အခန်း (၁၇၁-၁၇၂)
Vol. 13 Ch. 171-172
အပိုင်း(၁၇၁)
ယီရင်က လက်ပိုက်ထားပြီး သူမ၏ ရွှေအဆင့် သင်္ကေတ မှာ တုန်ခါနေလေသည်။ သူမ၏ မျက်နှာပေါ်ရှိ အမူအရာကို ကြည့်ခြင်းအားဖြင့် သူမသည်လည်း စကားဝိုင်၏ အပြင်ဘက်ကို ရောက်နေသည့် အတွက် မပျော်ရွှင်ကြောင်း သိနိုင်ပေသည်။
လင်းတုန်းမှာ မေးခွန်းများ မေးချင်နေခဲ့သည်။ သို့သော်လည်း ထိုမေးခွန်းများကြောင့်ပင် မိမိအပေါ် ကောင်းမွန်သည့် သဘောထားများ ပျက်ပြားသွားစေမည်ကို မလိုလားခဲ့ချေ။ သို့သော် သိချင်စိတ် ပြင်းပြမှု ဝန်ထုပ်ဝန်ပိုးအောက်တွင် သူ အတော်လေး ရုန်းကန်နေရလေသည်။
အဆုံးတွင် ကက်ဆီးယပ်စ်သည် ထိုနေရာ၌ သူတို့ ရှိနေကြောင်းကို သတိရသွား၏။
"အဆင့်နိမ့် အရှင်သခင် နဲ့အတူ ကျွန်တော် ပြန်မလာနိုင်အောင် ကျင်း ကလန် က တားဆီးဖို့ ကြိုးစားနေခဲ့တာပါ... အာရီလီယပ်စ် အလံ လွှင့်ထူထားတဲ့ တိမ်တိုက်သင်္ဘောကို ပေါ်တင် ဖျက်ဆီးပစ်လောက်တဲ့အထိတော့ သူတို့ မရဲတင်းကြပါဘူး... ဒါပေမဲ့ လွန်ခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်ကတည်းက သူတို့က ကျွန်တော့် ဘဝကို ခက်ခဲအောင် လုပ်နေခဲ့ကြတာ... တကယ်လို့ အောက်ဘက်က ကျင်း စစ်သည်တွေသာ အကူအညီ မတောင်းခဲ့ဘူးဆိုရင် ကျွန်တော် ဆင်းသက်နိုင်ခဲ့မှာ မဟုတ်ဘူး..."
"အကူအညီ တောင်းတယ် ဟုတ်လား..."
ယီရင် က မေးလိုက်၏။
"သူတို့ ဘာတွေ ဂယောက်ဂယက် ဖြစ်နေကြလို့လဲ..."
"ကျွန်တော်က အပေါ်မှာ အရမ်း မြင့်နေတော့ သေချာ မမြင်ရဘူး... ဒါပေမဲ့ ထူးဆန်းတယ်... သူတို့ လူအချင်းချင်း ပြန်တိုက်ခိုက်ခံနေရတဲ့ ပုံပဲ..."
...
သဲမြွေပွေး သိုင်းကွက်များသည် အရိပ်များကို အက်စစ်ရောင် အစိမ်းရောင် အလင်းတန်းများဖြင့် လင်းထိန်သွားစေ၏။ သူတို့သည် သစ်သားနံရံတစ်ခုကို ဖြတ်သန်း ဖောက်ထွင်းသွားကြသည်။ သူတို့၏ ပွန်းပဲ့လောင်ကျွမ်းစေသော မာဒြာ များသည် ကြမ်းတမ်းသော သစ်သားပြားများကို တိုက်ရိုက် အရည်ပျော်ကျသွားစေလေသည်။ သစ်သားများ အရည်ပျော်သွားစဉ် ရှူးရှူးရှဲရှဲ အသံများ ထွက်ပေါ်လာ၏။ ထိုအသံသည် နံရံတစ်ဖက်မှ ထွက်ပေါ်လာသော သနားညှာတာရန် တောင်းပန်သံများကိုပင် ဖုံးလွှမ်းသွားလုမတတ် ကျယ်လောင်လှပေသည်။
နံရံကြီး အပိုင်းပိုင်း ကွဲကြေကျသွားသောအခါ သဲမြွေပွေး လေးယောက်သည် အခန်းတစ်ခန်းတည်းရှိသော တဲအိုလေးထဲသို့ ဝင်ရောက်သွားကြ၏။ အဖြူရောင် အလင်းတန်း တစ်ချက် လင်းလက်သွားပြီးနောက် အစိမ်းရောင် လင်းသွားကာ အော်ဟစ်သံ တစ်သံ ထွက်ပေါ်လာလေသည်။ ထို့နောက် သားမွေးဝတ်စုံ ဝတ်ဆင်ထားသော သဲမြွေပွေး များသည် ရုန်းကန်နေသော လူနှစ်ယောက်ကို သယ်ဆောင်လျက် ပြန်ထွက်လာကြလေသည်။
သူတို့ နှစ်ဦးစလုံးသည် ကောင်းကင်ပြာရောင် ဝတ်ရုံများကို ဝတ်ဆင်ထားကြ၏။ လရောင်အောက်တွင် သတ္တုကဲ့သို့ တောက်ပနေသော အနက်ရောင် ဆံပင်များ ရှိကြသည်။ ဖမ်းဆီးခံရသူ တစ်ဦးမှာ တင်းကျပ်သော သံခမောက် တစ်ခုကဲ့သို့ ဆံပင်များကို တိုတိုကပ်ကပ် ညှပ်ထားလေသည်။ အခြားတစ်ဦး၏ ဆံပင်များမှာမူ တောက်ပနေသော သံမဏိရောင် အမှောင်တန်း တစ်ခုကဲ့သို့ အောက်သို့ ဖြာကျနေလေသည်။
သူတို့သည် ကျင်း ကလန် မှ လူငယ် အမျိုးသားနှင့် အမျိုးသမီး တစ်ဦး ဖြစ်ကြ၏။ တိုက်ခိုက်မှုကြီးက သူတို့ကို ကျော်လွန်သွားမည်ဟု မျှော်လင့်လျက် ခိုလှုံရန် ပုန်းအောင်းနေခဲ့ကြခြင်း ဖြစ်သည်။ သူတို့သည် မောင်နှမများ ဖြစ်နိုင်သကဲ့သို့ ငယ်ရွယ်သော ချစ်သူများလည်း ဖြစ်နိုင်ပေသည်။ သို့မဟုတ် တူညီသော စွန့်ပစ်အိမ်ထဲသို့ တိုက်ဆိုင်စွာ ဝင်ရောက် ပုန်းအောင်းမိသော သူစိမ်း နှစ်ဦးလည်း ဖြစ်နိုင်လေသည်။
ကျင်းလုံ ဂရုမစိုက်ခဲ့ချေ။ သူ၏ ဝိညာဉ် အာရုံခံစားမှုက သူတို့အပေါ် ဖြန့်ကျက်သွား၏။ သူတို့ နှစ်ဦးစလုံး၏ အတွင်း၌ ကြယ်တာရာ လှံ မာဒြာ များ စီးဆင်းနေကြောင်းကို အတည်ပြုလိုက်လေသည်။ ၎င်းတို့သည် ပုဆိန်တစ်လက်ကဲ့သို့ ထက်မြက်နေပြီး မွန်းတည့်ချိန် နှင်းပွင့်များကဲ့သို့ ဖြူစင်တောက်ပနေလေသည်။
"နှစ်ယောက်စလုံးပဲ..."
သူက ပြောလိုက်ရာ ဂိုကရန်က သဲမြွေပွေး များကို လက်ဟန်ဖြင့် အချက်ပြလိုက်၏။ သူတို့သည် ကျင်း ကလန် ဝင် နှစ်ဦး၏ လည်ပင်းများတွင် လည်ပတ်များကို ချိတ်ပိတ်လိုက်ကြသည်။ အစီအရင် များ ရေးဆွဲထားသော သတ္တုက သူတို့၏ မာဒြာ အသုံးပြုခွင့်ကို ဖြတ်တောက်လိုက်ကြောင်း သိလိုက်ရသောအခါ အမျိုးသား၏ မျက်လုံးများ ပြူးကျယ်သွား၏။ အမျိုးသမီးမှာမူ မျက်ရည်များ ရွှဲနစ်နေသော မျက်နှာဖြင့် ဆက်လက်၍ တောင်းပန်နေလေသည်။
သဲမြွေပွေး များသည် သူတို့ကို အခြားသူများရှိရာသို့ ဆွဲခေါ်သွားကြလေသည်။
ကျင်းလုံ သည် ဘိုးဘေးလှံ ကို ယခင်က တစ်ခါမျှ အသုံးမပြုခဲ့ဖူးချေ။ သူသည် ဒဏ္ဍာရီများကိုသာ သိရှိထား၏။ ကျင်း ကလန် ၏ မူလ ပထမ အမျိုးသမီး ခေါင်းဆောင်ကြီး သည် သူမ၏ ရန်သူများထံမှ စွမ်းအားကို ခိုးယူရန် ဤလက်နက်ကို အသုံးပြုခဲ့သည် ဟူ၍ ဖြစ်သည်။ သူ သိသလောက်ဆိုလျှင် မာဒြာ များကို စုပ်ယူနေချိန်တွင် သူသည် ခုခံကာကွယ်နိုင်စွမ်း မရှိဘဲ အားနည်းနေနိုင်ပေသည်။ ထို့ကြောင့် ပြိုင်ဘက်များကို စမ်းသပ်မည့်အစား ဖမ်းဆီးရမိသူများအပေါ်တွင် စမ်းသပ်ခြင်းက ပို၍ ဘေးကင်းလုံခြုံလေသည်။
သူတို့သည် ကျင်း ကလန် မှ ကျင့်ကြံသူ ရှစ်ဦးကို ဖမ်းဆီးရမိခဲ့၏။ ထိုအရေအတွက်၏ နှစ်ဆခန့်မှာ လွတ်မြောက်သွားခဲ့ကြသည်။ ထို့ထက် ပိုများပြားသော သူများမှာမူ အဖမ်းခံမည့်အစား အသေခံ တိုက်ခိုက်သွားခဲ့ကြလေသည်။
မဟာမိတ် အဖွဲ့အစည်း ငါးခု အတွင်းရှိ ကျင်း ကလန် ၏ ခိုလှုံရာ စခန်းများ ထက်ဝက်ခန့်မှာ အပျက်အစီးများ အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်လေသည်။
လွန်ခဲ့သော ရက်အနည်းငယ်က ထူးကဲသော ရှေးဟောင်း အပျက်အစီး ၏ စွမ်းအားများ အမြင့်ဆုံးသို့ ရောက်ရှိနေချိန်တွင် ကျင်းလုံ နှင့် သဲမြွေပွေး တို့သည် ဤမျှ ကြီးမားသော ဝင်ရောက်စီးနင်းမှုကို ပြုလုပ်နိုင်ခဲ့မည် မဟုတ်ချေ။ သူတို့သည် လူအင်အား အများအပြားဖြင့် ဝိုင်းဝန်းဖိနှိပ်ခံရမည်သာ ဖြစ်၏။
အပျက်အစီး များကို ရှင်းလင်းပြီးသွားသောအခါ ကျင်း ကလန် ဝင် အများစုမှာ မိမိတို့၏ အိမ်များသို့ ပြန်သွားခဲ့ကြပြီ ဖြစ်သည်။ သဲမြွေပွေး များအားလုံးကမူ သူတို့၏ အစစ်အမှန် ရွှေအဆင့် ခေါင်းဆောင်ကြီး ပြန်လာမည့်အချိန်ကို စောင့်ဆိုင်းရင်း ကျန်ရစ်နေခဲ့ကြ၏။
ယခုအခါ ထိုခေါင်းဆောင်ကြီးသည် ကျင်းလုံ နှင့်အတူ ရပ်နေလေသည်။ သူ၏ ဂိုဏ်းသားများသည် ပုရွက်ဆိတ်အုပ်ကြီးကဲ့သို့ အိမ်များအတွင်းသို့ ဝင်ရောက်သွားကြပြီး ကျန်ရစ်နေခဲ့သော ကျင်း ကလန် ဝင်များကို ဆွဲထုတ်လာခဲ့ကြ၏။
ကျင်းလုံ၏ အာရုံထဲတွင် အလင်းရောင် ခုနစ်ခု တောက်ပလာခဲ့၏။ သူ၏ မျက်လုံးများက ကောင်းကင်ယံသို့ ချက်ချင်း ရောက်ရှိသွားလေသည်။ အရိပ်များသည် ကြယ်များကို ဖြတ်သန်း၍ တောင်ပံခတ်နေကြပြီး သူတို့၏ ကျောပေါ်တွင် ပုံသဏ္ဍာန်များကို သယ်ဆောင်လာကြ၏။ သို့သော် ကျင်းလုံ ၏ ဝိညာဉ် ကမူ သူတို့ မည်သူမည်ဝါ ဖြစ်ကြောင်းကို သူ့အား ပြောပြနေခဲ့လေပြီ။
စစ်ကူများပင်...။
မည်သို့ပင်ဖြစ်စေ ကျင်း ကလန် ၏ ပင်မ မိသားစုသည် သူ့ကို တိုက်ခိုက်ရန် အရန်အင်အားများကို စေလွှတ်လိုက်ပြီ ဖြစ်၏။
ကျင်းလုံ သည် စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချလိုက်၏။ သို့သော် ထိုလေများသည် သူ၏ ပုံပျက်နေသော သွားများကြားမှ ရှည်လျားသော ရှူးရှူးရှဲရှဲ အသံအဖြစ် ထွက်ပေါ်လာလေသည်။ မည်သို့ ဖြစ်နိုင်မည်နည်း။ ပင်မ မိသားစု၏ အနီးဆုံး ခံတပ်မှာ လေကြောင်းမှ သွားလျှင်ပင် ရက်သတ္တပတ်ပေါင်းများစွာ ကြာမြင့်မည် ဖြစ်၏။ သို့သော် ပင်မ မိသားစုသာလျှင် အကြီးအကဲ တစ်ယောက်ကို ဆင့်ခေါ်ပိုင်ခွင့် ရှိလေသည်။
ထိုသူ ခြောက်ယောက်မှာ အဆင့်နိမ့် ရွှေအဆင့် ၏ အထွတ်အထိပ်တွင် ရှိကြ၏။ သို့သော် သတ္တမမြောက် လူမှာမူ အစစ်အမှန် ရွှေအဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်လေသည်။ ကျင်းလုံ သေချာ မမြင်ရမီမှာပင် ထိုအကြီးအကဲက သူ၏ လှံကို လွှဲရမ်းလိုက်ရာ အဖြူရောင် အလင်းတန်းတစ်ခု လျှပ်စီးကဲ့သို့ တောက်ပသွားလေသည်။
သဲမြွေပွေး ဂိုကရန် သည် ထိုခဏမှာပင် ကျင်းလုံ ၏ ဘေးမှ ပျောက်ကွယ်သွား၏။ ထို့နောက် အခြား သဲမြွေပွေး တစ်ယောက် ယိမ်းယိုင် ထွက်သွားချိန်တွင် သူသည် အလင်းတန်း၏ ဘေး၌ ရပ်နေလေသည်။ အကြီးအကဲ ၏ သိုင်းကွက်သည် သဲမြွေပွေး ၏ ရင်ဘတ်ကို ဖောက်ထွင်းသွားမည့်အစား မြေကြီးပေါ်တွင် လောင်ကျွမ်းနေသော မျဉ်းတစ်ကြောင်းကိုသာ ချန်ရစ်ခဲ့လေသည်။
အစစ်အမှန် ရွှေအဆင့် တစ်ယောက်ပီသလှပေသည်။ ကျင်းလုံ သတိပေး အော်ဟစ်ချိန်ပင် မရလိုက်မီမှာပင် ဂိုကရန် သည် တိုက်ခိုက်လာမည့် အန္တရာယ်ကို အာရုံခံမိခဲ့၏။ ပစ်မှတ်ကို အတိအကျ တွက်ချက်ပြီးနောက် ထိုလူကို ဘေးသို့ တွန်းထုတ်ပေးလိုက်ခြင်း ဖြစ်လေသည်။
ကျင်းလုံသည် သူ၏ လှံသေတ္တာကို အလျင်စလို ဖွင့်လိုက်ပြီး တောက်ပနေသော အဖြူရောင် အလင်းတန်း လှံရိုးကို ထုတ်ယူလိုက်၏။ သူသည် သေတ္တာကို ဘေးသို့ ပစ်ချလိုက်ပြီး မိမိကိုယ်ကို ကာကွယ်ရန် အသင့်ပြင်ထားလိုက်လေသည်။ အကယ်၍ အကြီးအကဲ ထပ်မံ တိုက်ခိုက်လာပါက သူသည် အခြားသူများကို ကာကွယ်ပေးနိုင်မည် မဟုတ်သော်လည်း၊ အနည်းဆုံးတော့ အသက်ရှင်အောင် နေနိုင်မည် ဖြစ်၏။
ကျင်း အကြီးအကဲ သည် အပေါ်စီးမှနေ၍ ဂုဏ်ယူဝင့်ကြွားစွာဖြင့် သူတို့၏ ခေါင်းပေါ်သို့ သိုင်းကွက်များကို မိုးရွာသကဲ့သို့ ရွာချလိမ့်မည်ဟု သူ မျှော်လင့်ထားခဲ့၏။ သို့သော်... ထိုအစား လူ ခုနစ်ယောက်သည် လမ်းပေါ်သို့ ဆင်းသက်လာကြလေသည်။
သူတို့ နီးကပ်လာသည်နှင့်အမျှ ကျင်းလုံ သည် သူတို့ စီးနင်းလာသော အကောင်များကို မြင်တွေ့လိုက်ရ၏။ မြင်းအရွယ်အစားခန့်ရှိသော လင်းနို့ကြီးများ ဖြစ်ပြီး ရွက်လွှင့်ထားသော ရွက်ဖျင်များကဲ့သို့ ကြီးမားသော အတောင်ပံများ ပါရှိကြသည်။ ထို သားရဲ များသည် ညစ်ပတ်နေသော မီးခိုးဖြူရောင် ရှိကြသော်လည်း သူတို့၏ မျက်လုံးများမှာမူ အမှောင်ထဲတွင် ကြယ်ပွင့်လေးများကဲ့သို့ တောက်ပနေကြလေသည်။
ကျင်းကလန်ဝင်များ ဆင်းသက်လာချိန်တွင် ဂိုကရန် သည် အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်၏။ သူ မာဒြာ များကို တည်ငြိမ်စွာ လှည့်ပတ်လိုက်ရာ ကျင်းလုံ ပင်လျှင် ခံစားမိလိုက်လေသည်။ သူ၏ ဘေးတွင် ကြီးမားသော မြစ်ကြီးတစ်စင်း စီးဆင်းနေသကဲ့သို့ ရှိနေ၏။ သဲမြွေပွေး ခေါင်းဆောင်ကြီးသည် သူ၏ မီးခိုးရောင် ဆံပင်များကို လက်ဖြင့် သပ်ကာ အနောက်သို့ ပို၍ လှန်တင်လိုက်သည်။ ထို့နောက် ပခုံးပေါ်တွင် ထိုးထွက်နေသော လှံတိုကို ဆုပ်ကိုင်လိုက်လေသည်။
"အစစ်အမှန် ရွှေအဆင့် ကို ငါ နောက်ဆုတ်သွားအောင် လုပ်လိုက်မယ်..."
သူက တိုးညှင်းစွာ ပြောလိုက်၏။
"ငါ့ရဲ့ မုဆိုး နှစ်ယောက်က ငါနဲ့အတူ လိုက်ပါလာလိမ့်မယ်... ကျန်တဲ့သူတွေကို မင်း ဦးဆောင်လိုက်ပါ၊ ဒါပေမဲ့ ဒီကောင်တွေကို မျက်နှာချင်းဆိုင် ယှဉ်တိုက်နိုင်မယ့်သူ တစ်ယောက်မှ ငါ့ဆီမှာ မရှိဘူး..."
***
အပိုင်း(၁၇၂)
ကျင်း ကလန် စစ်သည် ခြောက်ယောက်သည် သူတို့၏ လင်းနို့များကို ကိုက်ငါးဆယ်ခန့် အကွာ လမ်းပေါ်တွင် ဆင်းသက်စေလိုက်၏။ ထို့နောက် သူတို့ စီးနင်းလာသော အကောင်များကို ကာကွယ်ရန် ယပ်တောင်ပုံစံ ဖြန့်ကျက် ရပ်လိုက်ကြသည်။ အကြီးအကဲ သည် သူတို့၏ အနောက်တွင် ရပ်နေလေသည်။ သူ၏ လှံထိပ်ဖျားသည် သံခမောက်နှင့်တူသော သူ၏ ငွေရောင် ဆံပင်များထက်ပင် ပို၍ မြင့်မားနေလေသည်။
ဤသူများသည် ကျင်းလုံ အတွက် သူစိမ်းများ ဖြစ်ကြ၏။ ဤတောရိုင်း နယ်မြေသို့ သူ ပြည်နှင်ဒဏ် ခံရစဉ် လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက အနောက်တွင် ချန်ရစ်ထားခဲ့ရသူများ ဖြစ်ပေလိမ့်မည်။ ထို အဆင့်နိမ့် ရွှေအဆင့် များ အားလုံးတွင် တူညီသော လက္ခဏာ အနည်းငယ် ရှိကြသည်။
ပြောင်လက်နေသော သတ္တုကဲ့သို့ တောက်ပနေသည့် အနက်ရောင် ဆံပင်များ၊ ကျင်း ကလန် ၏ ကြယ်နှင့် လှံ သင်္ကေတ ရေးထိုးထားသော အပြာရောင် အပြင်ဝတ်ရုံများနှင့် ယုံကြည်မှုအပြည့်ဖြင့် ကိုင်ဆောင်ထားသော ရှည်လျားသည့် လှံများပင် ဖြစ်လေသည်။
သူတို့သည် ကျင်းလုံ ထက် အဆင့်တစ်ဆင့် နိမ့်ကျနေသော်လည်း၊ သူတို့ အရည်အချင်း မရှိပါက အစောင့်အဖြစ် ရွေးချယ်ခံရမည် မဟုတ်ချေ။ ထို့အပြင် သဲမြွေပွေး များသည် လူသူကင်းမဲ့သော တောရိုင်းမြေ မှ သားရဲများကို အမဲလိုက်ရာတွင် ကျွမ်းကျင်ကြသော်လည်း၊ ကျင်း ကလန် ကမူ တိုက်ပွဲအတွက် တပ်ဆင် ပြင်ဆင်ထားသူများ ဖြစ်လေသည်။
"သူတို့ကို အနှောင့်အယှက်ပေးဖို့လောက်ပဲ ကျွန်တော် လိုတယ်..."
ကျင်းလုံ က ပြောလိုက်၏။ သူ၏ လေသံမှာ ဂိုကရန် ကဲ့သို့ပင် တိုးညှင်းနေလေသည်။
"သူတို့ကို ခွဲထုတ်လိုက်ပါ၊ ကျွန်တော့်ဆီကို တစ်ပြိုင်နက်တည်း ဝင်မလာအောင် တားထားပေးပါ၊ ပြီးရင် သူတို့ကို ကျွန်တော် ကိုင်တွယ်လိုက်မယ်..."
ဂိုကရန်၏ လက်ချောင်းများက အချက်ပြလိုက်ရာ ကျင်းလုံသည် သူ၏ နောက်ဖက်၌ သဲမြွေပွေး စွမ်းအားများ ဖြန့်ကျက်သွားသည်ကို ခံစားလိုက်ရ၏။
"သဲမြွေပွေး ခေါင်းဆောင်ကြီး..."
အကြီးအကဲက ကျင်းလုံ ကို လုံးဝ လစ်လျူရှုထားကာ လေးတွဲတွဲ အသံဖြင့် ပြောလိုက်၏။
"မင်းက ဒီည ငါတို့ရဲ့ ကိစ္စတွေကို နှောင့်ယှက်လိုက်တာပဲ..."
ခေါင်းဆောင်ကြီး ဂိုကရန် သည် ကျင်းလုံ ဘက်သို့ ခေါင်းငဲ့ပြလိုက်၏။
"ငါ မဟုတ်ဘူး..."
အကြီးအကဲသည် သူ၏ လှံရိုးအဖျားကို တောင်ဝှေးကဲ့သို့ အသုံးပြုကာ အစောင့်များကို ဖြတ်ကျော်၍ ထွက်လာခဲ့လေသည်။ ထိုလူအပေါ် ကျင်းလုံ ၏ အထင်အမြင်မှာ ပို၍ နိမ့်ကျသွား၏။ သူသည် ခြေလှမ်းတိုင်းတွင် သူ၏ လက်နက်ကို မြေကြီးထဲသို့ ထိုးစိုက်နေလေသည်။
"ဒီအတွက် ကြီးမားတဲ့ တောင်းပန်မှုကို ငါတို့ မျှော်လင့်ထားတယ်..."
အကြီးအကဲ က ပြောလိုက်၏။
"မင်းတို့ရဲ့ အိမ်တွေကို ပြန်သွားပြီး အဲဒီမှာ ငါ့ကို စောင့်နေကြ... ပြည်နှင်ဒဏ်ခံရတဲ့ ကောင်နဲ့ သူ့ရဲ့ လက်နက်သစ် အကြောင်းကို ငါ စကားနည်းနည်း ပြောရလိမ့်မယ်..."
ကျင်းလုံသည် နောက်ထပ် ကျင်းကလန်ဝင် တစ်ယောက်၏ တည်ရှိမှုကို ရှာဖွေရန် သူ၏ အာရုံများကို ဖြန့်ကျက်လိုက်၏။ ဤအဖွဲ့သည် အိမ်နှင့် အလွန်ဝေးကွာနေသဖြင့် သူတို့ချည်းသက်သက်သာ ရှိနေမည် မဟုတ်ချေ။ သူတို့သည် ရိက္ခာများကို ယူဆောင်လာမည် ဖြစ်ပြီး၊ တိုက်ခိုက်ခံရပါက သူတို့၏ ကံကြမ္မာကို အစီရင်ခံနိုင်ရန် အနည်းဆုံး ကင်းထောက် တစ်ယောက်ကို ချန်ထားခဲ့မည်သာ ဖြစ်သည်။
အံ့အားသင့်ဖွယ်ရာပင်၊ လမ်းနှစ်လမ်းအကွာတွင် နားနေကြသော နောက်ထပ် လင်းနို့ အနည်းငယ်၏ မှေးမှိန်သော တည်ရှိမှုကိုသာ သူ ခံစားလိုက်ရလေသည်။ အပို သယ်ယူပို့ဆောင်ရေး တိရစ္ဆာန်များသာ ဖြစ်ပြီး ကျင့်ကြံသူ တစ်ဦးတစ်ယောက်မျှ မရှိချေ။
"ခင်ဗျားတို့ရဲ့ ကင်းထောက် က ဘယ်မှာလဲ..."
ကျင်းလုံ က မေးလိုက်၏။
အကြီးအကဲ သည် ဂိုကရန် ကို မထီမဲ့မြင် ပြုံးပြလိုက်၏။ သူသည် ကျင်းလုံ ရှိရာဘက်သို့ လှည့်ကြည့်ရန် ငြင်းဆန်နေဆဲ ဖြစ်လေသည်။
"ငါတို့က ငါတို့ရဲ့ ဌာနခွဲ မိသားစု နယ်မြေထဲမှာ ရှိနေတာလေ... ဒီမှာ ဘာတွေ ဖြစ်ပျက်သွားလဲ ဆိုတဲ့ သတင်းက အဆင့်နိမ့် အရှင်သခင် ဆီကို ရောက်သွားမှာပဲ၊ အဲဒါကို ခေါင်းဆောင်ကြီး ကလည်း သိပါတယ်..."
ဂိုကရန် သည် သူ၏ ဘေးတွင် ဆူပွက်နေသော စွမ်းအား အစုအဝေးကြီး တစ်ခုအဖြစ် ရပ်နေ၏။ သူ၏ သဲမြွေပွေး မာဒြာ များမှာ ကျင်းလုံ ၏ အာရုံထဲတွင် ရွံရှာဖွယ်ရာ ကောင်းကာ ခါးသီးနေလေသည်။ သူတို့ထံတွင် တိုက်ပွဲ အစီအစဉ်များ ရှိနေသော်လည်း သဲမြွေပွေး များက သူ့အတွက် အမှန်တကယ် တိုက်ခိုက်ပေးလိမ့်မည်ဟု ကျင်းလုံ မယုံကြည်နိုင်သေးချေ။ ကျင်း ကလန် သည် သူ၏ ရန်သူများသာ ဖြစ်ပြီး ဂိုကရန် ၏ ရန်သူများ မဟုတ်ပေ။
သို့သော် သူတို့သာ သူ့ကို ထားရစ်ခဲ့ပါက သူသည် လေ့ကျင့်ထားသော စစ်သည် ခြောက်ယောက်နှင့် အစစ်အမှန် ရွှေအဆင့် အကြီးအကဲ တစ်ယောက်ကို ရင်ဆိုင်ရမည် ဖြစ်၏။
ထွက်ပေါက်တစ်ခု ရှာဖွေနေစဉ် သူ၏ အသက်ရှူသံများ မြန်ဆန်လာကာ မာဒြာ လှည့်ပတ်မှုမှာလည်း ပိုမို လျင်မြန်လာခဲ့သည်။ အကယ်၍ သူသာ လုံလောက်အောင် မြန်ဆန်စွာ လှုပ်ရှားနိုင်ပါက သူတို့ကို လူသူကင်းမဲ့သော တောရိုင်းမြေ ထဲသို့ ဆွဲခေါ်သွားနိုင်မည် ဖြစ်၏။ ကျင်းချန် နှင့် ဝေးကွာသော နေရာ၊ တစ်ယောက်ချင်းစီကို ယှဉ်တိုက်နိုင်မည့် မြေမျက်နှာသွင်ပြင် မျိုးသို့ ဖြစ်လေသည်။
ဂိုကရန် လှုပ်ရှားလိုက်၏။
သဲမြွေပွေး လမ်းစဉ် တွင် အမြန်နှုန်းအတွက် သိုင်းကွက်များ မရှိချေ။ အစစ်အမှန် ရွှေအဆင့် များ၏ တိုက်ပွဲတွင် ဂိုကရန် သည် အနှေးကွေးဆုံး သူများထဲတွင် ပါဝင်မည် ဖြစ်၏။
သို့သော် သူသည် အဆင့်နိမ့် ရွှေအဆင့် အစောင့်များထက်တော့ များစွာ ပို၍ မြန်ဆန်နေဆဲ ဖြစ်လေသည်။
သူ၏ လှံတိုသည် လင်းလက်သွားကာ အစိမ်းရောင် တစ္ဆေ လှံတစ်ခုကို ထုတ်လွှတ်လိုက်၏။ ၎င်းသည် ကျင်း ကလန် ဝင်များဆီသို့ မြှားတစ်စင်းကဲ့သို့ ပျံသန်းသွားလေသည်။ သူ၏ ဒုတိယ လှံမှာ ဘယ်ဘက်လက်ထဲတွင် ရှိနေပြီး အခြား သိုင်းကွက် တစ်ခုဖြင့် အစိမ်းရောင် တောက်ပနေပြီ ဖြစ်လေသည်။
အကြီးအကဲသည် တစ္ဆေတစ်ကောင်ကဲ့သို့ လှုပ်ရှားသွား၏။ ဖန်တီးထားသော ထိုမြှားကို မီးပွားများအဖြစ် ကွဲကြေသွားစေပြီး သာမန် စစ်သည်များဆီသို့ မရောက်မီမှာပင် ဂိုကရန် ၏ လှံကို ဘေးသို့ ပုတ်ချလိုက်လေတော့သည်။
သဲမြွေပွေး ခေါင်းဆောင်ကြီး သည် သူ၏ လှံများကို အတောင်ပံများကဲ့သို့ တစ်ဖက်တစ်ချက်စီတွင် ဖြန့်ကားထားကာ ကိုယ်ကို နှိမ့်ချထားသော အနေအထားဖြင့် ရပ်တန့်သွား၏။ ကျင်း အကြီးအကဲ ကမူ ခုခံကာကွယ်မည့် အနေအထားဖြင့် ရပ်နေလေသည်။ သူ၏ ကျောကို မတ်မတ်ထားပြီး ဒူးများကို ကွေးထား၏။ ထို့နောက် သူ၏ လက်နက်ကို ဂိုကရန် ၏ ရင်ဘတ်တည့်တည့်သို့ ပေတံတစ်ချောင်းကဲ့သို့ ဖြောင့်တန်းစွာ ချိန်ရွယ်ထားလေသည်။
"မင်းရဲ့ ဘဝကတော့ ပြီးဆုံးသွားပါပြီ..."
အကြီးအကဲ က ဝမ်းနည်းနေသည့်အလား ပြောလိုက်၏။
"ငါ့ဘဝက လွန်ခဲ့တဲ့ သုံးရက်ကတည်းက ပြီးဆုံးသွားခဲ့ပြီ..."
နောက်ထပ် အချိန်အတန်ကြာပြီးနောက် အစစ်အမှန် ရွှေအဆင့် တို့သည် ပျောက်ကွယ်သွားကြ၏။ အသံထွက်၍ ပြောဆိုသဘောတူထားခြင်း မရှိဘဲနှင့် သူတို့သည် ဘယ်ဘက်ရှိ အဆောက်အအုံများပေါ်မှ ကျော်လွှားသွားကြသည်။
သူတို့၏ တိုက်ပွဲကြောင့် လက်အောက်ငယ်သားများ သေဆုံးမှု မရှိစေမည့် နေရာသို့ ရွှေ့ပြောင်းသွားကြခြင်း ဖြစ်၏။ ထိုအခါ ကျင်းလုံ နှင့် သဲမြွေပွေး နှစ်ဆယ်တို့သည် ကျင်း ကလန် ၏ အထက်တန်းလွှာ ကျင့်ကြံသူ ခြောက်ယောက်ကို မျက်နှာချင်းဆိုင် ရင်ဆိုင်ရန် ကျန်ရစ်နေခဲ့တော့သည်။
ကျင်းလုံသည် သိုးခြံထဲသို့ ဝင်ပြေးသွားသော ဝံပုလွေတစ်ကောင်ကဲ့သို့ ရှေ့သို့ ပြေးထွက်သွားလေသည်။
ကျင်း ကလန် မှ စစ်သည်များသည် နောက်သို့ တွန့်ဆုတ်မသွားခဲ့ကြချေ။ သူတို့သည် နံရံတစ်ခုကဲ့သို့ တန်းစီ၍ နေရာယူလိုက်ကြ၏။ တစ်ဦးနှင့်တစ်ဦး ဘေးချင်းယှဉ်လျက် ရှိနေသော်လည်း လွတ်လပ်စွာ တိုက်ခိုက်နိုင်ရန် လုံလောက်သော အကွာအဝေးကို ချန်လှပ်ထားကြသည်။ တစ်ယောက်က လက်ဖြင့် ထွင်းထုထားသော ခရာတစ်ခုကို နှုတ်ခမ်းဝသို့ တေ့ကာ မှုတ်လိုက်လေသည်။
လင်းနို့ ခုနစ်ကောင်သည် စူးစူးဝါးဝါး အော်ဟစ်သံနှင့်အတူ ပျံတက်လာကြရာ ကြယ်များကိုပင် ဖုံးကွယ်သွားစေ၏။ သူတို့၏ အတောင်ပံများကြောင့် လေပြင်းတစ်ချက်က ကျင်းလုံ ၏ မျက်နှာကို ဖြတ်သန်း တိုက်ခတ်သွားသည်။ ထို့နောက် မှန်များ ကွဲအက်သွားသကဲ့သို့ စူးရှသော အော်သံများနှင့်အတူ သဲမြွေပွေး များအပေါ်သို့ ထိုးဆင်းလာကြလေတော့သည်။
ကျင်းလုံ သည် မိမိကိုယ်ကို ကျိန်ဆဲလိုက်၏။ သူ လင်းနို့များကို မေ့လျော့နေခဲ့ခြင်း ဖြစ်သည်။
အနောက်ဘက်မှ တိုက်ပွဲအသံများသည် ကြောက်မက်ဖွယ် ကောင်းနေသော်လည်း ထိုအရာများကို သူ၏ စိတ်ထဲမှ ဖယ်ထုတ်ပစ်လိုက်၏။ သူ့တွင် ဖြေရှင်းရမည့် ကိုယ်ပိုင် ပြဿနာများ ရှိနေလေသည်။ သူသည် ရန်သူ ခြောက်ယောက်ကြားသို့ ဝင်ရောက်နေပြီဖြစ်ရာ ရပ်တန့်ရန် အချိန်နှောင်းသွားခဲ့ပြီ ဖြစ်၏။ တစ်ယောက်တည်း ဝင်တိုက်နေရခြင်း ဖြစ်လျှင်တောင်မှ ရပ်တန့်၍ မရတော့ချေ။
ပေသုံးဆယ်ခန့် ကွာဝေးနေသေးသော်လည်း၊ အဆင့်နိမ့် ရွှေအဆင့် ကိုယ်ရံတော်များသည် သူတို့၏ လှံများကို မြှောက်ကာ သူရှိရာဘက်သို့ ထိုးစိုက်လိုက်ကြ၏။ ကျင်းကလန် ၏ ရိုးရာ တိုက်ခိုက်သူ သိုင်းကွက် ဖြစ်သော ကြယ်တာရာ လှံ ကို သူတို့ အသုံးပြုလိုက်ကြသည်။ ထိုအခါ လှံသွား ခြောက်ခုစလုံးသည် အဖြူရောင်အဖြစ် တောက်ပသွားလေသည်။
လက်ချောင်းခန့်မျှသာ အရွယ်အစားရှိသော အလင်းတန်းများသည် သူ့ထံသို့ ပေါက်ကွဲထွက်လာ၏။ ၎င်းတို့ တစ်ခုစီတိုင်းသည် သူ၏ ဦးခေါင်းခွံကို ဖောက်ထွင်းနိုင်လောက်အောင် ထက်မြက်လှသည်။ သို့သော် သူ၏ လက်နက်သည်လည်း လည်ပတ်နေပြီ ဖြစ်၏။
ကျင်းလုံသည် သူ၏ လှံကို လက်နှစ်ဖက်ဖြင့် လှည့်ပတ်လိုက်ပြီး သူ၏ ကိုယ်ပိုင် သိုင်းကွက်တစ်ခုဖြစ်သော မြွေ အရိပ် ကို အသုံးပြုလိုက်လေသည်။
လည်ပတ်နေစဉ်တွင် လှံသွားသည် အဖြူရောင် အလင်းတန်းဖဲကြိုးများကို ချန်ရစ်ခဲ့၏။ ထိုဖဲကြိုးများသည် အသက်ဝင်လာပြီး သူတို့၏ ကိုယ်ပိုင် အသိစိတ်ဖြင့် လေထဲတွင် တွားသွားနေကြလေသည်။ ထိုမြွေများသည် သူတို့၏ ခေါင်းများကို မော့ကာ ရှူးရှူးရှဲရှဲ အသံပြုလိုက်ကြသည်။ ထို့နောက် သူနှင့် ဝင်ရောက်လာသော သိုင်းကွက်များ ကြားတွင် ခွေလိပ်၍ ကာကွယ်ပေးထားလိုက်ကြ၏။
၎င်းသည် သူ၏ ဝိညာဉ်အကြွင်းအကျန် က သူ့အတွက် ချန်ရစ်ပေးခဲ့သော လက်ဆောင်ပင် ဖြစ်လေသည်။ ကြယ်တာရာ လှံ များသည် သူ၏ မြွေများကို ဖောက်ထွင်းသွားကာ ထိခိုက်မှုတိုင်းတွင် မာဒြာ အတုံးအခဲများကို ကွဲထွက်သွားစေ၏။ သို့သော် မည်သည့် သိုင်းကွက်ကမျှ ကျင်းလုံ ထံသို့ ထိုးဖောက် ဝင်ရောက်နိုင်ခဲ့ခြင်း မရှိချေ။
ကျင်းလုံသည် သူ၏ ရန်သူများ နောက်ထပ် ဘာလုပ်မည်ကို စောင့်ဆိုင်းမနေခဲ့ပေ။ သူသည် အခြား သိုင်းကွက်တစ်ခု ဖြစ်သော စီးဆင်းနေသော ကြယ်ရောင်ကို အသုံးပြုကာ မာဒြာ များကို လှည့်ပတ်လိုက်လေသည်။ ၎င်းသည် ရိုးရာ ကြယ်တာရာ လှံ သိုင်းကွက်တစ်ခု ဖြစ်ပြီး၊ သူ၏ ဝိညာဉ်အကြွင်းအကျန် ကြောင့် များစွာ ထိခိုက်ပြောင်းလဲသွားခြင်း မရှိသော သိုင်းကွက် ဖြစ်လေသည်။
ကျင်းကလန် သည် သာလွန်သော အမြန်နှုန်းဖြင့် သူတို့၏ သိုင်းပွဲများကို အနိုင်ယူလေ့ရှိကြ၏။
ဟူး... ဟူး...
အလင်း သဘာဝရှိသော မာဒြာ များသည် သူ၏ လမ်းကြောင်းများ အတွင်း၌ ပို၍ ပို၍ လျင်မြန်စွာ လှည့်ပတ်လာကြသည်။
စီးဆင်းနေသော ကြယ်ရောင်၏ တိုးတက်မှုကို အမှတ်အသား ပြုသည့်အနေဖြင့် သူ၏ ဝမ်းဗိုက်မှနေ၍ အဖြူရောင် အလင်းတန်းများ ထွက်ပေါ်လာ၏။ ၎င်းတို့သည် မြွေတစ်ကောင်ကဲ့သို့ တွန့်လိမ်နေသော အလင်းတန်းများအဖြစ် သူ၏ အရေပြားကို ဖုံးလွှမ်းသွားလေသည်။ ၎င်းတို့သည် သူ၏ ပခုံးများကို ရစ်ပတ်သွားကာ လက်မောင်းများဆီသို့ စီးတက်သွားပြီး ခြေထောက်များဆီသို့လည်း စီးကျသွားကြသည်။
ထိုမျဉ်းကြောင်းများနှင့်အတူ သူ၏ ခြေလက်များတွင် စွမ်းအားများ စုဝေးလာ၏။ မာဒြာ အထုံးနှစ်ခုက သူ၏ မျက်လုံးများဆီသို့ ကွေးတက်သွားကာ အဆုံးသတ်သွားသောအခါ သူ၏ ပတ်ဝန်းကျင်ရှိ ကမ္ဘာကြီးသည် နှေးကွေးသွားလေတော့သည်။
ဤသိုင်းကွက်သည် ပြင်းထန်သော အမြန်နှုန်းကို ကိုင်တွယ်နိုင်ရန်အတွက် ခန္ဓာကိုယ်ကို ဖြည်းညင်းစွာ ပြင်ဆင်ပေးသော နည်းလမ်းတစ်ခု ဖြစ်၏။ ၎င်းသည် သူ့ကို အားဖြည့်ကာ စွမ်းအင်များ ထောက်ပံ့ပေးသည်။ အရှင်းလင်းဆုံး ဆိုရသော်... သူ၏ အသစ်တဖန် စွမ်းအားပြည့်ဝနေသော ခြေလက်များကို အမီလိုက်နိုင်ရန် သူ၏ အာရုံများကို လှုံ့ဆော်ပေးလိုက်ခြင်း ဖြစ်လေသည်။
***