အခန်း (၂၃၃-၂၃၄)
Vol. 24 Ch. 233-234
အခန်း။ ၂၃၃
ထိုညတွင် သန်းခေါင်ယံအချိန်ဝယ် လပြည့်ဝန်းကြီးက ကောင်းကင်ထက်၌ မြင့်မားစွာ ချိတ်ဆွဲထားသည်။ အဝေးတစ်နေရာရှိ တောင်တန်းတောအုပ်များအတွင်းမှ တောခွေးတစ်ကောင်၏ အူသံက လမင်းကြီးကို တိုင်တည်၍ ဟိန်းထွက်လာ၏။
ရုတ်တရက်ပင် နတ်ဘုရားခရီးသွားနယ်ပယ် ကျင့်ကြံသူတစ်ဦးသည် ထိတ်လန့်တုန်လှုပ်နေသော မျက်နှာဖြင့် နတ်ဘုရားတံခါး မြို့တော်အတွင်းသို့ ပြေးဝင်လာပြီး သူ၏ အားအင်ရှိသမျှကို စုစည်း၍ အော်ဟစ်လိုက်တော့သည်။
“ချန်... ချန်ကျီရှင်း”
“ဇီဝေချန်မိသားစုရဲ့ ချန်ကျီရှင်းက မြို့ပြင်မှာ ရောက်နေပြီ”
ထိုသို့ အော်ဟစ်ပြီးနောက် ထိုကျင့်ကြံသူသည် ခေါင်းငုံ့ကာ ခြေလှမ်းများကို အရှိန်မြှင့်လိုက်ပြီး လူအုပ်အတွင်းသို့ တိုးဝင်ပျောက်ကွယ်သွားတော့သည်။ နတ်ဘုရားတံခါး မြို့တော်တစ်ခုလုံးမှာမူ ထိုသတင်းကြောင့် တုန်လှုပ်ချောက်ချားသွားရတော့၏။
“ချန်ကျီရှင်း ဟုတ်လား”
မြို့စားမင်း၏ အိမ်တော်အတွင်း၌ စီကုန်းမျိုးနွယ်စုမှ တပ်မှူးဖြစ်သူ စီကုန်းယွမ်သည် ဖျာတစ်ချပ်ပေါ်တွင် ထိုင်လျက် မျက်လုံးများကို မှိတ်၍ အိပ်ချင်ဟန်ဆောင်နေခဲ့သည်။ နောက်တစ်ခဏ၌ သူ၏ မျက်လုံးများမှာ ချက်ချင်းပင် ပွင့်လာခဲ့ပြီး မျက်ဝန်းအတွင်းဝယ် အရောင်တောက်တောက် အလင်းတန်းများ ဖြတ်ပြေးသွားသည်။
“ဒီကောင်က ငါ့ရဲ့ နတ်ဘုရားတံခါး မြို့တော်ကို ရောက်လာခဲ့ပြီပေါ့လေ”
စီကုန်းယွမ်သည် အသက်ကို ပြင်းပြင်းရှူလိုက်ရင်း သူ၏ မျက်ဝန်းများအတွင်း လေးနက်မှု အရိပ်အယောင်များ ပေါ်ထွက်လာသည်။ သူသည် စစ်မှန်သောကိုယ်ပိုင်နယ်ပယ် အဆင့် ၈တွင်သာ ရှိသေးသဖြင့် ချန်ကျီရှင်းကို ရင်ဆိုင်ရန်မှာ သေမင်းထံ သွားနေသကဲ့သို့ပင်။
“တစ်ယောက်ယောက်... လီချန်ရှန်းဆီ အမိန့်သွားပို့လိုက်စမ်း။ အခုချက်ချင်း မြို့ပြင်ထွက်ပြီး ချန်ကျီရှင်းကို သတ်ခိုင်းလိုက်”
“ငါတို့ စီကုန်းမျိုးနွယ်စုဆီက အကျိုးအမြတ်တွေကို ယူထားပြီးမှတော့ အလုပ်မလုပ်ဘဲ နေလို့ ဘယ်ရမလဲ”
စီကုန်းယွမ်၏ နှုတ်ခမ်းထောင့်များတွင် အေးစက်လှသော အပြုံးတစ်ခု ပေါ်ထွက်လာသည်။
...
...
လီအိမ်တော်တွင် ကျီနုနှင့်အတူ ရှိနေသော လီချန်ရှန်းက ရုတ်တရက် လှုပ်ရှားမှုများ ရပ်တန့်သွားခဲ့သည်။
“အဖေ ချန်... ချန်ကျီရှင်း ပေါ်လာပြီ”
“စီကုန်းမျိုးနွယ်စုက အဖေ့ကို အခုချက်ချင်း သွားသတ်ဖို့ အမိန့်ပေးလိုက်ပြီ”
လီဆန်းပေါသည် တံခါးကို ဝုန်းခနဲ တွန်းဖွင့်ကာ စိုးရိမ်တကြီးဖြင့် ဝင်ရောက်လာသည်။ အိပ်ရာမှ နိုးနေပြီး မျက်နှာတွင် သွေးရောင်လွှမ်းနေသော ကျီနုသည် လီချန်ရှန်းကို စိုးရိမ်တကြီး ကြည့်လိုက်ပြီးနောက် ပြောလိုက်၏။
“ချန်ရှန်း... ချန်ကျီရှင်းကော သူ့နောက်ကွယ်က ဇီဝေချန်မိသားစုကောက ရင်ဆိုင်ရလွယ်တဲ့သူတွေ မဟုတ်ဘူးနော်။ ကျွန်မ အထင်တော့... ဒီကိစ္စကို လက်လွှတ်လိုက်ရင် မကောင်းဘူးလား”
“ကျွန်မ နောက်ထပ် တစ်နှစ်လောက် အသက်ရှင်ရဦးမှာပဲလေ။ ဒါနဲ့တင် ကျွန်မ ကျေနပ်နေပါပြီ"
ထိုစကားကို ကြားသောအခါ လီချန်ရှန်းသည် ကျီနု၏ လက်ကို တင်းတင်းဆုပ်ကိုင်လိုက်ပြီး နွေးထွေးစွာ ပြုံးလျက် ခေါင်းခါပြလိုက်သည်။
“ငါတို့က တစ်သက်လုံး အတူတူနေမယ်လို့ ကတိပေးခဲ့ကြတာလေ။ တစ်နှစ်တည်းနဲ့ ဘယ်လိုလုပ်ပြီး လုံလောက်မှာလဲ”
ပြောပြီးနောက် လီချန်ရှန်းသည် အသက်ကို ပြင်းပြင်းရှူကာ သူမ၏ လက်ကို လွှတ်လိုက်ပြီး မြို့ပြင်သို့ ထွက်ခွာရန် ပြင်လိုက်သည်။ သို့သော်လည်း သူ လွှတ်လိုက်သော လက်ကို ကျီနုက ပြန်လည် ဆုပ်ကိုင်လိုက်ပြန်သည်။
“ချန်ရှန်း... ချန်ကျီရှင်းက ရှင်နဲ့ ဘာရန်ငြိုးမှ ရှိတာ မဟုတ်ဘူး။ ရှင် တကယ်ပဲ သူ့ကို သတ်
ချင်တာလား”
ကျီနုက လီချန်ရှန်း၏ မျက်လုံးများကို တည့်တည့်စိုက်ကြည့်ကာ မေးလိုက်သည်။
လီချန်ရှန်းမှာ ထိုမေးခွန်းကြောင့် ခေတ္တမျှ တိတ်ဆိတ်သွားရသည်။ ခဏအကြာမှ သူက တည်ငြိမ်စွာဖြင့် ပြန်လည် ပြောကြားလိုက်၏။
“လောကဓံ သိုင်းလောကထဲကို ရောက်နေတဲ့အခါမှာတော့ ကိုယ့်စိတ်တိုင်းကျ လုပ်ပိုင်ခွင့် မရှိတော့ဘူး ကျီနုရယ်"
“ဒီလောကမှာ ကိုယ်တိုင် ထိန်းချုပ်လို့မရတဲ့ ကိစ္စတွေ အများကြီး ရှိတာပဲ"
“ချန်ကျီရှင်းနဲ့ ငါ့ကြားမှာ ရန်ငြိုးရှိရှိ မရှိရှိ ငါ ဂရုမစိုက်ဘူး ငါ သိတာ တစ်ခုပဲ ရှိတယ်...”
လီချန်ရှန်း၏ မျက်ဝန်းအစုံတွင် အေးစက်သော အရောင်အဝါများ ဝင်းလက်သွားသည်။
“မင်းရဲ့ ထာဝရအသက်ရှည်ခြင်း လမ်းစဉ်ကို ဘယ်သူပဲဖြစ်ဖြစ် ပိတ်ဆို့လာရင်... ငါ သတ်ပစ်မယ်”
ဘုန်း….
လီချန်ရှန်းသည် ရှေ့သို့ တစ်လှမ်းတိုးလိုက်သည်နှင့် အဆုံးမဲ့သော ညအမှောင်ထုအတွင်းသို့ ပျောက်ကွယ်သွားတော့သည်။ ကျီနုမှာမူ လီချန်ရှန်း ထွက်ခွာသွားရာ လမ်းကြောင်းကို ကြည့်ရင်း ငေးငိုင်ကာ ကျန်ရစ်ခဲ့၏။
...
...
တစ်ချိန်တည်းမှာပင် နတ်ဘုရားတံခါး မြို့တော်၏ အပြင်ဘက် တောင်ထိပ်တစ်ခုပေါ်ဝယ် ချန်ကျီရှင်းက တင်ပျဉ်ခွေ ထိုင်နေသည်။ အေးစက်သော တောင်ပေါ်လေပြေက သူ၏ ဝတ်စုံစများကို တဖျတ်ဖျတ် လွင့်ခါနေစေ၏။
ဒုန်း... ဒုန်း... ဒုန်း
ဒုန်း... ဒုန်း... ဒုန်း
ရုတ်တရက်ပင် ကောင်းကင်နှင့် မြေကြီးကြား၌ လေးလံသော စစ်ချီသံကြီးတစ်ခု ဟိန်းထွက်လာသည်။ ထောင်ပေါင်းများစွာသော စစ်သည်တော်များ အပြင်းအထန် ချီတက်လာနေသကဲ့သို့ပင်။
နောက်တစ်ခဏ၌ နက်မှောင်သော သံချပ်ကာဝတ်စုံများကို ဝတ်ဆင်ထားပြီး ထူထဲသော သံဦးထုပ်များကို ဆောင်းထားသည့် လူမည်းရောင် ဝတ်စုံဝတ် ပုဂ္ဂိုလ် ၁၀၀ ကျော်သည် တောင်အောက်ခြေမှ အလျင်အမြန် ပြေးတက်လာကြသည်။
သူတို့၏ ကျောပြင်တွင် ဧရာမ မြားလေးများကို လွယ်ထားကြပြီး လက်ထဲတွင်လည်း လှံရှည်များကို ကိုင်ဆောင်ထားကြလျက် ချန်ကျီရှင်းကို အထပ်ထပ်အခါခါ ဝိုင်းရံလိုက်ကြတော့သည်။
ထိုသူတိုင်းမှာ ထွားကျိုင်းသန်မာကြပြီး သူတို့၏ ကိုယ်ပေါ်မှ သွေးစော်နံသော အငွေ့အသက်များ ထွက်ပေါ်နေသည်။ အလောင်းပုံ တောင်ကုန်းများနှင့် သွေးပင်လယ်များအတွင်းမှ ဆင်းသက်လာသော နတ်စစ်သည်များအလား သူတို့၏ သတ်ဖြတ်လိုသော အရှိန်အဝါမှာ ကောင်းကင်သို့တိုင် ထိုးတက်နေ၏။
ဟင်းလင်းပြင်ထက်တွင်မူ စီကုန်းမျိုးနွယ်စုမှ စီကုန်းယွမ်သည် မီးတောက်စစ်မြင်းတစ်ကောင်ကို စီးနင်းလျက် နတ်ဘုရားတံခါး မြို့စားအိမ်တော်ဘက်မှ ကောင်းကင်ကို နင်းလျှောက်ကာ ရောက်ရှိလာသည်။
သူသည် အရပ် ကိုးပေနီးပါး မြင့်မားပြီး ကြောက်မက်ဖွယ်ကောင်းသော အနက်ရောင် သံချပ်ကာကို ဝတ်ဆင်ထားသည်။ ထိုသံချပ်ကာပေါ်တွင် မီးတောက်များအလား ရွှေနီရောင် အစီအရင်ကြောင်းများ ယှက်နွယ်နေပြီး သူ၏ မျက်နှာကိုမူ သံမျက်နှာဖုံးဖြင့် ကာကွယ်ထားကာ ခန့်ညားထည်ဝါသော မျက်ဝန်းတစ်စုံကိုသာ မြင်တွေ့ရသည်။
သူစီးနင်းလာသော စစ်မြင်း၏ ခွာလေးခုမှာလည်း ပြင်းထန်သော မီးတောက်များ တောက်လောင်နေပြီး လေထဲတွင် မီးတောက်မြင်းခွာရာများကို ချန်ရစ်ခဲ့၏။
“ငါက စီကုန်းယွမ်... နတ်ဘုရားတံခါး မြို့တော်ရဲ့ အစောင့်အကြပ် သံတမန်ပဲ”
စီကုန်းယွမ်သည် သူ၏မြင်းကို ရပ်တန့်လိုက်ပြီး အေးစက်သော အကြည့်ဖြင့် ချန်ကျီရှင်းကို ငုံ့ကြည့်လိုက်သည်။
“ရဲတင်းလှချေလား ရာဇဝတ်ကောင် ချန်ကျီရှင်း မင်းရဲ့ ယုတ်မာတဲ့ လုပ်ရပ်တွေက ရေတွက်လို့တောင် မရတော့ဘူး။ ငါတို့ ဟွိုင်ကျိုးနယ်မြေရဲ့ ပါရမီရှင် ခုနစ်ယောက်ကို သတ်ဖြတ်ခဲ့ရုံတင်မကဘဲ ငါတို့ ဟွိုင်ကျိုးဂိုဏ်းတွေရဲ့ နှစ်ပေါင်းရာချီ အခြေခံအုတ်မြစ်တွေကိုလည်း လုယူခဲ့တယ်"
“ဒီလို အပြုအမူမျိုးကို လုံးဝ ခွင့်လွှတ်လို့ မရဘူး”
“ဟွိုင်ကျိုးကလည်း မင်းကို လက်ခံမှာမဟုတ်ဘူး။ ဒီလောကကြီးကလည်း လက်ခံမှာမဟုတ်ဘူး။ လောကရဲ့ တရားဥပဒေနဲ့ ကျင့်ဝတ်တွေကလည်း မင်းကို ခွင့်လွှတ်မှာ မဟုတ်ဘူး”
ထိုစကားကို ကြားသောအခါ ချန်ကျီရှင်းက ခေါင်းကို အသာအယာ မော့လိုက်ပြီး မြင်းပေါ်မှ စီကုန်းယွမ်ကို လှမ်းကြည့်ကာ ပြုံးလိုက်သည်။
“တရားဥပဒေနဲ့ ကျင့်ဝတ် ဟုတ်လား အဲဒီဥပဒေတွေကို ဘယ်သူက သတ်မှတ်ထားတာလဲ”
“ဒါကတော့ ငါတို့ စီကုန်းမျိုးနွယ်စုက သတ်မှတ်ထားတဲ့ ဥပဒေတွေပေါ့”
စီကုန်းယွမ်က အေးစက်စွာ လှောင်ပြောင်လိုက်၏။
“အခုတော့ ငါတို့ရဲ့ တရားမျှတတဲ့ စစ်တပ်ကြီးက မင်းရှေ့ကို ရောက်လာပြီ။ မင်း အရှုံးမပေးသေးဘူးလား ဘာကို စောင့်နေတာလဲ”
ချန်ကျီရှင်းသည် ထိုစကားကို ကြားသော်လည်း ပြန်မပြောဘဲ ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။
“ဒီလို အညတရ လူအုပ်စုလေးပဲ ရှိတာလား”
“ဟဲဟဲ... ချန်ကျီရှင်း မင်းကို ဖမ်းဖို့အတွက် ငါက အစီအစဉ်အပြည့်အစုံ မရှိဘဲ လာလိမ့်မယ်လို့ ထင်နေတာလား”
စီကုန်းယွမ်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ဟင်းလင်းပြင်ရှိ နေရာတစ်ခုသို့ လှမ်းကြည့်လိုက်သည်။
“လီချန်ရှန်း... မင်း အခုထိ လှုပ်ရှားဖို့ မပြင်သေးဘူးလား”
ဝှူး...
ဟင်းလင်းပြင်မှာ ရုတ်တရက် ဆုတ်ဖြဲခံလိုက်ရသည်။ လီချန်ရှန်းသည် ဟင်းလင်းပြင်အတွင်းမှ ထွက်ပေါ်လာပြီး ချန်ကျီရှင်းကို မျက်နှာသေဖြင့် စိုက်ကြည့်လိုက်၏။ ချန်ကျီရှင်းကလည်း လီချန်ရှန်းကို ကြည့်ရန် ခေါင်းမော့လိုက်တော့သည်။
မျက်ဝန်းချင်း ဆုံလိုက်သည့် ထိုခဏ၌...
“လီချန်ရှန်း... ငါနဲ့ မင်းကြားမှာ ဘာရန်ငြိုးမှ မရှိဘူး။ မင်း ငါ့ကို တကယ်ပဲ တိုက်ခိုက်တော့မှာလား”
ချန်ကျီရှင်းက သူ၏ မျက်ဝန်းကျဉ်းလေးများကို မှေးစမ်းလျက် ပြုံး၍ မေးလိုက်သည်။
“ဟားဟားဟား... ချန်ကျီရှင်း မင်း ကြောက်နေပြီလား ရန်ငြိုးမရှိလို့ မတိုက်ရဘူးလား”
စီကုန်းယွမ်က အောင်နိုင်သူအမူအရာဖြင့် ပြုံးလိုက်ပြီး လီချန်ရှန်းကို ကြည့်ကာ “လီချန်ရှန်း... အချိန်ဆွဲလေ အပြောင်းအလဲတွေ များလေပဲ။ အခုချက်ချင်း လက်စသတ်လိုက်စမ်း” ဟု အမိန့်ပေးလိုက်သည်။
လီချန်ရှန်းသည် စီကုန်းယွမ်ဘက်သို့ လှည့်၍ပင် မကြည့်ချေ။ သူသည် ချန်ကျီရှင်းကို ကြည့်ကာ ခေတ္တစဉ်းစားပြီးနောက်
“ချန်ကျီရှင်း... ငါ့ကို အပြစ်မတင်ပါနဲ့။ ဟွိုင်ကျိုးကို ရောက်လာပြီး စီကုန်းမျိုးနွယ်စုကို သွားထိမိတဲ့ မင်းကိုယ်မင်းပဲ အပြစ်တင်လိုက်ပါ"
ခေတ္တမျှ ရပ်တန့်ပြီးနောက် လီချန်ရှန်းက တိုးညှင်းစွာ ဆက်ပြောသည်။
“ငါ မင်းကို မသတ်ရင် ငါ့မိန်းမ သေရလိမ့်မယ်။ ဒါကြောင့်... တောင်းပန်ပါတယ်"
“ရပါတယ် ဒီဆုံးဖြတ်ချက်ကို ချပြီးတဲ့နောက်မှာ မင်း နောင်တမရဖို့ပဲ ငါ မျှော်လင့်ပါတယ်”
ချန်ကျီရှင်းက မျက်လွှာချလျက် အေးဆေးစွာ ဆိုလိုက်၏။ သူ၏ ရင်ထဲမှ အတားအဆီးတစ်ခုမှာလည်း လုံးဝ ပွင့်ထွက်သွားခဲ့ပြီ ဖြစ်သည်။
“လီချန်ရှန်း သူ့ကို စကားပြောနေလို့ ဘာထူးမှာလဲ အခုချက်ချင်း လှုပ်ရှားစမ်း နားလည်လား”
စီကုန်းယွမ်က မျက်မှောင်ကြုတ်လျက် မကျေမနပ် အော်ပြောလိုက်သည်။
ဖြောင်း…
လီချန်ရှန်းသည် စီကုန်းယွမ်၏ ပါးကို လက်ပြန်ရိုက်လိုက်ပြီး အေးစက်စွာ ပြောလိုက်၏။
“ကိုယ့်အတိုင်းအတာကိုယ် သိစမ်း ငါက စီကုန်းမျိုးနွယ်စုနဲ့ အပေးအယူ လုပ်နေတာပဲ ရှိတယ်။ မင်းတို့ အိမ်က မွေးထားတဲ့ ခွေးမဟုတ်ဘူး”
“မင်း နောက်ထပ် တစ်ခွန်းထပ်ပြောရင် မင်းကိုပါ ငါ သတ်ပစ်မယ်”
စီကုန်းယွမ်၏ မျက်နှာထက်တွင် နီရဲသော လက်ဝါးရာကြီး ထင်ကျန်ရစ်ပြီး သူ၏ ဒေါသများမှာ ပေါက်ကွဲလုနီးပါးပင်။
“လီချန်ရှန်း”
သူက ခပ်တိုးတိုး ဟိန်းဟောက်လိုက်သော်လည်း လီချန်ရှန်း၏ အကြည့်အောက်တွင် အံကြိတ်ကာ နောက်ထပ် တစ်လုံးမျှ မဟရဲတော့ပေ။
“သူငယ်ချင်းချန်... ပြစ်မှားမိတာ ခွင့်လွှတ်ပါ”
လီချန်ရှန်းသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ချန်ကျီရှင်းကို စိုက်ကြည့်လိုက်သည်။ နောက်တစ်ခဏ၌ သူသည် ဝေခွဲမနေတော့ဘဲ လက်ကို မြှောက်ကာ ချန်ကျီရှင်းရှိရာသို့ ရိုက်ချလိုက်တော့သည်။
ဝုန်း…
ထိုခဏ၌ပင် အဆုံးမဲ့သော နိဗ္ဗာန်နစွမ်းအားများ ပေါက်ကွဲထွက်လာပြီး ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည့် ဧရာမ လက်ဝါးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ထိုလက်ဝါးကြီးမှာ တောင်ထိပ်တစ်ခုလုံးကို အုပ်မိုးထားပြီး လက်ဝါးပြင်အတွင်းဝယ် ရှုပ်ထွေးလှသော ပင်လယ်လှိုင်းတံပိုးများ ထကြွနေသကဲ့သို့ပင်။ လက်ဝါးပေါ်ရှိ လိုင်းကြောင်းတိုင်းမှာ တကယ့် တာအိုတရားများအလား ထင်ရှားလှသည်။
ဤတိုက်ကွက်၏ ကြောက်မက်ဖွယ်ကောင်းမှုကို စကားလုံးဖြင့် ဖော်ပြရန်ပင် မစွမ်းသာချေ။ ထိုလက်ဝါးအောက်တွင် တာအိုတရားများ ချေမှုန်းခံရပြီး နေ၊ လ၊ နက္ခတ်တာရာများပါ ပျက်စီးသွားမည့်အလား ထင်ရသည်။ ဤလက်ဝါးတစ်ချက်တည်း၏ စွမ်းအားမှာပင် ဓာတ်ကြီးငါးပါး မိုးကြိုးဂိုဏ်းချုပ်နှင့် နှိုင်းယှဉ်ပါက များစွာ သာလွန်နေတော့သည်။
“ဟားဟားဟား... သေစမ်း”
စီကုန်းယွမ်၏ မျက်နှာတွင် ကျေနပ်အားရမှုများ ပြည့်နှက်သွားသည်။ အကယ်၍ ချန်ကျီရှင်းသာ နတ်ဘုရားတံခါး မြို့တော်တွင် သေဆုံးသွားပါက သူ၏ မျိုးနွယ်စုအတွင်း ဂုဏ်သတင်းမှာ ပြန်လည် မြင့်တက်လာပေလိမ့်မည်။
ချန်ကျီရှင်းမှာမူ အပေါ်မှ ကျဆင်းလာသော ဧရာမ လက်ဝါးကြီးကို မော့ကြည့်နေသည်။ ပြင်းထန်သော လေတိုက်နှုန်းကြောင့် သူ၏ ဆံပင်နက်များမှာ တဖျတ်ဖျတ် လွင့်ခါနေ၏။
“တကယ် သန်မာတာပဲ"
ချန်ကျီရှင်းသည် သက်ပြင်းချလိုက်မိသည်။ လက်ရှိအချိန်တွင် လီချန်ရှန်းမှာ သူ မယှဉ်နိုင်သော ပြိုင်ဘက်ဖြစ်ကြောင်း သိသာလှသည်။
သို့သော်လည်း နောက်တစ်ခဏ၌...
ဝှူး
သာမန်ဟု ထင်ရသော အပြာရောင် အလင်းတန်းတစ်ခုသည် ချန်ကျီရှင်း၏ နောက်ကွယ်မှ ထိုးထွက်လာပြီး ဧရာမ လက်ဝါးကြီးကို တစ်ခဏချင်းအတွင်း ဖောက်ထွက်သွားတော့သည်။
ထို့နောက်တွင်မူ ထိုလက်ဝါးကြီးမှာ အက်ကြောင်းများစွာဖြင့် ပြည့်နှက်သွားပြီး ဗြုန်းခနဲ ပေါက်ကွဲပျက်စီးသွားတော့၏။
ပျက်စီးသွားသော အသံဗလံများကြားတွင် ကျယ်လောင်သော ရယ်မောသံကြီးတစ်ခု ညဉ့်ယံအတွင်း ဟိန်းထွက်လာသည်။
“ဇီဝေချန်မိသားစုရဲ့ မှောင်မိုက်ဌာနခွဲရောက်ပြီ”
“ငါတို့ရဲ့ သခင်လေးကို ဘယ်သူက ထိရဲတာလဲ”
ခရွမ်း
ဟင်းလင်းပြင်ကြီးမှာ စက္ကူတစ်ချပ်အလား ဆုတ်ဖြဲခံလိုက်ရသည်။ အပြာရောင်ဝတ်စုံ ဝတ်ဆင်ထားပြီး ဆံပင်၊ မုတ်ဆိတ်များ သပ်ရပ်လှသော အဖိုးအိုတစ်ဦးသည် ဟင်းလင်းပြင်အတွင်းမှ ပထမဆုံး ထွက်ပေါ်လာသည်။
သူ၏ နောက်တွင်မူ မျက်နှာဖုံးစွပ်ထားပြီး လည်ပင်းတွင် အနက်ရောင် ကျိန်စာတံဆိပ်များပါသော မှောင်မိုက်ဌာနခွဲ အဖွဲ့ဝင် ဒါဇင်ပေါင်းများစွာ အရိပ်ပမာ လိုက်ပါလာကြသည်။
“ဇီဝေချန်မိသားစုက လူတွေလား”
စီကုန်းယွမ်၏ မျက်သူငယ်အိမ်များ ပြင်းထန်စွာ ကျုံ့ဝင်သွားသည်။
ဒီလူတွေက ဟွိုင်ကျိုးနယ်မြေထဲ ဘယ်အချိန်ကတည်းက ဝင်လာကြတာလဲ။
စီကုန်းယွမ်၏ စစ်မြင်းမှာ ဂဏာမငြိမ်ဘဲ မြေကြီးကို ကုတ်ခြစ်နေတော့သည်။ ချန်ကျီရှင်းကို ဝိုင်းရံထားသော သံချပ်ကာ စစ်သည်များ၏ မျက်ဝန်းထဲတွင်လည်း ထိတ်လန့်မှု အရိပ်အယောင်များ ပေါ်ထွက်လာသည်။
စီကုန်းယွမ် စကားတစ်ခွန်းမျှ မဟရသေးခင်မှာပင်
ဖြတ်
ဟင်းလင်းပြင်မှာ ထပ်မံ၍ ဆုတ်ဖြဲခံရပြန်သည်။
“ထျန်းလန်သန့်စင်နယ်မြေ မြောက်ဘက်တောင်ထိပ်သခင် ထိုပါးကျန်းယီရောက်ပြီ”
“ငါတို့ ထျန်းလန်ရဲ့ နတ်ဘုရားသားတော်ကို ဘယ်သူက ထိချင်တာလဲ”
နီရဲသော ဆံပင်များရှိသည့် ထွားကျိုင်းသော လူလတ်ပိုင်းတစ်ဦးမှာ ဟင်းလင်းပြင်မှ ထွက်ပေါ်လာသည်။ သူ၏ လှုပ်ရှားမှုတိုင်းတွင် ကောင်းကင်ကြီးကို လက်ဗလာဖြင့် ဆွဲဖြဲနိုင်မည့်အလား ကြောက်မက်ဖွယ် အရှိန်အဝါများ ပါဝင်နေသည်။
သွေးချီစွမ်းအင် လောင်စာတိုင် ၁၀ ခုမှာလည်း အပြည့်အဝ ပွင့်သွားပြီး ကောင်းကင်ယံကို လင်းထိန်စေကာ ခမ်းနားထည်ဝါလှသည်။
“နတ်ဘုရားသားတော်... မတွေ့ရတာ ကြာပြီနော်"
“ဟားဟား... ဂျူနီယာညီလေးချန် ငါတို့ကို လွမ်းနေပြီလား”
“နောက်ဆုံးတော့ ဟွိုင်ကျိုးကို ရောက်လာပြီပဲ။ ရင်ဆိုင်ရတာတန်တဲ့ ပြိုင်ဘက်ရှိဖို့ပဲ မျှော်လင့်ရတာပဲ”
ထိုပါးကျန်းယီ၏ နောက်ကွယ်မှ လီရန်၊ ကွမ်းထျန်းယု၊ ခန်ရုံနှင့် ဖုန်နိုင်း တို့လည်း အတူတူ ထွက်ပေါ်လာကြသည်။ သူတို့၏ အရှိန်အဝါများမှာ လွှမ်းမိုးနိုင်စွမ်းရှိခြင်း၊ မလှုပ်မယှက် တည်ငြိမ်ခြင်း နှင့် မောက်မာခြင်းတို့ဖြင့် ပြည့်နှက်နေ၏။
“ဖယ်စမ်း”
အစွန်အဖျားတွင် ရပ်နေသော စီကုန်းမျိုးနွယ်စု စစ်သည်တစ်ဦးမှာ ဖုန်နိုင်းနှင့် အနည်းငယ် နီးကပ်သွားရုံဖြင့် သူ၏ ဦးခေါင်းမှာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ချခံလိုက်ရသည်။
အခြားတစ်ဖက်တွင်မူ “စီကုန်းယွမ်... အရင်တုန်းက မင်းက ငါ့ရှေ့မှာတောင် ရပ်ဖို့ အရည်အချင်းမရှိတဲ့သူ။ အခုကျတော့ ငါတို့ သခင်လေးရှေ့မှာ လာအော်ဟစ်နေရဲတယ်ပေါ့လေ”
တူကူးနီသည် တောအုပ်အမှောင်ထုအတွင်းမှ ထွက်ပေါ်လာသည်။ သူ၏ နောက်ကွယ်ရှိ အနက်ရောင် ခေါင်းတလားကြီးမှာ အလိုအလျောက် ပွင့်သွားပြီး ဒေါင်လိုက်မျက်လုံးပါသော မိစ္ဆာဓားနက်ကြီးမှာ ခေါင်းတလားအတွင်းမှ ပျံထွက်လာကာ တူကူးနီ၏ လက်အတွင်းသို့ ရောက်ရှိသွားတော့သည်။
ဝှူး
မိစ္ဆာဓားပေါ်ရှိ ဒေါင်လိုက်မျက်လုံးကြီးမှာ ရုတ်တရက် ပွင့်လာခဲ့သည်။
“အသက်ရှင်ခြင်းနဲ့ သေဆုံးခြင်းက စိတ်ကူးတစ်ချက်အပေါ်မှာပဲ မူတည်တယ်တဲ့...”
ရှန်းယန်သည် အထင်ကြီးအားကျစွာဖြင့် ခေါင်းခါယမ်းရင်း အခြားတစ်ဖက်မှ ထွက်ပေါ်လာသည်။
နောက်တစ်ခဏ၌ လူတိုင်းသည် အရပ်မျက်နှာအသီးသီးမှ ရောက်ရှိလာကြသည်။ ချန်ကျီရှင်းကို ဝိုင်းရံထားသော အနက်ရောင် သံချပ်ကာ စစ်သည်များမှာ ရေခဲဂူအတွင်းသို့ ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရပြီး နှလုံးခုန်သံများ မြန်ဆန်ကာ ဘာမှမလုပ်ရဲဘဲ ကြည့်နေရုံသာ တတ်နိုင်တော့သည်။
အခန်း။ ၂၃၄
မကြာမီမှာပင် အကြီးအကဲမဟူရာနှင့် အခြားသူများမှာ ချန်ကျီရှင်း၏ နောက်ကွယ်တွင် တန်းစီရပ်လိုက်ကြသည်။ သူတို့အားလုံးသည် ပြုံးစိစိမျက်နှာများဖြင့် ဟင်းလင်းပြင်ထက်ရှိ စီကုန်းယွမ်နှင့် လီချန်ရှန်းတို့ကို မော့ကြည့်လိုက်ကြတော့သည်။
ထိုခဏ၌ ဇီဝေချန်မိသားစုနှင့် ထျန်းလန်သန့်စင်နယ်မြေမှ အင်အားစုများ တစ်ပြိုင်နက်တည်း ရောက်ရှိလာကြပြီ ဖြစ်သည်။
ထိုပါးကျန်းယီနှင့် အကြီးအကဲမဟူရာတို့သည် ချန်ကျီရှင်း၏ နောက်ကွယ် တစ်ဖက်တစ်ချက်စီတွင် ရပ်တန့်လိုက်ကြပြီး နိဗ္ဗာန်နနယ်ပယ်၏ ကြောက်မက်ဖွယ်ကောင်းသော ဖိအားများကို အရှိန်အဟုန်ဖြင့် ထုတ်လွှတ်လိုက်ကြတော့သည်။
အထူးသဖြင့် နိဗ္ဗာန်နနယ်ပယ် အဆင့် ၇ သို့ ရောက်ရှိထားသည့် အကြီးအကဲမဟူရာ၏ ဖိအားမှာ အလွန်ပင် ပြင်းထန်လှရာ သူ၏နောက်ကွယ်တွင် အံ့ဩဖွယ်ရာ ထူးခြားသော မြင်ကွင်းများ ပေါ်ထွက်လာပြီး တစ်ဖက်လူများကို လုံးဝ လွှမ်းမိုးထားတော့သည်။
လီချန်ရှန်းပင်လျှင် ထိုဖိအားကြောင့် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရ၏။ ကျင့်ကြံမှု အဆင့်အတန်းအရဆိုလျှင် လီချန်ရှန်းမှာ အကြီးအကဲမဟူရာကို ယှဉ်နိုင်စွမ်း မရှိပေ။
“မင်း... မင်းတို့ ဒီထဲကို ဘယ်လို ဝင်လာတာလဲ”
စီကုန်းယွမ်၏ မျက်နှာမှာ ချက်ချင်းပင် ပျက်ယွင်းသွားပြီး ရင်ထဲ၌ တုန်လှုပ်မှုနှင့် ကြောက်ရွံ့မှုများ ပြည့်နှက်သွားသည်။ သူတို့ ချန်ကျီရှင်းကို တိုက်ခိုက်ရဲခြင်းမှာ ဤနေရာသည် ဟွိုင်ကျိုးနယ်မြေအတွင်း ဖြစ်နေသောကြောင့်ပင်။
စီကုန်းမျိုးနွယ်စုသည် ချန်မိသားစုနှင့် ထျန်းလန်သန့်စင်နယ်မြေတို့၏ လှုပ်ရှားမှုများကို နယ်စပ်တစ်လျှောက်မှနေ၍ စောင့်ကြည့်နေခဲ့ခြင်းပင်။
“ဒီလောက် လူအနည်းငယ်လေးနဲ့ ငါတို့ ဇီဝေချန်မိသားစုကို တားလို့ရမယ် ထင်နေတာလား။ မင်းတို့ ငါတို့ ချန်မိသားစုကို အထင်သေးလွန်းရာ ကျမနေဘူးလား”
အကြီးအကဲမဟူရာက လှောင်ပြောင်လျက် ပြောဆိုပြီးနောက် သူ၏လက်ကို အသာအယာ ဝှေ့ယမ်းလိုက်ရာ သွေးရဲရဲသံပါနေသည့် ဦးခေါင်းများစွာ သူ၏ရှေ့၌ ပေါ်ထွက်လာသည်။ ထိုဦးခေါင်းများထဲမှ ရှေ့ဆုံးတွင်ရှိသည့် ခေါင်းမှာ မျက်နှာဖြူဖျော့ကာ မျက်လုံးများ ပြူးကျယ်လျက် ဒေါသတကြီး စိုက်ကြည့်နေသည့် ပုံစံအတိုင်း ရှိနေဆဲပင်။
“အကြီးအကဲရွှမ်”
ထိုမြင်ကွင်းကြောင့် စီကုန်းယွမ်၏ စိတ်အစဉ်မှာ လုံးဝ တုန်လှုပ်ချောက်ချားသွားရတော့သည်။ စီကုန်းရွှမ်မှာ မိသားစုအတွင်းရှိ နိဗ္ဗာန်နနယ်ပယ် အဆင့် ၄ သို့ ရောက်ရှိထားသည့် အင်အားကြီး ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး စီကုန်းမျိုးနွယ်စု၏ အဓိက အသိုင်းအဝိုင်းအတွင်းမှ အရေးပါသော ပုဂ္ဂိုလ်ကြီး ဖြစ်သည်။
သူသည် ယခုတစ်ကြိမ်တွင် ဟွိုင်ကျိုးနယ်စပ်ကို ကာကွယ်ရန် တာဝန်ယူထားရသည့် အင်အားအကောင်းဆုံး အစောင့်အကြပ် သံတမန်လည်း ဖြစ်သည်။ စီကုန်းရွှမ်ပင်လျှင် အကြီးအကဲမဟူရာ၏ လက်ချက်ဖြင့် ကျဆုံးသွားလိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့ပေ။
ချန်ကျီရှင်းမှာမူ ဖြူစင်သန့်ရှင်းသော ဝတ်စုံကို ဝတ်ဆင်ထားလျက် တင်ပျဉ်ခွေထိုင်ကာ မျက်လွှာချထားဆဲပင်။ နောက်တစ်ခဏ၌ သူသည် စကားတစ်လုံးကို တိုးညှင်းစွာ ပြောလိုက်သည်။
“သတ်စမ်း"
ဝုန်း
ထိုစကားအဆုံးတွင်
“ငါလည်း ဒီအချိန်ကို စောင့်နေတာ ကြာပြီကွ”
ဖုန်နိုင်းသည် ယုတ်မာသောအပြုံးဖြင့် တိုးညှင်းစွာ ရယ်မောလိုက်ပြီးနောက် ပထမဆုံး စတင်လှုပ်ရှားလိုက်တော့သည်။ သူ၏ခြေလှမ်းတစ်ချက်မှာပင် အနက်ရောင် သံချပ်ကာတပ်သား ရာဂဏန်းရှိရာ အလယ်ဗဟိုသို့ ရောက်ရှိသွားပြီး သတ်ဖြတ်ခြင်း ကကွ်ကို စတင်ကပြတော့သည်။
"စစ်အစီအရင် ခံစစ်ပြင်ကြစမ်း"
နတ်ဘုရားခရီးသွားနယ်ပယ်ကျင့်ကြံသူ ရာကျော်ဖြင့် ဖွဲ့စည်းထားသော သံချပ်ကာတပ်သားများသည် ထိုမြင်ကွင်းကြောင့် မျက်နှာပျက်သွားကြပြီး ချက်ချင်းပင် စစ်အစီအရင်တစ်ခုကို တည်ဆောက်လိုက်ကြသည်။
"ငါလည်း ကိုယ်လက်လှုပ်ရှားမလုပ်ရတာ ကြာပြီပဲ"
ခန်ရုံ၊ လီရန်နှင့် ကွမ်းထျန်းယုတို့သည် တစ်ဦးကိုတစ်ဦး ပြုံး၍ ကြည့်လိုက်ကြပြီးနောက် သံချပ်ကာတပ်သားများရှိရာသို့ ဒုန်းစိုင်းဝင်ရောက်သွားကြတော့သည်။
"ကောင်လေးတွေ... ထျန်းလန်သန့်စင်နယ်မြေက လူငယ်တွေရှေ့မှာ ငါတို့မျက်နှာမငယ်စေနဲ့ အကုန်သတ်ပစ်ကြစမ်း"
အကြီးအကဲမဟူရာ၏ ကျယ်လောင်သော ရယ်မောသံနှင့်အတူ သူ၏နောက်ကွယ်မှ မှောင်မိုက်ဌာနခွဲအဖွဲ့ဝင် ဒါဇင်ပေါင်းများစွာသည်လည်း အနက်ရောင် သံချပ်ကာတပ်သားများဆီသို့ တိတ်တဆိတ် ပြေးဝင်သွားကြသည်။
တစ်ဖက်သတ် အစုလိုက်အပြုံလိုက် သတ်ဖြတ်ပွဲကြီးမှာ တစ်ခဏချင်းအတွင်း ပေါ်ပေါက်လာတော့သည်။ မျက်တောင်အနည်းငယ်ခတ်ရုံမျှသော အချိန်အတွင်းမှာပင် သံချပ်ကာတပ်သားများ၏ စစ်အစီအရင်မှာ အစိပ်စိပ်အမွှာမွှာ ပျက်စီးသွားပြီး လူရိပ်များမှာလည်း ဆက်တိုက်ဆိုသလို မြေသို့သက်ဆင်းကုန်ကြတော့၏။
စီကုန်းယွမ်သည် ထိုမြင်ကွင်းကြောင့် ထိတ်လန့်သွားရကာ နတ်ဘုရားတံခါး မြို့တော်တည်ရှိရာဘက်သို့ အလျင်အမြန် လှည့်လိုက်ပြီး ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။
"မြန်မြန် တိုက်ပွဲအချက်ပေး မီးခိုးတိုင်တွေကို ရှို့ကြစမ်း"
စီကုန်းယွမ် တစ်စုံတစ်ခု ထပ်ပြောရန် ပြင်လိုက်သော်လည်း
ဖျတ်…
ကောင်းကင်ယံမှ စီးဆင်းလာသော မြစ်တစ်စင်းအလား အနက်ရောင် ဓားအလင်းတန်းတစ်ခုသည် ဟင်းလင်းပြင်ကို ဆုတ်ဖြဲကာ သူ့ထံသို့ တိုးဝင်လာခဲ့သည်။
"တောက်"
စီကုန်းယွမ်၏ မျက်နှာထားမှာ ပျက်ယွင်းသွားပြီး သူ၏လက်ထဲမှ လှံရှည်ကြီးကို အားကုန်လွှဲယမ်း၍ ခုခံလိုက်ရသည်။
ခရွမ်း….
သတ္တုချင်း ထိခိုက်မိသံမှာ ပြတ်သားစွာ ထွက်ပေါ်လာ၏။ စီကုန်းယွမ် စီးနင်းထားသော မီးတောက်စစ်မြင်းမှာ ခြေလက်များ အနည်းငယ် ခွေယိုင်သွားပြီး နောက်သို့ ခြေလှမ်းများစွာ ဆုတ်ခွာသွားရသည်။
စီကုန်းယွမ်၏ ကိုယ်တွင်းရှိ သွေးနှင့် ချီစွမ်းအင်များမှာ ပြင်းထန်စွာ ဆူဝေသွားပြီး သူ၏လက်ထဲမှ လှံရှည်မှာလည်း အကြိမ်ပေါင်း ထောင်ချီ၍ တုန်ခါသွားကာ လက်ဝါးမှာလည်း ကွဲအက်သွားတော့သည်။
"မင်း... စစ်မှန်သောကိုယ်ပိုင်နယ်ပယ် အဆင့် ၉ ကို ရောက်သွားပြီလား"
စီကုန်းယွမ်သည် တူကူးနီကို မော့ကြည့်လိုက်ရာ သူ၏မျက်ဝန်းများမှာ ပိုမိုမှောင်မှောက်လာတော့သည်။
ယနေ့ ချန်ကျီရှင်း ဤနေရာသို့ ပေါ်လာခြင်းမှာ တိုက်ဆိုင်မှုမဟုတ်ဘဲ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းဖြစ်ကြောင်း သူမသိပဲ မနေပေ။
ဒါပေမဲ့ ဒါက ငါ့အတွက် အခွင့်အရေးပေးတာမဟုတ်ဘူး။ ငါ့ကို သေတွင်းထဲ တည့်တည့်တွန်းပို့လိုက်တာပဲ။
တူကူးနီကမူ တစ်စုံတစ်ရာမျှ ပြန်မပြောဘဲ ရှေ့သို့ တစ်လှမ်းတိုးလိုက်ကာ တောင်နှင့် ရေအလှကို ဆေးခြယ်ထားသည့် ပန်းချီကားတစ်ချပ်အလား ဝေဝေဆာဆာရှိလှသော ဓားချက်များဖြင့် ဆက်တိုက် တိုက်ခိုက်တော့သည်။
“ပြောစမ်း... တူကူးမိသားစုကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ညက မင်း အဲဒီမှာ ရှိနေခဲ့တာလား”
တူကူးနီ၏ ပြင်းထန်လှသော တိုက်စစ်ကြောင့် စီကုန်းယွမ်မှာ နောက်သို့ တစ်လှမ်းချင်း ဆုတ်ခွာနေရသည်။ သူသည် တူကူးနီကို မယှဉ်နိုင်တော့မှန်း သိသာနေသော်လည်း အားငယ်သွားခြင်းမရှိဘဲ ယုတ်မာကောက်ကျစ်စွာ ရယ်မောလိုက်၏။
“ဟားဟားဟား... အဲဒီညက ငါရှိနေတာပေါ့ကွ မင်းမှာ တူကူးဖန်းကျိန့်ဆိုတဲ့ သားတစ်ယောက် ရှိတယ်မလား။ အဲဒီကောင်ကို ငါကိုယ်တိုင် သတ်ခဲ့တာ”
“မင်း သေဖို့သာ ပြင်ထားတော့”
တူကူးနီ၏ မျက်နှာမှာ အေးစက်တောင့်တင်းသွားပြီး စကားလုံးတိုင်းကို အံကြိတ်၍ ပြောလိုက်သည်။
“ဒီနေ့... မင်းကို ငါ အပိုင်းပိုင်း မွှန်းပစ်မယ်”
ဘုန်း... ဘုန်း... ဘုန်း
ဘုန်း... ဘုန်း... ဘုန်း
ချန်ကျီရှင်း၏ ဘေးပတ်ဝန်းကျင်၌ သတ်ဖြတ်ပွဲကြီးမှာ အရှိန်အဟုန်ဖြင့် ဖြစ်ပွားနေသည်။ သို့သော် ချန်ကျီရှင်းမှာမူ ထိုမြင်ကွင်းကို ကြည့်မနေဘဲ လီချန်ရှန်းရှိရာသို့သာ မော့ကြည့်လိုက်သည်။
“အကြီးအကဲမဟူရာ”
ချန်ကျီရှင်းက စကားနှစ်ခွန်းသာ ဆိုလိုက်၏။
“နားလည်ပါပြီဗျာ”
အကြီးအကဲမဟူရာသည် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ရှေ့သို့ တစ်ဟုန်ထိုး တက်လှမ်းကာ လီချန်ရှန်း၏ ရှေ့တွင် ရပ်တန့်လိုက်သည်။
“မယားငယ်ရော မယားပါ ရာကျော် ယူထားတဲ့ အဖိုးကြီးဆိုတာ မင်းလား”
အကြီးအကဲမဟူရာသည် လီချန်ရှန်းကို မော့ကြည့်ကာ လှောင်ပြုံးပြုံးလိုက်သည်။ လီချန်ရှန်းမှာ မျက်မှောင်ကြုတ်သွား၏။ အကြီးအကဲမဟူရာ၏ အကြည့်များက သူ့ကို တစ်ကိုယ်လုံး သွေးပျက်မတတ် ခံစားရစေသည်။
“ဟုတ်တယ်... ဘာဖြစ်လဲ”
လီချန်ရှန်းက ပြန်မေးလိုက်သည်။
“ကောင်းပြီလေ... ငါ ဒီကနေပဲ ကြေညာလိုက်မယ်။ ဒီနေ့ကစပြီး မင်းရဲ့ မယားငယ်တွေရော မယားပါတွေ အားလုံးကို ငါကပဲ တာဝန်ယူ စောင့်ရှောက်ပေးတော့မယ်”
အကြီးအကဲမဟူရာသည် မျက်ဝန်းများ အရောင်တောက်လျက် ပြုံးရွှင်စွာ ပြောလိုက်၏။
“မင်း... သေချင်နေပြီပဲ”
လီချန်ရှန်းမှာ ချက်ချင်းပင် ဒေါသအလိပ်လိုက် ထွက်လာပြီး လက်ဝါးကို ဖြန့်ကာ အကြီးအကဲမဟူရာရှိရာသို့ ရိုက်ချလိုက်တော့သည်။
“ကောင်းကင်ပြန်လည်ခြင်း လက်ဝါး”
လီချန်ရှန်း၏ လက်ဝါးတစ်ချက်အောက်တွင် တာအိုတရားများ၏ နတ်ဘုရားအလင်းတန်း ရာပေါင်းများစွာ ကျဆင်းလာပြီး တောက်ပသော ရောင်စဉ်များအဖြစ် အချင်းချင်း ယှက်နွယ်နေတော့သည်။
“အို နတ်ဘုရားပညာရပ်ကတော့ မဆိုးဘူးပဲ”
အကြီးအကဲမဟူရာ၏ မျက်လုံးများမှာ ဖြည်းညှင်းစွာ မှေးစမ်းသွားပြီး သူ၏ မျက်နှာမှာလည်း လေးနက်တည်ကြည်လာသည်။ နိဗ္ဗာန်နနယ်ပယ် အင်အားကြီးပုဂ္ဂိုလ်တစ်ဦးဖြစ်သည့်အလျောက် တစ်ဖက်လူ၏ စွမ်းအားကို သူ ကောင်းကောင်း ခံစားမိသည်။
ဤတိုက်ကွက်တစ်ခုတည်းနှင့်တင် သူ ရိပ်မိလိုက်ပြီဖြစ်သည်။ လီချန်ရှန်းသည် နိဗ္ဗာန်နနယ်ပယ် အဆင့် ၃ တွင်သာ ရှိသေးပြီး သူ့ထက် အဆင့်များစွာ နိမ့်ကျနေသော်လည်း သူ၏ တိုက်ခိုက်ရေးစွမ်းရည်မှာမူ သူ့ထက် သိပ်မနိမ့်ပေ။
“နှမြောစရာပဲ... မင်းရဲ့ ကျင့်ကြံမှုက အားနည်းလွန်းနေသေးတယ်။ နယ်ပယ်ကလည်း နိမ့်လွန်းသေးတယ်။ ဒီနေ့တော့... မင်း သေဖို့ပဲ ရှိတော့တယ်”
အကြီးအကဲမဟူရာသည် အေးစက်စွာ ရယ်မောလိုက်ရင်း လက်ဖြင့် လှမ်း၍ ကုတ်ခြစ်လိုက်သည်။
ဝှူး…
တောင်တစ်လုံးအလား ကြီးမားလှသော အဖြူရောင် အရိုးလက်သည်းကြီးတစ်ခုသည် ကောင်းကင်ယံ၌ ချက်ချင်းပေါ်ထွက်လာပြီး အေးစက်ခြောက်ခြားဖွယ် အရှိန်အဝါများနှင့်အတူ လီချန်ရှန်း၏ လက်ဝါးတိုက်ကွက်ကို ပြင်းထန်စွာ တိုးဝင်၍ တိုက်ခိုက်တော့သည်။
ဝုန်း….
သူတို့နှစ်ဦး၏ ထိတွေ့မှုကြောင့် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး ကောင်းကင်ကြီးပင် အမျက်ထွက်နေသကဲ့သို့ မရေမတွက်နိုင်သော လျှပ်စီးများ ဝင်းလက်သွားသည်။ ပတ်ဝန်းကျင်ရှိ တောင်တန်းများမှာလည်း တစ်ပြိုင်နက်တည်း အက်ကွဲကုန်တော့၏။
ထိုပါးကျန်းယီသည် သူ၏ လက်ကြီးကို ဝှေ့ယမ်းလိုက်ရာ သူ၏ နောက်ကွယ်ရှိ သွေးချီစွမ်းအင် လောင်စာတိုင် ၁၀ ခုမှ ပြင်းထန်သော သွေးအငွေ့အသက်များ ထွက်ပေါ်လာပြီး ဒိုင်းတစ်ခုအဖြစ် ပြောင်းလဲကာ ထိုပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော ရိုက်ခတ်မှုလှိုင်းများကို ကြံ့ကြံ့ခံ တားဆီးပေးလိုက်သည်။
တစ်ချိန်တည်းမှာပင် နတ်ဘုရားတံခါး မြို့တော်တစ်ခုလုံးမှာလည်း ရူးသွပ်မတတ် တုန်ခါသွားပြီး မြို့စောင့်အစီအရင်မှာ ချက်ချင်းပင် ပွင့်လာခဲ့သည်။ သို့သော်လည်း မြို့အတွင်းရှိ သတ္တဝါများစွာမှာ နာကျင်မှုကြောင့် ဦးခေါင်းကို အုပ်လျက် မြေပြင်ပေါ်တွင် ဝပ်တွားနေကြရဆဲပင်။
“မြို့ပြင်မှာ နိဗ္ဗာန်နနယ်ပယ် အင်အားကြီးသူတွေ တိုက်ပွဲဖြစ်နေပြီ”
နတ်ဘုရားခရီးသွားနယ်ပယ်အထက် ကျင့်ကြံသူ အနည်းငယ်သာလျှင် မြို့စောင့်အစီအရင်၏ အကူအညီဖြင့် တည်တည်ငြိမ်ငြိမ် ရှိနေနိုင်ကြသည်။ သူတို့သည် မြို့ပြင်သို့ အလျင်အမြန် လှမ်းကြည့်လိုက်ကြ၏။
ကျယ်ပြောလှသော ညဉ့်ယံအတွင်း တောင်တန်းများပေါ်ဝယ် အကြီးအကဲမဟူရာနှင့် လီချန်ရှန်းတို့သည် ရွှေရောင်နေမင်းကြီး နှစ်စင်းအလား ဟင်းလင်းပြင်ထက်၌ ဆက်တိုက် ထိတွေ့ကာ တိုက်ခိုက်နေကြသည်။
သူတို့၏ သာမန်တိုက်ကွက်များမှာပင် ဟင်းလင်းပြင်ကို ဆုတ်ဖြဲနိုင်ပြီး စကြဝဠာကြီးကိုပင် နှစ်ခြမ်းခွဲနိုင်မည့်အလား ထင်ရသည်။ မြင့်မားသော တောင်ကုန်းကြီးများမှာလည်း လေတိုက်ခံရသော ဂျုံခင်းများကဲ့သို့ပင် ပြိုလဲပျက်စီးကုန်တော့သည်။
“ဒါက နိဗ္ဗာန်နနယ်ပယ်ရဲ့ တိုက်ပွဲလား”
နိဗ္ဗာန်နနယ်ပယ် တိုက်ပွဲကို တစ်ခါမျှ မမြင်ဖူးသော ကျင့်ကြံသူများမှာ ထိတ်လန့်တုန်လှုပ်စွာဖြင့် ကြည့်နေမိကြတော့သည်။
...
...
အမြင့်ပိုင်း ကောင်းကင်ယံထက်၌
“ကောင်းပြီလေ ကောင်လေး... မင်းမှာ အရည်အချင်း တကယ်ရှိတာပဲ”
အကြီးအကဲမဟူရာ၏ လက်ဝါးများအတွင်းဝယ် မြူထုများ ဖုံးလွှမ်းနေပြီး သူ၏ မျက်ဝန်းများမှာလည်း အရောင်တဖျတ်ဖျတ် တောက်နေ၏။
“နှမြောစရာပဲ... အကယ်၍ မင်းသာ ငါနဲ့ နယ်ပယ်တူခဲ့မယ်ဆိုရင် ငါ မင်းကို အတိုင်းအတာတစ်ခုအထိ ရှောင်ရှားမိမှာပါ။ ဒါပေမဲ့ မင်းရဲ့ နယ်ပယ်က နိမ့်လွန်းနေသေးတယ်။ ဒီနေ့တော့... မင်း ကျိန်းသေပေါက် သေရလိမ့်မယ်”
ထိုစကားအဆုံးတွင် အကြီးအကဲမဟူရာသည် ခြေလှမ်းတစ်ချက်လှမ်းလိုက်ရုံဖြင့် လီချန်ရှန်း၏ နောက်ကွယ်၌ အရိပ်ပမာ ပေါ်လာပြီး သူ၏ ပခုံးများကို ဖမ်းဆုပ်ကာ ကောင်းကင်ယံထက်သို့ ပျံတက်သွားတော့သည်။