← Chapters

အခန်း (၂၇၁-၂၇၂)

Vol. 28 Ch. 271-272

အခန်း (၂၇၁-၂၇၂)

Vol. 28 Ch. 271-272

အပိုင်း (၂၇၁) သင်တန်းများကို စတင်ခြင်း

စန်းလော့သည် ပြည်နယ်အုပ်ချုပ်ရေးမှူးအိမ်တော်တွင် အကြာကြီးမနေခဲ့ချေ။ လိုအပ်သည်ကို မှာကြားပြီးသည့်နောက်တွင် သူမက သူမ၏ မြေဖြူလုပ်မည့် လက်တွေ့စမ်းသပ်မှုကို ဆက်လုပ်ရန် ကျောက်ပတ်တီးအမှုန့် အိတ်ငယ်လေးတစ်အိတ်ကို ဝယ်လာခဲ့သည်။

ကျောက်ပတ်တီးအမှုန့်များသည် ရေနှင့်ဖျော်လိုက်လျှင် မြန်မြန်မာသွားသည်။ ဘာပုံစံခွက်မှမလိုအပ်ဘဲ စန်းလော့က ဒါကို အကြမ်းဖျဥ်းပုံသွင်းဖို့ရန် စက္ကူများကိုသာ အသုံးပြုကာ နေရောင်ထဲတွင် အခြောက်လှန်းထားလိမ့်မည်ဟု စဥ်းစားသည်။

ရှန်းနဥ်က ဒါကို သိချင်စိတ်ဖြစ်သွား၏။ "ဒါတွေက ခြောက်သွားတာနဲ့ ရေးလို့ရပြီလား"

"ထင်တာပဲ” မြေဖြူကတော့ရပေသည်။ သို့သော်ငြားလည်း သူမ၏ စမ်းသပ်ထားသည့်ပစ္စည်းကတော့ စန်းလော့ကိုယ်တိုင်ပင် အသုံးချလို့ရမရ သေချာမသိချေ။

သူမ၏ ပထမဦးဆုံး ကြိုးပမ်းအားထုတ်မှုဖြစ်သဖြင့် ဒါကို မည်မျှကြာကြာ အခြောက်ခံရမည်ကိုလည်း မသိချေ။ သူမသည် ကျောက်သင်ပုန်းကို ပြင်ဆင်ထားခဲ့သည့်အတွက် မြေဖြူတစ်ချို့ကို အလျင်စလို မြန်မြန်လုပ်လိုက်ပြီး ကျန်သည့်တစ်ဝက်ကိုတော့ မီးတွင်ကင်ထားလိုက်ကာ စက္ကူအခြောက်ခံသလို ပြုလုပ်ထားလိုက်၏။

တစ်လပိုင်း၏ နေရောင်ခြည်အနွေးဓာတ်သည် မလုံလောက်ချေ။ ထို့ကြောင့် မီးပေါ်တွင် အပူပေးထားသည့် မြေဖြူများကတော့ နေ့ခင်းပိုင်းတွင် အသုံးပြုလို့ရလာသည်။

ရှန်းနဥ်အပြင် ရှန်းယင်နှင့်ရှန်းထယ်တို့ကလဲ ဘေးတွင် ဝိုင်းရံလာကြသည်။ စန်းလော့က မြေဖြူတစ်ပိုင်းကိုချိုးလိုက်ပြီး အပြာရောင်ကျောက်နံရံတွင် မျဥ်းတစ်ကြောင်းဆွဲလိုက်၏။ ဒါသည် ရင်းနှီးပြီးသားလုပ်နည်းတစ်ခုဖြစ်ရာ ရင်းနှီးပြီးသား မြေဖြူဖြင့်ရေးထားသည့် လက်ရေးကို ထုတ်ပေးသည်။

လုံးဝန်းပြီး ဖြောင့်တန်းမနေသဖြင့် တော်တော်လေး ဆွဲဆောင်မှုမရှိသော်ငြားလည်း ဒါက အမှန်ပင် အသုံးဝင်လေသည်။ သူမက ရှန်းနဥ်ကို အဝတ်စုတ်တစ်ထည် သွားယူခိုင်းလိုက်ပြီး သုတ်ကြည့်လိုက်သည်တွင် အလွယ်တကူ ဖျက်လို့ရသည်ကို တွေ့လိုက်ရသည်။

ထိုအရာများကို ပိုပြီးချောမွေ့ပြီး ဆွဲဆောင်မှုရှိစေရန် သူမ လိုအပ်သည့်အရာက ပုံစံခွက်တစ်ခုသာဖြစ်လေသည်။

မြေဖြူကိစ္စကိုတော့ ဖြေရှင်းပြီးသွားသည်။ ယာယီအသုံးပြုမည့် ကျောက်သင်ပုန်းဖျက်ကိုတော့ အဝတ်စုတ်များကို ချုပ်လုပ်နိုင်သည်။ ရှန်းယင်က သတိပေးလိုက်၏။ "ကျွန်တော်တို့တွေ မီးအိမ်တွေလဲ လိုတယ်မဟုတ်လား"

ထိုအရာက သူမ၏စိတ်ထဲသို့ ဝင်ရောက်လာသည်။

နေ့လည်ခင်းပိုင်းတွင် ကလေးနှစ်ယောက် အိပ်နေစဥ်တွင် စန်းလော့က မြို့သို့ တစ်ဖန်သွားခဲ့ရသည်။ ဒီတစ်ကြိမ်တွင်တော့ သူမက ပန်းပဲဖိုမှ မြေဖြူလုပ်သည့် ပုံစံခွက်တစ်ခုကို မှာယူလိုက်ပြီး မီးအိမ်ငယ်လေး၁၂ခုကို ပေါင်းပြီးထည့်လို့ရသည့် မီးအိမ်ကြီး၆ခုကို ဝယ်လာခဲ့သည်။ ဆိုင်ရှင်၏ ပြောစကားအရတော့ ထိုမီးအိမ်များသည် ညဘက်တွင် အခန်းကိုလင်းရှင်းနေအောင် အလင်းပေးနိုင်သည်ဟုဆိုသည်။

ရွာသို့ပြန်ရောက်လာသည်တွင် သူမက ကလေးတစ်ချို့ကို စုဝေးလိုက်ကာ သူတို့မနက်ခင်းပိုင်းသင်သည့် စာပေတတ်မြောက်ရေးအတန်းနှင့် အခြေခံအတန်းများအကြားတွင် ကွာချားချက်ကို ရှင်းပြလိုက်၏။ သူမက သင်ကြားမည့်ပုံစံကို ဦးစားပေးကာ ပြောပြလိုက်သည်။ သူမက စကားပြောနေစဥ်မှာပင် ဖန်ဖေးညန်၏ အစေခံမလေးရှောင်ရှင်းက အမျိုးသားအစေခံနှစ်ယောက်နှင့် လိုက်လာကာ ကျောက်သင်ပုန်းတစ်ခုဖြင့် ရောက်လာပြီး ထိုပစ္စည်းများကို မည်သည့်နေရာတွင် ချပေးရမည့်အကြောင်း စန်းလော့ကို မေးမြန်းလိုက်သည်။

စန်းလော့က ရှန်းယင်၏အိမ်တွင်ရှိသည့် စာသင်ခန်းအလွတ်ထားထားသည့် အခန်းဆီသို့ သူတို့ကို ခေါ်လာခဲ့သည်။ သူမက ကျောက်သင်ပုန်းပေါ်တွင် ထိုပစ္စည်းများ၏ အသုံးပြုပုံကို သရုပ်ပြဖို့ရန်အတွက် အသင့်လုပ်ထားသည့် မြေဖြူများကို သီးသန့်ယူလာခဲ့သည်။ စားပွဲက အိုးဟောင်းနေပြီဖြစ်သော်ငြားလည်း ကောင်းမွန်သည့် သစ်မာအမျိုးအစားဖြင့်လုပ်ထားကာ မျက်နှာပြင်ကို အချောသတ်ထားသည်။ ဒါသည် ခေတ်သစ်က ကျောက်သင်ပုန်းတစ်ခုလို မဟုတ်သော်ငြားလည်း အသုံးပြုလို့ရလေသည်။

စန်းလော့က စာရွက်ပေါ်ကမှင်ကဲ့သို့ ကျောက်သင်ပုန်းပေါ်တွင် ထင်ရှားသည့် အမှတ်အသားများ ကျန်ခဲ့စေသည့် အဖြူရောင်အချောင်းလေးကို ကိုင်ထားသည်ကို မြင်လိုက်သည်တွင် ရှောင်ရှင်း၏မျက်လုံးများက တအံ့တသြ ဝိုင်းစက်သွားလေသည်။

စန်းလော့က ပြုံးကာ သူမကို မြေဖြူတစ်ချောင်း လှမ်းပေးလိုက်ပြီး ပြောလိုက်သည်။ "ဖေးညန်က သိချင်နေမှာ သေချာတယ်၊ ဒါကို မြေဖြူလို့ခေါ်တယ်၊ ကျောက်ပတ်တီးအမှုန့်ကနေ လုပ်ထားတာ၊ ဒါက စာကို ရေးဖို့နဲ့ပြန်ဖျက်ဖို့အတွက် အရမ်းကိုလွယ်ကူတယ်၊ ဒါကို ယူသွားပြီးတော့ သူ့ကိုပြလိုက်နော်"

ရှောင်ရှင်းသည် စိတ်ဝင်စားနေနှင့်ပြီဖြစ်ရာ စန်းလော့၏အစောပိုင်းက စန်းလော့၏ အရင်ဆုံးပြောလိုက်သည့်စကားများက သူမကို မေးမြန်းဖို့ မလိုစေတော့ချေ။ သွားများပေါ်သည်အထိ ပြုံးပြလိုက်ပြီး သူမက မြေဖြူကိုလက်ခံလိုက်ကာ မှတ်ချက်ပေးလိုက်လေသည်။ "သခင်မက ကျွန်မသခင်မကို တကယ်နားလည်ပါတယ်"

စကားနည်းနည်းပါးပါး ထပ်ပြောပြီးနောက်တွင် ရှောင်ရှင်းက လစ်ဟာနေသေးသည့် စာသင်ခန်းလေးကို ပတ်ကြည့်ပြီးလိုက်သည့်နောက်တွင် စန်းလော့ကိုနှုတ်ဆက်ကာ အဖွဲ့ကိုဦးဆောင်ပြီး ပြန်သွားလေသည်။

ကျောက်သင်ပုန်းကို နေရာချထားပြီးသည်တွင် အစဥ်အလာအရ စားပွဲခုံတစ်ခုလဲ လိုအပ်ပေသည်။ ဟုတ်ပါသည်။ ကျောက်သင်ပုန်းဖျက်နှင့် မြေဖြူများကို တင်ထားသည်ကလွဲလျှင် စားပွဲခုံ၏အဓိကတာဝန်မှာ မီးအိမ်ကြီးတစ်ခုကို တင်ထားဖို့ရန်ဖြစ်လေသည်။

သူတို့၏အိမ်တွင် သူတို့၏ မူလအိမ်အဟောင်းမှထွက်လာသည့် ပရိဘောဂအပိုင်းအစဟောင်းများ ရှိသေးသည်။ စန်းလော့က ရှီအာ့လန်နှင့် ဦးလေးရွှီတို့ကို စာသင်ခန်းထဲသို့ သယ်လာပေးဖို့ရန် အကူအညီ တောင်းလိုက်ပြီး သေသေချာချာလေး နေရာချလိုက်သည်။ ရှန်းနဥ်နှင့် ရွှီဝမ်ချင်းတို့က သူတို့၏ အဖွဲ့နှင့်အတူ သူ၏သင်ခန်းစာများကို စုစည်းပြီးသွားခဲ့သည်။ စန်းလော့က ထိုစုစည်းထားသည့်သင်ခန်းစာများကို ပြန်လည်စစ်ဆေးပြီးသည့်နောက်တွင် ပထမဦးဆုံး သင်ခန်းစာအတွက် အရေးကြီးသည့်အရာများကို ထောက်ပြပြီးနောက် အကြံဉာဏ်တစ်ချို့ ပေးလိုက်သည်။ အားလုံးကို ပြင်ဆင်ပြီးသွားသည်တွင် ကလေးများကို စာသင်ခန်းထဲတွင် မြေဖြူနှင့် စာရေးကျင့်ဖို့ရန် ခွင့်ပြုထားလိုက်သည်။

...

ပြည်နယ်အုပ်ချုပ်ရေးမှူး အိမ်တော်တွင် ဖန်ဖေးညန်သည် ရှောင်ရှင်း သူမကို လှမ်းပေးလိုက်သည့် မြေဖြူကို ကိုင်ထား၏။ သူမက စန်လော့အတွက် လုပ်ပေးထားသည့် ကျောက်သင်ပုန်းထဲက ကျန်သည့်အစိတ်အပိုင်းတစ်ခုပေါ်တွင် စာရေးဖို့ ကြိုးစားကြည့်လိုက်သည်။

စုတ်တံတစ်ချောင်းနှင့် စာရေးရသည်ကို အသားကျနေသည့် သူတစ်ယောက်အတွက် အစပိုင်းတွင် မြေဖြူကို အသုံးပြုရခြင်းက တော်တော်လေး မရင်းနှီးသလို ခံစားရသည်။ သို့သော်ငြားလည်း ဒါက ကျောက်သင်ပုန်းတစ်ခုနှင့် အသုံးပြုလျှင် မည်သို့အဆင်ပြေကြောင်း သဘောပေါက်သွားချိန်တွင် ဖန်ဖေးညန်၏ မျက်လုံးများက တအံ့တသြဖြင့် လင်းလက်သွားလေသည်။ "အားလော့က ဒါကို ကျောက်ပတ်တီးမှုန့်ကနေ လုပ်တယ်လို့ ပြောလိုက်သလား"

"ဟုတ်ပါတယ်၊ သခင်မစန်းက ဒီစကားလုံးတွေကို အဝတ်စ အခြောက်လေးတစ်ခုနဲ့ ဖျက်လိုက်တာကို ကျွန်တော်မျိုးမ သတိထားမိခဲ့ပါတယ်"

တစ်စုံတစ်ယောက်ကို အဝတ်စသွားယူခိုင်းဖို့ စောင့်မနေတော့ဘဲ ဖန်ဖေးညန်က သူမ၏ လက်ချောင်းလေးများဖြင့် ကျောက်သင်ပုန်းပေါ်က စကားလုံးများကို သုတ်လိုက်သည်တွင် အမှန်ပင် ထိုစကားလုံးများသည် ချက်ချင်းပင် ပျောက်ကွယ်သွားလေသည်။

"ဒါက ဖျက်ရတာလွယ်တာပဲ၊ တကယ်လို့ မှင်သာဆိုရင် ဒီလို့ဖျက်နိုင်မှာ မဟုတ်ဘူး၊ ဒါပေမဲ့ သင်ကြားရေးပစ္စည်းတစ်ခုအနေနဲ့...” ဖန်ဖေးညန်သည် ဆရာတစ်ယောက်က စန်းလော့၏ မြေဖြူနှင့် ကျောက်သင်ပုန်းကို အသုံးပြုပြီး စာများသင်ကြားနေသည့် မြင်ကွင်းကို စဥ်းစားမိလိုက်သည်တွင် စိတ်ဝင်စားလာတော့သည်။ "သရှင်းရွာကျောင်းက ဘယ်တော့ဖွင့်မလဲဆိုတာသိလား"

သခင်မ၏ အစေခံတစ်ယောက်အနေဖြင့် သူမ၏အရေးအကြီးဆုံး အရည်အချင်းမှာ အသေးစိတ်လျှောက်တင်ဖို့ရန် ဖြစ်လေသည်။ သူမသည် သူမသခင်မပေးထားသည့် တာဝန်များကို ပြီးပြည့်စုံအောင် လုပ်ပေးဖို့လိုသည့်အပြင် သူမသခင်မ စိတ်ဝင်စားလာသည့် အရာများနှင့်ပတ်သတ်ပြီးတော့လည်း စုံစမ်းဖို့ရန် လိုအပ်လေသည်။

ထို့ကြောင့် သရှင်းရွာသို့သွားသည့် သူမ၏ခရီးတွင်သူမသည် သတင်းအချက်အလက်တစ်ချို့ကို အမှန်ပင် စုစည်းခဲ့လေသည်။

"ဒီနေ့နေဝင်ရင် သင်တန်းစမယ်လို့ ကြားထားပါတယ်"

"ညနေခင်းအတန်းလား၊ ညဘက်မှာ သင်မှာတဲ့လား"

ရှောင်ရှင်းက ခေါင်းငြိမ့်ပြသည်။ "ဟုတ်ပါတယ်၊ ဒီနေ့ညခင်းပဲစဖို့ စီစဥ်ထားတယ်၊ ဒါပေမဲ့ စာသင်ခန်းကတော့ တော်တော်လေးကို လှစ်ဟာနေတုန်းပဲ"

ဖန်ဖေးညန်မှာ စိတ်ဝင်စားသွားလေသည်။ "ဒီနေ့ည တစ်ချက်လောက် သွားကြည့်ရအောင်"

ရှောင်ဖုန်းက ရယ်မောကာ သဘောတူလိုက်ပြီး အစေခံတစ်ချို့ကို သူတို့နောက်လိုက်လာဖို့ရန် မှာကြားလိုက်ကာ နောက်မှဖြစ်လာမည့်ကိစ္စကိုတော့ နောက်တွင် ချန်ထားလိုက်တော့သည်။

...

သရှင်းရွာအလုပ်သမားကျောင်း၏ ပထမဦးဆုံးနေ့တွင် ဖန်ဖေးညန်တစ်ယောက်ထဲက သည်မြင်ကွင်းကို မျက်မြင်တွေ့ဖို့ စိတ်အားထက်သန်နေသည် မဟုတ်ချေ။ ရှန်းနဥ်၊ ရွှီဝမ်ယင်းနှင့် ချန်းရှောင်ယာတို့ကသူတို့၏ အဖွဲ့သင်ခန်းစာကို လေ့ကျင့်နေကြစဥ်တွင် အဘိုးကျောက်က သူ့သားနှင့် မြေးများနှင့်အတူ ရောက်လာနှင့်ပြီဖြစ်ကာ သရှင်းရွာသို့ စာရေးခုံနှင့်ထိုင်ခုံ သုံးစုံကို သယ်လာလေသည်။ သူက စာသင်ခန်းတည်နေရာကို မေးမြန်းစုံးစမ်းလိုက်ပြီး စာရေးခုံများကို အထဲသို့ ကိုယ်တိုင်နေရာချပေးလိုက်သည်။

အစောပိုင်းကတည်းက စီစဥ်ထားသည့်နှယ် ရှန်းမိသားစုတွင် ကျောင်းလာတက်ကြမည့် ကလေးများနှင့် လယ်ငှားမိသားစုသုံးစုက နောက်မှလိုက်ပါလာသည်။ ကျောက်မိသားစုက သူတို့၏ စာရေးခုံများကို လာပို့ပြီးသည်နှင့်ချက်ချင်း နောက်ထပ်မိသားစုနှစ်ခုကလဲ သူတို့၏ စာရေးခုံများကို ယူလာခဲ့ကြသည်။ ချန်းမိသားစုက လုပ်ထားပေးသည့် စာရေးခုံနှစ်စုံကို ထည့်လိုက်လျှင် တစ်ချိန်က လှစ်ဟာနေသည့် စာသင်ခန်းလေးမှာ ယခုတော့ စားရေးခုံးနှင့်ထိုင်ခုံ ၉စုံဖြင့် ပြည့်နေ၏။

အစပိုင်းတွင်တော့ လူ၇ယောက်၊ ၈ယောက်လောက်က ပရိဘောဂများကို သရှင်းရွာသို့သယ်လာသည်က အဆင်ပြေလေသည်။ သို့သော်ငြားလည်း အချိန်နီးကပ်လာသည်နှင့်အမျှ အနီးအနားကရွာကလူများကလဲ ခုံများနှင့်အတူ စတင်ရောက်ရှိလာကာ အာရုံကို ဆွဲဆောင်နေတော့သည်။ သိချင်စိတ်ဖြစ်သွားကြသည့် ရွာသားများကလဲ ပတ်ဝန်းကျင်ကို မေးမြန်းကြပြီး သရှင်းရွာက အခြေခံကျောင်းတစ်ခုကို တည်ဆောက်ခဲ့သည်ကို သိလိုက်ရကာ ရှန်းမိသားစုအလုပ်ရုံက အလုပ်သမားများနှင့် သူတို့၏ကလေးများကို စာတတ်မြောက်ရေးသင်ခန်းစာ အခမဲ့ပို့ချပေးသည့် အကြောင်းသိလိုက်ရသည်။ မကြာမှီတွင် ပိုမိုများပြားသည့်လူများက လူအုပ်ကြီးနှင့် ပူးပေါင်းလိုက်ကြပြီး သရှင်းရွာသို့ ဦးတည်လာကြလေသည်။

ပျော်ပွဲရွှင်ပွဲ ရွေးချယ်မှုများရှားပါးသည့် ရှေးခေတ်အချိန်အခါတွင် ဒါသည် ထူးခြားသည့်ကိစ္စ မဟုတ်ချေ။ ဒီလို တစ်မူထူးခြားသည့် ကိစ္စတစ်ခုတွင် အိမ်နီးချင်းများအပြင် အလုပ်ရုံထဲက စာရင်းသွင်းထားသည့်သူများ၏ ကလေးများနှင့် စာရင်းမသွင်းထားသည့် သူများ၏ကလေးများကလည်း စိတ်ဝင်စားကြသည်။ ထိုအရာ၏ အသစ်အဆန်းဖြစ်ခြင်းက တစ်ချက်လောက် လှမ်းကြည့်ရုံမျှဖြင့် လူအုပ်ကြီး၏ စိတ်လှုပ်ရှားမှုကို ဆွဲဆောင်ဖို့ရန်လုံလောက်လေသည်။

ရှီကျိုးမြို့အဝင်ဝတွင် မြို့စောင့်ရဲမက်က ပုံမှန်မဟုတ်သည့် လူအရေအတွက်တစ်ခုက ဒီနေ့ညနေခင်းတွင် သရှင်းရွာသို့ ဦးတည်သွားသည်ကို သတိထားမိလိုက်သည်။

သူတို့က ထိုအကြောင်းကို စဥ်းစားနေစဥ်မှာပင် ပြည်နယ်အုပ်ချုပ်ရေးမှူး၏ဇနီးသည် အစေခံများနှင့် အစောင့်များအဖော်လုပ်ကာ ချဥ်းကပ်လာသည်ကို တွေ့လိုက်ရ၏။ ဒီအချိန်ကြီးကြမှ သူမသည် မြို့မှ အမှန်တကယ် ထွက်ခွာမည် ပြင်နေသည်။

သူတို့၏ကြီးမားလှသည့် လူမှုအဆင့်အတန်း ကွာခြားချက်ကြောင့် ရဲမက်များက တလေးတစားဖြင့်သာ ဦးညွှတ်နှုတ်ဆက်ရဲသည်ဖြစ်ရာ ထပ်ပြီးမမေးမြန်းရဲချေ။ ထို့နောက်တွင် သူတို့သည် ဖန်ဖေးညန်နှင့် သူမ၏နောက်တော်ပါများက သရှင်းရွာသို့ သွားလိုက်ကြသည်ကို စောင့်ကြည့်နေမိတော့သည်။

"ဒီနေ့ သရှင်းရွာထဲမှာ ဘာတွေဖြစ်နေတာလဲ"

မည်သူကမှ အဖြေတစ်ခုကို မထုတ်ပေးနိုင်ချေ။

...

ဖန်ဖေးညန်သည် ကျုံးမားမား၊ ရှောင်ရှင်း၊ ရှောင်ယွဲ့၊ ရှောင်ဖုန်းတို့နှင့်အတူ ရွာထဲသို့ရောက်လာချိန်တွင် သူတို့အတွက် လမ်းကိုမေးမြန်းနေစရာမလိုချေ။ လူအုပ်အကြီးကြီး ရှိသည့်နေရာမှာ သိသာထင်ရှားနေသည်။

သည်အချိန်တွင် ကျောင်းသား၄၇ယောက်သည် သူတို့၏ထိုင်ခုံတွင် နေရာယူပြီးကြပြီ။ ကျောင်းတည်ထောင်သူဖြစ်သည့် စန်းလော့နှင့် ရှန်းနဥ်တို့ကပင် ထိုနေရာတွင် ရှိနေကြသည်။ ရှန်းလီနှင့် ရှန်းအန်းတို့ကလဲ ပြည်နယ်ကျောင်းတော်မှ အိမ်သို့ အလောတကြီးပြန်လာကြကာ ယောင်ယောင်နှင့် ချန်ပေါင်တို့ကို အထူးတလည် စောင့်ရှောက်ပေးပြီး သင်တန်းဖွင့်ပွဲအခမ်းအနားကို စောင့်ကြည့်ဖို့ရန် လင်မယားနှစ်ယောက်ကို အားလပ်အောင် လုပ်ပေးလိုက်လေသည်။

ဖန်ဖေးညန်သည် ရှန်းကျင့်၏ မြေသားအိမ်လေးသို့ ရောက်လာချိန်တွင် စန်းလော့နှင့် ရှန်းနဥ်တို့က စာသင်ခန်းထဲကို ဝင်သွားပြီးစဖြစ်သည်။ တံခါးနှင့် ပြတင်းပေါက်များကို ကြည့်ရှုသူလူ့အလွှာကြီးဖြင့် ဝန်းရံထားသည်။

စာရင်းမသွင်းထားသည့် အမျိုးသမီးအလုပ်သမားများ၊ မျိုးနွယ်စုအကြီးအကဲဖန်း၊ ကျိုးလိုင်ကျီနှင့် သူ့မိန်းမ၊ တုန်းကဲနှင့် သူ့အစ်ကိုများ၊ သားသတ်သမားကျန့်၏မိသားစုနှင့် ပုံမှန်ဆိုလျှင် ကိုယ့်ဟာကိုယ် တစ်ယောက်တည်းနေတတ်သည့် လုသလန်ကပင် ဝင်ပေါက်နားတွင် တိုးဝှေ့နေလေသည်။ ဟုတ်ပါသည်။ အန်းကျို၊ အန်းရှီနှင့် ကန်းရှီယိတို့လို အငှားအလုပ်သမားများအဖြစ် လာလုပ်နေကြသည့် သက်တော်စောင့်သုံးယောက်ကလဲ အခြေအနေကိုလေ့လာပြီး စန်းလော့ကို ကာကွယ်ပေးဖို့ရန် ထိုနေရာတွင် ရောက်ရှိနေကြသည်။ သူတို့ထဲက နှစ်ယောက်က စာသင်ခန်းထဲတွင် ပါးပါးနပ်နပ်ဖြင့် ဝင်ရောနေပြီး တတိယတစ်ယောက်ကတော့ တံခါးနားတွင် စောင့်ကြပ်နေလေသည်။

သခင်မဖန်မှာ စန်းလော့၏ အဆောင်အပြင်ဘက်တွင် ထိုမျှလောက် ဆူဆူညံညံအုံ့ကြွနေသည်ကို တွေ့လိုက်ရသဖြင့် အံသြသွားလေသည်။ ပတ်ဝန်းကျင်တွင် စုပုံနေကြသည့်သူမှာ လူအယောက် ၄၀-၅၀လောက်ရှိသည်။

အမျိုးသမီးအစေခံများက ခြေတုံချတုံဖြစ်သွား၏။ "သခင်မ ဒီနေရာမှာ လူတွေအများကြီးပဲ၊ အဲလိုမထင်ဘူးလား"

သူတို့သည် နောက်တစ်ခေါက် ပြန်စဥ်းစားမိသွားသယာပင်။

သို့သော်ငြားလည်း ဖန်သခင်မက ဒီနေရာအထိ ရောက်လာခဲ့ပြီဖြစ်ရာ ပြန်သွားမည့်ဟန်တော့ မတူချေ။ စိတ်လှုပ်ရှားမှုကို ပါဝင်ဖို့ ရန်ဆုံးဖြတ်ထားသဖြင့် သူမက ကျုံးမားမားနှင့် သန်မာသည့်အစေခံနှစ်ယောက်၏ အကူအညီဖြင့် ရှေ့သို့တိုးဝင်သွားကာ တောင်းပန်စကားပြောကြားရင်း ဖန်သခင်မအတွက် လမ်းဖွင့်ပေးလိုက်လေသည်။

သူမက ပြတင်းပေါက်နားသို့ ချဥ်းကပ်လာသည်တွင် အတွင်းဘက်က စာသင်ခန်းထဲသို့ တစ်ချက်လှမ်းကြည့်မိလိုက်သည်။ ဒါသည် အိုဟောင်းနေပြီဖြစ်သည့် မြေသားအဆောက်အအုံလေးတစ်ခုဖြစ်ကာ ထိုနေ့က သူမ အစောပိုင်းက ပြင်ဆင်ပေးခဲ့သည့် ကျောက်သင်ပုန်းတစ်ခုလည်း ရှိလေသည်။ ရှေ့တွင်တော့ ကြီးမားသည့် မီးအိမ်ကြီးတစ်ခုတင်ထားသည့် စာရေးစားပွဲတစ်ခုရှိကာ ထိုသိပ်မကြီးမားလှသည့်စာသင်ခန်းသည် အသက်အရွယ် မျိုးစုံလူများနှင့် ပြည့်နှက်နေလေသည်။ အသက်ကြီးကြသည့်သူများမှာ ၃၀နှင့်၄၀ဝန်းကျင်များရှိကြပြီး အငယ်ဆုံးက ၇နှစ်-၈နှစ် ဝန်းကျင်ထင်ရသည်။ ကလေးများက ရှေ့တန်းတွင်ထိုင်နေကြပြီး လူကြီးများကတော့ နောက်ပိုင်းတွင် စုပြုံနေကြသည်။

စန်းလော့က ကျောင်းဖွင့်သည့် ပထမဦးဆုံးနေ့အတွက် အဖွင့်အမှာစကား ပြောနေသည့်ဟန်တူသည်။

"သရှင်းရွာနဲ့ ရင်နှီးပြီးသားသူတွေကတော့ ရွာက ကလေးတွေကို အရေးအဖတ်သင်ပေးတဲ့ ကျောင်းငယ်လေးတစ်ခု ရှိတယ်ဆိုတာကို သိကြမှာပါ၊ ဒီကအလုပ်သမားတွေရဲ့ ကလေးတွေအတွက် ကျောင်းကတော့ အခုမှ ရုတ်တရက် ပေါ်လာခဲ့တဲ့ စိတ်ကူးတစ်ခုပါ၊ ဒီစိတ်ကူးကိုလည်း ရှောင်နန်ရွာက အဘွားကျောက်နဲ့ ကျွန်မဆီကိုရောက်လာခဲ့တဲ့ မြောက်ပိုင်းရွာက အဒေါ်နှစ်ယောက်ကနေပြီးတော့ သူတို့ရဲ့ကလေးတွေကို ဒီနေရာမှာ စာတတ်မြောက်ရေးသင်ကြားပေးဖို့ လာပို့ချင်တဲ့ မျှော်လင့်ချက်ရှိတယ်လို့ လာအကူအညီတောင်းရင်းနဲ့ ဖြစ်လာတာပါ"

"အခု ရှင်တို့တွေ့တဲ့အတိုင်းပါပဲ၊ သရှင်းရွာက လူတိုင်းက စာအရေးအဖတ် တတ်ကြပါတယ်၊ ဒါပေမဲ့လည်း ပြီးခဲ့တဲ့နှစ်အနည်းငယ်တုန်းကတော့ ကျွန်မက ကျွန်မရဲ့မတ်လေးနဲ့ ယောင်းမလေးကို စာသင်ပေးချင်တဲ့အချိန်တုန်းက စုတ်တံ၊ မှင်၊ စက္ကူနဲ့ မှင်တုံးတွေကတောင် ကျွန်မတို့လို မိသားစုငယ်လေးအတွက် အရမ်းစျေးကြီးတယ်ဆိုတာ သိခဲ့ရတယ်၊ ကံကောင်းချင်တော့ ကျွန်မက မိသားစုကျောင်းတစ်ခု ပိုင်ဆိုင်ထားတဲ့ မြောက်ပိုင်းက သာမန်မျိုးနွယ်တစ်ခုမှာ မွေးဖွာခဲ့တယ်၊ အခြေခံစာတတ်မြောက်တဲ့ အရည်အချင်းရှိထားတာကြောင့် ကျွန်မက စျေးပေါတဲ့စုတ်တံတစ်ခုကို ဝယ်ပြီး စျေးအနည်းဆုံးမှင်နဲ့ စျေးအပေါဆုံးစုတ်တံကို ဝယ်ယူပြီး အိမ်မှာ ဝါးစာလိပ်လေးတွေကို ပြုလုပ်ခဲ့ရတယ်၊ ကျောက်တုံးတစ်ခုကို မှင်တုံးတစ်ခုလို အသုံးပြုပြီးတော့ ကျွန်မက သူတို့ပညာရေးအတွက် စာလုံးပေါင်းတစ်ထောင်ကျမ်းကို ကူးပေးခဲ့တယ်၊ အစပိုင်းတုန်းကတော့ ကျွန်မက ကျွန်မရဲ့မတ်လေးနဲ့ ယောင်းမကိုပဲ သင်ပေးခဲ့တာပါ၊ ဒါပေမဲ့ နောက်ပိုင်းကြတော့ တစ်ခြားရွာကကလေးတွေလည်း ပါလာခဲ့တယ်"

"ဒီလိုနဲ့ ကျွန်မလဲပဲ အသိပညာတွေရလာပြီးတော့ တစ်ခြားသူတွေကို သင်ကြားပေးနိုင်လာခဲ့တယ်၊ ဒါပေမဲ့ အရင် သချန်မင်းဆက်မှာပဲဖြစ်ဖြစ် သချီမင်းဆက်မှာပဲဖြစ်ဖြစ် လယ်သမားမိသားစု အများစုကတော့ စာအရေးအဖတ် သင်ဖို့အခွင့်အရေး ကင်းမဲ့နေတုန်းပဲ၊ ရုံးတော်ကနေပြီး ကျောင်းတွေကို တည်ထောင်ပေးခဲ့တာတောင်မှ လူဘယ်နှစ်ယောက်က ဒီကျောင်းတက်ဖို့ တတ်နိုင်ခဲ့ပါသလဲ"

"သာမန်ကျေးလက်နေ ပြည်သူတစ်ယောက်အတွက် စာအရေးအဖတ် သင်နိုင်ဖို့ အခွင့်အရေးရှိလာဖို့က ဘယ်လောက် ခက်ခဲတယ်ဆိုတာ ကျွန်မ ကောင်းကောင်းသိထားခဲ့တယ်၊ အဘွားကျောက်နဲ့ ကျွန်မရဲ့အဒေါ်နှစ်ယောက်တို့မှာ ကျွန်မရဲ့အိမ်ထောင်စုမှာ အလုပ်လုပ်ပေးနေတဲ့ မိသားစုဝင်တွေ ရှိကြတယ်၊ သူတို့တွေက စာတတ်မြောက်ခြင်းရဲ့ အကျိုးကျေးဇူးကို သိမြင်လာခဲ့ပြီး ကျွန်မဆီမှာ အကူအညီတောင်းဖို့ လာခဲ့ကြတယ်၊ ကျွန်မရဲ့စီမံအုပ်ချုပ်မှုအောက်မှာ ဆိုင်နှစ်ဆိုင်နဲ့ အလုပ်ရုံတစ်ခု ရှိနေပြီး အလုပ်သမား ၅၀ကျော်ကို ခန့်ထားတယ်၊ ကျွန်မ စဥ်းစားမိတယ်၊ ရှင်တို့ကိုယ်တိုင် ဒါမှမဟုတ် ရှင်တို့ရဲ့ကလေးတွေက စာအရေးအဖတ် သင်ချင်တဲ့ဆန္ဒများ ရှိနေမလားလို့ပေါ့၊ ဒါကလဲ လူငယ်တွေအတွက် ဒီစာသင်ကျောင်းကို တည်ထောင်ဖို့ဖြစ်လာမိတဲ့ စိတ်ကူးရဲ့မျိုးစေ့ပါပဲ"

ဖန်ဖေးညန်၏နောက်က တစ်စုံတစ်ယောက်က သိသိသာသာ စိတ်လှုပ်ရှားသွားပြီး သူတို့၏ အသံသေးသေးလေးက စိတ်အားတက်ကြွမှုဖြင့် လင်းဖြာနေ၏။ "အမေ သူ့အမေ့အကြောင်းကို ပြောနေတာပဲ"

ဖန်ဖေးညန်က အလိုလို ခေါင်းလှည့်ကြည့်လိုက်မိသည်။ အလွန်မှ မှောင်နေသော်ငြားလည်း သူမ၏ဘေးက အသက်၆၀ဝန်းကျင် အဘွားကြီးတစ်ယောက်နှင့် အသက်၃၀-၄၀ဝန်းကျင် အမျိုးသမီးတစယောက်ကို သေသေချာချာ မြင်လိုက်ရလေသည်။

စန်းလော့၏အသံက စာသင်ခန်းထဲမှ တစ်ဖန်ပဲ့တင်ထပ်လာပြီး ဖန်ဖေးညန်၏အာရုံကို ပြန်ဆွဲဆောင်ထားလိုက်သည်။

"လူတွေက အစားအသောက်အတွက် အသက်ရှင်နေကြတယ်၊ လယ်ကွင်းထဲက စိုက်ပျိုးရေးအလုပ်ကလဲ ကျွန်မတို့စားဝတ်နေရေးအတွက် အခြေခံပါပဲ၊ ဒါကြောင့်မလို့ တစ်ခြားကျောင်းတွေနဲ့မတူဘဲ ကျွန်မတို့ရဲ့ကျောင်းတွေက ညပိုင်းမှာပဲဖွင့်မှာပါ"

"အလုပ်သမား၅၀၊ နေရာ ၁၁၁ခု ရှိပေမဲ့ တကယ်တမ်းတော့ ၄၇ယောက်ပဲ လာပြီးတော့ လျှောက်ကြပါတယ်၊ အမှန်အတိုင်းပြောရရင် လျှောက်ထားသူ ၄၇ယောက် ရှိတာက ကျွန်မရဲ့အစောပိုင်းမျှော် မှန်းထားတာထက်ကို သာလွန်နေပါပြီ၊ ဒါပေမဲ့လည်း...” သူမက ဒီနေရာတွင် ခဏလောက်ရပ်လိုက်ပြီး အောက်ကလူအုပ်ကြီးကို ပြုံးပြလိုက်လေသည်။ "ရှင်တို့တွေ ရှင်တို့ဘေးက အတန်းဖော်တွေကို ကြည့်လိုက်ပြီးတော့ တစ်ခုခုထူးခြားနေတာကို သတိထားမိရဲ့လား"

စာသင်ခန်းထဲတွင် ကျောင်းသားများသည် သူတို့ခေါင်းကို လှည့်လိုက်ပြီး အကြည့်ချင်းဖလှယ်လိုက်ကြ၏။ အပြင်ဘက်က လူများကတော့ သူတို့၏လည်ပင်းများကို ဆန့်တန်းထားကာ သူတို့၏နားများကို နားစွင့်ထားကြလေသည်။

စန်းလော့က ပြုံးလိုက်သည်။ "လူ၄၇ယောက်ထဲမှာ သူတို့ထဲက တဝက်က ကျွန်မတို့ရဲ့ သရှင်းရွာကလူတွေပါ၊ အများစုကတော့ အဲဒီ့နေရာက လူကြီးတွေပါပဲ၊ ဒါကလည်းပဲ သရှင်းရွာက ကလေးတွေက နေ့ခင်းဘက်မှာ သူတို့ရဲ့ကိုယ်ပိုင် အတန်းငယ်လေးတွေ ရှိနေလို့ပါ၊ ဒီတော့ တစ်ခြားရွာကနေပြီးတော့ လာရောက်တက်ကြတဲ့ စုစုပေါင်း လူအရေအတွက်က ၂၀ထက်မကျော်ပါဘူး"

ဒီနေရာတွင် ခဏလောက်ရပ်လိုက်ပြီး သူမက အခန်းကို အကဲခပ်ကြည့်လိုက်ကာ ကျောက်သလန်၏အကြီးဆုံးသမီးကို လက်ညှိုးထိုးလိုက်ပြီး "သယာ ငါတို့ကို ပြောပြပါအုံး၊ နင့်မောင်နှမထဲက ဘယ်နှစ်ယောက်က စာသင်ဖို့လာပြီးတော့ စာရင်းပေးခဲ့ကြလဲ"

ကျောက်သယာသည် ရုတ်တရက်ဆိုသလို နာမည်အခေါ်ခံလိုက်ရသဖြင့် ထရပ်လိုက်လေသည်။ သူမသည် အသက်၁၅နှစ်အရွယ် မိန်းကလေးဖြစ်ကာ အနည်းငယ်ရှက်ရွံသလို ခံစားနေရ၏။ "၆ယောက်ပါ၊ ကျွန်မရဲ့ညီမလေးရယ်၊ သခင်မရဲ့အိမ်မှာ စာလာသင်နေတဲ့ ဝမ်းကွဲအပါအဝင် ၆ယောက်ပါ၊ လက်ရှိမှာတော့ သရှင်းရွာမှာ စာလေ့လာနေတဲ့ ကျွန်မမိသားစုထဲက ကလေး၈ယောက် ရှိပါတယ်"

ရေရွတ်သံတစ်ခုက လူအုပ်ထဲတွင် ထိုးထွက်လာခဲ့သည်။

၈ယောက်တဲ့လား။

ဖန်ဖေးညန်ပင် တအံ့တသြဖြစ်သွား၏။

သူမသည် ရှီကျိုးက လူများ၏ စားဝတ်နေရေးကို ကောင်းကောင်းမွန်မွန် နားလည်လေသည်။ သို့သော်ငြားလည်း... သည်ရွာသားများကလည်း ရှီကျိုးမှ မဟုတ်ပါလား။

သူမက ဒီအကြောင်းကို စဥ်းစားနေသည်တွင် စန်းလော့က ရယ်မောကာ ပြောလိုက်သည်ကို ကြားလိုက်ရ၏။ "ဟုတ်ပါတယ် ဒါဆိုရင် ကျောက်မိသားစုက မောင်နှမတွေ ကျေးဇူးပြုပြီးတော့ မတ်တပ်ရပ်ပေးပါအုံး"

စန်းလော့ စကားဆုံးသွားသည့်အခိုက်တွင် ကျောက်ညီအစ်ကို ၅ယောက်သည် မြန်မြန်ဆန်ဆန် ထရပ်လိုက်ကြလေသည်။ သူတို့အားလုံးသည် အရပ်မြင့်မြင့် တောင့်တင်းကြပြီး အကြီးဆုံးမှာ ၁၈နှစ်ကျော်ရှိသည်ဖြစ်ရာ သူ၏မြေယာခွဲဝေမှုကို ပိုင်ဆိုင်ထားပြီးသည့် လူကြီးတစ်ယောက်ဖြစ်လေသည်။

စန်းလော့က ဆက်ပြောလိုက်၏။ "ရှင်တို့တွေ့တဲ့အတိုင်းပဲ၊ ကျောက်မိသားစုက ကလေးတစ်ယောက်စီတိုင်းက အခုဆိုရင် သူတို့ရဲ့မိသားစုအတွက် သန်မာတဲ့အလုပ်သမားတစ်ယောက် ဖြစ်နေပါပြီ၊ အစပိုင်းတုန်းကတော့ ကျွန်မက ညကျောင်းကို တည်ထောင်ဖို့ အစီအစဥ် မရှိပါဘူး၊ ကျွန်မတို့မိသားစုရဲ့ သီးသန့်ကျောင်းကလဲပဲ တစ်နေ့ကို နာရီဝက်ပဲဆိုရင်တောင် နေ့ခင်းပိုင်းမှာ သင်ကြားပေးနေတာပဲ၊ သွားလာရတဲ့အချိန်ပါ ထည့်ပေါင်းလိုက်မယ်ဆိုရင် ဒါက သူတို့လယ်အလုပ် လုပ်ရမဲ့အချိန်ကို အများကြီး လျော့သွားစေနိုင်တယ်၊ ကျောက်မိသားစုက မိသားစုရဲ့လုပ်အားအများစုအတွက် တာဝန်ယူနိုင်ပြီး လုပ်ရည်ကိုင်ရည်ရှိကြတဲ့ သူတို့ရဲ့မြေးလေးတွေကို ဒီကိုလာပြီး စာသင်စေချင်ရတဲ့ အကြောင်းအရင်းကို ရှင်တို့စဥ်းစားမိသလား"

သူမက ဒီမေးခွန်းကို မေးလိုက်သည်နှင့်ချက်ချင်း စန်းလော့က သူမ၏ခေါင်းလေးကို အနည်းငယ်စောင်းလိုက်ကာ အပြင်က ရပ်နေသည့်ထိုသူများကို ရည်ရွယ်လေသည်။

သူတို့သည် ဘာကြောင့် ထိုသို့လုပ်ရပါမည်နည်း။

အပြင်က ကြည့်ရှုနေသူများကြားတွင် တစ်ဝက်လောက်က သူတို့မိသားစုအတွက် ခွဲဝေပေးထားသည့်နေရာများကို အသုံးမပြုခဲ့ဘဲ တစ်ခြားသူများကတော့ သူတို့၏နှစ်နေရာကို ၇နှစ်-၈နှစ်အရွယ် သားတစ်ယောက်စီကို ပေးခဲ့လေသည်။

အဘိုးကျောက်နှင့် အဘွားကျောက်တို့၏ တွေးတောပုံကို မည်သူက နားလည်နိုင်ပါမည်နည်း။

စာသင်ခန်းအပြင်ဘက်က ဘယ်သူကမှ အဖြေမပေးနိုင်ကြချေ။ သို့သော်ငြားလည်း အတွင်းက အသက်၈နှစ်-၉နှစ်အရွယ် ကလေးတစ်ယောက်က ထပြောလိုက်သည်။ "စာဖတ်တာနဲ့ သင်ယူတာက ကောင်းပါတယ်၊ ဒါက အောင်မြင်မှုကို ခေါ်သွားပေးနိုင်တယ်"

တစ်ခြားကလေးများကလဲ ဝင်ပြီးတော့ထောက်ခံကြသည်။

စန်းလော့က ဒီအချက်ပေါ်အခြေခံလိုက်ပြီး "ဘယ်လိုနည်းလမ်းနဲ့ ဒါက အောင်မြင်မှုကို ခေါ်သွားပေးနိုင်မှာလဲ"

ဒီမေးခွန်းက စောစောက စကားထုတ်ပြောခဲ့သည့် ကလေးများကို အထစ်ထစ်အငေါ့ငေါ့ ဖြစ်သွားစေလေသည်။ ပထမတစ်ယောက်က သူ့ခေါင်းကိုကုတ်ပြီး ပြောလိုက်၏။ "ကျွန်တော်ကတော့ သေချာမသိပါဘူး၊ ဒါက ကျွန်တော့်မိဘတွေ အဲလိုပြောတာလေ"

စန်းလော့က ပြုံးလိုက်ကာ ကျောက်သယာဘက်သို့ လှည့်ပြီးမေးလိုက်လေသည် "သယာ ငါ့ကိုပြောပါ၊ နင့်ရဲ့ အဘိုးအဘွား မိဘတွေ ဦးလေးတွေနဲ့ အဒေါ်တို့က နင်တို့အားလုံးကို ကျောင်းလာတက်ဖို့ ဘယ်လိုနားချခဲ့တာလဲ"

ကျောက်သယာမှာ တအံ့တသြ ဖြစ်သွားလေသည်။ ဒီကိစ္စက သူမ ဆွေးနွေးလို့ရသည့်ကိစ္စများလား။

သူမ၏အမူအယာက ဇဝေဇဝါဖြစ်သွားသည်။

စန်းလော့က ချက်ချင်းနားလည်သွားပြီး ခပ်တိုးတိုး ရယ်မောလိုက်ကာ "လွတ်လွတ်လပ်လပ် မျှဝေလို့ရပါတယ်"

ကျောက်သယာက သူမ၏ ခြောက်ကပ်နေသည့်နှုတ်ခမ်းကို သပ်လိုက်ပြီး ရှင်းပြလိုက်လေသည်။ "ကျွန်မရဲ့ညီမလေးနဲ့ ဝမ်းကွဲက ရွာထဲမှာ စာလေ့လာနေတာလေ၊ စာရေးတတ်ဖတ်တတ်ပြီး အတွက်အချက် လုပ်တတ်တဲ့သူတွေက စီးပွားရှာဖို့အတွက် ခရီးတွေကို သွားနိုင်တာကို ကျွန်မတို့ တွေ့ခဲ့တယ်၊ လခကလဲ စိုက်ပျိုးရေးလုပ်တာထက် အများကြီးပိုများတယ်၊ ပြီးတော့ ကျွန်မရဲ့အဘိုးအဘွားနဲ့မိဘတွေက ကျွန်မတို့မောင်နှမတွေကို စာတစ်လုံး နှစ်လုံးလောက် ပိုပြီးတော့တတ်စေချင်တယ်၊ သခင်မရဲ့ရွာက နောက်ပိုင်းကြရင် လူထပ်ငှားတဲ့အခါ ကျွန်မတို့လည်း အသုံးဝင်ချင်ပါတယ်"

ပါးပါးနပ်နပ်ပင် သူမက ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်း ဝမ်ထောင်ချီရှာဖွေနိုင်ခဲ့သည့် အကြောင်းကိုတော့ ချန်လှပ်ထားခဲ့လေသည်။

သူမ စကားပြောပြီးသွားသည်နှင့်ချက်ချင်း အပြင်ဘက်က အမျိုးသမီး အလုပ်သမားအဖွဲ့မှာ တအံ့တသြဖြင့် ငြိမ်ကျသွားတော့သည်။

ဒါသည် သူတို့အတွက် လုံးဝမျှော်လင့်မထားသည့် ရှုထောင့်တစ်ခု ဖြစ်လေသည်။ စာရင်းမသွင်းခဲ့ကြသည့် ဆယ်ကျော်သက်ကလေးများ ရှိသည့်သူများကပင် ယခုတော့ တွေဝေသွားသည့် အခြေအနေတစ်ခုဖြစ်သွား၏။

စန်းလော့သည် သူမပြောချင်သည့်စကားက ထိထိရောက်ရောက် ရောက်ရှိသွားသည်ကို ခံစားလိုက်ရ၏။ ပြုံးပြလိုက်ပြီး သူမက ကျောက်မောင်နှမများကို နေရာတွင် ပြန်ထိုင်ခိုင်းလိုက်သည်။ ထို့နောက်တွင်တော့ စာသင်ခန်းထဲက လူအုပ်ကြီးကို ရည်ညွှန်းကာ သူမက ဆက်ပြောလိုက်သည်။ "သူက ကိုယ်တွေ့အဖြေကို တန်းပေးလိုက်တာပဲ၊ စာလေ့လာခြင်းရဲ့တန်ဖိုးက ဘယ်မှာရှိနေတာလဲ ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် ပြောရမယ်ဆိုရင် စာဖတ်ခြင်းက လူတစ်ယောက်ကို စည်းမျည်းစည်းကမ်းတွေကို နားလည်လာနိုင်စေပြီး အသိပညာတွေကိုလည်း ကျယ်ပြန့်လာစေနိုင်တယ်၊ သချီက စာပေတတ်တဲ့သူတွေကို အားပေးပြီး အရာရှိရာထူးအတွက် စာမေးပွဲတွေကို ကျင်းပပေးတယ်၊ တကယ်လို့ ရှင်တို့တွေက ရှင်တို့ရဲ့သင်ကြားရေးမှာ ထူးချွန်လာခဲ့မယ်ဆိုရင် ရှင်တို့တွေက အရာရှိတစ်ယောက်တောင် ဖြစ်လာနိုင်တယ်၊ တိုင်းပြည်ကိုလည်း အခြေတည်အောင် လုပ်ပေးလာနိုင်ပြီး ရှင်တို့ရဲ့လူမှုရေး အဆင့်အတန်းတွေလည်း မြင့်မားအောင် လုပ်နိုင်တယ်"

"ဟုတ်ပါတယ်၊ ဒါကတော့ ဝေးကွာလှတဲ့ မျှော်မှန်းချက်တစ်ခုပေါ့၊ ဒါက ထူးခြားတဲ့အရည်အချင်းတွေ လိုအပ်ပြီး မဆုတ်မနစ် ကြိုးစားအားထုတ်မှု လိုအပ်တဲ့အပြင် အိမ်ကနေလည်းပဲ ငွေရေးကြေးရေးထောက်ပံ့မှုတွေ လိုအပ်တယ်၊ ပိုပြီးတော့ လက်တွေ့ကျတဲ့တစ်ခုကို စဥ်းစားကြည့်ကြမယ်၊ ရေးတတ်ဖတ်တတ်ပြီး အတွက်အချက်ကို သိမယ်ဆိုရင် ရှင်တို့တွေက မြို့မှာ အလုပ်ရှာဖွေဖို့အတွက် အများကြီး ပိုပြီးလွယ်ကူလာလိမ့်မယ် စာမတတ်တဲ့သူတွေနဲ့ယှဥ်ရင် ရှင်တို့တွေက ပိုပြီးသိသာတဲ့ အားသာချက်တစ်ခုကို ပိုင်ဆိုင်ထားလိမ့်မယ်"

"ကျွန်မ တစ်ခြားကိစ္စတွေကိုတော့ မပြောတတ်ပါဘူး ဒါပေမဲ့ ကျွန်မဆိုင်နှစ်ဆိုင်မှာတော့ ကျွန်မရဲ့လက်ထောက်တွေ အားလုံးက စာတတ်ကြတယ်၊ ဆိုင်မှာဆိုရင် သူတို့တွေက နာမည်တွေနဲ့ စျေးနှုန်းတွေကို မှတ်သားဖို့လိုအပ်တယ်၊ နေ့စဥ်အရောင်းအဝယ်နဲ့ ၁၀ရက်တစ်ခါတိုင်း ကုန်ပစ္စည်းတွေကို ရေတွက်ဖို့လိုအပ်တယ်... ဒီနေရာမှာ စာရင်းတွေကို မှတ်သားနိုင်တဲ့ အတွက်အချက်ပညာလည်း လိုအပ်တယ်၊ ဒီလိုကျွမ်းကျင်တဲ့လက်ထောက်က ကျွန်မရဲ့ဆိုင်မှာ လုပ်အားခ ၁လျန်ရှာနိုင်တယ်"

ငွေ၁လျန်တဲ့။

စာသင်ခန်းထဲက လူများအပြင် အပြင်ဘက်ကလူများကလဲ သိသိသာသာ အသက်အောင့်ထားလိုက်ကြပြီး ပြန်ရှူထုတ်ရမည်ကိုတောင် မသိတော့ချေ။

၁လျန်တန်ဖိုးကို လျှော့တွက်လို့မရချေ။ အကြောင်းမှာ ဆန်တစ်တင်းကိုပင် ၁၉၀ဝမ်ရှိနေပြီဖြစ်သည်။ ၁လျန်သည် ကြီးမားလုံလောက်သည့် ပမာဏတစ်ခုဖြစ်လေသည်။

လက်ရှိစပါးစျေးကို ဆက်ဖြစ်နေသည့် ဖရိုဖရဲကိစ္စများက လာပြီးသက်ရောက်နေသည်။ သူတို့သည် မြန်မြန်ဆန်ဆန် စျေးတက်သွားကြပြီး မြန်မြန်ဆန်ဆန် ကျဆင်းသွားကြသည်။ အေးချမ်းသည့် အချိန်ခါအတွင်းပင် ဆန်တစ်တင်းသည် ဝမ်၆၀သာ ကျသင့်သည်။

ငွေ၁လျန်ကိုပင် ဆိပ်ကမ်းတွင် တနေ့တာအလုပ်အတွက် သန်မာသည့် အလုပ်သမားတစ်ယောက်ကို ငှားရမ်းနိုင်ကာ သူသည် လေးလံသည့်ဝန်များကို သယ်ယူနိုင်သည့်ခွန်အားလည်း ရှိရပေအုံးမည်။

အတိတ်တွင် မြင့်မားသည့် အခွန်အခများရှိသဖြင့် လယ်သမားများသည် တစ်နှစ်လုံးမှာမှ ၁လျန်ပင် မရှာနိုင်ခဲ့ချေ။

သရှင်းရွာက ဆိုင်တစ်ဆိုင်ကို မည်သူက မသိဘဲရှိပါမည်နည်း။ ထိုအထူးထုတ်ကုန်ဆိုင်သည်ပင် သူ၏ ဆိုင်လက်ထောက်လေးက အမျိုးသမီးငယ်လေးတစ်ယောက်ကို ခန့်အပ်ထားသည်။

၁လ၁လျန်တဲ့။

သူတို့အားလုံးမျာ မှင်သက်အံသြသွားကြလေသည်။

သူတို့ထဲက ပိုပြီးဖြတ်ထိုးဉာဏ်ကောင်းသည့် သူများကတော့ စာသင်ခန်းထဲတွင် သရှင်းရွာက အမျိုးသား၊ အမျိုးသမီး အားလုံးသည် အတူတူ စာသင်ယူနေကြသည်ကို သတ်ထားမိလိုက်လေသည်။ သူတို့သည် နောက်ဆုံးတော့ သဘောပေါက်သွားကြ၏။ -စာဖတ်တယ်ဆိုတာက စာဖတ်ခြင်းသက်သက် မဟုတ်ဘူးပဲ။ ဒါက အနာဂတ်မှာ အလုပ်အခွင့်အရေးတွေကိုလည်း သေချာအောင် လုပ်ပေးနိုင်တာပဲ အလိုလေး။

သူတို့သည် အလွန်မှ ဉာဏ်နည်းခဲ့သည်။ သူတို့မျက်စိရှေ့က အခွင့်အရေးကို မမြင်မိခဲ့သဖြင့် သရှင်းရွာကသူများက ဖမ်းဆုပ်သွားခဲ့ကြပေပြီ။

...

အပိုင်း (၂၇၂) ရောင်ခြည်ဖြာနေသည့်မီးအိမ်လေးများ

စန်းလော့က စိတ်လှုပ်ရှားမှုများကို ထပ်ပြီး မထည့်နေတော့ချေ။ သူမက လက်ကို မြောက်လိုက်ပြီး စသင်ခန်းဘေးတစ်ဖက်တွင် ရပ်နေကြသည့် ရှန်းနဉ်၊ ရွှီဝမ်ယင်း၊ ချန်းရှောင်ယာ၊ ရှန်းယင်နှင့် ရှီချောင်အာတို့ကို ညွှန်ပြလိုက်ကာ “ရှင်တို့အများစုက သူတို့ထဲက တစ်ချို့က သိကြလိမ့်မယ်လို့ ကျွန်မ ယုံပါတယ်၊ သူတို့တွေက ကျွန်မတို့ရွာကျောင်းက ဆရာ/ဆရာမလေးတွေပါ”

သေးသေးကွေးကွေး ကိုယ်လုံးကိုယ်ထည်လေးကြောင့် ပထမတန်းတွင် ထိုင်နေသည့် ဖန့်နန်သည် ရုတ်တရက် စိတ်လှုပ်ရှားလာတော့သည်။ သူမက သူမဘေးက ဖန်းနှင့် ကျန့်မိသားစုက ကလေးများကို တိုးတိုးလေး ပြောလိုက်၏။ “အဲဒါ ငါ့ဝမ်းကွဲလေ၊ ညာဘက်အစွန်ဆုံးက ငါ့ဝမ်းကွဲ”

အပြင်ဘက်တွင် စောင့်ကြည့်နေကြသည့် သခင်မရွှီနှင့် အဘွားချန်းတို့သည် ဂုဏ်ယူမိသည့် ခံစားချက်တစ်ခု ဖြစ်သွားတော့သည်။ အဘွားချန်းသည် အလွန်ဝမ်းသာနေမိသဖြင့် သူမ၏ပါးစပ်ကို မပိတ်နိုင်လောက်အောင်ပင်။

အမှန်ပင်။ လူအများစုက သည်ကလေးများကို မှတ်မိကြပြီး မမှတ်မိကြသူများက အနည်းငယ်သာ ရှိကြသည်။ တစ်ချို့က တိုးတိုးလေး ပြောလိုက်ကြသည်။ “ဒီလောက် ငယ်ရွယ်တဲ့ကလေးတွေက စာသင်ပေးနိုင်ပါ့မလား”

တစ်ယောက်ယောက်က ချက်ချင်း ပြန်ငြင်းလိုက်၏။ “ရှင် မသိလို့နေမှာ၊ ဟုတ်တယ်မလား၊ သခင်မစန်းဘေးက အမျိုးသမီးငယ်လေးက သခင်လေးရှန်းလေ၊ သူက သခင်မစန်းရဲ့ယောက်မ၊ သခင်မစန်းပြောတာကို ရှင် မကြားလိုက်ဘူးလား၊ သခင်မစန်းက အဲကလေးမကို ငယ်ငယ်လေးကတည်း ပျိုးထောင်ပြီး သင်ကြားပေးလာတာတဲ့၊ သူသာ ယောက်ျားလေးတစ်ယောက်ဆိုရင် သူ့အစ်ကိုနှစ်ယောက်လိုပဲ ပြည်နယ်ကျောင်း ဝင်ခွင့်စာမေးပွဲကို ဝင်ဖြေမှာပဲ”

“အမျိုးသမီးလေးရဲ့ဘေးက တစ်ယောက်ကတော့ သခင်မလေးရွှီ၊ သူ့အဖေက တုန်းဖူစားသောက်ဆိုင် ဖွင့်ထားတာလေ၊ သူ့မောင်နှမတွေအားလုံးက ပြည်နယ်ကျောင်းတော်မှာ ကျောင်းတက်နေကြတာ၊ သူဆိုလည်း ငယ်ငယ်လေးကတည်းက စာအရေးအဖတ် လုပ်လာတာ၊ တခြားကလေးတွေကိုလည်း သခင်မစန်းနဲ့ ပြည်နယ်ကျောင်းကို ဝင်ခွင့်ရသွားတဲ့သူတွေက သင်ပေးထားတာ၊ သခင်မစန်းက တောင်အတွင်းပိုင်းမှာ နေခဲ့ကတည်းက သူတို့ကို သင်ပေးလာတာလေ၊ သူတို့ ရွတ်နေတဲ့ဟာလေ... ဘာလို့ ခေါ်တာပါလိမ့်”

အဘွားကျောက်က စကားထစ်သွားချိန်တွင် သူ့စကားကို ဆက်ပြောပေးလိုက်လေသည်။ “စာလုံးပေါင်းတစ်ထောင်ကျမ်း”

“ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ်၊ စာလုံးပေါင်းတစ်ထောင်ကျမ်း၊ တော်တော်လေး နားထောင်လို့ကောင်းပေမဲ့ ငါကတော့ သိပ်နားမလည်ပါဘူး၊ ဒီတော့ သူတို့တွေကို ငယ်လို့ဆိုပြီး အထင်မသေးလေနဲ့, သူတို့တွေက အင်မတန်မှ အရည်အချင်းရှိကြတာ”

ဖန်ဖေးညန်သည် အဘွားကျောက်ကို လှည့်ကြည့်လိုက်လေသည်။ မှောင်နေသဖြင့် သူမသည် အရင်က အဘွားကျောက်ကို သေချာအကဲခတ်မကြည့်ခဲ့ချေ။ အခုတော့ အဘွားကြီး အဝတ်အစားများက ဖာထေးရာများ အများကြီးရှိနေသည်ကို သတိထားမိလိုက်သည်။

ကျမ်းများနှင့် ရင်းနှီးနေသည်က တော်တော်လေးကို ထူးခြားနေ၏။

အခန်းထဲတွင် ခပ်တိုးတိုး စကားသံတွေက တိုးညင်းသွားပြီး သူမက ဆက်ပြောလိုက်လေသည်။ “အားနဉ်နဲ့ ဝမ်ယင်းတို့က အခြေခံအတန်းအတွက် ဆရာတွေဖြစ်ပြီး ကျောင်းက နေ့ခင်းဘက် သင်ခန်းစာတွေကို တာဝန်ယူထားပါတယ်၊ ရှောင်ယာ၊ ရှောင်ယင်နဲ့ ချောင်အာတို့ကတော့ ညအတန်းကို သင်ပေးမှာပါ၊ သူတို့တွေက ငယ်တယ်ဆိုပေမဲ့ သူတို့တွေက ရှင်တို့ကို သင်ကြားပေးနိုင်တယ်၊ မသင်ကြားပေးနိုင်ဘူးဆိုတာကို ကျွန်မအနေနဲ့ မှတ်ချက်ပေးဖို့ မလိုပါဘူး၊ ရှင်တို့အားလုံး သင်ခန်းစာတစ်ခု တက်ပြီးသွားရင် သိလာပါလိမ့်မယ်၊ ကျွန်မ အထူးပြောချင်တာကတော့ သူတို့တွေက ငယ်ရွယ်နုနယ်ကြသေးပေမဲ့ သူတို့တွေ ကျွန်မဆီကနေ အတန်းတစ်တန်းစာကို ဉာဏ်ပူဇော်ခ ၁၅ဝမ်ရကြပါတယ်”

“ဘယ်လို” အသံတစ်ခုက အပြင်ဘက်မှ တအံ့တဩ ထွက်လာလေသည်။

အတန်းတစ်ခုကို ၁၅ဝမ်တဲ့လား။

တကယ်လို့ သူတို့တွေက နေ့ရော ညရော သင်မယ်ဆိုရင် ၃၀ဝမ်ပေါ့။

အရွယ်တစ်ဝက်ရောက်ပြီးသား ကလေးတစ်ယောက်က တစ်နေ့ကို အတန်း၂တန်း သင်ရုံနဲ့ ၃၀ဝမ်ရှာနိုင်တာပေါ့။

စာရင်းမသွင်းခဲ့သူများသည် နောင်တရသွားကြတော့သည်။ အထူးသဖြင့် ကျောင်းတက်ချင်ပါသော်လည်း အငြင်းပယ်ခံလိုက်ရသည့် သမီးများရှိသည့် မိသားစုများပင်။ သူတို့က မိန်းကလေးများသည် ပညာတတ်ရန် မလိုဟု ယုံကြည်ထားခဲ့ကြခြင်းပင်။ အခုတော့ သူတို့သည် သူတို့၏ ဆုံးဖြတ်ချက်ကို ခါးခါးသီးသီး နောင်တရသွားပြီး ဆုံးဖြတ်ချက် ကင်းမဲ့ကာ စိတ်ဓာတ်ကျသွားတော့သည်။

နောက်ဆုံး ဒါသည် အခမဲ့ပညာရေးပင်။ သူတို့ သင်ယူခဲ့သမျှက အနာဂတ်တွင် သူတို့ကိုသာ အကျိုးပြန်ပြုလိမ့်မည်။ ထိုအချိန်က သူတို့သည် အဘယ်ကြောင့်များ ဆန္ဒမရှိခဲ့ရပါသနည်း။

ဟုတ်ပါသည်။ သူတို့၏ယောက္ခထီးက သမီးများသည် တစ်ချိန်ကျလျှင် လက်ထပ်အေးလိုက်ရပြီး စာဖတ်ခြင်းက သူတို့ကို စိတ်ယိမ်းယိုင်သွားစေမည်ဟု ပြောခဲ့ခြင်းကြောင့်ပင်။ သူတို့အတွက် ညဘက် အပြင်ထွက်ရန်က မသင့်တော်ချေ။

သူတို့သည် ညခင်းပိုင်းတွင် ဖျာရက်၊ ယက်တောင်ခေါက်၊ ခြင်းတောင်းရက် သို့မဟုတ်လည်း အချုပ်အလုပ်များ လုပ်နိုင်ဟု ပြောခဲ့သေးသည်။

...

စန်းလော့က စားပွဲကို ခေါက်လိုက်ပြီး ဆက်ပြောလိုက်၏။ “ကျွန်မ ဒါတွေ အားလုံးကို ပြောပြနေတာက စာဖတ်တာဟာ ကဏ္ဍတိုင်းမှာ အရေးပါတယ်ဆိုတာကို အဓိက ပြောချင်တာပါ၊ ရှင်တို့တွေ မြေတွေ ရောင်းဝယ်တာဖြစ်ဖြစ်၊ စာချုပ်ချုပ်တာဖြစ်ဖြစ်၊ ဒါမှမဟုတ် အကြွေးစာရေးတာဖြစ်ဖြစ်၊ ဒီအလုပ်တွေထဲက ဘယ်တစ်ခုက စာမတတ်ဘဲ အလုပ်ပြီးမြောက်နိုင်လဲ၊ တကယ်လို့ ရှင်တို့တွေ စာမဖတ်တတ်ဘူးဆိုရင် ရှင်တို့တွေ တခြားသူတွေကို အားကိုးနေရမယ်၊ မိသားစုဘယ်နှစ်ခုက အမြတ်ထုတ်ခံရ၊ မြေယာဆုံး၊ အိမ်ဆုံးဖြစ်ခဲ့ရပြီး ခက်ခဲတဲ့အချိန်ကာလတွေမှာ သူတို့ကိုယ်တိုင်နဲ့ သူတို့ချစ်ရတဲ့သူတွေက စာမတတ်တဲ့အတွက်ကြောင့် ကြွေးမြည်ထဲမှာ ပိတ်မိနေခဲ့ရလဲ”

“အများကြီးပဲ”

“ဒါကြောင့် တခြားသူတွေကို အားကိုးတာထက် ကိုယ့်ဟာကို အားကိုးတာ ပိုကောင်းပါတယ်၊ ရှင်တို့တွေကို စာသင်ကြားနိုင်မဲ့ အခွင့်အရေး ပေးထားပြီးပြီဆိုတော့ ဒီအခွင့်အရေးကို တန်ဖိုးထားကြပါ၊ နောက်ပိုင်း ဘယ်ဆရာက ရှင်းပြသည်ဖြစ်စေ ရှင်တို့တွေ ဒီနေရာက စည်းမျဉ်းစည်းကမ်းတွေကို သေချာပေါက် လိုက်နာရမယ်၊ ရှင်တို့တွေ အခြေခံစည်းမျဉ်းကိုတောင် မလိုက်နာနိုင်ဘူးဆိုရင် ရှင်တို့ကို ကျောင်းထွက်ခိုင်းဖို့ကလွဲပြီး မတတ်နိုင်တော့ဘူး”

“ကောင်းပါပြီ၊ ကျွန်မ ပြောချင်တာကတော့ ဒီလောက်ပါပဲ၊ ပထမဆုံး သင်ခန်းစာကို စာသင်ကြားဖို့ ဆရာမလေး ချန်းရှောင်ယာကို ကြိုဆိုလိုက်ရအောင်”

သို့နှင့် သူမသည် စားပွဲမှ ဘေးသို့ ဖယ်ပေးလိုက်ပြီး ချန်းရှောင်ယာ၏ သင်ကြားပုံကို လေ့လာရန် ရှန်းနှဉ်နှင့် တခြားသူများနှင့်အတူ စာသင်ခန်း အနောက်ဘက်သို့ သွားလိုက်ကြသည်။

...

၁၁နှစ်အရွယ် ချန်းရှောင်ယာသည် အသက်၆နှစ်အရွယ်တွင် ရှန်းနဉ်၏လက်အောက်တွင် စတင် ပညာသင်ခဲ့ပြီး အသက်၁၀နှစ်တွင် သရှင်းရွာတွင် ဆရာမငယ်လေးတစ်ယောက် ဖြစ်လာခဲ့သည်။ ပိုပြီးများပြားသည့် စာသင်သားများ၊ အသက်ပိုကြီးသည့် စာသင်သားများနှင့် အပြင်ဘက်တွင် ကြည့်ရှုနေသူအများအပြား ရှိနေသော်လည်း စာသင်သားတစ်ယောက်အဖြစ် ရှိနေသည့် သူမ၏အမေအပါအဝင် အများစုက သူတို့၏ရွာမှာဖြစ်လေသည်။ ချန်းရှောင်ယာက အိန္ဒြေရနေဆဲ။

သူမက မိတ်ဆက်ခြင်းနှင့် စလိုက်ပြီး စာသင်ခန်းစည်းကမ်းများကို ပြောကြားခဲ့သည့် စန်းလော့ စကားကို ပြန်ကောက်လိုက်လေသည်။ ထို့နောက်တွင်တော့ သူမက ညဘက်သင်တန်းများ၏ တမူထူးခြားပုံကို ရှင်းပြလိုက်သည်။

“ကျွန်မတို့တွေ စာလေ့လာတဲ့နေရာမှာ နည်းလမ်းနှစ်ခုနဲ့ သွားပါမယ်၊ ပထမ ၁၅မိနစ်ကိုတော့ ပေါ့ပေါ့ပါးပါး စာလေ့တာကိုပဲ ဦးစားပေးပြီး အသုံးများတဲ့ စာလုံးတွေကနေစပြီး တစ်နေ့ကို စာလုံးအသစ် ၂လုံး သင်သွားပါမယ်၊ ကျန်တဲ့အချိန်ကိုတော့ ပုံမှန်သင်ကြားရေးအတွက်ဖြစ်ပြီး စာလုံးပေါင်းတစ်ထောင်ကျမ်းနဲ့ စပါမယ်၊ တစ်ပတ်ကို အတွက်အချက် သင်ခန်းစာ၂ လည်းရှိပါလိမ့်မယ်”

ထို့နောက် သူမက ပြောလိုက်၏။ “ဒီနေ့ အားလုံးကို သင်ပေးမဲ့ ပထမဆုံး စာလုံးကတော့ အယောက်တိုင်းနဲ့ အရမ်းကို ရင်းနှီးတဲ့ စာလုံးပါပဲ၊ အဲဒါက အားလုံးက အိမ်မှာ ရှိကြပါတယ်”

သူမက ကိုယ်ကိုလှည့်လိုက်ပြီး အားလုံးက စဉ်းစားနေကြသည့် မြင်သာလှသည့် ကျောက်သင်ပုန်းပေါ်တွင် မြေဖြူကိုသုံးကာ လယ်ကွယ် ဟူသည့် ရိုးရှင်းသည့် စာလုံးကို ရေးလိုက်လေသည်။

လယ်ကွင်း စာလုံးဖြစ်လာပုံမှ စတင်လိုက်၏။

သခင်မဖန်သည် သင်ခန်းကို စိတ်ဝင်တစား နားထောင်နေပြီး ချန်းရှောင်ယာက ကျောက်သင်ပုန်းပေါ်တွင် လယ်ကွင်းပုံစံ လေးထောင့်ကွက်တစ်ခုကို ဆွဲလိုက်သည်ကို စိတ်အားထက်သန်စွာ လေ့လာနေလေသည်။ သေသပ်လှသည့် ပုံလေးဘေးတွင် သူမက ‘လယ်ကွင်း’ ဟူသည့် စာလုံးကို ရေးပြထားကာ မြင်သာအောင် ပုံဖော်ထားသည်။

သူတို့၏ ဖြစ်ပေါ်လာသည့် ပုံများမှတဆင့် စာလုံးများကို ရှင်းပြသည့် နည်းလမ်းကို အသုံးချထားပြီး သူမသည် စာသင်သား တော်တော်များများကိုပင် ဖိတ်ခေါ်လိုက်ပြီး အပြန်အလှန်ဆွေးနွေးခြင်းမှ မြေဖြူဖြင့် ‘လယ်ကွင်း’ဟူသည့် စာလုံးကို ရှေ့တွင် ထွက်ရေးခိုင်းလိုက်သေးသည်။

‘ထျန်း’ (နေ့ခင်း/ကောင်းကင်) ဟူသည့်စာလုံးသည် အမှန်ပင် ရေးရလွယ်ကူပြီး မြေဖြူသည် ရှားပါသည့် ပစ္စည်းတစ်ခု ဖြစ်ခဲ့သည်။ သရှင်းရွာက လူကြီးများက ထောက်ပံ့ပေးကြပြီး ရွာအပြင်ဘက်က ပိုငယ်သည့် ကျောင်းသားများက စိတ်အားထက်သန်မှုများ အပြည့်ဖြစ်နေကာ တစ်ခါလောက် စမ်းကြည့်ရန် တောင်းဆိုကြလေသည်။ သူတို့ထဲက သုံးယောက်ကို စာရေးရန် ခေါ်လိုက်ပြီး စာသင်ခန်းလေထုက ရုတ်ချည်းဆိုသလို အသက်ဝင်လာတော့သည်။

‘ထျန်း’ စာလုံးကို ရှင်းပြလိုက်ပြီးနောက်တွင် သူမက လယ်ကွင်းပေါ်တွင် နောက်ထပ် စပါးစေ့နှစ်စေ့ကို ဆွဲလိုက်ပြီး ဆက်လိုက်ကာ ‘ပျိုးပင်’ ဟူသည့် စာလုံးကို ဆက်ပြီး မိတ်ဆက်ပေးလိုက်သည်...။

သခင်မဖန်သည် သင်ကြားရေး အထောက်အကူအဖြစ် ကျောက်သင်ပုန်းတစ်ခုနှင့် မြေဖြူကို သုံးခြင်း၏ ထိရောက်မှုကို ချက်ချင်း သဘောပေါက်သွားတော့သည်။ သူမမှာ အံ့ဩရသဖြင့် မချီးကျူးဘဲ မနေနိုင်အောင် ဖြစ်သွားတော့သည်။ ၁၀နှစ်မကျော်လောက်သေးသည့် သည်ကလေးမလေးက သည်လိုကိုယ်နေဟန်ထား၊ ကျွမ်းကျင်မှုဖြင့် လူပေါင်းဒါဇင်ကျော်ကို စာသင်ကြားပေးနေပြီး သူမသည် သူမ ပြောနေသည့် အကြောင်းအရာကို သေချာသိလေသည်။ စန်းလော့သည် သူမကို ထိုမျှလောက် ကောင်းကောင်းမွန်မွန် သင်ကြားတတ်အောင် မည်သို့ သင်ကြားပေးခဲ့ပါသနည်း။

‌ဘေးသို့ လှမ်းကြည့်လိုက်သည်တွင် သူမဘေးက အဘွားကြီးက အမှုမဲ့အမှတ်မဲ့ သူမ၏လည်ပင်းကို ဆန့်ထားပြီး ကြီးမားသည့် ဝမ်းသာစိတ်ဖြင့် စာသင်နေသည့်နေရာထဲတွင် စိတ်နစ်ထားသည်ကို သတိထားမိလိုက်သည်။ သူမသည် စာသင်ခန်းထဲတွင် ထိုင်နေကြသည့် စာသင်သားအဖွဲ့များကို မကြာခဏ လှမ်းခိုးကြည့်နေတတ်ကာ သူမ၏ရယ်လိုက်လျှင် ‌ပေါ်လာသည့်အရေးကြောင်းများက ပျော်ရွှင်ကျေနပ်မှုဖြင့် ပြုံးလိုက်သည်နှင့် သူမ၏မျက်လုံးထောင့်များတွင် အများအပြားပေါ်လာတော့သည်။

ဖန်ဖေးညန်၏နှလုံးသားမှာ လှုပ်ရှားသွားပြီး သူမက တိုးတိုးလေး မေးလိုက်လေသည်။ “ဒေါ်ဒေါ် အထဲမှာ စာသင်နေတဲ့ကလေးတွေထဲမှာ ဒေါ်ဒေါ့်ကလေးပါလား”

“အင်း၊ ကျွန်မသားနှစ်ယောက်က သခင်မစန်းမိသားစုအတွင် အလုပ်လုပ်ပေးနေတာလေ၊ မနှစ်က ကျွန်မမြေးမလေးနဲ့ မြေးလေးက ရွာထဲမှာ အားနဉ်နဲ့ တခြားကလေးတွေဆီမှာ စပြီး စာသင်လာခဲ့တာလေ၊ အခု ကျွန်မရဲ့ အကြီးဆုံးနဲ့ ဒုတိယချွေးမကလည်း သခင်မစန်းရဲ့ ခေါက်ဆွဲအလုပ်ရုံမှာ လုပ်နေတာ၊ ကျွန်မတို့အိမ်တွက် ကျောင်းတက်ဖို့ နေရာ၈ခု ရခဲ့တယ်၊ တခြား မြေးအကြီး ၆ယောက်လည်း လာတယ်လေ၊ သခင်မစန်းက အရမ်းသဘောကောင်း နားလည်ပေးတတ်တာ၊ ကျွန်မတို့ လယ်အလုပ်တွေက အလုပ်အများတာဆိုတော့ သူက ညဘက် သင်တန်းတွေကို အချိန်ဇယားဆွဲပေးခဲ့တာလေ၊ မီးအိမ်တောင် ဘယ်နှစ်ခု သုံးလိုက်ရမလဲ”

အဘွားကြီး ရေတွက်လာခဲ့ပြီးဖြစ်ကာ သူမ၏လည်ပင်းကို ဆန့်ထားရင် သူမ၏မြင်ကွင်းကို ဝေဝါးသွားလုမတတ်ဖြစ်စေသည့် မီးအိမ်၁၂ခုကို ကြိုးစားရေတွက်နိုင်ခဲ့လေသည်။

ကျောင်းတက်ရန် နေရာ၈ရသည်ဟု အဘွားကြီး ပြောလိုက်သည့်စကားကို ကြားလိုက်သည်တွင် ဖန်ဖေးညန်သည် အဘွားကျောက်ကို ချက်ချင်း လှည့်ကြည့်လိုက်ပြီး “ရှင်က အားလော့ ပြောတဲ့ ‌ဒေါ်ဒေါ်ကျောက်ပဲ ဖြစ်ရမယ် ဟုတ်လား”

မျက်လုံးများတွင် အပြုံးအရေးအကြောင်းများနှင့် အဘွားကျောက်သည် ဝမ်းသာရွှင်လန်းစွာ ယိမ်းနွဲ့နေလေသည်။ “ဟုတ်ပါတယ်၊ သခင်မစန်းက တကယ် ကြင်နာတတ်တာပါ၊ သူက သူ့မိသားစုအတွက် အလုပ်လုပ်ပေးတဲ့သူတွေကို အရမ်းဂရုစိုက်ပေးတတ်တာ”

အမှန်ပင် သူမသည် ကြင်နာတတ်ပြီး သိမ်မွေ့နူးညံ့ကာ မေတ္တာဂရုနာကြီးမားသည့် သဘာဝဖြင့် မွေးဖွားလာလေသည်။

ဖန်ဖေးညန်သည် ပြုံးလိုက်၏။ သို့သော်လည်း သူမသည် သူမဘေးက အဘွားကြီးကို မလေးစားဘဲ မနေနိုင်သလို ဇဝေဇဝါဖြစ်မိလေသည်။ “ဒီကျောင်းက ကျောင်းလခ မပေးရဘူးလို့ ကျွန်မ ကြားထားတယ်၊ ဒါပေမဲ့ ဖတ်စာအုပ်၊ စုတ်တံ၊ မှင်နဲ့ စက္ကူတွေကတော့ ငွေကုန်ရသေးတယ်လေ, ဟုတ်တယ်မလား၊ ကလေး ၈ယောက်ကို စာသင်ပေးဖို့ ဘယ်လို လုပ်ပြီး တတ်နိုင်သွားတာလဲ”

အစိုးရသည် ကျောင်းများကို တည်ထောင်ရာတွင် အစောကြီးကတည်းက အားပေးခဲ့ပြီး ပြည်နယ်နှင့် စီရင်စုကျောင်းများကိုလည်း ဖြည်းဖြည်းချင်း ဖွင့်ပေးခဲ့သည်။ သို့သော်လည်း ကျေးလက်ကျောင်းများက အစနှေးသည်။ ရုံးတော်၏ အကန့်သတ်ဖြစ်နေသည့် ရံပုံငွေက တစ်‌ကြောင်း၊ ဆရာများအတွက် လစဉ်ထောက်ပံ့ကြေးကို မတတ်နိုင်သည်က တစ်ကြောင်း။ နောက်တစ်ချက်မှာ သာမန်ပြည်သူများသည် မတတ်နိုင်ကြသဖြင့် ပညာရေးကို အရေးကြီးဆုံး နေရာတွင် မထားကြသလို၊ စာဖတ်ရန်လည်း အားလပ်ချိန်က သည်အတိုင်းကို မရှိ‌နေခြင်းပင်။

လက်ရှိတွင် စီရင်စုနှင့် ပြည်နယ်ကျောင်းများ၏ အနာဂတ်ကျောင်းသားများသည် ဒေသတစ်ခုစီက ကိုယ်ပိုင်ဖွင့်ထားသည့် ကျောင်းများကိုသာ မှီခိုအားကိုးနေရသေးသည်။ ကိုယ်ပိုင်ကျောင်းများကို တက်နိုင်သူများကလည်း ပုံမှန်ဆိုလျှင် လူချမ်းသာမိသားစုများသာ။ ရုံးတော်က အမှန်တကယ် တည်ထောင်ပေးချင်ခဲ့သည့် တရားဝင်ကျေးလက်ကျောင်းများကို ၃-၄ကျောင်းသာ ဖွင့်နိုင်ခဲ့ပြီး အစောပိုင်းက ပြောခဲ့သည့် တူညီသည့်ပြဿာများဖြင့် လည်ပတ်နေရလေသည်။

ကျောင်းသား ၂-၃ယောက်သာရှိသည့် ကျေးလက်ကျောင်း တစ်ကျောင်းအတွက် ဆရာတစ်ယောက် ခန့်ထားရခြင်းက အလွန်မှ ဈေးကြီးလွန်းလှသည်။

အဝတ်စား ဖာထေးရာများနှင့် သူမရှေ့က အဘွားကြီးသည် ရှန်းမိသားစုအတွက် အလုပ်လုပ်ပေးနေသည့် သားတစ်ယောက် ရှိသည်။ သူမ၏ငွေကြေးအခြေအနေက ချမ်းသာနေမည်မဟုတ်သည်မှာ သိသာနေသည်။ သူမက သည်လောက် ကလေးအများကြီးကို ပညာသင်ပေးရန် မည်သို့ တတ်နိုင်ခဲ့ပါသနည်း။

ဖန်ဖေးညန်သည် ဒါကို နားမလည်နိုင်အောင် ဖြစ်နေရသည်။

အဘွားကျောက်က သူမ၏ခေါင်းကို ပြန်လှည့်လိုက်ပြီး ဖန်ဖေးညန်က လေးနက်သည့်အကြည့်တစ်ခုဖြင့် ကြည့်လိုက်၏။ အစောပိုင်းကတော့ မှောင်နေချိန်တွင် သူမသည် စာသင်ခန်းကိုသာ အာရုံစိုက်နေခဲ့မိပြီး သူမဘေးတွင် အမျိုးသမီးငယ်လေးတစ်ယောက် ရပ်နေသည်ကိုသာ သိလိုက်ပြီး သိပ်ဂရုမစိုက်မိချေ။ အခုတော့ စာသင်ခန်းထဲမှ လျှံထွက်လာသည့် မှိန်ဖျဖျအလင်းရောင်အောက်တွင် သည်အမျိုးသမီးက သာမန်ရွာသားတစ်ယောက်နှင့် လုံးဝ ကွဲပြားနေသည်ကို သတိထားမိလိုက်လေသည်။ သူမအဝတ်အစား၏ ပိတ်သားနှင့် အရောင်က အရည်အသွေးမြင့်လှသည်။

“ရှင်က လူချမ်းသာမိသားစုကလား၊ မြို့ထဲကနေ ဒီကို အလည်လာတာလား”

ဖန်ဖေးညန်က ခေါင်းညိတ်ပြလိုက်ပြီး “ကျွန်မတို့အိမ်က တော်တော်လေး အဆင်ပြေပါတယ်”

အဘွားကျောက်က ပြန်ဖြေလိုက်သည်။ “ပညာရေးအပေါ် ကျွန်မတို့ ချဉ်းကပ်ပုံက မြို့ကလူတွေနဲ့ မတူဘူးလေ၊ ကျွန်မတို့လည်း သခင်မစန်းရဲ့လက်အောက်မှာ သင်ယူနေတာပါ၊ ကျွန်မတို့တွေ ဆင်းရဲတယ်ဆိုရင်ဆောင် သင်ယူဖို့ နည်းလမ်းတစ်ခုတော့ ရှိပါတယ်၊ ကျွန်မတို့တွေ ကျွန်မကလေးတွေအတွက် ပညာရေးမှာ အများကြီး မသုံးခဲ့ရပါဘူး”

ဆင်းရဲရင်တောင် စာသင်ဖို့ နည်းလမ်းတစ်ခု ရှိတယ်တဲ့လား။

ဖန်ဖေးညန်၏မျက်လုံးများသည် လင်းလက်သွားပြီး သူမက ‌မေးလိုက်၏။ “ဘယ်လို အလုပ်ဖြစ်သွားတာလဲ၊ ဒေါ်ဒေါ်တို့ စာအုပ်ဖိုး၊ စုတ်တံ၊ မှင်နဲ့ စက္ကူဖိုး ကုန်ကျစားရိတ်ကိုတော့ ရှောင်လွှဲလို့ မရဘူးလေ၊ ဟုတ်တယ်မလား”

ထိုပစ္စည်းများထဲက တစ်ခုကမှ ဈေးမသက်သာလှချေ။ ဥပမာ ဖတ်စာအုပ်များ- အထူးသဖြင့် ပိုကောင်းသည့် ဖတ်စာအုပ်များသည် အလွယ်တကူ မရနိုင်ချေ။ သင်ကြားသူ လူဦးရေ တိုးလာသည့်တိုင် စာလုံးပေါင်းတစ်ထောင်ကျမ်း မူပွားစာအုပ်၊ ကလေးငယ်များအတွင် သင်ပုန်းကြီးစာအုပ်က ဝမ်၈၀၀ လောက်ရှိသည်။ သာမာန်စုတ်တံတစ်ချောင်းသည် ဝမ်၃၀ကျော် ကျသင့်ချိန်တွင် မှင်တုံးတစ်တုံးက ဝမ်၁၀၀ဝန်းကျင် ရှိသည်။ စာရွက်ကတော့ အရင်ကထက် အနည်းငယ် ဈေးသက်သာသည်။ သို့သော် ဈေးအသက်သာဆုံး စက္ကူတစ်စည်းကပင် ဝမ်၆၀လောက် ကုန်ကျသည်ကို ဖန်ဖေးညန် မှတ်မိနေသေးသည်။

နောက်ဆုံး မှင်နှင့် စာရွက်များကို အများဆုံးသုံးရမည်။

“ဖတ်စာအုပ် ဝယ်စရာမလိုဘူးလေ၊ ကျွန်မတို့တွေ အိမ်မှာ ကိုယ်ပိုင် ဝါးစာလိပ်တွေ လုပ်ထားတယ်၊ ကလေးအကြီး ၂ယောက်က အားနဉ် ကူးထားပေးတဲ့ စာလိပ်ကို သုံးကြတာ၊ တခြား ၆ယောက်အတွက်တော့ သူတို့တွေက သူတို့ရဲ့အငယ်လေးတွေကို အကူအညီ တောင်းလို့ရတယ်လေ၊ စာရွက်နဲ့ စုတ်တံကတော့ ပုံမှန်ဆိုရင် ကျွန်မတို့ အဲဒါတွေကို မလိုပါဘူး၊ ကျွန်မတို့တွေ တုတ်ချောင်းကို သုံးပြီး သဲဗန်ပေါ်မှာ ရေးရင်ရေး၊ မဟုတ်ရင်လဲ ရေနဲ့ စုတ်တံကိုသုံးပြီး ကျောက်ပြားပေါ်မှာ ရေးလို့ရတယ်လေ၊ နွေရာသီ အပူဆုံးလတွေမှာဆိုရင် ရေက ခြောက်မြန်တယ်၊ ဒီတော့ မရှိမဖြစ်ဆိုရင် ကလေးတွေအတွက် ဝယ်ပေးဖို့လိုအပ်တာက စုတ်တံတစ်ချောင်းပေါ့၊ ဖြစ်နိုင်ရင်တော့ နောက်ပိုင်း ဖတ်စာအုပ်ကူးရေးဖို့ မှင်နည်းနည်းပေါ့၊ မောင်နှမတွေက ဒါတွေကို အလှည့်ကျ သုံးလို့ရတယ်လေ၊ ပြီးတော့ ဒါတွေက ကြာကြာခံလိမ့်မယ်”

ကလေး၈ယောက်ရှိသည်တွင် စုတ်တံနှင့်မှင်အတွက် ဝမ်၂၀၀ဝန်းကျင် သုံးခြင်းက ကျောက်အဘွားအတွက် တတ်နိုင်သည့် ကုန်ကျစားရိတ်တစ်ခုပင်။

ဖန်ဖေးညန်သည် ပစ္စည်းစာရင်းကို မှတ်ထားလိုက်ပြီး သူမ၏မျက်လုံးများက တဖျတ်ဖျတ် တောက်ပလာရင်း လင်းလက်သွား၏။

ဒီတော့ ဒါကို ဒီလို လုပ်လို့ရတာပဲ။

သူမ၏စိတ်ဝင်စားပုံကို မြင်လိုက်ရသည်တွင် အဘွားကျောက်သည် သူမ၏ရှင်းလင်းချက်တွင် ပိုပြီး စိတ်အားထက်သန်လာတော့သည်။ သူမ၏အသံကို နိမ့်ထားလိုက်ပြီး သူမက ပြောလိုက်၏။ “သခင်မစန်းက ကျွန်မတို့အပေါ် ကြင်နာတတ်တယ်၊ ဒါပေမဲ့ ကျွန်မတို့ကလည်း ကျေးဇူးပြန်ဆပ်ရမယ်ဆိုတာ သိပါတယ်၊ ကျွန်မယောက်ျားနဲ့ မြေးတွေက ညတွင်းချင်းပဲ စားရေးခုံ၃လုံး လုပ်ပေးထားတယ်လေ၊ ရှေ့က စာရေးခုံတွေကို တွေ့လား၊ အဲဒါတွေကို ရွာကျောင်းက စာရေးခုံတွေကို ပုံစံယူပြီး လုပ်ထားတာ၊ တခြားဟာတွေကတော့ တခြားမိသားစုတွေက ဖြစ်မယ်၊ ဒါပေမဲ့ ကျွန်မတို့တွေက သခင်မစန်းရဲ့ကျောင်းအတွက် နောက်ထပ် စာရေးခုံ၁၀လုံး ဆက်လုပ်ပေးဦးမှာ၊ တကယ်လို့ အားလုံးက ဝင်ပါမယ်ဆိုရင် သခင်မစန်းလည်း စာရေးခုံအတွက် ငွေအများကြီး သုံးဖို့မလိုတော့ဘူးပေါ့”

__ တကယ်လို့ အားလုံးကသာ ပါဝင်ပေးမယ်ဆိုရင် သခင်မစန်းက စာရေးခုံတွေအတွက် ငွေထပ်သုံးစရာ မလိုတော့ဘူးပေါ့တဲ့။

ဖန်ဖေးညန်၏စိတ်သည် အလင်းပွင့်သွားပြီး သူမသည် ရုတ်တရက် ရှင်းရှင်းလင်းလင်း သိမြင်သွားလေသည်။ သူမက ပြုံးကာ အဘွားကျောက်ကို ဦးညွှတ်နှုတ်ဆက်လိုက်ပြီး ပြောလိုက်၏။ “စကား ပြောလို့လဲ ကောင်းပါတယ်၊ ဒေါ်ဒေါ့်ကို ကျေးဇူးအများကြီး တင်ပါတယ်”

အဘွားကျောက်က ဇဝေဇဝါဖြစ်သွားပြီး “ရှင်က ကျွန်မကို ဘာအတွက် ကျေးဇူးတင်နေတာလဲ, စာရေးခုံလုပ်ပေးလို့လား၊ ဒါက ကျွန်မတို့ လုပ်သင့်တဲ့ကိစ္စပါ”

ဖန်ဖေးညန်က ပြုံးလိုက်ပြီး သူမဘေးက ကျုံးမားမားဘက်သို့ လှည့်လိုက်၏။ “ပြန်ကြမယ်”

“ကျွန်မတို့တွေ သခင်မစန်းကို နှုတ်ဆက်သင့်တယ်မလား”

“မလိုတော့ပါဘူး၊ အားလော့ အလုပ်များနေတယ်၊ အရင်ဆုံး ပြန်ကြရအောင်ပါ”

စာသင်ခန်းလေးသည် ပျော်ရွှင်ဖွယ် သင်ကြားခြင်းအဆင့်ကို ကျော်ဖြတ်လာခဲ့၏။ အစေခံများက နောက်မှလိုက်ပါသွားပြီး မကြာမီတွင် သူတို့သည် ကလေးမလေးတစ်ယောက်က ခေါင်းဆောင်ကာ တိုင်ပေးနေပြီး နောက်က အသံပေါင်းများစွာက တပြိုင်တည်း ပဲ့တင်ထွက်လာသည်ကို ကြားလိုက်ရ၏။

“ကောင်းကင်နဲ့ မြေကြီး၊ အလင်းနဲ့အမှောင်၊ ကျယ်ပြောလှတဲ့လောကြီး၊ ရှေးကျခြင်းနဲ့ ....”

ဖန်ဖေးညန်သည် သူမ၏ခြေလှမ်းများကို ခဏရပ်ထားလိုက်၏။ ပဲ့တင်ထပ်နေသည့် စာဖတ်သံကြားတွင် သူမသည် စာသင်ခန်းပြတင်းပေါက်တွင် ‌ရောင်ပြန်ဟပ်နေသည့် မီးအိမ်က မီးရောင်ပြောက်လေးတစ်ခုကို လှည့်ကြည့်လိုက်မိသည်။ သူမ၏မျက်လုံးထဲတွင် တစ်ချက် လင်းလက်သွားပြီး သူမက ဘေးတွင်ရှိသည့် အစေခံမ‌လေးကို တိုးတိုးလေး ပြောလိုက်လေတော့သည်။

“တရားသူကြီးဟယ်ကို မနက်ဖြန် မနက်စောစောကျရင် ငါ့ကို လာတွေ့ကို သွားပြောလိုက်ဦး”

...

All Chapters