← Chapters

အခန်း (၂၇၉-၂၈၀)

Vol. 28 Ch. 279-280

အခန်း (၂၇၉-၂၈၀)

Vol. 28 Ch. 279-280

အပိုင်း (၂၇၉) နေမှာလား သွားမှာလား

သရှင်းရွာထဲသို့ စန်းလော့နှင့် ရှန်းလီတို့ ပြန်လာကြသည်။ ခေါက်ဆွဲအလုပ်ရုံတွင် အလုပ်လုပ်နေကြသူများ၊ ဆိုင်ကအလုပ်သမားများနှင့် စိတ်လှုပ်ရှားမှုကို ကြည့်ရှုပြီးသည့်နောက် ပြည်နယ်ကျောင်းတော်သို့ အလောတကြီး ပြန်သွားကြသူများကလွဲလျှင် ရွာထဲကလူတိုင်းနီးပါးက ရှိနေကြသည်။ ဆိုင်တာဝန်ခံရွှီကပင် သတင်းကို ကြားလိုက်ပြီးနောက် ပြန်ရောက်လာခဲ့သည်။ မိသားစုအများအပြားက လင်မယားနှစ်ယောက် ရောက်လာမည်ကို ရှန်းအိမ်ထဲတွင် စောင့်နေကြသည်။

တော်ဝင်အမိန့်တော်ကို ဖတ်ကြားပြီးခဲ့သည်မှာ ၁နာရီကျော်သွားပြီ။ သူတို့အများစုသည် လက်တွေ့ကို လက်ခံခဲ့ကြသော်ငြားလည်း မရေရာသည့် ခံစားချက်တစ်ခု ရှိနေသေးသည်။ သို့တိုင် သူတို့သည် ထိုအရာကိုမဖော်ပြဖို့ရန် ကြိုးစားနေကြ၏။ သူတို့သည် ဒါကို ပျော်ရွှင်စရာကိစ္စရပ်ဟု သတ်မှတ်ထားသော်ငြားလည်း စန်းလော့သည် တစ်ခုခု လွဲနေသည်ကိုတော့ အလွယ်တကူပြောနိုင်လေသည်။

အထူးသဖြင့် အဘွားချန်းပင်။

စန်းလော့သည် သူမနှင့်အရင်းနှီးဆုံး ဖြစ်လေသည်။ နှစ်ပေါင်းများစွာ မိသားစုထဲတွင် ကောင်းမွန်သည့်ကိစ္စ ရှိလာသည့်အချိန်တိုင်း၊ မင်းကြီး၏ လက်ဆောင်များမှ ပိုးထည်များရရှိသည့်အချိန်တိုင်း သို့မဟုတ် အိမ်တွင်အစားအသောက် ကောင်းကောင်းရှိသည့်အချိန်တိုင်း သူမသည် ချန်းအဘွားအတွက် ဘယ်တော့မှ မမေ့ခဲ့ချေ။ ခွဲခွာဖို့ရန် တွန့်ဆုတ်နေသည်ကို မြင်နိုင်လေသည်။

စန်းလော့က အပြုံးတစ်ခုဖြင့် အဘွားကြီး၏လက်ကို အသာအယာ ဖျစ်ညစ်ပေးလိုက်ပြီး သူမကို နှစ်သိမ့်ပေးဖို့ ကြိုးစားလိုက်သည်။ သို့သော်ငြားလည်း သူမက ဘာမှမပြောရသေးခင်မှာပင် အဘွားချန်းက ထုတ်ပြောလိုက်သည်။ "အဆင်ပြေပါတယ် ဒါက တကယ့်ကို ကောင်းမွန်တဲ့ကိစ္စပဲ၊ မြို့တော်ကို ပြောင်းရွှေ့သွားတာက ပိုပြီးတော့တောင် ကောင်းသေးတယ်၊ နင့်ကို ကြည့်လေ၊ အဲလောက်အဝေးကြီးမှာ နေနေရတာ၊ အခုဆိုရင် နင်က မြို့တစ်မြို့ရဲ့သခင်မတစ်ယောက် ဖြစ်လာပြီး မြို့စားမင်းသမီးတစ်ယောက် ဖြစ်လာပြီပဲ၊ ငါ အားနဥ်ကို မေးထားပြီးပြီ၊ မြို့စားမင်းသမီးဆိုတာ အရမ်းကို အထင်ကြီးစရာကောင်းပြီး တကယ့်မင်းသမီးတစ်ပါးထက် အဆင့်တစ်ဆင့်ပဲ နိမ့်တယ်လို့ ပြောပြတယ်လေ၊ မင်းသမီးဆိုတာ မင်းကြီးရဲ့ဆွေမျိုးတစ်ယောက်မှပဲ ဖြစ်နိုင်တာ၊ နောက်ပိုင်းကြရင် ငါ့မြေးသရှန်နဲ့ အာ့ရှန်တို့က သူတို့ရဲ့စီးပွားရေးကို ဆက်ပြီးလည်ပတ်နိုင်ပြီး မြို့တော်ကို အလည်လာတဲ့အခါ သူတို့တွေ နင်တို့နဲ့တွေ့လို့ရတာပဲ"

သူမသည် စန်းလော့ကို နှစ်သိမ့်ပေးရန် ကြိုးစားနေသော်ငြားလည်း စန်းလော့ကို ကြည့်လိုက်သည်နှင့်ချက်ချင်း အဘွားချန်းသည် သူမ၏နှာခေါင်းက မွှန်ထူသွားသလို ခံစားလိုက်ရပြီး သူမ၏မျက်လုံးများက နီမြန်းလာလေသည်။

သူမ၏မြေးဖြစ်သူက သူတို့သည် သူတို့၏စီးပွားရေးကို ဆက်ပြီးလည်ပတ်နေနိုင်ကာ မြို့တော်သို့ခရီးသွားနိုင်သည်ဟု ပြောခဲ့သော်ငြားလည်း သူမသည် တစ်နှစ်ပြီးတစ်နှစ် အသက်ပိုကြီးလာသည်ကိုတော့ သူမ၏စိတ်ထဲတွင် သိနေလေသည်။ သူမသည် သူမ၏မြေးများနှင့်အတူ သူတို့၏ခရီးတွင် မည်သို့ လိုက်ပါနိုင်ပါမည်နည်း။ သူမက ခရီးကို အကြိမ်မည်မျှ အမှန်တကယ် သွားနိုင်ပါမည်နည်း။ သူမသည် နောက်ပိုင်းတွေ့ဆုံမှုတစ်ခုချင်းစီက တဖြည်းဖြည်း နည်းပါးသွားမှာကို အမှန်တကယ် စိုးရိမ်နေမိသည်။ ထိုအကြောင်းကို စဥ်းစားမိသည်တွင် သူမ၏မျက်ရည်များကို မည်မျှပင် သုတ်ပစ်ပါစေ ထိန်းမရအောင်စီးကျလာတော့သည်။

အဘိုးချန်းက နေရခက်သွားသလိုဖြစ်သွား၏။ သူက လည်ချောင်းကို ရှင်းလိုက်ကာ တိုးတိုးလေး ပြောလိုက်လေသည်။ "မင်းက ဘာဖြစ်လို့ ငိုနေတာလဲ ဒါက ပျော်စရာကောင်းတဲ့ကိစ္စတစ်ခုပါ"

အဘွားချန်းကို ဒီလိုမြင်လိုက်ရသဖြင့် စန်းလော့ကလဲ မျက်ရည်များစီးကျလာသည်။ နှစ်ပေါင်းများစွာ ကုန်ဆုံးလာခဲ့သည့်တိုင် သူမသည် ပထမဦးဆုံးအကြိမ် ရောက်လာသည့် ထိုလသာသည့်ညကို ရှင်းရှင်းလင်းလင်း မှတ်မိနေဆဲပင်။ အဘိုးချန်းနှင့် အဘွားချန်းတို့သည် မြွေများကို ခြောက်လှန့်ဖို့ရန် ဝါးတုတ်တစ်ချောင်းကိုကိုင်ကာ ညကြီးမင်းကြီး တောင်ပေါ်သို့တက်လာပြီး သူမအတွက် အသက်ကယ်သကြားရည်နှင့် ဆန်ကို ယူလာပေးခဲ့သည်။

အဘွားကြီးသည် စကားပြောရာတွင် အမှန်ပင် ဒဲ့တိုးဆန်သော်ငြားလည်း သူမ၏နှလုံးသားကတော့ ပျော့ပျောင်းလေသည်။

စန်းလော့၏မျက်လုံးများသည် မျက်ရည်များဝေ့တက်လာကာ အဘွားချန်းကို ဖတ်ထားလိုက်၏။ "အဘွား အဘွားနဲ့အဘိုးတို့ ကျွန်မနဲ့အတူ မြို့တော်ကို လိုက်ခဲ့မယ်ဆိုရင်လည်း အဆင်ပြေပါတယ်၊ ကျွန်မက အဘိုးအဘွားတို့ နှစ်ယောက်စလုံးကို အသက်ကြီးတဲ့အထိ စောင့်ရှောက်သွားမှာပါ"

သည်မှတ်ချက်က အဘွားချန်းကို ရယ်မောသွားစေ၏။ "နင်ဟာလေ တကယ့်ကို အပြောချိုပါတယ်။ ငါ နင့်ကို စတွေ့ကတည်းက နင်က အမြဲတမ်း ဒီလိုပဲဖြစ်နေခဲ့တာ"

စန်းလော့က ပြုံးလိုက်သည်။ "ကျွန်မ တကယ်ပြောတာပါ၊ ကျွန်မရဲ့အသက်ကို အဘိုးနဲ့အဘွားတို့က ကယ်တင်ပေးခဲ့တာပါ၊ ကျွန်မက အဘိုးနဲ့အဘွားတို့ အသက်အရွယ်ကြီး ရင့်လာတဲ့အခါမှာ ဘယ်လိုလုပ်ပြီး မစောင့်ရှောက်ဘဲနေမှာလဲ၊ အဘိုးနဲ့အဘွားတို့က မြေးတွေကို ထပ်ပြီး တန်ဖိုးမထားတော့မှာဘဲ စိုးရိမ်မိတာပါ၊ သူတို့တွေက အခုဆိုရင် သူတို့မြစ်လေး အားရွေ့ကိုပဲ အမြတ်တနိုးဖြစ်နေကြတာလေ"

ချန်းသရှန်နှင့် ကျိုးကဲ၏သားနာမည်သည် ချန်းရွေ့ဖြစ်လေသည်။ ချန်းသရှန်က ရှန်းလီ၏အကူအညီကို တကူးတက လာတောင်းပြီး နာမည်ကို ရွေးချယ်ခဲ့ကာ နောက်ဆုံးတော့ သူ အကြံပေးထားသည့် ရွေးချယ်စရာ နာမည်၈ခုထဲက ရွေ့ဟူသည့်စကားလုံးကို ရွေးချယ်ခဲ့ခြင်းပင်။

အဘွားချန်းက ခပ်တိုးတိုး ရယ်မောလိုက်၏ "နင်က ငါ့ကို အဲဒီ့အကြောင်း ထုတ်ပြောပြန်ပါပြီ၊ အခုဆိုရင် အားလုံးက ငါရဲ့မြစ်လေးတွေပါပဲ"

ရယ်သံများက မျက်ရည်များကို ဖယ်ရှားပေးလိုက်ပြီး စန်းလော့သည် တစ်ဖန် အလေးအနက်ပြောလိုက်၏။ "ကျွန်မ တကယ်စိတ်ရင်းနဲ့ ပြောတာပါ၊ ကျွန်မအိမ်က ဘယ်နေရာမှာဘဲရှိရှိ အဲဒီ့နေရာမှာ အဘိုးနဲ့အဘွားတို့ အိမ်တွေလည်း ရှိနေရမှာပေါ့ အဘွားတို့က မြို့စားမင်းသမီးအိမ်တော်မှာ သက်တောင့်သက်သာ နေလို့ရပါတယ်၊ ဒါပေမဲ့ တကယ်လို့ ကြက်တွေဘဲတွေ မွေးချင်တယ်၊ အသီးအရွက်တွေ စိုက်ပျိုးချင်တယ်ဆိုရင် နားထောင်ကြည့်နော်၊ မင်းကြီးက ကျွန်မကို ဧက၅၀၀ရှိတဲ့ အိမ်တော်ဝန်းတစ်ခု ချီးမြှင့်ထားတယ်လေ၊ ဒီနေရာမှာ အိမ်ထောင်စုတွေ အများကြီးရှိတယ်၊ ဒီတော့ အဲဒီ့မှာ နောက်ထပ်ခြံဝန်းလေး နည်းနည်းပါးပါးကို ထပ်ဆောက်လိုက်လို့ ရသေးတယ်၊ ဒါကလည်း သရှင်းရွာပဲ ဖြစ်နေအုံးမှာပဲ၊ တကယ်လို့ အဘွားက အဘွားရဲ့မြေးတွေနဲ့ မြစ်လေးတွေကို သတိရတယ်ဆိုရင် အားလုံးက အဲဒီ့ကို အတူတူပြောင်းလာလို့ ရတယ်လေ၊ ဒီ့အပြင် အားရွေ့ပိုကြီးလာတဲ့အချိန်ကျရင်လည်း မြို့တော်မှာ ကျောင်းတက်လို့ရတာပေါ့"

ထို့နောက်တွင် သူမက ကျိုးချွမ်ကျန့်၊ ဆိုင်တာဝန်ခံရွှီနှင့် တစ်ခြားသူတို့ကို ပြောလိုက်၏။ "ဦးလေးကျိုး၊ ဦးလေးရွှီ၊ ဦးလေးရှီ၊ အဘိုးလု အားလုံးလည်း အတူတူပါပဲ"

အားလုံးက ရယ်မောကြသည်။ ချန်းသရှန်က ပြောလိုက်၏။ "အားရွေ့က ငယ်ပါသေးတယ် ငါကတော့ သူ့ထက်အရင် အဲဒီ့ကို သေချာပေါက်သွားမှာ"

ဒီလို သာမန်ကာလျှံကာ မှတ်ချက်က နောက်ထပ် ရယ်မောသံတစ်ခုကို ဖွင့်ထုတ်ပေးလိုက်ပြီး ပတ်ဝန်းကျင်လေထုကို သိသိသာသာ တက်ကြွလာစေတော့သည်။

ဆိုင်တာဝန်ခံရွှီက ပြောလိုက်၏။ "ဒါကတော့ ဝမ်ဟုန်နဲ့ ဝမ်ပေါ်တို့ ကိုယ့်ဟာကိုယ် တိုးတက်အောင်လုပ်တဲ့အပေါ် မူတည်ပါတယ်၊ တကယ်လို့ သူတို့တွေက ပြည်နယ်စာမေးပွဲကို အောင်မြင်ခဲ့မယ်ဆိုရင် နောက်ထပ်စာလေ့လာဖို့အတွက် မြို့တော်ကိုသွားရမှာပဲ၊ ငါတို့တွေက အဲဒီ့အချိန်ကြရင်တော့ မင်းကို သေချာပေါက် ဒုက္ခပေးရအုံးမယ်"

လုအာ့လန်က ပြန်ဖြေသည်။ "ငါတို့မိသားစုရဲ့ မျှော်လင့်ချက်တွေကတော့ အားရှုတစ်ယောက်တည်းပေါ်မှာပဲ မူတည်တော့တယ်"

ရှီသလန်က သူ့သားနှင့် တူလေးကို လှမ်းကြည့်လိုက်သည်။ ကျွတ် ကျွတ်။ သူတို့တွေက အရောင်းအဝယ်လုပ်ငန်းမှာ တော်ချင်တော်မှာပါ။ ဒါပေမဲ့ ပညာသင်စာမေးပွဲအတွက်တော့ အောင်မြင်နိုင်လိမ့်မယ်လို့ မထင်ဘူး။

ဒီစကားလုံးများကို ဟာသ‌နှောပြီး ပြောလိုက်သဖြင့် မည်သူကမှ ဒါကို အတည်မမှတ်ယူကြချေ။ သို့သော် သူတို့သည် နောက်ပိုင်းတွင် မြို့တော်သို့အလည်သွားဖို့ လိုလာသည့်အချိန်တိုင်း တည်းခိုရန်နေရာတစ်ခုတော့ ရှိလာသည်မှာ အမှန်ပင်။

ရှန်းအိမ်ထောင်စုတွင် ပျော်ရွှင်ဖွယ်ရာ ကိစ္စရပ်တစ်ခု ရှိနေသည်တွင် စန်းလော့က ထိုနေ့ညစာအတွက် အားလုံးကို ဖိတ်ဖို့ဆုံးဖြတ်လိုက်ပြီး စည်ကားသည့် နှုတ်ဆက်ပွဲတစ်ခု ပြုလုပ်ရန် စားပွဲ တော်တော်များများကို ခင်းကျင်းလိုက်သည်။

ဟုတ်ပါသည်။ အမျိုးသမီးများကတော့ အစားအသောက်များကို အတူတူ ပြင်ဆင်ကြသူများဖြစ်သည်။ အိမ်တော်ဝန်းထဲတွင် သူတို့လိုအပ်သည့်အရာမှန်သမျှ ရှိနေသည်။ ထို့ကြောင့် စားသောက်ပွဲ တော်တော်များများကို စီစဥ်ဖို့ရန် စိုးရိမ်စရာမလိုချေ။

အိမ်က ကိစ္စများအားလုံးကို ဖြေရှင်းပြီးသည်တွင် ရှန်းလီနှင့် ရှန်းအန်းတို့သည် ပြည်နယ်ကျောင်းတော်သို့ အလောတကြီး ပြန်သွားကြရသည်။

...

ရှီကျိုးတည်းခိုခန်းတွင် ချန်ကုန်းကုန်းသည် တံခါးကိုဖွင့်လိုက်ပြီး ခရီးတစ်လျှောက် ဖုန်မှုန့်များကို ဆေးကြောသုတ်သင်ဖို့အတွက် သူ့အတွက် ရေနွေးနည်းနည်း သွားယူလာပေးသည့် ကုန်းကုန်းငယ်လေးကို လှမ်းခေါ်လိုက်သည်။ တံခါးကို ပိတ်လိုက်ပြီးသည့်နောက်တွင် သူက ကိုယ်ကိုလှည့်လိုက်ရာ အခန်းထဲ၌ နောက်ထပ်လူတစ်ယောက်ရှိနေသည်ကို သတိထားမိလိုက်၏။

သူ့မှာ အလန့်တကြား အသံထွက်မိသွားသော်ငြားလည်း မြန်မြန် စိတ်တည်ငြိမ်အောင် လုပ်ထားလိုက်ပြီး သရှင်းရွာအပြင်ဘက်က သူ ချန်ထားခဲ့သည့် လျှို့ဝှက်အချက်ပြကို သတိရသွားသည်။

ဟုတ်ပါသည်။ အခန်းထဲတွင် တိတ်တိတ်လေးပေါ်လာသည့် လူငယ်မှာ တံဆိပ်ပြားတစ်ခုကို ထုတ်ပေးလိုက်၏။ အပေါ်တွင် ချီဟုရေးထိုးထားသည့် ရွှေတံဆိပ်ပြားတစ်ခုဖြစ်သည်။

သူသည် အန်းချီဖြစ်လေသည်။

"ချန်ကုန်းကုန်း ကျွန်တော့်ကို ဘာဖြစ်လို့ဆင့်ခေါ်တာလဲ"

ဒါသည် ချန်ကုန်းကုန်းအတွက် အန်းချီ၏မျက်နှာအစစ်ကို ပထမဦးဆုံးအကြိမ် မြင်ခဲ့ဖူးခြင်းပင်။ ထိုမျက်နှာသည် အမှန်စင်စစ် ဟုတ်မဟုတ်ကိုတော့ သူက သေချာမသိနိုင်ချေ... နောက်ဆုံး လျှို့ဝှက်သက်တော်စောင့်တစ်ယောက်သည် ထူးခြားဆန်းပြားသည် နည်းလမ်းအမျိုးမျိုးကို သုံးထားရလိမ့်မည်။

သူက ဒါကို စိတ်ထဲတွင် ထားမနေတော့ချေ။ လိုအပ်သည့်ကိစ္စမှာ သက်သေခံ တံဆိပ်ပြားကို စစ်ဆေးဖို့ရန်သာ ဖြစ်လေသည်။ သက်သေခံ တံဆိပ်ပြားကို အတုအစစ် သေချာစစ်ဆေးပြီး အတည်ပြုပြီးနောက်တွင် ချန်ကုန်းကုန်းက သူ့အင်္ကျီလက်ထဲက စာတစ်စောင်ကို ထုတ်လိုက်ပြီး ပြောလိုက်၏။ "မင်းကြီးမှာ မင်းအတွက် တာဝန်တစ်ခုရှိတယ်"

စာဖတ်ပြီးသွားသည့်နောက်တွင် အန်းချီသည် လုပ်ရမည့်တာဝန်ကို သဘောပေါက်သွား၏။ သူက အနည်းငယ် ဦးညွှတ်လိုက်ကာ ထွက်သွားတော့မည့်ဆဲဆဲတွင် သူ့စိတ်ထဲ၌ တစ်စုံတစ်ခု ပေါ်လာခဲ့သည်။ သူ၏ ရင်ဘတ်ထဲက အိပ်ကပ်ထဲကို လှမ်းနှိုက်လိုက်ပြီး သူက သေးငယ်သည့် အိတ်လေးတစ်ခုကို ဆွဲထုတ်ကာ ချန်ကုန်းကုန်းဆီသို့ လှမ်းပေးလိုက်ရင်း ပြောလိုက်၏။ "ချန်ကုန်းကုန်းက ဒီနေ့သရှင်းရွာကို အလည်အပတ်သွားခဲ့တယ်ဆိုတော့ နေဝင်ခါနီးလောက်ကြရင် အဲဒီ့ကိုနောက်ထပ်တစ်ခေါက် သွားကြည့်တာ ပိုကောင်းလိမ့်မယ်"

ထိုလူက ဖျတ်ခနဲ ပြန်ထွက်သွား၏။ ချန်ကုန်းကုန်းသည် သူ့လက်ချောင်းများကြားက အိတ်လေးကို ပွတ်သပ်လိုက်သော်ငြားလည်း အထဲကအရာကို မခန့်မှန်းနိုင်ချေ။ အိတ်ကိုဖွင့်လိုက်သည်တွင် လက်သည်းအရွယ်အစားလောက်သာရှိသည့် အဖြူရောင်ပစ္စည်းလေး၊ငါးခုကို တွေ့လိုက်ရသည်။

သူတို့ထဲကတစ်ခုကို အနီးကပ်စစ်ဆေးလိုက်သည်တွင် သူသည် ဘာကိုမှ ထူးထူးခြားခြား မမြင်ရသေးချေ။ သို့သော်ငြားလည်း သူက ထိုပစ္စည်းကို အိတ်ထဲသို့ ပြန်ထည့်လိုက်ချိန်တွင်တော့ သူ့လက်ချောင်းဖျားပေါ်တွင် အဖြူရောင်အမှုန့်များ ကျန်ရစ်နေသည်ကို သတိထားမိလိုက်သည်။

သူက သူ့လက်ချောင်းကို ပွတ်သပ်ကြည့်လိုက်ပြီးနောက် ထိုပစ္စည်းကို အိတ်ထဲသို့ ဂရုတစိုက်ပြန်ထည့်ထားလိုက်သည်။

"နေဝင်တဲ့အခါ ဟုတ်လား"

...

ညနေခင်း ၆နာရီဝန်းကျင်

သရှင်းရွာတွင် ရှန်းမိသားစု၏ခြံဝန်းသည် အခုလေးတင် စားသောက်ပြီးစီးသွားသည့်လူများနှင့် ပြည့်နှက်နေသည်။ သူတို့သည် စကားပြောရင်း လက်ဖက်ရည်ပူလေးများကို သောက်သုံးနေကြသည်။ သည်အခိုက်တွင် အဓိက စကားပြောနေကြသူများမှာ ချန်းယိုထျန်းနှင့် ကျိုးချွမ်ကျန့်တို့ဖြစ်ကြပြီး သူတို့သည် ရွာထဲက တစ်ခြားမိသားစုများကို မြို့တော်သို့သွားခဲ့သည့် အတွေ့အကြုံများကို ပြန်လည်ဝေမျှနေကြသည်။

သူတို့သည် နန်းတော်အကြောင်း၊ မင်းကြီးအကြောင်း၊ ရုံးတော်နှင့် အရာရှိများအကြောင်း၊ တော်ဝင်အစောင့်များအကြောင်း ပြောပြနေကြပြီး အားလုံးကို တအံ့တသြဖြစ်စေလေတော့သည်။

ချန်းယိုထျန်းကဲ့သို့ ရိုးသားသည့် လူတစ်ယောက်ကပင် လှိုက်လှိုက်လှဲလှဲ ရယ်မောနေလိုက်ပြီး ကျိုးချွမ်ကျန့်နှင့်အတူ အကြောင်းအရာကို တစ်လှည့်စီဝင်ကာပြောနေ၏။ သူတို့သည် မင်းကြီး၏ ကြင်နာသနားတတ်မှုနှင့် ရက်ရောတတ်သည့် သဘောထားကို ချီးကျူးစကား ပြောဆိုနေကြသည်။ သို့သော်ငြားလည်း အမှန်တွင်တော့ သူတို့တွေ့ဆုံခဲ့သည့် တစ်လျှောက်လုံးတွင် မင်းကြီး၏ရုပ်သွင်ကို တစ်ချက်လောက်ဖျတ်ခနဲ လှမ်းကြည့်ဖို့ရန်ပင် အလွန်မှ ကြောက်ရွံ့ခဲ့ကြလေသည်။

ရှန်းမိသားစုခြံဝန်းထဲတွင် နန်းတော်က အကြောင်းအရာများကို ပြောဆိုနေကြစဥ် တစ်ခြားတစ်ဖက်တွင်တော့ ချန်ကုန်းကုန်းက အရပ်ဝတ် အဝတ်အစားများကို ဝတ်ဆင်ပြီး နေဝင်ခါနီးတွင် အန်းချီ အကြံပေးခဲ့သည်အတိုင်း အခြွေအရံတစ်ချို့နှင့် သရှင်းရွာသို့ တိုးတိုးတိတ်တိတ် ရောက်လာခဲ့သည်။

အန်းချီက သူ့ကိုမြင်စေချင်သည့်အကြောင်းအရာကို အတိအကျ မပြောခဲ့ချေ။ သို့သော်ငြားလည်း သူတို့သည် သရှင်းရွာသို့ ဝင်လာသည်နှင့်ချက်ချင်း အဖြေကို အလွယ်တကူ ရှာတွေ့နိုင်လေသည်။

ရွာငယ်လေးထဲတွင် ချန်ကုန်းကုန်းသည် ကျောင်းတစ်ကျောင်း ဖွင့်ထားသည်ကို တွေ့လိုက်ရပြီး လူတစ်ယောက်က သူ၏အမျှော်အမြင်ကြီးမှုအတွက် ချီးမွမ်းစကားပြောဆိုနေ၏။ သို့သော်ငြားလည်း သူ့ကို လာရောက်လေ့လာဖို့အတွက် အထူးတလည် ခိုင်းစေနေသည်ကတော့ မလိုအပ်နေသယောင်ပင်။

သူသည် လူအုပ်ကြီး၏နောက်တွင် ပုန်းကွယ်ပြီး ပြတင်းပေါက်နားသို့ ချဥ်းကပ်သွားသည့်အချိန်မှသာ မျက်ခုံးများကို အနည်းငယ် ပင့်မိတော့သည်။ သူသည် သူ့အင်္ကျီလက်ထဲတွင် ဝှက်ထားသည့် အန်းချီသူ့ကို ပေးခဲ့သည့်အိတ်လေးကို လက်ချောင်းဖြင့် စမ်းကြည့်မိလိုက်၏။

သူသည် ၁၅မိနစ်လောက် ငြိမ်ငြိမ်လေး ငေးကြည့်လိုက်ပြီး အခန်းထဲက ထောင့်တိုင်းကို သေသေချာချာ စစ်ဆေးကြည့်ဖို့ရန် သူ၏နေရာကို အကြိမ်အနည်းငယ် ပြောင်းလိုက်သည်။ ထိုအခါမှ အန်းချီက သူ့ကို ဒီခရီးကို လာခိုင်းရသည့် အကြောင်းအရင်းကို သဘောပေါက်သွားတော့သည်။

အခြွေအရံများဝန်းရံကာ သူသည် ရှန်းအိမ်သို့ တိုက်ရိုက်သွားခဲ့လေသည်။

ရှန်းမိသားစု၏ ခြံဝန်းတံခါးသည် အနည်းငယ်ဟထားသည်။ မဝင်ခင်တွင် သူတို့နှင့် အတူလိုက်လာသည့် ကုန်းကုန်းငယ်လေးက အထဲကလူများကို ယဥ်ကျေးသည့်သဘောဖြင့် ဒုတိယခြံဝန်းတံခါးကို အသာအယာ ခေါက်လိုက်လေသည်။

"ချန်ကုန်းကုန်းလား"

ရှန်းလီနှင့် စန်းလော့တို့က အလောတကြီးထွက်လာကာ သူတို့ကို နှုတ်ဆက်ကြသည်။

...

ချန်ကုန်းကုန်းနှင့် စိုက်ပျိုးရေးဌာနက အရာရှိများသည် ၂ရက်ကျော်လောက် နေခဲ့ကြသည်။ ရှီကျိုးသို့လာသည့်ဒီခရီးတွင် ချန်ကုန်းကုန်းသည် ဒေသခံရွာသားများဆီသို့ အလည်အပတ် သွားရောက်ခဲ့သည့်အပြင် မြေဆွေးလုပ်ခြင်းနည်းလမ်းနှင့် သီးထပ်စိုက်ပျိုးခြင်းနည်းလမ်း တိုးတက်မှုကို လေ့လာခဲ့ပြီး မြေဖြူနှင့် မြေဖြူလုပ်သည့်ပုံစံခွက်ဟုခေါ်သည့် ပစ္စည်းအသစ်များနှင့်အတူ မြို့တော်သို့ပြန်သွားခဲ့လေသည်။

ဟုတ်ပါသည်။ မပြန်ခင်တွင် သူသည် ထိုဒေသအတွင်း အသစ်ဆောက်ထားသည့် ကျေးရွာကျောင်းများဆီသို့လည်း အလည်အပတ်သွားခဲ့သေးသည်။

စန်းလော့နှင့် ရှန်းလီတို့က ချန်ကုန်းကုန်းကို လိုက်ပါပို့ဆောင်ရန် ကျန့်ဇီရွှမ်းနှင့် သူ့ဇနီးနှင့်အတူ အဖော်လိုက်လာသည်။ တစ်ချက်မှာ မြို့တော်အပြင်ဘက်က သူတို့၏အိမ်ယာဝန်း၏ လက်ရှိအခြေအနေကို စုံစမ်းမေးမြန်းဖို့ရန်နှင့် ကျန်တစ်ချက်မှာ ချန်ကုန်းကုန်း ယူပြန်သွားဖို့ရန်အတွက် သရှင်းရွာက အထူးတလည် လုပ်ပေးလိုက်သည့် ပစ္စည်းများကို ထည့်ပေးဖို့ရန်ဖြစ်လေသည်။

ပေါင်မုန့်၊ ကိတ်မုန့်နှင့် ပူတင်းများကို စားဖူးသည်မှာ ချန်ကုန်းကုန်းအတွက် ပထမဦးဆုံးအကြိမ်ပင်။

ရှန်းမိသားစုသည် စောနိုင်သမျှစောစော မြို့တော်သို့ ပြောင်းရွှေ့လာသင့်သည်ဟု သူက ခံစားမိလေသည်။ တနည်းအားဖြင့် သူသည် ဒီအချိုပွဲများကို မင်းကြီးထံသို့ ယူသွားပေးရမည်ကိုသာ သဘောကျနေရတော့မည်။

သူကိုယ်တိုင်ကလဲ သူ၏အစာအိမ်ကိုဖြည့်ဖို့ရန် ကိုယ့်ဟာကိုယ် အားကိုးနေရသေးသည်ပဲ။

စိုက်ပျိုးရေးဌာနမှ အရာရှိများကလည်း လုံလောက်သည့် ရိက္ခာများနှင့် ပြန်လာခဲ့လေသည်။

...

မြို့တော်မှ အလည်လာသူများကို နှုတ်ဆက်ပို့ဆောင်ပြီးသည့်နောက်တွင် စန်းလော့သည် နောက်ဆုံးတော့ ရှီကျိုးက အလုပ်ရုံနှင့် လယ်ကွင်းများကို စီမံဖို့ရန် အာရုံစိုက်နိုင်တော့သည်။

သူမသည် ပဲခေါက်ဆွဲနှင့် တို့ဟူးထုတ်လုပ်ခြင်းကိုတော့ ချန်းမိသားစုဆီသို့ အပ်နှံထားလိုက်သည်။ သူမ အမြဲတမ်း လုပ်ချင်ခဲ့သော်လည်း ရုံးတော်က တခြားပြည်နယ်များသို့ ဝေမျှပေးဖို့ရန် ဝဥမျိုးများကို ဝယ်ယူသွားသဖြင့် မလုပ်လိုက်ရသည့် ဝဥခေါက်ဆွဲကိုတော့ ချန်းမိသားစုကို သင်ပေးလိုက်လေသည်။ ဒီခေါက်ဆွဲကို ပဲခေါက်ဆွဲအလုပ်ရုံနှင့် အတူတူ ထုတ်လုပ်နိုင်ပြီး အမျိုးသားအလုပ်သမားများက နောက်ထပ်ထုတ်လုပ်သည့် လုပ်ငန်းစဥ်ကို ကိုင်တွယ်နိုင်သည်။

ဟုတ်ပါသည်။ လက်ရှိအချိန်တွင်တော့ ဝဥများကို မရနိုင်သေးချေ။ သို့သော်ငြားလည်း သူမသည် ပုံမှန်ခေါက်ဆွဲလုပ်နည်းကို သူတို့အား သင်ပေးနိုင်သေးသည်။ အနည်းငယ် အဆင့်မြှင့်ပြီး ပြုပြင်လိုက်ရုံနှင့် နောက်ပိုင်းတွင် ဝဥခေါက်ဆွဲလုပ်နည်းကို ပြုလုပ်နိုင်ပေမည်။

သချီတွင် အသင့်စားခေါက်ဆွဲများ မရှိသေးချေ။ အချိန်အကြာကြီး ထားလို့ရပြီး အလွယ်တကူ သယ်ယူပို့ဆောင်ကာ ရောင်းချလို့ရသည့် ခေါက်ဆွဲအခြောက်များ ဆိုလျှင်တော့ ပြောစရာမလိုချေ။ ဂျုံကို အဓိကစားသုံးသည့် မြောက်ပိုင်းကလူများပင် အများစုက နယ်ထားသည့်ဂျုံ သို့မဟုတ် ခေါက်ဆွဲဟင်းရည်များကို စားကြပြီး ထိုအရာကို ထန်ပင်းဟုခေါ်သည်။

ခေါက်ဆွဲခြောက်နှင့် ဝဥခေါက်ဆွဲခြောက်များသည် ဒီတစ်နှစ် ဂျုံနှင့် ဝဥရိတ်သိမ်းပြီးသည်တွင် သရှင်းရွာ၏ ထူးခြားသည့် အထူးထုတ်ကုန်ပစ္စည်း ဖြစ်လာလိမ့်မည်။

အမှန်တွင်တော့ ဝဥမှထုတ်လုပ်သည့် အရသာရှိသည့် ပစ္စည်းနောက်တစ်ခု ရှိသေးသည်။ -ဝဥကြာဇံ။ ကံဆိုးချင်တော့ ဒီနေရာတွင် ကန်စွန်းဥမရှိသလို အစားထိုး အသုံးပြုနိုင်သည့် ပီလောပီနံလဲ မရှိချေ။ ဝဥကြာဇံကို တစ်ခြားပါဝင်ပစ္စည်းများနှင့် ပေါင်းစပ်လိုက်ရုံဖြင့် လုပ်နိုင်သည်က မသေချာပေ။ မည်သို့ဆိုစေ လုပ်ပုံလုပ်နည်းကတော့ ပဲကြာဇံလုပ်နည်းနှင့် ဆင်တူလေသည်။ ထို့ကြောင့် ဒီကိစ္စကို ချန်းမိသားစုက နောက်ပိုင်းတွင် လက်တွေ့စမ်းသပ်လေ့လာဖို့ရန်အတွက် ချန်ထားလိုက်သည်။

ပန်ကိတ်၊ ခေါက်ဆွဲ၊ တို့ဟူးချဥ်။ ယုန်သား၊ ဆတ်သား၊ အသားခြောက်၊ အသားမွကြော်၊ ပေါင်မုန့်၊ ကိတ်မုန့်နှင့် ပူတင်းများ အားလုံးသည် စာရင်းထဲတွင် ပါဝင်လေသည်။ ရှန်းနဥ်က တော်တော်လေးကို ဇဝေဇဝါဖြစ်နေ၏။ သည်ပစ္စည်းများသည် အမှန်ပင် အကျိုးအမြတ်ရှိသည်။ သူမသည် ဒီလုပ်နည်းအမယ်များကို ဒီအတိုင်း လက်လွဲပေးဖို့ရန် တော်တော်လေး မလိုမလားဖြစ်နေ၏။

တစ်ဖက်တွင်တော့ စန်းလော့က ပိုပြီးပွင့်လင်းသည်။ "မြို့တော်မှာဆိုရင်တောင် ငါတို့တွေက ဒါကိုလုပ်ဖို့ လူတွေကို ငှားဖို့လိုသေးတယ်၊ နင်က ငါတို့ရဲ့ကျန်တဲ့တစ်ဘဝလုံးမှာ ဒါတွေကို ကိုယ့်ဟာကိုယ် လုပ်ဖို့များ တကယ် စဥ်းစားထားတာလား၊ ငါတို့ကိုယ်တိုင် လုပ်မယ်ဆိုရင် ဘယ်လောက်လုပ်နိုင်မှာမလို့လဲ။ ဒီ့အပြင် ဒါက ငါတို့တွေကို ငွေနဲ့ ချည်နှောင်ထားတဲ့အပြင် တစ်သက်လုံး ခေါက်ဆွဲကြိတ်ဖို့ တွန်းအားပေးနေတော့မှာပေါ့။ ဒါဆိုရင် အဓိပ္ပါယ် မရှိတော့ဘူးလေ၊ အတိုင်းအတာတစ်ခု ရောက်သွားပြီဆိုရင် ငွေဆိုတာက ကိန်းဂဏန်းတစ်ခုပါပဲ၊ ကျေနပ်ရောင့်ရဲတာကလဲ ကောင်းပါတယ်"

သူမသည် စက်ရုံလုပ်ငန်းလည်ပတ်ပုံကို တဖြည်းဖြည်း အသားကျလာစေရန် ချန်းမိသားစုကို သင်ကြားပြသပေးလိုက်သည်။ ဒီလုပ်နည်းဟုခေါ်သည့် ပစ္စည်းတစ်ချို့အတွက် သူမ၏တစ်ဘဝလုံးကို သူမကိုယ်တိုင်နဲ့ တစ်ခြားသူများအား ချည်နှောင်ထားဖို့ဆိုသည်က ကျိုးကြောင်းသင့်လိမ့်မည် မဟုတ်ချေ။ ခေတ်သစ်အချိန်အခါတွင် လျှို့ဝှက်အမယ်ဆိုသည်မှာ မကျန်တော့သလောက်ပင်။ အကယ်၍ တစ်စုံတစ်ယောက်က တစ်ခုခုကို လေ့လာချင်လျှင် သူတို့သည် ဒါကိုလုပ်နိုင်ပေသည်။ စီးပွားရေးကလဲ ဆက်ပြီးအဆင်ပြေနေသည်မဟုတ်ပါလား။

ကြီးမားသည့် အမြတ်အစွန်းအတွက်တော့ ကုန်ပစ္စည်း အများအပြားအတွက် စန်းလော့၏စျေးနှုန်းအများစုမှာ ကုန်ကြမ်းပစ္စည်းအတွက် ကုန်ကျစရိတ်ကို အခြေခံကာ ထို့နောက်တွင်မှ လုပ်အားနှင့် လျှို့ဝှက်လုပ်နည်းအမယ်များကို ထည့်တွက်လေသည်။

ကုန်ကြမ်းများက စျေးကြီးသည်။ ထို့ကြောင့် ထုတ်ကုန်များကိုလည်း စျေးကြီးဖြင့် ရောင်းရသည်။ အစိုးရက စိုက်ပျိုးရေးကို အလေးပေးကာ ဝက်များကိုသင်းကွပ်ခြင်းနှင့် စိုက်ပျိုးရေးနည်းလမ်းများအတွက် သူမ၏အကြံပေးချက်ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးချလာမည်ဆိုလျှင် မကြာမှီ စပါးနှင့် အသားစျေးများသည် တည်ငြိမ်သွားပေလိမ့်မည်။ ကုန်ပစ္စည်းအများစုကလဲ တစ်နှစ်၊နှစ်နှစ်အတွင်းတွင် စျေးများကျလာပြီး ခြုံငုံကြည့်လျှင် ပတ်ဝန်းကျင် အခြေအနေကလဲ တိုးတက်လာလိမ့်မည်။

...

ချန်းသရှန်နှင့် တစ်ခြားသူများသည် သူတို့ဖြန့်ချီထားသည့် စီရင်စုဆီသို့ ပစ္စည်းများကိုသွားပို့ပြီး ပြန်ရောက်လာချိန်တွင် စန်းလော့က ကိစ္စများကို တိုင်ပင်ရန်အတွက် ချန်းမိသားစုကို ဖိတ်ခေါ်ဖို့ ပြင်ဆင်ထားသည်။

သည်အကြောင်းကို ကြားလိုက်ချိန်တွင် ရှန်းကျင့်သည် ခဏလောက်တုံ့ဆိုင်းသွားပြီးမှ ရှန်းထျယ်ကို လှမ်းတားလိုက်ကာ သူက ချန်းမိသားစုကို သွားဖိတ်ပေးမည်ဟု ပြောလိုက်သည်။

"မကြီး တကယ်လို့ မကြီး ကျွန်တော့်ကို ယုံတယ်ဆိုရင် ကျွန်တော့်ကို သင်ပေးပါ၊ အားနဥ် လုပ်သမျှအရာအားလုံးကို ရှောင်ယင်နဲ့ ရှောင်ထျယ်တို့ကလဲ လုပ်နိုင်ပါတယ်၊ လုပ်နည်းအမယ် ပေါက်ကြားသွားမှာ မဟုတ်ပါဘူး"

စန်းလော့က တအံ့တသြ ဖြစ်သွားသည်။ "နင်က ငါတို့နဲ့အတူ မြို့တော်ကို မလိုက်ဘူးလား"

သူမ၏မေးခွန်းက ညီအစ်ကိုသုံးယောက်ကို တဒင်္ဂ ဆွံ့အသွားစေလေသည်။ အငယ်ဆုံးဖြစ်သည့် ရှန်းထျယ်သည် မိသားစုနှစ်ခုကြားက အတိတ်က ဖြစ်ရပ်များကို အများကြီးမတွေးခဲ့ချေ။ သူသည် ပုံမှန်အတိုင်း စန်းလော့နဲ့ ရှန်န်းနဥ်တို့နှင့် နီးကပ်စွာနေရဲခဲ့သည်။ ဒီစကားကို ကြားလိုက်ချိန်တွင် သူ့မျက်လုံးများက လင်းလက်သွား၏။ "ကျွန်တော်တို့ကရော ဒီထဲမှာ လိုက်ပါလို့ရလား"

ပထမအိမ်ထောင်စုနှင့် တတိယအိမ်ထောင်စုတို့သည် အိမ်ထောင်ခွဲထားသည်ဖြစ်သဖြင့် သီးခြားအိမ်ထောင်စုဟု သတ်မှတ်မှန်း သူ သိလေသည်။

သို့သော်ငြားလည်း သူတို့သည် သူတို့၏အချိန်အများစုကို သူတို့၏အစ်ကိုကြီးနှင့် မရီးများနှင့်အတူ အများဆုံး ကုန်ဆုံးတတ်ကြသည်။ အထူးသဖြင့် သူတို့၏ကိုယ်ပိုင်အိမ်လေးကို ကျောင်းအဖြစ် ငှားလိုက်သည့်အချိန်တွင် သူတို့သည် အကြီးဆုံးမိသားစုထဲသို့ တိုက်ရိုက်ပြောင်းရွှေ့ခဲ့ကြသည်။

"သေချာတာပေါ့၊ နင်တို့တွေက ငယ်သေးတာပဲ၊ နင်တို့တွေ ကိုယ့်ဟာကိုယ်တော့ ဒီမှာသီးသန့်နေနိုင်မှာ မဟုတ်ဘူးလေ၊ ဟုတ်တယ်မလား"

ဒီစကားကို ကြားလိုက်ချိန်တွင် ရှန်းထျယ်၏မျက်လုံးများက အပြုံးတစ်ခုအသွင် ကွေးတက်သွားပြီး သူ၏ဝမ်းသာစိတ်က ပွင့်ထွက်လာလေသည်။

ရှန်းယင်၏လက်ချောင်းများက လှုပ်ရှားသွားပြီး သူက အမှတ်တမဲ့ မေးလိုက်၏။ "မြေတွေကိုရော ဘယ်လိုလုပ်ခဲ့မှာလဲ"

သူသည်လည်း ဆွဲဆောင်ခံနေရသည်မှာ သိသာလေသည်။

ရှန်းနဥ်က ပြန်ပြောလိုက်၏။ "ငါတို့တွေက မြေတွေကို စောင့်ရှောက်ဖို့ လူငှားထားလို့ရတယ်လေ၊ လူနှစ်ယောက်ဆိုရင် လုံလောက်ပါတယ်၊ ငါတို့တွေ ဒါတွေကို စောင့်ရှောက်ပေးဖို့ ဦးလေးကျောက်စစ်လန်နဲ့ ဦးလေးကျိုးတို့ကို အကူအညီ တောင်းလို့ရတယ်လေ၊ နှစ်စဥ် ရိတ်သိမ်းထားတဲ့ ထွက်ကုန်တွေကို သယ်ယူပို့ဆောင်တာပဲဖြစ်ဖြစ် ဒေသထဲက အလုပ်ရုံ ဒါမှမဟုတ် ဆိုင်တွေမှာ ရောင်းတာပဲဖြစ်ဖြစ် လုပ်လို့ရတယ်လေ"

ကျောက်မိသားစုသည် သင့်တော်ကောင်းမွန်သည့် မိသားစုတစ်ခုဖြစ်ကာ ကျောက်စစ်လန်ကလဲ အားကိုးရသည်။ နောက်ပိုင်းတွင် သူသည် ရှန်းမိသားစုအတွက် ငှားရမ်းထားသည့် အလုပ်သမားများကို စီမံပေးဖို့ တာဝန်ယူရနိုင်သည်။ ဦးလေးကျိုးကတော့ သူမက ရွာသူကြီးကျိုးကို ရည်ရွယ်ခြင်းပင်။

ရှန်းကျင့်သည် အထူးသဖြင့် သူ့ညီနှစ်ယောက်၏ တုံ့ပြန်ပုံကို မြင်လိုက်ရပြီးနောက်တွင် တော်တော်လေးကို မရေမရာ ဖြစ်သွားလေသည်။ သို့သော်ငြားလည်း နောက်ဆုံးတွင်တော့ သူက ခေါင်းခါလိုက်လေသည်။ "မရီး မရီးတို့ရဲ့အိမ်ယာတွေနဲ့ လယ်မြေတွေ အားလုံးက ဒီနေရာမှာရှိနေတာပဲ၊ အိမ်မှာ တစ်ယောက်ယောက် မချန်ခဲ့လို့တော့ အဆင်ပြေမှာ မဟုတ်ပါဘူး၊ ကျွန်တော်က ကုန်သည်ပညာကိုလေ့လာပြီးတော့ ဒီမှာပဲ နေပါ့မယ်"

ဒီစကားက ရှန်းထျယ်နှင့် အတိုင်းအတာတစ်ခုအထိ ဆွဲဆောင်ခံထားရသည့် ရှန်းယင်တို့ကို မှင်သက်အံ့သြသွားစေတော့သည်။ ညီအစ်ကိုနှစ်ယောက်စလုံးက သူတို့အစ်ကိုကြီးကို လှည့်ကြည့်လိုက်၏။

ရှန်းယင်က ပြောလိုက်ၑ။ "ဒါဆိုရင်... ဒါဆိုရင်တော့ ငါလဲ ဒီမှာပဲနေမယ်"

ရှန်းထျယ်က သူ့အစ်ကိုကို ကြည့်လိုက်ပြီးနောက် သူ့မရီးနှင့် အစ်မတို့ကိုကြည့်ကာ တော်တော်လေးကို မဝေခွဲနိုင်ဖြစ်နေသည်။ အကယ်၍ ဒီကိစ္စက သူတို့ ငယ်ရွယ်တုန်းကဖြစ်ခဲ့လျှင် သူသည် ဒီအတိုင်း ပါးစပ်ကို စူပုတ်ထားမိလိမ့်ပေမည်။

သို့သော်ငြားလည်း သူတို့သည် ကလေးမဟုတ်တော့ချေ။ အခြေအနေက ယခုတော့ ကွာခြားသွားခဲ့ပြီဖြစ်သည်။ ခဏလောက် ရုန်းကန်လိုက်ပြီးနောက်တွင် သူက ပြောလိုက်၏။ "ကျွန်တော်လဲ ဒီမှာပဲနေခဲ့မယ်"

စန်းလော့: " ... "

ရှန်းနဥ်: " ... "

တစ်ယောက်က ၁၃နှစ်။ တစ်ယောက်က ၁၁နှစ်။ တစ်ယောက်က ၁၀နှစ်။

စန်းလော့သည် ရှန်းယင်နှင့် ရှန်းထယ်တို့ကို ညွှန်ပြလိုက်ပြီးနောက်တွင် ရှန်းကျင့်ကို ကြည့်လိုက်၏။ "နင်က သေချာလို့လား၊ နင်က ကုန်သည်တစ်ယောက်အနေနဲ့ အပြင်ထွက်နေရမှာလေ၊ သူတို့တွေက အခုမှ ၁၁နှစ်နဲ့ ၁၀နှစ်ပဲ ရှိကြသေးတယ်"

"ဒီလယ်မြေတွေနဲ့ အိမ်တွေကြောင့်ဆိုရင်တော့ မလိုပါဘူး၊ ရွာထဲက အားလုံးကလဲ မိသားစုတွေလိုပါပဲ၊ ငှားရမ်းထားတဲ့လူနည်းစုကလဲ အားလုံးက ရိုးသားတဲ့ရွာသားတွေပါပဲ၊ ဒီအတွက် နောက်မှာတစ်ယောက်ယောက် နေခဲ့ဖို့တော့ မလိုပါဘူး၊ သေသေချာချာ ပြန်စဥ်းစားလိုက်ပါအုံး” သူမကအကြံပေးလိုက်လေသည်။

...

အပိုင်း (၂၈၀) စီစဥ်ခြင်း

စန်းလော့၏အကြံအဉာဏ်ကို သေချာစဥ်းစားခဲ့ပြီးနောက်တွင် ရှန်းကျင့်သည် ထိုကိစ္စကို အချိန်အကြာကြီး ဆွဲမနေတော့ချေ။ သူက သူ့ညီငယ်လေးနှစ်ယောက်ကို ကြည့်ရုံသက်သက်သာ ကြည့်လိုက်ပြီး ခေါင်းခါပြလိုက်သည်။

"ကျွန်တော်တို့တွေ ဒီမှာဘဲနေသင့်ပါတယ်၊ ကျွန်တော် အသက်၁၃နှစ်မှာ အရောင်းအဝယ်အကြောင်းကို စပြီးတော့ လေ့လာနေနိုင်ပြီ၊ ရှောင်ယင်နဲ့ ရှောင်ထျယ်တို့လည်း တစ်နှစ်၊ နှစ်နှစ်လောက်နေရင် အတွေ့အကြုံရနိုင်ပါတယ်၊ တကယ်လို့ မြောက်ပိုင်း အရောင်းအဝယ်လမ်းကြောင်း ပွင့်သွားပြီဆိုရင် ကျွန်တော်တို့တွေလည်း မြို့တော်ကို နှစ်တိုင်း ခရီးအခေါက်ခေါက်လာနိုင်တာပဲ၊ ဒါမှမဟုတ် မရီးနဲ့အစ်မတို့က နောက်ပိုင်း မြို့တော်မှာ ကိစ္စတွေအတွက် အထောက်အကူ လိုလာတယ်ဆိုရင်လည်း ကျွန်တော်တို့ သုံးယောက်ထဲက တစ်ယောက်ယောက်က သွားလို့ရပါတယ် အခုလောလောဆယ်တော့ ကျွန်တော်တို့တွေ ဒီမှာနေတာ အကောင်းဆုံးပဲ"

"မကြီး တကယ်လို့ ရှောင်ယင် ရှောင်ထျယ်နဲ့ ကျွန်တော်တို့က ကိုင်တွယ်နိုင်တဲ့ကိစ္စတစ်ခုခု ရှိတယ်လို့ မကြီးကထင်တယ်ဆိုရင် ကျွန်တော်တို့ကို ဒီအတိုင်းလွတ်လွတ်လပ်လပ် တာဝန်ပေးခဲ့လို့ရပါတယ်"

သူသည် ရှင်းလင်းသည့်အစီအစဥ်တစ်ခုကို ထုတ်ပြောလိုက်ပြီး ဆုံးဖြတ်ချက်က မယိမ်းမယိုင်ဖြစ်နေလေသည်။

စန်းလော့ကလဲ ရှန်းကျင့်၏အတွေးတစ်ချို့ကို ခန့်မှန်းမိနေသယောင်ဖြစ်ကာ သူမ၏မျက်ခုံးများကို မသိမသာ ပင့်ထားလိုက်သည်။ သူမက ထပ်ပြီး မှတ်ချက်မပေးတော့သော်လည်း ပြောလိုက်၏။ "ကောင်းပြီလေ နင်တို့တွေ ချက်ချင်းတော့ ထွက်လာစရာ မလိုသေးပါဘူး တကယ်လို့ နင်တို့တွေ စိတ်ပြောင်းသွားရင်လည်း ငါ့ကို ပြောလို့ရပါသေးတယ်”

"အစီအစဥ်က ပြောင်းမှာ မဟုတ်ပါဘူး။ ရှန်းကျင့်က ချက်ချင်းပြန်ဖြေလိုက်သည်။

စန်းလော့က ခပ်တိုးတိုး ရယ်မောလိုက်၏။ "အဲလောက်လည်း အလျင်မလိုပါနဲ့။ ရှောင်ယင်နဲ့ ရှောင်ထျယ်တို့ကိုလည်း သူတို့ရဲ့သဘောထားကို မေးကြည့်လိုက်ပါအုံး၊ ငါ အရင်ဆုံး ချန်းမိသားစုအိမ်ကို သွားလိုက်ပါအုံးမယ်"

ရှန်းညီအစ်ကိုများက နေခဲ့သည်ဖြစ်စေ လိုက်ခဲ့မည်ဖြစ်စေ မည်သို့ဆုံးဖြတ်ပါစေ သူမသည် တို့ဟူးချဥ်၊ ယုန်သားအစပ်၊ ပေါင်မုန့်၊ ကိတ်မုန့်၊ ပူတင်းနှင့် အသားမွကြော်များ ထုတ်လုပ်ခြင်းကို အလုပ်ရုံတစ်ခု၏ ပုံစံငယ်တစ်ခုအဖြစ် ပြောင်းလဲရန် စီစဥ်ထားလေသည်။ သူမသည် ထိုကိစ္စကို ချန်းမိသားစုနှင့် အသေးစိတ်တိုင်ပင်ဖို့ရန် လိုအပ်သည်။

ရှန်းနဥ်က စီးပွားရေးကိစ္စများတွင် အကူအညီပေးရသည်ဖြစ်စေ သင်ယူရသည်ဖြစ်စေ အမြဲတမ်း ပါဝင်ခဲ့သည်။ ထို့ကြောင့် သူမက စန်းလော့ကို ဒီခရီးတွင် အဖော်လိုက်ပါလာခဲ့၏။ သူမ က သူတို့သွားသည့်နေရာတိုင်းကို လိုက်လာတတ်သည့် အကျင့်ရှိလာသည့် အငယ်လေးနှစ်ယောက်ကို ချီလာသဖြင့် အဆင်ပြေလေသည်။ သူတို့သည် အိမ်အပြင်ဘက်သို့ လျှောက်ထွက်လာသည်တွင် ရှန်းနဥ်က စန်းလော့ကို မေးလိုက်၏။ "ယောင်းမ ရှောင်ကျင့်က မလိုက်ခဲ့ဘူးဆိုရင် ဒီနေရာမှာ စာရင်းတွေကိုကိုင်တွယ်ဖို့ သူ့ကိုတာဝန်ပေးဖို့ စီစဥ်ထားသလား"

"အင်း” စန်းလော့က ထိုစကားကို မငြင်းချေ။ "ငွေရေးကြေးရေးနဲ့ ပတ်သတ်လို့ ချန်းမိသားစုနဲ့ ဆက်ဆံရေးကို စဥ်းစားကြည့်မယ်ဆိုရင် ငါတို့တွေက စီမံတာ ကုန်ပစ္စည်းထုတ်လုပ်တာနဲ့ ထုတ်လုပ်တဲ့နည်းလမ်းတွေကို ကိုယ်စားလှယ် ပေးလိုက်လို့ရတယ်၊ ဒါပေမဲ့ စာရင်းဇယားကိုတော့ အရှင်းလင်းဆုံးဖြစ်အောင် လုပ်ထားရမယ်၊ ဒါက မိတ်ဆွေဆက်ဆံရေးနဲ့ ယုံကြည်မှုနဲ့ မဆိုင်ဘူးလေ၊ ဆက်ဆံရေးက ပိုပြီးတော့ ရင်းနှီးလေလေ စာရင်းဇယားကို ရှင်းလင်းအောင်လုပ်ဖို့ ပိုအရေးကြီးလေပဲ၊ ဒါမှ ငါတို့တွေ စီးပွားရေး အငြင်းပွားတာကနေ ငါတို့ရဲ့မိတ်ဆွေဆက်ဆံရေး ထိခိုက်မှာကိုရှောင်ရှားနိုင်မှာ"

"တကယ်လို့ ရှောင်ကျင့်က မြို့တော်ကို သွားဖို့ဆန္ဒရှိတယ်ဆိုရင် ငါက အစတုန်းက စာရင်းဇယားကိုကိုင်တွယ်ဖို့ တာဝန်ယူမလားလို့ ဝမ်ယင်းကို မေးဖို့စဥ်းစားထားတာ"

ဒါသည် ဘဏ္ဍာရေးမှုးတစ်ယောက် ငှားရမ်းဖို့ရန် မရှိမဖြစ် လိုအပ်လေသည်။

ရွှီဝမ်ချင်းသည် အစကတော့ ကောင်းမွန်သည့် ရွေးချယ်မှုတစ်ခု ဖြစ်သော်ငြားလည်း သူက ခရီးသွားရသည်ကို ကြိုက်နှစ်သက်ပြီး ရွာထဲတွင် နေလိမ့်မည် မဟုတ်ချေ။ တစ်ဖက်တွင်တော့ ရွှီဝမ်ယင်းသည် သူမအဖေ၏ အရည်အချင်းကို အမွေရရှိခဲ့ပြီး စာရင်းဇယားတွင် ကျွမ်းကျင်ကာ တည်ငြိမ်သည့် သဘာဝလည်းရှိသည်။ သူမက သင့်တော်သည့် ရွေးချယ်မှုတစ်ယောက် ဖြစ်လိမ့်မည်။

ချန်းမိသားစုသို့ လာရသည့်အကြောင်းအရင်းကို ယောင်းမဖြစ်သူက ထုတ်ပြောခဲ့သည်ကို ပြန်စဥ်းစားမိလိုက်ပြီး ရှန်းနဥ်က သဘောပေါက်သွားသည်။ "ရှောင်ကျင့်က အစတုန်းကတော့ စာရင်းဇယားကိစ္စကို ကူညီဖို့ ရည်ရွယ်ထားတာ မဟုတ်လား၊ လုပ်နည်းအမယ်တွေက ဒုတိယကဏ္ဍပဲ၊ တကယ်လို့ ညီမတို့တွေက လျိုဝှက်ချက်ကို ထိန်းထားချင်တဲ့ ထူးခြားတဲ့လုပ်နည်းအမယ်တစ်ခု ရှိလာမယ်ဆိုရင် သူက ရှောင်ယင်နဲ့ ရှောင်ထျယ်တို့နဲ့အတူ ဒါကိုဆက်ပြီးတော့လုပ်နိုင်မယ် အဲလိုမှမဟုတ်ဘူးဆိုရင်လည်း သူတို့တွေလည်း အလုပ်ရုံတစ်ခုကို လှည့်ပတ်နိုင်လိမ့်မယ်"

အမှန်ပင် ဒီသဘောထားဖြစ်လေသည်။

နေ့စဥ်ခရီးသွားလာခဲ့သည့် ကုန်သည်တစ်ယောက် ဖြစ်နေသည်တွင် အသားခြောက်၊ အသားမွကြော်၊ တူးဟူးချဥ်တို့ကို အနီးအနားဒေသဆီသို့ သယ်ယူပို့ဆောင်ရသည်မှာ အကန့်အသတ် မည်မျှရှိနေကြောင်း သူက သိသည်။ တစ်နှစ်အတွင်းတွင် သူတို့၏ဘဝက တိုးတက်လာသည်နှင့်အမျှ အသားစျေးကလဲ ကျလာလိမ့်မည်။ အသားခြောက်နှင့် အသားမွကြော်၏စျေးများကလဲ အလိုလိုကျလာမည်။ ဝယ်လိုအားက သိသိသာသာ မြင့်တက်လာပြီး အလုပ်ရုံတစ်ခုကို တည်ဆောက်ခြင်းကသာ ပုံမှန်ကုန်ကြမ်းကို ထောက်ပံ့ပေးဖို့ သေချာနိုင်သည်။

အမှန်တကယ် ထိန်းသိမ်းရမည့် လုပ်ငန်းအမယ်များမှာ ပေါင်မုန့်၊ ကိတ်မုန့်နှင့် ပူတင်းတို့၏ လုပ်နည်းအမယ်များ ဖြစ်လေသည်။ ထိုပစ္စည်းများကို ရှီကျိုးမြို့အတွင်းတွင်သာ သီးသန့်အနေဖြင့် လတ်လတ်ဆတ်ဆတ် ရောင်းချလို့ရပြီး ပမာဏအများကြီး ထုတ်လုပ်လို့ မရနိုင်ချေ။ ဒါက တစ်စုံတစ်ယောက်၏ မိသားစုမှနေ၍ ကိုင်တွယ်စီမံနိုင်ပေလိမ့်မည်။

စန်းလော့က ပြုံးပြလိုက်၏။ "ဟုတ်လည်း ဟုတ်တယ် မဟုတ်လည်း မဟုတ်ဘူး"

သမီးယောင်းမနှစ်ယောက်သည် စကားပြောလာစဥ် ရှန်းမိသားစု၏ အဓိကခြံဝန်းထဲတွင်တော့ ရှန်းထျယ်ကလဲ ရှန်းကျင့်ကို မေးနေသည်။ "အစ်ကို ကျွန်တော်တို့တွေ အစ်ကိုကြီးနဲ့ မရီးတို့နောက် တကယ်ပဲ လိုက်မသွားဘူးလား၊ သူတို့တွေက သူတို့ရဲ့ဆိုင်မှာရောင်းဖို့ ပစ္စည်းတွေကို ထုတ်လုပ်ဖို့ လိုသေးတယ်ဆိုပေမဲ့လည်း သူတို့တွေက ကျွန်တော်တို့ရဲ့ အကူအညီကို မလိုဘူးလေ"

"သူတို့တွေက ငါတို့ကို မလိုဘူးလို့ ဘယ်သူပြောလဲ၊ ကူညီစရာနေရာတွေမှ အများကြီးပဲ၊ မရီးက အလုပ်ရုံတစ်ခုကို လည်ပတ်နေတယ်ဆိုတော့ သူက စာရင်းဇယားကို ကိုင်တွယ်ပေးမဲ့လူတော့ လိုမယ်မဟုတ်လား၊ ဒီ့အပြင် အခု ငါတို့တွေက ရွာထဲက လူတွေကို ငှားနိုင်တယ်၊ ဒါပေမဲ့ နောက်ပိုင်းကျရင်ရော၊ အလုပ်ရုံက ကြီးလာအုံးမှာ အစ်ကိုသရှန်က အားကိုးရပါတယ်၊ ဒါပေမဲ့ လူတွေကို ထပ်ပြီးတော့ ငှားရမ်းမယ်ဆိုရင် ဒါက တစ်ခြားသူတွေအကြောင်းကို ပြောရခက်သွားပြီလေ၊ အချိန်ကြာလာတာနဲ့အမျှ ငါတို့တွေ ဒီနေရာမှာရှိနေလား မရှိနေဘူးဆိုတဲ့ ကွာခြားချက်က ရှန်းမိသားစုအတွက် သိသာထင်ရှားလာလိမ့်မယ်"

ဒီနေရာတွင် သူတို့ရှိနေခြင်းသည် ရှန်းမိသားစုက ဒီနေရာတွင် တည်ရှိမှုတစ်ခု ဆက်ပြီးရှိနေသည့် အဓိပ္ပါယ်ပင်။

ရှန်းထျယ်က သွယ်ဝိုက်ပြောဆိုနေသည့် အဓိပ္ပါယ်ကို အပြည့်အဝ မရိပ်မိသော်ငြားလည်း ရှန်းကျင့်က သူ့ခေါင်းလေးကို ပုတ်ပေးလိုက်ကာ ပြောလိုက်၏။ "မင်းတို့တွေ အစ်ကိုကြီးနဲ့ မရီးကို မခွဲနိုင်ဘူးဆိုတာ ငါ သိပါတယ်၊ သူတို့တွေ အဲဒီ့မှာ အခြေကျသွားတဲ့အခါကျရင် ငါ မြောက်ပိုင်း အရောင်းအဝယ်ခရီး သွားတဲ့အခါ မင်းကို ခေါ်သွားပေးပါ့မယ်၊ မင်းလဲ မကြာခဏဆိုသလို အဲဒီ့မှာ တစ်လနှစ်လလောက် အလည်သွားနေလို့ရတာပေါ့ ဒါပေမဲ့ အချိန်အကြာကြီးတော့ မရဘူးလေ နောက်ဆုံး ဒီနှစ်တွေအားလုံးမှာ သူတို့ရဲ့အထောက်အပံ့နဲ့ သင်ကြားပြသမှုကို ခံယူခဲ့တာဆိုတော့ အခု ငါတို့တွေက သူတို့ကို တစ်ခုခု ထောက်ပံ့ပေးရမဲ့အချိန် ရောက်လာပြီ"

ရှန်းကျင့်သည်လည်း သူ၏ညီငယ်လေးများက အကြီးဆုံးမိသားစုအပေါ် သံယောဇဥ်တွယ်နေသည်ကို ကောင်းကောင်း သတိထားမိလေသည်။ သူကလဲ ထိုသို့ပင် ခံစားရသည်။

အမှောင်ထုကို ရင်ဆိုင်တွေ့ကြုံခဲ့ရပြီးနောက်တွင် အလင်းကို မတမ်းတသည့်သူ မည်သူရှိပါမည်နည်း။ အထူးသဖြင့် ထိုအလင်းရောင်သည် ရှင်းလင်းပြီး နွေးထွေးကာ သူတို့ကို ကယ်တင်ပေးခဲ့သည် မဟုတ်ပါလား။ နှစ်ပေါင်းများစွာတွင် သူတို့သည် သူတို့၏ အစ်ကိုကြီး၊ မရီး၊ ဒုတိယအစ်ကို အစ်မတို့သွားသည့်နေရာတိုင်း လိုက်သွားရသည်မှာ အသားကျနေခဲ့သည်။

ထို့ကြောင့် သူတို့၏ အကြီးဆုံးမိသားစုနှင့် တတိယမိသားစုတို့က အိမ်ထောင်ခွဲထားခဲ့သည်ကို နားလည်သော်ငြားလည်း သံယောဇဥ်ကတော့ ကျန်နေသေးသည်။ နီးနီးကပ်ကပ်နေရပြီး သူတို့ကို ခေါ်ထားပေးသည်ကို မြင်ရသည်ကပင် ဒါက နှစ်သိမ့်မှု ခံစားချက်တစ်ခု ဖြစ်လေသည်။

ရှန်းထျယ်ကလဲ ဒီလိုခံစားရသည်။ ရှောင်ယင်နှင့် ရှောင်ထျယ်တို့က အထူးသဖြင့် အငယ်ဆုံးလေး ရှန်းထျယ်သည် ပိုလို့ပင် ဒါကိုခံစားမိစေလိမ့်မည်။

အိမ်ထောင်စုနှစ်ခုကြားတွင် အရှုပ်ထွေးဆုံးနှင့် ပြဿနာအများဆုံး ကာလတွင်းမှာပင် ရှန်းထျယ်သည် ထိုကိစ္စကို အများအပြား နားလည်ဖို့ရန် ငယ်လွန်းနေခဲ့သည်။ အသက်၅နှစ် ၆နှစ်အရွယ်တွင် သူသည် မှတ်ဉာဏ်များစွာကို မထိန်းသိမ်းထားနိုင်သလို အများကြီးလဲ နားမလည်နိုင်ချေ။ ထို့ကြောင့် သူ၏သံယောဇဥ်နှင့် မှီခိုအားထားမှုက အဖြူစင်အသန့်ရှင်းဆုံးဖြစ်ကာ ပိုပြီးဒဲ့တိုးဆန်သည်။

အသက်၆နှစ်ကတည်းက အစ်ကိုကြီးနှင့် မရီးဖြစ်သူတို့နှင့်အတူ ကြီးပြင်းလာရသည်တွင် သူတို့သည် သူတို့ကိုယ်ပိုင်အိမ်ထောင်စု ရှိခဲ့သော်ငြားလည်း သူတို့က အမြဲလိုလို သူ့ကို ထည့်သွင်းစဥ်းစားပေးကာ ဂရုစိုက်ပေးတတ်သည်။ သူက သူတို့နှင့်မရင်းနှီးဘဲ မည်သို့ခံစားနိုင်ပါမည်နည်း။

ရှန်းကျင့်က ရှန်းထျယ်ကို နှစ်သိမ့်ပေးရန် စကားလမ်းကြောင်း ပြောင်းလိုက်သည်။ "ဟုတ်ပါပြီ အခုလောလောဆယ်တော့ မင်းတို့ရဲ့ပညာရပ်တွေကို လေ့လာတဲ့နေရာမှာဘဲ အာရုံစိုက်ထားလိုက်၊ တစ်ချိန်လုံးပျင်းမနေနဲ့၊ တကယ်လို့ မင်းတို့တွေ မြို့တော်ကို တကယ်သွားချင်တယ်ဆိုရင် ဒါက မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး၊ မင်းတို့ ကြီးလာတဲ့အခါကြရင် မရီးက မြို့တော်မှာ အကူအညီ လိုသေးလားဆိုတာကို ကြည့်လို့ရတယ်လေ၊ တကယ်လို့ မင်းတို့မှာ အရည်အချင်းရှိတယ်၊ သူကလဲပဲ မင်းတို့က အသုံးဝင်တယ်လို့ တွေ့တယ်ဆိုရင် မင်းတို့တွေလဲ အဲဒီ့ကိုသွားလို့ရပါတယ်"

ရှန်းထျယ်က ပြန်ဖြေသည်။ "ပိုကြီးလာတဲ့အချိန်ဆိုတာ ဘယ်အရွယ်ကို ပြောတာလဲ၊ ကျွန်တော်က ကိုကြီးလိုပဲ အသက်၁၃နှစ်ဆိုရင် အလုပ်သင်တစ်ယောက် အနေနဲ့ စလုပ်လို့ရပြီလေ၊ မရီးက မြို့တော်မှာ ဆိုင်တစ်ဆိုင်ဖွင့် မလားဆိုတာကို ကြည့်ကြတာပေါ့၊ ငါက အဲဒီ့မှာ အလုပ်သင်တစ်ယောက် သွားလုပ်လို့ရတာပဲ"

သုံးနှစ်တာကလသည် ရှန်းထျယ်အတွက်တော့ အလွန်မှ ရှည်လျားသည့် အချိန်တစ်ခု ဖြစ်နေသယောင်။

ထိုစကားကို နားထောင်လိုက်ပြီး ရှန်းယင်က ခပ်တိုးတိုး ရယ်မောသည်။ "ဒါဆိုရင်တော့ မင်းက စာဖတ်ဖို့ အတွက်အချက်နဲ့ အစ်ကိုကြီးလိုပဲ စီးပွားရေးလုပ်ငန်းတွေကို နားလည်ဖို့လိုအပ်မယ် အနည်းဆုံးတော့ မင်းက နောက်မှာ အဝေးကြီး ကျန်မနေခဲ့ဖို့လိုတယ်"

ရှန်းထျယ်က သူ့နှုတ်ခမ်းလေးကို ကိုက်လိုက်ကာ အင်းဟု အသံထွက်လိုက်ပြီး ဘာတစ်ခွန်းမှ မပြောတော့ဘဲ အတွေးနစ်သွားတော့သည်။

ရှန်းကျင့်က ရယ်မောလိုက်၏။ "ဒါဆိုလည်း ကြိုးစားလေနော်"

...

ညီအစ်ကိုသုံးယောက်က သူတို့၏အစီအစဥ်များကို တိုင်ပင်နေချိန်တွင် စန်းလော့သည် ချန်းမိသားစုဆီသို့သွားကာ သူတို့နှင့်အတူ သူမ၏အတွေးများကို ဝေမျှလိုက်လေသည်။

ခေါက်ဆွဲထုတ်လုပ်ခြင်းနှင့် တို့ဟူးထုတ်လုပ်ခြင်းအတွက် အလုပ်ရုံကလွဲလျှင် အစောပိုင်းက ရှန်းမိသားစုက သူတို့၏အိမ်နောက်ဖေးထဲတွင် လုပ်နေသည့် တစ်ခြားပစ္စည်းများကို အစားအသောက် အလုပ်ရုံတစ်ခုထဲအသွင် ပြောင်းလဲပေါင်းစပ်ရလိမ့်မည်။

ရှန်းမိသားစုက ဒါကို စီမံနိုင်သေးသည်။ အဓိကကတော့ ထုတ်လုပ်ရေးအစီအစဥ်၊ အရည်အသွေးထိန်းချုပ်မှုနှင့် သိုလှောင်ရမည့်နေရာများကို ကြီးကြပ်ဖို့ရန် ဖြစ်လေသည်။ တကယ့်ထုတ်လုပ်ရေးအဆင့်တွင် အတူတကွ အလုပ်လုပ်ဖို့ရန် ရွာထဲက ရင်းနှီးသည့်မိသားစုများမှ အမျိုးသမီးများကို ငှားရမ်းထားလေသည်။

ထိုကိစ္စအတွက် အထူးတလည် စီမံနေဖို့မလိုချေ။ အကယ်၍ ရှန်းကျင့်က သူတို့နှင့်အတူ မြို့တော်သို့ လိုက်သွားခဲ့မည်ဆိုလျှင် သူမက ပင်မအိမ်အရှေ့ဘက်ခြံဝန်းနှင့် အနောက်ဘက်ခြံဝန်းတို့ကို သော့ခတ်ထားကာ သော့ကို ချန်းမိသားစုအား စိုးရိမ်စရာမလိုဘဲ အပ်နှံထားနိုင်သည်။ အကယ်၍ ရှန်းကျင့်က နေခဲ့ရန်ဆုံးဖြတ်ခဲ့လျှင် သူက ဒီနေရာတွင် ဆက်ပြီးနေနိုင်ကာ သူမကလဲ သော့ကို ရှန်းကျင့်ထံသို့ ဒီအတိုင်းလွှဲထားပေးရန်သာလိုသည်။

ဒီအချိန်တွင် ရှန်းနဥ်က ကလေးနှစ်ယောက်ကို ထိန်းကျောင်းနေပြီး အဘွားချန်းက စန်းလော့ကိုအဖော်လုပ်ကာ ရွာထဲက အိမ်ထောင်စုများဆီသို့ သွားလိုက်သည်။ ရွှီမိသားစုနှင့် ဝေ့ချင်းဟယ်တို့လင်မယားသည် အပိုဝင်ငွေမလိုအပ်ချေ။ သို့သော်ငြားလည်း ရှီမိသားစု၊ လုမိသားစု၊ ကျိုးမိသားစုတို့ကတော့ စိတ်ဝင်စားကြောင်းပြသသည်။ စိုက်ပျိုးရေးတာဝန်များကို စိုက်ပျိုးရေးရာသီ အရေးကြီးသည့်အချိန်များတွင် ခဏလောက် အချိန်ဖယ်ထားနိုင်သည်ဟု သူတို့က သဘောတူထားသည်။ မိသားစုတစ်ခုချင်းစီမှ ကိုယ်စားလှယ်နှစ်ယောက်က ထွက်လာသည်။ ကန်းရှီ၏ယောင်းမ၊ ဖန်းလျိုညန်၏ယောင်းမ၊ ကျောက်သလန်၏မိန်းမနှင့် ကျိုးသလန်၏မိန်းမနှင့် ကျိုးအာ့လန်၏မိန်းမတို့က စုစုပေါင်း၆ယောက် အဖွဲ့ဖွဲ့လိုက်သည်။ ချန်းမိသားစုက သုံးယောက်ကို ထပ်ထည့်လိုက်လျှင် သူတို့သည် စုစုပေါင်း လူ၉ယောက်ဖြစ်လာသည်။

ဒါသည် စီးပွားရေးလုပ်ငန်းကို တိုးချဲ့ဖို့ရန်လုံလောက်သည့် အရေအတွက်ဖြစ်သည်။

သူတို့သည် ရွာထဲက ပြန်လာသည့်အချိန်တွင် ချန်းသရှန်က ရှန်းကျင့်နှင့် ညီအစ်ကိုနှစ်ယောက်၏ အစီအစဥ်အကြောင်းကို မေးမြန်းလိုက်၏။ စန်းလော့က ပြန်ဖြေလိုက်သည်။ "ကျွန်မ ဒီကို ထွက်မလာခင်တုန်းကတော့ သူတို့တွေက မလိုက်ဘူးလို့ ပြောတာပါဘဲ သူတို့တွေက ဒီမှာ လယ်ကွင်း၊ ဆိုင်နဲ့ အလုပ်ရုံကို ကျွန်မအတွက် ကူညီစောင့်ရှောက်ပေးချင်လို့ နေခဲ့ချင်တာ ထင်ပါတယ်"

အဘွားချန်းက တအံ့တသြ ဖြစ်သွားလေသည်။ "တကယ် တွေးပေးတတ်တဲ့ကလေးပဲ"

ရှန်းစန်းနှင့် လီရှီတို့နှင့် လုံးဝမတူချေ။ ဒါသည် အမှန်တကယ် ကံကောင်းခြင်းပင်ဖြစ်လေသည်။

ချန်းသရှန်က ခပ်တိုးတိုး ရယ်မောလိုက်၏။ "သူ လိုက်မှာမဟုတ်ဘူးလို့ ငါ ထင်နေသားပဲ၊ ဘာလို့လဲသိလား၊ ရှောင်ကျင့်ကလေ တော်တော်လေးကို စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်နဲ့ တူနေပြီ၊ သူက ဖြတ်ထိုးဉာဏ်ကောင်းတယ်၊ သေချာတိကျတယ်၊ လူတွေကိုလည်း အကဲခတ်တတ်တဲ့ အရည်အချင်းရှိတယ်လေ"

အရောင်းအဝယ်လုပ်ငန်းအတွက် ခရီးသွားခဲ့သည့် ပြီးခဲ့သည့် ရက်သတ္တပတ် အနည်းငယ်သည် အကျင့်စရိုက်တစ်ခုကို တည်ထောင်ဖို့ရန် အတွေ့အကြုံတစ်ခု အမှန်ပင် ဖြစ်လာလေသည်။ ဒေသအသစ်တစ်ခုသို့ ရောက်ရှိလာချိန်တွင် ကိုယ်စားလှယ်များကို ရှာဖွေရာတွင် ပထမဦးဆုံးတာဝန်မှာ လှည့်ပတ်သွားလာကြည့်ရှုဖို့ရန် ဖြစ်လေသည်။ ထို့နောက်မှ သူ့မျက်လုံးထဲဝင်လာသည့် ဆိုင်တစ်ချို့၏ ပတ်ဝန်းကျင် အခြေအနေကို လာရောက်စူးစမ်းကြည့်သည်။ -စီးပွားရေးလုပ်ငန်းနှင့် တည်နေရာကို တစ်ချက်ကြည့်လိုက်ရုံနှင့် အမှန်ပင် အကဲဖြတ်နိုင်လေသည်။ သို့သော်ငြားလည်း ဆိုင်ရှင်နှင့် ဝန်ထမ်းများ၏ ရိုးသားဖြောင့်မတ်မှုကို အကဲဖြတ်ရာတွင်တော့ လေ့လာဆန်းစစ်ပြီး သိုသိုသိပ်သိပ် စုံစမ်းဖို့ရန်လိုအပ်သေးသည်။

လူအများကြီးနှင့် ရင်ဆိုင်တွေ့ကြုံခဲ့ရပြီးနောက်တွင် တစ်စုံတစ်ယောက်သည် လူမျိုးစုံကို ကြုံတွေ့ခဲ့သည်ဖြစ်ရာ အကျင့်စရိုက်ကောင်းသူများလည်းရှိသလို့ ယုတ်မာကောက်ကျစ်သည့်သူများလည်း တွေ့ရတတ်သည်။ သူတို့၏သခင်ကို လှည့်စားဖို့ရန် ပူးပေါင်းကြံစည်တတ်သည့် ဆိုင်တာဝန်ခံနှင့် စာရေးများလည်းရှိကြသေးသည်။ အလွန်မှ ငယ်ရွယ်သော်လည်း နည်းလမ်းပေါင်း၁၂၀ရှိသည့် ဖြတ်ထိုးဉာဏ်ကို ပိုင်ဆိုင်ထားသည့် ရှန်းကျင့်လို လူတစ်ယောက်က မြို့တော်တွင် မအောင်မြင်ဘဲ အဘယ်မှာနေပါမည်နည်း။

ချန်းသရှန်ကို သတိထားနေခြင်းမဟုတ်ဘဲ အမှတ်တမဲ့ အကျင့်စရိုက်တစ်ခုသာဖြစ်ရာ သူသည် သူ့အစ်ကိုကြီးနှင့် မရီးတို့၏ ကောင်းကျိုးကို ထည့်သွင်းစဥ်းစားပေလိမ့်မည်။

ချန်းသရှန်က အခြေအနေကို သဘောကျသွားပြီး စန်းလော့နှင့် တစ်ခြားသူများကို ပြောပြလိုက်သည်။ သူက ပြောလိုက်၏။ "သူ မလိုက်သွားတာလည်း မှန်ပါတယ်၊ ဒါကလည်း ငါ နင့်ကို ပြောချင်နေတဲ့အကြောင်းအရာပဲ၊ ဒီကကိစ္စတွေ အားလုံးကို ငါတို့မိသားစုကိုပဲ တာဝန်ပေးထားလိုက်ပါ၊ နင်က ရှောင်ကျင့်နဲ့ ရှောင်ယင်တို့ကို ချန်ထားခဲ့မယ်ဆိုရင်တော့ အကောင်းဆုံးပေါ့၊ တကယ်လို့ သူတို့ညီအစ်ကိုတွေက နင်တို့နဲ့ လိုက်သွားမယ်ဆိုရင်တောင် နင်တို့တွေက စာရင်းဇယားကို ကိုင်တွယ်ဖို့အတွက် လူတစ်ယောက်ကို ငှားရမ်းဖို့ လိုသေးတယ်လေ၊ ဒါကတော့ ယုံကြည်မှုနဲ့ မဆိုင်ဘူး၊ ငွေရေးကြေးရေးနဲ့ ပတ်သတ်လာပြီဆိုရင် ရင်းနှီးတဲ့ဆွေမျိုးတွေကို ကောင်းမွန်တဲ့ဆက်ဆံရေးကို ထိန်းသိမ်းထားဖို့အတွက် ငွေရေးကြေးရေးကိစ္စကိုတော့ ခွဲထားဖို့ လိုအပ်တယ်လေ"

စန်းလော့သည် နောက်ဆုံးတော့ အကြောင်းအရင်းကို သဘောပေါက်သွားတော့သည်။

အရေးကြီးကိစ္စများကို တိုင်ပင်ပြီးနောက်တွင် အဘွားချန်းက သူမ၏လက်ထဲတွင် ချန်ပေါင်ကို ချီထားလိုက်ပြီး မြို့တော်က နေရေးထိုင်ရေးအကြောင်းနှင့်ပတ်သတ်ပြီး စန်းလော့ စတင်မေးမြန်းလိုက်သည်။ "အမိန့်တော်ဖတ်ပေးတဲ့ အရာရှိဆီမှာ စုံစမ်းခဲ့ပြီးပြီလား၊ နင်တို့တွေက မြို့တော်က အိမ်ကို ချက်ချင်း ပြောင်းလို့ရသွားပြီတဲ့လား၊ အိမ်ယာဝန်းကရော ဘယ်လိုလဲ၊ မြေယာကို စိုက်ပျိုးရအုံးမှာလား"

စန်းလော့က ခပ်တိုးတိုး ရယ်မောလိုက်သည်။ "ကျွန် မမေးထားပြီးပါပြီ၊ အိမ်ကို လုပ်ထားပေးပါတယ်တဲ့ ဒီတော့ ကျွန်မတို့တွေက အဝတ်အစားနဲ့ အဖိုးတန်ပစ္စည်းတွေကို ယူပြီးတော့ ပြောင်းရွှေ့သွားရုံပဲ၊ အိမ်ယာကတော့ မြို့အပြင်ဘက်မှာ ရှိတယ်၊ အစတုန်းကတော့ အရင်မင်းဆက်ရဲ့ အရာရှိတစ်ယောက် ပိုင်ဆိုင်ထားတဲ့ဟာပဲ၊ သူရဲ့ ဗျူဟာကျတဲ့တည်နေရာက သချီမင်းဆက်အတွက် သစ္စာရှိအိမ်ယာတစ်ခုဖြစ်အောင် လုပ်ထားပေးတယ်လေ၊ အဲဒီ့မှာ တာဝန်ခံတစ်ယောက်နဲ့ အလုပ်လုပ်နေတဲ့ အငှားလယ်သမားတွေရှိတယ်၊ ကောက်နှံတွေကို ဒီနှစ်စိုက်ပျိုးထားတယ်လို့ ပြောတယ်၊ ရိတ်သိမ်းချိန် ရောက်လာရင်တော့ လယ်သမားတွေကို အခကြေးငွေပေးပြီးရင် ကျန်တာတွေကတော့ ကျွန်မရဲ့အပိုင် ဖြစ်သွားပြီလေ"

ချီးမြှင့်ထားသည့် အိမ်ယာထဲတွင် သီးနှံများစိုက်ပျိုးထားသည်ဟု ကြားလိုက်သည်တွင် အဘွားချန်းနှင့် ကျိုးကဲတို့နှစ်ယောက်စလုံးက ဝမ်းသာသွားကြသည်။ "သဘောက ဧက၅၀၀လုံးကို စိုက်ပျိုးထားတယ်ဆိုတဲ့ သဘောလား"

"အသေးစိတ်တော့ ကျွန်မလဲ သေချာမသိသေးပါဘူး၊ ဒါပေမဲ့ အဲဒီ့လိုဖြစ်မယ်လို့ ထင်ပါတယ်"

အဘွားချန်းသည် မင်းကြီး၏ စိတ်ရင်းစေတနာနှင့် ရက်ရောမှုအကြောင်းကို ချီးကျူးစကားပြောလိုက်ကာ စိုက်ပျိုးရေးနည်းလမ်းအကြောင်း သင်ပေးခဲ့သည့်အတွက် ချန်းယိုထျန်းကို မည်သို့ဆုချီးမြှင့်ခဲ့သည့်အကြောင်းကို ပြောပြလေသည်။

နည်းနည်းပါးပါး စကားဆက်ပြောလိုက်ပြီးနောက်တွင် အဘွားချန်းက ပြောလိုက်၏။ "နင် ၈လပိုင်း ဒါမှမဟုတ် ၉လပိုင်းကြရင် မြို့တော်ကို သွားတော့မယ်ဆိုတဲ့အကြောင်း အိမ်နီးနားချင်းရွာတွေမှာ စကားတွေ ပြန့်နေတယ်လေ၊ အလုပ်ရုံက ပိတ်သွားမှာလားဆိုပြီး စိုးရိမ်နေကြတယ်၊ သူတို့တွေက ငါ့ကို မေးခွန်းတွေ လာမေးနေကြတယ်၊ အဲဒီ့ကိစ္စနဲ့ပတ်သတ်ပြီးတော့ ငါသူတို့ကို အာမခံပေးလိုက်ပါတယ် သူတို့တွေက ကျောင်းကိုရော ဆက်ဖွင့်မှာလားလို့ မေးနေတယ်၊ ဆက်ဖွင့်မှာမဟုတ်လား"

"ဟုတ်ကဲ့ ဆက်ဖွင့်မှာပါ၊ ကုန်ကျစရိတ်ကိုလည်းပဲ ကျွန်မမိသားစုရဲ့ စာရင်းထဲကနေပဲ ထုတ်ပေးမှာပါ"

အဘွားချန်းက ဒီစကားကို ကြားလိုက်သည်တွင် ရယ်မောလိုက်လေသည်။ "ကောင်းပြီလေ ဒါဆိုရင်တော့ သူတို့တွေလည်း စိတ်အေးနိုင်ပါပြီ၊ သူတို့တွေက ပညာရေးရဲ့ အကျိုးကျေးဇူးကို မြင်သွားကြပြီလေ အသက်၇နှစ်၊ ၈နှစ်အရွယ်ကောင်လေးတွေက ရွာကျောင်းကို တက်နိုင်တယ်၊ ဒါပေမဲ့ မိန်းကလေးတွေနဲ့ လူကြီးတွေကတော့ တက်လို့မရဘူးလေ၊ ငါ သူတို့တွေကို မနက်ဖြန်ကြရင် အသိပေးလိုက်ပါ့မယ်"

သူတို့စကားပြောနေကြချိန်တွင် ရုတ်တရက် အော်ငိုသံတစ်ခုသည် ချန်းမိသားစုအိမ်ထဲက အလုံပိတ်ထားသည့် သစ်သားခြံငယ်လေးထဲတွင် လေးဘက်ထောက်သင်နေသည့် ချန်းရွ့ထံမှ ပေါ်ထွက်လာလေသည်။ အားယောင်၏ စိတ်လှုပ်ရှားစွာ တဖတ်ဖတ်ရိုက်နေသည့်လက်ကလေးက လှုပ်ရှားနေဆဲပင်။

ပုခက်အနီးနားက ချန်းသရှန်သည် ထိုမြင်ကွင်းကြောင့် မနေနိုင်ဘဲ အော်ရယ်တော့သည်။ သူက ကလေးကို ချော့မော့ရမည့်အစား စနောက်ကျီစယ်နေသေးသည်။ "ငါ့သားရယ် မင်းက တကယ်ကြီးလာပြီပဲ၊ အားယောင် ရိုက်တာက ဘယ်လောက် နာမှာမလို့လဲ၊ ဒါတောင် မင်းက ငိုနေသေးတယ်"

သူက စကားပြောလိုက်သည်တွင် လက်ကို အားရပါးရဝှေ့ယမ်းနေသည့် အားယောင်မှာ သူမ၏ကစားဖော်လေး ငိုနေသည့်အသံကို ကြားလိုက်ချိန်တွင် ခဏရပ်သွားလေသည်။ သူမက လေးဘက်ထောက်နေသည်ကို ရပ်ထားလိုက်ပြီး လက်နှစ်ဖက်ကို အားပြုကာ သစ်သားကုတင်လေးကို ဆွဲလိုက်ပြီး အိုး ဟု သံရှည်တစ်ချက် ထွက်လိုက်ပြီး ပုံမှန်အတိုင်း ထထိုင်လိုက်လေသည်။

သူမက အခုထက် ထိငိုနေသေးသည့် ချန်းရွေ့ကို ကြည့်နေ၏။

ချန်းအဘွားမှာ တအံ့တသြ ပြောရတော့သည်။ "အားယောင်က ထိုင်တတ်နေပြီလား"

"အားယောင်က အခုပဲထိုင်တတ်သွားတာ"

ထို့ကြောင့် ချန်းရွေ့၏ အာရုံဆွဲဆောင်နေသည့်ငိုသံလေးသည် တိမ်မြုပ်သွားပြီး အားလုံးက သူတို့၏အာရုံကို အားယောင်ဘက်သို့ လှည့်ထားလိုက်ကြသည်။

သမီးဖြစ်သူ၏ ခွန်အားကိုသိနေသည့် စန်းလော့မှာ ချန်းရွေ့ကို မြန်မြန်သွားရောက်စစ်ဆေးရလေသည်။ "အားယောင်က ချန်ပေါင်ထက် ပိုပြီးတော့ သန်တယ်လေ"

ကံကောင်းချင်တော့ ကျိုးကဲက ချန်းရွေ့ကို စစ်ဆေးပြီးဖြစ်ရာ သူတို့ကို စိတ်အေးရအောင် ပြောလိုက်၏။ "ဒီလောက်အသက်အရွယ်လေးမှာ သူတို့တွေက အားအင် ဘယ်လောက်ရှိမှာမလို့လဲ"

ထိုင်နေသည့်အနေအထားဖြင့် လောကကြီးကို မြင်ရသည်မှာ အသစ်အဆန်းဖြစ်နေသဖြင့် အားယောင်က သိလိုစိတ်ဖြင့် ပတ်ဝန်းကျင်ကို ငေးကြည့်နေလေသည်။ သူမက သူမ၏လက်လေးကို ဝမ်းသာအားရ ဝှေ့ယမ်းလိုက်ပြီး အသစ်ရှာဖွေတွေ့ရှိထားသည့်အရာကို တခစ်ခစ်နှင့် သဘောကျနေတော့သည်။

အသက်၆လ မပြည့်တပြည့် ယောင်ယောင်၏ပထမဦးဆုံး ထထိုင်ဖို့ရန် ကြိုးစားအားထုတ်မှုသည် အသစ်အဆန်းတစ်ခု ဖြစ်ခဲ့ပြီး ချန်ပေါင်နှင့် သူမထက်လေးလသာငယ်သည့် ချန်းရွေ့တို့ကိုတော့ သူတို့၏လူကြီးများက ဒီပညာကို သင်ကြားပေးဖို့ရန် အားပေးနေကြလေသည်။ ယောင်ယောင်က အတတ်ကြွဆုံးသူဖြစ်ခဲ့ရာ ထို့အတွက်ကြောင့်ပင် သူတို့အိမ်ပြန်မရောက်သေးခင်မှာပင် စန်းလော့၏လက်မောင်းပေါ် ငိုက်မြည်းနေပြီး ပျော်ရွှင်မှုကို ခံစားနေသေးသည်။

...

ညနေပိုင်းတွင် ညီအစ်ကိုသုံးယောက်သည် တစ်ဖန် တိုင်ပင်ဆွေးနွေးလိုက်ပြီးနောက် ကိစ္စကို အတည်ပြုလိုက်ကြသည်။ ရှန်းကျင့်က စာရင်းဇယားကို ကိုင်တွယ်ရမည့်အစား ရှန်းယင်က ရှန်းနဥ်ထံမှလေ့လာပြီး တာဝန်များကို ဖြည်းဖြည်းချင်း လက်လွှဲယူသွားမည်ဟု ဆုံးဖြတ်လိုက်ကြသည်။

ရှန်းကျင့်အတွက်တော့

"နင့်အရည်အချင်းက အရောင်းအဝယ်ကိစ္စနဲ့ အပြင်ဘက်မှာ ရှိနေတာပဲ၊ နင်အိမ်ကို ပြန်ရောက်လာတဲ့ အချိန်ကြရင် စာရင်းဇယားနဲ့ပတ်သတ်ပြီး ရှောင်ယင်ကို ကူညီပေးလိုက်ပေါ့၊ နင်တို့နှစ်ယောက်စလုံး အတွေ့အကြုံတွေကို ဝီရိယရှိရှိနဲ့ သင်ယူထားသင့်တယ်၊ နင်တို့ရဲ့မရီးက နောက်ဆိုရင် နင်တို့ရဲ့အကူအညီကို အားကိုးရလိမ့်မယ်"

ဒီစကားများက ညီအစ်ကိုနှစ်ယောက်စလုံး၏ စိတ်ခံစားချက်ကို မွှေနှောက်လိုက်တော့သည်။ ရှန်းကျင့်သည် စာရင်းဇယားနှင့်ပတ်သတ်ပြီး အကူအညီပေးပါမည်ဟု ဘယ်တုန်းကမှ မပြောရဲခဲ့ချေ။ သူ့မရီးက အကူအညီတောင်းမှသာလျှင် သူက အကူအညီပေးနိုင်သည်ကို သိထားလေသည်။ အကယ်၍ သူမက မပြောခဲ့လျှင် သူကိုယ်တိုင်က ထိုစကားကို ထုတ်ပြောဖို့ရန်အတွက် သင့်တော်လိမ့်မည် မဟုတ်ချေ။

ယခုတော့ သူ့မရီးက နောက်ပိုင်းတွင် သူတို့၏အကူအညီကို လိုအပ်လာလိမ့်မည်ဟု ပြောသဖြင့် သူ၏နှုတ်ခမ်းထောင့်လေးများက ထိန်းမရဘဲ ကွေးတက်သွားတော့သည်။

"မကြီး ကျွန်တော်ကရော” ရှန်းထျယ်ကလဲ စိတ်အားထက်သန်စွာ ဝင်မေးလိုက်သည်။

စန်းလော့က ပြန်မဖြေရသေးခင်မှာပင် ရှန်းယင်က ကျီစယ်ကာဖြင့် သူ့ခေါင်းလေးကို ထုလိုက်ကာ "အရင်ဆုံးတော့ မင်းက အတန်းတွေကို တစ်တန်းမှ မလစ်မိအောင် သေချာလုပ်အုံး"

ရယ်သံများက အိမ်တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားတော့၏။

...

All Chapters