အခန်း (၃၁-၃၂)
Vol. 4 Ch. 31-32
အခန်း (၃၁) မိခင်ဖြစ်သူ၏ ပထမဆုံး ခွဲစိတ်မှု
လျန်ထျန်းသည် ယမန်နေ့က ဝမ်ရှောင်ရို့အား ချစ်ခွင့်ပန်ခဲ့ပြီး ဝမ်ရှောင်ရို့ကလည်း လက်ခံခဲ့သဖြင့် အလွန် ပျော်ရွှင်နေခဲ့လေသည်။
သို့သော် သတိပြုစရာ တစ်ချက်မှာ ဝမ်ရှောင်ရို့သည် နိုင်ငံခြားတွင် ကျန်ရှိနေသေးသော နှစ်နှစ်စာ ပညာသင် ယူမှုကို ပြီးမြောက်ရန်အတွက် ရက်အနည်းငယ်အတွင်းနိုင်ငံခြားသို့ ထွက်ခွာရမည် ဖြစ် သည်။
သို့တိုင် လျန်ထျန်းအနေဖြင့် စောင့်ဆိုင်းရန် ဆန္ဒရှိပေသည်။ အဘယ်ကြောင့်ဆိုသော် မိန်းကလေး ကောင်း တစ်ယောက်နှင့် ဆုံတွေ့ရန်မှာ မလွယ်ကူလှသောကြောင့်ပင်ဖြစ်သည်။
သူသည် ဤနှစ်နှစ်တာ ကာလအတွင်း ငွေရှာကာ ပိုင်ဆိုင်မှုများ စုဆောင်းရန် အခွင့်ကောင်းယူခဲ့ပြီး သူချစ်ရသူကို တစ်သက်တာပျော်ရွှင်မှု ပေးနိုင်ရန် တိတ်တဆိတ် ဆုံးဖြတ်ထားလေသည်။
အနာဂတ်အတွက် မျှော်လင့်ချက် ရှိလာသဖြင့် အစားအသောက် ပို့ဆောင်ရာတွင်လည်း ပို၍ စိတ်အား ထက်သန်လာတော့သည်။
မနက်ခင်းတွင် အစားအသောက် အော်ဒါ အခုနှစ်ဆယ်ကျော် ပို့ဆောင်ပြီးနောက် အလုပ်များနေစဉ် သူနာပြုအကူထံမှ ဖုန်းခေါ်ဆိုမှု တစ်ခု လက်ခံရရှိခဲ့လေသည်။
"မစ္စတာလျန်...၊ ဒီနေ့ ဆရာဝန် လာကြည့်သွားပြီးတော့ အန်တီ့ရဲ့ ကျန်းမာရေးက အခုတလောတိုးတက် လာတယ်လို့ ပြောပါတယ်...။ ဒီနေ့ ညနေ (၃) နာရီမှာ ပထမဆုံးခွဲစိတ်မှုကို လုပ်လို့ရပြီတဲ့...။"
သူနာပြုအကူ စကားပြော၍ပင် မဆုံးသေးမီ ဘေးဘက်မှ မိခင်ဖြစ်သူ၏ အသံ ထွက်ပေါ်လာလေသည်။
"အို...၊ ငါ အရင်ကတည်းက ပြောထားတယ်လေ...။ ဒီလောက် ကိစ္စသေးသေးလေးနဲ့ ငါ့သား အလုပ်ကို အနှောင့်အယှက် မဖြစ်စေပါနဲ့လို့...။ ဆရာဝန်ကလည်း ဒါက ခွဲစိတ်မှု အသေးစားလေးပါလို့ ပြောထား တာကို...။"
လျန်ထျန်းက သူနာပြုအကူကို မိခင်ဖြစ်သူထံ ဖုန်းပေးရန် အမြန်ပြောလိုက်ပြီးနောက် -
"မေမေ... ခွဲစိတ်မှု အသေးစားဆိုပေမဲ့လည်း ခွဲစိတ်မှုက ခွဲစိတ်မှုပါပဲ...။ အရေးကြီးတဲ့ အခြေအနေမျိုး ဆိုရင် သားက သဘောတူညီချက်လက်မှတ်ထိုးပေးဖို့ လိုကောင်း လိုလာနိုင်တယ်လေ...။"
"မပူပါနဲ့ သား ခဏနေရင် ရောက်လာခဲ့မယ်...။ သားအလုပ်ကို ဘာမှ အနှောင့်အယှက်မဖြစ်ပါဘူး...။"
သားဖြစ်သူ၏ စကားကို ကြားသောအခါ မိခင်ဖြစ်သူမှာ ဝမ်းသာသွားသော်လည်း ဆက်လက်၍ ညည်း တွားနေဆဲပင် ဖြစ်သည်။
"ဟူး...၊ အမေ့ အရိုးဆွေးကြီးက သားကို ဒုက္ခပေးနေမိတာပဲ...။ သား ကုမ္ပဏီအလုပ်တွေကို အနှောင့် အယှက် မဖြစ်ဖို့ မျှော်လင့်ပါတယ်...၊ သားက မိန်းမယူဖို့ပိုက်ဆံရှာရဦးမှာလေ...။"
လျန်ထျန်းက လေးနက်စွာဖြင့် ပြောလိုက်သည်။
"မေမေ...၊ ပိုက်ဆံရှာတယ်ဆိုတာ မိန်းမယူဖို့ သက်သက်မှ မဟုတ်တာ...။ မေမေ့ကို ပြုစုစောင့်ရှောက်ဖို့ ကလည်း သားရဲ့ တာဝန်ပဲလေ...။ ဒါ့အပြင်သား မိန်းမယူမယ့် ကိစ္စအတွက်လည်း မေမေ စိတ်ပူစရာ မလိုတော့ဘူး...။"
"နောက်ရက်အနည်းငယ်လောက်နေရင် မေမေ့ရဲ့ အနာဂတ် ချွေးမလောင်းလေးကို ခေါ်လာပြီး မေမေနဲ့ မိတ်ဆက်ပေးမယ်...။"
ထိုစကားကို ကြားလိုက်ရသောအခါ ဖုန်းတစ်ဖက်မှ မိခင်ဖြစ်သူမှာ ချက်ချင်းပင် စိတ်အားထက်သန်လာ ပြီး အလျင်အမြန်ပင် ပြန်ပြောလာလေသည်။
"ဒေါ်လေးချောင် မိတ်ဆက်ပေးတဲ့ ရွှီရှီယောင်များလား...။ မကြာသေးခင်ကမှ သူမနဲ့ သားရဲ့ ဆက်ဆံ ရေးက တိုးတက်လာတာလား...။"
ဒေါ်လေးချောင်နှင့် ရွှီရှီယောင်တို့အကြောင်း ကြားသောအခါ လျန်ထျန်းမှာ ခေါင်းကိုက်လာသလို ခံစား ရကာ ရှင်းပြလိုက်သည်။
"မဟုတ်ပါဘူး မေမေရယ်...။ သားနဲ့ ရွှီရှီယောင်က တကယ်ကို မလိုက်ဖက်တာပါ...။ သူမက...၊ ဟူး... ၊ ထားလိုက်ပါတော့...။ သူတစ်ပါး အတင်းကို နောက်ကွယ်မှာ မပြောချင်ပါဘူး...။"
"အတိုချုပ် ပြောရရင်တော့ သားမှာ ချစ်သူရှိနေပါပြီ...။ သူမက မေမေ့ရဲ့ အနာဂတ် ချွေးမလောင်း ဖြစ် လာဖို့ သား ဆုံးဖြတ်ထားတယ်...။"
"သူမက ယခုရက်ပိုင်း နိုင်ငံခြားသွားဖို့ စာရွက်စာတမ်း ကိစ္စတွေနဲ့အလုပ်ရှုပ်နေလို့ပါ...။ နောက်ရက် နည်းနည်းလောက်နေမှ သားသူမကို ခေါ်လာပြီး မေမေနဲ့ ပေးတွေ့မယ်...။"
ထိုစကားကို ကြားသောအခါ မိခင်ဖြစ်သူက ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် မေးခွန်းများကို တရစပ် မေးမြန်းလေတော့သည်။
"သားမှာ ချစ်သူရှိနေပြီ ဟုတ်လား...။ အဲ့ဒါ ဘယ်တုန်းက ဖြစ်သွားတာလဲ...။ သူမ နာမည်ကဘယ်လို ခေါ်လဲ...၊ အလုပ်အကိုင်ကကော ဘာလုပ်တာလဲ...၊ ဘယ်မှာ နေတာလဲ...၊ ပြီးတော့ဘာလို့ နိုင်ငံခြားကို သွားမှာလဲ...။"
မိခင်ဖြစ်သူ၏ မေးခွန်းပေါင်းများစွာကို ရင်ဆိုင်ရသောအခါ လျန်ထျန်းသည် ဘယ်ကစ၍ဖြေရမည်ကို မသိတော့သဖြင့် ဆေးရုံသို့ရောက်မှ အသေးစိတ် ရှင်းပြတော့မည်ဟုသာ ပြောလိုက်ရလေသည်။
ထို့နောက် အိမ်သို့ပြန်ကာ ရေချိုး၊ အဝတ်အစားလဲပြီး သူ၏ G-Class ကားကြီးကို မောင်းနှင်၍ ဆေးရုံသို့ တန်းတန်းမတ်မတ် ထွက်လာခဲ့လေသည်။
လမ်းတစ်လျှောက်တွင် လျန်ထျန်းမှာ အနည်းငယ် နောင်တရသွားကာ တိုးတိုးလေး ရေရွတ်လိုက်မိ လေသည်။
"သည်ကိစ္စတွေကို မေမေ့ကို အရင် မပြောပြသင့်တာ... ။ ဒီနေ့ ညနေ သူမ ခွဲစိတ်မှု ခံယူရမှာကို စိတ်လှုပ်ရှားလို့ မဖြစ်ဘူးလေ...။"
"ဟူး...၊ ဒါပေမဲ့လည်း ဖြစ်ပြီးမှတော့ အမြန်ဆုံး သေချာရှင်းပြလိုက်တာက ပိုကောင်းပါတယ်လေ...။ မဟုတ်ရင် မေမေ့ အကျင့်နဲ့ဆိုမေးခွန်းတွေ ဆက်တိုက် မေးနေတော့မှာ...။"
လမ်းတစ်လျှောက်လုံး စဉ်းစားလာပြီးနောက် လျန်ထျန်းသည် သီးသန့်လူနာခန်းအတွင်းသို့ ဝင်ဝင် ချင်းပင် သူ ပြင်ဆင်ထားသည့်အတိုင်း မိခင်ဖြစ်သူကို ချက်ချင်းပြောပြလိုက်လေသည်။
"မေမေ...၊ သားချစ်သူရဲ့ နာမည်က ဝမ်ရှောင်ရို့လို့ ခေါ်တယ်...။ သူမက သားနဲ့ အထက်တန်းကျောင်း တုန်းက အတန်းဖော်ဖြစ်ပြီး ခုံချင်းလည်း ကပ်ထိုင်ခဲ့ရတာပါ...။"
"လွန်ခဲ့တဲ့ အချိန်ကာလတစ်ခုက သားတို့ တိုက်တိုက်ဆိုင်ဆိုင် ပြန်ဆုံဖြစ်ခဲ့ပြီးတော့ အတူတူ အချိန်ဖြုန်း ရင်းနဲ့ မနေ့ကမှ သားတို့ရဲ့ ဆက်ဆံရေးကို တရားဝင်အတည်ပြုခဲ့တာပါ...။"
"သူမက နိုင်ငံခြားမှာ သင်ယူစရာ ပညာရပ်တွေ ကျန်နေသေးလို့ သွားရမှာပါ...၊ ဒါပေမဲ့ အကြာကြီးတော့ မဟုတ်ပါဘူး...။ နှစ်နှစ်ကျော်လောက်ပါပဲ...။"
"သည်နှစ်နှစ်အတွင်း မေမေက ကျန်းမာရေး ပြန်ကောင်းလာဖို့ကိုပဲ အာရုံစိုက်ပါ...။ ရှောင်ရို့ သူမရဲ့ ပညာရေး ပြီးဆုံးလို့ ပြန်လာတာနဲ့ သား သူမကိုလက်ထပ်ပါ့မယ်...။"
"နောက်ကျရင် ကျန်းမာသန်စွမ်းတဲ့ မြေးလေးတစ်ယောက် ရလာတဲ့အခါ မေမေက မြေးလေးကို ထိန်းပေးဖို့ ကိုယ့်ကျန်းမာရေးကို သေချာ ဂရုစိုက်ရဦးမှာလေ...။ ဒါကြောင့် ဒေါ်လေးချောင်နဲ့ ရွှီရှီယောင် တို့ အကြောင်းကို ထပ်ပြီးမပြောပါနဲ့တော့နော်...။"
သားဖြစ်သူ၏ စကားများကို နားထောင်ပြီးနောက် ထျန်းဝန်ဝန်သည် ခေတ္တမျှ စဉ်းစားလိုက်ပြီးမှ ခေါင်းညိတ် သဘောတူလိုက်လေသည်။
"သားတို့က အတန်းဖော်တွေဖြစ်ပြီး ခုံပါ အတူတူ ထိုင်ခဲ့ရဖူးတယ်ဆိုတော့ တစ်ယောက်အကြောင်း တစ်ယောက် ကောင်းကောင်းသိမှာပါလေ...။ ဒါကြောင့် အမေလည်း ထပ်ပြီး မမေးတော့ပါဘူး...။"
"ဒါပေမဲ့ သူမက နိုင်ငံခြားမှာ နှစ်နှစ်ကျော်လောက် နေရဦးမှာလေ...။ အဲ့ဒီနှစ်နှစ်အတွင်းမှာ မထင်မှတ် ထားတဲ့ အပြောင်းအလဲတွေဖြစ်လာခဲ့ရင်ကော...။ သားအတွက် အမေက စိုးရိမ်မိတယ်...။"
မိခင်ဖြစ်သူ စကားပြော၍ပင် မဆုံးသေးမီ ဘေးတွင်ရှိသော သူနာပြုအကူမှာ ပါးစပ်ကိုအုပ်ကာ မရယ် ဘဲ မနေနိုင်အောင် ဖြစ်သွားရလေသည်။
"မစ္စတာလျန်...၊ အန်တီထျန်းက မကြာသေးခင်က ရုပ်သံဇာတ်လမ်းတွဲ တစ်ခု ကြည့်ထားတာလေ...။ အဲ့ဒီ ဇာတ်လမ်းထဲမှာ ချစ်သူကောင်မလေးက နိုင်ငံခြားသွားပြီး တခြားတစ်ယောက်နဲ့အတူတူ နေသွား လို့ ဇာတ်လိုက်မင်းသားခမျာ အသည်းကွဲသွားရတဲ့ အခန်းတွေပါလို့ပါ...။"
ထိုစကားကို ကြားသောအခါ လျန်ထျန်းလည်း ရယ်မောလိုက်ကာ မိခင်ဖြစ်သူကို ပြောလိုက်သည်။
"မေမေရယ်...၊ တီဗွီထဲကဟာတွေကို အတည်ယူလို့ မရပါဘူး...။ သားကိုလည်း လာမခြောက်ပါနဲ့... ။ မေမေ ကိုယ်တိုင်လည်း လျှောက်ပြီး မတွေးပါနဲ့...။"
"မပူပါနဲ့...။ ဝမ်ရှောင်ရို့က တကယ်ကို ထူးခြားတဲ့ မိန်းကလေးပါ...။ သူမနဲ့ တွေ့ရတဲ့အခါမေမေ ကိုယ်တိုင် သိလာပါလိမ့်မယ်...။"
ဝမ်ရှောင်ရို့ နိုင်ငံခြားသို့ သွားမည့်ကိစ္စနှင့် ပတ်သက်၍ လျန်ထျန်းအနေဖြင့် လုံးဝ စိုးရိမ်ပူပန်မှု မရှိ နေသည်တော့ မဟုတ်ပေ။
သို့သော် သူသည် သူမကို ယုံကြည်ရန်သာ ရွေးချယ်ခဲ့ခြင်ဖြစ်သည်။ အကယ်၍သာ ဝမ်ရှောင်ရို့သည် ဖောက်ပြန်လွယ်သော အမျိုးသမီးမျိုး ဖြစ်ခဲ့မည်ဆိုလျှင် ဤနှစ်များအတွင်း လိုက်လံပိုးပန်းသူ များစွာ ရှိခဲ့သည့်အပြင် မိသားစု အပြောင်းအလဲများစွာ ဖြစ်ပေါ်ခဲ့သော်လည်း ယခုကဲ့သို့ မတုန်မလှုပ် ရှိနေမည် မဟုတ်ပေ။
အကယ်၍သာ သာမန် အမျိုးသမီး တစ်ဦးသာဆိုလျှင် ချမ်းသာသော သူဌေး သို့မဟုတ် ဒုတိယမျိုးဆက် သူဌေးသား တစ်ဦးဦးနှင့် တွဲသွားလောက်ပြီ ဖြစ်ပြီး သူ့အတွက် အခွင့်အရေး ရရှိလာမည် မဟုတ်ပေ။
သူမကဲ့သို့သော မိန်းကလေးမျိုးနှင့် တွေ့ဆုံရန်မှာ တကယ်ကို ရှားပါးလှပြီး ဤအချက်ကပင် ဝမ်ရှောင်ရို့ သည် သူ တစ်သက်လုံး အတူတကွ ဖြတ်သန်းသွားချင်သည့် တစ်ဦးတည်းသော မိန်းကလေး တစ်ဦး ဖြစ်ကြောင်း လျန်ထျန်း၏ ယုံကြည်မှုကို ပိုမို ခိုင်မာလာစေခဲ့သည်။
ညနေပိုင်းတွင် မိခင်ဖြစ်သူ ခွဲစိတ်မှုကို ကောင်းမွန်စွာ ခံယူနိုင်ရန်အတွက်လျန်ထျန်းသည် ဝမ်ရှောင်ရို့နှင့် ပတ်သက်သည့် အကြောင်းအရာများစွာကို သူမအား ပြောပြခဲ့လေသည်။
သားဖြစ်သူ၏ ချစ်သူအကြောင်းကို အသေးစိတ် သိရှိသွားပြီးနောက်တွင်မှ ထျန်းဝန်ဝန်မှာ နောက်ဆုံး တွင် စိတ်တည်ငြိမ်သွားကာ ပို၍ စိတ်အေးသွားရတော့သည်။
ညနေ (၃) နာရီတိတိတွင် လျန်ထျန်းသည် မိခင်ဖြစ်သူအား ခွဲစိတ်ခန်းအတွင်းသို့ ခေါ်ဆောင်သွားသည်ကို စောင့်ကြည့်နေခဲ့လေသည်။ ခွဲစိတ်မှု အကြီးစား မဟုတ်သကဲ့သို့ နောက်ဆက်တွဲ ပြဿနာများ ဖြစ်နိုင် ခြေ နည်းပါးသော်လည်း ခွဲစိတ်ခန်းရှေ့တွင် စောင့်ဆိုင်းနေသော လျန်ထျန်းမှာ ယခင်က တစ်ခါမှ မကြုံ ဖူးလောက်အောင် စိတ်လှုပ်ရှားတင်းကျပ်မှုများကို ခံစားနေရဆဲပင် ဖြစ်သည်။
သူသည် စိတ်ထဲမှ အဆက်မပြတ် ဆုတောင်းနေခဲ့ပြီး ဘုရားသခင် တကယ် ရှိနေမည်ဆိုလျှင် မိခင် ဖြစ်သူကို စောင့်ရှောက်ပေးပါရန် ပထမဆုံးအကြိမ်အဖြစ်မျှော်လင့်နေခဲ့မိသည်။
နာရီဝက်ကျော် ကြာပြီးနောက် ခွဲစိတ်ခန်း တံခါးပေါ်ရှိ မီးရောင် ငြိမ်းသွားခဲ့ကာ တံခါးပွင့်လာပြီး မိခင် ဖြစ်သူအား ဆရာဝန်များက ဘီးတပ်လူနာကုတင်ဖြင့် တွန်းထုတ်လာခဲ့လေသည်။
လျန်ထျန်းသည် အမြန် ပြေးသွားခဲ့ပြီး သူ၏ စိုးရိမ်ပူပန်နေသော မျက်နှာအမူအရာမှာ ဖုံးကွယ်၍ပင် မရနိုင်အောင် ဖြစ်နေလေသည်။
ကံကောင်းထောက်မစွာဖြင့် ဆရာဝန်က ပြုံးကာ သူ့အား ပြောလိုက်သည်။
"မစ္စတာလျန်...၊ ခွဲစိတ်မှုက အောင်မြင်ပါတယ်...။ မေ့ဆေး အရှိန် မပြယ်သေးတဲ့အတွက် လူနာကို ကောင်းကောင်း အနားယူပါစေ...။ ညနေမတိုင်ခင် သူမ နိုးလာပါလိမ့်မယ်...။"
ထိုစကားကို ကြားသောအခါ လျန်ထျန်းသည် ပခုံးထက်မှ ဝန်ထုပ်ဝန်ပိုးကြီး တစ်ခုလုံးကျသွားသကဲ့သို့ ခံစားလိုက်ရပြီး ဆရာဝန်ကို အကြိမ်ကြိမ် ကျေးဇူးတင်စကား ပြောကြားခဲ့လေသည်။
လူနာခန်းသို့ ပြန်ရောက်သောအခါ လျန်ထျန်းသည် သူနာပြုအကူ နှစ်ဦး၏ စောင့်ကြည့်မှုအောက်တွင် မိခင်ဖြစ်သူကို ကိုယ်တိုင်ကိုယ်ကျ ပြုစုစောင့်ရှောက်ပေးခဲ့လေသည်။
...
ညနေစောင်းချိန်သို့ ရောက်သောအခါ ထျန်းဝန်ဝန် နိုးလာခဲ့ပြီး သူမမျက်လုံး ဖွင့်လိုက်သည်နှင့် ပထမဆုံး မြင်လိုက်ရသည်မှာ ကုတင်ဘေးတွင် အစောင့်အရှောက်သဖွယ် ရပ်နေသောသားဖြစ်သူပင် ဖြစ်လေ သည်။
"မေမေ...၊ နိုးလာပြီလား...။"
လျန်ထျန်းသည် မိခင်ဖြစ်သူ နိုးလာသည်ကို မြင်သောအခါ သူမ၏ လက်ကို အလျင်အမြန် ဆုပ်ကိုင် လိုက်လေသည်။
ထျန်းဝန်ဝန်သည် သားဖြစ်သူကို ကြည့်ကာ အားတင်း၍ ပြုံးပြလိုက်သည်။
"အမေ မှားသွားတာပါ...၊ ဒါက ခွဲစိတ်မှု သေးသေးလေးလို့ပဲ အမေ ထင်ခဲ့ပြီး သားကို ဒီအထိလာဖို့ မလိုဘူးလို့ ထင်ခဲ့မိတာ...။"
"ဒါပေမဲ့ အခု မျက်လုံးဖွင့်လိုက်တာနဲ့ သားကို မြင်လိုက်ရတော့ အမေ ခံစားရတဲ့စိတ်အေးချမ်းမှုက ဘာနဲ့မှ အစားထိုးလို့ မရနိုင်ဘူးဆိုတာကို အမေနားလည်သွားပြီ...။"
မိခင်ဖြစ်သူ၏ စကားကို ကြားရပြီး ခွဲစိတ်ပြီးနောက် အားနည်းနေသော မိခင်၏ အခြေအနေကို မြင်လိုက်ရသောအခါ လျန်ထျန်း၏ မျက်လုံးများ ချက်ချင်းပင် နီရဲလာတော့သည်။
"မေမေ စိတ်မပူပါနဲ့...။ သား မေမေ့အနားမှာ ဆက်နေပေးမှာပါ...။ မေမေ အဆင်ပြေသွားမှာပါ...။"
ထိုသို့ဖြင့် လျန်ထျန်းသည် ဆေးရုံတွင် မိခင်ဖြစ်သူကို တစ်ညလုံး ပြုစုစောင့်ရှောက်ပေးခဲ့လေသည်။
နောက်တစ်နေ့ နံနက်ရောက်မှသာ မိခင်ဖြစ်သူက သူ့အား အတင်း ပြန်ခိုင်းလေတော့သည်။
အခန်း (၃၂) အဒေါ်ဖြစ်သူ၏ သား ၊ ဝမ်းကွဲညီအစ်ကို
မိခင်ဖြစ်သူ၏ ပထမဆုံး ခွဲစိတ်မှု အောင်မြင်သွားပြီးနောက် လျန်ထျန်း၏ စိတ်ထဲတွင် များစွာ ပေါ့ပါး သွားခဲ့လေသည်။
သို့သော်လည်း သူသည် အလုပ်တွင် ပေါ့လျော့ခြင်း မရှိဘဲ အော်ဒါများ လက်ခံကာပို့ဆောင်သည့် အလုပ်ကို ဆက်လက် ကြိုးစားလုပ်ကိုင်လျက် ငွေများများရရန် အားထုတ်နေခဲ့သည်။
အဘယ်ကြောင့်ဆိုသော် လျန်ထျန်းသည် လွန်ခဲ့သော နှစ်ပေါင်းနှစ်ဆယ်ကျော်က ဆင်းရဲမွဲတေမှုကို အလွန်အမင်း ကြောက်ရွံ့ခဲ့ပြီးငွေသည် အရာအားလုံး မဟုတ်သော်လည်း ငွေမရှိလျှင် ဘာမှလုပ်၍ မရနိုင်ကြောင်းကို နက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက် ထားသောကြောင့်ပင် ဖြစ်လေသည်။
ဘုရားသခင်က သူ့အား ကမ္ဘာ့ကုန်ဈေးနှုန်းများ တစ်သန်းဆ ကျဆင်းသွားသည်ကို မြင်တွေ့ရမည့် အခွင့် အရေးကို ပေးသနားခဲ့သော်လည်း သူ၏ငွေကြေးနှင့် ပို့ဆောင်ခ ကော်မရှင်များမှာမူ ထိခိုက်မှု မရှိဘဲ မူလအတိုင်းကျန်ရှိနေခဲ့လေသည်။
သို့ဆိုလျှင် သူသည် ဤအခွင့်အရေးကို ဆုပ်ကိုင်၍ တတ်နိုင်သမျှ ငွေများများ ရှာရမည်ဖြစ်ပြီး တစ်နေ့ တွင် ကုန်ဈေးနှုန်းများ ပုံမှန် ပြန်ဖြစ်သွားပါက တန်ဖိုးမကျနိုင်သော ပိုင်ဆိုင်မှုများကို ဝယ်ယူထားရမည် သာဖြစ်သည်။
လက်ရှိတွင် လျန်ထျန်းသည် အယ်လ် (L) မြို့တော် တစ်ခွင်ရှိ အချက်အချာကျသော အထက်တန်းစား လူနေရပ်ကွက်များတွင် အိမ်ခြံမြေ ပိုင်ဆိုင်မှု အခုတစ်ရာကျော် ရှိနေပြီ ဖြစ်သည်။
ထို့နောက် အိမ်တစ်လုံးကိုမူ လုံခြုံရေးအိမ်အဖြစ်ပင် ပြောင်းလဲထားပြီး ထိုနေရာတွင် ရွှေကီလိုဂရမ် သောင်းနှင့်ချီ၍ သိမ်းဆည်းထားလေသည်။
ထို့အပြင် ဝမ်မိသားစုကုမ္ပဏီမှ အစုရှယ်ယာ (၃၀) ရာခိုင်နှုန်းနှင့် Mercedes-Benz ၊ G-Class ကဲ့သို့သော ပိုင်ဆိုင်မှုများလည်း ရှိနေသေးသည်။
ထို့ကြောင့် နောက်တစ်ခဏတွင် ကုန်ဈေးနှုန်းများ ပုံမှန် ပြန်ဖြစ်သွားလျှင်ပင် လျန်ထျန်းတွင် ဘီလီယံ နှင့်ချီ၍ တန်ကြေးရှိသော ပိုင်ဆိုင်မှုများ ရှိနေဆဲဖြစ်ကာ ဘဏ္ဍာရေး လွတ်လပ်ခွင့်ကို အလွယ်တကူ ရရှိနိုင်ပေသည်။
သို့သော် ပိုက်ဆံ များလွန်းသည်ဟု မည်သူက ညည်းတွားမည်နည်း။ အထူးသဖြင့် လျန်ထျန်းကဲ့သို့ အတိတ်က ဆင်းရဲမွဲတေမှုကို ကြောက်ရွံ့ခဲ့ဖူးသူတစ်ဦးအတွက်မူ ငွေရှာရန် အခွင့်အလမ်းတိုင်း ကို သဘာဝကျကျပင်ကြိုဆိုနေမည်သာ ဖြစ်ချေသည်။
ထို့အပြင် လျန်ထျန်းသည် ဖခင်ဖြစ်သူကို ရှာဖွေနေဆဲပင် ဖြစ်သည်။
အစားအသောက် ပို့ဆောင်သူအဖြစ် အလုပ်လုပ်ရန် ရွေးချယ်ခဲ့ရသည့် အကြောင်းရင်းတစ်ခုမှာ အလုပ် လုပ်နေစဉ်အတွင်း အိမ်မှ နှစ်ပေါင်းများစွာ ထွက်ခွာသွားခဲ့သော ဖခင်ဖြစ်သူနှင့် တစ်နေ့နေ့တွင် ကြုံကြိုက်ဆုံတွေ့နိုင်ရန် မျှော်လင့်နေမိသောကြောင့် ဖြစ်လေသည်။
အစားအသောက် ပို့ဆောင်နေသည်မှာ နှစ်နှစ်ကျော် ကြာခဲ့ပြီ ဖြစ်သော်လည်း မှတ်ဉာဏ်ထဲမှ ရင်းနှီး နေသော ထိုပုံရိပ်ကို မတွေ့ရသေးပေ။
ရက်အနည်းငယ် ကြာပြီးနောက် လျန်ထျန်းသည် မိခင်ဖြစ်သူကို သွားရောက်တွေ့ဆုံရန် ဝမ်ရှောင်ရို့ကို ဆေးရုံသို့ ခေါ်ဆောင်သွားခဲ့လေသည်။ သူတို့၏ စကားဝိုင်းတစ်လျှောက် ထျန်းဝန်ဝန်သည်လည်း သား ဖြစ်သူ၏ ချစ်သူကို များစွာ ချီးကျူးစကားဆိုကာ ဝမ်းသာပီတိ ဖြစ်နေခဲ့လေသည်။
ထို့နောက် လျန်ထျန်းသည် ဝမ်ရှောင်ရို့ကို လေဆိပ်သို့ လိုက်ပို့ပေးခဲ့ပြီး သူတို့နှစ်ဦး နှုတ်ဆက်ခွဲခွာခဲ့ ကြလေသည်။
မျက်စိရှေ့မှ ပျောက်ကွယ်သွားသော ဝမ်ရှောင်ရို့ကို ကြည့်ရင်း လျန်ထျန်းသည် ပို၍ပင် စိတ်ပိုင်းဖြတ် လိုက်လေသည်။ နှစ်နှစ် ကြာပြီးနောက် သူသည် သူချစ်ရသူကို ကြီးကျယ်ခမ်းနားသော မင်္ဂလာပွဲဖြင့် လက်ထပ်မည်ဖြစ်ပြီး သူတို့ ဘယ်တော့မှ ထပ်မံ ခွဲခွာရတော့မည် မဟုတ်ပေ။
စိတ်ထဲတွင် ရည်မှန်းချက် တစ်ခု ရှိနေခြင်းက ပို၍ စိတ်အားထက်သန်မှုကို ဖြစ်စေလေသည်။
အိမ်သို့ ပြန်ရောက်ပြီးနောက် လျန်ထျန်းသည် အဝတ်အစားလဲကာ သူ၏ လျှပ်စစ်စက်ဘီးကို စီး၍ အစားအသောက်များကို လမ်းကြားများအနှံ့ ပို့ဆောင်နေခဲ့သည်။
လျန်ထျန်းသည် ည (၉) နာရီ ကျော်သည်အထိ အလုပ်များနေခဲ့ပြီး သူ၏ လျှပ်စစ်စကူတာ ဘက်ထရီ ကုန်လုနီးပါး ဖြစ်သွားချိန်မှသာ အိမ်ပြန်နားရန်ပြင်ဆင်တော့သည်။
သို့သော် ထိုအချိန်မှာပင် ဖုန်းမြည်လာခဲ့လေသည်။
ခေါ်ဆိုသူကို ကြည့်လိုက်သောအခါ ဖုန်းမျက်နှာပြင်ပေါ်တွင် ဝမ်းကွဲညီ တာဖုန်း ဟုပေါ်နေလေသည်။ ထိုဝမ်းကွဲညီဖြစ်သူ၏ နာမည်မှာ လျိုတာဖုန်း ဖြစ်ပြီး လျန်ထျန်း၏ အဒေါ်ဖြစ်သူ၊တစ်နည်းအားဖြင့် ထျန်းဝန်ဝန်၏ ညီမအရင်း၏ သားပင် ဖြစ်သည်။
လျန်ထျန်း မိခင်၏ ဆွေမျိုးများထဲတွင် ဤအဒေါ်သည် လျန်ထျန်း၏ မိသားစုနှင့် အရင်းနှီးဆုံးဖြစ်ပြီး မိသားစု နှစ်စုစလုံး၏ အခြေအနေမှာလည်း ဆင်တူလေသည်။ သေချာသည်မှာ ထိုအရာက လျန်ထျန်း တို့ မိသားစု၏ အတိတ်ကာလကို ရည်ညွှန်းခြင်း ဖြစ်ပေသည်။
အဒေါ်ဖြစ်သူ ထျန်းရင်းမှာလည်း သနားစရာကောင်းသူ တစ်ဦး ဖြစ်သည်။ သူမ၏ ခင်ပွန်းမှာ လွန်ခဲ့ သော ဆယ်နှစ်က မတော်တဆမှု တစ်ခုဖြင့် ကွယ်လွန်သွားခဲ့ပြီး သူမနှင့် ကလေးများမှာ မုဆိုးမနှင့် မိဘမဲ့များအဖြစ် ကျန်ရစ်ခဲ့ရရှာသည်။
ပို၍ ခက်ခဲစေသည်မှာ ဦးလေးဖြစ်သူသည် မကွယ်လွန်မီက စီးပွားရေးတွင် ငွေများရှုံးခဲ့ပြီး အခြားသူ များ အတွက်လည်းအာမခံပေးခဲ့သဖြင့် အကြွေးများစွာ တင်ကျန်ရစ်ခဲ့ကာ အဒေါ်နှင့် ဝမ်းကွဲညီ တာဖုန်း တို့၏ ဘဝကို ပို၍ပင် ဆင်းရဲကျပ်တည်းသွားစေခဲ့သည်။
တစ်ချိန်က ထျန်းရင်းသည် မိမိကိုယ်ကို သတ်သေရန်ပင် တွေးခဲ့ဖူးသည်။ အကယ်၍ ထျန်းဝန်ဝန်၏ အကူအညီနှင့် ထောက်ပံ့မှုသာ မရှိခဲ့ပါက ဤသနားစရာ သားအမိနှစ်ယောက်မှာ ကြာမြင့်စွာကတည်းက သေဆုံးသွားလောက်ပြီပင် ဖြစ်သည်။
နောက်ပိုင်းတွင် အကြွေးများကို တဖြည်းဖြည်း ဆပ်နိုင်သွားသောအခါမှသာ ထျန်းရင်းနှင့် သူမ၏ သား ဖြစ်သူတို့ အသက်ဆက်နိုင်ခဲ့သော်လည်း မိသားစု နှစ်စုစလုံးမှာမူ ဤကိစ္စများကြောင့် ဆင်းရဲမွဲတေ သွားခဲ့ရလေသည်။
အထူးသဖြင့် ထျန်းဝန်ဝန်မှာ ထိုအချိန်ကာလအတွင်း အလုပ်သုံးခုကို တစ်ပြိုင်နက်တည်း လုပ်ကိုင်ခဲ့ပြီး တစ်ရက်လျှင် ဆယ့်ငါးနာရီကျော်အလုပ်လုပ်ခဲ့ရသဖြင့် အလုပ်ဒဏ်များကာ နာတာရှည်ရောဂါ ဖြစ်သွား ခဲ့ရလေသည်။
ဤကဲ့သို့သော ဘဝမျိုးဖြင့် နှစ်အတော်ကြာ ဖြတ်သန်းခဲ့ရသဖြင့် သူမ ပင်ပန်းနွမ်းနယ်နေသည်မှာ မဆန်းတော့ပေ။
သို့သော် ထျန်းဝန်ဝန်သည် လျန်ထျန်းကို အမြဲတစေ ဤသို့ ပြောခဲ့ဖူးသည်။
"တို့မိသားစု ဘယ်လောက်ပဲ အခက်အခဲ ရှိပါစေ သားအဒေါ်တို့ မိသားစုကို များများ ကူညီပေးရမယ်...။ ပြီးတော့ သားရဲ့ ဝမ်းကွဲညီ တာဖုန်းကိုလည်းပဲလေ...။ သူ့ရဲ့ အစ်ကိုကြီးအနေနဲ့ သားက သူ့ကို ပိုပြီး စောင့်ရှောက် ပေးသင့်တယ်...။"
လျန်ထျန်းသည် မိခင်၏ စေတနာကို နားလည်သကဲ့သို့ပင် အဒေါ်ဖြစ်သူတို့ မိသားစုရင်ဆိုင်နေရသော အခက်အခဲများကိုလည်း နားလည်လေသည်။ သူသည် မိခင်ဖြစ်သူ ပင်ပန်း၍ ဖျားနာသွားရခြင်းအတွက် အဒေါ်ဖြစ်သူကို အပြစ်မတင်ခဲ့ပေ။
နောက်ပိုင်းတွင် လျန်ထျန်းတို့ မိသားစု အကြီးအသေး ကိစ္စရပ်များနှင့်ကြုံတွေ့ရတိုင်း အဒေါ်ဖြစ်သူက လည်း သူမ တတ်နိုင်သမျှကူညီပေးခဲ့လေသည်။
သို့သော် မိန်းမသား တစ်ဦးအနေဖြင့် သူမသည် မိသားစုကို ထောက်ပံ့နိုင်ရန် နေ့စဉ်နေ့တိုင်း အလွန်ပင် အလုပ်များနေခဲ့ရသည်။
သူမ၏ အစ်မဖြစ်သူ ဖျားနာနေသဖြင့် သူမသည် အစ်မဖြစ်သူ ယခင်က သူမကို ကူညီခဲ့သကဲ့သို့ အစ်မ ဖြစ်သူကို ကူညီရန်နှင့် ငွေရှာရန် အလုပ်များကို တတ်နိုင်သမျှ များများလုပ်ခဲ့ရလေသည်။
ဤညီအစ်မ နှစ်ဦးမှာ အလားတူ ဒုက္ခမျိုးကို မျှဝေခံစားနေရသော တကယ့် အားကိုးရာမရှိသူများ ဖြစ်သည်ဟု ဆိုလျှင်လည်း မမှားပေ။
ထို့ကြောင့် လျန်ထျန်းနှင့် သူ၏ ဝမ်းကွဲညီ တာဖုန်းတို့မှာ အမြဲတမ်း ဆက်ဆံရေး ကောင်းမွန်ခဲ့ကြသည်။ ပြီးခဲ့သည့်နှစ်က ဝမ်းကွဲညီဖြစ်သူ ဘွဲ့ရသောအခါ လျန်ထျန်းသည် မိဘတစ်ဦးအနေဖြင့် ဘွဲ့နှင်းသဘင် အခမ်းအနားသို့ တက်ရောက်ပေးခဲ့ရသည်...။
အဘယ်ကြောင့်ဆိုသော် အဒေါ်ဖြစ်သူမှာ အလုပ်အလွန်များနေပြီး သူမ၏ တင်းကျပ်သော ကြီးကြပ် ရေးမှူးက သူမကို ခွင့်မပေးသောကြောင့် ဖြစ်သည်။ အကယ်၍ အဒေါ်ဖြစ်သူသာ သွားခဲ့ပါက အလုပ် ပြုတ်သွားပေလိမ့်မည်။
ကံကောင်းထောက်မစွာဖြင့် ဝမ်းကွဲညီဖြစ်သူ အလုပ်စဝင်ပြီးနောက်တွင် သူသည် ငွေအနည်းငယ် ရှာနိုင် လာပြီး အတော်လေး ကြိုးစားလုပ်ကိုင်ခဲ့သဖြင့် နောက်ဆုံးတွင် အဒေါ်ဖြစ်သူ၏ဝန်ထုပ်ဝန်ပိုးကို အနည်းငယ် သက်သာစေခဲ့လေသည်။
သူတို့နှစ်ဦးစလုံး အလုပ်များလွန်းသဖြင့် ညီအစ်ကို နှစ်ယောက်ကြား အဆက်အသွယ် နည်းပါး သွားခဲ့ကြလေသည်။
လျန်ထျန်းက ဖုန်းကို ကိုင်လိုက်ပြီး ချက်ချင်းပင် ပြုံးကာ ပြောလိုက်သည်။
"ဟေ့ကောင်...၊ မင်း အစ်ကိုကြီးဆီ ဖုန်းမဆက်တာ ဘယ်လောက်တောင် ကြာသွားပြီလဲ...။ အခြေအ နေဘယ်လိုလဲ...၊ အလုပ်တွေ အရမ်း ရှုပ်နေတုန်းပဲလား...။"
ဖုန်းတစ်ဖက်မှ လျိုတာဖုန်း၏ ရိုးသားအေးချမ်းသော အသံက ထွက်ပေါ်လာလေသည်။
"အခုတလော အဆင်ပြေပါတယ်...။ အလုပ်ကတော့ နည်းနည်း များတယ်...။ ဒါပေမဲ့ စားသောက်ကုန် လုပ်ငန်းဆိုတာ ဒီလိုပါပဲလေ...။ ကျွန်တော်က မီးဖိုချောင်ထဲမှာပဲ နေရသေးတော့အထွေထွေ ကိစ္စလေး တွေ အများကြီး လုပ်ရတယ်...။"
ဝမ်းကွဲညီဖြစ်သူ တာဖုန်း၏ အလွန် ရိုးသားသော အဖြေကို ကြားပြီးနောက် လျန်ထျန်းက ခေါင်းညိတ် လိုက်လေသည်။
"အလုပ်တိုင်းက ခက်ခဲတာပါပဲ...၊ မင်းအလုပ်ကို သေချာလုပ်ပါ...။ မင်းက မင်းအစ်ကိုကြီးထက် ပိုတော် ပါတယ်...။ အနည်းဆုံးတော့ အစိုးရပိုင် ဟိုတယ်ကြီးမှာ အလုပ်တစ်ခု ရထားတာပဲ...။"
"အဲ့ဒီမှာ မီးဖိုချောင် အကူအနေနဲ့ လုပ်ရတာတောင် တရားဝင် အလုပ်တစ်ခုလို့ သတ်မှတ်လို့ရတယ်... ။ လူမှုဖူလုံရေး၊ အိမ်ရာရန်ပုံငွေနဲ့နှစ်ကုန် ဘောနပ်စ်တွေလို ခံစားခွင့်တွေ ရှိသေးတာပဲလေ...။"
"ဆက်ကြိုးစားပါ...။ နောင်ကျရင် အရာရာ အဆင်ပြေလာမှာပါ...။ ဒါနဲ့ မင်း ပြောစရာ တစ်ခုခုရှိနေ လို့လား...။"
ရိုးသားအေးချမ်းသော လျိုတာဖုန်းက လျန်ထျန်း၏ မေးခွန်းများကို ဖြေကြားလိုက်သည်။
"အစ်ကိုကြီး...၊ ကျွန်တော် မေးချင်တာက ကြင်ယာ တွေ့ဆုံပွဲကို သွားရင် ဘာတွေ သတိထား ရမလဲ ဆိုတာကိုပါ...။"
ထိုမေးခွန်းကို ကြားသောအခါ လျန်ထျန်းက ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက်ပြုံးလိုက်လေသည်။
"ဟေ့ကောင်...၊ မင်းက ကြင်ယာ တွေ့ဆုံပွဲကို သွားမလို့လား...။ ဘယ်သူက မိတ်ဆက်ပေးတာလဲ...။"
လျိုတာဖုန်းက ရိုးသားစွာပင် ပြန်ဖြေလိုက်သည်။
"ဒေါ်လေးချောင် မိတ်ဆက်ပေးတာပါ...။"
ဒေါ်လေးချောင်ဟူသော နာမည်ကို ကြားလိုက်ရသောအခါ လျန်ထျန်းမှာ မိမိသတွေးနှင့် မိမိ သီးလု မတတ် ဖြစ်သွားရလေသည်။
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် သူက ပြောလိုက်သည်။
"သည်ဒေါ်လေးချောင်ကလေ...၊ အရင်တစ်ခေါက်က ငါ့ကို တစ်ယောက် မိတ်ဆက်ပေးပြီး အခု မင်းကို နောက်တစ်ယောက် ထပ်ပြီး မိတ်ဆက်ပေးပြန်ပြီလား...။ သူမက ပရော်ဖက်ရှင်နယ် အောင်သွယ်တော် ကြီးများ ဖြစ်နေလား...။"
လျိုတာဖုန်းက ရိုးရိုးသားသားပင် ပြန်ဖြေလိုက်လေသည်။
"ဒေါ်လေးချောင်နဲ့ ကျွန်တော့်အမေနဲ့ အဲ့ဒီအကြောင်း ပြောကြသေးတယ်...။ သူတို့ပြောတာကလွန်ခဲ့တဲ့ အချိန်ကာလတစ်ခုက အစ်ကို့ကို တစ်ယောက် မိတ်ဆက်ပေးထားတာ အစ်ကိုတို့ နှစ်ယောက်က အဆင် ပြေနေကြပြီး မကြာခင် လက်ထပ်ကြတော့မယ်ဆို...။"
"အဲ့ဒါကို ကြားပြီးတော့ ကျွန်တော့်အမေကလည်း ကျွန်တော့်ကို ချစ်သူ ရှာသင့်ပြီလို့ထင်သွားလို့ ဒေါ်လေးချောင်ကို ကျွန်တော့်အတွက် တစ်ယောက် မိတ်ဆက်ပေးဖို့သဘောတူလိုက်တာလေ...။"
"အစ်ကိုကြီး...၊ ကျွန်တော့်အကြောင်း အစ်ကိုကြီးလည်း သိတာပဲ...။ ကျွန်တော်က ရည်းစားတောင် တစ်ခါမှ မထားဖူးဘူးလေ...။ အခုလို ရုတ်တရက်ကြီး ကြင်ယာ တွေ့ရမယ်ဆိုတော့...၊ ကျွန်တော် နည်းနည်း စိတ်လှုပ်ရှားနေလို့...။"
ထိုစကားကို ကြားသောအခါ လျန်ထျန်းမှာ မှင်တက်သွားပြီး အဖြစ်အပျက်ကို သဘောပေါက်သွားပြီး နောက် ချက်ချင်း ပြောလိုက်လေသည်။
"ဒေါ်လေးချောင်ရဲ့ စကားတွေက တကယ်ကို ယုံကြည်ရခက်တာပဲ...။"
"ဘာလဲ...၊ ငါ့ကို သေချာ မိတ်ဆက်ပေးထားလို့ ငါတို့က အဆင်ပြေပြီး မကြာခင် လက်ထပ်တော့မယ် ဟုတ်လား...။ ဒါက လုံးဝ မဟုတ်တဲ့ ကိစ္စကြီး...။"
"တာဖုန်း...၊ ငါ မင်းကို ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်...။ ဒေါ်လေးချောင် မိတ်ဆက်ပေးတာက သိပ်ပြီး ယုံကြည်ရတာ မဟုတ်ဘူး...။ ငါ့အကြံပြုချက်ကတော့ မင်း အခုထိ သဘောမတူရသေးရင် သေချာ ပြန်စဉ်းစားကြည့်ဦး...။"
ထိုစကားကို ကြားသောအခါ လျိုတာဖုန်းမှာ အကျပ်ရိုက်သွားလေသည်။
"အစ်ကိုကြီး...၊ ကျွန်တော်က မနက်ဖြန် သွားမယ်လို့ သဘောတူပြီးသွားပြီ...။ အခုမှ စကားပြန်ရုပ်သိမ်း လိုက်ရင် မကောင်းဘူး ဖြစ်မနေဘူးလား...။"
ဝမ်းကွဲညီဖြစ်သူ၏ စကားကို ကြားသောအခါ လျန်ထျန်းက ခေတ္တမျှ စဉ်းစားလိုက်ပြီး သက်ပြင်းချ လိုက်လေသည်။
"ဟေ့ကောင်...၊ မင်းက အရမ်းကို ရိုးသားလွန်းတယ်...။ မင်းရဲ့ စရိုက်ကြောင့် မင်းကို အနိုင်ကျင့်ရ လွယ်တယ်ဆိုတာ မင်း သိလား...။"
"ကောင်းပြီလေ...၊ ဒီလိုလုပ်...။ မနက်ဖြန် မင်း ကြင်ယာ တွေ့ဖို့ ဘယ်သွားမှာလဲ...။ ငါ မင်းနဲ့အတူတူ လိုက်ခဲ့မယ်...။"