← Chapters

အခန်း (၃၈၅-၃၈၇)

Vol. 26 Ch. 385-387

အခန်း (၃၈၅-၃၈၇)

Vol. 26 Ch. 385-387

အခန်း (၃၈၅) - ခရမ်းရောင်အဆင့် သံမဏိချပ်ဝတ်တန်ဆာနှင့် ဗီဇပြောင်းလဲမှု စတင်ခြင်း (၃)

သူ၏ ဖန်တီးရေးခန်းမသည် အောင်မြင်မှုနှုန်း အလွန်မြင့်မားသဖြင့် ပျက်စီးသွားမည်ကို စိုးရိမ်နေစရာမလိုဘဲ ဖော်စပ်ခြင်းလုပ်ငန်းကို တိုက်ရိုက်ပင် စတင်လိုက်တော့သည်။

အတော် လွယ်လွယ်ကူကူပင် ခရမ်းရောင်အဆင့် သံမဏိချပ်ဝတ် အစိတ်အပိုင်းလေးခုစလုံး ပြီးစီးသွားခဲ့၏။

ရွှီရှင်းသည် ထိုချပ်ဝတ်အစုံ၏ အာနိသင်ကို ချက်ချင်း စစ်ဆေးလိုက်သည်။

[သံမဏိချပ်ဝတ် လေးခုတွဲအစုံ (ခရမ်းရောင်အဆင့်): ဝတ်ဆင်သူ၏ ခွန်အားကို သိသိသာသာ မြှင့်တင်ပေးရုံတင်မကဘဲ ပြင်းထန်သော တိုက်ခိုက်ရေးစွမ်းရည်များနှင့် လက်နက်အသုံးပြုမှု ကျွမ်းကျင်မှုများကိုပါ ပေးအပ်သည်။]

တိုက်ခိုက်ရေးစွမ်းရည်တွေရော လက်နက်ကျွမ်းကျင်မှုတွေရောလား...။

မြွေကြေးခွံချပ်ဝတ်အစုံက သူ့ကို ရေအောက်မှာ လွတ်လပ်စွာ လှုပ်ရှားနိုင်စွမ်းနဲ့ အရာရာကို ကြည်လင်စွာ မြင်နိုင်စွမ်း ပေးခဲ့၏။

ဒီသံမဏိချပ်ဝတ်ရဲ့ စွမ်းရည်တွေကလည်း ၎င်းနှင့်နှိုင်းယှဉ်လျှင် လျော့နည်းလိမ့်မည် မဟုတ်ကြောင်း သူ ခန့်မှန်းမိသည်။

သူသည် မြွေကြေးခွံချပ်ဝတ်ကို ချက်ချင်းပင် ချွတ်လိုက်ပြီး လိုအပ်လျှင် ပြန်သုံးရန် ကျောပိုးအိတ်ထဲသို့ ထည့်လိုက်ကာ၊ သံမဏိချပ်ဝတ်ကို လဲလှယ်ဝတ်ဆင်လိုက်တော့သည်။

သံမဏိချပ်ဝတ်အစုံမှာလေးလံသော ချပ်ဝတ် အမျိုးအစားပင် ဖြစ်သည်။

အပြာရောင်အဆင့် သံမဏိချပ်ဝတ်ပင်လျှင် ကာကွယ်ရေးအပိုင်းတွင် ခရမ်းရောင်အဆင့် မြွေကြေးခွံချပ်ဝတ်ကို ကျော်လွန်လုနီးပါး ဖြစ်နေခဲ့သည်ဖြစ်ရာ၊ ယခု ခရမ်းရောင်အဆင့် သံမဏိချပ်ဝတ်၏ ကာကွယ်နိုင်စွမ်းမှာတော့ အလွန်ပင် အံ့မခန်းလှပေလိမ့်မည်။

သို့သော် ဤချပ်ဝတ်အစုံမှာ အလွန်ပါးလွှာပြီး ပေါ့ပါးလှပေသည်။

မြွေကြေးခွံချပ်ဝတ်ထက်တော့ ပိုလေးသော်လည်း၊ ခွန်အားများ ပိုမိုတိုးလာသဖြင့် ထိုအလေးချိန်က ဘာမှ ထူးခြားမနေပါပေ။

ပါးလွှာလှသော ဤသံမဏိချပ်ဝတ်ကို ဝတ်ဆင်ထားရသည်မှာ အပြာရောင်အဆင့် သံမဏိချပ်ဝတ်လောက်တောင် ခိုင်ခံ့ပုံမရဘဲ ကြည့်ရသည်မှာ အပေါ်ယံ အလှအပအတွက်သာ ထင်ရစေသည်။

"...ဒါက အလေးချိန်နည်းလေ ကာကွယ်ရေး ပိုကောင်းလေဆိုတဲ့ သဘောလား"

ရွှီရှင်း အသာအယာ ရယ်မောလိုက်မိသည်။

အစိမ်းရောင်အဆင့် သံချပ်ဝတ်၊ အပြာရောင်အဆင့် သံချပ်ဝတ်၊ အပြာရောင်အဆင့် သံမဏိချပ်ဝတ်မှသည် ယခု ခရမ်းရောင်အဆင့် သံမဏိချပ်ဝတ်အထိ ကာကွယ်ရေးက ပို၍ ပို၍ သန်မာလာသော်လည်း ကြည့်ရသည်မှာတော့ ပို၍ ပါးလွှာလာခဲ့ချေပြီ။

သဘာဝကျစွာပင် လှုပ်ရှားသွားလာမှုမှာလည်း ပို၍ ပေါ့ပါးသွက်လက်လာတော့၏။

ဒါနဲ့... တိုက်ခိုက်ရေးစွမ်းရည်ဆိုတာက ဘာကို ဆိုလိုတာလဲ။

သူ လက်သီးတစ်ချက် ဝှေ့ယမ်းလိုက်သည်နှင့် ခရမ်းရောင်သံမဏိချပ်ဝတ်က ပေးစွမ်းသော စွမ်းဆောင်ရည်ကို ချက်ချင်း ခံစားလိုက်ရသည်။

အသာအယာ ထိုးလိုက်ရုံမျှနှင့်ပင် ပြည့်စုံလှသော လက်သီးချက်တစ်ခု ထွက်ပေါ်လာခဲ့၏။

စွမ်းအင်ထုတ်လွှတ်မှု နယ်ပယ်ဖြစ်စေ၊ ထိုးချက်၏ ထောင့်ချိုးနှင့် အရှိန်ဖြစ်စေ အားလုံးမှာ ပြည့်စုံနေပြီး လက်သီးချက်၏ စွမ်းအားကို အမြင့်ဆုံးသို့ ရောက်ရှိစေခဲ့သည်။

ထို့နောက် သူ၏ လှံရှည်ကြီးကို ဆွဲထုတ်လိုက်သည်။

တစ်ခဏချင်းမှာပင် လှံရှည်အသုံးပြုပုံ တိုက်ခိုက်ရေးနည်းစနစ်များမှာ သူ၏ဦးနှောက်ထဲသို့ တိုးဝင်လာခဲ့၏။

ဤအတွေ့အကြုံများမှာ သူ၏ခန္ဓာကိုယ်နှင့် တစ်သားတည်း ပေါင်းစပ်သွားပြီး ကြွက်သားမှတ်ဉာဏ်အဖြစ် ဖြစ်ပေါ်သွားသကဲ့သို့ သူ ခံစားလိုက်ရ၏။

ယခုအခါ သူ လက်တစ်ချက် လှုပ်ရှားလိုက်တိုင်းမှာ အရင်ကထက် များစွာ ပို၍ အစွမ်းထက်နေချေပြီ။

အရင်က ကျဉ်းမြောင်းပြီး နိမ့်ပါးလှသော သစ်ပင်အိမ်အတွင်း၌ လှံရှည်ကြီးဖြင့် အကြိမ်ကြိမ် ဝေ့ယမ်းတိုက်ခိုက်စေကာမူ သွက်လက်လှသော လုဖေးအာကို သူ လုံးဝ မထိနိုင်ခဲ့ပါပေ။

သို့သော် ယခုမူ သူမကို သေချာပေါက် ထိအောင် တိုက်နိုင်မည်ဟု သူ ယုံကြည်မှု ရှိနေပြီဖြစ်သည်။

"မဆိုးဘူး"

ရွှီရှင်း ကျေနပ်သွား၏။

ဤချပ်ဝတ်အစုံ၏ ကုန်းပေါ်တွင် အသုံးဝင်မှုမှာ မြွေကြေးခွံချပ်ဝတ်ထက် အဆပေါင်းများစွာ ပိုမိုသန်မာလှပေသည်။

ကာကွယ်ရေး မြင့်မားရုံ နှင့် ခွန်အားကြီးရုံတင်မကဘဲ သူ့အား ထူးကဲသော တိုက်ခိုက်ရေးစွမ်းရည်များကိုပါ ပေးအပ်ထားသည် မဟုတ်ပါလား။

ဒါကလည်း သဘာဝကျပါသည်။

မြွေကြေးခွံချပ်ဝတ်မှာ ရေအောက်အတွက်သာဖြစ်ပြီး ကုန်းပေါ်တွင်တော့ စွမ်းရည်လျော့နည်းသည် မဟုတ်ပါလား။

ရေအောက်သို့ တစ်ဖန် ပြန်ဆင်းရန် လိုအပ်လာမှသာ မြွေကြေးခွံချပ်ဝတ်ကို သူ ပြန်ထုတ်သုံးပေလိမ့်မည်။

"ရွှီရှင်း ရွှီရှင်း တစ်ခုခု ဖြစ်နေပြီ"

လုဖေးအာ၏ အနည်းငယ် ထိတ်လန့်နေသော အသံမှာ တတိယထပ်ဆီမှ ရုတ်တရက် ထွက်ပေါ်လာခဲ့၏။

တစ်ခုခု ဖြစ်နေပြီ ဟုတ်လား။

သူ၏ မြှင့်တင်ထားသော အကြားအာရုံမှာ ပတ်ဝန်းကျင်က ဘာလှုပ်ရှားမှုသံကိုမှ အာရုံမခံမိသေးပါပေ။

သူ တတိယထပ်သို့ အပြေးတက်လာရာ လုဖေးအာမှာ မျက်လုံးအဝိုင်းသားနှင့် မော်နီတာကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

ရွှီရှင်းကို မြင်သည်နှင့် သူမက အမြန်ပင် လက်ယမ်းခေါ်လိုက်သည်။

"မြန်မြန်လာကြည့်ဦး၊ အတွင်းထဲမှာ တစ်ခုခု ဖြစ်နေပြီ!"

သူ အနားသို့သွား၍ မော်နီတာကို ကြည့်လိုက်ရာ သူ၏ မျက်စိသူငယ်အိမ်များမှာ အနည်းငယ် ကျုံ့သွားခဲ့ရသည်။

ထူးဆန်းသော ဖြစ်ရပ်တစ်ခု ဖြစ်ပေါ်နေချေပြီ။

သစ်ပင်အိမ်နှင့် မီတာ တစ်ရာကျော် ဝေးကွာသော ဆီးနှင်းပြင်ကြီးပေါ်တွင် ထူထဲလှသော ဆီးနှင်းအလွှာများမှာ တစ်စင်တီမီတာအောက်သာရှိသော လမ်းကြောင်းလေးများအဖြစ် တိတ်တဆိတ် ကွဲအက်သွားကြသည်။

ထိုလမ်းကြောင်းများမှာ တစ်စထက်တစ်စ ပိုမိုများပြားလာပြီး ဆီးနှင်းမျက်နှာပြင်ပေါ်တွင် ထူးခြားသော ပုံသဏ္ဌာန်များကို တဖြည်းဖြည်း ပုံဖော်လာခဲ့၏။

"ဒါတွေက... သွေးရောင်မျဉ်းတွေလား"

လုဖေးအာ တိုးတိုးလေး ရေရွတ်လိုက်မိသည်။

သူမသည် ငွေရောင်ဘုရင်နှင့် မီမီတို့ကို လှည့်ကြည့်လိုက်၏။

သူတို့မှာ ထူးခြားမှုကို အာရုံမခံမိကြသေးသော်လည်း မိမိတို့ကိုယ်ပေါ်ရှိ သွေးရောင်မျဉ်းများကို ကြည့်ရင်း ဇဝေဇဝါ ဖြစ်နေကြသည်။

ထို့နောက် လုဖေးအာမှာ သူမ၏ ကော်လာကို ဆွဲဟ၍ မိမိခန္ဓာကိုယ်ကို ပြန်ငုံ့ကြည့်လိုက်ရင်း "ဒါက ငါတို့ဆီက သွေးရောင်မျဉ်းတွေနဲ့ နည်းနည်း ကွဲပြားနေသလိုပဲနော်"

ရွှီရှင်းသည် ပြောင်းလဲနေသော ဆီးနှင်းမျက်နှာပြင်ပေါ်က ပုံစံများကို စဉ်းစားနေမိသည်။

ဤကွဲပြားခြားနားလှသော ပုံစံများက ဘာကို ကိုယ်စားပြုနေသလဲပင်။

"နင် ထိန်းချုပ်ရေးခလုတ်ကို ကိုင်တွယ်နိုင်မလား။ သတိနဲ့ စောင့်ကြည့်ထား၊ တစ်ခုခုဖြစ်တာနဲ့ တိုက်ရိုက် တိုက်ခိုက်တော့"

ရွှီရှင်းသည် မျက်လုံးများကို မှေးထားရင်း အပြင်ဘက်ကို လှမ်းကြည့်ကာ လုဖေးအာအား အမိန့်ပေးလိုက်သည်။

"နားလည်ပါပြီ"

လုဖေးအာသည် ထိန်းချုပ်ရေးခလုတ်၏ ဘေးတစ်ဖက်တစ်ချက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ရာ သူမ၏ လက်ဆစ်များမှာ ဖြူလျော့သွားခဲ့ရသည်။

သူမ၏ မျက်လုံးများကလည်း မော်နီတာပေါ်က လှုပ်ရှားမှုများကို မျက်တောင်မခတ် စိုက်ကြည့်နေတော့၏။

"အီး"

ခဲခဲလေးမှာ ရုတ်တရက် အော်ဟစ်လိုက်ပြီး ပြတင်းပေါက်ဘောင်ပေါ်သို့ နှစ်ချက်ဆင့် ခုန်တက်ကာ အပြင်သို့ လှမ်းကြည့်နေသည်။

"အီး အီး အီး"

ထိုခဏမှာပင် ရွှီရှင်း၏ နားထဲ၌ အဆက်မပြတ် ကြားနေရသော နားမခံသာသည့် အသံမှာ ရုတ်တရက် ပီပြင်လာခဲ့ချေပြီ။

"ဒါ ဘာအသံလဲ"

လုဖေးအာက သတိပေးလိုက်သည်။

အခုဆိုလျှင် သူမလည်း ထိုအသံကို ကြားနေရပြီဖြစ်သည်။

"နေရာကူးပြောင်းရေးတံခါး ထွက်ပေါက် ပွင့်သွားတာလား။ မဟုတ်သေးပါဘူး၊ ဘာလို့ ဒီအသံက နေရာအနှံ့မှာ ဖြစ်နေရတာလဲ"

"နင့်ရဲ့ ထိန်းချုပ်ရေးခလုတ်ကိုပဲ အာရုံစိုက်ထားစမ်းပါ"

ရွှီရှင်း မျက်မှောင်ကြုတ်ရင်း သူ၏နားများကို ပွတ်လိုက်သည်။

ဤအသံမှာ တကယ့်ကို နားမခံသာလှပါပေ။

စစ်မှန်သော ကပ်ဘေးကြီး ရောက်ရှိလာခဲ့ချေပြီ။

အခန်း ၃၈၅ ပြီး။

အခန်း (၃၈၆) - ရူးသွပ်ဖွယ် ဆီးနှင်းမုန်တိုင်း နှင့် ဝိုင်းရံခံထားရသော သစ်ပင်အိမ်

သစ်ပင်အိမ်နှင့် မီတာ တစ်ရာကျော် ဝေးကွာသော ပတ်ဝန်းကျင်ရှိ ဆီးနှင်းပြင်ပေါ်က သစ်ကိုင်းသဏ္ဌာန် အက်ကြောင်းများမှာ အလွန်ပင် သိမ်မွေ့လှပေသည်။

သစ်ပင်အိမ် ပြတင်းပေါက်မှကြည့်လျှင် မြင်နိုင်ရန် ခဲယဉ်းသော်လည်း ထိန်းချုပ်ရေးခလုတ်၏ မော်နီတာမှတစ်ဆင့်မူ အလွန်ပင် အထင်အသား မြင်တွေ့နိုင်ပေသည်။

"ရွှီရှင်း အဲဒီပုံစံတွေက လင်းထိန်လာပြီ၊ အနီရောင်တွေ တောက်ပနေတာပဲ"

လုဖေးအာ အလန့်တကြား အော်ဟစ်လိုက်သည်။

"ဒါတွေက တကယ်ပဲ သွေးရောင်မျဉ်းတွေပဲ"

"ငါ မြင်ပါတယ်"

ရွှီရှင်းသည်လည်း ထိုပြောင်းလဲမှုများကို စိုးရိမ်တကြီး စောင့်ကြည့်နေမိသည်။

သူသည် မာဟုန်ဝေထံသို့ အသံမက်ဆေ့ခ်ျ ချက်ချင်း ပို့လိုက်၏။

"မင်းဘက်မှာ အခြေအနေ ဘယ်လိုလဲ"

"သစ်ပင်အိမ် ပတ်လည် မီတာ တစ်ရာကျော်က နှင်းတွေ အကုန် အက်ကွဲကုန်ပြီ။ အောက်ကနေ အနီရောင်အလင်းတွေ ထွက်နေတယ်"

မာဟုန်ဝေ၏ အသံမှာ မြန်ဆန်ပြီး လေးနက်နေသည်။

"နှင်းအလွှာအောက်ကနေ တစ်ခုခု ထွက်လာတော့မယ့် အတိုင်းပဲ"

ကြည့်ရသည်မှာ သူတို့ဘက်မှာလည်း အခြေအနေမှာ ဆင်တူလှပေသည်။

သစ်ပင်အိမ်ကို ဗဟိုပြု၍ မီတာ တစ်ရာခန့်မှာတော့ ဘေးကင်းလုံခြုံရေး နယ်မြေအဖြစ် ရှိနေပုံရ၏။

"မင်း မခုခံနိုင်တော့ရင် ငါ့ကို ချက်ချင်း ဆက်သွယ်နော်"

မာဟုန်ဝေကို တစ်စုံတစ်ရာ ဖြစ်ခွင့်ပြု၍ မရပါပေ။

မှန်ပါသည်၊ မာဟုန်ဝေမှာ ဗီဇပြောင်းလဲခြင်း စွမ်းရည်ရှိသလို ယခုအခါ အားနည်းသည့်အချိန်လည်း ကျော်လွန်သွားပြီဖြစ်ရာ သေစေနိုင်သော ဒဏ်ရာရလျှင်ပင် ပြန်လည်ရှင်သန်နိုင်မည်ဖြစ်သဖြင့် ရွှီရှင်း အလွန်အမင်းတော့ စိုးရိမ်မနေပေ။

"အင်း"

ဖုန်းချပြီးနောက် ရွှီရှင်းသည် သစ်ပင်အိမ် ပတ်ဝန်းကျင်က လှုပ်ရှားမှုများကို ဆက်လက် အကဲခတ်နေသည်။

လုဖေးအာသည် မာဟုန်ဝေ၏ စကားကို ကြားလိုက်ရသောအခါ မျက်မှောင်ကို အနည်းငယ် တွန့်ချိုးလိုက်မိသည်။

"သူ့အိမ်ပတ်လည်မှာလည်း မီတာ တစ်ရာနီးပါး ဘာမှမဖြစ်တဲ့ နေရာရှိတာလား"

"ဘာဖြစ်လို့လဲ။ နင် ဘာပြောချင်တာလဲ"

"ကျွန်မရဲ့ ကပ်ပါးသစ်ပင်အိမ်က ပင်မသစ်ပင်အိမ်နဲ့ မီတာ တစ်ရာလောက်ပဲ ဝေးတာလေ၊ ဒါပေမဲ့..."

သူမသည် ထိန်းချုပ်ရေးခလုတ်ကို ညွှန်ပြလိုက်၏။

"အဲဒီသစ်ပင်အိမ် ပတ်ဝန်းကျင်မှာတော့ ဘာထူးခြားမှုမှ မရှိဘူး"

သူမသည် ထိန်းချုပ်ရေးခလုတ်ကို ကိုင်တွယ်ကာ မော်နီတာပေါ်ရှိ မြင်ကွင်းကို ထိုဘက်သို့ ရွှေ့လိုက်သဖြင့် ရွှီရှင်း အထင်အသား မြင်တွေ့လိုက်ရသည်။

အမှန်ပင် သူမ၏ ကပ်ပါးသစ်ပင်အိမ်အနီးရှိ ဆီးနှင်းလွှာများမှာတော့ အနီရောင်အလင်းတန်း အက်ကြောင်းများဖြင့် ပြည့်နှက်နေချေပြီ။

၎င်းမှာ ရွှီရှင်း၏ ပင်မသစ်ပင်အိမ်မှ ထွက်ပေါ်နေသော အက်ကြောင်းများနှင့်သာ သက်ဆိုင်နေပြီး သူမ၏ ကပ်ပါးသစ်ပင်အိမ်နှင့်တော့ မည်သို့မျှ မပတ်သက်ပါပေ။

"ရှင်ကျန်သူတွေ ရှိနေလို့လား"

လုဖေးအာက ခန့်မှန်းလိုက်သည်။

"ရှင်ကျန်သူရှိတဲ့ သစ်ပင်အိမ်တွေပဲ ကာကွယ်မှုတစ်မျိုးမျိုး ရနေတာလား"

ရှင်ကျန်သူရှိသော သစ်ပင်အိမ်များ၏ ပတ်ဝန်းကျင်တွင် သွေးရောင်မျဉ်းများ ပေါ်မလာဘဲ ဘေးကင်းလုံခြုံနေခြင်းမှာ ကာကွယ်စောင့်ရှောက်ခံထားရသည့် ပုံစံမျိုး ဖြစ်နေသည်။

"ဒါမှမဟုတ် ပြောင်းပြန်လည်း ဖြစ်နိုင်တာပဲ"

ရွှီရှင်းသည် မြေပြင်ပေါ်တွင် ပိုမိုတောက်ပလာသော သွေးရောင်မျဉ်းများကို မျက်တောင်မခတ် စိုက်ကြည့်ရင်း ဆိုလိုက်သည်။

"ရှင်ကျန်သူမရှိတဲ့ သစ်ပင်အိမ်တွေကိုတော့ တိုက်ခိုက်ဖို့ ရည်မှန်းချက်ထဲမှာ မထည့်ထားတာကြောင့် လျစ်လျူရှုခံထားရတာလည်း ဖြစ်နိုင်တယ်"

သစ်ပင်အိမ်မှာ အရပ်မျက်နှာအနှံ့မှ ပိုမိုတောက်ပလာသော သွေးရောင်မျဉ်းများဖြင့် ဝိုင်းရံခံထားရချေပြီ။

လုဖေးအာမှာ ထိန်းချုပ်ရေးခလုတ်ကို ဘယ်ဘက်သို့ ချိန်ရမှန်းမသိဘဲ အခြေအနေကို စစ်ဆေးရန် ဟိုဟိုဒီဒီ ရွှေ့ကြည့်နေမိသည်။

ထိုအချိန်တွင် ရေကန်ကြီးရှိရာ အရပ်မျက်နှာဆီမှ သိမ်မွေ့လှသော "အက်" ဆိုသည့် အသံတစ်ခု ထွက်ပေါ်လာခဲ့၏။

မကောင်းတော့ဘူး။ ရေခဲပြင် အက်ကွဲသံပဲ။

သူ ပြတင်းပေါက်ဆီသို့ အပြေးသွားကာ လုံးဝ ခဲနေသော ရေကန်ကြီးကို လှမ်းကြည့်လိုက်သည်။

ရေကန်၏ မျက်နှာပြင်မှာ အလွန်ငြိမ်သက်နေပုံရသော်လည်း ရေခဲလွှာ အက်ကွဲသံ သိမ်သိမ်လေးကိုတော့ ရွှီရှင်း၏ ထူးကဲလှသော အကြားအာရုံက ဖမ်းယူမိလိုက်သည်။

သူ့စိတ်ထဲက မြေပုံပေါ်တွင်လည်း မရေမတွက်နိုင်သော အနီရောင်အစက်လေးများမှာ ရေကန်ထဲမှနေ၍ တဖြည်းဖြည်း လင်းထိန်လာခဲ့ချေပြီ။

ထို့နောက် ရေကန်ပေါ်က ထူထဲလှသော ရေခဲပြင်ကြီးမှာ တုန်ခါလာခဲ့ပြီး "ဂျွတ်... ဂျွတ်" ဆိုသော အက်ကွဲသံများမှာ နေရာအနှံ့မှ ထွက်ပေါ်လာတော့သည်။

ရေခဲပြင်တစ်ခုလုံးမှာလည်း ဖြူဖျော့သွားကာ အချိန်မရွေး ပေါက်ထွက်တော့မည့်ပုံ ပေါ်နေ၏။

သို့သော် ရွှီရှင်း အနည်းငယ် စိတ်အေးသွားရသည်မှာ ထိုအနီရောင်အစက်များထဲတွင် အလွန်အမင်း တောက်ပနေသောအစက် တစ်စက်မျှ မပါဝင်ခြင်းကြောင့် ဖြစ်သည်။

တောက်ပမှုအရဆိုလျှင် ၎င်းတို့၏ စွမ်းအားမှာ သာမန်သားရဲများထက် အနည်းငယ်သာ ပိုသန်မာကြပြီး အဆင့်နိမ့် ဗီဇပြောင်းသတ္တဝါ အဆင့်လောက်သာ ရှိကြကာ အလယ်အလတ်အဆင့်သို့ပင် မရောက်ကြသေးပါပေ။

အနည်းဆုံးတော့ လောလောဆယ်တွင် ရေကန်ထဲက ဧရာမမြွေကြီး ပေါ်မလာသေးချေ။

"ဟင်"

သူ စိတ်အေးလက်အေး နေရန် ကြိုးစားလိုက်စဉ်မှာပင် မြေပုံပေါ်က လှုပ်ရှားမှုတစ်ခုကြောင့် သူ ထိတ်လန့်သွားရသည်။

သူ၏ သစ်ပင်အိမ်မှ သုံးကီလိုမီတာခန့် ဝေးကွာသော ကုန်းမြင့်အရင်းအမြစ်နယ်မြေ တွင် အလွန်တောက်ပလှသော အနီရောင်အစက်ကြီး တစ်စက် ရုတ်တရက် ပေါ်လာခဲ့ခြင်းပင်။

၎င်းမှာ တဖြည်းဖြည်း ပေါ်လာခြင်းမဟုတ်ဘဲ ရေကန်ထဲက ဧရာမမြွေကြီး သို့မဟုတ် ချောင်းအောက်ခြေက မိကျောင်းကြီးတို့ကဲ့သို့သော တောက်ပမှုမျိုးဖြင့် ရုတ်တရက်ကြီး ထွက်ပေါ်လာခြင်း ဖြစ်၏။

သူသည် အခြားပြတင်းပေါက်တစ်ခုသို့ အမြန်ပြေးသွားကာ ကုန်းမြင့်အရင်းအမြစ်နယ်မြေရှိရာသို့ လှမ်းကြည့်လိုက်သည်။

ထိုနေရာရှိ တောင်ကုန်းတစ်ခုလုံးမှာ ဆီးနှင်းများဖြင့် ဖုံးလွှမ်းနေချေပြီ။

ရွှီရှင်းကို ပို၍ တုန်လှုပ်သွားစေသည်မှာ ဤမျှဝေးကွာသော နေရာမှပင်လျှင် ကုန်းမြင့်နယ်မြေရှိ တောင်ထိပ်များကို ဖုံးလွှမ်းထားသော ထူထပ်လှသည့် သွေးမြူခိုး များကို မြင်တွေ့နေရခြင်း ဖြစ်သည်။

သွေးမြူခိုးတွေ ထပ်ပြီး ပေါ်လာပြန်ပြီ။

ကုန်းမြင့်နယ်မြေ၏ အတွင်းပိုင်းတွင် ဘာတွေဖြစ်နေသလဲဆိုသည်ကိုတော့ ဤနေရာမှ သူ မမြင်နိုင်ပါပေ။

ရွှီရှင်း အသက်ဝဝရှူလိုက်မိသည်။

ဗီဇပြောင်းလဲမှုတွေ စတင်နေပြီဖြစ်သလို၊ ဧရာမ သားရဲကြီးတွေလည်း နောက်တစ်ကြိမ် ပေါ်လာခဲ့ချေပြီ။

သူသည် ထိုသားရဲကြီးများအကြောင်းကို များများစားစား မသိပါပေ။

သိသမျှမှာ ထိုသားရဲကြီးများတွင် မတူညီသော အုပ်စုများ ရှိကြပြီး၊ ရှင်ကျန်သူများကို ရန်မူသော အုပ်စုများပင်လျှင် ပထမအဆင့်တွင် သူတို့ကို တိုက်ရိုက် မတိုက်ခိုက်ခဲ့ကြပါပေ။

ဥပမာအားဖြင့် ရေကန်ထဲက ဧရာမမြွေကြီးနှင့် ယဇ်ပလ္လင်အနီးတွင် ပေါ်လာခဲ့သော သွေးရောင်မျဉ်း ဧရာမလူသားကြီးတို့မှာလည်း သူ၏အပေါ်သို့ မည်သည့်တိုက်ခိုက်မှုမျှ မပြုလုပ်ခဲ့ဘဲ စိတ်ပျက်လက်ပျက် ဖြစ်နေဟန်ဖြင့် ဟိန်းဟောက် ခြိမ်းခြောက်ကာ လှည့်ထွက်သွားခဲ့ကြသည် မဟုတ်ပါလား။

ထိုဧရာမလူသားကြီး ပေးခဲ့သော သတင်းစကားများအရ ဤသားရဲကြီးများ၏ ဇာစ်မြစ်ကို သူ အကြမ်းဖျင်း ခန့်မှန်းနိုင်ပါသည်။

ဧရာမမြွေကြီးများမှာ သွေးရောင်မျဉ်းများ၏ သက်ရောက်မှု မရှိသော သန့်စင်သည့် သားရဲကြီးများ ဖြစ်ပုံရပြီး သွေးရောင်မျဉ်း ဧရာမလူသားကြီးများမှာမူ အချက်နှစ်ခုစလုံး၏ သက်ရောက်မှုကို ခံနေရကာ မြေအောက်မိစ္ဆာကောင်များနှင့် အနည်းငယ် ဆင်တူလှပေသည်။

သို့သော်လည်း ထိုဧရာမလူသားကြီးများသည် လူသားပုံသဏ္ဌာန် ရှိကြသဖြင့် သူတို့၌ မြင့်မားသော ဉာဏ်ရည်ဉာဏ်သွေး ရှိနိုင်ပေသည်။

၎င်းမှာ သူတို့သည် မြေအောက်သို့ ရောက်မသွားဘဲ မြေပြင်ပေါ်မှာပဲ ကျန်ရစ်နေခဲ့ခြင်းနှင့် သက်ဆိုင်နိုင်၏။

ယဇ်ပလ္လင်နှင့် ပတ်သက်၍ သူ အရင်က ထင်မှတ်ထားသည်မှာ ၎င်းမှာ ဧရာမလူသားကြီးများ ဖန်တီးထားသော အရာဖြစ်ပြီး၊ သူတို့ကို နှိုးထရန်အတွက် အသုံးပြုသည့် ကိရိယာတစ်ခု ဖြစ်လိမ့်မည်ဟု ဖြစ်သည်။

ထိုသွေးရောင်မျဉ်း ဧရာမလူသားကြီးများမှာလည်း ယဇ်ပလ္လင်ကို စောင့်ရှောက်ရန် တာဝန်ရှိသည့် သူ၏ လူမျိုးစုဝင်များ ဖြစ်ပေလိမ့်မည်။

သို့သော် အခုကြည့်ရတာတော့ ထိုသို့ မဟုတ်နိုင်ပါပေ။

အကြောင်းမှာ သူသည် ထိုဧရာမလူသားကြီး၏ ခေါင်းထဲမှ အူတိုင်ကို ယူခဲ့ပြီးဖြစ်သော်လည်း ထူးခြားသော ဖြစ်ရပ်များမှာ ဆက်လက် ရှိနေဆဲ ဖြစ်သည်။

ဒါဟာ ဧရာမလူသားကြီးများနှင့် သွေးမြူခိုးများသည် ဆန့်ကျင်ဘက် အုပ်စုများ ဖြစ်နိုင်ကြောင်း ညွှန်ပြနေပြီး ဤသွေးမြူခိုး ဖြစ်ရပ်များသည် သွေးရောင်မျဉ်း သတ္တဝါများနှင့်သာ ဆက်စပ်နေခြင်း ဖြစ်ပေလိမ့်မည်။

အခန်း ၃၈၆ ပြီး။

အခန်း (၃၈၇) - ရူးသွပ်ဖွယ် ဆီးနှင်းမုန်တိုင်း နှင့် ဝိုင်းရံခံထားရသော သစ်ပင်အိမ် ၂

ဘေးကင်းသွားတာနဲ့ ကုန်းမြင့်အရင်းအမြစ်နယ်မြေဆီကို သူ သေချာပေါက် တစ်ခေါက် ပြန်သွားရပေမည်။

အထူးသဖြင့် လမရှိတဲ့ညမှာ မြေအောက်ကမ္ဘာကို ဖွင့်ပေးမယ့် အဲဒီယဇ်ပလ္လင်ဆီကိုပေါ့။

ဘာပဲဖြစ်ဖြစ် အဲဒီသားရဲကြီး သစ်ပင်အိမ်ကို လာမတိုက်ပါစေနဲ့လို့ပဲ ဆုတောင်းရတော့မယ်။

ကံကောင်းသည်မှာ ထိုအလွန်တောက်ပသော အနီရောင်အစက်ကြီးမှာ လှုပ်ရှားခြင်းမရှိဘဲ ကုန်းမြင့်နယ်မြေထဲမှာပင် ငြိမ်သက်နေသဖြင့် ရွှီရှင်း အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့သည်။

"ဂျွတ် ဂျွတ်"

သူ၏နားထဲတွင်တော့ ရေခဲပြင် အက်ကွဲသံများမှာ တစ်စထက်တစ်စ ပို၍ ကျယ်လောင်လာခဲ့ချေပြီ။

ငွေရောင်ဘုရင်နှင့် မီမီတို့မှာလည်း အိပ်ရာမှ ထလာကြပြီး ပြတင်းပေါက်ဘောင်တွင် မှီကာ ရေကန်ရှိရာဘက်သို့ လှမ်းကြည့်နေကြသည်။

"ခရွတ် ခရွတ်"

ယခုတစ်ကြိမ် ကြားရသောအသံမှာ ရေခဲပြင် အက်ကွဲသံမဟုတ်တော့ဘဲ တစ်စုံတစ်ရာက ရေခဲပြင်ကို ကိုက်ခဲဝါးစားနေသည့် အသံမျိုး ဖြစ်နေသည်။

အရပ်မျက်နှာအနှံ့မှ ထွက်ပေါ်နေသော အသံမျိုးစုံမှာ ရွှီရှင်း၏ နားထဲသို့ စီးဝင်လာပြီး သူ၏ မျက်နှာကို ပိုမို တည်တင်းသွားစေခဲ့၏။

ပတ်ဝန်းကျင် အရပ်ရပ်မှာ အန္တရာယ်တွေ ဝိုင်းနေပြီဟု သူ ခံစားလိုက်ရသည်။

"ရွှီရှင်း ရွှီရှင်း အပြင်မှာ အပြင်မှာ ကြည့်ဦး"

လုဖေးအာက အလန့်တကြား အော်ဟစ်လိုက်ပြန်သည်။

ရွှီရှင်းမှာ အပြင်ကို စောင့်ကြည့်နေခြင်းဖြစ်သော်လည်း သူရပ်နေသော နေရာမှာ ဘာလှုပ်ရှားမှုမှ မမြင်ရပါပေ။

"စိတ်အေးအေးထားစမ်းပါ၊ ဘာဖြစ်တာလဲဆိုတာ သေသေချာချာ ရှင်းပြဦး"

ရွှီရှင်း သူမအနားသို့ သွားလိုက်သည်။

"ကျွန်မလည်း ဘယ်လိုရှင်းပြရမလဲ မသိဘူး၊ အရမ်းထူးဆန်းနေတာပဲ။ ရှင်ကိုယ်တိုင်ပဲ လာကြည့်လိုက်တော့"

ထိန်းချုပ်ရေးခလုတ်၏ မော်နီတာပေါ်တွင်တော့ အပေါ်စီးမြင်ကွင်းမှတစ်ဆင့် ဖြစ်ပျက်နေသည်များကို အထင်အသား မြင်တွေ့နေရသည်။

မီတာ တစ်ရာခန့်အကွာရှိ ဆီးနှင်းပြင်ပေါ်တွင် ဆယ်မီတာ အကွာအဝေးတစ်ခုစီတိုင်း၌ ဆီးနှင်းအလွှာအချို့မှာ သိမ်မွေ့စွာ လိမ်ယှက်လှုပ်ရှားနေကြ၏။

အပေါ်စီးမှ ကြည့်လိုက်လျှင် ဆီးနှင်းပြင်တစ်ခုလုံး အသက်ဝင်နေသကဲ့သို့ပင်။

ထို့နောက် တစ်ခဏအတွင်းမှာပင် ထိုသို့ လိမ်ယှက်နေသော တစ်စတုရန်းမီတာခန့်ရှိသည့် ဆီးနှင်းအလွှာများမှာ ချက်ချင်းပင် လွင့်စင်သွားပြီး အောက်ခြေရှိ အခြေအနေများကို ပေါ်ထွက်လာစေခဲ့သည်။

"ဒါက..."

ရွှီရှင်း၏ မျက်ဝန်းများ ဝင်းလက်သွားသည်။

"တကယ်ကြီးလား"

"နေရာကူးပြောင်းရေးတံခါး အသေးစားလေးတွေလား"

လုဖေးအာ၏ မျက်လုံးများလည်း အဝိုင်းသား ဖြစ်သွားခဲ့ရသည်။

သူမသည် မိုးသက်မုန်တိုင်းရာသီတုန်းက လေဆင်နှာမောင်းဗဟိုမှာရှိသည့် ခရမ်းနက်ရောင် ဝဲဂယက်ကို မမြင်ဖူးခဲ့ပါပေ။

ဤဝဲဂယက်မှာ နေရာကူးပြောင်းရေးတံခါးများနှင့် အလွန်ဆင်တူသည်ကိုသာ သူမ သိထားခြင်း ဖြစ်သည်။

အသံပင်လျှင် ဆင်တူလှပေသည်။

သို့သော် ရွှီရှင်းကတော့ ကောင်းကောင်း သိထားပါသည်။

ဤဝဲဂယက်အသေးစားလေးများသည် တကယ်ပင် နေရာကူးပြောင်းနိုင်စွမ်းရှိသော်လည်း သူ၏ တည်နေရာလမ်းညွှန်ချက်များနှင့်တော့ လုံးဝ ကွဲပြားခြားနားလှပေသည်။

နှစ်ခုစလုံးမှာ ခရမ်းနက်ရောင် ဖြစ်ကြသော်လည်း သူ၏ တည်နေရာလမ်းညွှန်ချက်မှာ ခရမ်းရောင်ဘက်သို့ ပိုနွယ်ပြီး၊ ဤဝဲဂယက်အသေးလေးများမှာမူ လုံးဝနီးပါး အမည်းရောင် ဖြစ်နေသည်။

နှေးကွေးစွာ လည်ပတ်နေသော ထိုဝဲဂယက်များကို ကြည့်လိုက်ရုံနှင့်ပင် အတွင်း၌ ရှိနေသော ကြောက်မက်ဖွယ် စွမ်းအားများကို ခံစားလိုက်ရသည်။

ထိုကဲ့သို့သော ဝဲဂယက်များသည် ဆယ်မီတာခြား တစ်ခုနှုန်းဖြင့် နေရာအနှံ့ ပေါ်ပေါက်နေခြင်းပင်။

ရွှီရှင်း၏ ဦးရေခွံများ ထုံကျဉ်သွားခဲ့ရ၏။

ပြီးခဲ့သည့် အကြိမ်က ထိုကဲ့သို့သော ဝဲဂယက်တစ်ခု လည်ပတ်လိုက်ရုံနှင့်ပင် အလွန်ပြင်းထန်သော လေဆင်နှာမောင်းနှင့် မိုးကြိုးမုန်တိုင်းကြီး ဖြစ်ပေါ်ခဲ့သည် မဟုတ်ပါလား။

ယခုရော နောက်ထပ် ဘေးအန္တရာယ်ကြီးတစ်ခု ထပ်မံ ပေါ်လာတော့မည်လား။

သူ၏ အတွေးများကို အတည်ပြုပေးသကဲ့သို့ပင် ပတ်ဝန်းကျင်၌ ပြောင်းလဲမှုများ ဖြစ်ပေါ်လာခဲ့ချေပြီ။

နေမင်းမှာ ကောင်းကင်ထက်တွင် မြင့်မားစွာ တည်ရှိနေဆဲဖြစ်ကာ ဆီးနှင်းပြင်ကို လင်းထိန်စေပြီး ဖြူဖွေးသော အလင်းပြန်မှုများကို ထွက်ပေါ်စေနေသော်လည်း၊ ကောင်းကင်ယံမှ ဆီးနှင်းများမှာ စတင်ကျဆင်းလာခဲ့ပြီး တစ်စထက်တစ်စ ပိုမို ကြီးမားလာခဲ့တော့သည်။

ပြီးခဲ့သည့် အကြိမ်နှင့် မတူသည်မှာ ယခု ဆီးနှင်းများမှာ အလွန်ပြင်းထန်သော လေပြင်းများနှင့်အတူ ရောက်ရှိလာခြင်းပင် ဖြစ်၏။

ကြောက်မက်ဖွယ် လေပြင်းများမှာ ဟိန်းဟောက်တိုက်ခတ်နေပြီး၊ မနေ့ညက ဖြည်းညင်းစွာ ကျဆင်းခဲ့သော ဆီးနှင်းပွင့်များမှာ ယခုအခါ လေပြင်းများ၏ ရိုက်ခတ်မှုကြောင့် ဟိန်းဟောက်နေသော ဆီးနှင်းပင်လယ်ကြီးအဖြစ် ပြောင်းလဲသွားကာ သစ်ပင်အိမ်ပတ်လည်တွင် အရူးအမူး ဝဲလည်နေတော့သည်။

ဤဆီးနှင်းများထဲတွင် ကောင်းကင်မှ ကျလာသော နှင်းအသစ်များသာ ပါဝင်သည်မဟုတ်ပေ။

အေးစိမ့်လှသော လေပြင်းများမှာ သစ်ကိုင်းများကို ခါယမ်းကာ မြေပြင်ပေါ်တွင် စုပုံနေသော ဆီးနှင်းလွှာများကိုပါ အရှိန်ဖြင့် တိုက်စားပြီး လေထဲသို့ လွင့်စင်စေခဲ့ရာ မနေ့ညက စုပုံထားသမျှ နှင်းအလွှာများမှာ လေနှင့်အတူ အရပ်မျက်နှာအနှံ့သို့ ပြန့်ကျဲသွားတော့သည်။

ပြတင်းပေါက်အပြင်ဘက်မှာတော့ ရှုပ်ထွေးပွေလီလှသော ကမ္ဘာပျက်မြင်ကွင်းကြီး ဖြစ်နေချေပြီ။

ဆီးနှင်းမုန်တိုင်းကြီး ရောက်လာခဲ့လေပြီ။

အမြင်အာရုံမှာ လုံးဝကို ကွယ်ပျောက်သွားခဲ့ရ၏။

အပြင်ဘက်တွင် ဘာကိုမျှ မမြင်နိုင်တော့ပါပေ။

တစ်ချိန်တည်းမှာပင် မုန်တိုင်း၏ ဟိန်းဟောက်သံများက အခြားအသံအားလုံးကို ဝါးမြိုသွားခဲ့ရာ ရွှီရှင်း၏ နားထဲတွင် လေပြင်းတိုက်ခတ်သံမှလွဲ၍ အပြင်ဘက်က ဘာအခြေအနေကိုမှ အာရုံမခံနိုင်တော့ပေ။

"ဒါ... ဒါက ဆီးနှင်းမုန်တိုင်း ရာသီလား"

လုဖေးအာသည်လည်း ရှုပ်ထွေးလှသော ဆီးနှင်းများကြောင့် ဖြူဖွေးနေပြီး ဘာမှမမြင်ရတော့သည့် ထိန်းချုပ်ရေး မော်နီတာကို ကြည့်ရင်း ဘာလုပ်ရမှန်း မသိဖြစ်နေရှာသည်။

"အီး အီး"

ခဲခဲလေးသည် ရွှီရှင်း၏ အနားသို့ ပြေးလာပြီး သူ၏ပုခုံးပေါ်သို့ ခုန်တက်ကာ လက်ကလေးများဖြင့် အမူအရာပြနေသည်။

"အီး"

"ဝူးးး"

ငွေရောင်ဘုရင်သည်လည်း ဆီးနှင်းမုန်တိုင်းကို အံတုကာ ဒေါသတကြီး ဟိန်းဟောက်လိုက်၏။

မီမီ၏ အမွှေးများမှာလည်း ထောင်ထနေပြီး သူမ၏ အမြီးကို မြှောက်ကာ တစ်ကိုယ်လုံး တင်းမာနေခဲ့ပြီ ဖြစ်သည်။

အာဖုလေးပင်လျှင် ပြတင်းပေါက်ဘေးတွင် အတောင်ပံများကို တဖျပ်ဖျပ် ခတ်ရင်း ဂဏာမငြိမ် ဖြစ်နေရှာသည်။

ရွှီရှင်းသည် ခဲခဲလေး၏ ခေါင်းလေးကို အသာအယာ ပုတ်ပေးရင်း သူမကိုရော မိမိကိုယ်တိုင်၏ စိတ်လှုပ်ရှားမှုများကိုပါ တည်ငြိမ်အောင် ထိန်းချုပ်လိုက်၏။

သူ၏ မျက်စိဖြင့် အပြင်ဘက်ကို ဘာမှ မမြင်နိုင်တော့စေကာမူ သူ့တွင် မြေပုံရှိသေးသည် မဟုတ်ပါလား။

သူ မြေပုံကို စိုးရိမ်တကြီး စောင့်ကြည့်နေမိသည်။

အခုထိတော့ ရေကန်ကလွဲ၍ အခြား ထူးခြားသော ပြောင်းလဲမှု မရှိသေးပါပေ။

သို့သော် သူ ထိုသို့ တွေးနေခိုက်မှာပင် အနီရောင်အစက် အမြောက်အမြားမှာ ရုတ်တရက် ထွက်ပေါ်လာခဲ့ချေပြီ။

ခုနက ဧရာမသားရဲကြီး ပေါ်လာသကဲ့သို့ပင် တဖြည်းဖြည်း ပေါ်လာခြင်း မဟုတ်ဘဲ မြေပုံပေါ်တွင် ရုတ်တရက်ကြီး ထွက်ပေါ်လာခြင်း ဖြစ်၏။

ထိုသို့ ရုတ်တရက် ပေါ်လာခြင်းမှာ အကြောင်းရင်း တစ်ခုသာ ရှိနိုင်ပါသည်။

သူတို့တွေက တကယ်ပဲ ဒီနေရာကို နေရာကူးပြောင်းလာကြတာပဲ..။

ဒါ့အပြင် သူတို့ ပေါ်လာတဲ့ တည်နေရာတွေဟာ ခုနက ခရမ်းနက်ရောင် ဝဲဂယက်လေးတွေ ရှိနေတဲ့ နေရာတွေမှာ အတိအကျပင် ဖြစ်သည်။

ဤအနီရောင်အစက်များသည် ပထမအကြိမ် သားရဲလှိုင်းလုံးတုန်းကကဲ့သို့ အရပ်မျက်နှာအနှံ့ ဖရိုဖရဲ ပျံ့နှံ့နေခြင်း မဟုတ်ပေ။

ပေါ်လာပြီးနောက်တွင် သူတို့၏ မူလတည်နေရာမှ တဖြည်းဖြည်း ရွေ့လျားသွားကြပြီး အခြားနေရာတစ်ခုတွင် ရပ်တန့်ကာ စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။

ခရမ်းနက်ရောင် ဝဲဂယက်လေးများ ရှိနေသော နေရာများမှနေ၍ အနီရောင်အစက်များမှာ အဆက်မပြတ် ထွက်ပေါ်လာနေပြီး၊ အရပ်မျက်နှာအနှံ့သို့ စနစ်တကျ ပြန့်နှံ့သွားကြသည်။

မကြာမီမှာပင် ရွှီရှင်း၏ သစ်ပင်အိမ်မှာ ထူထပ်လှသော အနီရောင်အစက်များဖြင့် ဝိုင်းရံပိတ်ဆို့ခြင်း ခံလိုက်ရတော့သည်။

မြေပုံ၏ ပြသချက်အရ မာဟုန်ဝေ၏ သစ်ပင်အိမ်၊ အနောက်ဘက်ရှိ ကျိချောင်းယန်၏ အိမ်၊ အရှေ့ဘက်ရှိ လီဝမ်ရှီး၏ အိမ်နှင့် မြောက်ဘက်ရှိ ချီရွှယ်ဖေး၏ အိမ်တို့မှာလည်း ထိုအနီရောင်အစက်များ၏ ဝိုင်းရံမှုကို အလားတူ ခံထားရချေပြီ။

မြေပုံပေါ်ရှိ ရှိသမျှ သစ်ပင်အိမ်အားလုံးမှာ ထိုအနီရောင်အစက်များ၏ ဝိုင်းရံပိတ်ဆို့မှုကို ခံထားရခြင်း ဖြစ်၏။

အခြားသော နေရာလွတ်များတွင်တော့ အနီရောင်အစက်များမှာ များများစားစား မရှိဘဲ ကျဲပါးလှပေသည်။

အနီရောင်အစက် အားလုံးနီးပါးမှာ သစ်ပင်အိမ်များ၏ ပတ်ဝန်းကျင်တွင်သာ စုပြုံနေကြ၏။

အခန်း ၃၈၇ ပြီး။

All Chapters