အခန်း (၂၂၉-၂၃၀)
Vol. 23 Ch. 229-230
အပိုင်း (၂၂၉) ပျော်ရွှင်မှုရင်ခုန်သံ
စန်းလော့၏အထင်သည် မမှားချေ။
ချီမင်းဆက်သည် ဒီအခိုက်အတန့်တွင် ဆင်းရဲနေလေသည်။ ကျန့်ဝမ်ရယ်၏ လင်းမိသားစုတို့လို အဓိကမျိုးနွယ်ကြီးများကလွဲလျှင် ထိုက်ယွမ်မှ ထွက်လာပြီးနောက် ရှီကျိုးတွင် အရာရှိရာထူးတစ်ခုကို လက်တလော ရယူထားသည့် ကျန့်မိသားစုကပင် တစ်ခြားမိသားစုများနှင့် သိပ်ပြီးကွာခြားမှု မရှိလှချေ။ ကြီးမားသည့်အကွာအဝေးကြောင့် သူတို့မိသားစု၏ အရှိန်အဝါသည် ဒီလောက်အထိ မကြီးထွားသေးချေ။
ထို့ကြောင့် ရှန်းလီသည် အသားပေါင်၄၀ကျော်ကို သယ်လာပြီး သူက သခင်ကြီးကျန့်၏ ကိုယ်ရေးလက်ထောက်တစ်ယောက်ကို ရှာဖွေနေသည်ဟု ပြောလိုက်သည်။ လက်ထောက်၏နာမည်ကို မသိသော်ငြားလည်း သူက အစောပိုင်းတွင် စာအုပ်လာပို့ပေးခဲ့သည့်အကြောင်းကို ပြောပြလိုက်ပြီး ပြည်နယ်အုပ်ချုပ်ရေးမှူးအိမ်တော်သို့ ရောက်ရှိနိုင်မည့် နည်းလမ်းအကြောင်းကို အကူအညီပေးဖို့ စုံးစမ်းမေးမြန်းလိုက်သည်။ ပြည်နယ်အုပ်ချုပ်ရေးမှူး အိမ်တော်၏ အနောက်ဘက်ဝင်ပေါက်က တံခါးစောင့်သည် အမှန်ပင် အချက်အလက်များဖြင့် သူ့ကို ကူညီပေးခဲ့သည်။
လက်ထောက်သည် ရှန်းလီကို အင်မတန်မှ လေးစားအားကျမှုရှိသဖြင့် သူ့သခင်ကြီးကလဲ ရှန်းမိသားစုကို အလွန်မှအရေးပေးသည်ကို သိထားလေသည်။ ရှန်းလီက ကျေးဇူးတင်လက်ဆောင်တစ်ခုကို လာပို့ပေးသည်ဟု ကြားလိုက်သဖြင့် သူက သူ့ကို စောင့်ခိုင်းထားလိုက်ပြီး အဓိကရုံးတော်ဆီသို့ သတင်းသွားပို့ခိုင်းလိုက်သည်။
ပြည်နယ်အုပ်ချုပ်ရေးမှူးကျန့်မှာ အလွန်မှအလုပ်များနေသဖြင့် သူ၏ခြေထောက်များက သူ့နောက်စေ့ကိုပင် လာရိုက်မိတော့မလို ခံစားနေရ၏။ သူသည် တစ်ကြိမ်တည်းတွင် နှစ်ကိုယ်ခွဲလိုက်ချင်စိတ်သာ ဖြစ်လေတော့သည်။ ဝဥအကြောင်း စုံစမ်းမေးမြန်းရန် သရှင်းရွာသို့ အလည်အပတ်သွား ရောက်ခဲ့ပြီးနောက်တွင် သူသည် စာအုပ်များကို သွားရောက်ပို့ဆောင်ပေးဖို့ ဒီအတိုင်းညွှန်ကြားထားလိုက်ပြီး ထိုအကြောင်းကိုပင် ချက်ချင်းမေ့လျော့သွားခဲ့သည်။ ယခုတော့ အချိန်အတော်ကြာပြီးမှ တောဝက်၁၂ပိသာကျော်ကို ကျေးဇူးတင်လက်ဆောင်အဖြစ် လာရောက်ပို့ပေးသည်ဟု ကြားလိုက်ရသဖြင့် မျက်ခုံးတစ်ဖက် ပင့်မိသွားလေသည်။
သူက လက်ဆောင်ကို မငြင်းပယ်လိုက်ချေ။ ထိုအစား သူက သူ့လက်ထောက်ကို လက်ဆောင်ကို လက်ခံပေးဖို့ ညွှန်ကြားလိုက်သည်။ သို့သော်ငြားလည်း သူက အသားကို သူကိုယ်တိုင်အတွက် သိမ်းမထားခဲ့ချေ။ ပိသာ၄၀-၅၀ဝန်းကျင်ရှိသဖြင့် သူက တောဝက်သားကို လက်အောက်ငယ်သားများအကြားတွင် ခွဲဝေပေးလိုက်ဖို့ လက်ထောက်ကိုမှာ ကြားလိုက်သည်။ အရာရှိများက တော်တော်လေး သက်တောင့်သက်သာ နေထိုင်ရသည်တွင် ရုံးစာရေးများကတော့ သူတို့၏မိသားစုကို ကျွေးမွေးရန် ရုံးတော်က မစို့မပို့ လစဥ်ထောက်ပံ့ကြေးတစ်ခုထဲကိုသာ အားကိုးနေရသည်။ အသားသည် သူတို့မတတ်နိုင်သည့် ဇိမ်ခံပစ္စည်းတစ်ခု ဖြစ်လေသည်။ အားလပ်ရက်ရာသီ နီးကပ်လာပြီဖြစ်သဖြင့် သူတို့အားလုံးကို အပိုရိက္ခာတစ်ချို့ဖြင့် ပျော်ရွှင်အောင်လုပ်ပေးရသည်က ကံကောင်းခြင်းဖြစ်လေသည်။
ရှန်းလီနှင့် တွေ့ဆုံဖို့ရန်အတွက်တော့ ဒါက မေးစရာမလိုသည့်အကြောင်းအရာပင်။ နှစ်ဖက်စလုံးက သူတို့၏တာဝန်များဖြင့် အလွန်မှ အလုပ်ရှုပ်နေကြသည်။ ပြည်နယ်အုပ်ချုပ်ရေးမှူးကျန့်မှာလဲ အချိန်မရှိသလို ရှန်းလီကလဲ ဘာမျှော်လင့်ချက်မှ မထားချေ။ သူသည် လက်ထောက်ကို လက်ဆောင်များ အပ်နှံပြီးနောက်တွင် လူမှုရေးတာဝန်အရ ဖြည့်ဆည်းခြင်းသက်သက်ဖြစ်လေရာ ထို့နောက်တွင်တော့ ပြန်လာခဲ့လိုက်တော့သည်။
စန်းလော့သည် လက်ဆောင်ကို အောင်အောင်မြင်မြင် ပို့ပေးခဲ့သည်ဟု ကြားလိုက်ရသဖြင့် စိတ်သက်သာရာ ရသွားတော့သည်။ ဒီလိုစေတနာကို ကျေးဇူးပြန်ဆပ်ပြီးသဖြင့် သူမသည် သူမ၏စိတ်ထဲတွင် ဒီကိစ္စကိုထည့်မနေတော့ဘဲ တစ်ခြားတာဝန်များကို အာရုံစိုက်နိုင်လာလေသည်။
ကျဆင်းလာသည့်နှင်းများက တံစက်မြိတ်အောက်တွင် ရေခဲထုကြီးတစ်ခုကို ဖြစ်လာစေပြီး ရှန်းထျယ်တို့ ကလေးတစ်သိုက်အတွက်တော့ စားစရာမုန့်သစ်တစ်ခု ပေါ်ပေါက်လာခဲ့သည်။ ဒီလို အလွန်အေးစက်လှသည့် နေ့ရက်များတွင် သူတို့သည် ရေခဲပန်းဆွဲများကို ချိုးချပြီး အားရပါးရ ဖိချေကြလေသည်။
စန်းလော့သည် ထိုမြင်ကွင်းကို မြင်ရသည်တွင် တသိမ့်သိမ့်တုန်သွားပြီး ထို့နောက်တွင်တော့ တောင်ပေါ်က စမ်းချောင်းထဲတွင် ထားခဲ့သည့် သစ်ခေါက်လေးစည်းကို သတိရသွားတော့သည်။
အချိန်ကို တွက်ကြည့်လိုက်တော့ ထိုသစ်ခေါက်လေးစည်းမှာ နှစ်လတာ ရေစိမ်ထားပြီးဖြစ်လေသည်။ စမ်းချောင်း၏မျက်နှာပြင်က ရေခဲသွားပြီလားဟု စဥ်းစားမိလိုက်သည်။ အလျင်စလိုဖြင့် သူမက သစ်ခေါက်များကို သွားဆယ်ဖို့ရန် တောင်အတွင်းပိုင်းသို့ ဝင်သွားလေသည်။
စီးဆင်းနေသည့်ရေထဲတွင် နှစ်လတာစိမ်ထားပြီးနောက်တွင် သစ်ခေါက်များ၏အရောင်က တစ်လတာစိမ်ထားသည့် သစ်ခေါက်များနှင့်ယှဥ်လျှင် သိသိသာသာ ပိုပြီး အရောင်ဖျော့နေသည်ကို တွေ့လိုက်ရသည်။ စန်းလော့သည် မျှော်လင့်ချက် အရိပ်လေးတစ်ခုကို ခံစားလိုက်ရ၏။
ဟုတ်ပါသည်။ စက္ကူလုပ်ခြင်းကတော့ ယခုအချိန်တွင် မေးစရာမလိုချေ။ ချွေ့ချီချန်း၏ မမျှော်လင့်ထားဘဲ အလည်အပတ် ရောက်ရှိလာပြီးနောက်တွင် စန်းလော့သည် ခြံဝန်းကို တံတိုင်းမခတ်ရသေးခင်အထိ အိမ်တွင် နမော်နမဲ့လက်တွေ့စမ်းသက်မှု မလုပ်ရဲတော့ချေ။ သို့သော်ငြားလည်း အထည်ရက်လုပ်ရာတွင်သုံးသည့် လျှော်မျှင်များကို ဖြူဆွတ်နေသည့် အရောင်ရရှိဖို့ရန်အတွက် အရေးအကြီးဆုံးအဆင့်မှာ အစိုဓာတ်နှင့် အခြောက်ဓာတ်အကြား မျှတသည့် မျှခြေတစ်ခုကို အတိအကျ ထိန်းထားပြီး နေရောင်ခြည်နှင့် ရေအထိအတွေ့ပေါ် မူတည်လေသည်။ ရေကို ဝဝလင်လင် စုပ်ယူနိုင်အောင် မလုပ်ထားခဲ့လျှင် သို့မဟုတ် အမျှင်များက အလွန်မှခြောက်သွေ့နေလျှင် အရောင်များသည် အညီမညာ ဖြစ်လာလိမ့်မည်။
စန်းလော့သည် သူမလက်ထဲက သစ်ခေါက်လေးစည်းကို လေ့လာကြည့်လိုက်ပြီး နှစ်စုံကို စမ်းသပ်ကြည့်ဖို့ ပြင်ဆင်လိုက်၏။ တစ်စုံကိုတော့ လျှော်မျှင်များကို ပြုလုပ်သည့်အတိုင်း နေနှင့်ရေကိုထိတွေ့ပြီး အခြေခံလုပ်ငန်းစဥ်အတိုင်း ပြုလုပ်မည်။ ကျန်သည့်တစ်စုံကိုတော့ ကြိတ်ခြေပြီး အိမ်အနောက်ဖက်က သစ်ပင်ပေါ်တွင် ရေပုံးတစ်ပုံးဖြင့် ချိတ်ဆွဲထားပြီး နေရောင်ခြည်နှင့် မိုးနှစ်ခုစလုံးကို ထိတွေ့စေပြီးမှ ရလဒ်ကိုနှိုင်းယှဥ်ရမည်။
လပြက္ခဒိန် ၁၂လပိုင်း၏၂၈ရက်နေ့တွင် စန်းလော့၏ အာရုံအားလုံးက ဒီတာဝန်ပေါ်တွင်သာ ရောက်ရှိနေသည်။ ၂၉ရက်နေ့ ရောက်လာမှ သူမသည် ဆန်မုန့်များကို ပြုလုပ်လိုက်ပြီး စွန်ပလွန်ယိုများကိုပေါင်းကာ နှစ်သစ်ကူးပွဲအတွက် ပြင်ဆင်လိုက်လေသည်။
...
သရှင်းရွာ၏နှစ်သစ်ကူးသည် လုံးဝပြီးပြည့်စုံနေသည့် ပြန်လည်တွေ့ဆုံမှုခြင်းတော့ မဟုတ်ချေ။ လုညီအစ်ကိုသည် အကြီးဆုံးအိမ်ထောင်စု၏ မိသားစုဝင်များကို သွားရောက်ခေါ်ဆောင်ခြင်းမှ ပြန်မလာသေးချေ။ ချန်းသရှန်နှင့် သူ့အဖွဲ့ကလဲ တောင်အတွင်းပိုင်းတွင် ရှိနေသေးသည်။ သို့သော်ငြားလည်း နှစ်သစ်ကူးဒုတိယနေ့တွင် ရွာက ဘဝသစ်တစ်ခုကို ကြိုဆိုခဲ့လေသည်။
ဖန်းလျိုညန်၏ကိုယ်ဝန်သည် ၉လရှိပြီဖြစ်ရာ လပြက္ခဒိန်ပထမလ၏ ဒုတိယနေ့လည်ခင်းတွင် မီးဖွားလေသည်။ သတင်းကို ကြားလိုက်ရသဖြင့် စန်းလော့က လုအိမ်သို့ထွက်လာခဲ့သည်။ သူမက အိမ်ထဲသို့ မဝင်ရသေးခင်မှာပင် ဖန်းလျိုညန်၏အော်သံကို ကြားလိုက်ရသော်ငြားလည်း မကြာတွင် ပြန်ပြီးတိတ်ဆိတ်သွားတော့သည်။
ချန်းအဘွားက မီးဖိုချောင်ထဲတွင် ရေနွေအိုးကြိုပေးနေသည်။ သူမက ထင်းမီးများကိုယူဖို့ ထွက်လာချိန်တွင် စန်းလော့ကို မြင်လိုက်ရပြီး အလန့်တကြားဖြစ်သွားကာ သူမထံသို့ မြန်မြန်လျှောက်လာပြီး အဝေးသို့ခေါ်သွားလေသည်။
"အိမ်ထောင်သည် မိန်းမငယ်လေးတွေကို ကလေးမွေးဖွားတာကြည့်ဖို့ ခွင့်မပြုထားဘူးလေ၊ ပြန်တော့၊ ပြန်တော့၊ ငါတို့တွေ ဒီမှာကူညီပေးမဲ့လူ အများကြီးရှိတယ်၊ ဒါက ဖန်းလျိုညန်ရဲ့ ပထမဆုံးကလေးမ ဟုတ်ပါဘူး၊ ချောချောမွေ့မွေ့ မီးဖွားနိုင်မှာပါ၊ ကလေးမွေးပြီးမှပဲ ငါတို့တွေ တစ်အိမ်စီကို သတင်းပို့ပေးပါ့မယ်"
စန်းလော့သည် ငယ်ရွယ်သည့်ဇနီးသည်များက ကလေးမွေးဖွားခြင်းကို စောင့်ကြည့်ခြင်းနှင့်ပတ်သတ်ပြီး ကံဆိုးမှုအကြောင်းကို နားမလည်သော်ငြားလည်း သူမက အဘွားချန်း၏စကားကို ဂရုတစိုက် နားထောင်လိုက်သည်။ အိမ်တွင် ငြိမ်ငြိမ်ထိုင်မနေနိုင်သဖြင့် သူမက ချုပ်လက်စအထည်ကိုယူကာ ကျိုးကဲနှင့်အတူ သတင်းကို စောင့်ဆိုင်းဖို့ရန် ချန်းမိသားစုအိမ်သို့ သွားလိုက်လေသည်။
အဘွားချန်း၏ခန့်မှန်းချက်က အမှန်ပင်ဖြစ်လေသည်။ ညနေခင်းတွင် အားရှုက သတင်းကောင်းလေးကို ယူလာပေးသည်။ သူ့အမေက ညီမလေးတစ်ယောက်ကို မွေးဖွားပေးခဲ့သည်တဲ့ ကောင်ကလေးက ဝမ်းသာရွှင်လန်းနေပြီး အားလုံးနှင့်အတူ ပျော်ရွှင်မှုကို မျှဝေရန် အလောတကြီး ပတ်ပြေးနေကာ နောက်ဆုံးတော့ အိမ်သို့ပြန်ရောက်လာခဲ့သည်။
သားအမိနှစ်ယောက်စလုံး အန္တရာယ်ကင်းသည်ဟု ကြားလိုက်သဖြင့် အပြုံးတစ်ခုသည် စန်းလော့၏ မျက်နှာပေါ်တွင် ပွင့်လန်းလာခဲ့သည်။ ကျိုးကဲသည် ဖန်းလျိုညန်အတွက် ဝမ်းသာပေးရင်း သူမ၏ဘယ်ဘက်လက်က အမှတ်တမဲ့ သူမ၏ပြားချပ်နေသည့် ဝမ်းဗိုက်ပေါ်သို့ ကျရောက်သွားသည်။
သူမသည် အပြင်သို့ ထွက်လာသည်မှာ သုံးလရှိသွားပြီဖြစ်သည်။ တောင်အတွင်းပိုင်းက ထွက်တော့မည်ဟု ဆုံးဖြတ်ထားပြီးကတည်းက သူမသည် ကိုယ်လက်နှီးနှောခြင်းကို ရှောင်ကျဥ်ရသည့်အမှုကို ရပ်တန့်လိုက်သည်။ သို့သော်ငြားလည်း ကိုယ်ဝန်ရှိသည့် အရိပ်အရောင်က မပြသသေးချေ။
စန်းလော့ကို သူမ၏သက်တူရွယ်တူအဖြစ် စဥ်းစားထားသဖြင့် ကျိုးကဲက တိုးတိုးလေးမေးလိုက်လေသည်။
"အားလော့ နင်လဲ ထပ်ပြီးတော့ မရှောင်တော့ဘူး မဟုတ်လား"
စန်းလော့က ကျိုးကဲ၏လက်သည် သူမ၏ဝမ်းဗိုက်ပေါ်တွင် တင်ထားသည်ကို လှည့်ကြည့်လိုက်ပြီး သူမ၏စကားလုံးနောက်က ပုန်းကွယ်နေသည့် အဓိပ္ပါယ်ကို ချက်ချင်းနားလည်သွားလေသည်။ သူမက ခေါင်းခါပြလိုက်၏။
"မလုပ်တော့ပါဘူး၊ ကျွန်မ ဒါကို ထပ်ပြီးတော့ မရှောင်တော့ဘူးလေ"
ထို့နောက်တွင်တော့ သူမက ကျိုးကဲကို မေးလိုက်၏။ "ရှင်က စိတ်ပူနေတာလား"
ကျိုးကဲက ဘာမှမတတ်နိုင်သလို ပြန်ဖြေလိုက်သည်။
"ကျွန်မက ၁၉နှစ်ရှိပြီ၊ သရှန်က၂၄နှစ်၊ ကျွန်မတို့တွေက စိတ်မပူဘဲ ဘယ်လိုလုပ်နေမှာလဲ၊ ကျွန်မတို့ ဒီနေ့အိမ်ပြန်ပြီး သွားကန်တော့တုန်းကတောင် ကျွန်မအမေက ကျွန်မကို ဒီအကြောင်းတိတ်တိတ်လေး မေးနေသေးတယ်"
၁၉နှစ်နှင့် ၂၄နှစ် - ဒီအသက်အရွယ်တွင် သူတို့၏ကလေးများသည် ပတ်ပြေးနေသင့်လေသည်။
"ရှင့်ရဲ့အဘွားနဲ့ ဒေါ်ဒေါ်ဖန်းညန်တို့ကရော ရှင့်ကို တိုက်တွန်းနေလို့လား"
"အဲလိုတော့လဲ မဟုတ်ပါဘူး"
"ဟုတ်ပါပြီ ဒါဆိုရင်တော့ အဆင်ပြေပါတယ်၊ ရှင့်ရဲ့အဘွားရော ဒေါ်ဒေါ်ဖန်းညန်ရောက စိတ်မပူဘူးဆိုရင် ရှင်တို့က ဘာလို့စိတ်ပူနေရမှာလဲ၊ ကလေးဆိုတာက အချိန်ကိုက်တဲ့အခါမှာ ရောက်လာတာ၊ ဒီ့အပြင် ရှင်တို့တွေ အပြင်ကို ပြောင်းလာတာလဲ သိပ်မကြာသေးဘူးလေ၊ အချိန်အများစုမှာလဲ ရှင်က အိမ်မှာတစ်ယောက်တည်း နေခဲ့ရတာ၊ ကိုယ်ဝန်မရှိသေးတာက လုံးဝကိုပုံမှန်ပါပဲ၊ ၁၉နှစ်ဆိုတာက အရမ်းနောက်မကျသေးပါဘူး၊ စောင့်ဆိုင်းရင်း အကျိုးအမြတ်တွေ ရှိပါသေးတယ်"
ချန်းသရှန်နှင့် ရှန်းလီတို့သည် တောင်အတွင်းပိုင်းမှ ပြန်ရောက်လာပြီးကတည်းက သူတို့သည် နေ့တိုင်းနီးပါးကို တောတောင်ထဲတွင် ကုန်ဆုံးခဲ့ရပြီး အိမ်တွင်အနားယူသည်က လက်ချိုးရေလို့ရလေသည်။
စန်းလော့က နည်းနည်းလေးမှ စိတ်မပူသည်ကို တွေ့လိုက်ရသဖြင့် ကျိုးကဲသည် အနည်းငယ် စိတ်အေးသွား၏။ စန်းလော့က သူမကို ကိုယ်ဝန်တားခြင်းနှင့်ပတ်သတ်ပြီး တိတ်တိတ်ကလေး သင်ပေးခဲ့ပုံကို ပြန်စဥ်းစားမိပြီး သူမက တခစ်ခစ်ရယ်လိုက်လေသည်။
"နင်ဟာလေ အားလုံးကို ဘယ်လိုသိနေပြီးတော့ အားလုံးကို ဘယ်လိုများပြောရဲရတာလဲ"
စန်းလော့က ပေါ့ပေါ့ပါးပါး ရယ်မောလိုက်၏။ "ကျွန်မက ရှင့်တစ်ယောက်တည်းကိုပဲ ပြောပြတာလေ မဟုတ်လို့လား"
စနောက်ကျီစယ်သည့်စကား အနည်းငယ်ပြောပြီးနောက်တွင် စန်းလော့သည် ကောင်းကင်ကို မော့ကြည့်လိုက်ပြီး ရှန်းလီက မကြာခင်ပြန်လာတော့မည်ဟု ခန့်မှန်းမိလိုက်သည်။ သူမက ကျိုးကဲကို နှုတ်ဆက်လိုက်ပြီး အိမ်သို့ ပြန်လာခဲ့၏။
သည်အခိုက်အတန့်တွင် သူမ၏ သာမန်ကာလျှံကာမှတ်ချက်က ဟောကိန်းတစ်ခု ဖြစ်လာလိမ့်မည်ဟု တခါမှ စိတ်မကူးကြည့်ခဲ့ဖူးချေ။ ရက်ပိုင်းအနည်း ငယ်အတွင်းတွင် ကြိုတင်ခန့်မှန်းချက်သည် သူမနှင့် ကျိုးကဲတို့ နှစ်ယောက်စလုံးအတွက် အမှန်တကယ်ဖြစ်လာခဲ့ပြီး သူတို့နှစ်ယောက်စလုံးသည် မမျှော်လင့်ဘဲ သူတို့ကိုယ်တိုင် မျှော်လင့်ထားသည့်အရာကို တွေ့ရှိလိုက်ရတော့သည်။
ထိုအရာအားလုံးသည် ယုန်မွေးမြူမည့်လုပ်ငန်းကို ချဲ့ထွင်မည့် ရှန်းလီ၏စိတ်ကူးနှင့် အရှေ့စျေးတွင် ရောင်းချဖို့ရန် သားကောင်များကို စုစည်းမည်ဟုသည် စိတ်ကူးမှ အစပြုလေသည်။ နှစ်သစ်ကူး ဒုတိယနေ့မှစ၍ သူသည် ရှန်းအန်းနှင့် ရှန်းကျင့်တို့ကို တောင်အတွင်းပိုင်းသို့ မကြာခဏခေါ်သွားတတ်သည်။ ၅ရက်မြောက်နေ့တွင် သူတို့သည် တောင်ကျစမ်းချောင်းတစ်ခုကို မမျှော်လင့်ဘဲ တွေ့ရှိခဲ့ရပြီး ရှန်းလီသည် ကံအားလျော်စွာ ငါးတစ်ချို့ကို ဖမ်းမိခဲ့သည်။
ချန်းသရှန်မရှိသဖြင့် ရှန်းလီက ချန်းမိသားစုကို သဘာဝအလျောက် စောင့်ရှောက်ပေးရလေသည်။ သူက ချန်းမိသားစု၊ ရှန်းကျင့်တို့ညီအစ်ကိုနှင့် သူ၏ကိုယ်ပိုင် အိမ်ထောင်စုများအကြား ငါးများကို အညီအမျှ ခွဲဝေပေးလိုက်သည်။
သူသည် နောက်ကျမှ ပြန်ရောက်လာပြီး အစာကျွေးမည့်အချိန် ကွက်တိဖြစ်နေသည်။ ရှန်းလီက သူကိုယ်တိုင် ငါးများကို ကိုင်တွယ်လိုက်၏။ သို့သော်ငြားလည်း ချက်ပြုတ်သည့်သူက စန်းလော့ဖြစ်လေသည်။
နှစ်သစ်ကူးအကြိုနေ့တွင် ငါးနှင့်ပတ်သတ်ပြီး ဘာပြဿနာမှ မဖြစ်ခဲ့ချေ။ နှစ်သစ်ကူး တတိယမြောက်နေ့တွင်တော့ ရှန်းလီ၏တပည့်များက လာရောက်နှုတ်ဆက်ကြချိန်တွင် စန်းအာ့လန်ကလဲ ငါးတစ်ကောင် ယူလာပေးခဲ့သေးသည်။ ဘာမှလွဲချော်နေသည်ဟု မထင်ရပေ။ သို့သော်ငြားလည်း ဒီနေ့တွင်တော့ ရှန်းလီက အနီးအနားတွင် ကိုင်တွယ်ထားသည့်ငါးကို သယ်လာချိန်၌ အနံ့က စန်းလော့ကို သွားလှုံဆော်ပြီး သူမ၏ဗိုက်မှာ လှိုက်တက်လာကာ မူးဝေသလို ခံစားလိုက်ရ၏။
လက်ထဲတွင် ငါးညှီနံ့များရှိနေသဖြင့် ရှန်းလီမှာ သူမ၏ ကျောကုန်းကို ပုတ်ပေးဖို့ရန် ချဥ်းကပ်မလာနိုင်ခဲ့ချေ။ ဒါက သူမကိုပိုလို့ပင် အော့အန်လာစေသည်။ သူမက အော့အန်ရင်းဖြင့် သူ့ကို လက်ဝေ့ယမ်းပြလိုက်ကာ အနီးအနားသို့ မလာဖို့ ပြောလိုက်၏။
စန်းလော့က သူ့ကို ဒီလိုဆန့်ကျင်နေသည်မှာ ပထမဦးဆုံးအကြိမ် ဖြစ်လေသည်။ အကြောင်းပြချက်ကို မသိသည့် ရှန်းလီကတော့ စိုးရိမ်တကြီးဖြင့် အနားသို့ကပ်သွားသည်။ သူမက အနည်းငယ် သက်သာလာသယောင် ထင်ရချိန်မှ သူက စိုးရိမ်တကြီး မေးလိုက်၏။
"မင်း သက်သာလာပြီလား၊ အချိန်စောနေတုန်း မြို့ထဲမှာ သမားတော်ကို သွားပြရအောင်"
နှစ်ပေါင်းများစွာ အတူတူနေထိုင်လာသည်တွင် စန်းလော့သည် သူမ၏ သိုင်းပညာလေ့ကျင့်သည့် ကာလအတွင်းတွင်ပင် ဖျားနာခြင်း မရှိသလောက်ပင်။ သူမတွေ့ကြုံခဲ့ရသည့် ဖျားနာခြင်းနှင့် ခေါင်းကိုက်ခြင်း အနည်းငယ်ကိုပင် တိုင်းရင်းဆေးဝါးတစ်ချို့ဖြင့် ကုသနိုင်လေသည်။ သူမသည် အရင်က ဒီလို အပြင်းအထန် အော့အန်ခြင်းမျိုး တခါမှမရှိခဲ့ဖူးချေ။
သူမ၏ ဖြူဖျော့နေသည့် အသားအရေကို မြင်လိုက်ရသဖြင့် ရှန်းလီမှာ သူမ၏အဖြေကို မစောင့်နိုင်တော့ချေ။ သူက ငွေတစ်ချို့ကို မြန်မြန်သွားယူပြီး ရှန်းနဥ်ကို ချက်ပြုတ်ပေးဖို့ မှာကြားလိုက်ကာ စန်းလော့ကို ခေါ်သွားဖို့ ပြင်ဆင်လိုက်လေသည်။
စောစောက စန်းလော့သည် သူ့ကိုတွန်းထုတ်နေသည်ကို သတိရလိုက်သဖြင့် သူက လေသံကိုပြောင်းကာ ပြောလိုက်၏။
"ရှောင်အန်းအိမ်မှာ ရှိတာပဲ၊ ဒီတော့ ချက်ပြုတ်တာက နည်းနည်းလေး ထပ်စောင့်လို့ရပါတယ်၊ အားနဥ် နင့်ရဲ့ယောင်းမကို တွဲထူပေးလိုက်"
ရှန်းအန်းနှင့် ရှန်းနဥ်တို့နှစ်ယောက်စလုံးသည် အလန့်တကြား ဖြစ်သွားပြီး ချက်ချင်းသဘောတူလိုက်ကြသည်။
အစောပိုင်း မသက်မသာဖြစ်ရသည့် ကိစ္စကပြီး မြောက်သွားချိန်တွင် စန်းလော့သည် တစ်ခုခုကို သဘောပေါက်သွားလေသည်။ သူမသည် ကိုယ်ဝန်ရှိခြင်းကိစ္စနှင့်ပတ်သတ်ပြီး ကိုယ်တိုင်တွေကြုံခဲ့ဖူးခြင်း မရှိချေ။ သို့သော်ငြားလည်း သူမသည် ဝတ္ထုနှင့်တီဗွီဇာတ်လမ်းများကို လုံလောက်အောင် ကြည့်ခဲ့ဖူးသည်ဖြစ်ရာ မနက်ပိုင်း နေမကောင်းဖြစ်ခြင်းအကြောင်းကို မှတ်မိသွားလေသည်။
ရက်ကို တွက်ချက်ကြည့်လိုက်တော့ သူမ၏ဓမ္မတာက သိသိသာသာ လွန်နေသည်ကို သတိထားမိလိုက်သည်။ တဒင်္ဂ အထိတ်တလန့် ခံစားချက်ကြောင့် သူမမှာ အေးခဲသွားတော့သည်။ ရှန်းနဥ်က သူမကို လာရောက်တွဲထူပေးထားပြီး စန်းလော့၏ နှလုံးသားသည် ကြောက်စိတ်ဖြင့် တဒိတ်ဒိတ်ခုန်နေကာ သူမ၏ခန့်မှန်းချက် မှားယွင်းမှာ စိုးရိမ်မိပြီး ဒါက ရှန်းလီကို စိတ်ပျက်သွားစေမှာ စိုးရိမ်လေသည်။ သူမက ပါးစပ်ကို ဖွင့်လိုက်သော်လည်း နောက်ဆုံးတော့ နှုတ်ဆိတ်ကာနေလိုက်မိကာ ဒီအတိုင်း ခေါင်းငြိမ့်ပြလိုက်မိတော့သည်။
"ကောင်းပြီလေ၊ သမားတော်သွားပြကြရအောင်"
ထိုအချိန်ကြမှ သူတို့သည် ချန်းမိသားစုအိမ်မှ ထွက်လာခဲ့ကြသည့် အဘွားချန်းနှင့် ချင်ဖန်းညန်တို့ တွဲထူပေးထားသည့်ကျိုးကဲနှင့် မတော်တဆ တွေ့ဆုံတော့သည်။ နှစ်ယောက်စလုံးက ထိုနည်းတူစွာ ဖြူဖျော့နေသည့်မျက်နှာများ ဖြစ်နေကြသည်။ ရှန်းနဥ်က စန်းလော့ကို ဂရုတစိုက် တွဲထူထားပြီး ရှန်းလီက သူတို့ဘေးတွင် ရပ်နေသည်ကို မြင်လိုက်ရသည်တွင် အဘွားချန်း၏ မျက်လုံးများမှာ တအံ့တသြဖြင့် ဝိုင်းစက်သွားပြီး သူမ၏ပါးစပ်က အဝိုင်းသားဖြစ်သွားတော့သည်။
"ဒါက ဘာလဲ"
ရှန်းနဥ်က ပြန်ဖြေလိုက်၏။ "သမီးတို့တွေ ဆေးခန်းသွားမလို့ပါ၊ ယောင်းမက ဗိုက်ထဲမှာ နေလို့သိပ်မကောင်းဘူးတဲ့"
အဘွားချန်းနှင့် ကျိုးကဲတို့နှစ်ယောက်စလုံးက ဝမ်းသာသည့် အမူအယာများ ဖြစ်သွားကြပြီး အထူးသဖြင့် အဘွားချန်းနှင့် ချင်ဖန်းညန်တို့ပင်။ သူတို့သည် ထူးထူးခြားခြား ကျေနပ်နေကြလေသည်။ အဘွားချန်းက ကြေငြာလိုက်၏။
"ကောင်းတယ် ကောင်းတယ်၊ ဒါဆိုရင် အတူတူသွားကြမယ်"
ရှန်းနဥ်က ဒါကို ထူးဆန်းသလိုဖြစ်နေသည်။ သူတို့သည် ဆေးခန်းသို့ သွားရမည်ကို အဘယ်ကြောင့် အလွန်ဝမ်းသာနေကြပါသနည်း။
သို့သော်ငြားလည်း ရှန်းလီက ရုတ်တရက်ဆိုသလို တစ်ခုခုကို သဘောပေါက်သွားလေသည်။
ဒါသည် သူ့ကလေးဘဝက ဝေးကွာသည့် မှတ်ဉာဏ်တစ်ခုဖြစ်လေသည်။ သူ့အမေက ရှန်းအန်းနှင့် ရှန်းနဥ်တို့ကို ကိုယ်ဝန်ဆောင်ချိန်ကလဲ ဒီလိုတူညီသည့် အတွေ့အကြုံမျိုးကို ရှိခဲ့သည်။ တတိယအဒေါ်ကလဲ ရှန်းကျင့်နှင့် ရှန်းထျယ်တို့ကို ကိုယ်ဝန်ဆောင်ထားချိန်က ထိုနည်းတူစွာ ဖြစ်ခဲ့သည်ဟု ပြောနိုင်သည်။
သူသည် တောင့်တင်းစွာ ရပ်နေမိပြီး စန်းလော့ကို ငေးကြည့်လိုက်မိ၏။ သူ့ရင်ဘတ်က မြင့်တက်လာလိုက် ပြန်ကျသွားလိုက်ဖြင့် သူ့လည်ချောင်းများက လှုပ်ရှားနေကာ စိုးရိမ်မှုကြောင့် စကားပြောဖို့ ရုန်းကန်နေရလေသည်။ သူသည် သူ့မအနားသို့ ကပ်လိုက်ချင်သော်ငြားလည်း အခုတော့ သူမက အဘယ်ကြောင့် အန်နေရသည့်အကြောင်းအရင်းကို သိလိုက်ပြီး သူ့လက်များက အခုလေးတင် ငါးများကို ကိုင်ထားသည်ကို သတိရသွားသဖြင့် တွန့်ဆုတ်မိသွားတော့သည်။
...
ယိယွမ်ဆေးပေးခန်းတွင်
သမားတော်ကြီးသည် သူ့လက်ချောင်းဖျားကို ကျိုးကဲ၏ လက်ကောက်ဝတ်ပေါ်သို့ တင်ထားလိုက်ပြီး သူ့အကြည့်ကို နှိမ့်ချထားကာ သူ့မ၏သွေးခုန်နှုန်းကို နားထောင်နေလိုက်၏။ ထို့နောက်တွင်တော့ အပြုံးတစ်ခုဖြင့် သူ့လက်ကို ပြန်ရုတ်သိမ်းလိုက်လေသည်။
"အမှန်ပဲ၊ ဒါက ဝမ်းသာစရာ သွေးခုန်နှုန်းပဲ၊ မနက်ခင်း နေမကောင်းဖြစ်တာက ပုံမှန်ပါပဲ၊ သေသေချာချာလေး ကောင်းကောင်း အနားယူလိုက်ပါ၊ ဆေးပေးစရာမလိုပါဘူး"
ဒါသည် ဝမ်းသာစရာ သွေးခုန်နှုန်းဟု ကြားလိုက်ရသည်တွင် ချန်းအဘွား၊ ချင်ဖန်းညန်နှင့် ကျိုးကဲတို့အားလုံးက သူတို့၏ဝမ်းသာမှုကို မည်သို့ဖော်ပြရမည် မသိအောင် ဆွံ့အသွားကြတော့သည်။
သူမသည် အမှန်ပင် ကိုယ်ဝန်ရှိလေသည်။
ချန်းအဘွား၏လက်များသည် အလိုလို လက်အုပ်ချီ ထားမိလိုက်လေသည်။ သို့သော်ငြားလည်း သူမက စန်းလော့ကို သတိရသွားပြီး သူမကို ချက်ချင်းတွဲထူပေးလိုက်ကာ ကျိုးကဲထိုင်ခဲ့သည့် ထိုင်ခုံပေါ်တွင် ထိုင်ခိုင်းလိုက်၏။
"သမားတော် ကျေးဇူးပြုပြီးတော့ ဒီကလေးကိုလဲ စမ်းသပ်ပေးပါအုံး၊ သူလဲ မနက်ခင်းဖျားနာတာမျိုး ကြုံတွေ့နေရတယ်"
သမားတော်ကြီးက တော်တော်လေး အံ့သြသွားသည်။ သည်မိသားစုက မိခင်လောင်းနှစ်ယောက်ကို မျှော်လင့်နေသည်တဲ့လား။
သို့သော်ငြားလည်း သူသည် သူ့လက်ကို ဆန့်တန်းလိုက်ပြီး စန်းလော့ကို လက်ဟန်ပြလိုက်၏။
ဒီတစ်ကြိမ်တွင်တော့ သူသည် သူမ၏သွေးခုန်နှုန်းကို စမ်းရာတွင် သိသိသာသာ အချိန်ပိုကြာနေလေသည်။ ညင်ညင်သာသာ စစ်ဆေးမှုတစ်ခု ပြုလုပ်ပြီးနောက်တွင် သူက သူ့လက်ချောင်းများပေါ်တွင် ဖိအားအနည်းငယ်ကို သုံးလိုက်ပြီး သူမ၏ဘယ်ဘက်လက်ကို စစ်ဆေးလိုက်ပြီးနောက်တွင် သူမကို ညာဖက်လက်ပြောင်းဖို့ အချက်ပေးလိုက်သည်။
ရလဒ်ကို ခန့်မှန်းပြီးသားဖြစ်နေသည့် ရှန်းလီနှင့် ချန်းအဘွား၏စကားကို ကြားလိုက်ပြီးနောက် နောက်ဆုံးတွင် နားလည်သွားသည့် ရှန်နဥ်တို့နှစ်ယောက်စလုံးသည် အသက်အောင့်ထားကြပြီး သမားတော်၏ဖော်ပြချက်ကို စိတ်ဝင်တစား အားရုံစိုက်နေကြသည်။
လက်နှစ်ဖက်စလုံးကို အချိန်တော်တော်များများ စမ်းသပ်ပြီးလိုက်နောက်တွင် သမားတော်ကြီးက ပိုပြီး ယုံကြည်မှုရှိလာသယောင်ဖြင့် ပြုံးပြလိုက်သည်။
"ကြည့်ရတာ ဒါက ဝမ်းသာစရာ သွေးခုန်နှုန်းတစ်ခုပါပဲ၊ ဒါပေမဲ့ ကိုယ်ဝန်က အစောပိုင်းအဆင့် ဖြစ်နေသေးလို့ ထင်ပါတယ်၊ ကျွန်တော်သိပ်ပြီးတော့ မသေချာပါဘူး၊ ဒါပေမဲ့ မင်းတို့တွေ စိုးရိမ်နေသေးတယ်ဆိုရင် ၁၀ရက်လောက်နေရင် ပြန်လာခဲ့ပါ၊ အဲဒီ့အချိန်ကြရင် ထပ်ပြီးတော့ သွေးခုန်နှုန်းစမ်းပေးပါ့မယ်"
ရှန်းလီသည် သူ၏ဝမ်းသာစိတ်ကို ဆက်ပြီး ထိန်းမထားနိုင်တော့ချေ။ စန်းလော့နားသို့ အလိုလို တစ်လှမ်းတိုးလာမိလေသည်။ သူ့လက်ပေါ်က ငါးညှီနံ့ကို သတိရသွားပြန်သည်တွင် သူက မြန်မြန်နောက် ဆုတ်ရပြန်လေသည်။ သို့သော်ငြားလည်း သူ့မျက်နှာပေါ်က ပျော်ရွှင်မှုကတော့ ငြင်းဆန်လို့မရချေ။ သူ့အပြုံးကလဲ ဖုံးကွယ်ထားဖို့ရန် အလွန်မှ တောက်ပနေလေသည်။ သူ့လက်များက ဆုတ်လိုက်ဖြန့်လိုက်ဖြင့် ခဏတိုင်းဖြစ်နေပြီး သူ့စိတ်ထဲတွင် လှိုက်တက်လာသည့် ဝမ်းသာစိတ်ကို ဖိနှိပ်မထားနိုင်ချေ။
စန်းလော့အနားသို့ ချဥ်းကပ်လို့မရနိုင်သဖြင့် သူသည် သတိပြန်ဝင်လာပြီး ဂရုစိုက်ရမည့်အချက်များနှင့် အထူးစားသောက်ဖွယ်ရာများ လိုအပ်သည့်အကြောင်းကို သမားတော်အား ချက်ချင်းမေးမြန်းလိုက်သည်။
တူညီသည့် အခြေအနေမျိုးတွင် မရေမတွက်နိုင်သည့်စုံတွဲများကို တွေ့ခဲ့ဖူးသည့် အတွေ့အကြုံရင့် သမားတော်သည် နွေးနွေးထွေးထွေး ပြုံးပြလိုက်ကာ ထိခိုက်မှုကိုရှောင်ကြဥ်ပြီး အလွန်အကျွံ အားသုံးမှု အဓိကမလုပ်မိရန် အနည်းငယ်ညွှန်ကြားပြလိုက်သည်။ သူတို့၏ခန္ဓကိုယ်ဖွဲ့စည်းပုံက သန်မာသဖြင့် သူတို့၏မိသားစုများထံမှ အလွန်အကျွံ စိုးရိမ်ပေးစရာ မလိုကြောင်းကိုလဲ ပြောပြလိုက်သည်။
ဆေးဖိုးဝါးခ ပေးချေပြီးလိုက်နောက်တွင် ရှန်းလီသည် သူတို့၏ အပြန်ခရီးတစ်လျှောက်လုံး စန်းလော့ကို ဂရုတစိုက် စောင့်ရှောက်ပေးလာပြီး သူမ၏လုံခြုံရေးကို အမြဲတမ်းသေချာအောင် လုပ်ပေးကာ အရူးတစ်ယောက်လို ဝမ်းသာနေသည့် အပြုံးဖြင့် မကြာခဏ သူမကို လှည့်ကြည့်နေလေသည်။
အဘွားချန်းက သူ့အပြုအမူက သဘောကျစရာကောင်းသည်ကို မြင်လိုက်ရသဖြင့် ပြောလိုက်၏။
"နင်နဲ့သရှန်တို့က အမြဲတမ်း ရင်းနှီးတဲ့မိတ်ဆွေတွေ ဖြစ်လာတာပဲ၊ အခုကြည့်ရတာ နင်တို့တွေ တစ်ချိန်တည်းမှာပဲ အဖေတွေ ဖြစ်လာတော့မယ် ထင်တယ်"
သူမက ဆက်ပြောလိုက်သည်။
"သရှန်သာ အခုချိန် အိမ်မှာရှိနေရင် သူလဲ သေချာပေါက် ဝမ်းသာနေမှာပဲ၊ သူ ခရီးထွက်သွားတာလဲ ရက်၂၀နီးပါးရှိပြီ၊ ဘာဖြစ်လို့ ပြန်မလာသေးပါလိမ့်"
ရှန်းလီသည် အဘွားချန်း၏ စကားလုံးထဲက စိုးရိမ်စိတ်ကို ခံစားမိလိုက်သဖြင့် သူမကို စိတ်အေးသွားအောင် ပြောပေးလိုက်၏။
"ဒါက ပုံမှန်ပါပဲ ကျွန်တော်တို့လူအများစုက အပြင်ကို ထွက်လာပြီးပြီလေ၊ သရှန်က ဒီတစ်ကြိမ် တစ်ခြားနေရာမှာ သွားရှာဖို့လိုတယ်၊ ဒါက အားလုံးက ကျွန်တော်တို့ကိုသိပြီး ယုံကြည်ကြတဲ့ အရင်တုန်းက အခြေအနေနဲ့ မတူဘူးလေ၊ လူတွေကို အပြင်ထွက်လာဖို့ နားချရတာက အားစိုက်ထုတ်မှု ပိုပြီးလုပ်ရတတ်တယ်၊ သူတို့တွေကို ရှာဖွေရပြီးနားချရတာ နှစ်ခုစလုံးကလဲ လိုအပ်တယ်လေ"
သူက ထပ်ပြောလိုက်သည်။ "သူတို့တွေက ဆုံးဖြတ်ချက်မချခင် အရင်ဆုံး အပြင်လောကအကြောင်းကို တွေ့မြင်ဖို့ လိုအပ်သေးတာလဲ ဖြစ်နိုင်တယ်၊ ကျွန်တော်တို့တွေကလဲ တောင်အပြင်ဘက်ကို မထွက်လာခင်တုန်းက ဒီလို အကြိမ်ကြိမ် လုပ်ခဲ့ကြတယ် မဟုတ်လား"
အဘွားချန်းက ခေါင်းငြိမ့်သဘောတူလိုက်သည်။
“ဒါလဲ အမှန်ပါပဲ၊ ကံကောင်းချင်တော့ အစိုးရက လစဥ်ထောက်ပံ့ကြေးတွေ ထောက်ပံ့ပေးနေတယ်လေ၊ အဲလိုမှ မဟုတ်ဘူးဆိုရင် ဒါက အရမ်းကို အချိန်ကုန်ရမဲ့ကိစ္စပဲ”
သူတို့သည် စကားပြောလာချိန်တွင် သူတို့နောက်က မြင်းခွာသံများကို ကြားလိုက်ရ၏။ ရှန်းလီက သူ့ကိုယ်သူ စန်းလော့နှင့်ကျိုးကဲကြားက အကာအကွယ်တစ်ခုအဖြစ် မြန်မြန် နေရာယူထားလိုက်သည်။ ကိုယ်ကို လှည့်ကြည့်လိုက်ချိန်တွင် မြင်းစီးလာသည့် လူသုံးယောက်က ချဥ်းကပ်လာသည်ကို မြင်လိုက်ရ၏။ တော်သေးသည်က သူတို့သည် မြင်းပေါ်တွင် ရှိနေသော်ငြားလည်း လမ်းလျှောက်နေသူများကို သတိထားမိဟန်တူသည်။ ရှီကျိုးမြို့၏လမ်းများက မတော်တဆ မဖြစ်အောင် ကျယ်ဝန်းလွန်းလှသည်။
မြင်းစီးသူများ ဖြတ်သွားသည်နှင့် ချက်ချင်း စန်းလော့က ရှန်းလီကို မေးလိုက်၏။ "အဲဒါက ရှေ့ကလာနေတာက ပြည်နယ်အုပ်ချုပ်ရေးမှူးကျန့် မဟုတ်လား"
ရှန်းလီက ခေါင်းငြိမ့်ပြသည်။ သူတို့နောက်က မြင်းစီးလာသူနှစ်ယောက်ထဲက တစ်ယောက်သည် အရင်က သူ တွေ့ကြုံခဲ့ဖူးသည့် တစ်စုံတစ်ယောက်ဖြစ်ကာ ယုံကြည်ရသည့် လက်ထောက် ဖြစ်လေသည်။
ပြည်နယ်အုပ်ချုပ်ရေးမှူး၏လောကက သူတို့၏ လောကနှင့် ကွာခြားလှလေသည်။ ရှန်းလီသည် ကျေးဇူးတင်မိသော်ငြားလည်း လမ်းပေါ်တွင် သူနှင့် မတော်တဆတွေ့ဆုံရမည့် အကြောင်းကိုတော့ အလွန်အကျွံ စိုးရိမ်မှု မဖြစ်နေချေ။ သူ၏လက်ရှိအာရုံမှာ စန်းလော့တစ်ဦးတည်းပေါ်တွင်သာ ရှိသဖြင့် သူက ပြောလိုက်လေသည်။
"မြို့ထဲမှာ လှည်းတွေနဲ့ မြင်းတွေလဲ ရှိသေးတယ်၊ သူတို့တွေနဲ့မတိုက်မိအောင် ဂရုစိုက်ရမယ်၊ ကျွန်တော်တို့တွေ အရင်ဆုံး မြို့ထဲကထွက်သွားသင့်ပြီ"
အစောပိုင်းကိုယ်ဝန်နုချိန်တွင် သန္ဓေသားက နုနယ်လွန်းလှသည်ကို စန်းလော့က သိထားသည်။ ထို့ကြောင့် သူမကလဲ ဂရုမစိုက်ဘဲ မနေရဲချေ။ သူမက မြို့ထဲတွင် ဆက်ပြီးအချိန်ဆွဲမနေတော့ဘဲ မြို့တံခါးဆီသို့ ဦးတည်လာခဲ့တော့သည်။
မြို့တံခါးဆီသို့ ရောက်လာသည်တွင် တာဝန်ကျနေသည့်ရဲမက်များက စိတ်နှင့်ကိုယ်မကပ်ဘဲ ဖြစ်နေပြီး သူတို့၏လည်ပင်းများက အပြင်ဘက်သို့ ဆန့်ကာ ကြည့်နေသည်ကို သတိထားမိလိုက်၏။ မြို့ထဲသို့ အဝင်အထွက်ရှိနေသည့် လူတန်းကြီးကိုလဲ တားမြစ်ထားသည်။ အားလုံးက မြို့တံခါးတွင်စု ဝေးနေကြပြီး တစ်စုံတစ်ခုကို စောင့်ကြည့်နေကြဟန်တူသည်။
ဒါက ထူးခြားသည့်မြင်ကွင်းတစ်ခု ဖြစ်နေ၏။ စန်းလော့၏သိလိုစိတ်ကလဲ ထိုးတက်သွားတော့သည်။ သူတို့သည် မြို့တံခါးကို ဖြတ်သန်းလာပြီးနောက်မှ အကြောင်းအရင်းကို သဘောပေါက်သွားတော့သည်။
အဝေးတစ်နေရာက ပင်မလမ်းမကြီးပေါ်တွင် မဆုံးနိုင်အောင် ဆန့်တန်းနေသယောင်ဖြစ်နေသည့် မဆုံးနိုင်သည့် လှည်းတန်းကြီးတစ်ခုက ရှိနေလေတော့သည်။
...
အပိုင်း(၂၃၀) ပြည်နယ်အုပ်ချုပ်ရေးမှူးကတော်
စန်းလော့သည် သူမ၏ခြေလှမ်းများကို အလိုလို ရုတ်တရက် ရပ်တန့်လိုက်ပြီး တမင်ခိုးနားထောင်လိုသည့် ရည်ရွယ်ချက်မရှိဘဲ အနီးအနားက လူတစ်ယောက် မေးလိုက်သည့် မေးခွန်းတစ်ခုကို ကြားလိုက်ရ၏။
အစောပိုင်းက မြို့တံခါးနားတွင် ရှိနေခဲ့သည့်လူတစ်ယောက်က ပြန်ဖြေလိုက်သည်။ “မြင်းစီးလာတဲ့သူက ပြည်နယ်အုပ်ချုပ်ရေးမှူးပဲ ဖြစ်ရမယ်၊ ဟုတ်တယ်မလား၊ သူတို့တွေ ဝင်လာတုန်းက ပြည်နယ်အုပ်ချုပ်ရေးမှူးရဲ့ဇနီးသည် ရောက်လာတယ်လို့ တစ်ယောက်ယောက်က ကြေညာလိုက်တာ ငါ ကြားတယ်”
“ဒါပေမဲ့ သူက လှည်းနဲ့မြင်း ဘယ်လောက်တောင် ယူလာတာလဲ။ ဒီပြည်နယ်အုပ်ချုပ်ရေးမှူးရဲ့ ဇနီးသည်က ဘယ်လိုမိသားစုနောက်ခံက လာလို့လဲ၊ ဒီလောက် ခမ်းနားကြီးကျယ်နေရသလား”
“ငါတို့က ဘယ်လိုလုပ်ပြီး သိမှာလဲ၊ ဒါပေမဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးတစ်ယောက်ရဲ့ ဇနီးသည်ဖြစ်လာဖို့ဆိုရင် သူက သာမန်မိသားစုတစ်ခုကလာတာ မဖြစ်နိုင်ဘူး”
စန်းလော့သည် သူမကို စကားပြောလိုက်လာသည့် ရှန်းလီနှင့် အကြည့်ချင်း ဖလှယ်လိုက်လေသည်။ “သွားကြစို့၊ ကျွန်တော်တို့တွေ ယာဉ်တန်းရောက်မလာခင် ပြန်သင့်တယ်၊ ကျွန်တော်တို့ အိမ်ယာဝန်းရဲ့အဝင်ကနေလည်း အားလုံးကို မြင်ရပါတယ်”
အဘွားချန်းက ပျော်ရွှင်ဖွယ်ကိစ္စကြောင့်သာ သည်နေရာတွင် ရှိနေခြင်းပင်။ သူမသည် ပြည်နယ်အုပ်ချုပ်ရေးမှူး၏ ဇနီးသည်ကို စိတ်ဝင်စားသော်လည်း သူမ၏ မြေချွေးမလေးနဲ့ စန်းလော့တို့၏ လုံခြုံရေးက အများကြီးပိုပြီး အရေးကြီးလေသည်။
လူကြီးတစ်ယောက်၏ အသိဉာဏ်ဖြင့် လူစုလူဝေးနေရာများကို ရှောင်ကျဉ်သည်က အကောင်းဆုံးဖြစ်မှန်း သိလေသည်။ အထူးသဖြင့် သူတို့နှင့်အတူ ကိုယ်ဝန်သည်အမျိုးသမီးနှစ်ယောက် ပါလာသည် မဟုတ်ပါလား။ သူတို့လည်း မြန်မြန်သွားရလိမ့်မည်။
...
သရှင်းအိမ်ယာဝန်း၏ အဝင်ဝသည် တရားဝင်လမ်းမကြီး၏ ဘေးတွင်ရှိလေသည်။ တရားဝင်လမ်းမကြီးနှင့် မြို့ဝင်ပေါက်ကို ဆက်သွယ်ထားသည့် ထောင့်တစ်ခုတွင် အိမ်ယာဝန်းသို့ တန်းတန်းမတ်မတ် ဦးတည်သွားသည့် လမ်းသွယ်လေးတစ်ခုရှိပြီး တရားဝင်လမ်းမနှင့် မြို့တံခါးနားက လှုပ်ရှားမှုများကို လေ့လာရန် ပြီးပြည့်စုံစည့် နေရာတစ်ခု ဖြစ်နေသည်။
ခြုံပြီးမြင်ရသည့် မြင်ကွင်းက အကောင်းဆုံးဖြစ်သည်။ လုံးဝ အန္တရာယ်ကင်းသည်။
စန်းလော့နှင့် တခြားသူများသည် သရှင်းရွာအပြင်ဘက်က မြေလမ်းသို့ ပြန်ရောက်လာချိန်တွင် အဝေးက သူတို့မြင်ခဲ့ရသည့် ယာဉ်တန်းသည် ရွာနှင့် အလွန်နီးကပ်လာသည်။ ဖန်မိသားစုဟု ရေးထွင်းထားသည့် အလံက လေထဲတွင် တလူလူလွှင့်နေသည်။
ဒါသည် ချန်းလျို ဖန်မိသားစုက ပြည်နယ်အုပ်ချုပ်ရေးမှူး၏ ဇနီးသည် အမှန်ပင် ဖြစ်လေသည်။
တော်ဝင်အမျိုးသမီးများသည် သူတို့၏ကိုယ်ပိုင် ရဲမက်များကို ပေါ်ပေါ်တင်တင် ထိန်းသိမ်းမထားနိုင်တော့သော်လည်း သူတို့သည် သူတို့၏အစေခံများကို ထိုဆင်တူသည့်ဝတ်စုံများကို ဝတ်ဆင်ခိုင်းခွင့်ရှိသေးသည်။ သူမသည် ယာဉ်တန်း၏ အရှည် အပြည့်ကို မမြင်နိုင်သော်လည်း ယာဉ်တန်းက ကြီးမားသည်ကတော့ ထင်ရှားသည်။ မြို့တံခါးနားက မဆုံးနိုင်သည့် လှည်းတန်းများကို ပြန်စဉ်းစားမိလိုက်ပြီး စန်းလော့သည် ချန်းလျို ဖန်မိသားစု၏ အဆင့်အတန်းကို စိတ်ကူးကြည့်ဖို့ ခက်ခဲသည်ကို တွေ့လိုက်၏။
စောစောက သူမ ဖျတ်ခနဲ အကြည့်မှာပင် ခမ်းနားကြီးကျယ်ပြီး ဝင့်ကြွားသည့် ခံစားချက်တစ်ခုကို ခံစားမိလိုက်သည်။ သို့တိုင် ဒါက မူလခန္ဓာကိုယ်ပိုင်ရှင်၏ ထင်အမြင်နှင့်တော့ တော်တော်လေး ကိုက်ညီမှု မရှိနေချေ။ မူခန္ဓာကိုယ်၏စန်းလော့ကတော့ ချန်းလျို ဖန်မိသားစုအကြောင်းကို အများကြီးမသိသော်လည်း သူမသည် သူတို့တွင် ကောင်းမွန်သည့် ဂုဏ်သတင်းတစ်ခုကို ပိုင်ဆိုင်ထားသည်ကိုတော့ သေချာ သိထားသည်။
တစ်ရာလောက်ရှိသည့် အစောင့်ရဲမက်များက ဖြတ်သွားသည်တွင် စန်းလော့သည် ဖန်မိသားစု၏ အမှတ်အသားပါသည့် လှည်းတစ်စီးကို သတိထားမိလိုက်၏။ ခမ်းနားသော်လည်း အလွန်အကျွံ ထင်ပေါ်နေခြင်းမျိုးမဟုတ်ချေ။ အရေးအကြီးဆုံးက အုပ်ချုပ်ရေးမှူးဟောင်းသည် ဘေးမှအတူလိုက်ပါလာပြီး ငယ်ရွယ်ပြီး စိတ်အားတက်ကြွသည့် အမျိုးသမီးတစ်ယောက်က လှည်းပြတင်းပေါက်၏ ခန်းဆီးကို မ,ကာ စကားပြောနေသည်။ သူမ၏ရုပ်သွင်က မာကြောသည့် သူရဲကောင်းမလေးတစ်ယောက်လို ထုတ်လွှတ်နေသည်။
ဒါသည် ပြည်နယ်အုပ်ချုပ်ရေးမှူးကတော်ပဲ ဖြစ်ရမည်။ စန်းလော့က ကောက်ချက်ချလိုက်၏။
လှည်းတစ်ခုတည်းကို အကဲခတ်ကြည့်လျှင်ပင် သည်ပြည်နယ်အုပ်ချုပ်ရေးမှူးကတော်သည် တောက်ပြောင်လွန်းကာ ထောင်လွှားသည့်သူမျိုး ဖြစ်ပုံမရချေ။
စန်းလော့သည် စိတ်အေးသွားသလို ခံစားလိုက်ရ၏။ ဒေသတစ်ခု၏ အုပ်ချုပ်ရေးအရာရှိများ၏ အပြုအမူနှင့် အကျင့်စားရိုက်တို့က မြို့သားများအတွက် အရေးပါပြီး သူတို့မိသားစုများအတွက်လည်း ထို့နည်းတူပင်။
ဖန်မိသားစု၏ ယာဉ်တန်းက ဖြတ်သွားသည်တွင် စန်းလော့နှင့် ရှန်းလီတို့သည် ရိက္ခာအပြည့်နှင့် မဆုံးနိုင်သည့် လှည်းများကို မြင်လိုက်ရပြီး နောက်ဆုံးတော့ လှည်းတန်း၏ ခမ်းနားကြီးကျယ်မှုကို နားလည်သွားတော့သည်။ သူတို့သည် ကုန်ပစ္စည်း မည်မျှလောက်ပင် ယူလာခဲ့ပါသနည်း။ စောင့်ကြပ်ပေးသည့် ရဲမက်တစ်ရာကျော် ရှိနေသည်လည်း မဆန်းတော့ချေ။
ရိက္ခာလည်း ၁၂စီးကျော် ဖြတ်သွားပြီးနောက်တွင် နောက်မှဆက်ပါလာသည့် ယာဉ်များသည် တစ်ခုခုကို သယ်လာပြီး ချန်းအဘွားနှင့် ချင်ဖန်းညန်တို့၏မျက်လုံးများက စိတ်လှုပ်ရှားမှုဖြင့် တလက်လက် တောက်ပသွားတော့သည်။
ဒါတွေက ဘာတွေလဲဆိုတာ ခန့်မှန်း ကြည့်လို့ရလား။
ကြက်၊ ဘဲ၊ ငန်း၊ ဝက်၊ သိုး.... ပြီးတော့ နွား။
နွားတဲ့။
နွား။
ငန်းပေါက်လေးများနှင့် ဝက်ပေါက်လေးများကလည်း ရှားပါးသော်ငြားလည်း သူတို့သည် နွားများနှင့် ယှဉ်လိုက်လျှင် ဘာမှမဟုတ်တော့ချေ။ နွားများကို ဘယ်တုန်းက ရှားပါးသည်ဟု မမှတ်ခဲ့ဖူးပါသနည်း။
နွေးဦးထယ်ထိုးချိန်သည် ရောက်တော့မည့်ဆဲဆဲ အချိန်ဖြစ်ပြီး နွားသိုးတစ်ကောင်သည် အလုပ်သမားအများကြီးကို အစားထိုးပေးနိုင်သည်။
စန်းလော့သည် စိတ်မလှုပ်ဘဲ မနေနိုင်အောင် ဖြစ်သွားတော့သည်။ သူမဘေးက ရှန်းနဉ်၏မျက်လုံးများကလည်း ပိုလို့ပင် တောက်ပကာ လင်းဖြာနေတော့သည်။ မိန်းမငယ်လေးက တိရစ္ဆာန်မွေးမြူရေးတွင် အရည်အချင်းရှိသည်။ ထို့ကြောင့် သူမသည် သည်လိုသတ္တဝါများကို ချစ်ခင်လေသည်။ သူမ၏မိသားစုတွင် ကြက်များနှင့် ဘဲများရှိစဉ်က သူတို့သည် ငန်းများကို ဝယ်ရန် နေရာတစ်ခုပင် ရှာမတွေ့နိုင်ခဲ့ချေ။
စန်းလော့ကို စိတ်လှုပ်ရှားစေသည့်အရာမှာ မွေးမြူရေးတိရစ္ဆာန်များ၊ ဝက်ပေါက်လေးများ တင်ထားသည့် လှည်း၁၂စီးကျော်၊ ချီတက်လာသည့် နွားအုပ်လေးများနောက်တွင် လိုက်ပါလာသည်က ရာချီသည့် အိမ်ရာမဲ့ ပြည်သူများဖြစ်နေသည်။
အမှန်ပင်။ သူတို့သည် ကပ်ဘေးဒုက္ခသည်များဖြစ်ပြီး သည်လို အေးစိမ့်လှသည့်နေ့တစ်နေ့တွင် စန်းလော့သည် အင်္ကျီလက်ပြတ်များနှင့် ယောက်ျားတော်တော်များများကိုပင် သတိထားမိလိုက်သည်။
ရှန်းလီက နှုတ်ဆိတ်ကာ လေ့လာနေ၏။ သူသည် လှည်းတန်း၏ အဆုံးသို့ ရောက်လာချိန်တွင် ခပ်တိုးတိုးလေး ပြောလိုက်လေသည်။ “အချွေအရံ အယောက်၂၀၀နဲ့ ရဲမက် ၆၀၀လောက် ရှိမယ်၊ ကပ်ဘေးဒုက္ခသည်တွေကတော့ လှည်းတွေကို ကူပြီးတွန်းပေးနေတဲ့သူအပါအဝင် ခန့်မှန်းခြေ ၃၀၀လောက်ရှိမယ်”
စန်းလော့က အံ့အားသင့်သွား၏။ ရဲမက် ၈၀၀နှင့် ကပ်ဘေးဒုက္ခသည် ၃၀၀ကို သည်လောက် ကြီးမားသည့် ရိက္ခာပမာဏနှင့် သယ်လာခဲ့သည့် သတ္တိနှင့်ဆိုလျှင် သည်ပြည်နယ်အုပ်ချုပ်ရေးမှူးကတော်သည် တော်တော်လေး ရဲတင်းသည့်စိတ်ထားရှိပေသည်။
ရှန်းနဉ်ဘက်သို့ လှည့်လိုက်ပြီး သူမက ပြောလိုက်၏။ “အဒေါ်ရှီနဲ့ အဒေါ်ကျိုးရယ်၊ တခြားအဒေါ်တွေနဲ့ ယောက်မတွေကို သွားပြောလိုက်၊ ကပ်ဘေးဒုက္ခသည်တွေအများကြီး မြို့အပြင်မှာ ရောက်နေတယ်လို့၊ သူတို့ကို ထွက်လာခိုင်းပြီး အခြေအနေကို လာကြည့်ခိုင်းလိုက်”
ရှန်းနဉ်သည် စုတ်ပြဲနေသည့် အဝတ်အစားများနှင့် အခုလေးတင်မှ ဖြတ်သွားသည့် ကပ်ဘေးဒုက္ခသည်များကို လှမ်းကြည့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်ပြီးနောက် အိမ်ယာဝန်းထဲသို့ အရှိန်ဖြင့် ပြေးပြန်သွားလိုက်သည်။ နားလည်ဖို့ရန် အနည်းငယ်နှေးကွေးနေသည့် ချင်ဖန်းညန်က မေးလိုက်၏။ “အားလော့ နင် ပြောချင်တာက... သူတို့တွေက ငါတို့ ရှဲ့ရှန်းစီရင်စုကလား”
စန်းလော့ ခေါင်းမညိတ်ပြလိုက်သော်လည်း ပြောလိုက်သည်။ “ခန့်မှန်းချက် သက်သက်ပါပဲ၊ သူတို့တွေက ဖရိုဖရဲကာလတုန်းက ထွက်ပြေးသွားကြတဲ့သူတွေလည်း ဖြစ်နိုင်သလို ပုန်ကန်တဲ့အင်အားစုတွေ ခေါ်သွားတာခံခဲ့ရတဲ့သူတွေလည်း ဖြစ်နိုင်တယ်၊ ကျွန်မ အတွေးလွန်တာလည်း ဖြစ်နိုင်ပါတယ်”
သူမသည် နေထိုင်သူ လုံးဝနီးပါး လှစ်ဟင်းနေသည့် ချီယန်စီရင်စုကို သတိရသွားခြင်းပင်။
ဟိုတုန်းက အသက်အရွယ်ကြီးသူများသည် သတ်ဖြတ်ခံခဲ့ရပြီး အမျိုးသမီး၊ ကလေးများနှင့် လုပ်နိုင်ကိုင်နိုသည့် ယောက်ျားသားများက ဖမ်းဆီးခြင်းခံခဲ့ရသည်ဟု သူမ ကြားခဲ့ဖူးသည်။
အခုတော့ ပုန်ကန်သည့်အင်အားစုများကို နှိမ်နင်းခဲ့ပြီးဖြစ်ရာ သည်လူများသည် ဘယ်က လာပါသနည်း။ ရှီကျိုးတွင် လူဘယ်နှစ်ယောက်က ချီယန်စီရင်စုက ပြည်သူများလို ဖရိုဖရဲအခြေအနေ၏ မောင်းထုတ်ခြင်းခံခဲ့ရပါသနည်း။
လူတိုင်းက အိမ်ပြန်ဖို့ရန် တမ်းတနေကြသည်။ ငြိမ်းချမ်းတော့မည့်လောကကြီးတွင် အကယ်၍ သည်ကပ်ဘေးဒုက္ခသည်များက မူလက ရှီကျိူးမှလူများဖြစ်ခဲ့လျှင် ရှီကျိုးပြည်နယ်အုပ်ချုပ်ရေးမှူးကတော်ဖြစ်သည့် ဖန်သခင်မသည် သည်လောက်များပြားသည့် လူများကို ခေါ်ပြန်လာနိုင်ပြီး ခေါ်ပြန်လာရဲသည်မှာ အဓိပ္ပါယ်ရှိပေသည်။
...
အစောင့်ရဲမက်များကို ပြည်နယ်အုပ်ချုပ်ရေးမှူးအိမ်တော်တွင် နေရာချပေးလိုက်ပြီး ရဲမက်၆၀၀ကိုတော့ မြို့စောင့်တပ်စခန်းဘေးက ယာယီအဆောင်များသို့ ခေါ်သွားလိုက်သည်။ ကပ်ဘေးဒုက္ခသည်များကိုတော့ မြို့ထဲတွင် ဝင်ခွင့်မပေးဘဲ မြို့တံခါးအပြင်ဘက်တွင် စုဝေးထားသည်။ ဘဏ္ဍာရေးဌာနမှာ စာရေးများအားလုံးနှင့် ချွေ့ချီချန်းသည် မြို့အပြင်ဘက်တွင် စားပွဲရှည်များနှင့် ယာယီရုံးများကို ဆောက်ထားလိုက်သည်။ သရှင်းရွာမှ ရှီကျိုးမြို့အထိ ထိုနေရာသည် အခုတော့ လှုပ်ရှားမှုများဖြင့် အသက်ဝင်စည်ကားလို့နေသည်။
ရှီနှင့်ကျိုးမိသားစုတို့သည် ချက်ချင်းရောက်လာပြီး သူတို့၏လက်များက ရွှံ့များပေကျံနေဆဲဖြစ်ကာ တောင်ပေါ်မှာ အလောတကြီး ဆင်းကြမှန်း သိသာသည်။ သတင်းကို ကြားလိုက်သည်တွင် ဆိုင်တာဝန်ခံရွှီကလည်း သူ့မိသားစုအပြင် တုန်းဖူစားသောက်ဆိုင်က သူ့အလုပ်သမားဟောင်းများအတွက် စိုးရိမ်သဖြင့် သူတို့နှင့် အတူလိုက်ပါလာသည်။
အဆပေါင်းများစွာရှိသည့် ကပ်ဘေးဒုက္ခသည်များကို မြင်လိုက်ရသည်တွင် လူတိုင်း၏ရင်ထဲ၌ မျှော်လင့်ချက် ရေးရေးလေးတစ်ခု ကိုင်ဆောင်ထားပြီး သူတို့ချစ်ရသူများကို ရှာဖွေရန် မြို့တံခါးဆီသို့ အပြေးအလွှားသွားလိုက်ကြသည်။
စန်းလော့နှင့် ကျိုးကဲတို့က အကြာကြီးမနေခဲ့ချေ။ သူတို့သည် အရင်ဆုံး ရွာသို့ ပြန်လာခဲ့ကြသည်။ သူတို့သည် ချန်းမိသားစုအိမ်နှင့် နီးကပ်လာသည်နှင့် အဘွားချန်းက စန်းလော့ကို ဘေးသို့ ဆွဲခေါ်လိုက်ပြီး တိုးတိုးလေး ပြောလိုက်၏။ “နှင်းကတော့ နှစ်ရက်လောက်နေပြီးရင် အရည်ပျော်သွားမှာ၊ ဒါပေမဲ့ တောင်ပေါ်က ချော်နေသေးတယ်၊ အိမ်မှာပဲနေနော်၊ လယ်ထဲဖြစ်ဖြစ်၊ တောင်ပေါ်ဖြစ်ဖြစ် မသွားနဲ့အုံး”
“ပထမသုံးလမှာ ကိုယ်ဝန်က မတည်ငြိမ်ဘူး၊ အခုတော့ ထုတ်မပြောသင့်သေးဘူး၊ ဒီကိစ္စကို ကိုယ်ဟာကိုယ်ပဲ သိမ်းထားဦး၊ နားလည်လား”
စန်းလော့က ပြုံးပြလိုက်ပြီး သဘောတူလိုက်သည်။ ထို့နောက်တွင် သူမက ရှန်းလီနှင့် ရှန်းနဉ်တို့ကို မှာကြားလိုက်၏။ “မနက်ခင်းနေမကောင်းဖြစ်တာဆိုတာ သူ အနံ့ပြင်းပြင်းတွေ ခံနိုင်မှာမဟုတ်ဘူး၊_ အသား၊ ငါးနဲ့ ချက်ပြုတ်တဲ့အငွေ့တွေပေါ့၊ အားလုံးကို ခဏလောက်တော့ မီးဖိုချောင်အလုပ်တွေ မလုပ်ခိုင်းနဲ့ဦး၊ နင်တို့နှစ်ယောက် ဒါကို တာဝန်ယူဖို့လိုတယ်”
ရှန်းလီနှင့် ရှန်းနဉ်တို့က အားတက်သရော သဘောတူလိုက်ကြသည်။
အဘွားချန်းသည် ဘာမှ ပြောစရာမကျန်တော့သဖြင့် သူတို့ကို အပြုံးဖြင့် လိုက်ပို့ပေးလိုက်၏။ သူမသည် အိမ်ပြန်ဖို့ရန် စိတ်အားထက်သန်နေပြီး သူမ၏ယောက်များနှင့် သားများနှင့်အတူ ရောက်လာတော့မည့် မြေးလေးတစ်ယောက်၏ ပျော်ရွှင်ဖွယ်သတင်းကို မျှဝေကာ သူတို့ကိုလည်း ပျော်ရွှင်စရာ သယ်ဆောင်ပေးဖို့ မျှော်လင့်နေလေသည်။
စန်းလော့က အဘွားချန်းကို ပြုံးကာ နှုတ်ဆက်လိုက်ပြီး အိမ်ပြန်လာခဲ့သည်။ စိုးရိမ်တကြီးဖြစ်နေသည့် ရှန်းအန်းတစ်ယောက်က တံခါးနားတွင် သူမကို အပြေးအလွှားလာကြိုလေသည်။
“အစ်ကိုကြီး၊ သမားတော်က ဘာပြောလဲ၊ မကြီး ဘာဖြစ်တာလဲ”
ရှန်းလီသည် စန်းလော့ကို မီးဖိုချောင်ထဲသို့ ထပ်မဝင်ခိုင်းရဲတော့ချေ။ ထို့အစား သူက အားလုံးကို သူတို့၏ ပင်မခန်းဆောင်သို့ တန်းခေါ်လာခဲ့လိုက်ပြီး ရှန်းအန်းကလည်း နောက်မှအတူ လိုက်ပါလာ၏။
ရှန်းနဉ်က ပျော်ရွှင်နေသည့်အပြုံးတစ်ခုကို ဆောင်ထားသည်။ အနားတွင် ဘယ်သူမှ မရှိသည်ကို တွေ့လိုက်ရပြီး သူကမ သူမ၏ဒုတိယအစ်ကိုနားသို့ ကပ်သွားကာ တိုးတိုးလေး ပြောလိုက်လေသည်။ “ယောက်မက ကိုယ်ဝန်ရှိနေပြီ၊ ဒါကြောင့် အသားနံ့က သူ့ကို မူးအောင်လုပ်နေတာတဲ့၊ ဒါကြောင့် သူ အန်နေတာ၊ နင် ငါးကိုင်ထားလား၊ ငါး ကိုင်ထားရင် သူ့နား အရမ်းမကပ်နဲ့နော်”
ရှန်းအန်း၏မျက်လုံးများမှာ အံ့ဩမှုကြောင့် ဝိုင်းစက်သွားတော့သည်။ “မကိုင်ထားပါဘူး၊ ငါ့မှာ ငါးကိုင်ဖို့တောင် အခွင့်အရေးမရသေးဘူး”
ထို့နောက်တွင် သူသည် စိတ်လှုပ်ရှားလာတော့သည်။ “ငါ တူလေးတစ်ယောက် ရတော့မှာပေါ့နော်”
စန်းလော့က သူ့ကို ကြည့်လိုက်ပြီး “ဘာလို့ တူလေးတစ်ယောက်လဲ၊ တူမလေးဆိုရင်ကော မချစ်ဘူးလား”
ရှန်းအန်းက တခစ်ခစ်ရယ်မောလိုက်ပြီး “တူမလေးလည်း ကောင်းတာပဲ၊ တူရော တူမလေးရော ကောင်းတယ်”
အလွန်ပျော်နေသဖြင့် သူသည် သူ့မရီးကို ဝိုင်းကြီးပတ်ပတ်လုပ်နေတော့သည်။
မိန်းမဖြစ်သူနှင့် ခြေလှမ်းသုံးလှမ်းအကွာတွင် ဆက်တိုက်ရှိနေပြီး သူ့လက်များကို အနံ့ခံကြည့်နေသည့် ရှန်းလီက မသဲမကွဲ ရေရွတ်လိုက်၏။ “...”
သူသည် အားကျစိတ်ဖြစ်နေတော့သည်။
သူသည် လက်ဆေးရန် ရေသွားခပ်လိုက်ပြီး ဖြစ်စဉ်ကို အကြိမ်ကြိမ် ဆက်တိုက်လုပ်ခဲ့ပြီးနောက်တွင် တစ်ခါရေဆေးပြီးတိုင်း နှာခေါင်းတရှုံ့ရှုံ့ဖြစ်နေလေသည်။ သူသည် ရေလဲလိုက်ပြီး တဖန် ဆေးကြောပြန်ကာ သူ့အရေပြားများများ လှန်တော့မတတ် ပွတ်တိုက်နေတော့သည်။
စန်းလော့က ခပ်တိုးတိုးလေး ရယ်မောလိုက်၏။
ရှန်းနဉ်းကလည်း ပြုံးလိုက်ပြီးနောက် တစ်ခုခုကို စဉ်းစားမိသွားကာ ရှန်းအန်းကို ဘေးသို့ လှမ်းဆွဲလိုက်ပြီး သူ့ကို မှာကြားလိုက်လေသည်။ “နင် ဒီအကြောင်းကို အပြင်က ဘယ်သူ့ကို မပြောရဘူးနော်၊ အဘွားချန်းကပြောတယ် ငါတို့တွေက ဒီအကြောင်းကို ပထမ၃လအတွင်းမှာ မပြောသင့်ဘူးတဲ့”
ရှန်းအန်းသည် သတင်းပေါက်ကြားသွားလျှင် ဖြစ်လာမည့် နောက်ဆက်တွဲကို မမေးခဲ့ချေ။ ထို့အစား သူက သည်အတိုင်းက ခေါင်းညိတ်ပြလိုက်ပြီး သတိထားမည်ဟု ပြောလိုက်၏။
ရှန်းလီသည် အချိန်တစ်ခုအထိ ဆေးကြောလိုက်ပြီးနောက်တွင် ရေကို အကြိမ်ပေါင်းများစွာ လဲလိုက်ပြီး သူ့လက်ကို ထပ်ခါထပ်ခါ နမ်းရှုပ်နေသည်။ အနံလုံးဝ မရှိတော့သည်ကို သေချာသည့်အချိန်မှ သူသည် စန်းလော့အနားသို့ သတိလေးနှင့် အနည်းငယ် ပိုကပ်လာခဲ့သည်။
စန်းလော့က ပြုံးလိုက်ပြီး သူ့ကို အနားသို့ အသာအယာ ဆွဲခေါ်လိုက်၏။ “ရပါပြီ၊ ရှင် ရေအိုးသုံးအိုးတောင် လဲခဲ့တာ ကျွန်မ မြင်ပြီးပြီ”
ရှန်းလီ၏နှလုံးသည် သူမနှင့် အလွန်နီးကပ်နေသဖြင့် ရင်ခုန်နေတော့သည်။ သူက သူ့ညာဖက်လက်ကို မဝံ့မရဲနှင့် သူမ၏ဝမ်းဗိုက်ကို ထိကြည့်လိုက်၏။
အမှန်တွင်တော့ ပုံမှန်နှင့် မကွာခြားချေ။ သို့သော်လည်း သူသည် ဝမ်းသာပီတိဖြစ်နေရသည်။ ရှန်းအန်းနှင့် ရှန်းနဉ်တို့ ရှိနေသေးသည်ကိုပင် မေ့သွားတော့သည်။ ပြုံးလိုက်ပြီး စန်းလော့ကို သူ့ရင်ခွင်ထဲတွင် ပွေ့ဖက်ထားလိုက်၏။
ရှန်းအန်းနှင့် ရှန်းနဉ်တို့က အကြည့်ချင်း ဖလှယ်လိုက်ကြပြီးနောက် မောင်နှမများက ရယ်မောလိုက်ကာ ထွက်သွားကြတော့သည်။
ရှန်းနဉ်သည် စေ့စပ်သေချာသူပင်။ မီးဖိုချောင်ထဲသို့ ဝင်လာပြီးနောက် သူမ၏ဒုတိယအစ်ကိုက ထမင်းပေါင်းထားပေးပြီး အသီးအရွက်နှင့် တို့ဖူးများကို ပြင်ဆင်ပေးထားသည်ကို တွေ့လိုက်ရ၏။ ယောင်းမဖြစ်သူက ငါးညှီနံ့ကို မခံနိုင်သည်ကို သတိရသွားကာ အဘွားချန်းကလည်း ချက်ပြုတ်သည့်အငွေ့ကို သူမက ခံနိုင်ရည်ရှိလိမ့်မည်မဟုတ်ဟု ပြောထားသဖြင့် ရှန်းနဉ်သည် လုံခြုံသည့်နေရာတစ်ခု ဖြစ်သွားအောင် မီးဖိုချောင်ထဲက တံခါးများနှင့် ပြတင်းပေါက်များအားလုံးကို ပိတ်ထားလိုက်ပြီး နောက်ဘက်ပြတင်းပေါက်တစ်ခုတည်းကိုသာ ဖွင့်ထားလိုက်သည်။ ရှန်းအန်းကို ချက်ပြုတ်နေသည့်အနံ့များ စွဲသွားမည်စိုးသဖြင့် သူမက သူ့ကို ချက်ချင်း တွန်းထုတ်လိုက်ပြီးမှ စတင်ချက်ပြုတ်တော့သည်။
ရှန်းနဉ်တွင် အချက်အပြုတ်စွမ်းရည် အမှန်ပင် ရှိလေသည်။ သူမသည် အသီးအရွက်နည်းနည်းပါးပါး ကြော်လိုက်ပြီး၊ တို့ဖူးကို ကြက်သွန်မြိတ်နှင့် နှပ်လိုက်ကာ နောက်ထပ် မီးဖိုတစ်ခုတွင် ငါးခေါင်းနှင့်တို့ဖူးဟင်းရည်ကို ပွက်ပွက်ဆူအောင် တည်ထားလိုက်သည်။ ပိုနေသည့် ငါးအသားကိုတော့ နောက်နေ့မှ စားရန်အတွက် ဆားနှယ်ပြီး နှပ်ထားလိုက်သည်။
ရိုးရှင်းသည့် ဟင်းလျာ၃မျိုးကို ပြင်ဆင်ပြီးသွားခဲ့သည်။
ငါးခေါင်းနှင့်တို့ဖူးဟင်းလျာကို အဟာဖြည့်သည့်အစားအသောက်ဟု သိထားသဖြင့် သူမက ဂျင်းကို မချွေတာခဲ့ချေ။ သို့သော်လည်း ရှန်းအန်က ငါးဟင်းရည်ကို ယူလာပေးချိန်တွင် သူမသည် နှစ်ငုံပင် မသောက်ဘဲ တဖန် အော့အန်တော့သည်။
ဒါသည် ရှန်းလီနှင့်ရှန်းအန်းတို့နှစ်ယောက်လုံးကို ပျာယာခတ်သွားစေတော့သည်။ သူတို့သည် ငါးဟင်းရည်ကို အလောတကြီး ဖယ်လိုက်ကြသော်လည်း ဟင်းရည်က လှုံ့ဆော်နေခြင်းကြောင့်လား၊ အစကတည်းက သူမကိုယ်တိုင်း မစားသောက်နိုင်ခြင်းကြောင့်လား မသိချေ။ တို့ဖူး၊ အသီးအရွက် သို့သော် ထမင်းဖြူတို့ဖြစ်စေ သူမသည် ဘာတစ်ခုကိုမှ ဗိုက်ထဲမထည့်နိုင်ချေ။ ရှန်းလီက သူမကို အစာအိမ်ကို သက်သာစေရန် ရေနွေးတစ်ခွက် ယူလာပေးသည့်တိုင် တစ်ခုခုသောက်ရမည် ဟူသည့်အတွေးက သူမကို အန်ချင်စိတ်ဖြစ်အောင် လုပ်နေတော့သည်။
သူမသည် စားချင်စိတ် လုံးဝပျောက်သွားတော့သည်။
စိုးရိမ်စိတ်များဖြစ်လာပြီး ရှန်းလီသည် မျက်မှောင်ကြုတ်ထားလိုက်၏။ “ဘယ်လိုဖြစ်ပြီး မစားနိုင်ရတာလဲ၊ ဒီလိုတော့ မဖြစ်ဘူးလေ”
စန်းလာ့သည် အားနည်းချိနဲ့စွာ သူ့ကို လက်ယမ်းပြလိုက်ပြီး “ရပါတယ်၊ တစ်နပ်လေး လွှတ်သွားတာပါ၊ ဒါပေမဲ့ ကျွန်မ ဒီအနံ့ကို တကယ်မခံနိုင်လို့ပါ၊ ကျွန်မ စားဖို့ အတင်းမတိုက်တွန်းပါနဲ့၊ အားလုံး အဆင်ပြေသွားမှာပါ”
သူမ၏စကားလုံးများက စိတ်လိုက်မာန်ပါဖြစ်သွားမှန်း သိလိုက်ဖြင့် သူမ၏ ခန္ဓာကိုယ်ထဲက ကလေးကို သတိရလိုက်ပြီး သူမက ထပ်ပြောလိုက်လေသည်။ “ကျွန်မ ဗိုက်ဆာတဲ့အခါမှ ထပ်စားကြည့်ပါ့မယ်”
ညနေစာအတွက် သူမသည် ငါးဟင်းရည်တစ်ငုံနှင့် အသီးအရွက် ၂ကိုက်သာ စားနိုင်ခဲ့သည်။
သူမ၏ပြင်းထန်လှသည့် တုန့်ပြန်မှုကို မြင်လိုက်ရသည်တွင် ရှန်းလီသည် သူမကို မတိုက်တွန်းရဲတော့ချေ။ သူသည် အစားအသောက်များကို မီးဖိုချောင်သို့ ပြန်ယူသွားလိုက်ပြီး စန်းလော့နှင့် ခဏလောက် အဖော်လုပ်ပေးလိုက်သည်။ သူမက နည်းနည်းလေး ပြန်ကောင်းလာသည်ကို မြင်လိုက်မှ သူသည် ထမင်းပင် မစားနိုင်ဘဲ ချန်းမိသားစုထံမှ အကြံဉာဏ်သွားတောင်းရန် ထွက်လာခဲ့လိုက်၏။
ချန်းမိသားစုသို့ ရောက်လာသည်တွင် ကျိုးကဲ၏အခြေအနေကလည်း မကွာခြားပေ။ ကံကောင်းချင်တော့ အဘွားချန်းနှင့် ချင်ဖန်းညန်တို့က သည်လိုကိစ္စမျိုးတွင် အတွေ့အကြုံရှိကြသည်။ ချင်ဖန်းညန်က ကျိုးကဲကို စောင့်ရှောက်ပေးပြီး အဘွားချန်းကတော့ မီးဖိုချောင်ထဲသို့ သွားလိုက်ပြီး ရှန်းလီအတွက် လတ်လတ်ဆတ်ဆတ် အချဉ်ဖတ်မွေကြော်တစ်ပန်းကန်ကို ပြင်ဆင်ပေးလိုက်သည်။
“အရင်ဆုံး အားလော့ကို စိတ်ငြိမ်ငြိမ်ထားဖို့ ပြောလိုက်၊ အခု သူ မူးဝေအော့အန်ချင်သလို ဖြစ်နေတာ၊ သူ စားသမျှအားလုံးကို ပြန်အန်ထုတ်မှာပဲ၊ ခဏနေ သူ ဗိုက်ဆာလာတဲ့အခါကျရင် သူ့စားကြည့်လို့ရအောင် ဆန်ပြုတ်ရည်ကျဲနည်းနည်းလောက် ချက်ပေးလိုက်ပြီး အချဉ်ပန်းလုံးလေးတစ်ပန်းကန်နဲ့ ကျွေးလိုက်”
ကျေးဇူးတင်စိတ်ဖြင့် ရှန်းလီသည် ချင်ဖန်းညန်ကို သေသေချာချာ ကျေးဇူးတင်စကားပြောလိုက်ပြီးနောက် အချဉ်တစ်ပန်းကန်ကို အိမ်ယူပြန်လာခဲ့လိုက်သည်။
အိမ်ပြန်ရောက်လာသည်တွင် အိမ်၌ ဧည့်သည်များရောက်နေသည်ကို တွေ့လိုက်ရ၏။- ဆိုင်တာဝန်ခံရွှီ၊ ကျိုးမိသားစုနှင့် ရှီမိသားစုဝင်များအားလုံး ရှိနေကြသည်။ စန်းလော့က သူတို့ကို ဧည့်ခံပေးနေသည်။ ကံကောင်းချင်တော့ လူအများကြီးရှိနေသဖြင့် သူတို့သည် အပြင်ဘက်တွင်ရပ်ကာ စကားပြောနေကြသည်။
ရှန်းလီသည် စန်းလော့ကို အလိုလို ကြည့်လိုက်မိပြီး သူမ၏အသားအရေက အနည်းငယ် တိုးတက်လာသည်ကို တွေ့လိုက်ရသဖြင့် သူသည် စိတ်အေးသွားတော့သည်။ သူက အားလုံးကို နှုတ်ဆက်လိုက်ပြီး မီးဖိုချောင်ထဲသို့ မြန်မြန်လျှောက်သွားလိုက်ကာ ပန်းကန်ကို စားပွဲတင်ပြီး အုပ်ထားလိုက်သည်။ ထို့နောက်တွင် သူက လှည့်ပြန်လာပြီး မေးလိုက်၏။
“ဘယ်လိုလဲ”
ရွာသားများအားလုံးက ခေါင်းခါပြကြသည်။ ရွာသူကြီးကျိုးက အတည်ပြုပေးလိုက်၏။ သူတို့တွေက ရှီကျိုးကဆိုတာတော့ အမှန်ပဲ၊ တစ်ချို့က ချီယန်စီရင်စုကဆိုတာလဲ ဟုတ်ယ်၊ ဒါပေမဲ့ တစ်ယောက်မှ ငါတို့နဲ့ မရင်းနှီးကြဘူး”
ရှန်းလီသည် ခဏလောက် နှုတ်ဆိတ်နေလိုက်ပြီးမှ ပြောလိုက်လေသည်။ “ဒါက ကောင်းတဲ့ကိစ္စဖြစ်မှာပါ၊ ဟိုတုန်းက သူတို့အားလုံးက သတင်းတွေရခဲ့ပြီး တောင်ထဲ ထွက်ပြေးခဲ့ကြတာပဲ၊ ဒီအဖွဲ့က တခြားနေရာက ပြန်လာတာ ဖြစ်နိုင်တယ်”
ရှီအာ့လန်၏မိန်းမက မှတ်ချက်ပေးလိုက်၏။ “အားလော့လဲ အဲလိုပြောပါတယ်၊ ကျွန်မလည်း အဲလိုပဲ ထင်တယ်၊ ဒီတစ်သုတ်က အနီးအနားက ပြည်နယ်ကနေ ပြန်လာကြတာလို့ ကြားတယ်”
“အဲလောက်တောင် ဝေးသလား”
ဆိုင်တာဝန်ခံရွှီက ခေါင်းညိတ်ပြလိုက်ပြီး “တစ်ချို့က လွှတ်မြောက်သွားခဲ့ပြီး တချို့ကိုတော့ ပုန်ကန်တဲ့အင်အားစုတွေ ခေါ်သွားခံလိုက်ရတာဖြစ်မယ်၊ ငါတို့ ပြည်နယ်အုပ်ချုပ်ရေးမှူးကတော်က တကယ် လေးစားဖို့ကောင်းတာပဲ၊ သူက သူ့အစောင့်ရဲမက်တွေကို ခေါ်လာတဲ့အပြင် တစ်နည်းနည်းနဲ့ ရဲမက်တွေကိုလည်း ငှားခဲ့သေးတယ်၊ သူတို့တွေ ဟွေ့နန်လမ်းပေါ် ရောက်တာနဲ့ သူတို့တွေက နေရာတိုင်း ကပ်ဘေးဒုက္ခသည်တွေကို ရှီကျိုးကလူတွေလားလို့ မေးခဲ့တယ်တဲ့၊ သူတို့တွေက တစ်ယောက်တွေ့တိုင်း သူက ပြည်နယ်အုပ်ချုပ်ရေးမှူးကတော်ဆိုတဲ့ သူ့အဆင့်ကို ထုတ်ပြပြီး သူတို့အားလုံးကို ခေါ်လာခဲ့တာ”
“ရှီကျိုးကို ဒီလောက်များပြားတဲ့ မွေးမြူရေးတိရစ္ဆာန်တွေကို သယ်လာပြီး ဒါတွေက အဲဒီကလူတွေအတွက်ဆိုတဲ့အကြောင်း သေချာရှင်းပြခဲ့တယ်တဲ့- ရှီကျိုး ဒေသခံ ကပ်ဘေးဒုက္ခသည်တွေကို ခေါ်နေတာဆိုတော့ ဘယ်သူက သူတို့ရဲ့ ဇာတိမြေကို ပြန်ဖို့ မတမ်းတဘဲ နေပါ့မလဲ”
ဆိုင်တာဝန်ခံရွှီသည် စန်းလော့ကို မေးမြန်းလိုက်၏။ “တနေ့က ပြည်နယ်အုပ်ချုပ်ရေးမှူးဆီက ကြားခဲ့တဲ့ အတိုင်းဆိုရင် မင်းနဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးကတော်တို့က ဇာတိတူတယ်လို့ ပြောလို့ရတယ်နော်၊ အရင်က သူ့ဂုဏ်သတင်းနဲ့ပတ်သက်ပြီး ကြားခဲ့ဖူးလား”
စန်းလော့က ခေါင်းခါပြလိုက်လေသည်။ “ကျွန်မ အပျိုဘဝတုန်းက အိမ်အပြင် ထွက်လေ့မရှိဘူးဆိုတော့ ကျွန်မ ချန်းလျို ဖန်မိသားစုနဲ့ လုံးဝမသိသလောက်ဘဲ၊ ဒါပေမဲ့ ဒီနေ့ ယာဉ်တန်းနဲ့သယ်လာတဲ့ ကုန်ပစ္စည်းတွေကို တချက်လောက် ကြည့်ခဲ့သေးတယ်၊ ဒါက အငှားချဖို့ပဲဖြစ်ဖြစ် ရောင်းဖို့ပဲဖြစ်ဖြစ် ပြည်သူတွေရဲ့ စားဝတ်နေရေးကို စောင့်ရှောက်ပေးတဲ့ ပြည်နည်အုပ်ချုပ်ရေးမှူးကတော်တစ်ယောက် ရှိရင် အနာဂတ်က ရှိကျိုးပြည်သူတွေအတွက် ပိုပြီးတောက်ပနေမယ်ထင်ပါတယ်”
လှည်းများထဲက တစ်ခုပေါ်က သူမ မြင်တွေ့ခဲ့သည့် အမျိုးသမီး၏ ပြတ်သားသည့်အမူအရာကို သတိရသွားပြီး အပြုံးတစ်ခုက စန်းလော့၏မျက်နှာပေါ်တွင် ထင်ရှားလာပြီး စောစောက ညနေစာအတွင်း ဖြစ်ခဲ့သည့် မသက်မသာမှုများက သိသိသာသာ ပျောက်ကွယ်သွားတော့သည်။ စကားတစ်ခွန်းသာ သူမ၏စိတ်ထဲတွင် ပေါ်လာလေသည်။ - မိန်းမတွေကြားထဲက သူရဲကောင်းမလေးပဲ။
သည်အခေါ်အဝေါ်သည် ပြည်နယ်အုပ်ချုပ်ရေးမှူးကတော်နှင့် ပြီးပြည်စုံစွာ လိုက်ဖက်နေသယောင်ပင်။
...