အခန်း (၂၅၁-၂၅၂)
Vol. 26 Ch. 251-252
အပိုင်း (၂၅၁.၁) ဝက်သားခြောက်
သခင်ကြီးကျန်း၏မျက်နှာချေများသည် သူမ၏မျက်နှာပေါ်တွင် အစောင်းလိုက် ပေကျံသွားတော့သည်။
“နင် ဘာပြောလိုက်တာ”
“ကျွန်မတို့ရဲ့လီချီကိုလေ၊ မင်းကြီးချီးမြောက်ခံထားရတဲ့ သရှင်းရွာကတစ်ယောက်က အရှေ့ဈေးမှာ ဆိုင်တစ်ဆိုင် ဖွင့်ထားတယ်၊ သူက တစ်တုံးကို ၈ဝမ်နဲ့ ရောင်းနေတယ်”
ဘုတ်ခနဲအသံတစ်ချက်နှင့် သခင်မကြီးကျန်းက မျက်နှာချေဘူးကို ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်၏။
မျက်နှာချေများ ကွဲကြေသွားပါသည်တဲ့လား။ မဟုတ်ချေ။ သူမ၏ ကျန်းသခင်မဆိုသည့် မျက်နှာသည် မြေကြီးပေါ်တွင် ဖိချေခံလိုက်ရခြင်းပင်။
တဖန် စန်းလော့သည် ရှီကျိုး၏ အထက်တန်းစား မိသားစုများကြားတွင် နာမည်ကြီးလာပြန်တော့သည်။
သရှင်းရွာ၏ အထူးထုတ်ကုန်များ ဆိုင်တွင် ၅ရက်တစ်ခါ်မှ အနည်းအကျဉ်းသား ပေါ်လာတတ်သည့် ‘ပေါင်မုန့်နှင့် ကိတ်မုန့်’ဟု ခေါ်သည့် အချိုပွဲတစ်မျိုးကို အကန့်သတ်ဖြင့် ရောင်းချပေးလေသည်။ လုပ်ငန်းဖွင့်သည့် ပထမဆုံးရက်တွင် ထိုမုန့်များကို ဝယ်ယူနိုင်ခဲ့ကြသူများက ထိုမုန့်အကြောင်းကို မိုးထိတက်အောင် ချီးကျူးခဲ့ကြပြီး အရင်က တခါမှ မမြင်ခဲ့ကြဖူးသူများကတော့ ပုံဖော်ပြနေခြင်းကို နားထောင်ရုံနှင့်ပင် ကောင်းကင်ပေါ် လွှင့်တက်သွားသည့်နွားများလို ခံစားရစေတော့သည်။ အရသာကို မြည်းစမ်းခဲ့ဖူးသူများကတော့ ထိုမုန့်၏ အရသာနှင့်အလှအပကို ၁၀ပုံ၊ အပုံ၂၀ပင် ဖေါ်ပြဖို့ရန် မဖြစ်နိုင်ကြောင်း သိလိုက်ရ၏။
ဒုတိယအချက်မှာ ရှီကျိုးက အဆက်အသွယ်ကောင်းကောင်းရှိကြသည့် လက်ချိုးရေလို့ရသည့် အိမ်ထောင်စုအနည်းကြားတွင်သာ သိကြသည့် ကျန်းမိသားစု၏ သီးသန့်လီချီဟင်းလျာသည် အခုတော့ သရှင်းရွားက စန်းမိသားစု၏ အသစ်ဖွင့်လှစ်ထားသည့် လတ်လတ်ဆတ်ဆတ် ထုတ်ကုန်ဆိုင်းတွင် ရိုးရှင်းပြီး လိုက်ဖက်သည့်နာမည်တစ်ခုဖြစ်သည့် တို့ဟူး ဟူသည့်နာမည်ဖြင့် တစ်တုံးကို ၈ဝမ်ဖြင့် ရောင်းချပေးနေသည်။
တစ်တုံးမှ ၈ဝမ်။
စပါးဈေးသည် အရင်ကထက် အဆပေါင်းများစွာ ပိုမြင့်လာသည်ကို စဉ်းစားမိလျှင် သည်ပစ္စည်းသည် ဖရိုဖရဲမဖြစ်ခင်က မည်မျှ တန်ကြေးရှိပါမည်နည်း။ တစ်ဝမ်။ ၂ဝမ်လောက်သာ ဖြစ်လိမ့်မည်။
ကျန်းမိသားစုနှင့် ပဋိပက္ခဖြစ်ခဲ့သူကြများ၊ အထူးသဖြင့် အတိတ်က ကျန်းသခင်မကြီးနှင့် ကျန်းသခင်မလေးတို့၏ မောက်မာခြင်းကို ခံစားခဲ့ရသည့်အမျိုးသမီးများသည် သတင်းကို ကြားလိုက်ကြချိန်တွင် ပျော်ရွှင်ရသဖြင့် ကိုယ်ကို ကုန်းထားတော့မတတ် မျက်ရည်များထွက်သည်အထိ ရယ်မောကြတော့သည်။
အရေးအကြီးဆုံးအချက်မှာ ထိုဆိုင်သည် တစ်ရက်၊ နှစ်ရက်၊ သုံးရက် ကြာသည်အထိ ဆက်ဖွင့်နေပြီး ကျန်းမိသားစုထံမှ ဘာတုန့်ပြန်မှုမှ မခံရဘဲ ကောင်းစားနေခြင်းပင်။
တစ်မြို့လုံးက ထိုအကြောင်းကို သိကြသည်။ ကျန်းမိသားစုက ဒါကို မသိဘဲအဘယ်မှာ ရှိပါမည်နည်း။
ဒါသည် သည်အတိုင်း အရှက်ကွဲရခြင်း မဟုတ်ပါလား။
သချန်မင်းဆက်မှ သချီမင်းဆက်သို့ ရောက်လာသည်တွင် ရှီကျိုးက ကျန်းမိသားစု၏လွှမ်းမှုခေတ်သည် အဆုံးသတ်သို့ ရောက်လာဟန်တူသည်။
စန်းလော့မိသားစု၏ ဆိုင်များက အထူးသဖြင့် အထက်တန်းစား အသိုင်းအဝိုင်းများကြားတွင် နာမည်ကြီးလာလေသည်။ ပုံမှန်ဆိုလျှင် သီးသန့်နှင့် သိုသိုသိပ်သိပ်နေတတ်ကြသည့် သခင်မလေးများသည် သည်ရက်ပိုင်းအတွင် အပြင်သို့ထွက်လာကြကာ အရှေ့ဈေးဘက်သို့ လည်ပတ်နေကြသည်။ အရှေ့ဈေးသည် အလွန်မှ စည်ကားနေသဖြင့် သူတို့ကိုယ်တိုင်က တခြားဆိုင်ရှိရာ ပင်မလမ်းတစ်လျှောက် လမ်းလျှောက်ကြပြီး သူတို့၏အစေခံအမျိုးသမီးများကိုတော့ တို့ဟူးဝယ်ရန် တာဝန်ပေးထားလိုက်သည်။
ဟုတ်ပါသည်။ သတင်းကြီးနေသည့် ပေါင်မုန့်နှင့် ကိတ်မုန့်များကိုတော့ မဝယ်နိုင်ကြချေ။ ထို့အစား သူတို့သည် ပျားရည်တစ်ချို့နှင့် ယုန်သားနှပ်တို့ကို ဝယ်ကြသည်။
ပေါင်မုန့်နှင့် ကိတ်မုန့်ကို တခါမှ မစားခဲ့ဖူးသည့်သူများကတော့ သည်အတိုင်း သိချင်ရုံသက်သက်သာဖြစ်ပြီး ထိုအစားအသောက်များကို စားဖူးကြသူများကတော့ သူတို့သည် ဆိုင်ကို တစ်နေ့ သုံးခါလောက် လာချင်နေကြတော့သည်။ အကန်သတ်နှင့် ရောင်းချမှုကို လျှော့ပေးရန် မဖြစ်နိုင်လေသလား။ ဘာကြောင်းများ လတစ်လ၏ ၅ရက်မြောက်နှင့် ၁၀ရက်မြောက်နေ့မှသာ ရနိုင်ပါသနည်း။ သူတို့သည် အကျိုးအမြတ် ပိုရရန် မလိုလားလေသလား။
ဆိုင်က လူသူကျဲပါးနေကာ ရောင်းချသည့် ပစ္စည်းအမျိုးအစားကြောင့်မဟုတ်ဘူး ပစ္စည်းများ ပြတ်လပ်နေခြင်းကြောင့်ပင်။ ဒါက ထင်သာမြင်သာရှိသည့် လူအုပ်ကြီးတစ်ခုကို ဆွဲဆောင်ထားခြင်းပင်။ လူများသည် တစ်နေ့တည်းတွင တခြားအနီးအနားက ဆိုင်များထက် သည်ဆိုင်သို့ ပိုပြီးရောက်လာကြသည်။
သရှင်းရွာတွင် ရှန်မိသားစု အိမ်ယာဝင်းအတွင်း၌ ရှန်းနဉ်တစ်ယောက်ကတော့ စာရင်းအလုပ်များနှင့် အလုပ်များလို့နေသည်။
ချန်းမိသားစုနှင့် ရှန်းမိသားစုတို့၏ ပူးပေါင်းထားသည့် ငွေစာရင်းကို ရှန်းနဉ်နှင့် ချန်းရှောင်ယာတို့က စီမံကြသည်။ ဆိုင်နှစ်ဆိုင်လုံးက စာရေးများဖြစ်သသည့် ရှင်းညန်နှင့် သနွီတို့သည် သူတို့၏နေ့စဉ် အရောင်းအဝယ်များကို ရှန်းနဉ်ထံသို့ တင်ပြရပြီး ရှန်းမိသားစုမှတဆင့် ရောင်းချပေးသည့် ရွာက ပစ္စည်းများ၏ ပေးချေမှုကိုလည်း သူမက ကိုင်တွယ်ပေးရသည်။ စန်းလော့က အဓိကငွေကြေးကိစ္စများနှင့် လုပ်ငန်းချဲ့ထွင်မည့်ကိစ္စများတွင် ကြီးကြပ်ပေးသည်။
အားလုံးက ပြန်သွားချိန်တွင် ရှန်းနဉ်က ဝါးစာလိပ်သုံးခုကို ဘေးတွင်ချထားလိုက်ပြီး တင်ပြချက်တစ်ခုနှင့် စန်းလော့နားသို့ ချဉ်းကပ်လာခဲ့သည်။
“မကြီး ညီမလေးတို့တွေ ငွေရှာမဲ့အခွင့်အရေးကို တကယ်ပဲ လက်လွှတ်နေသလိုပဲ၊ ကိတ်မုန့်လုပ်တာက အဲလောက်ပင်ပန်းတယ်လို့ ညီမတော့ မထင်မိပါဘူး၊ တကယ်ပြောတာ”
စန်းလော့သည် လတ်တလောတွင် သူမ၏မွေးလာတော့မည့်ကလေးအတွက် အဝတ်အစားမျာကို ချုပ်ပေးနေသည်။ ရှန်းနဉ်၏စကားကို ကြားလိုက်သည်တွင် သူမက ပြန်ဖြေလိုက်၏။
“ပထမအချက်က ဂျုံမလောက်ဘူးလေ၊ ဒုတိယအချက်က ဒါတွေကို နေ့တိုင်းလုပ်ရင် အရမ်းပင်ပန်းလိမ့်မယ်၊ နင် ဒါကို တစ်ခါလောက်ပဲ လုပ်ရသေးလို့ ပြောနိုင်တာ၊ တကယ်လို့ ဒါက နေ့စဉ်တာဝန်တစ်ခု ဖြစ်လာမယ်ဆိုရင် အခုလို ပြောနိုင်တော့မှာ မဟုတ်ဘူး၊ ဒါပေါ့၊ ငါတွေက ဒါတွေကို နေ့တိုင်းရောင်းနေမယ်ဆိုရင် လက်ဈေးနဲ့ ရောင်းနိုင်မှာမဟုတ်ဘူးလေ၊ အရသာအရှိဆုံး အစားအသောက်တောင် အမြဲတမ်း စားရေရင် ဆွဲဆောင်မှု ပျောက်ဆုံးသွားတတ်တယ်”
ရှန်းနဉ်က ဒီအတွေးအခေါ်ကို လက်ခံသော်လည်း မှတ်ချက်တော့ပေးလိုက်သေးသည်။ “ဒါပေမဲ့ ညီမတို့တွေ ဆိုင်ကို အလွတ်အတိုင်းထားလို့တော့ မရဘူးလေ၊ ဟုတ်တယ်မလား”
စန်းလော့က ပြန်ပြောလိုက်၏။ “ငါတို့တွေ ငွေရှာတာ နည်းနေလို့လား”
“အဲလို မဟုတ်ပါဘူး” ရှန်းနဉ်က ပြန်ဖြေသည်။ ပျားရည်ဈေးက ကိန်းဂဏန်းကြီးလှသည်။ သူမ၏ယောက်မဖြစ်သူ ပန်းများကို စိုက်ပြီး ပျားများကို စတင် မမွေးမြူခင်က ရှန်းနဉ်သည် အရင်က ပျားရည်ကို မည်မျှနှင့် ရောင်းချသည်ကို မသိခဲ့ချေ။ အကြောင်းမှာ တောထဲက ပျားအုံများကို မကြာခဏဆိုသလို မြင့်မားပြီး အန္တရာယ်ရှိနေရာများတွင် တွေ့ရတတ်ပြီး စုဆာင်းရန်လည်း အန္တရာယ်ကြီးမားလေသည်။ သည်လိုနှင့် ပျားရည်သည် ရှားပါးသည့်လူသုံးကုန်ဖြစ်လာခဲ့သည်။ ပျားရည်လာသည့် ကျေးလက်နေ ပြည်သူအများစုက ဒါကို မြို့ထဲတွင် ရောင်းချပြီး သူတို့အတွက်တော့ ဇိမ်ခံပစ္စည်းအဖြစ် ပမာဏနည်းနည်းလေးကိုသာ သိမ်းထားကြသည်။
သူမသည် အရင်ဈေးနှုန်းကို မသိသော်လည်း ယခု သူတို့ဆိုင်တွင် ခရမ်းရောင်ပဲရိုင်း ပျားရည် တစ်ပိဿာတစ်အိုးကို သူမ၏ယောက်မ သတ်မှတ်ထားသည့်ဈေးနှုန်းမှာ ၃လျန်ဖြစ်လေသည်။ သို့တိုင် သူတို့သည် သည်ရက်ပိုင်းလေးတွင် ရောင်းအားကောင်းခဲ့သေးသည်။
စန်းလာ့က သူမ ငြိမ်ကျသွားသည်ကို လေ့လာလိုက်ပြီး ခပ်တိုးတိုး ရယ်မောလိုက်၏။ “စိတ်မပူပါနဲ့၊ ဆိုင်က အလွတ်မဖြစ်ပါဘူး၊ ကျင်းယင်ဇီ ပျားရည် မကြာခင် ရောက်လာတော့မှာပါ၊ ကျင်းယင်ဇီ ပျားရည်အတွက် အိုးတွေကို ပိုးသတ်ပြီးသွားပြီး ငါတို့တွေ ဆိုင်ပေါ် တင်လို့ရပါပြီ၊ အဲဒီသင်းကွပ်ထားတဲ့ ဝက်ကတော့ သူ့ကြီးထွားမှုက တော်တော်လေး သန်မာတယ်၊ မနက်ဖြန် အနီးအနားက ရွာတွေမှာ မေးလိုက်ဦးမယ်၊ သင်းကွပ်ထားတဲ့ ဝက်နဲ့ သင်းကွပ်မထားတဲ့ဝက်ကြားက ကွာခြားချက်ကို ကိုယ်တိုင်မြင်ချင်တဲ့သူများ ရှိနေမလားလို့၊ ဒေသခံ အာဏာပိုင်တွေကိုလဲ စိတ်ဝင်စားမလားလို့ မေးကြည့်ရမယ်၊ ငါတို့တွေ ပြီးသွားတာနဲ့ သိပ်မကြာခင် ဆိုင်ပေါ်မှာ တင်ရောင်းလို့ရမဲ့ ပစ္စည်းအသစ် တစ်မျိုး၊ နှစ်မျိုးလုပ်နည်း နင့်ကို သင်ပေးမယ်”
...
စန်းလော့အိမ်က သင်းကွပ်ထားသည့် ဝက်ထီးမှာ ခြံတစ်ခုထဲက တခြားဝက်လေးကောင်ထက် အမှန်ပင် အများကြီးထွားလေသည်။ သရှင်းရွာက လူများက ထိုဝက်ကို အနီးကပ်စောင့်ကြည့်လာခဲ့ကြပြီး စန်းလော့၏သင်းကွပ်သည့် နည်းလမ်းက အံ့ဩစရာကောင်းလောက်အောင် အလုပ်ဖြစ်သည်ကို ကောင်းကောင်း သတိထားမိကြသည်။ သို့သော်လည်း သူတို့သည် ထိုအကြောင်းကို သိလိုက်ကြချိန်တွင် သူတို့၏ဝက်များက တော်တော်လေး ကြီးနေကြပြီဖြစ်သဖြင့် မစွန့်စားရဲတော့ချေ။ ထို့အစား သူတို့သည် နောက်ထပ် ဝက်ပေါက်တစ်သုတ်က သင့်တော်သည့်အရွယ်အစားသို့ ရောက်မှ သင်းကွပ်ရန် စောင့်လိုက်ရတော့သည်။
သို့သော်လည်း တခြားရွာများကတော့ မသိကြသေးချေ။ နောက်တစ်နေ့ မနက်ခင်းတွင် စန်းလော့က ချန်းအာ့ရှန်နှင့် စန်းနျိုတို့ကို အနီးအနားက ရွာများဆီသို့ သတင်းလွှင့်ခိုင်းလိုက်သည်။ သူမက ရှန်းနဉ်ကိုလည်း ပြည်နယ်အုပ်ချုပ်ရေးမှူး အိမ်တော်ဆီသို့ လွှတ်ပြီး ဖန်ဖေးညန်ထံသို့ သတင်းပို့ခိုင်းလိုက်သည်။
စန်းလော့ ဝက်ကို သင်းကွပ်သည့် အတွေ့အကြုံအကြောင်း သိလိုက်ရသည့် ဖန်ဖေးညန်၏ တုန့်ပြန်မှုမှာ အလွန်မှ တအံ့တဩဖြစ်သွားသဖြင့် ရှန်းနဉ်မှာ အသံထွက် အော်ရယ်လုနီးပါးဖြစ်သွား၏။
ဒါက ထူးခြားသည့်ကိစ္စတစ်ခု ဖြစ်နေသဖြင့် အာဏာပိုင်များကလည်း ချက်ချင်းရောက်လာကြသည်။ ကျန့်စန်းလန်၊ တရားသူကြီးမင်း၊ ချွေ့ချီချန်းနှင့် သိချင်စိတ်ဖြစ်နေသည့် ဖန်ဖေးညန်တို့အားလုံးက သရှင်းရွာသို့ ထွက်လာကြတော့သည်။ သူတို့ ရောက်လာသည့်အချိန်တွင် ရှန်းမိသားစု၏ ဝက်ခြံအပြင်ဘက်တွင် စုဝေးနေကြသည့် လူက အနည်းဆုံး အယောက်၅၀လောက်ရှိပြီး အားလုံးက စိတ်အားထက်သန်စွာဖြင့် ဝက်များကို ကြည့်နေကြသည်။ သူတို့၏ပြည်နယ်အုပ်ချုပ်ရေးမှူးကို မြင်လိုက်သည်တွင် သူတို့က တလေးတစား လမ်းဖယ်ပေးလိုက်ကြသည်။
ကျန့်စန်းလန်နှင့် တခြားသူများက ဝက်ခြံဆီသို့ အလွယ်တကူ ရောက်ရှိလာကြ၏။ ခြံထဲတွင် ဝက်၅ကောင်ရှိပြီး အခုတော့ အဖေနှင့်သားလေးယောက်လို ဖြစ်နေသည်....။ သူတို့အရွယ်အစား ကွာခြားချက်က သိသာလွန်းလှသည်။
“ဒီဝက်တွေအားလုံးက နှစ်အစတုန်းက ကျွန်မ ယူလာခဲ့တဲ့ဝက်တွေလား” ဖန်ဖေးညန်က စန်းလော့ကို မေးလိုက်ပြီး သူမ၏မျက်နှာကလည်း မယုံကြည်ခြင်းအပြည့်ဖြစ်နေ၏။
စန်းလော့ အပြုံးဖြင့် ခေါင်းညိတ်ပြလိုက်သည်။ “အဲဒီတုန်းက ကျွန်မ ဝက်ထီးနှစ်ကောင် ဝယ်ခဲ့တယလေ၊ တစ်ကောင်ကိုတော့ မျိုးပွားဖို့ ချန်ထားပြီး နည်းနည်းလေး ပိုတက်ကြွတဲ့တစ်ကောင်ကိုတော့ ရှန်းလီကို သင်းကွပ်ခိုင်းလိုက်တာ၊ သူတို့နှစ်ကောင်လုံးကို တစ်ပုံစံထဲမှာ အစာကျွေးပေးမဲ့ ရလာဒ်ကတော့ အခု မြင်တဲ့အတိုင်းပါပဲ၊ သင်းကွပ်ထားတဲ့ဝက်က သင်းကွပ်မထားတဲ့ဝက်ထက် အများကြီး ကြီးထွားမြန်တယ်လေ”
“ဟုတ်ပါတယ်၊ ပုံမှန်အခြေအနေမှာဆိုရင်တော့ အသန်မာဆုံးအကောင်ကို မျိုးပွားဖို့အတွက် ထားရမှာပါ၊ ဒါက ကျွန်မရဲ့ပထမဆုံး စမ်းသပ်မှုလေ၊ နောက်ပြီး သိပ်မကြံ့ခိုင်တဲ့ဝက်က ဒီလုပ်ငန်းစဉ်မှာ အသက်မရှင်နိုင်မှာစိုးရိမ်ခဲ့တာ၊ ဒါကြောင့် ပိုပြီး သန်မာတဲ့တစ်ကောင်ကို သင်းကွပ်ခဲ့တာ၊ ခြုံပြောရရင်တော့ ဝယ်ပြန်လာတုန်းက ဝက်ထီးနှစ်ကောင်လုံးက အခြေအနေ အတူတူပါပဲ”
သူမသည် သာမန်စာသင်သားလေသံတစ်ခုဖြင့် ပြောနေသည်။ သရှင်းရွာက လူများက မဖြုံသော်လည်း တခြားသူများကတော့ အထူးသဖြင့် ကျန့်စန်းလန်နှင့် တရားသူကြီးတို့မှာ သူတို့၏အမူအရာများက ပုံမှန်နေဖြစ်ရေးအတွက် ကြီးကြီးမားမား ထိန်းချုပ်ထားရလေသည်။
ဒါက လုံးဝကို လက်ခံနိုင်ဖွယ်မရှိချေ။ ထို့အပြာင် အမျိုးသမီးငယ်လေးတစ်ယောက်က မွေးမြူဖို့ရန် သက်သက်ဖြင့် ဝက်တစ်ကောင်ကို သင်းကွပ်မည့်စိတ်ကူး မည်သို့ရသွားပါသနည်း။ သည်စိတ်ကူး၏ နောက်ကွယ်တွင် ဘာရှိနေပါသနည်း။ ဘာက သူမကို သည်လိုကြိုးပမ်းအားထုတ်မှု ဖြစ်စေပါသနည်း။
သူတို့အားလုံးမှာ မေးခွန်းများဖြင့် ပဟေဠိဖြစ်နေကြသော်လည်း ပိုပြီးအစဉ်အလာကြီးသည့် အချိန်ကာလတစ်ခု ဖြစ်ကြသည်တွင် သူတို့သည် ဒါကို တိုက်ရိုက် အသံထွက်ပြောဖို့ရန် ခက်ခဲနေသည်ကို တွေ့လိုက်ရသည်။
ကျန့်စန်းလန်က သူ့မေးခွန်းများကို မည်သို့ ထုတ်ပြောရမည်ကို နက်နက်နဲနဲ စဉ်းစားနေစဉ် အဖြေက အလိုလို ရောက်လာလေသည်။
ဝက်ခြံထဲတွင် နောက်ထပ်ဝက်ထီးတစ်ကောင်က ဂနာမငြိမ်ဖြစ်နေပြီး ဝက်မနောက်မှ ဇွဲရှိရှိဖြင့် တက်ခွနေသည်။ သိသိသာသာ ပိုကြီးသည့်တစ်ကောင်ကတော့ အပြင်ဘက်တွင် လူအုပ်ကြီးရှိသော်လည်း အနှောင့်အယှက်မဖြစ်သယောင် သူ့မျက်လုံးများကို မှိတ်ကာ ငိုက်မြည်းနေပြီး အစောပိုင်း စိုးရိမ်များမှ လွန်မြောက်ခဲ့ဟန်ပင်။
ယောက်ျားတစ်ဖွဲ့မှာ ရုတ်တရက် နားလည်သွားတော့သည်...။
ကျန့်စန်းလန်က သူ့လည်ချောင်းကို ရှင်းလိုက်ပြီး “ဒီဝက်ထီးနှစ်ကောင်နဲ့ အလေးချိန်ကို ခန့်မှန်းကြည့်လို့ရလား”
သားသတ်သမားကျန့်လည်း ရှိနေသည်။ တွေဝေမနေဘဲ သူက ပြန်ဖြေလိုက်၏။ “ကျွန်တော်က အသားအရောင်းအဝယ်လုပ်တဲ့ သားသတ်သမားပါ၊ ငါ တော်တော်လေး တိတိကျကျ ခန့်မှန်းနိုင်ပါတယ်၊ သင်းကွပ်ထားတဲ့ဝက်က ပေါင် ၂၂၀-၂၃၀ ဝန်းကျင် ရှိပြီး သင်းကွပ်မထားတဲ့ဝက်ကတော့ ပေါင် ၁၃၀-၁၄၀ကြားမှာပဲ ရှိလိမ့်မယ်”
ဝိုး။ ကွာခြားချက်က ပေါင်၉၀နီးပါးပင်။
၇-၈လသား ဝက်တစ်ကောက်က ပေါင် ၂၂၀-၂၃၀လေးသည်တဲ့။
လူအုပ်ထဲက တစ်စုံတစ်ယောက်က စန်းလော့ကို မေးလိုက်၏။ “အစ်မစန်း ကျွန်တော်တို့ ဝက်တွေမွေးထားတယ်၊ ဝက်ပေါက်လေးတွေ မွေးလာတဲ့အခါ အသက်ဘယ်လောက်ဆိုရင် သူတို့ကို သင်းကွပ်ပေးလို့ရပြီလဲ၊ ဆရာရှန်းက ကျွန်တော်တို့ရဲ့ဝက်တွေကိုလဲ ကူပြီး သင်းကွပ်ပေးနိုင်လား”
ပြည်နယ်ကျောင်းတော်၏ သင်ကြားပြသခြင်းကြားတွင် ရှန်းလီသည် သူ့နှာခေါင်းက ယားကျိကျိဖြစ်သွားပြီး နှာချေလိုက်တော့သည်။
သားသတ်မားကျန့်က သည်အခြေအနေကို အသုံးချကာ ရယ်မောပြီး ပြန်ဖြေလိုက်၏။
“ရှန်းလီက ကျောင်းတက်နေတာလေ၊ သူက ဘယ်လိုလုပ်ပြီး ဝက်တွေကို သင်းကွပ်ပေးဖို့ ပတ်သွားနေလို့ရမှာလဲ”
ထို့နောက်တွင် သူ့ စန်းလော့ဘက်သို့ လှည့်လိုက်ပြီး ပြောလိုက်၏။ “စန်းရှီ ကျွန်တော် နောက်ကျရင် ရှန်းလီဆီက သင်လိုက်ပါ့မယ်၊ ကျွန်တော်က သားသတ်သမားတစ်ယောက် လုပ်ခဲ့တာပဲ၊ ဒီတော့ ဒါက ကျွန်တော့်အတွက် လွယ်ကူမှာပါ”
စန်းလော့သည် လိုလားသည်ထက် ပိုလေရာ အပြုံးတစ်ခုဖြင့် ပြန်ဖြေလိုက်၏။ “ရတာပေါ့ရှင်၊ ရှင်တို့တွေ နောက်ပိုင်းကျရင် ရှန်းလီနဲ့ ကိုယ်တိုင်စကားပြောလိုက်ကြပါ”
ကွာခြားချက် ပေါင် ၈၀-၉၀ သက်သေရှိနေသည်တွင် ဒေသခံလူများက ပါဝင်ဖို့ရန် စိတ်အားထက်သန်နေကြသည်ကို မြင်လိုက်ရသဖြင့် ချွေ့ချီချန်းက သူတို့ကို အရင်ဆုံး ကိုယ်တိုင် မျက်မြင်တွေ့ကြုံစေခြင်းထက် ပိုကောင်းသည့်နည်းလမ်း မရှိတော့မှန်း သိလိုက်လေသည်။ သူက ပြည်နယ်အုပ်ချုပ်ရေးမှူးဘက်သို့ လှည့်ကာ အကြံပြုလိုက်ၑ “လူကြီးမင်း ကျွန်တော်တို့တွေလည်း ရုံးတော်ကနေ လူလွှတ်ပြီး သင်ခိုင်းသင့်တယ်မလား၊ ကျွန်တော်တို့တွေ ဒီနည်းလမ်းကို တခြားစီရင်စုဆီ မျှဝေပေးလို့ရတာပေါ့”
သို့နှင့် စန်းလော့သည် သူမ၏တာဝန်ကို အောင်အောင်မြင်မြင် ပြီးမြောက်ခဲ့လေသည်။ သင်းကွပ်ပြီးနောက်ပိုင်း တိုးလာသည့် အရည်အသွေးနှင့် သားအရသာကိုတော့ သူမက ကြေညာနေစရာ မလိုတော့ချေ။ ဝက်သားတစ်သုတ်က ဈေးကွက်ထဲရောက်လာသည်နှင့် လူများက ကွာခြားချက်ကို အလိုလို သိလာလိမ့်မည်။
အပြုံးတစ်ခုက သူမ၏မျက်လုံးများထဲတွင် ဖြစ်တည်သွားပြီး နောက်တစ်နေ့မနက်ခင်း စောစောတွင် ဝက်များကို သတ်ရာတွင် ကူညီပေးမည့်ကိစ္စနှင့်ပတ်သက်ပြီး သူမက သားသတ်သမားကျန့်တို့ သားအဖနှင့် တိုင်ပင်လိုက်ကြသည်။
အပိုင်း (၂၅၁.၂)
လူအုပ်ကြီးက လူစုခွဲသွားပြီး အလုပ်သမား၃ယောက်ကလည်း တောင်ပေါ်သို့ မသိမသာ ပြန်လာခဲ့ကြသည်။ တခြားသူများ မရှိချိန်တွင် အလုပ်သမား နံပါတ်(၁)က တိုးတိုးလေး ပြောလိုက်၏။ “ငါတို့တွေ ဒါကို သတင်းပို့သင့်လား”
ပြည်နယ်အုပ်ချုပ်ရေးမှူးကျန့်က သတင်းပို့ကောင်း ပို့နိုင်သည်။ သို့သော်လည်း နောက်ထပ်စစ်ဆေးမှုများကို အောင်အောင်မြင်မြင် သက်သေပြပြီးမှသာ ဖြစ်လိမ့်မည်။ လျှို့ဝှက်အထောက်တော်များအနေဖြင့် သူတို့၏အခြေခံတာဝန်မှာ စန်းအမျိုးသမီး၏ ကိုယ်ရေးကိုယ်တာ လုံခြုံမှုကို စောင့်ကြည့်ပေးရန်ဖြစ်သည်။ ထို့အပြင် သည်နေရာတွင် တခုခု ထူးခြားသည့် ဖြစ်ရပ်များ ဖြစ်နေလျှင်လည်း သတင်းပို့ပေးရန် တာဝန်ရှိသေးသည်။
အလုပ်သမား နံပါတ်(၂)က ခေါင်းခါလိုက်ပြီး ပြောလိုက်၏။ “နှစ်ရက်လောက် ထပ်စောင့်ကြမယ်၊ သခင်မစန်းက မနက်ဖြန် ဝက်သတ်မယ်လို့ ပြောလိုက်တာ မကြားဘူးလား”
အလုပ်သမား နံပါတ်(၁)က တဒင်္ဂသတိလက်လွတ်ဖြစ်သွားသော်လည်း အလုပ်သမား နံပါတ်(၃)ကတော့ အခြေအနေကို ချက်ချင်း ရိပ်မိလိုက်သည်။ “ဝက်ထီးကို သတ်ရတဲ့ရည်ရွယ်ချက်က ဘာလဲဆိုတာကို ကြည့်ကြတာပေါ့”
သည်စကားကို ကြားလိုက်သည်တွင် အလုပ်သမား နံပါတ်(၁)နှင့် အလုပ်သမား နံပါတ်(၂)တို့မှာ ပြီးခဲ့သည့် ရက်အနည်းငယ်က ရှန်းမိသားစုအိမ်၏ အနောက်ဘက်ခြံဝင်းထဲမှ လွှင့်ပျံလာသည့် နှစ်လိုဖွယ်ရနံ့လေးကို ပြန်အမှတ်ရသွားလေသည်။ ဒါသည် လုံးဝကို သွားရည်ကျအောင် လှုံ့ဆော်နေသည်မဟုတ်ပါလား။ အပြင်ဘက်တွင် တာဝန်ကျသူများကတော့ သူတို့၏စားချင်စိတ်ကို ဖြည့်ဆည်းဖို့ရန် ဆိုင်ထဲသို့ပင် စွန့်စားသွားခဲ့ကြစဉ် သူတို့ကတော့ အနံ့ကိုသာ ရှူနေရလေသည်။
သူတို့၏တုန့်ပြန်ပုံက တပြိုင်ထဲ ဖြစ်သွား၏။ “ဒီလိုဆိုရင်တော့ စောင့်ကြည့်ကြတာပေါ့”
သည်တစ်ကြိမ်တွင် ရှန်းအိမ်က စားစရာ တစ်ခုခု ပြင်ဆင်နေလျှင် သူကတော့ အပြင်က တခြားသူများကို သွားဝယ်ပေးဖို့ သေချာပေါက် တောင်းဆိုရလိမ့်မည်။
...
၆လပိုင်း ၂၅ရက်နေ့ အရုဏ်တက်ချိန်တွင် စူးရှသည့် ဝက်အော်သံများက သရှင်းရွာတစ်ခုလုံးသို့ ပဲ့တင်ထပ်သွားခဲ့သည်။ ဟုတ်ပါသည်။ ဒါက ရှန်းညီအစ်ကိုနှင့် မဆိုင်တော့ချေ။ လာရောက်ကူညီပေးခဲ့ကြသည့် ရှန်းလီ၊ ရှန်းအန်းနှင့် ရှန်းကျင့်တို့ တစ်ယောက်စီက သူတို့၏ပခုံးပေါ်တွင် အထူးတလည်လုပ်ထားသည့် ဝန်တစ်ခုကို သယ်လာကြသည်။ ရှန်းနဉ်နှင့်အတူ သူတို့သည် ပင်မလမ်းပေါ်က ဆိုင်တွက် ပစ္စည်းသစ်များ တင်ရန် သယ်လာခဲ့လိုက်ကြသည်။ ပျားရည် အိုး ၃၀နှင့် ပေါင်မုန့်၊ ကိတ်မုန့် အမျိုးမျိုးတို့ပါသည်။ တစ်ဖက်တွင်တော့ ချန်းယိုထျန်း၊ ချန်းသရှန်နှင့် ဦးလေးရွှီတို့က တို့ဟူးနှင့် ဟင်းသီးဟင်းရွက်များကို အရှေ့ဈေးသို့ ပို့ပေးရန် တာဝန်ယူထားကြသည်။
မြို့တံခါးက သည်အချိန်တွင် ဖွင့်ခါစပင်ရှိသေးသည်။ အမှန်ပင် အလွန်မှ စောနေသေးသည်။ သို့တိုင် မြို့ထဲသို့ ဝင်လာသည်တွင် ရှန်းနဉ်သည် ထိုနေရာတွင် စောင့်နေသည့် ရှင်းညန်ကို တွေ့လိုက်ရ၏။ ရှန်းနဉ်ကို မြင်လိုက်သဖြင့် ရှင်းညန်က သူမကို တိုးတိုးလေး ပြောလိုက်၏။ “အားနဉ် နောက်ဘက်လမ်းကြားက ဖြတ်လမ်းကနေ သွားလိုက်၊ ဆိုင်ရှေ့ နေရာတိုင်းမှာ လူတွေချည်းပဲ”
ရှန်းလီတို့ ညီအစ်ကိုသုံးယောက်မှာ အကြည့်ချင်းဖလှယ်လိုက်ကြပြီး စိတ်လှုပ်ရှားမှုက ရှန်းနဉ်၏အသံထဲတွင် ရောယှက်နေကာ သူမက မေးလိုက်လေသည်။ “ဘယ်လောက် များလို့လဲ”
ရှင်းညန်က ပြန်ဖြေလိုက်၏။ “အယောက် ၃၀-၄၀ ဝန်းကျင်လောက်ရှိမယ်၊ သူတို့တွေ ငါတို့ဆိုင်ဘေးက လမ်းကြားထဲ ဆင်းသွားမယ်ဆိုရင် ငါတို့မှာ ဒီပစ္စည်းတွေအားလုံးအတွက် စင်ပေါ်မှာ နေရာမလောက်မှာ စိုးရတယ်”
၄ရက်လောက် မျှော်လင့်လာခဲ့ပြီးနောက်တွင် ပုံမှန်ဝယ်သူများနှင့် အသစ်ရောက်လာသူများသည် ပေါင်မုန့်နှင့် ကိတ်မုန့်တို့က ၅ရက်နှင့် ၁၀ရက်မြောက်နေ့တွင်သာ ရမှန်း ကောင်းကောင်းသိကြသည်။ ထို့ကြောင့် ဆိုင်ဝင်ပေါက်က မနက်ခင်းအစောကြီးမှာပင် စိတ်အားထက်သန်သည့် လူအုပ်ကြီးနှင့် ပြည့်နေတော့သည်။
သူတို့သည် စကားပြောလာရင်း ဖြတ်လမ်းမှာ လာလိုက်ကြကာ နောက်ဘက်တံခါးမှ ဝင်လာလိုက်ကြသည်။ ရှန်းနဉ်နှင့် တခြားသူများက အဝတ်စိုများဖြင့် ဆိုင်၏ မျက်နှာစာများကို သုတ်လိုက်ကြပြီး စင်ပေါ်တွင် ပစ္စည်းများကို မြန်မြန်ဆန်ဆ် စခင်းလိုက်ကြသည်။ အားလုံးကို နေရာတစ်ကျ စီစဉ်ပြီးသည်နှင့် ရှန်းနဉ်နှင့် ရှင်းညန်တို့က ဆိုင်ဖွင့်ရန် အလျင်မလိုကြချေ။
စန်းလော့ ဆိုင်ဖွင့်ချိန်၊ ပိတ်ချိန်ကို အတိအကျ သတ်မှတ်ထားသည်။
အမှန်တွင်တော့ သူတို့သည် ဆိုင်ထဲသို့ ဝင်လာကတည်းက အပြင်ဘက်မှ လူတစ်ချို့က လှုပ်ရှားမှုများကို နားစွင့်ထားကြကာ တစ်ချို့က အတည်ပြုရန်အတွက် သူတို့နားကိုပင် တံခါးနားကပ်ထားကြသည်။ အခုတော့ ဆိုင်ရှင်များက ရောက်လာပြီး ဆိုင်ကို စောစောဖွင့်နိုင်လေမလားဟု အပြင်ဘက်မှ စိတ်မရှည်လက်မရှည်နှင့် မေးမြန်းနေကြသည်။
သူတို့သည် ဆိုင်ဖွင့်ချိန်၊ ပိတ်ချိန်ထားရှိသည်ကို လုံးဝ မေ့လျော့ထားကြလေသည်။
သိလိုစိတ်က ထိုးတက်လာသဖြင့် ရှန်းအန်းက တံခါး၏ ဟနေသည့်ကြားမှတဆင့် ချောင်းကြည့်လိုက်၏။ သူသည် တံခါးနားကပ်နေသည့် တစ်စုံတစ်ယောက်နှင့် မျက်လုံးချင်းဆုံမိတော့ မလိုဖြစ်သွားရာ အလန့်တကြား နောက်ပြန်ခုန်ဆုတ်မိတော့သည်။ မည်သို့ဆိုစေ သူသည် အပြင်ဘက် လူအုပ်ကြီး ဖျတ်ခနဲ မြင်ခဲ့ရပြီး ဒါက အမှန်ပင် များပြားလှသည်။
ရှန်းကျင့်ကတော့ မတုန်လှုပ်ချေ။ သို့သော် ဆိုင်ဖွင့်ပွဲနေ့ အကြောင်းကိုသာ ကြားခဲ့ရသည့်ရှန်းအန်းက အခုတော့ သူ့မရီး၏ မုန့်ဖုတ်ကုန်ပစ္စည်းများကို မည်မျှနာမည်ကြီးသည်ကို ကိုယ်တိုင်တွေ့မြင်လိုက်ရသည်။
ဆိုင်အတွင်းဘက်တွင် ရေနာရီတစ်ခု ရှိသည်။ ရှန်းနဉ်က ရေနာရီ၏ အမှတ်အသားကို စစ်ဆေးကြည့်လိုက်ပြီး ပြောလိုက်၏။ “အချိန်ရောက်တော့မယ်၊ အစ်ကို တံခါးဖွင့်ကြရအောင်”
သော့ကို ဖွင့်လိုက်ပြီး တံခါးရွက် သုံးချက်ကို ဖယ်လိုက်သည့်အခိုက်တွင် လူတစ်ယောက်က ကြေညာလိုက်၏။ “ဆိုင်ဖွင့်ဟေ့”
“ဆိုင်ဖွင့်ပြီ၊ ဒီနေ့ ကိတ်မုန့် သေချာပေါက် ပါမှာ၊ ငါ အနံ့ရနေတယ်”
တံခါးကို အပြည့်ပင် မဖွင့်ရသေးချေ။ တစ်စုံတစ်ယောက်က ဆိုင်ထဲဝင်မည့်လမ်းကို တိုးဝေ့လိုက်သဖြင့် ရှန်းအန်းမှာ ဘေးသို့ ရောက်သွားတော့သည်။
ရှန်းအန်း: “...”
...
သရှင်းရွာ၏ နောက်ကျောက ကျယ်ပြောလှသည့် တောင်များထဲတွင် အလုပ်သမား နံပါတ်(၁)သည် တောင်ကုန်းထဲသို့ အလစ်ဝင်ရန် ဆင်ခြေတစ်ခု ရှာလိုက်၏။ သူသည် သိပ်သည်းသည့်သစ်ရွက်များကြားက သူ့အဖော်၏ တည်နေရာကို ရှာလိုက်ပြီး လေချွန်လိုက်သည်။ လူတစ်ယောက်က သစ်ပင်ပေါ်က ခုန်ဆင်းလာပြီး သူ့ကို အဝတ်ထုပ်တစ်ခု လှမ်းပေးလိုက်၏။ “ငါ ဒါကို တကယ့်ခက်ခက်ခဲခဲနဲ့ လုခဲ့ရတာနော်၊ အနံ့ကတော့ တကယ်မွှေးနေတာပဲ၊ ရှန်းလီက စေ့စပ်သေချာတာဆိုတော့ စားပြီးသွားရင် ဘာသက်သေမှမကျန်အောင် သေချာလုပ်ဦး၊ မင်း ခန္ဓာကိုယ်ပေါ်မှာ အနံ့တွေ ကျန်ခဲ့ပြီး သံသယဖြစ်ရအောင် မလုပ်နဲ့”
“သိပါပြီ၊ သိပါပြီ” အလုပ်သမား နံပါတ်(၁)၏ ပါးစပ်က သွားရည်များထွက်ရင်း သူသည် အဝတ်ထုပ်ကို ယူကာ သူ့အဖော်ကို မြန်မြန် ပြန်လွှတ်လိုက်လေသည်။
သူ့အဖော်က နှုတ်ခမ်းမဲ့လိုက်၏။ သူတောင်မှ ဝအောင် မစားခဲ့ရဘူး....။
ဘာမဖြစ်ပါဘူးလေ။ သူတို့တွေ ရန်ဖြစ်စရာမှမလိုတာ။
“ဒီနေ့ သူတို့တွေ ဘာအရသာရှိတဲ့ အစားအသောက် လုပ်နေတာလဲ”
အလုပ်သမား နံပါတ်(၁)သည် တစ်ကိုက်လောက် ကိုက်ပြီးသွားသည့်နောက် ကျေနပ်သွားကာ သက်ပြင်းချလိုက်၏။ “ဒါက ဖြစ်နိုင်ခြေတစ်ခုဆိုတာ ဘယ်သူ သိမှာလဲ၊ ဒါက သားသတ်သမားဆိုင်မှာ ရောင်းဖို့ ရည်ရွယ်ထားတဲ့ အသားတွေ ဖြစ်နိုင်တယ်”
သူ့အဖော်က တံတွေးကို မြိုချလိုက်ပြီး “ငါ နည်းနည်းလေး ထပ်စောင့်ရမယ်၊ သူတို့တွေ တစ်ခုခု ထပ်လုပ်နေမလား ပြောမရဘူး၊ ငါ ဒါကို ပြန်သတင်းပို့ဖို့ လွဲချော်သွားလို့ မဖြစ်ဘူး”
အလုပ်သမား နံပါတ်(၁)၏ အမူအရာက တင်းရောင့်ရဲသွားသည့် အမူအရာဖြစ်နေကာ ‘မင်း အစားအသောက် အကြောင်းတော့ မေ့မှာမဟုတ်တာ သေချာတယ်၊ ဟုတ်တယ်မလား’ဟု ပြောနေသယောင်။
သို့သော်လည်း...
“ဒါက အံ့ဩစရာကောင်းလောက်အောင် မွှေးပြန့်နေတာပဲ။ သူတို့တွေ နန်းတော်ထဲတွင် ဒီလိုစားစရာမျိုး မရှိလောက်ဘူး၊ ဒါကို ဘယ်လို လုပ်ထားတာလဲမသိဘူး”
သည်အကြောင်းကို သိချင်ရုံသာ တတ်နိုင်ပေသည်။ သခင်မစန်း၏ လုံခြုံရေးကို သေချာစောင့်ရှောက်ပေးပြီး သည်နေရာက တိုးတက်မှုကို တင်ပြပေးရခြင်းကလွဲလျှင် ရှန်းမိသားစုသည် လုပ်နည်းများကို ချပြမည်မဟုတ်သလို အပြင်လူများကိုလည်း ပြောလိမ့်မည်မဟုတ်ချေ။ -မင်းကြီးက ခိုးမကြည့်လိုသည့် ကိစ္စများပင်။
၆လပိုင်း ၂၅ရက် နေ့လည်ခင်းတွင် ထိုနေ့မနက်ခင်းက နှစ်လိုဖွယ်ကောင်းသည့် စားသောက်ပွဲတစ်ခုကို စောစောစီးစီး မွေ့လျော်ခဲ့ပြီးနောက် အလုပ်သမား နံပါတ် (၁)၊ အလုပ်သမား နံပါတ်(၂) နှင့် အလုပ်သမား နံပါတ်(၃)တို့သည် ရှန်းအိမ်ထောင်စု၏ အနောက်ဘက် ခြံဝင်းထဲက လှိုက်တက်လာသည့် ဆွဲဆောင်မှုရှိသည့် ရနံထဲတွင် တဖန် ပိတ်မိသွားတော့သည်...။ စန်းအမျိုးသမီးကတော့... နောက်ထပ် သွားရည်ကျစရာ စားဖွယ်စုံကို ပြင်ဆင်နေပြန်ပါပြီ။
၆လပိုင်း ၂၆ရက်နေ့ မနက်ခင်းတွင် အစောပိုင်းက တိုးတက်မှုများနှင့်မတူဘဲ ရှန်းနဉ်သည် ဆိုင်တွင် ကုန်ပစ္စည်းသစ်များဖြစ်သည့် -ဝက်သားအမွကြော် နှင့် ပျားရည်ဆမ်း အသားခြောက် တို့ကို ခမ်းနားသည့် အခမ်းအနားတစ်ခု မလုပ်နေဘဲ တိုးတိုးတိတ်တိတ် မိတ်ဆက်ပေးခဲ့သည်။
သို့သော်လည်း ဆိုင်ဖွင့်ပြီး မကြာခင် သူမက ပစ္စည်းများကို သယ်နေဆဲမှာပင် ပထမဆုံး ဝယ်သူက ရောက်လာပြီး ဝက်သားမွကြော်နှင့် ပျားရည်ဆမ်း အသားခြောက်ကို ချက်ချင်း မျက်စိကျသွားပြီး တစ်မျိုးကို နှစ်အိုးစီ ဝယ်သွားတော့သည်။
သူတို့ဘေးက နမူနာပစ္စည်းများ လုံးဝကို လျစ်လျူရှုခံလိုက်ရ၏။
ရှန်းနဉ်မှာ ဝမ်းသာသွားတော့သည်။ သူမ၏ကုန်ပစ္စည်းသစ်က ဝယ်သူများက အမြည်းစားရန် မလိုဘဲ ချက်ချင်း ရှာဖွေခံလိုက်ရသည်။ သူမ၏ဆိုင်သတင်းက ကိုယ်တိုင်ကြော်ညာပေးနေခြင်းပင်။
သူမသည် ဝယ်သူအတွက် ပစ္စည်းများကို ထုပ်ပိုးပေးနေသည့် ရှင်းညန်ကို မြန်မြန် ကူညီပေးလိုက်၏။
ထိုလူက ချေးမများပေ။ သူက ပျားရည်ဆမ်းအသားခြောက် တစ်အိုးကို ဖွင့်လိုက်ပြီး သူ့ပါးစပ်ထဲသို့ တစ်တုံး ထိုးထည့်လိုက်၏။
တစ်ကိုက် ကိုက်ပြီး အကြိမ်အနည်းငယ် ဝါးလိုက်ပြီးနောက်တွင် သူ့မျက်လုံးများက လင်းလက်သွားတော့သည်။ “အသားခြောက်၊ နောက်ထပ် ၆အိုးပေးပါ”
နောက် ၆အိုး တောင်းဆိုနေသည်ကို ကြားလိုက်သည်တွင် ရှန်းနဉ်မှာ တအံ့တဩဖြစ်သွားတော့သည်။ တစ်အိုးလျှင် ငွေ၁လျန်ကျသင့်သည်ပင်။
သူမ၏ မကြီးက ဈေးကို အများကြီးတင်ထားခြင်းမဟုတ်ပေ။ ယခုအချိန်တွင် ဝက်သားနှင့် ပျားရည်က ဈေးကြီးနေခြင်းကြောင့်ပင်။ သူတို့မိသားစု၏ လက်မှုပညာကလည်း အဖိုးတန်ပေသည်။
ရှန်းနဉ်သည် သူမ၏စိတ်ထဲတွင် ရှဉ့်ကြွက်လေးတစ်ကောင်က အော်ဟစ်နေသလို ခံစားလိုက်ရ၏။ သို့သော်လည်း သူမက ထိုလူကို သတိပေးလိုက်သေးသည်။ “အခု ရာသီဥတုက ပူသေးတယ်နော်၊ ဒါက ရက်၂၀လောက်ပဲ ခံမှာ၊ အကြာကြီးထားရင် ပျက်သွားလိမ့်မယ်”
ထိုလူက ခေါင်းညိတ်ပြလိုက်ပြီး ၁၀လျန်တန် ငွေတစ်တုံးကို ချက်ချင်း လှမ်းပေးလိုက်လေသည်။
ကောင်းပါပြီလေ။ အားလုံးကို သေသေချာချာ ပြောပြထားပြီးပြီပဲ။
ရှန်းနဉ်က ငွေကို ချက်ချင်း လက်ခံလိုက်၏။ သူမက ငွေပေးချေသည်ကို မြန်မြန်ဆန်ဆန် လက်ခံလိုက်ပြီး ရှင်းညန်နှင့်အတူ အိုး၁၀လုံး ထည့်ရန် အထူးလက်ကိုင်တစ်ခုပါသည့် ခြင်းတစ်လုံးကို ယူကာ သေသေချာချာ လုပ်ပေးလိုက်ပြီးနောက် လှမ်းပေးလိုက်လေသည်။
တော်တော်လေးကို လေးလံလှသည်။
သို့သော် ထိုလူကတော့ ဘာအလေးချိန်မှ မပါသလို သယ်လိုက်သည်။ ကျေးဇူးတင်စကား ပြောလိုက်ပြီးနောက် သူက ခြင်းကို ကောက်ယူကာ ထွက်သွားတော့သည်။
ရှန်းနဉ်က သူမလက်ထဲက ၁၀လျန်တန် ငွေတုံးကို ကိုင်ထားရင်း အလွန်မှ ဝမ်းသာရသဖြင့် နေရာတွင်ပင် ထခုန်လုမတတ်ဖြစ်သွား၏။
အစ်မပြောတာ မှန်တာပဲ။ အကောင်းဆုံးနဲ့ ဈေးအကြီးဆုံး ပစ္စည်းတွေကိုပဲ ရောင်းတာက ငွေရှာရတာ ပိုလွယ်လို့ စိတ်ချမ်းသာရတယ်မလား။
သူမ၏ပျော်ရွှင်မှုက လျှံကျနေပြီး အကောင်းစား ပစ္စည်းထည့်ထားသည့် ခြင်းတစ်လုံးဖြင့် ရေလမ်းကြောင်းမှ မြို့တော်သို့ ပြန်သွားခဲ့သည့် လျှို့ဝှက်အထောက်တော်အတွက်လည်း ထိုနည်းတူဟု ဆိုရမည်။ နောက်တွင် ကျန်ခဲ့သည့် သူ့ရဲဘော်များက ၂အိုး ယူသွားခဲ့ပြီးနောက်တွင် သူ့တွင် ၈အိုးကျန်ခဲ့သေးသည်။
သူသည် မြောက်ပိုင်းသို့ ပြန်သည့်ခရီးတွင် အရသာရှိသည့် အစားအသောက်များကို စားရလိမ့်မည်။
သူသည် သူ့ငွေအိတ်ကို မနေနိုင်ဘဲ ဖျစ်ညစ်ကြည့်လိုက်မိ၏။
“...”
ဒီရုံးတော် တာဝန်က တော်တော်လေး အကုန်အကျများတာပဲ။ ၆ရက်ထဲနဲ့ အဲဒီဆိုင်မှာ သူ့လစာတစ်ဝက် သုံးခဲ့ရတယ်။ တော်ပါသေးရဲ့။ သူက လူပျိုဖြစ်ပြီး ကျွေးမွေးစရာလူ မရှိပေလို့ပဲ။ ဒီတော့လည်း ကိစ္စမရှိပါဘူး။ တခြားသူတွေက သူ့မှာ ဒီလိုပိုင်ဆိုင်မှုရှိနေတာကို အားကျနေကြလိမ့်မယ်။
...
အပိုင်း (၂၅၂) အန်းချီ (လျှို့ဝှက်သက်တော်စောင့် နံပါတ်-၇)
ပျားရည်ဆမ်းအသားခြောက်နှင့် အသားမွှကြော်တို့သည် ပေါင်မုန့်နှင့် ကိတ်မုန့်များကဲ့သို့ပင် ရှီကျိုးမြို့ထဲက အထက်တန်းစား မိသားစုများကြားထဲတွင် နာမည်ကြီးနေသည်တွင် မင်းကြီးကလည်း မနက်ခင်းညီလာခံကို အခုလေးတင်မှ ပြီးစီးသွားကာ သူ၏စာကြည့်ခန်းထဲသို့ ပြန်ရောက်လာသည်။ ဤတွင် ချန်ကုန်းကုန်းက လေသံတိုးတိုးဖြင့် အန်းချီပြန်ရောက်လာသည့်အကြောင်း ပြောလိုက်သည်ကို ကြားလိုက်ရ၏။ သူက သူ့ဘေးနားက လူအားလုံးကို ထွက်ခွာခိုင်းလိုက်ပြီး အန်းချီပြောပြနေသည့် သရှင်းရွာအကြောင်းကို စတင်နားထောင်လိုက်သည်။
မနက်ခင်းညီလာခံအတွင်းတွင် အချိန်အကြာကြီး စကားပြောပြီးနောက် လည်ချောင်းရှင်းဖို့ရန်အတွက် လက်ဖက်ရည် တစ်ငုံလောက်သောက်နေစဉ် မင်းကြီးက ထိုအကြောင်းအရာကို ကြားသိလိုက်ရ၏။ စန်းလော့က ဝက်ထီးတစ်ကောင်ကို သင်းကွပ်လိုက်ပြီး စမ်းသပ်မှုတစ်ခုလုပ်ခဲ့ကာ ရလဒ်ကို မျက်မြင်သက်သေ ပြဖို့ရန်အတွက် အရာရှိများနှင့် ရွာသားများကိုပင် ဖိတ်ကြားခဲ့သေးသည်တဲ့။ သူ့မှာ သောက်နေသည့် လက်ဖက်ရည်ကိုပင် ထွေးထုတ်မိတော့မတတ် ဖြစ်သွားတော့သည်။ ထိန်းချုပ်ထားဖို့ရန် ကြိုးစားနေသည့်ကြားက သူကိုယ်တိုင် အပြင်းအထန် ချောင်းဆိုးမိသွားသည်ကို သတိထားမိလိုက်၏။ သူ့လက်သီးများက အလွန်မှတင်းကြပ်နေသဖြင့် တံခါးနားတွင် စောင့်ဆိုင်းပေးနေသည့် ချန်ကုန်းကုန်းကို တုန်လှုပ်သွားစေတော့သည်။ အပြင်ဘက်မှနေ၍ ချန်ကုန်းကုန်းက စိုးရိမ်တကြီး မေးမြန်းလိုက်၏ "မင်းကြီး"
ထိန်းချုပ်လို့မရသည့် စိတ်အားထက်သန်မှုတစ်ခုဖြင့် သူသည် ဖြစ်ပျက်နေသည့်အရာကို ကြည့်ရှုဖို့ရန် တော်ဝင်စာကြည့်ခန်းထဲသို့ ဝင်လာချင်နေတော့သည်။
"ဘာမှမဖြစ်ပါဘူး"
ချောင်းဆိုးသံ ပျောက်သွားပြီးနောက်တွင် မင်းကြီးက သူမကို စိတ်အတွင်းထဲက အသိအမှတ်ပြုလိုက်ပြီးမှ စာဆက်ဖတ်ဖို့ရန်အတွက် ဘေးမှလျှောက်လွှာတစ်ခုကို ကောက်ကိုင်လိုက်ကာ သူ့အမူအယာက ရှင်းမပြတတ်အောင် ထူးဆန်းနေတော့သည်။
"ဒါက ပေါင်၈၀...၉၀အထိ တက်လာတယ်ဆိုတာ သေချာရဲ့လား"
အန်းချီက ခေါင်းငြိမ့်ပြသည်။ "ဒါက တော်တော့်လေးကို ထူးခြားတာဆိုတော့ ရွာက လူတွေကလည်း မကြာခဏ လာပြီးတော့ လေ့လာကြတယ်လေ၊ အားကျို၊ အားရှီ၊ ရှီယိတို့ကလည်း အဲဒါကို စလုပ်တုန်းက အဲဒီ့မှာ ရှိနေကြတယ်လေ၊ သူတို့တွေက ဒါရဲ့ကြီးထွားမှုနှုန်းကို ကိုယ်တိုင်ကြည့်ချင်တဲ့အတွက် အဲဒီ့မှာ လအနည်းငယ်တောင် နေခဲ့ကြသေးတယ်"
မင်းကြီး: "...ဒီတော့ အဲဒီ့နောက်ကွယ်က အတွေးအခေါ်က ဘာတဲ့လဲ၊ နောက်ပြီးတော့ သူက ဒီလိုလက်တွေ့စမ်းသပ်မှုမျိုးကို လုပ်ဖို့ ဘာလို့စဥ်းစားမိသွားတာလဲ"
သာမန်လူများထဲက မည်သူက ကျန်းမာသည့်ဝက်တစ်ကောင်ကို အသားတိုးဖို့ရန်အတွက် သင်းကွပ်မည်ဟု စဥ်းစားပါမည်နည်း။
အန်းချီ: "...ဖြစ်နိုင်တာကတော့ သူ့ရဲ့စိတ်အားထက်သန်တဲ့ လေ့လာမှုကြောင့် ထင်တယ်၊ အားကျိုပြောတာကတော့ ဝက်ကအရွယ်တောင် မရောက်သေးဘူးတဲ့... သူ အတွေးလွန်တာလဲ ဖြစ်မှာပါ၊ ဝက်က ကြီးပြင်းလာတဲ့အချိန်ကြရင် တော်တော်လေးကို ပျော်ပါးပြီး သောင်းကျန်းလိမ့်မယ်တဲ့၊ သူက စားသောက်ချင်စိတ်လဲမရှိသလို ကောင်းကောင်းလဲအိပ်မှာ မဟုတ်ဘူး၊ ဒီတော့ သူက အသားမတိုးလာတာသဘာဝပဲတဲ့"
မင်းကြီး: " ... ဒါတော့ အဓိပ္ပါယ် ရှိတယ်"
စကားဝိုင်းကို အောင့်သက်သက် အနေအထား မရောက်သွားစေရန် သူက လျှို့ဝှက်သက်တော်စောင့် ရေးမှတ်ထားသည့်မှတ်တမ်းကို ဆက်ပြီးဖတ်နေလိုက်သည်။ ထို့နောက်တွင်တော့ သူသည် စန်းလော့၏ဆိုင်နှင့်ပတ်သတ်ပြီး မှတ်တမ်းတစ်ခုကို ဖတ်မိလေသည်။
လတ်လတ်ဆတ်ဆတ်ထုတ်ကုန်၊ အထူးထုတ်တဲ့လား။
"ဒီဆိုင်နှစ်ဆိုင်က ဘာတွေရောင်းတာလဲ"
အမှန်ပင် ဆီလျော်သည့်မေးခွန်းတစ်ခု ဖြစ်လေသည်။ ထိုအရာအားလုံးက အလွန်မှကောင်းမွန်နေသည်ကို အန်းချီကလဲ သိသည်။ ဘယ်သူကမှ သူ့ထက်ပိုပြီး မစားခဲ့ဖူးကြချေ။
သို့တိုင် သူ့မျက်လုံးများက တဒင်္ဂအတွင်း တဖျတ်ဖျတ် လက်သွားဟန်တူသည်။ မေးခွန်း၏အဖြေကို ဖြေလိုက်ချိန်တွင် သူက အကြည့်ကို အောက်ချထားလိုက်ပြီး ပုံမှန်နှင့်မကွာခြားသလို ပြုလုပ်ထားလိုက်ကာ ခါတိုင်းလိုပင် အိန္ဒြေဆက်ဆည်ထားလိုက်သည်။
လတ်လတ်ဆတ်ဆတ် အစားအသောက်ဆိုင်၏ ရောင်းချသည့်ပစ္စည်းအကြောင်း အသေးစိတ်ပြောရသည်တွင် တို့ဟူးအကြောင်းကို ပြောရမည်ကလဲ မလွဲမသွေဖြစ်လေရာ တို့ဟူးက ကျန်းမိသားစု၏ အဆက်အသွယ်ကို မြှင့်တင်ပေးခဲ့သည့်အကြောင်း အရာကိုလည်း ပြောရပေမည်။
ရှီကျိုးမြို့ ကျန်းမိသားစု ... မင်းကြီးသည် သူကိုယ်တိုင် ရှီကျိုးမြို့ကို မသိမ်းပိုက်ခဲ့လျှင် သူတို့အပေါ် ဘာအမြင်သဘောထားမှ ရှိခဲ့မည်မဟုတ်ချေ။ သူတို့ကို အထက်တန်းစား မိသားစုတစ်ခုအဖြစ် သတ်မှတ်နိုင်သော်ငြားလည်း သူတို့သည် မျိုးရိုးအဆင့်အတန်းအရ အောက်ခြေတွင်သာရှိလေသည်။ သို့တိုင် သူကတော့ ဒါကို ဖိအားပေးသည်ဟု မှတ်ယူခဲ့သည်။ ချူဘုရင်ဟု ကိုယ့်ဟာကိုယ် သတ်မှတ်ခဲ့သည့် အစောပိုင်းအုပ်ချုပ်သူက ရှီကျိုးကို အခြေတည်မြို့အဖြစ် အသုံးချခဲ့ပြီး ကျန်းမိသားစုမှာ အေးချမ်းဖို့ရန်အလို့ငှာ လုံလောက်များပြားသည့်ရိက္ခာများကို ထောက်ပံ့ပေးခဲ့သည်။ သချီက ရှီကျိုးကို ထိန်းချုပ်ခဲ့သည့်အချိန်တွင်လည်း သူတို့သည် ဂယက်ရိုက်ခံရမည်စိုးသဖြင့် ရက်ရောသည့် အကျိုးဆောင်မှုများကို ပြုလုပ်ပေးခဲ့သည်။
လက်ဆောင်ပဏ္ဍာများအတွက် သူ့တောင်းဆိုမှုမှာ အရင်ချူဘုရင်ထက် အများကြီးပိုများကာ သူတို့၏ချမ်းသာမှုတင်မကဘဲ သူတို့၏မြေယာကိုပါ အခွန်ကောက်ခံခဲ့သည်။ ရလဒ်အနေဖြင့် ယခုတော့ ကျန်းမိသားစု၏ နယ်မြေများထဲက သိသာသည့်အချိုးအစား ပမာဏတစ်ခုကို သာမန်ပြည်သူများ ပိုင်ဆိုင်ခွင့်ရခဲ့ပြီး သူတို့အုတ်မြစ်၏ တဝက်ကျော်လောက်ကို ထိထိရောက်ရောက် အခြေချနိုင်ခဲ့သည်။
သခင်ကြီးကျန်းက သူ့နာကျင်မှုကို ဖိနှိပ်ဖို့ရန်ကြိုးစားပြီး သူ၏တုန်ယင်နေသည့်မျက်နှာကို ဖုံးကွယ်ဖို့ ကြိုးစားခဲ့သည့်အကြောင်းကိုပင် မှတ်မိနေသေးသည်။ သူက အန်းချီကို မော့ကြည့်လိုက်ပြီး မေးလိုက်၏။ "ကျန်းမိသားစုမှာ တစ်ခုခုလှုပ်ရှားတာရှိခဲ့ သေးလား"
"သခင်မကြီးကျန်းကတော့ လှုပ်ရှားချင်နေပါတယ်၊ ဒါပေမဲ့ သခင်ကြီးကျန်းက သူ့ကိုပြန်ဆွဲထားတယ်လေ"
ကျွတ် ကျွတ်။
မင်းကြီးမှာ အနည်းငယ် စိတ်ပျက်သွားတော့သည်။ သို့သော်ငြားလည်း ယခုအချိန်တွင် စန်းလော့အတွက် အားရုံစူးစိုက်မှု အများကြီးဖြစ်စေသည်က မသင့်တော်သည်ကို စဥ်းစားမိသည်တွင် ဒါကလည်း အဆင်ပြေသည်ဟု သဘောထားလိုက်သည်။ အန္တရာယ်ကင်းကင်း ကစားကြသည်က ပိုကောင်းပေမည်။
"တစ်ခြားဆိုင်ကရော အဲဒီ့မှာ ဘာတွေရောင်းတာလဲ"
သူသည် သရှင်းရွာက ရောင်းချသည့်အထူးပစ္စည်းများကို တော်တော်လေး စိတ်ဝင်စားမိသည်။
အထူးထုတ်ပစ္စည်းဆိုင်အကြောင်း ပြောလိုက်သည်တွင် အန်းချီ၏ပါးစပ်မှာ အလိုလို သရေကျလာတော့သည်။ သို့သော်ငြားလည်း သူသည် မင်းကြီးရှေ့တွင် ရောက်နေသဖြင့် သူ့ကိုယ်သူ ထိန်းသိမ်းနိုင်ခဲ့ရာ တာဝန်ကျေကျေဖြင့် သတင်းပို့လေသည်။
အရင်က တခါမှမကြားခဲ့ဖူးသည့် နာမည်တော်တော်များများကို ကြားလိုက်သည်တွင် ဆယ်စုနှစ်ကျော်အောင် ရှင်သန်လာခဲ့သည့်မင်းကြီးမှာ ပထမဦးဆုံးအကြိမ်အဖြစ် ရှောင်မိသားစု၏ အင်အားကို သံသယဖြစ်မိလေတော့သည်။ သက်တမ်းရင့်ပြီး ခိုင်မာသည့်မိသားစုတစ်ခုက ဒီလောက်များပြားသည့်ပစ္စည်းများကို အဘယ်ကြောင့် မသိခဲ့ရပါသနည်း။ ဒါက ဒေသကွာခြားချက်ကြောင့်များလား။ သူသည် အန်းချီ၏လည်ချောင်းက လှုပ်ရှားသွားသည်ကို သတိထားမိလိုက်၏။
သူသည် ကလေးဘဝကတည်းက သူကိုယ်တိုင် လေ့ကျင့်ပေးထားသည့် လျှို့ဝှက်သက်တော်စောင့် တစ်ယောက်ဖြစ်ရာ သူအသက်၆နှစ် ၇နှစ်ကတည်းက ရှောင်မိသားစုထဲသို့ ခေါ်လာသည့်သူလဲဖြစ်သည်။ မင်းကြီးက အန်းချီ၏ မသိသာသည့်အကျင့်စရိုက်များနှင့် အလွန်မှ ရင်းနှီးလှလေသည်။
"မင်း တစ်ချို့ယူလာတယ် ဟုတ်တယ်မလား"
အန်းချီ: ...သူ့ရဲ့ နောက်ဆုံးကျန်တဲ့ ပျားရည်ဆမ်းအသားခြောက်ကတော့ အန္တရာယ်ရှိလာပြီပဲ။
စိတ်အတွင်းပိုင်းတွင် ယောက်ယက်ခပ်သွားသည့် ခံစားချက်တစ်ခုက မြင်သာလုနီးပါး ဖြစ်သွားသော်ငြားလည်း ထိုလူက ပွင့်ပွင့်လင်းလင်းသာ နာခံလိုက်လေသည်။ "ကျွန်တော် ဝယ်လာခဲ့ပါတယ်"
မင်းကြီးက မျက်ခုံးတစ်ဖက်ပင့်လိုက်ပြီး "ငါ စစ်ဆေးကြည့်ဖို့ အဲဒီ့ပစ္စည်းကိုယူလာခဲ့"
သူသည် ဒီပစ္စည်းများကို ထုတ်ပေးလိုက်သည်နှင့် ဒါက စုံစမ်းဖို့ရန်သက်သက် မဟုတ်တော့မှန်း အန်းချီ ခံစားမိနေသည်။
ဟုတ်ပါသည်။ သူက ဒီအတွေးကိုတော့ ထုတ်မပြောရဲခဲ့ချေ။ ထိုအစား သူက ဦးညွှတ်လိုက်ပြီး အဓိကဝင်ပေါက်ဆီမှ ဖြတ်မသွားဘဲ နောက်ဆုတ်သွားလိုက်၏။ လိုက်ကာ၏အနောက်ဘက်သို့ ပြန်လှည့်ပြီးသွားသည့်နောက်တွင် သူသည် မြင်ကွင်းထဲက ပျောက်ကွယ်သွားလေသည်။ သိပ်မကြာခင်မှာပင် လက်ထဲတွင် အိုးငယ်လေးနှစ်လုံးနှင့် ပြန်လာခဲ့သည်။
သူသည် အသားမွကြော်နှင့်ပတ်သတ်ပြီး ထူးထူးခြားခြား မနှစ်သက်သော်ငြားလည်း ပျားရည်ဆမ်းအသားခြောက်ကိုတော့ အလွယ်တကူ ခွဲခွာဖို့ရန် အလွန်မှတွန့်ဆုတ်နေမိလေသည်။ ဒါသည် လှေပေါ်က သူ့ခရီးအတောအတွင်း သူ၏ အဓိကအစားအသောက်ဖြစ်ခဲ့သည်။ သူသည် ဒီပစ္စည်းကို အလွန်မှ တွန့်ဆုတ်စွာဖြင့် တော်ဝင်စားပွဲပေါ်သို့ ချပေးလိုက်၏။
မင်းကြီးက သူ့ကို မော့ကြည့်လိုက်သည်။ အန်းချီက အားနည်းချိနဲ့သည့် ကန့်ကွက်မှုတစ်ခုကို ဖော်ပြလိုက်၏။ "မင်းကြီး အသားမွကြော်က ပိုပြီးတော့ ကြာကြာခံပါတယ်၊ ဒါပေမဲ့ ပျားရည်ဆမ်းအသားခြောက်ကတော့ ဆိုင်ကအရောင်းစာရေးမလေး ပြောတဲ့စကားအရဆိုရင် ရက်၂၀ထက် ပိုပြီးအထားမခံဘူးတဲ့"
"မင်း ရေလမ်းကနေပြန်လာတာ ဘယ်နှစ်ရက်အချိန်ကြာခဲ့လဲ"
"၁၅ရက်ပါ"
"ဒါဆို ကောင်းပြီလေ၊ ၅ရက်တောင်ကျန်သေးတာပဲ"
"ဒါက လတ်ဆတ်တော့မှာ မဟုတ်ဘူး” ခုခံဖို့ရန်အတွက် ကဗျာကယာ ကြိုးစားမှုတစ်ခုပင်။
မင်းကြီး၏မျက်လုံးများက တဖျတ်ဖျတ် လက်သွားတော့သည်။ "တိုက်ပွဲထဲမှာ ပိတ်မိနေခဲ့တယ်ဆိုရင် မှိုတက်နေတဲ့ မုန့်တစ်ခုကိုတောင် အပေါ်မှာသန့်ရှင်းရေးလုပ်ပြီး ဒီလိုပဲစားလို့ရတယ်၊ ငါက အဲလောက်ထိနူးညံ့မနေပါဘူး"
သူသည် တော်ဝင်စားပွဲပေါ်တွင် ဖြည်းဖြည်းချထားပြီး ကြီးမားသည့်ဂရုစိုက်မှုဖြင့် သေချာထိန်းသိမ်းထားသည့် ပျားရည်ဆမ်းအသားခြောက်အိုးကို လှမ်းယူလိုက်လေသည်။ အိုးလေးက သာမန်ဖြစ်ဟန်တူသည်။ အန်းချီက ရှင်းပြလိုက်၏။ "မင်းကြီး ကျွန်တော် ကြွေအိုးနဲ့လဲထည့်လိုက်ပါမယ်"
သချီရွာအမှတ်အသားတစ်ခုပါနေသည့် ပစ္စည်းများက နန်းတော်ထဲတွင် ပေါ်ထွက်လာဖို့ရန် မသင့်တော်ချေ။ အထူးသဖြင့် သူ့လို လျှိုဝှက်သက်တော်စောင့်ရှေ့တွင် သို့မဟုတ် မင်းကြီးကိုယ်တိုင်ရှေ့တွင် ပေါ် ထွက်လာရန်မဖြစ်နိုင်ချေ။
"မင်းအလုပ်လုပ်တဲ့ပုံက အမြဲတမ်း စေ့စပ်သေချာတာပဲ” မင်းကြီးက ပြောလိုက်၏။ အထူးသဖြင့် သူသည် စိတ်အခြေအနေက ကောင်းမွန်နေလေသည်။ သူက အိုးကို ချက်ချင်းဖွင့်လိုက်၏။ သို့သော်ငြားလည်း အန်းချီက မြန်မြန်လှမ်းပြောလိုက်ပြီး စမ်းသပ်ဖို့ရန် ငွေအပ်တစ်ခုကိုလှမ်းယူရင်း သူ့ကို စောင့်ခိုင်းထားလိုက်သည်။ ခဏအကြာတွင် ငွေအပ်က မပြောင်းလဲတမ်း တည်ရှိနေချိန်တွင် သူက မင်းကြီးကို သုံးဆောင်ဖို့ရန် အန္တရာယ်ကင်းကြောင်း အမူအယာပြလိုက်၏။
အရောင်တစ်ခုတည်းနဲ့တင် စားချင်သဖွယ်ရှိလှသည်။ မင်းကြီးက အသားခြောက်တစ်တုံးကို ကောက်ယူလိုက်ပြီး အကြိမ်အနည်းငယ် ဝါးကြည့်လိုက်၏။
အန်းချီက ဒီပစ္စည်းအပေါ် အလွန်မှ တွယ်တာနေရသည့်အကြောင်းအရင်းကို အခုတော့ သူသဘော ပေါက်သွားတော့သည်။
သူသည် တခစ်ခစ် ရယ်မောလိုက်ကာ ထူးထူးခြားခြား စိတ်ကျေနပ်မိသလို ခံစားလိုက်ရသည်။ သူက တစ်ကိုက်လောက် အရသာခံလိုက်ပြီးနောက် အန်းချီရှေ့သို့ အိုးကို တိုးပေးလိုက်သည်။ "မင်းလဲ နည်းနည်းလောက် စားအုံးမလား" "
အန်းချီ ...
ဒါက သူ့အတွက် လုံးဝမဟုတ်တော့တာ သိနေသည်။
"ကျွန်တော်မျိုး မဝံ့ရဲကြောင်းပါ မင်းကြီး” သူက ပြန်ဖြေလိုက်၏။
မင်းကြီး၏စိတ်အခြေအနေက ပိုလို့ပင် တိုးတက်သွားတော့သည်။ သူက အန်းချီကို မေးလိုက်၏။ "မင်း ပေါင်မုန့်နဲ့ ကိတ်မုန့်တွေကို ယူမပြန်လာခဲ့ဘူးလား"
အန်းချီက ပြန်ဖြေလိုက်သည်။ "အဲဒီ့မုန့်တွေက အချိန်အကြာကြီးအထိ အထားမခံပါဘူး၊ အဲဒီ့မုန့်တွေက ၂ရက်၃ရက်လောက်နေရင် ပျက်သွားတတ်ပါတယ်၊ ဒီ့အပြင် သူတို့တွေက ဒါကိုထိန်းသိမ်းပြီးတော့ ရောင်းချတာပါ၊ ပါဝင်ပစ္စည်းပြတ်လပ်နေလို့လားတော့ မသိဘူး၊ သူတို့တွေက ၅ရက်တခါလောက်မှပဲ ရောင်းကြတယ်၊ ရောင်းတဲ့နေ့ကျရင် မြို့ထဲက ချမ်းသာတဲ့မိသားစုတွေရဲ့ အစေခံတွေက ဆိုင်မဖွင့်ခင်ကတည်းက အပြင်ဘက်မှာလာပြီးတော့ စောင့်နေကြတယ်လေ၊ ဒီပစ္စည်းက အသစ်တွေဆိုတော့ လူတော်တော်များများကလည်း သူတို့အကြောင်းကို မသိသေးဘူး"
အမှန်ပင် အစားအသောက်သည် နေရာတိုင်းတွင် ရှားပါးနေသည်။ သို့သော်ငြားလည်း အခြေအနေကတော့ တဖြည်းဖြည်း တိုးတက်နေ၏။ သရှင်းရွာတွင် အစားအသောက်ဆိုင်များ ရှိနေသည့်အချက်သည် သာမန်ပြည်သူများ၏ ဘဝကလည်း ပိုပြီးကောင်းမွန်လာသည့် သက်သေပင်။ မင်းကြီးသည် မစိုးရိမ်တော့ချေ။ ထို့အစား အန်းချီကို ကြည့်လိုက်ပြီး ရယ်စရာလုပ်ကာ ပြောလိုက်၏။ "မင်းလဲ တန်းစီခဲ့ရသေးလား"
အန်းချီ၏လက်ချောင်းများက လှုပ်ခါသွားသော်ငြားလည်း သူက ကိုယ့်ဟာကိုယ် ခုခံလိုက်သေးသည်။ "အားပါ့က ရွာအပြင်ဘက်မှာ စောင့်ကြည့်ပေးနေပါတယ်"
ဒီလိုပြောလိုက်သည်တွင် အန်းချီသည် တစ်ခုခုကို သတိရသွားပြီးပြောလိုက်၏။ "ဟုတ်တယ် တစ်ခုရှိသေးတယ်၊ ရှန်းလီက အားကျိုနဲ့ တစ်ခြားသူတွေရဲ့ အချက်အလက်တွေကို သံသယဖြစ်နေတဲ့ပုံပဲ"
ကျန့်ဇီရွှမ်း ရှန်းလီ၏နာမည်ကို ထုတ်ပြောပြီးကတည်းကဆိုလျှင် လေးလနီးပါးလောက်ရှိပြီဖြစ်သည်။ မင်းကြီးသည် ချက်ချင်း မတုံ့ပြန်ဘဲ ရှန်းလီသည် စန်းလော့၏ယောက်ကျား ဖြစ်ကြောင်းကို သတိရဖို့ရန် အခိုက်အတန့်လေး လိုအပ်သွားသည်။ သူက အံ့သြသွား၏။ "ဘာဖြစ်လို့လဲ မင်းတို့တွေ သဲလွန်စတစ်ချို့ ပေးမိလို့လား"
အန်းချီက ခေါင်းခါပြသည်။ "ကျွန်တော်တော့ အဲလိုမထင်ပါဘူး၊ သခင်မ ဆိုင်မဖွင့်ခင် တစ်ရက်၊နှစ်ရက်အလိုက ထင်တယ်၊ သူက အားကျိုနဲ့ တစ်ခြားသူတွေကို စမ်းသပ်ခဲ့တဲ့ပုံပဲ၊ အရိပ်အယောင်ကတော့ သိပ်မထူးခြားပါဘူး အားကျိုကလဲ အဲဒီ့တုန်းက လုံးဝသေချာ မသိဘူးလေ၊ ဒါပေမဲ့ အဲဒီ့နောက်ပိုင်းမှာတော့ သခင်မ အပြင်ထွက်တဲ့အချိန်တိုင်း အကြိမ်အနည်းငယ်လောက် ကျွန်တော်နဲ့အားပါ့တို့က နောက်ကနေပြီးတော့ စောင့်ကြပ်ပေးခဲ့တယ်လေ၊ ကျွန်တော်တို့တွေ ကျောင်းမှာ ရှိနေသင့်တဲ့ သူ့ဆီမှာ မိသွားတော့မလို ဖြစ်သွားခဲ့တယ်၊ ဒါကြောင့် ကျွန်တော်လည်း သံသယဖြစ်တာကို ရှောင်ရှားဖို့ တစ်ခုခုဝယ်မယ်ဆိုပြီး ဆိုင်ထဲကို ဝင်ခဲ့ရတာပေါ့"
ထိုနောက်တွင်တော့ သူသည် ထောင်ချောက်ထဲသို့ ကျရောက်သွားတော့သည်။ ဆိုင်ထဲသို့ သုံးခါသွား ရောက်ခဲ့ပြီးနောက်တွင် သူသည် သူ့လစာတစ်ဝက်နီးပါး ကုန်ဆုံးသွားခဲ့လေသည်။
"ဟုတ်တယ်၊ သူက အားကျိုနဲ့ တစ်ခြားသူတွေရဲ့ အိမ်ကိုလည်း လာလည်ခဲ့သေးတယ်၊ အဲဒီ့နောက်ပိုင်းမှာ သူက ပြည်နယ်အုပ်ချုပ်ရေးမှူးအိမ်တော်ကိုတောင် သွားခဲ့သေးတယ်” သူသည် သူတို့၏လျှိုဝှက်ချက်ကို ဖော်ထုတ်ခဲ့သည် ဖော်မထုတ်ခဲ့သည်ကိုတော့ အန်းချီမှာ သေချာမပြောနိုင်ချေ။
"ပြည်နယ်အုပ်ချုပ်ရေးမှူးအိမ်တော် ဟုတ်လား” မင်းကြီး၏ ကျဥ်းမြောင်းနေသည့်မျက်လုံးက မသိမသာ ပိုပြီးကျဥ်းမြောင်းသွာကာ အနည်းငယ် စိတ်ဝင်စားသည့် အရိပ်အယောင် လက်သွားလေသည်။
ရှန်းလီက အစတုန်းကတော့ မြို့တော်ထဲဝင်လာပြီး ရုံးတော်နဲ့ရင်းနှီးတဲ့ ဆက်ဆံရေးကို ထိန်းသိမ်းထားဖို့အတွက် စန်းလော့ရဲ့ ခြေနင်းတုံးတစ်ခုသက်သက်ပဲလို့ ထင်ခဲ့တာ။ အခုတော့ကြည့်ရတာ သူက အဲထက်ပိုနေတဲ့ပုံပဲ။ သူ့ရဲ့ထက်မြတ်မှုက ချီးကျူးထိုက်တယ်။ သူ့မှာ စစ်တပ်ကြီးတစ်ခုကို ခေါင်းဆောင်နိုင်တဲ့ အရည်အချင်းတွေ ရှိတယ်။ သူက ဖရိုဖရဲကာလထဲမှာ ဘာအကျိုးဆောင်မှုတွေမှ မလုပ်ခဲ့တာတော့ နှမျောစရာပဲ။
ဒါပေမဲ့လည်း သူ့မိသားစုအပေါ် သူ့ရဲ့ချစ်ခင်မြတ်နိုးမှုကြောင့်သာ မဟုတ်ဘူးဆိုရင် စန်းလော့လဲ ဒီလောကထဲမှာ ရှိနေဖို့ဆိုတာ မသေချာဘူး။ ဒါက သူ့ကို ကံတရားနဲ့ သူ့ကိုယ်ပိုင်အစီအစဥ် ရှိတယ်ဆိုတာကို ယုံကြည်လာအောင် လုပ်ပေးလိုက်တာပဲ၊ ရှန်းလီနဲ့စန်းလော့တို့ နှစ်ယောက်စလုံးက နောက်ဆုံးတော့ သူနဲ့သချီနိုင်ငံကို ကူညီပေးဖို့ ကံကြမ္မာပါလာခဲ့တာပဲ။
သချီ၏ ပြည်နယ်နှင့်စီရင်စုအသီးသီးသို့ ပို့ပေးလိုက်သည့် စက္ကူအသုတ်များနှင့် သူတို့ဆီမှရခဲ့သည့် အလားအလာရှိသည့် အကျိုးအမြတ်များအကြောင်း စဥ်းစားမိလိုက်သည်တွင် မင်းကြီးသည် တော်တော်လေး စိတ်ရွှင်ပျသွားတော့သည်။ "သူက ဘာကိုမှ သေသေချာချာ မလုပ်ဘူးဆိုရင် မင်းလဲ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှမသိသလိုပဲ နေလိုက်၊ မင်းရဲ့တာဝန်ကိုပဲ လုပ်လိုက်ပါ"
"တင်ပါ့ အရှင်မင်းကြီး"
အန်းချီက ထွက်ခွာတော့မည်ပြင်လိုက်စဥ်တွင် မင်းကြီးက သူ့ကိုပြန်ခေါ်လိုက်သည် "ခဏနေကြရင် ချန်ရှီဆီကနေ မင်းဟာမင်း ငွေအတုံး၂၀လောက် သွားထုတ်လိုက်၊ နောက်တစ်ခါကျရင် ငါ့အတွက် အိုး ၂၀လောက် ထပ်ပြီးယူလာပေး"
အန်းချီ၏မျက်လုံးများက လင်းလက်သွားလေသည်။ သူ့အပြုံးက နားရွက်အထိ တက်ချိတ်တော့မတတ်ပင်။ သူသည် အိန္ဒြေတစ်ချို့ကို ဆယ်ထားလိုက်ပြီး "မင်းကြီး တစ်အိုးကို ၁လျန်ပဲ ကျသင့်ပါတယ်"
"ဒါဆိုရင်လဲ လျန်၂၀ယူသွားလိုက်"
အန်းချီ၏အပြုံးက အေးခဲသွားသည်။ မင်းကြီးက တဟင်းဟင်း ရယ်မောလိုက်ကာ "သွားတော့၊ ကျန်တာက မင်းအတွက်ဆုတော်ငွေပဲ၊ မင်းရဲ့လစာတွေကိုပဲ အားလုံးသုံးမနေနဲ့၊ နှစ်အနည်းငယ်အတွင်း လျှိုဝှက်တာဝန် ထမ်းဆောင်ပြီးသွားရင် မိသားစုတစ်ခု စတင်ဖို့ လုံလောက်အောင်လဲ သေချာစုဆောင်းထားအုံး၊ အဲလိုမှမဟုတ်ဘူးဆိုရင် ငါက ငါ့ရဲ့လက်အောက်ငယ်သားတွေကို မတရားဆက်ဆံတယ်လို့ လူတွေက ထင်သွားကြအုံးမယ်"
အန်းချီ၏ စိတ်အားတက်ကြွမှုမှာ မြင့်တက်သွားကာ သူက မင်းကြီးကို ချီးမြှောက်သည့်စကား နည်းနည်းပါးပါး ပြောလိုက်ပြီးနောက်တွင် ဝမ်းသာအားရ ထွက်ခွာလာတော့သည်။
ချန်ကုန်းကုန်းသည် မင်းကြီးထံသို့ ခစားဖို့ရန် ဝင်ရောက်လာချိန်တွင် သူက အဝတ်စိုတစ်ခုဖြင့် လက်များကို သုတ်လို့နေသည်။ ချန်ကုန်းကုန်းက ကူညီပေးရန် အနားသို့ရောက်လာပြီး မင်းကြီး၏စားပွဲဆီသို့ ပြန်ရောက်လာချိန်တွင် ပစ္စည်းအသစ်တစ်ခုကို သတိထားမိသွား၏။ ...ဘာမှမထူးခြားသည့် အိုးလေးတစ်လုံး ဖြစ်ဟန်တူသည်။ အပြင်ဘက်က သူကြားခဲ့သည့် စကားများကို ပြန်စဥ်းစားလိုက်မိပြီး သူက သူ၏ ရည်ရွယ်ချက်ကို ခန့်မှန်းမိ၏။
ရှန်းလီ။
အန်းချီနှင့် သူ့လူများသည် အမှန်တွင်တော့ သရှင်းရွာသို့ သွားခဲ့ပြီးဖြစ်သည်။
ထယ်သွားနှင့်ပတ်သတ်ပြီး မင်းကြီးက သရှင်းရွာသို့ လျှို့ဝှက်အထောက်တော် ပို့ရန်မလိုချေ။ ချန်ကုန်းကုန်းသည် ကောင်းကင်သားတော်၏ အယုံကြည်ရဆုံးသော လူတစ်ယောက်ဖြစ်ကာ နေ့စဥ်လုပ်ငန်းဆောင်တာများအတွက်လဲ သူနှင့် အရင်းနှီးဆုံးလူဖြစ်လေသည်။ အတွေးတစ်ချို့ကို စဥ်းစားလိုက်ပြီးနောက် သူက ဖြစ်ပျက်နေသည့် အကြောင်းအရာကို ခန့်မှန်းနိုင်သွားပြီး သူ့မျက်လုံးအိမ်များက မသိမသာ လည်သွားတော့သည်။
မင်းကြီးက စားပွဲပေါ်က လျှောက်တင်လွှာတစ်ခုကို ဒီအတိုင်း ကောက်ကိုင်လိုက်ပြီးနောက် အေးအေးလူလူ မေးလိုက်၏။ "လော့အိမ်ထောင်စုနဲ့ သော့အိမ်ထောင်စုဆီကို လူလွှတ်လိုက်ပြီးပြီလား”
ချန်ကုန်းကုန်းက ချက်ချင်းဦးညွှတ်လိုက်ကာ "သခင်ကြီးလီက ၆လပိုင်း လလယ်လောက်ကတည်းက လူတစ်ယောက် လွှတ်ထားပါတယ်၊ အခုဆိုရင်တော့ စာလွှာက ရောက်သင့်နေပါပြီ"
စက္ကူလုပ်နည်းက ပျောက်သွားပြီပေါ့လေ။ ဒါဆိုရင်လည်း တသက်လုံး ပျောက်သွားခိုင်းလိုက်တော့ပေါ့... အခုချိန်ကစပြီး လော့မျိုးနွယ်နဲ့ သောမျိုးနွယ်ကလွဲရင် သချီမှာ ဘယ်သူမဆို စက္ကူကို ထုတ်လုပ်နိုင်တယ်။
မင်းကြီးသည် စိတ်ကျေနပ်သွားပြီး သူ၏နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ကွေးတက်လာလေသည်။
...
သရှင်းရွာတွင် ရှန်းလီသည် သူ၏ အသေးစားလုပ်ဆောင်ချက်များကိုပင် လျှို့ဝှက်အထောက်တော်က မင်းကြီးဆီသို့ တင်ပြခဲ့သည်ကို မသိခဲ့ချေ။ ရက်ပေါင်းများစွာ တိတ်တိတ်လေး လေ့လာခဲ့ပြီးနောက် ကျန့်ဇီရွှမ်းဆီက သေချာရေရာသည့်အဖြေတစ်ခုကို လက်ခံရရှိခဲ့ပြီးနောက်တွင် သူသည် စန်းလော့၏ လုံခြုံရေးနှင့်ပတ်သတ်ပြီး သူ၏စိုးရိမ်ပူပန်မှုစိတ်များကို နောက်ဆုံးတော့ လွှတ်ချနိုင်ခဲ့သည်။
ဒါသည် နွေရာသီ၏နောက်ဆုံး အပူလှိုင်းဖြစ်လေသည်။ စန်းလော့၏ဝမ်းဗိုက်ကလည်း သိသိသာသာ ကြီးထွားလာခဲ့သည်။ သူမသည် အပူဒဏ်ကို အင်မတန်မှ ခံစားလွယ်လေသည်။ ထို့ကြောင့် သူမက တောင်ပေါ်လေပြေအေးကို ခံစားဖို့ရန် မကြာခဏ သွားရောက်တတ်သည်။ နောက်ပိုင်းတွင် သူမသည် တော်ဝင်ကဗျည်းတိုင်အတွက် ပြည်နယ်အစိုးရက ဆောက်ထားပေးသည့်ဇရပ်ထဲတွင် အနားယူရသည်ကို သဘောကျလာခဲ့သည်။
ပြီးခဲ့သည့်လအနည်းငယ်က သူမသည် မြေယာစိုက်ပျိုးခြင်း အိမ်ဆောက်ခြင်းနှင့် ဆိုင်တည်ခြင်းကိစ္စများနှင့်ပတ်သတ်ပြီး အလုပ်များနေခဲ့သည်။ ယခုတော့ သူမတွင် နောက်ဆုံးတော့ အားလပ်ချိန်လေး အနည်းငယ်ရလာခဲ့ပြီး စန်းလော့က ဇရပ်ထဲတွင်ထိုင်ကာ ရွာထဲက ကလေးများ၏ ပညာရေးကိစ္စကို ပြန်လည်သုံးသပ်နေလေသည်။
ရှန်းလီအပါအဝင် ပြည်နယ်ကျောင်းတော်က စာသင်သား၅ယောက်သည် ရွာက ကလေးများအတွက် အကောင်းဆုံးဆရာများ ဖြစ်လေသည်။ သူမက သေသေချာချာ စဥ်းစားတွေးတောလိုက်ပြီး အကြံပေးလိုက်၏။ "ရှန်းလီ ကျွန်မတို့အိမ်ဆောက်တုန်းက ကျန်နေတဲ့သစ်တွေကို ရှင်အနားယူတဲ့အချိန် အတောအတွင်းမှာ စားပွဲနဲ့ ကုလားထိုင်တစ်ချို့ လုပ်ပေးပါလား၊ ကျွန်မတို့တွေ အဲဒါတွေကို ဇရပ်ထဲမှာ ထားလို့ရတယ်၊ ဒီနေရာက ကျယ်ဝန်းပြီးတော့ အလင်းရောင်လဲ ကောင်းတယ်လေ၊ အေးလာတဲ့အချိန်ကျရင်တော့ ကျွန်မတို့တွေ ဝင်ပေါက်ရဲ့အနီးနားက တောင်ဘက်အခန်းထဲကို ရွှေ့ပြောင်းလို့ရတယ်၊ အားနဥ်နဲ့တစ်ခြားသူတွေလဲ သူတို့ဟာသူတို့ ဒီနေရာမှာစာလေ့လာဖို့ စုဝေးလို့ရတာပေါ့၊ ယွင်ကျန့်နဲ့ ချင်းဟယ်တို့ကိုလည်း သူတို့နားနေတဲ့အချိန်ကြရင် ရွာကကလေးတွေကို အလှည့်ကျသင်ပေးဖို့ ဆန္ဒရှိလားဆိုတာ မေးလိုက်ပါအုံး"
သူတို့သည် ၆ကြိမ်တွင်၁ကြိမ်သာ အနားယူရမည်ကို သိသဖြင့် သူတို့က ဒီလိုလုပ်ဖို့ရန် ဝမ်းသာသည်ထက်ပိုပြီး ပျော်နေလိမ့်မည်က ထင်ရှားလေသည်။ သို့သော်ငြားလည်း ရှန်းလီကတော့ စိုးရိမ်မှုတစ်ခုရှိနေ၏။ "ဒါက မင်းကို အနှောက်အယှက် မဖြစ်စေဘူးလား"
"ဘာက အနှောက်အယှက်ဖြစ်စရာ ရှိလို့လဲ၊ စာဖတ်နေတဲ့အသံကို နားထောင်ရတာက တကယ် နားဝင်ချိုပါတယ်” သူမက ပြောလိုက်ပြီး သူမ၏လုံးဝန်းနေသည့်ဝမ်းဗိုက်ကို အသာအယာ ပွတ်သပ်လိုက်လေသည်။ အသာအယာကန်ကျောက်ပုံ၊ တွန်းထိုးပုံတို့ကို ခံစားမိလိုက်ပြီး သူမက ခပ်တိုးတိုးလေး ရယ်လိုက်၏။ "ကြည့်လေ၊ ဒီကလေးက စိတ်လှုပ်ရှားနေရတာကို ကြိုက်တယ်"
ရှန်းလီ၏မျက်လုံးများက လင်းလက်သွားပြီး သူက ကိုယ်ကိုညွှတ်လိုက်ကာ ကလေးနှင့် အပြန်အလှန်စကားပြောဖို့ရန် စန်းလော့၏ဝမ်းဗိုက်ပေါ်သို့ လက်ကို တင်လိုက်လေသည်။ "အဖေ့ရဲ့ရတနာလေး ငါက မင်းရဲ့အဖေလေ၊ အဖေ့လက်ကို ထိပါအုံး"
သူတို့၏ကလေးသည် သူတို့၏အသံနှင့် ရတနာဆိုသည့် အခေါ်အဝေါ်ကို ရင်းနှီးနေပြီးသားဖြစ်သည်။ သူမ၏ဝမ်းဗိုက်တစ်လျှောက်တွင် လှုပ်ရှားမှုကို တစ်ဆက်တည်းကို ခံစားကြည့်လိုက်ပြီး စန်းလော့မှာ မရယ်ဘဲမနေနိုင်အောင်ဖြစ်သွား၏။
ရှန်းလီ၏စိတ်အားထက်သန်မှုကို လေ့လာကြည့်ရင်း သူက ဘယ်ကိုသွားလဲ ‘ရတနာ’ ညာကိုသွားလဲ ‘ရတနာ’ဟု ကလေးကို ခေါ်ဝေါ်နေသည်တွင် သူမကပြုံးကာ ပြောလိုက်လေသည်။ "ရှင် နာမည်တွေ စဥ်းစားထားပြီးပြီလား"
သူသည် နေ့စဥ်နေ့တိုင်း စာအုပ်များကိုပုံထားကာ ယောက်ကျားလေးနှင့်မိန်းကလေး ကလေးနာမည် နှစ်ခုစလုံးအတွက် အဖိုးတန်သည့်နာမည်များကို စာမျက်နှာအပြည့် ရေးခြစ်နေသော်ငြားလည်း တစ်ခုကိုမှ ကျေနပ်သည့်ဟန်မတူချေ။ စန်းလော့ကိုယ်ဝန်ရှိလာကတည်း သူတို့သည် တစ်ဖက်တွင် ကလေးကို ရတနာဟု အမြတ်တနိုး ခေါ်လာခဲ့ကြသည်။
စန်းလော့ဘေးတွင် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ရှန်းလီက သူမကို မော့ကြည့်ကာ မေးလိုက်၏။ "တစ်ခုမှ လုံလောက်အောင်ကောင်းတဲ့ပုံ မပေါ်သေးပါဘူး၊ နည်းနည်းလေးထပ်ပြီးတော့ စဥ်းစားလိုက်အုံးမယ်၊ ဒီနေ့ည နာမည်တစ်ခုလေက် အတူတူ ရွေးကြမယ်ဆိုရင်ရော"
စန်းလော့မှာ မနေနိုင်ဘဲ ရယ်မိပြန်သည်။ သူမသည် ထိုနာမည်များထဲက ၇ကြိမ်- ၈ကြိမ်လောက် ရွေးချယ်ထားပြီးဖြစ်သည်။ ဒီနေ့ညတွင် ရှန်းလီ၏ အကြိုက်နှင့်ကိုက်ညီသည့် နာမည်တစ်ခုကို ရှာမတွေ့မှာပင် စိုးရိမ်မိတော့သည်။
...