အခန်း (၂၈၁)
Vol. 28 Ch. 281 - End
အပိုင်း (၂၈၁) ဇာတ်သိမ်းပိုင်း
ရှန်းလီသည် မိုးချုပ်မှ အိမ်သို့ ပြန်ရောက်လာချိန်တွင် သူ့အသဲကလေး အားယောင်က ကောင်းကောင်းစားသော်က်ပြီး အနားယူနေသည်ကို မြင်ရသဖြင့် ဝမ်းသာရွှင်လန်းသွားသည်။ သူမသည် သူ့ထံသို့ စိတ်အားထက်သန်စွာ လေးဘက်ထောက်လာနေသည့်အပြင် သူနှင့်အနီးဆုံး အိပ်ရာနားတွင် ကိုယ့်ဟာကို ပစ်ထိုင်လိုက်ပြီး ဝမ်းသာအားရ တီတီတာတာ ပြောရင်း သူမ၏လက်ကလေးများကို ဝေ့ယမ်းကာ သေချာလေး ထိုင်နေသည်။
သူသည် စိတ်ကြည်နူးကာ တအံ့တဩဖြစ်သွားတော့သည်။ “အားယောင်က အခု ထိုင်တတ်နေပြီလား”
စန်းလော့က ခေါင်းညိတ်ပြလိုက်ပြီး “ဒီနေ့လည်ခင်းတုန်းက ချန်းအိမ်မှာ ထိုင်တတ်သွားတာ၊ သူ့အတွက်တော့ အသစ်အဆန်း ဖြစ်နေသေးတယ်၊ ဒါကြောင့် ချန်ပေါင်ကို ဟိုတွန်းဒီတွန်း လုပ်နေတာလေ၊ ဒါပေမဲ့ သူ့မှာ တင်းနေအောင် ဆုပ်ကိုင်နိုင်တဲ့အားက ဘယ်ရှိမလဲ၊ ဒီနေ့လည်ခင်းက အားရွေ့ကို ရိုက်မိသွားပြီး သူ့ကို ငိုသွားအောင် လုပ်လိုက်တယ်လေ”
ရှန်းလီက အားယောင်ကို သူ့လက်မောင်းပေါ် ပွေ့ချီလိုက်၏။ ချန်ပေါင်ကလည်း သူ့ကို ကြည့်နေသည်ကို မြင်လိုက်ရသဖြင့် လက်တစ်ဖက်စီတွင် ကလေးတစ်ယောက်စီကို ချီထားရန် ဆုံးဖြတ်လိုက်တော့သည်။ သူက ခပ်တိုးတိုးရယ်ကာ စန်းလော့၏မှတ်ချက်ကို နားထောင်လိုက်ပြီး “သူက ကိုနဲ့ တူနဲ့ဖြစ်မယ်နော်”
ရယ်စရာ ပြောလိုက်ပြီး ရှန်းလီသည် ကိုယ်တိုင်ပင် ဒါကို အတည်မမှတ်ခဲ့ချေ။ သူ မသိလိုက်သည်က ထိုအရာသည် နောက်ဆုံး အမှန်တကယ် ဖြစ်လာလိမ့်မည်ကိုပင်။
ဟုတ်ပါသည်။ သည်အခိုက်တွင်တော့ လင်မယားနှစ်ယောက်လုံးက ဒါကို မသိကြချေ။
အခုမှ စန်းလော့သည် ရှန်းကျင့်နှင့် သူ့ညီအစ်ကိုနှစ်ယောက်ကိစ္စကို ရှန်းလီအား ပြောပြလိုက်၏။ သူကတော့ ဒါနှင့်ပတ်သက်ပြီး တစ်ခုခု ပြဿနာရှိသည်ဟု မမြင်သဖြင့် ပြောလိုက်သည်။ “အိမ်ရာဝင်းထဲက လူတိုင်းက ရင်းနှီးနေကြတာပဲ၊ ရှောင်ကျင့်ကို ခရီးထွက်ခိုင်းပြီး ရှောင်ယင် စာရင်းဇယားလုပ်ခိုင်းတာက အကျိုးရှိပါတယ်၊ ဒါက လေ့ကျင့်ပေးရာလဲ ကျတယ်၊ ရှောင်ကျင့်နဲ့ အားနဉ်တို့ကို ကြည့်မယ်ဆိုရင် လက်တွေ့ အတွေ့အကြုံက လူတစ်ယောက်ကို အမှန်ပင် ပုံဖော်ပေးလိုက်တာပဲ”
စိတ်မကောင်းရသည့် ခံစားချက်ဖြင့် သူက ဆက်ပြောလိုက်သည်။ “ရှောင်အန်းနဲ့ကိုတို့နှစ်ယောက်လုံးက ပညာသင်လမ်းကို လိုက်ခဲ့ကြတော့ ဒီကိစ္စတွေမှာ အများကြီး မကူညီပေးနိုင်ခဲ့ဘူး၊ မင်းနဲ့ အားနဉ်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်ခဲ့ရတယ်”
“အဲလိုမပြောပါနဲ့လေ၊ ဒါက တာဝန်ခွဲယူတယ်ဆိုရုံလုပ်ပါ” ထို့နောက်တွင်တော့ သူမသည် သူမ၏ပူပင်စိတ်ကို ရှန်းလီဘက်သို့ လှည့်လိုက်၏။ ဆောင်းဦးစာမေးပွဲပြီးရင် မြို့တော်ကို “ရုတ်တရက် လာခိုင်းတာဆိုတော့ တော်တော်လေး အလျင်လိုရမှာပဲ၊ ဆောင်းဦးစာမေးပွဲအတွက် ယုံကြည်ချက်ရှိရဲ့လား”
အားယောင်က သူ့မျက်နှာကို ဖက်ထားပြီး ရှန်းလီက သူမကို ထိုခွင့်ပြုထားကာ စန်းလော့၏စကားကို ပြန်ဖြေလိုက်၏။ “ဆောင်းဦးစာမေးပွဲက ခက်မှာမဟုတ်ပါဘူး၊ ကိုတစ်ယောက်ထဲ မဟုတ်ဘူး၊ ရွာထဲက ကိုတို့ထဲက တစ်ချို့က အခွင့်အရေးကောင်းတစ်ခု ရလိမ့်မယ်၊ တကယ်လို့ ကိုတို့တွေ မအောင်ခဲ့ရင် ပြီးခဲ့တဲ့နှစ်မှာ ပြည်နယ်အုပ်ချုပ်ရေးမှူးကျန့် သင်ကြားမှုတွေကို မလိုက်နိုင်ရာ ကျတော့မှာပေါ့”
ထိုက်ယွမ် ကျန့်မိသားစုသည် နာမည်ကြီးပေသည်။ အကယ်၍ သခင်ကြီးကျန့်က မြို့တော်တက္ကသိုလ်၏ ကျောင်းအုပ်အဖြစ် တာဝန်ထမ်းဆောင်နိုင်ခဲ့လျှင် သခင်ကြီးကိုယ်တိုင် သင်ကြားပြသပေးခဲ့သည့် ကျန့်ဇီရွှမ်းက မည့်သို့ အရည်အချင်း နှိမ့်ပါးနိုင်ပါမည်နည်း။
ပြီးခဲ့သည့်နှစ်များတွင် ကျန့်ဇီရွှမ်းသည် ရှန်းလီကို ကျန့်မိသားစု၏ အမွေအနှစ်၏ အစိတ်အပိုင်းဖြစ်သည့် စာအုပ်ပေါင်းများစွာကို ချီးမြောက်ပေးခဲ့သည်။ တိုင်ပင်ဆွေးနွေးပြီး ကျန့်ဇီရွှမ်း၏သဘောတူညီမှုကို ရယူပြီးနောက်တွင် ရှန်းလီသည် သည်စာအုပ်များကို ပြည်နယ်ကျောင်းတော်တွင် သင်ယူနေကြသည့် တခြားရွာသားများကို မျှဝေပေးခဲ့သည်။
အရင်းအမြစ်အရဆိုလျှင် သူတို့သည် ပြည်နယ်ကျောင်းတော်၏ ကျောင်းအုပ်ဖြစ်သည့် လင်းမိသားစု သခင်ကြီး၏ မြေးများထက်ပင် သာလွန်သေးသည်။
“မြို့တော်ကိုရောက်မှသာ နောက်ဆက်တွဲ စာမေးပွဲတွေက နည်းနည်းပိုပြီး ခက်ခဲလာမှာ၊ အဲဒီမှာ စာပေအပြင် ကိုတို့တွေ လက်ရှိနိုင်ငံရေးကိစ္စတွေမှာပါ စစ်ဆေးခံရလိမ့်မယ်၊ ဒါပေမဲ့ အခုနောက်ပိုင်း ဒီအကြောင်းအရာတွေကို အတိအကျလေ့လာဖို့ ပြည်နယ်အုပ်ချုပ်ရေးမှူးရုံးမှာ ကို့နေ့လည်ခင်းအချိန်တွေကို အသုံးချနေပါတယ်၊ စိတ်မပူပါနဲ့၊ အမှတ်၁၀၀ အာမ မခံနိုင်ပေမဲ့ ၇၀...၈၀လောက်တော့ ရနိုင်ပါတယ်”
စန်းလော့သည် မြို့တော်တက္ကသိုလ်တွင် နေရာနှစ်ခု ရနိုင်သေးကြောင်း ပြောတော့မည့်ဆဲဆဲတွင် ပြန်မြိုသိပ်ထားလိုက်တော့သည်။ ရှန်းလီသည် သူ့ရည်မှန်းချက်များကို ရှားရှားပါးပါး ထုတ်ပြခဲ့သည်။ အစပိုင်းတွင်တော့ သူ စာမေးပွဲ ဝင်ဖြေရခြင်းမှာ သူမနှင့် သူမတို့မိသားစုအတွက် ဖြစ်မှာ သိထားသော်လည်း အခုတော့ သူ့တွင် ကိုယ်ပိုင်စိတ်အားထက်သန်မှုများ ရှိလာခဲ့သည်။
ဘယ်ယောက်ျားက ကြီးမားသည့်အောင်မြင်မှုကို ရယူရန် ဆန္ဒမရှိဘဲ နေပါမည်နည်း။ ဖရိုဖရဲဖြစ်ခဲ့သည့် နှစ်များအတွင်းတွင် တိုးတက်ရန် ပြီးပြည့်စုံသည့် အခွင့်အရေးရခဲ့သော်လည်း ရှန်းလီနှင့် ချန်းသရှန်တို့သည် သူတို့မိသားစုကို အရင်ရွေးချယ်ခဲ့ကြသည်။ အခုတော့ သူတို့ကိုယ်တိုင်အတွက် ကြိုးစားအားထုတ်ရန် အချိန်တန်ပေပြီ။
ရှန်းလီ၏လက်ရှိအခြေအနေကို ထောက်ချင့်လျှင် သူသည် အသိအမှတ်ပြုခံရရန် အမှန်ပင် ဆန္ဒရှိခဲ့လျှင် စာမေးပွဲဖြေပြီး သည်နှစ်၏အခွင့်အရေးကို ဖမ်းဆုပ်ထားသည်က မြို့တော်တက္ကသိုလ်တွင် နှစ်ပေါင်းများစွာ စာထပ်လေ့လာရန် အချိန်ပေးသည်ထက် အများကြီး ပိုကောင်းလိမ့်မည်။
အချိန်ဆွဲမနေတော့ဘဲ သူမက အဆော့သန်သည့် ကလေးနှစ်ယောက်ကို ခေါ်လိုက်ကာ ပြောလိုက်၏။ “ကျွန်မ ကလေးတွေကို အဖော်လုပ်ပြီး ခဏနေ သူတို့ကို သိပ်လိုက်တော့မယ်၊ ရှင် စာသွားဖတ်တော့လေ၊ ဒါပေမဲ့ အရမ်းနောက်ကျတဲ့အထိ မနေနဲ့နော်”
မြေဆွေးလုပ်နည်းကို တိုင်ပင်ဆွေးနွေးရန် ကျန့်ဇီရွှမ်း အလည်လာခဲ့သည့် ထိုနေ့ညကတည်း ရှန်းလီနှင့် ရှန်းအန်း ရှန်းညီအစ်တို့သည် ညတိုင်း သန်းခေါင်ချိန်ထိ စာဖတ်ခဲ့ရသည်။ အခုတော့ ကလေးများနှင့် အချိန်နာရီဝက် အဖော်လုပ်ပေးရသည်က ညဘက်တွင် စာဖတ်ရန် အချိန်နာရီဝက် ထပ်တိုးရသည့် သဘောပင်။
ရှန်းလီက စန်းလော့၏ပါးလေးကို အသာယာ အနမ်းပေးလိုက်ပြီး “မင်း ပင်ပန်းရပါပြီ”
ထို့နောက် သူသည် အားယောင်နှင့် ချန်ပေါင်တို့၏လက်ကို အသာဖျစ်ညစ်လိုက်ပြီး စာကြည့်ခန်းဘက်သို့ ထွက်သွားတော့သည်။
..
တော်ဝင်အမိန့်တော် ထုတ်ပြန်ခဲ့ပြီးနောက်တွင် အားလုံးသည် လုပ်ငန်းတာဝန်များနှင့် အလုပ်များနေကြသယောင်။
ရှန်းလီနှင့် ရှန်းအန်းတို့က သူတို့အနာဂတ်အတွက် ကြိုးပမ်းအားထုတ်နေကြစဉ် စန်းလော့နှင့် ရှန်းနဉ်တို့က ရှီကျိုးရှိ သူတို့မိသားစု လုပ်ငန်းများနှင့် အရေးကိစ္စများကို စီမံနေရသည်။
ရှန်းကျင့်နှင့် ရှန်းယင်တို့က ရှီကျိုးတွင် သူတို့အစ်မကြီး၏ ထောက်တိုင်ဖြစ်လာကာ ရှီကျိုးတွင်မကဘဲ တခြား ပြည်နယ်များအထိပါ ရှန်းမိသားစု၏ ရပ်တည်ချက်ကို မြင့်တင်ပေးရန် ရည်ရွယ်ထားသည်။
ချန်းသရှန်နှင့် ရှန်းကျင့်တို့သည် လုပ်ရည်ကိုင်ရည်ရှိသည့် စီးပွားရေး လက်တွဲဖော်များ ဖြစ်လာရန် စူးစမ်းလေ့လာသည့် ခရီးတစ်ခုကိုလည်း ထွက်ခဲ့ကြသည်။ ထိုစဉ် ချန်းမိသားစုက အမျိုးသမီးများက စန်းလော့၏ သင်ကြားပေးခြင်းအောက်တွင် အလုပ်ထဲ၌ ထုတ်လုပ်မည့်ပစ္စည်းတိုင်း၏ လုပ်နည်းများကို သင်ယူခဲ့ကြသည်။
သည်နယ်ပယ်တွင် အသက်အကြီးဆုံးဖြစ်သည့် အဘွားချန်းနှင့် အငယ်ဆုံးဖြစ်သည့် ချန်းရှောင်ယာတို့က အံ့ဩစရာကောင်းလောက်အောင် အကြီးမားဆုံး ပင်ကိုစွမ်းရည်ရှိကြသည်။ ပြီးပြည့်စုံရန် အခက်ခဲဆုံးဖြစ်သည့် ကြက်ဥပေါင်းကို သူတို့သည် အကောင်းဆုံးဖြစ်အောင် လုပ်နိုင်ခဲ့ကြသည်။
ချန်းမိသားစုဝင်များက လုပ်နည်းများကို နားလည်တတ်မြောက်သွားသဖြင့် စန်းလော့က ကန်းမိသားစုကို ထပ်ပြီး သင်ကြားပေးရန် မလိုတော့ချေ။
လုပ်အားခွဲဝေခြင်းနှင့် ပစ္စည်းများ ထုတ်လုပ်သည့်အပိုင်းကိုတော့ အလျင်လိုစရာ မလိုချေ။ ကန်းရှီ၊ ဖန်းလျိုညန်နှင့် တခြားသူများက ယုံကြည်ရသည်။ စန်းလော့က သူတို့ကို လူရင်းများလို ဆက်ဆံပြီး သူတို့ကို ပျိုးထောင်ပေးခဲ့သည်။ ပမာဏကို အမှန်ပင် ချဲ့ထွင်ခဲ့မည်ဆိုလျှင် သူတို့အားလုံးက ထုတ်လုပ်ပေးကဏ္ဍများကို တာဝန်ယူပေး၇န် အဆင်သင့်ဖြစ်နေလိမ့်မည်။
...
၃လပိုင်း လလယ်တွင် ဝမ်းသာစရာတစ်ခု ရှိလာခဲ့သည်။ ဖန်ဖေးညန်သည် ကိုယ်ဝန်ရှိလာသည်။ သူမသည် ၁လပိုင်းကတည်းက စားအသောက်ပျက်နေခဲ့၏။ သို့သော် ဒါက ထိုအချိန်တွင် ကလေးရှိနေခဲ့ခြင်းပင်။ သို့သော်လည်း ကိုယ်ဝန်က သူမကိုယ်တိုင် သတိထားမိရန် အလွန်စောနေခဲ့သည်။ ၂လပိုင်း ကုန်ခါနီးတွင် သူမ၏အခြေအနေကို အတည်ပြုခဲ့သည်။ ၃လပိုင်းအရောက်တွင်တော့ သန္ဓေသားက တည်ငြိမ်သွားဖြစ်သဖြင့် နောက်ဆုံးတော့ သူမလည်း ပျော်ရွှင်စရာသတင်းကို ဝေမျှနိုင်ခဲ့သည်။
ပျော်ရွှင်စရာကောင်းသည့် အခိုက်တန့်များကျရောက်လာသည်တွင် ရှင်းညန်နှင့် လင်းကျိုညန်တို့ကလည်း ၃လပိုင်းကုန်ခါနီးတွင် သူတို့၏ကိုယ်ဝန်အကြောင်း ကြေညာခဲ့သည်။ အထူးထုတ်ကုန်ဆိုင်တွင် အမျိုးသမီးလက်ထောက်အဖြစ် အလုပ်လုပ်နေသည့် ရှင်းညန်က ကိုယ်ဝန်ဆောင်နေစဉ်အတွင်း အလုပ်ဆက်လုပ်နိုင်သလားဟု စန်းလော့ထံသို့ အထူးတလည် လာရောက်တိုင်ပင်ခဲ့သည်။
အထူးထုတ်ကုန်ဆိုင်က ခွန်အားသုံးရသည့် အလုပ်အများအပြားမရှိချေ။ ထို့ကြောင့် စန်းလော့ကလည်း သဘောတူပေးလိုက်သည်။ “ကိုယ်ဝန် ရင့်လာပြီဆိုရင်တော့ ရှင့်ယောက္ခမဖြစ်ဖြစ်၊ ယောက်မဖြစ်ဖြစ် ရှင့်နေရာကို တာဝန်လွဲယူလို့ရပါတယ်၊ ရှင် ကလေး နို့ဖြတ်ပြီးလို့ အလုပ်လုပ်ချင်တယ်ဆိုရင်လည်း ရှင့်နေရာကို ပြန်လာလို့ရပါတယ်”
ရှင်းညန်ကတော့ လိုလားသည်ထက်ပင် ပိုသေးသည်။ “လာရမှာပေါ့၊ ကျွန်မ အလုပ်ဆက်လုပ်မှာပါ၊ ကျေးဇူးတင်ပါတယ် အစ်မ၊ ကျွန်မ ကိုယ်ဝန်ရှိလာတော့ ကျွန်မရဲ့အလုပ်တော့ သွားပါပြီလို့ စိုးရိမ်နေတာ”
စန်းလော့က ခပ်တိုးတိုး ရယ်မောလိုက်ပြီး “လုံးဝမဟုတ်ပါဘူး”
ဝေ့မိသားစုဖက်တွင်တော့ နောက်နှစ်မှ မြို့တော်စာမေးပွဲကို ဝင်မဖြေမီ သူ့အခြေခံကို ခိုင်အောင် လုပ်ရန် နောက်တစ်စာထပ်လေ့လာဖို့ အစပိုင်းက စဉ်းစားထားခဲ့သည့် ဝေ့ချင်းဟယ်သည် ရုတ်တရက် အဖေရာထူးသို့ တက်သွားသဖြင့် သည်နှစ်မှာပင် ဝင်ရောက်ဖြေဖို့ဖို့ ဆုံးဖြတ်လိုက်တော့သည်။
၅လပိုင်းက မြန်မြန်ဆန်ဆန် ကုန်ဆုံးသွားပြီး ပြည်နယ်ကျောင်းတော်က သူ့ကျောင်းသားများကို လယ်ယာလုပ်ငန်းတာဝန်များအတွက် တစ်လတာ ရက်ရှည်ပိတ်ရက် ပေးခဲ့သည်။ ရှန်းလီနှင့် ဝေ့ချင်းဟယ်အပါအဝင် သရှင်းရွာက ကျောင်းသားအားလုံးနီးပါးက သူတို့၏စာလေ့လာခြင်းတွင်သာ နှစ်မြှုပ်ထားကြသည်။
ရှန်းလီနှင့်ဝေ့ချင်းဟယ်တို့က မြို့တော် စာမေးပွဲအတွက် ပြင်ဆင်နေစဉ် ဝမ်ယွင်ကျန့်က မြို့တော်တက္ကသိုလ် ဝင်ခွင့်စာမေးပွဲတွင် ပြည်နယ်ကျောင်းတော် ကိုယ်စားပြုသည့် တစ်ခုတည်းသောနေရာအတွက် ယှဉ်ပြိုင်ရန် ဆုံးဖြတ်ခဲ့သည်။ ရှန်းအန်း၊ ရွှီဝမ်ဟုန်နှင့် ရွှီဝမ်ချင်းတို့ကတော့ အခြေအနေ၏ အရေးကြီးပုံကို ခံစားမိနေကြ၏။
အားရှုနှင့်ကျိုးချန်ဟယ်တို့ကပင် ပြည်နယ်ကျောင်းတော်က သည်နှစ် ဝင်ခွင့်စာမေးပွဲကို ကျင်းပလိမ့်မည်ဟု ခန့်မှန်းမိကြသည်။ ရှန်းလီနှင့် တခြားသူများကို မနှောင့်ယှက်ချင်တော့သဖြင့် သူတို့သည် အိမ်တွင်သာ ကိုယ့်ဟာကို ဝီရိယထားပြီး လေ့လာကြသည်။
အားနေသည့် တစ်ဦးတစ်လေကိုပင် သရှင်းရွာထဲတွင် မတွေ့ရချေ။
၅လပိုင်းတွင် စပါးဈေးက တဖန်ပြန်ကျသွားပြီး တစ်တင်း ဝမ်၁၂၀တွင် ငြိမ်နေသည်။ စပါးဈေးကျလာသည့်နောက် အသီးအရွက်ဈေးနှင့် အသားဈေးကလည်း အလိုလို လိုက်ကျလာသည်။
အရင်ကဆိုလျှင် အရှေ့ဈေးက ကုန်စုံဆိုင်တစ်ခုတည်းကသာ ဝက်သားရောင်းချပြီး ဆယ်ရက်တစ်ခါမှ ရတတ်ကာ ယုန်၊ ကြက်နှင့် ဘဲသားများကိုလည်း ၅ရက်တစ်ခါမှ အကန့်သတ်နှင့် ရောင်းချခဲ့သည်။ အခုတော့ လတ်တလောတွင် အသားဆိုင်သစ် တစ်ဆိုင် ထပ်ဖွင့်လာသည်။
အသားဆိုင်သစ်ပိုင်ရှင်မှာ အခုတော့ လက်တစ်ဖက်ဆုံးရှုံးခဲ့သည့် သားသတ်သမားကျန့်ကလွဲလျှင် တခြားမဟုတ်ချေ။ သူကိုယ်တိုင်က ဝက်များကို မသတ်တော့သော်လည်း သူ၏လုပ်နိုင်ကိုင်နိုင်သည့် သားနှစ်ယောက် အရောင်းအဝယ်ကို ဆက်ပြီးလုပ်ကြသည်။ ထို့ကြောင့် ကျန့်မိသားစုသည် အရင်လုပ်ငန်းကို ပြန်လုပ်ကြပြီး ရှီကျိုးမြို့ထဲတွင် အသားဆိုင်တစ်ခုကို တည်လိုက်ကြသည်။
သို့သော်လည်း ဒါက နေ့တိုင်းရောင်းချသည်တော့မဟုတ်ချေ။ ၇ရက် ၈ရက်တစ်ကြိမ်လောက်ဖြစ်ကာ သရှင်းရွာအပြင်ဘက်တွင် ရွာသားများအတွက် ဝက်များကို သတ်ပေးသည့်တာဝန်ကို ယူပြီးမှ သူက သူ့ဆိုင်အတွက် အသားများကို တစ်ဦးတည်းရောင်းချပေးခြင်းဖြစ်သည်။
စန်းလာ့၏ လတ်လတ်ဆတ်ဆတ် ကုန်စုံဆိုင်ကဲ့သို့ပင် သူတို့သည် ဝက်သားရသည့်အချိန်မှ တံခါးအပြင်ဘက်တွင် တစ်ရက်ကြိုပြီး ဆိုင်းဘုတ် ချိတ်ထားလိုက်သည်။ သူတို့သည် သူတို့၏စီးပွားရေးကို ဆက်တိုက်လည်ပတ်နေရန် သူတို့လက်ထဲတွင် ရနိုင်သမျှ ငါး၊ ကြက်နှင့် သိုးသားများကိုလည်း ရောင်းချသည်။
ရှီကျိုးက လူများအတွက်တော့ အသားဝယ်ယူရခြင်းက အရင်က အတိုင်းအတာတစ်ခုအထိ ပိုလွယ်ကူလာသည်မှာ ငြင်းမရချေ။ အရင်ကဆိုလျှင် ကြက်နှင့်ဘဲအပြင် ဝက်သားကို ၁၀ရက်တစ်ခါမှသာ ရနိုင်သည်။ အခုတော့ ရွေးချယ်စရာ အသားဆိုင် ၂ဆိုင်ရှိလာခဲ့သည်။ ကံအားလျော်စွာ ၄...၅ရက်တိုင်းလိုလို လမ်းပေါ်တွင် ပတ်ရောင်းသည့် သိုးသားနှင့် ဝက်သားသည်များကိုလည်း မျှော်နိုင်သည်။ ဘဝက အရင်မင်းဆက်၏ ဖရိုဖရဲ မဖြစ်ခင်ကာလကို ပြန်တမ်းနိုင်တော့မည်ဟု မျှော်လင့်ရသည်။__ အမှန်ပင် ဖိအားပေးခေါ်ယူသည့် လူမှုဝန်ထမ်းအလုပ်များ၊ များပြားသည့်အခွန်ခများ မရှိတော့ဘဲ လက်အောက်ငယ်သားများကို ကိုယ်ချင်းစာနာတတ်သည့် သဒ္ဒါတရားထက်သန်းသည့် မင်းတစ်ပါး အုပ်ချုပ်သည့်လက်အောက်တွင် ဟိုတုန်းကထက် ပိုပြီး လုံခြုံကာ တည်ငြိမ်အေးချမ်းလာလိမ့်မည်။
သရှင်းရွာ အထူးထုတ်ကုန်ဆိုင်၏ ပစ္စည်းများအားလုံး၏ ဈေးနှုန်းကိုလည်း လိုက်လျောညီထွေဖြစ်ရန် ဈေးချလိုက်သည်။
စန်းလော့သည် ၅လပိုင်းတစ်လလုံး အလုပ်များနေခဲ့ပြီး ပြည်နယ်ရုံးတော်သို့ အလည်တစ်ခေါက်သွားကာ တော်ဝင်စာမေးပွဲ ဖြေဆိုကြမည့် ကျောင်းသားများက မြို့တော်သို့ ရေလမ်းခရီးဖြင့် သွားရမည်လား ကုန်းလမ်းခရီးဖြစ်သွားရမည်လားဟု စုံစမ်းရန် သခင်မဖန်ထံသို့ သွားခဲ့သေးသည်။ မရေမတွက်နိုင်သည့် တော်ဝင်လက်ဆောင်များထဲတွင် မြင်းနှစ်ကောင်လည်းပါသေးသည်။ ထိုမြင်းနှစ်ကောင်ကို သူမက အိမ်ရာဝင်းဘေးရှိ နွးတင်းကုပ်ထားတွင် မွေးမြူထားပြီး အိမ်ရာဝင်း၏ တစ်ကောင်တည်းသော နွားထီးကို အဖော်လုပ်ထားပေးသည်။
ထူးထူးခြားခြား အကြောင်းအရင်းမရှိဘဲ သူမကို မြင်းနှစ်ကောင် ချီးမြင့်ခဲ့သည်။ ထိုနောက်တွင် ရည်ရွယ်ချက်တစ်ခုတော့ ရှိရမည်ဟု သူမ ခန့်မှန်းမိသည်။
ဟုတ်ပါသည်။ သခင်မဖန်က ကုန်းလမ်းခရီးဖြင့်သွားရန် အဆိုပြုခဲ့၏။
“ရေလမ်းခရီးက ဖွင့်ထားတာ မကြာသေးဘူးလေ၊ မင်းကြီးက ပြည်သူတွေကို ကြီးပွားတိုးတက်စေလိုပြိး ပင်ပန်းတဲ့အလုပ်တာဝန်တွေနဲ့ ဝန်ထုပ်ဝန်ပိုး ဖြစ်စေလိုဘူး၊ ဒါကြောင့် လူနည်းမယ်၊ ကုန်ပစ္စည်းနည်းမယ်၊ ပေါ့ပါးတဲ့ ကုန်ပစ္စည်းဖြစ်မယ်ဆိုရင် ရေလမ်းနဲ့ သွားလို့ရတယ်၊ ဒါပေမဲ့ အရမ်းကိုများပြားတဲ့ လက်ဆောင်ပဏ္ဍာနဲ့ နောက်လိုက်အများကြီး ပါနေရင်တော့ ကျွန်မတို့တွေ ကုန်းလမ်းခရီးကပဲ သွားရမယ်၊ ဒီအပြင် ဒီနှစ် ကျွန်မတို့တွေ ရုံးတော်အတွက် စပါးပမာဏအများကြီး ဝယ်ထားပေးရသေးတယ်၊ အဲဒါတွေကိုလည်း လက်ဆောင်ပဏ္ဍာရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ ယူသွားပေးရလိမ့်မယ်”
စန်းလော့သည် အခုတော့ နားလည်သွား၏။ မြင်းနှစ်ကောင်လက်ဆောင်က အမှန်ပင် ရည်ရွယ်ချက်ရှိခဲ့သည်။ သူမသည် သခင်မဖန်ထံမှ ချန်အန်း၏ရာသီဥတုအကြောင်း မေးမြန်းလိုက်ပြိး စကားနည်းနည်းပါးပါး ပြောလိုက်ပြီးနောက် ပြည်နယ်အုပ်ချုပ်ရေးမှူး အိမ်တော်မှ ထွက်လာခဲ့၏။ အပြင်သို့ ရောက်လာသည်နှင့် သူမသည် သူမ၏လှည်းကို မှာယူဖို့ရန် လှည်းလုပ်သည့်အိမ်သို့ တန်းသွားလိုက်သည်။
သူမသည် လှည်းနှစ်စီးစီစဉ်လိုက်သည်။ တစ်စီးမှာ ခရီးသည်အတွက်ဖြစ်ပြီး ကျန်တစ်စီးကတော့ ပစ္စည်းများအတွက် ဖြစ်သည်။ မြို့တော်က အိမ်ရာဝန်းကို အပြည့်အဝ ပြင်ဆင်ပေးထားလိမ့်မည်ဟု ချန်ကုန်းကုန်း စကားကို ပြန်စဉ်းစားလိုက်မိပြီး ရိုးရှင်း ပေါ့ပါးသည့် ခရီးဆိုလျှင် လုံလောက်လိမ့်မည်ဟု သူမက ယုံကြည်ထားလိုက်သည်။
လှည်းကို ၁၀ရက်ကျော်ကြာပြီးနောက် အိမ်ရာဝင်းသို့ လာပို့ပေးခဲ့သည်။ လှည်းဆိုင်ပိုင်ရှင်က စန်းလော့ကို မှတ်မိနေပြီး ၈လပိုင်းတွင် သခင်မက မိသားစုတစ်ခုလုံးကိုခေါ်ကာ မြို့တော်သို့ ပြောင်းရွှေ့မည့်အကြောင်းကိုလည်း သိထားသည်။ ဤတွင် သူက လှည်းကို ကိုယ်တိုင် လာရောက်ပို့ဆောင်ပေးပြီး သူ၏ဝန်ဆောင်မှုကို မြင့်တင်ရန် အခွင့်အရေးကို အသုံးချကာ အတွေ့အကြုံရှိ ခရီးဝေးယာဉ်မောင်းများကို ထည့်ပေးမည်ဖြစ်ကြောင်း ပြောလိုက်သည်။
အမှန်ပင် စန်းလော့ကလည်း ဒါကို လိုအပ်သည်။ သူမက သဘောတူတော့မည့်ဆဲဆဲ အိမ်တွင် အလုပ်လုပ်နေသည့် အငှားအလုပ်သမား ၃ဦးက ရောက်လာခဲ့သည်။
ကျောက်စစ်လန်နှင့် တခြားသူများနှင့်မတူဘဲ သည်၃ယောက်သည် အမြဲလိုလို ရွာထဲတွင်သာ နေတတ်သည်။ သူတို့သည် ကြိုးကြိုးစားစား အလုပ်လုပ်ကြသော်လည်း ရှန်းအိမ်သို့ သယ်ပေးရန် လိုအပ်သည့် ပစ္စည်းများကို တစ်ခါတစ်ခါလေ လာပို့ပေးခြင်းကလွဲလျှင် သူတို့သည် သည်နေရာသို့ လာခဲသည်။ သူတို့တမင်ရောက်လာခြင်းက ကိစ္စတစ်ချို့ ရှိနေသည်ဟု ညွှန်ပြနေသည်။
စန်းလော့က မမေးရသေးခင်မှာပင် လီကျိုလန်ဟုခေါ်သည့် တစ်ယောက်က မေးလိုက်၏။ “သခင်မစန်း မြို့တော်ကို သွားမဲ့ခရီးမှာ လှည်းမောင်းဖို့ အကူအညီ လိုမလားလို့ ကျွန်တော်တို့ လာမေးတာပါ”
လှည်းဆိုင်ရှင်:”...”
ရောက်လာပုံကလဲ တိုက်ဆိုင်လှပါလား။
လီကျိုလန် တစ်ဖြစ်လဲ အန်းကျိုသည် လှည်းမောင်းသမားတစ်ယောက် လိုအပ်ကြောင်း လာရောက်စုံစမ်းရုံသက်သက် မဟုတ်ချေ။ သူသည် သူကိုယ်တိုင်အတွက်၊ အန်းရှီနှင့် အန်းရှီယိအတွက်ပါ တာဝန်များပေးအပ်ရန် လာရောက်မေးမြန်းခြင်းဖြစ်သည်။ မင်းကြီးက သူတို့ကို အမိန့်ပေးထားခဲ့သည်။ သုံးက မြင်သာရာတွင် နေပြီး နှစ်ယောက်ကတော့ ကွယ်ရာမှာ စောင့်ရှောက်ပေးကာ သခင်မ မြို့တော်သို့ လာသည့်ခရီးကို အသေးစိတ် စောင့်ကြပ်ပေးရမည်ဟူ၍။ ထို့ကြောင့် သူတို့သည် သူမနှင့် အဖော်လိုက်ပါရန် နည်းလမ်းတစ်ခု ရှာရတော့သည်။ လှည်းမောင်းသမား လိုအပ်ခြင်းက အခွင့်အရေးတစ်ခု ဖန်တီးပေးလိုက်၏။
“ကျွန်တော်တို့ ၃ယောက်လုံး လှည်းနဲ့ နွားတွေကို ထိန်းကျောင်းရာမှာ ကျွမ်းကျင်ပါတယ်၊ သခင်မက မြို့တော်မှာ အိမ်ရာတွေနဲ့ လယ်ယာတွေ ရှိတယ်လို့ ကျွန်တော်တို့ ကြားထားပါတယ်၊ ခရီးအတွက် ကူညီပေးဖို့ လူတစ်ချို့ကို ခေါ်သွားဖို့ အစီအစဉ်ရှိသလားလို့ မေးချင်လို့ပါ၊ အိမ်စောင့်ပေးတာဖြစ်ဖြစ်၊ အိမ်ရာဝင်းကို ကာကွယ်ပေးတာဖြစ်ဖြစ်၊ လှည်းမောင်းတာဖြစ်ဖြစ်၊ တောက်တိုမည်ရ လုပ်တာဖြစ်ဖြစ်__ လုပ်နိုင်ကိုင်နိုင်တဲ့လူတွေကို လိုအပ်မှာ သေချာပါတယ်၊ ဟုတ်တယ်မလား”
“...” စန်းလော့သည် အခုတော့ ရှန်းလီ၏ခန့်မှန်းချက်များကို ယုံကြည်သွားတော့သည်။ သည်ပုဂ္ဂိုလ်၃ယောက်သည် အငှားအလုပ်သမား သက်သက်မဟုတ်လောက်ချေ။
ရှန်းလီ ခန့်မှန်းချက် မှန်ကန်နေမည်ဆိုလျှင်... ထိုသို့ဖြစ်နိုင်ခြေ အလွန်များ၏။ သူမသည် သည်လောက်အချိန်အကြာကြီး လယ်ယာများကို ထွန်ယက်ကာ ဆိတ်မွေးမြူပြီး ဝက်စာကျွေးလာခဲ့ရသည်။ ဒါသည် အမှန်ပင် ခက်ခဲသည့်ကြိုးစားအားထုတ်မှုပင်...။
“သေချာတာပေါ့, ဒါပေမဲ့ ရှင်တို့တွေ အိမ်နဲ့အရမ်းဝေးနေမှာ မစိုးရိမ်ဘူးလား”
လီကျိုလန်၏အပြုံးက ရိုးသားလှ၏။ “အိမ်ဝေးတာကို ဘာကြောက်စရာ လိုလို့လဲ၊ မြို့တော်မှာ အလားအလာတွေ အင်မတန်မှ ကောင်းတာပဲ၊ သဘောက သခင်မ ကျွန်တော်တို့ကို ခေါ်သွားဖို့ ဆန္ဒရှိတယ်ပေါ့နော်”
စန်းလော့ ပြုံးကာ ခေါင်းညိတ်ပြလိုက်၏။ “ဒါပေါ့”
သူတို့သာ အနားတွင်ရှိနေလျှင် အများကြီး အန္တရာယ်ကင်းလိမ့်မည်။
လှည်းဆိုင်ရှင်မှာ သူ့လှည်းသမား ဝန်ဆောင်မှုကို ရောင်းချရန် လုံးဝ ကျရှုံးခဲ့တော့သည်။ လှည်းနှစ်စီးအတွက် သူတို့ကိုယ်ပိုင် အိမ်ထောင်စုက လုပ်နိုင်ကိုင်နိုင်သည့် အကူ၃ယောက်ရှိနေပြီး သူတို့သည် ပိုမိုကောင်းမွန်သည့် အခွင့်အရေးများအတွက် မြို့တော်သို့ ခရီးကို စိတ်အားထက်သန်စွာ လိုက်ပါကြသည်ပင်။
လှည်းဆိုင်ရှင်မှာ လှည်းအတွက် လက်ကျန်ငွေပေးချေမှုကို လက်ခံလိုက်ပြီး စကားစမြည် ပြောလိုက်ပြီးနောက် သူ့လက်ထောက်နှင့်အတူ ပြန်လာခဲ့တော့သည်။
...
အချိန်က ကုန်လွန်လာပြိး ၇လပိုင်း လကုန်သို့ ရောက်လာသည်။ အခုတော့ စန်းလော့သည် မိသားစုတစ်ခုလုံးအတွက် အဝတ်အစားထူထူ၊ ခြေအိတ်ထူထူများကို ပြင်ဆင်ထားပြီးဖြစ်သည်။ မြို့တော်တက္ကသိုလ်အတွက် ပြည်နယ်စာမေးပွဲကလည်း စတင်ခဲ့ပြီ။ ဟုတ်ပါသည်။ သည်စာမေးပွဲက ရှန်းလီနှင့် မဆိုင်ပေ။ ဒါသည် ဝမ်ယွင်ကျန့်နှင့် သူ့သက်တူရွယ်တူ ၁၄နှစ်မှ ၁၈နှစ်ကြား ကျောင်းသားများကြားက ပြိုင်ဆိုင်မှုဖြစ်သည်။
အောင်စာရင်းကို ၇လပိုင်း လကုန်တွင် ထုတ်ပြန်ခဲ့သည်။ ဝမ်ယွင်ကျန့်သည် မြို့တော်က မြို့တော်တက္ကသိုလ်ဝင်ခွင့် စာမေးပွဲတွင် ပါဝင်ဖြေဆိုရန် တစ်ခုတည်းသောနေရာကို ရယူနိုင်ခဲ့သည်။
ရှန်းအန်းက တတိယဖြစ်ပြီး ဒုတိယနေရာကိုတော့ လင်းမိသားစု၏ အကြီးဆုံးတရားဝင်မြေးက ရရှိခဲ့သည်။
တစ်ချိန်ထဲတွင် စီရင်စုစာမေးပွဲများကို ရှီကျိုးခရိုင်တစ်ဝမ်း ကျင်းနေသည်။ ပြည်နယ်ကျောင်းတော်က ကျောင်းသားများကတော့ ဝင်ရောက်ဖြေဆိုခြင်း ကင်းလွှတ်ခွင့်ရသည်။ စီရင်စု ရလာဒ်များကို ကြေညာပြီးနောက် ပြည်နယ်စာမေးပွဲကိုတော့ ၈လပိုင်း ၃ရက်နေ့တွင် ကျင်းပလိမ့်မည်။
ရှန်းလီနှင့် ဝေ့ချင်းဟယ်တို့သည် မြို့သို့ စောစောစီးစီး ထွက်ခဲ့ကြသည်။ အိမ်တွင်တော့ စန်းလာ့၊ ရှန်းနဉ်၊ ရှန်းယင်နှင့် ရှန်းထျယ်တို့အားလုံးက စိတ်လှုပ်ရှားနေကြ၏။
အစ်ကိုကြီးဖြစ်သူက ပြည်နယ်စာမေးပွဲတွင် ပြဿနာရှိလိမ့်မည်မဟုတ်ဘူး ရှန်းအန်းက အာမခံထားလေသည်။
သည်ယုံကြည်ချက်က မည်သည့်နေရာက လာပါသနည်း။
လတ်တလောတွင် ပြည်နယ်ကျောင်းတော်၏ လစဉ်စာမေးပွဲများတွင် သူ့အစ်ကိုကြီး၊ ဝမ်ယွင်ကျန့်နှင့် ကျောင်းအုပ်ကြီး၏ မြေးအကြီးဆုံးတို့က ပထမဆုံး ၃နေရာကို တစ်လှည့်စီယူနေကြသည်။
“မနှစ်က အစ်ကိုကြိးက ထိပ်ဆုံး ၁၀ယောက်ထဲတောင်မဝင်နိုင်ဘူး၊ ဒီ၃လပိုင်းမှာ အဆင့်၃ နဲ့ အဆင့်၂ တစ်ခါ ရခဲ့တယ်လေ၊ ၆လပိုင်းကတည်းက သူအမြဲတမ်း အဆင့်၂မှာရှိနေပြီး ယွင်ကျန့်နဲ့ ၁နေရာကို တစ်လှည့်စီယူနေတာ၊ ကျွန်တော်တို့တွေလည်း တခြားစီရင်စုကျောင်းတွေက အခြေအနေကို နည်းနည်းပါးပါး နားလည်ထားပါတယ်၊ စီရင်စုတစ်ခုချင်းက ပထမဆုံး ၅ယောက်ကို ပြည်နယ်စာမေးပွဲအတွက် ရွေးချယ်ထားတာ၊ စိတ်ချပါ၊ အစ်ကိုကြီးက သေချာပေါက် စာရင်းထဲမှာ ပါမှာပါ”
ပြည်နယ်အုပ်ချုပ်ရးမှူးကျန့်က နေ့တိုင်း သူ့ကို အချိန်ပိုသင်ကြားပေးခဲ့ခြင်းက အချည်းနှီးမဖြစ်ခဲ့ချေ။ ပြီးခဲ့သည့် နှစ်ဝက်တစ်လျှောက်လုံး အာရုဏ်တက်ချိန်အထိ စာလေ့လာခဲ့သည့် ထိုညများကလည်း အပေါ်ယံသက်သက် မဟုတ်ပေ။
ရှန်းနဉ်က အံ့ဩသွား၏။ “အစ်ကိုကြီးက သူ့လစဉ်စာမေးပွဲ ရလာဒ်အကြောင်း ပြောတာ ငါ တစ်ခါမှ မကြားမိပါဘူး”
ရှန်းအန်းက ပြန်ဖြေလိုက်သည်။ “နင် အစ်ကိုကြီးအကြောင်းကို မသိလို့လား၊ သူက ပထမ၊ ဒုတိယ ဖြစ်မှသာ ပြောချင် ပြောလိမ့်မယ်၊ သူ ၆လပိုင်းမှာမှ ရခဲ့တော့ ပြည်နယ်စာမေးပွဲကလည်း နီးနေပြီလေ၊ အစ်ကိုကြီး ဒါကို ထုတ်ပြောဖို့ စိတ်ထဲရှိမှာမဟုတ်ဘူး”
အမှန်ပင်။ သူသည် ဒါကို ထုတ်ပြောရန် ထိုက်တန်သည်ဟု မထင်ခဲ့ချေ။
သူမ၏အစ်ကိုဖြစ်သူက အမှန်ပင် သည်လိုဖြစ်နေမည်ကို ရှန်းနဉ်ကလည်း သိသည်။ ပြီးခဲ့သည့်လအနည်းငယ်အတွင်းတွင် သူမသည် အိပ်ရာဝင်စောခဲ့ခြင်းကြောင့်ဖြစ်ဖြစ် နောက်ကျမှ အိပ်ရာနိုးခဲ့ခြင်းကြောင့်ဖြစ်ဖြစ် သူမ၏အစ်ကိုကြီးကို မမြင်ခဲ့ရချေ။
...
သချီ၏ တော်ဝင်စာမေးပွဲ ဖွင့်ပွဲက စမ်းသက်ဆဲကာလ ဖြစ်နေသဖြင့် နောက်ပိုင်း အချိန်များ၏ ရှုပ်ထွေးသည့် လုပ်ငန်းစဉ်များ ရှိသေးချေ။ စာမေးပွဲကို လပြက္ခဒိန် ၈လပိုင်း ၃ရက်နေ့တွင် ကျင်းပခဲ့ပြီး ရလာဒ်ကို ၅ရက်နေ့တွင် ကြေညာခဲ့သည်။ ရွာသားများသည် သူတို့တခြားအလုပ်များကို ဘေးချထားကာ ရလာဒ်အဆင့်ကို ကြည့်ရန် မြို့ထဲသို့ အုံလိုက်ကျင်းလိုက် ရောက်လာကြ၏။
စန်းလော့ကလည်း ကလေးနှစ်ယောက်ကို ရှန်းနဉ်ထံ အပ်ထားလိုက်ပြီး ရလာဒ်ကြည့်ရန်တွင် ပြည်နယ်ရုံးတော် အပြင်ဘက်တွက် ရှန်းလီနှင့်အဖော်လိုက်လာကာ စောင့်နေလိုက်သည်။ စာရင်းကို နောက်ဆုံး ကပ်လိုက်ချိန်တွင် ရှန်းလီသည် ပထမဆုံးနေရာတွင် ရှိနေ၏။
“ကျွန်တော်တို့ဆရာက ပထမ၊ ကျွန်တော့်ဦးလေးက စတုတ္ထ” ရွှီဝမ်ပေါ်သည် သူတို့ရွာက ကျောင်းသားနှစ်ယောက်၏ နာမည်ကို မြင်လိုက်ရပြီးနောက် ရွာထဲက စာမတတ်ကြသည့်လူကြီးများကို မြန်မြန် ပြောပြလိုက်၏။
ရွာသားများက အားပေးကြပြီး စန်းလော့က အပြုံးဖြင့် ရှန်းလီကို ကြည့်ကာ သူတို့တွဲထားသည့်လက်ကို အသာအယာလေး ဖျစ်ညစ်လိုက်သည်။ ရှန်းလီကလည်း သူမကို ပြန်ကြည့်လိုက်ပြီး သူတို့သည် ဝမ်းသာကြည်နူးစွာ အကြည့်ချင်းဖလှယ်လိုက်ကြပြီး သူတို့၏မျက်ခုံးများနှင့် မျက်လုံးများက ဝမ်းမြောက်မှုများဖြင့် ပြည့်နက်နေ၏။
ဝေ့ချင်းဟယ်ကလည်း ဝမ်းသာပီတိဖြစ်နေသည်။ ရှန်းလီနှင့်အတူတူ သူသည် စာရင်းထဲတွင် တဖန်ဖြေဆိုနိုင်ခဲ့သည်။ ဒုတိယနေရာကို သူ့ဆွေမျိုးဟု မှတ်ယူနိုင်သည့် လင်းမိသားစုဝင်တစ်ယောက်က ရခဲ့၏။ တတိယနှင့် ပဥ္စမနေရာကိုတော့ တခြားစီရင်စုနှစ်ခုက ကျောင်းသားများက ရခဲ့သည်။
လင်းမိသားစုဝင်သည် အမှန်တွင်တော့ ဝေ့ချင်းဟယ်ထက် မျိုးဆက်တစ်ခု စောသည်။ သူသည် လင်းကျိုညန်၏ အခေါ်အဝေါ်နောက်လိုက်လျှင် သူသည် ထိုလင်းမိသားစုဝင်ကို ဦးလေး ၇ ဟု ခေါ်ရမည်။
အတန်းဖော်ဟောင်း ၃ယောက်က အပြန်အလှန် ဂုဏ်ပြုစကား ပြောလိုက်ပြီး တရားကြီးဟယ်က လပြက္ခဒိန် ၆ရက်နေ့တွင် ဂုဏ်ပြုစားပွဲ ကျင်းပပြီး ၈ရက်နေ့တွင် မြို့တော်သို့ ထွက်ခွာရမည့်အကြောင်း ကြေညာလိုက်ပြီးမှ လူစုခွဲသွားကြသည်။
မြို့မှ ပြန်လာသည့်လမ်းတစ်လျှောက်တွင် ဝေ့ချင်းဟယ်သည် ရှန်းလီကို ကျေးဇူးတင်စကား တွင်တွင် ပြောလာခဲ့သည်။
သည်တစ်ကြိမ် မြို့တော်တက္ကသိုလ်အတွက် တစ်ခုတည်းသောနေရာကို ရယူနိုင်ခဲ့သည့် ဝမ်ယွင်ကျန့်အပါအဝင် သူတို့ရွာသားများ၏ အောင်မြင်မှုသည် ပြီးခဲ့သည့်တစ်နှစ်လုံးက ကျန့်မိသားစုက ရှန်းလီကို ထောက်ပံ့ပေးထားသည့် မှတ်စုများကြောင့် အများကြီးသက်ဆိုင်မှန်း ဝေ့ချင်းဟယ်နှင့် ရွှီမိသားစုတို့က ကောင်းကောင်းသိကြသည်။
အများကြီး စဉ်းစားချင့်ချိန်ခဲ့ပြီးနောက် ဝေ့ချင်းဟယ်က ရှန်းလီကို တီးတိုးပြောလိုက်၏။ “ကျွန်တော်တို့တွေ ဟိုတုန်းက စပါးသွားဝယ်တုန်းက ပြည်နယ်အုပ်ချုပ်ရေးမှူးကျန့်ကို သပ်သပ် ကျေးဇူးတင်စကား မပြောခဲ့ရဘူး၊ ဒီတစ်ခါ ကျွန်တော် ပြန်လာတော့ ကျွန်တော် လက်ဆောင်တစ်ခု ပြင်ဆင်ပြီး ကျွန်တော့်ကို မိတ်ဆက်ပေးဖို့ အစ်ကို့ကို အကူအညီတောင်းချင်လို့ပါ၊ ဒါမှပဲ အနည်းဆုံးတော့ ပြည်နယ်အုပ်ချုပ်ရေးမှူးအိမ်တော်ကို ကျွန်တော့်ကျေးဇူးတင်စိတ်ကို ဖော်ပြနိုင်မှာ”
ရှန်းလီက ခဏလောက် စဉ်းစားလိုက်ပြီး ပြန်ဖြေလိုက်၏။ “ခဏလောက် စောင့်လိုက်ကြတာပေါ့၊ ပြည်နယ်စာမေးပွဲ ပြီးသမှ ဒီလိုသွားလိုက်ရင် အရမ်းလောလွန်းတယ်၊ ဒါက သင့်တော်မှာ မဟုတ်ဘူး၊ နောက်ပိုင်း အချိန်တွေ အများကြီး ရှိပါသေးတယ်”
ဝေ့ချင်းဟယ်သည် သူ့အမှားကို သဘောပေါက်သွားပြီး ခေါင်းတွင်တွင်ညိတ်လိုက်ကာ သူ့မျက်နှာပေါ်တွင်တော့ ပျော်ရွှင်မှုဖြင့် လင်းဖြာနေလေသည်။ သူ့ခြေလှမ်းများသည် မြန်ဆန်လာပြီး သူသည် သတင်းကောင်းကို လင်းကျိုညန်နှင့် မျှဝေရန် အလောတကြီး ပြန်လာခဲ့လိုက်၏။ ထို့နောက်တွင်တော့ သူ့ယောက္ခမများက ရလာဒ်ကို သိပြီးဖြစ်သော်ငြားလည်း တူညီသည့်ပျော်ရွှင်မှုကို မျှဝေရန် သူ့ယောက္ခမများဆီသို့ အလည်အပတ်သွားရောက်ခဲ့လေသည်။
သူတို့နှင့်အတူ လိုက်ပါသွားသည့် ရွာသားများကလည်း စိတ်အားတက်ကြွစွာဖြင့် အိမ်ပြန်လာခဲ့ကြသည်။ အဘွားရွှီ၊ ဆိုင်တာဝန်ခံရွှီနှင့် ဝေ့လင်းကျန့်တို့က အထူးတလည် ဝမ်းသာပျော်ရွှင်နေကြသည်။ သူတို့သည် ဝေ့ချင်းဟယ်အတွက် ဝမ်းသာပီတိဖြစ်ရပြီး တစ်ချိန်ထဲတွင် ရှန်းလီနှင့် ဝေ့ချင်းဟယ်တို့က သူတို့အောင်မြင်ကိုမည်သို့ ရယူခဲ့ကြောင့် စဉ်းစားနေမိကြပြီး သူတို့၏သားအရင်းများဖြစ်သည့် ဝမ်ဟုန်နှင့် ဝမ်ပေါ်တို့အတွက် အလားအလာရှိသည့် အနာဂတ်တစ်ခုကို မျှော်မှန်းမိလေသည်။
မြို့တော်တက္ကသိုလ်သို့ လျှောက်ရန် အခွင့်အရေးက ထိုက်တန်သည့် ကြိုးစားမှုတစ်ခုဖြစ်သည်။ အကယ်၍ ဒါကို မလုပ်နိုင်ခဲ့လျှင် ပြည်နယ်စာမေးပွဲ အောင်ခဲ့လျှင် ဖြစ်နိုင်ခြေရှိသေးသည်။
သည်နှစ် ပြည်နယ်ကျောင်းတော် ဝင်ခွင့်စာမေးပွဲအတွက် ပြင်ဆင်နေကြသည့် သားတစ်ယောက်စီ ရှိကြသည့် ဖန်းလျိုညန်နှင့် ကျိုးချွမ်ကျန့်၏မိန်းမတို့အတွက်တော့ သူတို့နှစ်ယောက်လုံးသည် စိတ်လှုပ်ရှားရသလို မျှော်လင့်ချက်များဖြင့် ရင်တုန်နေကြရသည်။
သူတို့အားလုံးသည် သူတို့၏လူမှုရေးအဆင့်အတန်း မြင့်တက်လာမည့် မျှော်လင့်ချက် အမျှင်တန်းတစ်ခုကို မြင်လိုက်ရ၏။
...
ရလဒ်များ ကြေညာချက် ထွက်လာပြီးသည့်နောက်တွင် ရွာသည် နေ့တစ်ဝက်တာလောက် စိတ်လှုပ်ရှားမှုများဖြင့် စည်ကားနေကြသည်။ တော်တော်များများက သူတို့ကို ဂုဏ်ပြုစကား လာရောက်ပြောကြားကြသည်။ သို့သော်ငြားလည်း လ၏၈ရက်နေ့က နီးကပ်လာပြီဖြစ်ရာ ပြင်ဆင်မှုကလည်း မလုံလောက်သဖြင့် စန်းလော့က ကျေးဇူးတင်သည့်အနေဖြင့် ထိုနေ့ညနေတွင် ရှန်းလီနှင့် ရှန်းအန်းတို့ကို တုန်းဖူစားသောက်ဆိုင်တွင် ညစာစားပွဲတစ်ခုပြုလုပ်ကာ သူ၏ဆရာနှင့်ကျောင်းသားများကို ဖိတ်ကြားဖို့မှာ ကြားလိုက်သည်။
သူမကတော့ သူတို့၏ပစ္စည်းများကို ထုပ်ပိုးဖို့ရန် ရှန်းနဉ်နှင့်အတူ ကိုယ်တိုင်ဝင်လုပ်ပြီး ပထမလ၏၈ရက်နေ့တွင် မြို့တော်သို့ ထွက်ခွာဖို့ရန် ပြင်ဆင်မှုများ ပြုလုပ်လိုက်သည်။
ညနေခင်းတွင် နောက်ထပ်ဧည့်သည်၂ယောက်က အိမ်သို့ရောက်လာခဲ့သည်... သားသတ်သမားကျန့်၏မိန်းမနှင့် သူမ၏သမီး ကျန့်သနွီတို့ဖြစ်သည်။
သားအမိ၂ယောက်စလုံးက အချိုပွဲမုန့်အထုပ်အနည်းငယ်ကို သယ်လာကြပြီး ဆီစိမ်စက္ကူဖြင့် ထုတ်ထားသည်ကိုကြည့်လျှင် သူတို့သည် မြို့ထဲက မုန့်မျိုးစုံဆိုင်မှ အထူးတလည် ဝယ်ခဲ့သည်မှန်း သိသာသည်။
"ဂုဏ်ပြုစကားကို အစောကြီးကတည်းက လာပြောသင့်တာပါ။ သနွီက အလုပ်နောက်ကျမှပြီးတော့ ဒီအချိန်မှပဲ ရောက်လာနိုင်တော့တယ်"
အမှန်တွင်တော့ သူတို့သည် နောက်တစ်နေ့မနက်ခင်း အစောပိုင်းမှ လာလည်လည်း ဖြစ်သော်ငြားလည်း သားအမိ၂ယောက်စလုံးက စောင့်စားဖို့ရန် အလွန်မှ စိုးရိမ်နေမိကြသည်။
"ဒေါ်ဒေါ် အစ်မကျန့် ဘာဖြစ်လို့ အဲဒီလောက်အထိ အားနာနေတာလဲ" စန်းလော့က သူတို့ကို ဧည့်ခန်းထဲတွင်ထိုင်ဖို့ ဖိတ်ခေါ်လိုက်ပြီး ရှန်းနဥ်ကတော့ လက်ဖက်ရည် သွားရောက်ပြင်ဆင်လိုက်သည်။
သားသတ်သမားကျန့်၏မိန်းမသည် အနည်းငယ် နေရခက်နေပြီး သူမ၏တောင်းဆိုမှုကို ထုတ်ပြောဖို့ရန် စဉ်းစားနေချိန်တွင် ကျန့်သနွီက ပြောလိုက်၏။ "စန်းသခင်မ တကယ်တော့ ကျွန်မမှာ တောင်းဆိုစရာကိစ္စလေး တစ်ခုရှိလို့ပါ။ သခင်မတို့ မိသားစုတစ်ခုလုံးက မြို့တော်ကို ပြောင်းရွှေ့ကြမယ်ဆိုတော့ အဲဒီမှာ အလုပ်သမားလေးများ လိုအပ်မလားလို့ မေးကြည့်ချင်လို့ပါ"
စန်းလော့သည် အတိုင်းအတာတစ်ခုအထိ အံ့ဩသွား၏။ "ဘာဖြစ်လို့မေးတာလဲ"
ကျန့်သနွီ၏အမူအရာက အနည်းငယ် မှိန်ဖျော့သွား၏။ သို့သော်ငြားလည်း သူမက စကားထုတ်ပြောဖို့ရန် ခက်ခဲနေဟန်တူသည်။ သားသတ်သမားကျန့်၏မိန်းမက အနားတွင် မည်သူမှမရှိသည်ကို သတိထားမိပြီး ရှန်းနဉ်ကလည်း မရှိသဖြင့် သူမက လေသံတိုးတိုးဖြင့် ပြောလိုက်သည်။ "ကျွန်မတို့တွေ တကယ်ပဲ ရွေးချယ်စရာ မရှိတော့လို့ပါ။ ဒါကြောင့်မလို့ သခင်မရဲ့အကူအညီကို လာရောက်တောင်းခံရတာပါ"
သမီးဖြစ်သူ၏ ဖြူဖျော့နေသည့်အသားအရေကို အကဲခတ်လိုက်ပြီး သားသတ်သမားကျန့်၏မိန်းမက စန်းလော့ကို အနားသို့လှမ်းဆွဲလိုက်ကာ သူတို့၏အခြေအနေ အသေးစိတ်ကို တီးတိုးပြောပြလေသည်။
ပြီးခဲ့သည့်၁လ၊ ၂လအတွင်းတွင် တစ်ချို့သော ကဲ့ရဲ့သည့်ကောလဟာလများက အနီးအနားရွာတွင် ပြန့်နှံ့နေကာ လွန်ခဲ့သည့်နှစ်များက ချီယန်စီရင်စုတွင် ကျန့်သနွီတွေ့ကြုံခဲ့သည့် အကြပ်အတည်းအကြောင်းနှင့် ပတ်သက်နေသည်။
သတ်သေတစ်ခုမှမရှိဘဲ ဒီလိုသိက္ခာချသည့် စကားလုံးများကို ပြောဆိုနေကြခြင်းပင်။
သားသတ်သမားကျန့်မိန်းမ၏ ပြောစကားများက အတိုင်းအတာတစ်ခုအထိ မသဲကွဲသော်လည်း စန်းလော့က တစ်ခုခုကို ရည်ညွှန်းကာ မေးလိုက်၏။ "ဒီကောလဟာလတွေကို ဘယ်သူ ဖြန့်လဲဆိုတာ သိလား"
သားသတ်သမားကျန့်၏မိန်းမက အံကိုကြိတ်ထားလိုက်ပြီး "ကျွန်မတို့တွေ ဘယ်သူ့ကိုမှ မပြစ်မှားခဲ့ဖူးပါဘူး။ ဒီကိစ္စတွေ နောက်ကွယ်ကလူကို ကျွန်မ ခန့်မှန်းနိုင်ပါတယ်။ ကျွန်မကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး နှိုက်နှိုက်ချွတ်ချွတ် သေချာပေါက် စုံစမ်းဦးမှာပါ"
"ကောလာဟလတွေက ဓားထက်ပိုပြီးတော့ ထက်တယ်လေ။ အခု သနွီက အပြင်ထွက်လိုက်တာနဲ့ သူ့နောက်ကျောမှာ တီးတိုးစကား ပြောနေတယ်လို့တောင် ခံစားရတယ်။ ဒါက အဖြေတစ်ခု မဟုတ်ဘူးဆိုတာ ကျွန်မ သိလိုက်တယ်လေ။ ဒီတော့၁ရက်၊ ၂ရက်လောက် သေသေချာချာ စဉ်းစားပြီးတဲ့နောက်မှာ သခင်မဆီက အကြံဉာဏ်ကို တောင်းခံဖို့ စိတ်ကူးရလာတာနဲ့ ဒီကိုလာခဲ့တာပါ"
သားသတ်သမားကျန့်၏ မိန်းမ၏မျက်လုံးများသည် ပြောရင်းဆိုရင်း နီမြန်းလာလေသည်။ မိခင်တစ်ယောက်သည် သူမ၏သမီးဖြစ်သူကို အိမ်နှင့်ဝေးရာသို့ မည်သို့ ပို့ရက်နိုင်ပါမည်နည်း။ သို့သော်ငြားလည်း... သူမသည် သူမ၏သမီးဖြစ်သူကို ဒီလိုစကားမျိုး ထပ်ခါထပ်ခါ မကြားစေလိုတော့ချေ။ ယခုတော့ ဒီနည်းလမ်းတစ်ခုသာ ကျန်ပေတော့သည်။
"သခင်မ တကယ်လို့ မြို့တော်မှာ အကူအညီတစ်ခုခုလိုခဲ့မယ်၊ အဝတ်လျှော်တာ ချက်ပြုတ်တာ အိမ်သန်ရှင်းရေးလုပ်တာ ဒါမှမဟုတ် မီးမွှေးတာ ခြံဝင်းတံမြက်စည်းလှည်းတာ။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင်လည်း ကြက်နဲ့ဘဲတွေကို မွေးမြူတာ။ အိမ်ယာဝင်းထဲမှာ စိုက်ပျိုးတာ ဘာပဲဖြစ်ဖြစ်ပါ။ အဆင်ပြေတယ်ဆိုရင် သခင်မနဲ့အတူ ကျွန်မရဲ့သမီးကို ခေါ်သွားပေးဖို့ စဉ်းစားပေးလို့ရမလား"
စန်းလော့သည် အတိုင်းအတာတစ်ခုအထိ စိုးရိမ်နေသည့် ကျန့်သနွီဘက်သို့ လှည့်ကြည့်လိုက်ပြီး ပြောလိုက်လေသည်။ "အဝတ်လျှော်ချက်ပြုတ်တာ အိမ်သန့်ရှင်းရေးလုပ်တာ အတွက်တော့ လူ လိုမယ်လို့ မထင်ဘူး။ တကယ်လို့ အစ်မသနွီက မြို့တော်ကိုလိုက်ဖို့ ဆန္ဒရှိတယ်ဆိုရင် ကျွန်မက နောက်ပိုင်းကျရင် စီးပွားရေးအသစ်တချို့ လုပ်ဖို့ရှိတယ်။ သူ့အတွက် အလုပ်တစ်ခုကတော့ အမြဲတမ်းရှိပါလိမ့်မယ်"
သားသတ်သမားကျန့်၏မိန်းမသည် ဒီစကားကို ကြားလိုက်သည်တွင် အလွန်မှ ဝမ်းသာပျော်ရွှင်သွားပြီး စန်းလော့၏လက်ကို လှမ်းကိုင်လိုက်၏။ "ကျွန်မလေ သခင်မကို ဘယ်လို ကျေးဇူးတင်ရမယ်မှန်းတောင် မသိတော့ပါဘူး"
ကျန့်သနွီကလည်း ဝမ်းသာအားရ စိတ်အပြည့်ဖြစ်သွားကာ ထရပ်လိုက်လေသည်။
ရှန်းနဉ်က လက်ထဲတွင် လက်ဖက်ရည်ပန်းကန် တစ်ခုဖြင့် ဝင်လာပြီး ဒီမြင်ကွင်းကို မြင်လိုက်သည်တွင် သူမ၏ယောင်းမကို လှမ်းကြည့်လိုက်လေသည်။ စန်းလော့က ပြောလိုက်၏။ "ငါတို့တွေမြို့တော်မှာ ဆိုင်တခုဖွင့်ဖို့ စဉ်းစားထားတာ မဟုတ်လား။ အစ်မသနွီကလည်း သင်ယူလေ့လာတဲ့နေရာမှာ စိတ်အားထက်သန်ပြီး ဇွဲလုံ့လရှိတာကို သတိထားမိတယ်လေ။ သူက ညအတန်းတွေကို ပုံမှန်လာတက်ပြီး အရေး၊ အဖတ်၊ အတွက်အချက်ကိုလည်း တတ်နေပြီလေ။ မြို့တော်က ဆိုင်မှာ အလုပ်လုပ်ဖို့ ငါတို့နဲ့အတူတူ လိုက်ချင်လားလို့ ငါ သူ့ကိုမေးနေတာ"
ကျန်းမိသားစု၏ အမျိုးသမီး၂ယောက်သည် သူတို့၏မျက်လုံးထဲတွင် ကျေးဇူးတင်စိတ်အပြည့်ဖြင့် စန်လော့ကို ကြည့်လိုက်သည်။
ဒီစကားကို ကြားလိုက်သည်တွင် ရှန်းနဥ်က ခပ်တိုးတိုး ရယ်မောလိုက်သည်။ "ဟုတ်တယ်။ ကျွန်မယောင်းမနဲ့ ကျွန်မက မြို့တော်ကို ရောက်သွားတာနဲ့ ဆိုင်တစ်ခုဖွင့်ဖို့ တကယ်ပဲ စီစဉ်နေပါတယ်။ အစ်မသနွီက ကျွန်မတို့နဲ့အတူ လိုက်ချင်လို့လား။ သင့်တော်တဲ့ ဆိုင်တစ်ခုကို ရှာတွေ့လိမ့်မယ်လို့တော့ အလွယ်တကူ သေချာမပြောနိုင်ပါဘူး။ ဒီတော့ အချိန်တစ်ခုအထိ စောင့်ရတာလည်း ဖြစ်နိုင်တယ်"
"ဒီလောက် အံ့သြစရာကောင်းတဲ့ အခွင့်အရေးတစ်ခုကို ငါက ငြင်းပယ်ရဲပါ့မလား။ စောင့်ရတာကို မကြောက်ပါဘူး။ ကျေးဇူးတင်ပါတယ် သခင်မ၊ ကျွန်မကို ထည့်သွင်းစဉ်းစားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
"ဒါဆိုရင်လည်း ဟုတ်ပြီလေ။ အရင်ဆုံးခေါက်ဆွဲအလုပ်ရုံက ရှင့်ရဲ့လုပ်အားခကို ဖြေရှင်းပေးဖို့ အဘွားချန်းကို အကြောင်းကြားလိုက်ပါ။ အိမ်ပြန်သွားပြီးရင် ပစ္စည်းတွေကို ထုပ်ပိုးထားလိုက်။ လပြက္ခဒိန်ရဲ့ ၈ရက်နေ့ မနက်အစောပိုင်းကျရင် ကျွန်မကို လာတွေ့ပါ"
၈လပိုင်း ၈ရက်နေ့ မနက်အရုဏ်တက်ချိန်တွင် သရှင်းရွာ၏အသစ်ခန့်အပ်ထားသည့် လှည်းသမားများဖြစ်သည့် အန်းကျို၊ အန်းရှီနှင့် အန်းရှီယိတို့သည် လှည်း၂စီးကို ရွာအပြင်ဘက်သို့ မောင်းထွက်လာကြလေသည်။ သူတို့နောက်တွင်တော့ မြို့တော်ကိုသွားကြမည့် ရှန်းမိသားစုဝင်များ ပါလာပြီး ဝေ့ချင်းဟယ်နှင့် ၀မ်ယွင်ကျန့်တို့ တူ၀ရီး၂ယောက်ကလည်း သူတို့၏အထုပ်များကို ကိုယ်စီသယ်လာကြသည်။ တစ်ရွာလုံးက သူတို့ကို လိုက်ပါနှုတ်ဆက်ကြ၏။
ဟုတ်ပါသည်။ နောက်တွင် အထုပ်တစ်ထုပ်ကိုသယ်ကာ ကျန့်သနွီကလည်းပါလာပြီး ကျန့်မိသားစုတစ်ခုလုံးက အဖော်လိုက်ပါလာသည်။ ထိုသတင်းကို ကြားလိုက်သည်တွင် ဖန်းသနွီ၊ ဖန်းအနွီ၊ ကန်းအနွီ၊ တုန်းကဲနှင့် သူ့အစ်ကိုများ၊ သူတို့နှင့် ရင်းနှီးကြသည့်အနီးအနားမှ ရွာသားများကလည်း တစ်လမ်းလုံး လိုက်ပါပို့ဆောင်ကြသည်။
ဒီနေ့တွင်တော့ အဘွားချန်းသည် မျက်ရည်ကျရလေသည်။ စန်းလော့က အဘွားကြီးကို ပွေ့ဖက်ထားပြီး "အဘွား အားရွေ့က သူ့ပညာရေးအတွက် မြို့တော်ကို လာရမယ့်အချိန်ကျရင် အဘွားလည်း မြို့တော်ကိုလာခဲ့ပါ။ တကယ်ပြောတာပါ။ ကျွန်မက အဘွားအတွက် ခြံဝင်းတစ်ခုကို ချန်ထားပေးမှာပါ။ ဒီလိုဆိုရင် အားရွေ့ကလည်း အားယောင်နဲ့ ချန်ပေါင်တို့နဲ့အတူတူ စပြီးတော့စာသင်လို့ရတာပေါ့"
ချန်းအဘွားသည် အားလုံးကို လျစ်လျူရှုထားပြီး သူမ၏မျက်ရည်များကို သုတ်လိုက်ကာ အားတက်သရော ခေါင်းညိတ်ပြလေသည်။ "ဟုတ်ပါပြီ ငါ မြို့တော်ကိုလာပြီး နင်တို့ဆီကို သေချာပေါက် အလည်လာပါ့မယ်"
စကားပြောနေရင်းမှ ရှန်းယင်နှင့် ရှန်းထျယ်တို့သည် နောက်မှ အတူတူလိုက်ပါလာပြီး စိုးရိမ်နေသည့် အမူအရာများဖြင့် ရွာ၏နယ်နိမိတ်ကို ကျော်လွန်က သူတို့၏ လည်ပင်းများကိုဆန့်ပြီး မကြာခဏ လှည့်ကြည့်နေကြသည်။ "အစ်ကိုကြီးက ဘာဖြစ်လို့ အခုထိ ပြန်မလာသေးတာလဲ။ သူ မနေ့တုန်းက ပြန်လာမယ်လို့ ပြောထားရဲ့သားနဲ့"
ရှန်းအန်းက သူတို့ကို နှစ်သိမ့်ပေးရန် ကြိုးစားလိုက်သည်။ "ကိစ္စတစ်ခုကြောင့် အချိန်နှောင့်နှေးနေတာ နေမှာပေါ့။ စိတ်မပူပါနဲ့။ အဲဒီလောက်အထိ မမြန်ပါဘူး။ ရွာက လူကြီးတွေကလည်း လိုက်ပို့ပေးနေကြတာပဲ။ စပါးလှည်းတွေလည်း အများကြီးပါသေးတယ်"
သူသည် ထိုသို့ပြောနေသော်ငြာလည်း အပြင်ဘက်ကို လှမ်းမကြည့်ဘဲ မနေနိုင်ခဲ့ချေ။
မြို့တော်သို့ သွားရမည့်ခရီးက စတင်တော့မည့်ဆဲဆဲတွင် သူတို့သည် ယခုအချိန်တွင် ရှန်းကျင့်ကိုမတွေ့ခဲ့ရလျှင် သူတို့ နောက်တစ်ခါ ပြန်တွေ့မိအချိန်ကို မည်သူက သိပါမယ်နည်း။
ရှန်းအန်း၏စကားက မှန်ကန်ပေသည်။ မြို့တော်သို့ ပထမဦးဆုံးအကြိမ် ပဏ္ဏာဆက်သွားရမည့်တာဝန်အတွက် ပစ္စည်းများကို လိုက်ပါပို့ဆောင်ပေးမည့်သူက အများအပြား ရှိလေသည်။ ပဏ္ဏာဆက်ရမည့်ပစ္စည်းများကို တင်ချနေသဖြင့် ယာဉ်တန်းကြီးက နောက်ဆုံး စတင်ထွက်ခွာဖို့ရန် မြို့အတွင်းထဲတွင်ပင် တစ်နာရီနီးပါးလောက် အချိန်ယူခဲ့ရသည်။
ဖန်သခင်မက မွေးဖွားတော့မည်ဖြစ်သဖြင့် ကျန့်ဇီရွှမ်းက ခရီးဝေးသို့ မသွားရဲချေ။
ထိုကြောင့် သူသည် မြို့တော်သို့သွားမည့်အဖွဲ့ကို ဦးဆောင်မည့်တာဝန်ကို တရားသူကြီးဟယ်ကိုသာ လွှဲအပ်ပေးခဲ့ရသည်။
ဒီအခိုက်အတန့်တွင် သူက စာသင်သားများကို မြို့အပြင်ဘက်သို့ လိုက်ပါပို့ဆောင်ပေးလေသည်။ သို့သော်ငြားလည်း အမှန်တွင်တော့ သူသည် ယာဉ်တန်းကြီး၏ရှေ့ဆုံးတွင် ရှန်းလီနှင့်အတူ အေးအေးဆေးဆေး လိုက်လျှောက်လာပြီး ဖိတ်စာတစ်ခုကို လှမ်းပေးရင်း ဆက်လျှောက်လာခဲ့ကြသည်။
"မင်း မြို့တော်ကို ရောက်သွားတဲ့အချိန်ကျရင် အရင်ဆုံး ငါ့အိမ်ကို သွားလည်စေချင်တယ်။ နွေဦးစာမေးပွဲက ၂လပိုင်းမှာဆိုတော့ ပြင်ဆင်ဖို့အတွက် အချိန်အများကြီး ရှိပါသေးတယ်။ ငါ့အဘိုးက မင်းကို သီးသန့် သင်ကြားပြသပေးနိုင်ပါတယ်။ သူကမင်းအကြောင်းကို သိထားတယ်။ ဒီတော့ သွားဖို့ အားနာမနေနဲ့။ ခယ်မလေးကိုသာ သူ့ရဲ့အထင်ကရဟင်းလျာတွေကို လုပ်ခိုင်းလိုက်... ငါ့အဘိုးက နေ့တိုင်း ဒါတွေကိုစားနေရရင် သေချာပေါက်ဝမ်းသာမယ်လို့ အာမခံတယ်"
အဘိုးကြီးသည် ပြီးခဲ့သည့်တစ်ခေါက်က မြို့တော်သို့ စန်းလော့လာမည့်ခရီးအကြောင်း မင်းကြီးက ထုတ်ပြောခဲ့ကတည်းက နိုးနိုးကြားကြားရှိနေလေသည်။ သူသည် ရုံးတော်ထဲတွင် သူ့အိန္ဒြေကိုပင် ခက်ခက်ခဲခဲ ဆယ်ထားရသည်။ ညီလာခံပြီးသွားသည်နောက် သူ ပထမဦးဆုံးမေးမြန်းသည့် မေးခွန်းကလည်း "သရှင်းရွာက အထူးထုတ်ကုန်တွေကို ယူလာခဲ့မှာလား" ဟူ၍သာဖြစ်လေသည်။
ရှန်းလီက အပြုံးတစ်ခုဖြင့် သူ့ကို ကျေးဇူးတင်စကားပြောလိုက်ပြီး ဦးညွှတ်နှုတ်ဆက်လိုက်၏။
ယာဉ်တန်းကြီး၏ အနည်းငယ်ဝေးသည့်နေရာတွင် သခင်မဖန်ကလည်း သူမ၏ ကြီးရင့်လှပြီဖြစ်သည့် ကိုယ်ဝန်နှင့် သူတို့ကို လိုက်ပါပို့ဆောင်ပေးလေသည်။ သူမက စန်းလော့ကို ချစ်ခင်မြတ်နိုးစွာဖြင့် ကိုင်ထားပြီး ခွဲခွာဖို့ရန် တွန့်ဆုတ်နေလေသည်။ "ရှင် မြို့တော်ကို အရင်သွားလိုက်ပါ။ ကျွန်မရဲ့အခြေအနေနဲ့ ခရီးသွားဖို့ အဆင်မပြေတော့ဘူးလေ။ စန်းလန်က နောက်တစ်နှစ်လောက်ဆိုရင် မြို့တော်ကို ပြန်လာနိုင်မှာပါ။ အဲဒီအခါကျရင် ကျွန်မတို့တွေ ထပ်တွေ့ကြတာပေါ့။ ကျွန်မရဲ့ဟန်အာနဲ့လည်း ရှင်တို့ကို မိတ်ဆက်ပေးပါမယ်"
စန်းလော့သည် မြို့တော်ကို ရောက်သွားသည်နှင့် ရှန်းလီကလည်း မြို့တော်တွင်သာ သေချာပေါက်နေရလိမ့်မည်။ မင်းကြီးကတော့ သူ့ကို တခြားနေရာသို့ တာဝန်ပေးလိမ့်မည် မဟုတ်ချေ။ ကျန့်စန်းလန်အတွက်တော့ စန်းလော့၏ကျေးဇူးကြောင့် သူသည်လည်း ပြီးခဲ့သည့်နှစ်အတွင်း ကြီးမားသည့်ခြေလှမ်းကြီးများကို ပြုလုပ်နိုင်ခဲ့ကာ နောက်တစ်နှစ်မြို့တော်သို့ ဝင်ရောက်ရန် အခွင့်ကောင်းတစ်ခု ရရှိခဲ့သည်။ သူတို့လင်မယားသည် ပြန်ရောက်လာခဲ့လျှင် သူတို့၏ ဇာတိဖြစ်သည့် ထိုက်ယွမ်က သားအကြီးဆုံးကလည်း သေချာပေါက် သူတို့နှင့်လာရောက် အတူတူနေလိမ့်မည်။
စန်းလော့သည် သခင်မဖန်ထံမှ ဟန်အာအကြောင်းကို မရေမတွက်နိုင်အောင် ကြားခဲ့ရသဖြင့် အပြုံးတစ်ခုဖြင့် ပြန်ဖြေလိုက်၏။ "ဒါဆိုရင်တော့ ကောင်းတာပေါ့။ ဒါဆိုရင် ကျွန်မ မြို့တော်မှာ ရှင့်ကို စောင့်နေပါ့မယ်။ မြို့အပြင်ဘက်မှာ လူတွေ အများကြီးပဲ။ ဒီတော့ ရှင်နဲ့ ကျုံးမားမားတို့ အခုပြန်သွားသင့်ပါပြီ"
သူမသည် ဖန်သခင်မကို သူမနှင့်အတူ ဆက်ပြီး အဖော်မလုပ်စေလိုချေ။
အမှန်ပင် လူအများအပြားကလည်း ရှီကျိုးမြို့အပြင်ဘက်တွင် စုဝေးနေကြသည်။ စန်းလော့က ဒီနေ့ခရီးထွက်မည်ဟု ကြားခဲ့ကြသည့် ရွာသားအများအပြားကလည်း သူတို့၏အလုပ်များကို ထားခဲ့ကာ သူမကို လာရောက်နှုတ်ဆက်ဖို့ရန်အတွက် မြို့တံခါးဝ၏ တရားဝင်လမ်းမပေါ်တွင် စုဝေးလာကြသည်။
ရှီကျိုးတွင် လူများ၏အကြီးမားဆုံး ကံကောင်းခြင်းမှာ ပထမဦးဆုံးအကြိမ်အဖြစ် အလွန်မှကောင်းမွန်သည့် ဒေသခံအရာရှိတစ်ဦးကို ပိုင်ဆိုင်ခဲ့ရပြီး စန်းလော့နှင့် အိမ်နီးချင်းဖြစ်ရခြင်းသာ ဖြစ်လေသည်။ သူတို့သည် သူမ မိတ်ဆက်ပေးသည့် နည်းလမ်းအမျိုးမျိုးဆီမှ အကျိုးကျေးဇူးများကို ပထမဦးဆုံးရရှိခဲ့ကြသူများဖြစ်ပြီး ဒီရွာသားများအကြားတွင် တောင်အတွင်းပိုင်းတွင် နေထိုင်စဥ်က စန်းလော့၏သင်ကြားပြသမှုကြောင့် သူတို့၏အသက်ရှင်သန်ခွင့် ကျေးဇူးတရားများရှိခဲ့သည့်သူများ ပါသည့်အပြင် သရှင်းရွာက အကူအညီများကို လက်ခံရရှိခဲ့သည့်သူများလည်း ပါလေသည်။
နှုတ်ဆက်လာကြသည့် လူအများအပြားကြောင့် ခမ်းနားသည့် မြင်ကွင်းတစ်ခုဖြစ်နေ၏။
ချန်းသရှန်၊ ရွှီ၀မ်ချင်း၊ ရှန်းကျင့်နှင့် သူတို့၏အဖွဲ့သည် အချိန်မီရောက်လာလေသည်။ သူတို့ကို အဝေးမှလှမ်းမြင်လိုက်ရသည်တွင် ရှန်းအန်းသည် ဝမ်းသာအားရ ထခုန်လုမတတ်ပင် ဖြစ်သွားလေသည်။ သူက စိတ်လှုပ်ရှားစွာဖြင့် လက်ဝှေ့ရမ်းပြလိုက်ပြီး "ရှောင်ကျင့် ဒီဘက်မှာ"
နောက်မှ အနီးကပ်လိုက်ပါလာသည်က ရှန်းယင်၏အသံ ဖြစ်သည်။ "အစ်ကို ဒီဘက်မှာ ဒီဘက်မှာ"
ရှန်းကျင့်က အပြေးရောက်လာသည်။ "အစ်ကိုကြီး၊ မကြီး၊ ရှောင်အန်း၊ အားနဉ် ကျွန်နော်တို့တွေ လမ်းမှာ နှောင့်နှေးသွားခဲ့လို့ပါ။ ကျွန်နော်တို့တွေ မမှီလိုက်ဘူးလို့တောင် ထင်လိုက်တာ"
ဒီနှစ်များတွင် တော်တော်လေး ရင့်ကျက်လာခဲ့သည့် ရှန်းကျင့်သည် ရှန်းမိသားစု၏ ကုန်ပစ္စည်းအပြည့် ပြင်ဆင်ထားသည့် လှည်း၂စီးကို မြင်လိုက်သည်တွင် သူ၏မျက်လုံးထဲတွင် မျက်ရည်များကမနေနိုင်ဘဲ ဝေ့တက်လာတော့သည်။
ရှန်းလီက ရှန်းကျင့်၏ခေါင်းလေးကို ပုတ်ပေးလိုက်ကာ "ကိုယ့်ဟာကိုယ်လည်း ဂရုစိုက်နော်။ ရှောင်ရင်နဲ့ ရှောင်ထျယ်တို့ကိုလည်း ဂရုစိုက်။ အရောင်းအဝယ်လမ်းကြောင်း ဖွင့်ပြီဆိုတာနဲ့ ချန်အန်းကို ချက်ချင်းလိုက်ခဲ့နော်"
ရှန်းကျင့်က ခေါင်းညိတ်ပြသည်။ "ဟုတ်ကဲ့ နောက်နှစ်ကျရင် ကျွန်တော် ရှောင်ထျယ်ကိုခေါ်ပြီး အစ်ကိုတို့ဆီကို လာလည်ပါမယ်"
အားယောင်နှင့် ချန်ပေါင်တို့သည် ယခုတော့ လမ်းလျှောက်တတ်နေပြီဖြစ်သည်။ သူတို့သည် ရှန်းကျင့်ကို မြင်လိုက်ကတည်းက မှတ်မိနေကြသည်။ သူတို့သည် စန်းလော့နှင့် ရှန်းအန်း၏လက်ထဲတွင် လူးလွန့်နေကြပြီး ရှန်းကျင့်ကို လက်လှမ်းနေကြသည်။ အထူးသဖြင့် အားယောင်သည် အလွန်မှ သန်မာသဖြင့် စန်းလော့မှာ သူမကို ခက်ခက်ခဲခဲ ထိန်းထားရသည်။ သူမက ဦးဦး ဟုပင် မသဲမကွဲ ရေရွတ်တတ်နေသည်။
ကလေးလေး၏စကားက အမှန်ပင် မသဲကွဲလှချေ။ သို့သော်ငြားလည်း ရှန်းအန်း၊ ရှန်းယင်၊ ရှန်းကျင့်နှင့် ရှန်းထျယ်တို့အားလုံးက သူမသည် ဦးလေးဟု ခေါ်လိုက်သည်ဟု ယုံကြည်လိုက်ကြလေသည်။ ရှန်းယင်နှင့် ရှန်းထျယ်တို့က သူမကို နေ့တိုင်း ထိုသို့သင်ပေးခဲ့သည်။
ယခုအချိန်တွင်တော့ သူမက ဦးလေးဟုခေါ်လိုက်သည်ဟုသာ မှတ်ထားလိုက်ကြတော့သည်။
ရှန်းကျင့်က သူတို့ကို လှမ်းချီလိုက်ချင်သော်လည်း မျိုသိပ်ထားခဲ့လိုက်၏။ "ငါက ဖုန်တွေနဲ့ ပေနေတယ်လေ"
သူ့မျက်ဝန်းများက စိုစွတ်နေလေသည်။ သို့သော်ငြားလည်း တူမလေးဖြစ်သူက ပွေ့ဖက်ပေးရန် လက်လှမ်းနေသည်ကို မြင်လိုက်ရသဖြင့် သူ့မှာမျက်ရည်များ ကျလာတော့သည်။ သူက မျက်ရည်ကို မြန်မြန်သုတ်ကာ ပြောလိုက်၏။ "မကြီး ကျွန်တော် မကြီးကို သတိရနေပါမယ်"
တရားသူကြီးဟယ်သည် အဖွဲ့ကို စီစဉ်ခဲ့ပြီးသည်ဖြစ်ရာ ရှန်းလီနှင့် တခြားသူများကို စတင်ထွက်ခွာနိုင်မည့်အကြောင်း လာရောက် အကြောင်းကြားလေသည်။
ရှန်းလီက ချန်းသရှန်၊ ရွှီ၀မ်ချင်း၊ ဖန်းသလန်၊ ဖန်းအာ့လန်နှင့် ကန်းအာ့လန်တို့ကို အလောတကြီးနှု တ်ဆက်စကားပြောလိုက်၏။ လူတစ်ယောက်က လှည်းပေါ်သို့ အရင်ဆုံး တက်သွားသည့်အချိန်တွင် သူ့မိသားစုကလည်း နောက်မှအတူလိုက်တက်သွားကြသည်။
ကျန့်သနွီကလည်း ရှန်းမိသားစုတွင် လှည်းနှစ်စီးရှိသည်ကို သိထားသဖြင့် သူမကလည်း လှည်းပေါ်သို့ လိုက်တက်သွားသည်။ လည်းတစ်စီးစီက ၂ယောက်၊ ၃ယောက်လောက် အတူထိုင်နိုင်သည်။ လူ၂ယောက်က ရှမ်းမိသားစုပါဝင်သည့် လှည်းတစီးတွင် နေရာယူထားသည်ကို တွေ့လိုက်သဖြင့် သူမက အနည်းငယ် ချီတုံချတုံ ဖြစ်သွားပြီးမှ ပစ္စည်းများတင်ထားသည့် လှည်း၏ထိုင်ခုံပေါ်သို့ ဝင်ထိုင်လိုက်လေသည်။ ကံအားလျော်စွာ ထိုင်ခုံက လုံလောက်အောင် ကျယ်ဝန်းနေသဖြင့် သူမနှင့် လှည်းမောင်းသမား အန်းရှီယိအတွက် အလွန်မှ ကြပ်သပ်မနေချေ။
အားလုံးက ထွက်ခွာတော့မည် ပြင်လိုက်သည်တွင် ရှန်းကျင့်သည် တခုခုကိုသတိရသွားပြီး ရှန်းအန်းကို ခဏစောင့်ဖို့ပြောလိုက်သည်။ သူက မြို့တံခါးဆီသို့ အလောတကြီး ပြေးထွက်သွားလေသည်။
ရှန်းနဉ်က ရှန်းအန်းကို လှမ်းမေးလိုက်သည်။ "ရှောင်ကျင့်က ဘယ်သွားတာလဲ"
"သူပြောတာတော့ တစ်ခုခုသွားဝယ်မယ်လို့ ပြောသွားတာပဲ"
ယာဉ်တန်းကြီးက စတင်ထွက်ခွာနေသည်တွင် ရှန်းကျင့်သည် အလောတကြီး ပြေးထွက်လာပြီး သူ၏အစ်ကိုကြီးနှင့် မကြီး၏လှည်းကို အမှီလိုက်ပြေးလာသည်။ သူက ပြတင်းပေါက်မှတစ်ဆင့် ဆီစိမ်စက္ကူဖြင့် ထုပ်ထားသည့် ပစ္စည်းကို သူတို့ကို လှမ်းပေးလိုက်သည်။ "အစ်ကိုကြီး မကြီး ကျွန်တော်ပြီးခဲ့တဲ့ နောက်ဆုံးတစ်ခေါက် ပြန်လာတုန်းက အရှေ့ဘက်စျေးထဲမှာ ဒါတွေရောင်းနေတာကို ကျွန်တော် တွေ့ခဲ့တယ်။ မကြီးတို့ ခရီးမှာ ဒါကိုစားလို့ရတယ်"
စန်းလော့သည် တစ်စုံတစ်ယောက်ကို လှမ်းပေးလိုက်ပြီး လှမ်းယူလိုက်သူမှာ ရှန်းအန်းဖြစ်နေကာ သူတို့၏ခန္ဓာကိုယ်က အနွေးဓာတ်ကို ခံစားလိုက်ရ၏။
ရှန်းကျင့်တို့ညီအစ်ကိုသည် အကွာအဝေးတစ်ခုအထိ လှည်းပြတင်းပေါက်ဘေးမှ လိုက်ပြေးလာကြသည်။ ပြတင်းပေါက်မှတစ်ဆင့် ရှန်းလီနှင့် တခြားသူများနှင့်အတူ စကားပြောလာကြသည်။ သရှင်းရွာကို ဖြတ်လာပြီးသည်နောက်မှ ရှန်းလီက သူတို့ကို လက်ဝှေ့ရမ်းပြသည့်အချိန်မှ သူတို့သည် ရပ်လိုက်ကြသည်။
ရှန်းအန်းနှင့် ရှန်းနဥ်တို့သည် လှည်းပြတင်းပေါက်မှနေ၍ အပြင်ဘက်ကို ကြည့်နေကြ၏။ ရှန်းလီ၏လက်ထဲက ယောင်ယောင်ကတော့ ရှန်အန်း၏ ဆီစိမ်စက္ကူထုပ်လေးကို လှမ်းဆွဲနေသည်။ သူမက အပူလောင်မိသွားမှာစိုးသဖြင့် ရှန်းအန်းက သူမ လှမ်းကိုင်လိုက်သည်ကို ရှောင်လိုက်သည်။ စန်းလော့က မေးလိုက်၏။
"ရှောင်ကျင့်က ဘာဝယ်လာခဲ့တာလဲ"
ရှန်းအန်းသည် အထုပ်ထဲက တစ်ထုပ်ကို ဖွင့်လိုက်သည်တွင် တဒင်္ဂ မှင်သက်အံ့သြသွားလေသည်။
"ဟူပင်းမုန့်"
ရှန်းလီကတော့ မသိချေ။ သို့သော်ငြားလည်း စန်းလော့နှင် ရှန်းနဥ်၏မှတ်ဉာဏ်ကတော့ လွန်ခဲ့သည့် ၆ နှစ်သို့ ရုတ်တရက် ပြန်ရောက်သွားလေသည်။
"ဟူပင်း" စန်းလော့သည် ပြတင်းပေါက်အပြင်ဘက်သို့ တစ်ဖန် ချောင်းကြည့်လိုက်၏။ ယာဉ်တန်းကြီးက ရှည်လျားလွန်းလှသည်။ လမ်းဘေးတွင် တောင်စဉ်တန်းများ ရှိနေသည်။ အချိုးအကွေ့တစ်ခုသို့ ရောက်သွားချိန်တွင် သူတို့သည် ရှန်းကျင့်ကို မမြင်နိုင်တော့ချေ။
"အရှေ့စျေးမှာ သူတို့တွေ ဟူပင်းကို ရောင်းနေပြီတဲ့လား"
စန်းလော့သည် လွန်ခဲ့သည်နှစ်ပေါင်းများစွာက ရှီလီရွာတွင် မြေများကို ကူညီရှင်းလင်းပေးခဲ့သည့်ရွာက ကလေးများနှင့် ရှန်းကျင့်တို့ညီအစ်ကို ဝေမျှစားသောက်ဖို့ရန် ဟူပင်းတချို့ ဝယ်လာခဲ့သည့်အချိန်ကို သတိရသွားလေသည်။ တစ်ဖက်တွင်တော့ ရှန်းနဥ်က ရှီလီရွာတွင်နေခဲ့သည့် အမှတ်တရဟောင်းများကို သူမ၏အစ်ကိုအား ပြန်ပြောပြနေသည်။
လှည်းက တရွေ့ရွေ့ဖြင့် သွားနေသည်။ စန်းလော့က သူမ၏ပေါင်ပေါ်တွင် ဝမ်းသာအားရ ခုန်ဆွခုန်ဆွလုပ်နေသည့် ချန်ပေါင်ကို ထိန်းထားပြီး သူမ၏မျက်လုံးထဲတွင် အပြုံးရိပ်တစ်ခုဖြင့် ပြတင်းပေါက်အပြင်ဘက်က ဖြတ်သွားသည့် မြင်ကွင်းများကို ငေးကြည့်မိလေသည်။ သူမသည် ခပ်တိုးတိုးလေး ရေရွတ်လိုက်မိ၏။ "အံ့သြစရာကောင်းလိုက်တာ"
ဒီခရီးက သူတို့ကို ချန်အန်း၏ပေါများကြွယ်ဝသည့် ခေတ်တစ်ခုဆီသို့ ခေါ်သွားပေးပါစေဟု ဆုတောင်းမိလေတော့သည်။
...
-ပြီးပါပြီ-