← Chapters

အခန်း (၃၉-၄၀)

Vol. 4 Ch. 39-40

အခန်း (၃၉-၄၀)

Vol. 4 Ch. 39-40

အခန်း (၃၉) တိုက်ဆိုင်လိုက်တာ

ဖုန်းတစ်ဖက်မှ ထိုစကားများကို ကြားသောအခါ လုချွမ်းရှုံက ချက်ချင်းပင် ပြောလိုက်လေသည်။

"ညီလေးလျန်...၊ ဒုက္ခရောက်နေလို့လား...။ ဆန်လန်ဖီနို ဗီလာအိမ်ရာရဲ့ အရောင်းပြခန်းမှာ မဟုတ်လား ...။ ခဏလေး စောင့်နေ ငါ အခု ချက်ချင်း လာခဲ့မယ်...။"

ကျင်းတ အိမ်ခြံမြေ လုပ်ငန်း၏ ဥက္ကဋ္ဌဖြစ်သူ လုချွမ်းရှုံကို လူကိုယ်တိုင် လာရောက်စေရန် ဖုန်းတစ်ချက် ဆက်ရုံဖြင့် လုံလောက်သည်ဆိုသည်မှာအယ်လ် (L) မြို့တော် တစ်ခုလုံးတွင် အလွန် ရှားပါးပေလိမ့်မည်။

တိုက်ဆိုင်စွာပင် မကြာသေးမီကမှ လျန်ထျန်းသည် လုချွမ်းရှုံကို ရင်းနှီးမြှုပ်နှံမှု ယွမ်တစ်ထောင် ပေးခဲ့ ပြီး သူ၏ အရေးပေါ် ငွေကြေး အကျပ်အတည်းကို ဖြေရှင်းပေးခဲ့လေသည်။

ယခုအခါ သူတို့နှစ်ဦးမှာ ညီအစ်ကိုတွေလို ဖြစ်နေပြီဖြစ်ရာ လျန်ထျန်းဒုက္ခရောက်နေသည်ကို ကြား သောအခါလုချွမ်းရှုံအနေဖြင့် အလေးမထားဘဲ မနေနိုင်တော့ပေ။

လုချွမ်းရှုံ မကြာမီ လူကိုယ်တိုင် ရောက်လာမည်ကို ကြားသောအခါ လျန်ထျန်းမှာ စိတ်အေးသွားခဲ့လေ သည်။ ဖုန်းချလိုက်ပြီးနောက် ဘေးတွင်ရှိသော ထျန်းရင်းကို နှစ်သိမ့်ပေးလိုက်လေသည်။

"အဒေါ် စိတ်မပူပါနဲ့...၊ ဒီကိစ္စကို ကျွန်တော့်ကိုသာ လွှဲထားလိုက်ပါ...။"

သို့သော် အခြေအနေကို မသိသော ထျန်းရင်းမှာ မည်သို့မျှ စိတ်မအေးနိုင်ပေ။ သူမသည် တူဖြစ်သူကို လက်နှစ်ဖက်ဖြင့် တင်းကြပ်စွာ ဆွဲကိုင်ထားပြီး စကားမပြောသော်လည်း သူမ၏ မျက်နှာအမူအရာမှာ ဖုံးကွယ်မရသော စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေခဲ့လေသည်။

အကယ်၍ အခြေအနေမှာ လုံးဝ ပြန်လည် မကုစားနိုင်သည့် အဆင့်အထိ ရောက်သွားပါက တူဖြစ်သူနှင့် သားဖြစ်သူကို ကာကွယ်ရန် သူမ၏ အသက်ကိုပင် စွန့်လွှတ်ရမည်ဟု တိတ်တဆိတ် ဆုံးဖြတ်ထားပြီး ဖြစ်ချေသည်။

မျက်နှာချင်းဆိုင်မှ တိုက်ပိုင်ချီနှင့် ကြီးကြပ်ရေးမှူးတို့ကမူ လျန်ထျန်းကို အရူးတစ်ယောက်လို ကြည့်နေ ခဲ့ကြလေသည်။

တိုက်ပိုင်ချီက အားရပါးရ ရယ်မောလိုက်လေသည်။

"ဟေ့ကောင်...၊ ဟန်ဆောင်နေတုန်းပဲလား...။ ငါ ခုနက ပြောထားတယ်လေ ငါ ကန်ထရိုက် ယူထားတဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေရဲ့ နောက်ကွယ်က ကုမ္ပဏီက ကျင်းတ အိမ်ခြံမြေလုပ်ငန်းပါလို့...။"

"ကျင်းတ အိမ်ခြံမြေက မန်နေဂျာတွေ၊ ဒုဥက္ကဋ္ဌတွေကအစ အထွေထွေ မန်နေဂျာအဆုံး အားလုံးကို ငါ သိတယ်...။ အဲ့ဒီအထဲမှာ လု ဆိုတဲ့မျိုးရိုးနာမည်နဲ့ တစ်ယောက်မှ မရှိဘူးကွ...။"

"မင်းက ကျပန်း ဖုန်းတစ်ချက် ဆက်ပြီးတော့ ဒါမှမဟုတ် နာမည်တစ်ခုခုကို တစ်နေရာရာကနေ ကောက် ယူလိုက်ရုံနဲ့ ဒီနေရာမှာ အနိုင်ကျင့်လို့ ရပြီလို့ ထင်နေတာလား...။"

"ငါ ပြောလိုက်မယ်နော်...၊ ဒီတစ်ခါတော့ မင်း တကယ်ကို မှားသွားပြီ...။ မင်းက တကယ့် အရူးပဲ ဟားဟားဟား...။"

ဘေးရှိ ကြီးကြပ်ရေးမှူးကလည်း ဝင်ထောက်ခံလိုက်လေသည်။

"ဟုတ်တယ်...။ ကျင်းတ အိမ်ခြံမြေ လုပ်ငန်းကလည်း ငါတို့ရဲ့ ဆန်လန်ဖီနို ဗီလာအိမ်ရာမှာ ရင်းနှီးမြှုပ်နှံ ထားတယ်...။ ဆောက်လုပ်နေတုန်းက အဆင့်မြင့် အရာရှိတွေ အများကြီးလာပြီး စစ်ဆေးခဲ့ကြသေး တယ်...။"

"အဲ့ဒီအချိန်တုန်းက ငါလည်း ဒီမှာ ရှိနေတာပဲလေ...။ အထွေထွေ မန်နေဂျာဝမ်၊ အထွေထွေ မန်နေဂျာ ကျန်း၊ အထွေထွေ မန်နေဂျာလီနဲ့ အထွေထွေ မန်နေဂျာကျောက် တို့ကိုတော့ ငါ ကြားဖူးတယ်...။ အထွေ ထွေ မန်နေဂျာလု ဆိုတာတော့ တစ်ခါမှ မကြားဖူးဘူး...။"

"ပြီးတော့ မင်းလို သာမန် အစားအသောက် ပို့တဲ့ကောင်က ကျင်းတ အိမ်ခြံမြေက လူကိုဘယ်လိုလုပ် သိနိုင်မှာလဲ...။ မင်း သိတယ်ဆိုရင်တောင် ဟိုက သာမန်ဝန်ထမ်း တစ်ယောက်လောက်ပဲ ဖြစ်မှာပေါ့ ဟုတ်တယ်မလား...၊ ဟားဟားဟား...။"

ထိုလှောင်ပြောင်မှုများကြောင့် လျန်ထျန်း ဒေါသမထွက်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ဒေါသထွက်ရန် မလိုအပ်သောကြောင့်ပင်။ ဘာပဲဖြစ်ဖြစ် လုချွမ်းရှုံက မကြာမီ ရောက်လာမည်ဟု ပြောထားသဖြင့် သူ နောက်ကျလိမ့်မည် မဟုတ်ပေ။

ထို့အပြင် တိုက်ပိုင်ချီနှင့် ကြီးကြပ်ရေးမှူးတို့ ပြောသည်ကို ကြားပြီးနောက် လျန်ထျန်းသည် စိတ်ထဲမှ တွေးနေခဲ့သေးသည်။

*အစ်ကိုလုက သည်လောက်တောင် အေးအေးဆေးဆေး နေတတ်မှန်း ငါ မသိခဲ့ဘူး...၊ သူက အဲ့ဒီလို ပွဲတွေမှာ ကိုယ်တိုင် မပါဘဲ သူ့လူတွေကိုပဲ တာဝန်လွှဲပေးထားတာ ဖြစ်မယ်... ။*

*ပြီးတော့ အဲ့ဒီ အမှုဆောင်အရာရှိတွေရဲ့ မျိုးရိုးနာမည်တွေကို ကြည့်ရင်လည်းအစ်ကိုလုက ဆွေမျိုး ကောင်းစားရေး ဝါဒ မကျင့်သုံးဘူးဆိုတာကို ပြနေတယ်...။ အနည်းဆုံးတော့ ကုမ္ပဏီရဲ့ အဆင့်မြင့် အရာရှိတွေထဲမှာ ဆွေမျိုးတော်စပ်တဲ့ လု ဆိုတဲ့ မျိုးရိုးနာမည်နဲ့ တစ်ယောက်မှမရှိဘူးလေ...။*

*မကြာသေးခင် နှစ်တွေအတွင်းမှာ ဒေသခံ အိမ်ခြံမြေ ကုမ္ပဏီ အများအပြား ဒေဝါလီခံသွားကြပေမဲ့ ကျင်းတ အိမ်ခြံမြေကတော့ မားမားမတ်မတ် ရပ်တည်နေနိုင်တုန်းပဲ...။ အစ်ကိုလုရဲ့ စီမံခန့်ခွဲမှုစွမ်းရည် က တော်တော်လေးကို အထင်ကြီးစရာ ကောင်းတယ်...။"

*အင်း...၊ အဲ့ဒီလို စဉ်းစားကြည့်လိုက်တော့ ကျင်းတ အိမ်ခြံမြေမှာ ရင်းနှီးမြှုပ်နှံရတာ နည်းနည်း ပိုပြီး စိတ်အေးသွားသလိုပဲ...။ ငါ ရှုံးဖို့ မများပါဘူးလေ...။*

တိုက်ပိုင်ချီနှင့် ကြီးကြပ်ရေးမှူးတို့သည် သေချာပေါက် လျန်ထျန်း၏ အတွေးများကို မကြားနိုင်ပေ။ သူ စကားမပြောသည်ကို မြင်သောအခါ သူတို့က လျန်ထျန်း တစ်ယောက် အပြစ်ရှိသလို ခံစားနေရသည်ဟု ထင်မှတ်ကာ သူတို့၏ လှောင်ပြောင်မှုများမှာ ပို၍ ဆိုးရွားလာခဲ့လေသည်။

သို့သော် သူတို့ အမောက်မာဆုံး ဖြစ်နေချိန်မှာပင် အရောင်းပြခန်း အပြင်ဘက်မှ ကားဘရိတ်အုပ်သံများ ဆက်တိုက် ထွက်ပေါ်လာခဲ့လေသည်။

ထို့နောက် ချက်ချင်းပင် ဝတ်စုံပြည့် ဝတ်ဆင်ထားသော လူအများအပြား အပြေးဝင်လာကြလေသည်။

ထိုလူများကို မြင်သောအခါ ပတ်ဝန်းကျင်ရှိ စောင့်ကြည့်နေသူများက အလိုအလျောက် လမ်းဖယ်ပေး လိုက်ကြလေသည်။

ရင်းနှီးနေသော မျက်နှာအချို့ကို မြင်လိုက်ရသောအခါ တိုက်ပိုင်ချီ၏ မောက်မာမှုများ ချက်ချင်းပင် လျော့ကျသွားပြီးနောက် ခါးကိုကိုင်းကာ ဖားယား၍ ချဉ်းကပ်သွားလေသည်။

"အို...၊ မန်နေဂျာဝမ်...။ ဘယ်လေနှင်လို့ သည်ကို ရောက်လာတာလဲ...၊ မန်နေဂျာကျန်း၊ မန်နေဂျာလီနဲ့ မန်နေဂျာကျောက် တို့လည်း အကုန်ရောက်နေကြတာပဲ...။"

ဆန်လန်ဖီနို အရောင်းပြခန်းမှ ကြီးကြပ်ရေးမှူးကလည်း ဤမြင်ကွင်းကို မြင်သောအခါ ခွေးလေး တစ်ကောင်လို အလျင်အမြန် ကပ်သွားလေသည်။

"မင်္ဂလာပါ မန်နေဂျာဝမ်၊ မန်နေဂျာကျန်း၊ မန်နေဂျာလီ၊ မန်နေဂျာကျောက်...။"

တိုက်ပိုင်ချီနှင့် ထိုကြီးကြပ်ရေးမှူးလေးတို့ မော်ကြည့်ရလောက်သည့် အထက်တန်းလွှာ ခေါင်းဆောင် တစ်စု ရောက်ရှိလာသည်မှာ သိသာထင်ရှားလှပေသည်။

ထိုလူများကို လူတိုင်းက အထင်ကြီး လေးစားနေချိန်မှာပင် ထိုမန်နေဂျာ အသီးသီးသည် တိုက်ပိုင်ချီနှင့် ကြီးကြပ်ရေးမှူးလေးတို့ကို လုံးဝ လျစ်လျူရှုကာ သပ်ရပ်သော အတန်းနှစ်တန်းအဖြစ် ရပ်လိုက်ကြ လေသည်။

ထို့နောက် အရပ်ရှည်ပြီး မားမားမတ်မတ် ရှိသော လူလတ်ပိုင်း အမျိုးသား တစ်ဦးသည် ဩဇာတိက္ကမ အပြည့်ဖြင့် လျှောက်လှမ်းလာခဲ့လေသည်။

ထိုလူလတ်ပိုင်း အမျိုးသား လျှောက်သွားရာ နေရာတိုင်းတွင် တစ်ဖက်တစ်ချက်စီ၌ ရပ်နေသော မန်နေဂျာ အသီးသီးက သူ့ကို ရိုသေစွာဖြင့် နှုတ်ဆက်ကြလေသည်။

"ဥက္ကဋ္ဌလု..."

ဟုတ်ပေသည်...။ ထိုခေါင်းဆောင် အသီးသီးကြားမှ ဝင်လာသော လူလတ်ပိုင်း အမျိုးသားမှာ အခြားသူ မဟုတ်ဘဲ ကျင်းတ အိမ်ခြံမြေ လုပ်ငန်း၏ ဥက္ကဋ္ဌ လုချွမ်းရှုံပင် ဖြစ်ချေသည်။

တိုက်ပိုင်ချီနှင့် သူ၏ ကြီးကြပ်ရေးမှူးလေးတို့သည် လုချွမ်းရှုံ၏ အသိုင်းအဝိုင်းနှင့် ထိတွေ့ဆက်ဆံရန် အရည်အချင်း မပြည့်မီသဖြင့် ကျင်းတ အိမ်ခြံမြေ လုပ်ငန်း၏ ဥက္ကဋ္ဌကို မသိကြသည်မှာ သဘာဝပင် ဖြစ်ပေသည်။

လုချွမ်းရှုံသည် အထူးသဖြင့် အေးအေးဆေးဆေး နေတတ်သူ ဖြစ်သည်။ သူသည် များသောအားဖြင့် လူလုံးမပြဘဲ နောက်ကွယ်မှသာ ညွှန်ကြားလေ့ရှိပြီး သူ၏ အထွေထွေ မန်နေဂျာများကိုသာ အလုပ် တာဝန်များကို ကိုင်တွယ်ဖြေရှင်းစေခဲ့လေသည်။

ထို့ကြောင့် တိုက်ပိုင်ချီနှင့် သူ၏ ကြီးကြပ်ရေးမှူးလေးကဲ့သို့သော အောက်ခြေလူများကပင် ကျင်းတ အိမ်ခြံမြေ လုပ်ငန်းတွင် အစွမ်းအစ အရှိဆုံးသူမှာ အထွေထွေ မန်နေဂျာဝမ် ဖြစ်သည်ဟု ထင်မှတ်နေ ခဲ့ကြခြင်း ဖြစ်လေသည်။

ယခုအခါ တကယ့် သူဌေးကြီး ပေါ်လာပြီး လျန်ထျန်း စောစောက ဆက်ခဲ့သော ဖုန်းကို ပြန်လည် သတိရ သွားသောအခါ တိုက်ပိုင်ချီနှင့် ကြီးကြပ်ရေးမှူးလေးတို့မှာ ချက်ချင်းပင် ခြေထောက်များ ခွေယိုင်သွား တော့သည်။

သို့သော် တိုက်ပိုင်ချီမှာ မျှော်လင့်ချက် တစ်စွန်းတစ်စ ရှိနေသေးပြီး စိတ်ထဲမှ တွေးလိုက်လေသည်။

*မဖြစ်နိုင်ဘူး...၊ လုံးဝ မဖြစ်နိုင်ဘူး... ။*

*ဟိုကောင်လေးက သူ့ကိုယ်သူ သာမန် အစားအသောက် ပို့တဲ့ကောင်ပါလို့ ဝန်ခံထားတာလေ...။ သူက ဘယ်လိုလုပ်ပြီး ကျင်းတ အိမ်ခြံမြေရဲ့ ဥက္ကဋ္ဌလို အရေးကြီးတဲ့သူကို သိနိုင်မှာလဲ...။*

*ဥက္ကဋ္ဌလုက သည်နေ့ ဒီကို လာစစ်ဆေးတာက တိုက်ဆိုင်မှု တစ်ခုသာ ဖြစ်နိုင်တယ်...။ တိုက်ဆိုင်တာ ပဲ ဖြစ်ရမယ် ဟုတ်တယ်မလား...။*

သို့သော် တိုက်ပိုင်ချီ တစ်ယောက် သူ၏ နောက်ဆုံး မျှော်လင့်ချက်ကို ဖက်တွယ်ထားဆဲ အချိန်မှာပင် လုချွမ်းရှုံသည် လျန်ထျန်း၏ ရှေ့သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်လေသည်။

"ညီလေးလျန်...၊ ငါတို့ ခွဲပြီးတဲ့နောက် ငါ ကုမ္ပဏီက အဆင့်မြင့် အရာရှိတွေနဲ့အစည်းအဝေး လုပ်မလို့ လုပ်နေတုန်း လမ်းတစ်ဝက်မှာ မင်းဖုန်းဆက်လာတာလေ...။"

"အချိန်ကိုက်ပဲ...၊ ကုမ္ပဏီက အဆင့်မြင့် အရာရှိတွေ အကုန်လုံးကို ဒီကိုခေါ်လာခဲ့တယ်... ။သူတို့ မင်းနဲ့ တွေ့ပြီးသိကျွမ်းသွားအောင်လို့လေ...။ ပြီးတော့ မင်းပြောတဲ့ ပြဿနာလေးကို ကူညီဖြေရှင်းပေးဖို့ ပေါ့...။"

ထို့နောက် လုချွမ်းရှုံက လျန်ထျန်း၏ ပခုံးကို ဖက်လိုက်ပြီး သပ်ရပ်သောအတန်းနှစ်တန်းဖြင့် ရပ်နေကြ သော အမှုဆောင်အရာရှိများကို ကြေညာလိုက်လေသည်။

"လာ...၊ ငါ တရားဝင် မိတ်ဆက်ပေးမယ်။ သူကတော့ ကျင်းတ အိမ်ခြံမြေ လုပ်ငန်းမှာ ယွမ်တစ်ထောင် အတိအကျ ရင်းနှီးမြှုပ်နှံလိုက်တဲ့ ရှယ်ယာရှင် လျန်ထျန်းပဲ...။"

"အခုကစပြီး လျန်ထျန်းက ကျင်းတ အိမ်ခြံမြေ လုပ်ငန်းမှာ ငါ့ပြီးရင် ဒုတိယ အကြီးဆုံး အစုရှယ်ယာရှင် ဖြစ်သွားပြီ...။ မင်းတို့ အားလုံး အခုကစပြီး သူ့ကို ဥက္ကဋ္ဌလျန်လို့ ခေါ်ရမယ် နားလည်လား...။"

လုချွမ်းရှုံ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် အထွေထွေ မန်နေဂျာများဖြစ်ကြသော ဝမ်၊ လီ၊ ကျောက် နှင့် ကျန်း တို့အားလုံးက လျန်ထျန်းအား တစ်သံတည်းဖြင့်အော်ဟစ် နှုတ်ဆက်လိုက်ကြ လေသည်။

"မင်္ဂလာပါ ဥက္ကဋ္ဌလျန်...။"

လျန်ထျန်းမှာ ဤကဲ့သို့သော ကြီးမားလှသည့် မြင်ကွင်းမျိုးကို တစ်ခါမှ မမြင်ဖူးသဖြင့် ထိုစကားကို ကြားပြီးနောက် အလျင်အမြန် လက်ဝှေ့ယမ်းလိုက်လေသည်။

"မဟုတ်ပါဘူး...၊ မဟုတ်ပါဘူး...။ ကျွန်တော်က ကုမ္ပဏီမှာ ဘယ်ရာထူးမှ မယူထားဘဲ ရှယ်ယာလောက် ပဲ ပိုင်တဲ့ ရှယ်ယာရှင် တစ်ယောက်ပါ...။ ဒါကြောင့် ကျွန်တော့်ကို ဥက္ကဋ္ဌလျန်လို့ ခေါ်စရာ မလိုပါဘူး...။"

လုချွမ်းရှုံက သူ၏ ပခုံးကို ပုတ်လိုက်လေသည်။

"ညီလေးလျန်...၊ နှိမ့်ချမနေပါနဲ့...။ ရင်းနှီးမြှုပ်နှံဖို့ ယွမ်တစ်ထောင်ကို အလွယ်တကူ ထုတ်ပေးနိုင်တဲ့ မင်းရဲ့ အစွမ်းအစနဲ့ဆိုရင် မင်းရဲ့ နောက်ခံက သေချာပေါက် သာမန် မဟုတ်ဘူးဆိုတာ ငါ ခန့်မှန်းမိပါ တယ်...။"

"သေချာတာပေါ့ ငါလည်း စည်းမျဉ်းတွေကို သိပါတယ်...၊ ငါက အရာအားလုံးကို လိုက်စပ်စုတတ်တဲ့သူ မျိုး မဟုတ်ပါဘူး...။ ဒါပေမဲ့သူတို့ကို မင်းကို ဥက္ကဋ္ဌလျန်လို့ ခေါ်ခိုင်းတာက သူတို့ကို မျက်နှာသာပေး လိုက်တာလို့ ငါ ထင်တယ်...။"

ထိုနေရာတွင် ချက်ချင်းပင် အမွှမ်းတင် ချီးကျူးခံလိုက်ရသဖြင့် လျန်ထျန်းမှာ အနည်းငယ် နေရခက်သွား ကာ စကားလွှဲလိုက်လေသည်။

"အစ်ကိုလု...၊ ကျန်တာတွေကို နောက်မှ ပြောကြတာပေါ့...။ အရင်ဆုံး ကျွန်တော့် ပြဿနာလေးကို ကူညီဖြေရှင်းပေးပါဦး...။"

လုချွမ်းရှုံက သူ၏ နဖူးကို ရိုက်လိုက်လေသည်။

"ဟုတ်သားပဲ...၊ ဟုတ်သားပဲ...။ ညီလေးလျန်ရဲ့ ပြဿနာကို ဖြေရှင်းပေးဖို့က အရေးကြီးတယ်...။ မြန်မြန်ပြော... ညီလေးကို ဒုက္ခပေးရဲလောက်အောင် မျက်စိကန်းနေတဲ့သူက ဘယ်သူလဲ...။"

အခန်း (၄၀) ဗီလာအိမ်ကြီး ဝယ်ယူခြင်း

အနီးအနားတွင် ရပ်နေသော တိုက်ပိုင်ချီနှင့် ကြီးကြပ်ရေးမှူးလေးတို့သည် ယခုလေးတင် ဖြစ်ပျက်သွား သည်များကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရပြီးနောက် သူတို့၏ နောက်ဆုံး မျှော်လင့်ချက်လေးမှာလည်း လုံးဝ ရိုက်ချိုးခံလိုက်ရပြီ ဖြစ်သည်။

လျန်ထျန်းက သူတို့ကို လက်ညှိုးမထိုးရသေးမီမှာပင် သူတို့၏ ခြေထောက်များမှာ ခွေယိုင်နေပြီ ဖြစ်သည်။

'ဒုန်း... ဒုန်း...' ဟူသော အသံနှစ်သံနှင့်အတူ တိုက်ပိုင်ချီသည် မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားပြီး ကြီးကြပ်ရေးမှူးလေးမှာမူ ပို၍ပင် အပိုလုပ်ကာ မြေပြင်ပေါ်သို့ လုံးဝ ပုံကျသွားလေသည်။

တိုက်ပိုင်ချီသည် ဒူးထောက်လျက် လျှောက်လာပြီး လျန်ထျန်း၏ ခြေထောက်ကို ဖက်တွယ်လိုက် လေသည်။

"ဥက္ကဋ္ဌလျန်...၊ တောင်းပန်ပါတယ်ခင်ဗျာ ကျွန်တော် မှားသွားပါတယ်...။ ခင်ဗျားရဲ့ အဒေါ်ကို မတော် တဆ ဝင်တိုက်မိသွားတာပါ...။ ကျွန်တော် တာဝန်အပြည့်အဝ ယူပါ့မယ်...။"

လုချွမ်းရှုံသည် တိုက်ပိုင်ချီကို ငုံ့ကြည့်ကာ မျက်မှောင်ကြုတ်လိုက်လေသည်။ သူ ဤသို့ အနည်းငယ် မျက်မှောင်ကြုတ်လိုက်ရုံဖြင့် ကျင်းတ အိမ်ခြံမြေ လုပ်ငန်းမှ အမှုဆောင် အရာရှိတစ်ဦးက အလျင် အမြန် ရှေ့ထွက်လာကာ ရိုသေစွာဖြင့်ပြောလိုက်လေသည်။

"ဥက္ကဋ္ဌလု... သည်လူရဲ့ နာမည်က တိုက်ပိုင်ချီပါ...။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတော့ သူက သာမန် ဆောက်လုပ်ရေး အလုပ်သမား တစ်ယောက်ပါပဲ...။ နောက်ပိုင်းကျမှ ကန်ထရိုက်တာဖြစ်လာပြီး ကျွန်တော်တို့ရဲ့ ပရောဂျက် အတော်များများနဲ့ ရေရှည်ပူးပေါင်းဆောင်ရွက်နေတာပါ...။"

"သူက ကျင်းတ အိမ်ခြံမြေ လုပ်ငန်းနဲ့ ပရောဂျက်တွေ ပူးပေါင်းလုပ်ဆောင်ရင်း ကြီးပွားလာတာလို့ ပြောလို့ရပါတယ်...။ သူက နည်းနည်းတော့ လည်ပေမဲ့ အလုပ်လုပ်တာတော့ သေသပ်ပါတယ်...။"

ထိုစကားကို ကြားသောအခါ လုချွမ်းရှုံက ဘာမှ ပြန်မပြောဘဲ လျန်ထျန်းကိုသာ ကြည့်လိုက်လေသည်။

ထိုအခြေအနေကို မြင်သောအခါ လျန်ထျန်းက ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်လေသည်။

"ဒီလူက ဒီနေ့ ကျွန်တော့်အဒေါ်ကို အခက်အခဲ ဖြစ်အောင် လုပ်ရုံတင် မဟုတ်ဘူး...။ ခုနက ခင်ဗျားတို့ မရောက်လာခင်မှာ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ လစာကို သူ ဖြတ်ထားတယ်လို့ ကိုယ်တိုင် ဝန်ခံ သွားသေးတယ်...။"

"ပြီးတော့ လစာ လအတော်ကြာစာကို ဖြတ်ထားပြီး အဲ့ဒီ ဖြတ်ထားတဲ့ လစာတွေကို အသုံးချပြီး ရွှေ့ပြောင်း အလုပ်သမားတွေကို သူ ခိုင်းတဲ့အတိုင်း လုပ်အောင်နဲ့ ကြိုးဆွဲရာ ကအောင် လုပ်ထားတာ တဲ့...။"

"သည်လိုလူမျိုးက အလုပ်လုပ်တာ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ သူ့ရဲ့ စရိုက်ကတော့ သေချာပေါက် အဆင့်အတန်း မမီဘူးပဲ...။"

ထိုစကားကို ကြားသောအခါ တိုက်ပိုင်ချီမှာ ချွေးစေးများ ပျံလာပြီး လျန်ထျန်း၏ ခြေထောက်ကို ပို၍ပင် တင်းကြပ်စွာ ဖက်တွယ်လိုက်လေသည်။

"ဥက္ကဋ္ဌလျန်...၊ ကျွန်တော်...၊ ကျွန်တော်က နောက်ပြောင်လိုက်တာပါ...။ ကျင်းတ အိမ်ခြံမြေ လုပ်ငန်း ဆီက ပိုက်ဆံယူထားပြီး အဲ့ဒီ ရွှေ့ပြောင်း အလုပ်သမားတွေကို လစာမပေးဘဲ နေရဲပါ့မလား...။"

သို့သော် သူ စကားမဆုံးမီ လုချွမ်းရှုံက ဖြတ်ပြောလိုက်လေသည်။

"ကျင်းတ အိမ်ခြံမြေ လုပ်ငန်းက သူ့ရဲ့ ပရောဂျက်တွေအတွက် ဆောက်လုပ်ရေး ရန်ပုံငွေ ပေးချေရာမှာ ဘယ်တော့မှ နောက်ကျလေ့ မရှိဘူး...။ မကြာသေးခင် နှစ်တွေက အသစ်ထုတ်ပြန်ခဲ့တဲ့ မြို့ပြ ဥပဒေ သစ်မှာလည်း သက်ဆိုင်ရာပြဋ္ဌာန်းချက်တွေ ပါရှိပြီးသားပဲ...။"

"မင်းကိုယ်တိုင် ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ လစာကို ဖြတ်ထားတာ ဟုတ်မဟုတ် ဆိုတာကိုတော့ လူလွှတ်ပြီး စုံစမ်းခိုင်းလိုက်မယ်...။"

"အကယ်၍ ဒါက အတည်ဖြစ်သွားရင် မင်း အများပိုင်ငွေကို အလွဲသုံးစားလုပ်မှုနဲ့ အဖမ်းခံရဖို့သာ ပြင်ထားလိုက်တော့...။"

နောက်ဆုံး စကားတစ်ခွန်းကို ကြားလိုက်ရသောအခါ တိုက်ပိုင်ချီမှာ သူ၏ ဝိညာဉ် ချက်ချင်း အနုတ်ခံ လိုက်ရသကဲ့သို့ ဆွံ့အသွားပြီး မြေပြင်ပေါ်သို့ ပုံကျသွားတော့သည်။

မြေပြင်ပေါ်တွင် ပုံကျနေပြီဖြစ်သော ကြီးကြပ်ရေးမှူးလေးမှာလည်း တိုက်ပိုင်ချီ၏ ကံကြမ္မာကို မြင်ပြီး အလွန်အမင်း ကြောက်လန့်သွားကာ မျက်လုံးများကို တင်းတင်းကျပ်ကျပ် မှိတ်၍ သေချင်ယောင် ဆောင်နေလေတော့သည်။

သို့သော် လျန်ထျန်းက သူ့ကို အလွတ်မပေးဘဲ လက်ညှိုးထိုးကာ ပြောလိုက်လေသည်။

"အစ်ကိုလု...။ ကျင်းတ အိမ်ခြံမြေ လုပ်ငန်းကလည်း သည်ဆန်လန်ဖီနို ဗီလာအိမ်ရာမှာ ရင်းနှီးမြှုပ်နှံ ထားတယ်လို့ ကြားတယ် ဟုတ်လား...။"

"အကျိုးအကြောင်း မဆီလျော်ဘဲ အခွင့်အရေး ယူတတ်ပြီး မန်နေဂျာ တစ်ယောက် ဖြစ်ဖို့ လုံးဝ အရည် အချင်း မပြည့်မီတဲ့ မန်နေဂျာကို အလုပ်ထုတ်ဖို့ ငါတို့မှာ အခွင့်အာဏာ ရှိလား...။"

ထိုစကားကို ကြားသောအခါ လုချွမ်းရှုံသည် မြေပြင်ပေါ်တွင် သေချင်ယောင် ဆောင်နေသော်လည်း သူ့ကို အလုပ်ထုတ်မည်ဟု ကြားလိုက်ရသဖြင့် သိသိသာသာ တုန်ရီသွားသော ကြီးကြပ်ရေးမှူးလေးကို တစ်ချက် ကြည့်လိုက်လေသည်။

"ပြဿနာ မရှိပါဘူး...၊ ကျင်းတ အိမ်ခြံမြေ လုပ်ငန်းက ဆန်လန်ဖီနို ဗီလာအိမ်ရာ ဆောက်လုပ်ရေးမှာ (၃၀) ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံထားတယ်ဆိုတော့ သည်လို ကိစ္စသေးသေးလေးလောက်ကတော့ ငါတို့ ဆုံးဖြတ်လို့ ရပါတယ်...။"

ထိုစကားကို ကြားသောအခါ ကြီးကြပ်ရေးမှူးလေးမှာ ဆက်၍ ဟန်မဆောင်နိုင်တော့ဘဲ အလျင်အမြန် ကုန်းထလာကာ တိုက်ပိုင်ချီကို လက်ညှိုးထိုးလိုက်လေသည်။

"လူကြီးမင်းတို့...၊ ကျွန်တော် အပြစ်ကင်းပါတယ်...။ ကျွန်တော် မတရား ခံရတာပါ...။"

"ဒါတွေ အကုန်လုံးက ဒီတိုက်ပိုင်ချီကြောင့်ပါ...၊ အာ မဟုတ်ဘူး..၊ သူက တကယ့် လူမိုက်ကြီးပါ...။"

"အဲ့ဒီ လူမိုက်ကြီး အဓိပ္ပာယ်မရှိတာတွေ ပြောလို့ ကျွန်တော် ဥက္ကဋ္ဌလျန်ရဲ့ အဒေါ်အပေါ် နားလည်မှု လွဲသွားတာပါ...။"

"ကျေးဇူးပြုပြီး ကျွန်တော့်ကို အလုပ်မထုတ်ပါနဲ့နော်...၊ အခုကစပြီး ဥက္ကဋ္ဌလျန်ရဲ့ အဒေါ်ကို ကျွန်တော့်ရဲ့ အဘွားအရင်းတစ်ယောက်လို လေးလေးစားစား ဆက်ဆံပါ့မယ်...။"

ဤမန်နေဂျာ ရာထူးကို အထင်မသေးပါနှင့်... ၊ ဘာပဲဖြစ်ဖြစ် ဤနေရာသည် အယ်လ် (L)မြို့တော်တွင် အခမ်းနားဆုံး ဗီလာအိမ်ရာ၏ အရောင်းပြခန်း ဖြစ်သည် မဟုတ်ပါလား။

ဗီလာအိမ် တစ်လုံး ရောင်းရတိုင်း မန်နေဂျာ၏ လုပ်ဆောင်နိုင်စွမ်းမှာ အရောင်းကိန်းဂဏန်းများနှင့် ချိတ်ဆက်နေသဖြင့် လစဉ် ဝင်ငွေမှာ အလွန်များပြားလှပြီး လုပ်ငန်းရှင်ငယ် အများအပြားထက်ပင် သာလွန်နိုင်ပေသည်။

ဤကဲ့သို့သော ဝင်ငွေကောင်းသည့် ရာထူးကို ဖွင့်ပွဲနေ့မှာတင် လက်လွှတ်လိုက်ရတော့မည် ဖြစ်ရာ ကြီးကြပ်ရေးမှူးလေးအနေဖြင့် မည်သို့ လက်ခံနိုင်မည်နည်း။ သူ ဆက်နေခွင့်ရရန် တောင်းပန် တိုးလျှိုး ရုံသာ ရှိတော့သည်။

ထို့ကြောင့် သူသည် အရင်က တိုက်ပိုင်ချီအပေါ် မည်မျှပင် ဖားယားခဲ့စေကာမူ ယခုအခါတွင်မူ သူ့ကို ပို၍ပင် ပြင်းပြင်းထန်ထန် ကျိန်ဆဲနေတော့သည်။

ဤအခွင့်အရေးယူတတ်သော အပြုအမူက သူ့ကို အလုပ်ထုတ်ခံရမည့် အခြေအနေမှ လွတ်မြောက်ရန် ပို၍ပင် ခက်ခဲသွားစေမည်ကို သူ မသိခဲ့ပေ။

လုံခြုံရေး ဝန်ထမ်းများက သူ့ကို ဆွဲထုတ်သွားချိန်တွင် လုချွမ်းရှုံသည် လျန်ထျန်းအား လက်မထောင်ပြ လိုက်လေသည်။

"ညီလေးလျန်မှာ လူကြည့်တတ်တဲ့ တကယ့် စူးရှတဲ့ မျက်လုံးမျိုး ရှိတာပဲ...၊ သည်လို မျက်နှာလိုမျက်နှာ ရ လုပ်တတ်တဲ့ လူယုတ်မာတွေကို ဆက်မထားသင့်ဘူး...။ မဟုတ်ရင် ထမင်းအိုး တစ်အိုးလုံးကို ဖျက်ဆီးပစ်လိမ့်မယ်...။"

"ပြီးတော့ တိုက်ပိုင်ချီပါ အပါအဝင်ပေါ့... ၊ ညီလေးလျန်နဲ့ ငါတို့ စပြီး အလုပ်တွဲလုပ်တာ မကြာသေးဘူး ကုမ္ပဏီအတွက် ပုပ်နေတဲ့ ပန်းသီး နှစ်လုံးကို ရှင်းပစ်နိုင်လိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး...။ မင်းက ကုမ္ပဏီ စီမံခန့်ခွဲတဲ့ နေရာမှာ တော်တော်လေး တော်တယ်လို့ ငါထင်တယ်...။"

ထိုသို့ ချီးကျူးခံရသောအခါ လျန်ထျန်းက လက်ကို အကြိမ်ကြိမ် ဝှေ့ယမ်းလိုက်လေသည်။

"မဟုတ်ပါဘူး...၊ မဟုတ်ပါဘူး...။ ကျွန်တော် သူ့ကို တိုက်တိုက်ဆိုင်ဆိုင် သွားတွေ့မိတာပါ...။ တိုက်ဆိုင် တာ သက်သက်ပါ...။"

"အာ...၊ ဟုတ်သားပဲ...။ နောက်ဆုံး တစ်ခုလောက်...။ အစ်ကိုလု...၊ ကျွန်တော် ဆန်လန်ဖီနိုမှာ အကောင်းဆုံး ဗီလာအိမ်ကြီး နှစ်လုံး ဝယ်ဖို့ စီစဉ်ထားတယ်...။"

"ဒါက ကိုယ့်လုပ်ငန်း ကိုယ်ပြန်အားပေးတဲ့ သဘောလည်း ပါတာပေါ့ အစ်ကိုရာ...။ ဒါက လုံလောက် တယ်လို့ ထင်လား...၊ မလောက်ရင် ကျွန်တော်ထပ်ပေါင်းပေးပါ့မယ်...။"

ထိုသို့ပြောရင်း လျန်ထျန်းသည် သူ၏ ဖုန်းကို ထုတ်ကာ လုချွမ်းရှုံထံသို့ နောက်ထပ် ယွမ် (၂၀၀) ထပ်လွှဲပေးလိုက်လေသည်။

သူ၏ အကောင့်ထဲသို့ ရောက်ရှိလာသော ယွမ် (၂၀၀) ကို မြင်လိုက်ရသောအခါ လုချွမ်းရှုံမှာ လျန်ထျန်း သည် သာမန် အဆင့်အတန်းရှိသူ လုံးဝ မဟုတ်ဘဲ ဩဇာကြီးမားသော နောက်ခံတစ်ခု ရှိရမည်ဟု ပို၍ ပင် သေချာသွားခဲ့လေသည်။

မဟုတ်ပါက မျက်တောင်တစ်ချက် မခတ်ဘဲ ယွမ် ထောင်ဂဏန်း ရာဂဏန်းများကို ပေါ့ပေါ့ပါးပါး သုံးစွဲ နိုင်ပြီး အလွန် တည်ငြိမ်နေမည် မဟုတ်ပေ။

လုချွမ်းရှုံ ကိုယ်တိုင်ပင် ဤကဲ့သို့သော စိတ်နေစိတ်ထားမျိုး မရှိကြောင်း ဝန်ခံထားလေသည်။

"လောက်ပါတယ်...၊ ဒီလောက် အများကြီး မလိုပါဘူး...။"

"သည်မှာ အဈေးဆုံး ဗီလာအိမ်ကြီးဆိုရင်တောင် နှစ်လုံးပေါင်းမှ ယွမ်တစ်ရာအောက်ပဲ ကျတာပါ...။ ဘာပဲဖြစ်ဖြစ် ငါတို့က ဒုတိယအဆင့်ရှိတဲ့ မြို့လေး တစ်မြို့ပဲလေ...။ ပိုနေတဲ့ ပိုက်ဆံတွေကို နောက်မှ ညီလေးဆီ ပြန်လွှဲပေးပါ့မယ်...။"

လျန်ထျန်းက ထပ်မံ၍ လက်ဝှေ့ယမ်းလိုက်လေသည်။

"မလိုပါဘူး အစ်ကိုရာ...၊ တကယ်လို့ ပိုနေတယ်ဆိုရင် ကျွန်တော့်ကို အိမ်အလှဆင်တဲ့ နေရာမှာ ကူညီ ပေးဖို့ လူနည်းနည်းလောက် စီစဉ်ပေးပါလား...။"

"ပိုတဲ့ဟာကို အစ်ကို့ရဲ့ ပင်ပန်းမှုအတွက် ကျေးဇူးဆပ်တယ်လို့ပဲ သဘောထားလိုက်ပါ...။ ဒီနေ့ အစ်ကိုနဲ့ တခြား သူဌေးတွေကို ဒီကို ဖိတ်လိုက်ရတာ နည်းနည်းတောင် အားနာနေပါပြီ...။"

ထိုစကားကို ကြားသောအခါ လူတိုင်း အံ့အားသင့်သွားကြလေသည်။

အခြားသူ၏ အကူအညီအတွက် ယွမ်တစ်ရာကို အလွယ်တကူ ဆုချလိုက်ခြင်း...။

ဤကဲ့သို့သော ရက်ရောမှုကို ကျင်းတ အိမ်ခြံမြေ လုပ်ငန်းမှ အထွေထွေ မန်နေဂျာများ အပါအဝင် လူအများစုမှာ တစ်ခါမှ မမြင်ဖူးကြပေ။

ငွေကြေးတန်ဖိုး မကျဆင်းမီက ယွမ်တစ်ရာဆိုသည်မှာ ယွမ် သန်းတစ်ရာနှင့် ညီမျှသည် မဟုတ်ပါလား။

ဤဖြစ်ရပ်အပြီးတွင် ကျင်းတ အိမ်ခြံမြေ လုပ်ငန်း၏ အမှုဆောင် အရာရှိများသည် လျန်ထျန်းအပေါ် အမှန်တကယ်ပင် ရိုသေလေးစားလာကြလေတော့သည်။

နောက်ဆုံးတွင် လျန်ထျန်းသည် လုချွမ်းရှုံနှင့် အခြား အမှုဆောင် အရာရှိများကို နောက်ဆုံး အကူအညီ တစ်ခု တောင်းလိုက်လေသည်။ ၎င်းမှာ သူ ကျင်းတ အိမ်ခြံမြေ လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံထားကြောင်း ကို အများသိအောင် မကြေညာရန်ပင် ဖြစ်သည်။

ယနေ့ ဖြစ်ပျက်ခဲ့သည့် ကိစ္စများကိုပင် လျှို့ဝှက်ထားပေးရန် ပြောကြားခဲ့သည်။

ထိုစကားကို ကြားပြီးနောက် လုချွမ်းရှုံသည် လျန်ထျန်းကို နားလည်ကြောင်း အကြည့်ဖြင့် ကြည့်လိုက် ပြီး သူ အားလုံးကို ကိုင်တွယ်ဖြေရှင်းပေးမည်ဟု အာမခံကာ ရင်ဘတ်ကို ပုတ်ပြလိုက်လေသည်။

ဤအရာအားလုံးကို ပြီးစီးပြီးနောက် လျန်ထျန်းသည် အဒေါ်ဖြစ်သူ ထျန်းရင်းနှင့် ဝမ်းကွဲညီ တာဖုန်း တို့နှင့်အတူ ထွက်ခွာလာခဲ့လေသည်။

လျန်ထျန်း၏ Mercedes-Benz G-Class ကားပေါ်သို့ ရောက်ရှိပြီးနောက်တွင်ပင် အဒေါ်ဖြစ်သူမှာ ယနေ့ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးက အိပ်မက်တစ်ခုလိုပင် ဖြစ်နေသည်ဟု ခံစားနေရဆဲပင်။

တိုက်ပိုင်ချီ စတင် ပြဿနာရှာစဉ်က သူမ တကယ်ကို ကြောက်လန့်ပြီး အကူအညီမဲ့နေခဲ့သည်။ နောက်ပိုင်းတွင် သူမ၏ သားနှင့် တူဖြစ်သူတို့ ရုတ်တရက် ပေါ်လာသောအခါ ကလေးတွေပါ သူမ ကြောင့် ဒုက္ခရောက်မည်ကို စိုးရိမ်နေခဲ့သည်။

သို့သော် လူတိုင်း မမျှော်လင့်ထားဘဲ တူဖြစ်သူက ဖုန်းတစ်ချက် ဆက်လိုက်ရုံဖြင့် ကျင်းတ အိမ်ခြံမြေ လုပ်ငန်းမှ အဆင့်မြင့် အရာရှိ တစ်စု ရောက်ရှိလာပြီး တိုက်ပိုင်ချီကို ပြင်းပြင်းထန်ထန် ပညာပေးလိုက် လေသည်။

အချိန်အတော်ကြာပြီးနောက်မှ အဒေါ်ဖြစ်သူ သတိပြန်ဝင်လာကာ ကားမောင်းနေသော လျန်ထျန်းကို သတိထား၍ မေးလိုက်လေသည်။

"မင်း...၊ မင်းက တကယ်ပဲ ငါ့တူလေး လျန်ထျန်းလား...။"

All Chapters