အခန်း (၂၃၁-၂၃၂)
Vol. 24 Ch. 231-232
အပိုင်း (၂၃၁) အိမ်အပြန်
စိတ်အာရုံပြောင်းသွားခြင်းကြောင့်လား၊ သို့မဟုတ် ရိုးရိုးဆန်ပြုတ်ရည်နှင့် အသီးအရွက်ချဥ်ကပင် အာနိသင် ရှိသွားသလား မသိချေ။ ညပိုင်း၉နာရီအချိန် ရောက်သည်နှင့် ရှန်းလီသည် ဆန်ပြုတ်ရည်ကျဲ ပန်းကန်ငယ်လေး တစ်ပန်းကန်ကို ပြင်ဆင်လာခဲ့သည်။ စန်းလော့သည် မသက်မသာ ဖြစ်နေသေးသော်ငြားလည်း ဆန်ပြုတ်တစ်ဝက်ကိုတော့ အတင်းမြိုချသောက်နိုင်ခဲ့သည်။
ရှန်းလီမှာ ယခုမှအမှန်ပင် သက်ပြင်းချနိုင်တော့သည်။
စိုးရိမ်စိတ်များကို ဖယ်ရှားလိုက်သည်နှင့်တပြိုင်နက် အဖေဖြစ်လာတော့မည့် ပျော်ရွှင်မှုက သူ၏စိတ်ထဲတွင် တိုးဝင်လာလေသည်။ ထိုနေ့ညတွင် သူသည် အိပ်ယာပေါ်တွင် လဲလျောင်းနေရင်း အလွန်သိမ်မွေ့သည့် အခြေအနေတစ်ခုထဲတွင် မျောလွင့်နေကာ အိမ်မက်တစ်ခု မက်နေရသလို ခံစားနေရ၏။ သူ့လက်ကို စန်းလော့၏ဝမ်းဗိုက်ပေါ်တွင် အသာအယာ တင်ထားလိုက်ပြီး အားမထည့်မိအောင် သတိထားနေသည်။
အိပ်ချင်စိတ်က အနားယူသွားသည့် စန်းလော့သည် ရှန်းလီ၏ရင်ခွင်ထဲတွင် မှေးအိပ်သွားတော့သည်။ သို့သော်ငြားလည်း ရှန်းလီသည် အိပ်ပျော်ဖို့ရန် အလွန်မှ ဝမ်းသာအားရ ဖြစ်နေလေသည်။ စန်းလော့ပြောပြဖူးသည့် ပဲနို့က အာဟာရဖြစ်သည် ဟူသည့်အကြောင်းကို စဥ်းစားရင်း သူသည် ပဲများကိုရေစိမ်ရန် တစ်ဖန် ဂရုတစိုက်ထလာပြန်သည်။
နောက်တစ်နေ့မနက်ခင်းတွင် သူသည် ပဲကြိတ်ပြီး ပဲနို့ကြိုချက်ဖို့ရန် စောစောစီးစီး နိုးလာလေသည်။ တို့ဟူးနှင့်ပဲပြားကိုလဲ ပြင်ဆင်ထားလိုက်သည်။ တို့ဟူးကိုတော့ ညနေစာအတွက် ချန်ထားလိုက်ပြီး စန်းလော့ကတော့ ပဲနို့နှင့် ပဲနှစ်ကြားတွင် ရွေးချယ်နိုင်ပေသည်။
ဟင်းချက်လက်ရာ ပိုကောင်းလာသည့် ရှန်နဥ်က ပဲဆန်ပြုတ် အရောအနှောတစ်ခုကို ချက်ပြုတ်ပေးလိုက်ပြီး ဆန်မုန့်ပေါင်းနည်းနည်းလောက် လုပ်လိုက်သည်။
ဟုတ်ပါသည်။ အမှန်ပင် နည်းနည်းလေးပင်။
ယောင်းမက ကိုယ်ဝန်ရှိနေပြီး အစားအသောက်လဲ အများကြီး မစားနိုင်သဖြင့် သူမ၏အစားအသောက်ပုံစံကို ပိုပြီးအာရုံစိုက်သင့်သည် မဟုတ်ပါလား။ ဆန်ချောများမရှိသဖြင့် သူမ၏လိုအပ်ချက်ကို ဦးစားပေး စဥ်းစားပေးသည်ကသာ သဘာဝကျပေလိမ့်မည်။ စန်းလော့က စားချင်စိတ် မရှိသေးမှာကို စိုးရိမ်သဖြင့် ရှန်းနဥ်က အခြေအနေကို စမ်းသပ်ဖို့ရန် အနည်းငယ်သာလုပ်ခဲ့ခြင်းဖြစ်သည်။
စန်းလော့သည် တစ်ညတာ ကောင်းကောင်းမွန်မွန် အိပ်စက်ခဲ့ရလေသည်။ သူမ နိုးလာသည့်အချိန်တွင် မနက်စာက ပြင်ဆင်ပြီးနေပြီ။ ရှန်းလီက သူမအတွက် ယူလာပေးရန် သူမ အတွက်ခွဲထားသည့် အစားအသောက်များကို ပြင်ဆင်ပေးနေသော်ငြားလည်း သူမက သူ့ကို လက်ခါပြလိုက်၏။
"အဲလောက်လဲ မပြင်းထန်သေးပါဘူး၊ မီးဖိုချောင်ထဲမှာပဲ ထားလိုက်ပါ၊ ကျွန်မ မျက်နှာသစ်ပြီးရင် လာစားပါ့မယ်"
ကိုယ်လက်သန့်စင်ရသည်ကလဲ စမ်းသပ်မှုတစ်ခုဖြစ်လေသည်။ သို့သော်ငြားလည်း မီးဖိုချောင်ထဲသို့ ဝင်လာသည်တွင် သူသည် သူမအတွက် သီးသန့်လုပ်ထားပေးသည့် မနက်စာကို တွေ့လိုက်ရ၏။ ပဲနို့၊ ပဲနှစ်နှင့် ဆန်မုန့်။ ပဲနှစ်ကိုတော့ ကြက်သွန်မိတ်နှင့်ဂျင်း အချဥ်တစ်ပန်းကန်ဖြင့် အရံချထားပေးသည်။
"မင်း ဒါကို အရင်ဆုံး စမ်းစားကြည့်လို့ရတယ်၊ တကယ်လို့ မကြိုက်ဘူးဆိုရင် ကျွန်တော်တို့တွေ နည်းနည်းလေးပိုချိုတဲ့ဟာကို ပြောင်းလိုက်မယ် ကျွန် တော် မင်းအတွက် ပိုချိုတဲ့စွန်ပလွန်သကြားသီးတစ်ချို့ကို ယူလာပေးတယ်"
စန်းလော့က ခေါင်းငြိမ့်ပြ၏။ သူမ၏အစာအိမ်က အော့အန်ချင်နေသေးသည်။ သို့သော်ငြားလည်း ခဏလောက် စဥ်းစားပြီးသည့်နောက်တွင် စားပွဲဆီသို့ လာခင် ဗီဒိုဖက်သို့ လမ်းကြောင်းပြောင်းလိုက်၏။ သူမက ဘီဒိုကိုဖွင့်လိုက်ပြီး မြေအိုးထဲက စွန်ပလွန်သီးမုန့်တစ်တုံးကို ထုတ်ယူလိုက်၏။
သူမကို ဝမ်းသာရစေသည်က မုန့်ကိုမြင်လိုက်သည့်မြင်ကွင်းက သူမ၏ မူးဝေအော့အန်ချင်သည့်စိတ်ကို မလှုံ့ဆော်ပေးခဲ့ချေ။ သူမသည် ပါးစပ်က သွားရေများကိုပင် ခံစားမိလိုက်သည်။
သူမက မုန့်တစ်တုံးကိုယူပြီး စားပွဲဆီသို့ပြန်လာကာ တို့ဟူးပူတင်းနှင့် စွန်ပလွန်သီးမုန့်ကို တစ်လှည့်စီ တတိတိ စားလိုက်လေသည်။ ဒီလို ထူးခြားသည့်ပေါင်းစပ်မှုက အံ့သြစရာကောင်းလောက်အောင် သူမ၏ မနက်ခင်းနေမကောင်းဖြစ်သည့်ခံစားချက်ကို ပျောက်ကွယ်သွားစေသည်။
ရှန်းလီက သူမ စားနေသည်ကို စောင့်ကြည့်လိုက်ပြီး သူ့မျက်လုံးများက လင်းလက်သွားတော့၏။
"ဒီစွန်ပလွန်သီးမုန့်က အလုပ်ဖြစ်တာလား"
စန်းလော့က ခေါင်းငြိမ့်ပြသည်။ "မနေ့ညက တခုခုချဥ်တဲ့အရသာကို စားချင်တဲ့အချိန်ကျမှပဲ ဒါကို သတိရသွားတာ"
ဒါသည် အစကတည်းက သူမလုပ်ထားသည့် သွားရေစာမုန့်တစ်ခု ဖြစ်လေသည်။ သို့သော်ငြားလည်း သူတို့သည် ဒါကို မကြာခဏစားသုံးလေ့မရှိချေ။ ထို့ကြောင့် သူမက အိမ်တွင် ဒီမုန့်ရှိနေသည်ကိုပင် မေ့ လျော့သွားခဲ့သည်။
ရှန်းနဉ်က စွန်ပလွန်သီးမုန့်၏ ထိရောက်မှုကိုလေ့ လာလိုက်ပြီး နှမြောတသသလို ပြောလိုက်၏။
"အဲလိုမှန်းသိရင် ပိုပြီးလုပ်ထားခဲ့ပါတယ်"
တောင်အတွင်းပိုင်းတွင်နေ့ခဲ့စဥ်က အားလုံးသည် ခြံဝန်းများမရှိသဖြင့် သူတို့သည် သူတို့၏မုန့်လုပ်နည်းအမယ်ကို ပေါ်ပေါက်သွားမည်ကို သတိထားရသည်။ သူတို့သည် ပြီးခဲ့သည့်ဆောင်းဦးတွင် အခြောက်လှန်းဖို့ရန် အိုးငယ်လေးတစ်လုံးကိုသာ တိတ်တိတ်လေး ချိတ်ဆွဲထားခဲ့ရပြီး အများကြီး မလုပ်ခဲ့ရချေ။
စန်းလော့က တခစ်ခစ် ရယ်မောလိုက်သည်။
"ဒါက လောက်မှာပါ၊ သမားတော်က ပြောတယ်လေ၊ သိပ်မကြာခင် ကောင်းသွားမှာတဲ့"
မနက်စာအတွက် သူမသည် ပဲပြားပန်းကန်လုံးငယ်တစ်လုံး၊ ဆန်မုန့်တစ်တုံးနှင့် စွန်ပလွန်သီးမုန့်တစ်ခုကို စားခဲ့သည်။ - မနေ့ကထက်စာလျှင် တော်တော်လေး တိုးတက်လာသည်။ ဒါကပင် ရှန်းလီကို အမှန်တကယ် ဝမ်းသာရစေလေသည်။ သူမသည် စန်းလော့ကို အားဖြည့်ပေးရန် ကြက်တစ်ကောင်ကို သတ်ချင်နေသော်ငြားလည်း မနေ့ညက ငါးညှီနံ့က သူမကို စိတ်အနှောက်အယှက်ဖြစ်ခဲ့ပုံကို သတိရသွားပြီး သူ့မှာ မြို့သိပ်ထားလိုက်ရတော့သည်။ သူသည် အခြေအနေ တိုးတက်လာသည်အထိ စောင့်ပြီးမှ ဒီအလုပ်ကို လုပ်တော့မည်ဟု ဆုံးဖြတ်လိုက်သည်။
ရှန်းအန်းက ပန်းကန်းများကို သွားဆေးလိုက်သည်။ စန်းလော့ကတော့ ချန်းမိသားစု၏ ပန်းကန်လုံးကို တောင်းလိုက်ပြီး သူမက ကျိုးကဲအတွက် စွန်ပလွန်သီးမုန့်၁၀တုံးကို ထုပ်ပိုးပေးလိုက်သည်။ သူမက ထွက်ခွာတော့မည် ပြင်လိုက်စဥ်တွင် ရှန်းလီက သူ့နောက်လိုက်ဖို့ အလိုလို ခြေကြွပြီးသားဖြစ်နေ သည်။
စန်းလော့က သူ့ကို လှမ်းကြည့်လိုက်ပြီး ရှန်းလီက ချက်ချင်းရပ်သွားသဖြင့် သူသည် အလွန်မှစိုးရိမ်နေသည်ကို သဘောပေါက်သွားတော့သည်။ သူက ကိုးယို့ကားယား အခြေအနေကို ပြေလျော့သွားဖို့ရန် လည်ချောင်းရှင်းလိုက်ပြီး ပြောလိုက်၏။
"သွားပါ၊ ဒါပေမဲ့ လယ်ကွင်းတွေကိုတော့ ရှောင်ပြီးတော့သွားနော်၊ ကျွန်တော် မင်း ဆွဲထားတဲ့ပုံတွေကို စစ်ဆေးပြီးရင် ကျွန်တော်တို့တွေ ဘယ်မှာ သစ်သီးပင်တွေကို ပြန်စိုက်မလဲဆိုတာကို ကြည့်ပြီးတော့ ရှောင်အန်းကို တွင်းတူးခိုင်းလိုက်မယ်"
စန်းလော့သည် အသီးပင်များကို စိုက်ပျိုးရန်နှင့် ကြက်များကို မွေးမြူဖို့ရန်အတွက် မြေဧကတစ်ချို့ကို ရွေးချယ်ထားခဲ့သည်။ ထိုနေရာက သိုးခြံနှင့် အတော်လေးဝေးလေသည်။ ကြက်ခြံဆောက်ခြင်းနှင့် ယုန်တဲများကို ဆောက်သည့်တာဝန်ကို ကျောက်သလန်နှင့် ကျောက်စစ်လန်တို့အား တာဝန်ပေးနိုင်သော်လည်း သူတို့သည် သစ်သီးအတွက် ပျိုးပင်များကိုတော့ မဝယ်နိုင်ချေ။ ရှန်းလီနှင့် ရှန်းအန်းတို့က တောင်ပေါ်ထဲတွင် ထိုအရာများကို ရှာဖွေရလိမ့်မည်။
စန်းလော့က ခပ်တိုးတိုး ရယ်မောလိုက်၏။ ရှန်းအန်းနှင့် ရှန်းနဥ်တို့က အနီးအနားတွင်မရှိသည်ကို တွေ့လိုက်ရသဖြင့် သူမက ရှန်းလီ၏လက်ကိုကိုင်လိုက်ကာ ပြောလိုက်လေသည်။
"အရမ်းစိတ်မပူပါနဲ့၊ ဒီတိုင်း လုပ်နေကြအတိုင်းပဲ လုပ်ပါ၊ ကျွန်မ ကိုယ့်ဟာကိုယ် စောင့်ရှောက်တတ်ပါတယ်"
မိဘအသစ်များဖြစ်သဖြင့် သူတို့နှစ်ယောက်စလုံးက အမှန်ပင် အလွန်သတိထားကြလေသည်။
သူမက စကားမဆုံးခင်မှာပင် အံ့သြသံအပြည့်ဖြင့် ရှန်းအန်း၏အသံက အပြင်မှရောက်လာသည်။
"အစ်ကိုဝမ်ချင်း ဦးလေးကန်း ပြန်လာကြပြီလား"
ထို့နောက်တွင် ရွှီဝမ်ချင်း၏ ဆရာ၊ ဆရာကတော်ဟု ခေါ်သံက နောက်မှလိုက်ပါလာသည်။
"ဆရာ ကျွန်တော်တို့ ဘာယူပြန်လာလဲ ကြည့်လိုက်ပါအုံး"
သူ့အသံထဲတွင် စိုးရိမ်သည့် အရိပ်အယောင်တစ်ခုဖြစ်နေပြီး ရှန်းအန်းက ပြောလိုက်လေသည်။
"အစ်ကိုဝမ်ချင်း ခဏလောက်စောင့်ပါအုံး၊ အသားကို အိမ်ထဲယူမလာနဲ့"
ရှန်းလီနှင့်စန်းလော့တို့က ရွှီဝမ်ချင်းနှင့် ကန်းအာ့လန်တို့ကို နှုတ်ဆက်ဖို့ရန် မီးဖိုချောင်ထဲမှ လှမ်းထွက်လာသည်။ ရွှီဝမ်ချင်းက သူ့ပုခုံးပေါ်တွင် သမင်မတစ်ကောင်ကို သယ်ထားသဖြင့် ရှန်းအန်းက သူ့ကို အလောတကြီး လှမ်းဆွဲထားလိုက်ရသည်။
ရှန်းအန်းက ကြမ်းပြင်ပေါ်တွင် သွေးစက်များ ပေသွားမည်ကိုစိုးသည်ဟု ရွှီဝမ်ချင်းက ထင်လိုက်သည်။ သမင်ကို တမြန်နေ့က အမဲလိုက်ခဲ့ခြင်းဖြစ်ပြီး သွေးများက မထွက်သော်ငြားလည်း သူက သမင်ကို အနီးအနားက စားပွဲဘေးတွင် ချထားလိုက်ပြီး ပူးပေါင်းပေးလိုက်သည်။
စန်းလော့က ခဏတုံ့ဆိုင်းသွားပြီး ထွက်မလာခဲ့ချေ။ ထိုအစား သူမက မီးဖိုချောင်ဝင်ပေါက်မှနေ၍ ရွှီဝမ်ချင်းနှင့် ကန်းအာ့လန်တို့ကို မေးလိုက်၏။
"ရှင်တို့တွေ ဒီမနက်က ပြန်ရောက်လာကြတာလား၊ မနက်စာ စားပြီးပြီလား"
ကန်းအာ့လန်က ခေါင်းငြိမ့်ပြီးပြန်ဖြေလိုက်သည်။
"ကျွန်တော်တို့တွေ အခုပဲရောက်တာပါ၊ ဆရာကတော်ရယ် ဒုက္ခမရှာပါနဲ့၊ ကျွန်တော်တို့တွေ ဒီကိုသမင်လာပို့ပြီးတော့ ဆရာနဲ့ဆရာကတော်တို့ကို နှစ်သစ်ကူး လာဆုတောင်းပေးတာပါ၊ ကျွန်တော်တို့တွေ ခဏနေ အိမ်ပြန်တော့မှာပါ"
ရွှီဝမ်ချင်းကလဲ သူတို့သည် အိမ်တွင် မနက်စာစားခဲ့ပြီးပြီဟု ပြောလေသည်။ ပြုံးနေလိုက်ပြီး သူက ရှန်းလီနှင့်စန်းလော့တို့ကို နှစ်သစ်ကူးဆုတောင်းပေး လိုက်ကာ ပြောလိုက်၏။
"ဒီသမင်က မနေ့မနက်ခင်းတုန်းက ကျွန်တော်တို့ အမဲလိုက်တဲ့အကောင်တွေထဲက တစ်ကောင်လေ၊ ကျွန်တော်တို့တွေက ဒါကို ဆရာကတော်နဲ့ ဆရာတို့အတွက် နှစ်သစ်ကူးလက်ဆောင်တစ်ခုလို့ သတ်မှတ်ပြီး ကျွန်တော်တို့အားလုံးရဲ့ ကျေးဇူးတင်စိတ်ကို ဖော်ပြချင်တာပါ"
ရှန်းလီက သူတို့နှစ်ယောက်ကို အထဲတွင်ဝင်ထိုင်ဖို့ ဖိတ်ခေါ်လိုက်ပြီး စန်းလော့ကတော့ သူမ ကိုင်ထားသည့် ပန်းကန်လုံးကို ဘီဒိုပေါ်တွင်ပြန်ထားလိုက်ကာ ရေတိုက်ဖို့ ပြင်ဆင်လိုက်လေသည်။ သို့သော်ငြားလည်း ရွှီဝမ်ချင်းနှင့် ကန်းအာ့လန်တို့ နှစ်ယောက်စလုံးက ငြင်းပယ်လိုက်၏။ ကန်းအာ့လန်က တဟားဟားရယ်ကာ ပြောလိုက်လေသည်။
"ဆရာကတော် အလျင်လိုစရာ မလိုပါဘူး၊ ရက်၂၀ လောက်တောင်ထဲမှာ နေလာတာဆိုတော့ ကျွန်တော်တို့တွေ အားလုံးလဲ နံစော်နေသလောက် ဖြစ်နေပြီလေ၊ ကျွန်တော်တို့ အထဲမဝင်တော့ပါဘူး၊ ကျွန်တော်တို့ အရင်ဆုံး အိမ်ကိုပဲ ပြန်ပါတော့မယ်"
ရှန်းလီက သူတို့ကို အပြင်ဘက်သို့ လိုက်ပို့ပေးလိုက်ပြီး ထိုအခါမှ ကျိုးစန်းလန်၊ ကန်းအာ့လန်၊ စန်းသလန်နှင့် ရွှီဝမ်ချင်းတို့သည် အခုမှ ပြန်ရောက်လာသည်ကို သိလိုက်ရလေသည်။ ချန်းသရှန်နှင့် ရှီသလန်တို့က မြို့တံခါးဝတွင် ရှိနေသေးပြီး တစ်ခြားသူများကိုယ်စား ဒေသခံအရာရှိများနှင့် အမည်စာရင်းသွင်းမည့်ကိစ္စကို တိုင်ပင်ဆွေးနွေးနေကြသည်။ ထို့ကြောင့် သူတို့က နောက်မှပြန်ရောက်ကြလေသည်။
ရှန်းလီက မျက်ခုံးတစ်ဖက်ပင့်လိုက်ပြီး "ဒီတော့ ထွက်လာကြတဲ့သူက တော်တော်များလား"
ရွှီဝမ်ချင်းက လက်ခါပြလိုက်၏။
"အယောက်၄၀လောက်ပါပဲ၊ ဒါပေမဲ့ သူတို့တွေအားလုံးက ချီယန်စီရင်စုကလေ၊ ဆရာလဲ သူတို့ထဲက တစ်ချို့ကို သိမယ်ထင်ပါတယ်"
ရှန်းလီက ရွှီဝမ်ချင်းနှင့် ကန်းအာ့လန်တို့ကို လှမ်းကြည့်လိုက်၏။ သူတို့သုံးယောက် ပြန်ရောက်လာသည်တွင် ဖန်းသလန်က ဖန်းလျိုညန်ဆီသို့ အလည်သွားခဲ့သည်ပဲ ဖြစ်ရမည်။ သဘောမှာ ကျိုးစန်းလန်က ပြန်မရောက်လာသေးသည့် သဘောပင်။ သူ့မျက် လုံးများက တဖြတ်ဖြတ် လင်းလက်သွား၏။
“မင်းတို့တွေ ကျိုးမိသားစုရဲ့ဆွေမျိုးတွေ ကို ရှာတွေ့ခဲ့တာလား”
ကန်းအာ့လန်က တဟားဟား ရယ်လိုက်၏။ "ဒါကို ဖုံးကွယ်လို့ မရဘူးဆိုတာ ကျွန်တော် သိပါတယ်"
ထို့နောက်တွင်တော့ သူက ရှန်းလီကိုပြောပြလိုက်၏။ "ဒီခရီးမှာ ကျွန်တော်တို့တွေ ချန်ကျန်း(ကျိုးချွမ်ကျန့်သားကြီး) ရဲ့အမေဘက်က အဘိုးအဘွားမိသားစုတွေနဲ့ မမျှော်လင့်ဘဲ တွေ့ခဲ့တယ်လေ၊ သူတို့တွေက အခု စာရင်းသွင်းဖို့အတွက် မြို့အပြင်ဘက်မှာ တန်းစီနေကြတယ်၊ ဒါပေမဲ့ သူတို့မိသားစုက သူ့အဘွား၊ အဒေါ်နဲ့ ပိုပြီးငယ်တဲ့ကလေးတစ်ချို့ပဲ ချန်ကျန်းနဲ့အတူတူ ကျွန်တော်တို့ရွာဆီ အရင်ဆုံးလာခဲ့ကြတာ၊ သူတို့အတွက် လမ်းမှာအချိန် ၁၂ရက်လောက် ယူလိုက်ရတယ်လေ၊ ဒီတော့ သူတို့တွေလဲ ခက်ခဲခဲ့မှာပဲ"
"ဒါက သတင်းကောင်းပဲ"
ချန်းသရှန်က ၂၅ရက်၂၆ရက်လောက် ခရီးသွားခဲ့သည်ကို သတိရသွားပြီး ရှန်းလီက ရွှီဝမ်ချင်းကို မေးလိုက်သည်။ "ဒီတစ်ခေါက်ကြတော့ ဘာဖြစ်လို့ အဲလောက်ကြာနေတာလဲ"
ကျိုးချန်ကျန်းရဲ့ အဘိုးအဘွားတွေက သူတို့ရဲ့မြေးအရင်းကို မယုံတာတော့ မဟုတ်လောက်ပါဘူးနော်။
ရွှီဝမ်ချင်းက ခဏလောက်တုံ့ ဆိုင်းသွားပြီးမှ ရှင်းပြလိုက်၏။
"ဒီတစ်ကြိမ် ကျွန်တော်တို့တွေက ရွာသားတွေကို သူတို့ရဲ့ဆွေမျိုးတွေကို ကူညီပြီး ရှာပေးမယ်လို့ ရည်ရွယ်ထားတယ်လေ။ ဒီတော့ ကျွန်တော်တို့တွေ ချီယန်စီရင်စုရဲ့ တောင်အတွင်းပိုင်းကို သီးသန့်သွားခဲ့ကြတယ်၊ ကျွန်တော်တို့ရဲ့ နဂိုကပုန်းခိုတဲ့နေရာကလွဲရင် ကျွန်တော်တို့တွေ တစ်ခြားဘက် ပိုပြီးဝေးတဲ့ဘက်ကိုလည်း သွားလိုက်သေးတယ်။ လူတွေရဲ့နေရာကိုတွေ့ရဖို့ ကျွန်တော်တို့ ၁၁ရက်လောက် အချိန်ပေးလိုက်ရတယ်၊ လင်းမိသားစုက ပိုပြီးသီးသန့်ဖြစ်တဲ့ တောင်အတွင်းပိုင်းမှာ ပုန်းနေကြတာလေ၊ ချန်ကျန်းရဲ့အဘိုးက ထွက်လာဖို့ အရင်ဆုံး သဘောတူလိုက်တာ၊ ဒါပေမဲ့ သူတို့မျိုးနွယ်က ကျန်တဲ့သူတွေကတော့ သဘောမတူဘူး ထင်ပါတယ်၊ ဒါကြောင့်မလို့ ၃ရက်လောက် ကျွန်တော်တို့ အချိန်ကြာသွားတယ် နောက်ဆုံးတော့ ချန်ကျန်းရဲ့ အဘိုးအဘွားမိသားစုနဲ့ သူ့ဦးလေးကြီးရဲ့ မိသားစုကပဲ ကျွန်တော်တို့နဲ့ အရင်ဆုံး ထွက်လာခဲ့တာ၊ မျိုးနွယ်စုက ကျန်တဲ့လူတွေကတော့ တောင်အတွင်းပိုင်းမှာပဲ နောက်ထပ် သတင်းအသစ်ကို စောင့်နေကြတုန်းပဲ"
ရွှီဝမ်ချင်း ထုတ်မပြောခဲ့သည့်အရာကတော့ တောင်အတွင်းပိုင်းက ကျန်နေသည့်မျိုးနွယ်စုဝင်များသည် သဘောတူရန် တုံ့ဆိုင်းနေကြပြီး သူတို့သည် သူတို့ကို အင်မတန်မှ သံသယဖြစ်နေသည့်အကြောင်းပင်။ ဒီခရီးတွင် ကျိုးချန်ကျန်းက သူတို့နှင့် အဖော်လိုက်မလာခဲ့လျှင်၊ အစိုးရက ထုတ်ပေးထားသည့် အသိပေးစာကို ယူမသွားခဲ့လျှင်၊ မျိုးနွယ်ထဲက တစ်စုံတစ်ယောက်က စာမဖတ်တတ်ခဲ့လျှင် အခြေအနေက ထိုမျှလောက်ချောမွေ့ခဲ့လိမ့်မည် မဟုတ်ချေ။
ကျိုးချန်ကျန်း၏ဦးလေး ထွက်မလာခင်တွင် မျိုးနွယ်စုထဲက လူငယ်နှင့်သန်မာသည့်လူများသည် သည်ကိစ္စကို အေးအေးချမ်းချမ်း ဖြေရှင်းဖို့ စိတ်ကူးမရှိကြချေ။ နောက်ဆုံးတွင် တောင်ပေါ်မြေ၁၈ဧကဆီမှ အလွယ်တကူရခဲ့သည့် အကျိုးအမြတ်သည် သည်နှစ်များအတွင်း ရွာသားများက အနီးအနားရှိ တောင်ပေါ်တွင် နေထိုင်ခဲ့ကြသည့် ရွာသားများအပေါ်ထားသည့် စေတနာကြောင့်သာ ဖြစ်လေသည်။ သိသာထင်ရှားသည့် အချက်တစ်ခုကတော့ စန်းလော့၏ ဂုဏ်သတင်းကြောင့်ပင်။ ထိုအရာများက ယုံကြည်မှု၏ အခြေခံအချက်များသာ ဖြစ်လေသည်။
သို့သော်ငြားလည်း လူတစ်ယောက်ချင်းစီက ငွေစ ၅ယွမ်၆ယွမ်နှင့် တောင်ပေါ်မြေဧကတဝက်ကို လက်ခံရရှိသည်ဟု စဥ်းစားလိုက်လျှင် သူတို့သည် ဒီလိုဒုက္ခတွေ့ရသည်က တန်သည်ဟု ခံစားရလေသည်။
ရွှီဝမ်ချင်းက အကျယ်ချဲ့ မပြောခဲ့ချေ။ သို့သော်ငြားလည်း ရှန်းလီသည် ထိုအကြောင်း၏ တစိတ်တပိုင်းကို ခန့်မှန်းနိုင်လေသည်။ သူက ပြုံးပြလိုက်ကာ ဘာမှမပြောတော့ဘဲ ရွှီဝမ်ချင်းကိုသာ မေးလိုက်၏။
"မင်း ဒေါ်ဒေါ်ချန်းကို ပြောခဲ့ပြီးပြီလား"
ရွှီဝမ်ချင်းက ခေါင်းငြိမ့်ပြသည်။
"ကျွန်တော် ပြောခဲ့ပြီးပါပြီ၊ ဒေါ်ဒေါ်ချန်းက မနက်စာ ပြင်ဆင်နေတာ တွေ့တယ်၊ အခုလောက်ဆိုရင် သူက ရေချိုးဖို့အတွက် ရေနွေးအိုးတည်နေလောက်ပြီ"
ထို့နောက်တွင်တော့ သူက ထပ်ပြောလိုက်၏။
"ဆက်မပြောတော့ပါဘူး ဆရာ၊ ကျွန်တော်တို့ကို လိုက်ပို့ပေးစရာမလိုပါဘူး၊ ဒီအသားတွေကို တတ်နိုင်သလောက် ကိုင်တွယ်လိုက်ပါ၊ စားတာဖြစ်ဖြစ် ရောင်းတာဖြစ်ဖြစ်ပေါ့၊ ရာသီဥတုက အေးနေသေးတော့ လတ်ဆတ်နေသေးတယ်၊ ဆရာတူအစ်ကိုကန်းနဲ့ ကျွန်တော်တို့ သွားလိုက်ပါအုံးမယ်"
ဒီကလေးသည် လောကကြီးအကြောင်း လည်ဝယ်လေသည်။ သူက သူ့ကို ဦးလေးကန်းလို့ မခေါ်ချေ။ ဆရာတူအစ်ကိုကန်းဟု ခေါ်ရသည်က အများကြီး နားထောင်လို့ကောင်းပေသည်။
ရှန်းလီက ဒါကို သဘောကျသွားပြီး သူတို့နှစ်ယောက်ကို လက်ဝေ့ယမ်းကာ နှုတ်ဆက်လိုက်၏။
"ကောင်းပြီလေ ငါ မင်းတို့ကို ဒီအထိပဲလိုက်ပို့ပေးတော့မယ်၊ နှစ်သစ်ကူးလက်ဆောင်အတွက် ကျေးဇူးတင်ပါတယ်"
အိမ်ပြန်ရောက်လာသည်တွင် ကျိုးမိသားစုတွင်ဖြစ်ခဲ့သည့် ကိစ္စများကို စန်းလော့အား ပြန်ပြောပြလိုက်၏။ ထိုအကြောင်းကို ကြားလိုက်ပြီးနောက်တွင် စန်းလော့က ပြောလိုက်လေသည်။
"ဒီတစ်ကြိမ် လင်းမိသားစုက ထွက်မလာဘူးဆိုတော့ သူတို့ရဲ့ဆုံးဖြတ်ချက်အတွက် နောင်တရချင်ရနိုင်လိမ့်မယ်၊ ရှီကျိုးမြို့အပြင်ဘက်မှာ မြေယာကောင်းတွေ ဘယ်လောက်ထိကျန်သေးလို့လဲ၊ မနေ့ညကပြန်လာတဲ့ အဲဒီ့လူတွေအားလုံးက နေစရာနေရာတွေ လိုအပ်လာလိမ့်မယ်လေ၊ တစ်ချို့ကတော့ သူတို့ရဲ့ဇာတိမြို့ကို ပြန်သွားချင်ပြန်သွားလိမ့်မယ်၊ ဒါပေမဲ့ အများစုကတော့ မြို့အနီးအနားမှာပဲ သေချာပေါက်နေချင်ကြမှာပဲ"
ရှန်းလီက ပြန်ဖြေလိုက်၏။ "သရှန်က နောက်မှာနေခဲ့တာက လင်းမိသားစုရဲ့အခြေအနေကို ကူညီပေးချင်လို့ပဲ ဖြစ်ရမယ်"
နောက်ဆုံး သူတို့သည် ကျိုးချွမ်ကျန့်၏ ခမည်းခမက်များ ဖြစ်လေသည်။ သူတို့၏အဖွဲ့က ချွေ့ချီချန်း၏လက်အောက်က စာရေးများကို ကောင်းကောင်းသိကြသည်။ သူတို့နှင့် စကားအနည်းငယ် ပြောလိုက်သည်တွင် လင်းမိသားစုကသာ အဆင်ပြေအောင် လုပ်နိုင်သည်အထိ ဉာဏ်ကောင်းခဲ့လျှင် သူတို့သည် ကောင်းမွန်သည့် နေရာတစ်ခုကို သေချာပေါက် ရနိုင်ပေလိမ့်မည်။
လင်းမိသားစု၏ ကျန်သည့်မိသားစုဝင်များအတွက်တော့ တောင်အတွင်းပိုင်းတွင် ပြေးလွှားသွားလာခဲ့သည့် သရှန်နှင့်တစ်ခြားလူများသည် ငွေနှင့်တောင်ပေါ်မြေများကို ရရှိနိုင်ပေမည်။ သို့သည် နောက်ထက်ခရီးတစ်ခု သေချာပေါက်သွားလိမ့်မည်။ သို့သော်ငြားလည်း သူတို့ထွက်လာချိန်တွင်တော့ ကောင်းမွန်သည့်မြေယာများ ရှိတော့မည်မဟုတ်ချေ။ ဒါကလဲ တစ်စုံတစ်ယောက်နှင့် မသက်ဆိုင်ပေ။ သူတို့၏ကံတရားအပေါ်သာ မူတည်သည်။ ရွေးချယ်မှုကို သူတို့ကိုယ်တိုင် ပြုလုပ်ခဲ့ခြင်းပင်။
ရှန်းလီက ထိုကိစ္စကို စိတ်ထဲထားမနေဘဲ စန်းလော့ဘက်သို့လှည့်ကာ မေးလိုက်၏။ "အပြင်က သမင်ကို ဘယ်လိုလုပ်ကြမလဲ"
သူ့စိတ်ထဲတွင်တော့ သူသည် စန်းလော့အတွက် ကောင်းမွန်သည့်အရာတိုင်းကို သိမ်းဆည်းထားချင်သည်။ သို့သော်ငြားလည်း သူမက ခေါင်းခါပြလိုက်၏။
"ကျွန်မအတွက် စဥ်းစားပေးစရာ မလိုပါဘူး၊ အခုလောလောဆယ် ကျွန်မလဲ အသား စားချင်စိတ် မဖြစ်နေဘူး၊ ပေါင်သားကို ဖြတ်ပြီးတော့ ပြည်နယ်အုပ်ချုပ်ရေးမှူးအိမ်တော်ကို ပို့လိုက်ပါ၊ ဒီတစ်ခါ ဒါက တောဝက်သား မဟုတ်ဘူးလေ၊ ဒါက ကွက်တိပဲ၊ ကျန်တာကိုတော့ ရောင်းလိုက်ပေါ့၊ ကျွန်မတို့တွေ ဒီတစ်နှစ် ကုန်ကျစရိတ်တွေ များလိမ့်မယ်"
စန်းလော့က ဒီနှစ်တွင် ချန်းမိသားစုနှင့် ဆိုင်တစ်ဆိုင်ဖွင့်ရန် စီစဥ်ထားသည်ကို ရှန်းလီက သတိရလိုက်ပြီး သူတို့သည် အိမ်တွင် ခြံဝန်းတစ်ခုကို ဆောက်ဖို့လိုအပ်သည်။ ဟုတ်ပါသည်။ စန်းလော့က ကိုယ်ဝန်ရှိနေသဖြင့် အိမ်ဆောက်ခြင်းလုပ်ငန်းကို မြန်မြန်ပြီး မြောက်အောင်လုပ်သင့်သည်။ အမှန်ပင် ငွေကို နေရာတိုင်း၌ လိုအပ်နေသည်။
"ကောင်းပြီလေ ကျွန်တော် အခုပဲသွားလိုက်ပါ့မယ်"
ရှန်းလီက ရှန်းအန်းကို လှမ်းခေါ်လိုက်ပြီး ဓားတစ်ချောင်းနှင့် အသားကိုချည်ဖို့ရန်အတွက် မြက်ကြိုးတစ်ချောင်းကိုယူကာ သမင်ကို သယ်လိုက်လေသည်။ တစ်ဖက်တွင်တော့ စန်းလော့က စွန်ပလွန်သီးမုန့်ကို ယူလိုက်ပြီး ချန်းမိသားစု၏အိမ်ဘက်ဆီသို့ ဦးတည်သွားလိုက်သည်။ ရှန်းနဥ်က အဖော်လိုက်ပေးသွား၏။ ကလေးမလေးက သူမ၏အစ်ကိုကြီးနှင့် မခြားချေ။ သူတို့သည် လမ်းလျှောက်လာရင်း သူမ၏ယောက်မကို တွဲထားပေးချင်လေသည်။
ကံအားလျော်စွာ သူမသည် သူမ၏ အကန့်အသတ်ကိုသိပြီး လူများကို သတိမပေးဖို့ အဘွားချန်း၏ အမှာစကားကိုလဲ သတိရလိုက်သည်။ စိတ်ထဲတွင် စိုးရမ်နေမိသော်လည်း သူမက အိန္ဒြေကို ထိန်းထားလိုက်ကာ အကူအညီမပေးတော့ဘဲ စန်းလော့နှင့် ဘေးချင်းယဥ်ပြီး လျှောက်လာခဲ့သည်။ ထို့အစား သူမက စန်းလော့ထံမှ စွန်ပလွန်သီးမုန့်ကိုယူကာ ကိုယ်တိုင်သယ်လာခဲ့သည်။
စန်းလော့သည် သဘောကျမိသော်ငြားလည်း အားလုံးက အခြေအနေကို အသားကျသွားရန် ရက်အနည်းငယ်သာ ကြာလိမ့်မည်ဟု ခန့်မှန်းထားလိုက်သည်။
သူမ၏ကိုယ်ထဲတွင် ကလေးတစ်ယောက်က ကြီးပြင်းနေသည်ဟူသည့်အသိသည် သူမကို ကျေနပ်နှစ်သိမ့်မှု ခံစားရလေသည်။ သူတို့သည် လမ်းလျှောက်လာရင်း ကလေးလေးက ယောက်ကျားလေးဖြစ်မည်လား၊ မိန်းကလေးဖြစ်မည်လား၊ မည်သူနှင့်ပိုပြီးတူပါမည်နည်း၊ ရှန်းလီနှင့်လား၊ သူမကိုယ်တိုင်နှင့်လားဟု တွေးတောလာကြတော့သည်။
စိတ်ကူးမှန်းဆကြည့်ပြီးနောက်တွင် မည်သို့ပင်ဖြစ်စေ ဒါက ပျော်ရွှင်စရာကောင်းလိမ့်မည်ဟု သူမက သုံးသပ်လိုက်သည်။
သူမ၏အရင်ဘဝတွင် သူမသည် မိဘမဲ့ဂေဟာတွင် ကြီးပြင်းလာခဲ့ပြီး သူမ၏မိဘနှစ်ပါးကို လုံးဝမသိခဲ့ချေ။ အခုတော့ ၈လ၉လအတွင်း သူမ၏သွေးသားနှင့် ချိတ်ဆက်ထားသည့် ကလေးတစ်ယောက်ကို မွေးဖွားလာလိမ့်မည်။ ဒီအသိက စန်းလော့ကို အင်မတန်မှ ပျော်ရွှင်သွားစေသည့် မျှော်လင့်ချက်များဖြင့် ပြည့်နှက်သွားစေတော့သည်။
...
အပိုင်း (၂၃၂) မောင်းတီးသံ ထပ်ထွက်လာခြင်း
ကျိုးမိသားစုသည် လှုပ်ရှားမှုများဖြင့် စည်ကားနေလေသည်။ ရှန်းမိသားစုကဲ့သို့ပင် ကျိုးမိသားစုသည် ရွှံဖြင့်ဆောက်လုပ်ထားသည့် အိမ်တစ်ချို့တွင်နေရသော်လည်း မိသားစုဝင်ပိုများသဖြင့် သူတို့၏ နေထိုင်ရာနေရာလေးက အနည်းငယ် ပြည့်ကြပ်နေသည်။
စန်းလော့သည် ချန်းအိမ်သို့ရောက်လာချိန်တွင် အဘွားချန်းက ကျိုးမိသားစုမှ အလည်ပြန်လာစ ရှိသေးသည်။ စန်းလော့နှင့် ရှန်းနဥ်တို့ကို အဝေးကမြင်လိုက်ရသဖြင့် သူမက ခြေလှမ်းများကို မြန်မြန်လျှောက်လိုက်၏။
"အားလော့ ရောက်လာပြီလား၊ ဒီနေ့ရောနေရတာ ပိုကောင်းလာလား"
စန်းလော့က ပြန်ဖြေလိုက်သည်။ "ဟုတ်ကဲ့ နေကောင်းပါတယ်၊ အားကဲရော မနက်စာစာပြီးပြီလား"
အဘွားချန်းက တဟင်းဟင်း ရယ်လေသည်။ "အင်း သူ စားပြီးပါပြီ၊ မနေ့ညတုန်းကတော့ စားချင်စိတ် အများကြီးမရှိဘူးလေ ဒါပေမဲ့ သရှန် ပြန်လာပြီဆိုတာကို ကြားလိုက်ရတော့ သူလဲ ဝမ်းသာသွားလို့ထင်ပါတယ်၊ နည်းနည်းလေး စားနိုင်သွားတယ်၊ ဒါပေမဲ့ သူ့အတွက်လဲ မလွယ်ပါဘူး"
အပြုံးတစ်ခုဖြင့် ရှန်းနဥ်သည် သူမ၏လက်ထဲက စွန်ပလွန်သီးမုန့်တစ်ပန်းကန်ကို လှမ်းပေးလိုက်၏။ "အဘွားချန်း ယောင်းမက မုန့်ရေကြည်တစ်ချို့ လုပ်ထားတယ်လေ၊ အစ်မအားကဲကို နည်းနည်းလောက် စမ်းကျွေးကြည့်လိုက်ပါလား"
ကလေးမလေးက ပါးနပ်လွန်းလေသည်။ သူမသည် အိမ်တွင်တော့ စွန်ပလွန်မုန့်ဟုခေါ်ပြီး အပြင်ဘက်ရောက်လာလျှင်တော့ သစ်သီးမုန်ရေကြည်ဟု ခေါ်တတ်ကာ အချိန်ကာလကို သိသိသာသာ ဖုံးကွယ်ထားလေသည်။
"အိမ်မှာရော ကျန်သေးရဲ့လား"
အဘွားချန်းသည် သစ်သီးမုန့်ရေကြည်အကြောင်းကို သိလေသည်။ စန်းလော့သည် သူမပထမဦးဆုံး လုပ်ခဲ့သည့်အချိန်က သူမတို့ကို မျှဝေပေးခဲ့သေးသည်။ ချိုချဥ်အရသာလေးက ကိုယ်ဝန်သည် အမျိုးသမီးများနှင့် ကွက်တိပင်။ သူမက ဝမ်းသာအားရ ပန်းကန်လုံးကို လှမ်းယူလိုက်၏။ "ဝမ်းသာလိုက်တာ၊ ဝမ်းသာလိုက်တာ၊ လာ အားလော့ အထဲမှာဝင်ထိုင်အုံး"
ထိုနောက်တွင်တော့ ရှောင်ယာက ကျိုးမိသားစုအိမ်တွင်ရှိကာ သူမက လိုက်သွားချင်လျှင် တစ်ချက်လောက်လိုက်သွားကြည့်ဖို့ ရှန်းနဥ်ကို ပြောပြလိုက်သည်။
ယောင်းမဖြစ်သူက ချန်းမိသားစုအိမ်တွင် ရှိနေသဖြင့် ရှန်းနဥ်သည် စိတ်ချလေသည်။ သူမက မြန်မြန်သွားပြီး မြန်မြန်ပြန်လာခဲ့မည်ဟု စန်းလော့ကို ပြောလိုက်၏။ စန်းလော့က လက်ခါပြလိုက်သည်။ "အလောတကြီး ပြန်လာစရာမလိုပါဘူး၊ နင် ကစားချင်တယ်ဆိုရင်လဲ သွားပါ၊ ရှောင်ယာ၊ ချောင်အာ၊ ဝမ်ယင်းတို့နဲ့ စုတ်တံ လုပ်နေတာ မဟုတ်လား၊ အဲဒီ့ကိစ္စကိုပဲ အာရုံစိုက်ထားလိုက်ပါ၊ ငါ နည်းနည်းကြာမှပြန်မှာပါ"
ရှန်းနဥ်သည် စုတ်တံများကို အမှန်ပင်လုပ်နေလေသည်။ ... မိန်းကလေးလေးယောက်သည် ဒီစီမံကိန်းတစ်ခုကို ပူးပေါင်းလုပ်ဆောင်နေကြသည်။ သူတို့သည် သူတို့ဖန်တီးထားသည့်ပစ္စည်းများကို ပြည်နယ်ကျောင်းအနီးအနားက စာရေးကိရိယာဆိုင်သို့ ယူသွားပြီး ထိုပစ္စည်းများကို ထိုနေရာတွင် ရောင်းလို့ရမရ စီစဥ်ကြည့်နေသည်။
သူမသည် ဒီစိတ်ကူးကို သူမ၏ယောင်းမနှင့် ဝမ်ယင်း၏အဖေနှင့်လဲ တိုင်ပင်ခဲ့သည်။ နှစ်ယောက်စလုံးက သူတို့ကို စမ်းကြည့်ကြဖို့ အားပေးလေသည်။ ရွှီမိသားစုအိမ်သည် အခန်းများစွာရှိပြီး ကျယ်ဝန်းလေသည်။ ထို့ကြောင့် မိန်းကလေးများက လတ်တလောတွင် အားလပ်သည့်အချိန်ရောက်တိုင်း ထိုနေရာတွင် စုဝေးကြသည်။
သူမသည် မနက်ခင်းက ယုန်၊ ကြက်နှင့် ဆိတ်များကို အစာကျွေးခဲ့ပြီးပြီကို စဥ်းစားမိသဖြင့် ရှန်းနဥ်က ပြောလိုက်၏။ "ဒါဆိုရင် ယောင်းမ ကိုယ့်ဟာကိုယ်ဂရုစိုက်နော်၊ တကယ်လို့ ဗိုက်ဆာတယ်ဆိုရင် ဆန်မုန့်နည်းနည်းလောက် စားထားလိုက်၊ ညီမလေး ပြန်လာတဲ့အခါ နေ့လည်စာဘာစားချင်လဲ ညီမလေးကို ပြောလို့ရတယ်"
ထုံးစံအရတော့ လယ်သမားများသည် တစ်နေ့လျှင်နှစ်နပ်သာ စားလေသည်။ သို့သော်ငြားလည်း သူမ၏ယောင်းမက ကိုယ်ဝန်ရှိနေသဖြင့် ရှန်းနဥ်သည် သူမအတွက် တစ်နေ့ကို သုံးနပ်လုပ်ပေးဖို့ လိုအပ်သည်ဟု ယုံကြည်ထားသည်။
စန်းလော့က တခစ်ခစ် ရယ်မောလိုက်၏။ "ဒါဆိုရင် ဆက်လုပ်ပါ"
ရှန်းနဥ်ထွက်သွားပြီးနောက်တွင် အဘွားချန်းက ပြုံးလိုက်လေသည်။ "အားနဥ်က နင်နဲ့ အရမ်းရင်းနှီးတာပဲ"
သူမက စန်းလော့ကို ဝင်ပေါက်ဆီသို့ ခေါ်သွားပြီး ဆက်ပြောလိုက်၏။ "သရှန်က တောင်ပေါ်မှာ ဒီခရီးအတွင်းမှာ အဒေါ်ကျိုးရဲ့ ဆွေမျိုးတွေကို တွေ့ခဲ့တယ်လေ၊ ဒီအကြောင်းကို ကြားပြီးပြီလား"
စန်းလော့က ခေါင်းငြိမ့်ပြသည်။ "ဝမ်ချင်းက ကျွန်မတို့အိမ်ကို ခုနတုန်းက လာသွားတယ်လေ၊ ဟုတ်တယ်၊ အဒေါ်ကျိုးရဲ့အမေ၊ အစ်မတွေနဲ့ တူ၊ တူမတွေ ပါတယ်လို့ ကျွန်မ ကြားတယ်"
အဘွားချန်းက ဝမ်းသာအားရ ခေါင်းငြိမ့်ပြသည်။ "နင့်အဒေါ်ကျိုးက အရမ်းကိုဝမ်းသာသွားပြီး ငိုလိုက် ရယ်လိုက်ဖြစ်နေတယ်၊ ဒါပေမဲ့ သူရဲ့အမေနဲ့အစ်မတွေကတော့ ငါတို့ရဲ့ရွာကိုမြင်ပြီး အားကျနေကြတယ်၊ သရှန်က ရှီကျိုးမှာ ငါတို့ရဲ့အိမ်ထောင်စု စာရင်းသွင်းထားတဲ့အကြောင်း ဒီကိုလာတဲ့လမ်းမှာ ပြောပြခဲ့တယ်၊ ဒါကပဲ သူတို့တွေကို ချီယန်စီရင်စုကို ပြန်မသွားဖို့ စဥ်းစားမိသွားကြတာ၊ ဒါပေမဲ့ သူတို့တွေက ဒီအနီးအနားမှာ မြေတွေကို ဘယ်လိုလုပ်ပြီး ရှာနိုင်တော့မှာလဲ၊ တကယ်လို့ တစ်ရက် နှစ်ရက်လောက်စောပြီး ပြန်လာခဲ့တယ်ဆိုရင်တောင် အရမ်းကိုနောက်ကျသွားပြီ"
အဘွားကြီးသည် သူမ၏မြေးဖြစ်သူက လင်းမိသားစုကို သွားရောက်ခေါ်ဆောင်ရာတွင် အခက်အခဲတွေ့ ကြုံခဲ့ရသည်ကို မသိခဲ့ချေ။ နွေးထွေးမှုနှင့် စိတ်အားထက်သန်မှုအပြည့်ဖြင့် သူမက ပြောနေသည်။ "သရှန်က လူကြီးမင်းရှင်းကို ကြားဝင်ကူညီပေးတယ်လို့ ကြားတယ်။ နည်းနည်းလေး ဝေးတဲ့နေရာတစ်ခုဆိုရင်တောင် အဆင်ပြေတယ်လေ၊ ချီယန်စီရင်စုကို ပြန်သွားတာထက်တော့ ပိုကောင်းတာပေါ့၊ အခုဆိုရင် အဲဒီ့မှာကျန်ခဲ့တဲ့လူတွေက ရှိတော့မှာတောင် မဟုတ်ဘူး"
သူတို့သည် အိမ်တံခါးဝနှင့် နီးကပ်လာသည်တွင် အဘွားကြီးက စန်းလော့ကို ကုလားထိုင်တစ်လုံး သွားယူပေးလိုက်၏။ သို့သော်ငြားလည်း သူမက လက်ခါပြလိုက်သည်။ "မလိုတော့ပါဘူး၊ ကျွန်မ အားကဲကို သွားကြည့်လိုက်ပါ့မယ်၊ ပြီးရင် ပြန်မှာပါ"
"ကောင်းပြီလေ၊ ဒါဆိုရင်လဲ ငါတို့အတူတူသွားကြမယ်"
ကျိုးကဲ၏အခန်းထဲတွင် သူမသည် မနက်စာကို ခက်ခက်ခဲခဲစားခဲ့ရပုံပေါ်သည်။ သူမသည် ဝတ်စုံအပြည့်ဖြင့် လဲလျောင်းနေလေသည်။ စန်းလော့၏ အသံကို ကြားလိုက်သည်တွင် သူမက အိပ်ယာမှထလာခဲ့၏။ အဘွားချန်းက ပန်းကန်လုံးတစ်လုံးကို သယ်လာသည်။ "လာ လာ အားလော့က သစ်သီးမုန့်ရေကြည်တစ်ချို့ကို လုပ်ပေးလာတယ်၊ ဒါက အချဥ်အရသာလေး၊ ဒါလေးက အကူအညီဖြစ်မလားလို့ စမ်းစားကြည့်လိုက်ပါအုံး၊ ငါ့အမြင်မှာတော့ အားလော့က ဒီနေ့မနက် အများကြီးသက်သာလာတဲ့ပုံပဲ"
ကျိုးကဲသည် မုန့်ရေကြည်သစ်သီးမုန့်ကို မသိချေ။ သူမသည် အခုတော့ စားသောက်ရမည်ကို ကြောက်ရွံနေလေသည်။ သို့သော်ငြားလည်း ဒါက အချဥ်ဓာတ်ရှိသည်ဟု ကြားလိုက်ရပြီး စန်းလော့က ခေါင်းငြိမ့်ပြသည်ကို မြင်လိုက်ရသဖြင့် သူမက အကိုက်သေးသေးလေးတစ်ကိုက်ကို ကိုက်လိုက်သည်။ အံ့သြစရာကောင်းလောက်အောင်ပင် ဒါက ဆိုးရွားမနေချေ။
စားသောက်ပြီးသည့်နောက် သူမက မအန်တော့သည်ကို မြင်လိုက်ရသဖြင့် အဘွားချန်းက ပြောလိုက်သည်။ "အလုပ်ဖြစ်သားပဲ၊ နင်ရဲ့အစာအိမ်အ ဆင်ပြေသွားအောင် နည်းနည်းလောက် ထပ်စားလိုက်အုံး၊ ဒီတော့မှ အရမ်းကြီး ဖြူဖျော့နေတဲ့ရုပ်မဖြစ်မှာ၊ သရှန်ပြန်လာတဲ့အချိန်ကြရင် သူ စိုးရိမ်နေလိမ့်မယ်"
ကျိုးကဲသည် ထိုမှတ်ချက်တွင် ရှက်သွေးဖြာသွားသော်ငြားလည်း ပြန်ဖြေဖို့ရန် အခွင့်အရေးမရသေးခင်မှာပင် အပြင်ဘက်၌ မောင်းသံတစ်ခုကိုကြား လိုက်ရလေသည်။
ဒီအသံက... သုံးယောက်သားသည် အကြည့်ချင်း ဖလှယ်လိုက်ကြ၏။
သူတို့သည် နှစ်ပေါင်းများစွာ မောင်းသံကို မကြားခဲ့ရချေ။ တောင်အတွင်းပိုင်းသို့ ထွက်မသွားခင် နှစ်များအတွင်းတွင် မောင်းသံထွက်လာသည့်အချိန်တိုင်း ကောင်းမွန်သည့်နိမိတ် မဟုတ်ခဲ့ချေ။ ကျိုးကဲပင် အမှတ်တမဲ့ စိုးရိမ်စိတ်ဖြစ်သွားတော့သည်။
အဘွားချန်းက သူတို့ကို လက်ခါပြလိုက်၏။ "ဘာတွေဖြစ်နေလဲတော့ သေချာမသိပါဘူး၊ ဒီမှာပဲနေကြ၊ ငါ အရင်ဆုံး သွားကြည့်လိုက်မယ်"
မောင်းသံက ထွက်လာပြီး ပဲ့တင်သံက ကျန်ရစ်နေကာ တစ်စုံတစ်ယောက်က စကားပြောနေသည်ကို ဝိုးတဝါးမသဲမကွဲ ကြားနေရသည်။ ဒုတိယမောင်းသံ တီးလိုက်သည်တွင် အသံက ပိုပြီးနီးကပ်လာပြီး ရွာထဲက လူအားလုံးကို စုဝေးဖို့ခေါ်နေလေသည်။
တောင်ပေါ်တွင် အလုပ်လုပ်နေကြသူများက တစ်ယောက်ပြီးတစ်ယောက် အောက်သို့ဆင်းလာကြသည်။ အဘိုးချန်း၊ ချန်းယိုထျန်းနှင့် ချင်းဖန်းညန်တို့အားလုံးကလဲ ဆင်းလာကြပြီး သူတို့၏ပေါက်ပြားများက လက်ထဲတွင်ရှိနေသေးကာ မောင်းတီးနေသည့်လူဆီသို့ တန်းတန်းမတ်မတ် သွားလိုက်ကြလေသည်။
စန်းလော့နှင့်ကျိုးကဲတို့ကလဲ အခန်းထဲကထွက်လာသည်တွင် အပြင်ဘက်၌ စုဝေးနေကြသည့် လူအုပ်ကြီးတစ်ခုကို တွေ့လိုက်ရလေသည်။ အကွာအဝေးတစ်ခုတွင် သူတို့သည် ဦးလေးရွှီ၊ ဆိုင်တာဝန်ခံရွှီ၊ ကျိုးမိသားစုဝင်များ၊ လုမိသားစုနှင့် ရွှီမိသားစုတို့ အားလုံးသည် သူတို့၏တောင်အသီးသီးမှ ပေါ်ထွက်လာသည်ကို မြင်လိုက်ရသည်။
စန်းလော့သည် ရှေ့တစ်နေ့က ရှည်လျားသည့် ယာဥ်တန်းကြီးကို ပြန်စဥ်းစားမိလိုက်ပြီး ဒါက ဆိုးရွားသည့်အရာတစ်ခု မဟုတ်ကြောင်း မသိစိတ်က ခံစားမိနေသည်။ သူမက အကြံပြုလိုက်၏။ "လာခဲ့၊ နည်းနည်းလောက် ရှေ့ကိုသွားပြီးတော့ နားထောင်ကြည့်ရအောင်"
...
ရွာသူကြီးကို ရွေးချယ်ရမည်တဲ့။
စန်းလော့သည် သည်ကိစ္စဖြစ်လိမ့်မည်ဟု လုံးဝထင်မထားခဲ့ချေ။ အမှန်ပင် လက်ရှိတွင် ဘယ်မြို့ရွာခရိုင်တွင်မှ ရွာအကြီးအကဲ၊ ဒေသခံခေါင်းဆောင်များကို မခန့်အပ်ရသေးချေ။ မနေ့ကမတိုင်ခင်အထိ ရှိကျိူးမြို့အပြင်ဘက်တွင် လူများက လူဦးရေက မသိပ်သည်းသေးချေ။ မြို့အပြင်မှ ပြောင်းရွှေ့လာသည့် လူတစ်ချို့၊ တောင်ထဲမှထွက်ပေါ်လာသည့် တစ်ခြားသူများနှင့် ထို့နောက်တွင် ပြည်နယ်အုပ်ချုပ်ရေးမှူးကတော်က မနေ့က ခေါ်ပြန်လာသည့်လူတစ်စု။ မြို့အပြင်ဘက်တွင် နေထိုင်သူ အရေအတွက်က တစ်ထောင်ကျော်အထိ ဖြစ်လာလေသည်။
ကြေငြာချက်ထုတ်ပြန်သူ၏အသံသည် ကြည်ကြည် လင်လင်ထွက်လာပြီး သတင်းစကားတစ်ခုကို အကြိမ်ကြိမ် ထပ်ပြောလေသည်။ "ကျွန်တော်တို့ရဲ့ အရာရှိချွေ့က ကိုယ်တိုင်စုပေါင်းပြီး ရွေးချယ်ထားတဲ့ ရွာတစ်ခုချင်းစီက ရွာသူကြီးတွေ ရွေးပေးဖို့ ဆန္ဒရှိနေပါတယ်၊ သတ်မှတ်ထားတဲ့သူက စာဖတ်တတ်ရမယ်၊ အငြင်းပွားတဲ့ကိစ္စတွေကို ဖြန်ဖြေနိုင်ရမယ်၊ အပြန်အလှန်လေးစားမှုနဲ့ ကွပ်ကဲအုပ်ချုပ်တတ်ရမယ်၊ ဒါပေါ့၊ ဒီလိုလူမျိုး မရနိုင်ဘူးဆိုရင် သာမန်လူတစ်ယောက်ကိုလဲ ရွေးချယ်လို့ရပါတယ်၊ ဒီနေ့ကစပြီးတော့ မနက်ဖြန် မှောင်ရီပျိုးတဲ့အချိန်အထိ ကိုယ်တိုင်ရွေးချယ်ထားတဲ့ သူကြီးကို ဒေသခံရုံးမှာ လာပြီးတော့ စာရင်းပေးရပါမယ်"
“ဒုတိယအချက်က ကျွန်တော်တို့ရဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးနဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးကတော်က ဖရိုဖရဲနှစ်တွေ ပြီးသွားတဲ့အချိန်မှာ လူတွေရဲ့အခက်အခဲကို ထည့်သွင်းစဥ်းစားပေးတဲ့အတွက် ရောက်လာတော့မဲ့နွေဦး ထယ်ထိုးဖို့အတွက် ကျွဲနွားတိရိစ္ဆာန်တွေ လိုအပ်ချက်၊ စပါးမျိုးစေ့နဲ့ လယ်မြေတွေလိုအပ်ချက်ကို ခွဲဝေသတ်မှတ်ပေးထားတယ်၊ အုပ်ချုပ်ရေးမှူးကတော်က ကြီးမားတဲ့ အတိုင်းအတာတစ်ခု ဆောင်ရွက်ပေးထားတယ်၊ ထိုက်ယွမ်နဲ့ချန်းပြည်နယ်က မွေးမြူရေးတိရိစ္ဆာန်နဲ့ ကျွဲနွားတွေကို ယူဆောင်လာပေးပြီး မျိုးစေ့တွေကိုလဲ ယူလာပေးတယ်၊ ရွာသူကြီးကို ရွေးချယ်ပြီးသွားရင် ခင်များတို့တစ်ယောက်ချင်းစီက သူတို့ရဲ့ခေါင်းဆောင်မှုနောက်ကို လိုက်ပြီး ဒီအရေးကြီးတဲ့ အရင်းအမြစ်တွေကိုရဖို့ ပြည်နယ်ရုံးတော်မှာ မိသားစုစာရင်း သွင်းထားတာကို လာပြီးတော့တင်ပြရမယ်”
ကိစ္စနှစ်ခုစလုံးသည် အသေးအဖွဲကိစ္စမျိုး မဟုတ်ကြချေ။ အထူးသဖြင့် ကျွဲနွားတိရိစ္ဆာန်များကို ဝယ်ယူရမည့်ကိစ္စ ပါနေသည်။ အားလုံးသည် မနေနိုင်တော့ဘဲ တနေ့က သူတို့မြင်ခဲ့ရသည့် နွားများကို စဥ်းစားမိလေသည်။
"ကျွန်တော်တို့တွေ နွားတွေကိုရော ဝယ်လို့ရမှာလား လူကြီးမင်း” ဆိုင်တာဝန်ခံရွှီက မေးလိုက်၏"
သူ့မိသားစုသည် လုပ်အားအင်အား အလိုအပ်ဆုံးဖြစ်လေသည်။ သူတို့၏ ထွန်ယက်စိုက်ပျိုးသည့် အတွေ့အကြုံနှင့် ရှီကျိုးသို့ ပြန်ရောက်လာပြီးနောက်တွင် မိသားစုသည် ဦးလေးရွှီကို ကိုယ်ပိုင်အိမ်ထောင်စုခွဲထွက်ပေးဖို့ ဆုံးဖြတ်လိုက်ကြပြီး သူ့ကို လွတ်လပ်သည့် ပြည်သူတစ်ယောက်အနေဖြင့် စာရင်းသွင်းခွင့် ပေးလိုက်သည်။ ဦးလေးရွှီသည် မိသားစုခွဲရန် မလိုလားသော်ငြားလည်း သူသည် မိသားစုနှင့် တရင်းတနှီးရှိနေဆဲဖြစ်ကာ ကြီးမားသည့် သံယောဇဥ်တစ်ခုဖြင့် သခင်မကြီး၊ သခင်ကြီး၊ သခင်မဟု ခေါ်နေသေးလေသည်။ မြေယာများကို ထွန်ယက်ပြင်ဆင်ရသည့်ရာသီတွင် သူသည် အဓိကမိသားစု၏ ပိုင်ဆိုင်သည့် မြေယာများကို ဦးစားပေး ဆောင်ရွက်ပေးခဲ့သည်။
သို့သော်ငြားလည်း မြေယာများကို ထွန်ယက်ဖို့က အများကြီးရှိနေသည်။ ...စိုက်ပျိုးမြေဧက၉၀ကျော်နှင့် တောင်စောင်းမြေဧက၆၀ ကျော်ရှိနေသည်။ ရစရာမြေများလဲ ရှိနေသေးသည်။ သူတို့သည် ထိုအရာအားလုံးကို မည်သို့ ကိုင်တွယ်နိုင်ပါမည်နည်း။ ကလေးများက ကျောင်းစဖွင့်သည်နှင့် သူတို့သည် အိမ်တွင် အကြာကြီးနေနိုင်လိမ့်မည် မဟုတ်ချေ။ နောက်ပိုင်းတွင် ဆိုင်တာဝန်ခံရွှီသည် အိမ်နီးချင်းရွာများမှ ကူညီပေးမည့်သူများကို တစ်ယောက်၊ နှစ်ယောက်ငှားရမ်းဖို့ စဥ်းစားထားလေသည်။
နွားတစ်ကောင်လောက်ရှိနေလျှင် သူတို့ကိုယ်တိုင်အတွက်သော်လည်းကောင်း ငှားရမ်းကူညီဖို့အတွက်သော်လည်းကောင်း ဘဝကြီးက သိသိသာသာ ပိုလွယ်ကူလာလိမ့်မည်။
ဒီမေးခွန်းကို ကြားလိုက်သည်တွင် အရာရှိက ပြန်ဖြေလိုက်၏။ "ဒါပေါ့ ဒါပေမဲ့ အဲဒီ့နွားတွေကို ကျွန်တော်တို့ရဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးနဲ့သူ့ဇနီးက ပိုင်တာလေ၊ အများကြီး မရှိဘူးဗျ၊ ပြည်နယ်အုပ်ချုပ်ရေးမှူးက ရှိကျိူးတစ်ခုလုံးကို စောင့်ရှောက်ပေးရမှာဆိုတော့ စီရင်စုတစ်ခုချင်းစီက ဝေစုတစ်ခုပဲ ရတယ်လေ၊ ဒါကြောင့်မလို့ သူတို့တွေကို ဝယ်ယူနိုင်တယ်ဆိုရင်လဲ အကန့်အသတ်နဲ့ ရှိနေလိမ့်မယ်၊ ရွာတစ်ရွာက တစ်ကောင်လောက်ပဲ ရနိုင်လိမ့်မယ်၊ အိမ်ထောင်စု၁၀စုကျော်တဲ့ ပိုကြီးတဲ့ရွာကတော့ နှစ်ကောင်လောက် ဝယ်နိုင်လိမ့်မယ်၊ ဒါက မွေးမြူရေးတိရိစ္ဆာန်တွေအတွက်လဲ တူတူပဲ၊ ဝယ်ယူရေးကို အိမ်ထောင်စုတစ်စုစီနဲ့ ကန့်သတ်ထားတယ်၊ အထူးသဖြင့် မိသားစုတစ်စုကို သတ်မှတ်ထားတဲ့ ပမာဏတစ်ခုနဲ့ပေါ့"
အားလုံးက နားလည်သွားသည်။ တောင်အတွင်းပိုင်းတွင် အစောပိုင်းနှစ်များအတွင်းက ဆိုင်တာဝန်ခံရွှီက ကြက်နှင့်ဘဲများကို ယူမလာပေးခဲ့လျှင်၊ နောက်ပိုင်း တောကြက်များကို မမွေးခဲ့လျှင်၊ သူတို့သည် အပြင်ထွက်လာချိန်တွင် အမွှေးအတောင်များရှိသည့် သတ္တဝါတစ်ကောင်ကိုမှ မြင်ရလိမ့်မည် မဟုတ်ချေ။ စစ်ပွဲဖြစ်နေသည့် နှစ်ကာလများသည် သူတို့၏ဘဝများကို အကြိမ်ကြိမ် ဖရိုဖရဲဖြစ်သွားစေလေသည်။
ရွာသူကြီးကျိုးက နောက်မှ ထပ်မေးလိုက်၏။ "ဒီကျွဲနွားတွေရဲ့ စျေးနှုန်းကရော၊ လက်ရှိဘယ်လောက်လဲဆိုတာ သိချင်ပါတယ်"
နွားများကို အားလုံးက လိုချင်နေကြသည်။ သို့သော်ငြားလည်း စျေးကို မစုံစမ်းမမေးမြန်းရဲကြသည့် အဘိုးချန်း အဘိုးလုနှင့် ရှီအာ့လန်တို့လို လူများသည် ဝယ်ယူနိုင်လိမ့်မည် မဟုတ်ချေ။
လောကကြီးက ယခုအချိန်တွင် တော်တော်လေး အေးချမ်းသွားပြီ ဖြစ်သော်ငြားလည်း ဆန်ဆိုင်ထဲက စပါးတစ်ပြည်ကို ဝမ်၃၀၀ ကျော်နှင့် ရောင်းနေရသေးသည်။ အစောပိုင်းနှစ်များက တစ်ပြည်ကို ဝမ်၆၀ ပေးခဲ့ရသည့်အတွေးသည် အလွန်မှဝေးကွာနေသည့် အိမ်မက်တစ်ခုဖြစ်နေရာ အိမ်မက်ကို အိမ်မက်တစ်ခုလိုသာ မှတ်ယူနိုင်သည်။ သို့သော်ငြား သူတို့သည် ပုံမှန်စပါးစျေးကို ထပ်ပြီး ထိနိုင်တော့မည် မဟုတ်ချေ။
ကျိုးချွမ်ကျန့်က ဒီမေးခွန်းကို မေးလိုက်ချိန်တွင် အားလုံးသည် သူတို့၏အာရုံကို အရာရှိဘက်ထံသို့ ပြောင်းလဲထားလိုက်သည်။
အရာရှိ၏မျက်နှာသည် ဂုဏ်ယူဝင့်ကြွားသည့် အရိပ်အယောင်တစ်ခုဖြင့် လင်းလက်သွားသည်။
"ရွာသူရွာသားတို့ နွေဦးထွန်ယက်စိုက်ပျိုးဖို့က နီးကပ်လာပြီဆိုတာ သိပါတယ်၊ ကျွန်တော်တို့ ပြည်နယ်အုပ်ချုပ်ရေးမှူးကတော်က အရွယ်ကောင်းမှာရှိနေတဲ့ ကြံ့ခိုင်တဲ့နွားထီးငယ်လေးတွေကို ယူလာခဲ့တယ်၊ အဲဒါတွေက စျေးမကြီးပါဘူး၊ တစ်ကောင်ကို ၁၅ယွမ်လောက်ပါပဲ"
၁၅ယွမ်ဟု ပြောလိုက်သည်တွင် အံ့သြသွားသည့် အရိပ်အယောင်တစ်ခုသည် စန်းလော့၏မျက်လုံးထဲတွင် တဖျတ်ဖျတ် လက်သွားလေသည်။
တောင်အတွင်းပိုင်းသို့ မဝင်လာခင်က သူမသည် ဘာမြေယာမှ မပိုင်ဆိုင်ထားခဲ့ချေ။ ထို့ကြောင့် နွားစျေးနှင့်ပတ်သတ်ပြီး မရင်းနှီးချေ။ သို့သော်လည်း ၁၅ယွမ်သည် လက်ရှိစပါးစျေးနှင့်ယှဥ်လျှင် စပါး၅ တင်းနှင့်သာ ညီမျှလေသည်။
ဒါက ဘယ်လိုဖြစ်နိုင်ပါမည်နည်း။
ဤတွင် ရပ်ကြည့်နေသူများသည် သူတို့အချင်းချင်းကြားတွင် စတင်တိုင်ပင်ကြလေသည်။
စန်းလော့သည် ချန်းမိသားစုနှင့် သိပ်မဝေးလှသည့်နေရာတွင် ရှိလေရာ ချန်းယိုထျန်း၏ မယုံမကြည်ပြောလိုက်သည့်စကားကို ကြားလိုက်ရ၏။
"အဖေ ဒါက အရင်တုန်းက နွားစျေးရဲ့နှစ်ဆလောက်ပဲရှိတာပဲ"
စပါးစျေးက ငါးဆလောက်တက်သွားသည်။ သို့သော်ငြားလည်း အသက်ရှင်နေသည့်နွားများကတော့ နှစ်ဆသာ တက်သွားသည်တဲ့။
အဘိုးချန်း၏လက်များသည် တုန်တုန်ယင်ယင်ဖြစ်သွားပြီး သူက အထစ်ထစ်အငေါ့ငေါ့ ပြောလိုက်၏။ "အင်း အင်း ဟုတ်တယ်"
သူတို့၏ ကြိုးစားပမ်းစား အလုပ်လုပ်လာခဲ့ရသည့် သက်တမ်းတစ်လျှောက်သည် ဆက်တိုက်ဖြစ်လာသည့် သဘာဝဘေးအန္တရာယ်များကြောင့် ယိုယွင်းပျက်စီးခဲ့ရပြီး ချီယန်စီရင်စုမှ ထွက်ပြေးလာအောင် ဖိအားပေးခံရကာ ဘဝအသစ်ကို စတင်ခဲ့ရသည်။ ဆယ်စုနှစ်တစ်ခုနီးပါး လုပ်အားတာဝန်ကို ကြိုးပမ်းခဲ့ပြီးနောက်တွင် သူတို့သည် လေးလံပြီး များပြားသည့် အခွန်နှင့်စစ်မှုထမ်းခြင်း ဝန်ထုပ်ဝန်ပိုးအောက်တွင် ရုန်းကန်ပြီးနေလာခဲ့ရသည်။ ဒီအတိုင်းအဆင်ပြေဖို့ နေထိုင်ဆောင်ရွက်ရခြင်းပင် အခက်အခဲတစ်ခု ဖြစ်ခဲ့သည်။ နွားထီးတစ်ကောင် တတ်နိုင်ဖို့ဆိုလျှင်တော့ ထည့်ပြောရန်ပင် မလိုချေ။ တစ်နှစ်စီတိုင်းတွင် သူတို့ကိုယ်တိုင်က နွားထီးများလို လယ်ကွင်းထဲတွင် ပင်ပန်းကြီးစွာ အလုပ်လုပ်ခဲ့ရလေသည်။
သို့သော်ငြားလည်း သူတို့သည် နွားတစ်ကောင်ကို မဝယ်နိုင်သည့် အရည်အချင်းမှာ သူတို့သည် နွားကို မလိုချင်သောကြောင့်ဟု အဓိပ္ပါယ် မရချေ။ မြေယာကို ထွန်ယက်နေကြသည့် လယ်သမားတိုင်းသည် နွားတစ်ကောင်ပိုင်ဆိုင်ရမည့် အိမ်မက်ကို မက်ကြလေသည်။ သူတို့သည် မြို့ထဲသို့ ဝင်ရောက်ကြသည့်အချိန်တိုင်း ကျွဲနွားစျေးများကို မကြာခဏဖြတ်ရသည်တွင် ထိုကျွဲနွားများကို တစ်ချက်လောက်တော့ လှည့်ကြည့်ကြလေသည်။
၁၅ယွမ်တဲ့။ ဒါသည် စစ်မဖြစ်ခင်က စျေးနှုန်းဖြစ်လေသည်။ ထိုအချိန်တုန်းကပင် သင်းကွပ်ပြီးသားနွား ထီးတစ်ကောင်သည် ၇ယွမ် ၈ယွမ်ဝန်းကျင် ပေးရသေးသည်။
အခုတော့ လူတစ်ယောက်သည် အရှေ့စျေးသို့ အလည်အပတ် သွားရောက်ခဲ့လျှင် အသားရဖို့အတွက် သတ်ဖြတ်ရသည့် ထိုတူညီသည့်နွားထီးများ၏ စျေးနှုန်းသည် ဒီစုစုပေါင်း ငွေပမာဏထက်ပင် ကျော်လွန်နေလိမ့်မည်။ အသက်ရှင်နေသည့် နွားထီးတစ်ကောင်အတွက်တော့လား။ တန်ဖိုးက ပိုလို့ပင် ကြီးမားပေလိမ့်မည်။
"ငါတို့တွေ့ရတဲ့ အရာရှိက တကယ့်ကို အရမ်းကောင်းတာပါပဲ” အဘိုးချန်းက တအံ့တသြ ရေရွတ်လိုက်လေတော့သည်။
...