အခန်း (၂၅၅-၂၅၆)
Vol. 26 Ch. 255-256
အပိုင်း (၂၅၅) နန်းတွင်းသမားတော်
ချန်ကုန်းကုန်းသည် နန်းတွင်းသမားတော်တစ်ယောက်ကို နန်းတော်အတွင်းသို့ သိုသိုသိပ်သိပ် ဆင့်ခေါ်ရသည်မှာ အတော်လေးကို လွယ်ကူလှကြောင်း တွေ့လိုက်ရသည်။ သမားတော်ရွှီကို ဆင့်ခေါ်ချိန်က သမားတော်ရွှီသည် အနောက်နန်းဆောင်ထဲမှ ကိုယ်လုပ်တော်တစ်ယောက်က သူ့ကို ဆင့်ခေါ်သည်ဟု အစပိုင်းက ထင်ခဲ့သည်။ သို့သော်ငြားလည်း သူ့ကို တော်ဝင်စာကြည့်ခန်းထဲသို့ ဦးဆောင်သွားချိန်တွင်တော့ သူ့မှာ နားမလည်နိုင်အောင်ဖြစ်ရ၏။
အထူးသဖြင့် ချန်ကုန်းကုန်းက အပြင်ဘက်တွင် စောင့်ဆိုင်းနေသည်ကို တွေ့လိုက်ရသည်တွင် သူ့မှာ အလောတကြီး မေးမြန်းလိုက်သည်။ "ချန်းကုန်းကုန်း မင်းကြီးက ကျွန်တော့်ကို ဆင့်ခေါ်တာလား"
ချန်ကုန်းကုန်းက ခေါင်းငြိမ့်ပြသည်။ သမားတော်ရွှီမှာ ထပ်ပြီးမေးမြန်းချင်သော်ငြားလည်း ချန်းကုန်းကုန်းက ဒီအတိုင်းပြုံးပြကာပြောလိုက်၏။ "ကျွန်တော်ကိုယ်တိုင်လည်း မသိပါဘူး၊ သမားတော်ရွှီ ဒီအတိုင်းပဲဝင်သွားလိုက်ပါ"
သမားတော်ရွှီသည် ပြန်ထွက်လာချိန်တွင်တော့ သူ့အမူအယာက ငေးကြောင်ကြောင် ဖြစ်လို့နေသည်။
မင်းကြီးက သူ့ကို လျှို့ဝှက်တာဝန်တစ်ခု ပေးခဲ့ခြင်းပင်။
သူသည် သားဖွားမီးယပ်ပညာတွင် အထူးတလည်ကျွမ်းကျင်ပြီး ပုံမှန်ဆိုလျှင် အနောက်နန်းဆောင်က အမျိုးသမီးများကို ခစားရသည်။ သို့တိုင် သူသည် တော်ဝင်ဆေးဌာနသို့ ပုံမှန်အတိုင်းပြန်သွားပြီး လျှို့ဝှက်တာဝန်ကို လက်ခံရရှိခဲ့ပြီးနောက်တွင် မနက်ဖြန်၏လျှောက်တင်လွှာထဲ၌ ခွင့်ရက်တစ်ခုကိုတင်ပြကာ နောက်ဆုံးတော့ မင်းကြီး၏ ကိုယ်ရံတော်များက အဖော်လုပ်ပေးကာ ခရီးတစ်ခု ထွက်ခွာလာတော့သည်။ ...
သမားတော်ရွှီကတော့ သူသည် တစ်ချို့သော သိသာထင်ရှားလှသည့် တော်ဝင်လျှို့ဝှက်ချက်တစ်ခုနှင့် ပါဝင်ပတ်သတ်နေလောက်သည်ဟု ခံစားမိလိုက်၏။ သူ့ခြေထောက်များက စိုးရိမ်စိတ်ကြောင့် တုန်ယင်နေတော့သည်။
...
တစ်ရက်တာ စောင့်ဆိုင်းပြီးနောက်တွင် အန်းချီသည် ကိုယ်ဝန်သည်အမျိုးသမီးများအတွက် အသုံးဝင်မည့် ဆေးများကိုစုစည်းကာ နောက်တနေ့တွင် ခရီးထွက်လာခဲ့သည်။ သူသည် သာမန်ပြည်သူတစ်ယောက်လို ဝတ်ဆင်ထားသည့် သမားတော်ရွှီနှင့် တွေ့ဆုံလိုက်ပြီးနောက်တွင် သူတို့သည် သင်္ဘောပေါ်သို့အတူတက်ကာ ခရီးထွက်လာတော့သည်။
သမားတော်ရွှီမှာ သင်္ဘောပေါ်သို့တက်လာကတည်းက အန်းချီကို တိုးတိုးတိတ်တိတ်လေး အကဲခတ်လာခဲ့သည်။ ထိုလူသည် ခန္ဓာကိုယ်တောင့်တင်းပြီး ချောမောသော်ငြားလည်း အတိုင်းအတာတစ်ခုအထိ မယုံနိုင်စရာကောင်းလောက်အောင် လူကြားထဲတွင် ပုန်းခိုနေနိုင်သည့်အရည်အချင်း ရှိလေသည်။
အစောပိုင်းမင်းဆက်ကတည်းက နန်းတွင်းသမား တော်တစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်လာခဲ့သည်တွင် သမားတော်ရွှီသည် နန်းတော်၏တံတိုင်းအတွင်းတွင် ဆယ်စုနှစ်ကျော်သည်အထိ ကုန်ဆုံးခဲ့ရသည်။ သူသည် ထိုလူ၏အဆင့်အတန်းကို ချက်ချင်းပင် မှတ်မိသွားသည်။
လျှို့ဝှက်သက်တော်စောင့်တစ်ယောက်။
ဘုရင်မင်းမြတ် သို့မဟုတ် တော်ဝင်မျိုးနွယ်မိသားစုများကသာ လေ့ကျင့်ပေးသည့် ထိုသူများတွင်သာ ဒီလိုစရိုက်လက္ခဏာများ ရှိသည်။
သင်္ဘောက တစ်နာရီကြာ ရွက်လွှင့်လာပြီးနောက်တွင်တော့ သမားတော်ရွှီသည် သတ္တိများကို စုစည်းကာ စုံစမ်းမေးမြန်းလိုက်၏။ "ကျွန်တော် တစ်ခုလောက် မေးလို့ရမလား လူကြီးမင်း၊ ကျွန်တော်တို့ ဘယ်ကိုသွားနေတာလဲ"
အန်းချီသည် သူ၏လုပ်ဖော်ကိုင်ဖက်များနှင့် မင်းကြီးရှေ့တွင်တော့ ပိုပြီး စကားများတတ်သော်ငြားလည်း လူရှေ့တွင်တော့ ကြေးစားဆန်ဆန် အမူအယာတစ်ခုကို ထိန်းသိမ်းထားသည်။ သူက လိုရင်းတိုရှင်းသာ ပြန်ဖြေလိုက်၏။ "ရှီကျိုး"
ရှီကျိုးတဲ့။
သမားတော်ရွှီသည် ဒီနေရာကို သေသေချာချာလေး စတင်စဥ်းစားလာခဲ့သည်။
ထို့နောက်တွင်တော့ သူသည် အလင်းရသွားတော့သည်။ ...ရှီကျိုး ဒါက မင်းကြီးကိုယ်တိုင် သိမ်းပိုက်ခဲ့တဲ့ နယ်မြေတစ်ခုပဲ။
သူ့စိတ်က ဖြစ်နိုင်ခြေများကြောင့် တလှပ်လှပ်ခုန်သွားပြီး သူ့အာရုံကြောများကလဲ အတိုင်းအတာတစ်ခုအထိ တင်းကြပ်သွားတော့သည်။ ကံအားလျော်စွာ မင်းကြီးက ရှီကျိုးကို သိမ်းယူခဲ့သည့် အချိန်အတိအကျကို ပြန်မှတ်မိနေသဖြင့် သူသည် သူ့ခန့်မှန်းချက်များက မှားယွင်းနိုင်သည်ကို သဘောပေါက်လိုက်၏။
မဟုတ်ဘူး။ မဟုတ်ဘူး။ အချိန်ကလုံးဝကို မကိုက်ညီဘူး။
သမားတော်ရွှီ၏ လေးလံနေသည့်နှလုံးသားမှာ ရုတ်တရက်ဆိုသလို ပေါ့ပါးသွားတော့သည်။
သင်္ဘောဖြင့်ခရီးသွားလာသည့် လဝက်ကျော်ကြာပြီးနောက်တွင် သူသည် ပြည်နယ်အုပ်ချုပ်ရေးမှူးအိမ်တော်သို့ ခေါ်ဆောင်လာခံခဲ့ရပြီး ပြည်နယ်အုပ်ချုပ်ရေးမှူးကျန့်နှင့် တွေ့ဆုံချိန်တွင်တော့ သမားတော်ရွှီသည် တတိယအဆင့်မင်းသမီးအဖြစ် ဘွဲ့တဆိပ် အပ်နှင်းခြင်းခံခဲ့ရသည့် သခင်မဖန်ကို မှတ်မိသွားသည်။
ဒီပြည်နယ်အုပ်ချုပ်ရေးမှူးကတော်က ကလေးများ ရှိနေလေသလားဟု သူက စဥ်းစားမိသည်။
သို့သော်ငြားလည်း ဒါက မင်းကြီးကို အာရုံပျက်ပြားအော င်လုပ်နိုင်သည်တဲ့လား။ ဒေသအတွင်းရှိသမားတော်များက မကိုင်တွယ်နိုင်သည့် ရှုပ်ထွေးပြီးဖုံးကွယ်ထားသည့် ရောဂါတစ်ခုဖြစ်ခဲ့လျှင် ပြည်နယ်အုပ်ချုပ်ရေးမှူးကျန့်က အကူအညီအဖြစ် တော်ဝင်အမိန့်စာတစ်ခုကိုပေးပို့ကာ အကူအညီတောင်းသည်က ဖြစ်နိုင်သည်။ သို့သော်ငြားလည်း လျှို့ဝှက်တော်ဝင်အမိန့်တော်က သူ့ကို မြို့တော်မှ တိတ်တဆိတ်ထွက်ခွာဖို့ရန် ဆင်ခြေတစ်ခုရှာခိုင်းသည့် အကြောင်းအရင်းကိုတော့ မသိချေ။
လေးလံနေသည့်နှလုံးသားတစ်ခုဖြင့် သမားတော်ရွှီသည် ကျန့်ဇီရွှမ်း၏ စာဖတ်အခန်းထဲတွင် လက်ဖက်ရည်တစ်ခွက်စာ ကြာချိန်ရသည်အထိ သူရောက်လာရသည့် ရည်ရွယ်ချက်ကို မသိရသေးချေ။
ထယ်သွားအကွေးကို ဆက်သပေးခဲ့သည့် စန်းအမျိုးသမီး သာမန်ပြည်သူတစ်ယောက်။
သခင်မဖန်၏ အစေခံမလေးထဲကတစ်ယောက်က အဖော်လုပ်ပေးကာ သူသည် မြို့မှထွက်လာပြီး သရှင်းရွာ အိမ်ယာဝန်းအဝင်ပေါက်တွင် အမှတ်အသား ပြုလုပ်ထားသည့်မုဒ်ဦးကို တအံ့တသြ ကြည့်နေလေသည်။ သူတို့သည် အိမ်ယာဝန်းအထဲသို့ ဝင်လာသည်နှင့်အမျှ သမားတော်ကြီးမှာ အမှန်ပင်စိတ်လှုပ် ရှားလာတော့သည်။
သူ့ခရီးတစ်လျှောက်လုံးတွင် မင်းကြီးက သူ့ကို သီးခြားဆင့်ခေါ်ရသည့် အကြောင်းအရင်းမှာ ထယ်သွားကိုဆက်သပေးခဲ့သည့် ဒီသခင်မစန်းကြောင့်ဖြစ်လိမ့်မည်ဟု တခါမှ စိတ်မကူးကြည့်ခဲ့ဖူးချေ။
ထယ်သွားကို ဆက်သခဲ့သည်မှာ ပထမလ၏ အခမ်းအနားကတည်းကဖြစ်ရာ ယခုအချိန်ဆိုလျှင် ၈လကျော်သွားပြီဖြစ်သည်။ စန်းလော့အတွက်ကတော့ တစ်ချို့တစ်လေက ထိုအချိန်က သူမကို မှတ်မိကောင်း မှတ်မိနိုင်လိမ့်မည်။ သို့မဟုတ်လည်း ချန်းအန်းက သူများသည် ဇာတိမြို့နှင့် သူမ၏နာမည်ကို ဆက်စပ်ကြည့်ကောင်း ဆက်စပ်ကြည့်နိုင်သည်။ သို့သော်ငြားလည်း လူပုဂ္ဂိုလ်တစ်ယောက်အနေဖြင့် သူမအပေါ် နောက်ဆုံး အထင်ကြီးလေးစားစိတ်နှင့် ပတ်သတ်လာလျှင်တော့ လယ်သမားများအပြင် မည်သူက သူမကို မှတ်မိပါလိမ့်မည်နည်း။
လုံးဝ မှတ်မိကြလိမ့်မည် မဟုတ်ပေ။
သူမသည် အမျိုးသမီးငယ်လေးတစ်ယောက် ဖြစ်သည်ကိုပင် မည်သူမှ သိကြမည် မဟုတ်ပေ။
မင်းကြီးက ပါရမီရှိသူများကို အမြတ်တနိုး တန်ဖိုးထားမှန်း သူ သိသည်။ သို့သော်ငြားလည်း သမားတော်ရွှီ၏ လေးစားအားကျမှုမှာ သူ့အတွက် နောက်ထပ်အဆင့်တစ်ခု တက်သွားတော့သည်။
သူ မသိသေးသည့် ကိစ္စများရှိဟန်တူသေးသော်ငြားလည်း သူက ထပ်ပြီးတော့ မစူးစမ်းတော့ချေ။ ဒါက တော်ဝင်လျှို့ဝှက်ချက်များနှင့် ပါဝင်ပတ်သက်ရသည်ထက် အများကြီးပိုကောင်းလေသည်။ အနည်းဆုံးတော့ သူသည် သူ့ပါးစပ်ကို ပိတ်ထားသ၍ အကြောက်တရားဖြင့် နေထိုင်စရာမလိုချေ။
...
အန်းချီ၏ အသွားအပြန်ခရီးမှာ တစ်လတာကြာခဲ့သည်။ စန်းလော့သည် အခုတော့ ကိုယ်ဝန်၈လခွဲ ၉လနီးပါးရှိလာပြီ။ သူမ၏ဗိုက်ကလဲ အမှန်ပင်ကြီးမားလာပြီး ကျိုးကဲထက်ပင် သိသိသာသာ ပိုကြီးမားနေကာ မိသားစုတစ်ခုလုံးမှာ စိုးရိမ်ပူပန်စိတ်များ တိုးပွားလာတော့သည်။
ကျေးလက်ဒေသ၏ယုံကြည်မှုများအရ မိသားစုတစ်ခုက အမွှာကလေးရှိခဲ့မည်ဆိုလျှင် နောင်ထပ်အစီအစဥ်တစ်ခု လုပ်ဖို့ရန်လိုလေသည်။ ချန်းအဘွား၊ လုအဘွား၊ ဝေ့လင်းကျန့်တို့ အားလုံးက သူမကို လာရောက်စစ်ဆေးပေးကြပြီး သူမက အမွှာကိုယ်ဝန်များရှိနေမလားဟု စဥ်းစားမိကြသည်။
ကံအကြောင်းမသင့်လေတော့ လုံလောက်သည့်အတွေ့အကြုံ သို့မဟုတ် အသိပညာများ လက်ဆင့်ကမ်းလာခြင်းမရှိသဖြင့် သမားတော်ကလဲ သွေးခုန်နှုန်းကို စမ်းကြည့်ပြီး ကိုယ်ဝန်က အမွှာလေလား အမွှာမဟုတ်ဘူးလေလားဟု ဆုံးဖြတ်ဖို့ရန် အခက်တွေ့နေသည်။ ရှန်းလီသည် မြို့ထဲက သမားတော် ၃ ယောက်ကို ပင့်ဖိတ်ခဲ့ပြီးဖြစ်ရာ သူတို့အားလုံးက ဒီလိုကျွမ်းကျင်မှုမျိုးမရှိဟု ဆိုကြသည်။ တစ်ဖက်တွင်တော့ ကျုံးမားမားက အရင်က သူမ၏ဆရာ ပြောပြခဲ့သည့်အကြောင်းကို ကြားဖူးသည်။ သို့သော်ငြားလည်း လက်တွေ့ အတွေ့အကြုံမလုံလောက်သဖြင့် စန်းလော့၏သွေးခုန်နှုန်းကို ပုံမှန်စစ်ဆေးပေးသည်ကလွဲလျှင် သူမက အမွှာကိုယ်ဝန်လက္ခဏာတစ်ခုမှ မစမ်းသပ်မိချေ။
စန်းလော့ကလဲ သူမ၏ အစားအသောက်ကို အကောင်းဆုံးကြိုးစားပြီး ထိန်းသိမ်းထားသည်။ ဒီနေရာတွင် ဗိုက်ခွဲမွေးခြင်းလို ကိစ္စမျိုးမရှိမှန်းသိသဖြင့် အဆာလဲမခံသလို အလွန်အကျွံလဲ မစားချေ။ သူမသည် အလွန်မှစိုးရိမ်မိသဖြင့် ညပိုင်းတွင် အေးအေးချမ်းချမ်းပင် မအိပ်နိုင်ချေ။ ရှန်းလီကလဲ ပိုပြီးစိုးရိမ်နေသည်။ သူမ၏ဝမ်းဗိုက်က ဘောလုံးလေးတစ်လုံးလို ဖောင်းပွလာကတည်းက သူသည် ညပိုင်းတွင် ကောင်းကောင်းမအိပ်နိုင်တော့ချေ။ သူ့မှာ အရင်တုန်းကလို ကလေးကိုပင် မစနောက်ရဲတော့ချေ။ ယခုတော့ သူသည် တစ်ခါတစ်လေမှသာ ကလေးကို စကားပြောတတ်ပြီး မိခင်ဝမ်းထဲမှ အန္တရာယ်ကင်းကင်း ထွက်လာမှသာ ပိုပြီးတော့ကြီးထွားပါဟု အသာအယာ တောင်းဆိုလေတော့သည်။
သို့တိုင် သူသည် စန်းလော့အပေါ် ဘာဖိအားမှလဲမပေးရဲသလို ထိုကဲ့သို့သော အမူအယာလေးကိုလဲ တစ်စက်ကလေးမှ မပြသရဲချေ။
ညပိုင်းတွင် အကြိမ်ပေါင်းများစွာ ငတ်မွတ်ဘေးကာလအတွင်း သူ့အမေက ရှန်းအန်းနှင့်ရှန်းနဥ်တို့ကို မွေးဖွားပြီး မကြာမှီ ဆုံးပါးသွားသည့် သူ့ကလေးဘဝအကြောင်းကို အိမ်မက်မက်နေမိသည်။
ပထမဦးဆုံးအကြိမ်အဖြစ် ရှန်းလီမှာ ဒီလိုကြောက်စိတ်ကို ခံစားမိလိုက်၏။ အိမ်တော်အသစ်က တော်ဝင်အမိန့်တော်နှင့် ဘိုးဘွားကဗျည်းတိုင်နှစ်ခုလုံးကို ထောင်ထားသည်။ မအိပ်နိုင်သဖြင့် သူက ဘိုးဘေးများဆီသို့ သွားရောက်ကန်တော့ကာ သူ၏သက်တမ်းကို စွန့်လွှတ်ရမည်ဆိုလျှင်ပင် စန်းလော့နှင့်သူတို့၏ကလေးကို အကာအကွယ်ပေးဖို့ဆုတောင်းလေသည်။
စန်းလော့သည် ညသန်းခေါင်နိုးလာချိန်၌ အပြင်မှပြန်လာသည့် ရှန်းလီကိုတွေ့လိုက်ရ၏။ သူမ၏ ကောင်းမွန်သည့် အနံ့ခံအာရုံကြောင့် သူ့ကိုယ်ပေါ်က အမွှေးတိုင်နံ့ ရေးရေးလေးကို ခံစားမိလိုက်ပြီး ဘာဖြစ်ခဲ့သည်ကိုခန့်မှန်းမိသည်။
"ကို မင်းကို နိုးမိသွားတာလား"
စန်းလော့က ခေါင်းခါပြလိုက်ပြီး ရှန်းလီ၏လက်ကို ကိုင်လိုက်သည်။ "အဲလောက် အရမ်းမစိုးရိမ်ပါနဲ့၊ ကျွန်မဗိုက်က တကယ်ပဲ ပိုပြီးတော့ကြီးလာတယ်၊ ဒါပေမဲ့လည်း ကျုံးမားမားက ကျွန်မတို့နဲ့အတူတူ နေနေတယ်မဟုတ်လား၊ အားလုံးက အဆင်ပြေသွားမှာပါ"
ရှန်းလီက စန်းလော့ရှေ့တွင် သူ့အားနည်းချက်ပေါ် ပေါက်သွားသဖြင့် ခေါင်းငြိမ့်ပြလိုက်ကာ သူမကို အသာအယာ ပွေ့ဖက်ထားလိုက်ပြီး "ချောချောမွေ့မွေ့ ဖြစ်သွားမှာပါ"
သူ့အားလော့က စေတနာကောင်းမွန်တဲ့သူပဲ။ တကယ်လို့ လူတစ်ယောက်ရဲ့သက်တမ်းကို လူတွေရဲ့အသက် ကယ်ဆယ်ခြင်းနဲ့ တိုင်းတာမယ်ဆိုရင် သူက အသက်အရှည်ကြီးနေဖို့အတွက် ကောင်းကင်ရဲ့ချီးမြှောက်ခြင်းကို ခံရဖို့ထိုက်တန်ပါတယ်။
သို့သော်ငြားလည်း သူ၏ငယ်ဘဝအတွေ့အကြုံများက သူ့ကို စိတ်အေးရစေဖို့ရန် ခက်ခဲစေနေသည်။ တံတွေးကို ခက်ခက်ခဲခဲ မြိုချလိုက်ပြီး သူက ပြောလိုက်၏။ "အားလော့ ဒီကလေးတစ်ယောက်ပဲ ယူကြရအောင်၊ ကိုယ်တို့တွေနောက်ကို ထပ်မယူတော့ဘူး"
စန်းလော့ဆီသို့ အန္တရာယ်တစ်စုံတစ်ရာ ရောက်လာမည့်အတွေးသည် ရှန်းလီကို လက်မခံနိုင်အောင် ဖြစ်ရစေသည်။
စန်းလော့၏အကြည့်များက ပျော့ပျောင်းသွားသည်။ သို့သော်ငြားလည်း သူမက သူ့ကို စနောက်ကျီစယ်သလို စွပ်စွဲလိုက်၏။ “ဒီထဲမှာ အမွှာလေးရှိနေမှာ ရှင် မစိုးရိမ်ဘူးလား၊ ကလေးက ရှင်ပြောတဲ့ဒီစကားကို ကြားပြီးတော့ စိတ်ပျက်သွားနိုင်တယ်နော်”
ရှန်းနဥ်နှင့်ရှန်းအန်းတို့ကလဲ အမှန်တကယ် အမွှာမောင်နှမများ ဖြစ်နေသည်ကို စဥ်းစားမိကြပြီး သူမ ၏ဝမ်းဗိုက်ကလဲ လျင်လျင်မြန်မြန် ကြီးထွားနေသဖြင့် အားလုံးက အမွှာဖြစ်နိုင်သည်ဟု ခန့်မှန်းကြသည်။ ကျုံးမားမားကလဲ သူမ၏သွေးခုန်နှုန်းကို အကြိမ်ပေါင်းများစွာ စမ်းသပ်ခဲ့ပြီးသည့်တိုင် ဒါက အမွှာဖြစ်နိုင်သည်ကို မဆုံးဖြတ်နိုင်ချေ။ စန်းလော့မှာ ဒီဖြစ်နိုင်ခြေကို မစဥ်းစားဘဲ မနေနိုင်တော့ပေ။ သူမသည် ဒီအတွက် မမျှော်လင့်ရဲခဲ့ချေ။ သို့သော်ငြားလည်း ရှန်းလီ၏ စကားလုံးများက မသင့်တော်မှာကို စိုးရိမ်နေသည်။
ရှန်းလီက သူ့ပါးစပ်ကိုပြန်ရိုက်လိုက်ပြီး "ကိုယ် အဓိပ္ပါယ် မရှိတာတွေ ပြောခဲ့မိတာပဲ"
ထို့နောက်တွင်တော့ သူက သူမ၏ဝမ်းဗိုက်လေးကို ချော့မော့သလို ပွတ်သပ်ပေးလိုက်၏။
စန်းလော့က ပြုံးသည်။ "အပေါ်ဝတ်ရုံချွတ်ပြီးတော့ အိပ်လိုက်ပါအုံး၊ ဒီရက်ပိုင်းအတွင်းမှာ ရှင် ကောင်းကောင်းမအိပ်ရသေးဘူး၊ ဟုတ်တယ်မလား၊ ရှင့်ရဲ့မျက်ကွင်းတွေကလဲ ညိုနေပြီ၊ ကျွန်မ အဆင်ပြေပါတယ်၊ မိုးနတ်မင်းက ကျွန်မကို စောင့်ရှောက်ပါတယ်၊ ဒီတော့ ကျွန်မနဲ့ ကျွန်မတို့ရဲ့ကလေးကို ကာကွယ်ပေးမှာပါ"
ကူးပြောင်းလာတဲ့သူတစ်ယောက်အနေနဲ့ အဓိကဇာတ်လိုက် အကြောင်းတော့ ပြောလို့မရဘူးပေါ့။ ဖရိုဖရဲလောကထဲမှာ ရောက်နေပေမဲ့ အသက်ရှင်ခဲ့တဲ့အတွက်ကြောင့် အေးချမ်းပြီး သေချာပေါက် အသက်ရှည်ရှည် နေရမှာပါ။ ဟုတ်တယ်မလား။
ဒီလိုအခိုက်အတန့်များတွင် စန်လော့သည် သူမ၏ ယုံကြည်မှုကို အားဖြစ်စေရန် ကြီးစွာသောနှစ်သိမ့်မှုကို ပြုလုပ်နိုင်ခဲ့ပြီး သူမသည် အများကြီးစိတ်အေးရသလို ခံစားမိလာသည်။
...
သမားတော်ရွှီ ရောက်လာသည့်အချိန်တွင် ကျုံးမားမားက ရှန်းမိသားစုအိမ်တွင် ၅ရက်တာနေခဲ့သည်။ စန်းလော့၏ဝမ်းဗိုက်က အလွန်မှကြီးမားနေသဖြင့် သူမသည် ကိုးလမပြည့်ခင်မှာပင် စောပြီးမွေးနိုင်သည်။
အန္တရာယ်ကင်းကင်း မွေးဖွားနိုင်ရန်အတွက် စန်းလော့သည် မကြာခဏဆိုသလို သူမ၏ခါးကိုကိုင်ကာ ခြံဝန်းထဲတွင် လမ်းလျှောက်နေသည်။ ရှန်းနဉ်နှင့် ကျုံးမားမားတို့က သူမကို အဖော်ပြုပေးသည်။ အပြင်ဘက်က ဆူညံသံတစ်ချို့ကို ကြားလိုက်ရသည်တွင် သူတို့သုံးယောက်က ဝင်ပေါက်မှနေ၍ လှမ်းကြည့်လိုက်သည့်အချိန်တွင် သခင်မဖန်၏ ဘေးက အစေခံမလေးတစ်ယောက်ဖြစ်သည့် ရှောင်ရှင်းက ပါးသိုင်းမွှေးငုတ်တိုများနှင့် သတ်လတ်ပိုင်း လူတစ်ယောက်ကိုခေါ်ကာ ခြံဝန်းထဲသို့ဝင်လာသည်။
"သခင်မ” ရှောင်ရှင်းက ဦးညွှတ်ကာ စန်းလော့ကို နှုတ်ဆက်လိုက်ပြီးနောက် မိတ်ဆက်ပေးသည်။ "ဒါက သမားတော်ရွှီပါ၊ ကျွန်မတို့သခင်မက သခင်မရဲ့သွေးခုန်နှုန်းကို စစ်ဆေးပေးဖို့အတွက် သူ့ကိုပင့်ဖိတ်ထားပြီးသားပါ"
သခင်မဖန်က ပို့ပေးလိုက်သည့်သမားတော်ဖြစ်ကြောင်း သိလိုက်ရသည်တွင် စန်းလော့က ကျေးဇူးတင်စကားကို ထုတ်ပြလိုက်ပြီး သမားတော်ရွှီကို တလေးတစား ခေါင်းငြိမ့်ပြလိုက်သည်။ "ကျွန်မ ရှင့်ရဲ့ကြိုစားအားထုတ်မှုကို ကျေးဇူးတင်ပါတယ်"
ထို့နောက်တွင်တော့ သူမက ပင်မဧည့်ဆောင်ထဲသို့ ဦးဆောင်လာခဲ့သည်။
စန်းလော့၏ ဖောင်းထွက်နေသည့်ဝမ်းဗိုက်ကို မြင်လိုက်သည်တွင် မင်းကြီးက သူ့ကို ဒီတာဝန်ပေး လိုက်ရသည့် အကြောင်းအရင်းကို သမားတော်ရွှီက သဘောပေါက်သွားသည်။ သူမ၏ဝမ်းဗိုက်က သာမန်ကိုယ်ဝန်သည်များထက် သိသိသာသာ အများကြီး ပိုကြီးနေသည်။
ကျုံးမားမားက စန်းလော့၏အခြေအနေကို ကောင်းကောင်းသိသည်။ အနည်းငယ် စကားပြောပြီးနောက်တွင် သမားတော်ရွှီက စန်းလော့၏သွေးခုန်နှုန်းကို စမ်းသပ်ပေးရန် သွေးခုန်နှုန်းစမ်းသပ်သည့် ခေါင်းအုံးသေးသေးလေးကို ပြင်ဆင်လိုက်ပြီး ရှန်းနဥ်နှင့် တစ်ခြားသူများကလဲ အသက်အောင့်ထားကြပြီး အသံတစ်သံပင် မလှုပ်ရဲကြချေ။
နန်းတွင်းသမားတော်တစ်ယောက်ဖြစ်သည့် သမားတော်ရွှီသည် ထူးခြားသည့်အရည်အချင်းများကို ပိုင်ဆိုင်ထားပြီး အထူးသဖြင့် သားဖွားမီးယပ်ကိစ္စတွင်ပင်။ သူ့ဘိုးဘေးများသည် ပိုးချည်ကိုသုံးကာ သွေားခုန်နှုန်းစမ်းသပ်သည့် ထူးခြားသည့်နည်းလမ်ကြောင့် နာမည်ကြီးပြီး သူကလဲ ဒီကျွမ်းကျင်မှုတွင် အမွေဆက်ခံထားသည်။
ရှီကျိုးမြို့ထဲတွင် သွေးခုန်နှုန်း စမ်းသပ်ရသည်မဟုတ်သဖြင့် သမားတော်ရွှီက သူ့လက်များကို အသာအယာ တင်ထားသော်လည်း စန်းလော့၏ လက်ကောက်ဝတ်ကို ခိုင်ခိုင်မြဲမြဲကိုင်ထားကာ သူ့မျက်လုံးများကို မှိတ်ပြီး ၁၅မိနစ်ကြာသည်အထိ သူမ၏ ဘယ်ဘက်လက်နှင့် ညာဘက်လက်ကြားထဲ တစ်လှည့်စီ စမ်းသပ်ကြည့်လိုက်သည်။ မသိမသာ အပြုံးတစ်ခုက သူ့နှုတ်ခမ်းများပေါ်တွင် ပေါ်ထွက်လာ၏။
"ဂုဏ်ယူပါတယ် သခင်မ၊ သခင်မက ဗိုက်ထဲမှာ အမွှာလေးကို ကိုယ်ဝန်ဆောင်ထားရတာပါ၊ ဒါကြောင့်လည်း သခင်မရဲ့ဗိုက်က ပိုပြီးတော့ကြီးနေတာပါ"
စန်းလော့နှင့် ရှန်းနဥ်တို့နှစ်ယောက်စလုံးက အလွန်မှ ဝမ်းသာသွားကြစဥ်တွင် ကျုံးမားမားကတော့ သူမ ၏သိလိုစိတ်ကို မဖုံးကွယ်နိုင်တော့ချေ။ သူမက နောက်ထပ်မေးမြန်းမည် ပြင်လိုက်ပြီးမှ ပြန်ထိန်း ချုပ်ထားလိုက်ကာ သူမသည် ပိုပြီးအဆင့်မြင့်သည့် အရည်အချင်းတစ်ခုထဲသို့ အတင်းတိုးဝင်နေသည်ကို သဘောပေါက်လိုက်သည်။ ထိုအစားသူက အသံတိုးတိုး ရယ်မောကာ စကားလမ်းကြောင်း ပြောင်းလိုက်၏။
သမားတော်ရွှီသည် စိတ်အေးသွားကာ ထပ်ပြောလိုက်သည်။ "သခင်မကျန့်က ကျွန်တော့်ကို ဒီနေရာကိုဖိတ်လာတာပါ ကျွန်တော် သခင်မရဲ့အိမ်တော်မှာ ခဏလောက်နေထိုင်ဖို့ အဆင်ပြေရဲ့လား၊ တကယ်လို့ အဆင်ပြေတယ်ဆိုရင် ကျွန်တော်က သခင်မ ကလေးမမွေးခင်အထိ မကြာမကြာ သခင်မအတွက် စမ်းသပ်မှုတွေ ပြုလုပ်ပေးနိုင်ပါတယ်၊ အဲဒီ့နောက်ပြီးရင်တော့ ကျွန်တော်က သခင်မကျန့်ဆီကို ပြန်ပြီးတော့ သတင်းပို့ရပါမယ်"
ဒါသည် တစ်စုံတစ်ယောက်အတွက် တောင်းဆိုဖို့ရန် မဖြစ်နိုင်သည့် အခွင့်အရေးတစ်ခုဖြစ်လေသည်။ စန်းလော့က မည်သို့ငြင်းပယ်ပါမည်နည်း။ သူမ လက်ခံလိုက်သည့်အခိုက်အတန့်တွင် ရှန်းနဥ်က သွားများပေါ်သည်အထိ ပြုံးနေပြီး ကိစ္စရပ်များကို စီစဥ်ပေးလိုက်သည်။
ရှန်းလီက ကျောင်းတော်မှပြန်လာချိန်တွင် ရှန်းနဥ်သည် အစားအသောက်များကို ပြင်ဆင်ပေးရန် မီးဖိုဆောင်ထဲတွင် အလုပ်များနေတော့သည်။ ဆူညံသံကို ကြားလိုက်သဖြင့် သူမက ခေါင်းကို ထွက်ကြည့်လိုက်ကာ အပြုံးတစ်ခုဖြင့် ပြေးထွက်သွားတော့သည်။ "ကိုကြီး ယောင်းမက အမွှာလေးကို လွယ်ထားရတာတဲ့"
ရှန်းလီက မမေးရသေးခင်မှာပင် သူမက ဖန်စေးညန်က သူတို့၏အိမ်သို့ အဆင့်မြင့်သမားတော်တစ်ယောက်ကို ပင့်ဖိတ်ပေးခဲ့ကြောင်း စိတ်အားထက်သန်စွာ ပြန်ပြောပြသည်။ ရှန်းနဥ်သည် အလွန်မှ ပျော်ရွှင်မြူးတူးလို့နေပြီး ဝမ်းသာအားရ လှည့်ပတ်နေလေသည်။ "ကိုကြီး ကလေးက နှစ်ယောက်တဲ့။ အခု ညီမတို့ စိုးရိမ်စရာ မလိုတော့ဘူး၊ ကျုံးမားမားက ပြောတယ်၊ အမွှာဆိုရင် ဒီဗိုက်က ကြီးတယ်လို့တောင် သတ်မှတ်လို့မရဘူးတဲ့၊ ဒါက အန္တရာယ်ကင်းတယ်၊ နောက်ပြီးတော့ သမားတော်ရွှီကလဲ မကြီး ကလေးမွေးပြီးတဲ့အထိ ဒီမှာ အချိန်တစ်ခုအထိနေအုံးမှာ"
ရှန်းလီကလဲ အလွန်မှဝမ်းသာလေသည်။ သူက ပင်မအဆောင်ဆီသို့ ပြန်ရောက်လာပြီး စန်းလော့ကို သွားတွေ့လိုက်သည်။ ဒီအခိုက်အတန့်တွင် သူမသည် ခြံဝန်းထဲတွင်ပင် ရည်ရွယ်ချက်မရှိဘဲ လျှောက်သွားမနေတော့ချေ။ ထိုအစား သူမက ကလေးများအတွက် အဝတ်များကို ပိုပြီးချုပ်ပေးဖို့ရန် အလျင်လိုနေ၏။ ကျုံးမားမားက အဝတ်စဖြတ်ရင်း သူမကိုကူညီနေသည်။
ရှန်းလီ ပြန်ရောက်လာသည်တွင် လင်မယားနှစ်ယောက်စလုံးက သူတို့၏ဝမ်းသာစိတ်များကို ဝေမျှပေးကြသည်က သဘာဝပင်။ ဒါကိုမြင်လိုက်သည်တွင် ကျုံးမားမားက ပြုံးကာ ပါးပါးနပ်နပ်ဖြင့် ထွက်သွားပေးလိုက်သည်။ ရှန်းလီက စန်းလော့၏ ဝမ်းဗိုက်ကို သိလိုစိတ်များဖြင့် စိုက်ကြည့်နေမိပြီး "တကယ်ပဲ နှစ်ယောက်ပေါ့"
စန်းလော့က ခပ်တိုးတိုးရယ်လိုက်၏။ "ရှင်အခု စိတ် ချထားလို့ရပြီလား"
ဗိုက်ခွဲမွေးရသည့် အခြေအနေမျိုးမရှိသည့် ရှေးခေတ်အခါတွင် သဘာဝအတိုင်းကလေးမွေးသည့် အတောအတွင်း ကြောက်စရာအကောင်းဆုံးကိစ္စမှာ သန္ဓေသားက ကြီးနေခြင်းပင်။ သူမ၏ အစောပိုင်း စိုးရိမ်စိတ်များနှင့်ယှဥ်လိုက်လျှင် ယခုတော့ သူမသည် အရွယ်အစားပိုပြီးသေးငယ်မည့် အမွှာလေးနှစ်ယောက်ကို ကိုယ်ဝန်ဆောင်ထားရကာ တောင်အတွင်းပိုင်းတွင် သိုင်းပညာများကို လေ့ကျင့်ခြင်းက ကိုယ်ခန္ဓာကြံ့ခိုင်သည်ကို စဥ်းစားမိသဖြင့် အန္တရာယ်ကင်းကင်း မွေးဖွားနိုင်မည့် အခွင့်အရေးက သိသိသာသာ ပိုများလာသည်ကို သူမ သိလိုက်သည်။ သို့သော်ငြားလည်း ကလေးများကို ပြုစုပျိုးထောင်ရခြင်းက ပိုမိုသည့်ဂရုစိုက်မှုများကို လိုအပ်ပေသည်။
ရှန်းလီက ရယ်မောလိုက်၏။ "နှစ်ယောက်ဆိုတော့ ကောင်းတာပေါ့၊ ယောကျ်ားလေးနှစ်ယောက်ဖြစ်ဖြစ်၊ မိန်းကလေးနှစ်ယောက်ဖြစ်ဖြစ်၊ ယောကျ်ားလေးတစ်ယောက် မိန်းကလေးတစ်ယောက်ပဲဖြစ်ဖြစ်၊ ကိစ္စမရှိဘူး သူတို့တွေက အချင်းချင်း အဖော်ရသွားမှာပဲ"
သူသည် စန်းလော့ကို နောက်တစ်ခါ ကိုယ်ဝန်ဆောင်ခွင့်ပေးဖို့ စိတ်ကူးမရှိချေ။ စိုးရိမ်စိတ်က အတွေ့အကြုံရှိမှသာ နားလည်နိုင်မည်။ သူသည် ဒီလိုအန္တရာယ်ရှိသည့် စွန့်စားမှုမျိုးကို နောက်တကြိမ်ထပ်ပြီး မစွန့်စားလိုတော့ချေ။
စန်းလော့က အချုပ်အလုပ်များကို အများအပြားလုပ်နေသည်ကို သတိထားမိသဖြင့် သူက ပြောလိုက်သည်။ "ဒီအချုပ်အလုပ်တွေ အားလုံးကို တစ်ယောက်တည်း လုပ်မနေပါနဲ့၊ အကူအညီ ခေါ်လို့ရပါတယ်၊ မင်း အများကြီးအလုပ်လုပ်နေရင် မျက်လုံးကို ထိခိုက်မိအုံးမယ်"
စန်းလော့က အသံတိုးတိုး ရယ်မောလိုက်၏။ "ဒေါ်ဒေါ်ကျုံးရဲ့အကူအညီနဲ့ အားနဥ်ရဲ့အကူအညီလဲရှိတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး စိုးရိမ်စရာမလိုပါဘူး"
အမှန်တွင်တော့ ရှန်းလီသည် သူ့စိတ်ထဲတွင် နောက်ထပ်ကိစ္စတစ်ခု ရှိသေးသည်။ "ခဏလောက်နားလိုက်ပါအုံး၊ ကို သမားတော်ရွှီဆီကို အရင်ဆုံး ကျေးဇူးတင်စကား သွားပြောလိုက်အုံးမယ်"
သို့နှင့် သူသည် အရှေ့ဘက်အဆောင်တွင်ရှိသည့် သမားတော်ထံသို့ သွားရောက်လိုက်လေသည်။
စန်းလော့က သမားတော်ရွှီကို သခင်မဖန်က ပင့်ဖိတ်ပေးထားသည်ဟု ယုံကြည်သော်ငြားလည်း ရှန်းလီကတော့ မနေနိုင်ဘဲ ပိုပြီးအသေးစိတ်ကျကျ စဥ်းစားနေမိသည်။ အထူးသဖြင့် သမားတော်ကို သူတို့၏အိမ်တော်သို့ ပင့်ဖိတ်လာပေးခဲ့ပြီး စန်းလော့မွေးဖွားပြီးမှ ပြန်သွားမည်ဟူသည့်အတွက်ကြောင့်ပင်။
သူက အဆင်မြင့်သမားတော်ဆီသို့ ကျေးဇူးတင်စကားပြောဖို့ရန် အထူးတလည် သွားရောက်လိုက်သည်။ သမားတော်၏ မူလဒေသိယ ဘာသာစကားအောက်တွင် ပုန်းကွယ်နေသည့် မသိမသာလေသံကို နားထောင်ရင်း ရက်ပေါင်းများစွာ သူ သယ်ထားရသည့် တင်းကြပ်မှုများမှာ နောက်ဆုံးတော့ အေးချမ်းသွားတော့သည်။ ရှန်းလီက တလေးတစား ဦးညွှတ်ကာ ပြောလိုက်၏။ "ကျွန်တော့်ဇနီးသည်က ဆရာကြီးရဲ့ပညာကို မှီခိုအားထားနေရတာပါ"
သူသည် သမားတော်ကို ကျေးဇူးတင်စကား ပြောနေသည်။ သို့သော်ငြားလည်း ပိုပြီးအရေးကြီးသည်က သမားတော် နောက်ကွယ်တွင်ရှိနေသည့် ထိုပုဂ္ဂိုလ်ကို ကျေးဇူးတင်စကား ဖော်ပြခြင်းဖြစ်သည်။
ဒီကိစ္စနောက်ကွယ်တွင် လျှို့ဝှက်သည့် ရည်ရွယ်ချက်များရှိနေသည့်တိုင် ရှန်းလီကတော့ သည်အခိုက်အတန့်တွင် စိတ်ရင်းဖြင့်အမှန်တကယ် ကျေးဇူးတင်မိတော့သည်။
...
အပိုင်း (၂၅၆.၁) ၉လပိုင်း၅ရက်နေ့
ကျုံးမားမားသည် စန်းအိမ်သို့ ပြောင်းရွှေ့လာပြီးကတည်းက ရှန်းနဥ်သည် တစ်နေ့သုံးနပ်စာအတွက် သူမ၏ ဟင်းချက်အရည်အချင်းကို အားလုံးထုတ်သုံးလာခဲ့သည်။ အခုတော့ သမားတော်ကြီးလဲပါလာလေရာ သူမက ပိုပြီးစိတ်နှစ်ထားကာ ထမင်းတစ်နပ်စီတိုင်းအတွက် အမြင်အာရုံပါ ဆွဲဆောင်မှုရှိသည့် ဟင်းလျာများကို ကြိုးကြိုးစားစား ဖန်တီးသည်။
သမားတော်ကြီးသည် ရှန်းမိသားစုအိမ်သို့ ပထမဦးဆုံး ရောက်ရှိလာသည့်နေ့တွင် သူ့မျက်လုံးများမှာ အစားအသောက်၏အရသာများကြောင့် လင်းလက် သွားခဲ့သည်။ ရှန်းမိသားစုအိမ်တွင် ပထမဦးဆုံးနိုးလာသည့် မနက်ခင်းတွင်တော့ သူသည် ထူးခြားသည့်ဟင်းလျာတစ်ချို့၏ ခပ်ရေးရေး ဆွဲဆောင်မှုရှိသည့် အနံတစ်ခုဖြင့် နိုးထလာခဲ့သည်။
ညနေစာနှင့် မနက်ခင်းစာအားလုံးက သမားတော်ကြီး၏စိတ်ကို အနိုင်ရခဲ့လေသည်။ ဒီခရီးက အလွန်မှ ကောင်းမွန်ထိုက်တန်လှသည်။ သခင်မလေးရှန်းသည် အင်မတန်မှ အချက်အပြုတ် ကောင်းသူတစ်ယောက် ဖြစ်သည့်အပြင်သူကလဲ မြို့တော်တွင် မနက်စာအတွက် ဒီလို စိတ်ရွှင်ပျဖွယ်ရာ စားတော်ပွဲကြီးကို တခါမှ အရသာမခံစားခဲ့ဖူးချေ။ ထိုအခိုက်အတန့်တွင် သူသည် သူ၏တာဝန်ကို အလွန်မှ သဘောကျနှစ်သက်သွားသည်။ ဒီခရီးတစ်ခုလုံးက လုံးဝထိုက်တန်သည်ဟု ခံစားလိုက်ရ၏။
သူသည် အားလပ်ချိန်အတွင်းတွင် သရှင်းရွာထဲသို့ ပတ်ပြီးလျှောက်သွားတတ်သည်။ စန်းလော့က ကလေးမွေးနေတော့မည့်ဆဲဆဲ အချိန်ဖြစ်နေသည်ကို စိုးရိမ်သဖြင့် အဝေးကြီးတော့ လျှောက်မသွားခဲ့ချေ။ ရှန်းမိသားစု၏ တောင်ကုန်းပေါ်က လယ်ကွင်းများ၏ စိမ်းစိမ်းစိုစို နယ်မြေအတွင်းမှာပင် အညောင်းအညာပြေ လှမ်းလျှောက်တတ်သည်။ ဒီလိုဂရုတစိုက် အေးအေးလူလူ လှမ်းလျှောက်ခြင်းမှ သူသည် ရှာဖွေတွေ့ရှိမှု အများအပြားကို ဖော်ထုတ်နိုင်ခဲ့သည်။
ရှန်းမိသားစုသည် သူတို့၏ ငွေရေးကြေးရေးကို စီမံရာတွင် အမှန်မှ ကျွမ်းကျင်လှသည်။ လယ်ကွင်းများမှလွဲလျှင် တစ်စုံတစ်ယောက်က တောင်ပေါ်မြေများကို ဒီလို ကြံကြံဖန်ဖန် အသုံးချခဲ့သည်ကို တခါမှ မမြင်ခဲ့ဘူးချေ။ ထောင့်လေးတစ်ထောင့်ကိုပင် အလွတ်မထားချေ။ အမှန်တွင်တော့ အနီးကပ်လေ့လာကြည့်လျှင် ထိုအပင်များ၊ တိရိစ္တာန်များနှင့် မြေဆီလွှာများကို သံသရာစက်ဝန်းတစ်ခုလို အသုံးချထားဟန်ပင်။
သူသည် ချန်အန်းမြို့အစွန်တွင် အိမ်ယာဝန်းတစ်ခုကို ပိုင်ဆိုင်ထားပြီး သူ၏ တရားဝင်စိုက်ပျိုးမြေများရှိသည်တွင် သူ့မိသားစုက ထိုနေရာသို့ မကြာခဏ ခဏတာသွားနေတတ်သည်။ သူတို့၏အိမ်ယာဝန်းတွင်လည်း တောင်ပေါ်မြေများ ပိုင်ဆိုင်ထားသော်ငြားလည်း ရှန်းမိသားစု၏ တောင်ပေါ်မြေများနှင့်ယှဥ်လျှင် အသုံးချပုံက အများကြီး နည်းပါးပေသည်။
ကြက်များ၊ ဘဲများ၊ ဆိတ်များနှင့် ဝက်များကို မွေးမြူရာတွင်ပင် ရှန်းမိသားစုသည် တစ်ခြားသူများနှင့် လုံးဝမတူညီသည့်အရာများကို ပြုလုပ်ထားဟန်တူသည်။ ဒါက ဖော်ပြဖို့ရန် မဖြစ်နိုင်သော်ငြားလည်း အားလုံးကို ရည်ရွယ်ချက်ရှိရှိဖြင့် သေသေချာချာ စဥ်းစားပြီး လုပ်ထားဟန်တူသည်။
သမားတော်တစ်ယောက်အနေဖြင့် ဝဥများကို ပမဏအများကြီး စိုက်ပျိုးထားကာ ပျားရည်ကိုလဲ ကိုယ်တိုင်ထုတ်လုပ်နိုင်သည့်အကြောင်း သတိထားမိခဲ့သည်။ ထို့အပြင် တစ်ချို့သော ပြန်လည်သန့်စင်ထားသည့် တီကောင်မှုန့်များကိုလဲ ကြက်စာထဲတွင် ထည့်သွင်းထားသည်ကို တွေ့ရသည်။
သူတို့တွေက ဒါကို ကြက်စာအဖြစ် ကျွေးသတဲ့လား။ ဒါကို စျေးဆိုင်တွေကရမှာ မဟုတ်ဘူးဆိုတာ သေချာတယ်။
သူသည် ကြက်စာခွက်ထဲက ကြက်စာတစ်ချို့ကို ကောက်ယူကြည့်လိုက်ပြီး အနီးကပ်ကြည့်လိုက်၏။ သို့သော်ငြားလည်း ဆေးဖက်ဝင်ပါဝင်ပစ္စည်းတစ်ခု ဖြစ်ရမည်ဟု သူ့ထင်မြင်ချက်နှင့် လွဲမှားနေသယောင်ပင်။
အလုပ်သမားများနှင့် စကားပြောဆိုမိသည်တွင် သူ့မှာ အဖိုးတန်သည့် ပညာများကိုပင် ရရှိခဲ့လေသည်။ သူ စောင့်ကြည့်လာခဲ့သည့် နယ်ပယ်များနှင့်ပတ်သတ်ပြီး လေ့လာခဲ့ရသည်အပြင် ဆိတ်ခြံဆောက်ထားသည့် ပုံစံ၏အကျိုးကျေးဇူး၊ ဝက်များကိုသင်းကွပ်ခြင်းနှင့် ကြက်များကို တီကောင်အစာကျွေးရခြင်း၏ အကျိုးကျေးဇူးနှင့် သတိထားရမည့်အရာများကိုပင် လေ့လာခဲ့ရသည်။ သူတို့က သူတို့၏အသိပညာများကို ပွင့်ပွင့်လင်းလင်း ဝေငှပေးကာ အိမ်နီးချင်းရွာသားများကလဲ လာရောက်လေ့လာနိုင်ကြပြီး အများစုကိုတော့ သခင်မစန်းက သင်ကြားပေးသည်ဟု ပြောပြသည်။
ဟုတ်ပါသည်။ ထုတ်မပြောသည့်လျှိုဝှက်ချက်များလဲ ရှိလေသည်။ ပျားကို မည်သို့မွေးမြူပြီး တီကောင်အများအပြားရဖို့ရန်အတွက် မည်သည့်နေရာက ရယူသည့်အကြောင်းပင်။
မင်းကြီးက သူ၏အမိန့်အာဏာများကို ထိုမျှလောက်အကွာအဝေးအထိ ချဲ့ထွင်ခဲ့ပြီး အရာအားလုံးထက် ကလေးမွေးသည့်အခါတွင် မိခင်၏လုံခြုံရေးကို သေချာပေါက် အာရုံစိုက်ပေးဖို့ မှာကြားရသည့်အကြောင်းအရင်းကို သမားတော်ရွှီမှာ နောက်ဆုံးတော့ နားလည်သွားသည်။
အသက်၂၀ပင် မပြည့်သေးခင်မှာပင် ဒီအမျိုးသမီးငယ်လေးက ထယ်သွားတစ်ခုကို တီထွင်နိုင်ခဲ့သည်။ စိုက်ပျိုးရေးနှင့်ပတ်သတ်ပြီး လုပ်ငန်းနှင့် ဆိုင်သည့်အရာများတွင်လည်း နက်ရှိုင်းသည့် အသိအမြင်ကို ပိုင်ဆိုင်ထားသည်။ ထို့အပြင် ရှန်းညီအစ်ကိုများကလဲ စာသင်သားများဖြစ်သည်။ သူတို့သည် နောက်ဆုံးတော့ မြို့တော်သို့ လမ်းဖောက်ကြလိမ့်မည် မဟုတ်ပါလား။
အမှန်တွင်တော့ သူတို့သည် မင်းကြီးက စိတ်အားထက်သန်စွာ စောင့်စားနေသည့် အရည်အချင်းရှိသည့် လူများပင်။
...
၇လပိုင်း၏ ပူပြင်းလှသည့် အပူရှိန်က လျော့နည်းသွားပြီး ၉လပိုင်းက ဆောင်းတွင်းအဝတ်အစားများကို ပြင်ဆင်ပေးဖို့ရန် ခေါ်လာသည်။ နောက်ထပ် ကျောင်း၄ရက်လောက် တက်ပြီးသည့်နောက်တွင် ရှန်းလီသည် ကျောင်းကဆရာထံမှ သတင်းကို ရရှိခဲ့သည်။ တရားဝင်ကျောင်းပိတ်ရက်ကို ဥပမာပြုကာ အစိုးရက ကျောင်းသားများအတွက် ကျောင်းပိတ်ရက်နှစ်မျိုးကို ထည့်သွင်းပေးထားသည်။ ၅လပိုင်းတွင် စိုက်ပျိုးရေးရာသီ အားလပ်ရက်နှင့် ၉လပိုင်းတွင်တော့ အဝတ်အစားများကို ပြင်ဆင်ဖို့ရန် အားလပ်ရက်ဖြစ်သည်။ အရာရှိများက ထိုတစ်လစီအတွက် ခွင့်၅ရက် အနားယူခွင့်ရသည်။ ကျောင်းသားများကတော့ တစ်လအပြည့် အနားယူခွင့်ရသည်။
အဓိကအားဖြင့် ဒါသည် လယ်သမားမိသားစုအတွက် အကျိုးအမြတ်ရရှိဖို့ရန်ဖြစ်ပြီး ၅လပိုင်းနှင့် ၉လပိုင်းတို့သည် စိုက်ပျိုးရေးရာသီ၏ အလုပ်များသည့်အချိန်လဲဖြစ်သည်။
ဒီအကြောင်းကို ကြားလိုက်ချိန်တွင် ရှန်းလီသည် အချိန်မှီ ပိတ်ရက်ရခြင်းက ကွက်တိဖြစ်သွားသည်ဟု ခံစားလိုက်ရသည်။ သူသည် စိုက်ပျိုးရေးကိစ္စနှင့်ပတ်သတ်ပြီး အများကြီး မစိုးရိမ်ခဲ့ရချေ။ စန်းလော့၏မီးဖွားရက်က ၉လပိုင်းထဲတွင် ဖြစ်လောက်သည်။ အနည်းဆုံးတော့ သူသည် သူမဘေးတွင် နေနိုင်ပေမည်။
သူ ပြန်ရောက်လာသည့်နေ့တွင် သူမက ရှန်းနဥ်နှင့်အတူ မီးဖွားမည့်အခန်းကို ပြင်ဆင်ပြီးသားဖြစ်သည်။ ဒီအခိုက်အတန့်တွင် ရှန်းလီသည် သူ စောင့်ကြည့်ထားခဲ့သည့် တစ်စုံတစ်ခုကို သတိရသွား၏။ သမားတော်ကြီးက ဒီနေရာတွင် ဘာလုပ်နေပါသနည်း။ သမားတော်တစ်ယောက်က ဆေးဝါးများကို အသုံးပြုရန် လိုအပ်သည် မဟုတ်ပါလား။ သူသည် စန်းလော့၏ မီးဖွားဖို့ရန်အတွက် အရှုပ်အထွေးကင်းကာ ချောချောမွေ့မွေ့ ဖြစ်ချင်သည့်ဆန္ဒ ရှိသော်ငြားလည်း ကြိုတင်ပြင်ဆင်ထားသည်က အမြဲတမ်းပိုကောင်းလေသည်။
သူက လက်ထဲတွင် ဆောင်ထားသင့်သည့် ဆေးဝါးများအကြောင်းကို မေးမြန်းဖို့ရန် သမားတော်ရွှီကို မြန်မြန်သွားရှာလိုက်၏။
သမားတော်ရွှီက သူ့ကို မြန်မြန်လှမ်းကြည့်လိုက်ပြီး လက်ခါပြလိုက်သည်။ "မလိုပါဘူး ကျုပ်က လိုအပ်တာတွေ အားလုံးကို ပြင်ထားပါတယ်။
သူက ထပ်ပြီးပြောလိုက်သည်။ "ကျုံးမားမားကလဲ လိုအပ်တဲ့ပြင်ဆင်မှုတွေကို အားလုံး လုပ်ထားပြီးပါပြီ"
"သခင်မကျန့် ဟုတ်လား"
ရှန်းလီသည် သူ၏ကျေးဇူးတင်စိတ်ကို ဖော်ပြလိုက်ပြီး သူက လယ်ကွင်းထဲသို့ ကိစ္စများကို ကိုင်တွယ်ဖို့ရန် သွားရောက်နေစဥ်တွင် ရှန်းနဥ်ကို သူ့ယောင်းမဖြစ်သူနှင့် အိမ်မှာနေခဲ့ခိုင်းသည်။ ထိုနေ့ညတွင် သူနှင့်ရှန်းအန်းတို့က ကလေးများအတွက် ပုခက်ငယ်လေးတစ်ခုကို အတူတူ လုပ်လိုက်ကြသည်။
မိသားစုတစ်ခုလုံးက အမွှာလေးမွေးဖွားလာမည့်အချိန်ကို စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေကြ၏။ ကလေးများကလဲ သိနေသကဲ့သို့ပင် ရှန်းလီ မျှော်လင့်ထားသည်ထက် ပိုပြီးစောစောရောက်လာသည်။ ရှန်းလီနှင့် ရှန်းအန်းတို့က ပုခက်များကို လုပ်လို့မပြီးသေးခင်မှာပင် စန်းလော့သည် မီးဖွားခန်းထဲသို့ ဝင်သွားခဲ့ပြီး အချိန်အကြာကြီး ကိုယ်ဝန်ရှိလာခဲ့သည့် ကျိုးကဲထက်ပင် ပိုစောနေသေးသည်။
...
အမွှာကလေးကို မီးဖွားရခြင်းက တစ်ယောက်တည်းကို မီးဖွားရခြင်းထက် ပိုပြီးခက်ခဲပေသည်။ ခက်ခဲသည့်အကြောင်းအရင်းမှာ မီးဖွားခန်းထဲတွင်နေရသည့် ကြာချိန်ကြောင့် တိုးလာမည့်အန္တရာယ်ကြောင့်ဖြစ်သည်။ ကလေးတစ်ယောက်ချင်းကို လွယ်ထားရသည့်မိခင်က တစ်ကြိမ်သာ နာကျင်မှုကို ခံစားရမည်ဖြစ်သော်လည်း အမွှာကိုလွယ်ထားရသည့် မိခင်တစ်ယောက်ကတော့ နှစ်ကြိမ်အများဆုံးနာကျင်မှုကို ခံစားရမည်ဖြစ်ကာ ထိုနှစ်ကြိမ်ကလဲ အန္တရာယ်ရှိလေသည်။
ကံအားလျော်စွာ ကျုံးမားမားက ရှိနေပြီး သမားတော်ကြီးကလဲ အရှေ့ဘက်အဆောင်တွင် အသင့်စောင့်ဆိုင်းနေသည်။ ၉လပိုင်း၄ရက်မြောက်နေ့တွင် မီးဖွားခြင်းကို ညနေခင်းတွင် စတင်ခဲ့ပြီး ၅ရက်မြောက်နေ့ ပထမနာရီတွင် ပထမကလေးကို မွေးဖွားခဲ့သည်။ ဒုတိယကလေးကတော့ အနည်းငယ် အချိန်၁နာရီလောက်ပိုကြာသွားကာ စန်းလော့ကို ပင်ပန်းနွမ်းနယ်သွားစေတော့သည်။ အထူးသဖြင့် ဒုတိယအမွှာလေးကို မွေးဖွားသည့်အချိန်တွင် ဖြစ်သည်။ သမားတော်ရွှီက တိုင်းရင်းအားဖြည့်ဆေးကို ကြိုတင်ပြင်ဆင်ထားသည်မဟုတ်ခဲ့လျှင် သူမသည် အားမွေးရသည့်အတွက် အားကုန်သွားပေလိမ့်မည်။ ကံအားလျော်စွာ မိခင်နှင့်ကလေးများက အန္တရာယ်ကင်းပြီး သိသာထင်ရှားသည့် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာရမှုများ မရှိခဲ့ချေ။
သူမ နိုးလာသည့်အချိန်တွင် သူမသည် မီးဖွားခန်းထဲတွင် မဟုတ်တော့ဘဲ သူမ၏ကိုယ်ပိုင်အခန်းထဲတွင် ပြန်ရောက်နေသည်။ ရှန်းလီက သူမဘေးတွင်စောင့်နေ၏။ မသိစိတ်မှာ အလိုလိုနေ၍ စန်းလော့သည် သူမ၏ကလေးများကို ရှာဖွေနေသည်။ ခေါင်းကိုလှည့်လိုက်သည်တွင် ကုတင်၏အတွင်းဘက်၌ မွေးကင်းစကလေးနှစ်ယောက်က နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်ကို တွေ့လိုက်ရ၏။
သူမသည် အလွန်မှနာကျင်ခဲ့ရသဖြင့် သူမ၏စိတ်များပင် ဗလာအတိ ဖြစ်သွားခဲ့ရသည်။ သူမသည် အားယောင်ကို မှတ်မိနိုင်သော်ငြားလည်း အငယ်လေးတစ်ယောက်က ယောက်ကျားလေးလား မိန်းကလေးလား သေချာမသိခဲ့ချေ။ ကျုံးမားမားက သူမကို ပြောသည့်ပုံတော့ပေါ်သည်။ သို့သော်ငြားလည်း သူမက ဘာကိုမှမကြားနိုင်ခဲ့ချေ။
ကျုံးမားမားက ပြန်ပြောပြထားသည့် အခြေအနေကို နားထောင်ခဲ့ပြီး ရှန်းလီက ပြောပြသည်။ "အခုတော့ အနာယူလိုက်ပါအုံး၊ ကို မင်းကို ရေနွေးလေး တိုက်ပေးမယ်၊ ကျုံးမားမားက ဟင်းရည်လုပ်ပေးနေတယ်၊ ခဏနေကျရင် ဟင်းရေလေး နည်းနည်းလောက်သောက်လိုက်ပေါ့"
သူက ထပ်ပြောလိုက်၏။ "အားယောင်က အကြီး၊ ချန်ပေါင်က အငယ်လေ"
စန်းလော့က ခပ်တိုးတိုး ရယ်မောလိုက်၏။ သူမ၏ လည်ချောင်းကို စိုစွတ်သွားဖို့ရန် ရေနည်းနည်းပါးပါး သောက်လိုက်ပြီးနောက်တွင် သူမက ပြောလိုက်သည်။ "ဒီတော့ တကယ်ပဲ သားတစ်ယောက်နဲ့ သမီးတစ်ယောက်ပေါ့၊ ကျွန် မအဲဒီ့နေကမှန်းခဲ့တာ မမှားဘူးပဲ"
ထိုနေ့က သူက ကလေးများ၏နာမည်ကိုခေါ်ကာ ကြိုက်မကြိုက်မေးမြန်းသည့်အချိန်တွင် ကလေးများ၏ တုံ့ပြန်သံ သုံးခုကို ရည်ရွယ်ပြီးပြောလိုက်မှန်း ရှန်းလီက သိလိုက်သည်။ သူကလဲ ပြုံးပြလိုက်၏။ သို့သော်ငြားလည်း သူမ၏ပုံစံက အလွန်မှ ဖြူဖျော့နေသည်ကို မြင်ရသည်တွင် သူ့မှာရင်နာရလေသည်။ "မင်း ဒုက္ခများခဲ့ပါပြီ"
သည်အခိုက်အတန့်တွင် သူမ၏ ကလေးနှစ်ယောက်ကို ကြည့်နေရင်းက စန်းလော့သည် လျှံကျလာတော့မလို ဖြစ်နေသည့် ဝမ်းသာပျော်ရွှင်မှု၏ လွှမ်းမိုးခြင်းခံရသည့် ခံစားချက်တစ်ခု ဖြစ်သွား၏။ သူမ၏အစောပိုင်းက ဒုက္ခသုခများကို စဥ်းစားမိသည့် အတွေးအားလုံးက ပျောက်ကွယ်သွားသော်ငြားလည်း သူမက ခေါင်းကို ခါရမ်းလိုက်ပြီး သူမ ၏အကြည့်ကို ကလေးများဘက်သို့ ပြန်ပို့ထားလိုက်သည်။
"ချန်ပေါင်က အားယောင်ထက် နည်းနည်းလေးပိုပြီး သေးနေသလိုပဲ"
ရှန်းလီက ခေါင်းငြိမ့်သည်။ "သမားတော်ရွှီနဲ့ ကျုံးမားမားကလဲ ပြောပါတယ်၊ ဒါက စိုးရိမ်စရာ မရှိပါဘူးတဲ့၊ အမွှာလေးတွေ အတွက်ဆိုရင်တော့ သူတို့တွေက မသေးပါဘူး၊ သေသေချာချာလေး ဂရုတစိုက်နဲ့ ပြုစုမယ်ဆိုရင် သူတို့တွေက မြန်မြန်ကြီးလာပါလိမ့်မယ်၊ သူတို့တွေကလဲ နည်းနည်းလေးပိုပြီး ကြာကြာနေမယ်လို့ ကတိပေးထားတယ်လေ၊ ပြီးတော့ ကိုယ်ကလဲ ခွင့်ရထားတယ်ဆိုတော့ ဒီရက်ပိုင်းအတွင်းမှာ မင်းနဲ့ကလေးတွေကို ဘယ်လိုစောင့်ရှောက်ရမယ်ဆိုတာကို ကျုံးမားမားဆီကနေ သင်ထားလိုက်ပါ့မယ်"
ရှန်းမိသားစုသည် လူကြီးများမရှိသဖြင့် လင်မယားနှစ်ယောက်က သူတို့ကိုယ်သူတို့သာ စောင့်ရှောက်ရလေသည်။ ကံအားလျော်စွာ ရှန်းလီ၏ အမွှာမောင်နှမများကလဲ ငယ်ငယ်လေးကတည်းက ရှန်းကျင့်နှင့် ကျန်သည့်ကလေး၃ယောက်ကို ကူညီပျိုးထောင်ပေးခဲ့သည်။ မီးဖွားပြီးနောက်ပိုင်း စောင့်ရှောက်မှုနှင့် ကလေးစောင့်ရှောက်ခြင်းကိုလဲပဲ ကျုံးမားမားက သူတို့ကို သင်ကြားပြသပေးသည်။ ဘာပြဿနာမှ ရှိလိမ့်မည်တော့ မဟုတ်ချေ။
သူတို့စကားဝိုင်းက တိုတောင်းသော်ငြားလည်း ရှန်းနဥ်က ထိုစကားများကို ကြားသွားခဲ့ဟန်တူသည်။ ခေါင်းကို ချောင်းကြည့်လိုက်ပြီး သူမက မီးဖိုချောင်ထဲက ကျုံးမားမားကို ထံသွားလိုက်ကာ စန်းလော့သောက်ဖို့ရန်အတွက် ဟင်းရည်ကို ယူလာပေးသည်။
ဟုတ်ပါသည်။ ရှန်းနဥ်က သူမ၏ ချစ်စရာကောင်းလွန်းလှသည့် တူလေးနှင့် တူမလေးကို လာရောက်ချောင်းကြည့်ခြင်း ဖြစ်လေသည်။ သူမသည် ကလေးများ၏ တွန့်ရှုံ့ပြီး နီရဲနေသည့်ပုံစံလေးကို အကြိမ်အနည်းငယ် မြင်ခဲ့ဖူးပြီးသားဖြစ်သော်ငြားလည်း သူမမှာ သူတို့လေးများကို မချစ်ဘဲမနေနိုင်ချေ။
ဒီနေရာတွင်တော့ ရှန်းအန်း၊ ရှန်းကျင့်နှင့် ကျန်သည့်ကလေးနှစ်ယောက်က သူမနှင့် မယှဥ်နိုင်ချေ။ သူတို့သည် ကြီးပြင်းလာသည်နှင့်အမျှ အထူးသဖြင့် ရှန်းအန်း၊ ရှန်းကျင့်နှင့် ရှန်းယင်တို့သည် သူတို့၏အစ်မကြီးအခန်းထဲသို့ ဒီအတိုင်းဝင်သွားဖို့ရန်က သင့်တော်လိမ့်မည် မဟုတ်ချေ။
တူလေးနဲ့တူမလေးက ချီပိုးသွားဖို့ရန်ကလဲ အရမ်းကို သေးငယ်လွန်းလှသည်။ ထို့ကြောင့် ရှန်းအန်းမှာ မီးဖွားခန်းမှနေ၍ အိမ်သို့ပြန်ခေါ်လာသည့် မွေးကင်းစကလေးများကို ဖျတ်ခနဲသာ တစ်ချက်မြင်ခဲ့ရသည်။ ရှန်းကျင့်နှင့် တခြားသူများကတော့ ကလေးများကို မြင်ပင်မမြင်ရသေးချေ။ ရှန်းထျယ်က သူ၏ သေးသေးကွေးကွေး အရွယ်အစားလေးကို အသုံးချပြီး တစ်ချက်လောက်ကြည့်ရှုဖို့ရန် အလစ်ချောင်းဝင်လာခဲ့သည်။ ဒီအချိန်တွင်တော့ အကြီးများက ရှန်းနဥ်နှင့်ရှန်းထျယ်ကိုသာ အားကျနေရန်သာ တတ်နိုင်တော့သည်။
တတိယနေ့တွင် ရေချိုးပေးသည့်အချိန်မှသာ ရှန်းအန်းနှင့်ရှန်းကျင့်တို့မှာ သူတို့၏ ပျော်ရွှင်မှုကို ခံစားနိုင်တော့သည်။ ကလေးနှစ်ယောက် မွေးဖွားလာသည့်အချိန်ကလဲ အလွန်မှ ကောင်းမွန်သည့်အချိန် ဖြစ်သည်။ ပူပြင်းသည့် နွေရာသီနောက်ဆုံးရက်ဖြစ်သည့်အပြင် ဆောင်းတွင်းသို့လည်း မဝင်သေးချေ။ ထို့ကြောင့် အပူရှပ်မှာလဲ မစိုးရသလို အအေးမိမှာလဲ စိုးရိမ်ဖို့ရန်မလိုအပ်ချေ။ ပထမဦးဆုံး အရေးကြီးသည့်လများကိုတော့ စီမံဖို့ရန် တော်တော်လေး ပိုပြီးလွယ်ကူခဲ့သည်။
ဒီလိုစည်ကားသည့်နေ့ရက်တွင် ရွာထဲကအိမ်ထောင်စုတိုင်းက လူများသည် ရောက်လာကြ၏။ ဖန်မိသားစု၊ ကန်းမိသားစု၊ ကျန်းမိသားစု၊ တုန်းကဲ၏မိသားစုနှင့် တစ်ခြားကူညီပေးသည့် မိသားစုဝင်များကိုတော့ ပြောစရာမလိုချေ။ ဖန်ဖေးညန်၏ အစေခံမလေးကပင် ပျော်ရွှင်ဖွယ်အချိန်ကို ရောက်လာလေသည်။
ချန်းသရှန်ကလဲ ပျော်ရွှင်စရာအချိန်ခါကောင်းကို ပါဝင်ခဲ့သည်။ သူကိုယ်တိုင်ကလဲ အဖေတစ်ယောက် ဖြစ်လာတော့မည်ဖြစ်ရာ မွေးကင်းစကလေးနှစ်ယောက်က အလွန်မှ ချစ်စဖွယ်ကောင်းသည်ဟု မြင်မိသည်။ သူက ရှန်းလီပုခုံးကို သိုင်းလိုက်ပြီး ဟာသပင် ပြောလိုက်သေးသည်။ "ငါက မင်းထက်အရင် မင်္ဂလာဆောင်လို့ မင်းထက်အရင် ကလေးရမယ်လို့ ထင်ထားတာ၊ ဒါပေမဲ့ မင်းကတော့ ကလေးရပြီး ငါ့ကို အနိုင်ယူသွားပြန်ပြီ၊ တကြိမ်တည်းမှာပဲ ကလေးနှစ်ယောက်တောင် ရသွားတယ်"
ဒါက ခြံဝန်းထဲက လူတိုင်း၏ရယ်မောသံကို ပေါ်ထွက်လာစေတော့သည်။
စန်းလော့ကတော့ အခန်းထဲမှသာ ဆူညံသံများကို နားထောင်နေရသည်။ သူမ၏ တစ်လတာ ရှည်ကြာမည့်မီးတွင်းကာလက စတင်ခဲ့ပြီးဖြစ်သည်။ ကျုံးမားမား၏ မှာကြားချက်အတိုင်း သူမသည် အခန်းထဲက မထွက်ခဲ့ချေ။ ချန်းဘွားဘွားနှင့် တစ်ခြားသူများက အလည်လာသည့်အချိန်မှသာ သူမမှာ စကားပြောဖို့ အခွင့်အရေးရခဲသော်လည်း ခဏတာလေးသာဖြစ်သည်။ သူမကို ထပ်ပြီးအနှောက်အယှက် မဖြစ်စေလိုသည့်ကတစ်ကြောင်း အိမ်တွင် ကျန်ခဲ့သည့်ကျိုးကဲကို စောင့်ကြည့်ပေးရသည့်ကတစ်ကြောင်း အိမ်ကိုပြန်ဖို့ရန် ချန်းသရှန်မှာ မကြာခင်ပြန်ထွက်လာတော့သည်။
အားယောင်နှင့် ချန်ပေါင်တို့၏ ရေချိုးသည့်အခန်းအနားနေ့မှ ကျိုးကဲကလဲ မီးဖွားခန်းသို့ ဝင်သွားခဲ့သည်။ နောက်တစ်နေ့ မနက်ခင်းတွင် သူမက ကျန်းမာသည့် ယောက်ကျား ကလေးတစ်ယောက်ကို မွေးဖွားခဲ့သည်။
ရှန်းလီက သတင်းကို ပြန်ယူလာချိန်တွင် စန်းလော့က ကလေးများကို အစားကျွေးနေသည့်အချိန်ဖြစ်သည်။ သူမက ခန္ဓာကိုယ်ကို အနည်းငယ် စောင်းလိုက်သော်လည်း သတင်းကို ကြားလိုက်ရသည်တွင် ဝမ်းသာရသေးသည်။ သူမက နို့သောက်ရင်း မျက်လုံးများကိုမှိတ်ကာ အိပ်ပျော်နေသည့် သူမ၏ကလေးကို ကျီစယ်လိုက်သေးသည်။ "အခုတော့ သမီးနဲ့ ချန်ပေါင်တို့မှာ နောက်ထပ်အဖော်လေးတစ်ယောက် ရှိလာပြီ"
အားယောင်က ‘ပေါင်’ဟူသည့်စကားလုံးကို အလွန်မှခံစားသိလွယ်သည်။ ဆန်ပြုတ်လေးကို စားနေရင်းတန်းလန်းမှပင် သူမက အသံကို နားစွင့်ထားလိုက်ပြီး တဒင်္ဂအတွင်း မျက်လုံးကိုပင် ဖွင့်လိုက်သေးသည်။
ရက်အနည်းငယ်လောက် ကလေးနှစ်ယောက်စလုံးကို နို့တိုက်ခဲ့ပြီးနောက်တွင် စန်းလော့သည် အားယောင်က ချန်ပေါင်ထက်ပိုပြီး ကြီးထွားနေရသည့် အကြောင်းအရင်းကို နောက်ဆုံးတော့ နားလည်သွား၏။ မောင်နှမနှစ်ယောက်က လုံးဝကို ဆန့်ကျင်ဘက်အကျင့်စရိုက်များရှိပြီး အားယောင်က ရွှင်လန်းတက်ကြွပြီး အိပ်နေသည့်အချိန်မှာပင် လှုပ်လှုပ်ရှားရှားရှိသည်။ နိုးနေသည့်အချိန်တွင်လည်း သူမက ကျီစယ်ကာ ဆော့ကစားတတ်ပြီး စားသောက်ရသည်ကိုလည်း စိတ်အားထက်သန်သည်။ တစ်ဖက်တွင်တော့ ချန်ပေါင်က အရာအားလုံးကို အေးအေးဆေးဆေး ချဥ်းကပ်တတ်ကာ အိပ်ခြင်းနှင့် စားခြင်းမှာပင် ကြီးစွာသော ကျေနပ်ရောင့်ရဲမှုရှိသည်။
ရှန်းလီကတော့ သူ့မိန်းမကိုယ်ဝန်ဆောင်စဥ်ကာလအတွင်း သူတို့၏ ပြောစကားများကို ဝမ်းဗိုက်အတွင်းမှ ဝမ်းသာအားရ တုံ့ပြန်တတ်သည့်သူမှာ သူ့သမီးလေးသာဖြစ်မည်ဟု ရှန်းလီက သံသယဖြစ်လေသည်။ သူက ဒီယူဆချက်ကို အကြိမ်အနည်းငယ် စပ်သပ်ကြည့်ခဲ့ပြီးနောက်တွင် အားယောင်က သူ့အသံကို သိလိုစိတ်ပြင်းပြသည်ကို အမှန်ပင် တွေ့လိုက်ရ၏။ နို့တိုက်နေသည့်အချိန်မှာပင် ရှန်းလီက အနီးအနားမှာ ရတနာဟု လှမ်းခေါ်လိုက်သည်တွင် သူမက နို့စို့ရင်းမှ သူမအဖေကို ချောင်းကြည့်ဖို့ရန် ကြိုးစားတတ်သေးသည်။
...
အပိုင်း (၂၅၆.၂)
ရှန်းလီက သည်မြင်ကွင်းလေးကို ချစ်စဖွယ်ကောင်းသည်ဟု မြင်ကာ စိတ်ကူးတစ်ခု ပေါ်လာ၏။ သူက ရုတ်တရက် ထပြောလိုက်သည်။ “ချန်ပေါင်ရဲ့နာမည်ကိုလဲ သူက ကူပြီးရွေးထားပေးတာလား မသိဘူးနော်”
သူတို့၏သားလေးက အလွန်မှ ပျင်းရိလှသည်။ သူသည် သူ့အဖေ၏အသံကို ကြာကြာမှ တခါသာ တုန့်ပြန်တတ်သည်။
စန်းလော့က သည်စကားကို ကြားလိုက်သည်တွင် ခပ်တိုးတိုး ရယ်မောလိုက်၏။ သူမသည် သည်လိုကလေး သေးသေးလေးက တစ်ခုခုကို နားလည်နိုင်သည်ဟု မယုံကြည်သော်လည်း ထူးဆန်းသည်ဟုတော့ မြင်မိသေးသည်။ သူမက ပြန်ပြောလိုက်၏။ “ဘယ်သူက သေချာသိမှာလဲ”
...
သမားတော်ရွှီက သရှင်းရွာတွင် ရက်တော်တော်များများ ထပ်နေခဲ့သေးသည်။ စန်းလော့နှင့် ကလေးနှစ်ယောက်ကို စစ်ဆေးပေးခြင်းရခြင်းကလွဲလျှင် သူသည် အားလက်ချိန်ကို သုံးကာ ရွာအပြင်ဘက်တွင် နှစ်ရက်လောက် အခမဲ့ ဆေးကုပေးခဲ့သေးသည်။ သို့သော်လည်း အလုပ်များသည့် စိုက်ပျိုးရေးကာလဖြစ်နေသဖြင့် လူအများကြီး မလာကြဘဲ အသေးစားဖျားနာမှုများဖြင့် လူကြီးအများစုနှင့် ကလေးများသာ လာကြသည်။
ရွာသားများ ရင်ဆိုင်ခဲ့ရသည့် ဒုက္ခများကို သိခဲ့ရသဖြင့် သမားတော်ရွှီက ဒေသအတွင်း ရရှိနိုင်သည့် ဆေးပင်များမှ အဓိကဖော်စပ်ထားသည့် ဆေးများကို ညွှန်းပေးကာ သူတို့ကို အခြေခံဆေးပညာအသိများကို သင်ကြားပေးခဲ့သည်။ လာရောက်ခဲ့သည့်သူများကတော့ သူ၏ပညာရပ်များမှ ကြီးကြီးမားမား အကျိုးကျေးဇူးရခဲ့ကြသည်။
သည်အကြောင်းကို ရှန်းလီထံမှ ပြန်ကြားခဲ့ရသည့် စန်းလော့က တစ်ခုခုကို သတိရသွားပြီး သူ့ကို အကြံပြုလိုက်၏။ “အားကဲရဲ့အမေက ကလေးမွေးတုန်းက ထိခိုက်ဒဏ်ရာရခဲ့တဲ့ပုံပဲ၊ သမားတော်ရွှီကို ဖန်သခင်မက ပင့်ထားပေးပြီး သားဖွားမီးယပ်မှာ ကျွမ်းကျင်တယ်ဆိုတော့ သမားတော်ရွှီနဲ့ ပြသဖို့ အစ်ကိုသရှန်ကို ဘေးရွာကို သွားပြီး သူ့ယောက္ခမကို သွားခေါ်လာဖို့ သတိပေးလိုက်သင့်တယ်၊ သူက ကျွန်မတို့ဒေသခံ သမားတော်တွေထက် ပိုပြီးတော့ ကျွမ်းကျင်လောက်တယ်”
ရှန်းလီက သူ့နဖူးကို ပြန်ရိုက်လိုက်ပြီး “ကို အဲဒါကို မစဉ်းစားခဲ့မိဘူး”
ထို့အပြင် သမားတော်ရွှီကို ဖန်သခင်မှာ အထူးတလည် ပင့်ဖိတ်ပေးခဲ့ခြင်း မဟုတ်ချေ။ သူသည် သည်အဖိုးတန်သည့် အခွင့်အရေးကို မျက်စိလျှမ်းခဲ့မိသည်ဟု ရှန်းလီက သဘောပေါက်လိုက်၏။
“မင်းက အရမ်းတွေးပေးတတ်တာပဲ” သူက ပြောလိုက်ပြီး ချန်းမိသားစုအိမ်ဘက်သို့ ထွက်လာခဲ့၏။
ချန်းသရှန်ကတော့ သမားတော်တစ်ယောက်က ရှန်းမိသားစုကို ရောက်နေသည်ကိုသာ သိထားပြီး သမားတော်၏ ထူးခြားချက်များကို မသိချေ။ ရှန်းလီက သူ့သံသယများကို ထုတ်မပြောနိုင်သည်က သဘာဝပင်။ ထို့ကြောင့် သမားတော်ရွှီကို ဖန်သခင်မက ပင့်ထားပေးခဲ့ပြီး သမားတော်က အမျိုးသမီးကျန်းမာရေးတွင် အထူးတလည်ကျွမ်းကျင်ကြောင်းသာ ရိုးရိုးရှင်းရှင်း ပြောပြလိုက်၏။
ချန်းသရှန်သည် လက်ထပ်ပြီးခဲ့သည့် နှစ်အနည်းငယ် ကြာပြီဖြစ်သဖြင့် သူ့မိန်မ မိသားစုကိစ္စများကို ကောင်းကောင်းသိထားသည်။ ရှန်းမိသားစုအိမ်တွင် နေသည့် သမားတော်၏ သိသာထင်ရှားသည့် နောက်ကြောင်းကို သိလိုက်ရသည်တွင် သူက သူ့အလုပ်များကို ချက်ချင်း ဘေးချထားလိုက်ပြီး သူ့ယောက္မအိမ်သို့ အလောတကြီး ထွက်သွားတော့သည်။ မကြာမီတွင် သူသည် သူ့ယောက္ခမကို ခေါ်ကာ သရှင်းရွာသို့ ပြန်ရောက်လာပြီး အခမဲ့ဆေးပေးခန်းတွင် တန်းစီလိုက်တော့သည်။
...
သမားတော်ရွှီနှင့် ကျုံးမားမားတို့သည် ကြိုတင်စီစဉ်ထားသည်ထက် တစ်ရက်စောပြီး ၉လပိုင်း ၁၅ရက်နေ့တွင် နှုတ်ဆက်ထွက်လာခဲ့ကြသည်။ မပြန်ခင်မှာပင် သူတို့သည် စန်းလော့နှင့် ကလေးနှစ်ယောက်ကို စစ်ဆေးပေးလိုက်ပြီး သူတို့ ပြန်လည်ကျန်းမာလာသည်ကို စိတ်ကျေနပ်သည်အထိ သေချာအောင် လုပ်ပေးလိုက်ကြသည်။ ထိုအခါမှ သူတို့သည် စိတ်အေးချမ်းကာ ထွက်ခွာလာကြတော့သည်။
၉လပိုင်း ၁၄ရက်နေ့ ညနေခင်းတွင် ရှန်းလီက သူ့သံသယများကို စန်းလော့နှင့် တိုးတိုးတိတ်တိတ် ဝေမျှလိုက်၏။ အစပိုင်းတွင်တော့ သည်လို ဖြစ်နိုင်ခြေတစ်ခုကို နားမလည်နိုင်သဖြင့် တအံ့တဩဖြစ်ခဲ့ရသည်။ သို့သော်လည်း ရှန်းလီက ရှင်းပြလိုက်၏။ “အသေချာကြီးတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ မသိစိတ်က ခံစားမိနေတယ်”
ဒါသည် ခန့်မှန်းချက်သက်သက်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ စန်းလော့ကတော့ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိလေသည်။
ထိုအကြောင်းကို အတူတူ တိုင်ပင်လိုက်ပြီးနောက်တွင် လင်မယားနှစ်ယောက်က သမားတော်ရွှီအတွက် လျန်၂၀တန်ဖိုး လက်ဆောင်တစ်ခုကို ပြင်ဆင်လိုက်ကြသည်။ ရှန်းနဉ်ကလည်း သမားတော် နှစ်သက်သည့် အချိုပွဲအမျိုးမျိုးကို စီစဉ်ပေးခဲ့သည်။
ကျုံးမားမားအတွက်တော့ သူမသည် စန်းလော့ မမွေးခင်ကတည်းက သူတို့နှင့်အတူ နေလာခဲ့ပြီး တစ်လနီးပါးလောက် နေလာခဲ့သည်။ သူမ၏စောင့်ရှောက်မှုဖြင့် စန်းလော့သည် အများကြီး ပိုပြီးစိတ်အေးရကာ အများအပြား သင်ယူခဲ့ရသည်။
ဖန်ဖေးညန်က ကျုံးမားမား၏ ကျွမ်းကျင်မှုကို ချီးမွှမ်းရာတွင် ချဲ့ကားခဲ့ခြင်းမရှိချေ။ မိဘစောင့်ရှောက်ခြင်းဖြစ်စေ၊ မီးဖွားခြင်းဖြစ်စေ၊ ကလေးကို စောင့်ရှောက်ခြင်းဖြစ်စေ ကျုံးမားမားသည် နယ်ပယ်အားလုံးတွင် အသိပညာကြွယ်ဝပြီး မီးတွင်းကာလအတွင်းတွင်ပင် သေသေချာချာ စောင့်ရှောက်ပေးသည်။ မပြန်ခင်တွင် သူမက စန်းလော့နှင့် ကလေးများ၏ အစားသောက်နှင့် ရှောင်ရန်အချက်များကို စာမျက်နှာပေါင်းများစွာ ရေးသားပေးခဲ့သေးသည်။ သူက စန်းလော့ကို သူမ၏မီးတွင်းကာလအတွင်း အကူအညီဖြစ်စေမည့် အိမ်သုံးဆေးဝါးများနှင့် လေ့ကျင့်ခန်းများကိုပင် သင်ပေးခဲ့သည်။
ငွေရှာရခြင်းက လွယ်ကူသည့်အလုပ်တစ်ခု မဟုတ်ချေ။ သို့သော် ကျုံးမားမားက သူမ၏အိမ်တွင် အစေခံမဟုတ်တော့ချေ။ သူမသည် ရက်၂၀ကျော် စန်းလော့ကို စောင့်ရှောက်ပေးခဲ့သည့် အထက်တန်းစားမိသားစုတစ်ခုက အတွေ့အကြုံရင်း နို့ထိန်းတစ်ယောက်ဖြစ်သည်။ စန်းလော့ကလည်း သည်လိုကိစ္စမျိုးတွင် ကပ်စေးနဲသူမဟုတ်။ ထို့ကြောင့် ကျေးဇူးတင်သည့်အနေဖြင့် ကျုံးမားမားကို ၁၀လျန် ပေးလိုက်သည်။
“ကျွန်မတို့ သားအမိတွေကို စောင့်ရှောက်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် မားမား၊ ဒါက ကျေးဇူးတင်တဲ့သဘောပါ၊ ကျွန်မမိသားစုရဲ့ အရင်းအမြစ်ကလည်း အကန့်သတ်နဲ့ဖြစ်တော့ မားမားက မလုံလောက်ဘူးလို့ မမြင်ဖို့ မျှော်လင့်ပါတယ်၊ ကျွန်မ ဒီလအတွင်း အိပ်ရာထဲမှာပဲ မီးနေရမှာဆိုတော့ ကျွန်မကိုယ်စား သခင်မဖန်ကို ကျေဇူးတင်ကြောင်း ပြောပေးပါဦး”
ကျုံးမားမားက အစပိုင်းတွင် ငြင်းပယ်ခဲ့၏။ သို့သော်လည်း စန်းလော့၏ စိတ်ရင်းကို ခံစားမိနေသဖြင့် နောက်ဆုံးတော့ အပြုံးတစ်ခုဖြင့် လက်ခံလိုက်တော့သည်။ ရှန်းနဉ်က သူမကို လိုက်ပို့ပေးလိုက်ပြီး သူမကိုယ်တိုင် ပြင်ဆင်ပေးထားသည့် အစားအသောက်ခြင်း နှစ်လုံးကိုလည်း သယ်လာပေးကာ ကျုံးမားမားမှတဆင့် သခင်မဖန်အတွက်ပါဟု ပြောလိုက်သေးသည်။
ငွေ ၁၀လျန်ဖြစ်စေ၊ လျန်၂၀ဖြစ်စေ ကျုံးမားမား သို့မဟုတ် သမားတော်ရွှီအတွက် သိသာထင်ရှားသည့် ပမာဏ ဖြစ်မဖြစ်ကိုတော့ စန်းလော့နှင့် ရှန်းလီတို့က မသိပါချေ။ သို့သော် ရှန်းမိသားစုတွင် နေခဲ့သည့်အတောအတွင်း ဒါသည် ကြီးမားသည့် ကျေးဇူးစိတ်ပင်။ လျန်ငွေ ၃၀က များပြားသည့် ပမာဏတစ်ခု ဖြစ်ပြီး သူတို့၏ဆိုင်နှစ်ဆိုင်ကို မလည်ပတ်နေခဲ့လျှင် သူတို့သည် သည်လိုလက်ဆောင်မျိုးကို တတ်နိုင်လိမ့်မည်မဟုတ်ချေ။
...
ရှန်းလီနှင့် စန်းလော့တို့က သူတို့၏လက်ဆောင်မှာ အလွန်မှ မစို့မပို့လေး ဖြစ်မှာကို စိုးရိမ်ကြသည်။ သို့သော်လည်း ကျုံးမားမားက ကိစ္စကို သခင်မဖန်ဆီသို့ ပြန်တင်ပြချိန်တွင် သူမ ပြောခဲ့သည့် စကားကို မသိကြချေ။ “သခင်မစန်းနဲ့ သူ့ခင်ပွန်းက ထုံးတမ်းအစဉ်အလာကို အင်မတန်လေးစားပြီး တကယ့်ကို စိတ်ရင်းမှန်တဲ့လူတွေပဲ၊ သူတို့တွေက အားလုံးကို အသေးစိတ် စဉ်းစားပေးတတ်တယ်”
ဆိုင်တစ်ဆိုင်ဖွင့်ထားသည့် အသင့်တင့်ရှိသည့် မိသားစုတစ်ခုအတွက်ပင် ရောင်းချသည့်ပစ္စည်းများက အကန့်သတ်ရှိကာ ကုန်ကျစားရိတ်လည်း လိုအပ်သည်။ နာမည်အကြီးဆုံး ပေါင်မုန့်နှင့် ကိတ်မုန့်များကို သင့်တော်သည့် ပမာဏများဖြင့် တစ်လတွင် ၆ကြိမ်သာ ရောင်းချသည်။ ပျားရည်ဆမ်းအသားခြောက်နှင့် အသားမျှင်များကို တစ်လလျှင် နှစ်ကြိမ်သာ ပြင်ဆင်သည်။ ဆိုင်ကို ဖွင့်ထားသည်မှာ ၃လပင် မပြည့်သေးချေ။ ထို့ကြောင့် အမြတ်အစွန်းကို အကြမ်းဖျဉ်း ခန့်မှန်းနိုင်သည်။
သူမက ၁၀လျန်ရခဲ့သည်။ ကျုံးမားမားသည် သမားတော်ရွှီနှင့်ပတ်သက်ပြီး အသေးစိတ်မသိသော်လည်း သူက သူမ၏တူတော်မောင်နှင့် တိုက်ရိုက်ဆက်ဆံနေသည်ကို မြင်ရခြင်းက သူသည် သာမန်လူတစ်ယောက် မဟုတ်ကြောင်း ပြောပြနေသည်။ - သူ့လက်ဆောင်ကတော့ သူတို့ထက် အများကြီးပိုလိမ့်မည်။
သူတို့သည် စုစုပေါင်း မည်မျှ သုံးခဲ့ရပါသနည်း။
ရှန်းလင်မယားသည် သူတို့ကို ကူညီပေးခဲ့သည့်သူများကို ကျေဇူးပြန်ဆက်ရာတွင် တော်တော်လေး စေတနာရက်ရောကြသည်။
သခင်မဖန်ကလည်း ပြုံးလိုက်ပြီး ဒါက အစသာရှိသေးသည်ဟု တစ်ယောက်တည်း စဉ်းစားနေမိသည်။ သူမ၏အမြင်တွင်တော့ စန်းလော့သည် သူမ ထောက်ခံပေးသည့်လူများကို စိတ်ရင်းအတိုင်း လက်ခံပေးပြီး သည်လိုမိတ်ဆွေမျိုးက ရင်းရင်းနှီးနှီး မိတ်ဖွဲ့ရန် အမှန်ပင် ထိုက်တန်ပေသည်။
ဟုတ်ပါသည်။ သည်လိုလူမျိုးကလည်း ချီးမြောက်ခံရသည်။ အကယ်၍ သူတို့သည် ကလေးတစ်ယောက် ရှိလာပြီး ကိုယ်ဝန်ဆောင်ကာလအတွင်း ပြဿနာတစ်စုံတစ်ရာ ရှိခဲ့ပါလျှင် နန်းတွင်းသမားတော်များက မြို့တော်မှ ရောက်လာကြလိမ့်မည်ဖြစ်ကာ အဆင့်မြင့်အရာရှိများ၏ ဇနီးများပင် မခံစားရနိုင်သည့် အထူးအခွင့်အရေးကို ရရှိပေလိမ့်မည်။
“ရှင်လဲ ကြိုးစားခဲ့ပါတယ်၊ ဒါက အားလော့ရဲ့ ကျေးဇူးတင်လက်ဆာင်ပါ၊ သူ့သဘောတိုင်း လက်ခံထားလိုက်ပါ”
တစ်ချိန်ထဲတွင် ပြည်နယ်အုပ်ချုပ်ရေးမှူးကျန့်ကို နှုတ်ဆက်လိုက်ပြီးနောက် သမားတော်ရွှီသည် နားရွက်တက်ချိတ်တော့မည့် ထင်ရှားသည့်အပြုံးတစ်ခုနှင့် အိမ်ပြန်ရန် သင်္ဘောပေါ် တက်သွားတော့သည်။ ငွေလျန်၂၀က ဒုတိယကိစ္စပင်။ သူကတော့ ပြီးခဲ့သည့် နှစ်ပတ်ကျော်တွင် အရသာရှိလှသည့် အစားအသောက်များကို တစ်လျှောက်လုံး ခံစားခဲ့ရသည်။ သူသည် ပြန်လာဖို့ရန်ပင် အလွန်မှ ဝန်လေးနေလေသည်။ သူ့တာဝန် ပြီးဆုံးသွား၍သာမဟုတ်လျှင် သူသည် ထပ်နေရန် ဆင်ခြေတစ်ခုလောက် ရှာလိမ့်ဦးမည်။
ခွဲခွာခြင်းလက်ဆောင်တစ်ခုအဖြစ် ရှန်းမိသားစုက ထည့်ပေးလိုက်သည့် အစားအသောက်ခြင်း ၂လုံးက သူ့စိတ်ထဲတွင် အမှန်ပင် နွေးထွေးရသည်။ ထို့ကြောင့် သည်အခိုက်တန့်တွင် သူသည် နောက်ဆိုလျှင် သည်လိုလျှို့ဝှက်တာဝန်များကို ဆက်ပြီးထမ်းဆောင်ရဖို့ အမှန်ပင် ဝမ်းသာအားရ ဆန္ဒရှိနေတော့သည်။
အန်းချီက ရှန်းမိသားစုအိမ်တွင် လဝက်လောက် နေထိုင်ခဲ့ပြီးနောက် ခါးတွင် အရစ်တစ်ခု သိသိသာသာတက်လာသည့် နန်းတွင်းသမားတော်ကို ငေးကြည့်နေမိသည်။
“...”
သူသည် နောက်ဆိုလျှင် သူ့တာဝန်များကို ထပ်ပြီး ကြွားလုံးမထုတ်ရဲတော့ချေ။ နှိုင်းယှဉ်စရာပင် မရှိချေ။ မိသားစုထဲတွင်နေထိုင်ခဲ့ရပြီး ခြင်း၂လုံးအပြည့် လက်ဆောင်များနှင့် ပြန်လာခဲ့ရသည့် သည်လိုတာဝန်မျိုးက အမှန်ပင် အားကျဖွယ်ကောင်းပေသည်။
ဟုတ်ပါသည်။ လူတိုင်းကတော့ အားကျရကောင်းမှန်း သိလိမ့်မည် မဟုတ်ပေ။
...