← Chapters

အခန်း (၂၆၉-၂၇၀)

Vol. 27 Ch. 269-270

အခန်း (၂၆၉-၂၇၀)

Vol. 27 Ch. 269-270

အပိုင်း (၂၆၉) ညဘက်အလည်လာသူ

ရှန်းလီနှင့် ရှန်းအန်းတို့ အိမ်ပြန်ရောက်လာချိန်တွင် ပိန်းပိတ်အောင် မှောင်နေပြီဖြစ်သည်။ ဧည့်သည်နှစ်ယောက်က ညီအစ်ကိုနှစ်ယောက်နောက်မှ လိုက်ပါသည်။

သရှင်းရွာတွင် လုံခြုံမှုရှိပြီး နောက်တစ်နေ့က လပြက္ခဒိန်ပထမလ၏ ၂၅ရက်နေ့ဖြစ်ကာ ပြည်နယ်ကျောင်းတော် ပြန်ဖွင့်မည့်နေ့ဖြစ်သည်ကို လူတိုင်းက သိကြသည်။ သူတို့က ညဘက်မှ ပြန်လာမည်ကို သိနေသဖြင့် မိသားစုက သူတို့အတွက် တံခါးမပိတ်ဘဲ ထားပေးသည်။

သည်အချိန်တွင် ဧည့်သည်နှစ်ယောက်သည် ခြံဝင်းထဲသို့ ဝင်လာပြီးနောက်တွင် ရှေ့ဆက်ပြီး မသွားကြတော့ချေ။

“ရုတ်တရက်ကြီး ရောက်လာတာဆိုတော့၊ မင်း အရင်ဆုံးဝင်သွားပြီး သခင်မရှန်းကို အကြောင်းကြားလိုက်ပါဦး၊ ငါတို့တွေ နောက်မှ လိုက်ခဲ့မယ်”

အလည်လာသူမှာ ကျန့်စန်းလန်နှင့် ချွေ့ချီချန်းကလွဲလျှင် တခြားမဟုတ်ပေ။ သည်လောက် နောက်ကျသည့်အချိန်တွင် ခြံအပြင်ဘက်၌ ဧည့်သည်များကို စောင့်ခိုင်းထားရန်က အဆင်မပြေချေ။ ရှန်းလီက ပြောလိုက်၏။ “စိတ်မပူပါနဲ့၊ အရင်ဆုံး ကျွန်တော်နဲ့ ဧည့်ခန်းဘက်ကို လိုက်ခဲ့ပါ၊ အားလော့ မအိပ်လောက်သေးဘူးလားဆိုတာတော့ ကျွန်တော် သေချာမသိဘူး၊ လူကြီးမင်းတို့ ခဏလောက် စောင့်ပေးရလိမ့်မယ်ထင်တယ်”

ရှန်းလီ၏စကားကို ကြားလိုက်သည်တွင် ကျန့်ဇီရွှမ်းက မငြင်းတော့ချေ။ သူတို့လေးယောက်သည် အတွင်းဘက် ခြံဝင်းထဲသို့ အတူတူ ဝင်သွားလိုက်ကြသည်။

ခြံဝင်းတံခါး ဖွင့်လိုက်သည့်အသံက ရှန်းယင်ကို လှုပ်လှုပ်ရှားရှား ဖြစ်သွားစေဟန်တူသည်။ သူက အတွင်းဝတ်လေးနှင့် သူ့အခန်းထဲ ထွက်လာပြီး စစ်ဆေးကြည့်ရင် ချောင်းကြည့်လိုက်၏။ ရှန်းလီနှင့် ရှန်းအန်းတို့ ဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် သူက ဝမ်းသာအားရ လှမ်းခေါ်လိုက်သည်။ “အစ်ကိုကြီး၊ အစ်ကို ၂၊ ပြန်လာပြီ”

သူက သူတို့ကို စားပြီးပြီလားဟု မေးမည်ပြင်လိုက်စဉ် တခြားသူများကို သတိထားမိလိုက်၏။ “ဧည့်သည်တွေ ပါလား”

သူက မြန်မြန် ပြန်ဝင်သွားပြီး ပေါ်ထပ်အင်္ကျီကို သွားယူလိုက်သည်။ သူက ခါးစည်းကြိုးကို ချည်လိုက်ပြီး သူ့အခန်းထဲက ထွက်လာခဲ့၏။

သူ၏လျင်မြန်လှသည့် လှုပ်ရှားမှုကြောင့် ဩသွားပြီး ရှန်းလီက ပြောလိုက်လေသည်။ “ညဘက် အေးတယ်လေ၊ မင်း သွားအိပ်သင့်ပြီ၊ မင်းအစ်ကို၂နဲ့ ငါ ဧည့်သည်တွေကို ဧည့်ခံလိုက်ပါ့မယ်”

ပင်မအိပ်ဆောင်ထဲက မီးရောင်မှိန်မှိန်လေးကို မြင်ရသော်လည်း အသံမကြားသဖြင့် စန်းလော့နှင့် ကလေးများက အိပ်များနေပြီလားဟု သူက စဉ်းစားလိုက်သည်။ ထို့နောက် သူက ရှန်းယင်ကို မေးလိုက်၏။ “မင်းမရီး အိပ်သွားပြီလား”

ရှန်းယင်က ခေါင်းကုပ်ရင်း ပြန်ဖြေလိုက်၏။ “ယောင်ယောင်နဲ့ ချန်ပေါင်က သိပ်မကြာခင်က သောင်းကျန်းနေတာ၊ သူတို့တွေ အသံတိတ်သွားတာ သိပ်မကြာသေးဘူး၊ သူတို့တွေ အခုမှ အိပ်ပျော်သွားတာထင်တယ်၊ မရီးကတော့ မအိပ်လောက်သေးဘူး”

ခေါင်းညိတ်လိုက်ပြီး ရှန်းလီက ကျန့်ဇီရွှမ်းမင်နှင့် ချွေ့ချီချန်းတို့ကို ခန်းမထဲသို့ ခေါ်လာခဲ့ကာ သူတို့ကို နေရာချထားပေးလိုက်သည်။ ရှန်းအန်းနှင့် ရှန်းယင်တို့က လက်ဖက်ရည်လုပ်ရန် ရေနွေးတည်နေသည်ကို မြင်လိုက်သဖြင့် သူက သူတို့ကို အသိပေးလိုက်ပြီးနောက် စန်းလော့ကို သွားတွေ့ရန် အထဲသို့ ဝင်သွားလိုက်၏။

ရှန်းလီနှင့် တခြားသူများကြားက စကားဝိုင်းက တိုးညှင်းလှပြီး အိမ်ကိုလည်း အသံလုံအောင် သေချာဆောက်ထားခဲ့သည်။ မည်သို့ဆိုစေ စန်းလော့သည် ဆူညံသံတစ်ချို့ကို ကြားနိုင်သေးကာ ရှန်းလီ ပြန်လာပြီဟု ခန့်မှန်းလိုက်သည်။ ချန်ပေါင်က နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော်လည်း ယောင်ယောင်ကတော့ သူ့အမေရင်ခွင်ထဲတွင် လွဲသိပ်ပေးမှ အိပ်တတ်သည့်အကျင့်တစ်ခု ရှိလေသည်။ သည်အခိုက်တွင် လက်ချောင်းလေးတစ်ချောင်းက သူမ၏ပါးစပ်ထဲတွင် ရောက်နေပြီး မကြာခဏဆိုသလို လက်ချောင်းလေးကို စုပ်နေတတ်ကာ အိပ်မက်ကောင်းလေးတစ်ခု မက်နေသလို ပြုံးနေပြီး သူမ၏သွားမရှိသည့် သွားဖုံးလေးကို လှစ်ပြနေသည်။

စန်းလော့က ဒါကို သဘောကျသွားသည်။ ယောင်ယောင်က အိပ်မောမကျသေးမှာ စိုးရိမ်သဖြင့် သူမက ခဏလောက် အသာလေး ငြိမ်နေလိုက်သည်။ တံခါးကို လှမ်းကြည့်လိုက်ပြီး သိပ်မကြာခင်မှာပင် တံခါးသည် အပြင်ဘက်မှ တွန်းဖွင့်ခံလိုက်ရ၏။ လရောင်အောက်တွင် ဝင်လာသူမှာ ရှန်းလီကလွဲလျှင် မည်သူဖြစ်နိုင်ပါမည်နည်း။

သူတို့၏မျက်လုံးများ ဆုံတွေ့သွားချိန်တွင် စန်းလော့က သူမ၏လက်ချောင်းကို နှုတ်ခမ်းပေါ်တင်လိုက်ပြီး သူ့ကို တိတ်တိတ်လေး နေဖို့ အချက်ပြလိုက်သည်။

သူ့စိတ်ထဲတွင် မိန်းမနှင့် ကလေးရှိနေသည့် ရှန်းလီက စန်းလော့မှီထားသည့် အိပ်ရာဘေးသို့ ချဉ်းကပ်လာခဲ့သည်။ သူက တစ်ချက်လောက် ကြည့်လိုက်ပြီး ချန်‌ပေါင်က နှစ်နှစ်ခြိုက်ခြိုက် အိပ်နေသည်ကို တွေ့လိုက်ရ၏။ ယောင်ယောင်ကို သူ့အမေ၏လက်မောင်းပေါ်တွင် ပွေ့ပိုက်ထားပြီး ချစ်စရာ ငိုက်မြည်းနေသည့်ပုံစံလေးနှင့် သူမ၏လက်ချောင်းကို စုပ်နေရာ ခရီးတစ်လျှောက် ပင်ပန်းနွမ်းနယ်မှုအားလုံးက ရုတ်ချည်းဆိုသလို မှေးမှိန်သွားတော့သည်။

သို့သော်လည်း သူတို့ကလေးကို အချိန်အကြာကြီး ကြည့်နေရန် အချိန်မရသေးချေ။ သူက စန်းလော့ကို တိုးတိုးလေး ပြောလိုက်သည်။ “ပြည်နယ်အုပ်ချုပ်ရေးမှူးကျန့်နဲ့ မှတ်တမ်းအရာရှိချွေ့ ရောက်နေတယ်၊ သူတို့တွေ ဧည့်ခန်းထဲမှာ မင်းကို တွေ့ဖို့ တောင်းဆိုထားတယ်”

“ကျွန်မနဲ့ တွေ့ဖို့ဟုတ်လား” စန်းလော့ အံ့အားသင့်သွားသည်။

ပြည်နယ်အုပ်ချုပ်ရေးမှူးကျန့်နှင့် လာခဲ့သည့်သည်ခရီးတွင် ရှန်းလီသည် သူ့ကို အဖော်ပြုပေးခဲ့သည်မှာ ပြည်နယ်အုပ်ချုပ်‌ရေးမှူးကျန့်က ပြည်သူများ၏ စားဝတ်နေရေးကို လေ့လာလိုသည့် ဆန္ဒရှိသည့်အပြင် ပြည်နယ်ရုံးတော်က တော်ဝင်ရုံးတော်ကိုယ်စား စပါးများကို ဝယ်ယူဖို့ရန် လိုအပ်သောကြောင့်ပင်။ အရာရှိများသည် ရှေ့နှစ်ဆောင်းတွင်းက ရှီကျိုးဒေသသို့ အလည်အပတ်သွားခဲ့ကြသည်။ သို့သော်လည်း စီရင်စုတော်တော်များများတွင် စပါးရှားပါးနေမှုကြောင့် နှစ်သစ်ကူး တံဆိပ်တော် ရိုက်နှိပ်ပြီးသည်နှင့်ချက်ချင်း ပြည်နယ်အုပ်ချုပ်ရေးမှူးကျန့်သည် ချွေ့ချီချန်းနှင့် အရာရှိတစ်ဖွဲ့ကို ခေါ်ကာ အခြေအနေကို ဆန်းစစ်ရန် စီရင်စုများသို့ ကိုယ်တိုင် သွားရောက်ခဲ့ရသည်။

ဟုတ်ပါသည်။ ရှန်းလီကလည်း သည်အခွင့်အရေးကို အသုံးချပြီး သူ့ညီလေး ရှန်းအန်းကို တကယ့်အတွေ့အကြုံတစ်ချို့ ရစေရန် အတူတူခေါ်လာခဲ့သည်။ စီးပွားရေးနှင့် ပြည်သူများ၏ စားဝတ်နေရေးကို လေ့လာရသည်မှာ အထူးသဖြင့် တရားဝင် တာဝန်များ ပါဝင်သည့်အချိန်တွင် အကောင်းဆုံး လေ့ကျင့်ရေး ကွင်းဆင်းခြင်းတစ်ခု ဖြစ်လေသည်။ ကျန့်ဇီရွှမ်းနှင့် တိုင်ပင်ပြီးနောက်တွင် ရှန်းလီကလည်း ဝေ့ချင်းဟယ်ကို အတူတူခေါ်လာလိုက်သည်။

သူတို့၏ စပါးဝယ်မည့် တာဝန်က သရှင်းရွာသို့ ပြန်ရောက်လာပြီး သူမ၏အိမ်တံခါးသို့ ရောက်လာခဲ့ပါသနည်း။

သူမ၏ရင်ခွင်ထဲက ကလေးက အိပ်နေသည်ကို စဉ်းစားမိသဖြင့် မေးခွန်းအပြည့်ဖြင့် သူမက ချက်ချင်း ပြန်‌မေးရန် တွေဝေနေမိလေသည်။ သူမက မတ်မတ်ထိုင်လိုက်ပြီး သတိဖြင့် လှုပ်ရှားလိုက်ကာ အားယောင်ကို အိပ်ရာပေါ်တွင် အသာအယာ ချပေးလိုက်ပြီး သူမ၏ဘေးပတ်ပတ်လည်ကို စောင်များဖြင့် ခုထားပေးလိုက်သည်။ ကလေးမလေးက သူမ၏လက်ချောင်းကို စုပ်နေပြီး အနည်းငယ် လူးလွန့်သွားပြီးမှာ အေးအေးချမ်းချမ်း အိပ်ပျော်တော့သည်။

ထို့နောက် စန်းလာ့က သူမ၏အပေါ်ဝတ်ရုံကို ဝတ်ဆင်လိုက်ပြီး သူမ၏ဆံပင် သပ်ရပ်အောင် ပြင်ဆင်လိုက်ကာ ရှန်းလီနောက်မှ လိုက်ထွက်လာခဲ့လေသည်။ ဧည့်ခန်းက ဘေးအခန်းလေးတွင် ဖြစ်သဖြင့် ရှန်းလီက ထိုနေရာတွင် စောင့်ကာ ကိစ္စများကို အတူတူဆွေးနွေးမည်ဟု ဆုံးဖြတ်လိုက်၏။

ဧည့်ခန်းထဲသို့ ဝင်လာသည်တွင် စန်းလော့က မနှုတ်ဆက်ရသေးခင်မှာပင် ကျန့်ဇီရွှမ်းနှင့် ချွေ့ချီချန်းတို့က ချက်ချက် ထရပ်လိုက်ပြီး ဦးညွတ်နှုတ်ဆက်လိုက်၏။ “ဒီလောက် နောက်ကျတဲ့အချိန်မှ ရောက်လာရတာ တကယ်ပဲ မယဉ်ကျေးရာကျပါတယ်၊ ကျွန်တော်တို့တွေ နှောင့်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ်”

ယောက်ျားနှစ်ယောက်လုံးက သူတို့၏အရာရှိဝတ်စုံများကို ဝတ်ဆင်ထားဆဲဖြစ်ကာ သူတို့၏ဘွတ်ဖိနပ်များက အဝါရောင်ရွှံ့ အထပ်ထပ်ဖြစ်နေပြီး သူတို့သည် စီရင်စုမှာ အခုလေးတင် ပြန်ရောက်လာကြကာ မြို့ထဲသို့ပင် မဝင်ရလောက်သေးပေ။

စန်းလော့က ခေါင်းခါပြလိုက်ပြီး “ရပါတယ်ရှင်၊ လူကြီးမင်းတို့နှစ်ယောက် ကျွန်မကို လာရှာကြတာလို့ ကျွန်မ ရှန်းလီဆီက ကြားထားပါတယ်၊ လူကြီးမင်းတို့ ရောက်လာရတဲ့ ရည်ရွယ်ချက်ကို ကျွန်မ သိခွင့်ရှိမလား”

ကျန့်ဇီရွှမ်းသည် စိုးရိမ်နေသော်လည်း သူသည် အိန္ဒြေကို ထိန်းထားသည်။ သူက အရင်ဆုံး စန်းလော့ကို ထိုင်ခိုင်းလိုက်ပြီးမှ ရှင်းပြလိုက်၏။ “ကျွန်တော်တို့ ခရီးထွက်ရတဲ့ အကြောင်းအရင်းကို သခင်မ သိမယ်လို့ ကျွန်တော် ထင်ပါတယ်”

“ကျွန်မ နားလည်ထားတာ တစ်ချို့တော့ ရှိပါတယ်” သို့သော်လည်း ဒါက မည်သို့များ သူမနှင့် ပတ်သက်လာရပါသနည်း။

ကျန့်ဇီရွှမ်းသည် စန်းလော့၏နားလည်နိုင်ပုံကို သတိထားမိလိုက်ပြီး ရှင်းပြလိုက်၏။ “ဒီစပါးဝယ်တဲ့ကိစ္စ အဆင်မပြေခဲ့ဘူး၊ ရှီကျိုးပြည်နယ် ပတ်ဝန်းကျင်ကလွဲရင် တခြားစီရင်စုတွေက သာမန်ရွာသားတွေဆီမှာ စပါးအများကြီး ဝယ်ဖို့ ခက်ခဲနေတယ်, အများစုက လူချမ်းသာတွေ လက်ထဲရောက်နေတယ်”

စန်းလော့သည် မျက်ခုံးတစ်ဖက် ပင့်မိလိုက်၏။ “အဲဒါက ပုံမှန်တော့ မဟုတ်ဘူး၊ ရုံးတော်က ဈေးကောင်းတစ်ခု ပေးထားတာပဲ၊ သူတို့တွေက အစောပိုင်းအတွေ့အကြုံကြောင့် ငတ်မွတ်မှာ ကြောက်တယ်ဆိုရင်တောင် တော်ဝင်ရုံးတော်ကလည်း ကပ်စေးနဲမနေပါဘူး၊ ပြီးခဲ့တဲ့နှစ်က မြေခွန်မကောက်ခဲ့ဘူး၊ ဒီတော့ ရိတ်သိမ်းထားတဲ့ ကောက်နှံတွေကို လယ်သမားတွေပဲ အားလုံး ပိုင်ဆိုင်ကြတာပါ၊ သူတို့တွေ နောက် ၂နှစ်၊ ၃နှစ်အထိ မိသားစုမှာ စားစရာ အပိုရှိနေမှာ သေချာပါတယ်၊ ဟုတ်တယ်မလား”

လက်ရှိစပါးဈေးတစ်တင်း ဝမ် ၁၉၀သည် ပြီးခဲ့သည့်နှစ် ၁လပိုင်းက စပါးဟောင်း တစ်တင်း ဝမ်၃၀၀ကျော်ထက် အများကြီး ဈေးနည်းပေသည်။ သည်ဈေးကလည်း သာမန်နှစ်တစ်ခုအတွင်း ပုံမှန်ဈေးထက် ၃ကျော်ရှိသည်။

သည်နှစ် ဆောင်းဦးရိတ်သိမ်းချိန်တွင် အစိုးရ၏ ပြည်သူများကို ထောက်ပံ့ရေးမူဝါဒက သဘာဝဘေးအန္တရာယ်၊ လူသားတို့၏ ကပ်ဆိုးများမရျိဘဲ ဆက်လက် လုပ်ဆောင်နိုင်ခဲ့လျှင် စပါးဈေးက ထပ်ကျသွားဖို့မရှိသလို ထပ်မြင့်လာဖို့လည်း ရှိလိမ့်မည်မဟုတ်ချေ။ သည်လောက်များပြားသည့် စပါးကို လက်ဝယ်ထားရှိရန်မလိုချေ။

မြေခွန် ၃နှစ်ကင်းလွတ်ပေးထားသည်တွင် စပါးပြတ်လပ်မှုတစ်ခု ရှိလိမ့်မည်က အထင်အရှားပင်။ အကယ်၍ အစိုးရက စပါးဝယ်ရန် ငွေကို လိုလိုလားလား သုံးမည်ဆိုလျှင် ပြည်သူများက ရုံးတော်ကို တပြန်ထောက်ပံ့ပေးရန် အဘယ်ကြောင့် မလိုလားပါသနည်း။ ထို့ကြောင့်ပင် မနှစ်က ရုံးတော်က အသစ်စိုက်ပျိုးထားသည့် ဝဥများနှင့် စပါးများကို ဝယ်ခဲ့ချိန်က မိသားစုအတွင် နှစ်၊ သုံးနှစ်စာ စားစရာ လုံလုံလောက်လောက်ရှိသည့် သရှင်းရွာက အိမ်ထောင်စုအားလုံး သူတို့၏အပိုစားစရာများကို ရောင်းချခဲ့ကြသည်။

စန်းလော့နှင့် ချန်းမိသားစုက အစပိုင်းတွင် ဝဥကို တခြားအရံထုတ်ကုန်တွင် အသုံးချရန် စဉ်းစားထားခဲ့သော်လည်း အစိုးရ ထိုပစ္စည်းများကို ဝယ်ယူခဲ့ကာ ပြည်နယ်နှင့် စီရင်စုအသီးသီးသို့ ဝဥမျိုးများကို ဖြန့်ဝေပေးခဲ့သည်။ ထို့အပြင် ရုံးတော်က သင့်တင့်မျှတသည့်ဈေးနှုန်းတစ်ခုကို ပေးခဲ့သဖြင့် သူတို့သည် ရုံးတော်ကို ဦးစားခဲ့ကြသည်။

ကျန့်ဇီရွှမ်းက သည်စကားကို ကြားလိုက်သည်တွင် ခပ်တိုးတိုး ရယ်မောလိုက်လေသည်။ ရှန်းလီက စန်းလော့ကို ရှင်းပြလိုက်၏။ “ရှီကျိုးပြည်နယ်ထဲက စီရင်စုတွေက ကျေးလက်နေပြည်သူတွေရဲ့ လက်ထဲမှာ စပါးအပိုအများကြီး မရှိတာပါ”

ဒါက စန်းလော့ကို ဆွံ့အသွားစေ၏။

“စိုက်ပျိုးဖို့ လူနည်းနည်းပဲ ထွက်လာကြလို့ စိုက်ပျိုးနေတဲ့မြေက ပိုနည်းသွားတာလား”

ဒါသည် သူမ စဉ်းစားတတ်သည့် တခုတည်းသော အဖြေဖြစ်တော့သည်။

ရှန်းလီက ခေါင်းခါပြလိုက်ပြီး “ဟုတ်လည်းဟုတ်တယ်၊ မဟုတ်လည်း မဟုတ်ဘူး၊ တစ်ချို့နောက်ကျမှ ရောက်လာတဲ့သူတွေ ရတဲ့မြေယာနည်းပါးခဲ့တယ်၊ ဒါပေမဲ့ စောပြီး ရောက်လာကြတဲ့သူတွေကလည်း သူတို့မြေကွက်တွေအားလုံးကို မစိုက်ပျိုးခဲ့ကြဘူး”

သူ့စကားလုံးက စန်းလော့ကို ရှုပ်ထွေးသွားစေ၏။

ရှန်းလီက ဆက်ပြောလိုက်သည်။ “မြေယာတွေကို အကောင်းစား၊ အလယ်လတ်တန်းစားနဲ့ အနိမ့်တန်းစားလို့ ခွဲခြားထားတယ်လေ၊ ဟိုတုန်းက ရခဲ့တဲ့မြေယာတွေအားလုံးက အကောင်းစားတွေပါပဲ၊ နှစ်ပေါင်းများစွာ စွန့်ပစ်ခံခဲ့ရပေမဲ့ အဲဒီမြေတွေကို စိုက်ပျိုးတဲ့အခါ အထွက်နှုန်းက တော်တော်လေး ကောင်းခဲ့ပါသေးတယ်၊ လူဦးရေနည်းပါတာကြောင့် နောက်ကျမှ ရောက်လာတဲ့သူတွေလည်း အဆင့်နိမ့်မြေယာတွေကို တစ်ခုမှ မရခဲ့ပါဘူး၊ သူတို့တွေ အလယ်အလတ်တန့်စားမြေတစ်ချို့ ပိုင်ဆိုင်ကြပါတယ်၊ ဒါပေမဲ့ မြေဆီလွှာက မလိုက်နိုင်ဘူးလေ၊ ပုံမှန်ဆိုရင် သူတို့တွေက တစ်နှစ်စိုက်ပျိုးပြီးသွားရင်း မြေကိုတစ်နှစ်လှပ်ထားဖို့ လိုအပ်တယ်၊ အဲလိုမှ မဟုတ်ဘူးဆိုရင် အဲဒီမြေတွေမှာ စိုက်ပျိုးရင်တောင် အထွက်နှုန်းက မြင့်မှာမဟုတ်ဘူး၊ နှစ်အနည်းငယ် ဆက်တိုက်စိုက်လာခဲ့ရင်း အဲဒီမြေယာတွေက မဖြစ်ထွန်းတဲ့မြေတွေ ဖြစ်လာလိမ့်မယ်”

“ဒါကြောင့် ရုံးတော်က မြေအများကြီး ခွဲဝေပေးခဲ့တာတောင် လူတွေက အားလုံးကို မစိုက်ပျိုးနိုင်ဘူးလေ၊ မြေအခြေအနေပေါ်မူတည်ပြီး အမျိုးစုက တစ်ဝက် ဒါမှမဟုတ် အစိတ်အပိုင်းငယ်လေးတစ်ခုကိုပဲ စိုက်ကြတာ၊ ဒီအပြင် ပတ်မေးကြည့်လိုက်တော့ ပြီးခဲ့ဆောင်းဦးတုန်းက အလယ်အလတ်တန်းစား မြေယာတွေက ဂရုတစိုက် စိုက်ပျိုးမယ်ဆိုရင်တောင် စပါး တစ်ဧကို ပေါင်၂၆၀ကနေ ၂၇၀ပဲ အကြမ်းဖျဉ်း ထွက်တာတဲ့”

ဆန့်ကျင်ဘက်အနေဖြင့် စန်းလော့၏ မြေဆွေးလုပ်နည်းကို အသုံးချကြသည့် သရှင်းရွာနှင့် ပတ်ဝန်းကျင်ရွာများတွင် အလယ်လတ်တန်းစားနှင့် အထက်တန်းစား မြေယာများသည် တစ်ဧကလျှင် ပေါင် ၃၁၀မှ ၃၃၀ကြား ထွက်ပြီး တစ်ဧကလျှင် ပေါင်း ၅၀ခန့်သာ ခြားနားချက်ရှိသည်။ ထို့အပြင် မြေဆွေးလုပ်နည်းကို သုံးထားသဖြင့် သရှင်းရွာက မြေယာများ၏ မြေဆီလွှာကို ထိန်းထားနိုင်ပြီး အနီးနားရွာသားများ၏ လက်ထဲက အလယ်လတ်တန်းစား မြေယာများကပင် နှစ်စဉ်လှပ်ပေးရန် မလိုအပ်ခဲ့ချေ။

ထို့ကြောင့် စီရင်စုအသီးသီးက ရွာသားများက သူတို့စပါးကို မရောင်းရဲကြခြင်းပင်။ သည်ပတ်ဝန်းကျင်စီရင်စုများက ရွာသားများ၏လက်ထဲက အပိုစပါးများသည် ရှီကျိုးမြို့အနီးက ရွာသားများ၏လက်ထဲက ပိုလျှံသည့်စပါးနှင်း မတူတော့ချေ။

“မြေဆွေးလုပ်တဲ့နည်းလမ်း ဟုတ်လား”

တဒင်္ဂ ရပ်တန့်သွားပြီးနောက်တွင် စန်းလော့သည် သူမ၏အမှားကို သဘောပေါက်သွားပြီး သူမ၏နဖူးကို အုပ်လိုက်ကာ နောင်တရသွားသည့် ရုပ်ဖြစ်သွားလေသည်။ “ကျွန်မ ဒီအကြောင်းကို လုံးဝ မေ့သွားခဲ့တာပဲ”

ရှန်းလီကတော့ အနှောင့်အယှက်မဖြစ်ချေ။ “ဒါက မင်းရဲ့အမှား မဟုတ်ပါဘူး၊ မင်းက ဒါကို လုံးဝ အသားကျနေတာပါ၊ ဒါကလည်း ရှန်းအန်း၊ ချင်းဟယ်နဲ့ ကိုတို့တွေ အုပ်ချုပ်ရေးမှူးကျန့်နဲ့အတူ ရက်အနည်းငယ်လောက် ကျေးလက်တွေဆီ လိုက်သွားတော့မှ ဒါကို သဘောပေါက်သွားတာ”

ကျန့်ဇီရွှမ်းက မြန်မြန် ထပ်ပြောလိုက်၏။ “ဟုတ်ပါတယ်၊ ဒါ‌ မင်း အမှားမဟုတ်ပါဘူး၊ ဟိုတုန်းက တောင်အတွင်းပိုင်းမှာ ပုန်းခိုတုန်းက မင်း ဒီနည်းလမ်းကို တခြားသူတွေကို သင်ပေးခဲ့တယ်လို့ ရှန်းလီ ပြောပြတာကို ကြားခဲ့တာပါ၊ နှစ်တွေအရမ်းကြာသွားပြီး သရှင်းရွာက ရွာသားတွေအပြင် တောင်ပေါ်မှာ နေထိုင်ကြသူတွေကလည်း ဒါကို နှစ်တွေအများကြီး သုံးလာခဲ့တယ်၊ အားလုံးက တောင်ထဲကနေ ထွက်လာပြီး မင်းနဲ့ အနီးမှာပဲ အခြေချခဲ့ကြတော့ ဒီကိစ္စက အလေ့အထတစ်ခုဖြစ်လာပြီး မင်း တဒင်္ဂ ဒါကို မျက်စိလျှမ်းခဲ့တာလည်း သဘာဝပါပဲ”

အထူးသဖြင့် စန်းလော့ပင်။ ကျန့်ဇီရွှမ်းသည် သည်နှစ် သူမ အောင်မြင်ပြီးခဲ့သည့် ချီးကျူးဖွယ်ကိစ္စများကို ကောင်းကောင်း သတိထားမိခဲ့သည်။ ကိုယ်ဝန်ဆောင်ပြီး အမြွှာကလေးကို မွေးခဲ့သည့်အမျိုးသမီးတစ်ယောက်က မိသားစု မြေယာများနှင့် စီးပွားရေးလုပ်ငန်းများကို စီမံခဲ့ကာ ထယ်သွားအဆင်မြင့်တင်ခြင်းနှင့် စက္ကူလုပ်နည်းကိုလည်း ဆက်သခဲ့သည်။ - အမှန်အတိုင်းပြောရလျှင် သူမသာ အရည်အချင်းရှိသည့် နောက်တော်ပါတစ်ယောက် ပိုင်ဆိုင်ထားသည့် ဩဇာရှိသည့် တော်ဝင်မျိုးနွယ်မိသားစု၏ မျိုးနွယ်ခေါင်ဆောင်တစ်ယောက် ဖြစ်ခဲ့လျှင် သူမ၏အောင်မြင်မှုများကို ထယ်သွားနှင့် စက္ကူထုတ်လုပ်ခြင်းကလွဲလျှင် ထူးခြားသည်ဟု မှတ်ယူကြလိမ့်မည်မဟုတ်ချေ။

သို့သော်လည်း နိမ့်ကျသည့်မိသားစုနောက်ခံတစ်ခုက တစ်စုံတစ်ယောက်အတွက် သည်လိုကျွမ်းကျင်မှုနဲ့ အများကြီး ကိုင်တွယ်နိုင်ခြင်းက အမှန်ပင် လေးစားဖွယ်ကောင်းလှသည်။

စန်းလော့က သူမကိုယ်သူမ အိန္ဒြေဆည်ထားလိုက်ပြီး ပြန်ဖြေလိုက်၏။ “ဟုတ်ပါတယ်၊ အရမ်းနောက်ကျမသွားတာ တော်ပါသေးတယ်၊ ကျွန်မတို့တွေ မြန်မြန်လုပ်မယ်ဆိုရင် ဒီနွေဦးအတွက် အမီလုပ်နိုင်မှာပါ၊ မြေဆွေးလုပ်နည်းက လုံးဝ မရှုပ်ထွေးပါဘူး, ရှန်းလီက ပြည်နယ်ရုံးတော်ကို အကြောင်းကြားခဲ့တယ်မလား”

“သူ လုပ်ခဲ့ပါတယ်, သူ ဒါကို စီရင်စုအသီးသီးကို သင်ပေးခဲ့ပြီးပါပြီ၊ ဒါကြောင့် ကျွန်တော် မျှော်လင့်တဲ့အချိန်ထက် နောက်ကျမှ ပြန်ရောက်လာတာပါ၊ ဒါပေမဲ့ ရှန်းလီဆီကနေ မင်းရွာထဲက စိုက်ပျိုးရေးအခြေအနေကို အသေးစိတ်မေးမြန်းပြီးတဲ့နောက်မှာ ကျွန်တော့်မှာ သခင်မနဲ့ တိုင်ပင်ချင်တဲ့ ကိစ္စတစ်ချို့ ရှိပါသေးတယ်”

“ပြည်နယ်အုပ်ချုပ်ရေးမှူးကျန့် လွတ်လွတ်လပ်လပ် ‌မေးမြန်းနိုင်ပါတယ်၊ ကျွန်မက စိုက်ပျိုးရေးပညာရှင်တော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ ကျွန်မ သိသမျှ အသိပညာကို ဝေမျှပေးပါ့မယ်”

ပညာရှင်မဟုတ်ဘူးတဲ့...

ချွေ့ချီချန်းမှာ မှတ်ချက်မပြုရဲချေ။

ကျန့်ဇီရွှမ်းကတော့ စန်းလာ့ကို နိမ့်ချနေသည်ဟုသာ မှတ်ယူလေသည်။ အချိန်နောက်ကျနေပြီဖြစ်ကာ ရှန်းအိမ်က ကလေးများလည်း ရှိသေးသည်ကို စဉ်းစားမိသဖြင့် သူက လိုရင်းကိုသာ ပြောလိုက်တော့သည်။

“အတွေ့အကြုံရှိ လယ်သမားတွေကို ကျွန်တော် မေးမြန်းထားတဲ့အချက်တွေအရဆိုရင် မြေကွက်တစ်ခုထဲမှာ နှစ်အကြာကြီး ဆက်တိုက်စိုက်ပျိုးလာရင် မြေဩနဲ့ သစ်ရွက်ဆွေးမြေဩဇာကို လုံလုံလောက်လောက် သုံးမယ်ဆိုရင်တောင် ဒါက မြေဆီလွှာကို ကျစ်သွားစေပြီး အထွက်နှုန်း လျော့သွားနိုင်ပြီး ပိုးမွှားနဲ့ ရောဂါတွေ တိုးလာနိုင်တယ်တဲ့၊ သရှင်းရွာက ဒီသီးထပ်စိုက်ပျိုးရေးက ဘာပြဿနာမှ မရှိဘူးလား”

စန်းလော့က ‌ခေါင်းခါပြလိုက်ပြီး ပြောလိုက်၏။ “သရှင်းရွာက သီးထပ်စိုက်ပျိုးရေးကို လုပ်တာမှန်ပါတယ်၊ ဒါပေမဲ့ ကျွန်မတို့တွေက ရေလိုတဲ့ သီးနှံနဲ့ ရေမလိုတဲ့သီးနှံကို တလှည့်စီစိုက်တာပါ၊ ဒီလိုအလှည့်ကျ စိုက်ပျိုးခြင်းက မြေဆီဩဇာကို ထိန်းသိမ်းထားပေးနိုင်ပြီး အတိုင်းအတာတစ်ခုအထိ ပိုးမွှာတွေကိုလည်း မောင်းထုတ်ပေးနိုင်တယ်၊ ပိုးမွှားတွေကို မောင်းထုတ်နိုင်လားဆိုတာတော့ သေချာမသိပေမဲ့ ဒါက အရေအတွက်ကို သိသိသာသာ လျော့နည်းသွားစေတာတော့ သေချာတယ်”

“မတူတဲ့ကောက်ပဲသီးနှံတွေကို တလှည့်စီစိုက်တာ...” စန်းလော့က ခဏ ရပ်တန့်သွားသည်။ သူမသည် စိုက်ပျိုးကျောင်းဆင်းတစ်ယောက် မဟုတ်သလို စိုက်ပျိုးရေးတွင် အထူးပြုလေ့လာနေသူမဟုတ်ခဲ့ချေ။ သူမ၏အသိပညာအများစုက ကိုယ်တွေ့အတွေ့အကြုံနှင့် လေ့လာခြင်းမှ လာခြင်းပင်။ လိုရင်းကိုပြောရလျှင် သူမသည် ဝါသနာရှင်အဆင့်သာ ဖြစ်လေသည်။

သူမ၏အိန္ဒြေကို ပြန်ထိန်းထားလိုက်ပြီး သူမက ဆက်ပြောလိုက်၏။ “ဘယ်လို ပြောရမလဲတော့ သေချာမသိဘူး၊ ဒါပေမဲ့ မတူညီတဲ့သီးနှံတွေမှာ မြေဆီလိုအပ်ချက် ကွာခြားပြီး ထူးခြားတဲ့ရလာဒ်တွေ ရှိတယ်၊ တကယ်လို့ ရှင်တို့က သီးနှံကို သင့်တော်သလို အလှည့်ကျစိုက်မယ်ဆိုရင် မြေဆီဩဇာကလည်း သီးနှံအမျိုးအစားတစ်ခုထဲကြောင့် ပျက်စီးဆုံးရှုံးမှာ မဟုတ်ဘူး၊ စီမံထိန်းချုပ်လို့နိုင်တဲ့ မျှတတဲ့သံသရာတစ်ခုကို ဖန်တီးပေးတယ်၊ ဒါကြောင့် မြေဆီသိပ်သည်းကျစ်လစ်သွားတဲ့ ဖြစ်နိုင်ခြေ၊ အထွက်နှုန်းကျသွားတာ၊ ပိုးမွှားကူးစက်တာတွေ သိသိသာသာ ကျဆင်းသွားလိမ့်မယ်”

“ဆန့်ကျင်ဘက်အနေနဲ့ တကယ်လို့ မှားယွင်းတဲ့သီးနှံကို အလှည့်ကျ စိုက်မိမယ်ဆိုရင်တော့ ပြဿနာ ပိုကြီးသွားနိုင်တယ်၊ အလှည့်ကျစိုက်ဖို့ သင့်တော်တဲ့ သီးနှံအမျိုးအစား အများကြီးတော့ မသိပါဘူး၊ ဒါက တစ်ယောက်ယောက်က လေ့လာ၊ လက်တွေ့စမ်းသပ်ပြီး အကောင်းဆုံး ပေါင်းစပ်မှုကို ဆုံးဖြတ်ဖို့ လေ့လာရာမှာ သေသေချာချာ အချိန်တစ်ခု ပေးဖို့လိုအပ်တယ်”

“ကောက်ပဲသီးနှံတွေက အဟာရကို မတူညီတဲ့ပုံစံနဲ့ စုပ်ယူတာလား၊ အားလုံးကို ပြာနဲ့ မစင်နဲ့ပဲ အဟာဖြည့်ပေးရတာ မဟုတ်ဘူးလား”

ချွေ့ချီချန်းသည် ဇဝေဇဝါဖြစ်သွားသော်လည်း စန်းလော့ ပြောသမျှ စကားလုံးတိုင်းကို တစ်လုံးမှာ မချန်လှပ်ရဲဘဲ စိတ်ထဲတွင် လိုက်ချရေးထားဖို့တော့ မပျက်ကွက်ခဲ့ချေ။

သူ၏ထူးခြားသည့် မှတ်ဉာဏ်ဖြင့် ကျန့်ဇီရွှမ်းကလည်း တစ်ခါနားထောင်ပြီးနောက်တွင် ယေဘူယျအတွေးအခေါ်ကို တီးခေါက်မိသွား၏။ ထို့နောက်တွင် သူက စန်းလော့ကို မေးလိုက်၏။ “စိုက်ပျိုးဖို့အတွက် ဘယ်သီးနှံတွေကို အလှည့်ကျ စိုက်ပျိုးနိုင်တာကို သိထားလဲ”

“အခုလောလောဆယ်တော့ ကျွန်မ အိမ်ယာဝန်းထဲမှာ စပါး၊ ပဲ၊ ဆီထုတ်မုန်ညင်း၊ ဂျုံနဲ့ ခရမ်းရောင်ပဲရိုင်းပင် စိုက်ထားတာတော့ ဘာပြဿနာမှ မတွေ့သေးဘူး၊ ဒီသီးနှံအပြင် တခြားဟာတွေကိုတော့ သေချာမသိဘူး”

ကြံပင်လည်း ဖြစ်နိုင်ခြေတစ်ခုရှိသည်။ သို့သော်လည်း သူမသည် ရှီကျိုးတွင် ကြံပင်ကို မတွေ့ရသေးသလို စိုက်ပျိုးရန်လည်း မစမ်းရသေးချေ။ ထို့ကြောင့် သူမက ထိုအကြောင်းကို ထိန်ချန်ထားလိုက်သည်။

ကျန့်ဇီရွှမ်းသည် ရှန်လီ၏ အစောပိုင်း ပြောပြချက်များမှာ အပေါ်ယံစိတ်ကူးတစ်ခု ရှိခဲ့သည့်တိုင် စန်းလော့က သည်အကြောင်းကို အကျယ်ချဲ့ ရှင်းပြလိုက်သည်တွင် သူ့မှာ သူ့ပေါင်ပေါ်က လက်များကို မနေနိုင်တော့ဘဲ အနည်းငယ် ဆုပ်ထားမိလိုက်လေသည်။

စပါးအနည်းငယ်သာ ရရှိခဲ့သော်လည်း စန်းလော့၏ မြေဆွေးလုပ်နည်းနှင့် သီးနှံများကို အလှည့်ကျစိုက်ပျိုးနည်း မိတ်ဆက်ပေးလိုက်ခြင်းက တော်ဝင်ရုံးတော်အတွက် စပါးတင်းထောင်ချီကို ရယူပေးခဲ့သည်ထက်ပင် ပိုပြီးအကျိုးရှိသည်ကို သက်သေပြနေ၏။

သူသည် ကျေးဇူးတင်စိတ်ကို ဖော်ဖြရန် ချက်ချင်း ထရပ်ချင်စိတ်ကို မနည်းကြီး မြိုသိပ်ထားရလေသည်။ ထို့အစား သူက စန်းလော့ဘက်သို့လှည့်ကာ မေးလိုက်၏။ “ကျွန်တော်တို့တွေ မြေဆွေးလုပ်နည်းနဲ့ သီးထပ်စိုက်ပျိုးရေးကို မျှဝေပေးရမယ်ဆိုရင် ကျွန်တော်တို့ စီရင်စုအတွက် မင်း ဘာအကြံပေးချင်လဲ”

စန်းလော့က ခဏလောက် စဉ်းစားလိုက်ပြီးမှ ပြန်ဖြေလိုက်၏။ “ရုံးတော်မှာ စိုက်ပျိုးရေးပညာရှင်တွေ ရှိမရှိတော့ ကျွန်မ မသိပါဘူး, တကယ်လို့ ကျွန်မက အကြံတစ်ခုခု ပေးရမယ်ဆိုရင်တော့ ရုံးတော်က စိုက်ပျိုးရေးပညာရှင်တွေအတွက် သီးသန့်ရာထူးတစ်ခုပေးပြီး စိုက်ပျိုးရေးနဲ့ မွေးမြူရေးကို အာရုံစိုက်နိုင်တဲ့ ဌာနတစ်ခု တည်ထောင်စေချင်တယ်၊ ဒီ့အပြင် မြေဆွေးလုပ်တာရဲ့ အခြေခံအချက်က လုံလောက်များပြားတဲ့ မြေဩဇာရှိဖို့လိုပြီး ဒါက လူ့မစင်တစ်ခုထဲက အဆင်မပြေနိုင်ပါဘူး၊ ကျေးလက်မှာဆိုရင်တော့ ကျွန်မက အိမ်ထောင်စုတွေကို အကြံပေးထားတာက ဖြစ်နိုင်ရင် ကြက်ဘဲအပြင် သိုး၊ဆိတ်တစ်စုံလောက် မွေးမြူဖို့ပါ”

“ဆိတ်တွေက ဝက်တွေနဲ့မတူဘူး၊ ဝက်က ဖွဲနုနဲ့ ပဲဖတ်အကျန်တွေ လိုအပ်ပြီး ဆိတ်ကျတော့ ပျစ်နှစ်တဲ့အစားအစာ လိုအပ်ချက် တော်တော်လေးနည်းတယ်၊ မြက်ခင်းတစ်ခု ရှိနေသ၍ သူတို့တွေက အစားကျွေးကျွေး မကျွေးကျွေး ရှင်သန်နိုင်တယ်၊ လူတွေသာ လုံ့လရှိရှိ အလုပ်လုပ်မယ်ဆိုရင် ဆိတ်မွေးတာက အကျိုးအမြတ်တစ်ခုကို ရနိုင်တယ်၊ ဒီအပြင် ဆိတ်မစင်ကို နှပ်ထားပြီးတဲ့နောက်မှာ အကောင်းဆုံး မြေဩဇာလုပ်နိုင်တယ်”

သည်စကားကို ကြားလိုက်သည်တွင် ကျန့်ဇီရွှမ်းသည် ခပ်တိုးတိုး ရယ်လိုက်ပြီး ရှန်းလီကို လှမ်းကြည့်လိုက်ကာ ပြောလိုက်လေသည်။ “မင်းတို့နှစ်ယောက်က တကယ် လင်မယားပီသပါပေတယ်၊ မင်းရဲ့အကြံဉာဏ်တွေက တထပ်ထဲပဲ”

စန်းလော့ကို အတိုင်းအတာတစ်ခုအထိ နားလည်သည့်ရှန်းလီက သူမ၏အကြံဉာဏ် ပထမပိုင်းကို ထုတ်ပြောခဲ့ပြီးဖြစ်သည်။

သူက မေးလိုက်၏။ “မြို့တော်တွေအတွက်ရော အကြံပြုချင်တာများ ရှိလား”

စန်းလော့က ပေါ့‌ပေါ့ပါးပါး ရယ်မောက ခေါင်းညိတ်ပြလိုက်၏။ “ရှိပါတယ်၊ အများသုံးသန့်စင်ခန်းတွေကို မြို့တော်နဲ့ စီရင်စုမြို့မှာ အမျိုးသားသီးသန့်၊ အမျိုးသမီးသီးသန့် သင့်တော်တဲ့နေရာတစ်ခု ဆောက်ပေးနိုင်တယ်၊ ဒါက မြို့နေလူထုတွေကို အကျိုးရှိစေပြီး ပတ်ဝန်းကျင်ကို ပိုသန့်ရှင်းစေနိုင်တဲ့ပြင် ရောဂါပြန့်နှံ့မှာကိုလည်း အတိုင်းအတာတစ်ခုအထိ လျော့ချပေးနိုင်တယ်၊ ဒီ့အပြင် စုဆောင်းထားတဲ့မစင်တွေကို ကျေးလက်ပြည်သူတွေက မြေဩဇာအဖြစ် အသုံးပြုနိုင်တယ်”

စန်းလော့အရင်ဘဝတွင် ဥ‌ရောပအလယ်ခေတ်အတွင်း လမ်းများ၏ ညစ်ညမ်းမှုက နာမည်ဆိုးဖြင့် ကျော်ကြားလေသည်။ သို့သော်လည်း ထိုခေတ်က တရုတ်ပြည်က သိပ်မကွာခြားလှပေ။ သည်ပြဿနာက မင်မင်းဆက်အထိပင် လိုက်လာခဲ့သည်။

ချန်အန်း လမ်းမများအကြောင်း ရေးသားထားသည့် စကားရပ်တစ်ခုကိုပင် သူမ တစ်နေနေတွင် ဖတ်ခဲ့ဖူးသည်ကို မှတ်မိနေသေးသည်။ __ လမ်းပေါ်က မကျေနပ်ချက်နှစ်ခု : အားလုံးက ဦးထုပ်ဆောင်းထားကြပြီး ကျင်ကြီးစွန့်ကြတာ... မကြာခဏဆိုသလိုပဲ လူတစ်ယောက်က ကိုယ်တိုင် စွန့်ထုတ်ဖို့ လမ်းဘေးမှာ ဆောင့်ကြောင့်ထိုင်နေတာကို မြင်ရတတ်တယ်၊ မမျှော်လင့်ဘဲ အရေးပါတဲ့အရာရှိတစ်ယောက် ဖြတ်သွားတဲ့အခါမှ အချွေအရံတွေက သူ့ကို လမ်းကြားထဲ မောင်းထုတ်ခဲ့ရပြီး အရှက်ရဖွယ်အခြေအနေတစ်ခု ဖြစ်သွားတော့မလို ဖြစ်ခဲ့ရတယ်တဲ့။

သချီ၏ အချိန်နေရာကာလတွင်လည်း အဓိကလမ်းများသည် တော်တော်လေး သန့်ရှင်းလှသော်လည်း လူသွားလူလာနည်းသည့် လမ်းကြားများကို သွားကြည့်လိုက်မည်ဆိုလျှင်တော့ ဖြစ်နိုင်ခြေက ထူးထူးခြားခြား ပိုမြင့်လာပြီး တစ်စုံတစ်ယောက်၏ ခြေရာကို သတိထားမိရန်ပင် မလိုချေ။

ကျန့်ဇီရွှမ်းသည် သည်နောက်ဆုံး အချက်ကို ကြားလိုက်သည်တွင် ပြည်နယ်မြို့တော်၏ လက်ရှိအခြေအနေကို စဉ်းစားသုံးသပ်မိသွားတော့သည်။ ရှီကျိုးပြည်နယ် မဆိုထားနှင့် တော်ဝင်မြို့တော် ကိုယ်၌ကပင် သည်ကိစ္စတွင် မကွာခြားလှပေ။ အကြံပြုချက်ကို အသုံးချရမည်မှာ သံသယဖြစ်ရန်လိုကြောင်း သူ ကောက်ချက်ချမိသည်။

အားလုံးက စန်းလော့၏အကြံပြုများပင်။

သူက ထရပ်လိုက်ပြီး စန်လော့ကို လေးလေးနက်နက် ဦးညွတ်လိုက်ကာ “ဒီလောကက လယ်သမားတွေအားလုံးကိုယ်စား ကျွန်တော် မင်းကို ကျေးဇူးတင်ပါတယ်”

...

အပိုင်း (၂၇၀) ကျောက်သင်ပုန်း

ရှန်းအန်းနှင့် ရှန်းယင်တို့က ဧည့်သည်များအတွက် လက်ဖက်ရည်ပြင်ဆင်နေသော်လည်း ကျန့်ဇီရွှမ်းက သူတို့ကို လက်ဝှေ့ယမ်းပြလိုက်ပြီး အလျင်စလိုပြန်သွားလေသည်။ မြေဆွေးလုပ်နည်းကို ချက်ချင်းအသုံးချဖို့ရန် အလောတကြီး ဖြစ်နေပုံမှာ သူ့မျက်နှာပေါ်တွင် အတိုင်းသားဖြစ်နေ၏။

ရှန်းလီက သူ့ကို ကိုယ်တိုင် အဖော်လိုက်ပို့ပေးလိုက်သည်။ ခြေလှမ်းအနည်းငယ် လှမ်းလိုက်ပြီးသည့်နောက်တွင် ကျန့်ဇီရွှမ်းသည် တစ်ခုခုကို သတိရသွားပြီး ရပ်လိုက်ကာ ရှန်းလီနှင့် စန်းလော့ဘက်သို့လှည့်ကာ မေးလိုက်၏။ "မြေဆွေးလုပ်နည်းနဲ့ရင်းနှီးတဲ့ လယ်သမားနှစ်ယောက်ကို မြို့တော်ကို ခေါ်သွားဖို့ စဥ်းစားထားတယ်၊ ကျွန်တော်က သူတို့တွေကိုလည်း ဒီမှာ လက်တွေ့သင်ကြားပြသတာကို တစ်ချို့လုပ်ပေးချင်တယ်၊ မင်းတို့မှာ ထောက်ခံပေးချင်တဲ့ တစ်စုံတစ်ယောက်များရှိသလား"

"မြို့တော်ကို ဟုတ်လား” လင်မယားနှစ်ယောက်စလုံးက အကြည့်ချင်း ဖလှယ်လိုက်ကြသည်။

စန်းလော့က မေးမြန်းလိုက်၏။ "လူကြီးမင်းက ဘယ်တော့ ထွက်ခွာချင်တာလဲ၊ ဘယ်လောက်ကြာမှာလဲ"

"ဖြစ်နိုင်ရင်တော့ ချက်ချင်း ထွက်ချင်တာပဲ၊ မနက်ဖြန်လောက်ပေါ့၊ ရေလမ်းနဲ့သွားမှာဆိုတော့ ရက်ပေါင်း ၄၀လောက်ဖြစ်မယ်၊ နေထိုင်စရိတ်နဲ့ အစားအသောက်ကိုတော့ ပြင်ဆင်ပေးပါ့မယ်၊ ရုံးတော်ကလည်းပဲ ဒီခရီးအတွက် ကုန်ကျစရိတ်ဝမ်၈၀၀ကို ထောက်ပံ့ပေးမှာပါ"

စန်းလော့က နားလည်သွားသည်။ "ကောင်းပါပြီ၊ ကျွန်မ အခုပဲ သွားပြီးတော့ မေးကြည့်လိုက်ပါ့မယ် တကယ်လို့ သင့်တော်တဲ့သူ တွေ့တယ်ဆိုရင် မနက်ဖြန်မနက်စောစော ပြည်နယ်ရုံးတော်ကို လွှတ်လိုက်ပါ့မယ်"

"အရမ်း အဆင်ပြေသွားပါပြီ” ကျန့်ဇီရွှမ်းကထောက်ခံလိုက်ကာ ထွက်သွားလေသည်။

စန်းလော့က ရှန်းလီ ပြန်လာသည်အထိ စောင့်ပြီးနေလိုက်၏။ "ဦးလေးယိုထျန်းနဲ့ ရွာသူကြီးကျိုးတို့က ဒီခရီးကိုသွားချင်မယ်လို့ ရှင် ထင်လား"

အဘိုးချန်းမှာ အမှန်ပင် အကောင်းဆုံး ရွေးချယ်မှုတစ်ခု ဖြစ်နေသည်။ သို့သော်ငြားလည်း သူသည် အသက်၆၀ကျော်နေပြီဖြစ်ရာ ဒီလောက်ခရီးအရှည်ကြီးကို ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ချေ။ ချန်းယိုထျန်းကလဲ အတွေ့အကြုံရှိသည့် လယ်သမားတစ်ယောက်ဖြစ်ပြီး ရွာသူကြီးကျိုးကတော့ လယ်ယာလုပ်ငန်းအရည်အချင်းအပြင် စာအရေးအဖတ်လဲတတ်သည်။ သူတို့နှစ်ယောက်သာ အတူတူသွားမည်ဆိုလျှင် စန်းလော့က အများကြီး ပိုပြီးစိတ်အေးရသည်ဟု ခံစားရသည်။

ကျန့်ဇီရွှမ်း၏ အရေးကြီးပုံကို ထောက်ချင့်လိုက်ပြီး လင်မယားနှစ်ယောက်စလုံးက ထိုနေ့ညမှာပင် ချန်းအိမ်ထောင်စုနှင့် ကျိုးအိမ်ထောင်စုဆီသို့ သွားလည်ဖို့ ဆုံးဖြတ်လိုက်ကြသည်။

"မြို့တော်ကိုလား” စန်းလော့၏ စာတတ်မြောက်ရေးအတန်းတွင် သင်ကြားနေသည့် ချန်းယိုထျန်းသည် မအိပ်သေးဘဲ အဘိုးချန်းက စားပွဲနှင့် ထိုင်ခုံများ ပြုလုပ်နေသည်ကို ကူညီရင်းဖြင့် အလုပ်များနေကာ ဆီမီးရောင်အောက်တွင် မယုံမကြည်ဖြင့် သူ့မေးရိုးများမှာ အောက်ကျလုနီးပါး ဖြစ်သွားတော့သည်။

"ဟုတ်တယ်” စန်းလော့က အခြေအနေကိုရှင်းပြလိုက်ပြီး ချန်းယိုထျန်းကို ဒီခရီးကိုသွားရန် လိုလားပါသလားဟု မေးမြန်းလိုက်သည်။

ချန်းယိုထျန်းက မဖြေရသေးခင်မှာပင် အဘွားချန်းက စိတ်အားထက်သန်စွာဖြင့် ပြန်ဖြေသည်။ "ဒါပေါ့၊ ငါတို့တွေ သွားရမှာပေါ့၊ ဒါက မင်းကြီးရုံးစိုက်ရာ နေရာမဟုတ်လား၊ ရုံးတော်က အစားအသောက်နဲ့နေဖို့လဲ ထောက်ပံ့ပေးမှာပဲ၊ သူတို့က ဝမ်၈၀၀တောင် ပေးအုံးမှာဆို"

ချန်းမိသားစုသည် စန်းလော့၏ ခေါင်းဆောင်မှုအောက်တွင် များပြားသည့်ဝင်ငွေတစ်ခုကို ရှာဖွေနိုင်ခဲ့သော်ငြားလည်း ဝမ်၈၀၀ကပင် အဘွားချန်း၏မျက်လုံးထဲတွင် သိသာထင်ရှားသည့် ပမာဏတစ်ခုအဖြစ် မှတ်ယူနိုင်သည်။ ပိုအရေးကြီးသည်က ဒါသည် မြို့တော်သို့ဝင်ရောက်ရန် အခွင့်အရေးတစ်ခုဖြစ်သည်။ ... မင်းကြီးရုံးစိုက်ရာ နေရာလဲဖြစ်ပြီး အဘွားချန်းသည် သူမ၏ အသက်အရွယ် ကြီးရင့်သော်ငြားလည်း သွားရောက်လည်ပတ်ဖို့ရန် ဘယ်တုန်းကမှ အိမ်မက်မမက်ရဲခဲ့သည့် သူမ၏ ရည်မှန်းချက်တစ်ခုလည်း ဖြစ်လေသည်။

"ဒါက ဘယ်လိုတောင် ကံကောင်းခြင်းမျိုးလဲ” အဘွားချန်းက ချန်းယိုထျန်းက လက်ခံဖို့ရန် တွေဝေနေမှာ စိုးရိမ်သဖြင့် ပြောလိုက်လေသည်။

သူမ၏အဖြေက လျင်မြန်လွန်းလှသဖြင့် ချန်းယိုထျန်းမှာ ဖျတ်ခနဲဆိုသလို ခြိမ်းခြောက်သည့်ခံစားချက်တစ်ခုကိုပင် ခံစားလိုက်ရသည်။ သူက စန်းလော့ဘက်သို့လှည့်ကာ မေးလိုက်၏။ "မြေဆွေးလုပ်နည်းကိုပဲ သင်ကြားပေးခိုင်းတားလား"

"ဟုတ်တယ်၊ သီးထပ်စိုက်ပျိုးခြင်းနည်းလမ်းကိုလည်း ရှင်းပြသင့်တယ်လို့ ကျွန်မ ထင်တယ်"

ချန်းယိုထျန်းသည် အစကတည်းက စန်းလော့၏ အဖွဲ့ထဲမှဖြစ်လေရာ စိုက်ပျိုးရေးတွင် ကျွမ်းကျင်လေသည်။ သူကလည်း ဒါကိုလုပ်နိုင်၏။ သူ့နှုတ်ခမ်းများက စိုးရိမ်စိတ်ကြောင့် ခြောက်သွေ့လာပြီး သူ့အဖေကို လှမ်းကြည့်ရင်း တုန်တုန်ယင်ယင် ဖြစ်သွားပြီးနောက်တွင် သူ့အမေကို ကြည့်လိုက်ကာ နောက်ဆုံးတော့ ချင်ဖန်းညန်တို့ကို လှမ်းကြည့်လိုက်သည်။ သူတို့အားလုံးက စိတ်လှုပ်ရှားစွာဖြင့် တောက်ပနေကြသည်။

"ကောင်းပြီလေ ငါ သွားပါ့မယ်”

စန်းလော့က ပြုံးပြလိုက်သည်။ "ဦးလေးယိုထျန်း စိတ်ပူစရာမလိုပါဘူး၊ ကျွန်မ ရွာသူကြီးကျိုးကိုလည်း မေးထားပါတယ်၊ တကယ်လို့ သူ အားမယ်ဆိုရင် ဦးလေးတို့နှစ်ယောက်က ရေလမ်းခရီးကနေ အတူတူ သွားလို့ရပါတယ်၊ အချိန်အများစုကတော့ ဦးလေးက အရာရှိတွေပြောတဲ့အတိုင်း လိုက်လုပ်ဖို့ပဲလိုတာပါ"

ရွာသူကြီးကျိုးကလဲ လိုက်ပါမည်ဟု ကြားလိုက်သဖြင့် ချန်းယိုထျန်း၏ တင်းကြပ်နေသည့်ပုခုံးမှာ မသိမသာ လျော့ကျသွားတော့သည်။ "အဖော်ရှိတော့ ကောင်းတာပေါ့၊ ဒါက ပိုပြီးတော့စိတ်အေးရစေတယ်လေ"

တစ်ခြားဖက်တွင်တော့ ကျိုးမိသားစုကလဲ မြို့တော်သို့ သွားမည့်ခရီးအကြောင်းကို ရှန်းလီထံမှ ကြားလိုက်ရသည်။ သူတို့ကလဲ ထိုနည်းတူ စိတ်လှုပ်ရှားနေကြ၏။ စိုးရိမ်စိတ်ကလွဲလျှင် ရွာသူကြီးကျိုးသည် အလွန်မှ စိတ်လှုပ်ရှားရသဖြင့် မူးနောက်သွားသလိုပင် ခံစားလိုက်ရလေသည်။

"ငါ့ဘဝမှာ ရွာသူကြီးဆိုတဲ့ရာထူးထက် ဒီထက်ပိုမြင့်တဲ့ အရာရှိရာထူးတစ်ခုကို တစ်ခါမှ မရခဲ့ဖူးဘူး။ အားလော့ရဲ့ အဆက်အသွယ်ကနေတစ်ဆင့် ငါ မြို့တော်ကို ခရီးတစ်ခေါက်လောက် သွားရမဲ့ အခွင့်အရေး ရလာမယ်လို့တောင် ထင်မထားခဲ့မိဘူး"

သူသည် စန်းလော့နှင့် ချန်းယိုထျန်းတို့ကို သွားတွေ့ဖို့ရန် ချန်းအိမ်သို့ ချက်ချင်းသွားလိုက်လေသည်။ မြောက်ပိုင်းရာသီဥတုအကြောင်းကို ရှန်းလီအား မေးမြန်းလိုက်ပြီးနောက်တွင် သူက သင့်တော်မည့် အဝတ်အစားနှစ်စုံကို ထုပ်ပိုးလိုက်သည်။ မိသားစုနှစ်ခုလုံး၏ စိတ်လှုပ်ရှားမှုမှာ ထိုနေ့ညတွင် ဟိုလှည့်ဒီလှည့်ဖြင့် ကုန်ဆုံးသွားပြီး မအိပ်နိုင်ကြဖြစ်ရလေသည်။ သို့သော်ငြားလည်း ဒါက အကြောင်းအရာ နောက်တစ်ခုပင်။

ရှန်းမိသားစုအိမ်ဘက်တွင်တော့ ရှန်းအန်း၊ ရှန်းနဥ်နှင့် ရှန်းယင်တို့မှာလဲ ထိုနည်းတူစွာပင် လှုပ်ရှားနေကြ၏။ ရှန်းလီနှင့် စန်းလော့တို့ ထွက်သွားပြီးသည်နှင့်ချက်ချင်း ရှန်းနဥ်က လှုပ်ရှားမှုတစ်ချို့ကို အာရုံခံလိုက်မိသည်တွင် ထထွက်လာကာ ရောက်လာသည့်သူကို မေးမြန်းလိုက်လေသည်။ ရှန်းအန်း၏ ရှင်းပြသည့်စကားကို ကြားလိုက်ပြီးသည့်နောက်တွင် သူမက အခြေအနေကို နားလည်သွား၏။ သူမက နားထောင်ပြီးသွားသည်နှင့်ချက်ချင်း ရှန်းနဥ်က တစ်ခုခုကို သဘောပေါက်သွားလေသည် "အစ်ကို မကြီးက တစ်ခုခုကြီးကြီးမားမား ထပ်ပြီးတော့ ပြီးမြောက်သွားခဲ့တာလား"

"တကယ့်ကို ကြီးကြီးမားမား အောင်မြင်မှုတစ်ခုပဲ” ရှန်းအန်းက ပြန်ဖြေလိုက်သည်။ စာလေ့လာရင်းဖြင့် သူသည် သချီ၏ပြည်သူများအတွက် အထွက်တိုးနှုန်းက သိသိသာသာ အရေးပါသည်ကို ကောင်းကောင်းသတိထားမိလာသည်။

ပျော်ရွှင်မှုအပြင် သူသည် သိသာထင်ရှားသည့် ဖိအားတစ်ခုကိုလည်း ခံစားလိုက်ရသည်။ တစ်ခုမှာ သူ့အစ်ကိုအကြီးဆုံးက သူ့မရီး အကြိမ်ကြိမ် ဆုလာဒ်ရရှိပြီးကတည်းက မနားမနေ စာပေလေ့လာခဲ့ရသည့် အကြောင်းအရင်းကို နောက်ဆုံးတော့ သဘောပေါက်သွားတော့သည်။ ပြည်နယ်ကျောင်းတော်တွင်ပင် သူ့အတွက် စိတ်အေးရသည့် အခိုက်အတန့်ဆိုတာ မရှိခဲ့သလောက်ပင်။

သူတို့ကလည်းပဲ အတူတူ ထောက်ပံ့ပေးခံနေရသည့် လူနှစ်ယောက်ဖြစ်နေရာ သူ့မရီးက ပိုပြီးတော့ မြန်မြန်ဆန်ဆန် တိုးတက်နေလေလေ သူတို့က နောက်တွင်ပိုပြီးတော့ ကြာကျန်ခဲ့လေလေဖြစ်ရာ သူတို့၏ စိုးရိမ်သည့်ဝန်ထုပ်ဝန်ပိုးမှာ တိုးပွားလာတော့သည်။

"ငါ ရေသွားချိုးလိုက်အုံးမယ်” ထို့နောက်တွင်တော့ သူသည် နည်းနည်းလေးပိုပြီး စာဖတ်ရပေလိမ့်မည်။

...

အမှန်ပင် ရှန်းလီကလဲ ဖိအားကိုခံစားနေရ၏။ သို့သော်ငြားလည်း သူက စန်းလော့ရှေ့တွင် ထိုအရာကို မပြသချေ။ အိမ်နှင့် ရက်အနည်းငယ်လောက် ဝေးကွာခဲ့ပြီးနောက်တွင် သူက ခရီးသွားလာသဖြင့် ဖုန်မှုန်များကို ဆေးကြောပြီးသည့်နောက်တွင် သူ့မိန်းမနှင့်စကားစမြည် နည်းနည်းပါးပါး ပြောပြီးသည့်နောက် သူတို့သည် တစ်ညတာ အနားယူလိုက်ကြလေသည်။

နောက်တစ်နေ့မနက်ခင်း ကောင်းကင်က လင်းရှင်းလာစသာ ရှိသေးသည် ချန်းယိုထျန်းနှင့် ကျိုးချွမ်ကျန့်တို့က ရှန်းအိမ်တော်သို့ ရောက်လာကြပြီး တစ်ယောက်ချင်းစီက သူတို့ကျောပေါ်တွင် ခြင်းတစ်လုံးကို သယ်ထားကြကာ ရှန်းလီနှင့် သူ့ညီအစ်ကိုနှင့်အတူ ပြည်နယ်ကျောင်းတော်သို့ အတူသွားဖို့ရန် အသင့်ဖြစ်နေ၏။

ရှန်းလီက သူတို့၏မနက်စာကို စားပြီးရုံသာရှိသေးပြီး အရသာရှိသည့် ချိုမြမြရနံတစ်ခုက ခြံဝန်းထဲမှ ခပ်သင်းသင်းလေး ထွက်လာခဲ့လေသည်။ ရှန်းနဥ်ဘက်ကို ကြည့်လိုက်သည်တွင် စန်းလော့က သူနှင့် အကြည့်ခြင်းဖလှယ်လိုက်၏။ ရှန်းနဥ်က တခစ်ခစ် ရယ်မောလိုက်ကာ ဝါးဗူးလေးနှစ်ခုကို သွားပြီးယူလာလိုက်သည်။ သူက အပြုံးဖြင့်ပြောလိုက်၏။ "ကျွန်မရဲ့ယောင်းမက ဒီနေ့မနက်ခင်းမှာဘဲ ဒီအစားအသောက်နှစ်ခုကို လုပ်ထားပေးတာလေ၊ ဦးလေးချန်းနဲ့ ဦးလေးကျိုးတို့ ဒါတွေကို ဦးလေးတို့ခရီးနဲ့အတူ ခရီးမှာယူသွားလိုက်ပါ "

ကျိုးချွမ်ကျန့် မှာ တအံ့တသြ ပြောရသည်။ "ဒီနေ့ ငါတို့အတွက် ဘာစားစရာများလဲ"

သွားများပေါ်သည်အထိ ပြုံးလိုက်ပြီးနောက်တွင် သူက စန်းလော့နှင့် ရှန်းနဥ်တို့ကို ကျေးဇူးတင်စကား ပြောလိုက်ပြီးနောက် ဝါးဗူးလေးများကို ခြင်းထဲသို့ ထည့်ထားလိုက်သည်။ ချန်းယိုထျန်းကလဲ အပြုံးတစ်ခုဖြင့် လက်ဆောင်များကို လက်ခံလိုက်၏။ ထိုယောက်ျားနှစ်ယောက်သည် သူတို့ ခြင်းထဲသို့ပစ္စည်းများကို ထည့်သွားပြီးသည့်နောက်တွင် စန်းလော့က အထုပ်အပိုးများအပြင် မန်ထိုတစ်ချို့နှင့် ရေလည်းပါသေးသည်ကို သတိထားမိလိုက်သည်။

စန်းလော့သည် မြို့ထဲတွင် သူမ၏ ကိုယ်ပိုင်ဝန်ထမ်းများဖြင့် လည်ပတ်နေလေသည်။ ဒါသည် လ၏ ၅ရက်မြောက်နေ့ဖြစ်ကာ ရှန်းလီနှင့် ရှန်းအန်းတို့က သူတို့ဆိုင်သို့ ကိတ်မုန့်နှင့် ပေါင်မုန့်တစ်သုတ် သွားပို့ပေးရန် လိုအပ်သည်။ အတူတူ ထွက်လာကြသဖြင့် ချန်ယိုထျန်းနှင့် ကျိုးချွမ်ကျန့်တို့၏ခြင်းများက ဘာအာရုံစိုက်မှုကိုမှ မဆွဲဆောင်ခံခဲ့ရချေ။ သူတို့၏ ဝမ်းသာစိတ်နှင့် သူတို့နှုတ်ခမ်းထောင့်ကို ဖိနှိပ်ထားရခြင်းကလွဲလျှင် သူတို့သည် တောင်အတွင်းပိုင်းသို့ သွားရခြင်း သို့မဟုတ် ခေါက်ဆွဲအလုပ်ရုံသို့ ပုံမှန်ခရီးသွားရခြင်းနှင့် မကွာခြားလှပေ။

မြို့ထဲသို့ဝင်ရောက်လာသည်တွင် ရှန်းလီနှင့် ရှန်းအန်းတို့က သူတို့၏ဆိုင်သို့ ပစ္စည်းများကို ကိုယ်တိုင်သွားပို့ပေးလိုက်ကြပြီး ထိုနေရာတွင် စောင့်နေသည့်ရှင်းညန်နှင့် ပစ္စည်းများကို စီမံပေးလိုက်လေသည်။ ထို့နောက်တွင်တော့ သူတို့က ချန်းယိုထျန်းနှင့် ကျိုးချွမ်ကျန့်တို့ကို ပြည်နယ်ရုံးတော်သို့ လိုက်ပါပို့ဆောင်ပေးခဲ့သည်။ တစ်ဖက်တွင်တော့ စန်းလော့က အနောက်ဘက်ခြံဝန်းမှတစ်ဆင့် ဖန်ဖေးညန်ဆီသို့ အလည်အပတ်သွားခဲ့သည်။

ဖန်ဖေးညန်သည် ပြီးခဲ့သည့်ရက်အနည်းငယ်က စန်းလော့က အလုပ်ရုံတစ်ခု တည်ဆောက်ဖို့ရန် အိမ်ယာဝန်းတစ်ခုကို ငှားရမ်းခဲ့သည့်အကြောင်းကို ကြားခဲ့ပြီးသည်ဖြစ်သဖြင့် တော်တော်လေးကို ကြည့်ချင်စိတ် ဖြစ်မိလေသည်။ သို့သော်ငြားလည်း သူမ၏ မသက်မသာဖြစ်ပြီး အသေးစား နာမကျန်းဖြစ်ခဲ့သည့်အတွက် အားယောင်နှင့် ချန်ပေါင်တို့ကို ထိခိုက်မှာစိုးရိမ်သည်။ သူမက သရှင်းအိမ်ယာဝန်းထဲသို့ သွားမလည်ခဲ့ရချေ။ မနေ့ညက စန်းလော့သည် မြေဆွေးပြုလုပ်ခြင်းနှင့် သီးထပ်စိုက်ပျိုးခြင်းနည်းလမ်းများကို ထုတ်ဖော်ခဲ့ကြောင်းသိခဲ့ရသည်။ ထိုအရာနှစ်ခုလုံးက အစောပိုင်းနှစ်များတွင် သူမ ရှာဖွေတွေ့ရှိခဲ့သည့် အရာဖြစ်လေသည်။ မြေဆွေးလုပ်နည်း တစ်ခုတည်းကပင် တစ်ဧကကို ပေါင်၄၀ အထွက်နှုန်းတိုးလာစေနိုင်ကာ သီးထပ်စိုက်ပျိုးခြင်းကလဲ မကြာခဏ မြေများကို လှပ်ထားရသည့် အချိန်ကာလလိုအပ်ချက်ကို ဖယ်ရှားပေးနိုင်လေသည်။

ကျန့်ဇီရွှမ်းသည် မနေ့ညက လျှောက်တင်လွှာတစ်ခုကို ရေးသားခဲ့သည်။ သူ၏အလုပ်ကိစ္စတစ်ချို့ကို တရားသူကြီးဟယ်ထံသို့ မနက်အစောပိုင်းတွင် အပ်နှံခဲ့ကာ သူကိုယ်တိုင် မြို့တော်သို့သွားရန်ပြင်ဆင်လေသည်။

ဖန်ဖေးညန်ကလဲ စိတ်လှုပ်ရှားသွားပြီး သူမ၏ဧည့်သည်များ ရောက်အလာကို စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေလေသည်။ သူမသည် သူမ၏ တော်ဝင်သလွန်ပေါ်တွင် ဆက်ပြီးတော့ လဲလျောင်းမနေတော့ဘဲ ချက်ချင်းဆိုသလို ထရပ်လိုက်သည်။ သူမ၏ ခြေထောက်များကို ကြွလိုက်ကာ သူမက စန်းလော့ကို သွားရောက်နှုတ်ဆက်လိုက်၏။

"ရှင် နောက်ဆုံးတော့ ကျွန်မကို လာတွေ့ပြီပေါ့၊ ကျွန်မကို ပြောစမ်းပါအုံး၊ ဒီပြီးခဲ့တဲ့ရက်အတွင်းမှာ ဘယ်လောက်တောင် ကောင်းမွန်တဲ့ ကြိုးပမ်းအားထုတ်မှုတွေ လုပ်ခဲ့ပြီးပြီလဲ"

သူမက လက်ဖက်ရည်နှင့် မုန့်ပဲသရေစာများကို ပြင်ဆင်ခိုင်းလိုက်ပြီး စန်းလော့ကို ပန်းပွင့်ခန်းမဆီသို့ ခေါ်သွားလေသည်။ သူမ၏ ကောင်းမွန်သည့် အနံ့ခံအာရုံက နှစ်လိုဖွယ် ချိုမြမြရနံ့လေးတစ်ခုကို အာရုံခံမိလိုက်ကာ သူမ၏အကြည့်က စန်းလော့၏ လက်ထဲကခြင်းငယ်လေးဆီသို့ ရောက်သွားလေသည်။

"ရှင် ကျွန်မအတွက် ယူလာပေးတာလား၊ အနံ့က အရမ်းကိုမွှေးနေတာပဲ"

သူမသည် ပြီးခဲ့သည့်ရက်များအတွင်းတွင် အစာစားလို စိတ်သိပ်မရှိခဲ့ချေ။

"ကြက်ဥပေါင်းပါ၊ လတ်လတ်ဆတ်ဆတ်လေး လုပ်လာခဲ့တာ ဒါက ဆိုင်ကနေပြီးတော့ အသစ်မိတ်ဆက်ပေးဖို့ စီစဥ်ထားတဲ့ ပစ္စည်းအသစ်လေ၊ ဒါပေမဲ့ ကျွန်မတို့တွေက မှန်ကန်တဲ့ပစ္စည်းပစ္စယတွေကို မရသေးပါဘူး၊ ဒီတော့ ဒါတွေက အရမ်းကိုဆွဲဆောင်မှုရှိတဲ့ပုံ မပေါ်နေဘူးလေ၊ ဒါတွေကို အရင်ဆုံး မြည်းကြည့်ပြီးတော့ ကြိုက်မကြိုက် ပြောပေးပါအုံး"

အမှန်ပင် ကြက်ဥပေါင်းဖြစ်လေသည်။

သရှင်းရွာ၏ အထူးထုတ်ကုန်ပစ္စည်းသည် ကုန်ပစ္စည်းအသစ်တစ်ခုခုကို မိတ်မဆက်ပေးရသည်မှာ အချိန်အတော်ကြာသွားပြီဖြစ်သည်။ လက်ရှိတွင် ရွာက ကြီးမားသည့် ဆိတ်တစ်အုပ်ကို မွေးမြူထားသည်တွင် ဆိတ်နို့ကလဲ လုံးဝပြတ်လပ်မနေချေ။ ထို့ကြောင့် စန်းလော့က ဒီများပြားလှသည့် အရင်းအမြစ်ကို အသုံးချဖို့ရန်အတွက် တစ်ခုခု အသစ်အဆန်းဖြစ်သည့်ပစ္စည်းများကို ထုတ်လုပ်ဖို့ရန် စဥ်းစားလာခဲ့သည်။ ဒီလို အချိုပွဲတစ်ခုကို ဖန်တီးရသည်က ရိုးရှင်းသည့်အလုပ်တစ်ခုတော့ မဟုတ်ချေ။ အသစ်လုပ်ထားသည့် အပြင်ခွံမရှိသလို ခဲပတ်စက္ကူများနှင့် သကြားဖြူကလဲ မရှိသေးချေ။ ထောပတ်ကလဲ မရှိသည်တွင် အချိုပွဲမှာ တစ်ပုံစံတည်း ဖြစ်လိမ့်မည်တော့ မဟုတ်သည့်သဘောပင်။ ဟင်းသီးဟင်းရွက်ဆီ တစ်မျိုးကို အစားထိုးသုံးသည်က အဆင်ပြေသည်။ ပျားရည်က သကြားဖြူနေရာတွင် အစားထိုးနိုင်သည်။ သူတို့၏ အိမ်သစ်တက်ပွဲလုပ်ချိန်က ဝမ်မိသားစုက လက်ဆောင်ပေးခဲ့သည့် အသေးငယ်ဆုံး ပန်းကန်လုံးတစ်စုံကိုတော့ အခွံမာပုံစံခွက်တစ်ခု ပြုလုပ်ဖို့ ရည်ရွယ်ထားလိုက်သည်။

မြေသားမုန့်ဖုတ်ဖိုတစ်ခုနှင့် အကြိမ်ကြိမ်တော်တော်များများ စမ်းသပ်ကြည့်ပြီးနောက် ဖရိုဖရဲပုံစံများ တစ်ချို့ထွက်လာပြီးသည့်နောက်တွင်တော့ နောက်ဆုံးတွင် သူမအတွက် တစ်ခုခု အရမ်းလှပသည့်အရာများကို ပြုလုပ်နိုင်ခဲ့သည်။ သို့သော်ငြားလည်း... အရွယ်အစားက တော်တော်လေးကို ကြီးနေသည်။

မွှေးရနံ့ကြောင့် ဆွဲဆောင်ခံလိုက်ရသည့် သခင်မဖန်မှာ ဆွဲဆောင်မှုကို မလွန်ဆန်နိုင်တော့ချေ။ ပန်းပွင့်ခန်းမထဲသို့ ဝင်လာပြီးသည်နှင့် သူမက ခြင်းကို ဖွင့်လိုက်ပြီး အရသာခံဖို့ရန် တစ်ခုကို ကောက်ကိုင်လိုက်သည်။ ဒါသည် မရင်းနှီးသည့် အချိုပွဲတစ်ခုဖြစ်ကာ အစားအသောက်ကို ပုံမှန်စားသောက်လိုစိတ်မရှိသည့် တစ်စုံတစ်ယောက်အတွက် သူမ၏မျက်လုံးများက ဝမ်းသာအားရ လင်းဖြာသွားလေသည်။ ဒါက အရသာရှိတာပဲ။

ကျုံးမားမားက ဘေးမှနေ၍ စိတ်အေးသွားကာ သက်ပြင်းချလိုက်၏။

ဖန်ဖေးညန်သည် သူမ၏ အစားအသောက်ကို စားသောက်ပြီးစီးသွားကာ သူမ၏လက်ကို သန့်ရှင်းအောင် လုပ်လိုက်ပြီးနောက်တွင် စန်းလော့နှင့်စပြီး စကားစမြည် ပြောလိုက်သည်။ သူမသည် မြေဆွေးလုပ်သည့်နည်းလမ်းနှင့် သီးထပ်စိုက်ပျိုးသည့်နည်းလမ်းကို စိတ်ဝင်စားနေသည်။ သို့သော်ငြားလည်း ထယ်သွားအကွေးပြုလုပ်ခြင်းနှင့် စက္ကူပြုလုပ်သည့်နည်းလမ်းများလဲ ရှိထားခဲ့သည်ဖြစ်ရာ သူမက ဒီကိစ္စများကို ကောင်းကောင်း လက်ခံလိုက်သည်။ မကြာမှီ စကားဝိုင်းက အလုပ်ရုံဖက်သို့ ပြောင်းသွားသည်။ "ကျွန်မ ရှင့်ကို မေးမယ်လို့ ရည်ရွယ်နေတာကြာပြီ ရှင့်ရဲ့ခေါက်ဆွဲအလုပ်ရုံက ငှားထားတဲ့အလုပ်သမားတွေနဲ့ အလုပ်ရုံတစ်ခု လုပ်ထားတာဆိုတော့ လုပ်နည်းအမယ်ပေါက်ကြားသွားမှာ မစိုးရိမ်ဘူးလား"

အထင်ကရမိသားစုများတွင် လျှိုဝှက်သည့်နည်းလမ်းများကို ရေရှည်အသုံးချဖို့ရန်အတွက် သူတို့၏ သစ္စာရှိအစေခံများကိုသာ အပ်နှံလေ့ရှိသည်။

စန်းလော့က ပြန်ဖြေလိုက်၏။ "သူတို့တွေကို လျှိုဝှက်ထားရမဲ့ကိစ္စတွေနဲ့ ပတ်သတ်ပြီး စာချုပ် ချုပ်ခိုင်းထားတယ်လေ၊ အရေးကြီးတဲ့အဆင့်တွေကိုတော့ ကျွန်မတို့ ပိုပြီးယုံကြည်ရတဲ့သူတွေကိုပဲ ကိုင်တွယ်ခိုင်းတယ်၊ သိပ်အရေးမကြီးတဲ့ကိစ္စတွေကိုတော့ အလုပ်ရုံက အလုပ်သမားတွေကို တာဝန်ပေးထားတယ်လေ၊ အမှန်အတိုင်းပြောရရင် ဒါက ရေရှည်ဖြေရှင်းချက်တစ်ခုတော့ မဟုတ်ပါဘူး။ တကယ်လို့ စီးပွားရေးကိုချဲ့ထွင်မယ်ဆိုရင် ကျွန်မတို့တွေက လူတွေကို ပိုပြီးလိုအပ်လာမှာက ရှောင်လွှဲလို့မရဘူးလေ”

ဖန်ဖေးညန်သည် သစ္စာရှိသည့်အစေခံတစ်ချို့ကို ဝယ်ယူဖို့ရန် အကြံပေးချင်ခဲ့သော်ငြားလည်း သချီ၏ လက်ရှိလူဦးရေ အခြေအနေကို စဥ်းစားလိုက်သည်တွင် သူမက သူမ၏လျှာကို ပြန်ထိန်းထားလိုက်တော့သည်။ ထိုအစား စန်းလော့က အထူးရည်ရွယ်ချက်တစ်ခုဖြင့် မြို့တော်သို့ လာရောက်စေချင်သည့်အကြောင်းကို မေးမြန်းလိုက်၏။

"အားယောင်နဲ့ ချန်ပေါင်တို့က အရမ်းကိုငယ်သေးပြီးတော့ ဆက်တိုက်စောင့်ရှောက်ပေးဖို့ လိုသေးတယ်လေ၊ ရှင် ကျွန်မကို ဒီအထိလာတွေ့တာ ဒီကိစ္စတစ်ခုတည်းအတွက်ကြောင့်တော့ မဟုတ်ဘူးမဟုတ်လား"

ဖန်ဖေးညန်၏စကားလုံးများက စန်းလော့ကို ရယ်မောသွားစေတော့သည်။

"မဟုတ်တာတော့ အမှန်ပါပဲ၊ ကျွန်မ ရှင့်ကိုပြောပြခဲ့တဲ့ ကြက်ဥပေါင်းအခွံအတွက် ကြွေထည်ပုံစံခွက်တစ်ချို့ကို လာမှာတာပါ ပြီးတော့ တစ်ချို့ပစ္စည်းတွေကိုလဲ လာဝယ်တာပါ"

သူမက အလုပ်ရုံအလုပ်သမားများအတွက် စာတတ်မြောက်ရေးအတန်းတစ်ခုကို တည်ထောင်ပေးခဲ့သည့်အကြောင်းကို ဖန်ဖေးညန်အား ပြောပြလိုက်လေသည်။ "ကျွန်မ ဒီကိုလာတာ သင်ကြားရေး အထောက်အကူပြုပစ္စည်းတွေ လာဝယ်တာပါ"

ဖန်ဖေးညန်မှာ မယုံနိုင်အောင် ဖြစ်သွားတော့သည်။ "ရှင်က အမျိုးသမီးအလုပ်သမားတွေနဲ့ သူတို့ရဲ့ကလေးတွေကို အရေးအဖတ်သင်ပေးဖို့ ဆရာတစ်ယောက် ငှားထားတာလား"

စန်းလော့က ပြုံးပြလိုက်သည်။ "အဲလောက်အရမ်းကြီး အံ့သြနေစရာ မလိုပါဘူး၊ သူတို့တွေက နောက်ကျရင်လဲ ကျွန်မအတွက် အလုပ် လုပ်ပေးကြမှာပဲလေ၊ အလုပ်သမားတွေအတွက် စာဖတ်တတ်ရင် ပိုပြီးတော့ ကောင်းတာပေါ့"

ဖန်ဖေးညန်က ပြန်ပြောလိုက်သည်။ " ... နင်ဟာလေ တကယ့်ကို အမျှော်အမြင်ရှိတာပဲ၊ သူတို့တွေက တစ်ခြားအခွင့်အရေးတွေကို ရှာဖွေရလောက်တဲ့အထိ တတ်မြောက်သွားမှာ မစိုးရိမ်ဘူးလား"

"ကျွန်မက ကျွန်မလုပ်ချင်တဲ့ဟာကို လုပ်ခဲ့ရုံပါ” စန်းလော့က သဘောထားကြီးကြီးဖြင့် ပြောလိုက်လေသည်။

"အင်း ရှင်လုပ်ချင်တာကိုပဲ လုပ်နေတာပေါ့လေ ဟုတ်လား” ဖန်းဖေးညန်က အသံထွက်ကာ အော်ရယ်လိုက်ပြီး ခေါင်းငြိမ့်လိုက်၏။

"ဟုတ်ပါတယ်လေ မှန်ပါတယ် ရှင့်ရဲ့စိတ်ရင်းကပဲ အပြန်အလှန်အနေနဲ့ သူတို့ရဲ့သစ္စာစောင့်သိမှုကို ရရှိမှာပါ၊ ရှင်က ဘယ်လိုသင်ကြားရေး အထောက်အကူပြု ပစ္စည်းမျိုးကို လိုချင်တာလဲ ပေတံလား"

စန်းလော့က ပြုံးကာ ခေါင်းချပြလိုက်သည်။ "စာပေလေ့လာတယ်ဆိုတဲ့နေရာမှာ သူတို့ရဲ့ ကိုယ်ပိုင်ကြိုးစားအားထုတ်မှု လိုအပ်တယ်လေ၊ ပေတံတစ်ချောင်းတော့ မလိုအပ်ပါဘူး၊ ကျွန်မက အနက်ရောင်ဆေးခြယ်ထားတဲ့ သစ်သားဘုတ်ပြားလေးတစ်ခု ရမလားလို့ ကြည့်ချင်လို့ လက်သမားဆိုင်ကိုသွားကြည့်ဖို့ စီစဥ်ထားတယ်"

စာပေတတ်မြောက်ခြင်းအတန်းတွင် လူကြီးနှင့် လူငယ်များပါ ပါဝင်လေသည်။ ကလေးများက စာလုံးပေါင်းတစ်ထောင်ကျမ်းကို ရွတ်ဆိုဖို့ရန် ပိုပြီးလွယ်ကူသော်ငြားလည်း လူကြီးများကတော့ ရုန်းကန်ရနိုင်ကာ ရှက်ရွံ့သည့်ခံစားချက်များလည်း အတိုင်းအတာတစ်ခုအထိ ရှိနိုင်သည်။

ထို့ကြောင့် စန်းလော့က သူမ၏ သင်ကြားခြင်းနည်းလမ်းများကို အနည်းငယ်ပြုပြင်ဖို့ ဆုံးဖြတ်ထားလိုက်သည်။ သူမသည် စာလုံးပေါင်းတစ်ထောင်ကျမ်းကို သင်ပေးအုံးမည် ဖြစ်သော်ငြားလည်း သူမက ရိုးရှင်းပြီး လက်တွေ့ကျကာ သင့်တော်သည့် အကြောင်းအရာများကို ပေါင်းစပ်ပြီး နောက်ပိုင်းမျိုးဆက်များက ကလေးများစာဖတ်တတ်ဖို့ရန် အသုံးချသည့် စာလုံးရေးထားသည့် ကဒ်ပြားများနှင့် ဆင်တူသည့် အရာများကိုလည်း အသုံးချဖို့စဥ်းစားထားသည်။ သင်ခန်းစာများကိုတော့ လယ်သမားအိမ်ထောင်စုက အများဆုံး ထိတွေ့နေရသည့် အကြောင်းအရာများနှင့် စတင်မည်ဖြစ်ကာ တဖြည်းဖြည်းနှင့် ပိုပြီးခက်ခဲသည့်စကားလုံးများဆီသို့ အဆင့်မြှင့်တင်ပေးသွားမည်ဖြစ်သည်။

သူမနှင့် ရှန်းနဥ်တို့က အိမ်တွင် စက္ကူများကို တိုးတိုးတိတ်တိတ် လုပ်လာခဲ့သည်။ ထို့ကြောင့် စာရွက်များပေါ်တွင် စာလုံးရေးခြင်းဖြင့် မှင်အသုံးချခြင်းက သေချာပေါက် အဆင်ပြေလှသည်။ ယခုဆိုလျှင် သူတို့၏မိသားစုက ငွေရေးကြေးရေး ချွေတာနေစရာမလိုတော့သဖြင့် သူတို့သည် မှင်ကို အသုံးပြုသည့်အချိန်တိုင်း ဟိုတို့ဒီတို့ ခံစားနေစရာ မလိုတော့ချေ။ သို့သော်ငြားလည်း စာသင်ခန်းထဲတွင် သင်ကြားခြင်းအတွက် ကြီးမားသည့်ကဒ်ပြားများက အလွယ်တကူရေးပြီး အလွယ်တကူ ပြန်ဖျက်လို့ရနိုင်သည့် မြေဖြူသင်ပုန်းလိုတော့ အဆင်ပြေလိမ့်မည် မဟုတ်ချေ။

စန်းလော့သည် သာမန်သေမျိုးတစ်ယောက်ဖြစ်ပြီး ဗဟုသုတနှံ့စပ်သူ သို့မဟုတ် ဉာဏ်ကြီးရှင်တစ်ယောက်လဲ မဟုတ်ချေ။ မြေဖြူကိုတော့ ကျောက်ပတ်တီးအမှုန့်ဖြင့် ပြုလုပ်ထားသယောင်သာ သိထားသော်လည်း ကျောက်သင်ပုန်းတစ်ခုကိုတော့ မည်သို့လုပ်ကြောင်းမသိခဲ့ချေ။

ဒီကိစ္စများကို မလိုအပ်လာလျှင် မည်သူက အလုပ်ရှုပ်ခံပြီး စဥ်းစားနေပါမည်နည်း။

ပုံစံခွက်ကိုမှာယူခြင်းနှင့် ကျောက်ပတ်တီးအမှုန့် ဝယ်ယူခြင်းကလွဲလျှင် သူမသည် သစ်စေးဖြင့်ပြုလုပ်ထားသည့် သစ်သားဘုတ်ပြားကြီးကို ငှားယူလို့ရလျှင်ရ သို့မဟုတ်လျှင် ဝယ်ယူလို့ ရနိုင်မလားဟု ဒီနေ့ ပရိဘောဂဆိုင်သို့ လာရောက်ကြည့်ရှုခြင်းဖြစ်လေသည်။

စမ်းကြည့်မှသာလျှင် ဒါက ဖြစ်နိုင်မဖြစ်နိုင်ကို သူမသိရလိမ့်မည်။

"သစ်စေးသုတ်ထားတဲ့ဘုတ်ပြားတစ်ခု ဟုတ်လား၊ ဘာအတွက်သုံးမှာလဲ"

"အဲဒီ့အပေါ်မှာ မြေဖြူတစ်ချောင်းနဲ့ စမ်းပြီးရေးချင်လို့ပါ၊ ဒါက အလုပ်ဖြစ်မလားဆိုတာတော့ ကျွန်မလဲ သေချာမသိပါဘူး ဒါပေမဲ့ အခြေအနေသိရအောင်လို့ ဒီပစ္စည်းနှစ်ခုကို စုဆောင်းဖို့ လိုအပ်တယ်လေ"

ဖန်ဖေးညန်သည် မြေဖြူသုံးရသည့်အချက်ကို စိတ်ဝင်စားသွား၏။ သို့သော်ငြားလည်း သူမက ထပ်ပြီးမမေးတော့ချေ။ ထိုအစား သူမက ကျုံးမားမားဘက်သို့လှည့်ကာ မေးလိုက်လေသည်။ "အနောက်ဘက်အိမ်တော်က ဂိုဒေါင်ထဲမှာ သစ်စေးနဲ့လုပ်ထားတဲ့ ပရိဘောဂအဟောင်းတွေ ရှိသေးတယ်မလား"

ကျုံးမားမားက ခေါင်းငြိမ့်ပြသည်။ "ဟုတ်ကဲ့ အဲဒီ့ပစ္စည်းတွေကို အရင်အရာရှိတစ်ယောက်က ဖယ်ရှားခဲ့တာဖြစ်မယ်"

ဖန်သခင်မသည် စန်းလော့ကို လှမ်းခေါ်လိုက်လေသည်။ "ရှင် ပရိဘောဂဆိုင်ကို သွားဖို့မလိုတော့ပါဘူး၊ သစ်စေးတွေက ခြောက်ဖို့မလွယ်ဘူးလေ ဂိုဒေါင်ထဲကို ကျွန်မနဲ့ လိုက်ခဲ့ပါ၊ ရုံးလုပ်ငန်းအတွက်သုံးတဲ့ စားပွဲတစ်ခုရှိတာကို ကျွန်မ မှတ်မိသေးတယ်၊ အဲဒီ့ဟာကို ဖျက်လိုက်မယ်ဆိုရင် ဒါက ဘုတ်ပြားလေး ဖြစ်လာလိမ့်မယ်၊ ဒါကို အသုံးပြုလို့ရမရ ကြည့်ကြတာပေါ့"

စန်းလော့၏မျက်လုံးများမှာ မမျှော်လင့်သည့် အကူအညီကြောင့် လင်းလက်သွားတော့သည်။ "ဒါဆိုရင်တော့ ကွက်တိပဲပေါ့၊ ကျွန်မလဲ အသစ်လုပ်ထားတဲ့ သစ်စေးဘုတ်ပြားနဲ့ဆိုရင် လဝက် ဒါမှမဟုတ် အနည်းဆုံး၁၀ရက်တော့ သုံးရသေးမှာ မဟုတ်ဘူးလေ"

ကျုံးမားမားက ရှေ့ကဦးဆောင်သွားပြီး တံခါးကိုဖွင့်လိုက်ကာ ဂိုဒေါင်ထဲသို့ သူတို့သုံးယောက်ကို ခေါ်ဆောင်သွားပြီး ထိုနေရာတွင် အမှန်ပင် စားပွဲတစ်ခုရှိနေလေသည်။

"အရွယ်အစားက သင့်တော်ရဲ့လား” သခင်မဖန်က မေးလိုက်သည်။

"လုံးဝကို ကွက်တိပဲ၊ ဒါတကယ် ကံကောင်းတာပဲ"

သခင်မဖန်က တခစ်ခစ်ရယ်မောလိုက်ကာ စန်းလော့ကို အပြင်သို့ ပြန်ဆွဲခေါ်လာလေသည်။ "ရှင်လိုအပ်တဲ့ပစ္စည်း သွားဝယ်လိုက်ပါ၊ ကျွန်မ ဒီစားပွဲကိုဖြုတ်ဖို့ တစ်ယောက်ကို ခိုင်းလိုက်ပြီးတော့ ရှင့်အိမ်ကို ခဏနေကျရင် ပို့ခိုင်းလိုက်ပါမယ်"

စန်းလော့က ခါတိုင်းလိုပင် နှိမ့်နှိမ့်ချချဖြင့် ပြုံးပြပြီး ပြောလိုက်လေသည်။ "ရှင့်ရဲ့အမိန့်အောက်မှာ တကယ်အရည်အချင်းရှိတဲ့လူတွေ အများကြီးရှိတယ်ဆိုတာ ကျွန်မ သိပါတယ်၊ စားပွဲရဲ့ စားပွဲခြေထောက်တွေနဲ့ တစ်ခြားဘုတ်ပြားတွေကိုရော ကူညီပြီးတော့ ပြင်ဆင်ပေးနိုင်မလား၊ ဘုတ်ပြားတွေကို ဒေါင်လိုက်ထောင်လို့ရအောင် အခြေခိုင်မဲ့ ဒေါက်တစ်ခုဖြစ်အောင် ပြောင်းပေးပါ၊ သိပ်ပြီးတော့လည်း အမြင့်ကြီး မဟုတ်ပါဘူး၊ ဆယ်ကျော်သက်ကလေးတွေ ဒီဘုတ်ပြားပေါ်မှာ အဆင်ပြေပြေရေးနိုင်မဲ့ အမြင့်လောက်ဆိုရင် ရပါပြီ၊ ဒီလိုဆိုရင်ရော အဆင်ပြေရဲ့လား"

"ဘာဖြစ်လို့ မပြေရမှာလဲ၊ ကျွန်မနဲ့သားလွှဲထားလိုက်၊ ဒါတွေ အဆင်သင့်ဖြစ်တဲ့အထိသာ စောင့်နေလိုက်ပါ” သခင်မဖန်က သူမကို အာမခံပေးလိုက်လေတော့သည်။

...

All Chapters