အခန်း (၁၇၇-၁၇၈)
Vol. 13 Ch. 177-178
အပိုင်း(၁၇၇)
လင်းတုန်းသည် ယီရင်ဘက်သို့ လှည့်ကြည့်လိုက်၏။ သူမ၏ မျက်နှာပေါ်တွင် စိတ်ရှုပ်ထွေးနေသော အမူအရာ ရှိနေသော်လည်း ဘာမှမပြောပေ။
သူ ထွက်သွားမည်ဆိုလျှင် သူမ လိုက်လာမည်လား။
သူ တောင်းဆိုလျှင် သူမ လိုက်လာနိုင်သော်လည်း ထိုသို့လုပ်ခြင်းက သူမအတွက် တရားမျှတမှု ရှိပါ့မလား။
အာရီလီယပ်စ် မိသားစုအကြောင်း လင်တုန်း သိပ်မသိချေ။ သို့သော်လည်း... သူတို့သည် အန္တရာယ်တစ်ခုအပြင် အခွင့်အရေးတစ်ခုကိုပါ ကိုယ်စားပြုကြောင်း သူ သိသည်။ အဆက်အသွယ်ကောင်းသော ကလန်တစ်ခု၏ ပံ့ပိုးမှုဖြင့် ယီရင် ထိုနေရာတွင် ကြီးထွားလာနိုင်ပေသည်။
လင်းတုန်း အတွက်တော့ အထွတ်အမြတ် တောင်ကြား အပြင်ဘက်ရှိ မည်သည့်နေရာမဆို အကန့်အသတ်မဲ့သော အခွင့်အလမ်းများ ပြည့်နှက်နေသည့် မြေဆီလွှာပင် ဖြစ်သည်။ ဖစ်ရှာ များက သူ့ကို သံမဏိအဆင့် ကို ကျော်လွန်၍ တက်လှမ်းနိုင်ရန် ကူညီပေးနိုင်သည်။ သူ ရွေးချယ်နိုင်သော အခြားလမ်းများလည်း ရှိသေးသည်။
သို့သော်လည်း အဆင့်နိမ့် အရှင်သခင် တစ်ယောက်၏ ကိုယ်တိုင်ကိုယ်ကျ လေ့ကျင့်သင်ကြားပေးမှုကို ခံယူရမည့် အခွင့်အရေးကို သူ စွန့်လွှတ်ရပေမည်။
အီသန်က သူ၏ မျက်လုံးများကို စိုက်ကြည့်ကာ လေးနက်စွာ ပြောလိုက်သည်။
"ငါ တတ်နိုင်သမျှ ရှင်းရှင်းလင်းလင်း ပြောမယ်... အာရီလီယပ်စ် မိသားစုက လူပေါင်း သိန်းနဲ့ချီပြီး အလုပ်ခန့်ထားတယ်... ဒီစိန်ခေါ်ပွဲရဲ့ ရလဒ်က သူတို့ရဲ့ စားဝတ်နေရေးအပေါ် သက်ရောက်မှု ရှိလိမ့်မယ်... မင်း ဆက်နေမယ်ဆိုရင် မင်း နိုင်ဖို့အတွက် လုပ်ရမယ့်အရာ မှန်သမျှကို ငါ လုပ်မယ်... အဲဒါက မင်းကို သေစေနိုင်ရင်တောင်မှပေါ့..."
လင်းတုန်းသည် အားပြုရန် သစ်သားရုပ်ကို မှီလိုက်သည်။
"နိုင်ဖို့အတွက်... ကျွန်တော့်ကို သေစေမယ်... သဘောပေါက်ပါပြီ... အဲဒီလို ဖြစ်လာဖို့ ရာခိုင်နှုန်း ဘယ်လောက် သေချာလဲ..."
အီသန်၏ အပြုံးက ပို၍ ကျယ်ပြန်လာ၏။
"အဲဒါက ငါ့ရဲ့ နောက်ဆုံး ရွေးချယ်စရာပါ... မင်းရဲ့ အနာဂတ်ကို မဖျက်ဆီးဘဲ အောင်ပွဲခံနိုင်အောင် ငါ မြှင့်တင်ပေးနိုင်မယ်ဆိုတာ ငါ အပြည့်အဝ ယုံကြည်တယ်... ဒါပေမဲ့ အဲဒီလုပ်ငန်းစဉ်ကို မင်း သဘောကျမယ်လို့တော့ ငါ မပြောနိုင်ဘူး... ပြီးတော့ မင်း ထွက်ပြေးဖို့ ကြိုးစားတိုင်း ငါ မင်းကို ဖမ်းမိမှာပဲ..."
အီသန် အခန်းထဲသို့ ဝင်လာကတည်းက ယီရင် ဘာမှ မပြောသေးပေ။ သူမသည် ရွေးချယ်စရာများကို စဉ်းစားနေသည့်အလား ဓားပေါ်တွင် လက်တစ်ဖက်ကို တင်ကာ ခါးရှိ သွေးရောင်ကြိုးပေါ်တွင် လက်တစ်ဖက်ကို တင်ထားလျက် ရပ်နေသည်။
"ခင်ဗျား စိတ်မဆိုးဘူးဆိုရင်..."
လင်းတုန်းက ပြောလိုက်သည်။
"ကျွန်တော် စဉ်းစားဖို့ အချိန်နည်းနည်းလောက် လိုချင်ပါတယ်..."
အီသန်က သူ၏ စိမ်းပြာရောင် ဝတ်ရုံပေါ်ရှိ တွန့်ကြေနေသည့် အကြောင်းများကို ဖယ်ရှားရင်း မတ်တတ်ရပ်လိုက်သည်။
"နားလည်နိုင်ပါတယ်... ဒါပေမဲ့ ငါတို့ အချိန် သိပ်မရတော့ဘူးလို့ ထင်တယ်... ငါတို့ မနက်ဖြန် မိုးလင်းရင် ထွက်မယ်... မင်း ငါတို့နဲ့ လိုက်ချင်ရင် ဖစ်ရှာ နယ်မြေထဲမှာ အပြာရောင် တိမ်တိုက်တွေ ဝိုင်းရံထားတဲ့ အောက်ခြေနဲ့ နံရံတွေမှာ အာရီလီယပ်စ် အလံတွေ ချိတ်ဆွဲထားတဲ့ အဆောက်အအုံမြင့်ကြီး တစ်ခုကို ရှာကြည့်လိုက်... အဲဒါက ဒီကနေ ထွက်သွားဖို့ ငါတို့ရဲ့ ယာဉ်ပဲ... အဲဒီယာဉ် ရှိနေသေးရင် ငါတို့လည်း ရှိနေသေးတယ်ဆိုတဲ့ သဘောပဲ..."
သူက လင်းတုန်းဘက်သို့ အနည်းငယ် ဦးညွှတ်အရိုအသေပေးလိုက်ပြီးနောက် နောက်သို့ လှည့်ကာ ထွက်ခွာ သွားခဲ့သည်။ လမ်းတွင် သူက နောက်သို့ လှည့်မကြည့်ဘဲ အော်ပြောလိုက်သည်။
"သူများအတွက် ဆုံးဖြတ်ချက်ချပေးရတာကို ငါ မကြိုက်ဘူး လင်းတုန်း... ဒါပေမဲ့ မနက်ဖြန် မနက်ကျရင် မင်းကို မြင်ရဖို့ မျှော်လင့်ပါတယ်..."
တံခါးက ဝုန်းခနဲ မပိတ်ခင် ယီရင်က တံခါးကို လက်ဖြင့် လှမ်းဖမ်းထားလိုက်သည်။ ထို့နောက်... စိတ်ပြေလက်ပျောက် ဖြစ်စေရန် အနီရောင် ခါးပတ်ကို ပင့်တင်လိုက်၏။ သူမ မျက်နှာတွင် စိတ်ရှုပ်ထွေးမှုများက နေရာယူ နေဆဲပင်။
"ကျင့်ကြံခြင်း လောကမှာ ဘယ်သူမှ ဖြောင့်ဖြူးတဲ့ လမ်းကို မလိုချင်ကြဘူး... ကြမ်းတမ်းတဲ့ လမ်းကိုပဲ လိုချင်ကြတယ်... အသန်မာဆုံး ဆိုတဲ့သူတွေက အမြင့်ဆုံး တောင်တွေကို ဒီတိုင်း တက်တဲ့သူတွေ မဟုတ်ဘူး... လက်တစ်ဖက်တည်းနဲ့ မျက်လုံးကို အဝတ်စည်းပြီး တက်ဖို့ ရွေးချယ်တဲ့သူတွေပဲ..."
သူမက နောက်ထပ် တစ်ခုခု ပြောချင်သည့်အလား ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် ခေါင်းခါလိုက်သည်။
"ဒါပေမဲ့ 'ကြမ်းတမ်းတဲ့လမ်း' နဲ့ 'ကိုယ့်သေတွင်း ကိုယ်တူးတာ' ကြားက အကွာအဝေးက တိုတောင်းလွန်းတယ်... နင် ဘာလုပ်သင့်တယ်ဆိုတာကို ငါ မသိဘူး... ငါ... ငါ မသိဘူး..."
ထို့နောက် သူမလည်း ထွက်သွားလေ၏။
...
လင်းတုန်းသည် ကျီကြမ်းပြင်ပေါ်တွင် ထိုင်လျက် မှုန်ဝါးနေသော မျက်လုံးများဖြင့် အိပ်ချင်မူးတူး ဖြစ်နေသည်။ သစ်သားပြားများကြားမှ ဝင်ရောက်လာသော နေရောင်ခြည်၏ အထိအတွေ့က သူ့ကို နွေးထွေးစေကာ တောက်ပ၍ ရွှင်လန်းစေသည်။ သူ လေးကန်နေသော မာဒြာများကို စတင် လည်ပတ်စေလိုက်ပြီး ခန္ဓာကိုယ်ကို နိုးကြားလာစေရန်နှင့် စိတ်ကို တွေးခေါ်နိုင်စေရန် နှိုးဆွလိုက်သည်။
မနေ့ညက အီသန် ထွက်သွားပြီးနောက် သူ မအိပ်ဘဲ နေခဲ့ကာ စိတ်ကို ရှင်းလင်းအောင်ထားပြီး မှန်ကန်သော ဆုံးဖြတ်ချက်ချနိုင်ရန် ကြိုးစားခဲ့သည်။ အကောင်းဆုံး အဖြေက အာရီလီယပ်စ် မိသားစုနှင့်အတူ နေရန်ဆိုသည်ကို သူ သိထားသည်။ သို့သော် ထိုအရာက ဆုံးဖြတ်ချက်ချရန် ပိုမို လွယ်ကူစေခဲ့သည်တော့ မဟုတ်ပေ။
အကယ်၍ သူ ဆက်နေမည်ဆိုပါက ဖစ်ရှာ များက သူ့ကို အစစ်အမှန် ရွှေအဆင့် အထိ ရောက်အောင်တော့ ပျိုးထောင်ပေးနိုင်ပေလိမ့်မည်။
အစစ်အမှန် ရွှေအဆင့်...
ထိုအရာက တကယ်ပဲ သူ၏ ကန့်သတ်ချက် ဖြစ်မည်လော။
သူသည် ဆူရီရယ်၏ စကျင်ကျောက်လုံးကို အိတ်ကပ်ထဲမှ ထုတ်ယူလိုက်၏။ ဖန်လုံးအတွင်းရှိ ငြိမ်သက်နေသော အပြာရောင် ဖယောင်းတိုင်မီးတောက်ကို မြင်လိုက်ရခြင်းက သူ၏ ဆုံးဖြတ်ချက်ကို ခိုင်မာသွားစေသည်။ သူသည် လေ့ကျင့်ရေးစနစ်ကို အသက်သွင်းလိုက်၏။ အသစ်ရရှိလာသော စိတ်ပိုင်းဖြတ်မှုဖြင့် အသက်ဝင်လာသော သစ်သားရုပ်ဆယ့်ရှစ်ရုပ်ကို ရင်ဆိုင်လိုက်သည်။
မိုးလင်းချိန်တွင် အီသန်နှင့် အာရီလီယပ်စ် မိသားစု ထံ သူ ပူးပေါင်းသည့်အခါ လေ့ကျင့်ချိန် စက္ကန့်တိုင်းကို အကုန်အစင် အသုံးချပြီးမှ သွားချင်ခဲ့သည်။ သူသည် အံ့ဖွယ်တစ်ရပ်ကို ဖန်တီးနိုင်ကောင်း ဖန်တီးနိုင်မည်။ လေ့ကျင့်ရေးစနစ်ကို အနိုင်ယူပြီးနောက် အီသန်နှင့် ယီရင်တို့ထံသို့ ဂုဏ်ယူဝင့်ကြွားစွာ ပူးပေါင်းနိုင်ပေမည်။
သစ်သားရုပ်များက သူ့ကို မှောက်ခုံလဲကျသွားစေခဲ့သော်လည်း သူ အကြိမ်ကြိမ် ပြန်ထလာခဲ့၏။ နောက်ဆုံးတွင်တော့ သူသည် လှည့်ပတ် ကျင့်ကြံရန် ရပ်တန့်လိုက်သည်။ ထို့နောက် တရားထိုင်ခြင်းမှတစ်ဆင့် အိပ်ပျော်သွားခဲ့လေသည်။
...
နံရံများကြားမှ နေရောင်ခြည်များ ဖြာကျနေ၏။
သူသည် မတ်တတ် ထခုန်လိုက်သည်။ သံမဏိအဆင့် ခန္ဓာကိုယ်၏ မရင်းနှီးသေးသော စွမ်းအားက သူ့ကို မြေပြင်ပေါ် ပြန်မကျမီ လေထဲသို့ နှစ်ပေခန့် မြောက်တက်သွားစေ၏။
သူ နောက်ကျသွားပြီ ဖြစ်သည်။
သူ သူတို့ကို လွဲချော်သွားခဲ့ပြီ။
လင်းတုန်းသည် တံခါးဆီသို့ အပြေးအလွှား သွားလိုက်၏။ သူတို့က သူ့အတွက် နာရီအနည်းငယ်လောက် စောင့်ပေးရန် ဆုံးဖြတ်ထားလိမ့်မည်ဟု အလဟဿ မျှော်လင့်နေမိသည်။
တံခါးကို အနည်းငယ် ဟလိုက်သည်နှင့် လေပြင်းများက သူ၏ မျက်နှာကို တိုက်ခတ်လာ၏။ တံခါးကို အဆုံးထိ ပွင့်ဟသွားစေပြီး တံခါးဘောင်နှင့် ဝုန်းခနဲ ရိုက်မိသွားစေသည်။ ထိုလေပြင်းက သံမဏိအဆင့် ခန္ဓာကိုယ်ဖြစ်စေ၊ မဖြစ်စေ သူ့ကို လဲကျသွားစေနိုင်လောက်အောင် အားကောင်းနေပြီး အလင်းရောင်ကလည်း မျက်စိကျိန်းလောက်အောင် တောက်ပနေသည်။
သူသည် နေရာအနှံ့ လွှမ်းခြုံနေသော အလင်းရောင်ကို ကာကွယ်ရန် လက်တစ်ဖက်ကို မြှောက်ထားလိုက်ရ၏။ ထိုအလင်းရောင်က သူ့ကို နေမင်းထဲသို့ ပစ်ချခံလိုက်ရသည့်အလား ဝိုင်းရံနေသည်။
မျက်လုံးများက အလင်းရောင်နှင့် ကျင့်သားရသွားပြီး လေပြင်းများ ခေတ္တ ငြိမ်သက်သွားသောအခါ သူသည် တောက်ပနေသည့် အလင်းရောင်ထဲသို့ မျက်လုံးမှေးကြည့်လိုက်သည်။ သူ မြင်လိုက်ရသည်က... ကျီအပြင်ဘက်ရှိ ဖုန်ထူသော ခြံဝင်း မဟုတ်ပေ။ မဟာမိတ် အဖွဲ့အစည်း ငါးခု ကို ဖွဲ့စည်းထားသော ပြိုကျပျက်စီးလုနီးပါး အဆောက်အအုံများ စုဝေးရာနေရာလည်း မဟုတ်ပေ။
နေရောင်လင်းလက်နေသည့် အဆုံးမဲ့ တိမ်ပင်လယ်ကြီးပင်။ ၎င်းက သူ၏ အောက်ဘက်တွင် ဖြန့်ကျက်တည်ရှိနေ၏။
“အမေရေ...”
လင်းတုန်း အော်ဟစ်လိုက်ပြီး နောက်သို့ လဲကျသွားကာ တံခါးကို ခြေထောက်ဖြင့် ကန်ပိတ်လိုက်သည်။ သူသည် အသက်ဝဝရှူနိုင်ရန် ကြိုးစားနေရ၏။ ကျီက ကောင်းကင်ပေါ်တွင် ရှိနေသည်။ ကောင်းကင်ဘုံမှာလော။ ဆူရီရယ်က ဒီအဆောက်အအုံ တစ်ခုလုံးကို ဆွဲကိုင်ပြီး ကမ္ဘာမြေကြီးပေါ်ကနေ မတင်လိုက်တာများလော။
လင်းတုန်းသည် အိတ်ကပ်ထဲမှ နွေးထွေးနေသော ဖန်စကျင်ကျောက်လုံးကို ဆုပ်ကိုင်လိုက်ပြီး စိတ်သက်သာရာရစေရန် လက်နှစ်ဖက်ကြားတွင် ပွတ်သပ်လိုက်၏။ အသက်ရှူနှုန်းနှင့် စိတ်အခြေအနေ တည်ငြိမ်သွားသောအခါ သူသည် ယခင်က သတိမထားမိခဲ့သော အသေးစိတ် အချက်အလက်များကို စတင် သတိပြုမိလာသည်။
ကြမ်းပြင်က ရေကန်ပေါ်တွင် မျောပါနေသော လှေတစ်စင်းပေါ်တွင် လဲလျောင်းနေရသလိုမျိုး သူ၏ အောက်တွင် နိမ့်ဆင်းကာ ယိမ်းယိုင်နေ၏။ လေက ကျီအတွင်းနှင့် အပြင်တွင် လေချွန်သံပေးလျက် တိုက်ခတ်နေသည်။
လင်းတုန်းသည် သစ်သားရုပ်ကို မှီကာ သူ့ကိုယ်သူ ထိန်းမတ်လိုက်သည်။ အသက်ဝဝရှူရင်း တံခါးက ပွင့်လာပြီး သူ့ကို လေဟာပြင်ထဲသို့ ဆွဲထုတ်သွားမည်ကို စိုးရိမ်သည့်အလား တံခါးကိုသာ စိုက်ကြည့်နေမိ၏။
ကျွီ...
ထိုအချိန်တွင်ပင် သစ်သားမြည်သံ ထွက်ပေါ်လာပြီး နောက်ပေါက်တံခါး ပွင့်လာခဲ့၏။ သူ လှည့်ကြည့်လိုက်သည်။ အီသန်က ခေါင်းပြူလာပြီး ပြုံးပြနေ၏။
"ကောင်းသောနံနက်ခင်းပါ..."
သူက ရွှင်လန်းစွာ ပြောလိုက်သည်။
"ငါတို့နဲ့ မနက်စာ လာစားလှည့်..."
လင်းတုန်းက ပြန်လည် မဖြေကြားမီ အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်၏။
"ခင်ဗျား ကျွန်တော့်ကို ထားမသွားဘူးပဲ..."
သူ မျက်လုံးများကို မှိတ်ကာ နောက်ထပ် အသက်တစ်ချက် ရှူလိုက်သည်။
"ကျေးဇူးတင်ပါတယ် ဂုဏ်သရေရှိ အဆင့်နိမ့် အရှင်သခင် ..."
***
အပိုင်း(၁၇၈)
"ငါ ထွက်သွားပြီးတဲ့နောက် မင်းကို စောင့်ကြည့်နေခဲ့တာ... မင်း ဆုံးဖြတ်ချက်ချပြီးပြီဆိုတာ ငါ သိတယ်... ဒါကြောင့် မင်း အချိန်မီ မရောက်လာတဲ့အခါ မင်းကို ဆွဲခေါ်လာဖို့ ဆုံးဖြတ်လိုက်တာ..."
အဆင့်နိမ့် အရှင်သခင် ၏ နောက်သို့ လိုက်ရင်း လင်းတုန်းသည် ပျံသန်းနေသော ကျီ၏ နောက်ပေါက်တံခါးကို တွန်းဖွင့်လိုက်၏။
တံခါးက တောက်ပသော အလင်းရောင်များနှင့် ကြမ်းတမ်းသော လေပြင်းများဆီသို့ ပွင့်ထွက်သွားသော်လည်း တစ်ပေ၊ နှစ်ပေခန့် အကွာတွင် နောက်ထပ် တံခါးတစ်ချပ် ရှိနေသည်။ ထိုတံခါးကို အပြာရင့်ရောင် သုတ်ထားပြီး မျက်လုံးအမြင့်တွင် အနက်ရောင် လခြမ်းပုံ ပါရှိကာ တံခါးဘောင် တစ်ခုလုံးက အဖြူရောင် ဖြစ်သည်။ အာရီလီယပ်စ် မိသားစု ၏ အရောင်များပင်။
သူနှင့် တံခါးကြားတွင် သိပ်သည်းသော အပြာရောင် တိမ်တိုက်တန်းတစ်ခု ရှိနေ၏။ ဘယ်နှင့်ညာဘက်တွင် အဆုံးမဲ့ ကောင်းကင်နှင့် အဖြူရောင် တိမ်လွှာများမှလွဲ၍ အခြားဘာကိုမှ သူ မမြင်ရပေ။ သူ၏ အောက်ဘက်တွင်တော့ နူးညံ့သော အပြာရောင် ကော်ဇောတစ်ခု ရှိနေသည်။
လင်းတုန်း တုံ့ဆိုင်းနေသော်လည်း အီသန်ကမူ တုံ့ဆိုင်းမနေပေ။ သူသည် ယုံကြည်မှု အပြည့်ဖြင့် တိမ်တိုက်ပေါ်တွင် ဖြတ်လျှောက်နေပြီ ဖြစ်ကာ သူ၏ ခြေလှမ်းများက မွေ့ရာပေါ်တွင် လျှောက်နေသကဲ့သို့ ဖိကျနေ၏။
‘ဒါက မိုင်တစ်ထောင် တိမ်တိုက်ပဲ...’
လင်းတုန်းက သူ့ကိုယ်သူ စိတ်သက်သာရာရအောင် ပြောလိုက်သည်။
‘နည်းနည်း ပိုကြီးတာပဲ ရှိမယ်... အဆောက်အအုံ နှစ်ခုကို သယ်ဆောင်နိုင်လောက်အောင် ကြီးမားနေတာပဲ...’
အာရီလီယပ်စ် မိသားစု ၏ ကြွယ်ဝချမ်းသာမှုနှင့် အာဏာကို ပြသရန် သာဓကတစ်ခု လိုအပ်ခဲ့မည်ဆိုလျှင် ဤအရာက လုံလောက်နေပြီ ဖြစ်သည်။
လင်းတုန်း ဝင်ရောက်လာချိန်တွင် အီသန်က သူ့ အတွက် တံခါးကို ကိုင်ထားပေး၏။ သူသည် အာရီလီယပ်စ် အရောင်များဖြင့် အလှဆင်ထားသော သက်တောင့်သက်သာရှိသည့် ဧည့်ခန်းတစ်ခုအတွင်းသို့ ဝင်ရောက်သွားသည်။ အပြာရင့်ရောင် ကုလားထိုင်များနှင့် ဆိုဖာများကို အနက်ရောင် သတ္တုဖြင့် ပြုလုပ်ထားသော မီးလင်းဖိုကို ဝိုင်းရံလျက် စက်ဝိုင်းခြမ်းပုံစံ စီစဉ်ထား၏။ ခရုပတ်လှေကားတစ်ခုက ဒုတိယထပ်သို့ ဦးတည်နေပြီး မြင့်မားသော အမိုးခုံး ပြတင်းပေါက် တစ်စုံက နေရာတစ်ခုလုံးကို နေရောင်ခြည်များ ဖြာကျစေသည်။
အခြားနံရံတစ်ခုရှိ ပွင့်နေသော တံခါးပေါက်မှတစ်ဆင့် လင်းတုန်းသည် ဒုတိယအခန်းတစ်ခုထဲသို့ လှမ်းမြင်လိုက်ရ၏။ ထိုအခန်းသည် တိမ်တိုက်များကို လှမ်းမြင်နိုင်သော မှန်များဖြင့် လုံးဝ ဝိုင်းရံထားသည်။ ကပ်ဆီးယပ်စ်က လေ့ကျင့်ရေးစနစ်အတွက် ထိန်းချုပ်ခလုတ်ခုံနှင့် တူသော စင်မြင့်တစ်ခုပေါ်တွင် ရပ်နေသည်။ လင်းတုန်း ကြည့်နေစဉ်မှာပင် သူက လက်ကို ဖြန့်ကာ ငွေရောင်စက်ပြောက်များ ပါဝင်သော မာဒြာ လှိုင်းတစ်ခုကို ထိုးသွင်းလိုက်၏။ အရောင်တင်ထားသော ပျဉ်ပြားပေါ်တွင် စက်ဝိုင်းများ တစ်ခုပြီးတစ်ခု လင်းလက်လာသည်။
အိမ်သည် လှိုင်းလုံးများကို ဖြတ်သန်းသွားသော လှေတစ်စင်းကဲ့သို့ တိမ်တိုက်များကို ခွဲထွက်ကာ ညာဘက်သို့ ကွေ့သွားလေ၏။
ယီရင်သည် ပျော့အိနေသော ကုလားထိုင်တစ်လုံးပေါ်တွင် ခြေချိတ်ထိုင်နေပြီး သူမ၏ လက်များကို ဒူးပေါ်တင်ကာ အသက်ရှူနှုန်းကို ထိန်းညှိနေသည်။ လင်းတုန်း တံခါးပေါက်ကို ဖြတ်လာသောအခါ သူမက မျက်လုံးများကို ဖွင့်ကာ သူ့ကို ပြုံးပြလိုက်၏။
"ပြတ်သားတဲ့ ဆုံးဖြတ်ချက်ပဲ..."
သူမက ပြောသည်။
"ငါ အိပ်ပျော်သွားလို့ပါ..."
လင်းတုန်းက ရှက်ရွံ့စွာဖြင့် ပြန်ဖြေသည်။
အီသန်က ပုလင်းများစီထားသော သစ်သားကောင်တာပေါ်မှ ခုန်ကျော်သွားပြီးနောက် သူ့ အတွက် သောက်စရာတစ်ခုကို စတင် ပြင်ဆင်လိုက်၏။
"ဒါကတော့ ကောင်းကင်ရဲ့ ကရုဏာ လို့ခေါ်တဲ့ မိသားစု ခေါင်းဆောင်ကြီး ရဲ့ ကိုယ်ပိုင် တိမ်တိုက်သင်္ဘောပဲ... ငါတို့ရဲ့ လုပ်ငန်းကိစ္စတွေကို ပုံမှန်နယ်မြေအပြင်ဘက်ကို သယ်ဆောင်သွားဖို့ လိုအပ်တဲ့အခါ ရွေ့လျားစခန်းတစ်ခုအနေနဲ့ အသုံးပြုတာပေါ့..."
ကပ်ဆီးယပ်စ်က သူ၏ ထိန်းချုပ်ခုံမှ လှည့်မကြည့်ဘဲ လင်းတုန်းကို နောက်ကျောဘက်မှ လှမ်းအော်ပြောလိုက်သည်။
"သူများမမြင်အောင် ငါတို့ တတ်နိုင်သမျှ အမြင့်မှာပဲ နေတယ်... တစ်ခါတလေကျရင် ကောင်းကင်မှာ အန္တရာယ်တွေ ရှိနေတဲ့အခါ၊ ဒါမှမဟုတ် သက်စောင့် အော်ရာ နည်းပါးသွားတဲ့အခါမျိုးမှာ နိမ့်နိမ့်ပျံသန်းရတယ်... အဲဒီအချိန်ကတော့ ငါတို့ အတွေ့ခံရနိုင်တဲ့ အန္တရာယ်ရှိတဲ့ အချိန်ပဲ..."
ပြတင်းပေါက် အပြင်ဘက်ရှိ တောက်ပနေသော တိမ်ပင်လယ်ကြီးကို နားလည်သဘောပေါက်ရန် လင်းတုန်းက စက္ကန့်အနည်းငယ် ထပ်ယူလိုက်၏။
"ဒါဆို တိမ်တိုက် တူ ကျောင်းတော် က ခင်ဗျားတို့ကို မြင်သွားခဲ့တာပေါ့..."
သူတို့က အာရီလီယပ်စ် မိသားစု ရောက်လာမည့် သတင်းကို ပထမဆုံး ဖြန့်ဝေခဲ့သူများ ဖြစ်သည်။
"ဒီကိုတက်လာရင်း သူတို့ရဲ့ စွမ်းအင် လည်ပတ်နေတဲ့ တပည့်တစ်စုကို ကျွန်တော် ဖြတ်လာခဲ့တယ်..."
ကပ်ဆီးယပ်စ်က ပြန်ဖြေလိုက်၏။
"သူတို့က ရန်လိုတဲ့ ရည်ရွယ်ချက် မရှိဘူးဆိုတာ ကျွန်တော် သေချာပါတယ်...”
ကြမ်းပြင်သည် သူတို့အောက်ရှိ တိမ်တိုက်က အသက်ရှူနေသည့်အလား တဖြည်းဖြည်း မြင့်တက်လာကာ ပြန်လည်နိမ့်ဆင်းသွား၏။
ဘားကောင်တာတွင် အီသန်သည် ပုလင်းနှစ်လုံးမှ အရည်များကို တတိယပုလင်းထဲသို့ လောင်းထည့်နေသည်။ သူသည် အရည်တစ်စက်ကိုမျှ ဖိတ်စင်ကျစေခြင်း မရှိပေ။
လင်းတုန်းက အဆင့်နိမ့် အရှင်သခင် ဘက်သို့ လှည့်လိုက်သည်။ သူ၏ စိတ်ကူးထဲတွင် ပျံသန်းနေသော အဆောက်အအုံများ၏ ဖြစ်နိုင်ချေများကို တွေးတောနေမိ၏။
"ခင်ဗျားက ကျီတစ်ခုလုံးကို မြေကြီးပေါ်ကနေ မတင်လိုက်တာလား..."
"အဲဒီ လေ့ကျင့်ရေးစခန်းကို ဆောက်ဖို့ ဖစ်ရှာ တွေအတွက် မာဒြာပြား တော်တော်များများကို ငါ အကုန်အကျခံခဲ့ရတယ်..."
အီသန်က ပုလင်းများကို လေထဲသို့ မြှောက်တင်ကာ သုံးလုံးစလုံးကို ဖမ်းယူရင်း ပြောလိုက်သည်။
"အဲဒါကို ဒီအတိုင်း ထားခဲ့မယ်ဆိုရင် နှမြောစရာကြီးပေါ့... တိမ်တိုက်အခြေခံကို နည်းနည်းတော့ ချဲ့လိုက်ရတယ်။ ဒါပေမဲ့ လက်ခံနိုင်တဲ့ ကန့်သတ်ချက်အတွင်းမှာပဲ ရှိပါသေးတယ်..."
"လက်ခံနိုင်တဲ့ အနေအထားမှာ မဟုတ်ဘူး..."
ကပ်ဆီးယပ်စ် က ပြန်ပြောလိုက်သော်လည်း အီသန်က လှေကားထိပ်သို့ လက်ညှိုးထိုးပြလိုက်၏။
"ငါတို့နဲ့အတူ ဘယ်သူ ပါလာသေးလဲဆိုတာ ကြည့်လိုက်ဦး... ဖစ်ရှာ ဂီရှာ၊ နေလို့ထိုင်လို့ ကောင်းရဲ့လား..."
အဘွားအို၏ ဆံထုံးမှ ဆံပင်အချို့ ပြေကျနေသည်။ အရေတွန့်နေသော သူမ၏ မျက်နှာက ဖြူရော်နေ၏။ သူမသည် မြွေနဂါးခေါင်းပုံသဏ္ဍာန် ပြုလုပ်ထားသော လှေကားလက်ရန်းပေါ်တွင် အားပြုကာ မှီခိုနေသည်။ လှေကားပေါ်မှ ဆင်းလျှောက်ရန် ခွန်အားမရှိတော့သည့် ပုံပေါက်နေသော်လည်း သူမ၏ ဝိညာဉ် ယန္တရား အကူ ပေါ်တွင် ရပ်နေခြင်းဖြစ်သည်။ ယန္တရား၏ ရှည်လျားသော ပင့်ကူခြေတံ ရှစ်ချောင်းက သူမကို လှေကားပေါ်မှ ချောမွေ့စွာ ဆင်းလာစေသည်။ သူမသည် အောက်သို့ လျှောဆင်းလာသကဲ့သို့ ပင်။
"ကျွန်မကို ဒီလို ပုံစံနဲ့ မြင်စေခဲ့တဲ့ အတွက် တောင်းပန်ပါတယ် အဆင့်နိမ့် အရှင်သခင် ..."
သူမက မောဟိုက်စွာ ပြောလိုက်သည်။ လင်းတုန်းက သူမအား အူကြောင်ကြောင် စိုက်ကြည့်နေသည်ကို မြင်သောအခါ သူမ၏ အသံတွင် ဒေါသသံများ စွက်ဖက်လာပြီး ဟောက်လိုက်၏။
"ငါက လှေမူးတတ်တယ်... ရေကိုရှောင်နေရတာ ကျေးဇူးတင်စရာပဲ။ ပြီးတော့ တိမ်တိုက်တွေပေါ်မှာ ရွက်လွှင့်တာကလည်း တခြားဘယ်နေရာမှာ ရွက်လွှင့်တာနဲ့မဆို အတူတူပဲ။ ဟမ်... မင်း ပြောစရာ တစ်ခုခု ရှိလို့လား..."
လင်းတုန်းက သူမ၏ လေသံထက် သူမ ရောက်ရှိနေခြင်းအတွက် ပို၍ စိုးရိမ်စွာဖြင့် သူမအနီးသို့ တိုးကပ်သွားလိုက်သည်။
"ဖစ်ရှာ ဂီရှာ... ခင်ဗျားကိုယ်တိုင်... လိုက်လာဖို့ ရွေးချယ်ခဲ့တာလား..."
ကပ်ဆီးယပ်စ် နှင့် အီသန်တို့က သူပြောသမျှကို အတိုင်းသား ကြားနိုင်မည်ဖြစ်၍ သူ အများကြီး မပြောချင်ပေ။ သို့သော် အီသန်က ဝိညာဉ် ပန်းပဲဆရာ ကို အတင်းအကြပ် ဆွဲခေါ်လာမည့်ပုံကို လင်းတုန်း အလွယ်တကူ မြင်ယောင်နိုင်၏။
သူမက သူ့ကို ခေတ္တမျှ အကဲခတ်လိုက်ပြီးနောက် လက်လှမ်းကာ သူ၏ ပါးကို ပုတ်လိုက်သည်။
"သံမဏိအဆင့် တစ်ယောက်ကတောင် စိုးရိမ်ပေးရလောက်အောင် ငါ့ပုံစံက သနားစရာ ကောင်းနေပုံပဲ... မဟုတ်ပါဘူး၊ အဆင့်နိမ့် အရှင်သခင် က ငါ့ကို စဉ်းစားဖို့ ပြောခဲ့တယ်လေ။ အေးလေ... ငါ စဉ်းစားခဲ့တယ်။ ငါ့တစ်သက်လုံး ဖစ်ရှာ တွေကြားမှာ နေထိုင်လာခဲ့တာ။ အချိန်လည်း တော်တော် ကြာခဲ့ပြီလေ။ ငါ ပိုကျယ်ဝန်းတဲ့ ကမ္ဘာကြီးကို မြင်တွေ့ဖို့ အချိန်တန်နေပါပြီ။ တစ်ခုခု ပြန်ယူလာနိုင်ကောင်းရဲ့... ဟုတ်တယ်မလား။ ဗဟုသုတ နည်းနည်းပါးပါး ဖြစ်နိုင်ပါတယ်..."
ပင့်ကူခြေတံများထဲမှ တစ်ချောင်းက လင်းတုန်း၏ ဗိုက်ကို လှမ်းထိုးလိုက်သည်။
"ပြီးတော့ ကြီးကောင်မဝင်သေးတဲ့ ကလေးတစ်ယောက်ကို တောရိုင်းထဲမှာ တစ်ယောက်တည်း ငါ ထားခဲ့လို့ မဖြစ်ဘူးလေ။ ဟုတ်တယ်မလား... မဖြစ်ဘူးလေ၊ ငါ ထားမသွားနိုင်ပါဘူး..."
လင်းတုန်း၏ လည်ချောင်းထဲတွင် ဆို့နင့်သွားပြီး မျက်တောင်များကို ခပ်မြန်မြန် ခတ်လိုက်မိသည်။ သူမက သူ့အတွက် နေခဲ့ပေးခြင်း ဖြစ်သည်။ သူသည် ဒူးမထောက်ရုံတမတ် တတ်နိုင်သမျှ အနက်ရှိုင်းဆုံး ဦးညွှတ်လိုက်၏။
"ကျေးဇူးတင်ပါတယ်... ဖစ်ရှာ ဂီရှာ..."
သူမက တိတ်ဆိတ်နေသည်။
နောက်ဆုံး သူ ခေါင်းမော့ကြည့်လိုက်သောအခါ သူမ မရှိတော့ပေ။
***