← Chapters

အခန်း (၂၅၃-၂၅၄)

Vol. 26 Ch. 253-254

အခန်း (၂၅၃-၂၅၄)

Vol. 26 Ch. 253-254

အပိုင်း (၂၅၃) အမည်ပေးခြင်း

သူမ ကိုယ်ဝန်ရှိသည်ကို သိကတည်းက နှစ်ဝင်လောက်နာမည် ရွေးလာခဲ့သည်တွင် ဘာတစ်ခုမှကျေနပ်မှုမရှိခဲ့သည့် ရှန်းလီသည် ဒီတစ်ကြိမ်တွင်တော့ သူ အမှန်တကယ် သဘောကျသည့် နာမည်တစ်ခုကို ရှာတွေ့ခဲ့လိမ့်မည်ဟု စန်လော့က မျှော်လင့်မထားမိချေ။

"ကြင်နာတတ်ခြင်းဆိုတဲ့စကားလုံးကို ‘ယောင်’က ကိုယ်စားပြုတယ်၊ ကျက်သရေရှိတာကိုတော့ ‘ထျောင်’လို့ ကိုယ်စားပြုတယ် တကယ်လို့သမီးမိန်းကလေး ဖြစ်ခဲ့မယ်ဆိုရင် ‘ယောင်’ဆိုတဲ့စကားလုံးကို အမြဲတမ်း သဘောကျမိခဲ့တာ တစ်ခုတည်းသောပြဿနာက ဒီစကားလုံးက ‘ရှန်း’ဆိုတဲ့စကားလုံးနဲ့ ပေါင်းလိုက်မယ်ဆိုရင် ချောချောမွေ့မွေ့ အသံမထွက်နိုင်တာပဲ ‘အားယောင်’ဆိုပြီး အိမ်နာမည်သုံးမယ်ဆိုရင်ရော မင်း ဘယ်လိုထင်လဲ”

သူသည် ဒီနှမြောစရာ အချက်တစ်ချက်တည်းကြောင့် ‘ယောင်’ဆိုသည့်စကားလုံးကို သဘောကျနေသည့် ခံစားချက်အား မြိုသိပ်ထားသည်မှာ သေချာလေသည်။

စန်းလော့မှာ မပြုံးဘဲမနေနိုင်အောင်ဖြစ်သွားသည်။ ‘ယောင်ထျောင်’ သွယ်လျပြီးကျက်သရေရှိခြင်း ဟူသည့် စကားလုံးမှလာသည့် ‘ယောင်’ဆိုသည့်စကား လုံးသည် အမှန်ပင် လှပသည့် အဓိပ္ပါယ် တစ်ခုဖြစ်လေသည်။ သို့သော်ငြားလည်း ရှန်းနှင့်ယောင်ဆိုသည့်စကားလုံးနှစ်လုံးက တရုတ်စကားအသံထွက်တွင် တတိယလေသံတစ်ခု သုံးရပြီး အသံထွက်ကို ကိုးယိုးကားယား နိုင်အောင်ဖြစ်စေသည်။ တစ်ဖက်တွင်တော့ အားယောင်ဟူသည့် စကားလုံးက အသံထွက်ရ ပိုပြီးအဆင်ပြေလေသည်။ ထိုစကားလုံးကို တစ်ကြိမ်နှစ်ကြိမ်လောက် ရွတ်ဆိုလိုက်ပြီးနောက်တွင် သူမက ပိုပြီးသဘော ကျသွားဟန်တူကာ ခေါင်းငြိမ့်ထောက်ခံလိုက်၏။

အပြုံးတစ်ခုက ရှန်းလီ၏မျက်လုံးပေါ်တွင် ဖြစ်တည်လာတော့သည်။ "ဒါဆိုရင် တရားဝင်နာမည်တစ်ခုအတွက် ဒီရွေးချယ်စရာနာမည်တွေကို တစ်ချက်လောက်ကြည့်လိုက်ပါအုံး"

သူ လှမ်းပေးလိုက်သည့်စာရွက်ကို ယူလိုက်ပြီး သူမသည် ထိုနာမည်များက သူလတ်တလောမှ စဥ်းစားထားသည့် နာမည်များဖြစ်သည်ကို တွေ့လိုက်ရ၏။ ထိုနာမည်များနှင့်ပတ်သတ်ပြီး သေချာစဥ်းစားလိုက်ပြီးနောက်တွင် သူမက ခေါင်းခါပြလိုက်သည်။

ရှန်းလီတစ်ယောက်တည်း ဂျီးများနေခြင်း မဟုတ်ချေ။ သူမကလဲ ဒီအတိုင်း ရွေးချယ်မှုများပြုလုပ်နေသည်။ ကိူယ်ဝန်က ၇လဝန်းကျင် ရှိလာသည်တွင် သူတို့သည် နာမည်တစ်လုံးကိုပင် မသတ်မှတ်ရသေးချေ။ ဒါကလည်း အကြောင်းအရင်းတစ်ခု သေချာပေါက်ရှိရပေမည်။ ဒါက ရှန်းလီ၏အမှားတစ်ခုတည်းတော့ လုံးဝမဟုတ်ချေ။

သူတို့သည် အချိန်နည်းနည်း ဆွဲထားလို့ မရတော့သည်ကို နားလည်လိုက်သဖြင့် စန်းလော့က သေသေချာချာ စဥ်းစားပြီး အကြံပေးလိုက်၏။ "’ချန်လဲ့’ ဆိုရင်ရော ဘယ်လိုလဲ၊ ကျွန်မက ချန်အန်းလို့ခေါ်တဲ့ ပေါများကြွယ်ဝတဲ့ခေတ်တစ်ခုကို တစ်ချိန်က လိုချင်ခဲ့ဖူးတယ်လေ၊ မင်းကြီးက ဒါကိုအစွဲပြုပြီး မြို့တော်ကို နာမည်ပေးခဲ့တယ်၊ ချန်အန်းက ဒီလောကအတွက် ကျွန်မရဲ့မျှော်လင့်ချက်ကို ကိုယ်စားပြုတာပဲ၊ ဒါပေမဲ့ ကျွန်မတို့မှာ သမီးတစ်ယောက် ရှိလာမယ်ဆိုရင် ကျွန်မက သူ့ကို ရေထဲက ငါးလေးတစ်ကောင်လိုပဲ လွတ်လွတ်လပ်လပ် ဖြစ်စေချင်တယ်၊ အမြဲတမ်းပျော်ရွှင်ပြီးတော့ ကျေနပ်နှစ်သိမ့်စေချင်တယ်၊ - ချန်လဲ့ဆိုတော့ ပျော်ရွှင်မှုကိုခံစားတယ်ပေါ့"

"ရေထဲငါးလေးတစ်ကောင်လို အမြဲတမ်း ပျော်ရွှင်ပြီး တင်းတိမ်ရောင့်ရဲစေမယ်” ရှန်းလီသည် ထိုစကားစုကို ပြန်ရွတ်လိုက်ပြီး ပြောလိုက်၏။ "ဒီစကားလုံးထက် ပိုကောင်းတဲ့ဆုမွန်ကောင်းတစ်ခုက ရှိတော့မှာ မဟုတ်ဘူး၊ သူ့ကို ချန်လဲ့လို့ပဲခေါ်ကြတာပေါ့ ရှန်းချန်လဲ့"

သမီးလေး၏နာမည်ကိုတော့ သတ်မှတ်သွားပြီးခဲ့သည်။ သို့သော်ငြားလည်း မိခင်ဝမ်းဗိုက်ထဲက ကလေး၏ ကျားမဖြစ်တည်မှုကိုတော့ လင်မယားနှစ်ယောက်စလုံးက မသိရသေးချေ။ ထို့ကြောင့် သူတို့သည် ယောက်ကျားလေး ဖြစ်နိုင်ခြေရှိသည့် အလားအလာတစ်ခုအတွက် နောက်ထပ်နာမည်တစ်ခုကို ရွေးချယ်ရသည်။

နှိုင်းယှဥ်ကြည့်လိုက်တော့ ယောက်ကျားလေးအတွက် ရွေးချယ်မှုများက အစကတည်းက ရွေးချယ်ရသည်မှာ ပိုပြီးလွယ်ကူလေသည်။ အများကြီး တွေဝေမနေတော့ဘဲ ရှန်းလီက ယောက်ကျားလေးနာမည် ရွေးထားသည့် နောက်ထပ်စာရွက်တစ်ရွက်ကို လှမ်းယူလိုက်ပြီး စန်းလော့ကို လှမ်းပေးလိုက်၏။ "ဒါကို တစ်ချက်လောက်ကြည့်ပြီးရင် မင်း ကြိုက်တဲ့နာမည်ပါမပါ ပြောလိုက်ပါအုံး"

နာမည်အများစုကိုတော့ အရင်ကတည်းက ရင်းနှီးလေသည်။ သို့သော်ငြားလည်း နာမည်အသစ်တစ်ချို့ကို ထပ်ထည့်ထားသဖြင့် စန်းလော့က ချန်ဟူသည့်စကားလုံးပါသည့် နာမည်တစ်ခုကို ထောက်ပြလိုက်သည်။ "ရှန်းချန်ဆိုရင် အဆင်ပြေလိမ့်မယ်"

"အိမ်နာမည်ကရော” သူမနှင့်ရှန်းလီတို့က တနေ့လုံးရတနာဟု အမြတ်တနိုး အပြန်အလှန် ခေါ်ဆိုလာခဲ့သည်ကို စဥ်းစားမိသည်တွင် ဒါက စန်းလော့ကို အမှန်ပင် ရှုပ်ထွေးသွားစေတော့သည်။ ထို့ကြောင့် သူမက အရဲစွန့်ပြီးပြောလိုက်၏။ "ချန်ပေါင်ဆိုရင်ရော"

နှစ်ယောက်စလုံးက ရယ်မောလိုက်ကြသည်။ ထိုနာမည်သည် ခွေးနှင့်ဥ သို့မဟုတ် ကျောက်တုံးနာမည်နှင့် အလွန်မှဆင်တူနေသဖြင့် လုံးဝအဆင်မပြေလှချေ။ ခွေးနှင့်ဥစကားလုံးကိုတော့ ပြန်လည်ရှင်းပြလို့ရသည်။ အကယ်၍များ တစ်စုံတစ်ယောက်က လမ်းပေါ်တွင် ကျောက်တုံးဟု လှမ်းခေါ်ခံလိုက်ရလျှင် အနည်းဆုံးတော့ လူ၇ယောက်၊ ၈ယောက်လောက်က ပြန်လှည့်ကြည့်လာလိမ့်မည်။

စန်းလော့ကတော့ ‘ချန်ပေါင်’ဟု အကြံပြုလိုက်၏။ သူမက ခပ်တိုးတိုးလေး ရယ်မောရင်း သူမ၏ဝမ်းဗိုက်ကို ထောက်ကန်ထားကာ ရှန်းလီကို ပြောလိုက်လေသည်။ "ကျွန်မတို့ကလေးက မိန်းကလေးဖြစ်ဖို့များတယ်၊ တော်တော်လေး တက်ကြွပြီးတော့ ရွှင်ရွှင်ပျပျရှိတယ်၊ ကျွန်မ အဝတ်အစားတွေကို ချုပ်တဲ့အခါကျရင်လေ အမှတ်တမဲ့ ပန်းရောင်လို ပိုပြီးနူးညံပြီး အရောင်နုတွေကိုပဲ ရွေးချယ်တတ်တယ်၊ တကယ်တမ်းကျတော့ ဒါက ကျွန်မရဲ့အကြိုက် မဟုတ်ဘူးလေ"

ရှန်းလီကလဲ ခပ်တိုးတိုး ရယ်မောလိုက်ကာ သူတို့၏မမွေးလာသေးသည့် ကလေးလေးအတွက် စန်းလော့ ချုပ်လုပ်ထားသည့် အဝတ်အစားအများစုမှာ အမှန်ပင် ပန်းရောင်ဖြစ်နေသည်ကို သတိထားမိလိုက်သည်။

"သမီးတစ်ယောက်ဆိုရင်တော့ ဝမ်းသာစရာကောင်းတာပေါ့၊ အထူးသဖြင့် သူက မင်းနဲ့ရုပ်ချင်းဆင်မှာလေ၊ အဲဒီ့အခါကြရင် သူ့ကို သက်တောင့်သက်သာဖြစ်တဲ့ဘဝတစ်ခုမှာ မွေးမြူရမယ်၊ လောကကြီးကလဲ အေးချမ်းလာတဲ့အပြင် ကိုတို့ရဲ့နေထိုင်မှု အဆင့်အတန်းကလည်း အရင်တုန်းကထက်စာရင် သိသိသာသာ တိုးတက်လာပြီလေ၊ အဝတ်အစားနဲ့ပတ်သတ်လာလျှင် မင်းကြီးကလဲ ကိုတို့တွေကို ပိုးထည်အုပ်၁၂အုပ်ကျော် ချီးမြှင့်ထားပြီး အရာရှိချွေ့နဲ့ ကျောင်းတော်ကအတန်းဖော်တွေ တော်တော်များများကလည်း ကိုယ်တို့အိမ်သစ်တက်ပွဲတုန်းက အကောင်းစားချည်ထည်တွေနဲ့ ပိုးထည်တွေကို လက်ဆောင်ပေးခဲ့တယ်လေ၊ ချန်ပေါင်က မှန်ကန်တဲ့အချိန်ကို ရွေးချယ်ရမယ်ဆိုတာ တကယ်သိတာပဲ"

သူ၏ပြောနေရင်းတန်းလန်းက ကလေးကိုချီးမွမ်းဖို့လဲ မမေ့လျော့သလို စန်းလော့၏ဝမ်းဗိုက်ထဲက ကလေးလေးကလည်း ချီးမွမ်းမှုအများအပြားကို လက်မခံနိုင်ချေ။ ရှန်းလီစကားဆုံးသွားပြီးသည့်နောက်တွင် စန်းလော့သည် သူမ၏ဝမ်းဗိုက်က လှုပ်ရှားသွားသလို ခံစားလိုက်ရ၏။ သူမ၏အကြည့်နောက်သို့ လိုက်သွားသည်တွင် ရှန်းလီသည် သူမ၏ ဝမ်းဗိုက်ပေါ်က သေးငယ်သည့် ဖောင်းပွနေသည့်အရာလေးတစ်ခုကို မြင်လိုက်ရသည်။ "ရတနာလေးက ဒီစကားကို ကြားသွားတာလား"

ကျီစယ်တတ်သည့် စိတ်ဝိညာဥ်တို့က နိုးထလာပြီး သူက ကပ်ပြီးထိုင်ချလိုက်ကာ သူမ၏ဝမ်းဗိုက်ကို အသာအယာ ထိကိုင်လိုက်ပြီး သူတို့၏စကားဝိုင်းကို လေထဲမှတစ်ဆင့် ဆက်ပြောလိုက်လေသည်။ "ရတနာလေးရေ မင်းအဖေနဲ့အမေကတော့ မင်းအတွက် နာမည်တစ်ခု ရွေးပြီးသွားပြီ၊ ဒီနာမည်တွေထဲက တစ်ခုခုကို ကြိုက်တယ်ဆိုရင် အဖေ၊အမေတို့ကို အသိပေးလို့ရမလား၊ ‘ယောင်ယောင်’ဆိုရင်ကော ဘယ်လိုလဲ"

သေးငယ်သည့် လက်သီးလေးတစ်ခုက သူမ၏ဝမ်း ဗိုက်ပေါ်တွင် ပေါ်လာသည်။

"နာမည်ရင်းအတွက် ‘ချန်လဲ့’ ရှန်းချန်လဲ့ဆိုရင်ကော"

တစ်ဖန် သေးငယ်သည့်လက်ချောင်းလေးက သူမ၏အရေပြားကို တွန်းကန်လိုက်၏။

တုံ့ပြန်မှုက အချိန်ကိုက်ဖြစ်နေသဖြင့် ရှန်းလီမှာ အပြန်အလှန် ပြောဆိုဆက်ဆံရသည်ကို ပိုပြီးသဘောကျလာတော့သည်။ သူက မေးလိုက်၏။ "ချန်ပေါင်ဆိုရင်ရော"

ချက်ချင်းဆိုသလိုပင် လက်သီးသေးသေးလေးက နောက်ထပ်တစ်ကြိမ် ထပ်ပေါ်လာသည်။

စန်းလော့က လက်တစ်ဖက်ကို အိပ်ယာပေါ်ထောက်ထားပြီး ကျန်သည့်တစ်ဖက်ကိုတော့ သူမ၏ဝမ်းဗိုက်ပေါ်တင်ထားကာ ကိုယ်ကိုလှုပ်ခါသွားသည်အထိ ရယ်မောမိတော့သည်။ "ရှင်က သူ့ကို အရာအားလုံး နားလည်လာပြီလို့ တကယ်ပဲ မျှော်လင့်ထားတာလား၊ သူက ရှင့်အသံကိုပဲ မှတ်မိနေတာလေ၊ ကစားချင်တဲ့စိတ် ဖြစ်နေတာနေမှာပေါ့"

သူမက လှိုက်လှိုက်လှဲလှဲ ရယ်မောနေပြီး သူမ၏ ဝမ်းဗိုက်ကိုလည်း တည်ငြိမ်အောင်လုပ်ဖို့လိုသဖြင့် ရှန်းလီက ကလေးကို ထပ်ပြီးမစနောက်တော့ဖို့ ထိန်းချုပ်ထားလိုက်သည်။ သူက ထရပ်လိုက်ပြီး စန်းလော့ကို မေးလိုက်၏။ "ပိုပြီးကြီးလာတဲ့ဗိုက်က အရင်တုန်းကထက် မင်းကိုပိုပြီးတော့ ပင်ပန်းအောင်လုပ်နေတော့မှာပဲ"

အရင်ကဆိုလျှင် စန်းလော့၏ကိုယ်ဝန်မှာ လုံးဝ မသိသာသလောက်ပေ။ ကျိုးကဲနှင့် ယှဥ်ကြည့်လိုက်လျှင် သူမ၏ခန္ဓကိုယ်အရွယ်အစားမှာ လုံးဝ မပြောင်းလဲသလောက်သာ ရှိနေသည်။ သူမသည် ကိုယ်ဝန်ရှိနေသည်ဟုပင် ခန့်မှန်းလို့မရနိုင်အောင်ပင်။ သို့သော်ငြားလည်း ပြီးခဲ့သည့်လအတွင်းတွင် သူမ၏ဝမ်းဗိုက်သည် သိသိသာသာ ကြီးထွားလာလေသည်။ ရှန်းလီသည် သူမအတွက် ဒါကမည်မျှပိုပြီးခက်ခဲမည်ကို မြင်နိုင်၏။

စန်းလော့က ခေါင်းခါပြလိုက်သည်။ "ကျွန်မ အခုတော့ အဆင်ပြေနေပါတယ်၊ အပူဒဏ်ကို နည်းနည်းလေး ခံနိုင်ရည်မရှိတာတစ်ခုပဲ၊ လယ်ကွင်းနဲ့ တိရိစ္ဆာန်တွေကိုလည်း ကြည့်ရှုစောင့်ရှောက်ထားတယ်၊ အားနဥ်ကလဲ အိမ်မှုတာဝန်အများစုကို တာဝန်ယူပေးထားတယ်၊ ဒီ့အပြင် ရှင်နဲ့ရှင့်ညီလေးတွေကလဲ ပုံမှန်အတိုင်း မုန့်တွေနဲ့ အသားခြောက်တွေကို လုပ်ပေးနေတယ်လေ၊ ကျွန်မမှာ လုပ်စရာ အများကြီးမရှိပါဘူး၊ ရတနာလေးကလဲ အရမ်းကို စဥ်းစားတွေးတောပေးတတ်ပါသေးတယ်၊ သူ့ကို ကိုယ်ဝန်ရှိတယ်လို့ ပထမဦးဆုံးသိလိုက်တုန်းက မနက်ခင်းနေမကောင်းဖြစ်ခဲ့တဲ့ တစ်ရက်နှစ်ရက်ကလွဲလျှင် သူက ကောင်းကောင်းစားပြီး ကောင်းကောင်းအိပ်နေပါတယ်"

ရှန်းလီက သူမ၏ပါးပြင်ကို အနမ်းပေးလိုက်ပြီး "ခဏလောက် နားလိုက်အုံး၊ ခြေထောက်ဆေးဖို့ ကို ရေသွားခပ်လိုက်အုံးမယ်"

စန်းလော့ကိုယ်ဝန်ရှိလာကတည်းက မိသားစုသည် သူမကို ဘာတာဝန်မှမပေးသည့်အပြင် အလွန်အကျွံ သတိလဲရှိတတ်ကြသည်။ သူတို့သည် အစောပိုင်းကာလအတွင်းတွင် သေချာစေ့စပ်ကြပြီး သူမ၏ ကိုယ်ဝန်ရင့်လာသည့်အချိန်တွင်လည်း ပိုပြီးတော့ပင် သေချာစေ့စပ်ကြသေးသည်။ မျက်နှာသစ်၊ သွားတိုက်ခြင်းစသည့် ရိုးရှင်းသည့်ကိစ္စများကိုတော့ သူမ လုပ်နိုင်သေးသည်။ သို့သော်ငြားလည်း ရှန်းလီက သူမ၏ခြေထောက်ကို ဆေးကြောဖို့ရန် သူမကို ကိုယ်ကို ညွှတ်ခွင့်မပေးချေ။ သူက ရေနွေးသွားခပ်လာပြီး သူမကို ဆေးကြောသန့်စင်ရာတွင် ကူညီပေးကာ ခြောက်သွေ့အောင်လုပ်ပေးပြီး သူ ကျေနပ်သည်အထိ အဝတ်စုတ်ဖြင့် ကြမ်းပြင်ကိုလဲသုတ်ပေးသေးသည်။

...

ကျောင်းပိတ်ရက်ကာလအတွင်းတွင် ရှန်းလီက စားပွဲနှစ်လုံးကို ပြုလုပ်ခဲ့သည်။ သရှင်းရွာကလူများက သူက အလုပ်လုပ်နေသည်ကို မြင်လိုက်ချိန်တွင် စန်းလော့က ကလေးများ စာရေးစာဖတ်ဖို့အတွက် စာသင်ခန်းငယ်လေးတစ်ခုကို တည်ထောင်ချင်သည့်အကြောင်း သိလိုက်ရသည်။ သူတို့သည် အိမ်တွင်ဖြစ်စေ စုဝေးကာဖြစ်စေ စာဖတ်နိုင်ကြသည်။ အကယ်၍ ရှန်းလီနှင့် သူ့သူငယ်ချင်းများက ကျောင်းပိတ်ရက် အားလပ်ရက်ရှိခဲ့လျှင် သူတို့သည် ကလေးများကို သင်ကြားပေးနိုင်သည်။ အားလုံးက စိတ်အားထက်သန်နေကြ၏။ ကလေးများရှိကြသည့်သူများက သူတို့၏ကိုယ်ပိုင်စားပွဲများကို စတင်ပြုလုပ်နေကြသည်။ ချက်ချင်းနီးပါးပင် စာသင်ခန်းငယ်လေးတစ်ခုသည် ပေါ်ထွက်လာပြီး စတင်လည်ပတ်တော့မည်။

ဟုတ်ပါသည်။ ဒါက လာမည့်ကျောင်းပိတ်ရက် အချိန်မရောက်သေးချေ။ ထို့ကြောင့် ရှန်းနဥ်နှင့်ရွှီဝမ်ယင်းတို့က အလှည့်ကျ သင်ကြားပေးကြသည်။ စန်းလော့သည် အစတုန်းကတော့ ကလေးများကို ကိုယ်တိုင်သင်ကြားပြသပေးဖို့ စီစဥ်ထားသည်။ သို့သော်ငြားလည်း မျှော်လင့်ထားသည်ထက် ပိုပြီးကြီးမားသည့် အိမ်တစ်လုံးကိုဆောက်လုပ်ရသည်တွင် နှစ်ဝက်ကုန်ဆုံးသွားခဲ့သည်။ သူမ၏ဝမ်းဗိုက်ကလဲ အခုတော့ သိသိသာသာ ကြီးထွားလာသည်။ ရှန်းနဥ်နှင့် ရွှီဝမ်ယင်းတို့ကလဲ ဝီရိယရှိရှိ စာလေ့လာခဲ့ကြပြီး သင်ကြားပေးနိုင်သည့် အရည်အချင်းရှိကြသည်။ ထို့ကြောင့် စန်းလော့က ဝင်မပါတော့ဖို့ ဆုံးဖြတ်လိုက်၏။

လယ်ယာလုပ်ငန်းများရှိသည့်ကြားက အိမ်တွင် ဇွဲလုံ့လရှိရှိဖြင့် စာလေ့လာခဲ့ကြသည့် ကုဝူနှင့်ချီဝူတို့သည် သင်ခန်းစာကို လာတက်ရောက်ကြပြီး ချက်ချင်းဆိုသလို တန်ဖိုးကို သဘောပေါက်သွားသည်။ - ဒါသည် ဖတ်စာများကို ဒီအတိုင်းပြန်ရွတ်ခြင်း မဟုတ်တော့ချေ။ ဒါသည် တောင်အတွင်းပိုင်းတွင် ဝေ့ချင်းဟယ် သင်ကြားပေးခဲ့သည်နှင့် လုံးဝကွာခြားကာ လုံးဝကွဲပြားနေသည်။

ဟုတ်ပါသည်။ စာအုပ်များကတော့ ကျန့်မိသားစုမှဖြစ်သည်။ ဝေ့ချင်းဟယ်၊ ဝမ်ယွင်ကျန့်၊ ရှန်းမိသားစုနှင့် စာအုပ်ကို အတူတူဖတ်ကြသည့် ရွှီညီအစ်ကို သူတို့အားလုံးသည် ပြည်နယ်ကျောင်းတော်တွင် တက်ရောက်ခဲ့ကြသည်။ စန်းလော့က သူတို့ဆီမှစာအုပ်များကို ကူးရေးထားခဲ့၏။ သို့သော်ငြားလည်း ထိုစာအုပ်များကို တစ်ခြားသူအတွက် ကူးယူပေးသည်က မှန်ကန်သည်ဟု မခံစားမိချေ။ သို့သော်ငြားလည်း အိမ်တွင်စာအုပ်များရှိပြီး ဇွဲလုံ့လရှိရှိလေ့လာခဲ့ကြသည့် ရှန်းနဥ်နှင့်ရွှီဝမ်ယင်းတို့လို သူအတွက်တော့ သူတို့လေ့လာထားခဲ့သည့်အရာများကို ကလေးများက နားထောင်ဖို့ရန်ဆန္ဒရှိသမျှ သူတို့ကို သင်ကြားပေးနိုင်သည်။

ပါရမီပိုရှိသည့်ကျောင်းသားများက သင်ခန်းစာများကို အလွယ်တကူ မှတ်ယူနိုင်မည်။ ကွန်ဖြူးရှပ်၏ စာသားများကို နားမလည်ကြသူများအတွက်ကတော့ သူတို့သည် အဓိကအားဖြင့် လူမှုရေးကဏ္ဍအတွက် စိုက်ပျိုးကာလ အလုပ်နည်းပါးသည့် အတောအတွင်းတွင် လာရောက်သင်ကြားနိုင်သည်။ ရှန်းနဥ်နှင့်ရွှီဝမ်ယင်းတို့၏ အကြောင်းအရာကို ချိန်ညှိပေးနိုင်သည့်အရည်အချင်းနှင့်အတူ မကြာခဏဆိုသလို ရိုးရှင်းသည့်သင်ခန်းစာများ သို့မဟုတ် အတွက်အချက်ပုစ္ဆာများကို သင်ပြပေးသဖြင့် ရှန်းကျင့်လိုလူမျိုးကပင် သူတို့၏ လက်တွေ့ကျသည့် အထောက်အထားကို ထောက်ချင့်မိပြီး ဒီအတန်းက အဆင်ပြေသည်ဟု ခံစားရသည်။

၂ရက်အတွင်းမှာပင် သူတို့စာဖတ်သည့် ဇရပ်ပတ်ဝန်းကျင်တွင် မျက်နှာသစ်လေးများကို တွေ့လာရသည်ဟု ရှန်းနဥ်က စန်းလော့ကို အသိပေးလာသည်။

သူတို့သည် လုံးဝမရင်းနှီးနေသည်တော့ မဟုတ်ချေ။ သူတို့သည် သူတို့မိသားစုအတွက် အလုပ်လုပ်ပေးနေကြသည့် အငှားအလုပ်သမားများ၏ ကလေးများဖြစ်ကာ ကျောက်မိသားစုမှ၄ယောက်၊ တစ်ခြားအိမ်ထောင်စုနှစ်ခုမှ ကလေး၃ယောက်ဖြစ်သည်။

ရှန်းနဥ်က ပြောလိုက်၏။ "သူတို့သုံးလေးယောက်က ခဏခဏ ထမင်းလာပို့ပေးနေကြတာလေ၊ ကြည့်ရတာ သူတို့တွေက မနက်စာလာပို့ပေးတော့ ညီမတို့ စာဖတ်နေတဲ့အသံကို ကြားလိုက်ကြပြီး တစ်ခါ၊နှစ်ခါလောက် ချောင်းနားထောင်ဖို့ ဆုံးဖြတ်လိုက်ကြတာထင်တယ်၊ နောက်ဆုံးတော့ သူတို့တွေက လယ်ထဲမှာအလုပ်လုပ်စရာမလိုတဲ့ သူတို့ရဲ့မောင်နှမ အငယ်လေးတွေကို အတူတူခေါ်လာခဲ့တယ်လေ၊ အခု သူတို့တွေက ဇရပ်နားမှာ တိတ်တိတ်လေး လာကပ်ပြီးတော့ နားထောင်နေကြတယ်၊ သူတို့တွေက ၁နာရီနီးပါးနေပြီးတော့ ပြန်သွားကြတယ်” စန်းလော့၏မျက်ခုံးများက မြင့်တက်သွားလေသည်။ "အဲဒီ့တုန်းက နင်က ဘာကိုသင်ပေးနေတာလဲ"

ရှန်းနဥ်က တခစ်ခစ် ရယ်မောလိုက်ပြီး "အစတုန်းကတော့ မှတ်တမ်းချုပ်စာအုပ်နဲ့ စလိုက်တာပဲ၊ သူတို့တွေက အချိန်တစ်ခုအထိ တဝဲလည်လည် လုပ်နေတာကို မြင်လိုက်ရပြီး ရှောင်ထျယ်နဲ့စန်းနျိုတို့လဲ အဲဒီ့မှာရှိနေတယ်ဆိုတော့ ဒါက အခွင့်အရေးကောင်းတစ်ခုလို့ ထင်တယ်လေ၊ ဒီလိုနဲ့ ညီမက သူတို့တွေကို စာလုံးပေါင်းတစ်ထောင်ကျမ်း ရွတ်ခိုင်းလိုက်တာပေါ့"

ရှန်းထျယ်နှင့် စန်းညိုတို့သည် မလိုက်နိုင်သည့် ကျောင်းသားများ ဖြစ်လေသည်။ သူတို့သည် စာလုံးပေါင်းတစ်ထောင်ကျမ်းကို ရုန်းကန်နေရဆဲဖြစ်ကာ စာလုံးရေတစ်ဝက်လောက်ကိုသာ မှတ်မိလေသည်။ သူတို့အတွက် မသိသေးသည့်စကားလုံးများက အများကြီးရှိနေ၏။

စန်းလော့ကပြုံးကာ ရှန်းနဥ်ကိုမေးလိုက်၏။ "နင်ရော ဒီထက်များတဲ့ကျောင်းသားတွေကို သင်ချင်လား"

တွေဝေမှုမရှိဘဲ ရှန်းနဥ်က အပြုံးတစ်ခုဖြင့် ခေါင်းငြိမ့်လိုက်သည် "ဒါပေါ့"

သူမသည် သည်အကြောင်းကို သူမ၏မရီးဖြစ်သူကို ပြောပြကတည်းက စဥ်းစားထားပြီးသားဖြစ်သည်။ ငှားရမ်းထားရသည့် အလုပ်သမားများသည် ပင်ပင်ပန်းပန်း အလုပ်လုပ်ရသည်။ ရှန်းနဥ်က အပြန်အလှန်အားဖြင့် အကူအညီတစ်ခုကို ထောက်ပံ့ပေးလိုသည့်ဆန္ဒရှိသည်။

"ဒါပေမဲ့ သူတို့မိသားစုတွေကရော ကလေးတွေကိုစာသင်ဖို့ ခွင့်ပြုပါ့မလား"

ကလေးများအကြားတွင် အကြီးဆုံးမှာ ၉နှစ်၊ ၁၀နှစ်အရွယ်ဝန်းကျင်ရှိပြီး အိမ်ကို ကူညီပေးနိုင်သည့်အရွယ် ဖြစ်သည်။

စန်းလော့က ပြန်ဖြေလိုက်၏။ "မနက်ဖြန်ကြရင် ဒီကိစ္စကို မေးကြည့်လိုက်ပါအုံးမယ်"

နောက်တစ်နေ့မနက်ခင်းတွင် အပြင်ဘက်ဇရပ်ထဲတွင် စာဖတ်နေကြစဥ်တွင် စန်းလော့က အပြင်သို့ထွက်လာကာ တချက်လောက် လာလေ့လာလိုက်ပြီး ရှန်းနဥ်ပြောပြခဲ့သည့် ကလေး၇ယောက်ကို သတိထားမိလိုက်သည်။ သူတို့အထဲတွင် သူမသည် ကျောက်သလန်၏သမီးနှင့် ကျောက်စစ်လန်တို့၏ သားကို ပိုပြီးတော့ရင်းနှီးလေသည်။ မောင်နှမနှစ်ယောက်က စန်းလော့ကိုမြင်လိုက်ရသည်တွင် အတိုင်းအတာတစ်ခုအထိ ရှက်ရွံ့သွားကြ၏။

စန်းလော့က ကျောက်သလန်၏သမီးကို လက်ဝေ့ယမ်းပြလိုက်ကာ ကောင်မလေးကို မေးလိုက်သည်။ "နင်တို့ရော ငါတို့စာဖတ်တဲ့နေရာမှာ လာပြီးတော့ဖတ်ချင်လား"

ကလေးမလေးက တော်တော်လေး ရှက်ရွံနေကာ ခေါင်းငြိမ့်ရမည်လား ခေါင်းခါရမည်လား မသိဖြစ်နေသည်။ ခဏလောက်ပြီး စဉ်းစားလိုက်ပြီးနောက်တွင် သူမက ပြန်ဖြေလိုက်၏။ "သမီးက ဆရာမလေး စာဖတ်နေတာကို နားထောင်ရတာ သဘောကျပါတယ်၊ ဒါပေမဲ့ အများစုကိုတော့ နားမလည်ပါဘူး"

"ဆရာမလေး” ဟူသည့်စကားသည် ရှန်းနဥ်ကို ရည်ညွှန်းလေသည်။

စန်းလော့က ပြုံးလိုက်၏။ "တကယ်လို့ နင်တို့တွေစိတ်ဝင်စားရင် ဇရပ်ထဲကိုလာပြီးတော့ နားထောင်လို့ရပါတယ်၊ တခါတလေကြရင် သူတို့က ပိုပြီးတော့ ရိုးရှင်းတဲ့စာတွေကို ဖတ််ကြတာလေ၊ တကယ်လို့ စာဖတ်နည်း နည်းနည်းပါးပါးကို မှတ်မိတယ်ဆိုရင် နင့်ရဲ့အဖေကို ဝါးစာလိပ်လေးတစ်ချို့ကို ပြင်ဆင်ခိုင်းလိုက်ပေါ့၊ ပြီးရင်တော့ အဲဒီ့ဝါးစာလိပ်ကို နင်တို့ရဲ့အစ်မအားနဥ်ကိုဖြစ်ဖြစ် ငါ့ဆီကိုဖြစ်ဖြစ် ယူလာလို့ရတယ်၊ ငါတို့တွေက အခြေခံစာတတ်မြောက်မှုကို သင်ကြားပေးဖို့အတွက် နင်တို့ကို စာလုံးပေါင်းတစ်ထောင်ကျမ်းရဲ့ အစိတ်အပိုင်းတစ်ချို့ကို ကူးပေးလို့ရတယ်၊ အဲလိုဆိုရင် နင်တို့တွေလဲ စာလုံးတွေကို စပြီးတော့ ကျက်မှတ်လို့ရတာပေါ့၊ တကယ်လို့ ဒါကို ကောင်းကောင်းလေး ကျက်မှတ်နိုင်တယ်ဆိုရင် ဆက်ပြီးတော့ လေ့လာလို့ရတယ်လေ၊ ငါတို့တွေက နင်တို့အတွက် ထပ်ပြီးတော့ကူးပေးမှာပေါ့"

ကျောက်မိသားစုမှကလေးများသည် စာသင်ကြားရခြင်း၏ သိသာထင်ရှားသည့် အဓိပ္ပါယ်ကို အပြည့်အဝ နားမလည်ချေ။ သို့တိုင် စန်းလော့က သူမ၏ မိသားစုထဲတွင် နတ်သမီးတစ်ယောက်လို အဆင့်အတန်းရှိလေသည်။ သဘာဝကျကျ လေးစားအားကျမှုနှင့် စံပြပုဂ္ဂိုလ်တစ်ယောက်လို ဖြစ်လေသည်။ စန်းလော့က သူမကို စကားလာပြောပြီး အိမ်ယာဝန်းလေးထဲတွင် ဆရာမလေးနှင့် စာသင်ခွင့်ရရန် အခွင့်အရေးကမ်းလှမ်းသည်ကို ကြားလိုက်သည်တွင် ကလေးမလေးက အင်မတန်မှ ဝမ်းသာသွားတော့ သည်။

"တကယ်ပဲ လုပ်လို့ရလား"

စန်းလော့က ခပ်တိုးတိုးလေး ရယ်မောလိုက်ကာ "နင်တို့တွေ လေ့လာသင်ယူနိုင်တယ်ဆိုရင်ပေါ့၊ ရပါတယ်၊ ဒါပေမဲ့ အရင်ဆုံးတော့ နင်တို့ရဲ့မိဘတွေနဲ့ အဘိုးအဘွားတွေကို မေးကြည့်ရအုံးမယ်၊ သူတို့တွေက ခွင့်ပြုပေးမှာလား၊ နင်တို့တွေ တစ်နေ့လုံး စာသင်စရာ မလိုပါဘူး၊ တစ်နေ့မှ နာရီဝက်လောက်ဆိုရင်ကို အဆင်ပြေပါပြီ"

ကလေးမလေးသည် စန်းလော့ကို ကျေးဇူးတင်စကားပြောလိုက်ပြီး သူမ၏မောင်ညီမလေးများကို ခေါ်ကာ အိမ်သို့ပြန်မနေတော့ဘဲ သူမ၏အဖေနှင့်ဦးလေးကို မေးမြန်းဖို့ရန် တောင်ပေါ်သို့ ပြေးတက်သွားကြတော့သည်။ ကူညီပေးရန် ငှားရမ်းထားသည့်မိသားစုက တစ်ခြားကလေးနှစ်ယောက်ကလဲ နောက်မှလိုက်လာသည်။

သိပ်မကြာခင်မှာပင် ကျောက်သလန်၊ ကျောက်စစ်လန်နှင့် တစ်ခြားငှားရမ်းထားသည့် အလုပ်သမားနှစ်ယောက်က ကလေးများနှင့်အတူ ရောက်လာကြသည်။ သူတို့ကြားတွင် ကျောက်စစ်လန်သည် ဝမ်းအသာရဆုံးသူဖြစ်လေ၏။ "သခင်မ၊ သခင်မက တကယ်ပဲ ကျွန်တော်တို့ကလေးတွေကို စာသင်ကြားခွင့်ပေးမှာလား"

စန်းလော့က ခေါင်းငြိမ့်ပြသည်။ "တကယ်လို့ ကလေးတွေက သင်ယူချင်စိတ်ရှိတယ်၊ ဒါ့အတွက် ပါရမီလဲပါတယ်၊ ဒါက တစ်ခြားသူတွေကို အနှောက်အယှက် မဖြစ်ဘူးဆိုရင် နောက်တစ်ချက်က ရှင်တို့မိသားစုကလဲ ဆန္ဒရှိတယ်ဆိုရင်တော့ အဆင်ပြေပါတယ်"

"ဆန္ဒရှိတာပေါ့ ဆန္ဒရှိတာပေါ့ဗျာ” ကျောက်စစ်လန်က စိတ်အားထက်သန်စွာပြန်ဖြေရင်း သူ၏ကျေးဇူးတရားကို မည်သို့ဖော်ပြရမည်မသိအောင် ဖြစ်သွားတော့သည်။ "သခင်ကို ဘယ်လို ကျေးဇူးတင်ရမယ် မှန်းတောင် မသိတော့ပါဘူး."

စန်းလော့က ပြုံးပြလိုက်၏။ "ကျွန်မကသာ ရှင်တို့အားလုံးကို ကျေးဇူးတင်ရမှာပါ၊ ရှင်တို့တွေက ရှင်တို့ရဲ့လုပ်ခလစာနဲ့ ကျွန်မတို့ရဲ့လယ်ယာတွေနဲ့ တောင်ပေါ်ကမြေတွေကို အမြဲတမ်း သေသေချာချာ စောင့်ရှောင့်ပေးလာတာလေ"

ကျောက်စစ်လန်အပါအဝင် အဖွဲ့ကသူတို့၏လက်များကို ပွတ်လိုက်ကြသည်။ "ဒါက ကျွန်တော်တို့ရဲ့တာဝန်ပါ သခင်မရယ်၊ သခင်မက ကျွန်တော်တို့တွေကို လာခပေးထားတာပဲ"

ထိုနေ့ညနေခင်းတွင် မိသားစုတော်တော်များများက ကြက်ဥများကိုယူကာ ရှန်းမိသားစုဆီသို့ ရောက်လာလေသည်။ ယခုတော့ ရှန်းနဥ်နှင့်ရွှီဝမ်ယင်းတို့တွင် တပည့်လေး၇ယောက် ရှိလာသည်။ စားပွဲခုံများမရှိသော်လည်း ဇရပ်ကိုယ်၌ကပင် ထိုင်စရာနေရာလေးတစ်ခုဖြစ်နေသည်။ အစပိုင်းတွင်တော့ သူတို့သည် နောက်ကလိုက်ကာ စာများကိုသာ ရွတ်ဖို့ရန်လိုအပ်သည်။

စန်းလော့က ရွှီဝမ်ယင်းကို ကြက်ဥတစ်ဝက်လောက် အိမ်ယူပြန်သွားဖို့ ပြောလိုက်သည်။ မိန်းကလေးနှစ်ယောက်က နေ့တိုင်း သူတို့၏စုတ်တံလုပ်သည့်အလုပ်ဖြင့် အလုပ်များနေကြသည်။ ရှန်းနဥ်က လတစ်လ၏ ၅ရက်နှင့် ၁၀ရက်မြောက်နေ့များတွင် ဆိုင်တစ်ချို့အတွက် ငွေစာရင်းများ စီမံပေးကာ မိသားစုအတွက် ချက်ပြုတ်ပေးသည်။ သို့သော်ငြားလည်း သူမသည် စာသင်ကြားခြင်းနှင့်ပတ်သတ်ပြီးတော့ အလွန်မှကို စိတ်အားထက်သန်မှု ရှိနေသည်။ ရက်အနည်းငယ်လောက် စာသင်ကြားခြင်းပြီးသည့်နောက်တွင် သူမတပည့်လေးများ၏ တိုးတက်မှုက အမျိုးမျိုးရှိနေသည်ကို သတိထားမိလိုက်၏။ ရွှီဝမ်ယင်းနှင့်အတူတူ သူတို့သည် ထိုင်ချလိုက်ပြီး ကျောင်းသားများကို အခြေခံ၊ အလယ်အလတ်၊ အထက်အဆင့် စာသင်ခန်းများ ခွဲခြားလိုက်ကာ အချိန်ဇယားတစ်ခုကိုလည်း ဆွဲလိုက်ကြသည်။

ဟုတ်ပါသည်။ သင်ခန်းစာများကတော့ အများအပြားမရှိချေ။ သူတို့သည် အလှည့်ကျ သင်ကြားပေးနိုင်သည်။ အခြေခံအတန်းကို ချန်းအာ့ရှန်၊ ရှန်းကျင့်၊ ရှန်းယင်၊ ရှောင်ယာနှင့် ချောင်အာတို့ကပင် သင်ကြားပေးကြသည်။ အတွက်အချက်အတွက်တော့ သူတို့က ရှန်းကျင့်ကို ချက်ချင်း ဆရာတင်မြှောက်လိုက်ကြသည်။

ရှောင်ယာနှင့် ချောင်အာတို့ကလဲ အဆင်ပြေသည်။ သို့သော်ငြားလည်း ကောင်လေးနှစ်ယောက်ဖြစ်သည့် ချန်းအာ့ရှန်နှင့် ရှန်းညီအစ်ကိုနှစ်ယောက်တို့ကတော့ အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်နေကြသေးသည်။ သူတို့က သူတို့ကိုယ်သူတို့ လက်ညှိုး ပြန်ထိုးပြလိုက်ကာ "ငါတို့တွေက တစ်ခြားသူတွေကို သင်ပေးရမှာလား"

"နင်တို့တွေ စာလုံးပေါင်းတစ်ထောင်ကျမ်းကို ရွတ်ဖတ်တတ်တယ် မဟုတ်လား” ရှန်းနဥ်က မေးလိုက်သည်။

ချန်းအာ့ရှန်နှင့်ရှန်းကျင့်က "ဟုတ်ပါတယ်၊ ငါတို့တွေ ဖတ်တတ်ပါတယ်"

ရှန်းယင်: "ငါကတော့ အဲဒါနဲ့လုံးဝကို မသိတာနော်၊ ဒါပေမဲ့ ငါက သိသလို ဟန်ဆောင်လို့ရပါတယ်၊ ငါ့ကို ဝါးစာလိပ်လေးနဲ့ စာပေးဖတ်ပေါ့"

သူတို့သည် ဘယ်နေ့ဘယ်ရက်တွင် ဘယ်သူက သင်ကြားပေးရမည်ကို စီစဉ်လိုက်ကြပြီး အားလုံးက လူစုခွဲသွားပြီးနောက်တွင်တော့ ရှန်းနဥ်က သူမ၏ယောင်းမဆီသို့ ပြန်လာကာ ဂုဏ်ယူဝင့်ကြွားစွာ ပြောတော့သည်။ "ရှောင်ယင်ကလေ မလုပ်နိုင်တာ မဟုတ်ဘူး၊ သူက ဒီအတိုင်းပျင်းနေတာ၊ ဒါက သူ့အတွက် ဆရာလုပ်ခိုင်းတာ ကွက်တိပဲ၊ သူ မသိတဲ့အပိုင်းတွေကို သူက သေသေချာချာ လေ့လာရတော့မယ်လေ"

...

တန်းခွဲငယ်လေး၏ ပထမဦးဆုံး နားချိန်အတောအတွင်းတွင် ရှန်းနဥ်က အတန်းကြီးတစ်တန်းကိုဖွင့်ဖို့ အချိန်ဇယားဆွဲလိုက်သည်။ သူတို့သည် ပြည်နယ်ကျောင်းတော်ကို တက်ရောက်ရန် စိတ်အားထက်သန်ကြသည်ဖြစ်စေ၊ ဒီအတိုင်း သူတို့၏အသိပညာများကို ကျယ်ပြန့်ချင်၍ဖြစ်စေ အဆင်ပြေလေသည်။

ပထမဆုံးဆရာမှာ ဝမ်ယွင်ကျန့်ဖြစ်သည်။ သူမက ရွှီမိသားစုထံမှ အချိန်ဇယားအကြောင်းကို သွားရောက်မေးမြန်းလိုက်ချိန်တွင် ဝမ်ယွင်ကျန့်က ကျောင်းပိတ်ရက် အချိန်ကာလအတွင်း ပထမအပိုင်းကို တာဝန်ယူပေးမည်ဟုပြောသည်။

ဝမ်ယွင်ကျန့်က ရွာကကလေးများကို စာသင်ကြားပေးနေချိန်တွင် ရှန်းလီကို သူ၏ကျောင်းပိတ်ရက်အတွင်း ပြည်နယ်အုပ်ချုပ်ရေးမှူး အိမ်တော်က ဆင့်ခေါ်လေသည်။

ချန်းအန်းက သူ့ကိုလာဖိတ်ချိန်တွင် ဘယ်ကိစ္စရပ် အကြောင်းအရာနှင့်ပတ်သတ်ပြီး မသိရသဖြင့် အနည်းငယ် ဇဝေဇဝါဖြစ်ခဲ့ရသေးသည်။ နောက်ဆုံးတွင်တော့ သူသည် ထိုနေရာတွင် နေ့တဝက်လောက်အချိန်ကုန်ခဲ့ပြီး နေ့ခင်းအစောပိုင်းလောက်မှ အိမ်ပြန်ရောက်လာသည်။

စန်းလော့က ဒါကို ထူးဆန်းနေသည်ဟုမြင်သည်။ "ပြည်နယ်အုပ်ချုပ်ရေးမှူးကျန့်က ရှင်နဲ့တိုင်ပင်စရာကိစ္စတွေ ရှိနေလို့လား"

ရှန်းလီ၏အမူအယာက အတိုင်းအတာတစ်ခုအထိ တစ်မျိုးကြီး ဖြစ်နေသည်။ စန်းလော့နှင့် ရှန်းအန်းနှင့် ရှန်းနဥ်တို့ နှစ်ယောက်စလုံးက သူ့ကို ကြည့်လိုက်သည့်အချိန်မှသာ သူက ပြောလိုက်၏။ "သူက ကို့ရဲ့ကျောင်းစာနဲ့ပတ်သတ်ပြီး စစ်ဆေးနေတာပါ၊ ကို့ကိုသင်ခန်းစာတွေပေးခဲ့ပြီး စာပိုဒ်နဲ့ပတ်သတ်ပြီး သူကိုယ်ပိုင်မှတ်ထားတဲ့ မှတ်စုစာအုပ်တွေကိုလည်း ပေးလိုက်သေးတယ်"

မိသားစုတစ်ခုလုံးမှာ အနည်းငယ် ဇဝေဇဝါဖြစ်သွားကြသည်။

စန်းလော့ကို ကြည့်လိုက်ပြီး ရှန်းလီ၏နှုတ်ခမ်းများက အကြိမ်တော်တော်များများ လှုပ်ရှားသွားပြီးသည့်နောက် သူက ပြောလိုက်သည်။ "ကြည့်ရတာ ကိုကတော့ မင်းရဲ့အရှိန်အဝါနဲ့ အကျိုးဖြစ်ထွန်းနေတာ ထင်တယ်"

ကျန့်ဇီရွှမ်းက ဘာကိုမှ အတိအလင်း မပြောခဲ့ချေ။ ပြီးခဲ့သည့်တစ်ခေါက်ကဲ့သို့ပင် ရှန်းလီ မေးမြန်းခဲ့သည့်အချိန်တိုင်း သူက စန်းလော့၏ဘေးတွင် တစ်စုံတစ်ယောက်ရှိသည်ဟု ဝန်ခံခဲ့ပြီး သူမ၏ လုံခြုံရေးကို စောင့်ရှောက်ပေးနေသည့် တစ်စုံတစ်ယောက်ဟုဆိုသည်။ သူက ဘာကိုမှ အသေးစိတ်ထပ်မပြောတော့ဘဲ ရှန်းလီကိုလဲ ထပ်ပြီးမမေးမြန်းဖို့ အကြံပြုထားသည်။

ရှန်းလီကတော့ စန်းလော့ကို ကာကွယ်ပေးနေသည့်သူမှာ မည်သူဖြစ်ပါမည်နည်းဟု သံသယအနည်းငယ်ဖြစ်မိလေသည်။ ဟုတ်ပါသည်။ ဒါက ယခုအချိန်ထိတော့ ခန့်မှန်းချက်သာ ဖြစ်လေသည်။ သို့သော်ငြားလည်း ဒီနေ့တွင် ကျန့်ဇီရွှမ်းက သူ၏ပညာရေးနှင့်ပတ်သတ်ပြီး စိတ်ဝင်စားမှုရှိနေကာ ရှန်းလီ၏စိတ်ထဲတွင် ကိန်းအောင်းနေသည့်အဖြေများလဲ ပိုပြီးသိသာထင်ရှားလာတော့သည်။

...

အပိုင်း (၂၅၄) သွေးခုန်နှုန်းစမ်းသပ်ခြင်း

ရှန်းလီယူပြန်လာခဲ့သည့် နောက်ထပ် သတင်းမှာ ပြည်နယ်ရုံးတော်က စာရွက်ပြတ်လပ်မှု မရှိတော့သည့်အကြောင်းပင်။ သူ့စိတ်ထဲတွင် လျှို့ဝှက်အကာအကွယ်ပေးခြင်းနှင့် သူ့ပညာရေးတွင် ကျန့်ဇီရွှမ်း၏စိတ်ဝင်စားခြင်းက စာရွက်လုပ်ခြင်းနည်းပညာနှင့် တော်တော်လေး ပတ်သက်နေလိမ့်မည်ဟု ခပ်ရေးရေး ခန့်မှန်းမိနေသည်။ သည်အသိတရားက သူ့ကို နှိုးဆွလိုက်ပြီး သူသည် ပိုလို့ပင် ကြိုးကြိုးစားစား လေ့လာတော့သည်။

၇လပိုင်း နှောင်းပိုင်းတွင် စက္ကူများကို ပြည်နယ်‌ကျောင်းတော် အပြင်ဘက်က ဆိုင်များတွင်လည်း ဝယ်ယူနိုင်လာသည်။ ရှန်းနဉ်က စာရေးစုတ်တံအတွက် ငွေစာရင်းသွားရှင်းရင်း ဒါကို တွေ့ခဲ့ရသည်။ သူမသည် မိသားစုနှင့် အိမ်ရာဝန်းထဲက အိမ်ထောင်စုများနှင့် စီးပွားရေးလက်တွဲထားသည့် လုပ်ငန်းများအတွက် စာရင်းများကို စီမံပေးရသဖြင့် သူမတွင် ငွေမပြတ်လပ်နေတော့ချေ။ သူမက ဆိုင်ကိစ္စများနှင့်လည်း အလုပ်များနေသေးသည်။ သူမ၏မကြီးက သူမကို လစာငွေပေးခဲ့ပြီး ဒါကိုပင် သူမက သူမအတွက်သက်သက် စုဆောင်းထားခဲ့သည်။

ရှန်းနဉ်က စာရွက်တစ်ထုပ်ကို ချက်ချင်း ဝယ်ပြန်လာခဲ့သည်။ ဒါသည် သူတို့မိသားစုက ထုတ်ခဲ့သည့် အမျိုးအစားနှင့် အတူတူပင်။ ရုံးတော်စက္ကူစက်ရုံက ထုတ်သည့် စာရွက်များက သေသပ်ပြီး အရည်အသွေးက သူမ၏မကြီး အရင်က အလောတကြီး လုပ်ထားသည့် စာရွက်များထက် ပိုပြီးကောင်းမွန်ဟန်ရှိသည်။

နောက်ဆုံးတော့ စက္ကူများကို ဈေးကွက်တွင် ပြန်ရလာသည်ကို တွေ့လိုက်ရသဖြင့် စန်းလော့သည် တော်တော်လေးက စိတ်ကျေနပ်မိ၏။ သူမက လက်၃ချောင်းထောင်ပြနေသည့် ရှန်းနဉ်ကို မေးလိုက်၏။ “ဈေးက အခု အရင်တုန်းက ပြတ်လပ်နေတုန်းကဈေးထက် ၃၀ရာခိုင်းနှုန်းပဲရှိတယ်”

၇၀ရာခိုင်းနှုန်းလျှော့သွားခြင်းပင်။

ဟုတ်ပါသည်။ ဒါကပင် ဈေးနေသက်သာနေသေးသည်မဟုတ်။ အကြောင်းမှာ စက္ကူဈေးက အစကတည်းက မြင့်နေပြီးသားဖြစ်ခြင်းကြောင်းပင်။ ကိုယ်တိုင်စက္ကူလုပ်ခဲ့သူ တစ်ယောက်အနေဖြင့် စန်းလော့သည် ဒါက နှေးကွေးပြီး လုပ်အားသုံးရသည့် လုပ်ငန်းတစ်ခုဖြစ်မှန်း သိနေသည်။

“ဒါဆိုတောင် အရမ်းကောင်းနေပါပြီ”

စန်းလော့က သူတို့လက်ရှိ ပိုင်ဆိုင်ထားသည့် ကျယ်ဝန်းသည့် နောက်ဘက်ခြံကို စဉ်းစားကြည့်လိုက်သည်။ အနောက်ဘက် ခြံဝင်းသို့ ရောက်ဖို့ဆိုလျှင် ခြံဝင်းသုံးခုကို ဖြတ်ရပေမည်။ ပထမနှစ်ခုကို မဆိုထားနှင့် အနောက်ဘက်အစွန်နှင့် ကျောကပ်လျက် ခြံဝင်းနှင့် အနောက်ဘက်ခြံဝင်းတို့ကို ပုံမှန်ဆိုလျှင် သော့ပိတ်ထားခဲ့သည်။ ဒါက အတိုင်းအတာတစ်ခုအထိ လုံခြုံပေသည်။ သူမက ရှန်းနဉ်ကို ပြောလိုက်၏။ “သစ်ခေါက်တွေ နည်းနည်းလောက် သွားယူလာခဲ့၊ ငါတို့ အရင်ကသုံးခဲ့တဲ့ အမျိုးအစားပဲ မဟုတ်ဘူးနော်၊ ပိုးသစ်ခေါက်နဲ့ လျှော်တွေကိုလဲ နည်းနည်းလောက် ရေစိမ်ထားကြည့်လိုက်”

သူမ၏မကြီးက စက္ကူလုပ်သည့်နည်းပညာကို ဆက်ပြီး စမ်းသပ်ချင်တာမှန်း ရှန်းနဉ် ချက်ချင်း နားလည်လိုက်၏။ သူမက ဝမ်းသာအားရ သဘောတူလိုက်ပြီး ထွက်သွားလိုက်ကာ ခဏအကြာမှ ပြန်ရောက်လာခဲ့သည်။ ထိုအချိန်မှာပင် ကျောက်စစ်လန်နှင့် တခြားသူများက တောစပျစ်ခြင်းများကို အိမ်သို့ လာပို့ပေးလေသည်။

၇လပိုင်းတွင် စန်းလော့၏ တောင်ပေါ်မြေကွက်ထဲက တောစပျစ်များသည် စတင် မှည့်နေပြီ။ ကိုင်းဖြတ်စိုက်ထားသည့် အပင်များက အသီးမသီးသေးသော်လည်း ပြောင်းရွှေ့စိုက်ထားသည့် စပျစ်ပင်များက သည်နှစ်တွင် စပျစ်သီး သီးခဲ့သည်။ ကျောက်စစ်လန်က စပျစ်သီးများကို ခူးဆွတ်ရတော့မည်လားဟု လာရောက်မေးမြန်းချိန်ကစပြီး သူ့လတ်တလော အာရုံက မှည့်နေပြီးဖြစ်သည့် တောစပျစ်များကို ခူးဖို့ရန်တွင်သာ ရှိသည်။ သရှင်းရွာတွင် စာသင်နေကြသည့် ကလေး၇ယောက်ကလည်း သူတို့သင်ခန်းစာများ ပြီးသွားလျှင် အပြေးအလွှားလာရောက် ကူညီပေးတတ်သည်။

သူတို့သည် စာသင်ကြားရသည့်အတွက် ဘာအခကြေးငွေမှ မလိုခဲ့ချေ။ ကြက်ဥခြင်းတစ်လုံးဆိုလျှင် လုံလောက်သည်။ မိသားစုက ‌ကျေးဇူးတင်ကြပြီး က‌လေးများကလည်း သည်အခွင်းရေးကို အမြတ်တနိုးတန်ဖိုးထားကာ သူတို့ တတ်နိုင်သည့် အလုပ်တာဝန်မှန်သမျှကို စိတ်အားထက်သန်စွာ လုပ်ပေးကြသည်။ ရှန်းမိသားစုအတွက်ဖြစ်စေ၊ တခြားဆရာငယ်လေးများ၏ အိမ်ထောင်စုများအတွက်ဖြစ်စေ သူတို့သည် အကူအညီပေးရာတွင် လက်မြန်ကြသည်။

ခူးဆွတ်ထားသည့် စပျစ်သီးများကို ဒုတိယခြံဝင်းထဲတွင် သိုလှောင်ထားသည်။ ငှားထားသည့်လူများကလည်း ရှန်းမိသားစုက စားဝတ်နေရေးအတွက် အမျိုးမျိုးသော လုပ်ငန်းများနှင့် အလုပ်များနေသည်ကို သိကြပြီး စဉ်းစားပေးတတ်ကြသည်။ ပထမခြံဝင်းမှလွဲလျှင် မိသားစုက အထူးတလည် ခိုင်းစေခြင်းမရှိလျှင် သူတို့သည် အရှေ့နှင့်အနောက် အဆောင်များကျောဘက်က ခြံဝင်းများ သို့မဟုတ် အကြီးဆုံး အနောက်ဘက်ခြံဝင်းသို့ မဝင်ကြချေ။ ထို့ကြောင့် သူတို့က ဒုတိယခြံဝင်းတွင်သာ ရပ်လိုက်ကြသည်။

အခြောက်လှန်းဖို့ရန်အတွက် အကောင်းဆုံးနေရာမှာ နောက်ဆုံးက အကြီးဆုံးခြံဝင်းပင်။ သို့သော်လည်း ဒါက ရှန်းနဉ်အတွက် ယမကာပြုလုပ်ရာတွင် စိတ်အေးလက်အေး စဉ်းစားနိုင်သည့်အခြေအနေကို အနှောင့်အယှက်မဖြစ်ချေ။

ဒါက အလွန်မှ အရသာရှိလှသည်။ ရှန်းနဉ်က ဒါကို ကိုယ့်သဘောကျ သောက်ကြည့်နိုင်သည်။

“ယောက်မ ညီမတို့တွေ ဒီနှစ် ဒီစပျစ်သီးတွေကို ဘယ်လို ထုတ်လုပ်မှာလဲ” သူမက မေးလိုက်ရင်းမှ သူမ၏မျက်လုံးများကလည်း တဖျတ်ဖျတ် လင်းလက်နေသည်။

စန်းလော့က သူမကို ကြည့်လိုက်ပြီး ခေါင်းခါလိုက်၏။ “ဒါတွေကို နောက်ပိုင်း အချိုပွဲတွေမှာ သုံးဖို့ စပျစ်သီးခြောက်ဖြစ်အောင် အခြောက်လှန်းထားရမယ်”

ရှန်းနဉ်၏ပခုံးမှာ စိတ်ပျက်လက်ပျက် လျှောကျသွားတော့သည်။ စန်းလော့က ခပ်တိုးတိုး ရယ်မောလိုက်ပြီး “ကိုယ်တိုင်သောက်ဖို့အတွက်တော့ နည်းနည်းပါးပါး လုပ်လို့ရပါတယ်၊ ဒါပေမဲ့ အများကြီးတော့ မရဘူး”

သူမသည် တော်တော်လေးကို အတင့်ရဲနေပြီ။ ပေါင်မုန့်၊ ကိတ်မုန့်နှင့် အသားခြောက်များကို သွားရေစာများ လုပ်သည်ကို လက်ခံနိုင်သော်လည်း ယမကာလုပ်ခြင်းကတော့ လက်ရှိတွင် အဆင်ပြေနိုင်သေးချေ။ စန်းလော့က ပြဿနာများကို မဖိတ်ခေါ်ချင်ပေ။

သူမက နည်းနည်းပါးပါး ဟူသည်က မည်သည့်ပမာဏဖြစ်ကြောင်း ရှင်းအောင် မပြောခဲ့သော်လည်း ရှန်းနဉ်ကတော့ နောက်ကွယ်အဓိပ္ပါယ်ကို နားလည်သည်။

“မကြီး၊ မကြီးက အရမ်းချစ်တတ်တာပဲ”

သူမသည် ဝမ်းသာသွားပြီး ချစ်ခင်ကျီစယ်လိုဟန်ဖြင့် သူမယောက်မ၏လက်မောင်းကို ဖမ်းထားချင်လိုက်သော်လည်း သူမ၏ဖောင်းနေသည့်ဝမ်းဗိုက်ကို ကြည့်လိုက်ပြီး သူမက ပြန်ထိန်းထားလိုက်ရသည်။ ခဏလောက် စိုက်ကြည့်နေလိုက်ပြီးနောက် သူမက နားမလည်သလို မေးလိုက်၏။ “ယောက်မ အစ်မရဲ့ဗိုက်က အစ်မအားကဲရဲ့ဗိုက်ထက် ပိုကြီးနေတာလား”

သူမ၏ယောက်မဖြစ်သူသည် သေးသွယ်သည့်ကိုယ်လုံးကိုယ်ဖန်တစ်ခု ရှိကာ ကိုယ်ဝန်ရှိပြီးနောက်တွင်ပင် သူမသည် သူမ၏အစားအသောက်ကို ဂရုစိုက်တတ်ပြီး အလွန်အကျွံ့ ချဉ်ခြင်းတက်ခြင်း မရှိသဖြင့် သူမသည် အများကြီး ဝမလာခဲ့ချေ။ သူမ၏ဝမ်းဗိုက်က အရင်က သည်လိုထူးထူးခြားခြား ကြီးမနေကာ အစ်မအားကဲလောက်တော့ မကြီးတာ သေချာသည်။ ဒါက သည်တစ်လ မည်သို့ ထိုမျှလောက် မြန်မြန်ဆန်ဆန် ကြီးထွားလာရပါသနည်း။

ရှန်းနဉ်သည် ရှောင်ယာနှင့်အတူ မကြာခဏ ကစားတတ်ပြီး မိသားစုနှစ်ခုလုံး၏ ငွေစာရင်းကိုလည်း စီမံပေးရသည်။ သူမသည် ချန်းမိသားစုဆီသို့ မကြာခဏ သွားလည်ရသဖြင့် ကျိုးကဲကို အကြိမ်များစွာ တွေ့မြင်ခဲ့ပြီးခဲ့ကာ သည်ကိစ္စများနှင့်ပတ်သက်ပြီး တော်တော်လေး ခံစားလွယ်နေသည်။ သို့သော်လည်း လတ်တလောတွင် သူမ၏ယောက်မဖြစ်သူ အပြင်ထွက်နည်းလာသဖြင့် ရှန်းနဉ်က သူတို့ကို အတူတူမတွေ့ရတော့သဖြင့် လုံးဝ မသေချာအောင် ဖြစ်နေသည်။

သူမသည် သူမ၏ယောက်မနှင့်ပတ်သက်ပြီး အစိုးရိမ်တတ်ဆုံးသူပင်။ စပျစ်သီးကိစ္စ်ကို မေ့သွားပြီး သူမက သူမ၏ယောက်မကို ထရပ်ခိုင်းလိုက်ကာ တစ်ချက်လောက်ကြည့်လိုက်ပြီးနောက် သူမ၏ဝမ်းဗိုက်ကို စူးစိုက်ကာ ကြည့်နေလေသည်။

“နင် ဘာတွေ ကြည့်နေတာလဲ အားနဉ်ရဲ့” ကျိုးကဲ မမေးရသေးခင်မှာပင် အိမ်အပြင်သို့ ထွက်လာသည့် ချန်းဘွားဘွားက ပြုံးက မေးလိုက်၏။

ရှန်းနဉ်က နောက်ထပ် ၂ချက်လောက် ကြည့်လိုက်ပြီး အခုတော့ ပိုပြီး သတိထားမိလာသည်။ နှစ်ယောက်ကို ယှဉ်လိုက်လျှင် သူမ၏ယောက်မဗိုက်က အစ်မကျိုးကဲထက် မသိမသာလေး ပိုကြီးနေသယောင်ဖြစ်နေသည်ကို ရှန်းနဉ် သိလိုက်ရ၏။

စိတ်ရှုပ်သွားပြီး သူတို့သည် မြို့ထဲတွင် သမားတော်တစ်ယောက်တည်းနှင့် ပြသခဲ့ကြသည်ကို သူမ မှတ်မိလိုက်သည်။ သူမယောက်မ၏ကိုယ်ဝန်က အစ်မအားကဲထက် နောက်ကျသည်မှာ သေချာကာ အစပိုင်း သမားတော်က ကိုယ်ဝန်လက္ခဏာကို သေချာမစမ်းသပ်နိုင်ခဲ့ချေ။ သို့နှင့်များ နောက်မှ ကိုယ်ဝန်ရခဲ့သည့်သူက မည်သို့များ ဗိုက်အရွယ်အစားက ပိုကြီးနေပါသနည်း။

စန်းလော့ ကိုယ်ဝန်ရှိလာကတည်းက ရှန်းနဉ်သည် အိမ်တွင် နေ့စဉ် အစားအသောက်များကို တာဝန်ယူလာခဲ့သည်။ ထို့ကြောင့် ကျုံးမားမား ရောက်လာပြီး စန်းလော့ကို မှာစရာများကို ပြောခဲ့ချိန်ကလဲ သူမသည် ရှန်းနဉ်ကို မရှောင်ခဲ့ချေ။ ထို့အစား ရှန်းနဉ်က ပိုပြီး မေးမြန်းကာ နောက်ပိုင်းကိုယ်ဝန်ဆောင်စဉ်ကာလတွင် ဗိုက်အရွယ်အစား အလွန်ကြီးခြင်းက သူမ၏ယောက်မ မီးဖွားချိန်တွင် အခက်အခဲနှင့် အန္တရာယ်များ ဖြစ်စေနိုင်သည်ကို ရှင်းရှင်းလင်းလင်း နားလည်ထားသည်။

ရှန်းနဉ်သည် အနားငယ် ပျာယာခတ်သွားသော်လည်း မကောင်းသည့် စကားလုံးများက ကံဆိုးခြင်းများ ယူဆောင်လာမည်ကို စိုးသဖြင့် မဆင်မခြင်မေးခွန်းများကို မမေးရဲချေ။

“အစ်မအားကဲရဲ့ ဗိုက်က ဘယ်လောက် ကြီးလာပြီလဲဆို သိချင်လို့ပါ။ သမီးရဲ့ယောက်မဗိုက်က အခုနောက်ပိုင်း တော်တော်လေး မြန်မြန်ဆန်ဆန် ကြီးလာခဲ့တယ်”

သည်စကားကို ကြားလိုက်သည်တွင် အဘွားချန်းက တဟားဟား ရယ်မောလိုက်ပြီး “နောက်ပိုင်းလတွေမှာ ဒါက ပုံမှန်ပါပဲ၊ ကလေးက ဒီအဆင့်မှာ မြန်မြန်ကြီးထွားတယ်လေ”

ရှန်းနဉ်က ခေါင်းညိတ်လိုက်သော်လည်း စိတ်ထဲတွင်တော့ ထိုကိစ္စရှိနေသေးသည်။ နောက်တစ်နေ့တွင် ၅ရက်မြောက်နှင့် ၁၀ရက်မြောက်နေ့ မဟုတ်ပါဘဲ သူမသည် စောစောထကာ ကိတ်မုန့်နှင့် ပေါင်မုန့်များကို ဖုတ်လိုက်သည်။ စန်းလော့အတွက် တစ်ယောက်စာကို ချန်ထားလိုက်ပြီး ကျန်တာကိုတော့ ပြည်နယ်အုပ်ချုပ်ရေးမှူး အိမ်တော်သို့ ပို့ပေးရန် ထုပ်ပိုးထားလိုက်သည်။ သူမက ပြည်နယ်ကျောင်းတော်သို့ သွားကြမည့် အသိမိတ်ဆွေ တစ်ချို့နှင့် သွားရလိမ်မည်။

စန်းလာ့က သည်အခြေအနေကို ရယ်ချင်မိသလို စိတ်ထဲတွင်လဲ လှုပ်ရှားမိသည်။ တဖက်တွင်တော့ စန်းလော့၏ဗိုက်က ကျိုးကဲ၏ဗိုက်ထက် မသိမသာ ပိုကြီးနေသယောင်ရှိကြောင်း ကြားလိုက်ရသဖြင့် ရှန်းလီမှာ စိုးရိမ်စိတ် ကြီးထွားလာ၏။ သူသည် ပြည်နယ်ကျောင်းတော်သို့ သွားသည့်လမ်းတွင် အတိုင်းတာတစ်ခုအထိ စိတ်နှင့်ကိုယ်မကပ် ဖြစ်နေ‌တော့သည်။

ရှန်းနဉ်က ပြည်နယ်အုပ်ချုပ်ရေးမှူးအိမ်ဘက်ကို သွားလိုက်ချိန်တွင် သရှင်းရွာက ရှန်းမိသားစုမှ ရှန်းသခင်မလေးဟု အများက သိကြသည်။ အိမ်တော်ဝင်းထဲက အစေခံများ၊ အထူးသဖြင့် ဖန်ဖေးညန်၏ အနီးကပ်အစေခံမလေးများနှင့် နို့ထိန်းမားမားတို့က သူမနှင့် သိကြပြီး အပြုံးဖြင့် သူမကို နွေးနွေးထွေးထွေး ကြိုဆိုကြသည်။

စန်းလော့နောက်သို့ နှစ်ပေါင်းများစွာ လိုက်လာခဲ့ပြီးသည်တွင် သူမသည် စန်းလော့ထံမှ ကျင့်ဝတ်အစဉ်အလာများကို အထူးတလည် သင်ကြားခဲ့ရခြင်း မရှိသော်လည်း ရှန်းနဉ်က နေ့စဉ်ထိတွေ့မှတဆင့် ဒါကို သင်ယူနိုင်ခဲ့သည်။ စာဖတ်သင်ပြီးနောက်တွင် သူမသည် သာမန်ယဉ်ကျေးမှုများအတွက် သူမ၏ယောက်မထံမှ အကြံဉာဏ်များကို တောင်းခံခဲ့သည်။ ထို့ကြောင့် သူမ၏အပြုအမူများက အပြစ်ပြောစရာ မရှိချေ။ သခင်မဖန်နှင့် တွေ့ဆုံချိန်တွင် သူမက အရင်ဆုံး နှုတ်ဆက်လိုက်ပြီး သူမ ပြင်ဆင်လာသည့်လက်ဆောင်ကို ‌ပေးလိုက်သည်။ သူမ၏ယောက်မ ပါးလိုက်သည့်စကားကို ဖန်သခင်မကို ပြောလိုက်ပြီးနောက်မှ ရှန်းနဉ်က တိုင်ပင်ချင်သည့် အဓိကအကြောင်းအရာကို ထုတ်ပြောလိုက်၏။

ကျုံးမားမားကို သူမ၏ယောက်မထံသို့ လာလည်ကာ သူမသွေးခုန်နှုန်းနှင့် သူမ၏အခြေအနေကို စစ်ဆေးပေးစေချင်ကြောင်း သူမ၏ဆန္ဒကို ဖော်ပြလိုက်၏။ ထို့အပြင် ယောက်မဖြစ်သူ၏ အစားအသောက်နှင်းပတ်သက်ပြီး ပြင်ဆင်စရာရှိမရှိ မေးမြန်းချင်ခဲ့သည်။

ဖန်သခင်မအနေဖြင့် အသက်၁၃နှစ်အရွယ် ကလေးမလေးက သည်လို စဉ်းစားတွေးတော ပေးတတ်သည်ကို ပထမဆုံး မြင်ခဲ့ရခြင်းပင်။ သူမက တော်တော်လေး သဘောကျသွားသည်။ “နင် မလာဘူးဆိုရင်တောင် ကျုံးမားမားက သိပ်မကြာခင် လာလည်မှာပါ၊ ကိုယ်ဝန်နောက်ပိုင်း ကာလတွေမှာ ကလေးက ကြီးထွားမြန်တယ်လေ၊ ဒီတော့ ပိုပြီး အာရုံစိုက်ထားရမယ်၊ အစတုန်းကတော့ ငါ သူ့ကို ခဏခဏ သွားကြည့်ခိုင်းမလို့ပါပဲ၊ အခု နင် ရောက်လာတော့ အချိန်ကိုက်ပဲပေါ့၊ နင်ရောက်လာတုန်းက ကျုံးမားမားကို နင်နဲ့အတူ အလည်ခေါ်သွားလိုက်၊ ဒါက မနက်အစောကြီး နင် ငါ့အတွက် ပြင်ဆင်လာပေးခဲ့တဲ့ ဒီလိုအရသာရှိတဲ့မုန့်တွေအတွက် အလဟဿမဖြစ်တော့ဘူးပေါ့”

အချွေအရံများက တိုးတိုးလေး ခပ်အုပ်အုပ် ရယ်မောလိုက်ကြ၏။ ရှန်းနဉ်က ပြုံးလိုက်ပြီး ဖန်သခင်မကို ကျေးဇူးတင်စကားပြောပြီး ဦးညွှတ်နှုတ်ဆက်လိုက်ကာ ကျုံးမားမားကို သရှင်းရွာသို့ အောင်အောင်မြင်မြင် ပြန်ခေါ်လာခဲ့လေသည်။

...

စန်းလော့က ကျန်းမာသည့် ရုပ်သွင်တစ်ခုရှိပြီး သူမ၏အစားအသောက်ကိုလည်း ဂရုတစိုက် ထိန်းထားသည်။ ကျုံးမားမားက ဒါကို ပုံမှန်အလည်အပတ်တစ်ခုဟု အစက မှတ်ယူထားခဲ့သော်လည်း ရက်၂၀ကျော် မတွေ့ခဲ့ရသည့်အတွင်း စန်းလော့ကို တဖန် ပြန်တွေ့ရသည်တွင် မနေနိုင်ဘဲ အံ့ဩသည့်အရိပ်အယောင်တစ်ခု ပြသခဲ့မိသည်။ သို့သော်လည်း သူမက ဒါကို မြန်မြန် ပြန်ဖုံးကွယ်ထားလိုက်၏။

ပုံမှန်နှုတ်ဆက်စကားပြောပြီး စန်းလော့၏ အစားအသောက်နှင့် နေ့စဉ်လုပ်ငန်းဆောင်တာ အကြောင်း မေးမြန်းပြီးနောက် ကျုံးမားမားက သူမ၏သွေးခုန်နှုန်းကို အကြိမ်များစွာ အာရုံတစိုက် စမ်းသပ်ကြည့်သည့်တိုင်း တစ်ခုခု ပုံမှန်မဟုတ်သည့်အရာများကို မစမ်းသပ်ခဲ့မိခဲ့ပေ။

“အားလုံး ကောင်းပါတယ်၊ နောက်ပိုင်း သီးသန့်ဖြည့်စွက်စာတွေ မလိုပါဘူး၊ သူ့ရဲ့ပုံမှန်အစားအသောက်ကိုပဲ ထိန်းထားလိုက်ပါ” သူမက အကြံပြုလိုက်သည်။

သူမသည် သူမ၏သခင်မအိမ်သို့ ပြန်လာချိန်တွင် သူမက အမှန်အတိုင်း တင်ပြလိုက်၏။ “သူ့ဗိုက်က တော်တော်မြန်မြန် ကြီးလာတဲ့ပုံပဲ၊ ဒါတောင် သူ့အစားအသောက်က တော်တော်လေးကို ပုံမှန်ပဲ၊ သူ့အသားအရည်ကလည်း ကောင်းပါတယ်၊ ပြီးတော့ သူ့ကိုယ်ဝန်ဆောင်ကာလမှာ ထင်ထားတာထက် ဗိုက်ပိုကြီးနေတာကလွဲရင် ခြုံပြောရမယ်ဆိုရင် အများကြီးလည်း ဝလာတာမဟုတ်ဘူး”

သခင်မဖန်: “ရှန်းနဉ်နဲ့ သူ့ဒုတိယအစ်ကို ရှန်းအန်းတို့က အမွှာတွေလေ၊ ကျွန်မ ကြားဖူးတာတော့ မိသားစုထဲမှာ အမွှာရှိရင် နောက်ထပ် အမွှာတွေ ရနိုင်ခြေ ပိုများတယ်ဆို၊ ဧကန္တ အားလော့က အမွှာကိုယ်ဝန်များလား”

ကျုံးမားမားလည်း မသေချာပေ။ “ကျွန်တော်မျိုးမလည်း အဲလို ထင်မိပါတယ်၊ ကျွန်မ သူ့သွေးခုန်နှုန်းကို တော်တော်ကြာ‌အောင် သေသေချာချာ စမ်းခဲ့ပေမဲ့ အမွှာကိုယ်လက္ခဏာတစ်ခုမှ မတွေ့ခဲ့ရဘူး၊ ဒါပေမဲ့ ဒီအစေခံအိုကြီးက တကယ်တော့ သမားတော်တစ်ယောက် မဟုတ်ဘူးလေ၊ ကြည့်ရတာ ကျွန်မရဲ့အရည်အချင်းက မလုံလောက်သေးတာဖြစ်မယ်၊ ဒီနေ့ ထူးခြားတာ ဘာမှမတွေ့ခဲ့တာရယ်၊ သူ့ဗိုက်ကလည်း မသိမသာလေးပဲ ပိုကြီးလာတာရယ်ဆိုတော့ သခင်မစန်းကို အတွေးလွန်စေပြီး အခြေအနေ ပိုဆိုးသွားအောင် မဖြစ်စေချင်လို့ ဒီအကြောင်းကို ထုတ်မပြောချင်ခဲ့ဘူး”

ကျုံးမားမားက လုံလောက်သည့်အရည်အချင်း မရှိပါဟု ပြောလျှင် ရှီကျိုးမြို့က သမားတော်ကြီးများက လုပ်ရည်ကိုင်ရည် ပိုပြီးနည်းပါးသည့်သ‌ဘောပင်။ ဖန်သခင်မက ခဏလောက် စဉ်းစားလိုက်ပြီးမှ အကြံပြုလိုက်၏။ “ခဏလောက်ဆက်ပြီး လေ့လာကြည့်တာပေါ့၊ ရှင်လည်း ၃ရက်တစ်ခါ၊ ၅ရက်တစ်ခါ သွားကြည့်ပေးသင့်တယ်”

ကျုံးမားမားက အမိန့်ကို နာခံလိုက်သည်။

ကျုံးမားမားသည် ၅ရက်တစ်ခါတိုင်း သရှင်းရွာသို့ လာခဲ့သည်။ စန်းလော့ကလည်း ခေတ်သစ်တွင် အိမ်ထောင်မပြုခဲ့ဖူးသလို ကလေးမမွေးဖူးသဖြင့် ကလေးမမွေးခင် မကြာခဏ စစ်ဆေးပေးခြင်းကို မရင်းနှီးရာ တော်တော်လေး နားမလည်နိုင်အောင် ဖြစ်ရသည်။

သို့သော်လည်း ကျုံ့မားမားက တည်တည်ငြိမ်ငြိမ် ရှိနေပြီး ခပ်တိုးတိုးရယ်မောက ကိုယ်ဝန်နောက်ပိုင်းကာလများတွင် သည်လိုလာရောက်ခြင်းက အမှန်ပင် လိုအပ်ကြောင်း ရှင်းပြလေသည်။ သူမသည် သခင်ဖန်ကို ခစားစဉ်က အကွာအဝေးကြောင့် သူမက စိတ်ချရရန် နေ့တိုင်း သွေးခုန်နှုန်း စမ်းပေးတတ်ခဲ့သည်။

အိမ်း။

ရှေ့ခေတ်ကာလမှ မျိုးရိုးမြင့်တစ်ခုအဖြစ် သက်တောင့်သက်သာဘဝတစ်ခု ပိုင်ဆိုင်ထားရာ စန်းလော့ကလည်း သူမ၏စိုးရိမ်စိတ်များကို ဖယ်ထားလိုက်တော့သည်။ သူမသည် ကောင်းကောင်းစား၊ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပြီး အားလုံးက ပုံမှန်အတိုင်းသွားနေသည်။ ထို့အပြင် သူမ၏ဝမ်းဗိုက်ထဲက ကလေးကလည်း သူမနှင့်ရှန်းလီနှင့်အတူ စနောက်ကျီစယ်ရင်း အပြန်အလှန်ဆက်သွယ်သည်။ __ သူမက ဘာကို ထပ်တောင်းဆိုရပါမည်နည်း။

သူမ မသိလိုက်သည်က အန်းချီသည် ၈လပိုင်းအစတွင် မြို့တော်သို့ ပြန်သွားခဲ့ခြင်းပင်။

“သူ့ဗိုက်က တော်တော်လေး ကြီးနေတဲ့ပုံပဲ ဟုတ်လား”

ကလေး ၅ယောက်ရှိသည့် မင်းကြီးသည် သူ့ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် သူ့ငယ်သား တင်ပြသည့် စိတ်သောကကို ကြားလိုက်ရ၏။

“ဟုတ်ပါတယ်၊ သခင်မကျန့်ကို ခစားနေတဲ့ အတွေ့အကြုံသည့် ဝမ်းဆွဲသည်က နှစ်ခါလာခဲ့ပေမဲ့ ဘာတစ်ခုမှ မှားနေတာ မရှိဘူးတဲ့၊ သခင်ကြီးကျန့်က အရင်ဆုံး ကျွန်တော်မျိုးကို အကြောင်းကြားပြီး မီးဖွားတယ်ဆိုတာ သေမင်းတံခါးဝကို ဖြတ်ရတာနဲ့ တူတယ်လို့ ပြောပါတယ်၊ ကလေးက အရမ်းထွားနေရင် မိခင်ရဲ့အသက်ကို အန္တရာယ်ဖြစ်နိုင်ပါတယ်တဲ့...”

ထိုစကားလုံးများက မင်းကြီး၏ အသိစိတ်ကို နှိုးဆွပေးလိုက်တော့သည်။

အမှန်ပင်။ အကယ်၍များ သူ့ကြင်ယာတော်များနှင့် ကိုယ်လုပ်တော်များကသာ မတော်တဆဖြစ်ရပ်မရှိဘဲ ကလေးမွေးဖွားခဲ့ကြမည်ဆိုလျှင် သူ့တွင် အခု က‌လေး၅ယောက်ထက် ပိုရှိနေလိမ့်မည်။ ထို့အပြင် အသက်တစ်ချောင်းကို သည်လောကထဲသို့ ခေါ်လာသည့်ဖြစ်စဉ်တွင် လူတစ်ယောက်ကတော့ သနားစရာကောင်းလောက်အောင် ပျက်စီးခဲ့ဖူးသည်။

မင်းကြီးသည် ရုတ်ချည်းဆိုသလို သူ့ကျောပြင်ကို မတ်ထားလိုက်၏။

စာကြည့်ခန်းထဲတွင် ခြေလှမ်းအနည်းငယ် လှမ်းလိုက်ပြီးနောက် သူက ချန်ကုန်းကုန်းဘက်သို့ လှည့်ကာ မိန့်ကြားလိုက်သည်။ “သမားတော်ရွှီကို ငါကိုယ်တော်ဆီ လာခစားဖို့ ဆင့်ခေါ်လိုက်”

ခဏလောက် စဉ်းစားလိုက်ပြီးနောက် သူက ထပ်ပြောလိုက်၏။ “ဆူဆူညံညံ မဖြစ်စေနဲ့”

ချန်ကုန်းကုန်းက အံ့အားသင့်သွား၏။ သမားတော်ရွှီမှာ သားဖွားမီးယက်ပညာမှာ ကျွမ်းကျင်တာမလား။ သို့တိုင် သူက ဦးညွှတ် နာကြားလိုက်ပြီးနောက် မြန်မြန် ထွက်သွားလေတော့သည်။

...

All Chapters