← Chapters

အခန်း (၃၇၉-၃၈၁)

Vol. 26 Ch. 379-381

အခန်း (၃၇၉-၃၈၁)

Vol. 26 Ch. 379-381

အခန်း (၃၇၉) - ဆီးနှင်းမျက်နှာပြင်အောက်က အန္တရာယ်အသစ် (၂)

"ငါ့ရဲ့ အကြားအာရုံက ပုံမှန်ထက် ပိုကောင်းနေရုံပါ"

ရွှီရှင်းက သူ၏နားကို ညွှန်ပြရင်း "ကျပန်း အဆင့်မြှင့်တင်မှုလေ၊ အရင်က ငါပြောပြဖူးတယ် မဟုတ်လား"

"ဪ... ဟုတ်သားပဲ"

လီဝမ်ရှီး ရုတ်တရက် သတိရသွားသည်။

"ကျပန်း အဆင့်မြှင့်တင်မှုပဲ"

"အီး"

ခဲခဲလေးသည်လည်း ရွှီရှင်း၏ ပုခုံးပေါ်သို့ တက်လာခဲ့၏။

"နင်လည်း ငါနဲ့အတူ ငါ့သစ်ပင်အိမ်ကို လိုက်ခဲ့"

ရွှီရှင်းသည် ပန်းကန်ခွက်ယောက်များကို သိမ်းဆည်းနေသော လုဖေးအာကို လှမ်းကြည့်လိုက်သည်။

"နင့်အိမ်ထဲက အဖိုးတန်တာတွေနဲ့ အလှဆင်ပစ္စည်းတွေကိုပါ တစ်ခါတည်း ယူခဲ့၊ ငါနဲ့အတူ လိုက်ခဲ့တော့"

"အာ... ဟုတ်ကဲ့ပါ"

လုဖေးအာ လက်ကို အမြန်သုတ်လိုက်သည်။

သူမသည် ပန်းကန်ဆေးရမည့်အလုပ်မှ လွတ်မြောက်သွားသဖြင့် ဝမ်းသာအားရဖြင့် အပေါ်ထပ်သို့ ပြေးတက်သွားတော့သည်။

ဆယ်စက္ကန့်ခန့်အကြာတွင် သူမ ပြန်ဆင်းလာခဲ့သည်။

"အကုန် ထုပ်ပိုးပြီးပြီ"

"သွားကြစို့"

သစ်ပင်အိမ်အောက်သို့ ရောက်ရှိသွားသောအခါ ရွှီရှင်း၏ နားထဲတွင် ထိုအသံမှာ ပို၍ပင် ပီပြင်လာခဲ့ချေပြီ။

"မြန်မြန်လာ"

သူသည် လီဝမ်ရှီးကို ဆွဲကာ သူတို့ဖောက်ထားသော လမ်းအတိုင်း တည်နေရာလမ်းညွှန်ချက်ရှိရာသို့ ပြေးသွားပြီး နေရာကူးပြောင်းရေးတံခါးကို အသက်သွင်းလိုက်သည်။

"မင်းဘက်မှာ တစ်ခုခုဖြစ်လို့ မင်းမထိန်းချုပ်နိုင်တော့ရင် ငါ့ကို ချက်ချင်းဆက်သွယ်နော်။ ငါ့ဘက်မှာတော့ အပင်နှလုံးသားရဲ့ ကာကွယ်မှုရှိလို့ နည်းနည်း ပိုပြီး စိတ်ချရတယ်၊ ငါ မင်းကို ကူညီနိုင်လိမ့်မယ်"

"ဟုတ်ပြီ ကျွန်မ အခုပဲ ပြန်တော့မယ်"

လီဝမ်ရှီး ခေါင်းညိတ်ပြကာ နေရာကူးပြောင်းရေးတံခါးအတွင်းသို့ တိုက်ရိုက် ဝင်ရောက်သွားတော့သည်။

ရွှီရှင်းသည် သစ်ပင်အိမ်အပြင်ဘက်ရှိ ဆီးနှင်းဖုံးလွှမ်းနေသော တောအုပ်ကြီးကို လှမ်းကြည့်လိုက်သည်။

ထူးဆန်းသော ထိုအသံမှာ အရပ်မျက်နှာ အနှံ့အပြားမှ ထွက်ပေါ်နေခြင်း ဖြစ်၏။

ဒါ့အပြင် နေရာကူးပြောင်းရေးတံခါးကို အသက်သွင်းလိုက်သည့် ခဏမှာပင် ဤအသံသည် ဘာကြောင့် ဤမျှ ရင်းနှီးနေရသလဲဆိုသည်ကို သူ သတိရသွားခဲ့သည်။

ဤအသံမှာ နေရာကူးပြောင်းရေးတံခါး၏ ထွက်ပေါက် ပေါ်လာချိန်တွင် ထွက်ပေါ်တတ်သည့် နားမခံသာသော အသံနှင့် အလွန်ပင် ဆင်တူလှပေသည်။

နားထဲတွင် အလွန်ပင် အနှောင့်အယှက်ဖြစ်စေပြီး လူကို အနည်းငယ်ပင် မူးဝေသွားစေနိုင်သည့် အသံမျိုး ဖြစ်၏။

ရွှီရှင်းသည် နွယ်ပင်များကို ထိန်းချုပ်ကာ လုဖေးအာ၏ ခါးတွင် ပတ်လိုက်သည်။

"ငါ အပြင်ဘက် တောအုပ်ကို သွားကြည့်ဦးမယ်။ နင် အရင်တက်နှင့်တော့"

လုဖေးအာ ကြောင်သွားပြီး အမြန်ပင် ပြောသည်။

"ကျွန်မလည်း ရှင့်နောက် လိုက်ခဲ့မယ်လေ။ ကျွန်မက မြန်တယ်၊ ရှင့်ကို ကူညီနိုင်မှာပါ"

"မလိုဘူး၊ မြေပြင်ပေါ်မှာ နှင်းတွေက အရမ်းထူနေတာဆိုတော့ နင့်လှုပ်ရှားမှုကို အနှောင့်အယှက် ဖြစ်စေလိမ့်မယ်။ နင် အရင်တက်နှင့်၊ ငါ ခဏနေရင် ပြန်လာခဲ့မယ်"

"...ဒါပေမဲ့ အဲဒါက ရှင့်အပေါ်မှာလည်း သက်ရောက်မှု ရှိမှာ မဟုတ်ဘူးလား"

လုဖေးအာသည် ရွှီရှင်းက သူမ၏ စွမ်းအားကို အထင်သေးနေသည်ဟု ထင်ကာ ချက်ချင်းပင် ပြန်ငြင်းသည်။

"ကျွန်မက အရင်က နယ်မြေ ၁၈၇ ရဲ့ ထိပ်တန်း ၅ ယောက်ထဲမှာ ပါခဲ့တဲ့သူပါ၊ အဲဒီလောက်အထိတော့ မအားနည်းပါဘူး"

"ကဲပါ... တက်တော့၊ နင် ထိန်းချုပ်ရေးခလုတ်ကို ဘယ်လိုသုံးရမလဲ သိတယ်မဟုတ်လား။ ငါ့အတွက် ပတ်ဝန်းကျင်ကို စောင့်ကြည့်ပေးထားပါ၊ တစ်ခုခု ဖြစ်လာရင် ငါ့ကို လှမ်းခေါ်"

ထိုသို့ပြောပြီးနောက် သူသည် လုဖေးအာအား ဆက်လက်ငြင်းခုံခွင့် မပေးတော့ဘဲ သူမကို သစ်ပင်အိမ်ပေါ်သို့ တိုက်ရိုက် ဆွဲတင်လိုက်တော့သည်။

"ရှင်ကတော့..."

လုဖေးအာမှာ စကားပင် မဆုံးလိုက်ဘဲ သစ်ပင်အိမ်အတွင်းသို့ ရောက်ရှိသွားခဲ့ချေပြီ။

သူ့အတွက်တော့ ဆီးနှင်းတွေ ဘယ်လောက်ထူနေပါစေ ဘာမှ သက်ရောက်မှု ရှိလိမ့်မည် မဟုတ်ပေ။

"ခဲခဲလေး... မြဲမြဲကိုင်ထားနော်"

ရွှီရှင်း မီတာ တစ်ရာခန့်အကွာရှိ တောအုပ်ကို လှမ်းကြည့်လိုက်သည်။

ထိုထူးဆန်းသော အသံမှာ တောအုပ်အတွင်းမှ ထွက်ပေါ်နေခြင်း ဖြစ်၏။

"အီး အီး"

ရွှီရှင်း၏ ပုခုံးပေါ်ရှိ ခဲခဲလေးမှာ ရွှီရှင်း ဘာလုပ်တော့မည်ကို နားလည်သွားပြီး သူမ၏ ခြေသည်းလေးလေးဘက်ဖြင့် ရွှီရှင်း၏ ပုခုံးကို မြဲမြံစွာ ဖက်ထားလိုက်ရှာသည်။

ရွှီရှင်း အသက်ဝဝရှူလိုက်ပြီး ရှေ့သို့ စတင်ပြေးထွက်ခဲ့သည်။

အရှိန်မှာ တစ်စထက်တစ်စ ပို၍ မြန်လာခဲ့ချေပြီ။

သူ၏ ခန္ဓာကိုယ်မှာ အကြိမ်ကြိမ် အဆင့်မြှင့်တင်ခံထားရသဖြင့် သူ၏ အရှိန်မှာ မီမီ သို့မဟုတ် လုဖေးအာတို့ကို မမီနိုင်စေကာမူ သာမန်လူသား၏ အကန့်အသတ်ကို လုံးဝ ကျော်လွန်နေပြီး သေချာပေါက် ပို၍ မြန်ဆန်လှပေသည်။

သစ်ပင်အိမ်အောက်ရှိ ဆီးနှင်းကင်းစင်သော နေရာအစွန်းသို့ ရောက်သည်နှင့် သူ၏ခြေထောက်ကို အားကုန်သုံး၍ ကန်လိုက်ရာ သူ၏ တစ်ကိုယ်လုံးမှာ အမြောက်ဆန်တစ်ခုကဲ့သို့ လေထဲသို့ မြောက်တက်သွားတော့သည်။

"ဝါး"

လုဖေးအာ ပြတင်းပေါက်မှ ခေါင်းပြူ၍ သူ ဘာလုပ်နေသလဲဆိုသည်ကို ကြည့်ရန် ကြိုးစားလိုက်စဉ်မှာပင် သူ၏ တစ်ကိုယ်လုံး ရှေ့သို့ ပျံထွက်သွားသည်ကို မြင်လိုက်ရသဖြင့် "ဒါ... ဒါ"

သူမမှာ အံ့သြလွန်းသဖြင့် စကားပင် မပြောနိုင်တော့ချေ။

ဤခုန်ချက်မှာ တကယ့်ကို ဝေးလှ၏။

ရွှီရှင်းသည် ခြေတစ်လှမ်းတည်းနှင့်ပင် တည်နေရာလမ်းညွှန်ချက်ရှိရာသို့ ရောက်သွားပြီး ဒုတိယခြေလှမ်းတွင် လုဖေးအာ၏ ကပ်ပါးသစ်ပင်အိမ်ကို ကျော်ဖြတ်ကာ တတိယခြေလှမ်းတွင်တော့ မီတာ တစ်ရာကျော် ဝေးကွာသော တောအုပ်အတွင်းသို့ ခုန်ဝင်လိုက်တော့သည်။

ကမ္ဘာ့အဆင့်မီ သုံးဆင့်ခုန် စံချိန်သစ်တစ်ခု တင်လိုက်ခြင်းပင်။

ခြေသုံးလှမ်းတည်းနှင့် မီတာ တစ်ရာ့ငါးဆယ်ကျော် ဝေးကွာသွားသလို၊ ခုန်တက်လိုက်သည့် အမြင့်မှာလည်း အံ့မခန်းပေ။

"ဖွတ်"

ဆိုသော အသံနှင့်အတူ တောအုပ်အတွင်းရှိ ဆီးနှင်းများပေါ်သို့ ရွှီရှင်း ဆင်းသက်လိုက်သည်။

စူးရှလှသော အအေးဒဏ်မှာ သူ၏ တစ်ကိုယ်လုံးကို ထပ်မံ ပြန့်နှံ့သွားပြန်ရာ သူ သွားများကို ကျိတ်ထားလိုက်မိသည်။

အရမ်းအေးတာပဲဟ။

တောအုပ်အတွင်းရှိ ဆီးနှင်းများမှာ သစ်ပင်အိမ်အနီးရှိ ဆီးနှင်းများထက် များစွာ ပိုမိုထူထဲနေသည်ကို သူ သတိထားမိလိုက်၏။

ဆီးနှင်းများမှာ သူ၏ ခြေထောက်တစ်ချောင်းလုံးကို မြုပ်လုနီးပါးဖြစ်နေပြီး တစ်မီတာကျော်အထိ ထူထဲနေခဲ့ချေပြီ။

ဖြစ်နိုင်သည်မှာ သစ်ပင်အိမ်အနီးတွင် အပူရှိန်ရှိသဖြင့် ဆီးနှင်းအချို့ အရည်ပျော်သွားကာ နည်းသွားခြင်းဖြစ်သော်လည်း၊ တောအုပ်အတွင်းမှာမူ အလွန်အေးလှသဖြင့် ဤမျှအထိ စုပုံနေခြင်း ဖြစ်ပေလိမ့်မည်။

"အီး..."

ခဲခဲလေးမှာ ရွှီရှင်း၏ ပုခုံးပေါ်တွင် အားနည်းစွာ အော်မြည်ရင်း ရွှီရှင်း၏ ရင်ခွင်ထဲသို့ ချက်ချင်းပင် တိုးဝင်သွားရှာသည်။

သူမ အေးလွန်းသဖြင့် မခံနိုင်တော့ပါပေ။

"ခဲခဲလေး... ပတ်ဝန်းကျင်မှာ အန္တရာယ်ရှိလား"

ရွှီရှင်း ခဲခဲလေးကို ပွေ့ထားရင်း မေးလိုက်သည်။

"အီး"

ခဲခဲလေး ခေါင်းလေးကို မော့ကာ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီးနောက် ခေါင်းခါပြကာ ပြန်၍ ခွေနေတော့သည်။

ဘာအန္တရာယ်မှ သူမ အာရုံမခံမိပါပေ။

ခဲခဲလေးက အန္တရာယ်မရှိဟု ဆိုစေကာမူ ရွှီရှင်းအနေဖြင့် သတိမလျော့ဝံ့ချေ။

အကြောင်းမှာ သူသည် အသံလာရာ အရင်းအမြစ်ကို ရှာတွေ့ခဲ့သောကြောင့် ဖြစ်၏။

သူ ထူထဲလှသော ဆီးနှင်းများကို ငုံ့ကြည့်လိုက်သည်။

ဤထူးဆန်းသော အသံမှာ ဆီးနှင်းမျက်နှာပြင်အောက်မှ ထွက်ပေါ်နေခြင်းဖြစ်ကြောင်း သူ အသေအချာ ခံစားနေရသည်။

သို့သော် ယခုအခါ မြေပြင်တစ်ခုလုံးမှာ ထူထဲလှသော ဆီးနှင်းလွှာကြီးအောက်တွင် မြုပ်နေသဖြင့် မြေပြင်၏ ပုံသဏ္ဌာန်ကို သူ ခွဲခြား၍ မရပါပေ။

ဤဆီးနှင်းဖုံးလွှမ်းနေသော မြေပြင်အောက်မှနေ၍ တစ်စုံတစ်ခု ထွက်ပေါ်လာတော့မည်လား။

ကံကောင်းသည်မှာ မြှင့်တင်ထားသော ခုန်ပျံနိုင်စွမ်းကြောင့် ရွှီရှင်းအနေဖြင့် အလွန်အမင်းတော့ မစိုးရိမ်ချေ။

ဒါ့အပြင် ဤအသံမှာ နေရာကူးပြောင်းရေးတံခါး၏ ခရမ်းရောင်ဝဲဂယက် ဖြစ်ပေါ်ချိန်က အသံနှင့် ဘာကြောင့် ဤမျှအထိ ဆင်တူနေရသနည်း။

ရွှီရှင်းသည် မြေပြင်ပေါ်တွင် ထူးခြားသော ပြောင်းလဲမှုများ ရှိမရှိ ကြည့်ရန်အတွက် ဆီးနှင်းအချို့ကို ဖယ်ရှားပစ်ရန် ဆုံးဖြတ်လိုက်သည်။

သူသည် ပထမဦးစွာ စွမ်းအင်အမြုတေ အပိုင်းအစတစ်ခုကို ထုတ်လိုက်ရာ ၎င်းမှ ထွက်ပေါ်လာသော အလင်းရောင်မှာ ပတ်ဝန်းကျင်ကို လင်းထိန်သွားစေခဲ့သည်။

ခရမ်းရောင်အဆင့် မြွေကြေးခွံချပ်ဝတ်ပင် မခုခံနိုင်သော အရိုးစိမ့်လှသည့် အအေးဒဏ်မှာ စွမ်းအင်အမြုတေ အပိုင်းအစကို ထုတ်လိုက်သည့် ခဏမှာပင် လုံးဝ လွင့်စင်သွားခဲ့ချေပြီ။

ပတ်ဝန်းကျင် အပူချိန်မှာ စက္ကန့်ပိုင်းအတွင်းမှာပင် အနုတ် ၂၀ ဒီဂရီမှသည် အပေါင်း ၂၀ ဒီဂရီအထိ တရိပ်ရိပ် မြင့်တက်လာခဲ့သည်။

နွေးထွေးသော ခံစားချက်ကြောင့် ရွှီရှင်း၏ တွန့်ချိုးနေသော မျက်ခုံးများမှာ တဖြည်းဖြည်း ပြေလျော့သွားခဲ့ရသည်။

အပူချိန် မြင့်တက်လာခြင်းကြောင့်တင်မကဘဲ စွမ်းအင်အမြုတေ၏ အလင်းရောင်အောက်တွင် ဤဆီးနှင်းဖုံးလွှမ်းနေသော မြေပြင်မှာ သူ့အတွက် အန္တရာယ်နည်းပါးသွားသလို ခံစားလိုက်ရခြင်းကြောင့်လည်း ပါဝင်ပေသည်။

ဘာပဲဖြစ်ဖြစ် အခုထိတော့ ဘယ်ဗီဇပြောင်းသတ္တဝါမှ ဒီ အလင်းရောင်ကို တည့်တည့်မရင်ဆိုင်ဝံ့ကြသေးဘဲ အလင်းရောက်ရာ အရပ်မှာ အလွန် ဘေးကင်းသည် မဟုတ်ပါလား။

သူ ဂေါ်ပြားကို ချက်ချင်းထုတ်ကာ ပတ်ဝန်းကျင်ရှိ ဆီးနှင်းများကို စတင်ဖယ်ရှားလိုက်၏။

မကြာမီမှာပင် သူ၏ခြေဖဝါးအောက်တွင် နှစ်စတုရန်းမီတာ၊ သုံးစတုရန်းမီတာခန့်ရှိသော နေရာကွက်လပ်လေးတစ်ခု ပေါ်လာခဲ့၏။

ခြေအောက်က မြေသားကို ကြည့်ရင်း ရွှီရှင်း၏ မျက်လုံးများ မှေးကျသွားရသည်။

ထင်သည့်အတိုင်းပင် တစ်စုံတစ်ခု ထူးခြားနေချေပြီ။

ဆီးနှင်းများ ဖုံးလွှမ်းနေစေကာမူ မြက်ခြောက်များ ပြည့်နေသော မြေသားမှာ ခြောက်သွေ့နေဆဲဖြစ်ရုံတင်မကဘဲ အက်ကွဲကြောင်းများပင် ဖြစ်ပေါ်နေသည်။

သို့သော် ထိုခြောက်သွေ့သော မြေသားပေါ်တွင် ရေစိုနေသကဲ့သို့ မည်းနက်သော ပုံစံများ ပေါ်ထွက်နေချေပြီ။

ဤပုံစံများကို ရွှီရှင်း အလွန်ရင်းနှီးလှပေသည်။

ပထမဆုံးအကြိမ် သူ ဤပုံစံများကို မြင်ခဲ့ရသည်မှာ ကုန်းမြင့်အရင်းအမြစ်နယ်မြေရှိ ကျောက်တိုင်များနှင့် ယဇ်ပလ္လင်ပေါ်တွင် ဖြစ်၏။

တစ်ချိန်တည်းမှာပင် ဤပုံစံများသည် ဆင့်ခေါ်ထားသော ဗီဇပြောင်း ယုန်နှင့် ဗီဇပြောင်း ကြောင်များပေါ်တွင်လည်း ပါရှိသလို၊ မိုးသက်မုန်တိုင်းရာသီတွင် ကြုံခဲ့ရသော သွေးရောင်မျဉ်း အသားစားငါးများပေါ်တွင်လည်း သွေးနီရောင်အဖြစ် ပါရှိခဲ့ဖူးသည်။

ဒါဟာ ဗီဇပြောင်းသတ္တဝါတွေပေါ်မှာ တွေ့ရတတ်တဲ့ သွေးရောင်မျဉ်း တွေပဲ မဟုတ်ပါလား။

သို့သော် ဗီဇပြောင်းသတ္တဝါတိုင်းတွင် ဤသွေးရောင်မျဉ်းများ ပါရှိသည်တော့ မဟုတ်ပါပေ။

ငွေရောင်ဘုရင်နှင့် မီမီတို့ပေါ်က သွေးရောင်မျဉ်းများသည်လည်း သွေးရောင်မျဉ်းများ ဖြစ်ကြစေကာမူ ဤအရာများနှင့်တော့ ကွဲပြားလှပေသည်။

ဒါပေမဲ့ တစ်ခုကတော့ သေချာ၏။

အရောင်ဖျော့သော မြေသားခြောက်ပေါ်က ဘယ်ကနေ ရောက်လာမှန်းမသိသည့် ဤအနက်ရောင် စိုစွတ်သော ပုံစံများသည် ကျိချောင်းယန် ဟောကိန်းထုတ်ခဲ့သော သားရဲလှိုင်းလုံးကြီးနှင့် သေချာပေါက် ဆက်စပ်နေပေလိမ့်မည်။

ဒါကို နေရာကူးပြောင်းရေးတံခါး ထွက်ပေါ်လာချိန်က အသံနှင့် ပေါင်းစပ်လိုက်လျှင်တော့...။

ရွှီရှင်း၏ ဦးရေများ ရုတ်တရက် ထုံကျဉ်သွားခဲ့ရသည်။

ဒါက ဘာကို ဆိုလိုတာလဲ။

မြေပြင်တစ်ခုလုံးက ဗီဇပြောင်းသတ္တဝါတွေနဲ့ ချိတ်ဆက်နေတာလား။

မြေပြင်တစ်ခုလုံးက နေရာကူးပြောင်းရေးတံခါးကြီး ဖြစ်နေတာလား။

ဒီသားရဲတွေနဲ့ ဗီဇပြောင်းသတ္တဝါတွေက ဒီနေရာကို တိုက်ရိုက် ကူးပြောင်းလာကြတော့မှာလား။

အခန်း ၃၇၉ ပြီး။

အခန်း (၃၈၀) - လုဖေးအာ၏ အတိတ်နှင့် နိုးထလာခြင်း

နားထဲတွင်တော့ ထိုထူးဆန်းပြီး နားမခံသာသော အသံမှာ ပို၍ပင် ပီပြင်လာသယောင် ရှိနေသည်။

"ခဲခဲလေး... ပတ်ဝန်းကျင်မှာ တကယ်ပဲ ဘာမှ ထူးထူးခြားခြား မရှိဘူးလား"

ရွှီရှင်း ခေါင်းမော့လိုက်ပြီး သူ၏ရှေ့မှ ဆီးနှင်းဖုံးလွှမ်းကာ အဆုံးမရှိသော တောအုပ်ကြီးကို ကြည့်ရင်း တိုးတိုးလေး မေးလိုက်သည်။

"ဟင်"

ခဲခဲလေးသည် ရွှီရှင်း၏ ပုခုံးပေါ်သို့ တက်လာပြီး ခေါင်းလေးကို ယမ်းပြသည်။

"ဟင်း..."

ကြည့်ရသည်မှာ လောလောဆယ်တွင် ပတ်ဝန်းကျင်၌ အန္တရာယ်ရှိသော အရာတစ်ခုမျှ မရှိသေးပေ။

ရွှီရှင်း သူ၏နာရီကို ပွတ်လိုက်ပြီး ဒေသတွင်းချန်နယ် ကို နှိပ်ကြည့်လိုက်သည်။

ချန်နယ်အတွင်းရှိ လူတိုင်းသည် တိုက်ခိုက်ဖို့ပြင်ဆင်မှု အခြေအနေတွင် ရှိနေကြသော်လည်း မည်သူမျှ ထူးဆန်းသော အရာတစ်ခုခုနှင့် မကြုံတွေ့ရသေးပါပေ။

ရွှီရှင်း မြေပြင်ကို နောက်တစ်ကြိမ် ငုံ့ကြည့်လိုက်သည်။

မြေပြင်ပေါ်ရှိ ပုံစံများမှာ ပို၍ ပီပြင်လာသလိုပင်။

နားမခံသာသော ထိုအသံကြောင့် ရွှီရှင်း၏ ခေါင်းမှာလည်း အနည်းငယ် ကိုက်ခဲလာခဲ့ရ၏။

သူ ဆက်၍ မအောင့်နိုင်တော့ဘဲ ဂေါ်ပြားဖြင့် မြေကြီးကို တစ်ချက် ထိုးစိုက်လိုက်သည်။

[သာမန်မြေသား (အစိမ်းရောင်အဆင့်) ၁ ရရှိသည်။]

ရိုးရှင်းသော သာမန်မြေသားတစ်ယူနစ် ရရှိလိုက်ခြင်းက ရွှီရှင်း၏ တင်းမာနေသော စိတ်ကို အနည်းငယ် ပြေလျော့သွားစေသည်။

ပတ်ဝန်းကျင်ရှိ မြေသားများအားလုံး ညစ်ညမ်းသွားမည်ကို သူ စိုးရိမ်နေခဲ့ခြင်း ဖြစ်၏။

အကယ်၍သာ ထိုသို့ဖြစ်ခဲ့လျှင် ဂေဟစနစ်အပေါ် ကြီးမားသော သက်ရောက်မှုများ ရှိလာနိုင်သည် မဟုတ်ပါလား။

တူးထားသော ကျင်းထဲကို ကြည့်လိုက်ရာ၊ အသစ်တူးထားသော မြေသားမျက်နှာပြင်ပေါ်တွင်ပင် ထိုစိုစွတ်သော ပုံစံများ ပါရှိနေသည်ကို တွေ့ရသည်။

အောက်ခြေသို့ နက်သွားလေလေ ထိုအမည်းရောင် ပုံစံများမှာ ပို၍ ထင်ရှားလာပြီး အထင်အသား မြင်တွေ့လာရလေ ဖြစ်သည်။

"...ဒါက မြေမျက်နှာပြင်မှာတင် မဟုတ်ဘူးပေါ့ ဟုတ်လား"

ရွှီရှင်းသည် ဆီးနှင်းများ ထူထပ်စွာ ဖုံးလွှမ်းနေသော မြေပြင်နှင့် တောအုပ်ကြီးကို တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက် သစ်ပင်အိမ်သို့ ပြန်ရန် ဆုံးဖြတ်လိုက်သည်။

အပြင်ဘက်မှာ အန္တရာယ် များလွန်းနေသေးသည် မဟုတ်ပါလား။

သူ ခြေတစ်လှမ်း ရှေ့သို့တိုးပြီး ခုန်လိုက်ရာ အပင်နှလုံးသား၏ ကာကွယ်ရေး ဧရိယာအတွင်းသို့ တိုက်ရိုက် ရောက်ရှိသွားခဲ့၏။

သူသည် စွမ်းအင်အမြုတေ အပိုင်းအစကို ကိုင်ထားသဖြင့် သူလျှောက်သွားရာ လမ်းတစ်လျှောက် အပူချိန်မှာ မြင့်တက်လာပြီး မြေပြင်ပေါ်ရှိ ဆီးနှင်းများမှာ အရည်ပျော်စပြုလာခဲ့သည်။

ရွှီရှင်းသည် သစ်ပင်အိမ်အနီးရှိ မီတာ တစ်ရာခန့် နယ်မြေအတွင်းမှ ဆီးနှင်းများကို ဖယ်ရှားလိုက်၏။

ကံကောင်းသည်မှာ သစ်ပင်အိမ်နှင့် နီးသော မြေပြင်ပေါ်တွင်တော့ ထူးဆန်းသော ပုံစံများကို မတွေ့ရပါပေ။

သူ သက်ပြင်းတစ်ချက် ချလိုက်ပြီး သစ်ပင်အိမ်ပေါ်သို့ ပြန်တက်လာခဲ့သည်။

သစ်ပင်အိမ်အတွင်း၌ လုဖေးအာသည် မော်နီတာရှေ့တွင် ရွှီရှင်း၏ မျက်နှာပြင်ကို ကိုင်တွယ်ရင်း "အလှဆင်မှတ် ၇၀၀ နီးပါးတောင်လား... တကယ်ကို အစွမ်းထက်တာပဲ၊ တကယ်ကို အစွမ်းထက်တာ" ဟု တိုးတိုးလေး ရေရွတ်နေရှာသည်။

မျက်နှာပြင်ပေါ်တွင် အလှဆင်မှတ် စာမျက်နှာကို ဖွင့်ထားခြင်း ဖြစ်၏။

သူမသည် အလွန်အံ့သြနေသဖြင့် အာရုံစိုက်နေမိရာ ရွှီရှင်း အပေါ်သို့ တက်လာသည်ကိုပင် သတိမထားမိပါပေ။

ငွေရောင်ဘုရင်နှင့် မီမီတို့မှာတော့ မီးလင်းဖိုဘေးတွင် လှဲလျောင်းလျက် အပူရှိန် ခံယူနေကြဆဲ ဖြစ်သည်။

ရွှီရှင်း၏ အမိန့်မပါဘဲ သူတို့သည် လုဖေးအာ၏ လှုပ်ရှားမှုများကို အတင်းအကျပ် ကန့်သတ်ခြင်း မပြုကြချေ။

"...ဘာလုပ်နေတာလဲ။ ဘယ်သူက ခွင့်ပြုလို့ လာချောင်းကြည့်နေတာလဲ"

"အမလေး.."

လုဖေးအာ လန့်ဖျပ်သွားပြီး တစ်ကိုယ်လုံး တုန်တက်သွားခဲ့ရသည်။

သူမ အမြန်လှည့်ကြည့်လိုက်ရာ ရွှီရှင်း၏ အနည်းငယ် အေးစိမ့်သော အမူအရာကို မြင်လိုက်ရသဖြင့် မျက်နှာလေးမှာ ဖြူလျော့သွားတော့သည်။

သူမ၏ စိတ်ထဲတွင်တော့ 'သွားပြီ၊ သွားပြီ... ငါတော့ လက်ပတ်ထဲကို ရောက်တော့မှာပဲ' ဟု တွေးနေမိရှာသည်။

"ကျွန်မ... ကျွန်မ ဒီအတိုင်းပဲ ကြည့်နေမိတာပါ..."

သူမသည် ရွှီရှင်း အပြင်မထွက်မီ ပြောခဲ့သည့်အတိုင်း ထိန်းချုပ်ရေးခလုတ်ကို အသုံးပြု၍ ပတ်ဝန်းကျင်ကို စောင့်ကြည့်ရန် ကြိုးစားခဲ့၏။

သို့သော် ထိန်းချုပ်ရေးခလုတ်မှာ မော်နီတာဘေးတွင် ရှိနေသဖြင့် သူမ လက်ယားကာ တို့ကြည့်မိရာမှ ထိုအရာမှာ ပွင့်သွားရုံတင်မကဘဲ စိတ်ကြိုက် ကိုင်တွယ်၍ ရနေသည်ကို တွေ့လိုက်ရခြင်းပင်။

သူမ တစ်ခါမှ မမြင်ဖူးသော ရွေးချယ်စရာများဖြစ်သည့် အဂ္ဂိရတ် ၊ အနုပညာရှင် စသည်တို့ကို မြင်လိုက်ရသောအခါ စူးစမ်းလိုစိတ်ကို မထိန်းနိုင်တော့ဘဲ အပြင်မှာ ရောက်နေသည့် ရွှီရှင်းကို လှမ်းကြည့်ကာ ခိုး၍ စစ်ဆေးနေမိခြင်း ဖြစ်၏။

ထို့နောက် သူမ စိတ်ဝင်တစား ကြည့်နေမိရာမှ ရွှီရှင်း ပြန်ရောက်လာသည်ကိုပင် သတိမမူမိခဲ့ပေ။

ရွှီရှင်းသည် ဆရာမိသော ကျောင်းသားတစ်ယောက်ကဲ့သို့ အားကိုးရာမဲ့စွာ ရပ်နေသော လုဖေးအာကို ကြည့်ရင်း မျက်နှာက ပို၍ မှောင်ကျလာခဲ့သည်။

လုဖေးအာသည် သူ၏ ပင်မသစ်ပင်အိမ် မော်နီတာကို ကိုင်တွယ်နိုင်လိမ့်မည်ဟု သူ တကယ် မမျှော်လင့်ထားခဲ့ပေ။

"ကျွန်မ... ကျွန်မ ဘာမှ မလုပ်ပါဘူး၊ ဒီအတိုင်းပဲ ကြည့်နေတာပါ..."

ရွှီရှင်းက ဘာမှ ပြန်မပြောဘဲ တင်းနေသော အမူအရာကြောင့် လုဖေးအာမှာ ပို၍ပင် ကြောက်လန့်နေရှာသည်။

သူမသည် ရွှီရှင်း၏ ဘယ်ဘက်လက်ရှိ လက်ပတ်ကို မသိမသာ ခိုးကြည့်လိုက်မိ၏။

"ပြီးခဲ့တဲ့ အားနည်းနေတဲ့ အချိန်တုန်းကရော နင် ဒီမော်နီတာကို ကိုင်ခဲ့သေးလား" ဟု ရွှီရှင်းက ရုတ်တရက် မေးလိုက်သည်။

ထိုစဉ်က လုဖေးအာသည် ဤအခန်းထဲတွင် တစ်နေ့လုံး ရှိနေခဲ့သည်ကို သူ သတိရသွားခြင်းပင်။

"ဒါက... ကျွန်မ... ကျွန်မ..."

လုဖေးအာမှာ ငိုချင်သော်လည်း မျက်ရည်မထွက်နိုင်တော့ပါ၊ သူမ အရင်တစ်ခေါက်ကလည်း တကယ်ပင် ကိုင်ကြည့်ခဲ့ဖူးသည် မဟုတ်ပါလား။

အရင်တစ်ခေါက်ကတော့ သူမ အောင်မြင်အောင် မလုပ်နိုင်ခဲ့ပါပေ။

မီမီက သူမကို မြေပြင်ပေါ်သို့ ချက်ချင်း ဖိချလိုက်ပြီး မော်နီတာမှောင်သွားမှသာ ပြန်လွှတ်ပေးခဲ့သဖြင့် သူမ ဘာမှ မမြင်လိုက်ရသည်မှာ သေချာပါသော်လည်း ဒါကို သူမ ဘယ်လိုပြောရဲပါမည်နည်း။

သူက အမှုဟောင်းတွေနဲ့အသစ် ပေါင်းပြီး လက်ပတ်ထဲမှာ နာရီပေါင်းများစွာ ပိတ်ထားတော့မှာလား။

အကယ်၍သာ အဲဒီလို ဖြစ်လာခဲ့ရင်တော့ သူမ သေချာပေါက် ရူးသွားပါလိမ့်မည်။

ဒါပေမဲ့ ရွှီရှင်းရဲ့ ရှေ့မှာတော့ သူမရဲ့ ဟန်ဆောင်မှုတွေက အလုပ်မဖြစ်နိုင်တာကို သိသဖြင့် မချိပြုံးလေးနှင့်သာ ရပ်နေရင်း စကားများပင် ထစ်နေတော့သည်။

"အမှန်အတိုင်းပြော။ ငါ ဘာမှ မလုပ်ပါဘူး"

ရွှီရှင်းသည် လုဖေးအာက သူ၏ လက်ပတ်ကို ခိုးကြည့်နေသည်ကို မြင်သောအခါ သူမ ကြောက်နေမှန်း သိလိုက်သဖြင့် လေသံကို အနည်းငယ် လျှော့လိုက်သည်။

"အဲဒီနေ့က နင် မော်နီတာကို ကိုင်ခဲ့လား"

ဘယ်အချိန်မှာ ဘေးအန္တရာယ် ကျရောက်လာမလဲ မသိနိုင်သော အခြေအနေမျိုးတွင် လုဖေးအာကို လက်ပတ်ထဲသို့ သူ သေချာပေါက် ထည့်ထားမည် မဟုတ်ပါပေ။

ရွှီရှင်း မမေးလျှင်ပင် သူမသည် အလိမ်ကို ပြော၍မရချေ။

စာချုပ်က သူမကို လိမ်ညာခွင့် မပေးထားသောကြောင့် ဖြစ်သည်။

နောက်ဆုံးတွင်တော့ သူမ အညံ့ခံကာ ဝန်ခံလိုက်ရတော့သည်။

"ဟုတ်ကဲ့... အရင်တစ်ခေါက်ကလည်း ကျွန်မ စမ်းကြည့်ခဲ့ဖူးပါတယ်၊ ဒါပေမဲ့ မီမီက ကျွန်မကို တားခဲ့လို့ ဘာမှ မမြင်လိုက်ရပါဘူး။ ဟို... သခင်ကြီး၊ ကျွန်မ မနက်စာတွေ ချက်ပေးထားတာကို ထောက်ထားပြီး ဒီတစ်ခါတော့ ခွင့်လွှတ်ပေးပါနော်။နောက်တစ်ခါ ဘယ်တော့မှ မလုပ်တော့ပါဘူးလို့ ကတိပေးပါတယ်။သခင်ကြီးရဲ့ စွမ်းရည်တွေနဲ့ အချက်အလက်တွေကိုလည်း ထပ်ပြီး မချောင်းကြည့်တော့ပါဘူး။ ကျွန်မက တကယ်ပဲ စူးစမ်းချင်စိတ်ကြောင့်ပါ၊ တခြား ဘာရည်ရွယ်ချက်မှ မရှိပါဘူး..."

လုဖေးအာသည် အပြစ်ပေးခံရသော ကလေးတစ်ယောက်ကဲ့သို့ ရပ်နေရင်း ရွှီရှင်းကို သနားစဖွယ် ကြည့်ကာ ခွင့်လွှတ်ပေးရန် တောင်းပန်နေတော့သည်။

လက်ပတ်ထဲ အထည့်မခံရဖို့အတွက် သူမ၏ သိက္ခာကိုပင် လုံးဝ ဂရုမစိုက်နိုင်တော့ပါပေ။

ရွှီရှင်း၏ ရှေ့တွင်တော့ သူမ၏ သိက္ခာမှာ ပျောက်ဆုံးနေသည်မှာ ကြာလှပြီဖြစ်ရာ သိက္ခာထပ်ကျသွားလည်း သူမအတွက် ဘာမှ မထူးခြားတော့ချေ။

အခန်း ၃၈၀ ပြီး။

အခန်း (၃၈၁) - လုဖေးအာ၏ အတိတ်နှင့် နိုးထလာခြင်း (၂)

အရင်တစ်ခေါက်က ထွက်ပြေးဖို့ နည်းလမ်းရှာရန် အချက်အလက် စုဆောင်းခဲ့ခြင်း ဖြစ်သော်လည်း ယခုတစ်ကြိမ်မှာတော့ သူမအနေဖြင့် စူးစမ်းချင်စိတ် သက်သက်သာဖြစ်ပြီး တခြား မည်သည့် ရည်ရွယ်ချက်မျှ မရှိပါပေ။

သို့သော် မထင်မှတ်ဘဲ ချက်ချင်း လက်ပူးလက်ကြပ် အမိခံလိုက်ရခြင်း ဖြစ်၏။

ရွှီရှင်းကတော့ ဒါကို ထိုသို့ တွေးပေးလိမ့်မည် မဟုတ်သည်မှာ သေချာပါသည်။

ဟီးးး... ဘယ်လိုလုပ်ရမလဲ... ကျွန်မ တကယ်ပဲ စူးစမ်းချင်ရုံ သက်သက်ပါဆို...။

ရွှီရှင်းက ဘာမှ ပြန်မပြောဘဲ မေးစေ့ကို ပွတ်ရင်း တစ်စုံတစ်ခုကို စဉ်းစားနေသည်။

သူ တွေးထားသည်မှာလည်း အခြေခံအားဖြင့် မှန်ကန်နေခဲ့ချေပြီ။

သူမသည် ကပ်ပါးသစ်ပင်အိမ်၏ ပိုင်ရှင်ဖြစ်ပြီး ထိုသစ်ပင်အိမ်က သူမကို ရွှီရှင်း၏ မိတ်ဆွေ အဖြစ် အသိအမှတ်ပြုထားသည်။

မထင်မှတ်ထားသည်မှာ ကပ်ပါးသစ်ပင်အိမ် ပိုင်ရှင်များသည် တစ်ဦးနှင့်တစ်ဦး၏ သစ်ပင်အိမ် မော်နီတာများကို ကိုင်တွယ်နိုင်ရုံတင်မကဘဲ ပင်မသစ်ပင်အိမ်၏ မော်နီတာကိုပါ ဝင်ရောက်ကြည့်ရှုနိုင်ခြင်းပင် ဖြစ်၏။

မှန်ပါသည်၊ သူမသည် ပင်မသစ်ပင်အိမ်၏ အမြစ်များကို ထိန်းချုပ်ပြီး ကိုယ်တိုင် အထဲသို့ ဝင်ရောက်နိုင်စွမ်း မရှိပါပေ။

သို့သော် ရွှီရှင်းက သူမကို အထဲသို့ ခေါ်လာပြီးလျှင်တော့ သူမသည် ပင်မသစ်ပင်အိမ်အတွင်းရှိ အရာအားလုံးကို ထိန်းချုပ်နိုင်စွမ်း ရှိသွားပေသည်။

ဒါဟာ အမှန်တကယ်တော့ ကြီးမားတဲ့ အကျိုးကျေးဇူးတွေ ရှိ၏။

ထိန်းချုပ်ရေးခလုတ် ကဲ့သို့သော အရာတွေကို သူတို့ ဆီမှာပဲ စိတ်ချလက်ချ လွှဲထားနိုင်ပြီး သူကိုယ်တိုင်တော့ အမြဲတမ်း စောင့်ကြည့်နေရမည့် အာရုံစူးစိုက်မှုများကို လျှော့ချနိုင်မည် မဟုတ်ပါလား။

သို့သော် ဤအချက်က ပြဿနာတစ်ခုကို ဖြစ်ပေါ်စေသည်။

သူ အရင်ကတည်းက စဉ်းစားနေခဲ့သော ပြဿနာပင်။

ဤအခြေအနေက သူ့ကို တစ်ခု ခံစားရစေသည်မှာ ပင်မသစ်ပင်အိမ်နှင့် အနီးနားရှိ ကပ်ပါးသစ်ပင်အိမ်များ စုစည်းမှုသည်သာလျှင် စနစ်၏အမြင်တွင် စခန်းတစ်ခုတည်းက ရှင်ကျန်သူများ အဖြစ် သတ်မှတ်ခံရခြင်းပင်။

တစ်ဖက်တွင်တော့ ကျိချောင်းယန်၊ လီဝမ်ရှီးနှင့် အခြားသူများမှာမူ ကြားနေယူနစ်များအဖြစ်သာ ရှိနေပြီး သူ၏ စခန်းဝင်များ မဟုတ်ကြပေ။

ဒါကို မြေပုံပေါ်က အစက်အပြောက် အရောင်တွေကနေလည်း သိနိုင်၏။

ဤ ကြားနေယူနစ် ဆိုသောအချက်ကို သေသေချာချာ ဆန်းစစ်ရမည် ဖြစ်သည်။

အကယ်၍ သူတို့သည် ဤကမ္ဘာ၏ အမြင်တွင် မိတ်ဖက်များအဖြစ် အသိအမှတ်ပြုမခံရပါက နောင်တွင် ပဋိပက္ခများ ရှိလာနိုင်မလား။

သူသည် ဆိုဖာပေါ်တွင် ခွေအိပ်နေသော ခဲခဲလေးကို လှမ်းကြည့်လိုက်သည်။

ခဲခဲလေးမှာလည်း အလင်းစက်မရှိသော ကြားနေယူနစ်တစ်ခုသာ ဖြစ်သည်။

ဒါမျိုးတော့ မဖြစ်နိုင်လောက်ပါဘူးနော်။

ရွှီရှင်းက စကားမပြောသဖြင့် လုဖေးအာမှာလည်း မလှုပ်ဝံ့ပေ။

သူမသည် စိုးရိမ်တကြီးဖြင့် ရွှီရှင်းကိုသာ ကြည့်ရင်း ရပ်နေရရှာသည်။

သူမ၏ ကြောက်လန့်နေသော အမူအရာကို မြင်သောအခါ ရွှီရှင်း စကားပြောလိုက်သည်။

"ငါက နင့်ကို ကာကွယ်ပေးဖို့ သစ်ပင်အိမ်ထဲ ခေါ်ထားတာ၊ နင်ကတော့ ငါ့ရဲ့ မော်နီတာတွေကို ခိုးကြည့်ပြီး ငါ့ရဲ့ စွမ်းရည်တွေကို စပ်စုနေတာပေါ့..."

တကယ်တမ်းတော့ ရွှီရှင်းသည် လုဖေးအာ သူ၏ စွမ်းရည်များကို မြင်သွားခြင်းအပေါ် ဂရုမစိုက်ချေ။

ဘာပဲဖြစ်ဖြစ် သူသည် စူးစမ်းရှာဖွေသူ အဖွဲ့ဝင်အားလုံးကို ပြောပြထားပြီးသား ဖြစ်သလို၊ လုဖေးအာအနေဖြင့် လီဝမ်ရှီးကို အသာအယာ မေးကြည့်ရုံနှင့်ပင် သိနိုင်သည် မဟုတ်ပါလား။

ရွှီရှင်း၏ စကားကို ကြားလိုက်ရသည်နှင့် လုဖေးအာ၏ မျက်နှာမှာ ချက်ချင်းပင် ငိုမဲ့မဲ့ ဖြစ်သွားတော့သည်။

ဒီတစ်ခါတော့ သူမ သေချာပေါက် အပြစ်ပေးခံရတော့မည်ဟု ထင်လိုက်ခြင်းပင် "ကျွန်မ မှားသွားပါတယ်... တောင်းပန်ပါတယ်..."

"ဒါပေမဲ့ နင့်အမှားကို ပြန်ပေးဆပ်ဖို့ အခွင့်အရေး တစ်ခုတော့ ပေးမယ်။ အခု ချက်ချင်း ငါ့အတွက် ထိန်းချုပ်ရေးခလုတ်ကို သွားပြီး စောင့်ကြည့်ပေး။ အာရုံတစ်စက္ကန့်လေးတောင် မလွတ်စေနဲ့။ ထူးခြားတာ တစ်ခုခုရှိတာနဲ့ ချက်ချင်း အစီရင်ခံရမယ်၊ နားလည်လား"

သူမအနေဖြင့် သေချာပေါက် လက်ပတ်ထဲ အထည့်ခံရတော့မည်ဟု ထင်ကာ ခွင့်လွှတ်ပေးရန် တောင်းပန်ဖို့ ပြင်နေသော လုဖေးအာမှာ အခွင့်အရေးရှိသည်ဟု ကြားလိုက်ရသောအခါ မျက်နှာလေး ချက်ချင်း ဝင်းလက်သွားတော့သည်။

သူမ ခေါင်းကို အပြင်းအထန် ငြိမ့်ပြရင်း "နားလည်ပါတယ်၊ နားလည်ပါတယ်။ ကျွန်မ ထိန်းချုပ်ရေးခလုတ်ကို သေသေချာချာ မျက်တောင်မခတ် စောင့်ကြည့်နေပါ့မယ်"

ခလုတ်ကို ထိုင်စောင့်နေရခြင်းမှာ ပျင်းစရာကောင်းလှစေကာမူ သူမအနေဖြင့် ဘာမှလုပ်စရာမရှိဘဲ ပျင်းလွန်းသဖြင့်သာ မော်နီတာကို တို့ကြည့်မိခြင်း ဖြစ်သည်။

သို့သော် လက်ပတ်ထဲ အပိတ်ခံရခြင်းထက်စာလျှင်တော့ ဒါက အဆပေါင်းများစွာ ပိုကောင်းသည် မဟုတ်ပါလား။

"ဪ... ဒါနဲ့၊ နင့်နာရီကို ပေးဦး"

ရွှီရှင်းသည် နယ်မြေ ၁၈၇ ၏ အခြေအနေကို စစ်ဆေးရန် ပြင်ဆင်လိုက်ခြင်း ဖြစ်သည်။

"ရော့ ဒီမှာပါ"

လုဖေးအာမှာ တွန့်ဆုတ်မနေဘဲ နာရီကို ရွှီရှင်းထံသို့ လှမ်းပေးလိုက်၏။

လက်ပတ်ထဲ အထည့်မခံရတော့သဖြင့် သူမ စိတ်အခြေအနေမှာ အလွန်ကောင်းမွန်သွားခဲ့ပြီး၊ မနေနိုင်ဘဲ စနောက်လိုက်မိသည်။

"ဒါဆိုရင် ဒါက ကျွန်မရဲ့ စွမ်းရည်တွေကို သခင်ကြီးက ခိုးကြည့်တာလို့ သတ်မှတ်ရမှာလား"

"ဒါကို ပွင့်ပွင့်လင်းလင်း ကြည့်တာလို့ ခေါ်တယ်"

ရွှီရှင်း နာရီကို ယူလိုက်ပြီးနောက် ထိန်းချုပ်ရေးခလုတ်ကို ညွှန်ပြကာ

"သေသေချာချာ စောင့်ကြည့်နေ။ တစ်ခုခုဆိုတာနဲ့ ချက်ချင်း အစီရင်ခံ။ အကယ်၍ နင်သာ အာရုံများနေမယ်ဆိုရင်တော့..."

"မဖြစ်စေရပါဘူး၊ အာရုံမများပါဘူး၊ တာဝန်ကို အပြည့်အဝ ထမ်းဆောင်ပါ့မယ်လို့ ကတိပေးပါတယ်"

ရွှီရှင်း သူ၏ ဘယ်ဘက်လက်ကို အနည်းငယ် မြှောက်လိုက်သည်ကို မြင်သောအခါ လုဖေးအာ ကြောက်လန့်တကြားဖြင့် အမြန်ပင် အာမခံလိုက်တော့သည်။

"အရမ်းကြီး တင်းမာမနေပါနဲ့။ ဒီဘေးအန္တရာယ်မှာ နင်သာ ကောင်းကောင်း လုပ်နိုင်မယ်ဆိုရင်၊ နင့်ကို စူးစမ်းရှာဖွေသူ အဖွဲ့ထဲ ထည့်ဖို့ ငါ စဉ်းစားပေးမယ်"

ထိုသို့ပြောပြီးနောက် ရွှီရှင်းသည် ဒုတိယထပ်သို့ လျှောက်သွားခဲ့ရာ လုဖေးအာမှာ မျက်လုံးအဝိုင်းသားနှင့် ကျန်ရစ်ခဲ့တော့၏။

"ဟင် စူးစမ်းရှာဖွေသူ အဖွဲ့လား"

လုဖေးအာ ပါးစပ်လေး အနည်းငယ် ဟလျက် ရေရွတ်လိုက်မိသည်။

"ဒါ... ဒါ တကယ်ပဲလား"

ဒါဆိုရင် သူမရဲ့ အဆင့်အတန်းက အသိအမှတ်ပြုခံရပြီး ကျေးကျွန် ဒါမှမဟုတ် အကျဉ်းသား မဟုတ်တော့ဘူးဆိုတဲ့ အဓိပ္ပာယ်လား။

သူမဟာ ကျိချောင်းယန်တို့၊ လီဝမ်ရှီးတို့လိုပဲ အဆင့်တူ အခွင့်အရေး ရတော့မှာလား။

သူမ ရုတ်တရက် ငိုချင်စိတ်ပင် ပေါက်လာခဲ့ရ၏။

...

လုဖေးအာသည် ငယ်စဉ်ကတည်းက လိမ္မာသော မိန်းကလေးတစ်ယောက် ဖြစ်ခဲ့ဖူးသည်။

သို့မဟုတ်လျှင် လိမ္မာသော မိန်းကလေးဆိုသည့် အခန်းကဏ္ဍတွင် နှစ်ပေါင်း ၂၀ ကျော်ကြာ သရုပ်ဆောင်ခဲ့သည်ဟု ဆိုရပေမည်။

လူတိုင်း၏ အမြင်တွင် သူမသည် အလွန်ပင် စကားနားထောင်တတ်ပြီး၊ အဆူခံရလျှင်လည်း ပြန်မပြော၊ အရိုက်ခံရလျှင်လည်း ပြန်မလုပ်သော ကြောက်ရွံ့တတ်သည့် မိန်းကလေးတစ်ဦး ဖြစ်ခဲ့သည်။

၎င်းမှာ သူမ၏ မိသားစု ပတ်ဝန်းကျင်ကြောင့် များစွာ လွှမ်းမိုးမှု ခံခဲ့ရခြင်း ဖြစ်၏။

သူမ၏ မိသားစုမှာ အလွန်ချမ်းသာပြီး၊ သန်းပေါင်းများစွာ တန်ကြေးရှိသော အိမ်ကြီးတွင် နေထိုင်ကာ၊ ကားဂိုဒေါင်ထဲတွင်လည်း ဇိမ်ခံကားများ ပြည့်နှက်နေသည်။

အချို့ကားများမှာ အိမ်ထက်ပင် ပို၍ ဈေးကြီးပြီး သူမ၏ဖခင် ငယ်ရွယ်စဉ်က ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သို့သော် သူမ၏ မိဘနှစ်ပါးစလုံးမှာ ဒေသတွင်း ထင်ရှားသော မိသားစုကြီးများမှ ဆင်းသက်လာကြသူများ ဖြစ်ကြစေကာမူ၊ သူတို့နှစ်ဦး၏ ဆက်ဆံရေးမှာ မကောင်းလှပါပေ။

ဆိုးရွားသည်ဟုပင် ဆိုနိုင်၏။

အခြားသော ဆက်ဆံရေးမကောင်းသည့် စုံတွဲများကဲ့သို့ အော်ဟစ်ဆဲဆိုခြင်း၊ ပစ္စည်းများ ရိုက်ခွဲခြင်းမျိုး မလုပ်ကြသော်လည်း သူတို့နှစ်ဦးမှာ ၁၀ နှစ်ကျော်ကြာအောင် စကားမပြောဘဲ နေခဲ့ကြသော "သွေးအေးစစ်ပွဲ" ကို ဆင်နွှဲခဲ့ကြသည်။

တရားဝင် ကွာရှင်းမထားကြသော်လည်း၊ ကွာရှင်းထားခြင်းနှင့် ဘာမှ မခြားနားပါပေ။

သူမ၏ဖခင်တွင် အပြင်မှာ မယားငယ်ရှိနေသည်ကို သူမ သိသည်။

ထိုလူကြီးသည် ထိုအမျိုးသမီးကို အိမ်သို့ အရှက်မရှိ ခေါ်လာတတ်ပြီး လုဖေးအာအား "ဒေါ်ဒေါ်" ဟု ခေါ်ခိုင်းခဲ့သည်။

တစ်ခါကလည်း သူမ၏မိခင်မှာ အပြင်တွင် အခြားအမျိုးသားတစ်ဦးနှင့် လက်ချင်းချိတ်ကာ လျှောက်သွားနေသည်ကို သူမ မတော်တဆ မြင်ခဲ့ဖူးသည်။

ထိုစဉ်က သူမမိခင်၏ မျက်နှာပေါ်တွင် လုဖေးအာ တစ်ခါမှ မမြင်ဖူးသော အပြုံးမျိုး ရှိနေခဲ့၏။

သူတို့၏ အိမ်ထောင်ရေးမှာ မိသားစုနှစ်ခု၏ ပူးပေါင်းဆောင်ရွက်မှုအတွက် ဖန်တီးထားသော ပုံပျက်ပန်းပျက် အိမ်ထောင်ရေးတစ်ခုသာ ဖြစ်ပုံရပြီး သူမသည် ထိုပူးပေါင်းဆောင်ရွက်မှု၏ ရလဒ်တစ်ခုသာ ဖြစ်ခဲ့သည်။

သူမ၏ မိဘများသည် သူမထံသို့ တစ်ခါတစ်ရံမှသာ လာကြည့်တတ်ပြီး၊ သူမ ငယ်စဉ်ကတည်းက ကလေးထိန်းများနှင့်သာ ကြီးပြင်းခဲ့ရခြင်း ဖြစ်၏။

သို့သော် လူအများ စိတ်ကူးယဉ်ကြသလို မိဘမေတ္တာမရဘဲ ငွေကို စိတ်ကြိုက်သုံးနိုင်သည့် လွတ်လပ်သော သူဌေးသမီးလေးမျိုးတော့ မဟုတ်ခဲ့ပါပေ။

သူမသည် ထိုသို့သော ဘဝမျိုးနှင့် လုံးဝ ခြားနားခဲ့၏။

အခန်း ၃၈၁ ပြီး။

All Chapters