← Chapters

အခန်း (၂၃၉-၂၄၀)

Vol. 24 Ch. 239-240

အခန်း (၂၃၉-၂၄၀)

Vol. 24 Ch. 239-240

အခန်း။ ၂၃၉

“အနန္တဖန်ဆင်းခြင်း...”

ချန်ကျီရှင်းသည် အသက်ကို ပြင်းပြင်းရှူလိုက်မိသည်။ ဤဘွဲ့ထူးမှာ ယခင်ရရှိခဲ့ဖူးသော ဘွဲ့များနှင့် လုံးဝဥဿုံ ကွဲပြားနေ၏။ ယခင်ဘွဲ့ထူးများမှာ ဆုပ်ကိုင်၍မရသော ကံကြမ္မာအဟုန်အချို့မျှသာ ဖြစ်ခဲ့လျှင် ယခု အနန္တဖန်ဆင်းခြင်းမှာမူ ခိုင်မာပြီး လက်တွေ့ကျသော အကျိုးကျေးဇူးများကို ပေးစွမ်းနိုင်ခြင်းပင်။

နောက်တစ်ခဏတွင် ချန်ကျီရှင်းသည် သူ၏ရှေ့မှောက်၌ ပေါ်ထွက်လာသော ဘွဲ့ထူး၏ စွမ်းရည်များကို ကြည့်ရှုလိုက်သည်။

[အနန္တဖန်ဆင်းခြင်း - နေရာတစ်ခုကို မင်းရဲ့ စင်ကြယ်တဲ့ နယ်မြေအဖြစ် သတ်မှတ်နိုင်ပါတယ်။ အဲဒီနယ်မြေအတွင်းမှာရှိတဲ့ သက်ရှိအားလုံးရဲ့ ကျင့်ကြံမှုအရှိန်က နှစ်ဆမြင့်တက်မှာဖြစ်ပြီး ဝိညာဉ်စွမ်းအင်တွေလည်း နှစ်ဆတိုးပွားလာပါလိမ့်မယ်။ နားလည်သဘောပေါက်မှုစွမ်းအား ၁၀ ရာခိုင်နှုန်း မြင့်တက်မယ့်အပြင် ရှင်သန်မှုစွမ်းအားတွေလည်း ၁၀ ရာခိုင်နှုန်း ပိုမိုအားကောင်းလာမှာပါ]

[စင်ကြယ်တဲ့ နယ်မြေအတွင်းမှာ အိုမင်းခြင်း၊ ရောဂါထူခြင်း၊ ဘေးအန္တရာယ်ကြုံခြင်းနဲ့ ပင်ပန်းနွမ်းနယ်ခြင်း စတဲ့ အဖျက်သဘောဆောင်တဲ့ သက်ရောက်မှုအားလုံးက သက်သာသွားမှာပါ][မှတ်ချက် - လောလောဆယ်မှာ မင်းရဲ့ စင်ကြယ်တဲ့ နယ်မြေဟာ အချင်းဝက် ပေတစ်ထောင်အထိ ကျယ်ဝန်းပါတယ်]

[မှတ်ချက် - မင်းရရှိတဲ့ ကံကြမ္မာတန်ဖိုး ၁ မှတ်တိုင်းအတွက် နယ်မြေအကျယ်အဝန်းက ၁ ပေစီ ထပ်တိုးလာမှာပါ]

[မှတ်ချက် - ကံကြမ္မာတန်ဖိုး ၁၀၀၀ ရတိုင်းမှာ စင်ကြယ်တဲ့ နယ်မြေက အလိုအလျောက် တစ်ဆင့် မြင့်တက်မှာပါ]

အထက်ပါအချက်များမှာ အနန္တဖန်ဆင်းခြင်းဘွဲ့ထူး၏ ပြည့်စုံသော စွမ်းဆောင်ရည်များပင်။ ၎င်းက ချန်ကျီရှင်းကို မမျှော်လင့်ဘဲ အံ့အားသင့်သွားစေကာ ရေရွတ်လိုက်မိသည်။

“အနန္တဖန်ဆင်းခြင်း... ဒါက တစ်ဦးတစ်ယောက်တည်းအတွက်တင် မဟုတ်ဘဲ လူထောင်သောင်းမကကို တစ်ပြိုင်နက်တည်း ဖန်ဆင်းပေးနိုင်တာပဲ”

“တစ်ယောက်က တာအိုကို ရရှိရင် ဘေးနားကလူတွေပါ နတ်ဘုံနတ်နန်းကို ရောက်ကုန်ကြတယ်ဆိုတာ ဒါမျိုးကို ပြောတာပဲ ဖြစ်ရမယ်”

သူသည် ခေါင်းကို ခါယမ်းလိုက်ရင်း သူ၏ခြေဖဝါးအောက်ရှိ မြေပြင်ကို ငေးကြည့်လိုက်သည်။ တတိယတောင်ထိပ်မှာ သူ မွေးဖွားကြီးပြင်းခဲ့ရာ နေရာဖြစ်သလို မှောင်မိုက်ဌာနခွဲအဖွဲ့ဝင်

အားလုံး နေထိုင်ရာ နေရာလည်း ဖြစ်သည်။

"ဒီနေရာထက် ပိုပြီး သင့်တော်တဲ့ စင်ကြယ်တဲ့ နယ်မြေက ဘယ်မှာ ရှိနိုင်ဦးမှာလဲ"

ထို့နောက် တွန့်ဆုတ်မနေဘဲ ချန်ကျီရှင်းက ခပ်တိုးတိုး အမိန့်ပေးလိုက်သည်။

“စင်ကြယ်သော နယ်မြေ... ဖွင့်လှစ်စေ”

ရှဲ..

ချန်ကျီရှင်း၏ စကားအဆုံး၌ နက်ရှိုင်းသော ရွှေရောင်အလင်းတန်းတစ်ခုမှာ သူ၏ခန္ဓာကိုယ်မှတစ်ဆင့် အဝိုင်းလိုက် ဖြာထွက်သွားပြီး အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားတော့သည်။ မကြာမီမှာပင် ထိုရွှေရောင်အလင်းတန်းမှာ တတိယတောင်ထိပ်တစ်ခုလုံးကို လွှမ်းခြုံသွားပြီး စင်ကြယ်သော နယ်မြေ၏ အကာအကွယ်အတွင်းသို့ ထည့်သွင်းလိုက်တော့၏။

တစ်ခဏချင်းမှာပင် တတိယတောင်ထိပ်ပေါ်ရှိ သက်ရှိအားလုံးမှာ ဤထူးခြားသော ပြောင်းလဲမှုကို တစ်ပြိုင်နက် ခံစားလိုက်ကြရသည်။

တတိယတောင်ထိပ်၊ ခန်းမဆောင်ကြီးအတွင်း၌ ရှန်းယန်၊ ရွမ်နန်ကျူး၊ ပိလော့၊ တူကူးနီနှင့် ဟွာလင်ဟိုတို့သည် စားပွဲတစ်ခုကို ဝိုင်းလျက် ဖရုံစေ့များ စားရင်း စုဝေးနေကြသည်။

ရုတ်တရက်

“ဟင်”

တူကူးနီက ပထမဆုံး သတိပြုမိသွားပြီး ခန်းမအပြင်ဘက်သို့ မော့ကြည့်လိုက်သည်။ သူ၏မျက်ဝန်းများအတွင်း အံ့ဩမှုနှင့် သံသယများ ပြည့်နှက်နေ၏။

“ဒီနေရာက ဝိညာဉ်စွမ်းအင်တွေက ရုတ်တရက်ကြီး သိသိသာသာ မြင့်တက်လာသလိုပဲ မင်းတို့ကော ခံစားမိကြလား”

“ဝိညာဉ်စွမ်းအင်တွေ မြင့်တက်လာတယ် ဟုတ်လား”

လူစုမှာ ထိုစကားကို ကြားသောအခါ ခေတ္တမျှ မှင်တက်သွားပြီးနောက် သူတို့၏ ကျင့်ကြံမှုပညာရပ်များကို စမ်းသပ်ကြည့်လိုက်ကြသည်။ နောက်တစ်ခဏတွင်မူ သူတို့အားလုံး၏ မျက်နှာပေါ်၌ အံ့အားသင့်ဖွယ် အမူအရာများ ပေါ်ထွက်လာတော့သည်။

“ဝိညာဉ်စွမ်းအင်တင် မကဘူး ငါ့ရဲ့ ကျင့်ကြံမှုအရှိန်ကပါ နှစ်ဆလောက် မြန်လာတယ်”

“ဒါတင် ဘယ်ကမလဲ... ငါ့ကိုယ်ထဲက ဒဏ်ရာဟောင်းတွေတောင် သူ့အလိုလို ပြန်ကောင်းလာနေပြီဗျ”

“နေဦး မင်းတို့ သတိထားမိလား အတွေးတွေက ပိုပြီး ကြည်လင်လာသလိုပဲ။ တစ်ကိုယ်လုံးလည်း လန်းဆန်းနေတာ။ အရင်က ရှိနေကျ ပင်ပန်းနွမ်းနယ်မှုတွေလည်း ပျောက်ကွယ်သွားသလို ခံစားရတယ် မဟုတ်ဘူးလား”

လူတိုင်းမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြရင်း မျက်လုံးချင်းဆုံကာ တုန်လှုပ်မှုများကို မြင်တွေ့နေရသည်။ ဤသည်မှာ တကယ့်ကို အံ့ဩဖွယ်ရာပင် အကယ်၍ ဤပြောင်းလဲမှုမှာ တစ်ဦးတစ်ယောက်တည်း၌သာ ဖြစ်ပေါ်ခဲ့လျှင် ထူးခြားလှသည် မဟုတ်သော်လည်း ယခုမှာမူ တစ်နယ်မြေလုံးကို လွှမ်းခြုံထားခြင်းပင်။

ကျင့်ကြံမှုအဆင့်အတန်း၊ ပါရမီကွဲပြားမှုများကို လျစ်လျူရှုပြီး လူတိုင်းအပေါ် အကျိုးသက်ရောက်မှု ပေးနိုင်သည်မှာ ကောင်းကင်နှင့် မြေကြီး၏ အံ့ဖွယ်စွမ်းအားများကို သိမ်းကျုံးယူထားသည့် အလားပင်။

ကျင့်ကြံမှု လုံးဝမရှိသော ပိလော့တစ်ဦးတည်းသာ ဇဝေဇဝါဖြင့် ရေရွတ်နေတော့သည်။

“ဒါက အဲဒီလောက်တောင် ထူးဆန်းလို့လား ငါတော့ ဘာမှမခံစားရပါလား။ နင်တို့တွေ စိတ်ထင်နေတာများလား”

တူကူးနီက သူမကို တစ်ချက်ကြည့်ကာ ခေါင်းခါယမ်းလျက် ပြောလိုက်သည်။

“ကျင့်ကြံသူတွေအတွက်ကတော့ ကျင့်ကြံမှုအဆင့် မြင့်မားလာလေလေ နယ်ပယ်တွေက ပိုပြီး နက်ရှိုင်းလာလေလေပဲ။ အဲဒီအခါမှာ ကိုယ့်ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်စွမ်းကလည်း ပိုအားကောင်းလာတယ်။ ဒါကြောင့် ကိုယ့်ခန္ဓာကိုယ်ထဲမှာ ဖြစ်ပေါ်လာတဲ့ ဘယ်လို အပြောင်းအလဲအသေးလေးကိုမဆို ငါတို့က ခံစား သိရှိနိုင်တယ်။ ဒါဟာ လုံးဝ စိတ်ထင်တာ မဟုတ်ဘူး”

စကားအဆုံးတွင် တူကူးနီသည် ခန်းမအပြင်ဘက်ရှိ လျှို့ဝှက်ကျင့်ကြံဆောင်ဘက်သို့ လှမ်းကြည့်ရင်း တိုးညှင်းစွာ ပြောလိုက်၏။

“တတိယသခင်လေးရဲ့ နည်းလမ်းတွေကတော့ တစ်နေ့ထက်တစ်နေ့ ပိုပြီး နက်နဲလာပြီပဲ"

ဟွာလင်ဟိုနှင့် အခြားသူများသည်လည်း တူကူးနီ၏ အကြည့်နောက်သို့ လိုက်ပါကာ ချန်ကျီရှင်း၏ ကျင့်ကြံဆောင်ဘက်သို့ လေးစားစွာ ကြည့်လိုက်မိကြသည်။ ယခင်က ချန်ကျီရှင်းသည် ထက်မြက်လှသော ဓားတစ်စင်းနှင့် တူခဲ့လျှင် ယခုအခါတွင်မူ သူသည် အဆုံးမရှိသော နက်ရှိုင်းသည့် သမုဒ္ဒရာကြီးတစ်ခုနှင့်ပင် တူနေတော့သည်။

“တတိယသခင်လေးကတော့ တကယ်ကို ခန့်မှန်းရခက်တဲ့ ပုဂ္ဂိုလ်ဖြစ်လာပြီပဲ”

ဟွာလင်ဟိုနှင့် အခြားသူများက တညီတညွတ်တည်း ချီးကျူးလိုက်ကြတော့သည်။

တစ်ချိန်တည်းမှာပင် စင်ကြယ်သော နယ်မြေပွင့်လန်းလာသည်နှင့်အမျှ တတိယတောင်ထိပ်တွင် ဖြစ်ပေါ်လာသော ပြောင်းလဲမှုများမှာ ထိုမျှမကသေးချေ။

တောင်ထိပ်တစ်ခွင်ရှိ ခြောက်သွေ့နေသော သစ်ကိုင်းအချို့မှာ သိသိသာသာပင် ပြန်လည်အသက်ဝင်လာပြီး စိမ်းလန်းစိုပြည်သော အဖူးအပွင့်သစ်များ ဝေဆာလာတော့သည်။ ညှိုးနွမ်းနေသော ပန်းမာလ်များမှာလည်း သူတို့၏ပင်စည်များကို ပြန်လည်မတ်မတ်ထားကာ တစ်ဖန်ပြန်၍ ဖူးပွင့်ရန် အသင့်ဖြစ်နေကြ၏။

ခဏချင်းမှာပင် သစ်ပင်အိုများ ပြန်လည်နုပျို၍ သစ်ပင်သေများ ပြန်လည်ပွင့်လန်းလာကာ ပေတစ်ထောင်မြင့်သော တောင်ထိပ်ကြီးမှာ ရှူမငြီးနိုင်ဖွယ် ပန်းပင်လယ်ပြင်ကြီးအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

ဝိညာဉ်သားရဲများမှာလည်း ရုတ်တရက် အသိဉာဏ်ပွင့်သွားကြသည့်အလား ချန်ကျီရှင်းရှိရာဘက်သို့ လက်အုပ်ချီ၍ ဦးညွှတ်ကြပြီးနောက် တင်ပျဉ်ခွေထိုင်ကာ တရားမှတ်နေကြတော့သည်။

တောင်ခြေတွင်မူ ဇီဝေချန်မိသားစုမှ တပည့်တစ်ဦးသည် ဟင်းလင်းပြင် အသွင်ပြောင်းလဲခြင်းနယ်ပယ်သို့ မည်သို့တက်လှမ်းရမည်ကို အသည်းအသန် စဉ်းစားရင်း တတိယတောင်ထိပ်အနီးမှ မသိစိတ်ဖြင့် ဖြတ်သန်းသွားမိသည်။

ရုတ်တရက် ထိုတပည့်မှာ တစ်စုံတစ်ခုကို အာရုံခံမိသွားသဖြင့် ခြေလှမ်းများ ရပ်တန့်သွား၏။

“ဒါ... ဒါက...”

တစ်ခဏချင်းမှာပင် ထိုချန်မိသားစုတပည့်သည် တတိယတောင်ထိပ်ကို ငေးမောကြည့်ရင်း မျက်သူငယ်အိမ်များ ပြူးကျယ်လာတော့သည်။ နောက်တစ်ခဏ၌ သူသည် အလျင်အမြန်ပင် တင်ပျဉ်ခွေထိုင်လိုက်ပြီး အဆင့်တက်ရန် စတင်ကြိုးပမ်းတော့သည်။

တစ်နာရီခန့်အကြာတွင်

ဝုန်း

ဟင်းလင်းပြင် အသွင်ပြောင်းလဲခြင်းနယ်ပယ်၏ အရှိန်အဝါတစ်ခုမှာ ထိုတပည့်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာတော့သည်။

“ငါ... ငါ အဆင့်တက်သွားပြီလား”

ထိုတပည့်မှာ ဝမ်းသာအားရဖြင့် ကခုန်တော့မတတ် ဖြစ်သွားရသည်။

...

...

မကြာမီမှာပင် ဇီဝေချန်မိသားစုတစ်ခုလုံးမှာ မကြုံစဖူးသော စိတ်လှုပ်ရှားမှုများဖြင့် ဆူညံသွားတော့သည်။ ချန်မိသားစုဝင် အမြောက်အမြားမှာ ယုံတဝက် မယုံတဝက်ဖြင့် တတိယတောင်ထိပ်သို့ အုပ်စုလိုက် ချီတက်လာကြ၏။

သို့သော် တောင်ထိပ်ပေါ်သို့ ခြေချလိုက်သည်နှင့် သူတို့၏ သံသယအားလုံးမှာ တစ်ခဏချင်းအတွင်း ပျောက်ကွယ်သွားတော့သည်။

အားလုံးမှာ တင်ပျဉ်ခွေထိုင်၍ ကျင့်ကြံကြတော့၏။

ဒုန်း ဒုန်း ဒုန်း….

အဆင့်တက်သွားသည့် အသံများမှာ တစ်သံပြီးတစ်သံ ထွက်ပေါ်လာသည်။ ထို့နောက်တွင်မူ တတိယတောင်ထိပ်သို့ လာရောက်သူဦးရေမှာ ပို၍ပို၍ များပြားလာတော့သည်။

နောက်ဆုံးတွင် ဇီဝေချန်မိသားစု၌ ရှိနေသူအားလုံးနီးပါး တတိယတောင်ထိပ်သို့ ရောက်ရှိလာကြပြီ ဖြစ်သည်။ စင်ကြယ်သော နယ်မြေ၏ အလင်းရောင်အောက်တွင် ချန်မိသားစုတစ်ခုလုံး၏ အင်အားမှာ သိသိသာသာပင် အရှိန်အဟုန်ဖြင့် မြင့်တက်လာတော့သည်။

“ငါ... ငါ အဆင့်တက်သွားပြီ”

“ဟားဟားဟား... ငါလည်း အဆင့်တက်သွားပြီဟေ့”

“ငါ့ကို အနှစ်သုံးဆယ်လုံးလုံး ဒုက္ခပေးနေတဲ့ မေးခွန်းက အခုတော့ အဖြေပေါ်သွားပြီ တစ်ခုခု လိုနေသလို ခံစားနေရတာ အခုတော့ အဲဒီလိုအပ်ချက်က ပြည့်စုံသွားပြီ”

“ဟားဟား... ကောင်းကင်ဘုံက မစတာပဲ”

“ဟင် အကြီးအကဲ ကျောက်ကွမ်းလည်း ဒီကို ရောက်နေတာလား”

“အကြီးအကဲ ကျောက်ကွမ်း နောက်ဆုံးတော့ စစ်မှန်သောကိုယ်ပိုင်နယ်ပယ်ကို ရောက်သွားပြီဗျို့”

“အကြီးအကဲ ကုချန်းလည်း စစ်မှန်သောကိုယ်ပိုင်နယ်ပယ်ကို ရောက်သွားပြီ”

နာရီအနည်းငယ်အတွင်းမှာပင် တတိယတောင်ခြေမှာ လူများဖြင့် လုံးဝ ပြည့်နှက်သွားတော့သည်။ ဇီဝေတောင်တစ်ခုလုံးမှာလည်း အုတ်အုတ်ကျက်ကျက် ဖြစ်နေ၏။

ချန်မိသားစုဝင်များနှင့် အကြီးအကဲ အမြောက်အမြားမှာ တတိယတောင်ခြေတွင် တင်ပျဉ်ခွေထိုင်ကာ ကျင့်ကြံနေကြသည်။ အခြားတောင်ထိပ်များမှ ဝိညာဉ်သားရဲများပင်လျှင် တရားမှတ်ရန် ပြေးဝင်လာကြသည်။

လူအုပ်ကြီးအတွင်းမှ တစ်စုံတစ်ဦး အဆင့်တက်သွားခြင်း၊ နားလည်သဘောပေါက်မှု ရရှိခြင်း သို့မဟုတ် ဒဏ်ရာဟောင်းများနှင့် ကျိန်စာများ ပျောက်ကွယ်သွားခြင်း စသည့် အံ့ဩဘနန်း အော်ဟစ်သံများကို ခဏခဏ ကြားနေရသည်။

ဤသည်မှာ အနန္တဖန်ဆင်းခြင်း၏ စင်ကြယ်သော နယ်မြေပင်။

ကြည့်ရသည်မှာ ကျင့်ကြံမှုအရှိန်နှင့် ဝိညာဉ်စွမ်းအင်ကို နှစ်ဆတိုးပေးရုံ၊ နားလည်သဘောပေါက်မှုနှင့် ရှင်သန်မှုကို ဆယ်ရာခိုင်နှုန်း တိုးပေးရုံဟု ထင်ရသော်လည်း ဇီဝေချန်မိသားစုရှိ လူအများအပြားမှာ တစ်သက်လုံး အဆင့်မတက်နိုင်ဘဲ တစ်နေရာတည်းတွင် ပိတ်မိနေသူများ ဖြစ်ကြသည်။

စင်ကြယ်သော နယ်မြေမှ ထွက်ပေါ်လာသော ရွှေရောင်အလင်းတန်းမှာ ထိုသူများအတွက် ကောင်းကင်ယံသို့ တက်လှမ်းရန် တွန်းပို့ပေးသော လေညင်းတစ်ခုကဲ့သို့လည်းကောင်း ဒဏ္ဍာရီလာ ကံကြမ္မာ၏ ဖြည့်ဆည်းမှုကဲ့သို့လည်းကောင်း ဖြစ်နေသည်။

ချန်မိသားစုဝင် အမြောက်အမြား၏ နောက်ဆုံးလိုအပ်နေသော ကွက်လပ်ကလေးမှာ စင်ကြယ်သော နယ်မြေ၏ ရွှေရောင်အလင်းအောက်တွင် တစ်ခဏချင်း ပြည့်စုံသွားတော့သည်။

ကျွီ...

လျှို့ဝှက်ကျင့်ကြံဆောင်၏ တံခါးမှာ ပွင့်ဟသွားကာ စင်ကြယ်ဖြူဖွေးသော ဝတ်ရုံကို ဆင်မြန်းထားသည့် ချန်ကျီရှင်းသည် အပြင်သို့ လှမ်းထွက်လာပြီး တတိယတောင်ထိပ်တွင် ရပ်တန့်လိုက်သည်။

ထိုခဏ၌ ချန်မိသားစုဝင် အမြောက်အမြားမှာ တစ်စုံတစ်ခုကို အာရုံခံမိသွားကြသည့်အလား ဦးခေါင်းများကို တစ်ပြိုင်နက်တည်း မော့ကြည့်လိုက်ကြသည်။ တတိယတောင်ထိပ်တွင် ဖြစ်ပေါ်နေသော ဤထူးခြားသည့် ပြောင်းလဲမှုမှာ ဤလျှို့ဝှက်ဆန်းပြားလှသော တတိယသခင်လေးနှင့် ဆက်စပ်နေကြောင်း အားလုံးက သိရှိနေကြပြီ ဖြစ်သည်။

တောင်ထိပ်ထက်ဝယ် ညင်သာသော တောင်လေမှာ ချန်ကျီရှင်း၏ ဖြူလွလွ ဝတ်ရုံနှင့် ရေတံခွန်ပမာ နက်မှောင်သော ဆံနွယ်များကို လွင့်မြောစေ၏။ သူသည် တောင်ထိပ်တွင် ရပ်နေသည်မှာ လောကီလူသားတို့နှင့် မတူဘဲ နတ်ဘုံမှ ဆင်းသက်လာသော နှင်ထုတ်ခံ နတ်သားတစ်ပါးအလား ထည်ဝါလှပနေတော့သည်။

နောက်တစ်ခဏတွင် ကြည်ညိုလေးစားသော မျက်ဝန်းပေါင်းများစွာ၏ အောက်၌ ချန်ကျီရှင်းသည် သူ၏လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။ သူသည် တည်ငြိမ်သော အမူအရာဖြင့် ချန်မိသားစုဝင်များကို ငုံ့ကြည့်လျက် လေးလေးနက်နက် ပြောလိုက်သည်။

“ဒီသန့်စင်တဲ့ အလင်းရောင်က ဇီဝေချန်မိသားစုအပေါ် ထာဝရ ထွန်းလင်းနေမှာဖြစ်သလို မင်း

တို့ အားလုံးနဲ့အတူ အမြဲတမ်း ရှိနေပါလိမ့်မယ်"

အခန်း။ ၂၄၀

ချန်ကျီရှင်း၏ စကားအဆုံးတွင် တတိယတောင်ခြေရှိ မရေမတွက်နိုင်သော ဇီဝေချန်မိသားစုဝင်များမှာ ဦးခေါင်းများကို တစ်ပြိုင်နက်တည်း မော့ကြည့်လိုက်ကြသည်။

“သန့်စင်တဲ့အလင်းက ဇီဝေကို ထာဝရလင်းစေမယ်... ငါတို့အားလုံးနဲ့အတူ ရှိနေမယ်...”

အကြီးအကဲတစ်ဦးမှာ တိုးညှင်းစွာ ရေရွတ်ရင်း အသက်ကို ပြင်းပြင်းရှူလိုက်သည်။ ထို့နောက် ရှေ့သို့ ရုတ်တရက် လှမ်းထွက်လိုက်ကာ ကျယ်လောင်သော အသံဖြင့်

“ငါ ကုချန်းက ငါတို့ဇီဝေကို ပိုမိုအင်အားတောင့်တင်းလာအောင် လုပ်ဆောင်ဖို့ တတိယသခင်လေးရဲ့နောက်ကို လိုက်ပါဖို့ အသင့်ပါပဲ”

ထိုစကားအဆုံးတွင် တတိယတောင်ခြေတစ်ခုလုံးမှာ ဗုံးတစ်လုံး ပေါက်ကွဲသွားသည့်အလား ဟိုးလေးတကျော် ဖြစ်သွားတော့သည်။

“တတိယသခင်လေးနောက်ကို လိုက်ပြီး ဇီဝေကို အင်အားတောင့်တင်းအောင် လုပ်ဆောင်ကြမယ်”

“တတိယသခင်လေးနောက်ကို လိုက်ပြီး ဇီဝေကို အင်အားတောင့်တင်းအောင် လုပ်ဆောင်ကြမယ်”

“တတိယသခင်လေးနောက်ကို လိုက်ပြီး ဇီဝေကို အင်အားတောင့်တင်းအောင် လုပ်ဆောင်ကြမယ်”

စိတ်အားထက်သန်သော အော်ဟစ်သံများမှာ တစ်သံတည်းအဖြစ် ပေါင်းစည်းသွားပြီး ကောင်းကင်ယံကို တုန်ဟည်းစေသည့် မိုးခြိမ်းသံကြီးအလား ဟိန်းထွက်လာတော့သည်။

ဇီဝေကို အင်အားတောင့်တင်းစေရမယ်….

ဇီဝေကို အင်အားတောင့်တင်းစေရမယ်…..

ဝုန်း….

ဇီဝေ၏ တောင်ကိုးလုံးစလုံးမှာ တစ်ပြိုင်နက်တည်း တုန်ခါသွားရသည်။ ဤခဏတွင် တတိယတောင်ခြေရှိ လူအားလုံးမှာ အစွန်းကုန် စိတ်အားထက်သန်စွာဖြင့် တောင်ထိပ်ပေါ်တွင် ဖြူလွလွဝတ်ရုံကို ဆင်မြန်းကာ နတ်သားတစ်ပါးအလား ရပ်နေသော ထိုကျော့ရှင်းသည့် ပုံရိပ်ကို မော့ကြည့်နေကြတော့သည်။

ပင်မတောင်ထိပ်ထက်၌ ချန်တောက်ယန်သည် သူ၏လက်များကို ဝတ်ရုံလက်အင်္ကျီအတွင်းသို့ ထည့်လျက် ဤမြင်ကွင်းကို အဝေးမှ ငေးကြည့်နေသည်။

“မျိုးနွယ်စုခေါင်းဆောင်... တတိယသခင်လေးကတော့ တကယ်ကို အရှိန်အဝါ အပြည့်နဲ့ ဖြစ်လာပြီပဲဗျာ"

အကြီးအကဲမဟူရာမှာ ချန်တောက်ယန်၏ နောက်ကွယ်တွင် ရပ်နေရင်း ရယ်မော၍ ပြောလိုက်သည်။

“လျှို့ဝှက်ဆန်းပြားတယ်။ အင်အားကြီးတယ်။ ထူးခြားတဲ့ ပါရမီရှိတယ်။ ခေတ်ပြိုင်

လူငယ်တွေကို ဖိနှိပ်နိုင်တယ် ဒါတင်မကဘူး... ကျွမ်းကျင်တဲ့ ဗျူဟာတွေ၊ နက်နဲတဲ့ အစီအစဉ်တွေရှိပြီး သူရည်မှန်းချက်အတွက်ဆိုရင် ဘယ်လိုနည်းလမ်းမျိုးကိုမဆို သုံးဝံ့တဲ့ မြေခွေးတစ်ကောင်လိုလည်း ထက်မြက်တယ်။ အခုဆိုရင် ဇီဝေချန်မိသားစုတစ်ခုလုံးရဲ့ စိတ်နှလုံးကိုပါ သိမ်းပိုက်လိုက်နိုင်ပြီ...”

“တတိယသခင်လေးက မျိုးနွယ်စုခေါင်းဆောင်တစ်ယောက် ဖြစ်လာဖို့ လိုအပ်တဲ့ အရည်အချင်းအားလုံးကို ပိုင်ဆိုင်နေပြီပဲ”

ချန်တောက်ယန်သည် ထိုစကားကို ကြားသောအခါ ခေါင်းငြိမ့်ပြကာ တတိယတောင်ထိပ်သို့ မမှိတ်မသုန် စိုက်ကြည့်ရင်း ပြန်လည်ဖြေကြားလိုက်သည်။

“ဒီခေတ်က နောက်မျိုးဆက်တွေရဲ့ ခေတ်ပဲ ချန်ကျီရှင်းရဲ့ ခေတ်ပေါ့"

“မကြာခင်မှာပဲ ငါ အေးအေးဆေးဆေး အနားယူနိုင်တော့မယ် ထင်ပါရဲ့"

ချန်တောက်ယန်သည် ရယ်မောလိုက်ပြီး တတိယတောင်ထိပ်ဆီသို့ တစ်လှမ်းချင်း လျှောက်လှမ်းသွားတော့သည်။ ဤတတိယတောင်ထိပ်တွင် ကျိန်စာများနှင့် ဘေးအန္တရာယ်များကို လျော့ပါးစေနိုင်သော စွမ်းအားရှိသည်ဟု သူ ကြားသိထား၏။

ထို့ကြောင့် သူ၏ကိုယ်ပေါ်ရှိ ကျိန်စာအပေါ်တွင်ရော သက်ရောက်မှု ရှိမရှိ သူကိုယ်တိုင် သိမြင်ချင်နေမိသည်။

ခဏအကြာတွင်

“မျိုးနွယ်စုခေါင်းဆောင်”

“မျိုးနွယ်စုခေါင်းဆောင်ကြီး ကြွလာပြီ”

ချန်မိသားစုဝင်များမှာ အလျင်အမြန်ပင် နောက်သို့လှည့်ကြည့်ကာ ချန်တောက်ယန်အတွက် လမ်းဖယ်ပေးလိုက်ကြသည်။ ချန်တောက်ယန်က ခေါင်းကို အနည်းငယ် ငြိမ့်ပြကာ တောင်ထိပ်ပေါ်သို့ တစ်လှမ်းချင်း တက်လှမ်းသွား၏။

တတိယတောင်ထိပ်တစ်ခုလုံးကို ဖုံးလွှမ်းထားသော မည်သည့်နေရာမှ ထွက်ပေါ်လာမှန်း မသိသည့် နက်ရှိုင်းလှသော စွမ်းအင်တစ်ခုကို သူ ရှင်းလင်းစွာ ခံစားလိုက်ရသည်။

တောင်ထိပ်သို့ ခြေချလိုက်သည်နှင့် သူ၏ကျင့်ကြံမှုအရှိန်မှာ ပုံမှန်ထက် နှစ်ဆပို၍ မြန်ဆန်လာသည်။ မိုးခေါင်နေသော မြေပြင်ပေါ်သို့ အဖိုးတန်မိုးစက်များ ကျဆင်းလာသကဲ့သို့ပင် နက်ရှိုင်းသော ရွှေရောင်အလင်းတန်းမှာ သူ၏ခန္ဓာကိုယ်အတွင်းသို့ တိတ်ဆိတ်စွာ စိမ့်ဝင်ကာ အားဖြည့်ပေးနေတော့သည်။

“တကယ်ကို ကောင်းမွန်တဲ့ စွမ်းအားတစ်ခုပဲ"

ချန်တောက်ယန်သည် တိတ်ဆိတ်စွာ ခေါင်းငြိမ့်လိုက်သော်လည်း စိတ်မကောင်းစွာဖြင့် သက်ပြင်းတစ်ချက် ဖွဖွရှူလိုက်မိသည်။

“နှမြောစရာပဲ...”

သူ၏ တာအိုအခြေခံအုတ်မြစ်၏ နက်ရှိုင်းရာအရပ်၌ အထွတ်အထိပ်နယ်ပယ်သို့ တက်လှမ်းမည့် လမ်းကြောင်းကို အလွှာပေါင်းများစွာဖြင့် တင်းတင်းကျပ်ကျပ် ပိတ်ဆို့ထားသည့် အဟန့်အတားတစ်ခု ရှိနေသည်ကို သူ ရှင်းလင်းစွာ ခံစားနေရ၏။

ဤနက်ရှိုင်းသော ရွှေရောင်အလင်းတန်းမှာ ကျိန်စာများကို လျော့ပါးစေနိုင်သည့် စွမ်းရည်ရှိသည်မှာ အမှန်ပင်။ သို့သော် သူ၏ကိုယ်ပေါ်ရှိ ကျိန်စာအတွက်မူ ဤစွမ်းအားမှာ သမုဒ္ဒရာထဲသို့ ရေတစ်စက် ချလိုက်သကဲ့သို့သာ ရှိပြီး အရာမထင်လှချေ။

ဤအချက်ကြောင့် ချန်တောက်ယန်သည် မြောက်ဘက်အရပ်ဆီသို့ မသိစိတ်ဖြင့် လှမ်းကြည့်လိုက်မိပြီး သူ၏မျက်ဝန်းအတွင်းဝယ် မှောင်မိုက်သော အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားတော့သည်။

မြောက်ဘက်ကို သွားရမယ်။

သူ့ကို အကြိမ်ကြိမ် ခြောက်လှန့်နေသော ဤအတွေးမှာ ချန်တောက်ယန်၏ စိတ်ထဲတွင် တစ်ဖန်ပြန်၍ ဟိန်းဟောက်လာပြန်သည်။ နောက်တစ်ခဏတွင်မူ ချန်တောက်ယန်သည် အသက်ကို ပြင်းပြင်းရှူကာ ထိုအတွေးကို ပြန်လည်ဖိနှိပ်လိုက်ပြီးနောက် တောင်ထိပ်ပေါ်သို့ လှမ်းတက်လိုက်သည်။

“ကျီအာ...”

ချန်တောက်ယန်က ကြင်နာသော အပြုံးဖြင့် ခေါ်လိုက်သည်။

“အဘိုး... အဘိုးလည်း ဒီကို ရောက်နေတာလား"

ချန်ကျီရှင်းက လှည့်ကြည့်လိုက်ပြီး အံ့အားသင့်စွာ မေးလိုက်သည်။

“ဟားဟားဟား... တခြားလူတွေတောင် လာလို့ရရင် မင်းရဲ့အဘိုးဖြစ်တဲ့ ငါကကော ဘာလို့ ပေါ်မလာနိုင်ရမှာလဲ"

ချန်တောက်ယန်က အားရပါးရ ရယ်မောလိုက်ပြီးနောက် ချန်ကျီရှင်း၏ ဘေးတွင် ယှဉ်ရပ်လိုက်သည်။

အဘိုးနှင့် မြေးနှစ်ဦးမှာ ယှဉ်တွဲရပ်လျက် အဝေးသို့ ငေးကြည့်နေကြ၏။ တောင်လေတစ်ဝှေ့မှာ ချန်တောက်ယန်၏ ဖရိုဖရဲဖြစ်နေသော ဆံပင်ဖြူများနှင့် ချန်ကျီရှင်း၏ နက်မှောင်သော ဆံနွယ်များကို လွင့်မြောသွားစေသည်။

“ကျီအာ... ဒီနေ့ မင်းလုပ်ဆောင်ချက်တွေက တကယ်ကို ထူးချွန်တယ်။ ဒီအဖြစ်အပျက်ပြီးရင်တော့ မင်းကို ဇီဝေ၏ အရှင်သခင်ဖြစ်လာမှာကို ဘယ်သူမှ ကန့်ကွက်ရဲတော့မှာ မဟုတ်ဘူး။ ဇီဝေချန်မိသားစုတစ်ခုလုံးက မင်းကို ဒီမြေပြင်ရဲ့ ဘုရင်အသစ်ဖြစ်လာဖို့ ဝိုင်းဝန်းပံ့ပိုးကြလိမ့်မယ်"

ချန်တောက်ယန်က ပြုံးလိုက်ပြီး အဝေးသို့ လက်ညှိုးညွှန်ပြကာ သူ၏အသံမှာလည်း တည်ကြည်ပြတ်သားလာသည်။

“ကျီအာ... မင်း အရှေ့ကို ကြည့်လိုက်ရင် ဘာကို မြင်ရသလဲ"

“ဘာကို မြင်ရလို့လဲ”

ချန်ကျီရှင်းက ကြောင်တောင်တောင်ဖြင့် ပြန်မေးလိုက်သည်။

သူ ပြန်မဖြေရသေးမီမှာပင် ချန်တောက်ယန်က သူ၏လက်ကို ပြန်ရုပ်လိုက်ပြီး ကိုယ်တိုင်ပင် အဖြေပေးလိုက်တော့သည်။

“စိတ်အားထက်သန်နေတဲ့ ဒီမျက်နှာတွေကို မြင်လား... ကျယ်ပြောလှတဲ့ ဒီရှုခင်းတွေ၊ ဒီစင်ကြယ်တဲ့ နယ်မြေတွေနဲ့ အလုပ်ရှုပ်နေကြတဲ့ မရေမတွက်နိုင်တဲ့ သက်ရှိတွေကို မြင်လား။ နောင်တစ်ချိန်မှာ မင်းက ဒီနယ်မြေရဲ့ အရှင်သခင် ဖြစ်လာလိမ့်မယ်”

ချန်တောက်ယန်သည် အသက်ကို အဝရှူလိုက်ပြီး သူ၏မျက်နှာမှာ ယခင်ကထက် ပိုမိုလေးနက်လာသည်။ သူသည် အကြည့်များကို ပြန်ရုပ်သိမ်းကာ ချန်ကျီရှင်းကို စေ့စေ့ကြည့်လျက် လေးလေးနက်နက် ပြောလိုက်သည်။

“အဘိုးကို ပြောစမ်း... မင်း ဒီနယ်မြေအတွက် တာဝန်ယူဖို့ အသင့်ဖြစ်ပြီလား”

ချန်ကျီရှင်းသည် ထိုစကားကို ကြားသည့်အခါ ချန်တောက်ယန်ကို ပြန်ကြည့်လိုက်မိသည်။ သူသည် စကားအချို့ကို ပြောရန် ပါးစပ်ဟလိုက်သော်လည်း နောက်ဆုံးတွင်မူ တွန့်ဆုတ်သွားကာ ထိုစကားများကို ပြန်လည်မျိုချလိုက်တော့သည်။

“အဘိုး... ကျွန်တော် တစ်ခုခု သတိရသွားလို့။ ကျွန်တော့်အခန်းထဲမှာ လက်ဖက်ရည်ပူပူလေး ရှိသေးတယ်။ သွားမသောက်ရင် အေးသွားလိမ့်မယ်"

ချန်ကျီရှင်းသည် ချန်တောက်ယန်ကို ပြုံးပြလိုက်ပြီးနောက် အိမ်ထဲသို့ အလျင်အမြန်ပင် ပြေးဝင်သွားတော့သည်။

သူ ထွက်ပြေးသွားခဲ့ကာ လေကလည်း ပိုမို ပြင်းထန်လာ၏။

"ဒီလောက်ကြီးမားတဲ့ ဆုံးဖြတ်ချက်ကို ဒီလောက်မြန်မြန်ဆန်ဆန်ကြီး ဘယ်လိုများ ချနိုင်ရတာလဲ"

“ကျီအာ”

ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ ချန်တောက်ယန်မှာ မျက်လုံးများ ပြူးကျယ်သွားရတော့သည်။ ချန်ကျီရှင်းက မကြားချင်ယောင်ဆောင်ကာ ဆက်သွားနေသည်ကို မြင်ရသောအခါ ချန်တောက်ယန်က မတတ်သာဘဲ ခေါင်းခါယမ်းလိုက်ရ၏။

“ကျီအာ... မင်း ဘယ်လောက်အထိ ရှောင်နေဦးမှာလဲ မင်းရဲ့အဘိုးကကော... နောက်ထပ် ဘယ်လောက်အထိ ခံနိုင်ဦးမယ်လို့ ထင်နေလို့လဲ”

ထိုစကားအဆုံးတွင် ချန်ကျီရှင်း၏ ခြေလှမ်းများ ခေတ္တရပ်တန့်သွားသော်လည်း သူ နောက်သို့ လှည့်မကြည့်ခဲ့ချေ။

ချန်တောက်ယန်က ညင်သာစွာ ဆက်ပြောလိုက်သည်။

“ဒီနယ်မြေမရှိဘဲ ဒီလူတွေမရှိဘဲ ငါတို့ ဘာမှလုပ်လို့ မရဘူး။ အဲဒီလိုပဲ... ငါတို့ကလည်း သူတို့ရဲ့ အောင်မြင်မှုတွေထဲက အစိတ်အပိုင်းတစ်ခုပဲလေ"

All Chapters