အခန်း (၉၉၇-၉၉၈)
Vol. 100 Ch. 997-998
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၉၉၇ + ၉၉၈)
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။
တုပိုင် အံကိုတင်းတင်းကြိတ်လိုက်ပြီး ကျယ်လောင်စွာ ဟိန်းဟောက်လိုက်၏။ "စွမ်းအင်သုံး မှော်အမြောက်တွေ အကုန်ပစ်…။ ကျောက်သလင်းဒုံးကျည်တွေ အကုန်ပစ်စမ်း…။"
ထိုခဏ၌ပင် တုပိုင်၏ ကြောက်မက်ဖွယ်ကောင်းလှသော လက်နက်အင်အားစုကြီးက အစွမ်းကုန် ပေါက်ကွဲထွက်ပေါ်လာတော့၏။
ထိုက်ခန်အင်ပါယာ မြို့တော်အတွင်းမှ စွမ်းအင်သုံး မှော်အမြောက် တစ်ထောင်ကျော်တို့က ပြင်းထန်စွာ ပစ်ခတ်လိုက်ကြသည်။ ထောင်ပေါင်းများစွာသော ကျောက်သလင်းဒုံးကျည်များကလည်း ရူးသွပ်မတတ် ပျံသန်းထွက်ပေါ်လာကြ၏။
အပြာရောင် အလင်းတန်းကြီးများက တစ်စက္ကန့်အတွင်းမှာပင် ရုတ်တရက် ပေါက်ကွဲထွက်လာကာ ညအမှောင်ထုတစ်ခုလုံးအား နေ့လယ်ခင်းအလား လုံးဝ လင်းထိန်သွားစေတော့သည်။
လေလွင့်မဟာမိတ်တပ်နှင့် ရုပ်သေးမျိုးနွယ်စု တပ်မတော်တို့အား ရင်ဆိုင်ရစဥ်က တုပိုင်သည် ဤမျှ ကောင်းကင်ကို ဆန့်ကျင်နိုင်လောက်အောင် အစွမ်းထက်သည့် စွမ်းအင်သုံးလက်နက်များကို အသုံးမပြုခဲ့ချေ။ ယခုတစ်ကြိမ်မှသာ အားကုန်ထုတ်သုံးလိုက်ခြင်းပင်။
ထောင်ပေါင်းများစွာသော စွမ်းအင်ဘောလုံးကြီးများသည် ကောင်းကင်ယံ၌ ရှည်လျားလှသော အလင်းတန်း လမ်းကြောင်းကြီးများအဖြစ် ဖြတ်သန်းသွားကြသည်။ ထိုအရာတို့သည် ထိုက်ခန်အင်ပါယာ၏ မြို့တော်ကိုသာမက မိုင်ရာချီ ကျယ်ဝန်းလှသော ညအမှောင်ထုကြီးတစ်ခုလုံးကိုပါ လင်းထိန်သွားစေတော့၏။
ကီလိုမီတာ တစ်ရာ့ရှစ်ဆယ် အကွာအဝေးဆိုသည်မှာ စွမ်းအင်သုံး မှော်အမြောက်များအတွက် စက္ကန့်နှစ်ဆယ်ပင် မကြာလိုက်ချေ။
ဆယ်စက္ကန့်မျှ ကြာပြီးနောက်…။
ထိုစွမ်းအင်ဘောလုံး နှစ်ထောင်ကျော်သည် မသေမျိုးတပ်မတော် အသိပ်သည်းဆုံး စုဝေးရာဖြစ်သော စတုရန်းကီလိုမီတာ အနည်းငယ် ကျယ်ဝန်းသည့် မြေပြင်ပေါ်သို့ အရှိန်အဟုန်ပြင်းစွာ ကျဆင်းသွားတော့၏။
ထိုအခိုက်အတန့်၌ပင် ထောင်ပေါင်းများစွာသော စွမ်းအင်ဘောလုံးကြီးများနှင့် ကျောက်သလင်းဒုံးကျည်များ တစ်ပြိုင်နက်တည်း အပြင်းအထန် ပေါက်ကွဲထွက်သွားကြတော့သည်။
အလွန်တရာ ခမ်းနားပြီး မျက်စိကျိန်းမတတ် စူးရှလှသော မြင်ကွင်းကြီးတစ်ခု ပေါ်ပေါက်လာ၏။ ထိုကျယ်ဝန်းလှသော မြေပြင်ပေါ်၌ နေမင်းထက် အဆပေါင်းများစွာ ပိုမိုတောက်ပသည့် အလင်းရောင်ကြီးက ရုတ်တရက် ပေါက်ကွဲထွက်လာလေ၏။
ထိုပေါက်ကွဲမှုကို ကီလိုမီတာ ရာပေါင်းများစွာ အကွာအဝေးမှနေ၍ပင် ရှင်းလင်းစွာ မြင်တွေ့နိုင်နေသည်။ အစပိုင်းတွင် ထိုစွမ်းအင်ဘောလုံးများသည် အပြာရောင်အလင်းတန်းများ ဖြစ်ကြသော်လည်း အမြင့်ဆုံး အရှိန်သို့ ရောက်ရှိသွားချိန်၌မူ အဖြူရောင် အလင်းတန်းများအဖြစ်သို့ ပြောင်းလဲသွားကြတော့၏။
ထိုမြင်ကွင်းမှာ မြေပြင်ပေါ်၌ အဖြူရောင် နေမင်းအသစ်တစ်စင်း ရုတ်တရက် ထွက်ပေါ်လာသည့်အလားပင် ဖြစ်တော့သည်။
ထို့နောက်… မြေပြင်ပေါ်ရှိ သန်းနှင့်ချီသော မသေမျိုးဖုတ်ကောင် တပ်မတော်ကြီးတစ်ခုလုံး လုံးဝ ပြာကျပျောက်ကွယ်သွားရတော့၏။ ခန္ဓာကိုယ်များ အပိုင်းပိုင်းအစစ ပြတ်တောက်သွားခြင်းမျိုး မဟုတ်ဘဲ အငွေ့ပျံကာ လုံးဝ ပျက်သုဉ်းပျောက်ကွယ်သွားခြင်းပင်။
မသေမျိုးတပ်မတော်သည် အလွန်တရာ အစွမ်းထက်လှရာ ဂေါက်စ် ရိုင်ဖယ်ဖြင့်ပင် သတ်ဖြတ်၍ မရနိုင်ချေ။ သို့သော် တုပိုင်၏ စွမ်းအင်သုံး မှော်အမြောက်မှ ပစ်ခတ်လိုက်သော စွမ်းအင်ဘောလုံးများ တစ်ခဏချင်း ပေါက်ကွဲသွားသည့် အချိန်တွင် ထွက်ပေါ်လာသော စွမ်းအင်မှာမူ ယုံကြည်နိုင်လောက်စရာ မရှိအောင်ပင် ပြင်းထန်လွန်းလှ၏။
ထိတ်လန့်ဖွယ် လျှပ်စစ်စီးကြောင်းများ ပါဝင်ရုံသာမက အလွန်တရာ ပြင်းထန်လှသော အပူချိန်လည်း ပါဝင်နေသည်။ ပေါက်ကွဲမှု ဗဟိုချက်၏ အပူချိန်သည် ဒီဂရီဆဲလ်စီးယပ်စ် သန်းချီ၍ ရှိနေကာ အစွန်အဖျားတွင်၌ပင် သောင်းနှင့်ချီ၍ ရှိနေ၏။
ထောင်ပေါင်းများစွာသော စွမ်းအင်ဘောလုံးများနှင့် ကျောက်သလင်းဒုံးကျည်များ၏ ပေါက်ကွဲမှုသည် စတုရန်းကီလိုမီတာပေါင်းများစွာ ကျယ်ဝန်းသော မြေပြင်ကို လွတ်ကင်းရာနေရာ တစ်လက်မမျှပင် မရှိစေဘဲ ဖုံးလွှမ်းသွားတော့၏။
ထို့ကြောင့်သာ ဤကဲ့သို့ ကောင်းကင်ကို ဆန့်ကျင်နိုင်လောက်သည့် မြင်ကွင်းမျိုး ပေါ်ပေါက်လာရခြင်းပင်။ သန်းနှင့်ချီသည့် မသေမျိုးတပ်မတော်ကြီးသည် မျက်စိတစ်မှိတ်အတွင်းမှာပင် ပြာကျပျောက်ကွယ်သွားကြ၏။
လေလွင့်မဟာမိတ်အဖွဲ့၏ စစ်သေနာပတိချုပ်သည် ကီလိုမီတာ သုံးရာကျော်အထိ ဆုတ်ခွာသွားပြီး ဖြစ်သော်လည်း ထိုနေရာမှ ထွက်ပေါ်လာသော ကောင်းကင်တစ်ခုလုံးကို လင်းထိန်သွားစေသည့် အလင်းရောင်ကြီးကိုမူ မြင်တွေ့နေရဆဲပင် ဖြစ်သည်။ သူ၏ တစ်ကိုယ်လုံး တုန်ယင်သွားကာ နှလုံးခုန်ပင် ရပ်တန့်မတတ် ဖြစ်သွားရ၏။
ရုပ်သေးမျိုးနွယ်စု စစ်သေနာပတိသည်လည်း ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရရာ တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထသွားရပြီး အေးစက်လှသော အငွေ့အသက်များက သူ၏ ဦးခေါင်းထိပ်အထိ စောင့်တက်သွားတော့၏။ အလွန်ဝေးကွာလှသော နေရာမှနေ၍ပင် ထိုအံ့မခန်း အလင်းရောင်ကြီး၏ နောက်ကွယ်ရှိ ကြောက်မက်ဖွယ် သေမင်းတမန် စွမ်းအားကို သူ အပြည့်အဝ ခံစားနေရသေးသည်။
ကီလိုမီတာ ရာပေါင်းများစွာ ဝေးကွာနေသည့်တိုင် ကောင်းကင်တစ်ခုလုံး ချက်ချင်း လင်းထိန်သွားသည်ကို မြင်တွေ့ရခြင်းကြောင့် ထိုလက်နက်သည် မည်မျှပင် ကြောက်စရာကောင်းသော လူသတ်လက်နက်ကြီး ဖြစ်နေမည်နည်း။
အကယ်၍ ထိုလက်နက်များကိုသာ ရုပ်သေးမျိုးနွယ်စု စစ်တပ် သို့မဟုတ် လေလွင့်မဟာမိတ်တပ်များ၏ ခေါင်းပေါ်သို့သာ ပစ်ချလိုက်မည်ဆိုပါက သူတို့၏ စစ်တပ်တစ်ခုလုံး အပြတ်ရှင်းခံလိုက်ရမည်မှာ ကျိန်းသေလှ၏။
ဤသည်မှာ တုပိုင်၏ စစ်ဗျူဟာပင် ဖြစ်တော့သည်။
မသေမျိုးဖုတ်ကောင် တပ်မတော်သည် လူသားစစ်တပ်များနှင့် မတူညီချေ။ လူသားစစ်တပ်များသည် တိုက်ပွဲတွင် အချင်းချင်း ပူးပေါင်းဆောင်ရွက်ကြသဖြင့် စစ်မြေပြင်တစ်ခုတည်း၌ စစ်သား တစ်သန်းကျော် ချထားရန်မှာ အလွန်ခက်ခဲလှသည်။
သို့သော် မသေမျိုးတပ်မတော်မှာမူ ခြားနား၏။ သူတို့၌ မည်သည့် ဉာဏ်ရည်မှ မရှိဘဲ သတ်ဖြတ်လိုသည့် ဗီဇစိတ်သာ ရှိကြသည်။ နေရာလွတ်ရှိနေသရွေ့ သန်းချီ၍ဖြစ်စေ ကုဋေချီ၍ဖြစ်စေ သူတို့က စစ်မြေပြင်သို့ အလုံးအရင်းနှင့် ဝင်ရောက်လာကြမည်သာ ဖြစ်၏။ ဤသည်မှာ သာမန်အားဖြင့် ရင်ဆိုင်ရန် မဖြစ်နိုင်လောက်အောင် ကြောက်စရာကောင်းလှသည်။
သို့သော် ဤအချက်ကပင် သူတို့၏ အကြီးမားဆုံးသော အားနည်းချက်တစ်ခု ဖြစ်နေပြန်၏။
ရုပ်ရှင်ကားများထဲ၌ လူသားများသည် အသံကို အသုံးပြု၍ ဇွန်ဘီများကို တစ်နေရာတည်းသို့ စုဝေးစေပြီး ဗုံးခွဲကာ တစ်ပြိုင်နက်တည်း သတ်ဖြတ်လေ့ရှိကြသည်။ သို့သော် ရုပ်ရှင်နှင့် တီဗွီကားများထဲတွင်မူ တုပိုင်ထံ၌ရှိသော ဤကဲ့သို့ ကြောက်မက်ဖွယ် လက်နက်မျိုး မရှိနေကြချေ။
တုပိုင်၏ အစွမ်းထက် စွမ်းအင်သုံး မှော်အမြောက်များနှင့် ကျောက်သလင်းဒုံးကျည်များ၌ ကြီးမားသော အားနည်းချက်တစ်ခု ရှိနေသည်။ ထိုအားနည်းချက်မှာ မိုင်ရာနှင့်ချီ ဝေးကွာသော အကွာအဝေးမှနေ၍ ပစ်မှတ်ကို တိကျစွာ ချိန်ရွယ်၍ မရနိုင်ခြင်းပင် ဖြစ်၏။
ထို့ကြောင့် တုပိုင်တစ်ယောက် မသေမျိုးများ အားလုံးကို နေရာတစ်နေရာတည်းသို့ စုဝေးလာစေရန် ဆွဲဆောင်လိုက်ပြီး ကောင်းကင်ကို ဆန့်ကျင်နိုင်လောက်သည့် ကြောက်မက်ဖွယ် လက်နက်များဖြင့် ဖုံးလွှမ်းပစ်ခတ်လိုက်ခြင်းပင် ဖြစ်တော့သည်။
ဘုရင်မ မိုဟန်သည်လည်း ထိုမြင်ကွင်းကြောင့် လုံးဝကို အံ့သြမှင်တက်သွားရ၏။ တုပိုင်၏ လက်နက်အင်အားသည် ဤမျှတောင် ကောင်းကင်ကို ဆန့်ကျင်နိုင်စွမ်း ရှိနေသလော။ မျက်စိတစ်မှိတ်အတွင်းမှာပင် သန်းနှင့်ချီသော မသေမျိုးများကို ပြာကျသွားစေနိုင်သည်လော။
ထို့အပြင် သေဆုံးသွားသူများမှာ သာမန် မသေမျိုးများချည်းသာ မဟုတ်ချေ။ မသေမျိုး တပ်မှူး ရာပေါင်းများစွာသည်လည်း အရိပ်အယောင်ပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားကြ၏။ ထိုမသေမျိုးများသည် အထပ်သုံးလေးထပ်စာခန့် မြင့်မားသည့် မသေမျိုး ခေါင်းဆောင်များဖြစ်ကာ ဂေါက်စ် ရိုင်ဖယ်ဖြင့်ပင် သတ်ဖြတ်၍ မရနိုင်သော သူများဖြစ်၏။ မသေမျိုး သခင် ဒါဇင်ပေါင်းများစွာသည်လည်း ပြာကျပျောက်ကွယ်သွားကြသည်။
သို့သော် ပေါက်ကွဲမှု၏ ဗဟိုချက်ထဲတွင် မီတာ တစ်ရာ့သုံးဆယ်ခန့် မြင့်မားသော မသေမျိုးသခင် ငါးကောင် ရှိနေသည်။ သူတို့၏ ခန္ဓာကိုယ်ကြီးများသည် ပြင်းထန်လှသော အပူရှိန်ကြောင့် ဖောက်ထွင်းမြင်ရလုမတတ် နီရဲသွားကာ သိသိသာသာ ကျုံ့ဝင်သွားကြ၏။
သို့သော်... သူတို့ အသက်ရှင်နေဆဲပင် ဖြစ်သည်။
တုပိုင် မှင်သက်သွားရ၏။ ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲမှုကြီး အောက်တွင်ပင် ထို မသေမျိုးသခင်များက အသက်ရှင်နေနိုင်သေးသည်လော။ ပေါက်ကွဲမှု ဗဟိုချက်ထဲရှိ မီတာ နှစ်ရာကျော် မြင့်မားသည့် ဧရာမ မသေမျိုး အရှင်သခင်ကြီးမှာမူ သူ၏ ခန္ဓာကိုယ်ကြီး နီရဲနေရုံသာ ရှိ၏။
ထိုမြင်ကွင်းကို မြင်လိုက်ရသဖြင့် တုပိုင်တစ်ယောက် ကြက်သီးဖျန်းဖျန်း ထသွားရ၏။
"ဟား… ဟား… ဟား…"
"တုပိုင်… ဒါက မင်းရဲ့ ဝှက်ဖဲလား…။ ငါ့ရဲ့ မသေမျိုး သခင်တွေကိုတောင် မသတ်နိုင်ဘူးပဲ…။ ငါ့ဆီမှာ ဒီလို မသေမျိုးသခင်တွေ ရာနဲ့ချီ ရှိသေးသလို မသေမျိုး အရှင်သခင်တွေလည်း ရှိသေးတယ်…။ မင်းတော့ ပြီးသွားပြီ တုပိုင်…။ ဒီမနက်နေထွက်တာကို မင်း မြင်ရမာမဟုတ်တော့ဘူး"
ထို့နောက် မိုဟန်က အေးစက်စွာ ဟိန်းဟောက်လိုက်၏။ "ကောင်းကင်ပျံ မသေမျိုးတွေ အကုန်တက်…။ တုပိုင်ရဲ့ အသုံးမကျတဲ့ အာကသယာဥ် စစ်သင်္ဘောတွေကို အကုန်ဖျက်ဆီးပစ်စမ်း…"
ချက်ချင်းပင် သန်းနှင့်ချီသော ကောင်းကင်ပျံ မသေမျိုးများသည် တုပိုင်၏ စစ်သင်္ဘော ဒါဇင်ပေါင်းများစွာကို ဝန်းရံလိုက်ကြ၏။ ထိုဝန်းရံမှုသည် လေစိမ့်ဝင်ရန်ပင် နေရာမရှိလောက်အောင် ပိတ်ဆို့ထားခြင်းပင်။
ကောင်းကင်ပေါ်မှ ကြည့်လိုက်မည်ဆိုပါက သန်းနှင့်ချီသော ကောင်းကင်ပျံ မသေမျိုးများသည် လေထုထဲ၌ ဧရာမ အမည်းရောင် စက်လုံးကြီးတစ်ခုအဖြစ် ဖွဲ့စည်းထားကာ အသွင်ပြောင်းထားသော စစ်သင်္ဘော ဆယ့်ခြောက်စင်းအား လုံးဝ ဖုံးအုပ်ထားသည်ကို မြင်တွေ့ရမည် ဖြစ်သည်။
ဘုရင်မ မိုဟန်က အံကို တင်းတင်းကြိတ်လိုက်၏။ "တုပိုင်… ငါ့ရဲ့ ကောင်းကင်နဲ့မြေကြီး ပိုက်ကွန်ကြီးထဲကနေ မင်း ဘယ်လိုများ လွတ်အောင် ပြေးမလဲ ကြည့်ရသေးတာပေါ့…။ မင်းကို သတ်ပြီးရင် မင်းရဲ့ ထိုက်ခန်အင်ပါယာကိုပါ အပြတ်ရှင်းပစ်မယ်…။ မင်းရဲ့ မိန်းမတွေနဲ့ သမီးတွေကိုလည်း အရေခွံခွာပြီး အရွတ်တွေပါ ဆွဲထုတ်ပစ်မယ်…"
သူမက အသံနက်ကြီးဖြင့် စူးရှစွာ အော်ဟစ်လိုက်၏။ "သတ်ကြ…"
ရုတ်တရက် ဘုရင်မ မိုဟန်၏ လက်အောက်ရှိ သန်းနှင့်ချီသော ကောင်းကင်ပျံ မသေမျိုးများသည် တုပိုင်၏ စစ်သင်္ဘော ဆယ့်ခြောက်စင်းထံသို့ အရူးအမူး အသေခံ ပြေးဝင်တိုက်ခိုက်ကြတော့၏။
သာမန် အခြေအနေအရဆိုလျှင် ဤကဲ့သို့သော တိုက်ခိုက်မှုကို ကာကွယ်ရန် လုံးဝ မဖြစ်နိုင်ဟု ထင်ရပေမည်။
စစ်သင်္ဘောကြီးများသည် အလွန်တောင့်တင်းခိုင်မာသော်လည်း အရွယ်အစား ကြီးမားလွန်းသဖြင့် ရွေ့လျားမှုကမူ အတော်လေး နှေးကွေးလှ၏။ ထို့ကြောင့် ကောင်းကင်ပျံ မသေမျိုး ဆယ်ပုံတစ်ပုံ သို့မဟုတ် ရာပုံတစ်ပုံခန့် စစ်သင်္ဘောများပေါ်သို့ ရောက်ရှိသွားရုံဖြင့်ပင် စစ်တပ်တစ်ခုလုံး ကျဆုံးသွားမည်မှာ အသေအချာပင်။
စစ်သင်္ဘောများ၏ မျက်နှာပြင်ရှိ သတ္တုများသည် အလွန်မာကျောသော်ငြား မသေမျိုးများ၏ အစွယ်များနှင့် လက်သည်းများက အလွန် ထက်မြက်လှရာ စစ်သင်္ဘောများ၏ သံချပ်ကာများကို အလွယ်တကူ ဆွဲဖြဲပစ်နိုင်စွန်းရှိနေသည်။ ထို့ကြောင့် သာမန်အားဖြင့်ဆိုလျှင် လုံးဝ ကာကွယ်နိုင်စွမ်း ရှိမည်မဟုတ်ချေ။
ထိုအခိုက် တုပိုင် မျက်ခုံးပင့်လိုက်၏။ ချက်ချင်းပင် လေထုထဲ၌ အချင်း မီတာ တစ်ထောင့်ငါးရာကျော်ရှိသော စက်ဝိုင်းပုံစံ အစီအရင်တစ်ခု ပေါ်လာသည်။ ထို့နောက် အစီအရင်တစ်ခုလုံးကို အလွန်လျင်မြန်စွာ လည်ပတ်စေလိုက်၏။
ထိုသို့ လည်ပတ်နေစဥ်မှာပင် အပြင်ဘက်သို့ လေဆာတန်းများကို အဆက်မပြတ် အပြင်းအထန် ပစ်ခတ်စေလိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ပို၍ အံ့မခန်းဖွယ်ကောင်းသော မြင်ကွင်းကြီး ပေါ်ပေါက်လာတော့၏။
စစ်သင်္ဘော ဆယ့်ခြောက်စင်းသည် စက်ဝိုင်းပုံစံ ဖွဲ့စည်းထားကာ မရေမတွက်နိုင်သော လေဆာတန်းများကို အဆက်မပြတ် ပစ်ခတ်နေကြ၏။ ထိုအရာသည် ၃၆၀ ဒီဂရီ လွတ်ကင်းရာနေရာ မရှိစေဘဲ အပြင်ဘက်သို့ ရူးသွပ်စွာ ပစ်ခတ်နေသည့် အလွန်လျင်မြန်သော လေဆာသတ်ဖြတ်ရေး အစီအရင်ကြီးတစ်ခု ဖြစ်လာတော့သည်။
သန်းနှင့်ချီသော ကောင်းကင်ပျံ မသေမျိုးများက အရူးအမူး ပြေးဝင်လာကြ၏။ မီးတောက်ထဲသို့ တိုးဝင်သွားသည့် ပိုးဖလံများအလားပင်။
မရေမတွက်နိုင်သော လေဆာတန်းများက ထိုမသေမျိုးများအား ချက်ချင်းပင် အပိုင်းပိုင်းအစစ ခုတ်ပိုင်းပစ်လိုက်တော့၏။ ထိုကောင်းကင်ပျံ မသေမျိုးများသည် အလွန်သွက်လက်ဖျတ်လတ်ကာ ပျံသန်းမှု မြန်ဆန်ကြသော်လည်း သူတို့၏ ခန္ဓာကိုယ်မှာ မသေမျိုး သခင်များကဲ့သို့ မမာကျောကြချေ။
ထိုလေဆာတန်းများ၏ အပူချိန်နှင့် သတ်ဖြတ်နိုင်စွမ်းမှာ အလွန်အမင်း အံ့မခန်းဖွယ် ကောင်းလှ၏။ ပျံသန်းနေသော မသေမျိုးများကို ထောပတ်ခဲအား ဓားပူဖြင့် လှီးဖြတ်လိုက်သကဲ့သို့ အလွယ်တကူ နှစ်ပိုင်းပိုင်းဖြတ်တောက်နိုင်စွမ်းရှိနေသည်။
ဂိမ်းတစ်ခုထဲ၌ နာမည်ကြီး စကားတစ်ခွန်း ရှိ၏။ 'ငါက စစ်သည်တော်ပဲ… လျှပ်စစ်ပန်ကာလို လည်ပတ်နေသရွေ့ အရာအားလုံးက အဆုံးသတ်သွားမှာပဲ။' ထိုစကားမှာ လျှပ်စစ်ပန်ကာကဲ့သို့ လည်ပတ်နေသော လက်နက်စစ်သည်တော်၏ သိုင်းကွက်သည် အလွန်တရာ အစွမ်းထက်ကြောင်းကို ဆိုလိုနေခြင်းဖြစ်သည်။
ယခုအချိန်၌ တုပိုင်၏ စစ်သင်္ဘော ဆယ့်ခြောက်စင်းသည် လွတ်ကင်းရာ လုံးဝမရှိသော ၃၆၀ ဒီဂရီ လေဆာပန်ကာကြီး တစ်ခုအဖြစ် ပုံပေါ်နေ၏။
တုန်လှုပ်ချောက်ချားဖွယ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြီးပင်။ ကောင်းကင်ယံ၌ ရုပ်အလောင်းများနှင့် သွေးမိုးများက သည်းထန်စွာ ရွာသွန်းကျလာတော့၏။ မရေမတွက်နိုင်သော ကောင်းကင်ပျံ မသေမျိုးများသည် လေထုထဲ၌ပင် ရက်စက်စွာ ခုတ်ထစ်သတ်ဖြတ်ခံလိုက်ရသည်။
သို့သော် မရေမတွက်နိုင်သော မသေမျိုးများသည် အသိစိတ်လွတ်နေသည့် ဖုတ်ကောင်များအလား အသေခံ တိုက်ခိုက်မှုများကို အဆက်မပြတ် ပြုလုပ်နေကြဆဲပင် ဖြစ်၏။
လေဆာတန်းများကြားသို့ တိုးဝင်သွားသမျှသော မသေမျိုးများသည် ချက်ချင်းပင် အပိုင်းပိုင်းအစစ ပြတ်တောက်သွားကြပြီး ကောင်းကင်ယံမှနေ၍ လျှောတိုက်ကျဆင်းလာသော ရုပ်အလောင်းများမှာ မိုးပေါက်များထက်ပင် သိပ်သည်းများပြားနေကာ မြင်ရသူအပေါင်း ခြောက်ခြားသွားစေလောက်အောင်ပင် ရက်စက်ကြောက်မက်ဖွယ် ကောင်းလှ၏။
မိနစ်အနည်းငယ်မျှသာ ကြာလိုက်၏။ တကယ်ကို မိနစ်အနည်းငယ်မျှသာ ဖြစ်၏။ ကောင်းကင်ယံရှိ ကောင်းကင်ပျံ မသေမျိုးများမှာ တဖြည်းဖြည်းနှင့် ပိုပို၍ နည်းပါးလာတော့၏။
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၉၉၇ + ၉၉၈) ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။
မိုးပျံ မသေမျိုးကြတော့ နည်းနည်းရိုးနေမလားလို့။ ကောင်းကင်ပျံ မသေမျိုးပဲ သုံးလိုက်တော့မယ် 🤣