သူမက ပြောလိုက်၏။

လက်ထောက်အရာရှိက မော့ကြည့်လိုက်ပြီး သူ့မျက်လုံးထဲတွင် အံ့အားသင့်သည့်အရိပ် တဖြတ်ဖြတ်လက်သွားသည်။ ထို့နောက်တွင်တော့ သူက စန်းလော့ကို လေ့လာနေသည့် လူငယ်အုပ်ချုပ်ရေးမှူးဘက်သို့ လှည့်ကြည့်လိုက်ပြီးနောက် မေးလိုက်လေသည်။

"အရှေ့ပိုင်းပြည်နယ်က စန်းမိသားစုလား"

ဒီတစ်ကြိမ်တွင်တော့ အံ့သြရသူမှာ စန်းလော့ ဖြစ်သွားတော့သည်။

"စန်းမိသားစုကို ရှင်က သိသလား"

မူလခန္ဓာကိုယ်ပိုင်ရှင်၏ မိသားစုသည် အရှေ့ပိုင်းပြည်နယ်တွင် အမှန်တကယ် ချမ်းသာကြွယ်ဝခဲ့သည်။ သို့သော်ငြား သူတို့၏ ဂုဏ်သတင်းကတော့ ပြည်နယ်ကို ထုတ်ပြောလိုက်သည်နှင့် သူတို့ကို ချက်ချင်း စဥ်းစားမိရလောက်သည်အထိ ထိုမျှလောက်မကြီးမားချေ။

ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြုံးလိုက်၏။

"တကယ်တိုက်ဆိုင်တာပဲ၊ ကျွန်တော့်အမျိုးသမီးကလဲ တုန်းပြည်နယ်နဲ့ သိပ်မဝေးတဲ့ ချန်းလျိုးက ဖန်မိသားစုကနေ လာတာလေ"

အရှေ့ပိုင်းပြည်နယ်များသည် အစောပိုင်းတွင် နှစ်ပေါင်းများစွာ ရေကြီးပြီး ပျက်စီးသွားသည်ကို သိထားသဖြင့် အုပ်ချုပ်ရေးမှူးသည် ထပ်ပြီးမေးမြန်းဖို့ရန် ထိန်းချုပ်ထားလိုက်ပြီး ထိုအစား သခင်မလေးစန်းလော့ဟု နာမည်တပ်ခေါ်ကာ စကားဝိုင်းကို လမ်းကြောင်းပြောင်းလိုက်လေသည်။

"ဒီစိုက်ပျိုးပုံနည်းလမ်းက အမှန်တကယ် အရမ်းကောင်းတာပဲ၊ ရှီကျိူးမှာ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးဖို့အတွက် အရမ်းကို သင့်တော်တယ်၊ သခင်မလေးက ဒီနည်းပညာကို လူထုကို မျှဝေပေးမယ်ဆိုရင် ငြင်းပယ်စရာများရှိသလား"

စန်းလော့တွင် ငြင်းပယ်စရာမရှိသည်က အမှန်ပင်။

"လျှောက်တင်ပါတယ် အရာရှိမင်း၊ ငြင်းပယ်စရာမရှိပါဘူး၊ တောင်အတွင်းပိုင်းမှာ ဒီလိုခက်ခဲတဲ့နှစ်တွေကို ရင်ဆိုင်လာခဲ့ရပြီးတဲ့နောက်မှာ ကျွန်မက ဒီနည်းလမ်းကို ထိန်းမထားတော့ပါဘူး၊ အနီးအနားက ရွာက တောသူတောင်သားတွေကလဲ ဒီနည်းလမ်းအားလုံးကို သင်ယူတတ်မြောက် ထားပါတယ်၊ လူကြီးမင်းက ဒီနည်းလမ်းကို ယုံယုံကြည်ကြည်နဲ့ ဖြန့်ဝေပေးလို့ရပါတယ်၊ တကယ်လို့ လူကြီးမင်းက ဥတွေကို လိုအပ်တယ်ဆိုရင်လဲ ကျွန်မတို့တွေမှာ သိမ်းဆည်းထားတာ နည်းနည်းပါးပါးရှိပါတယ်၊ ဒါပေမဲ့လည်း ဒါတွေကို ကျွန်မတို့မိသားစုရဲ့ အစားအသောက်အတွက် သိမ်းဆည်းဖို့ ရည်ရွယ်ထားတဲ့ဟာတွေပါ၊ လူကြီးမင်းက လိုအပ်တယ်ဆိုရင် အခကြေးငွေ ပေးဖို့မလိုပါဘူး၊ နောက်လာမဲ့ နွေဦးရာသီအတွက် ကျွန်မတို့တွေရဲ့ ကိုယ်ပိုင်လိုအပ်ချက်ကို လုံလောက်ဖို့အတွက် နည်းနည်းပါးပါး ချန်ထားပေးပြီး ကျန်တာကိုတော့ အလဲအလှယ်အနေနဲ့ စပါးရိက္ခာတစ်ခုဆိုရင်ပဲ လုံလောက်ပါပြီ"

သူမသည် ရိုးရှင်းသည့် အဖြေတစ်ခုနှင့် ထိုက်တန်လေသည်။ ဝဥများကို သူမ၏ရွာတစ်ခုထဲကပဲ စိုက်ပျိုးခြင်းမဟုတ်မှန်း သိလိုက်ရသည်။ ထို့အပြင် အနီးအနားတွင် နေထိုင်ကြသည့် ရွာသားများကလဲ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးကြသည်။ ဒါသည် အုပ်ချုပ်ရေးမှုးနှင့် လက်ထောက်တို့နှစ်ယောက်စလုံးအတွက် ကြီးကျယ်ခမ်းနားသည့်သတင်း ဖြစ်လေတော့သည်။

"အရမ်းကို ကောင်းမွန်ပါပေတယ်၊ သခင်မလေးက ဒီလိုအကျိုးဆောင်ပေးမယ်ဆိုတော့ ကျွန်တော်ကလဲ မနစ်နာစေရပါဘူး၊ အရာရှိချွေ့က မင်းတို့နဲ့ တော်တော်လေး သိကျွမ်းတယ်လို့ ကျွန်တော် ကြားထားတယ်၊ ဒီလိုဆိုရင် ကျွန်တော်က ဒီကိစ္စတွေကို ဆက်ပြီးတိုင်ပင်ဖို့ သူ့ကိုပဲ တာဝန်ပေးထားလိုက်ပါ့မယ်၊ ဒါဆိုရင်ရော အဆင်ပြေရဲ့လား"

"လူကြီးမင်းရဲ့ အမိန့်အတိုင်းပါ"

အုပ်ချုပ်ရေးမှူးက တဟားဟား ရယ်မောလေသည်။ ရုံးတော်တာဝန်များဖြင့် အလုပ်များနေသည်ဖြစ်ရာ သူက ဆက်ပြီးတွယ်ရစ်မနေတော့ဘဲ တောင်ပေါ်မှ ဆင်းလာလိုက်တော့သည်။ မပြန်ခင် သူက ရှန်းလီ၏ပုခုံးကို ပုတ်လိုက်သေးသည်။

"ပြည်နယ်ကျောင်းတော်က တကယ် အရမ်းကို ကောင်းတာပါ၊ ကြိုးစားပါ၊ အခုချိန်က တိုင်းပြည်မှာ လုပ်နိုင်ကိုင်နိုင်ရှိတဲ့လူတွေ လိုအပ်နေတာ၊ ခင်များ စာသင်ယူလို့ ပြီးမြောက်သွားပြီဆိုရင် ခင်များအတွက် အနာဂတ်တစ်ခု ရှိလာပါလိမ့်မယ်"

ရှန်းလီသည် အုပ်ချုပ်ရေးမှူးက သူ ပြည်နယ်ကျောင်းဝင်ခွင့် ကြိုးစားခဲ့ပုံကို သိနေသဖြင့် အံ့သြသွားလေသည်။ သူက အမြန်အမြန်ဦးညွှတ်ကာ ကျေးဇူးတင်စကား ပြောလိုက်၏။

အုပ်ချုပ်ရေးမှူးက ပြုံးပြလိုက်ပြီး သရှင်းရွာမှ ထွက်သွားတော့သည်။ အကွာအဝေးတစ်ခုသို့ လျှောက်လာပြီးနောက်တွင် သူက သူ့လက်ထောက်ကို ညွှန်ကြားလိုက်၏။

"ငါတို့တွေ ပြန်ရောက်သွားရင် ငါ့စာကြည့်ခန်းထဲက ‘မှတ်တမ်းချုပ် သုံးသပ်ချက်စာအုပ်’ရဲ့ အတွဲနည်းနည်းပါးပါးကို ကူးယူပြီးတော့ ရှန်းမိသားစုဆီကို ပို့ပေးလိုက်"

လက်ထောက်မှာ တအံ့တသြဖြစ်သွားပြီး တစ်ခုခုပြောချင်သလို ပါးစပ်ဖွင့်လိုက်လေသည်။ သို့သော်ငြားလည်း သူ့သခင်၏ဆုံးဖြတ်ချက်က ကိုယ်ပိုင်အကြောင်းပြချက်ရှိသည်ကို သိလိုက်သည်တွင် သူက အစေခံတစ်ယောက်၏ သဘောထားတစ်ခုဖြင့် ထပ်မပြောရဲတော့ချေ။ သူက ခေါင်းငြိမ့် သဘောတူလိုက်တော့သည်။

မှတ်တမ်းအရာရှိက မျက်ခုံးများကို တွန့်ချိုးထားလိုက်လေသည်။ သူသည် ထိုသာမန်ကာလျှံကာ စကားလုံးများ၏နောက်ကွယ်က အလေးချိန်ကို ကောင်းကောင်း သတိထားမိလိုက်သဖြင့် ကိုယ်ကိုလှည့်ကာ မေးလိုက်၏။

"လူကြီးမင်းက ရှန်းလီကို မျှော်လင့်ချက် ထားထားတာလား"

အုပ်ချုပ်ရေးမှူးက တဟားဟား ရယ်လိုက်ပြီး

"ချီးကျုးထိုက်တဲ့ အကျင့်စရိုက်တစ်ခု၊ မျက်စိပသာဒလဲ ဖြစ်စေတယ်၊ စန်းမိသားစုက ငါ့အိမ်သူနဲ့ ဇာတိမြို့ချင်း တူတယ်မဟုတ်လား၊ ဒီလိုဆိုရင် ငါတို့တွေက ဇာတိမြို့က အသိမိတ်ဆွေတွေလို့ မှတ်ယူလို့ရပြီလေ၊ သူတို့တွေကို ဂရုတစိုက်နဲ့ထည့်သွင်းစဥ်းစားပေးတာက သင့်တော်ပါလိမ့်မယ်"

နောက်မှ လိုက်ပါလာသည့် ချွေ့ချီချန်း၏နှလုံးသည် ဆိုးဆိုးရွားရွား တဒုန်းဒုန်းခုန်နေပြီး သူ့ရင်ဘတ်ထဲက ပေါက်ထွက်တော့မလို ခံစားနေရ၏။ ... ဒါက ထိုက်ယွမ်က ကျန့်မိသားစုရဲ့ မှတ်တမ်းချုပ် သုံးသပ်ခြင်းစာအုပ်ပဲ။

သူသည် သိသိသာသာ တံတွေးမြိုချလိုက်ပြီး အံ့သြမှုအပြည့် ဖြစ်သွားတော့သည်။ ရှန်းလီရဲ့ကံကောင်းခြင်းက ဒီအတိုင်းကို ကောင်းကင်ကတောင် တား ဆီးလို့မရတဲ့အရာပဲ။

...

အပိုင်း (၂၂၆) ပူးပေါင်းဆောင်ရွက်ခြင်း

အရာရှိချွေ့က သူ့၏ဂုဏ်ပြုလက်ဆောင်ဖြင့် လာရောက်လည်ပတ်ခဲ့ပြီးနောက် နောက်တစ်နေ့တွင် ရုံးတော်ဝတ်စုံများကို ကိုယ်စီဝတ်ဆင်ထားသည့် အရာရှိတော်တော်များများက အလည်ရောက်လာပြန်သည်။ ရုံးတော်ဝတ်စုံကို ကြည့်ခြင်းဖြင့် အရာရှိများ၏ အဆင့်ကွာခြားပုံကို ခွဲခြားသိမြင်နိုင်သည့် အပြင်ဘက် အနည်းငယ် ပိုကျသည့်နေရာတွင် နေထိုင်သည့် ရွှီမိသားစုကလွဲလျှင် သူတို့ကို အလည်အပတ် ရောက်လာသူများ ခွဲခြားဖို့ပေးရန် ချွေ့ချီချန်း၏ သတိပေးချက်ကလဲ ရှိသေးသည်။ အဘိုးချန်း၊ အဘွားချန်း၊ အဘိုးလု၊ သို့မဟုတ် အဘွားလုတို့လို တစ်စုံတစ်ယောက်က သူတို့ကို မည်သို့ မှတ်မိနိုင်ပါမည်နည်း။

သူတို့လို သာမာန်လယ်သမားများသည် ရှီလီရွာတွင် စီးပွားရေးလုပ်ကိုင်ခဲ့သည့် စန်းလော့လို အလုပ်ကိစ္စမရှိလျှင် မြို့ထဲသို့သွားလာကြသည်က မရှိသလောက်ပင်။ သူတို့တစ်ဘဝလုံးတွင် သူတို့ အမှန်တကယ် တွေ့ခဲ့ကြသည့် အရာရှိများက မည်မျှရှိနိုင်ပါမည်နည်း။ ရှီးကျိုးမြို့တွင် အခြေမချခင်က ရွာသူကြီးကသာ သူတို့အများဆုံး တွေ့မြင်ကြသည့် အရာရှိသာဖြစ်လေသည်။ သူတို့သိသည့် အာဏာအရှိဆုံး အကြီးဆုံးအာဏာပိုင်အဖွဲ့မှ နှစ်စဥ်မြေယာငှားရမ်းခနှင့် အခွန်ပေးချေမှုအတွက် သူတို့၏ကျောပေါ်သို့ လေးလံသည့် ဝန်ထုတ်ဝန်ပိုးများဖြစ်စေသည့် စပါးသိမ်းသူများသာ ဖြစ်လေသည်။

အခုတော့ အရာရှိဝတ်စုံများကို ဝတ်ဆင်ထားပြီး လက်နက်ကိုင်ဆောင်ထားသည့် အခြွေအရံများက ရောက်လာသည်တွင် သူတို့၏ကိုယ်ပိုင်တောင်ကုန်းပေါ်တွင် အလုပ်လုပ်နေကြသူများသည် ရှန်းမိသားစုအိမ်သို့ အပြေးအလွှားရောက်လာကြပြီး သူတို့သည် အလည်အပတ်လာသူများ ချဥ်းကပ်လာသည်ကို မြင်နေရသည်။ ကိုယ်ဝန်ရှိနေသည့် ဖန်းလျိုညန်ကပင် အကွာအဝေးတစ်ခုမှ နောက်ကလိုက်လာပြီး ရှန်းမိသားစုနှင့် သိပ်မဝေးလှသည့်နေရာက တစ်ခြားမိသားစုနှင့် နောက်ဆုံးတော့ လိုက်မီလာခဲ့သည်။ သူတို့သည် အဝေးမှ စောင့်ကြည့်နေကြ၏။ သို့သော်ငြားလည်း ရှန်းလီနှင့် စန်းလော့တို့က အနှောက်အယှက်ပေးခံရပုံ မပေါ်သဖြင့် ဘယ်သူကမှ မချဥ်းကပ်လာရဲကြပေ။

အရာရှိများသည် ရှန်းမိသားစုနှင့် စကားစမြည် ပြောလိုက်ပြီးနောက်တွင် သူတို့၏တောင်ပေါ်သို့ တက်သွားလိုက်ကာ နောက်ဆုံးတော့ ဖော်ဖော်ရွေရွေဖြင့် ပြန်သွားကြသဖြင့် တစ်ရွာလုံးက ဦးနှောက်ခြောက်သွားတော့သည်။ ရှန်းလီနှင့် ဆိုင်တာဝန်ခံရွှီတို့က သူတို့ကို လိုက်ပို့ပြီးသည့်နောက်တွင် အားလုံးက သူတို့ပြန်အလာကို စိတ်မရှည်လက်မရှည်ဖြင့် စောင့်နေကြရပြီး ရှန်းမိသားစုအိမ်သို့ အုံလိုက်ကျင်းလိုက် ဝိုင်းဖွဲ့လာတော့သည်။

အဘွားချန်းက စန်းလော့ကို အရင်ဆုံးလေ့လာလိုက်ပြီး သူမက အဆင်ပြေနေသည်ဖြစ်ရာ စိတ်အနှောက်အယှက်ဖြစ်သည့် အပြုအမူမျိုး မတွေရသဖြင့် သူမက စိတ်အေးသွားလေသည်။ စိုးရိမ်ပူပန်မှု ပြေလျော့သွားသဖြင့် သူမ၏သိလိုစိတ်က နေရာယူလာကာ သူမကမေးလိုက်၏။

"အားလော့ အဲဒီ့အရာရှိတွေက ဘယ်သူတွေလဲ၊ အရောင်မတူတဲ့ ဝတ်စုံတွေနဲ့ လူတွေကရော ဘာဖြစ်လို့ရောက်လာကြတာလဲ၊ အနီ၊ အစိမ်းရယ် အပြာရယ် ထင်တယ်၊ ဒါက အားလီနဲ့ ရှောင်ရှန်းတို့ ပြည်နယ်ကျောင်းဝင်ခွင့် အောင်သွားတာနဲ့ ပတ်သတ်နေတာလား"

အဘိုးချန်းက ခေါင်းခါလိုက်သည်။

"မဟုတ်လောက်ဘူး၊ သူတို့တွေက ရွှီမိသားစုအိမ်ထဲတောင် မဝင်ခဲ့ဘူးလေ၊ သူတို့တွေက တောင်ပေါ်ကိုတောင် တက်သွားသေးတာပဲ"

အဘွားချန်းသည် အရာရှိချွေ့က မနေ့တုန်းက ရွှီမိသားစုသို့လဲ အလည်အပတ် မသွားခဲ့ကြောင်း ပြောချင်ခဲ့သော်ငြားလည်း ချွေ့ချီချန်းက ရှန်းလီနှင့် ချန်းသရှန်တို့ကို လူများကိုရှာဖွေရန် တောင်အတွင်းပိုင်းသို့ လွှတ်ခဲ့သည့်အကြောင်းကို စဥ်းစားမိလိုက်ပြီး သူမက မပြောဖို့ ဆုံးဖြတ်လိုက်တော့သည်။

စန်းလော့က အပြုံးတစ်ခုဖြင့် နားထောင်နေလိုက်ပြီး အရောင်မတူရခြင်းက အရာရှိ၏အဆင့်အမျိုးမျိုးကို ကိုယ်စားပြုကြောင်း ရှင်းပြလိုက်သည်။ ဒါက အဘွားချန်း၏ သိလိုစိတ်ကို ပိုပြီးတော့ ထိုးတက်သွားစေသည်။

“ဒါဆိုရင် ဘယ်တစ်ယောက်က ရာထူးအကြီးဆုံးလဲ”

"ကျွန်မအထင်တော့ ပြည်နယ်အုပ်ချုပ်ရေးမှူး ထင်ပါတယ်"

"အစိမ်းရောင်ဝတ်စုံနဲ့ တစ်ယောက်လား"

သူတို့သည် ချွေ့ချီချန်းနှင့်ရင်းနှီးသဖြင့် သူ့ကို မေးလိုက်ခြင်းပင်။ ကျန်တဲ့သူနှစ်ယောက်ကတော့ ပိုပြီး အသက်ကြီးပုံရသည်။

စန်းလော့က ခေါင်းခါပြလိုက်၏။

"အဲဒါက လက်ထောက်အရာရှိပါ၊ ကြက်သွေးရင့်ရောင် ဝတ်ထားတဲ့တစ်ယောက်က ပြည်နယ်အုပ်ချုပ်ရေးမှူးလေ"

အဘွားလုက ပင့်သက်တစ်ချက် ရှိုက်လိုက်လေသည်။

"အဲလောက်တောင် ငယ်တာလား၊ သူက အဆင့်အမြင့်ဆုံး အရာရှိပေါ့"

စန်းလော့က ပြုံးပြလိုက်၏။ ဒီပြည်နယ်အရာရှိသည် ချန်းလျိုက ဖန်မိသားစု၏ သမီးတစ်ယောက်နှင့် လက်ထပ်နိုင်သည်ဆိုလျှင် သူ၏ နောက်ခံမိသားစုက အညတရတော့ ဟုတ်လိမ့်မည် မဟုတ်ချေ။ အသက်အရွယ်က တစ်စုံတစ်ယောက်၏ရာထူးကို မဆုံးဖြတ်ပေးနိုင်ပေ။ သူ၏ ငယ်ငယ်ရွယ်ရွယ်ဖြင့် အောင်မြင်မှုများကို ချီးကျူးစကား ပြောပြီးလိုက်သည့်နောက်တွင် သူမက အဓိကအကြောင်းအရာကို စကားလမ်းကြောင်း ပြောင်းလိုက်လေသည်။

"ပြည်နယ်အုပ်ချုပ်ရေးမှူးနဲ့ လက်ထောက်အရာရှိက ဒီနေ့ ရောက်လာတယ်ဆိုတာက မနေ့ညတုန်းက ကျွန်မတို့မိသားစုက ဝဥဟင်းလျာတစ်ခု ပြင်ဆင်ခဲ့တယ်လေ၊ အရာရှိချူက တိုက်တိုက်ဆိုင်ဆိုင် မြင်သွားခဲ့တယ်၊ သူတို့တွေက ဒီကိုလာပြီး ဝဥစိုက်ပျိုးရေး နည်းလမ်းအကြောင်းကို လာစုံစမ်းတာပါ"

အစိုးရက သူတို့၏ဝဥများအတွက် စပါးနှင့်အလဲအလှယ် လုပ်ပေးနိုင်သည့်အကြောင်းကိုလဲ ရှင်းပြလိုက်သည်။

ဒီစကားကို ကြားလိုက်သည်တွင် ဘယ်သူက မပျော်နိုင်ရှိပါမည်နည်း။ အဘိုးလုက ပြောလိုက်၏။

"စပါးနဲ့အလဲအလှယ် လုပ်တယ်ဆိုတော့ ကောင်းတာပဲ၊ အရမ်းကောင်းတယ်၊ ငါတို့တွေက ဆန်စပါးကို စားရတာပဲ ပိုပြီးတော့ အသားကျတယ်လေ"

ဝဥအထွက်နှုန်းက အမှန်ပင်မြင့်မားလေသည်။ အထူးသဖြင့် စန်းလော့သည် ဒီနှစ်တွင် စိုက်ပျိုးရေးနည်းလမ်းအမျိုးမျိုးကို လက်တွေ့စမ်းသပ်ခဲ့ခြင်းကြောင့်ပင်။ အထွက်နှုန်းက တောင်ပေါ်ကမြေပေါ်တွင် ပုံမှန်စိုက်ပျိုးခဲ့သည့်ထက် အများကြီး ပိုများလေသည်။ ထို့ကြောင့် အိမ်ထောင်စုတိုင်းက ဒီနှစ်တွင် ဝဥကို စိုက်ပျိုးကြလိမ့်မည်ဖြစ်ကာ သေးငယ်သည့် ပမာဏ မဟုတ်ချေ။

သို့သော်ငြားလည်း ဒါက နှိုင်းယှဥ်ချက်တစ်ခုသာဖြစ်လေသည်။ အမှန်တွင်တော့ တစ်ချို့သိုလှောင်ထားသည့်ဝဥများကို အခြေခံအစားအသောက်အဖြစ် မကြာခဏ အသုံးပြုခဲ့ကြသည်။ ထိုအရာများကို နှစ်အနည်းငယ်လောက် စားသောက်ပြီးလာသည့်နောက်တွင် အဆင်ပြေသက်သာခြင်းနှင့် ပတ်သတ်လာလျှင် ဝဥများသည် စပါးများကို ပုံမှန် စားရသည်နှင့် မည်သို့ နှိုင်းယှဥ်နိုင်ပါမည်နည်း။ အကယ်၍ အစိုးရက သူတို့၏ဝဥအတွက် စပါးနှင့် အလဲအလှယ်လုပ်ပေးမည်ဆိုလျှင် သူတို့ကတော့ အမှန်ပင် သဘောတူရလိမ့်မည်။

ကန်းရှီက ပိုပြီးပါးနပ်ကာ မေးလိုက်၏။

"ပစ္စည်းကို ဘယ်လို အလဲအလှယ်လုပ်မယ်ဆိုတာကိုရော သူတို့တွေ ပြောခဲ့သေးလား"

စန်းလော့က ခေါင်းခါပြသည်။

"သူတို့ပြောတာကတော့ ဒီကိစ္စကို အရာရှိချူက ကိုင်တွယ်ပေးပါလိမ့်မယ်၊ ဒီတော့ ကျွန်မတို့တွေက တစ်ရက်၊ နှစ်ရက်အတွင်းမှာ သတင်းကို စောင့်ရမယ်၊ ဝဥက ဆေးဖက်ဝင် အပင်တစ်မျိုးလေ၊ ဒီတော့ သူရဲ့စျေးက တော်တော်လေးမြင့်မှာပါ၊ ဒါပေမဲ့ ဝဥကို ပမာဏအများကြီး စိုက်ပျိုးမှာဆိုတော့ စျေးကတော့ နည်းနည်းလောက် ကျသွားမှာတော့ ရှောင်လွှဲလို့မရဘူး။ စပါးစျေးကလဲ လက်ရှိမှာ အရမ်းမြင့်နေတယ်လေ၊ ဒီတော့ ပြောဖို့ကတော့ တော်တော်ခက်ပါတယ်၊ ကျွန်မတို့တွေ သတင်းကို စောင့်ရုံပဲရှိတယ်"

ဒါက အဓိပ္ပါယ် ရှိပေသည်။ ထိုနေ့တွင် ကန်းရှီနှင့် တခြားသူများကလဲ မြို့ထဲက မြင့်တက်နေသည့်စပါးစျေးကို မြင်ခဲ့ရသည်။ ဆန်ဟောင်းများနှင့် ပိုးတက်နေသည့် ပဲများကပင် စျေးကမြင့်တက်နေသည်။ သို့သော်ငြားလည်း ချွေ့ချီချန်းက ဒီကိစ္စကို ကိုင်တွယ်ဆောင်ရွက်ပေးမည်ဟု ကြားလိုက်ရသည်တွင် အားလုံးက အများကြီး စိတ်အေးသွားသလို ခံစားရလိုက်၏။ သရှင်းရွာက လူများ၏အမြင်တွင် ချွေ့ချီချန်းသည် ရိုးသားသည့် အရာရှိတစ်ယောက်ဖြစ်လေသည်။ တစ်ခြားကိစ္စများကို ဘေးဖယ်ထားကြည့်လျှင်ပင် သူသည် သူတို့ကို တောင်ပေါ်မှ ခေါ်ထွက်လာချိန်က မိသားစုတခုချင်းစီအတွက် ငွေ၇ယွမ်နှင့်ဝမ်၅၀ အပြည့်ပေးခဲ့သေးသည်။ ဆုလာဒ်အနေဖြင့် သူတို့ကို တောင်ပေါ်မြေများကိုလဲ ရက်ရက်ရောရော ပေးခဲ့သေးသည်။

အစိုးရက ကောင်းမွန်သည့်ကိစ္စတွင် ပါဝင်ဆောင်ရွက်ပေးမည်ဟု သိလိုက်ကြသည်တွင် ဒါက အားလုံးလက်ခံနိုင်သည့် အရာဖြစ်လေသည်။ ထို့ကြောင့် သူတို့က လူစုခွဲလိုက်ကြပြီး သူတို့၏ လယ်ကွင်းထဲဆီသို့ ပြန်သွားလိုက်ကြသည်။ တစ်ခြားမိသားစုများက ပြန်သွားချိန်တွင် ချန်းအဘွားကတော့ နောက်တွင်ကျန်ရစ်နေခဲ့သည်။

"အားလော့ အစိုးရနဲ့ အလဲအလှယ်လုပ်ဖို့ ဒီဝဥတွေကို ဘယ်လောက်ပမာဏ စိုက်ပျိုးမှာလဲ၊ ကိုယ်တိုင်အတွက်ရော ဘယ်လောက်ချန်ထားမှာလဲ"

ချန်းသရှန်နှင့် ကျိုးကဲတို့သည် မနေ့က အိမ်သို့ပြန်ရောက်လာပြီးနောက်တွင် မနေ့ညက အကြောင်းအရာနှင့်ပတ်သတ်ပြီး သူတို့မိသားစုကို အကျိုးအကြောင်းပြောပြခဲ့သည်။ အဘွားချန်းက ချန်းသရှန်ကို ရက်ရက်ရောရော ချီးကျူးစကားပြောခဲ့သေးသည်။ သူမ၏အမြင်တွင်တော့ အဆင့်မြင့်အရာရှိတစ်ယောက်ဖြင့် အလုပ်လုပ်ခြင်းက စန်းလော့နှင့်အတူတူ လက်တွဲလုပ်ရခြင်းလောက် အဆင့်မမြင့်ချေ။ စန်းလော့သည် တို့ဟူးရောင်းခဲ့လျှင်ပင် သူတို့သည် ပဲစိုက်ခြင်းကိုသာ တာဝန်ယူပေးရလိမ့်မည်။ အဘွားချန်းသည် ဒီအစီအစဥ်တွင် စိတ်ချရသည့် ခံစားချက်တစ်ခုဖြစ်သွား၏။

ယခုတော့ စန်းလော့တွင် အစီအစဥ်များရှိသည်ကို ကြားလိုက်ရသဖြင့် ဒါက အကောင်းဆုံးဖြစ်တော့သည်။ ထို့ကြောင့် အာဏာပိုင်များနှင့် မည်မျှအလဲ အလှယ်လုပ်ပြီး ကိုယ်တိုင်အတွက် မည်မျှသိမ်းဆည်းထားရမည်ကို ဆုံးဖြတ်နိုင်လေသည်။

ဒီနှစ်တောင်ပေါ်တွင် စန်းလော့သည် အဆင့်မြှင့်တင်ထားသည့် စိုက်ပျိုးရေးနည်းလမ်းများကိုသုံးကာ မြေကွက်ငယ်လေးတစ်ခုနှင့် လက်တွေ့စမ်းသပ်ထားသည်။ အထွက်နှုန်းက အမှန်ပင် သိသာလေသည်။ သို့သော်ငြားလည်း ဒါက မျိုးဥတော်တော်များများကို အသုံးပြုရသည်။ အဘွားချန်းက သေသေချာချာ စဥ်းစားလိုက်ပြီး ပြောလိုက်၏။

"ဒီနွေဦးမှာ နင်တို့ရဲ့ ပြန်လည်ပြင်ဆင်ထားတဲ့ ကောက်ပဲသီးနှံ မြေ၃ဧကမှာ ဝဥမျိုးပေါင်၂၀၀နီးပါး စိုက်ပျိုးထားတာ ငါ မှတ်မိသေးတယ် ဟုတ်တယ်မလား"

သူတို့သည် တောင်အတွင်းပိုင်းကို ထွက်ပြေးခဲ့ကြစဥ်က အိမ်တွင် ချိန်ခွင်များရှိခဲ့သည်။ ပစ္စည်းပစ္စယများကို အလွယ်တကူ မရရှိနိုင်ချေ။ ဘယ်သူကမှ ဒီပစ္စည်းများကို စွန့်ပစ်ဖို့လိုလားလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် သူတို့သည် ထိုပစ္စည်းများကိုလဲ အတူယူလာခဲ့သည်။ ဟုတ်ပါသည်။ အိမ်က ချိန်ခွင်များကို မျိုးစေ့တစ်စေ့ချင်းစီတိုင်းအတွက် ချိန်ဖို့ရန်အသုံး ပြုခြင်းမဟုတ်ချေ။ ခန့်မှန်းခြေ အတိုင်းအတာကိုသာ ယူလေသည်။ အများစုကတော့ ခန့်မှန်းခြေနှင့် ဝေဖန်ပိုင်းခြားမှုအပေါ်တွင်သာ မှီခိုလေသည်။

စန်းလော့က ခေါင်းငြိမ့်ပြလိုက်၏။

"ဟုတ်တယ်၊ ဒီနှစ်ကတော့ ဒီအတိုင်း လက်တွေ့စမ်းသပ်မှုတစ်ခုပါပဲ၊ နောက်တစ်နှစ်ကြရင် ကျွန်မတို့တွေက မြေကို မြေကွက်တော်တော်များများ ဖြစ်သွားအောင် ခွဲထုတ်လိုက်ဖို့ စီစဥ်ထားပြီး မတူညီတဲ့ အပင်အစိတ်အကျဲပုံစံကို ကြိုးစားပြီး စိုက်ပျိုးကြည့်မယ်၊ ဒါက အပင်ကြီးပြင်းပုံနဲ့ အထွက်နှုန်းကို ဘယ်လို ကွာခြားသွားစေမလဲဆိုတာကို ကြည့်ရမယ်၊ ရှီးကျိုးရဲ့ လက်ရှိအခြေအနေကို စဥ်းစားကြည့်ရင်တော့ ဒါက အစိုးရအတွက် လွယ်ကူတာတော့ မဟုတ်ဘူး၊ ကျွန်မက ဒီတစ်ကြိမ်မှာ အာဏာပိုင်တွေကို ဝဥပိဿာလေးငါးရာလောက် လှူဒါန်းမယ်လို့ စိတ်ကူးထားတယ်၊ တောင်အတွင်းပိုင်းမှာ ကျန်နေသေးတဲ့တစ်သုတ်ကိုတော့ ကျွန်မတို့ ကိုယ်တိုင်စိုက်ပျိုးဖို့ ရည်ရွယ်ချက်အတွက် သိမ်းဆည်းထားလိုက်မယ်"

သူတို့သည် အလောတကြီး ထွက်ခွာခဲ့ရပြီး အပြင်ဘက်နေရာများတွင်လဲ မြေယာများကို ရှင်းလင်းသည့် လုပ်ငန်းများဖြင့် အလုပ်များနေခဲ့သည်။ လုပ်ရည်ကိုင်ရည်ရှိသည့် လူတစ်ချို့က အစိုးရကို အကူအညီပေးရင်း တောင်ထဲတွင်နေထိုင်ကြသူများကို ခေါ်ထုတ်လာဖို့ အလုပ်များနေကြသည်။ ထို့ကြောင့် လျှိုမြောင်အတွင်းပိုင်းက အိမ်ထောင်စုအများစုသည် အစားအသောက်ရိက္ခာ၊ ဝဥနှင့် လျှိုမြောင်ထဲတွင် မွေးထားသည့်ဆိတ်များကိုပင် ဝှက်ထားခဲ့ရသည်။

အဘွားချန်း၏ မျက်လုံးများက ဝိုင်းစက်သွားလေသည်။

"နင်တို့တွေတောင်ထဲမှာ ဝဥ ပေါင်၇၀၀ ၈၀၀ ဝန်းကျင်လောက် ရှိတာမဟုတ်လား၊ နင်က ဒါတွေအားလုံးကို မျိုးဥတွေလုပ်ဖို့ စဥ်းစားထားတာလား"

ထိုအပြင် သူမသည် ထိုစကားများကြားက အဓိပ္ပါယ်ကို နားလည်လေသည်။ စန်းလော့က ဒီဝဥပေါင် ၁၂၀၀...၁၃၀၀ အာလုံးကို မျိုးဥတွေအနေနဲ့ တကယ်ပဲ စိုက်ပျိုးလိုက်မလို့တဲ့လား။ အဘွားကြီးမှာ လုံးဝကို မှင်သက်အံ့သြသွားတော့သည်။ နောက်ဆုံးတွင် ဒီတစ်နှစ် အကြမ်းဖျဥ်းစိုက်ပျိုးထားသည့်အရာကို ထည့်မတွက်လျှင်ပင် သေသေချာချာ ဂရုစိုက် စိုက်ပျိုးထားသည့် မြေ၃ဧကသည် လူတစ်ယောက်ချင်းစီက တစ်ဧကကို ပေါင်၃၀၀လောက် အထွက်နှုန်းရှိလိမ့်မည်ဟု ခန့်မှန်းထားကြသည်။

အကယ်၍ စန်းလော့က ဝဥပေါင်၁၀၀၀ ကျော်ကို မျိုးစေ့အဖြစ်အသုံးပြုဖို့ ရည်ရွယ်ထားသည်ဆိုလျှင်တော့ ဒီလောက်ပမာဏအများကြီးကို ဘယ်တုန်းကမှ မကိုင်တွယ်ခဲ့ဘူးသည့် အဘွားချန်းသည် မြေယာ မည်မျှအသုံးချရမည်ကို မတွက်ချက်တတ်တော့သလို သူတို့သည် ဝဥမည်မျှထုတ်နိုင်မည်ကိုလဲ မတွက်ချက်တတ်တော့ချေ။

သူမသည် ပေါင်၁၂၀၀ပမာဏ အတိအကျကို တွက်ချက်နိုင်လိမ့်မည် မဟုတ်ချေ။ သို့သော်ငြားလည်း ပေါင်၇၀၀...၈၀၀လောက်ကိုတော့ သူမက တွက်ချက်နိုင်လေသည်။ သည်နှစ်တွင် စန်းလော့သည် တစ်ဧကလျှင် ဝဥကိုပေါင် ၇၀ အကြမ်းဖျဥ်း အသုံးချခဲ့သည်။

ပေါင်၇၀၀...၈၀၀။ ဒီအတိုင်းပဲ ရိုးရိုးရှင်းရှင်း ၇၀၀ ပဲထားပါတော့။ ဒါဆိုရင် ၁၀ဧကပဲ၊ အဲဒါဆိုရင် ပေါင်၃၀၀၀ လောက်... ထွက်မှာမဟုတ်လား။

အဘွားချန်းသည် ထိုအရေအတွက်၏ ကြီးမားပုံကို ကြိုးစားပုံဖော်ကြည့်လိုက်ပြီး သူမ၏စိတ်က ထိန်းမရအောင် တစ်ဒုန်းဒုန်း ခုန်သွားတော့သည်။ သူမက သူမ၏ရင်ဘတ်ကို ဖိထားပြီးမေးလိုက်သည်။

"နင်က ဒီလောက်အများကြီးကို ဘယ်လိုလုပ်ပြီး စားလို့ကုန်မှာလဲ၊ တကယ်လို့ နင် ဒါတွေကို ရောင်းမယ်ဆိုရင်တော့ ဒီဝဥတွေက တူးဖော်ပြီးသွားရင် နှစ်ဝက်လောက်ပဲ သိမ်းထားလို့ရနိုင်တာလေ၊ တကယ်လို့ ဒါတွေကို အဲဒီ့အချိန်ကြမှ မရောင်းနိုင်ခဲ့ဘူးဆိုရင် ပျက်စီးသွားတော့မှာ မဟုတ်လား၊ ဒီ့အပြင် အားလုံးကလဲ ဝဥစိုက်ပျိုးနေကြတာ၊ အချိန်တန်ရင် နင်က ဒါတွေကို ဘယ်မှာသွားရောင်းမှာလဲ"

စိုးရိမ်နေမိပြီးသား ဖြစ်သော်ငြားလည်း အဘွားကြီးသည် စန်းလော့တွင် အမြဲတမ်း အစီအစဥ်တစ်ခုရှိသည်ကို သိထားလေသည်။ သူမကိုယ်သူမ တည်ငြိမ်အောင်လုပ်လိုက်ပြီး ထပ်ပြီးမေးလိုက်၏။

"အားလော့ ငါ့ကို ပြောစမ်းပါ၊ နင့်မှာ ဒါတွေကို ရောင်းချနိုင်မဲ့ သိထားတဲ့နည်းလမ်းတစ်ခုရှိတာလား၊ ဒါမှမဟုတ်ရင် ဒါတွေကို မပျက်စီးဘဲ အချိန်အကြာကြီး သိမ်းဆည်းထားနိုင်မဲ့ တစ်ခုခုပြုလုပ်လို့ရတာလား"

စန်းလော့က တခစ်ခစ် ရယ်မောလိုက်သည်။ သူမသည် ချန်းမိသားစုနှင့် အမြဲတမ်း တရင်းတနှီးရှိလာခဲ့သည်။ အထူးသဖြင့် အဘွားချန်းပင်။ သူမက အဘွားကြီး၏ လက်ကို လှမ်းကိုင်လိုက်ပြီး သူမကို မီးဖိုချောင်ထဲသို့ ခေါ်သွားလိုက်၏။

"အဘွား မနေ့ညက အစ်ကိုသရှန်က ပြောတယ်၊ အဘွားတို့ရဲ့ တောင်ပေါ်ကမြေတွေကိုလဲ ကျွန်မတို့လိုပဲ စီစဥ်မယ်ဆို၊ သူနဲ့အားကဲက အဘွားတို့ကို သေချာပေါက်ပြောပြမှာပေါ့ ဟုတ်တယ်မလား"

"ဒီကိစ္စကို တိုင်ပင်ထားပြီးပါပြီ၊ ကိစ္စတွေကို ဒီလိုလုပ်တယ်ဆိုရင် အဆင်ပြေပါတယ်၊ နင့်နောက် လိုက်တာကလွဲပြီး ပိုပြီးအန္တရာယ်ကင်းတဲ့ရွေးချယ်မှု မရှိတော့ဘူးလေ၊ အဘွားက နင်လုပ်ချင်တဲ့ဆန္ဒကို သဘောတူဖို့ အဆင်သင့်ပါပဲ"

အမှန်တွင်တော့ အဘွားကြီးသည် သရှန်နှင့် ရှန်းလီတို့၏ဆက်ဆံရေးက အကြောင်းအရာတစ်ခုဖြစ်မှန်း သိလေသည်။ ဒီနှစ်ပိုင်းတွင် အားလော့သည် သူတို့ သူမကို ပေးခဲ့သည့် ဆန်နှင့်သကြားရည်ကို အမြဲတမ်းအမှတ်ရခဲ့သည်။

စန်းလော့က ပြန်ဖြေလိုက်၏။

"စကားဦးတွေ သမ်းမနေတော့ပါဘူး၊ လယ်ယာစိုက်ပျိုးတာနဲ့ တိရိစ္ဆာန်မွေးမြူတာနဲ့ပတ်သတ်ပြီး အကျိုးအပြစ်တွေကို အစ်ကိုသရှန်နဲ့ ယောင်းမတို့ကိုလဲ ကျွန်မ ကြိုတင် အသိပေးထားပြီးပါပြီ၊ အဘွားက ဒါကိုလဲသိလိမ့်မယ်လို့ ကျွန်မ ယုံပါတယ်"

အဘွားချန်းက ခေါင်းငြိမ့်ပြသည်။

"ဟုတ်တယ်၊ ဟုတ်တယ်၊ ချမ်းသာကြွယ်ဝမှုဆိုတာက အိမ်မှာပဲ မွေးမြူရေးပုံစံတစ်ခုဖြစ်နေရင် ထည့်တွက်လို့မရဘူးပေါ့ လယ်ယာစိုက် ပျိုးတယ်ဆိုရင်တောင် ရာသီဥတုအပေါ် မူတည်သေးတယ်၊ ဒါတွေအားလုံးကို နားလည်ပါတယ်"

မီးဖိုချောင်သို့ ရောက်လာသည်တွင် စန်းလော့က လိုရင်းကိုသာ ပြောလိုက်လေသည်။

“အဘွားနဲ့ တိုင်ပင်ဖို့လိုတဲ့ ကိစ္စတစ်ခုရှိသေးတယ် ကျွန်မ ဒါကို ဖုံးကွယ်မထားပါဘူး ... ဝဥကို အခု ကျွန်မတို့တွေ စားသုံးနေတဲ့ ပုံစံမျိုးထက် တစ်ခြားပိုများတဲ့နည်းလမ်းတွေနဲ့ ပြင်ဆင်လို့ ရပါသေးတယ်၊ အဘွား ခန့်မှန်းထားတဲ့အတိုင်းပဲ ဒီဝဥတွေကို ရောင်းချဖို့အတွက် လူကြိုက်များတဲ့ အစားအသောက် ပစ္စည်းတစ်ခုဖြစ်အောင် ပြောင်းလဲလို့ရတယ်”

ဖြတ်ခနဲ အလင်းရောင်တစ်ခုက အဘွားချန်း၏ မျက်လုံးထဲတွင် ပေါ်ပေါက်လာလေသည်။

"ငါ့ကို ထပ်ပြီးတော့ ပြောပြပါအုံး"

စန်းလော့က တခစ်ခစ် ရယ်မောလိုက်သည်။

"ဒါတွေကို ဝဥဂျုံမှုန့် ဒါမှမဟုတ် ဝဥခေါက်ဆွဲလုပ်ပြီး သုံးလို့ရသေးတယ်၊ နှစ်ခုစလုံးက လတ်လတ် ဆတ်ဆတ်ဖြစ်ပြီး ရေရှည်သိုလှောင်ဖို့အတွက်လဲ အခြောက်ခံထားလို့ရတယ်၊ ဒါပေမဲ့ ကျွန်မတို့တွေက အခုလောလောဆယ်တော့ ဒါကို လုပ်လို့မရသေးဘူး၊ ကျွန်မတို့တွေ အရင်ဆုံး ဝဥအမှုန့် လိုအပ်သေးတယ်၊ ကျွန်မက နောက်တစ်နှစ် ဝဥပေါ်တဲ့အချိန်ကြရင် ပြည်နယ်မြို့ထဲက အရှေ့ဘက်စျေးမှာ ဆိုင်တစ်ဆိုင်ငှားဖို့ စဥ်းစားထားတယ်၊ ဒီလိုဆိုရင် ကျွန်မတို့တွေက ဒါကိုအခြေခံပြီးတော့ စီးပွားရေးတစ်ခု လုပ်လို့ရတယ်၊ ကျွန်မတို့မိသားစုနှစ်ခုလဲ လက်တွဲလုပ်လို့ ရတာပေါ့... ကျွန်မက လုပ်နည်းအမယ်နဲ့ ဆိုင်ကို ထောက်ပံ့ပေးမယ်၊ အဘွားတို့မိသားစုကတော့ ခေါက်ဆွဲလုပ်ပြီး ရောင်းအားအတွက် တာဝန်ယူပေးရမယ်၊ ဘယ်လိုလဲ"

"လက်တွဲလုပ်မယ် ဟုတ်လား၊ ငါ့ကို လုပ်နည်းသင်ပေးမယ်ပေါ့ ဟုတ်လား"

အဘွားချန်း မရောက်လာခင်က သူမသည် စန်းလော့ကို ကုန်ကြမ်းပစ္စည်းကိုသာ ရောင်းချဖို့ရန် မျှော်လင့်ထားလေသည်။ သူမ၏မိသားစုကတော့ လယ်ယာစိုက်ပျိုးခြင်းမှ အသက်မွေးမြူနိုင်သည်။ အခုတော့ သူတို့ကိုလဲ လုပ်နည်းအမယ် သင်ပေးမည်ဟု ကြားလိုက်ရသည်တွင် သူမမှာ တအံ့တသြဖြစ်သွားတော့သည်။

"ဟုတ်တယ်၊ အဘွားလဲ သိပါတယ်၊ ကျွန်မတို့မိသားစုက သေးသေးလေးလေ၊ ခေါက်ဆွဲလုပ်ဖို့ဆိုရင် အင်အားတွေ အများကြီး လိုအပ်တယ်၊ ရှန်းနဥ်နဲ့ကျွန်မကို ကြည့်လိုက်ပါအုံး၊ ကျွန်မတို့ထဲက ဘယ်သူက ဒါကို နေ့တိုင်းလုပ်နိုင်လို့လဲ၊ ကျွန်မမှာ လုပ်နည်းအမယ်ရှိတယ်၊ အဘွားတို့မိသားစုကတော့ ခွန်အားသုံးပေး၊ ကျွန်မက ဒီကိစ္စနဲ့ပတ်သက်ပြီး အဘွားကို ယုံပါတယ်၊ ပြီးတော့ ကျွန်မတို့မိသားစုနှစ်ခုက လက်တွဲလိုက်ရင် ကောင်းမွန်တဲ့စိတ်ကူးတစ်ခု ဖြစ်မယ်လို့ ကျွန်မ ယုံထားတယ်၊ ဒါကြောင့် ကျွန်မက ဝဥတွေ အများကြီးပိုနေရင်လဲ စိတ်မပူပါဘူး၊ သူတို့တွေကို ရောင်းလို့ရမှာပဲလေ၊ ကျွန်မအတွက် အခက်အခဲဖြစ်မဲ့ကိစ္စကတော့ ဂျုံမှုန့်ရဖို့ပဲ၊ ဒါပေမဲ့လည်း တကယ့်ထုတ်ကုန်က နောက်တစ်နှစ် ဆောင်းတွင်းမတိုင်ခင် စသေးမှာ မဟုတ်ဘူးဆိုတော့ အဲဒီ့အချိန်မတိုင်ခင်မှာ ကုန်ကြမ်းတွေကို ရှာဖွေနိုင်မှာပါ၊ နောက်ဆိုရင် ကျွန်မရဲ့ဧက၃၀မြေကို ဂျုံတစ်ချို့စိုက်ပျိုးဖို့လဲ စဥ်းစားထားတယ်"

သူမ၏ ကိုယ်ပိုင်ခေတ်ကာလ အခြေအနေ နေရာတွင် မြောက်ပိုင်းလယ်မြေများသည် ဂျုံရိုင်းလို သီးနှံတစ်မျိုးကိုသာ စိုက်ပျိုးနိုင်ပြီး တောင်ပိုင်းဒေသကိုတော့ နှစ်မျိုးစလုံး စိုက်ပျိုးနိုင်သည်။ ဆောင်းတွင်း ဂျုံစိုက်ပျိုးပြီးလျှင် စပါးကို စိုက်ပျိုးကြသည်။ သို့သော်လည်း ဒီနေရာတွင်တော့ ဘယ်သူမှ ဒီလိုလုပ်ခဲ့ဟန်မတူချေ။ လယ်ယာအများစုသည် မြေဆီမြေသြဇာ အလွန်အကျွံသုံးမိမည်စိုးသဖြင့် ပဲနှင့်သာ တစ်လှည့်စီ စိုက်ပျိုးကြသည်။

သို့သော်ငြားလည်း စန်လော့ကတော့ ကြိုးစားကြည့်ဖို့ရန် ဆန္ဒရှိလေသည်။

သူတို့သည် ဒီတစ်နှစ်တွင် တော်တော်လေးနောက်ကျမှ တောင်အပြင်ဘက်သို့ ထွက်လာခဲ့ရသည်။ သူတို့၏ မြေများကိုလဲ အချိန်မှီ မပြင်ဆင်နိုင်ခဲ့ချေ။ သူတို့သည် ဒီအခွင့်အရေးကို ဆုံးရှုံးခဲ့ရလေသည်။

အဘွားချန်းကတော့ မယုံမကြည်ဖြစ်နေဆဲပင်။

"နင်က ငါတို့တွေကို တကယ်ပဲ စီးပွားဖက်အနေနဲ့ ခေါ်ယူမှာလား"

ဒီလိုလုပ်နည်းတွေက သေသေချာချာ သိမ်းထားရမဲ့ဟာ မဟုတ်ဘူးလား။

သို့သော်ငြားလည်း သူမ၏မိသားစုက ကလေးများအားလုံးသည် ဖြူစင်သန့်ရှင်းသည့် စိတ်ထားများရှိသည်ကို သူမက ကောင်းကောင်းသိလေသည်။ သရှန်၏မိန်းမပင်လျှင် အသိတတ်ဆုံးသူ ဖြစ်ခဲ့ပေသည်။ မည်သူထံတွင်မှ ပုန်းကွယ်နေသည့် နောက်ကွယ်က ရည်ရွယ်ချက်မျိုး မရှိခဲ့ချေ။ စိတ်ထဲတွင် ဒီလိုတွေးမိသည်နှင့် သူမက သူမ၏ကျောကို မတ်မတ်ထားလိုက်ပြီး သူမ၏ ရင်ဘတ်ကို ပုတ်လိုက်လေသည်။

"အားလော့ စိတ်မပူနဲ့၊ နင်က ငါတို့ကို ယုံကြည်တယ်ဆိုမှတော့ ငါတို့တွေက ဒီလုပ်နည်းအမယ်ကို သေချာပေါက် လုံလုံခြုံခြုံ သိမ်းထားပါ့မယ်၊ တကယ်လို့ လက်တွဲတဲ့လုပ်ငန်း ပြီးဆုံးသွားတယ်ဆိုရင်တောင် ငါတို့တွေက ဒီကိစ္စအပေါ်မှာ လုံးဝအခွင့်ကောင်းယူမှာ မဟုတ်ပါဘူး"

ထို့နောက်တွင် သူမက နောက်တကြိမ် ထပ်ပြောလိုက်လေသည်။

"ငါ ဘာတွေပြောနေပါလိမ့်၊ ဒါက ဒီလောက်အကျိုးအမြတ်ကောင်းတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုပဲ၊ လက်တွဲလုပ်ငန်းက အဆုံးသတ်မှာ မဟုတ်ဘူး၊ အဆုံးမရှိအောင်ကို ဆက်လုပ်သွားအုံးမှာ"

စန်းလော့သည် ဒီစကားကို ကြားလိုက်သည်တွင် ရယ်မောလိုက်တော့သည်။

"ဒါကိုတော့ စောင့်ကြည့်ပါအုံးမယ်၊ တကယ်လို့ နောက်ပိုင်းမှာ ပိုပြီးတော့ အဆင်ပြေလာတယ်ဆိုရင် ကျွန်မတို့တွေ အချိန်တစ်ခုမှာ လက်တွဲတာကို ရပ်လိုက်တယ်ဆိုရင်လဲ အရှုံးရှိမှာ မဟုတ်ပါဘူး"

အဘွားချန်းက ပျော်ရွှင်မှုဖြင့် လင်းဖြာသွားတော့သည်။

"ဒါဆိုရင် ဒီနှစ် ငါ ဝဥတွေကို ပိုစိုက်သင့်သလား၊ ငါတို့အထွက်နှုန်းက နင်တို့လောက်တော့များမှာမဟုတ်ဘူး ဒီတော့ ငါတို့တွေ အစိုးရကို ပေးနိုင်တဲ့ပမာဏကလဲ အများကြီးဖြစ်မှာ မဟုတ်ဘူး၊ အလွန်ဆုံး ငါကတော့ အစားအသောက်အတွက် ပိဿာ၁၀၀လောက်ပဲ အလဲအလှယ် လုပ်ပေးချင်တယ် အဲဒီ့ထက် ပိုသွားရင်တော့ ငါလဲ နည်းနည်းလေး တွန့်ဆုတ်မိမယ် ထင်တယ်"

စန်းလော့က ဒါကို ကိစ္စကြီးတစ်ခုဟု မထင်ချေ။

"ပိဿာ၁၀၀ဆိုရင်ပဲ တော်တော်လေးကို များနေပါပြီ၊ နောက်ပြီးတော့ ဒါက ကျွန်မတို့ရွာတစ်ခုတည်း မဟုတ်ဘူးလေ၊ တောင်အတွင်းပိုင်းမှာ နေကြတဲ့လူတွေ အားလုံးကလဲ ဒါကိုစိုက်ဖို့ ပြင်ဆင်နေကြပြီလေ၊ အရာရှိကိုယ်စားလှယ်တွေက စုံးစမ်းဖို့ ပတ်ဝန်းကျင်ကို သွားလိုက်တာနဲ့ သူတို့တွေလဲ ဒါကိုသိသွားမှာပဲ ဒီစိုက်ပျိုးထားတဲ့ မြေပမာဏက ရရှိတဲ့ပစ္စည်း အများစုကိုတော့ ပြည်နယ်မြို့တော် ဒါမှမဟုတ် စီရင်စုတွေမှာ နဂိုကနေထိုင်ကြတဲ့သူတွေအတွက် ဖြစ်လိမ့်မယ်၊ အိမ်ထောင်စုတစ်စုစီကို လျှော့ပြီးဝေငှလိုက်တယ်ဆိုရင် ဒါက သူတို့အတွက်လဲ လုံလောက်ပါလိမ့်မယ်"

စိတ်ကူးတစ်ခုက သူမထံတွင် ပေါ်ပေါက်လာလေသည်။ သူမက အဘွားချန်းကို ထပ်ပြောလိုက်၏။

"ကျန်နေတဲ့တောင်ပေါ်မြေအတွက်တော့ အဘွား ပဲစိမ်းကို ပိုပြီးတော့စိုက်လိုက်"

ချန်းအဘွားက သူမကို ကြည့်လိုက်လေသည်။

"ပဲစိမ်းကရော ရောင်းလို့ရတဲ့ အစားအသောက်တွေကို လုပ်လို့ရတာလား"

စန်းလော့က ခေါင်းငြိမ့်လိုက်၏။

"ဟုတ်တယ် အဲဒါတွေကို လဲလုပ်လို့ရတယ်၊ ဒါက အစားအသောက်လိုပါပဲ၊ အချိန်တန်ရင် ကျွန်မက အဘွားတို့မိသားစုကို ဘယ်လိုလုပ်ရမယ်ဆိုတာ သင်ပေးမယ်၊ ကျွန်မတို့တွေ နောက်တစ်နှစ်ဆောင်းဦးမှာ ပဲစိမ်းရပြီဆိုတာနဲ့ စပြီးတော့ပြင်ဆင်လို့ရပြီ"

ရှန်းလီက တစ်စုံတစ်ယောက်ကို လိုက်ပါပို့ဆောင်နေစဥ်တွင် စန်းလော့ကတော့ ချန်းမိသားစုနှင့် စီးပွားရေးလက်တွဲဖို့ရန် ညှိနှိုင်းဆွေးနွေးပြီးဖြစ်လေသည်။ ကျန်သည့်အရာကတော့ အကျိုးအမြတ်ခွဲဝေဖို့ရန်နှင့် စာချုပ်မူးကြမ်းတစ်ခုဆွဲဖို့ရန် ဖြစ်တော့သည်။

ဝဥနှင့် ပဲစိမ်းများကို မစိုက်ပျိုးရသေးသဖြင့် အခုလောလောဆယ်တော့ အလျင်လို စရာမလိုချေ။ ချန်းအဘွားသည် ဒီစီပွားရေးလုပ်ငန်းနှင့်ပတ်သတ်ပြီး ကြိုတင်မှန်းဆထားသည့် အသိတစ်ခုမှ မရှိချေ။ သူတို့မိသားစုက လုပ်အားကိုသာ အကျိုးဆောင်ပေးရလိမ့်မည်ဖြစ်ကာ စန်းလော့ ပေးသမျှအရာတိုင်းက လက်ခံနိုင်လိမ့်မည်ဟု သူမက ယုံကြည်ထားလေသည်။

အဘွားကြီးမှာ အလွန်မှ ဝမ်းမြောက်ဝမ်းသာဖြစ်နေသဖြင့် သူမမှာ ပါးစပ်ကိုပင် မပိတ်နိုင်တော့ချေ။ သူ မက စန်းလော့ပေးလာမည့် လုပ်နည်းအမယ်များကို မည်သို့ကာကွယ်ရမည်ဟု စတင်စဥ်းစားချင့်ချိန်နေတော့သည်။ ပြီးခဲ့သည့်နှစ်များက ရှီလီရွာတွင် စန်းလော့ခတ်ထားခဲ့သည့် ကြီးမားသည့် သော့တစ်ခုနှင့် တံတိုင်းခတ်ထားသည့်ခြံကြီးကို သတိရသွားပြီး သူ မကပြောလိုက်၏။

"ငါတို့မြေက အကျယ်ကြီးပဲ၊ ဒီတော့ ငါတို့တွေက အနောက်ဘက်မှာ အသီးအရွက်တွေ ထပ်မစိုက်တော့ဘူး၊ လာမဲ့နွေဦးရာသီကြရင် ငါတို့တွေ တောင်ပေါ်မြေမှာပဲ အားလုံးကို စိုက်ပျိုးမယ်၊ အိမ်တစ်လုံးဆောက်ဖို့လဲ အလျင်လိုစရာ မလိုသေးပါဘူး၊ အရင်ဆုံး ခြံဝန်းကြီးတစ်ခုကိုပဲ တံတိုင်းခတ်ရမယ်၊ အားလော့ နင်ပြောတဲ့ ဒီကုန်ပစ္စည်းတွေအတွက် နေရာကို ဘယ်လိုစီစဥ်ရမယ်ဆိုတာ ငါ့ကို ကူညီပြီးတော့ စဥ်းစားပေးလို့ရမလား၊ ငါတို့တွေ အလုပ်ရုံတွေရော ဆောက်ဖို့လိုသလား အချိန်တန်ရင် ငါတို့အတွက် အစီအစဥ်တစ်ခုဆွဲပေးလိုက် ငါတို့တွေ ဒီဆွဲထားတဲ့အစီအစဥ်အတိုင်း ဆောက်လိုက်မယ်"

လူကြီးတစ်ယောက်နှင့် လူငယ်တစ်ယောက်က ပေါ်ထွက်လာပြီး နှစ်ယောက်စလုံးသည် ပျော်ရွှင်မှုဖြင့် လင်းလက်နေတော့သည်။

ရှန်းလီသည် သူတို့စကားဝိုင်း၏ နောက်ပိုင်းကိုသာ ကြားလိုက်ရသဖြင့် မေးလိုက်လေသည်။

"အဘွားတို့က ဘာအလုပ်ရုံကို ဆောက်မလို့လဲ"

အဘွားချန်းက တဟားဟား ရယ်မောလိုက်၏။

"အားလော့ကိုပဲ မေးလိုက်တော့၊ ငါကတော့ အလုပ်လုပ်ဖို့ တောင်ပေါ်ကို ပြန်သွားရအုံးမယ်၊ လာမဲ့နွေဦးရာသီကြရင် ငါတို့တွေ တတ်နိုင်သမျှ မြေကိုအများကြီးစိုက်ပျိုးဖို့ ရည်ရွယ်ထားတယ်"

အပြုံးတစ်ခုဖြင့် ထိုသို့ပြောလိုက်ပြီးနောက်တွင် သူမက သွက်သွက်လက်လက်လျှောက်ကာ ထွက်သွားလိုက်ပြီး သူမ၏ခြေလှမ်းများက တက်ကြွနေလေတော့သည်။

...

All Chapters