← Chapters

အခန်း (၂၃၃-၂၃၄)

Vol. 24 Ch. 233-234

အခန်း (၂၃၃-၂၃၄)

Vol. 24 Ch. 233-234

အပိုင်း (၂၃၃) အတွေးတစ်ခု

တုန်တုန်ယင်ယင် အသံတစ်ခုက အဘိုးလုထံမှ ထွက်လာ၏။

လူတော်တော်များများကလည်း သူ့စကားအပြီးတွင် ဝင်ရောက်ထောက်ခံကြသည်။ “ဟုတ်တယ်၊ ငါတို့တွေ အရာရှိကောင်းတွေနဲ့ အကျိုးပြုတဲ့ အစိုးရတစ်ခုနဲ့ တွေ့ကြုံနေရတာပဲ”

ထိုနှစ်များသည် အလွန်မှ ခါးသီးခဲ့လေသည်။ သူတို့သည် တစ်လွှာပြီးတစ်လွှာ ခေါင်းပုံဖြတ်ခြင်းကို သည်းခံလာရပြီး ယုတ်မာသည့် အရာရှိများနှင့် ရက်စက်ကြမ်းကြုတ်သည့် ဒေသခံအာဏာပိုင်းများက အသက်ရှင်သန်ရေးအတွက် ချန်ထားသည့် သူတို့၏စပါးများကိုပင် သိမ်းပိုက်ခဲ့သည်ကိုသာ မြင်ခဲ့ရဖူးသည်။ သူတို့သည် အရာရှိတစ်ယောက်၊ သူ့မိသားစုက လူများကို ကူညီပေးရန် သူတို့၏ပိုင်ဆိုင်မှုများကို လိုလိုလားလား ခွဲခွာကြသည်ကို မြင်ခဲ့ဖူးပါရဲ့လား။

ချန်းအဘွားနှင့် လုအဘွားတို့လို အတွေ့အကြုံရှိကြသည့် အမျိုးသမီးများသည် နှစ်ယောက်လုံးက မျက်လုံးများထဲတွင် မျက်ရည်ဝေ့တက်လာကြပြီး အခြေအနေကို လေးနက်မှုကို နားလည်လိုက်ကြသည်။ ချန်းအဘွားက ပြုံးကာ ပြောလိုက်၏။ “ငါတို့တွေ ရှေ့မှာ နေ့ရက်ကောင်းတွေပဲ ရှိလာတော့မယ်၊ အခုချိန်ကပြီး နေ့တိုင်းက နေ့ရက်ကောင်းတွေပဲ”

အရာရှိသည် သူကိုယ်တိုင်ကလည်း ပြည်သူတစ်ယောက်ဖြစ်ရာ ရွာသားများ၏ စိတ်ခံစားချက်များကို ကိုယ်ချင်းစာနိုင်ပေသည်။ ဆူညံသံများက တိတ်ဆိတ်သွားပြီးနောက် သူက တဟားဟားရယ်မောပြီး ပြောလိုက်၏။

“ကောင်းပါပြီ၊ ဒီနေ့တော့ ဒီလောက်ပါပဲ၊ ခင်များတို့တွေက ခင်များတို့ရဲ့ ရွာသူကြီးကို ရွေးလိုက်ကြပါ၊ ရွေးပြီးသွားရင် တတ်နိုင်သလောက် မြန်မြန်လေးလာခဲ့ကြပါ၊ စောစောသွားလေလေ ရွေးချယ်စရာပိုများလေလေပဲ”

မွေးမြူရေးတိရစ္ဆာန်များနှင့် ကြက်ငှက်များသည် ဝေးလံသည့်ခရီးကို နှင်လာခဲ့ရသဖြင့် အားလုံးက အကောင်းဆုံး အခြေအနေတွင် ရှိလိမ့်မည်မဟုတ်ချေ။ ပိုကျန်းမာသည့် အကောင်များကို အရင် ‌ရွေးနိုင်လျှင် အကောင်းဆုံးဖြစ်ကာ သူတို့ကို စောစောရောင်းထုတ်လိုက်ခြင်းက ရုံးတော် စပါးကျီအပြင်ဘက်က ယာယီတဲများတွင် ထားရသည်ထက် သည်နယ်ခံများ၏ လက်ထဲက ပိုပြီး ဂရုတစိုက် မွေးမြူခံရမည့် အဓိပ္ပါယ်ပင်။

ဟုတ်ပါသည်။ သူက ဒါကို တိုက်ရိုက်တော့ ထုတ်မပြောခဲ့ချေ။ အရာရှီက လူအုပ်ကြီးကို ပတ်ကြည့်လိုက်ပြီး မေးလိုက်၏။ “ခင်များကို နားမလည်တာ ရှိသေးလား”

မေးခွန်းများကတော့ သေချာပေါက် ရှိနေသည်။ အထူးသဖြင့် ကြက်ငှက် ဈေးနှုန်းများအကြောင်းပင်။ အားလုံးက ရှင်းရှင်းလင်းလင်း သိလိုစိတ် ပြင်းပြနေကြသည်။

အရာရှိက အစောကြီးကတည်းက သေသေချာချာ ကြိုတင်ပြင်ဆင်လာသည်မှာ ထင်ရှားသည်။ သူက အဖြေပေးရန် အဆင်သင့်ဖြစ်နေ၏။ အနည်းဆုံးတော့ လက်ရှိ ဆန်နှင့် အသားဈေးတို့နှင့် အတူတူဖြစ်သည်။ ပြည်နယ်အုပ်ချုပ်ရေးမှူးကတော်က လယ်သမားများ၏ နွေးဦးထယ်ထိုးမည့်အရေးကို ထည့်သွင်းစဉ်းစားပေးခဲ့ပြီး ကျန်းမာသည့် နွားသိုးများကို စိတ်ရင်းနှင့် စောင့်ရှောက်ပေးခဲ့သည်။

အရာရှိသည် ပြန်ထွက်သွားသည့်တိုင် စုဝေးနေသည့်လူအုပ်ကြီးကတော့ နေရာတွင်ပင် ရှိနေပြီး နွားဈေးအကြောင်း ဆွေးနွေးခြင်းတွင် အာရုံဝင်စားနေကြသည်။

သို့မဟုတ်လည်း ဒါက ပြည်နယ်အုပ်ရေးမှူးနှင့် သူ့ဇနီးသည်အကြောင်း ဆွေးနွေးသည့်စကားဝိုင်းတစ်ခုသာ ဖြစ်လေသည်။

ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် အနီးကပ် စကားပြောခဲ့ပြီးနောက်တွင် စန်းလော့သည် ပြည်နယ်အုပ်ချုပ်ရေးမှူးကတော်နှင့် ဇာတိမြို့တူသည်ဟု ဆိုကြသည်။ သူမကို မေးခွန်းများမေးမြန်းကြသည်က သဘာဝသာဖြစ်တော့သည်။

စန်းလော့က ပြောလိုက်၏။ “ဇာတိတူတဲ့သူတွေဆိုတာက ပြည်နယ်အုပ်ချုပ်‌ရေးမှူးကျန့် အပ်နှင်းထားတဲ့ဂုဏ်တစ်ခုပါ၊ ဒါပေမဲ့ ကျွန်မတို့ရဲ့လက်ရှိ ပြည်နယ်အုပ်ချုပ်ရေးမှူးနဲ့ သူ့အမျိုးသမီးကို လေ့လာကြည့်မယ်ဆိုရင် သူတို့တွေက စိတ်ထဲမှာ ပြည်သူတွေရဲ့ အကျိုးစီးပွားကို တကယ်ပဲ ထည့်စဉ်းစားပေးခဲ့ပါတယ်၊ တကယ်ပါ၊ ဒါက ရှီကျိုးပြည်သူတွေရဲ့ ကံကောင်းခြင်းတစ်ခုပါပဲ”

“နွားဈေးကို ပြည်နယ်အုပ်ချုပ်ရေးမှူးကတော်က တမင်လျှော့ပေးထားတာလို့ ရှင်တို့ ထင်လိမ့်မယ်၊ ကျွန်မ အမြင်ကတော့ ကျွန်မတို့ ပြည်နယ်အုပ်ချုပ်ရေးမှူးနဲ့ သူ့အမျိုးသမီးမှာ ရှိတဲ့ စပါးတစ်စေ့စီတိုင်း၊ မွေးမြူရေးတိရစ္ဆာန်တစ်ကောင်စီတိုင်းက ကျွန်မတို့အားလုံးရဲ့အကျိုးစီးပွားကို စောင့်ရှောက်ပေးထားတာပါ”

သူတို့သည် အပြည့်အဝနားမလည်ကြသော်လည်း သည်အခိုက်တွင် အားလုံးသည် ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် သူ့ဇနီးသည်ကို တညီတညွှတ်တည်း အလွန်လေးစားကြလေသည်။ သူတို့သည် ခေါင်းတွင်တွင် ညိတ်လိုက်ကြပြီး ချဲ့ကားပြောစရာမလိုသည့် သူတို့၏ချီးကျူးသံများက ပြည့်လျှံသွား၏။

စန်းလော့က ခပ်တိုးတိုး ရယ်မောလိုက်၏။ ဆိုင်တာဝန်ခံရွှီက ပြုံးကာ ပိုပြီးရှင်းလင်းသွားအောင် ဝင်ပြောလိုက်သည်။ “အားလော့ ပြောတာမှန်တယ်၊ ငါတို့ပြည်နယ်အုပ်ချုပ်ရေးမှူးက ထိုက်ယွမ်က ကျန့်မိသားစုက လာတာ၊ ပြည်နယ်အုပ်ချုပ်ရေးမှူးကတော်ကတော့ ချန်းလျိုက ဖန်မိသားစုက လာတာ၊ ထိုင်ယွမ်ဆိုတာ ရှီကျိူးကနေ မိုင်ထောင်ချီဝေးတယ်၊ ချန်းလျိုကလည်း အနီးအနားက လုံးဝမဟုတ်ဘူး၊ သူတို့ရဲ့ မျိုးရိုးမြင့်နောက်ခံက ဘယ်လောက်ပဲ ကောင်းနေပါစေ ဒီပစ္စည်းတွေရဲ့သယ်ယူပို့ဆောင်ရေး ကုန်ကျစားရိတ်က အရမ်းကို ကြီးမားလိမ့်မယ်”

သည်လိုတန်ဖိုးတစ်ခုက ကုသိုလ်ပြုခြင်းတစ်ခုထက်ပင် မနည်းချေ။

ထိုအခါမှ အဘိုးချန်း၊ အဘိုးလုနှင့် တခြားသူများသည် သတိဝင်လာတော့သည်။

အမှန်ပင်။ ဟိုတုန်းက သူတို့သည် တာတမံဆောက်ရန်နှင့် စပါးသယ်ယူရန် လူမှုဝန်ထမ်း ခေါ်ခံခဲ့ရပြီး ဝေးကွာသည့်လမ်းတစ်လျှောက် ရိက္ခာခြောက်များကို ကုန်အပြည့် သယ်ပေးခဲ့ရသည်။ ဆိုင်တာဝန်ခံရွှီ ပြောသည့် မိုင်တစ်ထောင် အကွာအဝေးကို စဉ်းစားလိုက်မိပြီး စိတ်ထဲတွင် သေသေချာချာ တွက်ချက်မိသည်တွင် စန်းလော့ပြောသည့် စကားများကို နောက်ဆုံးတော့ ရှင်းရှင်းလင်းလင်း နားလည်သွားတော့သည်။

ချီးကျူးထောပမဏာသံများ နောက်တစ်ချီ ရောက်လာတော့သည်။

...

ရွာသူကြီး ဖြစ်လာမည့်သူအတွက်တော့ ရှန်းလီ၊ ချန်းသရှန်၊ ရှီသလန်တို့ ပြန်လာသည်အထိ စောင့်ပြီး ဆုံးဖြတ်ချက်ချသည်က အကောင်းဆုံးပင်။ ထို့ကြောင့် သူတို့သည် နွားသိုးတစ်ကောင် ဝယ်မည့်ကိစ္စကို အရင်ဆုံး တိုင်ပင်လိုက်ကြ၏။

ရွာတစ်ရွာက နွားတစ်ကောင်သာ ဝယ်နိုင်မည်။ သဘောမှာ ဒါက ရွှီမိသားစု တစ်ခုတည်း၏ တာဝန်မဟုတ်တော့ချေ။ အိမ်ထောင်စုတိုင်း၏ သဘောတူညီချက် လိုအပ်လေသည်။

နွားတစ်ကောင်က ၁၅၀ယွမ် ကုန်ကျမယ်။ အိမ်ထောင်စု ၉ခု... မဟုတ်သေးဘူး။ - ပြန်မလာသေးတဲ့ လုသလန်ကိုလည်း ထည့်တွက်ထားရင် ရွာထဲမှာ အိမ်ထောင်စု ၁၀ခု ဖြစ်မယ်။ ကုန်ကျစားရိတ်ကို မျှခံရမယ်ဆိုရင် အိမ်ထောင်စုတစ်ခုကို ၁ယွမ်ကျော်ကျော်လောက် ကျလိမ့်မယ်။

အရင်ကဆိုလျှင် ရှီမိသားစုနှင့် လုမိသားစုတို့သည် ဒါကို တတ်နိုင်လိမ့်မည်မဟုတ်ချေ။ သို့သော် သူတို့သည် တောင်အပြင်သို့ ထွက်လာသည်နှင့်ချက်ချင်း ဒေသခံ အာဏာပိုင်များထံမှ အလုပ်များကို ရရှိခဲ့ပြီး တစ်အိမ်ထောင်လျှင် ၇ယွမ်နှင့်၅၀ဝမ် ရှာဖွေနိုင်ခဲ့သည်မဟုတ်ပါလား။ အမှန်တွင်တော့ ချန်းသရှန် ပြန်လာပြီးလျှင် မိသားတစ်ခုသည် သည်ခရီးတွင် နောက်ထပ် ၅၀ယွမ်ကို ရလိမ့်ဦးမည်။ ထို့ကြောင့် သူတို့သည် သည်ငွေပမာဏကို အမှန်ပင် တတ်နိုင်လေသည်။

“နွားတွေကို ဝယ်ဖို့ပဲ သီးခြားသတ်မှတ်ပေးထားတာ”

ချန်း၊ ရှီ နှင့် ကျိုးမိသားစုတို့ကိုတော့ ပြောစရာမလိုချေ။ ဦးလေးရွှီနှင့် ဝေ့ချင်းဟယ်တို့ကတော့ ဦးလေးရွှီသည် သူ့အခကြေးငွေတွင် ဆိုင်တာဝန်ခံရွှီက ထောက်ပံ့ပေးမည်ဖြစ်ကာ ဝေ့ချင်းဟယ်ကလည်း ဝမ်မိသားစု ပြန်ပေးလာသည့် သူ့မိဘများ ချန်ထားခဲ့သည့် ပိုင်ဆိုင်မှုအားလုံးကို ရရှိခဲ့သဖြင့် တော်တော်လေး အခြေအနေကောင်းသည်။ ထို့ကြောင့် သူကလည်း တစ်ကောင်ကို ဝယ်လိမ့်မည်။

ရှန်းကျင့်တို့ညီအစ်ကိုနှင့် တခြားသူများလည်း ရှိသေးသည်။ ညီအစ်ကိုသုံးယောက်စီတွင် စပါး၊ ကြက်၊ ဘဲလို စားသုံးရန် မွေးမြူရေးတိရစ္ဆာန်အပြင် ဆိတ်နှင့် ယုန်များလည်း ရှိသည်။ သို့သော်လည်း သူတို့ကတော့ ငွေမရှိပေ။ စန်းလော့ သူ့ခေါင်းလေးကို အသာအယာ သပ်ပေးလိုက်ပြီး ဆိုင်တာဝန်ခံရွှီကို ပြောလိုက်၏။ “ကျွန်မတို့မိသားစုနဲ့ ရှောင်ကျင့်တို့မိသားစုကလည်း ဝယ်ပါမယ်”

၁ယွမ်နှင့်၅၀ဝမ် - ရှန်းကျင့်သည် သည်ငွေကြေးတန်ဖိုးနှင့် မစိမ်းချေ။ သူသည် စန်းလော့ကို အလိုလို မော့ကြည့်လိုက်၏။ စန်းလော့က ပြောလိုက်သည်။ “အခုလောလော ငါ စိုက်ထားပေးမယ်လေ၊ နင်က နောက်ပိုင်း အခွင့်အရေးရလာရင် နောက်မှ ပြန်ပေးပေါ့”

လုမိသားစု အလှည့်သို့ရောက်လာသည်တွင် အဘိုးလုက ချီတုံချတုံဖြစ်နေပြီးမှ ပြောလိုက်၏။ “ငါတို့မိသားစုက ဝေစုနှစ်ခု ပေးမယ်၊ ငါတို့က အကြီးမိသားစုအတွက် တစ်စုကို စိုက်ပေးမယ်”

သူတို့တွေကို သွားမခေါ်သေးဘဲ သူတို့၏လုံခြုံရေးကလည်း မသေချာသေး‌သော်လည်း အိမ်ထောင်စုစာရင်းနှင့် မြေခွဲမှုကို အရာရှိရှင်းက စီစဉ်ထားပေးပြီးဖြစ်သည်။ လူကြီးလင်မယားက သူတို့၏ကလေးများနှင့် မြေးများအတွက် အကောင်းဆုံးကို မမျှော်လင့်ဘဲ မနေနိုင်ချေ။ ဟိုတုန်းကတော့ လုအာ့လန်၊ လုစန်းနှင့်အတူ သရှန်တို့က သေချာသည့် အကာအကွယ်တစ်ခုကို ကူညီတည်ဆောက်ပေးခဲ့သည်။ ရွှမ်းကျူးနှင့် သူ့ညီအစ်ကိုများသည်လည်း ရှန်းလီထံမှ အချိန်ခဏ သင်ယူခဲ့ရသည်။ အဘိုးလုသည် တခြားဘာမှ မတွေးရဲချေ။ သူသည် အားလုံးက အန္တရာယ်ကင်းကင်း ထွက်လာပါစေဟုသာ ဆုတောင်းနိုင်တော့သည်။

ထို့ကြောင့် သူက နိမိတ်ကောင်းယူပြီး အကြီးဆုံးမိသားစု၏ ဝေစုကို စိုက်ပေးမည်ဟု ပြောခဲ့ခြင်းပင်။

ဆိုင်တာဝန်ခံရွှီက ပြောလိုက်၏။ “ဒါဆိုရင် မိသားစု ၁၀ခုပဲ၊ မိသားစုတစ်ခုက ၁ယွမ်နဲ့၅၀ဝမ် ပေးရလိမ့်မယ်၊ ကျွန်တော်တို့တွေ ရွာသူကြီးရွေးပြီးတာနဲ့ ငွေကို ပြည်နယ်ရုံးတော်ကို ယူသွားလို့ရပြီ”

...

စန်းလောက အိမ်သို့ အရင်ပြန်လာခဲ့သည်။ သူမသည် ခြောက်သွေးနေသည့် သစ်ခေါက်များကို ရေလောင်းလိုက်ပြီး ဝါးစာလိပ်ထဲသို့ စာများ ကူးထည့်နေလိုက်သည်။

ရှန်းလီနှင့် ရှန်းအန်းတို့ကလည်း အပြန်လမ်းတွင် ရောက်နေကြသည်။ သူသည် သွေးများ စွန်းနေမည်စိုးသဖြင့် သူ့လက်ကို အပြင်ဘက်တွင် သေသေချာချာ ဆေးကြောခဲ့ပြီးမှ အိမ်ထဲသို့ ဝင်လာလိုက်သည်။ သူသည် စန်းလော့အနားသို့ အရမ်းမကပ်ရဲချေ။ ထို့ကြောင့် သူက သူ့ရင်ဘတ်ထဲက ပိုက်ဆံအိတ်ကို သူမကိုအား သည်အတိုင်း လှမ်းပေးလိုက်ပြီး ပြောလိုက်၏။ “ကျွန်တော်တို့တွေ ၅ယွမ်၊ ဝမ်၇၀နဲ့ ရောင်းခဲ့လိုက်တယ်၊ မင်း ဒါကို သိမ်းထားလိုက်ပါ”

ထို့နောက်တွင် သူက စန်းလော့ကို မေးလိုက်၏။ “အရာရှိတစ်ယောက် လာသွားတာလား”

စန်းလော့က သူ့ကို ကြည့်လိုက်ပြီး “ရှင် သိပြီးပြီလား”

ရှန်းလီက ခေါင်းညိတ်ပြ၏။ “ကျွန်တော် ရုံးတော်ကို သွားခဲ့တယ်လေ၊ အဝင်နားမှာ အသိပေးစာကို မြင်ခဲ့တာ”

စန်းလော့သည် ထိုစကားကို ကြားလိုက်ချိန်တွင် သူမက ပြောလိုက်၏။ “ရှင် ကျွန်မကို ငွေမပေးလဲ ရပါတယ်၊ အခုလောလောဆယ် ရှင်ပဲ သိမ်းထားလိုက်ပါ၊ ပြည်နယ်အုပ်ချုပ်ရေးမှူးကတော် ယူလာခဲ့တဲ့ မွေးမြူရေးတိရစ္ဆာန်တွေကို လူတွေကို ဈေးလျှော့ပြီး ရောင်းပေးမှာတဲ့၊ ကျွန်မတို့ရွာမှာ အိမ်ထောင်စု ၉ခုရှိတယ်၊ လုမိသားစုရဲ့ အကြီးဆုံးမိသားစုပါ ပေါင်းလိုက်ရင် အိမ်ထောင်စု ၁၀ခုက နွားတစ်ကောင် ဝယ်လို့ရတယ်၊ ကျွန်မတို့က ၁ယွမ်နဲ့ ဝမ်၅၀ စိုက်ရလိမ့်မယ်၊ ကျွန်မ ရှောင်ကျင့်တို့မိသားစုအတွက် ဝေစုကိုလည်း စိုက်ပေးမယ်လို့ ပြောထားတယ်၊ ဒီတော့ ၃ယွမ်ဖြစ်လိမ့်မယ်”

“နောက်ထပ် ဘဲငန်းတစ်ကောင်လာက် ဝယ်မလားလို့ စဉ်းစားနေတာ၊ ဒီနေ့လည်ခင်းကျရင် ရှင်နဲ့အတူ ငွေနည်းနည်း ပိုယူသွားလိုက်၊ တကယ်လို့ ကြက် ဒါမှမဟုတ် ဘဲတွေ ရနိုင်တယ်ဆိုရင် အဲဒါတွေကိုလဲ ဝယ်ခဲ့လိုက်၊ ရှင် အဲဒါတွေကို ဘဲငန်းနဲ့ အလဲအလှယ် လုပ်လို့ရနိုင်မလားဆိုတာလဲ ကြည့်ခဲ့ပေါ့”

ဘဲငန်းများသည် တောင်ပေါ်တွင် အလွန်မှ အသုံးဝင်လေသည်။ မြွေပါလို ရှဉ့်ကြွက်လို တိရစ္ဆာန်များကို မောင်းထုတ်ပေးနိုင်သည်။

သည်စကားကို ကြားလိုက်သည်တွင် ရှန်းလီက ခေါင်းညိတ်ပြလိုက်ပြီး ငွေကို အိတ်ထဲ ပြန်ထည့်လိုက်၏။ စန်းလော့ စာကူးနေသည်ကို ကြည့်လိုက်ပြီး သူသည် ခဏလောက် ချီတုံချတုံ ဖြစ်သွားပြီးမှ သူမကို မေးလိုက်သည်။ “ပြည်နယ်အုပ်ချုပ်ရေးမှူးကျန့် လက်ဆောင်ပေးထားတဲ့ စာအုပ်ကို အပြင်ဘက်မှာ ပြန့်နေလို့ရလား”

စန်းလော့ ရေးလက်စကို ခဏရပ်ထားလိုက်ပြီး သူ့ကို လှည့်ကြည့်လိုက်ကာ “ရှင်က ဝေ့ချင်းဟယ်၊ ယွင်ကျန့်နဲ့ ရွှီမိသားစုအတွက် တစ်အုပ်ကူးပေးမလို့ စဉ်းစားနေတာလား”

ရှန်းလီက ခေါင်းညိတ်ပြလိုက်၏။ “ဒီနှစ်တွေမှာ ကျွန်မတို့ ဖတ်လာတဲ့စာအုပ်တွေအားလုံးကို ယွင်ကျန့်က ကူးထားပေးတာလေ၊ အခုလောလောဆယ် ချင်းဟယ်အကြောင်း မပြောသေးနဲ့အုံး၊ ယွင်ကျန့်က တကယ် ပါရမီရှိတယ်၊ ဒီမှတ်တမ်းချုပ်တစ်ဝက်လောက်နဲ့တင် သူ ဒီထက်ပိုပြီး တိုးတက်နိုင်တယ်လို့ ကျွန်မ ယုံတယ်၊ ဒါပေမဲ့ ကျန့်မိသားစုရဲ့ စာအုပ်က သာမန်ထက် ထူးခြားတယ်လို့ ရှင်ပြောတာ ကြားထားတော့... သူတို့အတွက် ဒါကို ကူးပေးဖို့က သင့်တော်မလားဆိုတာ ကျွန်မ သေချာမသိဘူး”

နောက်ဆုံး ဒါသည် သူ့ပိုင်ဆိုင်မှုမဟုတ်ချေ။ စာအုပ်ကို ကျန့်မိသားစု အလွန်မှ တန်ဖိုးထားသည်။ ထို့ကြောင့် ရှန်းလီက ဆုံးဖြတ်ချက်မချနိုင်ချေ။

စန်းလော့ကလည်း သည်ကိစ္စကို အမှန်ပင် စဉ်းစားထားခဲ့သည်။ ခေတ်သစ်မှ လာခဲ့သဖြင့် သူမသည် အသိပညာများကို တစ်ဦးတည်း လက်ဝယ်ပိုင်ဆိုင်ထားသည်ထက် ဖြန့်ဖြူးပေးသည့် ပိုအရေးကြီးသည်ဟု သူမက ခံယူထားသည်။ ပိုးထည်စာလိပ်များသည် အကြမ်းမခံသည်က တစ်ကြောင်း၊ သူမက ရှန်းလီနှင့် ရှန်းအန်းတို့ကို ကူးယူထားသည့် ဝါးစာလိပ်များ ရှိစေချင်သည်က တစ်ကြောင်း သည်ရက်ပိုင်းတွင် သူမသည် ရှန်းနဉ်အတွက် စာအုပ်တစ်အုပ် ကူးပေးလာခဲ့သည်။ ထို့အပြင် စာများကို ကူးပေးရသည့်အလုပ်က ကိုယ်တိုင်ကိုလဲ နှံ့စပ်အောင် စာဖတ်ဖြစ်စေသည်။

သူမသည် ဒါကို ထုတ်မပြောခဲ့သော်လည်း သူမ၏အစီအစဉ်မှာ သူမကိုယ်တိုင် အကြောင်းအရာများကို နားလည်ပြီးလျှင် ရွာထဲက ကလေးများကို ဆက်ပြီး သင်ကြားပေးရန် ဖြစ်လေသည်။

သည်နှစ်တွင် ပြည်နယ်ကျောင်းမှ ကျောင်းသား၅ယောက် ရှိနေသည်ဖြစ်ရာ သည်ရွာက ကလေးများသည် လယ်သမားများသာ ဆက်ပြီးဖြစ်နေရန် ကံအကြောင်းပါလာ ပါဦးမည်လား။

လုံံးဝမဖြစ်နိုင်ချေ။

စာဖတ်ရခြင်း၏ ‌နောက်ကွယ်က ရည်ရွယ်ချက်မှာ မည်သို့ပင်ဖြစ်စေ စာအုပ်ကိုတော့ ဆက်ဖတ်ရလိမ့်ဦးမည်။

သို့သော်လည်း သူမသည် ကူးရေးထားသည့် စာအုပ်များကို သည်အတိုင်း ပေးလိုက်မည့် အတွေးကိုတော့ မစဉ်းစားရဲချေ။ သူမသည် ထိုင်ယွမ် ကျန့်မိသားစု၏ ထင်ရှားသည့်ဂုဏ်သတင်းကို ကောင်းကောင်း သတိထားမိခြင်းကြောင့်လဲ ဖြစ်နိုင်ပေသည်။ ဒါသည် သူမဘက်က မရည်ရွယ်ဘဲ ရှောင်ရှားခြင်းအကြောင်းအရာလည်း ဖြစ်နိုင်သည်။

စာအုပ်အပေါ် အမြင်သဘောထား၊ ဝမ်ယွင်ကျန့်နှင့် တခြားသူများနှင့် ပတ်သက်သည့် အသိ၊ သူတို့ကို ထိုနည်းဖြင့် လေ့လာသင်ခွင့်ပေးခြင်းမပေးခြင်း အကြောင်းအရာများကို ဆွေးနွေးရာတွင် သူမ၏ အာရုံစိုက်မှုများက ရှန်းလီထက် အများကြီးပိုပြီး အသေးစိတ်ကျလေသည်။

အခုတော့ ရှန်းလီက ကိစ္စကို ထုတ်ပြောလာသဖြင့် သူမက အကြည့်ကို အောက်ချထားလိုက်ပြီး သဘောကျမိသလို ဖြစ်သွားတော့သည်။ ရွာက ကလေးများကိုတော့ သူမက ဖြည်းဖြည်းချင်း ရှင်းပြပေးရန် လိုအပ်လိမ့်မည်။ သူတို့အားလုံးက သည်လိုအဆင့်မြင့်သည့် သင်ခန်းစာများနှင့် သင့်တော်လိမ့်မည်မဟုတ်ချေ။ လိုအပ်ချက်အလျောက် သင်ကြားပေးခြင်းက အကောင်းဆုံးနည်းလမ်း ဖြစ်သည်။ ဝမ်ယွမ်ကျန့်နှင့် သူ့အဖော်များအတွက်တော့ ရလာဒ်က အတူတူ ဖြစ်လိမ့်မည် ဖြစ်သဖြင့် သည်လိုသွယ်ဝိုက်သည့်နည်းလမ်းကို မလိုအပ်ချေ။

သည်လိုသဘောပေါက်လိုက်ပြီး သူမက စိတ်အေးသွား၏။

“သူတို့ကို ပေးလိုက်ပါ၊ ကျွန်မ ကူးထားပြီး ဟာတွေကနေ စပေးပြီး ဒီစာအုပ် ဘယ်ကရလဲဆိုတာကို သေချာပြောပြလိုက်ပါ၊ ပြည်နယ်အုပ်ချုပ်ရေးမှူးကျန့်ကတော့ ကျွန်မ အရင်က သံသယတစ်ချို့ ရှိခဲ့သေးတယ်၊ ဒါပေမဲ့ အခု ကြည့်ရတာ ကျွန်မတို့ သူ့ကို လျှော့တွက်ခဲ့မိတာပဲ၊ သူက စာအုပ်ဝေမျှတဲ့နေရာမှာ ဘာအမှာစကားမှ မပြောခဲ့ဘူးဆိုတော့ သူက စိတ်ထဲ မထားတဲ့သဘောပဲ၊ နောက်ဆိုရင် အခွင့်အရေး ရလာတဲ့အခါ ကျွန်မ ကျေးဇူးပြန်ဆပ်နိုင်ကောင်းပါရဲ့”

ရှန်းလီက စန်းလော့ကို ကြည့်လိုက်ပြီး “မင်း ပြောချင်တာက...”

သူသည် ‘စာရွက်’ဟူသည့် စကားလုံးကို မပြောလိုက်ပေ။ သို့သော်လည်း သူသည် သူမ ဝှက်ထားသည့် ဝါးစာလိပ်၂ခုကို မြင်ခဲ့ပြီးဖြစ်လေသည်။ တစ်ခုက စက္ကူလုပ်ရာတွင် မတူညီသည့် သစ်ခေါက်များကို ပြုပြင်ခြင်းနှင့်ပတ်သက်သည့် လက်တွေ့စမ်းသပ်မှုမှ ရရှိသည့် နမူနာစာရွက်များနှင့် ရလာဒ်များကို မှတ်တမ်းပြုထားပြီး ကျန်တစ်ခုတွင် စက္ကူပြုလုပ်ခြင်းက နည်းပညာများ အမျိုးမျိုးကို အဆင့်မြင့်အောင် လုပ်ရန်အတွက် အတွေးအခေါ ထင်မြင်ချက်များ ပါရှိသည်။

သူမသည် နောက်ထပ် စမ်းသပ်မှုများ လုပ်ရန် လုံခြုံသည့်နေရာတစ်ခု လိုအပ်နေသည်ကလွဲလျှင် စိတ်ကူးများ ကြံဆခြင်းနှင့် တွက်ချက်မှုများကို ဘယ်တော့မှ ရပ်မထားခဲ့ချေ။ ထိုနေ့က စန်းလော့သည် သူမလုပ်ထားခဲ့သည့် စက္ကူများကို ထပ်နေသည်ကိုပင် ရှန်းလီကိုယ်တိုင် တွေ့ခဲ့ရသည်။

တင်းကြပ်သည့် ခံစားချက်အရိပ်အယောင်တစ်ခုက သူ့မျက်နှာတစ်လျှောက် ဖြတ်ပြေးသွား၏။ သူသည် စက္ကူလုပ်နည်းကို ပေးပစ်ရန် တွန့်ဆုတ်နေခြင်းကြောင့်မဟုတ်ဘဲ အထိအခိုက်မခံသည့် လက်ရှိ ကိစ္စကြောင့် ဖြစ်လေသည်။

စန်းလာ့က သူ့စိုးရိမ်စိတ်များကို နားလည်ပြီး ခေါင်းခါလိုက်ကာ “မလိုပါဘူး၊ အခုလဲ မဟုတ်သေးပါဘူး၊ နည်းနည်းလောက်ထပ်ပြီး လေ့လာကြည့်တာ‌ပေါ့၊ ကျွန်မစိတ်ထဲမှာ အစီအစဉ် ရှိပါတယ်”

သည်နေ့မတိုင်ခင်က သည်လိုအတွေးများသည် သူမစိတ်ထဲတွင် လုံးဝ ပေါ်မလာခဲ့ဖူးချေ။ သို့သော်အခုတော့... သူမသည် အခြေအနေကို သုံးသပ်ရန် အချိန်ပိုလိုအပ်လာသည်။

လူတစ်ယောက်သည် ကိုယ်ပိုင် လူမှုရေးအဆင့်အတန်း၏ စည်းကမ်းများကို လိုက်နာမည်ကို စန်းလော့ကလည်း ကောင်းကောင်းသိထားသည်။ အထူးသဖြင့် လူသားတို့ဘဝက အာဏာရှေ့တွင် မထင်မရှား မှိန်ပျသွားသည့် သည်လိုခေတ်မျိုးတွင် ဖြစ်သည်။

စည်းကျော်မိလျှင် တခါတရံ ပြဿနာများကို ဖိတ်ခေါ်လာတတ်သည်။

ရှန်းလီနှင့် ရှန်းအန်းတို့က လုံလောက်သည့် ရာထူးအဆင့် တစ်ခုမရခင်အထိ သူမသည် ကျေးလက်တောသူတစ်ယောက်၊ သေးငယ်သည့်ကုန်သည်တစ်ယောက်သာ ဖြစ်နိုင်သည်။ သို့သော်လည်း မုန်တိုင်းကို ခံနိုင်ရည်ရှိရန် ခိုင်မာသည့်အုတ်မြစ် မရှိသည့်အတွက် သူမကိုယ်သူမ အလွန်အမင်း အာရုံစိုက်ခံရအောင် လုပ်လို့မဖြစ်ပါချေ။

...

အပိုင်း (၂၃၄) ဖန်မိသားစု

နောက်တွင် နွားထီးများကို ရွေးချယ်ရမည့်အလုပ်ရှိလေရာ ပထမဦးဆုံးလုပ်ရသည့် အလုပ်မှာ ရွာသူကြီးတစ်ယောက် ရွေးချယ်ဖို့ရန်ဖြစ်လေသည်။ ချန်းသရှန်နှင့် ရှီသလန်တို့ ပြန်လာသည့်အကြောင်း သိလိုက်ရသည့်နောက်တွင် စန်းလော့သည် သူမ၏ စုတ်တံကို ချထားလိုက်ပြီး ရှန်းလီ၊ ရှန်းအန်းတို့နှင့်အတူ ထွက်လာခဲ့လိုက်သည်။

သူတို့သည် ခုနတုန်းက ကွင်းပြင်ထဲတွင် စုဝေးလိုက်ကြပြီး ထိုနေရာတွင် လူတော်တော်များများ ရောက်ရှိနေလေသည်။ အနီးအနားတွင်နေကြသည့် ကျိုးမိသားစုနှင့် ရွှီမိသားစုတို့က ခွေးခြေခုံလေးများကို ယူလာကြသည်။ တစ်ချို့က ထိုင်နေကြပြီး တစ်ချို့ကတော့ ရပ်နေကြသည်။ လင်းမိငါးစုကပင် ဆူညံသံကြောင့် စိတ်ဝင်စားသွားပြီး အဝေးမှ စောင့်ကြည့်နေလေသည်။

သရှင်းရွာ၏ ရွာသူကြီးတစ်ယောက် ရွေးချယ်ခြင်းသည် ပျော်ရွှင်စရာကောင်းသည့် ပွဲတစ်ခုလို ဖြစ်နေပြီး အဘွားကြီးများ၊ အဘိုးကြီးများ၊ ယောက်ျားများ၊ မိန်းမများနှင့် ကလေးများသည် နေပူဆာလှုံကာ စကားစမြည် ပြောနေကြသည်နှင့် တူနေလေသည်။ ဒါသည် စိတ်အပန်းပြေပြီး လွတ်လပ်ပေါ့ပါးနေရာ အားလုံးက လတ်တစ်ဆုပ်စာ နေကြာစေ့များကိုဝါးရင်း စောင့်ဆိုင်းနေသည်နှင့် တူနေလေသည်။

"အားလီကို ရွေးရအောင်၊ အမှန်အတိုင်း ပြောရရင်တော့ အမျိုးသမီး ရွာသူကြီးသာရှိခဲ့မယ်ဆိုရင် အားလော့က ဒီနေရာအတွက် အကိုက်ညီဆုံးပဲ"

ကန်းရှီက ပြောလိုက်သည်။

တောင်အတွင်းပိုင်းတွင် ခွန်အားက အရေးကြီးပေသည်။ သို့သော်ငြားလည်း သူတို့၏ဘဝကို အသက်ရှင်နေထိုင်ဖို့ရန် ထွက်လာကြသည့် ထိုသူများအတွက်ကတော့ သူတို့အားလုံးသည် သူတို့၏ အခြေအနေများ တိုးတက်လာဖို့ရန် စန်းလော့ကို မှီခိုအားထားခဲ့ရလေသည် မဟုတ်ပါလား။ သူမသည် သူတို့လူအဖွဲ့အစည်း၏ ကျောရိုးဖြစ်လေသည်။

သူမ၏စကားလုံးက အားလုံးကို ရယ်မောသွားစေ၏။ အမျိုးသမီးကြီးများနှင့် အမျိုးသမီးများက သဘောတူကြသည်။ အဘိုးချန်း၊ အဘိုးလုနှင့် ရွာသူကြီးကျိုးတို့လို ယောက်ျားသားများကတော့ တဟားဟား ရယ်မောကြသည်။ ရှီအာ့လန်က ဝင်ပြောလိုက်၏။

"ကျွန်တော့်မရီး ပြောတာမှန်တယ်၊ အားလီ မင်းက ရွာသူကြီးဖြစ်သင့်တယ်၊ ဒါက နာမည်ခံလေးပါပဲ၊ ပြီးရင်တော့ မင်းလဲ မင်းရဲ့စာကို ဆက်ပြီးလေ့လာလို့ရတယ်လေ၊ မင်းရဲ့မိန်းမကတော့ ရွာက ကိစ္စတွေကို ကူညီဆောင်ရွက်ပေးလို့ ရတာပဲ၊ မင်းလဲ အရေးကိစ္စရှိလာရင် ပြည်နယ်ရုံးတော်မှာ သွားပြီးတော့ ကူညီဖြေရှင်းလို့ရတာပေါ့"

ကလေးများက ဝါးလုံးကွဲ အော်ရယ်ကြလေသည်။ စာလေ့လာခြင်းမှ ခဏလောက် ထွက်လာကြသည့် ဝေ့ချင်းဟယ်နှင့် ဝမ်ယွင်ကျန့်တို့ကလဲ ပျော်ရွှင်ဖွယ်ရာအရေးကို ပါဝင်လိုက်ကြသည်။

ဒီကိစ္စသည် လွန်ခဲ့သည့်နှစ်ရက်လောက်က ဖြစ်ခဲ့မည်ဆိုလျှင် ရှန်းလီက ဒါကို လက်ခံရဲချင် လက်ခံရဲလိမ့်မည်။ အမျိုးသမီးများတွင် အခွင့်အရေးက အကန့်အသတ်နှင့် ဖြစ်နေသည်ကို သူက နားလည်သဘောပေါက်ပြီးဖြစ်သည်။ သည်နှမြောတသမှုတွင် စန်းလော့၏ကိစ္စက အထူးတလည် သက်သေဖြစ်နေသည်။

အမှန်အတိုင်းပြောရလျှင် တောင်အတွင်းပိုင်းသို့ မဝင်ခင်က ရွာထဲက မည်သည့်အိမ်ထောင်စုများသည် စန်းလော့နှင့် အလုပ်အကိုင် သဘောတရားအရ မပတ်သတ်သည့် မိသားစု ရှိပါမည်နည်း။ သူ ရွာသို့ပထမဦးဆုံး ပြန်လာချိန်က ကျိုးရွာသူကြီးမိသားစုအပါအဝင် မိသားစုတိုင်းသည် စန်းလော့နှင့် တနည်းနည်းဖြင့် ပါဝင်ပတ်သတ်နေကြသည်ကို သိထားလေသည်။

စန်းလော့က ကိုယ်ဝန်ဆောင်ထားရသဖြင့် သူက သူမကို ပင်ပင်ပန်းပန်း တာဝန်မထမ်းဆောင်စေလိုချေ။ သူက သူမ၏စိတ်ကူးကို ခန့်မှန်းကြည့်ဖို့ရန် အလိုလို ခေါင်းလှည့်ကြည့်မိလိုက်သည်။

စန်းလော့က ပြုံးပြလိုက်ပြီး ရှီအာ့လန်တို့အဖွဲ့ကို ပြန်ဖြေလိုက်၏ "သူက ဘယ်ခြေထောက်နဲ့များ နေ့တိုင်းကျောင်းကို အပြေးအလွှားသွားနိုင်မှာလဲ၊ သူက အားလုံးရဲ့အရေးကိစ္စတွေကို အချိန်ဆွဲထားလို့ မသင့်တော်ဘူးလေ"

ခံစားချက် အလွန်အကျွံကိုထုတ်မပြဘဲ သူမက အသာအယာ ငြင်းပယ်လိုက်သည်။

"ကိုင်း ဒါဆိုလဲ သရှန်လုပ်လိုက်"

ကျိုးအာ့လန်က ပြောလိုက်ခြင်းပင် ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်းတွင် ရှန်းလီမှလွဲလျှင် သူတို့အားလုံးသည် ချန်းသရှန်၏စကားကို အများဆုံးနားထောင်ခဲ့ရသည်။

ချန်းသရှန်သည် ရွာသူကြီးနေရာက သူ့ဆီ ကျရောက်လာလိမ့်မည်ဟု ထင်မထားချေ။

"ရယ်စရာ မပြောပါနဲ့ကွာ၊ ငါ့မိန်းမက ငါ့ထက်တောင် စာလုံးတွေကို ပိုသိပါသေးတယ်"

"ငါ့သဘောအရဆိုရင်တော့ စာဖတ်တတ်တဲ့သူတွေကို ထည့်စဥ်းစားနေလဲ အဓိပ္ပါယ် ရှိမယ်မထင်ဘူး၊ သူတို့တွေက အရမ်းအလုပ်များ နေကြတာလေ၊ ပြီးတော့ ငါတို့တွေကလဲ ဆိုင်တာဝန်ခံရွှီကို ငါတို့နဲ့အတူတူ အမြဲတမ်း လယ်ယာ လုပ်ခိုင်းလို့မရဘူးလေ ဟုတ်တယ်မလား"

ဆိုင်တာဝန်ခံရွှီက ပြန်ဖြေလိုက်သည်။ "ချန်းသရှန်ပြောတာ အဓိပ္ပါယ် ရှိတယ်၊ အခု ငါတို့ရဲ့ရှီကျိုးဒေသမှာ လူတွေ ပိုပြီးတော့များပြားလာပြီ၊ ဘဝတွေကလည်း တဖြည်းဖြည်း တိုးတက်လာလိမ့်မယ်၊ ရက်အနည်းငယ်လောက်နေရင် ပြီးခဲ့တဲ့ရက်အနည်းငယ်တုန်းက ငါ့အလုပ်ရှင်ကို နှစ်သစ်ကူးသွားနှုတ်ဆက်ခဲ့တုန်းက မြို့တော်က တုန်းဖူစားသောက်ဆိုင်ကဆိုရင် အားလုံးဖွင့်ဖို့ အသင့်ဖြစ်နေပြီလေ၊ ငါက ငါ့ရဲ့အလုပ်ဟောင်းတွေကိုပဲ ဆက်လုပ်ပြီး ဆိုင်တာ ဝန်ခံတစ်ယောက် ထပ်လုပ်နေအုံးမှာ"

ချန်းသရှန်က ပြောလိုက်သည်။ "ဒါအမှန်ပဲ၊ ဆိုင်တာဝန်ခံရွှီကလဲ အလုပ်များတယ်၊ တကယ်လို့ ငါတို့တွေက စာမဖတ်တတ်တဲ့သူတွေနဲ့ စာလုံးပေါင်းတောင်မသိတဲ့ ငါလိုလူတွေကို ဖယ်ထားလိုက်မယ်ဆိုရင် ငါ့သဘောအရဆိုရင်တော့ ကိစ္စက ဒီလောက်အထိ ရှုပ်ထွေးစရာ မလိုပါဘူး၊ ရွာသူကြီးကျိုးကပဲ ဆက်လုပ်လိုက်ပေါ့၊ သူက ဒီအလုပ်နဲ့လဲ ရင်းနှီးပြီးသားလေ"

အဘိုးချန်းက ဒီစိတ်ကူးကို ထောက်ခံလေသည်။ "ငါတော့ ဒါက အဆင်ပြေတယ်လို့ ထင်တယ်၊ ရွာသူကြီးကျိုးက သူ့ရဲ့လုပ်ရည်ကိုင်ရည်ပုံကိုလဲ အားကိုးရတယ်လေ"

စန်းလော့ကလဲ ထောက်ခံပြောဆိုလိုက်သည်။ "ကျွန်မလဲ ဦးလေးကျိုးကို ထောက်ခံတယ်၊ သူက ရွာသူကြီး လုပ်ခဲ့ဖူးတယ်လေ၊ ကိစ္စတွေအားလုံးနဲ့လဲ ရင်းနှီးပြီးသား သူက ဒီနေရာအတွက် အသင့်တော်ဆုံးပဲ ဖြစ်လိမ့်မယ်"

စန်းလော့သည် ရှန်းမိသားစုကို စီမံခန့်ခွဲရာတွင် အရေးပါလေသည်။ ရှန်းလီကလည်း ရွာသူကြီးကျိုးကို တာဝန်ယူဖို့ရန် ထောက်ခံပေးလေသည်။

ရှန်းမိသားစုနှင့် ချန်းမိသားစုနှစ်ခုစလုံးက သူတို့၏ ထောက်ခံချက်ကို ဖော်ပြလိုက်သည်တွင် ကိစ္စက လက်တွေ့ကျကျ အကောင်အထည်ပေါ်သွားတော့သည်။ သူတို့သည် ဒီနှစ်များတွင် အခက်အခဲများကို အတူတူ ရင်ဆိုင်လာခဲ့ကြသည်ဖြစ်ရာ နက်ရှိုင်းသည့်သံယောဇဥ်များ ဖွဲ့တည်နေပြီး အပြန်အလှန်နားလည်မှုက ရှိပြီးသားပင်။ ရှန်းလီနှင့် ချန်းသရှန်တို့ နှစ်ယောက်လုံးက ဒီတာဝန်ကိုယူဖို့ရန် ဆန္ဒမရှိသည်ကို ထောက်ချင့်လိုက်ပြီး အားလုံး၏ တညီတညွတ်တည်း သဘောတူမှုကြောင့် ကျိုးရွာသူကြီးက အသင့်တော်ဆုံးသူဖြစ်လာတော့သည်။

ရွာသူကြီးကို ဆုံးဖြတ်ရသည့်ကိစ္စက မြန်မြန်ဆန်ဆန်ပင် ပြီးမြောက်သွားသည်။ ရွာသူကြီးကျိုးက အပြုံးတစ်ခုဖြင့် "တကယ်လို့ မင်းတို့အားလုံးက ငါ့ကို ယုံကြည်ကြတယ်ဆိုရင် ငါ ဒီတာဝန်ကို ယူပါ့မယ်၊ ဒါပေမဲ့ ရှီအာ့လန်ပြောတာ မှန်တယ်၊ အရေးကြီးကိစ္စတွေအတွက်တော့ ငါတို့တွေက အားလုံးနဲ့ တိုင်ပင်ရလိမ့်မယ်၊ ငါ့အတွက်ကတော့ အားလော့အတွက် တောက်တိုမယ်ရလုပ်ပေးတဲ့ လူတစ်ယောက်ပါပဲ"

ဒီစကားက နောက်ထပ်ရယ်သံတစ်ခုကို ထွက်ပေါ်လာစေလေသည်။ သို့နှင့် စည်ကားသိုက်မြိုက်ပြီး စိတ်လှုပ်ရှားစရာကောင်းသည့် အခြေအနေကြားတွင် သရှင်းရွာ၏ရွာသူကြီးကို ရွေးချယ်ခဲ့လေသည်။

သူတို့သည် မြို့ထဲကို တန်းသွားကြကာ နွားထီးများကို သွားကြည့်ဖို့ရန် ပြည်နယ်ရုံးတော်သို့ သွားကြမည်ကိုတော့ ပြောစရာမလိုတော့ချေ။

ကျိုးရွာသူကြီးသည် သူ့တာဝန်ရှိလာပြီဟု ခံယူထားသဖြင့် သူက သူ့အပိုင်းကို ချက်ချင်းလုပ်လိုက်ကာ မေးလိုက်လေသည် "မင်းတို့တွေ ငွေတွေနဲ့ အိမ်ထောင်စုစာရင်းစာအုပ်ကို ယူလာခဲ့ကြလား"

"ယူလာတယ်၊ ယူလာတယ်"

သိသာထင်ရှားသည့် မိသားစုအရေအတွက်တစ်ခုသည် ပါဝင်ဖို့ရန် ပြင်ဆင်ထားကြပြီး ဒါကို ပျော်ရွှင်စရာခမ်းနားသည့် အခမ်းအနားတစ်ခုကို ပါဝင်သလို သဘောထားကြလေသည်။

ရှန်းမိသားစုဘက်တွင် ရှန်းလီနှင့် ရှန်းနဥ်တို့က သွားကြမည်ဖြစ်ကာ ရှန်းကျင့်ကလဲ လိုက်ပါသည်။ ကန်းရှီက တအံ့တသြဖြစ်သွားပြီး မေးလိုက်၏ "အားလော့ နင်ရော တစ်ချက်လောက် သွားမကြည့်ဘူးလား"

စန်းလော့က ခေါင်းခါပြလိုက်၏။ "ကျွန်မ သွားစရာမလိုပါဘူး၊ ကျွန်မတို့ရဲ့အားနဥ်က ကြက်တွေဘဲတွေ ဘဲငန်းတွေကို ရွေးတဲ့နေရာမှာ ကျွမ်းကျင်တဲ့သူတစ်ယောက်လေ"

ရှန်းနဥ်က စိတ်လှုပ်ရှားနေသည်ဟု သူမက ပြောလိုက်သည်။ သို့သော်ငြားလည်း အမှန်တွင်တော့ သမားတော်ကြီးက ပထမသုံးလအတွင်းတွင် သန္ဓေသားသည် မတည်မငြိမ် ဖြစ်နိုင်သည်ဟု ပြောထားပြီးနောက်တွင် သူမကိုယ်တိုင်ကလည်း သတိရှိနေရသည်။ သူမလျှောက်လိုက်သည့် ခြေလှမ်းတိုင်းကို သတိထားနေရပြီး လူထူထပ်သည့်နေရာများကို တိုးဝှေ့သွားဖို့ရန် မဝံ့ရဲချေ။

ရှန်းနဥ်က ထောက်ခံလိုက်၏။ "ဟုတ်တယ် သမီးက ဒါကို ကိုင်တွယ်နိုင်ပါတယ်"

အားလုံးက ထွက်ခွာကြမည်ပြင်လိုက်စဥ်တွင် စန်းလော့သည် တစ်ခုခုကို သတိရလိုက်ပြီး ရှန်းလီကို ပြောလိုက်၏။ "ကျွန်မ အရာရှိတွေဆီကနေ ကြားထားတာ ရှိသေးတယ်၊ သူတို့တွေက စပါးမျိုးစေ့တွေကိုလဲ ရောင်းပေးမယ်တဲ့၊ တစ်ချက်လောက် ကြည့်လိုက်ပါအုံး၊ တကယ်လို့ ဂျုံမျိုးစေ့တွေ ရနိုင်တယ်ဆိုရင် ဝယ်ခဲ့လိုက်ပါ၊ တတ်နိုင်သလောက် များများဝယ်ခဲ့လိုက် ကျွန်မတို့တွေ ဒီနှစ် ဂျုံကို နည်းနည်း ပါးပါးစိုက်ရမယ်"

ထို့နောက်တွင်တော့ သူမက ရှန်းကျင့်ကို မှာလိုက်လေသည်။ "ရှောင်ကျင့် နင်လဲ တစ်ချို့လောက် စိုက်ထားသင့်တယ်နော်"

"ဟုတ်ကဲ့ ရှန်းကျင့်က ချက်ချင်းထောက်ခံသည်"

မရီးကြီးက အမိန့်ပေးလိုက်သည်တွင် ဒါသည် မေးခွန်းထုတ်ရန်မလိုဘဲ လိုက်နာရမည်က အမြဲတမ်း အကောင်းဆုံးဖြစ်သည်ဟု သူ သိသည်။

အမှန်တွင်တော့ နားထောင်နေသည့် ရှန်းကျင့်တစ်ယောက်ထဲ မဟုတ်ချေ။ ထိုစကားကို ကြားလိုက်ကြသည့်သူများကလဲ ချက်ချင်း ခေါင်းလှည့်လာလေသည်။ ကန်းရှီက စန်းလော့ကို မေးလိုက်၏။ "အားလော့ နင်မြို့ထဲမှာ လုပ်ငန်းတစ်ခု စလုပ်တော့မလို့လား"

စန်းလော့သည် ဂျုံအခြေခံ အစားအသောက်များ ပြုလုပ်ရာတွင် ကျွမ်းကျင်လေသည်။ ဒါကို လူအများစုက သတိထားမိကြသည်။

စန်းလော့က ခေါင်းခါပြလိုက်၏။ "ကျွန်မတို့ အခုထက်ထိတော့ မသေချာသေးပါဘူး ဒါပေမဲ့ ပထမနှစ်မှာ ဂျုံမျိုးစေ့ဝယ်ဖို့အတွက် ရွေးချယ်မှုက အကန့်အသတ်နဲ့ ဖြစ်နေတာကို စဥ်းစားမိတော့ ကျွန်မတို့တွေက အစိုးရက ရောင်းပေးချင်သလောက် ပမာဏကို အများဆုံး ဝယ်ထားသင့်တယ်၊ ကျွန်မတို့က ဒါကို ပြန်ရောင်းဖို့အစီအစဥ် ရှိရှိ မရှိရှိပေါ့လေ၊ ဒါက တစ်ကိုယ်စာ အသုံးပြုဖို့အတွက်ဆိုရင် ပိုပြီးတော့ စျေးသက်သာတယ်၊ တကယ်လို့ ကျွန်မတို့မှာ နည်းနည်းပါးပါး ပိုလျှံတာရှိတယ်ဆိုရင် ဆန်ဆိုင်တွေကလည်း ဒါကို သင့်တော်တဲ့စျေးတစ်ခုနဲ့ ဝယ်ယူကြပါလိမ့်မယ်"

"ဒါက အဓိပ္ပါယ် ရှိသားပဲ” တစ်စုံတစ်ယောက်က ထောက်ခံလိုက်သည်။

ကန်းရှီက ပြောလိုက်၏။

"ဒီလိုဆိုရင်တော့ ငါတို့ကိုယ်တိုင်အတွက်လဲ နည်းနည်းလောက် ကြည့်လိုက်ရအောင် တကယ်လို့ ငါတို့လက်ထဲမှာ မျိုးစေ့တွေ ရနိုင်တယ်ဆိုရင် ငါတို့လဲပဲ ဒါကို စိုက်ကြတာပေါ့"

...

ရှန်းလီနှင့်သူ့အဖော်များက အိမ်သို့နောက်ကျမှ အိမ်ပြန်ခဲ့သဖြင့် သူတို့၏နောက်ကျခြင်းက အနည်းငယ် နောက်နှောင့်နှေးသွားစေတော့သည်။ အရာရှိအဖွဲ့ကြီးတစ်ခုက ရွာတစ်ခုချင်းစီတိုင်းကို သတင်းများ ဖြန့်ဖြူးပေးဖို့ရန် လူစုခွဲလိုက်ကြသည်။ ထို့နေ့၏ ၉နာရီထိုးပြီးသည့်နောက်တွင် သိသာထင်ရှားသည့် လူပမာဏအများကြီးက ပြည်နယ်ရုံးတော်၏ စပါးကျီဝန်း အပြင်ဘက်တွင် စုဝေးနေပြီးဖြစ်လေသည်။ သူတို့အားလုံးက ကျွဲနွားနှင့် မွေးမြူရေးတိရိစ္ဆန်များကို လာရောက်ကြည့်ရှုကြသည်က အံ့သြစရာတော့ မဟုတ်ချေ။

ဒီကိစ္စသည် စားဝတ်နေရေးကိစ္စဖြစ်လေရာ သရှင်းရွာက ထိုသူများကဲ့သို့ပင် မိသားစုအများစုကလဲ သူတို့၏ အိမ်ထောင်စုစာရင်းနှင့်အတူ မိသားစုဝင် တစ်ယောက်တည်းကိုသာ မလွှတ်လိုက်ဘဲ အင်အားအပြည့်ဖြင့် လာရောက်ကြလေသည်။

အရာရှိများက သူတို့သည် ရွာများဆီသို့လာရောက်မည်ဟု ကြေငြာထားသော်ငြားလည်း တက်ရောက်လာသူများကို ကျေးရွာများတွင် နေထိုင်သူများကိုသာ သတ်မှတ်ထားသည်မဟုတ်သဖြင့် မြို့နေလူထုကလဲ ထိုနေရာတွင် ဝိုင်းအုံလာကြသည်။ သူတို့သည် ကျွဲနွားများကို မလိုအပ်သော်ငြားလည်း သူတို့သည် ကြက်နှင့်ဘဲများကိုတော့ သေချာပေါက် မွေးမြူချင်ကြလေသည်။

မြို့ထဲတွင် နေကြသည့်လူအများစုသည် အကြပ်အတည်း အခြေအနေများတွင် နေထိုင်လာခဲ့ကြပြီး သူတို့သည် တောင်အတွင်းပိုင်းမှ ထွက်ပေါ်လာသည့် ရွာသားများထက်ပင် ကပ်ဘေးဒုက္ခသည်များနှင့် ပိုတူနေလေသည်။ သူတို့သည် ကြက်သားနှင့် ဘဲသားများကို အရသာမခံရသည်မှာ နှစ်ပေါက်နေပြီဖြစ်ကာ သူတို့သည် ကြက်ဥ၏အရသာကိုပင် မေ့လျော့လုနီးပါး ဖြစ်နေလေသည်။

ပြည်နယ်ရုံးတော်၏အပြင်ဘက်က လေထုအခြေအနေသည် စည်းကားသိုက်မြိုက်လို့နေ၏။

သည်မြင်ကွင်းကို မြင်လိုက်ရသည့်အဘိုးချန်းမှာ စိုးရိမ်စိတ် ဖြစ်သွားတော့သည်။ "နွားကောင်းတွေ အားလုံး ရွေးပြီးသွားပြီဆိုရင် ဘယ်လိုလုပ်မလဲ"

ကျွဲနွားထားသည့်တဲသို့ စိုးရိမ်တကြီးဖြင့် အလောတကြီး သွားရောက်လိုက်ပြီးနောက်တွင် သူသည် သူ့စိုးရိမ်စိတ်က အရာမရောက်သည်ကို သဘောပေါက်လိုက်သည်။ ကြက်နှင့် ဘဲများကိုတော့ ကောင်းကောင်းလေး ရောင်းချနေသည်။ သို့သော်ငြားလည်း နွားများကတော့ ဝယ်ယူမည့်သူကို မရှာဖွေရသေးချေ။

နွားများကို မြို့အပြင်ဘက်က ရွာများတွင် အမှန်တကယ် စိုက်ပျိုးရေးလုပ်နေကြသည့် လယ်သမားများကိုသာ ရောင်းချမည်ဖြစ်ကာ ရွာတစ်ရွာကို နွားတစ်ကောင်သာ ရပေလိမ့်မည်။ စီရင်စုတစ်ခုချင်းစီအတွက် သတ်မှတ်ထားသည့် နွားအားလုံးကိုလဲ စောစောကတည်းက ပို့ပေးခဲ့ပြီးဖြစ်သည်။ တဲထဲတွင် နွား၂၅ကောင်သာကျန်ရစ်ခဲ့ပြီး ရှီကျိုးမြို့ပတ်ဝန်းကျင်က အရွယ်အစားအမျိုးမျိုးရှိသည့် ရွာ၂၅ရွာကို ကိုယ်စားပြုကာ သူတို့ထဲက တစ်ချို့ကတော့ သူတို့၏ဝေစုကို သေချာမခွဲရသေးပေ။

၁၅ယွမ်သည် နွားတစ်ကောင်အတွက် အလွန်မှ စျေးကြီးပါသတဲ့လား။

လုံးဝမဟုတ်ပါချေ။

ဖရိုဖရဲဖြစ်မလာခင်အချိန်က မိုးထိုးနေသည့် အစားအသောက်စျေးနှုန်းကို တွေ့ကြုံခဲ့ပြီးနောက်တွင် ရွာအသီးသီးတွင် အခြေချနေထိုင်ကြသည့် ယခင်သချန်မင်းဆက်၏ လယ်သမားဟောင်းများသည် ငွေရှာဖို့ရန်နည်းလမ်းကို မြန်မြန်ဆန်ဆန် ရှာဖွေနိုင်ခဲ့သည့် သရှင်းရွာကလူများနှင့် မယှဥ်ပြိုင်နိုင်ခဲ့ချေ။ သူတို့အများစုမှာ ချူးတစ်ပြားမှ မရှိကြချေ။

ပြည်နယ်အုပ်ချုပ်ရေးမှူးသည် ပြည်သူများ၏ စားဝတ်နေရေးနှင့်ပတ်သတ်ပြီး အမှန်တကယ် စိုးရိမ်ပူပန်မိလေသည်။ နွားများက အရည်အသွေး ကောင်းမွန်သည်။ ရှည်လျားသည့်ခရီးကြောင့် ပင်ပန်းနွမ်းနယ်နေသည်ကလွဲလျှင် သူတို့သည် သေချာပြုစုလျှင် ပြန်ကောင်းလာလိမ့်မည်ဖြစ်သည်။ သို့သော်ငြားလည်း ရွာတစ်ရွာကို နွားတစ်ကောင်သာ ခွင့်ပြုထားသည့်တိုင် အများစုက ဒါကို မတတ်နိုင်ကြချေ။

ရွာများအားလုံးသည် သရှင်းရွာ သို့မဟုတ် ရှန်းလီဦးဆောင်ပြီး ခေါ်ဆောင်လာပေးသည့် အိမ်နီးချင်းရွာများနှင့် မတူကြချေ။ ထိုနေရာတွင် မိသားစုတိုင်းသည် အချင်းချင်း ကောင်းကောင်းမွန်မွန် သိကြပြီး အပြန်အလှန် ယုံကြည်ကြကာ ညီညွှတ်ကြလေသည်။ ရှီကျိုးမြို့ပြင်က လယ်သမားအများစုသည် မြို့ထဲမှပြောင်းရွှေ့နေထိုင်ခဲ့ကြသည့် မူလက ကပ်ဘေးဒုက္ခသည်များဖြစ်လေသည်။ သူတို့သည် တစ်ယောက်နှင့်တစ်ယောက် သူစိမ်းများဖြစ်ကြသည်။ အနည်းစုက ငွေတစ်ချို့ကို အတူတူ ခြစ်ကုပ်ပြီး ထုတ်လာနိုင်သော်ငြားလည်း သူတို့သည် ရံပုံငွေများကို စုစည်းရန် သူတို့၏ရွာသူရွာသားများကို ကူညီဖို့ရန် ဆန္ဒရှိလိမ့်ပါမည်တဲ့လား။

ထို့ကြောင့် ဒါသည် သရှင်းရွာကဲ့သို့ ဘယ်နေရာတွင်မှ ချောမွေ့နေခြင်း မရှိချေ။

အခုတော့ ဘာတတ်နိုင်ပါမည်နည်း။

သူတို့သည် လာသာလာနိုင်ပြီး ဘာမှမတတ်နိုင်ဘဲ ကြည့်ရှူနေရလေသည်။

အဘိုးချန်း၊ အဘိုးလုနှင့် ဦးလေးရွှီတို့သည် နောက်ထပ်အတွေ့အကြုံရှိသည့် လူသုံးယောက်နှင့် ကျွဲနွားများကို ဂရုတစိုက် ရွေးချယ်နေကြသည်။ စောစောရောက်လာကြသည့်သူများက အားကျနေကြပြီး တိရိစ္ဆာန်များကို သေသေချာချာ စေ့စေ့စပ်စပ် ကြည့်ရှုနေကြသည်။ သို့တိုင် သူတို့သည် တစ်ချက်ကလေးမှ မလှုပ်ရှားဘဲ အချိန်အကြာကြီးသာ စောင့်ကြည့်နေနိုင်ကြလေသည်။

...

နံရံ၏တစ်ခြားဘက်တွင်တော့ ပြည်နယ်ရုံးတော်၏ ဂိုဒေါင်ခြံဝန်း ဖြစ်လေသည်။ အနောက်ဥယျာဉ်သို့ ဦးတည်သွားသည့် တံခါးငယ်လေးတစ်ခုရှိသည်။ ဖန်သခင်မသည် ခြံဝန်းလေး၏ ထောင့်တစ်ခုတွင်ရှိသည့် ဇရပ်တစ်ခုထဲတွင် ကျောက်စားပွဲတစ်ခုကိုချကာ ထိုင်နေပြီး သူမ၏အခြွေအရံက အနည်းငယ် ကိုယ်ကိုမတ်ကာ တံခါးငယ်လေးမှတစ်ဆင့် အလောတကြီး ပြေးဝင်လာသည်ကို စောင့်ကြည့်နေ သည်။

"ဘယ်လိုလဲ တစ်ယောက်ယောက်က တစ်ကောင်လောက် ဝယ်သွားပြီလား"

အခြွေအရံက အတိုင်းအတာတစ်ခုအထိ စိတ်ပျက်အားငယ်နေပြီး သူမသည် သူမ၏သခင်မကို ငေးကြည့်နေပြီးနောက်တွင် ခေါင်းခါပြလိုက်သည်။

"ကျွန်တော်မျိုးမ အပြင်ဘက်မှာ နာရီဝက်ကျော်ကျော်လောက် ရပ်နေခဲ့တာ လူအများစုက လာပဲကြည့်ကြတယ်၊ ဂိုဒေါင်ခြံဝန်းရဲ့ အပြင်ဘက်နေရာမှာ လူအပြည့်ပဲ၊ လူတွေက စာရေးတွေဆီမှာ ကြက်ငှက်တွေဝယ်ယူဖို့ စာရင်းသွင်း နေကြသေးကြပေမဲ့လည်း ဘယ်ရွာကမှတော့ နွားတစ်ကောင်လောက် ဝယ်မယ်လို့ မပြောကြသေးဘူး"

ဖန်သခင်မကို အဖော်ပြုပေးနေသည့် ဒီအပျိုရံများသည် သူမ၏ယုံကြည်မှုကို ရရှိထားကြသူများဖြစ်သည်။ သူတို့သည် သူတို့၏သခင်မက ဒီအချိန်တွင် နွားများနှင့်ပတ်သတ်သည့် ကိစ္စကို အစိုးရိမ်ဆုံးဖြစ်သည်မှန်း သိထားကြသည်။ အကြောင်းမှာ နွားများသည် နွေဦးထယ်ထိုးဖို့ရန်အတွက် အရေးကြီးသောကြောင့် ဖြစ်လေသည်။

သန်မာသည့်လုပ်အားရှိသူ တစ်ယောက်က စိုက်ပျိုးမြေ ဧကသုံးဆယ်နှင့် တောင်ပေါ်မြေ ဆယ်ဧကကို စိုက်ပျိုးနိုင်လိမ့်မည်။ မိသားစုဝင်နည်းပါးပြီး နွားတစ်ကောင်မှမရှိသည့် မိသားစုများအတွက်ကတော့ ဒီလိုကြီးမားသည့် အလုပ်တာဝန်ကို စီမံဖို့ရန် ခက်ခဲပေလိမ့်မည်။

လယ်ကွင်းများကို လစ်လျူရှုထားပြီး ထိုလယ်ကွင်းများကို စိုက်ပျိုးခြင်းမရှိသည်က သူတို့၏ သခင်မနှင့်သခင်ကြီးကို စိတ်ကျေနပ်စေလိမ့်မည် မဟုတ်ချေ။

ဤတွင် ဖန်သခင်မ၏ပုခုံးများမှာ မသိမသာ လျှောကျသွားတော့သည်။

သူမက ဘယ်ဘက်လက်နှင့်မေးကို ထောက်ထားလိုက်ပြီး ညာဘက်လက်က ကျောက်စားပွဲကို စည်းချက်ကျကျ ခေါက်နေလိုက်၏။ ခဏကြာပြီးနောက်တွင် သူမက ထိုင်မနေနိုင်တော့သဖြင့် ထရပ်လိုက်သည်။

"ငါ တစ်ချက်လောက် သွားကြည့်လိုက်အုံးမယ်"

သူမကို ခစားနေသည့် အခြွေအရံနှစ်ယောက်သည် စိုးရိမ်တကြီးဖြစ်သွားပြီး သူမနောက်က အလျင်အမြန် လိုက်လာကာ တောင်းပန်တိုးလျှိုးလေသည်။ “သခင်မ အပြင်ဘက်မှာ လူတွေ အရမ်းများပါတယ်၊ တွန်းတိုက်မခံရအောင် သတိပြုပါအုံး"

"စိတ်မပူပါနဲ့ ငါ အပြင်မထွက်ပါဘူး” သူမက သူတို့ကို စိတ်ချအောင်ပြောလိုက်သည်။

သူတို့သည် တံခါးငယ်လေးမှ ထွက်လာကြပြီး ဂိုဒေါင်ခြံဝန်းဘက်သို့ ချိုးကွေ့လိုက်ကြလေသည်။

ပြည်နယ်ရုံးတော်၏ဂိုဒေါင်ကို မြင့်မားပြီးအပြာရောင် အုတ်နံရံများဖြင့် ဝန်းရံထားသည်။ အဝင်အဝကို တင်းကြပ်နေအောင် ပိတ်ထားပြီး တံခါးစောင့်နှစ်ယောက်က ရပ်ပြီးစောင့်နေကာ ဖန်သခင်မကို မြင်လိုက်သည်တွင် သူတို့ကဦးညွှတ်ပြီး နှုတ်ဆက်လိုက်ကြသည်။

ဖန်သခင်မက ခေါင်းငြိမ့်ပြလိုက်သော်လည်း အဝင်အဝအနားသို့ မသွားလိုက်ချေ။ ထိုအစား သူမက နံရံနားတွင် ပန်းပွင့်များထွင်းထားသည့် ရှစ်ထောင့်ပုံစံ ပြတင်းပေါက်ဆီသို့ ဦးတည်သွားလိုက်၏။ ထိုပြတင်းပေါက်သည် ခြံဝန်းတစ်ခုလုံးတွင် ဒီလိုအလှဆင်ထားသည့် ပြတင်းပေါက်နှစ်ခုထဲက တစ်ခုသာဖြစ်လေသည်။ သူမက ပြတင်းပေါက်ဘေးတွင် ရပ်လိုက်ပြီး အပြင်လောကသို့ ဇကာကွက်ကတစ်ဆင့် ချောင်းကြည့်လိုက်လေသည်။

ထိုက်ယွမ်မှ ဟွိုင်နန်သို့ လာသည့်ခရီးတွင် ဖန်သခင်မသည် လမ်းတစ်လျှောက်၌ ကျေးလက်နေပြည်သူ များ၏ဒုက္ခများကို အများအပြား မျက်မြင်တွေ့ခဲ့ရသည်။ ပိန်လှီနေပြီး ငတ်မွတ်ခေါင်းပါးမှု၏ သားကောင်များကို မြင်ရသည့်မြင်ကွင်းမှာ တခါမြင်ခဲ့ရသည့်အတွက် သူမကို တူညီသည့်စိတ်ခံစားမှု မဖြစ်စေတော့ချေ။ အထူးသဖြင့် လူများ၏အခြေအနေသည် ယခုတော့ လွန်ခဲ့သည့် နှစ်နှစ်တုန်းကထက် အများကြီး ပိုကောင်းနေသည်ကို စဥ်းစားမိခြင်းကြောင့်ပင်။

သို့သော်ငြားလည်း သူမ ရပ်နေသည့်နေရာမှကြည့်လျှင် နွားတဲကို လူအုပ်ကြီးတစ်ခုက ဝိုင်းရံထားပြီး အများစုမှာ သက်လတ်ပိုင်းနှင့် လူကြီးပိုင်းလယ်သမားများ ဖြစ်လေသည်။ လူအုပ်ကြီးက သုံးထပ်လောက်ရှိနေပြီး တစ်ထပ်လောက်တွင် အယောက် ၁၀၀ကျော်လောက်ရှိမည်။ အားလုံးက အတွင်းဘက်ရှိ အကောင်၂၀သော နွားများကို ငေးကြည့်နေကြလေသည်။ ဆန့်ကျင်ဘက်အနေဖြင့် နွားကျောင်းသားများနှင့် စာရင်းမှတ်ပေးသည့်အရာရှိများသည် တဲဘေးတွင်ရပ်နေကြကာ လူအုပ်ကြီး၏ မထိမကိုင်ဘဲ ရှိနေလေသည်။

နွားအကောင်ရေ ၂၀၀ကျော်ကို ရရှိဖို့ရန်နှင့် ထိုနွားများကို သယ်ယူပို့ဆောင်ဖို့ရန် အားစိုက်ထုတ်မှုအားလုံးသည် ဟွိုင်နန်အထိ ခက်ခဲသည့်ခရီးတစ်ခုဖြစ်လေသည်။ ဒါသည် သူမ မျှော်လင့်ထားသည့် မြင် ကွင်းမျိုးမဟုတ်ချေ။

သူမက ခပ်တိုးတိုးလေး ရေရွတ်လိုက်၏။ "ငါ အခြေအနေကို လျှော့တွက်ခဲ့မိတာပဲ"

သူမသည် ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် ဒီကိစ္စကိုတိုင်ပင်ခဲ့ပြီး ရွာများ၏အရွယ်အစားက အိမ်ခြေဆယ်ခုမှ အခုနှစ်ဆယ်အထိ ရှိမည်ဟု သိလိုက်ရသည်။ ရွာတစ်ခုချင်းစီက နွားတစ်ကောင်ကိုဝယ်ရန် အရင်းအမြစ်များ ဆွဲထုတ်ပေးနိုင်မည်ဟု ယူဆလိုက်ပြီး အိမ်ထောင်စု တစ်ခုချင်းစီကလဲ ငွေအကြမ်းဖျဥ်းအားဖြင့် ငွေ၁ယွမ်တော့ ထုတ်ပေးနိုင်မည်ဟုယူဆခဲ့ရာ ဒါက လူများအတွက် အဆင်ပြေလိမ့်မည်ဟု သူမက ယုံကြည်ခဲ့သည်။

သူမသည် အရှိန်အဝါကြီးသည့် မျိုးနွယ်စုများကို ကျော်လွန်ပြီး သာမန်ပြည်သူများအပေါ် သေသေချာချာလေး နားလည်မှု တစ်ခုရှိသည်ဟု ယုံကြည်ခဲ့မိသည်။

သူမ၏အသိပညာများက လုံလောက်မှုမရှိဘဲ အများကြီး လိုအပ်နေသည်ကို တွေ့လိုက်ရ၏။

"နင် ဒေသခံအရာရှိကို သွားပြောလိုက်၊ နွားတွေကို အကြွေးနဲ့ဝယ်လို့ရတယ်လို့"

အခြွေအရံက တအံ့တသြ ပြောလိုက်၏။ "သခင်မ"

"သွားပြောလိုက်စမ်းပါ၊ တစ်နှစ်စာ အတိုးမယူဘူးလို့၊ ငွေချေတာကိုတော့ ဆောင်းဦးရိတ်သိမ်းတဲ့အချိန်မှာ စပါးနဲ့ ပေးချေလို့ရတယ်လို့၊ တစ်နှစ်ပြီးသွားတာတောင် အကြွေးမကျေသေးဘူးဆိုရင် ငါတို့တွေက တစ်လကို ငွေ၁ယွမ်အတွက် အတိုးဝမ်၂၀နဲ့ တွက်ပေးမယ်လို့ ပြောလိုက်"

...

All Chapters