← Chapters

အခန်း (၂၄၃-၂၄၄)

Vol. 25 Ch. 243-244

အခန်း (၂၄၃-၂၄၄)

Vol. 25 Ch. 243-244

အပိုင်း (၂၄၃) နန်းတော်က သံတမန်

တော်ဝင်အမိန့်တော်တစ်ခုကို လက်ခံရခြင်းက သူ၏ ကိုယ်ပိုင် လုပ်ထုံးလုပ်နည်းများရှိသည့် အခမ်းအနားတစ်ခု ဖြစ်လေသည်။ ဖန်ဖေးညန်က ဒီကိစ္စများကို ကြည့်ကြပ်ပေးရန်ရောက်လာခဲ့၏။ အမိန့်တော်ကိုလက်ခံရမည့်သူမှာ စန်းလော့ဖြစ်လေသည်။ သို့သော်ငြားလည်း ရှန်းမိသားစုက ဒီထူးခြားသည့် အခမ်းအနားအတွင်းတွင် သူမကို အဖော်လုပ်ပေးရမည်ကိုတော့ သံသယဖြစ်ရန်မလိုချေ။ သူမနှင့်ရှေ့ဆင့်နောက်ဆင့်ပင် ရှန်းလီတို့ညီအစ်ကိုများကို အိမ်သို့အလောတကြီး ပြန်ရောက်လာစေတော့သည်။

ရှန်းမိသားစုသည် နှိမ့်ချပြီး ဆင်းရဲသည့် မိသားစုနောက်ခံရှိသဖြင့် သူတို့သည် ခမ်းနားသည့် အဝတ်အစားများကို မတတ်နိုင်ကြသော်လည်း အမွှေးတိုင်ထွန်းသည့် စားပွဲတစ်လုံး၊ ကျင့်ဝတ်ထုံးတမ်းများကို လေ့လာခြင်း၊ အသွင်အပြင်ကို ပြင်ဆင်ချယ်သခြင်းများကို ပြင်ဆင်ရ‌သေးသည်။ ထို့ကြောင့် သူတို့က သူတို့၏ ပုံပန်းသွင်ပြင်နှင့်ပတ်သတ်ပြီး သန့်ရှင်းသပ်ရပ်နေအောင်သာ လုပ်နိုင်လေသည်။ ပြင်ဆင်ခြင်းအခမ်းအနား၏ စည်ကားသိုက်မြိုက်လှသည့် အခြေအနေကြားတွင် သူတို့သည် တော်ဝင်သံတမန်၏ လူတန်းက ချဥ်းကပ်လာသည်ဟု ကြေငြာသံကို ကြားလိုက်ရ၏။

"သူတို့တွေ ရောက်လာကြပြီ"

အဘွားချန်းတို့လို မသက်ဆိုင်ကြသည့်လူများက ရှန်းမိသားစုအိမ်အပြင်ဘက်သို့ ကဗျာကယာ ပြန်ထွက်လာကြသည်။ တစ်ချို့ကတော့ သံတမန်လူတန်းကြီး၏ အရိပ်အယောင်ကို ကြည့်ဖို့ရန် စိတ်အားထက်သန်နေရာ ဂနာမငြိမ်ဖြစ်နေကြသည်။ သူတို့သည် ခေါင်းကို လှည့်ကြည့်လိုက်သည်တွင် လူတန်းကြီးက အလွန်အကျွံ ခမ်းနားလှသည် မဟုတ်သော်ငြားလည်း အဝေးမှလိုက်လာကြသည့် မြောက်မြားစွာသောရွာသားများက အံ့သြစရာကောင်းလောက်အောင် အများအပြားဖြစ်နေသည်ကို တအံ့တသြ တွေ့လိုက်ရသည်။

ရောက်နေသည့်နေရာတွင် ရှိနေလိုက်သည်က ပိုကောင်းပေမည်။ အနည်းဆုံးတော့ ဖြစ်ပျက်နေသည့် အကြောင်းအရာကို ကြားနိုင်သေးသည် မဟုတ်ပါလား။

စိုးရိမ်တကြီးဖြစ်နေသည့် ရှန်းနဥ်က တိုးတိုးတိတ်တိတ် လေပူနှစ်ချက် မှုတ်ထုတ်လိုက်လေသည်။ စန်းလော့က သူမ၏လက်လေးကို နှစ်သိမ့်ပေးသလို ဖျစ်ညှစ်ပေးလိုက်မှ သူမသည် အနည်းငယ် တည် ငြိမ်သွားတော့သည်။

စန်းလော့သည် ထိုသံတမန်က မိန်းမစိုးတစ်ယောက် ဖြစ်လိမ့်မည်ဟု ယူဆထားလိုက်သည်။ သို့သော်ငြားလည်း ထိုလူက ချဥ်းကပ်လာသည်တွင် အရာရှိဝတ်စုံကို သတိထားမိလိုက်ပြီး အမှန်တွင်တော့ အစိုးရအရာရှိတစ်ယောက် ဖြစ်နေသည်ကို သဘောပေါက်လိုက်၏။ ပန်းဖျော့ရောင်ဝတ်စုံကို အကဲခတ်ကြည့်လိုက်သည်တွင် သူမသည် ဒီလိုကိစ္စမျိုးကို ကောင်းကောင်းနားမလည်သည့်တိုင် ရာထူးက အသေးအဖွဲ ဟုတ်လိမ့်မည်မဟုတ်သည်ကိုတော့ သိနိုင်လေသည်။

သိလိုစိတ်အပြည့်ဖြင့် သူမက တစ်ယောက်တည်း စဥ်းစားမိလိုက်၏။

ထယ်အသစ်က တကယ်ပဲ အထင်ကြီးစရာ ကောင်းပါတယ်။ ဒါပေမဲ့ ဒီလောက်တခမ်းတနားကြီး လုပ်ရလောက်တဲ့အထိတော့ မဟုတ်ဘူးမလား။

သူမ၏စိတ်တို့က ပြေးလွှားနေသည်။ တစ်ဖက်က သံတမန်ကလဲ သူတို့အဖွဲ့ကို အကဲခတ်ကြည့်လိုက်ပြီးနောက် မေးမြန်းလိုက်လေသည်။

"စန်းရှီက ဘယ်မှာလဲ"

စန်းလော့သည် ခြေလှမ်းတစ်လှမ်း ရှေ့တိုးပြီး ဦးညွှတ်လိုက်လေသည်။

"ဒီအရပ်သူက စန်းလော့ပါရှင်"

သံတမန်က တအံ့တသြဖြစ်သွားသည်။ ထယ်အသစ်ကို ပြုလုပ်ခဲ့သည့်သူသည် အနည်းဆုံး အသက်၄၀ဝန်းကျင် သက်လတ်ပိုင်းအမျိုးသမီးတစ်ယောက် ဖြစ်လိမ့်မည်ဟု သူက ယူဆထားခဲ့သည်။ သို့သော် ဒါကတော့... သူမသည် အသက် ၁၈နှစ် ၁၉နှစ်ဝန်းကျင်သာ ရှိသေးသည်မဟုတ်ပါလား။ အလွန်ဆုံး ၂၀သာဖြစ်ပေလိမ့်မည်။

သူသည် သူနှင့်အတူ အဖော်လိုက်ပါလာသည့် ပြည်နယ်အုပ်ချုပ်ရေးမှူးကျန့်ကို အမှတ်တမဲ့ လှမ်းကြည့်လိုက်၏။ ပြည်နယ်အုပ်ချုပ်ရေးမှူးကျန့်က အပြုံးဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။

ဒါဆိုရင်တော့ မှားစရာမရှိလောက်ပါဘူး။

သံတမန်က တအံ့တသြဖြစ်နေသော်ငြားလည်း သူသည် အချိန်မဆွဲခဲ့ချေ။ ရှန်းမိသားစုတွင် ခြံဝန်းလဲမရှိသလို ခန်းမလဲမရှိပေ။ တဲအိမ်လေး သုံးလုံးသာ ရှိလေသည်။ ထို့ကြောင့် သူက အိမ်အပြင်ဘက်နေရာလွတ်တွင် တော်ဝင်အမိန့်တော်ကို ဖတ်ပြလိုက်၏။

စန်းလော့၏ဘဝတွင် သူမ၏မိသားစုတစ်ခုလုံးနှင့်အတူ ဒူးထောက်ရခြင်းက ပထမဦးဆုံးအကြိမ် ဖြစ်လေသည်။ တော်ဝင်အမိန့်တော်ကို အနုစိတ်လက်ရာမြောက်လှသည့် ဘာသာစကားဖြင့် ရေးသားထားပြီး နားထောင်ရသည်မှာ ဝမ်းသာကြည်နူးဖွယ် ကောင်းလေသည်။ ဒါသည် သူမ၏ဘဝနှစ်ခုစလုံးတွင် တော်ဝင်အမိန့်တော်တစ်ခုကို လက်ခံရရှိခြင်းမှာ ပထမဦးဆုံးအကြိမ်ဖြစ်လေသည်။ ထို့ကြောင့် သူမသည် ရှန်းနဥ်ကဲ့သို့ပင် စိုးရိမ်မိလေ၏။ သူမသည် စကားလုံးများကို ကျေးဇူးတင်စကားပြောဖို့ရန် အလွန်မှ စိုးရိမ်ကြောင့်ကြနေသဖြင့် စိတ်နှင့်ကိုယ် မကပ်အောင်ဖြစ်နေ၏။ သို့သော်ငြားလည်း အချိန်တစ်ခု ကြာလာသည်တွင် စန်းလော့သည် ထပ်ပြီးတော့ စိုးရိမ်ကြောင့်ကြ မနေတော့ချေ။ သူမသည် ဧကရာဇ်၏ ရက်ရောလှသည့်ဆုတော်ကြောင့် အင်မတန်မှ ဝမ်းသာပျော်ရွှင်ရလေသည်။

လယ်မြေများ၊ ငွေသားနှင့် ပိုးထည်များဖြစ်လေသည်။

စန်းလော့တစ်ယောက်သာ ငေးမောနေသည် မဟုတ်ချေ။ သရှင်းရွာက ကြည့်ရှုနေကြသူများကလဲ စတင်မူးနောက်သလို ခံစားလာရတော့သည်။

မင်းကြီး၏ စိတ်ရင်းစေတနာများက ပွင့်လင်းလွန်းလှပေသည်။ အကျိုးဆောင်မှုသာရှိခဲ့လျှင် ဆုလာဒ်က သေချာပေါက်ရပေလိမ့်မည်။ သူမသည် စိုက်ပျိုးရေးတွင် ထူးချွန်သဖြင့် သူမကို လယ်မြေများကို ချီးမြှင့်ပေးခဲ့သည်။

မြောက်မြားလှစွာသော စိုက်ပျိုးမြေ၊ သစ်တောမြေဧက၁၀၀စီ၊ ငွေလျန်၂၀၀၊ ပိုးထည်အုပ်၃၀နှင့် အရေးအကြီးဆုံးမှာ မင်းကြီးကိုယ်တိုင် ရေးသားထားသည့် တော်ဝင်အမိန့်တော်တစ်ခုကို မိန်းမစိုးများက ဂရုတစိုက်ကိုင်တွယ်လာပြီး ဒါကို အထိမ်းအမှတ်ခန်းမတစ်ခုထဲတွင် အမြတ်တနိုး ခင်းကျင်းထားရမည်ဟု ကြေငြာလေသည်။

အထိမ်းအမှတ်ခန်းမတစ်ခုတဲ့။

ဒီလို ဂုဏ်သိက္ခာတစ်ခုကို မည်သူက ပီတိမဖြစ်ဘဲ နေနိုင်ပါမည်နည်း။

စန်းလော့သည် ငေးမောနေရင်းက တော်ဝင်အမိန့်တော်ကို လက်ခံရယူလိုက်ပြီး ရုတ်တရက်ဆိုသလို သူမ၏ နိမ့်ကျလှသည့် တဲအိမ်လေးအတွက် ပထမဦးဆုံးအကြိမ် စိုးရိမ်စိတ်များ ဖြစ်မိလေတော့သည်။ သူမသည် အမိန့်တော်နှင့် မင်းကြီးကိုယ်တိုင် လက်ရေးဖြင့် ရေးသားထားသည့် စာသားကို မည်သို့ထိန်း သိမ်းလို့ရနိုင်ပါမည်နည်း။

ကံအားလျော်စွာ သံတမန်က ရှန်းမိသားစု၏ နိမ့်ကျလှသည့်အိမ်ကို မြင်လိုက်သည်တွင် သူမ၏ အကြပ်အတည်းပြဿနာကို နားလည်သွားဟန်တူသည်။ သူက ပြုံးကာပြောလိုက်၏။ "သခင်မ အခုလောလောဆယ်တော့ မင်းရဲ့တော်ဝင်အမိန့်တော်နဲ့ မင်းကြီးရဲ့လက်ရေးစာသားကို ပြည်နယ်အုပ်ချုပ်ရေးမှူးကျန့်ဆီမှာ အပ်နှံထားဖို့ လိုအပ်လိမ့်မယ်၊ မင်းကြီးက ဒီအမိန့်စာကို အထိမ်းအမှတ် ကျောက်တိုင်တစ်ခုမှာ ရေးထွင်းထားဖို့ ဆန္ဒရှိတယ်လေ၊ သူရဲ့ လက်ရေး လက်သားနဲ့ ရေးထားတဲ့စာသားကိုတော့ အထိမ်းအမှတ် ကျောက်တိုင်တစ်ခုနဲ့ ကဗျည်းထိုးထားဖို့လိုတယ်၊ ဒါတွေပြီးစီးသွားမှပဲ သူတို့တွေကို အလေးအမြတ်ထားဖို့ မင်းမိသားစုဆီကို ပြန်ပို့ပေးလိမ့်မယ်"

စန်းလော့သည် စိတ်အေးသွားကာ ချက်ချင်းဆိုသလို တော်ဝင်အမိန့်တော်နှင့် မင်းကြီး၏လက်ရေးစာကို ပြည်နယ်အုပ်ချုပ်ရေးမှူးကျန့်အား လှမ်းပေးလိုက်လေသည်။ "ဒုက္ခခံပေးတဲ့အတွက် လူကြီးမင်းကို ကျေးဇူးတင်ပါတယ်ရှင်"

တော်ဝင်အမိန့်တော်ကို ဖတ်ပြီးနောက်တွင် ငွေသားနှင့် ပိုးထည်များကိုတော့ ရှန်းမိသားစုကို ချီးမြှင့်လိုက်ပြီး ငွေသားကို သယ်ယူရခြင်းက ရှန်းအန်းအတွက် အဆင်ပြေလောက်သော်ငြားလည်း ပိုးထည်အုပ်၃၀ကို လက်ခံဖို့ရန်အတွက်တော့ ရှန်းနဥ်အတွက် အလွန်မှ များပြားနေလေသည်။ ရှန်းကျင့်နှင့်သူ့ ညီအစ်ကိုများ ကူညီပေးနေသည့်တိုင် ဒါက ခက်ခဲနေသေးသည်။

စန်းလော့နှင့်ရှန်းနဥ်တို့က မိန်းမစိုးများကို သူတို့၏ အခန်းနှစ်ခန်းပါသည့်အိမ်သို့ ဖိတ်ခေါ်လိုက်သည်။ သူတို့သည် ပိုးထည်များအတွက်နေရာပေးရန် စုတ်တံ၊ မှင်၊ စာရွက်နှင့် စာအုပ်များတင်ထားသည့် စားပွဲကို ရှင်းလင်းလိုက်ကြသည်။

အပြင်ဘက်တွင် နောက်ထပ်မိန်းမစိုးတစ်ယောက်က စန်းလော့ကို တော်ဝင်အမိန့်တော်နှင့် တစ်ခြားပစ္စည်းများကို မည်သို့ သေသေချာချာ သိမ်းဆည်းရမည့်အကြောင်း မှာကြားနေလေသည်။ သူမက အာရုံတစိုက် နားထောင်လိုက်ပြီး မိန်းမစိုးကို ကျေးဇူးတင်စကား ပြောလိုက်ပြီးနောက် သူ့လက်ထဲသို့ ငွေအိတ်လေးတစ်အိတ် တိုးတိုးတိတ်တိတ် ထည့်ပေးလိုက်၏။

မိန်းမစိုးသည် အိတ်ထဲက ငွေတုံး၏အလေးချိန်ကို ခံစားမိလိုက်ပြီး မိသားစု၏နှိမ့်ချတတ်သည့် နေရာလေးကြောင့် တအံ့တသြ ဖြစ်သွားလေသည်။ သူ့မျက်လုံးများက တဖျတ်ဖျတ်လက်သွား၏။ သို့သော်ငြားလည်း သူသည် လက်ဆောင်ကို လက်ခံလိုက်ရင်း ရင်းနှီးဖော်ရွေသည့် အမူအယာတစ်ခုကို ထိန်းသိမ်းထားလိုက်ကာ "ကျေးဇူးအများကြီးတင်ပါတယ် သခင်မ"

...

တော်ဝင်သံတမန်၏ နောက်တော်ပါအခြွေအရံများသည် မြန်မြန်ဆန်ဆန် ရောက်ရှိလာပြီး မြန်မြန်ဆန်ဆန် ထွက်ခွာသွားကြလေသည်။

ပြည်နယ်အုပ်ချုပ်ရေးမှူးကျန့်နှင့် လက်ထောက်တို့က သူတို့ကို အဖော်လိုက်ပါ ပို့ဆောင်ပေးလိုက်ပြီး ဖန်သခင်မကတော့ နောက်တွင်နေခဲ့ဖို့ ရွေးချယ်လိုက်သည်။ သူမက ရှန်းမိသားစုအိမ်ကို တစ်ချက်လောက် အကဲခတ်ကြည့်လိုက်ပြီး စန်းလော့ကို ကျီစယ်သလို အကြံပေးလိုက်၏။ "သခင်မစန်းရေ ရှင်ကတော့ အိမ်ကိုပြန်ပြင်ဖို့ အလျင်စလိုလုပ်မှပဲ ဖြစ်တော့မယ်"

သို့မဟုတ်လျှင် တော်ဝင်အမိန့်တော်ကို လေးစားကြည်ညိုဖို့ရန် မှန်ကန်သည့်နေရာတစ်ခု ရှိလာလိမ့်မည်မဟုတ်ချေ။

စန်းလော့က အပြုံးတစ်ခုဖြင့် ပြန်ဖြေလိုက်သည်။ "သခင်မ၊ သခင်မရဲ့စေတနာနဲ့ သတိပေးစကားကို ကျေးဇူးတင်ပါတယ်"

"အစတုန်းကတော့ ကျွန်မတို့တွေက စိုက်ပျိုးရေးရာသီ ကုန်သွားတဲ့အထိ စောင့်ဖို့ရည်ရွယ်ထားတာလေ၊ ဒါပေမဲ့ အခုကြည့်ရတာတော့ ကျွန်မတို့တွေ အလုပ်ကိုအလျင်စလို လုပ်မှပဲဖြစ်တော့မယ်၊ နန်းတော်ကနေ ချီးမြှင့်ထားတဲ့ ငွေသားအတုံး၂၀၀နဲ့ဆိုရင် ကျွန်မတို့တွေက ပိုပြီးကောင်းမွန်တဲ့ အိမ်တစ်လုံးကို အမှန်တကယ် ဆောက်နိုင်မှာပါ"

ဖန်သခင်မက တခစ်ခစ် ရယ်မောလိုက်ကာ "ကျွန်မကို သခင်မလို့ ခေါ်စရာမလိုပါဘူး၊ ကျွန်မတို့တွေက ဇာတိတူတဲ့ သူတွေချင်းပဲလေ၊ ကျွန်မအိမ်နာမည်က ဖန်းညန်ပါ၊ ရှင် ကျွန်မကို ဒီအတိုင်းပဲ ခေါ်လို့ရပါတယ်"

ဒီပြန်ပြောလိုက်သည့်စကားက စန်းလော့ကို သတိလက်လွတ် ဖြစ်သွားစေလေသည်။ သို့သော်ငြားလည်း ထယ်များကို ဆက်သခြင်းနှင့် သူတို့၏ အပေးအယူမျှသည့်စကားဝိုင်းကို ပြန်စဥ်းစားလိုက်မိသည်တွင် သူမက ဖန်သခင်မ၏ အကျင့်စရိုက်ကို လေးစားအားကျမိလေသည်။ ထို့ကြောင့် သူမက ပြုံးကာ ပြောလိုက်၏။ "ဒီလိုဆိုရင်လည်း ကျွန်မကို သခင်မစန်းလို့ မခေါ်ပါနဲ့ရှင်၊ ကျွန်မနာမည်ကတော့ တစ်လုံးတည်းပါပဲ လော့ပါ၊ တကယ်လို့ အခက်အခဲ အများကြီးမရှိဘူးဆိုရင် ကျွန်မကို အားလော့လို့ ခေါ်လို့ရပါတယ်"

သူတို့နှစ်ယောက်သည် သည်နားလည်မှုတွင် ရယ်မောလိုက်ကြလေသည်။

ဖန်သခင်မက ရှန်းမိသားစု၏ သာမန်တဲအိမ်လေးကို လှမ်းကြည့်လိုက်ကာ ဆက်ပြောလိုက်သည်။ "ရှင့်မိသားစုအိမ်က မြေကလဲ အရမ်းကြီး မကျယ်လောက်ဘူးထင်တယ် ဟုတ်လား"

စုစုပေါင်း မိသားစုလေးယောက်သာ ရှိလေသည်။ လတ်တလောတွင် ဖန်ဖေးညန်သည် သူမကိုယ်သူမ ယောက်ကျားအဝတ်အစားများ ဝတ်ဆင်ကာ ရုပ်ဖျက်ပြီး သူမ ခင်ပွန်းနှင့်အတူ စီရင်စုအသီးသီးသို့ ခရီးသွားလာခဲ့လေသည်။ သူမသည် သချီတွင် ဥယဥ်ခြံမြေ ခွဲဝေချထားပေးခြင်းနှင့်ပတ်သတ်ပြီး တော်ဝင်နန်းတော်၏ မူဝါဒများကို ကောင်းကောင်းသိလေသည်။

စန်းလော့က ခေါင်းငြိမ့်သဘောတူလိုက်၏။

ဖန်ဖေးညန်က ဆက်ပြောသည်။ "ကျွန်မတို့တွေ နောက်ထပ်တစ်ရက်၊ နှစ်ရက်လောက်စောင့်လဲ အများကြီး ကွာခြားသွားမှာတော့ မဟုတ်ပါဘူး၊ ရှင့်မိသားစုက တော်ဝင်အမိန့်တော်တစ်ခုကို လက်ခံရရှိပြီး မင်းကြီးဆီကလဲ ကျောက်စာတိုင်တစ်ခုကို လက်ခံရရှိခဲ့တယ်ဆိုတော့ ရှင့်အခြေအနေကလဲ ထူးခြားသွားပြီလေ၊ ဒီသီးခြားမြေတစ်ကွက်လေးနဲ့တော့ ပြီးသွားမှာ မဟုတ်ပါဘူး၊ ဆုလာဒ်အဖြစ်ချီးမြှင့်ထားတဲ့ လယ်ကွင်းတွေနဲ့သစ်တောတွေကို စာရင်းသွင်းပြီးသွားတာနဲ့ ရှင်တို့တွေလဲ ရှင်တို့ရဲ့ ဥယျာဥ်နေထိုင်မဲ့အိမ်ကို ချဲ့ဖို့အတွက် အဲဒီ့မြေရဲ့အစိတ်အပိုင်းတစ်ခုကို အသုံးပြုလို့ရတယ်လေ၊ ဒါက နေထိုင်မဲ့ခြံဝန်းကို ပိုပြီးတော့ ကျယ်သွားစေနိုင်တယ်၊ ချွေ့ချီချန်းလဲ ဒီကိစ္စကိုကိုင်တွယ်ပေးဖို့ ခဏနေ ရောက်လာတော့မှာပါ၊ ရှင် ဒီကိစ္စကို သူနဲ့ဆွေးနွေးလိုက်ပေါ့"

ဧကရာဇ်မှချီးမြှင့်လိုက်သည့် ငွေသားများနှင့် ပိုးထည်များကိုတော့ နန်းတော်မှ တိုက်ရိုက်ပို့ပေးလိုက်ပြီး မြေနေရာချထားခြင်းကိုတော့ ရှီကျိုးပြည်နယ်ရုံးတော်မှ ကိုင်တွယ်ပေးရလိမ့်မည်။

သူတို့၏နေထိုင်ရာခြံဝန်းကို ချဲ့ထွင်နိုင်သည်ဟု ကြားလိုက်ရသည်တွင် ပျော်ရွှင်မှုက စန်းလော့၏ မျက်လုံးထဲတွင် တဖျတ်ဖျတ် လင်းလက်သွားလေသည်။ "အရမ်းကို ကောင်းမွန်ပါပေတယ်၊ အခုလိုအကြံပေးတဲ့အတွက် ကျေးဇူးပဲနော် ဖေးညန်"

"ဘာကျေးဇူးတင်စရာလိုလို့လဲ၊ ဟုတ်ပါပြီ၊ ကျွန်မ အခုပြန်သွားအုံးမယ်၊ တကယ်လို့ ရှင် အားတဲ့အချိန်ရှိတယ်ဆိုရင် ပြည်နယ်ရုံးတော်က အိမ်တော်မှာ ကျွန်မဆီကို အလည်လာပေါ့"

သို့နှင့် သူမသည် သူမ၏အခြွေအရံနှင့်အတူ နှုတ်ဆက်ကာ ပြန်သွားတော့သည်။

...

ပြည်နယ်အုပ်ချုပ်ရေးမှူးကတော် ပြန်သွားသည်နှင့်တပြိုင်နက် ချန်းအဘွားနှင့် တစ်ခြားသူများသည် လုံးဝကို စိတ်ပေါ့ပါးသွားသည်ဟု ခံစားလိုက်ရသည်။ သူတို့သည် အရင်က ချဥ်းကပ်လာဖို့ရန်အတွက် အလွန်မှ ကြောက်ရွံနေမိသည်။ သို့သော်ငြားလည်း ယခုတော့ သူတို့အားလုံးသည် ဝိုင်းအုံလာကြကာ ငေးမောနေမိကြသေးလေသည်။

"ဆုလာဒ်ကို ချီးမြှင့်ပေးခဲ့တဲ့သူက တကယ်ပဲ မင်းကြီးတဲ့လား"

စိုက်ပျိုးမြေဧက၁၀၀၊ တောင်ပေါ်မြေ နောက်ထပ်ဧက၁၀၀၊ ငွေတုံးအခု၂၀၀နဲ့ ပိုးထည်အုပ်၃၀တဲ့။ အဘွားချန်းက သူမ၏ပါးကို ခပ်နာနာလေး ဆိတ်လိုက်ပြီး နာကျင်မှုကြောင့် အံကြိတ်လိုက်လေသည်။ သူမက ဒီလိုတုံ့ပြန်သည်ကလဲ မဆန်းတော့ချေ။

ဒါသည် မင်းကြီးကိုယ်တိုင်ထံမှရရှိသည့် လက်ဆောင်တစ်ခု ဖြစ်လေသည်။

ထိုခမ်းနားလှသည့် ဆုလာဒ်များကို အသာထားလျှင်ပင် စုစုပေါင်းမြေဧကက၂၀၀ရှိလေသည်။ -ဒီမြေများသည် တစ်စုံတစ်ယောက် သေဆုံးသွားလျှင်ပင် အစိုးရက ပြန်တောင်းဆိုမည့် မြေများမဟုတ်ချေ။ ထိုမြေများကို မျိုးဆက်အလိုက် လက်ဆင့်ကမ်းသွားလို့ရနိုင်သည်။

မြေဧက၂၀၀ - ဒါသည် မည်မျှကြီးကျယ်ခမ်းနားလိုက်ပါသနည်း။ သချီ၏ လက်ရှိမြေနေရာ ခွဲဝေချထားရေးစနစ်အရဆိုလျှင် အသက်၁၈နှစ်ပြည့်ပြီးသည့် အမျိုးသားတစ်ယောက်သည် ရာသက်ပန်မြေ၁၀ဧကကို လက်ခံရရှိနိုင်သည်။ လူတစ်ယောက်သည် သားမြေးအယောက်၂၀ ပိုင်ဆိုင်ထားပြီး သူတို့အားလုံးက အရွယ်ရောက်နေကြသူများဖြစ်လျှင် အစိုးရထံမှ ထိုမျှလောက်များပြားသည့် မြေပမာဏကို စုဆောင်းနိုင်လိမ့်မည်။

အဘွားချန်းသည် သူမမိသားစု၏လူဦးရေကို တွက်ကြည့်လိုက်မိသည်။ ထိုရာသက်ပန် မြေဧက၂၀၀ကို ပိုင်ဆိုင်ဖို့ရန်အတွက် သူတို့သည် မျိုးဆက်မည်မျှလောက် လက်ဆင့်ကမ်းလာရပါမည်နည်း။ သူမသည် ဒါကို ကိုယ်တိုင်မြင်တွေ့ဖို့ရန် အသက်ရှည်လိမ့်ပါမလားဟု သံသယဖြစ်မိလေသည်။

ထို့အပြင် ငွေအတုံး၂၀၀လဲ ရှိသေးသည်တဲ့။ ရွှီမိသားစုမှလွဲလျှင် ဒီလူများကြားတွင် မည်သူတွင် ဒီလောက်များပြားသည့် ပမာဏကို ကြားခဲ့ဖူးပါသနည်း။

ပိုးထည်အုပ် ၃၀ - ထိုပစ္စည်းများကရော တန်ဖိုးမည်မျှရှိပါမည်နည်း။ ထိုပစ္စည်းများသည် မြို့ထဲသို့ တစ်ကြိမ်လောက် ယူသွားလိုက်သည်နှင့် ငွေဖြင့်လဲလှယ်နိုင်သည့် လက်ဆုပ်လက်ကိုင် ပြနိုင်သည့်ပစ္စည်းများ ဖြစ်လေသည်။

ဆူညံနေသည့် စကားသံများကြားတွင် စန်းလော့အတွက် ပြန်ဖြေဖို့ရန် အခွင့်အရေးမရှိခဲ့ချေ။

ရွာသူကြီးကျိုးကလဲ တူညီစွာ စိတ်လှုပ်ရှားနေသည်။ "သူတို့တွေက နင့်အတွက် ကျောက်တိုင်တစ်ခုကိုတောင်မှ ဆောက်ပေးအုံးမှာတဲ့၊ အားလော့ အပေါ်မှာ ရေးထားတဲ့စာတွေကို နင် နားလည်လား၊ သူတို့ဖတ်ပြတဲ့စာကြောင်းတွေကို ငါ သိပ်နားမလည်ဘူး"

စန်းလော့ကလဲ ခေါင်းခါပြသည်။ "တော်ဝင်အမိန့်တော်ထဲမှာ ဒီအကြောင်းကို ထည့်မပြောထားဘူး၊ ကျွန်မတို့တွေ မုဒ်ဦးနဲ့ ကျောက်တိုင်ရောက်လာမှဘဲ ဒီအကြောင်းကို သိရပါလိမ့်မယ်"

"ဟုတ်တယ် အိမ်ဆောက်ရမယ်၊ အားလီ၊ အားလော့ နင်တို့တွေ နင်တို့ရဲ့ဆောက်လုပ်ရေးကို မြန်မြန်စလိုက်တာ ပိုကောင်းတယ်၊ မင်းကြီးရဲ့လက်ဆောင်ဖြစ်တဲ့ ကဗျည်းထိုးထားတဲ့ ဆိုင်းဘုတ်ကို သေချာပေါက် ချိတ်ဆွဲထားရမယ်လေ၊ အဲလိုမထင်ဘူးလား၊ ငါ ကြားဖူးတာတော့ တော်ဝင်အမိန့်တော်ကို သေချာပေါက် ခင်ကျင်းပြထားသင့်တယ်တဲ့ အဲလိုမဟုတ်ဘူးလား"

ကျိုးချွမ်ကျန့်သည် ရုတ်တရက်ဆိုသလို သတိဝင်လာဟန်တူသည်။

"အချိန်ကျလာရင် ငါတို့တွေအားလုံးက ကူညီပေးကြမှာပါ၊ အိမ်နီးချင်းရွာက လူတစ်ချို့ကိုတောင် ငါ ခေါ်ထားသေးတယ်"

ပျော်ရွှင်မှုအကြောင်းအရာကို လာကြည့်ကြသည့် တစ်ချို့ရွာသားများကလဲ ရွာထဲတွင်ရှိနေသည်။ ထိုစကားကို ကြားလိုက်သည်တွင် သူတို့က ရယ်မောလိုက်၏။ "ဆရာရှန်း၊ စန်းရှီ တကယ်လို့ အိမ်ဆောက်တော့မယ်ဆိုရင် ကျွန်တော်တို့ကို တစ်ချက်လောက်ပဲ အော်ပြောလိုက်ပါ၊ ကျွန်တော်တို့တွေက ရက်အနည်းငယ်လောက်လာပြီးတော့ ကူညီကြမှာပါ"

တစ်ခြားသူများကလဲ ရယ်မောပျော်ရွှင်စွာဖြင့် သူတို့၏ အကူအညီများကို ထောက်ခံပြောဆိုကြလေသည်။

စန်းလော့နှင့် ရှန်းလီတို့က လူတစ်ယောက်ချင်းစီကို ကိုယ်တိုင်ကျေးဇူးတင်စကား ပြောလိုက်ကြသည်။

သိမ်းဆည်းစရာ ပိုးထည်ပမာဏ အများကြီးရှိနေသဖြင့် အားလုံး၏ စိတ်လှုပ်ရှားပျော်ရွှင်မှုများ ရှိနေကြသော်လည်း သူတို့၏ စကားပြောရင်း ခြံဝန်းအပြင်ဘက်သို့ ထွက်သွားကြကာ သတင်းကိုကြားခဲ့ကြသည့် အနီးအနားကရွာသားများနှင့် စကားပြောဆိုဖို့ရန် ပိုပြီးလွယ်ကူအောင် ပြုလုပ်ပေးလိုက်လေသည်။ ရှန်းမိသားစုကတော့ သူတို့၏ ဆွေမျိုးသားချင်းများနှင့်သာ ကျန်ခဲ့တော့သည်။

ရှန်းကျင့်နှင့် သူ့ညီအစ်ကိုနှစ်ယောက်ကတော့ ပြန်မသွားခဲ့ချေ။ သူတို့က ပိုးထည်များကို လေ့လာကြည့်ရန်အတွက် ရှန်းနဥ်နောက်က လိုက်သွား၏။

ညီအစ်ကိုသုံးယောက်သည် အလုပ်ကြမ်းများဖြင့် ရင်နှီးနေကြသဖြင့် သူတို့၏ လက်မှာ ကြမ်းတမ်းနေကြကာ ထိုနူးညံ့သည့်ပိတ်စများကို မထိရဲကြချေ။

"မကြီး ဒါက ဘယ်လောက်တောင်တန်လဲ ထယ်ကို ပိုပြီးကောင်းအောင် အချောသပ်လိုက်တာက ရုံးတော်ကနေ ဒီလောက်များပြားတဲ့ ဆုလာဒ်တစ်ခုနဲ့ တကယ်ပဲ ထိုက်တန်တယ်ပေါ့"

သူသည် အစောပိုင်းက ရပ်ကြည့်နေလာခဲ့ပြီး မြေဧက၂၀၀နဲ့ ငွေတုံး၂၀၀တို့ကြောင့် တအံ့တသြ ဖြစ်နေလေသည်။ ရွာသားများ၏ စိတ်လှုပ်ရှားနေသည့်ကြားထဲတွင် ရှန်းကျင့်သည် အလွန်မှ ဝမ်းသာပျော်ရွှင်မိပြီး စကားမပြောနိုင်အောင် ဖြစ်သွားတော့ သည်။

အများကြီးပါပဲလား။

တကယ်အများကြီးပဲ။

သူမ လက်ခံရရှိခဲ့သည့် အသိအမှတ်ပြုခြင်းသည် သူမသည် ထယ်ကို ဆက်သခဲ့ခြင်းအကျိုးဆောင်မှုနှင့် ပြည်နယ်အုပ်ချုပ်ရေးမှူးကျန့်၏ အကူအညီနှင့် ပတ်သတ်နေသည်ကို စန်းလော့က ကောင်းကောင်းသိလေသည်။ လောကကြီး၏ နှလုံးသားများ လာရောက်တွေ့ဆုံခြင်း အကြောင်းအရာက လှပသည့်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ခဲ့သည်။

သို့သော်ငြားလည်း ဒါက သူမသည် ရှန်းကျင့်နှင့် မျှဝေပေးလို့ရနိုင်သည့်အရာများ မဟုတ်ချေ။ စန်းလော့က ရှင်းပြလိုက်၏။ "မင်းကြီးက အရည်အချင်းရှိတဲ့သူတွေကို ရှာဖွေနေတာလေ၊ ငါ့ကို ချီးမြောက်ပေးတယ်ဆိုတာကလဲ လောကတစ်ခွင် သင်ယူတတ်မြောက်တတ်တဲ့သူတွေကို စိတ်အားမြှင့်တင်ပေးဖို့အတွက် ရည်ရွယ်တာပါပဲ"

ရှန်းလီက လည်ချောင်းရှင်းလိုက်ကာ စန်းလော့ကို ကြည့်လိုက်ပြီး ပြုံးပြလိုက်၏။ "ကျွန်တော့်အထင်တော့ အဲဒီ့နေ့က မင်းရဲ့စကားလုံးတွေက မင်းကြီးရဲ့သဘောကျခြင်းကို ခံလိုက်ရတာဖြစ်မယ် ရှောင်အန်းနဲ့ ကျွန်တော် ပြည်နယ်ကျောင်းတော်က ပြန်လာတုန်းက အမိန့်တော်အသစ်တွေကို ပြည်နယ်ရုံးတော်ရဲ့ အသိပေးစာကပ်တဲ့နေရာမှာ ကပ်ထားတာတွေ့ခဲ့တယ် အဲဒါတွေက ဘာတွေလဲဆိုတာ မှန်းကြည့်စမ်း"

စန်းလော့သည် ဇဝေဇဝါဖြစ်သွား၏။ သို့သော်ငြားလည်း ရှန်းအန်းကတော့ စတင်ရယ်မောလိုက်လေသည်။

"အစ်ကိုနဲ့ကျွန်တော်က အိမ်ကို အလောတကြီး ပြန်လာရတော့ စာဖတ်ဖို့ စိတ်မဝင်စားဘူးလေ ဒါပေမဲ့ ကျွန်တော်တို့ကို သတင်းလာပို့ပေးတဲ့အရာရှိက အမိန့်တော်ရဲ့ခေါင်းစဥ်ကို ပြောပြခဲ့တယ် အဲဒီ့နှစ်ခုထဲမှာ တစ်ခုက စန်းမိသားစုရဲ့ ထယ်ကို ချီးကျူးထားတဲ့ အမိန့်တော်ဖြစ်ပြီးတော့ ကျန်တဲ့တစ်ခုကတော့ ကျန်းယဲ့မြို့ကို ချန်အန်းမြို့လို့ အမည်ပြောင်းလဲခေါ် လိုက်တဲ့အမိန့်ပဲ၊ မကြီး၊ အရာရှိက ပြောတယ်၊ ချန်အန်းလို့ အမည်ပြောင်းလဲခေါ်တာက အဲဒီ့နေ့က အစ်မရဲ့ ပေါများကြွယ်ဝပါစေဆိုတဲ့ စကားလုံးကို ကိုးကားပြီးတော့ ယူထားတာတဲ့ "

စန်းလော့၏မျက်လုံးများသည် တအံ့တသြ ဝိုင်းစက်သွားပြီး သူမ၏ပါးစပ်က ပွင့်သွားတော့သည်။

ရှန်းလီက ခပ်တိုးတိုးလေး ရယ်မောလိုက်ကာ "အားလော့ အဲဒီ့အမိန့်တော်တွေကို သချီရဲ့ပြည်နယ်တိုင်းနဲ့ စီရင်စုတိုင်းမှာ ထုတ်ပြန်တာတဲ့"

တစ်နည်းအားဖြင့်ပြောရလျှင် သူမ၏နာမည် အားလော့သည် တစ်လောကလုံးတွင် သိရှိသွားကြလေသည်။

...

သရှင်းရွာသည် စိတ်လှုပ်ရှား ပျော်ရွှင်စရာများဖြင့် စည်းကားသိုက်မြိုက်နေချိန်တွင် သံတမန်နှင့် ပြည်နယ်အုပ်ချုပ်ရေးမှူးကျန့်တို့၏အဖွဲ့တို့က ရွာထဲမှ ထွက်လာခဲ့ပြီဖြစ်လေသည်။ တော်ဝင်အမိန့်တော်ကို ကြေငြာချက်ထုတ်ပေးရမည့် သူတို့၏တာဝန်က ပြီးမြောက်သွားခဲ့သည်။ ပြည်နယ်အုပ်ချုပ်ရေးမှူးအိမ်တော်သို့ ပြန်ရောက်လာသည်တွင် သူတို့သည် ထိုင်လိုက်ကြပြီး လက်ဖက်ရည်ကို တည့်ခင်းဧည့်ခံပေးသည့် အချိန်ရောက်မှ ပြည်နယ်အုပ်ချုပ်ရေးမှူးကျန့်က မေးခွန်းမေးရန် အခွင့်အရေးရတော့သည်။

"လူကြီးမင်းလီ လူကြီးမင်းက ဘာဖြစ်လို့ အမိန့်တော်ကို ကြေငြာပေးဖို့ ကိုယ်တိုင်ရောက်လာတာလဲ"

လီယွီမှာ မည်သူဖြစ်ပါသနည်း။ သူသည် အစောပိုင်းကတည်းက မင်းသားချီဖက်တွင် ရပ်တည်ခဲ့သူဖြစ်ပြီး နယ်မြေများကို သိမ်းဆည်းခြင်းနှင့် နိုင်ငံတော်တည်ထောင်ခြင်းတွင် ကူညီပေးခဲ့သူဖြစ်သည်။ သဘာဝအရ ပညာတော်သင် တစ်ယောက်ဖြစ်သော်လည်း သူသည် မင်းသားချီ၏ယုံကြည်မှုကို ကြီးကြီးမားမားရရှိထားကာ နည်းဗျူဟာများကြံဆခြင်း၊ အရည်အချင်းရှိသူများကို ခေါ်ယူခြင်း၊ သူတို့၏ နောက်တန်းကလူများကို တည်ငြိမ်နေအောင် ပြုလုပ်ပေးခြင်း၊ စသည့်အရေးကြီးသည့် အခန်းကဏ္ဍတစ်ခုကို တာဝန်ယူပေးရလေသည်။ ယခုအချိန်တွင် အဆင့်လေးအရာရှိ အမတ်ရာထူးကိုရရှိထားပြီး စန်းမိသားစုကို ချီးကျူးထောပနာပြုသည့် အမိန့်တော်တစ်ခု အပ်နှင်းခြင်းထက် မပိုသည့်အရာအတွက် ကိုယ်တိုင်လာရောက်ခြင်းက သူ့ရာထူးနှင့်ဆိုလျှင် အလွန်မှမြင့်မားလွန်းနေသည်။

သူတို့သည် တစ်ချိန်က အိမ်ရှေ့မင်းသားချီ၏ လက်အောက်တွင် အမှုတော်ထမ်းခဲ့ကြပြီး သူတို့အကြားတွင် ရင်းနှီးသည့် သံယောဇဥ်တစ်ခုရှိလေသည်။ ဒါကြောင့်ပင် ပြည်နယ်အုပ်ချုပ်ရေးမှူးကျန့်က ထိုသို့မေးရဲခြင်းပင်။

လီယွီက သက်ပြင်းချလိုက်၏။ "ငါ ဒါကို မပြောပြနိုင်တာတော့ မဟုတ်ပါဘူး၊ ဒီခရီးမှာ အဓိကရည်ရွယ်ချက် နှစ်ခုရှိတယ်၊ ပထမတစ်ခုက မင်းကြီးကိုယ်စား တောင်ပိုင်းရဲ့အခြေအနေကို သွားရောက်အကဲခပ်ပြီးတော့ ဒုတိယအချက်ကတော့ ကျားရှင်းကို တစ်ချက်လောက်သွားကြည့်ဖို့ပဲ"

"ကျားရှင်း ဟုတ်လား မင်းပြောချင်တာက ... "

လီယွီက တဟင်းဟင်း ရယ်မောလိုက်သည်။ "မင်းထင်ထားတဲ့အတိုင်းပါပဲ၊ အောက်ကပြည်နယ်အသီးသီးနဲ့ စီရင်စုအသီးသီးက အရင်မင်းဆက်ရဲ့ စာရွက်ဟောင်းတွေကို သုံးနေရတဲ့အပြင် ရုံးတော်ကလဲ ဒီစာရွက်တွေကိုပဲ သုံးနေရတာလေ"

ပြည်နယ်အုပ်ချုပ်ရေးမှူးကျန့်၏ မျက်ခုံးများသည် အလွန်မှ တွန့်ချိုးသွားပြီး ယင်ကောင်တစ်ကောင်ပင် ထိုမျက်ခုံးများကြားတွင် ပိတ်မိနေနိုင်လောက်သည်။

"လော့မျိုးနွယ်က ဘာတွေစဥ်းစားနိုင်မှာလဲ၊ သချီက အခုဆိုရင် စုစည်းပြီးသွားပြီပဲ၊ ဘယ်သူက ပြဿနာရှာရဲတော့မှာလဲ သူတို့တွေက စာရွက်လုပ်နည်းကို ထိန်းသိမ်းထားလို့ ဘာအကျိုးအမြတ်ရမှာလဲ"

လီယွီက ခနဲ့ကာ ပြောလိုက်လေသည်။ "သူတို့ရဲ့ရည်မှန်းချက်တွေကတော့ အကြီးကြီးပဲပေါ့၊ အခုလောလောဆယ် သူတို့တွေက ကြေညာနေကြတယ်လေ၊ စာရွက်လုပ်နည်းကို လက်ကိုင်ထားတဲ့မိသားစုဝင်တွေက ဖရိုဖရဲကာလတုန်းက သေကြေသွားကြပြီတဲ့၊ စာရွက်လုပ်နည်းကိုလဲ ရှာမတွေ့တော့ဘူးတဲ့၊ မင်းကြီးကလဲ ဒီကိစ္စနဲ့ပတ်သတ်ပြီး ပြောဆိုဖို့ရာက အဆင်မပြေလောက်ဘူးလေ"

သူတို့သည် ဘာကို အမှန်အကန် ကြံစည်နေသည်ကိုတော့ လီယွီက ချဲ့ကားပြီးမပြောခဲ့ချေ။

လီယွီက ရှင်းမပြခဲ့ပင်လျှင် ကျန့်စန်းလန်က ခန့်မှန်းမိလေသည်။ ဒါသည် အကျိုးအမြတ်ကိစ္စပင်။ လော့မျိုးနွယ်သည် လက်ရှိရုံးတော်ထဲတွင် နေရာတစ်နေရာ မရှိတော့ချေ။ သာ့ချန်မင်းဆက်ကာလအတွင်း လော့မိသားစုဝင်များ လက်ကိုင်ထားခဲ့သည့် ရာထူးအဆင့်များကို ပြန်စဥ်းစားမိလျှင် ကျန့်စန်းလန်၏ မျက်ခုံးများက တွန့်ချိုးသွားပြန်သည်။ လောကကြီးကို တိုက်ခိုက်သိမ်းယူစဥ်တုန်းက သူတို့ကို ဘယ်မှာမှ မတွေ့ရပဲနဲ့ အခုကြမှ သူတို့တွေက အရာရှိနေရာနဲ့ဘွဲ့တံဆိပ်တွေကို တောင်းဆိုရဲသတဲ့။

ပြဿနာက မဖြေရှင်းရသေးသဖြင့် လီယွီကလဲ ထိုကိစ္စကို စိတ်ထဲထားမနေဘဲ ပြောလိုက်လေသည်။ "ငါ ဒီမှာ၁နာရီလောက် အနားယူမယ်၊ ပြီးရင်တော့ ကျားရှင်း၊ ခွိုင်ကျီကို ခရီးထပ်သွားရအုံးမယ်၊ တကယ်လို့ မင်းတို့ပြည်နယ်ရုံးတော်က စာရွက်တွေ လိုနေတယ်ဆိုရင် ပြင်ဆင်မှုတွေကို စပြီးတော့လုပ်ထားသင့်တယ်၊ လော့မျိုးနွယ်ရဲ့ စာရွက်တွေကို စောင့်နေဖို့တော့ အဲလောက်အထိ လွယ်ကူလိမ့်မှာ မဟုတ်ဘူး"

ပြည်နယ်အုပ်ချုပ်ရေးမှူးကျန့်သည် လီယွီက နေ့လည်ခင်းပိုင်းတွင် ခရီးထွက်မည်ဟု ကြားလိုက်သဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။ သူက မေးလိုက်၏။ "ဒီလောက်ခရီးအရှည်ကြီးသွားရမှာဘဲ မင်း တစ်ညလောက်တော့ တည်းခိုသင့်တယ်မဟုတ်လား"

လီယွီက လက်ခါပြလိုက်သည်။ "တာဝန်က အရေးအကြီးဆုံးပဲလေ"

"ကောင်းပြီလေ၊ ဒါဆိုလဲ ငါမင်းကို ဆွဲမထားတော့ပါဘူး၊ ငါ မင်းကို နေ့လည်စာတစ်နပ်တော့ ဧည့်ခံကျွေးမွေးပါ့မယ်၊ ငါ့မိန်းမကို မင်းရဲ့ခရီးအတွက် အစားအသောက်တစ်ချို့နဲ့ရေကို ပြင်ဆင်ခိုင်းထားလိုက်တယ်"

လီယွီက ပြုံးပြလိုက်သည်။ "ကျေးဇူးပဲနော် မရီး"

...

နေ့လည်ခင်းပိုင်းတွင် လင်မယားနှစ်ယောက်က လီယွီကို လိုက်ပို့ပေးပြီး လီယွီ၏လှည်းက ဆန့်ကျင်ဘက် လားရာဘက်သို့ ဦးတည်သွားနေသည်ကို သတိထားမိလိုက်သည်တွင် ဖန်ဖေးညန်က ထိုအကြောင်းကို မေးလိုက်လေသည်။

သူတို့နှစ်ယောက်သာရှိသဖြင့် ကျန့်စန်းလန်က ပြန်ဖြေလိုက်၏။ "သူ ခွိုင်ကျီကိုသွားနေတာ"

ဖန်ဖေးညန်သည် ပါးနပ်သူဖြစ်လေရာ ချက်ချင်း သဘောပေါက်သွားတော့သည်။ "လော့မျိုးနွယ်ဆီကိုလား"

သူမက ဒေါသထွက်ထွက်ဖြင့် အသံထွက်အော်ရယ်တော့သည်။ "လော့မိသားစုက သူတို့ဟာသူတို့ အရမ်းကို တင်စီးပြနေတာ မကြောက်တတ်လို့လား"

"သူက ဘာကိုကြောက်မှာလဲ၊ ဒီအချိန်က လူတိုင်းက စကားကို ယဥ်ယဥ်ကျေးကျေး သိမ်သိမ်မွေ့မွေ့နဲ့ ပြောကြတာလေ၊ ဘယ်သူက သူတို့ရဲ့ ရည်ရွယ်ချက် အစစ်အမှန်ကို စိတ်ရင်းနဲ့ထုတ်ပြပါ့မလဲ၊ အရှုံးအမြတ်နဲ့ ပတ်သတ်တဲ့ကိစ္စမှာ ဘယ်သူက အရင်ဆုံး ထွက်လာမလဲဆိုတာနဲ့ပဲ ဆိုင်တော့တာပေါ့” ကျန့်စန်းလန်သည် သူ့နှုတ်ခမ်းများကို တင်းနေအောင်စေ့ထားလိုက်ပြီး "ငါ့ဘက်မှာတော့ ဝါးစာလိပ်တွေကို ပြုလုပ်ဖို့အတွက် ကျွမ်းကျင်တဲ့ လက်မှုပညာရှင်တွေကို ရုံးတော်အတွက်ငှားပေးဖို့ စီစဥ်ရအုံးမယ်၊ ငါတို့တွေလဲ စာရွက်တွေကုန်နေပြီလေ"

...

အပိုင်း (၂၄၄) စက္ကူပြတ်လပ်ခြင်း

ကျားရှင်းစီရင်စု ခွိုင်ကျီသို့ဦးတည်သွားသည့်လှည်းထဲတွင် လီယွီသည် မနက်ခင်းတုန်းက တော်ဝင်သံ တမန်ဝတ်စုံကို ဝတ်ဆင်မထားတော့ချေ။ သူသည် သာမန်အဝတ်အစားကိုသာ ဝတ်ဆင်ထားပြီး သူ့အဖော်ကလဲ သရှင်းရွာက စန်းလော့ထံမှ ငွေ၂ယွမ်လက်ခံရရှိခဲ့သည့် မိန်းမစိုးကလွဲလျှင် တစ်ခြားမဟုတ်ချေ။ သူသည်လည်းပဲ ဒီအခိုက်အတန့်တွင် ရုံးတော်မိန်းမစိုး၏ ရုံးတော်ဝတ်စုံကို ဝတ်ဆင်မထားပေ။

လှည်းထဲတွင် အတူတူထိုင်နေကြပြီး သူတို့သည် ခရီးသွားလာသည့်တစ်လျှောက် လီယွီက ခန်းဆီးကိုမ,ကာ အပြင်ဘက်သို့ ကြည့်လိုက်လေသည်။ ရွာနှစ်ရွာလောက်ကို ဖြတ်သန်းလာပြီးနောက် လူများက ပြန်လည်နေထိုင်နေသည့် အရိပ်အယောင်ကို မြင်လိုက်သည်တွင် သူက သူ့အဖော်ဘက်သို့လှည့်ကာ မေးလိုက်၏။ "ချန်ကုန်းကုန်း ကျွန်တော်တို့တွေ တစ်ချက်လောက် ဝင်သွားပြီးတော့ ကြည့်ကြမလား"

မိန်းမစိုးချန်သည် တာဝန်ဖြင့် နန်းတော်မှ ထွက်လာခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သူသည် ဒီလိုတောင်းဆိုမှုကို မည်သို့ငြင်းဆန်ပါမည်နည်း။

"သေချာတာပေါ့၊ ကျွန်တော်တို့တွေ ခရီးထွက်လာတာလဲ တော်တော်လေးကြာပြီ၊ ရွာတစ်ရွာမှာ နားပြီးတော့ ရေလေးနည်းနည်းပါးပါး တောင်းသောက်ကြတာပေါ့"

လှည်းသည် အဝေးတစ်နေရာတွင် ရပ်တန့်သွားပြီး အခြွေအရံများကို ခေါ်မလာဘဲ နှစ်ယောက်သားက ရွာထဲသို့ ခြေကျင်လျှောက်လာခဲ့သည်။ သူတို့သည် အခြေချထားသည့် ရွာငယ်လေးတစ်လျှောက် ဟိုဟိုဒီဒီ လျှောက်လာကြပြီး အိမ်ခြေက ၁၂လုံးထက်မကျော်ပေ။ ရွာသားများ၏ နေအိမ်များထဲက တစ်လုံးရှေ့တွင် ခဏလောက် ရပ်တန့်လိုက်ကြသည်။ သူတို့သည် လှည်းဆီသို့ ပြန်ရောက်လာချိန်တွင် ၁၅မိနစ်တင်းတင်း ပြည့်သွားပြီဖြစ်သည်။ သူတို့သည် လှည်းပေါ်သို့ တက်လိုက်သည်နှင့်ချက်ချင်း ချန်ကုန်းကုန်းက တဟင်းဟင်း ရယ်မောလိုက်၏။ "လူကြီးမင်းလီ ဒီမိန်းကလေးစန်းက တော်တော်လေးကို တကယ်ပဲ စိတ်ဝင်စားဖို့ကောင်းတာပဲ"

သူမသည် ရှီကျိုးကလူများ ပြောနေကြသည့် သက်ရှိ ဗောဓိသတ်တစ်ယောက်နှင့်မခြားပေ။

သရှင်းရွာသို့ ဝင်လာသည်တွင် လီယွီသာမကဘဲ အတူလိုက်ပါလာသည့် မိန်းမစိုးများကပင် ဒီရွာလေးနှင့် အပြင်လောက၏ သိသာသည့်ကွာခြားချက်ကို သတိထားမိကြသည်။

ရှန်းမိသားစုသည် ရွာ၏အနည်းငယ်ပိုပြီး သီးသန့်ကျသည့်အပိုင်းတွင် နေထိုင်သည်။ လမ်းတစ်လျှောက်တွင် သရှင်းရွာက လူများ၏ စိတ်အားတက်ကြွပုံနှင့် ဖျတ်လတ်ပုံများကို လေ့လာနိုင်သည်။ - ယောက်ကျား၊ မိန်းမ၊ လူကြီး၊ လူငယ် - ဒါသည် ဖရိုဖရဲကာလများတွင် နှစ်ပေါင်းများစွာ ကြံ့ကြံ့ခံလာနိုင်သည့် လူတစ်ယောက်ကို မျက်မြင်တွေ့ရဖို့ရန်အတွက် တော်တော်လေးကို မြင်ရခဲသည့်အရာ ဖြစ်လေသည်။ ထို့အပြင် အားအင်များကို ထုတ်လွှတ်နေသည့် လူများသာမကချေ။ ရွာထဲက အိမ်ထောင်စုများကလဲ အိမ်မွေးတိရိစ္ဆာန်များနှင့် မွေးမြူရေးတိရိစ္ဆန်အမျိုးမျိုးကို ပိုင်ဆိုင်ကြသည်။

ဒီလို ထူးခြားသည့်မြင်ကွင်းတစ်ခု ဖြစ်သည့်တိုင် ထိုနေရာတွင် နေထိုင်ကြသူများ၏ မျက်နှာပေါ်တွင် အံ့သြသည့် အရိပ်အယောင် တစိုးတစဥ်းမျှ မတွေ့ရသလို ရှီကျိုးပြည်နယ်အုပ်ချပ်ရေးမှူးနှင့် လက်ထောက်တို့က သူတို့၏ ကျေးလက်နေပြည်သူများအပေါ် မြင်ရပုံကိုလဲ လုံးဝအသားကျနေပြီးသား ဖြစ်ဟန်တူလေသည်။

တောင်ပိုင်းသို့ ခရီးထွက်လာကြသည့် လီယွီနှင့် တော်ဝင်အခြွေအရံများသည် ဒီအခြေအနေကို သာမန်ဟု မမြင်နိုင်ချေ။

သိမ်းပိုက်ထားခဲ့သည့် တော်ဝင်မြို့တော် မဆိုထားနှင့် အပြင်ဘက်က နေရာအများအပြားမှာပင် ပုံမှန်အတိုင်း ပြန်ဖြစ်ဖို့ရန်အတွက် အလွန်မှ နှေးကွေးနေသေးသည်။ ဆာလောင်မွတ်သိပ်ခြင်းနှင့် ခက်ခဲပင်ပန်းခြင်းများက ကျေးလက်နေပြည်သူများအတွက် သာမန်စံနှုန်းတစ်ခု ဖြစ်နေ၏။ အပြင်းအထန် ဖျက်ဆီးခံခဲ့ရသည့် နေရာများတွင် မိုင်နှစ်ရာ၊ သုံးရာဆက်တိုက်အတွင်း လူသူကင်းမဲ့နေသည်ကို တွေ့ရသည်မှာ အထူးအဆန်း မဟုတ်ချေ။ တိတ်ဆိတ်မှုများက ကြက်နှင့်ခွေးများမရှိသည်ကို သက်သေပြနေသည်။

ကျန့်ဇီရွှမ်း(ပြည်နယ်အုပ်ချုပ်ရေးမှူး)ကို ပြောခဲ့သည့် လီယွီ၏စကားများက အမှန်ပင်ဖြစ်လေသည်။ သူ၏ တောင်ပိုင်းသို့ သွားသည့်ခရီးတွင် ရည်ရွယ်ချက်နှစ်ခုရှိသည်။ ပထမတစ်ချက်မှာ ကျားရှင်းသို့အလည်အပတ်သွား ရောက်ပြီး ဒုတိယတစ်ချက်မှာ မင်းကြီးက တော်ဝင်မြို့တော်တွင် အခြေချထားသဖြင့် သူနှင့်မိန်းမစိုးချန်တို့က နိုင်ငံဥသျှောင်၏ မျက်လုံးများအဖြစ် တာဝန်ယူဆောင်ရွက်ကာ တောင်ပိုင်းက အခြေအနေကို အကဲခတ်ဖို့ရန်ဖြစ်လေသည်။

"ဒါက တကယ်ကို စိတ်ဝင်စားဖို့ကောင်းပါတယ်” လီယွီက သဘောကျသွားသည်။ ရွာထဲသို့ဝင်လာသည်တွင် ချမ်းသာကြွယ်ဝမှု နည်းပါးသော်ငြားလည်း သူသည် သရှင်းရွာနှင့် ဆင်တူသည့်အချက်များကို သတိထားမိလိုက်သည်။ သို့သော်ငြား ဒီနေရာက အိမ်ထောင်စုများကလည်း ကြက်ငှက်နှင့် မွေးမြူရေးတိရိစ္ဆန်များကို မွေးထားကြသေးသည်။

မင်းကြီးနှင့် ရင်းနှီးကြသည့် ဗျူဟာမှူးတစ်ယောက်နှင့် အထိန်းတော်တစ်ယောက်တို့အနေဖြင့် သူတို့၏စိတ်အားထက်သန်သည့် လေ့လာမှုများနှင့် စူးစမ်းမှုများက ရွာပတ်ဝန်းကျင်တစ်လျှောက် သူတို့လှည့်ပတ်သွားလာစဥ်အတွင်း တော်တော်များများကို သိလိုက်ရသည်။ ရစ်ငှက်၊ ယုန်နှင့် ဆိတ်များက သရှင်းရွာမှလာခြင်းဖြစ်ပြီး ကြက်၊ ဘဲ၊ ဘဲငန်း၊ ဝက်နှင့် နွားများကတော့ ပြည်နယ်အုပ်ချုပ်ရေးမှူးကတော်၊ ဖန်သခင်မ၏ ကြိုးစားအားထုတ်မှု ဖြစ်လေသည်။ သူတို့သည် ဝဥစိုက်ပျိုးခြင်း ဝဥတို့ဟူးနှင့် နတ်သမီးတို့ဟူးအကြောင်းကိုပင် သိလိုက်ရသည်။

ရွာသားများက အစောပိုင်းတွင် တောင်အတွင်းပိုင်းသို့ ခိုလှုံခဲ့ကြသူများဖြစ်သည်ကို သိလိုက်ရသဖြင့် သူတို့သည် အပြင်ဘက်တွင် အေးချမ်းနေကြောင်း မည်သို့မည်ပုံ သိရှိလာသည့်အကြောင်းကို လီယွီက မေးလိုက်လေသည်။ သူ့မျှော်လင့်ထားသည့်အဖြေက တောင်အတွင်းပိုင်းသို့ ရောက်လာသည့် အရာရှိများ၏ ကြေငြာချက်နှင့် ပတ်သတ်လိမ့်မည်ဟု ထင်ထားသော်ငြားလည်း သရှင်းရွာက အဓိကအခန်းကဏ္ဍမှာ တာဝန်ယူပေးသည်ဟု ကြားလိုက်သည်တွင် သူ့မှာ အံ့သြရတော့သည်။ ရှန်းလီနှင့် သူ့အဖော်များက ရွာထဲတွင် အခြေချဖို့ရန်အတွက် တောင်ပေါ်တွင်နေထိုင်သူများကို ဦးဆောင်ပေးခဲ့သည့်အကြောင်းများကို ချီးကျူးစရာကောင်းသည့် ဇာတ်လမ်းတစ်ခုလို လီယွီနှင့် အပြင်လူများအား ပြောပြလိုက်သည်။

ရှီကျိုး၊ သရှင်းရွာ။

လီယွီက ရယ်မောလိုက်သည်။

တော်ဝင်မိသားစုထဲတွင် ဖန်သခင်မတစ်ယောက်ရှိပြီး သာမန်ပြည်သူထဲတွင်တော့ စန်းမိန်ကလေးတစ်ယောက်ရှိကာ အရည်အချင်းပြည့်ဝပြီး သစ္စာစောင့်သိသည့် လူငယ်တစ်အုပ်ကတော့ ရုံးတော်အတွက် တာဝန်ထမ်းဆောင်ပေးရန် ဆန္ဒရှိလေသည်။

"ကျွန်တော်တို့တွေ ကျားရှင်းက ပြန်လာကြရင် ရှီကျိုးက ပတ်ဝန်းကျင်ဒေသတွေကို ထပ်ပြီးတော့ လေ့လာကြည့်ရအောင်ပါ"

လီယွီ၏မသိစိတ်က သူသည် သရှင်းရွာသို့ နောက်ထပ်ခရီးတစ်ခေါက် သွားသင့်သည်ဟု ပြောနေလေသည်။

...

စန်းလော့သည် ထိုနေ့ညနေခင်းတွင် ရုံးတော်နှင့် အရပ်ဘက် အသိုင်းအဝိုင်းများကြားတွင် စက္ကူများ အကြီးအကျယ် ပြတ်လပ်နေသည့်အကြောင်းကို သိလိုက်ရသည်။ ထို့နောက်တွင်တော့ ရှန်းနဥ်နှင့် ရွာထဲကကလေးများသည် မြို့ထဲသို့ အလောတကြီး သွားလိုက်ကြပြီး တစ်ခြားအကြောင်းအရင်းကြောင့် မဟုတ်ဘဲ အသိပေးနံရံတွင် ကပ်ထားသည့် တော်ဝင်အမိန့်စာနှစ်ခုကို သွားရောက်ကြည့်ရှူဖို့ရန် ဖြစ်လေသည်။

သူတို့ပြန်ရောက်လာချိန်တွင် သူတို့သည် နောက်ထပ် သတင်းတစ်ပုဒ်ကို ယူလာခဲ့သေးသည်။ ရုံးတော်က ဝါးစာလိပ်များကို လုပ်တတ်သည့် လက်မှုပညာရှင်များကို ခေါ်ယူနေသည့်အကြောင်းပင်။ စုတ်တံလုပ်သည့် လုပ်ငန်းငယ်လေးတွင် ပါဝင်နေကြသည့် ရှန်းနဥ်နှင့် ရွှီဝမ်ယင်းတို့သည် ပြည်နယ်ကျောင်းတော်အနီးက စာရေးကိရိယာဆိုင်သို့ သူတို့၏ပစ္စည်းများကို သွားပို့ပေးခဲ့ကြသည်။ ကျောင်းတော်အပြင်ဘက်က စာရေးကိရိယာနှင့် အမွှေးတိုင်ရောင်းသည့်ဆိုင်တစ်ချို့ကလဲ ဝါးစာလိပ်များကို စုဆောင်းနေသည်ကို အံ့သြစရာကောင်းလောက်အောင် သိလိုက်ရပြီး သေသေချာချာ လုပ်ထားသည့် ဝါးချောင်း၁၀ချောင်းပါသည့်တစ်လိပ်ကို သုံးဝမ်ပေးလေသည်။

ဒါသည် ရွာထဲက မိသားစုအများစုအတွက် သတင်းကောင်းပင်။ ရုံးတော်က လက်မှုပညာရှင်များကို ခေါ်ယူနေသည့် သတင်းထက်ပင် အများကြီး ဆွဲဆောင်မှုရှိနေသည်။ ဒုတိယသတင်းက နေ့ခင်းဘက်တွင် အလုပ်လုပ်ဖို့ရန် လိုအပ်သည်။ သို့သော်ငြားလည်း အားလုံးက ထွန်ယက်စိုက်ပျိုးရန် ကိုယ်ပိုင်မြေယာများရှိသဖြင့် မိသားစုကြီးတစ်ခု မဟုတ်ခဲ့လျှင် မည်သူက ရုံးတော်အတွက် အလုပ်လုပ်ပေးရန် သူတို့၏လယ်ကွင်းကို ထားခဲ့နိုင်ပါမည်နည်း။ သို့သော်ငြားလည်း စာရေးကိရိယာဆိုင်များ၏ ကမ်းလှမ်းချက်ကတော့ ကွာခြားလှသည်။ မည်သူမဆို အသက်အရွယ် ကျားမ,မရွေး ဒီအလုပ်ကိုလုပ်ဖို့ လေ့လာနိုင်သည်။ သူတို့သည် နေ့ခင်းဘက်တွင် လယ်ယာလုပ်ငန်းကို လုပ်ကိုင်နိုင်ပြီး ညနေခင်းဘက်တွင်တော့ အိမ်တွင် ဝါးစာလိပ်များကို ပြုလုပ်နိုင်ကာ ကောင်းမွန်သည့် ဝင်ငွေတစ်ခုကို ရှာဖွေနိုင် သည်။

ရှန်းနဥ်ကလဲ ဝါးစာလိပ်နမူနာတစ်ချို့ကို ယူပြန်လာခဲ့သည်။ ဒါက အဆင်ပြေသည်ဟု ချန်းယိုထျန်းက အတည်ပြုပေးလိုက်ပြီးနောက်တွင် လူအုပ်ကြီးက ဝါးခုတ်ဖို့ရန် တောင်ပေါ်သို့ ဦးတည်သွားကြတော့ သည်။ ရှန်းကျင့်နှင့်ရှန်းယင်တို့ကပင် လိုက်ပါသွားကြသေးသည်။ သူတို့သည် မည်မျှရှာခဲ့သည်ဖြစ်စေ ဒါသည် ငွေပမာဏ ဖြစ်နေသေးသည်ပဲ။

စန်းလော့က မျက်မှောင်ကြုတ်လိုက်၏။ "မြို့ထဲက စာရေးကိရိယာဆိုင်တွေကလဲ စက္ကူတွေ ကုန်သွားပြီတဲ့လား"

ရှန်းနဥ်က ခေါင်းငြိမ့်ပြလိုက်သည်။ "ဟုတ်တယ် ဒါပေမဲ့ နည်းနည်းလေးပဲ ကျန်တော့တာ ထင်တယ်၊ ဆိုင်ရှင် ပြောစကားအရဆိုရင် စက္ကူတွေက နောက်ထပ်အသစ်တွေ မရောက်နိုင်တော့ဘူးတဲ့၊ ကျန်နေတဲ့စက္ကူတွေကလဲ အခု အရမ်းကို တန်ဖိုးရှိသွားပြီလေ၊ ဒါက သာမန်လူတွေအတွက် အရမ်းစျေးကြီးသွားပြီပေါ့"

အမှန်ပင် အလွန်မှ စျေးကြီးလေသည်။ ဝါးချောင်း ၁၀ချောင်းလျှင် ၃ဝမ်ပေးရသည်တွင် စာလိပ်ကြီးတစ်ခုဆိုလျှင် မည်မျှရောင်းရပါမည်နည်း။ ဒီလိုရှားပါးသည့် ခေတ်ကာလအချိန်တွင် စက္ကူမပြောနှင့် ဝါးစာလိပ်များကိုပင် အနည်းအကျဥ်းလောက်သာ တတ်နိုင်လေသည်။

အကယ်၍ စက္ကူမရှိခဲ့လျှင် အစိုးရ သို့မဟုတ် ပညာသင်သားများအတွက် စာရေးသားဖို့ရန် လုံလောက်သည့် ပစ္စည်းအတွက် တောင်ပေါ်သို့တက်ကာ ဝါးများခုတ်ပြီး ဝါးစာလိပ်များကို ပြုလုပ်ရမည်ဖြစ်ကာ အချိန်ကုန်ပြီး လက်ဝင်သည့်လုပ်ငန်းစဥ်တစ်ခုဖြစ်သည့်အပြင် ဒီအတွက်ပင် အခကြေးငွေပင် ပေးဖို့လိုလေသည်။

ဝါးများက စက္ကူထက်ပိုပြီး စျေးသက်သာသတဲ့လား။

တကယ်လို့များ တစ်ယောက်ယောက်က ခုတ်ထားတဲ့ဝါးကိုခွဲ၊ အချောသပ်၊ ရေနွေးပြုတ်ပြီး၊ အခြောက်လှန်းဖို့ ကိုယ်တိုင် ကြီးမားတဲ့ အားစိုက်ထုတ်မှုတွေ မလုပ်ဘူးဆိုရင် ဝါးစာလိပ်ကို ဝယ်ရတာကလဲ စျေးပေါမှာ မဟုတ်ဘူး။ အရွယ်အစား ပေါ်မူတည်ပြီးတော့ ဝါးချောင်း အချောင်း၅၀ပါတဲ့တစ်လိပ်က ကုန်သည်တစ်ယောက်ဆီကနေ ဝယ်ယူတဲ့အခါကြရင် ၁၅ဝမ်လောက် ကုန်ကျနိုင်တယ်။ ဒါပေမဲ့ ဒီဝါးစာလိပ်က ပညာသင်တစ်ယောက်ရဲ့ လက်ထဲရောက်သွားတဲ့အချိန်မှာတော့ ဒါက အနည်းဆုံး သူတို့အတွက် ၂၅ဝမ်ကနေ ဝမ်၃၀အထိ ကျသွားနိုင်တယ်။

ဝါးချောင်းတစ်ချောင်းမှာ စာလုံးရေဘယ်လောက်များ ဆန့်မှာမလို့လဲ။ စာလုံးရေ ၂၀ဆိုရင်ပုံမှန်ပဲ။ လှပသေသပ်ဆုံး လက်ရေးလက်သားနဲ့ဆို အလုံး၄၀လောက် ပြည့်သိပ်ကြပ်ညှပ်ပြီးတော့ ရေးနိုင်တယ်။ ဝါးစာလိပ်တစ်လိပ်က စာလုံးရေတစ်ထောင်ကနေ နှစ်ထောင်အထိ အကြမ်းဖျဥ်းပဲ ရေးလို့ရတယ်။ ဒါတောင် မှင်နဲ့စုတ်တံအတွက် မပါသေးဘူး။ ဝါးချောင်းလေးတွေအတွက်နဲ့တင် လူတစ်ယောက်က ၂၅ဝမ်ကနေ ဝမ်၃၀အထိ သုံးရလိမ့်မယ်။

ဒါက အရင်တုန်းက စက္ကူကိုသုံးတာထက် အများကြီးပိုပြီး စျေးကြီးနေတာပဲ။

တစ်ဖက်တွင်တော့ ရှေးခေတ်အခါက ပညာသင်များကို မွေးထုတ်ဖို့ရန် အလွန်မှခက်ခဲရသည့် အကြောင်းအရင်းကို စန်းလော့တစ်ယောက် နားလည်သွားတော့သည်။ တစ်ခြားဖက်တွင်တော့ သူမသည် တရုတ်စာပေများ၏ စာသားများက အလွန်မှသိုသိပ်ကာ လိုရင်းတိုရှင်း ဖြစ်နေရသည့် အကြောင်းအရင်းကို နောက်ဆုံးတော့ သဘောပေါက်သွားသည်။ တစ်ခြားနယ်ပယ်များကို နှိုက်နှိုက်ချွတ်ချွတ်မသိလျှင်ပင် စက္ကူသို့မဟုတ် ဝါးစာလိပ်များကို ရရှိဖို့ရန်ခက်ခဲသည်ကို စဥ်းစားကြည့်လိုက်သည်နှင့် ကျစ်လစ်ပြီး လိုရင်းတိုရှင်းဖြစ်ခြင်းက လိုအပ်ချက်တစ်ခု ဖြစ်နေသည်မှာ ရှင်းလင်းလေသည်။

စက္ကူသည် မူလက တိုးတက်နေသည့် ခြေလှမ်းတစ်ခုဖြစ်သည်။ သို့သော်ငြားလည်း ယခုတော့ လက်ရှိသချီ၏ အခြေအနေက စက္ကူအသုံးပြုခြင်းတွင် ဆုတ်ယုတ်နေဟန်တူသည်။

ရှန်းနဥ်နှင့် အတူလိုက်လာသည့် ရွှီဝမ်ယင်းကလဲ စိုးရိမ်ကာ မျက်ခုံးကျုံ့ထားလေသည်။

"အစ်မအားလော့ စက္ကူထုတ်တဲ့လူတွေ အားလုံးကလေ စစ်ပွဲမှာ သေသွားကြပြီလို့ထင်လား၊ အဲလိုမှမဟုတ်ဘူးဆိုရင် သူတို့တွေက စက္ကူကို ဒီလောက်အကြာကြီး မထုတ်နိုင်ဘူးဆိုတာက အဓိပ္ပါယ် မရှိဘူးလေ၊ ဘယ်သူက ငွေမလိုချင်လို့လဲ"

စန်းလော့လဲ အတိုင်းအတာတစ်ခုအထိ စိတ်ပျံ့လွင့်သွားလေသည်။ "ဖြစ်နိုင်တာကတော့"

သို့သော်ငြားလည်း သူမသည် သူမကိုယ်တိုင်၏ စကားလုံးကို သိပ်ပြီးတော့ မယုံကြည်ချေ။ သချီမှာ စာရွက်လုပ်နိုင်တဲ့မိသားစုက တစ်စုတည်းရှိတာတော့ မဟုတ်ဘူးလေ။ ဟုတ်တယ်မလား။

ညနေခင်းတွင် လျှော်နှင့်ဆင်တူအောင် ပုံမှန်ရေလောင်းပြီး နေပူအခြောက်လှန်းထားသည့် သစ်ခေါက်များကို စုဆောင်းပြီး စန်းလော့သည် ထိုသစ်ခေါက်များကို ငေးကြည့်ရင်း အတွေးနစ်နေတော့သည်။

ရှန်းလီနှင့် ရှန်းအန်းတို့ကလဲ ဒီနေ့ ရုံးတော်က အသိပေးစာများကို မြင်ခဲ့သည်။ ကျောင်းဆင်းပြီး ရွာသို့ပြန်ရောက်လာချိန်တွင် အိမ်ထောင်စုတိုင်းက ဝါးချောင်းများကို ခွဲခြမ်းနေကြသည်ကို မြင်လိုက်သဖြင့် စာရေးကိရိယာဆိုင်က ဝါးစာလိပ်များကို စုစည်းနေသည်ကို သိလိုက်ရသည်။

စန်းလော့က သစ်ခေါက်ကို စူးစိုက်ပြီး ကြည့်နေသည်ကို သတိထားမိလိုက်သဖြင့် ရှန်းလီက တီးတိုးပြောလိုက်လေသည်။ "စက္ကူလုပ်ဖို့ စဥ်းစားနေတာလား"

စန်းလော့က ချက်ချင်း ပြန်မဖြေလိုက်ချေ။ ခဏကြာပြီးနောက်တွင် သူမက ခေါင်းခါပြလိုက်၏။ "စက္ကူနဲ့ ထယ်က မတူတဲ့အကြောင်းအရာနှစ်ခုလေ"

ဒီတော့ တကယ်လို့များ ငါက အခုချိန်မှာ စာရွက်တွေကို လုပ်ခဲ့မယ်ဆိုရင်ရော။ သချီက စက္ကူတွေ ပြတ်လပ်နေတဲ့အချိန်မှာ ငါက ဒီစာရွက်တွေကို ကိုယ့်ဟာကိုယ်အတွက် အသုံးပြုနိုင်ပြီး ပြဿနာမရှိဘဲ တစ်ချို့ကိုတော့ သိုသိုသိပ်သိပ် ရောင်းချလို့ရတယ်။ ဒါပေမဲ့ အခုကျတော့ စက္ကူက အကြီးအကျယ် ပြတ်လပ်နေတာဆိုတော့ အစိုးရရုံးတော်ကတောင် ဝါးစာလိပ်တွေ အသုံးပြုဖို့ ပြန်လုပ်နေရပြီ။ တကယ်လို့ ငါက စက္ကူထုတ်တာကို တကယ်ပဲ လုပ်နိုင်ခဲ့မယ်ဆိုရင် အလွယ်တကူ တိုက်ခိုက်ခံရတဲ့ ပစ်မှတ်တစ်ခု ဖြစ်လာလိမ့်မယ်။

ဘေးတွင် မည်သူမှမရှိသဖြင့် ရှန်းလီက စန်းလော့၏လက်ကို ကိုင်လိုက်ကာ တိုးတိုးလေးပြောလိုက်လေသည်။ "ဘာကိုမှ အလျင်မလိုပါနဲ့၊ သချီမှာ စာရွက်လုပ်နည်းကို ကိုင်ထားတဲ့လူက ဘယ်သူလဲဆိုတာ ကိုယ်တို့ မသိသေးဘူးလေ၊ ပြီးတော့ စာရွက်ဘာကြောင့် ပြတ်လပ်နေရသလဲဆိုတာလဲ မသိသေးဘူး၊ မဆင်မခြင်မလုပ်မိတာက အကောင်းဆုံးပဲ၊ အခွင့်အရေးရရင် သတင်းတွေထပ်ပြီးတော့ စုဆောင်းလိုက်ပါအုံးမယ်"

"ကျွန်မ သိပါတယ်"

သူတို့မိသားစုသည် သည်နေ့တွင် ပေါများကြွယ်ဝမှုကို ခံစားရနိုင်သော်ငြားလည်း တော်ဝင်အမိန့်တော်နှင့် သူတို့၏နာမည်ပေါ်တွင် ကျောက်စာတိုင်များလဲ ပိုင်ဆိုင်ထားသည်ဖြစ်လေရာ သူတို့သည် အင်အားကြီးသည့် တစ်စုံတစ်ယောက်ကို အမှတ်တမဲ့ စည်းကျော်မိသွားပြီး ဒါက ထိုသူများအတွက် သူတို့ကို ချေမွလိုက်မည့် အခွင့်အရေးပေးမိသည့် အခိုက်အတန့် ဖြစ်လာလိမ့်ပေမည်။

စန်းလော့သည် သူမ၏နှလုံးသားထဲက သောကရောက်ရသည့် သည်ခံစားချက်သည် သူတို့ခေတ်ကာလ၏ ကြမ်းတမ်းသည့် လက်တွေ့အကြောင်းအရာမှ ဖြစ်လာသည်ကို သူမက အထူးတလည် သတိထားမိသည်။ အာဏာမရှိ၊ သြဇာမရှိလျှင် လူတစ်ယောက်သည် ရေပေါ်တွင်မျောနေသည့် ဘဲစာပင်လေးတစ်ပင်လို တည်းတည်းလေးမျှသာရှိနေကာ အရိုးရှင်းဆုံး စိတ်ဆန္ဒကိုပင် ဖြည့်ဆည်းဖို့ရန် ခက်ခဲပေသည်။ သူတို့သည် အစောပိုင်းက ထယ်သွားကို ဆက်သခဲ့သည့်အချိန်ကို ပြန်စဥ်းစားမိလိုက်သည်တွင် ရှန်းလီက ထိုနေ့ညနေခင်းတွင် ပစ္စည်းကိုသွားပို့ဖို့ ငြင်းဆန်ခဲ့ပြီး ထိုအစား ရွာထဲသို့ တစ်ပတ်လျှောက်ခဲ့ပြီးနောက်မှ နောက်ဆုံးတွင် တစ်ရွာလုံးကို စုစည်းပြီး နောက်တစ်နေ့မှ ထယ်ကို စုပေါင်းကာ ခမ်းခမ်းနားနား ဆက်သခဲ့သည့်အကြောင်းကို ပြန်စဥ်းစားမိသည်။ ဒါသည် တွက်ချက်ထားသည့် လှုပ်ရှားမှုတစ်ခု ဖြစ်ကောင်းဖြစ်နိုင်သည်ဟု သူမ ထင်မိသည်။ တစ်ချို့သော ထုတ်မပြောထားသည့် စိုးရိမ်စိတ်များကို သူက သတိထားခဲ့ဟန်တူသည်။

ရဲမက်များအကြားတွင်ပင် အောင်မြင်မှုအတွက် အကျိုးဆောင်သည်ဟု ကြေငြာပြီး အပြစ်မဲ့သည့် ပြည်သူပြည်သားများကို သတ်ဖြတ်သည့်သူများပင် ရှိသေးသည်။ ဟိုတုန်းက သူတို့သည် ပြည်နယ်အုပ်ချုပ်ရေးမှူးကျန့်၏ လက်ဆောင်စာအုပ်များကို လက်ခံရရှိခဲ့သော်လည်း သူတို့၏ အမှန်တကယ် အပြန်အလှန်ဆက်ဆံရေးက အကန့်အသတ်နှင့်သာပင်။ သူတို့သည် မည်သို့ အပြန်အလှန် အမှန်တကယ် နားလည်နိုင်ပါမည်နည်း။ ထယ်ကို ဆက်သခြင်းလို အကျိုးကျေးဇူးဖြစ်ထွန်းသည့် တစ်စုံတစ်ခုကပင် ရှန်းလီ၏ သံသယစိတ်များကို ကိန်းအောင်းလာအောင် လုပ်နိုင်သည်ဆိုလျှင် စက္ကူလုပ်ခြင်းဆိုလျှင် မည်မျှပိုပြီး စိုးရိမ်နေပါမည်နည်း။

"ဟုတ်ပြီလေ၊ အခုလောလောဆယ်တော့ ဒီကိစ္စကို စိတ်ထဲမထားသေးပါနဲ့အုံး၊ ပိုပြီးတော့ သေချာလေး ရှင်းရှင်းလင်းလင်း နားလည်လာတဲ့အထိတော့ ဘာမှမသိသလိုဘဲ နေလိုက်ပါ"

ရှန်းလီက စန်းလော့၏ နဖူးပေါ်ကဆံစများကို အသာအယာ ဆွဲသပ်ပေးလိုက်ပြီး ပြုံးလိုက်လေသည်။ " အခုလောလောဆယ် မင်းက စိုးရိမ်တာတွေ လျှော့သင့်တယ်လေ၊ အဲလိုမှ မဟုတ်ဘူးဆိုရင် ကိုယ်တို့ကလေးက ဒီလိုပုံစံဖြစ်လာမှာ စိုးရတယ်"

စန်းလော့က ရှန်းလီ၏လက်ကို လှမ်းဆွဲလိုက်ကာ တခစ်ခစ် ရယ်မောလိုက်သည်။ "ဒါက ရှင်လူတွေကို ကျီစယ်တဲ့ပုံစံလား"

မည်သို့ဆိုစေ သူ၏ ကို့ရိုးကားယားပုံစံများက သူမ၏စိတ်ထဲတွင် အစောပိုင်းက တင်ကျန်ရစ်ပြီး ခံစားနေရသည့် မသက်မသာစိတ်ကို ပယ်ဖျောက်သွားစေလေသည်။

ခြင်းထဲသို့ သစ်ခေါက်များကို ထည့်လိုက်ပြီးနောက်တွင် သူမက ထိုအကြောင်းအရာကို ခဏလောက် ဖယ်ထားလိုက်ပြီး သူတို့၏ အိမ်ကို ပြန်လည်ဆောက်လုပ်ဖို့အတွက် ခင်ပွန်းဖြစ်သူနှင့် စတင်တိုင် ပင်လိုက်သည်။ - လက်ရှိတွင် အရေးကြီးကိစ္စတစ်ခုပင်။ ဥယျာဥ်တစ်ခုနှင့် အိမ်တစ်လုံးအတွက် လိုအပ်သည့်မြေများက အများအပြားရှိသည့်အပြင် အသုံးစရိတ်ကလဲ ပိုပြီးလုံလောက်လာသည်။ သူတို့သည် သူတို့၏အစောပိုင်း အစီအစဥ်ကို ပြင်ဆင်ဖို့ရန် လိုအပ်လေသည်။

သူတို့သည် အစီအစဥ်ကို အကြမ်းဖျဥ်း သဘောတူလိုက်ပြီးသည်နှင့် သူတို့က မီးအိမ်တစ်ခုကို ထွန်းလိုက်သည်။ တစ်ယောက်ကတော့ စာဖတ်လိုက်ပြီး ကျန်တစ်ယောက်ကတော့ အလွယ်တကူ ပြင်လိုက်ဖျက်လိုက် လုပ်လို့ရသည့် သဲဗန်းလေးတစ်ခုကိုသုံးကာ အခြေခံ အခန်းဖွဲ့စည်းပုံတစ်ခုကို ဆွဲလိုက်သည်။ နှစ်ယောက်စလုံးက ညဥ်နက်သည်အထိ သူတို့၏အလုပ်များထဲတွင် စိတ်နှစ်ထားလိုက်ကြပြီး ဟိုင်အချိန်ရောက်မှသာ အိပ်ယာထဲဝင်ကာ အနားယူကြတော့သည်။

နောက်တစ်နေ့မနက်ခင်း စန်းလော့နိုးလာသည့်အချိန်၌ သူမဘေးက အိပ်ယာသည် လွတ်နေလေသည်။ သူမက မျက်နှာသစ်အဝတ်အစားလဲပြီး ထွက်လာချိန်တွင် ရှန်းလီသည် ဝါးလုံးနှစ်လုံးဖြင့် ပြန်လာသည်ကို မြင်လိုက်ရ၏။ ဝါးလုံးများကို အိမ်နှင့်ဝေးရာတွင် ချထားလိုက်ပြီးနောက်တွင် သူသည် လက်ဆေးဖို့ရန် ရောက်လာပြီး စန်းလော့ကို ပြောလိုက်၏။ "ဒီနေ့ကစပြီး ရှောင်အန်းနဲ့ကိုယ်က ကျောင်းမှာသုံးဖို့အတွက် ဝါးစာလိပ်တစ်ချို့ကို လုပ်ရမယ်၊ အိမ်က ပိုနေတဲ့စက္ကူတွေကိုတော့ မင်းသုံးဖို့အတွက် ချန်ထားလိုက်မယ်၊ ဒါက အိမ်ပုံစံဆွဲဖို့အတွက် ပိုပြီးတော့ အဆင်ပြေလိမ့်မယ်လေ"

စန်းလော့သည် မကြာခဏဆိုသလို ပုံများကိုဆွဲသားတတ်သည်။ အိမ်အသစ်ကို ဆောက်လုပ်တော့မည်ဖြစ်ရာ သူမသည် ဆွဲသားစရာ ပုံစံအများအပြားကို လိုအပ်ပေသည်။ ဝါးစာလိပ်များက စက္ကူတစ်ခုလို လုံးဝအဆင်ပြေလိမ့်မည် မဟုတ်ချေ။

သူမက ညီအစ်ကိုနှစ်ယောက်၏ စာလေ့လာခြင်းကို အနှောက်အယှက်ဖြစ်မှာကို မစိုးရိမ်နေတော့ဘဲ ခေါင်းငြိမ့်ပြလိုက်၏။ စာဖတ်နေစဥ်မှာပင် ရှန်းလီနှင့် ရှန်းအန်းတို့က သူမနှင့်ရှန်းနဥ်တို့ကို လေးလံသည့် အိမ်မှုကိစ္စများကို တခါမှ မခိုင်းခဲ့ချေ။ ညီအစ်ကိုနှစ်ယောက်သည် စာရွတ်ရင်းက ထင်းခုတ်နိုင်ကြသည်။

ညီအစ်ကိုနှစ်ယောက်က ကျောင်းသွားလိုက်ချိန်တွင် စန်းလော့၏အတွေးများသည် သူတို့၏အနာဂတ် အိမ်သစ်လေးပေါ်တွင် လုံးဝအာရုံစိုက်ထားလေသည်။ သူမသည် နေ့တစ်နေ့၏ အချိန်အများစုကို ပုံစံစာရွက်များ ဆွဲသားခြင်းဖြင့်သာ အချိန်ကုန်နေပြီး ရှန်းလီက ညနေခင်းအိမ်ပြန်လာချိန်တွင် သူက စုဆောင်းထားသည့် သတင်းများကို ယူပြန်လာခဲ့သည်။

"စက္ကူပြတ်လပ်တဲ့ကိစ္စနဲ့ပတ်သတ်ပြီး ဝမ်သခင်ကြီး၆ကို မေးခဲ့သေးတယ်၊ စက္ကူထုတ်တာကို အထက်တန်းစား မိသားစုတွေက အမြဲတမ်း ထိန်းချုပ်ထားတာ သိသာတယ်၊ ဒါပေမဲ့လည်း အခုချိန်မှာ ဘာလို့ ဒီလောက်ရှားပါးနေလဲဆိုတာတော့ သူလဲ မသိဘူးလို့ပြောတယ်"

ဝမ်သခင်ကြီး၆မှာ ဝမ်ယွင်ကျန့်၏ ဦးလေး၆ဖြစ်လေသည်။ ပြည်နယ်ကျောင်းက ဝမ်ယွင်ကျန့်နှင့် အဆက်အသွယ်ရှိသည့် ဝမ်မိသားစု၏ တစ်ဦးတည်းသောမိသားစုဝင်ပင်။

ဒါသည် အမှန်ပင်။ အထက်တန်းစားမိသားစုတစ်ခုက ဖြစ်နေသည်ကို ကြားလိုက်ရသည်တွင် စန်းလော့က ခေါင်းခါပြလိုက်ပြီး ထိုအကြောင်းကို စိတ်ထဲထား မနေတော့ချေ။ သူမက သူမ၏စားပွဲပေါ်က အလုပ်များကို နောက်ထပ်နှစ်ရက်လောက် ဆက်ပြီးလုပ်လိုက်ပြီး နောက်ဆုံးတော့ အိမ်ပုံစံအပြည့်ကို ဆွဲသားပြီးစီးသွားတော့သည်။

ရှန်းနဥ်သည် သူမ၏ယောင်းမက ပြီးခဲ့သည့်ရက် ပိုင်းအတွင်းတွင် ဘာနှင့်အလုပ်များနေသည်ကို ကောင်းကောင်းသိနေသည်။ နောက်ဆုံးထွက်လာသည့်ပုံကြမ်းကို မြင်လိုက်ရသည်တွင် သူမက အနားသို့ကပ်လာကာ တစ်ချက်လောက်ကြည့်လိုက်၏။ တစ်ခါလောက် လှမ်းကြည့်ပြီးလိုက်နောက်တွင် သူမသည် အေးခဲသွားတော့သည်။ "ယောင်းမ ညီမလေးတို့တွေက ခြံဝန်းလေးခု ဆောက်မှာလား"

သူမသည် ပုံကို အကြည့်မှား လိုက်လေသလားဟု သံသယဖြစ်သွားလေသည်။

သို့သော်ငြားလည်း ပုံကအမှန်ပင် အလွန်မှ ရှင်းလင်းလေသည်။ - ခြံဝန်းလေးခုပုံစံကို သေသေချာချာ ဖော်ပြထားသည်။ စန်းလော့က ခေါင်းငြိမ့်ပြလိုက်ပြီး ပုံကိုထောက်ပြလိုက်၏။ "အရှေ့တောင်ထောင့်မှာ အဓိက ဝင်ပေါက်ထားမယ်၊ ဒီနေရာကနေ ဝင်လာရင် ပထမခြံဝန်းကိုရောက်မယ်၊ မျက်နှာချင်းဆိုင်တည့်တည့်မှာ အကွက်ဖော်ထားတဲ့ တံတိုင်းတစ်ခုရှိမယ်၊ သူ့ဘေးမှာတော့ မီးဖိုချောင်ထားမယ်၊ ဘယ်ဘက်မှာက ဒုတိယဝင်ပေါက်၊ ဒီဒုတိယဝင်ပေါက်က ပင်မခြံဝန်းဆီကို ရောက်သွားမယ်၊ အရှေ့နဲ့အနောက်ဘက်က အခန်းတွေရဲ့ နောက်မှာလဲ နောက်ထပ်ခြံဝန်းတွေ ရှိသေးတယ်၊ အနောက်ဘက်အခန်းရဲ့ ကျောဘက်က ခြံဝန်းထဲမှာ တောင်ဘက်ခြမ်းမှာရှိတဲ့အခန်းကို တော်ဝင်အမိန့်တော်တွေ သိမ်းထားဖို့နေရာလုပ်မယ်၊ ဘေးမှာ အနောက်ဘက်ခြမ်းကို လမ်းဖောက်ထားပြီး ဒါက ငါတို့ရဲ့အကြီးဆုံးခြံဝန်းပဲ"

ဒီစကားကို ကြားလိုက်သည်တွင် ရှန်းနဥ်က နားလည်သွားတော့သည်။ "ဒီတော့ အလုပ်ရုံကို ဒီနေရာမှာထားမှာပေါ့"

စန်းလော့က ပြုံးကာခေါင်းငြိမ့်ပြသည်။ "လျှိုဝှက်ပြီး လုပ်ရမဲ့အရာမှန်သမျှကို ဒီခြံဝန်းထဲမှာပဲ လုပ်ကြမယ်"

ခြံဝန်းများ၏ဖွဲ့စည်းပုံကို သဘောပေါက်သွားသည်တွင် ရှန်းနဥ်သည် ဘေးအခန်းက အခန်းဖွဲ့စည်းပုံ စာရွက်ကို လှန်ကြည့်လိုက်ပြီး အခန်းအရေအတွက်ကို ရေတွက်လိုက်သည်။ သူမက တအံ့တသြ ဖြစ်သွား၏။ "ယောင်းမ အခန်းက ၂၂ခန်းတောင်ရှိတာလား၊ ညီမတို့ အားလုံးအတွက် နေရာတွေလုံလောက်နေပြီမလား"

ထို့နောက်တွင်တော့ သူမက တစ်ခုခုကို သဘောပေါက်သွားကာ တခစ်ခစ် ရယ်မောလေသည်။ "ဟုတ်သားပဲ နောက်ဆိုရင် ညီမလေးတို့မှာ တူလေး တူမလေးတွေ ရှိလာအုံးမှာပဲ"

သူမသည် ပြောရင်းဆိုရင်း သူမယောင်းမ၏ ဝမ်းဗိုက်ကို လှမ်းကြည့်လိုက်ကာ တစ်ယောက်တည်း ရယ်မောလိုက်လေသည်။

"စန်းလော့ကလဲ ရယ်မောလိုက်၏။ "တကယ်တမ်းတော့ ငါတို့တွေ အခန်းအများကြီး လိုအပ်တာက ကလေးတွေကြောင့် မဟုတ်ပါဘူး၊ လူတွေကတော့ အဓိကအားဖြင့် အရှေ့ဘက်နဲ့ အနောက်ဘက်အခန်းတွေမှာပဲ နေကြမှာလေ၊ နောက်ပြီးတော့ ပင်မအဆောင်မှာလဲ နေကြမယ်၊ ဧည့်သည်တွေကို လက်ခံတွေ့ဆုံတဲ့အခန်း၊ နားနေခန်းနဲ့ သီးသန့်စာကြည့်ခန်း သုံးခန်းရှိတယ်၊ တစ်ယောက်ချင်းစီက ကိုယ်ပိုင်အခန်းလေး တစ်ခန်းရမယ်၊ တစ်ခြားခြံဝန်းထဲက အဆောက်အအုံတွေ အတွက်တော့ တစ်ချို့တွေကို သိုလှောင်ခန်း ဒါမှမဟုတ် တော်ဝင်အမိန့်တော်တွေအတွက် သီးသန့်ထားတဲ့အခန်း လုပ်ရမယ်၊ မြောက်ဘက်ခြံဝန်းထဲက အဆောက်အအုံတွေကိုတော့ အလုပ်ရုံတွေနဲ့ ပစ္စည်းတွေ သိမ်းဆည်းတဲ့နေရာလုပ်မယ်၊ အဲဒီ့နေရာမှာ နောက်ဆိုရင် ငါတို့တွေက ယမကာလုပ်တာ၊ ဒါမှမဟုတ် တစ်ခြား စားသောက်ကုန်ပစ္စည်းတွေကို လုပ်မယ်၊ ဒါတွေအားလုံးက လက်တွေ့ အသုံးဝင်လာလိမ့်မယ်"

လက်တွေ့တွင်တော့ အကြီးမားဆုံးနေရာမှာ အနောက်ဘက်ခြံဝန်းနှင့် အလုပ်ရုံအတွက် သိုလှောင်ထားသည့် အဆောက်အအုံများ ဖြစ်လေသည်။ အထူးသဖြင့် ခြံဝန်းသည် အခြောက်ခံဖို့ရန် ရည်ရွယ်ထားပြီး ဒါကို စက္ကူ သို့မဟုတ် အစားအသောက် ထုတ်ကုန်များလုပ်ရန် ရည်ရွယ်ထားလေသည်။ ထိုအရာထဲက ဘယ်တစ်ခုကမှ သေသေချာချာ အခြောက်မခံဘဲ လုပ်လို့မရချေ။ ထိုခြံဝန်းကို လုံခြုံရေးအကြောင်းပြချက်ဖြင့် မြင့်မားသည့်တံတိုင်းများဖြင့် ကာရံထားရမည်။

သမီးယောင်းမနှစ်ယောက်က စကားစမြည် ပြောနေကြစဥ်တွင် ပြည်နယ်အုပ်ချုပ်ရေးမှူးအိမ်တော်က တစ်စုံတစ်ယောက်က ရောက်လာသည်။ ရှေ့တစ်ရက်က ရှန်းမိသားစုဆီသို့ ဖန်သခင်မနှင့်အတူ အဖော်လိုက်လာသည့် ဖန်သခင်မဘေးက အပျိုရံဖြစ်လေသည်။ သူမသည် ဒီနေရာနှင့်ရင်းနှီးနေသဖြင့် လမ်းအတိုင်း ဝင်ရောက်လာပြီး အခန်းအပြင်ဘက်မှ စန်းသခင်မဟု လှမ်းခေါ်လေသည်။

စန်းလော့သည် အပြင်ထွက်လာချိန်တွင် အစေခံမလေးက ဦးညွှတ်နှုတ်ဆက်လိုက်ပြီး အပြုံးတစ်ခုဖြင့် ပြောလိုက်၏။ "ကျွန်မတို့သခင်မက ရှင့်ကို သတင်းစကားတစ်ခု ပါးခိုင်းလိုက်လို့ပါ၊ မြို့တော်ထဲမှာ ရောင်းချဖို့အတွက် ပိုင်ရှင်မရှိသေးတဲ့ ဆိုင်ခန်းတွေ ရှိတယ်လို့ပြောတယ်၊ သခင်မက ရှင် ဒါကို စိတ်ဝင်စားမလားလို့ မေးခိုင်းလိုက်လို့ပါ"

"ဆိုင်ခန်းတွေ ဟုတ်လား"

လိုချင်တာပေါ့။

သူမသည် ချန်းမိသားစုနှင့် လက်တွဲလုပ်ဖို့ရန် ပြင်ဆင်နေသည့်အပြင် သူမ၏ယမကာ၊ စွန်ပလွန်သီးမုန့်၊ ပျားရည်တို့ကိုလဲ ဆိုင်ပေါ်တွင် ရောင်းချရန်လိုအပ်သည်။ တစ်ခြားသူများကို ထောက်ပံ့ပေးခြင်းက သူမ၏ ကိုယ်ပိုင်ဆိုင်လေးတစ်ခု ရှိထားခြင်းလောက် အကျိုးအမြတ်များပြီး ပိုပြီးအဆင်ပြေလိမ့်မည် မဟုတ်ချေ။

စန်းလော့၏မျက်လုံးများက လင်းလက်သွား၏။ "ဒီဆိုင်တွေက ဘယ်နားမှာရှိတာလဲ၊ စျေးကြီးလား"

"ဆိုင်တွေအားလုံးကတော့ မြို့ထဲမှာပါ၊ အဲဒီ့ဆိုင်တွေကို စစ်ပွဲကာလတုန်းက စွန့်ပစ်ထားခဲ့တာလေ၊ အခု ရုံးတော်က ဒါကို ပြန်သိမ်းယူထားတာ၊ အာဏာပိုင်တွေက စီရင်စီတစ်ခုချင်းစီမှာ ခွင့်ပြုပေးထားပြီး ဒါတွေကို ရောင်းချခွင့် ပေးထားတယ်၊ စျေးနှုန်းအနေနဲ့ကတော့ နေရာနဲ့ အရွယ်အစား ပေါ်မူတည်ပါတယ်၊ ကျွန်မလဲ အသေးစိတ်ကိုတော့ မသိပါဘူး၊ ဒါပေမဲ့ ကျွန်မရဲ့သခင်မက တကယ်လို့ ရှင်သာ စိတ်ဝင်စားမယ်ဆိုရင် ပြည်နယ်အုပ်ချုပ်ရေးမှူးအိမ်တော်ကို ဆိုင်တွေ ရောင်းမထွက်ခင် အရင်ဆုံးလာလည်ဖို့ ပြောထားပါတယ်၊ ရှင်လဲ အရင်ရွေးချယ်လို့ရတာပေါ့"

စန်းလော့သည် ဒီလိုကောင်းမွန်သည့်အခွင့်အရေးကို မည်သို့ လက်လွတ်နိုင်ပါမည်နည်း။ ရှန်းနဥ်၏ မျက်လုံးများကပင် ထိုစကားကို ကြားလိုက်သည်တွင် တောက်ပသွားတော့သည်။ စန်းလော့က ရှန်းနဥ်ကို အိမ်တွင်နေခဲ့ဖို့ပြောလိုက်ပြီး သူမကတော့ မြန်မြန်ဆန်ဆန် သပ်သပ်ရပ်ရပ်လုပ်လိုက်ကာ အစေခံမလေးနှင့်အတူ ပြည်နယ်အုပ်ချုပ်ရေးမှူးအိမ်တော်သို့ ထွက်ခွာလာလိုက်သည်။

ပြည်နယ်အုပ်ချုပ်ရေးမှူးအိမ်တော်ထဲတွင် သခင်မဖန်သည် သူမ ရောက်အလာကို စိတ်အားထက်သန်စွာ စောင့်စားနေလေသည်။ သူမက ရုံးတော်ဝင်ပေါက်ဘေးသို့ ရောက်လာသည်နှင့်တပြိုင်နက် အစေခံတစ်ယောက်က ချက်ချင်း သတင်းလာပို့ပေးသည်။ စန်းလော့က ပန်းပွင့်ပုံဖော်ထားသည့် တံခါးလေးမှ ခြေလှမ်းလာရုံရှိသေးသည်။ ဖန်သခင်မက သူမကို နှုတ်ဆက်ဖို့ရန် သွက်သွက်လက်လက် ပေါ်လာပြီး သူမ၏လက်ကို ခင်မင်ရင်နှီးစွာဖမ်းဆွဲရင်း ပြုံးပြလေသည်။ "ရှင့်ကို အထဲရောက်မှ နှုတ်မဆက်မိတဲ့အတွက် တောင်းပန်ပါတယ်၊ ဧည့်သည်တော်ကြီး ကျေးဇူးပြုပြီးတော့ အထဲကိုကြွပါ"

ဖန်သခင်မသည် ပွင့်လင်းလွန်းသူဖြစ်လေသည်။ သူမသည် စန်းလော့၏အင်္ကျီကို ဆွဲထားချိန်တွင်ပင် ဘာသက်တောင့်သက်သာမဖြစ်သည့် ခံစားချက်မှမပြဘဲ ခင်မင်ရင်းနှီးမှုကိုသာ ထုတ်ပြထားလေသည်။ စန်းလော့က တခစ်ခစ် ရယ်မောလိုက်ကာ "ကျွန်မကို ကိုယ်တိုင် လာကြိုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ကျွန်မကလဲ အမြဲတမ်း လာလည်ချင်နေတာပါ၊ ဒါပေမဲ့ မိသားစုက အိမ်ဆောက်ဖို့ပြင်ဆင်နေတာနဲ့ အလုပ်များနေတာဆိုတော့ ကျွန်မလဲ အချိန်ပိုမရဘူးဖြစ်နေတယ်၊ သခင်မဖန်ကို ကျေးဇူးတင်ပါတယ်၊ ရှင့်ရဲ့ပျော်ရွှင်စရာကောင်းတဲ့ အခိုက်အတန့်လေးမှာ ကျွန်မကို စဥ်းစားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် "

"ရပါတယ် ရပါတယ်"

တစ်ယောက်ချင်းစီက အပြန်အလှန်၏မျက်လုံးထဲတွင် သဘောကျစိတ်များ တွေ့မြင်လိုက်ရပြီး အချိန်အခါသင့် စကားလုံးများက ပတ်ဝန်းကျင်ကို နွေးထွေးသွားစေကာ သူတို့သည် အချိန်အကြာကြီး ရင်းနှီးလာခဲ့သည့် မိတ်ဆွေများနှယ်ပင် ပြုံးကာဖြင့် ဖန်ဖေးညန်က စန်းလော့ကို ပန်းဥယျာဥ်ခန်းမထဲသို့ ခေါ်လာခဲ့သည်။ လမ်းတစ်လျှောက်တွင် သူတို့တွေ့ ဆုံခဲ့သည့် အစေခံအမျိုးသမီးကြီးများနှင့် အစေခံမလေးများက အပြုံးဖြင့် စန်းလော့ကို နှုတ်ဆက်ကြသည်။ သူတို့သည် ပန်းပွင့်ခန်းမထဲသို့ ရောက်လာပြီး နေရာယူလိုက်သည်နှင့်တပြိုင်နက် လက်ဖက်ရည်နှင့် အစားအသောက်များကို တည်ခင်းပေးပြီးသား ဖြစ်လေသည်။

...

All Chapters