အခန်း (၉၉၃-၉၉၄)
Vol. 100 Ch. 993-994
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၉၉၃ + ၉၉၄)
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။
မီးသားရဲကြီးသည် လေဆာအပူချိန်ဖြင့် အကောင်ပေါက်လာပြီး အနီရောင်ကျောက်သလင်းများကို စားသုံးကာ ကြီးပြင်းလာခဲ့ခြင်း ဖြစ်လေ၏။ ထို့အတွက်ကြောင့် မည်မျှပူပြင်းသော အပူစွမ်းအင်နှင့် မီးတောက်များဖြစ်စေကာမူ သူ့အတွက်တော့ အရသာရှိသော အစားအစာများသာ ဖြစ်နေတော့သည်။
ထိုက်ခန်မြို့တော်၏ အနောက်ဘက်စစ်မျက်နှာပြင်ရှိ တိုက်ပွဲကြီးသည် တစ်ဖက်သတ် အစုလိုက်အပြုံလိုက် သတ်ဖြတ်ပွဲကြီးအဖြစ်သို့ ပြောင်းလဲသွားပြန်၏။
ကောင်းကင်ယံမှ မြေပြင်အထိ ရူးသွပ်ဖွယ်ရာ သတ်ဖြတ်ပွဲကြီးပင် ဖြစ်သည်။
ကောင်းကင်ထက်၌ ပူပြင်းလှသော နေမင်းကြီး ထွက်ပေါ်လာချိန်တွင် နေရောင်အောက်၌ ရေခဲများ အရည်ပျော်ကျသွားသကဲ့သို့ ရုပ်သေးမျိုးနွယ်စု၏ မျိုးဗီဇပြောင်း သားရဲတပ်မတော်ကြီးမှာ လျင်မြန်စွာ ကျဆုံးနေကြတော့၏။
ဤနှုန်းအတိုင်းသာဆိုလျှင် တစ်တပ်လုံး ပျက်စီးသွားရန်မှာ အချိန်နှင့် အမျှသာ ဖြစ်ပေတော့မည်။
ရုပ်သေးမျိုးနွယ်စု စစ်သေနာပတိ ဆိုတာမှာတော့ မှင်တက်စွာ စိုက်ကြည့်နေမိပြီး ခန္ဓာကိုယ်တစ်ခုလုံး ရေခဲတိုက်ထဲ ရောက်သွားသကဲ့သို့ တောင့်တင်းအေးစက်သွားရ၏။
"မဖြစ်နိုင်ဘူး..။ လုံးဝ မဖြစ်နိုင်ဘူး.."
"ဒါ.. ဘာလို့ ဒီလိုဖြစ်ရတာလဲ..။ ဘာလို့ ဒီလောက်တောင်.."
သခင်လေး ဆိုမို၏ ရင်ထဲ၌ အလွန်အမင်း ခါးသီးသွားရ၏။ အရာအားလုံး ပြီးဆုံးသွားလေပြီ။ သူတို့ ရုပ်သေးမျိုးနွယ်စုကြီးမှာ ဤလောကမှ အပြီးတိုင် ကွယ်ပျောက်သွားရတော့လေမည်။
"အဖေ.. မြန်မြန် ဆုတ်ခွာရအောင်..။ ကယ်ထုတ်လို့ရသလောက် ကယ်ထုတ်မှဖြစ်မယ်.."
စစ်သေနာပတိ ဆိုတာက လည်ချောင်းကွဲမတတ် အော်ဟစ်လိုက်တော့၏။
"ဆုတ်ခွာ..။ အခုချက်ချင်း ဆုတ်ကြစမ်း.."
ထို့နောက် သူ ဆက်လက် တောင့်မခံနိုင်တော့ဘဲ သွေးတစ်ပွက် အန်ချလိုက်ရတော့၏။
ယခင် ကံကြမ္မာမိစ္ဆာသခင်က အိပ်မက်ဆိုးဧကရာဇ်အား သတ်ဖြတ်ခဲ့စဉ်က ရန်သူသည် အလွန်အစွမ်းထက်လွန်းသဖြင့် သူ သွေးအန်သည်အထိ တောင့်မခံနိုင်ခဲ့ချေ။ ချက်ချင်း ဒူးထောက်အညံ့ခံလိုက်သဖြင့် ရုပ်သေးမျိုးနွယ်စုကို ကယ်တင်နိုင်ခဲ့ရုံမက ကြီးမားသော နယ်မြေများကိုပင် ရရှိခဲ့သေး၏။
တုပိုင်မှာမူ အလွန်အားနည်းလှပြီး လုံးဝ ခုခံနိုင်မည်မဟုတ်ဟု သူ ထင်မှတ်ထားခဲ့သည်။ သို့သော် ယခုအခါ ထိုသူက သူတို့ထံသို့ ကပ်ဘေးဆိုးကြီး ဆောင်ကြဉ်းပေးလာခဲ့လေပြီ။ သူ၏ ရုပ်သေးမျိုးနွယ်စုကြီးကား အမှန်တကယ် နိဂုံးချုပ်သွားပြီ ဖြစ်လေတော့၏။
**--**--**--**--**--**--**--**
မြောက်ဘက်စစ်မျက်နှာပြင်မှ တိုက်ပွဲကို စောင့်ကြည့်နေသည့် လေလွင့်မဟာမိတ် စစ်သေနာပတိချုပ်မှာမူ ပို၍ပင် တဆတ်ဆတ် တုန်ယင်နေရ၏။
မူလ၌ မြောက်ဘက်စစ်မျက်နှာပြင်ရှိ တုပိုင်၏ အမြောက်တပ်ဖွဲ့က သူ့ကို ထိတ်လန့်စေခဲ့သော်လည်း ထိုအရာကိုသာ တုပိုင်၏ အစွမ်းထက်ဆုံး လက်နက်ဟု ထင်မှတ်ထားခဲ့မိ၏။ သို့သော် တုပိုင်က အနောက်ဘက် စစ်မျက်နှာပြင်၌ ကောင်းကင်ဘုံကိုပင် အာခံနိုင်လောက်သည့် အစွမ်းထက်လက်နက်များ အသုံးပြုလာလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ချေ။
ရုပ်သေးမျိုးနွယ်စု၏ မျိုးဗီဇပြောင်း သားရဲတပ်မတော်ကြီးမှာ ငါးသန်းတောင် ရှိသည် မဟုတ်ပါလော။ ထိုတပ်မတော်ကြီးကို တုပိုင်က အစုလိုက်အပြုံလိုက် သတ်ဖြတ်ပြီး တစ်တပ်လုံးနီးပါးကို ချေမှုန်းပစ်နိုင်လိမ့်မည်ဟု သူ ထင်မထားခဲ့ချေ။
"သူ.. သူ ဘယ်လို လုပ်လိုက်တာလဲ.."
"ဒီလက်နက်တွေကို ဘယ်ကနေ ရလာတာလဲ..။ အဲဒီလောက် အစွမ်းထက်တဲ့ မီးသားရဲကြီးကရော ဘယ်က ရောက်လာတာလဲ..။ ကမ္ဘာမြေပေါ်မာ ဒီလိုအကောင်မျိုး လုံးဝ မရှိဘူးလေ.."
"ဆုတ်ခွာ..။ အခုချက်ချင်း ဆုတ်ကြ.." သူသည် တစ်စက္ကန့်မျှ တုံ့ဆိုင်းမနေတော့ဘဲ တပ်မတော်အား ဆုတ်ခွာရန် အမိန့်ပေးလိုက်တော့၏။ သန်းနှင့်ချီသော တပ်မတော်ကြီးမှာ ကမန်းကတန်းဖြင့် မိုင်နှစ်ရာ ၊ သုံးရာခန့်အထိ အပြေးအလွှား ဆုတ်ခွာသွားကြလေတော့သည်။
ရုပ်သေးမျိုးနွယ်စုမှာမူ မရေမတွက်နိုင်သော အသေအပျောက်များစွာဖြင့် တောမီးလောင်ရာ တောကောင်ပြေးသကဲ့သို့ တကွဲတပြားစီ ထွက်ပြေးကုန်ကြတော့၏။
**--**--**--**--**--**--**--**
တိုက်ပွဲကြီး ယာယီ ပြီးဆုံးသွားကာ ထိုက်ခန်မြို့တော်ကြီးသည်လည်း ခေတ္တမျှ တိတ်ဆိတ်ငြိမ်သက်သွား၏။ မီးသားရဲကြီးသည် ထိုက်ခန်နန်းတော်ရှေ့ ရင်ပြင်ပေါ်သို့ ဖြည်းညင်းစွာ ဆင်းသက်လာသည်။
သူ၏ ခန္ဓာကိုယ်ထဲရှိ မီးစွမ်းအင်များ ကုန်စင်အောင် ထုတ်သုံးလိုက်ပြီဖြစ်ရာ မည်းနက်နေသော ခန္ဓာကိုယ်ကြီးသာ ကျန်ရစ်နေ၏။ စွမ်းအင်သတ္တဝါတစ်ကောင်ဖြစ်ပြီး အရိုးစုမှာ စွမ်းအင်ကျောက်သလင်း ဖြစ်နေခြင်းမှလွဲ၍ ခန္ဓာကိုယ်တစ်ခုလုံး အနက်ရောင်အရိပ်ကြီးသဖွယ် ဖြစ်နေတော့သည်။
သူ၏ ခန္ဓာကိုယ်ပေါ်၌ မီးတောက်အစအနလေးမျှ မရှိတော့သည့်အပြင် အပူချိန်မှာလည်း အလွန်ကျဆင်းနေကာ မျက်လုံးများ မှိုင်းရီနေ၏။ ထို့အပြင် ခန္ဓာကိုယ်အရွယ်အစားမှာလည်း များစွာ သေးငယ်သွားပြီး အများဆုံး မီတာ လေးဆယ် ၊ ငါးဆယ်ခန့်သာ ရှည်လျားတော့၏။
သူက မြေပြင်ပေါ်၌ ပျင်းရိပျင်းတွဲ လှဲလျောင်းရင်း နန်းတော်ဘက်သို့ မော့ကြည့်လိုက်၏။
"မြောင်.." ဧရာမသားရဲကြီးက သောက်ကျိူးနည်း ကြောင်လေးတစ်ကောင်ကဲ့သို့ ချွဲနွဲ့နေခြင်းပင်။
သေချာပေါက် သူသည် ကြောင်မဟုတ်ပေ။ ခမ်းနားထည်ဝါသော နဂါးမျိုးနွယ်စု၏ ဆွေမျိုးဝေး သားရဲကြီးသာ ဖြစ်သည်။ ယခုလို ကြောင်ကဲ့သို့ အော်ဟစ်တတ်ခြင်းမှာ အိမ်ရှေ့စံမင်းသမီး တုရှောင်၏ သင်ကြားပေးမှုကြောင့်သာ ဖြစ်လေ၏။
မင်းသမီး တုရှောင်က နန်းတော်ထဲမှ ထွက်လာပြီး ဧရာမခေါင်းကြီးကို ပွတ်သပ်ပေးလိုက်၏။
"သိပါပြီကွယ်.. သိပါပြီ..။ နင်လည်း အရမ်းပင်ပန်းသွားပြီမလား.."
"မြောင်.. မြောင်.. မြောင်.."
အစာစားရတော့မည်ဖြစ်၍ မီးသားရဲကြီး ပို၍ အရှက်မဲ့စွာ ချွဲနွဲ့နေ၏။
အသက်အရွယ်အရ လူသားများ၏ လေး ၊ ငါးနှစ်အရွယ် ကလေးငယ်တစ်ဦးနှင့်သာ ညီမျှပြီး ငယ်စဉ်ကတည်းက အယုအယခံ ကြီးပြင်းလာရသဖြင့် သူ၏စိတ်ထဲ၌ နဂါးမျိုးနွယ်စု၏ ဆွေမျိုးဝေး သားရဲကြီးဟူသော အသိစိတ် လုံးဝ မရှိတော့ချေ။ တိုက်ခိုက်ချိန်မှလွဲ၍ ကျန်အချိန်များ၌ သူ့ကိုယ်သူ အိမ်မွေးတိရစ္ဆာန်လေး တစ်ကောင်အဖြစ်သာ သတ်မှတ်ထား၏။
တုရှောင်က လက်သီးဆုပ်အရွယ်ရှိ အနီရောင်ကျောက်သလင်းတစ်ခုကို ထုတ်ပေးလိုက်၏။
"ရော့.. စားလိုက်ဦး.."
မီးသားရဲကြီး မျက်လုံးများ အရောင်လက်သွားကာ အနီရောင်ကျောက်သလင်းအား သကြားလုံးလေး တစ်လုံးအလား ပါးစပ်ထဲ တစ်ခါတည်း ပစ်သွင်းလိုက်၏။
ထို့နောက် သူက တုရှောင်အား နားမလည်နိုင်စွာ လှမ်းကြည့်လိုက်၏။ မျက်လုံးများက အလွန် ရှင်းလင်းနေသည်။
'ငါ ဒီလောက် ကြိုးစားထားတာကို ဘာလို့ ကျောက်သလင်း တစ်ထောင် ၊ ရှစ်ရာလောက်တောင် ဆုမချတာလဲ..'
မင်းသမီး တုရှောင်က ပို၍ကြီးမားသော အနီရောင်ကျောက်သလင်းတစ်ခုကို ထပ်ထုတ်ကာ မီးသားရဲကြီးထံ ကမ်းပေးလိုက်၏။
"ရော့.. ဒီမာ..။ သေချာ ကိုင်ထားနော်.."
မီးသားရဲကြီးက လက်သည်းများကို ဆန့်တန်းကာ အနီရောင်ကျောက်သလင်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်၏။
တုရှောင်က ပြုံးစိစိ လုပ်လိုက်သည်။
"နင်က အရမ်းတော်တာပဲ..။ ဒါကြောင့် နင့်ကို ငါ ဆုချမယ်..။ ငါတို့ ကျောက်တုံး ၊ ကတ်ကြေး ၊ စက္ကူ ကစားရအောင်..။ ငါနိုင်ရင် နင့်ကို ကျောက်သလင်း တစ်ရာကျင်း ပေးမယ်..။ နင်နိုင်ရင်တော့ အနီရောင်ကျောက်သလင်း တစ်ထောင်ကျင်း ပေးမယ်..။ သဘောတူလား.."
"မြောင်.. မြောင်.."
မီးသားရဲကြီးမှာ ပို၍ပင် အရှက်မဲ့စွာ အသည်းအသန် ခေါင်းညိတ်ပြလိုက်၏။
တုရှောင်က လက်ကို စက္ကူအဖြစ် ဖြန့်ထုတ်ပြလိုက်၏။
"လာ.. စမယ်.. ကျောက်တုံး.. ကတ်ကြေး.. စက္ကူ.. စပြီဟေ့.."
မီးသားရဲကြီးမှာ ကျောက်သလင်း ပြုတ်ကျမည်စိုး၍ တင်းကျပ်စွာ ဆုပ်ကိုင်ထားရသဖြင့် စက္ကူလည်း မထုတ်ပြဝံ့ ကတ်ကြေးလည်း မထုတ်ပြဝံ့ဘဲ လက်သီးဆုပ် ကျောက်တုံး အတိုင်းသာ ထားရှိနေ၏။
တုရှောင်က နှုတ်ခမ်းလေးစူကာ ပခုံးတွန့်ပြလိုက်၏။
"နင် ရှုံးသွားပြီ..။ ဒါကြောင့် နင့်ကို ကျောက်သလင်း တစ်ရာကျင်းပဲ ပေးနိုင်တော့မယ်..။ ငါက သဘောထားမကြီးတာ မဟုတ်ဘူးနော်..။ လောင်းကြေးကတော့ လောင်းကြေးပဲလေ.. ဟုတ်တယ်မလား.."
မီးသားရဲကြီးမှာ ကျစ်ကျစ်ပါအောင် ဆုပ်ထားသော လက်သည်းများကို ဖြေလျှော့လိုက်ရင်း ဇဝေဇဝါ ဖြစ်သွားရ၏။ သူ လှည့်စားခံလိုက်ရပြီဟု ခံစားလိုက်ရသည်။
**--**--**--**--**--**--**--**
တိုက်ပွဲ ယာယီ ပြီးဆုံးကာ အောင်ပွဲ ရရှိခဲ့လေပြီ။
သို့သော် မင်းသမီးလေး တုရှောင်မှလွဲ၍ အခြား မည်သူမျှ စိတ်အေးလက်အေး မရှိကြချေ။ အစစ်အမှန် တိုက်ပွဲကြီး မစတင်ရသေးကြောင်း လူတိုင်း သိထားကြသောကြောင့်ပင် ဖြစ်၏။
လေလွင့်မဟာမိတ်အဖွဲ့ဖြစ်စေ ၊ ရုပ်သေးမျိုးနွယ်စုဖြစ်စေ အမြည်းဟင်းပွဲလေး တစ်ပွဲပင် မဟုတ်သေးချေ။ ဘုရင်မ မိုဟန်၏ လက်အောက်ရှိ မသေမျိုးတပ်မတော်ကြီးနှင့် ယှဉ်လျှင် ထိုတပ်ဖွဲ့များမှာ သနားစရာကောင်းလောက်အောင် အားနည်းလွန်းနေပြီး တိုက်ခိုက်ရေးစွမ်းရည်မှာ မသေမျိုးတပ်မတော်၏ တစ်ရာခိုင်နှုန်းမျှပင် မရှိကြပေ။
ထိုညက လူတိုင်း ရှင်းလင်းစွာ မြင်တွေ့ခဲ့ကြပြီးပြီ ဖြစ်၏။ မသေမျိုး အရှင်သခင်ကြီး တစ်ပါးတည်းနှင့်ပင် ထိုက်ခန်မြို့တော်၏ မြို့ရိုးများကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်ခဲ့ကာ လူသောင်းနှင့်ချီ သတ်ဖြတ်ပစ်ခဲ့သည် မဟုတ်ပါလော။
ယခုတစ်ကြိမ်တွင် ဘုရင်မ မိုဟန် ခေါ်ဆောင်လာသော မသေမျိုးတပ်မတော်ကြီးမှာ ၃၅ သန်းတိုင်အောင် ကြီးမားလှ၏။ တပ်မတော်ထဲ၌ အဆိုပါ မသေမျိုး အရှင်သခင်များ မရေမတွက်နိုင်အောင် ပါဝင်နေလေသည်။ ထိုသူတို့ထက် ဆယ်ဆ ၊ အဆတစ်ရာခန့် ပိုအစွမ်းထက်သော ထိတ်လန့်ဖွယ် သတ္တဝါကြီးများပင် ရှိနေကြသေး၏။
ထို့ကြောင့် ဘုရင်မ မိုဟန်နှင့် ယှဉ်နွှဲရမည့် နောက်ထပ်တိုက်ပွဲသည် လူသားမျိုးနွယ် ရှင်သန်ရပ်တည်ရေးအတွက် အဆုံးအဖြတ်ပေးမည့် တိုက်ပွဲကြီး ဖြစ်လာတော့မည် ဖြစ်၏။ ထို့အပြင် ဤတိုက်ပွဲသည် တုပိုင်နှင့် ဘုရင်မ မိုဟန်တို့ကြားမှ ထူးဆန်းသော သေရေးရှင်ရေး တိုက်ပွဲတစ်ခုလည်း ဖြစ်ပေသည်။ ဤတစ်ကြိမ်၌ သူတို့နှစ်ဦးထဲမှ တစ်ဦးတည်းသာ အသက်ရှင် ကျန်ရစ်နိုင်လိမ့်ပေမည်။
**--**--**--**--**--**--**--**
ထိုက်ခန်မြို့တော်ကြီး၏ ညချမ်းအချိန်ကာလမှာ အထူး တိတ်ဆိတ်ငြိမ်သက်နေ၏။
တစ်ဖက်တွင် အစ်မကြီးတုရှောင်ဖြစ်သူက မိသားစုအတွက် ဟင်းချက်ပေးနေဆဲ ဖြစ်သည်။ အစ်မကြီးတစ်ယောက်၏ တာဝန်ယူကာ ညီငယ်ညီမငယ်လေးများကို စိတ်ရောကိုယ်ပါ ဂရုစိုက် စောင့်ရှောက်ပေးနေ၏။ သို့သော် အိမ်ရှေ့စံမင်းသမီး တုရှောင်မှာမူ ပူပင်သောက ကင်းမဲ့ဟန်ဖြင့် ရင်ပြင်ပေါ်၌ မီးသားရဲကြီးနှင့် ဆော့ကစားနေလေသည်။
"ရွှီး.."
တုရှောင်က ထိပ်တွင် ဘောလုံးကြီးတစ်ခု တပ်ဆင်ထားသော မြှားတစ်စင်းကို ပစ်လွှတ်လိုက်၏။
"မြောင်.. သွားဖမ်းချေ.."
မီးသားရဲကြီးက ပြေးထွက်သွားလိုက်ကာ ဘောလုံးကို ဖမ်းကိုက်ပြီးနောက် အသာအယာ ပြန်ထွေးထုတ်ပေးလိုက်ရာ တုရှောင်၏ ခြေရင်းသို့ ပြန်ကျလာ၏။ သူမသည် နဂါးမျိုးနွယ်စု၏ ဆွေမျိုးဝေး အစွမ်းထက် မီးသားရဲကြီးကို ကြောင်လေးတစ်ကောင်သဖွယ် အမှန်တကယ် ဆော့ကစားနေခြင်းပင် ဖြစ်သည်။
လီဟိုင်ထန်တစ်ယောက်သည်လည်း သူမနောက် တကောက်ကောက်လိုက်နေသည့် နောက်လိုက်ငယ်လေး တစ်ဦး ဖြစ်လာခဲ့ပြီး အချိန်ပြည့် လက်ခုပ်တီးကာ အော်ဟစ်အားပေးနေ၏။
"မမတုရှောင်က အရမ်းတော်တာပဲ.."
တုရှောင်က တခစ်ခစ် ရယ်မောလိုက်၏။ သူမ၏ ရယ်မောသံများ ရင်ပြင်တစ်ခုလုံး၌ ပျံ့လွင့်နေတော့သည်။
**--**--**--**--**--**--**--**
နန်းတော်၏ အမြင့်ဆုံးနေရာထက်၌ တုပိုင် တောင်ဘက်အရပ်ဆီသို့ တိတ်ဆိတ်စွာ လှမ်းကြည့်နေပြီး သူ၏ဘေး၌မူ မြေအောက်ကမ္ဘာဘုရင်မ ရှိနေသည်။
ဖန်းချင်းယီက တုပိုင်၏ မျက်နှာကို စေ့စေ့ကြည့်လိုက်၏။
"တုပိုင်..။ နင့်မျက်နှာထားက တော်တော်လေး လေးနက်နေသလိုပဲ.."
တုပိုင်က သက်ပြင်းမသိမသာ ချလိုက်၏။
"အခုလေးတင် ပြီးသွားခဲ့တဲ့ တိုက်ပွဲနှစ်ခုက ဘာမှမဟုတ်သေးဘူး..။ နောက်ထပ်ဖြစ်လာမယ့် တိုက်ပွဲကြီးကမှ လူသားတွေရဲ့ ရှင်သန်ရပ်တည်ရေးကို အမှန်တကယ် အဆုံးအဖြတ်ပေးမာလေ..."
ဖန်းချင်းယီ မျက်ခုံးပင့်လိုက်မိ၏။
"ဒီတိုက်ပွဲကို အနိုင်ရမယ်လို့ နင်ပဲ ပြောထားခဲ့တာ မဟုတ်ဘူးလား...။ အဲဒါကို တစ်ကြိမ်မကတောင် ပြောခဲ့သေးတယ်လေ..."
တုပိုင် မျက်နှာသေဖြင့် လှမ်းကြည့်နေ၏။
"ငါက အဲဒီလို ပြောမှကို ရမာလေ..."
ဖန်းချင်းယီက မျက်မှောင်ကြုတ်သွားရ၏။
"ဒါပေမဲ့ တကယ်တမ်းကျတော့.. နင် ကိုယ့်ကိုယ်ကိုယ် အပြည့်အဝ ယုံကြည်မှုမရှိဘူးမလား.."
တုပိုင် ခေါင်းခါယမ်းလိုက်၏။ အနိုင်ရမည်ဟု အပြည့်အဝ မသေချာသော်လည်း အဆိုးမြင်နေခြင်းမျိုးတော့ မဟုတ်ချေ။ ရုတ်တရက် သူ၏ မျက်ဝန်းများ စူးရှထက်မြက်သွားတော့သည်။
"အာကာသယာဉ်တွေ အားလုံး..။ ဘုရင်မ မိုဟန် လက်အောက်က မသေမျိုးတပ်မတော်ကို ဦးဆောင်ပြီး သွားရောက် တိုက်ခိုက်ချေမှုန်းကြ..။ ကျောက်သလင်း ဒုံးကျည်တွေ အားလုံးကိုလည်း အဆင်သင့် ပြင်ထား..။ မသေမျိုးခေါင်းဆောင်ကို ပစ်မှတ်လော့ခ်ချနိုင်တာနဲ့ ခေါင်းဆောင်ဖြုတ်ချရေးဗျူဟာကို စတင်ရမယ်.."
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၉၉၃ + ၉၉၄) ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။