အခန်း (၂၃၅-၂၃၆)
Vol. 24 Ch. 235-236
အခန်း။ ၂၃၅
ကောင်းကင်ပြင်ပ၌ အကြီးအကဲမဟူရာနှင့် လီချန်ရှန်းတို့သည် တိုက်ကွက်ပေါင်း ရာကျော်အထိ အပြန်အလှန် ယှဉ်ပြိုင်ခဲ့ကြပြီး နတ်ဘုရားတံခါး မြို့တော်ပြင်ပမှသည် ကိုးထပ်ကောင်းကင် နန်းတော်အထိ တိုက်ပွဲအရှိန်က မြင့်တက်လာခဲ့သည်။ ထို့နောက်တွင်မူ သူတို့နှစ်ဦးသည် ဟင်းလင်းပြင် အတားအဆီးများကို ချိုးဖျက်ကာ ကောင်းကင်ပြင်ပသို့ ရောက်ရှိသွားကြတော့သည်။
ဤနေရာကား အသက်မဲ့နေသော ကြယ်နီကြီးများ အဆက်မပြတ် လည်ပတ်နေသည့် ကျယ်ပြောလှသော ကြယ်စင်စကြဝဠာကြီးပင်။ သက်ရှိအငွေ့အသက်နှင့် ချီစွမ်းအင်များ လုံးဝကင်းမဲ့နေသော လေဟာနယ်ဇုန်ကြီးပင်။
ကောင်းကင်နှင့် မြေကြီးကို ဖျက်ဆီးနိုင်လောက်သည့် နိဗ္ဗာန်နနယ်ပယ် အင်အားကြီး ပုဂ္ဂိုလ်များပင်လျှင် ဝိညာဉ်ချီစွမ်းအင်ကင်းမဲ့နေသော ဤနေရာတွင် ကြာရှည်စွာ မနေထိုင်နိုင်ကြချေ။
ဝုန်း... ဝုန်း... ဝုန်း
ဝုန်း... ဝုန်း... ဝုန်း
သူတို့နှစ်ဦးသည် လူသူကင်းမဲ့သော ကြယ်တာရာတစ်ခုပေါ်သို့ ဆင်းသက်လိုက်ကြသည်။ သူတို့၏ အရှိန်မှာ အစွန်းကုန် မြန်ဆန်လှရာ မြေပြင်ကို ပွတ်တိုက်သွားသော အလင်းတန်းနှစ်ခုအလား ဟင်းလင်းပြင်ထက်၌ ဆက်တိုက် ထိတွေ့တိုက်ခိုက်နေကြသည်။
ကောင်းကင်ပြင်ပသို့ ရောက်ရှိလာသည့်အခါတွင်မူ သူတို့နှစ်ဦးစလုံးသည် သူတို့၏ အစွမ်းသတ္တိများကို အပြည့်အဝ ထုတ်လွှတ်ကာ အားကုန် သုံး၍ တိုက်ခိုက်ကြတော့သည်။
“ယင်ယန် သေခြင်းရှင်ခြင်း မြေပုံ”
လီချန်ရှန်းက ခပ်တိုးတိုး ဟိန်းဟောက်လိုက်ရင်း သူ၏လက်နှစ်ဖက်ကို ရှေ့သို့ တွန်းထုတ်လိုက်သည်။ ထိုခဏ၌ပင် သူ၏နောက်ကွယ်၌ ဧရာမ ယင်ယန်ငါးပုံစံ အစီအရင်ကြီးတစ်ခု ပေါ်ထွက်လာသည်။
ယင်နှင့် ယန်တို့သည် လည်ပတ်နေပြီး သေခြင်းနှင့် ရှင်ခြင်းမှာလည်း ယှဉ်တွဲနေကာ တည်ရှိသမျှ အရာအားလုံးကို ကြိတ်ခြေပစ်မည့် ကြိတ်ဆုံကြီးတစ်ခုအလား အကြီးအကဲမဟူရာရှိရာသို့ တိုးဝင်သွားတော့သည်။
ယင်ယန် အစီအရင်မြေပုံမှ သေခြင်းရှင်ခြင်း ချီစွမ်းအင်လှိုင်းများမှာ အဆက်မပြတ် ထွက်ပေါ်နေပြီး လောကရှိ သက်ရှိအားလုံးကို အမှုန့်ပြုပစ်ရန် ကြံစည်နေသကဲ့သို့ပင်။
“လာစမ်းပါ”
အကြီးအကဲမဟူရာ၏ မျက်ဝန်းအတွင်းဝယ် ထက်မြက်သော အလင်းတန်းများ ဝင်းလက်သွားပြီး သူ၏ ညာလက်ဖြင့် ဟင်းလင်းပြင်ကို လှမ်းဖမ်းလိုက်ရာ မဟူရာကမ္ဘာမြစ်ကြီးတစ်စင်း ထွက်ပေါ်လာသည်။
“နတ်ဘုရားပညာရပ် စိမ်းလန်းသော ဆောင်းဦးနှင့် အဝါရောင်စမ်းရေအိုင်”
အကြီးအကဲမဟူရာ၏ ဆံပင်နှင့် မုတ်ဆိတ်များမှာ လွင့်ခါနေပြီး သူကလည်း လက်နှစ်ဖက်ကို ရှေ့သို့ တွန်းထုတ်လိုက်သည်။ တစ်ခဏချင်းမှာပင် ခန့်ညားထည်ဝါလှသော မဟူရာကမ္ဘာမြစ်ကြီးသည် ကြယ်တာရာတစ်ခုလုံးကို လွှမ်းခြုံသွားပြီး ကောင်းကင်မြစ်ကြီးတစ်စင်းအလား ရှေ့သို့ ဒုန်းစိုင်းစီးဆင်းသွားတော့သည်။
အဝါရောင် မြစ်ရေပြင်ပေါ်တွင် သေခြင်းတရား၏ အငွေ့အသက်များ ဖုံးလွှမ်းနေပြီး ဟင်းလင်းပြင်ကိုပင် တိုက်စားသွားနိုင်သည့် အစွမ်း ရှိသည်။
ဝုန်း….
မဟူရာကမ္ဘာမြစ်နှင့် ယင်ယန် သေခြင်းရှင်ခြင်း မြေပုံတို့သည် ကောင်းကင်ယံထက်၌ ပြင်းထန်စွာ တိုက်မိကြရာ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် စွမ်းအားများကြောင့် မိုင်ပေါင်းတစ်ထောင်အတွင်းရှိ အေးစက်သော ကျောက်တောင်ကြီးများမှာ ပြာအဖြစ်သို့ ကြေမွသွားရတော့သည်။
မဟူရာကမ္ဘာမြစ်နှင့် ယင်ယန် အစီအရင်မြေပုံတို့ ထိတွေ့သည့် နေရာတွင် ဧရာမ အပေါက်ကြီးတစ်ခု တဖြည်းဖြည်း တိုက်စားခံလိုက်ရသည်ကို မြင်တွေ့ရသည်။ မဟူရာကမ္ဘာမြစ်မှာမူ အရှိန်အဟုန်ဖြင့် ရှေ့သို့ ဆက်လက်တိုးဝင်သွားပြီး လီချန်ရှန်းရှိရာသို့ မိုးခြိမ်းသံကဲ့သို့ ဟိန်းဟောက်ကာ စီးဆင်းသွားတော့၏။
“ရေခဲအတတ် နတ်ဘုရားမြစ်”
လီချန်ရှန်းမှာ ထိုမြင်ကွင်းကို ကြည့်ရင်း တည်ငြိမ်နေဆဲပင်။ သူ၏ မျက်ဝန်းများအတွင်း အေးစက်သော အလင်းတန်းများက လျှပ်စစ်ကဲ့သို့ ဖြတ်ပြေးသွားသည်။ သူသည် ဒူးတစ်ဖက် ထောက်လိုက်ပြီး သူ၏ ညာလက်ဝါးကို မြေပြင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်သည်။
ရှဲ….
ထိုခဏချင်းမှာပင် ဖြူဖျော့သော ရေခဲချီစွမ်းအင်များသည် လီချန်ရှန်း၏ လက်ဝါးအောက်မှ ရုန်းထွက်လာပြီး မြေပြင်တစ်လျှောက် ရှေ့သို့ အလျင်အမြန် ပျံ့နှံ့သွားတော့သည်။
ဂျွတ်... ဂျွတ်... ဂျွတ်
ဂျွတ်... ဂျွတ်... ဂျွတ်
မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုဖြူဖျော့သော ရေခဲချီစွမ်းအင်များသည် မြေပြင်တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး ပတ်ဝန်းကျင် ပေပေါင်းထောင်ချီကို ကြည်လင်အေးစက်လှသော ရေခဲပြင်ကြီးအဖြစ် ပြောင်းလဲပစ်လိုက်သည်။
အေးခဲသွားသော မြေပြင်မှာ ရေခဲခေတ်သို့ ပြန်လည်ရောက်ရှိသွားသကဲ့သို့ပင်။ ထို့နောက်တွင်မူ ထိုအစွန်းရောက် ရေခဲချီစွမ်းအင်များသည် အထက်သို့ ထိုးတက်သွားပြီး ဟင်းလင်းပြင်ကြီးကိုပင် အေးခဲစေတော့သည်။
ဖူး…
ထိုဖြူဖျော့ဖျော့ ရေခဲချီစွမ်းအင်များသည် အရှိန်အဟုန်ဖြင့် စီးဆင်းနေသော မဟူရာကမ္ဘာမြစ်နှင့် ထိတွေ့လိုက်သည်နှင့် တစ်ပြိုင်နက် မြစ်ဖျားမှ မြစ်ဖျားအထိ တစ်ခဏချင်း အေးခဲသွားတော့သည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် တစ်လောကလုံးကို ဝါးမြိုမည့်အလား တရှိန်ထိုး စီးဆင်းနေသော မဟူရာကမ္ဘာမြစ်ကြီးသည် ဟင်းလင်းပြင်ထက်၌ ရပ်တန့်သွားပြီး နေနှင့်လကိုပင် ဖြတ်ကျော်လျက် ကောင်းကင်ယံတစ်ခုလုံးကို ဖုံးလွှမ်းသွားသည့် ဧရာမ ရေခဲပန်းပုရုပ်ကြီးအဖြစ် ပြောင်းလဲသွားတော့သည်။ ထိုမြင်ကွင်းမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ခမ်းနားသည်။
သို့သော် ဤမျှနှင့် မပြီးသေးချေ။
ထိုဖြူဖျော့ဖျော့ ရေခဲချီစွမ်းအင်များသည် အရှိန်မပျက်ဘဲ အကြီးအကဲမဟူရာရှိရာသို့ ဆက်လက်တိုးဝင်သွားပြီး သူ့ကိုပါ ရေခဲပန်းပုရုပ်အဖြစ် ပြောင်းလဲပစ်ရန် ကြံစည်နေတော့သည်။
အကြီးအကဲမဟူရာ၏ မျက်သူငယ်အိမ်များ ကျုံ့ဝင်သွားပြီး နှာခေါင်းမှ ခပ်အေးအေး နှာမှုတ်လိုက်ကာ သူ၏ ညာခြေဖြင့် မြေပြင်ကို အားကုန် နင်းချလိုက်သည်။
“ခွဲထွက်စမ်း”
ဝုန်း…
ထိုခဏ၌ပင် မြေပြင်တစ်ခုလုံးကို ဖုံးလွှမ်းပြီး မာကျောသော ရေခဲပြင်ကြီးအဖြစ် ပြောင်းလဲထားသည့် ရေခဲချီစွမ်းအင်များမှာ အစိပ်စိပ်အမွှာမွှာ ကွဲအက်ပျက်စီးသွားတော့သည်။
ပေပေါင်းထောင်ချီရှိသော ရေခဲပြင်ကြီးမှာ အပေါ်သို့ လွင့်တက်သွားပြီး အောက်ခြေမှ မီးခိုးရောင် အသက်မဲ့သော မြေသားများ ပြန်လည်ပေါ်ထွက်လာသည်။ လွင့်စင်သွားသော ရေခဲစိုင်များသည် ရေခဲလွှာလေဆင်နှာမောင်းများအဖြစ် ပြောင်းလဲသွားတော့၏။
အကြီးအကဲမဟူရာသည် လီချန်ရှန်းကို အဝေးမှ စိုက်ကြည့်လိုက်သည်။ သူ၏ မျက်နှာတွင် ယခင်ကကဲ့သို့ ပေါ့ပေါ့ပါးပါး အမူအရာမျိုး မရှိတော့ဘဲ လေးနက်တည်ကြည်မှုများဖြင့် အစားထိုး၍ ဝင်ရောက်လာခဲ့သည်။
ယင်ယန် သေခြင်းရှင်ခြင်း မြေပုံ ဆိုသည်မှာ ယင်ယန် နတ်ဘုရားခန္ဓာကိုယ်မှ ပေါက်ဖွားလာသော ထူးခြားသည့် ဖြစ်ရပ်ဆန်း တစ်ခုပင်။
အလားတူပင် မွေးရာပါ အစွန်းရောက် ရေခဲချီစွမ်းအင် ဆိုသည်မှာလည်း ထူးကဲနတ်
ဘုရားရေခဲခန္ဓာကိုယ်၏ အဖော်ပြုသည့် စွမ်းအားတစ်ခုပင်။
လီချန်ရှန်း ယခင်က အသုံးပြုခဲ့သော နတ်ဘုရားပညာရပ်များနှင့် ပေါင်းစပ်ကြည့်လျှင် ၎င်းတို့မှာ မွေးရာပါ နတ်ဘုရားခန္ဓာကိုယ်၏ စွမ်းအားများဖြစ်ကြောင်း ထင်ရှားလှသည်။
“ဒီကောင်က တကယ်ကို ထူးဆန်းတာပဲ...”
အကြီးအကဲမဟူရာသည် မျက်လုံးများကို မှေးစမ်းလိုက်မိသည်။ ပုံမှန်အားဖြင့် မည်မျှပင် ပါရမီထူးချွန်သည်ဖြစ်စေ လူတစ်ဦးသည် နတ်ဘုရားခန္ဓာကိုယ် တစ်ခုကိုသာ ပိုင်ဆိုင်နိုင်စရာ ရှိသည်။ ယခင်က ရှေးဟောင်းသူတော်စင်ခန္ဓာကိုယ်နှင့် ဘုရင်တံဆိပ်ခတ်မြေပုံကို ပိုင်ဆိုင်ခဲ့သော ချန်ကျောက်ရှန်းကဲ့သို့ပင်။
သို့သော် လီချန်ရှန်း အသုံးပြုသွားသော နတ်ဘုရားခန္ဓာကိုယ် အဖော်ပြုစွမ်းအားများကို အကြမ်းဖျင်း တွက်ချက်ကြည့်လျှင်ပင် သုံးခုထက်မနည်းပေ။
“ဒီနေ့သာ ငါ တတိယသခင်လေးအတွက် မင်းကို မသတ်နိုင်ခဲ့ရင် နောင်တစ်ချိန် မင်း တကယ် အားကောင်းမောင်းသန် ဖြစ်လာတဲ့အခါ သခင်လေးရဲ့ ရည်မှန်းချက်တွေအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှု ဖြစ်လာမှာ အသေအချာပဲ”
အကြီးအကဲမဟူရာ၏ မျက်ဝန်းအတွင်းဝယ် သတ်ဖြတ်လိုသော အရိပ်အယောင်များ ဝင်းလက်သွားပြီး သူသည် အသက်ကို ပြင်းပြင်းရှူလိုက်သည်။ ထို့နောက်တွင်မူ သူ၏ လက်နှစ်ဖက်မှာ လျင်မြန်စွာ အစီအရင်များ ဖော်ဆောင်လိုက်ပြီး ပါးစပ်မှ ရေရွတ်လိုက်၏။
“ဓမ္မရုပ်သွင်...”
“အသူရာ အလောင်းကောင် တစ္ဆေများ”
ဝုန်း
ထိုခဏ၌ပင် အကြီးအကဲမဟူရာ၏ နောက်ကွယ်၌ တောင်ထိပ်တစ်ခုအလား မြင့်မားလှသော ပေတစ်ထောင်ခန့်ရှိသည့် ဧရာမ သွေးနီရောင် တံခါးကြီးတစ်ချပ် ပေါ်ထွက်လာသည်။
ထိုတံခါးကြီးမှာ ပါးစပ်အဟောင်းသားနှင့် မိစ္ဆာတစ္ဆေ အသူရာတစ်ကောင်အလား ကြောက်မက်ဖွယ် ဒီဇိုင်းရှိပြီး တံခါးပေါ်တွင် ငရဲဘုံ၏ ပုံရိပ်ပေါင်းများစွာကို ထွင်းထုထားသည်။
ချက်ချင်းဆိုသလိုပင် ထိုတံခါးကြီးသည် အပြင်ဘက်သို့ ပွင့်ထွက်သွားတော့သည်။ ပထမဆုံးအနေဖြင့် သေခြင်းအငွေ့အသက်များ ဖုံးလွှမ်းနေသော အနက်ရောင် မြူထုကြီးမှာ တံခါးအတွင်းမှ ဒီရေလှိုင်းအလား တိုးထွက်လာသည်။
မိစ္ဆာတစ္ဆေများ၏ ကြောက်မက်ဖွယ် အော်ဟစ်သံများ၊ သံကြိုးများ မြေပြင်နှင့် ပွတ်တိုက်သံများ၊ နာကျင်စွာ ငိုကြွေးသံများနှင့် ဆီပူအိုးများ ပွက်ပွက်ဆူနေသံများ စသည့် ထူးဆန်းသော အသံပေါင်းစုံမှာ ငရဲတံခါးပွင့်သွားသကဲ့သို့ ထိုသွေးနီရောင် တံခါးနောက်ကွယ်မှ လျှံထွက်လာတော့သည်။
နောက်တစ်ခဏတွင်မူ
ဖူး ဖူး ဖူး
ဖူး ဖူး ဖူး
အဆုံးမရှိသော အလောင်းကောင် တစ္ဆေများသည် ထိုငရဲတံခါးအတွင်းမှ အုပ်စုလိုက် တိုးထွက်လာကြပြီး ကောင်းကင်နှင့် မြေကြီးကို ဖုံးလွှမ်းသွားတော့သည်။
ထိုမြူထုများကြားတွင် သူတို့သည် လူသားမဟုတ်သော ကြောက်မက်ဖွယ် အသံလှိုင်းများကို ထုတ်လွှင့်နေကြရာ ကြားရသူတိုင်း ကြက်သီးမွေးညင်း ထစရာပင်။
ထို့နောက်တွင် ထက်မြက်သော လက်သည်းအနက်များပါသည့် ဧရာမ အပြာရောင်လက်ကြီးတစ်ဖက်သည် သွေးနီရောင် တံခါးအနားသတ်ကို လှမ်း၍ ဖမ်းဆုပ်လိုက်သည်။
ပေတစ်ထောင်နီးပါး မြင့်မားပြီး အပြာရောင်မျက်နှာ၊ ကြောက်မက်ဖွယ် သွားစွယ်များနှင့် လက်မောင်းရှစ်ခု ပါရှိသော ပုဂ္ဂိုလ်ကြီးမှာ တံခါးအတွင်းမှ ခါးကိုင်း၍ ထွက်ပေါ်လာတော့၏။
နောက်တစ်ခဏ၌ ထိုအုပ်စုလိုက် တိုးထွက်လာသော အလောင်းကောင် တစ္ဆေများသည် သူတို့၏ သွားစွယ်များရှိသော ပါးစပ်ကြီးများကို အဟောင်းသား ဖွင့်လိုက်ကြပြီး လီချန်ရှန်းကို အပိုင်းပိုင်း အစစ ဆုတ်ဖြဲပစ်ရန် အရှိန်အဟုန်ဖြင့် ပြေးဝင်သွားကြတော့သည်။
အခန်း။ ၂၃၆
နောက်ဆုံးတွင် လက်မောင်းရှစ်ခုစီ ပါရှိပြီး ပြာနှမ်းသော မျက်နှာနှင့် သွားစွယ်အပြူးသား ရှိသည့် အသူရာမိစ္ဆာကြီးများမှာ တစ်ကောင်ပြီးတစ်ကောင် တိုးဝှေ့၍ ထွက်ပေါ်လာကြပြီ ဖြစ်သည်။ သူတို့ ခြေလှမ်းတစ်ချက် လှမ်းလိုက်တိုင်းတွင် ကမ္ဘာမြေကြီးမှာ တစ်ချက် တုန်ခါသွားရ၏။
“အပြာရောင် ကောင်းကင်ယံ၏ သစ်သားစွမ်းအင်”
လီချန်ရှန်း၏ မျက်ဝန်းအစုံမှာ ထူထဲသော အပြာရောင်အဖြစ် ပြောင်းလဲသွားပြီး ထိုစကားလုံး ငါးလုံးကို အလေးအနက် ရေရွတ်လိုက်သည်။
ဝုန်း
ရုတ်တရက်ဆိုသလို မြေပြင်မှာ ပြင်းထန်စွာ တုန်ခါသွားပြီးနောက် အက်ကွဲကု ပြိုကျသွားတော့သည်။ အချင်း ပေတစ်ထောင်ခန့်ရှိသော ဧရာမ သစ်ပင်ကြီးတစ်ပင်မှာ မြေပြင်မှ ပေါက်ထွက်လာပြီး ကောင်းကင်ယံအထိ ထိုးတက်သွားခဲ့၏။
သစ်ပင်တစ်ပင်လုံးမှာ စိမ်းစိုနေပြီး တောက်ပသော စကြဝဠာ နတ်ဘုရား အလင်းတန်းများဖြင့် ရစ်ပတ်ထား၏။ သစ်ကိုင်းပေါင်း သုံးထောင်မှာ အောက်သို့ တွဲလောင်းကျနေပြီး တစ်ကိုင်းချင်းစီမှာ ကြည်လင်နေကာ ကမ္ဘာငယ်လေးတစ်ခုစီကို သယ်ဆောင်ထားသကဲ့သို့ပင်။
ဒဏ္ဍာရီလာ ပုံပြင်များထဲ၌သာ ဖော်ပြဖူးသော သစ်ပင်ကြီးတစ်ပင်နှင့်ပင် တူနေတော့သည်။ အဆုံးမဲ့သော ကြယ်စင်ကောင်းကင်ယံကြီးတစ်ခုလုံးမှာလည်း ပြာနှမ်းသော အရောင်အဖြစ် ပြောင်းလဲသွားတော့၏။
သို့သော်လည်း ရုတ်တရက် လီချန်ရှန်းမှာ တစ်စုံတစ်ခုကို အာရုံခံမိသွားသကဲ့သို့ ခေါင်းကို ငုံ့ကြည့်လိုက်မိသည်။ သူ၏ အကြည့်မှာ အကွာအဝေးပေါင်းများစွာကို ဖောက်ထွက်၍ နတ်ဘုရားတံခါး မြို့တော်ရှိ လီအိမ်တော်ဆီသို့ တည့်တည့်မတ်မတ် ရောက်ရှိသွားခဲ့သည်။
ထိုနေရာ၌ သူ မြင်လိုက်ရသည်မှာ အလွန်တရာ ခမ်းနားထည်ဝါပြီး ဧကပေါင်းများစွာ ကျယ်ဝန်းလှသော လီအိမ်တော်ကြီးမှာ တောက်လောင်နေသော မီးလျှံများအတွင်း ကျရောက်နေပြီး မီးခိုးငွေ့များမှာ ကောင်းကင်သို့တိုင် မြင့်တက်နေခြင်းပင်။
“မဟုတ်ဘူး”
လီချန်ရှန်းမှာ အစွန်းကုန် ဒေါသထွက်လျက် ဟိန်းဟောက်လိုက်ပြီး အရာရာကို လျစ်လျူရှုကာ နတ်ဘုရားတံခါး မြို့တော်ဆီသို့ အမြန်ဆုံး ပြန်ပြေးထွက်သွားတော့သည်။
တစ်ချိန်တည်းမှာပင် နတ်ဘုရားတံခါး မြို့တော်၊ လီအိမ်တော်အတွင်း၌ ချန်ချူးအာသည် သူ၏ကိုယ်တွင် ပတ်ထားသော ပတ်တီးများကို ဖြည်ချလိုက်ရာ အမာရွတ်များဖြင့် ပြည့်နှက်နေသော ပိန်လှီလှီ ခန္ဓာကိုယ်တစ်ခု ပေါ်ထွက်လာသည်။
ထိုနည်းတူပင် မျက်နှာမှ ပတ်တီးများကိုပါ ခွာလိုက်သည့်အခါတွင် ကြောက်မက်ဖွယ်
ကောင်းသော အနက်ရောင် အမှတ်အသားများဖြင့် ပြည့်နေသည့် မျက်နှာတစ်ခု ပေါ်လာခဲ့သည်။
သူသည် ပတ်တီးများကို အသုံးပြု၍ အနက်ရောင် ဓားရှည်ကြီး၏ လက်ကိုင်ကို သူ၏လက်ကောက်ဝတ်နှင့် ခိုင်မြဲအောင် ပတ်နှောင်လိုက်ပြီး လီအိမ်တော်ဆီသို့ တစ်လှမ်းချင်း တက်လှမ်းသွားသည်။
လီအိမ်တော် အဝင်ဝတွင်မူ
“ဘယ်သူလဲ”
သန်မာထွားကျိုင်းသော အိမ်စေနှစ်ယောက်က အော်မေးရန် ပြင်လိုက်ကြသည်။
ရွှပ်
အေးစက်သော အလင်းတန်းတစ်ခု ဖြတ်သန်းသွားသည်။ ခေါင်းနှစ်လုံးမှာ လေထဲသို့ လွင့်တက်သွားပြီး သွေးများ ပန်းထွက်လာတော့သည်။ ချန်ချူးအာသည် လီအိမ်တော်အတွင်းသို့ တည်ငြိမ်စွာ ခြေလှမ်းလိုက်သည်။
“ရှင်... ဘယ်သူလဲ”
နုပျိုလှပသော အမျိုးသမီးတစ်ဦးမှာ လသားအရွယ် ကလေးငယ်ကို ပွေ့ချီရင်း ချန်ချူးအာကို ကြောင်တောင်တောင် ကြည့်နေမိသည်။ သို့သော်လည်း နောက်တစ်ခဏမှာပင် သူမ၏ အကြည့်မှာ ချန်ချူးအာ၏ လက်ထဲမှ သွေးများစိုရွှဲနေသော ဓားကြီးဆီသို့ ကျရောက်သွားတော့သည်။
“အား”
အမျိုးသမီးမှာ အော်ဟစ်ကာ လှည့်ပြေးရန် ကြိုးစားပေမည့် နှစ်လှမ်းတောင် မပြေးလိုက်ရပေ။
ဖျတ်
ဓားဦးဖျားမှာ သူမ၏ ဝမ်းဗိုက်ကို ဖောက်ထွက်သွားသည်။
“အွတ်...”
အမျိုးသမီးမှာ သွေးများ အန်ထုတ်ရင်း ခက်ခက်ခဲခဲ လှည့်ကြည့်လိုက်မိသည်။ ချန်ချူးအာမှာမူ မည်သည့်ခံစားချက်မျှ မရှိသော မျက်နှာဖြင့် အမျိုးသမီးကို ကြည့်ကာ ဓားပေါ်မှ သွေးများကို ခါထုတ်လျက် ရှေ့သို့ ဆက်လက်လျှောက်လှမ်းသွား၏။
မကြာမီမှာပင် လီအိမ်တော်ကြီးတစ်ခုလုံးမှာ နာကျင်မှုများဖြင့် ပြည့်နှက်နေသော ငရဲခန်းတစ်ခုသဖွယ် ဖြစ်သွားတော့သည်။ အသက် ၆၀ ကျော် အစေခံအိုကြီးများမှအစ ပုခက်ထဲမှ ကလေးငယ်များအဆုံး ချန်ချူးအာမှာ တစ်ဦးတစ်ယောက်ကိုမျှ ချန်လှပ်ထားခြင်း မရှိခဲ့ပေ။
ခြေလှမ်းဆယ်လှမ်းလျှင် အသက်တစ်ချောင်းကို နှုတ်ယူရင်း သူသည် လီချန်ရှန်း၏ နောက်ဖေးဆောင်အထိ ရောက်ရှိလာခဲ့သည်။
“တိရစ္ဆာန်”
ထိုအချိန်တွင် တုန်လှုပ်ဒေါသထွက်နေသော အသံကြီးတစ်သံ ထွက်ပေါ်လာသည်။ လီဆန်းပေါသည် နောက်ဖေးဆောင်အတွင်းမှ ထွက်လာပြီး သွေးချောင်းစီးနေသော မြင်ကွင်းကို မြင်လိုက်ရသည့်အခါ အစွန်းကုန် ဒေါသတကြီးဖြင့် ဟိန်းဟောက်လိုက်တော့သည်။
“မင်း ဘယ်သူလဲ ငါ့အဖေက အခုခေတ်၏ ထိပ်တန်းနိဗ္ဗာန်နအဆင့် ပုဂ္ဂိုလ်ကြီး လီချန်ရှန်းကွ”
လီဆန်းပေါမှာ အပြာရောင် နတ်ဘုရားဓားကို ထုတ်လိုက်ရင်း အော်ဟစ်ပြောဆို လိုက်သည်။ သူ၏ ပါရမီမှာ သာမန်မျှသာ ဖြစ်သော်လည်း လီချန်ရှန်း၏ အကူအညီကြောင့် နတ်ဘုရားခရီးသွားအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
“လီချန်ရှန်းရဲ့ သားလား”
ချန်ချူးအာ၏ ဖြူဖျော့ခြောက်ကပ်နေသော မျက်နှာထက်တွင် အေးစက်လှသော အပြုံးတစ်ခု ပေါ်လာသည်။
“ငါက လီချန်ရှန်းရဲ့ သားကို သတ်ဖို့ လာတာ”
နောက်တစ်ခဏတွင် ဓားကိုကိုင်၍ ရှေ့တွင်ရပ်နေသော ချန်ချူးအာသည် လီဆန်းပေါ၏ရှေ့မှောက်သို့ ရုတ်တရက် ဝေဝါးစွာ ရောက်ရှိလာသကဲ့သို့ ခံစားလိုက်ရသည်။
လီဆန်းပေါသည် ချန်ချူးအာ၏ အမာရွတ်များဖြင့် ပြည့်နှက်နေသော ပိန်လှီလှီ ခန္ဓာကိုယ်ကိုပင် အနီးကပ် ရှင်းလင်းစွာ မြင်တွေ့နေရပြီ ဖြစ်သည်။
ဝုန်း…
မည်သည့် စကားတစ်ခွန်းမျှ မဆိုဘဲ ချန်ချူးအာသည် ဓားကို ရိုးရှင်းတည်ကြည်စွာဖြင့် စောင်း၍ ခုတ်ချလိုက်တော့သည်။
“ထူးကဲနတ်ဘုရားဓားသိုင်း ကောင်းကင်ဖောက် ခုတ်ချက်”
လီဆန်းပေါ၏ မျက်နှာမှာ ပျက်ယွင်းသွားပြီး သူ၏ဓားကို အလျင်အမြန် မြှောက်၍ ခုခံလိုက်၏။
သို့သော်လည်း ချန်ချူးအာ၏ ဓားရှည်မှာ ဒိန်ခဲကို လှီးဖြတ်လိုက်သကဲ့သို့ပင် လီဆန်းပေါ၏ နတ်ဘုရားဓားနှင့် သူ၏ဦးခေါင်းကိုပါ တစ်ပါတည်း တိခနဲ ဖြတ်တောက်သွားတော့သည်။
ချန်ချူးအာသည် သူ၏လက်ကို ဆန့်ထုတ်ကာ ပြူးကျယ်သော မျက်လုံးများဖြင့် မယုံကြည်
နိုင်ဘဲ သေဆုံးသွားသော လီဆန်းပေါ၏ ဦးခေါင်းကို ဖမ်းဆုပ်လိုက်သည်။
ထို့နောက်တွင်မူ အမှိုက်တစ်ခုကို လွှင့်ပစ်လိုက်သကဲ့သို့ပင် လီဆန်းပေါ၏ ဦးခေါင်းကို နောက်ဖေးဆောင်အတွင်းသို့ ခံစားချက်ကင်းမဲ့စွာ ပစ်ပေါက်လိုက်တော့၏။
“ဆန်း... ဆန်းပေါ”
“တတိယသခင်လေး”
“တိရစ္ဆာန် မင်းက တကယ့် တိရစ္ဆာန်ပဲ”
ခဏချင်းမှာပင် ကျိန်ဆဲသံများ တစ်သံပြီးတစ်သံ ထွက်ပေါ်လာသည်။ ထို့နောက် နောက်ဖေးဆောင်အတွင်းမှ အလင်းတန်း ဒါဇင်ပေါင်းများစွာက ကောင်းကင်ယံသို့ ထိုးတက်သွားပြီး ထူးခြားသော အလှတရားများ ပိုင်ဆိုင်ကြသည့် အမျိုးသမီးငယ် ဒါဇင်ပေါင်းများစွာအဖြစ် ပြောင်းလဲသွားကြသည်။
သူတို့မှာ လီချန်ရှန်း၏ မယားငယ်များနှင့် မယားပါများ ဖြစ်ကြပြီး တစ်ချိန်က ဂိုဏ်းအသီးသီး၏ သူတော်စင်မများ၊ သူဌေးမျိုးရိုးမှ သမီးပျိုများနှင့် ကျင့်ကြံရေးလောကတွင် ကျော်ကြားသော နတ်မိမယ်များ ဖြစ်ကြသည်။
လီအိမ်တော်သို့ လက်ထပ်ဝင်ရောက်လာပြီးနောက် သူတို့သည် လောကီရေးရာများကို စွန့်လွှတ်ကာ လီချန်ရှန်း၏ ဇနီးမယားများအဖြစ် သားသမီးများကို ပြုစုပျိုးထောင်ရင်း အေးချမ်းစွာ နေထိုင်ခဲ့ကြသူများ ဖြစ်သည်။
သို့သော် ယခုအခါတွင်မူ သူတို့အားလုံးမှာ နိုးထလာကြပြီး သူတို့၏ ကျင့်ကြံမှု အရှိန်အဝါများမှာလည်း ပြန်လည် မြင့်တက်လာတော့သည်။
“ယုတ်မာလိုက်တဲ့ကောင်”
“မိစ္ဆာ ဒါက မိစ္ဆာပဲ”
“လသားအရွယ် ကလေးတွေကိုတောင် မချန်ဘူးဆိုတော့ မင်းက လူမှဟုတ်ရဲ့လား”
လီအိမ်တော်အတွင်း သွေးချောင်းစီးကာ ကိုယ်လက်အင်္ဂါများ ပြန့်ကျဲနေသည့် မြင်ကွင်းကို မြင်လိုက်ရသည့်အခါ ထိုအမျိုးသမီး ဒါဇင်ပေါင်းများစွာမှာ ဒေါသကြောင့် လက်သီးများကို တင်းတင်းဆုပ်ကာ အံကြိတ်ထားကြရသည်။
“ညီမတို့ရေ... အားလုံးပေါင်းပြီး သူ့ကို သတ်ကြစမ်း”
ဟွိုင်ကျိုးနယ်မြေတွင် ဇီယွမ်နတ်မိမယ်ဟု ကျော်ကြားပြီး ကျင့်ကြံမှု အမြင့်ဆုံးဖြစ်သော အလွန်လှပသည့် အမျိုးသမီးတစ်ဦးက ငွေရောင်ဓားကို ကိုင်စွဲကာ ဒေါသတကြီး အော်ဟစ်
လိုက်သည်။
နောက်တစ်ခဏတွင်မူ အမျိုးသမီး ဒါဇင်ပေါင်းများစွာသည် ချန်ချူးအာရှိရာသို့ တစ်ပြိုင်နက်တည်း ပြေးဝင်၍ တိုက်ခိုက်ကြတော့၏။ ကောင်းကင်ယံတစ်ခုလုံးမှာလည်း နတ်ဘုရား အလင်းရောင်များဖြင့် လင်းထိန်သွားတော့သည်။
“ဟဲဟဲဟဲ.....”
ချန်ချူးအာ၏ လည်ချောင်းအတွင်းမှ ထူးဆန်းသော ရယ်သံသဲ့သဲ့ ထွက်ပေါ်လာသည်။ ထို့နောက် သူသည် လက်ထဲမှ ဓားရှည်ကို လွှတ်ချလိုက်ပြီး လက်နှစ်ဖက်ကို ဆန့်တန်းလျက် မျက်လုံးများကို မှိတ်ကာ ကောင်းကင်နှင့် မြေကြီးကို ပွေ့ဖက်ထားသည့် ဟန်ပန်ကို ပြုလုပ်
လိုက်သည်။
မြင်ကွင်းမရှိသော လေဆင်နှာမောင်းတစ်ခုမှာ သူ၏ခြေဖဝါးအောက်မှ စတင်လည်ပတ်ကာ သူ့ကို ကောင်းကင်ယံထက်သို့ မြှင့်တင်ပေးလိုက်တော့သည်။ သူ၏ မျက်ဝန်းများမှာ သူငယ်အိမ်များ ပျောက်ကွယ်သွားပြီး ထူထဲသော မြူဖြူများဖြင့် အစားထိုးဝင်ရောက်လာခဲ့သည်။
“...နာကျင်မှုကို ခံစားစမ်း"
“နာကျင်မှု၏ အနမ်း”
ဘုန်း ဘုန်း ဘုန်း
ဘုန်း ဘုန်း ဘုန်း
ရုတ်တရက် ချန်ချူးအာ၏ ကျောပြင်မှ အရေပြားများ ပေါက်ကွဲထွက်သွားကာ နာကျင်မှု မြွေနဂါးများသည် သူ၏ကျောပြင်မှ ထိုးထွက်လာပြီး အရှိန်အဟုန်ဖြင့် ပြေးဝင်လာသော လီချန်ရှန်း၏ ဇနီးမယားများကို ကရုဏာကင်းမဲ့စွာဖြင့် စတင်သတ်ဖြတ်တော့သည်။
...
...
တစ်ချိန်တည်းမှာပင် လီအိမ်တော်၏ အဆောင်အနက်ပိုင်းတွင်မူ
“အပြင်မှာ... ဘာတွေဖြစ်နေတာလဲ”
ဆံပင်များ ဖြူဖွေးကာ အိုမင်းရင့်ရော်နေသော ကျီနုသည် ခုတင်ပေါ်မှ ခက်ခက်ခဲခဲ ထိုင်ကာ အပြင်တွင် ဘာဖြစ်နေသည်ကို ကြည့်ရန် ပြင်လိုက်သည်။
ဒုန်း…..
တံခါးမှာ ဝုန်းခနဲ ပွင့်သွားသည်။ မြေနဂါးမျက်ဝန်းများ ရှိပြီး တစ်နိုင်ငံလုံးကို မှောက်လှန်နိုင်လောက်သော အလှတရားနှင့် ဆွဲဆောင်မှုရှိသည့် အမျိုးသမီးတစ်ဦး အပြင်မှ ပြေးဝင်လာသည်။
“အရှင်မ မြန်မြန်... ကျွန်မနဲ့အတူ ထွက်ပြေးရအောင်”
လှပသော အမျိုးသမီးသည် ကျီနု၏ လက်ကို စိုးရိမ်တကြီး ဆုပ်ကိုင်ကာ ထွက်ပြေးရန် ပြင်သည်။
“နေဦး”
ကျီနုသည် ထိုအမျိုးသမီးကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်မိသည်။
“မိန်းကလေး... မင်းက ဘယ်သူလဲ...”
“ကျွန်မက သခင်ကြီး အသစ်လက်ထပ်ဖို့ ပြင်ထားတဲ့ မယားငယ် ပိုင်ဟူးအာပါ အခု ဓားပြတွေဝင်ပြီး သတ်ဖြတ်နေကြပြီ။ ဒီကို မကြာခင် ရောက်လာတော့မယ်”
“အရှင်မ... ရှင်းပြနေဖို့ အချိန်မရှိတော့ဘူး။ မြန်မြန်သွားရအောင်”
ထိုသို့ပြောကာ ပိုင်ဟူးအာဟု ခေါ်သော အမျိုးသမီးသည် ကျီနုကို အလျင်အမြန် ကာကွယ်လျက် အိမ်တော်နောက်ဘက်သို့ ထွက်ပြေးသွားတော့သည်။
...
...
တောင်ထိပ်တစ်ခုပေါ်တွင်မူ ချန်ကျီရှင်းသည် သူ၏ ဖြူစင်သော ဝတ်ရုံကို ဝတ်ဆင်ကာ တင်ပျဉ်ခွေ ထိုင်နေဆဲပင်။ သူသည် မြေပြင်ပေါ်မှ ငရဲခန်းအလား ဖြစ်နေသော လီအိမ်တော်ကို မည်သည့် စိတ်လှုပ်ရှားမှုမျှ မရှိဘဲ တည်ငြိမ်စွာ စောင့်ကြည့်နေ၏။ သူ၏နောက်ကွယ်တွင် မှောင်မိုက်ဌာနခွဲမှ တပည့်များ၊ ဖုန်နိုင်းနှင့် အခြားသူများမှာ သူတို့၏ တတိယအဆင့်ကို အသက်သွင်းလျက် အသင့်ရှိနေကြသည်။
သူတို့၏ ပတ်ဝန်းကျင်မှာမူ သွေးချောင်းစီးနေသည့် ကြောက်မက်ဖွယ် မြင်ကွင်းများဖြင့် ပြည့်နှက်နေသည်။ စီကုန်းယွမ်၏ အလောင်းမှာ ဒူးထောက်လျက် လက်နှစ်ဖက်ကို နောက်ပြန် အချည်ခံထားရပြီး တူကူးမိသားစုရှိရာ ဘက်သို့ မျက်နှာမူလျက် ရှိသည်။ နောင်တရစွာဖြင့် ဦးညွှတ်နေသည့် အလားပင်။
“မင်း ထင်တာတော့ လီချန်ရှန်း သေသွားမယ် ထင်လား”
ချန်ကျီရှင်းက ပြုံး၍ မေးလိုက်သည်။
သူ၏ဘေးတွင် ရပ်နေသော ရှန်းယန်က ခေါင်းကို ကုတ်လျက် “လီချန်ရှန်းက နိဗ္ဗာန်နအဆင့် ၃ မှာပဲ ရှိတာပါ။ အကြီးအကဲမဟူရာက အဆင့် ၇ တောင် ရောက်နေပြီဆိုတော့ သူ လွတ်ဖို့ လမ်းမမြင်ပါဘူး"
ချန်ကျီရှင်းက တစ်စုံတစ်ရာ ပြန်မပြောဘဲ ခေါင်းငြိမ့်ပြလိုက်သည်။
ဝုန်း….
ရုတ်တရက် ကျယ်လောင်သော အသံလှိုင်းများ ဟိန်းထွက်လာသည်။ ထို့နောက် ကောင်းကင်ပြင်ပမှ အလင်းတန်းတစ်ခုသည် ဟင်းလင်းပြင်ကို ဆုတ်ဖြဲကာ နတ်ဘုရားတံခါး မြို့တော်ဆီသို့ အရှိန်အဟုန်ဖြင့် ကျဆင်းလာတော့သည်။
ထိုအလင်းတန်း၏ နောက်ကွယ်တွင်မူ မှိန်ဖျော့ဖျော့ နတ်ဘုရားအလင်းတစ်ခုက မရပ်မနား လိုက်လံတိုက်ခိုက်နေသည်။
“အို”
ချန်ကျီရှင်းသည် သူ၏ မျက်ဝန်းကျဉ်းလေးများကို မှေးစမ်းလျက် အပေါ်သို့ မော့ကြည့်လိုက်တော့သည်။