← Chapters

အခန်း (၁၆၉-၁၇၀)

Vol. 13 Ch. 169-170

အခန်း (၁၆၉-၁၇၀)

Vol. 13 Ch. 169-170

အပိုင်း(၁၆၉)

မိမိ၏ စံချိန်သစ်ကြောင့် အရှက်ရသွားသည့် မျက်နှာကို ဖုံးကွယ်ဖို့ အတွက် လင်းတုန်း ဦးညွှတ်ကာ အီသန်ကို အရိုအသေပေးလိုက်၏။

"ခွင့်လွှတ်ပါ... ရှက်စရာကောင်းတဲ့ မြင်ကွင်းကို ကြည့်ရအောင် ကျွန်တော် ဖန်တီးမိသွားပါတယ်..."

အီသန်သည် ထိန်းချုပ်ရေး စင်မြင့်ပေါ်သို့ တံတောင်ဆစ်များကို တင်ကာ မှီလိုက်၏။

"ငါ ပြချင်တဲ့ အချက်တစ်ချက် ရှိတယ်လို့ ပြောခဲ့တယ်လေ... ယီရင်... လေ့ကျင့်ရေး ကွင်းကို ဖြတ်ကျော်ဖို့ အကောင်းဆုံး နည်းလမ်းက ဘယ်တစ်ခုလဲ..."

သူမက လင်းတုန်း ကို မျက်စောင်းထိုး၍ ကြည့်လိုက်၏။

"မျက်နှာချင်းဆိုင် ရင်ဆိုင်တာကပဲ အကောင်းဆုံး နည်းလမ်းလို့ ကျွန်မ ပြောချင်တုန်းပဲ..."

"ဘာဖြစ်လို့လဲ..."

အီသန် က မေးလိုက်၏။

"ထိန်းချုပ်ရေး ခလုတ်တွေကို အသက်သွင်းတာကလည်း တူညီတဲ့ ရလဒ်ကိုပဲ ရစေတာပဲလေ..."

"တကယ့် ရန်သူတွေမှာ ထိန်းချုပ်ရေး အစီအရင် တွေ မှ မရှိတာ... ဟုတ်တယ်မလား..."

သူမသည် သစ်သားရုပ်များကို ခေါင်းဖြတ်ချင်နေသည့်အလား စူးရဲစွာ စိုက်ကြည့်လိုက်လေသည်။

"လှည့်စားမှု အပေါ်မှာ အချိန်အကြာကြီး မှီခိုနေလို့ မရဘူးလေ... အကောင်းဆုံးနဲ့ အခိုင်မာဆုံး နည်းလမ်းကတော့ ဘယ်အရာကိုမဆို ဖြတ်တောက်နိုင်စွမ်း ရှိတဲ့အထိ ကိုယ့်ကိုယ်ကိုယ် သန်မာလာအောင် လုပ်ဖို့ပဲ..."

သူမသည် အလွန်အမင်း ယုံကြည်ချက်ရှိစွာဖြင့် ပြောဆိုလိုက်ရာ လင်းတုန်း ပင်လျှင် ယိမ်းယိုင်သွားမိလေသည်။ ၎င်းသည် သူ၏ ကလန် ဝင်များ အိပ်မက်ပင် မမက်ဖူးသော စွမ်းအားများဆီသို့ သူမကို ခေါ်ဆောင်သွားခဲ့သော လမ်းစဉ် ပင် ဖြစ်ပေသည်။

သူမ ပြောသည်များထဲတွင် သူ သဘောမတူသော အရာ တစ်ခုကိုမျှ ရွေးချယ်၍ မရနိုင်ခဲ့ပေ။ သို့သော် သူမသည် တစ်စုံတစ်ခုကို ချန်လှပ်ထားခဲ့သည်ဟု သူ ခံစားနေရဆဲ ဖြစ်၏။

လင်းတုန်း သည် သူမဘက်သို့ ခေါင်းညွှတ်လိုက်လေသည်။

"နင်တို့ နှစ်ယောက်က ကျွမ်းကျင်သူတွေပါ၊ ဒါကြောင့် ငါ ဝင်ပြောမိတာ မှားသွားရင် ကျေးဇူးပြုပြီး ပြင်ဆင်ပေးပါ... ဒါပေမဲ့ ငါ့ရဲ့ သေးနုပ်တဲ့ အတွေ့အကြုံအရဆိုရင် ပြိုင်ဘက်ထက် သန်မာလာတဲ့ အချိန်အထိ စောင့်ပြီးမှ တိုက်ခိုက်လို့ မရပါဘူး... တစ်ခါတလေကျရင် ကစားပွဲက ကိုယ့်ကို ဆန့်ကျင်ပြီး လှည့်စားထားတတ်တယ်၊ အဲဒီအခါ ကိုယ့်အတွက် တစ်ခုတည်းသော ရွေးချယ်စရာက ကစားခုံကို မှောက်ချပစ်ဖို့ပဲ..."

ယီရင်သည် သူ့ကို အဓိပ္ပာယ်မဲ့စွာ စိုက်ကြည့်နေ၏။

"နင်က ငါ့ရဲ့ အဓိက ဥပမာပဲလေ... ရွှေအဆင့် သင်္ကေတ မပါဘဲ ဒီကမ္ဘာမှာ ခြောက်ပေလောက်တောင် ရှေ့ဆက်သွားလို့ မရဘူးဆိုတာကို နင် သိတယ်... ဒါပေမဲ့ နင့်ရဲ့ ကလန် က နင့်ကို လေ့ကျင့်ခွင့် မပေးဘူး... အဲဒီတော့ နင် ဘာလုပ်ခဲ့လဲ... နင် လမ်းလျှောက် ထွက်လာခဲ့တယ်လေ... ကစားပွဲက လှည့်စားထားတာ ဖြစ်ဖြစ် မဖြစ်ဖြစ်၊ ငါ နင့်ကို စတွေ့တဲ့ နေ့ကတည်းက နင်က နင့်ထက် သန်မာတဲ့ ပြိုင်ဘက်တွေကိုပဲ တိုက်ခိုက်နေခဲ့တာပဲ..."

လင်းတုန်း သည် ပြန်လည် ဖြေရှင်းရန် စကားလုံးများကို ရှာဖွေခဲ့သော်လည်း မည်သည့်စကားမျှ ထွက်မလာခဲ့ချေ။

ထိုအရာက သူ အတိအကျ လုပ်ခဲ့သည့် ကိစ္စ ဖြစ်သည်။

ဆူရီရယ် က သတ်မှတ်ထားသော စွမ်းအား အဆင့်တစ်ခု မရှိဘဲနှင့် သူ မည်သည့်နေရာသို့မျှ ရောက်မည် မဟုတ်ကြောင်း ပြသခဲ့၏။ ထို့ကြောင့် သူ ကိုယ်တိုင် လမ်းလျှောက်ထွက်လာခဲ့ခြင်း ဖြစ်သည်။ ယီရင်၏ စကားကို သဘောတူညီရန် သူသည် ပထမဆုံးသော သူ ဖြစ်သင့်ပေသည်။

သို့သော် သူ သဘောမတူနိုင်ခဲ့ချေ။ သူမ၏ စကားများထဲမှ တစ်စုံတစ်ခုက သူ့ကို ကိုက်ခဲ နှောင့်ယှက်နေလေသည်။

အီသန်သည် ခုန်ပေါက်ကာ ရောက်လာပြီး သူ၏ လက်တစ်ဖက်ကို လင်းတုန်း ၏ လည်ပင်းတွင် ချိတ်လိုက်၏။ ထို့နောက် ယီရင် အနီးသို့ ဆွဲခေါ်သွားလေသည်။ အခြား လက်တစ်ဖက်ကိုလည်း သူမ၏ ပခုံးပေါ်သို့ တင်လိုက်သည်။ လင်းတုန်း အနေခက်နေသကဲ့သို့ သူမလည်း အနေခက်နေပုံ ရ၏။ သို့သော် အီသန် သည် ဂုဏ်ယူနေသော ဖခင်တစ်ယောက်ကဲ့သို့ သူတို့ နှစ်ဦးစလုံးကို ငုံ့ကြည့်ကာ ပြုံးရွှင်နေလေတော့သည်။

"မင်းတို့ နှစ်ယောက်စလုံးမှာ အဲဒီအချက်လေးတွေ ကိုယ်စီ ရှိနေကြတယ် မဟုတ်လား... ယီရင်၊ မင်းရဲ့ အတွေးတွေ တစ်ပုံစံတည်း ဖြစ်မသွားအောင် မင်းကိုယ်မင်း သတိထားရမယ်... ဒါပေမဲ့ လင်းတုန်း... မင်းလည်း အတူတူပဲ..."

သူသည် လင်းတုန်း ၏ ဆံပင်များကို ဖွလိုက်၏။ ၎င်းမှာ နေရခက်စေပြီး ထူးဆန်းစွာပင် အကျဉ်းကျနေသကဲ့သို့ မွန်းကျပ်သော ခံစားချက်ကို ဖြစ်ပေါ်စေလေသည်။

"ငါတို့ရဲ့ ကြီးမားကျယ်ပြန့်တဲ့ ကမ္ဘာကြီးထဲမှာ လှည့်ကွက် ဘယ်လောက်များများ သုံးသုံး ကျော်လွှားလို့မရတဲ့ စွမ်းအား ကွာဟချက်ဆိုတာ ရှိတယ်... ဥပမာပြရရင်..."

သူသည် ပို၍ ကျယ်ပြန့်စွာ ပြုံးဖြဲလိုက်၏။

"... မင်းတို့ရဲ့ လက်ရှိ အဆင့်နဲ့ဆိုရင် ငါ အိပ်ပျော်နေတုန်း လာခုတ်ရင်တောင် ခေါင်းကိုက်လောက်တဲ့ ဒဏ်ရာလေးတောင် ရအောင် လုပ်နိုင်မှာ မဟုတ်ဘူး... မင်းတို့က ငါ့ကို ကြည်ညိုပြီး အားကျနေမှန်း ငါ သိပါတယ်၊ ဒါကြောင့် ပိုပြီး သင့်တော်မယ့် ဥပမာတစ်ခု ပေးရအောင်... တကယ်လို့ မင်းက နောက်တစ်နှစ်နေရင် ကျင်းလုံ ရဲ့ လက်ကနေ အသက်ရှင်ချင်တယ်ဆိုရင် သိုင်းပညာတွေကို မှန်ကန်တဲ့ နည်းလမ်းအတိုင်း သင်ယူရလိမ့်မယ်... အာရီလီယပ်စ် မိသားစု ရဲ့ အပြည့်အဝ ထောက်ပံ့မှုကို ရထားပြီး ကျင်းလုံ က သူ့ ကလန် ကနေ ထွက်ပြေးနေရတယ် ဆိုရင်တောင်မှ၊ သူက မင်းရှိတဲ့ဘက်ကို လှမ်းကြည့်လိုက်ရုံနဲ့တင် မင်း ကြောက်လန့်ပြီး အရည်ပျော်မကျသွားအောင် အဆင့်နိမ့် ရွှေအဆင့်ကို ခိုင်ခိုင်မာမာနဲ့ မှန်မှန်ကန်ကန် ရောက်ရှိနေဖို့တော့ အနည်းဆုံး လိုအပ်တယ်..."

အဆင့်နိမ့် ရွှေအဆင့်...

၎င်းသည် လင်းတုန်း လှမ်းမမီနိုင်သော နေရာတွင် တွဲလောင်းကျနေသည့် ချိုမြိန်သော သစ်သီးတစ်လုံး ဖြစ်လေသည်။

သို့သော် သူသည် ကျောက်စိမ်းအဆင့် သို့ပင် မရောက်ရှိသေးချေ။ တစ်ချိန်က သူသည် ကျောက်စိမ်းအဆင့် ကို အလွန်အမင်း တောင့်တခဲ့ဖူး၏။ ယခုအခါတွင်မူ ၎င်းကို ဖြတ်ကူးရမည့် ကျုံးတစ်ခုထက် ပို၍ မမြင်တော့ပေ။ များပြားလှသော အတားအဆီးများထဲမှ တစ်ခုသာ ဖြစ်လေသည်။ အဆင့်နိမ့် ရွှေအဆင့် သို့ ရောက်ရှိသွားလျှင်တောင်မှ ကျင်းလုံ ကို ယှဉ်နိုင်ရန် ရှည်လျားသော ခရီးတစ်ခု ကျန်ရှိနေသေးသည်။

လင်းတုန်းက...

"လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်... ကျွန်တော် ခုနကလို ပြောတာက ကြိုးစားပြီး မလုပ်ဘူးလို့ ဆိုလိုချင်တာ မဟုတ်ပါဘူး... ကျင်းလုံ ထက် ပိုပြီး လေ့ကျင့်ပါ့မယ်၊ ဘယ်သူ့ထက်မဆို ပိုပြီး လေ့ကျင့်ပါ့မယ်..."

"မင်း ဘယ်လောက် ငယ်သေးတယ်ဆိုတာကို ငါ မေ့သွားတယ်..."

အီသန် က ချစ်ခင်မြတ်နိုးဟန်ဖြင့် ပြောလိုက်လေသည်။

ရုတ်တရက် သူသည် သူတို့ကို လွှတ်ပေးလိုက်ပြီး နောက်သို့ တစ်လှမ်းဆုတ်ကာ တံခါးဘက်သို့ လှည့်လိုက်လေသည်။

"ဒီ ဆွေးနွေးမှုကို ငါတို့ မကြာခင် ပြန်စကြတာပေါ့... ဘာလို့လဲဆိုတော့ ငါတို့ရဲ့ ဧည့်သည်ကြီး နောက်ဆုံးတော့ ရောက်လာပြီလေ..."

ယီရင်က မျက်မှောင်ကြုတ်သွားပြီး သူမ၏ ဓားပေါ်သို့ လက်တင်လိုက်၏။

"မင်းတို့ မှတ်မိဦးမယ်ဆိုရင်..."

အီသန် က ဆက်ပြောလေသည်။

"... မင်းတို့က ငါ့ မိသားစု နဲ့ မတွေ့ရသေးဘူးလေ..."

ကျန်ရှိနေသော အာရီလီယပ်စ် မိသားစု ဝင်များ မည်သည့်နေရာတွင် ရှိနေသနည်းဟု လင်းတုန်း တွေးတောနေခဲ့မိ၏။

သဲမြွေပွေး နှင့် ဖစ်ရှာ တို့ထံမှ ကင်းထောက်များသည် အာရီလီယပ်စ် အလံများ ချဉ်းကပ်လာသည်ကို လွန်ခဲ့သော ရက်သတ္တပတ်များကတည်းက မြင်တွေ့ခဲ့ရသည်။ ထို့ကြောင့် လင်းတုန်း အနေဖြင့် ယခုအချိန်လောက်ဆိုလျှင် သူတို့နှင့် တွေ့ဆုံရမည်ဟု မျှော်လင့်ထားခဲ့ခြင်း ဖြစ်သည်။

အီသန် သည် ဆုလာဘ်တစ်ခုကို ပေးအပ်နေသည့်အလား တံခါးဝဆီသို့ လက်နှစ်ဖက် ဆန့်တန်းလိုက်လေသည်။

"ငါ့ရဲ့ ညီ နဲ့ မိတ်ဆက်ပေးရတာ... တကယ့်ကို ဂုဏ်ယူဝမ်းမြောက်စရာပါပဲ..."

ကျွီ...

စပါးကျီ တံခါးကြီး ပွင့်ဟသွားလေသည်။ တံခါးဝတွင် ရပ်နေသော အမျိုးသားသည် အီသန် ထက် ဆယ်နှစ်ခန့် ငယ်ရွယ်ပုံပေါ်၏။ ထို့ကြောင့် သူသည် အသက်နှစ်ဆယ် ကျော်ရုံသာ ရှိသေးပုံရသည်။

သူ၏ ဆံပင်များသည် လတ်ဆတ်သော ဂျုံခင်းများကဲ့သို့ ရွှေရောင်ဖြစ်ပြီး ၎င်းမှာ အာရီလီယပ်စ် မိသားစု ၏ မျိုးရိုးလက္ခဏာ တစ်ခု ဖြစ်ပေလိမ့်မည်။ သို့သော် သူ၏ ဆံပင်များမှာ တင်းကျပ်စွာ ကောက်ကွေးနေလေသည်။ သူသည် ကျက်သရေရှိပြီး တည်ငြိမ်သော ကိုယ်ဟန်ဖြင့် ရပ်နေ၏။ သူသည် ခါးတွင် ချိတ်ဆွဲထားသော သွယ်လျသည့် ဓား၏ လက်ကိုင်ရိုးပေါ်တွင် လက်တစ်ဖက်ကို တင်ထားလျက် ဂုဏ်ယူဝင့်ကြွားစွာ ရပ်နေလေသည်။ ငွေရောင် လက်ကာ တစ်ခုက သူ၏ ညာဘက် လက်ဖျံကို လက်ကောက်ဝတ်မှ တံတောင်ဆစ်အထိ ဖုံးအုပ်ထားလေသည်။

သူသည် ကျင့်ကြံသူ တစ်ယောက်၏ ရိုးရာ အထပ်ထပ် ဝတ်ရုံများကို ဝတ်ဆင်ထားခြင်း မရှိပေ။ သို့သော် အခြားတစ်ဖက်တွင်မူ အီသန် နှင့် အဝတ်အစား ရွေးချယ်မှု ပုံစံတူညီပုံ ရလေသည်။ သူ၏ အင်္ကျီနှင့် ဘောင်းဘီမှာ အပြာရောင် ပိုးသားများ ဖြစ်ကြပြီး ရှုပ်ထွေးသော ငွေကြိုးများဖြင့် ချုပ်လုပ်ထား၏။ မနေ့ညကမှ သူ့အတွက် အထူးသီးသန့် ချုပ်လုပ်ထားသည့်အလား သေသပ်လှပနေလေသည်။

သူသည် ယီရင်၏ မျက်လုံးများကို ဆုံကြည့်လိုက်ပြီးနောက် လင်းတုန်း ကို ကြည့်လိုက်၏။ ထို့နောက် သူတို့ နှစ်ဦးစလုံးကို ခေါင်းညိတ်ပြလိုက်လေသည်။

သူ စကားမပြောနိုင်မီမှာပင် အီသန် က အော်ဟစ်လိုက်လေသည်။

"ကက်ဆီးယပ်စ်... ညီလေး... မတွေ့ရတာတောင် တော်တော်ကြာသွားပြီပဲ..."

ကက်ဆီးယပ်စ်သည် အဆင့်နိမ့် အရှင်သခင် ကို တစ်ချက်မျှပင် လှည့်မကြည့်ဘဲ ဘေးဘက်သို့ ချောမွေ့စွာ ရှောင်ထွက်သွား၏။ မည်သူတွေကများ အီသန် ကို ဤသို့ ရှောင်တိမ်းနိုင်သနည်းဟု လင်းတုန်း တွေးတောမိလေသည်။

"ငါက သူ့ ညီ မဟုတ်ဘူး..."

ကက်ဆီးယပ်စ် က သူတို့ကို အတည်ပြု ပြောဆိုလိုက်၏။ ထို့နောက် ပခုံးပေါ်မှနေ၍ ကျော်ကြည့်ကာ မေးစေ့ကို မော့၍ ပြောလိုက်လေသည်။

"... ကျွန်တော်က ခင်ဗျား ညီ မဟုတ်ဘူး..."

"အဲဒါဆိုရင် ညီအစ်ကိုဝမ်းကွဲ ကက်ဆီးယပ်စ် ပေါ့လေ..."

"အဝေးကြီးကနေ ဆွေမျိုးစပ်ကြည့်မှသာ တော်တာပါ၊ ကျွန်တော်တို့က ဝမ်းကွဲတွေလည်း မဟုတ်ဘူး... အဝေးကြီး၊ အရမ်း ဝေးတဲ့ ဆွေမျိုးတွေပါ..."

အီသန် သည် စိတ်အနှောင့်အယှက် ဖြစ်သွားပုံ မပေါ်ချေ။

"ဘယ်လိုပဲဖြစ်ဖြစ်၊ ငါတို့က ညီအစ်ကိုတွေလိုပါပဲကွာ... မင်း ငါ့ဆီကို လွန်ခဲ့တဲ့ နှစ်ရက်လောက်ကတည်းက လာတွေ့သင့်တာ... နယ်စပ်မှာ ကျင်း ကလန် နဲ့ ကစားနေရတာ အဲဒီလောက်တောင် အချိန်ကြာသွားတာလား..."

ကက်ဆီးယပ်စ်သည် ကိုယ်ဟန်ကို မတ်မတ်ထားလိုက်ပြီး ဒေါက်ကို လှည့်ကာ သူ၏... 'အစ်ကို' ကို စကားဆိုလိုက်လေသည်။

"နယ်စပ်မှာ ဘာဖြစ်ခဲ့လဲဆိုတာကို ခင်ဗျား မြင်ခဲ့တယ်ဆိုတာ ကျွန်တော် သေချာတယ်... ပြီးတော့ ခင်ဗျားဆီက ကျွန်တော် မြင်ခဲ့ရတာတွေနဲ့ ပတ်သက်ပြီး ကျွန်တော့်မှာ မေးခွန်းတွေ ရှိနေတယ်... ကျွန်တော် ထင်တာ မမှားဘူးဆိုရင် ခင်ဗျားက ကျင်း ကလန် က ပြည်နှင်ဒဏ်ခံရတဲ့သူ တစ်ယောက်ကို ရန်စခဲ့တယ်၊ ပြီးတော့ သူတို့ရဲ့ လက်အောက်ခံ ဂိုဏ်း တစ်ခုက ဆက်ခံသူ ကို သတ်ပစ်ခဲ့တယ် မဟုတ်လား..."

"ငါ မဟုတ်ဘူးလေ..."

အီသန် က ဂုဏ်ယူစွာဖြင့် ပြောလိုက်ရင်း လင်းတုန်း ဘက်သို့ လှည့်လိုက်လေသည်။

"... သဲမြွေပွေး ဆက်ခံသူ ကို အဆုံးစီရင်လိုက်တာက ဒီက လူငယ်လေး လင်းတုန်း ဆိုတာပဲ... မင်း မှတ်ထားသင့်တယ်..."

***

အပိုင်း(၁၇၀)

အခန်းထဲရှိ အာရုံစိုက်မှုအားလုံး သူ့ထံသို့ ရောက်ရှိလာသည်ကို လင်းတုန်း ခံစားလိုက်ရပြီး နောက်သို့ တွန့်ခနဲ ဆုတ်မိမတတ် ဖြစ်သွား၏။

အဆင့်နိမ့် အရှင်သခင်က အပြစ်အားလုံးကို သူ့အပေါ်သို့ ပုံချရန် ကြိုးစားနေသည့်အလား နေရခက်စွာ ခံစားလိုက်ရလေသည်။ အာရီလီယပ်စ် မိသားစု နှင့် ပတ်သက်၍ အစောပိုင်းက သူ တွေးတောမိသော စိုးရိမ်မှုများသည် အရှိန်အဟုန်ဖြင့် ပြန်လည်ရောက်ရှိလာခဲ့၏။ သို့သော် သူသည် ကက်ဆီးယပ်စ် ကို ပြုံးပြလိုက်ပြီး အပေါ်ယံမျှ အရိုအသေပေးလိုက်လေသည်။

"ကျွန်တော်က ဝေ့ရှီလင်းတုန်း ပါ လေးစားရပါတဲ့ ကက်ဆီးယပ်စ်... ကျွန်တော့်ရဲ့ လုပ်ရပ်တွေကြောင့် ခင်ဗျားအတွက် အနှောင့်အယှက် တစ်စုံတစ်ရာ ဖြစ်သွားခဲ့ရင် ခွင့်လွှတ်ပေးပါ..."

"လုံးဝ မဟုတ်ပါဘူး လင်းတုန်း... လုံးဝပါပဲ..."

ကက်ဆီးယပ်စ် က ချက်ချင်း ပြောလိုက်လေသည်။

"... ကျွန်တော်တို့ မိသားစုရဲ့ ခေါင်းဆောင်ကြီး က အရမ်း... စိတ်အားထက်သန်လွန်းသွားတဲ့အခါ ဘာတွေ ဖြစ်တတ်သလဲဆိုတာကို ကျွန်တော် ကောင်းကောင်း သိပါတယ်... မင်းက သူ့ရဲ့ အစီအစဉ်တွေထဲမှာ ပါဝင်ပတ်သက်သွားခဲ့တာပါ၊ သူ့ကိုယ်စား တောင်းပန်ရမှာက ကျွန်တော်ပါ..."

လင်းတုန်း အံ့အားသင့်သွားစေရန် ကက်ဆီးယပ်စ်က သူ့ကို လေးနက်စွာ အရိုအသေပေးလိုက်၏။

"ကျွန်တော်တို့ကို ခွင့်လွှတ်ပါ၊ ပြီးတော့ ဒီကိစ္စအတွက် ကျွန်တော်တို့ မိသားစုအပေါ် အငြိုးမထားပါနဲ့... မင်း အိမ်ပြန်တဲ့အခါကျရင် မင်းအတွက် အစောင့်အရှောက်တွေ ပေးပို့ပေးမယ်လို့ အာရီလီယပ်စ် တစ်ယောက်ရဲ့ နာမည်ကို တိုင်တည်ပြီး ငါ ကတိပေးပါတယ်... ကျင်း ကလန် ဒါမှမဟုတ် သဲမြွေပွေး ဂိုဏ်း ဆီကနေ လက်စားချေမယ့် အန္တရာယ်ကို မင်း ကြောက်စရာ မလိုပါဘူး..."

‘မင်း အိမ်ပြန်တဲ့အခါကျရင်တဲ့လား...’

ကက်ဆီးယပ်စ်က သူတို့နှင့်အတူ အနက်ရောင် မီးတောက် အင်ပါယာ သို့ လိုက်ပါလာမည်ကို မသိခြင်းလော။ သို့မဟုတ် လင်းတုန်းကို သင့်လျော်သော ထွက်ပေါက်တစ်ခု ပေးရန် ကြိုးစားနေခြင်းလော။

မည်သို့ပင်ဖြစ်စေ... လင်းတုန်း ၏ လောဘကြီးသော စိတ်အချို့ကမူ သူ ပြောခဲ့သော 'အစောင့်အရှောက်' ၏ သဘောသဘာဝကို တွေးတောနေခဲ့မိ၏။ အကယ်၍ ကက်ဆီးယပ်စ် သာ လက်နက်တစ်ခု သို့မဟုတ် အဆင့်မြင့် ဆေးရည်တစ်ခုခုကို ပေးအပ်ရန် ဆန္ဒရှိမည်ဆိုပါက၊ လင်းတုန်း အနေဖြင့် ထိုအရာများကို ယူဆောင်ပြီး သူ၏ ကိုယ်ပိုင် လမ်းအတိုင်း ထွက်ခွာသွားခြင်းက ပို၍ ကောင်းမွန်နိုင်ပေသည်။

ယီရင်က သူမ၏ စုတ်ပြဲနေသော လက်မောင်းအစွန်းများကို ဆွဲချလိုက်၏။ လင်းတုန်း ၏ တုံ့ပြန်မှုကို စစ်ဆေးနေသည့်အလား စက္ကန့်အနည်းငယ်ခြားတစ်ခါ သူ့ကို လှမ်းကြည့်နေခဲ့သည်။ သို့သော် အီသန် ကမူ ရယ်မောလိုက်လေသည်။

"မင်း ငါတို့ကို သိပ်အနီးကပ် စောင့်မကြည့်ခဲ့ပါဘူး... ယီရင် နဲ့ လင်းတုန်း က ငါတို့နဲ့အတူ လိုက်လာကြမှာလေ... သူတို့ကို အာရီလီယပ်စ် မိသားစု ရဲ့ အပြင်ဘက် မိသားစုဝင်တွေ အဖြစ် ငါ လက်ခံထားလိုက်ပြီ..."

ကက်ဆီးယပ်စ် သည် အရိုအသေပေးနေရာမှ ဖြည်းညင်းစွာ မတ်တပ်ရပ်လိုက်ပြီး အီသန် ကို အဓိပ္ပာယ်မဲ့သော အမူအရာဖြင့် စိုက်ကြည့်နေခဲ့၏။

"ကျွန်တော်... သဘောပေါက်ပြီ..."

အဆုံးတွင် သူက ပြောလိုက်သည်။

"... တောင်းပန်ပါတယ် လင်းတုန်း... ငါ... မသိခဲ့လို့ပါ..."

သူသည် တစ်စုံတစ်ခုကို အသံထွက်၍ မပြောမိစေရန် ရုန်းကန်နေရပုံ ပေါ်၏။ စကားတစ်ခွန်း ဆုံးသွားတိုင်း သူ၏ မေးရိုးများ တင်းကျပ်သွားလေသည်။

"ဌာနခွဲ ခေါင်းဆောင်တွေကို ခင်ဗျား အသိပေးခဲ့လား အဆင့်နိမ့် အရှင်သခင် ... သူတို့ဆီက ခွင့်ပြုချက် ရခဲ့လား..."

"အချိန်တွေက စီးဆင်းနေတာလေ... အစီအစဉ်တွေကလည်း အဲဒီအတိုင်း လိုက်မီအောင် လုပ်ရမှာပေါ့..."

"အစီအစဉ်တွေ..."

ရွှံ့တစ်ဆုပ် ပြုတ်ကျသွားသကဲ့သို့ လေးလံသော အသံဖြင့် ကက်ဆီးယပ်စ် က ရေရွတ်လိုက်လေသည်။

"အဲဒါက ငါ့ကို နောက်ထပ် အကြောင်းအရာ တစ်ခုဆီ ရောက်သွားစေတယ်..."

အီသန် က ပြောလိုက်၏။ ရုတ်တရက် သူ၏ အမူအရာ တစ်ခုလုံးသည် ထက်မြက်စူးရှသွားလေသည်။

သူ၏ ပုံပန်းသွင်ပြင်တွင် မြင်သာသော အပြောင်းအလဲ ဘာမျှ မရှိခဲ့ပေ။ သို့သော် လင်းတုန်း သည် တုန်လှုပ်သွားရ၏။ သူ၏ ခန္ဓာကိုယ်တွင်းရှိ မာဒြာ များသည် လှည့်ပတ်နေစဉ်မှာပင် တုန်ယင်သွားခဲ့လေသည်။ ယခုအခါ သူတို့ရှေ့တွင် ရပ်နေသူမှာ သာမန် အီသန် မဟုတ်တော့ဘဲ အဆင့်နိမ့် အရှင်သခင် တစ်ယောက် ဖြစ်နေခဲ့ပြီ ဖြစ်သည်။

ယီရင် ပင်လျှင် နောက်သို့ ခြေနှစ်လှမ်း ဆုတ်သွားပြီး သူမ၏ ဓားကို ဆုပ်ကိုင်လိုက်၏။ သူမသည် ဓားကို အသုံးပြုရမည်ဟု ထင်သောကြောင့် မဟုတ်ဘဲ စိတ်သက်သာရာ ရစေရန်အတွက်သာ ဖြစ်ပါစေဟု လင်းတုန်း ဆုတောင်းနေမိလေသည်။

အီသန် က ဆက်ပြောလေသည်။ သူ၏ အသံမှာ သာယာနာပျော်ဖွယ် ကောင်းနေဆဲ ဖြစ်သော်လည်း အတွင်း၌ ထက်မြက်သော အန္တရာယ်တစ်ခု ကိန်းအောင်းနေ၏။

"နယ်စပ်မှာ ကျင်း ကလန် နဲ့ မင်း ကြုံတွေ့ခဲ့ရတဲ့ ကိစ္စတွေလေ... ဘာတွေ ဖြစ်ခဲ့တယ်ဆိုတာကို ရှင်းပြစမ်းပါ..."

ကက်ဆီးယပ်စ်က လင်းတုန်း နှင့် ယီရင် ကို တစ်လှည့်စီ ကြည့်လိုက်၏။

"တကယ်လို့ ခင်ဗျား အလိုရှိမယ်ဆိုရင် ကောင်းကင် ကရုဏာ တိမ်တိုက်သင်္ဘောပေါ် ရောက်တဲ့အခါ ကျွန်တော် ဝမ်းသာအားရ ပြောပြပါ့မယ်..."

"ဒီမှာ မိသားစုဝင်တွေပဲ ရှိတာပါ..."

အီသန် က တိုးညှင်းစွာ ပြောလိုက်၏။

"ပြောလိုက်ပါ..."

"ကောင်းပါပြီ..."

ကက်ဆီးယပ်စ် သည် သက်သောင့်သက်သာ ဖြစ်သွားပြီး လက်ပိုက်လျက် စပါးကျီ နံရံကို မှီလိုက်လေသည်။ သူသည် ခင်မင်ဖော်ရွေပြီး နောက်ပြောင်တတ်သော အီသန် ထက် လုပ်ငန်းသဘောဆန်သော အဆင့်နိမ့် အရှင်သခင် နှင့် ဆက်ဆံရသည်ကို ပို၍ အဆင်ပြေပုံ ရ၏။ လင်းတုန်း သည်လည်း ထိုခံစားချက်ကို နားလည်နိုင်ပေသည်။

"ကျွန်တော်က ခင်ဗျားကို ပြန်ခေါ်လာဖို့အတွက်ပဲ နောက်က လိုက်လာခဲ့တာ မဟုတ်ပါဘူး... ခင်ဗျား ထွက်သွားပြီး မကြာခင်မှာပဲ အဖေက အလွန် ဆိုးရွားတဲ့ သတင်းတစ်ခုနဲ့ ကျွန်တော့်ကို စေလွှတ်လိုက်တာပါ..."

"ဒါဆိုရင် ကျင်း ကလန် က ငါတို့ရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းပိုက်လိုက်ပြီပေါ့..."

အီသန် က လက်နှစ်ဖက်ကို ယှက်ကာ မေးစေ့တွင် ထောက်လျက် စကားဖြတ်ပြောလိုက်လေသည်။

ကက်ဆီးယပ်စ် ၏ မျက်ခုံးများ ပင့်တက်သွား၏။

"ဟုတ်ပါတယ်... မြွေသင်္ချိုင်း မြို့ တစ်မြို့တည်းမှာတင် ကျွန်တော်တို့ရဲ့ မီးတောက် ဥယျာဉ်၊ ဂိုဒေါင် သုံးခု၊ ဓား ခန်းမ နဲ့ ဆေးဘက်ဆိုင်ရာ ကန်ထရိုက်တာ နှစ်ဦးကို ဆုံးရှုံးလိုက်ရတယ်... အကြိမ်တိုင်းမှာ သူတို့က ပုဂ္ဂိုလ်ရေး အကြွေးတစ်ခုကို ရှင်းလင်းနေတာပါလို့ အကြောင်းပြကြတယ်... ကျွန်တော် သိသလောက်ဆိုရင် အဓိက သန့်ရှင်းရေး စီမံကိန်း နှစ်ခုကိုလည်း သူတို့ ဖျက်ဆီးခဲ့ကြတယ်... ပြီးတော့ အလုပ်သမား အဖွဲ့ ရှစ်ဖွဲ့လုံးလည်း ပျောက်ဆုံးသွားခဲ့တယ်... သူတို့ကို လာဘ်ထိုးပြီး ခေါ်သွားတာလား၊ ဒါမှမဟုတ် နှုတ်ပိတ်လိုက်တာလား ဆိုတာတော့ ကျွန်တော်တို့ မသိဘူး..."

"အဲဒါက မြို့တစ်မြို့တည်း ရှိသေးတာလေ... ကျန်တဲ့ ကျင်း နယ်မြေတွေမှာကော ဘာဖြစ်နေလဲ..."

အီသန်က အမြဲတမ်းလိုလို ပေါ့ပေါ့ပါးပါးနှင့် တစ်ဝက်တစ်ပျက် နောက်ပြောင်နေသော လေသံဖြင့်ပင် ပြောလိုက်၏။ သို့သော် တုန်လှုပ်ဖွယ် ကောင်းသော အန္တရာယ် အငွေ့အသက်မှာမူ ပျောက်ကွယ်မသွားခဲ့ချေ။

"ကျွန်တော် ထွက်လာတဲ့ အချိန်တုန်းကတော့ သူတို့ရဲ့ အဆိုးရွားဆုံး လုပ်ရပ်တွေက မြွေသင်္ချိုင်း မြို့ထဲမှာပဲ ကန့်သတ်ထားသေးတယ်... ကျွန်တော်တို့ လူတွေနဲ့ ကျင်း ကလန် ကြားမှာ ခွင့်ပြုချက်မရဘဲ တိုက်ခိုက်တဲ့ သိုင်းပြိုင်ပွဲ အနည်းငယ်တော့ ရှိခဲ့တယ်၊ ဒါပေမဲ့ အဲဒီထက် ပိုဆိုးတာတော့ မရှိခဲ့ပါဘူး... ဒါပေမဲ့ အဲဒါက လွန်ခဲ့တဲ့ တစ်လလောက်က အခြေအနေဆိုတော့လေ..."

"တခြား ကလန် တွေကကော..."

"နာရူ ကလန် ကတော့ သူတို့ရဲ့ လုပ်ရပ်တွေအတွက် ကျင်း ကလန် ကို သတိပေးထားပါတယ်... ဒါပေမဲ့ ဧကရာဇ် ရဲ့ ထောက်ပံ့မှုက အနိုင်ရတဲ့သူ သေချာသွားတဲ့ အချိန်ကျမှသာ ရောက်လာမှာပါ၊ အဲဒီမတိုင်ခင်တော့ ရောက်လာမှာ မဟုတ်ဘူး... ကိုတိုင်း ကလန် ကတော့ အခုထိ ဘာမှ ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး... ကျွန်တော်တို့က သူတို့ရဲ့ လမ်းတွေနဲ့ မိလ္လာမြောင်းတွေကို သန့်ရှင်းအောင် ထားပေးနေသရွေ့ သူတို့က သတိတောင်ထားမိမှာ မဟုတ်ဘူး..."

စကားတစ်ခွန်း ကြားလိုက်တိုင်း လင်းတုန်း သည် ဤစကားဝိုင်းအတွက် မိမိကိုယ်ကို အသင့်မဖြစ်သေးကြောင်း ပိုမို ခံစားလာရ၏။ အနက်ရောင် မီးတောက် အင်ပါယာ တွင် မည်သူတွေက အဓိက အင်အားစုတွေ ဖြစ်သည်ကို သူ လုံးဝ မသိရှိခဲ့ချေ။ မတူညီသော ကလန် များအကြောင်းကိုလည်း နားမလည်ခဲ့ပေ။ အာရီလီယပ်စ် မိသားစု၏ လုပ်ငန်းဆောင်တာကိုပင် သေချာမသိခဲ့ပေ။ အီသန် က သူ့ကိုယ်သူ သန့်ရှင်းရေးသမား တစ်ယောက်ဟု မိတ်ဆက်ခဲ့သော်လည်း၊ ၎င်းမှာ ဟာသတစ်ခု ဟုတ်မဟုတ်ကို လင်းတုန်း မခွဲခြားတတ်ခဲ့ချေ။

"သူတို့ မင်းနောက်ကို လိုက်တာ ဘယ်နေရာမှာ ရပ်သွားလဲ..."

အီသန် က မေးလိုက်၏။

"အရှေ့ဘက်ကို နှစ်မိုင်၊ မြောက်ဘက်ကို တစ်မိုင် အကွာမှာပါ... သူတို့က နောက်ယောင်ခံ လိုက်နေတာကို ရပ်တန့်ဖို့ ဖိအားပေးခံခဲ့ရတယ်... အဲဒီအခွင့်အရေးကြောင့် ကျွန်တော် လွတ်ထွက်လာနိုင်ခဲ့တာပါ..."

အီသန်က သူ၏ မျက်လုံးများကို မှိတ်လိုက်လေသည်။

မျက်လုံးများ ပြန်မဖွင့်မီ သူ၏ အပြုံးသည် ဖြည်းညင်းစွာ တောက်ပလာခဲ့၏။

"အဲဒါက သူတို့ရဲ့ အစီအစဉ်တွေကို အဖုအထစ် ဖြစ်သွားစေတာပဲ မဟုတ်လား..."

"ကျွန်တော်တို့ ထွက်ခွာဖို့အတွက် အချိန်တိုလေးတစ်ခု ရထားပါတယ်... အဲဒီအခွင့်အရေးကို ယူဖို့ ကျွန်တော် ရိုသေစွာ အကြံပြုချင်ပါတယ်..."

အီသန်သည် မေးစေ့တွင် လက်ချောင်းများကို ထောက်လျက် အဝေးတစ်နေရာရှိ တစ်စုံတစ်ခုကို စိုက်ကြည့်ကာ စဉ်းစားနေလေသည်။

"မကြာခင် သွားကြတာပေါ့... ဒီသတင်းအချက်အလက် အသစ်တွေအတွက် ငါ့အစီအစဉ်တွေကို နည်းနည်း ပြင်ဆင်ရဦးမယ်..."

***

All Chapters