အခန်း (၅၁၃-၅၁၄)
Vol. 52 Ch. 513-514
အခန်း။ ၅၁၃
ထိုအချိန်တွင် ဇွန်ဘီဒီရေလှိုင်းစစ်တပ်ကြီးမှာ ပင်လယ်ပြည်နယ်သို့ ချဉ်းကပ်လာနေပြီဖြစ်ရာလုချွမ်းနှင့် ကျိရုရွှယ်တို့ သားအဖသည် ကျယ်ပြန့်သော တောရိုင်းကွင်းပြင်တစ်ခု၌ ခေတ္တအနားယူရန် ဆုံးဖြတ်လိုက်ကြသည်။
ဇွန်ဘီဒီရေလှိုင်းကြီး၏ ဗဟိုချက်မတွင် ယာယီစခန်းတစ်ခုကို တည်ဆောက်ထားသည်။
ကျိရုရွှယ်သည် တဲနန်းအတွင်း၌ ကိရိယာများကို ကိုင်စွဲကာ အကြေးခွံနီနဂါး၏ နတ်ဆိုးအနှစ်သာရဆေးလုံးများကို စိတ်နှစ်ကိုယ်နှစ် အာရုံစိုက်၍ ပြုပြင်ဖန်တီးနေသည်။
ဤနတ်ဆိုးအနှစ်သာရဆေးလုံးများသည် အဆင့် ၇ ရှိသော ဧရာမနဂါးကြီးများထံမှ ရရှိထားခြင်းဖြစ်ရာ ၎င်းတို့အတွင်း၌ ကိန်းအောင်းနေသော စွမ်းအင်များမှာ အလွန်ပင် ပြင်းထန်ကြမ်းတမ်းသည်။
အကယ်၍သာ ဂရုတစိုက် မကိုင်တွယ်ပါက ဤနတ်ဆိုးအနှစ်သာရဆေးလုံးများသည် ပြင်းထန်သော ပေါက်ကွဲမှုများကို ဖြစ်ပေါ်စေနိုင်ပြီး ထိုပေါက်ကွဲအားမှာ သူနှင့် သူမ၏ဖခင်ကိုပင် ဒဏ်ရာရရှိစေနိုင်လောက်အောင် ပြင်းထန်သည်။
တဲအပြင်ဘက်တွင်မူ လုချွမ်းသည် အကင်စင်ရှေ့၌ အလုပ်ရှုပ်နေတော့သည်။
မီးသွေးမီးများမှာ နီရဲတောက်လောင်နေပြီး သံပတ်တွင် သီထားသော နဂါးသားများမှာ ကင်လိုက်သည်နှင့် တစ်ပြိုင်နက် သင်းပျံ့သော ရနံ့များ ထွက်ပေါ်လာသည်။ စွမ်းအင်များ ပြည့်နှက်နေသော နဂါးသားမှာ ပုံသဏ္ဍာန်မမှန်သော အနီရောင် ကျောက်မျက်ရတနာများအလား တောက်ပနေပြီး ဖျော့တော့သော အနီရောင်အလင်းတန်းများ ဖြာထွက်နေသည်မှာ လူတို့၏ စားချင်စိတ်ကို အစွမ်းကုန် နိုးဆွနေတော့သည်။
မီးသွေးအပူဖြင့် အချိန်ကြာမြင့်စွာ ကင်လိုက်သောအခါ နဂါးသားကင်များ၏ မွှေးရနံ့မှာ ပိုမိုစူးရှလာပြီး အရပ်မျက်နှာအနှံ့သို့ ပျံ့လွင့်သွားခဲ့သည်။
"ဧရာမနဂါးတွေရဲ့ အသားနဲ့ သွေးကနေ လုပ်ထားတဲ့ အသားကင်ကတော့ တကယ်ကို ထူးခြားတာပဲ။ ဒီရနံ့လေးနဲ့တင် ခန္ဓာကိုယ်ရဲ့ ဗီဇစိတ်ကို တုန်လှုပ်သွားစေနိုင်တယ်"
လုချွမ်းသည် ကျက်သွားပြီဖြစ်သော နဂါးသားကင်တစ်ပုတ်ကို မြှောက်ကြည့်လိုက်သည်။ မည်သည့် အမွှေးအကြိုင်မျှ မထည့်ထားသော်လည်း မွှေးကြိုင်လှသော ထိုအသားကင်ကို ကြည့်ရင်း သူ၏ စိတ်ထဲတွင် အံ့ဩတုန်လှုပ်မှုတစ်ခု ဖြစ်ပေါ်လာသည်။
သူ၏ မျက်ဝန်းများ ဝင်းလက်သွားပြီးနောက် လုချွမ်းသည် အသားတစ်ဖတ်ကို ဖဲ့ယူကာ ပါးစပ်ထဲထည့်၍ မြည်းစမ်းကြည့်လိုက်သည်။ ချက်ချင်းဆိုသလိုပင် သူ၏ ပါးစပ်တစ်ခုလုံးမှာ အသားနံ့များဖြင့် ပြည့်နှက်သွားခဲ့သည်။ လုချွမ်းသည် အကြိမ်အနည်းငယ် ဝါးလိုက်ပြီးနောက် စိတ်ကျေနပ်စွာဖြင့် မျိုချလိုက်တော့သည်။
နဂါးသားကို မျိုချလိုက်သည်နှင့် တစ်ပြိုင်နက် ၎င်းသည် ဟုန်စီးဆင်းနေသော စွမ်းအင်များအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားပြီး သူ၏ သွေးကြောများအတွင်းသို့ စီးဝင်သွားကာ သူ၏ ကျင့်စဉ်အဆင့်မှာပင် အနည်းငယ် တိုးတက်လာသည်ကို ခံစားလိုက်ရသဖြင့် လုချွမ်း၏ နှုတ်ခမ်းအစုံမှာ အသာအယာ ကွေးညွှတ်သွားတော့သည်။
သို့သော်လည်း သူ၏ အဆင့်တက်လှမ်းမှုမှာ အဓိကအားဖြင့် အမြုတေများပေါ်တွင်သာ မူတည်နေသဖြင့် ဤနဂါးသားကင်များမှာ သူ၏အတွက် များစွာ လိုအပ်နေသည်တော့ မဟုတ်ပေ။
လက်ထဲရှိ အသားကင်ကို စားပြီးနောက်တွင် လုချွမ်းသည် ဆက်မစားတော့ဘဲ ပြင်ဆင်ထားသော နဂါးသားကင် အားလုံးကို ချီချီလေး စားသုံးနိုင်ရန်အတွက်သာ အပတ်တကုတ် ကင်ပေးနေတော့သည်။
ဤနဂါးသားကင်များကို စားသုံးပြီးနောက်တွင် ချီချီလေး၏ ကျင့်စဉ်အဆင့်မှာ သိသိသာသာ တိုးတက်လာလိမ့်မည်ဟု သူ ယုံကြည်ထားသည်။
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့ကာ မီးသွေးကို သုံးကြိမ်တိုင်တိုင် ထပ်မံဖြည့်တင်းပြီးနောက်တွင် ရာနှင့်ချီသော နဂါးသားကင်များမှာ နောက်ဆုံးတွင် အောင်မြင်စွာ ကျက်သွားခဲ့ပြီ ဖြစ်သည်။
လုချွမ်းသည် ဇွန်ဘီဘုရင်၏ အစွမ်းကို အသုံးပြုကာ မီးလျှံ ၁ ၏ စွမ်းရည်သို့ ပြောင်းလဲလိုက်ပြီး စောစောပိုင်းက ကင်ထားသဖြင့် အေးစက်သွားသော အသားကင်များကို မီးလျှံဖြင့် တစ်ချက် ဝှေ့ယမ်းကာ ပြန်လည် နွေးပေးလိုက်သည်။
"ချီချီ... နဂါးသားကင် စားဖို့ ထွက်လာခဲ့တော့"
အလုပ်များ အားလုံး ပြီးစီးသွားသောအခါ လုချွမ်းသည် အနောက်ဘက်ရှိ တဲဆီသို့ ပြုံးရွှင်စွာ လှမ်းခေါ်လိုက်သည်။
"ဟုတ်ကဲ့ပါ ဖေဖေ... သမီး လာပါပြီ"
ကျိရုရွှယ်က ချက်ချင်းပင် ထူးလိုက်ပြီး လက်ထဲရှိ ကိရိယာများကို ဂရုတစိုက် ချထားလိုက်သည်။ ထို့နောက်တွင်မူ သူမသည် အပြေးအလွှား ထွက်လာတော့သည်။
ဖခင်ဖြစ်သူ၏ လက်ထဲရှိ အနီရောင်တောက်တောက်နှင့် အလွန်ပင် စားချင်စဖွယ် ကောင်းလှသော နဂါးသားကင်များကို မြင်လိုက်ရသည့်အခါ ကျိရုရွှယ်၏ မျက်ဝန်းများမှာ အရောင်တလက်လက် တောက်ပသွားခဲ့သည်။
နဂါးသားလား။ ဒီမွှေးရနံ့ကတော့ တကယ်ကို အံ့ဩစရာပဲ။
အတိတ်ဘဝတွင် တစ်ခြားကမ္ဘာသားများ၏ ကျူးကျော်မှုကြောင့် လူသားမျိုးနွယ်မှာ လျင်မြန်စွာ ပြိုလဲပျက်စီးခဲ့ရပြီး အစဉ်တစိုက် ဆုတ်ခွာခဲ့ရသည်ကို သူမ သိထားသည်။
ကျိရုရွှယ်သည် နောက်ပိုင်းတွင် ဧကရာဇ်မတစ်ပါး ဖြစ်လာခဲ့သော်လည်း နဂါးသားကိုမူ တစ်ကြိမ်တစ်ခါမျှ မြည်းစမ်းခွင့် မရခဲ့ဖူးချေ။ ယခုအခါ ပြန်လည်မွေးဖွားလာချိန်တွင်မှ ဤကဲ့သို့ မြည်းစမ်းခွင့်ရရှိလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။
"စားကြည့်မလား"
လျှောက်လာသော ချီချီလေးကို ကြည့်ကာ လုချွမ်းက ပြုံးလျက် ပန်းကန်ထဲမှ အသားကင်တစ်ပုတ်ကို ကမ်းပေးလိုက်သည်။
"ကျေးဇူးတင်ပါတယ် ဖေဖေ"
ကျိရုရွှယ်သည် သွားရည်များပင် ကျနေပြီဖြစ်ရာ အသားကင်ကို လှမ်းယူလိုက်ပြီး ချက်ချင်းပင် မြည်းစမ်းကြည့်တော့သည်။
အသားတစ်လုပ်ကို ကိုက်လိုက်သည်နှင့် သူမ၏ ကျင့်စဉ်အဆင့်မှာ သိသိသာသာ တိုးတက်လာသည်ကို ခံစားလိုက်ရသဖြင့် ကျိရုရွှယ်မှာ ချက်ချင်းပင် စိတ်လှုပ်ရှားသွားပြီး သံပတ်ပေါ်ရှိ အသားကင်များကို အားပါးတရ ဝါးမြိုပစ်လိုက်တော့သည်။
"ဟားဟား... အရသာရှိတယ်မလား။ မလောနဲ့ဦး ဒါတွေအားလုံးက သမီးအတွက်ပဲ"
ချီချီလေး၏ တုံ့ပြန်မှုကို ကြည့်ကာ လုချွမ်းက ရယ်မောလိုက်သည်။ ပန်းကန်ထဲတွင် တောင်ပုံရာပုံ ရှိနေသော နဂါးသားကင်များကို ကြည့်ရင်း ကျိရုရွှယ်မှာ ခေါင်းကို အမြန်ပင် ညိတ်ပြကာ စားပွဲတွင် ထိုင်၍ အငမ်းမရ စားသောက်တော့သည်။
လုချွမ်းသည် ဘေးတွင်ထိုင်ကာ အသားကင်များကို အားရပါးရ စားနေသော ချီချီလေးကို ကြည့်ရင်း နူးညံ့သော အမူအရာကို ပြသနေသည်။ သို့သော် ထိုခဏမှာပင် လုချွမ်း၏ မျက်နှာထားမှာ ရုတ်တရက် တည်ကြည်သွားပြီး တစ်စုံတစ်ခုကို အာရုံခံနေသကဲ့သို့ မျက်လုံးများကို မှိတ်လိုက်သည်။
မိနစ်အနည်းငယ် ကြာပြီးနောက်တွင်မူ အဖြေတစ်ခုကို ရရှိသွားသကဲ့သို့ လုချွမ်းက မျက်မှောင်ကြုတ်လိုက်မိသည်။ အသားကင်များကို ဝါးမြိုနေသော ကျိရုရွှယ်သည် ၎င်းကို မြင်လိုက်ရသဖြင့် လက်ထဲမှ တစ်ဝက်တစ်ပျက် ကျန်နေသေးသော အသားကင်ကို ချလိုက်ပြီး မေးမြန်းလိုက်သည်။
"ဖေဖေ... ဘာဖြစ်လို့လဲဟင် ဟင်းလင်းပြင်အက်ကွဲကြောင်းရှာတာ အဆင်မပြေလို့လား"
"အင်း... ဖေဖေ ပတ်ပတ်လည် အကုန်ရှာကြည့်ပြီးပြီ။ ဒါပေမဲ့ အဲဒီအက်ကွဲကြောင်းကို မတွေ့ဘူး"
လုချွမ်းက ခေါင်းညိတ်ရင်း လေးနက်စွာ ပြောလိုက်သည်။
အကြေးခွံနီနဂါးလေးကောင်ကို သတ်ဖြတ်ပြီးနောက်တွင် သူတို့ ဖြတ်သန်းလာခဲ့သည့် ဟင်းလင်းပြင်အက်ကွဲကြောင်းကို လုချွမ်း သဘာဝကျကျပင် မေ့လျော့မနေခဲ့ပေ။ မူလကမူ အက်ကွဲကြောင်းရှိရာကို ရှာတွေ့ပါက အခြားသော နဂါးများ ရှိနေလျှင်လည်း တစ်ပါတည်း သုတ်သင်ပစ်ရန် သူ ရည်ရွယ်ထားခြင်းပင်။
သို့သော် မျှော်လင့်မထားဘဲ သူစေလွှတ်လိုက်သော သောင်းနှင့်ချီသည့် ဇွန်ဘီရုပ်သေးများမှာ လိုင်ယွမ်မြို့ တစ်မြို့လုံးကို နှံ့အောင် ရှာဖွေခဲ့သော်လည်း ထိုအက်ကွဲကြောင်းကို ရှာမတွေ့ခဲ့ပေ။
"ဖေဖေ... ဒါက သဘာဝကျပါတယ်။ နဂါးမျိုးနွယ်တွေက တခြားတစ်ခြားကမ္ဘာသားတွေနဲ့ မတူဘူး။ သူတို့က သီးခြားနယ်မြေတွေ ခွဲပြီး သိမ်းပိုက်ရတာကို ကြိုက်ကြတာဆိုတော့ အဲဒီဟင်းလင်းပြင်အက်ကွဲကြောင်းက လိုင်ယွမ်မြို့မှာ မရှိတာလည်း ဖြစ်နိုင်တယ်"
ကျိရုရွှယ်က ရှင်းပြလိုက်သည်။
ချီချီလေး ပြောပြဖူးသည့် နဂါးမျိုးနွယ်တို့၏ အလေ့အထကို ပြန်လည်စဉ်းစားမိသောအခါ လုချွမ်းမှာ ခေါင်းညိတ်လက်ခံလိုက်ပြီး ဆက်လက်ရှာဖွေရန် စိတ်ကူးကို လက်လျှော့လိုက်တော့သည်။
"ကဲ... အမြန်စားလိုက်ဦး စားပြီးရင် ငါတို့ ပြန်ထွက်ကြမယ်"
ထို့နောက်တွင်မူ ပန်းကန်ထဲတွင် ကျန်ရှိနေသော နဂါးသားကင် အနည်းငယ်ကို ကြည့်ရင်း လုချွမ်းက ပြောလိုက်သည်။
"ကောင်းပါပြီ ဖေဖေ"
ကျိရုရွှယ်က ခေါင်းညိတ်ပြကာ သူမ၏ စားနှုန်းကို ချက်ချင်း မြှင့်လိုက်တော့သည်။ မကြာမီမှာပင် အသားကင်အားလုံးမှာ သူမ၏ ဖောင်းကားနေသော ဝမ်းဗိုက်လေးထဲသို့ ရောက်ရှိသွားတော့သည်။
ရာနှင့်ချီသော နဂါးသားကင်များကို စားသုံးပြီးနောက်တွင် ကျိရုရွှယ်၏ အရှိန်အဝါမှာ သိသိသာသာ ပိုမိုကြီးမားလာခဲ့သည်။
"ဒါနဲ့ ချီချီလေး... အဲဒီရှေးဟောင်းအပျက်အစီးတွေထဲမှာ ဘယ်လို ရတနာတွေ ရှိလဲဆိုတာ သမီးသိလား"
ရှေးဟောင်းအပျက်အစီးများအကြောင်း ပြောမိရာမှ လုချွမ်း၏ စိတ်ထဲတွင် သိလိုစိတ်တစ်ခု ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။ သူ ခေတ္တမျှ စဉ်းစားပြီးနောက် ချီချီလေးကို မနေနိုင်ဘဲ မေးမြန်းလိုက်ခြင်းပင်။
ချီချီလေး၏ ပြောစကားအရ ထိုနေရာတွင် ရတနာများနှင့် အခွင့်အရေးများစွာ ရှိသည်ကို သိထားသော်လည်း ထိုရတနာများမှာ အတိအကျအားဖြင့် မည်သည့်အရာများဖြစ်ကြောင်း သူ မသိရသေးပေ။
"ဖေဖေ... အဲဒီရှေးဟောင်းအပျက်အစီးတွေထဲမှာ အဆင့် ၉ ကို တက်လှမ်းဖို့ ကူညီပေးနိုင်တဲ့ ရတနာတစ်ခု ရှိတယ်"
ပင်လယ်ပြည်နယ်သို့ ရောက်ရှိရန် နီးကပ်လာပြီ ဖြစ်သည့်အတွက် ကျိရုရွှယ်မှာ အမှန်အတိုင်း ထုတ်ဖော်ပြောပြရန် ဆုံးဖြတ်လိုက်ပြီး သူမ၏ မျက်ဝန်းများထဲတွင် အတိတ်ကို ပြန်လည်
တမ်းတသည့် အရိပ်အယောင်များ ပေါ်လာခဲ့သည်။
အတိတ်ဘဝတွင် သူမသည် အဆင့် ၉ ရှိသော ဧကရာဇ်နယ်ပယ်သို့ တက်လှမ်းနိုင်ခဲ့ခြင်းမှာ ဤအပျက်အစီးများအတွင်းသို့ ဝင်ရောက်ကာ တန်ဖိုးမဖြတ်နိုင်သော အခွင့်အရေးကို ရရှိခဲ့သောကြောင့်ပင်။
"အဆင့် ၉ ကို တက်လှမ်းဖို့ ကူညီပေးနိုင်တဲ့ ရတနာ ဟုတ်လား။ ဒါဆိုရင်တော့ ငါတို့ ပိုမြန်မြန် သွားကြတာ ပိုကောင်းမယ် အနားယူနေဖို့ မလိုတော့ဘူး"
ဤမျှ တန်ဖိုးကြီးလှသော ရတနာအကြောင်း ကြားလိုက်ရသည့်အခါ လုချွမ်းသည် ချက်ချင်းပင် စိတ်ဝင်စားသွားပြီး စိတ်အားထက်သန်လာတော့သည်။ သို့သော်လည်း ကျိရုရွှယ်က ကောင်းကင်ယံကို ကြည့်ကာ ခေါင်းခါပြလိုက်သည်။
"ဖေဖေ... အဲဒီလောက် မလောပါနဲ့ဦး။ အဲဒီရှေးဟောင်းအပျက်အစီးတွေကို လပြည့်ညမှာပဲ ဝင်လို့ရတာပါ။ ပင်လယ်ပြည်နယ်ကို အခုရောက်သွားရင်တောင် နောက်ထပ် တစ်ပတ်လောက် စောင့်ရဦးမှာပါ"
ထိုစကားကို ကြားသောအခါ လုချွမ်းမှာ အနည်းငယ် စိတ်ပျက်သွားသော်လည်း နောက်ဆုံးတွင် မတတ်သာဘဲ ခေါင်းညိတ်လိုက်ရတော့သည်။
"ဖေဖေ... သမီးရဲ့ ကျင့်စဉ်အဆင့်က အဆင့် ၈ ကို ရောက်ဖို့ လက်တစ်ကမ်းအလိုပဲ။ ဒါကြောင့် ရှေးဟောင်းအပျက်အစီးတွေဆီ မသွားခင် နောက်ရက်အနည်းငယ်မှာ တံခါးပိတ်ကျင့်ကြံပြီး အဆင့် ၈ ကို ရောက်အောင် ကြိုးစားချင်ပါတယ်"
ကျိရုရွှယ်က သူမ၏ ဆန္ဒကို ထုတ်ဖော်၍ ပြောလိုက်သည်။
"ဘာမှ ပြဿနာမရှိဘူး။ အဆင့်တက်ဖို့ကိုပဲ အာရုံစိုက်ပါ။ ဖေဖေ သမီးကို စောင့်ရှောက်ပေးမယ်"
လောလောဆယ် ဝင်ရောက်၍မရနိုင်သေးကြောင်း သိထားသဖြင့် လုချွမ်းမှာလည်း မလောတော့ပေ။ ချီချီလေး၏ ဆုံးဖြတ်ချက်ကို ကြားသောအခါ သူက ချက်ချင်းပင် သဘောတူ၍ ခေါင်းညိတ်ပြလိုက်သည်။
အခန်း။ ၅၁၄
အဆင့် ၈ သို့ တက်လှမ်းခြင်း...။
လုချွမ်းနှင့် မတူညီသည်မှာ ချီချီလေးသည် တိုက်ရိုက် ဆင့်ကဲပြောင်းလဲရန် အမြုတေများကိုသာ စားသုံးရန် လိုအပ်ခြင်းပင်။ အကယ်၍ အလွန်အမင်း အနှောင့်အယှက်ပေးခံရခြင်းမျိုး မရှိပါက ပုံမှန်အားဖြင့် အဆင့်တက်ရာတွင် ကျရှုံးလေ့မရှိချေ။
သို့သော် ဆင့်ကဲပြောင်းလဲသူများအတွက်မူ အခြေအနေမှာ များစွာကွဲပြားကြောင်း လုချွမ်း သိရှိထားသည်။ သူတို့အတွက် အဆင့်တက်လှမ်းခြင်းသည် အနည်းငယ်မျှ ဂရုမစိုက်မိပါက ကျရှုံးနိုင်ခြေရှိပြီး ခန္ဓာကိုယ်ကိုပင် ထိခိုက်ပျက်စီးစေနိုင်သည်။
ထို့ကြောင့် အဆင့်တက်ရန် ကြိုးပမ်းနေစဉ်အတွင်း မည်သည့်အနှောင့်အယှက်မျှ မရှိစေရန် လုံးဝတိတ်ဆိတ်ငြိမ်သက်နေဖို့ လိုအပ်သည်။
ဇွန်ဘီဒီရေလှိုင်းကြီးက အကာအကွယ်ပေးထားသဖြင့် စခန်းအတွင်း၌ပင် အဆင့်တက်ရန် ကြိုးစားနိုင်သော်လည်း လုချွမ်းသည် စိတ်ချရစေရန်အတွက် ချီချီလေးကို အနီးနားရှိ တောအုပ်အတွင်း သူကိုယ်တိုင် တူးဖော်ထားသော နက်ရှိုင်းသည့် လိုဏ်ဂူတစ်ခုဆီသို့ ခေါ်ဆောင်သွားခဲ့သည်။ ဤသည်မှာ ချီချီလေး အဆင့်တက်နေစဉ်အတွင်း ပြင်ပအနှောင့်အယှက် တစ်စုံတစ်ရာ မရှိစေရန်အတွက်ပင်။
"ဖေဖေ... သမီး ဝင်သွားတော့မယ်နော်"
လိုဏ်ဂူဝတွင် ကျိရုရွှယ်က ပြောလိုက်သည်။
"အင်း... ဖေဖေ ဒီမှာ စောင့်နေမယ်။ စိတ်ချလက်ချနဲ့ အဆင့်တက်ဖို့ပဲ ကြိုးစားပါ"
လုချွမ်းက ခေါင်းညိတ်ရင်း မှာလိုက်သည်။
ချီချီလေး လိုဏ်ဂူထဲသို့ ဝင်သွားသည်ကို ကြည့်ရင်း လုချွမ်းသည် ဇွန်ဘီဒီရေလှိုင်းကြီးကို ဤနေရာသို့ လျင်မြန်စွာ ရွှေ့ပြောင်းစေလိုက်ပြီး ယင်ကောင်တစ်ကောင်မျှပင် မဝင်နိုင်စေရန် အရပ်မျက်နှာအနှံ့မှ ဝိုင်းပတ်ပိတ်ဆို့၍ ကာကွယ်လိုက်တော့သည်။
လိုဏ်ဂူအတွင်း၌မူ ကျိရုရွှယ်သည် လှေကားထစ်များအတိုင်း ဖြည်းညှင်းစွာ ဆင်းသက်သွားရာ ပေ ၃၀၀ ခန့် နက်ရှိုင်းသော နေရာသို့ ရောက်ရှိသွားခဲ့သည်။
ထိုနေရာတွင် ကျောက်တံခါးဖြင့် ပိတ်ထားသော အခန်းတစ်ခန်း ရှိနေသည်။ အခန်းအတွင်း၌မူ ကျောက်တုံးကြီးများကို ထွင်းထုထားသော စင်မြင့်နှစ်ခု ရှိသည်။
အနည်းငယ် မြင့်သော စင်ပေါ်တွင် ကျိရုရွှယ် ပုံမှန်အသုံးပြုနေကျ စွမ်းအင်ဆေးရည် ဖော်စပ်သည့် ကိရိယာများနှင့် သူမ စုဆောင်းထားသော နတ်ဆိုးအနှစ်သာရဆေးလုံးများ ရှိနေသည်။ အခြားသော နိမ့်သည့် စင်ငယ်လေးပေါ်တွင်မူ နူးညံ့သော ထိုင်ခုံတစ်ခုသာ ရှိသည်။
ကျိရုရွှယ်သည် စင်မြင့်ထက်သို့ ဖြည်းညှင်းစွာ လျှောက်လှမ်းသွားပြီး စွမ်းအင်ဆေးရည်များ ပြည့်နေသော ကျောပိုးအိတ်ကို ဂရုတစိုက် ချထားလိုက်သည်။ ထို့နောက် ထိုင်ခုံထက်တွင် တင်ပလ္လင်ခွေ ထိုင်လိုက်ပြီး စိတ်ကို တည်ငြိမ်အောင် ထားလိုက်တော့သည်။
"ဒီဘဝကတော့ အရင်ဘဝနဲ့ မတူတော့ဘူးလို့ ကံကြမ္မာက သတ်မှတ်ထားပြီးသားပဲ"
ကျိရုရွှယ်၏ မျက်ဝန်းများမှာ ပြတ်သားလွန်းလှသည်။ အတိတ်ဘဝ၏ ဤအချိန်တွင် သူမသည် အဆင့် ၅ ရှိသော ဆင့်ကဲပြောင်းလဲသူ တစ်ဦးသာ ဖြစ်ခဲ့ပြီး လူသားမျိုးနွယ်အတွင်း၌ပင် အင်အားအကြီးဆုံး မဟုတ်ခဲ့ချေ။ တစ်ခြားမျိုးနွယ်စုများနှင့် ယှဉ်လျှင်မူ ပြောနေရန်ပင် မလိုတော့ပေ။
သို့သော် ယခုဘဝတွင်မူ သူမ၏ ကံကြမ္မာမှာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ သူမသည် အဆင့် ၈ သို့ တက်လှမ်းတော့မည်ဖြစ်ရာ ဤကမ္ဘာပေါ်တွင် အင်အားအကြီးဆုံး ဆင့်ကဲပြောင်းလဲသူ ဖြစ်လာတော့မည်ပင်။
ထို့ပြင် ဤဘဝတွင် ဖခင်ဖြစ်သူ၏ အကူအညီကိုလည်း ရရှိထားသည်။ တစ်ချိန်က အနိုင်မရနိုင်ဟု ထင်မှတ်ခဲ့ရသော တစ်ခြားကမ္ဘာသား ရန်သူများမှာလည်း ယခုအခါ မကျော်လွှားနိုင်သော အရာများ မဟုတ်တော့ချေ။
ထို့နောက် ကျိရုရွှယ်သည် ကျောပိုးအိတ်အတွင်းမှ စွမ်းအင်ဆေးရည် နှစ်ပုလင်းကို ထုတ်ယူကာ တစ်ကျိုက်တည်း သောက်လိုက်သည်။ ခန္ဓာကိုယ်အတွင်း၌ ဟုန်စီးလာသော ဆေးအရှိန်အဝါများကို ခံစားလိုက်ရသည်နှင့် ကျိရုရွှယ်သည် မပေါ့ဆဘဲ သူမ၏ ကျင့်စဉ်ကို စတင်လည်ပတ်ကာ ထိုဆေးအရှိန်များကို အဆုံးအစမဲ့သော စွမ်းအင်များအဖြစ် လျင်မြန်စွာ ပြောင်းလဲလိုက်တော့သည်။
ဤအတောအတွင်း ကြွယ်ဝလှသော အရင်းအမြစ်များနှင့် အတိတ်ဘဝက ကျင့်ကြံမှု အတွေ့အကြုံများကြောင့် သူမ၏ ကျင့်စဉ်မှာ အဆင့် ၇ နှောင်းပိုင်း၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ရာ အဆင့် ၇ ၏ အမြင့်ဆုံးအဆင့်သို့ ရောက်ရန်မှာ များစွာ မလိုတော့ပေ။ အဆင့် ၇ ၏ အမြင့်ဆုံးသို့ ရောက်ရှိသွားသည်နှင့် စွမ်းအင်ဆေးရည်များကို အမြောက်အမြား စားသုံးကာ အဆင့် ၈ သို့ တက်လှမ်းနိုင်မည်ပင်။
ကျိရုရွှယ်သည် များပြားလှသော စွမ်းအင်များကို ဝိညာဉ်အနှစ်များအဖြစ် အဆက်မပြတ် သန့်စင်လိုက်ပြီး သူမ၏ ဝိညာဉ်နတ်ဆိုးအနှစ်သာရဆေးလုံးအတွင်းသို့ ပေါင်းစပ်ထည့်သွင်းလိုက်သည်။ ထို့နောက် ဝိညာဉ်နတ်ဆိုးအနှစ်သာရဆေးလုံးအတွင်းမှ ဝိညာဉ်အနှစ်များ ပိုမိုထွက်ပေါ်လာပြီး သူမ၏ သွေးကြောများအတွင်း လျင်မြန်စွာ လှည့်ပတ်စီးဆင်းသွားကာ စွမ်းအင်သန့်စင်မှု အရှိန်ကို ပိုမိုမြန်ဆန်စေတော့သည်။
ဆေးရည်နှစ်ပုလင်းမှ စွမ်းအင်များကို အဆက်မပြတ် သန့်စင်နေသည်နှင့်အမျှ ကျိရုရွှယ်၏ အရှိန်အဝါမှာ တဖြည်းဖြည်း မြင့်တက်လာပြီး အဆင့် ၇ ၏ အမြင့်ဆုံး အတားအဆီးကို စတင်ကျော်ဖြတ်လိုက်တော့သည်။
ခဏအကြာတွင် သူမ၏ခန္ဓာကိုယ်အတွင်း၌ စွမ်းအင်များ တဖြည်းဖြည်း လျော့နည်းလာပြီး ကုန်ဆုံးလုနီးပါးဖြစ်နေသည်ကို ကျိရုရွှယ် အာရုံခံမိလိုက်သည်။ သူမသည် အနည်းငယ်မျှပင် ပေါ့ဆခြင်းမရှိဘဲ စိတ်တန်ခိုးကို အသုံးပြုကာ နောက်ထပ် စွမ်းအင်ဆေးရည် နှစ်ပုလင်းကို လှမ်းယူ၍ ပါးစပ်အတွင်းသို့ လောင်းထည့်လိုက်ပြန်သည်။
ချက်ချင်းဆိုသလိုပင် ခန္ဓာကိုယ်တွင်းရှိ စွမ်းအင်များမှာ ပြန်လည်ပြည့်ဖြိုးလာခဲ့ပြီး ကျိရုရွှယ်၏ ကျင့်စဉ်အဆင့် တက်လှမ်းမှုအရှိန်မှာလည်း လျော့ပါးသွားခြင်းမရှိဘဲ ဆက်လက်မြင့်တက်နေတော့သည်။
အချိန်များမှာ တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့သည်။ ယခုအခါ ကျိရုရွှယ်၏ဘေးရှိ စင်ပေါ်တွင် ဆေးပုလင်းခွံ ရှစ်ပုလင်းအထိ ရှိနေပြီဖြစ်ပြီး သူမထံမှ ထွက်ပေါ်နေသော အရှိန်အဝါမှာလည်း ပိုမိုအားကောင်းမောင်သန်လာခဲ့သည်။
ဝုန်း...
ရုတ်တရက်ဆိုသလို ပဲ့တင်ထပ်သော အသံကြီးတစ်ခု ထွက်ပေါ်လာပြီးနောက် ကျိရုရွှယ်၏ ခန္ဓာကိုယ်မှာ တုန်ယင်သွားကာ ပြင်းထန်လှသော အရှိန်အဝါတစ်ခုမှာ သူမ၏အတွင်းသန်ထံမှ ပေါက်ကွဲထွက်ပေါ်လာပြီး ကျောက်ခန်းမတစ်ခုလုံးကိုပင် လှုပ်ခါသွားစေတော့သည်။
"အဆင့် ၇ အမြင့်ဆုံးကို ရောက်ပြီ နောက်တစ်ဆင့်ကတော့ အဆင့် ၈ ကို ဖောက်ထွက်ဖို့ပဲ"
ကျိရုရွှယ်သည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး ပြောင်းလဲသွားသော သူမ၏ အင်အားကို ခံစားရင်း ဝမ်းသာပီတိ ဖြစ်နေတော့သည်။
သို့သော်လည်း သူမသည် အဆင့်တက်ရန် ဆက်လက်၍ မလောသေးဘဲ သူမ ယူဆောင်လာသော ထုပ်ပိုးမှုကို ကြည့်လိုက်သည်။
ကျောပိုးအိတ်ထဲတွင် စွမ်းအင်ဆေးရည် ၁၀ ပုလင်းသာ ကျန်တော့သည်။ ခုနက အဆင့် ၇ အမြင့်ဆုံးသို့ တက်လှမ်းရန် ဆေးရည် ၈ ပုလင်းသာ အသုံးပြုခဲ့ရသော်လည်း အဆင့် ၈ သို့ ဖောက်ထွက်ရန်အတွက်မူ ဤဆေးရည်ပမာဏမှာ အလွန်ပင် နည်းပါးလွန်းလှကြောင်း သူမ ကောင်းကောင်းသိရှိထားသည်။ အကယ်၍ အဆင့်တက်နေစဉ် အရေးကြီးသော အချိန်၌ ဆေးရည်မလောက်ငပါက နောက်ကျသွားပေလိမ့်မည်။
ထို့ကြောင့် ကျိရုရွှယ်သည် ချက်ချင်းပင် မတ်တတ်ရပ်လိုက်ပြီး အခြားစင်တစ်ခုရှိရာသို့ လျှောက်သွားကာ ၎င်းပေါ်ရှိ ကိရိယာများနှင့် ပြုပြင်ပြီးသား နတ်ဆိုးအနှစ်သာရဆေးလုံးများကို စစ်ဆေးလိုက်သည်။
သူမ၏ နောက်ထပ်တာဝန်မှာ အဆင့် ၈ သို့ တက်လှမ်းစဉ်အတွင်း ဆေးရည်ပြတ်လပ်မှု မရှိစေရန် ဤနတ်ဆိုးအနှစ်သာရဆေးလုံးများကို အသုံးပြု၍ လုံလောက်သော စွမ်းအင်ဆေးရည်များ ဖော်စပ်ရန်ပင်။
"အချိန်ကို အကျိုးရှိရှိ သုံးရမယ်။ အဆင့် ၈ ရောက်ပြီးတာနဲ့ ရှေးဟောင်းအပျက်အစီးတွေဆီ သွားရဦးမှာဆိုတော့ အချိန်ဖြုန်းလို့ မဖြစ်ဘူး"
ကျိရုရွှယ်သည် စိတ်တန်ခိုးကို အသုံးပြုကာ နတ်ဆိုးအနှစ်သာရဆေးလုံးတစ်ခုကို ဆေးဖော်စပ်သည့် စက်အတွင်းသို့ ထည့်လိုက်ပြီး အခြားသော လိုအပ်သည့် ပစ္စည်းများကိုလည်း ဂရုတစိုက် ပေါင်းစပ်ကာ ဆေးဖော်စပ်ခြင်းကို စတင်လိုက်တော့သည်။
အချိန်သည် ရေစီးသကဲ့သို့ပင်။ မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်ရက်တာ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။
ယခုအခါ မြေအောက်ကျောက်ခန်းမအတွင်း၌ ကျိရုရွှယ်သည် ထိုင်ခုံထက်တွင် တင်ပလ္လင်ခွေ ပြန်လည်ထိုင်နေပြီဖြစ်ပြီး သူမ၏ ပတ်ပတ်လည်တွင်မူ စွမ်းအင်ဆေးရည်များ ဝိုင်းရံလျက် ရှိနေသည်။
ဤအတောအတွင်း သူမသည် ရှိသမျှ နတ်ဆိုးအနှစ်သာရဆေးလုံးအားလုံးကို စွမ်းအင်ဆေးရည်များအဖြစ် ပြောင်းလဲပစ်ခဲ့သည်။
ဆေးရည်ပေါင်း နှစ်ရာကျော်ပင် ရှိတော့သည်။ ဤမျှများပြားလှသော ဆေးရည်ပမာဏကြောင့် ကျိရုရွှယ်အနေဖြင့် ကျင့်ကြံနေစဉ်အတွင်း စွမ်းအင်ပြတ်လပ်မည်ကို စိုးရိမ်ရန် မလိုတော့ပေ။
"ကဲ... အဆင့် ၈ ကို ဖောက်ထွက်ရမယ့် အချိန်ရောက်ပြီ"
ကျိရုရွှယ်၏ မျက်ဝန်းများမှာ စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက်နေသည်။ သူမသည် စိတ်တန်ခိုးဖြင့် စွမ်းအင်ဆေးရည် နှစ်ပုလင်းကို ဆွဲယူကာ သောက်လိုက်ပြီးနောက် မျက်လုံးများကို ချက်ချင်းမှိတ်ကာ အဆင့် ၈ သို့ တက်လှမ်းနိုင်ရန်အတွက်သာ အာရုံစိုက်လိုက်တော့သည်။
...
ရှူး... ရှူး... ရှူး...
အပြာရောင် ပုံရိပ်တစ်ခုသည် တောအုပ်အတွင်း၌ လျင်မြန်စွာ ရွေ့လျားနေပြီး လေတိုးသံများ ထွက်ပေါ်နေသည်။ လုချွမ်း၏ ပတ်ပတ်လည်တွင်မူ အမျိုးမျိုးသော ဇွန်ဘီရုပ်သေးများမှာ သူ့ကို လိုက်လံဖမ်းဆီးရန် ကြိုးစားနေကြသည်။
သို့သော်လည်း အပြာရောင်ပုံရိပ်အဖြစ် ပြောင်းလဲသွားသော လုချွမ်းမှာ အလွန်ပင် လျင်မြန်ဖြတ်လတ်လှသည့် ကိုယ်ခံပညာ ခြေလှမ်းများကို အသုံးပြုကာ ဇွန်ဘီရုပ်သေးများ၏ ဝိုင်းရံထားမှုကြားမှ လွယ်ကူစွာ ဖောက်ထွက်နေနိုင်တော့သည်။
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့ရာ မျက်စိတစ်မှိတ်အတွင်းမှာပင် သုံးရက်တာ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။
ဤရက်ပိုင်းအတွင်း လုချွမ်းသည် လိုဏ်ဂူအနီးတွင်သာ အချိန်အများစုကို ကုန်ဆုံးစေခဲ့သည်။ သူသည် ချီချီလေး ပေးအပ်ထားသော တိုက်ခိုက်ရေးဗဟုသုတများကို လေ့ကျင့်ရင်း သူ၏ အဆင့်မြင့် ဇွန်ဘီရုပ်သေးများနှင့် ယှဉ်ပြိုင်ကာ ကိုယ်ခံပညာကို လေ့ကျင့်နေခဲ့ခြင်းပင်။ ဇွန်ဘီဘုရင်၏ အစွမ်းကို ရရှိထားပြီးဖြစ်ရာ ယခုအခါတွင်မူ သူသည် ဇွန်ဘီများကိုသာ အားကိုးရသည့် အားနည်းသော တိုက်ခိုက်ရေးသမား မဟုတ်တော့ပေ။
တူညီသော အဆင့်အတန်းအတွင်း၌ တိုက်ရိုက်ရင်ဆိုင်ရမည်ဆိုပါက သူသည် ပါရမီနှစ်မျိုးပိုင်ရှင်ဖြစ်ပြီး ပြန်လည်မွေးဖွားလာသူဖြစ်သည့် ချီချီလေးနှင့်ပင် ရင်ပေါင်တန်းနိုင်လောက်သော အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။
အဆင့်မြင့် ဇွန်ဘီရုပ်သေးများ၏ ဝိုင်းပတ်မှုကို အကြိမ်ကြိမ် ရှောင်တိမ်းပြီးနောက်တွင် လုချွမ်းသည် လေ့ကျင့်မှုကို ရပ်တန့်လိုက်ပြီး ဇွန်ဘီများကို ဘေးသို့ ဖယ်ခိုင်းကာ လိုဏ်ဂူဝတွင် ဆင်းသက်လိုက်သည်။
"ချီချီလေး ဘယ်လိုနေလဲ မသိဘူး။ အခုထိ အဆင့်မတက်သေးရင်တော့ နောက်ကျသွားနိုင်တယ်"
လုချွမ်းသည် လိုဏ်ဂူဝကို စိုးရိမ်တကြီး ကြည့်လိုက်သည်။ အထဲက အခြေအနေကို အတိအကျ မသိရသဖြင့် အရေးကြီးသော အချိန်၌ ဝင်သွားပြီး နှောင့်ယှက်မိမှာကို သူ စိုးရိမ်နေမိခြင်းပင်။
ရုတ်တရက်ဆိုသလို ထိုခဏမှာပင် မြေပြင်မှာ ပြင်းထန်စွာ လှုပ်ခါသွားပြီး အဆင့် ၈ သို့ ချဉ်းကပ်နေသော အရှိန်အဝါတစ်ခုမှာ လိုဏ်ဂူဝမှနေ၍ ဟုန်ကနဲ တိုးထွက်လာတော့သည်။
ထိုအပြောင်းအလဲကို ခံစားလိုက်ရသည်နှင့် လုချွမ်းသည် ပြုံးရွှင်သွားပြီး ရေရွတ်လိုက်သည်။
"ချီချီလေး အဆင့်တက်တော့မှာပဲ"