အခန်း (၂၇၃-၂၇၄)
Vol. 28 Ch. 273-274
အပိုင်း (၂၇၃) အသေးအဖွဲလေးများ စုစည်းရာက သိသိသာသာ ကြီးမားလာခြင်း
သရှင်းရွာကျောင်း၏ ပထမဦးဆုံးသင်ခန်းစာတွင် စန်းလော့၏ ကြက်သွေးရိုးရာဓလေ့ဖွင့်ပွဲက စိတ်ဝင်စားဖွယ်ကောင်းပြီး စာလိပ်များကို မလိုအပ်သည့် ငယ်ရွယ်သည့် ဆရာမလေးတစ်ယောက်က လက်ကိုနောက်ပစ်ထားကာ ရပ်နေရင်း ပြီးပြည်စုံသည့် ရှင်းလင်းပြတ်သားစွာ အသံထွက်ပြီး စာရွတ်ဆိုခြင်းကို ဦးဆောင်နေလေသည်။ နားဝင်ချိုလှသည့် ရွတ်ဖတ်သံများက လေထဲတွင်ပြည့်နှက်နေပြီး အငယ်ဆုံး အသက်၇နှစ်အရွယ်ကလေးများနှင့် အသက်၃၀ ၄၀ဝန်းကျင် လူကြီးများက တစ်ပြိုင်တည်း အတူတူလိုက်ရွတ်ကြသည်။
သင်ခန်းစာက အောင်မြင်မှုတစ်ခု ဖြစ်ခဲ့သည်မှာ ငြင်းဆန်၍ မရချေ။ ဆရာတစ်ယောက်အဖြစ် ဆောင်ရွက်ပေးနေသည့် အသက်၁၁နှစ်အရွယ် သခင်မလေးသည် သံသယအားလုံးကို ဖယ်ရှားနိုင်သည့်အပြင် သူတို့၏ စုပေါင်းအသိပညာများထက် သာလွန်သည့်အရည်အချင်းကို ထုတ်ပြလိုက်သည်တွင် အားလုံးထံမှ ပိုပြီးကြီးမားသည့်လေးစားမှုကို ရရှိခဲ့လေသည်။
သူမ၏ နောက်ဆုံးမှတ်ချက်ထဲတွင် စန်းလော့သည် အနီးအနားကရွာများမှ ညကျောင်းကို လာတက်ကြသည့်သူများကို အကြံပေးခဲ့သည်။ အိမ်သို့ ပြန်ရောက်သွားလျှင် သူတို့သည် သစ်သားဗန်းလေးတစ်ခုကို လုပ်ကာ ထိုထဲတွင် သဲမှုန့်များဖြည့်ထားပြီး တုတ်ချောင်းများကို အသုံးပြုခြင်းဖြင့် သူတို့၏ အသစ်လေ့လာတွေ့ရှိခဲ့သည့် စာများကို လေ့ကျင့်နိုင်သည်ဟု အကြံပေးခဲ့သည်။ ဒီလိုနည်းဖြင့် သူတို့သည် သူတို့လေ့လာခဲ့သမျှကို အမှန်တကယ် နှလုံးသွင်းနိုင်လိမ့်မည်။
အခန်းထဲက စာသင်သားများအတွက် သူတို့၏မိဘများသည် အဝေးမှ စောင့်ကြည့်ပေးနေကြပြီး ဒီသင်ခန်းစာသည် စိတ်လှုပ်ရှားပြီး အသစ်အဆန်းဖြစ်ကာ ဝမ်းသာကြည်နူးစရာကောင်းပြီး ဂုဏ်ယူမှုနှင့် စိတ်ချရသည့်ခံစားချက် တစ်ခုဖြစ်စေကာ အချိန်က လျင်လျင်မြန်မြန် ကုန်ဆုံးသွားသကဲ့သို့ပင်။ သို့သော်ငြားလည်း ဒီအတိုင်း လာကြည့်ရုံသက်သက်ဖြင့် ရောက်လာကြသည့်သူများသည် သူတို့အခွင့်အရေး၏တန်ဖိုးကို အပေါ်ယံသာ မြင်ခဲ့ကြသည်တွင် အတွေ့အကြုံက တုန်လှုပ်ခြောက်ခြားဖွယ်ဖြစ်ခဲ့လေသည်။
ကြီးမားသည့်မျှော်လင့်ချက်အပြည့်ဖြင့် စာသင်ချိန်လေးက နောက်ဆုံးတော့ ပြီးဆုံးသွားသည်။ စန်းလော့နှင့် ရှန်းနဥ်တို့သည် သူတို့၏ စာသင်ခန်းထဲမှ ထွက်လာချိန်တွင် ခြေလှမ်းများကို အစောတလျင်လှမ်းလာသည့် အမျိုးသမီးတစ်ယောက်၏ ချက်ချင်းချဥ်းကပ်ခံလိုက်ရ၏။
"သခင်စန်း သခင်မစန်း"
စန်းလော့က ရုတ်တရက်ရပ်လိုက်ပြီး လှည့်ကြည့်လိုက်သည်။ သူမ မမှတ်မိသည့် အမျိုးသမီးတစ်ယောက်ပင်။
အမျိုးသမီးက အနည်းငယ် ချီတုံချတုံဖြစ်နေဟန်တူပြီး သူမက ပြောလိုက်၏။ "ကျွန်မက ခေါက်ဆွဲအလုပ်ရုံကပါ သခင်မ၊ ကျွန်မတို့မှာ နေရာနှစ်ခုရထားပါတယ်၊ ဒါပေမဲ့ ကျွန်မတို့က တစ်ခုပဲ သုံးရသေးတယ်၊ တကယ်လို့ ဖြစ်နိုင်မယ်ဆိုရင် အခု ကျွန်မရဲ့ကလေးကို စာရင်းသွင်းလို့ရမလားလို့ မေးချင်လို့ပါ"
သူမ၏ မေးမြန်းစုံးစမ်းခြင်းတွင် နောက်မှလိုက်လာကြသည့် တစ်ခြားသူများလည်း ချက်ချင်းပေါ်လာသည်။
စန်းလော့က သူမ၏မျက်ခုံးများကို မသိမသာ ပင့်ထားလိုက်သည်။ စိတ်အားထက်သန်မှု၏ မီးတောက်သည် တော်တော်လေးကို အောင်အောင်မြင်မြင်ဖြင့် လောင်မြိုက်ခဲ့သည်။ သို့သော်ငြားလည်း သူမက အမျိုးသမီး၏ တောင်ပန်တိုးလျှိုးမှုကို သဘောမတူခဲ့ချေ။
"စည်းမျဥ်းစည်းကမ်းဆိုတာက လူ့အဖွဲ့အစည်းတစ်ခုရဲ့ အခြေခံလုပ်ငန်းတစ်ခုပဲ၊ ကျွန်မက စာရင်းသွင်းဖို့အတွက် နောက်ဆုံးရက်ကို သတ်မှတ်ထားတယ်ဆိုကတည်းက ဒါက ဒီဟာကို လွဲချော်ခဲ့တာက အခွင့်အရေးကို လွဲချော်ခဲ့တယ်ဆိုတဲ့ အဓိပ္ပါယ်ပဲ၊ ဒါပေမဲ့ နောက်ပိုင်းကြရင် ခေါ်ယူတာတွေ ရှိလာအုံးမှာပါ၊ ဒီတစ်ကြိမ် အခွင့်အရေးကို ဆုံးရှုံးခဲ့ကြတဲ့သူတွေကလည်း အခွင့်အရေးတစ်ခုတော့ ရှိပါသေးတယ်၊ ရှင်တို့တွေ နောက်တစ်ကြိမ်ကို စောင့်လို့ရပါတယ်"
သူတို့နောက်မှလိုက်လာသည့် လူ၇ယောက် ၈ယောက်၏ မျက်နှာများသည် စိတ်ပျက်သွားတော့သည်။ အခွင့်အရေးကို ပေးခဲ့သော်ငြားလည်း သူတို့ကိုယ်တိုင်က ယူဖို့ရန် မရွေးချယ်ခဲ့သဖြင့် သူတို့မှာ ပြောစရာစကား ပျောက်ဆုံးရလေသည်။
အကွာအဝေးတစ်ခုအထိ လျှောက်လာပြီးသည့်နောက်တွင် ရှန်းနဥ်က တိုးတိုးလေးပြောလိုက်၏။ "မကြီး ဒီနေ့ ဒီနေ့ည မကြီး အဲ့ဒီ့စကားတွေကိုပြောခဲ့တာက စာပေကို တန်ဖိုးထားစေချင်လို့ လူတွေကို ပိုပြီးတော့အားပေးချင်လို့ မဟုတ်ဘူးလား"
"အင်းလေ"
"ဒါဆိုရင် မကြီးက ဘာဖြစ်လို့ သူ့တောင်းဆိုတာကို ငြင်းပယ်ခဲ့တာလဲ"
စန်းလော့က သူမကို လှမ်းကြည့်လိုက်ပြီး ပြောလိုက်သည်။ "စည်းမျဥ်းစည်းကမ်းဆိုတာက လူ့အဖွဲ့အစည်းရဲ့ လုပ်ငန်းစဥ်တစ်ခုကို ပြုလုပ်ပေးတယ်၊ ငါက အဲဒီ့စကားကို ပြောလိုက်တဲ့အချိန်တုန်းက အဲဒီဒါကို လိုက်နာတယ်ဆိုတဲ့ သဘောပဲ၊ အခု ငါတို့တွေမှာ ဆိုင်တွေ အလုပ်ရုံတွေနဲ့ ကုန်သည်လှည်းယာဥ်အပြင် ငှားထားတဲ့အလုပ်သမားတွေ ရှိတယ်၊ နောက်ပိုင်းဆိုရင် လူတွေက ပိုပြီးတော့တောင် များလာအုံးမယ်၊ တကယ်လို့ ငါတို့တွေက သူတို့တွေကို ငါတို့ရဲ့အဓိကအဖွဲ့အဖြစ် ပျိုးထောင်ချင်တယ်ဆိုရင် စည်းမျဥ်းစည်းကမ်းရဲ့ အရေးပါပုံကို နားလည်ထားဖို့က အရေးကြီးတယ်၊ စည်းမျဥ်းစည်းကမ်းတွေကို သတ်မှတ်လိုက်ပြီဆိုတာနဲ့ သူတို့တွေရော ငါတို့တွေကပါ ဒီစည်းမျဥ်းစည်းကမ်းကို သေချာပေါက်လိုက်နာရမယ်"
"ဒီ့အပြင် သူတို့တွေက အလကားရထားတဲ့နေရာကို အရမ်းအရေးကြီးတယ်လို့ သဘောမထားခဲ့တဲ့ပုံပေါ်ရင် အရမ်းကို အလွယ်တကူရလာတဲ့အရာတွေကို အမှန်တကယ် တန်ဖိုးထားတတ်မှာ မဟုတ်ဘူး"
ဒီစကားကို ကြားလိုက်သည်တွင် ရှန်းနဥ်က တွေးတွေးဆဆဖြင့် သဘောတူလိုက်လေသည်။ "ဒါအမှန်ပဲ၊ အရင်ဆုံး စကားလာပြောခဲ့တဲ့ အဲဒီ့အဒေါ်ရဲ့နောက်ကလိုက်လာတဲ့ညီမနဲ့ အသက်အရွယ်တူတဲ့ မိန်းကလေးတစ်ယောက်ကို တွေ့ခဲ့တယ်၊ အဲဒီ့အဒေါ်က မေးလိုက်တဲ့အချိန်တုန်းက အဲဒီ့မိန်းကလေးက မျှော်လင့်ချက်အပြည့် ဖြစ်နေတဲ့ရုပ်လေး ဖြစ်သွားတယ်လေ၊ သူလဲပဲ စာဖတ်ချင်တယ် ထင်ပါတယ်၊ ဒါက တော်တော်လေးကို နှမြောစရာကောင်းတယ်"
မိန်းကလေးများက ဒီအတိုင်းကို မရှိသလောက်ပင် ဖြစ်လေသည်။
ရှန်းနဥ်သည် ယခုတော့ ၁၄နှစ်ရှိပြီဖြစ်ရာ တစ်ချိန်တုန်းကလို အပြစ်ကင်းစင်သည့် ကလေးတစ်ယောက် မဟုတ်တော့ချေ။ သူမ၏အသက်အရွယ် အပျိုဖြန်းလေးတစ်ယောက် ဖြစ်လာသည်တွင် သူတို့သည် အိမ်တွင် ချွင်းချက်အနေဖြင့် အလိုလိုက်ထားခြင်းခံရသော်လည်း သူတို့မိဘ၏အရိပ်အောက်တွင် အချိန်အကြာကြီး ရှိနေနိုင်လိမ့်မည် မဟုတ်ချေ။ အကယ်၍ သူတို့မိဘ သို့မဟုတ် အဘိုးအဘွားများက သူတို့ကို မချစ်ခဲ့လျှင် သူတို့ကို လက်ဖွဲ့ပစ္စည်း အမြောက်အမြားပေးသည့် မိသားစုဆီသို့ ချက်ချင်းလက်ထပ်ပေးလိမ့်မည်။
ကျေးလက်နေ လယ်သမားများ၏ မျက်လုံးထဲတွင် မိန်းကလေးတစ်ယောက်၏တန်ဖိုးသည် အနိမ့်ဆုံးဖြစ်လေသည်။ ကလေးများအနေဖြင့် သူတို့သည် အိမ်မှုကိစ္စတာဝန်များကို ကူညီပေးကြသည်။ သူတို့သည် ကြီးပြင်းလာသည့်အချိန်တွင် ကောင်းမွန်သည့်မိသားစုတစ်ခုဆီသို့ လက်ထပ်သွားရပြီး လက်ဖွဲ့ကိုလက်ခံကာ တစ်ခြားအိမ်ထောင်စုတစ်ခု၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာရသည်။
ဒီစိတ်ကူးအတွေးက ရှန်းနဥ်ကို အတိုင်းအတာတစ်ခုအထိ စိတ်ဓာတ်ကျရစေလေသည်။ ဟုတ်ပါသည်။ ဒါက သူမကိုယ်တိုင်အတွက်တော့ ဖြစ်လိမ့်မည် မဟုတ်ချေ။ သူမ၏အစ်ကိုကြီး၊ ယောင်းမနှင့် ဒုတိယအစ်ကိုက သူမကို ဒီလိုပုံစံမျိုးနှင့် ဆက်ဆံလိမ့်မည်ဟု သူမ လုံးဝသံသယမရှိချေ။ သူမက အမျိုးသမီးများ၏ အကြပ်အတည်းအတိဒုက္ခကို ကိုယ်ချင်းစာခြင်းသာ ဖြစ်လေသည်။
သူမက မျက်နှာညှိုးငယ်သည်ကို မြင်လိုက်သည်တွင် စန်းလော့က ခပ်တိုးတိုးရယ်မောလိုက်၏။ "ဘာတွေများ နှမြောစရာရှိလို့လဲ၊ စာသင်ခန်းတံခါးတွေနဲ့ ပြတင်းပေါက်တွေက ဖွင့်ထားတာပဲ၊ တကယ်လို့ တစ်စုံတစ်ယောက်က တကယ်ပဲ စာသင်လိုတဲ့ဆန္ဒ ရှိမယ်ဆိုရင် တစ်ယောက်ယောက်က သူတို့ရဲ့ ခြေထောက်ကို ချည်နှောင်ထားနိုင်ပြီး သူတို့ရဲ့မျက်လုံးတွေကို ပိတ်ထားပြီး သူတို့ရဲ့နားတွေကို ဆို့ထားလို့ ရမှာမလို့လား"
အခွင့်အရေးက အမြဲတမ်းရှာဖွေလို့ရသည်။ မည်သည့် ကြိုးစားအားထုတ်မှုကိုမဆို ထိုအရာနောက်သို့လိုက်ရန် ရွေးချယ်ရမည့်လမ်းက အမြဲတမ်း တစ်ခုမဟုတ်တစ်ခု ရှိပေသည်။
ရှန်းနဥ်သည် တအံ့တသြ ဖြစ်သွား၏။ ထို့နောက်တွင်တော့ သူမက ဝမ်းသာအားရ ပြုံးပြလိုက်ကာ။ "ဟုတ်သားပဲ နားထောင်တဲ့သူတစ်ယောက်အနေနဲ့ လာတက်လို့ရတာပဲ"
စန်းလော့သည် သူမ၏ လင်းဖြာသွားသည့်အမူအယာကို အကဲခတ်လိုက်ပြီး ရယ်မောလိုက်၏။ "ဒီအချိန်မှာ တကယ်ပဲ စာသင်ဖို့ စိတ်အားထက်သန်တဲ့လူတွေပဲ ကျန်ခဲ့လိမ့်မယ်၊ ဒီတော့ အခြေအနေကို ဒီအတိုင်းပဲ လွှတ်ထားလိုက်ပါ၊ ငါတို့တွေက ငါတို့လုပ်နိုင်တာအားလုံး လုပ်ထားပြီးပြီပဲ၊ ငါတို့တွေက ရှေ့ကိုဆက်ပြီး တက်သွားချင်တဲ့သူတွေကို နည်းလမ်းပြပေးနိုင်တယ်၊ ဒါပေမဲ့ ငါတို့တွေက တစ်ယောက်ချင်းစီကိုတော့ အတူတူသယ်သွားပေးလို့ မရဘူးလေ"
...
စန်းလော့၏စကားက မှန်ကန်လေသည်။ ငြင်းပယ်လိုက်ပြီးသည့်နောက်တွင် အလုပ်ရုံမှ အမျိုးသမီး အလုပ်သမားတစ်ချို့က ချန်းအဘွားနှင့် ချင်ဖန်းးညန်တို့၏ အကူအညီကို သွားရောက်တောင်းဆိုကြသည်။ ချန်းအဘွားက ပြတ်ပြတ်သားသား ပြန်ဖြေလိုက်၏။ "စည်းမျဥ်းစည်းကမ်းတွေ မရှိဘူးဆိုရင် ဖရိုဖရဲတွေ ဖြစ်လာနိုင်တယ်လေ၊ ဒီ့အပြင် အားလော့က နောက်ပိုင်းကျရင် ကျောင်းတွေ ထပ်ဖွင့်ပေးမယ်လို့ ပြောထားခဲ့တာပဲ၊ စိတ်ရှည်ရှည်နဲ့ပဲ စောင့်လိုက်ကြတာပေါ့"
အမျိုးသမီးတစ်ယောက်က တောင်းပန်ဖို့ကြိုးစားနေဆဲပင်။ သို့သော်ငြားလည်း မိန်းကလေးက သူ့မအမေ၏လက်ကို လှမ်းဆွဲထားကာ ဝမ်းနည်းသလိုခံစားရပြီး ခပ်တိုးတိုးလေး အားပေးလိုက်သည်။ "အမေ တကယ်လို့ သခင်မလေးက ကျောင်းလခပေးတဲ့ ကျောင်းသားတွေကို လက်မခံခဲ့ဘူးဆိုရင် ဒါက ကျွန်မတို့ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက် ဖြစ်သွားပြီလေ။ စည်းမျဥ်းစည်းကမ်းတွေကို ဖောက်ဖျက်တာက မှန်ကန်မှာ မဟုတ်ဘူး၊ ဒီတော့ ဒေါ်ဒေါ်ချန်းကို ဒုက္ခမပေးပါနဲ့တော့၊ မနက်ဖြန်ကစပြီး သမီး ပြတင်းပေါက် အပြင်နားမှာရပ်ပြီးတော့ နားထောင်လိုက်ပါ့မယ်၊ အဘိုးနဲ့အဘွားကိုသာ နေ့တိုင်းအိမ်ကနေ ထွက်ခွင့်ပေးဖို့ ခွင့်တောင်းပေးပါ"
ချန်းအဘွားက တခစ်ခစ် ရယ်မောလိုက်သည်။ "ဟုတ်တာပေါ့ နင့်လိုကလေးမလေးက ပါးနပ်ပြီး စာသင်တဲ့နေရာမှာလည်း အရည်အချင်းတစ်ခုရှိတယ်၊ သူ့ကို အိမ်မှာပဲခေါ်ထားပြီးတော့ သူ့ရဲ့ဖြစ်နိုင်ခြေ အလားအလာတွေကို အလကားမဖြစ်ပါစေနဲ့၊ အရည်အချင်းရှိတဲ့ သားတစ်ယောက်က မိသားစုတစ်ခုကို ထောက်ပံ့ပေးနိုင်တယ် ဒါပေမဲ့ အရည်အချင်းရှိတဲ့ သမီးတစ်ယောက်ကတော့ သူ့ခေါင်းကို မားမားမတ်မတ် မော့ထားနိုင်တယ်လေ၊ ငါတို့တွေအားလုံးက ဒီလောကထဲမှာ မားမားမတ်မတ် ရပ်တည်ရအုံးမှာပဲ၊ သူတို့တွေက နင့်အသွေးနဲ့အသားတွေပဲလေ... သူတို့အကြားမှာ ခွဲခြားမနေပါနဲ့ သရှင်းရွာက ငါတို့အမျိုးသမီးထုတွေက သူတို့ရဲ့အိမ်မှာ ရတနာလို တန်ဖိုးထားခံရပါတယ်"
အမျိုးသမီးသည် ခေါင်းတွင်တွင် ငြိမ့်ပြလိုက်၏။ သည်ကာလသည် စာသင်ခန်း၏ အပြင်ဘက်တွင် တစ်ခြားသူများကလဲ ထိုစကားကို ကြားလိုက်ကြပြီး စိတ်ထဲတွင် မှတ်သားထားလိုက်ကြကာ သူတို့၏ရွာသားများနှင့်အတူ ပူးပေါင်းလိုက်ကြပြီး တစ်ယောက်ပြီးတစ်ယောက် ပြန်သွားကြလေသည်။
...
စာသင်ခန်းထဲတွင် ကျန့်မိသားစုက တူအရီးနှစ်ယောက်နှင့်အတူ ကန်းအာ့လန်၏မိန်းမနှင့် သမီးတို့ကတော့ ထိုနေရာတွင် ရှိနေသေးသည်။ ကန်းအာ့လန်သည် အစောပိုင်းကတည်းက သူ့မိန်းမနှင့် သမီးဖြစ်သူနှင့်အတူ အဖော်လိုက်လာခဲ့သည်။ သို့သော်ငြားလည်း သူသည် ချန်းရှောင်ယာက မြေဖြူဖြင့် ကျောက်သင်ပုန်းပေါ်တွင် စာရေးနေသည်ကို မြင်လိုက်ချိန်တွင် သူက သစ်သားပြားလေးတစ်ခုကို ရှာဖို့ရန် သူ့အစ်မအိမ်သို့ သွားလိုက်သည်။ သူက မီးဖိုထဲမှ မီးသွေးတုံးတစ်ချို့ကို မွေနှောက်ရှာဖွေကာ ချွန်ထက်အောင်သွေးလိုက်ပြီး ပြန်လာခဲ့၏။
အတန်းပြီးသွားသည့်အချိန်တွင် သူက စာသင်ခန်းထဲသို့ တိုးဝှေ့ဝင်လာကာ ချန်းရှောင်ယာက စုတ်ချက် တစ်ချက်ချင်းဆွဲကာ သင်ထားပေးသည့် စာလုံးနှစ်လုံးကို သူ့မိန်းမအား ဘေးကစာရေးခုံပေါ်တွင် ကူးရေးခိုင်းလိုက်လေသည်။
"ဒါကို အကုန်ကူးထားနော်၊ ငါတို့အိမ်ပြန်ရောက်သွားရင် ဒီအတွက် ဝါးစာလိပ်လေးကို သီးသန့် ပြန်ပြီးတော့လုပ်ပေးမယ်၊ ငါတို့တွေ ဒါကို လှလှပပ ချရေးဖို့အတွက် အကောင်းစားမှင်နဲ့ စုတ်တံကို ရလာတဲ့အချိန်ကြရင် ငါတို့တွေ ဒါကို ဒီအဆင့်အတိုင်းပြန်ပြီးတော့ ကူးချရမယ်"
အမှန်ပင်။ ဒါသည် ပါးနပ်သည့်အလုပ်ပင်။ ကျန့်မိသားစု၏ တူဝရီးနှစ်ယောက်ကလဲ မပြန်သွားသေးချေ။ စာသင်ခန်းအပြင်ဘက်က ကျန့်သားသတ်သမားမိသားစုကလဲ တစ်ချက်လောက်ကြည့်ရန် အထဲသို့ တိုးဝှေ့ဝင်လာခဲ့သည်။ သူတို့က ကန်းအာ့လန်ကို နှုတ်ဆက်လိုက်ပြီး သူ၏ သစ်သားပြားပေါ်က စာလုံးများကို ကူးယူဖို့ရန် သစ်သားပြားကို ငှားရမ်းမည်ဟု ပြောလိုက်လေသည်။
တူညီသည့် မျိုးနွယ်စုထဲမှ ရင်းနှီးသည့်ရွာသားများကလဲ ဒီမြင်ကွင်းတွင် အလင်းပွင့်သွားကြပြီး တစ်ချို့က နောက်တစ်နေ့တွင် သစ်သားပြားနှင့် မီးသွေးခဲတံများကို ယူလာလိမ့်မည်ဟု အလွယ်တကူ ခန့်မှန်းရသည်။
ခြေတစ်လှမ်းအကွာတွင် ရှန်းယင်နှင့် ချန်းရှောင်ယာတို့သည် ရှီချောင်အာနှင့်အတူ အကြည့်ချင်း ဖလှယ်လိုက်ကြ၏။ "ဒါက စိတ်ကူးကောင်းတစ်ခုပဲ ငါတို့တွေ ဒါကို မနက်ဖြန်အတန်းကြရင် အားလုံးကို ဒီအကြောင်းဝေမျှပေးရမယ်"
စာသင်ခန်း၏အနောက်ဖက်တွင် ရွှမ်းကျူးတို့မောင်နှမကလဲ ထိုနေ့တွင် သူတို့၏သင်ခန်းစာအတွက် အတိုင်းအတွက် ပုံမှန်အချိန်မှန် ရောက်လာကြသည်။ မောင်နှမများက တော်တော်လေး အရပ်မြင့်ကြကာ အနေရခက်သည့် ခံစားချက်တစ်ခုကြောင့် သူတို့သည် အနောက်ဖက်အစွန်နားတွင် ထိုင်ဖို့ရွေးချယ်လိုက်ကြသည်။ စာသင်ချိန် ပြီးသွားသည့်အချိန်တွင် သူတို့သည် တစ်ခြားသူများလို ထွက်သွားဖို့ရန် အလျင်မလိုခဲ့ချေ။ ထိုအစား သူတို့က ရှေ့က စာသင်သားအများစုက သူတို့၏ ထိုင်ခုံများကို သိမ်းဆည်းပြီး သူတို့၏ကိုယ်ပိုင်ပစ္စည်းများကိုယူကာ ထွက်သွားသည်အထိ စောင့်နေလိုက်သည်။ သူတို့သည် စာရေးစာရေးခုံကို ဖြတ်သွားသည့်အချိန်တွင် ထိုနေရာတွင် စုဝေးနေသည့် အဖွဲ့တစ်ဖွဲ့ကို သတိထားမိလိုက်ပြီး မနေနိုင်ဘဲ လည်ပင်းကိုဆန့်ကာ တစ်ချက်လောက်လှမ်းကြည့်လိုက်၏။
ဟူကျီက ပြောလိုက်သည်။ "အစ်ကို မနက်ဖြန်ကြရင် မီးသွေးခဲတွေနဲ့ သစ်သားပြားတွေကို ယူလာကြရအောင်၊ ငါတို့တွေလည်း အဲဒါနဲ့အရင်ဆုံး သေသေချာချာလေး စာရေးပြီး လေ့ကျင့်ကြတာပေါ့၊ အဲဒါပြီးရင် ငါတို့တွေ အဆင်ပြေလာတဲ့အချိန်ကြရင် မှင်နဲ့စုတ်တံနဲ့ ဒါကို သေချာပြန်ချရေးထားမယ်လေ"
သူတို့တွင် စာလုံးပေါင်းတစ်ထောင်ကျမ်းကို ကူးယူထားသည့် စာလိပ်တစ်ခု ရှိသော်ငြားလည်း သင်ခန်းစာများကတော့ ထိုစာထဲကထက် အများကြီးပိုပြီး ခြုငုံမိပေလိမ့်မည်။ နေ့စဥ် သူတို့သင်ယူထားသည့်အရာများကို မှတ်သားဖို့ရန် ဒီနည်းလမ်းကို အသုံးပြုသည်က သင့်တော်ပေသည်။ သို့မဟုတ်လျှင် သူတို့သည် အချိန်ကြာလာသည်နှင့်အမျှ အလွယ်တကူ မေ့လျော့သွားလိမ့်မည်။ ထို့အပြင် စာရေးသားထားသည့် မှတ်တမ်းများရှိနေသည်တွင် သူတို့သည် အိမ်တွင်လည်း ပြန်ပြီးလေ့ကျင့်ရန် လွယ်ကူလိမ့်မည်။
လုမိသားစုတွင် ရွှမ်းကျူးက ငွေကြေးကိစ္စအားလုံးကို တာဝန်ယူထားရပြီး စာလေ့လာနေသည့် မောင်နှမလေးယောက် ရှိလေသည်။ သူတို့သည် သူတို့၏ပညာရေးအတွက် စုတ်တံနှင့် မှင်ကို ရင်းနှီးမြှုပ်နှံဖို့ရန် ဆန္ဒရှိကြလေသည်။ ရွှမ်းကျူးက ခေါင်းငြိမ့်သဘောတူလိုက်၏။
အစ်ကိုနှင့် မောင်များက စကားပြောနေသဖြင့် သနွီကလဲ သူမအစ်ကို၏ အင်္ကျီလက်လေးကို လှမ်းဆွဲလိုက်သည်။
ရွှမ်းကျူးက သူမကို လှည့်ကြည့်လိုက်၏။ သနွီက တိုးတိုးလေး ပြောလိုက်သည်။ "အစ်ကို ပြတင်းပေါက်ဖက်ကို တစ်ချက်လောက် ကြည့်လိုက်"
ညီအစ်ကိုသုံးယောက်က ရှေ့ဆင့်နောက်ဆင့် သူတို့၏ခေါင်းကို လှည့်ကြည့်လိုက်သည်တွင် ပြတင်းပေါက်နားတွင်ရပ်နေသည့် လုသလန်ကို တွေ့လိုက်ရသည်။ သူ့အကြည့်ကတော့ စာသင်သည့်စင်မြင့်ပေါ်သို့ ရောက်နေလေသည်။
ရွှမ်းကျူးသည် မျက်မှောင်ကြုတ်သွားပြီး ထျယ်ကျူးကတော့ တိုးတိုးလေး ပြောလိုက်သည်။ "သူ ဒီမှာ ဘာလာလုပ်တာလို့ ထင်လဲ"
ဒီစကားတစ်ခွန်းတည်းက သားအဖများကြားက တင်းမာသည့် ဆက်ဆံရေးကို ဖော်ပြနေလေသည်။
လုသလန် ရောက်လာခြင်းက အမှန်ပင် မနှစ်မြို့ဖွယ် ထူးခြားသည့်ကိစ္စ ဖြစ်နေသည်။ သူသည် မောင်းထုတ်ခံရလုနီးပါးဖြစ်ခဲ့ရာ တောင်အတွင်းပိုင်းထဲသို့ မပို့ခင်မှာပင် ဆွံအဖြစ်သွားခဲ့ရသည်။ အကြောင်းအရင်း အတိအကျကို ဘယ်တော့မှ ထုတ်မပြောခဲ့သော်လည်း ရွာထဲက မိသားစုများကတော့ သူတို့၏သံသယများရှိနေသည်။ သူတို့ပြန်လာပြီးနောက်တွင် သူတို့မိသားစုကြားက အဆက်အဆံပုံနှင့် ရွာထဲကကျန်သည့်မိသားစုများက ဆက်ဆံပုံကလဲ အပေါ်ယံသာကျန်ခဲ့သည်။
သူတို့သည် ရွာထဲက အစွန်ဆုံးမြေကွက်နှင့် အဝေးဆုံးအိမ်တစ်ခုကို ရွေးချယ်လိုက်ကာ တစ်ခြားသူများနှင့် ခပ်ကင်းကင်းနေခဲ့သည်။ မောင်နှမ ငါးယောက်ကတော့ ရွာသားများနှင့် ဆက်ဆံရေးတစ်ချို့ကို ထိန်းသိမ်းထားသော်ငြားလည်း လုသလန်ကတော့ ဘယ်တော့မှ မပါချေ။
လုံးဝဆွံ့အသွားသည်တော့ မဟုတ်ချေ။ လုအဘွားက ဟိုတုန်းက သူတို့ကို မလိမ်ညာခဲ့ပေ။ တိုင်းရင်းဆေးက သူ့အသံကို အမှန်ပင် ပျက်စီးသွားစေခဲ့သော်ငြားလည်း ဆေးမြီးတိုတစ်ခုနှင့် ကုသခဲ့ချိန်တွင် လုသလန်သည် လအနည်းငယ် ကြာပြီးနောက်တွင် တဖြည်းဖြည်း ပြန်ပြောလာနိုင်သည်။ သို့သော်ငြားလည်း ဘယ်သူကမှ သူ့ကိုနားမလည်ကြချေ။ ဟုတ်ပါသည်။ တစ်ချို့သောကိစ္စရပ်များကြောင့် သားအဖများကြားက ဆက်ဆံရေးမှာ တင်းမာခဲ့ရပြီး ဘယ်သူကမှ သူ့ကို စကားထပ်ပြောဖို့ရန် ဆန္ဒမရှိကြတော့ချေ။
သူတို့သည် တောင်ထဲမှ ထွက်လာပြီးသည့်အချိန်တွင်လည်း သူတို့၏အဘွားက မြို့ထဲသို့သွားကာ ဆေးတစ်ချို့ကို သွားဝယ်ပေးခဲ့ပြီး နောက်ဆုံးတော့ သူ့အသံကို ပြန်ကောင်းလာအောင် ကူညီပေးခဲ့သေးသည်။ သို့သော်ငြားလည်း နှစ်တော်တော်များများ ပျက်စီးလာခဲ့ပြီးသည့်နောက်တွင် သူ့စကားသံက ကြားရဖို့ရန် နားဝင်မချိုဖြစ်သည်မှာ ငြင်းလို့မရချေ။
မည်သို့ဆိုစေ ရှက်ရွံ့သည့်အတွက်ကြောင့်လား သူ၏ရှတတအသံကြောင့်လား သို့မဟုတ် တစ်ခြားအကြောင်းအရာကြောင့်လားတော့ မသိချေ။ လုသလန်သည် ရွာသားများနှင့် မဆက်ဆံသလောက်ပင်။ သူသည် လယ်ထဲတွင် သူ့နေ့ရက်များကို အလုပ်လုပ်ရင်းဖြင့်ကုန်ဆုံးပြီး ထမင်းစားသောက်ဖို့ရန်အတွက် အိမ်သို့ပြန်လာပြီးနောက်တွင် လတ်လျားလတ်လျား သွားလာနေတတ်သည်။ သူသည် ရွာသားများနှင့်မမျှော်လင့်ဘဲ တွေ့ဆုံသည့်အချိန်တွင်ပင် သူက စကားမပြောဘဲ ဒီအတိုင်း ဖြတ်လျှောက်သွားတတ်သည်။
ယခုတော့ သူသည် ရွာထဲက အစည်ကားဆုံးနေရာတစ်ခုကို မျှော်လင့်မထားဘဲ ရောက်လာခဲ့သည်မဟုတ်ပါလား။
ကလေးလေးယောက်ထဲက ဘယ်သူကမှ လုသလန်သည် သူတို့ကို အထူးတလည် လာရောက်ကြည့်ရှုသည်ဟု မယုံကြည်ကြချေ။ ရွှမ်းကျူး၏မျက်ခုံးများက အလွန်မှ တင်းကြပ်နေအောင် တွန့်ချိုးထားသဖြင့် ယင်ကောင်တစ်ကောင်ပင် ကြားထဲတွင် ညှပ်နေလောက်သည်။ သူက ထယ်ကျူးကို လှမ်းပုတ်လိုက်ကာ ပြောလိုက်၏။ "အရင်ဆုံး ပြန်ကြရအောင်"
ထိုစကားကို ပြောလိုက်သော်ငြားလည်း သူတို့သည် စာသင်ခန်းထဲက ထွက်လာချိန်တွင် ရွှမ်းကျူးသည် မနေနိုင်တော့ဘဲ လုသလန်ဘက်ကို ဆက်တိုက်ကြည့်နေမိသည်။
လုသလန်က သူ့ကလေးများက သူ့ကိုလှမ်းကြည့်နေသည်ကို သတိထားလိုက်မိ၏။ သူတို့က သူတို့ထိုင်ခုံများကို ယူပြီးထွက်လာကာ စာရေးစာရေးခုံကို လှမ်းကြည့်နေသည်ကို မြင်လိုက်သည်တွင် သူကလဲ သူ့အိမ်သို့လှည့်ပြီးပြန်ရန် လျှောက်ထွက်လာတော့သည်။
စာသင်ခန်းထဲတွင် မည်သူမျှမရှိတော့သည့်အချိန်တွင် ရှန်းယင်နှင့် ရှန်းထျယ်တို့သည် မီးများကို ငြှိမ်းလိုက်ကြပြီး သန့်ရှင်းရေးလုပ်လိုက်ကာ အခန်းကိုသော့ခတ်ပြီးနောက် သူတို့၏ အကြီးဆုံးအစ်ကိုနှင့် မရီးအိမ်သို့ ဦးတည်လာခဲ့လိုက်သည်။
သူတို့၏မိသားစုအိမ်သည် စာသင်ခန်းတစ်ခုအဖြစ် ပြောင်းလဲထားခဲ့သဖြင့် ညီအစ်ကိုသုံးယောက်က သူတို့အကြီးဆုံးအစ်ကိုနှင့် မရီးတို့နှင့်အတူ တိုက်ရိုက်သွားနေလိုက်၏။
ညီအစ်ကိုနှစ်ယောက် ပြန်သွားသည့်အချိန်တွင် အချိန်တစ်ခုကတည်းက ပျောက်သွားသည့် အန်းကျိုသည် တိတ်တိတ်လေး ပြန်ရောက်လာလေသည်။ သူက အမှောင်ထဲတွင် ပြတင်းပေါက်ကို ဖြတ်ဝင်ကာ သူ၏ ထူးထူးခြားခြား ညမြင်အာရုံနှင့် စာသင်ခုံအောက်က တစ်စုံတစ်ခုကို ရှာဖွေနေ၏။ သူသည် ထောင့်တိုင်းကို စစ်ဆေးကြည်ရှုနေပြီး ထောင်ထားသည့် ကျောက်သင်ပုန်း၏ အစွန်းကိုပင် စမ်းသပ်ကြည့်နေလေသည်။ သူ ရှာဖွေတွေ့ရှိသည့်အရာကတော့ အဝတ်စုတ်များကို လုံးထားသည့် ကျောက်သင်ပုန်းဖျက်တစ်ခုဖြစ်သည်။
သူက ပြတင်းပေါက်ပေါ်သို့ ပြန်တက်ပြီး တောင်ပေါ်က တဲလေးဆီသို့ ပြန်ရောက်လာသည်တွင် ညပိုင်း မကြာခဏ ရောက်လာတတ်သည့် အန်းချီက မေးလိုက်၏ "စာရေးတဲ့ပစ္စည်းကို ရှာတွေ့ခဲ့လား"
အန်းကျိုက ခေါင်းခါပြလိုက်သည်။ "မတွေ့ဘူး အဲဒါတွေကို သိမ်းသွားတယ်၊ ငါ သတိထားမိလိုက်တာကတော့ အဲဒီ့ဟာကို သုံးရင်းနဲ့ အဲဒီ့ပစ္စည်းက တဖြည်းဖြည်းနဲ့ တိုသွားတယ်၊ တစ်ရက်၊ နှစ်ရက်လောက်နေရင် ငါ ထပ်ပြီးတော့ စစ်ဆေးကြည့်လိုက်အုံးမယ်၊ အရမ်းကိုတိုလို့ မသုံးတော့တဲ့ အပိုင်းအစလေးများ ရှိနေအုံးမလားလို့ပေါ့"
အန်းချီက ခေါင်းငြိမ့်ပြလိုက်ကာ စိတ်ဝင်စားသွားလေသည်။ "ဒါက တကယ်ပဲ အသုံးဝင်သလား၊ မင်းတို့တွေ အဲဒီ့ဟာမျိုးကို အရင်က တခါမှမမြင်ဖူးဘူးလား"
"တကယ်ပါ၊ စာသင်တဲ့နေရာမှာတော့ တကယ်ကွက်တိပဲ၊ ရေးရတာလဲ အရမ်းလွယ်တယ် တစ်ရက်နှစ်ရက်လောက်နေရင် ငါ တစ်ခုလောက်ရလာတဲ့အချိန်ကြရင် မင်း နားလည်သွားလိမ့်မယ်"
...
ရှီကျိုးမြို့တွင် အရာရှိများသည် ညပိုင်းတွင် ပြည်နယ်ရုံးတော်တွင် တာဝန်ထမ်းဆောင်နေကြသည်။ ရွာကျောင်းလေးနှင့် အလုပ်များနေသည့် ဖန်ဖေးညန်က ပြန်ရောက်လာပြီးနောက်တွင် လမ်းကြုံဝင်လာခဲ့သည်။ သို့သော်ငြားလည်း တရားသူကြီးဟယ်က အလုပ်မဆင်းသေးချေ။
နောက်တစ်နေ့အထိ မစောင့်နိုင်တော့သဖြင့် ဖန်ဖေးညန်က ခန်းမထဲတွင် စကားပြောရန် တရားသူကြီးဟယ်ကို ဖိတ်ခေါ်လိုက်သည်။ ယောက်ကျားမိန်းမကြားက သင့်တော်သည့်အခြေအနေကို ထိန်းသိမ်းထားဖို့ရန် သူတို့က ညပိုင်းတာဝန်ကျသည့်အရာရှိများ သူတို့ကို အလွယ်တကူ မြင်နိုင်သည့် နေရာတစ်ခုကို ရွေးချယ်လိုက်၏။
တရားသူကြီးဟယ်မှာ ဖန်ဖေးညန် အလည်ရောက်လာသည့်အတွက် အစောပိုင်းတွင်တော့ နားမလည်နိုင်အောင် ဖြစ်သွားလေသည်။ နှုတ်ဆက်စကား ပြောပြီးသွားသည့်နောက်တွင် သူမက လိုရင်းကို ပြောပြလိုက်ပြီး သရှင်းရွာတွင် လေ့လာတွေ့ရှိခဲ့သည့်အရာများကို ပြန်ပြောပြလိုက်၏။
သဲဗန်းကို စာရွက်လို၊ သစ်သားတုတ်ချောင်းကို စုတ်တံတစ်ချောင်းလို၊ ဝါးစာလိပ်ကိုတော့ ကျောင်းစာအုပ်လို၊ အသုံးပြုပြီး ကျောင်းသားများက သင်ခန်စာများကို ကူးယူဖို့ရန် ကူညီပေးကြပြီး ဒေသခံများကတော့ စာသင်ခန်းအတွက် စာရေးခုံများကို လှူဒါန်းခဲ့ကြသည်။ -ဒါသည် ကျေးလက်ကျောင်းကို အဆင့်မြှင့်တင်ပေးဖို့ရန် သရှင်းရွာမှ ဖန်ဖေးညန် ရောက်လာခဲ့သည့်စိတ်ကူးများ ဖြစ်လေသည်။
"ဒီလိုဆိုရင် ကျောင်းတက်ဖို့အတွက် ကလေးတွေရဲ့ ကုန်ကျစရိတ်က လုံးဝမကုန်သလောက်ပဲ ဖြစ်သွားလိမ့်မယ်၊ ရုံးတော်ကနေပြီးတော့ ဆရာတွေကို လစာပေးဖို့လိုအပ်တယ်၊ ရွာတစ်ရွာချင်းစီမှာ ကျွန်မတို့တွေက ရွာကျောင်းအတွက် အသင့်အတင့် ကူညီအားထုတ်ပေးဖို့ဆန္ဒရှိမဲ့ လူချမ်းသာမိသားစုတွေ တစ်ယောက်နှစ်ယောက်ကိုတော့ သေချာပေါက်ရှာနိုင်မှာပါ ဟုတ်တယ်မလား"
တရားသူကြီးဟယ်မှာ ဖန်ဖေးညန်၏ စကားများကို သေသေချာချာ စဥ်းစားနေမိသည်။
"သဲဗန်းကိုစာရွက်လို၊ သစ်သားတုတ်ကိုစုတ်တံလိုတဲ့၊ တကယ်လို့ ကျောင်းတွေက ကလေးငယ်လေးတွေကိုပဲ တက်ရောက်ခွင့်ပေးပြီး အစိုးရက ဖွင့်ထားတဲ့ရွာကျောင်းတွေက ကျောင်းလခကို မကောက်ခံဘူးဆိုရင် ဒါက သာမန်ပြည်သူတွေအတွက် အလကားနီးပါးဖြစ်ပြီး သူတို့ရဲ့ လယ်ယာလုပ်ငန်းကိုလည်း အနှောက်အယှက်ဖြစ်မှာမဟုတ်တာ သေချာတယ် ဒါက အဆင်ပြေမဲ့ပုံပဲ ဒါပေမဲ့... "
"ဘာဖြစ်လဲ"
"အင်း ဆရာတွေက ကျောင်းသားတွေကို စာတွေကို ကူးပေးဖို့တော့ ခက်ခဲလိမ့်မယ် ထင်တယ်"
"ဘာလို့မရတာလဲ ရှင်က အစိုးရရုံးတော် ဒါမှမဟုတ် ဒေသခံလူချမ်းသာတွေက ထောက်ပံ့ပေးမဲ့ စာရေးကိရိယာတွေကို မလိုချင်တာလား"
တရားသူကြီးဟယ်က ခပ်တိုးတိုး ရယ်မောလိုက်ကာ ပြောလိုက်သည်။ "သခင်မ ပိုပြီးကြီးတဲ့မြို့တွေမှာဆိုရင် အငှားစာရေးသူလို့ခေါ်တဲ့ အလုပ်တစ်ခု တကယ်ရှိတယ်ဆိုတာ သိလား"
"အငှားစာရေးတဲ့သူ ဟုတ်လား” ဖန်သခင်မသည် ခေါင်းခါပြလိုက်၏။ အကာအကွယ်ပေးထားသည့် ပတ်ဝန်းကျင်တစ်ခုတွင် ကြီးပြင်းလာသည်တွင် သူမသည် ကျေးလက်နေပြည်သူများ၏ နည်းလမ်းများကို ကောင်းကောင်းနားမလည်ချေ။
တရားသူကြီးဟယ်က ရှင်းပြလိုက်သည်။ "ဒါက တော်တော်လေး ဟောင်းနွမ်းနေပြီဖြစ်တဲ့ အလုပ်အကိုင်တစ်ခုပါ၊ ဆင်းရဲတဲ့ကျောင်းသားတွေက သူတို့ရဲ့မိသားစုဝင်ငွေကို ထောက်ပံ့ပေးဖို့ပဲဖြစ်ဖြစ် စာရွက်နဲ့မှင်တွေကို ဝယ်ဖို့ပဲဖြစ်ဖြစ် ငွေတစ်ချို့ရှာဖို့ တစ်ခြားသူတွေအတွက် စာအုပ်တွေကို ကူးပေးကြတယ်လေ၊ သချန်မင်းဆက်မှာတုန်းကတော့ သူတို့တွေကို ကျင်းရှန့်လို့ခေါ်တယ်၊ စာကူးပေးတဲ့သူလို့ ရည်ညွှန်းချင်တာပေါ့"
ဖန်သခင်မမှာ အခုတော့ နားလည်သွားသည်။ "အခု ရှင်က ရွာကျောင်းက တစ်ချို့ဆရာတွေက ဒီအလုပ်နဲ့ ပါဝင်ပတ်သတ်နိုင်တယ်ဆိုတော့ သူတို့တွေက စာအုပ်တွေကို အလကားကူးပေးမှာ မဟုတ်ဘူးလို့ ပြောနေတာလား"
တရားသူကြီးဟယ်က ခေါင်းငြိမ့်ပြသည်။ "တကယ်တမ်းကျတော့ အစောပိုင်းက တည်ထောင်ထားတဲ့ ရွာကျောင်းလေးကျောင်းထဲက နှစ်ကျောင်းမှာ သူတို့ကိုယ်တိုင် သင်ပုန်းကြီးစာအုပ်တွေကို ရောင်းနေတဲ့ဆရာတွေရှိတယ်လေ၊ စာလုံးပေါင်းတစ်ထောင်ကျမ်းကို ကူးထားတဲ့တစ်အုပ်က ဝမ်၇၅၀နဲ့ရောင်းတယ်၊ စျေးကွက်ထဲကတန်ဖိုးထက် ဝမ်၅၀ပိုပြီးတော့ သက်သာတာပေါ့၊ ဒါပေမဲ့လည်း ရွာသားဘယ်နှစ်ယောက်က ဒါကို တတ်နိုင်မှာလဲ၊ စာအုပ်တစ်အုပ်တည်းရဲ့ စျေးနှုန်းကို ကြားလိုက်တာနဲ့ သူတို့တွေက ထွက်ပြေးဖို့ ခြေထောက်လေးချောင်း ရှိချင်စိတ်တောင် ဖြစ်သွားအုံးမယ်၊ အဲဒီ့ကျောင်းနှစ်ကျောင်းမှာလည်း ကျောင်းသားတွေက တကယ်မရှိသလောက်ပဲလေ"
တရားသူကြီးတစ်ယောက်သည် ပြည်နယ်အုပ်ချုပ်ရေးမှူးရုံးတွင် လက်ထောက်တစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်ပေးပြီး ပြည်နယ်အုပ်ချုပ်ရေးမှူး မရှိသည့်အချိန်တွင် ပြည်နယ်အရေးကိစ္စများကို စီမံဆောင်ရွက်ပေးရသည်။ အချိန်အများစုတွင် သူတို့၏တာဝန်မှာ ပြည်နယ်အုပ်ချုပ်ရေးမှူးအတွက် ပညာရေးကိစ္စများကို ကူညီပေးရန်ဖြစ်လေသည်။ ကျေးလက်တွင် တည်ထောင်ထားသည့် ကျောင်းတစ်ချို့တွင် တက်ရောက်သည့် ကျောင်းသားအနည်းငယ်သာရှိသည်တွင် ကျောင်းလခကို မပေးရလျှင်ပင် မည်သူကမှ စာလေ့လာဖို့ရန် ဆန္ဒရှိကြမည် မဟုတ်ချေ။ သူသည် ဒီနေရာများသို့ အမှန်ပင် သွားရောက်စုံစမ်းခဲ့လေသည်။ ရွာသားများက သူတို့၏ခေါင်းများကို ပလုတ်တုတ်လေးလို ခါပြကြပြီး မတတ်နိုင်သည့်အကြောင်းကို ခေါင်းမာပြနေကြသည်။
ဖန်းဖေးညန်၏မျက်ခုံးများမှာ တင်းကြပ်နေအောင် တွန့်ချိုးသွား၏။
အစေခံရှောင်ဖုန်းက အကြံပေးလိုက်သည်။ "သခင်မ ကျွန်တော်တို့လို အစေခံတွေက စာအုပ်တစ်ချို့ကို ကူးယူပေးမယ်ဆိုရင်ရော"
ဒီစကားကို ကြားလိုက်သည်တွင် တရားသူကြီးဟယ်က ခေါင်းခါပြသည်။ "မိန်းကလေးရှောင်ဖုန်း ပြည်နယ်ထဲမှာ စီရင်စု၅ခုနဲ့ မြို့ငယ်ပေါင်း ၃၃မြို့ရှိတယ်၊ မင်းတို့မိန်းကလေးတွေက ဘယ်လောက်များ ကူးပေးနိုင်မှာမလို့လဲ"
ရှောင်ဖုန်းမှာ ချက်ချင်းဆိုသလို ဆွံ့အသွားတော့သည်။
ဖန်ဖေးညန်ကလဲ ပြောစရာစကား ပျောက်ဆုံးနေ၏။ စာအုပ်များကို ကူးယူခြင်းက လွယ်ကူသည့်အလုပ် မဟုတ်ချေ။ သို့တိုင် သူမက စဥ်းစားနေရင်း သရှင်းရွာက စာသင်ခန်းဟောင်းလေးထဲမှ ထုတ်လွှတ်လာသည့် အလင်းရောင်ကို ပြန်စဥ်းစားမိလေသည်။ သူမ၏တွေဝေမှုများမှာ ပျောက်ကွယ်သွား၏။
"ဒါဆိုရင်လည်း ကူးကြတာပေါ့ သေးငယ်တဲ့လုပ်ရပ်လေးတွေက သိသာထင်ရှားတဲ့ တိုးတက်မှုတစ်ခုအဖြစ် စုပေါင်းသွားနိုင်တာပဲ၊ တစ်စုံတစ်ယောက်က တစ်နေရာရာမှာ စတင်ဖို့ပဲလိုတာပါ"
သူမက ပြောရင်းဆိုရင်းဖြင့် အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လျှောက်နေလေသည်။ ခြေလှမ်းအနည်းငယ် လျှောက်ပြီးနောက်တွင် သူမက ရုတ်တရက်ရပ်လိုက်ပြီး လှည့်ကာမေးလိုက်၏။ "တရားသူကြီးဟယ် ကျွန်မတို့တွေက ဒေသခံလူချမ်းသာတွေကို စာသင်ခန်းအတွက် စာရေးခုံနဲ့ ထိုင်ခုံတွေကို အလှူခံမယ်ဆိုရင်ရော ဘယ်လိုလဲ၊ ရုံးတော်က ဝါးစာလိပ်၊ မှင်နဲ့ စုတ်တံတွေကို ထောက်ပံ့ပေးမယ်ဆိုရင်ရော ကျွန်မတို့တွေက ပြည်နယ်ကျောင်းတော်က ကျောင်းသားတွေနဲ့ စီရင်စုကျောင်းက ကျောင်းသားတွေကိုလည်း စာတွေကို ကူးယူခိုင်းဖို့ အကူအညီတောင်းလို့ရတယ်လေ၊ ဒါဆိုရင်ရော အလုပ်ဖြစ်မလား"
တရားသူကြီးဟယ်မှာ တအံ့တသြ ဖြစ်သွား၏။ ထို့နောက်တွင်တော့ သူက စိတ်လှုပ်ရှားစွာဖြင့် ထရပ်လိုက်လေသည်။
"ဟုတ်ကဲ့ အဆင်ပြေပါတယ်၊ အဆင်ပြေပါတယ်"
သူသည် ထိုအကြောင်းကို စဥ်းစာလေလေ ပိုပြီးတော့ ယုံကြည်မှု ရှိလာလေလေဖြစ်သည်။ "ဒါက အကောင်းဆုံးစိတ်ကူးပဲ၊ အမှန်ပဲ ရှီကျိုးပြည်နယ်တစ်ခုလုံးမှာ ရွာတိုင်းမှာ ကျွန်တော်တို့ရဲ့ကျောင်းတွေက တုံ့ပြန်သံတစ်ခု ရှိလာမယ်ဆိုရင် ဒါက သူတို့တွေရဲ့ဘဝကို သေချာပေါက် မြှင့်တင်အောင် လုပ်ပေးနိုင်မှာပဲ"
...
အပိုင်း (၂၇၄) ကြေငြာချက်
ပြည်နယ်ရုံးတော်တွင် သူတို့သည် သင်ပုန်းကြီးကိစ္စကို ဆွေးနွေးနေကြသည်။ ရှန်းအိမ်တွင်တော့ စန်းလော့နှင့် ရှန်းနဥ်တို့က အိမ်ပြန်ရောက်လာပြီး သူတို့၏ ပထမဦးဆုံးနေ့ စာသင်ကြားသည့်အကြောင်းကို ရှန်းလီနှင့်သူ့ညီအစ်ကိုများကို ဝေမျှပေးလေသည်။ မိသားစုက သင်ပုန်းကြီးကိစ္စကို အဖြေတစ်ခုထုတ်ဖို့ စုဝေးကာတိုင်ပင်နေကြသည်။
"ကျောင်းသား၄၇ယောက်၊ တစ်ချို့နားထောင်ပြီး သင်ကြမဲ့သူတွေလည်း ပါလောက်တယ်၊ ညီမတို့တွေက ဖတ်စာအုပ်ကို ကူပြီးတော့ ကူးပေးရအုံးမှာလား” ရှန်းနဥ်က တိုးလာသည့်အလုပ်ဝန်၏ဖိအားကို သေသေချာချာ ခံစားမိလိုက်ပြီး မေးလိုက်လေသည်။
တွေဝေမနေဘဲ စန်းလော့က ထိုစိတ်ကူးကို ပယ်ဖျက်လိုက်၏။ "ဒါက မသင့်တော်ဘူး၊ ငါတို့တွေက ငါတို့ရဲ့လက်ရေးစာအတွက် ကျောက်လျိုယာနဲ့ တစ်ခြားကလေးတွေ လေ့ကျင့်ဖို့ပဲ ကူညီပေးနိုင်တယ်၊ စာအုပ်ကို ကူးရေးတယ်ဆိုတာက ခက်ခဲပြီးတော့ နှေးကွေးတယ်၊ အချိန်ကုန်ပြီး လူလဲပင်ပန်းတယ်၊ အရေးအကြီးဆုံးက ငါတို့တွေက သူတို့တွေကို အလကား အကူအညီနဲ့ သရှင်းရွာအပေါ် မှီခိုအားထားတဲ့သူတွေ ဖြစ်လာခွင့်မပေးနိုင်ဘူး"
စန်းလော့သည် ရွှေ့လျားလို့ရသည့် စာရိုက်စက်ကို စဥ်းစားမိသော်ငြားလည်း လက်ရှိစက္ကူစျေးနှုန်းက သာမန်လူတွေအတွက် အလွန်မှ စျေးကြီးနေသေးသည်ကို စဥ်းစားမိလိုက်ပြီး မင်းကြီး အကောင်အထည်ဖော်ထားသည့် တော်ဝင်စာမေးပွဲစနစ်ကိုလည်း စဥ်းစားမိလိုက်သည်။ စာသင်သား ပထမအသုတ်မှာ မြို့တော်သို့ပင် မရောက်သေးချေ။ အသိပညာပေါ်တွင် ပညာသင်အထက်တန်းလွှာများ၏ တစ်ဦးတည်းချယ်လှယ်ခြင်းကို စိန်မခေါ်လိုက်သည်က အကောင်းဆုံးဖြစ်လိမ့်မည်ဟု ဆုံးဖြတ်လိုက်သည်။
ကျောင်းသားများအတွက် ဖတ်စာအုပ်ကို ဖန်တီးပေးမည့်ပြဿနာကို ဖြေရှင်းဖို့နည်းလမ်းကို စဥ်းစားရင်း ရှန်းလီက အကြံဉာဏ်တစ်ခု ပေးလိုက်၏။
"ကိုယ်တို့ရဲ့ ပြည်နယ်ကျောင်းတော်မှာ အဆင့်သတ်မှတ်ချက်တွေကို ဖော်ပြပေးထားတဲ့ နံရံတစ်ခုရှိတယ်၊ ဒါက မင်းရဲ့ကျောက်မင်းပုန်းနဲ့အတူတူပဲ၊ လတစ်လစီတိုင်းရဲ့ စာပေးပွဲပြီးတဲ့နောက်မှာ အဆင့်တွေကို အဲဒီ့နားမှာ ကပ်ထားပေးတယ်၊ ကိုယ့်အထင်တော့ ကိုယ်တို့တွေလည်း စာသင်ခန်းရဲ့ အရှေ့ဖက်နဲ့ အနောက်ဖက်နံရံနားမှာ နည်းနည်းလေးပိုကြီးတဲ့ ဘုတ်ပြားတစ်ခုကို ပြုလုပ်လိုက်လို့ ရမယ်လို့ထင်တယ်၊ ကိုယ်တို့တွေက စာရွက်အကြီးကြီးပေါ်မှာ စာလုံးပေါင်းတစ်ထောင်ကျမ်းကို ရေးထားပြီးတော့ အဲဒီ့စာရွက်တွေကို အဲဒီ့ဘုတ်ပြားတွေပေါ်မှာ ကပ်ထားလို့ရတယ်"
"ဒါဆိုရင် မြေဖြူထက်လည်း ပိုပြီးတော့ ကြာကြာခံလိမ့်မယ်၊ တကယ်လို့ ကိုယ်တို့တွေက စာလုံးတွေကို ပိုပြီး ကြီကြီးရေးမယ်ဆိုရင်လည်း အနောက်မှာ ထိုင်နေတဲ့ကျောင်းသားတွေကတောင် ဒါကို မြင်ရလိမ့်မယ်။ ဒါက လူတိုင်းဆီမှာ ကိုယ်ပိုင်စာအုပ်ရှိသွားသလို ဖြစ်သွားတဲ့သဘောပဲပေါ့ ဟုတ်တယ်မလား"
ဒီစိတ်ကူးက စန်းလော့စိတ်ထဲတွင် ပေါ်လာခဲ့သေးသည်။ ဒါသည် သူမ၏ အရင်ဘဝက စာသင်ခန်းများထဲက အသိပေးစာကပ်သည့်ဘုတ်ပြားနှင့် ဆင်တူနေသည် မဟုတ်ပါလား။ ယခုအချိန်တွင်တော့ သူတို့သည် စာသင်ကြားရေးနံရံအဖြစ် ပြောင်းလဲနိုင်ပေသည်။
ရွှံ့သားနံရံဖြင့် ဆောက်ထားသည့် မြေသားအိမ်ကို စဥ်းစားကြည့်မိလျှင် စာရွက်များကို တိုက်ရိုက်ကပ်ဖို့ရန်က လွယ်ကူလိမ့်မည် မဟုတ်ချေ။ သို့သော်ငြားလည်း သူမတွင် နံရံကိုဆေးခြယ်ဖို့ရန် ဖန်ဖေးညန်၏နည်းအမယ် ရှိထားသည်။ သို့သော်ငြားလည်း နံရံများကို အခြောက်ခံဖို့ရန် အချိန်ပေးဖို့လိုသည်။ ယခုလောလောဆယ်တော့ ဘုတ်ပြားနံရံများကို အသုံးပြုခြင်းကသာ အကောင်းဆုံး အဖြေတစ်ခု ဖြစ်လိမ့်မည်။
"ဒါက စိတ်ကူးကောင်းပဲ ကျွန်မတို့တွေ ဖတ်စာအုပ် တစ်အုပ်လုံးကို ခြုံငုံမိအောင် ပြသထားမဲ့နံရံပေါ်မှာ ကပ်ထားမဲ့ဘုတ်ပြားတွေ တော်တော်များများ လုပ်ဖို့လိုလိမ့်မယ်၊ ဒါက အားလပ်ချိန်အတွင်းမှာ စာဖတ်ဖို့ လွယ်ကူစေတဲ့အပြင် စာသင်ကြားတဲ့နေရာမှာ အမှန်တကယ် စိတ်နှစ်ထားတဲ့သူတွေကလဲ သူတို့ကိုယ်တိုင် ဒီစာအုပ်တစ်အုပ်လုံးကို ကူးယူနိုင်လိမ့်မယ်"
ပုံဆွဲဖို့အတွက် မီးသွေးခဲတံကို မကြာခဏ အသုံးချခဲ့သည်ကို ပြန်စဥ်းစားမိပြီး သူမက ရှန်းနဥ်ကို အကြံပေးလိုက်သည်။ "ငါတို့တွေ စာသင်ခန်းထဲ ပြန်ရောက်သွားတဲ့အချိန်ကြရင် အဖျားချွန်အောင်လုပ်ထားတဲ့ မီးသွေးနဲ့ သစ်သားပြားတွေနဲ့ စာရေးရင်လဲ အဆင်ပြေဆိုတဲ့အကြောင်းကို အားလုံးကို သတိပေးလိုက်အုံး၊ စုတ်တံနဲ့ မှင် မတတ်နိုင်တဲ့သူတွေအတွက် သူတို့တွေက လေ့ကျင့်ဖို့အတွက် စာအုပ်ကိုကူးယူတဲ့အခါ မီးသွေးခဲတံကိုလည် သုံးနိုင်တယ်လို့"
ဒီစကားကို ကြားလိုက်သည်တွင် ရှန်းယင်က အိမ်သို့ပြန်ရောက်လာပြီး အတန်းပြီးသွားသည့်နောက် ကန်းအာ့လန်က သစ်သားပြားနှင့် မီးသွေးခဲတံကို အသုံးပြုသည့်အကြောင်းကို ချက်ချင်း ပြန်ပြောပြလိုက်လေသည်။
ရှန်းလီက ခပ်တိုးတိုး ရယ်မောလိုက်၏။ "စာလေ့လာဖို့ တကယ်စိတ်ပါတဲ့လူတွေအတွက်ကတော့ ဘယ်အခက်အခဲကိုမဆို ကျော်လွှားနိုင်တာသက်သေပဲ"
မိသားစုက သူတို့၏ ကျွမ်းကျင်လိမ်မာမှုကြောင့် နာမည်ကြီးလေသည်။ ရှန်းလီနှင့် ရှန်းအန်းတို့က ဘုတ်ပြားနံရံများကို ပြုလုပ်ဖို့ရန် သစ်များကို သွားစုဆောင်းလိုက်ကြပြီး ရှန်းနဥ်နှင့် စန်းလော့တို့ကတော့ စာသန်းခန်း၏ အနောက်ဘက်တွင်ထိုင်ကြသည့် ကျောင်းသားများက စာဖတ်နိုင်ရန် သင့်တော်သည့် စာလုံးအရွယ်အစားကို လေ့လာနေကြသည်။ ရှန်းလီနှင့် ရှန်းအန်းတို့နှင့်အတူ အတိုင်းအတာများကို အတည်ပြုပြီးနောက်တွင် ညီအစ်မနှစ်ယောက်က စာရွက်များကို ရွေးချယ်ရန် အထဲသို့ဝင်သွားခဲ့သည်။
ရှန်းအိမ်ထောင်စုသည် စာရွက်များ မပြတ်လပ်တော့ချေ။ အမှန်တွင်တော့ သူတို့သည် သန့်စင်ခန်းသုံးစာရွက်များကိုပင် ပမာဏ အနည်းငယ် လုပ်ထားခဲ့သေးသည်။ ဟုတ်ပါသည်။ နည်းလမ်းအမျိုးမျိုးကို စမ်းသပ်ပြီးနောက်တွင် သူတို့သည် လုံးဝနူးညံ့နေသည့် စာရွက်များကိုတော့ မလုပ်နိုင်ခဲ့ချေ။ သူတို့သည် စာရွက်ကိုအသုံးမပြုခင် သူတို့၏ လက်ထဲတွင်လည်း ချေမွပြီး ရေလည်းအနည်းငယ် သုံးရသေးသည်။
တစ်နည်းအားဖြင့်ပြောရလျှင် စျေးကွက်ထဲတွင် ရရှိနိုင်သည့် စာရွက်အမျိုးအစားတစ်ချို့မှာ စန်းလော့၏ နည်းလမ်းများကို အသုံးပြုကာ ပြင်ဆင်ထားခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။ ရှန်းမိသားစုသည် ဒီစာရွက်များကို အလွယ်တကူ အတုယူနိုင်ကာ ဆိုင်မှဝယ်လာသည့်အရာနှင့် ခွဲခြားလို့မရနိုင်အောင် လုပ်နိုင်လေသည်။ သူတို့က ကြီးမားပြီး မဖြတ်ရသေးသည့် စာရွက်အချပ်များကို ဝယ်ယူလာခဲ့သည်။ လေးခုမြောက်ခြံဝန်းထဲတွင် သူတို့သည် စာရွက်ပြုလုပ်ခြင်းနည်းတွင် အသုံးပြုသည့် ထိုပစ္စည်းများနှင့် တစ်ပုံစံတည်းဖြစ်သည့် ဘောင်များကို ပြုလုပ်ခဲ့ကြပြီး သူတို့ကိုယ်တိုင်အတွက် စာရွက်များကို ထုတ်လုပ်ရင်းက မတူညီသည့် နည်းလမ်းများကိုလည်း စမ်းသပ်ကြည့်ခဲ့ကြသည်။
ယခုတော့ သူတို့သည် ပိုးစာပင်အခေါက်များမှ လုပ်ထားသည့် စာရွက်အချပ်များကို ရွေးချယ်လိုက်ကြပြီး စာလုံးပေါင်းတစ်ထောင်ကျမ်းကို အပေါ်အောက် နှစ်ပိုင်းခွဲလိုက်ပြီး တစ်ယောက်ချင်းစီက တစ်ဝက်စီကို တာဝန်ယူလိုက်ကြကာ စတင်ချရေးကြသည်။
ဖတ်စာအုပ်၏ သဘောတရားကို ထောက်ချင့်လျှင် ဒီကိစ္စထဲတွင် ထည့်ထားရသည့်အင်အားက စေ့စပ်သေချာရန်လိုအပ်သည်။ ဒါက စာသင်စ,လူများအတွက်လည်း လက်ရေးလှလေ့ကျင့်ဖို့ရန် လမ်းညွှန်ချက်တစ်ခုအဖြစ် ဆောင်ရွက်ပေးနိုင်သည်။
တရားသူကြီးဟယ်အတွက်တော့ သူ့အလုပ်ထဲတွင် လုပ်စရာ အလုပ်များက တန်းစီနေရာ အလွန်မှ စိတ်လှုပ်ရှားနေပြီး တစ်ညလုံး မအိပ်နိုင်ခဲ့ချေ။ ကျန့်ဇီရွှမ်း၏ သုံးနှစ်တာသက်တမ်းကလဲ ပြီးဆုံးတော့မည်ဖြစ်ရာ သူ၏ အင်မတန်မှ ကောင်းမွန်သည့် ဆောင်ရွက်ချက်ကြောင့် ရာထူးတိုးမည်မှာကလည်း သံသယဖြစ်စရာ မလိုချေ။ တရားသူကြီးဟယ်ကလဲ ရှီကျိုး၏ နောက်တက်မည့် ပြည်နယ်အုပ်ချုပ်ရေးမှူးဖြစ်လာနိုင်သည့် အခွင့်အရေးရှိသည်။ ယခုအချိန်တွင် ပညာရေးမှ အစပြုထားခြင်းက ကျန့်ဇီရွှမ်း၏ လုပ်သက်တွင် သိသာထင်ရှားသည့် ရလဒ်များကို ရလာနိုင်မည် မဟုတ်သော်လည်း သူ၏ ကိုယ်ပိုင်အုပ်ချုပ်ရေးအောက်တွင် ကြီးမားသည့် အောင်မြင်မှုတစ်ခု ဖြစ်လာနိုင်သည့် အလားအလာရှိပေသည်။
နောက်ဆုံး အရာရှိသက်တမ်း သုံးနှစ်အတွင်း ပိုပြီးအဆင့်မြင့်မားသည့် ရာထူးကိုတက်နိုင်မည့် ကျန့်ဇီရွှမ်းလို ကံကောင်းသည့်လူက လူတိုင်းမဖြစ်နိုင်ပေ။
ထို့ကြောင့် ကျေးရွာကျောင်းတစ်ကျောင်းကို တည်ထောင်ခြင်းက ရှီကျိုးပြည်နယ်၏ တရားသူကြီးတစ်ယောက်၏ တာဝန်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့်အပြင် ဒါသည် သူ့အနာဂတ်အတွက်လည်း လမ်းဖောက်ပေးနိုင်ပေသည်။ သူသည် မည်သို့စိတ်မလှုပ်ရှားဘဲ နေနိုင်ပါမည်နည်း။
စိတ်လှုပ်ရှားမှုက ညနောက်ကျသည့်အချိန်ထိပင် သူ့ကို နိုးထနေစေလေသည်။ နောက်တစ်နေ့ မနက်ခင်းတွင် သူသည် လန်းလန်းဆန်းဆန်း နိုးထလာပြီး အစပြုဖို့ စိတ်အားထက်သန်စွာဖြင့် ပြည်နယ်ရုံးတော်သို့ ဦးတည်လာခဲ့သည်။ သို့သော်ငြားလည်း သရှင်းရွာကျောင်း အကြောင်းကို ဖန်ဖေးညန်က ဝေဝေဆာဆာ ပြောပြနေသည်ကို ပြန်စဥ်းစားမိလိုက်ပြီး သူက သူ၏ စိတ်အားထက်သန်မှုကို မြိုသိပ်ထားဖို့ ဆုံးဖြတ်လိုက်သည်။
သူသည် နေဝင်ချိန်အထိ စောင့်စားလိုက်ပြီး ရုံနာရီ(ညနေ၅နာရီမှ၇နာရီ)ကြား ပတ်ဝန်းကျင်တွင် မြို့ထဲမှထွက်လာကာ နာမည်ကြီးနေသည့်ကျောင်းဆီသို့ အလည်ရောက်လာလေသည်။
ရွာထဲသို့ဝင်လာသည်တွင် လမ်းကို မေးစရာမလိုချေ။ ကလေးများ၏ စာရွတ်ဖတ်သံက အဝေးသို့ ပဲ့တင်ထပ်နေသည်။ အသံနောက်သို့ လိုက်လာသည်တွင် သူသည် ကျောင်းကို အလွယ်တကူ ရှာတွေ့နိုင်၏။
မီးအိမ်ဖြင့်အလင်းပေးထားသည့် ရိုးရှင်းသည့် ရွှံ့သားအိမ်တစ်လုံးက သူ့အာရုံကို ဆွဲဆောင်ထားသည်။ ဆယ်ကျော်သက်ယောက်ျားလေး၊ ဆယ်ကျော်သက်မိန်းကလေး၊ ၂၀ဝန်းကျင် ယောက်ျားလေး- လူအများအပြားသည် ပြတင်းပေါက်နှင့် တံခါးပေါက်နားတွင် စုဝေးနေကြသည်။ သူက ချဥ်းကပ်လာသည်နှင့်အမျှ သူတို့ကလဲ စာလိုက်ဖတ်နေကြသည်ကို သိလိုက်ရသည်။ ပြတင်းပေါက်တွင် နေရာမရှာတွေ့သဖြင့် သူက အနည်းငယ်အရပ်ပုသည့် ဆယ်ကျော်သက်လေးနောက်မှ ရပ်လိုက်ကာ အထဲသို့ ချောင်းကြည့်လိုက်သည်။
အစပိုင်းတွင်တော့ ကျောင်းသား၄၀-၅၀ဝန်းကျင် ရှိသည်ဟု ပြောထားသည့် သရှင်းရွာကျောင်း၏ ခမ်းနားလှသည့်မြင်ကွင်းကို ကိုယ်တိုင်ကြည့်ရှူဖို့ရန် ရည်ရွယ်ခဲ့သည်။ သို့သော်ငြားလည်း တစ်ချက်အကြည့်တွင် သူ့အာရုံကို စာသင်ခန်းရှေ့တွင် ချိတ်ဆွဲထားသည့် သစ်သားဘုတ်ပြားကြီးသုံးခုက ဆွဲဆောင်ထားသည်။
အလယ်ကဘုတ်ပြားကတော့ အနက်ရောင်ဖြစ်နေပြီး ထိုဘုတ်ပြားပေါ်တွင် အဖြူရောင်စာလုံးလေးများကို ရေးသားထားသည်။ -ဖန်ဖေးညန်ပြောပြခဲ့သည့် ကျောက်သင်ပုန်းနှင့်မြေဖြူ ဖြစ်ဟန်တူသည်။ တစ်ဖက်တစ်ချက်က ဘုတ်ပြားကလဲ ဆင်တူရှိကာ ပြည်နယ်ကျောင်းတော်၊ စီရင်စုကျောင်းတော်နှင့် အစိုးရရုံး အပြင်ဘက်တွင် တွေ့ရတတ်သည့် အသိပေးစာဘုတ်ပြားများနှင့် ဆင်တူသည်။ သို့သော်ငြားလည်း ဒါက ပိုပြီးရိုးရှင်းကာ စာလုံးပေါင်းတစ်ထောင်ကျမ်းကို အစိတ်အပိုင်းအလိုက် ဖော်ပြထားသည်။
အသက်၁၀နှစ်ဝန်းကျင်သာရှိသေးသည့် ကလေးမလေးတစ်ယောက်က ပေတံတစ်ချောင်းထက်ပါးသည့် သေးသွယ်သည့် သစ်သားချောင်းလေးတစ်ချောင်းကို ကိုင်ထားကာ ထိုတုတ်ချောင်းလေးနှင့် စာလုံးကို ထောက်ပြီး ဦးဆောင်ကာ ရွတ်ဖတ်နေသည်။ စာရွက်ကို ထိခိုက်မိမည်ကို ရှောင်ရှားဖို့ရန် တုတ်ချောင်းဖျားလေးကို အဝတ်စနှင့် အုပ်ထားဟန်တူသည်။
ဖတ်စာအုပ်ပဲ။ ဒါတွေက ဖတ်စာအုပ်ပဲ မဟုတ်လား။
ဖန်ဖေးညန်က ဒီအကြောင်းကိုတော့ မပြောပြခဲ့ချေ။ ဒီနေ့မှ ရှန်းမိသားစုက အသစ်ထပ်ဖြည့်ထားသည့် အရာတစ်ခုဖြစ်သည်ဟု သွယ်ဝိုက်ပြောပြနေသည်။
တရားသူကြီးဟယ်မှာ သူ့စိတ်ထဲတွင် ဝမ်းသာလှုပ်ရှားသွား၏။
ဒါက တကယ်ကောင်းတာပဲ။ တကယ့်ကို အကောင်းဆုံးပဲ။ စာအုပ်တွေကို လှူဒါန်းရမဲ့ကိစ္စကိုတောင်မှ ဖြေရှင်းပေးနိုင်တယ်။
ပြတင်းပေါက်နားတွင်ရပ်ကာ နောက်ထပ်နာရီဝက်လောက် နားထောင်လိုက်ပြီးနောက်တွင် သူသည် ဆက်ပြီး တွယ်ရစ်မနေတော့ဘဲ ရှန်းအိမ်ထောင်စုသို့သွားကာ ရှန်းလီနှင့် သူ့ဇနီးတို့ဆီသို့ သွားရောက်လည်ပတ်လိုက်လေသည်။
နောက်တစ်နေ့တွင် သခင်မဖန်သည် ဖတ်စာအုပ်ပြဿနာ ဖြေရှင်းပြီးသွားသည်ကို ကြားလိုက်ရသဖြင့် အလွန်မှ ဝမ်းသာပျော်ရွှင်သွား၏။
၁လပိုင်း၏ နောက်ပိုင်းလဝက်တစ်ခုလုံးတွင် ရှီကျိုးသည် ကိုယ်ပိုင်ကျောင်းများနှင့် ကျေးရွာကျောင်းများ တည်ထောင်ခြင်းဖြင့် စည်ကားလို့နေသည်။
တစ်ချိန်တည်းတွင် ဝေးကွာလှသည့် မြို့တော်က ညီလာခံထဲတွင် မင်းကြီးနှင့် သူ့၏မှူးမတ်များက ရက်ပေါင်းများစွာ စစ်တပ်ရိက္ခာ ပြတ်လပ်နေသည့်ကိစ္စကို ဆက်တိုက် တိုင်ပင်ဆွေးနွေးလာခဲ့ကြသည်။
သူတို့သည် အဖြေတစ်ခုရှာတွေ့ဖို့ရန် ခက်ခဲနေ၏။
ယခုအချိန်သည် သချီအင်ပါယာ တည်ထောင်ပြီး ၅နှစ်မြောက်နှစ်ဖြစ်ကာ အစောပိုင်းတစ်နှစ်ကို ဖယ်လိုက်မည်ဆိုလျှင်တောင် သချီမင်းဆက်တည်ရှိလာသည်မှာ ၄နှစ်ပင် မပြည့်သေးချေ။ ထို့အပြင် သူတို့သည် အစပိုင်းက ပြည်နယ်အနည်းငယ်နှင့် စီရင်စုအနည်းငယ်ကိုသာ သိမ်းပိုက်နိုင်ခဲ့သည်။ နောက်ပိုင်းကြမှ တိုင်းပြည်ကို တဖြည်းဖြည်း ချဲ့ထွင်လာခဲ့ခြင်းပင်။ သူတို့သည် နယ်မြေသစ်တစ်ခုကို သိမ်းပိုက်ရရှိသည့်အချိန်တိုင်း ပြည်သူများကို အခြေကျစေရန်နှင့် အားအင်ပြန်ပြည့်စေရန် ရည်ရွယ်ပြီး သုံးနှစ်တာ အခွန်ကင်းလွတ်ခွင့်အမိန့်ကို ထုတ်ပေးရသည်။ လက်ရှိတွင် အခွန်အခများကို ကောက်ခံနိုင်သည့် ပြည်နယ်နှင့်စီရင်စုများက လက်ချိုးရေလို့တောင်ရသည်။
အစပိုင်းတွင်တော့ အောင်မြင်မှုက သိမ်းပိုက်ထားသည့် နယ်မြေများမှာ ရိက္ခာများကို ယူဆောင်လာပေးနိုင်ပြီး ဒေသခံအထက်တန်းစား မိသားစုများကလဲ စပါးများကို ပေးလှူကြသည်။ ထောက်ခံသူများကလဲ သိသိသာသာ အကျိုးဆောင်ပေးခဲ့ကြသည်။ သို့သော်ငြားလည်း ယခုတော့ သူတို့၏အရင်းအမြစ်ကလဲ အစောကြီးကတည်းက ကုန်ခမ်းနေခဲ့ပြီ။ ကံအားလျော်စွာ ပြီးခဲ့သည့်နှစ်က တော်ဝင်ရုံးတော်က စက္ကူလုပ်သည့်နည်းပညာကို ထိန်းချုပ်နိုင်ခဲ့ပြီး ဆားနှင့် သံစက်ရုံများကို တစ်ဦးတည်း ချုပ်ကိုင်ထားနိုင်သည်။ ထို့ကြောင့် နိုင်ငံ့ဘဏ္ဍာတိုက်ကို ငွေများဖြင့် ဖြည့်ဆည်းနိုင်ခဲ့သည်။ ပြီးခဲ့သည့်နှစ် ဆောင်းဦးရိတ်သိမ်းချိန်စကတည်းက သူတို့သည် ပြည်သူများထံမှ စပါးများကို ဝယ်ယူဖို့ရန် စီရင်စုအားလုံးကို အမိန့်ချခဲ့သည်။ သို့သော်ငြားလည်း ယခုအချိန်အထိ ဝယ်ယူပေးရန်ရရှိခဲ့သည့် ပြည်နယ်အသီးသီးက လျှောက်တင်လာသည့် စုစုပေါင်းစပါးပမာဏမှာ ၆လပိုင်းမတိုင်ခင်အထိ စစ်တပ်ရိက္ခာကို ထိန်းသိမ်းထားဖို့ရန် မလုံလောက်ချေ။
တော်ဝင်ရုံးတော်၏ အဓိကအသုံးစရိတ်သုံးခုမှာ အရာရှိများ၊ ရဲမက်များကို ထိန်းသိမ်းထားပြီး ပြည်သူများ၏ အကျိုးကျေးဇူးအတွက် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်ဖို့ရန်ဖြစ်သည်။
လက်ရှိတွင် ရုံးတော်က သူတို့၏ သတ်မှတ်ထားသည့် လယ်ယာများနှင့် အခွန်ကောက်ခံသူများ အပေါ်တွင်သာ လုံးဝ မှီခိုအားထားရသည်။ ပြည်သူ့အကျိုးပြုလုပ်ငန်းနှင့် ပြည်သူများ၏ အကျိုးကျေးဇူးကိုတော့ ပိုလို့ပင် လစ်လျူရှူထားနေရသည်။ ယခုတော့ မင်းကြီးက သဘာဝဘေးအန္တရာယ် လျှောက်တင်လွှာကို ကြားရမည်ကို စိုးရိမ်နေမိသည်။ စစ်တပ်ရိက္ခာအတွက် ကုန်ကျစရိတ်တစ်ခု သက်သက်နှင့်ပင် ရုံးတော်က မွန်းကြပ်နေပြီဖြစ်ရာ ကပ်ဘေးဒုက္ခ ကယ်ဆယ်ရေးအတွက် အရင်းအမြစ်မှာ ကျန်လိမ့်မည် မဟုတ်ချေ။
ဖြစ်ချင်တော့ ပြည်တွင်းစစ်က ရပ်စဲသွားပြီးစတွင် ပြင်ပရန်သူများက ကျူးကျော်ဝင်ရောက်နေကာ ရဲမက်အရေအတွက်ကို လျှော့ချဖို့ရန်ကလဲ မဖြစ်နိုင်ချေ။
ဒီနှစ်၏စပါးများကို ခက်ခက်ခဲခဲဝယ်ယူပြီး ချမ်းသာသည့် အထက်တန်းစားမိသားစုများထံမှ ဖျစ်ညှစ်ထုတ်လို့ရနိုင်မှန်း မင်းကြီးနှင့် သူ့၏မှူးမတ်များက သိထားသော်ငြားလည်း နောက်တစ်နှစ်အတွက် စိုးရိမ်ရပြန်သည်။
အထက်တန်းစားမိသားစုများကို ထိုမျှလောက် အလွယ်တကူ အမြတ်ထုတ်နိုင်ပါမည်တဲ့လား။ အကယ်၍ သူတို့သည် ထိုသို့လုပ်နိုင်ခဲ့လျှင် ယခုအချိန်ထိ ပြည်နယ်အားလုံးမှ လုံလောက်သည့်စပါးများကို ဝယ်ယူဖို့ရန် တိုင်းပြည်ဘဏ္ဍာတိုက်က ရုန်းကန်နေရလိမ့်မည် မဟုတ်ချေ။
အဖွဲ့တိုင်းကလဲ သူ့ကိုယ်ပိုင် တွက်ချက်မှုများရှိသည်။ ရုံးတော်က အထက်တန်းစားမိသားစုများဆီက စပါးတစ်တင်းကို ထုတ်ယူဖို့ရှာဖွေနေစဥ် အထက်တန်းစားမိသားစုများကလဲ ရုံးတော်ကို တစ်ကိုက် ပြန်ကိုက်ရန် ချိန်ရွယ်နေလေသည်။
...
"မင်းကြီး ကျွန်တော်မျိုးရဲ့ နိမ့်ကျတဲ့သဘောထားအရဆိုလျှင် ကျွန်တော်မျိုးတို့က ပြည်သူတွေဆီ မြေခွန်များကို ကောက်ခံသင့်ပါတယ်” ဘဏ္ဍာရေးဝန်ကြီးကတင်ပြခဲ့ခြင်းပင်။
ရွှယ်ယန်က ရှေ့သို့တိုးလာကာ ငြင်းဆန်လိုက်၏။ "အမိန့်တော်တစ်ခုက သုံးနှစ်အတွင်း အခွန်ကင်းလွတ်ခွင့်ရမယ်လို့ ထုတ်ပြန်ပြီးသားဆိုကတည်းက ပြည်နယ်တွေနဲ့ စီရင်စုတွေက သက်သာချောင်ချိရေးအတွက် တစ်နှစ်၊ နှစ်နှစ်လောက် ပဲခံစားရမှာ၊ အခုအချိန်မှ ဆုံးဖြတ်ချက်ကို ပြန်ပြင်ပြီး မြေခွန်ကိုကောက်ခံမယ်ဆိုရင် ဒါက ပြည်သူတွေရဲ့ယုံကြည်မှုကို သေချာပေါက် လျော့ကျသွားစေလိမ့်မယ်”
"ဒီလိုဆိုရင် ဝန်မင်းရွှယ် ကျေးဇူးပြုပြီးတော့ ပိုပြီးကောင်းမွန်တဲ့ အဖြေတစ်ခုကို တင်ပြပေးပါ၊ ၆လတောင် မဟုတ်ပါဘူး၊ လဝက်ထဲနဲ့တင် ရိက္ခာမရှိဘူးဆိုရင် စစ်တပ်ထဲမှာ ဖရိုဖရဲတွေ ဖြစ်သွားနိုင်ပါတယ်၊ တကယ်လို့ မင်းကြီးက ပြည်သူတွေရဲ့ယုံကြည်မှုကို ဆုံးရှုံးမှာစိုးရိမ်နေတယ်ဆိုရင် ကျွန်တော့်အမြင်တော့ ဒါက ခက်ခဲတဲ့ကိစ္စတော့ မဟုတ်ပါဘူး၊ ကျွန်တော်တို့တွေက အခွန်ကောက်ခံဖို့အတွက် တစ်ခြားနာမည်တွေအောက်မှာ ဒီအတိုင်း ထည့်သွင်းလိုက်လို့ရတာပဲ"
"တစ်ခြားရွေးချယ်စရာတွေ တစ်ခြားနည်းလမ်းတွေကိုလည်း ရှာနိုင်ပါသေးတယ်၊ ခေါင်းစဥ်ကို ဒီအတိုင်းပြောင်းလိုက်ရုံနဲ့ ဒါက ပြည်သူတွေကို လှည့်စားတာမဟုတ်ဘူးလို့ ပြောလို့မရဘူးလေ၊ အမတ်မင်းချန်က လူတစ်ယောက်ရဲ့နားကို ပိတ်ထားပြီး ခေါင်းလောင်းကိုခိုးဖို့ ကြိုးစားနေတဲ့ပညာရပ်မှာ ကျွမ်းကျင်တာပဲ"
"ဒါက လူတစ်ယောက်ရဲ့နားကို အုပ်ထားပြီး ခေါင်းလောင်းခိုးတယ်လို့ ဘယ်လိုလုပ် ပြောလို့ရမှာလဲ၊ မင်းဆက်တိုင်းက ဒီလိုတစ်ပုံစံတည်းပဲ လုပ်လာခဲ့တာပဲ မဟုတ်လား"
"အရင်မင်းဆက်တုန်းက ဒီကိစ္စမှာ သာဓကရှိခဲ့ပါတယ်၊ သူတို့တွေက ဆယ်စုနှစ်တစ်ခုသာ ကြာခဲ့ပြီးတဲ့နောက်မှာ ပြိုကွဲခဲ့တာပဲလေ၊ သချီကိုလည်း ဒီလိုတူညီတဲ့ကံကြမ္မာကို တွေ့ကြုံပြီးတော့ မျိုးဆက်နှစ်ဆက်နဲ့ အဆုံးသတ်သွားစေချင်တာလား"
တစ်စုံတစ်ယောက်က စစ်ဖက်ဆိုင်ရာ စိုက်ပျိုးရေးစနစ်ကို တင်ပြသည်တွင် အပြန်အလှန် အငြင်းပွားခြင်းသာ ကြုံရလေသည်။
"လွန်ခဲ့တဲ့ဆယ်စုနှစ်တွေတုန်းက တစ်ခြားသူတွေက ဒါကိုလည်း ကြိုးစားခဲ့ပါသေးတယ်၊ ရလဒ်က ဘာဖြစ်ခဲ့လဲ၊ စစ်တပ်ဖက်ကို ထောက်ပံ့ပေးခဲ့တဲ့ လယ်သမားတွေက သာမန်လယ်သမားတွေထက်တောင် အများကြီး အထွက်နှုန်းနည်းခဲ့တယ်လေ၊ သူတို့တွေ ထွက်ပြေးခဲ့တာပဲ အဖတ်တင်တာပဲ၊ ဟုတ်ပါတယ် ဒါက အစပိုင်းမှာတော့ အလုပ်ဖြစ်ပါလိမ့်မယ်၊ ဒါပေမဲ့ ကျွန်တော်တို့ရဲ့သချီက အခုမြေတွေ မရှိနေလို့လား၊ ကျွန်တော်တို့တွေက စိုက်ပျိုးဖို့ လယ်သမားတွေ မရှိဖြစ်နေတာလေ၊ တိုင်းပြည်တစ်ခုလုံးမှာမှ အိမ်ထောင်စုက ၁၆,၀၀၀ ပဲရှိတာ၊ ပြည်သူတွေက စစ်တပ်ဖက်လယ်မားတွေဖြစ်လာဖို့ ဘယ်သူက ဆန္ဒရှိမှာလဲ၊ ကျွန်တော်တို့တွေက ဒီစနစ်ကို ဖိအားပေးခဲ့မယ်ဆိုရင် သူတို့တွေက တောင်အတွင်းပိုင်းကို ထွက်ပြေးကြပြီး ပြန်လာကြရဲတော့မှာ မဟုတ်ဘူးလေ"
မှူးမတ်များသည် အပြန်အလှန်နှုတ်ရေးဖြင့် စီးချင်းထိုးနေကြပြီး သူတို့၏လျှာများက မီးများပွင့်လာသယောင် ထက်ရှနေသော်ငြားလည်း သူတို့၏ အခြေအတင်ဆွေးနွေးပွဲမှာ ဘာအဖြေမှ ထွက်မလာခဲ့ချေ။
မင်းကြီးမှာ နာရီဝက်ကျော်ကျော် နားထောင်လာခဲ့ပြီးနောက်တွင် သူ့မျက်ခုံးများက ထင်းနေအောင် တွန့်ချိုးသွားတော့သည်။ ထိုအခိုက်တွင် ထိုက်ချီခမ်းမ၏ နန်းစောင့်ရဲမက်တစ်ယောက်က ရှီကျိုးပြည်နယ်အုပ်ချုပ်ရေးမှူး ကျန့်ဇီရွှမ်းက မြို့တော်သို့ ပြန်လာသည့်အကြောင်း လာရောက်လျှောက်တင်ပြီး ခန်းမအပြင်ဘက်တွင် စောင့်နေသည့်အကြောင်း လျှောက်တင်ကာ ရုံးတော်က မှူးမတ်များကို တောင်းဆိုလေသည်။
မှူးမတ်များကြားက စကားဝိုင်းမှာ ရုတ်ခြည်းဆိုသလို ငြိမ်ကျသွားပြီး ရဲမက်ကို ဇဝေဇဝါဖြင့် လှည့်ကြည့်လိုက်ကြ၏။ သူတို့တွေက ပြင်းထန်တဲ့ အခြေအတင် စကားပွဲတစ်ခုကြားထဲ ရောက်နေတာ။ ဒီရဲမက်က မှူးမတ်တွေကြားကို ဖြတ်ပြီးတော့ ပြောရဲတယ်။ ကျန့်ဇီရွှမ်းက စိတ်ရူးများ ပေါက်သွားတာလား။ သူ့မှာ ဘာအခွင့်အာဏာတွေ ပိုင်ဆိုင်နေလို့လဲ။
ထို့နောက်တွင်တော့ ရုတ်တရက်ဆိုသလို သတိပြန်ဝင်လာကြတော့သည်။
နေအုံး။
ဘယ်သူ။
ကျန့်ဇီရွှမ်း ဟုတ်လား။
ကျန့်စန်းလန်က မြို့တော်ကို ပြန်လာတယ်ဟုတ်လား။
...
အမှန်ပင် အမှန်တကယ်ဖြစ်လေသည်။ နာမည်ကြီး အထင်ကရ ပြည်နယ်အုပ်ချုပ်ရေးမှူး ကျန့်စန်းလန်သည် ကြီးကျယ်ခမ်းနားစွာဖြင့် မြို့တော်သို့ တစ်ဖန် ပြန်ရောက်လာခဲ့လေသည်။
တစ်ခြားပြည်နယ်အုပ်ချုပ်ရေးမှူးများသည် မြို့တော်သို့ တစ်နှစ်လျှင် တစ်ကြိမ်ရောက်လျှင်တောင် ကံကောင်းသေးသည်ဖြစ်ရာ မင်းကြီး၏ အသိအမှတ်ပြုခံရဖို့ကတော့ မဖြစ်နိုင်သလောက်ပင်။ သို့သော်ငြားလည်း သူ့အတွက်တော့ မဟုတ်ချေ။ သူက တစ်လ၊ နှစ်လကြာပြီးသွားသည့်အချိန်တိုင်း ကြီးကြီးမားမား ကိစ္စရပ်များဖြင့် မွှေနှောက်နေတတ်သည်။
ညီလာခံက မှူးမတ်များအားလုံးက တစ်ယောက်ပြီးတစ်ယောက် တော်ဝင်ပလ္လင်ကို မော့ကြည့်လိုက်ကြလေသည်။ ပြီးခဲ့သည့် အချိန်ခဏလေးတွင် မျက်မှောင်ကြုတ်ကာ နားထင်ကိုဖိထားပြီး ဒုက္ခရောက်နေဟန်တူသည့် မင်းကြီးက ကျန့်ဇီရွှမ်း၏ တောင်းဆိုချက်ကို ကြားလိုက်ရသည်တွင် ချက်ချင်းဆိုသလို တက်ကြွသွားပြီး သူက မတ်မတ်ထိုင်လိုက်ကာ အနည်းငယ် ရှေ့သို့ညွှတ်လိုက်ပြီး သူ၏ ရှုပ်ထွေးနေသည့်စိတ်အစဥ်က ပျောက်ဆုံးသွားကာ သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်ပေါက်လာတော့သည်။
‘ခွင့်ပြုစေ’ဟူသည့်စကားလုံးက သူ့နှုတ်ဖျားမှ ဆက်တိုက်ထွက်ပေါ်လာပြီး စိတ်အားထက်သန်စွာ ထုတ်ပြောလိုက်ကာ အရေးတကြီးဖြင့် သိသာထင်ရှားစွာ အသိအမှတ်ပြုနေလေသည်။
...