← Chapters

အခန်း (၂၃၉-၂၄၀)

Vol. 24 Ch. 239-240

အခန်း (၂၃၉-၂၄၀)

Vol. 24 Ch. 239-240

အပိုင်း(၂၃၉) မဟာ‌အောင်မြင်မှု

ဝူတင်း လေးနှစ်မြောက် ပထမလ ၁၅ရက်နေသည့် မင်္ဂလာရှိသည့်နေတစ်နေ့ ဖြစ်လေသည်။ ပြည်နယ်ကျောင်းက ဝင်ခွင့်အတွက် လပြည့်ပွဲတော်ရှိပြီး တိုက်တိုက်ဆိုင်ဆိုင် ရှန်းလီနှင့် ပန်းပဲဆရာတို့ ထယ်သွားလာယူမည့်နေ့ကို သတ်မှတ်ထားသည့်နေ့လည်း ဖြစ်သည်။

နေက ညနေ ၅နာရီဝန်းကျင်တွင် စဝင်သည်နှင့် အဖွဲ့သည် ပြည်နယ်ကျောင်းမှ ပြန်လာကြလေသည်။ လမ်းတစ်ဝက်တွက် ရှန်းလီက သူ့ထယ်သွားကို ဝင်ယူရန် ပန်းပဲဆိုင်သို့ လာခဲ့လိုက်သည်။ သူသည် ပန်းပဲဆရာ၏လက်ထဲက အသစ်စက်စက် ထုလုပ်ထားသည့် ပစ္စည်းကို ယူလိုက်ပြီး အရည်အသွေးကို အတည်ပြုပြီး ကျန်သည့်ငွေများကို ပေးချေလိုက်ပြီးသည်နှင့် အပြင်ဘက်တွင် မောင်းသံများက ပဲ့တင်ထွက်လာ၏။

“အောင်မြင်မှုကြီးပါ၊ အောင်မြင်မှုကြီးပါ၊ သချီကို စုစည်းနိုင်သွားပါပြီ”

အလုပ်လုပ်နေသည့် ရင်ဘတ်ဗလာနှင့် ပန်းပဲဆရာသည် သူ့မီးညှပ်နှင့်တူကို ထန်းခနဲ ပစ်ချလိုက်၏။ သူသည် လမ်းပေါ်က ဆူညံသံများကို လေ့လာရန် အပြေးထွက်သွားတော့သည်။

“ငါတို့ဧကရာဇ်က ချန်နိုင်ငံကို သိမ်းပိုက်ဖို့ ငါတို့စစ်တပ်တွေကို ဦးဆောင်ခဲ့တာ၊ သချီကို အခုတော့ စုစည်းပြီးသွားပြီ”

“မင်းသားချီ နိုင်သွားပြီလား” ပန်းပဲဆိုင်အပြင်ဘက်တွင် စိတ်အားထက်သန်သွာ စောင့်ဆိုင်းနေသည့် ဝေ့ချင်းဟယ်နှင့် သူ့အဖော်များ၏မျက်လုံးများက ဝမ်းသာစိတ်ဖြင့် လင်းလက်နေ၏။ သူတို့အားလုံးသည် သချီပြည်သားများဖြစ်ကာ သူတို့နိုင်ငံကို စုစည်းရန်အတွက် မျှော်လင့်ကြလေသည်။

“မင်းသားချီ နိုင်သွားပြီ”

“ငါတို့ဧကရာဇ်ကြီး အောင်နိုင်သွားပြီ”

လမ်းပေါ်က လူတိုင်းသည် သွားနေသည့်လမ်းကြောင်းကို ရပ်ထားလိုက်ကြပြီး ပျော်ရွှင် စိတ်လှုပ်ရှားမှုများ ပြည့်နေကာ သတင်းများကို ဝေမျှပေးရန် အလောတကြီး ပြေးထွက်သွားကြတော့သည်။

ကြေးဝါရောင်မောင်းများကို ကိုင်ရင်း ရုံးတော်ဆက်သားများသည် ပြည်နယ်ရုံးတော်မှ ထွက်လာကြပြီး အောင်မြင်မှုကို ကြေညာရန် လူခွဲလိုက်ကာ အရှေ့ဈေး၊ အနောက်ဈေးနှင့် မြို့အပြင်ဘက်သို့ ဦးတည်သွားလိုက်လေသည်။

ရှန်းလီသည် အချိန်ဖြုန်းမနေတော့ချေ။ “လာ၊ မြန်မြန် ပြန်ကြစို့”

ဤသို့နှင့် ရှန်းလီ ခန့်မှန်းထားခဲ့သည့်အတိုင်းပင် သတင်းက မြို့အပြင်ဘက်သို့ မြန်မြန်ဆန်ဆန် ပျံ့နှံ့သွားလေသည်။ သူတို့သည် သရှင်းရွာသို့ ပြန်ရောက်လာချိန်တွင် အောင်မြင်မှု ကြေညာချက်များက ရွာထဲတွင် ပျံ့နှံ့နေပြီးဖြစ်သည်။

ဝရုန်းသုန်းကားနှစ်များသည် သာမန်ကျေးလက်ပြည်သူများကို စည်းလုံးသည့်သချီနိုင်ငံကို မည်သူမဆိုထက် မျှော်လင့်မိစေလေသည်။ အလွန်ပျော်ရွှင်သွားပြီး ကျိူးချွမ်ကျန့်က မီးရှူးများလုပ်ရန်အတွက် ဝါးခုတ်ရန် တောင်ပေါ်တက်ဖို့ ရွာသားတစ်ချို့ကို ခေါ်လိုက်၏။

စန်းလော့သည့် သူမ၏လက်ကို သူမ၏ဝမ်းဗိုက်ပေါ်သို့ အလိုလို တင်ထားမိလိုက်ပြီး သူမ၏မျက်လုံးများက ဝမ်းသာစိတ်ဖြင့် တောက်ပနေ၏။ ရှန်းလီနှင့် ရှန်းအန်းတို့သည် အသစ်လုပ်ထားသည့် ထယ်သွားများနှင့် ပြန်လာသည်တွင် သူမသည် တစ်ခုခုကို စဉ်းစားမိသွားပြီး သူမအခန်းဆီသို့ မြန်မြန် ပြန်ဝင်သွားလိုက်သည်။ သူမက နေ့ခင်းက ပြန်ဆွဲသားကာ အ‌ချောသတ်ထားသည့် ထယ်သွားအကွေးပုံံစံစာရွက်ကို ယူထုတ်လာခဲ့ပြီး ရှန်းလီကို လှမ်းပေးလိုက်၏။

“ဒီထယ်နဲ့ ပုံစံစာရွက်ကို ပြည်နယ်ရုံးတော်ကို ယူသွားလိုက်၊ အခုက နွေဦးထယ်ထိုးတဲ့ ရာသီပဲ ဒီတော့ အားလုံးက ဒါကို အသုံးဝင်မယ်လို့ မြင်မှာ သေချာတယ်၊ ပြည်နယ်အုပ်ချုပ်ရေးမှူးကျန့်က လက်တွေ့ကိစ္စကို အာရုံထားပြီး ပြည်သူတွေကို ဦးစားပေးတဲ့ ဖြောင့်မတ်မှန်ကန်တဲ့ လူတစ်ယောက်ပဲ၊ သူနဲ့ဆိုရင် မလိုအပ်တဲ့အရှုပ်အထွေးတွေ ရှိမှာမဟုတ်ဘူး၊ တိုက်တိုင်ဆိုင်ဆိုင် မင်းဧကရာဇ်ကလည်း အောင်မြင်မှုရခဲ့တယ်ဆိုတော့ ဒါက ပြီးပြည့်စုံတဲ့ အခွင့်အရေးပဲ၊ တကယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူးကျန့်မှာ ဆန္ဒရှိတယ်ဆိုရင် ဒီထယ်သွားအကွေးကို ဂုဏ်ပြုလက်ဆောင်တစ်ခုအဖြစ် ဆက်သတာက သင့်လျော်လိမ့်မယ်၊ ဒါက ကျွန်မတို့တွေ တင်ထားတဲ့ စာအုပ်ကြွေးကို ကျေးဇူးပြန်ဆပ်ရာလဲ ကျတယ်လေ”

ရှန်းလီ၏နှလုံးခုန်နှုန်းမှာ စည်းချက်လွဲသွားတော့သည်။ သို့သော်လည်း သူသည် ပုံစံစာရွက်ကို မယူလိုက်ချေ။

ဆယ်ကျော်သက်ဘဝကတည်းက လယ်ထဲတွင် ထယ်ထိုးလာခဲ့သဖြင့် ရှန်းလီသည် စန်းလော့၏ အသစ်လုပ်ထားသည့်ထယ်၏ အကျိုးကျေးဇူးများကို ကောင်းကောင်းသိလေသည်။ ဒါသည် မထင်မရှား စိုက်ပျိုးသုံးပစ္စည်းတစ်ခုက အမှန်တွင်တော့ တိုင်းပြည်နှင့် ပြည်သူများအတွက် အဖိုးတန်ပိုင်ဆိုင်မှုတစ်ခုဖြစ်မှန်း သူ သိနေသည်။ စက္ကူလုပ်ခြင်းနှင့်မတူသည်က ဒါသည် တစ်စုံတစ်ယောက်၏ အကျိုးစီးပွားကို ခြိမ်းခြောက်လိမ့်မည် မဟုတ်ချေ။ သည်လိုအောင်မြင်မှုတစ်ခုကို စန်းလော့ကသာ ပိုင်ဆိုင်ခွင့် အမှန်ရှိလေသည်။

“အားလော့ ဒါကို ဖန်းတီးခဲ့တဲ့သူက မင်းပဲလေ၊ မင်းကိုယ်တိုင် သွားပို့မှ သင့်တော်မှာပေါ့၊ ရုံးတော့ ဒီနေ့ပိတ်သွားပြီဆိုတော့ အခု သွားစရာမလိုသေးပါဘူး၊ မနက်ဖြန် မနက်ခင်း ပြည်နယ်ရုံးတော်ဖွင့်တဲ့အချိန်ကျမှ ကျွန်တော် မင်းနဲ့ အဖော်လိုက်ခဲ့ပေးမယ်၊ မင်းကိုယ်တိုင် ပြည်နယ်အုပ်ချုပ်ရေးမှူး အိမ်တော်မှာ ပုံစံရွက်နဲ့ ထယ်ကို ယူသွားလို့ရပါတယ်”

အမျိုးသမီးများအတွက် ပညာသင်ခြင်းကို လိုက်စားခြင်းနှင့် အရာရှိရာထူးကို ကိုင်ဆောင်ထားခြင်းက ပုံမှန်မဟုတ်သော်လည်း သည်လိုအောင်မြင်များကတော့ စန်းလော့၏လုပ်အား၏ အသီးအပွင့်များ၊ သူမ၏အရောင်အဝါ ဂုဏ်ဒြပ်ဖြစ်လေသည်။ သူတို့သည် သူဖြစ်စေ တခြားမည်သူတစ်ဦးတစ်ယောက်၏ လွှမ်းမှုအောက်တွက် ရှိမနေသင့်ပေ။

ပြည်နယ်ကျောင်းတော် ဝင်ခွင့်စာမေးပွဲအတွက် ဝင်ပြိုင်ခဲ့တဲ့ သူ့နဂိုရည်ရွယ်ချက်ကလည်း ဒါပဲ မဟုတ်လား။ သူမရဲ့ ထူးခြားတဲ့အရည်အချင်းတွေကို နားလည်အောင်လုပ်ပြီး သူမအတွက် ကျယ်ပြောတဲ့လောကတစ်ခုကို ဖန်တီးပေးဖို့ ကြိုးစားရမှာလေ။ နောက်ဆုံး စန်းလော့ကို တောက်ပအောင် လုပ်ပေးမဲ့သူက သူကိုယ်တိုင် ဖြစ်နေတယ်ဆိုရင် ဒီအားထုတ်မှုအားလုံးက ဘယ်သူ့အတွက် အမှန်တကယ် တည်ရှိနေတာမလို့လဲ။

ရှန်းအန်းနှင့် ရှန်းနဉ်တို့သည်လည်း စကားဝိုင်း၏ နောက်ကွယ်ကအဓိပ္ပါယ်ကို ရိပ်မိလိုက်ကြသည်။ မောင်နှမနှစ်ယောက် နားလည်မှုဖြင့် ခေါင်းတွင်တွင် ညိတ်လိုက်ကြ၏။

“ဟုတ်တယ် မရီး၊ ဒါက မရီး ဖန်တီးထားတဲ့ပစ္စည်းပဲ၊ ပြည်နယ်အုပ်ချုပ်ရေးမှူးကို အမည်ပေးခိုင်းသင့်တယ်၊ ဒါမှ နောက်ပိုင်းမှာ လူတွေက ဒါကို သုံးရင် ဒါကို မရီးလုပ်ထားတယ်ဆိုတာ သိကြမှာ”

နှစ်ပေါင်းများစွာ စာလေ့လာခဲ့ပြီးနောက်တွင် ရှန်းအန်းသည် သိမြင်နားလည်တတ်သည့် အဆင့်တစ်ခုကို ပိုင်ဆိုင်လာခဲ့သည်။ သည်ထယ်ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးချမည်ဆိုလျှင် ဒါသည် အမျိုးသမီးတစ်ယောက်အနေဖြင့် လောကကြီးထဲတွင် ကျော်ကြားမှုကို ရနိုင်သည့် သူ့မရီး၏အခွင့်အရေးမှန်း ခပ်ရေးရးလေး အာရုံခံမိနေသည်။

ရှန်းနဉ်၏မျက်လုံးထဲတွင်တော့ တောက်ပသည့် အလင်းပျောက်လေးနှစ်ခုက လင်းလက်နေ၏။ “မကြီး မကြီး သွားသင့်ပါတယ်၊ အစိုးရက အရာရှိရာထူးအတွက်၊ ပညာသင်ဖို့အတွက် ယောက်ျားတွေကိုပဲ လက်ခံတာ၊ ညီမလေးတို့ မိန်းမတွေက လုပ်ရည်ကိုင်ရည် မရှိဘူးလို့ ဘယ်သူပြောလဲ၊ မိန်းမတွေထဲမှာလဲ တကယ့် ကျူးကယ်လျန့်‌တွေ ရှိတယ်ဆိုတာကို သူတို့ကို ပြချိန်တန်ပါပြီ”

နောက်ဆုံးတစ်ခွန်း၏ ရဲတင်းမှုကြောင့် စန်းလော့မှာ တခစ်ခစ် ရယ်မောမိသွားတော့သည်။

“ငါက ဘယ်လိုလုပ်ပြီး အမျိုးသမီး ကျူးကယ်လျန့်နဲ့ ယှဉ်နိုင်ပါ့မလဲ”

ထယ်အကွေးက သူမအရင်ဘဝက သူမ၏ဘိုးဘေးများ၏ ဉာဏ်ပညာများဖြစ်လေသည်။ အလွန်ဆုံး သူမသည် သူတို့၏စိတ်ကူးများကို ပြန်ယူဆောင်လာပေးသူတစ်ယောက်သာ။ ထို့ကြောင့် စန်းလော့က သည်ပစ္စည်းကို ဖန်တီးချိန်က ထိုအကြောင်းကို အများကြီး မစဉ်းစားခဲ့ချေ။ - သူမသည် ဒါကို ဘာမှမတွေးဘဲ လုပ်ခဲ့ခြင်းကလည်း သည်နေရာကလူများက ဒါကို လိုအပ်ခြင်းကြောင့်ပင်။ ထိုမျှလောက် ရိုးရှင်းပေသည်။

သူသည် သည်ခရီးတွင် ရှန်းလီကို သွားပို့ခိုင်းရာ၌ တွေးများစွာမရှိခဲ့ဘဲ သူက သူမ၏ဖန်တီးမှုကို ချက်ချင်း ဝန်ခံလိမ့်မည်ဟု ကောင်းကောင်းသိထားခဲ့သော်လည်း သူတို့သုံးယောက်၏ မျက်နှာပေါ်က တည်ကြည်သည့်အမူအရာများကို မြင်လိုက်ရသည်တွင် အထူးသဖြင့် ရှန်းနဉ်၏မျက်လုံးများထဲက တလက်လက် တောက်ပနေသည့် အလင်းရောင်ကြောင့် စန်းလော့သည် အမျိုးသမီးများကလည်း အမျိုးသားထက် အမှန်ပင် အရည်အချင်း မနိမ့်ကြောင်း သဘောပေါက်လိုက်သည်။

တခြားကိစ္စများ မဆိုထားနှင့် စာဖတ်ခြင်းနှင့် ပတ်သက်လာလျှင်ပင် ရွာက မိန်းကလေးများကို ယောက်ျားလေးများ နည်းတူ အခွင့်အရေးများ ပေးခဲ့လျှင် ဘယ်သူက နိမ့်ကျပါမည်နည်း။

သူမ၏ထောက်ပံ့ခြင်းက နည်းနည်းလေး ကွာခြားအောင် လုပ်ပေးနိုင်သည့်တိုင် သူမကိုယ်တိုင်က အစပြုပြီး အ‌သေးအဖွဲ့ လုပ်ဆောင်မှုများမှတဆင့် အမျိုးသမီးများ၏ ဂုဏ်သတင်းနှင့် ဩဇာကို အကျိုးဆောင်ပေးရန်က လက်ခံနိုင်လောက်သေးသည်။

“ကောင်းပြီလေ၊ အားနဉ်ရဲ့ အကြံအတိုင်းလိုက်ပြီး ငါတို့အမျိုးသမီးတွေရဲ့ စွမ်းရည်ကို လောကကြီးကို ပြလိုက်ကြမယ်”

...

ကိစ္စကို သည်လိုသတ်မှတ်လိုက်ပြီး ရှန်းလီက ပုံစံစာရွက်ကို ဂရုတစိုက်သိမ်းဆည်းလိုက်ပြီး စန်းလော့ကို အသိပေးလိုက်ပြီးနောက် ကျိုးမိသားစုအိမ်သို့ တန်းတန်းမတ်မတ် သွားလိုက်လေသည်။ သူသည် သူတို့ဆီသို့ သွားခဲ့သည့်အပြင် မကြာသေးခင်ကမှ အခြေချလာပြီး အဝေးဆုံးမြေကွက်များ ရခဲ့သည့် လုရွှမ်းကျူးတို့မိသားစုအပါအဝင် သူ့လမ်းကို တရွာလုံးသို့ ပတ်သွားလိုက်သည်။ သူသည် ရွှမ်းကျူးတို့၏ အဘိုးအဘွားအိမ်ကိုပင် လမ်းကြုံဝင်ခဲ့ပြီး ထိုနေရာတွင် ညီအစ်ကိုများ စကားပြောနေကြသည်ကို တွေ့လိုက်ရ၏။

သူ့ရွာတပတ်ခရီးက လူအုပ်ကြီးကို တော်တော်လေး ဆွဲဆောင်ထားခဲ့ပြီး ဝေ့ချင်းဟယ်နှင့် ဝမ်ယွင်ကျန့်တို့၏ အာရုံကိုလဲ ဆွဲဆောင်ထားလေသည်။ မှောင်ရီမပျိုးခင်တွင် အသစ်တပ်ဆင်ထားသည့် ထယ်ကို လယ်ကွင်းထဲသို့ သယ်လာခဲ့လိုက်ပြီး သရှင်းရွာအတွင်းတွင်သာ ထိန်းသိမ်းထားသော်လည်း တရွာလုံးက စိတ်လှုပ်ရှားမှုကို တောက်လောင်နေစေလေသည်။

လယ်သမားတစ်ဖွဲ့သည် ထယ်ကို တစ်လှည့်စီ ဆွဲကာ လမ်းကြောင်းပေးကြပြီး အနည်းဆုံး နာရီဝက်လောက် အလုပ်လုပ်နေခဲ့ကြပြီး နောက်ဆုံးတော့ ထယ်ကို သန့်ရှင်းအောင် ဆေးကြောလိုက်ပြီး ပြန်သယ်လာခဲ့သည်။

ဟုတ်ပါသည်။ ပြန်သယ်လာခြင်းပင်။

လူတစ်ယောက်ထဲ အလွယ်တကူ သယ်နိုင်သည့် ပစ္စည်းတစ်ခု ဖြစ်သော်လည်း လူတိုင်းက အလွန်မှ စိတ်လှုပ်ရှားဝမ်းသာနေကြရာ ကျိုးသလန်နှင့် ရှီအာ့လန်တို့က ထယ်ကို အတူတူမ,ပြန်လာခဲ့ကြသည်။

ထယ်အသစ်လေးကို တယုတယ ဖြစ်နေကြပြီး သူတို့သည် ခွဲခွာရန် တွန့်ဆုတ်နေကြလေသည်။ သူတို့သည် ရွှံ့အားလုံးကို ဖယ်ခဲ့သည့်အပြင် အစိုဓာတ်အားလုံးနီးပါးကိုလည်း ခြောက်နေအောင် သုတ်ပေးလိုက်သေးသည်။

ကျွမ်းကျင်သည့် လက်သမားတစ်ယောက်ဖြစ်သည့် ချန်းယိုထျန်းက စန်းလော့ကို မေးလိုက်၏။

“အားလော့ ဒါကို မနက်ဖြတ် ပြည်နယ်ရုံးကို မပို့ခင် ဒီနေ့ည အိမ်မှာ ငါ သစ်သားနဲ့သုံးရတဲ့ အစိတ်အပိုင်းတွေကို လုပ်ပေးလို့ရမလား။ အဲလိုဆိုရင် ငါ ထယ်အဟောင်းရဲ့ ထယ်သွားကို ဖြုတ်ပြီး အဲဒါကို အသစ်တစ်ခုဖြစ်အောင် ပုံပြန်သွင်းဖို့ ပန်းပဲဆိုင်ကို ယူသွားလို့ရနိုင်တယ်”

ပန်းပဲဆိုင်သည် နောက်ပိုင်းနေ့တွင် အလုပ်များလာလိမ့်မည်က သက်သေပင်။

စန်းလော့က ပြုံးကာ ပြန်ဖြေလိုက်၏။ “လုပ်ထားတဲ့ပစ္စည်းက အားလုံးသုံးဖို့အတွက်ဆိုတော့ သုံးပါ၊ ဦးလေးယိုထျန်း ဆန္ဒရှိသလို လွတ်လွတ်လပ်လပ် လုပ်လို့ရပါတယ်”

ရှန်းမိသားစုသည် နောက်တစ်နေ့တွင် ထယ်ကို မည်သို့ဆက်သရမည့်အကြောင်း တိုင်ပင်ရင်း စိတ်လှုပ်ရှားနေကြသည်။ အားလုံးကလည်း သူတို့အကြံဉာဏ်များနှင့် ဝင်‌ရောက်ဆွေးနွေးကြသည်။

ကျိုးချွမ်ကျန့်က အဆိုပြုလိုက်၏။ “မနက်ဖြန်၊ ငါတို့တွေ ဝါးလုံးတစ်ခုနဲ့ ဒါကို သယ်ပြီးတော့ ဗုံတစ်ချို့လဲ ထည့်ရမယ်၊ ကံကောင်းချင်တော့ ပြည်နယ်ရုံးတော်က ရွာတစ်ရွာကို ဗုံတစ်လုံး ပေးထားတယ်လေ၊ ဒီတော့ ငါ အဲဒါကို တာဝန်ယူလိုက်မယ်”

“ဝါးတန်းခုဆိုရင် ပိုကောင်းလိမ့်မယ်” ရှီအာ့လန်က အကြံပြုသည်။ “ကျွန်တော်တို့တွေ နှိုင်းယှဉ်ကြည့်လို့ရအောင် အဟောင်းရော အသစ်ပါ ယူသွားသင့်တယ်၊ ပြည်နယ်အုပ်ချုပ်ရေးမှူးက ထယ်အဟောင်း ဘယ်လိုပုံစံရှိလဲဆိုတာ မှတ်မိမယ်ထင်လား”

“ဒါက အဓိပ္ပါယ်ရှိတယ်” အဖွဲ့က ခေါင်းညိတ်သဘောတူလိုက်ကြသည်။ ကျိုးချွမ်ကျန့်က ဆက်ပြောလိုက်၏။ “အားလုံး မနက်ဖြန် မနက်ကျရင် စောစောထကြပါ၊ ငါတို့တွေက ပစ္စည်းကို သယ်ဖို့ တောင့်တင်းတဲ့ ဝါးတန်းနှစ်ခုနဲ့ အဲဒါတွေကို မဖို့ သန်မာတဲ့လူလေးယောက်လိုတယ်၊ ဒါမှပဲ ခမ်းခမ်းနားနား ဖြစ်လိမ့်မယ်”

မြင်ကွင်းကို မြင်ယောင်ကြည့်လိုက်ကြပြီး သူတို့အားလုံးသည် တဟားဟားရယ်မောလိုက်ကြ၏။ အဘွားလုက အကြံပြုလိုက်သည်။ “ငါတို့တွေ ကံကောင်းဖို့အတွက် ထယ်အသစ်မှာ ပိတ်စနီတစ်စ ချည်ထားသင့်တယ်၊ ဟုတ်တယ်မလား”

အဘွားရွှီက ပြုံးကာ ကမ်းလှမ်းလိုက်လေသည်။ “အနီရောင်ပိုးထည်ကို သုံးကြတာပေါ့၊ ကျွန်မဆီမှာ နည်းနည်းရှိသေးတယ်၊ မနက်ဖြန် တစ်ခါတည်းယူလာခဲ့လိုက်မယ်”

ထမ်းပိုး၊ ပိတ်စနီနှင့် ဗုံ ထည့်သွင်းလာသဖြင့် အဘိုးချန်းက စတင် စိုးရိမ်လာလေသည်။ “ဒါက အရမ်းကြီး ချဲ့ကားရာကျနေမလား”

ဆိုင်တာဝန်ခံရွှီက သူ့ကို မြန်မြန်လှမ်းတားလိုက်လေသည်။ “ဦးလေးရယ် နိမ့်ချစရာမလိုပါဘူး၊ ဒါက ဘယ်လောက် ဟိတ်ဟန်များနေလို့လဲ၊ ဒီလိုအချိန်ကိုက်ဖြစ်တဲ့ အချိန်အခါမှာ ဒါက ရုံးတော်ကို ပျော်ရွှင်မှုတွေ ဖြည့်ဆည်းပေးပြီး ဧကရာဇ်မင်းကိုလည်း ကျေနပ်တော်မူစေပြီး ပြည်နယ်အုပ်ချုပ်ရေးမှူးရဲ့ အောင်မြင်မှုတွေကိုလည်း အကျိုးဆောင်ပေးနိုင်ပြီး လူတွေရဲ့ ကံကောင်းခြင်းကို တိုးပွားစေတယ်လေ၊ ဒါကို စိတ်အားထက်ထက်သန်သန်နဲ့ ကျင်းပသင့်တာပေါ့”

ဝေ့ချင်းဟယ်ကလည်း အပြုံးတစ်ခုဖြင့် ထောက်ခံကာ ပြောလိုက်၏။ “ဒါက ရုံးတော်ကရော မင်းကြီးကပါ မြင်ရရင် ဝမ်းသာကြည်နူးစေမဲ့ ကိစ္စပဲလေ”

သချီသည် ချန်နိုင်ငံကို အောင်နိုင်ခဲ့ပြီး သာမန်ပြည်သူများကလည်း ဂုဏ်ပြုလက်ဆောင်တစ်ခုအဖြစ် ထယ်အသစ်ကို ဆက်သက်ကြသည်တွင် ဒါသည် ဘာသဘောဆောင်ပါသနည်း။ မင်းကြီးသည် ပြည်သူများ၏ နှလုံးသားနှင့် ကောင်းကင်ဘုံ၏အကူအညီကို ‌အောင်နိုင်ခဲ့သည့် သဘောပင်။ ကျွမ်းကျင်သည့် စာရေးဆရာတစ်ယောက်ဆိုလျှင် ထိုအကြောင်းကို ကောင်းကင်တာအိုက မင်းကြီးနောက်တွင် ရောက်သည်ဟုပင် ဖွဲ့ဆိုကြလိမ့်ဦးမည်။

သည်ကိစ္စများကို တိုင်ပင်လိုက်ကြပြီးနောက်တွင် ကန်းရှီက ပြောလိုက်သည်။ “ကျွန်မတို့ရွာက သွားနိုင်တဲ့သူတွေအားလုံး မနက်ဖြန် လိုက်ပါသင့်တယ်၊ ဒါပေမဲ့ ကျွန်မတို့တွေ စီးတန်းလှည့်လည်တဲ့ပုံနဲ့ လုပ်သင့်တယ်မလား”

ထို့နောက်တွင်တော့ သူတို့သည် နောက်တစ်နေ့အတွက် စီတန်းမည့်အစီအစဉ်ကို စတင်ရေးဆွဲကြလေသည်။ စန်းလောက သူမဘေးတွင် သူမ၏ခင်ပွန်းဖြစ်သူနှင့် နှစ်ကိုယ့်တစ်စိတ်ဖြစ်သဖြင့် ရှေ့ဆုံးက လျှောက်ရမည်က ပြောရန်မလိုချေ။ ရွာသူကြီးကျိုးကလည်း ထိုနေရာတွင် ရှိနေပြီး တခြားဖက်တွင်တော့ ‌မောင်းတီးရမည်။

တန်းစီရန် အရှေ့၊ အလယ် နှင့် အဆုံးတွင် စည်းကားသည့် ဆွေးနွေးမှုတစ်ခုဖြစ်နေပြီး တိုက်ရိုက် သရုပ်ဖော်ခြင်း လုပ်ရလုနီးပါးပင်။ တော်တော်လေးကို စည်ကားလို့နေသည်။

သူတို့သည် ပြောသမျှအားလုံးက မှန်ကန်နေသည်ကိုလည်း စန်းလော့က သိနေသည်။ မင်းကြီးဖြစ်စေ ပြည်နယ်အုပ်ချုပ်ရေးမှူးကျန့်ဖြစ်စေ သည်လိုအချိန်တွင် ပြည်သူများက သဘာဝကျကျ လိုက်လျောညီထွေဖြစ်သည့် လုပ်ရပ်များဖြင့် ပါဝင်လာလျှင် ချပြသည့် မြင်ကွင်းကို ကြည့်ရှုရင်း နှစ်ယောက်လုံးက ဝမ်းသာပီတိဖြစ်ကြလိမ့်မည်။ သည်အချိန်တွင် အဘွားချန်းက ကြားဖြတ်ပြောလိုက်၏။ မောင်းသံဖြင့် ကြေညာစာလေးတစ်ခု ရှိသင့်ကြောင်းနှင့် မနက်ဖြန် မြို့ထဲသို့ ခြောက်ခြောက်ကပ်ကပ် ဝင်သွားရလျှင် ရူးကြောင်ကြောင်နိုင်လိမ့်မည်ဖြစ်ကြောင်း အကြံပြုလေသည်။

တော်တော်များများ စဉ်းစားချင့်ချိန်လိုက်ကြပြီးနောက် သူတို့သည် ပြည်သူရော ပညာတတ်အထက်တန်းလွှာများနှစ်ခုလုံး နားလည်လွယ်ကာ လူထုများကို နားလည်လွယ်စေပြီး အရာရှိများအတွင် ဂုဏ်ရောင်တတ်စေသည့် ခံစားချက်တစ်ခု ထိန်းသိမ်းထားပေးမည့် စကားစုတစ်ခု ဖြစ်သင့်သည်ဟု ဆုံးဖြတ်လိုက်ကြသည်။

အကြိမ်အမြောက်အများ အချောသတ်လိုက်ကြပြီးနောက်တွင် နောက်ဆုံးတော့ အတည်ဖြစ်သွားတော့သည်။ “သရှင်းရွာ စန်းမိသားစုကို စန်းလော့က အကြွင်းမဲ့ မှင်သက်အံ့ဩရစေ၊ မဆိုင်းမတွ လမ်းရှင်းပေးကြရ” ဆိုသည့် အဖွင့်စာသားကို ပြောဖို့ဆုံးဖြတ်လိုက်သည်။

“မဟုတ်သေးဘူး၊ နောက်အပိုင်းက အဆင်ပြေတယ်၊ အဖွင့်စာသားကိုပဲ ပြန်ပြင်ရုံပဲ၊ ကျွန်မတို့ အသားပေးချင်တာက ထယ်သွားနဲ့ ရုံးတော်ရဲ့ စည်ပင်ဝပြောပုံကို ဂုဏ်ပြုရမှာ၊ ရှီကျိုးမြို့ကို ထည့်ပေးရင် လုံလောက်ပါပြီ၊ ဒီစာသားထဲမှာ ကျွန်မကို ထည့်ဖို့မလိုပါဘူး၊ အနည်းဆုံးတော့ လမ်းတစ်လျှောက်လုံး ဒီလိုအရမ်းထင်ပေါ်တာမျိုး မဖြစ်တော့ဘူးပေါ့”

သူတို့သည် သူတို့၏ဗုံမောင်းများ၊ အနီရောင်အလံများနှင့် မြို့တံခါးဝသို့ ရောက်သွားချိန်ကျရင် စန်းလော့၏ခြေချောင်းများက မြေကြီးထဲသို့ နစ်ဝင်နေရအုံးမည်။ (မလုပ်ဖူးတာတွေ လုပ်ရမည်ဟုဆိုလိုခြင်းပင်)

“တကယ်တော့ စီတန်းလှည့်လည်တဲ့အခါ ကျွန်မက ရှေ့မှာ ရှိနေပြီး လက်ဆောင်ပဏ္ဍာကို ဆက်သမယ့်သူလေ၊ အားလုံးက ကျွန်မဆိုတာ သိပြီးသားပါ၊ ကျွန်မ နာမည်ကို အော်စရာမလိုပါဘူး”

စန်းလော့က ချဲ့ကားမနေချင်ပေ။ ပြည်နယ်မြို့တော် ဝန်းကျင်က အနီးဆုံးနေရာများတွင် မကြာခင်မှ အခြေချခဲ့သူများသည် အများစုက သူတို့တောင်ပေါ်ဒေသများမှ ဖြစ်လေသည်။ သူမသည် သူတို့အားလုံးကို မမှတ်မိလိမ့်မည်မဟုတ်သော်လည်း သူတို့အများစုက သူမကို အမှန်ပင် သိကြသည်။

ဝေ့လင်းကျန့်၊ ချင်ဖန်းညန်၊ ကန်းရှီနှင့် ရှီအာ့လန်၊ သူတို့အားလုံးသည် စန်းလော့ အလောတကြီး လှမ်းပြီးအော်ကာ တားမြစ်သံကို ကြားလိုက်သည်တွင် တသောသော ရယ်မောကြတော့သည်။

ချန်းအဘွားကလည်း ရယ်မောလိုက်ပြီး “ဟုတ်တယ်၊ လမ်းမှာ အားလော့နာမည်ကို ‌အော်စရာမလိုပါဘူး၊ ငါတို့အိမ်နီးချင်းတွေမှာ သူ့မကို မသိတဲ့သူ မရှိသလောက်ပါပဲ၊ ငါတို့တွေ ဒီအကြောင်းကို ရုံးတော်ရောက်မှ ပြောလို့ရပါတယ်”

သရှင်းရွာတွင် ဝူတင်း လေးနှစ်မြောက် ပထမဆုံး ပြန်လည်ဆုံစည်းကြသည့်ညသည် သည်လိုအသက်ဝင်စည်ကားသည့် လေတစ်ခုဖြင့် ကုန်ဆုံးခဲ့လေသည်။

နောက်တစ်နေ့မနက်ခင်းတွင် ရှန်းလီက ရှန်းအန်းကို ဝမ်ယွင်ကျန့်နှင့် တခြားသူများနှင့်အတူ ကျောင်းတော်သို့ သွားကာ သူတို့ဆရာကို ခွင့်တိုင်ပေးဖို့ မှာကြားလိုက်သည်။ သူသည် ကျောင်းသို့ အနည်းငယ် နောက်ကျမည်ဖြစ်ကာ အကြောင်းအရင်းကို ကျောင်းအုပ်ကြီးအား ကိုယ်တိုင်လာရှင်းပါမည်ဟု ကတိပေးကြောင်း သေသေချာချာ ပြောခိုင်းလိုက်သည်။

မိုးသောက်ယံ ပထမဆုံးအလင်းရောက်လာသည်နှင့် အိမ်ထောင်စုများသည် ပြင်ဆင်မှုများဖြင့် စည်ကားလို့နေသည်။ နွားအချိန် ကုန်ဆုံးခါနီးတွင် ရှန်းမိသားစု၏ ထယ်နှစ်ခု၊ အဟောင်းဖြစ်သည့် အသွားအဖြောင့်ထယ်တစ်ခုနှင့် အသစ်လုပ်ထားသည့် အသွားကွေးထယ်တို့ကို ကျိုးသလန်နှင့် သူ့အဖွဲ့က ဝါးလုံးနှစ်ခု သေသေချာချာ ချည်နှောင်ထားလိုက်ကြသည်။ ထယ်အသစ်ကို ပိုးသားပိတ်စ၊ ကြက်သွေးရောင်ပန်းများနှင့် အလှဆင်ထားရာ ပျော်ရွှင်ဖွယ်မြင်ကွင်းတစ်ခု အမှန်ပင်။

သူတို့အဖွဲ့သည် ထယ်များကို မတင်လိုက်ပြီး အဆင့်အလိုက် တန်းစီလိုက်ကြကာ ရွာထဲက ချီတက်ထွက်ခွာလာကြသည်။ ကလေးများက ခုန်ပေါက်ပြေးလွှားနေကြခြင်းက သူတို့၏စိတ်လှုပ်ရှားဝမ်းသာမှု၏ သက်သေပင်။ သည်မြင်ကွင်းက အလုပ်လုပ် စောစောလာကြသည့် ကျောက်သလန်နှင့် ကျောက်စစ်လန်တို့ကို လုံးဝ ဆွံ့အသွားစေတော့သည်။

စန်းလော့သည် လူတန်းရှေ့တွင် ရပ်လိုက်ပြီး မြင်ကွင်းကို မြင်လိုက်သည်တွင် သူမ၏မျက်နှာကို ကွယ်ထားချင်စိတ်များ ဖြစ်လာတော့သည်။

သို့တိုင် ဒါသည် အသွားကွေးထယ်ကို ရှီကျိုးပြည်သူများ သေချာမြင်နိုင်ရန် အစောအဆုံးအခွင့်အရေးဖြစ်ကာ အလျင်မြန်ဆုံးနှင့် စိတ်အချရဆုံးနည်းလမ်းဖြစ်ကြောင်း သူမက ကောင်းကောင်းသိနေသည်။ ပြည်နယ်အုပ်ချုပ်‌ရေးမှူး၏ အောင်မြင်မှုမှတ်တမ်းကို မွမ်းမံပေးမည့် အထိရောက်ဆုံးနည်းလမ်းတစ်ခုလည်း ဖြစ်လေသည်။

အင်းပါ။ အစကောင်းထားတော့ အနှောင်းလဲသေချာပါတယ်။ သူမကတော့ ထိုသို့မှတ်ယူလိုက်သည်။ သူမသည် ကျောင်းတက်စဉ်နေ့ရက်များက အားကစားပြိုင်ပွဲများတွင် ကျောင်းအားကစားကွင်းကို ပတ်ကာ အလံကိုင်ပေးရသူလို ပြန်ခံစားလိုက်ရ၏။

...

ဝူတင်း လေးနှစ်မြောက် လပြက္ခဒိန် ပထမလ ၁၅ရက်နေ့ညတွင် အရာရှိများက ခမ်းနားထည်ဝါသည့် အောင်ပွဲသတင်းများကို ကြေညာခဲ့ပြီးနောက်တွင် ၁၆ရက်နေ့တွင် ရင်းနှီးပြီးသား ကြေးမောင်းသံက လွှင့်ပျံလာသည်။ ပထမတစ်ချက်က သရှင်းရွာအဝင်ဝတွင် ပဲ့တင်ထွက်လာသည်။

“ရှီကျိုးရွာသားအများ၊ မင်းကြီးရဲ့ကောင်းကျိုးကို ကျေးဇူးပြုတဲ့စိတ်ကြောင့် ရိုးရိုးထယ်ပုံစံကနေ ပိုထိရောက်ပြီး သွက်လက်လျင်မြန်တဲ့ လယ်ယာစိုက်ပျိုးရေးပစ္စည်း ထယ်အသစ်တစ်ခုကို ပြောင်းလဲခဲ့ပါပြီ”

“တိုင်းပြည်ရဲ့ မဟာအောင်ပွဲနဲ့ ပြန်လည်စုစည်းနိုင်တဲ့ ဒီလို မင်္ဂလာပြည့်စုံတဲ့ အချိန်အခါသမယမှာ ကျွန်တော်တို့က ဒီထယ်အသစ်ကို ပြည်နယ်အုပ်ချုပ်ရေးမှူးရုံးနဲ့ တော်ဝင်နန်းတော်ကို ဆသပြီး မင်းကြီး၊ ပြည်နယ်နဲ့ ချန်အန်းက လူအများရဲ့ ချမ်းသာကြွယ်ဝခြင်းကို ဂုဏ်ပြုပါတယ်”

ပဲ့တင်ထပ်နေသည့်မောင်းသံတစ်ခုနှင့် ကျယ်လောင်သည့် ညာသံတစ်ခုဖြင့် ကျိုးချွမ်ကျန့်က အော်ပြောလာပြီး နောက်မှနေ၍ သရှင်းရွာက လူကြီး လူငယ်အသံများက တညီတညာ လိုက်ပါလာသည်။ တစ်ချက်လေးမှ မနားဘဲ သူတို့သည် ရှီကျိုးမြို့တံခါးဆီသို့ တန်းတန်းမတ်မတ် ချီတက်လာကြလေသည်။

အစောပိုင်းက ကျွတ်ကျွတ်ညံသံက အာရုံများကို ဆွဲဆောင်ထားနှင့် ပြီးဖြစ်လေသည်။ သရှင်းရွာသည် မြို့တံခါးမှ အရမ်းမဝေးဘဲ သူတို့ခရီး၏ လမ်းတစ်ဝက်တွင် ကျိုးချွမ်ကျန့်က မောင်းကို ထပ်တီးလိုက်ပြီး နောက်ထပ် မြူးထူးပျော်ပါးသည့် ကြွေးကြော်သံနောက်တစ်ခါဖြင့် ဦးဆောင်လာခဲ့သည်။

ရှီကျိုးမြို့တံခါး၏ မနက်အစောပိုင်းသည် အမြဲတမ်း စည်ကားသိုက်မြိုက်နေပြီး မြိုးထဲသို့ဝင်ရန် လူများစွာက တန်းစီနေကြသည်။ ထို့အပြင် တရားဝင်လမ်းမကြီးကလည်း လယ်ကွင်းများ တဖက်တချက် ဝန်းရံထားပြီး ထိုနေရာတွင် လယ်သမားများသည် သူတို့သီးနှံများကို ပြုစုနေကြလေသည်။ ဆူညံသံကို ကြားလိုက်ရသည်တွင် မည်သူက မကြည့်ရန် လွန်ဆန်နိုင်ပါမည်နည်း။

အထူးသဖြင့် သရှင်းရွာက လူကြီးလူငယ်များသည် ပိုထိရောက်ပြီး အဆင်ပြေသည့် ထယ်အသစ်အကြောင်း အော်ပြောနေသည် မဟုတ်ပါလား...။

ရွာတစ်ရွာစီတွင် နွားထီးတစ်ကောင်သာ ရှိပြီး နေ့တိုင်း ရွာသားများသည် ထိုတိရစ္ဆာန်များလို ပင်ပင်ပန်းပန်း အားထုတ်ခဲ့ရသည်။ သည်စကားကို ကြားလိုက်ရချိန်တွင် မည်သူက စိတ်မလှုပ်ရှားဘဲ နေပါမည်နည်း။

လယ်ကွင်းထဲတွင် ထယ်ထိုးနေကြသည့် လယ်သမားများသည် သူတို့အလုပ်များကို ခဏရပ်ထားလိုက်ကြပြီး အဝေးကလမ်းလေးကို လှမ်းကြည့်နေလိုက်ကြသည်။ လူတန်းကြီး သယ်လာခဲ့သည့် ဝန်စည်နှစ်ခုမှာ... ထယ်များနှင့် ဆင်တူနေသယောင်...။

“တစ်ချက်လောက် သွားကြည့်ရအောင်”

သူတို့၏ အလုပ်များကို ထားခဲ့ကြပြီး လယ်ကန်သင်းပေါ်သို့ ရုန်းကန်တက်လာကြပြီး ရွှံ့များပေကျံနေသည့် လယ်ရှည်ဖိနပ်များဖြင့် လမ်းမကြီးဆီသို့ အပြေးအလွှားသွားလိုက်ကြလေသည်။

မြို့ထံသို့ ဝင်ရန် တန်းစီနေကြသူများကလည်း ထိုသို့ မလုပ်တော့ဘဲ စည်ကားနေသည်ကို လှည့်ကြည့်ကာ စောင့်ကြည့်နေကြလေသည်။

“ဘာဖြစ်နေတာလဲ”

“အင်အားသက်သာစေတဲ့ ထယ်အသစ်တစ်ခုကို လုပ်ထားတယ်လို့ ပြောလိုက်သလားလို့”

“အားထုတ်မှုသက်သာစေတဲ့ ထယ် တဲ့လား”

တန်းစီနေသည့်လူတန်းကြီးက မရှိတော့ချေ။ သူတို့အားလုံးသည် မြို့သို့ ဦးတည်နေသည့် မြေသားလမ်းဆီသို့ အပြေးအလွှား သွားလိုက်ကြလေသည်။

စန်းလော့ ခန့်မှန်းချက်က မှန်သွားသည်။ မြို့တံခါးမှ ဝင်ထွက်လာသူ အရေအတွက် တော်တော်များများက သူမကို သိကြသည်။ လယ်သမားများဖြစ်စေ ရွာသို့ ပြန်ရန် အဝင်ဝတွင် တန်းစီနေကြသည့် ဈေးသည်များဖြစ်စေ သူတို့သည် လူတန်းရှေ့က စန်းလော့ကို သတိထားမိလိုက်ကြသည့်အခိုက်တွင် သူတို့၏မျက်နှာများက ဝမ်းသာပိတီစိတ်ဖြင့် လင်းလက်သွားကြလေသည်။ “သရှင်းရွာက စန်းအမျိုးသမီးပဲ၊ တကယ် စန်းရှီပဲ”

တောင်ပေါ်က လာကြသူများမဟုတ်သည့် လူများထဲက တစ်ယောက်က စိတ်ဝင်စားသွားပြီး မေးလိုက်လေသည်။ “စန်းရှီဆိုတာ ဘယ်သူလဲ”

“စန်းသခင်မလေးပေါ့၊ အရမ်းကို အကျင့်သီလကောင်းနဲ့ ပြည့်စုံတဲ့သူ၊ သက်ရှိဗောဓိသတ်လို့ပြောရမယ်၊ ရှင် မသိလို့နော်၊ ဟိုတုန်းက ကျွန်မတို့တွေ တောင်းအတွင်းပိုင်းကို ထွက်ခဲ့ရတုန်းက...”

တောင်အတွင်းပိုင်းထဲက စန်းလော့၏ အကြောင်းနှင့် သူမ၏ဘဝ အကြောင်းအရာများကို ရှိနေသည့်ထိုသူများကို ဝေမျှပေးနေရင်း အသံတစ်ချို့က သူမနှင့် သရှင်းရွာသားများကို လှမ်းနှုတ်ဆက်ကြသည်။ တခြားသူများက စီတန်းလှည့်လည်နေသည့် လူတန်းထဲ ကပ်ဝင်လာပြီး ဘေးမှနေ၍ ချန်းအဘွားနှင့် တခြားသူများထံမှ သတင်းများ မေးနေကြသည်။

သရှင်းရွာက မူလက ကြီးမားသည့်အဖွဲ့သည် အခုတော့ မြို့အပြင်ဘက်က ကျေးလက်နေပြည်သူများကြောင့် အုံကျင်းလိုက်ဖြစ်လာပြီး စကားစမြည်သံများနှင့် တစ်လျှောက်လာက် တစီစီညံလာကာ တော်တော်လေးကို အသက်ဝင်စည်ကားသည့် မြင်ကွင်းတစ်ခု ဖြစ်နေတော့သည်။

လူအုပ်ကြီးတစ်ခုက အဝေးက ချဉ်းကပ်လာသဖြင့် အစောပိုင်းက တအံ့တဩဖြစ်နေသည့် မြို့စောင့်ရဲမက်များသည် သူတို့လမ်းကြောင်းကို အလိုလို ပိတ်ဆို့ထားလိုက်ကြသည်။ သို့သော် သူတို့က မင်းကြီး၏ ပြန်လည်စုစည်းခြင်းကို ဂုဏ်ပြုပေးရန် ထယ်များကို လာရောက်ဆက်သခြင်းဖြစ်ကြောင်း ကြားလိုက်ရကာ အဖွဲ့ကို ဦးဆောင်လာသူက တောင်ပေါ်က လူများကို သွားခေါ်လာပေးရန် ရုံးတော်ကို ကူညီပေးခဲ့ကာ ပြည်နည်ကျောင်းတော်၏ ကျောင်းသားဖြစ်သည့် ရှန်းလီဖြစ်နေသည်ကို မှတ်မိသွားသဖြင့် သူတို့က လမ်းဖယ်ပေးလိုက်ကြသည်။

အရမ်းကောင်းတာပဲ။ သူတို့တွေကို တားဆီးဖို့မလိုဘူးလေ။

ရဲမက်တစ်ယောက်ကို သတင်းပို့ရန် ရုံးတော်သို့ လွှတ်လိုက်သည်။ သရှင်းရွာကလူများသည် ဘာလက်နက်မှ မပါဘဲ ထယ်များကိုသာ အမှန်ပင် သယ်ဆောင်ထားသည်ကို အတည်ပြုလိုက်ပြီးနောက် သူက ပြုံးကာ သူတို့အတွက် လမ်းဖယ်ပေးလိုက်ပြီး စစ်ဆေးရန် သက်ညှာပေးလိုက်သည်။

မြို့ထဲသို့ ဝင်လာသည့် ရွာသားတစ်ချို့နှင့်အတူ မြူးထူးပျော်ရွှင်နေသည့် ကြည့်ရှုလူအုပ်ကြီးက လိုက်ပါလာကာ သူတို့သည် လူတစ်ရာကျော်လောက်က ဗုံမောင်းများကို တီးခတ်ကာ ခမ်းနားသည့် စီတန်းလှည့်လည်ခြင်းဖြင့် ပြည်နယ်ရုံးတော်သို့ ချီတက်လာကြသည်။ မြို့နေလူထုများကလည်း ပျော်ရွှင်စရာမြင်ကွင်းကို ကြည့်ရန် စိတ်ဝင်တစား ထွက်လာကြသည်။

ပြည်နယ်အုပ်ချုပ်ရေးမှူး အိမ်တော်တွင်တော့ တံခါးစောင့်က သတင်းပို့ရန် အလောတကြီး ပြန်ပြေးဝင်လာပြီး အချိန်ကိုက်မှာပင် ရုံးတော်သို့ အခုလေးတင်မှ ရောက်လာသည့် ကျန့်စန်းလန်က သတင်းကို ချက်ချင်းရခဲ့သည်။

“ထယ်သွား ဆက်သပွဲ ဟုတ်လား”

“ဟုတ်ပါတယ်၊ သူတို့ ပြောတာတော့ အသွားအဖြောင့်ကို ပိုလွယ်ကူပြီး လုပ်အားပိုသက်သာတဲ့ အသွားအကွေးတစ်ခုကို ပြောင်းလဲထားတာတဲ့”

ရဲမက်သည် တော်တော်လေး ကောင်းမွန်သည့် မှတ်ဉာဏ်တစ်ခုရှိပြီး သရှင်းရွာက လူများ၏ ကြွေးကြော်သံ ဆောင်ပုဒ်နှစ်ခုကို ပြန်ရွတ်ပြတော့မည့်ဆဲဆဲတွင် ကျန့်စန်းလန်သည် မောင်းသံတစ်ချက်ကို ကြားလိုက်ရ၏။ သူ့နားကို အနည်းငယ် စွင့်ထားလိုက်သည်တွင် ထိုကြွေးကြော်သံကို ကြားလိုက်ရ၏။

“ရောက်လာပြီ”

စိတ်ဝင်တစားနှင့် နားထောင်နေရင်း ကျန့်စန်းလန်သည် ကြွေးကြော်သံ ဆုံးသည်အထိ စောင့်နေလိုက်ပြီးနောက် အပြုံးတစ်ခု ဖြစ်တည်သွားတော့သည်။

“မှတ်တမ်းအရာရှိ၊ ဌာနခြောက်ခုက ခေါင်းဆောင်တွေကို ကျွန်တော်နဲ့အတူ အဖော်ပြုပြီး သူတို့ကို နှုတ်ဆက်ဖို့ သွားအကြောင်းကြားလိုက်ပါ”

ယုံကြည်မှုအပြည့် ခြေလှမ်းကျဲများဖြင့် လျှောက်ထွက်လာသည်တွင် သူသည် ထိုအကြောင်းကို အစောင့်အား သတင်းသွားပို့ခိုင်းရန်ပင် မလိုချေ။ မှတ်တမ်းအရာရှိနှင့် ဌာနခြောက်ခုက ခေါင်းဆောင်များသည် ဆူညံသံကို ကြားနှင့်ပြီးဖြစ်ကာ ထွက်လာကြလေသည်။

ပြည်နယ်အုပ်ချုပ်ရေးမှူး ရုံးတော်က အရာရှိအားလုံးသည် တပြိုင်တည်း အဓိကတံခါးမကြီးက လှမ်းအထွက်တွင် ကြည်နူးဖွယ်မြင်ကွင်းတစ်ခုက စောင့်စားနေလေသည်။

တစ်စုံတစ်ခုကို သတိရသွားပြီး ကျန့်စန်းလန်က ချန်းအန်းကို လက်ယက်ခေါ်လိုက်ကာ တိုးတိုးလေး ပြောလိုက်လေသည်။ “အနောက်ဘက်ခြံကို သွားပြီးတော့ ငါ့ဇနီးကို သွားအကြောင်းကြားလိုက်ပါအုံး”

...

အပိုင်း (၂၄၀.၁) ထူးခြားတဲ့အမျိုးသမီး

ကူးပြောင်းလာပြီး ၅နှစ်မြောက်တွင် စန်းလော့သည် သူမ၏နှစ်ဘဝစာအတွင်း အခမ်းနားဆုံးပွဲတစ်ခုကို ချပြခဲ့လေသည်။

သူမ၏စိတ်အတွင်းပိုင်း၌ ခြေချောင်းများနှင့် သဲသောင်ပြင်ပေါ်တွင် ရဲတိုက်တစ်ခုဆောက်နေရသလို အပြင်းအထန်စိတ်လှုပ်ရှားပြီး စိုးရိမ်မှုများ ဖြစ်နေသော်ငြားလည်း အံ့သြစရာကောင်းလောက်အောင်ပင် သူမသည် လမ်းပေါ်တွင် စီတန်းသွားလာနေသည့် လူအုပ်ကြီးရှေ့တွင် သူမ၏အိန္ဒြေကို ဆယ်ထားနိုင်ခဲ့လေသည်။ ပြည်နယ်ရုံးတော်ဝင်ပေါက်တွင် စောင့်နေကြသည့်အရာရှိများနှင့် သူမ၏အပြန်အလှန်စကားများကိုလဲ အိန္ဒြေရသည်ဟု ဆိုရပေမည်။ ဆောင်ပုဒ်များကို ထုတ်ဖော်ပြောဆိုနိုင်သည်တွင် ယခုတော့ ဒီလိုကြီးကျယ်ခမ်းနားပြီး စည်ကားသိုက်မြိုက်လှသည့် ဆိုက်ရောက်လာခြင်း ပြုလုပ်ပြီးနောက်တွင် နှိမ့်ချမှုကိုချပြရမည့် အချိန်ရောက် လာလေသည်။

သို့သော်ငြားလည်း နောက်မှလိုက်လာကြသည့် ရွာကလူငယ်များနှင့် သန်မာသည့်ယောက်ျားများ အပါအဝင် သူမ၏ဘေးတွင် ရွာသူကြီးကလဲရှိနေပြီး တစ်ဖက်တွင်တော့ ပြည်နယ်ကျောင်းမှ ကျောင်းသားဝတ်စုံတစ်စုံကို ဝတ်ဆင်ထားသည့် လူငယ်တစ်ယောက်ပါရှိရာ အားလုံးက သူမကို မျှော်လင့်တကြီး ကြည့်နေကြသည်ကိုတော့ သူမသည် သတိမထားမိလိုက်ချေ။ ... ငယ်ရွယ်သည့် အမျိုးသမီးတစ်ယောက်က သူတို့ကို ဦးဆောင်လာသည်တဲ့။ ... သူမသည် အာရုံကိုဆွဲဆောင်ထားပြီးသား ဖြစ်နေလေသည်။ ထို့အပြင် ရိုးရိုးရှင်းရှင်းဝတ်စားထားပြီး ဆံပင်များကို အလှမဆင်ထားသော်ငြားလည်း သူမ၏ယဥ်ကျေးသိမ်မွေ့သည့် အပြုအမူနှင့် သင့်တော်သည့်ကိုယ်နှုတ်အမူအယာ၊ တည်ငြိမ်သည့်တုံ့ပြန်မှုများ ပိုင်ဆိုင်ထားသည့် သူမ၏ သိမ်မွေ့သည့်အလှက သူမ၏တည်ရှိမှုကို ပိုပြီးတော့ ဆွဲဆောင်မှုရှိနေစေသည်။

သည်ဆန့်ကျင်ဘက်အခြေအနေက သူမသည် ခမ်းခမ်းနားနားဝတ်စုံဖြင့် ဝတ်စားဆင်ယင်ကာ ရပ်နေခဲ့သည်ထက် လူအများ၏စိတ်ထဲတွင် ပိုပြီးကြီးကျယ်သည့် သက်ရောက်မှုတစ်ခုကို ဖြစ်စေလေသည်။ ဒါသည် ဘယ်သူကမှ အကြည့်မလွှဲနိုင်သည့် မြင်ကွင်းတစ်ခုဖြစ်နေ၏။

သည်နေ့ပြီးသွားလျှင်တော့ ထယ်သွားအကွေးကို ပထမဦးဆုံး သုံးရသည့်တွန်းအားဖြင့် ရှီကျိုးမြို့၏ လူဦးရေတဝက်နီးပါးက စန်းလော့ကို သိလာလိမ့်မည်ဖြစ်သည်။

စန်းလော့က ထယ်သွားအသစ်နှင့် အဟောင်းကြားက ကွာခြားချက်ကို ပြည်နယ်အုပ်ချုပ်ရေးမှူးကို ရှင်းပြနေသည်ကို ကြည့်နေမိပြီး အုပ်ချုပ်ရေမှူးနှင့် သူတို့အဖွဲ့အရာရှိများ၊ ချွေ့ချီချန်းတို့သည် လေးစားအားကျမှုကလွဲလျှင် တစ်ခြားဘာကိုမှ အမှန်ပင် မခံစားမိကြတော့ချေ။

ဉာဏ်ရည်ထက်မြက်ပြီး ဂုဏ်သိက္ခာရှိကာ တင့်တယ်လှပသည့်အပြင် ထိုအကြောင်းအရာများ အားလုံးထက် သူမသည် လူသားတစ်ယောက် ဖြစ်နေပေသည်။ သို့တိုင် သူမသည် ဝဥစိုက်ပျိုးနည်းကို သိရှိသည့်အပြင် ထယ်တစ်ခု ပြုလုပ်ရာတွင်လည်း ထူးထူးခြားခြား ပစ္စည်းတစ်ခုကို ဖန်တီးနိုင်လေသည်။ ဒါက မည်သို့ဖြစ်နိုင်ပါမည်နည်း။

အားစိုက်ထုတ်မှု နည်းသည်၊ မနည်းသည်ကိုတော့ ချွေ့ချီချန်းတစ်ယောက် သတိမထားမိချေ။ ဒါက စန်းလော့နှင့် သရှင်းရွာကရွာသားများ ပြောသည့်အကြောင်းအရာသာ ဖြစ်လေသည်။ သို့သော်ငြားလည်း ထယ်အနက်ကို ထိန်းညှိလို့ရသည့် မျက်မြင်ကိုယ်တွေ့ စက်ပစ္စည်းတစ်ခုကိုတော့ အမှန်ပင် တွေ့လိုက်ရသည်။

သည်ခေတ်တွင် ရုံးတော်က အရည်အချင်းရှိသူများကို အသည်းအသန် ရှာဖွေနေရသည်။ အကယ်၍များ သည်လူသည် ယောက်ျားသားတစ်ယောက် ဖြစ်ခဲ့မည်ဆိုလျှင် ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြည်နယ်ရုံးတော်တွင် စိုက်ပျိုးရေးနှင့် ပိုးစာပင်စိုက်ပျိုးခြင်း စီမံရာတွင် ကူညီဖို့ရန်အတွက် သူတို့ကို ချက်ချင်းရာထူးပေးလိမ့်မည်။

ကျွတ်... ကျွတ်။ တကယ်ပဲ လေးစားစရာကောင်းပါပေတယ်။

လေးစားအားကျမှု ပြီးသွားသည့်နောက်တွင် သက်ပြင်းတစ်ချက်က ပါလာလေသည်။

ဒါက တော်တော်လေးကို ယောက်ျားသားဆန်နေပြီ မဟုတ်လား။

ချွေ့ချီချန်းသည် လုပ်ဆောင်ပုံကို သရုပ်ပြရာတွင် စန်းလော့ကို ကူညီပေးနေသည့် ရှန်းလီကို ကြည့်လိုက်ပြီး နားမလည်နိုင်အောင် ဖြစ်ရလေသည်။

ရုံးတော်က အရည်အချင်းရှိတဲ့သူတွေကို စိတ်အားထက်သန်စွာနဲ့ ရှာဖွေနေတာလေ။ တော်ဝင်စာမေးပွဲ ဖြေခိုင်းတာအပြင် သူတို့ရဲ့လက်တွေ့အလုပ်ကနေလဲ လုပ်ရည်ကိုင်ရည်ရှိတဲ့ တစ်ဦးချင်းကို အသိအမှတ်ပြုနေပါတယ်။ သူက ဒါကို တကယ်နားမလည်ခဲ့ဘူးပဲ။ သချီရဲ့ကြီးမားတဲ့ ပေါင်းစည်းခြင်းနဲ့အတူ ဒီလို အဓိကကျတဲ့ အခွင့်အရေးတစ်ခုရှိနေတာ ထယ်သွားတစ်ခုကို တီထွင်ဖို့အတွက် ဘာဖြစ်လို့များ စန်းလော့လို အမျိုးသမီးတစ်ယောက်ကို ဦးဆောင်ခိုင်းရတာလဲ။

အမျိုးသမီးတစ်ယောက်က အထင်ကရ နေရာတစ်ခုကို ရောက်လာရင် နာမည်ကျော်ကြားတာကလွဲပြီး ဘာကို ရနိုင်အုံးမှာလဲ။

ရှန်းလီဆိုရင်တော့ ကွာခြားသွားပြီလေ။ ပြည်နယ်ကျောင်းတော်ကို ဝင်ခွင့်ရတယ်ဆိုကတည်းက သူက စာတတ်တယ်ဆိုတဲ့ အဓိပ္ပါယ်ပဲ။ တကယ်လို့ သူက ပညာသင်လမ်းကို မလိုက်ခဲ့ဘူးဆိုရင်တောင် ဝဥနဲ့ ထယ်ပြုလုပ်တဲ့နည်းရှိတယ်ဆိုရင် အထူးသဖြင့် ထယ်ပြုလုပ်တဲ့နည်းက အချိန်ကိုက်ရောက်လာတာဆိုတော့ ဒါက အောင်မြင်မှုရဲ့ လှေကားတစ်ခုဖြစ်မှာပဲ မဟုတ်လား။ ရှီကျိုးမြို့မှာ သေချာပေါက်ရနိုင်မယ်လို့ မပြောပေမဲ့လဲ စီရင်စုမြို့ထဲမှာ လွတ်နေတဲ့ရာထူးနေရာတွေက အများကြီးလေ။

ကျွတ် ကျွတ်။

သူ့ရဲ့ညီငယ်လေးရှန်းကတော့ တကယ့်ကိုပါပဲ ...

သူ့မှာ ပြောစရာစကား ပျောက်ဆုံးရလေတော့သည်။

သို့သော်ငြားလည်း ချွေ့ချီချန်းကတော့ ဒီလောက်သာ စဥ်းစားတတ်လေသည်။ နောက်ဆုံး ဒါသည် ရှန်းမိသားစု၏ အိမ်တွင်းရေးကိစ္စ ဖြစ်လေသည်။ ရှန်းလီက ဒီအတိုင်း ရည်မှန်းချက်ကြီးမားကာ သူ့ဇနီးဖြစ်သူ၏အောင်မြင်မှုကို အသုံးချဖို့ရန် ဆန္ဒမရှိသည်လဲဖြစ်နိုင်ကာ သူကလဲ သူ့ကိုယ်တိုင်နာမည်တစ်ခုကို ပြုလုပ်နိုင်မည်ဟု ယုံကြည်နေသည်လဲ ဖြစ်နိုင်လေသည်။

မည်သို့ဆိုစေ ရှန်းလင်မယားသည် အမှန်ပင် ထူးခြားပြောင်မြောက်လှပေသည်။ ပြည်နယ်အုပ်ချုပ်ရေးမှူးကျန့်က သရှင်းရွာကို အလည်သွားခဲ့သည်မှာ တစ်လသာ ရှိသေးသည် မဟုတ်ပါလား။ ပြီးခဲ့သည့်အခေါက်က ပြည်နယ်အုပ်ချုပ်ရေးမှူးကျန့်သည် စာအုပ်ကိုလက်ဆောင်ပေးခဲ့ပြီး အခုတော့ သူတို့က ဒီထက်ပိုကြီးမားသည့်ကိစ္စကို ဆောင်ရွက်ခဲ့ပြီးဖြစ်လေသည်။

ရှီကျိုးမြို့တွင် ရာထူးအမြင့်ဆုံး အရာရှိတစ်ယောက်ဖြစ်ကာ လူဘယ်နှစ်ယောက်လောက်များက သူ့ကိုတွေ့ဆုံဖို့ရန် အခွင့်အရေးကို မျှော်မှန်းနိုင်ပါမည်နည်း။ ရှန်းလင်မယားကိုပဲ ကြည့်လိုက်စမ်းပါ။ သူတို့၏ အောင်မြင်မှုက အချိန်တစ်ခုသာ လိုအပ်တော့သည် မဟုတ်ပါလား။

ချွေ့ချီချန်းသည် အပြန်အလှန် ညီအစ်ကိုများဟု ခေါ်ဆိုနေရသည်က လုံလောက်မှု ရှိတော့မည်မဟုတ်ကြောင်း စဥ်းစားမိလေသည်။ သူသည် သူ့မိသားစုကို အကြောင်းကြားပြီး ပိုပြီးတက်တက်ကြွကြွ ရင်းနှီးမှုရနိုင်မည့် အခွင့်အရေးကို ဖြည်းဖြည်းချင်း ရှာဖွေရပေလိမ့်မည်။

ထိုအတွေးကို စဥ်းစားရုံသာရှိသေးသည် အခြွေအရံနှစ်ယောက် ခြွေရံလိုက်ပါလာသည့် ပြည်နယ်အုပ် ချုပ်ရေးမှူးကတော်သည် ရုတ်တရက် ရောက်ချလာတော့သည်။ ဖန်ဖေးညန်ကို မြင်လိုက်သည်တွင် စန်းလော့သည် သူမ၏အကြည့်ကို မြှင့်ထားလိုက်ပြီး ညင်သာသည့်အပြုံးတစ်ခုကို ပြုံးပြလိုက်ကာ အနည်းငယ် ခေါင်းငြိမ့်ကာ နှုတ်ဆက်လိုက်၏။

ချွေ့ချီချန်း ...

သူတို့တွေက ဘယ်လိုလုပ်ပြီး အချင်းချင်း သိနေကြပြန်တာလဲ။

ဒီအတွေးက သူ့စိတ်ထဲသို့ ဖြတ်ဝင်လာသည်တွင် သူသည် ဖန်ဖေးညန်၏မျက်နှာကလဲ အံ့သြရိပ်ဖြင့် လင်းလက်သွားသည်ကို တွေ့လိုက်ရ၏။

"တကယ်ပဲ ရှင် ဖြစ်နေတာပဲ"

စန်းလော့က တလေးတစား ဦးညွှတ်လိုက်ပြီး "စန်းလော့ ဖန်သခင်မကို အရိုအသေပေးပါတယ်"

သူမက ပြီးဆုံးအောင် ဦးညွှတ်နှုတ်မဆက်ရသေးခင်မှာပင် ဖန်သခင်မက သူမကို တွဲထူထားနှင့်ပြီဖြစ်ကာ သူမ၏ တောက်ပသည့်မျက်လုံးများက သဘောကျသည့် အရိပ်အယောင်ဖြင့် လင်းလက်နေသည်။ "ကျွန်မရဲ့ခင်ပွန်းဆီကနေ ရှီကျိုးက ကျွန်မတို့ရဲ့ ကျေးလက်နေ ပြည်သူတွေအကြောင်းကို ကြားထားတာ တော်တော်လေး ကြာပါပြီလေ၊ ကျွန်မက ရှင့်ရဲ့ဂုဏ်သတင်းကို တော်တော်လေး လေးစားအားကြနေတာ၊ တနေ့တုန်းကပဲ ကျွန်မ ရှင်နဲ့တွေ့ဖို့ အခွင့်အရေးကို မျှော်လင့်နေတယ်လို့ ပြောသေးတယ်၊ အဲဒီ့နေ့က ကျွန်မတို့တွေ လမ်းပေါ်မှာ တကယ်ပဲ မျက်နှာချင်းဆိုင်ဖြတ်သွားခဲ့တာ ဖြစ်နေတာကိုး"

အိုး... သူမက တကယ်ပဲမှတ်မိနေခဲ့တာပဲ။

သူတို့အားလုံးသည် သူမက မည်မျှရင်းနှီးဖော်ရွှေနေသည်ကို မြင်နိုင်လေသည်။

နေရာတွင်ရှိနေကြသည့် အရာရှိများနှင့် ချွေ့ချီချန်းက တအံ့တသြ တီးတိုးပြောဆိုနေကြသည့်အပြင် ပြည်နယ်အုပ်ချုပ်ရေးမှူးကျန့်ကပင် နှစ်ယောက်သားက တွေ့ဆုံနေနှင့်ပြီးသားဖြစ်သည့်အတွက် တအံ့တသြ ဖြစ်နေသည်။ သို့သော်ငြားလည်း ပတ်ဝန်းကျင်တွင် ကြည့်ရှူနေသူ အများအပြားရှိနေသဖြင့် သူက ထပ်ပြီးမမေးမြန်းတော့ချေ။ ထိုအစား သူက စန်းလော့နှင့် ရှန်းလီဘက်လှည့်ကာ ပြောလိုက်၏။ "ဒီထယ်သွားပုံစံက တကယ့်ကို သေသေချာချာလေး ပြုလုပ်ထားတဲ့ပုံပါပဲ၊ ဒါပေမဲ့ ကျွန်တော်တို့တွေ ဒါကို လယ်ကွင်းထဲမှာ မစမ်းသပ်ရသေးခင်အထိတော့ ဒါက တကယ်ပဲလုပ်အားကို ချွေတာနိုင်မလားဆိုတာ သိရသေးမှာ မဟုတ်ဘူး"

ရှန်းလီက တဟင်းဟင်း ရယ်မောလိုက်ကာ "အမှန်ပါပဲ လူကြီးမင်း ကျေးဇူးပြုပြီးတော့ လူတစ်ယောက်ကိုခေါ်ပြီး စမ်းသပ်ကြည့်ခိုင်းလိုက်ပါ"

သူသည် ကိုယ်တိုင်နှစ်ကြိမ်လောက် စမ်းသပ်ခဲ့ပြီးဖြစ်ရာ ထိရောက်မှုကို အလွန်မှ ယုံကြည်မှုရှိလေသည်။

လင်မယားနှစ်ယောက်၏ မျက်နှာပေါ်က အမူအယာကို သတိထားမိလိုက်သည်တွင် ပြည်နယ်အုပ်ချုပ်ရေးမှူးကျန့်သည် သူတို့၏ အခိုင်အမာပြောဆိုနေသည့်စကားက သေချာပေါက် အမှန်အကန်ဖြစ်ရမည်ဟု သိလိုက်၏။ သို့သော်ငြားလည်း ဒါကို စမ်းသပ်ဖို့ရန် တစ်ခြားသူကို ရှာဖွေနေရန် မလိုတော့ချေ။ "ပြည်နယ်အုပ်ချုပ်ရေးမှူးဖြစ်တဲ့ ကျုပ်ကိုယ်တိုင် ဒါကို စမ်းကြည့်ပါမယ်"

သူ့စကားလုံးက အားလုံးကို မှင်သက်အံ့သြရစေတော့သည်။ ကြည့်ရှူနေကြသူများကပင် တဒင်္ဂဆွံ့ အသွားကြတော့သည်။ တီးတိုးစကားသံများက လူအုပ်ကြားထဲတွင် ထွက်ပေါ်လာ၏။

ဒါက သူတို့ပြောပြောနေကြတဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးပေါ့။

အရင်နှစ်တွေတုန်းကဆိုရင် စီရင်စုတရားသူကြီးက စိုက်ပျိုးရေးကို အားပေးတဲ့အခါ ပါးစပ်ကနေပဲ လုပ်ပြီးပြောတတ်တယ်လေ သူက နွေဦးစတဲ့အချိန်မှ လယ်ကွင်းထဲမှာ ကြာပွတ်လေးကို တခါနှစ်ခါ လောက်ရမ်းပြီးပဲ ရောက်လာတတ်တာ၊ ဒါပေမဲ့ အခုကြတော့ ပြည်နယ်အုပ်ချုပ်ရေးမှူးက ကိုယ်တိုင် ထယ်ထိုးကြည့်ဖို့ လုပ်နေတယ်တဲ့။

ချွေ့ချီချန်းက အလျင်အမြန် တုံ့ပြန်လိုက်၏။ "လူကြီးမင်း ကျေးဇူးပြုပြီးတော့ ကိုယ့်ဟာကိုယ် ဒုက္ခမရှာပါနဲ့၊ ကျွန်တော်က ဒါကို ချက်ချင်းလုပ်လိုက်ပါ့မယ်"

သို့သော်ငြားလည်း ပြည်နယ်အုပ်ချုပ်ရေးမှူးကျန့်က ချဲ့ကားပြီး လုပ်မနေတော့ချေ။ သူက ဒီအတိုင်းပြောလိုက်၏။ "သွားကြမယ်၊ မြို့အပြင်ဘက်ကို သွားကြမယ်"

ထယ်သွားများကို မ,ထားကြသည့် သရှင်းရွာက လူငယ်နှင့် သန်မာသည့်ယောက်ျားသားများကို လှမ်းကြည့်လိုက်ကာ သူက ပြောလိုက်၏။ "မင်းတို့တွေ နည်းနည်းလောက် အချိန်လေးပိုပြီး မင်းတိုရဲ့ခွန်အားကို ကူညီပေးမယ်ဆိုရင်တော့ ကျွန်တော်က ကျေးဇူးတင်ရပါတယ်"

ထိုသို့ပြောလိုက်ပြီးနောက်တွင် သူတို့သည် မြို့၏ဆင်ခြေဖုံးဘက်သို့ စတင်လျှောက်ကာ ထွက်သွားကြတော့သည်။

စန်းလော့သည် ဖန်ဖေးညန်ကို ကြည့်လိုက်ပြီး သူမက မငြင်းပယ်သည်ကို သတိထားမိလိုက်၏။ သဘောကျသွားသည့် အရိပ်အယောင်တစ်ခုက သူမ ၏မျက်လုံးထဲတွင် ဖျတ်ခနဲလက်သွားသည်။ "သခင်မရော အတူလိုက်ပါချင်ပါသလား"

"သွားမယ်၊ ဒီလောက်ခမ်းနားတာပဲ၊ ကျွန်မက ဘာလို့မသွားရမှာလဲ၊ စန်းသခင်မလေး ကျွန်မတို့ အတူတူသွားကြမလား"

"ကျေးဇူးပြုပြီး ကြွပါရှင်"

" ကြွပါ"

သူတို့သည် ပြောရင်းဆိုရင်း သူတို့နှစ်ယောက်လုံးသည် ပြည်နယ်အုပ်ချုပ်ရေးမှူးကျန့်နောက်က အမှန်တကယ် လိုက်ပါလာကြပြီး စန်းလော့ကတော့ ဖန်ဖေးညန်၏နောက်က ခြေလှမ်းတဝက်လောက် မသိမသာချန်ကာ လျှောက်လာလေသည်။

ခြေလှမ်းတစ်ဝက်ကွာခြားချက်က မထင်မရှားဟု ထင်ရသယောင်ရှိသော်ငြားလည်း ဖန်ဖေးညန်သည် တမင်တကာရော မရည်ရွယ်ရင်းနှင့်ပါ စန်းလော့ကို စောင့်ပေးနေလေသည်။ လမ်းတစ်လျှောက်တွင် စန်းလော့က ရှီကျိုးကို မည်သို့ရောက်လာခဲ့သည့်အကြောင်း၊ သူမက တောင်အတွင်းပိုင်းတွင် မည်သို့ခိုလှုံခဲ့သည့်အကြောင်း၊ သူမက လယ်ယာစိုက်ပျိုးနည်းကို တောင်ပေါ်နေ ရွာသူရွာသားများအား မည်သို့သင်ပေးခဲ့သည့်အကြောင်း မေးမြန်းလာလေသည်။ သူတို့သည် ထိုနေ့က အရှေ့စျေးတွင် ဝယ်ယူခဲ့သည့် ဝဥတို့ဟူးအကြောင်းကိုပင် ဆွေးနွေးလာခဲ့ကြသည်။

စန်းလော့ကတော့ အိန္ဒြေကို ထိန်းထားဆဲဖြစ်၏။ နှစ်ယောက်သားသည် မြို့တံခါးဆီသို့ လျှောက်လာရင်းဖြင့် သူတို့သည် အချင်းချင်း အဖော်လုပ်ပေးရသည်ကို ပျော်ရွှင်နေသယောင် ထင်ရလေသည်။ ဖန်သခင်မ၏ အစေခံမလေးများ၊ ရုံးတော်အရာရှိများနှင့် ထယ်နှစ်ခုအတွက်နေရာကို ချန်လှပ်ထားပြီး ရှန်းလီနှင့် ကျိုးချွမ်ကျန့်တို့ကလဲ အလိုက်သင့်နောက်မှ လိုက်လျှောက်လာလေသည်။

သရှင်းရွာက လူကြီးများ၊ အမျိုးသမီးများ၊ ကလေးများ အားလုံးသည် ဆွံ့အသွားကြတော့သည်။

အဘွားချန်းသည် အလွန်မှ စိတ်လှုပ်ရှားသွားပြီး သူမ၏နှလုံးမှာ ထိန်းမရအောင် တဒုန်းဒုန်းခုန်နေ၏။ သူမက ချင်ဖန်းညန်၏လက်ကို တင်းနေအောင်ကိုင်ထားပြီး သူမ၏ခြေထောက်များက အားအင်ချိနဲ့သွားကာ သူတို့နှစ်ယောက်သာကြားနိုင်သည့် လေသံတစ်ခုဖြင့် တိုးတိုးလေး ပြောလိုက်လေသည်။ "အလို အမျိုးသမီးလေးရယ်"

သူမသည် စန်းလော့က လုပ်ရည်ကိုင်ရည်ရှိသည်ကို သိထားလေသည်။ သို့သော်ငြားလည်း သူမက မည်မျှ လုပ်ရည်ကိုင်ရည်ရှိသည်ကိုတော့ သူမသည် တခါမှ စိတ်မကူးကြည့်ခဲ့ဖူးချေ။

အဲဒါက ပြည်နယ်အုပ်ချုပ်ရေးမှူးကတော် မဟုတ်လား။

အဘွားချန်းသည် ထိုနေ့က လှည်းများအကြားတွင် မြင်ခဲ့ရသည့်သူမကို ပြန်စဥ်းစားမိလိုက်၏။

အင်း။ တဆိတ်လောက်ပါ။ မေးခွန်းကို ကျေးဇူးပြုပြီးတော့ ရှင်းရှင်းလင်းလင်း ပြန်မေးလို့ရမလား။ ဒါမှမဟုတ်လည်း အကြောင်းအရာလေးကို ပိုပြီးတော့ ရှင်အောင်ပြောလို့ရမလား။

ချွေးမဖြစ်သူ၏လက်မောင်းကို သေချာဆုပ်ကိုင်မထားခဲ့လျှင် အဘွားချန်း၏လက်များသည် ထိန်းမရအောင် တုန်ယင်နေပေလိမ့်မည်။

ရွှီဝမ်ယင်း၊ ရှန်းနဥ်၊ ချန်းရှောင်ယာနှင့် ရှီချောင်အာတို့သည် မကြာခဏဆိုသလို အချင်းချင်း အဖော်လုပ်ပေးတတ်သည်။ ဒီနေ့တွင်လည်း ချွင်းချက်မဟုတ်ချေ။ အမျိုးသမီးငယ်လေးများက အရင်ဆုံး စန်းလော့နှင့် ပြည်နယ်အုပ်ချုပ်ရေးမှူးတို့ စကားဝိုင်းကို လေ့လာခဲ့ပြီးနောက်တွင် အခုတော့ သူတို့သည် သူမက ပြည်နယ်အုပ်ချုပ်ရေးမှူးကတော်နှင့် ရယ်မောကာ နွေးနွေးထွေးထွေး စကားပြောနေသည်ကို မျက်မြင်တွေ့လိုက်ရသည်။ ဒါက သူတို့၏စိတ်ထဲတွင် လေးစားအားကျပြီး တမ်းတသည့်စိတ်များ ပြည့်နှက်သွားတော့သည်။

ရှန်းနဥ်၏ ဘယ်ဘက်က ချန်းရှောင်ယာက တအံ့တသြ ပြောလိုက်လေသည်။ "အားနဥ် အစ်မအားလော့က တကယ်အံ့သြဖို့ကောင်းတာပဲ"

ချန်းရှောင်ယာ၏ဘေးတွင် စိတ်အားထက်သန်စွာဖြင့် ခေါင်းငြိမ့်ထောက်ခံနေသည့် ရှီချောင်အာက ရပ်နေသည်။

သူမ၏ညာဘက်တွင်တော့ ရွှီဝမ်ယင်းရှိနေကာ သူမသည် ဘေးသို့ တရစပ်အတင်းတိုးသွားကာ သူမ၏ လည်ပင်းကိုဆန့်ရင်း မျှော်ကြည့်နေလေသည်။ ခဏအကြာတွင်တော့ သူမက တိုးတိုးလေးပြောလိုက်၏။ "အားနဥ် ငါ ကြီးလာရင် ငါကတော့ နင့်ရဲ့ယောင်းမလို တကယ်ပဲဖြစ်လာချင်တယ်"

သူမရဲ့ယောင်းမလို ဖြစ်လာချင်သတဲ့လား။

ရှန်းနဥ်သည် သူမရှေ့က သူမယောင်းမ၏ကျောပြင်ကို ငေးကြည့်လိုက်လေသည်။ သူမ၏ယောင်းမက ပြည်နယ်အုပ်ချုပ်ရေးမှူးကတော်နှင့် စကားပြောရင်း ခေါင်းကိုလှည့်ကြည့်နေသည်ကို သူမက မကြာခဏတွေ့နေရသည်။ သူမ၏ပုံရိပ်လေးပေါ်သို့ နွေဦးရောင်ခြည်က ကျရောက်နေသည် မဟုတ်လျှင် ရှန်းနဥ်သည် သူမ၏မရီးက အရောင်အဝါတစ်ခုကို ထုတ်လွှင့်နေသည်ဟုပင် ခံစားမိလေသည်။

အမှန်ပဲ။ သူမရဲ့ယောင်းမလို ဖြစ်လာမယ်ဆိုရင်... ယောက်ျားသားအများစုပါရှိတဲ့ ဒီလိုနောက်တော်ပါ အခြွေအရံတွေကြားမှာ ဘယ်သူကမှ သူမယောင်းမရဲ့ တောက်ပမှုကို လွှမ်းမိုးနိုင်မှာ မဟုတ်ဘူး။

အလင်းရောင်တစ်ခုက ရှန်းနဥ်၏မျက်လုံးထဲတွင် ပေါ်ပေါက်လာလေသည်။

ရှီကျိုးမြို့အပြင်ဘက်တွင်

ကြည့်ရှုသူ အများကြီးက လူတန်းကြီး၏နောက်မှ လိုက်ပါလာစဥ်တွင် ကျန်းမိသားစု၊ လင်မိသားစုနှင့် ဝမ်မိသားစုဝင်များသည် သူတို့၏ဆွေမျိုးများကို သတင်းပေးရန် အလောတကြီး ပြန်သွားကြလေသည်။ လက်ရှိတွင် အထင်ကရ မိသားစုတစ်ခုချင်းစီ၏ ကိုယ်စားပြုများသည် မြို့အပြင်ဘက်သို့ အလျင်အမြန် သွားနေကြလေသည်။

ချွေ့ချီချန်းသည် ရှေ့တွင်ရောက်နှင့်နေပြီဖြစ်ကာ သူ့လက်အောက်ငယ်သားများကို မြို့အပြင်ဘက်က နွားတစ်ကောင်ကို မြန်မြန်ရှာဖွေဖို့ ညွှန်ကြားလိုက်ပြီး မြို့တံခါးနှင့်အနီးဆုံး ထယ်မထိုးရသေးသည့် လယ်ကွင်းတစ်ခုကိုပင် ရွေးချယ်လိုက်လေသည်။

ပြည်နယ်အုပ်ချုပ်ရေးမှူးကျန့်၏ နောက်တော်ပါ အခြွေအရံများသည် မြို့တံခါးဝမှ ထွက်လာသည်နှင့်ချက်ချင်း ချွေ့ချီချန်းက အားလုံးကို စီစဥ်ပြီးသားဖြစ်သည်။ သူက လမ်းဘေးတွင်ရပ်ကာ နွားများကိုလဲ နေရာတကျ ဆွဲခေါ်လာသည်။

ချွေ့ချီချန်းက မလှုပ်ရှားရသေးခင်မှာပင် ပြည်နယ်အုပ်ချုပ်ရေးမှူးကျန့်က သူ့အရာရှိဝတ်စုံကို မ,လိုက်ပြီး သူ့ခါးတွင် သေသေချာချာလေး ချည်ထားလိုက်ကာ ပိုမြင့်သည့် လမ်းမကြီးပေါ်မှ အနည်းငယ်နိမ့်သည့် တာရိုးပေါ်သို့ ခုန်ဆင်းလိုက်သည်။ လမ်းမကြီးက အမြင့်ပိုင်းတွင်ရှိနေပြီး တာရိုး၏ဘေးတွင် ရေသွယ်ချောင်းတစ်ခုရှိသည်။ ဒီလိုခုန်ချလိုက်ခြင်းက စောင့်ကြည့်နေကြသည့် လူအုပ်ကြီးထံမှ တိုးတိုးညှင်းညှင်း မသဲမကွဲအသံများ ထွက်လာစေတော့သည်။

"လူကြီးမင်း"

ချွေ့ချီချန်းက နောက်မှမြန်မြန်လိုက်သွားပြီး သူ၏ဝတ်ရုံကို မလိုက်ကာ ခုန်ဆင်းလိုက်၏။ သရှင်းရွာက လူငယ်နှင့်သန်မာသည့် ယောက်ျားတစ်ချို့ကလဲ မြန်မြန်ဆန်ဆန် လှုပ်ရှားလိုက်သည်။ ရှန်းလီက အရင်ဆုံး သွားလိုက်ပြီး နောက်မှရှီအာ့လန်က ကပ်ပါလာသည်။ ထယ်များကို အစကတည်းက သယ်လာ ပေးခဲ့သည့် ယောက်ျားသားများနှင့်အတူ သူတို့သည် ထယ်များကို နှစ်ယောက်တွဲ လက်လွှဲယူလိုက်ကြသည်။

ချွေ့ချီချန်းက ထယ်သွားကို နွားပေါ်တွင် တပ်ပေးဖို့ ကူညီမည်ပြင်လိုက်စဥ်တွင် ပြည်နယ်အုပ်ချုပ်ရေးမှူးကျန့်က သူ့ကို လက်ခါပြလိုက်၏။ "နွားတစ်ကောင်ကို သုံးနေမှတော့ အားထုတ်မှုကို သက်သာစေမယ်ဆိုတာ ဘယ်လိုလုပ်ပြီးသိမှာလဲ၊ နွားက ကျွန်တော့်ကို ပြောပြနိုင်မှာမလို့လား၊ ကျွန်တော်ကိုယ်တိုင်လုပ်ပါ့မယ်"

ဒီစကားလုံးများက ချွေ့ချီချန်း၏ အမူအယာကို ပြောင်းလဲသွားစေတော့သည်။ နွားကို ထွန်တုံးတက်ပြီးဆွဲရမည့် စမ်းသပ်မှုတစ်ခုတွင် တစ်စုံတစ်ယောက်က နောက်မှနေ၍ လမ်းကြောင်းပေးရမည်ဟု သူက မျှော်လင့်ထားခဲ့သည်။ သို့သော်ငြားလည်း အခုတော့... ပြည်နယ်အုပ်ချုပ်ရေးမှူးကျန့်က ထယ်ကို သူကိုယ်တိုင်ဆွဲဖို့ ရည်ရွယ်နေသည်တဲ့။

သူက နွားတစ်ကောင်လို ထမ်းပိုးတပ်ပြီး ကိုယ်တိုင်မြေကို ထွန်မလို့လား။ ချွေ့ချီချန်းသည် ရည်မှန်းချက်ကြီးသည့် လူတစ်ယောက် ဖြစ်လေသည်။ သို့သော်ငြားလည်း သူကပင် တဒင်္ဂအတွင်း မှင်သက်အံ့သြသွား၏။ သူ့မျက်လုံးများက မျက်ရည်များ လဲ့လာတော့သည်။

သူ့စကားလုံးကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည့် အနီးအနားတွင်ရှိသည့် ရွာသားများကလဲ တူညီစွာ ဇဝေဇဝါဖြစ်သွားကြ၏။ အထူးသဖြင့် လယ်သမားများနှင့် သာမန်ကျေးလက်နေ ပြည်သူများ ဖြစ်လေတော့သည်။ သူတို့သည် အခုလေးတင်ကြား လိုက်ရသည့်စကားကို နားလည်ဖို့ရန် အချိန်တော် တော်ယူလိုက်ရ၏။

"ပြည်နယ်အုပ်ချုပ်ရေးမှူးကျန့်က အဲဒီ့လိုပြောလိုက်တာ ဘာအဓိပ္ပါယ် တဲ့လဲ"

သူတို့တွေ သူရဲ့စကားကိုကြားလိုက်တာ မှန်ကြရဲ့လား။

ဘယ်သူကမှ သူတို့၏နားကို မယုံကြည်ကြပေ။

တစ်ဖက်တွင်တော့ ပြည်နယ်အုပ်ချုပ်ရေးမှူးကျန့်သည် သူ၏လည်ရှည်ဖိနပ်ကို ချွတ်ပြီးဖြစ်ကာ သူ့ဘောင်းဘီကိုလဲ လိပ်တင်ပြီး ဖြစ်လေသည်။ ထို့နောက်တွင် သူက ရှန်းလီကို လှမ်းခေါ်လိုက်၏ "ဒီကိုလာပါအုံး ကျွန်တော့်ကို ကူပြီးတော့ ဒီထယ်ကို ထိန်းပေးစမ်းပါ၊ အရင်ဆုံးအဟောင်းတစ်ခုကို စမ်းပြီးတော့ သုံးကြည့်မယ်"

ရှန်းလီက တွေဝေမနေချေ။ ထို့အစား ပြည်နယ်အုပ်ချုပ်ရေးမှူးကျန့်အပေါ် ထားရှိသည့် သူ့လေးစားမှုများက ကြီးထွားလာပြီး အချိန်ဆွဲမနေတော့ဘဲ သူက ရှေ့သို့လှမ်းတက်လာကာ ထယ်ထိုးပုံထယ်ထိုးနည်း အခြေခံနည်းလမ်းများကို ပြောပြပြီး ကူညီထိန်းကျောင်းပေးလိုက်လေသည်။

လူတစ်ယောက်က ထယ်ကို လမ်းကြောင်းပေးပြီး ပြည်နယ်အုပ်ချုပ်ရေးမှူးက ထယ်ကို ဆွဲနေသည်။ ထွန်တုံးကို လှည့်ကြည့်ပြီးသည့်နောက်တွင် သူက သူ့ပတ်ဝန်းကျင်က အရာရှိများကို လေ့လာကြည့်လိုက်၏။ သူက သူတို့ထဲက တစ်ယောက်ကမှ လယ်အလုပ်ကို လုပ်နိုင်သည့်ပုံမပေါ်ချေ။ ထို့ကြောင့် သူက ရှန်းလီကို လက်ညှိုးထိုးကာ ပြောလိုက်လေ၏ "မင်း လာပြီးတော့ ထယ်ကို ကြောင်းပေးပါအုံး"

ငြင်းမနေတော့ဘဲ ရှန်းလီက သူ့ဝတ်ရုံကို ချည်နှောင်လိုက်ကာ သူ့ဖိနပ်နှင့်ခြေအိပ်ကို ချွတ်လိုက်ပြီး သူ့ဘောင်းဘီကို လိပ်တင်လိုက်ပြီးနောက်တွင် ချွေ့ချီချန်းနောက်သို့ လယ်ကွင်းဆီသို့ လိုက်သွားလေသည်။

သူတို့နှစ်ယောက်က စတင်လှုပ်ရှားလိုက်သည့် တဒင်္ဂတွင် အစောပိုင်းက ကြားခဲ့ရသည့်စကားကို မယုံကြည်ရဲ ဖြစ်နေကြသည့် လူအုပ်ကြီးသည် ဆူဆူညံညံ ပွက်လောရိုက်သွားတော့သည်။

"ပြည်နယ်အုပ်ချုပ်ရေးမှူးက ထယ်ထိုးနေတယ်တဲ့"

"ပြည်နယ်အုပ်ချုပ်ရေးမှူးကိုယ်တိုင် ထယ်ဆွဲနေတယ်တဲ့"

ကြည့်ရှူနေကြသည့်သူများကြားတွင် အတွေ့အကြုံရင့် လယ်သမားများစွာလဲ ပါလေသည်။ တစ်ချို့က အသက်၅၀- ၆၀ဝန်းကျင်ရှိပြီဖြစ်ကာ ထွန်တုံး၏ အလေးချိန်နှင့် ကြီးမားခြင်းကြောင့် သူတို့ကိုယ်တိုင် တာဝန်ကိုဆက်ပြီး မလုပ်နိုင်ကြတော့ချေ။ သူတို့၏ သားမြေးများက ဒီလိုပင်ပန်းသည့်လုပ်အားကို လက်လွှဲယူခဲ့ကြသည်။ သူတို့ကတော့ ထယ်ကြောင်းပေးရသည့် ပေါ့ပါးသည့် အလုပ်များကိုသာ ကူညီပေးနိုင်တော့သည်။

သို့သော်ငြားလည်း ငယ်ရွယ်သည့် ပြည်နယ်အုပ်ချုပ်ရေးမှူးက သူ၏အရာရှိဝတ်စုံကို ခါးတွင်ချိတ်ကာ သူ့ဖိနပ်ကိုချွတ်၊ ဘောင်းဘီကို လိပ်တင်ပြီး ခြေဗလာဖြင့် ရွှံ့နွံလယ်ထဲကို ဆင်းသွားသည်ကို မျက်မြင်တွေ့လိုက်ရသည်တွင် အများစုသည် စိတ်အားတက်လာတော့သည်။ ...အထူးသဖြင့် ရုံးတော်က နွားနှင့်မျိုးစေ့များကို ချေးငှားထားကြရသည့်သူများသည် သိသိသာသာ စိတ်လှုပ်ရှားသွားကြတော့သည်။

"အရာရှိကောင်းတစ်ယောက်ပဲ၊ တကယ်တော်တဲ့ အရာရှိတစ်ယောက်ပဲ"

လမ်းဘေးတစ်လျှောက်တွင် နေရာတစ်ခုမရနိုင်ခဲ့သည့်သူများနှင့် နောက်ကျမှ ရောက်လာကြသည့်သူများသည် လူတန်းအများကြီး၏ နောက်တွင်သာ ရပ်နေရကာ ဆူညံသံကြောင့် နားမလည်နိုင်အောင် ဖြစ်နေကြသည်။ သူတို့က ဖြစ်ပျက်နေသည့်အကြောင်းအရာကို ရှေ့ကလူများထံမှ မေးမြန်းကြရပြီး တစ်စုံတစ်ယောက်က သူတို့ကို လှည့်ကာပြောပြလိုက်သည်။ ပြည်နယ်အုပ်ချုပ်ရေးမှူးက ကိုယ်တိုင် လယ်ထွန်နေသည်တဲ့။

ထို့အပြင် သူတို့က အလေးအနက် ပြောလိုက်သေးသည်။ ထယ်ကို ကြောင်းနေခြင်းမဟုတ်ဘဲ ဆွဲနေခြင်းဖြစ်သည်တဲ့။

ထယ်ဆွဲနေခြင်းဖြစ်သည်တဲ့။

ကျန်းမိသားစု၊ ဝမ်မိသားစုနှင့် လင်းမိသားစုတို့ကလဲ တစ်ခုပြီးတစ်ခု ရောက်လာကြသည်။ သူတို့၏အိမ်ထောင်က အစေခံများသည် လူကြားထဲတွင် သူတို့အတွက် လမ်းကြောင်းတစ်ခုကို ရှင်းလင်းပေးနိုင်ခဲ့ကာ မြင်ကွင်းကောင်းတစ်ခုရှိသည့် အပေါ်စီးကမြင်နိုင်သည့် နေရာတစ်ခုကို ရယူပေးထား၏။ သို့သော်ငြားလည်း ဖန်မိသားစုနှင့် လေးစားသည့် အကွာအဝေးတစ်ခုတွင် ထားရှိလေသည်။

ရှေ့ကမြင်ကွင်းကို မျက်မြင်ကိုယ်တွေ့မြင်လိုက်ရသည်တွင် သူသည်လည်း မှင်သက်အံ့သြသွားလေတော့သည်။

...

အပိုင်း (၂၄၀.၂)

စန်းလော့သည်လဲ သေသေချာချာ လေ့လာအကဲ ခတ်လိုက်၏။ ပြည်နယ်အုပ်ချုပ်ရေးမှူးကျန့်၏ မျက်နှာပေါ်တွင် တွန့်ဆုတ်နေသည့် အရိပ်အယောင် တစ်စက်ကလေးမှ မတွေ့ရချေ။ သူမက သခင်မဖန်ဘက်သို့ လှည့်ကြည့်လိုက်ပြန်သည်။

ကျန့်စန်းလန်ကို ကြည့်နေသည့် ဖန်သခင်မ၏မျက်လုံးများသည် သဘောမကျခြင်း၊ မကျေနပ်ခြင်း အရိပ်အယောင် တစ်ခုမှမရှိချေ။ မျက်လုံးများက လေးစားအားကျပြီး ချစ်ခင်မြတ်နိုးမှုအပြည့်ဖြစ်နေ၏။

စန်းလော့က ပြုံးလိုက်ပြီး သူမ၏အကြည့်ကို လယ်ကွင်းထဲတွင် ထယ်ထိုးနေကြသည့် လူနှစ်ဦးဆီသို့ ပြန်ပို့ထားလိုက်သည်။

ကျန့်စန်းလန်သည် သူ့အဘိုးဘေးတွင် စာလေ့လာရင်း ကြီးပြင်းလာခဲ့သော်ငြားလည်း သူသည် ငယ်ငယ်လေးကတည်းက သိုင်းပညာရပ်ကိုလဲ ဘယ်တုန်းကမှ လစ်လျူရှူမထားခဲ့ချေ။ သူ့မိသားစုက သူ့အတွက် သိုင်းဆရာကြီးတစ်ယောက်ကိုပင် အထူးတလည် ငှားရမ်းပေးခဲ့သေးသည်။

သို့သော်ငြားလည်း သိုင်းပညာလေ့ကျင့်ခြင်းက လယ်ကွင်းထဲတွင် ထယ်ထိုးသည်နှင့် တစ်ခြားစီဖြစ်လေသည်။ အထင်တန်းလွှာမိသားစု၏ သားတစ်ယောက်အနေဖြင့် သူသည် ရှီးကျိုးပြည်နယ်အုပ်ချုပ်ရေးမှူး ရာထူးမတိုင်ခင်တွင် ဒီလိုအလုပ်မျိုးကို မည်သို့ ထိတွေ့ခဲ့ဖူးပါမည်နည်း။ သူ၏ရုပ်ပိုင်းဆိုင် ရာခွန်အားနှင့် သိုင်းပညာနောက်ခံ ရှိသော်ငြားလည်း ခြေလှမ်းတော်တော်များများကို ဆွဲခဲ့သည့်နောက်တွင် ထယ်၏အလေးချိန်ကို မသိမသာ ခံစားလိုက်ရသည်။

လယ်သမားများက လယ်ကွင်းများကို ပင်ပန်းကြီးစွာ လုပ်ကိုင်နေရသည်ကို စဥ်းစားမိသည်တွင် ကျန့်စန်းလန်သည် သေသေချာချာ နက်နက်နဲနဲ စဥ်းစားမိလေသည်။ သည်နှစ်၏ ခက်ခဲကြမ်းတမ်းသည့် အခြေအနေများတွင် ပိုပြီးဆင်းရဲသည့်သူများက အသက်ရှင်သန်ဖို့ရန်အတွက် သူတို့၏ မစို့မပို့အစားအသောက်လေးကို ဖြည့်တင်းပေးရန် တောဟင်းရွက်များကို မှီခိုအားထားခဲ့ရလေသည်။ သူတို့သည် တစ်နေ့ပြီးတစ်နေ့ ဒီလိုပင်ပန်းကြီးသည့်အလုပ်ကို မည်သို့ ခံနိုင်ရည်ရှိအောင် လုပ်ခဲ့ပါသနည်း။

သူသည် စမ်းသပ်ကြည့်ရုံသက်သက်ဖြင့် ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက်တွင် မရပ်လိုက်ချေ။ ထို့အစား သူက လယ်ကွင်းဆုံးသည်အထိ တစ်လမ်းလုံး ထယ်ကိုဆွဲလာပြီးနောက်တွင် ထယ်ကိုပြန်လှည့်ဖို့ ကြိုးစားလိုက်လေသည်။

ထယ်အဟောင်းကတော့ အလွယ်တကူ လှည့်ပတ်လို့မရချေ။ သူ့ကိုမ,ပြီး နေရာအသစ်ပြန်ချကာ ထို့နောက်မှ ဆက်ပြီးထယ်ထိုးနိုင်သည်။

ချွေ့ချီချန်းသည် ထယ်အသစ်ဖြင့် အလောတကြီး အပြေးအလွှား ရောက်လာကာ သူ့နောက်တွင်တော့ လယ်ကန်သင်းရိုးမှ ဆင်းလာသည့် လက်ထောက်နှင့်အတူ လူတစ်ချို့ကလဲ နောက်ကလိုက်ပါလာသည်။ အဘိုးချန်းကလဲ ဆန္ဒအလျှောက် နောက်မှလိုက်ပါလာ၏။

လက်ထောက်က ချဥ်းကပ်လိုက်ပြီး အကြံပေးလိုက်သည်။ "လူကြီးမင်း ထယ်အဟောင်းကို စမ်းကြည့်ပြီးပြီဆိုတော့ အသစ်တစ်ခုနဲ့စမ်းကြည့်ရင် ဘယ်လိုလဲ"

သူတို့သည် ယခုအချိန်ကြမှ ထယ်အဟောင်းကို မည်သို့ ပြန်ယူလို့ရနိုင်ပါမည်နည်း။ ကျန့်စန်းလန်၏ နောက်ခံမိသားစုက အဘယ်နည်း။ ဒီလိုကြီးကျယ်ခမ်းနားလှသည့် မိသားစုတစ်စုက သခင်လေးတစ်ယောက်အတွက် သူ့ကိုယ်သူ နွားတစ်ကောင်လို ဆက်ဆံပြီး လယ်ကွင်းထဲတွင် အလုပ်လုပ်နေသည်မှာ ပထမဦးဆုံးအကြိမ် ဖြစ်နိုင်ပေသည်။

သို့သော်ငြားလည်း ကျန့်စန်းလန်က အနှောက်အယှက် မဖြစ်ချေ။ သူက ရှန်းလီကို လှမ်းခေါ်လိုက်ပြီး ပြောလိုက်၏။ "မင်းက ထယ်အဟောင်းကိုဆွဲ၊ ကျွန်တော်က ကျွန်တော့်လက်နဲ့ ထယ်ကိုစမ်းပြီးတော့ ကြောင်းကြည့်မယ်"

ထို့နောက်တွင်တော့ သူသည် ထယ်ကြောင်းပေးရသည့် နည်းလမ်းများကို မေးလိုက်လေသည်။

မျက်စိတစ်မှိတ်အတွင်းတွင် သူတို့၏နေရာက ပြောင်းလဲသွားသည်။

ထယ်ကြောင်းပေးရသည်က ခွန်အားချည်းသက်သက် မဟုတ်ချေ။ အစောပိုင်းရလဒ်သည် တော်တော်လေးကို မစွံချေ။ သူ ထယ်ထိုးထားသည့်လမ်းကြောင်းက လက်ခံနိုင်ဖို့ရန် ခဲယဥ်းလှပေသည်။ ဘေးမှစောင့်ကြည့်ပေးနေသည့် ချန်းအဘိုးက မနေနိုင်တော့ဘဲ တစ်ချို့အချက်အလက်များကို ထောက်ပြပြောဆိုပေးရလေသည်။ ကျန့်စန်းလန်က အားလုံးကို ဝမ်းသာအားရ လက်ခံပေးပြီး မကြာခဏဆိုသလို ပိုပြီးအသေးစိတ်ကျသည့် အချက်အလက်များကို မေးမြန်းလေသည်။ တဖြည်းဖြည်းဖြင့် သူ၏ ထယ်ထိုးသည့်နည်းပညာက တိုးတက်လာ၏။

ထယ်အဟောင်းကို ခဏလောက်ကြောင်းပြီးနောက်တွင် သူက ထယ်အသစ်ကိုပြောင်းလိုက်သည်။ တစ်ဖန် ကျန့်စန်းလန်သည် ထယ်ဆွဲရသူ ဖြစ်လာပြန် သည်။

ထယ်အသစ်နှင့် ခြေလှမ်းအနည်းငယ်သာ လှမ်းရပြီးနောက်တွင် သူသည် အကျိုးကျေးဇူးကို ခံစားမိလိုက်၏။ သူက ခဏလောက်ရပ်လိုက်ပြီး သူ့မျက်လုံးများက တောက်ပသွားသည်။ "ဒါက ပိုပြီးတော့ ထိရောက်တာပဲ၊ အများကြီးပိုပြီးတော့ ထိရောက်တယ်၊ ထယ်ကြောင်းမယ်ဆိုရင်ကော ဘယ်လိုခံစားရမလဲ"

ရှန်းလီက အသံတိတ်ရယ်မောလိုက်ကာ "ထယ်ကြောင်းရတာလဲ ပိုပြီးတော့ လွယ်လာပါတယ်၊ လူကြီးမင်းလဲ ခဏနေကြရင် တခါလောက် စမ်းကြည့်သင့်ပါတယ်"

ဘေးမှာရှိနေသည့် ချွေ့ချီချန်းက နှုတ်ဆိတ်လျှက်သာရှိနေပြီး သူ့အမူအယာက ဖော်ပြလို့မရနိုင်ချေ။

သူ့ညီငယ်လေးက အမှန်ပင် လုပ်ရည်ကိုင်ရည် ရှိလှပေသည်။

မုတ်ဆိတ်မွှေးရှည်ကြီးနှင့် မှတ်တမ်းရေးအရာရှိသည် မနေနိုင်တော့ဘဲ ဒီလူငယ်လေးကို ဒုတိယအကြိမ် လှမ်းကြည့်မိလေသည်။

တစ်ဖက်တွင်တော့ ကျန့်စန်းလန်က အပြုံးတစ်ခုဖြင့် ပြန်တုံ့ပြန်လိုက်၏။ သူ လှမ်းလိုက်သည့် ခြေလှမ်းအနည်းငယ်က အစမ်းသဘောသက်သက်သာရှိလေသည်။ သူက ထယ်ကို လမ်းကြောင်းအပြည့် ဆွဲသွားခဲ့လေသည်။ ထိုဖြစ်စဥ်အတွင်းတွင် သူသည် ထယ်ကို အတိမ်အနက် တစ်လှည့်စီ ပြောင်းလဲကာထိုးပြီး ထယ်ကိုပင် လှည့်ဖို့ရန် ကြိုးစားသေးသည်။ ခရီးပြီးဆုံးသွားသည့်နောက်တွင် သူသည် ဝမ်းသာပီတိဖြစ်မိလေ၏။ သူက သူထယ်ထိုးခဲ့သည့်မြေကို လှည့်ကြည့်လိုက်ပြီး ထယ်အဟောင်း၏ ရလဒ်နှင့် နှိုင်းယှဥ်ကြည့်လိုက်သည်။

ဒါက မတူဘူးပဲ လုံးဝကိုကွာခြားတာ။

သူ့နှလုံးသားသည် စိတ်လှုပ်ရှားမှုများဖြင့် လောင်ကျွမ်းနေတော့သည်။ သူက ထယ်ကို ဝအောင်စိတ် တိုင်းကျအောင် ထိုးခဲ့ပြီးနောက်တွင် သူက ထွန်တုံးကိုဖယ်ကာ ရှန်းလီကို လှမ်းခေါ်လိုက်၏ "လာ၊ လာအုံး၊ မင်းက ထယ်ကိုဆွဲပြီးတော့ ငါက ထယ်ကိုကြောင်းကြည့်မယ်"

သူတို့သည် ဒုတိယတစ်ချီ အစမှတ်သို့ပြန်ရောက် လာချိန်တွင် သူသည် ဝမ်းသာပျော်ရွှင်မှုဖြင့် ပြည့်လျှံနေပြီးဖြစ်လေသည်။ ထယ်နှစ်ခုကို အဘိုးချန်းနှင့်သူ၏အဖော်များက မ,ကာ လယ်ကန်သင်းပေါ်သို့ ပြန်ယူလာခဲ့သည်။ ဒါက အဓိက အကြောင်းအရင်း ဖြစ်သည်ကို အားလုံးက သိကြသည်။ ထို့ကြောင့် အဘိုးချန်းနှင့် တစ်ခြားသူများက တူးမြောင်းထဲကရေများဖြင့် ထယ်များကို မြန်မြန်ဆေးကြောလိုက်ကြပြီး ရှန်းလီအပါအဝင် သန်မာသည့်လူငယ်များကို ထယ်များအား အဓိကလမ်းမပေါ်သို့ ပြန်သယ်လာခိုင်းလိုက်သည်။

လူအုပ်ကြီးက သေးငယ်သည့်နေရာလေးတွင် တင်းကြပ်နေအောင် ဝိုင်းရံထားပြီး တော်တော်များများမှာ တိုးဝှေ့လို့မရနိုင်ချေ။

ကျန့်စန်းလန်က အဓိကလမ်းမကြီးပေါ်သို့ ပြန်တက်လာခဲ့သည်။ တစ်ခြားသူများကို ဂရုမစိုက်ဘဲ သူက ထယ်နှစ်ခုကို ပတ်ပြီးလျှောက်နေကာ ထယ်အသစ်၏ ထိရောက်မှုနောက်ကွယ်က အကြောင်းအရင်းကို နားလည်ဖို့ကြိုးစားနေ၏။ ထယ်သွားက ပိုပြီးထက်ကာ ကျဥ်းမြောင်းသည်ကို တွေ့မြင်နိုင်သည်။ ဓားများနှင့် ဓားမများကို သွေးရသည်နှင့် ဆင်တူသည်။ ဒါသည် တွန်းကန်အားကို လျှော့နည်းစေပြီး ပိုပြီးထိရောက်အောင် ပြုလုပ်ပေးသည်။ သူ့လို သိုင်းပညာ ရှင်တစ်ယောက်က နားလည်နိုင်သည့် ယူဆချက်တစ်ခုပင်။

သို့သော်ငြားလည်း ကျန့်စန်းလန်အတွက် နားလည်ဖို့ရန် ခက်ခဲသေးသည့် ထယ်နှင့်ပတ်သတ်သည့် အကြောင်းအရာများ ထပ်ရှိနေသေးသည်။

သည်ရှင်းလင်းချက်ကိုတော့ စန်းလော့ကို တာဝန်ပေးလိုက်သည်က အကောင်းဆုံးဖြစ်မည်။ သူမက အရိုးရှင်းဆုံး အခေါ်အဝေါ်များဖြင့် စက်ပစ္စည်း၏ အခြေခံစည်းမျဥ်းများကို တတ်နိုင်သလောက် ပြန်ရှင်းပြလိုက်သည်။

ပြည်နယ်အုပ်ချုပ်ရေးမှူး ကျန့်စန်းလန်တင်မကဘဲ ဖန်ဖေးညန်၊ တရားသူကြီးမင်း၊ ချွေ့ချီချန်းနှင့် သူတို့နှင့်အတူ အဖော်လိုက်ပါလာသည့် တစ်ခြားအရာရှိ အားလုံးသည် သူမ၏ စကား၏ဆွဲဆောင်ခြင်းကို ခံလိုက်ရတော့သည်။

အရာရှိများကို ရှောင်တိမ်းဖို့ ကြိုးစားနေခဲ့ကြသည့် အထင်ကရမိသားစုသုံးစုမှ လူများပင်လျှင် နားထောင်ဖို့ရန် ပိုပြီးတော့ အနားသို့ကပ်လာကြ၏။ သူတို့ထဲတွင် သခင်ကြီးလင်းနှင့်အတူ လာကြသည့် ပြည်နယ်ကျောင်းတော်က ပညာသင်တစ်ချို့လဲရှိသည်။ သူတို့ကလည်း နားထောင်ဖို့ရန် နားစွင့်ထားကြ၏။

ရှီးကျိုးက ဒီလို လေးစားရသည့် ပုဂ္ဂိုလ်များစုဝေးနေသည်တွင် တစ်ချို့က တောက်ပသည့်မျက်လုံးများဖြင့် နားထောင်နေကြပြီး သူတို့ရဲ့မျက်နှာက တအံ့တသြရိပ်များနှင့် လင်းဖြာနေကာ တစ်ခြားသူများကတော့ သူမ၏ရှင်းပြနေသည့် အနှစ်သာရကို အရိပ်အမြွက်နားလည်နိုင်ပြီး တစ်ခြားသူများကတော့ လုံးဝနားမလည်နိုင်အောင် ဖြစ်နေကြသည်။

သို့သော်ငြားလည်း ဒါက သူတို့၏ လေးစားအားကျရမှုကို မတားဆီးနိုင်ချေ။ သူမသည် မည်သို့များ ဒီလိုစိတ်ကူးမျိုးကို ကြံဆနိုင်ခဲ့ပါသနည်း။

စန်းလော့ကို ကြည့်လိုက်ပြီး သူတို့က သဘောပေါက်သွား၏။ ... သူမက အမျိုးသမီးတစ်ယောက်ပဲ။

အမျိုးသမီးတစ်ယောက်တဲ့။

ကျန့်စန်းလန်က စိတ်ထဲတွင် ထပ်ပြီးပြောလိုက်၏။ တကယ့်ကို ထူးခြားတဲ့ သူတစ်ယောက်ပေပဲ။

သူသည် ပြည်နယ်တစ်ခုချင်းစီက အရည်အချင်းရှိသည့် တစ်ဦးတစ်ယောက်ကို ထောက်ခံပေးဖို့ ခေါ်ဆိုထားသည့် တော်ဝင်အမိန့်တော်ကို မနေနိုင်ဘဲ သတိရသွားတော့သည်။ အကယ်၍ စန်းအမျိုးသမီးသာ ယောက်ကျားတစ်ယောက် ဖြစ်ခဲ့မယ်ဆိုရင်... သူက အကြည့်ကို အောက်ချထားလိုက်ပြီးနောက် မေးလိုက်၏။

"ဒီလိုထယ်မျိုးကို တီထွင်နိုင်တာက အစိုးရအတွက် တကယ့်ကို ကြီးမားတဲ့အကျိုးဆောင်ခြင်းပါပဲ၊ မင်းလိုချင်တဲ့ ဆုလာဒ်များရှိသလား၊ လွတ်လွတ်လပ်လပ် ပြောလို့ရပါတယ်၊ ကျွန်တော် မင်းရဲ့တောင်းဆိုမှုကို ညီလာခံမှာ တင်ပြပေးပါ့မယ်"

စန်းလော့က ခေါင်းခါပြလိုက်သည်။ "ကျွန်မက နိမ့်ကျတဲ့ တောသူမလေးတစ်ယောက်ပါပဲ၊ ဖရိုဖရဲနှစ်တွေ ပြီးဆုံးသွားတဲ့နောက်မှာ နောက်ဆုံးတော့ မင်းကြီးရဲ့အုပ်ချုပ်မှုအောက်မှာ ကျွန်မတို့တွေက အေးအေးချမ်းချမ်း နေနိုင်ပြီလေ၊ အစိုးရကလဲ ကျွန်မတို့တွေကို မြေနဲ့အိမ်ယာတွေကို အပ်နှင်းထားပြီးတော့ အစားအသောက်နှင့် အဝတ်အစားတွေကိုလဲ ဖြည့်ဆည်းပေးထားတယ်၊ လယ်ယာစိုက်ပျိုးခြင်းဆိုတာ လယ်သမားတစ်ယောက်အနေနဲ့ ကျွန်မတို့တာဝန်ပါ၊ ထယ်ပုံစံကို အဆင့်မြှင့်တင်ပြီး အာဏာပိုင်တွေဆီကို အပ်နှင်းတယ်ဆိုတာကလည်း သချီရဲ့ပြည်သူတစ်ယောက်အနေနဲ့ ကျွန်မတာဝန်ကို ဒီအတိုင်းဖြည့်ဆည်းခြင်းပဲ ဖြစ်ပါတယ်၊ ကျွန်မက ဘာဖြစ်လို့ဆုလာဒ်တစ်ခုကို လိုပါ့မလဲ၊ တကယ်လို့ မင်းကြီးကသာ ကျွန်မမှာ ဆန္ဒတစ်ခုခုများရှိလာခဲ့မလား မေးတယ်ဆိုရင်တော့ ကျွန်မမှာ မျှော်လင့်ချက်နှစ်ခုတော့ ရှိပါတယ်"

ကျန့်စန်းလန်က မျက်ခုံးကိုပင့်လိုက်ကာ "ဆက်ပြောပါ"

"လယ်သမားတွေက မမောနိုင်မပန်းနိုင်ဘဲ မြေယာတွေကို ပင်ပင်ပန်းပန်းနဲ့ အလုပ်လုပ်ရပါတယ်၊ ဒီနိမ့်ကျတဲ့အမျိုးသမီးက ဆန္ဒနှစ်ခုနဲ့ ဒီထယ်ကို အပ်နှင်းခဲ့တာပါ၊ ဒါကတော့ လူကြီးမင်းဖြစ်တဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးက ဒီထယ်အသစ်ရဲ့အသုံးပြုပုံနဲ့ အသိပညာတွေကို ဖြန့်ဝေပေးပြီး အလုပ်သမားတွေရဲ့ ခက်ခဲပင်ပန်းဆင်းရဲမှုကို မြှင့်တင်ပေးကာ ထမင်းတစ်နပ်တိုင်းအတွက် အထွက်နှုန်း တိုးမြှင့်လာဖို့အတွက် ရည်ရွယ်ပါတယ်၊ ဒုတိယအချက်ကတော့ ကျွန်မက ဒီနေ့ ကျွန်မတို့ခံစားရတဲ့ ငြိမ်းချမ်းရေးကို တန်ဖိုးထားပါတယ်၊ ကျွန်မက ကျွန်မရဲ့အစိတ်အပိုင်း သေးသေးလေးကို အကျိုးဆောင်ရလို့ ဝမ်းသာမိပြီး သချီရဲ့ပေါများကြွယ်ဝခြင်းအတွက် ဆုတောင်းမေတ္တာပို့ပေးကာ ကျွန်မတို့ရဲ့မင်းဆက် ထာဝရတည်တံ့ပါစေလို့ ဆုတောင်းပါတယ်၊ ကျွန်မတို့ရဲ့မြို့တော်ကလဲ ရွှေရောင်ခေတ်တစ်ခုမှာ ပေါများကြွယ်ဝပါစေ၊ ဒါက ကျွန်မရဲ့ရိုးရှင်းတဲ့ဆန္ဒလေးပါပဲ"

စကားလုံးတစ်လုံးချင်းစီသည် ရှင်းလင်းပြီး နားဝင်ချိုလှကာ အဖြတ်အတောက်မှန်ကန်စွာ ပြောဆိုထားလေသည်။ သူမ၏ စကားပြီးဆုံးသွားသည့်နောက်တွင် သူမက လက်နှစ်ဖက်ကို ရင်ဘတ်ပေါ်သို့တင်ကာ အနည်းငယ်ဦးညွှတ်လိုက်၏။

လူအုပ်ကြီးမှာ လုံးဝကိုငြိမ်သက်သွားတာ့သည်။

လူရာချီအောင် ရှိနေသော်ငြားလည်း အသံတစ်သံကိုမှ မကြားနိုင်ချေ။ ကျန့်စန်းလန်၏အသံက ထိုတိတ်ဆိတ်မှုကို ဖြိုခွဲလိုက်လေသည်။

"ကျွန်တော်က မင်းရဲ့ဆန္ဒတွေကို ဖြည့်ဆည်းပေးမှာပါ၊ ကျွန်တော်တို့ရဲ့ရှီကျိုးတင်မကဘူး ဒီထယ်အသစ်ကို မြို့တော်နဲ့ မင်းကြီးဆီကို ဆက်သခြင်းအားဖြင့် သချီရဲ့ပြည်သူတွေ အားလုံးကလဲ မကြာခင် ဒီအကြောင်းကို လေ့လာသိရှိနိုင်ပြီး ဒါကို အသုံးပြုခြင်းကနေ အကျိုးအမြတ်တွေရလာမှာပါ"

အသံများသည် နောက်ဆုံးတော့ လူအုပ်ကြီးများထံမှ ပေါ်ထွက်လာပြီး တစ်စုံတစ်ယောက်က ချီးကျူးဂုဏ်ပြုလေရာ နောက်မှလက်ခုပ်သြဘာသံများက ထောင့်တိုင်းမှ ပြန်လွှင့်လာတော့သည်။ လေထုက စိတ်လှုပ်ရှားဝမ်းသာမှုဖြင့် ပြည့်နှက်သွား၏။

လူပရိတ်သတ်ကြီးကြားတွင် ဝမ်မောက်လင်၏အကြည့်သည် ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် သူ့ဇနီးဘေးတွင်ရပ်နေသည့် ရှန်းလင်မယားဆီသို့ တလက်လက် ရောက်ရှိသွားလေသည်။

ကျန်းမိသားစု၊ လင်မိသားစုနှင့် ပြည်နယ်ကျောင်းတော်သားများအတွက်တော့ တစ်ချို့က ဒီအမျိုးသမီး၏ သရုပ်သဏ္ဍာန်ကို သိလေသလားဟု တိုးတိုးတိတ်တိတ် မေးမြန်းနေကြစဥ် ကျန်သည့်သူများကတော့ သူတို့၏အစေခံများကို သတင်းများစုစည်းဖို့ရန် တိုးတိုးတိတ်တိတ် မှာကြားလေသည်။

စန်းလော့က ဒီကိစ္စများကို ဂရုမစိုက်ချေ။ သူမက သူမ၏အင်္ကျီလက်ထဲက လိပ်ထားသည့် ပုံဆွဲစာရွက်တစ်ရွက်ကို ဆွဲထုတ်လာပြီး ရှန်းလီဆီသို့လှမ်းပေး လိုက်ကာ ရှန်းလီက ထိုစာရွက်ကို ပြည်နယ်အုပ်ချုပ်ရေးမှူးကျန့်ဆီသို့ ဆက်သလိုက်၏။

"ဒါက အသစ်ဖန်တီးထားတဲ့ ထယ်ရဲ့ပုံစံစာရွက်ပါ၊ ဆွဲသားထားတဲ့ပုံကတော့ တကယ့်ကို အကြမ်းထည်လေးပါပဲ၊ ဒါပေမဲ့ လူကြီးမင်းက ဒါကို အသုံးဝင်လိုဝင်ငြား ကျေးဇူးပြုပြီး ကြည့်ပေးပါအုံး"

ကျန့်စန်းလန်သည် စာလိပ်ကို ဖြေချလိုက်သည်တွင် ပြည်နယ်ကျောင်းတော်က ပညာသင်များကလဲ ရှန်းလီ၏ကျောင်းတော်သားဝတ်စုံကို သတိထားမိပြီးဖြစ်နေသည်။ တစ်ယောက်က တိုးတိုးလေး ပြောလိုက်၏။ "ဒါက ပြည်နယ်ကျောင်းတော်မှာ ဒီတစ်နှစ်မှ ဝင်ခွင့်ရသွားတဲ့ ကျောင်းသားတွေထဲကတစ်ယောက် မဟုတ်လား"

ရှေ့တစ်ရက်က ကျောင်းသားများကို သင်ခန်းစာ ပို့ချပေးခဲ့ပြီးဖြစ်သည့် ဆရာများထဲကနှစ်ယောက်က ခေါင်းငြိမ့်လိုက်သည်။ မှတ်ဉာဏ်ပိုကောင်းသည့် လူတစ်ယောက်က ပြောလိုက်၏။ "သူ့မျိုးရိုးနာမည်က ရှန်းလေ၊ သူ့နာမည်က လီတဲ့၊ ဝင်ခွင့်စာရင်းအရဆိုရင် သူက မြို့အပြင်ဘက်သရှင်းရွာကပဲ၊ သူ့မှာ ဒီတစ်ကြိမ် ဝင်ခွင့်အောင်သွားတဲ့ ညီလေးတစ်ယောက်လဲ ရှိသေးတဲ့ပုံပဲ"

"သရှင်းရွာ ဟုတ်လား"

တစ်စုံတစ်ယောက်က မသဲမကွဲ ရေရွတ်လိုက်ပြီး သူတို့၏စိတ်ထဲတွင် ဒီအချက်အလက်များကို ချရေးထားလိုက်၏။

ပြည်နယ်အုပ်ချုပ်ရေးမှူးကျန့်က လူအုပ်ကြီးကို ကြေငြာလိုက်လေသည်။ သူသည် ထယ်အသစ်ထုတ်လုပ်မှုကို မြန်မြန်ဆန်ဆန် ပြီးမြောက်အောင် ဆောင်ရွက်ကာ ထယ်အဟောင်းနှင့် အလုပ်လုပ်ပုံခြင်း မည်သို့ ပြောင်းလဲလုပ်ဆောင်ရမည့်အကြောင်း ပြောပြလိုက်သည်။ သူက နေရာတွင်ပင် လက်သမားများကို ခေါ်ယူလိုက်ပြီး သူတို့ကို နောက်ပိုင်းကြလျှင် ပြည်နယ်ရုံးတော်၌ စာရင်းလာသွင်းဖို့ ဖိတ်ခေါ်လိုက်၏။

စန်းလော့က နောက်သို့ တစ်လှမ်းဆုတ်လိုက်ကာ သရှင်းရွာသားများကြားထဲတွင် ရပ်လိုက်၏။

ရှန်းမိသားစုမှ ထယ်အသစ်ကို ပြည်နယ်ရုံးတော်က မြို့တော်ဆီသို့ တိုက်ရိုက်ပို့ဆောင်ပေးရမည်ဖြစ်ကာ ရှန်းမိသားစု အသုံးပြုထားသည့် ထယ်ကိုတော့ အသစ်တစ်ခုဖြင့် အရင်ဆုံး အစားထိုးပေးရလိမ့်မည်။ ထို့နောက်တွင်တော့ သူတို့အိမ်သို့ ပို့ဆောင်ပေးရမည်ဖြစ်သည်။

ပြည်သူများသည် သူတို့က ထယ်အသစ်ကို အသုံးပြုရမည်ဟု ကြားလိုက်သည်တွင် ဝမ်းသာအားရဖြစ်သွားပြီး နောက်ထပ် ဝမ်းသာပျော်ရွှင်မှုများ လှိုက်တက်လာတော့သည်။

လူ၁၂ယောက်ကျော်လောက်မှ စတင်လိုက်သည့် သရှင်းရွာ၏ ထယ်ကိုဆက်သခြင်းအခမ်းအနားသည် ပရိတ်သတ်ပေါင်း အနည်းဆုံး လေးငါးရာလောက်ကို ဆွဲဆောင်နိုင်ခဲ့ပြီး စည်းကားသိုက်မြိုက်သည့် ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးလိုက်၏။

သရှင်းရွာက သူ့တာဝန်များ ပြီးဆုံးသွားသည်တွင် ရှန်းလီက သူ့ဆရာဆီသို့ အလည်အပတ် သွားရောက်ကာ ခွင့်တောင်းခံလိုက်ပြီး သူသည် အိမ်တွင် ပြင်ဆင်စရာရှိသည်များကို ပြုလုပ်ပြီးနောက် ပြည်နယ်ကျောင်းတော်သို့ အလျင်အမြန် ရောက်လာပါမည်ဟု ရှင်းပြလိုက်၏။

လူကြီးလူကောင်းတစ်ဖွဲ့က ထူးထူးခြားခြား ဖော်ရွေလှကာ စိုးရိမ်စရာမလိုကြောင်း သူ့ကို အာမခံပြောကြားပေးလိုက်သည်။ အားပေးစကားများကို ပြောကြားပြီးနောက်တွင် သူတို့သည် ထွက်လာခဲ့ကြ၏။

ပြည်နယ်အုပ်ချုပ်ရေးမှူးကျန့်ကလဲ အရာရှိများကို ဦးဆောင်ကာ ပြည်နယ်ရုံးတော်သို့ ပြန်လာခဲ့လိုက်သည်။ သူ့ခြေထောက်တစ်ဖက်တွင် ရွှံ့များပေကျံနေသဖြင့် သူသည် ဆေးကြောဖို့ရန် အနောက်ဘက်အိမ်တော်သို့ ပြန်လာရလေသည်။ လင်မယားနှစ်ယောက်၏ အပြန်လမ်းတွင် ကျန့်စန်းလန်က သက်ပြင်းချလိုက်၏။ "တကယ်လို့များ စန်းအမျိုးသမီးသာ အမျိုးသားတစ်ယောက် ဖြစ်ခဲ့မယ်ဆိုရင်...”

ကိုယ်တိုင်လဲ ဒီလိုအတွေ့အကြုံမျိုးကို ရင်ဆိုင်တွေ့ကြုံနေခဲ့ရပြီး အမျိုးသမီးများသည် အမျိုးသားများနှင့် နှိုင်းယှဥ်လိုက်လျှင် ရင်ဆိုင်နေရသည့် များပြားလှစွာသော ကန့်သတ်ချုပ်ချယ်မှုများကို သိရှိနေသည့် ဖန်သခင်မသည် သူမခင်ပွန်း၏ နှမျောတသစိတ်ကို အမှန်ပင် နားလည်လေသည်။

သို့သော်ငြားလည်း ထင်ရှားပြီး သြဇာအရှိန်အဝါရှိသည့် မိသားစုတစ်ခုတွင် ကြီးပြင်းလာခဲ့ရသဖြင့် သူမသည် အထက်တန်းစားများနှင့် ပိုပြီးနီးကပ်မှုရှိလာလေလေ စည်းမျဥ်းစည်းကမ်းများနှင့် ကန့်သတ်ချုပ်ချယ်မှုများက မည်မျှခိုင်မာစွာ အမြစ်တွယ်နေသည်ကို နားလည်လေလေ ဖြစ်နေလေသည်။ ထိုစည်းမျဥ်းစည်းကမ်းများက ဘယ်တော့မှ အဆုံး သတ်လိမ့်မည် မဟုတ်ချေ။

"စန်းလန်က ထယ်ကို ဆက်သတဲ့အချိန်ကြရင် သူက သူ့ရဲ့ လျှောက်တင်လွှာထဲမှာ အမျိုးသမီးစန်းရဲ့ အချက်အလက်ကို သေသေချာချာ ရှင်းပြမှာပါလေ"

စကားလုံးများကို တန်တာဆင်ပြီး မြှောက်ပင့်ပြော ဆိုရန်အတွက်ကတော့ ဖန်သခင်မသည် ထိုစကားလုံးများကို လိုအပ်လိမ့်မည်မဟုတ်ဟု သိနေလေသည်။ အမျိုးသမီးစန်း၏ စိတ်နှလုံးသားထဲက လှိုက်လှိုက်လှဲလှဲ ဆန္ဒနှစ်ခုကို ထုတ်ပြောလိုက်ခြင်းနှင့်ပင် ထပ်ပြီး လှပသည့်စကားလုံးများနှင့် မွမ်းမံချယ်သစရာမလိုဘဲ လျှောက်တင်လွှာကို မူလပုံစံအတိုင်း ရေးသားခဲ့ခြင်းက သချီ၏မြင့်မြတ်သည့် အုပ်ချုပ်မှုအောက်တွင် ပြည်သူများ၏ စည်းလုံးမှုကို တောင်းတနေပုံကို သရုပ်ဖော်ဖို့ရန် လုံလောက်သည်ဟု သူမက ယုံကြည်မိလေသည်။

...

All Chapters