← Chapters

အခန်း (၆၇-၆၉)

Vol. 5 Ch. 67-69

အခန်း (၆၇-၆၉)

Vol. 5 Ch. 67-69

အခန်း (၆၇) နှစ်ရာချီသက်တမ်းရှိသစ်သားအူတိုင်

ကျောက်ဖေးသည် ရှေ့သို့တက်လှမ်းကာ ဓားကို အလျင်အမြန် ဝေ့ယမ်း၍ ရှေးဟောင်းမိုးမခပင်၏ ကြွင်းကျန်ရစ်သော အပိုင်းအစများကို ခုတ်ထစ်လိုက်သည်။

မီးသွေးခဲများ၏ အလယ်ဗဟိုတည့်တည့်တွင်

အချို့သော သစ်သားအပိုင်းအစများသည် ပျက်စီးခြင်းမရှိဘဲ ကောင်းမွန်စွာ ကျန်ရှိနေသည်ကို တွေ့လိုက်ရ၏။

ထိုအထဲမှ ကျောက်ဖေးသည် အားစိုက်ထုတ်ကာ လက်ဖဝါးတစ်ဝက်ခန့် အရွယ်အစားရှိသော တစ်ကိုယ်လုံး စိမ်းဖန့်နေသည့် သစ်သားအူတိုင်တစ်ခုကို ခုတ်ယူလိုက်သည်။

ဤမိုးမခပင်အူတိုင်မှာ အနည်းဆုံး သက်တမ်းနှစ်ရာချီရှိနေပြီဖြစ်ကာ ကြွယ်ဝလှသော ဝိညာဉ်စွမ်းအင်များကို ထုတ်လွှတ်နေသည်။

ကျောက်ဖေးအနေဖြင့် တရားမှတ်သည့် အခြေအနေသို့ မဝင်စားထားသော်လည်း ၎င်းကို လက်ထဲတွင် ဆုပ်ကိုင်ထားရုံမျှဖြင့် မိမိခန္ဓာကိုယ်အတွင်းရှိ သစ်သားဓာတ်စွမ်းအားများ ပိုမိုနိုးကြားတက်ကြွလာသည်ကို ရှင်းလင်းစွာ ခံစားနေရသည်။

“ဆရာပြောဖူးသလိုပဲ၊ အချို့သော မိစ္ဆာတွေ သေဆုံးသွားရင် အဖိုးတန်ပစ္စည်းတွေ ကျန်ရစ်ခဲ့တတ်တာ တကယ်ပဲ”

“ဒီနှစ်ရာချီသက်တမ်းရှိတဲ့ မိုးမခပင်အူတိုင်ကို ဘာအတွက် သုံးရမှန်း မသိသေးပေမဲ့ ဒါက ရတနာတစ်ခု ဖြစ်ရမယ်”

“နှမြောစရာကောင်းတာကတော့ ဟိုမြွေပါဝိညာဉ်ရဲ့ အလောင်းပဲ...”

ကျောက်ဖေး အနည်းငယ် နှမြောတသ ဖြစ်မိသည်။

ထိုကောင်းကင်မိုးကြိုး စွမ်းအားအောက်တွင် မြွေပါဝိညာဉ်မှာ ပြာအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်မှာ ကြာပြီဖြစ်ရာ ယခုဆိုလျှင် အမွှေးတစ်ပင်ပင် ရှာတွေ့ရန် မလွယ်ကူတော့ပေ။

သို့မဟုတ်ပါက ထိုမိစ္ဆာငယ်၏ အသွေးအသားကို ဆေးဖော်စပ်ရာတွင် မသုံးနိုင်လျှင်တောင် ဟော့ပေါ့လုပ်စားရုံဖြင့် သွေးနှင့် စွမ်းအင်ကို အားဖြည့်ပေးနိုင်မည် ဖြစ်သည်။

ကျောက်ဖေးသည် ထိုနေရာတစ်ဝိုက်ကို တစ်ခေါက် ထပ်မံရှာဖွေကြည့်သည်။

ရှေးဟောင်းမိုးမခပင်၏ အမြစ်များကိုပါ တူးဖော်ကြည့်သော်လည်း ဘာမျှ ထပ်မတွေ့တော့ပေ။

ထိုအခါမှသာ သူသည် စိတ်အေးလက်အေးဖြင့် ထွက်ခွာခဲ့တော့သည်။

ကျောက်ဖေး ပိုင်ဖန်းမြို့သို့ ပြန်ရောက်သောအခါ

နေမွန်းတည့်လုနီးပြီ ဖြစ်သည်။

ထောင်ဖန်းမင်၏ ဒဏ်ရာများသည် လုံးဝ မပျောက်ကင်းသေးသော်လည်း ပုံမှန်အတိုင်း လှုပ်ရှားသွားလာနိုင်ပြီ ဖြစ်သည်။

ကျောက်ဖေး ရက်အနည်းငယ်ကြာ ပျောက်

ချက်သားကောင်းနေသဖြင့် ထောင်ဖန်းမင်နှင့် လီချင်းတို့မှာ အလွန်စိုးရိမ်နေကြခြင်း ဖြစ်သည်။

ကျောက်ဖေးကို မြင်တွေ့ရမှသာ သူတို့ သက်ပြင်းချနိုင်တော့သည်။

ကျောက်ဖေးက ဖြစ်ပျက်ခဲ့သမျှကို ပြန်ပြောပြလိုက်သည်။

သူ၏ ကိုယ်ပွါးခန္ဓာအကြောင်းကိုမူ ချန်လှပ်ထားခဲ့ပြီး ရှေးဟောင်းသစ်ပင်ဝိညာဉ်မှာ မိုးကြိုးပစ်ခံရ၍ သေဆုံးသွားခြင်းဖြစ်ကာ သူကံကောင်း၍ ရတနာရခဲ့ခြင်းဖြစ်ကြောင်းသာ ပြောပြခဲ့သည်။

“အချို့ မိစ္ဆာတွေက ကျင့်ကြံမှုအဆင့်တစ်ခုကို ရောက်တဲ့အခါ ယုတ်မာလွန်းရင် ကောင်းကင်မိုးကြိုးရဲ့ အပြစ်ပေးခြင်းကို ခံရလေ့ရှိတယ်။ မင်းကံကောင်းတယ်လို့ ဆိုရမှာပဲ၊ ဒါပေမဲ့ နောက်တစ်ခါ ဒီလို မဆင်မခြင် မလုပ်နဲ့ဦး၊ ဘာလို့လဲဆိုတော့ မင်းက အမြဲတမ်း ကံကောင်းနေမှာ မဟုတ်လို့ပဲ...”

ထောင်ဖန်းမင်က သတိပေးရှာသည်။

“ဟုတ်ကဲ့ပါ ဆရာ”

ကျောက်ဖေးက ခေါင်းငြိမ့်ပြကာ နှစ်ရာချီသက်တမ်းရှိ မိုးမခပင်အူတိုင်ကို ထုတ်ပြလိုက်သည်။

“ဆရာ... ဒါက အဲ့ဒီသစ်ပင်ဝိညာဉ်ရဲ့ ကိုယ်ထဲကနေ ကျွန်တော် တူးထုတ်လာတာပါ။ ဆရာက ဗဟုသုတ ကြွယ်ဝတယ်ဆိုတော့ ဒါကို ဘာလုပ်လို့ရမလဲ သိပါသလား”

“ဟင်း...”

ထောင်ဖန်းမင် အံ့အားသင့်ကာ အသက်ရှူရပ်မတတ် ဖြစ်သွားသည်။

သူသည် သစ်သားဓာတ်လမ်းစဉ်၏ အပေါ်ယံမျှကိုသာ သိရှိသော်လည်း ဤသစ်သားအူတိုင်အတွင်းရှိ အံ့ဩဖွယ်ကောင်းသော သစ်သားဝိညာဉ်စွမ်းအင်များကို အာရုံခံနိုင်

စွမ်း ရှိသည်။

သူသည် နှစ်ရာချီသက်တမ်းရှိ မိုးမခပင်အူတိုင်ကို လက်ထဲတွင်ကိုင်၍ အနီးကပ် စစ်ဆေးကြည့်သည်။

တုန်ရီနေသော လက်ချောင်းအိုကြီးများဖြင့် သစ်သားအူတိုင်မျက်နှာပြင်ပေါ်ရှိ သဘာဝအတိုင်း ဖြစ်ပေါ်နေသော အရေးအကြောင်းများကို ပွတ်သပ်ကြည့်နေမိသည်။

နေရောင်အောက်တွင် ထိုအရေးအကြောင်းများသည် အပြာနုရောင် အလင်းတန်းများ ဝင်းလက်နေပြီး သူ၏လက်ဖဝါးထဲတွင် အသက်ရှိသကဲ့သို့ ခုန်လှုပ်နေပုံရသည်။

အတန်ကြာမှ သူက အံ့ဩတကြီး ရေရွတ်

လိုက်သည်။ “ငါ့ဘဝတစ်လျှောက်လုံးမှာ ဒီလောက် စင်ကြယ်တဲ့ သစ်သားဝိညာဉ်မျိုး တစ်ခါမှ မမြင်ဖူးသေးဘူး”

“တပည့်ကောင်းလေး... မင်း တကယ်ကို ကံထူးလို့ ဒီလို ရှားပါးလှတဲ့ ရတနာကို ရခဲ့တာပဲ”

“ဒီလောက် အဖိုးတန်တဲ့ ပစ္စည်းကို ပေါ့ပေါ့ဆဆ သုံးလိုက်ရင် နှမြောစရာကြီး ဖြစ်လိမ့်မယ်... အင်း၊ မင်း ဒီသစ်ပင်အူတိုင်ကို မင်းနဲ့အတူ ဆောင်ထားသင့်တယ်။ သူ့ဆီက ကြွယ်ဝတဲ့ သစ်သားဝိညာဉ်စွမ်းအင်တွေက မင်းကို အမြဲတမ်း ပြုစုပျိုးထောင်ပေးနေမှာဖြစ်လို့ သစ်သားဓာတ်စွမ်းအားကို မင်း ပိုမြန်မြန် နားလည်သဘောပေါက်အောင် ကူညီပေးနိုင်လိမ့်မယ်...”

ထောင်ဖန်းမင် စကားမဆုံးသေးမီမှာပင်

ကျောက်ဖေးက ပြုံး၍ ခေါင်းခါပြလိုက်သည်။ “ဆရာ... အဲ့ဒီလောက်အထိ ဒုက္ခခံစရာ လိုလို့လား။ ကျွန်တော်က... သစ်သားဓာတ်လမ်းစဉ်ကို နားလည်သဘောပေါက်သွားပြီလေ။”

ထိုသို့ပြောပြီးနောက် သူသည် မျက်လုံးကို အသာမှိတ်ကာ ကိုယ်တွင်းစွမ်းအားကို စတင် လည်ပတ်လိုက်သည်။

သူ့ကို ဗဟိုပြု၍ မီတာအနည်းငယ်အတွင်းရှိ သစ်သားဝိညာဉ်စွမ်းအင်များသာမက ထောင်ဖန်းမင်၏ လက်ထဲရှိ သစ်ပင်အူတိုင်မှ ထွက်ပေါ်နေသော စွမ်းအင်များသည်ပါ ကျောက်ဖေး၏ စိတ်ဆန္ဒအတိုင်း လှုပ်ခတ်သွားကြသည်။

ကျောက်ဖေး၏ အာရုံထဲတွင် မရေမတွက်နိုင်သော စိမ်းပြာရောင် အလင်းစက်လေးများသည် သူ့ဆီသို့ အဆက်မပြတ် တိုးဝင်လာကြသည်။

တစ်ခါရှူ၊ နှစ်ခါရှူ၊ သုံးခါရှူ... ဆယ်ခါခန့် ရှူလိုက်ချိန်တွင်

ထောင်ဖန်းမင်၏ မျက်လုံးများ ပြူးကျယ်သွားကာ တစ်ကိုယ်လုံး တုန်ရီလာသည်။

လီချင်းမှာလည်း ကြောင်အမ်းအမ်းဖြစ်သွားကာ မယုံနိုင်သော မျက်နှာထားမှသည် ကျောက်ဖေးကို အံ့ဩလေးစားသော အကြည့်များဖြင့် ကြည့်နေမိတော့သည်။

ဆရာနှင့် တပည့်နှစ်ဦးစလုံးသည် သစ်သားဓာတ်၏ အခြေခံသဘောတရားကိုသိရှိကြသူများဖြစ်သဖြင့် ကျောက်ဖေးလောက် မကျွမ်းကျင်သော်လည်း ယခုအခါ ၎င်းကို အာရုံခံနိုင်ကြသည်။

ယခု ကျောက်ဖေး၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ကြွယ်ဝလှသည့် သစ်သားဝိညာဉ်စွမ်းအင်မှာ ထောင်ဖန်းမင် လက်ထဲရှိ နှစ်ရာချီသက်တမ်းရှိ သစ်ပင်အူတိုင်နှင့်ပင် ယှဉ်နိုင်လောက်သည်။

“မင်း... မင်း တကယ်ပဲ သစ်သားဓာတ်စွမ်းအားကို ဒီအဆင့်အထိ နားလည်သွားလိမ့်မယ်လို့ ငါ လုံးဝ ထင်မထားမိဘူး”

ထောင်ဖန်းမင်၏ အသံများပင် တုန်ရီနေသည်။

ဤအရာသည် ပါရမီရှင်တစ်ဦး၏ စွမ်းဆောင်ရည်လား... မဟုတ်သေး၊ ဤအရာမှာ နတ်ဘုရားပေးသော ပါရမီပင် ဖြစ်ရမည်။

ပါရမီရှင်နှင့် သာမန်လူကြားတွင် ဤမျှ ကွာခြားချက် ရှိနေသလော။

ထောင်ဖန်းမင်သည် သူ၏ဘဝတစ်လျှောက်လုံး အချိန်ဖြုန်းခဲ့မိသည်ဟု ခံစားလိုက်ရသည်။

ရက်အနည်းငယ်မျှသာ ရှိသေးသော်လည်း

ကျောက်ဖေး၏ သစ်သားဓာတ်အပေါ် နားလည်မှုသည် သူ၏ဆရာထက်ပင် ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း သူ၏ရင်ထဲမှ ခါးသီးမှုများကြားတွင်...

ထောင်ဖန်းမင်သည် ကြောင်အမ်းနေရာမှ သတိဝင်လာကာ ကျောက်ဖေးအတွက် အမှန်တကယ် ဝမ်းမြောက်ဝမ်းသာ ဖြစ်မိသည်။

သူသည် ဘဝတစ်လျှောက်လုံး ကျင့်ကြံလာခဲ့ပြီး ငယ်ရွယ်စဉ်က အင်မော်တယ်လမ်းစဉ်ကို လိုက်စားရန် ဇွဲထက်သန်ခဲ့သော်လည်း ယခုအခါ အရာအားလုံးကို နားလည်လက်ခံနိုင်ပြီ ဖြစ်သည်။

သူသည် ဘဝတစ်လျှောက်လုံး မည်မျှပင် ကျင့်ကြံပါစေ၊ ထူးခြားသောအောင်မြင်မှု မရရှိခဲ့ပေ။

သို့သော် ဘုရားသခင်က သနားညှာတာခဲ့သည်။

ကျောက်ဖေးကဲ့သို့ ပါရမီရှင်တစ်ဦးနှင့် ဆုံတွေ့စေခဲ့ကာ ဆရာမလုပ်ဆောင်နိုင်ခဲ့သော ရည်မှန်းချက်များကို တပည့်ဖြစ်သူက ပြည့်မြောက်အောင် ဆောင်ရွက်နိုင်တော့မည် ဖြစ်သည်။

သူ၏ဘဝမှာ အချည်းနှီး မဖြစ်တော့ပေ။

ခန့်မှန်းခြေ အမွှေးတိုင်တစ်တိုင် ကုန်ဆုံးချိန်ခန့်တွင်

ကျောက်ဖေးသည် ကျင့်စဉ်ကို ရပ်တန့်လိုက်ပြီး မျက်လုံးဖွင့်လိုက်ရာ သူ၏မျက်ဝန်းအတွင်းမှ ဝိညာဉ်အလင်းတန်းတစ်ခု ဝင်းခနဲ လက်သွားသည်။

“ဆရာ သင်ပေးခဲ့တဲ့ ဓာတ်ကြီးငါးပါး အပြန်အလှန် ဖြစ်ထွန်းစေတဲ့ သဘောတရား က တကယ်ကို နက်နဲပါတယ်။ တကယ်တော့ ကျွန်တော် သစ်သားဓာတ်အပြင် ရေဓာတ်ကိုလည်း အရင်ကတည်းက နားလည်ထားတာပါ။ ရေဓာတ်ကို အခြေခံအဖြစ် ထားရှိတဲ့အခါ ရေမှ သစ်သားသို့ ကူးပြောင်းခြင်းက ကျွန်တော် ထင်ထားတာထက် ပိုချောမွေ့ပါတယ်”

ထောင်ဖန်းမင် အံ့အားသင့်သွားရပြန်သည်။

သူ၏ရင်ထဲတွင် လှိုင်းထန်သွားရ၏။

ကျောက်ဖေးသည် သစ်သားဓာတ်ကို ကျွမ်းကျင်ရုံသာမက ရေဓာတ်ကိုပါ ကြိုတင်နားလည်ထားလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

“ကောင်းတယ်... ကောင်းတယ်... မင်းဟာ တကယ်ကို ငါ့ရဲ့ တပည့်ကောင်းပဲ”

ထောင်ဖန်းမင်သည် ရုတ်တရက် မျက်ရည်ကျလာသည်။ “မင်းလို တပည့်တစ်ယောက် ရှိရတာနဲ့တင် ငါ့ဘဝဟာ တန်လှပါပြီ။ အခုကစပြီး... ငါ မင်းကို သင်ပေးစရာ ဘာမှမရှိတော့ဘူး။ မင်းရဲ့ အနာဂတ် အောင်မြင်မှုတွေက ငါတို့ မျှော်လင့်ထားတာထက် များစွာ သာလွန်လိမ့်မှာပါ...”

ကျောက်ဖေးက စိတ်လှုပ်ရှားစွာဖြင့် “ဆရာ့ရဲ့ ကျေးဇူးတွေကို ကျွန်တော် ဘယ်တော့မှ မမေ့ပါဘူး။ ဆရာ့ရဲ့ လမ်းပြမှုသာ မရှိရင် ကျွန်တော် အင်မော်တယ်လမ်းစဉ်ကို ထိတွေ့ခွင့်ရမှာ မဟုတ်ပါဘူး” ဟု ပြောလိုက်သည်။

ပြတင်းပေါက်မှတစ်ဆင့် ဝင်ရောက်လာသော ညနေခင်း နေရောင်ခြည်သည် ကြမ်းပြင်ပေါ်တွင် အရိပ်အယောင်များ ထင်ဟပ်နေစေသည်။

အတန်ကြာမှ ထောင်ဖန်းမင်သည် စိတ်အေးသွားသည်။

သူသည် နှစ်ရာချီသက်တမ်းရှိ ဝိညာဉ်သစ်သားအူတိုင်ကို ပွတ်သပ်ရင်း မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ “ဒီလို ရှားပါးတဲ့ ပစ္စည်းတွေကို မှော်လက်နက်တွေ ဒါမှမဟုတ် ဆေးလုံးတွေ ဖော်စပ်ရာမှာ သုံးလို့ရတယ်။ ဒါပေမဲ့ ငါကတော့ အခြေခံအဆင့် အောက်လမ်းမှော်လက်နက်တွေကိုပဲ ဖော်စပ်တတ်တာဆိုတော့ ဒါကို သုံးလိုက်ရင် အရင်းအမြစ်တွေကို ဖြုန်းတီးရာ ရောက်လိမ့်မယ်။ အဲ့ဒီတော့ ဒါကို တိုက်ရိုက်စားသုံးတာ ဒါမှမဟုတ် ရောင်းချတာက ပိုကောင်းလိမ့်မယ်။”

“ဒီလို ဝိညာဉ်သစ်သားအူတိုင်တစ်ခုက အနည်းဆုံး ငွေပြားတစ်ထောင်လောက် တန်ဖိုးရှိနိုင်ပြီး တော်ရုံနဲ့ ဝယ်လို့မရတဲ့ ပစ္စည်းမျိုးပဲ။”

“ဒါကို လောလောဆယ် ဘာလုပ်ရမလဲ ငါ မသိသေးဘူး။ ဒါကြောင့် မင်းပဲ သိမ်းထားလိုက်ပါ၊ အနာဂတ်မှာ အခွင့်အရေးရမှ အသုံးချတာပေါ့။”

ဘေးတွင် ရပ်နေသော လီချင်းသည် ထိုစျေးနှုန်းကို ကြားသောအခါ အသက်ရှူပင် မှားသွားသည်။

ဤမျှ သေးငယ်သော သစ်သားစလေးတစ်ခုက ငွေပြားထောင်ချီ တန်သည်တဲ့လား။

ထိုစျေးနှုန်းနှင့်ဆိုလျှင် သူ့တစ်ကိုယ်လုံး ရောင်းလျှင်တောင် ရလိမ့်မည် မဟုတ်ပေ။

သို့သော် သူ အံ့ဩနေတုန်းမှာပင် ကျောက်ဖေးက ထိုဝိညာဉ်သစ်သားအူတိုင်ကို သူ့ဆီသို့ ရုတ်တရက် ပစ်ပေးလိုက်သည်။

“အင်...”

လီချင်းသည် အလန့်တကြား အော်ဟစ်ကာ ထိုသစ်သားအူတိုင်ကို အမြန်ဖမ်းလိုက်ရသည်။

သူ၏နှလုံးမှာ ရင်ဘတ်ထဲမှ ခုန်ထွက်မတတ် ဖြစ်သွားသည်။

ဤမျှ အဖိုးတန်သော ပစ္စည်းကို ပြုတ်ကျသွားလျှင် သို့မဟုတ် ထိခိုက်သွားလျှင် သူ ရင်ကျိုးရပေလိမ့်မည်။

ကျောက်ဖေးက အသာအယာ ပြုံး၍ ပြောလိုက်သည်။ “အာချင်း.. ဒီသစ်သားအူတိုင်ကို အမှုန့်ကြိတ်ထားပေးပါဦး။ နောင်မှာ ဒါကို လက်ဖက်ရည်ဖျော်သောက်တာ၊ ဟင်းချက်တာ ဒါမှမဟုတ် စွပ်ပြုတ်လုပ်တာတွေမှာ သုံးလို့ရတယ်။ ဒါပေမဲ့ သတိထားရမှာက မြို့ထဲက ဆေးဆိုင်ကိုသွားပြီး ကြက်သွေးပန်းအရင်ဝယ်ဖို့ မမေ့နဲ့ဦး။ မိုးမခပင်က အေးတဲ့သဘောရှိပြီး ကြက်သွေးပန်းက အဲ့ဒါကို ဓာတ်ပြယ်စေဖို့ အသင့်တော်ဆုံးပဲ”

သူသည် ဆေးဖော်စပ်နည်းကို မသင်ယူရသေးပေ

သို့သော်လည်း အခြေခံ ဆေးဝါးဗေဒ ဗဟုသုတများကိုမူ ရှင်းလင်းစွာ နားလည်ထားပြီး ဖြစ်သည်။

အခန်း ၆၈ ဂိုဏ်းဝင်အမှတ်တံဆိပ်

“အာ... ဒါ... ဒါက ငွေပြားတစ်ထောင်တန်တာပေါ့”

လီချင်းသည် ကျောက်ဖေး၏စကားကို အမြဲနားထောင်သူဖြစ်သော်လည်း ယခုအခါတွင်မူ ဘာလုပ်ရမှန်းမသိဖြစ်နေကာ ထောင်ဖန်းမင်ဘက်သို့လှည့်၍ “ဆရာ...” ဟု တိုင်ပင်လိုက်ရှာသည်။

ထောင်ဖန်းမင် စကားမပြောရသေးမီမှာပင်

ကျောက်ဖေးက ချက်ချင်းဝင်ပြောလိုက်သည်။

“ဆရာ... ကျွန်တော့်ကို မတားပါနဲ့တော့။ အမှန်အတိုင်းပြောရရင် ငွေပြားတစ်ထောင်ဆိုတာ ကျွန်တော့်အတွက် အရေးမကြီးပါဘူး။ ဒီလိုရှားပါးတဲ့ ဝိညာဉ်သစ်သားက ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ကို ပြုစုပျိုးထောင်ဖို့အတွက် အကောင်းဆုံးပဲလေ။ ဟဲဟဲ... ကျွန်တော် ဆေးဖော်စပ်နည်းကို တတ်မြောက်သွားရင် အံ့ဖွယ်ဆေးလုံးတွေကို အများကြီး ဖော်စပ်နိုင်မှာပါ။ ဒီပစ္စည်းတွေကို အသုံးမပြုဘဲ ထားလိုက်ရင် ဝိညာဉ်စွမ်းအင်တွေ ဆုံးရှုံးသွားမှာကမှ ပိုနှမြောစရာကောင်းပါတယ်”

အမှန်တကယ်တွင် ကျောက်ဖေးသည် ဤသစ်သားအူတိုင်ကို ထုတ်ပြကတည်းကပင် ဆရာနှင့် တပည့်ချင်း ဝေမျှစားသုံးရန် ရည်ရွယ်ထားပြီးသားဖြစ်သည်။

၎င်းသည် သူ၏ကျင့်ကြံမှုအတွက် အကျိုးရှိသော်လည်း အလွန်အမင်း ထူးခြားသည့် အကျိုးသက်ရောက်မှုမျိုး မရှိတော့ပေ။

ဆေးဖော်စပ်နည်းကို မည်သည့်အချိန်မှ သင်ယူရမည်ကိုလည်း မသေချာသေးပေ

တိုက်ရိုက်စားသုံးလိုက်ခြင်းက အကောင်းဆုံးပင်။

ထောင်ဖန်းမင်သည် စကားပြောရန် ဟန်ပြင်သော်လည်း နောက်ဆုံးတွင် ကျောက်ဖေး၏ ပခုံးကိုသာ မျက်ဝန်းအိမ်များ နီရဲလျက် ပုတ်ပေးလိုက်တော့သည်။

ထိုနေ့ နေ့လယ်စာတွင်

လီချင်းသည် ဝိညာဉ်သစ်သားအူတိုင်အမှုန့်ကို ဟင်းခတ်အမွှေးအကြိုင်အဖြစ် ထည့်ချက်လိုက်သည်။ အရသာမှာ ထူးထူးခြားခြား ပြောင်းလဲမသွားသော်လည်း အလွန်မွှေးကြိုင်လှသော ရနံ့တစ်ခု ပေါ်ထွက်လာသည်။

စားသောက်ပြီးနောက် ကျောက်ဖေးသည် သူ၏ကိုယ်တွင်းစွမ်းအားနှင့် သွေးစွမ်းအင်များ သိသိသာသာ တိုးပွားလာကြောင်း ခံစားရသည်။ ၎င်းမှာ သွေးစွမ်းအင်လုံးတစ်ဝက်ခန့် စားသုံးရသကဲ့သို့ ထိရောက်သည်။

ထောင်ဖန်းမင်နှင့် လီချင်းတို့မှာ သွေးစွမ်းအင်ကို မကျင့်ကြံသော်လည်း ၎င်းတို့၏ မျက်နှာများ နီမြန်းလာပြီး စိတ်စွမ်းအားများမှာလည်း သိသိသာသာ လန်းဆန်းတက်ကြွသွားကြသည်။

ထမင်းစားပြီးနောက် ထောင်ဖန်းမင်သည် အိပ်ခန်းထဲမှ အရောင်လွင့်နေသော အနီရောင်အထည်အိတ်တစ်ခုကို ထုတ်လာသည်။

အထည်သုံးထပ်ကို ဖြေလိုက်သောအခါတွင် တိမ်တိုက်ပုံစံများ ဝန်းရံထားပြီး ရွှမ်ဟု ကမ္ပည်းထိုးထားသော သံပြားမည်းတစ်ခု ပေါ်လာသည်။

“ဆရာ... ဒါက...”

ကျောက်ဖေးသည် ထိုသံပြားကို ကိုင်ကြည့်ရင်း သံသယစိတ်များ ဝင်လာသည်။

ထောင်ဖန်းမင်က ပြုံး၍ ရှင်းပြသည်။ “ငါ့ရဲ့ဆရာ လိုက်ပါခဲ့တဲ့ လှည့်လည်သွားလာနေတဲ့ တာအိုဘုန်းကြီးက သူဟာ ပိုင်ယွမ် တောင်ပေါ် ရွှမ်ယွမ်ကျောင်းတော်ကလို့ ပြောခဲ့ဖူးတယ်။ သူ မထွက်ခွာခင်မှာ ဒီဂိုဏ်းဝင်အမှတ်တံဆိပ်ကို ငါ့ဆရာကို ပေးခဲ့တယ်။ အကယ်၍ ဓာတ်ကြီးငါးပါး ဝိညာဉ်ကျင့်စဉ်ကို အောင်မြင်အောင် ကျင့်ကြံနိုင်တဲ့သူ ရှိခဲ့ရင် ဒီတံဆိပ်ကိုယူပြီး ရွှမ်ယွမ်ကျောင်းတော်မှာ တရားရှာဖွေနိုင်တယ်လို့ ဆိုခဲ့တယ်”

“တရားရှာဖွေခြင်းနဲ့ အင်မော်တယ်လမ်းစဉ်...”

ကျောက်ဖေး၏ မျက်ဝန်းများ တောက်ပသွားကာ ထိုတံဆိပ်ကို ကိုင်ထားရင်း လက်မှ မချချင်တော့ပေ။

ထောင်ဖန်းမင်က “ငါ့ဆရာက ငါ့ကိုပေးခဲ့တယ်၊ အခု ငါက မင်းကို ထပ်ဆင့်ပေးအပ်လိုက်ပြီ”

“ဒါပေမဲ့...”

ကျောက်ဖေး ခေတ္တတွေဝေသွားပြီး “ဆရာ... ကျွန်တော်က အခုထိ ရေဓာတ်နဲ့ သစ်သားဓာတ်ကိုပဲ နားလည်သေးတာပါ။ ဓာတ်ငါးပါးစလုံးကို မကျွမ်းကျင်သေးဘူး။ ပြီးတော့ ဆရာပြောခဲ့သလို ဓာတ်ငါးပါးစလုံး နားလည်ရင်တောင် ဝိညာဉ်အမြစ်ဖြစ်တည်ဖို့က မသေချာဘူး မလား”

ထောင်ဖန်းမင်က ခေါင်းခါရင်း ရယ်မောလိုက်သည်။ “စည်းကမ်းတွေက တောင့်တင်းပေမဲ့ လူတွေကတော့ ပြောင်းလွယ်ပြင်လွယ် ရှိရမယ်လေ”

“နှစ်ပေါင်းများစွာအတွင်း ငါတပည့်ပေါင်း ဒါဇင်ကျော် သင်ပေးခဲ့ပေမဲ့ မင်းလောက် ပါရမီနဲ့ နားလည်မှုရှိတဲ့သူ တစ်ယောက်မှ မရှိခဲ့ဖူးဘူး။ အကယ်၍ မင်းတောင် မအောင်မြင်

ရင်တော့... ဟဲဟဲ...”

“မင်းထက် ပါရမီကောင်းတဲ့ တပည့်မျိုး ငါထပ်တွေ့တော့မှာ မဟုတ်ဘူး။ အဲ့ဒီလိုဆိုရင်တော့ ဒီတံဆိပ်က တစ်နေ့မှာ သံစက္ကူလိုပဲ ဖြစ်သွားလိမ့်မယ်။ အခု ငါ မင်းကို သင်ပေးစရာ ဘာမှမရှိတော့ဘူး။ မင်း အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ ဒီတံဆိပ်ကိုယူပြီး ရွှမ်ယွမ်ကျောင်းတော်မှာ မင်းရဲ့ ကံကြမ္မာကို စမ်းသပ်ကြည့်သင့်တယ်”

“ဟုတ်ကဲ့ပါ ဆရာ၊ ကျေးဇူးတင်ပါတယ်” ကျောက်ဖေးသည် တံဆိပ်ကို ရိုသေစွာဖြင့် မိမိ၏ ရင်ဘတ်အတွင်းရှိ အိတ်ထဲသို့ သိမ်းဆည်းလိုက်သည်။

ညနေခင်းတွင် ကျောက်ဖေးသည် လီချင်းကို ကိုယ်ခံပညာများ ဆက်လက်သင်ကြားပေးသည်။

လီချင်းမှာ သူကဲ့သို့ ပါရမီရှင် မဟုတ်သဖြင့် ဤလောကတွင် မိမိကိုယ်ကို ကာကွယ်နိုင်ရန် ကိုယ်ခံပညာကိုသာ အခြေခံမှ စတင်

လေ့ကျင့်ရမည် ဖြစ်သည်။

သင်ကြားပေးနေစဉ်အတွင်း ကျောက်ဖေးသည် ထောင်ဖန်းမင်နှင့်အတူ တရားဓမ္မ သဘောတရားများကို ဆွေးနွေးခဲ့သည်။

တာအိုသဘောတရားများမှာ အလွန်နက်နဲသဖြင့် ကျောက်ဖေးသည် သူ၏ နားလည်မှုအားလုံးကို ထုတ်မပြောနိုင်ဘဲ အပေါ်ယံ အချက်အချို့ကိုသာ ဆွေးနွေးနိုင်ခဲ့သော်လည်း

ထောင်ဖန်းမင်အတွက်မူ များစွာ အကျိုးရှိခဲ့သည်။

ထိုနေ့ညနေစောင်းတွင်

ကျောက်ဖေးသည် ပိုင်ဖန်းမြို့၌ ကိုယ်ပွါးခန္ဓာတစ်ခု ချန်ထားခဲ့သည်။

သူ၏ မူလကိုယ်ထည်သည်မူ ပိုင်ဖန်းမြို့မှ တိတ်တဆိတ် ထွက်ခွာလာပြီး ညအချိန်မတော်တွင် တောင်ပေါ်ရှိ သူ၏ နေအိမ်သို့ ပြန်ရောက်လာခဲ့သည်။

နေအိမ်၏ ဘယ်ဘက် မီတာတစ်ရာခန့်အကွာတွင် ၄-၅ မီတာခန့် ကျယ်ဝန်းသော ဂူတစ်ခု ရှိသည်။

ဂူမှာ သိပ်မနက်သော်လည်း ကျယ်ဝန်းလှသည်။

ဂူအတွင်း၌ မီးပုံတစ်ခုကို ထွန်းညှိထားပြီး ဂူပတ်ပတ်လည်တွင် ခြောက်သွေ့သော ထင်းပုံများ စုပုံထားသည်။

ကျောက်ဖေးသည် မီးပုံရှေ့တွင် တင်ပျဉ်ခွေ ထိုင်လိုက်သည်။

ခေတ္တမျှ ငြိမ်သက်စွာ စောင့်ဆိုင်းနေစဉ်

ရုတ်တရက် ရင်ထဲ၌ တုန်ခါမှုတစ်ခု ခံစားလိုက်ရသည်။

၂၄ နာရီ ကုန်ဆုံးသွားပြီဖြစ်ရာ စနစ်၏ ကန့်သတ်ချက်များ လွတ်မြောက်သွားပြီ ဖြစ်သည်။

ကျောက်ဖေးကို ပို၍ အံ့အားသင့်စေသည်မှာ သူ၏ စိတ်စွမ်းအား သိသိသာသာ တိုးပွားလာခြင်း ဖြစ်သည်။

စိတ်ကူးလိုက်သည်နှင့်

ဂူအတွင်း၌ ကိုယ်ပွါးခန္ဓာများ တစ်ခုပြီးတစ်ခု ပေါ်လာတော့သည်။

တစ်၊ နှစ်၊ သုံး... စုစုပေါင်း ဆယ်ခုတိတိ။

တစ်နည်းအားဖြင့် လက်ရှိတွင် အပြင်သို့ ရောက်ရှိနေသော ကိုယ်ပွါးခန္ဓာ ၄ခုရှိ၏

ကျန်းလင်းစီရင်စု၊ ပိုင်ဖန်းမြို့၊ လျူမုမြို့နှင့် မာရှန်းကူးထံရှိ ကိုယ်ပွါးခန္ဓာများ အပါအဝင် ကျောက်ဖေးသည် စုစုပေါင်း ကိုယ်ပွါး ခန္ဓာ ၁၄ ခုအထိ ခေါ်ယူနိုင်ပြီ ဖြစ်သည်။

သစ်သားဓာတ်ကို နားလည်ခြင်းက သူ့ကို ပိုမိုအားကောင်းစေမည်ဟု သူ ခန့်မှန်းထား၏

သို့သော်လည်း ကိုယ်ပွါးခန္ဓာ ၄ ခုအထိ ရုတ်တရက် တိုးပွားလာခြင်းက သူ့အတွက် မမျှော်လင့်ထားသော ပျော်ရွှင်မှုပင် ဖြစ်သည်။

“ဒါဆို စကြတာပေါ့...”

ကျောက်ဖေးသည် တရားထိုင်သည့် ဟန်ပန်ဖြင့် တရားစတင် ရှာဖွေတော့သည်။

သူသည် ရေဓာတ်နှင့် သစ်သားဓာတ်ကို ကျွမ်းကျင်ပြီးပြီ ဖြစ်သည်။ သစ်သားက မီးကို ဖြစ်ထွန်းစေသည် ဖြစ်ရာ ယခုအချိန်မှာ

မီးဓာတ်ကို နားလည်ရန် ကြိုးစားရမည့် အချိန်ဖြစ်သည်။

အဝတ်အစားမဲ့နေသော၊ မည်သည့်ခံစားချက်မျှ မရှိသော ကိုယ်ပွါးခန္ဓာများသည် ဟုန်းဟုန်းတောက်နေသော မီးပုံဆီသို့ တစ်ခုပြီးတစ်ခု လျှောက်သွားကြသည်။

တောက်လောင်နေသော မီးလျှံများသည် ကြောက်မက်ဖွယ် သားရဲတစ်ကောင်ကဲ့သို့ ကခုန်နေပြီး ပြင်းထန်သောအပူရှိန်ကြောင့် လေထုပင် သိသိသာသာ တုန်ခါနေသည်။

ကျောက်ဖေး၏ မူလကိုယ်ထည်သည် ပေအနည်းငယ်အကွာတွင် မျက်စိမှိတ် ထိုင်နေသော်လည်း သူ၏ စိတ်စွမ်းအားမှာ ကိုယ်ပွါးခန္ဓာများနှင့် နက်ရှိုင်းစွာ ဆက်သွယ်ထားသည်။

ကိုယ်ပွါးများသည် မီးပုံထဲသို့ တစ်ခုပြီးတစ်ခု လှမ်းဝင်သွားကြပြီး မီးလျှံများက ၎င်းတို့၏ အရေပြားကို ချက်ချင်း ဝါးမြိုလိုက်သည်။

ကိုယ်ပွါးများ၏ အသားစများမှာ လျင်မြန်စွာ ကျွမ်းလောင် ပေါက်ကွဲသွားပြီး ကင်ထားသော အသားနံ့များ ဂူအတွင်း ပြန့်လွင့်လာသည်။

ဒုတိယမြောက် ကိုယ်ပွါးသည် တောက်လောင်နေသော မီးလျှံများကြားတွင် တင်ပျဉ်ခွေ ထိုင်လိုက်သည်။ သူသည် ပြင်းထန်လှသော နာကျင်မှုကို အံတုရင်း လုံးဝ တည်ငြိမ်စွာဖြင့် ဓာတ်ကြီးငါးပါး ဝိညာဉ်ကျင့်စဉ်ကို အစွမ်းကုန် အသက်သွင်းကာ မီး၏ စွမ်းအားများကို သူ၏ ခန္ဓာကိုယ်အတွင်းသို့ ဆွဲသွင်းရန် ကြိုးစားနေသည်။

တတိယမြောက် ကိုယ်ပွါးသည် တောက်လောင်နေသော ထင်းစများကို ကောက်ယူကာ ပါးစပ်ထဲသို့ ထည့်၍ ဝါးစားပစ်လိုက်သည်။

မီးလျှံများသည် သူ၏ လည်ချောင်းကို လောင်ကျွမ်းသွားစေသော်လည်း ထိုကိုယ်ပွါးသည် မဆုတ်မနစ်ဘဲ မီး၏ စွမ်းအားကို ခန္ဓာကိုယ်အတွင်း၌ တောက်လောင်စေခဲ့သည်။

စတုတ္ထ၊ ပဉ္စမ... စသဖြင့်

ကိုယ်ပွါး တစ်ခုပြီးတစ်ခုသည် မီး၏ စွမ်းအားကို နားလည်နိုင်ရန် နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးစားကြသည်။

ကိုယ်ပွါးခန္ဓာများသည် မခံမရပ်နိုင်ဖြစ်ကာ မီးပုံထဲသို့ လဲကျသွားသည့်တိုင်အောင်ပင် ဖြစ်သည်။

ကျွမ်းလောင်သွားသော ကိုယ်ပွါးများသည် ချက်ချင်းပင် ပျောက်ကွယ်သွားကြသည်။

ကျန်ရှိနေသော ကိုယ်ပွါးများက မီးပုံကို အလျင်အမြန် ပြုပြင်ကြ၏

နောက်ထပ် အသုတ်လိုက် ကိုယ်ပွါးများ မီးပုံထဲသို့ ဆက်တိုက် ဝင်သွားကြသည်။

ရှင်ခြင်းနှင့် သေခြင်းကြားတွင် တရားရှာဖွေခြင်းမှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။

သာမန်လူတစ်ဦး မြင်တွေ့ပါက ထိတ်လန့်တုန်လှုပ်၍ ရူးသွပ်သွားနိုင်လောက်သည့် ငရဲခန်းတစ်ခုကဲ့သို့ပင်။

သို့သော် ကျောက်ဖေးသည် ကိုယ်ပွါးခန္ဓာများ သေဆုံးသည်မှာ နှေးကွေးနေသည်ဟု ခံစားရသဖြင့် အနီးအနားတွင် ဒုတိယမြောက် မီးပုံတစ်ခုကိုပါ ထပ်မံ ထွန်းညှိစေခဲ့သည်။

ထို့ပြင် အခြားသော ကိုယ်ပွါးနှစ်ခုမှာ တရားရှာဖွေမှု မပြတ်တောက်စေရန် အပြင်ဘက်မှ ထင်းများကို အဆက်မပြတ် သယ်ဆောင်လာကြသည်။

အဋ္ဌမမြောက် ကိုယ်ပွါး ကျွမ်းလောင်သွားချိန်တွင်...

ကျောက်ဖေးသည် အလင်းတစ်ခုကို စတင် မြင်တွေ့လိုက်ရသည်။

“မီးရဲ့ စွမ်းအားဆိုတာ အရာအားလုံးကို လောင်ကျွမ်းစေပြီး အရာခပ်သိမ်းကို မိမိရဲ့ အစိတ်အပိုင်းအဖြစ် ပြောင်းလဲပစ်လိုက်တာပဲ...”

“မီးရဲ့ စွမ်းအားဟာ လောင်ကျွမ်းခြင်းတင်မကဘူး... ပြောင်းလဲခြင်းလည်း ဖြစ်တယ်...”

“မီးရဲ့ စွမ်းအားက ပေါက်ကွဲထွက်ခြင်းမှာ ရှိသလို... ဟန်ချက်ညီခြင်းမှာလည်း ရှိနေတယ်...”

ကိုယ်ပွါး တစ်ခုပြီးတစ်ခု သေဆုံးသွားသည်နှင့်အမျှ

ကျောက်ဖေး၏ နားလည်သဘောပေါက်မှုများမှာလည်း အဆက်မပြတ် စီးဆင်းလာတော့သည်။

အချိန်များမှာလည်း မသိမသာ ကုန်ဆုံးသွားခဲ့လေပြီ။

အခန်း ၆၉ ဧပြီလ၏ မဟာပြိုင်ပွဲကြီး

မျက်တောင်တစ်ခတ်အတွင်းမှာပင်

ဒုတိယမြောက်နေ့သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။

ပျံလွှား ကိုယ်ခံပညာသင်တန်းကျောင်း၏ အမှတ် (၁) နှင့် အမှတ် (၂) လေ့ကျင့်ရေးကွင်းများတွင် တပည့်များ စုရုံးနေကြ၏

တိုက်ပွဲများမှာ အရှိန်အဟုန်ပြင်းစွာ ဆင်နွှဲနေကြသည်။

ယနေ့သည် ဧပြီလကုန်ရက်ဖြစ်ရာ လစဉ်စစ်ဆေးမှု ပြိုင်ပွဲကျင်းပသည့် အချိန်ပင်ဖြစ်သည်။

"စီနီယာအစ်ကို ကျောက်ဖေးက မျှော်လင့်ထားတဲ့အတိုင်းပဲ၊ သူ့ရဲ့ခွန်အားက တကယ်ကို ကြောက်စရာကောင်းတာပဲ"

"ဟုတ်တယ်... ဒီတစ်ခါလည်း စီနီယာအစ်ကို ကျောက်ဖေးပဲ ပထမရဦးမယ်လို့ ငါထင်တယ်"

ဘေးမှကြည့်နေသော တပည့်များသည် တိုးတိုးတိတ်တိတ် ဆွေးနွေးနေကြသည်။

လူအများစု၏ အကြည့်မှာ ကျောက်ဖေးရှိရာဘက်သို့ မသိမသာ ရောက်ရှိနေကြ၏

နည်းပြအချို့ပင်လျှင် ကျောက်ဖေးကို မကြာခဏ အကဲခတ်နေကြသည်။

၎င်းမှာ ပုံမှန်ပင်ဖြစ်သည်။ ကျောက်ဖေးသည် ပြီးခဲ့သည့်လကမှ ဝင်ရောက်လာသော တပည့်သစ်ဖြစ်သော်လည်း ပထမဆုကို ဆွတ်ခူးနိုင်ခဲ့၏

ထို့ကြောင့် ယခုအခါ သင်တန်းကျောင်းတွင် သူ့အမည်ကို မသိသူမရှိသလောက်ပင်။

တပည့်အများစုအတွက် ကျောက်ဖေးမှာ အားကျအတုယူဖွယ် စံပြပုဂ္ဂိုလ် တစ်ဦး ဖြစ်နေပြီဖြစ်သည်။

လေ့ကျင့်ရေးကွင်းထဲတွင် ကျောက်ဖေးသည် မိမိအုပ်စုရှိ ပြိုင်ဘက်များကို တစ်ယောက်ပြီးတစ်ယောက်ကို တစ်ကွက်၊ နှစ်ကွက်အတွင်းမှာပင် အလွယ်တကူ အနိုင်ရရှိနေခြင်း ဖြစ်သည်။

"မဆိုးဘူး... သူ့ရဲ့ ခွန်အားက ပြီးခဲ့တဲ့လနဲ့ယှဉ်ရင် အများကြီး တိုးတက်လာတာပဲ" ဟု ချန်ယွမ်ရှန်းက ပြုံး၍ ပြောလိုက်သည်။

ဘေးတွင်ရပ်နေသော လီကမ်းအပါအဝင် အခြားနည်းပြများကလည်း ကျောက်ဖေးကို ကြည့်၍ ကျေနပ်နေကြသည်။

လီကမ်းသည် ရင်ထဲမှ သက်ပြင်းတစ်ချက်ကို တိတ်တဆိတ် ချလိုက်မိသည်။

ပြီးခဲ့သည့် နှစ်ပတ်အတွင်း ကျောက်ဖေးကို လူမြင်ကွင်းတွင် မတွေ့ရသဖြင့် သူသည် ကျောက်ဖေး တစ်နေရာရာတွင် လေ့ကျင့်မှုများ ပေါ့လျော့နေမည်ကို စိုးရိမ်ခဲ့သည်။

ယခုကြည့်ရသည်မှာ သူ အပိုတွေ စိုးရိမ်ခဲ့ခြင်းပင်။

ကွင်းပြင်ပရှိ လူအုပ်ထဲတွင်မူ... စုန်ယုယောင် ၏ မျက်ဝန်းများမှာ ဒေါသမီးများ တောက်လောင်နေသည်။

"ဒီကောင်စုတ်... နင့်ရဲ့ ဝင့်ကြွားမှုတွေက ကြာမှာမဟုတ်ပါဘူး။ မကြာခင်မှာ... နင် ငါ့ခြေထောက်နားမှာ ဒူးထောက်ပြီး တောင်းပန်

ငိုယိုစေရမယ်”

“ နင့်ကို သေတာထက် ပိုဆိုးတဲ့ ငရဲကို ပို့ပေးမယ်”

ပြီးခဲ့သည့်လ ပြိုင်ပွဲတွင် လူအများရှေ့၌ ကျောက်ဖေး၏ ကန်ထုတ်ခြင်းကို ခံခဲ့ရသည့် အရှက်ကွဲမှုမှာ လဝက်ကျော် ကြာသွားသော်လည်း သူမကို အမြဲတမ်း ခြောက်လှန့်နေဆဲဖြစ်သည်။

သူမသည် ကျောက်ဖေး သင်တန်းကျောင်းမှ ထွက်သည်နှင့် နှိပ်ကွပ်ရန် စီစဉ်ထား၏

သို့သော်လည်း လဝက်ခန့်က ကျောက်ဖေးသည် မြို့ပြင်သို့ တိတ်တဆိတ် ထွက်ခွာသွားပြီး ပြန်မလာခဲ့ပေ။

သို့သော် ယခုအခါ ကျောက်ဖေးသည် မည်သည့်အချိန်က ပြန်ရောက်လာသည်မသိဘဲ သင်တန်းကျောင်းထဲသို့ ဝင့်ကြွားစွာ ပြန်

ဝင်လာပြီး ပြိုင်ပွဲဝင်နေခြင်း ဖြစ်သည်။

"အသုံးမကျတဲ့ကောင်တွေ၊ အားလုံး အသုံးမကျဘူး”

စုန်ယုယောင်သည် တွေးလေ ဒေါသထွက်လေဖြစ်ကာ သူမ စေလွှတ်ထားသော စုန်မိသားစုမှ အစောင့်အရှောက်များကို သတ်ပစ်ချင်လောက်အောင်ပင် စိတ်တိုနေသည်။

ထိုအကောင်များသည် အသုံးမဝင်ပေ

ကျောက်ဖေး မြို့ပြင်ထွက်သွားသည်ကို မြင်ခဲ့ကြ၏

သို့သော်လည်း သူ ဘယ်အချိန်မှာ မြို့ထဲ ပြန်ဝင်လာသည်ကိုပင် မသိလိုက်ကြပေ။

ထိုအချိန်တွင် ကွင်းအတွင်း၌

ကျောက်ဖေး ကိုယ်ပွါးသည် ပြိုင်ဘက်များကို အဆက်မပြတ် အနိုင်ယူပြီး အုပ်စုပထမကို အလွယ်တကူ ရရှိကာ ဒုတိယအဆင့်သို့ တက်ရောက်သွားခဲ့သည်။

သို့သော် ကျောက်ဖေးအတွက်မူ ဤတိုက်ပွဲများမှာ ငြီးငွေ့စရာကောင်းလှသည်။

အမှန်အတိုင်းဆိုရလျှင် သူ၏ လက်ရှိခွန်အားနှင့်ဆိုပါက ဤအဆင့် တိုက်ပွဲများသည် သူ့အတွက် အဓိပ္ပာယ်မရှိတော့ပေ။

ပိုမိုအားကောင်းသော ပြိုင်ဘက်များနှင့် တိုက်ခိုက်ရမှသာ သူ၏ စွမ်းရည်များကို ပိုမိုသွေးနိုင်မည်ဖြစ်သည်။

ထို့ပြင် သူသည် ယခုအခါ နဝမအဆင့် ကိုယ်ခံပညာရှင်အဆင့်သို့ ရောက်ရှိနေပြီဖြစ်၏

ပြိုင်ပွဲတွင် ပထမရလျှင်ပင် သင်တန်းကျောင်းမှ ပေးမည့် အကောင်းဆုံးဆေးလုံးဖြစ်သော သွေးစွမ်းအင်လုံးသည် သူ့အတွက် များစွာ ထိရောက်မှု မရှိတော့ပေ။

နောက်ထပ် အရေးကြီးသောအချက်မှာ ကျောက်ဖေးသည် ကိုယ်ခံပညာထက် တရားရှာဖွေခြင်းနှင့် အင်မော်တယ်ကျင့်စဉ်အပေါ် ပိုမိုစိတ်ဝင်စားနေခြင်းပင်။

သို့သော် လစဉ်ပြိုင်ပွဲ ပြန်လာဝင်မည်ဟု လီကမ်းကို ကတိပေးထားခဲ့၏

ထို့ကြောင့် ကတိမဖျက်လိုသောကြောင့်သာ

သူ၏ ကိုယ်ပွါးကို လွှတ်၍ ဝင်ပြိုင်ခိုင်းခြင်း ဖြစ်သည်။

ခေတ္တနားပြီးနောက်

မွန်းလွဲပိုင်းတွင် ဒုတိယအဆင့် ပြိုင်ပွဲများ စတင်သည်။

ပထမအဆင့်မှ ထိပ်သီး ၁၀၀ သည် အမှတ် (၂) လေ့ကျင့်ရေးကွင်းတွင် စုရုံးကြသည်။

ကျောက်ဖေးသည် နံပါတ်တစ် စင်မြင့်ပေါ်တွင် ရပ်နေရင်း ပြိုင်ဘက်များကို ဆက်တိုက် အနိုင်ယူနေသည်။

ခုနစ်ပွဲ ဆက်တိုက် အနိုင်ရထားသော်လည်း ကျောက်ဖေးမှာ အသက်ရှူပင် မပျက်ဘဲ အလွန်တည်ငြိမ်နေဆဲဖြစ်သည်။

ပွဲကြည့်စင်အောက်မှ လူအုပ်ကြီးသည် အော်ဟစ်အားပေးနေကြသည်။

"စီနီယာအစ်ကို ကျောက်ဖေးကတော့ လန်းတယ်ဟေ့..."

စွန်းဟူသည်လည်း စိတ်လှုပ်ရှားစွာဖြင့် ဘေးမှလူများကို ကြွားလုံးထုတ်နေသည်။ "တွေ့လား... အဲ့ဒါ ငါ့ရဲ့ စီနီယာအစ်ကို ကျောက်ဖေးပဲ။ ငါ့ရဲ့ အစ်ကိုကြီးပေါ့၊ သူ ဒီတစ်ခါလည်း ပထမရမှာ သေချာတယ်..."

ပြီးခဲ့သည့်လက ကျောက်ဖေးနှင့်အတူ တပည့်သစ်အဖြစ် ဝင်ရောက်လာခဲ့ကြသူများမှာလည်း ဂုဏ်ယူနေကြသည်။

ဤလောကသည် ကိုယ်ခံပညာကို အလေးထားသော လောကဖြစ်ရာ အားကောင်းသူကို လေးစားခြင်းမှာ လူတို့၏ ရိုးတွင်းခြင်ဆီအထိ စိမ့်ဝင်နေသည်။

အမျိုးသမီးတပည့်များစွာမှာလည်း ကျောက်ဖေးကို ထူးခြားသော အကြည့်များဖြင့် ကြည့်နေကြသည်။

ကျောက်ဖေးသည် အားကောင်းရုံသာမက ရုပ်ရည်လည်း ချောမောသဖြင့် အမျိုးသမီးတိုင်း၏ အိပ်မက်မင်းသား ဖြစ်နေတော့သည်။

"နင့်ကိုတော့ဖြင့်... အားလုံးပဲ၊ ဒီကောင့်ကို ပထမပေးမယူကြနဲ့”

စုန်ယုယောင်သည် သွားကြိတ်ရင်း ပြောလိုက်သည်။

ကျောက်ဖေး သင်တန်းကျောင်းမှ ထွက်သည်နှင့် သူမ၏ အကျဉ်းသား ဖြစ်လာမည်ဟု ယုံကြည်ထားသော်လည်း

စင်ပေါ်တွင် ကျောက်ဖေး ဟန်ကျနေသည်ကို မြင်ရသည်မှာ သူမအတွက် မခံချင်စရာ ဖြစ်နေသည်။

စုန်ယုယောင်၏ ဘေးတွင် ဝိုင်းရံနေသူများမှာ သင်တန်းကျောင်း၏ ထိပ်သီးတပည့်များ ဖြစ်ကြ၏

အများစုမှာ သူမကို ပိုးပန်းနေသူများ ဖြစ်သည်။

သူမ၏ စကားကို ကြားသည်နှင့်

ရုပ်ရည်မဆိုးသော်လည်း ကျောက်ဖေးလောက် မချောမောသော လျိုအမည်ရှိ တပည့်တစ်ဦးက ချက်ချင်း ဝင်ပြောလိုက်သည်။

"စီနီယာအစ်မစုန် စိတ်မပူပါနဲ့။ သူက အားကောင်းတယ်ဆိုပေမဲ့ ကျွန်တော်တို့ အများကြီးရှိတာပဲ၊ သူ့ကို တားလို့ရမှာပါ။ ကြည့်နေပါ၊ ကျွန်တော် သူ့ကို အနိုင်ယူပြမယ်”

"ကောင်းပြီ... ဒါဆိုရင် ဒီကိစ္စကို မောင်လေးလိုကိုပဲ အပ်လိုက်မယ်နော်။ တိုက်တဲ့အခါ လက်မနှေးပါနဲ့။ အနိုင်ရရင် စီနီယာအစ်မက မမူးယစ်အင်မော်တယ်ဆိုင်မှာ ဝိုင်တိုက်မယ်..."

စုန်ယုယောင်၏ မျက်ဝန်းထဲတွင် ရက်စက်သည့် အရိပ်အယောင်များ လက်သွားသည်။

ဘေးမှ အခြားထိပ်သီးတပည့်များမှာလည်း လျိုကို မနာလိုစွာ ကြည့်နေကြသည်။

သူတို့အမြင်တွင် ကျောက်ဖေးမှာ ဆယ်ပွဲကျော် ဆက်တိုက် တိုက်ခိုက်ထားရသဖြင့် အားအင်ကုန်ခမ်းနေလိမ့်မည် အခု တည်ငြိမ်နေတာက ဟန်ဆောင်နေခြင်းသာ ဖြစ်လိမ့်မည်ဟု ယူဆထားကြသည်။

"စီနီယာအစ်မစုန်... ကျွန်တော် သွားပြီ”

စီနီယာအစ်မက ဝိုင်တိုက်မည်ဟု ဆိုသဖြင့် လျိုအမည်ရှိ တပည့်မှာ စိတ်လှုပ်ရှားကာ မျက်နှာများပင် နီမြန်းလာသည်။

သူသည် ပြီးခဲ့သည့်လက နံပါတ် (၅) ရရှိခဲ့သူဖြစ်ရာ အားအင်ကုန်ခမ်းနေသော ကျောက်ဖေးကို အနိုင်ယူရန်မှာ သူ့အတွက် အလွန်လွယ်ကူလိမ့်မည်ဟု ယုံကြည်နေသည်။

နံပါတ်တစ် စင်မြင့်ပေါ်တွင် ပွဲစဉ်များမှာ လျင်မြန်စွာ ပြီးဆုံးသွားသည်။

လျိုသည် ဒိုင်လူကြီး ကြေညာသည်ကိုပင် မစောင့်နိုင်တော့ဘဲ စင်ပေါ်သို့ အလောတကြီး ခုန်တက်လိုက်သည်။

အခြားသူများ သူ့ထက် ဦးသွားမည်ကို စိုးရိမ်နေခြင်း ဖြစ်သည်။

"အော်..."

ကျောက်ဖေးက အသာအယာ ပြုံးလိုက်သည်။

သူသည် စုန်ယုယောင် ရှိရာဘက်သို့ ခဏမျှ လှမ်းကြည့်လိုက်သည်။

ရှေ့မှ ရောက်လာသူမှာ မည်သူမှန်း မသိသော်လည်း စုန်ယုယောင်၏ ဘေးတွင် အမြဲရှိနေတတ်သည့် လူအုပ်စုထဲမှ တစ်ယောက်ဖြစ်ကြောင်း သူ မှတ်မိသည်။

စုန်ယုယောင်တို့အုပ်စုသည် သူ့ကို စင်အောက်မှ အကဲခတ်နေသည်မှာ ကြာပြီဖြစ်ပြီး ယခုအချိန်ကျမှ တက်လာပြီး စိန်ခေါ်ချေသည်။

တွေးရုံဖြင့် မည်သို့ကြံစည်နေသည်ကိုကျောက်ဖေး ဘာကြောင့် နားမလည်ဘဲ နေပါမည်နည်း။

သူ့ အနိုင်ရရှိမှုတွေကို တားဆီးချင်တာလား?

မင်းတို့မှာ အဲ့ဒီလောက် အရည်အချင်း ရှိလို့လား?

All Chapters