အခန်း (၃၈၈-၃၉၀)
Vol. 26 Ch. 388-390
အခန်း (၃၈၈) - ရူးသွပ်ဖွယ် ဆီးနှင်းမုန်တိုင်း နှင့် ဝိုင်းရံခံထားရသော သစ်ပင်အိမ် ၃
သူ၏ ကပ်ပါးသစ်ပင်အိမ် နှစ်လုံးမှာတော့ ဝိုင်းရံခံထားရခြင်း မရှိပါပေ။
၎င်းမှာ အတွင်း၌ ရှင်ကျန်သူများ မရှိခြင်းကြောင့်လား။
သူ ပြတင်းပေါက်မှ အပြင်သို့ လှမ်းကြည့်လိုက်ရာ၊ ဆီးနှင်းမုန်တိုင်းမှာ ပိုမိုဆိုးရွားလာရုံတင်မကဘဲ မိုးသီးများပါ ရောနှောပါဝင်လာခဲ့သည်။
သစ်ပင်အမိုးမှာ ဆက်တိုက်ဆိုသလို ဖရိုဖရဲ ဖြစ်နေပြီး သစ်ရွက်များစွာမှာလည်း စုတ်ပြဲကာ သစ်ပင်အိမ်မှ လွင့်စင်ထွက်သွားပြီး ကြောက်မက်ဖွယ် ဆီးနှင်းမုန်တိုင်းအတွင်းသို့ ပါဝင်သွားကြတော့သည်။
သစ်ပင်အမိုးမှာ လေနှင့်အတူ ပြန့်ကျဲသွားသည့်အခါ ကျောက်ခဲအသေးစားခန့်ရှိသော မိုးသီးများမှာ သူ၏ ပြတင်းပေါက်များကို အရူးအမူး လာရောက်ရိုက်ခတ်ပြီး မှန်သားပြင်များကို ခြစ်မိစေခဲ့သည်။
ကံကောင်းသည်မှာ သူ၏ မှန်များမှာ သစ်ပင်အိမ်နံရံများကဲ့သို့ပင် ခိုင်ခံ့လှသဖြင့် ခြစ်ရာထင်ရုံမှလွဲ၍ ကွဲအက်သွားမည့် အန္တရာယ်တော့ မရှိပါပေ။
အပြင်ဘက်က ဆီးနှင်းမုန်တိုင်းက အရမ်းကို ပြင်းထန်လွန်းနေလေပြီ။
ဤကဲ့သို့သော မုန်တိုင်းအတွင်း၌ သူကိုယ်တိုင်ပင် မတ်တတ်ရပ်နိုင်ရန် အာမမခံနိုင်စေကာမူ ထိုအနီရောင်အစက်များကတော့ အလွန်ပင် စနစ်တကျ ရှိနေကြသည် မဟုတ်ပါလား။
"ကြောက်စရာကြီးပဲ..."
လုဖေးအာ တံတွေးတစ်ချက် မျိုချလိုက်မိ၏။
"အပြင်မှာ ဘာတွေ ဖြစ်နေတာလဲ"
"အီး"
ခဲခဲလေးမှာ ရုတ်တရက် ကောင်းကင်ကို မော့ကြည့်လိုက်ပြီးနောက် ကြောက်လန့်တကြားဖြင့် ရွှီရှင်း၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ "အီး..." ဟု တိုးတိုးလေး အော်ရှာသည်။
ရွှီရှင်းသည် ခဲခဲလေး၏ ခေါင်းကို ပုတ်ပေးရင်း အပြင်ဘက်က ဆီးနှင်းမုန်တိုင်း ရပ်တန့်သွားသည်အထိ စောင့်ဆိုင်းနေမိသည်။
ဘာမှမတတ်နိုင်ပါ၊ ဤအခြေအနေတွင် သူ စောင့်ဆိုင်းခြင်းမှလွဲ၍ အခြားရွေးချယ်စရာ မရှိပါပေ။
"မကောင်းတော့ဘူး... ရွှီရှင်း၊ သစ်ပင်အိမ်ပေါ်က မြှားပစ်စက်ကြီး တစ်ခု ပျက်သွားပြီ"
လုဖေးအာက ရွှီရှင်း၏ လက်မောင်းကို ဆွဲကာ အော်ပြောလိုက်သည်။
"ကြည့်ဦး"
သူ ထိန်းချုပ်ရေး မော်နီတာကို ငုံ့ကြည့်လိုက်ရာ အောက်ခြေတွင် စာတန်းအသေးလေး တစ်ခု ပေါ်နေသည်ကို တွေ့လိုက်ရ၏။
[သစ်ပင်အိမ် အလိုအလျောက် မြှားပစ်စက် (အစိမ်းရောင်အဆင့်) ပျက်စီးသွားသည်။]
အစိမ်းရောင်အဆင့် မြှားပစ်စက်...။
ဒါဟာ သူ ပထမဆုံး တပ်ဆင်ခဲ့တဲ့ သာမန်မြှားပစ်စက်ဖြစ်ပြီး အခုထိ မဖြုတ်ဘဲ ထားခဲ့ရာမှ ဤဆီးနှင်းမုန်တိုင်းအတွင်း မထင်မှတ်ဘဲ ပျက်စီးသွားခြင်း ဖြစ်သည်။
[သစ်ပင်အိမ် အလိုအလျောက် မြှားပစ်စက် (အစိမ်းရောင်အဆင့်) ပျက်စီးသွားသည်။]
"ဟာ... နောက်တစ်ခု ထပ်ပျက်ပြန်ပြီ"
လုဖေးအာ အော်ဟစ်လိုက်မိပြန်သည်။
တောက် မြှားပစ်စက်တွေ ပျက်ကုန်ပြီ။
ရွှီရှင်း၏ မျက်ခုံးများ အနည်းငယ် လှုပ်ခတ်သွား၏။
အစိမ်းရောင်အဆင့် မြှားပစ်စက်တွေ ပျက်သွားတာက ကိစ္စမရှိချေ၊ လိုအပ်ရင် မာဟုန်ဝေဆီကနေ အသစ်တွေ ထပ်လဲလို့ ရသေးသည် မဟုတ်ပါလား။
ဒါပေမဲ့...
သူသည် ထိုမြှားပစ်စက် တစ်ခုချင်းစီတွင် ပေါက်ကွဲမြား အစင်း နှစ်ရာစီကို ကြိုတင် ထည့်သွင်းထားခဲ့သည် မဟုတ်ပါလား။
မြှားပစ်စက် ပျက်သွားတာနဲ့ အဲဒီမြားတွေက...
"ဒိုင်း ဒိုင်း ဒိုင်း ဒိုင်း"
ထင်သည့်အတိုင်းပင်၊ ဆီးနှင်းမုန်တိုင်းအတွင်း၌ မီးပွင့်များ ရုတ်တရက် လင်းလက်သွားပြီး သူ၏ သစ်ပင်အိမ်မှာလည်း ပေါက်ကွဲမှုဒဏ်များကို အကြိမ်ကြိမ် ခံလိုက်ရကာ တစ်အိမ်လုံး တုန်ခါသွားတော့၏။
"ဘုရားရေ"
လုဖေးအာသည် ထိန်းချုပ်ရေးခလုတ်ကို ကြောက်ကြောက်လန့်လန့်ဖြင့် ဆုပ်ကိုင်ထားသည်။
"သစ်ပင်အိမ်ကြီး ပြိုမကျသွားနိုင်ဘူး မဟုတ်လား"
"တောက်"
ရွှီရှင်း အံကြိတ်ထားလိုက်မိသော်လည်း ဆီးနှင်းမုန်တိုင်း မြန်မြန်ရပ်သွားရန် ဆုတောင်းရုံမှလွဲ၍ ဘာမှ မတတ်နိုင်ပါပေ။
ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်နေပြီး၊ ထိုအသံများကြားထဲတွင် သားရဲများ၏ အူသံများကိုပါ ကြားလိုက်ရသလိုပင်။
[ဗီဇပြောင်း ဆီးနှင်းဝံပုလွေကို သတ်ဖြတ်နိုင်ခဲ့သဖြင့် ရမှတ် ၃၀ ရရှိသည်။]
ဟင် ဆီးနှင်းဝံပုလွေကို သတ်လိုက်တာလား။
ရွှီရှင်း၏ တင်းမာနေသော မျက်ခုံးများ ပြေလျော့သွားပြီး တစ်စုံတစ်ခုကို စဉ်းစားမိကာ အလိုလို ပြုံးလိုက်မိသည်။
ကြည့်ရသည်မှာ ဆီးနှင်းမုန်တိုင်းက ထိုပေါက်ကွဲ မြားများကို မီတာ တစ်ရာကျော်အထိ လွင့်စင်သွားစေခဲ့ပြီး အပြင်ဘက်ရှိ အနီရောင်အစက်များကို ထိမှန်သွားစေပုံရသည်။
ကံဆိုးလှသော သတ္တဝါတစ်ကောင်မှာတော့ ထိုပေါက်ကွဲမှုအတွင်းမှာပင် တိုက်ရိုက် သေဆုံးသွားခဲ့ချေပြီ။
အဆက်မပြတ် ပေါက်ကွဲသံများနှင့်အတူ စုစုပေါင်း အကြောင်းကြားချက် လေးခု သူ၏ နားထဲသို့ ရောက်ရှိလာခဲ့သည်။
ဗီဇပြောင်း ဆီးနှင်းဝံပုလွေ တစ်ကောင်၊ ဆီးနှင်းမြေခွေး နှစ်ကောင်နှင့် ဗီဇပြောင်း ဆီးနှင်းကျားသစ် တစ်ကောင်ပင် ပါဝင်သည်။
သူသည် အခွင့်အရေးကို အရယူကာ မြေပုံကို အာရုံစိုက်လိုက်၏။
သူ၏ ပင်မသစ်ပင်အိမ် ပတ်လည်တွင် အနီရောင်အစက်များမှာ အဆက်မပြတ် လင်းထိန်နေပြီး တစ်အိမ်လုံးကို ဝိုင်းရံထားကြစေကာမူ၊ မီတာ တစ်ရာအတွင်းသို့တော့ မည်သည့် အနီရောင်အစက်မျှ ခြေမချဝံ့ကြပါပေ။
သူတို့သည် ကြောက်မက်ဖွယ် ဆီးနှင်းမုန်တိုင်းအတွင်း၌ စနစ်တကျ စုဝေးနေကြပြီး မုန်တိုင်းဒဏ်ကို လုံးဝ ခံစားရပုံမပေါ်ချေ။
ဒါဟာ ဆီးနှင်းမုန်တိုင်းမှာ သူ၏ သစ်ပင်အိမ်ပတ်လည်မှာပဲ ရှိနေခြင်းလားဟု ရွှီရှင်း သံသယဝင်မိစေသည်။
သစ်ပင်အိမ် ပတ်လည်မှာပဲ ဝဲလည်နေတာလား။
ထိုပေါက်ကွဲမြားများမှာ အပြင်သို့ တိုက်ရိုက် လွင့်စင်သွားပြီး ပေါက်ကွဲသွားခဲ့ခြင်းလား။
အပြင်ဘက်က အဆက်မပြတ် အော်ဟစ်သံများကြောင့် သူ နားများကို စိတ်ပျက်လက်ပျက်ဖြင့် ပိတ်ထားလိုက်မိသည်။
ဤကဲ့သို့သော ဆူညံသံများကြားတွင် အကြားအာရုံ မြှင့်တင်မှုမှာ တကယ့်ကို အနှောင့်အယှက်တစ်ခု ဖြစ်နေချေပြီ။
ရွှီရှင်းသည် ရုတ်တရက် အပြာရောင်အဆင့် ဘလူးဘယ်ရီ ကို သတိရလိုက်သည်။
စိတ်ခံစားချက်ကို တည်ငြိမ်စေသော ထိုအသီးကို သူသည် မုန်တိုင်းရာသီတုန်းက မိုးကြိုးသံများကြောင့် စိတ်လှုပ်ရှားမှုကို လျှော့ချရန် အသုံးပြုခဲ့ဖူးသည် မဟုတ်ပါလား။
သူ ချက်ချင်းပင် တစ်လုံးထုတ်စားလိုက်ရာ၊ တဖြည်းဖြည်း စိတ်တည်ငြိမ်လာပြီး စိတ်ကြည်လင်စွာဖြင့် အေးအေးဆေးဆေး စဉ်းစားနိုင်လာခဲ့သည်။
ထိုအနီရောင်အစက်များသည် ခရမ်းနက်ရောင် ဝဲဂယက်များမှတစ်ဆင့် နေရာကူးပြောင်းလာခြင်းမှာ သေချာလှပေသည်။
ဒါ့အပြင် အစောပိုင်းအရိပ်အမြွက်များအရ ထိုအနီရောင်အစက်များမှာ အဓိကအားဖြင့် ဗီဇပြောင်းသတ္တဝါများ ဖြစ်ကြပေလိမ့်မည်။
ခရမ်းနက်ရောင် ဝဲဂယက်တွေကနေ ကူးပြောင်းလာတဲ့ ဗီဇပြောင်းသတ္တဝါတွေ...။
ရွှီရှင်းသည် လုဖေးအာကို လှမ်းကြည့်လိုက်မိ၏။
သူ တစ်ခုခုကို စဉ်းစားမိသွားခြင်းပင်။
"ဘာ... ဘာဖြစ်လို့လဲ"
လုဖေးအာသည် ရွှီရှင်း၏ အကြည့်အောက်တွင် နေရခက်သလို ခံစားရပြီး၊ အကျင့်အတိုင်း သူ၏ ဘယ်ဘက်လက်က လက်ပတ်ကို လှမ်းကြည့်ကာ အနောက်သို့ အနည်းငယ် ဆုတ်လိုက်မိသည်။
ရွှီရှင်း၏ မျက်လုံးများ တဖြည်းဖြည်း ဝင်းလက်လာခဲ့သည်။
ဗီဇပြောင်းသတ္တဝါများ နေရာကူးပြောင်းလာခြင်းမှာ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများကို ဖြစ်ပေါ်စေသည် မဟုတ်ပါလား။
မီမီကဲ့သို့ သန်မာသော သတ္တဝါပင်လျှင် နေရာကူးပြောင်းပြီးနောက်တွင် အားအင်ကုန်ခမ်းကာ လမ်းပင် မလျှောက်နိုင်တော့သည် မဟုတ်ပါလား။
ဒါဆိုရင် အပြင်ဘက်က ဗီဇပြောင်းသတ္တဝါတွေအားလုံးလည်း အခုချိန်မှာ လဲနေကြမှာပေါ့။
ဖြစ်နိုင်ခြေ အလွန်များ၏။
ထိုအနီရောင်အစက်များသည် ပေါ်လာပြီးနောက်တွင် လိပ်ထက်ပင် နှေးကွေးသော အရှိန်ဖြင့်သာ ရွေ့လျားနေကြခြင်းပင်။
ဒါ့အပြင် သူ၏ ပေါက်ကွဲ မြားများက ဗီဇပြောင်း ဆီးနှင်းကျားသစ်ကိုတောင် သတ်နိုင်ခဲ့သည် မဟုတ်ပါလား။
သာမန် ဆီးနှင်းကျားသစ် တစ်ကောင်ကိုတောင် သတ်ဖို့ မလွယ်ကူလှပါပေ။
ဆီးနှင်းကျားသစ်ဆိုသည်မှာ ချစ်စရာကောင်းသော သတ္တဝါလေး မဟုတ်ဘဲ ကျားသစ်မျိုးရင်းဝင် ကြွက်သားအပြုံလိုက် နှင့် သန်မာသော သတ္တဝါကြီးများ ဖြစ်ကြသည်။
သူတို့၏ ခန္ဓာကိုယ် ခွန်အားမှာ မီမီကဲ့သို့ ကျားသစ်မျိုးစိတ်များထက် များစွာ သာလွန်လှပေရာ၊ အဆင့်နိမ့် ဗီဇပြောင်းသတ္တဝါ ဖြစ်စေဦးတော့ ဆီးနှင်းမုန်တိုင်းအတွင်း လွင့်လာသော မြားတစ်စင်းတည်းဖြင့် သေဆုံးသွားလိမ့်မည်ဟု ရွှီရှင်း မယုံကြည်ပါပေ။
မမှားနိုင်တော့ချေ။
အပြင်က သတ္တဝါတွေဟာ အခုချိန်မှာ အလွယ်တကူ မလှုပ်ရှားနိုင်ကြသေးတာပဲ ဖြစ်ရမယ်။
ဒါဆိုရင် ဒါဟာ သူတို့ကို တိုက်ရိုက် သတ်ဖြတ်ဖို့ အကောင်းဆုံး အခွင့်အရေး မဟုတ်ပါလား။
ကံမကောင်းသည်မှာ အပြင်ဘက်တွင် ဆီးနှင်းမုန်တိုင်းက အရမ်းပြင်းထန်နေခြင်းပင်...။
ဟင်
ရွှီရှင်း၏ အတွေးများကို တုံ့ပြန်လိုက်သကဲ့သို့ပင် အပြင်ဘက်မှ လေပြင်းများမှာ ရုတ်တရက် ငြိမ်သက်သွားပြီး ဆီးနှင်းများမှာလည်း တဖြည်းဖြည်း တည်ငြိမ်သွားခဲ့သည်။
ဆီးနှင်းမုန်တိုင်းမှာ မြန်မြန်ဆန်ဆန် ရောက်လာသကဲ့သို့ပင် တစ်မိနစ်အတွင်းမှာတင် ရုတ်တရက် ရပ်တန့်သွားခဲ့ပြီး၊ အပြင်ဘက်မှ နေရောင်ခြည်မှာ ရွှီရှင်း၏ မျက်နှာပေါ်သို့ ကျရောက်လာခဲ့သည်။
သစ်ပင်အိမ် အပြင်ဘက်ရှိ မြေပြင်မှာတော့ ဖရိုဖရဲ ဖြစ်နေချေပြီ။
မရေမတွက်နိုင်သော သစ်ကိုင်းကျိုးများနှင့် သစ်ရွက်စုတ်များမှာ နှင်းများနှင့် ရောနှောကာ ပြန့်ကျဲနေသည်။
မီတာ တစ်ရာကျော် အကွာအဝေးရှိ တောအုပ်မှာတော့ ငြိမ်သက်နေဆဲဖြစ်ကာ တစ်မီတာခန့် ထူသော ဆီးနှင်းလွှာကြီးမှာလည်း မပျက်မယွင်းဘဲ ငွေရောင်ကမ္ဘာကြီးအဖြစ် လှပနေဆဲပင်။
အစပိုင်းတုန်းက သစ်ကိုင်းပေါ်က နှင်းအချို့သာ မြေပေါ်သို့ လွင့်ကျသွားခဲ့ခြင်း ဖြစ်သည်။
မှန်ပေါ်က ရှုပ်ထွေးနေသော ခြစ်ရာများသာ မရှိလျှင်တော့ ဤဆီးနှင်းမုန်တိုင်းမှာ အိပ်မက်တစ်ခုဟုပင် ရွှီရှင်း ထင်မှတ်မိပေလိမ့်မည်။
မလှမ်းမကမ်းရှိ ရေကန်မျက်နှာပြင်မှာတော့ ရေခဲတုံးများ ပြည့်နှက်နေပြီး အနီရောင်အစက် အမြောက်အမြားမှာလည်း ရေကန်ထဲတွင် ဟိုဟိုဒီဒီ ကူးခတ်နေကြ၏။
ရွှီရှင်း နာရီကို ကြည့်လိုက်ရာ ဆီးနှင်းမုန်တိုင်း စတင်ခဲ့သည်မှာ ဆယ်မိနစ်ခန့်သာ ရှိပါသေးသည်။
ထိုအနီရောင်အစက်များထဲမှ အမြန်ဆုံး ပေါ်လာသော အစက်မှာပင် ငါးမိနစ်ခန့်သာ ရှိပါသေး၏။
အခွင့်အရေး ရှိနေသေးတာပဲ။
"ဘာ... ဘာတွေ ဖြစ်ကုန်တာလဲ"
လုဖေးအာ အပြင်ဘက်မြင်ကွင်းကို ကြည့်ရင်း ရုတ်တရက် သဘောပေါက်သွားသည်။
"ဆီးနှင်းမုန်တိုင်းက သစ်ပင်အိမ်ကိုပဲ ဝိုင်းပြီး တိုက်ခိုက်သွားတာလား"
သူမ ထိန်းချုပ်ရေး မော်နီတာကို လှမ်းကြည့်လိုက်ပြီး အံ့သြတကြီး အော်ဟစ်လိုက်ပြန်သည်။
"ရွှီရှင်း ခုနက ပေါ်လာတဲ့ ခရမ်းနက်ရောင် ဝဲဂယက်တွေ အကုန် ပျောက်သွားပြီ။ ဆီးနှင်းပြင်ကြီးက အရင်လိုပဲ ပြန်ဖြစ်သွားပြီ၊ ဘာမှ မကျန်တော့ဘူး"
ရွှီရှင်း လှမ်းကြည့်လိုက်ရာ မော်နီတာပေါ်တွင် ညီညာလှသော ဆီးနှင်းလွှာကြီးကို ပြန်လည် မြင်တွေ့လိုက်ရသည်။
သို့သော် သူ အလိမ်ခံမည် မဟုတ်ပါပေ။
အကြောင်းမှာ မြေပုံပေါ်တွင် မရေမတွက်နိုင်သော အနီရောင်အစက်များမှာ သစ်ပင်အိမ်အနီးတွင် ပုန်းအောင်းနေကြဆဲ ဖြစ်သောကြောင့်ပင်။
သူတို့တွေက ဆီးနှင်းလွှာအောက်မှာ ရှိနေကြတာလား။
"နင် သတ်ဖြတ်ပွဲ တစ်ခုကို ဆင်နွှဲချင်လား" ဟု ရွှီရှင်းက ရုတ်တရက် မေးလိုက်၏။
"ဟင်"
လုဖေးအာ မှင်သက်သွားသည်။
သတ်ဖြတ်ပွဲ ဆိုသော စကားလုံးကြောင့် သူမ၏ အမူအရာ ပြောင်းလဲသွားပြီး၊ သွေးနီရောင် မျက်ဝန်းများမှာ ပိုမို နက်မှောင်လာကာ သူမ၏ နှုတ်ခမ်းနီနီလေးများကို ဟ၍ တိုးတိုးလေး ဖြေလိုက်သည်။
"ကျွန်မ... လုပ်ချင်ပါတယ်"
"ဒါဆိုရင် ငါနဲ့အတူ လိုက်ခဲ့။ မီမီ၊ ငွေရောင်ဘုရင်၊ အာဖု... အကုန်လုံး အောက်ဆင်းကြမယ်။ ပြီးရင် အဲဒီ ဖိတ်မထားဘဲ ရောက်လာတဲ့ ဧည့်သည်တွေကို သင်ခန်းစာ ကောင်းကောင်း ပေးကြရအောင်"
ခရမ်းရောင်အဆင့် သံမဏိလှံရှည်၊ ခရမ်းရောင်အဆင့် သံမဏိချပ်ဝတ်တန်ဆာတွေရှိနေတာကြောင့် ရွှီရှင်း ယခုအခါ ယုံကြည်မှု အပြည့် ရှိနေလေပြီ။
ထိုသတ္တဝါများ အားအင်ပြန်ပြည့်လာခဲ့လျှင်တောင်မှ သူ လုံးဝ ကြောက်နေစရာ မလိုချေ။
သတ်ဖြတ်ပွဲကို စတင်ရမယ့် အချိန် ရောက်ပြီ။
"ဝူးးးးးးး"
အခန်း ၃၈၈ ပြီး။
အခန်း (၃၈၉) - တစ်ဖက်သတ် သတ်ဖြတ်ပွဲနှင့် ဗီဇပြောင်းလူသားများ
အချိန်ဆွဲနေ၍ မဖြစ်တော့ပေ။
ရွှီရှင်း၏ အစောပိုင်းခန့်မှန်းချက်သာ မှန်ကန်မည်ဆိုပါက သူတို့ အမြန်လှုပ်ရှားကြရမည် ဖြစ်သည်။
သူ၏ နေရာကူးပြောင်းရေးတံခါးမှ ဖြစ်ပေါ်တတ်သော ဘေးထွက်ဆိုးကျိုး အချိန်အရဆိုလျှင် အာဖုနှင့် လုဖေးအာတို့ကဲ့သို့ အဆင့်နိမ့် ဗီဇပြောင်းသတ္တဝါများသည် ဆယ်မိနစ်မှ ဆယ့်ငါးမိနစ်ခန့်အထိ မူးဝေတတ်ကြသည်။
ဆိုလိုသည်မှာ ဤခရမ်းနက်ရောင် ဝဲဂယက်၏ အာနိသင်သည် သူ၏ တံခါးနှင့် အတူတူပင်ဖြစ်ပါက သူတို့တွင် ငါးမိနစ်ခန့်သာ အချိန်ကျန်တော့သည်။
ရွှီရှင်းသည် စကားတစ်ခွန်းမှ ထပ်မပြောတော့ဘဲ ရှိသမျှလူနှင့် သားရဲအားလုံးကို ဦးဆောင်ကာ သစ်ပင်အိမ်ပေါ်မှ လျှောဆင်းလာခဲ့တော့သည်။
"သွားကြစို့"
ရွှီရှင်း မြေပြင်ကို ကန်ကာ ရှေ့သို့ မီတာများစွာ အရှိန်ဖြင့် ခုန်တက်လိုက်၏။
"အီး" ခဲခဲလေးသည် ရွှီရှင်း၏ ပုခုံးကို မြဲမြံစွာ ဖက်ထားရှာသည်။
"ဝူးးး"
ငွေရောင်ဘုရင်နှင့် မီမီတို့မှာလည်း ချက်ချင်းပင် အရှိန်မြှင့်ကာပြေးထွက်ကြပြီး ရွှီရှင်း၏ ရှေ့သို့ပင် ကျော်တက်သွားကြတော့သည်။
"ငါလည်း အရှိန်မှာတော့ မရှုံးစေရဘူး"
လုဖေးအာသည်လည်း သူတို့နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာခဲ့၏။
အာဖုမှာတော့ နောက်ဆုံးမှ အတောင်ပံများကို ခတ်ရင်း လိုက်ပါလာခဲ့သည်။
ရွှီရှင်းသည် သုံးဆင့်ခုန်လိုက်ရုံနှင့် ဆီးနှင်းလွှာ၏ အစွန်းသို့ ရောက်ရှိသွားပြီး၊ သူ၏ လှံရှည်ဘေးဘက်မှ ဓားသွားဖြင့် မြေပြင်ကို ဝေ့ယမ်းတိုက်ခိုက်လိုက်ရာ လေပြင်းတစ်ချက် ထွက်ပေါ်လာပြီး ရှေ့ကနှင်းများကို ဖယ်ရှားပစ်လိုက်သည်။
ဆီးနှင်းများအောက်တွင် ဖြူဖွေးနေသော ယုန်ကလေးတစ်ကောင်မှာ မြေပြင်ပေါ်၌ တုန်ရီလျက် လဲလျောင်းနေသည်။
၎င်း၏ နီရဲသော မျက်လုံးများဖြင့် ရွှီရှင်းကို တစ်ချက်ကြည့်ပြီးနောက် မျက်လုံးများကို ပြန်မှိတ်လိုက်ရှာသည်။
"သာမန် ယုန်တစ်ကောင်လား"
ရွှီရှင်း အနည်းငယ် အံ့သြသွားမိသည်။
သူ၏ သစ်ပင်အိမ်ကို ဝိုင်းရံထားသော သတ္တဝါများမှာ အနည်းဆုံးတော့ ဗီဇပြောင်းသတ္တဝါတွေ ဖြစ်လိမ့်မည်ဟု သူ ထင်ထားခဲ့ခြင်း ဖြစ်သည်။
သာမန် ယုန်ကလေးတစ်ကောင် ပါဝင်နေလိမ့်မည်ဟု သူ မမျှော်လင့်ထားပါပေ။
ဒီလောက် ချစ်စရာကောင်းတဲ့ ယုန်ကလေးက ဘယ်လိုလုပ်ပြီး...
မီမီက ရုတ်တရက် ခုန်အုပ်လိုက်ပြီး ယုန်ကလေးကို ကိုက်သတ်လိုက်ရာ သွေးများ အရပ်မျက်နှာအနှံ့ ပြန့်ကျဲသွားတော့သည်။
"အီး"
ခဲခဲလေးမှာ ယုန်ကလေးကို နှုတ်ဆက်ရန် ပြင်နေစဉ်မှာပင် ၎င်းမှာ ခေါင်းပြတ်သွားခဲ့သဖြင့် လန့်ဖျပ်သွားရှာသည်။
သနားစဖွယ် ယုန်ကလေးမှာတော့ မီမီ၏ အဆာပြေ မုန့်တစ်ခု ဖြစ်သွားခဲ့ရချေပြီ။
သွေးညှီနံ့များမှာ လေထဲတွင် စတင်ပျံ့နှံ့လာပြီး၊ ဆီးနှင်းမုန်တိုင်းအတွင်း လွင့်စင်သွားခဲ့သော ပေါက်ကွဲမြား ၂၀၀ ၏ ယမ်းနံ့များနှင့် ပေါင်းစပ်လိုက်သောအခါ ခေတ်သစ်စစ်မြေပြင်တစ်ခုသို့ ရောက်နေသကဲ့သို့ ခံစားလိုက်ရသည်။
"ဝါး... နှမြောစရာပဲ"
လုဖေးအာသည် သူမ၏ နှုတ်ခမ်းကို လျှာဖြင့်သပ်ရင်း အရင်နှင့်မတူသော အမူအရာမျိုး ဖြစ်ပေါ်နေသည်။
သူမ၏ မျက်စိသူငယ်အိမ်များမှာ နီရဲစွာ လင်းထိန်တော့မည့်ပုံ ပေါ်နေပြီး သွေးညှီနံ့၏ လွှမ်းမိုးမှုကြောင့် သူမ၏ အမူအရာမှာလည်း ဆွဲဆောင်မှုရှိသလိုမျိုး ပြောင်းလဲလာခဲ့၏။
"ဒီလောက် ချစ်စရာကောင်းတဲ့ ယုန်ကလေးဆိုရင် အရသာရှိမှာ သေချာတယ်။ ယုန်သားမစားရတာ တော်တော်ကြာပြီပဲ။ ဗိုက်တောင် နည်းနည်း ဆာလာသလိုပဲ။ နောက်တစ်ခါကျရင် နင်တို့အတွက် ယုန်သားကင် လုပ်ကျွေးမယ်လေ"
သွေးညှီနံ့များကြောင့် ဆီးနှင်းအောက်တွင် ပုန်းအောင်းနေသော ဗီဇပြောင်းသတ္တဝါများမှာ လှုပ်လှုပ်ရှားရှား ဖြစ်လာခဲ့ကြသည်။
"အချိန်မဖြုန်းကြနဲ့။ အကုန်လုံး တိုက်ခိုက်ကြစို့၊ နှင်းလွှာအောက်မှာ ဗီဇပြောင်းသတ္တဝါတွေ အများကြီး ပုန်းနေကြတယ်။ သူတို့ အားနည်းနေတုန်းမှာပဲ သတ်ပစ်ကြ"
ရွှီရှင်းက ချက်ချင်း အမိန့်ပေးလိုက်၏။
တစ်ခဏချင်းမှာပင် သားရဲသုံးကောင် ရှေ့သို့ အရှိန်ဖြင့် ပြေးထွက်သွားကြတော့သည်။
အာဖုက စတင်လှုပ်ရှားလိုက်ပြီး ကောင်းကင်သို့ ပျံတက်ကာ ဆီးနှင်းလွှာများဆီသို့ စူးရှလှသော အသံလှိုင်းဖြင့် တိုက်ခိုက်လိုက်၏။
နူးညံ့လှသော ဆီးနှင်းများသည် အသံလှိုင်းဒဏ်ကြောင့် တုန်ခါသွားပြီး အောက်ရှိ ဗီဇပြောင်းသတ္တဝါများမှာ လှုပ်ရှားလာကြသဖြင့် နှင်းပြင်ကြီးမှာ နေရာအနှံ့ အက်ကွဲသွားခဲ့သည်။
ဤအသံလှိုင်းကြောင့် ဆီးနှင်းများအောက်ရှိ သတ္တဝါအများစုမှာ အထင်အသား ပေါ်ထွက်လာခဲ့ချေပြီ။
ငွေရောင်ဘုရင်သည် နှင်းပုံထဲသို့ ခုန်ဝင်လိုက်၏။
စူးစူးဝါးဝါး အော်ဟစ်သံများ ထွက်ပေါ်လာပြီး၊ ၎င်း ခေါင်းပြန်မော့လိုက်သောအခါ ပါးစပ်ထဲတွင် သွေးရောင်မျဉ်းများပါသော ဆီးနှင်းမြေခွေးဖြူ တစ်ကောင်မှာ ရုန်းကန်လျက် ပါလာခဲ့သည်။
ဤမြေခွေး၏ ရုန်းကန်မှုမှာ အလွန်အားနည်းလှပေသည်။
ရွှီရှင်း ထင်ထားသည့်အတိုင်းပင် ၎င်းတို့မှာ တိုက်ခိုက်ရေးစွမ်းအား လုံးဝ မရှိကြပါပေ။
တကယ်ကြီးပဲ။ ဒီဗီဇပြောင်းသတ္တဝါတွေက အခုချိန်မှာ မူးဝေပြီး အားနည်းနေတဲ့ အခြေအနေမှာ ရှိနေကြတာပဲ။
နှမြောစရာကောင်းသည်မှာ အခြားသူများကို ဆက်သွယ်၍ မရခြင်းပင် ဖြစ်သည်။
မဟုတ်ပါက သာမန်ရှင်ကျန်သူများအတွက် အပြင်ထွက်ရန် အန္တရာယ်ရှိစေဦးတော့ အနည်းဆုံးတော့ စူးစမ်းရှာဖွေသူ အဖွဲ့ဝင်များကို သူ အသိပေးနိုင်မည် မဟုတ်ပါလား။
ငွေရောင်ဘုရင်၏ ကြီးမားလှသော အစွယ်များမှာ မြေခွေး၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားခဲ့ပြီး ပြင်းထန်စွာ ကိုက်ချလိုက်သောအခါ မြေခွေး၏ ကိုယ်လုံးမှာ သုံးပိုင်း ပြတ်ထွက်သွားတော့သည်။
တစ်ပိုင်းမှာ ပါးစပ်ထဲတွင် ကျန်ရစ်ပြီး ကျန်နှစ်ပိုင်းမှာ နှင်းပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့ရာ ဖြူဖွေးနေသော ဆီးနှင်းပြင်ကြီးမှာ သွေးနီရောင်များဖြင့် စွန်းထင်သွားတော့သည်။
ဒါဟာ မီမီက ယုန်ကလေးကို တစ်ချက်တည်းနဲ့ ကိုက်သတ်လိုက်တာထက်စာရင် ပိုပြီး ဆိုးရွားလှပေသည်။
ငွေရောင်ဘုရင်၏ ပေါက်ကွဲအားမှာ မီမီလောက် မကောင်းသလို လက်သည်းကိုလည်း မသုံးတတ်သော်လည်း ၎င်း၏ ကိုက်အားမှာမူ မီမီနှင့် နှိုင်းယှဉ်၍ မရအောင်ပင် ကြီးမားလှပေသည်။
[ဆီးနှင်းမြေခွေးကို သတ်ဖြတ်နိုင်ခဲ့သဖြင့် ရမှတ် ၃၀ ရရှိသည်။]
တစ်ဖက်တွင်လည်း မီမီသည် ဆီးနှင်းပုံတစ်ခုကို အရူးအမူး လက်သည်းဖြင့် ကုတ်ဖဲ့နေပြီး အေးစိမ့်သော အလင်းတန်းများ လက်ခနဲ၊ လက်ခနဲ ဖြစ်ပေါ်နေသည်။
ဖြူဖွေးသော နှင်းများနှင့် လွင့်စင်နေသော သွေးများမှာ အဆက်မပြတ် ပြန့်ကျဲနေပြီး အောက်တွင် မည်သည့်သတ္တဝါ ရှိနေသည်ကိုပင် မမြင်ရသေးခင်မှာပင် မီမီက ထိုသတ္တဝါကို အဆုံးစီရင်ပြီး ဖြစ်နေချေပြီ။
[ဆီးနှင်းဝံပုလွေကို သတ်ဖြတ်နိုင်ခဲ့သဖြင့် ရမှတ် ၃၀ ရရှိသည်။]
ဤအရာများမှာ ခဏချင်းအတွင်းမှာပင် ဖြစ်ပျက်သွားခြင်း ဖြစ်၏။
ငွေရောင်ဘုရင်နှင့် မီမီတို့က မြေမြှုပ်နေသော သားရဲများကို မရပ်မနား တိုက်ခိုက်နေကြပြီး ရွှီရှင်း၏ နားထဲတွင်တော့ သတ်ဖြတ်မှုနှင့် ရမှတ်ရရှိသည့် အကြောင်းကြားချက်များ ဆက်တိုက်ဆိုသလို မြည်ဟီးနေတော့သည်။
သူကိုယ်တိုင်တော့ မလှုပ်ရှားသေးပါပေ။
သူသည် နှင်းအောက်က သတ္တဝါများကို တိုက်ခိုက်ရာတွင် မကျွမ်းကျင်သလို၊ သူကိုယ်တိုင် ပါဝင်တိုက်ခိုက်ခြင်းကလည်း အလုပ်တွင်မှုကို ထူးပြီး တိုးတက်လာစေမည် မဟုတ်သဖြင့် ငွေရောင်ဘုရင်နှင့် မီမီတို့ကိုသာ လွှတ်ထားလိုက်ခြင်း ဖြစ်သည်။
သူသည် အသက်ရှူထုတ်လိုက်ရင်း မြေပုံကို အာရုံစိုက်ကာ သူအမှန်တကယ် ရှာဖွေလိုသောအရာကို ရှာဖွေနေမိသည်။
ကျိချောင်းယန်၏ နိမိတ်ဖတ်ချက်အရ သူသည် လက်နက်ကိရိယာများ ကိုင်ဆောင်ထားသော ဗီဇပြောင်းလူသား ကို မြင်ခဲ့ရသည် မဟုတ်ပါလား။
ဒါဆိုလျှင် ဤဗီဇပြောင်းသတ္တဝါ အုပ်စုထဲတွင် စကားပြောဆိုနိုင်သော ဗီဇပြောင်းလူသားများ ပါဝင်နေနိုင်မလား။
"အီး"
ခဲခဲလေးသည် ရွှီရှင်း၏ မျက်နှာကို သူမ၏ လက်ဖဝါးလေးဖြင့် ရုတ်တရက် တွန်းလိုက်၏။
"ဘာဖြစ်လို့လဲ ခဲခဲလေး"
ရွှီရှင်း သတိပြန်ဝင်လာခဲ့သည်။
လုဖေးအာမှာ သူမ၏ဘေးတွင် ဘာတိုက်ခိုက်မှုမှ မလုပ်ဘဲ မတ်တတ်ရပ်နေသည်ကို သူ သတိထားမိလိုက်၏။
သူမသည် မျက်လုံးအဝိုင်းသားဖြင့် စိုက်ကြည့်နေပြီး သူမ၏ သွေးနီရောင် မျက်ဝန်းများမှာ ထူးခြားသော အလင်းတန်းများဖြင့် တောက်ပနေသလို၊ သူမ၏ မျက်နှာပေါ်တွင်လည်း သွေးရောင်မျဉ်း ပါးပါးလေး နှစ်ကြောင်းမှာ တဖြည်းဖြည်း ပေါ်ပေါက်လာခဲ့ချေပြီ။
အခန်း ၃၈၉ ပြီး။
အခန်း (၃၉၀) - တစ်ဖက်သတ် သတ်ဖြတ်ပွဲနှင့် ဗီဇပြောင်းလူသားများ (၂)
ဘာတွေဖြစ်နေတာလဲ။
သူမက သူမရဲ့ ပေါက်ကွဲအားပြင်းတဲ့ စွမ်းရည်ကို သုံးတော့မှာလား။
အဲဒီစွမ်းရည်ကို သုံးပြီးရင် ၂၄ နာရီပတ်လုံး အားနည်းသွားမှာလေ။
သုံးလို့တော့ ရပါသည်၊ သို့သော် ရွှီရှင်းကတော့ သူမကို ထိုမျှလောက် လွယ်လွယ်ကူကူ အသုံးပြုခွင့်ပေးမည် မဟုတ်ပေ။
သူသည် ရပ်နေသော လုဖေးအာ၏ ခေါင်းနောက်စေ့ကို လက်ဝါးဖြင့် ချက်ချင်း ရိုက်ချလိုက်ရာ သူမမှာ အော်ဟစ်ရင်း ရှေ့ကနှင်းပုံထဲသို့ မှောက်ခုံ လဲကျသွားတော့သည်။
"အု... အု..."
လုဖေးအာမှာ နှင်းတွေကြားထဲ လုံးဝမြုပ်သွားပြီး နှစ်ချက်ခန့် ရုန်းကန်လိုက်ရသည်။
နှင်းအချို့ကိုပင် မျိုချမိသွားပြီးနောက်မှ မြေပြင်ကို ပြန်နင်းကာ နှင်းပုံထဲမှ ရုန်းထလာနိုင်ခဲ့၏။
"ဒါက ဘာလုပ်တာလဲလို့ ဖူး... ဖူး... ဖူး"
လုဖေးအာသည် သူမ၏ ပါးစပ်ထဲမှ အေးစိမ့်လှသော နှင်းစများကို မကျေမနပ်ဖြင့် ပြန်ထွေးထုတ်လိုက်သည်။
"ကျွန်မ ခုနက အဲဒီကောင်ရဲ့ တည်နေရာကို အာရုံခံဖို့ လုပ်နေတာလေ၊ ဘာလို့ ရိုက်တာလဲ"
တည်နေရာကို ရှာတာလား။
"နင် ဘာကို ရှာနေတာလဲ"
ရွှီရှင်း ချက်ချင်းပင် မေးလိုက်၏။
"ထူးဆန်းတဲ့ ကောင်တစ်ကောင် ရှိတယ်"
လုဖေးအာသည် အရပ်မျက်နှာတစ်ခုသို့ လှမ်းကြည့်လိုက်ရာ သူမ၏ မျက်ဝန်းများမှာ ထူးဆန်းစွာ ဝင်းလက်နေသည်။
"အဲဒီကောင်က... ကျွန်မနဲ့ အမျိုးအစားတူတဲ့သူပဲ"
လုဖေးအာနဲ့ အမျိုးအစားတူတယ် ဟုတ်လား။
ရွှီရှင်း၏ မျက်လုံးများလည်း ဝင်းလက်သွားခဲ့၏။
"ဗီဇပြောင်းလူသား လား"
သူမက ဗီဇပြောင်းလူသားတွေရဲ့ တည်နေရာကို အာရုံခံနိုင်တာပဲ၊ ဒါက တကယ့်ကို အဆင်ပြေသွားပြီ။
"ဟုတ်တယ်၊ ဗီဇပြောင်းလူသားပဲ"
လုဖေးအာသည် ရွှီရှင်း အခုလေးတင် ရိုက်လိုက်သော သူမ၏ ခေါင်းနောက်စေ့ကို ပွတ်ရင်း မကျေမနပ် ဆိုရှာသည်။
"အဲဒါကြောင့် ခုနက ကျွန်မ အပျင်းထူနေတာ မဟုတ်ပါဘူးဆို။ ရှင် ကျွန်မကို ရိုက်လိုက်တာဆိုတော့ လျော်ကြေး ပြန်ပေးရမယ်နော်"
"နင် သိလား၊ ခုနက နင်က နင့်ရဲ့ စွမ်းအားတွေကို အဆမတန် ထုတ်သုံးတော့မယ့် အခြေအနေ ရောက်နေတာ"
ရွှီရှင်း ခေါင်းခါယမ်းရင်း "ကဲပါ... တည်နေရာကို တွေ့ပြီလား။ ငါ့ကို ခေါ်သွားပေးဦး"
"ဟင် စွမ်းအားတွေ အဆမတန် သုံးမိတော့မလို့လား"
လုဖေးအာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသော်လည်း ရွှီရှင်း၏ တောင်းဆိုချက်ကို ကြားသောအခါ အလိုအလျောက် ခေါင်းညိတ်ပြပြီး လမ်းစတင်ပြတော့သည်။
"ကျွန်မနောက်ကို လိုက်ခဲ့ပါ၊ ကျွန်မ အာရုံခံလို့ ရနေပြီ။ အပြင်ဘက်ကို မီတာ နှစ်ရာလောက် ဆက်လျှောက်သွားရင် တစ်ယောက်ရှိတယ်"
သူတို့နှစ်ဦး နှင်းပုံကြီးများကို တိုးဝှေ့လျှောက်လှမ်းလာကြရာ လုဖေးအာ၏ လှုပ်ရှားမှုများမှာ စတင် အနှောင့်အယှက် ဖြစ်လာခဲ့သည်။
ဆီးနှင်းများမှာ တစ်မီတာကျော်အထိ ထူထဲနေပြီး သူမ၏ ခါးအထိ ရောက်နေသဖြင့် သူမ မည်မျှပင် မြန်စေဦးတော့ အရှိန်မှာတော့ သိသိသာသာ လျော့နည်းသွားခဲ့ရ၏။
ရွှီရှင်းသည် စွမ်းအင်အမြုတေ အပိုင်းအစတစ်ခုကို ထုတ်လိုက်ရာ၊ တစ်ခဏအတွင်းမှာပင် ပတ်ဝန်းကျင်မှာ အလင်းရောင်များဖြင့် လင်းထိန်သွားပြီး အပူချိန်မှာလည်း တဖြည်းဖြည်း မြင့်တက်လာခဲ့သည်။
"အင်း..."
လုဖေးအာသည် တိုးတိုးလေး အော်မြည်ရင်း စွမ်းအင်အမြုတေကို မျက်မှောင်ကြုတ်၍ လှမ်းကြည့်သော်လည်း ဘာမှတော့ မပြောပါပေ။
သူမ၏ အမူအရာကို ကြည့်ရသည်မှာ ထိုအလင်းရောင်အောက်တွင် သိပ်ပြီး နေလို့မကောင်းသည့်ပုံ ပေါ်နေသည်။
ပတ်ဝန်းကျင်ရှိ နှင်းလွှာများအောက်တွင် မီတာအနည်းငယ်ခြားတိုင်း ဗီဇပြောင်းသတ္တဝါ တစ်ကောင်စီ ပုန်းအောင်းနေကြ၏။
သို့သော် အလင်းရောင်အောက်တွင် ထိုအနီရောင်အစက်များမှာ ပျောက်ကွယ်မသွားဘဲ ငြိမ်သက်နေကြဆဲ ဖြစ်၏။
ဆီးနှင်းလွှာတွေက အလင်းကို ပြန်ကန်ထုတ်ပြီး သူတို့ကို ကာကွယ်ပေးထားလို့လား။
ပတ်ဝန်းကျင် အပူချိန် မြင့်တက်လာသည်ဆိုစေကာမူ ၂၀ ဒီဂရီဝန်းကျင်သာ ရှိနေခြင်း ဖြစ်သည်။
ဤအပူချိန်နှင့် နှင်းပုံကြီးများကို အရည်ပျော်အောင် လုပ်ရန်မှာ အချိန်အတော်ကြာပေလိမ့်မည်။
သူကိုယ်တိုင် ဖယ်ရှားပစ်မည်ဆိုလျှင်လည်း အလွန်ပင် လက်ဝင်လှပေသည်။
ဆယ်စက္ကန့်ခန့် ကိုင်ထားပြီးနောက် ဘာမှ ထူးမလာသည်ကို မြင်သောအခါ ရွှီရှင်းမှာ ထိုအမြုတေကို ကျောပိုးအိတ်ထဲ ပြန်ထည့်လိုက်ရတော့သည်။
ဤအရာမှာလည်း သစ်ပင်အိမ်အူတိုင်ကဲ့သို့ပင် စွမ်းအင်ကန့်သတ်ချက် ရှိနိုင်သဖြင့် အမြဲတမ်း အသုံးပြု၍ မရနိုင်ပါပေ။
ပတ်ဝန်းကျင် အပူချိန်မှာ ချက်ချင်းပင် အနုတ် ၂၀ ဒီဂရီဝန်းကျင်သို့ ပြန်လည် ထိုးဆင်းသွားခဲ့ပြန်သည်။
"နင် မအေးဘူးလား"
ရွှီရှင်း အသက်ရှူထုတ်လိုက်တိုင်း အဖြူရောင်အငွေ့များ ထွက်ပေါ်နေ၏။
သူသည် ယခုအခါ အနည်းငယ် အေးလာသလို ခံစားရသည်။
ခရမ်းရောင်အဆင့် သံမဏိချပ်ဝတ်မှာ ခရမ်းရောင်အဆင့်၏ အမြင့်ဆုံးအဆင့်ဖြစ်ပြီး၊ ရေကန်ထဲက ဧရာမမြွေကြီးဆီက ရခဲ့တဲ့ မြွေကြေးခွံချပ်ဝတ်ထက်ပင် တစ်ဆင့်မြင့်နေသဖြင့် ဤအအေးဒဏ်ကို သူ ခံနိုင်ရည် ရှိနေခြင်း ဖြစ်သည်။
"မအေးပါဘူး၊ ကျွန်မက ဒီအပူချိန်ကိုတောင် သဘောကျသေးတယ်"
လုဖေးအာသည် နှင်းများကို လက်တစ်ဆုပ်စာ ယူကာ လက်ဖဝါးထဲတွင် ချေမွလိုက်သည်။
"ဖြစ်နိုင်တာက ကျွန်မရဲ့ ဗီဇပြောင်းလဲတဲ့ ဘက်ခြမ်းနဲ့ ဆက်စပ်နေလို့ ဖြစ်မှာပါ။ အေးတဲ့အခါမှာ ကျွန်မရဲ့ ခြေလက်တွေက ပိုပြီး သွက်လက်နေသလို ခံစားရတယ်"
ဗီဇပြောင်းလဲတဲ့ ဘက်ခြမ်းလား။ ဒါမျိုး စွမ်းရည်လည်း ရှိတာပဲလား။
ဒါဟာ တော်တော်လေး ကောင်းမွန်လှပေသည်။
အကယ်၍သာ ဧရာမလူသားကြီးများနှင့် သွေးရောင်မျဉ်းလူမျိုးစုတို့အကြား ပဋိပက္ခများ မရှိခဲ့လျှင်လည်းကောင်း၊ လုဖေးအာ၏ ဗီဇပြောင်းလဲပြီးနောက်ပိုင်း ထူးခြားချက်များကို မမြင်ခဲ့ရလျှင်လည်းကောင်း၊ သူကိုယ်တိုင်ပင် ဗီဇပြောင်းလဲစေမည့် အရာတစ်ခုခုကို အခုချက်ချင်းပင် မျိုချလိုက်ချင်မိပေလိမ့်မည်။
"အဲဒီဘက်ကို ဟုတ်လား"
ရွှီရှင်းက ရှေ့ကို ညွှန်ပြလိုက်သည်။
"ဟုတ်တယ်၊ အဲဒါက... အာ"
လုဖေးအာ စကားပင် မဆုံးလိုက်ပါ၊ ရွှီရှင်းက သူမကို ရုတ်တရက် ဆွဲမကာ ရှေ့သို့ ခုန်တက်လိုက်၏။
လူနှစ်ဦးနှင့် ပန်ဒါလေးတစ်ကောင်မှာ တစ်ခဏအတွင်း မီတာ ၂၀ ခန့် မြင့်သော လေထဲသို့ မြောက်တက်သွားပြီး ရှေ့က မြင်ကွင်းများကို အပေါ်စီးမှ မြင်တွေ့လိုက်ရတော့သည်။
လုဖေးအာသည် ရွှီရှင်း၏ လက်မောင်းကို တင်းတင်းကျပ်ကျပ် ဖက်ထားပြီး မီတာ ၂၀ အကွာက မြေပြင်ကို မျက်လုံးအဝိုင်းသားနှင့် ငုံ့ကြည့်နေရှာသည်။
သွေးညှီနံ့ကြောင့် လွှမ်းမိုးခံထားရသော သူမ၏ ဦးနှောက်မှာ ဤရုတ်တရက် အခြေအနေကြောင့် ဗလာ ဖြစ်သွားခဲ့ရ၏။
ထို့နောက် သူတို့နှစ်ဦး အောက်သို့ ပြန်လည် ဆင်းသက်လာကြသည်။
"အားးးးး"
သူမ အော်ဟစ်လိုက်စဉ်မှာပင် သူတို့နှစ်ဦးမှာ နှင်းပုံထဲသို့ ဖွတ် ဆိုသော အသံနှင့်အတူ ကျဆင်းသွားခဲ့သည်။
ရွှီရှင်းသည် လှံရှည်ကြီးကို ထုတ်ကာ အနီးနားက နှင်းဖုံးနေသော မြေပြင်ဆီသို့ အားကုန် ထိုးစိုက်လိုက်၏။
[ဆီးနှင်းဝံပုလွေကို သတ်ဖြတ်နိုင်ခဲ့သဖြင့် ရမှတ် ၃၀ ရရှိသည်။]
"ရှင်ကတော့... အာ"
သူမ၏ စိတ်ကို ပြန်မထိန်းနိုင်သေးခင်မှာပင် ရွှီရှင်းက နောက်တစ်ကြိမ် ထပ်မံ ခုန်လိုက်ပြန်သဖြင့် သူမမှာ အော်ဟစ်ရင်း ရွှီရှင်း၏ လက်မောင်းကို ဖက်ကာ ခြေထောက်များကိုပါ ကျုံ့ထားလိုက်မိတော့သည်။
"အီး..."
ရွှီရှင်း၏ ပုခုံးပေါ်က ခဲခဲလေးကတော့ ဒါကို အသားကျနေပြီဖြစ်ရာ၊ လက်တစ်ဖက်ကို လွှတ်၍ လုဖေးအာ၏ ပုခုံးကို အသာအယာ ပုတ်ကာ နှစ်သိမ့်ပေးနေသေးသည်။
"မလုပ်နဲ့တော့... မလုပ်နဲ့... အာ"
အမြင့်ဆုံး သို့ ရောက်ပြီးနောက် အောက်သို့ ပြန်လည်ကျဆင်းလာသော အရှိန်ကြောင့် လုဖေးအာ နောက်တစ်ကြိမ် ထပ်မံ အော်ဟစ်လိုက်ပြန်သည်။
နေရာကူးပြောင်းရေးတံခါးမှာလည်း အလားတူ ခံစားချက်မျိုး ရှိသော်လည်း ဘေးထွက်ဆိုးကျိုး မူးဝေမှုက အရမ်းပြင်းထန်လှသဖြင့် သူမအတွက် ထိုအရှိန်မှာ သိပ်ပြီး အရေးမကြီးသလို ဖြစ်နေခဲ့ခြင်း ဖြစ်သည်။
ယခုမှာမူ ထိုသို့ မဟုတ်ပါပေ။
သူမ၌ မူးဝေခြင်း၊ ပျို့အန်ခြင်းများ မရှိဘဲ၊ မီတာ ဆယ်ဂဏန်း အမြင့်မှ ပြုတ်ကျလာသည့် ခံစားချက်ကို သူမ၏ မျက်စိဖြင့် အထင်အသား မြင်နေရခြင်း ဖြစ်သည်။
သူမသည် မိမိကိုယ်ကိုယ် မီတာ ဆယ်ဂဏန်းအထိ ခုန်တက်သွားသည်ကို မြင်လိုက်ရပြီး ထို့နောက် အရှိန်ဖြင့် ပြန်ကျလာခြင်း ဖြစ်၏။
ဒါဟာ တကယ့်ကို အဆက်မပြတ် ဘန်ဂီ ခုန်နေရသလိုပင်။
တကယ့်ကို ရင်ခုန်စရာ ကောင်းလှပေသည်။
ခုန်လိုက်၊ ဆင်းလိုက်ဖြင့် လုဖေးအာ၏ အော်ဟစ်သံများကတော့ ဝဲလည်နေတော့သည်။
"တော်... တော်ပါတော့၊ ကျွန်မ တောင်းပန်ပါတယ်။ ထပ်မခုန်ပါနဲ့တော့၊ မခံနိုင်တော့ဘူး။ ကျွန်မကို အမောဖြေခွင့်လေး ပေးပါဦး"
လုဖေးအာ သူမ၏ ခြေထောက်များ တုန်ရီနေသည်ကို ခံစားလိုက်ရ၏။
ခြေထောက်တွေ အားနည်းနေစေကာမူ၊ သူမ၏ မျက်နှာလေးမှာတော့ ရင်ခုန်စိတ်လှုပ်ရှားမှုကြောင့် နီမြန်းနေချေပြီ။
အစပိုင်းတွင် ကြောက်လန့်နေသော်လည်း အကြိမ်အနည်းငယ် ကြာပြီးနောက်တွင်တော့ သူမ၏ စိတ်ထဲ၌ "ဒါဟာ တကယ့်ကို ရင်ခုန်စရာ ကောင်းတာပဲ" ဆိုသည့် အတွေးတစ်ခုသာ ရှိတော့သည်။
သို့သော် ၎င်းမှာ အရမ်းကို ရင်ခုန်စရာ ကောင်းလွန်းသဖြင့် သူမအနေဖြင့် မခံမရပ်နိုင် ဖြစ်လာခြင်းပင်။
"ရောက်ပြီ"
ရွှီရှင်း လုဖေးအာကို လွှတ်ပေးလိုက်သည်။
သူမ၏ ဒူးများ ညွတ်ကျသွားပြီး နှင်းပုံထဲတွင် ဒူးထောက်လျက် အမောတကော အသက်ရှူနေရရှာသည်။
"အဲဒီလောက်တောင် ဖြစ်သွားတာလား"
ရွှီရှင်း အနည်းငယ် ဇဝေဇဝါ ဖြစ်မိသည်။
သူ့အတွက်တော့ ဘာမှ မခံစားရပါပေ။
ဖြစ်နိုင်သည်မှာ သူ၏ အဆင့်မြှင့်တင်မှုများကြောင့် ဤမျှလောက် အမြင့်ကြီး ခုန်ရခြင်းမှာ သာမန်ခုန်ခြင်းနှင့် ဘာမှ မခြားနားသလို ဖြစ်နေခြင်းကြောင့်ပင်။
"အီး အီး အီး အီး"
ခဲခဲလေးသည် လက်ကလေးကို ဝှေ့ယမ်းကာ လုဖေးအာဘက်မှ ကာကွယ်ပြောဆိုပေးနေသည်။
ဒါဟာ တကယ်ကို ရင်ခုန်စရာ ကောင်းလွန်းပြီး သာမန်ပန်ဒါတွေဆိုရင် မခံနိုင်ဘူးဟု ပြောနေသည့် ပုံစံမျိုးပင်။
လုဖေးအာသည် ယခုအချိန်မှာ အချိန်ဖြုန်းနေရမည့် အချိန်မဟုတ်မှန်း သိသဖြင့်၊ စက္ကန့်အနည်းငယ်မျှ ဒူးထောက်ပြီးနောက် မိမိကိုယ်ကိုယ် အားတင်းကာ ထရပ်လိုက်ပြီး မီတာ ငါးမီတာခန့် အကွာက သစ်ပင်တစ်ပင်ကို ညွှန်ပြလိုက်သည်။
"ဟိုမှာ၊ အဲဒီမှာပဲ"
ထိုသစ်ပင်၏ အောက်ခြေနှင့် ပင်စည်မှာ တစ်မီတာခန့် ထူသော ဆီးနှင်းများအောက်တွင် မြုပ်နေခဲ့ချေပြီ။
သူမ စကားပင် မဆုံးလိုက်ပါ၊ ရွှီရှင်းသည် လှံရှည်ကြီးကို ဝှေ့ယမ်းလိုက်၏။
မှန်ပါသည်၊ သူသည် နှင်းများကို ဖယ်ရှားရန်အတွက်သာ လှံရှည်၏ ပြားသောဘက်ကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။
သူတို့သည် စကားပြောဆိုနိုင်ခြေရှိသော သတ္တဝါတစ်ကောင်ကို တိုက်ရိုက် သတ်ဖြတ်ပစ်ရန် မရည်ရွယ်ပေ။
နှင်းမျက်နှာပြင်မှာ လှံရှည်နှင့် လေပြင်းကြောင့် အလိပ်လိုက် လွင့်စင်သွားခဲ့ပြီး သစ်ပင်၏ အောက်ခြေ ပင်စည်ကို ပေါ်ထွက်လာစေခဲ့၏။
"...ဟဲဟဲ၊ တွေ့ပြီ"
ရွှီရှင်း၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာခဲ့၏။
ထိုနေရာရှိ သစ်ပင်အမြစ်နားတွင် သွေးရောင်မျဉ်းများဖြင့် ဖုံးလွှမ်းနေသော ဗီဇပြောင်းလူသား တစ်ဦး ရှိနေချေပြီ။
သူသည် ရှေးဦးလူသားများကဲ့သို့ ထူထဲလှသော သားရဲသားရေများကို ဝတ်ဆင်ထားပြီး၊ သစ်ပင်ပင်စည်ကို မှီကာ ခေါင်းငိုက်စိုက်ဖြင့် ထိုင်နေသည်။
သူ၏ ခန္ဓာကိုယ်ပေါ်တွင်လည်း နှင်းစအချို့ ကျန်ရစ်နေသေး၏။
"တကယ်ပဲ ဗီဇပြောင်းလူသားပဲ"
လုဖေးအာသည် သူမ၏ ခါးမှ ဓားမြှောင်ကို ဆွဲထုတ်လိုက်ပြီး၊ ခန္ဓာကိုယ်ကို အနည်းငယ် ကိုင်းထားကာ အချိန်မရွေး တိုက်ခိုက်ရန် အသင့်ပြင်လိုက်သည်။
ထိုလူမှာ ခေါင်းငိုက်စိုက်ကျနေသဖြင့် မျက်နှာကို မမြင်ရသလို၊ လုံးဝလည်း လှုပ်ရှားခြင်း မရှိပါပေ။
သူ သေသွားပြီလား။
မြေပုံပေါ်တွင်တော့ သူ၏ အနီရောင်အစက်မှာ ထင်ရှားခြင်း မရှိပါပေ။
စွမ်းအားအရဆိုလျှင် သူ ခုနက သတ်လိုက်သော ဆီးနှင်းဝံပုလွေကိုပင် မမီပေ။
သို့သော် လင်းထိန်နေသော အစက်ကလေး ရှိနေဆဲဖြစ်သဖြင့် သူ အသက်ရှင်နေသေးကြောင်း သိနိုင်၏။
ဖြစ်နိုင်သည်မှာ ဤဗီဇပြောင်းသတ္တဝါတွေ ဘယ်ကနေ ရောက်လာသလဲဆိုတဲ့ အဖြေကို သူ့ဆီကနေ ရရှိနိုင်ပေလိမ့်မည်။
ရွှီရှင်း၏ လှံရှည်မှာ အနည်းငယ် လှုပ်ရှားသွားပြီး ထိုသူ၏ လက်မောင်းပေါ်တွင် ဒဏ်ရာတစ်ခု ပေးလိုက်သည်။
ဒဏ်ရာမှ သွေးများ ထွက်ပေါ်လာပြီး တဖြည်းဖြည်း စီးကျလာသော်လည်း ထိုလူမှာတော့ လုံးဝ လှုပ်ရှားခြင်း မရှိသေးပါပေ။
လှံရှည်မှတစ်ဆင့် သူ၏ ရှင်သန်မှုကို အာရုံခံလိုက်ပြီးနောက် ရွှီရှင်းသည် သူ၏ခန္ဓာကိုယ်ပေါ်တွင် နောက်ထပ် ဒဏ်ရာ နှစ်ခုခန့် ထပ်ပေးလိုက်ကာ သူ၏ သက်စောင့်စွမ်းအင်များကို စုပ်ယူလိုက်သည်။
"သူ သတိလစ်သွားတာလား။ မေ့လဲသွားတာလား"
လုဖေးအာသည် သူမ၏ သွက်လက်မှုအပေါ် ယုံကြည်မှုရှိသဖြင့် ရွှီရှင်းကဲ့သို့ အလွန်အမင်း သတိမထားပါပေ။
အကယ်၍ ထိုလူက ရုတ်တရက် တိုက်ခိုက်လာခဲ့လျှင်ပင် သူမအနေဖြင့် ရှောင်တိမ်းနိုင်မည်ဟု ယုံကြည်ထားခြင်း ဖြစ်သည်။
သူမ အနားသို့ တိုးသွားကာ ထိုသူ၏ ခေါင်းကို လက်ဖြင့် အသာအယာ တို့ကြည့်လိုက်၏။
"ဟေး... ထစမ်း... ဟင် ကြည့်ဦး၊ သူ့မှာ... ပုဆိန်ကြီး တစ်ခု ပါတယ်"
ထိုသူ၏ ညာဘက်လက်ဘေးက နှင်းတွေအောက်မှာ ပုဆိန်ကြီး တစ်ခု ရှိနေသည်ကို တွေ့လိုက်ရသည်။
သူ၏ ညာဘက်လက်မှာ ထိုပုဆိန်လက်ကိုင်ပေါ်တွင် ဖိထားခြင်း ဖြစ်၏။
"အပြာရောင်အဆင့် ပုဆိန်လား"
ရွှီရှင်း၏ မျက်စိသူငယ်အိမ်များ ကျုံ့သွားခဲ့ရသည်။
သူ၏ ခွဲခြားစိတ်ဖြာခြင်း စွမ်းရည်ဖြင့် ထိုပုဆိန်မှ ထွက်ပေါ်နေသော အပြာရောင် အလင်းတန်းကို မြင်တွေ့လိုက်ရခြင်းပင်။
ဤဗီဇပြောင်းလူသား၏ လက်ထဲမှာ အပြာရောင်အဆင့် ကိရိယာတစ်ခု ရှိနေတာပင်။
လုဖေးအာသည် ခြေထောက်ဖြင့် နှင်းများကို ဖယ်ရှားလိုက်ပြီးနောက် ထိုပုဆိန်ကို ထိုလူ၏လက်ထဲမှ ဝေးရာသို့ ကန်ထုတ်လိုက်သည်။
ဗီဇပြောင်းလူသားမှာတော့ မည်သည့်တုံ့ပြန်မှုမျှ မရှိသေးဘဲ ခေါင်းငိုက်စိုက်လျက် ထိုနေရာမှာပင် ငြိမ်သက်စွာ ထိုင်နေလေ၏။
အခန်း ၃၉၀ ပြီး။