အခန်း (၁၇၃-၁၇၄)
Vol. 13 Ch. 173-174
အပိုင်း(၁၇၃)
ကျင်းလုံ ဘာလုပ်နေသည်ကို သိလိုက်ရသောအခါ မျက်လုံးအစုံ ခြောက်စုံသည် ကျဉ်းမြောင်းသွားကြ၏။ ထို့နောက်... သူ့နည်းတူပင် ဝိညာဉ် ခြောက်ခုသည်လည်း လှည့်ပတ်သွားကြသည်။ သူ့ကို အမီလိုက်နိုင်ရန် သူတို့၏ ကိုယ်ပိုင် ကာကွယ်သူ သိုင်းကွက် များကို အသက်သွင်းလိုက်ကြရာ၊ သူတို့၏ ဝတ်ရုံများမှနေ၍ အဖြူရောင် အလင်းတန်းများ ထွက်ပေါ်လာပြီး ခြေလက်များပေါ်သို့ စီးဆင်းသွားကြလေသည်။ သူတို့၏ အရေပြားပေါ်ရှိ အမှတ်အသားများသည် ဖြောင့်တန်းသော မျဉ်းကြောင်း ကွန်ရက်တစ်ခုသာ ဖြစ်၏။ သူ၏ ခန္ဓာကိုယ်ပေါ်မှ တွန့်လိမ်နေသော မြွေအသိုက်များနှင့် မတူညီချေ။ သို့ရာတွင် သိုင်းကွက်၏ လုပ်ဆောင်ချက်ပိုင်းတွင်မူ ကွာခြားမှု ရှိမည် မဟုတ်ပေ။
သို့သော် ကွာခြားသွားသည်မှာ သူသည် အဆင့်မြင့် ရွှေအဆင့် တစ်ယောက် ဖြစ်နေခြင်းပင် ဖြစ်၏။ သူတို့က အရမ်း နှေးကွေးလွန်းနေကြသည်။
ကျင်းလုံသည် သူ၏ လှံကို တိုက်ပွဲတွင် စမ်းသပ်ရန် တွန့်ဆုတ်နေခဲ့၏။ သို့သော် ယခုအခါ သူ့တွင် ရွေးချယ်စရာ မရှိတော့ပုံရသည်။ သူ သဘောကျသည်ဖြစ်စေ မကျသည်ဖြစ်စေ၊ သူ သိချင်နေသော မေးခွန်းများ၏ အဖြေကို ရရှိတော့မည် ဖြစ်လေသည်။
ကျင်းလုံသည် ပေသုံးဆယ် အကွာအဝေးကို မျက်တောင်တစ်ခတ်အတွင်း ရွေ့လျားသွားသည်။ ပထမဆုံး ရန်သူ၏ ဘေးသို့ ကိုယ်ကို နှိမ့်ကာ ဝင်ရောက်သွားလေသည်။ ထိုလူသည်လည်း သူ၏ ကိုယ်ပိုင် စီးဆင်းနေသော ကြယ်ရောင် သိုင်းကွက်ကို စတင်ထားပြီး ဖြစ်သည်။ ထို့ကြောင့် သူနှင့် ကျင်းလုံ ကြားတွင် လှံရိုးအောက်ခြေကို ကာကွယ်နိုင်လောက်အောင် မြန်ဆန်နေခဲ့၏။ သို့သော် အဲဒီလောက်သာ သူ လုပ်နိုင်ခဲ့သည်။
ဝှစ်...
အဖြူရောင် လှံသည် သူ၏ လှံကို ကွေ့ပတ်သွားကာ သူ၏ ဝမ်းဗိုက်အောက်ပိုင်းကို ထိုးစိုက်သွားလေသည်။ သူ၏ အမြုတေ အတွင်းသို့ တည့်တည့် ဝင်သွားခြင်း ဖြစ်၏။
ကျင်းလုံ သိထားသော ကျင့်ကြံသူ အများစုသည် မိမိတို့ထက် အဆင့်တစ်ဆင့် နိမ့်ကျသူများကို တိုက်ခိုက်ရန် တွန့်ဆုတ်နေတတ်ကြ၏။ ထိုသို့ မလိုလားအပ်သော အခြေအနေမျိုးသို့ ဖိအားပေး ခံရလျှင်တောင်မှ ပြိုင်ဘက်ကို သတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်တတ်ကြသည်။ အထူးသဖြင့် လူမြင်ကွင်းတွင် မိမိကိုယ်ကို ထိုအဆင့်အထိ နှိမ့်ချရခြင်းမှာ ရှက်ဖွယ်ကောင်းပြီး သိက္ခာကျစရာ ဖြစ်သောကြောင့် ဖြစ်သည်။
သို့သော် ကျင်းလုံ တွင် ဆုံးရှုံးသွားပါက နှမြောစရာကောင်းမည့် ဂုဏ်သိက္ခာ မျိုး မရှိတော့ချေ။
သူ မှန်ကန်သော ပစ်မှတ်ကို ထိုးစိုက်မိကြောင်း ကျင်းလုံ ၏ ဝိညာဉ် အာရုံခံစားမှုက အတည်ပြုပေးလိုက်၏။ ထို့ကြောင့် သူသည် သူ၏ လှံသွားကို ချက်ချင်း ပြန်လည် ဆွဲထုတ်လိုက်လေသည်။ ထိုလူ၏ မာဒြာ များမှာ မျက်မြင်ကိုယ်တွေ့ ယိုစိမ့်ထွက်လာ၏။ ကြယ်ရောင်များနှင့် သွေးများသည် တန်းတူညီမျှစွာ ဖိတ်စင်ကျလာခဲ့သည်။ သို့သော် သူ၏ လှံသည် ထိုစွမ်းအားများထဲမှ အချို့ကို ခိုးယူနိုင်ခဲ့သင့်ပေသည်။ တကယ်ရော အလုပ်ဖြစ်ရဲ့လား...။ သူကတော့ ဘာမှ မခံစားမိချေ။
ဘုန်း...
ထိုစဉ် လှံထံမှ အင်အားတစ်ရပ်သည် သူ၏ လက်ထဲသို့ အရှိန်အဟုန်ဖြင့် ရိုက်ခတ်ဝင်ရောက်လာ၏။ သူ၏ မာဒြာ လမ်းကြောင်းများ အတွင်းသို့ အဖြူရောင် အလင်းတန်းများ လွှမ်းမိုးသွားကာ သူ၏ ခြေလှမ်းများ ယိမ်းယိုင်သွားလေတော့သည်။
၎င်းသည် သားကောင်၏ အပြည့်အဝ စွမ်းအားများထဲမှ အစိတ်အပိုင်း အနည်းငယ်သာ ဖြစ်၏။ သို့တိုင်အောင် ကျင်းလုံ ၏ လမ်းကြောင်းများ ပေါက်ကွဲထွက်တော့မည့်အလား ခံစားရစေရန် လုံလောက်နေခဲ့လေပြီ။ ဒုတိယ တစ်ယောက်က သူ၏ ခြေထောက်များကို ရိုက်ခတ်လာချိန်တွင် နောက်ထပ် အဆင့်နိမ့် ရွှေအဆင့် တစ်ယောက်က သူ့ကို ထိုးစိုက်လာခဲ့၏။ ဟန်ချက်ပျက်နေသော ကျင်းလုံ အနေဖြင့် သူတို့ကို တားဆီးရန် များများစားစား မလုပ်နိုင်ခဲ့ချေ။ လှံသွားတစ်ခုက သူ၏ ပခုံးကို လှီးဖြတ်သွားပြီး မာကျောသော သစ်သားလှံရိုး တစ်ခုက သူ၏ ခြေသလုံးကို ရိုက်နှက်သွားလေသည်။
သူသည် မြက်ခင်းပေါ်သို့ လဲကျသွားပြီး နာကျင်မှုများ လောင်ကျွမ်းလာခဲ့၏။ သို့သော် သူ၏ လက်နက်ကို လက်တစ်ဖက်ဖြင့် မြဲမြံစွာ ဆုပ်ကိုင်ထားဆဲ ဖြစ်သည်။ အသက်တစ်ရှိုက်စာ ထက်ဝက်ခန့် တွန့်ဆုတ်သွားမှုက သေဆုံးခြင်းကို အဓိပ္ပာယ်ဆောင်လေသည်။
ကျင်းလုံ သည် သူ၏ မာဒြာ များကို မြွေ အရိပ် ထဲသို့ အလုံးအရင်း ထည့်သွင်းလိုက်ပြီး သူ၏ လှံကို လခြမ်းပုံစံ ဝှေ့ယမ်းလိုက်လေသည်။ သူနှင့် သူ၏ ပြိုင်ဘက်များ ကြားတွင် လောင်ကျွမ်းနေသော အဖြူရောင် သက်တံ တစ်ခုကို ချန်ရစ်ခဲ့၏။ ၎င်းသည် သူ၏ လက်မောင်းလုံးခန့် တုတ်သော မြွေကြီးတစ်ကောင်အဖြစ် အသက်ဝင်လာခဲ့လေသည်။ အသက်ဝင်နေသော ထိုသိုင်းကွက်သည် ရှူးရှူးရှဲရှဲ အသံပြုလျက် သူ၏ ပြိုင်ဘက်များကို ရင်ဆိုင်ရန် တွားသွားသွားလေတော့သည်။
မြွေသည် လှံတစ်ချောင်းကို ၎င်း၏ မေးရိုးများဖြင့် ကိုက်ဖမ်းလိုက်ပြီး လက်နက်ကို ထက်ဝက် ပိုင်းဖြတ်လိုက်၏။ လှံခေါင်းသည် လွင့်စင်သွား၏။ သစ်သားလှံရိုးမှာ မီးခိုးများ ထွက်နေလေသည်။ ကျင်း အမျိုးသမီး တစ်ဦးသည် မြွေ အရိပ် ၏ ခန္ဓာကိုယ်ကို သူမ၏ လက်မောင်းဖြင့် ပွတ်တိုက်မိသွား၏။ သူမသည် အော်ဟစ်လိုက်ပြီး ပြတ်ရှဒဏ်ရာမှ သွေးများ ပန်းထွက်လာခဲ့သည်။ ထိုအလင်းရောင်သည် သင်တုန်းဓား၏ အသွားထက်ပင် ပို၍ ထက်မြက်နေလေသည်။
အခြား ရန်သူများသည် သူ့ကို ဝိုင်းရံရန် ပြေးလာကြပြီး တိုက်ခိုက်ရန် ပြင်ဆင်နေကြ၏။ ယခုအခါ သူတို့သည် အမြန်နှုန်းတွင် သူ့ကို အမီလိုက်နိုင်နေပြီ ဖြစ်သည်။ စီးဆင်းနေသော ကြယ်ရောင် သိုင်းကွက်တွင် သူနှင့်တန်းတူ ကျွမ်းကျင်နေကြခြင်း ဖြစ်လေသည်။
လူလေးယောက်က ကျင်းလုံကို ပိတ်ဆို့ရန် ဖြန့်ကျက်သွားကြ၏။ သူ၏ မြွေ အရိပ် သည် ရှူးရှူးရှဲရှဲ အသံပြုလျက် ရှေ့သို့ တိုးထွက်ကာ သူ့ကို ကာကွယ်ရန် ကြိုးစားနေသော်လည်း တဖြည်းဖြည်း မှေးမှိန်လာခဲ့သည်။ မျက်ရည်များ ရစ်သိုင်းနေသော မျက်လုံးများဖြင့် သူတို့ကို သူ စောင့်ကြည့်နေခဲ့၏။ သူ၏ အသက်ရှူသံများမှာ မမှန်တော့ချေ။ မျိုချထားသော စွမ်းအင်များကို ထိန်းချုပ်ထားနိုင်ရန် သူ၏ ဝိညာဉ် သည် အပြင်းအထန် ရုန်းကန်နေရလေသည်။ သူ၏ အရေပြားပေါ်ရှိ တောက်ပနေသော မျဉ်းကြောင်းများသည် မတည်မငြိမ် ခုန်လှုပ်နေကြ၏။ စွမ်းအင် အလွန်များပြားလွန်းခြင်းနှင့် အလွန်နည်းပါးလွန်းခြင်း ကြားတွင် တဖျပ်ဖျပ် လင်းလက်နေလေသည်။
မည်သည့်အချိန်တွင်မဆို ရန်သူ လေးယောက်သည် ပူးပေါင်းတိုက်ခိုက်လာနိုင်ပြီး သူ သေဆုံးရမည် ဖြစ်၏။ သူတို့၏ ပူးပေါင်းမှုကို သူ တစ်နည်းနည်းဖြင့် ချိုးဖျက်ရမည် ဖြစ်သည်။ သူနှင့် ကျန်သုံးယောက်ကြားတွင် တစ်ယောက်ယောက်ကို ရောက်လာစေရန် ကြိုးစားပြီး သူတို့၏ ပူးပေါင်းမှုကို ဖျက်ဆီးပစ်ရမည်။
မာဒြာ များက ကိုယ်တွင်း၌ မိုးကြိုးပမာ ရိုက်ခတ်နေစဉ်မှာပင် ကျင်းလုံသည် အသေးငယ်ဆုံးသော ဟာကွက်ကို စောင့်ကြည့်နေခဲ့၏။ ထိုစွမ်းအင်များက သူ၏ အတွေးများကို လောင်ကျွမ်းစေပြီး အသက်တစ်ရှိုက်တိုင်းတွင် သူ့ကို အာရုံလွဲစေလေသည်။
ထိုစဉ် ကောင်းကင်ဘုံ က သူ၏ ကိုယ်စား ဝင်ရောက် စွက်ဖက်ပေးလာခဲ့လေသည်။
သဲမြွေပွေး တစ်ယောက်သည် လင်းနို့များထံမှ ယိမ်းယိုင်စွာ ထွက်လာ၏။ သူမ၏ မျက်နှာပေါ်တွင် သွေးများ စီးကျနေသော်လည်း၊ သူမ၏ ခေါင်းပေါ်တွင် အက်စစ်ရောင် အစိမ်းရောင် လှံတို လေးချောင်းကို ဖန်တီးထားလေသည်။ မည်သူကမျှ မတုံ့ပြန်နိုင်မီမှာပင်၊ သူမသည် ကျင်း ကလန် ဝင် တစ်ယောက်ကို လက်ဟန်ဖြင့် ညွှန်ပြလိုက်ရာ သူမ၏ သိုင်းကွက်သည် ရှေ့သို့ ပေါက်ကွဲထွက်သွားလေတော့သည်။
ကျင်း စစ်သည်သည် ထိုအရာကို မြင်လိုက်ရပြီး သူ၏ တောက်ပနေသော လှံခေါင်းကို လှည့်ကာ ကာကွယ်ရန် ကြိုးစားလိုက်၏။ သို့သော် သူ အနည်းငယ် နှေးကွေးသွားခဲ့သည်။ သူ၏ အာရုံသည် ကျင်းလုံ အပေါ်တွင်သာ အပြည့်အဝ စူးစိုက်နေခဲ့သောကြောင့် ဖြစ်လေသည်။
အစိမ်းရောင် လှံ လေးချောင်းသည် ထိုလူငယ်ကို မြေပြင်ပေါ်တွင် ထိုးစိုက်သွားလေသည်။
သဲမြွေပွေးက ဝယ်ယူပေးလိုက်သော အချိန်လေးကို ကျင်းလုံ အလဟဿ မဖြုန်းတီးခဲ့ချေ။ သူသည် သူ၏ လှံကို လေဆင်နှာမောင်းတစ်ခုကဲ့သို့ သူ့ကိုယ်သူ ပတ်လည် ဝှေ့ယမ်းလိုက်၏။ ဆူပွက်နေသော အဖြူရောင် မြွေအသိုက်တစ်ခုဖြင့် ဝန်းရံသွားသည်အထိ လေထဲတွင် တွန့်လိမ်နေသော မြွေ အရိပ် မျဉ်းကြောင်းများကို ရေးဆွဲလိုက်လေသည်။ ဤမျှ ကြီးမားသော ကာကွယ်မှုကို ဖန်တီးရခြင်းက ပုံမှန်အားဖြင့် သူ၏ အမြုတေ ကို ခမ်းခြောက်သွားစေမည် ဖြစ်၏။ သို့သော် ယခုအခါ ၎င်းသည် ဖိအားအချို့ကို သက်သာသွားစေရုံသာ ရှိလေသည်။
ကြယ်တာရာ လှံ များသည် အပြင်ဘက်တွင် အက်ကွဲသံများ ထွက်ပေါ်လာ၏။ သို့သော် မည်သည့်အရာကမျှ လုံးဝ ထိုးဖောက်ဝင်ရောက်နိုင်လောက်အောင် အားမကောင်းခဲ့ချေ။
ကျင်းလုံသည် သူ၏ ကိုယ်တွင်းရှိ မာဒြာ မုန်တိုင်းကို ထိန်းချုပ်ရန် အာရုံစိုက်လိုက်၏။ ၎င်းတို့ကို သူ၏ လှံထဲသို့ စီးဆင်းသွားစေပြီး ဖြူလျော်နေသော လှံခေါင်း တောက်ပလာသည်အထိ စွမ်းအင်များကို ပုံအောထည့်သွင်းလိုက်လေသည်။
၎င်းသည် ကြယ်တာရာ လှံ လမ်းစဉ် ၏ ဒုတိယမြောက် ကာကွယ်သူ သိုင်းကွက် ဖြစ်သော ကြယ်၏ အစွန်း ပင် ဖြစ်သည်။ ၎င်းသည် သူ၏ ကိုယ်ခန္ဓာထက် လက်နက်ကို အားဖြည့်ပေးခြင်း ဖြစ်၏။ ကြမ်းတမ်းသော ပုံစံတစ်ခုအရ မာဒြာ များသည် အရှိန်အဟုန်ဖြင့် စီးဆင်းလာပြီး သူ၏ လှံထိပ်ရှိ အသက်အန္တရာယ် ပေးနိုင်သော ကြယ်ကို စွမ်းအားများ ဖြည့်တင်းပေးလေသည်။ လှံကို တိုက်ရိုက် မကြည့်ဝံ့လောက်အောင် တောက်ပလာချိန်တွင်တော့ သူ ပြန်လည် အသက်ရှူနိုင်သွားခဲ့လေပြီ။
ယခုအခါ သူ၏ အမြုတေ သည် ပြည့်ရုံမျှသာ ရှိနေလေပြီ။ ကျင်းလုံ သည် သူ၏ ဖန်တီးသူ သိုင်းကွက်ကို လွှတ်ချလိုက်ရာ အဖြူရောင် မြွေလှောင်ချိုင့်ကြီးသည် အဆီအနှစ်များအဖြစ် ပျံ့နှံ့သွားလေသည်။ ထောင်ပေါင်းများစွာသော အဖြူရောင် အစက်အပြောက်များသည် ပြောင်းပြန် လွင့်စဉ်နေသော တောက်ပသည့် ဖုန်မှုန့်ပုံး တစ်ပုံးကဲ့သို့ ကောင်းကင်ယံသို့ တက်သွားကြလေသည်။
သူ၏ အရေပြားတစ်ဝိုက်တွင် စီးဆင်း ကြယ်ရောင် လှည့်ပတ်နေ၏။ သူ၏ လှံပေါ်တွင်လည်း ကြယ်၏ အစွန်း ရှိနေသဖြင့်၊ ကျင်းလုံ သည် ကမ္ဘာမြေပေါ်သို့ ကျဆင်းလာသော လမင်းကြီးကဲ့သို့ တောက်ပနေလေသည်။
ရန်သူများထဲမှ နှစ်ယောက်သည် သူတို့ကို အာရုံလွဲစေခဲ့သော သဲမြွေပွေး ၏ ကိုယ်တွင်းမှ သွေးစွန်းနေသော လှံများကို ဆွဲထုတ်နေကြ၏။ အခြား နှစ်ယောက်မှာမူ သူတို့နှင့် ကျင်းလုံ ကြားတွင် အကွာအဝေးတစ်ခု ရရှိစေရန် အသည်းအသန် ကြိုးစားနေကြလေသည်။
အဆုံးတွင် မိမိကိုယ်ကို ထိန်းချုပ်နိုင်သွားပြီဖြစ်သော ကျင်းလုံ သည် ဟန်ချက်ပျက်နေသော ရန်သူ လေးယောက်ကို ရင်ဆိုင်လိုက်လေသည်။ ထို့နောက်... သူသည် သူတို့အားလုံးကို စက္ကန့်ပိုင်းအတွင်း အဆုံးသတ်ပစ်လိုက်၏။
ပထမဆုံး အမျိုးသမီး၏ ရင်ဘတ်ကို သူ ထိုးစိုက်လိုက်၏။ စွမ်းအားများကို စုပ်ယူရန်အတွက် အမြုတေ ကို တည့်တည့် ထိုးစိုက်ရန် လိုမလို သိရှိနိုင်ရန် ဖြစ်သည်။ နောက်ထပ် မာဒြာ လှိုင်းလုံးတစ်ခု သူ့ကို ပြည့်နှက်သွားစေသော်လည်း ပထမဆုံး သတ်ဖြတ်မှုလောက်တော့ အပြည့်အဝ မဟုတ်ချေ။ ဒုတိယ အမျိုးသား၏ လက်မောင်းကို သူ ခုတ်ပိုင်းလိုက်ရာ၊ ထိုမှတစ်ဆင့် မာဒြာ များ ရရှိခဲ့လျှင်တောင် သူ မခံစားမိခဲ့ပေ။ ထို့ကြောင့် ထိုလူ၏ ဦးခေါင်းခွံကို ဖောက်ထွင်း၍ ထိုးစိုက်ကာ အဆုံးသတ်ပေးလိုက်လေသည်။ တတိယ တစ်ယောက်က လည်ချောင်းကို လှံဖြင့် ထိုးခံလိုက်ရပြီး၊ စတုတ္ထ တစ်ယောက်မှာမူ ဝမ်းဗိုက်ကို ဖောက်ထွင်းခံလိုက်ရလေသည်။
အရာအားလုံးသည် ထိုအလောင်း လေးလောင်းအနက် ပထမဆုံး အလောင်း မြေပြင်ပေါ်သို့ မကျမီ အချိန်အတွင်း ပြီးစီးသွားခဲ့ခြင်း ဖြစ်လေသည်။
များပြားလှစွာသော မာဒြာများကြောင့် ပေါက်ကွဲထွက်တော့မည့် သူ၏ ကိုယ်ပိုင် ဝိညာဉ် ကို ဖြေရှင်းရန် အတွက်သာ သူ့ကို ချန်ရစ်ထားခဲ့လေတော့သည်။
***
အပိုင်း(၁၇၄)
အဖြူရောင် အလင်းတန်းများသည် ကျင်းလုံ၏ စွမ်းအင် လမ်းကြောင်းများကို မုန်တိုင်းကဲ့သို့ ဖြတ်သန်းသွား၏။ သင်တုန်းဓားကဲ့သို့ ထက်မြက်သော မီးတောက်တစ်ခုကို မျိုချလိုက်ရသည့်အလား သူ့ကို အပိုင်းပိုင်း ဆုတ်ဖြဲနေလေသည်။ တတ်နိုင်သမျှ သူ၏ အရေပြားမှတစ်ဆင့် ထိုအရာများကို ထုတ်လွှတ်ရန် ကြိုးစားလိုက်သည်။ အဖြူရောင် အလင်းတန်းများက သူ့ကို ဖောက်ထွင်းသွားပြီး အလင်းတန်းတိုင်းသည် သေးငယ်ကာ သွေးထွက်နေသော ပြတ်ရှဒဏ်ရာများကို ချန်ရစ်ခဲ့ကြလေသည်။
၎င်းသည် အတွင်းဘက်မှနေ၍ သံမှို တစ်ဒါဇင်ခန့်ဖြင့် တစ်ပြိုင်နက်တည်း အထိုးခံရသည်နှင့် တူနေ၏။ သူ အော်ဟစ်လိုက်လေသည်။
နာကျင်မှုနှင့် မျက်ရည်များ ရောယှက်နေသော မှုန်ဝါးဝါး မြင်ကွင်းကြားမှ ဝိညာဉ်အကြွင်းအကျန် တစ်ခု ထွက်ပေါ်လာသည်ကို သူ မြင်လိုက်ရ၏။
တစ်ခုတည်းသာ ဖြစ်သည်။ ဘိုးဘေးလှံ ဖြင့် သူ ခုတ်ပိုင်းခဲ့သော အလောင်းများသည် ငြိမ်သက်တိတ်ဆိတ်စွာ ရှိနေကြ၏။ သို့သော် သဲမြွေပွေး က သတ်လိုက်သော တစ်ဦးတည်းသော အလောင်းထံမှသာ ဝိညာဉ်အကြွင်းအကျန် တစ်ခု လေထဲသို့ ထွက်ပေါ်လာခြင်း ဖြစ်လေသည်။
စိတ်အာရုံ ထုံထိုင်းသွားစေလောက်သော နာကျင်မှုများကြားမှပင်၊ ကျင်းလုံ သည် ထို ဝိညာဉ် ကို စိုက်ကြည့်နေခဲ့၏။ သူ၏ အတွေးများမှာ တင်းမာနေပြီး မှုန်ဝါးနေသော်လည်း၊ ပုံမှန် ကြယ်တာရာ လှံ ဝိညာဉ်အကြွင်းအကျန် ဆိုသည်ကို သူ မှတ်မိနေဆဲ ဖြစ်သည်။ ထို ဝိညာဉ်အကြွင်းအကျန် သည် သူနှင့် ပေါင်းစပ်ရမည့် အရာဖြစ်ခဲ့လေသည်။
ထိုအချိန်တွင် မျက်လုံးများ မှုန်ဝါးနေသဖြင့် သူ မနည်း ကြည့်နေရ၏။ သို့သော် ၎င်းတို့သည် အမြဲတမ်း ပုံစံတူညီကြလေသည်။
ကြယ်စုတန်း တစ်ခုနှင့် တူနေလေသည်။ တောက်ပသော အလင်းစက်များသည် အဆစ်များ၊ လက်များ၊ မျက်လုံးများနှင့် နှလုံးသားတစ်ခု အဖြစ် ပုံဖော်ထားကြ၏။ လေထဲတွင် မျောလွင့်နေသော ကြယ်ပွင့်လေးများနှင့် တူလှသည်။ ပါးလွှာပြီး မှေးမှိန်နေသော မျဉ်းကြောင်းများက ထိုအမှတ်များကို ဆက်သွယ်ထားရာ ဝိညာဉ် သည် ညအမှောင် ကောင်းကင်ယံမှ ဆွဲဖြဲချလာသော ကုန်းကွကွနှင့် ကြီးမားသည့် အရိုးစုကြီးတစ်ခုနှင့် တူနေလေတော့သည်။
ဝိညာဉ်အကြွင်းအကျန် ၏ ဟိန်းဟောက်သံသည် တောက်လောင်နေသော မီးပုံကြီး၏ အသံနှင့် တူနေလေသည်။
ကျင်းလုံ သည် ယိမ်းယိုင်စွာဖြင့် ရှေ့သို့ တိုးသွားရာ သူ၏ အနောက်ရှိ မြက်ခင်းပေါ်တွင် သွေးစွန်းနေသော ခြေရာများကို ချန်ရစ်ခဲ့၏။ နောက်ထပ် မာဒြာ အစအနများက သူ၏ အရေပြားကို ထိုးဖောက် ဖြတ်တောက်သွားကြသော်လည်း သူ မခံစားနိုင်တော့ချေ။
ဂိုကရန် က သူ့ကို တစ်စုံတစ်ခု အော်ပြောလိုက်သော်လည်း သူ၏ နားထဲတွင် မကြားနိုင်တော့ပေ။
မည်သည့် သိုင်းကွက်၊ မည်သည့် ပညာရပ်ကိုမျှ အသုံးမပြုဘဲ သူသည် ဘိုးဘေးလှံ ကို ဝိညာဉ်အကြွင်းအကျန်၏ နံရိုးများကြားသို့ အတင်း ထိုးစိုက်လိုက်လေသည်။
ဤစွမ်းအားသည် တိုက်ပွဲအတွင်း သူ ခိုးယူခဲ့သော အရာများနှင့် လုံးဝ မတူညီချေ။ ၎င်းသည် သူ၏ ကိုယ်တွင်းသို့ တိတ်ဆိတ် ငြိမ်သက်စွာဖြင့် နာခံမှုရှိစွာ စီးဆင်းလာ၏။ ကြမ်းတမ်းသော ရေကြီးမှုမျိုး မဟုတ်ဘဲ နူးညံ့သော မိုးစက်များကဲ့သို့ ဖြစ်လေသည်။ သူ၏ အမြုတေ သည် ထိုစွမ်းအားများကို လောဘတကြီး သောက်သုံးလိုက်ရာ ကန့်သတ်ချက်များကို ကျော်လွန်လုမတတ် ဖြစ်သွား၏။ ထို စွမ်းအင် ပွဲတော်ကြီးကို သိုလှောင်နိုင်ရန်အတွက် ကျယ်ပြန့်လာစေရန် ဖိအားပေးနေလေသည်။
ကျင်းလုံသည် မြေပြင်ပေါ်သို့ လဲကျသွားပြီး အသည်းအသန် လှည့်ပတ်လိုက်လေသည်။ နေ့စဉ်နေ့တိုင်း နာရီပေါင်းများစွာ ကြာအောင် လှည့်ပတ်လေ့ကျင့်ထားခြင်း မရှိပါက သူ အသက်ရှင်နိုင်မည်ဟု မထင်မှတ်ခဲ့ချေ။ သူ၏ ဝိညာဉ် သည် သူ၏ အသိစိတ်က လမ်းညွှန်ရန် မလိုအပ်ဘဲ အလိုအလျောက် လှုပ်ရှားနေ၏။ ယခင်က အကြိမ်သန်းပေါင်းများစွာ ပြုလုပ်ခဲ့ဖူးသကဲ့သို့ တိကျသော ပုံစံများဖြင့် လှည့်ပတ်နေလေသည်။
လမ်းစဉ် တိုင်းတွင် မတူညီသော ရည်ရွယ်ချက်များအတွက် လှည့်ပတ်သည့် နည်းစနစ်များ ရှိကြ၏။ လေထုထဲမှ အော်ရာ ကို စုပ်ယူ ချေဖျက်ရန်၊ သိုင်းကွက်တစ်ခုကို အသုံးပြုရန်၊ ဆုံးရှုံးသွားသော မာဒြာ များကို ပြန်လည် ဖြည့်တင်းရန်နှင့် မိမိ ပိုင်ဆိုင်ထားပြီးသော စွမ်းအားများကို သန့်စင် ထိန်းချုပ်ရန်တို့ ဖြစ်သည်။ ယခု သူ အသုံးပြုနေသည်မှာ စတုတ္ထမြောက် ပုံစံပင် ဖြစ်၏။ သူ၏ မာဒြာ များကို အသက်ရှူနှုန်းနှင့်အတူ လှည့်ပတ်နေလေသည်။ ယခင်ကထက် များစွာ ပို၍ မြန်ဆန်ပြီး ပို၍ အရေးတကြီး ဖြစ်နေလေသည်။
ခိုးယူထားသော အလင်းတန်းများက သူ့ကို လောင်ကျွမ်းစေပြီး ဆွဲဖြဲနေ၏။ တစ်ချိန်တည်းမှာပင် ဝိညာဉ်အကြွင်းအကျန် ထံမှ စွမ်းအားများကလည်း သူ့ကို ရေနစ်သေဆုံးစေမည့်အလား ခြိမ်းခြောက်နေလေသည်။
ထိုမြစ်ကြီးကို လမ်းညွှန်ပေးရုံမှလွဲ၍ သူ မည်သည့်အရာကိုမျှ မသိရှိတော့ချေ။ ခန္ဓာကိုယ် အတွင်း၌ လည်ပတ်နေသော မာဒြာ များ၏ စည်းချက်တွင် သူ့ကိုယ်သူ အပြည့်အဝ နစ်မြုပ်ထားလိုက်ပြီး စွမ်းအားများကို တတ်နိုင်သမျှ ချေဖျက်နေလေသည်။
သူသည် တတ်နိုင်သမျှ အရာအားလုံးကို မျိုချလိုက်ပြီး သူ၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာစေရန် ပြုလုပ်လိုက်၏။ ထို့နောက် သူ၏ အမြုတေ ကို ကွဲအက်သွားလုမတတ် ဆွဲဆန့်လိုက်သည်။ သို့သော် ၎င်းသည် ရေကန်ကြီး တစ်ကန်လုံးကို ခွက်တစ်ခွက်တည်းဖြင့် သောက်သုံးရန် ကြိုးစားနေသည်နှင့် တူနေ၏။ ဤနေရာတွင် တစ်ပတ်တာလုံး ဖြေရှင်းရမည့် ပမာဏထက် ပို၍ များပြားနေပြီး သူ၏ ဝိညာဉ် ကို အပိုင်းပိုင်း ဆွဲဖြဲပစ်တော့မည့်အလား ခြိမ်းခြောက်နေလေသည်။
သူသည် နောက်တစ်ကြိမ် အော်ဟစ်လိုက်ပြီး သူ၏ လှံခေါင်းကို ကောင်းကင်ယံသို့ ထိုးစိုက်လိုက်လေသည်။
သူ၏ ခေါင်းထက်ပင် ပို၍ တုတ်ခိုင်သော ကြယ်တာရာ လှံ တစ်ခုသည် သူ့ထံမှ ပေါက်ကွဲထွက်လာပြီး အဖြူရောင် အလင်းတန်း တစ်ခုကို တိမ်တိုက်များဆီသို့ လွှတ်တင်လိုက်လေသည်။
သူ၏ သွေးကြောများထဲမှ ပိုလျှံနေသော မာဒြာ များသည် ဖြည်းညင်းစွာ မှေးမှိန်သွား၏။ သူ၏ ဒဏ်ရာများသည် အဆုံးတွင် တောက်ပခြင်း ရပ်တန့်သွားသောအခါ နာကျင်မှုမှာ ခံနိုင်ရည်ရှိသော အဆင့်သို့ လျော့ကျသွားလေသည်။
အသက်ရှူသံများမှာ ဆက်လက် လှည့်ပတ်ဖို့ မဖြစ်နိုင်လောက်အောင် ပြတ်တောင်းပြတ်တောင်း ဖြစ်လာချိန်တွင် ကျင်းလုံသည် သိုင်းကွက်နှင့် သူ၏ လက်နက်ကို လွှတ်ချလိုက်လေတော့သည်။ စိုစွတ်နေသော မြက်ခင်းပေါ်သို့ မှောက်လျက်သား ပျော့ခွေကျသွားလေသည်။
တဖြည်းဖြည်းနှင့် နေမင်းကြီးသည် မိုးကုပ်စက်ဝိုင်းဆီသို့ ကျဆင်းသွားခဲ့ပြီ ဖြစ်၏။ ဆည်းဆာအချိန် နီးကပ်လာသည်နှင့်အမျှ ရွှေရောင် အလင်းတန်းများ သေဆုံးသွားခဲ့လေသည်။
ကျင်းလုံ ခေါင်းကို တစ်ချက် ရွေ့လိုက်ရာ ဂိုကရန် သည် သူ၏ ညာဘက်တွင် လက်ပိုက်လျက် ရပ်နေသည်ကို မြင်လိုက်ရ၏။ အစစ်အမှန် ရွှေအဆင့် ၏ တစ်ကိုယ်လုံး သွေးများ ပေကျံနေပြီး လှံတစ်ချောင်း ပျောက်ဆုံးနေလေသည်။ ခန္ဓာကိုယ် အလေးချိန် အားလုံးကို ဘယ်ဘက် ခြေထောက်ပေါ်သို့ မှီထားသော်လည်း သူ စိုးရိမ်နေပုံ မရပေ။ သူသည် ကျင်းလုံ၏ လက်တစ်ကမ်း အကွာအဝေးအတွင်း ရပ်နေ၏။ ထိန်းချုပ်မှုမဲ့နေသော မာဒြာ များကို အရပ်မျက်နှာ အနှံ့သို့ ပေါက်ကွဲထုတ်လွှတ်နေသည့် အဆင့်မြင့် ရွှေအဆင့် တစ်ယောက်၏ ဘေးတွင် ရပ်နေရခြင်း၏ အန္တရာယ်ကို လုံးဝ ဂရုမစိုက်သည့်အလား ဖြစ်လေသည်။ ထိပ်တန်း ကျွမ်းကျင်သူ တစ်ယောက်၏ သေချာမှုပင် ဖြစ်၏။
ကျင်းလုံ သည် မြေပြင်ပေါ်တွင် ရုန်းကန်လျက် သူ၏ လှံဆီသို့ လှမ်းယူလိုက်၏။ သူ၏ မာဒြာ များသည် လုံးဝ လတ်ဆတ်ပြီး ပြည့်ဝနေသော်လည်း သူ၏ စွမ်းအင် သွေးကြောများမှာမူ လောင်ကျွမ်းနေခဲ့ပြီ ဖြစ်သည်။ နောက်ထပ် သိုင်းကွက်တစ်ခုသာ အသုံးပြုလိုက်ပါက မခံနိုင်တော့မည်ဟု သူ ခံစားနေရ၏။
သို့သော် သူသည် လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက သင်ခန်းစာ ရခဲ့ပြီး ဖြစ်သည်။ မည်သူတစ်ဦးတစ်ယောက်ကမျှ သူ့ကို ကာကွယ်ပေးမည်ဟု မယူဆနိုင်ကြောင်း သိထား၏။ ခေါင်းဆောင်ကြီး ဂိုကရန်ပင် ချွင်းချက် မဟုတ်ချေ။ အကယ်၍ အခြား တစ်ယောက်ယောက်က တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ပါက သူသည် တစ်နေရာရာမှ ကာကွယ်မှုကို စုစည်းရမည် ဖြစ်၏။
ဂိုကရန် က သူ၏ နောက်စေ့ကို ရိုက်ချလိုက်၏။ သို့သော် ကျင်းလုံ ၏ ဆံပင်များကို ရစ်ပတ်ထားသော အဝတ်များက ထိုရိုက်ချက်ကို အရှိန်လျော့သွားစေခဲ့သည်။
"သူတို့ သေကုန်ပြီ... လင်းနို့တွေ မဟုတ်ဘူးနော်... ငါ့ မုဆိုးတွေက အဲဒါတွေကို ဖမ်းချုပ်ထားလိုက်တယ်... သူတို့ ခုနစ်ယောက်လုံး သေသွားတယ်၊ ငါ့လူက နှစ်ယောက်ပဲ ကျတယ်... တစ်ညတာ အလုပ်အတွက်တော့ မဆိုးပါဘူးလေ..."
သူက ပေါ့ပေါ့ပါးပါး ပြောလိုက်သော်လည်း ‘ငါ့လူ နှစ်ယောက်’ ဟု ပြောလိုက်ချိန်တွင်မူ သံမဏိကဲ့သို့ မာကျောသော ဆုံးဖြတ်ချက် တစ်ခု ရှိနေလေသည်။ သူသည် သူ၏ နောက်လိုက်များကို ဆုံးရှုံးရန် ပြင်ဆင်ထားခဲ့ပြီး ဖြစ်နိုင်သော်လည်း ထိုကိစ္စအတွက် ပျော်ရွှင်နေခြင်းတော့ မဟုတ်ချေ။
ကျင်းလုံ စကားတစ်ခွန်း ပြောရန်အတွက် အင်အားကို မစုစည်းနိုင်မီမှာပင်၊ ဂိုကရန် သည် ကျန်ရှိနေသော သူ၏ လှံတို တစ်ချောင်းကို ဆွဲထုတ်လိုက်ပြီး မြက်ခင်းပေါ်တွင် ကျနေသော ဘိုးဘေးလှံ ကို ခပ်ဖွဖွ ပုတ်လိုက်လေသည်။
"အဲဒါက ငါ့အတွက်လည်း အလုပ်ဖြစ်မှာပဲ မဟုတ်လား... သူတို့ ပိုင်ထားတဲ့ မာဒြာ လောက်တောင် တန်ဖိုးမရှိတဲ့ သဲမြွေပွေး တချို့ကိုသာ ငါ ရှာတွေ့ခဲ့မယ်ဆိုရင်လေ..."
သူသည် အောက်သို့ ငုံ့လိုက်ပြီး လက်နက်၏ ကိုယ်ထည်တစ်လျှောက် လက်ချောင်းဖြင့် ပွတ်ဆွဲလိုက်၏။
"ဒါက အဖြူရောင်ပဲ၊ ဒါပေမဲ့ ကြယ်တာရာ လှံ မာဒြာ တော့ မဟုတ်ဘူး မလား... အင်း... တခြား တစ်ခုခုပဲ..."
ကျင်းလုံသည် လှံရှိရာသို့ ရုန်းကန်သွားပြီး အားနည်းနေသော လက်များဖြင့် ဖမ်းဆုပ်ကာ ရင်ခွင်ထဲတွင် ပွေ့ပိုက်ထားလိုက်၏။ ဂိုကရန် သည် ခါးကို မတ်လိုက်ပြီး လက်ကို ပြန်ပိုက်ထားလိုက်လေသည်။
"ငါ့ကို လာပြီး သံသယ ဝင်မနေပါနဲ့ ကောင်လေးရာ... မင်း အင်အား အပြည့်ရှိနေရင်တောင် အဲဒါကို ငါ ယူနိုင်တယ်၊ အခု မင်းက အားပြည့်နေတာမှ မဟုတ်တာ... မင်းအတွက် ကျင်း ကလန် ကို လက်နက်စွဲကိုင် တိုက်ခိုက်ပြီးမှ အခု မင်းကို ငါ ပြန်လှည့်တိုက်မယ်လို့ ထင်နေတာလား..."
ကျင်းလုံ သည် တစ်ခဏမျှ အပြစ်ရှိသလို ခံစားလိုက်ရသော်လည်း လှံကို ဆုပ်ကိုင်ထားမှုကို လျှော့ချမပစ်ခဲ့ချေ။ လောဘကြောင့်ပင် လူများသည် ဤထက် ပိုဆိုးရွားသော အရာများအား လုပ်ဆောင်ကြသည်ကို သူ မြင်တွေ့ခဲ့ဖူးလေသည်။
ဂိုကရန်သည် ခေါင်းယမ်းလိုက်သော်လည်း တစ်ဖက်သို့ လှည့်ကာ သူ၏ လက်နက်ကို လက်တစ်ဖက်ဖြင့် မြှောက်လိုက်လေသည်။
"အရမ်းကောင်းတဲ့ အမဲလိုက်ပွဲပဲကွ..."
သူ ဟိန်းဟောက်လိုက်၏။
အခြား သဲမြွေပွေး များက သြဘာပေးလိုက်ကြသည်။ ကျင်းလုံ သတိမထားမိလိုက်ဘဲ သူတို့သည် စုရုံးရောက်ရှိနေခဲ့ကြပြီး အဖြူရောင် လှံကို စိုက်ကြည့်နေခဲ့ကြ၏။ သူတို့၏ မျက်လုံးများထဲတွင်တော့ ၎င်းသည် အကန့်အသတ်မဲ့ စွမ်းအား ဖြစ်လေသည်။ သူတို့သည် မိနစ်အနည်းငယ်အတွင်း ရက်သတ္တပတ်ပေါင်းများစွာစာ စွမ်းအားများကို ရရှိနိုင်ပေသည်။
ခိုးယူရန်အတွက် အရာအားလုံးက ထိုနေရာတွင် ရှိနေလေပြီ။ သူတို့သည် သားမွေးဝတ်စုံများဖြင့် နံရံတစ်ခုကဲ့သို့ သူ့ကို ဝိုင်းရံလိုက်ကြပြီး ကြပ်ညပ်နေစေ၏။
ကျင်းလုံ လှံကို ပို၍ တင်းကျပ်စွာ ပွေ့ဖက်ထားလိုက်သည်။ သူ၏ အမြုတေ ထဲတွင် လတ်ဆတ်သော မာဒြာ များ ပြည့်နှက်နေပြီး အသုံးပြုရန် အသင့်ဖြစ်နေသော်လည်း၊ ကောင်းကင်ဘုံ က ဆင်းသက်လာပြီး သူ့ကို အမိန့်ပေးမည်ဆိုလျှင်တောင် သူ တိုက်ခိုက်နိုင်မည်ဟု မထင်မိတော့ချေ။ သူ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ် မှာ ရေညှစ်ခံထားရသော အဝတ်စုတ်များကဲ့သို့ ခံစားနေရလေသည်။
ဂိုကရန် က သူ့ကို မြင်သောအခါ လေးလံသော သက်ပြင်းတစ်ချက်ကို ချလိုက်၏။ ထို့နောက်... လှုပ်ရှားမှု တစ်ချက်တည်းဖြင့် ဘိုးဘေးလှံ ကို ဆုပ်ကိုင်ကာ အတင်း ဆွဲယူသွားလေတော့သည်။
ကျင်းလုံ သည် ပျော့ခွေကျသွားပြီး အားနည်းကာ ကူကယ်ရာမဲ့ ဖြစ်သွား၏။ ဤသို့ဖြင့် အဆုံးသတ်သွားခဲ့ပြီ။ သူ့ကို ငြင်းပယ်ခဲ့သော ကလန် အပေါ် လက်စားချေမှုကို သူ နောက်ဆုံးတွင် စတင်နိုင်ခဲ့ပြီ ဖြစ်ပြီး ယခုအခါ...
ဂိုကရန် သည် သေတ္တာကို ကောက်ယူလိုက်ပြီး လှံကို အတွင်းသို့ ထည့်လိုက်၏။ ထို့နောက် ခလုတ်ကို ပိတ်ကာ ကျင်းလုံ ၏ ရှေ့ ကြမ်းပြင်ပေါ်သို့ ပစ်ချပေးလိုက်လေသည်။
"အိပ်ရေးဝအောင် အိပ်လိုက်ဦး..."
ဂိုဏ်း ခေါင်းဆောင်ကြီးက ပြောလိုက်၏။
"ငါတို့ ရှေ့ဆက်သွားရမယ့် ခရီးရှည်ကြီး ရှိသေးတယ်...”
***