← Chapters

အခန်း (၁၇၅-၁၇၆)

Vol. 13 Ch. 175-176

အခန်း (၁၇၅-၁၇၆)

Vol. 13 Ch. 175-176

အပိုင်း(၁၇၅)

ဘုန်း... ဘုန်း... ဘုန်း...

လင်းတုန်းက အရုပ်၏ ညာဘက်လက်မောင်း၊ ပြီးနောက် ခန္ဓာကိုယ်၊ ထို့နောက် ခေါင်းအဖြစ် ထားရှိသော သစ်သားပြား.. စသည်တို့ကို ရိုက်ချလိုက်သည်။

အစီအရင်ကို အသက်သွင်းမထား၍ ပစ်မှတ်သည် အသက်မဲ့နေ၏။ အကယ်၍ လေ့ကျင့်ရေးစနစ်ကို စွမ်းအင်ဖြည့်ပေးလိုက်ပါက ၎င်းတို့မှာ သူ့ကို ချက်ချင်း လဲကျသွားစေမည်ဖြစ်သဖြင့် အသက်မဲ့နေသော ပုံစံဖြင့်သာ အရင် လေ့ကျင့်နေခြင်းဖြစ်သည်။ အစီအစဉ်ကို ကျွမ်းကျင်သွားပါက အစစ်အမှန် လေ့ကျင့်ရေးစနစ်ကို စမ်းသပ်နိုင်ပေမည်။

ဘုန်း...

မာဒြာသည် မှန်ကန်သော နေရာကို ဖြတ်သန်းသွားသည့်အခါ သူရိုက်ချလိုက်သည့် ပစ်မှတ်များက အရောင်လင်းလက်သွားသည်။ အကယ်၍ ပင်မ အစီအရင်ကိုသာ စွမ်းအင်ဖြည့်ပေးထားပါက ထိုအလင်းများ ဆက်လက်လင်းနေမည် ဖြစ်သည်။

လင်းတုန်း နောက်သို့ဆုတ်လိုက်ပြီး လက်ဆစ်များကို ပွတ်သပ်လိုက်သည်။ နာကျင်မှု မရှိသော်လည်း သံမဏိအဆင့် ခန္ဓာကိုယ် မရခင်ကဆိုလျှင် နာကျင်နေမည်မှာ သေချာသည်။ သူ၏လက်များသည် ကြမ်းတမ်းသော သစ်သားနှင့် ပွတ်တိုက်မိ၍ ပွန်းပဲ့နေသင့်သည်ဟု သိထားသော်လည်း ထိုသို့မဖြစ်ခြင်းမှာ ထူးဆန်းသော ခံစားချက်ပင်။

သူသည် အနည်းငယ် ဝေးသောနေရာမှနေ၍ အရုပ်ကို ထပ်မံကြည့်ရှုလိုက်သည်။ ထိုသို့ကြည့်ခြင်းဖြင့် သူ့ကို တစ်နည်းနည်းဖြင့် ကူညီနိုင်မည်ဟု ထင်မှတ်နေမိသည်။ သူ ပို၍ မြန်ဆန်ရန်သာ လိုအပ်သည်။

အရုပ်တစ်ခုစီတွင် မတူညီသော တိုက်ခိုက်မှုနှင့် ကာကွယ်မှု ပုံစံများ ရှိသော်လည်း ဆယ့်ရှစ်ခုလုံးကို သူ ကျော်ဖြတ်ပြီးဖြစ်ကာ မှတ်ဉာဏ်ထဲတွင်လည်း စွဲထင်နေပြီ ဖြစ်သည်။ သူ၏ စိတ်က လိုက်မီနိုင်သလို ခန္ဓာကိုယ်ကလည်း မြန်ဆန်နိုင်သင့်သည်။ သို့သော်လည်း သူ သေချာ မလုပ်နိုင်သေးပေ။ လွန်ခဲ့သော တစ်နာရီခန့်က အစီအရင်ကို ထပ်မံ စွမ်းအင်ဖြည့်လိုက်သော်လည်း အရုပ်က သူ့ကို မျက်နှာနှင့် မြေကြီး မိတ်ဆက်သွားအောင် လုပ်နိုင်ခဲ့သေးသည်။

နေဝင်သွားသည်မှာ ကြာပြီဖြစ်ပြီး ကျီအတွင်း၌ မီးကုန်ခါနီးဖြစ်နေသော ဖယောင်းတိုင်တစ်တိုင်သာ လင်းလက်နေသည်။ အစီအရင်ဖြင့် ပြုလုပ်ထားသော မီးကို အသုံးပြုနိုင်သော်လည်း ဖယောင်းတိုင်ထက် အချိန်ပိုတိုတောင်းစွာသာ ခံနိုင်မည်ဖြစ်ပြီး စွမ်းအင်ထပ်ဖြည့်ရန် လိုအပ်မည်ဖြစ်မည်။ သူသည် မာဒြာကို ချွေတာလိုသည်။

ထိုအလင်းရောင်က အရုပ်များကို အရိပ်ထဲတွင် ကျန်ရစ်စေပြီး ကြောက်မက်ဖွယ်ကောင်းသော အသွင်ကို ဆောင်စေသည်။ သူ၏ တိုက်ခိုက်မှု တစ်ချက်စီတိုင်းတွင် လင်းလက်သွားသော အစီအရင် မီးရောင်လေးကသာ အမှောင်ထုကို ခေတ္တမျှ ဖယ်ရှားပေးနိုင်သည်။

လင်းတုန်း ရှေ့သို့တိုးကာ တိုက်ခိုက်မှု သုံးချက်ကို ထပ်မံ လေ့ကျင့်လိုက်သည်။ ဤတစ်ကြိမ်တွင် သူ၏ သံမဏိအဆင့် ခန္ဓာကိုယ်ကို အစွမ်းကုန် အသုံးချ၍ အရှိန်တင်လိုက်သော်လည်း တတိယအချက်တွင် လွဲချော်သွားပြန်သည်။ ပထမနှစ်ချက်က ၎င်းတို့၏ သေးငယ်သော မှော်သင်္ကေတများ တစ်လျှောက် အလင်းရောင်များ ဖြာထွက်သွားစေသော်လည်း တတိယအချက်ကမူ မှောင်မိုက်နေဆဲပင်။

လင်းတုန်းသည် အရှိန်လျှော့ကာ အသက်ပြင်းပြင်းရှူလိုက်ပြီး စွမ်းအင်များကို သူ၏ မာဒြာလမ်းကြောင်းများအတွင်း ပုံမှန် လည်ပတ်နေစေရန် ထိန်းသိမ်းလိုက်သည်။

ထိုအချိန်မှာပင် အေးမြသော လေပြေများ ဝင်ရောက်လာပြီး တံခါးပိတ်သွားသည်။

ယီရင် ဝင်လာသည်။ သူမ၏ ပခုံးပေါ်ရှိ ငွေရောင် ဓားသွားနှင့် ခါးရှိ အနီရောင် ခါးပတ်ကသာ အရိပ်များကြားတွင် ထင်ရှားနေသည်။

"နင် ကြိုးကြိုးစားစား လေ့ကျင့်နေတာလား... ဒါမှမဟုတ် သစ်သားတွေနဲ့ ရန်ငြိုးရှိနေလို့လား..."

လင်းတုန်းက ကမန်းကတန်း မတ်တတ်ရပ်လိုက်ပြီး ပခုံးများကို တည့်မတ်ကာ အဝတ်အစားများကို သပ်ရပ်အောင် လုပ်လိုက်သည်။ သူမသည် သူ့ကို ပိုဆိုးရွားသော အခြေအနေများတွင် မြင်ဖူးသော်လည်း သစ်သားရုပ်တုများကို တိုက်ခိုက်ရင်း မောပန်းနွမ်းနယ်နေသည့်ပုံစံမျိုးတော့ အဖြစ်မခံချင်ပေ။

"အချက်အလက် နည်းနည်းလောက်ကို လေ့လာနေတာပါ..."

သူက ပြောလိုက်ပြီး အရုပ်တစ်ရုပ်၏ အစီအရင်ကို နားလည်အောင် ကြိုးစားနေသည့်ဟန်ဖြင့် အနီးသို့ ကပ်သွားသည်။

သူမက သူ့ကို ခေတ္တမျှ ကြည့်လိုက်ပြီးနောက် စက်ဝိုင်းအတွင်းသို့ ဝင်လာကာ မြေကြီးပေါ်သို့ ထိုင်ချလိုက်သည်။ အရုပ်၏ ထောက်တိုင်ကို မှီကာ သက်ပြင်းချလိုက်သည်။

"နင့်ကို အနားယူဖို့ ပြောမယ့်သူထဲမှာ ငါက နောက်ဆုံးလူပဲ.. အမှန်အတိုင်းပြောရရင် ငါလည်း တရားထိုင်တာ သုံးနာရီ၊ သိုင်းကျင့်တာ နှစ်နာရီ လုပ်ပြီးကာစပဲ... ဒါပေမဲ့ ငါ့ဆရာတောင်မှ တစ်ခါတလေကျရင် သက်တောင့်သက်သာ နေသင့်တယ်လို့ ပြောလိမ့်မယ်..."

"ငါလည်း နားပြီးတော့ စွမ်းအင်လည်ပတ်တာ နှစ်ခါ၊ သုံးခါလောက် ရှိပြီ..."

လင်းတုန်းက ပြောလိုက်သော်လည်း ထိုစကားက အမှန်ဟုတ်မဟုတ် တွေးမိသွားသည်။

"လေးခါများလား... ဒါမှမဟုတ် ခြောက်ခါလား..."

သူ ဤနေရာသို့ ရောက်နေသည်မှာ မည်မျှ ကြာခဲ့ပြီနည်း။ သူသည် စက်ဝိုင်းအလယ်ရှိ အရည်ပျော်လုနီးပါး ဖြစ်နေသော ဖယောင်းတိုင်ကို ကြည့်လိုက်သည်။ သူ့ကို ရောင်းခဲ့သော အမျိုးသမီးက တစ်ညလုံး ခံမည်ဟု ကျိန်တွယ်ပြောခဲ့သည်။ ဖြစ်နိုင်ချေရှိသည်။

အနားယူခြင်းက မဆိုးလှသဖြင့် သူမဘေးရှိ အရုပ်အောက်တွင် ဝင်ထိုင်လိုက်သည်။

သူမက စကားတစ်ခွန်းမှ မဆိုဘဲ အဝတ်စတစ်ခုကို ကမ်းပေးလိုက်သည်။ သူက ကျေးဇူးတင်ကြောင်း ခေါင်းညိတ်ပြလိုက်ပြီး ခေါင်းနှင့် လည်ပင်းမှ ချွေးများကို စတင်သုတ်လိုက်သည်။

"သံမဏိအဆင့် ခန္ဓာကိုယ်ရဲ့ လှည့်ကွက်ကတော့ ကိုယ်ဘယ်အချိန်မှာ ပင်ပန်းနေလဲ၊ ဘယ်အချိန်မှာ မပင်ပန်းဘူးလဲဆိုတာကို သိဖို့ပဲ... ခွဲခြားသိဖို့က ပိုခက်လာတယ်... အချိန်နည်းနည်းကြာရင်တော့ နင် သိလာပါလိမ့်မယ်... ဒါပေမဲ့ အဲဒီလို မသိခင်အထိတော့ နင့်ခြေထောက်တွေ တုံးတိတိဖြစ်သွားတဲ့အထိ ပြေးမိဖို့ များတယ်..."

ယီရင်က ပြောသည်။

လင်းတုန်း၏ မျက်ခွံများ လေးလံနေသလို လက်မောင်းများလည်း ကိုက်ခဲနေကာ လက်များလည်း ကြွက်တက်နေသည်။ သို့သော် ထိုခံစားချက်များက ဖြစ်ပေါ်လာသလောက် မြန်ဆန်စွာပင် ပျောက်ကွယ်သွားသည်။ သွေးကြောစစ်ထုတ် သံမဏိအဆင့် ခန္ဓာကိုယ်က သူ၏ ပင်ပန်းနွမ်းနယ်မှုကို ကုစားရန် ခေါ်ယူလိုက်သဖြင့် သူ၏ အမြုတေမှ မာဒြာများ တရွေ့ရွေ့ ထွက်ပေါ်လာသည်။

"ဟုတ်လား..."

လက်ဆစ်များတွင် တင်းကျပ်စွာ နာကျင်နေသည့် ဝေဒနာများ ပျောက်ကွယ်သွားသည်ကို ခံစားရသဖြင့် သ် လက်ကို ကြည့်လိုက်သည်။

"မယုံနိုင်စရာပဲ။ ငါတကယ် မသိနိုင်ဘူး..."

"အဲဒါကြောင့် နင် ခံနိုင်ရည်ရှိတာထက် ပိုတဲ့ ပြဿနာတွေထဲ ရောက်သွားတာပေါ့။ ငါ့ကို မေးရင်တော့ နင့်မှာ ရှိတာက..."

လင်းတုန်း တစ်ယောက် သူ၏ ဝိညာဉ်ကို တစ်စုံတစ်ခု ဖြတ်သန်းသွားသလို ခံစားလိုက်ရ၏။ သူမ၏ ဝိညာဉ်အာရုံ အထိအတွေ့ကို သူ မှတ်မိလိုက်သည်။

"...အင်း အဲဒါက တော်တော်လေး ခက်ခဲတဲ့ ပဟေဠိပဲ..."

ယီရင် တိုက်ပွဲထဲသို့ အပြုံးနှင့် ဝင်သွားသည်ကို သူ မြင်ဖူးသည်။ ယခုမူ သူ့ကို စစ်ဆေးပြီးနောက် မျက်မှောင်ကြုတ်ကာ သူမကိုယ်သူမ ရေရွတ်ရင်း သူ၏ ဗိုက်ကို စိုက်ကြည့်နေသည်။

သူ ခုလေးတင် ချွေးသုတ်ထားသော်လည်း အရေပြားပေါ်တွင် ချွေးများ ပြန်ထွက်လာသည်။

လင်းတုန်းသည် သူ၏ အမြုတေကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ စွမ်းအင်လည်ပတ်သည့် အခြေအနေနီးပါးသို့ ရောက်ရှိသွားပြီး သူ၏ ဝိညာဉ်အတွင်းသို့ နစ်မြုပ်သွားသည်။

"ဘာဖြစ်လို့လဲ။ ငါ ဘာလုပ်မိလို့လဲ။ ငါ စွမ်းအင်လည်ပတ်တာ များသွားလို့လား။ ငါ သေတော့မှာလား..."

"နင် သေဖို့ မိုင်တစ်ထောင်လောက် လိုသေးတယ်..."

သူမက ရေရွတ်လိုက်သည်။

"အဆင့်နိမ့် အရှင်သခင် တစ်ယောက်ဆီက မျှော်လင့်ထားတဲ့အတိုင်းပဲလို့ ထင်ပါတယ်..."

"အီသန်လား။ အီသန် ငါ့ကို တစ်ခုခု လုပ်လိုက်တာလား..."

"သူ နင့်ကို အဲဒီ သံမဏိအဆင့် ခန္ဓာကိုယ် ပေးခဲ့တာ မှန်တယ်မလား..."

အီသန်က သူ့ကို တစ်ခုခု ပေးခဲ့သည်ဟု လင်းတုန်း မမှတ်မိသော်လည်း မှန်သင့်သလောက်တော့ မှန်သည်ဟု ယူဆလိုက်သည်။

"ငါ မှန်းတာ မလွဲဘူးဆိုရင် အဲဒါက နင့်ကို လန်းဆန်းနေအောင် လုပ်ပေးနေပုံရတယ်။ နင့် အမြုတေ ခန်းခြောက်သွားတဲ့အထိ နင့်ခန္ဓာကိုယ်ကို အလုပ်ပေးလို့ ရတယ်..."

လင်းတုန်းလည်း အလားတူ ခံစားခဲ့ရသော်လည်း ၎င်းသည် သံမဏိအဆင့် ခန္ဓာကိုယ်၏ လုပ်ဆောင်ချက်တစ်ခုဟု မှတ်ယူထားခဲ့သည်။

"ငါ မသိလို့ မေးတာပါ။ အဲဒါက ပုံမှန် မဟုတ်ဘူးလား..."

"အဲဒါက အပြာရောင်မီး ကန္တာရက သေမျိုးမကွဲ ပုတ်သင်ညိုတွေအတွက်တော့ ပုံမှန်ပါပဲ။ အပင်တချို့အတွက်လည်း ပုံမှန်ပဲလို့ ကြားဖူးတယ်။ လူတွေကတော့ တစ်ခါတလေ ပင်ပန်းတတ်ကြတယ်..."

သူမက သူ၏ ဗိုက်ကို ဖွဖွလေး ထိုးလိုက်သည်။

လင်းတုန်း၏ စိတ်ကူးထဲတွင် ဖြစ်နိုင်ခြေအသစ်များ ပွင့်လန်းလာပြီး မှတ်စုစတင်ရေးလိုသော ဆန္ဒကို ချုပ်တည်းထားရသည်။

"ငါ့ရဲ့ မာဒြာတွေကို ပြန်ဖြည့်တင်းနိုင်သရွေ့ ငါ ဆက်ပြီး လေ့ကျင့်လို့ ရတယ်ပေါ့။ ဘယ်လောက်ကြာကြာ နားပြီး စွမ်းအင်လည်ပတ်သင့်တယ်လို့ နင် ထင်လဲ..."

"ကောင်စုလေး... တော်တော့... နင် နေ့ရောညပါ အလုပ်လုပ်နိုင်တယ်ဆိုရင် နင် တစ်နှစ်အတွင်း ကျင်းလုံကိုထား.. အီသန်ကိုတောင် ယှဉ်တိုက်နိုင်လိမ့်မယ်။ ခန္ဓာကိုယ်လိုပဲ ဝိညာဉ်ကလည်း အနားယူဖို့ လိုတယ်။ နင့်ရဲ့ မာဒြာလမ်းကြောင်းတွေကို ဝန်ပိစေချင်မှာ မဟုတ်ဘူး၊ အဲဒါကိုတော့ ငါ အလကား ပြောပြမယ်..."

သူမက လက်နှစ်ဖက်ကို ယှက်ကာ ခေါင်းပေါ်သို့ ဆန့်ထုတ်လိုက်၏။

"နင်က သံမဏိအဆင့်ပဲ၊ ဝိညာဉ်အကြွင်းအကျန် မဟုတ်ဘူး... နင့်အတွက် အိပ်စက်ဖို့ လိုအပ်သေးတယ်... အစားအစာလည်း လိုတယ်... နင့်ရဲ့ ဝိညာဉ်က လက်နက်တစ်ခုဖြစ်ပြီး အမြဲတမ်း သန့်စင်တောက်ပနေအောင် ထားရမယ်... ဒါပေမဲ့ ကြွက်သားတွေ နာကျင်တာမျိုး၊ အရုပ်ကြိုးပြတ် လဲကျသွားတာမျိုးအတွက်တော့ ပူစရာမလိုတော့ဘူး... နင့်ရဲ့ ဝိညာဉ်အကြွင်းအကျန်ဆီကနေ အဲဒီစွမ်းရည်ကို ငါ ယူလို့ရမယ်ထင်ရင် အဲဒီအတွက်နဲ့ နင့်ကို ငါ သတ်ပစ်မိမှာပဲ..."

လင်းတုန်းက သက်သောင့်သက်သာမရှိစွာ ရယ်မောလိုက်သည်။ ထို့နောက် မျက်နှာကို တဘက်ဖြင့် ထပ်မံ သုတ်လိုက်၏။

ဆိုလိုသည်က... သူသည် သာမန်လူအများစုထက် ပို၍ ကြာရှည်စွာ အလုပ်လုပ်နိုင်သော်လည်း အလွန်အကျွံတော့ မရပေ။ ကန့်သတ်ချက်က မည်မျှနည်း။ သူ မည်သို့ သိနိုင်မည်နည်း။ မာဒြာ ကုန်ခမ်းသွားချိန်ကို သိရန် လွယ်ကူသော်လည်း မာဒြာ လမ်းကြောင်းများ ဝန်ပိသွားသည့် ခံစားချက်က မည်သို့ ရှိမည်နည်း။ သံမဏိအဆင့် ခန္ဓာကိုယ်က သူ့ကို အချိန်မည်မျှ တိတိကျကျ ပိုပေးထားသနည်း။

အတွေးလွန်နေသဖြင့် ချွေးရွှဲနေသော အဝတ်စကို ပြန်ပေးမိလုနီးပါး ဖြစ်သွားသည်။ သို့သော် နောက်ဆုံးစက္ကန့်တွင် သတိဝင်လာပြီး အပေါ်ရုံဝတ်ရုံအတွင်းသို့ ထိုးထည့်ထားလိုက်၏။ မနက်ဖြန်မနက်တွင် ကန်ထဲ၌ လျှော်ဖွပ်နိုင်ပေသည်။

လင်းတုန်းသည် ကျေးဇူးတင်စကားဆိုရန် ခေါင်းညိတ်လိုက်ပြီး သတိထားကာ ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ်... နင် ငါ့ကို တွေးစရာတွေ အများကြီး ပေးခဲ့တယ်... ဒါပေမဲ့ နောက်ထပ် မေးခွန်းတစ်ခုလောက် မေးခွင့်ပြုမယ်ဆိုရင် ငါ့မှာ အခွင့်အရေး ဘယ်လောက်ရှိလဲ... ကျင်းလုံနဲ့ ယှဉ်ရင်လေ... ငါ့မှာ အချိန်လုံလောက်မှု ရှိရဲ့လား..."

"နင့်မှာ အချိန် လုံးဝမရှိဘူး..."

ယီရင်က ချက်ချင်း ပင် ပြန်ဖြေလိုက်၏။

"အိပ်သည်ဖြစ်စေ၊ မအိပ်သည်ဖြစ်စေ၊ အီသန်က နင့်အတွက် တစ်ခုခု စီစဉ်ထားတာ မရှိဘူးဆိုရင် နင်က မီးထဲပစ်ထည့်ခံရမယ့် သစ်ရွက်ခြောက်တွေလိုပဲ..."

ထိုစကားလုံးများက အမှန်တရားပင်...။ လင်းတုန်းမှာ မည်သို့ ပြောရမည်ကိုပင် စဉ်းစား၍ မရတော့ပေ။

***

အပိုင်း(၁၇၆)

ယီရင် တစ်ယောက် သူမ ပြောလိုက်တာ အတော်လေး လွန်သွားကြောင်း သိလိုက်သည်။ သူမ လက်သည်းဖြင့် လည်ပင်းဘေးကို ကုတ်လိုက်၏။

"ငါ... တောင်းပန်ပါတယ်... အဲဒီလို ပြောဖို့ ရည်ရွယ်တာ မဟုတ်ပါဘူး..."

သူမက ခေတ္တမျှ တုံ့ဆိုင်းသွားသည်။

"ငါ သံမဏိအဆင့်တုန်းက ငါ့ဆရာက အဆင့်မြင့် ရွှေအဆင့် တစ်ယောက်ကို တစ်နှစ်အတွင်း တိုက်ခိုက်ဖို့ ဖိအားမပေးခဲ့ဘူး... အီသန်က နင့်ကို ဘယ်လိုပဲ လေ့ကျင့်ပေးပါစေ အဲဒါက တော်တော်လေး စွန့်စားရတဲ့ အလောင်းအစားပဲ..."

လင်းတုန်း မလုပ်နိုင်ဘူးဆိုတာကို ယီရင် သိနေသည်။ တိုက်ပွဲသာ အမှန်တကယ် ဖြစ်ပေါ်လာပါက တစ်နှစ်အတွင်း သူ သေရလိမ့်မည်။

ယီရင်၏ မျက်နှာပေါ်ရှိ အမှန်တရားကို မမြင်ချင်သဖြင့် စက်ဝိုင်းတစ်ဖက်ရှိ သစ်သားရုပ်ကိုသာ သူ စိုက်ကြည့်နေလိုက်၏။

"ငါ လောင်းကစား လုပ်မှာမဟုတ်ဘူး..."

သူက တိုးတိုးလေး ပြောလိုက်သည်။

"စိန်ခေါ်ပွဲမတိုင်ခင် သူ့ဆီရောက်နိုင်မယ့် တခြားနည်းလမ်းတွေ ရှိပါတယ်... သူလည်း တခြားလူတွေလိုပဲ စားတယ်၊ အိပ်တယ်... သူ့မှာ ရန်သူတွေ ရှိတယ်... မိသားစုလည်း ရှိတယ်..."

လင်းတုန်း၏ မျက်နှာကို ပို၍ ရှင်းလင်းစွာ မြင်ရစေရန် ကြိုးစားနေသည့်အလား ယီရင်၏ ရွှေအဆင့် အမှတ်အသားက ငွေရောင် ဓားသွားက အပေါ်သို့ ကွေးတက်သွားသည်။

"သံမဏိအဆင့် တစ်ယောက်အတွက်တော့ အမှောင်ဖုံးနေတဲ့ အကြံအစည်တွေပဲ..."

သူမက ခြောက်ကပ်ကပ် အသံဖြင့် ပြောသည်။

"နင်က သူ့ရဲ့ ဒုက္ခိတ ညီမလေးကို ဓားစာခံ လုပ်ချင်တာလား... နင်က အီသန်ဆီကနေ အကူအညီတောင်းမယ့်အစား သူ့ရန်သူတွေဆီကို သွားချင်တာလား..."

"ငါ သူ့အကြောင်း ကောင်းကောင်း မသိသေးဘူးလေ..."

လင်းတုန်းက ရှက်ရွံ့စွာ ပြောလိုက်သည်။

"နင်သိတဲ့အတိုင်း အဆိပ်ခတ်တာတွေ ရှိတယ်... ခြုံခိုတိုက်ခိုက်တာတွေ ရှိတယ်..."

"အဆိပ်ခတ်တာတွေ ရှိတယ်ပေါ့လေ..."

သူမက ထပ်ပြောလိုက်သည်။

"အေးပါ... နင် သူ့အစားအစာထဲကို အဆိပ်ခတ်လို့ရတယ်... ပြီးတော့ သူ အိပ်ပျော်သွားတဲ့အထိ စောင့်လို့ရတယ်... ဓားတွေပေါ်မှာ အဆိပ်တစ်မျိုး ထပ်သုတ်ထားမယ်ဆိုရင် သူ နိုးလာရင်တောင် ဘာမှမလုပ်နိုင်တော့ဘူး..."

သူမ၏ စကားသံများ တိတ်ဆိတ်သွားပြီး မျက်တောင်များကို ခပ်မြန်မြန် ခတ်လိုက်၏။

သူမ၏ ဆရာ...

ကောင်းကင် ဂုဏ်သရေ ကျောင်းတော်မှ ကျောက်စိမ်းအဆင့်များက သူမ၏ ဆရာအပေါ် ပြုမူခဲ့သည်မှာ ထိုအတိုင်းပင် ဖြစ်သည်။

လင်းတုန်းသည် ဒူးထောက်ကျသွားပြီး သူ၏ နဖူးကို အေးစက်နေသော သစ်သားကြမ်းပြင်နှင့် ဖိကပ်ထားလိုက်သည်။

"ငါ မစဉ်းစားမိဘူး... ငါ..."

သူ မော့ကြည့်လိုက်ရာ သူမက တိတ်တိတ်နေရန် လက်တစ်ဖက်ကို မြှောက်ထားသည်ကို မြင်လိုက်ရသည်။ သူမသည် စကားမပြောမီ တံတွေးအကြိမ်ကြိမ် မျိုချနေသည်ကို သိသာစွာ မြင်နေရပြီး စက္ကန့်အနည်းငယ်မျှ စောင့်ဆိုင်းနေ၏။

"သူတို့က ခွေးတွေ၊ သတ္တိကြောင်တဲ့ သူတွေပဲ..."

နောက်ဆုံးတွင် သူမက ပြောလိုက်သည်။

"သူတို့လို မတွေးပါနဲ့... ရွှံ့တွေထဲမှာ တွားသွားနေပြီးတော့ ရန်သူတွေကို ဘယ်လို ရင်ဆိုင်ရမလဲဆိုတာ သင်ယူလို့မရဘူး..."

"နင်ပြောသလိုပါပဲ... ငါ့မှာ ဆင်ခြေပေးစရာ မရှိပါဘူး..."

"နင် အခု လမ်းစဉ်ပေါ် ရောက်နေပြီ... တည်ငြိမ်ပြီးတော့ မှန်ကန်တယ်... တစ်နှစ်ကြာရင် နင့်ကိုယ်နင်တောင် မှတ်မိတော့မှာ မဟုတ်ဘူး..."

ယခုအချိန်တွင် သူသည် သူမကို သေချာပေါက် ငြင်းဆန်နိုင်မည် မဟုတ်ပေ။ သူမ၏ မျက်နှာချင်းဆိုင်တွင် လုံးဝ ငြင်းဆန်၍ မရသော်လည်း သူ၏ အကြံအစည်များကို စိတ်ထဲတွင် သေချာစွာ သိမ်းဆည်းထားလိုက်၏။ သူ ကြိုတင်ပြင်ဆင်ထားမှုများ ပြုလုပ်ထားမည်ဆိုပါက အီသန် ကန့်ကွက်မည် မဟုတ်သည်မှာ သေချာပါသည်။

လင်းတုန်း မတ်တတ်ရပ်လိုက်ချိန်တွင် တံခါးက ဝုန်းခနဲ ပွင့်သွားသည်။ လောင်ကျွမ်းနေသော ကြယ်တစ်ပွင့်အား လှောင်ပိတ်ထားသည့် လက်ဆွဲမီးအိမ် တစ်လုံးကို ကိုင်ဆောင်ကာ အီသန် ဝင်လာ၏။ ထိုအလင်းရောင်က ကျီကို နေ့လယ်ခင်းကဲ့သို့ လင်းထိန်သွားစေ၏။ လင်းတုန်း တစ်ယောက် မျက်နှာရှုံ့မဲ့သွားကာ မျက်လုံးများကို ကာကွယ်လိုက်ရသည်။

အီသန်က သူတို့ကို မြင်သောအခါ ယခုမှ သတိထားမိသည့်အလား ရပ်တန့်သွားသည်။

"အိုး... တောင်းပန်ပါတယ်... တစ်ခုခုကို နှောင့်ယှက်သလို မဖြစ်ဘူးလို့ မျှော်လင့်ပါတယ်..."

သူတို့ ပြန်မဖြေနိုင်ခင်မှာပင် သူက ဆက်ပြောလိုက်သည်။

"ငါက ယဉ်ကျေးအောင် ပြောလိုက်တာပါ... ငါ အကုန်လုံး ကြားလိုက်တယ်..."

အီသန်သာ သူပြောသမျှ စကားတိုင်းကို နားထောင်နေမည်ဆိုပါက နောက်တစ်နှစ်အတွင်း လင်းတုန်းအတွက် စိတ်အေးလက်အေး နေနိုင်ရန် ခက်ခဲတော့မည် ဖြစ်သည်။

အဆင့်နိမ့် အရှင်သခင်သည် အရည်ပျော်နေသော ဖယောင်းတိုင်ဆီသို့ လျှောက်သွားပြီး ဘေးသို့ ကန်ထုတ်လိုက်သည်။ မီးခိုးငွေ့များ လေထဲသို့ လွင့်ပျံသွားပြီး ဖယောင်းတုံးများ ကြမ်းပြင်ပေါ်သို့ ပြန့်ကျဲသွား၏။ သူသည် လေ့ကျင့်ရေးစက်ဝိုင်း အလယ်ရှိ ထိုနေရာတွင် သူ၏ မီးအိမ်ကို ချထားလိုက်သည်။ ထို့နောက် ခါးထောက်လျက် သူတို့ဘက်သို့ လှည့်လာသည်။

"မင်းတို့ နှစ်ယောက်လုံးကို ငါ အမှန်အတိုင်း ပြောမယ်... ငါ ဒီမှာ အကျပ်အတည်း နည်းနည်း ကြုံနေရတယ်..."

သူ၏ အမူအရာက အမြဲတမ်းလိုလို ရွှင်လန်းနေသော်လည်း သူ၏ အပြုံးမှာ တင်းမာနေသော နှုတ်ခမ်းများအဖြစ်သို့ ကျုံ့ဝင်သွားသည်။ ထိုအရာ သူ၏ အလေးအနက်ထားသော မျက်နှာထား ဖြစ်ကောင်းဖြစ်နိုင်ပေသည်။

"ခင်ဗျားကို ကူညီဖို့ ကျွန်တော်တို့ တတ်နိုင်သမျှ လုပ်ပေးပါ့မယ်..."

လင်းတုန်းက ပြောလိုက်သည်။ အဆင့်နိမ့် အရှင်သခင် တစ်ယောက်ကို သူ ဘယ်သောအခါမှ ကူညီနိုင်မည် မဟုတ်သည်ကို သိလျက်နှင့် ပြောလိုက်ခြင်းဖြစ်သည်။

"ရှင် တစ်ခုခုကို ရှုပ်ပွသွားအောင် လုပ်လိုက်တာပဲ ဖြစ်မယ်..."

ယီရင်က ပြောလိုက်သည်။ သူမ၏ လေသံမှာ အကြွင်းမဲ့ ယုံကြည်မှု ရှိနေ၏။

အီသန်က လင်းတုန်းကို လက်ညှိုးထိုးလိုက်သည်။

"အဲဒီကမ်းလှမ်းချက်ကို ငါ လက်ခံမယ်... မပူပါနဲ့..."

လင်းတုန်း၏ ရင်ထဲတွင် လေးလံသွားသည်။

ယခု အီသန်က ယီရင်ကို လက်ညှိုးထိုးလိုက်ပြန်သည်။

"အဲဒါက သနားညှာတာမှု ကင်းမဲ့တဲ့ ပြောဆိုပုံပဲ... ဒါပေမဲ့ နင် မှားတယ်လို့တော့ ငါ မပြောနိုင်ဘူး... ငါသာ အနာဂတ်ကို ဟောကိန်းထုတ်နိုင်ရင် သိပ်ကောင်းမှာပဲ... အတိုင်းအတာ တစ်ခုအထိ ဟောကိန်းထုတ်နိုင်တဲ့ ကျင့်ကြံသူတွေ အပြင်မှာ ရှိပါတယ်... အဲဒါက အစီအစဉ်ဆွဲရတာကို အများကြီး ပိုလွယ်ကူစေလိမ့်မယ်... ပြီးတော့ နင် ဒါကို နားလည်နိုင်မယ်လို့ ငါ မမျှော်လင့်ပါဘူး... ဒါပေမဲ့ အရာအားလုံးကို မြင်နေရတာက အံ့သြစရာတွေကို ပိုပြီး ဆိုးရွားသွားစေတယ်... အဲဒီကိစ္စတွေ လာနေတာကို ကြိုမြင်သင့်တယ်လို့ အမြဲတမ်း ခံစားရတယ်..."

သူက သက်ပြင်းချလိုက်ပြီး ဆံပင်များကို ပခုံးပေါ်သို့ လွှဲတင်လိုက်သည်။

"ငါ တစ်ယောက်တည်းရဲ့ ပြဿနာတွေက တော်လောက်ပြီ... ဒါကြောင့် ငါတို့ရဲ့ ပြဿနာတွေအကြောင်း ပြောကြရအောင်... ကျင်း ကလန်က ငါတို့ မိသားစုအပေါ် စစ်ကြေညာသလောက်နီးပါး ဖြစ်နေပြီ..."

"ကြေညာသလောက်နီးပါး..."

ယီရင်က ထပ်ပြောလိုက်သည်။

"စစ်ဖြစ်တာလား၊ စစ်မဖြစ်တာလား..."

"သူတို့က ဗြောင်ကျကျ စစ်ကြေညာမယ်ဆိုရင် ဧကရာဇ်ရဲ့ တပ်ဖွဲ့တွေက ကျူးကျော်သူတွေကို တစ်ရက်တည်းနဲ့ ချေမှုန်းပစ်လိမ့်မယ်... ဒါပေမဲ့ ကောင်းကင်ကျိန်ဆိုသူတွေက ကလန်တွေကြားက အသေးအဖွဲ ရန်ပွဲတွေမှာ မပါဝင်ကြဘူး... ကျင်း တွေက အဲဒီလို ဖြစ်နေသယောင် ဟန်ဆောင်နေသရွေ့ ဧကရာဇ်က ဝင်ပါမှာ မဟုတ်ဘူး..."

လင်းတုန်းသည် အထွတ်အမြတ် တောင်ကြားတွင်လည်း အလားတူ အခြေအနေမျိုးကို မြင်ဖူးသည်။ ဝေ့ သည် လီ နှင့် နယ်စပ်တစ်လျှောက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကာဇန် က ထိုနှစ်ဖွဲ့လုံးကို ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ သူ ပြဿနာကို ချက်ချင်း သဘောပေါက်သွားသည်။

"သူတို့ ကျင်းလုံကို အကြောင်းပြလိမ့်မယ်..."

အီသန်က သူ့ကို ခေါင်းညိတ်ပြလိုက်သည်။

"သူနဲ့ သူ့ညီမကို ဒီကို ပြည်နှင်ဒဏ်ပေးခဲ့တာက ပင်မမိသားစုကို နှောင့်ယှက်မှုမဖြစ်စေဘဲ အရှက်မကွဲစေဘဲ အလုပ်အကျွေးပြုနိုင်ဖို့အတွက်ပဲ... သူ့ရဲ့ ပတ်စည်းထားတဲ့ မျက်နှာနဲ့ ပတ်သက်နေတယ်..."

အီသန်က သူ၏ ဦးခေါင်းတစ်ဝိုက်တွင် လက်ကို ဝေဝါးစွာ ဝှေ့ယမ်းပြလိုက်သည်။

"သူတို့က သူ့ကို ပြန်လက်ခံဦးမှာ မဟုတ်ဘူး... ဒါပေမဲ့ စိန်ခေါ်ပွဲ ပြီးသွားတာနဲ့ သူ့ကို အစကတည်းက သူတို့လူလို့ ဟန်ဆောင်နိုင်တယ်... သူနိုင်ရင် သူတို့ ဂုဏ်ယူကြမယ်... သူသေရင်တော့ ငါတို့က ကျင်းမျိုးနွယ်ရဲ့ အဆင့်မြင့် ရွှေအဆင့် တစ်ယောက်ကို သတ်လိုက်တဲ့အတွက် အဲဒါကို အကြောင်းပြပြီး ဗြောင်ကျကျ စစ်ကြေညာကြလိမ့်မယ်..."

သူ သက်ပြင်းချလိုက်သည်။

"ငါက စာတစ်စောင် ရေးဖို့ပဲ လိုမယ်လို့ ထင်ထားတာ…”

ဖြေရှင်းစရာ နည်းလမ်းတစ်ခု ထင်ရှားစွာ ရှိနေသော်လည်း လင်းတုန်းက သတိထားကာ အဆိုပြုလိုက်သည်။

"ကျွန်တော် စည်းကျော်ပြီး ပြောတာ မဟုတ်ပါဘူး... ဒါပေမဲ့ အခြေအနေတွေက ပြောင်းလဲသွားပြီလေ... ခင်ဗျား စိတ်ပြောင်းသွားပြီလို့ ကျင်း ကလန်ကို ပြောလို့မရဘူးလား..."

အီသန်သည် ကြယ်များဖြင့် လင်းလက်နေသော မီးအိမ်ပေါ်တွင် ခြေတစ်ဖက်ကို တင်ကာ ရှေ့သို့ ကိုင်းညွတ်လိုက်သည်။

"လူတစ်ယောက်ရဲ့ ကတိစကားဆိုတာ အာဏာရှိတဲ့သူတွေအတွက်တော့ ငွေကြေးတစ်မျိုးပဲ... ဂုဏ်သတင်းနဲ့ သိက္ခာတရားကပဲ ငါတို့ အချင်းချင်း မသတ်ဖြတ်ဘဲ ယဉ်ကျေးမှု အတိုင်းအတာတစ်ခုနဲ့ လည်ပတ်နေအောင် ထိန်းထားပေးတာ... အဆင့်နိမ့် အရှင်သခင် တစ်ယောက်က သူ့ထက် အားနည်းတဲ့သူ အားလုံးကို မသတ်အောင် ဘာက တားဆီးထားလဲ... သူတို့ရဲ့ ဂုဏ်သတင်းပဲ... မိသားစုကို လက်စားချေတာတွေ၊ တိုက်ခိုက်တာတွေကနေ ဘာက ကာကွယ်ပေးထားလဲ... သူတို့ရဲ့ ဂုဏ်သတင်းပဲ... ကျင့်ကြံသူ အများစုက သူတို့ရဲ့ အသက်ထက် သူတို့ရဲ့ နာမည်ကောင်းကို ပိုတန်ဖိုးထားကြတယ်..."

လင်းတုန်းအပေါ် မှောင်မိုက်သော အရိပ်တစ်ခု ကျရောက်လာသည်။ သို့ဆိုလျှင် အီသန်က စိန်ခေါ်ပွဲနှင့် ပတ်သက်၍ သူ၏ စိတ်ကို ပြောင်းလဲမည် မဟုတ်ပေ။ ထိုအရာက လင်းတုန်း၏ နောက်ဆုံး မျှော်လင့်ချက်များထဲမှ တစ်ခု ဖြစ်ခဲ့သည်။

"နောက်ပြီး မင်းရဲ့ အောင်ပွဲကို ငါ အသုံးချစရာ ရှိသေးတယ်..."

သူက ပြောသည်။

"ကျင်းလုံ ရှုံးနိမ့်သွားတာက ကလန်က သူ့ကို အသိအမှတ်ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ ငါ့အတွက် အခွင့်အရေး တစ်ခု ရစေလိမ့်မယ်... ဒါကြောင့် မင်းကို တိုက်ခိုက်စေချင်တုန်းပဲ... ဒါပေမဲ့ နောက်ထပ် ရွေးချယ်စရာ တစ်ခုတော့ ရှိတယ်..."

လင်းတုန်း၏ သေဆုံးသွားသော မျှော်လင့်ချက်က တစ်ဖန် ပြန်လည် လင်းလက်လာသည်။

"... မင်းကို မိသားစုကနေ ထွက်ခွာခွင့် ပြုနိုင်တယ်... မင်းက အာရီလီယပ်စ် ရဲ့ လက်အောက်ခံ မဟုတ်တော့ဘူးဆိုရင် မင်းရဲ့ လုပ်ရပ်တွေက ငါ့ရဲ့ ကတိစကားအပေါ် သက်ရောက်မှု ရှိမှာ မဟုတ်တော့ဘူး..."

***

All Chapters