အခန်း (၂၆၁-၂၆၂)
Vol. 27 Ch. 261-262
အပိုင်း (၂၆၁) ချန်းအန်းသို့ရောက်ရှိခြင်း
ရှန်းအိမ်သည် စစ်မှန်သည့် ပျော်ရွှင်ပွဲများကြောင့် ရက်ပေါင်းများစွာ ဝမ်းသာပျော်ရွှင်ခဲ့ရသည်။ သရှင်းရွာထဲတွင် တစ်ခြားမိသားစုများအတွက်ကတော့ ထူးမခြားနားသာဖြစ်နေသည်။ သူတို့၏ ဆက်ဆံရေးက စစ်မှန်ပြီး သူတို့သည် တစ်စုံတစ်ယောက်၏ ကံဆိုးခြင်းအပေါ် အထင်သေးကြလိမ့်မည်မဟုတ်သလို သူတို့၏ အောင်မြင်မှုအတွက်လည်း ပိုပြီး လေးစားအားကျလာလိမ့်မည် မဟုတ်ချေ။ သူတို့သည် ခါတိုင်းလိုပင် ဆက်ပြီး အဆက်အသွယ်လုပ်နေကြသည်။ သို့သော်ငြားလည်း သူတို့သည် စန်းလော့အတွက်တော့ အမှန်တကယ် ဝမ်းသာပီတိဖြစ်ရသည်။ အထူးသဖြင့် စန်းလော့သည် အရာရှိရာထူးတစ်ခုကို လက်ခံရရှိခဲ့ပြီး နှစ်စဥ် တော်ဝင်ရုံးတော်မှ လစာငွေများကို လက်ခဲရရှိခဲ့ကာ ငွေယွမ် (၄၀)နှင့်စပါးတင်း(၄၀)ကို ရရှိကြောင်း သိလိုက်ရသည့်အချိန်တွင် ဖြစ်သည်။ ချန်းအဘွားနှင့် လုအဘွားတို့လို အမျိုးသမီးများအတွက်တော့ ဒါက မင်းကြီးသည် သူမ၏ဘဝကို ထောက်ပံ့ပေးသည့်သဘောဟု သတ်မှတ်လေသည်။
ရှန်းလီ၏ အတန်းဖော်များကလဲ တော်တော်လေး အားကျသွား၏။ စန်းလော့က တစ်နှစ်အတွင်းတွင် ရုံးတော်အမိန့်စာကို နှစ်ကြိမ်လက်ခံရရှိခဲ့သည်ကို သိလိုက်ရပြီး ယခုတော့ ရာထူးဘွဲ့တစ်ခုလဲ ပိုင်ဆိုင်ထားပြီဖြစ်ရာ ရှန်းညီအစ်ကိုများ၏အနာဂတ်က ပေါများကြွယ်ဝ လာလိမ့်မည်ဟု သူတို့က သိကြသည်။ ထို့အပြင် သရှင်းရွာက စာတတ်ပေတတ်များကလဲ အနာဂတ်တွင် မျက်နှာသာတစ်ချို့ ပေးခံရခြင်းကို ရရှိလာလိမ့်မည်။
ကျောင်းအုပ်ကြီးက ဒီကိစ္စကို ပိုလို့ပင် ရှင်းရှင်းလင်းလင်း နားလည်လေသည်။ ဒါသည် အနာဂတ်အတွက် မျက်နှာသာပေးခြင်းကိစ္စတစ်ခုသာ မဟုတ်ချေ။ အခုကတည်းကကို ဖြစ်နေပြီဖြစ်သည်။ သူတို့ ရှန်းလီကို တစ်ခါမှ မသင်ပေးခဲ့ဖူးသည့် အရာများကို ရှန်းလီက သိနေသည့်ကိစ္စများလဲ ရှိသည်။ ရွာနှင့်ရင်းနှီးသည့် ဆက်ဆံရေးရှိသည့် ဝမ်ယွင်ကျန့်အပါအဝင် သရှင်းရွာက လူအနည်းစုကလဲ ဒါကို နားလည်ကြသည်။
သူတို့သည် ဒီအကြောင်းအရာများကို မည်သည့်နေရာမှ သင်ယူခဲ့ပါသနည်း။ ပြည်နယ်ရုံးတော်အတွက် စာမေးပွဲပြင်ဆင်ခြင်းမှတော့ သေချာပေါက် မဟုတ်ချေ။
အားလုံးက သူတို့၏ကိုယ်ပိုင် ခန့်မှန်းချက်များရှိထားပြီး သရှင်းရွာ၏တိုးတက်မှုက ရောက်လာတော့မည်မှာ ရှင်းလင်းနေသည်။
အပျော်ဆုံးသူကတော့ ယောက္ခမကြီး၏ အကြံဉာဏ်ကို လက်ခံခဲ့ပြီး သူမ၏သမီးဖြစ်သူကို ဝေ့ချင်းဟယ်နှင့် လက်ထပ်ပေးခဲ့သည့် လင်းမိသားစု၏တတိယဇနီး သခင်မလင်းသာ ဖြစ်တော့သည်။
စန်းလော့၏နေ့ရက်များကတော့ ပုံမှန်အတိုင်း ဆက်သွားနေသည်။ သူမက သူမ၏ဘွဲ့ရာထူးနှင့်ပတ်သတ်ပြီး အသေးစိတ်အကြောင်းအရာကို မေးမြန်းဖို့ရန် ဖန်သခင်မထံသို့ အလည်အပတ်သွားကာ ကျန့်ဇီရွှမ်းကိုလဲ သူမအတွက် ကျေးဇူးတင်စကား ပြောပေးဖို့ပြောသည်။ ထို့နောက်တွင် ဖန်သခင်မက သူမ၏ ပုံမှန်ဝတ်စားဆင်ယင်မှုက မသင့်တော်တော့ကြောင်း၊ သူမသည် အပြောင်းအလဲများကို လုပ်သင့်ကြောင်း၊ ဘာကိုဂရုစိုက်သင့်ကြောင်း အကြံပေးခဲ့သည်။ ထို့နောက်တွင်တော့ စန်းလော့က သူမ၏နေ့စဥ်တာဝန်များကို ဆက်လုပ်လိုက်၏။
လပြက္ခဒိန်၏ နောက်ဆုံးလတွင် နှင်းများက ရက်အနည်းငယ်ကြာအောင် ကျဆင်းခဲ့သည်။ လပြက္ခဒိန်၏ ၁၂လပိုင်း (၂၈)ရက်နေ့အရောက်တွင် နှင်းများက ရပ်သွားသည်။ မိသားစု၏ ပေါများကြွယ်ဝသည်နှင့်အတူ သူတို့သည် သူတို့၏အကူ(၇)ယောက်ကို နှစ်သစ်ကူးလက်ဆောင် ရက်ရက်ရောရောပေးဖို့ ဆုံးဖြတ်လိုက်သည်။ ကြက်၊ ငှက်၊ မွေးမြူရေးတိရိစ္ဆာန်များ၊ ငါး၊ ဥနှင့် အသားများအပြင် ရွာဆိုင်က အထူးထုတ်ပစ္စည်းများ၏ ဝေစုနှစ်ခုချင်းစီကိုလဲ ပေးလိုက်သည်။ လာရောက်ကူညီပေးသူ တစ်ယောက်ချင်းစီက ကြီးမားသည့်ခြင်းတစ်လုံးကို လက်ခံရရှိခဲ့ကာ အိမ်သို့သယ်ပြန်လာကြပြီး နှစ်သစ်ကူးကို ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲဖို့အသင့်ဖြစ်နေ သည်။
နှစ်သစ်ကူးအကြိုနေ့တွင် ရှန်းကျင့်နှင့် သူ့ညီအစ်ကိုနှစ်ယောက်ကိုလည်း အတူတကွကျင်းပဖို့ရန် ဖိတ်ခေါ်လိုက်သည်။ သူတို့သည် သူတို့၏နှစ်သစ်ကူး စားသောက်ပွဲကို အတူတူ ဘေးချင်းယှဥ်ထိုင်ကာ စားသောက်ခဲ့ကြပြီး နှစ်သစ်ကူးပွဲက မိသားစုတစ်ခု လိုမြင်ရသည်။ စန်းလော့သည် သူမ ကူးပြောင်းလာပြီးကတည်းက အချိန်ကို တွက်ချက်ကြည့်လိုက်တော့ မှတ်စိတစ်မှိတ်အတွင်းတွင် ၆နှစ်ရှိသွားပြီ။
ဒီနှစ်တွင် သူမသည် အသက်၂၀ပြည့်သည်။ ရှန်းလီက ၂၃နှစ်။ ယောင်ယောင်နှင့် ချန်ပေါင်တို့က ရက်အနည်းငယ်အတွင်းတွင် ၄လပြည့်လိမ့်မည်။
ရှန်းအန်းနှင့် ရှန်းနဥ်တို့က ၁၄နှစ်။ ရှန်းကျင့်က ၁၃နှစ်။ ရှန်းယင်နှင့် ရှန်းထယ်တို့ကတော့ ၁၁နှစ်နှင့် ၁၀နှစ်ဖြစ်သည်။ သူတို့အားလုံးသည် သူတို့၏ရာထူးအဆင့်ကို မှန်မှန်ကန်ကန် အခေါ်ခံရဖို့ရန် အလွန်မှ ငယ်သေးကြသော်ငြားလည်း ဦးလေးနှင့် အဒေါ်ရာထူးများကို တက်လှမ်းခဲ့ကြသည်။ မည်သို့ဆိုစေ ဒါက သူတို့၏ အရွယ်ရောက်လာသည့် ခံစားချက်အသစ်ကိုတော့ အနှောက်အယှက်မဖြစ်ချေ။
ဒီကာလအတွင်းတွင် နှစ်သစ်ကူးအခြေအနေက ထူးထူးခြားခြား စည်ကားလေသည်။ နှစ်သစ်ကူးအကြိုညတွင် တစ်ညလုံး မအိပ်ဘဲနေရသည့် အလေ့အထကြောင့် မိသားစုဝင်များအကြားတွင် စုဝေးကြပြီး အာရုံမတက်ခင်အထိ အတူတူစကားပြောကာ မုန့်ပဲသရေစာများကို စားသောက်ကြသည်။ ကောင်းကင်က အလင်းရောင် စထွက်လာသည်နှင့် ဒါသည် ဝူတင်း ၅နှစ်မြောက်၏ အာရုံတက်ချိန် ဖြစ်တော့သည်။ ပထမနေ့နှင့် ဒုတိယနေ့များတွင် သူတို့သည် အိမ်တွင်သာနေကြပြီး တတိယနေ့မှစပြီး သူတို့သည် ဆွေမျိုးများနှင့် မိတ်ဆွေသူငယ်ချင်းများကို နှစ်သစ်ကူးနှုတ်ဆက်စကား ပြောကြသည်။ ၆ရက်မြောက်နေ့တွင်တော့ ဝေ့ချင်းဟယ်က လင်းမိသားစုမှ လင်းကျိုညန်နှင့် လက်ထပ်ခဲ့သည်။
ရွာသားများသည် သရှင်းရွာသို့ ပြောင်းလာကတည်းက ဒီနှစ်အတွင်း မင်္ဂလာမောင်နှံ(၃)စုံကို ကြိုဆိုပေးခဲ့ရပြီး အသစ်မွေးဖွားလာသည့် ကလေးလေး ၄ယောက်နှင့်အတူ လူ့အဖွဲ့အစည်းက စည်ကားတက်ကြွသည့် ဘဝသစ်တစ်ခုကို ဖြည့်ဆည်းပေးလိုက်သည်။
သူမ၏ စည်ကားသိုက်မြိုက်လှသည့် ပတ်ဝန်းကျင်တွင် ရှီကျိုးမြို့ဝင်ပေါက်တွင် မြင်းလှည်းသုံးစီးက ဆက်တိုက် ဝင်ရောက်လာသည်ကိုတော့ မသိခဲ့ချေ။ သူတို့သည် ဂိတ်တံခါးသို့ ရောက်လာသည်နှင့် သရှင်းရွာ၏ အထူးထုတ်ကုန်ဆိုင်အကြောင်းကို မေးမြန်းစုံစမ်းကြသည်။
ယခုအချိန်တွင် ရှီကျိုးတွင် သရှင်းရွာ သို့မဟုတ် စန်းလော့ဟူသည့်နာမည်ကို မရင်းနှီးသူက မရှိသလောက်ပင်။ သရှင်းရွာက အထူးထုတ်ကုန်ဆိုင်အကြောင်း မေးမြန်းသည်ကို ကြားလိုက်သဖြင့် ရဲမက်က ချက်ချင်းဆိုသလို ညာဘက်ကို လမ်းညွှန်ပြလိုက်သည်။ သို့သော်ငြားလည်း သူတို့က ဖြတ်သန်းခွင့်အတွက် အသေးစိတ် စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်ခဲ့သေးသည်။ ရဲမက်က ဖြတ်သန်းခွင့်ပေးလာသည့် ပထမဦးဆုံးလှည်းမောင်းသမားကို စစ်ဆေးကြည့်လိုက်၏။ သူက တအံ့တသြဖြင့် မျက်ခုံးကိုပင့်လိုက်သည်။ "ချန်အန်းကလား"
တအံ့တသြဖြစ်သွားသည့်ရဲမက်မှာ လှည်းမောင်းသမားသည် ချန်အန်းမှ တစ်လမ်းလုံး ဒီနေရာသို့ရောက်လာဖို့ရန် ရက်၄၀ကျော် လမ်းတွင်နေခဲ့ရမည်ဟု စဥ်းစားမိလေသည်။
လှည်းမောင်းသမားက ဖြတ်သန်းခွင့်ကို ပြန်ယူလိုက်ပြီး တလေးတစား ခေါင်းငြိမ့်ပြလိုက်ကာ လှည်းကို မြို့ထဲသို့ အလျင်အမြန် မောင်းဝင်သွားတော့သည်။
လှည်းနှစ်စီးက နောက်မှလိုက်ဝင်လာ၏။ သူတို့က လမ်းကို မေးမြန်းသည့်အချိန်တွင် မြို့စောင့်ရဲမက်များက သူတို့၏ဖြတ်သန်းခွင့်ကို အရင်ဆုံး တောင်းကြည့်ကြသည်။ နောက်ထပ်အကြည့်တစ်ချက်က ပေါ်ပေါက်လာပြီး သူတို့ကလည်း ချန်းအန်းမှ ဖြစ်နေ၏။ ...
သရှင်းရွာ၏ အထူးထုတ်ကုန်ဆိုင်၏ဂုဏ်သတင်းက မည်သို့များ မြို့တော်အထိ ရောက်သွားခဲ့ပါသနည်း။
လှည်းသည် မြို့ထဲသို့ဝင်သွားချိန်တွင် မြို့စောင့်ရဲမက်များက နောက်ဆုံးတော့ ရုတ်တရက် သတိရသွား၏။ "ဒါက ဘယ်လမ်းကို သွားမလို့လဲ၊ မြို့ထဲက ဆိုင်အများစုက နှစ်သစ်ကူးမှာ ၆ရက်လောက် ပိတ်ကြအုံးမှာလေ ဟုတ်တယ်မလား”
...
ဧည့်သည်များက သရှင်းရွာသို့ ရောက်လာချိန်တွင် ရွာ၏အပြင်ဘက်အစွန်နှင့် တော်တော်လေး နီးသည့်နေရာတွင်နေသည့် ရွှီဝမ်ချင်းက သူတို့ကို သတိထားမိလိုက်သည်။ အသေးစိတ် မေးမြန်းလိုက်ပြီးနောက်တွင် သူက သူတို့ကို ရှန်းအိမ်ထောင်စုဆီသို့ ခေါ်ဆောင်လာခဲ့ပြီး ရွှီဝမ်ပေါ်ကို သူတို့ရောက်လာမည့်အကြောင်း သူ့ဆရာဆီသို့ အကြောင်းကြားဖို့ရန် အရင်လွှတ်လိုက်သည်။
"သူတို့တွေက ချန်အန်းကတဲ့၊ လှည်းသုံးစီးနဲ့လာကြတာ၊ သူတို့တွေက တို့ဟူးချဥ်ကို လာဝယ်ကြတာတဲ့"
ရှန်းနဥ်က ကလေးနှစ်ယောက်ကို ထိန်းကျောင်းနေစဥ် စန်းလော့က အခြေအနေကို အကဲခတ်ဖို့ရန် ဧည့်သည်များကို နှုတ်ဆက်ဖို့အတွက် ရှန်းလီနှင့်အတူတူလိုက်ပါဖို့ ဆုံးဖြတ်လိုက်သည်။
လှည်းသုံးစီးဖြစ်သည်။ တစ်စီးစီးတွင် လူ(၆)ယောက်ပါလာပြီး သူတို့၏ အိမ်ထောင်စုအသီးသီးကို ကိုယ်စားပြုသည့် သီးခြားအလံများနှင့် ရောက်လာကြသည်။ လှည်းမောင်းသမားက ရည်မွန်သည်။ သို့သော်ငြားလည်း အငယ်တန်း ဆိုင်တာဝန်ခံများဖြစ်ဟန်တူသည့် လူသုံးယောက်က ရွှီဝမ်ချင်းထက်ပင် ပိုပြီးသားနားသည့် အရည်အသွေးရှိသည့် အဝတ်အစားများကို ဝတ်စားထားကြသည်။ ဒီဆိုင်တာဝန်ခံ သုံးယောက်က တော်တော်လေး ပါးနပ်လှသည်။ အိမ်ယာဝန်းအတွင်းသို့ ရောက်လာသည်တွင် သူတို့သည် မုဒ်ဦးဝကို သတိထားနှင့်ပြီးဖြစ်ကာ ထိုလမ်းခရီးအတွင်း ရွှီဝမ်ချင်းထံမှ အကြောင်းအရာများကို မေးမြန်းလာကြသည်။ ယခုတော့ ရှန်းလီကို တလေးတစား နှုတ်ဆက်ပြီးနောက်တွင် သူတို့သည် စန်းလော့ကို မည်သူမည်ဝါဖြစ်ကြောင်း နားမလည်နိုင်သယောင်ဖြစ်နေပြီး သူမကိုနေရာပေးဖို့ရန် အချိန်တော်တော် ယူလိုက်ရသည်။
သူတို့ထဲက တစ်ယောက်က ဇဝေဇဝါဖြင့်မေးလိုက်၏။ "ဒီက အမျိုးသမီးက ဘယ်သူလဲ သိပါရစေ"
ရှန်းလီက သူမကို မိတ်ဆက်ပေးသည်။ "ကျွန်တော့်အမျိုးသမီးရဲ့ မျိုးရိုးနာမည်က စန်းပါ၊ ဧည့်သည်တော်တို့ ဝယ်ယူချင်တဲ့ တို့ဟူးချဥ်ကလဲ သူ့ဆိုင်ကပါပဲ"
ဆိုင်တာဝန်ခံသုံးယောက်မှာ အလွန်အံ့သြသွားကြတော့သည်။ "သခင်မစန်းလား၊ နာမည်အပြည့်အစုံက စန်းလော့လား"
သူတို့၏တုံပြန်မှုကို မြင်လိုက်ရသည့် ရွှီဝမ်ချင်းက ခပ်တိုးတိုး ရယ်မောလိုက်သည်။ "ရှီကျိုးက သရှင်းရွာမှာ နောက်ထပ် စန်းသခင်မတစ်ယောက် ရှိသေးလို့လား"
အိန္ဒြေပြန်ဆယ်ထားလိုက်ကြပြီး ဆိုင်တာဝန်ခံများက သူတို့ကို အလောတကြီး နှုတ်ဆက်လိုက်ကာ အခုတော့ သူမကို မြို့သခင်မဟု ခေါ်ဝေါ်ကြသည်။ ရွှီမိသားစုက ပွဲတော်များလုပ်နေသဖြင့် ရွှီဝမ်ချင်းနှင့် ရွှီဝမ်ပေါ်တို့က ကြာကြာမနေတော့ချေ။ ဧည့်သည်များကို ပို့ပြီးသည့်နောက်တွင် သူတို့သည် အိမ်ပြန် လာခဲ့ကြပြီး ရှန်းလီနှင့်စန်းလော့တို့က ဧည့်သည်များကို စကားပြောရန်အတွက် ပထမခြံဝန်းက ခန်းမဆီသို့ ဖိတ်ခေါ်လိုက်သည်။
သူတို့သုံးယောက်တွင် နှစ်ယောက်က ဆိုင်တာဝန်ခံဖြစ်ကာ တစ်ယောက်ကတော့ လှည်းမောင်းသမားဖြစ်သည်။ ဆိုင်တာဝန်ခံများက သူတို့နောက်မှ လိုက်လာစဥ်တွင် လှည်းမောင်းသမားကတော့ လှည်းကို သွားရပ်ထားလိုက်သည်။ သူတို့သည် အဝေးသို့လျှောက်လာသည်နှင့် လှည်းသမားများထဲက တစ်ယောက်က တစ်ခြားတစ်ယောက်ကို တိုးတိုးလေး ပြောလိုက်၏။ "သူတို့တွေက မြို့တော်မှာပြောကြတယ် မဟုတ်လား ဒီမြို့သခင်မက အသက်(၄၀)(၅၀)နားနီးတဲ့ သက်လတ်ပိုင်း အမျိုးသမီးတစ်ယောက်ဆို ဘယ်လိုလုပ်ပြီးတော့ သူက ဒီလောက်ငယ်ရွယ်ပြီး လှပတဲ့အမျိုးသမီးငယ်လေး ဖြစ်နေတာတုန်း"
အကြားစွမ်းရည် ကောင်းမွန်လှသည်တွင် ရှန်းလီသည် သက်လတ်ပိုင်းအရွယ် ဟူသည့်စကားလုံးကို ကြားလိုက်ရသဖြင့် အထဲဘက်သို့ ခေါ်ဆောင်သွားသည့်လမ်းတွင် သူ့မှာ တံခါးဘောင်ကိုကျော်ရာတွင် ခလုတ်တိုက်မိမလိုပင် ဖြစ်သွားတော့သည်။ စန်းလော့က တအံတသြဖြင့် သူ့ကိုကြည့်လိုက်၏။ "ဘာဖြစ်တာလဲ"
ရှန်းလီသည် ပိုလို့ပင် ဆွဲဆောင်မှုရှိသည့်အလှတရားတစ်ခုနှင့် ပွင့်လန်းနေသည့် သူ့ဇနီးဖြစ်သူကို လှမ်းကြည့်လိုက်ကာ ခေါင်းခါပြလိုက်၏။ "ဘာမှမဟုတ်ပါဘူး"
ဆောင်းရာသီတွင် အိမ်ထဲတွင် ရေနွေးများကိုကျို ချက်ထားရသည်။ ရှန်းအန်းက ဧည့်သည်များကို ကြည့်ရှုဖို့ရန် ချောင်းကြည့်လိုက်သည်။ ဧည့်သည်များက ခန်းမထဲသို့ ဝင်လာသည်နှင့်ချက်ချင်း သူက လက်ဖက်ရည်ကို ချက်ချင်း တည့်ခင်းဧည့်ခံပေး၏။
"လူကြီးမင်းတို့က ချန်အန်းကရောက်လာတာလား ခရီးက သေချာပေါက်ရှည်မှာပဲ လူကြီးမင်းတို့လမ်းမှာပဲ နှစ်သစ်ကူးကို ကုန်ဆုံးခဲ့ရမှာပေါ့နော်” အလုပ် ကိစ္စသည် စန်းလော့၏ အလုပ်ဖြစ်သဖြင့် ရှန်းလီကတော့ ဧည့်ခံပေးရင်း သူမနှင့်အဖော်ပြုနေသည်။ ထို့ကြောင့် မေးခွန်းကိုမေးလိုက်သူက စန်းလော့သာဖြစ်သည်။
ဆိုင်တာဝန်ခံအားလုံးက ခေါင်းငြိမ့်သဘောတူလိုက်၏။ သူတို့ထဲကတစ်ယောက်က ပြန်ဖြေသည် "အမှန်ပါပဲ ဒါက တိုတောင်းတဲ့ခရီးတစ်ခု မဟုတ်ခဲ့ပါဘူး ကျွန်တော်တို့တွေက (၁၂)လပိုင်းလလယ်တုန်းက ထွက်လာခဲ့တာလေ နှစ်ရဲ့တစ်ချို့အပိုင်းတွေက အေးခဲနေတာကြောင့် တစ်ဝက်ကို ရေလမ်းကနေလာရပြီး ကျန်တဲ့တစ်ဝက်ကိုတော့ ကုန်းလမ်းကနေ လာခဲ့ရတယ်"
စန်းလော့က သိချင်စိတ်ဖြစ်သွားသည်။ "ရှင်တို့တွေအားလုံးက ဘယ်လိုလုပ်ပြီး ကျွန်မရဲ့ဆိုင်သေးသေးလေးကို သိနေကြတာလဲ"
"မနောက်ပါနဲ့ သခင်မရယ်၊ ဒါက ဆိုင်သေးသေးလေး မဟုတ်ပါဘူး၊ သခင်မရဲ့ကုန်ပစ္စည်းတွေက နန်းတော်အထိတောင် ရောက်လာခဲ့တယ်လေ"
ထင်ထားသည့်အတိုင်းပင်။
ရှန်းလီနှင့်အတူ သူမ၏စကားဝိုင်းမှတစ်ဆင့် သူတို့သည် ဒီလူသုံးယောက်မှာ မြို့တော်ကလာကြပြီး တော်ဝင်မျိုးနွယ်၏ ဆွေမျိုးများက အိမ်ထောင်စုများမှလာသည့် အရာရှိငယ်လေးများ ဖြစ်သည်ကို မြန်မြန်သိလိုက်ရသည်။ လပါးပွဲတော်နေ့တွင် မိသားစုများသည် လပါးဆန်ပြုတ်ကို စားသုံးခဲ့ရပြီး မင်းကြီး၏ မျက်နှာသာပေးခြင်း ခံခဲ့ရသူများကတော့ နန်းတော်မှ စားသောက်ဖွယ်ရာအချို့များကို လက်ခံရရှိခဲ့သည်။
သည်နှစ်တွင်တော့ အနည်းအကျဥ်းသာမဟုတ်ဘဲ အိမ်ထောင်စု နှစ်ဆယ် သုံးဆယ်ဝန်းကျင်က လပါးဆန်ပြုတ်အတွက် နန်းတွင်းမှလက်ဆောင်များကို လက်ခံရရှိခဲ့သည်။ ဟုတ်ပါသည်။ လပါးဆန်ပြုတ်အားလုံးကတော့ မတူကြချေ။ သူတို့ထဲက အိမ်ထောင်စုငါးခုမှာ ဆန်ပြုတ်ကို လက်ခံရရှိခဲ့သည့်အပြင် တာရှည်ခံအောင်လုပ်ထားသည့် အသားခြောက်၊ အသားမွကြော်၊ တို့ဟူးချဉ်တို့ကို တစ်အိမ်ထောင်လျှင်(၂)အိုးစီ မင်းကြီးက ကိုယ်တိုင်ကိုယ်ကျ ချီးမြှင့်ခဲ့လေသည်။
မင်းကြီး၏လက်ဆောင်ကို နေ့တွင်းချင်းပင် မြည်းစမ်းခဲ့ကြတာဖြစ်မည်။ ဒါကို မြည်းစမ်းကြည့်ခဲ့ပြီးနောက်မှာတော့... ဆိုင်တာဝန်ခံက စန်းလော့ကို ပြုံးပြလိုက်ပြီး "သခင်မရဲ့ဆိုင်မှာ အင်မတန်မှ ကောင်းမွန်တဲ့ ထုတ်ကုန်တွေ ရှိတယ်ဆိုတာကို ကျွန်တော်တို့တွေ သိခဲ့ရတယ်လေ၊ ဒါပေမဲ့ အဲဒီ့ပစ္စည်းတွေကို မြို့တော်မှာ မတွေ့ရပါဘူး ဒါကြောင့်မလို့ ကျွန်တော်တို့တွေထဲက တစ်ချို့က ရှီကျိုးကို ဒီခရီးလာခဲ့တာပါ"
အမှန်တွင်တော့ ဟင်းလျာများကို စားသောက်ပြီးသည့်နောက်တွင် ဒီမိသားစုများထဲက ပထမဦးဆုံးလူမှာ သခင်ကြီးကျန့်ကို သွားရောက်ရှာဖွေခဲ့သေးသည်။
နန်းတော်အပြင် ရှီကျိုးမှ လက်ဆောင်ပဏ္ဍာအများစုကို ရရှိခဲ့သည့်သူမှာ မည်သူဖြစ်ပါမည်နည်း။ ဒါသည် ကျန့်ဇီရွှမ်း၏အဘိုး သခင်ကြီးကျန့်သာဖြစ်ပေသည်။
သခင်ကြီးကျန့်ကလည်း သည်ရတနာများကို အမှန်ပင် ပိုင်ဆိုင်ထားသည်။ ကျန့်ဇီရွှမ်းယူပြန်လာသည့် ပစ္စည်းများတင်မကဘဲ ကံကောင်းသည့်မိသားစု ငါးစုကို ပေးအပ်သည့် မင်းကြီး၏ လက်ဆောင်ပဏ္ဍာများမှ သူ၏ဝေစုများကိုလည်း ပိုင်ဆိုင်ထားသည်။
မိသားစုတစ်စုက (၂)အိုးစီပို့ပေးသည်။ (၂)အိုးသာဖြစ်သဖြင့် ထပ်မရှိတော့လေရာ သူကိုယ်တိုင်အတွက် ချန်ထားသည့်ပစ္စည်းများ မရှိတော့ချေ။
အိမ်ထောင်စု(၃)ခုလုံးသည် သူတို့၏ လူဦးရေများ ပြားလှသဖြင့် သည်နှစ်အိုးထဲနှင့် မည်သို့လောက်ငှပါမည်နည်း။ ထို့ကြောင့်ပင် ထူးထူးခြားခြား ချွေတာတတ်သည့် သခင်ကြီးကလွဲလျှင် တစ်ခြားမိသားစုသုံးစုက ရှီကျိုးသို့ ကိုယ်စားလှယ်များကို လွှတ်ခဲ့ရတော့သည်။
စန်းလော့သည် အဖြစ်အပျက်က ဒီလိုဖြစ်နေမည်ဟု မျှော်လင့်မထားခဲ့ချေ။ သူမက သူတို့သုံးယောက်ကို မေးလိုက်၏။ "ရှင်တို့တွေက ဘယ်လောက်ဝယ်ယူဖို့ စဥ်းစားထားသလဲ"
သုံးယောက်ထဲက တစ်ယောက်က သူတို့၏စာရင်းကို ချက်ချင်းထုတ်ပြလိုက်သည်။
ပစ္စည်းလေးမျိုး တစ်ခုစီကို အခု(၁၀၀)စီ။ တို့ဟူးချဉ် အရသာနှစ်မျိုး။ ထိုအတွက်တော့ အိုး(၂၀၀) တောင်းဆိုထားသည်။
စန်းလော့က ကြားဖြတ်မေးလိုက်၏။ "ပဲခေါက်ဆွဲနဲ့တို့ဟူးချဉ်အပြင် တစ်ခြားပစ္စည်းနှစ်ခုကိုတော့ အချိန်အကြာကြီး သိုလှောင်ထားလို့ရမှာ မဟုတ်ဘူး။ တကယ်လို့ ရှင်တို့တွေက ရေကြောင်းနဲ့ ကုန်းကြောင်းကို တစ်လှည့်စီသွားရမယ်ဆိုရင် ဒါက ရက်(၂၀)ကျော်လောက် ကြာအုံးမှာ ဟုတ်တယ်မလား၊ ရှင်တို့တွေက ဒါတွေအားလုံးကို ကုန်အောင်စားနိုင်မှာ မဟုတ်ဘူး ထင်တယ်"
သူမကို အံ့သြရစေသည်က ဆိုင်တာဝန်ခံ သုံးယောက်စလုံးက ယုံကြည်ချက်ရှိရှိဖြင့် ပြန်ဖြေလိုက်ကြသည် "စိတ်မပူပါနဲ့ ဒါက ကျွန်တော်တို့အတွက်တောင် လောက်မှာမဟုတ်ပါဘူး"
ဟုတ်ပါသည်။ သူတို့သည် ထိုအရာအားလုံးကို ကိုယ်တိုင်စားသောက်ကြမည်တော့ မဟုတ်ချေ။ သူတို့သည် ထိုပစ္စည်းများကို လက်ဆောင်များအဖြစ်လည်း ပေးလိုက်နိုင်သည် မဟုတ်ပါလား။
သူတို့သုံးယောက်စလုံးက တစ်ခြားအိမ်ထောင်စုနှစ်ခု၏ အမှာစာများကို မသိစိတ်က အလိုလို လှမ်းကြည့်မိလိုက်၏။ "သခင်မ သခင်မမှာ သိုလှောင်ထားတဲ့ပစ္စည်းတွေရှိရဲ့လား"
စန်းလော့က ခေါင်းခါပြသည်။ "ကျွန်မမှာ တစ်ချို့တော့ ရှိပါတယ်၊ ဒါပေမဲ့ အသားခြောက်နဲ့ အသားမွကြော်တွေကတော့ အများကြီး မရှိဘူး၊ အဲဒါတွေကိုတော့ ဒီနေ့ ချက်ချင်း လုပ်ပေးဖို့လိုတယ်၊ ကျွန်မတို့ အစောဆုံး ပေးနိုင်မယ်ဆိုရင် မနက်ဖြန်နေ့လည်လောက်မှရမယ်"
တို့ဟူးချဥ်နှင့် ပဲခေါက်ဆွဲများကတော့ လုံလောက်ပေသည်။ အသားခြောက်နှင့် အသားမွကြော်က ကြာရှည်ခံလိမ့်မည် မဟုတ်ချေ။ သူတို့သည် ဒီမိသားစုသုံးခုကို ထောက်ပံ့ဖို့ရန်အတွက် လပြက္ခဒိန်၏ ပထမလ တစ်လလုံးအတွက် သူတို့၏ ကုန်ကြမ်းများကို သိမ်းထားရမည်ဆိုလျှင်တောင် ဒါက သူတို့ထဲက တစ်ယောက်အတွက် လုံလောက်လိမ့်မည် မဟုတ်ချေ။
ဆိုင်တာဝန်ခံသုံးယောက်က အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ထပ်ပြီး မငြင်းခုန်ကြတော့ချေ။ ခရီးတွင် အဖော်ပြုရမည့်အတွက် သူတို့က စျေးနှုန်းကို စုံးစမ်းလိုက်ကြသည်။ စရံငွေ ပေးချေပြီးသည့်နောက်တွင် သူတို့က ငွေပေးချေမှုအတွက် ငွေပြေစာရေးပေးရန် ရှန်းလီကို တောင်းဆိုလိုက်ပြီး နောက်တစ်နေ့ နေ့လည်ခင်း ပစ္စည်းများကို လာရောက်ယူသည့်အခါကျမှ ငွေအကြေချေပေးမည်ဟု သဘောတူလိုက်ကြသည်။ ထို့နောက်တွင်တော့ သူတို့သည် တည်းခိုခန်းတစ်ခုကို ရှာဖွေရန်အတွက် ရှီကျိုးမြို့သို့ ပြန်လာခဲ့ကြ၏။
လပြက္ခဒိန်၏ (၆)ရက်မြောက်နေ့ ဆိုင်ကိုမဖွင့်ရသေးခင်မှာပင် သူတို့သည် ငွေယွမ်(၃၀၀)စရံငွေနှင့်အတူ ယွမ်ငွေ(၇၀၀)နီးပါးရှိသည့် အမှာစာကြီးတစ်ခုကို လက်ခံရရှိခဲ့သည်။
ဟုတ်ပါသည်။ ယွမ်ငွေ(၃၀၀) ငွေတုံးစစ်စစ် ငွေတုံးများဖြစ်သည်။ သချီတွင်ဖြစ်စေ၊ သချန်တွင်ဖြစ်စေ၊ သူတို့သည် ငွေကြေးအပ်နှံဖို့ရန်ဌာန သို့မဟုတ် ဘဏ်များမရှိချေ။ ဝမ်ငွေ၊ ယွမ်ငွေနှင့် ရွှေများက အသုံးပြုနေကြ ငွေကြေးများ ဖြစ်သည်။ သာမန်ပြည်သူများကတော့ ပုံမှန်ဆိုလျှင် သူတို့ဘဝတစ်လျှောက်လုံး၌ အများစုက ဝမ်ငွေနှင့်သာ ကိုင်တွယ်ရသည်။
လှည်းသုံးစီး ထွက်သွားပြီးသည်နှင့် စန်းလော့နှင့် ရှန်းလီတို့က ငွေသေတ္တာသုံးခုကို ပင်မအိမ်ထဲသို့ သယ်လာခဲ့ကြပြီး စားပွဲပေါ်တွင် ချထားလိုက်သည်။ ရှန်းနဥ်က ဒီလောက်အချိန်တိုအတွင်း ယူလာနိုင်ခဲ့သည့် ငွေသေတ္တာသုံးခုကို မြင်သွားသည်တွင် သူမမျက်လုံးကို မယုံကြည်နိုင်လောက်အောင် ဖြစ်သွား၏။
အချိန်တစ်ခုအထိ ငွေစာရင်းများကို စီမံလာခဲ့သည်တွင် ကောင်မလေးသည် လက်တွေ့ကျသည့် အကြည့်တစ်ခုဖြင့် ဖွင့်ထားသည့်သေတ္တာများကို လှမ်းကြည့်လိုက်သည်။ "ယွမ်ငွေ(၃၀၀) ဟုတ်လား၊ အသားခြောက်အတွက်လား"
သူတို့၏ဆိုင်တွင် အသားခြောက်နှင့် အသားမွကြော်က စျေးအကြီးဆုံးပစ္စည်းဖြစ်လေသည်။
စန်းလော့က ပြန်မဖြေရသေးခင်မှာပင် တစ်ချိန်လုံး ခိုးပြီးနားထောင်နေသည့် ရှန်းအန်းက ထပြောလိုက်၏။ "ယွမ်ငွေ (၆၇၀)"
သူသည် ဝမ်ငွေ(၆၇၀)နှစ်ပြားကို သုံးခဲ့ရသလို ကြောင်အမ်းအမ်းနှင့် မှင်သက်အံ့သြရသည်။ သူက စန်းလော့ကို ငေးကြောင်ကြောင်ဖြင့် မေးလိုက်၏။ "မကြီး လောကကြီးမှာ အချမ်းသာဆုံးပုဂ္ဂိုလ်က မင်းကြီး မဟုတ်ဘူးလား"
ဘယ်လိုဖြစ်ပြီးတော့ ...
"နင် မျှော်လင့်ထားသလိုတော့ မဟုတ်ပါဘူး"
ရှန်းအန်းက ခေါင်းငြိမ့်ပြလိုက်သည်။
စန်းလော့က ခပ်တိုးတိုး ရယ်မောလိုက်၏။ "အခုခေတ်မှာ အရာရှိအများစုက ဆယ်စုနှစ်တစ်ခု ချမ်းသာမှုတွေ စုဆောင်းထားတဲ့ အရှိန်အဝါရှိတဲ့မိသားစုတွေက လာတာလေ၊ သူတို့တွေကို မျိုးဆက်တိုင်းရဲ့ သြဇာရှိတဲ့သူဌေးတွေလို့ခေါ်ရင်လဲ ချဲ့ကားရာမကျဘူး၊ မင်းကြီးအနေနဲ့ကတော့ သူလည်း အရင်တုန်းက ချမ်းသာခဲ့မှာပါပဲ၊ ဒါပေမဲ့ နယ်မြေတွေကို သိမ်းသွင်းရတဲ့ ကုန်ကျစရိတ်၊ တပ်စုတွေကို ထိန်းသိမ်းရတဲ့ ကုန်ကျစရိတ်နဲ့ ပြည်သူပြည်သားတွေရဲ့ အကျိုးကျေးဇူးကို အာမခံပေးရတာတွေ အားလုံးက ငွေကြေးလိုအပ်တယ်လေ၊ တကယ်လို့ နိုင်ငံရဲ့ဘဏ္ဍာတိုက်က အလွတ်ဖြစ်နေမယ်ဆိုရင် မင်းကြီးက ဒါတွေကို ဖြည့်တင်းပေးဖို့အတွက် သူ့ရဲ့ကိုယ်ပိုင် ဘဏ္ဍာတိုက်ထဲက ထုတ်ပေးရမယ်ဆိုတဲ့သဘောပဲ မဟုတ်လား"
ရှန်းအန်းက တိုးတိုးလေး ပြောလိုက်၏။ "ဒါဆိုရင်တော့ အခု ပိုပြီးတော့ ကောင်းလာသင့်ပါတယ် ဟုတ်တယ်မလား"
အခြေအနေကို ရှင်းလင်းအောင်မပြောပြသော်ငြားလည်း အဓိပ္ပါယ်ကတော့ ရှင်းလင်းလေသည်။ ... စက္ကူလုပ်နည်း ကျွမ်းကျင်မှုရှိသည်တွင် ပုံမှန်ဝင်ငွေတစ်ခုကလဲ ရှိလာပေလိမ့်မည်။
စန်းလော့က သတိမထားမိသော်ငြားလည်း ရှန်းလီကတော့ ခေါင်းခါပြလိုက်သည်။ "သိပ်တော့ မနီးစပ်သေးပါဘူး"
သူမက မေးခွန်းမေးသလိုအကြည့်ဖြင့် သူ့ကိုကြည့်လိုက်၏။
ရှန်းလီက သူ့ကို ရှင်းပြသည်။ "ပြည်နယ်ရုံးတော်အသီးသီးက သူတို့ရဲ့ရန်ပုံငွေတွေကို ဘယ်ကနေရလဲဆိုတာ သိလား"
"အရာရှိရဲ့လစာတွေကို သူတို့ကို သတ်မှတ်ပေးထားတဲ့ လယ်ယာမြေတွေကနေရတာ။ ဒါပေမဲ့လည်း တစ်ခြားကုန်ကျစရိတ်ကိုတော့ သေချာမသိပါဘူး"
"ပြီးခဲ့တဲ့နှစ်တုန်းက နှစ်ကုန်ခါနီးမှာ ငွေသိမ်းစာရေးလို့ခေါ်တဲ့ ပြည်နယ်အုပ်ချုပ်ရေးဌာနမှာ ရာထူးအသစ်တစ်ခု ပေါ်လာတယ်လေ၊ လူ(၉)ယောက်ကို ခန့်အပ်ထားတယ်၊ ရုံးတော်က တစ်ယောက်ချင်းစီကို အစောပိုင်းက အရင်းအနှီး ယွမ်ငွေ(၅၀) ထောက်ပံ့ပေးတယ်၊ ငွေသိမ်းစာရေးတွေက အကျိုးအမြတ်တစ်ခုကို ဖန်တီးဖို့အတွက် ဒီငွေတွေကို ထုတ်ချေးဖို့တာဝန်ယူရပြီးတော့ သူတို့တွေက လစဥ်လတိုင်း ရုံးတော်ကို အတိုးအနေနဲ့ ယွမ်(၄)ယွမ်ပြန်ပေးရတယ်"
အစပိုင်းတွင်တော့ စန်းလော့သည် ဒါက ဘဏ်တစ်ခု၏ အခြေခံသဘောတရား ပုံစံတစ်ခုဟုသာ ထင်ထားသော်ငြားလည်း ထို့နောက်တွင်တော့ သူမက နောက်ထပ်စကားတစ်ခွန်းကို ကြားလိုက်ရ၏။
"ဘယ်လောက်တဲ့"
တစ်လကို(၄)ယွမ်။
အတိုးနှုန်းက တကယ်မြင့်တာပဲ။
"ဒီချေးငွေတွေကို တကယ်ပဲ ထုတ်ချေးနိုင်ခဲ့ရဲ့လား"
လူချမ်းသာများကတော့ ဒီငွေများကို မလိုအပ်ချေ။ လူဆင်းရဲများကလည်း ဒီအတိုးနှုန်းကို မတတ်နိုင်ချေ။
ရှန်းလီက သူ့နှာခေါင်းကို ပွတ်သပ်လိုက်ပြီး "သူတို့တွေ ထုတ်ချေးနိုင်တာပေါ့၊ အဲဒီ့ငွေသိမ်းစာရေးတွေက ဘယ်သူလဲဆိုတာ သိလား"
သည်စကားတစ်ခွန်းက စားပွဲတွင်ထိုင်နေကြသည့် လူသုံးယောက်၏အာရုံကို ဆွဲဆောင်ထားလိုက်သည်။
"မြို့တော်က အရာရှိတွေရဲ့သားအပြင် ဒေသခံလူချမ်းသာ ကုန်သည်တွေရဲ့ သားတွေလည်း ရှိတယ်လေ၊ တကယ်လို့ ငွေသိမ်းစာရေးတစ်ယောက်က သေသေချာချာ လုပ်ဆောင်နိုင်ပြီး သုံးနှစ်ဆက်တိုက် အတိုးကို အချိန်မီ ပေးနိုင်ခဲ့မယ်ဆိုရင် သူတို့တွေက ဝန်ထမ်းရေးရာဌာနက ကျင်းပတဲ့ စာမေးပွဲကိုဝင်ဖြေနိုင်ပြီး ဂုဏ်ပြုဘွဲ့ရာထူးတစ်ခုကို ရရှိနိုင်မယ်"
တစ်နည်းအားဖြင့်ပြောရလျှင် ဒါသည် အုပ်ချုပ်ရေးစနစ်၏ တံခါးကိုဝင်ရန်အတွက် ခြေကုပ်ယူနိုင်သည့် အနေအထားတစ်ခု ဖြစ်သည်။
မင်းကြီးက ဒီအချိန်တွင် သူမကိုရာထူးဘွဲ့တစ်ခုနှင့် တရားဝင်လစာတစ်ခု မမျှော်လင့်ဘဲ ရက်ရက်ရောရော ချီးမြှင့်ခဲ့သည့်အကြောင်းကို စန်းလော့က တစ်စိမ့်စိမ့် ပြန်တွေးမိလေသည်။
ရှန်းအန်းက ပြောလိုက်၏ "ဘုရင်တစ်ယောက် ဖြစ်ရတာလဲ၊ တကယ်လွယ်ကူတဲ့ကိစ္စ မဟုတ်ဘူးဘဲ"
ဒါသည် တော်ဝင်မိသားစုနှင့်ပတ်သတ်နေသည့် ကိစ္စတစ်ခုဖြစ်သဖြင့် ထိုကိစ္စနှင့်ပတ်သတ်ပြီး နားလည်မှုတစ်ချို့ရယူကာ တိုင်ပင်သည်က မှန်ကန်သည့်ကိစ္စ ဖြစ်လေသည်။ ငွေသေတ္တာကြီးသုံးခုကို ကြည့်လိုက်ပြီးနောက်တွင် သူမ၏မောင်နှမများကို ကြည့်လိုက်ကာ စန်းလော့က မေးလိုက်၏။ "ငါတို့မိသားစုတွေ မြို့တော်မှာ ဆိုင်ခွဲတစ်ခု ဖွင့်နိုင်မယ်လို့ထင်လား"
မြို့တော်က အဆင့်မြင့်အရာရှိများနှင့် ချမ်းသာသည့် အထက်တန်းစားမိသားစုများထံမှ ရှာဖွေရရှိသည့်ငွေသည် အလွန်မှ ရိုးရှင်းလွယ်ကူလေသည်။ ဒီငွေသေတ္တာသုံးခုကို ကြည့်လိုက်ချိန်တွင် အားကျခံရသည့်ခံစားချက်ကို လွန်ဆန်ဖို့ရန် ခက်ခဲလှသည်။
ရှန်းနဥ်က လက်တွေ့ကျသည့်မေးခွန်းတစ်ခုကို မေးမြန်းလိုက်၏ "ဒါဆိုရင် လူအင်အားကရော"
...
အပိုင်း (၂၆၂) ပထမဦးဆုံး အလုပ်ရုံ
အားလုံးက လူအင်အားနှင့်သာ သက်ဆိုင်လေသည်။
စန်းလော့က ရှန်းနဥ်ကို လှမ်းကြည့်လိုက်ပြီးနောက် ရှန်းလီကို ကြည့်လိုက်၏။ တစ်ခုခုပြောရမည့်အစား သူမက သူတို့ကိုအရင်ဆုံး စမ်းလုပ်ကြည့်ဖို့ပြောလိုက်သည်။
ရှန်းအန်းက ကျန့်သလန်ကို သွားဖိတ်လိုက်သည်။ ကလေးနှစ်ယောက်ကို ထိန်းကျောင်းနေခြင်းကလွဲလျှင် မိသားစုတစ်ခုလုံးသည် တစ်နေ့လုံးအလုပ် များပြားနေခဲ့သည်။ ရှန်းလီမှာ မနက်ခင်း မိုးမသောက်ခင်အချိန်မှသာ အိမ်သို့ပြန်လာနိုင်သည်။
(၇)ရက်မြောက်နေ့တွင် သူတို့သည် နေ့လည်ခင်းအထိ အလုပ်များနေခဲ့ကြလေသည်။ ပစ္စည်းများကို ထုပ်ပိုးပြီးသည့်နောက်တွင် လှည်းသုံးစီးပေါ်မှ အစေခံ(၆)ယောက်သည် သူတို့သခင်များ ဝယ်ယူထားသည့်ပစ္စည်းများကို အပြီးတင်ကာ သရှင်းရွာမှ ထွက်လာခဲ့သည်။ စန်းလော့သည် နောက်ထပ် ယွမ်ငွေသုံးသေတ္တာကို ရခဲ့သည်။
သူမ၏လက်ထဲတွင် လေးလံလှသည့် ငွေထုပ်များကိုကိုင်ထားပြီး စန်းလော့က စိတ်ရင်းဖြင့် မှတ်ချက်ပေးလိုက်၏။ "တစ်ယောက်ယောက်ကတော့ စောစောစီးစီး ငွေကိုစပြီးတော့ သေချာပေါက်ရှာနေပြီပဲ"
ဒါသည် နားထောင်လို့ သိပ်မကောင်းသော်ငြားလည်း သချီတစ်ဝှမ်းလုံးတွင် အစားအသောက်နှင့်ပတ်သတ်သည့် ပစ္စည်းများ၏စျေးနှုန်းက အမှန်ပင်မြင့်မားလေသည်။ စစ်မက်ဖြစ်ပွားသည့်နှစ်များကြောင့် အထိအခိုက် အပျက်အဆီးများက ပြင်းထန်ခဲ့သည်။ စပါးနှင့် အသားစျေးများက နောက်ထပ် တစ်နှစ်၊ နှစ်နှစ်လောက်အထိ ဆက်ပြီး စျေးမြင့်နေအုံးမည်။
ရှီကျိုးက ပြည်သူများကတော့ အုပ်ချုပ်ရေးမှူးကတော် ဖန်သခင်မ၏ကျေးဇူးကြောင့် တော်တော်လေး အဆင်ပြေလှသည်။ သူတို့၏ ပြန်လည်ထူထောင်နိုင်စွမ်းသည် သချီထဲက တစ်ခြားစီရင်စုနှင့် ပြည်နယ်များနှင့်ယှဥ်လျှင် အများကြီးပိုပြီးမြန်ဆန်သည်။
သရှင်းရွာတွင် အိမ်ထောင်စုတစ်ခုချင်းစီက အစိုးရအတွက် အစောပိုင်းက လူများကိုခေါ်ထုတ်လာပေးရာတွင် ကူညီပေးခဲ့သည့်အတွက် တစ်ခြားမိသားစုများထက် တောင်ပေါ်မြေများ ပိုပြီးပိုင်ဆိုင်ကြပြီး ရှန်းမိသားစုအတွက်ကတော့ သူတို့တွင် ပိုလို့ပင်ရှိနေကာ ရုံးတော်မှရရှိသည့် ဆုလာဘ်များ၊ ရှန်းလီ၏ဝင်ငွေအပြင်၊ တော်ဝင်လက်ဆောင်များ ကျေးဇူးကြောင့်လည်းပါသည်။
ထို့ကြောင့် အချိန်ကွာခြားချက်ကို အသုံးချပြီး နောက်လာမည့် နှစ်နှစ်သည် ရွာကထွက်သည့် ထုတ်ကုန်ပစ္စည်းများကို အရည်အသွေးမြင့်သည့် ပိုင်ဆိုင်မှုအဖြစ် ပြောင်းလဲဖို့ရန်က ပြီးပြည့်စုံသည့်အခွင့်အရေးတစ်ခုဖြစ်သည်။ ဒါသည် ရွာအတွင်းတွင်သာ မဟုတ်ချေ။
စန်းလော့က ငွေသေတ္တာကို သေချာသိမ်းဆည်းလိုက်ပြီး ရှန်းလီကို မေးလိုက်၏။ "အပြင်ထွက်ဖို့ ကျွန်မနဲ့ အဖော်လိုက်ခဲ့ပေးလို့ရမလား"
"ဘယ်သွားမလို့လဲ"
"အရင်ဆုံး ကျွန်မတို့တွေ ချန်းမိသားစုဆီသွားမယ်၊ အဲဒါပြီးရင်တော့ ပြည်နယ်အုပ်ချုပ်ရေးမှူးရုံးကို သွားမယ်"
ချန်းမိသားစုနှင့် ပြည်နယ်အုပ်ချုပ်ရေးမှူးရုံးဟု ပြောလိုက်သည်ကို ကြားလိုက်ရသည်တွင် မောင်နှမသုံးယောက်သည် တဒင်္ဂဆိုသလို ဇဝေဇဝါ ဖြစ်သွားကြသည်။ ဒါက အလုပ်ကိစ္စနှင့်ပတ်သတ်လိမ့်မည်ဟု ခပ်ရေးရေးလေး ခန့်မှန်းမိခဲ့သော်ငြားလည်း ထိုကိစ္စနှစ်ခုက မည်သို့ ဆက်နွယ်နေသည်ကိုတော့ ချက်ချင်းနားမလည်နိုင်ကြချေ။
စန်းလော့က ပြုံးပြလိုက်၏။ "ရုံးတော်မှာ ရံပုံငွေလိုနေတယ်လို့ ရှင် ပြောခဲ့တယ် မဟုတ်လား၊ ကျွန်မက ကူညီပေးမလို့ပါ"
ရှန်းလီ၏မျက်ခုံးများက တွန့်ချိုးသွားသည်။ "မင်းက ရုံးတော်ကနေ မြေယာကို ငှားရမ်းပြီး တာရှည်ခံမဲ့ တို့ဟူးချဥ်နဲ့ ခေါက်ဆွဲထုတ်လုပ်ဖို့ကို ချဲ့ထွင်ဖို့စဥ်းစားနေတာလား"
သူက ချက်ချင်းပင် သဘောပေါက်သွားသည်။
စန်းလော့က ခေါင်းငြိမ့်ပြလိုက်၏။ "ခေါက်ဆွဲလုပ်တဲ့လုပ်ငန်းက အခြောက်ခံဖို့ လိုတယ်လေ၊ ဒီတော့ လုပ်ငန်းချဲ့ထွင်မယ်ဆိုရင် နေရာအများကြီး လိုအပ်တယ်၊ ချန်းမိသားစုရဲ့အိမ်ယာဝန်းက လုံးဝ လုံလောက်မှာ မဟုတ်ဘူးလေ"
...
ချန်းမိသားစု၏ အနောက်ဘက်ခြံထဲတွင် ကလေးထိန်းကျောင်းရင်း အလုပ်များနေသည့် ကျိုးကဲကလွဲလျှင် အားလုံးက အလုပ်များနေကြသည်။ စန်းလော့နှင့် ရှန်းလီကို မြင်လိုက်ချိန်တွင် သူတို့က သူတို့၏အလုပ်များကို ခဏရပ်ထားလိုက်၏။ ချင်ဖန်းညန်က ရှေ့ကိုတက်လာပြီး "ဒီအချိန်ကြီးကျမှ နင်တို့တွေ ဘာလို့ရောက်လာတာလဲ"
စန်းလော့က သူ့မ၏ ရည်ရွယ်ချက်များကို ထုတ်ပြလိုက်၏။
"ခေါက်ဆွဲလုပ်ငန်းကို ချဲ့ထွင်မလို့လား” အဘိုးချန်းက တအံ့တသြဖြစ်သွားပြီးမှ ပြန်ဖြေလိုက်သည်။ "အဲဒါတွေက အဲလောက်အများကြီး ရောင်းရမှာလား"
"ကျွန်မတို့တွေ အဲဒီ့ပစ္စည်းကို တစ်ခြားပြည်နယ်တွေနဲ့ စီရင်စုတွေမှာလည်း ရောင်းလို့ရတယ်လေ၊ မနေ့နဲ့ ဒီနေ့မှာ ကျွန်မတို့ရွာထဲကို ဝင်လာခဲ့တဲ့ လှည်းသုံးစီးကို တွေ့ခဲ့တယ် မဟုတ်လား၊ သူတို့တွေက ကျွန်မတို့ရဲ့ထုတ်ကုန်ပစ္စည်းကို သီးသန့်လာဝယ်ကြတာ၊ ကျွန်မတို့ရဲ့ပစ္စည်းတွေကို မင်းကြီးရဲ့နန်းတော်ထဲမှာတောင်မှ သုံးနေကြပြီလေ၊ တကယ်လို့ သူတို့တွေကို ရှီကျိုးမှာ ကောင်းကောင်းရောင်းရမယ်ဆိုရင် ဒါက တစ်ခြားနေရာမှာလည်း အဆင်ပြေမဲ့သဘောပဲ၊ ဒီ့အပြင် ဒီကုန်ပစ္စည်းက တစ်နှစ်ကြာတဲ့အထိ ပျက်စီးမှာ မဟုတ်ဘူးလေ၊ ထုတ်လုပ်မဲ့ရာသီကတော့ နွေဦးရာသီနဲ့ ဆောင်းဦးရာသီမှာပဲ သင့်တော်တယ်၊ ဒီတော့ ကျွန်မတို့တွေက ဒီအခွင့်အရေးကို သေချာပေါက် ဖမ်းဆုပ်ထားရမယ်"
“ဒီလိုဆိုရင် ငါတို့တွေက အလုပ်သမားတွေ ပိုပြီးလိုအပ်လာမှာ မဟုတ်လား” ချန်းသရှန်က မေးလိုက်၏။ "လုပ်နည်းအမယ်တွေကရော ပေါက်ကြားသွားနိုင်လား"
"ယုံကြည်စိတ်ချရတဲ့လူတွေကို ငှားရမ်းမယ်၊ ကျွန်မတို့တွေက သူတို့တွေကို အရေးမကြီးတဲ့တာဝန်တွေကို ခိုင်းစေပြီး အရေးကြီးတဲ့အပိုင်းတွေကိုတော့ ကျွန်မတို့ရဲ့ လူရင်းတွေကပဲ လုပ်ကြမယ်၊ ဒီလိုဆိုရင် နောက်ထပ်အလုပ်သမားငှားရမ်းခနဲ့ တစ်ခြားပြည်နယ်နဲ့ စီရင်စုတွေကို သွားရောက်ရမဲ့ခရီးအတွက် လုပ်အားခကို ကုန်ကျစရိတ်ကနေ နှုတ်ယူထားလို့ရတယ်"
ခေါက်ဆွဲလုပ်ငန်းတွင် နေ့စဥ်ကူညီပေးနေသည့် ချင်ဖန်းညန်က ချက်ချင်းပြန်ဖြေလိုက်၏။ "ငါတို့နေရာက မလုံလောက်ဘူး မဟုတ်လား"
"ကျွန်မက အဒေါ်တို့ရဲ့သဘောထားကို လာမေးတာပါ၊ တကယ်လို့ အဒေါ်တို့ သဘောတူတယ်ဆိုရင် ကျွန်မက အဖြေတစ်ခုရှာလိုက်မယ်"
စန်းလော့၏စိတ်ထဲတွင် အစီအစဥ်တစ်ခုရှိပြီးသား ဖြစ်မှန်း ချန်းသရှန်က သိလိုက်သည်။ "ကောင်းပြီလေ၊ ငါတို့တွေက မငြင်းပါဘူး၊ ဒါက မင်းရဲ့လုပ်နည်းအမယ်ပဲ ဒီတော့ မင်းပဲ ဆုံးဖြတ်ချက်ချပါ"
အဘိုးချန်းနှင့် ချန်းယိုထျန်းတို့က ခေါင်းငြိမ့်ပြလိုက်ပြီး အဘိုးချန်းက ပြောလိုက်၏။ "နင်က ငါတို့တွေကို ချမ်းသာအောင် လက်တွဲခေါ်ပေးခဲ့တာပဲ။ ငါတို့ရဲ့သဘောထားတွေကို မေးစရာမလိုပါဘူး၊ ငါတို့တွေက အဆင့်ဆင့်ကို နားလည်ပါတယ်၊ ဘာလုပ်ရမယ်ဆိုတာကိုပဲ ငါတို့ကို ပြောလိုက်ပါ၊ မင်းတို့ကတော့ ငါတို့ကြောင့် ချုပ်တည်းမနေဘဲ ကိုယ့်ဟာကိုယ် အသေးစိတ်ကို ဖြေရှင်းလိုက်လို့ရပါတယ်"
သူတို့သည် စန်းလော့နှင့် လက်တွဲလာသည်မှာ မည်မျှကြာခဲ့ပြီဖြစ်ပါသနည်း။ နှစ်ဝက်ပင် မပြည့်သေးခင်မှာပင် သူတို့၏ဝင်ငွေက သိသိသာသာ တိုးတက်လာခဲ့ပြီး သူတို့သည် အခုတော့ ခမ်းနားလှသည့်အုပ်ကြွပ်အိမ်တစ်လုံးကို ဆောက်ဖို့ရန် တတ်နိုင်လာ၏။ သို့သော်ငြားလည်း သူတို့တွင် အချိန်က ရှိမနေခြင်းသာဖြစ်တော့သည်။ မိသားစုသည် အင်မတန်မှ ကျေနပ်ရောင့်ရဲမိ၏။
သည်စကားကို ကြားလိုက်ရသည်တွင် စန်းလော့က ခပ်တိုးတိုးရယ်မောကာ ပြောလိုက်၏။ "ဒါက လက်တွဲလုပ်ငန်းတစ်ခုဆိုတော့ ကျွန်မက အဘိုးတို့ရဲ့အတွေးကိုလည်း နားထောင်ရမှာပေါ့၊ အဘိုးတို့ သဘောတူလိုက်ပြီဆိုတာနဲ့ ကျွန်မက နေရာတစ်ခုကို စပြီးတော့ ရှာလိုက်ပါ့မယ်၊ စိတ်မပူပါနဲ့ လုပ်ငန်းချဲ့ ထွင်တယ်ဆိုရင်တောင် ကျွန်မတို့ရဲ့လက်တွဲလုပ်ငန်းက အတူတူပဲ ဖြစ်နေအုံးမှာပါ။ အကျိုးအမြတ်ခွဲဝေမှုကလဲ အရင်အတိုင်းပဲ ဖြစ်နေမှာ၊ ဝင်ငွေ တိုးလာဖို့ပဲရှိတယ်"
မိသားစုအလုပ်ရုံငယ်လေးတစ်ခုမှ သေးငယ်သည့်စက်ရုံတစ်ခုအဖြစ်သို့ အသွင်ပြောင်းခြင်းတွင် မိသားစုဝင်များကိုသာ အားထားနေလျှင် တိုးတက်မှုက အကန့်အသတ်သာ ရှိနိုင်သည်။ လူတစ်ယောက်သည် ထိုကိစ္စမျိုးတွင် အမြင်ကျယ်ဖို့ရန် လိုအပ်သည်။ သို့မဟုတ်လျှင် တိုးတက်မှုကို နှောင့်နှေးသွားစေနိုင်သည်။
အိမ်မှာကျန်ခဲ့သည့် ကလေးနှစ်ယောက်က နိုးလာခဲ့လျှင် သူမကို မတွေ့လျှင် ငိုနေကြမည်စိုးသဖြင့် စန်းလော့က အချိန်အကြာကြီး မနေနိုင်ချေ။ ထို့ကြောင့် သူမက ချန်းသရှန်နှင့် တစ်ခြားသူများကို နှုတ်ဆက်စကားပြောလိုက်ပြီး ရွာမှနေ၍ ရှီကျိုးမြို့သို ဦးတည်သွားလိုက်သည်။
အစိုးရရုံးတော်ထံမှ နေရာတစ်ခုငှားရမ်းခြင်းသည် ဖန်ဖေးညန်နှင့်တိုင်ပင်ရမည့် ကိစ္စမဟုတ်ချေ။ ထို့ကြောင့် ရှန်းလီက သူမနှင့်အဖော်လိုက်လာခဲ့သည်။ ရှန်းလီက ဒီလိုကိစ္စမျိုးသည် ရှေးက အစဥ်အလာမရှိသဖြင့် ချွေ့ချီချန်းနှင့် အရင်ဆုံး တိုင်ပင်လိုက်သည်။ သူက အစပိုင်းတွင်တော့ တရားသူကြီးဟယ်ကို မေးခဲ့သေးသည်။ သို့သော်ငြားလည်း မင်းဆက်အသစ်ဖြစ်ပြီး စည်းမျဥ်းစည်းကမ်းအသစ်ဖြစ်သဖြင့် အရင်က အိမ်တော်တစ်ခုကို ငှားရမ်းကြသူများက မရှိသလောက်ပင်။ နောက်ဆုံးတော့ သူသည် ကျန့်ဇီရွှမ်းဆီသို့သာ အကြံအဉာဏ်ယူဖို့ရန် ပြန်လှည့်ရတော့သည်။
"ခေါက်ဆွဲစက်ရုံတစ်ရုံ ဆောက်မလို့လား"
စန်းလော့က ခေါင်းငြိမ့်ပြီး ပြန်ဖြေလိုက်၏။ "ဟုတ်ပါတယ်၊ ကျွန်မတို့တွေ နောက်ပိုင်းကြရင် တစ်ခြားကုန်ပစ္စည်းတွေကိုလည်း စမ်းသပ်ထုတ်ကြည့်အုံးမှာပါ၊ ဒါပေမဲ့ အခြေခံအားဖြင့်တော့ ကျွန်မတို့တွေက အဆောက်အအုံတွေနဲ့ မြေကွက်လပ်ကြီးပါတဲ့ နေရာတစ်ခုကို လိုတယ်၊ အဓိကကတော့ ဒီနေရာက သရှင်းအိမ်ယာဝန်းနဲ့ နီးနေမှဖြစ်မယ်"
အမှန်ပင် ဒီလိုအိပ်ယာဝန်းမျိုးကို ရရှိနိုင်သည်။
ပြည်နယ်ရုံးတော်က ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားသည့် အိမ်ယာဝန်း အများအပြားကို ကိုင်ဆောင်ထားကြသည်။ အထူးသဖြင့် မြို့ထဲက တစ်ချို့သောချမ်းသာသည့် မိသားစုများက ပိုင်ဆိုင်ကြသည့် အိမ်ယာဝန်းငယ်လေးများ ဖြစ်သည်။ ဖရိုဖရဲကာလအတွင်းတွင် ပိုင်ရှင်များက ပျောက်ကွယ်သွားကြပြီး အိမ်ယာဝန်းကို အစိုးရက ပြန်သိမ်းခဲ့သည်။ ထိုအိမ်ယာဝန်းကို ပြည်သူများဆီ ဝေငှသည့်အချိန်တွင် ရွာတစ်ရွာ တည်ထောင်လောက်သည်အထိလဲ မကြီးမားချေ။ ဒီအိမ်တော်များက အစိုးရ၏ထိန်းချုပ်မှုအောက်တွင်သာ ကျန်ရှိနေပြီး ရုံးတော်၏ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ထားသည်။
အခုတော့ မြေယာများကို ပြန်လည်ခွဲဝေခြင်းကိစ္စလည်း ရှိလေရာ ဆိုင်များမှလွဲလျှင် စိုက်ပျိုးရေးနှင့်ပတ်သတ်သည့် မြေယာများကို အပြင်လူသို့ ရောင်းချလိမ့်မည် မဟုတ်ချေ။ အကြောင်းမှာ လူဦးရေက တိုးတက်လာတော့မည် ဖြစ်သောကြောင့်ပင်။ ပိုများသည့်မြေယာများက နောက်ပိုင်းခွဲဝေမှုအတွက် လိုအပ်လာလိမ့်မည်။
သို့သော်ငြားလည်း ငှားရမ်းခြင်းကတော့ မတူညီသည့်အကြောင်းအရာတစ်ခုပင်။
ကျန့်ဇီရွှမ်းက ခပ်တိုးတိုးရယ်မောလိုက်၏။ "အမှန်တော့ ဒါကို စီစဥ်ပေးလို့ရပါတယ် ငွေကို ရုံးတော်ရဲ့ ပြည်သူ့ဘဏ္ဍာထဲကို ထည့်ပေးနိုင်ပြီး ဒါကို ကုန်ကျစရိတ်အဖြစ် အသုံးချလို့ရတယ်"
သူသည် ထိုတာဝန်ယူမှုကို ခံယူနိုင်ပေသည်။ သူက စန်းလော့ကို သူမ၏အထွေထွေလိုအပ်ချက်များအား ချွေ့ချီချန်းကို ကိုယ်တိုင်ပြောလိုက်ဖို့ ပြောလိုက်ပြီး သူတို့သည် သင့်တော်သည့် တစ်ခုကိုတွေ့သည်နှင့် နောက်ပိုင်းကြလျှင် ရုံးတော်နှင့် ဈေးနှုန်းကို တိုင်ပင်ရလိမ့်မည်။
ကျန့်ဇီရွှမ်းထံမှ ထွက်လာပြီးနောက်တွင် သခင်ကြီးချွေ့နှင့် သခင်မကြီးချွေ့တို့ကို ခေါ်ဆောင်ကာ မြို့အပြင်ဘက်က စီရင်စုအိမ်ယာဆီသို့ သွားကြည့်ဖို့ လာလိုက်ကြသည်။ ချွေ့ချီချန်းနှင့် ရှန်းလီတို့ကြားက ရင်းနှီးသည့်ဆက်ဆံရေးကို ထောက်ချင့်သဖြင့် ချဲ့ကားပြီးပြောနေဖို့ရန်မလိုချေ။ ထောက်ခံထားပေးသည့် အိမ်ယာဝန်းများက အသင့်တော်ဆုံးဖြစ်ကာ အကောင်းဆုံးရွေးချယ်မှု ဖြစ်သည်ကလဲ သံသယဖြစ်ရန်မလိုချေ။
သရှင်းအိမ်ယာဝန်းနှင့် သိပ်မဝေးလှသည့်နေရာတွင် စန်းလော့ လိုချင်သည့်အချက်များနှင့် ကိုက်ညီသည့် အိမ်ရာဝန်းငယ်လေးတစ်ခု ရှိလေသည်။ အိမ်ယာများနှင့် ကွင်းပြင်ကျယ်ကြီးများက မြေလွတ်များက တော်တော်လေးကို အထူးတလည် သင့်တော်လှကာ ကျယ်ဝန်းလှသည့် ခြံဝန်းတော်တော်များများက နောက်ထပ်ရောက်လာမည့် လုပ်ငန်းများအတွက် အဆင်သင့်ပြုလုပ်ပေးထားသယောင် ဖြစ်နေသည်။ အပြင်ဘက်က အခြောက်လှန်းသည့်နေရာကလဲ တော်တော်လေးကို လုံလောက်မှုရှိသည်။ တောမီးများ မပြန့်ပွားအောင် အတားအဆီးအဖြစ် ရေမြောင်းကို တူးဖော်ထားခြင်းကလဲ ကျယ်ဝန်းသည့်မြေယာများကို မီးလောင်ခြင်းမှ ထိန်းချုပ်ထားနိုင်သည်။ ရွာငယ်လေးဆီသို့ သယ်ယူပို့ဆောင်ပေးမည့် အရွယ်အစား အမျိုးမျိုးရှိသည့် မြေအိုးများကို ပြောင်းရွှေ့ခြင်း၊ ကျောက်သားကြိတ်စက်တစ်စုံ ပြီးမြောက်ခြင်းနှင့် အခြောက်လှန်းစင်များကို တည်ဆောက်ခြင်းများ ပြီးစီးသွားသည်တွင် ဒီရွာငယ်လေးက ချက်ချင်းဆိုသလို လည်ပတ်လာနိုင်လိမ့်မည်။
စျေးနှုန်းကို ဆွေးနွေးပြီး စာချုပ်ကိုချုပ်ဆိုပြီးနောက်တွင် နောက်ပိုင်းစီစဥ်ရမည့်ကိစ္စအားလုံးကို တာဝန်ယူပေးရမည့်သူမှာ ရှန်းလီသာ ဖြစ်တော့သည်။ စန်းလော့က ချွေ့ချီချန်းထံမှ သော့တစ်ချောင်းကို အရင်ဆုံး ယူလာလိုက်၏။ သူမသည် သရှင်းရွာသို့ ပြန်ရောက်လာချိန်တွင် စိတ်အေးသွားသလိုခံစားရကာ ချန်းမိသားစုထံသို့ ချက်ချင်းသွားရောက်လိုက်ပြီး သူတို့ကို အိမ်ယာဝန်းဆီသို့ ခေါ်ဆောင်သွားတော့သည်။
အဘွားချန်းမှာ အလွန်မှ အံ့အားသင့်သွား၏။ သူမသည် အဘွားလုကို ကူညီပေးပြီး ရွှမ်းကျူးအတွက် သတို့သမီးတစ်ယောက် သွားရှာပေးခဲ့ရုံသာရှိသေးသည်။ သူမက ပြန်ရောက်လာသည့်အချိန်တွင် သူတို့သည် အလုပ်ရုံတစ်ခုကိုပင် စတင်နေပြီဖြစ်နေ၏။ ထို့အပြင် သူတို့သည် နေရာတစ်ခုကိုပင် ရွေးချယ်ပြီးသွားခဲ့သည်။
သူတို့သည် ရွာထဲသို့ ပတ်ပြီးလျှောက်လာရင်း စန်းလော့က ဘယ်ခြံဝန်းက ဘယ်လုပ်ငန်းစဥ်တစ်ခုအတွက် သင့်တော်လိမ့်မည်ဖြစ်ကာ ဘယ်ခြံဝန်းကိုတော့ ပြင်ဆင်ဖို့ရန် လိုအပ်သည့်အပြင် သူတို့သည် အလုပ်သမား ဘယ်နှစ်ယောက်ကို လိုအပ်မည့်အကြောင်းကိုလည်း ပြောပြလာသည်။
အဘိုးချန်းက ဒီလုပ်ငန်းစဥ်များနှင့် ရင်းနှီးပြီးသားဖြစ်သည်။ တစ်ချက်လောက် လှည့်ပတ်ကြည့်ရှုပြီးနောက်တွင် သူတို့သည် လုပ်ငန်းများကို ခြံဝန်းများခွဲကာ လုပ်ဆောင်မည်ဆိုလျှင် အဓိကအဆင့်များကို အမှန်တကယ် ထိန်းချုပ်ထားနိုင်မည်ကို သဘောပေါက်သွား၏။
"ဒါပေမဲ့ တစ်ခုတော့ရှိသေးတယ်... ငါတို့တွေ လူဘယ်နှစ်ယောက်ငှားကြမှာလဲ၊ ငါတို့တွေက သူတို့ကို ဘယ်လိုယုံကြည်ရမှာလဲ"
ဒါသည် စန်းလော့၏အစီအစဥ်ဖြစ်သည်။ အဘိုးချန်းက သူသည် ဒီကိစ္စကို သေသေချာချာ မကိုင်တွယ်နိုင်မှာကို အမှန်ပင်စိုးရိမ်မိသည်။
စန်းလော့က ပြန်ဖြေလိုက်သည်။ "အရင်ဆုံး ကျွန်မတို့ရဲ့ပတ်ဝန်းကျင်ရွာက အိမ်နီးနားချင်းကောင်းတွေဆီကို အရင်ဆုံး ချဥ်းကပ်ကြည့်ကြတာပေါ့၊ ကျွန်မတို့တွေက နွေဦးရာသီနဲ့ ဆောင်းဦးရာသီအတွင်းမှာဘဲ အလုပ်လုပ်ကြမဲ့ ရိုးသားတဲ့ရွာသားတွေကိုပဲ လိုချင်တာ၊ တာဝန်အတွက်ကတော့ ဘယ်သူမဆို လုပ်နိုင်ပါတယ်၊ ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ်၊ အသက်၁၄-၁၅နှစ်အရွယ် ကောင်လေးတွေဖြစ်ဖြစ် သူတို့အတွက် သင့်တော်တဲ့နေရာတစ်ခု ရှိရင်အဆင်ပြေတယ် ကျွန်မတို့တွေက လူရွေးနေမှာ မဟုတ်ပါဘူး အလုပ်သမားအားလုံးကတော့ ငှားရမ်းထားတဲ့အချိန် ပေါ်မူတည်ပြီး ထုတ်မပြောရတဲ့ သဘောတူညီချက် စာချုပ်တစ်ခုကို ချုပ်ဆိုရမယ်"
"အရေးကြီးတဲ့အဆင့်တွေကိုတော့ အဘိုးတို့မိသားစုကပဲ ကိုင်တွယ်ရမယ်” သူမက ခဏလောက် တုံ့ဆိုင်းသွားပြီးနောက်တွင် ထပ်ပြောလိုက်၏။ "အားကဲရဲ့အဖေနဲ့ အစ်ကိုတွေလည်း ပါမယ်ဆိုလည်း အဆင်ပြေပါတယ်"
ကျိုးမိသားစုသည် အမှန်ပင် ယုံကြည်ထိုက်သူများ ဖြစ်လေသည်။
အမှန်အတိုင်းပြောရလျှင် ထုတ်မပြောသင့်သည့် အချက်အလက်များကို စာချုပ်ချုပ်ခြင်းက မရိုးသားမှုထက် ဖြောင့်မှန်မှုကို ဆန့်ကျင့်ကြမည့်သူများအား ပိုပြီးတော့ ထိရောက်အောင်ထိန်းချုပ်နိုင်သည်။ သို့သော်ငြား ဒီလိုသဘောတူညီချက်မျိုးတစ်ခု ရှိနေသဖြင့် တစ်ဖက်လူကလဲ ပေါ်ပေါ်တင်တင် လုပ်ရဲလိမ့်မည် မဟုတ်ချေ။
တိုင်ကြားချက်တစ်ခုခုက နောက်ဆက်တွဲရလဒ်များကို သေချာပေါက် တာဝန်ယူရစေလိမ့်မည်။
ဟုတ်ပါသည်။ အလုပ်ရုံထဲတွင် အလုပ်လာလုပ်ရန် ဖိတ်ခေါ်ခံရသည့် ထိုသူများက ခိုးကြောင်ခိုးဝှက်နည်းလမ်းများကို သုံးကြလိမ့်မည်တော့ မဟုတ်ချေ။
စန်းလော့က ထိုကိစ္စတွင်တော့ ယုံကြည်မှုရှိလေသည်။
ချန်းသရှန်က အနည်းငယ် ဇဝေဇဝါဖြစ်နေ၏။ "ငါတို့တွေက ငါတို့ရွာကလူတွေကို မငှားကြဘူးလား"
စန်းလော့ကပြုံးလိုက်ပြီး "ကျွန်မတို့တွေ ငှားကြမှာပါ၊ ဒါပေမဲ့ အလုပ်ရုံထဲက အလုပ်တွေအတွက်တော့ မဟုတ်ဘူး၊ ခေါက်ဆွဲတွေကို အများကြီး ထုတ်လုပ်မှာဆိုတော့ ဒီပစ္စည်းတွေကို ရောင်းချဖို့ လိုသေးတယ်လေ၊ ကျွန်မမှာ အနီးအနားက စီရင်စုတွေကို ဖြန့်ဝေပေးဖို့ ပြင်ဆင်ထားတဲ့ ကုန်ပစ္စည်းတစ်ချို့ရှိတယ်၊ ကျွန်မတို့တွေက ဒီနေရာတွေကို ရောင်းဝယ်ဖောက်ကားဖို့အတွက် ခရီးသွားပေးမဲ့ အဖွဲ့တစ်ခု လိုအပ်တယ်လေ"
"ဒီအချိန်မှာ လုပ်ငန်းအတွက် ခရီးသွားဖို့ဆိုတာကလည်း တစ်ချို့အရည်အချင်းတွေ လိုအပ်သေးတယ် ... သိုင်းပညာကျွမ်းကျင်မှု ထိုးထွင်းသိမြင်နိုင်စွမ်း တစ်ဖက်လူကို နားချနိုင်တဲ့စွမ်းရည်၊ အရောင်းအဝယ် ပညာတွေ လိုအပ်တယ်၊ ဒါက အကျင့်စရိုက်နဲ့ပတ်သတ်ပြီး တော်တော်လေးကို တည်ထောင်ရမဲ့ကိစ္စပဲ၊ အစ်ကို ဒါမှမဟုတ် အာ့ရှန်ကတောင် အလုပ်ရုံက အလုပ်တွေကို တခါတလေ မလုပ်နိုင်တာ ဖြစ်နိင်တယ်၊ ဒီကိစ္စမှာဘဲ အာရုံစိုက်ထားရလိမ့်မယ်၊ အမှန်အတိုင်းပြောရရင်တော့ ဒါက အလုပ်ရုံပိုင်ရှင် လုပ်သင့်တဲ့ကိစ္စလေ"
ချင်ဖန်းညန်က တဟားဟား ရယ်လေသည်။ "နင်က ပိုင်ရှင်ကို ဘယ်သူလို့ ထင်နေတာလဲ၊ နင်ပဲလေ"
စန်းလော့ကလဲ ခပ်တိုးတိုး ရယ်မောလိုက်၏။ "ဒါကလည်း ပိုင်ရှင်ဖြစ်နေတုန်းပါပဲ၊ အမှန်အတိုင်းပြောရရင် ခေါက်ဆွဲအလုပ်ရုံက ဒါကိုဆက်ပြီး လည်ပတ်ဖို့ အဒေါ်တို့မိသားစုကို မှီခိုနေရတာလေ၊ ကျွန်မမှာက ဒီထဲမှာစိတ်နှစ်ထားဖို့ အချိန် အကန့်အသတ်နဲ့ ဖြစ်နေတယ်"
ရှန်းမိသားစုတွင် လုံးဝမရှိသည့်အရာမှာ လူအင်အားသာ ဖြစ်လေသည်။
ထိုအပြင် အကယ်၍ ရှန်းလီသည် စာမေးပွဲအောင် မြင်သွားခဲ့ပြီး တစ်နေ့တွင် မြို့တော်သို့ ပြောင်းရွှေ့ခဲ့မည်ဆိုလျှင် သူမကလဲ လိုက်သွားရသွားလိုက်ပေလိမ့်မည်။ သူမသည် ဒီနေရာတွင် သူမကိုယ်တိုင် ကိစ္စရပ်များကို ကိုင်တွယ်စီမံနိုင်လိမ့်မည် မဟုတ်ချေ။
ချန်းမိသားစုကလဲ ဒါကို ကောင်းကောင်းနားလည်ဟန်တူသည်။ အဘွားချန်းက သူ့ရင်ဘတ်ကို ယုံကြည်ချက်ရှိရှိဖြင့် ပုတ်လိုက်ကာ "စိတ်မပူပါနဲ့၊ လူရွေးရမဲ့နေရာနဲ့ပတ်သတ်လာရင်တော့ ငါက အမှားလုပ်မှာ မဟုတ်ပါဘူး၊ သရှန်နဲ့ အာ့ရှန်ကို အပြင်ကကိစ္စတွေကို ကိုင်တွယ်ဖို့သာ သင်ယူခိုင်းလိုက်ပါ၊ အလုပ်ရုံကိစ္စအတွက်တော့ နင့်အဘိုးနဲ့ငါက သေချာပေါက် ကိုင်တွယ်နိုင်ပါတယ်"
စန်းလော့သည် သူတို့ကို အမှန်ပင် ယုံကြည်အားကိုးလေသည်။ အဘွားချန်း၏ အသက်အရွယ်သည် ကြီးလှပြီ ဖြစ်သော်ငြားလည်း သူမသည် အမှန်ပင် ယုံကြည်အားကိုးရသည်။ "အဘိုးနဲ့အဘွား အဘိုးတို့ကတော့ အခုချိန်ကစပြီး ခက်ခဲတဲ့အချိန်တစ်ခုဖြစ်လာတော့မှာပဲ"
အဘိုးချန်းက သိုသိုသိပ်သိပ် ပြုံးလိုက်ကာ အဘွားချန်းကတော့ စိတ်ရင်းအတိုင်း ဝမ်းသာပီတိဖြစ်လေသည်။ "ဘာခက်ခဲရမှာလဲ၊ ပြီးခဲ့တဲ့(၆)လအတွင်း နင်တို့နဲ့အလုပ်လုပ်ခဲ့တာ၊ နင်တို့တွေ ငါတို့ကို ငွေဘယ်လောက် ပေးခဲ့ပြီးပြီလဲဆိုတာ တွက်ကြည့်ပြီးပြီလား"
ချန်းသရှန်က ပြည်နယ်ရုံးတော်မှ ရှာဖွေရသည့်ငွေများကလွဲလျှင် ပြီးခဲ့သည့်နှစ်ဝက်ကျော်အတွင်း သူတို့၏လယ်ယာများမှ ထွက်ကုန်များနှင့် စန်းလော့သူတို့ကိုပေးသည့် အစုပေါ်အမြတ်ကို ပေါင်းလိုက်လျှင် သူတို့သည် နှစ်သစ်ကူးမတိုင်ခင်တွင် သူတို့၏ စုဆောင်းငွေများကို ရေတွက်ခဲ့ရာ ယွမ်(၁၀၀)ကျော် သွားပြီဖြစ်သည်။
ပဲပြား၊ ခေါက်ဆွဲ၊ ပျားရည်၊ ကြက်ငှက်၊ အိမ်မွေးတိရိစ္ဆာန်၊ အသီးအရွက်... ပစ္စည်းတစ်ခုချင်းစီတိုင်းသည် အထင်ကြီးစရာကောင်းသည် မဟုတ်သော်ငြားလည်း စုပေါင်းလိုက်သည့်အချိန်တွင်တော့ ဝင်ငွေက ကြီးမားလာသည်။
တစ်နှစ်အတွင်းတွင် သူတို့သည် ယွမ်(၁၀၀)ကျော်ကို စုဆောင်းနိုင်ခဲ့သည်။ တစ်ခြားမိသားစုများက ချန်းမိသားစုကဲ့သို့ ပဲပြားနှင့် ခေါက်ဆွဲလုပ်ငန်းများမှ အကျိုးအမြတ်ကို မရရှိခဲ့သော်ငြားလည်း တစ်ခြားအရင်းအမြစ်များမှ သူတို့၏ဝင်ငွေများကလဲ သိသာလာသည်။ ဒီလိုဘဝမျိုးက အတိတ်တွင် စိတ်မကူးကြည့်နိုင်သည့်အရာပင်။
စန်းလော့က ပြုံးပြလိုက်ပြီး "ကျွန်မက အဘိုးနဲ့အဘွားတို့ အားလုံး ပင်ပန်းသွားမှာ စိုးရိမ်လို့ပါ၊ ဒါပေမဲ့ ဒီနည်းလမ်းကလဲ ကောင်းပါတယ်၊ လူကို ပိုပြီးတော့ငှားလိုက်မယ်ဆိုရင် ဝန်ထုပ်ဝန်ပိုးလဲ ပေါ့သွားတာပေါ့ "
ထိုသို့ပြောလိုက်ပြီးနောက် သူမက အဘွားချန်းဆီသို့ သော့ကို လှမ်းပေးလိုက်ကာ ဆက်ပြောလိုက်သည်။ "ကျွန်မ စာချုပ်ချုပ်ဖို့အတွက် အာဏာပိုင်တွေဆီကို သွားခဲ့ပြီးပြီ၊ ဒီသော့ကို ယူထားလိုက်၊ ဒီနေ့ ကျွန်မတို့တွေ စာချုပ်ချုပ်ပြီးသွားတာနဲ့ မနက်ဖြန်ကြရင် စတင်ထုပ်ပိုးလို့ ရသွားပြီ"
အဘွားချန်းမှာ သော့များကို သေသေချာချာလေး မြန်မြန်သိမ်းဆည်းလိုက်ပြီး မေးလိုက်၏။ "ငှားရမ်းတဲ့ကာလက ဘယ်လောက်ကြာမှာလဲ"
စန်းလော့ကလဲ ပွင့်ပွင့်လင်းလင်းသာ ခေါင်းငြိမ့်ပြလိုက်သည်။ "အခုထိတော့ မသေချာသေးပါဘူး၊ ရှန်းလီက တိုင်ပင်ဆွေးနွေးနေသေးတယ်၊ စာချုပ်ကို ပြန်မစခင်အထိ အနည်းဆုံး ဆယ်နှစ်စာချုပ်တစ်ခု လုပ်မယ်လို့ ကျွန်မ သူ့ကို ပြောထားတယ်” စာချုပ်သက်တမ်း ကုန်သွားသည့်အချိန်တွင် အာဏာပိုင်များအား စာချုပ်ကို ပြန်လည်ပြင်ဆင်ခိုင်းဖို့ရန် ဒီလို ဂုဏ်သိက္ခာတစ်ခုတည်းကိုတော့ မှီခိုအားကိုးလို့မရချေ။
အဘွားချန်းက စိတ်အေးသွားကာ သက်ပြင်းချလိုက်လေသည်။ "ဆယ်နှစ်ဆိုတော့ ကောင်းတာပေါ့၊ ဒါဆိုရင် ငါတို့တွေက နွေရာသီမှာ ခေါက်ဆွဲ လုပ်စရာမလိုဘူး၊ ငါတို့အိမ်ကိုပြန်ပြီးတော့ ဆောက်လို့ရသွားပြီ၊ အားလော့ နင်တို့ရဲ့ အိမ်ပုံစံဆွဲထားတဲ့ပုံကို ငါတို့ကို ပေးလို့ရမလား၊ ငါတို့လည်း ကိုးကားချက်တစ်ခုအနေနဲ့ ဒါကို သုံးချင်လို့ပါ"
ရှန်းအိမ်က သန့်စင်ခန်းသည် ထူးထူးခြားခြား သန့်ရှင်းနေပြီး ရွာထဲက ဘယ်သူကမှ သူတို့ကို အားမကျသည်က မရှိချေ။
စန်းလော့က ခပ်တိုးတိုး ရယ်မောလိုက်၏။ "အဘွားတို့တွေ ခဏနေကျရင် ကျွန်မအိမ်မှာ လိုက်ယူလို့ရပါတယ်၊ တကယ်တမ်းကျတော့ ကျွန်မက လုပ်ငန်းအခွင့်အလမ်းတွေကို တိုင်ပင်ဖို့အတွက် နောက်ပိုင်းကြရင် အားလုံးကို ခဏလောက်စုဝေးမယ်လို့ စဥ်းစားထားတယ်၊ တစ်ယောက်ယောက်ကများ အရောင်းအဝယ်လုပ်ငန်းကို တာဝန်ယူဖို့ ဆန္ဒရှိမလားပေါ့၊ ပြီးတော့ ကျွန်မက အဲဒီ့နောက်ပိုင်းကြရင် ပဲတွေကိုလည်း နောက်ထပ်တစ်သုတ် ထပ်ပြီးတော့ စုဆောင်းရအုံးမယ်လေ"
...