အခန်း (၂၇၇-၂၇၈)
Vol. 28 Ch. 277-278
အပိုင်း (၂၇၇) အလျှော့ပေးလိုက်ရခြင်း
သုံးနှစ်တာကာလသည် သုံးနှစ်တာကာလမမည်ခဲ့ပေ။
အတိတ်က ဆုလာဒ်များကို မချီးမြှင့်နိုင်ခဲ့ဘဲ ကိစ္စများကို ဖုံးကွယ်ထားရသည့်အချိန်တွင် စာရွက်ပြုလုပ်ခြင်းနည်းလမ်းကို စန်းလော့၏ အကျိုးဆောင်မှုအဖြစ် အသိအမှတ် မပြုပေးနိုင်ခဲ့ချေ။ ယခုတော့ စိုက်ပျိုးရေးတွင် သူမ၏ ထူးခြားလှသည့်အရည်အချင်းကို ထုတ်ဖော်ပြသလိုက်သည်တွင် မင်းကြီးမှာ သူမကို မည်သို့များ ရှီကျိုးတွင်ဆက်ပြီး ထားနိုင်ပါတော့မည်နည်း။
၁၀လပိုင်းအထိစောင့်ပြီး ပဏ္ဍာဆက်ယာဥ်တန်းနှင့် အတူတူလာခိုင်းရသည့် ဆုံးဖြတ်ချက်ကလဲ ရှန်းညီအစ်ကိုများသည် အလွန်မှ ငယ်ရွယ်နေသေးသည်ကို ထည့်သွင်းစဥ်းစားထားသောကြောင့်ပင်။
တစ်ခြားနည်းလမ်းကလဲမရှိချေ။ တစ်စုံတစ်ယောက်က အလွန်မှ ငယ်ရွယ်နေသည်ကို ထူးထူးခြားခြား သတိထားမိကြလိမ့်မည်။ သူသည် ရှန်းမိသားစုကို ခန့်အပ်ဖို့ရန် ဆန္ဒရှိသော်ငြားလည်း မိသားစုအခြေအနေတစ်ခုလုံးကို လစ်လျူရှုထားရလောက်သည်အထိတော့ စာနာစိတ်မကင်းမဲ့ချေ။ သူသည် နောက်ထပ် ၈လ၉လလောက် စောင့်နေရန်သာ တတ်နိုင်တော့သည်။
မင်းကြီးသည် စိတ်အရှည်ဆုံးသူဖြစ်ကာ သူ အလေးထားသည့် ကိစ္စရပ်နှင့် လူများအတွက် သေသေချာချာ ပြုမူဆောင်ရွက်တတ်သည်ဟု ပြောလို့ရပေသည်။
ကျန့်ဇီရွှမ်းကလဲ အခြေအနေကို မြန်မြန်ရိပ်မိသွားပြီး သူသည် လစဥ် သတင်းအသစ်များကို တင်ပြပေးစရာမလိုတော့သည့်တိုင် ရှန်းမိသားစုအတွက် အမှန်ပင် ဝမ်းသာမှုကို ခံစားရလေသည်။
ဒီလို ဝမ်းသာပီတိဖြစ်ရသည့် ခံစားချက်က တစ်ကြိမ်ခံစားမိသည်တွင် ထိုအရာကို ထပ်ပြီးဆုံးရှုံးမှာကို စဥ်းစားလိုက်ရုံနှင့် ဒေါသထွက်မိစေလေသည်။
သို့သော်ငြားလည်း စန်းလော့က မြို့တော်သို့ရောက်လာလျှင် အလားအလာရှိသည့် အကျိုးကျေးဇူး အများအပြားကို စဥ်းစားမိသည်တွင် သည်လိုစိတ်ပျက်ရသည့်ခံစားမှုက မသိသာတော့ချေ။
တော်ဝင်ရုံးတော်ကလဲ တစ်ညီတစ်ညွတ်တည်း ဆောင်ရွက်ပေးကြသည်။ ယွင်ယန်မြို့စားမင်းသမီး၏ အဆိုပြုချက်အတိုင်း သချီနယ်မြေအတွင် စီရင်စုများနှင့် ပြည်နယ်များအားလုံးတွင် အများသုံးသန့်စင်ခန်းကို တည်ဆောက်ပေးဖို့ရန်အပြင် ဥယျာဥ်စိုက်ပျိုးခြင်း ပညာနှင့်ပတ်သတ်ပြီး လေ့လာမှုနှင့် တိုးတက်မှုများကို ဆောင်ရွက်ရန် သီးခြားစိုက်ပျိုးရေးအရာရှိများကို ခန့်အပ်ထားပေးသည့်ကိစ္စကိုလည်း ဆောင်ရွက်ပေးခဲ့သည်။ ယခုတော့ အာရုံစိုက်ရမည့်အချက်မှာ ဒီအဆိုပြုချက်များကို အကောင်အထည်ဖော်ဖို့ရန် အချိန်ကာလတစ်ခုကို အတိအကျ သတ်မှတ်ဖို့ရန်သာလိုလေသည်။
ယွင်ယန်မြို့စားမင်းသမီးဖြစ်သွားသည့် စန်းလော့သည် တော်ဝင်ရုံးတော်ထဲတွင် သူမ၏ကိုယ်တိုင်အတွက် နာမည်တစ်ခု ပြုလုပ်နိုင်ခဲ့သည်ကို မသိခဲ့ချေ။ သူမ၏ သာမန်ကာလျှံကာ အကြံပြုချက်များက ညီလာခံအတွင်းတွင် အရပ်ဖက်အမတ်များနှင့် စစ်ဖက်အမတ်များအကြား အဓိက တိုင်ပင်ဆွေးနွေးစရာခေါင်းစဥ်များ ဖြစ်လာခဲ့သည်။
...
သရှင်းရွာတွင်တော့ စန်းလော့သည် မြို့တော်တွင် ဖြစ်ပျက်နေသည့်အရာများကို မသိရှိသေးချေ။ လပြက္ခဒိန်၏ ပထမလ ၁၅ရက်နေ့တွင် ကျောင်းကိုတည်ထောင်ကတည်းက ယခုဆိုလျှင် ရက်၂၀ရှိလာပြီဖြစ်ရာ ရှန်းနဥ်၊ ရွှီဝမ်ယင်း၊ ချန်းရှောင်ယာ၊ ရှီချောင်အာတို့ ကလေးမလေးယောက်သည် စုတ်တံပြုလုပ်သည့် အလုပ်ရုံတစ်ခုကိုပင် တည်ထောင်ခဲ့ပြီ ဖြစ်လေသည်။
ထိုကိစ္စအားလုံး၏ အစသည် သရှင်းရွာက စန်းလော့၏ အထူးထုတ်ကုန်ပစ္စည်းများ ရောင်းချမှုကို အနီးအနားက ပြည်နယ်အတွင်းသို့ ချဲ့ထွင်သည့်အချိန်ကဖြစ်သည်။ အသားခြောက်နှင့် အသားမွကြော်များက နာမည်ကြီးလာပြီး ယုန်အအေးသားများကိုပင် နေ့စဥ်အမှာစာ ရနေသည်။ ရလဒ်အနေဖြင့် ဝက်မှင်များနှင့် ယုန်သားမွှေးများ ကုန်ကြမ်းသိသိသာသာ တိုးလာခဲ့သည်။
သို့သော်ငြားလည်း ရှန်းနဥ်နှင့် သူမ၏သူငယ်ချင်းများသည် တော်တော်လေး အလုပ်များနေကြလေသည်။ သူတို့သည် ကျောင်းတွင် စာသင်ပေးရသည့်အပြင် ရှန်းနဥ်နှင့် ချန်းရှောင်ယာတို့ကလဲ သူတို့၏ကိုယ်ပိုင်စာရင်းများကို စီမံရသေးသည်။ ထို့ကြောင့် သူတို့တွင် စုတ်တံလုပ်ဖို့ရန်အတွက် အချိန်များ နည်းလာသည်။ စန်းလော့၏ ခေါက်ဆွဲအလုပ်ရုံကို စဥ်းစားမိသွားပြီး ကလေးမလေး၄ယောက်က စုတ်တံအလုပ်ရုံတစ်ခုကို တည်ထောင်ဖို့ ဆုံးဖြတ်လိုက်ကြသည်။ သူတို့က သူတို့၏စုတ်တံများကို တစ်ခြားဒေသများသို့ ဖြန့်ဖြူးဖို့ရန် ရှန်းကျင့်၏အဖွဲ့သို့ ကုန်သည်အလုပ်သင်များကိုပင် ထည့်သွင်းဖို့ရန် စဥ်းစားထားသည်။
ဟုတ်ပါသည်။ ရှန်းနဥ်သည် သည်လိုကိစ္စများကို ကိုင်တွယ်ရာတွင် ကျွမ်းကျင်လာခဲ့သည်။ ထောက်ပံ့ကြေးမပေးဘဲ သူမမရီး၏အရင်းအမြစ်များကို သုံးဖို့ရန် သင့်တော်လိမ့်မည်မဟုတ်ကြောင်း သူမက သိသည်။ ထို့ကြောင့် သူမက သူတို့နှင့်အတူ တိုင်ပင်လိုက်ပြီး စုတ်တံအလုပ်ရုံအတွက် သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်၏ ဝေစုတစ်စိတ်တစ်ပိုင်းအဖြစ် စုတ်တံရောင်းချမှုထဲမှ အကျိုးဆောင်ခတစ်ခုကိုလည်း ပေးမည်ဟု အဆိုပြုလိုက်သည်။
အလုပ်ရုံကို ရွှီမိသားစု၌ အစောပိုင်းက စုတ်တံပြုလုပ်သည့် ထိုအခန်းထဲမှာပင် တည်ဆောက်ထားလိုက်ပြီး နောက်ထပ် အလုပ်ရုံသုံးပစ္စည်းများကို ထည့်သွင်းထားလိုက်သည်။ ဝါးလက်ကိုင်များကို ဝါးလုပ်ငန်းတွင် ကျွမ်းကျင်သည့် အနီးအနားက လယ်သမားများကို နမူနာပေးပြီး သဘောတူထားသည့် စျေးနှုန်းအတိုင်းပေးကာ လုပ်ခိုင်းရသည်။ စုတ်တံခေါင်းများကို ပြုလုပ်ရန်အတွက်တော့ သူတို့က ကျောင်းအသစ်တွင် လာတက်နေကြသည့် အပြင်ကျောင်းသားများထဲမှ ဇွဲလုံ့လရှိသည့် ဆယ်ကျော်သက်လေးတစ်ချို့ကို ခေါ်ယူထားကာ ထုတ်လုပ်နိုင်သည့် အရေအတွက်ပေါ်မူတည်ပြီး သူတို့ကို ငှားရမ်းခပေးလေသည်။
သူတို့သည် စီးပွားရေးတစ်ခုကို မည်သို့
လည်ပတ်ရမည့်အကြောင်းကို ကောင်းကောင်း သင်ယူတတ်မြောက်ခဲ့သည်။
စန်းလော့မှာ သူတို့ကို မထောက်ခံပေးဘဲ မနေနိုင်တော့ချေ။ ဒါသည် ကျောင်းအတွက် ထူးခြားသည့် အပြုသဘောဆောင်သည့် တိုးတက်မှုတစ်ခုဖြစ်သည်မှာ ရှင်းလင်းလေသည်။ ဆယ်ကျော်သက်ရောက်စ မိန်းကလေးများသည် အိမ်တွင် ဝက်စာများကိုစုဆောင်းပြီး ကြက်စာကျွေးခြင်း၊ အစားအသောက်ကို ချက်ပြုတ်ခြင်း ဝေယျာဝစ္စများဖြင့် အလုပ်များနေတတ်ကြကာ ထို့နောက်တွင်တော့ ရက်၂၀သာ ကျောင်းတက်ရသေးသည်တွင် သည်လိုမျှော်လင့်မထားသည့် ဝင်ငွေအရင်းအမြစ်တစ်ခုကို မတော်တဆတွေ့ရှိလေသည်။
သည်သတင်းကို ကြားလိုက်သည်တွင် ပညာတတ်ခြင်း၏ အကျိုးကျေးဇူးသည် သရှင်းရွာပတ်ဝန်းကျင်က ရွာသားများအကြားတွင် တွန်းအားတစ်ခုဖြစ်လာပြီး နားထောင်သူအနေနှင့် လာရောက်တက်ကြသည့် ကျောင်းသားအရေအတွက်ကလဲ သိသိသာသာ တိုးလာခဲ့သည်။
သည်လို အဆင်ပြေလှသည့် ရလဒ်တစ်ခုထွက်လာသည်တွင် စန်းလော့သည် ဆန့်ကျင်ဘက် နောက်ဆက်တွဲရလဒ် ဖြစ်လာလိမ့်မည်ဟု လုံးဝမျှော်လင့်မထားချေ။
အမှန်တွင်တော့ ထိခိုက်မိသွားသည့်သူက သူတို့၏ စိုးရိမ်ပူပန်စိတ်များကို ထုတ်ပြောဖို့ရန် သူမဆီသို့ ချဥ်းကပ်မလာခဲ့ချေ။ စန်းလော့က ထိုအကြောင်းကို သူမ၏ကလေးများဆီသို့ အလည်လာသည့် ဖန်းလျိုညန်ဆီမှတစ်ဆင့် ပြန်ကြားခဲ့ရခြင်းပင်။
လုမိသားစု၏ ပထမအိမ်ထောင်စုသည် အိမ်ခွဲဖို့ရန် ပြင်ဆင်နေကြလေသည်။
ထိုကိစ္စဖြစ်လာရသည့် အကြောင်းအရင်းမှာ လုသလန်၏ နောက်အိမ်ထောင်ပြုမည့် စိတ်ကူးကြောင့်ပင်။ သူ့မိသားစုကို အကြောင်းမကြားဘဲ သူက အောင်သွယ်တော်တစ်ယောက်ကို တာဝန်ပေးကာ သားသတ်သမားကျန့်မိသားစုထံ လက်ထပ်ခွင့်တောင်းခိုင်းနေသည်။ ငြင်းပယ်ခံလိုက်ရပြီးနောက် ရက်တော်တော်အကြာတွင် ကျန့်သနွီသည် သူမ၏ ညကျောင်းလာတက်ပြီး အိမ်ပြန်ချိန်တွင် လုသလန်က သူမနောက်မှ အိမ်သို့ လိုက်လာခဲ့သည်။
ကျန့်သနွီက ညကျောင်းကို ကန်းအာ့လန်၏မိန်းမ၊ သူမ၏တူမ၊ ဖန်းမိသားစု၏ မိသားစုနှစ်ယောက်နှင့်အတူ တက်ခဲ့သည်။ သို့သော်ငြားလည်း ကန်းမိသားစုနှင့် ဖန်းမိသားစုတို့က ကျန့်မိသားစုတို့နှင့် လမ်းခွဲလာခဲ့ပြီး တစ်ခြားမိသားစုနှစ်ခုကလဲ သူတို့အိမ်သို့ ပြန်ရောက်သွားချိန်တွင် ကျန့်သနွီက သူမ၏တူလေးနှင့်အတူ နှစ်ယောက်တည်းလမ်းလျှောက်ကာ ပြန်လာခဲ့သည်။
ထိုအခါမှ လုသလန်က ပေါ်လာပြီး ကျန့်သနွီကို သူမက သူ့လက်ထပ်ခွင့်တောင်းခြင်းကို အဘယ်ကြောင့် ငြင်းဆန်ခဲ့ပါသနည်းဟု မေးမြန်းလေသည်။ သူသည် စုံစမ်းထားခဲ့ပြီးဖြစ်ကာ မုဆိုးဖိုနှင့် မုဆိုးမတို့ဖြစ်ကြသဖြင့် သူတို့သည် ပြီးပြည့်စုံသည့်လက်တွဲဖော်များဖြစ်သည်ဟု ပြောလေသည်။ သူမက သူ့ထံတွင် ဘာများလိုအပ်ချက်ကို မြင်နေပါသနည်းဟု မေးမြန်းပြန်သည်။
အကယ်၍ ဒီကိစ္စသည် တစ်စုံတစ်ယောက်ထံ၌ ဖြစ်ခဲ့လျှင်တော့ ကြမ်းကြမ်းတမ်းတမ်း စကားတစ်ခွန်းနှစ်ခွန်းနှင့် ပြီးသွားပေလိမ့်မည်။ သို့သော်ငြားလည်း ကျန့်သနွီသည် အတိတ်တွင် စိတ်မချမ်းမြေ့ဖွယ်ရာကိစ္စရပ်များ ရင်ဆိုင်ကြုံတွေ့ခဲ့ရသဖြင့် သူမကို အရင်ကထက်ပိုပြီး ကြောက်ရွံ့စေလေသည်။ ညကလဲမှောင်နေပြီ’ လူတစ်ယောက်က သူမနောက်သို့ လိုက်လာသည့်အပြင် လုသလန်၏အသံကလဲ ကြမ်းရှရှဖြစ်နေရာ သူမမှာ အမှန်တကယ် ကြောက်ရွံ့လာတော့သည်။
ကံအားလျော်စွာ လုသလန်၏သားအကြီး ရွှမ်းကျူးသည် ပြီးခဲ့သည့်ရက်၂၀အတွင်း တစ်ခုခုလွဲ မှားနေသည်ကို သတိထားမိသဖြင့် ညကျောင်းတက်သည့် အချိန်ကာလအတွင်းတွင် သူမ၏လုံခြုံရေးကို စောင့်ကြည့်ပေးဖို့ရန် သူမနောက်မှ တိတ်တဆိတ် လိုက်လာနေခဲ့သည်။ ပြဿနာကို ခံစားမိလိုက်သည်တွင် သူက ချက်ချင်းကြားဝင်လာပြီး သူ့ကိုယ်သူ မိတ်ဆက်ကာ တောင်းပန်စကားပြောပြီးနောက် သူ့အဖေကို ဆွဲခေါ်သွားတော့သည်။
ကျန့်သနွီသည် လုရွှမ်းကျူးကို ကျောင်းမှအတန်းဖော်အဖြစ် မှတ်မိနေသဖြင့် သူမ၏စိတ်မှာ နောက်ဆုံးတော့ စိတ်အေးသွားတော့သည်။
သူမကတော့ ဘာမှမပြောလိုက်ချေ။ သူမ၏အစ်ကိုများကတော့ သရှင်းရွာသို့ တန်းတန်းမတ်မတ် သွားလိုက်ပြီး လုသလန်ကို ကောင်းကောင်းလေး ရိုက်နှက်ကြတော့သည်။
"သူတို့တွေက ခင်များနဲ့ထိပ်တိုက်မတွေ့ဘူးဆိုတာက နင့်ကိုမျက်နှာသာပေးချင်လို့ပဲ၊ ခင်များက ခင်များရဲ့အသက်အရွယ် ကိုယ့်နာမည်ကိုတောင်မှ ပြန်မကြည့်ဘဲ လူလွှတ်ပြီးတော့ ငါတို့မိသားစုကို မင်္ဂလာပွဲလာတောင်းဆိုရဲတယ်၊ လက်ထပ်ပွဲကို ငြင်းဆန်ထားပြီးတာတောင် ညပိုင်းမှာ ငါ့ညီမနောက် ဘယ်လိုများအတင့်ရဲပြီး လိုက်လာရဲရတာလဲ၊ ခင်များက သူ့ကို ခြောက်လှန့်ဖို့ကြိုးစားနေတာပဲ၊ ခင်များက ငါ့ညီမကို ခြောက်လှန့်ရဲရတယ်လို့"
သူတို့သည် သူ့ကို အသက်မသေရုံတမယ် အမှန်ပင် ရိုက်နှက်ခဲ့ကြလေသည်။
လုမိသားစု၏ အကြီးဆုံးအိမ်ထောင်စုသည် ရွာ၏အစွန်ဆုံးပိုင်းတွင် နေထိုင်သည်ဖြစ်ရာ ကျန့်ညီအစ်ကိုများကလဲ သရှင်းရွာသို့ မကြာခဏ လာရောက်တတ်ပြီး စန်းလော့ကို ဝိုင်းကူခဲ့သည်။ ထို့ကြောင့် သူတို့က ရွာထဲသို့ဝင်လာချိန်တွင် မည်သူကမှ ထူးထူးခြားခြား ဂရုစိုက်မနေကြချေ။ လုအိမ်၏အပြင်ဘက်ရှိ မည်သူကမှ လုသလန်ရိုက်နှက်ခံရသည်ကို မသိခဲ့ကြပေ။
"အမေကတော့ ဒေါသထွက်နေပြီ၊ ရွှမ်းကျုးက ၁၉နှစ်၊ ထယ်ကျူးက၁၇နှစ်၊ အဲဒီ့နေ့တုန်းက ဖြစ်သွားတဲ့ကိစ္စကြောင့် ရွှမ်းကျူးမှာ သူရဲ့လက်တွဲဖော်ကို ရှာတွေ့ဖို့တောင် မလွယ်ကူဘူး။ သူရော ထယ်ကျူးရော ဖြစ်လာနိုင်တဲ့ အလားအလာဆိုတာ မရှိဘူး၊ ဒါပေမဲ့ သူကတော့ နောက်အိမ်ထောင်ပြုဖို့တောင် စဥ်းစားနေသေးတယ်တဲ့"
ဖန်းလျိုညန်၏ အကျင့်စရိုက်တစ်ခုနှင့်ဆိုလျှင် သူမသည် သည်ကိစ္စအကြောင်းပြောသည့်အခါတွင် သူမ၏နှုတ်ခမ်းကို မမဲ့ထားပဲ မနေနိုင်တော့ချေ။ သူမသည် သူမ၏ တူဖြစ်သူများကို အလွန်ပင်သနားမိလေသည်။
သူတို့၏အိမ်နီးချင်းများ အားလုံးသည် ဟိုတုန်းက တောင်အတွင်းပိုင်းမှ ထွက်လာကြသူဖြစ်ရာ သည်ကိစ္စကို အတိုင်းအတာတစ်ခုအထိ ရင်းနှီးကြသည်။ လုမိသားစု၏ အကြီးဆုံးအိမ်ထောင်စုကို နှစ်တော်တော်များများ မတွေ့ခဲ့ကြသည့်သူများကလဲ ဖြစ်ခဲ့သည့်အကြောင်းအရာကို ခန့်မှန်းနိုင်ကြသည်။ ကျန့်မိသားစုအတွက်ကတော့ သူတို့သည် ထိုသတင်းများကို မကြားဘဲ အဘယ်မှာရှိပါမည်နည်း။
သူတို့သည် ထူးထူးခြားခြား ရင်းနှီးမနေကြသည့်တိုင် သူတို့အားလုံးသည် ဟိုတုန်းက တောင်အတွင်းပိုင်းထဲသို့ ခိုလှုံဖို့ရန် သွားခဲ့ကြသည့်သူများ၏ အဖွဲ့များထဲက အစိတ်အပိုင်းများဖြစ်သည်။ သရှင်းရွာက လူတိုင်းသည် ဘယ်နေရာကမှန်းမသိ နောက်ကျမှရောက်လာသည့် လုမိသားစု၏ ပထမဦးဆုံး အိမ်ထောင်စုမှလွဲလျှင် အချင်းချင်း ကောင်းကောင်းသိကြလေသည်။ မည်သူက ထိုကိစ္စကို သတိမထားမိဘဲ နေပါမည်နည်း။
ထို့ကြောင့် မနေ့ကတည်းက အဘွားလုသည် အကြီးဆုံးမိသားစု၏ ဂုဏ်သိက္ခာကို တည်ထောင်ဖို့ရန် သူမ အကြီးဆုံးမြေးအတွက် လက်တွဲဖော်တစ်ယောက် ရှာဖွေပေးဖို့ စိတ်အားထက်သန်ခဲ့သည်။ လတော်တော်များများ လှည့်ပတ်ရှာဖွေခဲ့ပြီးသည့်တိုင် သူမသည် သင့်တော်သည့် လူတစ်ယောက်ကို ရှာမတွေ့နိုင်ခဲ့ချေ။ ထို့အတွက် မည်သူ့ကို အပြစ်တင်နိုင်ပါမည်နည်း။
ယခုတော့ လုသလန်က နောက်အိမ်ထောင်ပြုဖို့ရန် အမှန်ပင် စဥ်းစားရဲဖို့ သတ္တိရှိနေသည်။
"သူကဖြင့်၃၆နှစ်၊ ကျန့်သနွီက အခုမှ အလွန်ဆုံးရှိ၂၃-၂၄ပေါ့၊ သူက တကယ်ပဲ စဥ်းစားရဲတတ်သေးတယ်"
စန်းလော့မှာ ဒေါသကြောင့် မနေနိုင်ဘဲ အသံထွက်ရယ်မိတော့သည်။
အမှန်ပင် ကျန့်သနွီကလဲ တော်တော်လေး ဆွဲဆောင်မှုတော့ရှိသည်။ သူတို့ပထမဦးဆုံးတွေ့ခဲ့ချိန်က သူမသည် မျက်နှာဝိုင်းဝိုင်း ဖော်ရွေတတ်သည့် မျက်နှာလေးတစ်ခုနှင့် ပြည့်ပြည့်ဖြိုးဖြိုးရှိပြီး သူမ၏ ဖြူဖွေးနေသည့် အသားအရောင်က ကလေးဘဝကတည်းက မိဘများ၏ အမြတ်တနိုးထားခံရသည်ကို ပြောပြနေသည်။ သူမ၏ မိသားစုအခြေအနေကလဲ အဆင်ပြေသည့်ဟန်တူကာ သူမကို အာဟာရပြည့်အောင် ပြုလုပ်ပေးနိုင်သည်။
စီရင်စုထဲတွင် ပိတ်မိနေခဲ့သည့်ကိစ္စဖြစ်ပြီးနောက် တစ်ဖန် အပြင်သို့ ပြန်ရောက်လာပြီးနောက်တွင် သူမသည် အစောပိုင်းကလို လုံးဝပြန်ပြီး မပြည့်ဖြိုးလာတော့ချေ။ သူမ၏ရုပ်သွင်ပြင်နှင့် မျက်လုံးများက ပိုပြီးတော့ သိသာထင်ရှားလာသည်။
တစ်ဖက်တွင်တော့ လုသလန်က လုံးဝကို ဆန့်ကျင်ဘက်ဖြစ်နေသည်။ သူသည် သူ့ကိုယ်သူ လုံးဝဂရုမစိုက်ခဲ့သလို အချိန်ကြာလာသည်နှင့်အမျှ ပိုပြီးကြမ်းတမ်းလာခဲ့သည်။ သူ့ကို တစ်ချက်ကြည့်လိုက်ရုံနှင့် သူသည် ခင်ပွန်းတစ်ယောက် ဖြစ်ရမည့်အစား အဖေတစ်ယောက် ဖြစ်သည်ဟု လူများကို အလွယ်တကူ ယုံကြည်လာစေသည်။ သို့တိုင် သူကတော့ ထိုသို့လုပ်ဖို့ရန် သည်းခြေရှိသေးသည်တဲ့။ စန်းလော့မှာ အထင်သေးလွန်းသဖြင့် တံတွေးပင် ထွေးဖြစ်ချင်သွားတော့သည်။
ရာသီဥတုနွေးလာသည်နှင့်အမျှ မှောက်နေရုံသာမကဘဲ အိပ်ယာပေါ်တွင် တွားသွားတတ်နေသည့် ယောင်ယောင်ကို သူမ၏ခြေထောက်ဖြင့် လှမ်းထိန်းထားလိုက်၏။ ဖန်းလျိုညန်ဖက်သို့လှည့်ကာ သူမက မေးလိုက်လေသည်။ "နောက်တော့ ဘာဖြစ်သွားလဲ၊ လုအဘွားက အိမ်ထောင်စုခွဲပေးမဲ့အကြောင်း ပြောခဲ့တာလား"
"မဟုတ်ပါဘူး၊ အိမ်ထောင်စုခွဲမယ်ဆိုတဲ့ အကြောင်းပြောတာက ရွှမ်းကျူးပါ၊ သူက ထယ်ကျူးနဲ့ သူ့မောင်နှမတွေနဲ့အတူ အိမ်ထောင်တစ်ခုကို ခွဲချင်တယ်တဲ့၊ အောက်က မောင်နှမ၄ယောက်ကလဲ သူတို့အကြီးဆုံးအစ်ကိုနဲ့ အရမ်းတရင်းတနှီး ရှိတယ်ဆိုတာ သတိထားမိတယ်လေ"
စန်းလော့သည် မျက်ခုံးများကို ပင့်ထားလိုက်ပြီး တော်တော်လေး အံ့သြသွားသည်။
ဖန်းလျိုညန်က အသံထွက်ကာ ရယ်မောလိုက်ပြီး "ထင်မထားဘူး မဟုတ်လား"
"ကျွန်မ တကယ်မထင်ထားဘူး၊ သူ တောင်ထဲမှာနေတုန်းက တစ်ခုခု ထပ်လုပ်ခဲ့လို့များလား"
သူမ၏မှတ်ဉာဏ်ထဲတွင် လုမိသားစု၏ အကြီးဆုံးအိမ်ထောင်စုမှ ကလေးများသည် တော်တော်လေးကို လိမ်မာသိတတ်ကြသည်။
လိမ်မာသိတတ်နေခြင်းက ဆိုးရွားနေသည် မဟုတ်ချေ။ သို့သော်ငြားလည်း သူတို့သည် အလွန်မှ စိတ်ပျော့ကြသည်။ လုသလန်ဖြစ်စေ ဝမ်ချွန်းညန်ဖြစ်စေ မည်သို့ပင်လုပ်ခဲ့ပါစေ သူတို့၏ကလေးများက သူတို့ကို မတားနိုင်သလို ထိန်းချုပ်ထားခြင်းလည်း မရှိနိုင်ခဲ့ပေ။ သူတို့သည် သူတို့၏မိဘများကို ပြင်းပြင်းထန်ထန် အပြစ်ပေးသည်ကိုလည်း မကြည့်ရက်ကြပေ။ ထိုအရာကပင် တဖြည်းဖြည်းနှင့် ယိုယွင်းပျက်စီးလာပြီး မိသားစုတစ်ခုလုံးကို အပြင်သို့ပို့ရသည်အထိ ဖြစ်သွားလေသည်။
ယခုတော့ သူတို့သည် သူတို့၏မောင်နှမများအတွက် အဓိကမိသားစုမှ အိမ်ထောင်ခွဲဖို့ရန် ဆုံးဖြတ်ချက်ချခဲ့သည်တဲ့။ ဒါသည် အံ့သြစရာကောင်းသည်ကအမှန်ပင်။
ဖန်းလျိုညန်က ခေါင်းခါလိုက်၏။ "ကျွန်မလဲ မသိပါဘူး၊ သူ ပြန်လာကတည်းက ကျွန်မ ဘာမှမကြားခဲ့ရဘူးလေ၊ ဒါပေမဲ့ ကြည့်ရတာတော့ သူနဲ့ သူ့အဖေကြားမှာ တစ်ချို့တင်းမာတဲ့ကိစ္စတွေ ရှိခဲ့တယ် ထင်ပါတယ်၊ အိမ်ထောင်စုခွဲမဲ့ကိစ္စ မပြောခင်ကတည်းက သူက သူ့အဘိုးအဘွားကို ပြောထားပြီးသား ထင်တယ်၊ အဘွားကြီးက တော်တော်လေးကို စိတ်ပျက်နေပြီး ချက်ချင်းကို လုပ်ပေးလိုက်တော့တာပဲ"
ဪ။ ဒီတော့ ဒါက လုသလန်က တောင်အတွင်းပိုင်းမှာ နေခဲ့တဲ့ အဲဒီ့နှစ်တွေတုန်းက တစ်ခုခုလုပ်ခဲ့တယ်ဆိုတဲ့ အဓိပ္ပါယ်ပဲပေါ့။
"သူတို့တွေ အိမ်ထောင်စုခွဲလိုက်တာလည်း ကောင်းပါတယ်၊ သားနှစ်ယောက်စလုံးက လက်ထပ်ရမဲ့ အရွယ်ရောက်နေပြီလေ၊ ဒါပေမဲ့ အကြီးတစ်ယောက်က အသက်၁၉နှစ်တောင် ရှိနေပြီ၊ လက်မထပ်နိုင်သေးဘူး၊ အဖေတစ်ယောက်ကတော့ သူကိုယ်တိုင် သတို့သားလုပ်ဖို့တောင် စဥ်းစားနေတယ်တဲ့"
အမှန်ပင် လုံးဝကို အားကိုးလို့ မရနိုင်တော့ချေ။ မကြာမှီတွင် ရွှမ်းကျူး၊ ထယ်ကျူးနှင့် သနွီတို့၏ မင်္ဂလာပွဲကို စတင်စဥ်းစားဖို့ရန် အချိန်ရောက်လာတော့မည်။ မိဘများက လက်ထပ်ပွဲကို စီစဥ်ပေးရသည့် ခေတ်တစ်ခုတွင် သူတို့၏ကံကြမ္မာသည် အမှန်ပင် ကံကောင်းခြင်းအပေါ်သာ မူတည်လေတော့သည်။
...
လုမိသားစု၏ ကောလဟာလများကို ကြားခဲ့ရပြီးနောက်တွင်တော့ အဘွားလုသည် နှစ်ရက်အတွင်းတွင် ကြီးမားသည့်လုပ်ရှားမှုတစ်ခုကို ဆွဲထုတ်ခဲ့လေသည်။
ဘာဖြစ်မည်ဟု ထင်ပါသနည်း။
သူမက လုသလန်ကို အိမ်ထောင်စုခွဲမည့်စာချုပ်တွင် လက်မှတ်ထိုးခိုင်းခဲ့ပြီး မြေပိုင်ဆိုင်မှုနှင့် အလဲအလှယ် စာချုပ်ချုပ်ခဲ့သည်။
သူမက မည်သူ၏လယ်ပိုင်ဆိုင်မှုနှင့် အလဲအလှယ် လုပ်ခဲ့ခြင်းပါသနည်း။
နောက်တစ်နှစ်တွင် အသက်၁၈နှစ် ပြည့်တော့မည်ဖြစ်သည့် ထယ်ကျူး၏မြေနှင့် ဖြစ်လေသည်။
သူမက လုအာ့လန်ကို ချွေ့ချီချန်းထံသို့ အထူးတလည် သွားရောက်ရှာဖွေပြီး ကြားဝင်တောင်းပန်ခိုင်းကာ သူတို့သည် တစ်နှစ်နေပြီးလျှင် လုထျယ်ကျူးအတွက် သရှင်းရွာ၏ အပြင်ဘက်က မြေနေရာတစ်ခုကို ရရှိနိုင်မည်လားဆိုသည်ကို မေးမြန်းခိုင်းပြီး သားအဖနှစ်ယောက်ကြား မြေနေရာကို လဲလှယ်ပေးဖို့ မေးမြန်းခိုင်းလေသည်။
တစ်နည်းအားဖြင့်ပြောရလျှင် သူမသည် လုသလန်ကို သရှင်းရွာမှ တိုက်ရိုက် မောင်းထုတ်ခဲ့ခြင်းဖြစ်လေသည်။
ချွေ့ချီချန်းကလဲ မည်သို့သောသူ ဖြစ်ပါသနည်း။ အိမ်ထောင်စုစာရင်းနှင့် မြေယာခွဲဝေရေးကို တာဝန်ယူပေးရသည့် အရာရှိတစ်ယောက်ဖြစ်ကာ သရှင်းရွာနှင့်လည်း ရင်းနှီးသည့်ဆက်ဆံရေးရှိလေသည်။ နှစ်ယောက်စလုံးက ထက်မြတ်လှသည့် စိတ်သဘောထားရှိသည့်ပုံများဖြစ်ရာ မသိမသာ မေးမြန်းစုံးစမ်းခြင်းမှနေ၍ အကြောင်းအရာတစ်ခုလုံးကို နားလည်ဖို့ရန် သူတို့အတွက် လုံလောက်ပေသည်။ လုပ်ငန်းစဥ်တွင်တော့ တစ်ချို့ရှုပ်ထွေးမှုများ ရှိလာနိုင်သော်လည်း ဒါက သားအဖနှစ်ယောက်ကြားက ခွဲဝေသည့်ကိစ္စဖြစ်သဖြင့် သူတို့က တံဆိပ်တုံးထုကာ သဘောတူညီလိုက်ကြပြီး ကိစ္စကို သေသေချာချာ စီစဥ်နိုင်ခဲ့လေသည်။
ထိုအပြင် သူက ထိုကိစ္စကို ချောချောမွေ့မွေ့ ဆောင်ရွက်ပေးခဲ့သေးသည်။ ပထမဆုံးအနေဖြင့် သူက အိမ်ထောင်စုစာရင်း ပြောင်းလဲခြင်းနှင့် လုသလန်အတွက် မြေယာပြဿနာပြောင်းလဲခြင်းကို ကိုင်တွယ်ပေးလိုက်ကာ သူ့ကို ချက်ချင်း ပြောင်းရွှေ့ပေးလိုက်သည်။ မူလက လုသလန် ပိုင်ဆိုင်ထားသည့်မြေကွက်နှင့် ထိုမြေကွက်က စိုက်ပျိုးထားပြီးဖြစ်သည့်အတွက် ရွှမ်းကျူးတို့ညီအစ်ကိုက ရုံးတော်ကို နှစ်စဥ်ငှားရမ်းခ ပေးရလိမ့်မည်ဖြစ်ပြီး ထယ်ကျူးအတွက်မြေယာကို တရားဝင် ချထားပေးသည့်အချိန်အထိ တစ်နှစ်တာအတွက် ထိုမြေကို ယာယီအသုံးပြုနိုင်သည်။
စန်းလော့က ဒါကို အံ့သြသလိုမြင်မိသည်။ "သရှင်းရွာရဲ့ အဓိကကျတဲ့တည်နေရာရယ်၊မြေနေရာကလဲ စိုက်ပျိုးပြီးသားဆိုတဲ့ အချက်ကို ကြည့်မယ်ဆိုရင် သူက ဒါကို ဘယ်လိုလုပ်ပြီး သဘောတူနိုင်ပါ့မလဲ"
"လုံးဝသဘောမတူဘူးလေ၊ ရှင်တို့မိသားစူရဲ့ကျေးဇူးကြောင့် ကျွန်မတို့ရွာက ဘဝတွေကလဲ အရင်ကထက် အများကြီးပိုပြီးတော့ ကောင်းလာတယ်လေ၊ အမှန်အတိုင်းပြောရရင် သရှင်းရွာလို့ ပြောလိုက်တာနဲ့ ကျွန်မတို့ရွာသားတွေအတွက် လက်ထပ်ပွဲစိစဥ်ပေးဖို့က ပိုပြီးတော့ လွယ်ကူသွားစေနိုင်တယ်လေ"
"ဒါနဲ့များ သူက ဘယ်လိုသဘောတူသွားတာလဲ"
ဖန်းလျိုညန်၏အမူအယာက အောင့်သက်သက်ဖြစ်သွားကာ ပြန်ဖြေလိုက်လေသည်။ "အဘွားကြီးက ဆုံးဖြတ်ပြီးသွားပြီလေ၊ သူက ကျွန်မတို့မိသားစုနဲ့ သလန်တို့မိသားစုရဲ့ သဘောတူညီမှုကို တောင်းခံခဲ့ပြီး စားပွဲပေါ်မှာ ငွေ၁၅ယွမ်ကို ချပေးလိုက်တယ်၊ သူက ပြောလိုက်တာပေါ့ တကယ်လို့ သူသာ သဘောတူမယ်ဆိုရင် ငွေကို လျှော်ကြေးအဖြစ်ပေးမယ်၊ တကယ်လို့ သဘောမတူဘူးဆိုရင်တော့ ဒါက သရှင်းရွာတစ်ခုလုံးကို တံတိုင်းပြန်ဆောက်ဖို့အတွက် ရွာသားတွေရဲ့ လုပ်အားခဖြစ်ပြီး သူ့ကို သီးသန့်ခွဲထားလိုက်မယ်ပေါ့၊ ဒါပေါ့ နောက်ဆုံးကျတော့ ရွှမ်းကျူးကပဲ အဲဒီ့ဝေစုတွေကို ထုတ်ပေးလိုက်ပြီး သူ့အဘွားဆီက တစ်ပြားမှမယူခဲ့ဘူးလေ"
စန်းလော့မှာ သူမ ကြားလိုက်ရသည့်စကားကြောင့် မှင်သက်အံ့သြသွားတော့သည်။
သရှင်းရွာသည် မူလက ရှီကျိုးမှ ဝမ်မိသားစု၏ ပိုင်ဆိုင်သည့် အိမ်ယာဝန်းတစ်ခု ဖြစ်သည်။ ပိုပြီး အလွယ်တကူ စီမံနိုင်ရန်အတွက် တောင်နှင့်နီးသည့် နေရာများကလွဲလျှင် ရွာ၏ကျန်သည့်အပိုင်းများက မြေသားနံရံများနှင့် တံတိုင်းခတ်ထားလေသည်။
ထို့အတွက်ကြောင့်ပင် လုမိသားစု၏ အကြီးဆုံးမိသားစုက နောက်ကျမှ ပြန်ရောက်လာခဲ့ပြီး ရွာထဲတွင်ရောနှောမနေဘဲ သူတို့၏မြေနှင့်အိမ်များကို ရွာ၏အစွန်ဆုံးတွင်ရှိသည့် နေရာတစ်ခုကို ရွေးချယ်ခဲ့ခြင်းပင်။
စန်းလော့က လုမိသားစု၏ မြေတည်ရှိနေသည့်နေရာကို စဥ်းစားလိုက်မိ၏။ လုသလန် တစ်ယောက်တည်းကို တံတိုင်းခတ်ပေးရမည်ဆိုလျှင် တော်တော့ကိုကျယ်ဝန်းသည့် တံတိုင်းတစ်ခု ဖြစ်ရန်လိုအပ်သည်။ ဒါသည် မိတ်ဆွေများက စေတနာနှင့် ရက်အနည်းငယ်လောက် ဝင်ရောက်ကူညီပေးနိုင်သည့် အိမ်တစ်လုံးဆောက်လုပ်ခြင်း မဟုတ်။
ဒီအခြေအနေက တော်တော်လေး ပုံမှန်တော့မဟုတ်သည်က အမှန်။ အခကြေးငွေတစ်ခုက ပါဝင်လာလိမ့်မည်။
အမှန်တွင် စပါးနှင့် အသီးအရွက်များကို အိမ်တွင်စိုက်ထားသည့်တိုင် အသားဝယ်ယူခြင်းနှင့် အလုပ်လုပ်ရာတွင် အလုပ်သမား ငှားရမ်းခြင်းအတွက် ကုန်ကျစရိတ်နှင့်ပင် တော်တော်များသည့်ပမာဏကို လိုအပ်လေသည်။
ဖြေရှင်းရန်ခက်နေသည့်ပြဿနာမှာ အကယ်၍ အဘွားလုက ဒီကိစ္စကို လိုက်လုပ်ပေးလျှင် အဘိုးလုကလဲ မျက်နှာရလိမ့်မည် မဟုတ်ချေ။ သူသည် ဒီနေရာတွင် ဆက်ပြီးနေနေလျှင်ပင် သူ၏ကျန်သည့်ဘဝအတွက် ရှီကျိုးမြို့အပြင်ဘက်က ဒီနေရာတွင် သူ့ခေါင်းကို ဘယ်တော့မှထပ်ပြီး ထောင်နိုင်လိမ့်မည် မဟုတ်ချေ။
စန်းလော့က တစ်လုံးတည်းနှင့် ကောက်ချက်ချလိုက်တော့သည်။ "ပြီးပြည့်စုံလိုက်လေခြင်း"
ဒီကိစ္စကို အပြစ်အနာအဆာမရှိဘဲ ဖော်ဆောင်ထားခြင်းသာ ဖြစ်တော့သည်။
...
အပိုင်း (၂၇၈) ရာထူးအပ်နှင်းခြင်း
တော်ဝင်စာမေးပွဲနှင့် မြို့တော်တက္ကသိုလ်၏ ကျောင်းသားများ ဝင်ခွင့်စာရင်းနှင့်ပတ်သတ်သည့် ဓလေ့ထုံးစံဌာနမှ ကြေငြာချက်များသည် သရှင်းရွာသို့ရောက်လာမည့် တော်ဝင်အမိန့်တော်နှင့် ရှေ့ဆင့်နောက်ဆင့်နီးပါး ရောက်လာသည်။
ရှန်းလီနှင့် ရှန်းအန်းတို့သည် သူတို့၏အတန်းဖော်များဖြစ်သည့် ဝေ့ချင်းဟယ်၊ ဝမ်ယွင်ကျန့်နှင့် တစ်ခြားသူများနှင့်အတူ သချီမှပထမဦးဆုံး ပညာတော်သင်အသုတ်အတွက် အသေးစိတ် ချမှတ်ထားသည့် အဆင့်မြှင့်တင်ထားသည့်စနစ်များ နှင့်ပတ်သတ်ပြီး တိုင်ပင်ဆွေးနွေးနေချိန်တွင် ဆက်သားတစ်ယောက်က ညီအစ်ကိုများကို အိမ်သို့ ချက်ချင်းပြန်ရန် အလောတကြီး လာခေါ်လေသည်။
"မင်းတို့ရွာမှာ ဧည့်သည်တွေ ရောက်နေတယ်၊ ပြောကြတာကတော့ တော်ဝင်သံတမန်တစ်ယောက်က သရှင်းရွာကို ရောက်လာပြီး မင်းတို့ကို ချက်ချင်းပြန်လာဖို့ တောင်းဆိုနေတယ်တဲ့"
ပြည်နယ်ကျောင်းတော်ထဲက အုန်းအုန်းကြွပ်ကြွပ် ဖြစ်သွားသည့်အသံကြောင့် တော်ဝင်အမိန့်တော်သည် မည်သူ့ကို ရည်ရွယ်သည်ကို သံသယဖြစ်စရာ မလိုတော့ချေ။ ရှန်းလီ၏ဇနီး စန်းစီရင်စုမင်းသမီးသည် ရှီကျိုးက အရာရှိများထက်ပင် တော်ဝင်အမိန့်တော်များကို ပိုပြီးလက်ခံရရှိခဲ့သည်။ တစ်နှစ်တာ အချိန်တိုကာလအတွင်းတွင် သူမသည် မြေယာများ၊ တော်ဝင်မုဒ်ဦးနှင့် ယခုတော့ နောက်ထပ်အမိန့်စာတစ်ခုကို လက်ခံချီးမြှင့်ခံခဲ့ရသည်။
တစ်ချို့ကျောင်းသားများက စန်းလော့၏ နောက်ဆုံး ကြိုးစားအားထုတ်မှုအကြောင်း မေးမြန်းရန် သရှင်းရွာက စာသင်သားများဆီသို့ ချဥ်းကပ်လာကြသည်။
အမိန့်တော်က ရောက်ရှိနေနှင့်ပြီးဖြစ်ရာ ဒါကို လျှိုဝှက်ထားနေရန် မလိုတော့ချေ။ ဝေ့ချင်းဟယ်နှင့် အသေးစိတ် အကြောင်းအရာကို သိရှိကြသူများက သတင်းကို မျှဝေပေးလိုက်ပြီး အားလုံးမှာ တအံ့တသြ ဖြစ်သွားကြလေသည်။ တစ်ယောက်ကတော့ ခက်ခက်ခဲခဲ တံတွေးကို မြိုချလိုက်ပြီး "သေချာနေပါပြီ၊ ဒီတခါတော့ သူက မြို့စားမင်းသမီးရာထူးကို တက်သွားတော့မှာလား"
နေ့ခင်းဘက် ခဏနားသည့် အချိန်အတောအတွင်းတွင် တစ်တန်းလုံးက ကျောင်းသားများ၏ခန္ဓာကိုယ်သည် လှုပ်လှုပ်ရှားရှား ဖြစ်နေကြပြီး မျက်လုံးများအားလုံးက အသိပေးဘုတ်ပြားကိုဖတ်နေသည့် လက်ထောက်ဆရာဆီသို့ မခွာတန်းကျရောက်နေကြသည်။
လက်ထောက်ဆရာကလဲ သိချင်နေသည်။ အကြည့်ချင်း ဖလှယ်လိုက်ကြပြီး သူတို့က အတူတူသွားရောက်ကာ စုံစမ်းကြမည်ဟု သဘောတူလိုက်ကြသည်။
ထို့နောက်တွင်တော့ ရှန်းလီနှင့် ရှန်းအန်းတို့သာ အိမ်ပြန်လာကြသည်မဟုတ်ဘဲ ပြည်နယ်ကျောင်းတော်က လက်ထောက်ဆရာများနှင့် ကျောင်းသားတစ်ဖွဲ့ကလဲ နောက်မှ လိုက်ပါလာသည်။
ရှီကျိုးမြို့ တံခါးအဝသို့ ထွက်လာသည်တွင် ဖန်ဖေးညန်သည် လူအများက သရှင်းရွာဘက်သို့ ဦးတည်သွားနေကြသည်ကို မြင်လိုက်ရသည်။ သူတို့သည် ဒေသခံရွာသားများလို ဝတ်စားဆင်ယင်ထားကြသည်။
သရှင်းရွာသို့ ရောက်လာသည်တွင် ရှန်းမိသားစု၏ ခြံဝန်းကို လူများက ဝိုင်းအုံနေပြီဖြစ်သော်ငြားလည်း မည်သူကမှ သူတို့၏လမ်းကို ပိတ်မထားရဲကြချေ။ အားလုံးက အလွန်မှ ယဥ်ယဥ်ကျေးကျေး ရှိလွန်းလှသဖြင့် ရှန်းလီမှာ အထူးအဆန်း ဖြစ်သွားလေသည်။ အပြင်ဘက်တွင် ရှိနေကြသည့် ချန်းသရှန်နှင့် ကျိုးသလန်တို့က သူ့ကို တိုးတိုးလေးပြောလိုက်၏။ "သံတမန်အပြင် မြို့တော်က အဆင့်မြင့်အရာရှိတွေ တော်တော်များများ ရောက်နေကြတယ်၊ စီစဥ်ပေးဖို့ အထဲမှာကူညီပေးနေကြတဲ့ ငါ့အဘွားနဲ့ ရွာကဒေါ်ဒေါ်တွေကလွဲရင် ငါတို့တွေ အထဲကိုမဝင်ရဲကြဘူး၊ သူတို့တွေကို ပြစ်မှားမိမှာစိုးလို့လေ” ဒါသည် ဒီရွာသားများ အားလုံးက ရှန်းမိသားစု၏ ခြံဝန်းအပြင်ဘက်တွင်သာ ရပ်နေကာ အတွင်းဘက်သို့ ခြေတစ်လှမ်းမှ မချရဲရသည့် အကြောင်းအရင်း ဖြစ်လေသည်။ သည်ခေတ်အခါတွင် သာမန်ပြည်သူများသည် အရာရှိများအပေါ်သို့ သဘာဝအလျောက် ကြောက်ရွံ့မှုတစ်ခုကို လက်ကိုင်ထားကြသည်။
ပြည်နယ်ကျောင်းတော်မှ လက်ထောက်ဆရာများနှင့် စာသင်သားများသည် မြို့တော်က အရာရှိများကို တော်တော်လေး သဘောကျကြလေသည်။ သူတို့သည် တစ်နေ့ကျလျှင် သူတို့၏ လူမှုရေးအဆင့်အတန်းကို မြင့်မားစေပြီး အရာရှိရာထူးတစ်ခုကို ရရှိနိုင်မည့်မျှော်လင့်ချက်ဖြင့် တော်ဝင်စာမေးပွဲအတွက် စာသင်ယူနေကြခြင်း ဖြစ်သည်။ နောက်ဆက်တွဲရလဒ်အနေဖြင့် သူတို့သည် သာမန်ရွာသားများထက် ပိုပြီးသတ္တိရှိကြကာ ပထမခြံဝန်းအထဲသို့ လိုက်ဝင်လာကြသည်။ သို့သော်ငြားလည်း သူတို့သည် ဒုတိယခြံဝန်းအဝင်ဝသို့ အရောက်တွင် ရပ်သွားကြသည်။ ထိုနေရာမှနေ၍ သူတို့၏ ပြည်နယ်အုပ်ချုပ်ရေးမှူးအပြင် အနီရောင်နှင့် အစိမ်းရောင်အဝတ်များ ဝတ်ဆင်ထားသည့် ရာထူးအဆင့်မြင့်သည့် ကုန်းကုန်းတစ်ယောက်နှင့် အရာရှိနှစ်ယောက် ရှိနေသည်ကို ဝိုးတဝါမြင်နေရသည်။ အနီရောင်ဝတ်ရုံ၏ ရာထူးအမှတ်အသားကို မှတ်မိနေသည်တွင် သူတို့သည် သူ့ကို အဆင့်၄အရာရှိ တစ်ယောက်အဖြစ် သိလိုက်ကြပြီး ရှေ့သို့ ထပ်မသွားရဲကြတော့ချေ။
ဝူတင်း၅နှစ်မြောက် ၂လပိုင်းနောက်ပိုင်းတွင် သရှင်းရွာသည် တတိယအကြိမ် သံတမန်ကို ကြိုဆိုခဲ့လေသည်။ ရှန်းလီသည် သူနှင့် တွေ့သည့်အချိန်တွင် သံတမန်မှာ ရင်းနှီးသည်ဟု သူခက်ခက်ခဲခဲ စဉ်းစားလိုက်ရသည့် တစ်စုံတစ်ယောက် ဖြစ်နေသည်ကို သတိထားမိလိုက်သည်။ ပထမဦးဆုံးအကြိမ် တော်ဝင်အမိန့်တော်ကို ရွာသို့ လာပို့ပေးခဲ့သည့် ချန်ကုန်းကုန်းဖြစ်နေသည်။
ဟုတ်ပါသည်။ ထိုအချိန်က ရှန်းလီသည် ချန်ကုန်းကုန်း၏နာမည်ကိုလည်း မသိသလို ထိုလူက ဘုရင့်အနီးအနားက အယုံကြည်ရဆုံး ကုန်းကုန်းတစ်ယောက် ဖြစ်သည်ကိုလည်း မသိခဲ့ချေ။ သူသည် အရင်က မြင်ဖူးသည်ဟုသာ မှတ်မိလိုက်ပြီး ညီအစ်ကိုများက ဦးညွှတ်ကာ နှုတ်ဆက်လိုက်ကြ၏။
သို့သော်ငြားလည်း ချန်ကုန်းကုန်းသည် ခမ်းနားကြီးကျယ်သည့် ကုန်းကုန်းတစ်ယောက်၏ အငွေ့အသက်ကို မဆောင်ထားချေ။ ညီအစ်ကိုများက သူတို့၏ခါးကို ကုန်းသည်အထိ စောင့်မနေတော့ဘဲ သူက ရှေ့သို့တစ်လှမ်းတိုးကာ သူတို့နှစ်ယောက်ကို တွဲထူပေးလိုက်ပြီး သူ့အပြုံးက နွေဦးလေပြေလေးလိုပင် နွေးထွေးနေလေသည်။
စိုက်ပျိုးရေးဝန်ကြီးဌာန၏ ဒုတိယညွှန်ကြားရေးမှူးနှင့် လက်ထောက်ညွှန်ကြားရေးမှူးတို့ကို နောက်မှ မိတ်ဆက်ပေးလိုက်သည့်အချိန်တွင် ညီအစ်ကိုနှစ်ယောက်က တစ်ဖန်ဦးညွှတ်နှုတ်ဆက်ရသည်။ ချန်ကုန်းကုန်း၏ အပြုအမူကို လေ့လာမိပြီး ယွင်ယန်စီရင်စုမင်းသမီး ဖြစ်လာတော့မည့် သူတစ်ယောက်၏ ရာထူးအပ်နှင်းပွဲကို စဥ်းစားမိသည်တွင် မည်သူကမှ အရာရှိတစ်ယောက်လို မပြုမူရဲကြတော့ချေ။ သူတို့အားလုံးက ယဥ်ယဥ်ကျေးကျေး ရှိနေကြသည်။
...
ရှန်းမိသားစုသည် သေသေချာချာ ကောင်းကောင်းမွန်မွန် ပြင်ဆင်ထားခဲ့ပြီး စန်းလော့က အဆောင်အယောင် အဆင်တန်ဆာအပြည့် ဝတ်ဆင်ထားကာ အမွှေးတိုင်ကို သေချာစီရီကာ ထွန်းထားပြီး ၆လပင်မပြည့်သေးသည့် အားယောင်နှင့် ချန်ပေါင်တို့ကိုပင် ယဥ်ယဥ်ကျေးကျေးလေး ပြုမူရန် ချော့မော့ခံထားရပြီး သူတို့ကို ခေါ်ထုတ်လာလေသည်။ ထိုအခါမှ ချန်ကုန်းကုန်းသည် တော်ဝင်အမိန်တော်ကို ဖတ်ဖို့ရန်ပြင်ဆင်လေသည်။
အမိန့်တော်တစ်ခုကို လက်ခံခြင်းက ရှန်းမိသားစုအတွက် ရင်းနှီးပြီးသား အစဥ်အလာတစ်ခု ဖြစ်လာလေရာ သူတို့သည် မင်းကြီးထံမှ ရက်ရောသည့်ဆုလဒ်တစ်ခုကို မျှော်လင့်ခဲ့မိကြလေသည်။ သို့သော်ငြားလည်း စန်းလော့ကို အရာရှိရာထူးတစ်ခုနှင့်အတူ အဆင့်လေးမြို့စားမင်းသမီးဘွဲ့ကို အပ်နှင်းသည်ဟု ကြားလိုက်ရချိန်တွင် သူတို့မှာ တဒင်္ဂ မှင်သက်အံ့သြရလေသည်။
ခြံဝန်းထဲတွင် ပြည်နယ်ရုံးတော်မှ ဆရာများနှင့် ကျောင်းသားများအုပ်စုသည် ခပ်တိုးတိုးလေး ပင့်သက်ရှိုက်မိလိုက်ကြကာ တအံ့တသြ တီးတိုးပြောကြလေသည်။ "သူက စီရင်စုသခင်မအဆင့်ကို ကျော်သွားပြီးတော့ မြို့စားမင်းသမီးရာထူးကို တန်းတက်သွားတာတဲ့လား၊ အဆင့်လေး မြို့စားမင်းသမီးဘွဲ့တစ်ခုတဲ့လား"
အဆင့်လေး အရာရှိရာထူးတစ်ခုတည်းတင် မဟုတ်ချေ။
ချန်ကုန်းကုန်းသည် အမိန့်တော်ကို ဆက်လက်ဖတ်ပြနေကာ ဘေးတွင်ရှိနေသည့် စိတ်ဝင်တစား နားထောင်နေကြသည့် ကျန့်ဇီရွှမ်းလို လူများကပင် သွယ်ဝိုက်ပြောဆိုနေသည့် အမိန့်စာကို သဘောပေါက်သွားကြလေသည်။ ဆုလာဒ်များသည် သိပ်သည်းကျစ်လစ်ပြီး သယ်ယူရလွယ်ကူကာ ခရီးအတွက် အတူတူ အလွယ်တကူ သယ်သွားနိုင်သည့် အရာများဖြစ်လေသည်။ -
ထိုသို့နှင့် နောက်ပိုင်းကြေငြာချက်မှာ ရှန်မိသားစုတစ်ခုလုံးသည် ရှီကျိုးက ဆောင်းဦးရာသီ စာမေးပွဲပြီးသွားသည့်နောက် မြို့တော်သို့ စန်းလော့နှင့်အတူ လိုက်လာရမည်ဟုဆိုလေသည်။
မြို့စားမင်းသမီးဘွဲ့နှင့် ရက်ရောလှသည့် ဆုလာဒ်များက ရှန်းမိသားစုကို တအံ့တသြ မဖြစ်စေသော်ငြားလည်း နောက်ဆုံးစာကြောင်းက သူတို့အားလုံးကို တအံ့တသြ မော့ကြည့်ရစေလေသည်။
ချန်ကုန်းကုန်းက ပြုံးပြလိုက်ပြီး အမိန့်တော် ဖတ်နေသည်ကို အဆုံးသတ်လိုက်ကာ ရှေ့သို့တစ်လှမ်းလှမ်းလိုက်ပြီး စန်းလော့ကို အမိန့်တော်လက်ခံဖို့ လက်ဟန်ပြလိုက်လေသည်။ နွေးထွေးသည့် အပြုံးတစ်ခုဖြင့် သူမနှင့် ရှန်းလီတို့ကိုခေါ်ကာ ပြောလိုက်၏။ "မြို့စားမင်းသမီးက စိုက်ပျိုးရေးမှာ သိသာထင်ရှားတဲ့ အကျိုးဆောင်မှုတွေ ပြုလုပ်ခဲ့တယ်၊ မင်းကြီးက သူ့ကို တတ်နိုင်ရင် ချက်ချင်း မြို့တော်ကို လာစေချင်တဲ့ မျှော်လင့်ချက်ရှိတယ်၊ သခင်မလေးနဲ့ သခင်လေးတို့က အရမ်းငယ်ရွယ်သေးပြီး ခက်ခဲပင်ပန်းတဲ့ခရီးကို ခံနိုင်ရည်ရှိမှာ မဟုတ်တာကို စဥ်းစားမိတဲ့အတွက် ရက်စွဲကို ဆောင်းဦးရာသီစာမေးပွဲပြီးမှ သတ်မှတ်ထားပေးခဲ့တယ်၊ မြို့တော်က မြိုးစားမင်းသမီးရဲ့ အိမ်တော်ကိုလည်း ပြင်ဆင်ပေးထားပါလိမ့်မယ် အချိန်ကျလာရင် မင်းသမီးတို့မိသားစုက အဖိုးတန်ပစ္စည်းတွေကို ထုတ်ပိုးဖို့သာလိုအပ်ပြီး မြို့တော်ကို သွားဖို့သာလိုပါတယ်"
ထို့နောက်တွင်တော့ သူက ရှန်းလီနှင့် ရှန်းအန်းတို့ဘက်သို့လှည့်ကာ ပြောလိုက်သည်။ "မင်းတို့နှစ်ယောက်စလုံးက ပြည်နယ်ကျောင်းတော်မှာ စာလေ့လာနေကြတယ်လို့ အရာရှိကျန့်ဆီကနေ ကြားထားပါတယ်၊ ဒီအကြောင်းကို ကြားလိုက်တော့ မင်းကြီးက မြို့တော်ကျောင်းတော်ကို ဝင်လို့ရအောင် ဘွဲ့တံဆိပ် ဆက်ခံထားတဲ့သူတွေကိုလည်း ကန့်သတ်မထားဘဲ စီရင်စုမင်းသမီးရဲ့ အိမ်တော်အတွက် နေရာနှစ်ခုကို သီးခြားချန်ထားပေးတယ် ဒါပေမဲ့... "
ဒီနေရာတွင် သူက ပြုံးလိုက်သည့် အရိပ်အယောင်တစ်ခုဖြင့် လှမ်းကြည့်လိုက်ပြီး ရှန်းလီကို အကြံပေးလိုက်သည်။ "ရှန်းသခင်လေး ဒီနှစ် ဆောင်းဦးစာမေးပွဲကို တစ်ချက်လောက် အစမ်းသဘောမျိုး မဖြေချင်ဘူးလား"
ရှန်းလီက သူ့လက်နှစ်ဖက်ကို ရှေ့ထုတ်ကာဦးညွှတ်ပြီး ပြန်ဖြေလိုက်သည်။ "ကျွန်တော့်ညီလေးနဲ့ ကျွန်တော် ပြည်နယ်ကျောင်းတော်ကနေ မပြန်လာခင်တုန်းက ဓလေ့ထုံးတမ်းဝန်ကြီးဌာနကနေ ထုတ်ထားတဲ့ အသိပေးစာကို တွေ့ခဲ့ပါတယ်၊ ကျွန်တော်တို့တွေက ဆောင်းဦးစာမေးပွဲကို ဝင်ဖြေဖို့ ပြင်ဆင်နေပြီးပါပြီ"
ရှန်းလီက အမှန်ကို ပြောနေခြင်းဖြစ်သည်။ သူသည် ကျန့်ဇီရွှမ်းနှင့် မင်းကြီးတို့၏ သုံးနှစ်တာစီမံကိန်းအကြောင်းကို မသိချေ။ စန်းလော့က အကျိုးဆောင်မှုများကို အကြိမ်ကြိမ်ပြုလုပ်နေပြီး သူမ၏ရာထူးကလဲ တိုးတက်လာသည်တွင် ရှန်းလီသည် ကြီးမားသည့်ဖိအားကိူ ခံစားရလေသည်။ ပြီးခဲ့သည့်နှစ်များတွင် သူသည် ကြီးမားသည့် ဆုံးဖြတ်ချက်ဖြင့် စာလေ့လာခဲ့သည်။ သူသည် ဓလေ့ထုံးတမ်းဌာနက အသိပေးစာကို မြင်လိုက်ချိန်တွင် စာပေးပွဲဖြေဖို့ ဆုံးဖြတ်ခဲ့ပြီးဖြစ်သည်။
ချန်ကုန်းကုန်း၏ အပြုံးက ပိုပြီးသိသာလာသည်။ “ဒါဆိုရင်တော့ တကယ်ကောင်းပါတယ် တကယ်ကိုကောင်းပါပေတယ်”
ထို့နောက်တွင်တော့ သူက စန်းလော့နှင့် ရှန်းလီတို့ဖက်ကို လှည့်ကာ "ကျေးဇူးပြုပြီးတော့ မင်းတို့ရဲ့အိမ်တော်ကို ပတ်ပြပြီး အနီးအနားက လယ်မြေတွေကိုလည်း ပြပေးပါအုံး"
သူတို့သည် သီးထပ်စိုက်ပျိုးခြင်းကို သူတို့ကိုယ်ပိုင်မျက်လုံးများဖြင့် မြင်တွေ့ဖို့ရန်လိုအပ်ပြီး မတူညီသည့်နေရာများကိုလည်း သွားရောက်ကြည့်ရှုရန် လိုအပ်လေသည်။ စန်းလော့က မငြင်းပယ်ခဲ့ချေ။ သူမက ချန်ကုန်းကုန်းနှင့် တစ်ခြားသူများကို ခဏလောက် စောင့်ဆိုင်းထားခိုင်းလိုက်ပြီး သူမကတော့ တော်ဝင်အမိန့်စာကို သိမ်းဆည်းလိုက်ကာ မြို့စားမင်းသမီး၏ အဆောင်အယောင်များကို လဲလှယ်လိုက်ပြီး တော်ဝင်လက်ဆောင် ပဏ္ဍာများအားလုံးကို သိမ်းဆည်းလိုက်သည်။ ထို့နောက်တွင်တော့ သူမက ရှန်းလီ၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ကျန့်ဇီရွှမ်းတို့နှင့်အတူ အဖွဲ့ကို အပြင်သို့ ဦးဆောင်လာခဲ့သည်။
အပြင်ဘက်တွင် စုဝေးနေကြသည့်ရွာသားများသည် စန်းလော့ကို အဆင်တန်ဆာအပြည့်အစုံဖြင့် အရာရှိများနှင့် တူတူလမ်းလျှောက်နေသည်ကိုလည်း ပထမဦးဆုံးအကြိမ် တွေ့ရခြင်းပင်။ သူတို့သည် ချက်ချင်းဆိုသလို လမ်းဖယ်ပေးလိုက်ကြပြီး တစ်ခြားသူများကတော့ အနောက်မှနေ၍ သိပ်မဝေးသည့် အကွာအဝေးတစ်ခုမှ လိုက်ပါလာကြသည်။
ရှန်းမိသားစုအိမ်ထဲတွင်တော့ ခြံဝန်းထဲတွင် ကျန်နေခဲ့ကြသည့် ချန်းအဘွားနှင့် တစ်ခြားသူများသည် တော်ဝင်အမိန့်တော်ကို ကြားပြီးနောက်တွင် မှင်သက်အံ့သြနေဆဲပင်။
သူမလို တောကအမျိုးသမီးများသည် မြို့သခင်မနှင့် စီရင်စုသခင်မကြားက ကွားခြားချက်ကို အပြည့်အဝ နားမလည်ခဲ့ကြပေ။ သူတို့သည် အစောပိုင်းကတော့ စီရင်စုသခင်မ၏ အိမ်တော်တစ်ခုကိုသာ အလည်လာခဲ့သော်ငြားလည်း ယခုတော့ သူတို့သည် မြို့သခင်မ၏အိမ်တော်သို့ ပြောင်းလဲရောက်ရှိနေပြန်သည်။ ရွှေပုတီးများနှင့် ရွှေသစ်ရွက်များအကြောင်းကို ပြောနေသည်က သူမ၏စိတ်ထဲသို့ မရောက်ချေ။ သူမ၏စိတ်ထဲတွင် ရှင်းရှင်းလင်းလင်း မှတ်မိနေသည့် တစ်ခုတည်းသောအရာမှာ စန်းလော့သည် မြို့တော်သို့သွားရပေတော့မည်။
စန်းလော့က မြို့တော်ကို သွားရတော့မယ်တဲ့။
အိမ်တွင်ကျန်ခဲ့ကြသည့် ရှန်းအန်း၊ ရှန်းနဥ်နှင့် ရှန်းကျင့်တို့သည် ကလေးနှစ်ယောက်ကို ထိန်းကျောင်းရင်း ကုန်းကုန်းငယ်လေးတစ်ဖွဲ့ကို ဧည့်ခံနေရသည်။ ချန်းဘွားဘွားက ရှန်းအန်းကို မသိစိတ်မှ အလိုလိုဘေးသို့ဆွဲခေါ်ပြီး မေးလိုက်လေသည်။ "ရှောင်အန်း ဆောင်းဦးစာမေးပွဲဆိုတာ ဘာလဲ၊ ခုနတုန်းက တော်ဝင်အမိန့်စာထဲမှာ ပြောသွားတာက နင်တို့မိသားစုတစ်ခုလုံး စာမေးပွဲပြီးရင် မြို့တော်ကို ပြောင်းရမယ်တဲ့လား"
ရှန်းအ်းသည် ခံစားချက်များ ရောထွေးနေသေးသည်။ သူက ခေါင်းငြိမ့်ကာ ပြန်ဖြေလိုက်၏။ "ဟုတ်တယ်၊ ဆောင်းဦးစာမေးပွဲဆိုတာက ဆောင်းဦးရာသီမှာကျင်းပတဲ့ တော်ဝင်စာမေးပွဲတစ်ခုလေ၊ ဒါက ဒီ၈လပိုင်းမှာကျင်းပမှာ"
ချန်းအဘွား၊ ကန်းရှီ၊ ကန်းအာ့လန်၏မိန်းမ၊ ဖန်းလျိုညန်နှင့် ကျိုးချွမ်ကျန့်တို့၏မိန်းမ သူတို့အားလုံးသည် မှင်သက်အံ့သြသွားကြလေသည်။
သူတို့သည် ရှန်းမိသားစု၏ အနာဂတ်တွင် ပေါများကြွယ်ဝလာမည့်အတွက် ဝမ်းသာမိသော်ငြားလည်း တစ်လျှောက်လုံး သူတို့အားလုံးကို ဦးဆောင်ပေးခဲ့သည့် စန်းလော့က သူတို့ကို ချန်ထားခဲ့မည်ဖြစ်ကာ သရှင်းရွာမှ ထွက်သွားပြီး ရှီကျိုးမှလည်း ထွက်သွားတော့မည့်အကြောင်းကို သဘောပေါက်လိုက်ကြသည်။ သူတို့သည် မည်သို့ တုံ့ပြန်ရမည်မသိ ဖြစ်သွားကြ၏။
ချန်းယိုထျန်းက သူ့အမေ၏လက်မောင်းကို လှမ်းဆွဲကာ ပြောလိုက်၏။ "အမေ ဒါက သတင်းကောင်းပဲ"
"ဟုတ်တာပေါ့ သတင်းကောင်းပဲ” ချန်းအဘွားက ခေါင်းငြိမ့်သည်။ သူမက သက်ပြင်းချလိုက်ပြီး "ဒါက အဲလောက် အမြန်ကြီး ဖြစ်သွားမယ်လို့လည်း မျှော်လင့်မထားမိခဲ့တာပါ"
အမှန်တွင်တော့ စန်းလော့က ရှန်းလီနှင့် ရှန်းအန်းတို့ကို ပညာရေးလမ်းကြောင်းကိုလိုက်ဖို့ အားပေးကတည်းက ချန်းအဘွားသည် ရှန်းမိသားစုက နောက်ဆုံးတွင် သရှင်းရွာက ထွက်သွားလိမ့်မည်ကို သိထားလေသည်။ ထိုကိစ္စက ထိုမျှလောက် မြန်မြန်ဆန်ဆန် ဖြစ်လာလိမ့်မည်ဟု ထင်မထားခဲ့ခြင်းကြောင့်ပင်။
အမှန်ပဲလေ။ ဒါက မြန်မနေဘူးလား။
ဒီနှစ်တွေမှာ ရှန်းလီနဲ့ စန်းလော့က သရှင်းရွာက မိသားစုတွေအတွက် ကျောရိုးဒေါက်တိုင်ဖြစ်လာခဲ့တယ် အခုသူတို့တွေက နှစ်ဝက်အတွင်းမှာ ရုတ်တရက် ထွက်သွားတော့မယ်တဲ့။ ဒါက ရွာသားတွေရဲ့ ထောက်တိုင်က ရုတ်တရက်ကြီး ဖယ်ရှားခံလိုက်ရပြီး သူတို့ကို တအံ့တသြ ဖြစ်သွားစေခဲ့တာပေါ့။
ခြံဝန်းထဲမှာရောက်နှင့်နေကြသည့် ချန်းရှောင်ယာ၊ ရွှီဝမ်ယင်းနှင့် ရှီချောင်အာတို့သည် နှုတ်ဆိတ်သွားကြကာ ဘာမှမပြောနိုင်ဘဲ အကြည့်ချင်းဖလှယ်လိုက်ကြလေသည်။
တစ်ဖက်တွင်တော့ တူလေးနှင့် တူမလေးနှစ်ယောက်ကို ထိန်းကျောင်းနေသည့် ရှန်းယင်နှင့် ရှန်းထယ်တို့သည် သူတို့၏ အစ်ကိုအကြီးဆုံး မိသားစုတို့က မြို့တော်သို့ မကြာမှီထွက်သွားတော့မည်ဟု ကြားလိုက်ချိန်တွင် စိတ်ထဲတွင် အနည်းငယ် မသက်မသာဖြစ်သွားရ၏။
ဝေ့ချင်းဟယ် ဝမ်ယွင်ကျန့် ချန်းသရှန်နှင့် ရွှီဝမ်ချင်းတို့ကတော့ ပိုပြီးတော့ တော်တော်လေး စိတ်အေးသွားသည်။ ဝေ့ချင်းဟယ်သည် သူသည်လည်း တော်ဝင်စာမေးပွဲအတွက် ချန်အန်းသို့သွားရမည်ကို သိနေသည်။ အကယ်၍ သူသည် စာမေးပွဲအောင်ခဲ့လျှင် သူသည် မြို့တော်တွင် မနေရလျှင်တောင် ရှီကျိုးတွင်လည်း သေချာပေါက် ရှိနေလိမ့်မည် မဟုတ်ချေ။
ချန်းသရှန်က သူ့အဘွားဖြစ်သူကို နှစ်သိမ့်ပေးလိုက်၏။ "အဘွားရယ် ဘာစိတ်ပူနေတာလဲ ကျွန်တော်တို့ ကုန်သည်လုပ်ငန်းက အမြဲတမ်းမြောက်ဖက်ကို သွားနေရတာပဲ။ ကျွန်တော်က လအနည်းငယ်လောက် အရမ်းဝေးတဲ့ခရီးကို သွားလာခဲ့တဲ့အချိန်မှာ ဒီကိစ္စကိုလည်း စဥ်းစားမိတယ်လေ။ အသားမွကြော်နဲ့ အသားခြောက်ကြော်တွေက အထားမခံဘူး မဟုတ်လား၊ ခေါက်ဆွဲနဲ့ တို့ဟူးချဥ်ကိုပဲ ရောင်းနေရင် နှမြောစရာကောင်းမယ် ထင်တယ်၊ ရှန်းလီက မြို့တော်ကို သွားမယ်ဆိုရင် ဒါကကွက်တိပဲပေါ့၊ ကျွန်တော်တို့တွေ အဲဒီ့မှာ ဆိုင်တစ်ခုသွားဖွင့်မယ်ဆိုရင် မြောက်ပိုင်းဒေသက အလားအလာရှိတဲ့စားသုံးသူတွေကို ဆုံးရှုံးရလို့ နှမြောစရာ မလိုတော့ဘူးပေါ့၊ ပြောလို့မရဘူးလေ ကျွန်တော်တောင် မြို့စားမင်းသမီးအိမ်ကို တစ်လနှစ်လတိုင်း အမြဲတမ်းသွားပြီး အစားအသောက်တွေ အလကား စားလို့ရချင်ရအုံးမှာပဲ"
ချန်းအဘွားက ခပ်တိုးတိုးရယ်မောလိုက်ကာ သူ့လက်မောင်းကို ပုတ်လိုက်လေသည်။ "နင်ကတော့လေ တကယ် ရွှတ်နောက်နောက်နဲ့"
သူက ရယ်စရာပြောလိုက်သဖြင့် အားလုံး၏ စိတ်အခြေအနေကလဲ ရုတ်ချည်းဆိုသလို မြင့်တက်သွားလေသည်။
အမှန်ပင်။ သူတို့သည် စန်းလော့၏လက်အောက်တွင် အလုပ်လုပ်နေကြဆဲပင်။ အကယ်၍ သူတို့၏ ကုန်အရောင်းအဝယ်လုပ်ငန်းကို မြို့တော်သို့ ချဲ့ထွင်ခဲ့မည်ဆိုလျှင် သူတို့သည် ထိုနေရာသို့ မကြာခဏခရီးသွားဖို့ရန် လိုအပ်သည် မဟုတ်ပါလား။
သူတို့သည် မကြာခဏဆိုသလို အချင်းချင်းတွေ့ဆုံနိုင်ပြီး အဆက်အသွယ်ရှိနေသ၍ ဒါက အဆင်ပြေနေပေလိမ့်မည်။
ပတ်ဝန်းကျင်အခြေအနေက တိုးတက်လာပြီး ရှန်းယင်နှင့် ရှန်းထယ်တို့ကလဲ အနည်းငယ် စိတ်သက်သာရာ ရသွားဟန်တူသည်။ ရွှီဝမ်ယင်းတစ်ယောက်ကတော့ အကယ်၍ သူမ၏အစ်ကိုနှစ်ယောက်က ကြိုးကြိုးစားစား စာလေ့လာကြလျှင် သူမလဲ တစ်နေ့ ချန်အန်းသို့အလည်သွားမည့် အခွင့်အရေးရှိလာလိမ့်မည်ဟု တွေးတောနေလေသည်။ အနည်းဆုံးတော့ သူတို့အားလုံးသည် ယခုအချိန်တွင် မျှော်လင့်စရာ တစ်စုံတစ်ခုရှိနေပေသည်။
...
ချန်ကုန်းကုန်းနှင့် မြို့တော်က တစ်ခြားအရာရှိများသည် ၂နာရီလောက်ကြာပြီးနောက်တွင် ပြန်လာခဲ့ကြသည်။ စန်းလော့နှင့် ရှန်းလီတို့က သူတို့ကို လမ်းတလျှောက် အဖော်လုပ်ပေးကာ မြို့အတွင်းက တည်ခိုခန်းဆီသို့ လိုက်ပို့ပေးလိုက်ကြသည်။
တည်းခိုခန်းသည် ပြည်နယ်အုပ်ချုပ်ရေးမှူးအိမ်တော်နှင့် မဝေးလှချေ။ ထို့ကြောင့် ကျန့်ဇီရွှမ်းက ရှန်းလီနှင့် သူ့မိန်းမကို သူ့အိမ်သို့ အလည်အပတ်ခေါ်လေသည်။
ကျန့်ဇီရွှမ်းတွင် တိုင်ပင်စရာတစ်ခုခုရှိနေမည်ဟု စန်းလော့က ခန့်မှန်းမိသည်။ ဖန်ဖေးညန်နှင့် မတွေ့ရသည်မှာလည်း အနည်းငယ် ကြာမြင့်နေပြီဖြစ်သဖြင့် သူမက ပြည်နယ်အုပ်ချုပ်ရေးမှူးအိမ်သို့ လိုက်ပါလာခဲ့သည်။
အမှန်ပင်။ ကျန့်ဇီရွှမ်းတွင် တိုင်ပင်စရာ ကိစ္စတစ်ခုရှိနေ၏။ သူသည် ထိုနေ့က ရုံးတော်ထဲတွင် သိမြင်လာခဲ့ရသည့်အရာများကို စန်းလော့အား အတိုချုံး ပြောပြလိုက်ပြီးနောက် အပြင်ဘက်တွင် စောင့်ဆိုင်းနေသည့် ရှောင်ဖုန်းကို စန်းလော့အား သခင်မဖန်၏အဆောင်သို့ လိုက်ပို့ပေးရန် ပြောလိုက်လေသည်။
စန်းလော့ ထွက်သွားသည်နှင့်ချက်ချင်း ကျန့်ဇီရွှမ်းက ရှန်းလီကို သီးသန့်စကားပြောလိုက်၏။
"မြို့တော်ကို သွားတဲ့ဒီခရီးမှာ မင်းကြီးက ကျုပ်ကို ဆင့်ခေါ်ခဲ့ပြီး တော်ဝင်ကျောင်းတော်ကိုဝင်ဖို့အတွက် ကျောင်းကျိုးအိမ်ယာဝန်းမှာ ကျောင်းသားတွေအတွက် နေရာနှစ်ခုကို ချီးမြှင့်ပေးခဲ့တယ်၊ ချန်ကုန်းကုန်း ပြောခဲ့တဲ့အတိုင်းပဲ ဒီနေရာက အရာရှိတွေရဲ့ကလေးတွေကို ကန့်သတ်ထားတာ မဟုတ်တဲ့အတွက် ဒါက တော်တော်လေးကို ထူးခြားတယ်"
"တော်ဝင်ကျောင်းတော်ကို ဝင်ခွင့်ရသွားတာနဲ့ အရာရှိစာမေးပွဲကတစ်ဆင့် အရာရှိရာထူးတစ်ခုကို ရတာက အများကြီးပို လွယ်ကူလိမ့်မယ် ဒါပေမဲ့... "
သူက ဒီနေရာတွင် ရပ်လိုက်သည်။
ကျန့်ဇီရွှမ်းက သူ့စကားကို ပြီးအောင်မပြောရသေးခင်မှာပင် ရှန်းလီက ခေါင်းခါပြလိုက်၏။ "ရှောင်အန်းကတော့ ဒီအတွက် အကျိုးကျေးဇူး ခံစားလို့ရပါတယ်၊ ဒါပေမဲ့ ကျွန်တော်ကတော့ ၈လပိုင်း ပြည်နယ်စာမေးပွဲကို ဖြေပြီးမှဘဲ နောက်တစ်နှစ် နွေဦးစာမေးပွဲမှ မြို့တော်ကိုဝင်ပါ့မယ်၊ ကျွန်တော်က စာမေးပွဲကို ကိုယ့်ဟာကိုယ် အားကိုးပြီးတော့ အောင်ချင်ပါတယ်"
ကျန့်ဇီရွှမ်းသည် ဒီစကားကို ကြားလိုက်သည်တွင် ခပ်တိုးတိုးရယ်မောလိုက်၏။ "ကျုပ်အတွေးလွန်နေတာပဲ"
ရှန်းလီသည် အမှန်ပင်ပါးနပ်ပြီး ရှင်းရှင်းလင်းလင်း သိမြင်တတ်ပေသည်။
တလေးတစားဖြင့် ရှန်းလီက ဦးညွှတ်လိုက်၏။ "ကျွန်တော့်ရဲ့အခြေခံက အားနည်းပါသေးတယ်၊ ဒီတော့ ကျွန်တော်က နောက်ဆိုရင် ၅ရက်၆ရက်လောက် နေ့တိုင်းနီးပါး ပြည်နယ်ရုံးတော်ကို အလည်လာဖို့ နိမ့်ချစွာနဲ့ တောင်းဆိုချင်ပါတယ်"
ကျန့်ဇီရွှမ်းက အပြုံးဖြင့် သူ့ပုခုံးကို ပုတ်ပေးလိုက်သည်။ "အဲလောက်အကြာကြီး စောင့်စရာမလိုပါဘူး၊ ကျောင်းဆင်းတာနဲ့ နေ့တိုင်း အိမ်ကိုလာခဲ့ပါ၊ မြို့တံခါးပိတ်ခါနီးမှပဲ ပြန်ပေါ့"
စန်းလော့ကလဲ ရှန်းညီအစ်ကိုများကို အမြင့်သို့ တက်နိုင်အောင် လုပ်ပေးနိုင်သည့်အထိ အလွန်မှ ထူးချွန်လေသည်။ - သို့သော်ငြားလည်း သူမနှင့်အတူခေါ်လာသည့် တစ်စုံတစ်ယောက်သည် မင်းကြီးထံမှ များများစားစား မျက်နှာသာပေးခြင်းကို ရလိမ့်မည်မဟုတ်ချေ။ သူတို့သည် အရိပ်ပမာသာ ရှိပေလိမ့်မည်။
ဒါက ငယ်ရွယ်သေးသည့်ရှန်းအန်းအတွက် လက်ခံနိုင်စရာရှိပြီး တော်ဝင်ကျောင်းတော်သို့ ဝင်ရောက်ပြီးနောက်တွင်လည်း သူ့တွင် ထူးချွန်သည့် အခွင့်အရေးများ ရှိထားလေသည်။ သို့သော်ငြားလည်း ရှန်းလီအတွက်တော့ ထိုသို့ မဟုတ်ချေ။ သူသည် အရာရှိလောကထဲသို့ပင် မဝင်ရသေးချေ။ သို့သော်ငြားလည်း ယွင်ယန်မြို့စားမင်းသမီး၏ ခင်ပွန်းဟူသည့်တံဆိပ်က သူ့စိတ်အတွင်းတွင် နက်နက်ရှိုင်းရှိုင်း စွဲကျန်နေလေသည်။ အကယ်၍ သူသည် တောင်ဝင်ကျောင်းတော်သို့ဝင်ရန် မင်းကြီး၏ထောက်ခံချက်ကို အားကိုးအားထားခဲ့ပြီး အရာရှိရာထူးကို လက်ခံခဲ့မည်ဆိုလျှင် အနာဂတ်တွင် အရေးကြီးသည့်ရာထူးများအတွက် တလေးတနက် ထည့်သွင်းစဥ်းစားခံရဖို့ ခက်ခဲသွားပေလိမ့်မည်။
တစ်ဖက်တွင်တော့ သေသေချာချာ စာလေ့လာခဲ့သည်မှာ တစ်နှစ်ခွဲသာရှိသေးသည့် လယ်သမားသားတစ်ယောက်အဖြစ် သူ့ကိုယ်ပိုင်အရည်အချင်းနှင့် စာမေးပွဲအောင်နိုင်ခဲ့လျှင် မင်းကြီးထံမှ လေးစားမှုကို ပိုမိုပြီးရရှိနိုင်ပေလိမ့်မည်။
ပထမဦးဆုံး တော်ဝင်စာမေးပွဲအတွက် အထက်တန်းစား မိသားစုများမှ သားသမီးများ အရာရှိမိသားစုများမှ သားသမီးများက တော်ဝင်ကျောင်းတော်သို့ လာပေလိမ့်မည်။ တကယ့်ပြိုင်ဆိုင်မှုစစ်စစ်မှာ အရာရှိမဖြစ်လာကြသေးသည့် အသေးစား အထက်တန်းစားမိသားစုများ၊ သာမန်ပြည်သူများနှင့် လယ်သမား၏သားသမီးများကြားက သေးငယ်သည့် အရေအတွက် ကြားတွင်သာ ဖြစ်ပေလိမ့်မည်။ အထက်တန်းစားမိသားစုများ၏ ကလေးများနှင့် သာမန်ပြည်သူများ၏ကလေးများကြားက ပြုစုပျိုးထောင်ပုံနှင့် ပညာရေးသည် မေးခွန်းထုတ် စရာပင် မလိုချေ။ လယ်သမားများကတော့ အာဏာနှင့် အဆက်အသွယ်နှစ်ခုစလုံး မရှိကြပေ။ စာမေးပွဲကို အောင်မြင်ခြင်းက အလွန်ကြီးမားသည့် စိန်ခေါ်မှုတစ်ခုဖြစ်ပေလိမ့်မည်။
သို့သော်ငြားလည်း ရုံးတော်တွင် စန်းလော့၏ဂုဏ်သတင်းက အားသာချက်ဖြစ်နေသည်။ ရှန်းလီတွင် လုံလောက်သည့် အသိပညာနှင့် ခိုင်မာသည့်အရည်အချင်း ပိုင်ဆိုင်ထားသရွေ့ စာမေးပွဲစစ်ဆေးသူများကလဲ သူ့နောက်ကြောင်းကို အခြေခံပြီး သူ့ကို လစ်လျူရှုထားရဲမည် မဟုတ်ချေ။
ထို့ကြောင့် မြို့တော်သို့ အချိန်မတိုင်မီ သွားရသည့်ခရီးက ရှန်းလီအတွက် စိန်ခေါ်မှုတစ်ခုလည်းဖြစ်သလို အခွင့်အရေးတစ်ခုလည်း ဖြစ်လေသည်။ ဒါသည် ကောင်းကင်သားတော်နှင့် ရုံးတော်ကအရာရှိများက သူ့ကို စန်းလော့၏ အရိပ်တစ်ခုသာမဟုတ်ဘဲ သီးသန့်ပုဂ္ဂိုလ်တစ်ဦးအဖြစ် အသိအမှတ်ပြုဖို့ရန် အခွင့်အရေးလည်း ဖြစ်သည်။ ရလဒ်ကတော့ သူ့ကိုယ်ပိုင်အရည်အချင်းပေါ်တွင်သာ မူတည်လေတော့သည်။
...