အခန်း (၇၀-၇၂)
Vol. 5 Ch. 70-72
အခန်း ၇၀ စံချိန်တင် အနိုင်ရရှိမှု
ဆရာဖြစ်သူ၏ အမိန့်ပေးသံနှင့်အတူ
နံပါတ် (၁) ယှဉ်ပြိုင်ကွင်းထက်တွင် တိုက်ပွဲက အလျင်အမြန်ပင် စတင်လိုက်သည်။
လျိုအမည်ရှိ တပည့်ဖြစ်သူက ဟိန်းဟောက်ကာ ဓားကိုဝှေ့ယမ်းပြီး ကျောက်ဖေးထံသို့ အရှိန်အဟုန်ဖြင့်
စတင်ဝင်ရောက် တိုက်ခိုက်တော့သည်။
ကျောက်ဖေးက သူ၏ ကိုယ်ဖော့ပညာကို အသုံးပြုကာ ဘေးသို့ အသာအယာ ရှောင်တိမ်းလိုက်၏
လျိုမျိုးနွယ်တပည့်၏ သစ်သားဓားမှာ ကျောက်ဖေး၏ နှာခေါင်းဖျားကိုပင် မဆိုစလောက်လေးသာ လွဲချော်သွား၏။
သို့သော် ကျောက်ဖေးက မျက်တောင်တစ်ချက်ပင် မခတ်ချေ။
ထို့နောက် သူက ခြေလှမ်းများကို ဆက်တိုက်ပြောင်းလဲကာ လျိုမျိုးနွယ်တပည့်၏ နောက်ထပ် တိုက်ကွက်နှစ်ကွက်ကိုပါ လွယ်လွယ်ကူကူ ရှောင်တိမ်းလိုက်သည်။
ကျောက်ဖေး၏ ပုံရိပ်မှာ အလွန်ပင် ပေါ့ပါးသွက်လက်ပြီး ကျော့ရှင်းလှပနေ၏။
ဤကိုယ်ပွားမှာ ကျောက်ဖေးက အဆင့်မြှင့်တင်ထားခြင်း မရှိသေးသလို၊ သွေးနှင့် ချီ စွမ်းအင်မှာလည်း နဝမအဆင့်သိုင်းပညာရှင်နယ်ပယ်သို့ မရောက်သေးပေ။
သို့သော် ကျောက်ဖေးသည် ရေနှင့် သစ်သားဓာတ်တို့၏ စွမ်းအင်ကို နားလည်သဘောပေါက်သွားချိန်မှစ၍ သူ၏ကိုယ်ပွါးသည် လေထိမ်းချုပ်အနေအထားကို လေ့ကျင့်ရာတွင် ပိုမိုထိရောက်လာခဲ့သည်။
လက်ရှိ ကိုယ်ပွား၏ သွေးနှင့် ချီစွမ်းအင်မှာ အလွန်ပင် ပြင်းထန်အားကောင်းနေပြီး နဝမအဆင့်သို့ မရောက်သေးသော်လည်း လက်တစ်လုံးခြားမျှသာ လိုတော့သည်။
ထို့အပြင် ကျောက်ဖေး၏ သိုင်းပညာစွမ်းရည်မှာလည်း ပိုမိုဆန်းကြယ်လာ၏။
တောင်ဖြိုဓားသိုင်း နှင့် ပျံလွှားရိပ် ကိုယ်ဖော့သိုင်းတို့သည်် သာမန်အရပ်သုံး သိုင်းပညာများသာ ဖြစ်သော်လည်း ကျောက်ဖေး၏ လက်ထဲတွင်မူ တစ်မျိုးတစ်ဖုံ ထူးခြားဆန်းပြားသည့် အသွင်ကို ဆောင်နေတော့သည်။
ဆက်တိုက် တိုက်ခိုက်မှုနှစ်ကြိမ်ကို ရှောင်တိမ်းပြီးနောက် ကျောက်ဖေးက သူ၏သစ်သားဓားကို အသာအယာ မြှောက်လိုက်သည်။
ထိုအချိန်တွင် လျိုမျိုးနွယ်တပည့်သည် ရှေ့သို့ အရှိန်ဖြင့် တိုးဝင်လာ၏
သူကိုယ်တိုင် ကျောက်ဖေး၏ ဓားဦးထက်သို့ ပြေးဝင်မိသကဲ့သို့ ဖြစ်သွားတော့သည်။
ဓားဦးက သူ၏ ရင်ဘတ်တည့်တည့်သို့ ထိုးစိုက်မိသွား၏။
"အွတ်..."
လျိုမျိုးနွယ်တပည့်မှာ အသံတိုးတိုးဖြင့် ညည်းညူကာ မြေပြင်ပေါ်သို့ လဲကျသွားပြီး အသက်ရှူပင် ကျပ်သွားရှာသည်။
ပြင်းထန်သော နာကျင်မှုကြောင့် သူ၏ခန္ဓာကိုယ်မှာ လိပ်နေပြီး အတော်ကြာအောင် ပြန်မထနိုင်တော့ပေ။
ကံကောင်းသည်မှာ ၎င်းသည် သစ်သားဓားသာ ဖြစ်၏
အကယ်၍ လက်နက်အစစ်သာ ဖြစ်ပါက ထိုတစ်ချက်ဖြင့်ပင် သူ အသက်ပျောက်သွားနိုင်ပေသည်။
"စီနီယာအကို ကျောက်ဖေး ပြန်နိုင်ပြီဟေ့.. အခုဆိုရင် သူ ၁၄ ပွဲ ဆက်တိုက် နိုင်သွားပြီ”
"ငါတို့ သိုင်းကျောင်းရဲ့ စံချိန်က ဘယ်လောက်လဲဟ... ၁၇ ပွဲ ဆက်တိုက် နိုင်တာ မလား?"
"စီနီယာ လျိုသလုက ကျောက်ဖေးဆီမှာ သုံးကွက်တောင် မခံနိုင်ဘူးလို့ ငါ တကယ် မထင်ထားမိဘူး..."
"သုံးကွက်က ဘာလဲ? တစ်ကွက်တောင် မရှိဘူး..မင်း မမြင်လိုက်ဘူးလား? ကျောက်ဖေးက လှုပ်တောင် မလှုပ်ရသေးဘူး၊ လျိုသလုက သူ့ဘာသာသူ ပြေးတိုက်တာ”
ဘေးပတ်ပတ်လည်မှ အော်ဟစ်အားပေးသံများ တစ်ဖန် ထွက်ပေါ်လာပြန်သည်။
အားလုံး သိကြသည့်အတိုင်း ကျောက်ဖေး ယခုတစ်ကြိမ် အနိုင်ယူလိုက်သူမှာ အညတရတစ်ဦး မဟုတ်ဘဲ ပြီးခဲ့သည့် ပြိုင်ပွဲ၏ ထိပ်တန်းတပည့် ငါးဦးစာရင်းဝင်တစ်ဦး ဖြစ်သည်။
အချို့သော တပည့်များက တီးတိုးပြောဆိုနေကြသည်မှာ လျိုသလု၏ အစွမ်းသည် အစစ်အမှန် မဟုတ်ဟု ယူဆနေကြသည်။
အဘယ်ကြောင့်ဆိုသော် ယခင်က သာမန်တပည့်များပင်လျှင် ကျောက်ဖေးနှင့် အပြန်အလှန် တိုက်ခိုက်နိုင်ကြသေးသော်လည်း၊ ဤမျှ အစွမ်းထက်သည့် လျိုသလုက ဘာကြောင့် ဤမျှ အားနည်းနေရသနည်း?
သူတို့မသိသည်မှာ ကျောက်ဖေး၏ လောကဝတ် နားလည်မှုပင် ဖြစ်သည်။
သူသည် သာမန်တပည့်များကိုမူ အနည်းဆုံး မျက်နှာသာပေးတတ်သော်လည်း စုန်ယုယောင် ခိုင်းစေ၍ သူ့ကို လာရောက်နှောင့်ယှက်သူများကိုမူ မညှာတာရန် ဆုံးဖြတ်ထားခြင်းဖြစ်သည်။
နံပါတ် (၁) ယှဉ်ပြိုင်ကွင်းနှင့် မလှမ်းမကမ်းတွင် စုန်ယုယောင်၏ မျက်နှာမှာ အလွန်ပင် ကြည့်ရဆိုးနေ၏။
"စီနီယာ စုန်၊ ကျွန်တော် သွားပြီး သူ့ကို နှိမ်နင်းလိုက်ပါ့မယ်”
စုန်ယုယောင်၏ ဘေးရှိ အခြား ထိပ်တန်းတပည့်တစ်ဦးက ရှေ့သို့ ထွက်လာပြီး ကွင်းထဲသို့ ခုန်တက်သွားသည်။
သို့သော် သုံးကွက်အတွင်းမှာပင် ထိုတပည့်သည်လည်း ကျောက်ဖေး၏ လက်ထဲတွင် အရှုံးကြီး ရှုံးသွားရပြီး ယခုတစ်ကြိမ်တွင်မူ လက်မောင်းပင် ကျိုးသွားခဲ့ရသည်။
စုန်ယုယောင် ဘေးရှိ တပည့်များအားလုံး ထိုမြင်ကွင်းကို ကြည့်ပြီး မျက်နှာပျက်ကုန်ကြသည်။
သူတို့မှာ အူကြောင်ကြောင်များ မဟုတ်ကြသဖြင့် ကျောက်ဖေးသည် တမင်တကာ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေသည်ကို ရိပ်မိကြသည်။
အသက်အန္တရာယ် မရှိသော်လည်း
ခြေကျိုးလက်ကျိုး ဖြစ်သွားပါက ဤပြိုင်ပွဲတွင် ထိပ်တန်းတပည့်နေရာကို ဆုံးရှုံးရပေလိမည်။
ကျောက်ဖေးက စုန်ယုယောင်ကို ကြည့်ကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ "စုန်ယုယောင်... မင်း ငါ့ကို တားချင်တယ်ဆိုရင် မင်းဘေးက ခွေးတွေကို တစ်ကောင်ပြီး တစ်ကောင် လွှတ်ပြီး ငါ့ကို စိတ်အနှောင့်အယှက် ပေးမနေနဲ့တော့။ မင်းကိုယ်တိုင်ပဲ တက်လာခဲ့ပါလား?"
"ဟဲဟဲ... မင်း ကြောက်နေတာလား?"
အားလုံး၏ အကြည့်များမှာ စုန်ယုယောင်ထံသို့ ရောက်ရှိသွားကြသည်။
စုန်ယုယောင်၏ မျက်နှာမှာ ရှက်လွန်းသဖြင့် သွေးအလိမ်းလိမ်း ဖြစ်နေသကဲ့သို့ နီမြန်းနေ၏။
လူအများရှေ့တွင် သူမ အလွန်ပင် အရှက်ရနေရှာသည်။
သူမဘေးရှိ တပည့်များမှာလည်း မျက်နှာများ မည်းမှောင်နေကြ၏။
သူတို့သည် သိုင်းကျောင်းတွင် လေးစားရသူများ၊ ထိပ်တန်းတပည့်များ ဖြစ်ကြသော်လည်း ယခုမူ ကျောက်ဖေးက သူတို့ကို "စုန်ယုယောင်၏ ခွေးများ" ဟု ခေါ်ဝေါ်လိုက်
ခြင်း ဖြစ်သည်။
အကယ်၍ အခြားသူသာ ဖြစ်ပါက သူတို့ ဝိုင်းဝန်းရိုက်နှက်ပြီး ဒူးထောက်တောင်းပန်ခိုင်းမည်မှာ သေချာ၏
သို့သော် ပြောလိုက်သူမှာ ကျောက်ဖေး ဖြစ်နေ၏
ဒေါသထွက်နေသော်လည်း ကျောက်ဖေး၏ အစွမ်းကိုမူ သူတို့ ကြောက်ရွံ့နေကြသည်။
"မင်းလို ကောင်မျိုးကို ငါ သေချာပေါက် သတ်ပစ်မယ်... သေချာပေါက်ပဲ..."
စုန်ယုယောင်၏ အကြည့်များသည် နာကျည်းမှုနှင့် ဒေါသတို့ဖြင့် ပြည့်နှက်နေပြီး ကျောက်ဖေးကို ချက်ချင်းပင် အစိမ်းလိုက်ဝါးစားချင်စိတ် ပေါက်နေသည်။
သို့သော်လည်း သူမကိုယ်တိုင်မူ အားမတန်သဖြင့် ကွင်းထဲသို့ မတက်ရဲချေ။
"လူကြောက်မလေး”
ကျောက်ဖေးက အထင်အမြင်သေးစွာဖြင့် ခပ်တိုးတိုး ပြောလိုက်သော်လည်း စုန်ယုယောင် ကြားနိုင်လောက်သည့် အသံဖြစ်သည်။
၎င်းက စုန်ယုယောင်ကို ရူးမတတ် ဒေါသထွက်စေသော်လည်း သူမ မည်သို့မျှ မတတ်နိုင်ခဲ့ပေ။
အမှန်အတိုင်း ပြောရလျှင် ကျောက်ဖေးသည် စုန်ယုယောင်ကိုသာမက တစ်မိသားစုလုံးကိုပင် ဂရုမစိုက်တော့ချေ။
အချိန်များ ကုန်ဆုံးသွားသည်။
ကျောက်ဖေးက ပြိုင်ဘက်များကို ဆက်တိုက် အနိုင်ယူနေခဲ့၏
အနိုင်ရရှိမှု ၂၀ အထိ ရောက်ရှိလာသည်။
ထိုမှတစ်ဆင့် မကြာမီပင် ပွဲ ၃၀ ဆက်တိုက် အနိုင်ရရှိခြင်းဖြင့် သိုင်းကျောင်း သမိုင်းတစ်လျှောက် အမြင့်ဆုံးစံချိန်ကို
ကျော်ဖြတ်သွားတော့သည်။
"...စီနီယာ ကျောက်ဖေးက လူသားမှ ဟုတ်ရဲ့လား?"
တပည့်တစ်ဦးက တအံ့တဩ ရေရွတ်နေသည်။
စင်မြင့်ပေါ်ရှိ ချန်ယွမ်ရှန်း၊ လီကမ်းနှင့် အခြားသူများပင်လျှင် မသိစိတ်ဖြင့် မတ်တတ်ရပ်ကာ ကျောက်ဖေးကို စိုက်ကြည့်နေကြသည်။
နေဝင်ရီတရော အချိန်အထိ ရှိလာချေပြီ
ကျောက်ဖေးသည် ကွင်းထဲတွင် ရှိနေခဲ့ပြီးနောက်၊ အမောတကောဖြင့် ကွင်းထဲမှ ခုန်ဆင်းလာခဲ့သည်။
သူ့တွင် အင်အားများ ကျန်ရှိနေသေးသော်လည်း ပွဲပေါင်း ၅၀ ဆက်တိုက် အနိုင်ရရှိပြီးနောက်တွင်မူ လုံလောက်ပြီဟု သူ ယူဆလိုက်သည်။
ဤအောင်မြင်မှုက သူ့ကို ပြိုင်ပွဲတွင် ပထမနေရာ ရရှိစေမည်ဖြစ်ပြီး ဆရာများဖြစ်သည့် လီကမ်းနှင့် ချန်ယွမ်ရှန်း တို့အတွက်လည်း ကျေနပ်ဖွယ် အဖြေတစ်ခု ဖြစ်စေခဲ့သည်။
ပြိုင်ပွဲပြီးဆုံးချိန်တွင်
ချန်ယွမ်ရှန်းက ကျောက်ဖေးကို လူပုံအလယ်တွင် ချီးကျူးစကားပြောကြားကာ သိုင်းကျောင်းအမှတ် ၅၀ အပိုဆု ချီးမြှင့်လိုက်သည်။
၎င်းမှာ သွေးဝိညာဉ်ဆေးလုံးတစ်လုံးနှင့် ညီမျှသဖြင့် အခြားတပည့်များမှာ မနာလိုဖြစ်
ကုန်ကြသော်လည်း
ကျောက်ဖေး၏ စွမ်းဆောင်ရည်ကြောင့် မည်သူမျှ မကန့်ကွက်ရဲကြချေ။
ထမင်းစားဆောင်တွင် ညစာစားပြီးနောက်
ကျောက်ဖေးသည် သိုင်ကျောင်းဆောင်သို့ သွားရောက်ကာ ကျောင်းအုပ်ကြီး ချန်ယွမ်ရှန်းနှင့် လီကမ်းတို့အား တွေ့ဆုံခဲ့သည်။
သူတို့နှစ်ဦးစလုံးသည် ကျောက်ဖေးကို လေးစားသော အကြည့်များဖြင့် ကြည့်နေကြ၏
သို့သော်လည်း ကျောက်ဖေးက ရှေ့ပြိုင်ပွဲများတွင် မပါဝင်တော့ဘဲ သိုင်းကျောင်းမှ ထွက်ခွာတော့မည်ဟု ပြောလိုက်သောအခါတွင်မူ သူတို့ မျက်မှောင်ကြုတ်သွားကြသည်။
ကျောက်ဖေးက အကျိုးအကြောင်း ရှင်းပြသည်မှာ "ဆရာကြီးနဲ့ နည်းပြလီ... အမှန်အတိုင်း ပြောရရင် ကျွန်တော် မြို့ပြင်ထွက်တုန်းက တိုက်ဆိုင်တဲ့ အခွင့်အရေးကောင်းတစ်ခု ရခဲ့ပါတယ်။ အဲဒါ ဘာလဲဆိုတာကိုပြောပြဖို့တော့ ခွင့်လွှတ်ပေးကြပါ။”
“အခု ကျွန်တော့်ရဲ့ သွေးနဲ့ ချီစွမ်းအားက အထွတ်အထိပ်ကို ရောက်နေပါပြီ။ သွေးဝိညာဉ်ဆေးလုံး တစ်လုံး နှစ်လုံးလောက် ထပ်သောက်လိုက်ရင် ရက်ပိုင်းအတွင်းမှာတင် နဝမအဆင့်ကို တက်လှမ်းနိုင်မယ်လို့ ယုံကြည်ချက် ရှိပါတယ်”
“ဒါကြောင့်နည်းပြနဲ့ကျောင်းအုပ်ကို နှုတ်ဆက်ဖို့လာပြောတာပါ”
ချန်ယွမ်ရှန်းနှင့် လီကမ်းတို့၏ မှင်သက်အံ့ဩနေသော မျက်ဝန်းများအောက်တွင်...
ကျောက်ဖေးသည် သူ၏ရည်ရွယ်ချက်များကို ဖုံးကွယ်ထားခြင်းမရှိတော့ဘဲ လေထိန်းချုပ်မှုမှတစ်ဆင့် သူ၏ သွေးကြောထဲမှ ချီစွမ်းအင်နှင့် သွေးစွမ်းအင်အဟုန်တို့ကို အစွမ်းကုန် ထုတ်ဖော်လိုက်တော့သည်။
ရုတ်တရက်ဆိုသလို သူ၏ခန္ဓာကိုယ်မှ ပြင်းထန်သော သွေးစွမ်းအင်များ လျှံထွက်လာပြီး ပတ်ဝန်းကျင် သုံးပေအတွင်းရှိ လေထု၏အပူချိန်မှာ သိသိသာသာ မြင့်တက်သွား၏။
ဤမျှအဆင့်ရှိသော ချီနှင့်သွေးစွမ်းအင်သည် နဝမအဆင့်သိုင်းပညာရှင်နယ်ပယ်သို့ ရောက်ရှိရန် လက်တစ်ကမ်းသာ လိုတော့ကြောင်း ထင်ရှားနေပြီး သွေးဝိညာဉ်ဆေးလုံးအနည်းငယ်မျှဖြင့်ပင် ထိုအဆင့်ကို တက်လှမ်းနိုင်ပေတော့မည်။
ထို့အပြင် ကျောက်ဖေး၏ ပါရမီအရဆိုလျှင် ဤအတားအဆီးကို ကျော်ဖြတ်ရန်မှာ သူ၏အတွက် ခဲယဉ်းသောအရာ မဟုတ်ပေ။
ဤအချက်က ကျောက်ဖေးသည် လိမ်ညာနေခြင်း မဟုတ်ကြောင်းကိုလည်း သက်သေပြနေသည်။
ချန်ယွမ်ရှန်း၏ သူငယ်အိမ်တို့မှာ ရုတ်ချည်း ကျုံ့သွားကာ မျက်ဝန်းအစုံမှာ မယုံကြည်နိုင်မှုတို့ဖြင့် ပြည့်နှက်သွား၏။
လီကမ်းမှာမူ လက်ထဲရှိ လက်ဖက်ရည်ခွက်ကို "ဂွပ်" ခနဲ မြည်အောင်ပင် ဆုပ်ခြေမိသဖြင့် လက်ဖက်ရည်များ ကြမ်းပြင်ပေါ်သို့ ဖိတ်စင်ကုန်တော့သည်။
သူတို့သည် ကျောက်ဖေးကို သံသယဝင်ခဲ့ကြသည်မှာ အမှန်ပင်။ ကျောက်ဖေးသည် သိုင်းပညာပါရမီ မြင့်မားသည်ဆိုသော်လည်း အသက်အရွယ်ကြီးလွန်းခြင်းက အားနည်းချက်တစ်ခု ဖြစ်နေသည် မဟုတ်ပါလော
သူတို့၏အမြင်အရမူ ကျောက်ဖေးအနေဖြင့် သွေးဝိညာဉ်ဆေးလုံး လုံလောက်စွာ ရရှိလျှင်ပင် နဝမအဆင့်သို့ ရောက်ရှိရန် အနည်းဆုံး နှစ်အနည်းငယ်၊ သို့မဟုတ် ခုနစ်နှစ် ရှစ်နှစ်ခန့်ပင် အချိန်ယူရမည်ဟု ထင်မှတ်ထားခဲ့ကြသည်။
ဤကား ကျောက်ဖေး ဖြစ်နေ၍သာ။
အကယ်၍သာ အသက် ၂၅၊ ၂၆ နှစ်မှ သိုင်းစတင်သင်ယူသော သာမန်ပါရမီရှင် အခြားတပည့်တစ်ဦးသာဆိုလျှင် ဤတစ်သက်တွင် နဝမအဆင့်သို့ တက်လှမ်းနိုင်ရန်မှာ အလှမ်းဝေးလှသော အိပ်မက်တစ်ခုသာ ဖြစ်ပေလိမ့်မည်။
"မင်း... မင်း တကယ်ပဲ... တော်ပါပေတယ်”
ချန်ယွမ်ရှန်းက ကျောက်ဖေး မည်သို့ လုပ်ဆောင်ခဲ့သနည်းဟု မေးရန် ပြင်လိုက်၏
သို့သော်လည်း ကျောက်ဖေး ပြောခဲ့သည့် "ပြောပြရန် မသင့်သော အခွင့်အရေး" ဆိုသည်ကို သတိရလိုက်၏
ထို့ကြောင့် သူ၏ သိလိုစိတ်ကို ပြန်လည်ထိန်းချုပ်လိုက်ရသည်။
လူတိုင်းတွင် မိမိတို့၏ လျှို့ဝှက်ချက်များ ရှိတတ်ကြသည် မဟုတ်ပါလား။
အခန်း ၇၁ မူလစွမ်းအင်လုံးငယ်
လီကမ်းက ကျောက်ဖေး၏ ပုခုံးကို ပုတ်ကာ အားပေးလိုက်သည်။
သူသည် ဤတပည့်အပေါ် အလွန်ကျေနပ်အားရနေပြီး ကျောက်ဖေးကိုယ်တိုင် ဆုံးဖြတ်ချက်ချပြီးဖြစ်၍
သူကန့်ကွက်စရာ မလိုတော့ပေ။
ထို့ပြင် နဝမအဆင့် သိုင်းပညာရှင်အဖြစ် အောင်မြင်ပြီးပါက သိုင်းကျောင်းမှ ထွက်ခွါခြင်းသည်လည်း ကျိုးကြောင်းဆီလျော်လှသော ကိစ္စပင် ဖြစ်သည်။
ချန်ယွမ်ရှန်းက "မင်းရဲ့ အနာဂတ်အတွက် ဘာအစီအစဉ်ရှိလဲ" ဟု မေးမြန်း၏
ကျောက်ဖေးက ခဏမျှ စဉ်းစားပြီးမှ... "အခုထိတော့ တိတိကျကျ မရှိသေးပါဘူး ဆရာကြီး၊ ဒါပေမဲ့ ကျန်းယွဲ့မြို့ကို အရင်သွားကြည့်မလားလို့ပါ။ အဲဒီမှာ သိုင်းဂိုဏ်းတွေ အများကြီးရှိတယ်လို့ ကြားဖူးတယ်၊ အခွင့်အလမ်းတစ်ခုခု ရှာတွေ့နိုင်မလားလို့ပါ" ဟု ဖြေကြားလိုက်သည်။
အမှန်စင်စစ် သူ၌ ရည်မှန်းချက်တစ်ခု ရှိပြီးသားဖြစ်သည်။ ၎င်းမှာ ဓာတ်ကြီးငါးပါးစွမ်းအားကို အပြည့်အဝ နားလည် သဘောပေါက်သည်နှင့် ပိုင်ယွမ်တောင်ရှိ ရွှမ်ယွမ်ကျောင်းတော်သို့ သွားရောက်ရန်ဖြစ်သည်။
သိုင်းပညာ လေ့ကျင့်ခြင်းထက် အင်မော်တယ်လမ်းစဉ်ကို ရှာဖွေပြီး တရားဓမ္မ၌ မွေ့လျော်ခြင်းက သိသိသာသာ ပိုမိုမြင့်မြတ်သည့်အပြင် ၎င်းသည်သာ သူ၏ အစစ်အမှန် ပန်းတိုင်လည်း ဖြစ်သည်။
သို့သော် ထောင်ဖန်းမင် သိသလောက်ဆိုလျှင် ပိုင်ယွမ်တောင်မှာ နန်ကျိုး ပြည်နယ်တွင် ရှိသည်မဟုတ်ပေ။
နန်ကျိုးသည် ကျောက်ဖေး လက်ရှိရောက်ရှိနေသော ပြည်နယ်ဖြစ်၏
ကျိုးမင်းဆက်သည် နယ်မြေကို ပြည်နယ်ကြီးကိုးခု၊ ထို့နောက် ခရိုင်၊ မြို့နယ်နှင့် ကျေးရွာများအဖြစ် ပိုင်းခြားထားသည်။
နန်ကျိုးမှာ ကျိုးမင်းဆက်၏ အနောက်တောင်ဘက်တွင် ရှိသည်။
အကယ်၍ ကျောက်ဖေးအနေဖြင့် ပိုင်ယွမ်တောင်သို့ သွားလိုလျှင် အရှေ့ဘက်သို့ ဦးတည်ကာ ထုန်ကျိုးပြည်နယ်ထဲသို့ ဝင်
ရောက်ရမည်ဖြစ်သည်။
ပိုင်ယွမ်တောင်သည် ထုန်ကျိုးရှိ လင်းကျန်းခရိုင်တွင် တည်ရှိသော်လည်း လင်းကျန်းခရိုင်၏ မည်သည့်နေရာတွင် ရှိသည်ကိုမူ ထောင်ဖန်းမင် အတိအကျမသိပေ။
အကြောင်းမှာ ထောင်ဖန်းမင်ကိုယ်တိုင်လည်း ထိုနေရာသို့ တစ်ခါမှ မရောက်ဖူးသောကြောင့် ဖြစ်သည်။
သို့သော် ကျန်းယွဲ့မြို့မှာ ကျင်းလင်းမြို့၏ အရှေ့ဘက် မိုင် ၅၀၀ ခန့်အကွာတွင် တည်ရှိသည်။
ထုန်ကျိုးသို့သွားမည့် လမ်းခရီးတွင် ကျန်းယွဲ့မြို့ကို ဖြတ်ကျော်သွားရမည်ဖြစ်၍ ဝင်ရောက်လေ့လာခြင်းက အဆိုးတော့မရှိပေ။
အမှန်တော့ ထောင်ဖန်းမင်နှင့် မတွေ့ဆုံမီကပင် ကျောက်ဖေး၏ မူလအစီအစဉ်မှာ ကျန်းယွဲ့မြို့သို့ သွားရန်သာ ဖြစ်သည်။
ကျောက်ဖေး၏ အဖြေကို ချန်ယွမ်ရှန်းနှင့် လီကမ်းတို့က အံ့ဩခြင်းမရှိကြပေ။
ကျင်းလင်းမြို့ကဲ့သို့ မြို့ငယ်လေးနှင့် နှိုင်းယှဉ်လျှင် ပြည်နယ်မြို့တော်ဖြစ်သော ကျန်းယွဲ့မြို့မှာ ကဏ္ဍပေါင်းစုံတွင် သာလွန်သည်မှာ ဓမ္မတာပင်။
သိုင်းကျောင်းမှ ထွက်ခွာသွားသော တပည့်တိုင်းသည် ကျန်းယွဲ့မြို့သို့သွားကာ နာမည်ကျော်ကြားရန် ကြိုးစားချင်ကြသည် မဟုတ်ပါလော
ချန်ယွမ်ရှန်းက ရယ်မောကာ "ငါလည်း အဲဒီလိုပဲ ထင်ပါတယ်။ တကယ်တော့ ငါငယ်ငယ်တုန်းကလည်း မင်းလိုပဲ ရည်မှန်းချက်ကြီးခဲ့တာ။ သိုင်းပညာရှင်ဖြစ်ပြီးတာနဲ့ ပထမဆုံးတွေးမိတာက ကျန်းယွဲ့မြို့ကိုသွားပြီး ကိုယ့်ခြေရာကိုယ်ချဖို့ပဲ၊ အဲဒီမှာ သူငယ်ချင်းတွေလည်း အများကြီး ရခဲ့ပါတယ်..." ဟု ဆိုလေသည်။
အတိတ်ကို ပြန်ပြောင်းသတိရနေ၏။
ဆက်လက်၍ သူက "ကျန်းယွဲ့မြို့နားမှာ သိုင်းဂိုဏ်းတွေ အများကြီးရှိတယ်၊ ဒါပေမဲ့ အများစုက ဂိုဏ်းငယ်လေးတွေပါ။ အဓိက ဂိုဏ်းကြီးနှစ်ခုနဲ့ အဖွဲ့ခွဲတစ်ခုကတော့ ချင်းဖုန်းဓားဂိုဏ်း၊ ဟယ်ရှန်းဂိုဏ်းနှင့်သံဓားဂိုဏ်းတို့ပဲ။"
"ငါကတော့ အရင်က သံဓားဂိုဏ်းမှာ ပညာသင်ခဲ့တာ။ သံဓားဂိုဏ်းက ဓားသိုင်းပညာမှာ ကျွမ်းကျင်ကြတယ်၊ မင်းမှာလည်း ဓားသိုင်းပါရမီ ထူးထူးခြားခြား ရှိတာကို ငါတွေ့ရတယ်။ မင်း ကျန်းယွဲ့မြို့ကိုသွားရင် သံဓားဂိုဏ်းကို အရင်သွားကြည့်တာ အကောင်းဆုံးပဲ။ အဲဒီမှာ ငါ့ရဲ့ မိတ်ဆွေဟောင်းတချို့ ရှိနေသေးတယ်၊ ငါ ထောက်ခံစာတစ်စောင် ရေးပေးလိုက်မယ်၊ ဒါဆိုရင် မင်းအတွက် အခက်အခဲတွေ အများကြီး သက်သာသွားလိမ့်မယ်။"
ကျောက်ဖေးက ချက်ချင်းပင် လက်အုပ်ချီကာ "ဆရာကြီးရဲ့ စေတနာအတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ" ဟု ဆိုလိုက်သည်။
ချန်ယွမ်ရှန်းက ခေါင်းညိတ်ပြပြီး "နောက်ထပ် ကိစ္စတစ်ခုကတော့ မင်းကို အကူအညီတစ်ခု တောင်းချင်လို့ပါ" ဟု ဆိုသည်။
ကျောက်ဖေးက "အမိန့်ပေးပါ ဆရာကြီး" ဟု ပြန်ပြော၏။
"အရမ်းကြီး ယဉ်ကျေးနေဖို့ မလိုပါဘူး။"
ချန်ယွမ်ရှန်းက ပြုံးလျက် တံခါးဘက်သို့ လှမ်းခေါ်လိုက်သည် - "ချင်းစုန်း... ဝင်ခဲ့တော့”
ခြေသံသဲ့သဲ့ ကြားလိုက်ရပြီးနောက်
မကြာမီမှာပင် အသက် ၁၇၊ ၁၈ ခန့်ရှိသော ခန့်ညားသည့် လူငယ်တစ်ဦး တံခါးဖွင့်၍ ဝင်လာသည်။ သူသည် ထင်းရှူးပင်ကဲ့သို့ ဖြောင့်စင်းပြီး သူ၏မျက်ခုံးများမှာ ချန်ယွမ်ရှန်းနှင့် ၇ ပုံ ၃ ပုံခန့် ဆင်တူလှသည်။
ချန်ယွမ်ရှန်းက မိတ်ဆက်ပေးသည်မှာ "ဒါက ငါ့သား ချန်ချင်းစုန်းတဲ့၊ သူက ဒီနှစ်အစပိုင်းမှာတင် နဝမအဆင့်ကို ရောက်ခဲ့တာ။ သူ့ကို မကြာခင်မှာ သံဓားဂိုဏ်းကို ပို့ပြီး ပညာသင်ခိုင်းမလို့ စဉ်းစားထားတာ..."
သူက ခေတ္တရပ်ကာ သက်ပြင်းချလိုက်ပြီး "ဒါပေမဲ့ သူက ငယ်ငယ်ကတည်းက ငါ့နားမှာပဲနေပြီး သိုင်းပညာတစ်ခုတည်းကိုပဲ အာရုံစိုက်ခဲ့တာ၊ အပြင်လောက အတွေ့အကြုံကတော့ အတော်လေး နည်းသေးတယ်။ အဖေတစ်ယောက်အနေနဲ့ သူ့ကို တစ်ယောက်တည်း လွှတ်ဖို့ စိုးရိမ်မိတယ်။ မင်းအနေနဲ့ အခက်အခဲမရှိဘူးဆိုရင် ချင်းစုန်းနဲ့အတူ ခရီးသွားရင်း သူ့ကို လမ်းမှာ ဂရုစိုက်ပေးပါဦးလား"
ထိုသို့ပြောနေစဉ်မှာပင် သူမသိမသာ သူ၏သားဖြစ်သူကို ခြေထောက်ဖြင့် တို့လိုက်၏။
ချန်ချင်းစုန်းက အခြေအနေကို သဘောပေါက်ကာ ချက်ချင်းပင် လက်အုပ်ချီ နှုတ်ဆက်လိုက်ပြီး "ကျွန်တော့်ကို ကူညီစောင့်ရှောက်ပေးပါဦး အစ်ကိုကြီးကျောက်" ဟု ပြောလိုက်သည်။
၎င်းမှာ ကျောက်ဖေးနှင့် ပထမဆုံးအကြိမ် တရားဝင်တွေ့ဆုံခြင်း ဖြစ်၏
သို့သော်လည်း သူ၏ဖခင်မှာ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ကျောက်ဖေးအကြောင်းကို ခဏခဏ ပြောလေ့ရှိသဖြင့် အမည်ကို ရင်းနှီးနေပြီးသားဖြစ်သည်။
သူ သိချင်နေသည်မှာ...
“ငါ မှတ်မိသလောက်ဆိုရင် ဒီကျောက်ဖေးက ပြီးခဲ့တဲ့လကမှ ဂိုဏ်းထဲဝင်လာတဲ့ တပည့်သစ် မဟုတ်လား”
ဘာလို့ ဒီလောက်အစောကြီး ထွက်သွားတာလဲ။သူက နဝမအဆင့် သိုင်းပညာရှင် ဖြစ်သွားပြီလား...
ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ
ကျောက်ဖေးက ပြန်လည်နှုတ်ဆက်ကာ "ညီလေးချင်းစုန်း၊ ယဉ်ကျေးနေစရာ မလိုပါဘူး။ လမ်းခရီးမှာ တစ်ယောက်ကိုတစ်ယောက် စောင့်ရှောက်ကြတာပေါ့" ဟု ဆိုလိုက်သည်။
ထို့နောက် ချန်ယွမ်ရှန်းဘက်သို့ လှည့်ကာ "ကျွန်တော် မြို့ပြင်မှာ လုပ်စရာလေးတချို့ ရှိပါသေးတယ်၊ ပြီးတော့ ကျင့်စဉ်အဆင့်ကိုလည်း တက်လှမ်းဖို့ ကြိုးစားရဦးမယ်။ ခရီးထွက်မယ့်အချိန်ကျရင် ညီလေးချင်းစုန်းကို လာရှာပါ့မယ်"
နှုတ်ဆက်ကာ ထွက်ခွာရန် ပြင်လိုက်သည်။
"ခဏလေး”
ချန်ယွမ်ရှန်းက စားပွဲနောက်ကွယ်ရှိ လျှို့ဝှက်သေတ္တာထဲမှ ကြွေပုလင်းငယ်လေးတစ်လုံးကို ထုတ်ယူလိုက်သည်။
"ဒါက မူလစွမ်းအင်လုံးပဲ။ သွေးနဲ့ ချီစွမ်းအင် မြှင့်တင်တဲ့နေရာမှာ သွေးဝိညာဉ်ဆေးလုံးထက်တောင် ပိုပြီး ထိရောက်တယ်။ မင်းက အဆင့်တက်လှမ်းဖို့ ကြိုးစားမှာဆိုတော့ ဒီဆေးလုံးကို သုံးတာက ပိုပြီး စိတ်ချရတာပေါ့။"
"ဟူး..."
လီကမ်းက အသက်ရှူမှားသွားကာ "ဆရာကြီးက ဒီလိုရတနာမျိုးကို ထုတ်ပေးလိမ့်မယ်လို့ ကျွန်တော် မထင်ထားဘူး၊ မူလစွမ်းအင်လုံးငယ် တစ်လုံးက လပေါင်းများစွာ ပြင်းပြင်းထန်ထန် ကျင့်ကြံတာနဲ့ ညီမျှတယ်။ ကျောက်ဖေး... မင်းကတော့ ကံကောင်းပြီ”
ထို့နောက် သူက ခပ်နွမ်းနွမ်း ပြုံးလိုက်ပြီး "ငါကတော့ ကျောက်ဖေးကို သွေးဝိညာဉ်ဆေးလုံး တချို့ပေးမလို့ ကြံနေတာ၊ အခုတော့ ငါ့ဆေးလုံးတွေက ထုတ်မပြရဲစရာ ဖြစ်ကုန်ပြီ"
ဘေးတွင် ရပ်နေသော ချန်ချင်းစုန်းမှာလည်း လျှို့ဝှက်စွာ အံ့အားသင့်နေ၏။
ကျောက်ဖေးက အဆင့်တက်တော့မှာလား။
ငါ့အဖေက ကျောက်ဖေးအကြောင်း ခဏခဏ ပြောနေတာ မဆန်းပါဘူး၊ သူ ဒီလောက်အမြန်ကြီး အဆင့်တက်နိုင်တာ မယုံနိုင်စရာပဲ။
ချန်ယွမ်ရှန်းက လက်ယမ်းပြကာ "ငါ့သိုင်းကျောင်းအတွက် ပါရမီရှင် တပည့်တစ်ယောက် ပေါ်ထွက်လာမယ်ဆိုရင် ဒီလိုပစ္စည်းဥစ္စာတွေက ဘာအရေးလဲ" ဟု ဆိုလိုက်သည်။
ထိုသို့ဆိုသော်လည်း သူ၏ မျက်ဝန်းထဲတွင်မူ နှမျောတသသည့် အရိပ်အယောင်လေး တစ်ခုကတော့ ဖျတ်ခနဲ ဖြတ်ပြေးသွား၏။
ဤဆေးလုံးသည် ထိပ်တန်းအဆင့် ဆေးလုံးတစ်မျိုးဖြစ်ပြီး သူကဲ့သို့ ခုနစ်ဆင့်မြောက် သိုင်းပညာရှင်ပင် အသုံးပြုနိုင်သည့် အရာဖြစ်သည်။ တစ်နှစ်ပတ်လုံးတွင်ပင် သူကိုယ်တိုင် ခုနစ်လုံး ရှစ်လုံးခန့်သာ အသုံးပြုခွင့်ရသည်။
သို့သော် အကန့်အသတ်မရှိသော အလားအလာရှိသည့် တပည့်တစ်ဦးကို ပျံလွှားသိုင်းကျောင်းအတွက် ရင်းနှီးမြှုပ်နှံခြင်းမှာ ထိုက်တန်လှပေသည်။
နောင်တွင် ကျောက်ဖေး ပိုမိုမြင့်မားသောနေရာသို့ ရောက်ရှိလေလေ၊ သိုင်းကျောင်းအတွက် ဂုဏ်သတင်းနှင့် အကျိုးကျေးဇူးများ ပိုမိုသယ်ဆောင်လာပေးနိုင်လေလေ ဖြစ်
လိမ့်မည်။
ဤသိုင်းကျောင်းလေးခုသည် ကျင်းလင်းမြို့တွင် ဆယ်စုနှစ်များစွာ တည်တံ့နေခြင်းမှာလည်း ထိုသို့သော သိုင်းပညာရှင်ပေါင်းများစွာကို မွေးထုတ်ပေးခဲ့ပြီး သိုင်းလောကတွင် ကျယ်ပြန့်သော ပတ်သက်မှုများ ဖန်တီးထားနိုင်သောကြောင့် ဖြစ်သည်။
ကျောက်ဖေးအနေဖြင့် သိုင်းကျောင်းသို့ နောက်တစ်ခါ ပြန်မလာတော့လျှင်ပင် သူသည် မြင့်မားသော အဆင့်အတန်းတစ်ခုသို့ ရောက်ရှိနေသရွေ့ ပျံလွှားသိုင်းကျောင်းကို ရန်စလိုသူတိုင်းက ကျောက်ဖေး၏ ဩဇာကို ထည့်သွင်းစဉ်းစားကြရပေလိမ့်မည်။
ထိုသို့တွေးကြည့်လျှင် မူလစွမ်းအင်လုံးငယ် တစ်လုံးပေးလိုက်ရခြင်းမှာ ဘာမှမဟုတ်တော့ပေ။
အထူးတန်း တပည့်ဆောင်
စုန်ယုယောင်သည် မျက်နှာပျက်ပျက်ဖြင့် စားပွဲတွင် ထိုင်နေ၏။
စားပွဲပေါ်တွင် အရသာရှိလှသော ဟင်းပွဲများ ခင်းကျင်းထားသည်။
ဤအစားအစာများသည် သိုင်းကျောင်းမှ ကျွေးသော အစားအစာများမဟုတ်ဘဲ စုန်မိသားစုမှ အစေခံများက အထူးတလည်
လာရောက်ပို့ဆောင်ပေးခြင်း ဖြစ်သည်။
စုန်မိသားစု၏ တတိယသခင်မလေးအနေဖြင့် သာမန်တပည့်များကဲ့သို့ "ဝက်စာ" များကို စားလိမ့်မည်မဟုတ်ပေ။
သိုင်းကျောင်းသို့ ရောက်ရှိလာသည့် နှစ်နှစ်အတွင်း သူမသည် စားသောက်ဆောင်သို့ လက်ချိုးရေတွက်၍ ရရုံမျှသာ သွားဖူးသည်။ သို့သော် ယခုအချိန်တွင်မူ သူမ၌ စားချင်စိတ် လုံးဝမရှိချေ။ သူမသည် နဂိုကပင် စိတ်သဘောထား သေးသိမ်သူဖြစ်ရာ ယနေ့ပြိုင်ပွဲတွင် ကျောက်ဖေးက သူမအား အရှက်ခွဲခဲ့သည်ကို တွေးမိတိုင်း ပို၍ ပို၍ ဒေါသထွက်လာသည်။
ထိုစဉ်မှာပင်...
“ဒေါက်၊ ဒေါက်..."
တံခါးခေါက်သံ ကြားလိုက်ရ၏။
"သခင်မလေး... ကျောက်ဖေး အခုပဲ သိုင်းကျောင်းကနေ ထွက်သွားပါပြီ"
အပြင်ဘက်မှ အသံတိုးတိုးဖြင့် သတင်းပို့လာသည်။
"အို... ကောင်းလိုက်တာ”
စုန်ယုယောင်၏ မျက်လုံးများ အရောင်တောက်သွားပြီး တံခါးကို ချက်ချင်းဖွင့်ကာ အစေခံအား ညွှန်ကြားလိုက်သည် - "မြန်မြန်သွား... ဝူကြီးကြပ်ရေးမှူးကို သွားအကြောင်းကြား... မဟုတ်ဘူး၊ ငါကိုယ်တိုင်ပဲ သွားမယ်။"
"သူ့ကို စောင့်ကြည့်နေတဲ့လူတွေကိုလည်း သွားသတိပေးလိုက်။ ဒီတစ်ခါတော့ ဘာပဲဖြစ်ဖြစ် ကျောက်ဖေးကို လွတ်မသွားစေနဲ့။ အကယ်၍ ထပ်လွတ်သွားမယ်ဆိုရင်တော့ ငါ သူတို့အရေခွံကို ဆုတ်ပစ်မယ်”
"ဟုတ်ကဲ့ပါ သခင်မလေး”
စုန်ယုယောင်၏ မျက်ဝန်းထဲမှ အေးစက်လှသော အမုန်းတရားများကို ခံစားမိသဖြင့် အစေခံမှာ တုန်တုန်ရင်ရင်ဖြင့် ခြံထဲမှ ပြေးထွက်သွားတော့သည်။
စုန်မိသားစု၏ တတိယသခင်မလေးသည် သူမပြောသည့်အတိုင်း အမှန်တကယ် လုပ်ရဲသူဖြစ်ကြောင်း သူ ကောင်းကောင်းသိနေသည် မဟုတ်ပါလား။
အခန်း ၇၂ လက်နှစ်ဖက်သုံး တိုက်ခိုက်ခြင်းအတတ်
သိုင်းကျောင်းမှ ထွက်ခွာပြီးနောက် ကျောက်ဖေး ကိုယ်ပွားသည် သူငှားရမ်းထားသော အခန်းသို့ ပြန်မသွားတော့ဘဲ မြို့ပြင်သို့ တိုက်ရိုက် ဦးတည်လိုက်သည်။
အခန်းထဲတွင် အဝတ်အစား အနည်းငယ်သာရှိသဖြင့် ထုပ်ပိုးနေရန် မလိုတော့ပေ။
သူ၏လက်ဝယ်တွင် မူလစွမ်းအင်လုံးတစ်လုံးနှင့် သွေးဝိညာဉ်ဆေးလုံး လေးလုံး ရှိနေပြီး ၎င်းတို့မှာ သူ၏ တန်ဖိုးအရှိဆုံး ပိုင်ဆိုင်မှုများပင် ဖြစ်သည်။
ယခုအခါ ကျောက်ဖေးအတွက် သွေးဝိညာဉ်ဆေးလုံးမှာ အသုံးမဝင်လှတော့ချေ။
သူ၏ လေထိန်းချုပ်မှုအသွင်ကို တစ်ကြိမ်လေ့ကျင့်ခြင်းမှာ သွေးဝိညာဉ်ဆေးလုံးတစ်လုံး စားသုံးခြင်းနှင့် အာနိသင်ချင်း တူညီနေပြီဖြစ်သည်။
သို့သော် အလဟဿမဖြစ်စေရန် သိုင်းကျောင်းမှ ရမှတ် ၂၀၀ အားလုံးကို ဆေးလုံးလေးလုံးနှင့် လဲလှယ်ယူလာခဲ့ခြင်းဖြစ်သည်။
၎င်းမှာ သိုင်းကျောင်းတွင် ရနိုင်သမျှ အကောင်းဆုံး ဆေးလုံးပင် ဖြစ်သည်။
မြို့ပြင်သို့ ရောက်သည်နှင့်
ကျောက်ဖေး တစ်ခုခု မှားယွင်းနေကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။
သူ နောက်သို့ အသာအယာ လှည့်ကြည့်လိုက်သည်။
သိုင်းကျောင်းအဝင်ဝတွင် တွေ့ခဲ့ရသော ရင်းနှီးသည့် မျက်နှာအချို့ကို တွေ့လိုက်ရ၏။
သူ၏ မှတ်ဉာဏ်အရ လွဲချော်စရာ အကြောင်းမရှိပေ။
'စုန့်မိသားစုက လူတွေထင်တယ်...' ကျောက်ဖေး တွေးတောရင်း အမှန်တရားကို ခန့်မှန်းမိသွားသည်။
သူ၏ နှုတ်ခမ်းထောင့်တွင် လှောင်ပြုံးတစ်ခု ပေါ်လာပြီး ဝေခွဲမနေတော့ဘဲ ပျံလွှားရိပ်ခြေလှမ်းကို အသုံးပြုကာ အရှိန်မြှင့်လိုက်တော့သည်။
၎င်းမှာ ကိုယ်ပွားတစ်ခုသာ ဖြစ်သော်လည်း ဤနေရာတွင် အသေခံ တိုက်ခိုက်နေရန် မလိုပေ။
မိမိကိုယ်ပေါ်ရှိ ဆေးလုံးများကို အစစ်အမှန်ခန္ဓာကိုယ် လက်ထဲသို့ အရောက်ပို့ရန်က ပို၍ အရေးကြီးသည်။
"ရှူး..."
ပျံလွှားရိပ်ခြေလှမ်းကြောင့် ကျောက်ဖေးသည် မြားတစ်စင်းကဲ့သို့ လျင်မြန်စွာ ပြေးထွက်သွားရာ ခဏချင်းအတွင်းမှာပင် ပေတစ်ရာကျော်ခန့် ကွာဝေးသွားတော့သည်။
"ဒုက္ခပဲ... သူ ထွက်ပြေးဖို့ ကြိုးစားနေပြီ”
"မြန်မြန်... နောက်က လိုက်ကြ”
နောက်မှ လိုက်လာသူများသည် ကျောက်ဖေး ဤမျှအရှိန်မြှင့်လိမ့်မည်ဟု မထင်ထားကြသဖြင့် ခြေရာဖျောက်နေခြင်းကို စွန့်လွှတ်ကာ အတင်းလိုက်ကြတော့သည်။
သူတို့သည်လည်း သိုင်းပညာ အခြေခံရှိသူများဖြစ်၍ သာမန်လူထက် မြန်သော်လည်း ကျောက်ဖေးမှာမူ ပေါ့ပါးသွက်လက်သည့် သဘောတရားကို နားလည်ထားသူ ဖြစ်သည်။
သူတို့ မည်မျှပင် ကြိုးစားလိုက်ပါစေ ကျောက်ဖေးနှင့် အကွာအဝေးမှာ ပို၍သာ ဝေးကွာသွားတော့သည်။
သို့သော် ကျောက်ဖေးသည် ဆိတ်ငြိမ်သော လမ်းတစ်ခုသို့ အကွေ့တွင် ရှေ့ဘက်အမှောင်ထဲမှ ထွားကျိုင်းသော လူတစ်ဦး ရုတ်တရက် ခုန်ထွက်လာ၏။
"ကောင်လေး... မင်း လွတ်မယ်မထင်နဲ့”
ထိုလူက မကောင်းဆိုးဝါးကဲ့သို့ ပြုံးလိုက်ပြီး သူ၏ ပြင်းထန်သော သွေးစွမ်းအင်များကို ထုတ်ဖော်လိုက်ရာ သူသည် နဝမအဆင့် သိုင်းပညာရှင်တစ်ဦး ဖြစ်ကြောင်း သိသာလှသည်။
ကျောက်ဖေး မျက်မှောင်ကြုတ်လိုက်၏။
သူ ထိုလူကို မှတ်မိသည်။
သူကား စုန့်မိသားစု၏ ကျွမ်းကျင်သော သက်တော်စောင့် ကျန်းခွေ့ပင် ဖြစ်သည်။
"မင်း အညံ့ခံပြီး တတိယသခင်မလေးရှေ့မှာ ဒူးထောက် အသနားခံတာက ပိုကောင်းလိမ့်မယ်။ ဒါဆိုရင်တော့... မင်း အသက်ရှင်ဖို့ အခွင့်အရေး ရှိကောင်းရှိနိုင်သေးတယ်”
ကျန်းခွေ့က သူ၏ဓားကို ကျောက်ဖေးထံ ချိန်ရွယ်ကာ အထင်အမြင်သေးစွာ ပြောလိုက်သည်။
သူ၏အမြင်တွင် ကျောက်ဖေးသည် ပျံလွှားသိုင်းကျောင်းသို့ ရောက်သည်မှာ နှစ်လပင်မပြည့်သေးသည့် အညတရ တစ်ဦးသာ ဖြစ်သည်။
သို့သော် သူ မထင်မှတ်ထားသည်မှာ...
ကျောက်ဖေးသည် ကြောက်လန့်မသွားဘဲ သူ၏ဓားကို ဝေ့ယမ်းကာ ရှေ့သို့ တိုးဝင်လာခြင်းပင်။
"သေချင်နေတာပဲ”
ကျန်းခွေ့က ဟိန်းဟောက်လိုက်ပြီး သူ၏ဓားကို လျှပ်စီးကဲ့သို့ လွှဲခုတ်လိုက်တော့သည်။
စုန်ယုယောင်က ကျောက်ဖေးကို အရှင်ဖမ်းရန် မှာထား၏
သူက တိုက်ရိုက်အသက်မနှုတ်ဘဲ
လက်တစ်ဖက် သို့မဟုတ် ခြေတစ်ဖက်ကိုသာ ချိုးပြီး ပညာပေးရန် ကြံရွယ်ထားသည်။
"ချလွမ်”
ဓားနှစ်စင်း ထိတွေ့သွားသော်လည်း မီးပွင့်များပင် ထွက်မလာဘဲ ကျောက်ဖေး၏ဓားမှာ လွင့်ထွက်သွား၏။
"ဟင်?"
ကျန်းခွေ့ ခေတ္တမျှ မှင်သက်သွားသည်။
သူသည် ကျောက်ဖေး အားနည်းမည်ကို စိုးရိမ်သဖြင့် သူ၏စွမ်းအား ၂၀ ရာခိုင်နှုန်းကိုသာ သုံးခဲ့ခြင်းဖြစ်သည်။
သို့သော် ကျောက်ဖေး၏ဓားမှာ ဤမျှလွယ်လွယ်နှင့် လွင့်ထွက်သွားရန် မဖြစ်နိုင်ပေ။
မျက်စိတစ်မှိတ်အတွင်းမှာပင် ကျောက်ဖေး၏ ခန္ဓာကိုယ်သည် တုန်လှုပ်သွားခြင်းမရှိဘဲ အရှိန်အဟုန်ဖြင့် တိုးဝင်လာပြန်သည်။
ကျောက်ဖေးသည် သူ၏ရှည်လျားသော ဓားကို တမင်တကာ အလွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း ကျန်းခွေ့ ရိပ်မိသွား၏
သို့သော်လည်း နောက်ဆုတ်ရန် နောက်ကျသွားပြီဖြစ်သည်။
ဖူး
ရုတ်တရက် ကျောက်ဖေးသည် သူ၏ ဘယ်ဘက်လက်မှ ဓားတစ်စင်းကို ဆွဲထုတ်ကာ ကျန်းခွေ့ ဝမ်းဗိုက်ဘက်သို့ ထိုးစိုက်လိုက်သည်။
"အား..."
ကျန်းခွေ့ အော်ဟစ်ရင်း နောက်သို့ ယိုင်သွားသည်။
သူ၏မျက်ဝန်းများမှာ မယုံကြည်နိုင်မှုတို့ဖြင့် ပြည့်နှက်နေ၏။ ဤအရှိန်အဟုန်နှင့် စွမ်းအားမှာ နဝမအဆင့်သို့ ရောက်ရန် လက်တစ်ကမ်းသာ လိုတော့သည့် အဆင့်မျိုးပင်။
သူသာ အနည်းငယ် မရှောင်တိမ်းလိုက်လျှင် ထိုဓားမှာ သူ၏နှလုံးသားကို ဖောက်ထွက်သွားပေလိမ့်မည်။
သခင်မလေးက သူဟာ သိုင်းကျောင်းမှာ နှစ်လမပြည့်သေးသည့် အလုပ်ကြမ်းသမားဟု ပြောခဲ့သည် မဟုတ်ပါလော။
သတင်းအချက်အလက်တွေ မှားနေချေပြီ
သခင်မလေး... မင်း ငါ့ကို ဒုက္ခပေးလိုက်တာပဲ
သူ အကွာအဝေး မခွာနိုင်မီမှာပင် ကျောက်ဖေးသည် တစ္ဆေတစ်ကောင်ကဲ့သို့ ကပ်လိုက်လာကာ ညာဘက်လက်က လက်သီး၊ ဘယ်ဘက်လက်က ဓားဖြင့် အဆက်မပြတ် တိုက်ခိုက်တော့သည်။
ကျောက်ဖေးသည် ယခင်ဘဝက လက်နှစ်ဖက်သုံး တိုက်ခိုက်ခြင်းအတတ်ကို မြင်ဖူးခဲ့သည်။ ၎င်းမှာ လက်တစ်ဖက်စီတွင် မတူညီသော သိုင်းကွက်များကို တစ်ပြိုင်နက် အသုံးပြုခြင်းဖြစ်ရာ တိုက်ခိုက်ရေးစွမ်းရည်ကို သိသိသာသာ မြင့်တက်စေသည်။
ဤသို့ စိတ်ခွဲခြမ်းနိုင်သည့် နည်းလမ်းမှာ သာမန်လူများအတွက် အနည်းငယ် လေ့ကျင့်ရုံဖြင့် မတတ်မြောက်နိုင်ပေ
သို့သော်လည်း စစ်ပွဲအတွင်း လက်တွေ့အသုံးချရန်မှာမူ ထူးချွန်ထက်မြက်သည့် ပါရမီရှင်များသာ တတ်စွမ်းနိုင်သည့် အရာဖြစ်သည်။
စင်စစ်အားဖြင့် သာမန်လူတစ်ယောက်သည် ကိုယ်ခံပညာတစ်ခုကို ထုတ်ဖော်ရန်ပင် အာရုံစိုက်မှုကို အပြည့်အဝ အသုံးချရစမြဲ ဖြစ်သည်။
အကယ်၍ အခြားသော သိုင်းပညာရပ်တစ်ခုကို တစ်ပြိုင်နက်တည်း ထုတ်ဖော်မည်ဆိုပါက အာရုံကွဲပြားသွားရန်မှာ မလွဲဧကန်ပင်။
အာရုံစိုက်မှု အနည်းငယ်မျှ လွတ်ထွက်သွားသည်နှင့် ရန်သူက အခွင့်ကောင်းယူကာ အသက်အန္တရာယ်ဖြစ်စေရန် အကွက်ချောင်းနိုင်ပေသည်။
သို့သော် ဤအချက်မှာ ကျောက်ဖေး အတွက်မူ အခက်အခဲ မဟုတ်ခဲ့ပေ။
သူ့အတွက်မူ စိတ်နှစ်ခွခွဲရုံမက စိတ်အကြိမ်ပေါင်း ဒါဇင်ချီ၍ ခွဲခြမ်းရမည်ဆိုလျှင်ပင် အေးဆေးသက်သာစွာ ကိုင်တွယ်နိုင်စွမ်း ရှိသည်။
ကံဆိုးသည်မှာ သူ၌ ထိုမျှလောက်များပြားသော လက်ခြေများ မရှိခြင်းပင်။
ယခုအခါ ကျောက်ဖေးသည် စိတ်ခွဲခြမ်းသည့် နည်းဗျူဟာကို တိုက်ပွဲအတွင်း အသုံးချလိုက်ရာ သိသာထင်ရှားသော ရလဒ်များ ထွက်ပေါ်လာတော့သည်။
သူသည် လက်တစ်ဖက်တည်းဖြင့် သိုင်းကွက်များကို ထုတ်ဖော်နေရပြီး ဓားသိုင်းကို သီးသန့်လေ့ကျင့်ထားခြင်း မရှိသဖြင့် တစ်ပေါင်းတစ်သည် နှစ်ဖြစ်ရမည့် အစွမ်းထက်မှုမျိုးကို မရရှိသေးသော်လည်း တစ်ပေါင်းတစ်သည် တစ်ထက်မက သာလွန်သည်ဆိုသောအချက်ကိုမူ သက်သေပြနေပြီဖြစ်သည်။
ကျန်းခွေ့မှာမူ ပြိုင်ဘက်၏ တိုက်စစ်များသည် မိုးပေါက်များပမာ စိပ်သထက်စိပ်လာသဖြင့် အသက်ရှူမှားလောက်အောင်ပင် ဖိအားပေးခြင်း ခံနေရတော့သည်။
ငါးကွက် မပြည့်မီမှာပင် ကျောက်ဖေး၏ ပြင်းထန်သော လက်သီးမှာ ကျန်းခွေ့ရင်ဘတ်ကို ထိမှန်သွားတော့သည်။
"ဝေါ့..."
ကျန်းခွေ့ သွေးတစ်လုပ် ထွေးထုတ်လိုက်ရ၏။
ထို့နောက် ချက်ချင်းဆိုသလိုပင် ကျောက်ဖေး၏ ဓားက ကျန်းခွေ့၏ လည်ပင်းကို အေးစက်စွာ ထိုးဖောက်သွားတော့သည်။
ကျန်းခွေ့ မျက်လုံးများ ပြူးကျယ်သွားကာ မြေပြင်ပေါ်သို့ "ဘုန်း" ခနဲ လဲကျသေဆုံးသွားသည်။
သူသည် နဝမအဆင့်ပင် မရောက်သေးသည့် သိုင်းပညာရှင်တစ်ဦးလက်တွင် အဘယ်ကြောင့် ဤမျှလွယ်လွယ်နှင့် သေဆုံးသွားရသနည်းဆိုသည်ကို လုံးဝ နားမလည်နိုင်ခဲ့ပေ။
ထိုစဉ် နောက်မှ လိုက်လာသော စုန်မိသားစု အစေခံများမှာ ဤမြင်ကွင်းကို မြင်လိုက်ရသဖြင့် ကြောက်လန့်တကြားဖြစ်ကာ ရှေ့မတိုးရဲတော့ပေ။
ကျောက်ဖေးက သူတို့ကို လှောင်ပြုံးဖြင့် တစ်ချက်ကြည့်ကာ အမှောင်ထဲသို့ ပျောက်ကွယ်သွားတော့သည်။
မကြာမီမှာပင် စုန်ယုယောင်သည် အစောင့်ခေါင်းဆောင် ဝူချန်းနှင့်အတူ ရောက်ရှိလာသည်။
မြေပြင်ပေါ်ရှိ ကျန်းခွေ့၏ အလောင်းကို မြင်လိုက်ရသောအခါ သူမ၏ မျက်နှာမှာ ဒေါသကြောင့် ပုံပျက်ပန်းပျက် ဖြစ်သွားသည်။
"ဘယ်သူလဲ? ဘယ်သူက ကျန်းခွေ့ကို သတ်တာလဲ? သိုင်းကျောင်းက ဆရာတစ်ယောက်ယောက် ဝင်ပါတာလား”
အစေခံတစ်ဦးက တုန်တုန်ရင်ရင်ဖြင့် သတင်းပို့သည် - "သခင်မလေး... အဲဒါ ကျောက်ဖေးပါ..."
စကားမဆုံးမီမှာပင် စုန်ယုယောင်က ထိုသူကို ဒေါသတကြီး ကန်ထုတ်လိုက်သည်။
"လျှောက်မပြောနဲ့.. ကျန်းခွေ့က နဝမအဆင့် သိုင်းပညာရှင်ပဲ။ အဲဒီအကောင် ကျောက်ဖေးက ဘယ်လိုလုပ်ပြီး ကျန်းခွေ့ကို သတ်နိုင်မှာလဲ။ နင် နောက်တစ်ခါ လျှောက်ပြောရင် နင့်
အရေခွံကို ဆုတ်ပစ်မယ်”
သူမ၏အမြင်တွင် ကျောက်ဖေးသည် မည်မျှပင် တော်စေဦးတော့၊ နဝမအဆင့် သိုင်းပညာရှင်ကို ယှဉ်နိုင်စရာ အကြောင်းမရှိပေ။
သိုင်းကျောင်းမှ ဆရာများက ကျောက်ဖေးကို ကာကွယ်ပေးမည်စိုး၍သာ စုန်မိသားစု၏ အစောင့်ခေါင်းဆောင် ဝူချန်းကို ကိုယ်တိုင် ဖိတ်ခေါ်လာခြင်းဖြစ်သည်။
"သခင်မလေး... တကယ်ပဲ ကျောက်ဖေးပါခင်ဗျာ”
“ကျွန်တော်တို့ အားလုံး မြင်လိုက်ရတာပါ"
အခြားအစေခံများကလည်း တုန်လှုပ်စွာ ပြောကြသည်။
လူအများက တညီတညွတ်တည်း ပြောနေသဖြင့် စုန်ယုယောင်လည်း အမှန်တရားကို လက်ခံလိုက်ရပြီး သူမ၏ မျက်နှာမှာ ပို၍ပင် ခက်ထန်လာသည်။
တောက်... ကျောက်ဖေးက ဘယ်လိုဖြစ်လို့ ဒီလောက်တောင် သန်မာနေရတာလဲ။
ဝူချန်းက အေးစက်စွာ ကြည့်ရင်း "အဲဒီကောင်လေး ဘယ်ဘက်ကို ပြေးသွားတာလဲ" ဟု မေးသည်။
အစေခံက တောအုပ်ဘက်သို့ ညွှန်ပြေလ၏
ဝူချန်းက "သခင်မလေး စိတ်မပူပါနဲ့၊ ဒါကို ကျွန်တော့်ကို လွှတ်ထားလိုက်ပါ။ သူ တကယ်ပဲ နဝမအဆင့် ဖြစ်နေရင်တောင် သူ့ကို သတ်ရတာက ကျွန်တော့်အတွက်တော့ အအေးသောက်ရသလောက်ပဲ လွယ်ပါတယ်" ဟု ဆိုလိုက်သည်။
စုန်ယုယောင်က "ဒါဆိုရင် ကြီးကြပ်ရေးမှူးဝူကိုပဲ အားကိုးရတော့မယ်။ ဒါပေမဲ့ သူ့ကို မသတ်လိုက်ပါနဲ့၊ အရှင်ဖမ်းပေးပါ။ ကျွန်မ သူ့ကို ကိုယ်တိုင် ကောင်းကောင်းကြီး ပညာပေးချင်လို့ပါ" ဟု မှာကြားလိုက်သည်။
ဝူချန်းက ခေါင်းညိတ်ပြကာ ကျားသစ်တစ်ကောင်ကဲ့သို့ ပြေးထွက်သွားတော့သည်။
အဌမမြောက် သိုင်းပညာရှင်တစ်ဦး၏ အရှိန်အဟုန်မှာ မယုံနိုင်စရာကောင်းလှပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် အမှောင်ထုထဲသို့ ပျောက်ကွယ်သွားလေတော့သည်။