အခန်း (၂၆၇-၂၆၈)
Vol. 27 Ch. 267-268
အပိုင်း (၂၆၇) အလုပ်သမားအကျိုးအမြတ်
နောက်တစ်နေ့ မနက်ခင်းတွင် ချန်းသရှန်၊ လုအာ့လန်နှင့် တစ်ခြားသူတစ်ချို့သည် လက်တွန်းလှည်း အနည်းငယ်ဖြင့် ရောက်ရှိလာကြကာ သူတို့၏ ပစ္စည်းများကို တင်နေကြသည်။ ထိုအခိုက်အတန့်တွင် ကျောက်အဘွားသည် သူမ၏ဘယ်ဘက်လက်ထဲတွင် ကြက်တစ်ကောင်၊ ညာဘက်လက်ထဲတွင် ကြက်ဥတစ်ခြင်းသယ်ကာ ပေါ်လာသည်။
ပြည်နယ်ကျောင်းတော်၏ ဝင်ခွင့်စာမေးပွဲစနစ်ကို သတ်မှတ်လိုက်ပြီးကတည်းက ကိုယ်ပိုင်ကျောင်းငယ်လေးများသည် ရှီကျိုးမြို့အတွင်းတွင် ပေါ်ပေါက်လာခဲ့သည်။ ဒီကျောင်းများအတွက် ကျောင်းလခမှာ အမှန်ပင် တတ်နိုင်သည့်ပမာဏထက် အလွန်မှဝေးကွာလှပြီး စာအုပ်ဖိုး၊ မှင်၊ စုတ်တံ၊ စာရွက်ဖိုးများကို ပေါင်းလိုက်လျှင် မိသားစုတစ်စု၏ ကလေးများ၏ စာရေးစာဖတ်ခြင်း ပညာသင်ကြားနိုင်သည့် အလားအလာမှာ ကျယ်ပြန့်လှသည့် အိမ်ထောင်စု အများအပြားအတွက်တော့ မရရှိနိုင်သည့် အိမ်မက်တစ်ခု ဖြစ်လာလေသည်။
အခြေအနေကို ပါးပါးနှပ်နှပ် သတိထားမိနေသဖြင့် အဘွားကျောက်သည် စန်းလော့နှင့်တွေ့ဆုံရာတွင် ထိုအကြောင်းကို ထုတ်ပြောဖို့ရန် အထူးတလည် ခက်ခဲနေတော့သည်။ သူမက သူမ၏စကားလုံးများကို အကြိမ်တော်တော်များများ အထစ်ထစ်အငေါ့ငေါ့ ဖြစ်နေပြီးမှ နောက်ဆုံးတော့ သူမကိုယ်သူမ အပြည့်အဝ ဖော်ပြလိုက်၏။ ဒါသည် အဆင်ပြေလောက်မည် မဟုတ်ကြောင်း ထည့်ပြောလိုက်ပြီးမှ လျို့ယာနှင့် ရှောင်ကျို့တို့သည် အိမ်တွင် သူတို့၏အစ်ကိုနှင့်အမများကို သင်ကြားပေးနိုင်ပါသည်ဟု ပြောလိုက်လေသည်။
စန်းလော့က ဒါကို ထူးဆန်းသလိုမြင်မိ၏။ "အဘွားက ဒီကိစ္စအပေါ်မှာ အားထုတ်မှုကို တကယ်ပဲ သုံးချင်လို့လား"
စန်းလော့သည် ကျောက်မိသားစု၏ အခြေအနေများကို ကောင်းကောင်းသိလေသည်။ သူတို့သည် သူမ ငှားရမ်းခဲ့သည့် ပထမဦးဆုံးမိသားစုဖြစ်ကာ သူတို့သည် သူမ၏လုပ်ခလစာက တော်တော်လေး မြင့်မားသည်ကို ပထမဦးဆုံးသိခဲ့သူများပင်။ ကျောက်မိသားစု၏ အကြီးဆုံးကလေးများသည် ဝူတင်း တတိယနှစ်ဆောင်းတွင်းက သူတို့၏လယ်မြေများကိုပင် ကူညီထွန်ယက်ပေးခဲ့သည်။ နောက်ပိုင်းတွင်တော့ သူမက ထယ်များကို မိတ်ဆက်ပေးခဲ့သည့်အချိန်တွင် ညီအစ်ကိုများသည် တောင်ပေါ်မြေများကို စိုက်ပျိုးခြင်းနှင့် ပျိုးပင်များကို သယ်ယူပို့ဆောင်ခြင်းဖြင့် လာရောက်ကူညီပေးကြသည်။ စန်းလော့က သူတို့ကို မှတ်မိနေသေးသည်။
ထိုကလေး ၆ယောက် ၇ယောက်ထဲက အကြီးဆုံးသည် ယခုဆိုလျှင် ကိုယ်ပိုင်မြေကွက်တစ်ခု ပိုင်ဆိုင်ထားသည့် လူကြီးအရွယ် ရောက်နေသင့်သည်။ တစ်ခြား၆ယောက် ၇ယောက်ကလဲ မိသားစု၏လုပ်အားကို ကူညီပေးနိုင်သူများ ဖြစ်လာမည်။ သူတို့သည် ဒီအခြေအနေကို အမှန်ပင် ခွဲခွာနိုင်ပါသည်တဲ့လား။
"ကျွန်မက သခင်မကို မလှည့်စားရဲပါဘူး၊ လျို့ယာနဲ့ ရှောင်ကျို့တို့က မနေ့တုန်းက သခင်မရဲ့ ကုန်သည်လှည်း ပြန်လာတုန်းက သင်ခန်းစာတွေကို နားထောင်နေခဲ့တာလေ၊ ရက်အနည်းငယ်အတွင်းမှာ အကျိုးဆောင်ခတစ်ခုထဲကနေရတဲ့ ဝင်ငွေက ၁၀၀နီးပါး ဒါမှမဟုတ် ဝမ်၁,၀၀၀နီးပါးရတယ်ဆို၊ ဒါက ကျွန်မရဲ့အတွေးတွေကို ဗြောင်းဆန်သွားစေတာပဲ၊ တကယ်လို့ ကျွန်မကလေးတွေက စာပေတတ်မြောက်နိုင်ပြီး သခင်မလိုဘဲ အတွက်အချက် အရည်အချင်း တတ်မြောက်မယ်ဆိုရင် သူတို့တွေလဲ နောက်ပိုင်းကြရင် ဒီမှာအလုပ်လုပ်ဖို့ စဥ်းစားလို့ရတာပေါ့၊ ဟုတ်ပါတယ်၊ အဲလိုမှ မဟုတ်ဘူးဆိုရင်လည်း ပြဿနာတော့ မရှိပါဘူး၊ စာသင်ကြားတာက အမြဲတမ်း အကျိုးကျေးဇူး ရှိနေတယ်လေ၊ ဒါက မြို့မှာ လက်ထောက်စာရေး ဖြစ်လာတာပဲဖြစ်ဖြစ် တစ်ခုခုလဲ လုပ်လို့ရပါသေးတယ်၊ ဒါက စိုက်ပျိုးရေးတစ်ခုတည်းကို မှီခိုအားထားနေတာထက်တော့ သေချာပေါက် ပိုပြီးတော့ကောင်းတယ်လေ၊ ဒါက တစ်နေ့ကိုမှ တစ်နာရီပဲဆိုတော့ သူတို့ရဲ့မိဘတွေကလဲ အံကြိတ်ပြီးတော့ အလုပ်တာဝန်ကို စီမံနိုင်မယ်လို့ ကျွန်မထင်တယ်၊ ဒါကြောင့် ကျွန်မက သတ္တိမွေးပြီးတော့ လာမေးရတာပါ"
ထိုစကားလုံးများကို ပြောလိုက်သည်နှင့်ချက်ချင်း စန်းလော့က ပြန်မဖြေရသေးခင်မှာပင် နောက်ထပ်အမျိုးသမီးနှစ်ယောက်က အတူတူရောက်လာကြသည်။ သူတို့သည် တစ်ခြားငှားရမ်းထားသည့် အလုပ်သမားများ၏ မိန်းမများဖြစ်လေသည်။
သည်မိသားစုနှစ်ခုစလုံးကလဲ ဒီကိစ္စကို ကြိုတင်တိုင်ပင်ခဲ့ဟန်တူသည်ဟု စန်းလော့က အကဲခတ်မိသည်။ တစ်ယောက်ချင်းစီက ကြက်တစ်ကောင်နှင့် ကြက်ဥတစ်ခြင်းကို ယူလာကြသည်။ မေးမြန်းမနေတော့ဘဲ သူမက သူတို့၏ရည်ရွယ်ချက်ကို ခန့်မှန်းမိလိုက်သည်။
ဤသို့ဖြင့် စန်းလော့ကို နှုတ်ဆက်လိုက်ပြီးနောက်တွင် အမျိုးသမီးနှစ်ယောက်သည် အဘွားကျောက်နှင့် တစ်ခြားအဘွားက ဘေးတွင်ချထားသည့် ကြက်တစ်ကောင်နှင့် ကြက်ဥကို လှည့်ကြည့်လိုက်၏။ သူတို့က ကိုးရို့ကားရားဟန်ဖြင့် ပြုံးလိုက်ကာ အဘွားကျောက်ကလဲ သူတို့ကလေးများကို စာအရေးအဖတ် အတွက်အချက် သင်ကြားဖို့ရန် လာပို့ချင်သည့်အကြောင်း မေးမြန်းလိုက်လေသည်။
ဒါကိုမြင်လိုက်သည်တွင် စန်းလော့မှာ မတတ်သာတော့ဘဲ အခြေအနေကို ရှင်းပြရ၏။ "ကျွန်မတို့တွေ မနေ့တုန်းက အရောင်းအဝယ် အကျိုးဆောင်ခကလဲ ဝမ်၁,၀၀၀နီးပါး ရှာဖွေနိုင်တယ်ဆိုတာ မှန်ပါတယ်၊ ဒါပေမဲ့ ဒါက ကျွန်မတို့ရဲ့ကုန်ပစ္စည်းကို ရောင်းမဲ့ ပထမဦးဆုံးရှာတွေ့ခဲ့တဲ့ ကုန်သည်တွေလေ၊ သူတို့တောင်းဆိုထားတဲ့ ကုန်ပစ္စည်းတွေကိုလည်း ရောင်းကုန်ဖို့ဆိုရင် အချိန် တစ်လ နှစ်လလောက်ယူရမှာ ဒီတော့ ဒီလိုအကျိုးအမြတ်က အမြဲတမ်း ရှိနေတာမျိုး မဟုတ်ဘူး"
အမှန်တွင်တော့ မိသားစုသုံးစုသည် မနေ့ညက ဒီကိစ္စကို တိုင်ပင်ခဲ့ပြီးဖြစ်လေသည်။ အဘွားကျောက်က ပြန်ဖြေလိုက်၏။ "ကျွန်မတို့ နားလည်ပါတယ်"
စန်းလော့က ခေါင်းငြိမ့်ပြသည်။ "စာဖတ်တယ်ဆိုတာက ကောင်းပါတယ်၊ ဒါပေမဲ့ ဒါက အဘွားတို့ ထင်ထားသလို အကျိုးအမြတ်အများကြီး ရှိနေတာတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ အဘွားတို့က အဘွားတို့ရဲကလေးတွေကို ပညာသင်ပေးဖို့ လိုလားတယ်ဆိုရင်တော့ ကျွန်မက ထောက်ခံပါတယ်၊ ကျေးဇူးပြုပြီးတော့ ပစ္စည်းတွေကို အရင်ဆုံး ပြန်ယူသွားလိုက်ပါအုံး၊ ကျွန်မ ဒီအကြောင်းကို ခဏနည်းနည်းလောက် ထပ်တွေးပြီးတော့ တစ်ရက် နှစ်ရက်နေရင် အဘွားတို့ကို ပြန်ပြောပါ့မယ်"
ဒီစကားကို ကြားလိုက်သည်တွင် အမျိုးသမီးသုံးယောက်သည် အနည်းငယ်ရှက်ရွံသလို ခံစားလိုက်ရ၏။ အဘွားကျောက်က ပြောလိုက်၏။ "တကယ်လို့ အဆင်မပြေဘူးဆိုရင်လဲ ဒီကိစ္စအတွက်နဲ့တော့ ကိုယ့်ဟာကိုယ် ဒုက္ခမခံပါနဲ့၊ ကျွန်မတို့တွေက ဒီကိစ္စကို ထုတ်ပြောတာနဲ့တင် ရိုင်းရာကြနေပါပြီ၊ တကယ်တမ်းကျတော့လည်း ကျွန်မတို့ရဲ့ အကြီးနဲ့ အငယ်ကလေးတွေက အတူတူ လေ့လာတယ်ဆိုရင်လည်း အတူတူပဲဖြစ်မှာပါ"
ဟုတ်ပါသည်။ ဒါသည် တူညီလိမ့်မည်တော့ မဟုတ်ချေ။ သို့မဟုတ်လျှင် သူတို့သည် ဒီခရီးကို လာကြလိမ့်မည် မဟုတ်ပေ။
စန်းလော့က ပြုံးလိုက်၏။ "ဒါက ဒုက္ခများရမဲ့ကိစ္စ မဟုတ်ပါဘူး၊ ဒါပေမဲ့လည်း လယ်ယာစိုက်ပျိုးရေးဆိုတာ ကျွန်မတို့ ကျေးလက်နေ ပြည်သူအတွက်တော့ ပထမဦးဆုံး ဦးစားပေးရမဲ့ကိစ္စလေ၊ နှစ်ခုစလုံးကို အဆင်ပြေစေမဲ့ နည်းလမ်းတစ်ခု ရှိမလားလို့ ကျွန်မ စဥ်းစားပါရစေအုံး၊ ကျွန်မက အဘွားတို့ကို တတ်နိုင်သလောက် မြန်မြန် ပြန်လာပြောပေးပါ့မယ်"
နှစ်ခုစလုံး အဆင်ပြေနိုင်စေမဲ့ နည်းလမ်းတစ်ခုတဲ့လား။
အဘွားကျောက်နှင့် ကျန်သည့်လယ်သမား မိန်းမနှစ်ယောက်သည် အကြည့်ချင်း ဖလှယ်လိုက်ကြပြီးနောက်တွင် သူတို့က သူမကို ကျေးဇူးတင်စကား ပြောလိုက်ပြီးနောက် ပြောလိုက်လေသည်။ "ဒါဆိုရင် ကျွန်မတို့တွေ သခင်မရဲ့သတင်းကို စောင့်နေပါ့မယ်နော် သခင်မ"
စန်းလော့က ပြုံးကာ သူတို့ကို လိုက်ပို့ပေးလိုက်သည်။ အမျိုးသမီးသုံးယောက်က သူတို့၏လက်ဆောင်ပစ္စည်းများကို ပြန်ယူသွားဖို့ရန် ငြင်းဆန်နေကြသည်။ သို့သော်ငြားလည်း ဒါက မိသားစုတစ်ခုအတွက် မည်မျှအရေးပါကြောင်းကို စန်းလော့က သိလေသည်။ သူမက ထိုပစ္စည်းများကို သူတို့တစ်ယောက်ချင်းစီ၏ လက်ထဲသို့ အတင်းပြန်ထည့်ပေးလိုက်ရသည်။
"အိမ်မှာ ကျွန်မတို့တွေမှာ စုဆောင်းထားတာ ရှိပါသေးတယ်၊ ဒါတွေကို စုဆောင်းဖို့ကလဲ လွယ်တာမဟုတ်ပါဘူး၊ ဒီတော့ အပိုထပ်ပြီး သုံးနေဖို့မလိုပါဘူး၊ ကျွန်မ ဒါကိုစိတ်ထဲမှာ မှတ်ထားပါ့မယ်၊ နောက်တစ်ရက် နှစ်ရက်လောက်နေရင် အဘွားတို့ကို အဖြေပြန်ပေးပါ့မယ်"
သူတို့သုံးယောက်ကို နှုတ်ဆက်ခဲ့ပြီးနောက်တွင် စန်းလော့က ကုန်ပစ္စည်းတင်နေဆဲဖြစ်သည့် ချန်းသရှန်ကို လှမ်းခေါ်လိုက်၏။
"ကျွန်မ စဥ်းစားမိတာလေ၊ ကျွန်မက ကျွန်မတို့အလုပ်ရုံ ဒါမှမဟုတ် ဆိုင်က အလုပ်သမားတွေနဲ့ သူတို့ရဲ့ကလေးတွေ အတွက် အခွင့်အရေးတစ်ခုကို ဖန်တီးပေးချင်တယ်၊ စာအရေးအဖတ် သင်ပေးချင်တယ်"
ချန်းသရှန်က တအံ့တသြ ဖြစ်သွားသည်။ "ဒါက လူတော်တော်များတယ်နော် မဟုတ်ဘူးလား"
အဘွားကျောက်က စန်းလော့ကို ထိုအကြောင်း ပြောပြနေချိန်တွင် ချန်းသရှန်သည် ကုန်ပစ္စည်းများကို အထဲအပြင် ရွှေ့ပေးနေသဖြင့် သူတို့၏စကားဝိုင်းများကို လှမ်းကြားလိုက်သည်။ အစပိုင်းတွင်တော့ စန်းလော့က စဥ်းစားဖို့ရန် အချိန်လိုသေးသည်ဟု ကြားလိုက်ချိန်တွင် လူအများကြီးကို လက်ခံဖို့ရန်အတွက် အဆင်မပြေ ဖြစ်သောကြောင့်ဟု ယူဆလိုက်သည်။ သူမက အလုပ်ရုံနှင့် ဆိုင်ဝန်ထမ်းများကို ထည့်သွင်းစဥ်းစားပေးလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။
"နောက်ပြီးတော့ ဒီ့အပြင် လူကြီးတွေကရော စာလေ့လာဖို့အတွက် အချိန်ဘယ်လောက် ပေးနိုင်မှာလဲ၊ ကလေးတွေကတော့ ပိုပြီးတော့ သင့်တော်လိမ့်မယ်"
စန်းလော့က ပြန်ဖြေလိုက်သည်။ "သူတို့တွေ ညပိုင်းစာသင်လို့ရပါတယ်၊ ပိုငယ်တဲ့ကလေးတွေကတော့ နေ့ခင်းဘက် နာရီဝက်လောက် လာလို့ရတယ်၊ လယ်အလုပ်ကိုကူညီပေးနေတဲ့ ပိုကြီးတဲ့ကလေးတွေကတော့ တကယ်လို့ သူတို့တွေ ဆန္ဒရှိတယ်ဆိုရင် ညပိုင်းနာရီဝက်လောက် လာတက်လို့ရတယ်လေ ဒါဆိုရင်ရော ဘယ်လိုထင်လဲ"
ချန်းသရှန်သည် နောက်ဆုံးတော့ နားလည်သွားလေသည်။ ဒါသည် သူတို့က အိမ်တွင်သင်ကြားခြင်းကလွဲလျှင် သူနှင့် သူ့မိန်းမက သူတို့၏ညီမလေးနှင့် လုပ်ခဲ့ပုံနှင့်ဆင်တူနေမှန်း သိလိုက်သည်။ "ဒါက ဖြစ်နိုင်ပါတယ်၊ ဒါပေမဲ့ အများကြီးကတော့ စာသင်ဖို့ စိတ်ဝင်စားမယ်လို့တော့ မထင်ဘူး"
ပြီးခဲ့သည့်နှစ် အနည်းငယ်အတွင်းတွင် သူသည်လည်း စာဖတ်ခြင်းနှင့် အတွက်အချက်ကို လေ့လာဖို့မလိုဟုမြင်ခဲ့သည်။ သူတို့၏မိသားစုများက အတူတူစီးပွားရေး စတင်လုပ်ဆောင်သည့် အချိန်ရောက်မှသာ ချန်းသရှန်သည် အမဲလိုက်ခြင်းနှင့် စိုက်ပျိုးရေးလုပ်ဆောင်ခြင်းက မလုံလောက်တော့သည်ကို သဘောပေါက်သွားသည်။ သူ၏ လတ်တလော အရောင်းအဝယ်ခရီးက ဒီအခြေအနေကို ပိုပြီးထောက်ပြနေသည်။ အကယ်၍ သူသာ ရှန်းကျင့်နှင့် အာ့ရှန်တို့ကို အတူတူခေါ်မသွားခဲ့လျှင် သူသည် လုအာ့လန်နှင့် လုစန်းလန်တို့နှင့်အတူ သဘောတူညီမှုစာချုပ်ကို သေသေချာချာ နားလည်နိုင်လိမ့်မည် မဟုတ်ချေ။
သူသည် အစောပိုင်း စာလေ့လာခဲ့သူများထဲက တစ်ယောက်ဖြစ်လေသည်။ ဒီအရောင်းအဝယ်ခရီးအတွင်းတွင် အရေးကြီးလာသည်ဟု သဘောပေါက်လာသည့် လုအာ့လန်နှင့်တော့ မတူချေ။ ဒီနေ့တွင် သူသည် သူ၏လှည်းအလွတ်ပေါ်တွင် အဝတ်အိတ်တစ်အိတ်ကို ချိတ်ထားကာ အားရှုက သူ၏ အစောပိုင်းစာလေ့လာခြင်းတွင် အသုံးပြုခဲ့သည့် တစ်ခုနှင့်ဆင်တူဖြစ်သည်။
ကျောက်အဘွားနှင့် တစ်ခြားသူများက စာဖတ်ပြီး တွက်ချက်တတ်သူများအတွက် စန်းလော့၏ စီးပွားရေးလုပ်ငန်းတွင် အလားအလာရှိသည့် မျှော်မှန်းချက်ကို မြင်လိုက်ကြသဖြင့် ဒါကပဲ အလုပ်လုပ်နိုင်သည့် သူတို့၏မြေးများကို ခေါ်ထုတ်လာရဲခြင်းပင်။
လူအများစုကတော့ အခြေအနေကို ရင်းနှီးလာသည့်အချိန်မှသာ ဒါကို သတိထားမိလာလိမ့်မည်။ စန်းလော့က ခေါင်းငြိမ့်ပြလိုက်သည်။ "ဒါတော့ အမှန်ပဲ၊ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ်ပါ အရင်ဆုံး မေးကြည့်ကြတာပေါ့၊ နည်းနည်းလေးဆိုရင်တောင်မှ အဆင်ပြေပါတယ်၊ ဒါက ကျွန်မတို့ရဲ့အလုပ်သမားတွေအတွက် အပိုအကျိုးရလဒ်တစ်ခုလို့ သတ်မှတ်လို့ရတယ်လေ၊ ဒီ့အပြင် တကယ်လို့ ကျွန်မတို့တွေက နောက်ပိုင်း လူအင်အားပိုပြီးတော့ လိုလာမယ်ဆိုရင်လည်း ပိုပြီးတော့အကျိုးဖြစ်တာပေါ့"
လက်တွေ့တွင်တော့ ဆိုင်နှစ်ဆိုင်၊ အလုပ်ရုံတစ်ခုနှင့် အရောင်းအဝယ်အဖွဲ့ တစ်ခုတည်းသာ ရှိသည်တွင် စန်းလော့သည် သူမ၏လိုအပ်ချက်က သူမ၏အရည်အချင်းကို ထိန်းချုပ်ထားသည်ဟု အမြဲတမ်းခံစားနေရသည်။ ဥပမာ သရှင်းရွာ အထူးထုတ်ကုန်ဆိုင်အတွက် အလုပ်လုပ်ပေးနေသည့် ရှင်းညန်သည် စာကောင်းကောင်းတတ်သည်တော့ မဟုတ်ချေ။ ကုန်ပစ္စည်းများကို စျေးနှုန်းများ ရေးထားသော်ငြားလည်း သူမသည် ဆိုင်ကို ပထမဦးဆုံး ဖွင့်လှစ်ခဲ့သည့်အချိန်က စာလုံးများကို တစ်ဝက်သာ မှတ်မိနိုင်သည်။ အစပိုင်းတွင်တော့ သူက စျေးများကို ဒီအတိုင်းမှတ်ဉာဏ်ထဲတွင် မှတ်ထားရင်းဖြင့်သာ အားကိုးရသည်။ ဒါသည် ဆိုင်ထဲက ပစ္စည်းအကန့်အသတ်နှင့် ဆိုလျှင်တော့ အဆင်ပြေနိုင်သည်။ သို့သော်ငြားလည်း ပိုပြီးချဲ့ထွင်လာသည့် ကုန်ပစ္စည်းများနှင့်ဆိုလျှင်တော့ အဆင်မပြေနိုင်တော့ချေ။ ဒါ့ကြောင့်ပင် ရှန်းနဥ်သည် ပထမလ အနည်းငယ်အတွင်းတွင် စာရင်းများကို မှတ်ပေးခြင်းနှင့် ပြန်လည်ညှိနှိုင်းခြင်းအတွက် အချိန်ပိုပေးခဲ့ရသည်။
ကျောက်အဘွား၏စကားလုံးများက စန်းလော့၏ စိတ်ထဲတွင် ဒီစိတ်ကူးကို ပေါ်ပေါက်လာစေ၏။ အကယ်၍ ကျောက်မိသားစုက အနာဂတ်တွင် သူမအတွက် သူတို့၏ကလေးများကို အလုပ်လုပ်စေချင်လျှင် အပြန်အလှန်အားဖြင့် စဥ်းစားရလျှင် သူမ၏လုပ်ငန်းက ကြီးပွားလာသည်နှင့်အမျှ အရည်အသွေးကောင်းသည့် လုပ်သားအင်အားများကို ကြိုတင်ပြုစုပျိုးထောင်ဖို့က အရေးကြီးပေလိမ့်မည်။ သူမ၏လုပ်ငန်းကို မချဲ့ထွင်ခဲ့လျှင်ပင် ဒါက သူမ၏ လက်ရှိအလုပ်သမားများက အလုပ်ရုံအပေါ် သစ္စာရှိမှုကို အာမခံပေးနိုင်လိမ့်မည်။
ချန်းသရှန်က ဒါကိုရိပ်မိသွားသယောင်ဖြင့် အကြံပေးလိုက်၏။ "ဒါလည်း အဓိပ္ပါယ် ရှိပါတယ်၊ ခဏနေကြရင် ငါ အလုပ်ရုံကို သွားပြီးတော့ အဘွားကို မေးလိုက်ရမလား"
သို့သော်ငြားလည်း စန်းလော့က ချက်ချင်း သဘောမတူလိုက်ချေ။ "ကျွန်မ ဒီကိစ္စကို နည်းနည်းလောက် ထပ်စဥ်းစားပါရစေအုံး၊ တကယ်လို့ လူက နည်းနည်းလေးပဲဆိုရင်တော့ ကျွန်မတို့တွေက သူတို့တွေကို အတူတူတွဲခေါ်ပြီးတော့ သင်ပေးလို့ရတယ်လေ၊ ဒါပေမဲ့ လူအများကြီးဆိုရင်တော့ ကျွန်မတို့မှာ သေချာတဲ့ အစီအစဥ်တစ်ခု ရှိဖို့လိုတယ်၊ အလုပ်သမားတစ်ယောက်စီက မိသားစုဝင်ဘယ်နှစ်ယောက် ခေါ်လာနိုင်မလဲဆိုတာအပေါ် ကန့်သတ်ထားသင့်တယ်၊ ကျွန်မတို့တွေက မိသားစုတစ်ခုက လူတိုင်းက အပြေးအလွှား ရောက်လာတာကို လက်ခံလို့ မဖြစ်ဘူးလေ၊ ဒါက ဖရိုဖရဲဖြစ်သွားနိုင်တဲ့အပြင် ကျွန်မတို့လဲ နေရာမရှိဖြစ်သွားနိုင်တယ်"
ဒီလိုမြင်ကွင်းမျိုးက ဖြစ်လာဖို့ရန် လုံးဝမဖြစ်နိုင်ဟု စန်းလော့သည် ယုံကြည်ထားသော်ငြားလည်း လုပ်ငန်းတစ်ခုတွင် ဖြစ်နိုင်ခြေအားလုံးကို ထည့်သွင်းစဥ်းစားသည်က အမြဲတမ်းပိုကောင်းလေသည်။
"အရမ်းကောင်းတယ်၊ မင်း ဒါကို သေသေချာချာ စဥ်းစားထားပြီးပြီပဲ၊ တကယ်လို့ ငါတို့တွေ လုပ်ပေးစရာ တစ်ခုခုလိုတယ်ဆိုရင် ငါတို့ကိုသာ ပြောလိုက်ပါ"
ပစ္စည်းများကို တင်ပြီးသွားသည့်နောက်တွင် သူတို့လေးယောက်သည် အဖွဲ့ခွဲကာတောင်ပိုင်းနှင့် မြောက်ပိုင်း စီရင်စုများဆီသို့ ထွက်ခွာသွားကြလေသည်။
...
စန်းလော့သည် ကျောင်းတစ်ကျောင်း တည်ဆောက်မည့်ကိစ္စကို စိတ်အားထက်သန်စွာ အကောင်အထည် ဖော်လိုက်၏။ နေ့ခင်းဘက်တွင် သူမက နေရာကို မည်သို့ချထားမည့်အကြောင်းကို ရှန်းနဥ်နှင့် တိုင်ပင်လိုက်သည်။
အလုပ်ရုံ၊ ဆိုင်၊ ကုန်သည်အဖွဲ့၊ ငှားထားရသည့် အလုပ်သမားအပါအဝင် စန်းလော့၏ စီမံမှုအောက်တွင် လူ၅၀ကျော်ရှိလေသည်။
ချန်းသရှန် ထောက်ပြထားသကဲ့သို့ပင် အားလုံးကလဲ စာအရေးအဖတ်နှင့် အတွက်အချက်ကို လေ့လာဖို့ရန် စိတ်ဝင်စားကြလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ဒီအယောက်၅၀ထဲက တစ်ချို့အပါအဝင် တစ်ယောက်ချင်းစီက တက်ရောက်ဖို့ရန် ဆန္ဒရှိခဲ့လျှင်ပင် သူတို့ကို ရည်ရွယ်ချက်ရှိသည်ဟု မှတ်ယူရပေလိမ့်မည်။ အကယ်၍ ထိုနေရာများကို သူတို့၏ကလေးများအား ပေးခဲ့မည်ဆိုလျှင် အလုပ်လုပ်နိုင်သည့်လူကြီးများက အခွင့်အရေးကို စွန့်လွှတ်လိုစိတ် ရှိကြမည်မဟုတ်သဖြင့် လူငယ်များကလဲ အခွင့်အရေးတစ်ခု ရရှိလာပေလိမ့်မည်။
တစ်နေရာကို တစ်ယောက်နှုန်းလား။
"တကယ်လို့ တစ်ယောက်ယောက်က ကိုယ့်ဟာကိုယ် စိတ်အားတက်ကြွပြီး သူတို့ရဲ့ကလေးတွေကိုလည်း စာသင်ပေးချင်တယ်ဆိုရင်ရော"
နောက်ဆုံးတွင်တော့ သူတို့သည် လူကြီးဖြစ်စေ လူငယ်ဖြစ်စေ အငယ်ဆုံးအသက်အရွယ်မှာ အနည်းဆုံး အသက်၇နှစ် ဖြစ်ရမည်ဟူသည့် စည်းမျဥ်းစည်းကမ်းဖြင့် လူတစ်ယောက်ကို နေရာနှစ်ခု ဆုံးဖြတ်လိုက်ကြသည်။
"ယောင်းမ အချိန်အခါမတူတဲ့ အခြေအနေမှာ ဝင်ခွင့်ရလာတဲ့ ကျောင်းသားတွေက တိုးတက်မှုအဆင့်လဲ တူကြမှာတော့ မဟုတ်ဘူး မဟုတ်လား၊ ညီမတို့တွေက နောက်ထပ် အတန်းတစ်တန်းကို ချဲ့သင့်လား"
စန်းလော့က ခဏလောက်စဥ်းစားလိုက်ပြီး အကြံပြုလိုက်သည်။ "သူတို့တွေကို အတန်းသုံးတန်း ခွဲလိုက်ကြမယ်၊ စာတတ်မြောက်ရေးအတန်း၊ အခြေခံအဆင့်အတန်း၊ အဆင်မြင့်အတန်း၊ စာတတ်မြောက်ရေးအတန်းကတော့ အခြေခံစာအရေးအဖတ်နဲ့ အတွက်အချက်ကိုပဲ ဦးစားပေးပြီး ညပိုင်းအတန်းအဖြစ် ညပိုင်းကြမှ ဖွင့်မယ်၊ အခြေခံအတန်းကိုတော့ နင် အခုသင်နေတဲ့အတန်းနဲ့ အတူတူပဲ၊ အဆင်မြင့်အတန်းကတော့ နင့်အစ်ကိုရယ်၊ ယွင်ကျန့်တို့ အဖွဲ့ငယ်လေးတစ်ခုရယ် ပါလိမ့်မယ်"
သူမက ဆက်ပြောလိုက်သည်။ "ဒါက အလုပ်သမားတွေရဲ့ အကျိုးအမြတ်အတွက်ဆိုတော့ ငါတို့တွေက ကျောင်းလခကို ကောက်လို့ရမှာ မဟုတ်ဘူး၊ အခြေခံအဆင့်နဲ့ စာတတ်မြောက်ရေးအတန်းအတွက် နင်တို့ဆရာတွေကတော့ ငါ့ဆီမှာ လစာလာထုတ်လို့ရတယ်"
ရှန်းနဥ်၏မျက်လုံးများက လင်းလက်သွားလေသည်။ "ညီမတို့ကို လစာပေးမှာလား"
"ဘာဖြစ်လို့မပေးရမှာလဲ၊ ငါက နင့်ကို ဘယ်တုန်းက အလကားခိုင်းခဲ့ဖူးလို့လဲ"
"မဟုတ်ပါဘူး၊ ယောင်းမက အရင်တုန်းက ညီမတို့ကို ဘယ်တော့မှ အဲလိုမခိုင်းခဲ့ပါဘူး"
အရင်ကတည်းကပင် သူတို့သည် ဆရာတစ်ယောက်အဖြစ် ပြီးမြောက်အောင်မြင်သည့် ခံစားချက်တစ်ခုကို ပေးစွမ်းနိုင်ဖို့ရန် မများပြားသော်ငြားလည်း သင့်တော်သည့် လစဥ်ထောက်ပံ့ကြေးကို ရရှိခဲ့သည်။ ယခုတော့ လစာတစ်ခုရလာလျှင် ဒါက ပိုပြီးတော့ ကွာခြားသွားပေလိမ့်မည်။ ရှန်းနဥ်၏မျက်လုံးများက အပြုံးတစ်ခုအသွင် ကွေးတက်သွား၏။ "ညီမ ဒီအကြောင်းကို ဝမ်ယင်းနဲ့ တစ်ခြားကောင်မလေးတွေကို နောက်မှ ပြောပြလိုက်မယ်"
ငွေရှာဖွေဖို့ရန် စိတ်အားထက်သန်နေကြသည့် ဒီကလေးမ လေးယောက်သည် ယခုတော့ သူတို့၏ ကိုယ်ပိုင်ဝင်ငွေ သေးသေးလေး ရှိလေသည်။ စုတ်တံလုပ်ခြင်းမှ ရရှိသည့်ငွေများကို ရှန်းနဥ်က သိမ်းဆည်းဖို့ရန်ပေးထားပြီး ဆိုင်တာဝန်ခံရွှီကလဲ ငွေများကို ရွှီဝမ်ယင်းထံ အပ်နှံထားသည်။ ဒီအကြောင်းကို ကြားလိုက်သည်တွင် ချန်းနှင့် ရှီမိသားစုတို့က နောက်မှလိုက်လာပြီး ချန်းရှောင်ယာနှင့် ရှီချောင်အာတို့ကလဲ သူတို့၏ဝေစုများကို စီမံခွင့်ရခဲ့သည်။
ညပိုင်းအတန်းသည် ကလေးနှစ်ယောက်ရှိနေသည့် ရှန်းမိသားစုအတွက် အဆင်မပြေချေ။ ရှန်းယင်နှင့် တိုင်ပင်လိုက်ပြီးနောက်တွင် ညီအစ်ကိုသုံးယောက်က သူတို့အိမ်က အခန်းတစ်ခန်းကို စာသင်ခန်းတစ်ခုအဖြစ် ပြောင်းလဲမည်ဟု ဆုံးဖြတ်လိုက်ကာ နောက်ဆုံး သဘောတူညီချက်ရသွား၏။
ရှန်းနဥ်ကတော့ အစီအစဥ်သစ်အကြောင်းကို အဘွားချန်းတို့ထံ အကြောင်းကြားပေးခဲ့သူဖြစ်ကာ အဘွားချန်းတို့က ထို့နောက်တွင်တော့ သတင်းကို တစ်ဆင့်ပြန်ပြီး ပြောပေးလိမ့်မည်။ တစ်ခြားသူများက သတင်းများကို ပြောပြပေးနေစဥ် ကျောက်မိသားစုဝင်ထဲက ဇနီးနှစ်ယောက်ကတော့ ဝမ်းသာပျော်ရွှင်နေကာ သူတို့၏မျက်နှာက ဝမ်းသာအားရဖြင့် လင်းလက်နေတော့သည်။
"ငါတို့ရဲ့သခင်မက သဘောတူလိုက်ပြီတဲ့” သူတို့က တအံ့တသြ ပြောကြသည်။
အိမ်တွင် ကလေးရှိကြသည့် အမျိုးသမီးတစ်ချို့ကလဲ စိတ်ဝင်စားမှုကြောင့် လင်းလက်သွားကြသည်။
ချန်းအဘွားက ပြုံးကာပြောလိုက်၏။ "ကလေးတွေကို စာရင်းသွင်းပေးချင်တဲ့သူတွေကတော့ လာမဲ့ညနေခင်း၂ရက်အတွင်း အလုပ်ပြီးသွားရင် အိမ်ရာဝန်းထဲကိုသွားပြီးတော့ အားနဥ်ဆီမှာ စာရင်းသွားသွင်းသင့်တယ်၊ ဒါပေမဲ့ နင်တို့တွေ ဒါကိုမလုပ်ခင် ကလေးတွေက ဆန္ဒရှိရဲ့လားဆိုတာကို သေချာမေးနော်၊ သူတို့တွေက ပတ်ပြေးနေပြီး ရုန်းရင်းဆန်ခတ်လုပ်နေပြီး တစ်ခြားသူတွေ စာလေ့လာတာကို အနှောက်အယှက် ဖြစ်နေမယ်ဆိုရင်တော့ ဒါက သင့်တော်မှာမဟုတ်ဘူး"
အမျိုးသမီးတစ်ဖွဲ့က ခေါင်းငြိမ့်ပြကာ ပြုံးပြလိုက်ပြီး သဘောတူလိုက်ကြသည်။ အဘွားချန်း ပြန်လာသည်နှင့်ချက်ချင်း အလုပ်ရုံသည် စကားဝိုင်းများဖြင့် စည်ကားသွားတော့သည်။ "ငါတို့တွေက ငါတို့ရဲ့ကလေးတွေကို စာအရေးအဖတ်သင်ကြားဖို့ တကယ်ပဲ ခွင့်ပြုပေးကြမှာလား"
ကျောက်မိသားစု၏ အကြီးဆုံးချွေးမက ခေါင်းညိတ်ပြသည်။ "စန်းသခင်မက ဒီလိုကိစ္စမျိုးနဲ့ပတ်သတ်ပြီး လိမ်ပါ့မလား၊ သရှင်းရွာက ကလေးတွေအားလုံးက အရေးအဖတ် တတ်ကြတယ်၊ ငါတို့မိသားစုက စန်းသခင်မအတွက် အချိန်အကြာကြီး အလုပ်လုပ်ပေးလာခဲ့တာလေ၊ ငါ့သမီး လျို့ယာနဲ့ငါ့တူလေးကတောင် နှစ်ဝက်လောက် အဲဒီ့မှာ စာသင်နေခဲ့တာ၊ သူတို့တွေက အခုဆိုရင် စာလုံးပေါင်း တစ်ချို့ကိုတောင်မှ မှတ်မိနေပြီလေ"
"မိန်းကလေးတွေကိုလဲ စာသင်ပေးဖို့ လွှတ်မှာလား၊ စာအုပ်ဖိုး၊ စုတ်တံဖိုး၊ မှင်ဖိုးနဲ့ စာရွက်ဖိုးက ဘယ်လောက်ကုန်မှာလဲ၊ ပြီးတော့ ကလေးမတွေက အိမ်မှာကူညီပေးဖို့လည်း လိုသေးတယ် မဟုတ်လား” အမျိုးသမီးတစ်ယောက်က မေးလိုက်၏။
ကျောက်မိသားစု၏ အကြီးဆုံးချွေးမက သူမကို တစ်ချက်ကြည့်လိုက်ပြီး "မိန်းကလေးတွေက ဘာဖြစ်လို့လဲ၊ လျို့ယာကို သင်ပေးနေတဲ့ဆရာကတောင်မှ ကိုယ်တိုင်က မိန်းမငယ်လေးပဲလေ၊ သူ့လိုပဲ တစ်ခြားမိန်းကလေးတွေလည်း အများကြီး ရှိသေးတယ်။ အငယ်ဆုံးဆိုရင် ဒီနှစ်မှ ၁၀နှစ်ပဲ ရှိသေးတယ်၊ သူက မနှစ်တုန်းကဆိုရင်၉နှစ်ပေါ့"
"ဟမ်” အမျိုးသမီးက မှင်သက်အံ့သြသွားသည်။ "၉နှစ်သမီးက ဆရာတစ်ယောက် ဖြစ်နေပြီလား" "
"အင်းလေ၊ သူ့မှာ လျို့ယာနဲ့ရှောင်ကျို့တို့ကို သင်ပေးဖို့အတွက် အသိပညာတွေက လုံလောက်တာထက်တောင် ပိုသေးတယ်၊ သူက လှလှပပ စာဖတ်တတ်ပြီး ရွာထဲက လူကြီးအများစုကတောင် အဲဒီ့ကလေးမလေးတွေနဲ့ မယှဥ်နိုင်ဘူးလေ” ကျောက်မိသားစု၏ အကြီးဆုံးချွေးမက ပြန်ဖြေလိုက်၏။
"စုတ်တံ၊ မှင်နဲ့ စာရွက်တွေကရော၊ ဒါက ကုန်ကျစရိတ်များတယ် မဟုတ်လား” လူတစ်ယောက်က ထိုအကြောင်းကိုသာ ဖိမေးလိုက်၏။
"စာရွက်တွေ မလိုပါဘူး၊ ငါတို့တွေက အိမ်မှာ ဝါးစာလိပ်လေးတွေ လုပ်လို့ရတယ်၊ စုတ်တံနဲ့ မှင်ကိုပဲဝယ်ရမှာ၊ အားနဥ်ကို ငါတို့အတွက် စာအုပ်ကူးခိုင်းလို့ရပါတယ်၊ နေ့စဥ်လေ့ကျင့်ဖို့အတွက်တော့ ငါတို့တွေက စာရေးဖို့အတွက် သဲဗန်းလေးတစ်ခုကို သုံးလို့ရတယ်လေ၊ နွေရာသီမှာဆိုရင် ရေနဲ့ ကျောက်ပြားလေးတွေပဲလိုတာ၊ သူတို့တွေက တစ်နေ့မှ နာရီဝက်လောက်ပဲ အတန်းတက်ရတာ ဒါက အိမ်မှုကိစ္စကိုလည်း အများကြီး ထိခိုက်မသွားဘူးလေ၊ စာရေးဖတ်တတ်တာကို သိတာက တကယ့်ကိုအသုံးဝင်တာပဲ"
ဘာအသုံးဝင်ပါသနည်း။ အမျိုးသမီးတစ်ယောက်သည် နှုတ်ဆိတ်သွားကာ ထပ်ပြီးမပြောရဲတော့ချေ။
လူတစ်ယောက်သည် စာသင်ကြားဖို့ ရွေးချယ်သည်ဖြစ်စေ မရွေးချယ်သည်ဖြစ်စေ အမျိုးသမီးအစေခံလေးကို အထင်သေးသည်ကတော့ တော်တော်လေး ဟန်ရေးများလှသည် မဟုတ်ပါလား။ သရှင်းရွာ အထူးထုတ်ကုန်ဆိုင်က အမျိုးသမီး အရောင်းဝန်ထမ်းများသည် လေးစားဖို့ မထိုက်တန်လေသလား။ စန်းသခင်မကိုယ်တိုင်က အမျိုးသမီးငယ်လေးတစ်ယောက် မဟုတ်လို့လား။ ယခုတော့ မင်းကြီးကိုယ်တိုင်က သူမကို စီရင်စုမင်းသမီးအဖြစ်ပင် ဘွဲ့တံဆိပ်အပ်နှင်းပေးခဲ့သည်။ သခင်မလေးရှန်းနဥ်ကလဲ မိန်းမငယ်လေးတစ်ယောက် မဟုတ်ပါလား။ သူမသည် အိမ်ထောင့်တာဝန်နှင့် စီးပွားရေးတစ်ခုလုံးကို ရှင်းရှင်းလင်းလင်း အရည်ချင်းရှိရှိဖြင့် စီမံနိုင်စွမ်းရှိသည်။
ကျောက်မိသားစု၏ အကြီးဆုံးချွေးမကတော့ ဆုံးဖြတ်ချက် ချထားပြီးသားဖြစ်လေသည်။ မိသားစုအတွက် နေရာ၈ခု ရှိသည်တွင် သူမ၏သားကို စာရင်းသွင်းပေးခြင်းကလွဲလျှင် သူမသည် သူမ၏အကြီးဆုံးသမီးအတွက်လည်း သေချာပေါက် နေရာတစ်ခုကို ယူထားပေးရမည်။
အနီးအနားက နောက်ထပ်အလုပ်ရုံတစ်ခုတွင် အမျိုးသမီးငယ်လေးနှစ်ယောက် ရှိလေသည်။ သူတို့ထဲက တစ်ယောက်မှာ ကျန့်သနွီဖြစ်ပြီး သူမသည် ဒီနှစ်များအတွင်းတွင် သူမ၏အစောပိုင်း ပြည့်ဖြိုးသည့်ခန္ဓာကိုယ်ကို လုံးဝပြန်မရတော့ချေ။ ကျန်တစ်ယောက်ကတော့ ဘယ်ဘက်မျက်နှာပေါ်တွင် အမာရွတ်ရေးရေးလေးကျန်နေပြီး ကန်းရှီ၏ ယောင်းမဖြစ်လေသည်။
အမျိုးသမီး နှစ်ယောက်စလုံးကလဲ ကျောက်အဒေါ်၏ စကားဝိုင်းကို ကြားခဲ့ပြီးဖြစ်သည်။ သူမ၏အသံကို တိုးထားလိုက်ပြီး ကျန့်သနွီ၏မိန်းမက ကန်းရှီ၏ယောင်းမကို မေးလိုက်၏။ "အစ်မ၊ အစ်မက ဒီအကြောင်းကို အစ်မရဲ့ယောက်ခမကို ပြန်ပြောပြမှာလား"
ကန်းအာ့လန်နှင့် သူ့မိန်းမသည် ယခုတော့ သားတစ်ယောက်နှင့် သမီးတစ်ယောက်ရှိလေသည်။ သားက တော်တော်လေး ငယ်သေးကာ သူ့အဖေ တောင်အတွင်းပိုင်းမှ ပြန်လာတုန်းကမှ မွေးဖွားထားခြင်းဖြစ်သည်။ သူတို့၏သမီးကတော့ ၈နှစ်အရွယ် ရှိပြီဖြစ်သည်။
"ကျွန်မက ကျွန်မရဲ့ဝမ်းကွဲက ပညာရေးနောက် လိုက်နေတာကို အမြဲအားကျပြီး ကူးယူထားတဲ့စာအုပ်တွေကိုလည်း စုဆောင်းထားခဲ့တယ်လေ၊ ကျွန်မက ဒီနေရာမှာ ဖန့်လန်အတွက် စာရင်းသွင်းပေးမဲ့အပြင် ကျွန်မကိုယ်တိုင်လည်း စာရင်းသွင်းဖို့ဆန္ဒရှိတယ်"
"အစ်မကလဲ စာသင်မလို့လား"
ကန်းအာ့လန်၏မိန်းမက ခေါင်းငြိမ့်ပြလိုက်ပြီး "သခင်မစန်းရဲ့ စီးပွားရေးလုပ်ငန်းက အနာဂတ်မှာ ချဲ့ထွင်လိမ့်မယ်လို့ ခံစားချက်တစ်ခု ရှိနေတယ်၊ အခုအချိန်မှာ သူက သူ့ရဲ့အလုပ်ရုံအတွက် အမျိုးသမီးအလုပ်သမားတွေကို ငှားရမ်းထားတယ်လေ၊ ဒါပေမဲ့ နောက်ပိုင်းကျရင်ရော၊ စာသင်တယ်ဆိုတာက အကျိုးမယုတ်ပါဘူး၊ ငါကတော့ နင့်ကို စမ်းကြည့်ဖို့ အကြံပေးချင်တယ်"
ပြီးခဲ့သည့်နှစ်အနည်းငယ်အတွင်းတွင် ကျန့်သနွီသည် နောက်အိမ်ထောင်မပြုတော့ဘဲ တံခါးလာခေါက်ခဲ့သည့် အောင်သွယ်တော်များ အားလုံးကို ငြင်းပယ်ခဲ့လေသည်။ သူမ၏မိဘနှင့် အစ်ကိုကြီးများက သူမကို မည်သို့ပင် ကောင်းကောင်းမွန်မွန် ဆက်ဆံပါစေ သူမသည် သူမ၏ခြေထောက်နှစ်ဖက်ပေါ်တွင် နောက်ဆုံးတော့ ကိုယ်ပိုင်ရပ်တည်ဖို့ လိုအပ်ကြောင်းကို သိထားသည်။
ထိုကြမ္မာဆိုးဝင်ခဲ့သည့်နေ့က အတွေးများက ကန်းအာ့လန်၏မိန်းမကို သူမ၏ဘယ်ဘက်မျက်နှာအား အလိုလို စမ်းမိသွားစေသည်။ ထိုအရာက ဝံပုလွေအုပ်ကြီးဆီသို့ တွန်းပို့ခံလိုက်ရခြင်းကြောင့် ရုပ်ပျက်ဆင်းပျက် ဖြစ်သွားခဲ့သည့် မျက်နှာတစ်ခြမ်းပင်။ စာအရေးအဖတ်နှင့် အတွက်အချက်က သူမကို အမျိုးသမီးလက်ထောက်အဖြစ် လုပ်ဖို့ရန် ခွင့်ပြုနိုင်ပါ့အုံးမည်လား။
သူမသည် သေချာမသိချေ။ သို့သော်ငြားလည်း သူမသည် ထူးချွန်ခဲ့လျှင် အနည်းဆုံးတော့ သူမ၏ခင်ပွန်းနှင့် ကလေးများကို သင်ပေးနိုင်နေသေးသည်။
...
ညနေခင်းသို့ရောက်လာပြီး ခေါက်ဆွဲအလုပ်ရုံ ပိတ်သွားသည်တွင် တစ်ခြားသူများက သူတို့၏ကလေးများ ကျောင်းတက်လိုစိတ်ရှိမရှိ၊ မည်သူက ထိုနေရာကို ယူမည့်အကြောင်းကို တိုင်ပင်ဖို့ရန် အိမ်သို့ပြန်သွားကြလိမ့်မည်။ သို့သော်ငြားလည်း ကန်းအာ့လန်၏မိန်းမနှင့် ကျန့်သနွီတို့ကတော့ ရှန်းအိမ်ထောင်စုသို့ အတူတူ တန်းတန်းမတ်မတ် သွားလိုက်ကြသည်။
ကန်းအာ့လန်၏မိန်းမက သူမကိုယ်တိုင်နှင့် သူမ၏သမီးအတွက် စာရင်းသွင်းခဲ့ပြီး ကျန့်သနွီကတော့ သူမကိုယ်တိုင်အတွက် စာရင်းသွင်းခဲ့ကာ သူမ၏တူလေးအတွက်လည်း မေးမြန်းစုံစမ်းခဲ့သေးသည်။ "လူတစ်ယောက်ကို နှစ်နေရာ ရထားတယ်လို့ ကျွန်မ ကြားတယ်၊ ကျွန်မက တစ်ခြားနေရာတစ်ခုကို ကျွန်မရဲ့တူလေးကို ပေးလို့ရလား"
"ရတာပေါ့၊ အသက်၇နှစ်နဲ့အထက်ဆိုရင် ရပါတယ်"
"အသက်ပြည့်ပါတယ် ကျွန်မရဲ့တူလေး အကြီးတစ်ယောက်က သတ်မှတ်ထားတဲ့အသက်ပြည့်တယ်"
ကြားလိုက်ရသည့်သတင်းကို ဝမ်းသာသွားသဖြင့် သူမက လိုအပ်သည့်ပြင်ဆင်မှုများကို မေးမြန်းလိုက်ပြီးနောက်တွင် စန်းလော့ကို ကျေးဇူးတင်စကား ပြောလိုက်ကာ ကန်းအာ့လန်၏မိန်းမနှင့်အတူ ရှန်းအိမ်ဝန်းထဲမှ ပြန်လာခဲ့လေသည်။
သူတို့သည် လမ်းလျှောက်လာသည်တွင် ပေါက်ပြားတစ်လက်ကို သယ်ထားသည့် လုသလန်သည် တောင်ပေါ်မှ ဆင်းလာခဲ့သည်။ သူတို့သည် မျက်နှာချင်းဆိုင်လမ်းတွင် ဆုံခဲ့ကြ၏။ ကန်းအာ့လန်မိန်းမ၏ အမာရွတ်နှင့်မျက်နှာက လုသလန်ကို တစ်ချက်မြန်မြန်ကြည့်ပြီးနောက် အကြည့်လွှဲ သွားစေတော့သည်။ သို့သော်ငြားလည်း ကျန်းသနွီကတော့ သူ့ကို မရင်းနှီးလှချေ။ သူက ခဏလောက် တုံ့ဆိုင်းသွားပြီး သူမကို သေသေချာချာလေး လေ့လာလိုက်၏။
ကျန့်သနွီသည် အာရုံစိုက်နေသည့်အကြည့်ကို ခံစားမိလိုက်ပြီး လုသလန်၏အကြည့်ကို သတိထားမိလိုက်၏။ သူ့ကို မမှတ်မိသဖြင့် သူမက သူ၏စေ့စေ့စပ်စပ်ကြည့်နေသည့် အကြည့်အောက်တွင် နေရထိုင်ရခက်သွားကာ မျက်မှောင်ကြုတ် လိုက်လေသည်။ ကန်းအာ့လန်မိန်းမ၏လက်ကို လှမ်းဆွဲလိုက်ပြီး သူမက သူတို့၏ခြေလှမ်းများကို အရှိန်မြင့်သွားလိုက်တော့သည်။
...
အပိုင်း (၂၆၈) နေရာအနည်းငယ်အတွက် လာလျှောက်ကြခြင်း
စန်းလော့သည် သရှင်းရွာတွင် ကလေးများအတွက် စာပေတတ်မြောက်ရေးအတန်းနှင့် ကျောင်းတစ်ကျောင်းကို ဖွင့်ထားခဲ့ကာ နှစ်ရက်တာ စာရင်းသွင်းခြင်းကာလတစ်ခုနှင့် နေရာအခု၁၀၀ ထားရှိလေသည်။ ဒါက လူအယောက်၂၀-၃၀ဝန်းကျင် ပေါ်လာလျှင်ပင် တော်သေးသည်ဟု မျှော်လင့်ထားခဲ့သည်။ နောက်ဆုံး စိုက်ပျိုးရေး ခေတ်တစ်ခုတွင် အသက်အရွယ် ကျားမ မရွေး မည်သူကမှ လွယ်ကူသည့်ဘဝတစ်ခုကို ဦးဆောင်ခဲ့သည် မဟုတ်ချေ။
သူမသည် အလုပ်သမားများအတွက် သူတို့၏ အလုပ်ချိန်များ ပြီးဆုံးသွားလျှင် ညပိုင်းစာလေ့လာဖို့ရန် စီစဥ်ပေးထားခဲ့သော်လည်း သူတို့သည် ပင်ပန်းနွမ်းနယ်သည့်အချိန်၌ အနာဂတ်တွင် အသုံးဝင်လာရန် မသေချာသည့် တစ်စုံတစ်ခုကိုယူဖို့ရန် စိတ်အားထက်သန်သူ မည်မျှရှိပါမည်နည်း။
ချန်းသရှန် ပြောခဲ့သည့်အတိုင်းပင် လူများသည် ကိုယ်တိုင်မတွေ့ကြုံရခင်အထိ တစ်စုံတစ်ခု၏ အရေးပါမှုကို သဘောပေါက်လာမည် မဟုတ်ချေ။
သို့သော်ငြားလည်း လက်တွေ့က စန်းလော့၏ မျှော်မှန်းချက်ထက် ကျော်လွန်နေလေသည်။ စီစဥ်ထားခဲ့သည့်အတိုင်း ချက်ချင်းလာရောက် စာရင်းပေးခဲ့ကြသည့် ကန်းရှီ၏ယောင်းမနှင့် ကျန်းသနွီတို့လို လူကလွဲလျှင် သရှင်းရွာက အင်မတန်မှ စိတ်အားထက်သန်နေမှုကို ဖော်ပြခဲ့ကြသည်။
စစ်မှန်သည့် စိတ်အားထက်သန်မှုပင်။
သူတို့သည် ဒီကိစ္စကို အတူတူ ဆွေးနွေးတိုင်ပင်ခဲ့ကြသည်ဖြစ်စေ မတိုင်ပင်ခဲ့ကြသည်ဖြစ်စေ ထိုကိစ္စကို ဆုံးဖြတ်ပြီးသွားပြီးနောက် ပထမဦးဆုံး ညနေခင်းမှာပင် မိသားစုတော်တော်များများက ရှန်းအိမ်သို့ ရောက်လာကြသည်။
အရေးအဖတ်တတ်ကြသည့် ရွာသူကြီးကျိုး ဆိုင်တာဝန်ခံရွှီနှင့် သူ့မိန်းမ၊ လင်းကျိုညန်တို့အပြင် လူကြီးပိုင်းမျိုးဆက်များ ဖြစ်ကြသည့် အဘွားရွှီ၊ အဘိုးချန်း၊ အဘွားချန်း၊ အဘိုးလု၊ အဘွားလုနှင့် ဦးလေးရွှီတို့အပါအဝင် သတ်လတ်ပိုင်းအရွယ်နှင့် လူငယ်မျိုးဆက်အားလုံးနီးပါးကလဲ ပါဝင်လာကြသည်။
ဟုတ်ပါသည်။ ဒါကလည်း ချောချောမွေ့မွေ့ ဖြစ်ခဲ့သည်တော့ မဟုတ်ချေ။ တွေဝေမှုများနှင့် စိုးရိမ်စိတ်များ ဖြစ်ခဲ့သည့်အချိန်လဲရှိသည်။ ချင်ဖန်းညန်နှင့် ရွာသူကြီးကျိုး၏မိန်းမတို့လို တစ်ချို့သူများကတော့ သူတို့သည် ၄၀နားနီးနေပြီဖြစ်ကာ အဘွားအရွယ် ရောက်နေပြီဖြစ်သဖြင့် သူတို့ကလဲ လာရောက်လျှောက်နိုင်ပါမည်လားဟု စဥ်းစားကြသည်။ စန်းလော့၏အဖြေက ကြိုဆိုသည်ထက် ပိုနေသည်ကို သိလိုက်ရသည်တွင် သူတို့က တုန်တုန်ယင်ယင် ဖြစ်သွားကြပြီး ကောင်းကောင်းမသင်ယူနိုင်မှာ စိုးရိမ်နေကြတော့သည်။
မိဘနှင့် မိန်းမက သူ လဲသင်ယူသင့်သည်ဟု ဆုံးဖြတ်ပေးခဲ့သည့် ချန်းယိုထျန်းလို အခြေအနေလည်းရှိသည်။ စာလုံးအနည်းငယ်ကို လေ့လာသင်ယူချိန်က လုံးဝမသင်ယူခြင်းထက် ပိုပြီးကောင်းမွန်မည်ဟု စဥ်းစားကြသည်။
ပုံမှန်အလုပ်သမား တစ်ယောက်နှင့် အလုပ်သင် တစ်ယောက်ရှိသည်တွင် ထိုနှစ်ယောက်အတွက် နေရာကို နှစ်ခုသတ်မှတ်ရမည်လား လေးခုသတ်မှတ်ရမည်လားဟု စုံစမ်းသည့် ကန်းရှီလို လူမျိုးများလည်းရှိကြကာ ကလေး တော်တော်များများက စတင်လေ့လာနိုင်သည်ကို စဥ်းစားမိကြလေသည်။ သူမ၏ ကိုယ်ပိုင်မိသားစုနှင့်အတူ သူမ၏မောင်ငယ်မိသားစုတို့ကလဲ လျှောက်လွှာတင်ဖို့ရန် အခွင့်အရေး ရှိပါသေးသည်လား။
အစောပိုင်းနှစ်များတွင် တောင်အတွင်းပိုင်း၌ သင်ယူဖို့ရန် အခွင့်အရေးများ ရှိခဲ့သည်။ သို့သော်ငြားလည်း စာတတ်ခြင်း၏ လိုအပ်ချက်ကို နားလည်ကြသူက လက်ချိုးရေလို့ရသည်။ သို့မဟုတ်လျှင်လည်း အသက်ရှင်သန်ရေးက အမြဲလိုလို ဦးစားပေးရသည့် အချက်ဖြစ်ခဲ့လေသည်။ ထူးဆန်းစွာပင် စန်းလော့ဦးဆောင်သည့် ခေါက်ဆွဲအလုပ်ရုံက အမျိုးသမီး အလုပ်သမားများ အားလုံးက ပညာရေးအရေးကြီးပုံကို သဘောတူကြပြီး အားလုံးက ဒီအခွင့်အရေးကို ဖမ်းဆုပ်ဖို့ စိတ်အားထက်သန်ကြသည်။
သူတို့၏ နှလုံးသားများသည် သူတို့၏ အသက်အရွယ်တွင် သင်ကြားဖို့ရန် အရည်အချင်း သေချာမရှိသောကြောင့် တဒုတ်ဒုတ် ခုန်နေသောငြားလည်း သူတို့က အချင်းချင်း၏ စိတ်အားတက်ကြွမှုကို လက်တွဲထားကာ တက်ရောက်ဖို့ရန် ဆုံးဖြတ်ခဲ့ကြသည်။
သူတို့၏အတွေးများကတော့ လက်တွေ့ကျလှသည်။ ချန်းမိသားစုကတော့ သူတို့သည် အနာဂတ်တွင်လည်း စန်းလော့ကို ထောက်ပံပေးဖို့ လိုအပ်နိုင်သည်ကို နားလည်ကြသည်။ ဒါသည် အလုပ်ရုံကို စီမံခန့်ခွဲရသည့်တိုင် စာမတတ်ခြင်းက အကောင်းဆုံးအခြေအနေ ဖြစ်လာစေလိမ့်မည် မဟုတ်ချေ။ တစ်ခြားမိသားစုများအတွက်တော့ သူတို့သည် စန်းလော့၏ အလားအလာကို စုပေါင်းယုံကြည်ကြကာ သူမ၏လုပ်ငန်း ချဲ့ထွင်မည်ကိုလည်း ယုံကြည်ကြသည်။ လုပ်ငန်း ကြီးထွားလာသည်နှင့်အမျှ သူမသည် လူများကို ပိုပြီးလိုအပ်လာလိမ့်မည် မဟုတ်ပါလား။ အကယ်၍ တစ်စုံတစ်ယောက်က တစ်ခြားသူများ တတ်နေသည့်အချိန်တွင် စာမဖတ်တတ်ခဲ့လျှင် စန်းလော့က သူတို့ကို တစ်ခြားသူများကို ချန်ပြီးရွေးချယ်ပါမည်တဲ့လား။
ထို့ကြောင့် သူတို့သည် ဆုံးဖြတ်ချက်ကို စန်းလော့ထံတွင် မထားချင်သလို တစ်စုံတစ်ယောက်၏ နောက်တွင် ကျန်ရစ်ခဲ့မှာကိုလည်း ဆန္ဒမရှိကြချေ။ သူတို့သည် တွေ့ဆုံကြသည့်အချိန်တိုင်း သူတို့မေးမြန်းခဲ့သည့်စကားမှာ "ဘယ်လိုစီစဥ်ထားလဲ"
အဖွဲ့ငယ်လေးများက တိုင်ပင်ဆွေးနွေးလိုက်ကြပြီး နောက်ဆုံးတွင်တော့ ကျးမမရွေး အရောင်းအဝယ်အတွက် ခရီးမသွားကြမည့် လူအားလုံးနီးပါးက တက်ရောက်ကြလေသည်။
အလည်ရောက်လာသူများ ပြန်သွားကြသည်နှင့်တစ်ပြိုင်နက် ရှန်းနဥ်က ချရေးထားသည့်နာမည်များကို ရေတွက်လိုက်၏။ "ယောင်းမ ဒေါ်ဒေါ်ကန်းရှီနဲ့ သူ့သမီးရယ်၊ ဒေါ်ဒေါ်ကန်းရှီရဲ့ယောင်းမနဲ့ သူ့တူမရယ်ကို ထည့်တွက်လိုက်မယ်ဆိုရင် ညီမတို့မှာ အယောက်၂၀တောင် ရှိသွားပြီပဲ"
ပထမနေ့တွင်ပင် အယောက်၂၀ရှိခဲ့သည်။
ဒုတိယနေ့ ညနေခင်းအရောက်တွင် ရွှေဝါရောင်သမ်းနေသည့် နေမင်းကြီးက အနောက်ဘက်သို့ ကျဆင်းသွားချိန်တွင် ရှန်းနဥ်က တစ်ဖန်ရေတွက်ပြန်သည်။ ၄၃ယောက်။
စန်းလော့က လူအုပ်ကြီးကို အကဲခတ်လိုက်၏။ အစောပိုင်းအယောက်၂၀ လျှောက်ထားသူများကလွဲလျှင် အသက်၁၆နှစ်ကျော်နေပြီဖြစ်သည့် ကျိုးလိုင်ကျီ၏ သားသုံးယောက်၊ ကျောက်အဘွား၏ အကြီးဆုံး မြေးကလေးများနှင့် တစ်ခြားစိုက်ပျိုးရေးမိသားစုမှ သားအကြီးများက ပေါ်ထွက်လာကြသည်။ ကျန်သည့်သူများကတော့ အများစုမှာ ဆယ်ကျော်သက်လေးများ ဖြစ်ကြသည်။
ငယ်ရွယ်သည့် အမျိုးသမီးလေးများကတော့ ပိုပြီးရှားပါးလေသည်။ ကျောက်သလန်၏ အကြီးဆုံးသမီး၊ ကန်းအာ့လန်၏မိန်းမကန်းညန်၊ ကျိုးကဲ၏ညီမငယ်လေး ကျိုးခွေ။ ဒါတွေက အကုန်ပင်။
သရှင်းရွာ၏ ပတ်ဝန်းကျင်အနီးအနားတွင် သူတို့၏ မိန်းကလေးများကို စာအရေးအဖတ် သင်စေချင်သည့် မိသားစုတစ်ချို့လည်း ရှိလေသည်။
သူတို့သည် အခကြေးငွေ မကောက်ခံသလို ညပိုင်းတွင် အတန်းကို ဖွင့်ပေးခဲ့သည့်တိုင် ဒါ၏အရေးပါပုံကို နားမလည်ကြသည့်သူများကတော့ ဒါကို မလိုအပ်လေဘူးဟု မြင်လေသည်။ ထိုသို့သဘောထားကြသူများအတွက်ကတော့ သူတို့သည် နေရာများကို သူတို့၏ကောင်ကလေးများအတွက် ချန်ထားပေးရန် ပိုလိုလားသည်။
စန်းလော့မှာ နှုတ်ဆိတ်သွားမိ၏။
ကောင်ကလေး အများစုကြားတွင် သနားစဖွယ် မိန်းကလေးသုံးယောက်၏ နာမည်ကို မေးကြည့်လိုက်ပြီး ရှန်းနဥ်မှာ သူမ၏ရင်ဘတ်ထဲတွင် မွန်းကြပ်သွားသည့် ခံစားချက်တစ်ခု ဖြစ်သွားသည်။ သူမက သက်ပြင်းရှည်ကြီးတစ်ချက်ကို မှုတ်ထုတ်လိုက်ပြီးနောက် ဖိနှိပ်ထားသည့်ခံစားချက်မှ အနည်းငယ် ပြေလျော့သွားသလို ခံစားလိုက်ရ၏။
စန်းလော့က သူမ၏ ပုခုံးကို ပုတ်ပေးလိုက်သည်။ "ဖြည်းဖြည်းချင်း လုပ်ကြတာပေါ့"
စာရင်းသွင်းမည့်ကိစ္စကို မသိမ်းရသေးခင်မှာပင် လုအဘွားက ဒုတိယအိမ်ခြံအဝတွင် ပေါ်လာခဲ့သည် "အားလော့ ရှိလား"
စန်းလော့က ပြန်ထူးလိုက်ပြီး သူမကို နှုတ်ဆက်လိုက်၏။ "လုအဘွား ဒီအချိန်ကြီးကြမှ ဘာလို့ရောက်လာတာလဲ ဝင်လာပါ"
"သီးသန့်ကိစ္စရှိလို့ ရောက်လာခဲ့တာလား"
သူမ၏မေးခွန်းက ထူးဆန်းနေခြင်း မဟုတ်ချေ။ သို့သော်ငြားလည်း တော်တော်လေး မှောင်နေပြီဖြစ်ကာ အစောပိုင်းတွင် အားလုံးက ဒီနေရာတွင် စာရင်းသွင်းနေကြသည်။ လုအဘွားက ဒီအချိန်ကြမှ သီးသန့်ရောက်လာခဲ့သည်။ ဒါက ပုံမှန် လမ်းကြုံဝင်လာခဲ့ခြင်း မဟုတ်နိုင်ပေ။
"အင်း” လုအဘွားက ပြန်ဖြေလိုက်ပြီး ရှန်းနဥ်ကို လှမ်းကြည့်လိုက်ကာ စကားပြောဖို့ရန် တွေဝေနေဟန်တူသည်။
ပါးနပ်လှသည့် ရှန်းနဥ်ကလဲ ပြုံးပြလိုက်ပြီး လုအဘွားကို နှုတ်ဆက်လိုက်ပြီးနောက်တွင် စန်းလော့ဘက်သို့ လှည့်လိုက်သည်။ "မကြီး ညီမလေး ယောင်ယောင်နဲ့ ချန်ပေါင်တို့ကို သွားကြည့်လိုက်အုံးမယ်၊ သူတို့တွေ ခဏနေ နိုးကြတော့မယ် ထင်တယ်"
စန်းလော့က ခေါင်းငြိမ့်ပြလိုက်သည်ကို မြင်လိုက်သည်တွင် သူမက ချက်ချင်းဆိုသလို သူမအစ်ကိုကြီးနှင့် ယောက်မတို့၏အဆောင်ဘက်သို့ ထွက်လာခဲ့လိုက်သည်။
လုအဘွားက အနည်းငယ် ကသိကအောက်ဖြစ်နေသလို ခံစားလိုက်ရပြီး စန်းလော့နောက်မှနေ၍ ဘေးအခန်းသို့ လိုက်ဝင်သွားပြီးမှ စကားပြောလိုက်သည်။ "ငါ ဒီကိုလာခဲ့တာလဲ ငါ့မှာ ဖြစ်ချင်တဲ့ဆန္ဒလေးတစ်ခုရှိလို့ပါ - "
သူမသည် ထိုဆန္ဒလေးဟူသည့် စကားလုံး နောက်မှ ဆက်ပြောဖို့ရန် သင့်တော်သည့်စကားလုံး ပျောက်ရှသွားတော့သည်။
"လုပ်ခိုင်းမည်”ဟုဆိုရင်လည်း နားထောင်လို့ မကောင်းချေ။ “တောင်းဆိုရမည်”ဆိုလျှင်လည်း မသင့်တော်လှသလို “တောင်းခံသည်”ကလဲ အဆင်မပြေချေ။
သူမသည် တစ်ယောက်တည်း ယောင်ချာချာဖြစ်နေပြီး မည်သို့ဆက်ပြောရမည်ကို မသိဖြစ်နေ၏။ စန်းလော့က သူမကို လေ့လာလိုက်ပြီးနောက်တွင် မေးကြည့်လိုက်လေသည်။ "ကျွန်မ ခန့်မှန်းကြည့်မယ်၊ ဒါက ရွှမ်းကျူးနဲ့ သူ့မောင်နှမကိစ္စ ဟုတ်တယ်မဟုတ်လား"
သရှင်းရွာထဲတွင် စာရင်းသွင်းနေကြသည်မှာ အသက်ဝင်စည်ကားလှသည်။ ရွှီမိသားစု၊ ဝေ့မိသားစုနှင့် လုမိသားစုကလွဲလျှင် ကလေးများနှင့် လူကြီးများက အခြေခံအတန်းနှင့် အဆင်မြင့်အတန်းများကို ပါဝင်ဖို့ရန် စိတ်အားထက်သန်နေကြသည်။
ရွှီမိသားစုနှင့် ဝေ့မိသားစုကတော့ သူတို့၏ ကိုယ်ပိုင်အကြောင်းပြချက်များရှိသည်။ သို့သော်ငြားလည်း လုမိသားစုမှာ သရှင်းရွာတွင် ပုံမှန်မဟုတ်သည့် မိသားစုတစ်ခု ဖြစ်လေသည်။ သူတို့သည် ရွာထဲတွင် နေကြသော်ငြားလည်း သူတို့သည် ဖယ်ကြဉ်ခံထားရသယောင်။
လုအဘွားက သူမကိုယ်တိုင် ဖော်ပြဖို့ရုန်းကန်ကြိုးစားလိုက်၏။ စန်းလော့၏ ခန့်မှန်းချက်တွင် သူမက အောင့်သက်သက်ဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။ "ဟုတ်ပါတယ် ဟိုတုန်းက ဖြစ်ခဲ့တဲ့ကိစ္စ ပြီးသွားတဲ့နောက်မှာ ငါက ဒါကို မတောင်းဆိုသင့်ပါဘူး။ ဒါပေမဲ့ - ကလေးတွေက လိမ္မာကြပါတယ်၊ သူတို့တွေက ရွာထဲမှာရော လျှိုမြောင်ထဲမှာရော တစ်ချို့ကိစ္စတွေကို သင်ယူခဲ့ပါတယ်၊ သူတို့ရဲ့အဘွားအနေနဲ့ သူတို့တွေ ဆက်ပြီးလေ့လာသင်ယူနိုင်ပြီး သူတို့နဲ့အတူတူ ကြီးပြင်းလာကြတဲ့ သူတို့ရဲ့သူငယ်ချင်းတွေနောက်မှာ အများကြီး ကျန်မနေခဲ့ပါစေနဲ့ဆိုတဲ့ အတ္တစိတ်ပါတဲ့ မျှော်လင့်ချက်တစ်ခုပါ၊ အများကြီး စဥ်းစားချင့်ချိန်ခဲ့ပြီးမှ ငါ့မှာ သတ္တိစုဆောင်းပြီးတော့ လာခဲ့ရတာပါ၊ သူတို့အတွက် ရနိုင်တဲ့နေရာလေးများ ရှိအုံးမလားလို့ မေးချင်လို့ပါ"
ခွင့်လွှတ်ခဲ့ပြီးသည့်ပုံစံဖြင့် စန်းလော့က ခေါင်းခါပြလိုက်သည်။
"အဘွားရယ် အဲလိုလုပ်ဖို့ မလိုပါဘူး၊ ကျွန်မက ရွှမ်းကျူးနဲ့ သူ့မောင်နှမတွေအပေါ် ဘာမကောင်းတဲ့ဆန္ဒမျိုး မထားပါဘူး၊ ရှီထိုကလဲ စာပေတတ်မြောက်ရေးကျောင်းမှာ နေ့ခင်းဘက် အတန်းလိုက်တတ်နေတာပဲ မဟုတ်လား"
အဘွားလုက ခေါင်းငြိမ့်ပြသည်။ "ဟုတ်ပါတယ်၊ ငါ သိပါတယ်၊ တကယ်လို့ နင်တို့သာ အာဃာတထားမယ်ဆိုရင် ရှီထိုက အားနဥ်နဲ့ ရှောင်ကျင့်တိုနဲ့အတူတူ ဆက်ပြီးတော့ စာသင်ယူနိုင်မှာ မဟုတ်ပါဘူး"
ဒီ့အတွက်ကြောင့်ပင် လုအဘွားကလဲ ဒီခရီးကို လာရဲခဲ့ခြင်းဖြစ်လေသည်။ လူများက သားအကြီးဆုံးနှင့် ဆက်ဆံဖို့ရန် တွန့်ဆုတ်နေကြသော်ငြားလည်း သူတို့သည် ကလေးများကိုတော့ ကြင်ကြင်နာနာ ဆက်ဆံကြလေသည်။ ရှောင်ကျင့်နှင့် သူ့ညီလေးများကပင် ရွှမ်းကျူးနှင့် တစ်ခြားသူများအပေါ် အတိတ်ကကိစ္စများကို စိတ်ထဲမရှိကြတော့ချေ။ သူတို့သည် သူတို့၏ပုံမှန် အပြန်အလှန်ဆက်ဆံရေးကို ထိန်းသိမ်းခဲ့ကြသည်။
အမှန်တွင်တော့ ရှီထိုကလဲ နေ့ခင်းဘက်တွင် သင်ယူခဲ့သည့် အရာများကို သူ့အစ်ကိုကြီးနှင့် အစ်မကို သင်ကြားပေးခဲ့သည်။ သို့သော်ငြား သူ့၏ကိုယ်ပိုင်နားလည်မှုက သာမန်အဆင့် ဖြစ်နေသည်တွင် သူသင်ပေးနိုင်သည့်အရာများနှင့် သူကိုယ်တိုင်ပင် ရှင်းမပြနိုင်သည့် အခြားအရာများလည်း ရှိနေသည်။
စန်းလော့က လုအဘွား၏ နောက်ထပ်စိတ်ဆင်းရဲနေမည့် အခြေအနေကို နှစ်သိမ့်ပေးလိုက်ကာ ပြောလိုက်၏။ "ကျွန်မ ဒီကိစ္စကို လုပ်ပေးပါ့မယ်၊ ရွှမ်းကျူးနဲ့ သူ့မောင်နှမတွေက စာသင်ဖို့ဆန္ဒရှိတယ်ဆိုရင် သူတို့တွေကို ကြိုဆိုပါတယ်၊ ကျွန်မက သူတို့နာမည်ကို စာရင်းထဲမှာထည့်ပေးပါ့မယ်"
လက်ထဲတွင် စုတ်တံကို ကိုင်ထားသေးသဖြင့် သူမက နောက်ထပ်နာမည်လေးခုကို ချက်ချင်း ချရေးလိုက်သည်။
လုအဘွားသည် စာမတတ်သော်ငြားလည်း စန်းလော့ကတော့ သဘောတူလိုက်သည်ကို ပြောနိုင်သည်။ ကျေးဇူးတင်စိတ်ဖြင့် လွှမ်းမိုးသွားပြီး သူမက ကျေးဇူးတင်စကားကို အကြိမ်ကြိမ် ထုတ်ပြောတော့သည်။
စန်းလော့က ပြုံးကာပြန်ဖြေလိုက်၏။ "ဒါက ကြီးကြီးမားမား ကိစ္စမဟုတ်ပါဘူး၊ သင်ခန်းစာတွေကိုတော့ မနက်ဖြန် ညနေခင်းကျရင် ရှောင်ကျင့်ရဲ့အိမ်မှာ စပါလိမ့်မယ်၊ အခုလောလောဆယ်တော့ ဘာစားပွဲမှ မရှိသေးဘူး ဒီတော့ ရွှမ်းကျူးနဲ့ တစ်ခြားသူတွေက သူတို့ရဲ့ကိုယ်ပိုင် ခွေးခြေခုံလေးကို ယူလာရလိမ့်မယ်၊ ဖတ်စာအုပ်အနေနဲ့ကတော့ ကျွန်မတို့မှာ စာလုံးပေါင်းတစ်ထောင်ကျမ်းနဲ့ စပြီးတော့သင်မယ်၊ သူတို့မှာ ကူးထားတာတွေ ရှိပြီးသားဖြစ်မယ်လို့ ကျွန်မ ထင်တယ်"
"သူတို့မှာ ရှိပါတယ် ရှိတယ်” လုအဘွားက သူမကို အာမခံလိုက်လေသည်။
လုအဘွားသည် ချက်ချင်းသဘောတူလိုက်ပြီး သူမ၏ ကျေးဇူးတင်စိတ်ကို အကြိမ်ကြိမ် ဖော်ပြပြီးသည့်နောက်တွင် ဝမ်းသာရွှင်လန်းစွာဖြင့် ရှန်းအိမ်မှ ထွက်သွားကာ လုမိသားစု၏ ပထမဦးဆုံးအိမ်ထောင်စုရှိရာ သရှင်းရွာ၏ အဝေးဆုံးထောင့်တစ်နေရာသို့ ဦးတည်သွားလိုက်လေတော့သည်။
လယ်သမားများသည် ပုံမှန်ဆိုလျှင် တစ်နေ့လျှင် နှစ်နပ်သာစားကြသည်။ သည်အချိန်သည် သူတို့က တစ်နေ့တာလုပ်အားများ ပြီးဆုံးသွားပြီးနောက် အနားယူရမည့်အချိန် ဖြစ်လေသည်။ လုသလန်က အပြင်မထွက်သဖြင့် သူသည် အထဲတွင်သာရှိနေရမည်။ သူသည် တောင်ထဲမှ ပြန်လာပြီးကတည်းက သူ့အသံက ကြမ်းရှရှဖြစ်နေကာ စကားပြောဖို့အတွက် ခက်ခဲလေသည်။ နာကျည်းချက်ကြောင့်လား၊ သို့မဟုတ် တစ်ခြားအကြောင်းပြချက်ကြောင့်လားတော့ မသိချေ။ သူ့မိဘနှင့်ဖြစ်စေ၊ သူ့ညီငယ်များနှင့်ဖြစ်စေ၊ သူ့ကလေးအရင်းများနှင့်ပင်ဖြစ်စေ သူတို့၏ အပြန်အလှန်ဆက်ဆံရေးက အမြဲဆိုသလို အတိုင်းအတာတစ်ခုအထိ သူစိမ်းဆန်နေလေသည်။
အကြီးဆုံးသား၏မိသားစုက တောင်အတွင်းပိုင်းထဲသို့ ပြောင်းရွှေ့သွားသည့်အချိန်တွင် ဖြစ်ပျက်သွားခဲ့သည့် ကိစ္စအကြောင်းကို လုအဘွားက သိထားလေသည်။ သူမ၏နှလုံးသားကလဲ ထိုကတည်းက အေးစက်သွားပြီ ဖြစ်သည်။ နှစ်ပေါင်းများစွာ ကြာလာပြီးသည့်နောက်တွင် သူတို့ကို အပြင်ပြန်ခေါ်ထွက်လာပြီးသည့် အချိန်တွင်ပင် သူမသည် ရွှမ်းကျူးနှင့် တစ်ခြားသူများထံမှ ဘာအကြောင်းမှ မကြားရချေ။ သို့သော်ငြားလည်း ကလေးများ၏ ခပ်တန်းတန်းနေပုံကို အကဲခတ်ကြည့်မိလျှင် လုသလန်သည် ပြီးခဲ့သည့်နှစ်များအတွင်းတွင် ဘာတိုးတက်မှုမှမရှိခဲ့သည်ကို မှတ်ယူနိုင်ပေသည်။ တောင်အတွင်းပိုင်းက ခက်ခဲကြမ်းတမ်းသည့် အခြေအနေက သူ့အခြေအနေကို ပိုပြီးဆိုးဝါးစေခဲ့တာဖြစ်နိုင်ကာ သူနှင့်သူ့ကလေးများကြားက စိတ်ဝမ်းကွဲသွားခြင်းကို ဦးတည်သွားစေခြင်းဖြစ်နိုင်သည်။ ထို့ကြောင့် သူမကလဲ ဒီအခိုက်အတန့်တွင် သူ မရှိနေသည့်ကိစ္စကို သိပ်ပြီးဂရုမစိုက်နေတော့ဘဲ သူမ၏မြေးလေးများကိုသာ အာရုံစိုက်ထားလိုက်တော့သည်။
ကလေးများက လုံလဝီရိယရှိကြသည်။ ရွှမ်းကျူးက ထင်းခုတ်သည်။ ထျယ်ကျူးက စိုက်ပျိုးရေးပစ္စည်းများကို ပြင်ဆင်နေသည်။ ရှီထိုက နေ့ခင်းဘက်တွင် သူ သင်လာခဲ့သည့်စကားလုံးများကို သဲဗန်းပေါ်မှာ ချရေးရင်း ဟူကျီကို ကူပြီးလေ့ကျင့်ပေးနေသည်။ သနွီကတော့ ဖိနပ်အောက်ခံများကို ချုပ်နေသည်။ - ဒါသည် အလင်းရောင် မှိန်ပြပြလေးရှိနေသည်တွင် သူမ၏ကျွမ်းကျင်ပြီး အာရုံစိုက်စရာမလိုဘဲလုပ်နိုင်သည့် အလုပ်တစ်ခုဖြစ်သည်။ အဝေးမှနေ၍ လုအဘွား ချဥ်းကပ်လာသည်ကို သတိထားမိလိုက်သည်တွင် မောင်နှမများအားလုံးက သူတို့လုပ်နေသည့်အရာကို ရပ်ထားလိုက်၏။ ဟူကျီက ရှေ့သို့ခြေလှမ်းအနည်းငယ် တိုးသွားကာ မေးလိုက်လေသည်။ "အဘွား၊ အဘွား ဘာဖြစ်လို့ ဒီဘက်ကို ရောက်လာတာလဲ"
လုအဘွားက သူမ၏အပြုံးကို ဖုံးကွယ်မထားနိုင်ဘဲ "ရွာထဲမှာ ကျောင်းတစ်ကျောင်း ဆောက်တော့မယ်ဆိုတာ နင်တို့ သိပါတယ် ဟုတ်တယ်မလား"
မောင်နှမများက အကြည့်ချင်းဖလှယ်လိုက်ကြပြီး ဟူကျီက ခေါင်းငြိမ့်ပြလိုက်သည်။
လုအဘွားသည် ဝမ်နည်းသွားသည့်ခံစားချက် လှိုက်ခနဲဖြစ်သွား၏။ သူမ၏မြေးကလေးများသည် ဟိုတုန်းက လျှိုမြောင်ထဲတွင် စာများကို အများကြီး မသင်ယူခဲ့ရချေ။ ဝမ်ချွန်းညန်က သူတို့အပေါ်တွင် ကပ်ဆိုးတစ်ခုကို သယ်ဆောင်လာခဲ့သည်။ ထိုကြောင့် ကလေးများသည် သူတို့၏အမေကို စောင့်ကြည့်ရသည့်အပြင် အရှက်ရခဲ့သည့်အတွက်လည်း အပြင်ထွက်ဖို့ ရှောင်ကျဥ်နေခဲ့ရသည်။ သူတို့၏ စာသင်ကြားခြင်းမှာ မပြီးမစီးနှင့်သာချန်ခဲ့ရသည်။
ဟူကျီသည် တစ်နှစ်သာ ကြီးလာသော်လည်း လုအဘွားထက်ပင် အရပ်ပိုမြင့်လေသည်။ ယခုတော့ လုအဘွားက သူ့ခေါင်းလေးကို ပုတ်ပေးဖို့ရန် တော်တော်လေး ခက်ခဲလှသည်။ ထို့ကြောင့် သူမက သူ့လက်မောင်းကိုသာ ပုတ်ပေးလိုက်ကာ ပြောလိုက်၏။ "နေ့ခင်းဘက်မှာဆိုရင် နင်တို့ရဲ့လယ်လုပ်ငန်းတွေကြောင့် အတန်းငယ်လေးတွေကို မတက်နိုင်ကြဘူးလေ၊ အားရှုကလဲ နင်တို့ကို သင်ပေးနေပါရဲ့၊ ဒါပေမဲ့ တစ်ခန်း၊ နှစ်ခန်းလောက် ပြီးသွားတဲ့အချိန်မှာ နင်တို့တွေက ဆက်ပြီးသွားဖို့ ငြင်းဆန်နေပြီး ရှီထိုတစ်ယောက်ကိုပဲ တစ်ချိန်ထဲမှာ စာသင်ပြီးတော့ သင်ပေးဖို့ပဲ ပြောနေကြတယ်၊ ဒါပေမဲ့လည်း ရှီထိုကလဲ သူကိုယ်တိုင်တောင်မှ သင်ခန်းစာတွေကို အပြည့်အဝနား မလည်ဘူးလေ"
ဟူကျီသည် ဒီစကားကိုကြားလိုက်ရသည်တွင် ပြန်ဖြေလိုက်၏။ "အဘွား အားရှုက ပြည်နယ်ကျောင်းတော်အတွက် စာလေ့လာနေတာ အရမ်းခက်တယ်လေ၊ သူက ဆရာတစ်ယောက်လဲ မဖြစ်လာသေးဘူး မဟုတ်လား၊ သူက ဒီအတိုင်း အားနဥ်နောက်ကိုလိုက်ပြီး လေ့လာနေရတာ၊ သူ နားမလည်တဲ့အရာတစ်ခုကို တွေ့လာရတဲ့အချိန်တိုင်း သူက ရှန်းအန်းနဲ့ ဝမ်ပေါ်တို့ကို ညပိုင်းကျရင် အားကိုးပြီးတော့ မေးနေရတာလေ၊ ကျွန်တော်က စာလုံးတစ်လုံး၊ နှစ်လုံးလောက်ပဲ သင်ယူခဲ့တာပါ၊ ကျွန်တော်က ဘာဖြစ်လို့သူ့အချိန်ကို အမြဲတမ်းသွားယူနေရမှာလဲ"
နေ့ခင်းဘက်တွင် သူတို့သည် မြေယာများကို ရှင်းလင်းနေသည်ဖြင့် အလုပ်များပြားလေရာ စာသင်ဖို့အတွက် အချိန်မရှိချေ။ ညပိုင်းတွင်လည်း အကြိမ်အနည်းငယ်လောက် ကြိုးစားပြီးခဲ့တဲ့နောက်တွင် ဒါက အားရှု၏ အရေးကြီးလှသည့် ကိုယ်ပိုင်စာကြည့်ချိန်နှင့် တိုက်နေသည်ကို ဟူကျီက သိလိုက်သည်။
"ဟုတ်ပါတယ်၊ ဟုတ်ပါတယ်၊ နင်တို့အားလုံးက အားရှုအတွက် အကောင်းဆုံး ဖြစ်စေချင်တယ်ဆိုတာကို အဘွား သိပါတယ်၊ ဒီကိစ္စကို မပြောတော့ဘူး၊ အဘွား ပြောချင်တာက ရွာထဲမှာ ကျောင်းအသစ်ဖွင့်တော့မယ်၊ သူက ညပိုင်းမှာ အတန်းတွေကို ဖွင့်ပေးမှာတဲ့၊ ငါ အခုလေးတင်ပဲ နင်တို့ရဲ့ အဒေါ်အားလော့နဲ့ စကားပြောခဲ့ပြီးတော့ နင်တို့အားလုံးအတွက် စာရင်းသွင်းခဲ့ပြီးပြီ၊ နင်တို့မောင်နှမတွေ အကုန်ပါတယ်"
ဟူကျီမှာ လွှတ်ခနဲ ပြောထွက်သွားလေသည်။ "အဲဒီ့နေရာတွေက အဒေါ်အားလော့ရဲ့အိမ်ထောင်စုက အလုပ်သမားတွေ ဆိုင်နဲ့အလုပ်ရုံက အလုပ်သမားတွေအတွက် ချထားတဲ့နေရာ မဟုတ်ဘူးလား"
ဟူကျီ၏စကားလုံးကို ကြားလိုက်သည်တွင် အဘွားလုသည် ကလေးများက နှုတ်ဆိတ်နေကြသော်လည်း ကျောင်းတက်ဖို့ရန် ကြိတ်ပြီးဆန္ဒရှိနေသည်ကို သိလေသည်။
ဒီကိစ္စက သတ်မှတ်ပြီးသွားသယောင် ဖြစ်သွား၏။
သူမ၏မျက်လုံးထဲတွင် အပြုံးတစ်ခုဖြင့် သူမက ဆက်ပြောလိုက်သည်။ "ဒါကြောင့်ပဲ ငါက နင်တို့ရဲ့အဒေါ်အားလော့နဲ့ စကားသွားပြောခဲ့ပြီး နင်တို့အတွက် နေရာတစ်ချို့ တောင်းပေးခဲ့တာပေါ့၊ သူတို့အားလုံးက ငါတို့ရွာက လူတွေပဲလေ၊ သူက အပြုံးတစ်ခုနဲ့ နှုတ်ဆက်ခဲ့ပြီး နင်တို့ရဲ့နာမည်တွေကိုတောင်မှ စာရင်းသွင်းခဲ့ပေးတယ်၊ အတန်းက မနက်ဖြန်ညနေ ရှောင်ကျင့်တို့ အိမ်မှာစမှာတဲ့၊ အဲဒီ့မှာ ထိုင်ခုံတွေကတော့ မရှိဘူးတဲ့၊ ဒီတော့ နင်တို့မောင်နှမလေးယောက် ခုံရှည်နှစ်ခုံ ယူသွားကြ"
"ဒါနဲ့ ငါတို့တွေက စာလုံးပေါင်းတစ်ထောင်ကျမ်းနဲ့ စမှာတဲ့၊ နင်တို့ရဲ့ဝါးစာလိပ်တွေကိုလည်း ယူသွားကြအုံးနော်"
"ဒါဆိုရင် ဟုတ်ပြီနော်၊ ရှအာက အခုလမ်းလျှောက်သင်နေပြီလေ၊ သူ့ကိုတစ်ယောက်တည်း ထားခဲ့လို့မရဘူး၊ ဒီတော့ ငါ ပြန်မှဖြစ်တော့မယ်၊ မနက်ဖြန်အချိန်ကို မမေ့နဲ့နော်"
ရှအာသည် လုအာ့လန်၏သမီးဖြစ်ကာ သူမကို ညနေခင်းတွင် မွေးသဖြင့် တိမ်နှင့် ညနေဆည်းဆာတို့ကို အစွဲပြုပြီး အမည်ပေးထားခြင်းဖြစ်လေသည်။ လုအဘွားသည် လေပွေတစ်ခုလို ဝေ့ကာလှည့်ထွက်သွားပြီး မြန်မြန်ပြန်သွားတော့သည်။ မောင်နှမများက သူမကို မြင်ကွင်းထဲမှ ပျောက်သွားသည်အထိ ငေးမောကာ ကြည့်နေလေသည်။ ထျယ်ကျူးက ရွှမ်းကျူးဘက်သို့လှည့်ကာ မေးလိုက်၏ "အစ်ကို အဒေါ်အားလော့က ငါတို့အတွက် စာရင်းသွင်းပေးခဲ့တယ်လို့ အဘွား တကယ်ပဲ ပြောလိုက်တာလား"
ဒီနေရာကို ဘယ်သူက သုံးမယ်ဆိုတာကို အတိအကျမပြောဘဲနဲ့ ချန်ထားပေးခဲ့တာတဲ့လား။
"နာမည်ကို ထုတ်ပြောခဲ့တယ်လေ၊ ဒါကို စာရင်းသွင်းပေးခဲ့တယ်လို့ မင်း မကြားလိုက်ဘူးလား"
"ငါ တကယ် ကြားလိုက်ပါတယ်"
သို့သော်ငြားလည်း သူသည် ဒါကို တော်တော်လေး မယုံရဲသေးချေ။ ရှီထိုက ရှန်းအိမ်တွင် စာလေ့လာနေခဲ့သည့်တိုင် သူ့ညီအစ်ကိုများသည် ထိုနေရာသို့ အမှန်တကယ် မချဥ်းကပ်ရဲသေးချေ။ သူတို့သည် မထိုက်တန်သလို ခံစားရလေသည်။
ရွှမ်းကျူးက ရှန်းမိသားစုအိမ်ရှိရာဖက်သို့ လှမ်းကြည့်လိုက်ပြီးနောက်တွင် ရုတ်တရက်ဆိုသလို ကိုယ်ကိုလှည့်ကာ ထမ်းပိုးတစ်ခုဖြင့် ရေပုံးလွတ်နှစ်ခုကို ကောက်ယူလိုက်လေသည်။ သူက ထျယ်ကျူးကို လှမ်းခေါ်လိုက်၏ "လာကြ ငါ့ကို ထင်းတွေသယ်ကူအုံး"
ထျယ်ကျူးမှာ တအံ့တသြ ဖြစ်သွား၏။ သူက ပြန်မတုံ့ပြန်ရသေးခင်မှာပင် ဟူကျီက သူ့အစ်ကိုကြီး၏ ရည်ရွယ်ချက်ကို နားလည်ပြီးသွားသည်ဖြစ်ရာ ကူညီပေးဖို့ရန်အတွက် စိတ်အားထက်သန်စွာ ပြေးလာပြီး ထင်းများကိုသယ်ရင်း သူ့ခေါင်းကိုလှည့်ကာ မှင်သက်အံ့သြနေသည့် ထျယ်ကျူးကို လှမ်းပြောလိုက်လေသည်။ "အစ်ကို ၂ မင်း အဲဒီ့မှာ ဘာရပ်လုပ်နေတာလဲ၊ ငါတို့တွေက အစ်မအားလော့ရဲ့နေရာကို သွားမကူပေးတော့ဘူးလား၊ ဒီတော့ ငါတို့တွေက သင်ခန်းစာကို အလကား နားထောင်လို့မရဘူးလေ"
ထျယ်ကျူးသည် နောက်ဆုံးတော့ အခြေအနေကို သဘောပေါက်သွားပြီး အကူအညီပေးရန် အမြန်ရောက်လာတော့သည်။ သိပ်မကြာခင်မှာပင် ညီအစ်ကိုနှစ်ယောက်သည် ခုတ်ဖြတ်ထားသည့် ထင်းနှစ်ခြင်းအပြည့်ကိုသယ်ကာ ရှန်းအိမ်သို့ ရောက်လာတော့သည်။
ဟူကျီသည် ထိုနေရာတွင် သွားများပေါ်သည်အထိ ပြုံးကာရပ်နေသော်ငြားလည်း သူသည် ပြုံးရင်းကပင် သူ့နှာခေါင်းထဲတွင် မွှန်ထူသွားသလို ခံစားလိုက်ရ၏။ သနွီကလဲ ဟူကျီ၏ဘေးတွင် ဘယ်အချိန်က ပေါ်လာသည်မသိချေ။ တိုးတိုးလေး ပြောလိုက်လေသည်။ "အဘွားက ငါ့နာမည်ကိုရော ပြောလိုက်တယ် မဟုတ်လား"
ဟူကျီက တခစ်ခစ် ရယ်မောလိုက်သည်။ "ဟုတ်တယ် အစ်မ၊ အစ်မလဲ စာသွားသင်ရမှာနော်၊ အစ်မအားနဥ်ဆီက ပိုပြီးတော့သင်ခဲ့၊ စာဖတ်တာပဲဖြစ်ဖြစ် တစ်ခြားတစ်ခုပဲဖြစ်ဖြစ် အရေးမကြီးဘူး"
ရှီထိုသည် အိမ်ရှိရာဘက်သို့ လှမ်းကြည့်လိုက်ပြီး တိုးတိုးလေး ပြောလိုက်သေးသည်။ "ဟုတ်တယ် အစ်မအားနဥ်က အရမ်းတော်တာနော်"
ရှန်းနဥ်နှင့်စာသင်ရမည်တဲ့။
သူမ၏လက်ထဲက တစ်ဝက်တစ်ပျက် ပြီးဆုံးနေသည့် ဖိနပ်ကိုကြည့်ကာ လုသနွီသည် ရှန်းမိသားစုအိမ်ရှိရာဘက်သို့ လှမ်းမကြည့်ဘဲ မနေနိုင်အောင်ဖြစ်သွားလေသည်။
သူမ၏မျက်လုံးထဲတွင် ရှန်းနဥ်သည် ရှန်းမိသားစု၏ ဇရပ်အတွင်းတွင် ကလေးတစ်ဖွဲ့ကို သင်ကြားပေးနေသည်ကို အဝေးမှမြင်ခဲ့ဖူးသည်။ ရှန်းမိသားစု၏ အလုပ်သမားများက သူတို့၏ ကုန်ပစ္စည်းများအလေးချိန်ကို သတင်းလာပို့သည်တွင် ရှန်းနဥ်က သူမ၏စာရင်းစာအုပ်ထဲတွင် စာလုံးများကို သပ်သပ်ရပ်ရပ် ကျော့ကျော့ရှင်းရှင်း ချရေးနေပြီး စျေးနှုန်းများကိုလည်း မြန်မြန်ဆန်ဆန် တွက်ချက်ပေးကာ သူမ၏ဘေးက ငွေသေတ္တာထဲမှာ ဝမ်ငွေသင့်တော့သည့် ဝမ်ငွေပမာဏကို ကျွမ်းကျွမ်းကျင်ကျင် ထုတ်ပေးနေသည်ကိုလည်း မြင်ခဲ့ဖူးသည်။
လုသနွီသည် အမြဲလိုလို သိမ်မွေ့ပြီး အလျော့ပေးတတ်သည့် သူတစ်ယောက်ဖြစ်လေသည်။ ထိုပန်းတိုင်က သူမ လက်လှမ်းမှီဖို့ရန် မည်မျှကွာဝေးလှသည့် အကြောင်းအတွေးတွင် သူမ၏နှလုံးသားမှာ တင်းကြပ်လာပြီး သူမ၏ကျောပြင်များမှာ တောင့်တင်းသွားတော့သည်။
သူမသည် ရှန်းနဥ်ထံမှ သင်ယူနိုင်တော့မည်တဲ့လား။
ဟူကျီက သူမကို ကြည့်လိုက်၏။ အမှတ်တမဲ့ဆိုသလို သူမသည် သူမ၏ နက်မှောင်လှသည့်ဆံပင်အောက်က လည်ဂုတ်လေးကို ထိကိုင်ကြည့်လိုက်ပြီးနောက်တွင် တအံ့တသြဖြင့် ခေါင်းငြိမ့်ပြလိုက်လေသည်။
"ဟုတ်ပြီ"
...