← Chapters

အခန်း (၉၉၅-၉၉၆)

Vol. 100 Ch. 995-996

အခန်း (၉၉၅-၉၉၆)

Vol. 100 Ch. 995-996

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၉၉၅ + ၉၉၆)

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

ဘုရင်မ မိုဟန်၏ အင်အား ၃၅ သန်းရှိသော မသေမျိုးစစ်တပ်ကြီးသည် ကီလိုမီတာ ရာပေါင်းများစွာအထိ ဖြန့်ကြက် ချီတက်လာကြသည်။ အံ့မခန်းစစ်တပ်ကြီး နေရာယူ ဖြန့်ကြက်လိုက်သောအခါ စတုရန်းကီလိုမီတာ ထောင်ပေါင်းများစွာအထိ ကျယ်ပြန့်သွားတော့၏။

ဤကဲ့သို့သော မြင်ကွင်းမျိုးကို မည်သည့်ရုပ်ရှင် ၊ မည်သည့်ဇာတ်လမ်းတွင်မှ ရိုက်ကူးပြသနိုင်မည် မဟုတ်ချေ။

သူတို့သည် လွင်ပြင်များတွင်သာမက ကုန်းမြေ ၊ တောင်ကုန်း ၊ တောင်တန်းနှင့် မြစ်ချောင်းများ တစ်ခွင်လုံးကိုပါ ပြည့်နှက် ဖုံးလွှမ်းထားလျက် ရှိနေကြသည်။ မသေမျိုးစစ်တပ်ကြီးသည် ကျယ်ပြောလှသော သမုဒ္ဒရာကြီးတစ်စင်းကဲ့သို့ အဆုံးအစ မမြင်ရနိုင်လောက်အောင် များပြားလှသည်။

မသေမျိုးများ၏ မျက်လုံးများမှာ သွေးကဲ့သို့ နီရဲနေပြီး ကောင်းကင်ယံမှ ကြည့်လိုက်လျှင် မရေမတွက်နိုင်သော သွေးရောင်မျက်လုံး သမုဒ္ဒရာကြီးအလားပင် ထင်မှတ်သွားရ၏။

ယခင်က ထိုက်ခန်မြို့တော်၌ ပေါ်လာခဲ့သော မသေမျိုးသခင်သည် အမြင့် မီတာ ၁၃၀ ရှိကာ မည်သည့်အရာနှင့်မျှ ထိုးဖောက်၍ မရနိုင်ခဲ့ချေ။ ဒုံးကျည်တပ်ဆင်ထားသည့် တိုက်လေယာဉ်များပင် အနည်းငယ်မျှ အန္တရာယ် မပေးနိုင်ခဲ့ချေ။

ထိုမသေမျိုးသခင်သည် ထိုက်ခန်မြို့တော်၏ မြို့ရိုးများကို တစ်ကိုယ်တည်း ဖျက်ဆီးခဲ့ပြီး လူပေါင်း သောင်းသိန်းမကကို သတ်ဖြတ်ခဲ့သူ ဖြစ်သည်။ သို့သော် ယခုအခါ ထိုကဲ့သို့သော မသေမျိုးသခင် ဧရာမဘီလူးကြီးပေါင်း ငါးရာတိတိ ပါဝင်လာပြီဖြစ်၏။

အမြင့် မီတာ တစ်ရာ့သုံးဆယ်ရှိသည့် ဘီလူးကြီး ငါးရာဆိုသည်မှာ အထပ်လေးဆယ် အဆောက်အအုံများကဲ့သို့ မြင့်မားလှ၏။

ထို့အပြင် အမြင့် မီတာ နှစ်ရာ့ခြောက်ဆယ်ရှိသော မသေမျိုးဘုရင် သုံးဆယ်တို့လည်း ပါဝင်နေသေးကာ သူတို့၏ အစွမ်းမှာ မသေမျိုးသခင်များထက် ဆယ်ဆ ပိုမို အားကောင်းသည်။

ပို၍ ထိတ်လန့်ဖွယ်ကောင်းသည်မှာ မသေမျိုး အရှင်သခင် တစ်ပါး ပါဝင်လာခြင်းပင် ဖြစ်၏။ သူသည် တောင်တန်းကြီးများကဲ့သို့ ကြီးမားလှသည်။

ထို့အပြင် လူပုံစံရှိသော သတ္တဝါမျိုးလည်း မဟုတ်တော့ချေ။ သူ့တွင် မျက်လုံးသုံးလုံး ပါရှိသည်မှလွဲ၍ လူခေါင်းနှင့် ပုံပန်းသဏ္ဍာန် ထပ်တူကျသော ခေါင်းကြီးတစ်လုံး ရှိ၏။

သို့သော် ခန္ဓာကိုယ် လုံးဝမရှိဘဲ မရေမတွက်နိုင်သော ရေဘဝဲလက်တံများသာ ပါရှိနေသည်။ လက်တံများကို ဖြန့်ကားလိုက်သောအခါ ထိုဧရာမ သတ္တဝါကြီးမှာ မီတာ ငါးရာ ၊ ခြောက်ရာကျော်အထိ ကြီးမားသွားတော့၏။

သူ၏ အစွမ်းမှာ မသေမျိုးဘုရင်ထက် ဆယ်ဆ ပိုမိုအားကောင်းပြီး ၊ မသေမျိုးသခင်ထက် အဆတစ်ရာ ပိုမို အားကောင်းလေသည်။ ကောင်းကင်ဘုံကိုပင် အာခံနိုင်သော တိုက်ခိုက်ရေးစွမ်းရည် ရှိသည့်အပြင် အကြောက်မက်ဖွယ် အကောင်းဆုံးအရာမှာ သူ၏ မျက်လုံးများပင် ဖြစ်၏။

မည်သူမဆို ထိုမျက်လုံးများ၏ စိုက်ကြည့်ခြင်းကို ခံလိုက်ရပါက ဦးနှောက်များ ပေါက်ကွဲသွားပြီးနောက် ခေါင်းပါ ပွင့်ထွက်သွားရမည် ဖြစ်သည်။ ဦးနှောက်တစ်ခုလုံးရှိ သွေးကြောများအားလုံး ချက်ချင်း ပေါက်ကွဲထွက်သွားမည်ဖြစ်ကာ မည်သူမျှ လွတ်မြောက်နိုင်မည် မဟုတ်ချေ။

ဧကရာဇ်ထိုက်ခန် ၊ ရုပ်သေးမျိုးနွယ်စု စစ်သေနာပတိနှင့် လေလွင့်မဟာမိတ်အဖွဲ့ စစ်သေနာပတိချုပ် ကဲ့သို့သော ငရဲနယ်ပယ် အထွတ်အထိပ် သိုင်းပညာရှင်များပင်လျှင် ထိုမသေမျိုး အရှင်သခင်ကို တည့်တည့် မကြည့်ရဲကြချေ။

သူ၏ ဧရာမမျက်လုံးကြီးများကို ဖွင့်လိုက်သည်နှင့် လူပေါင်းများစွာအား ချက်ချင်း သတ်ဖြတ်နိုင်စွမ်း ရှိ၏။

ထို့ကြောင့် အင်အား ၃၅ သန်းရှိသော မသေမျိုးစစ်တပ်ကြီးသည် တွေးထင်ထားသည်ထက် များစွာ ပိုမို အားကောင်းနေခြင်း ဖြစ်သည်။ မသေမျိုးသခင် ငါးရာတည်းနှင့်ပင် သန်းနှင့်ချီသော လေလွင့်မဟာမိတ်အဖွဲ့များနှင့် ရုပ်သေးမျိုးနွယ်စု တစ်ခုလုံးကို လွယ်ကူစွာ သုတ်သင်နိုင်သည်ဟု ဆိုနိုင်၏။

ထိုအချိန်တွင် ဘုရင်မ မိုဟန်တစ်ယောက် သူမ၏ တောင်ပံများကို ဖြန့်ကျက်ကာ မသေမျိုး အရှင်သခင်၏ ခေါင်းအထက်၌ ပျံသန်းနေလျက် ရှိနေ၏။

သူတို့သည် ထိုက်ခန်မြို့တော်နှင့် တဖြည်းဖြည်း နီးကပ်လာပြီ ဖြစ်လေသည်။

လီ ခြောက်ရာ..။

လီ လေးရာ..။

လီ သုံးရာ..။

ညသန်းခေါင်ယံ အချိန်သို့ ရောက်ရှိလာပြီ ဖြစ်သည်။

ဘုရင်မ မိုဟန်၏ မျက်နှာထက်၌ သတ်ဖြတ်လိုစိတ်များ အတိုင်းသား ပေါ်လွင်နေပြီး သူမ၏ မျက်ဝန်းအစုံက အေးစက်ခက်ထန်စွာဖြင့် ခပ်လှမ်းလှမ်းသို့ စိုက်ကြည့်နေလေ၏။

“တုပိုင်…။ မနက်ဖြန် မိုးလင်းတဲ့အထိ မင်းကို ငါ အသက်ရှင်ခွင့်ပေးမာ မဟုတ်ဘူး…”

**--**--**--**--**--**--**--**

တစ်ချိန်တည်းမှာပင် အဝေးဆီမှ တုပိုင်က ကောင်းကင်ယံသို့ မော့ကြည့်လိုက်ရင်း နှုတ်ခမ်းထောင့်တစ်ဖက် တွန့်ရုံမျှ လှောင်ပြုံး ပြုံးလိုက်သည်။ သူ၏ လေသံက အေးစက်ပြတ်သားလှ၏။

“မိုဟန်… ဦးနှောက်မရှိတဲ့ ကောင်မ… မနက်ဖြန် မိုးလင်းတဲ့အထိ မင်းကို ငါ အသက်ရှင်ခွင့်ပေးမာ မဟုတ်ဘူး…”

ထို့နောက် ဧရာမ အာကာသယာဉ် ဆယ်စင်းကျော် ရုတ်တရက် ထွက်ပေါ်လာတော့သည်။ သို့သော် ထိုယာဉ်များမှ ပစ်ခတ်လိုက်သည်မှာ စွမ်းအင်အမြောက်များ မဟုတ်ချေ။ ထို ဧရာမ အာကာသယာဉ် ဆယ်စင်းကျော်တို့သည် ကောင်းကင်ယံ၌ အလွန် အံ့မခန်းဖွယ်ကောင်းသော စွမ်းအင်အစီအရင် တစ်ခုကို ဖန်တီးလိုက်ကြခြင်း ဖြစ်၏။ သူတို့သည် ကျောက်သလင်း စွမ်းအင်အူတိုင် အားလုံးကို အပြည့်အဝ အသက်သွင်းလိုက်ကြသည်။

တုပိုင် ပြသချင်သောအရာမှာ စွမ်းအင်ယဉ်ကျေးမှု၏ အထွတ်အထိပ်ပင် ဖြစ်၏။ ထိုအရာမှာ စိတ်ကူးဉာဏ် အားလုံးထက် ကျော်လွန်နေပြီး ကောင်းကင်ဘုံကိုပင် အာခံနိုင်သည့် ဧရာမ စွမ်းအင် အစီအရင်ကြီး တစ်ခုပင် ဖြစ်တော့၏။

ကမ္ဘာမြေကိုပင် တုန်လှုပ်သွားစေလောက်သည့် တုပိုင်၏ အသံနက်ကြီးက ကောင်းကင်ယံထက်မှနေ၍ ဟိန်းဟောက် ပဲ့တင်ထပ်သွားတော့သည်။

“ဦးနှောက်မရှိတဲ့ ဘုရင်မ မိုဟန်… မနက်ဖြန် မိုးလင်းတဲ့အထိ မင်းကို ငါ အသက်ရှင်ခွင့်ပေးမာ မဟုတ်ဘူး…”

တုပိုင်တစ်ယောက် အနေဖြင့် ဦးစွာစတင် တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ရခြင်း၏ အကြောင်းရင်းမှာ ဘုရင်မ မိုဟန်၌ အလွန်များပြားလှသော မသေမျိုးစစ်တပ်ကြီး ရှိနေသောကြောင့်ပင် ဖြစ်၏။

သူတို့သာ ထိုက်ခန်မြို့တော်သို့ ရောက်ရှိသွားပါက အရပ်လေးမျက်နှာလုံးမှ ဝိုင်းရံထားမည်ဖြစ်ပြီး မြို့ကိုကာကွယ်ရန် ဖိအားများ အလွန် ကြီးမားသွားမည် ဖြစ်သည်။

မြို့ရိုးလေးခုထဲမှ တစ်ခုခု အနည်းငယ် အားနည်းသွားသည်နှင့် တစ်ပြိုင်နက် တစ်မြို့လုံး ပြိုကျပျက်စီးသွားနိုင်သည်။ အရေးကြီးဆုံးအချက်မှာ ကျောက်သလင်း မှော်အမြောက်ဖြစ်စေ ၊ စွမ်းအင် မှော်အမြောက်ဖြစ်စေ လီသုံးရာ အကွာအဝေးအထိ အလွယ်တကူ ပစ်ခတ်နိုင်ခြင်းပင် ဖြစ်သည်။

ထို့ကြောင့် ထိုက်ခန်မြို့တော်နှင့် လီသုံးရာအကွာမှနေ၍ စစ်ပွဲစတင်ရန် ရွေးချယ်ခြင်းက ပို၍ အကျိုးကြောင်း ဆီလျော်သည်။

လီနှစ်ရာ ၊ သုံးရာ အကွာအဝေးကို ချိန်ရွယ်ရန် မလွယ်ကူဘူးဟု ဆိုရလျှင် အဓိကအချက်မှာ သေချာချိန်ရွယ်နေရန်ပင် မလိုတော့ခြင်း ဖြစ်၏။ မသေမျိုးစစ်တပ်ကြီးသည် သမုဒ္ဒရာကြီးတစ်ခုအလား ပြည့်နှက်နေလျက် ရှိလေသည်။

တောင်ကုန်းများ ၊ လမ်းများနှင့် မြစ်ချောင်းများ နေရာတိုင်း၌ မသေမျိုးစစ်တပ်များ ရှိနေလေကြ၏။ မည်သည့်နေရာသို့ဖြစ်စေ တစ်ချက် ပစ်လိုက်ရုံနှင့် ထိမှန်မ​ည်က ရာနှုန်းပြည့်ပင် ဖြစ်၏။

သေချာပေါက် ယခုကဲ့သို့ အာကာသယာဉ် ဆယ်စင်းကျော် စေလွှတ်လိုက်ခြင်းသည်လည်း အလွန် အန္တရာယ်များသော ကိစ္စပင်။ မည်သို့ပင်ဆိုစေ မသေမျိုးစစ်တပ်ကြီးသည် အလွန်အစွမ်းထက်ပြီး သူတို့ထဲ၌ ပျံသန်းနိုင်သည့် ဧရာမသတ္တဝါ တစ်သန်းကျော် ပါဝင်နေ၏။

ထိုအာကာသယာဉ် ဆယ်စင်းကျော်မှာ အစွမ်းထက်လှသော်လည်း ပျံသန်းနေသည့် မသေမျိုး သန်းပေါင်းများစွာကြားတွင်မူ ကျယ်ပြောလှသော သမုဒ္ဒရာထဲမှ သစ်သားလှေလေးများကဲ့သို့ အန္တရာယ်များနေဆဲ ဖြစ်တော့သည်။

ထို့ကြောင့် တုပိုင်က အာကာသယာဉ်များအတွင်းရှိ ကျောက်သလင်း စွမ်းအင်အူတိုင်ကို အစွမ်းကုန် အသုံးပြုရန် ဆုံးဖြတ်ခဲ့ပြီး အာကာသယာဉ် ၁၆ စင်းကို ချိတ်ဆက်ကာ ပြိုင်ဘက်ကင်း စွမ်းအင်အစီအရင် တစ်ခုကို ဖန်တီးလိုက်ခြင်း ဖြစ်၏။

ကောင်းကင်ယံရှိ ဧရာမ အာကာသယာဉ်ကြီး ၁၆ စင်းကို မြင်လိုက်ရသောအခါ ဘုရင်မ မိုဟန် အလွန် အံ့အားသင့်သွားပြီး လုံးဝကို မယုံကြည်နိုင် ဖြစ်သွားတော့သည်။

‘ဒါတွေက ဘာတွေလဲ…’

‘ကမ္ဘာမြေပေါ်မာ ဒီလို အာကာသယာဉ်မျိုး ဘယ်လိုလုပ် ရှိနိုင်မာလဲ…’

ထိုအာကာသယာဉ်များထဲမှ မည်သည့်ယာဉ်မဆို ကမ္ဘာပေါ်ရှိ အကြီးဆုံး လေယာဉ်များထက် ပိုမို ကြီးမားနေ၏။

အထူးသဖြင့် အကြီးဆုံး ယာဉ်ကြီးမှာ တောင်ကြီးတစ်လုံးကဲ့သို့ပင် ဖြစ်နေကာ ပင်လယ်ပြင်ရှိ လေယာဉ်တင်သင်္ဘောများထက်ပင် ပိုမိုကြီးမားနေလျက်ရှိသည်။

ထိုအခိုက် တုပိုင်၏ မျက်ဝန်းများအတွင်း ကျောက်သလင်းစွမ်းအင်များ တောက်ပသွားကာ အလွန် ထည်ဝါခန့်ညားသော အသံကြီးဖြင့် ကောင်းကင်ယံမှနေ၍ လှောင်ပြောင် ဟိန်းဟောက်လိုက်တော့သည်။

“ဦးနှောက်မရှိတဲ့ ဘုရင်မ မိုဟန်… မနက်ဖြန် မိုးလင်းတဲ့အထိ မင်းကို ငါ အသက်ရှင်ခွင့်ပေးမာ မဟုတ်ဘူး…”

တုပိုင်၏ အသံသည် အစွမ်းထက် စွမ်းအင်အစီအရင်ကြောင့် ပိုမို ကျယ်လောင်သွားပြီးနောက် ကမ္ဘာမြေတစ်ခွင်လုံးနီးပါးကို ပဲ့တင်သံ ထပ်သွားတော့သည်။

ထိုစကားကို ကြားလိုက်ရသောအခါ ဘုရင်မ မိုဟန်၏ မျက်နှာတစ်ခုလုံး ဒေါသကြောင့် ရှုံ့မဲ့သွားရတော့၏။

‘တုပိုင်က အာကာသယာဉ်တွေပေါ်မာ ရှိနေတာလား…’

ချက်ချင်းပင် မိုဟန်က ထိုက်ခန်မြို့တော်သို့ ဆက်မသွားတော့ဘဲ ထိုအာကာသယာဉ် ဆယ်စင်းကျော်ကို အရင် ဖျက်ဆီးပစ်ကာ တုပိုင်အား အပိုင်းပိုင်းအစစ ဆုတ်ဖြဲပစ်ရန် ဆုံးဖြတ်လိုက်တော့သည်။

မိုဟန်၏ မျက်လုံးများ နီရဲသွားကာ အာကာသယာဉ်များဆီသို့ လက်ညှိုးထိုး၍ အသံကုန် အော်ဟစ်လိုက်၏။

“တိုက်ခိုက်ကြ…”

ချက်ချင်းပင် သန်းနှင့်ချီသော ပျံသန်းနိုင်သည့် မသေမျိုးများသည် အာကာသယာဉ် ဆယ်စင်းကျော်ဆီသို့ ပြေးဝင် တိုက်ခိုက်ကြတော့၏။

မြေပြင်ပေါ်ရှိ မရေမတွက်နိုင်သော မသေမျိုးစစ်တပ်ကြီးသည်လည်း အာကာသယာဉ်များ၏ အောက်တည့်တည့်သို့ စတင် စုရုံးလာကြတော့သည်။ ရုတ်တရက်ဆိုသလို နဂိုကတည်းက ပြည့်ကျပ်နေသော မသေမျိုးစစ်တပ်ကြီးမှာ ပို၍ပင် ပြည့်ကျပ်သွားတော့သည်။

“ဂျီ… ဝူး…”

ထို့နောက် အာကာသယာဉ်များဆီမှ ကျယ်လောင်သော ဆူညံသံတစ်ခု ထွက်ပေါ်လာ၏။

ထိုမသေမျိုးတို့သည် အသံအပေါ် အာရုံခံနိုင်စွမ်း အလွန် မြင့်မားကြသည်။ ထို့အတွက်ကြောင့် ဤဆူညံသံများကို ကြားလိုက်ရသောအခါ သူတို့အားလုံး အလွန်အမင်း ရူးသွပ်သွားကြတော့သည်။

သူတို့က အာကာသယာဉ်များ ရှိရာနေရာဆီသို့ ပိုမို ရူးသွပ်စွာ စုရုံးလာကြပြီး အင်အားမှာလည်း ပို၍ပို၍ များပြားလာ၏။

သို့သော် တုပိုင်သည်တော့ ကျေနပ်ခြင်း မရှိသေးဘဲ သူတို့ကို ဆက်လက်၍ ရူးသွပ်လာအောင် လှုံ့ဆော်နေဆဲ ဖြစ်သည်။

မိနစ်အနည်းငယ် ကြာပြီးနောက် အာကာသယာဉ်များအောက်ရှိ စတုရန်းကီလိုမီတာ အနည်းငယ်မျှသာ ကျယ်ဝန်းသော မြေပြင်ပေါ်၌ သန်းနှင့်ချီသော မသေမျိုးစစ်တပ်ကြီး စုရုံး ရောက်ရှိလာပြီ ဖြစ်၏။

လေထဲမှ ကြည့်လိုက်လျှင် ထိုမြင်ကွင်းမှာ အမှန်တကယ်ပင် အံ့သြတုန်လှုပ်ဖွယ်ကောင်းပြီး အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။

မြေပြင်​၌ သန်းနှင့်ချီသော မသေမျိုးများ ပြည့်ကျပ်နေပြီး ပျမ်းမျှအားဖြင့် တစ်စတုရန်းမီတာလျှင် မသေမျိုး တစ်ကောင်နှုန်း ရှိနေ၏။

အဓိကအချက်မှာ အချို့သော မသေမျိုးများ၏ ခန္ဓာကိုယ်သည် အလွန် ကြီးမားသောကြောင့် သူတို့မှာ တစ်ကောင်ပေါ် တစ်ကောင်ထပ်နေကာ အပ်ကျစရာ နေရာပင်မရှိအောင် ပြည့်ကျပ်သိပ်နေခြင်းပင် ဖြစ်တော့သည်။

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၉၉၅ + ၉၉၆) ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

All Chapters