အခန်း (၅၁၁-၅၁၂)
Vol. 52 Ch. 511-512
အခန်း။ ၅၁၁
လိုင်ယွမ်မြို့၏ ရပ်ကွက်တစ်ခုအတွင်း...
တစ်ချိန်က ဇွန်ဘီများဖြင့် ပြည့်နှက်နေခဲ့သော မြို့ပြလမ်းမများသည် ယခုအခါတွင်မူ ဇွန်ဘီတစ်ကောင်တစ်လေမျှပင် မရှိတော့ဘဲ ထူးဆန်းစွာ တိတ်ဆိတ်ခြောက်ကပ်နေတော့သည်။
ထိုလမ်းမများပေါ်တွင် စုတ်ပြတ်သတ်နေသော အဝတ်အစားများကို ဝတ်ဆင်ထားသည့် ရှင်သန်ကျန်ရစ်သူ လူသားတစ်စုမှာ အင်အားချည့်နဲ့စွာဖြင့် လျှောက်လှမ်းနေကြသည်ကို မြင်တွေ့ရသည်။
သူတို့သည် ခန္ဓာကိုယ်များ ပိန်လှီကာ မျက်နှာများမှာလည်း ဖြူဖျော့ကာ စိတ်ဓာတ်များ အလွန်အမင်း နွမ်းလျနေကြရှာသည်။ ထိုလူသားများသည် တစ်ခါတစ်ရံတွင် တင်းကျပ်စွာ ပိတ်ထားသော အိမ်တံခါးနှင့် ပြတင်းပေါက်များကို တွန်းဖွင့်ဝင်ရောက်ကာ တစ်စုံတစ်ခုကို အသည်းအသန် ရှာဖွေနေကြပုံပင်။
ထိုအချိန်တွင် လိုင်ယွမ်မြို့၏ အရပ်လေးမျက်နှာ၌ အကြေးခွံနီ ဧရာမနဂါးလေးကောင်မှာ အသီးသီး နေရာယူကာ ဝပ်စင်းနေကြသည်။ ထိုနဂါးများအနက် အချို့မှာ မြေပြင်ပေါ်၌ တိုက်ရိုက်လဲလျောင်းနေကြပြီး အချို့မှာ အိမ်ခေါင်မိုးများပေါ်တွင် နားခိုနေကြကာ အချို့ကမူ မြေအောက်ခန်းများကို သူတို့၏ ဂေဟာအဖြစ် ဖန်တီးထားကြသည်။
ဤအကြေးခွံနီနဂါးများမှာ ပတ်ဝန်းကျင်သို့ အပူလှိုင်းများကို ထုတ်လွှတ်နေကြပြီး နေထိုင်ရာနေရာများ မတူညီကြသော်လည်း ထူးခြားချက်တစ်ခုမှာမူ အားလုံး တူညီနေကြသည်။
၎င်းမှာ နဂါးတစ်ကောင်ချင်းစီ၏ ပတ်ပတ်လည်တွင် ကျွန်ပြုခံထားရသော ရှင်သန်ကျန်ရစ်သူ လူသားအဖွဲ့အစည်းများ ရှိနေခြင်းပင်။
မြို့၏ အရှေ့တောင်ဘက်တွင်မူ အကြီးမားဆုံးသော မြေအောက်စူပါမားကတ်ကို အသိုက်အအုံအဖြစ် အသုံးပြုထားသည့် ဧရာမနဂါးကြီးတစ်ကောင် ရှိနေသည်။
၎င်း၏ ကိုယ်ထည်တစ်ဝက်မှာ မြေအောက်ခန်းမှ ပြူထွက်နေပြီး လမ်းလျှောက်သွားလာနေသည့် လူသားများကို အေးစက်စက် အကြည့်များဖြင့် စောင့်ကြည့်ကာ စစ်ဆေးနေသည်။
ထိုထုံထိုင်းနွမ်းလျနေသော လူသားများသည် သူတို့ စုဆောင်းရရှိထားသည့် ရွှေ၊ ငွေနှင့် ကျောက်သံပတ္တမြားများကို နဂါးကြီး၏ရှေ့တွင် ရိုသေစွာ လာရောက်ပုံပေးကြပြီး နဂါး၏ အေးစက်လှသော အကြည့်အောက်တွင် တုန်တုန်ရင်ရင်ဖြင့် နောက်ဆုတ်သွားကြရသည်။
ခဏအကြာတွင် သူ၏ရှေ့၌ တောင်ကုန်းငယ်တစ်ခုပမာ ပုံနေသော ရတနာပုံကြီးကို ကြည့်ရင်း နဂါးကြီး၏ မျက်လုံးများထဲတွင် လောဘရိပ်များ ဖြတ်ပြေးသွားသည်။
ဤကမ္ဘာသစ်သည် အမှန်တကယ်ပင် ကြွယ်ဝသည်။ လူသူစွန့်ပစ်ထားသည့် မြို့ပျက်တစ်ခုတည်းမှာပင် ဤမျှလောက်များပြားသော ရွှေငွေရတနာများကို ရရှိနိုင်သည်။
ဤသို့တွေးမိသည်နှင့် နဂါးကြီး၏ မျက်ဝန်းမှ လောဘရိပ်များမှာ ပိုမိုခိုင်မာလာပြီး နောက်ထပ် နယ်မြေများကိုပါ သိမ်းပိုက်ရန် စိတ်ကူးမိသွားတော့သည်။
ထိုနဂါးကြီး၏ ဝမ်းဗိုက်အောက်ကို ကြည့်လိုက်လျှင် တောက်ပလှသော ရွှေထည်များနှင့် ကျောက်သံပတ္တမြားများကို ထူထပ်စွာ ခင်းကျင်းထားသည်ကို မြင်တွေ့နိုင်သည်။ ရွှေလက်စွပ်များ၊ ရွှေဆွဲကြိုးများ၊ ရွှေတုံးမျိုးစုံနှင့် နားကပ်များမှာ အရောင်တလက်လက်ဖြင့် ဝင်းပနေကြသည်။
ဤအတောအတွင်း အကြေးခွံနီနဂါးကြီးသည် ကျွန်ပြုထားသော လူသားများကို စေခိုင်း၍ ရတနာများကို ရှာဖွေခိုင်းခဲ့ရာ ယခုအခါတွင်မူ သူ၏ ကြိုးပမ်းအားထုတ်မှုများမှာ အောင်မြင်ခဲ့ပြီ ဖြစ်သည်။
နဂါးကြီးသည် ဘေးပတ်ဝန်းကျင်ရှိ လူသားများကို ဂရုမစိုက်တော့ဘဲ သူ၏အောက်တွင်ရှိသော ရတနာပုံကြီးကို မက်မောစွာဖြင့် ထပ်မံစုစည်းနေတော့သည်။
"နဂါးမျိုးနွယ်တွေ... အခုချက်ချင်း ထွက်လာပြီး အသေခံကြစမ်း"
ရုတ်တရက် လိုင်ယွမ်မြို့တစ်ခုလုံး ပဲ့တင်ထပ်သွားစေမည့် မိုးကြိုးပစ်သံကဲ့သို့ ဟိန်းဟောက်သံကြီးတစ်ခု ထွက်ပေါ်လာသည်။ လုချွမ်းနှင့် ကျိရုရွှယ်တို့ သားအဖသည် ဝေးကွာသော အရပ်မှနေ၍ အရှိန်အဟုန်ဖြင့် ပျံသန်းဝင်ရောက်လာကြသည်။
သူတို့ထံမှ ထွက်ပေါ်နေသော တိုက်ခိုက်လိုသည့် စိတ်ဆန္ဒများမှာ အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားသဖြင့် လိုင်ယွမ်မြို့တစ်ခုလုံး တုန်ခါသွားရသည်။
လုချွမ်းသည် သေချာစွာ စဉ်းစားပြီးနောက်တွင် ဇွန်ဘီဒီရေလှိုင်းကြီးကို အတူမခေါ်လာတော့ဘဲ ကျိရုရွှယ်နှင့် နှစ်ဦးတည်းသာ ပျံသန်းလာခဲ့ခြင်းပင်။ နဂါးများကို ရင်ဆိုင်ရာတွင် လူအင်အားသုံး တိုက်ခိုက်သည့် နည်းဗျူဟာမှာ မထိုက်တန်လှပေ။
ရန်သူ၏ မီးလျှံအသက်ရှူချက် တစ်ချက်တည်းနှင့်တင် ဇွန်ဘီရုပ်သေး ထောင်ပေါင်းများစွာမှာ ပြာဖြစ်သွားနိုင်ပြီး အမြတ်ထက် အရှုံးက ပိုများနိုင်သောကြောင့်ပင်။
ဟိန်း... ဝုန်း...
ထိုအသံကို ကြားလိုက်ရသည်နှင့် မြို့အတွင်းရှိ အကြေးခွံနီနဂါးလေးကောင်မှာ ခေါင်းများကို တစ်ပြိုင်နက် မော့လိုက်ကြပြီး ကောင်းကင်ယံမှ လုချွမ်းနှင့် ကျိရုရွှယ်တို့ကို အေးစက်စက်ကြည့်ကာ ဒေါသတကြီး ပြန်လည်ဟိန်းဟောက်လိုက်ကြသည်။
သူတို့သည် လူသားများ ပြောဆိုသည့် စကားကို နားမလည်ကြသော်လည်း လူသားများထက် မနိမ့်ကျသော ဉာဏ်ရည်ရှိကြသဖြင့် ၎င်းမှာ ကောင်းသောလာခြင်း မဟုတ်ကြောင်း ကောင်းကောင်း သိရှိနေကြသည်။
ကျွန်ပြုခံထားရသော လူသားတစ်စုမှာမူ ရောက်ရှိလာသူများကို မြင်လိုက်ရသည်နှင့် သူတို့၏ နှလုံးသားထဲတွင် မျှော်လင့်ချက်ရောင်ခြည်များ ပြန်လည်တောက်ပလာကာ အလွန်အမင်း စိတ်လှုပ်ရှားသွားကြသည်။
လူအများစုမှာ အစိုးရကယ်ဆယ်ရေးအဖွဲ့ ရောက်ရှိလာပြီဟု ထင်မှတ်ကာ ဝမ်းသာအားရ အော်ဟစ်ရယ်မောကြတော့သည်။ သို့သော်လည်း မကြာမီတွင် ပြင်းထန်သော တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားတော့မည်ကို သူတို့ သိရှိကြသဖြင့် ကွင်းပြင်ထဲ၌ ဆက်မနေဝံ့ကြတော့ဘဲ အနီးနားရှိ အဆောက်အဦးများအတွင်းသို့ အလုအယက် ပြေးဝင်၍ ပုန်းအောင်းကြတော့သည်။
ရှင်သန်ကျန်ရစ်သူ လူသားများသည် အဆောက်အအုံများအတွင်းသို့ အလုအယက် တိုးဝှေ့ကာ ပုန်းအောင်းရင်း ဤခိုင်ခံ့သော နံရံများက ပြင်းထန်လှသော တိုက်ပွဲ၏ ဘေးထွက်ဆိုးကျိုးများမှ သူတို့ကို ကာကွယ်ပေးနိုင်ပါစေကြောင်း ဆုတောင်းနေကြတော့သည်။
တစ်ချိန်တည်းမှာပင် အကြေးခွံနီ ဧရာမနဂါးလေးကောင်မှာလည်း သူတို့၏ အတောင်ပံများကို အလျင်အမြန် ဖြန့်ကား၍ မြင့်မားသော ကောင်းကင်ယံသို့ ပျံတက်လိုက်ကြပြီး လုချွမ်းနှင့် ကျိရုရွှယ်တို့၏ ရှေ့မှောက်တွင် စုရုံးကာ ပိတ်ဆို့ပြီး တားဆီးလိုက်ကြသည်။
ထိုနဂါးလေးကောင်မှာ ကောက်ကျစ်စဉ်းလဲသူများ ဖြစ်သည့်အားလျော်စွာ ရောက်ရှိလာသူ နှစ်ဦး၏ ထူးခြားလှသော အရှိန်အဝါကို ခံစားမိသည်နှင့် သူတို့၏ မျက်လုံးများမှာ အရောင်တလက်လက် ဖြစ်သွားကြသော်လည်း မဆင်မခြင်တော့ စတင်တိုက်ခိုက်ခြင်း မပြုကြသေးပေ။
လုချွမ်းနှင့် ကျိရုရွှယ်တို့ သားအဖမှာမူ ဧရာမနဂါးလေးကောင်၏ ရှေ့တွင် ယှဉ်တွဲကာ ရပ်နေကြပြီး အနည်းငယ်မျှပင် တုန်လှုပ်ချောက်ချားခြင်း မရှိကြချေ။
အဘယ်ကြောင့်ဆိုသော် ဤနဂါးလေးကောင်စလုံးမှာ အဆင့် ၇ သာရှိကြပြီး အဆင့် ၈ တစ်ကောင်မျှပင် မပါဝင်သောကြောင့်ပင်။ လုချွမ်းဘက်တွင်မူ သူကိုယ်တိုင်မှာ စစ်မှန်သော အဆင့် ၈ ဖြစ်နေသည့်အပြင် ကျိရုရွှယ်၏ တိုက်ခိုက်ရေးစွမ်းရည်မှာလည်း အဆင့် ၈ နှင့် ရင်ပေါင်တန်းနိုင်သည်။
တစ်နည်းအားဖြင့်ဆိုသော် လုချွမ်းတို့ဘက်တွင် အဆင့် ၈ တိုက်ခိုက်ရေးသမား နှစ်ဦးရှိနေခြင်းပင်။ တိုက်ပွဲသာ အမှန်တကယ် ဖြစ်ပွားခဲ့လျှင် ဤအကြေးခွံနီနဂါး လေးကောင်မှာ သူတို့၏ ပြိုင်ဘက် မည်သို့မျှ ဖြစ်နိုင်မည်မဟုတ်ပေ။
"ဖွတ်ကြားကြီး လေးကောင်။ အခုချက်ချင်း အရှုံးပေးပြီး ငါ့ရဲ့ သားရဲထိန်းချုပ်မှုအောက်မှာ အညံ့ခံကြစမ်း။ မဟုတ်ရင်တော့ ငါတို့ လက်မနှေးဘူးလို့ မပြောနဲ့"
ကျိရုရွှယ်က နဂါးလေးကောင်ကို အထင်သေးသော အကြည့်ဖြင့် ကြည့်ကာ ခနဲ့တဲ့တဲ့ အသံဖြင့် ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ နဂါးလေးကောင်မှာ စကားလုံးကို အတိအကျ နားမလည်သော်လည်း ပြောဆိုပုံနှင့် အမူအရာကို ကြည့်ရုံနှင့်ပင် သူတို့မှာ လှောင်ပြောင်ခံနေရသည်ကို ချက်ချင်း သိရှိသွားကြသည်။
ထိုခဏတွင် နဂါးလေးကောင်မှာ ဆက်လက်သည်းမခံနိုင်တော့ပေ။ သဘာဝအရ နဂါးမျိုးနွယ်ဆိုသည်မှာ တန်ခိုးအာဏာ ကြီးမားလှသူများဖြစ်ရာ ဤကဲ့သို့ အထင်သေးမှုကို တစ်ခါမျှ မကြုံဖူးကြချေ။
"လူသားပုရွက်ဆိတ်တွေ... အသေခံကြစမ်း"
အကြေးခွံနီနဂါးတစ်ကောင်၏ ခန္ဓာကိုယ်ပေါ်ရှိ အကြေးခွံများမှာ ရုတ်တရက် တောက်ပလာပြီး ပြင်းထန်လှသော နဂါးမီးလျှံများကို မှုတ်ထုတ်လိုက်တော့သည်။
ချက်ချင်းဆိုသလိုပင် နီရဲတောက်လောင်သော အလင်းတန်းများမှာ ကောင်းကင်သို့ ပန်းထွက်သွားပြီး အပူလှိုင်းများမှာလည်း ရူးသွပ်စွာ ပျံ့နှံ့သွားခဲ့သည်။
တစ်ပြိုင်နက်တည်းမှာပင် ကျန်ရှိနေသော နဂါးသုံးကောင်မှာလည်း ပူပြင်းလှသော နဂါးမီးလျှံများကို မှုတ်ထုတ်လိုက်ရာ ပထမမီးလျှံနှင့် ပေါင်းစပ်သွားပြီး ဧရာမ မီးပင်လယ်ကြီးတစ်ခုအသွင်ဖြင့် လုချွမ်းနှင့် ကျိရုရွှယ်တို့ထံသို့ တဟုန်ထိုး ပြေးဝင်သွားတော့သည်။
မီးလျှံများ၏ အပူရှိန်မှာ ကြောက်စရာကောင်းလောက်အောင် မြင့်မားလှသဖြင့် ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်ကြီးမှာပင် အပူရှိန်ကြောင့် လှိုင်းထနေသကဲ့သို့ ထင်မှတ်ရသည်။
ကျိရုရွှယ်နှင့် လုချွမ်းတို့မှာလည်း တစ်ချိန်တည်းမှာပင် တိုက်စစ်ဆင်လိုက်ကြသည်။ လုချွမ်းသည် ရေထိန်းချုပ်သူ ၁ ၏ စွမ်းရည်သို့ ချက်ချင်းပြောင်းလဲလိုက်ပြီး နှစ်ဖက်အကြားတွင် နက်ပြာရောင်ရှိသော မြစ်ကြီးတစ်စင်းကို ဖန်တီးကာ ပိတ်ဆို့လိုက်သည်။
ကျိရုရွှယ်မှာမူ အေးစက်သော မျက်နှာထားဖြင့် လက်ညှိုးညွှန်လိုက်ရာ ဟုန်စီးဆင်းနေသော စိတ်တန်ခိုးမြစ်သည် ဧရာမလှံရှည်ကြီးများအဖြစ် ပြောင်းလဲသွားပြီး နဂါးလေးကောင်ထံသို့ ပြင်းထန်စွာ ထိုးနှက်လိုက်တော့သည်။
ကြောက်မက်ဖွယ်ကောင်းသော မီးပင်လယ်ကြီးသည် လုချွမ်း ဖန်တီးထားသော မြစ်ကြီးနှင့် ရိုက်မိပြီး ပြင်းထန်သော ပေါက်ကွဲသံများနှင့်အတူ ရပ်တန့်သွားကာ ရှေ့သို့ ဆက်မတိုးနိုင်တော့ပေ။
ထိုအတောအတွင်းမှာပင် စိတ်တန်ခိုးလှံရှည် ရာပေါင်းများစွာမှာ မီးပင်လယ်ကို ကျော်ဖြတ်ကာ နဂါးလေးကောင်၏ ခေါင်းထက်သို့ ရောက်ရှိသွားခဲ့သည်။
ဝူးးး
နဂါးလေးကောင်မှာ ဒေါသတကြီး ဟိန်းဟောက်လိုက်ကြပြီး သူတို့၏ ခန္ဓာကိုယ်များမှ နီရဲသော အလင်းတန်းများမှာ ကောင်းကင်သို့ ပန်းထွက်သွားကာ ထူထပ်လှသော အနီရောင် ကာကွယ်ရေး အကာအကွယ်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။
ဝုန်း ဝုန်း ဝုန်း...
စိတ်တန်ခိုးလှံရှည်များ၏ မနားတမ်း တိုက်ခိုက်မှုအောက်တွင် ထိုအနီရောင် အကာအကွယ်ကြီးမှာ တဖြည်းဖြည်း ပြိုကွဲပျက်စီးသွားပြီး နဂါးလေးကောင်၏ တိုက်စစ်စနစ်မှာလည်း ချက်ချင်းပင် ဖရိုဖရဲ ဖြစ်သွားတော့သည်။ ထို့နောက်တွင်မူ လုချွမ်းနှင့် ကျိရုရွှယ်တို့မှာ နဂါးနှစ်ကောင်စီကို ခွဲဝေ၍ ရင်ဆိုင်လိုက်ကြသည်။
ဝုန်း...
လုချွမ်းသည် ရွှေကိုပင် အရည်ပျော်စွမ်းရည်ရှိသော ဇွန်ဘီအဖြစ် ပြောင်းလဲလိုက်ပြီး ဖျက်ဆီး၍မရသောခန္ဓာကိုယ်ကို ရယူကာ တားဆီး၍မရသော အရှိန်အဟုန်ဖြင့် နဂါးနှစ်ကောင်ကို ပြင်းထန်စွာ ယှဉ်ပြိုင်လိုက်သည်။
လုချွမ်း၏ လက်သီးချက်များမှာ ပြင်းထန်လှသဖြင့် နဂါးနှစ်ကောင်မှာ နောက်သို့ အကြိမ်ကြိမ် ဆုတ်ခွာသွားရတော့သည်။ ထိုနဂါးနှစ်ကောင်က မည်မျှပင် ဒေါသတကြီး ဟိန်းဟောက်၍ မီးလျှံများဖြင့် တိုက်ခိုက်စေကာမူ ဒဏ်ရာမျှဝေခြင်းစွမ်းရည်ကြောင့် လုချွမ်းအပေါ် မည်သည့် ထိခိုက်မှုမျှ မပေးနိုင်ခဲ့ပေ။
ဝူးးးးး
ရုတ်တရက်ဆိုသလို ရင်ကွဲမတတ် စူးရှသော အော်ဟစ်သံကြီးတစ်ခု ထွက်ပေါ်လာသည်။ လုချွမ်းသည် အခွင့်အရေးကို အရယူကာ နဂါးတစ်ကောင်၏ အတောင်ပံကို အစိမ်းလိုက် ဆွဲဖြဲပစ်လိုက်ခြင်းပင်။
သွေးသံရဲရဲနှင့် အရိုးစအကျိုးအပဲ့များသာ ကျန်ရစ်တော့ပြီး ကောင်းကင်တစ်ခုလုံးတွင် နဂါးသွေးများ ဖျန်းပက်သွားခဲ့သည်။ ပြင်းထန်စွာ ဒဏ်ရာရသွားသော ထိုနဂါးကြီးမှာ အသည်းအသန် အော်ဟစ်ရင်း မြေပြင်ပေါ်သို့ ဘုန်းဘုန်းလဲကျသွားတော့သည်။
အခန်း။ ၅၁၂
ပြင်းထန်စွာ ဒဏ်ရာရရှိထားသော ထိုဧရာမနဂါးကြီးမှာ မြေပြင်သို့ လဲကျသွားသော်လည်း အသက်ရှူမရပ်သေးပေ။
ကျိုးပဲ့သွားသော အတောင်ပံများထံမှ သွေးများ တသွင်သွင် စီးကျနေပြီး အကြေးခွံနီနဂါးမှာ နာကျင်စွာ အော်ဟစ်မြည်တမ်းရင်း မြေပြင်ပေါ်မှ ပြန်လည်ရုန်းထရန် ကြိုးစားနေရှာသည်။
သို့သော် ထိုခဏမှာပင် လေထုကို ဖြတ်သန်းလာသော စူးရှသည့် အသံတစ်ခု ထွက်ပေါ်လာတော့သည်။
ဝုန်း...
ကောင်းကင်ထက်မှ ရုတ်တရက် ဆင်းသက်လာသော လုချွမ်းသည် အရှိန်အဟုန်ဖြင့် အကြေးခွံနီနဂါး၏ ဦးခေါင်းကို အားပါပါဖြင့် နင်းခြေချလိုက်ခြင်းပင်။
အရိုးများ ကျိုးကြေသွားသည့် အသံနှင့်အတူ နဂါးကြီးမှာ နောက်ဆုံးအကြိမ်အဖြစ် နာကျင်စွာ အော်ဟစ်လိုက်ပြီးနောက် ၎င်း၏ ကိုယ်ထည်နှင့် ဦးခေါင်းမှာ အသက်မဲ့စွာဖြင့် မြေပြင်ပေါ်သို့ ငြိမ်ကျသွားတော့သည်။
လုချွမ်းသည် တစ်ချက်တည်းဖြင့်ပင် ထိုနဂါးကြီး၏ ဦးခေါင်းကို အပိုင်းပိုင်းကျိုးကြေအောင် ပြုလုပ်နိုင်ခဲ့သည်။
ဤမြင်ကွင်းကို ကြည့်နေရသည့် ကောင်းကင်ယံမှ ကျန်ရှိသော နဂါးသုံးကောင်မှာ သေမတတ် ထိတ်လန့်သွားကြပြီး ခန္ဓာကိုယ်များမှာလည်း တုန်ယင်နေတော့သည်။
သူတို့၏ အဆင့်တူ လုပ်ဖော်ကိုင်ဖက်ကို လက်ကွက်အနည်းငယ်အတွင်းမှာတင် အမှုန့်ခြေပစ်နိုင်သည့် ဤလူသားမှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းသည်။ သူတို့အနေဖြင့် မည်သို့မျှ ယှဉ်နိုင်စွမ်း မရှိတော့ချေ။
ထိုစဉ် နဂါးခေါင်းပေါ်တွင် မတ်တတ်ရပ်နေသော လုချွမ်းသည် ခေါင်းမော့လိုက်ပြီး ကောင်းကင်ယံရှိ နဂါးသုံးကောင်ကို အေးစက်သော အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။
ဝေါင်းးးး
အခြေအနေ မဟန်တော့သည်ကို သိရှိသွားကြသည့် နဂါးသုံးကောင်သည် သူတို့၏ အတောင်ပံများကို အားကုန်ခတ်၍ ထွက်ပြေးရန် ပြင်ကြတော့သည်။
"ပြေးချင်တယ် ဟုတ်လား မရဘူး"
ကျိရုရွှယ်မှာ ကြိုတင်ပြင်ဆင်ထားပြီးသား ဖြစ်သည်။ သူမသည် အေးစက်စွာ အော်ဟစ်လိုက်
ရင်း အချိန်ထိန်းချုပ်မှုကို အသုံးပြု၍ ထွက်ပြေးရန် ပြင်နေသော နဂါးများကို လေထဲ၌ ခေတ္တမျှ ရပ်တန့်သွားစေခဲ့သည်။
ထို့နောက် ကြိုတင်ဖန်တီးထားသော စိတ်တန်ခိုး ပိုက်ကွန်သုံးခုဖြင့် ထိုနဂါးများကို ဝိုင်းပတ်၍ ဖမ်းဆီးလိုက်တော့သည်။
ဝူးးး ဝေါင်းး….
စိတ်တန်ခိုး ပိုက်ကွန်များအတွင်း ပိတ်မိသွားသည့် နဂါးသုံးကောင်မှာ ဒေါသတကြီး အော်ဟစ်ရင်း သူတို့၏ လက်သည်းများဖြင့် ကုတ်ခြစ်ကာ မီးလျှံများ မှုတ်ထုတ်လျက် ရူးသွပ်စွာ ရုန်းကန်နေကြသည်။
နဂါးများ၏ တိုက်ခိုက်မှုကြောင့် ကျိရုရွှယ်၏ ပိုက်ကွန်များမှာ တဖြည်းဖြည်း အားနည်းလာသော်လည်း သူမသည် ပိုက်ကွန်များကို အဆက်မပြတ် ပြန်လည်ပြုပြင်နေသဖြင့် လုံးဝ ပြိုကွဲမသွားဘဲ ဆက်လက်ထိန်းထားနိုင်ခဲ့သည်။
ရှူး...
ထိုခဏမှာပင် လုချွမ်းသည် ကြောက်မက်ဖွယ်ကောင်းသော ဖိအားများနှင့်အတူ နဂါးများရှိရာသို့ တဟုန်ထိုး ချဉ်းကပ်လာတော့သည်။
ဝုန်း...
နောက်တစ်ခဏတွင် လုချွမ်း၏ မိုးကြိုးအလား ပြင်းထန်သော လက်သီးချက်မှာ ထွက်ပေါ်လာသည်။ ဧရာမအင်အားများ ပါဝင်နေသော ထိုလက်သီးချက်သည် နဂါးတစ်ကောင်၏ ဦးခေါင်းကို ပြင်းထန်စွာ ထိမှန်သွားခဲ့ရာ လက်သီးအရှိန်ကြောင့် ထွက်ပေါ်လာသော လေတိုးသံမှာ နားကွဲမတတ် စူးရှသည်။
သူ့ထံသို့ ပြေးဝင်လာသော လုချွမ်းကို ကြည့်ရင်း ထိုနဂါးကြီး၏ မျက်ဝန်းထဲတွင် ထိတ်လန့်တုန်လှုပ်မှုများ ပြည့်နှက်သွားခဲ့သည်။ ၎င်းမှာ အသည်းအသန် ရုန်းကန်နေသော်လည်း အချိန်နှောင်းသွားခဲ့ပြီ ဖြစ်သည်။
ခွပ်...
ခဏအတွင်းမှာပင် လုချွမ်း၏ လက်သီးချက်အောက်၌ ထိုနဂါးကြီး၏ ဦးခေါင်းမှာ အရိုးနှင့် ဦးနှောက်စများ လွင့်စဉ်ထွက်သွားပြီး ပေါက်ကွဲပျက်စီးသွားတော့သည်။
အသည်းအသန် ရုန်းကန်နေသော နဂါးကြီးမှာ ချက်ချင်းပင် ငြိမ်သက်သွားကာ အသက်ပျောက်သွားခဲ့ရသည်။ ကျိရုရွှယ်က စိတ်တန်ခိုး ပိုက်ကွန်ကို ရုပ်သိမ်းလိုက်သောအခါ ထိုနဂါးလောင်းကြီးမှာ မြေပြင်သို့ တိုက်ရိုက် လဲကျသွားတော့သည်။
ဝေါင်း….
အခြားတစ်ဖက်ရှိ ကျန်ရှိနေသော နဂါးနှစ်ကောင်မှာမူ ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ အတိုင်းအထက်အလွန် ထိတ်လန့်သွားကြပြီး စိတ်တန်ခိုး ပိုက်ကွန်ကို အသည်းအသန် တိုက်ခိုက်ကာ နောက်ဆုံးတွင် ဖောက်ထွက်နိုင်ခဲ့ကြသည်။ ထို့နောက်တွင်မူ နောက်သို့ လှည့်မကြည့်ဝံ့တော့ဘဲ ဝေးရာသို့ အတင်းအကျပ် ထွက်ပြေးကြတော့သည်။
"ဟွန့်... "
စိတ်တန်ခိုး ပိုက်ကွန် ပျက်စီးသွားသဖြင့် ကျိရုရွှယ်၏ မျက်နှာမှာ ဖြူဖျော့သွားခဲ့သည်။ သို့သော်လည်း ထိုနဂါးနှစ်ကောင်ကို လွယ်လွယ်နှင့် လွတ်မြောက်ခွင့်ပေးရန် သူမတွင် အစီအစဉ်မရှိပေ။ သူမသည် အချိန်ထိန်းချုပ်မှုကို ထပ်မံအသုံးပြုလိုက်ရာ နဂါးနှစ်ကောင်စလုံး လေထဲ၌ ထပ်မံ၍ တောင့်ခဲသွားပြန်သည်။
ဝုန်း...
ဤအခွင့်အရေးကို အရယူကာ လုချွမ်းသည် အနားသို့ တိုးကပ်သွားပြီး လက်သီးတစ်ချက်ဖြင့် နဂါးတစ်ကောင်၏ ဦးခေါင်းကို အမှုန့်ခြေလိုက်ပြန်သည်။
ထို့နောက်တွင်မူ ကျိရုရွှယ်က အချိန်ထိန်းချုပ်မှုကို ရုပ်သိမ်းပေးလိုက်ရာ လုချွမ်းသည် နောက်ဆုံးကျန်ရှိနေသော နဂါးတစ်ကောင်နှင့် လုံးထွေးသတ်ပုတ်ရန် အသင့်ပြင်လိုက်တော့သည်။
ဝုန်း...
လုချွမ်း၏ ပြင်းထန်လှသော တိုက်စစ်အောက်တွင် နောက်ဆုံးကျန်ရှိနေသော အကြေးခွံနီနဂါးကြီးမှာ ကောင်းကင်ယံ၌ အဆက်မပြတ် အော်ဟစ်မြည်တမ်းနေရရှာသည်။ ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း သွေးသံရဲရဲ ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေတော့သည်။
လုချွမ်းက ၎င်းကို အနီးကပ်ချုပ်ကိုင်ထားသဖြင့် ထွက်ပြေးရန် ကြိုးစားမှုတိုင်းမှာ အချည်းနှီးသာ ဖြစ်ခဲ့ရပြီး လုချွမ်း၏ လက်သီးချက်များအောက်တွင် နာကျင်မှုကိုသာ အောင့်အည်းခံစားနေရသည်။
ကောင်းကင်ယံ တိုက်ပွဲမှာ ဆက်လက်ပြင်းထန်နေပြီး ပူပြင်းလှသော နဂါးသွေးများမှာ အထက်မှနေ၍ တစက်စက် စီးကျနေသည်။
ဝေါင်း….
နောက်ဆုံးတွင်မူ ထိုနဂါးကြီးသည် ရင်ကွဲမတတ် အော်ဟစ်လိုက်ရင်း မြင့်မားသော ကောင်းကင်ယံမှ ပြုတ်ကျလာခဲ့သည်။ ၎င်း၏ ထူထဲလှသော လည်ပင်းမှာ လိမ်ဖယ်သွားခဲ့ပြီး၊ မျက်ဝန်းများထဲတွင်မူ ထိတ်လန့်မှုနှင့် မကျေနပ်မှုများ ပြည့်နှက်နေတော့သည်။
ဝုန်း
နောက်တစ်ခဏတွင် အကြေးခွံနီနဂါးကြီး၏ ကိုယ်ထည်မှာ မြေပြင်ပေါ်သို့ အရှိန်အဟုန်ဖြင့် ကျဆင်းလာပြီး မလှုပ်မယှက် ငြိမ်သက်သွားခဲ့သည်။ ဤသို့ဖြင့် အကြေးခွံနီနဂါး လေးကောင်စလုံးမှာ လုချွမ်း၏ လက်ထဲတွင်ပင် အသက်ပျောက်ခဲ့ရသည်။
နဂါးသွေးများဖြင့် တစ်ကိုယ်လုံး စိုရွှဲနေသော လုချွမ်းသည် ကျိရုရွှယ်နှင့်အတူ မြေပြင်သို့ ဖြည်းညှင်းစွာ ဆင်းသက်လိုက်သည်။
"ချီချီ... သူတို့ရဲ့ နတ်ဆိုးအနှစ်သာရဆေးလုံးတွေကို သွားထုတ်လိုက်ဦး"
မြေပြင်ပေါ်ရှိ နဂါးအလောင်းလေးခုကို စိတ်အားထက်သန်စွာ ငေးကြည့်နေသော ကျိရုရွှယ်ကို ကြည့်ကာ လုချွမ်းက ပြုံးလျက် ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ ဖေဖေ"
ကျိရုရွှယ်က ဝမ်းသာအားရ ပြန်ထူးလိုက်ပြီး နဂါးအလောင်းများဆီသို့ အပြေးအလွှား သွားကာ စိတ်တန်ခိုးကို ဓားကဲ့သို့ အသုံးပြု၍ နတ်ဆိုးအနှစ်သာရဆေးလုံးများကို စတင်ထုတ်ယူတော့သည်။ ထိုအတောအတွင်း လုချွမ်းသည် ပျံသန်းနိုင်သူ ၁ ကို စေခိုင်း၍ အနောက်ဘက် ယာဉ်တန်းမှ သေတ္တာတစ်လုံးကို ယူဆောင်လာစေသည်။
နဂါးသား ကျွေးမည်ဟု ကတိပေးထားခဲ့သဖြင့် လုချွမ်းအနေဖြင့် ကတိမပျက်လိုပေ။ သို့သော် နဂါးလေးကောင်၏ အသားမှာ သူတို့သားအဖ နှစ်ဦးတည်း စားရန်အတွက် အလွန်ပင် များပြားလှသည်။
ထို့ကြောင့် သူသည် အကောင်းဆုံး အစိတ်အပိုင်းအချို့ကိုသာ အစားအစာအဖြစ် လှီးဖြတ်ယူရန် စီစဉ်လိုက်ပြီး ကျန်ရှိသောအသားများကိုမူ သူ၏ လက်အောက်ခံ ဇွန်ဘီရုပ်သေးများကို "ဝါးမြိုဆင့်ကဲပြောင်းလဲခြင်းပြုလုပ်ရန် ကျွေးမည်ဖြစ်သည်။ ထိုမှတစ်ဆင့် ၎င်းတို့သည် နဂါးဇွန်ဘီများအဖြစ် ပြောင်းလဲသွားနိုင်ရန် သူ မျှော်လင့်နေမိသည်။
မကြာမီမှာပင် ကျိရုရွှယ်သည် နဂါးအလောင်း လေးခုလုံးမှ နတ်ဆိုးအနှစ်သာရဆေးလုံးများကို တစ်ခုပြီးတစ်ခု ထုတ်ယူနိုင်ခဲ့သည်။ အဆင့် ၇ ရှိသော နဂါးများ၏ နတ်ဆိုးအနှစ်သာရဆေးလုံးမှာ သာမန်များနှင့် မတူပေ။ တစ်ခုချင်းစီမှာ ပန်းသီးတစ်လုံးခန့် အရွယ်အစားရှိပြီး နီရဲတောက်ပနေကာ မှိန်ပျပျ အလင်းတန်းများ ထွက်ပေါ်နေသည်မှာ အလွန်ပင် ထူးခြားသည်။
ကျိရုရွှယ်သည် သန့်ရှင်းသော ဖန်ဗူးအချို့ကို ယူဆောင်လာပြီး အနှစ်သာရဆေးလုံးလေးခုကို ဂရုတစိုက် ထည့်သွင်းလိုက်သည်။
တစ်ချိန်တည်းမှာပင် လုချွမ်းသည် ကိရိယာများကို အသုံးပြု၍ နဂါးအလောင်းများမှ စွမ်းအင်ကြွယ်ဝပြီး နူးညံ့သော အသားစများကို ရွေးချယ်လှီးဖြတ်တော့သည်။
ထို့နောက် သူသည် နှင်းတောဧရာမဝံပုလွေ၏ စွမ်းရည်သို့ ပြောင်းလဲလိုက်ပြီး ရေခဲဖြင့် ပြုလုပ်ထားသော ရေခဲသေတ္တာများအတွင်းသို့ နဂါးသားများကို ထည့်ကာ အေးခဲလိုက်သည်။ ဤကဲ့သို့ ကြာရှည်ခံသော ရေခဲသေတ္တာများနှင့် နဂါးသား၏ ထူးခြားသော သဘာဝကြောင့် အသားများကို အချိန်အတော်ကြာအောင် သိမ်းဆည်းထားနိုင်မည်ဖြစ်သည်။
ရှေ့ဆက်မည့် ခရီးစဉ်အတွင်း နဂါးသားကင်ကို စားသုံးရန် လုချွမ်းက ဆုံးဖြတ်ပြီးသား ဖြစ်သည်။
"နဂါးသားက ဘယ်လိုအရသာရှိမလဲဆိုတာ သိချင်မိတယ်..."
လုချွမ်း၏ အမိန့်ပေးမှုအောက်တွင် ပျံသန်းနိုင်သော ဇွန်ဘီရုပ်သေးများမှာ ဆင်းသက်လာကြပြီး ရေခဲသေတ္တာများကို မကာ ယာဉ်တန်းရှိရာသို့ ပြန်လည်သယ်ဆောင်သွားကြသည်။ ဤအလုပ်များ ပြီးစီးသွားသောအခါ နဂါးအလောင်း လေးခုမှာ ဒဏ်ရာဒဏ်ချက်များဖြင့် သနားစဖွယ် ကျန်ရစ်ခဲ့သော်လည်း ကံကောင်းသည်မှာ ဝါးမြိုဆင့်ကဲပြောင်းလဲခြင်းစွမ်းရည်မှာ အသားမရွေးပေ။
လုချွမ်းက အသားနှင့် သွေးအချို့ကို ယူဆောင်သွားခဲ့သော်လည်း ယေဘုယျအားဖြင့် နဂါးအလောင်းများမှာ ပုံပျက်ပန်းပျက် မဖြစ်သေးပေ။
လုချွမ်းသည် နဂါးအလောင်းများကို ကြည့်ကာ ဇွန်ဘီဒီရေလှိုင်းထဲမှ အဆင့် ၆ ရှိသော ဇွန်ဘီရုပ်သေး ၂၀ ကို ဆင့်ခေါ်လိုက်သည်။ ထိုဇွန်ဘီ ၂၀ ကို နဂါးများ၏ အသားနှင့် သွေးများကို ဝါးမြိုရန် လုချွမ်းက အမိန့်ပေးလိုက်သည်။
အချိန်များ ကုန်ဆုံးသွားသည်နှင့်အမျှ နဂါးလေးကောင်၏ အသားနှင့် သွေးများမှာ တဖြည်းဖြည်း ကုန်စင်သွားခဲ့ပြီး ဖြူဖွေးသော အရိုးစု လေးခုသာ ကျန်ရစ်တော့သည်။ တစ်ပြိုင်နက်တည်းမှာပင် နဂါးသားများကို အမြောက်အမြား စားသုံးထားသော အဆင့် ၆ ဇွန်ဘီ ၂၀ ထံမှ နီရဲတောက်ပသော အလင်းတန်းများ ထွက်ပေါ်လာပြီး သူတို့၏ ပါးစပ်များမှလည်း မဆုံးနိုင်သော နာကျင်မှု အော်ဟစ်သံများ ထွက်ပေါ်နေတော့သည်။
ဝါးမြိုဆင့်ကဲပြောင်းလဲခြင်းစွမ်းရည်အောက်တွင် ထိုအဆင့် ၆ ဇွန်ဘီ ၂၀ မှာ လျင်မြန်စွာ ပြောင်းလဲလာခဲ့သည်။ တစ်နာရီ၏ လေးပုံတစ်ပုံခန့် ကြာပြီးနောက်တွင်မူ ထိုဇွန်ဘီ ၂၀ မှာ နောက်ဆုံးအဆင့် ပြောင်းလဲခြင်းကို အောင်မြင်စွာ ပြီးဆုံးသွားခဲ့ကြသည်။
ဤအစုလိုက် အပြုံလိုက် ဆင့်ကဲပြောင်းလဲမှုကြောင့် အဆင့် ၆ ဇွန်ဘီရုပ်သေးများမှာ လူသားပုံသဏ္ဍာန် လုံးဝမရှိတော့ဘဲ ပြင်းထန်လှသော ပြောင်းလဲမှုများကို ခံယူခဲ့ကြသည်။ ကြောက်မက်ဖွယ်ကောင်းသော သူတို့၏ ဦးခေါင်းများမှာ အကြေးခွံနီနဂါးနှင့် နှိုင်းယှဉ်ပါက ပို၍ပင် ရုပ်ဆိုးကာ ရက်စက်ကြမ်းကြုတ်သည့် ပုံစံရှိသည်။
နီရဲသော အကြေးခွံများမှာ ဟိုတစ်ကွက် ဒီတစ်ကွက်နှင့် ဖရိုဖရဲ ဖြစ်နေပြီး ကျယ်ဝန်းလှသော အတောင်ပံများပေါ်တွင်လည်း ကြောက်စရာကောင်းသော အရိုးစူးများဖြင့် ပြည့်နှက်နေကာ အပေါက်ငယ်များစွာလည်း ရှိနေသည်။
ဆင့်ကဲပြောင်းလဲသွားသော နဂါးဇွန်ဘီများမှာ တစ်ကောင်နှင့်တစ်ကောင် အသေးစိတတွင် အနည်းငယ် ကွဲပြားသော်လည်း ယေဘုယျအားဖြင့်မူ အကြေးခွံနီနဂါး၏ ပုံစံငယ်လေးများနှင့် ဆင်တူနေကြတော့သည်။