အခန်း (၁၈၁-၁၈၂)
Vol. 13 Ch. 181-182
အပိုင်း(၁၈၁)
ခရီးစတင် ထွက်ခွာပြီးနောက် လေးရက်မြောက်နေ့တွင် ကောင်းကင် ကျေးဇူးတော် သင်္ဘောသည် မှော်ပစ္စည်းများ အားပြန်သွင်းနိုင်ရန် မြေပြင်သို့ နိမ့်ဆင်းလာခဲ့ရလေသည်။ အိမ်ကြီးသည် မြက်ခင်းပြင်ကျယ်ကြီး တစ်ခုအတွင်းသို့ ဆင်းသက်လာ၏။ အပြာရောင် တိမ်တိုက်သည် ဖြည်းဖြည်းချင်း အားပျော့ ပျောက်ကွယ်သွားသည်။ ထို့နောက် ကောင်းကင် ကျေးဇူးတော် နှင့် လေ့ကျင့်ရေး ကျီဆောင် နှစ်ခုလုံး မြက်ခင်းပြင်ပေါ်တွင် ဘေးကင်းလုံခြုံစွာ အခြေချမိသွားလေသည်။
မြေပြင်ပေါ်တွင် အခြေချမိချိန်၌ လေ့ကျင့်ရေး ကျီဆောင်ထံမှ တကျွိကျွိ တအီအီ မြည်သံများ ထွက်ပေါ်လာ၏။ သို့သော် အိမ်မကြီးကမူ အခိုင်အမာ တည်ရှိနေပြီး တိတ်ဆိတ်ငြိမ်သက်နေသည်။ လင်းတုန်းသည် ကပ်ဆီးယပ်စ် ၏ အကြံပေးချက်ကို လိုက်နာကာ သင်္ဘောဆင်းသက်ချိန်တွင် ကျီဆောင်ထဲမှ ထွက်နေခဲ့ခြင်းအတွက် ဝမ်းသာသွားမိ၏။ သို့မဟုတ်ပါက သူ၏ အသက်အန္တရာယ်အတွက် အကြီးအကျယ် ထိတ်လန့်နေရမည်မှာ အသေအချာပင် ဖြစ်သည်။
ဆင်းသက်ပြီးသည်နှင့် တစ်ပြိုင်နက် လူတိုင်းသည် တိမ်ပျံသင်္ဘောပေါ်မှ ဆင်းလာကြ၏။ ထို့နောက် ခိုင်မာသော မြေကြီး၏ အံ့မခန်း ပွေ့ဖက်မှုဆီသို့ ပြန်လည် ရောက်ရှိသွားကြလေသည်။
ကြီးမားလှသော မိုင်တစ်ထောင် တိမ်တိုက် ကို ထိန်းသိမ်း မောင်းနှင်ပေးနေသည့် အစီအရင် များနှင့် မှော်ပစ္စည်း များကို သွားရောက် လေ့လာရန် ဖစ်ရှာ ဂီရှာ နှင့် လင်းတုန်း တို့ကို အီသန် က ခွင့်ပြုလိုက်လေ၏။
ယင်းစနစ်သည် စိတ်ဝင်စားဖွယ် ကောင်းလောက်အောင်ပင် ရိုးရှင်းနေသည်။ လေပေါ်သို့ ပျံတက်နိုင်ရန် လမ်းညွှန်ပေးဖို့ အတွက် အိမ်မကြီး၏ အောက်ခြေတွင် စက်ဝိုင်းတစ်ခု ရှိ၏။ ထို့ပြင် တိမ်တိုက် မာဒြာ ကို ထုတ်လုပ် ထိန်းချုပ်ရန်အတွက် ထောင့်လေးထောင့်တွင် တိုင်တစ်တိုင်စီဖြင့် စုစုပေါင်း တိုင်လေးတိုင်သာ ရှိလေသည်။ အမှန်တကယ် ပျံသန်းရသည့် ယန္တရားထက် ထိန်းချုပ်ရသည့် စနစ်က ပို၍ ရှုပ်ထွေးနေပုံရသည်။
သို့သော် ၎င်းတွင် ပါဝင်နေသော မာဒြာ ပမာဏကတော့...
လင်းတုန်း၏ အမြုတေ နှစ်ခုလုံးကို ပေါင်းလိုက်မည်ဆိုလျှင် သာမန် သံမဏိအဆင့် ကျင့်ကြံသူ တစ်ယောက်၏ ပမာဏမျှသာ ရှိပေလိမ့်မည်။ သို့သော် သူ၏ ယခင် အခြေအနေနှင့် နှိုင်းယှဉ်ပါက သူသည် စွမ်းအားရှင် တစ်ယောက် ဖြစ်နေပြီ ဖြစ်၏။ သို့တိုင်အောင် သူ၏ ခန္ဓာကိုယ်အတွင်းရှိ မာဒြာ အားလုံးကို ကုန်စင်သွားသည်အထိ ထုတ်ယူ သုံးစွဲလိုက်လျှင်ပင် ထိုအစီအရင် တစ်ခုကိုမျှ အသက်သွင်းနိုင်မည် မဟုတ်ချေ။
အိမ်ကြီးသည် စွမ်းအင် လည်ပတ်မှု ရှိနေစေရန် ကောင်းကင်ယံမှ သက်စောင့် အော်ရာ ကို စုပ်ယူရ၏။ သို့သော် ပျံသန်းနေစဉ် အချိန်အတွင်းတွင်မူ ထိုသို့ စုပ်ယူနိုင်စွမ်း သိပ်မရှိလှပေ။ ကပ်ဆီးယပ်စ် သည် စွမ်းအင် စုဆောင်းရေး အစီအရင် ကို အသက်သွင်းလိုက်လေသည်။ ထိုအခါ လင်းတုန်း၏ ကြေးအဆင့် အမြင်အာရုံဖြင့်သာ မြင်တွေ့နိုင်သော အဖြူနှင့် အစိမ်းရောင် အော်ရာ ဖဲကြိုးတန်းများသည် အိမ်ကြီး၏ တိုင်လေးတိုင်အတွင်းသို့ စီးဆင်းဝင်ရောက်သွားကြ၏။ လင်းတုန်း တစ်သက်နှင့်တစ်ကိုယ် မြင်တွေ့ဖူးသမျှ အထဲတွင် ဤမျှလောက် စွမ်းအင်များပြားစွာ သုံးစွဲရသည့် အစီအရင် ဆို၍ ထူးကဲသော ရှေးဟောင်း အပျက်အစီး ကြီးကို အသက်သွင်းခဲ့သည့် အစီအရင် တစ်ခုတည်းသာ ရှိလေသည်။
လင်းတုန်းသည် စောစောကပင် အတွင်းဘက်သို့ ချောင်းကြည့်ခဲ့ပြီး ဖြစ်၏။ တိမ်တိုက်ကို ထုတ်လုပ်ပေးသော ဖန်တီးသူ မာဒြာ ကိရိယာများအပြင် တိုင်တစ်တိုင်စီ၌ သူ၏ ခေါင်းအရွယ်အစားခန့်ရှိသော သလင်းကျောက် ပုလင်းကြီး တစ်လုံးစီ ရှိနေလေသည်။ အော်ရာ များသည် ထိုသလင်းကျောက်များအတွင်းသို့ စီးဝင်သွားကြ၏။ ထို့နောက် တိမ်တိုက်ကို မောင်းနှင်ပေးမည့် မာဒြာ များအဖြစ် သိပ်သည်းသွားကာ ပြောင်းလဲ လည်ပတ်သွားလေသည်။
ထိုသလင်းကျောက်များ အပြည့်ဖြစ်သွားစေရန် သုံးရက်ခန့် အချိန်ယူရမည်ဟု ကပ်ဆီးယပ်စ် က ပြောလေသည်။ သူသည် လူသူကင်းမဲ့သော တောရိုင်းမြေ သို့ တစ်လအတွင်း ရောက်ရှိအောင် လာနိုင်ခဲ့၏။ သို့သော် ထိုစဉ်က လူတစ်ယောက်တည်းကိုသာ သယ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။ ယခုကဲ့သို့ လူငါးယောက်နှင့် အပို အဆောက်အအုံကြီး တစ်ခုကို သယ်ဆောင်လာခဲ့ခြင်း မဟုတ်ပေ။
အကယ်၍သာ လေထဲတွင် သုံးရက်ပျံသန်းတိုင်း စွမ်းအင် အော်ရာ စုပ်ယူရန်အတွက် နောက်ထပ် သုံးရက် အချိန်ယူရမည် ဆိုပါက သူတို့၏ အပြန်ခရီးစဉ်သည် ယခင်ကထက် နှစ်ဆမျှ ပိုမို ကြာမြင့်သွားပေလိမ့်မည်။
တစ်လအတွင်း အရောက် ပြန်သွားနိုင်ရန် ရည်ရွယ်ထားကြောင်း အီသန် က သူတို့ကို အာမခံ ပြောကြားလေ၏။ သို့သော်လည်း လေထဲတွင် သုံးရက် ပျံသန်းတိုင်း မြေပြင်ပေါ်တွင် တစ်ရက်တော့ နားရဦးမည် ဖြစ်သည်။ စွမ်းအင်များကို မည်သို့မည်ပုံ အားပြန်သွင်းမည်ကိုတော့ မည်သူကမျှ သူ့ကို မမေးမြန်းကြချေ။ သူသည် အဆင့်နိမ့် အရှင်သခင် တစ်ပါး ဖြစ်၏။ ထို့ကြောင့် သူ ဘာလုပ်နေသလဲ ဆိုတာကို သူကိုယ်တိုင် အသိဆုံး ဖြစ်ပေလိမ့်မည်။
အီသန်သည် စောင်တစ်ထည်ကို ခင်းကာ နေပူဆာလှုံရင်း တစ်ရေးတစ်မော အိပ်စက် အနားယူနေလေ၏။ သို့သော် ကျန်ရစ်သူများကမူ တစ်နေကုန် အိမ်မှုကိစ္စများကို လုပ်ဆောင်ရမည် ဖြစ်သည်။ လင်းတုန်းသည် ထိုအတွေးကို အလွန် ထိတ်လန့်နေမိ၏။ အကယ်၍ သူသာ ရေခပ်နေရလျှင်၊ သို့မဟုတ် ကြမ်းပြင်များကို တိုက်ချွတ် ဆေးကြောနေရလျှင် လေ့ကျင့်ချိန် ရမည်မဟုတ်ပေ။ ထိုသို့ဆိုလျှင် ကျင်းလုံ ကို အနိုင်ယူနိုင်မည့် အခြေအနေနှင့် ပို၍ နီးစပ်လာမည် မဟုတ်ချေ။
သို့သော် ကျင့်စဉ်များကို မလေ့ကျင့်ရုံဖြင့် သူ၏ စွမ်းရည်များ မတိုးတက်နိုင်တော့ဘူးဟု ဆိုလိုခြင်းတော့ မဟုတ်ပေ။
လူတစ်ရပ်ခန့် အရွယ်အစားရှိသော သစ်သား စည်ပိုင်းကြီး တစ်ခုကို ရေဖြည့်ရန် သူ့ကို စေခိုင်းလိုက်၏။ ထို့နောက် ထိုရေများကို ကောင်းကင် ကျေးဇူးတော် သင်္ဘောပေါ်ရှိ ရေလှောင်ကန်အတွင်းသို့ ပြန်လည် သယ်ဆောင်လာရမည် ဖြစ်သည်။ ထိုအခါ သူသည် မာဒြာ များ အသုံးပြုပြီး မိမိကိုယ်ကို ကာကွယ်သူ နည်းစနစ်ဖြင့် ခွန်အားဖြည့်တင်းခြင်း မပြုလုပ်ရန် ဆုံးဖြတ်လိုက်လေသည်။
သူသည် အစစ်အမှန် ကာကွယ်သူ နည်းစနစ်များကို လုံးဝ မသိရှိထားပေ။ သို့သော် လူတိုင်းသည် သူတို့၏ ခန္ဓာကိုယ်ကို ခွန်အား ဖြည့်တင်းရန်အတွက် မာဒြာ ကို အတိုင်းအတာ တစ်ခုအထိတော့ အသုံးပြုလေ့ ရှိကြသည်။ ပင်ပန်းနွမ်းနယ်နေသော ခြေလက်များဆီသို့ မာဒြာ များကို လည်ပတ် ပို့ဆောင်ပေးခြင်း၊ လေးလံသော အရာဝတ္ထုတစ်ခုကို မ,ချီနိုင်ရန် အာရုံစူးစိုက်ခြင်း စသည်တို့ကို လင်းတုန်းသည် လမ်းစလျှောက်တတ်စ အရွယ်ကတည်းက ပြုလုပ်ခဲ့ဖူးလေသည်။
ယခု တစ်ကြိမ်တွင်မူ သူသည် ထိုသို့ မပြုလုပ်တော့ပေ။ မာဒြာ များကို သူ၏ အမြုတေ အတွင်း၌သာ ခိုင်မြဲစွာ ထိန်းချုပ်ထားလိုက်၏။ ထို့နောက် သူ၏ သံမဏိအဆင့် ခန္ဓာကိုယ်၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အား သက်သက်ကိုသာ အားကိုး အသုံးပြုခဲ့လေသည်။
ရေစည်ပိုင်းကို ထမ်းလျက် တောင်အောက်သို့ နှစ်မိုင်ခရီး ဆင်းကာ ရေဖြည့်ခဲ့ပြီး၊ ရေအပြည့်ပါသော စည်ပိုင်းကို နောက်ထပ် နှစ်မိုင်ခရီး ပြန်လည် ထမ်းပိုး မလာခဲ့ခင် အချိန်အထိ ရေသည် မည်မျှလောက် အလေးချိန် စီးကြောင်းကို သူ တစ်ခါမျှ ဂရုမပြုမိခဲ့ချေ။ ထိုစည်ပိုင်းသည် သူ ကောင်းကောင်းမွန်မွန် ဝင်ရောက် ရေချိုးနိုင်လောက်အောင်ပင် ကြီးမားကျယ်ဝန်းလှ၏။ အပြန်ခရီးစဉ် တစ်လျှောက်တွင် ထိုစည်ပိုင်းကြီးကို ထမ်းလာရသော သူ၏ ပုံစံမှာ ကျိုင်းကောင် အသေကောင်ကြီးကို သယ်ပိုးလာသည့် ပုရွက်ဆိတ် တစ်ကောင်နှင့်ပင် တူနေလေတော့သည်။ အကယ်၍ သူ့၌သာ ယခုကဲ့သို့ သံမဏိအဆင့် ခန္ဓာကိုယ် မရှိခဲ့ပါက၊ မာဒြာ များကို အသုံးပြုလျှင်တောင်မှ လမ်းတစ်ဝက်၌ပင် ခွေယိုင် လဲကျသွားမည်မှာ အသေအချာပင် ဖြစ်လေသည်။
လင်းတုန်းသည် မျက်နှာများ ရဲပူကာ ချွေးများ ရွှဲရွှဲစိုလျက် ရောက်ရှိလာလေ၏။ သူ၏ ခြေလက်များ တုန်ယင်နေပြီး အသက်ရှူသံများလည်း ကမောက်ကမ ဖြစ်နေသည်။ သို့သော် ဆယ်မိနစ်ခန့် အနားယူပြီး သူ၏ သွေးအားဖြည့် သံမဏိအဆင့် ခန္ဓာကိုယ်က ပင်ပန်းနွမ်းနယ်မှုများကို ပြန်လည် ကုစားပေးပြီးနောက် သူသည် ထပ်မံ ထွက်ခွာသွားပြန်လေ၏။
ဤအရာသည် သူ၏ ကျင့်ကြံခြင်းကို တိုးတက်စေမည် မဟုတ်သော်လည်း၊ အနည်းဆုံးတော့ သူ၏ ကြွက်သားများကို သန်မာလာစေနိုင်ပေသည်။
'ကျန်းမာသော ခန္ဓာကိုယ်၌သာ ကျန်းမာသော ဝိညာဉ် တည်ရှိသည်' ဟု သူ၏ ကလန် မှ လူများ ပြောလေ့ရှိကြ၏။
လေးခေါက်မျှ ရေခပ်ပြီးသောအခါ ရေလှောင်ကန် ပြည့်သွားလေသည်။ ထိုအချိန်တွင် ဖစ်ရှာ ဂီရှာ သည် သူ့ကို စိတ်မရှည်စွာဖြင့် စောင့်ဆိုင်းနေ၏။ သူ၏ ဝိညာဉ်ပန်းပဲ လေ့ကျင့်မှုအတွက် အသက်မဲ့ ဒြပ်ဝတ္ထု များ လိုအပ်နေသည်။ ထို့ကြောင့် လင်းတုန်း၊ ယီရင် နှင့် ဂီရှာ တို့သည် တောရိုင်း ဝိညာဉ်အကြွင်းအကျန် တစ်ခုကို ခြေရာခံ သတ်ဖြတ်ရန် ထွက်လာခဲ့ကြလေသည်။
ဂီရှာသည် နှစ်နာရီအတွင်း သူမ၏ သားကောင်ကို ရှာတွေ့ခဲ့၏။ သို့သော် လင်းတုန်းက ထိုအကောင်ကို မသတ်ရန် ယီရင်ကို တားဆီးလိုက်လေသည်။ သူသည် တုန်ယင်နေသော လက်များကို ငြိမ်သက်သွားစေရန် အတင်းအကျပ် ထိန်းချုပ်လိုက်၏။ ထို့နောက် အပြာနှင့် အစိမ်းရောင် အတုံးအတစ်များဖြင့် ဖွဲ့စည်းထားပုံရသော ဖားကြီး တစ်ကောင်ကို ငုံ့ကြည့်လိုက်လေသည်။
"ငါ အရင် စမ်းကြည့်မယ်..."
သူက ပေါ့ပေါ့ပါးပါး လေသံမျိုး လုပ်ယူကာ ပြောလိုက်၏။
ဖစ်ရှာ ဂီရှာ ၏ မျက်ခုံးများ ပင့်တက်သွားလေသည်။
ယီရင်သည် သူမ၏ ဓားကို ပြန်သိမ်းလိုက်၏။
"အကူအညီ လိုတဲ့အခါ အော်ပြီး သွေးထွက်ပြလိုက်..."
ထိုနေ့တွင် လင်းတုန်းသည် တန်ဖိုးရှိသော သင်ခန်းစာအချို့ကို သင်ယူနိုင်ခဲ့လေ၏။ ပထမအချက်အနေဖြင့် ဗလာ လက်ဝါး သည် အစိုင်အခဲ မာဒြာ များဖြင့် ဖွဲ့စည်းထားသော ဝိညာဉ်အကြွင်းအကျန် များ၏ ခန္ဓာကိုယ်မှ အတုံးအတစ်ကြီး တစ်ခုကို ဖောက်ခွဲပစ်နိုင်ကြောင်း သူ သိရှိခဲ့ရသည်။ ဤအချက်က နောင်တစ်ချိန်တွင် သေချာပေါက် အသုံးဝင်လာပေလိမ့်မည်။
ဒုတိယအချက်အနေဖြင့် ပြင်ပလောကရှိ ဝိညာဉ်အကြွင်းအကျန် များသည် မည်မျှလောက် အားကောင်းကြောင်းကို သူ မျက်မြင်ကိုယ်တွေ့ သိရှိခဲ့ရလေသည်။
ယီရင်သည် သူမ၏ စကားအတိုင်းပင် ဖြစ်၏။ သူ အော်ဟစ်ပြီး သွေးထွက်လာသည့် စက္ကန့်တွင်ပင် ဖားကြီးကို အသက်မဲ့ ဒြပ်ဝတ္ထု အတုံးအတစ်များ အဖြစ်သို့ ရောက်သွားအောင် ခွဲထုတ်ပစ်လိုက်လေသည်။ သူမသည် ဝိညာဉ်အကြွင်းအကျန် ၏ အလောင်းအစိတ်အပိုင်းများကို စုစည်းချည်နှောင်ကာ ဆွဲယူလာခဲ့၏။ ထိုစဉ် ဖစ်ရှာ ဂီရှာ က လင်းတုန်းကို ထမ်းခေါ်လာခဲ့လေသည်။
သူတို့ ကောင်းကင် ကျေးဇူးတော် သင်္ဘောသို့ ရောက်ရှိချိန်တွင် သွေးအားဖြည့် သံမဏိအဆင့် ခန္ဓာကိုယ်သည် လင်းတုန်း ကိုယ်တိုင် လမ်းလျှောက်နိုင်သည်အထိ လုံလောက်အောင် ပြန်လည် ကုစားပေးပြီး ဖြစ်၏။ သို့သော် သူ၏ အမြုတေ တစ်ခုမှာမူ လုံးဝ ခန်းခြောက်နေပြီး အခြားတစ်ခုမှာ စွမ်းအင် ထက်ဝက်ခန့်သာ ကျန်ရှိတော့သည်။
အထွတ်အမြတ် တောင်ကြား တွင်သာ ဆိုလျှင် အလွန် အဆင့်မြင့်သော၊ ဉာဏ်ရည်မြင့်မားသော၊ သို့မဟုတ် ထူးဆန်းသော ဝိညာဉ်အကြွင်းအကျန် များမှလွဲ၍ ကျန်အရာအားလုံးကို ရင်ဆိုင်ရန် သံမဏိအဆင့် တစ်ယောက်ဆိုလျှင် လုံလောက်နေပြီ ဖြစ်၏။ ယခုနေရာရှိ အကောင်များနှင့် နှိုင်းယှဉ်ပါက ထိုအရာများသည် ကလေးကလားသာ ဖြစ်နေလေတော့သည်။
ထူးကဲသော ရှေးဟောင်း အပျက်အစီး အတွင်း၌ သူသည် သီတင်းပတ် နှစ်ပတ်တိတိ နေ့စဉ်ရက်ဆက် ဝိညာဉ်အကြွင်းအကျန် များနှင့် တိုက်ခိုက်ခဲ့ရ၏။ သို့သော် သူ အမှန်တကယ် တိုက်ခိုက်ခဲ့ခြင်း မဟုတ်ပေ။ ဟုတ်သည်။ သူ အမှန်တကယ် တိုက်ခိုက်ခဲ့ခြင်း မရှိခဲ့ချေ။ သူသည် ထောင်ချောက်များ၊ အစီအရင် များ၊ ခြုံခိုတိုက်ခိုက်မှုများကိုသာ အသုံးပြုခဲ့ခြင်း ဖြစ်သည်။ အကောင်အနည်းငယ်ကို သူ ကိုယ်တိုင် သတ်ဖြတ်ခဲ့စဉ်ကပင် လက်နက်များကို အသုံးပြုခဲ့ခြင်း ဖြစ်၏။ သို့မဟုတ်ပါက ယီရင်၊ အီသန် တို့နှင့်အတူ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းသာ ဖြစ်လေသည်။
ယခု ပြန်လည် တွေးတောကြည့်သောအခါ ဤသည်မှာ သူ၏ ကျင့်စဉ်များကိုသာ အားကိုးပြီး ရင်ဆိုင်တိုက်ခိုက်ခဲ့သည့် ပထမဆုံးသော ဝိညာဉ်အကြွင်းအကျန် ဖြစ်ကောင်း ဖြစ်ပေလိမ့်မည်။ ထိုအကောင်က သူ၏ ခြေသလုံးကို နှစ်လက်မခန့်ရှိသော ဆူးချွန်ဖြင့် ထိုးဖောက်သွားခဲ့လေသည်။
ထိုအရာက သူ မည်မျှလောက်အထိ ခရီးဆက်ရဦးမည်ကို ပြသလိုက်ခြင်းပင် ဖြစ်၏။ နောက်ထပ် သတိပေးချက်တစ်ခု လိုအပ်နေသည့်အလားပင်။
***
အပိုင်း(၁၈၂)
လင်းတုန်း၊ ယီရင်နှင့် ဂီရှာတို့ ဝိညာဉ်အကြွင်းအကျန် ကို အထဲသို့ သယ်ဆောင်လာပြီးနောက် နေဝင်သွားလေပြီ။ နောက်ဆုံးတွင် အီသန် နိုးလာပြီး အကြောဆန့်လိုက်၏။ ထို့နောက် တိုင်လေးတိုင်အတွင်းသို့ စီးဝင်နေသော အော်ရာ စီးကြောင်းများသည် နှေးကွေးကာ တစက်စက်သာ ကျဆင်းနေတော့သည်ကို တွေ့လိုက်ရလေသည်။
သူသည် အိမ်ထောင့်ရှိ တိုင်များထဲမှ တစ်တိုင်ကို ဖွင့်လိုက်၏။ ထိုအခါ သလင်းကျောက် ပုလင်းထဲတွင် ဝဲလှည့်နေသော အစိမ်းနှင့် အဖြူရောင် မာဒြာ များသည် သုံးပုံတစ်ပုံခန့်သာ ပြည့်နေသေးကြောင်း တွေ့လိုက်ရသည်။
"ဒီလောက်ဆို ရလောက်ပါပြီ..."
သူက ပြောလိုက်၏။
"ငါ့မှာ အချိန်ဇယား ရှိတယ်..."
ထို့နောက် သူသည် ရွှေရောင်အနားကွပ်ထားသော အင်္ကျီလက်တစ်ဖက်ကို ဂရုတစိုက် ခေါက်တင်လိုက်၏။ ထို့နောက် အော်ရာ များကို စုဆောင်းကာ သလင်းကျောက် လေးလုံးထံ ဖြန့်ဝေပေးသည့် စွမ်းအင်စုဆောင်းရေး အစီအရင် ပေါ်သို့ သူ၏ လက်ကို ဖိချလိုက်လေသည်။
အစီအရင်သည် သင့်လျော်သော အော်ရာ အမျိုးအစားများကို အလိုအလျောက် စုပ်ယူနိုင်၏။ သို့သော် ၎င်းသည် မည်သည့် မာဒြာ မျိုးကိုမဆို လက်ခံနိုင်စွမ်း ရှိလေသည်။ ၎င်းက မာဒြာများကို စုပ်ယူကာ သန့်စင်ပြီးနောက်၊ ရှိနှင့်ပြီးသား တိမ်တိုက် မာဒြာများကို အားဖြည့်ရန် အသုံးပြုလိမ့်မည် ဖြစ်သည်။ သို့သော် ထိုသို့ လုပ်ဆောင်ရာတွင် စွမ်းအင် အလေအလွင့် အလွန်များပြားလှသည်။
ဖစ်ရှာ ဂီရှာ ၏ သင်ကြားပြသမှုများကြောင့် မည်မျှလောက် အလေအလွင့် များသည်ကို သူ တိတိကျကျ တွက်ချက်နိုင်ခဲ့၏။ တိမ်တိုက် မာဒြာ သည် ပုလင်းများကို ဖြည့်ရန်အတွက် အကောင်းဆုံး ဖြစ်သည်။ သန့်စင်သော မာဒြာ ကို အသုံးပြုမည် ဆိုပါက ရလဒ်တူညီရန် နှစ်ဆ ပိုမို အသုံးပြုရမည် ဖြစ်၏။ အခြား မည်သည့် မာဒြာ အမျိုးအစားကိုမဆို အသုံးပြုမည် ဆိုပါက တိမ်တိုက်ကို ဖန်တီးရန်နှင့် အဆောက်အအုံ နှစ်ခုလုံးကို လေထဲသို့ ပင့်တင်နိုင်ရန် လေးဆမျှ ပိုမိုသော စွမ်းအင်များကို အသုံးပြုရမည် ဖြစ်လေသည်။
အီသန်သည် သလင်းကျောက် လေးလုံးစလုံးကို စက္ကန့်အနည်းငယ်အတွင်း ပြည့်သွားစေခဲ့၏။ အပြာရင့်ရောင် တိမ်တိုက်များသည် ထောင့်လေးထောင့် စလုံးမှ ထွက်ပေါ်လာသည်။ ထို့နောက် ဖောင်းပွလာကာ အဆောက်အအုံ နှစ်ခုလုံးကို မြေပြင်မှ ပင့်မတင်လိုက်လေသည်။ အောက်ခြေရှိ လေထဲ ပင့်တင်သော အစီအရင် စက်ဝိုင်းသည်လည်း လင်းလက်လာ၏။ ၎င်းသည် စွမ်းအင် အပြည့်အဝ ရှိနေပြီး အသုံးပြုရန် အဆင်သင့် ဖြစ်နေကြောင်း ပြသနေခြင်းပင် ဖြစ်သည်။
ထို အဆင့်နိမ့် အရှင်သခင်သည် လက်ထုံကျင်သွားသည့်အလား လက်တစ်ဖက်ကို ခါယမ်းလိုက်၏။ ထို့နောက် အထဲသို့ လျှောက်ဝင်သွားလေသည်။
ကပ်ဆီးယပ်စ် နှင့် ယီရင် တို့က ဤအရာကို သာမန်ကိစ္စ တစ်ခုအနေဖြင့်သာ သဘောထားကြ၏။ သို့သော် လင်းတုန်းနှင့် ဖစ်ရှာ ဂီရှာ တို့မှာမူ အထဲသို့ မဝင်ခင် အံ့သြထိတ်လန့်နေသော အကြည့်များဖြင့် အချင်းချင်း အပြန်အလှန် ကြည့်လိုက်မိကြသည်။
အဆင့်မြင့် ရွှေအဆင့် တစ်ယောက်ဖြစ်သော သူမ အနေဖြင့်ပင် ထိုအစီအရင် စက်ဝိုင်းကို အပြည့်ဖြည့်ရန် လေးငါးရက်ခန့် အချိန်ယူရမည် ဖြစ်ကြောင်း ဂီရှာက လင်းတုန်းကို နောက်ပိုင်းတွင် ရင်ဖွင့် ပြောပြခဲ့လေသည်။
ဤကဲ့သို့ လုပ်ဆောင်နိုင်ရန် သူ့အတွက် အချိန်မည်မျှ ကြာဦးမည်ကို လင်းတုန်း တွေးတောနေမိလေ၏။
သုံးရက် အကြာတွင် လင်းတုန်းသည် ဆေးရည်များအပေါ် လေးစားတန်ဖိုးထားမှု အသစ်တစ်ခု ရရှိလာခဲ့လေသည်။
အရပ်လေးမျက်နှာ လည်ပတ်ခြင်း ဆေးလုံး သည် သူ၏ မာဒြာ လည်ပတ်မှု အမြန်နှုန်းကို နှစ်ဆ တိုးစေပြီး အမြုတေ ကို ချဲ့ထွင်ပေးကာ တိုးတက်မှုကို သိသိသာသာ မြန်ဆန်စေလေ၏။ အိုရပ်စ် သစ်သီး၊ သို့မဟုတ် ကြယ်ကြာပန်း အဖူး တို့နှင့် ခြားနားစွာပင် ၎င်းသည် ပြင်ပ စွမ်းအင်ကို သိပ်မပေးစွမ်းနိုင်ပေ။ သို့သော် လည်ပတ်စေသော အာနိသင် တစ်ခုတည်းကပင် တန်ဖိုးဖြတ်မရအောင် ကြီးမားလှလေသည်။
လင်းတုန်းသည် ကပ်ပါး လက်စွပ် ကို ဝတ်ဆင်လိုက်သည့် အခါတိုင်း သူ၏ ဝိညာဉ် ပေါ်တွင် အလေးများ ချိတ်ဆွဲထားသကဲ့သို့ ခံစားရလေ့ရှိ၏။ မာဒြာ လည်ပတ်မှုကို နှေးကွေးစေသော်လည်း မာဒြာ၏ အရည်အသွေးကိုတော့ စစ်ထုတ်ပေးလေသည်။ လက်စွပ်နှင့် ဆေးလုံးကို တွဲဖက် အသုံးပြုလိုက်သောအခါတွင် သူသည် ပုံမှန် အမြန်နှုန်း အပြည့်ဖြင့် လည်ပတ်နိုင်စွမ်း ရှိလာ၏။ ထို့အပြင် သူ၏ မာဒြာများကိုလည်း ဆက်လက် စစ်ထုတ်ပေးနေဆဲ ဖြစ်သည်။ အားထုတ်မှု တူညီသော်လည်း ရလဒ်ကတော့ နှစ်ဆ ပိုရလေသည်။
သတ္တမမြောက်နေ့တွင် သူသည် ဒုတိယမြောက် အမြုတေ ကို သံမဏိအဆင့် အထိ ရောက်ရှိအောင် သူ လုပ်ဆောင်နိုင်ခဲ့၏။ သို့သော် အမှန်တကယ်တော့ ၎င်းသည် စိတ်ပျက်စရာ တစ်ခု ဖြစ်နေခဲ့သည်။
သူ၏ ကြေးအဆင့် အမြုတေ သည် အလွယ်တကူပင် ပိုမို တောက်ပပြီး အရည်အသွေး ပိုမြင့်မားသော အမြုတေ တစ်ခုအဖြစ် သိပ်သည်းသွားခဲ့၏။ ထိုအရာက သူ၏ ဝိညာဉ် အတွင်း၌ လွင့်မျောနေသော ဒုတိယမြောက် သန့်စင်သည့် မာဒြာ ဘောလုံးနှင့် ကိုက်ညီသွားလေသည်။
သူသည် ဒုတိယမြောက် သံမဏိအဆင့် ခန္ဓာကိုယ် တစ်ခု ရရှိရန် မျှော်လင့်ထားခဲ့ကြောင်း ယီရင် ကို ရင်ဖွင့် ပြောပြခဲ့၏။ သို့သော် သူမက သူ့ကို တတိယမြောက် မျက်လုံးတစ်လုံး ပေါက်လာရန် ဆုတောင်းနေသည့်အလား ကြည့်ခဲ့လေသည်။
"နင့်မှာ ခန္ဓာကိုယ် ဘယ်နှခု ရှိလို့လဲ... တစ်ခုတည်း မဟုတ်လား... အဲဒါဆိုလည်း ရှင်းနေတာပဲလေ..."
အီသန်သည် သူ့ကို တစ်ရက်လျှင် ဆေးတစ်လုံးပေးရန် ပြင်ဆင်ထားခဲ့၏။ သို့သော် ယခုအချိန်အထိ ဆေးတစ်လုံးစီ၏ စွမ်းအင်ကို အပြည့်အဝ ချေဖျက် စုပ်ယူနိုင်ရန် လင်းတုန်း အတွက် နှစ်ရက် အချိန်ယူနေရသည်။ တစ်ပတ်အတွင်းတွင် သူသည် ဆေးသုံးလုံးကိုသာ အသုံးပြုနိုင်ခဲ့ပြီး စွမ်းအင် အနည်းငယ်မျှလည်း ကြွင်းကျန်နေသေးလေသည်။
သို့တိုင်အောင် ထိုပမာဏက မာဒြာပြား တစ်သောင်းခွဲမျှပင် ရှိလေသည်။ လူသူကင်းမဲ့သော တောရိုင်းမြေ တွင် သူတွေ့ခဲ့ရသော မာဒြာပြား သေတ္တာများ အပြည့်တင်ထားသည့် သဲမြွေပွေး လှည်းကြီးကို သူ ပြန်လည် မြင်ယောင်လာ၏။ ထိုအရာအားလုံး ပေါင်းလိုက်လျှင် တစ်သောင်းခွဲ ပြည့်မည်လားဟု သူ တွေးတောနေမိသည်။ ထူးကဲသော ရှေးဟောင်း အပျက်အစီး ထံမှ နေ့စဉ် မာဒြာပြား မည်မျှလောက်ကို သူတို့ တူးဖော်နိုင်ခဲ့ကြသနည်း။ တစ်သောင်းခွဲထက်တော့ သိပ်များမည် မဟုတ်ချေ။ ၎င်းသည် ရွှေအဆင့် များ ပါဝင်သော ဂိုဏ်းတစ်ခုလုံး ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းပင် ဖြစ်လေသည်။
လေ့ကျင့်ရေး ကွင်းထဲတွင် အမှားတစ်ခုခု မလုပ်မိခင် သစ်သားအရုပ် ခြောက်ခုကို သူ ရှင်းလင်းနိုင်နေပြီ ဖြစ်၏။ သူ အမှားလုပ်မိသည် ဆိုသည်မှာ ခြေလှမ်းမှားကာ အရိုက်ခံလိုက်ရခြင်း၊ သို့မဟုတ် သူ၏ အမြုတေ တစ်ခုခုတွင် မာဒြာ များ ကုန်ခန်းသွားခြင်းပင် ဖြစ်သည်။
ထိုအရာက သူ၏ စိတ်အားထက်သန်မှုကို လျော့ကျသွားစေရန်တော့ မလုံလောက်ခဲ့ပေ။ အကြောင်းမှာ သူသည် တိုးတက်လာနေသောကြောင့် ဖြစ်၏။ သူ၏ လှုပ်ရှားမှုများသည် ယခင် သီတင်းပတ်ကထက် ပိုမို ထက်မြက် မြန်ဆန်လာသည်။ မာဒြာ ထိန်းချုပ်မှုကလည်း ပိုမို ကောင်းမွန်လာလေသည်။ သူ ပစ်မှတ်ကို တိုက်ခိုက်လိုက်တိုင်း ထိတွေ့မှုနှင့်အတူ မာဒြာ ပမာဏ အတိအကျကို ထည့်သွင်းပေးရ၏။ နည်းလွန်းလျှင် စက်ဝိုင်းက လင်းလာမည် မဟုတ်ချေ။ များလွန်းလျှင်လည်း အပို စွမ်းအင်များ အလဟဿ ဖြစ်သွားပေလိမ့်မည်။ ထို့ကြောင့် သူ၏ ဗလာ လက်ဝါး သည်လည်း အလျင်အမြန် တိုးတက်လာ၏။ မာဒြာ များကို ပိုမို ထိရောက် တိကျစွာ ထုတ်လွှတ်နိုင်ရန် သူ သင်ယူနိုင်ခဲ့ခြင်းကြောင့် ဖြစ်လေသည်။
ကပ်ဆီးယပ်စ် နှင့် ဖစ်ရှာ ဂီရှာ တို့က သူ၏ တိုးတက်မှုကို ချီးကျူးခဲ့ကြ၏။ သို့သော် သူကတော့ ကျေနပ်ရောင့်ရဲခြင်း မရှိခဲ့ပေ။ ပထမ ရက်အနည်းငယ် ကြာပြီးနောက်တွင် သူသည် လေ့ကျင့်နေစဉ်အတွင်း ကပ်ပါး လက်စွပ် ကိုပါ ဝတ်ဆင်ထားရန် ဆုံးဖြတ်လိုက်လေတော့သည်။
ထိုလက်စွပ်သည် သူ၏ အမြုတေ ကြီးထွားလာစေရန် လည်ပတ်ရာတွင် အကူအညီဖြစ်စေရန် ရည်ရွယ်ထားခြင်း ဖြစ်၏။ တိုက်ခိုက်ရာတွင် သုံးရန် မဟုတ်ပေ။ ထို့ပြင် ၎င်းသည် ဗလာ လက်ဝါး တိုင်းအပေါ် သူ၏ ထိန်းချုပ်နိုင်စွမ်းကို နှောင့်နှေး ဟန့်တားစေလေသည်။
ထိုအရာက ဓားသွားအဖျားတွင် လေးလံသော ကျောက်တုံးကြီး တစ်တုံးကို ချည်နှောင်ကာ ဓားသိုင်း လေ့ကျင့်နေရသည်နှင့် တူနေ၏။ ထို့ကြောင့် သူ တိုက်ခိုက်လိုက်တိုင်း ထိုလက်စွပ်ကို ဆွဲချွတ်ပစ်လိုက်ချင်စိတ်များ တဖွားဖွား ပေါ်ပေါက်နေခဲ့လေသည်။
သို့သော် ကပ်ပါး လက်စွပ် ကို ဝတ်ဆင်ထားလျက်နှင့်ပင် သစ်သားအရုပ် ခြောက်ခုကို ပုံမှန် အနိုင်ယူနိုင်သည့် အခြေအနေသို့ ပြန်ရောက်လာသောအခါ၊ သူသည် အမှန်တကယ် တိုးတက်လာပြီ ဖြစ်ကြောင်း နောက်ဆုံးတွင် ခံစားလိုက်ရလေသည်။
ယီရင် အလှည့်ရောက်သောအခါ သူမသည် သူမ၏ ရွှေအမှတ်အသား ကိုသာ အသုံးပြု၍ လေ့ကျင့်ရာတွင် လင်းတုန်း တစ်ကိုယ်လုံး အသုံးပြု၍ လေ့ကျင့်သည့် တိုးတက်မှုထက် နှေးကွေးနေသဖြင့် စိတ်ပျက်နေခဲ့၏။ သူမသည် အရုပ်လေးခုကိုသာ လင်းလာအောင် လုပ်နိုင်ခဲ့ပြီးနောက် ပခုံးပေါ် ကျရောက်လာသော တိုက်ခိုက်မှုကို ကာကွယ်ရန် ဖိအားပေးခံရလေသည်။ သို့မဟုတ် ငွေရောင် ခြေလက်အင်္ဂါမှတစ်ဆင့် မာဒြာ ထည့်သွင်းမှု နည်းလွန်းသဖြင့် စက်ဝိုင်း မလင်းလာဘဲ ရှိနေတတ်၏။
သူမသည် လက်နှစ်ဖက်စလုံးကို နောက်ကျောတွင် ချည်နှောင်ထားသကဲ့သို့ ဖြစ်နေသော်လည်း လင်းတုန်း၏ နောက်သို့ တစ်နည်းနည်းဖြင့် ကျန်ရစ်နေခဲ့သည်ဟု ခံစားနေရပုံပေါ်၏။ ထို့ကြောင့် သူမသည် သူမ၏ စိတ်ပျက်ဒေါသထွက်မှုများကို သူ၏ အပေါ်တွင် ပုံချလေတော့သည်။
ထိုအရာက လုံးဝ တရားမျှတမှု မရှိဟု လင်းတုန်းကတော့ ခံစားရ၏။ သူက သူမ၏ ရွှေအမှတ်အသား ထက် အနည်းငယ်မျှ ပို၍ သန်မာလာခြင်းမှာ အဘယ်ကြောင့် သူ၏ အပြစ် ဖြစ်သွားရသနည်း။
***