← Chapters

အခန်း (၃၇၆-၃၇၈)

Vol. 26 Ch. 376-378

အခန်း (၃၇၆-၃၇၈)

Vol. 26 Ch. 376-378

အခန်း (၃၇၆) - အဆင့်မြှင့်တင်မှုအသစ်နှင့် တားဆီးမရနိုင်သော အအေးဒဏ်

ရွှီရှင်း သူ၏နာရီကို ကြည့်လိုက်ရာ မနက် ခုနစ်နာရီကျော်နေပြီ ဖြစ်သည်။

နေမင်းသည် မိုးကုတ်စက်ဝိုင်းမှ ထွက်ပေါ်လာကာ တစ်ဝက်ခန့်သာ မြင်ရသေးသော်လည်း တောအုပ်တစ်ခုလုံးကို လင်းထိန်စေခဲ့ပြီ ဖြစ်သည်။

သစ်ပင်များပေါ်တွင် ဖုံးလွှမ်းနေသော ဆီးနှင်းများက တောက်ပဖြူဖွေးသော အလင်းပြန်မှုများကို ထုတ်လွှတ်နေသဖြင့် မျက်စိများကို မှေးထားလိုက်ရ၏။

ညနေ လေးနာရီ၊ ငါးနာရီဆိုလျှင် မှောင်စပြုနေပြီဖြစ်ကာ မနက် ခုနစ်နာရီရောက်မှသာ အလင်းရောင် ရလာခြင်းဖြစ်ရာ ဆောင်းရာသီ၏ ညတာမှာ အမှန်တကယ်ပင် ရှည်လျားလှပေသည်။

"ဟင်"

အေးစိမ့်သော လေပြင်းကြောင့် နိုးလာခဲ့သော ခဲခဲလေးသည် ပြတင်းပေါက်ဘောင်ပေါ်သို့ တွားတက်ကာ အပြင်သို့ လှမ်းကြည့်လိုက်ပြီးနောက် အံ့သြတကြီး အော်ဟစ်လိုက်သည်။

"အီး"

မနေ့က နှင်းကျနေချိန်တွင် ခဲခဲလေးမှာ အိပ်မောကျနေခဲ့သဖြင့် နှင်းကျသည်ကို မမြင်လိုက်ရပါပေ။

ယခုအခါတွင်တော့ သူမသည် အလွန်အံ့သြသွားပုံရပြီး အပြင်သို့ ခေါင်းပြူ၍ လည်ပင်းရှည်ကာ ကြည့်နေရင်း ပြုတ်ကျလုနီးပါး ဖြစ်သွားသဖြင့် ရွှီရှင်းက သူမကို အမြန်ပင် ပြန်ဆွဲလိုက်ရသည်။

ပြတင်းပေါက်အပြင်ဘက်တွင် ဆီးနှင်းများသည် သစ်ပင်အိမ်၏ ထိပ်ဖျားကို ဖိထားကြသည်။

သစ်ပင်အမိုးက ရွှီရှင်း၏ အမြင်အာရုံကို မပိတ်ပင်ထားစေကာမူ ဆီးနှင်းများကတော့ ဖုံးကွယ်ထားချေပြီ။

သူသည် သစ်ပင်ထိပ်ဖျားကို လှမ်း၍ လှုပ်ခါလိုက်ရာ သူ၏ အမြင်အာရုံကို ပိတ်ထားသော ဆီးနှင်းများမှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး ရှုခင်းများကို ပြန်လည် မြင်တွေ့လိုက်ရတော့သည်။

မီတာ အနည်းငယ်အကွာရှိ ရေလှောင်ကန်သဖွယ် ဧရာမရေကန်ကြီးမှာတော့ လုံးဝကို ခဲသွားချေပြီ။

ထူထဲလှသော ရေခဲပြင်ကြီးက ရေကန်တစ်ခုလုံးကို အလုံပိတ်ထားသည်ကို အထင်အသား မြင်နေရသည်။

"ကောင်းတယ် အဲဒီရေကန်ထဲက ဧရာမမြွေကြီးလည်း အတွင်းထဲမှာ ခဲပြီး သေသွားပါစေ၊ ဒါမှ နောက်တစ်ခါ ထပ်ထွက်မလာတော့မှာ"

ရွှီရှင်းက သူ့ဘာသာ တိုးတိုးလေး ရေရွတ်လိုက်မိ၏။

နောက်ထပ် အေးစိမ့်လှသော လေပြင်းတစ်ချက် ထပ်မံတိုက်ခတ်လာရာ အရိုးထဲထိ စိမ့်သွားအောင် အေးလွန်းသဖြင့် အခန်းတွင်း အပူချိန်မှာလည်း သိသိသာသာ ထိုးဆင်းသွားခဲ့သည်။

သူ ပြတင်းပေါက်ကို အမြန်ပင် ပြန်ပိတ်လိုက်ရ၏။

နှင်းကျနေချိန်ထက် နှင်းများ အရည်ပျော်ချိန်က ပိုအေးတတ်သည် မဟုတ်ပါလား။

လက်ရှိ အပူချိန်မှာ အနုတ် ၁၀ ဒီဂရီအောက်သို့ ရောက်ရှိနေလောက်ပြီ ဖြစ်သည်။

ရွှီရှင်း၏ စိတ်ထဲတွင် မြေပုံတစ်ခု ပေါ်လာခဲ့၏။

ကံကောင်းသည်မှာ မြေပုံပေါ်တွင် အနီရောင်အစက်များ တစ်ခုမျှ မရှိသေးသဖြင့် ပတ်ဝန်းကျင်မှာ လောလောဆယ် ဘေးကင်းနေသေးကြောင်း သိလိုက်ရသည်။

ထိုအချိန်မှာပင် သူ၏ နားထဲ၌ အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

[သစ်ပင်အိမ် အလှဆင်မှတ် ၅၀၀ ကျော်လွန်နေသည်ကို စစ်ဆေးတွေ့ရှိရသဖြင့်၊ ယနေ့အတွက် ကျပန်း အဆင့်မြှင့်တင်မှုတစ်ခု ပေးအပ်ပါမည်။ ခုန်ပျံနိုင်စွမ်း မြှင့်တင်မှု ၊ အာနိသင်မှာ တစ်ရက်ကြာ ခံပါမည်။ ထို့အပြင် ယခင်ရရှိခဲ့ဖူးသော အဆင့်မြှင့်တင်မှုများထဲမှ ဒုတိယမြောက် အဆင့်မြှင့်တင်မှု တစ်ခုကိုလည်း ရွေးချယ်နိုင်ပါသည်။]

ခုန်ပျံနိုင်စွမ်း မြှင့်တင်မှုလား။

ထိုအသံ ဆုံးသွားသည်နှင့် တစ်ပြိုင်နက် သူ၏ ခြေထောက်များအတွင်းသို့ နွေးထွေးသော အရှိန်တစ်ခု စီးဝင်သွားသည်ကို ခံစားလိုက်ရပြီး၊ ခြေထောက်များမှာ အလွန်ပင် ခွန်အားပြည့်ဝနေသကဲ့သို့ ခံစားလိုက်ရသည်။

ယနေ့ ရရှိသော စွမ်းရည်မှာ ပို၍ မြင့်မားစွာ ခုန်နိုင်ခြင်းပေါ့။

သူသည် အသာအယာ တစ်ချက် ခုန်ကြည့်လိုက်၏။

"ဝိုး"

ခြေထောက်နှစ်ဖက်မှာ မြေပြင်မှ ချက်ချင်း လွတ်ထွက်သွားပြီး သူ၏ ခေါင်းမှာ မျက်နှာကျက်နှင့် တိုက်မိတော့မည့်ဆဲဆဲတွင် သူသည် လက်နှစ်ဖက်ဖြင့် မျက်နှာကျက်ကို အမြန်ပင် ကာလိုက်ရသည်။

လက်နှစ်ဖက်ဖြင့် မျက်နှာကျက်ကို မြဲမြံစွာ ဖိထားလိုက်နိုင်သဖြင့် ခေါင်းကွဲမည့် အရှက်ရဖွယ် အခြေအနေမှ လွတ်မြောက်သွားခဲ့၏။

ဒုတ် ဆိုသည့် အသံနှင့်အတူ ရွှီရှင်း မြေပြင်ပေါ်သို့ ပြန်လည် ဆင်းသက်လိုက်သည်။

"အီး"

ရွှီရှင်း၏ ရုတ်တရက် ခုန်လိုက်မှုကြောင့် လန့်သွားသော ခဲခဲလေးမှာ ခေါင်းလေးစောင်းပြီး သူ့ကို ကြည့်နေရှာသည်။

ဤခံစားချက်မှာ တကယ့်ကို အံ့သြစရာ ကောင်းလှ၏။

ခုနက သူသည် မျက်နှာကျက်နှင့် တိုက်မိမည်ကို စိုးရိမ်သဖြင့် အားစိုက်ရုံလေး စမ်းသပ်ကြည့်ခဲ့ခြင်း ဖြစ်သည်။

ထိုမျှလောက် အားစိုက်မှုလေးနှင့်ပင် မျက်နှာကျက်ကို တိုက်မိလုနီးပါး ဖြစ်သွားခဲ့ချေပြီ။

အသာအယာ လှုပ်ရှားလိုက်ရုံနှင့် သူ့ကိုယ်သူ တစ်မီတာကျော်အထိ မြှောက်တက်သွားစေခဲ့သည် မဟုတ်ပါလား။

အကယ်၍သာ သူ အားကုန်သုံး၍ ခုန်မည်ဆိုလျှင် ဘယ်လောက်အထိ မြင့်သွားမည်နည်း။

ဒါ့အပြင် သူ ခံစားနေရသည်မှာ လက်ရှိ သူ၏ ခြေထောက်များနှင့်ဆိုလျှင် အရမ်းမြင့်သောနေရာမှ ခုန်ချသည်ဖြစ်စေ ထိခိုက်ဒဏ်ရာ ရမည်မဟုတ်ဟု ဖြစ်သည်။

ပြတင်းပေါက်အပြင်ဘက်က ဆီးနှင်းအလွှာကြီးကို ကြည့်ရင်း သူသည် အပြင်သို့ ခုန်ချကာ စမ်းသပ်ကြည့်ချင်စိတ်များပင် ပေါ်လာမိသည်။

သူ၏ သစ်ပင်အိမ် တတိယထပ်မှာ အမြင့် မီတာ ၂၀ နီးပါးရှိပြီး ခြောက်ထပ် သို့မဟုတ် ခုနစ်ထပ် တိုက်တစ်လုံး၏ အမြင့်နှင့် ညီမျှသည်။

သို့သော် သူ ခုန်ချလျှင် ဘာမှဖြစ်မည်မဟုတ်ဟု ခံစားနေရဆဲပင်။

သူ ခေါင်းခါယမ်းလိုက်ပြီး ထိုအဆင်အခြင်မဲ့သော အတွေးကို ဖျောက်လိုက်ကာ ယနေ့အတွက် ဒုတိယမြောက် အဆင့်မြှင့်တင်မှုကို စတင်ရွေးချယ်လိုက်သည်။

ခေတ္တမျှ စဉ်းစားပြီးနောက် သူသည် အကြားအာရုံ မြှင့်တင်မှု ကို ရွေးချယ်လိုက်၏။

ယနေ့မှာ သားရဲလှိုင်းလုံးများနှင့် အခြားသော အခြေအနေများ ပေါ်ပေါက်လာနိုင်သဖြင့် ပတ်ဝန်းကျင်ရှိ အခြေအနေများကို အစဉ်တစိုက် သတိထားနိုင်ရန် သူ၏နားများကို လူသားရေဒါတစ်ခုကဲ့သို့ အသုံးချရန် လိုအပ်ပေသည်။

မြေပုံတွင် အကန့်အသတ်များ ရှိနေသလို သူ၏စိတ်ထဲတွင် မြေပုံကို အမြဲတမ်း စောင့်ကြည့်မနေနိုင်ပါပေ။

သို့သော် အကြားအာရုံကတော့ ထိုသို့မဟုတ်ဘဲ ပတ်ဝန်းကျင်ရှိ အသေးငယ်ဆုံးသော လှုပ်ရှားမှုများကိုပင် ကြားနိုင်သည်ဖြစ်ရာ ပတ်ဝန်းကျင်ကို အာရုံခံနိုင်သော အကောင်းဆုံး နည်းလမ်းပင် ဖြစ်၏။

အကြားအာရုံ မြှင့်တင်မှုကို ရွေးချယ်လိုက်သည်နှင့် ပတ်ဝန်းကျင်ရှိ သိမ်မွေ့သော အသံအားလုံးကို သူ ကြားလာရတော့သည်။

လောလောဆယ်တွင်တော့ ထူးခြားသော အသံတစ်ခုမျှ မရှိသေးပါပေ။

အိပ်ခန်းထဲမှ ထွက်လာသောအခါ မီမီနှင့် ငွေရောင်ဘုရင်တို့မှာ မီးလင်းဖိုဘေးတွင် ပျင်းရိစွာ လှဲလျောင်းရင်း မီးအပူရှိန်ကို ခံယူနေကြပြီး အာဖုလေးကတော့ မီမီ၏အပေါ်တွင် နားခိုနေသည်။

အပြင်ဘက်မှာ အလွန်အေးနေစေကာမူ မီးလင်းဖိုကြောင့် သစ်ပင်အိမ်အတွင်းမှာတော့ နွေးထွေးနေဆဲပင်။

ရွှီရှင်းသည် မာဟုန်ဝေထံသို့ အသံမက်ဆေ့ခ်ျ ပို့လိုက်ပြီး သူ၏အိမ်သို့ လာမည်လား သို့မဟုတ် ကိုယ့်သစ်ပင်အိမ်ကိုသာ စောင့်မည်လားဟု မေးမြန်းလိုက်၏။

"မလာတော့ဘူး။ မြှားပစ်စက်ကြီးနဲ့ အောက်ထပ်က လျှပ်စစ်ကွန်ရက် ရှိနေတာဆိုတော့ ခုခံလို့ ရဦးမှာပါ။ ကျွန်တော့် သစ်ပင်အိမ် အဖျက်ခံရပြီး အတွင်းထဲက ပစ္စည်းတွေကို ပြန်ရှင်းနေရမှာကို မလိုလားဘူး" ဟု မာဟုန်ဝေက ပြန်ဖြေသည်။

"မင်းရဲ့ အားနည်းနေတဲ့ အချိန်က မကုန်သေးဘူး မဟုတ်လား"

"မကုန်သေးဘူး၊ ဒါပေမဲ့ ရပါတယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း တိုက်ခိုက်ရေးစွမ်းအား သိပ်ရှိတာ မဟုတ်ဘူးလေ။ အခု ပြန်ရထားတဲ့ ခွန်အားနဲ့တင် ထိန်းချုပ်ရေးခလုတ်ကို ကိုင်တွယ်ဖို့ လုံလောက်နေပါပြီ"

"ကောင်းပြီလေ၊ အကယ်၍ သားရဲလှိုင်းလုံး ရောက်လာလို့ မင်း မခုခံနိုင်တော့ဘူးဆိုရင် ငါ့ကို ဆက်သွယ်လိုက်ပါ"

ရွှီရှင်း ဖုန်းချလိုက်သည်။

ထိုအချိန်တွင် သူ၏ နာရီမှာ ထပ်မံ တုန်ခါလာပြန်ရာ လုဖေးအာထံမှ အသံမက်ဆေ့ခ်ျ ဖြစ်သည်။

"မနက်စာ စားပြီးပြီလား။ ကျွန်မ အများကြီး ချက်ထားတယ်။ ဝမ်ရှီးကိုလည်း လှမ်းဆက်သွယ်ထားတယ်၊ သူမလည်း လာစားလိမ့်မယ်"

ရွှီရှင်း အနည်းငယ် အံ့သြသွားသည်။

"နင် တကယ်ပဲ လူတိုင်းအတွက် ချက်ကျွေးနေတာလား"

"ရှင်ပဲ ကျွန်မကို အားလုံးအတွက် ဟင်းချက်ဖို့ တာဝန်ပေးထားတာ မဟုတ်ဘူးလား"

"ကောင်းပြီလေ၊ ငါ အခုပဲ လာခဲ့မယ်"

ရွှီရှင်း မတတ်နိုင်ဘဲ ပြုံးလိုက်မိ၏။

လီဝမ်ရှီးသည် တကယ့်ကို အေးအေးဆေးဆေး နေတတ်သူ ဖြစ်ပေသည်။

ယခုကဲ့သို့ အရေးကြီးသော အချိန်မှာတောင် မနက်စာ လာစားဖို့ ရဲတင်းနေသည် မဟုတ်ပါလား။

ရွှီရှင်းသည် ငွေရောင်ဘုရင်နှင့် မီမီတို့အတွက် ဗီဇပြောင်းသတ္တဝါအသားအချို့ ချန်ထားခဲ့ပြီးနောက်၊ ခဲခဲလေးနှင့်အတူ သစ်ပင်အိမ်ပေါ်မှ ဆင်းလာခဲ့လေတော့၏။

အခန်း ၃၇၆ ပြီး။

အခန်း (၃၇၇) - အဆင့်မြှင့်တင်မှုအသစ်နှင့် တားဆီးမရနိုင်သော အအေးဒဏ် ၂

သစ်ပင်အိမ်၏ ထိပ်ဖျားပိုင်းမှာ ဖြူဖွေးသောဆီးနှင်းများ ဖုံးလွှမ်းနေပြီ ဖြစ်သော်လည်း ထူထဲလှသော သစ်ကိုင်းသစ်ရွက်များက ဆီးနှင်းများကို ကာကွယ်ပေးထားသဖြင့် သစ်ပင်အိမ်အောက်ခြေတွင်မူ နှင်းများ စုပုံနေခြင်း မရှိပေ။

ထို့အပြင် ရွှီရှင်း ခံစားနေရသည်မှာ သစ်ပင်အိမ်ပတ်ဝန်းကျင်ရှိ အပူချိန်မှာ အလွန်နိမ့်ကျမနေဘဲ မယုံနိုင်စရာကောင်းလောက်အောင် သုညဒီဂရီအထက်မှာ ရှိနေခြင်းပင် ဖြစ်သည်။

အသိသာဆုံးအချက်မှာ သူ သစ်ပင်အိမ်အနီးတွင် တူးထားသော ရေကန်လေးမှာ ခဲမနေခြင်းပင်။

သို့သော် သစ်ပင်အိမ်၏ မီတာ ၅၀ ပတ်လည် အပြင်ဘက်သို့ ရောက်သည်နှင့် ရေကန်ဆီသို့ သွယ်တန်းထားသော ရေမြောင်းနှစ်ခုမှာ လုံးဝ ခဲသွားချေပြီ။

အဝေးက ရေကန်ကြီးဆိုလျှင် ပြောနေစရာပင် မလိုတော့ပါပေ။

သစ်ပင်အိမ်က ပတ်ဝန်းကျင် အပူချိန်ကို မကျသွားအောင် တကယ် ထိန်းသိမ်းပေးထားတာပဲ။

ဒါက သစ်ပင်အိမ်အူတိုင်ရဲ့ စွမ်းဆောင်ရည်လား။

ကြင်ယာသင်းခွေချပ်ကြီးက မြေအောက်တွင်းထဲမှ ထွက်လာခဲ့သည်။

"ဒီအပူချိန်က အဆင်ပြေရဲ့လား။ သစ်ပင်အိမ်ထဲ ဝင်ချင်လား" ဟု ရွှီရှင်းက ကြင်ယာသင်းခွေချပ်ကို မေးလိုက်၏။

ကြင်ယာသင်းခွေချပ်က ခေါင်းခါပြသည်၊ မလိုကြောင်း အချက်ပြခြင်းပင်။

ရွှီရှင်းသည် တွင်းဝတွင် ရပ်နေရင်း အတွင်းဘက်မှ နွေးထွေးသော အငွေ့အသက်များ ထွက်ပေါ်နေသည်ကို ခံစားလိုက်ရသည်။

တွင်းအတွင်းပိုင်းက တော်တော်လေး နွေးနေတာပဲ။

ဒါက ဘယ်လို စည်းမျဉ်းမျိုးလဲ။

ရွှီရှင်း စပ်စုလိုစိတ်ဖြင့် အတွင်းသို့ ငုံ့ကြည့်လိုက်ရာ၊ သားငယ်လေး နှစ်ကောင်မှာ အပြင်သို့ ထွက်နေသော သစ်ပင်အိမ် အမြစ်များပေါ်တွင် လှဲလျောင်းရင်း အမြီးလေးများကို အပေါ်အောက် ယမ်းနေကြသည်ကို တွေ့လိုက်ရ၏။

သစ်ပင်အိမ် အမြစ်တွေလား။အမြစ်တွေက အပူထုတ်ပေးနေတာလား။

သူ တွင်းဝမှနေ၍ အောက်သို့ လျှောဆင်းသွားခဲ့သည်။

တွင်းအတွင်းပိုင်းမှာ သစ်ပင်အိမ်ထဲလောက် မနွေးသော်လည်း ဆယ်ဒီဂရီကျော် ရှိနေသေးသဖြင့် ဗီဇပြောင်း သင်းခွေချပ်များအတွက်တော့ ဘာမှ အခက်အခဲ မရှိပါပေ။

သူသည် အပြင်သို့ ထွက်နေသော အမြစ်များကို စမ်းကြည့်လိုက်ရာ ထင်သည့်အတိုင်းပင် ၎င်းတို့မှာ နွေးထွေးနေပြီး အပူရှိန်များကို ဆက်တိုက် ထုတ်လွှတ်ပေးနေသည်။

မဆန်းတော့ပါဘူး၊ သစ်ပင်အိမ်ရဲ့ မီတာ ၅၀ ပတ်လည်အတွင်းမှာ ပိုနွေးနေတာရော၊ အပင်တွေ ဆက်ပြီး ကြီးထွားနိုင်တာရောက သစ်ပင်အိမ် အမြစ်တွေရဲ့ အလုပ်လုပ်မှုကြောင့် ဖြစ်နေတာကိုး။

သူသည် သူ၏လက်ထဲတွင် ရှိနေသေးသော အသုံးမပြုရသေးသည့် အပြာရောင်အဆင့် အူတိုင်အကြောင်းကို တွေးမိသွားသည်။

၎င်းကို လက်ထဲတွင် ကိုင်ထားစဉ်ကလည်း အလားတူ လုပ်ဆောင်ချက်မျိုး ရှိခဲ့သည် မဟုတ်ပါလား။

ကြည့်ရသည်မှာ သူ၏ သစ်ပင်အိမ်ရှိ ခရမ်းရောင်အဆင့် အူတိုင်က ပေးစွမ်းထားသော စွမ်းရည်များကြောင့် အမြစ်များက အပူထုတ်ပေးနေခြင်း ဖြစ်ပုံရသည်။

"အီး..."

ခဲခဲလေးသည် သူမထက် ကြီးမားသော သင်းခွေချပ်နှစ်ကောင်ကို ကြည့်ကာ ရုတ်တရက် မတ်တတ်ရပ်ပြီး သူတို့ကို ခြောက်လှန့်ရန် လက်ကလေးများကို မြှောက်ပြလိုက်သည်။

သင်းခွေချပ် သားငယ်နှစ်ကောင်ကတော့ အမြစ်များပေါ်တွင် လဲလျောင်းလျက် အမြီးများကိုသာ ယမ်းနေပြီး ခဲခဲလေးကို အသံတစ်ချက် ပြန်ပြုလိုက်သည်။

သူမ၏ ခြောက်လှန့်မှုကို လုံးဝ ဂရုမစိုက်ကြပါပေ။

ရွှီရှင်းသည်လည်း သင်းခွေချပ်လေးများကို ခဏစနောက်ပြီးနောက် ခဲခဲလေးကို ခေါ်ကာ မြေပြင်ပေါ်သို့ ပြန်တက်လာခဲ့သည်။

သစ်ပင်အမိုး၏ အကာအကွယ် အပြင်ဘက်သို့ ရောက်သည်နှင့် မြေပြင်ပေါ်ရှိ ဆီးနှင်းများမှာ တစ်မီတာနီးပါး ထူထဲနေပြီဖြစ်ရာ လှုပ်ရှားသွားလာမှုကို အတော်လေး အနှောင့်အယှက် ပေးနေတော့သည်။

ရွှီရှင်း ဆီးနှင်းပုံထဲသို့ ခြေချလိုက်၏။

မနေ့ညက ကျထားသော နှင်းများဖြစ်သဖြင့် အတော်လေး နူးညံ့နေသေးသည်။

သူသည် သစ်ပင်အမိုးကြားတွင် ဖုံးကွယ်နေသော သစ်ပင်အိမ် ပြတင်းပေါက်ကို မော့ကြည့်လိုက်ပြီး ခန္ဓာကိုယ်ကို အနည်းငယ် ကိုင်းလိုက်သည်။

"အီး...အီး"

သူသည် ရုတ်တရက် အရှိန်ဖြင့် အပေါ်သို့ ခုန်တက်လိုက်ရာ တစ်ခဏအတွင်းမှာပင် ဒုံးပျံတစ်စင်းကဲ့သို့ ကောင်းကင်ပေါ်သို့ ပျံတက်သွားတော့သည်။

"အီး...အီး"

ခဲခဲလေးမှာ ကြောက်လန့်တကြား အော်ဟစ်ရင်း သူမ၏ ခြေသည်းလေးလေးဘက်ဖြင့် သူ့ကို မြဲမြံစွာ ဖက်ထားရှာသည်။

ရွှီရှင်း အမြင့်ဆုံးသို့ ရောက်သွားပြီး သစ်ပင်အိမ်ထဲ ဝင်ရန် အမြစ်များကို ထိန်းချုပ်လိုက်သည့်အခါ သစ်ပင်အမိုးမှာ သူ့ကို မတိုက်မိစေရန် ဘေးသို့ ဖယ်ပေးလိုက်သည်။

သူသည် သစ်ပင်အိမ် ပြတင်းပေါက်ကို လှမ်းဆွဲလိုက်ပြီး လက်မောင်းအင်အားကို သုံးကာ ပြတင်းပေါက်ဘောင်ပေါ်တွင် ဟန်ပါပါ ထိုင်လိုက်တော့သည်။

"ဟ လခွမ်း..."

မီတာ ၂၀ ခန့်ရှိသော အောက်ခြေမြေပြင်ကို ငုံ့ကြည့်ရင်း သူကိုယ်တိုင်ပင် ဤခုန်ချက်ကြောင့် အံ့သြသွားမိသည်။

အခု သူ၏နောက်ကျောဘက်မှာ သစ်ပင်အိမ်၏ တတိယထပ် ဖြစ်နေချေပြီ။

တစ်ခါခုန်ယုံနဲ့တင် အမြင့် မီတာ ၂၀ အထိ ရောက်သွားတာလား။

ဒါတောင် သူ အားကုန်သုံးထားတာ မဟုတ်ပေ၊ ဒီထက်ပိုပြီး မြင့်အောင် ခုန်နိုင်ဦးမည်ဟု သူ ခံစားနေရသည်။

တကယ့်ကို အစွမ်းထက်လှတဲ့ ခုန်ပျံနိုင်စွမ်း မြှင့်တင်မှုပင်။

"အီး"

ခဲခဲလေးမှာ ပြတင်းပေါက်ဘောင်ပေါ်သို့ တိုက်ရိုက် ခုန်တက်သွားပြီး ရွှီရှင်းကို လက်ကလေးဝေ့ယမ်းကာ ဒေါသတကြီး ဆန္ဒပြနေတော့သည်။

"အီး...အီး"

သူမ တကယ်ကို ကြောက်သွားရှာခြင်းပင်။

"ကဲပါ ခဲခဲလေးရယ်၊ အောက်ပြန်ဆင်းကြရအောင်"

ရွှီရှင်း ပြတင်းပေါက်ဘောင်ပေါ်တွင် ထိုင်နေရာမှ ခဲခဲလေးကို ပွေ့ချီကာ အောက်သို့ တန်းတန်းမတ်မတ် ခုန်ချလိုက်ပြန်သည်။

"အီး" ခဲခဲလေး နောက်တစ်ကြိမ် အော်ဟစ်လိုက်ပြန်၏။

"ဖွတ်"

ရွှီရှင်း ဆီးနှင်းပုံထဲသို့ ဘာဒဏ်ရာမှမရဘဲ ဆင်းသက်နိုင်ခဲ့သော်လည်း ခဲခဲလေး၏ လက်သည်းလေးများကတော့ သူ ဒဏ်ရာရသွားမလားဆိုပြီး သူ့တစ်ကိုယ်လုံးကို စမ်းသပ်စစ်ဆေးနေရှာသည်။

ဒီခုန်ပျံနိုင်စွမ်း မြှင့်တင်မှုက တကယ့်ကို မယုံနိုင်စရာကောင်းတဲ့ စွမ်းရည်တစ်ခုပဲ။

အမြင့်ကြီးကို ခုန်တက်နိုင်ရုံတင်မကဘဲ အမြင့်ကနေ ခုန်ချတဲ့အခါမှာလည်း ခြေထောက်တွေက အရှိန်အားလုံးကို ဘာဒဏ်ရာမှမရအောင် စုပ်ယူပေးနိုင်သည် မဟုတ်ပါလား။

"ကဲ တော်တော့၊ ကြည့်ဦး... ငါ ဘာမှမဖြစ်ပါဘူး"

ရွှီရှင်းသည် သူ၏ရင်ခွင်ထဲတွင် တုန်ရီနေဆဲဖြစ်သော ခဲခဲလေး၏ ခေါင်းလေးကို အသာအယာ ပုတ်ပေးပြီးနောက် အပြင်သို့ ဆက်လက် လျှောက်လှမ်းခဲ့သည်။

အဝေးသို့ လျှောက်သွားလေလေ အပူချိန်မှာ တဖြည်းဖြည်း နိမ့်ကျလာသည်ကို သူ ပိုမိုခံစားလာရလေဖြစ်သည်။

"အီး..."

ခဲခဲလေးသည် ကိုယ်ကို လုံးထားပြီး သူ၏ရင်ခွင်ထဲသို့ ပို၍ တိုးဝင်ကာ၊ အမြီးကြီးကို ပတ်၍ အအေးဒဏ်ကို ခုခံနေရှာသည်။

"ဟူးးး"

နှင်းများကို တိုးဝှေ့ရင်း အပြင်ဘက်သို့ လျှောက်လာရာ သစ်ပင်အိမ်နှင့် မီတာ ၅၀ ခန့်အကွာသို့ ရောက်သောအခါ သူ အသက်ရှူလိုက်တိုင်း အဖြူရောင်အငွေ့များ ထွက်ပေါ်လာပြီး လည်ပင်းကို ကျုံ့ထားလိုက်မိသည်။

စူးရှလှသော အအေးဒဏ်မှာ သူ၏ ခရမ်းရောင်အဆင့် မြွေကြေးခွံချပ်ဝတ်ကို ထိုးဖောက်ကာ ခန္ဓာကိုယ်အတွင်းသို့ စိမ့်ဝင်လာပြီး ပျောက်ကွယ်နေသည်မှာ ကြာပြီဖြစ်သော အအေးဒဏ်ကို ပြန်လည် ခံစားလိုက်ရသည်။

ဒီအပူချိန်ကတော့ အနုတ် ၂၀ ဒီဂရီဝန်းကျင်လောက် ရှိနေပြီ ထင်တယ်။

သူ၏ ချပ်ဝတ်မှာ အပူထိန်းနိုင်စွမ်း အလုပ်မဖြစ်တော့ပါပေ။

အခြားလူများ၏ အပြာရောင်အဆင့် ဝတ်စုံများဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့ချေ၊ သေချာပေါက် အသုံးမဝင်တော့ပေ။

ရွှီရှင်း လက်လှမ်း၍ ဗို့အားမြင့်တံခါးကို တွန်းဖွင့်လိုက်ရာ၊ သံနန်းကြိုးမှာ အလွန်အမင်း အေးစိမ့်နေသဖြင့် သူ၏လက်များကို အချင်းချင်း ပွတ်လိုက်ရသည်။

ထိုအချိန်တွင် သူ၏ဘေးနားရှိ တည်နေရာကူးပြောင်းစက် အထက်တွင် ခရမ်းရောင် ဝဲဂယက်တစ်ခု စတင်ဖြစ်ပေါ်လာပြီး ထူးခြားသောအသံနှင့်အတူ နေရာကူးပြောင်းရေးတံခါး၏ ထွက်ပေါက် ပွင့်လာခဲ့သည်။

ခရမ်းနက်ရောင် ဝဲဂယက်၏ လှိုင်းထန်မှုအတွင်းမှ လီဝမ်ရှီး ခုန်ထွက်လာခဲ့၏။

သူမ၏ ခြေထောက်မှာ တစ်မီတာခန့် ထူသော ဆီးနှင်းများထဲသို့ နစ်ဝင်သွားပြီး မျက်နှာလေးမှာလည်း အအေးဒဏ်ကြောင့် နီမြန်းနေရှာသည်။

သူမသည် ရွှီရှင်းကို ချက်ချင်း မြင်လိုက်ရပြီး အံ့သြမနေဘဲ သူ့ထံသို့ ပြေးလာကာ ဖက်လိုက်တော့သည်။

"အရမ်းအေးတာပဲ။ အို... ခဲခဲလေးလား"

သူမသည် သူတို့ကြားထဲတွင် ညပ်နေသော ခဲခဲလေး၏ ခေါင်းလေးကို လှမ်း၍ ပုတ်ပေးလိုက်၏။

"အီး"

ခဲခဲလေးက ပြန်ထူးလိုက်သည်။

သူမသည် အပြာရောင်အဆင့် သားရေချပ်ဝတ်ကို ဝတ်ထားသော်လည်း၊ သူမ၏ ခန္ဓာကိုယ်မှာ အေးစိမ့်လှသော အအေးဒဏ်ကြောင့် တုန်ရီနေသည်ကို ရွှီရှင်း ခံစားလိုက်ရသည်။

"ဒီချပ်ဝတ်က အရမ်းအေးတာပဲ"

လီဝမ်ရှီးသည် ရွှီရှင်း၏ လက်ကို ဆွဲယူကာ သူမ၏ မျက်နှာတွင် ကပ်ထားလိုက်သည်။

ရွှီရှင်း၏ လက်များမှာ အေးစိမ့်သော်လည်း နွေးထွေးသော ခံစားချက်ကို ရရှိသွားသည့်အခါ လီဝမ်ရှီး၏ မျက်နှာတွင် သက်သောင့်သက်သာရှိသော အမူအရာ ပေါ်လာခဲ့၏။

"ရှင့်လက်တွေက တော်တော်နွေးတာပဲ..."

"ဒီလောက်အေးတာကို လာသေးတယ်၊ တစ်ယောက်တည်းလား" ဟု ရွှီရှင်းက သူမ၏ အေးစိမ့်နေသော ပါးလေးကို အသာအယာ ဆွဲညှစ်ရင်း မေးလိုက်သည်။

"အင်း၊ ယာကျွင်းနဲ့ လဲ့ယိုဖန်းကတော့ အခု ငါ့သစ်ပင်အိမ်ထဲမှာ။ ထူးဆန်းတာက သူတို့တွေက ငါ့သစ်ပင်အိမ်ရဲ့ ထိန်းချုပ်ရေးခလုတ်ကို ကိုင်တွယ်လို့ ရနေတယ်လေ။ အဲဒါကြောင့် သူတို့ကို စောင့်ခိုင်းထားခဲ့ပြီး ငါကတော့ ထမင်းလာခိုးစားတာ၊ စားပြီးရင် ပြန်မှာပါ၊ ဟိဟိ... အား... ဟတ်ချိုး"

လီဝမ်ရှီး နှာချေလိုက်ပြီး နှာခေါင်းကို ပွတ်လိုက်သည်။

"ဟို... အရမ်းအေးတယ်၊ အမြန်အထဲဝင်ကြရအောင်"

"ကောင်းပြီ၊ သွားကြစို့"

သူတို့နှစ်ဦးသည် နှင်းများကို တိုးဝှေ့ရင်း လုဖေးအာ၏ သစ်ပင်အိမ်ဆီသို့ လျှောက်လှမ်းခဲ့ကြသည်။

"နှင်းတွေက တကယ်ထူတာပဲ၊ အပြင်မှာ လှုပ်ရှားရတာတောင် တော်တော်ခက်တယ်"

လီဝမ်ရှီးသည် သူမ၏ ခြေထောက်များကို သုံး၍ ရှေ့ကနှင်းများကို ဖယ်ရှားရင်း တစ်ခါတစ်ရံ နှင်းများကို ကန်ထုတ်နေမိသည်။

"ဒါပေမဲ့ ဒါကြောင့်ပဲ သားရဲလှိုင်းထဲက သားရဲတွေလည်း လှုပ်ရှားရ ခက်သွားလိမ့်မယ်။ တစ်နည်းအားဖြင့်တော့ ဒါဟာ သဘာဝအတားအဆီးတစ်ခုပဲပေါ့"

ရွှီရှင်းက ဒါကို ကောင်းကွက်တစ်ခုအဖြစ် မြင်လိုက်သည်။

"အဲဒါတော့ ဟုတ်တယ်"

ရွှီရှင်း နောက်ထပ် ကိစ္စတစ်ခုကို စဉ်းစားမိသွားသည်။

လီဝမ်ရှီး အခုလေးတင် ပြောခဲ့တဲ့လီယာကျွင်းနဲ့ လဲ့ယိုဖန်းတို့က သူမရဲ့ သစ်ပင်အိမ် ထိန်းချုပ်ရေးခလုတ်ကို ကိုင်တွယ်လို့ ရနေတယ်ဆိုတဲ့ အချက်ပင်။

သူ့စိတ်ထဲတွင် ပိုမိုရှင်းလင်းသော အတွေးအချို့ ပေါ်လာခဲ့သည်။

လုဖေးအာသည်လည်း မာဟုန်ဝေ၏ ကပ်ပါးသစ်ပင်အိမ် ထိန်းချုပ်ရေးခလုတ်ကို ကိုင်တွယ်နိုင်ခဲ့သည် မဟုတ်ပါလား။

ထို့ပြင် မြေပုံပေါ်တွင် လီဝမ်ရှီးသည် မည်သည့်အလင်းစက်မျှ မရှိဘဲ ဖြစ်နေသော်လည်း၊ လုဖေးအာနှင့် မာဟုန်ဝေတို့မှာမူ အစိမ်းရောင် မိတ်ဆွေအမှတ်အသားများအဖြစ် ပြနေသည်။

ဒါဟာ သူ့အား တစ်ခုခုကို ညွှန်ပြနေသည်။

လီဝမ်ရှီးသည် လောလောဆယ်တွင် ကြားနေယူနစ် အဖြစ်သာ ရှိနေသေးပြီး၊ လုဖေးအာနှင့် မာဟုန်ဝေတို့မှာမူ မိတ်ဆွေ များအဖြစ် သတ်မှတ်ခံထားရခြင်းပင်။

အရင်ကတော့ ဒါဟာ စာချုပ်ကြောင့်လို့ သူ ထင်ခဲ့မိသည်။

မဟုတ်ချေ၊ စာချုပ်ကြောင့်ဆိုတာလည်း မှန်ပါ၏။

ဘာလို့လဲဆိုတော့ စာချုပ်ချုပ်လိုက်တဲ့ ခဏမှာပဲ သူတို့ရဲ့ အလင်းစက်က အနီရောင်ကနေ အစိမ်းရောင်ကို ပြောင်းသွားတာဖြစ်လို့ပင်။

ဒါပေမဲ့ စာချုပ်မရှိဘဲနဲ့တောင် ပင်မသစ်ပင်အိမ်တစ်ခုတည်းရဲ့ အောက်မှာ ကပ်ပါးနေထိုင်ခြင်းက မိတ်ဆွေယူနစ်တွေအဖြစ် သတ်မှတ်ခံရခြင်းကို ဆိုလိုတာများလား။

အဲ့ဒါကြောင့်မို့လို့ သူတို့တွေက တစ်ယောက်နဲ့တစ်ယောက်ရဲ့ သစ်ပင်အိမ် အဝင်အထွက်ကိုတော့ ထိန်းချုပ်လို့မရဘဲ သစ်ပင်အိမ်အတွင်းက အရာတွေကိုတော့ ထိန်းချုပ်နိုင်ကြတာ ဖြစ်ရမယ်။

ဒါ သေချာပေါက်အဲ့လို ဖြစ်ရမယ်။

ဒါဆိုရင်တော့ ကိစ္စတွေက ပိုပြီး ရိုးရှင်းသွားလေပြီ။

ဒါပေမဲ့...

သူနဲ့ လီဝမ်ရှီးကတော့ အခုထိ မိတ်ဆွေတွေအဖြစ် သတ်မှတ်မခံရသေးချေ။

နောက်ကျရင်ရော ဘယ်လိုတွေဖြစ်လာလောက်မလဲ။

အခန်း ၃၇၇ ပြီး။

အပိုင်း (၃၇၈) - ဆီးနှင်းမျက်နှာပြင်အောက်က အန္တရာယ်အသစ်

လုဖေးအာသည်လည်း ပြတင်းပေါက်မှ ခေါင်းပြူထွက်လာသည်။

နေရာကူးပြောင်းရေးတံခါး ပွင့်သွားသည့်အသံမှာ အလွန်ပင် သိသာလှပေရာ သူမတင်မက မီတာ နှစ်ရာ၊ သုံးရာ အကွာရှိ မာဟုန်ဝေပင်လျှင် ထိုအသံကို ကြားနိုင်ပေလိမ့်မည်။

"မြန်မြန်ဝင်လာကြ၊ အပြင်မှာ အရမ်းအေးတယ်"

ရွှီရှင်းနှင့် လီဝမ်ရှီးတို့နှစ်ဦးစလုံး အရှိန်မြှင့်၍ လျှောက်လာကြသည်။

လုဖေးအာ၏ သစ်ပင်အိမ်အတွင်းသို့ ရောက်ရှိသွားသောအခါမှသာ ထိုနှစ်ဦးစလုံး သက်ပြင်းရှည်ကြီးကို စိတ်အေးလက်အေး ချနိုင်တော့သည်။

ဤကပ်ပါးသစ်ပင်အိမ်၏ ပတ်လည် မီတာတစ်ဆယ်ခန့်တွင်လည်း အပူချိန်မှာ သုညဒီဂရီအထက်တွင် ရှိနေသည်။

သူ၏ မြွေကြေးခွံချပ်ဝတ်မှာ ဤအပူချိန်ကို အေးအေးဆေးဆေး ခံနိုင်ရည်ရှိပေသည်။

ဤအပူချိန် ထိန်းညှိနိုင်သော နယ်ပယ်မှာ အပင်စိုက်ပျိုးနိုင်သော ဧရိယာနှင့် ဆင်တူလှ၏။

ကပ်ပါးသစ်ပင်အိမ်မှာ အူတိုင်မရှိစေကာမူ ၎င်း၏ အမြစ်များမှတစ်ဆင့် ပင်မသစ်ပင်အိမ်ထံမှ စွမ်းအင်ကို ရယူနိုင်သဖြင့် ပတ်ဝန်းကျင် အပူချိန်ကို သုညဒီဂရီအထက်မှာ ထိန်းသိမ်းပေးထားနိုင်ခြင်း ဖြစ်သည်။

ရွှီရှင်း ပြတင်းပေါက်မှ အပြင်သို့ လှမ်းကြည့်လိုက်သည်။

မနေ့ညက စိုက်ခဲ့သော ညောင်ပင်မှာ ကြီးထွားမှုပြည့်စုံရန် နောက်ထပ် တစ်နာရီခန့် လိုသေးသည်။

ယခုအခါတွင်တော့ ၎င်းမှာ စိမ်းလန်းစိုပြည်နေပြီး အစိမ်းရောင်စိုနေသော အမိုးကြီးပေါ်တွင်လည်း ဆီးနှင်းများ ဖုံးလွှမ်းနေချေပြီ။

ကြည့်ရသည်မှာ ဆီးနှင်းတွေကြားမှာလည်း ဆက်လက် ကြီးထွားနိုင်ပုံရပေသည်။

"ဝါး... ဘာတွေချက်နေတာလဲ၊ စတိပ် တွေလား"

လီဝမ်ရှီးမှာ ထမင်းစားပွဲပေါ်က ဟင်းလျာများ၏ ဆွဲဆောင်မှုကို ခံလိုက်ရပြီ ဖြစ်သည်။

သူမသည် ရွှီရှင်း၏ လက်မောင်းကို လွှတ်လိုက်ပြီး စားပွဲဆီသို့ လျှောက်သွားတော့သည်။

ရွှီရှင်းလည်း လှမ်းကြည့်လိုက်၏။

စားပွဲပေါ်တွင် နူးညံ့ပျော့ပျောင်းပြီး အရည်ရွှမ်းမည့်ပုံပေါ်သော စတိပ် ငါးပွဲ ရှိနေသည်။

၎င်းမှ ထွက်ပေါ်နေသော မွှေးပျံ့လှသော ရနံ့ကြောင့် သူ မသိလိုက်ဘဲ တံတွေးပင် မျိုချမိသွားရသည်။

စတိပ်တစ်ပွဲချင်းစီကို လတ်လတ်ဆတ်ဆတ် ညှစ်ထားသော သစ်သီးဖျော်ရည် တစ်ခွက်စီဖြင့် တွဲဖက်ထားရာ မြင်ရုံနှင့်တင် အတော်လေး အစာစားချင်စိတ်ကို နှိုးဆွပေးနိုင်လှပေသည်။

ဤဟင်းချက်ကျွမ်းကျင်မှုမှာတော့ သူ့ထက် အများကြီး သာလွန်သည်မှာ အမှန်ပင်။

"လူအများကြီး လာမယ်ထင်လို့ ပိုပြီး ပြင်ဆင်ထားတာ"

လုဖေးအာက အပြင်ဘက်ကို တစ်ချက် လှမ်းကြည့်လိုက်ရင်း "တခြားသူတွေ မလာဘူးဆိုတော့လည်း ငါတို့ သုံးယောက်ပဲ စားကြတာပေါ့"

"အီး"

ခဲခဲလေးကလည်း သူမလည်း စားချင်ကြောင်း အသံပြုလိုက်သည်။

"အေးပါ၊ အေးပါ၊ နင့်ကိုလည်း တစ်ပွဲပေးမယ်။ ဒါပေမဲ့ ငါ့ကို အထိခံရမယ်နော်"

"အီး အီး"

ခဲခဲလေး ခေါင်းညိတ်ပြကာ သဘောတူညီမှု ရယူလိုက်သည်။

အပြင်ဘက်က ဆီးနှင်းရှုခင်းကို ကြည့်ရင်း သူတို့သုံးဦးသည် အရသာရှိလှသော စားသောက်ပွဲကြီးကို နှစ်ခြိုက်စွာ စားသောက်ကြတော့သည်။

"အား... ဗိုက်ကို တင်းနေတာပဲ"

လီဝမ်ရှီးသည် အနည်းငယ် ဖောင်းတက်လာသော သူမ၏ ဝမ်းဗိုက်လေးကို ပုတ်ရင်း ကုလားထိုင်ပေါ်တွင် မှီချလိုက်သည်။

"ငါ အများကြီး စားမိသွားပြီ ထင်တယ်..."

"ဘယ်သူက အဲဒီလောက် အများကြီး စားခိုင်းလို့လဲ" ဟု ရွှီရှင်းက မတတ်နိုင်ဘဲ ပြောလိုက်မိသည်။

သူမသည် ပိုနေသော စတိပ်ပွဲကိုပင် စားလိုက်သောကြောင့် သူစားသည်ထက်ပင် ပို၍ များနေသေးသည်။

"ဒါပေမဲ့ ဖေးအာရဲ့ စတိပ်က တကယ် အရသာရှိတာကိုး"

"အီး..."

ခဲခဲလေးသည်လည်း စားပွဲပေါ်တွင် ပက်လက်လေး လှဲလျောင်းရင်း သူမ၏ ဗိုက်ကလေးကို ဖော်ကာ လီဝမ်ရှီး၏ စကားကို ထောက်ခံသည့်အနေဖြင့် အသံပြုလိုက်၏။

"တွေ့လား၊ ငါက ဟင်းချက် တော်တယ်ဆိုတာ"

လုဖေးအာသည် ရွှီရှင်းကို ဂုဏ်ယူဝင့်ကြွားသော အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။

"ငါပြောသားပဲ၊ ရှင့်ရဲ့ ကင်ထားတဲ့ အသားတွေက သာမန်ပါပဲဆိုတာ အခု ယုံပြီလား" ဆိုသည့် ပုံစံမျိုးပင်။

လီဝမ်ရှီးသည် ကျေနပ်အားရသော အပြုံးဖြင့် ရွှီရှင်း၏ လက်မောင်းပေါ်သို့ ခေါင်းမှီလိုက်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။

"အရာအားလုံးသာ အမြဲတမ်း ဒီလိုပဲ ဖြစ်နေရင် ကောင်းမှာပဲနော်..."

အကယ်၍သာ သူတို့တွေဟာ ဒီကမ္ဘာမှာ ဒီလိုမျိုးပဲ အမြဲတမ်း နေထိုင်သွားနိုင်မယ်ဆိုရင်...။

"ဟင်"

ရွှီရှင်း၏ မျက်ခုံးများ အနည်းငယ် လှုပ်ခတ်သွားသည်။

သိမ်မွေ့လှသော ထူးဆန်းသည့် အသံတစ်ခု သူ၏ နားထဲသို့ စီးဝင်လာ၏။

အရာအားလုံး အဆင်ပြေနေလိုက်တာဟု သူ တွေးနေခိုက်မှာပင် ထူးဆန်းသော အသံတစ်ခုက ရောက်ရှိလာခြင်း ဖြစ်၏။

"ဘာဖြစ်လို့လဲ"

ရွှီရှင်း၏ ရုတ်တရက် အမူအရာကြောင့် လီဝမ်ရှီးနှင့် လုဖေးအာတို့က သူ့ကို လှမ်းကြည့်လိုက်ကြသည်။

"အားလုံး ခဏလောက် တိတ်တိတ်နေကြ"

ရွှီရှင်းသည် မျက်လုံးများကို မှေးထားရင်း အာရုံစိုက်၍ နားထောင်လိုက်သည်။

အသံမှာ သိပ်မကျယ်လှသော်လည်း အဆက်မပြတ် ကြားနေရသည်။

အလွန်ထူးဆန်းသော်လည်း တစ်နေရာရာမှာ ကြားဖူးသလိုလို ရှိနေသည့် အသံမျိုးပင်။

သူ့စိတ်ထဲတွင် မြေပုံတစ်ခု ပေါ်လာသော်လည်း မြေပုံပေါ်တွင် အနီရောင်အစက်များ တစ်စက်မျှ မရှိသေးပါပေ။

ဒါက ဘာကို ဆိုလိုတာလဲ။

ထိုအချိန်မှာပင် စူးစမ်းရှာဖွေသူ အဖွဲ့ဝင်များထဲမှ ကျိချောင်းယန်က စကားပြောလာသည်။

"ငါ့သစ်ပင်အိမ် ပတ်ဝန်းကျင်မှာ ထူးဆန်းတဲ့ အရာတစ်ခု ရှိနေတယ်၊ တကယ့်ကို ထူးဆန်းတဲ့ အသံပဲ။ အားလုံး သတိထားကြပါ၊ အန္တရာယ်က နီးကပ်လာနေပြီ ထင်တယ်။ သတိနဲ့ နေကြပါ။ ဒါနဲ့ ရွှီရှင်း... မင်းရဲ့ မြေပုံပေါ်မှာ တစ်ခုခု မြင်ရလား"

သူလည်း ဒီအသံကို ကြားရတာလား။

ကြည့်ရသည်မှာ သူသည်လည်း ရွှီရှင်းကဲ့သို့ပင် အလှဆင်မှတ် ၅၀၀ ကျော်သဖြင့် ယခင်ရရှိခဲ့သော အဆင့်မြှင့်တင်မှုများထဲမှ အကြားအာရုံ မြှင့်တင်မှုကို ရွေးချယ်ထားပုံရသည်။

ရွှီရှင်း ချက်ချင်းပင် ပြန်ဖြေလိုက်သည်။

"လောလောဆယ်တော့ ငါ့ဘက်မှာ ဘာမှ မတွေ့ရသေးဘူး၊ ဒါပေမဲ့ တကယ့်ကို ထူးဆန်းတဲ့ အသံတွေကိုတော့ ငါလည်း ကြားနေရတယ်။ အားလုံးပဲ သတိထားကြပါ"

သူသည် ဒေသတွင်းချန်နယ်တွင်လည်း ထိုသတင်းစကားကို တင်လိုက်သလို ကျိချောင်းယန်ကလည်း တင်လိုက်သည်။

ထိပ်သီးနှစ်ဦးစလုံးက တစ်ပြိုင်နက်တည်း စကားပြောလာသောအခါ ဆီးနှင်းတွေ ဘယ်လောက်ထူသလဲ၊ နှင်းထဲမှာ လူးလိမ့်ရတာ ဘယ်လောက်ပျော်စရာကောင်းသလဲဟု ပြောဆိုနေကြသော ရှင်ကျန်သူများမှာ ရုတ်တရက် တင်းမာသွားကြတော့သည်။

"ဒီလောက်တောင် မြန်တာလား။ ရှစ်နာရီတောင် မထိုးသေးဘူးလေ။ ပုံမှန်ဆို ကိုးနာရီမှ စတာ မဟုတ်ဘူးလား"

"မင်းက ပထမအဆင့်မှာပဲ ကျန်ခဲ့တာလား။ ဒါက ဒုတိယအဆင့်လေ၊ အချိန်အတိအကျ မရှိဘူး"

"ပြီးခဲ့တဲ့ အကြိမ်က သားရဲလှိုင်းလာတုန်းက ကိုးနာရီ မဟုတ်ဘူး။ ငါမှတ်မိသလောက်ဆို မနက် ၆ နာရီလောက်ကြီး။ အဲဒါကြောင့် ငါ ဒီနေ့ စောစောထနေတာ၊ အခုထိတော့ မလာသေးဘူး"

"သူတို့ပြောတဲ့ အသံက ဘာအသံလဲ။ ငါ ဘာလို့ မကြားရတာလဲ။ ထိပ်သီးကြီးတွေရဲ့ အကြားအာရုံက ငါတို့ထက် ပိုကောင်းနေလို့လား"

"ပိုကောင်းတာပေါ့၊ အဲဒါကြောင့် သူတို့က ထိပ်သီးတွေ ဖြစ်နေတာလေ။ သူတို့က အာလ်ထရာမန်း အဖြစ် ပြောင်းလဲနိုင်တယ်လို့ ပြောရင်တောင် ငါကတော့ ယုံမှာပဲ"

"ငါ့ရဲ့ ဒူးလေးတွေကတော့ တိုက်ချင်ခိုက်ချင်စိတ်တွေ ပြင်းပြနေပြီဟေ့"

"ထူးဆန်းတဲ့ အသံလား"

လီဝမ်ရှီးနှင့် လုဖေးအာတို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။

သူတို့နှစ်ဦးမှာတော့ ဘာအသံမှ မကြားရပါပေ။

"ကောင်းပြီ"

ရွှီရှင်း မတ်တတ်ရပ်လိုက်၏။

"တစ်ခုခု ဖြစ်လာနိုင်တာမို့လို့ မင်းလည်း မင်းရဲ့ သစ်ပင်အိမ်ကို ပြန်ပြီး ကာကွယ်တာ အကောင်းဆုံးပဲ"

"အင်း၊ ဟုတ်ပြီ"

လီဝမ်ရှီးက ချက်ချင်းပင် ခေါင်းညိတ်ကာ ထရပ်လိုက်ပြီး စပ်စုလိုစိတ်ဖြင့် မေးလိုက်သည်။

"ဒါနဲ့... ဘာလို့ ရှင်က ကြားရပြီး ကျွန်မတို့ကျတော့ မကြားရတာလဲ။ အဲဒါက ထူးထူးခြားခြား အသံမျိုးလား"

လုဖေးအာကတော့ အံ့သြမနေပါပေ။

သူမသည် ရွှီရှင်း၏ အံ့မခန်းလှသော အကြားအာရုံအကြောင်းကို သိထားပြီးသား ဖြစ်သည်။

အကယ်၍ ရွှီရှင်းသာ ထိုမျှလောက် အကြားအာရုံ မကောင်းခဲ့လျှင် သူမသည် ယခုကဲ့သို့ အဖမ်းခံရမည့် အခြေအနေမျိုး ရောက်ရှိလာမည် မဟုတ်ပါချေ။

အခန်း ၃၇၈ ပြီး။

All Chapters