အခန်း (၂၃၅-၂၃၆)
Vol. 24 Ch. 235-236
အပိုင်း (၂၃၅) တတိယအစ်ကိုကျန့် (ကျန့်စန်းလန်)
"အကြွေး ဟုတ်လား” လူတော်တော်များများသည် ထိုကန့်သတ်ချက်ကြောင့် စိတ်လှုပ်ရှားသွားကြ၏။
"အတိုးကရော ကျုပ်တို့ဆီက အပေါင်ပစ္စည်းကို ထားရအုံးမှာလား"
ထိုသူများထဲက တစ်ချို့သည် ငွေချေးငှားခဲ့ဖူးကြသည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ သူတို့၏အကြွေးကို ပြန်ပေးဆပ်ဖို့ရန် အလွန်မှခက်ခဲလာခဲ့ကြသည်။ နောက်ဆုံးတွင် သူတို့သည် သူတို့၏လယ်များကို ရောင်းချခဲ့ရပြီး သူတို့၏ အကြွေးများကို ပြန်ဆပ်ဖို့ရန် ကလေးများကိုရောင်းဖို့ ဖိအားပေးခံရသည့် မိသားစုများ ဖြစ်လာခဲ့သည်။
သူတို့သည် အခိုက်အတန့် ချီတုံချတုံဖြစ်သွားကြ ၏။
အရာရှိကလည်း ပြန်မဖြေရဲချေ။ ထိုအစားမြို့ထဲက ချမ်းသာသည့် အိမ်ထောင်စုများက သခင်မလေးထက် ပိုပြီးသားသားနားနား ဝတ်ဆင်ထားသယောင်ရှိသည့် သူ့ဘေးတွင်ရပ်နေသည့် အခြွေအရံကို ကြည့်လိုက်လေသည်။
အမှန်တွင်တော့ အခြွေအရံမလေးကလဲ စိုးရိမ်နေသည်။ တစ်ခြားသူများက သိချင်မှသိပေလိမ့်မည်။ သို့သော်ငြားလည်း သူမနှင့် သူမ၏သခင်မသည် ကမ်းလှမ်းထားခဲ့ပေးပြီးသားဖြစ်သည့် အကူအညီနှင့် အားထုတ်မှုများကို ကောင်းကောင်းသိထားသည့်အပြင် ဒီနွားအကောင်၂၀၀ကို ကျန့်မိသားစုဆီမှ ဝယ်ဖို့မှတစ်ကောင် ၂၅ယွမ်ဖြင့်ဝယ်ဖို့ရန် အိမ်ထောင်ဦးစီး၏ အထောက်အပံ့နှင့် မျိုးနွယ်စုခေါင်းဆောင်၏ ဖိအားပေးခြင်းကိုလည်း သေသေချာချာ သိထားလေသည်။
သည့်အတွက် ယွမ်၅ထောင်ကျော်ကို ထပ်ဖြည့်ခဲ့ရသည်။
ယခုတော့ သူတို့သည် တစ်ပြားတစ်ချက်မှ မစုဆောင်းရပါဘဲ အကြွေးဖြင့် ပေးရလိမ့်အုံးမည်။
အမှန်တွင်တော့ အိမ်ထောင်ဦးစီးသခင်ကြီးက ချွေးမဖြစ်သူကို ယွမ်၃ထောင် တိုးတိုးတိတ်တိတ် ပေးခဲ့သေးသည်။ သို့သော်ငြားလည်း သခင်မနှင့်သခင်ကြီးတို့၏ ကိုယ်ပိုင်ဘဏ္ဍာတိုက်ထဲက ကျန်သည့်ပစ္စည်းများ မဟုတ်ကြချေ။ ထို့အပြင် နွားများအပြင် သည်လက်ဆောင်များကလဲ ပါလာသေးသည်။
သို့သော်ငြားလည်း အစေခံတစ်ယောက်အနေဖြင့် သူမက မည်မျှပင် ဂရုစိုက်နေပါစေ သခင်မ၏ကိုယ်ပိုင်ဆန္ဒကို ဦးစားပေးရလိမ့်မည်။ သူမအတွက် အမိန့်ကိုနာခံခြင်းက အဓိကကျလေသည်။
အထက်တန်းကျပြီး သြဇာအရှိန်အဝါရှိသည့် မိသားစုများမှ အမျိုးသမီးများသည် အခြွေအရံများ ဖြစ်နေသည့်တိုင် အမိန့်အာဏာ၏ အငွေ့အသက်တစ်ခုကို သယ်ဆောင်ထားလေသည်။ အရာရှိ၏ စူးရှသည့်အကြည့်က သူမကို မခြိမ်းခြောက်နိုင်ခဲ့ချေ။ စကားဝိုင်းကို တာဝန်ယူလိုက်ပြီး သူမက ပြောလိုက်၏။ "ကျွန်မတို့သခင်မက ညွှန်ကြားထားတယ်၊ တစ်နှစ်အတွင်း ဘာအတိုးမှ မယူပါဘူး၊ ဒီ့အပြင် ဒီဆောင်းဦး ရိတ်သိမ်းပြီးတဲ့နောက်မှာ ရှင်တို့တွေက ရှင်တို့ရဲ့အကြွေးကို စပါးနဲ့ ပြန်ဆပ်လို့ရပါတယ်၊ တကယ် လို့ တစ်နှစ်ပြီးသွားရင်တောင်မှ အကြွေးကျန်နေသေးတယ်ဆိုရင် အတိုးကို ၁လကို ၁ယွမ် ဝမ်၂၀နဲ့ ပေးရပါလိမ့်မယ်"
"အပေါင်ပစ္စည်းအနေနဲ့ကတော့ ... "
သခင်ကြီးက ပြည်နယ်အုပ်ချုပ်ရေးမှူးတစ်ယောက်လေ။ သူက အပေါင်ပစ္စည်းကို ဘာအတွက်လိုအပ်အုံးမှာလဲ။
နောက်ပြီးတော့ လယ်သမားတွေရဲ့ အခြေအနေကို အကဲခပ်ကြည့်ရတာ သူတို့ရဲ့မြေကလဲ အစိုးရက အသစ်ချပေးထားတဲ့ဟာတွေပဲ။ သူတို့တွေမှာ ပေးစရာ ဘာမှရှိတဲ့ပုံတောင် မပေါ်ဘူး။
"ကျွန်မတို့သခင်မက အပေါင်ပစ္စည်းအတွက် လိုအပ်ချက် တစ်ခုခုကိုတော့ မပြောခဲ့ပါဘူး၊ ရှင်တို့ရဲ့အိမ်ထောင်စုစာရင်း အချက်အလက်ကိုယူပြီး အကြွေးစာရွက်ကို ရေးပြီးတော့ ရုံးတော်မှာ မှတ်တမ်းတစ်ခု ထားဖို့အတွက် တံဆိပ်တုံး ရိုက်လိုက်ရုံပါပဲ"
ဒီစကားကို ကြားလိုက်ရသည်တွင် လူအုပ်ကြီးသည် ဆူဆူညံညံ ဖြစ်သွားတော့သည်။
အပေါင်ပစ္စည်းမလို။ တစ်နှစ်တာအတိုးလဲမယူ။ အကြွေးပြန်ဆပ်ရမဲ့ ရွေးချယ်ပုံကလဲ ငွေမဟုတ်ဘဲစပါးနဲ့တဲ့ ... ဒီသတ်မှတ်ချက်များသည် လယ်သမားများအကြားတွင် မြန်မြန်ဆန်ဆန် တွက်ချက်မှုများ ဖြစ်သွားစေတော့သည်။ ဉာဏ်ကောင်းသည့်လူများကတော့ စိတ်တွက် တွက်လိုက်ကြသည်။ ဉာဏ်မကောင်းသည့်သူများကတော့ သူတို့၏အစီအစဥ်ကို တိုင်ပင်ဖို့ရန် အတူတူ တိုးဝှေ့လိုက်ကြသည်။ သူတို့သည် သည်နွေဦးတွင် မြေယာကို မည်မျှစိုက်ပျိုးနိုင်ပါမည်နည်း။ စပါးအထွက် မည်မျှရှိနိုင်ပါမည်နည်း။ ရိတ်သိမ်းချိန်ရောက်လျှင် ငွေပမာဏ မည်မျှရရှိပါလိမ့်မည်နည်း။
စာမတတ်သည့်လယ်သမားများသည် အတွက်အချက်တွင် ခက်ခဲနေလေသည်။ သို့သော်ငြားလည်း အထွက်နှုန်းကို တွက်ချက်ရာတွင်တော့ ချွင်းချက် ဖြစ်နေပြန်သည်။ သို့သော်ငြားလည်း စပါးစျေးက မတည်မငြိမ် အတက်အကျဖြစ်နေ၏။ သူတို့အထွက်နှုန်းကို ငွေအဖြစ် ပြောင်းလဲတွက်ချက်ဖို့က ခက်ခဲနေသည်။ မည်သို့ဆိုစေ သူတို့၏အင်္ကျီလက်ထဲတွင် လက်ချောင်းများဖြင့် တိတ်တိတ်လေး လက်ချိုးရေတွက်လိုက်ကြပြီး သူတို့သည် အရေအတွက်ကို အကြမ်းဖျဥ်း ခန့်မှန်းနိုင်ခဲ့ကြသည်။
ရိတ်သိမ်းချိန်ရောက်လာလျှင် ယခုအချိန်၌ စပါး ၁ ပြည်ကို ဝမ်၃၀၀ မျှော်လင့်ထားခြင်းကတော့ လက်တွေ့မကျချေ။ မည်သူကမှ အပြုသဘောဆောင်ပြီး မတွက်ချက်ရဲချေ။ ပိုနိမ့်သည့်စျေးတစ်ခုကိုသာ မှတ်ယူထားပြီး သေချာအောင် ပြုလုပ်နိုင်လေသည်။
တွက်ချက်မှုကို လျှော့ချထားသည့်တိုင် စစ်မဖြစ်ခင်က စပါး၁ပြည် ဝမ်၆၀မှဝမ်၈၀အထိ ပုံမှန်စျေးနှုန်းရှိခဲ့သည်တွင် အကယ်၍များ ရွာတစ်ရွာတွင် အိမ်ထောင်စုဆယ်စုက သူတို့၏အထွက်နှုန်းများကို ပေါင်းလိုက်လျှင် စပါးတင်း ၂တင်း၊ ၃တင်းလောက် ထပ်ထွက်လာလိမ့်မည်။ သူတို့သည် နွားထီးတစ်ကောင်ကို တတ်နိုင်လေသည်။
"မြေကို ရှင်းလင်းဖို့က အဓိကကျတယ်၊ နွားတစ်ကောင် မရှိဘူးဆိုရင် ကျုပ်တို့တွေ တစ်ယောက်ထဲ မလုပ်နိုင်ဘူး၊ တစ်ကောင်လောက် ရှိထားတယ်ဆိုရင်တော့ တကယ်လို့ ကံတရားကသာ အကျိုးပေးတယ်ဆိုရင် နောက်ထပ်ရလာတဲ့မြေအပိုမှာ ဒီနှစ်စိုက်ပျိုးမယ်ဆိုရင် နွားဖိုးကုန်ကျစရိတ် ကာမိနိုင်တယ်"
"ဒါဆိုရင် ကျုပ်တို့တွေ ချေးကြမလား"
"ချေးကြမယ်"
"မြန်မြန် လူတစ်ချို့ကို နွားရွေးဖို့ ချန်ထားလိုက်၊ အာ့လန်နဲ့သလန် ငါတို့ရွာက လူအားလုံးကို သွားခေါ်လာခဲ့၊ သူတို့ကို ဒီအကြောင်း ချက်ချင်းပြောပြလိုက်အုံး"
တစ်စုံတစ်ယောက်က ဦးဆောင်လိုက်သည်တွင် တစ်ခြားလူများကလဲ စိတ်အေးသွားသလို ခံစားလိုက်ရ၏။ ရွာသားများအားလုံး ရောက်မလာသေးသည်တွင် မိသားစုများနှင့် အသိမိတ်ဆွေများက အစုအဖွဲ့များပြုလုပ်ကြပြီး နွားများကို အတူတူကြည့်ရှူလိုက်ကြသည်။ ဒီလိုနှင့် အားလုံးက သူတို့၏ ရွာသားများကို သွားရောက်စုစည်းရန် အမြန်လူစုခွဲလိုက်ကြ၏။
ဒီဆူညံသံကို မြင်လိုက်သည်တွင် အဘိုးချန်းနှင့်သူ့အဖွဲ့သည် သူတို့၏နွားရွေးချယ်ခြင်းကို အလျင်စလို လုပ်လိုက်ရတော့သည်။ သူတို့ကြားထဲက အသိပညာကြွယ်ဝသူများက တိရိစ္ဆာန်များကို သေသေချာချာ စစ်ဆေးကြည့်ရှုလိုက်ကြပြီး သူတို့၏ ကိုယ်လုံး ကိုယ်ထည်၊ အရည်၊ မျက်လုံးနှင့် သွားများကိုလဲ စစ်ဆေးကြည့်လိုက်ကြသည်။ နွားထီး ၂၅ကောင်ထဲမှ သူတို့သည် စိတ်ကျေနပ်သည့်သုံးကောင်ကို ရွေးချယ်လိုက်ကြပြီးနောက်တွင် အတက်ကြွဆုံးနှင့် မျက်လုံးအတောက်ပဆုံး တစ်ကောင်ကို ရွေးချယ်လိုက်တော့သည်။ ထိုနွားထီးကို လှမ်းဆွဲလိုက်ပြီး ကျိုးရွာသူကြီးက အကျယ်ကြီး လှမ်းပြောလိုက်၏။ "သရှင်းရွာက နွားဝယ်ပါမယ်"
ဒီကြေငြာချက်သည် ပတ်ဝန်းကျင်ကို တက်ကြွလာစေတော့သည်။ နွားထီးများကို ရွေးချယ်နေကြသည့်လူများက ပိုပြီးတော့ သတိဝီရိယရှိလာပြီး ရွာသားများကို သွားရှာနေကြသည့်သူများကလဲ ပိုပြီးမြန်မြန်ဆန်ဆန် ပြေးသွားကြတော့သည်။
ဝမ်းသာအားရဖြစ်သွားပြီး ဖန်မိသားစု၏ မူလကအစေခံတစ်ယောက်ဖြစ်သည့် နွားကျောင်းသားမှာ စိတ်အားထက်သန်စွာဖြင့် ချက်ချင်းပြန်ဖြေလိုက်၏။ "ကောင်းပါပြီ၊ ဒီဘက်ကိုလာပါ၊ သရှင်းရွာကနော်၊ နွားထီးဝယ်ဖို့ရောက်လာတာပါ၊ အားလုံးပဲ ကျေးဇူးပြုပြီး လမ်းဖယ်ပေးကြပါအုံး"
သူ့အသံသည် ကြည်လင်ပြီး ပျော်ရွှင်ဖွယ်ဖြစ်နေကာ ဇကာကွက်ပြတင်းပေါက်နောက်က ဖန်သခင်မ၏ မျက်နှာပေါ်တွင် ထည်ဝါသည့်အပြုံးတစ်ခုကို ဖြစ်သွားစေလေသည်။
အပြင်ဘက်တွင် သရှင်းရွာကအဖွဲ့သည် စာရင်းသွင်းမည့်စားပွဲဆီသို့ ရောက်လာပြီဖြစ်လေသည်။ ကျွဲနွားဝယ်ယူခြင်းက ကြက်ငှက်များကို ဝယ်ယူခြင်းထက် ပိုပြီးအခြေခံကျကာ လုပ်ရမည့်အဆင့်ကလဲ ကွာခြားလှသည်။ အရာရှိက သူတို့ကို ကြည့်လိုက်ပြီး မေးလိုက်၏။ "သရှင်းရွာကနော် ဟုတ်လား၊ ခင်များတို့တွေ ရွာသူကြီးရော ရွေးပြီးသွားပြီလား"
ရွာသူကြီးကျိုးက တဟားဟား ရယ်လိုက်ပြီး ပြန်ဖြေလိုက်၏။ "ရွေးပြီပါပြီ၊ ရွေးပြီပါပြီ၊ ကျွန်တော်ပါပဲ"
ဒီစကားကိုကြားလိုက်ရသည်တွင် အရာရှိက ထပ်ပြုံးပြလိုက်၏ "ခင်များက ပညာသင်လား"
ကျိုးရွာသူကြီးက ခေါင်းခါပြလိုက်၏။ "လုံးဝမဟုတ်ပါဘူး၊ ဒီအတိုင်း စာလုံးကို တစ်လုံးနှစ်လုံးလောက်ပဲ ရေးနိုင်တာပါ"
သူသည် ပြောရင်းဆိုရင်း သူ့မိသားစု၏ အိမ်ထောင်စုဇယားစာအုပ်ကို လှမ်းပေးလိုက်ကာ ဝါးစာလိပ်ထဲက သူ့အပိုင်းကို ထောက်ပြလိုက်လေသည်။ “ဒါက ကျွန်တော်ကိုယ်တိုင် စာရင်းသွင်းထားတဲ့အချက်အလက်ပါ”
"ကျိုးချွမ်ကျန့်နော်” အရာရှိက အစီအစဥ်အတိုင်း စာရင်းမသွင်းခင်တွင် ကျိုးရွာသူကြီးကို အတည်ပြုလိုက်၏။ ထိုသို့လုပ်ပြီးသွားသည့်နောက်တွင် သူက အချက်အလက်ကို စစ်ဆေးရန် စာရင်းစာအုပ် နောက်တစ်အုပ်ကို ဖွင့်လိုက်လေသည်။
"သရှင်းရွာ အိမ်ထောင်စု၉ခု မှန်လား။ ခင်များတို့တွေက အိမ်ထောင်စုတစ်ခုစီအတွက် နွားတွေကို ဝယ်မှာလား ဒါမှမဟုတ် စုပေါင်းပြီးတော့ဝယ်မှာလား"
ပူးပေါင်းပြီးဝယ်ဖို့လဲ မတတ်နိုင်သည့် လူများစွာရှိလေရာ ထိုသူများသည် လယ်ယာစိုက်ပျိုးဖို့အတွက် လုပ်အားကိုသာ မှီခိုဖို့ရွေးချယ်ကြလေသည်။ ထို့ကြောင့် ဤသို့မေးရခြင်းပင်။
"အိမ်ထောင်စု၉စုက နွားဝယ်ဖို့အတွက် ကျွန်တော်တို့ စုပေါင်းထားတာပါ” ရွာသူကြီးကျိုးက ပြန်ဖြေလိုက်၏။ လုမိသားစု၏ ပထမမိသားစုက စာရင်းမသွင်းရသေးသဖြင့် သူတို့ကို အိမ်ထောင်စုအရေအတွက်တွင် ထည့်မတွက်ခဲ့ချေ။
"အရမ်းကောင်းပါတယ်၊ ခင်များရဲ့အိမ်ထောင်စု ဇယားစာအုပ်ကို တင်ပြလိုက်ပါ၊ ကျွန်တော် အကြွေးစာရွက် ထုတ်ပေးပါ့မယ်၊ ခင်များတို့ ဒါကို စစ်ဆေးပြီးရင် အမှားမရှိဘူးဆိုရင် လက်မှတ်ထိုးရုံပါပဲ"
ကျိုးချွမ်ကျန့်က ခေါင်းခါပြလိုက်သည်။ " အရာရှိမင်း မလိုပါဘူး၊ ကျွန်တော်တို့တွေက ငွေနဲ့ဝယ်မှာပါ"
"အကြွေး မယူဘူးလား"
အရာရှိသည် ကျိုးချွမ်ကျန့်နှင့်သူ့အဖွဲ့ကို အလိုလို မော့ကြည့်လိုက်မိလေသည်။ ဒါက သူ့အမှားတော့လဲ မဟုတ်ချေ။ သူသည် ဒီနေရာတွင် တစ်နာရီကျော်လောက် ထိုင်လာခဲ့ပြီးဖြစ်ရာ လာရောက်ကြည့်ရှူသူများ များပြားသော်ငြားလည်း တစ်ယောက်မှ မဝယ်ခဲ့ကြချေ။ ခုနက ပြည်နယ်အုပ်ချုပ်ရေးမှူးကတော်က အကြွေးဖြင့်ဝယ်ယူနိုင်သည့် ရွေးချယ်မှုကို ကြေငြာလိုက်ပြီးမှ သရှင်းရွာက ရှေ့သို့ထွက်လာခဲ့ခြင်းပင်။ ... သူတို့သည် ကမ်းလှမ်းချက်ကို သူတို့ကိုယ်တိုင်လက်ခံသည်ဟု အလိုလိုယူဆမိသည်ပင်။
ဖန်သခင်မ၏ဘေးက အခြွေအရံကပင် အနီးကပ် တစ်ချက်လောက် ကြည့်ရှူလိုက်လေသည်။ သူတို့သည် ပြီးခဲ့သည့်လတော်တော်များများက သူမ မြင်တွေ့ခဲ့ဖူးသည့် အာဟာရကင်းမဲ့နေသည့်မျက်နှာများနှင့် လုံးဝကို ကွာခြားနေလေသည်။ အသက်အရွယ်ဖြစ်စေ၊ ကျားမ မရွေးဖြစ်စေ၊ သည်လူများအားလုံးသည် တော်တော်လေး ကျန်းမာကြဟန်တူသည်။
သရှင်းရွာတဲ့။
အခြွေအရံမလေးသည် နာမည်ကို စိတ်ထဲတွင် မှတ်ထားလိုက်၏။
မျက်တောင်တခပ်အတွင်းတွင် သူတို့သည် အချင်းချင်း အကဲခတ်လိုက်ကြသည်။ ကျိုးချွမ်ကျန့်က ဆက်ပြောလိုက်၏။
"လူတွေကို စောင့်ရှောက်ပေးတဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးနဲ့ သခင်မရဲ့ ကြီးမြတ်တဲ့ ရည်ရွယ်ချက်တွေက ကျေးဇူးတင်စရာ ကောင်းပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့တွေက အပြည့်အဝ ပေးချေနိုင်မဲ့နည်းလမ်းတွေ ရှိနေလို့ပါ၊ ကျွန်တော်တို့တွေက ဒီစေတနာကို အခွင့်ကောင်းမယူရဲပါဘူး"
ထိုသို့ပြောလိုက်ပြီးနောက် သူသည် လမ်းတစ်လျှောက်တွင် အိမ်ထောင်စုအသီးသီးဆီမှ စုဆောင်းထားသည့် ငွေပုံကြီးကို ထုတ်ပြလိုက်လေသည်။ ၁၅ယွမ် အတိအကျပင်။ "လူကြီးမင်း ကျေးဇူးပြုပြီးတော့ စစ်ဆေးပေးပါအုံး"
အရာရှိက ငွေကိုရေတွက်နေချိန်တွင် အပြုသဘောဆောင်သည့် ရလဒ်တစ်ခုကို ခံစားမိလိုက်သည့် အခြွေအရံလေးက လှည့်ထွက်သွားကာ သူမ၏သခင်မကို အကြောင်းကြားလိုက်၏။
ဖန်သခင်မသည် အဖြစ်အပျက်တစ်ခုလုံးကို စောင့်ကြည့်လာခဲ့လေသည်။ သရှင်းရွာကလူများသည် စာရင်းသွင်းပြီးနောက် နေရာရွှေ့ပြောင်းသွားကြသော်ငြားလည်း သူမသည် သူတို့၏စကားဝိုင်းကို ရှင်းရှင်းလင်းလင်း မကြားခဲ့ရချေ။ အစေခံမလေး ပြန်ရောက်လာပြီးနောက်မှ သူမက ဖန်သခင်မကို အသေးစိတ်အကြောင်းအရာကို ပြန်ပြောပြလိုက်သည်။ ဖန်သခင်မသည် ထိုအကြောင်းအရာကို ကြားလိုက်ပြီးနောက်တွင် မျက်ခုံးတစ်ဖက်ပင့်မိသွားကာ ရွာသားများကို ပိုပြီးစေ့စပ်သေချာသည့် အကြည့်တစ်ခုဖြင့် ကြည့်လိုက်လေသည်။ "သူတို့ရဲ့အသားအရေတွေက တကယ်အများစုထက် ပိုပြီးတော့ ကောင်းနေတာပဲ၊ ဒါက တော်တော်လေးရှားတယ်၊ သရှင်းရွာလို့ခေါ်တယ် ဟုတ်လား"
နောက်ဆုံး လတ်တလောနှစ်များက ဖရိုဖရဲကာလ ပြီးသွားသည့်နောက်တွင် သာမန်ပြည်သူများက အလွန်မှ အဆင်ပြေပြေနေထိုင်သည်ကို မြင်ရသည်က ပုံမှန်မဟုတ်ချေ။ အထူးသဖြင့် ဒါက တစ်ယောက်၊ နှစ်ယောက်သာမဟုတ်ဘဲ အဖွဲ့ထဲက လူတိုင်းဖြစ်နေလေသည်။
ထူးဆန်းလိုက်တာ။
သူတို့တွေက တကယ်ပဲ သာမန်ကျေးလက်တောင် သူတွေတဲ့လား။
အစေခံမလေးက ပြန်မဖြေရသေးခင်မှာပင် သူမက ရုတ်တရက် တလေးတစား ဦးညွှတ်နှုတ်ဆက်လိုက်၏။ "သခင်ကြီး"
ဖန်သခင်မသည် ခေါင်းကိုအလှည့်တွင် စောစောက ရုံးခန်းရှေ့တွင် ပျောက်သွားသည့် သူမ၏ခင်ပွန်းက သူမ သတိမထားမိခင် ပြန်လာရောက်လသည်ကို တွေ့လိုက်ရ၏။ သူမ၏မျက်လုံးများက လင်းလက်သွားပြီး သူမက တတိယအစ်ကို (စန်းလန်)ဟုခေါ်ကာ အပြုံးဖြင့် သူ့ကိုနှုတ်ဆက်လိုက်၏။
ပြည်နယ်အုပ်ချုပ်ရေးမှူးကျန့်သည် သူမဘေးက ပြတင်းပေါက်အပြင်ဘက်ကို ကြည့်လိုက်ပြီး "မင်းတို့ ဘာတွေပြောနေကြတာလဲ"
သူသည် သရှင်းရွာနှင့်ပတ်သတ်ပြီး တစ်ခုခုကို ကြားခဲ့ဟန်တူသည်။ "အပြင်ဘက်က ကျွဲနွားတိရိစ္ဆာန်နဲ့ မွေးမြူရေးတိရိစ္ဆာန်တွေကို အရောင်းအဝယ် လုပ်နေတာကို လေ့လာနေတာပါ” သူမက ပြန်ဖြေလိုက်၏။
သခင်မဖြစ်သူက ကိစ္စကို စကားတစ်ခွန်း၊နှစ်ခွန်းထဲနှင့် ဖော့ပြောလိုက်သည်ကို မြင်လိုက်ရသည့် အပျိုရံမလေးက ပြောလိုက်၏။ "ကြက်ငှက်တွေကတော့ ရောင်းရတာ အဆင်ပြေနေပါတယ် မြို့ထဲကနေထိုင်တဲ့သူတွေကလဲ သတင်းတွေကို ကြားကြပြီး လာဝယ်ကြတယ်လေ၊ ဒါပေမဲ့ ကျွဲနွားတွေကတော့ ခက်တယ်၊ စျေးက တစ်ကောင်ကို ၁၅ယွမ်နီးပါးတောင် ချထားပေးတာပဲ၊ လူအများကြီးက လာကြည့်ကြပေမဲ့လည်း ဒီမနက်ခင်းတုန်းက တစ်ယောက်မှ ဝယ်မသွားကြဘူးလေ၊ သခင်မက သူတို့တွေကို အကြွေး ဝယ်ဖို့တောင် ခွင့်ပေးလိုက်သေးတယ်၊ ဒါကြောင့် ဒီအချိန်မှပဲ အခြေအနေတွေက စပြီးလှုပ်လှုပ်ရှားရှားဖြစ်လာတာ"
သူမနှင့်အတူကြီးပြင်းလာသည့် အစေခံမိန်းကလေးသည် သူမ၏ ငွေကိုသုံးဖြုန်းမိပြီး အားထုတ်မှုက အချည်းနှီဖြစ်မှာကို လက်မခံနိုင်ရာ သူမအတွက် အမြဲတမ်း ရပ်တည်ပြောဆိုပေးလေသည်။ သခင်မဖန်က သူမကို ဒီအတိုင်းကြည့်လိုက်ပြီး ဘာမှမပြောလိုက်တော့ချေ။
အစေခံမလေးက မျက်လွှာချထားပြီး ခေါင်းငုံ့ထားလိုက်၏။
သခင်မဖန်က ပြုံးကာပြောလိုက်၏။ "ဖရိုဖရဲနှစ်ကာလတွေ ပြီးသွားတဲ့နောက်မှာ စပါးစျေးကလဲ ဖရိုဖရဲမဖြစ်ခင်ကတည်းက မိုးထိုးနေပြီလေ၊ လူအများစုမှာ ငွေတွေ မကျန်လောက်တော့ဘူးပေါ့၊ ဒီတော့ သူတို့တွေကို အကြွေးသာမပေးရင် ဝယ်နိုင်ကြမှာ မဟုတ်ဘူးလေ၊ ကျွန်မတို့တွေကလဲ ကျွဲနွားတွေကို ခြံဝန်းထဲမှာ ဒီအတိုင်းထားလို့မှမရပဲ"
"ရှင်မ” ပြည်နယ်အုပ်ချုပ်ရေးမှူးကျန့်သည် သူ့ဇနီးဖြစ်သူ၏လက်ကို လှမ်းကိုင်လိုက်ပြီး တဒင်္ဂ ဆွံ့အသွားတော့သည်။ "ကျေးဇူးတင်ပါတယ်"
အစေခံမလေးနှစ်ယောက်သည် သိတတ်လှပြီး တစ်ချက်လောက် အကြည့်ချင်းဖလှယ်လိုက်ပြီးနောက်တွင် မြန်မြန်ထွက်သွားကြတော့သည်။
သခင်မဖန်က အပြုံးဖြင့် တတိယအစ်ကိုကျန့်ကို ကြည့်လိုက်၏။ "ကျွန်မကို ပစ်မထားတော့ဘူးပေါ့လေ"
ပြည်နယ်အုပ်ချုပ်ရေးမှူးကျန့်သည် မနေ့က သူ သတင်းကြားခဲ့ချိန်တွင် ခံစားမိသည့် ထိတ်လန့်မှုနှင့် ပျော်ရွှင်မှုအကြောင်းကို ပြန်စဥ်းစားလိုက်မိ၏။ ဟုတ်ပါသည်။ ပျော်ရွှင်မှုထက် ထိတ်လန့်မှုက ပိုများလေသည်။ အထူးသဖြင့် သူမက ထိုမျှလောက် များပြားသည့်ရိက္ခာများ မွေးမြူရေးတိရိစ္ဆာန်များနှင့် ကြက်ငှက်များနှင့်အတူ ခရီးထွက်လာသည်ကို မြင်လိုက်ရခြင်းကြောင့်ပင်။ သူသည် ပြည်နယ်အုပ်ချုပ်ရေးမှူးအိမ်သို့ ပြန်လာသည့်လမ်းတွင်ပင် အလန့်တကြား ဖြစ်လိုက်မိလေသည်။ သူက သူမကို ဒေါသဟန်ဖြင့် ကြည့်လိုက်ပြီး "နောက်တခါ မင်းအဲလို နမော်နမဲ့နဲ့ အရမ်းလုပ်တယ်ဆိုရင် ပစ်ထားခံရမှာနဲ့တင် မပြီးဘူးနော်"
သို့သော်ငြားလည်း သခင်မဖန်က မကြောက်ချေ။ ထိုအစား သူမက တတိယအစ်ကိုကျန့်၏မျက်နှာကို လှမ်းညစ်လိုက်ပြီး "ရှင် ကျွန်မကို ပြုံးပြတဲ့အချိန်ကို အကြိုက်ဆုံးပဲ စန်းလန်ရေ"
တတိယအစ်ကိုကျန့်သည် အလျင်စလို နောက်သို့ တစ်လှမ်းလှမ်းလိုက်ပြီး ဘေးဘီကို ကြည့်လိုက်၏။ ဂိုဒေါင်ထဲက စောင့်ကြပ်နေသည့် အရာရှိက ခေါင်းငုံ့ထားသည်။ သူက တစ်ခုခုကို မြင်ခဲ့သလားဟု မသိခဲ့ချေ။ တည်ငြိမ်အောင်ကြိုးစားလိုက်ပြီး သူက သခင်မဖန်ကို တိုးတိုးလေးပြောလိုက်၏။ "အပြင်ဘက်မှာ ပြဿနာမရှာပါနဲ့"
သူ့လည်ဂုတ်ပေါ်တွင် နီရဲလာသည်ကို မြင်လိုက်ရသည်တွင် သခင်မဖန်က အသံထွက်ရယ်မောကာ စုပ်သပ်လိုက်လေသည်။ "ဟန်အာက ၃နှစ်တောင်ရှိနေပြီ၊ ရှင် ဘာဖြစ်လို့ အဲလောက်အထိ ရှက်တတ်နေသေးရတာလဲ"
သူမပြောလိုက်သည့် နောက်ဆုံးအပိုင်းကိုတော့ သူတို့နှစ်ယောက်သာ ကြားနိုင်လေသည်။
ကျန့်စန်းလန်က သူမ၏ရွှတ်နောက်နောက်လက်ကို လှမ်းဆွဲလိုက်ပြီး ပြောလိုက်၏။ "လာပါ အတွင်းခန်းကို ပြန်ကြရအောင်"
သူတို့သည် လမ်းလျှောက်လာကြရင်း သူက စိတ်အားထက်သန်စွာ မေးလိုက်လေသည်။ "ခုနတုန်းက သရှင်းရွာနဲ့ပတ်သတ်ပြီး ဘာတွေ ပြောနေကြတာလဲ၊ သူတို့တွေက နွားတွေ ဝယ်သွားခဲ့တာလား၊ အကြွေးနဲ့ပဲလား"
"ဟင့်အင်း၊ ဒါက နွားတစ်ကောင်ဝယ်သွားတဲ့ ပထမဦးဆုံးရွာပဲ၊ တော်တော်လေးရှားတယ်၊ ကျွန်မက သူတို့ကို အကြွေးနဲ့ပေးဖို့ သဘောတူထားတာကို သူတို့တွေက တကယ်ပဲ ငွေထုတ်လာတယ်လေ” သူမက ပြန်ဖြေလိုက်၏။ ကျန့်စန်းလန်၏နှုတ်ခမ်းများသည် မသိမသာ ကွေးတက်သွားသော်ငြားလည်း သူက ထပ်မမေးလိုက်တော့ချေ။
သူတို့သည် ခြေလှမ်းအနည်းငယ်ဖြင့် အနောက်ဘက် ဥယျာဥ်ထဲသို့ ဝင်လာခဲ့ပြီးဖြစ်လေသည်။ သူတို့သည် အတွင်းဆောင်သို့ ဝင်လာချိန်တွင် သူမနှင့်အတူ အပျိုဘဝကတည်းက လိုက်ဝင်လာသည့် ဖန်သခင်မ၏ အစေခံမလေးက သူတို့နားသို့ ချဥ်းကပ်လာသည်။ ခင်ပွန်းဖြစ်သူနှင့် အချိန်အကြာကြီး ခွဲခွာခဲ့ပြီးနောက်တွင် ဖန်ဖေးညန်သည် သူမက သူ့ကို ဘယ်လိုပဲ ကြည့်နေပါစေ ပိုပြီးပိန်သွားသည်ဟု တွေ့လိုက်ရသည်။ သူမက သူမ၏အစေခံမကို လှမ်းခေါ်လိုက်ကာ မေးလိုက်၏။ "နေ့လည်စာအ တွက် နင်တို့တွေ ဘာပြင်ဆင်ထားလဲ"
အစေခံအဒေါ်ကြီးက သူမသခင်မ၏ အတွေးများကို ကောင်းကောင်း သတိထားမိလေရာ အပြုံးတစ်ခုဖြင့် ဟင်းလျာငါးမျိုးကို ရှင်းပြလိုက်၏။ ဒါသည် မျိုးရိုးမြင့်မိသားစုများ၏ အဆင့်အတန်းနှင့်ယှဥ်လျှင် အင်မတန်မှ ချွေတာနေနှင့်ပြီဖြစ်ကာ ဖြစ်ကတတ်ဆန်းနိုင်သည်ဟု မှတ်ယူနိုင်ပေသည်။ ဒါကလည်း ပြည်နယ်အုပ်ချုပ်ရေးမှူး၏အိမ်တော်တွင် ပါဝင်ပစ္စည်း အများအပြားမရှိသည့်အချက်နှင့်လဲ သက်ဆိုင်ပေသည်။ ဖန်သခင်မသည် ထိုကြက်ငှက်များကို သူမ၏ ကိုယ်ပိုင်အစားအသောက်အဖြစ် အသုံးပြုရန် မလိုလားချေ။ သို့သော်ငြားလည်း အစေခံအဒေါ်ကြီးက ကြိုးစားအားထုတ်ကာ သေသေချာချာ ရွေးချယ်ထားပြီး ဘယ်ဟင်းလျာက အရသာရှိကာ ဘယ်ဟင်းလျာက အာဟာရဖြစ်ပြီး ဘယ်ဟင်းလျာကိုတော့ သူမ၏သခင်ကြီးက ကြိုက်နှစ်သက်သည့်အကြောင်း ရှင်းပြလိုက်ကာ အားလုံးက သူ့အကြောင်းနှင့်သူ ရှိနေသည်။ လိုရင်းကိုပြောရလျှင် ဒါသည် ဖန်သခင်မ၏အကြိုက်နှင့် ကိုက်ညီနေပေတော့သည်။
အစေခံအမျိုးသမီးကြီးကတော့ သူမက ဘယ်လောက်ပင် လှလှပပ ဖော်ပြနေသည်ဖြစ်စေ ဟင်းလျာကောင်းကောင်း အများကြီးမရှိမှန်း သေချာသိနေလေသည်။ ထို့ကြောင့် သူမက အကြံပြုလိုက်၏။
"ဒီနေ့ မီးဖိုချောင်ထဲမှာ သမင်သား လတ်လတ်ဆတ်ဆတ်လေးတော့ ရှိတယ်၊ သခင်မနဲ့ သခင်ကြီးတို့က နေ့လည်စာအတွက် စားချင်မလားလို့ ကျွန်မက မေးဖို့စဥ်းစားထားတာ ဒါကို မြေအိုးနဲ့ချက်ပြုတ်ရင် တကယ်အနူးညံ့ဆုံးပါပဲ"
"သမင်သား ဟုတ်လား” ဖန်သခင်မသည် တအံ့တသြ ဖြစ်သွားလေသည်။ "အဲဒါက ဘယ်ကနေ ရလာတာလဲ"
...
အပိုင်း (၂၃၆) တကယ် ဝက်တွေပဲ
အဘွားကြီးက ပြန်ဖြေလိုက်၏။ “ချန်းအန်း ဒီမနက်ခင်း အစောက ယူလာပေးခဲ့တာ၊ သမင်ခြေပေါင်တစ်ခြမ်းလုံးပဲ၊ သူ ပြောတာတော့ သခင်ကြီး အရင်က စာအုပ်တွေသွားပို့ခိုင်းလိုက်တဲ့ မိသားစုဆီကတဲ့”
“စာအုပ်တွေဟုတ်လား” ဖန်ဖေးညန်သည် သူမ၏ခင်ပွန်းဖြစ်သူကို ကြည့်လိုက်၏။
“နောက်ထပ် အသားတွေလား” ကျန့်စန်းလန် ကိုယ်တိုင်ပင် အံ့အားသင့်သွားတော့သည်။ သို့သော်လည်း သရှင်းရွာက လူများသည် တောင်အတွင်းပိုင်းသို့ ဝင်ရောက်နိုင်ကြပြီး လူများကို ပို့ဆောင်ရာပေးတွင် ရုံးတော်ကို ကူညီပေးနေသည်ကို သတိရသွားပြီး သူ နားလည်သွားတော့သည်။ “ဒါဆိုရင် အဲဒါကိုပဲ ပြင်ဆင်လိုက်ပါ”
အဘွားကြီး ထွက်သွားပြီးနောက်တွင် ဇနီးဖြစ်သူက အဖြေကို စောင့်နေသေးသည်ကို မြင်လိုက်ရသဖြင့် သူက စာကြည့်ခန်းထဲသို့ ဝင်သွားလိုက်ပြီး ပြောလိုက်၏။ “ဟုတ်တယ်၊ သူတို့ကို စာအုပ်ပို့ပေးလိုက်တာ၊ အခု လာပို့ပေးတဲ့သူကလည်း မင်း ခုနကပြောတဲ့ သရှင်းရွာက လူပဲလေ”
သူက သရှင်းရွာထဲတွင် ဝဥစိုက်ပျိုးထားသည့်အကြောင်းကို ရှင်းပြလိုက်ပြီး ပြည်နယ်ကျောင်း စာမေးပွဲအကြောင်း အတိုချုပ် ပြောပြလိုက်သည်။ “ဒီရွားမှာ အိမ်ခြေက နည်းနည်းပဲရှိတာ၊ ဒါပေမဲ့ အများကြီး စာမေးပွဲလာဖြေကြတယ်လေ၊ တော်တော်များများလည်း အောင်ကြတယ်၊ သာမန်ပြည်သူတွေအတွက် ပညာသင်တွေကို မွေးထုတ်ပေးဖို့ဆိုတာ မလွယ်ဘူး၊ မင်းကြီးကတော့ ကျေနပ်တော်မူမှာပဲ”
မင်းကြီးက ဘာနှင့်ပတ်သက်ပြီး ကျေနပ်နေမည့်အကြောင်းကိုတော့ ချဲ့ကားပြောရန် မလိုတော့ချေ။ ဖန်ဖေးညန်သည် အိမ်တွင်းအောင်း အမျိုးသမီးတစ်ယောက် ဖြစ်သော်လည်း သူမသည် ရုံးတော်နှင့် လက်ရှိအခြေအနေနှင့်ပတ်သက်ပြီး သတင်းစုံသည်။ ဒါသည် အမျိုးသမီးများနှင့် အထက်တန်းစားမိသားစုများအတွက် မဖြစ်မနေလုပ်ရမည့် အရာတစ်ခုဖြစ်သည်။ ကျန့်မိသားစုက တစ်ဦးတစ်ယောက်မှ ဆယ်စုနှစ်များစွာ ကြာသည့်အထိ အရာရှိလောကကို မဝင်ခဲ့သော်လည်း သည်ကိစ္စများအပေါ် သူမ၏ နားလည်မှုက တခြားသူများနှင့် ယှဉ်နိုင်သည်။
တစ်ဖက်တွင်တော့ ကျန့်စန်းလန်သည် စန်းလော့၏ နောက်ကြောင်းကို စဉ်းစားရင်း သူက ပြောလိုက်၏။ “ဟုတ်သားပဲ၊၊ ရှန်းလီရဲ့မိန်းမကို မင်းနဲ့ဇာတိမြို့တစ်ဝက်တူတဲ့သူလို့ ပြောလို့ရတယ်၊ သူက တုန်းပြည်နယ် စန်းမျိုးနွယ်ကတဲ့၊ ဝဥစိုက်ပျိုးရေးအကြောင်း သူပဲ စဉ်းစားခဲ့တာ၊ အခု ပတ်ဝန်းကျင် စီရင်စုတွေကို ဖြန့်ဝေပေးခဲ့တဲ့ ဝဥမျိုးတွေကို သရှင်းရွာနဲ့ သူ့နည်းလမ်းကို သင်ယူခဲ့ကြတဲ့ အနီးအနားကနေရာတွေဆီက လယ်သမားတွေဆီကနေ အလဲအလှယ်လုပ်ထားခဲ့တာပဲ”
“မင်း အပျိုဘဝတုန်းက တုန်းပြည်နယ် စန်းမျိုးနွယ်က စိုက်ပျိုးရေးနဲ့ ပိုးမွေးမြူရေးမှာ ကျွမ်းတယ်ဆိုတဲ့အကြောင်းက ကြားခဲ့ဖူးလား”
ဖန်ဖေးညန်က ခေါင်းခါပြလိုက်ပြီး “စန်းမျိုးနွယ်ကိုတော့ သိတယ်၊ ဒါပေမဲ့ ကျွန်မ တုန်းပြည်နယ်ကို အကြိမ်နည်းနည်းပဲ ရောက်ဖူးခဲ့တာ၊ တိုက်ရိုက် ဆက်ဆံတာမျိုးတော့ မရှိခဲ့ပါဘူး၊ ကျွန်မကြားတာတော့ စန်းမျိုးနွယ်က စေတနာကောင်းကြတယ်တဲ့”
ထိုအချိန်အခါမက အထက်တန်းစားမိသားစုဖြစ်စေ၊ သာမန်ပြည်သူဖြစ်စေ အဖိုးတန်သည့်အရာတစ်ခုခုကို ပိုင်ဆိုင်ထားရလျှင် ဒါကို သေချာသိမ်းထားကြပြီး မျိုးဆက်များကို အဆင့်ဆင့် လက်ဆင့်ကမ်းပေးချင်ကြသည်။
“အမှန်ပဲ၊ သူလည်း စေတနာအရမ်းကောင်းတယ်” ကျန့်စန်းလန်သည် သူတို့ သရှင်းရွာသို့ သွားခဲ့သည့်နေ့ကို ပြန်စဉ်းစားလိုက်ပြီး ပြုံးလိုက်၏။ “ချွေ့ချီချန်းက ဝဥစိုက်ပျိုးနည်းအကြောင်း ပြောတုန်းက ဒါက ရှန်းမိသားစုကဆိုတဲ့အကြောင်း ပြောခဲ့တယ်လေ၊ ငါ မေးမြန်းပြီး ရှန်းလီအကြောင်း စုံစမ်းခဲ့သေးတယ်၊ သူက တော်တော်လေး ရိုးသားပြီး ဒါအပေါ်လဲ အခွင့်ကောင်းမယူခဲ့ဘူး၊ တခြားသူတွေကို သင်ပေးခဲ့တာ သူ့မိန်းမ စန်းလော့လေ”
“ဒီလင်မယားမှာ တစ်ယောက်က ဖြောင့်မတ်တဲ့စိတ်ထားရှိပြီး တည်ကြည်မှုရှိတယ်၊ ကျန်တစ်ယောက်ကတော့ သဘောထားပြည့်ဝတယ်၊ သူတို့ဆီကို ဒီစာအုပ်ပို့ပေးလိုက်ရတာ ငါ တော်တော်လေး စိတ်ချမ်းသာမိတယ်”
ဖန်သခင်မသည် အခုတော့ နားလည်သွားတော့သည်။ ရှန်းလင်မယားသည် သူတို့၏အကျင့်စရိုက်များကြောင့် သူမခင်ပွန်း၏ လေးစားအားကျခြင်းကို ရရှိခဲ့ခြင်းပင်။ ထို့အပြင့် သူတို့သည် ဖြောင့်မတ်ရိုးသားသည်တဲ့...။ ဖန်သခင်က ပြုံးလိုက်၏။ ကျန့်မိသားစု၏ ကျိုတင်မျှော်မှန်းချက်များ၊ ဝဥကြောင့်ရရှိလာမည့် အကျိုးဆောင်မှုများနှင့် တခြားကိစ္စအနည်းငယ်ကို ထည့်တွက်လိုက်လျှင် သူမ၏ခင်ပွန်းက စာအုပ်ကို ပို့ပေးလိုက်ရသည့်အကြောင်းအရင်းကို နားလည်သွားတော့သည်။
“ရှင် ဘာစာအုပ်တွေ ပို့ပေးလိုက်တာလဲ၊ ရှင်နဲ့ စာအုပ်တွေ မယူသွားခဲ့တာ ကျွန်မ မှတ်မိသားပဲ”
ရှီကျိုး ပြည်နယ်အုပ်ချုပ်ရေးမှုး ဖြစ်မလာခင်က ကျန့်စန်းလန်သည် နှစ်တော်တော်များများ မင်းသားချီ၏လက်အောင် တာဝန်ထမ်းဆောင်ခဲ့ကာ ဒေသအသီးသီး တစ်လျှောက် တိုက်ပွဲများတွင် ပါဝင်ခဲ့သည်။ သူ အိမ်ကမထွက်ခင် သူ့ပစ္စည်းများကို ထုပ်ပိုးရန် ကြီးကြပ်ပေးရသူက အမြဲတမ်း သူမပင်။
ကျန့်စန်းလန်က အေးအေးလူလူနှင့် စားပွဲကိုလက်ညိုးထိုးပြလိုက်ပြီး “ဟိုက စာအုပ်တွေလေ”
ဖန်သခင်မသည် စာအုပ်ကို လှန်လောကြည့်လိုက်ပြီး သူမ၏ဇမဏီမျက်လုံးများမှ မသိမသာ ဝိုင်းစက်သွားတော့သည်။ “ရှင် အဘိုးရဲ့စာအုပ်တွေကို ဒီအတိုင်း ပေးလိုက်တာလား”
“အဘိုးက ဂရုစိုက်မယ်လို့ မင်း ထင်လား”
သူမ၏ ယောက္ခထီး၏ စိတ်သဘောထားကို စဉ်းစားလိုက်မိပြီး ဖန်ဖေးညန်သည် တခစ်ခစ်ရယ်မောလိုက်ပြီး ရွှတ်နောက်နောက် ကျီစယ်လိုက်လေသည်။ “ယောက္ခထီးကတော့ ဒီအကြောင်း သိသွားရင် ၃-၄-၅လလောက် ဒေါသထွက်သွားလိမ့်မယ်”
စန်းလန်၏နှုတ်ခမ်းများက ထိုစကားကို ကြားလိုက်ရသည်တွင် ကွေးတက်သွားပြီး “၃နှစ် ၅နှစ် ၇နှစ်ခုလောက် နာကျည်းနေမယ်ဆိုလဲ မဆိုးလှပါဘူး”
ဖန်ဖေးညန်သည် အော်ရယ်ချင်စိတ်ကို ဖိနှိပ်ရန် ရုန်းကန်ထားရတော့သည်။
...
ပြည်နယ်အုပ်ချုပ်ရေးမှူးအိမ်တော် အပြင်ဘက်တွင် ကန်းရှီနှင့် တခြားသူများသည် တန်းစီနေကြပြီး သူတို့မွေးမြူရေးတိရစ္ဆာန်များကို ရွေးချယ်နေကြသည်။
စန်းလော့က အလွန်မှ အကောင်းမြင်နေခဲ့ခြင်း ဖြစ်တော့သည်။ ကြက်ပေါက်များ၊ ဘဲများနှင့် ငန်းများအားလုံးကို ဝယ်ရန် မဖြစ်နိုင်ချေ။ တစ်စုံတစ်ယောက်နှင့် ဘဲငန်းတစ်ကောင်လောက် အလဲအလှယ်လုပ်ရန်အတွက် သူမ၏အစီအစဉ်ကလည်း အောင်မြင်ရန် အလားအလာမရှိချေ။
ရှည်လျားသည့်ခရီးကို အန္တရာယ်ကင်းကင်း ရောက်လာနိုင်ခဲ့သည့် ကြက်ငှက်အရေအတွက်က အကန့်သတ်နှင့်ဖြစ်နေကာ တစ်ချို့ကို သည်မနက်စောစောကပဲ တခြားစီရင်စုများသို့ ဝေမျှပေးခဲ့ပြီးဖြစ်သည်။ ရလာဒ်အနေဖြင်း အိမ်ထောင်စုတစ်စုစီက တစ်ကောင်သာ ဝယ်နိုင်တော့သည်။
ထပ်တွေးမနေတော့ဘဲ ရှန်းနဉ်နှင့် ရှန်းကျင့်တို့သည် ဘဲငန်းကို ရွေးချယ်လိုက်ကြ၏။ ရှန်းနဉ်က ရွေးချယ်ပြီးသွားသည်နှင့်ချက်ချင်း အိမ်ယာဝန်းထဲက တခြားမိသားစုများကလည်း မြန်မြန် နောက်ကလိုက်ရွေးကြသည်။ ပထမအချက်မှာ သူတို့သည် သူတို့၏ ကြက်နှင့်ဘဲများ၏ ဝေစုကို မျှမျှတတ ရခဲ့ပြီးဖြစ်သည်။ ဒုတိယအချက်မှာ ရှန်းနဉ် ရွေးလိုက်သမျှသည် စန်းလော့မှာကြားချက် ဖြစ်သည်က သေချာသည်။ ထို့ကြောင့် သူတို့သည် သူမကို လိုက်အတုယူခြင်းက မှားနိုင်မည်မဟုတ်ချေ။
အိမ်ထောင်စုတစ်စုစီက ငန်းတစ်ကောင်စီရပြီး အများစုက ရွှီမိသားစုကဲ့သို့ပင်။ ဝေ့လင်းကျန့်က သူမ၏လက်ထဲတွင် အိမ်စုစာရင်း ၃ခုကိုင်ထားသည်။ သူမက ငန်းတစ်ကောင် ရွေးချယ်ရန်အတွက် ရှန်းနဉ်၏ ရည်ရွယ်ချက်ကို မေးလိုက်၏။ သူတို့သည် မြွေပါများကို မောင်းထုတ်ရန် တောင်ပေါ်တွင် မွေးထားမည့်အကြောင်း သိလိုက်ရချိန်တွင် သူမက ဝေ့ချင်းဟယ်၏ အိမ်ထောင်စုစာရင်းကို ရှန်းနဉ်အား လှမ်းပေးလိုက်၏။ “အဒေါ်တို့မိသားစုက ၂ကောင်ဆို၇င် လောက်ပြီ၊ သမီး ဒါကို သုံးပြီးတော့ နောက်တစ်ကောင်ဝယ်လိုက်”
ဝက်များကတော့ နွားများလောက် အရာမဝင်ခဲ့ချေ။ စီရင်စုမျိုးထဲက အိမ်ထောင်စုများအတွက် ကြက်နှင့်ဘဲများကို မွေးမြူရန်သာ အဆင်ပြေကြပြီး ဝက်များအတွက်တော့ နေရာမရှိချေ။ ထို့အပြင် ရွာသားများကလည်း ဝက်ပေါက်များကို ဝယ်ဖို့ မတတ်နိုင်ကြချေ။
ရသမျှ ဝယ်ရမည်ဟူသည့် ယောက်မဖြစ်သူ၏မှားကြားချက်အတိုင်း လိုက်က ရှန်းနဉ်သည် အရာရှိနှင့် ဆွေးနွေးတိုင်ပင်ပြီးနောက်တွင် တွေဝေမနေဘဲ ချက်ချင်း ဝက်တစ်ကောင်ဝယ်လိုက်လေသည်။ သူမက ရှန်းကျင့်အတွက်ပင် တစ်ကောင် ဝယ်ပေးလိုက်သေးသည်။ “နင် ဒါကို မမွေးချင်ဘူးဆိုရင် တစ်ကောင်ကို ငါတို့ ယူလိုက်လို့ရတယ်”
ရှန်းကျင့်က တခိခိရယ်လိုက်ပြီး “အင်းပါ၊ အင်းပါ၊ ငါ ဒါတွေကို မွေးချင်ပါတယ်”
ဝေ့လင်းကျန့်က ဝက်များကို ကြည့်ပြီး အတိုင်းအတာတစ်ခုအထိ စိတ်ဖိစီးသွားတော့သည်။
ကြက်နှင့်ဘဲများကို မွေးမြူခြင်းကိုတော့ လုပ်နိုင်ပေသည်။ သူသည် သည်ပညာရပ်များကို တောင်ထဲတွင် နေခဲ့သည့်နှစ်များအတွက် သင်ယူခဲ့ရသည်။ သို့သော် ဝက်မွေးရန်ကတော့ ဝေ့လင်းကျန့်သည် လုံးဝကို အတွေ့အကြုံမရှိချေ။ သူမတင်မဟုတ်ချေ အိမ်က အဘွားရွှီကလည်း ၁၀နှစ် ၂၀နှစ်အတွင်းတွင် သည်လိုလုပ်အားမျိုးကို ခံနိုင်ရည်ရှိခဲ့သည်မဟုတ်။
သူမသည် အိမ်ထောင်စုစာရင်းကို ကိုင်ထားပြီး အချိန်အကြာကြီး ဝက်ပေါက်များကို ငေးကြည့်နေမိပြီးနောက်တော့ သည်အလုပ်က သူမလုပ်နိုင်စွမ်းထက် ကျော်လွန်နေကြောင်း နားလည်လိုက်၏။ သူမက မျက်လုံးထဲတွင် လင်းလက်နေသည့်အကြည့်တစ်ခုဖြင့် ရှန်းကျင့်ကို ဝက်များ ကူရွေးပေးနေသည့် ရှန်းနဉ်ဘက်သို့ လှည့်လိုက်လိုက်လေသည်။ သူတို့နားသို့ တိုးသွားလိုက်ပြီး သူမက မေးလိုက်၏။ “အားနဉ် သမီးတို့မိသားစုလည်း ဝက်ဝယ်မလို့လား”
ရှန်းနဉ်က ခေါင်းညိတ်ပြလိုက်ပြီး “ဟုတ်တယ်၊ ယောက်မက သမီးတို့ ရသမျှအကုန် ဝယ်ခဲ့ရမယ်လို့ မှာထားတယ်”
ဒါဆိုလဲ ဟုတ်ပြီလေ။
ဝေ့လင်းကျန့်က အိမ်ထောင်စုစာရင်းစာအုပ်ကို လက်လွှဲပေးလိုက်ပြီး “ သုံးခုရှိတယ်၊ သမီး ဒါတွေကို လိုချင်လား၊ လိုချင်ရင် အဒေါ်က သူတို့အိမ်ထောင်စုစာရင်းကို သမီးတို့မိသားစုဆီ ပြောင်းပေးလိုက်မယ်”
“လိုချင်တယ်၊ လိုချင်တယ်၊ လိုချင်တယ်” ရှန်းနဉ်က အားတက်သရော လက်ခံလိုက်၏။
အဟုတ်ပင်။ သူမနှင့်ရှန်းကျင့်တို့သည် မောင်နှမအရင်းချာများလိုပင်။
ဝေ့လင်းကျန့်သည် ရယ်မောလိုက်ပြီး အိမ်ထောင်စု စာရင်းစာအုပ်ကို လှမ်းပေးလိုက်၏။ ထို့နောက်တွင် သူမက ရှန်းနဉ်ကို မေးလိုက်၏။ “သမီး နင် ငွေရောလောက်ရဲ့လား”
လောက်ပါတယ်၊ လောက်ပါတယ်၊ ကျေးဇူးတင်ပါတယ် ဒေါ်ဒေါ်”
ရွှီမိသားစု၏အိမ်ထောင်စုစာရင်းစာအုပ်ကို လက်ထဲတွင် ကိုင်ထားပြီး သူမသည် ဝက်ပေါက်များကို ဝမ်းသာအားရ သွားဝယ်တော့သည်။
ဝက်ပေါက်များကို တာဝန်ယူထားပေးသည့် ဝက်ကျောင်းသားလေးက သူမနှင့်ရှန်းကျင့်တို့ကို ကြည့်လိုက်၏။ သူတို့က ဝက်ပေါက် ၅ကောင်လိုချင်ဟု ကြားလိုက်ရချိန်တွင် သူသည် တအံ့တဩဖြင့် ရှန်းနဉ်ကို ပါးစပ်အဟောင်းသား ဖြစ်သွားကာ “ဘယ်လောက်လိုချင်တာ”
“ငါးကောင်ပါ” သူမက အိမ်ထောင်စု စာရင်းစာအုပ်ကို မြောက်ပြလိုက်ပြီး “ကျွန်မ အိမ်နီးချင်းတွေအတွက်လဲ ဝယ်မှာပါ”
“အိမ်နီးချင်းတွေက မင်းလို ကလေးမလေးကို ဝက်ပေါက်ဝယ်ဖို့ တာဝန်ပေးလိုက်တာလား”
နောက်ပြီး သူက အိမ်ထောင်စု ငါးစုစာ ဝယ်မှာတဲ့လေ။ တကယ့်ကို ယုံကြည်လိုက်ကြတဲ့ အိမ်နီးချင်းတွေပါလား။
ဝက်ကျောင်းသားလေသည် စကားတစ်လုံးကိုမှ မယုံကြည်ခဲ့ချေ။
ရှန်းနဉ်က ဝေ့လင်းကျန့်ကို လက်ညိုးထိုးပြလိုက်ပြီး “ဟိုမှာ အဲဒါ ကျွန်မရဲ့အဒေါ်ပါ၊ ကျွန်မက ဒီနားလေးတင် ဝက်တွေလာရွေးတာ”
ထို့နောက်တွင် သူမက အဝေးတစ်နေရာကို လက်ညိုးထိုးပြလိုက်၏။ “ဟိုမှာတွေ့လား၊ ဂျုံစေ့ဝယ်ဖို့ နွားကိုခေါ်သွားနေတဲ့တစ်ယောက်၊ အဲဒါက ကျွန်မရဲ့အစ်ကို၊ ကျွန်မအိမ်နီးချင်း ဦးလေးနဲ့ အိမ်နီးချင်း အဘိုး”
ဝက်ကျောင်းသား : ဩချလောက်ပါပေတယ်။
“ဒါဆို ကောင်းပြီလေ၊ သွားရွေးလိုက်”
ရှန်းနဉ်သည် အနံ့သက်ဆိုးကို စိတ်ထဲထည့်မနေဘဲ တစီစီအော်နေသည့် ဝက်ပေါက်လေးများ ထားသည့်ခြံသို့ ရှန့်ကျင့်ကို ခေါ်လာခဲ့လိုက်သည်။ သူမက သူမ၏ရွေးချယ်မှုကို သေချာစေ့စေ့စပ်စပ် လုပ်လိုက်ပြီး ရွေးချယ်မှုများကို လုပ်လိုက်ပြီးနောက် ရှန်းကျင့်အား ရွေးထားသည့်ဝက်များကို စောင့်ကြည့်ခိုင်းထားလိုက်၏။ အဝေးသို့သွားလိုက်ကာ သူမက သူမအား ထောက်ခံပေးရန် အဘွားချန်းကို သွားခေါ်လိုက်သည်။
သည်တစ်ကြိမ်တွင်တော့ ဝက်ကျောင်းသားသည် သူတို့က ဦးလေး၊ အဒေါ်နှင့် အဘိုးအဘွားများ အဖြစ်တစ်ခု အမှန်ဖြစ်သည်ကို ယုံကြည်သွားတော့သည်။
အဘွားချန်းက ဝက်များမွေးမြူဖူးသည့် အတွေ့အကြုံရှိလေသည်။ ရှန်းနဉ် ရွေးထားသည့်ထဲက တစ်ကောင်ကလွဲလျှင် သူမက လေးကောင်ကို ထောက်ခံပေးပေးလိုက်ပြီး တစ်ကောင်ကတော့ ပိုပြီး အားနည်းနေသည့်ပုံပေါ်သည်။ သူမက တခြားတစ်ကောင်ကို လက်ညိုးထိုးပြလိုက်ပြီး ရှန်းနဉ်ကို ထိုအကောင်နှင့်လဲလိုက်ရန် အကြံပေးလိုက်၏။
ရွေးချယ်မှု လုပ်ပြီးသွားသည့်နောက်တွင် သူမက တိုးတိုးတိတ်တိတ်မေးလိုက်၏။ “နင့်ယောက်မက နင့်ကို အများကြီး ဝယ်ခိုင်းလိုက်တာလား”
ရှန်းနဉ်က သေချာကြောင်း ခေါင်းညိတ်ပြသည်။ “ယောက်မက ရသမျှ ဝယ်ခဲ့ဖို့ ပြောလိုက်တယ်”
“ကောင်းပြီလေ၊ နင့်ယောက်မ စကားကို နားထောင်တာက မှန်ကန်တဲ့လုပ်ရပ်ပဲ”
...
သရှင်းရွာသည် ပေါများကြွယ်ဝသည့်အကျိုးကို ရရှိခဲ့သည်။
နွားထီးတစ်ကောင်၊ ဝက်ပေါက် ၈ကောင်နှင့် ငန်း၉ကောင်။ ဘယ်အိမ်ထောင်စုကမှ ဂျုံစေ့မရဘဲ ပြန်လာသည်မရှိဘဲ အားလုံးက တစ်ခုခုဖြသ့် အိမ်သို့ ပြန်လာနိုင်ကြသည်။ သူတို့သည် လမ်းလျောက်ကာ ပြန်လာကြရာ သူတို့သည် လမ်းတစ်လျှောက်က များပြားလှသည့် အားကျနေသည့်အကြည့်များကို ဆွဲဆောင်ထားခဲ့ကြသည်။
လခြမ်းလေးအသွင် ကွေးသွားသည့် မျက်လုံးများဖြင့် ပြုံးကာ ရှန်းနဉ်သည် အင်မတန်မှ ကျေနပ်စိတ်များဖြင့် သူတို့၏ငန်းနှင့် ဝက်များကို ကြည့်နေမိ၏။ လူကြီးများက နွားအတွက် ရွာထဲက နွားတင်းကုပ်ကို မည်သို့အလှည့်ကျသုံးမည်အကြောင်း တိုင်ပင်နေကြသည်ကို နားထောင်ရင်း သူမသည် သူမ၏မိသားစုက ချမ်းသာကြွယ်ဝလာသလို ပိုင်ဆိုင်ပစ္စည်းများ၏ ခံစားချက်တစ်ခုကို ရလိုက်၏။
ဟုတ်သားပဲ။ ဒီနွားကလည်း သူတို့ဟာ ဖြစ်လာမှာပဲ။
နှစ်တော်တော်များများ တောင်ထဲတွင် ပုန်းအောင်းခဲ့ရပြီး တောဝက်သား အများအပြား စားသောက်ခဲ့ရပြီးနောက် ရှန်းနဉ်သည် သည်အခိုက်တန့်လေးတွင် သူမ၏မိသားစုက အမှန်တကယ် ချမ်းသာသည့်မိသားစုတစ်ခု ဖြစ်လာသလို ခံစားလိုက်ရလေသည်။
သူတို့မှာ နွား၊ ဆိတ်၊ ကြက်၊ ဘဲနဲ့ ဝက်တွေရှိတာပဲ __ သူတို့က ဘာကို ထပ်ပြီး တောင်းဆိုရဦးမှာလဲ။
သူမသည် အလွန်ပျော်ရွှင်နေလေသည်။
...
သူတို့သည် သရှင်းရွာသို့ ပြန်ရောက်လာချိန်တွင် လင်းမိသားစု၏ အိမ်ထောင်စုစာရင်းကို လုပ်ခဲ့ပြီးဖြစ်သည်။ ချန်းသရှန်က ထောက်ခံပေးသည့် ကျေးဇူးကြောင့် အရာရှိရှင်းက အမှန်ပင် မျက်နှာပေးလိုက်သည်။ သူတို့၏အိမ်ထောင်စုက အရမ်းမဝေးဘဲ ရှီကျိုးမြို့နှင့် ငါးမိုင်နီးပါးတွင် တည်ရှိသည်။ သူတို့ကို ပြည်နယ်အုပ်ချုပ်ရေးမှူးကတော် ခေါ်ပြန်လာသည့် တခြားမိသားစုတစ်ချို့နှင့် အတူတူ အဖွဲ့ဖွဲ့ထားပေးလိုက်သည်။
ရှန်းလီနှင့် သူ့မောင်နှမများက အိမ်လာသည်ကို မြင်လိုက်ရပြီး ရှန်းလီက လှောင်အိမ်ထဲတွင် ဝက်ပေါက် နှစ်ကောင်ကို သယ်ထားပြီး ဆိုင်တာဝန်ခံရွှီ၊ ချန်းယိုထျန်းနှင့် ရွာသူကြီးကျိုးတို့ တစ်ယောက်စီက နောက်ထပ်ဝက်ပေါက်များကို ကူသယ်ထားသည်ကို မြင်လိုက်ရသည်တွင် စန်းလော့မှ မှင်သက်အံ့ဩသွားတော့သည်။
“အားလုံး ဝက်တွေချည်းပဲလား”
ရှန်နဉ်: ...
“ယောက်မ ယောက်မပဲ ညီမလေးတို့ ရသမျှ ဝယ်ခဲ့ရမယ်လို့ ပြောလိုက်တယ်လေ” သူမက ဆက်ပြောလိုက်ပြီး အဖြူနှင့်အနက်ကွက် ဝက်တစ်ကောင်ကို လက်ညိုးထိုးပြလိုက်ကာ “ဒါက ရှောင်ကျင့်အတွက်”
ရှန်းလီနှင့် ဆိုင်တာဝန်ခံရွှီအပါအဝင် အားလုံးက ရယ်မောကြတော့သည်။ ကလေးမလေးက မြို့ထဲတွင် အလွန် ဆုံးဖြတ်ချက် ပြတ်သားပြီး ရှန်းလီ၏ ငွေများကုန်သွားသဖြင့် သူ့ကို သူမအတွက် နည်းနည်းချေးငှားပေးဖို့ပင် ဖိအားခဲ့သေးသည်။
ဒီတော့ နောက်ဆုံး သူ့မှာ အကန့်သတ်လေးတော့ ရှိသေးသားပဲ။
အနံ့သက်က စန်းလော့ကို ထိခိုက်မည်စိုးဖြင့် ဝက်များကို အိမ်အပြင်ဘက် ပိုဝေးသည့်နေရာတွင် ထားလိုက်သည်။
စန်းလော့သည် လှောင်အိမ်ထဲက တိုးထွက်ရန် ကြိုးစားနေသည့် တအီအီနှင့် အော်နေသည့်ဝက်အုပ်ကို ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်လေသည်။ “အဲဒါတွေက တော်တော်လေး ကောင်းသားပဲ၊ အဲလောက်အများကြီး ဘယ်လို ဝယ်လာခဲ့တာလဲ”
သူမ၏မေးခွန်းကို သဘောပေါက်သွားသဖြင့် သူမက ထပ်ပြောလိုက်၏။ “ဒေါ်ဒေါ်ရွှီရဲ့ အိမ်ထောင်စုစာရင်းစာအုပ်နဲ့လား”
ရှန်းနဉ်က ပြုံးကာ ခေါင်းညိတ်ပြလိုက်၏။ “ဟုတ်တယ်၊ ဒေါ်ဒေါ်ရွှီက ငန်းတစ်ကောင်ဝယ်ဖို့ အိမ်ထောင်စုစာရင်းကို ညီမလေးတို့ကို ပေးခဲ့သေးတယ်”
စန်းလော့က အများကြီး ခန့်မှန်းမိလိုက်ကာ ဆိုင်တာဝန်ခံရွှီကို ကျေးဇူးတင်စကား ပြောလိုက်လေသည်။
ဆိုင်တာဝန်ခံရွှီက အပြုံးဖြင့် လက်ယမ်းပြလိုက်ပြီး “ငါ့ကို ကျေးဇူးတင်ဖို့ မလိုပါဘူး၊ ငါတို့မိသားစုက ဘယ်သူကမှ ဒါတွေကို မမွေးတတ်ကြဘူးလေ”
ဆက်မနေတော့ဘဲ သူသည် ပစ္စည်းများကို ပို့ပေးခဲ့ပြီး ချန်းယိုထျန်းနှင့် တခြားသူများနှင့်အတူ အိမ်သွားတော့သည်။
စန်းလော့၏အကြည့်က ဝက်ပေါက်တစ်အုပ်ဆီသို့ တဖန်ပြန်ရောက်သွားလေသည်။
ဝက်များက အမှန်ပင် အဖိုးတန်သည့် သတ္တဝါများဖြစ်လေသည်။
“အရင်ဆုံး ငါးကောင်လုံးကို ဆိတ်ခြံထဲ ထည့်ထားလိုက်၊ ရှောင်ကျင့်ရဲ့ ဝက်ပေါက်ကိုလဲ အဲမှာပဲ ထားသင့်တယ်” သူမက ရှန်းနဉ်နှင့် ရှန်းကျင့်တို့ကို မှာကြားလိုက်၏။ “ငန်းတွေကိုတော့ အိမ်နောက်ဖက်မှာ ရက်ပိုင်းလောက် သီးသန့်မွေးထားရမယ်၊ တက်ကြွဖျတ်လတ်ပြီး ကျန်းမာာလာပြီဆိုမှ သူ့ကို ကြက်နဲ့ဘဲနဲ့အတူတူ နေရာပေးလိုက်မယ်”
...
နေ့လည်စာက ရိုးရှင်းပေ့ါပါးသည့် တစ်နပ်စာဖြစ်သည်။ နေ့ခင်းတစ်ရေး မအိပ်ခင်မှာပင် ကျောက်စစ်လန်သည် စန်းလော့ဆွဲထားသည့် ပုံစံရွက်နှင့် ရောက်လာ၏။
သူသည် သူ့သခင်က သူ့တိရစ္ဆာန်အုပ်ထဲတွင် နောက်ထပ်ဝက်၅ကောင်ကို ထည့်နေသည်ကို ကိုယ်တိုင်မြင်လိုက်ရသဖြင့် ကုန်ကျစားရိတ်ကို မအံ့ဩဘဲ မနေနိုင်အောင် ဖြစ်ရလေသည်။
“သခင်မ ကြက်နဲ့ဘဲအတွက်နေရာကို သစ်ပင်တွေနဲ့ ကြက်ခြံဘဲခြံအတွက် တွင်းတွေ ပြင်ဆင်ထားတာဆိုတော့ မသုံးတဲ့မြေပေါ်မှာ ဟင်းသီးဟင်းရွက်တွေ မစိုက်ဘူးလား”
ဆိတ်ခြံဆောက်လုပ် ပြီးစီးသွားသဖြင့် ကျောက်ညီအစ်ကိုသည် ကြက်နှင့်ဘဲနေရာများသို့ ရွှေ့ပြောင်းလာကြသည်။ သူတို့သည် အခုတော့ ပုံစံစာရွက်အတိုင်း လိုက်လုပ်ရမည်ကို သင်ထားခဲ့ပြီးဖြစ်သော်လည်း သည်နေ့အလုပ်နှင့်ပတ်သက်ပြီး နားမလည်နိုင်ဖြစ်နေကြ၏။ ခြံစည်းရိုးက တစ်ပုံစံတည်းဖြစ်နေသယောင် ဆိတ်ခြံများထက်ပင် အများကြီး ပိုကောင်းနေသေးကာ သစ်သီးပင်များကိုလည်း မသဲမကွဲ သိနိုင်သော်လည်း ပုံစံစာရွက်ပေါ်က ဟင်းသီးဟင်းရွက် မြေကွက်တစ်ခု၏ အရိပ်အယောင်ကိုတော့ မမြင်ရချေ။
လယ်သမားများ မြေတစ်ကွက်ကို အလုပ်လုပ်သည်နှင့် ထိုတစ်ကွက်ကို ဘာမှမသုံးဘဲ ချန်ထားရမည်ကို စိတ်မသက်မသာဖြစ်ရသည်။ ကျောက်စစ်လန်က အကြံပြုလိုက်၏။ “တကယ်လို့ ကြက်တွေ ဟင်းသီးဟင်းရွက်ပင်ကို ဖျက်ဆီးမှာ စိုးရိမ်တယ်ဆိုရင် အတွင်းဘက်မှာ စည်းရိုးတစ်ခု ဆောက်လို့ရပါတယ်၊ ဒါဆိုရင် ကြက်တွေက အပြင်ဘက်ဝိုင်းထဲသို့ လျှောက်သွားတော့မှာမဟုတ်ဘူး”
စန်လော့က ရယ်မောကာ ပြန်ဖြေလိုက်၏။ “ဦးလေးကျောက်စစ်လန်ရယ် ကျွန်မတို့မှာ မြေတွေအများကြီး ရှိပါတယ်၊ ဒီနေရာကိုတော့ အခုလောလောဆယ် မထိဘဲ ထားလိုက်ပါ၊ ဦးလေး တစ်ခြားမြေကွက်တွေကနေ စလုပ်လို့ရပါတယ်၊ နောက်ရက်ပိုင်းလောက်နေရင် တောစပျစ်တွေကို ပြောင်းစိုက်ဖို့နဲ့ ကိုင်းပွားစိုက်ဖို့ ကျွန်မ ရှန်းလီကို တောင်ထဲမှာ သွားရှာခိုင်းအုံးမှာပါ၊ ခြံစည်းရုံးနဲ့ ကြက်ခြံတွေ ဆောက်ပြီးတာနဲ့ ကျွန်မတို့တွေ ကြက်တွေအတွက် အပိုင်းလေးတစ်ပိုင်းကို ကားထားလို့ရပါတယ်၊ စပျစ်တွေ အမြစ်တွယ်လာရင် ကျွန်မတို့ သူတို့ကို လွတ်ထားလို့ပြီ၊ အချိန်တစ်ခု ရောက်လာရင် ကြက်တွေလဲ သဘာဝအတိုင်း မြေဆွပေးထားသလိုဖြစ်လာပြီး လအနည်းငယ်အတွင်း စိုက်ပျိုးလို့ရလိမ့်မယ်၊ အဲဒီအချိန်ကျရင် ကြက်ခြံနဲ့ စည်းရိုးကို နေရာပြောင်းလိုက်တဲ့အခါ သူတို့တွေလည်း နောက်ထပ် မြေကွက်ကို မြေဆွပေးလို့ရတာပေါ့၊ ကျွန်မတို့တွေ နောက်ပိုင်းကျရင် ဒီမြေမှာ အသီးအရွက်တွေ စိုက်နိုင်တယ်လေ”
လယ်ကွင်းနှင့် တောင်စောင်း နေရာစုစုပေါင်းမှာ ဧက၇၀ကျော်ရှိသည်။ ထိုမြေအားလုံးကို လက်ချည်းသက်သက် စိုက်ပျိုးရလျှင် တခြားလယ်အလုပ်ကို လုပ်ရန်မဆိုထားနှင့် ထိုတစ်ခုတည်းနှင့်ပင် ခက်ခဲလိမ့်မည်။ ကြက်များ၏ သဘာဝအတိုင်း ဝါသနာအတိုင်း တူးဆွခိုင်းထားခြင်က မြေများကို မြေဩဇာထည့်ရင်း ပွလာအောင်ထားလိုက်သည်က ပိုပြီး သဘာဝကျသည်။
“ဪ ကျွန်တော် သိပြီ” နားထောင်နေရင်း ကျောက်စစ်လန်၏မျက်လုံးများက စိတ်လှုပ်ရှားမှုကြောင့် တလက်လက် ဖြစ်သွားတော့သည်။
ကြက်တွေကိုလည်း အလုပ်သမားတွေလို ခိုင်းထားလို့ရတာပဲ။
“ကောင်းတယ်၊ ကောင်းတယ်”
သူသည် ပိုးစာပင်စိုက်ခင်း တည်နေရာကို ထပ်မေးလိုက်ပြီး ဒါက ဆိတ်ခြံနှင့် ကြက်ခြံကြားတွင် ထားမည်ကို အတည်ပြုလိုက်သည်။ ကျေနပ်သွားပြီး သူက ပုံစံစာရွက်ကို ဂရုတစ်စိုက်ခေါက်လိုက်ပြီးနောက် သူ့အလုပ်ဆက်လုပ်ရန် တောင်ပေါ်သို့ ပြန်လာခဲ့လေသည်။
ရှန်းကျင့်သည် အိမ်ပြန်လာပြီး အကြွေးပေးရန်စာချုပ်ကို လာပို့ချိန်တွင် သူသည် သူတို့၏စကားဝိုင်းကို ကြားလိုက်ရပြီး သူ့မျက်လုံးများကလည်း လင်းလက်သွားသည်။ “ယောက်မ ကျွန်တော်တို့ရော ကျွန်တော်တို့ရဲ့ ကြက်တွေနဲ့မြေကို အဲလိုပဲ လုပ်လို့ရလား”
ညီအစ်ကိုသုံးက ငယ်ရွယ်သေးပြီး သူတို့ လယ်မြေ ဧက၃၀ကို စီမံရသည်တွင်ပင် အခက်အခဲတစ်ခု ဖြစ်နေသေးသည်။ သူတို့သည် အစပိုင်းက တောင်စောင်းရှိ ၁၀ဧကကို စိုက်ပျိုးမည့်အစီအစဉ်ကို စွန့်လွှတ်ခဲ့ရပြီး ဒါကို ထင်းမီးအတွက်သာ သုံးနေရသည်။ အခုတော့ သူတို့သည် ထိုမြေကို အသုံးချရင် နောက်ထပ်နည်းလမ်းတစ်ခု ရှိမှန်း သိလိုက်ရ၏။
“ဖြစ်နိုင်ပါတယ်၊ နင် ရလာဒ်အမြန်ရချင်တယ်ဆိုရင် နေရာအကြီးကြီးတစ်ခုကို ခြံခတ်ထားစရာမလိုဘူး၊ ချုံတွေနည်းနည်းပါးပါး ရှင်းပြီး ၁၀ပေပတ်လည် မြေကွက်တစ်ခုလောက်နဲ့ စကြည့်လို့ရတယ်၊ နင်က နင့်မြေတွေကို ပြင်ဆင်တုန်း ကြက်တွေကို အဲမြေပေါ်မှာ အလုပ်လုပ်ခိုင်းထားလို့ရတယ်၊ သူတို့တွေက မြေဆွပြီးတာနဲ့ နင် ဒါကို သုံးလို့ရပြီလေ၊ ဒါက ကိုယ့်ဟာကို လုပ်တာထပ် အများကြီး ပိုလွယ်တယ်၊ မြေကလည်း အသီးအရွက်စိုက်ပျိုးဖို့၊ ကြက်၊ ဘဲမွေးဖို့နဲ့ ဆိတ်မွေးဖို့တောင် လုံလောက်လာလိမ့်မယ်၊ နင် ချဲ့လေလေ နင့်ထွက်ကုန်တွေကို မြို့ထဲမှာ သွားရောင်းလို့တောင် ရနိုင်တယ်”
မွေးမြူရေးကြက်ငှက်များကို အစာကျွေးရမည့်အကြောင်း ပြောရာတွင် စန်းလော့သည် ခဏလောက်ရပ်သွားပြီး တစ်ခုခုကို သတိရသွားကာ အထူးသဖြင့် သူတို့တွင် ရှိနေသည့် ဝက်၅ကောင် အကြောင်းစဉ်းစားမိသည်ပင်။
ဝက် ၅ကောင်ရဲ့ မစင်တွေ_ မြေဩဇာလုပ်တာက တန်ဖိုးရှိပါတယ်။ ဝက်မစင်တွေကို နောက်တစ်မျိုး သုံးလို့ရသေးတယ်။ ဒါက မြေဩဇာအဖြစ်သုံးမှာကို အနှောင့်အယှက်မဖြစ်စေသလို တကယ်တော့ ကြက်မွေးဖို့အတွက်လည်း အကျိုးကျေးဇူးရှိသေးတယ်။
ရုတ်တရက် သူမက ရှန်းကျင့်ကို မေးလိုက်၏။ “ရှောင်ကျင့် နင် ပိုးမွှားတွေကို ကြောက်တတ်လား”
ရုတ်တရက် အကြောင်းအရာ ပြောင်းသွားခြင်းက ရှန်းကျင့်ကို သတိလက်လွှတ်ဖြစ်သွားစေလေသည်။ “မကြောက်ပါဘူး၊ ကျွန်တော်က ဘာလို့ ကြောက်ရမှာလဲ၊ ကြက်နဲ့ဘဲကို အစာကျွေးဖို့ ကျွန်တော် နေ့တိုင်း ပိုးကောင်တွေ ဖမ်းနေတာပဲမလား”
သူသည် သူတို့မိသားစု၏ကြက်ငှက်များကို အစာကျွေးရသည့်အပြင် သူ့ညီနှစ်ယောက် ရှန်းယင်နှင့် ရှန်းထျယ်တို့ကို အဖော်လုပ်ကာ သူတို့မကြီး၏ ကြက်နှင့်ဘဲများအတွက်လည်း ပိုးမွှားများကို ဖမ်းပေးသေးသည်။
စန်းလော့က ရှင်းပြလိုက်၏။ “ငါက ပိုးမွှားတွေ အများကြီးကို ပြောနေတာ”
သူမသည် အသေးစိတ်မပြောရဲချေ။ သူမကိုယ်တိုင်ကလည်း ကြောက်တတ်ခြင်းကြောင့်ပင်။ ရှန်းနဉ်ကလည်း သူမထက် သတ္တိအများကြီး ပိုကောင်းမနေချေ။
ရှန်းကျင့်က ခေါင်းခါပြလိုက်ပြီး “မကြောက်ပါဘူး၊ မကြီးရဲ့၊ မကြီး ကျွန်တော့်ကို တစ်ခုခု လုပ်ခိုင်းစရာ ရှိလို့လား၊ ရပါတယ်၊ ကျွန်တော့်ကို ဘာလုပ်ခိုင်းမလို့လဲ၊ ပြောသာပြောပါ”
သူမက သူ့ကို အပြင်ဘက်အိမ်သာ သန့်ရှင်းရေးလုပ်ခိုင်းချင်သည်ဟု ထင်သွားလေသည်။ - တော်တော်လေး ညစ်ပေပြီး ပိုးကောင်များလွန်းသည့်အလုပ်တစ်ခုပင်။သူ့မကြီက သန့်ရှင်းမှုနှင့်ပတ်သက်ပြီး အလွန်အလေးထားကာ မြွေနှင့်ပိုးကောင်များကိုလည်း ကြောက်တတ်မှန်း သူ သိထားသည်။ ရှန်းနဉ်ကလည်း အမှန်ပင် ကြောက်တတ်သေည်။ သည်နှစ်များတွင် အစ်ကိုကြီး ရှောင်အန်းတို့ကသာ ညစ်ပတ်ပြီး ခွန်အားသုံးရသည့် အလုပ်များကို လုပ်ခဲ့ကြကာ မကြီးနှင့် ရှန်းနဉ်တို့ကို ဘယ်တော့မှ ဝင်မပါခိုင်းခဲ့ချေ။
ရှန်းကျင့်က လုံးဝ မကြောက်တတ်သည်ကို တွေ့လိုက်ရသဖြင့် စန်းလော့ ပြုံးလိုက်ပြီး သူ့ကို လက်ယက်ခေါ်လိုက်၏။ “ရှောင်ကျင့် ဒီကိုလာအုံး၊ မကြီးက နင့်ကို ဖြတ်လမ်းနည်းတစ်ခု သင်ပေးမယ်၊ ဒါက ကြက်မွေးတဲ့အခါ အသီးအရွက်နဲ့ ဖွဲနုတွေ အများကြီးသက်သာတယ်၊ နောက်ပြီး သူတို့တွေက မြန်မြန် ကြီးလွယ်ပြီး သန်မာလာပြီး ဥတွေလဲ အများကြီး ဥလိမ့်မယ်”
သူမ၏စကားလုံးများက အမှန်တရားဖြစ်ရန် အလွန်နားထောင်ကောင်းလွန်းနေသည်။
“ဒါပေမဲ့” သူမက ဆက်ပြောလိုက်၏။ “အပေးအယူအနေဲ့ နင်က ငါ့အိမ်က ကြက်တွေကိုလဲ အစာကျွေးပေးရမယ်၊ ဒါဆို နင် လက်ခံနိုင်လား”
...