← Chapters

အခန်း (၂၄၈၃-၂၄၈၄)

Vol. 178 Ch. 2483-2484

အခန်း (၂၄၈၃-၂၄၈၄)

Vol. 178 Ch. 2483-2484

အပိုင်း(၂၄၈၃)

ဝင်ရောက်လာသူမှာ စုမေ့ ဖြစ်ပေသည်။ သူမသည် အဖြူ၊ ရွှေရောင်နှင့် ငွေရောင်တို့ ပါဝင်သော ပါးလွှာပြီး ခန္ဓာကိုယ်နှင့် ကွက်တိကျသည့် ဟန်ဖူဝတ်စုံကို ဝတ်ဆင်ထား၏။ သူမသည် အလင်းတန်းပေါ်တွင် လျှောတိုက်သွားနေသည့်အလား လျှောက်လှမ်းလာခဲ့သည်။

မိန်းကလေး၏ နှုတ်ခမ်းများသည် နူးညံ့မှုဖြင့် တောက်ပနေပြီး၊ မျက်လုံးများသည်လည်း သန့်စင်မှုတို့ဖြင့် လင်းလက်နေ၏။ သူမ၏ နက်မှောင်သော ဆံကေသာကို လှပစွာ ပုံသွင်းထားပြီး၊ ပခုံးမှတစ်ဆင့် ရင်ဘတ်ဆီသို့ အနည်းငယ် ခုန်ပေါက်နေသည့်အလား လျှောကျနေလေသည်။ သူမသည် ပါးနီကို သိပ်ဆိုးလေ့ မရှိချေ။ သို့သော် ယခု ဤနေရာတွင် အနည်းငယ် လိမ်းခြယ်ထားမှုက သူမ၏ ရဲရင့်သော အမူအရာကို မလျော့ကျစေဘဲ၊ မိန်းမဆန်သော အရည်အသွေးများကိုသာ ပိုမို ပေါ်လွင်သွားစေခဲ့သည်။

သူမသည် ညစ်ညမ်းနေသော လောကကြီးထဲမှ လတ်ဆတ်သော လေပြေလေး အလား ဖြစ်၏။ ရှည်လျားသော ညဉ့်ယံအပြီးတွင် ထွန်းလင်းလာသည့် အလင်းတန်းတစ်ခုလည်း ဖြစ်သည်။ ဘဝတစ်သက်တာတွင် တစ်ကြိမ်သာ ပွင့်လန်းတတ်သော ပန်းတစ်ပွင့်လည်း ဖြစ်ပေသည်။

"..."

ဝေ့ဝူယင်သည် မှင်တက်သွားခဲ့၏။ စကားလုံးများသည် သူ၏ ဝိညာဉ်ထဲမှ ခေတ္တမျှ ထွက်ခွာသွားခဲ့ပြီး၊ အမှန်တကယ် ဆွံ့အသွားခဲ့လေသည်။

စုမေ့သည် တံခါးနှင့် ခြေအနည်းငယ်အကွာတွင် ရပ်နေ၏။ သူမက သူ့ကို ကြည့်လိုက်ပြီး၊ မျက်နှာပေါ်သို့ ကျနေသော ဆံစအချို့ထဲမှ တစ်ခုကို အေးဆေးတည်ငြိမ်စွာ သပ်တင်လိုက်သည်။ စကားတစ်ခွန်းမျှ မဆိုဘဲ တည်ငြိမ်သော ကိုယ်ဟန်အနေအထားဖြင့်သာ စောင့်ဆိုင်းနေခဲ့၏။ သူမ၏ နောက်ကျောဘက်ရှိ တံခါးမှာမူ ပိတ်သွားခဲ့လေပြီ။

စကားပြန်ပြောနိုင်စွမ်း ရရှိရန် အချိန်မည်မျှ ကြာသွားသည်ကို ဝေ့ဝူယင် ကိုယ်တိုင်ပင် မသိလိုက်ချေ။ သို့သော် သူ ပြန်လည် စကားပြောနိုင်ချိန်တွင်မူ လန်းဆန်းပြီး ခွန်အားများ ပြည့်ဝနေသည်ဟု ခံစားလိုက်ရ၏။ သူသည် အရာအားလုံးကို မှုတ်ထုတ်လိုက်သည့်အလား ပြင်းထန်သော သက်ပြင်းတစ်ချက်ကို ရှူထုတ်လိုက်ပြီးနောက်၊ တောက်ပသော အပြုံးတစ်ခုဖြင့် ဖြည်းညင်းစွာ မတ်တပ်ရပ်လိုက်သည်။

"ငါတို့..."

၎င်းသည် သူ၏ အသန့်စင်ဆုံးသော ခံစားချက်များ ပါဝင်သည့် ရိုးရှင်းသော ကျေးဇူးတင်စကား တစ်ခွန်း ဖြစ်၏။ ထိုစကားတစ်ခွန်းကို ကျေးဇူးတင်စကားလုံး ၅,၀၀၀၊ ပန်းကုံးသီကုံးထားသော ချီးမွမ်းမှုများ၊ နှင့် အရောင်အသွေးစုံလင်သော ဖော်ပြချက်များကပင် မည်သည့်အခါမှ ယှဉ်နိုင်မည် မဟုတ်ချေ။ သူ ကြိုးစားပြီး ပြောဆိုခဲ့လျှင်တောင်မှ စကားလုံး ၅,၀၀၀ ပဲ ဖြစ်ဖြစ်၊ သန်းငါးဆယ်ပဲ ဖြစ်ဖြစ် သူ၏ အတွေးများကို ဖော်ပြနိုင်မည် မဟုတ်ကြောင်း ဝေ့ဝူယင် သိထားသည်။ အကြောင်းမှာ သူ၏ အမြင်တွင် လောကကြီး ကိုယ်တိုင်က သူ၏ အတွေးများကို အမှန်တကယ် ထင်ဟပ်နိုင်မည့် စကားလုံးတစ်ခွန်းတည်းပါသော ဝါကျအစီအစဉ်များကို မဖန်တီးရသေးသောကြောင့်ပင် ဖြစ်သည်။

သူတို့အတွက်မူ ထိုစကားတစ်ခွန်းသည် အရာအားလုံးကို ဖော်ပြရန် လုံလောက်သော အဓိပ္ပာယ်များ ပြည့်နှက်နေခဲ့သည်။

စုမေ့သည် အလွန်အမင်း ရှက်သွေးဖြာသွားခဲ့ပြီး၊ သူမ၏ ပါးပြင်များမှာ ပန်းရောင်သန်းသွားခဲ့၏။ သူမသည် နှုတ်ခမ်းကို ဖွဖွလေး စေ့လိုက်သော်လည်း၊ သူမ၏ အကြည့်များကို အောက်သို့ မျက်လွှာ မချခဲ့ချေ။ သူမ၏ ရှေ့မှောက်ရှိ အမျိုးသားထံမှ ခံစားချက်တိုင်းကို လက်ခံရန် အကြောက်အလန့် ကင်းမဲ့နေခဲ့သည်။ သူမသည် တစ်ချိန်က ဤအရာကို တိတ်တဆိတ် တောင့်တခဲ့ဖူး၏။ ယခု သူမ ရရှိလာချိန်တွင်တော့ ထိုအရာအားလုံးကို လက်ခံရန် ရှက်ရွံ့နေစရာ မလိုတော့ပေ။ သူမ၏ ရင်ဘတ်ထဲမှ ပေါက်ထွက်လာမတတ် ခုန်ပေါက်နေသော နှလုံးသားနှင့်အတူ သူမက ညင်သာစွာ တုံ့ပြန်လိုက်သည်။

"ငါတို့..."

ဝေ့ဝူယင်၏ အပြုံးသည် ပိုမို တောက်ပလာခဲံ၏။ ထို့နောက် သူသည် လျှောက်သွားကာ သူမ၏ ခါးကို ဖက်လိုက်ပြီး၊ သူမ ဝတ်စုံ၏ အသားကို စမ်းသပ်ကြည့်လိုက်သည်။ ထို့နောက် သူမ၏ ဆံကေသာတွင် စွဲထင်နေသော ဆွဲဆောင်မှုရှိသည့် ရနံ့ကို ရှူရှိုက်လိုက်၏။ ၎င်းသည် ချိုမြိန်လှပေသည်။

"ဝေ့ရှောင်ထျန်း လုပ်ပေးလိုက်တာလား..."

ဝေ့ဝူယင်က မေးလိုက်၏။

စုမေ့က ခေါင်းညိတ်ပြလိုက်သည်။

"သီးသန့် လေလံပွဲ ပြီးရင် ဒါက ရှင့်ကို အကူအညီဖြစ်စေလိမ့်မယ်လို့ သူက ပြောခဲ့တယ်... သူ ပြောတာ မှန်ပုံရတယ်..."

ဝေ့ရှောင်ထျန်း၊ စုမေ့ နှင့် ချင်ချူးမူ တို့အားလုံးသည် ဝေ့ဝူယင်နှင့် သာမန်ထက် များစွာ ကျော်လွန်သော ဆက်သွယ်မှု အတိုင်းအတာ တစ်ခု ရှိထားကြ၏။ သူတို့အားလုံးသည် ကွဲပြားခြားနားကြသော်လည်း၊ အာကာရှစ် စွမ်းအင် သို့မဟုတ် စိတ်ဝိညာဉ် တာအို မှ ပေးအပ်သော အာရုံခံနိုင်စွမ်းများ မပါဘဲနှင့်ပင် သူ၏ ခံစားချက်များနှင့် အတွေးများကို ကောက်ကျစ်လောက်အောင် တိကျစွာ ဖတ်ရှုနိုင်စွမ်း ရှိကြသည်။ သူတို့သာလျှင် မဟုတ်ချေ။

ရွှယ်ယီဖေး၊ မေ့မေ့၊ ဝမ်မင်ယာ နှင့် သူ၏ အခြားသော အမျိုးသမီး အနည်းငယ်သည်လည်း သူ၏ ခံစားချက်များအပေါ် ကွဲပြားသော အာရုံခံနိုင်စွမ်းနှင့် တုံ့ပြန်နိုင်စွမ်း အတိုင်းအတာများ အသီးသီး ရှိထားကြ၏။

ဥပမာအားဖြင့် ဝေ့ရှောင်ထျန်းသည် သူထံမှ တင်းမာမှုနှင့် ကြောက်ရွံ့မှုကို ခံစားနိုင်၏။ ထိုကြောက်ရွံ့မှုကို သူ အမြဲတမ်း ခံစားနေရသော်လည်း၊ အရေးကြီးသော ဆုံးဖြတ်ချက်များ ချရန်နှင့် ပြတ်သားသော လုပ်ရပ်များ လုပ်ဆောင်ရန်အတွက် လောင်စာအဖြစ် အသုံးပြုခဲ့သည်။ သူသည် မည်သည့်အခါမျှ သတိမလွတ်ခဲ့သလို၊ ရွေးချယ်စရာများကြောင့် တွေဝေ ရပ်တန့်သွားခြင်းမျိုးလည်း မရှိခဲ့ချေ။ ဤ အမြဲတမ်း ရှိနေသော ကြောက်ရွံ့မှုက သူ့ကို သတိရှိစေပြီး၊ သူနှင့် နီးစပ်သူများကို အာရုံစိုက်နိုင်စေခဲ့သည်။

အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ သို့ ရောက်ရှိလာပြီးကတည်းက ဤကြောက်ရွံ့မှု ခံစားချက်များသည် ပိုမို ကြီးထွားလာခဲ့၏။ သူသည် အန္တရာယ်များကို တစ်ခုပြီးတစ်ခု ရင်ဆိုင်ခဲ့ပြီး၊ အစဉ်တစိုက် ကြီးထွားနေသော ရည်မှန်းချက်များဖြင့် ဂလက်ဆီ အတွင်း သူ၏ အမှတ်အသားကို ရဲဝံ့စွာ ချန်ရစ်နိုင်ရန် ကြိုးပမ်းခဲ့သည်။ ဤသည်က သူမကို သူ၏ ကြိုးပမ်းမှုများတွင် အောင်မြင်နိုင်ခြေ ပိုမို မြင့်မားလာစေရန်အတွက်၊ သူမ၏ အပျိုစင်ဘဝကို ရယူပါရန် သူ့အား တောင်းဆိုလုမတတ် ဖြစ်စေခဲ့၏။

ဝေ့ဝူယင်၏ နှလုံးသားထဲမှ တင်းမာမှုများကို လျော့ကျစေရန်၊ သူမသည် သူ့အတွက် ဝတ်စုံအသစ် ဒီဇိုင်းဆွဲပေးခြင်းမှအစ ယခုကဲ့သို့သော ကိစ္စရပ်များအထိ နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးစားခဲ့သည်။

ထိုအချိန်မတိုင်မီက ဝေ့ဝူယင် မည်သို့ ခံစားနေရသည်ကို သူမ နားမလည်နိုင်ခဲ့ချေ။ သူတို့ အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ သို့ မရောက်ရှိမီ... သူ၏ စိတ်အခြေအနေကို စုမေ့က ပြောပြခဲ့ပြီး နောက်မှသာ သူ၏ ခံစားချက်များကို သူမ နားလည်သဘောပေါက်သွားခဲ့၏။ ၎င်းမှာ ကြောက်ရွံ့မှုဖြစ်ကြောင်း သိလိုက်ရပြီး၊ နောက်ပိုင်းတွင် သူမကိုယ်တိုင် ထိုကြောက်ရွံ့မှု၏ လွှမ်းမိုးခံခဲ့ရသည်။ ဝေ့ဝူယင် သည် ဤမျှလောက် ဖိအားများအောက်တွင် ရှိနေလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ချေ။

ဝေ့ဝူယင်သည် အရာအားလုံးသည် လွယ်ကူစွာ လုပ်ဆောင်နိုင်ပုံရသော်လည်း၊ သူနှင့် အနီးကပ်ဆုံး ရှိသူများကတော့ သူ၏ လှုပ်ရှားမှုတိုင်းသည် မည်မျှ အန္တရာယ်များလှကြောင်း နားလည်ထားကြ၏။ ဝေ့ဝူယင်၏ အောင်မြင်မှု အများစုမှာ လှည့်စားမှုများ၊ ရဲရင့်မှုများ၊ မယုံကြည်နိုင်လောက်အောင် ကောင်းမွန်စွာ ရေးဆွဲထားသော အစီအစဉ်များနှင့် ကံတရား အနည်းငယ်တို့ကို အခြေခံ၍ အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်သည်။

ဝေ့ဝူယင် က ရယ်မောလိုက်၏။

"ငါက အဲဒီလောက်တောင် ရိုးရှင်းနေလို့လား..."

သူ့အကြည့်အတွက်၊ သူ့အကြည့် တစ်ခုတည်းအတွက်သာ လှပစွာ ပြင်ဆင် ဝတ်စားထားခြင်းက သူ့ကို ကလေးတစ်ယောက်လို ပျော်ရွှင်မြူးတူးသွားစေခဲ့၏။

စုမေ့က သူ၏ မျက်လုံးများကို စိုက်ကြည့်လိုက်သည်။ သူမ၏ အနက်ရောင် မျက်လုံးများက သူ၏ အတုမဲ့ ဖန်တီးခြင်း အဂ္ဂိရတ် ကြယ်တာရာများ ကို မသိစိတ်မှ အလိုအလျောက် ပိတ်သွားစေခဲ့ပြီး၊ မှော်ဆရာ တစ်ဦး၏ ဆွဲဆောင်မှုရှိသော ငွေရောင် မျက်လုံးများကို ထုတ်ဖော်ပြသ သွားစေခဲ့သည်။

"ဟုတ်တယ်... ရှင်က အဲဒီလိုပဲ..."

နှုတ်ခမ်းများကို အနည်းငယ် ပြုံးလိုက်သည်နျင့် စုမေ့၏ ပြိုင်ဘက်ကင်းကာ ရဲရင့်သည့် အသွင်အပြင်သည် လုံးလုံးလျားလျား ဆွဲဆောင်မှုရှိသည့် အလှတရား တစ်ခု အဖြစ် ပြောင်းလဲ သွားခဲ့သည်။

သူမသည် ရှေ့သို့ တစ်လှမ်း တိုးသွားပြီး၊ သူမ၏ ခါးကို သူ့ လက်နှစ်ဖက်ဖြင့် ဖက်ထားနိုင်ရန် ခွင့်ပြုပေးလိုက်သည်။ ထို့နောက်... သူ၏ ရင်ခွင်ထဲသို့ မှီချလိုက်ရင်း ရင်ခုန်သံကို နားဖြင့် ကပ်ကာ နားထောင်လိုက်သည်။

"ဒါပေမဲ့ အဲဒါကို ကျွန်မ သဘောကျတယ်..."

"..."

ဝေ့ဝူယင် တိတ်ဆိတ်စွာ ပြုံးလိုက်ပြီး၊ သူမ၏ အေးချမ်းပြီး သက်တောင့်သက်သာရှိသော အသက်ရှူသံများနှင့် သူ၏ ရင်ဘတ်ပေါ်ရှိ သူမ၏ ခေါင်းမှ နွေးထွေးမှုကို ခံစားလိုက်၏။

'ဒီလိုဘဝ... ဒီလို ခံစားချက်...'

ပျော်ရွှင်မှုများကြားတွင် မသိစိတ်မှနေ၍၊ လှောင်ချိုင့်ထဲ၌ ပိတ်မိနေသော ငွေရောင် ဆံပင်၊ အနက်ရောင် မျက်လုံးများ ပိုင်ရှင် အမျိုးသားကို သူ သတိရသွားမိ၏။ ထိုအမျိုးသားက သူ့ကို အပြစ်သား သွေးမျိုးဆက် စိမ့်ဝင်သွားစေမည့် ပြတ်သားသော ကိုက်ချက် တစ်ချက်ဖြင့် သူ့ကို ကိုက်ခဲ့သည်။ ထိုအချိန်မှစ၍ သူ၏ ဘဝလမ်းကြောင်းသည် ခန့်မှန်း၍မရနိုင်သော နည်းလမ်းများဖြင့် ပြောင်းလဲသွားခဲ့လေသည်။

သေးငယ်သည့် ကုန်းမြေတိုက်ကြီး တစ်ခုမှသည်၊ သူသည် ဂလက်ဆီ များစွာနှင့် ကိုယ်ပိုင် အင်ပါယာ ကို အုပ်စိုးသူအဖြစ်သို့ တက်လှမ်းနိုင်ခဲ့၏။ အိပ်မက်တစ်ခုကဲ့သို့ပင် ခံစားရသည့် အမှန်တကယ် စိတ်ကူး၍မရနိုင်သော ပုံပြင်တစ်ပုဒ်ပင် ဖြစ်ပေသည်။

သို့သော် ၎င်းသည် အိပ်မက်တစ်ခု ဖြစ်ခဲ့လျှင်တောင်မှ၊ ထိုအိပ်မက်ထဲမှ သူ ဘယ်တော့မှ နိုးထချင်မည် မဟုတ်ချေ။

သူတို့နှစ်ဦးသည် အချိန်မည်မျှကြာအောင် အချင်းချင်း ပွေ့ဖက်ထားမိသည်ကို မသိခဲ့ကြပေ။ စုမေ့ ၏ နူးညံ့သော အထိအတွေ့များက ကြီးမားသော နဂါးကြီး တစ်ကောင်ကို နိုးကြားလာစေသည့် တုံ့ပြန်မှုမျိုး ဖြစ်ပေါ်လာစေသောအခါမှသာ၊ သူမသည် ပါးနပ်စွာဖြင့် နောက်ဆုတ်သွားပြီး မည်သည့် အင်အားမှ မသုံးဘဲ သူ၏ ပွေ့ဖက်မှုမှ လွတ်မြောက်သွားခဲ့၏။

"စွန်းလီက ရှင့်ကို စောင့်နေတယ်..."

စုမေ့က ပြောလိုက်၏။ ထိုစကားများကြောင့် သူမကို ပွေ့ချီရန် လက်လှမ်းတော့မည့် ဝေ့ဝူယင်သည် သူ၏ အရှိန်နှင့် အစီအစဉ်များ အားလုံးကို ရပ်တန့်လိုက်ရ၏။

တကယ်တော့ အချိန်အတော်ကြာခဲ့ပြီ ဖြစ်၏။ မိုးကုပ်စက်ဝိုင်းများ နှင့် အဂ္ဂိရတ် တိုက်ပွဲ ကြောင့် သူသည် ဆယ့်ငါးနှစ်တိတိ မဖြစ်မနေ လိင်ကိစ္စ ရှောင်ကြဉ်ခဲ့ရသည်။ မကြာသေးမီကမှ အသက် တစ်ရာ ပြည့်ခဲ့သူ တစ်ဦးအနေဖြင့် ဤသည်မှာ အလွန် ရှည်လျားသော အချိန်ကာလ တစ်ခု ဖြစ်၏။

"ပိုင်လင်ရော ဘယ်လိုနေလဲ..."

ဝေ့ဝူယင် ရှေ့တွင် မည်သည့်အရာကိုမျှ ဖုံးကွယ်ထား၍ မရနိုင်သော်လည်း၊ စုမေ့ သည် ဆိုဖာပေါ်တွင် ထိုင်လိုက်ရင်း သူမ၏ မြင့်တက်လာသော စိတ်လှုပ်ရှားမှုကို ဖုံးကွယ်ကာ စကားစကို ကျွမ်းကျင်စွာ ပြောင်းလိုက်၏။

"အရိုးပြာ နယ်မြေ ရဲ့ ပေါက်ကွဲမှုကနေ ငါ သူ့ဆီ ပို့ပေးလိုက်တဲ့ စွမ်းအင်တွေနဲ့ ပစ္စည်းတွေကို သူ ချေဖျက်နေတယ်..."

ဝေ့ဝူယင်သည် သူ၏ လည်ပင်းတွင် ဆွဲထားသော အနန္တ ကုန်းမြေတိုက်ကြီး လည်ဆွဲ ကို ထိလိုက်၏။ ၎င်းသည် နူးညံ့သော နွေးထွေးမှု တစ်ခုကို ထုတ်လွှတ်နေသည်။

စုမေ့ကလည်း လက်လှမ်းကာ ထိုလည်ဆွဲကို နူးညံ့စွာ ပွတ်သပ်လိုက်သည်။

ဂီး...

မကြားရသလောက် တိုးဖျော့သော အော်မြည်သံတစ်ခု ပဲ့တင်ထပ်သွား၏။ တစ်ဖန် မိန်းကလေး၏ နှုတ်ခမ်းထက်၌ ရှားပါးသော အပြုံးတစ်ခု ထပ်မံ ထွက်ပေါ်လာခဲ့ပြန်သည်။ သူမသည် ပိုင်လင် ကို လွမ်းဆွတ်နေခဲ့၏။ တကယ်တော့ ရှောင်ပိုင် ကလည်း ပိုင်လင်၏ အခြေအနေကို အမြဲတမ်း မေးမြန်းနေတတ်သည်။ ထို မာနကြီးသော ကောင်လေးက သူမကို ထပ်တွေ့ချင်နေခဲ့ခြင်း ဖြစ်ပေသည်။

သူတို့နှစ်ဦးစလုံးသည် အဂ္ဂိရတ် ထုတ်ကုန်များကို ဖော်စပ်ရန်အတွက် အချိန်အရှိန်မြှင့်တင်ထားသော ဇုံများထဲသို့ မကြာခဏ ဝင်ရောက်လေ့ရှိသောကြောင့်၊ သူမကို မတွေ့ရသည်မှာ ရာစုနှစ် တစ်ခုနီးပါးခန့် ရှိနေခဲ့ပြီ ဖြစ်၏။

ဝေ့ဝူယင်သည် ငရဲ၏ ကပ်ဘေးများကြောင့် သူ၏ ကျင့်ကြံခြင်း အတွက် ဤ အချိန်အရှိန်မြှင့်တင်ထားသော ဇုံများကို ထိရောက်စွာ အသုံးမချနိုင်သော်လည်း၊ ဗာကီရီ များနှင့် အာဏာရှင်များ ကမူ ၎င်းတို့ကို အလွန်အကျွံ အသုံးပြုခဲ့ကြသည်။ အထူးသဖြင့် အချိန်ကို နားလည်သဘောပေါက်ရန် ကူညီပေးသော လျှို့ဝှက် အဆင့် အာရုဏ်ဦး လေပွေဇုံ ဆေးတောင့်များကို ပို၍ အသုံးပြုခဲ့ကြ၏။

"သူ စတုတ္ထ နိဗ္ဗာန် အသွင်ပြောင်းလဲခြင်းကို ဖြတ်သန်းရမှာကို ငါ နည်းနည်း စိုးရိမ်နေတယ်..."

ဝေ့ဝူယင်က သူ့ နှလုံးသားထဲမှ စိုးရိမ်ပူပန်မှုများကို ထုတ်ဖော်ပြောဆိုလိုက်၏။

"ကျွန်မ နားလည်ပါတယ်... ဒါပေမဲ့ အဆင်ပြေမှာပါ၊ သူ ပိုပြီး စွမ်းအားကြီးလာရင် ရှင်နဲ့ အတူ ပိုကြီးမား၊ ပိုကျယ်ပြန့်ပြီး ပိုတောက်ပတဲ့ ကောင်းကင်ယံတွေဆီကို အတူတူ လိုက်ပါနိုင်လိမ့်မယ်လေ...”

စုမေ့က နှစ်သိမ့်လိုက်၏။

“ကျွန်မ မှတ်မိသေးတယ်... နေသွေးနီနီဂိုဏ်းမှာတုန်းက ဆိုရင်..."

ဤသို့ဖြင့် သူတို့သည် အသိစိတ်၏ စေ့ဆော်မှု မပါဝင်ပါပဲ စကားဝိုင်း တစ်ခုအတွင်းသို့ နစ်မြုပ် သွားခဲ့ကြလေတော့သည်။

***

အပိုင်း(၂၄၈၄)

စုမေ့၏ တည်ရှိနေမှုနှင့် စကားပြောဆိုမှုများကြောင့် ဝေ့ဝူယင်သည် အင်အားများ ပြန်လည်ပြည့်ဖြိုးလာခဲ့သည်။ ဝေ့ဝူယင်၏ ကိုယ်ပိုင်တိုးတက်မှုနှုန်းက ပိုင်လင်အား လျင်မြန်စွာ ကြီးထွားလာစေရန် လိုအပ်ချက်တစ်ခု ဖြစ်လာစေသည်ဟူသော သူမ၏ စကားကို သူ မငြင်းဆန်နိုင်ခဲ့ပေ။ ထို့ကြောင့် ပိုင်လင်၏ နိဗ္ဗာန ပြန်လည်မွေးဖွားခြင်းများကို အချိန်တိုတောင်းသွားစေရန် နည်းလမ်းများကိုသာ သူ စဉ်းစားနိုင်တော့သည်။ ထိုသို့မှသာ သူမသည် သူနှင့်အတူ သင့်လျော်သော လက်တွဲဖော်တစ်ဦးအဖြစ် ရပ်တည်နိုင်မည် ဖြစ်သည်။ သူတို့၏ ပေါင်းစည်းခြင်းက အဖြေတစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပေသည်။

ဤအရာကို သူ၏ ဒုတိယ စိတ် အတွက် ဆက်လက် စဉ်းစားဆင်ခြင်ရန် ရည်ရွယ်ချက်တစ်ခုအဖြစ် သတ်မှတ်လိုက်သည်။ ထို့နောက် ယွီစွန်းလီကို ရှာဖွေရန် အချိန်တန်ပြီဖြစ်ကြောင်း ဝေ့ဝူယင်က စိတ်ထဲမှ ဆုံးဖြတ်လိုက်၏။ သူမသည် သူတို့၏ ရှောင်လွှဲ၍မရသော ပေါင်းစည်းခြင်းအတွက် သူမ၏ ဗဟုသုတများ နက်ရှိုင်းလာစေရန် အချိန်နှင့် ခွန်အားများကို ရင်းနှီးမြှုပ်နှံခဲ့သည်။ ထို့ပြင် ချောင်စွေ့ဖုန်းနှင့် လျိုစုရင်တို့ထံမှလည်း အကြံဉာဏ်များ တောင်းခံနေခဲ့သည်။

သို့သော်လည်း... စုရီ၏ အကြံအစည်များကြောင့် အရိုးပြာ နယ်မြေ ပေါက်ကွဲမည့် ကိစ္စ ဖြစ်ပေါ်လာပြီးနောက် သူ ထိုကိစ္စကို လျစ်လျူမရှုနိုင်ခဲ့ပေ။

အကယ်၍ သူသာ လုပ်ဆောင်ခဲ့ပါက အခွင့်အရေးများစွာ ဆုံးရှုံးရလိမ့်မည် ဖြစ်သည်။ စုရီ အသည်းအသန် တိုက်ခိုက်နေသည်ကို စောင့်ကြည့်ရာမှ ရုတ်တရက် အတုယူမိပြီး သံသရာ မျက်လုံးကို ဖန်တီးနိုင်မည့် အခွင့်အရေး ဆုံးရှုံးသွားပေလိမ့်မည်။ ထို့အပြင် အစစ်အမှန် ပဲ့တင်ထပ် ဝိညာဉ် အဆင့် ကောင်းကင်ငယ် တမန်တော် တစ်ဦးကို အနီးကပ် လေ့လာခွင့်ရမည့် အခွင့်အရေးကိုလည်း ဆုံးရှုံးသွားမည်ဖြစ်သည်။ ကောင်းကင် တာအိုများ ကိုယ်စား ဆောင်ရွက်ပေးခြင်းကြောင့် ရရှိလာသော ကမ္မ တန်ဖိုး ၈၇,၄၇၅ တိုးပွားလာမှုကိုလည်း လွဲချော်သွားပေလိမ့်မည်။

ပြန်လည် စဉ်းစားကြည့်ပါက ဤစွန့်စားမှုသည် အလွန်တရာ အကျိုးအမြတ်များလှသည်။ သို့သော်လည်း အကျိုးအမြတ် အများဆုံးအရာမှာ ဝေ့ရှောင်ထျန်း ဒီဇိုင်းဆွဲပေးထားသော ထိုလှပလှသည့် ဝတ်စုံဖြင့် စုမေ့ကို မြင်တွေ့ရခြင်းပင် ဖြစ်သည်။ ယင်းက မည်သည့် အမျိုးသားကိုမဆို သွေးထွက်သံယို စစ်ပွဲမှ အိမ်ပြန်ချင်စိတ် ဖြစ်ပေါ်လာစေရန် လုံလောက်သော တွန်းအားပေးမှု တစ်ခုပင်။ သူမ၏ ပုံရိပ်သည် သူ၏ နှလုံးသားထဲတွင် ထာဝရ စွဲထင်နေတော့မည် ဖြစ်သည်။

ဝေ့ဝူယင်နှင့် စုမေ့တို့သည် စကားစမြည် ပြောဆိုရင်း အချိန် နှစ်နာရီကြာ ကုန်ဆုံးခဲ့သည်။ ထိုအချိန်အတွင်း မူလ အာဏာရှင်များ၏ တိုးတက်မှုနှင့် သူတို့၏ သက်ဆိုင်ရာ တာဝန်ဝတ္တရားများအပေါ် ကျွမ်းကျင်မှု အကြောင်းများကိုလည်း ပြောဆိုခဲ့ကြသည်။ အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီအတွင်း ကျန်ရှိနေသေးသော ရည်မှန်းချက်များအပြင် ရတနာတောင်ကြား ဂလက်ဆီ၏ ကောင်းချီးခံ ယီအင်ပါယာသို့ နောက်ဆုံးသွားရောက်မည့် ခရီးစဉ်ကိုပါ ကြိုတင် စီစဉ်ခဲ့ကြ၏။

ထိုအကြောင်းအရာများထဲမှ တစ်ခုမှာ သခင်လေး ရှန့်၏ အခြေအနေများနှင့် ပတ်သက်၍ ဖြစ်သည်။ အစောပိုင်းက မူလအာရုဏ်ဦး နန်းတော် အတွင်းရှိ အရိပ်သဏ္ဌာန်တစ်ခုက သူ့ကို ခေါ်ဆောင်သွားခဲ့သည်။ ထိုအချိန်မှစ၍ အချိန်အတော်ကြာခဲ့ပြီ ဖြစ်သည်။ ဝေ့ဝူယင်က အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ အတွင်း သူ၏ တည်ရှိမှုကို စွဲထင်စေရန် ရဲရင့်စွာ ကစားကွက်ဖော်နေချိန် ဖြစ်သောကြောင့် ထိုကဲ့သို့ ကျူးလွန်ခံရသော်လည်း ၎င်းကို အဓိက ဦးစားပေးအဖြစ် မသတ်မှတ်ခဲ့ပေ။

"ဆိုတော့ အဲ့တာက ဥဿုံ လွှမ်းခြုံ ဆည်းဆာ အရှင်သခင် ဆိုတာပေါ့လေ..."

စုမေ့က ခပ်တိုးတိုး ရေရွတ်လိုက်၏။ တစ်ခဏ ကြာပြီးနောက် သူမက သက်ပြင်းတစ်ချက် ချလိုက်၏။

"အနည်းဆုံးတော့ သူ အသက်ရှင်နေသေးတာပဲ... ဒါပေမယ့် ဒါက ကောင်းချီးခံယီ အင်ပါယာ မှာရှိတဲ့ ကျွန်မတို့ရဲ့ အစီအစဉ်တွေကို ထိခိုက်စေနိုင်မလား..."

ဝေ့ဝူယင်က ခေါင်းခါလိုက်သည်။

"အမှန်တိုင်းပြောရရင် ရတနာတောင်ကြား ဂလက်ဆီ နဲ့ ကောင်းချီးခံယီ အင်ပါယာ အတွက် ငါချမှတ်ထားတဲ့ အစီအစဉ်တွေက လုပ်ငန်းစဉ်ပိုင်းမှာတော့ အမြဲတမ်း ပြောင်းလဲနေတယ်... ဒါပေမယ့် ရည်ရွယ်ချက်ကတော့ အတူတူပါပဲ..."

စုမေ့က ခေါင်းညိတ်လိုက်၏။ အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ အတွင်း ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးမှာ ထိတ်လန့်ဖွယ်ရာ ကောင်းခဲ့ပေသည်။ ထိုအရာ အားလုံးကို ဝေ့ဝူယင်က ကျိုးကြောင်းဆီလျော်စွာ ကြိုတင် တွက်ချက်ထားနိုင်ရန် မဖြစ်နိုင်ပေ။ အထူးသဖြင့် ဝေ့ဝူယင် အနေဖြင့် သူ၏ ကိုယ်ပိုင် တိုးတက်မှုနှုန်းကို ကြိုတင် မသိနိုင်သလို၊ အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ အတွင်း အကျိုးအမြတ် အနည်းငယ်နှင့် လူသိများမှုအတွက် သေးငယ်သော အင်အားစုလေးတစ်ခုကို တည်ထောင်ခြင်းမျိုးမဟုတ်ဘဲ အာရုဏ်ဦး အင်ပါယာ ၏ အဂ္ဂိရတ် တာအိုကို ဂလက်ဆီ လူ့အဖွဲ့အစည်းအတွင်း မိုးကုပ်စက်ဝိုင်း မျှော်စင် တစ်ခုအနေဖြင့် ပေါင်းစပ်တည်ထောင်နိုင်လိမ့်မည်ဟုလည်း တွက်ဆထားနိုင်မည် မဟုတ်ပေ။

ဝေ့ဝူယင်သည် နယ်မြေပိုင်ဆိုင်ရုံသာမက ပဲ့တင်ထပ် ဝိညာဉ် အဆင့် ခွန်အားရှိသည်ဟု ကောလာဟလ ထွက်နေသော ကောင်းကင်ရှန့်ထို အဂ္ဂိရတ်ပညာရှင် တစ်ဦးလည်း ဖြစ်သည်။ ယခုအချိန်တွင် သူ၏ ဂုဏ်သတင်းနှင့် ခန့်မှန်းစွမ်းအားများက အထွတ်အထိပ် သူတော်စင် တစ်ဦးနှင့် ယှဉ်ပြိုင်နိုင်သည့် အထိ တိုးတက်လာခဲ့သည်။ သူသည် ပဲ့တင်ထပ် ဝိညာဉ် အဆင့် ကျင့်ကြံသူ တစ်ဦးကို အမှန်တကယ် မတိုက်ခိုက်နိုင်လျှင်တောင်မှ ကောင်းကင်ရှန့်ထို အဂ္ဂိရတ်ပညာရှင် ဟူသော နာမည်သက်သက်ဖြင့် သူ၏ ဂုဏ်သိက္ခာကို ကြီးမားလှသော အမြင့်သို့ မြှင့်တင်ပေးထားပြီး သာမန် ကောင်းကင်ငယ် တမန်တော် တစ်ဦးနှင့် ယှဉ်နိုင်ရုံသာမက သာလွန်သည့် အနေအထားသို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။

"ဒါပေမယ့် သူတို့က ရှင်လာမယ့်အကြောင်းကို သေချာပေါက် မျှော်လင့်နေကြမှာပဲ... ကျွန်မတို့က သူတို့ရဲ့ မျှော်လင့်ချက်တွေကို ချေဖျက်ပြီး ဟင်းလင်းပြင် တံခါးပေါက် ကနေ ချက်ချင်းပဲ အဲ့ဒီကို သွားသင့်သလား..."

စုမေ့က ညင်သာစွာ သက်ပြင်းချရင်း မေးလိုက်သည်။

ဝေ့ဝူယင်က ထပ်မံ ခေါင်းယမ်းလိုက်သည်။

"ဒီမှာ ငါ ကိုင်တွယ်ဖြေရှင်းစရာ ကိစ္စတချို့ ကျန်နေသေးတယ်... ပြီးတော့ သူတို့က ငါ့ကို အပြည့်အဝ မျှော်လင့်နေမယ်ဆိုတာလည်း သေချာပေါက် မပြောနိုင်ဘူး... ဘာပဲဖြစ်ဖြစ် သခင်လေးရှန့် က ငါ့ရဲ့ အတိအကျ အခြေအနေတွေကို မှန်မှန်ကန်ကန် မရှာဖွေနိုင်ခဲ့ဘူးလေ... ပြီးတော့ ငါ့ရဲ့ စွမ်းအားတွေ ပို အားကောင်းလာတာရယ်၊ ညဉ့်ဦးယံ နိမိတ်ဖတ်သူများ ရဲ့ ဖုံးကွယ်ပေးမှုတွေရယ်ကြောင့် အရာရာက ပိုပြီး ခက်ခဲသွားလိမ့်မယ်..."

"ဥဿုံ လွှမ်းခြုံ ဆည်းဆာ အရှင်သခင် က ရှန့် မိသားစုဝင် တစ်ယောက် မဟုတ်ဘူးလား..."

စုမေ့က မေးမြန်းလိုက်သည်။ သခင်လေး ရှန့် သည် သူမ၏ လက်ထဲသို့ ကျရောက်သွားခဲ့ခြင်း ဖြစ်သည်။

"အတိအကျ ပြောရရင် သူ့ရဲ့ အဒေါ်ပဲ... ကောင်းချီးခံ ယီ အင်ပါယာ ဧကရီရဲ့ ညီမပေါ့... ကျန်းကျန့်ဝမ် ရဲ့ မှတ်ဉာဏ်တွေအရဆိုရင် သူက အစ်မဖြစ်သူနဲ့ အတော်လေး ရှုပ်ထွေးတဲ့ ဆက်ဆံရေးရှိပြီး အကြောင်းပြချက် တစ်ခုကြောင့် ကောင်းချီးခံ ယီ အင်ပါယာ ကနေ ထွက်ပြေးလာခဲ့တာပဲ... ဒီအချက်က သူ့အနေနဲ့ ဧကရီကို အသိပေးလိမ့်မယ်လို့ ထင်ရပေမယ့် ငါကတော့ သူ အဲဒီလို လုပ်မယ်လို့ မထင်ဘူး..."

ဝေ့ဝူယင်က သူ၏ အတွေးများကို အေးဆေးတည်ငြိမ်စွာ ဖွင့်ဟလိုက်သည်။

စဉ်းစားခန်း ဝင်သွားသောကြောင့် စုမေ့၏ မျက်ခုံးများ တွန့်ချိုးသွားသည်။ စက္ကန့်အနည်းငယ် ကြာပြီးနောက် သူမ၏ မျက်လုံးများက သဘောပေါက်သွားသည့်အလား တောက်ပသွားခဲ့၏။

"သူက ရှင့်ကို ငွေညှစ်ဖို့ ကြိုးစားလိမ့်မယ်လို့ ထင်နေတာလား..."

"ငါဆိုရင်တော့ လုပ်မှာပဲ..."

ဝေ့ဝူယင်က ယုံကြည်မှုအပြည့်ဖြင့် ဖြေကြားလိုက်သည်။

စုမေ့က ခေါင်းညိတ်ပြလိုက်သည်။

"ရှုပ်ထွေးတဲ့ အကြောင်းပြချက် ဆိုတာက ဘာလဲ..."

ဝေ့ဝူယင်က ရယ်မောလိုက်၏။ သူ၏ မျက်လုံးများက စိတ်ဝင်စားဖွယ် အတင်းအဖျင်းများကြောင့် တလက်လက် တောက်ပနေသည်။

"ဉာဏ်အလင်းရ သူတော်စင် နွေဦးကွင်းပြင်နဲ့ ကျန်းကျန့်ဝမ် တို့ နှစ်ယောက်စလုံး သိထားတဲ့ ကောလာဟလတွေအရ ပြောရရင်ပေါ့... အထူးသဖြင့် ထူးထူးဆန်း ဆန်းအတင်းအဖျင်းတွေကို စိတ်ဝင်စားတဲ့ ပထမတစ်ယောက်ဆီက သိရတာက ကောင်းချီးခံ ယီ အင်ပါယာ ရဲ့ ဧကရာဇ်ဟာ ညီအစ်မ နှစ်ယောက်စလုံးကို လက်ထပ်ဖို့ ကြိုးစားခဲ့တယ်... သူတို့ရဲ့ ရှေးဟောင်း ရိုးရာ ကန့်သတ်ချက်ကို ချိုးဖောက်ပြီးတော့ပေါ့... သူ ကြိုးစားခဲ့ပေမယ့်လည်း ဧကရီက ငြင်းပယ်ခဲ့တယ်... အဲဒါက အင်ပါယာအတွက် ပြဿနာတွေ အများကြီး ဖြစ်စေခဲ့တယ်လေ... ဟားဟား..."

"ရှန့်မျိုးနွယ်ရဲ့ ကြင်ယာတော် တစ်ပါး စည်းမျဉ်းလား..."

စုမေ့က ပေါ့ပါးစွာ တွေးတောပြောဆိုလိုက်သည်။ ဝေ့ဝူယင်သည် ရှန့်ဝမ်ချင်း နှင့်ပတ်သက်၍ ထိုအင်ပါယာ စည်းမျဉ်းကို ချိုးဖောက်ရန် သေချာပေါက် ဆုံးဖြတ်ထားပြီး ဖြစ်သည်။ ထိုအမျိုးသမီးသည် သူမပတ်ဝန်းကျင်တွင် ထူးဆန်းသော အော်ရာ များစွာရှိပြီး၊ ကျင့်ကြံသူ များ၏ လောဘရမ္မက်များကို စုစည်းနိုင်သော တာအို ချွင်ဆွေဟွကျိ ခန္ဓာ ကိုလည်း ပိုင်ဆိုင်ထားသူ ဖြစ်သည်။ ရှန့်မျိုးနွယ်ဝင် မိန်းကလေးများသည် အထူး အရည်အသွေးများနှင့် ပြည့်နှက်နေပုံရပြီး၊ ဝေ့ဝူယင်က သူတို့၏ ကံကြမ္မာ လေပွေ ထဲသို့ သူ့ကိုယ်သူ ဆန္ဒအလျောက် ပစ်သွင်းနေခြင်း ဖြစ်သည်။

ရှန့်ဝမ်ချင်း နှင့် ပတ်သက်သော စုရီ ၏ သတိပေးချက်ကို သူမ သိထားသည်။ ကန်းပန် သူတော်စင် တစ်ပါးပင်လျှင် သူမနှင့် ပတ်သက်နေသော အခြေအနေများကို ကိုင်တွယ်ဖြေရှင်းရန် ရုန်းကန်ရလိမ့်မည်ဟု သူက ရှင်းလင်းစွာ ပြောဆိုခဲ့သည်။ ထို့အပြင် သေစေနိုင်သော သဘာဝရှိသည့် ဆိုးရွားလှသော အကျိုးဆက်များနှင့် ရင်ဆိုင်ရလိမ့်မည်ဟုလည်း ဆိုခဲ့၏။ ယင်းမှာ ခြိမ်းခြောက်မှုတစ်ခု မဟုတ်ဘဲ စစ်မှန်သော သတိပေးချက်တစ်ခုသာ ဖြစ်သည်။

သို့သော်လည်း... စုမေ့သည် ခင်ပွန်းဖြစ်သူကို အန္တရာယ်မှ ထွက်ပြေးရန် အကြံပေးမည့် သာမန် ဇနီးသည်မျိုး မဟုတ်ပေ။ မည်သည့်အရာကိုမဆို ရင်ဆိုင်ရန် သူမသည် သူ၏ နံဘေးတွင် ရပ်တည်ပေးသွားမည်သာ ဖြစ်၏။

သူ ပြုမူခဲ့သကဲ့သို့ပင်...။

သူမအတွက် သူ အမြဲတမ်း ရှိနေပေးသကဲ့သို့ပင်...။

"ဥဿုံ လွှမ်းခြုံ ဆည်းဆာ အရှင်သခင်က ရှင့်ကို ဆက်သွယ်လာသေးလား..."

တစ်ခဏ ကြာပြီးနောက် စုမေ့က မေးလိုက်၏။

"မဆက်သွယ်သေးဘူး... အဲဒီအချိန်ကစပြီး သခင်လေးရှန့်က နှုတ်ဆိတ်နေခဲ့တာလည်း ဖြစ်နိုင်တယ်... သူ့ဆီက ဘာမှ မသိရတာလည်း ဖြစ်နိုင်တာပဲ... တကယ်လို့ အဲဒီလိုသာဆိုရင်တော့ သူက ငါ့ရဲ့ လေးစားမှုကို ရသွားပြီပေါ့..."

အရက်အလွန်အကျွံ သောက်တတ်သော ထိုလူငယ်လေး အကြောင်းကို တွေးမိပြီး ဝေ့ဝူယင်၏ ရှိရင်းစွဲ အပြုံးက ပို၍ ကျယ်ပြန့်သွားခဲ့သည်။

သူတို့သည် ဤနှစ်နာရီတာ ကာလအတွင်း အခြားသော အကြောင်းအရာများကို ဆက်လက် ဆွေးနွေးခဲ့ကြသည်။ ထိုအကြောင်းအရာများထဲမှ တစ်ခုမှာ သူ ပြုလုပ်မည့် နောက်ထပ် အဂ္ဂိရတ် ဖော်စပ်ခြင်း အပိုင်းနှင့် မည်သည့် ထုတ်ကုန်များကို အဓိကထားမည် ဆိုသည့်အကြောင်း ဖြစ်သည်။

ဝေ့ဝူယင်သည် သူ၏ နောက်ထပ် ဆေးဖော်စပ်မည့် အပိုင်းနှင့် ပတ်သက်၍ အနည်းငယ် ဝေဝါးနေခဲ့သည်။ နောက်ဆုံးတွင် သူက ၎င်းကို မရေမရာသာ ထားရှိခဲ့၏။ သူက ယွီစွန်းလီ အကြောင်းကို ထုတ်ပြောလာပြီး အချိန်ကျပြီဟု ခံစားလိုက်ရသည်။ သူ ရောက်ရှိလာတော့မည့် အကြောင်းကို သူမအား သတိပေးရန် စာပို့ဖို့ ပြင်လိုက်ချိန်တွင်ပင် စုမေ့က သူ၏ လက်ကို ဖမ်းဆွဲလိုက်သည်။

"နေပါဦး..."

စုမေ့က လှမ်းခေါ်လိုက်သည်။ သူမ၏ မျက်လုံးများသည် တစ်ကိုယ်ကောင်းဆန်မှု ကင်းမဲ့ကာ သန့်စင်နေသော်လည်း ဖုံးကွယ်ရန် ခက်ခဲသော တည်ကြည်လေးနက်မှု အရိပ်အယောင်တစ်ခုလည်း ပါဝင်နေ၏။

"ဟင်..."

ဝေ့ဝူယင်၏ စပ်စုလိုစိတ်က အမြင့်ဆုံးသို့ ထိုးတက်သွားသည်။

"ရှင် မလုပ်သင့်ဘူးလို့ ထင်တယ်..."

စုမေ့က စကားစလိုက်သော်လည်း သူမ၏ အသံက တဖြည်းဖြည်း တိုးဝင်သွားခဲ့သည်။ ယင်းမှာ ယုံကြည်မှု ကင်းမဲ့နေခြင်းကြောင့် မဟုတ်ဘဲ၊ သူမ ဖော်ပြလိုသော သူမ၏ ကိုယ်ပိုင် ထင်မြင်ချက်ကို ပြန်လည် စဉ်းစားသုံးသပ်နေခြင်း ဖြစ်သည်။ ထို့အပြင် ယင်းကို ထုတ်ပြောသင့်၊ မပြောသင့် ဆိုသည်ကိုလည်း ချင့်ချိန်နေခြင်း ဖြစ်၏။

"မင်း ဘယ်တုန်းကများ ဆုံးဖြတ်ချက် မပြတ်မသား ဖြစ်ဖူးလို့လဲ..."

ဝေ့ဝူယင်က နွေးထွေးစွာ ပြုံးလိုက်ပြီး သူမ၏ ထင်မြင်ချက်ကို ဖွင့်ဟပြောဆိုရန် ဖိတ်ခေါ်လိုက်လေသည်။

စုမေ့က သူ၏ မျက်လုံးများကို စိုက်ကြည့်လိုက်၏။ ထို့နောက် သူမ၏ အသံက ရှင်းလင်းပြတ်သားစွာ ထွက်ပေါ်လာလေသည်။

"ရှင် ယွီစွန်းလီ နဲ့ အခု ပေါင်းစည်းလို့ မရသေးဘူး..."

***

All Chapters