အခန်း (၉၉၁-၉၉၂)
Vol. 100 Ch. 991-992
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၉၉၁ + ၉၉၂)
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။
ရုပ်သေးမျိုးနွယ်စု၏ မြေအောက်တပ်ဖွဲ့သည် ကျပန်း တူးဆွနေခြင်း လုံးဝ မဟုတ်ချေ။
အထက်ပိုင်းမြေပြင်ကို မပျက်စီးစေဘဲ သောင်းနှင့်ချီသော ဧရာမ မျိုးဗီဇပြောင်း သင်းခွေချပ်ကြီးများက မြေအောက်လိုဏ်ခေါင်းများကို စနစ်တကျ တူးဖော်နေကြ၏။ ထိုလမ်းကြောင်းများအတိုင်းပင် မရေမတွက်နိုင်သော မှော်တီကောင်ကြီးများနှင့် ပွေးကောင်များက ဆက်တိုက် ချီတက်လာကြသည်။ ဤအကောင်နှစ်မျိုးသည် မြေအောက်တပ်ဖွဲ့၏ အဓိကအင်အားစုကြီးဖြစ်ကာ သန်းဂဏန်းအထိပင် ရှိနေ၏။
သင်းခွေချပ်ကြီးများ၏ တူးဖော်နှုန်းမှာ အံ့မခန်း မြန်ဆန်လှသည်။ တစ်စက္ကန့်လျှင် သုံးလေးမီတာခန့် တူးဖော်နိုင်ပြီး လိုဏ်ခေါင်းအချင်းမှာ ရှစ်မီတာခန့်အထိ ရှိသဖြင့် မြေအောက်ရထားများပင် သွားလာနိုင်လောက်အောင် ကျယ်ဝန်းလှ၏။ မြေအောက်တပ်ဖွဲ့ကြီးသည် ထိုက်ခန်မြို့တော်နှင့် တစ်ဖြည်းဖြည်း နီးကပ်လာနေလေပြီ။
တစ်ချိန်တည်းမှာပင် မြေပြင်နှင့် ကောင်းကင်ယံထက်၌မူ ပြင်းထန်သော တိုက်ပွဲကြီးက ဖြစ်ပွားနေဆဲ ဖြစ်၏။
မရေမတွက်နိုင်သော မျိုးဗီဇပြောင်း သားရဲတပ်မတော်ကြီးသည် ထိုက်ခန်မြို့ရိုးဆီသို့ ရေစီးကြောင်းကြီးအလား ရူးသွပ်စွာ ပြေးဝင်လာကြ၏။ အနောက်ဘက် မြို့ရိုးထက်ရှိ စစ်သည်တစ်သိန်းကျော်တို့သည်လည်း စွမ်းအင်အလင်းတန်းများဖြင့် မရပ်မနား ပြင်းထန်စွာ ပစ်ခတ်နေကြရာ ကျောချမ်းဖွယ်ရာ သေမင်းနယ်မြေတစ်ခုကို ဖန်တီးလိုက်သကဲ့သို့ပင် ဖြစ်နေတော့သည်။
ရူးသွပ်ဖွယ်ရာ သတ်ဖြတ်ခြင်းပင် ဖြစ်၏။
ရုပ်သေးမျိုးနွယ်စု၏ သားရဲတပ်မတော်ကြီးမှာ အပိုင်းပိုင်းအစစ ကြေမွသွားရပြီး မြို့ရိုးနှင့် နှစ်ကီလိုမီတာ အကွာအဝေးအတွင်းသို့ပင် မရောက်လာနိုင်ကြချေ။ အားထားရသည့် လေကြောင်းတပ်ဖွဲ့မှာလည်း လေဆာလက်နက်များကြောင့် အင်အား လျော့နည်းလာနေ၏။
ထို့အတွက်ကြောင့် ရုပ်သေးမျိုးနွယ်စု၏ စစ်သေနာပတိ ဆိုတာသည် သူ၏ မျှော်လင့်ချက် အားလုံးကို မြေအောက်တပ်ဖွဲ့ထံ၌သာ ပုံအပ်ထားလိုက်တော့သည်။ ထိုတပ်ဖွဲ့သာ မြို့တော်အတွင်း စိမ့်ဝင်သွားနိုင်ပါက တိုက်ပွဲကို အနိုင်ရရှိမည်ဖြစ်ပြီး သူသည်လည်း လူသားအင်ပါယာ၏ ဧကရာဇ်သစ် ဖြစ်လာလိမ့်ပေမည်။
**--**--**--**--**--**--**--**
မြေအောက်တပ်ဖွဲ့ကြီးသည် မြို့တော်နှင့် ငါးကီလိုမီတာ အကွာအဝေးသို့ ရောက်ရှိလာ၏။
သုံးကီလိုမီတာ... နှစ်ကီလိုမီတာ... စသဖြင့် ချဥ်းကပ်လာနေပြီး ဤနှုန်းအတိုင်းသာဆိုလျှင် နောက်ထပ် ဆယ့်ငါးမိနစ်အတွင်း မြို့တော်ထဲသို့ ထိုးဖောက်ဝင်ရောက်လာပြီး သတ်ဖြတ်မှုများ စတင်တော့မည် ဖြစ်သည်။
သို့သော် ထိုအချိန်၌ပင်...
"ကျီ... ကျီ..."
သင်းခွေချပ်ကြီးများတို့မှာ စူးစူးဝါးဝါး အော်ဟစ်လိုက်ကြရ၏။ အဘယ်ကြောင့်ဆိုသော် တူးဖော်နေရင်းပင် အပူချိန် တရိပ်ရိပ် မြင့်တက်လာကာ ချော်ရည်ပူများထဲသို့ တိုက်ရိုက် တိုးဝင်သွားမိသောကြောင့်ပင် ဖြစ်သည်။
ဤနေရာ၌ ချော်ရည်ပူများက မည်သို့လုပ်၍ ရှိနေမည်နည်း။ သေချာပေါက်ပင် ကောင်းကင်ဘုံကိုပင် ဆန့်ကျင်နိုင်သည့် ဧရာမ မီးသားရဲကြီးကြောင့်ပင် ဖြစ်ပေလိမ့်မည်။
အတိတ်ကာလက တုပိုင်သည် သားရဲဆန်း ဥနှစ်လုံးကို ရရှိခဲ့ဖူး၏။ တစ်လုံးမှာ မီးသားရဲဖြစ်ပြီး အခြားတစ်လုံးမှာ ရေခဲသားရဲ ဖြစ်သည်။ သူတို့သည် နဂါးမျိုးနွယ်စုနှင့် သွေးစပ်ကာ သားရဲဆန်းများ၏ အစာကွင်းဆက်စနစ်၌ အထွတ်အထိပ် နေရာ၌ ရှိနေကြသည်။
တာ့နင်အင်ပါယာ၌ ရှိစဉ်က တုပိုင် ထိုအကောင်လေးများအား ပေါက်ဖွားစေရန် ကြိုးစားခဲ့သော်လည်း စွမ်းအင်များစွာ လိုအပ်သောကြောင့် မအောင်မြင်ခဲ့ချေ။ နောက်ပိုင်း၌မူ စွမ်းအင်ယဉ်ကျေးမှု တိုးတက်လာချိန်၌ မီးသားရဲဥကို လေဆာရောင်ခြည်များဖြင့် အပူပေးကာ အကောင်ပေါက်စေနိုင်ခဲ့သည်။
ပေါက်ဖွားလာပြီးနောက် မီးသားရဲလေးသည် အခြားမည်သည့်အရာကိုမျှ မစားဘဲ အနီရောင်ကျောက်သလင်းများကိုသာ စားသုံး၏။ စတင်ပေါက်ဖွားချိန်၌ တစ်ပေပင် မရှည်သေးဘဲ မင်းသမီး တုရှောင်၏ အိမ်မွေးတိရစ္ဆာန်လေး ဖြစ်လာခဲ့သည်။
နောက်ဆက်တွဲ ဆယ်နှစ်တာကာလအတွင်း တန်ချိန် သောင်းနှင့်ချီသော ကျောက်သလင်းများကို စားသုံးခဲ့ပြီးနောက် သူ၏ ခန္ဓာကိုယ်မှာ ရူးသွပ်မတတ် ကြီးထွားလာကာ ယခုအခါ မီတာတစ်ရာကျော် အထိပင် ရှည်လျားနေပြီ ဖြစ်၏။
မိခင်ဖြစ်သူကဲ့သို့ အစွမ်းမထက်သေးသော်ငြား သူ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အင်မတန် အစွမ်းထက်နေပြီ ဖြစ်သည်။ မီးသားရဲကြီးထံ၌ မြေကြီးနှင့် ကျောက်တုံးများကို ချော်ရည်ပူများအဖြစ် ပြောင်းလဲပစ်နိုင်သည့် ထူးခြားသော စွမ်းအားတစ်ခုလည်း ရှိနေသေးသည်။
"ဝေါင်းးး"
မီးသားရဲကြီးက ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး မီးတောက်များကို ဝေါကတည်း မှုတ်ထုတ်လိုက်တော့၏။ ချက်ချင်းဆိုသလိုပင် ထိုက်ခန်မြို့တော်၏ အနောက်ဘက် မြေအောက်တစ်ခွင်လုံး လုံးဝ အရည်ပျော်ကျသွားရကာ ချော်ရည်ပူပင်လယ်ကြီးအဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။
ထို့နောက် သူသည် ချော်ရည်ပူများထဲ၌ သက်တောင့်သက်သာ ကူးခတ်နေလေ၏။ ဤသားရဲသည် ပုံမှန်အားဖြင့် အေးစက်မှုကို ခံစားရတတ်သဖြင့် အချိန်အများစု၌ အိပ်စက်နေလေ့ရှိသည်။ ယခုတစ်ကြိမ်၌ သူ့ကို အကြီးဆုံး ကုန်တင်အာကာသယာဉ်ဖြင့် သယ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။ မနေ့ကအထိ သူသည် အိပ်စက်နေခဲ့ဆဲ ဖြစ်၏။ မည်သို့ပင်ဖြစ်စေ သူသည် တုရှောင်၏ အိမ်မွေးတိရစ္ဆာန်လေး ဖြစ်နေဆဲပင် မဟုတ်ပါလော။
ရုပ်သေးမျိုးနွယ်စု၏ မြေအောက်တပ်ဖွဲ့ကြီးမှာ အရှိန်မထိန်းနိုင်တော့ဘဲ ဒီရေလှိုင်းကြီးအလား ချော်ရည်ပူများထဲသို့ တိုးဝင်သွားကြကာ ချက်ချင်းပင် မီးလောင်ကျွမ်းကာ သေဆုံးကုန်ကြတော့၏။
အကောင်ရေ အမြောက်အမြား သေဆုံးသွားပြီးနောက် သင်းခွေချပ်များသည် ဦးတည်ရာကို ပြောင်းလဲကာ မြေအောက်သို့ ပိုမိုနက်ရှိုင်းစွာ အသည်းအသန် တူးဆင်းသွားကြသည်။ သို့သော် သူတို့၏ တူးဖော်နှုန်းမှာ မီးသားရဲကြီး၏ အမြန်နှုန်းကို မယှဉ်နိုင်ချေ။
မီးသားရဲကြီးက မီးတောက်များကို ရူးသွပ်စွာ မှုတ်ထုတ်နေပြီး တွေ့ရာ ကျောက်တုံးနှင့် မြေကြီး အားလုံးကို ချော်ရည်ပူများအဖြစ် ပြောင်းလဲပစ်နေ၏။ မရေမတွက်နိုင်သော သင်းခွေချပ်များ ၊ ပွေးကောင်များနှင့် မှော်တီကောင်ကြီးများ အားလုံးမှာ ပြာအဖြစ်သို့ ပြောင်းလဲသွားရတော့သည်။
အစွမ်းထက်လှသော မီးသားရဲကြီးသည် မြေအောက်၌ ရူးသွပ်ဖွယ်ရာ သတ်ဖြတ်မှုကြီးကို ဆင်နွှဲနေလေပြီ။
**--**--**--**--**--**--**--**
တစ်ချိန်တည်းမှာပင် စစ်သေနာပတိ ဆိုတာသည် သူ၏ မြေအောက်တပ်ဖွဲ့ကြီး တစ်စစီ ပျက်စီးသေဆုံးနေပြီဖြစ်ကြောင်းကို ရှင်းလင်းစွာ ခံစားလိုက်ရ၏။
"အားးး"
မြေအောက်တပ်ဖွဲ့ကို အဝေးမှ ထိန်းချုပ်နေကြသော စိတ်ဝိညာဉ်ဆရာသခင်များသည်လည်း သနားစရာစဖွယ် အော်ဟစ်နေကြပြီး ခေါင်းကိုပိုက်ကာ မြေပြင်ပေါ်၌ လူးလှိမ့်နေကြတော့သည်။ အဘယ်ကြောင့်ဆိုသော် မြေအောက်သားရဲများသည် သူတို့၏ ရုပ်သေးရုပ်များ ဖြစ်ကြရာ အရှင်လတ်လတ် မီးရှို့ခံရချိန်၌ ခံစားရသော အလွန်ပြင်းထန်သည့် နာကျင်မှုဝေဒနာက စိတ်ဝိညာဉ်ဆရာသခင်များ၏ ဦးနှောက်ထဲသို့ တိုက်ရိုက် ရိုက်ခတ်လာသောကြောင့်ပင် ဖြစ်၏။
ဆိုတာ၏ မျက်နှာအမူအရာမှာ ဆိုးဆိုးရွားရွား ပျက်ယွင်းသွားရသည်။ သူ မယုံနိုင်စွာဖြင့် အံကြိတ်လိုက်မိ၏။
"ဒါ.. ဘာတွေဖြစ်ကုန်တာလဲ..။ တုပိုင်ဆီမာ မြေအောက်ကို ပစ်နိုင်တဲ့ လက်နက်တွေ ရှိနေဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူးလေ..။ ငါတို့ရဲ့ မြေအောက်တပ်ဖွဲ့က ဘာလို့ အခုလို အစုလိုက်အပြုံလိုက် သေကုန်ရတာလဲ.."
စိတ်ဝိညာဉ်ဆရာသခင် တစ်ဦးက မြေအောက်သားရဲများ၏ အမြင်အာရုံမှတစ်ဆင့် လှမ်းကြည့်လိုက်ပြီးနောက် မှင်တက်သွားရသည်။ သူ၏ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရီလာပြီး အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလာ၏။
"စစ်သေနာပတိ.. ထိုက်ခန်မြို့တော် အနောက်ဘက်မာ ကျုံးတစ်ခု ရှိနေတယ်..။ ချော်ရည်ပူတွေနဲ့ လုပ်ထားတာ..။ အရှည်က ၃၅ မိုင်၊ အကျယ်က မီတာ ၂၀၀၀ နဲ့ အနက်က မီတာ ၁၀၀ ကျော်လောက်တောင် ရှိတယ်..။ လုံးဝ ဖြတ်လို့ မရဘူး.."
ဆိုတာ၏ မျက်လုံးများ ပြူးကျယ်သွားရသည်။ သူ၏ နားကိုပင် သူ မယုံနိုင်ဖြစ်သွားကာ ပါးစပ်အဟောင်းသား ဖြစ်သွားရ၏။
"ဘာ.."
မြေအောက်ကျုံးကြီး... ချော်ရည်ပူများဖြင့် လုပ်ထားသည်လား။
ဆိုတာ၏ မျက်နှာမှာ ဒေါသကြောင့် ရှုံ့မဲ့သွားရသည်။ သူက အသံနက်ကြီးဖြင့် ဟိန်းဟောက်လိုက်၏။
"ချော်ရည်ပူကျုံးကို ရှောင်စမ်း..။ ဘေးကနေ ကွေ့ပတ်သွား.. မြေအောက်ကို ပိုနက်နက်ဆင်းပြီး သွားကြစမ်း.."
စိတ်ဝိညာဉ်ဆရာသခင်က မျှော်လင့်ချက်မဲ့စွာဖြင့် ခေါင်းခါယမ်းလိုက်ရသည်။ သူ၏ မျက်နှာမှာ သွေးဆုတ်ဖြူရော်နေပြီး အားလျော့စွာ ရေရွတ်လိုက်မိ၏။
"နောက်ကျသွားပြီ.."
တကယ်ကို နောက်ကျသွားခဲ့ပြီ ဖြစ်၏။
ထိုသားရဲများသည် မြေအောက်၌သာ နေထိုင်ကြပြီး အေးမြသော ပတ်ဝန်းကျင်ကို နှစ်သက်ကြသော်လည်း လက်ရှိအချိန်၌မူ မြေအောက်တစ်ခွင်လုံး၏ အပူချိန်မှာ အံ့မခန်း မြင့်တက်လာပြီ ဖြစ်သည်။ သူတို့သည် အလွန်တရာ ရူးသွပ်လာကြပြီး မြေပြင်ပေါ်သို့ တစ်ကောင်ပြီးတစ်ကောင် အသည်းအသန် တိုးထွက်လာကြတော့သည်။
စိတ်ဝိညာဉ်ဆရာသခင်များက အသည်းအသန် ထိန်းချုပ်ချင်နေခဲ့သော်လည်း ရူးသွပ်သွားသည့် သားရဲများကို ထိန်းချုပ်၍ မရနိုင်တော့ဘဲ ရှင်သန်လိုသော အသိစိတ်ကသာ လွှမ်းမိုးသွားတော့၏။ သဘာဝအရ ပူအိုက်လာလျှင် တီကောင်များသည် မြေကြီးထဲမှ တိုးထွက်တတ်ကြသည်။
တုပိုင်၏ မီးသားရဲကြီး ဖန်တီးထားသော မြေအောက် ချော်ရည်ပူကျုံးကြီးသည် မြေအောက်သားရဲများအတွက် ငရဲခန်းကြီးတစ်ခုသဖွယ် ဖြစ်နေတော့၏။
ရုတ်တရက် ထိတ်လန့်ဖွယ် မြင်ကွင်းတစ်ခု ပေါ်ပေါက်လာတော့သည်။
မြေပြင်ထက်၌ အပေါက်များစွာ ပေါ်လာပြီးနောက် သိန်းနှင့်ချီသော ဧရာမ မှော်တီကောင်ကြီးများ ၊ ပွေးကောင်များနှင့် သင်းခွေချပ်များသည် မြေကြီးထဲမှနေ၍ တိုးထွက်လာကြတော့၏။ မြို့ရိုးပေါ်ရှိ စစ်သည်များသည် လန့်ဖြန့်သွားကြသော်လည်း ချက်ချင်းပင် ပို၍ ပြင်းထန်စွာ ပစ်ခတ်လိုက်ကြတော့သည်။
ထို့နောက်... ပို၍ ထိတ်လန့်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ထပ်မံ ပေါ်ပေါက်လာပြန်၏။
စတုရန်းမီတာ ရာနှင့်ချီ ကျယ်ဝန်းသည့် မြေပြင်သည် အနီရောင်အဖြစ်သို့ ပြောင်းလဲလာပြီး ချော်ရည်ပူများအဖြစ် အရည်ပျော်ကျလာတော့သည်။
"ဝေါင်းးး"
မီတာတစ်ရာကျော် ရှည်လျားသော ဧရာမ မီးသားရဲကြီးသည် မြေအောက်မှနေ၍ ကောင်းကင်ယံထက်သို့ ထိုးထွက်လာတော့၏။ သူ၏ တစ်ကိုယ်လုံး၌ ထိတ်လန့်ဖွယ် မီးတောက်များ ပြည့်နှက်နေပြီး ခန္ဓာကိုယ် မျက်နှာပြင်ထက်၌ ချော်ရည်ပူများ စီးဆင်းနေလျက်ရှိသည်။
"ဝေါင်းးး"
သူက ရူးသွပ်မတတ် ဟိန်းဟောက်လိုက်ပြီး မီးတောက်များကို ပြင်းထန်စွာ မှုတ်ထုတ်ကာ မြေပြင်ပေါ်ရှိ ရုပ်သေးမျိုးနွယ်စု၏ မျိုးဗီဇပြောင်း သားရဲများကို ရက်စက်စွာ သတ်ဖြတ်လိုက်တော့၏။
တစ်ချိန်တည်း၌ မြို့ရိုးထက်ရှိ စစ်သည်တစ်သိန်းကျော်တို့သည်လည်း ဆက်လက်၍ ပြင်းထန်စွာ ပစ်ခတ်နေကြသည်။ လေဆာအလင်းတန်းများက မီးသားရဲကြီးအပေါ်သို့ ကျရောက်သွားလျှင်ပင် လေဆာမှာ သူ၏ အကြိုက်ဆုံးအစာ ဖြစ်နေသောကြောင့် မည်သို့မျှ ထိခိုက်မှု မရှိနေချေ။
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၉၉၁ + ၉၉၂) ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။