အခန်း (၂၃၁-၂၃၂)
Vol. 24 Ch. 231-232
အခန်း။၂၃၁
"ကောင်းပါပြီဗျာ"
ဆိုင်ရှင်က ချန်ကျီရှင်းကို ပြုံးပြလိုက်ပြီးနောက် မီးဖိုချောင်ဘက်သို့ လှည့်ထွက်သွားသည်။
ထိုစဉ်မှာပင်
ကျွီ...
တံခါးပွင့်သံနှင့်အတူ သားရေဦးထုပ်ဆောင်းထားပြီး ခန့်ညားထည်ဝါသော မီးခိုးရောင်သားရေခြုံစောင်ကို လွှမ်းခြုံထားသည့် အမျိုးသမီးတစ်ဦး ခြေလှမ်းမှန်မှန်ဖြင့် ဆိုင်အတွင်းသို့ ဝင်ရောက်လာသည်။ သူမ၏ ဘယ်ဘက်နားရွက်တွင် ရွှေရောင်နားကပ်တွဲလဲလေးများမှာ လှုပ်ခတ်နေ၏။
"အို... ဘယ်လိုလေညင်းက တိုက်ခတ်လိုက်လို့ မမလေး ရောက်လာရတာလဲဗျာ"
ဆိုင်ရှင်သည် ထိုအမျိုးသမီးကို မြင်လိုက်ရသည်နှင့် အံ့အားသင့်သွားပြီးနောက် ချက်ချင်းပင် ဖော်ရွေသော အပြုံးဖြင့် ဆီးကြိုလိုက်သည်။
"မမလေးအတွက် အပေါ်ထပ်က သီးသန့်ခန်းကို အမြဲအဆင်သင့် ပြင်ထားပါတယ် ကြွပါခင်ဗျာ"
ဆိုင်ရှင်သည် အရိုအသေပေးကာ မီးဖိုချောင်ဘက်သို့ သုတ်ခြေတင်၍ ထွက်သွားတော့သည်။
ထိုအမျိုးသမီးမှာ အထက်တန်းလွှာ နောက်ခံရှိသူဖြစ်ကြောင်း ထင်ရှားလှပြီး သူမ၏ မောက်မာသော အကြည့်တို့က ဆိုင်အတွင်းရှိ စားသုံးသူအနည်းငယ်ကို ဝေ့ဝဲကြည့်လိုက်ပြီးနောက် အပေါ်ထပ်သို့ တက်ရန် ကိုယ်ကိုလှည့်လိုက်သည်။
သို့သော်လည်း သူမ၏ အကြည့်တို့ကို ရုပ်သိမ်းရန် ပြင်လိုက်စဉ်မှာပင် ဆိုင်၏ အစွန်ဆုံးထောင့်၌ ခမောက်များကို မျက်နှာကွယ်သည်အထိ ငိုက်စိုက်ဆောင်းထားသော လူသုံးဦးကို သတိပြုမိလိုက်သည်။
ထိုတစ်ချက်ကြည့်လိုက်ရုံမျှဖြင့် သားရေဦးထုပ်နှင့် အမျိုးသမီး၏ မျက်စိသူငယ်အိမ်များမှာ ပြင်းထန်စွာ ကျုံ့ဝင်သွားပြီး မှင်သက်အံ့ဩမှုများက သူမ၏ မျက်နှာထက်တွင် ချက်ချင်းပင် ဖြတ်ပြေးသွားတော့သည်။ သူမ၏ ညာလက်မှာလည်း သိသိသာသာ တုန်ရီလာခဲ့သည်။
ချန်ကျီရှင်း...
နောက်တစ်ခဏ၌ သူမသည် အသက်ကို အောင့်ထားရင်း တည်ငြိမ်မှုကို အတတ်နိုင်ဆုံး ထိန်းကာ ဖြည်းညှင်းစွာ ကိုယ်ကိုလှည့်၍ ဆိုင်ပြင်သို့ ပြန်ထွက်ရန် ပြင်လိုက်သည်။
သူမသည် ချန်ကျီရှင်းနှင့် တူကူးနီကို လူကိုယ်တိုင် မမြင်ဖူးသော်လည်း သူမ၏ ကုန်သည်အသင်းအတွက် အရင်းအမြစ်များ ပို့ဆောင်ပေးစဉ်က ဓာတ်ကြီးငါးပါး မိုးကြိုးဂိုဏ်းမှ ရှန်းယန်ကိုမူ အဝေးမှ လှမ်းမြင်ဖူးခဲ့သည်။
ထိုရှန်းယန်၏ ဘယ်ဘက်လက်တွင် လက်မမရှိဘဲ လေးချောင်းသာရှိသည်ကို သူမ ကောင်းကောင်းမှတ်မိနေသည်။ ထို့ကြောင့်ပင် ဤလူသတ်သမားနှစ်ဦးနှင့်အတူ ရှိနေသည့် လက်လေးချောင်းနှင့်လူမှာ ရှန်းယန်မှတစ်ပါး အခြားမဖြစ်နိုင်ကြောင်း သူမ ချက်ချင်းသိလိုက်ခြင်းပင်။
"ဓာတ်ကြီးငါးပါး မိုးကြိုးဂိုဏ်းက ရှန်းယန်က ချန်ကျီရှင်း၊ တူကူးနီတို့နဲ့အတူ သစ္စာဖောက်ပြီး ထွက်ပြေးသွားတာ ကြာပြီ"
"အခု သူက ဒီမှာရှိနေတယ်ဆိုရင် ဘေးကလူနှစ်ယောက်ကတော့ ကျိန်းသေပေါက်... ချန်ကျီရှင်းနဲ့ တူကူးနီပဲ ဖြစ်ရမယ်"
သူမသည် တုန်လှုပ်နေသော စိတ်ကို အတတ်နိုင်ဆုံး ထိန်းချုပ်နေရသော်လည်း အင်္ကျီလက်စအတွင်းမှ လက်များမှာ တုန်ရီနေပြီး လက်ဝါးများတွင်လည်း ချွေးစေးများ စိုရွှဲနေခဲ့သည်။
ဇီဝေချန်မိသားစုရဲ့ ချန်ကျီရှင်း….
အကယ်၍သာ ဤလူ၏ သတင်းကို စီကုန်းမျိုးနွယ်စုထံ ပေးပို့နိုင်ပါက သူမသည် ကြီးကျယ်သော ဆုလာဘ်များကို ရရှိမည်မှာ သေချာသည်။ ဤရှုံ့ရှီးမြို့ကဲ့သို့သော လူသူကင်းမဲ့သည့် နေရာမှ လွတ်မြောက်ပြီး စီကုန်းမျိုးနွယ်စု၏ အတွင်းအသိုင်းအဝိုင်းထဲသို့ပင် ဝင်ရောက်နိုင်ပေလိမ့်မည်။
"ဟားဟား... ကောင်းကင်ဘုံက ငါ့အပေါ် မျက်နှာသာပေးလိုက်တာပဲ။ ချန်ကျီရှင်းက ရှုံ့ရှီးမြို့ကို ရောက်လာပြီး ငါနဲ့ တည့်တည့်တိုးရတယ်လို့"
သူမသည် ဝမ်းသာအားရဖြစ်ကာ အနာဂတ်အတွက် စိတ်ကူးယဉ်နေစဉ်မှာပင် ရုတ်တရက် ကျောပြင်မှ ဆွဲအားတစ်ခု ပေါ်လာသည်။ အမျိုးသမီးသည် မြင်ကွင်းများ ဝေဝါးသွားပြီး သတိပြန်ဝင်လာချိန်တွင်မူ ချန်ကျီရှင်း၏ ဘေးတွင် ကပ်လျက်သား ထိုင်နေသည်ကို တွေ့လိုက်ရတော့သည်။
"မမလေး... ကျွန်တော်တို့ကို ကြည့်ပြီးမှ ဘာလို့ ဒီလောက် အလောတကြီး ပြန်ထွက်သွားရတာလဲ"
ချန်ကျီရှင်း၏ အသံမှာ အေးဆေးတည်ငြိမ်လွန်းလှသော်လည်း ထိုအမျိုးသမီးအတွက်မူ သေမင်း၏ တိုးညှင်းသော ခေါ်သံကဲ့သို့ပင်။
သူသည် လက်ကိုလှမ်းလိုက်ပြီး သားရေဦးထုပ်နှင့် အမျိုးသမီး၏ ကျောပြင်ထက်တွင် ဝဲကျနေသော ဆံနွယ်ရှည်များကို လက်ချောင်းများဖြင့် အသာအယာ ဆော့ကစားကာ ဆံဖျားလေးများကို လက်ထိပ်တွင် ရစ်ပတ်နေခဲ့သည်။
နတ်ဘုရားစိတ်အာရုံတာအိုကို အထွတ်အထိပ်အထိ တတ်မြောက်ထားသူတစ်ဦးအတွက်မူ သူအပေါ်ထားရှိသော မည်သည့်မကောင်းသော စိတ်အာရုံမဆိုသည် မှောင်မိုက်သောညဉ့်ယံအတွင်းရှိ ပိုးစုန်းကြူးတစ်ကောင်ကဲ့သို့ ထင်ရှားလှသည်။
တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် ဤအမျိုးသမီး၌ တစ်စုံတစ်ခု ထူးခြားနေသည်ကို သူ ရိပ်မိလိုက်ပြီဖြစ်သည်။
ထိုအမျိုးသမီးမှာမူ ချန်ကျီရှင်း၏ စကားကြောင့် တစ်ကိုယ်လုံး တုန်ရီသွားသော်လည်း သူမ၏ ဆံနွယ်များကို ဆော့ကစားနေသည်ကို ငြိမ်ခံနေရုံမှတစ်ပါး မလှုပ်ရှားရဲချေ။
"လူကြီးမင်းတို့ ဘာတွေပြောနေတာလဲဆိုတာ ကျွန်မ တကယ်ပဲ နားမလည်ပါဘူးရှင်။ အခုမှ ကုန်သည်အသင်းမှာ အရေးကြီးကိစ္စတစ်ခုရှိတာ သတိရလို့ အမြန်ပြန်ပြီး ကိုင်တွယ်မလို့ပါ"
သူမသည် မလှုပ်မယှက်ဖြစ်နေသော မျက်နှာဖြင့် အတင်းအကြပ် ပြုံးလျက် ပြန်ပြောလိုက်သည်။
"ဟုတ်လို့လား..."
ချန်ကျီရှင်း၏ စကားအဆုံးတွင် သူမ၏ ဆံနွယ်များကို အသာအယာ ဆော့ကစားနေသော လက်ချောင်းများက ရုတ်တရက် ဓားတစ်စင်းကဲ့သို့ ထက်မြက်သွားပြီး သူမ၏ ကျောပြင်အရေပြားပေါ်သို့ တစ်လက်မချင်း ဖိနှိပ်လာတော့သည်။
ကျောပြင်မှ စုတ်ပြဲသွားမတတ် နာကျင်မှုကို ခံစားလိုက်ရသည်နှင့်တစ်ပြိုင်နက် အမျိုးသမီး၏ နှလုံးခုန်သံမှာ ကစဉ်းကလျား ဖြစ်သွားရသည်။ သူမတို့၏ မည်သူမည်ဝါဖြစ်ကြောင်းကို သူမ ရိပ်မိသွားသည်ကို ချန်ကျီရှင်းက သိရှိသွားပြီဖြစ်ကြောင်း သူမ နားလည်လိုက်ပြီ ဖြစ်သည်။
ဘုတ်….
နောက်ထပ် မတောင့်ခံနိုင်တော့သည့်အဆုံး အမျိုးသမီးမှာ ချန်ကျီရှင်း၏ ရှေ့တွင် ဒူးထောက်ကျသွားပြီး ထိတ်လန့်တကြား အသနားခံတော့သည်။
"မလုပ်ပါနဲ့... တတိယသခင်လေး ကျွန်မအသက်ကို ချမ်းသာပေးပါ ကျွန်မက စီကုန်းမျိုးနွယ်စုရဲ့ လက်အောက်က ဘာမှမဟုတ်တဲ့ လူတစ်ယောက်ပါ။ ကျေးဇူးပြုပြီး ကျွန်မကို လွှတ်ပေးပါ"
ပြောနေရင်းနှင့်ပင် သူမသည် ဆိုင်အတွင်းရှိ အခြားသူများ သတိပြုမိစေရန်နှင့် ကုန်သည်အသင်းထံမှ အကူအညီတောင်းခံနိုင်ရန် မျှော်လင့်ချက်ဖြင့် ဟိုဟိုဒီဒီ ကြည့်လိုက်မိသည်။ သို့သော်လည်း သူမ ထိတ်လန့်သွားရသည်မှာ ဆိုင်အတွင်းရှိ စားသုံးသူအားလုံးက ဘာမှမဖြစ်သကဲ့သို့ အေးဆေးနေကြပြီး သူတို့၏ စိတ်အာရုံများမှာ မြူနှင်းများ ဖုံးလွှမ်းခံထားရသကဲ့သို့ ဖြစ်နေခြင်းပင်။
"ခုနကတော့ နားမလည်ဘူးလို့ ပြောနေပြီးတော့"
ချန်ကျီရှင်းက ခပ်တိုးတိုး ရယ်မောလိုက်ပြီးနောက် လက်ကိုလှမ်းကာ အမျိုးသမီး၏ ချောမွေ့သော မေးစေ့ကို ဆွဲမလိုက်ပြီး ပြောလိုက်သည်။
"မင်းကို လွှတ်ပေးဖို့ဆိုတာ လွယ်ပါတယ်။ ကစားပွဲလေးတစ်ခု ကစားကြတာပေါ့"
"ဘ... ဘယ်လို ကစားပွဲလဲရှင်"
သူမ၏ အသံမှာ တုန်ရီနေသည်။
ချန်ကျီရှင်းသည် သူမ၏ မေးစေ့ကို ကိုင်ထားရင်း ရှေ့သို့ ကိုယ်ကို အနည်းငယ် ကိုင်းလိုက်ကာ ပြုံးလျက် ပြောလိုက်သည်။
"ကျွန်တော်က ကြက်သွန်မြိတ် မကြိုက်ဘူး။ အဲဒီတော့ ဆိုင်ရှင်က အမဲသားခေါက်ဆွဲထဲမှာ ကြက်သွန်မြိတ် ထည့်လာမလား မထည့်လာဘူးလားဆိုတာကို လောင်းကြေးထပ်ရအောင်"
"တကယ်လို့ ကြက်သွန်မြိတ်ပါလာရင်... မင်း သေရမယ်"
"တကယ်လို့ ကြက်သွန်မြိတ်မပါရင်တော့... ကျွန်တော် ထွက်သွားပေးမယ်"
"ဘယ်လိုလဲ"
ပြောပြီးသည်နှင့် ချန်ကျီရှင်းက သူမ၏ မေးစေ့ကို လွှတ်လိုက်ပြီး ကိုယ်ကို ပြန်မတ်လိုက်သည်။
"ကြက်သွန်မြိတ် ဟုတ်လား"
အမျိုးသမီးမှာ မြေပြင်မှ ချက်ချင်း ထရပ်လိုက်သည်။ ချန်ကျီရှင်း၏ ရည်ရွယ်ချက်အစစ်အမှန်ကို သူမ မသိသော်လည်း အလျှင်အမြန်ပင် ခေါင်းညိတ်လိုက်မိသည်။
ခဏအကြာတွင်
"လာပြီဗျို့"
ဆိုင်ရှင်သည် ခေါက်ဆွဲသုံးပန်းကန် ပါရှိသော လင်ဗန်းကို ကိုင်ဆောင်ကာ မီးဖိုချောင်အတွင်းမှ ပြုံးရွှင်စွာ ထွက်လာသည်။
"ဟင် မမလေးက အပေါ်ထပ် မတက်သေးဘူးလား"
သားရေဦးထုပ်နှင့် အမျိုးသမီးမှာ ချန်ကျီရှင်း၏ နောက်တွင် ရပ်နေသည်ကို မြင်သောအခါ ဆိုင်ရှင်မှာ အနည်းငယ် အံ့အားသင့်သွားသည်။ သူမသည် ဆိုင်ရှင်ကို အတင်းအကြပ် ပြုံးပြလိုက်သော်လည်း စကားတစ်လုံးမျှ မဟရဲချေ။
နောက်တစ်ခဏ၌ သူမ၏ အကြည့်တို့သည် လင်ဗန်းပေါ်ရှိ အမဲသားခေါက်ဆွဲများပေါ်သို့ စူးစိုက်ကျရောက်သွားသည်။ သူမသည် အသက်ကို အောင့်ထားမိပြီး နှလုံးသားမှာလည်း ရင်ဘတ်ထဲမှ ခုန်ထွက်တော့မည့်အလား ခံစားနေရသည်။
"လူကြီးမင်း... ဒီမှာ ခေါက်ဆွဲ ရပါပြီ။ လူကြီးမင်း ကြက်သွန်မြိတ် မကြိုက်ဘူးလို့ မှာထားတဲ့အတိုင်း တစ်စိတောင် မပါစေရပါဘူးဗျာ"
ဆိုင်ရှင်က အမဲသားခေါက်ဆွဲပန်းကန်များကို ချန်ကျီရှင်းတို့ ရှေ့သို့ ချပေးရင်း နဖူးမှ ချွေးများကို သုတ်ကာ ပြုံးလျက် ပြောလိုက်သည်။
အခန်း။ ၂၃၂
ချန်ကျီရှင်းသည် သူ၏ရှေ့ရှိ ခေါက်ဆွဲပန်းကန်ကို ငုံ့ကြည့်လိုက်ရာ စိမ်းစိမ်းစိုစို အရောင်အဆင်း တစ်စုံတစ်ရာမျှပင် မရှိသည်ကို အမှန်တကယ် မြင်တွေ့လိုက်ရသည်။
ထိုခဏချင်းမှာပင်
"ကျွန်မ နိုင်ပြီ"
သားရေဦးထုပ်နှင့် အမျိုးသမီးသည် အတိုင်းအထက်အလွန် ဝမ်းသာသွားပြီး စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသော မျက်နှာဖြင့် ချန်ကျီရှင်းကို ကြည့်လိုက်သည်။ ချန်ကျီရှင်းမှာ အနည်းငယ် အံ့အားသင့်သွားသော်လည်း သူကလည်း ပြုံးလိုက်မိ၏။
"မှန်တယ်... မင်း နိုင်သွားပြီ"
ဘုန်း….
ရုတ်တရက် ချန်ကျီရှင်းက သူ၏လက်ချောင်းကို တစ်ချက်မျှ တောက်လိုက်ရုံဖြင့် ခဏကတင် သူနှင့် ဇီဝေချန်မိသားစုကို ဆဲဆိုကြိမ်ဆဲနေခဲ့သော ဆိုင်ရှင်၏ ဦးခေါင်းမှာ ရုတ်ချည်း ပေါက်ကွဲထွက်သွားတော့သည်။ သွေးစိုင်သွေးခဲများမှာ သားရေဦးထုပ်နှင့် အမျိုးသမီး၏ တစ်ကိုယ်လုံးသို့ စင်ဟပ်သွားတော့၏။
"ဒါပေမဲ့... ကျွန်တော်က အမဲသားကိုလည်း မကြိုက်ဘူးဗျ"
ချန်ကျီရှင်း၏ မျက်ဝန်းကျဉ်းလေးများမှာ ပိုမိုကျဉ်းမြောင်းသွားပြီး သူက တိုးညှင်းစွာ ရယ်မောလိုက်သည်။
"အား"
အမျိုးသမီးမှာ တစ်ကိုယ်လုံး တောင့်တင်းသွားပြီးနောက် ရင်ထဲမှ ထိတ်လန့်မှုကို မထိန်းနိုင်တော့ဘဲ ကြောက်လန့်တကြား အော်ဟစ်လိုက်တော့သည်။ သို့သော်လည်း ချန်ကျီရှင်း၏ နတ်ဘုရားစိတ်အာရုံဖြင့် အသိတရားများ ဝေဝါးနေသော အရက်သမား ဧည့်သည်များမှာမူ ဘာကိုမျှ သတိမပြုမိကြဘဲ သူတို့ဘာသာသူတို့ ပျော်မြူးနေကြဆဲပင်။
ချန်ကျီရှင်းသည် ထိတ်လန့်တုန်ရီနေသော ထိုလှပသည့် အမျိုးသမီးကို ကြည့်ရင်း သူမကို သတ်ပစ်ရန် ဆုံးဖြတ်ချက်မှာ အနည်းငယ် ပြောင်းလဲသွားသည်။ စီကုန်းမျိုးနွယ်စုက သူ့ကို သေမိန့်ထုတ်ထားမှတော့ သူကလည်း စီကုန်းမျိုးနွယ်စုကို လက်ဆောင်တစ်ခု ပြန်ပေးသင့်သည်။
"ရှင်ချင်လား"
"လာ... ခန္ဓာကိုယ်ကို လှည့် ….. ကျောပေးထားပြီး စားပွဲပေါ်မှာ မှောက်လိုက်စမ်း"
ချန်ကျီရှင်း၏ စကားမှာ တည်ငြိမ်လှသော်လည်း ငြင်းဆန်ရန် မဖြစ်နိုင်သော အရှိန်အဝါမျိုး ပါဝင်နေသည်။ ကြောက်လန့်တကြားဖြစ်နေသော အမျိုးသမီးမှာ တုန်တုန်ရီရီဖြင့် ချန်ကျီရှင်း၏ ရှေ့ရှိ စားပွဲပေါ်တွင် မှောက်ချလိုက်တော့သည်။
ချန်ကျီရှင်းသည် ဘေးနားရှိ စားပွဲပေါ်မှ ခဲပျစ်လှသော သွေးများထဲသို့ သူ၏ လက်ချောင်းကို နှစ်လိုက်ပြီးနောက် အမျိုးသမီး၏ တင်းရင်းချောမွေ့သော ကျောပြင်ထက်တွင် စာလုံးတစ်လုံးကို ရေးသားလိုက်သည်။
"ကဲ... သွားတော့။ ဒီစာလုံးကို ရှုံ့ရှီးမြို့မှာရှိတဲ့ စီကုန်းမျိုးနွယ်စုရဲ့ တပ်မှူးဆီကို သွားပို့ပေးလိုက်"
သူ၏ စကားအဆုံးတွင် ချန်ကျီရှင်းသည် ရှန်းယန်နှင့် တူကူးနီတို့ကို ကြည့်ကာ ပြုံးလျက် ခေါင်းတစ်ချက် ညိတ်ပြလိုက်ပြီးနောက် ဆိုင်အတွင်းမှ တိတ်တဆိတ် ပျောက်ကွယ်သွားတော့သည်။
သားရေဦးထုပ်နှင့် အမျိုးသမီးမှာမူ ဘေးနားရှိ စားသုံးသူများ၏ စကားသံများကို ပြန်ကြားရသည့်တိုင်အောင် တစ်စုံတစ်ရာမျှပင် မလှုပ်ရှားရဲဘဲ ကျောက်ရုပ်ကဲ့သို့ မှောက်နေရှာတော့သည်။
ထိုအခါမှသာ ချန်ကျီရှင်းနှင့် ကျန်လူနှစ်ဦးမှာ လွန်ခဲ့သော အချိန်အတော်ကြာကတည်းက ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ကြောင်း သူမ သတိပြုမိတော့သည်။
နောက်တစ်ခဏတွင်မူ သားရေဦးထုပ်နှင့် အမျိုးသမီးသည် မြို့စားမင်း၏ အိမ်တော်ဆီသို့ ခပ်သုတ်သုတ် ပြေးထွက်သွားတော့သည်။
တစ်နာရီ၏ လေးပုံတစ်ပုံခန့် ကြာပြီးနောက် မြို့စားမင်း၏ အိမ်တော်အတွင်းမှ အလွန်အမင်း ဒေါသထွက်နေသော အသံကြီး တစ်ခု ထွက်ပေါ်လာသည်။
“ချန်ကျီရှင်း ငါတို့ စီကုန်းမျိုးနွယ်စုက မင်းကို အမှုန့်မဖြစ်ဖြစ်အောင် မချေမှုန်းနိုင်ဘူးဆိုရင်... ငါတို့ လူအဖြစ် မခံတော့ဘူး”
ရှုံ့ရှီးမြို့ တစ်မြို့လုံးမှာလည်း ချက်ချင်းပင် ဆူညံပွက်လောရိုက်သွားပြီး ထိတ်လန့်တုန်လှုပ်မှု လှိုင်းလုံးကြီးများ ရိုက်ခတ်သွားတော့သည်။
ရှုံ့ရှီးမြို့၏ ရုန်းရင်းဆန်ခတ် ဖြစ်ရပ်များနှင့် နှိုင်းယှဉ်ပါက ချန်ကျီရှင်းနှင့် သူ၏အဖော်များမှာ မိုင်ပေါင်းရာချီ ဝေးကွာသော နေရာသို့ ရောက်ရှိနေပြီ ဖြစ်သည်။
ရှန်းယန်က သူ၏ခေါင်းကို လှည့်ကာ စပ်စုချင်စိတ်ဖြင့် မေးလိုက်၏။
“တတိယသခင်လေး... စီကုန်းမျိုးနွယ်စုက အဲဒီအမျိုးသမီးရဲ့ ကျောပေါ်မှာ ဘယ်လိုစာလုံးမျိုး ရေးခဲ့တာလဲဗျ”
ချန်ကျီရှင်းက ပြုံးလျက် စကားတစ်လုံးကို ပြောလိုက်သည်။
“စိုစွတ်ခြင်း"
...
...
မျက်တောင်တစ်ခတ်အတွင်းမှာပင် နှစ်ရက်တာ အချိန်မှာ လက်ဖျစ်တစ်ချက်တီးသကဲ့သို့ ကုန်ဆုံးသွားခဲ့ကာ ချန်ကျီရှင်းအတွက်မူ ရှုံ့ရှီးမြို့မှ ဖြစ်ရပ်မှာ အရေးမပါသော ကြားဖြတ်ဇာတ်လမ်းလေး တစ်ခုမျှသာ။
စီကုန်းမျိုးနွယ်စု၏ ဝါဒဖြန့်မှုများကြောင့် ဦးနှောက်ဆေးခြင်း ခံထားရပြီး သူ့ကို အစိမ်းလိုက်ဝါးစားချင်နေသော ဆိုင်ရှင်ကိုမူ ချန်ကျီရှင်းအနေဖြင့် မည်သည့်ကရုဏာမျှ ထားရှိမည် မဟုတ်ပေ။
စီကုန်းမျိုးနွယ်စုသည် သူ့နောက်သို့ အရိပ်ပမာ မပြတ်လိုက်နေသည်မှာ ထင်ရှားလှသည်။ ထို့ကြောင့် စီကုန်းမျိုးနွယ်စု၏ လက်ပါးစေနှင့် အသိုင်းအဝိုင်းများကို သူ သတ်နိုင်သမျှ သတ်ပစ်မည်သာ ဖြစ်သည်။
အကယ်၍ စီကုန်းမျိုးနွယ်စုသာ ယန်ကျိုးနယ်မြေသို့ သွားရောက်ပြီး ဇီဝေချန်မိသားစု၏ ထောက်ခံသူများနှင့် ရင်ဆိုင်ရပါက စီကုန်းမျိုးနွယ်စု၏ နည်းလမ်းများမှာ ယခုထက်ပင် ပိုမိုရက်စက်ကြလိမ့်မည်။
ထို့ကြောင့်လည်း ချန်ကျီရှင်း၏ စိတ်ထဲတွင် တစ်စုံတစ်ရာမျှ အပြစ်ရှိသကဲ့သို့ ခံစားမနေတော့ခြင်းပင်။
နှစ်ရက်အကြာတွင် တောင်တန်းကို အမှီပြု၍ တည်ဆောက်ထားသော ခမ်းနားထည်ဝါသည့် မြို့တော်ကြီးတစ်ခုမှာ ချန်ကျီရှင်း၏ ရှေ့မှောက်သို့ ပေါ်ထွက်လာသည်။ အဝေးမှကြည့်လျှင်ပင် ရှေးဟောင်းမြို့တံခါးကြီးထက်၌ ထွင်းထုထားသော နတ်ဘုရားတံခါး မြို့တော်ဟူသည့် စာလုံးကြီးသုံးလုံးကို ချန်ကျီရှင်း မြင်တွေ့လိုက်ရသည်။
ချန်ကျီရှင်းသည် အသက်ကို ပြင်းပြင်းရှူလိုက်ရင်း သူ၏ မျက်ဝန်းများအတွင်း လေးနက်မှု အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
စီကုန်းမျိုးနွယ်စု၏ ခြိမ်းခြောက်မှုနှင့် နှိုင်းယှဉ်ပါက
ချန်ကျီရှင်းမှာ ကောင်းကင်ဘုံ ရွေးချယ်ခံ ဇာတ်လိုက် ကိုးဦးအနက် တစ်ဦးဖြစ်သည့် လီမိသားစု၏ ဘိုးဘေး လီချန်ရှန်းကို ပို၍ပင် အာရုံစိုက်ကာ စိုးရိမ်နေမိတော့သည်။
ဤသူမှာ လီဟွာထျန်းနှင့် နှိုင်းယှဉ်၍မရနိုင်လောက်အောင် သာလွန်သည့် စစ်မှန်သော နိဗ္ဗာန်နနယ်ပယ် အင်အားကြီးပုဂ္ဂိုလ်တစ်ဦး ဖြစ်ရုံသာမက သားသမီးများလေ လာဘ်လာဘ ပိုရလေဟူသော ထူးခြားသည့် နည်းလမ်းကို အသုံးပြုကာ သူ၏မျိုးဆက်များမှတစ်ဆင့် မရေမတွက်နိုင်သော နတ်ဘုရားခန္ဓာကိုယ်များ၊ ကျင့်စဉ်များနှင့် နတ်ဘုရားပညာရပ်များကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။
ဤသူသည်သာ ချန်ကျီရှင်း၏ စစ်မှန်သော ကြောက်မက်ဖွယ် ရန်သူတော်ကြီးပင်။
သူ၏ အန္တရာယ်ရှိမှု အဆင့်အတန်းမှာ မုန့်ဟဲတုန်းထက်ပင် များစွာ သာလွန်နေတော့သည်။
“လာစမ်းပါ လီချန်ရှန်း...”
ချန်ကျီရှင်းသည် သူ၏ခမောက်အနားသတ်ကို အောက်သို့ ဆွဲနှိမ့်လိုက်ပြီး နတ်ဘုရားတံခါး မြို့တော်အတွင်းသို့ ခြေလှမ်းကျဲကြီးများဖြင့် လှမ်းဝင်လိုက်တော့သည်။
...
...
တစ်နာရီခန့် ကြာပြီးနောက် နတ်ဘုရားတံခါး မြို့တော်၊ မုန့်ပုန့်လမ်းကြားရှိ ဝါးခြံစည်းရိုး ခတ်ထားသော အိမ်ရာလေးတစ်ခုအတွင်း၌ ချန်ကျီရှင်းသည် ဝါးကုလားထိုင်တစ်ခုပေါ်တွင် လဲလျောင်းနေပြီး ဝင်လုဆဲဆဲ နေမင်း၏ ရွှေရောင်အလင်းတန်းများမှာ သူ၏မျက်နှာထက်သို့ ကျရောက်နေသဖြင့် ခန့်ညားချောမောသော သူ၏ရုပ်သွင်မှာ ရွှေရောင်အလွှာပါးလေး ဖုံးလွှမ်းထားသကဲ့သို့ တောက်ပနေသည်။
မြေခွေးမျက်ဝန်းများဖြင့် ဆွဲဆောင်မှုရှိလှသော်လည်း သနားစဖွယ် နုနယ်ပုံရသည့် အလွန်လှပသော အမျိုးသမီးတစ်ဦးမှာ ချန်ကျီရှင်း၏ နောက်တွင် ရပ်နေပြီး သူမ၏ ဖြူဖွေးသွယ်လျသော လက်ချောင်းလေးများဖြင့် သူ၏ပခုံးကို ညင်သာစွာ နှိပ်နယ်ပေးနေသည်။
“သခင်လေး... ချင်းကျိ လီအိမ်တော်ထဲကို ဝင်သွားနိုင်ခဲ့ပေမဲ့ လီချန်ရှန်းရဲ့ သဘာဝက အရမ်းကို တည်ငြိမ်လွန်းပါတယ်။ သူက ချင်းကျိကို လက်ခံလိုက်ပေမဲ့ စွဲစွဲလန်းလန်း ဖြစ်မနေဘူး။ ချင်းကျိကို သားသမီးရဖို့အတွက် ကိရိယာတစ်ခုလို သဘောထားနေပုံပဲ”
“ချင်းကျိ သူ့အနားကို တကယ်တမ်း နီးနီးကပ်ကပ် မကပ်နိုင်သေးဘူး ဖြစ်နေတယ်”
ချန်ချူးအာက ဘေးနားမှ တိုးညှင်းစွာ သတင်းပို့လိုက်သည်။ ချန်ကျီရှင်းက ခေါင်းညိတ်လိုက်ပြီး တည်ငြိမ်စွာ ဆိုလိုက်၏။
“လီချန်ရှန်းက လူ့လောကရဲ့ သိုင်းလောကထဲမှာ နှစ်ပေါင်းရာချီ ကျင့်ကြံလာပြီး အခုဆို နိဗ္ဗာန်နနယ်ပယ် အင်အားကြီးပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေပြီ။ အကယ်၍ သူသာ အလှအပလေးနဲ့တင် အလွယ်တကူ မိန်းမောသွားမယ်ဆိုရင် အဲဒါမှ တကယ့်ပြဿနာပဲ”
ဘေးမှ စောင့်ကြည့်နေသော တူကူးနီသည် ချင်းကျိကို တစ်ချက်ကြည့်ကာ မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။
“ချင်းချိုး မြေခွေးမိစ္ဆာလား”
“သခင်လေး... ချင်းချိုးမြေခွေးမိစ္ဆာတွေက မွေးရာပါ ဆွဲဆောင်မှုအတတ်မှာ ကျွမ်းကျင်ကြပြီး အရမ်းကို ကောက်ကျစ်ကြတယ်။ သူတို့ ပေါ်လာပြီဆိုရင် လောကကြီး ပျက်စီးတော့မယ့် နိမိတ်ပဲ။ သူတို့ကို ဘေးဒုက္ခပေးတဲ့ အလှနတ်ဘုရားမတွေလို့ သတ်မှတ်ကြတယ်။ ရှေးဟောင်းမှတ်တမ်းတွေအရဆိုရင် ချင်းချိုးမြေခွေးမိစ္ဆာတွေက ကပ်ဘေးနဲ့ ဒုက္ခတွေကို ကိုယ်စားပြုပြီး ရှေးခေတ်က အင်အားကြီး ပုဂ္ဂိုလ်များစွာက သူတို့ကြောင့် ပျက်စီးခဲ့ရတာ။ သခင်လေးအနေနဲ့ သူတို့နဲ့ ခပ်ခွာခွာနေတာ အကောင်းဆုံးပါပဲ”
ထိုစကားအဆုံးတွင် ချင်းကျိသည် သူမ၏ လှပသော မျက်ဝန်းများဖြင့် စိုက်ကြည့်ကာ ပြန်ပြောလိုက်သည်။
“ဒီအဖိုးကြီးကတော့... ငါ့ရဲ့ မျိုးရိုးဇာတ်မြစ်ကို ကြည့်ပြီး ငါ့ကို ဘာလို့ ဒီလောက်တောင် ကဲ့ရဲ့နေရတာလဲ”
တူကူးနီက အေးစက်စွာ တုံ့ပြန်လိုက်၏။
“ငါ သခင်လေးနဲ့ စကားပြောနေတာ မင်း ဘာလို့ ကြားဖြတ်ပြောနေရတာလဲ”
“ရှင်က ကျွန်မကို မဟုတ်မမှန် စွပ်စွဲနေတာကို ကျွန်မက ပြန်မပြောရဘူးလား”
ချင်းကျိမှာ ဒေါသထွက်ကာ မကျေမနပ် ဖြစ်သွားတော့သည်။
သူတို့နှစ်ဦး အခြေအတင် ဖြစ်တော့မည့်ဆဲဆဲတွင်
“တော်ကြတော့"
ချန်ကျီရှင်းက ပြုံးလျက် လက်ကာပြလိုက်ပြီး “အပြင်လောကမှာတော့ သူက သတ္တဝါတွေကို ဒုက္ခပေးတဲ့ အလှဘုရားမ ဖြစ်နိုင်ပေမဲ့။ အခု ငါတို့ ချန်မိသားစုထဲကို ရောက်လာပြီဆိုတော့ အစွဲတွေကို ဘေးဖယ်ထားလိုက်ကြပါ။ သူက ကြင်နာတတ်ပြီး နားလည်မှုရှိတဲ့ ညီမလေးတစ်ယောက်ပါ” ဟု ပြောလိုက်သည်။
ထိုစကားကို ကြားရသောအခါ ချင်းကျိသည် ချက်ချင်းပင် မျက်လုံးလေးများ လခြမ်းကွေးဖြစ်သွားသည်အထိ ပြုံးလိုက်ပြီး လျှာလေးထုတ်ကာ “သခင်လေးက တကယ်ကို ပညာရှိပြီး အကျိုးအကြောင်း သိတတ်တာပဲ။ ဒီစိတ်တိုစရာကောင်းပြီး ပျင်းစရာကောင်းတဲ့ အဖိုးကြီးနဲ့ မတူဘူး” ဟု ပြောလိုက်သည်။
ပြောနေရင်းနှင့်ပင် ချင်းကျိသည် စပျစ်သီးတစ်လုံးကို အခွံနွှာကာ ချန်ကျီရှင်း၏ ပါးစပ်အတွင်းသို့ ညင်သာစွာ ခွံ့ပေးလိုက်သည်။ တူကူးနီမှာ စကားပြောရန် အကြိမ်ကြိမ် ပြင်လိုက်သော်လည်း နောက်ဆုံးတွင်မူ ခါးသက်သက် ပြုံးလိုက်ရုံမှတစ်ပါး အခြားမရှိတော့ချေ။
ထားလိုက်ပါတော့လေ...
အပြင်လောကမှာ သူ၏ နာမည်ဂုဏ်သတင်းကလည်း ချင်းချိုးမြေခွေးမိစ္ဆာထက် သိပ်ပိုကောင်းနေသည်တော့ မဟုတ်ပေ။
ဒါပေမဲ့လည်း... သခင်လေးရဲ့ ဘေးနားမှာရှိတဲ့ လူတွေက မိစ္ဆာတွေ၊ သူခိုးတွေ၊ မြေခွေးမိစ္ဆာတွေ ဒါမှမဟုတ် လမ်းစဉ်က လွဲနေတဲ့သူတွေချည်းပါပဲလား။ တစ်ယောက်မှ လမ်းမှန်ပေါ်ကလူ မပါဘူး။
အရိုးအသားဆုံးလို့ ထင်ရတဲ့ ရှန်းယန်တောင်မှ အခုဆိုရင် အပြင်လောကမှာ ဆရာသမားကို သစ္စာဖောက်တဲ့သူ၊ ပုန်ကန်တတ်တဲ့သူလို့ နာမည်တပ်ခံထားရပြီ။
တူကူးနီ တစ်ယောက် သက်ပြင်းကိုသာ ခပ်တိုးတိုး ချလိုက်မိတော့သည်။
“သခင်လေး... ချင်းကျိ လီချန်ရှန်းနဲ့ ပတ်သက်နေတဲ့ အချိန်အတွင်းမှာ သတင်းအချက်အလက် အများကြီး မရသေးပေမဲ့ လုံးဝ အချည်းနှီး ဖြစ်သွားတာတော့ မဟုတ်ပါဘူး”
ချင်းကျိက တစ်စုံတစ်ခုကို သတိရသွားပုံရကာ လေးလေးနက်နက် ပြောလိုက်သည်။
“အို ပြောပါဦး”
ချန်ကျီရှင်း မျက်ခုံးပင့်လိုက်မိ၏။
ချင်းကျိက စဉ်းစားပြီး ပြောပြသည်။
“လီချန်ရှန်းက စီကုန်းမျိုးနွယ်စုကို သစ္စာခံပြီး သူတို့အတွက် အလုပ်လုပ်ပေးဖို့ သဘောတူထားတယ်ဆိုပေမဲ့ သူ့ရဲ့ စရိုက်က မဆိုးပါဘူး။ စီကုန်းမျိုးနွယ်စုနဲ့ ပူးပေါင်းတာကလည်း မဖြစ်မနေ အခြေအနေကြောင့် ဖြစ်ပုံပဲ။ သူက သခင်လေးအပေါ်မှာ မလိုမုန်းထားစိတ် ရှိနေပုံ မရဘူး”
“သခင်လေး... ကျွန်မ အထင်တော့ လီချန်ရှန်းရဲ့ သဘောထားကို စမ်းသပ်ကြည့်ဖို့ အခွင့်အရေးတစ်ခု ရှာသင့်တယ် ထင်တယ်”
“အဲဒီလိုလား”
ချန်ကျီရှင်း၏ မျက်ဝန်းများမှာ မရေမရာဖြင့် အရောင်တောက်သွားသည်။
ထိုစဉ်မှာပင် ချန်ကျီရှင်း၏ ခါးတွင် ချိတ်ဆွဲထားသော ဆက်သွယ်ရေး အဆောင်လက်ဖွဲ့ အများအပြားမှာ တစ်ပြိုင်နက်တည်း တောက်ပလာသည်။ သူသည် အဆောင်များကို ယူကြည့်လိုက်ရာ “အကြီးအကဲမဟူရာ ဦးဆောင်တဲ့ မှောင်မိုက်ဌာနခွဲနဲ့ ထိုပါးတောင်ထိပ်သခင်တို့ အားလုံး ဟွိုင်ကျိုးကို ဦးတည်လာနေကြပြီလား”
ချန်ကျီရှင်းသည် ဆက်သွယ်ရေး အဆောင်များကို ပြန်ချလိုက်ပြီးနောက် နေဝင်ဆည်းဆာ အလှကို မော့ကြည့်လိုက်သည်။ သူသည် တစ်စုံတစ်ခုကို စဉ်းစားနေပုံရပြီး လက်ချောင်းလေးများဖြင့် ဝါးကုလားထိုင်၏ လက်တင်ကို အသာအယာ တောက်နေ၏။
နောက်တစ်ခဏ၌
“ရှန်းယန်... ဒီနေ့ ညသန်းခေါင်မှာ နာမည်အရင်းကို ဖုံးကွယ်ပြီး နတ်ဘုရားတံခါး မြို့တော်ရဲ့ အပြင်ဘက်မှာ ငါ့ရဲ့ခြေရာကို တွေ့လိုက်ရတယ်လို့ အပြင်ကို သတင်းလွှင့်လိုက်စမ်း”
ချန်ကျီရှင်းက တည်ငြိမ်စွာ အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့”
ရှန်းယန်၏ မျက်ဝန်းများ အရောင်တောက်သွားပြီး ရိုသေစွာ ဦးညွှတ်လိုက်သည်။
ထို့နောက် ချန်ကျီရှင်း၏ အကြည့်တို့သည် မြို့တော်၏ အဝေးတစ်နေရာရှိ လီအိမ်တော်တည်ရှိရာ အရပ်သို့ အသာအယာ ရွေ့လျားသွားသည်။ သူသည် နေဝင်ဆည်းဆာ၏ အလင်းရောင်မှာ အရမ်းစူးရှနေသကဲ့သို့ လက်ဖြင့် မျက်ခုံးကို ကာလိုက်ရင်း တစ်ကိုယ်တည်း ရေရွတ်လိုက်၏။
“လီချန်ရှန်း... ဒီနေ့ မင်းရဲ့ ကံကြမ္မာက အသက်ရှင်ခြင်း ဖြစ်မလား သေဆုံးခြင်း ဖြစ်မလားဆိုတာ...”
“မင်းရဲ့ စိတ်ကူးတစ်ချက်အပေါ်မှာပဲ မူတည်လိမ့်မယ်"