အခန်း (၂၅၅)
Vol. 26 Ch. 255
အခန်း (၂၅၅)
" အိမ်တော်ထိန်း သူတို့ကို စံအိမ်အနှံ့လိုက်ပြဖို့ အစေခံမိန်းကလေးနှစ်ယောက် ရှာလိုက်ပါ။ " ကျောက်ဖုန်းက အမိန့်ပေးလိုက်သည်။
" ကျွန်တော်မျိုး အမိန့်အတိုင်း ဆောင်ရွက်လိုက်ပါမယ်။ " လင်းဖုက ရိုသေစွာ ပြောလိုက်ပြီး ရှေ့တိုးလာသည်။ " သခင်လေးနဲ့ သခင်မလေး ကျွန်တော်မျိုးနောက် လိုက်ခဲ့ပါ။ "
" အဖေ အမေ သားတို့သွားဆော့တော့မယ်။ " ကလေးနှစ်ယောက် အလွန်သတ္တိရှိပြီး စူးစမ်းလိုစိတ် ရှိကြသဖြင့် လီဖုနှင့်အတူ လိုက်သွားကြသည်။
ကလေးနှစ်ယောက်ထွက်သွားသောအခါ ကျောက်ဖုန်းက ထိန်းချုပ်မနေတော့ဘဲ ဝမ်ယန်ကို ရင်ခွင်ထဲသို့ ပွေ့ဖက်လိုက်သည်။
" ဘာ ဘာလုပ်မလို့လဲ။ " ဝမ်ယန်က နှလုံးခုန်မြန်လာပြီး ရှက်ရွံ့စွာ ပြောလိုက်သည်။
" အရင်စခန်းမှာတုန်းက မင်းက ငါ့ကို အနိုင်ယူခဲ့တာလေ။ ဒီတစ်ခါ ငါ့အလှည့်ပဲ။ " ကျောက်ဖုန်းက ရယ်မောလိုက်ပြီး စံအိမ်၏ အတွင်းပိုင်းနေရာအထိ ဦးတည်သွားလိုက်သည်။ ထို့နောက် ဖြစ်ပျက်ခဲ့သော အရာများကိုတော့ မပြောသည်က ပိုကောင်းပေလိမ့်မည်။
ရှန်းယန်အတွင်း၌ နန်းတွင်းညီလာခံပြီးနောက် ဝမ်စံအိမ်နှင့် မင်းသားဖုစု၏ စံအိမ်တို့က လှုပ်ရှားမှုများဖြင့် စည်ကားနေခဲ့သည်။ လအလယ်ပိုင်းတွင် ချင်ဘုရင်ဖး သမီးတော် လီယန်မင်းသမီးက လက်ထပ်ထိမ်းမြားတော့မည်ဖြစ်သည်။ ထို့နောက် မင်းသားဖုစုက လီစီ၏ သမီးနှင့် လက်ထပ်တော့မည်ဖြစ်သည်။
ကျောက်ဖုန်း မြို့ထဲသို့ ပြန်ရောက်ပြီး ငါးရက်ကြာသောအခါ အဓိကဖြစ်ရပ်တစ်ခုပေါ်လာသည်။ သို့သော် ထိုဖြစ်ရပ်က နိုင်ငံရေးနှင့် မသက်ဆိုင်ဘဲ လူထုနှင့်သာ သက်ဆိုင်သည်။ အင်မော်တယ်ဝိုင်ခန်းမက ရှန်းယန်တွင် ဆိုင်ခွဲတစ်ခု ဖွင့်လှစ်ခဲ့ပြီး ယနေ့က ၎င်း၏ ဖွင့်ပွဲနေ့ဖြစ်သည်။
သုံးထပ်အဆောက်အဦးတစ်ခု၏ ထိပ်တွင် အင်မော်တယ်ဝိုင်ခန်းမဟု ရေးသားထားသော ဆိုင်းဘုတ်တစ်ခု ချိတ်ဆွဲထားသည်။ ဆိုင်တံခါးများက မဖွင့်သေးသော်လည်း အပြင်ဘက်တွင် လူအုပ်ကြီးက စုရုံးရောက်ရှိနေကြပြီဖြစ်သည်။
အသစ်ဖွင့်လှစ်သော ဆိုင်တစ်ခုက ထိုမျှများပြားသော လူအုပ်ကြီးကို ဆွဲဆောင်နိုင်ခြင်းက မြင်ရခဲပြီး လူတိုင်းက အခြားသူထက် နောက်ကျကျန်ခဲ့မည် စိုးရိမ်ပြီး အတင်းတိုးဝှေ့နေကြခြင်းက ပို၍ပင် နားမလည်နိုင်ဖြစ်ရလေသည်။
" လူကြီးမင်းတို့ မလောကြပါနဲ့။ ဒီနေ့က ချင်ရဲ့မြို့တော်မှာ ကျွန်တော်တို့ အင်မော်တယ်ဝိုင်ခန်းမ ပထမဆုံးဖွင့်လှစ်တဲ့နေ့ပဲ ဖြစ်ပါတယ်။ " ဆိုင်တာဝန်ခံက ကျယ်လောင်စွာ ပြောလိုက်သည်။ " ဒါပေမယ့် စိတ်ချပါ။ ကျွန်တော်တို့ရဲ့ ဝိုင်တွေက အခြားဆိုင်ခွဲတွေမှာလိုပဲ စျေးနှုန်းလည်းအတူတူပဲ၊ အရသာလည်း အတူတူပဲ။ "
" ဒီနေ့ဖွင့်ပွဲအခမ်းအနားအတွက် ကျွန်တော်တို့က အကောင်းစားဝိုင်တွေ အများကြီး ပြင်ဆင်ထားပါတယ်။ ဝယ်ယူချင်တဲ့ လူကြီမင်းတို့အတွက် လုံလောက်မှာပါ။ ဒါပေမယ့် ထိုင်ခုံနေရာတွေက ကန့်သတ်ချက်ရှိတဲ့အတွက် ကျွန်တော်တို့ အင်မော်တယ်ဝိုင်ခန်းမရဲ့ စည်းမျဉ်းတွေကိုတော့ လိုက်နာရပါမယ်။ "
" ဒုတိယထပ်ကတော့ ရွှေဒင်္ဂါးတစ်ဂါထက်ပိုပြီး အသုံးပြုတဲ့ ဖောက်သည်တွေအတွက် ဖြစ်ပြီး တတိယအထပ်ကျတာ့ ရွှေဒင်္ဂါးတစ်ထောင်ဖိုး ဝယ်ယူတဲ့ ဖောက်သည်တွေအတွက် ဖြစ်ပါတယ်။ ပထမထပ်ကတော့အနည်းဆုံး သတ်မှတ်ချက်မရှိပါဘူး။ "
" အခုတော့ အထူးဧည့်သည်တော် အထောက်အထားရှိတဲ့သူတွေ ဝင်လို့ရပါပြီ။ ဟေ့ ဆိုင်တံခါးတွေဖွင့်လိုက်စမ်း။ "
" ဟုတ်ကဲ့ပါ။ " သန်မာသော အစောင့်များက အထူးဧည့်သည်များအတွက် လမ်းဖွင့်ပေးလိုက်ကြသည်။
မည်သည့်ခေတ်ကာလတွင်မဆို အာဏာရှိသူများနှင့် ချမ်းသာကြွယ်ဝသူများက တမူထူးခြားစွာ ဆက်ဆံခံရစမြဲဖြစ်သည်။
" ငါက အင်မော်တယ်ဝိုင်ခန်းမက အကောင်းစားဝိုင်တွေ ရွှေဒင်္ဂါးတစ်ထောင်ကျော်ဖိုး ဝယ်ပြီးသားဟေ့။ ဒီမှာ ငါ့ရဲ့ အထူးကတ်။ " လူတစ်ယောက်က ရယ်မောလိုက်ပြီး တိုကင်တစ်ခုကို မြှောက်ကာ ရှေ့တိုးလာသည်။
" အထူးဧည့်သည်တော် ကြွပါ။ အထူးဧည့်သည်တော်တွေက ဒုတိယထပ်နဲ့ တတိယထပ်ကို တိုက်ရိုက်သွားနိုင်ပါတယ်။ " အစောင့်တစ်ယောက်က တစ်ချက်ကြည့်ပြီး လမ်းဖယ်ပေးလိုက်သည်။
" ပထမထပ်ခန်းမအတွက်ကတော့ အခြားလူကြီးမင်းတို့ စနစ်တကျ ဝင်ရောက်ပေးကြပါ။ " တာဝန်ခံက ပြုံး၍ ပြောလိုက်သည်။ " လူပြည့်သွားရင်လည်း ဝယ်ပြီး လူကြီးမင်းတို့အိမ်ကို ယူဆောင်သွားလို့ရပါတယ်။ အင်မော်တယ်ဝိုင်းခန်းမက ဖောက်သည်တိုင်းအတွင်း အကောင်းဆုံးဝိုင်တွေကို ရောင်းချပေးနေပါတယ်။ "
လူအုပ်ကြီးက ရှေ့သို့ တိုးဝှေ့လာကြပြီး လူတိုင်းက အတွင်းသို့ ဝင်ရန် စိတ်အားထက်သန်နေကြသည်။ အင်မော်တယ်ဝိုင်ခန်းမမှ အဆင့်မြင့်ဝိုင်များက နိုင်ငံတစ်ခုလုံး ကျော်ကြာပြီး အထက်တန်းလွှာများပြင် ဆွဲဆောင်ခံရလျှင် သာမန်လူများဆိုလျှင် ပြောစရာပင်မလိုပေ။
ကျောက်ဖုန်းက ဝိုင်ဖော်စပ်နည်းကို ပေးစဉ်ကတည်းက လူတန်းစားတိုင်း သောက်သုံးနိုင်ရန် အဆင့်အမျိုးမျိုး သတ်မှတ်ပေးခဲ့သည်။ ၎င်းက ချမ်းသာကြွယ်ဝရန် မဟာဗျူဟာတစ်ခုဖြစ်သည်။ ယန်ထင်၏ တိုးတက်မှုက အင်မော်တယ်ဝိုင်ခန်းမမှ ရရှိသော အကျိုးအမြတ်များနှင့် တိုက်ရိုက်ဆက်စပ်နေသည်။
ကျောက်ဖုန်းက သူ၏ စံအိမ်တွင် အေးချမ်းစွာ အနားယူနေဆဲ ဖြစ်သည်။ ကလေးနှစ်ယောက်နှင့် ဝမ်ယန်က သူ၏ ဘေးတွင် ရှိနေသည်။
" ယောကျာ်း မနက်ဖြန် ငါ့အကိုရဲ့ မင်္ဂလာပွဲလေ။ ငါတို့ သူ့အတွက် လက်ဆောင်တစ်ခုခုပြင်ဆင်သင့်လား။ " ဝမ်ယန်က ပြောလိုက်သည်။
" မစိုးရိမ်နဲ့။ မင်းအကိုအတွက် လက်ဆောင်တစ်ခု ငါ ပြင်ပြီးသွားပြီ။ ငါပို့ပေးလိုက်ရင် သူသေချာပေါက် သဘေယကျသွားလိမ့်မယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။ " ဒါပေမယ့် ယန်အာ မင်းရော ဘယ်လိုလက်ဆောင်မျိုးလိုချင်လဲ။ ငါမင်းအတွက် ရအောင် ယူပေးမယ်လို့ ကတိပေးပါတယ်။ "
" နင်ရှိနေရင် ငါ့အတွက် ဘာမှမလိုပါဘူး။ " ဝမ်ယန်က ချိုသာစွာ ပြောလိုက်သည်။
ကျောက်ဖုန်းက သူမကို သေချာကြည့်လိုက်သည်။ " ဒီနေ့ ယန်အာက အရင်တုန်းက တပ်မှူးလေးနဲ့ မတူတော့ပါဘူး။ အခုတော့ အရမ်းကို နူးညံ့သွားပြီ။ "
" ယောက်ျားကလည်း မိန်းမကို နောက်နေပြန်ပါပြီ။ "
" ဟားဟားဟား...." ကျောက်ဖုန်းက ရယ်မောလိုက်သည်။
" အရှင် " ကျန်းမင်က ရောက်လာသည်။
" ဘာကိစ္စလဲ။ " ကျောက်ဖုန်းက သူ့ကို ကြည့်ပြီး မေးလိုက်သည်။
ကျန်းမင်က ဝမ်ယန်ကို ကြည့်ပြီး တွန့်ဆုတ်သွားသည်။
" ယန်အာက ငါ့ဇနီးဖြစ်သလို မင်းရဲ့ သခင်မလည်း ဖြစ်တယ်။ မင်း လွတ်လွတ်လပ်လပ် ပြောလို့ရတယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။
" အင်မော်တယ်ဝိုင်ခန်းမက ရှန်းယန်မှာ ဖွင့်လှစ်ပြီး အရောင်းအဝယ် အရမ်းသွက်နေပါတယ်။ ပထမဆုံးနေ့အတွက် ပြင်ဆင်ထားတဲ့ ဝိုင်တွေ အားလုံး ရောက်ကုန်သွားပါပြီ။ စုစုပေါင်းအမြတ်ငွေ ရွှေဒင်္ဂါးရှစ်ထောင်ကျော် ရရှိပါတယ်။ " ကျန်းမင်က အစီရင်ခံလိုက်သည်။
အင်မော်တယ်ဝိုင်ခန်းမ၏ ကျော်ကြားမှုက ခိုင်ခိုင်မာမာရှိပြီးသားဖြစ်သည်။ ချင်မြို့တော်ဖြစ်သော ရှန်းယန်တွင် ချမ်းသာကြွယ်ဝသူများ ပေါများသဖြင့် ယင်ချွမ်းထက် အမြတ်အစွန်းပိုများခြင်းဖြစ်သည်။
" ဟန်ရှီကိုပဲ ဆက်ပြီး ကိုင်တွယ်ခိုင်းလိုက်ပါ။ သူဘယ်လိုစီစဉ်မလဲဆိုတာ ငါဝင်မစွက်ဖက်ဘူး။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။
" နားလည်ပါပြီ။ " ကျန်းမင်က ချက်ချင်း ထွက်ခွာသွားသည်။
" ယောကျာ်း အင်မော်တယ်ဝိုင်ခန်းမက နင်ပိုင်တာလား။ " ဝမ်ယန်က အံ့အားသင့်သွားသည်။
" ဟုတ်တယ်။ အဲ့ဒါ ငါ့အပိုင်ပဲ။ ဟန်နိုင်ငံကို သိမ်းပိုက်ပြီးတဲ့နောက် ငါတည်ထောင်ခဲ့တာပဲ။ " ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်သည်။ " ဒါက လျို့ဝှက်တည်ထောင်ထားတာ။ ငါ့ရဲ့ ကိုယ်ရံတော်တွေကလွဲရင် မင်းတစ်ယောက်ပဲ ဒါကို သိတယ်။ "
၎င်းကို ကြားသောအခါ ဝမ်ယန်၏ မျက်နှာထက်တွင် ခံစားချက်များ ပေါ်လာသည်။
" စိတ်ချပါ ယောကျာ်း။ ငါဘယ်သူမှပြန်မပြောပါဘူး။ "
စစ်ဘက်ဆိုင်ရာမိသားစုတစ်ခုမှ ဆင်းသက်လာသူဖြစ်သဖြင့် ဝမ်ယန်က အင်မော်တယ်ဝိုင်ခန်း၏ တန်ဖိုးကို နားလည်ပေသည်။ အကယ်၍ သူမ၏ ယောကျာ်းက ထိုဆိုင်ကို ဖွင့်ထားကြောင်း အခြားသူများသိသွားလျှင် မလိုလားအပ်သော ပြဿနာများ ဖြစ်လာနိုင်ပေသည်။
" ယန်အာ " ကျောက်ဖုန်းက နူးညံ့စွာ ပြောလိုက်သည်။ " မင်းရဲ့ ယောကျာ်းမှာ လျို့ဝှက်ချက်တွေ အများကြီးရှိသေးတယ်။ မင်း ဖြည်းဖြည်းချင်း သိလာပါလိမ့်မယ်။ အင်မော်တယ်ဝိုင်ခန်းမက ပထမဆုံးတစ်ခုပဲ။ အခုကစပြီး မင်းငါ့ကို အဲ့ဒါကို စီမံခန့်ခွဲဖို့ ကူညီပေးရလိမ့်မယ်။ "
" ယောကျာ်း နင့်ရဲ့ ယုံကြည်မှုအတွက် ကျေးဇူးတင်ပါတယ်။ ငါနင့်ကို စိတ်ပျက်အောင် မလုပ်ပါဘူး။ " ဝမ်ယန်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
" ကောင်းပြီ။ ပြင်ဆင်ကြစို့။ ငါတို့က မင်္ဂလာပွဲနှစ်ခု တက်ရမှာပဲ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
" ဒါနဲ့ ယောကျာ်း မင်းသားဖုစုအတွက် လက်ဆောင်အဖြစ် ဘာပေးဖို့ စီစဉ်ထားလဲ။ သူက အရှင်မင်းကြီးရဲ့ အကြီးဆုံးသားတော်ဖြစ်သလို အိမ်ရှေ့စံဖြစ်ဖို့ အလားအလာအရှိဆုံးသူပဲ။ သူ့ရဲ့ မင်္ဂလာလက်ဆောင်ကို သေချာပြင်ဆင်ဖို့လိုတယ်။ " ဝမ်ယန်က အကြံပေးလိုက်သည်။
" မစိုးရိမ်နဲ့။ သူ့အတွက် လက်ဆောင်ကို ငါပြင်ဆင်လိုက်ပါမယ်။ " ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်သည်။ သို့သော် သူ၏ စိတ်ထဲတွင် ထိုကိစ္စကို သိပ်အလေးအနက်မထားပေ။
ကျန်းထိုင်နန်းဆောင်။
" အရှင်မင်းကြီး အင်မော်တယ်ဝိုင်ခန်းမက ဖွင့်လှစ်လိုက်ပါပြီ။ အခြားနေရာတွေမှာလိုပဲ လာရောက်သူတွေ စည်ကားနေပါတယ်။ ဒါပေမယ့် ဟေးပင်းထိုင်က အဲ့ဒီနောက်ကွယ်ကလူနဲ့ အခြေအနေတွေကို သေချာစုံစမ်းနိုင်ခြင်းမရှိသေးပါဘူး။ ကျွန်တော်မျိုးရဲ့ ပျက်ကွက်မှုအတွက် အပြစ်ပေးပါ။ " သွမ်လောက ရိုသစွာ ပြောလိုက်သည်။
" ဒီလောက်အချိန်ကြာတာတောင် အင်မော်တယ်ဝိုင်ခန်းမရဲ့ အသေးစိတ်အချက်အလက်တွေကို မဖော်ထုတ်နိုင်သေးဘူးလား။ "
" ကျွန်တော်မျိုးက လျို့ဝှက်အစောင့်တွေကို အတွင်းကို ဝင်ရောက်ဖိုလ စေလွှတ်ခဲ့ပေမယ့် သူတို့ဝင်သွားတာနဲ့ ချက်ချင်း သိသွားပါတယ်။ ဝင်ရောက်ပြီး အခြေခံအလုပ်သမားဖြစ်တဲ့သူတွေတောင် သိပ်မကြာခင် အလုပ်ထုတ်ခံခဲ့ရပါတယ်။ အင်မော်တယ်ဝိုင်ခန်းမက လူတွေက ကျွန်တော်တို့ ဟေးပင်းထိုင်က လျို့ဝှက်အစောင့်တွေကို သိနေသလိုပါပဲ။ " သွမ်လောက နားမလည်နိုင်စွာဖြင့် ပြောလိုက်သည်။
" သူတို့က ဟေးပင်းထိုင်က လူတွေကို ခွဲခြားသိနိုင်တာလား။ " ရင်ကျန့်က အံ့ဩသွားသည်။
" အဲ့ဒါ အမှန်ပါပဲ အရှင်မင်းကြီး။ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း ကျွန်တော်မျိုးက လူပေါင်းတစ်ရာကျော်စေလွှတ်ပြီး စုံစမ်းခိုင်းခဲ့ပေမယ့် သူတို့ရဲ့ အသက်အရွယ် ကျားမမရွေး အားလုံးက အလုပ်ထုတ်ခံခဲ့ရပါတယ်။ "