အခန်း (၃၅-၃၆)
Vol. 4 Ch. 35-36
အခန်း (၃၅) နောက်ထပ် လှည့်ကွက်တစ်ခု
ရွှီရှီယောင်တစ်ယောက် လျန်ထျန်း၏ ချမ်းသာကြွယ်ဝသူဆိုသော အဆင့်အတန်းအပေါ် သံသယဝင် လာသည်ကို မြင်သောအခါ ဟွဲ့ကျားက အလျင်အမြန်ဖြည့်စွက်ပြောလိုက်လေသည်။
"ဟုတ်တယ်...၊ မဖြစ်နိုင်တာတော့ မဟုတ်ဘူး...။"
"ဘာပဲဖြစ်ဖြစ် ယောက်ျားတော်တော်များများက ငါတို့လို လှပတဲ့ မိန်းကလေးတွေကို သဘောကျပြီး ငါတို့ကို လှည့်စားဖို့ ဟန်ဆောင် လှည့်ကွက်တွေ သုံးတတ်ကြတာက သာမန်ပါပဲ...။"
ဟွဲ့ကျား၏ သုံးသပ်ချက်ကို နားထောင်ပြီးနောက် ရွှီရှီယောင်၏ မျက်နှာအမူအရာမှာ စိတ်ပျက်သွားဟန် ပေါ်လာခဲ့လေသည်။
မျက်နှာချင်းဆိုင် တွေ့ဆုံပွဲတွင် လျန်ထျန်း၏ ပိုက်ဆံအိတ်ထဲမှ များပြားလှသော ငွေကြေးများကို မြင်တွေ့ခဲ့ရကတည်းက သူမသည် နောက်ဆုံးတော့သူဌေးတစ်ဦးနှင့် ဆုံတွေ့ခဲ့ရပြီဟု ယုံကြည်သွား ခဲ့ခြင်း ဖြစ်လေသည်။
ဤချမ်းသာသော သူဌေးနှင့်သာ နီးစပ်သွားနိုင်ပါက အကြွေးများအတွက် ပူပန်စရာ မလိုတော့သည့် အပြင် တစ်သက်လုံးအတွက်ပင် စိတ်ပူစရာလိုတော့မည် မဟုတ်ပေ။
သို့သော် ယနေ့ ဟွဲ့ကျား သတိပေးလိုက်ပြီးနောက်မှသာ လျန်ထျန်းသည် ငွေတုများကို အသုံးပြုကာ ဟန်ဆောင်နေသော လူတစ်ယောက် ဖြစ်နေနိုင်ကြောင်း သူမ သဘောပေါက်သွားခဲ့လေသည်။
နက်ရှိုင်းသော စိတ်ပျက်အားငယ်မှုကြီးက သူမကို လွှမ်းမိုးသွားခဲ့လေသည်။ စိတ်ပျက်မှု၏ နောက်ကွယ် တွင် ဒေါသများလည်း ကပ်ပါလာခဲ့သည်။ သို့သော် သူမသည် လိမ္မာပါးနပ်သော အကြံတစ်ခုကို အလျင် အမြန် တွေးမိသွားပြီး ကောက်ကျစ်သော လေသံဖြင့် ပြောလိုက်လေသည်။
"သည်လိုလုပ်ရအောင်...၊ ငါတို့ သူတို့ကို ထပ်ပြီး ဖြတ်စားကြမယ်...။ ပြီးတော့ အဲ့ဒီ ယွမ်တစ်ရာတန်နဲ့ ရှင်းခိုင်းလိုက်မယ်...။"
"ငါ သိသလောက်ဆိုရင် သည်အဆင့်မြင့် စားသောက်ဆိုင်မှာ ပရော်ဖက်ရှင်နယ် ငွေစစ်စက် ရှိတယ် လေ...။ အဲ့ဒါ အစစ်လား အတုလားဆိုတာကို ငါတို့ စစ်ကြည့်လို့ ရတာပဲ မဟုတ်ဘူးလား...။"
ထိုစကားကို ကြားသောအခါ ဟွဲ့ကျားမှာလည်း စိတ်လှုပ်ရှားသွားခဲ့လေသည်။
"ကောင်းပြီ...၊ ကောင်းပြီ...။ အစစ်ဖြစ်ဖြစ် အတုဖြစ်ဖြစ် ငါတို့ကတော့ နစ်နာစရာမရှိပါဘူး၊ တကယ်လို့ တကယ်ပဲ ငွေတု ဖြစ်နေခဲ့ရင် စားသောက်ဆိုင်ကို ရဲခေါ်ခိုင်းပြီး သူတို့ကို အဖမ်းခံခိုင်းလိုက်မယ်...။"
သဘောတူညီမှု ရသွားပြီးနောက် မိန်းကလေး နှစ်ယောက်သည် သူတော်ကောင်း ယောင်ဆောင်ကာ နေရာတွင် ပြန်ထိုင်လိုက်ကြလေသည်။
ထိုယွမ်တစ်ရာတန်မှာ ငွေတု ဖြစ်နိုင်ခြေ အလွန်များကြောင်း သံသယဝင်သွားသဖြင့် လျန်ထျန်းအပေါ် ထားရှိသော ရွှီရှီယောင်၏ အပြုအမူမှာ ချက်ချင်းပင် အေးစက်သွားခဲ့ပြီး ပြောလိုက်လေသည်။
"ဒီလိုလိုလုပ်ရအောင်...။ အခုက နေ့လယ်စာ စားချိန်လည်း ရောက်နေပြီဆိုတော့ အစားအသောက်လေး ဘာလေး မှာလိုက်ကြမယ်လေ...။ တစ်ခုခု နားလည်မှုလွဲတာ ရှိရင်လည်း စားရင်းသောက်ရင်း ပြောကြ တာပေါ့ ဟုတ်ပြီလား...။"
ဟွဲ့ကျားကလည်း ချက်ချင်း ဝင်ထောက်ခံလိုက်လေသည်။
"ဟုတ်တယ်...၊ ကျွန်မလည်း ဗိုက်ဆာနေပြီ...။ ရှင်တို့ ညီအစ်ကို နှစ်ယောက်က သည်လောက်တောင် ချမ်းသာနေမှတော့ အဲ့ဒီ ယွမ်တစ်ရာတန်လေးနဲ့ကျွန်မတို့ကို ထမင်းတစ်နပ်လောက် ကျွေးပါလား...။"
ထိုမိန်းကလေး နှစ်ယောက်၏ စကားများကို ကြားပြီးနောက် လျန်ထျန်းမှာ တည်တည်ငြိမ်ငြိမ်ပင် ရှိနေသော်လည်း လျိုတာဖုန်းမှာမူ အလွန်အမင်း စိုးရိမ်နေခဲ့လေသည်။
"ဘာလို့ ယွမ်တစ်ရာတန် လိုရမှာလဲ...၊ ကျွန်တော့်ဆီမှာ ပိုက်ဆံ နည်းနည်း ရှိပါတယ်...။ အစ်ကိုကြီးရဲ့ ပိုက်ဆံကို သုံးစရာ မလိုပါဘူး...။"
ထိုသို့ပြောရင်း လျိုတာဖုန်းသည် သူ၏ အိတ်ကပ်ထဲမှ ပြားအနည်းငယ်ကို အမြန် ထုတ်လိုက်လေသည်။ ၎င်းမှာ သူ စုဆောင်းထားသမျှ ပိုက်ဆံအားလုံးပင် ဖြစ်သည်။
သို့သော် မိန်းကလေး နှစ်ယောက်က သဘောမတူပေ။
ဟွဲ့ကျားက - "ဘယ်ရမလဲ...။ အဲ့ဒီ ယွမ်တစ်ရာတန်ကို သုံးရမှာပေါ့...၊ ဒါက အဆင့်မြင့် စားသောက်ဆိုင် လေ...။ ပြားအနည်းငယ်နဲ့ ထမင်းတစ်နပ် စားဖို့ဆိုတာ ဘယ်လိုလုပ်လောက်မှာလဲ...။"
ရွှီရှီယောင်က - "ဟုတ်တယ်... ပြီးတော့ ဒီစားသောက်ဆိုင်က အကြွေမအမ်းနိုင်မှာကိုလည်း ပူစရာ မလိုပါဘူး...။ ဘာလို့လဲဆိုတော့ ငါ သိသလောက် ။ ဒီဆိုင်ပိုင်ရှင်က အိမ်ခြံမြေ လုပ်ငန်းရှင်ကြီး တစ် ယောက်လေ...။"
"ဒီစားသောက်ဆိုင် ဖွင့်ထားတာက သူ့အတွက် ဘေးပေါက် လုပ်ငန်းလေး တစ်ခုပါပဲ...။ သူ့ရဲ့အိမ်ခြံမြေ ကုမ္ပဏီက မကြာသေးခင်ကမှ ယွမ်တစ်ထောင်ကျော်တန် မြေကွက်တစ်ကွက်ဝယ်လိုက်တယ်လို့ ကြား တယ်...။"
"ဒီလို ချမ်းသာတဲ့သူမျိုးကမှ ရှင့်ရဲ့ ယွမ်တစ်ရာတန်ကို အကြွေအမ်းပေးနိုင်မှာပေါ့...။"
"ဒါပေမဲ့ ရှင်က မရဲဘူးဆိုရင်တော့ အဲ့ဒီ ယွမ်တစ်ရာတန်က ငွေတု ဖြစ်နေတာသေချာသွားပြီ...။ အခု ကျားကျားကို ရဲကိုဖုန်းဆက်ခေါ်ခိုင်းလိုက်တော့မယ်...။"
ထိုသို့ပြောပြီးနောက် မိန်းကလေး နှစ်ယောက်သည် လျန်ထျန်းနှင့် လျိုတာဖုန်းတို့အား လှောင်ပြောင် သည့် အမူအရာဖြင့် စိုက်ကြည့်နေကြလေသည်။
လျန်ထျန်းသည် ထိုမိန်းကလေး နှစ်ယောက်၏ ရည်ရွယ်ချက်ကို မြင်ယောင်နေသဖြင့် ကြောက်ရွံ့ခြင်း မရှိဘဲ တည်ငြိမ်စွာပင် ခေါင်းညိတ်လိုက်လေသည်။
"ကောင်းပြီလေ...၊ မှာကြတာပေါ့...။"
ဘေးတွင် ရပ်နေသော လျိုတာဖုန်းက သူ့ကို စိုးရိမ်တကြီးဖြင့် ဆွဲကိုင်လိုက်လေသည်။
"အစ်ကိုကြီး...၊ ခင်ဗျား...။"
လျန်ထျန်းက သူ၏ ပခုံးကို ပုတ်ကာ ပြောလိုက်သည်။
"ညီလေး...၊ စိတ်မပူပါနဲ့ မင်းအစ်ကိုကြီးရဲ့ ပိုက်ဆံက အစစ်တွေပါ...။ လွတ်လွတ်လပ်လပ်သာ စားသောက်လိုက်ပါ...။ ဘာမှ ပူစရာ မလိုပါဘူး...။"
"ပြီးတော့ ခုနက ငါပြောခဲ့တဲ့ ဗီလာအိမ်ကြီးတွေ လမ်ဘော်ဂီနီတို့ ဖာရာရီတို့ဆိုတာတွေကလည်း မင်းကို လိမ်ပြောနေတာ မဟုတ်ဘူး...။"
"ငါတို့ စားပြီးသွားရင် မင်းကို ဈေးဝယ်ထွက်ဖို့ ခေါ်သွားမယ်...။ မင်းနဲ့ အဒေါ်တို့ကနှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲခံခဲ့ရပြီလေ...။ အခု အပျော်လေးတွေ ခံစားဖို့အချိန်ရောက်ပြီပေါ့...။"
ထိုစကားများကို ကြားပြီးနောက် လျိုတာဖုန်းမှာ အူကြောင်ကြောင် ဖြစ်နေဆဲပင် ဖြစ်သော်လည်း မျက်နှာချင်းဆိုင်ရှိ မိန်းကလေး နှစ်ယောက်ကမူ ရယ်မောလိုက်ကြလေသည်။
ဟွဲ့ကျားက - "ဟန်ဆောင်နေတုန်းပဲလား... ကောင်းပြီလေ ရှင် သည်ဟန်ဆောင်မှုကို ဘယ်လောက် ကြာကြာ ဆက်လုပ်နိုင်မလဲ ဆိုတာကို စောင့်ကြည့်ရသေးတာပေါ့...။ ကျွန်မဒီဆိုင်က ဟင်းလျာတွေကို သိတယ်...။ ကျွန်မပဲ မှာလိုက်မယ်...။"
ရွှီရှီယောင်က - "ပြီးခဲ့တဲ့ တစ်ခေါက်က ငါ ရှင့်ရဲ့ လှည့်စားမှုကို ခံရမလို့ပဲ...။ ဒါပေမဲ့ အခု ပြန်တွေး ကြည့်တော့ အဲ့ဒီ ထမင်းတစ်နပ်က ရှင့်ရဲ့ စုဆောင်းငွေအများစုကို ကုန်သွားစေလောက်ပြီ...။"
"ရှင်က သည်တစ်ခေါက်လည်း ကြွားလုံးထုတ်ဖို့ ကြိုးစားနေတာလား...။ အဲ့ဒီပိုက်ဆံက ငွေတုဆိုတာ သိသွားတဲ့အခါ ရှင် ဘယ်လို ဖြေရှင်းမလဲ ဆိုတာကို စောင့်ကြည့်ရသေးတာပေါ့...။"
လျန်ထျန်း၏ ပိုက်ဆံအိတ်ထဲရှိ ယွမ်တစ်ရာတန်မှာ ငွေတုဖြစ်ကြောင်းကို ရွှီရှီယောင် ယခုအခါ လုံးဝ ယုံကြည်သွားခဲ့ပြီ ဖြစ်သည်။ အကြောင်းရင်း တစ်စိတ်တစ်ပိုင်းမှာ ပြီးခဲ့သည့်အကြိမ် ကြင်ယာ တွေ့ဆုံ ခဲ့စဉ်က လျန်ထျန်းမှာ အစားအသောက် ပို့ဆောင်သူ၏ ယူနီဖောင်းကို ဝတ်ဆင်ထားခဲ့သည်ကို သူမ မှတ်မိနေသောကြောင့်ပင်။
ဘာပဲဖြစ်ဖြစ် ယွမ်တစ်ရာတန် တစ်ရွက်ကို သယ်ဆောင်နိုင်သူမှာ အလွန် နည်းပါးလှပြီး အများကြီး တစ်ပြိုင်နက် သယ်ဆောင်နိုင်ဖို့ဆိုတာကတော့ ဝေလာဝေးပင် ဖြစ်သည်။
ထို့အပြင် လျန်ထျန်းသည် ပြီးခဲ့သည့်အကြိမ်က ပို့ဆောင်ရေး ယူနီဖောင်းကို ဝတ်ဆင်ထားခဲ့ပြီး ယခု တစ်ကြိမ်တွင်လည်း ဒီဇိုင်နာအမှတ်တံဆိပ် တစ်ခုမှ မပါဝင်သော သာမန် အဝတ်အစားများ ကိုသာ ဝတ်ဆင်ထားလေသည်။
ထိုကဲ့သို့သော လူတစ်ယောက်က ဘယ်လိုလုပ် ချမ်းသာနိုင်ပါမည်နည်း။
"ဟင်း…ဟင်း.. "
*ပြီးခဲ့တဲ့ တစ်ခေါက်က ငွေတုနဲ့ တကယ် အရူးလုပ်ခံလိုက်ရတာ...။ ဒီလိုအမှားမျိုးကို နောက်တစ်ခါ ဘယ်တော့မှ ထပ်အမှားမခံတော့ဘူး...။*
မကြာမီပင် ဈေးကြီးသော ဟင်းလျာများ တစ်ပွဲပြီးတစ်ပွဲ ရောက်ရှိလာကာ စားပွဲတစ်ခုလုံး အပြည့် ဖြစ်သွားလေတော့သည်။
သူတို့ ပိုက်ဆံရှင်းစရာ မလိုသဖြင့် ထိုမိန်းကလေး နှစ်ယောက်သည် မည်သည့် တုံ့ဆိုင်းမှုမှ မရှိဘဲ စားသောက်နေကြလေတော့သည်။
အကယ်၍ ယွမ်တစ်ရာတန်မှာ ငွေတု ဖြစ်နေခဲ့လျှင်တောင်မှ ၎င်းသည် ကောင်လေး နှစ်ယောက်၏ ပြဿနာသာ ဖြစ်ပြီး စားသောက်ဆိုင်က သူတို့ကို ပြဿနာရှာလိမ့်မည် ဖြစ်သည်။
ထမင်းစားနေစဉ် တစ်ဝက်ခန့်တွင် လျန်ထျန်းမှာ ဗိုက်ထဲတွင် အနည်းငယ် မအီမသာ ဖြစ်လာသဖြင့် မတ်တတ်ရပ်လိုက်လေသည်။
"ခဏလေးနော်...၊ ကျွန်တော် အိမ်သာ သွားလိုက်ဦးမယ်...။"
သို့သော် သူ ထိုင်ခုံမှပင် မထရသေးမီ မျက်နှာချင်းဆိုင်မှ မိန်းကလေး နှစ်ယောက်က အလျင်အမြန် လာရောက်ကာ သူ့ကို တားဆီးလိုက်ကြလေသည်။
ဟွဲ့ကျားက - "ဟက်...၊ သည်လို အပေါစား ဆင်ခြေမျိုးနဲ့ လစ်ပြေးဖို့ ကြိုးစားနေတာလား... ။ ရှင်က ကျွန်မတို့ကို အရမ်း အထင်သေးလွန်းနေပြီ...။"
ရွှီရှီယောင်က - "ဟုတ်တယ်...။ အိမ်သာသွားချင်ရင် သွားလို့ရတယ်...၊ ဒါပေမဲ့ ပိုက်ဆံအရင် ရှင်းရမယ် ...။ ပြီးတော့ အဲ့ဒီ ယွမ်တစ်ရာတန်ကို ငါတို့ရှေ့မှာ သုံးပြီး ရှင်းပြရမယ်...။"
မိန်းကလေး နှစ်ယောက်က သူ့အား သူခိုးတစ်ယောက်လို စိုက်ကြည့်နေသည်ကို မြင်သောအခါ လျန်ထျန်း မှာ ဆွံ့အသွားရလေသည်။
"ကျွန်တော် တကယ် အိမ်သာ သွားချင်ရုံလေးပါ...၊ ထားလိုက်ပါတော့... ။ ပိုက်ဆံ အရင် ရှင်းကြတာ ပေါ့...။"
သူက စားပွဲထိုး တစ်ယောက်ကို ခေါ်လိုက်ပြီး ယွမ်တစ်ရာတန်ကို ကမ်းပေးလိုက်လေသည်။
ယွမ်တစ်ရာတန် ငွေစက္ကူကို မြင်လိုက်ရသောအခါ စားပွဲထိုးမှာ လုံးဝ အံ့အားသင့်သွားခဲ့ပြီး လှမ်းယူ ရန်တုံ့ဆိုင်းနေခဲ့လေသည်။
ထိုစဉ် မိန်းကလေး နှစ်ယောက်က ထပ်မံ ပြောလိုက်ကြလေသည်။
ဟွဲ့ကျားက - "စိတ်မလှုပ်ရှားပါနဲ့...၊ အရင်ဆုံး စစ်ဆေးကြည့်လိုက်ပါဦး...။"
ရွှီရှီယောင်က - "ဟုတ်တယ်...။ အဲ့ဒါကို ယူပြီး သေချာ စစ်ဆေးကြည့်လိုက်...။ အတုဖြစ်နေတာ တွေ့ရင် ရဲကိုသာ တန်းခေါ်လိုက်ပါ...၊ ငါတို့သက်သေခံပေးလို့ ရတယ်...။"
ထိုစကားကို ကြားသောအခါ စားပွဲထိုးမှာ အနည်းငယ် မှင်တက်သွားသော်လည်း သူ၏ စိုးရိမ်မှုများ သိသိသာသာ လျော့ကျသွားပြီး ယွမ်တစ်ရာတန်ကို ယူရဲသွားလေသည်။
ငွေရှင်းကောင်တာတွင် ငွေစစ်ဆေးနေစဉ်အတွင်း ထိုမိန်းကလေး နှစ်ယောက်သည် လျန်ထျန်းနှင့် လျိုတာဖုန်းတို့ ထွက်ပြေးသွားမည်ကို စိုးရိမ်သဖြင့် အနီးကပ် စောင့်ကြည့် နေကြလေသည်။
လျန်ထျန်းမှာ တစ်ချိန်လုံး တည်ငြိမ်နေခဲ့သော်လည်း လျိုတာဖုန်းမှာမူ အလွန်အမင်း စိုးရိမ်နေသဖြင့် နဖူးမှ ချွေးများပင် စီးကျလာခဲ့လေသည်။
လျိုတာဖုန်း၏ စိုးရိမ်နေသော မျက်နှာအမူအရာကို မြင်သောအခါ ထိုမိန်းကလေး နှစ်ယောက်မှာ ယွမ်တစ်ရာတန်သည် ငွေတုဖြစ်ကြောင်း ပို၍ပင် ယုံကြည်သွားကြလေသည်။
သို့သော် ခေတ္တမျှ ကြာပြီးနောက်...
စားပွဲထိုးက လျန်ထျန်းထံသို့ ယွမ်တစ်ရာတန် ငွေစက္ကူကို ပြန်ပေးလာခဲ့လေသည်။ မျက်နှာချင်းဆိုင်မှ မိန်းကလေး နှစ်ယောက်မှာ အကြောင်းပြချက် မရှိဘဲ စိတ်လှုပ်ရှားလာကြလေသည်။
ဟွဲ့ကျားက - "တွေ့လား...၊ အဲ့ဒါ ငွေတုပါလို့ ငါ ပြောသားပဲ...။ အခုတော့ ပြန်ပေးလာပြီလေ...။"
ရွှီရှီယောင်က - "ရဲခေါ်ပြီးပြီလား...။ စိတ်မပူပါနဲ့ ငါတို့ သူတို့ကို စောင့်ကြည့်ထားပေးမယ်...။ ဒီငွေတု သုံးတဲ့ နှစ်ယောက်ကို ဥပဒေအရ အရေးယူခံရဖို့ သေချာအောင် လုပ်ပေးမယ်...။"
သို့သော် မိန်းကလေး နှစ်ယောက် အကျယ်ကြီး အော်ဟစ်နေစဉ်မှာပင် စားပွဲထိုး၏ နောက်ထပ် စကားများကြောင့် သူတို့ လုံးဝ မှင်တက်သွားကြလေသည်။
စားပွဲထိုးက လျန်ထျန်းကို ရိုသေစွာဖြင့် အရိုအသေပေးလိုက်ပြီးနောက် ပြောလိုက်လေသည်။
"လူကြီးမင်း...၊ လူကြီးမင်းရဲ့ ပိုက်ဆံက အစစ်ပါ...။ ဒါပေမဲ့ ကျွန်တော်တို့ စားသောက်ဆိုင်မှာ အကြွေ တကယ် ပြတ်နေလို့ပါ...။"
"ကျေးဇူးပြုပြီး ခဏလောက် စောင့်ပေးပါဦး...။ ကျွန်တော်တို့ သူဌေး လာနေပါတယ်...။ သူက လူကြီးမင်းကို တွေ့ချင်လို့ပါတဲ့...။"
အခန်း (၃၆) လုံးဝ မှင်တက်သွားခြင်း
စားပွဲထိုး ပြောလိုက်သည့် စကားကို ကြားပြီးနောက် ဟွဲ့ကျားနှင့် ရွှီရှီယောင်တို့မှာ တကယ်ကို မှင်တက် သွားကြလေတော့သည်။
အချိန်အတော်ကြာပြီးနောက်မှ အဖြစ်အပျက်ကို သဘောပေါက်သွားကာ စားပွဲထိုးထံ အပြေးသွားပြီး အတည်ပြု မေးမြန်းကြတော့သည်။
"ဘာပြောလိုက်တယ်...၊ အဲ့ဒီ ယွမ်တစ်ရာတန်က အစစ် ဟုတ်လား...။"
"ရှင် တစ်ခုခု မှားနေတာတော့ မဟုတ်ပါဘူးနော်...။ သေချာအောင် နှစ်ခေါက်လောက် စစ်ကြည့်ပြီး ပြီလား...။ ရှင် တစ်ခုခုများ လွတ်သွားသေးလား သေချာကြည့်ပါဦး...။"
စားပွဲထိုးက အလွန် လေးနက်စွာဖြင့် ပြန်ဖြေလိုက်လေသည်။
"ကျွန်တော်တို့ စားသောက်ဆိုင်မှာ ပရော်ဖက်ရှင်နယ် ငွေစစ်စက် ရှိပါတယ်...။ ဒီလောက် တန်ဖိုးကြီးတဲ့ ငွေစက္ကူမျိုးဆိုရင် အမှားအယွင်း မရှိရအောင် သေချာတင်းတင်းကျပ်ကျပ်ကို အကြိမ်ကြိမ် စစ်ဆေး ပါတယ်ခင်ဗျာ...။"
ထိုစကားကို ကြားသောအခါ မိန်းကလေး နှစ်ယောက်မှာ ထပ်မံ မှင်တက်သွားခဲ့ပြီး အချိန်အတော်ကြာ သည်အထိ ဘာမှ ပြန်မပြောနိုင်အောင်ဖြစ်သွားရလေသည်။
လျန်ထျန်းက သူ၏ ဗိုက်ကို ဖိထားရင်း စားပွဲထိုးကို ပြောလိုက်လေသည်။
"ကောင်းပြီလေ...၊ မင်းတို့ သူဌေးလည်း လာနေတုန်းဆိုတော့ ငါ အိမ်သာ အရင်သွားလိုက်ဦးမယ်...။ ငါ ပြန်လာမှပဲ တွေ့ကြတာပေါ့...။"
စားပွဲထိုးက ရိုသေစွာဖြင့် ဘေးသို့ ဖယ်ပေးလိုက်သော်လည်း လျန်ထျန်းသည် ခြေလှမ်း နှစ်လှမ်းခန့် အလှမ်းတွင် ရပ်တန့်သွားကာ မိန်းကလေး နှစ်ယောက်ဘက်သို့ လှည့်ကြည့်လိုက်လေသည်။
"ဒီတစ်ခါတော့ မင်းတို့ ငါ့ကို မတားတော့ဘူးလား...။"
လျန်ထျန်း၏ မေးခွန်းကြောင့် မိန်းကလေး နှစ်ယောက်မှာ သတိပြန်ဝင်လာကြလေသည်။
သူတို့ လျန်ထျန်းကို ပြန်ကြည့်လိုက်သောအခါ ဟွဲ့ကျားနှင့် ရွှီရှီယောင်တို့၏ မျက်လုံးများထဲတွင် ရှုပ်ထွေးသော ခံစားချက်များ ပြည့်နှက်နေခဲ့လေသည်။
လျန်ထျန်းက ရယ်မောလိုက်ပြီး သူတို့ကို လျစ်လျူရှုကာ အိမ်သာသို့ အမြန် သွားလိုက်လေသည်။
အိမ်သာမှ ပြန်ထွက်လာသောအခါ ထိုနေရာတွင် နောက်ထပ် လူတစ်ယောက် ရောက်နေသည်ကို တွေ့လိုက် ရလေသည်။ သူသည် ဝတ်စုံပြည့် ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသား တစ်ဦး ဖြစ်ပြီး လက်ကောက်ဝတ်တွင် ဈေးကြီးသော နာရီတစ်လုံးကို ဝတ်ဆင်ထားကာ အောင်မြင်သူ တစ်ဦး ကဲ့သို့ ဝတ်ဆင်ထားလေသည်။
လျန်ထျန်းကို မြင်သောအခါ ထိုလူလတ်ပိုင်း အမျိုးသားသည် ခေတ္တမျှ ရပ်တန့်သွားပြီးနောက် ဘေးရှိ စားပွဲထိုးနှင့် အကြည့်ချင်း ဖလှယ်လိုက်ကာ ပြုံး၍ ဖော်ရွေစွာ လက်ကမ်းပေးလိုက်လေသည်။
"မင်္ဂလာပါ...၊ မင်္ဂလာပါ...၊ ကျွန်တော်က ဒီစားသောက်ဆိုင်ရဲ့ ပိုင်ရှင်နဲ့ ကျင်းတ အိမ်ခြံမြေ လုပ်ငန်းရဲ့ ဥက္ကဋ္ဌ လုချွမ်းရှုံပါ...။"
တစ်ဖက်လူ၏ စိတ်အားထက်သန်မှုကို မြင်သောအခါ လျန်ထျန်းကလည်း လက်ကမ်းပေးကာ လက်ဆွဲ နှုတ်ဆက်ရင်း ယဉ်ကျေးစွာ ပြောလိုက်လေသည်။
"မင်္ဂလာပါ...၊ တွေ့ရတာ ဝမ်းသာပါတယ်...။ ကျွန်တော့်ကို လျန်ထျန်းလို့ပဲ ခေါ်ပါ...။"
လက်ဆွဲနှုတ်ဆက်ပြီးနောက် လုချွမ်းရှုံ၏ စိတ်အားထက်သန်မှုမှာ လျော့ကျမသွားခဲ့ပေ။
"ဒီတစ်နပ်ကို မစ္စတာလျန်နဲ့ သူငယ်ချင်းတွေကို ကျွန်တော်ပဲ ဒကာခံပါရစေ...။ ဒါပေမဲ့ ကျွန်တော် မစ္စတာလျန်ကို ကိစ္စတစ်ခုလောက် ဆွေးနွေးဖို့ ကျွန်တော့်ရုံးခန်းကို ဖိတ်လို့ရမလား...။"
လျန်ထျန်းမှာ မျက်မှောင်အနည်းငယ် ကြုတ်သွားကာ တိုးတိုးလေး ရေရွတ်လိုက်မိသည်။
'ဒီလူက နည်းနည်းတော့ လွန်လွန်းနေပြီ... ပထမဆုံး အကြိမ် တွေ့ဖူးတာကို ဒီလောက်ဈေးကြီးတဲ့ အစားအသောက်တွေကို အခမဲ့ ကျွေးမယ်ဆိုတာ ပုံမှန်တော့ မဟုတ်ဘူး...။ နောက်ကွယ်မှာ တစ်ခုခုများ ရှိနေမလား...။'
ထိုသို့ တွေးမိသဖြင့် လျန်ထျန်းက ပြန်ပြောလိုက်လေသည်။
"စားပြီးရင် ပိုက်ဆံရှင်းရမှာက ထုံးစံပါပဲ...။ ဥက္ကဋ္ဌလုရဲ့ စေတနာကို ကျွန်တော်နားလည်ပါတယ်...။ ဒါပေ မဲ့ ပိုက်ဆံကိုတော့ ပုံမှန်အတိုင်းပဲ ရှင်းလိုက်ပါမယ်...။"
"တခြားကိစ္စ ရှိသေးရင် သည်မှာပဲ ဆွေးနွေးကြတာပေါ့...။ ကျွန်တော် နောက်မှာ လုပ်စရာလေးတွေ ရှိသေးလို့ နည်းနည်း အလျင်လိုနေလို့ပါ...။"
လျန်ထျန်း၏ စကားကို ကြားသောအခါ လုချွမ်းရှုံသည် ခေတ္တမျှ တုံ့ဆိုင်းသွားသော်လည်း ကြာရှည်မခံ ဘဲ သူ၏ စိတ်အားထက်သန်သော အပြုံးကို ဆက်လက် ထိန်းထားလိုက်လေသည်။
"မစ္စတာလျန် အလုပ်များနေတယ်ဆိုတာကို ကျွန်တော် နားလည်ပါတယ်...။ ဒါကြောင့် လိုရင်းကိုပဲ တိုက်ရိုက် ပြောလိုက်ပါမယ်...။"
"သည်လိုပါ...၊ မစ္စတာလျန်က သည်လောက် တန်ဖိုးကြီးတဲ့ ယွမ်တစ်ရာတန် ငွေစက္ကူကိုထမင်းစားဖို့ ယူလာနိုင်တယ်ဆိုတော့ မိသားစု နောက်ခံက တော်တော်လေးကို ကြီးမားမှာ သေချာပါတယ်...။"
"ကျွန်တော့်ရဲ့ ကျင်းတ အိမ်ခြံမြေ ကုမ္ပဏီက မကြာသေးခင်ကမှ နေရာကောင်းတဲ့ မြေကွက်တစ်ကွက် ကို ဝယ်ယူထားပြီး အခု ဆောက်လုပ်ရေးအတွက် ပြင်ဆင်နေတဲ့ အဆင့်မှာ ရှိပါတယ်...။"
"ကျွန်တော် မစ္စတာလျန်ကို ဆွေးနွေးချင်တာက သည်မြေကွက် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆောက်လုပ်ရေး မှာ ပါဝင်ဖို့ ဆန္ဒများ ရှိမလား ဆိုတာကိုပါ...။"
"သည်မြေကွက်ကို ဆောက်လုပ်ပြီးစီးသွားရင် ကြီးမားတဲ့ အမြတ်အစွန်းတွေ ရလာမယ်ဆိုတာကို ကျွန်တော် အာမခံနိုင်ပါတယ်...။ ယွမ် (၂၀၀) ကနေ စပြီး ရင်းနှီးမြှုပ်နှံလို့ ရပါတယ်...။ ဘယ်လို သဘော ရပါသလဲ...။"
ထိုစကားများကို ကြားပြီးနောက် လျန်ထျန်း သဘောပေါက်သွားလေသည်။
*ဒါဆိုရင် သည်လူက ငါ့ကို ရင်းနှီးမြှုပ်နှံဖို့ ဆွဲဆောင်နေတာကိုး...။ ကြည့်ရတာ အခုတလော အိမ်ခြံမြေ ဈေးကွက်က တကယ်ကို ခက်ခဲနေပုံပဲ...၊ ကျင်းတလို ခိုင်မာတဲ့ ကုမ္ပဏီတောင် ငွေကြေး လိုအပ်နေတယ် ဆိုတော့...။*
ကျင်းတ အိမ်ခြံမြေ လုပ်ငန်းသည် အယ်လ် (L) မြို့တော်တွင် နာမည်ကြီးသော ဒေသခံ အိမ်ခြံမြေ ကုမ္ပဏီတစ်ခု ဖြစ်သည်။ နိုင်ငံတစ်ဝန်း နာမည်ကြီးသော အိမ်ခြံမြေ ကုမ္ပဏီများနှင့် မယှဉ်နိုင်သော် လည်း မြို့အတွင်းရှိ ထိပ်တန်း ဆောက်လုပ်ရေး ကုမ္ပဏီများထဲမှ တစ်ခုအဖြစ် သတ်မှတ်ခံထားရဆဲပင် ဖြစ်သည်။
သူပြောလိုက်သော စကားအနည်းငယ်က အပေါ်ယံတွင်တော့ နားထောင်လို့ ကောင်းပြီး အားလုံး အတူ တူ ငွေရှာနိုင်မည်ဟု အဓိပ္ပာယ်ရပေသည်။
သို့သော် အကယ်၍သာ ဘာအန္တရာယ်မှ မရှိဘဲ သေချာပေါက် အမြတ်ရမည့် ကိစ္စဆိုလျှင် သူ့ကို ငွေရှာဖို့ အခွင့်အရေး ပေးစရာ အကြောင်းမရှိဘူးဆိုခြင်းကို လျန်ထျန်း နားလည်လေသည်။
ရင်းနှီးမြှုပ်နှံမှုတိုင်းတွင် အန္တရာယ် ရှိသည်ဆိုသည်ကို လျန်ထျန်း ကောင်းစွာ နားလည်ထားသည်။
သို့သော် တစ်ဖက်တွင်မူ လျန်ထျန်းသည် လက်ရှိတွင် ကမ္ဘာ့ကုန်ဈေးနှုန်းများ တစ်သန်းဆ ကျဆင်းသွား သည့် အခြေအနေတွင် ရောက်ရှိနေသဖြင့် သူ၏ လက်ထဲရှိ ယွမ် (၁၀၀) သည် အတိတ်က ယွမ် သန်း (၁၀၀) နှင့် ညီမျှနေလေသည်။
သည်လိုဆိုမှတော့ ယွမ် ရာဂဏန်းလောက် ရင်းနှီးမြှုပ်နှံကြည့်ဖို့က သိပ်ပြီး အန္တရာယ် မများနိုင်ဘူး မဟုတ်ပါလား။
ထို့အပြင် 'အန္တရာယ် များလေလေ အလားအလာရှိတဲ့ အမြတ်အစွန်း များလေလေပဲ...' ဆိုသည့် နာမည်ကြီး ရင်းနှီးမြှုပ်နှံမှု ဆိုရိုးစကား တစ်ခုလည်း ရှိသေးသည် မဟုတ်ပါလား။
အခြားသူတွေ အကြောက်လွန်နေချိန်မှာ သတ္တိရှိရှိ လုပ်ဆောင်ပြီး အခြားသူတွေ ရူးသွပ်နေချိန်မှာ သတိထားရမယ်...။ သည်နည်းလမ်းကသာ အခွင့်အရေးကို ဆုပ်ကိုင်ပြီး ငွေအများကြီး ရှာနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းပဲလေ။
အရေးအကြီးဆုံးမှာ လျန်ထျန်းသည် ကျင်းတ အိမ်ခြံမြေ လုပ်ငန်းတွင် ယွမ် ရာဂဏန်းမျှ ရင်းနှီးမြှုပ်နှံ လိုက်၍ သူ၏ ငွေများ အားလုံး ဆုံးရှုံးသွားလျှင်ပင် သူ့အတွက် ကြီးကြီးမားမား ထိခိုက်မှု မရှိနိုင်ဟု ခံစားမိသောကြောင့်ပင် ဖြစ်သည်။
*ယွမ် ရာဂဏန်းလောက်ကိုတော့ အစားအသောက် ပို့ဆောင်တဲ့ အလုပ် ရက်အနည်းငယ် လုပ်လိုက်ရင် ပြန်ရနိုင်တာပဲ မဟုတ်လား…။*
ထိုသို့တွေးမိပြီးနောက် လျန်ထျန်းက ပြောလိုက်လေသည်။
"ကောင်းပါပြီ...။ ဥက္ကဋ္ဌလုနဲ့ ဒီနေ့မှ တွေ့ရပေမဲ့ တစ်သက်လုံး ခင်လာခဲ့တဲ့ သူငယ်ချင်းတွေလို ခံစားရ ပါတယ်...။ ခင်ဗျား ပြောတဲ့ ပရောဂျက်မှာ ကျွန်တော် ရင်းနှီးမြှုပ်နှံပါမယ်...။"
"ယွမ် (၂၀၀) ကနေ မစပါနဲ့...။ ကျွန်တော့်ဆီမှာ ဒီနေ့ လက်ငင်း ယွမ် (၅၀၀) အတိအကျ ပါလာတယ်...။"
"ဒါဆိုရင် ဥက္ကဋ္ဌလုဆီကို နောက်ထပ် ယွမ် (၅၀၀) လွှဲပေးလိုက်ပါမယ်...။ စုစုပေါင်း ယွမ် (၁၀၀၀) အတိအကျ ဖြစ်သွားအောင်ပေါ့...၊ ဘယ်လိုလဲ...။"
လျန်ထျန်းက စောစောက ဤသို့ တွေးလိုက်မိခြင်း ဖြစ်သည်။
*ဘယ်လိုပဲဖြစ်ဖြစ် ရင်းနှီးမြှုပ်နှံဖို့ ဆုံးဖြတ်ပြီးမှတော့ နည်းနည်း ပိုပြီးရင်းနှီးမြှုပ်နှံလိုက်တာပေါ့...။ ယွမ် (၁၀၀၀) ဆိုတာ အများကြီးမှမဟုတ်တာ...၊ အစားအသောက် ပို့တဲ့ ကော်မရှင် လေးငါးရက်စာလောက်ပဲ ရှိတာကို...။*
လျန်ထျန်း၏ စကားကို ကြားပြီးနောက် သူ၏ ပိုက်ဆံအိတ်ထဲမှ ထုတ်လိုက်သော ယွမ် (၅၀၀) အတိ အကျကို မြင်လိုက်ရသောအခါ ပတ်ဝန်းကျင်ရှိ လူအားလုံး အံ့အားသင့်သွားကြလေတော့သည်။
လုချွမ်းရှုံမှာ ဝမ်းသာလုံးဆို့သွားလေသည်။ ယွမ် (၁၀၀၀) တန်ဖိုးရှိသော ရင်းနှီးမြှုပ်နှံမှု တစ်ခုကို စကား အနည်းငယ်ဖြင့် လွယ်ကူရိုးရှင်းစွာ ပြီးမြောက်သွားလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မမျှော်လင့် ထားခဲ့ ပေ။
အစကမူ သူသည် မိသားစု နောက်ခံကောင်းသော ဤလူငယ်လေးထံမှ ရင်းနှီးမြှုပ်နှံမှု ယွမ်နှစ်ရာ၊ သုံးရာ ခန့် ရလျှင်ပင် အလွန်ကောင်းနေပြီဟု ထင်ထားခဲ့ခြင်း ဖြစ်သည်။
အလွန် အံ့အားသင့်စရာ ကောင်းသည်မှာ တစ်ဖက်လူက ယွမ် (၁၀၀၀) အထိ ရင်းနှီးမြှုပ်နှံရန် တိုက်ရိုက် ဆန္ဒပြုလာခြင်းပင် ဖြစ်ချေသည်။
ထို့အပြင် ၎င်းမှာ စကားသက်သက်သာ မဟုတ်ဘဲ လက်ငင်း ယွမ် (၅၀၀) ကို ပေးပြီးနောက် လျန်ထျန်း သည် သူ၏ မိုဘိုင်းဖုန်းဖြင့် နောက်ထပ် ယွမ် (၅၀၀) ကို အမြန်လွှဲပေးလိုက်လေသည်။
ငွေရောက်လာသည်ကို မြင်သောအခါ လုချွမ်းရှုံ၏ လက်များမှာ စိတ်လှုပ်ရှားလွန်း၍ တုန်ရီနေခဲ့လေ တော့သည်။
ထို့နောက် လျန်ထျန်းအပေါ် ထားရှိသော လုချွမ်းရှုံ၏ အကြည့်များ သိသိသာသာ ပြောင်းလဲသွားပြီး ပို၍ ကျေးဇူးတင် လေးစားဟန် ပေါ်လာခဲ့လေသည်။
"မစ္စတာလျန်...၊ အာ...၊ မဟုတ်ဘူး... ။ ကျွန်တော်က ခင်ဗျားထက် အသက်နည်းနည်း ပိုကြီးတော့ ခင်ဗျား သဘောမတူတာ မရှိဘူးဆိုရင် နောက်ဆိုရင် ညီလေးလျန်လို့ပဲ ခေါ်ပါရစေ...။"
လျန်ထျန်းက ပြုံး၍ ခေါင်းညိတ် သဘောတူလိုက်လေသည်။ လုချွမ်းရှုံက စိတ်လှုပ်ရှားစွာဖြင့် ဆက်ပြောလေသည်။
"ညီလေးလျန်...၊ မင်းက တကယ့် လူစွမ်းကောင်း လူငယ်လေးပဲ...။ မင်းရဲ့ လုပ်ရပ်တွေက တကယ်ကို ပြတ်သားတယ်...။"
"သည်လိုဆိုမှတော့ ညီလေးလျန်ကို ကျွန်တော် ဘယ်တော့မှ စိတ်ပျက်အောင် လုပ်မှာပါ မဟုတ်ဘူး...။ ဒီပရောဂျက်က ရလာမယ့် အမြတ်ကို ငါတို့ တစ်ဝက်စီ ခွဲကြတာပေါ့...။"
"ဒါ့အပြင် ငါ့ဘက်ကနေ မင်းကို ကျင်းတရဲ့ ရှယ်ယာ (၂၀) ရာခိုင်နှုန်းကို ပေးမယ်...။ ပြီးတော့ နောင်ကျ ရင် ကျင်းတက ရလာမယ့် အမြတ်တွေထဲကနေလည်း မင်းအတွက် အစုရှယ်ယာ ရဦးမှာပဲ...။"
လုချွမ်းရှုံသည် အစက ပရောဂျက်အတွက် ရင်းနှီးမြှုပ်နှံမှု ရရှိရန်သာ ရည်ရွယ်ခဲ့သော်လည်း ဤလုပ်ငန်း စဉ်အတွင်း မထင်မှတ်ဘဲ အစုရှယ်ယာရှင် တစ်ဦးကိုပါ ရရှိသွားခဲ့လေသည်။
အိမ်ခြံမြေ လုပ်ငန်းသည် မကြာသေးမီက တကယ်ကို နှေးကွေးနေခဲ့သည်။ သူသည် နေရာကောင်းသော မြေကွက်တစ်ကွက်ကို ဝယ်ယူရန် ငွေအများကြီး သုံးခဲ့ရသော်လည်း ယခုအခါ ထိုနေရာတွင် ဖွံ့ဖြိုးတိုး တက်ရေးနှင့် ဆောက်လုပ်ရေး လုပ်ရန် ငွေမရှိတော့ပေ။
ယခုအခါ အခြေအနေများ ပြောင်းလဲသွားပြီ ဖြစ်သည်။ အပြည့်အဝ ဆောက်လုပ်မပြီးစီးသေးသော အိမ်ခြံမြေများကို လွန်ခဲ့သော နှစ်အနည်းငယ်ကကဲ့သို့ ကြိုတင်ရောင်းချရန်မှာ မလွယ်ကူတော့ပေ။
ဘဏ်များကလည်း အိမ်ခြံမြေ လုပ်ငန်းအပေါ် ကန့်သတ်ချက် အမျိုးမျိုး ချမှတ်ထားသဖြင့် ချေးငွေ ထုတ်ပေးရန် ငွေမရှိသည့် အခြေအနေမျိုး ဖြစ်ပေါ်နေလေသည်။
အကယ်၍ အကြွေးဆပ်ရမည့် အရှိန်နှေးကွေးသွားပြီး ငွေကြေးလည်ပတ်မှု မမီတော့ပါက အိမ်ခြံမြေ ကုမ္ပဏီများအတွက် သေရေးရှင်ရေး ဖြစ်သွားပေလိမ့်မည်။
လျန်ထျန်း၏ ယွမ် (၁၀၀၀) သည် လုချွမ်းရှုံ၏ အရေးပေါ် လိုအပ်ချက်ကို တကယ်ပင်ဖြေရှင်းပေးနိုင်ခဲ့ သဖြင့် သူက လျန်ထျန်းအား ကုမ္ပဏီ၏ အစုရှယ်ယာ(၂၀) ရာခိုင်နှုန်းကို ပေးရန် ဆန္ဒရှိခဲ့ခြင်းပင် ဖြစ် သည်။
လုချွမ်းရှုံ၏ ရိုးသားမှုကို မြင်သောအခါ လျန်ထျန်းသည် ငြင်းဆန်ခြင်း မရှိဘဲ ဝမ်းမြောက်ဝမ်းသာ လက်ခံလိုက်လေသည်။
မိနစ်အနည်းငယ်အတွင်း သူတို့ နှစ်ဦးသည် ယွမ်တစ်ထောင်ကျော် တန်ဖိုးရှိသော သဘောတူညီမှု တစ်ခုကို ရရှိသွားခဲ့သဖြင့် ဘေးတွင် ရပ်နေသော မိန်းကလေး နှစ်ယောက်ဖြစ်သည့် ဟွဲ့ကျားနှင့် ရွှီရှီယောင်တို့မှာ လုံးဝ မှင်တက်သွားကြလေတော့သည်။