အခန်း (၃၃-၃၄)
Vol. 4 Ch. 33-34
အခန်း (၃၃) ကျွန်တော်က သူ့ရဲ့ ဝမ်းကွဲအစ်ကိုပါ
လျန်ထျန်းသည် လွန်ခဲ့သော အချိန်ကာလတစ်ခုက ဒေါ်လေးချောင် မိတ်ဆက်ပေးခဲ့သည့် ရွှီရှီယောင် ကဲ့သို့သော မိန်းကလေးမျိုးနှင့် တွေ့မည်ကိုစိုးရိမ်သဖြင့် သူ၏ ဝမ်းကွဲညီ လျိုတာဖုန်း၏ ကြင်ယာ တွေ့ဆုံပွဲသို့ လိုက်သွားရန် ဆုံးဖြတ်လိုက်လေသည်။
သို့သော် လျန်ထျန်းက သူ၏ ဝမ်းကွဲညီနှင့် အတူတူ ပေါ်ပေါ်ထင်ထင် သွားရန်မှာ အနည်းငယ် အဆင် မပြေနိုင်သဖြင့် သီးခြားစီ သွားရန် သဘောတူညီခဲ့လေသည်။
သူသည် ကြင်ယာ တွေ့ဆုံမည့် နေရာကို မေးမြန်းခဲ့ပြီး နောက်တစ်နေ့ သတ်မှတ်ထားသော အချိန်တွင် ရောက်လာကာ ဘေးဘက် စားပွဲတွင် ဝင်ထိုင်နေရန် ပြောထားခဲ့လေသည်။
ဤနည်းအားဖြင့် သူသည် ဝမ်းကွဲညီအတွက် ဆုံးဖြတ်ချက် ချရာတွင် ကူညီပေးနိုင်သကဲ့သို့ ရိုးသားသော သူ၏ ဝမ်းကွဲညီကိုလည်း စိတ်အေးချမ်းမှု ပေးနိုင်မည် ဖြစ်သည်။
အရေးအကြီးဆုံးမှာ လျန်ထျန်းသည် သူ၏ ဝမ်းကွဲညီ နောက်ထပ် 'ရွှီရှီယောင်' တစ်ယောက်နှင့် ကြုံတွေ့ ရပြီး အနိုင်ကျင့်ခံရမည်ကို တကယ်ပင် စိုးရိမ်နေသောကြောင့် ဖြစ်ပေသည်။
အဒေါ်ဖြစ်သူတို့ မိသားစုမှာ ငွေကြေးအရ ရုန်းကန်နေရပြီ ဖြစ်ရာ အကယ်၍ဝမ်းကွဲညီဖြစ်သူသာ ကြင်ယာတွေ့ဆုံပွဲတွင် လိမ်လည်ခံရပါက သူ အမှန်တကယ် စိတ်ထိခိုက်ကြေကွဲရမည်မှာ သေချာလှ သည်။
ထို့ကြောင့် စိတ်ခံစားချက်အရရော ယုတ္တိတန်မှုအရပါ လျန်ထျန်းသည် သူ၏ ဝမ်းကွဲညီကို 'ကာကွယ် ပေးရန်' အတူတကွ လိုက်သွားသင့်သည်ဟု ခံစားခဲ့ရလေသည်။
သေချာသည်မှာ အကယ်၍ သူ တကယ်ပဲ မိန်းကလေးကောင်း တစ်ယောက်နှင့် တွေ့ဆုံခဲ့မည် ဆိုလျှင် တော့ ဝမ်းကွဲညီဖြစ်သူ ပျော်ရွှင်သည်ကို မြင်ရ၍ လျန်ထျန်းလည်း ဝမ်းသာမိမည် ဖြစ်သည်။
သို့သော် အောင်သွယ်တော်မှာ ဒေါ်လေးချောင် ဖြစ်နေသဖြင့်...၊ သူ စိတ်မချနိုင်အောင် ဖြစ်နေရလေ သည်။
နောက်တစ်နေ့တွင်...
အဆင့်မြင့် အနောက်တိုင်း စားသောက်ဆိုင် တစ်ဆိုင်အတွင်း လျန်ထျန်းသည် ဝမ်းကွဲညီဖြစ်သူ လျိုတာဖုန်းနှင့် တစ်စားပွဲခြားကာ ထောင့်တစ်နေရာတွင် ထိုင်နေခဲ့လေသည်။
လျိုတာဖုန်းမှာ ထိုနေရာတွင် ထိုင်စောင့်နေခဲ့သည်မှာ နာရီဝက်ကျော် ကြာမြင့်နေပြီ ဖြစ်သော်လည်း တွေ့ဆုံရမည့်သူမှာ ရောက်မလာသေးပေ။
တစ်နာရီနီးပါး ကြာပြီးနောက်တွင်မှ 'မြွေမျက်နှာ' ပုံစံနှင့် မိန်းကလေး တစ်ယောက် ရောက်ရှိလာခဲ့ လေသည်။ ထိုင်ခုံတွင် ထိုင်လိုက်သည်နှင့် တစ်ပြိုင်နက် ထိုမိန်းကလေးက လျိုတာဖုန်းကို အထင်သေး သော အမူအရာဖြင့် ပြောလိုက်လေသည်။
"ရှင်က ဒေါ်လေးချောင် မိတ်ဆက်ပေးတဲ့ လျိုတာဖုန်း ဆိုတာလား...၊ ရုပ်ရည်ကတော့မဆိုးပါဘူး...။ ကျွန်မတို့ အားလုံးက လူကြီးတွေပဲဆိုတော့ လိုရင်းကိုပဲ တိုက်ရိုက် ပြောလိုက်မယ်...။"
"ဒေါ်လေးချောင် ပြောတာတော့ ရှင့်မိသားစုမှာ သာမန်လိုလိုနဲ့ တကယ်တမ်းကျ အရမ်းချမ်းသာတဲ့ ဆွေမျိုးတွေ ရှိတယ်ဆို...။ ဒါဆိုရင် ရှင့်မိသားစု အခြေအနေကလည်း တော်တော်လေး ကောင်းမှာပဲ နော်...။"
"ကျွန်မလို လှပတဲ့သူကတော့ သာမန်လူတစ်ယောက်နဲ့ လုံးဝ တွဲလို့မဖြစ်ဘူးလေ...၊ အခြေခံ လိုအပ်ချက် သုံးခုကနေ အရင် စပြောရအောင်...။"
"ပထမအချက် ရှင်က အိမ်တစ်လုံး ပိုင်ဆိုင်ထားရမယ် ပြီးတော့ အဲ့ဒီအိမ်က မြို့လယ်ခေါင်မှာ ရှိရမယ့် အပြင် အကျယ်အဝန်းက စတုရန်းမီတာ (၁၈၀) ထက် ကျယ်ရမယ်...။ ဘဏ်ကြွေးလည်း မရှိရဘူး...။"
"ဒုတိယအချက် ကားက အနည်းဆုံး မာစီဒီး ဒါမှမဟုတ် ဘီအမ်ဒဗလျူ ဖြစ်ရမယ် ဒါပေမဲ့ မှတ်ထားပါ...၊ C-Class တွေ 3 Series တွေကို လက်မခံဘူး...။ အနည်းဆုံး E-Class ဒါမှမဟုတ် 5 Series နဲ့ အထက်ပဲ ဖြစ် ရမယ်...။"
"တတိယအချက် တင်တောင်းငွေက တစ်ယွမ်ထက် မနည်းရဘူး...၊ ဒီပိုက်ဆံက ကျွန်မ မိဘတွေအတွက် ပဲ...။ ကျွန်မက အဲ့ဒါကို လက်ဖွဲ့ငွေအနေနဲ့ ပြန်မယူသွားနိုင်ဘူး...။ ဘာပဲဖြစ်ဖြစ် ကျွန်မ မိဘတွေက ကျွန်မကို ပြုစုပျိုးထောင်ဖို့ မလွယ်ကူခဲ့ဘူးလေ...။"
"အကယ်၍ ရှင်သာ ဒီအချက် သုံးချက်စလုံးကို ဖြည့်ဆည်းပေးနိုင်မယ်ဆိုရင်တော့ ကျွန်မ စဉ်းစား ပြီး ရှင့်ကို အခွင့်အရေး တစ်ခု ပေးနိုင်ပါတယ်...။"
အစကတည်းကပင် ထို 'မြွေမျက်နှာ' နှင့် မိန်းကလေးသည် လျိုတာဖုန်းကို အင်အားသုံး ဖိအားပေးနေ ခဲ့ပြီး သူမ၏ ရန်လိုသော အမူအရာက လူများကို အသက်ရှူကျပ်စေလုမတတ် ဖြစ်စေသည်။
ထောင့်တစ်နေရာမှ ထိုမြင်ကွင်းကို ကြည့်နေသော လျန်ထျန်းမှာ ခေါင်းခါမ်းရုံမှလွဲ၍ မတတ်နိုင်ခဲ့ဘဲ စိတ်ထဲမှ တွေးလိုက်မိသည်။
*ဒေါ်လေးချောင် မိတ်ဆက်ပေးတဲ့သူက ရွှီရှီယောင်နဲ့ တစ်ပုံစံတည်းပဲ...။ ဒါက ငါ့ကို တကယ် စိုးရိမ်စေ တာပဲ...။*
ထိုနေရာတွင် မျက်နှာချင်းဆိုင် တွေ့ဆုံဖူးသည့် အတွေ့အကြုံ မဆိုထားနှင့်ရည်းစားထားဖူးသည့် အတွေ့ အကြုံပင် သိပ်မရှိသော ဝမ်းကွဲညီဖြစ်သူမှာ လုံးဝကို ဆွံ့အသွားခဲ့လေသည်။ ရိုးသားအေးချမ်းလှသော လျိုတာဖုန်းသည် ပါးစပ်ဟလိုက်သော်လည်း နောက်မှခေါင်းငုံ့သွားကာ ပြောလိုက်သည်။
"ခင်ဗျား ပြောတဲ့ အချက်တွေထဲက ဘယ်အချက်ကိုမှ ကျွန်တော် မဖြည့်ဆည်းပေးနိုင်ပါဘူး...။"
လျိုတာဖုန်း စကားပြော၍ပင် မဆုံးသေးမီ 'မြွေမျက်နှာ' နှင့် မိန်းကလေးက မျက်မှောင်ကြုတ်ကာ ဝင်ပြောလိုက်လေသည်။
"ဘာဖြစ်နေတာလဲ...။ သည်လောက် ရိုးရှင်းတဲ့ အချက်လေးတွေကိုတောင် ရှင်မဖြည့်ဆည်းပေးနိုင်ဘူး လား...။ ရှင့်ရဲ့ချမ်းသာတဲ့ ဆွေမျိုးတွေက ဘယ်လောက်တောင် အံ့သြဖို့ကောင်းလဲဆိုတာကို ဒေါ်လေး ချောင်က ကျွန်မကို ပြောပြထားသေးတယ်...။"
"ရှင့်မိသားစုနဲ့ သူတို့မိသားစုက တော်တော်လေး ရင်းနှီးတယ်လို့လည်း ဒေါ်လေးချောင်က ပြောတယ်...။ ဘယ်လိုလုပ်ပြီး ဟိုဘက်မိသားစုက တိတ်တဆိတ် ချမ်းသာနေတဲ့ သန်းကြွယ်သူဌေးတွေ ဖြစ်နေပြီး ရှင့် မိသားစုကကျတော့ တကယ် ဆင်းရဲနေရတာလဲ...။"
"အကယ်၍သာ သည်လိုဆိုရင်တော့ ဟင်းဟင်း...၊ ကျွန်မတို့က သိပ်လိုက်ဖက်တဲ့သူတွေ မဟုတ်ပါ ဘူး...။"
ဤစကားများက စိတ်လှုပ်ရှားနေပြီး ရိုးသားလှသော လျိုတာဖုန်းကို လုံးဝ ဇဝေဇဝါ ဖြစ်သွားစေခဲ့ သော်လည်း ဘေးစားပွဲမှ လျန်ထျန်းကမူ ၎င်းတို့ထံမှအဓိပ္ပာယ် တစ်ချို့ကို ကောက်ချက်ချနိုင်ခဲ့လေ သည်။
လျန်ထျန်း တွေးမိသည်မှာ ရွှီရှီယောင်က အဲ့ဒီနေ့က ဖြစ်ပျက်ခဲ့သမျှကိုဒေါ်လေးချောင်အား ပြောပြခဲ့ပြီး ဒေါ်လေးချောင်က သူတို့မိသားစုကို ပုန်းကွယ်နေသော သူဌေးကြီးများဟု ထင်သွားခြင်းဖြစ်နိုင်ပေ သည်။
အဒေါ်ဖြစ်သူတို့ မိသားစုမှာ သူတို့ မိသားစုနှင့် အလွန် ရင်းနှီးသောကြောင့် အဒေါ်ဖြစ်သူတို့ မိသားစု မှာလည်း 'တကယ်တမ်း အင်အားကြီးမားသော်လည်း အားနည်းဟန်ဆောင်နေခြင်း' မျိုး ဖြစ်နိုင်ပြီး သူတို့မိသားစုကဲ့သို့ 'တိတ်တဆိတ် ချမ်းသာနေသော' မိသားစု ဖြစ်မည်ဟု ဒေါ်လေးချောင်က ခန့်မှန်းခဲ့ ခြင်းပင် ဖြစ်နိုင်ပေသည်။
ထို့ကြောင့် သူမက သူ၏ ဝမ်းကွဲညီအတွက် နောက်ထပ် မိန်းကလေး တစ်ယောက်ကို မိတ်ဆက်ပေးခဲ့ ခြင်း ဖြစ်နိုင်သည်။ ဤမိန်းကလေးကဒေါ်လေးချောင်နှင့် တစ်နည်းနည်းဖြင့် ပတ်သက်ဆက်နွှယ်မှု ရှိနေ နိုင်ပေသည်။
လျန်ထျန်း ဤသို့ တွေးနေစဉ်မှာပင် 'မြွေမျက်နှာ' နှင့် မိန်းကလေးက သူ၏ ဝမ်းကွဲညီအား ပြောလိုက် သည် ကြားလိုက်ရလေသည်။
"ရုပ်ရည်ကို ကြည့်လိုက်တော့လည်း အရုပ်ဆိုးပြီး တုံးအမယ့်ပုံပဲ...။ ပြီးတော့ အိမ်မှာ ပိုက်ဆံလည်း မရှိဘူး...။ အဲ့ဒါကိုများ ကြင်ယာ တွေ့ဆုံပွဲကိုလာရဲသေးတယ်နော်...။"
"ကျွန်မ ထင်တာတော့ ရှင်က ငန်းသားကို စားချင်နေတဲ့ ဖားပြုပ်တစ်ကောင်ပဲ...၊ကိုယ့်အဆင့်ကိုယ် လည်း မသိဘူး...။ ရွံစရာကောင်းလိုက်တာ...။"
ထိုသို့ပြောရင်း 'မြွေမျက်နှာ' နှင့် မိန်းကလေးသည် မတ်တတ်ရပ်ကာ ထွက်သွားရန် ပြင်လိုက်လေသည်။
အစကမူ 'မြွေမျက်နှာ' နှင့် မိန်းကလေးက ထိုစကားများကို မပြောဘဲ ထွက်သွားမည်ဆိုလျှင် လျန်ထျန်း အနေဖြင့် သူ၏ ဝမ်းကွဲညီ ငွေမကုန်သွားသည့်အတွက် ဝမ်းသာနေမည် ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် ရွှီရှီယောင်နှင့် မျက်နှာချင်းဆိုင် တွေ့ဆုံခဲ့စဉ်က သူမသည် ဈေးကြီးသော ဟင်းလျာများကို စားပွဲအပြည့် မှာယူခဲ့သည် မဟုတ်ပါလား။ 'မြွေမျက်နှာ' နှင့် မိန်းကလေးက မည်သည့် အစားအစာမှ မမှာယူခဲ့သဖြင့် ဝမ်းကွဲညီဖြစ်သူမှာ ငွေကုန်ကြေးကျ မရှိခဲ့ပေ။
သို့သော် သူမ ဆက်ပြောလိုက်သည့် စကားများက တကယ်ကို ဆိုးရွားလွန်းလှသည်။ သူ၏ ဝမ်းကွဲညီမှာ သာမန်ရုပ်ရည်မျိုး ရှိသော်လည်း အရုပ်ဆိုးသည်ဟုတော့ ပြော၍ မရနိုင်ပေ။ သူက ရိုးသားဖြောင့်မတ် သူသာ ဖြစ်ပြီး ဘယ်လိုလုပ် တုံးအသည်ဟုပြော၍ ရနိုင်မည်နည်း။
အရေးအကြီးဆုံးမှာ 'မြွေမျက်နှာ' နှင့် မိန်းကလေးက သူ၏ ဝမ်းကွဲညီကို 'ရွံစရာကောင်းလိုက်တာ...' ဟု ပြောလိုက်သောအခါ ဝမ်းကွဲညီဖြစ်သူမှာ လုံးဝကို ယုံကြည်မှု ကင်းမဲ့သွားသည်မှာ ထင်ရှားလှပေသည်။
အကယ်၍ ဤကိစ္စသာ သည်နေရာတွင် တကယ် ပြီးဆုံးသွားပါက လျိုတာဖုန်းအတွက် သူ၏ ပထမဆုံး ကြင်ယာ တွေ့ဆုံပွဲမှ ဖျောက်ဖျက်၍ မရနိုင်သော စိတ်ဒဏ်ရာတစ်ခု ကျန်ရစ်ခဲ့မည်မှာ သေချာလှသည်။
ပို၍ ဆိုးသည်မှာ ဝမ်းကွဲညီဖြစ်သူသည် အနာဂတ်တွင် ကြင်ယာ တွေ့ဆုံပွဲများကို ဆန့်ကျင်လာနိုင်ပြီး သူ၏ ရိုးသားသော စရိုက်သဘာဝအရ ချစ်သူတစ်ယောက်ကို ကိုယ်တိုင် ရှာဖွေရန်မှာ ခက်ခဲသွားပေ လိမ့်မည်။
ဤအချက်များကို စဉ်းစားမိပြီးနောက် လျန်ထျန်းသည် ချက်ချင်း ဆုံးဖြတ်ချက် ချလိုက်လေသည်။ ထို 'မြွေမျက်နှာ' နှင့် မိန်းကလေးကအိတ်ကိုဆွဲကာ မတ်တတ်ရပ်၍ ထွက်သွားရန် ပြင်နေသည်ကို မြင်သော အခါလျန်ထျန်းသည် အမြန်လျှောက်သွားကာ လျိုတာဖုန်း၏ ပခုံးကို ပုတ်၍ ပြောလိုက်လေသည်။
"ညီလေး...၊ တိုက်ဆိုင်လိုက်တာ မင်းလည်း ဒီမှာ စားနေတာလား...။ အာ...၊ ဟုတ်သားပဲ...။ အရင် တစ်ခေါက်က ငါ မင်းဆီက ငွေ ယွမ် (၁၀၀) ချေးထားသေးတယ်လေ...၊ မကြာသေးခင်ကမှငါ ပိုက်ဆံ နည်းနည်း ပြန်ရထားလို့ ဒီနေ့ မင်းကို ပြန်ဆပ်လိုက်မယ်...။"
ထိုသို့ပြောရင်း လျန်ထျန်းသည် ပိုက်ဆံအိတ်ထဲမှ ယွမ် (၁၀၀) တန် တစ်ရွက်ကို ထုတ်ကာ စားပွဲပေါ်သို့ ပုတ်ချလိုက်လေသည်။
ဤမြင်ကွင်းကြောင့် ထွက်သွားရန် ပြင်နေသော 'မြွေမျက်နှာ' နှင့် မိန်းကလေးမှာ ခြေလှမ်းများ ရပ်တန့် သွားခဲ့ပြီးနောက် အိပ်မက်ဆိုးမှ နိုးလာသကဲ့သို့ အပြုံးတစ်ပွင့်ဖြင့် ပြန်လည် ထိုင်ချလိုက်လေသည်။
"အမလေး...၊ ရှင့်မှာ ယွမ် (၁၀၀) တောင် ရှိနေတာပဲ...။ ဒါဆိုရင် စောစောက အချက် သုံးချက်က ရှင့်အတွက် အရမ်းကို လွယ်ကူနေမှာပေါ့...။"
ကုန်ဈေးနှုန်းများ တစ်သန်းဆ ကျဆင်းသွားပြီးနောက်တွင် ယွမ် (၁၀၀) သည် ကျဆင်းမှု မဖြစ်ပေါ်မီက ယွမ် သန်း (၁၀၀) နှင့် ညီမျှလေသည်။
ထို့ကြောင့် ဤ ယွမ် (၁၀၀) သည် 'မြွေမျက်နှာ' နှင့် မိန်းကလေးကဲ့သို့ ရုပ်ဝတ္ထုပစ္စည်းကို မက်မောသော မိန်းကလေး တစ်ယောက် လျိုတာဖုန်းအပေါ် ထားရှိသည့် အပြုအမူကို သိသိသာသာ ပြောင်းလဲသွားစေ ရန် လုံလောက်သည်ထက် ပိုနေပေသည်။
လျိုတာဖုန်းမှာ သူ၏ ဝမ်းကွဲအစ်ကို စားပွဲပေါ် ပုတ်ချလိုက်သည့် ယွမ် (၁၀၀) ကို မြင်သောအခါ မှင်တက်သွားခဲ့လေသည်။
အဖြစ်အပျက်ကို သဘောပေါက်သွားပြီးနောက် ရိုးသားအေးချမ်းစွာဖြင့် တစ်ခုခု မေးရန် ပြင်လိုက်သော် လည်း လျန်ထျန်းက သူ၏ ပခုံးကို အနည်းငယ် အားစိုက်ကာဖိချလိုက်ပြီး တားဆီးလိုက်လေသည်။
ချက်ချင်းပင် လျန်ထျန်းသည် လျိုတာဖုန်းဘေးတွင် ဝင်ထိုင်လိုက်ပြီး 'မြွေမျက်နှာ' နှင့် မိန်းကလေးကို ပြုံးပြလိုက်သည်။
"မင်္ဂလာပါ...၊ ကျွန်တော်က သူ့ရဲ့ ဝမ်းကွဲအစ်ကိုပါ...။ ခင်ဗျားကို အနှောင့်အယှက် မဖြစ်စေဘူးလို့ မျှော်လင့်ပါတယ်...။"
လျန်ထျန်း ပိုက်ဆံအိတ်ထဲမှ ယွမ် (၁၀၀) တန် ထုတ်လိုက်သည်ကို မျက်မြင်ကိုယ်တွေ့မြင်လိုက်ရသဖြင့် 'မြွေမျက်နှာ' နှင့် မိန်းကလေး၏ မျက်လုံးများမှာသူ့ကို ကြည့်ရင်း တောက်ပသွားခဲ့ပြီး ချက်ချင်းပင် ဣန္ဒြေရကာ နူးညံ့သိမ်မွေ့သော အမူအရာကို ဖမ်းလိုက်လေသည်။
"အို...၊ မဖြစ်ပါဘူး...၊ အနှောင့်အယှက် မဖြစ်ပါဘူး...။ သူက ဝမ်းကွဲအစ်ကိုဆိုတော့ ကျွန်မတို့ အားလုံး က မိသားစုတွေပဲလေ...။ ဘယ်လိုလုပ် အနှောင့်အယှက်ဖြစ်နိုင်မှာလဲ...။"
"အာ...၊ ကျွန်မ ကိုယ့်ကိုယ်ကိုယ် မိတ်မဆက်ရသေးဘူး...။ ကျွန်မ နာမည်က ဟွဲ့ကျားပါ...။ ဒီနေ့ ဝမ်းကွဲအစ်ကိုနဲ့ တွေ့ရတာ အရမ်းကို ဂုဏ်ယူဝမ်းသာ မိပါတယ်...။"
ဟွဲ့ကျား၏ လက်ရှိ အခြေအနေကို မြင်သောအခါ လျန်ထျန်းက စိတ်ထဲမှ လှောင်ပြောင်လိုက်လေသည်။
*မင်းက ယွမ် (၁၀၀) တန်ကို မြင်လိုက်ရမှ အရမ်း ကံကောင်းတယ်လို့ ခံစားသွားရတာ မဟုတ်လား...။*
သို့သော် သူသည်လည်း အတင်းအကျပ် ပြုံးပြလိုက်ကာ -
"စောစောက ခင်ဗျားတို့ရဲ့ စကားပြောနေတာ တချို့ကို ကျွန်တော် ကြားလိုက်ပါတယ်...။"
"မစ္စဟွဲ့ကျား...၊ ကျွန်တော့် ညီလေးအတွက် တစ်ခုခု ရှင်းပြဖို့ လိုနေတယ်...။ စောစောကခင်ဗျား ပြော သွားတဲ့ အချက် သုံးချက်က သူ မဖြည့်ဆည်းပေးနိုင်တာ မဟုတ်ဘူး...၊ တကယ်တော့...။"
အခန်း (၃၄) လိမ်လည်သူ
မိမိ၏ ဝမ်းကွဲညီကို အရှက်ခွဲခဲ့သော 'မြွေမျက်နှာ' နှင့် မိန်းကလေးအား ကြည့်ကာ လျန်ထျန်းက လေးနက်သော လေသံဖြင့် ပြောလိုက်လေသည်။
"ခင်ဗျားရဲ့ ပထမဆုံး အချက်ကို ဥပမာအနေနဲ့ ပြောရရင် အိမ်က စတုရန်းမီတာ (၁၈၀) ရှိရမယ်ဆိုပေမဲ့ ကျွန်တော့် ညီလေးရဲ့ မိသားစုက ဗီလာအိမ်ကြီး ပိုင်ဆိုင်ထားတာဆိုတော့ ဘာကိစ္စနဲ့ အဲ့ဒီလို ကျဉ်းကျပ် တဲ့ တိုက်ခန်းမျိုးမှာ နေချင်ရမှာလဲ...။"
"ဒုတိယအချက် ခင်ဗျားက မာစီဒီး ဒါမှမဟုတ် ဘီအမ်ဒဗလျူ လိုချင်တယ်ဆိုပေမဲ့ ကျွန်တော့် ညီလေး က လမ်ဘော်ဂီနီတို့ ဖာရာရီတို့လို ပြိုင်ကားတွေကိုပဲ သဘောကျတာ...။"
"တတိယအချက်ဖြစ်တဲ့ တင်တောင်းငွေ တစ်ယွမ်ဆိုတာကရော ကျွန်တော့် ညီလေး မျက်နှာကို ဖြတ်ရိုက်နေသလို ဖြစ်မနေဘူးလား..."
"ကျွန်တော့် ညီလေးက ငယ်ငယ်ကတည်းက အမြဲပြောခဲ့တာ သူ ကြီးလာလို့ မိန်းမယူရင် တင်တောင်း ငွေက ယွမ်တစ်ရာထက် မနည်းရဘူးတဲ့...။"
"ဒါကြောင့် ခင်ဗျား ပြောတဲ့ အချက်တွေထဲက ဘယ်အချက်ကိုမှ သူ မဖြည့်ဆည်းပေးနိုင်ဘူးလို့ ခုနက ပြောလိုက်တာပဲ သဘောပေါက်လား...။"
ထိုစကားများကို ကြားပြီးနောက် ဟွဲ့ကျား၏ မျက်လုံးများမှာ မျက်ရည်များပင် ကျလာမတတ် အရောင် လက်သွားခဲ့လေသည်။
ချက်ချင်းပင် သူမသည် လျိုတာဖုန်းဘက်သို့ လှည့်ကြည့်ကာ ချိုသာသော လေသံဖြင့် ပြောလိုက်လေ သည်။
"တာဖုန်း...၊ တောင်းပန်ပါတယ်နော် အရင်ကဟာတွေက ကျွန်မ အမှားတွေပါ...။ တကယ်တော့ ရှင့်ကို မြင်မြင်ချင်းပဲ ကျွန်မ သဘောကျသွားမိတာပါ...။"
"ရှင်က တကယ်ကို ချမ်းသာပြီး ဟန်မလုပ်တတ်တဲ့သူမို့ ကျွန်မဘဝကို ယုံယုံကြည်ကြည် ပုံအပ်ထားလို့ ရပါပြီ...။ ကျွန်မတို့ ဘယ်တော့များ မင်္ဂလာမှတ်ပုံတင် သွားလုပ်ကြမလဲဟင်...။"
သူ့အပေါ်သို့ ခုန်အုပ်တော့မည့်အလား စိတ်အားထက်သန်နေသော ဟွဲ့ကျား၏ မျက်နှာအမူအရာကို ကြည့်ရင်း လျိုတာဖုန်းမှာ လုံးဝ ဆွံ့အကာ ဇဝေဇဝါ ဖြစ်သွားရလေသည်။
ထို့နောက် ရိုးသားဖြောင့်မတ်လှသော ထိုလူငယ်လေးသည် လျန်ထျန်းအား နားမလည်နိုင်သော အမူ အရာဖြင့် ကြည့်ကာ အူကြောင်ကြောင်ဖြင့် ပြောလိုက်လေသည်။
"အစ်ကိုကြီး...၊ ကျွန်တော်တို့ အိမ်က ဗီလာအိမ်ကြီး မဟုတ်ပါဘူး...။"
"ကျွန်တော် လမ်ဘော်ဂီနီနဲ့ ဖာရာရီကို သဘောကျတာ မှန်ပေမဲ့ ကားဘီးတစ်လုံးတောင် ဝယ်နိုင်တာ မဟုတ်ဘူးလေ...။"
"ပြီးတော့ ကျွန်တော် ကြီးလာလို့ မိန်းမယူရင် တင်တောင်းငွေက ယွမ်တစ်ရာထက် ဘယ်တော့မှ မနည်း ရဘူးလို့ ဘယ်တုန်းက ပြောဖူးလို့လဲ...၊ ကျွန်တော်ကိုယ်တိုင်တောင် အဲ့ဒီလိုပြောခဲ့တာ မမှတ်မိပါဘူး...။"
ထိုစကားများကို ကြားလိုက်ရသောအခါ ဟွဲ့ကျား၏ စိတ်အားထက်သန်မှုမှာ ရေခဲရေ တစ်ပုံးဖြင့် အလောင်းခံလိုက်ရသကဲ့သို့ ချက်ချင်းပင် သိသိသာသာ အေးစက်သွားခဲ့လေသည်။
သို့သော်လည်း စားပွဲပေါ်ရှိ ယွမ်တစ်ရာတန် ငွေစက္ကူကို ကြည့်ရင်း မျှော်လင့်ချက်ရောင်ခြည်လေး တစ်ပွင့် ရှိနေသေးသဖြင့် သူမ၏ တောက်ပသော မျက်လုံးများက လျန်ထျန်းထံသို့ လှည့်လာခဲ့သည်။
ဤအချိန်တွင် လျန်ထျန်းသည် သူ၏ ဝမ်းကွဲညီ လျိုတာဖုန်းကို လက်သီးဖြင့် နှစ်ချက်ခန့်ထိုးပစ်ချင်စိတ် ပေါက်သွားလေသည်။ ဤကောင်လေးမှာ ရိုးသားလွန်းပြီး တကယ်ကို လွန်လွန်းလှပေသည်။ သူ၏ အစ်ကိုကြီးက သူ့ကိုယ်စား ဒေါသထွက်ပေးကာ ကူညီပေးနေသည်ကိုပင် သူ မရိပ်မိခြင်းပင်။
*သူ့ကို အထင်ကြီးအောင် အနိုင်နိုင် မြှင့်တင်ပေးထားရပါတယ်ဆိုမှ သူက အရှက်ကွဲအောင် လုပ်နေ သေးတယ်…။*
အဒေါသထွက်စရာ အကောင်းဆုံးမှာ လျိုတာဖုန်းက ယွမ်တစ်ရာတန် ငွေစက္ကူကို ကောက်ကိုင်၍ သေချာ ကြည့်ရှုပြီးနောက် စိုးရိမ်တကြီးဖြင့် ပြောလိုက်ခြင်းပင် ဖြစ်သည်။
"အစ်ကိုကြီး...၊ ဒါ ငွေတုကြီး မဟုတ်ပါဘူးနော်...။"
"ကျွန်တော် အလုပ်လုပ်နေတဲ့ အစိုးရပိုင် ဟိုတယ်ကြီးမှာတောင် သည်လောက် တန်ဖိုးကြီးတဲ့ ငွေစက္ကူ မျိုး တစ်ခါမှ မမြင်ဖူးဘူး...။ ပြီးတော့ အစ်ကိုကြီးတို့ မိသားစု အခြေအနေကိုလည်း ကျွန်တော် သိတယ် လေ...။ သည်လောက် ပိုက်ဆံအများကြီး ရှိနေဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး...။"
"အစ်ကိုကြီး...၊ ငွေတု ကိုင်ဆောင်ထားတာက တရားမဝင်ဘူးနော်...။ ဒါကို အမြန်ဆုံး ဖျက်ဆီးပစ်မှ ရမယ်...။ မဟုတ်ရင် အစ်ကိုကြီး အဖမ်းခံရလိမ့်မယ်...။"
"ကျွန်တော်တို့က ဆင်းရဲပေမဲ့ ရိုးသားဖြောင့်မတ်တယ် ပြီးတော့ ဖြတ်လမ်းကနေ ဘယ်တော့မှ မသွား ဘူးလေ...။ ဒါတွေက အရင်က အစ်ကိုကြီး ကျွန်တော့်ကို သင်ပေးခဲ့တာတွေပဲမဟုတ်လား...။"
ထိုစကားများကို ကြားသောအခါ တစ်ဖက်မှ ဟွဲ့ကျားမှာ ဒေါသပေါက်ကွဲသွားတော့သည်။
"သြော်... နင်တို့ ညီအစ်ကို နှစ်ယောက်က ငါ့ကို ငွေတုနဲ့ လိမ်ဖို့ ကြိုးစားနေတာကိုး...။"
"ငါက ခုနက ယွမ်တစ်ရာတန်ကို မြင်ပြီး မျက်စိကန်းသွားလို့ နင်တို့ ညီအစ်ကို နှစ်ယောက်ရဲ့ အဝတ် အစားတွေကို ကြည့်ပြီး ချမ်းသာတဲ့သူတွေ မဟုတ်မှန်း သတိမထားမိလိုက်ဘူး...။"
"နင်တို့ ဘယ်မှ ထွက်သွားဖို့ မစဉ်းစားနဲ့...၊ ငါ ရဲခေါ်ပြီး နင်တို့ကိုဖမ်းခိုင်းမယ်...။ ယုတ်မာတဲ့ ဖားပြုပ် ကောင် နှစ်ကောင်ငါ့ကို သည်လိုမျိုး လာကစားရဲတယ်ပေါ့လေ...၊ နင်တို့ နောင်တရသွားအောင် လုပ်ပေး မယ်...။"
ထိုသို့ ပြောရင်း ဟွဲ့ကျားက ရဲကို ဖုန်းဆက်ရန် သူမ၏ ဖုန်းကို ထုတ်ယူလိုက်လေသည်။
လျန်ထျန်းသည် သူထုတ်လိုက်သော ငွေစက္ကူမှာ ငွေတုမဟုတ်ကြောင်း သိထားသဖြင့် သိပ်ပြီး ကြောက် ရွံ့နေခြင်း မရှိပေ။
သို့သော် လျိုတာဖုန်းမှာမူ သူ၏ ဝမ်းကွဲအစ်ကို ထုတ်လိုက်သော ယွမ်တစ်ရာတန် သည်ငွေတု ဖြစ်သည် ဟု လုံးဝ ယုံကြည်သွားပြီ ဖြစ်သဖြင့် လျန်ထျန်းအားဆွဲကာ စိုးရိမ်တကြီးဖြင့် ပြောလိုက်လေသည်။
"အစ်ကိုကြီး...၊ ကျွန်တော်တို့ အမြန် သွားရအောင်...။ မဟုတ်ရင် ရဲတွေ ရောက်လာရင်ထွက်သွားလို့ ရတော့မှာ မဟုတ်ဘူး...။ ဒါမှမဟုတ် ပြစ်ဒဏ် သက်သာခွင့်ရဖို့အတွက် အစ်ကိုကြီးနဲ့အတူတူ ကျွန်တော် ပါ လိုက်ပြီးအဖမ်းခံပေးမယ်လေ...။"
လျန်ထျန်းမှာ သူ၏ တုံးအလှသော ဝမ်းကွဲညီကြောင့် ရူးတော့မတတ် ဖြစ်သွားရသော်လည်း ထိုအချိန် မှာပင် လူတစ်ယောက် ရောက်ရှိလာခြင်းက အချိုးအကွေ့တစ်ခုကိုဖြစ်ပေါ်စေခဲ့သည်။
"လျန်ထျန်း...၊ တိုက်ဆိုင်လိုက်တာ...။ ကျွန်မတို့ ဒီမှာ လာဆုံရတာ တကယ့်ကို ရေစက်ပဲနော်...။"
ချိုအီနေသော အသံတစ်သံ ထွက်ပေါ်လာပြီး သူတို့ သုံးယောက်စလုံး တစ်ပြိုင်နက်တည်း
လှည့်ကြည့်လိုက်သောအခါ အထက်တန်းလွှာ ပုံစံ ဝတ်ဆင်ထားသော မိန်းကလေး တစ်ယောက် လျှောက်လာသည်ကို မြင်လိုက်ရလေသည်။
ထိုမိန်းကလေးကို မြင်လိုက်ရသောအခါ လျန်ထျန်း၏ ပထမဆုံး အတွေးမှာ လုံးဝကို ဇဝေဇဝါ ဖြစ်သွား ရလေသည်။ အဘယ်ကြောင့်ဆိုသော် ထိုမိန်းကလေးမှာ အခြားသူ မဟုတ်ဘဲ ဒေါ်လေးချောင် မိတ်ဆက် ပေးခဲ့သော ရွှီရှီယောင် ဖြစ်နေသောကြောင့်ပင်။
ရွှီရှီယောင်ကို မြင်ပြီးနောက် ဟွဲ့ကျားသည် ခေါ်တော့မည့် ဖုန်းကို မဆက်တော့ပေ။ ထို့အစား သူမထံသို့ သွားကာ လက်ကို ဆွဲကိုင်လိုက်လေသည်။
"ယောင်ယောင်...၊ နင်က ဘာလို့ ဒီလောက် နောက်ကျနေရတာလဲ...။"
*ဘုရားရေ...၊ သည်မိန်းကလေး နှစ်ယောက်က အချင်းချင်း သိနေကြတာကိုး...။*
သို့သော် သေချာ ပြန်တွေးကြည့်လျှင်လည်း ယုတ္တိတန်လှပေသည်။ သူတို့ နှစ်ယောက်စလုံးကို ဒေါ်လေး ချောင် က မိတ်ဆက်ပေးခဲ့ခြင်း ဖြစ်ရာ သူတို့နှစ်ယောက်စလုံး ဒေါ်လေးချောင်နှင့် တစ်နည်းနည်းဖြင့် ပတ်သက်ဆက်နွှယ်မှု ရှိနေနိုင်ပေသည်။
သို့သော် ရွှီရှီယောင်ကမူ သူမ၏ သူငယ်ချင်းကို သိပ်ပြီး ဂရုမစိုက်ပေ။ သူမ၏ မျက်ရည်ဝဲနေသော မျက်လုံးဝိုင်းကြီးများထဲတွင် လျန်ထျန်းသာ ပြည့်နှက်နေခဲ့လေသည်။
"လျန်ထျန်း...၊ ပြီးခဲ့တဲ့ တစ်ခေါက်က တွေ့ပြီးကတည်းက ရှင် ဘာလို့ ကျွန်မကို မဆက်သွယ်တော့တာ လဲ...။"
"ကျွန်မ ရှင့်ကို ဖုန်းခေါ်ခဲ့တဲ့ အကြိမ်အနည်းငယ်မှာ ရှင်က အစပိုင်းမှာတော့ ကိုင်ပေမဲ့ မြန်မြန် ချပစ်ခဲ့ တယ်...။ နောက်ပိုင်းကျတော့ ရှင်က ကျွန်မ ဖုန်းတွေကို လုံးဝ မကိုင်တော့ဘူး...။"
"ရှင်က အလုပ်များနေတယ်...၊ ငွေကြီးငွေခိုင်တွေ ရှာဖို့ အလုပ်ရှုပ်နေတယ် ဆိုတာကိုကျွန်မ သိပါတယ် ...။ ဒါပေမဲ့ ရှင် ဘယ်လောက်ပဲ အလုပ်များနေပါစေ ကိုယ့်ချစ်သူကောင်မလေးကို ခုလိုမျိုး ပစ်ထား လို့ မရဘူးလေ ဟုတ်တယ်မလား...။"
"မိန်းကလေးတွေဆိုတာ ပန်းလေးတွေလိုပဲ ယုယပြုစုပေးဖို့ လိုတယ်ဆိုတဲ့ စကားကို ရှင်မကြားဖူး ဘူးလား...။ ရှင် ကျွန်မကို လျစ်လျူရှုထားကတည်းက ကျွန်မဘယ်လောက်တောင် ညှိုးနွမ်းသွားပြီလဲ ဆိုတာကိုကြည့်ပါဦး...။"
ရွှီရှီယောင်၏ သိသာလွန်းသော ဟန်ဆောင် ပူဆာနေသည့် စကားများကို ကြားသောအခါလျန်ထျန်းမှာ တစ်ကိုယ်လုံး ကြက်သီးများ ထသွားခဲ့ပြီး သူ၏ လက်ကို အလျင်အမြန် ဝှေ့ယမ်းလိုက်လေသည်။
"ရပ်လိုက်စမ်း...။"
"မင်းက ဘယ်တုန်းက ငါ့ချစ်သူ ဖြစ်သွားရတာလဲ...။ ပြီးခဲ့တဲ့ တစ်ခေါက်ကတွေ့ပြီးတဲ့နောက်မှာ ငါတို့ အချင်းချင်း ဘာမှမပတ်သက်တော့ဘူးလို့ မင်းကို ပြောထားခဲ့တယ် မဟုတ်လား...။"
"ပြီးတော့ မင်းက ဒေါ်လေးချောင်ကတစ်ဆင့် ငါ့အမေဆီက ငါ့ဖုန်းနံပါတ်ကို တောင်းခဲ့တာ မဟုတ်လား ...၊ ငါ မင်း ဖုန်းတွေကို မကိုင်ဘူးဆိုရင်လည်း နောက်နံပါတ် တစ်ခုကနေ ခေါ်လိုက်လေ...။"
"ကျေးဇူးပြုပြီး ငါ မင်းကို တောင်းပန်ပါတယ်...၊ ငါ့ဘဝထဲကို ဝင်မရှုပ်ပါနဲ့တော့ ဟုတ်ပြီလား...။ ငါတို့က တကယ်ကို မလိုက်ဖက်ပါဘူး...။"
တစ်ချိန်က မာနကြီးခဲ့သော ရွှီရှီယောင်သည် ယခုအခါ လျန်ထျန်း၏ ငြင်းပယ်မှုနှင့် ရင်ဆိုင်ရချိန်တွင် မတရားခံရသည့် အပြစ်ကင်းစင်သော မိန်းကလေးငယ်တစ်ဦးကဲ့သို့ ပြုမူနေပြီး အောက်နှုတ်ခမ်းကို ကိုက်ကာပြောလိုက်လေသည်။
"လျန်ထျန်း...၊ ကျေးဇူးပြုပြီး အဲ့လို မလုပ်ပါနဲ့...။ ပြီးခဲ့တဲ့ တစ်ခေါက်က ရှင့်ကို စိတ်ဆိုးအောင် လုပ်မိ မှန်း ကျွန်မ သိပါတယ်...။ ကျွန်မ မှားသွားပါတယ်...။"
"ကျေးဇူးပြုပြီး ကျွန်မကို နောက်ထပ် အခွင့်အရေး တစ်ခုလောက် ပေးပါ...။ ရှင့်ကိုပြန်ပြီး ကျေနပ် အောင် လုပ်ပေးပါ့မယ်လို့ ကျွန်မ ကတိပေးပါတယ်...။ ရှင်ခိုင်းတာမှန်သမျှ အကုန် လုပ်ပါ့မယ်...၊ ကျွန်မ ရှင့်ကို တကယ် ချစ်လို့ပါ...။"
လျန်ထျန်းမှာ ကျောချမ်းသွားလေသည်။
"ဒီလိုလုပ်ရအောင်...၊ ငါ့ရဲ့ ဘယ်အချက်ကို မင်း သဘောကျတာလဲ ဆိုတာကို ပြောပြ...။ ငါ ပြင်လိုက်ပါ့ မယ် ဟုတ်ပြီလား...။"
လျန်ထျန်းက မည်သို့ပင် ငြင်းပယ်နေစေကာမူ ရွှီရှီယောင်မှာ အမြဲတမ်း သနားစရာကောင်းပြီး တောင်းပန်နေသည့် အမူအရာကိုသာပြသနေခဲ့လေသည်။
ဟွဲ့ကျားမှာ ရွှီရှီယောင်ကို အံ့သြနေသော မျက်နှာထားဖြင့် ကြည့်နေခဲ့လေသည်။
သို့သော် သူမက ဉာဏ်မြန်သူဖြစ်ရာ မကြာမီပင် တစ်ခုခုကို တွေးမိသွားလေသည်။ ထို့နောက် သူမသည် ရွှီရှီယောင်ကို အလျင်အမြန် ဆွဲယူကာ တိုးတိုးလေး ပြောလိုက်လေသည်။
"ယောင်ယောင်...၊ ပြီးခဲ့တဲ့ တစ်ခေါက်က နင်နဲ့ ကြင်ယာ တွေ့ခဲ့တာ သူလား...။"
"အင်း... နင့်ကို ငါ ပြောစရာ တစ်ခုရှိတယ်...။ သည်လူက လိမ်လည်တဲ့သူ ဖြစ်ဖို့များတယ်...၊ သူက အခုလေးတင် သူ့ရဲ့ ဝမ်းကွဲညီအတွက် ငါ့ကို ငွေတုယွမ်တစ်ရာတန်နဲ့ လိမ်ဖို့ ကူညီပေးနေတာ...။"
"ပြီးခဲ့တဲ့ တစ်ခေါက်က နင် သူ့ဆီမှာ လိမ်ခံလိုက်ရတာ နေမယ်...။ သူ့ရဲ့ဝမ်းကွဲညီဖြစ်တဲ့ အရူးနဲ့တူတဲ့ ဟိုတစ်ယောက်က အခုလေးတင် အရာအားလုံးကို ငါ့ကို ပြောပြသွားတာ...။"
"သူတို့ မိသားစုက တကယ် ဆင်းရဲတာ...၊ လျန်ထျန်း ဆိုတဲ့ ဟိုလူက ပိုပြီး လည်ပုံရပေမဲ့ သူက လိမ်လည်တဲ့သူ ဖြစ်နိုင်တယ်...။"
ဟွဲ့ကျား၏ စကားများကို ကြားသောအခါ ရွှီရှီယောင်မှာ ခေတ္တမျှ မှင်တက်သွားခဲ့ပြီးနောက် လျန်ထျန်း အား သံသယအချို့ဖြင့် လှည့်ကြည့်လိုက်လေသည်။
သို့သော် သူမ ချက်ချင်းပင် တွေးလိုက်မိသည်။
*သည်လိုတော့ မဖြစ်နိုင်ပါဘူး...၊ ပြီးခဲ့တဲ့ တစ်ခေါက်က ငါ သူ့ကို ဖြတ်စားချင်လို့ ဈေးအရမ်းကြီးတဲ့ ဟင်းလျာတွေကို စားပွဲအပြည့် မှာခဲ့သေးတာပဲ...။*
"ပြီးတော့ သူက သူ့ပိုက်ဆံအိတ်ထဲက အသေးဆုံး တန်ဖိုးရှိတဲ့ ပိုက်ဆံနဲ့ ရှင်းသွားတာ...၊ အဲ့ဒါက ပိုက်ဆံအစစ်ဆိုတာကို ငါ ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရတာလေ...။"
"အဲ့ဒီအချိန်တုန်းက သူ့ပိုက်ဆံအိတ်ထဲမှာ ယွမ်တစ်ရာတန် ငွေစက္ကူတွေ အများကြီး ရှိနေသေးတယ်...။"
ဟွဲ့ကျားက စကားဖြတ်ပြောလိုက်သည်။
"ပိုက်ဆံအိတ်ထဲက တန်ဖိုးငယ်တဲ့ ငွေစက္ကူတွေက အစစ်ဖြစ်ပြီး တန်ဖိုးကြီးတဲ့ ငွေစက္ကူတွေက အတုတွေ ဖြစ်နေနိုင်တယ် မဟုတ်လား..."
ထိုစကားကို ကြားလိုက်ရသောအခါ ရွှီရှီယောင်၏ နုနယ်သော ခန္ဓာကိုယ်လေးမှာ တုန်ရီသွားခဲ့ပြီး ရုတ်တရက် အလင်းရသွားသကဲ့သို့ ဖြစ်သွားရလေသည်။
"နင် ပြောတာလည်း ယုတ္တိရှိသလိုပဲ...။"